မေ
တနင်္လာနေ့၊ မေ ၁
ထိုသူအပေါင်းတို့သည် . . . တင့်တယ်လျောက်ပတ်သော နှုတ်ထွက်စကားကို အံ့သြချီးမွမ်း [ကြ၏။] —လု. ၄:၂၂။
ကျွန်တော်တို့လည်း ယဉ်ကျေးကြင်နာစွာ ပြောဆိုမယ်ဆိုရင် လူတွေ ပိုလက်ခံနားထောင်ချင်လာလိမ့်မယ်။ တခြားသူတွေကို ကျွန်တော်တို့ လေးစားပြီး သူတို့ရဲ့ခံစားချက်ကို ဂရုစိုက်မယ်ဆိုရင် အဲဒီလို ပြောဆိုနိုင်ပါလိမ့်မယ်။ မိမိရဲ့စကားကို နားထောင်ဖို့ လူတွေ ဘယ်လောက်အပင်ပန်းခံမှန်း ယေရှုတွေ့တဲ့အခါ သနားသွားပြီး “များစွာသွန်သင်” ပေးခဲ့တယ်။ (မာ. ၆:၃၄) ယေရှုဟာ စော်ကားခံရချိန်မှာတောင် ကြမ်းကြမ်းတမ်းတမ်း ပြန်မပြောခဲ့ဘူး။ (၁ ပေ. ၂:၂၃) ကိုယ်နဲ့ သိပ်ရင်းနှီးတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေကို ယဉ်ယဉ်ကျေးကျေး၊ ကြင်ကြင်နာနာ ပြောဆိုဖို့ ခက်ခဲနိုင်တယ်။ သူတို့နဲ့ စကားပြောတဲ့အခါ ကိုယ့်ပြောပုံပြောနည်းကို ဂရုစိုက်ဖို့ မလိုပါဘူးလို့ ထင်မိနိုင်တယ်။ ဒါပေမဲ့ ယေရှုဟာ မိတ်ဆွေတွေနဲ့ စကားပြောတဲ့အခါ ဘယ်တော့မှ မစာမနာ မပြောဘူး။ ဘယ်သူအကြီးမြတ်ဆုံးလဲလို့ တပည့်တွေ ငြင်းခုံတဲ့အခါ ကလေးငယ်တစ်ယောက်ကို ဥပမာပေးပြီး ကြင်ကြင်နာနာ တည့်မတ်ပေးခဲ့တယ်။ (မာ. ၉:၃၃–၃၇) အကြီးအကဲတွေလည်း တခြားသူတွေကို “နူးညံ့သိမ်မွေ့သောစိတ်” နဲ့ သွန်သင်ဆုံးမခြင်းအားဖြင့် ယေရှုရဲ့ စံနမူနာကို တုပနိုင်တယ်။—ဂလ. ၆:၁။ က၁၅ ၁၂/၁၅ ၃:၁၅၊ ၁၆
အင်္ဂါနေ့၊ မေ ၂
သင်တို့၏ ညီရင်းအစ်ကိုကဲ့သို့ ချစ်ခြင်းကို ဆက်တင်ပြကြလော့။—ဟေဗြဲ ၁၃:၁။
ညီရင်းအစ်ကိုမေတ္တာ ဆက်တင်ပြဖို့ ဘာကြောင့် အရေးကြီးသလဲ။ အကြောင်းရင်းကတော့ ယေဟောဝါ တောင်းဆိုထားလို့ပဲ။ ညီအစ်ကိုညီအစ်မတွေကို မချစ်ရင် ယေဟောဝါကိုလည်း ချစ်ရာမရောက်ဘူး။ (၁ ယော. ၄:၇၊ ၂၀၊ ၂၁) နောက်အကြောင်းရင်းတစ်ခုကတော့ သူတို့ကို ကျွန်တော်တို့ လိုအပ်လို့ပဲ။ အထူးသဖြင့် ခက်ခဲတဲ့အချိန်တွေမှာ ဖြစ်တယ်။ ဟေဗြဲခရစ်ယာန်တချို့ဟာ မကြာခင် အိမ်တွေ၊ ပစ္စည်းတွေကို စွန့်ပြီး ထွက်ပြေးရတော့မယ်ဆိုတာ ပေါလု သိတယ်။ သိပ်ခက်ခဲတဲ့အချိန် ဖြစ်မယ်လို့ ယေရှု သတိပေးခဲ့တယ်။ (မာ. ၁၃:၁၄-၁၈။ လု. ၂၁:၂၁-၂၃) ဒါကြောင့် အဲဒီအချိန်မရောက်ခင်ကတည်းက အချင်းချင်းအပေါ်ထားတဲ့မေတ္တာ ခိုင်ခံ့အောင် လုပ်ဆောင်ထားဖို့လိုတယ်။ (ရော. ၁၂:၉) မကြာခင်၊ လူ့သမိုင်းမှာ အကြီးမားဆုံးဘေးဒုက္ခ ရောက်လာတော့မယ်။ (မာ. ၁၃:၁၉။ ဗျာ. ၇:၁-၃) အစည်းအဝေး ပုံမှန်တက်ရုံနဲ့ မလုံလောက်ဘူး။ “မေတ္တာစိတ်ရှိ၍ အကျင့်ကောင်းများ ကျင့်စေရန်” အချင်းချင်းကို တိုက်တွန်းနှိုးဆော်ဖို့ ဟေဗြဲခရစ်ယာန်တွေကို ပေါလု တိုက်တွန်းတယ်။—ဟေဗြဲ ၁၀:၂၄၊ ၂၅။ က၁၆.၀၁ ၁:၆-၈
ဗုဒ္ဓဟူးနေ့၊ မေ ၃
ထိုသူအပေါင်းတို့သည် သန့်ရှင်းသော စွမ်းအားတော်နှင့် ပြည့် [ကြလေ၏။]—တ. ၂:၄။
အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ ဂျေရုဆလင်မြို့က အိမ်တစ်အိမ်ရဲ့ အထက်ခန်းမှာ ယေရှုရဲ့ တပည့် ၁၂၀ စုဝေးပြီး ဆုတောင်းနေကြတယ်။ (တ. ၁:၁၃-၁၅) အဲဒီမှာ ဖြစ်ပျက်တော့မယ့်အကြောင်းကို ပရောဖက်ယောလက နှစ်ပေါင်းရှစ်ရာလောက် ကြိုဟောခဲ့တယ်။ (ယောလ ၂:၂၈-၃၂။ တ. ၂:၁၆-၂၁) အထက်ခန်းမှာစုဝေးနေတဲ့ တပည့် ၁၂၀ အပေါ် ဘုရားသခင် စွမ်းအားတော် သွန်းလောင်းခဲ့တယ်။ (တ. ၁:၈) မြင်ရ,ကြားရတဲ့ အံ့ဖွယ်ရာတွေအကြောင်း သူတို့ ချက်ချင်း ဟောပြောတော့တယ်။ ဒီအဖြစ်အပျက်ရဲ့ အရေးကြီးမှုကို တမန်တော်ပေတရု ရှင်းပြပြီးနောက် လူအုပ်ကို အခုလို ပြောတယ်– “နောင်တရကြလော့။ သင်တို့အပြစ်များ ခွင့်လွှတ်ခံရရန် ယေရှုခရစ်၏နာမ၌ လူတိုင်း နှစ်ခြင်းခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသော စွမ်းအားတော် တည်းဟူသော ဆုကျေးဇူးကို ရရှိကြမည်။” အဲဒီနေ့မှာ လူသုံးထောင်လောက် နှစ်ခြင်းခံပြီး သန့်ရှင်းသောစွမ်းအားတော် ရရှိခဲ့ကြတယ်။—တ. ၂:၃၇၊ ၃၈၊ ၄၁။ က၁၆.၀၁ ၃:၁-၃
ကြာသပတေးနေ့၊ မေ ၄
မထိုက်မတန်ဘဲ ထိုမုန့်နှင့် သခင်၏ခွက်ကို စားသောက်သောသူသည် သခင်၏ခန္ဓာကိုယ်နှင့်အသွေးတော်ကို ပြစ်မှားရာရောက်၏။—၁ ကော. ၁၁:၂၇။
ဘိသိက်ခံတစ်ယောက်ဟာ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း မရှိဘဲ၊ ဘုရားအပေါ်သစ္စာမရှိဘဲ မုန့်နဲ့စပျစ်ဝိုင်ကို သုံးဆောင်မိရင် “မထိုက်မတန်ဘဲ” သုံးဆောင်တဲ့သဘော၊ မလေးစားတဲ့သဘော သက်ရောက်တယ်။ (ဟေဗြဲ ၆:၄-၆။ ၁၀:၂၆-၂၉) အဲဒီပြင်းထန်တဲ့သတိပေးချက်က “ခရစ်တော်ယေရှုအားဖြင့် အထက်အရပ်သို့ ဘုရားသခင်၏ ခေါ်တော်မူခြင်း ဆုကျေးဇူးကို” ရရှိချင်ရင် ဆက်သစ္စာရှိနေရမယ်ဆိုတာ ဘိသိက်ခံတွေကို အမှတ်ရစေတယ်။ (ဖိ. ၃:၁၃-၁၆) “သင်တို့သည် ခေါ်တော်မူခြင်းနှင့် ထိုက်တန်စွာ လျှောက်လှမ်းကြရန် သခင်အတွက် အကျဉ်းသားဖြစ်သူ ငါသည် သင်တို့ကို တောင်းပန်ပါ၏” လို့ ဘိသိက်ခံတွေကို ပေါလုပြောတယ်။ သူတို့ ဘယ်နည်းနဲ့ အဲဒီလို လျှောက်လှမ်းနိုင်သလဲ။ “စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့နှင့် ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ မေတ္တာတရား၌ အချင်းချင်း သည်းခံခြင်းရှိလျက်၊ ငြိမ်သက်ခြင်း အနှောင်အဖွဲ့အားဖြင့် ဘုရားသခင့် စွမ်းအားတော်ကြောင့်ရသော တစ်လုံးတစ်ဝတည်းအဖြစ်ကို ကြိုးစားအားထုတ်၍ စောင့်ရှောက်ကြလော့” လို့ ပေါလုရှင်းပြတယ်။ (ဧ. ၄:၁-၃) ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော်က ဘုရားသခင့် ကျေးကျွန်တွေကို မာနမကြီးဘဲ နှိမ့်ချမှုရှိဖို့ ကူညီပေးတယ်။—ကော. ၃:၁၂။ က၁၆.၀၁ ၄:၅၊ ၆
သောကြာနေ့၊ မေ ၅
ဘုရားသခင်သည် အာဗြဟံကို စုံစမ်း[တော်မူ၏။]— က. ၂၂:၁။
တောင်ပေါ်ကို တစ်လှမ်းချင်း တက်နေတဲ့ အာဗြဟံကို မြင်ယောင်ကြည့်ပါ။ သူ့အသက် ၁၂၅ နှစ်လောက် ရှိနေပြီ။ သူ့နောက်မှာတော့ အသက် ၂၅ နှစ်အရွယ် သားဣဇာက်ဟာ ထင်းစည်းထမ်းရင်း လိုက်လာတယ်။ အာဗြဟံက မီးမွှေးဖို့ လိုအပ်တဲ့ပစ္စည်းတွေနဲ့ ဓားတစ်ချောင်း ကိုင်ထားတယ်။ ဒီခရီးဟာ အာဗြဟံရဲ့ တစ်သက်တာမှာ အခက်ခဲဆုံးခရီး ဖြစ်နိုင်တယ်။ အသက်အရွယ်ကြီးနေလို့ မဟုတ်ပါဘူး။ သူ့မှာ တော်တော် အားရှိသေးတယ်။ ခက်ခဲရတဲ့ အကြောင်းရင်းကတော့ သားဣဇာက်ကို ပူဇော်ဖို့ ယေဟောဝါ တောင်းဆိုထားလို့ပဲ။ (က. ၂၂:၁-၈) အာဗြဟံအတွက် အကြီးမားဆုံး ယုံကြည်ခြင်းစမ်းသပ်မှု ဖြစ်နိုင်တယ်။ အာဗြဟံဟာ ဘုရားသခင်ကို ခံစားချက်မပါဘဲ မျက်စိစုံမှိတ် နာခံနေတာ မဟုတ်ပါဘူး။ သူ့မှာ စစ်မှန်တဲ့ ယုံကြည်ခြင်းရှိလို့ နာခံနေတာဖြစ်တယ်။ သူ့ကို ထာဝစဉ်ထိခိုက်နာကျင်စေမယ့် ဘယ်အရာကိုမှ ယေဟောဝါ လုပ်ခိုင်းမှာ မဟုတ်ဘူးဆိုတာ အာဗြဟံ နားလည်တယ်။ ယေဟောဝါကို နာခံရင် သူ့ကိုရော၊ သားကိုပါ ကောင်းချီးပေးမယ်ဆိုတာ အာဗြဟံ သိတယ်။ အဲဒီလောက်ခိုင်မာတဲ့ ယုံကြည်ခြင်းက ဘယ်အပေါ် အခြေခံသလဲ။ အသိပညာနဲ့ အတွေ့အကြုံအပေါ်ဖြစ်တယ်။ က၁၆.၀၂ ၁:၃၊ ၄
စနေနေ့၊ မေ ၆
ကျွန်မသည် ယေဟောဝါဘုရား၏ကျွန်မ ဖြစ်ပါ၏။ အရှင့်စကားအတိုင်း ကျွန်မ၌ ဖြစ်ပါစေ။ —လု. ၁:၃၈။
မာရိဟာ ဘုရားသခင့် သားတော်ကို ကိုယ်ဝန်လွယ်၊ မွေးဖွားပြီး ကျွေးမွေးစောင့်ရှောက်ရမယ်။ မာရိရရှိတဲ့အခွင့်ထူးအကြောင်းပဲ ကျွန်တော်တို့ ပြောလေ့ရှိတယ်။ ဒါပေမဲ့ သူ့မှာ ဘယ်လို စိုးရိမ်မှုတွေ ရှိနိုင်သလဲ။ ဥပမာ၊ အမျိုးသားတစ်ယောက်နဲ့ အတူအိပ်စရာမလိုဘဲ အံ့ဖွယ်နည်းနဲ့ ကိုယ်ဝန်ရမယ်လို့ မာရိကို ကောင်းကင်တမန် ဂါဗြေလ ပြောတယ်။ ဒါပေမဲ့ မာရိရဲ့ မိသားစုတွေ၊ အိမ်နီးချင်းတွေကိုတော့ အဲဒီအကြောင်း ဂါဗြေလ မရှင်းပြဘူး။ သူတို့ ဘယ်လို ထင်ကြမလဲ။ သစ္စာမဖောက်ပါဘူးဆိုတဲ့အကြောင်း ယောသပ်ကိုရော မာရိ ဘယ်လို ရှင်းပြမလဲ။ အဲဒီအပြင် ဘုရားသခင့် သားတော်ကို လူသားတစ်ယောက်အနေနဲ့ ကျွေးမွေးစောင့်ရှောက်ရမယ့် တာဝန်ကြီးကလည်း ရှိသေးတယ်။ မာရိရဲ့ စိုးရိမ်မှုအားလုံးကိုတော့ ကျွန်တော်တို့ မသိပေမဲ့ ဂါဗြေလကို ဘာပြန်ပြောတယ်ဆိုတာတော့ သိထားတယ်။ ဒီနေ့ကျမ်းချက်ပါ စကားတွေကို မာရိပြောခဲ့တယ်။—လု. ၁:၂၆-၃၇။ က၁၆.၀၂ ၂:၁၃၊ ၁၄
တနင်္ဂနွေနေ့၊ မေ ၇
အာခိမြို့သား ဟုရှဲသည်လည်း အင်္ကျီကိုဆုတ်လျက် ခေါင်းပေါ်မှာ မြေမှုန့်ကို တင်လျက် ခရီးဦးကြိုပြုအံ့သောငှါ လာ၏။—၂ ရာ. ၁၅:၃၂။
ဟုရှဲဟာ ဘုရင်ဒါဝိဒ်ရဲ့ သစ္စာရှိမိတ်ဆွေ ဖြစ်တယ်။ အဗရှလုံကို လူတွေ ဘုရင်တင်မြှောက်ချင်တဲ့အခါ ဟုရှဲရဲ့ သစ္စာစောင့်သိမှု စမ်းသပ်ခံခဲ့ရတယ်။ အဗရှလုံနဲ့ စစ်တပ် ဂျေရုဆလင်ကို ရောက်လာလို့ ဒါဝိဒ် ထွက်ပြေးနေရမှန်း ဟုရှဲ သိတယ်။ (၂ ရာ. ၁၅:၁၃။ ၁၆:၁၅) ဟုရှဲ ဘာဆက်လုပ်မလဲ။ အဗရှလုံနဲ့ ပူးပေါင်းမလား ဒါမှမဟုတ် အိုကြီးအိုမနဲ့ ထွက်ပြေးနေရတဲ့ ဒါဝိဒ်နောက် လိုက်သွားမလား။ ဘုရားခန့်အပ်ထားတဲ့ဘုရင်ကို သစ္စာစောင့်သိဖို့ ဟုရှဲ ဆုံးဖြတ်ထားတဲ့အတွက် သံလွင်တောင်မှာ ရှိနေတဲ့ ဒါဝိဒ်ဆီ လိုက်သွားခဲ့တယ်။ (၂ ရာ. ၁၅:၃၀) ဂျေရုဆလင်ကို ပြန်သွားပြီး အဗရှလုံရဲ့ မိတ်ဆွေ ယောင်ဆောင်ဖို့၊ အဟိသောဖေလရဲ့ အကြံကို ဖျက်ဖို့ ဟုရှဲကို ဒါဝိဒ် ပြောတယ်။ ဟုရှဲဟာ အသက်ကို ပဓာနမထားဘဲ ဒါဝိဒ်ခိုင်းတဲ့အတိုင်း သတ္တိရှိရှိ လုပ်ဆောင်ခဲ့တယ်။ ယေဟောဝါကို သစ္စာစောင့်သိကြောင်း သက်သေပြခဲ့တယ်။ ဒါဝိဒ် ဆုတောင်းတဲ့အတိုင်း သတ္တိခဲဟုရှဲဟာ အဟိသောဖေလရဲ့ အကြံကို ဖျက်နိုင်ခဲ့တယ်။—၂ ရာ. ၁၅:၃၁။ ၁၇:၁၄။ က၁၆.၀၂ ၄:၁၅၊ ၁၆
တနင်္လာနေ့၊ မေ ၈
သင်၏ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်လျှင်၊ သင့်အပေါ်မှာ သက်ရောက်လတ္တံ့သော ကောင်းချီးမင်္ဂလာများ ဟူမူကား။—တရား. ၂၈:၂။
ပညတ်တရားမှာပါတဲ့ လမ်းညွှန်ချက်တွေကနေ ကျွန်တော်တို့ ခရစ်ယာန်တွေ အကျိုးရရှိနိုင်တယ်။ ဘယ်နည်းအားဖြင့်လဲ။ ပညတ်တရားရဲ့ အခြေခံမူတွေကို ကျွန်တော်တို့ တွေးတောနိုင်တယ်။ ပညတ်တရားအောက်မှာ မရှိတော့ပေမဲ့ အဲဒီပညတ်အများစုဟာ နေ့စဉ်အသက်တာနဲ့ ဝတ်ပြုရေးမှာ ကျွန်တော်တို့ကို လမ်းပြပေးနိုင်တုန်းပဲ။ ပညတ်တရားကနေ သင်ယူနိုင်ဖို့၊ အခြေခံမူတွေရဲ့ လမ်းပြမှု ခံယူနိုင်ဖို့၊ ပညတ်တရားထက် ပိုမြင့်မားတဲ့ စံနှုန်းတွေကို ယေရှု သင်ပေးတဲ့အခါ သဘောပေါက်နိုင်ဖို့ ကျမ်းစာထဲမှာ ပညတ်တရားကို ယေဟောဝါ ထည့်သွင်းထားတာဖြစ်တယ်။ “‘အိမ်ထောင်ရေး မဖောက်ပြန်ရ’ ဟူသောစကားကို သင်တို့ကြားဖူးကြပြီ။ သို့ရာတွင် ငါဆိုသည်ကား မိန်းမတစ်ဦးကို ဆက်ကြည့်နေ၍ တပ်မက်သော စိတ်ပေါ်လာလျှင် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ဖောက်ပြန်ပြီ” လို့ ယေရှု ပြောတယ်။ ဒါကြောင့် အိမ်ထောင်ရေးဖောက်ပြန်မှုကိုသာမက အကျင့်ပျက်အတွေးနဲ့ ဆန္ဒတွေကိုပါ ကျွန်တော်တို့ ရှောင်ကြဉ်ဖို့ လိုတယ်။—မ. ၅:၂၇၊ ၂၈။ က၁၆.၀၃ ၄:၆၊ ၈
အင်္ဂါနေ့၊ မေ ၉
အကျွန်ုပ်တို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ချီးမြှောက်ပါလော့။—၁ ရာ. ၈:၅။
ရှမွေလဟာ လူတွေတောင်းဆိုတဲ့အတိုင်း ဘုရင်တစ်ပါး မခန့်အပ်ပေးချင်ဘူး။ ဒါကြောင့် လူတွေ တောင်းဆိုတဲ့အတိုင်း လုပ်ပေးဖို့ သူ့ကို ယေဟောဝါ သုံးကြိမ်တိတိ ပြောခဲ့ရတယ်။ (၁ ရာ. ၈:၇၊ ၉၊ ၂၂) ရှမွေလ အဲဒီလိုခံစားနေရပေမဲ့ သူ့နေရာအစားဝင်မယ့်သူကို မနာလိုမဖြစ်ဘူး၊ ဒေါသမထွက်ဘူး။ ရှောလုကို ဘိသိက်ပေးဖို့ ယေဟောဝါပြောတဲ့အခါ သူ မတွန့်ဆုတ်ခဲ့ဘူး။ အလုပ်သဘောအရ မဟုတ်ဘဲ ယေဟောဝါကို ချစ်လို့ လိုလိုလားလား နာခံခဲ့တယ်။ ရှမွေလကို တုပပြီး တခြားသူတွေကို မေတ္တာပါပါ လေ့ကျင့်ပေးနေတဲ့ အတွေ့အကြုံရှိ အကြီးအကဲတွေ ဒီနေ့ခေတ်မှာ အများကြီးရှိတယ်။ (၁ ပေ. ၅:၂) ကြင်နာမှုရှိတဲ့၊ တစ်ကိုယ်ကောင်းစိတ်ကင်းတဲ့ အဲဒီအကြီးအကဲတွေဟာ တခြားသူတွေကို လိုလိုလားလား လေ့ကျင့်ပေးနေတယ်။ ကိုယ့်ရဲ့ အခွင့်ထူးတချို့ ဝေမျှပေးလိုက်ရမှာကို မစိုးရိမ်ကြဘူး။ အဲဒီအစား ကိုယ်လေ့ကျင့်ပေးနေသူတွေကို အသင်းတော်ရဲ့ လိုအပ်ရာတွေကို ကူညီလုပ်ဆောင်ပေးမယ့် အဖိုးတန် “လုပ်ဖော်ဆောင်ဖက်” အဖြစ် သဘောထားကြတယ်။ (၂ ကော. ၁:၂၄။ ဟေဗြဲ ၁၃:၁၆) ကိုယ်လေ့ကျင့်ပေးလိုက်သူတွေက ယေဟောဝါရဲ့ လူတွေကို အစွမ်းအစရှိသမျှနဲ့ ကူညီပေးနေတာ သူတို့ မြင်ရတဲ့အခါ ပျော်ရွှင်ကြတယ်။—တ. ၂၀:၃၅။ က၁၅ ၄/၁၅ ၁:၁၆၊ ၁၇
ဗုဒ္ဓဟူးနေ့၊ မေ ၁၀
အပြစ်ကိုရှင်းရှင်း မလွှတ်ဘဲ အတော်အတန် ဆုံးမမည်။—ယေ. ၃၀:၁၁။
ဘုရင်သြဇိဟာ ‘ယေဟောဝါရဲ့ အမြင်မှာ မှန်ရာကို ဆက်လုပ်တယ်။’ ဒါပေမဲ့ ယေဟောဝါက သြဇိကို အနူရောဂါနဲ့ ဒဏ်ခတ်လိုက်တယ်။ (၄ ရာ. ၁၅:၁-၅၊ ကဘ) ဘာကြောင့်လဲ။ အကြောင်းရင်းကို အဲဒီကျမ်းမှတ်တမ်းမှာ မဖော်ပြထားဘူး။ ဒီမှတ်တမ်းကို ဖတ်ရတဲ့အခါ ယေဟောဝါနဲ့ပတ်သက်ပြီး သင် ဘယ်လိုခံစားရသလဲ။ သြဇိကို အကြောင်းမရှိဘဲ ဒဏ်ခတ်လိုက်လို့ ယေဟောဝါ မတရားဘူးလို့ ခံစားရပြီး စနိုးစနောင့် ဖြစ်မိသလား။ သင်သာ ယေဟောဝါကို ကောင်းကောင်း သိကျွမ်းမယ်ဆိုရင် အဲဒီလို ခံစားရမှာ မဟုတ်ဘူး။ ၂ ရာဇဝင်ချုပ် ၂၆:၃-၅၊ ၁၆-၂၁ (ကဘ) မှာ သြဇိဟာ ‘ယေဟောဝါရဲ့ အမြင်မှာ မှန်ရာကို’ လုပ်တယ်လို့ ဖော်ပြထားတယ်။ ဒါပေမဲ့ သူ ‘စိတ်မောက်မာလာတဲ့အတွက် ပျက်စီးဖို့ အကြောင်းဖန်လာတယ်’ လို့လည်း ဆက်ဖော်ပြတယ်။ သြဇိဟာ ယဇ်ပုရောဟိတ်တွေပဲ လုပ်ခွင့်ရှိတဲ့အရာကို လုပ်ဖို့ ကြိုးစားခဲ့တယ်။ ယဇ်ပုရောဟိတ် ရှစ်ဆယ့်တစ်ယောက်က သူ့ကို တားခဲ့တယ်။ ဒါပေမဲ့ သူတို့ကို အကြီးအကျယ် ဒေါသထွက်တယ်။ ဒါက သူဘယ်လောက် မာနတက်နေတယ်ဆိုတာ ပြလိုက်တာပဲ။ ဒီအသေးစိတ်အချက်တွေက သြဇိကို ယေဟောဝါ ဘာကြောင့် အနူရောဂါနဲ့ ဒဏ်ခတ်တယ်ဆိုတာ နားလည်စေတယ်။ က၁၅ ၄/၁၅ ၃:၈၊ ၉
ကြာသပတေးနေ့၊ မေ ၁၁
လူနေထိုင်ရာ မြေတစ်ပြင်လုံးကို လှည့်စားသူ၊ မာရ်နတ်၊ စာတန်ခေါ် မူလမြွေ၊ နဂါးကြီးသည် အောက်သို့ ပစ်ချခံရ၏။ သူသည် မြေကြီးပေါ်သို့ ပစ်ချခံရ၏။ —ဗျာ. ၁၂:၉။
စာတန်ကို မာရ်နတ်လို့ ခေါ်ထားတယ်။ “ရှုတ်ချဂုဏ်ဖျက်သူ” လို့အဓိပ္ပာယ်ရတယ်။ စာတန်ဟာ ဘုရားသခင် လိမ်ညာတယ်လို့ စွပ်စွဲပြောဆိုခြင်းအားဖြင့် ကိုယ်တော့်ကို ရှုတ်ချဂုဏ်ဖျက်ခဲ့တယ်။ “မူလမြွေ” ဆိုတဲ့နာမည်က ဧဝကို လှည့်စားဖို့ မြွေတစ်ကောင်ကို သူ ဘယ်လိုအသုံးပြုခဲ့တယ်ဆိုတာ အမှတ်ရစေတယ်။ “နဂါးကြီး” ဆိုတဲ့နာမည်ကလည်း စာတန်အကြောင်း ကောင်းကောင်းဖော်ပြလိုက်တာပဲ။ သူဟာ ရက်စက်ယုတ်မာတယ်။ ယေဟောဝါရဲ့ ရည်ရွယ်ချက်မပြည့်စုံအောင် တားဆီးချင်တယ်။ ဘုရားသခင့်လူမျိုးကိုလည်း ဖျက်ဆီးပစ်ချင်တယ်။ စာတန်ဟာ ကျွန်တော်တို့ရဲ့ သစ္စာသမာဓိကို အဓိကတိုက်ခိုက်နေတယ်။ ဒါကြောင့်လည်း “သင်တို့သည် သတိရှိလျက် နိုးကြားနေကြလော့။ သင်တို့၏ရန်သူ မာရ်နတ်သည် ဟောက်သောခြေင်္သ့ကဲ့သို့ တစ်ဦးတစ်ယောက်ကို မျိုရန် လှည့်လည်ရှာဖွေလျက်ရှိ၏” လို့ ကျမ်းစာမှာ သတိပေးထားတယ်။ (၁ ပေ. ၅:၈) ဘုရားသခင့် ကျေးကျွန်တစ်ယောက် အပြစ်ကြီးတစ်ခု ကျူးလွန်လိုက်တယ်ဆိုရင် စာတန် ပျော်နေမှာ သေချာတယ်။ အဲဒါကို ထောက်ပြီး ယေဟောဝါကို ကဲ့ရဲ့ပါလိမ့်မယ်။—သု. ၂၇:၁၁။ က၁၅ ၅/၁၅ ၁:၃၊ ၄၊ ၁၀
သောကြာနေ့၊ မေ ၁၂
ငွေကို တပ်မက်ခြင်းသည် အကျိုးပျက်စေသောအရာ အမျိုးမျိုး၏ မူလအမြစ်ဖြစ်၏။—၁ တိ. ၆:၁၀။
ယေဟောဝါဟာ ကျွန်တော်တို့ကို ပျော်ရွှင်စေချင်တယ်။ ဒါကြောင့်လည်း အာဒံနဲ့ ဧဝကို လှပတဲ့ ပရဒိသုမှာ နေထိုင်စေခဲ့တယ်။ (က. ၂:၉) ဒါပေမဲ့ စာတန်ဟာ “စည်းစိမ်ဥစ္စာ၏ လှည့်စား” နိုင်စွမ်းကို သုံးပြီး ကျွန်တော်တို့ရဲ့ အလိုဆန္ဒတွေကို အမြတ်ထုတ်နိုင်တယ်။ (မ. ၁၃:၂၂) ငွေရှိရင်၊ ပစ္စည်းဥစ္စာတွေရှိရင် ပျော်ရွှင်မယ်၊ အောင်မြင်မယ်လို့ လူများစွာ ထင်ကြတယ်။ ကျွန်တော်တို့မှာသာ အဲဒီလိုအတွေးမျိုးရှိရင် ပိုင်ဆိုင်ထားတဲ့ တန်ဖိုးအရှိဆုံးအရာတောင် ဆုံးရှုံးသွားနိုင်တယ်။ အဲဒါကတော့ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိခြင်းပဲ။ “မည်သူမျှ သခင်နှစ်ဦး၏အစေကို မခံနိုင်။ တစ်ဦးကို မုန်း၍ တစ်ဦးကို ချစ်မည်။ သို့မဟုတ် တစ်ဦးကို မှီခို၍ တစ်ဦးကို မခန့်လေးစားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေနှင့် စည်းစိမ်ချမ်းသာ၏အစေနှစ်ရပ်ကို မခံနိုင်ကြ” လို့ ယေရှုသတိပေးထားတယ်။ (မ. ၆:၂၄) ပစ္စည်းဥစ္စာတွေအတွက်ပဲ အစေခံနေတယ်ဆိုရင် ယေဟောဝါကို အမှုဆောင်နိုင်တော့မှာ မဟုတ်ဘူး။ အဲဒီလိုပဲ စာတန်ဖြစ်စေချင်တယ်။ ဒါကြောင့် ဘဝမှာ ငွေ ဒါမှမဟုတ် ငွေနဲ့ဝယ်လို့ရနိုင်တဲ့အရာတွေဟာ ယေဟောဝါနဲ့ဆက်ဆံရေးထက် ပိုအရေးကြီးလာတာမျိုး ဘယ်တော့မှ အဖြစ်မခံပါနဲ့။ စာတန်ကို တိုက်ခိုက်အောင်မြင်ဖို့ဆိုရင် ပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီး သဘောထားမှန်ရှိရမယ်။—၁ တိ. ၆:၆-၁၀။ က၁၅ ၅/၁၅ ၂:၁၂
စနေနေ့၊ မေ ၁၃
အင်္ဂါတစ်ခုသည် ဝေဒနာခံစားရလျှင် အခြားအင်္ဂါအပေါင်းတို့သည်လည်း ထပ်တူခံစားရ၏။ —၁ ကော. ၁၂:၂၆။
တခြားသူတွေကြုံနေရတဲ့ အခက်အခဲကို နားလည်ဖို့ အမြဲမလွယ်ကူဘူး။ အထူးသဖြင့် ကိုယ်တစ်ခါမှ မကြုံဖူးတဲ့အခါမျိုးမှာ ဖြစ်တယ်။ ဥပမာ၊ ညီအစ်ကိုညီအစ်မများစွာဟာ ဖျားနာလို့၊ ထိခိုက်ဒဏ်ရာရလို့၊ အသက်ကြီးလာလို့ ဝေဒနာခံစားနေရတယ်။ တချို့ကျတော့ စိတ်ဓာတ်ကျလို့၊ အစိုးရိမ်လွန်လို့၊ မတော်မတရား ဆက်ဆံခံခဲ့ရလို့ စိတ်သောကရောက်နေကြတယ်။ တချို့ကျတော့ သားသမီးတွေကို တစ်ကိုယ်တည်း ထိန်းကျောင်းနေရတယ်။ မယုံကြည်သူမိသားစုဝင်တွေနဲ့ နေထိုင်နေရတယ်။ လူတိုင်းမှာ ပြဿနာကိုယ်စီရှိကြတယ်။ ဒါပေမဲ့ သူတို့ကို ကျွန်တော်တို့ မေတ္တာပြပြီး ကူညီပေးချင်တယ်။ ဘယ်လိုကူညီပေးနိုင်သလဲ။ တစ်ယောက်နဲ့တစ်ယောက် လိုအပ်ရာတွေ မတူညီနိုင်ဘူး။ ဒါကြောင့် လူတစ်ယောက်ပြောတာကို သေချာနားထောင်ပြီး သူ့ခံစားချက်ကို နားလည်ဖို့ ကြိုးစားမယ်ဆိုရင် ကူညီပေးနိုင်တဲ့အကောင်းဆုံးနည်းကို သိလာမယ်။ သူ့ပြဿနာနဲ့ပတ်သက်ပြီး ယေဟောဝါ ဘယ်လိုခံစားရတယ်ဆိုတာ ပြောပြနိုင်တယ်။ ဒါမှမဟုတ် တခြားတစ်နည်းနည်းနဲ့ ကူညီပေးနိုင်တယ်။ ဒီလိုလုပ်တာက ယေဟောဝါရဲ့မေတ္တာကို တုပရာရောက်တယ်။—ရော. ၁၂:၁၅။ ၁ ပေ. ၃:၈။ က၁၅ ၅/၁၅ ၄:၆၊ ၇
တနင်္ဂနွေနေ့၊ မေ ၁၄
ခရစ်တော်သည် ဘုရားသခင်၏တန်ခိုးတော် . . . ဖြစ်၏။—၁ ကော. ၁:၂၄။
ခရစ်တော်ကို တန်ခိုးပေးထားသူဟာ ယေဟောဝါဖြစ်တယ်။ ဒါကြောင့် တန်ခိုးအကြီးဆုံးဘုရား ယေဟောဝါလည်း သဘာဝစွမ်းအားတွေကို ထိန်းချုပ်နိုင်မှန်း ကျွန်တော်တို့သိတယ်။ ဥပမာ၊ ရေလွှမ်းမိုးဘေး မကျရောက်ခင်မှာ ယေဟောဝါက ‘နောက်ခုနစ်ရက်ကျရင် မြေပေါ်မှာ ရက်ပေါင်း ၄၀ ကြာ နေ့ညမပြတ် မိုးရွာစေမယ်’ လို့ပြောတယ်။ (က. ၇:၄၊ ကဘ) ထွက်မြောက်ရာ ၁၄:၂၁ (ကဘ) မှာလည်း ‘ယေဟောဝါက အရှေ့လေပြင်းတိုက်စေ’ တယ်လို့ ပြောထားတယ်။ ယောန ၁:၄ (ကဘ) မှာ ‘ယေဟောဝါက ပင်လယ်မှာ လေပြင်းတိုက်ခတ်စေတဲ့အတွက် မိုးသက်မုန်တိုင်းကျပြီး သင်္ဘောပျက်လုမတတ်ဖြစ်လာတယ်’ လို့ပြောထားတယ်။ ကမ္ဘာသစ်မှာ သဘာဝအင်အားစုတွေကို ယေဟောဝါ အမြဲထိန်းချုပ်မယ်ဆိုတာ သိရလို့ ပျော်ရွှင်စရာပဲ။ “ဘုရားသခင်၏ တဲတော်” ဟာ လူသားတွေနဲ့အတူ ရှိမှာဖြစ်လို့ ဘယ်သဘာဝဘေးအန္တရာယ်ကိုမှ ကြောက်စရာမလိုတော့ဘူး။ (ဗျာ. ၂၁:၃၊ ၄) အနှစ်တစ်ထောင် အုပ်ချုပ်မှုအတွင်းမှာ ခရစ်တော်ဟာ ဘုရားပေးတန်ခိုးအားဖြင့် သဘာဝစွမ်းအားတွေကို ထိန်းချုပ်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချနိုင်ပါတယ်။ က၁၅ ၆/၁၅ ၁:၁၅၊ ၁၆
တနင်္လာနေ့၊ မေ ၁၅
[အကျင့်ပျက်သော] မိန်းမကို ဝေးစွာရှောင်သွားလော့။ သူ့နေရာတံခါးဝသို့ မချဉ်းနှင့်။—သု. ၅:၈။
သုတ္တံအခန်းကြီး ၇ မှာ အကျင့်ပျက်မိန်းမတစ်ယောက်ရဲ့ အိမ်နားကို ညဘက်မှာ ဖြတ်လျှောက်သွားတဲ့ လူငယ်တစ်ယောက်အကြောင်း ကျွန်တော်တို့ ဖတ်ရတယ်။ လူငယ်လေးက သူနဲ့ မှားယွင်းမိတယ်။ အန္တရာယ်ကိုသာ သူကြိုမြင်မယ်ဆိုရင် အဲဒီမိန်းမကို ဝေးဝေးရှောင်ပါလိမ့်မယ်။ (သု. ၇:၆-၂၇) ကျွန်တော်တို့လည်း အန္တရာယ်ကို ကြိုမမြင်တဲ့အတွက် အခုနလူငယ်လိုပဲ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ ချမိနိုင်တယ်။ ဥပမာ၊ ညဘက်မှာ တချို့ရုပ်သံလိုင်းတွေက အကျင့်ပျက်အစီအစဉ်တွေ တင်ဆက်လေ့ရှိတယ်။ ဒါကြောင့် ဘယ်လိုင်းမှာ ဘာပြနေတယ်ဆိုတာသိဖို့ လိုက်ကြည့်နေမယ်ဆိုရင် အန္တရာယ်ရှိနိုင်တယ်။ အင်တာနက်သုံးတဲ့အခါလည်း အဲဒီလိုပဲ။ ချိတ်ဆက်ထားတာအားလုံးကို လျှောက်နှိပ်မယ်ဆိုရင် အန္တရာယ်ရှိနိုင်တယ်။ အကျင့်ပျက်ကြော်ငြာတွေနဲ့ ညစ်ညမ်းဝက်ဘ်ဆိုက်တွေကို ချိတ်ဆက်ထားတဲ့ အင်တာနက်စကားဝိုင်းတွေ၊ ဝက်ဘ်ဆိုက်တွေထဲ ဝင်ကြည့်ခြင်းကလည်း အန္တရာယ်ရှိနိုင်တယ်။ အဲဒီလိုအခြေအနေမျိုးမှာ ဘွားခနဲတွေ့လိုက်ရတဲ့အရာတွေက အကျင့်ပျက်ဆန္ဒတွေကို ဖြစ်ပေါ်စေနိုင်ပြီး အပြစ်လုပ်မိအောင် တွန်းပို့ပေးနိုင်တယ်။ က၁၅ ၆/၁၅ ၃:၈၊ ၉
အင်္ဂါနေ့၊ မေ ၁၆
ကျွန်ုပ်တို့၏ အပြစ်ကြွေးများကိုလည်း ဖြေလွှတ်တော်မူပါ။—မ. ၆:၁၂။
‘ကျွန်တော်တို့ရဲ့ အပြစ်ကြွေးများကို ဖြေလွှတ်ပေးပါ’ လို့ ဆုတောင်းဖို့ ယေရှု သင်ပေးခဲ့တယ်။ (မ. ၆:၁၂။ လု. ၁၁:၄) အကြောင်းကတော့ အပြစ်က အကြွေးနဲ့တူလို့ပဲ။ ကျွန်တော်တို့အပြစ်လုပ်တဲ့အခါ ယေဟောဝါကို အကြွေးတင်တာနဲ့တူတယ်လို့ ၁၉၅၁၊ ကင်းမျှော်စင်မှာ ဖော်ပြထားတယ်။ ယေဟောဝါကိုချစ်ဖို့၊နာခံဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ဒါပေမဲ့ အပြစ်လုပ်လိုက်တဲ့အခါ ပေးသင့်ပေးထိုက်တာကို မပေးတဲ့သဘောဖြစ်တယ်။ ဒါကြောင့် ယေဟောဝါဟာ သူနဲ့မိတ်ဆွေဖြစ်ခွင့်ကို အချိန်မရွေး ဖြတ်တောက်ပစ်လိုက်နိုင်တယ်။ “အပြစ်လုပ်တာက ယေဟောဝါကို မချစ်လို့ပဲ” လို့ အဲဒီကင်းမျှော်စင်မှာ ရှင်းပြတယ်။ (၁ ယော. ၅:၃) ကျွန်တော်တို့ရဲ့ အပြစ်တွေကို ခွင့်လွှတ်နိုင်ဖို့ ယေရှုရဲ့ ရွေးနုတ်ဖိုးကို ယေဟောဝါ ပြင်ဆင်ပေးထားလို့ ကျေးဇူးတင်စရာပဲ။ ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို ကျွန်တော်တို့ နေ့တိုင်းလိုအပ်တယ်။ လွန်ခဲ့တဲ့ အနှစ် ၂,၀၀၀ နီးပါးမှာ ယေရှု အသေခံခဲ့ပေမဲ့ ဒီနေ့အချိန်ထိ အဲဒီရွေးနုတ်ဖိုးကနေ အကျိုးခံစားနေရတယ်။ ဒီအဖိုးတန်လက်ဆောင်အတွက် ယေဟောဝါကို အမြဲကျေးဇူးတင်သင့်တယ်။ အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်ဖို့ လိုအပ်တဲ့ ရွေးနုတ်ဖိုးကို ကျွန်တော်တို့တစ်ယောက်မှ မပေးနိုင်ဘူး။—ဆာ. ၄၉:၇-၉; ၁ ပေ. ၁:၁၈၊ ၁၉။ က၁၅ ၆/၁၅ ၅:၉၊ ၁၀
ဗုဒ္ဓဟူးနေ့၊ မေ ၁၇
ငါသည် ငါ၏ခြေတင်ရာအရပ်ကို ဘုန်းပွင့်စေမည်။—ဟေရှာ. ၆၀:၁၃။
အမှုဆောင်လုပ်ငန်းမှာ စွဲမက်စရာ အကျိုးပြုစာပေတွေ ဝေငှရတာကို ကျွန်တော်တို့ သိပ်ပျော်ကြတယ်။ သတင်းကောင်းဟောပြောရာမှာ jw.org ဝက်ဘ်ဆိုက်စတဲ့ နောက်ဆုံးပေါ်နည်းပညာတွေကို ဘယ်လိုအသုံးပြုနေတယ်ဆိုတာလည်း စဉ်းစားကြည့်ပါ။ ဒီနည်းအားဖြင့် လူများစွာဟာ သူတို့အမှန်တကယ်လိုအပ်နေတဲ့ အကူအညီကို ရရှိနိုင်ကြတယ်။ ဒီပြုပြင်ပြောင်းလဲမှုအားလုံးက လူတွေအပေါ်ထားတဲ့ ယေဟောဝါရဲ့ မေတ္တာနဲ့ စိတ်ဝင်စားမှုကို ဖော်ပြတယ်။ အစည်းအဝေး အစီအစဉ်တွေနဲ့ ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှုအတွက်လည်း ကျွန်တော်တို့ ကျေးဇူးတင်တယ်။ အဲဒီပြောင်းလဲမှုကြောင့် မိသားစုဝတ်ပြုမှု ဒါမှမဟုတ် ကိုယ်ပိုင်လေ့လာမှုအတွက် အချိန်ပိုရလာတယ်။ စည်းဝေးပွဲတွေ၊ စည်းဝေးကြီးတွေနဲ့ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက်လည်း ကျေးဇူးတင်တယ်။ အဲဒီအစီအစဉ်တွေက နှစ်တိုင်း ပိုကောင်းလာတယ်။ ကျမ်းစာသင်တန်းကျောင်းတွေကနေ ရရှိတဲ့ လေ့ကျင့်မှုတွေအတွက်လည်း ကျေးဇူးတင်တယ်။ အဲဒီပြုပြင်ပြောင်းလဲမှုအားလုံးက အဖွဲ့အစည်းကို ယေဟောဝါလမ်းညွှန်နေပြီး ပုံဆောင်ပရဒိသု ပိုလှပလာအောင် လုပ်ဆောင်ပေးနေတယ်ဆိုတာ အထင်အရှားဖော်ပြတယ်။ က၁၅ ၇/၁၅ ၁:၁၆၊ ၁၇
ကြာသပတေးနေ့၊ မေ ၁၈
လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်လော့။—လု. ၁၀:၂၇။
သင်ဟာ ဘယ်ဘက်မှာမှမပါဘဲ ကြားနေဖို့ခက်ခဲတဲ့အခါ ‘ယေရှုသာဆိုရင် ဘယ်လိုလုပ်မလဲ’ လို့ ကိုယ့်ကိုယ်ကိုယ်မေးပါ။ ယေရှု မြေကြီးပေါ်ရှိတုန်းက ယုဒ၊ ဂါလိလဲနဲ့ ရှမာရိနယ်မှာရှိတဲ့ လူတွေကြားမှာ ပဋိပက္ခတွေ၊ သဘောထားကွဲလွဲမှုတွေ ရှိခဲ့တယ်။ ဥပမာတချို့ကို သုံးသပ်ကြည့်ပါ။ ဂျူးနဲ့ ရှမာရိတွေဟာ တစ်ယောက်နဲ့တစ်ယောက် စကားမပြောကြဘူး။ (ယော. ၄:၉) ဖာရိရှဲတွေနဲ့ ဇဒ္ဒုကဲတွေကလည်း ကိစ္စအတော်များများမှာ သဘောထားမတိုက်ဆိုင်ကြဘူး။ (တ. ၂၃:၆-၉) ရဗ္ဗိကျောင်းတွေမှာ ပညာသင်ခဲ့တဲ့ဂျူးတွေက အဲဒီကျောင်းတွေမှာ ပညာမသင်ခဲ့သူတွေကို အထင်သေးကြတယ်။ (ယော. ၇:၄၉) လူများစွာက အခွန်ခံတွေနဲ့ ရောမတွေကို မုန်းကြတယ်။ (မ. ၉:၁၁) ယေရှုကတော့ အဲဒီပြဿနာတွေထဲမှာ မပါဝင်ဘူး။ အမှန်တရားဘက်မှာ ရပ်တည်ပြီး အစ္စရေးတွေကို ဘုရားသခင့်အထူးလူမျိုးအဖြစ် အသိအမှတ်ပြုပေမဲ့ အစ္စရေးတွေဟာ တခြားလူမျိုးထက် ပိုသာတယ်လို့ တပည့်တွေကို တစ်ခါမှ မသင်ပေးခဲ့ဘူး။ (ယော. ၄:၂၂) အဲဒီအစား လူအားလုံးကို ချစ်ဖို့ သင်ပေးခဲ့တယ်။ က၁၅ ၇/၁၅ ၃:၅
သောကြာနေ့၊ မေ ၁၉
ထာဝရဘုရားသည် ငါ့ဘက်မှာ ရှိတော်မူသည်ဖြစ်၍ ကြောက်စရာမရှိ။ လူသည် ငါ၌ အဘယ်သို့ပြုနိုင်သနည်း။ ထာဝရဘုရားသည် ငါ့ဘက်၌ မစတော်မူသည်။—ဆာ. ၁၁၈:၆၊ ၇။
လူသားတွေဟာ မေတ္တာပြချင်တဲ့၊ မေတ္တာခံယူချင်တဲ့ လိုအပ်ချက်နဲ့ ဖန်ဆင်းခံထားရတယ်။ ဒါပေမဲ့ ကျန်းမာရေးပြဿနာ၊ ငွေကြေးပြဿနာ ဒါမှမဟုတ် အမှုဆောင်လုပ်ငန်းမှာ အောင်မြင်မှု မရတာတွေကြောင့် အဲဒီလိုအပ်ချက် မပြည့်ဝတဲ့အခါ အလွယ်တကူ စိတ်ဓာတ်ကျမိနိုင်တယ်။ ကျွန်တော်တို့ကို ယေဟောဝါ မချစ်တော့ဘူးလို့ စတင်ခံစားလာရတဲ့အခါ ဒီအချက်တွေကို သတိရသင့်တယ်– ကျွန်တော်တို့ဟာ ကိုယ်တော့်အတွက် တန်ဖိုးရှိသူတွေဖြစ်တယ်၊ ကျွန်တော်တို့ရဲ့ ညာလက်ကိုကိုင်ပြီး ကူညီပေးဖို့ ကိုယ်တော်အဆင်သင့်ရှိနေတယ်။ ကျွန်တော်တို့သာ သစ္စာရှိမယ်ဆိုရင် ကျွန်တော်တို့ကို ကိုယ်တော် ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ (ဟေရှာ. ၄၁:၁၃။ ၄၉:၁၅) ခင်ပွန်း သေဆုံးပြီးနောက် သားသမီးနှစ်ယောက်ကို တစ်ကိုယ်တည်း ထိန်းကျောင်းခဲ့ရတဲ့ ဘရစ်ဂျစ် အခုလိုပြောတယ်– “စာတန့်လောကမှာ အထူးသဖြင့် ကြင်ဖော်မဲ့ မိခင်တစ်ယောက်အနေနဲ့ သားသမီးတွေကို ထိန်းကျောင်းရတာ အခက်ခဲဆုံး အလုပ်တစ်ခုပဲ။ ဒါပေမဲ့ ယေဟောဝါရဲ့မေတ္တာကို ကျွန်မ ယုံကြည်စိတ်ချတယ်။ မျက်ရည်ကျပြီး နာကျင်ကြေကွဲခဲ့ရတဲ့ အချိန်တစ်လျှောက် ကိုယ်တော် ကျွန်မကို လမ်းညွှန်ပေးတယ်။ ကျွန်မ မခံနိုင်တဲ့အရာကို ကိုယ်တော် ဘယ်တော့မှ ခွင့်မပြုဘူး။”—၁ ကော. ၁၀:၁၃။ က၁၅ ၈/၁၅ ၁:၁-၃
စနေနေ့၊ မေ ၂၀
ဆက်ပြီး စောင့်မျှော်နေပါ။—ဟဗ. ၂:၃၊ ကဘ။
ပရောဖက်ဟဗက္ကုတ်ဟာ ဂျေရုဆလင်မြို့ ပျက်စီးမယ့်အကြောင်း ကြေညာရင်း စိတ်ရှည်ရှည် စောင့်မျှော်ခဲ့တယ်။ သူ့မတိုင်ခင် တခြားပရောဖက်တွေလည်း အဲဒီအကြောင်း နှစ်ပေါင်းများစွာ ကြေညာခဲ့တယ်။ သူ့ခေတ်မှာတော့ ဆိုးသွမ်းမှုနဲ့ မတရားမှုတွေ အရင်ထက်ပိုများလာတာ ဟဗက္ကုတ် သတိထားမိတယ်။ ဒါကြောင့် ‘အို ယေဟောဝါ၊ အဘယ်မျှကာလပတ်လုံး အကျွန်ုပ် အော်ဟစ်ရပါမည်နည်း’ လို့ ယေဟောဝါကို မေးခဲ့တယ်။ ကြိုဟောထားတဲ့ ဖျက်ဆီးခြင်းဘေးက ‘နောက်ကျမှာ မဟုတ်ဘူး’ ဆိုတာ သစ္စာရှိပရောဖက်ကို ယေဟောဝါ ကတိပေးတယ်။ (ဟဗ. ၁:၁-၄) ဟဗက္ကုတ်က စောင့်ရတာကို ငြီးငွေ့လာပြီး ‘ဂျေရုဆလင်မြို့ ပျက်စီးမယ့်အချိန်ကို ငါ နှစ်ပေါင်းများစွာ စောင့်ပြီးပြီ။ အဝေးကြီးလိုသေးရင် ဘယ်လိုလုပ်မလဲ။ အဲဒီအကြောင်း ဆက်ဟောနေရင်လည်း အပိုပဲ။ တခြားသူတွေပဲ ဆက်ဟောပါစေ’ လို့ တွေးမိတယ်ဆိုပါစို့။ အဲဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် ယေဟောဝါရဲ့မျက်နှာသာကို သူဆုံးရှုံးသွားလိမ့်မယ်။ အဆုံးရောက်လာချိန်မှာ သူ အဆင်သင့်ဖြစ်မနေရင် အသက်ပါဆုံးရှုံးသွားလိမ့်မယ်။ က၁၅ ၈/၁၅ ၂:၁၂၊ ၁၃
တနင်္ဂနွေနေ့၊ မေ ၂၁
မကောင်းသော အပေါင်းအသင်းတို့သည် ကောင်းသောအကျင့်တို့ကို ပျက်စီးစေတတ်၏။—၁ ကော. ၁၅:၃၃။
ယေဟောဝါနဲ့ ကောင်းတဲ့ဆက်ဆံရေး ရှိနေဖို့ဆိုရင် မကောင်းတာကိုပြုကျင့်သူတွေနဲ့ မပေါင်းရဘူး။ အဲဒီထဲမှာ ယေဟောဝါကို ဝတ်ပြုပါတယ်လို့ ပြောပေမဲ့ ကိုယ်တော့်ကို မနာခံသူတွေလည်း ပါဝင်တယ်။ သူတို့ ကြီးလေးတဲ့အပြစ်တွေကျူးလွန်ပြီး နောင်တမရဘူးဆိုရင် သူတို့နဲ့ ပေါင်းသင်းတာကို ရပ်စဲပစ်ရမယ်။ (ရော. ၁၆:၁၇၊ ၁၈) လူတွေဟာ အများအားဖြင့် ကိုယ့်အပေါင်းအသင်းတွေရဲ့ နှစ်သက်လက်ခံမှုကို ရချင်တယ်။ သူတို့ကို စိတ်ကျေနပ်စေချင်တယ်။ ဒါကြောင့် ဘုရားသခင်ကို မနာခံသူတွေနဲ့ ပေါင်းသင်းမယ်ဆိုရင် သူတို့လုပ်သလို လိုက်လုပ်ဖို့ သွေးဆောင်ခံရနိုင်တယ်။ ဥပမာ၊ လိင်အကျင့်ယိုယွင်းသူတွေနဲ့ ရင်းရင်းနှီးနှီးပေါင်းသင်းမယ်ဆိုရင် ကျွန်တော်တို့လည်း သူတို့လို ဖြစ်လာနိုင်တယ်။ ညီအစ်ကိုညီအစ်မတချို့ အဲဒီလိုဖြစ်ခဲ့တယ်။ နောင်တမယူသူတွေ နှင်ထုတ်ခံခဲ့ရတယ်။ (၁ ကော. ၅:၁၁-၁၃) နောင်တမယူမချင်း သူတို့ရဲ့ အခြေအနေဟာ ပေတရုပြောသလို ဆက်ဖြစ်နေပါလိမ့်မယ်။—၂ ပေ. ၂:၂၀-၂၂။ က၁၅ ၈/၁၅ ၄:၄-၆
တနင်္လာနေ့၊ မေ ၂၂
သင်တို့သည် ငါပညတ်သောအရာများကို ကျင့်ကြံလျှင် ငါ၏မိတ်ဆွေ ဖြစ်ကြ၏။—ယော. ၁၅:၁၄။
ယေရှုက မိတ်ဆွေတွေကို သေချာ စိစစ်ရွေးချယ်တယ်။ သူ့နောက်ကို သစ္စာရှိရှိလိုက်တဲ့သူ၊ ယေဟောဝါကို ချစ်ပြီး ဝတ်ပြုတဲ့သူတွေကိုပဲ မိတ်ဆွေအဖြစ် ရွေးချယ်ခဲ့တယ်။ သင်ကော ယေဟောဝါကို စိတ်နှလုံး အကြွင်းမဲ့ ချစ်မြတ်နိုးသူတွေကို မိတ်ဆွေအဖြစ် ရွေးချယ်သလား။ အဲဒီလိုရွေးချယ်ဖို့ ဘာကြောင့် အရေးကြီးသလဲ။ သစ်သီးဝလံအများစုဟာ နေခြည်နုနု ရရှိတဲ့အခါ ကောင်းကောင်း ရင့်မှည့်လေ့ရှိတယ်။ အဲဒီလိုပဲ၊ ညီအစ်ကိုညီအစ်မတွေရဲ့ နွေးထွေးတဲ့မေတ္တာက ရင့်ကျက်တဲ့ခရစ်ယာန် ဖြစ်လာအောင် သင့်ကို ကူညီပေးနိုင်တယ်။ သင်ဟာ ကိုယ့်အသက်တာကို ဘယ်လိုအသုံးပြုမယ်ဆိုတာ စဉ်းစားနေတဲ့လူငယ်လား။ ဒါဆို ယေဟောဝါကို နှစ်အတန်ကြာအမှုဆောင်ခဲ့သူတွေ၊ အသင်းတော်မှာ စည်းလုံးမှုတိုးများအောင် လုပ်ဆောင်နေသူတွေကို မိတ်ဆွေအဖြစ် ရွေးချယ်ခြင်းက ပညာရှိရာကျတယ်။ သူတို့ဟာ နှစ်တွေတစ်လျှောက် ဘဝအချိုးအကွေ့၊ အတက်အကျတွေ၊ ဘုရားသခင့်လုပ်ငန်းမှာ အခက်အခဲတွေကို ကြုံခဲ့ရနိုင်တယ်။ အဲဒီလိုလူတွေက အကောင်းဆုံးအသက်တာကို ရွေးချယ်ဖို့ သင့်ကို ကူညီပေးနိုင်တယ်။ သူတို့နဲ့ အချိန်ပေးပေါင်းသင်းတဲ့အခါ ပညာရှိဆုံးဖြတ်ချက်တွေ ချနိုင်အောင်၊ ခရစ်ယာန်တစ်ယောက်အဖြစ် ရင့်ကျက်လာအောင် အကူအညီရရှိနိုင်တယ်။—ဟေဗြဲ ၅:၁၄။ က၁၅ ၉/၁၅ ၁:၁၄၊ ၁၅
အင်္ဂါနေ့၊ မေ ၂၃
မာရ်နတ်ကို ဆန့်ကျင်ကြလော့။ ယုံကြည်ခြင်းတွင် ခိုင်ခံ့မြဲမြံကြလော့။—၁ ပေ. ၅:၉။
ယေရှုဟာ အပြောအဆို၊ အပြုအမူအားဖြင့် တပည့်တွေရဲ့ ယုံကြည်ခြင်းကို ခိုင်မာစေခဲ့တယ်။ (မာ. ၁၁:၂၀-၂၄) ကျွန်တော်တို့လည်း ယေရှုကို တုပမယ်ဆိုရင် ကိုယ်တိုင်ရဲ့ ယုံကြည်ခြင်းသာမက တခြားသူတွေရဲ့ ယုံကြည်ခြင်းပါ ခိုင်မာလာပါလိမ့်မယ်။ (သု. ၁၁:၂၅) အမှုဆောင်လုပ်ငန်းမှာ ပါဝင်တဲ့အခါ ဘုရားသခင်တည်ရှိမှန်း၊ ကျွန်တော်တို့ကို ဂရုစိုက်မှန်း၊ ကျမ်းစာဟာ ဘုရားသခင့် နှုတ်မြွက်တော်ဖြစ်မှန်း ဖော်ပြတဲ့ အထောက်အထားတွေကို အလေးပေးပြောပါ။ ညီအစ်ကိုညီအစ်မတွေကိုလည်း ယုံကြည်ခြင်းခိုင်မာလာအောင် သင် ကူညီပေးနိုင်တယ်။ တစ်ယောက်ယောက်က ဦးဆောင်နေတဲ့ ညီအစ်ကိုတွေအကြောင်း ညည်းညူမြည်တမ်းတာကို သင် သတိပြုမိတဲ့အခါ ချက်ချင်းမရှောင်ဖယ်လိုက်ပါနဲ့။ ယုံကြည်ခြင်းပြန်ရှိလာအောင် သူ့ကို ပါးပါးနပ်နပ် ကူညီပေးပါ။ (ယု. ၂၂၊ ၂၃) သင်ဟာ ကျောင်းနေဆဲဖြစ်ပြီး ဆင့်ကဲသီအိုရီအကြောင်း သင်ကြားခံရတဲ့အခါ ဖန်ဆင်းခြင်းနဲ့ပတ်သက်တဲ့ သင့်ယုံကြည်ချက်ကို သတ္တိရှိရှိ ခုခံကာကွယ်ပါ။ သင် အံ့သြရလောက်အောင် တုံ့ပြန်မှုကောင်းတွေ ရရှိနိုင်တယ်။ ယုံကြည်ခြင်းမှာ ခိုင်ခံ့မြမြံအောင် ကျွန်တော်တို့အားလုံးကို ယေဟောဝါ ကူညီပေးနေတယ်။ (၁ ပေ. ၅:၁၀) ခိုင်မာတဲ့ယုံကြည်ခြင်း တည်ဆောက်ဖို့အတွက် အားစိုက်ထုတ်မှုလိုအပ်ပေမဲ့ အဲဒီအားစိုက်ထုတ်မှုကို ယေဟောဝါ ဆုချပါလိမ့်မယ်။ က၁၅ ၉/၁၅ ၃:၂၀၊ ၂၁
ဗုဒ္ဓဟူးနေ့၊ မေ ၂၄
မိုးကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ကြားပြော၍ မိုးမျက်နှာကြက်သည် လက်တော်နှင့် လုပ်သောအရာများကို ပြသ၏။—ဆာ. ၁၉:၁။
ဒီနေ့ခေတ်မှာ ယေဟောဝါဟာ မိမိအကြောင်း၊ မိမိရည်ရွယ်ချက်၊ ဖန်ဆင်းခြင်းနဲ့ နှုတ်မြွက်တော် ကျမ်းစာအကြောင်း အများကြီး သင်ပေးတယ်။ ဒီလောကကတော့ အဆင့်မြင့်ပညာရေးကို ဆည်းပူးဖို့ အားပေးတယ်။ ဒါပေမဲ့ အဆင့်မြင့်ပညာရေးကြောင့် ဘုရားအပေါ်ထားတဲ့ မေတ္တာနဲ့ယုံကြည်ခြင်း ပျောက်ဆုံးသွားလေ့ရှိတယ်။ ယေဟောဝါကတော့ ကျွန်တော်တို့ကို အသိပညာသာမက ဉာဏ်ပညာနဲ့ သိနားလည်မှုကိုပါ ရရှိစေချင်တယ်။ ကိုယ်သင်ယူထားရာတွေကို ကိုယ်တိုင်နဲ့ တခြားသူတွေရဲ့ အကျိုးအတွက် အသုံးပြုစေချင်တယ်။ (သု. ၄:၅-၇) ဥပမာ၊ တခြားသူတွေကို “အမှန်တရားဆိုင်ရာ တိကျမှန်ကန်သော အသိပညာ” သင်ပေးပြီး အသက်ရအောင် ကူညီပေးစေချင်တယ်။ (၁ တိ. ၂:၄) ဘုရားသခင့် နိုင်ငံတော်အကြောင်း၊ လူသားတွေအတွက် နိုင်ငံတော် လုပ်ဆောင်ပေးမယ့် အရာတွေအကြောင်း လူတိုင်းကို အတတ်နိုင်ဆုံး သင်ပေးခြင်းအားဖြင့် ယေဟောဝါနဲ့ လူတွေကို ချစ်ကြောင်း ကျွန်တော်တို့ဖော်ပြနိုင်တယ်။—ဆာ. ၆၆:၁၆၊ ၁၇။ က၁၅ ၉/၁၅ ၅:၁၀၊ ၁၁
ကြာသပတေးနေ့၊ မေ ၂၅
ကျမ်းစာတွင် ရေးထားနှင့်သမျှသည် ငါတို့ကို ဆုံးမသွန်သင်ရန်ဖြစ်၏။—ရော. ၁၅:၄။
ယေဟောဝါကို အခိုင်အမာ ယုံကြည်ကိုးစားကြောင်း ဧလိယတင်ပြခဲ့တဲ့ အခြေအနေ ငါးခုကို သတိပြုကြည့်ပါ– (၁) တိုင်းပြည်မှာ ယေဟောဝါ မိုးခေါင်စေမယ့်အကြောင်း ဘုရင်အာဟပ်ကို ဧလိယ အသိပေးတဲ့အခါ ‘ငါကိုးကွယ်သော ဣသရေလအမျိုး၏ ဘုရားသခင် ယေဟောဝါ အသက်ရှင်တော်မူသည်အတိုင်း အင်တန်ကာလပတ်လုံး မိုးမရွာ၊ နှင်းမကျရ’ လို့ သတ္တိရှိရှိ ပြောခဲ့တယ်။ (၃ ရာ. ၁၇:၁) (၂) မိုးခေါင်ချိန်အတွင်း သူနဲ့ တခြားသူတွေရဲ့ လိုအပ်ရာကို ယေဟောဝါပေးမယ်ဆိုတာ ဧလိယယုံကြည်တယ်။ (၃ ရာ. ၁၇:၄၊ ၅၊ ၁၃၊ ၁၄) (၃) မုဆိုးမရဲ့သားကို ယေဟောဝါ ထမြောက်ပေးနိုင်တယ်ဆိုတာလည်း ဧလိယ ယုံတယ်။ (၃ ရာ. ၁၇:၂၁) (၄) ကရမေလတောင်မှာ သူ့ရဲ့ယဇ်ကောင်အပေါ် ယေဟောဝါ မီးကျစေမယ်ဆိုတာ ဧလိယ အကြွင်းမဲ့ စိတ်ချတယ်။ (၃ ရာ. ၁၈:၂၄၊ ၃၇) (၅) မိုးတစ်ပေါက်မှ မကျခင်မှာတောင် အာဟပ်ကို “မင်းကြီးသည် စားသောက်ခြင်းငှာ တက်သွားပါလော့။ များစွာသောမိုး ရွာမည့်အသံရှိသည်” လို့ ယုံကြည်စိတ်ချမှုအပြည့်နဲ့ ပြောခဲ့တယ်။ (၃ ရာ. ၁၈:၄၁) ဒီအဖြစ်အပျက်တွေကို သုံးသပ်ပြီးနောက် ‘ငါ့ယုံကြည်ခြင်းက ဧလိယရဲ့ ယုံကြည်ခြင်းလောက် ခိုင်မာသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးနိုင်တယ်။ က၁၅ ၁၀/၁၅ ၂:၄၊ ၅
သောကြာနေ့၊ မေ ၂၆
ထိုအရာများကို ဆင်ခြင်သုံးသပ်လော့။—၁ တိ. ၄:၁၅။
ဘာသာစကား အသုံးပြုနိုင်စွမ်းဟာ ယေဟောဝါဆီက လက်ဆောင်တစ်ခု ဖြစ်တယ်။ (ဆာ. ၁၃၉:၁၄။ ဗျာ. ၄:၁၁) တိရစ္ဆာန်တွေနဲ့ ကွာခြားစေတဲ့ နောက်လက်ဆောင်တစ်ခုကိုလည်း ဘုရားသခင် ပေးထားတယ်။ လူသားတွေဟာ “ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ” ဖန်ဆင်းခံထားရတယ်။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ ဘုရားသခင်ကို ကိုယ်တတ်ကျွမ်းတဲ့ဘာသာစကားနဲ့ ဝတ်ပြုချီးမွမ်းနိုင်တယ်။ (က. ၁:၂၇) ယေဟောဝါက မိမိကို ဝတ်ပြုချီးမွမ်းလိုသူအားလုံးအတွက် ကျမ်းစာကို လက်ဆောင်ပေးထားတယ်။ ကျမ်းစာတစ်အုပ်လုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ဘာသာစကားပေါင်း ၂,၈၀၀ ကျော်နဲ့ ရရှိနိုင်တယ်။ ကျမ်းစာမှာပါတဲ့အရာတွေကို တွေးတောဆင်ခြင်တဲ့အခါ ဘုရားသခင် စဉ်းစားသလို စဉ်းစားတတ်လာပါလိမ့်မယ်။ (ဆာ. ၄၀:၅။ ၉၂:၅။ ၁၃၉:၁၇) ယေဟောဝါရဲ့ စဉ်းစားတွေးခေါ်ပုံက ကျွန်တော်တို့ကို ‘ကယ်တင်ခြင်းရရန် ပညာရှိစေနိုင်’ တယ်။ (၂ တိ. ၃:၁၄-၁၇) တွေးတောဆင်ခြင်တယ်ဆိုတာ တစ်ခုခုကို အာရုံစိုက်ပြီး အလေးအနက် စဉ်းစားတာကို ဆိုလိုတယ်။ (ဆာ. ၇၇:၁၂။ သု. ၂၄:၁၊ ၂) ယေဟောဝါနဲ့ ယေရှုအကြောင်း သင်ယူသိရှိခဲ့တာတွေကို တွေးတောဆင်ခြင်ခြင်းက အကျိုးအရှိဆုံးဖြစ်တယ်။—ယော. ၁၇:၃။ က၁၅ ၁၀/၁၅ ၄:၂-၄
စနေနေ့၊ မေ ၂၇
မိမိအိမ်ထောင်စုကို မဦးစီးတတ်သောသူဖြစ်လျှင် ဘုရားသခင်၏ အသင်းတော်ကို မည်သို့ကြည့်ရှုစောင့်ရှောက်နိုင်မည်နည်း။—၁ တိ. ၃:၅။
နှိမ့်ချမှုရှိဖို့၊ ကိုယ်ကျိုးစွန့်ဖို့ တပည့်တွေကို ယေရှု သင်ပေးခဲ့ပြီး ကိုယ်တိုင်လည်း ပုံသက်သေပြခဲ့တယ်။ (လု. ၂၂:၂၇) ယေဟောဝါရဲ့လုပ်ငန်းမှာ၊ တခြားသူတွေနဲ့ ဆက်ဆံရာမှာ ယေရှုရဲ့ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို တမန်တော်တွေ မြင်တဲ့အခါ အဲဒီအတိုင်း လုပ်ဆောင်တတ်လာတယ်။ သင်လည်း ပုံသက်သေအားဖြင့် သားသမီးတွေကို သွန်သင်နိုင်တယ်။ သားသမီးနှစ်ယောက်ရှိတဲ့ ဒယ်ဘီ အခုလိုပြောတယ်– “အကြီးအကဲဖြစ်တဲ့ ကျွန်မခင်ပွန်း တခြားသူတွေကို အချိန်ပေးတဲ့အခါ ကျွန်မ ဘယ်တော့မှ မနာလိုမဖြစ်ဘူး။ ကျွန်မတို့မိသားစုကိုလည်း လိုအပ်ချိန်တိုင်းမှာ သူ ဂရုစိုက်မယ်ဆိုတာ ကျွန်မယုံတယ်။” ဒယ်ဘီနဲ့ ခင်ပွန်းဖြစ်သူ ပရေနာ့စ်ရဲ့ ပုံသက်သေက သားသမီးတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်ခဲ့သလဲ။ ပရေနာ့စ် အခုလိုပြောတယ်– “ကလေးတွေက စည်းဝေးပွဲတွေမှာ အမြဲတက်တက်ကြွကြွ ပါဝင်ချင်လာတယ်။ ညီအစ်ကိုညီအစ်မတွေနဲ့ ပေါင်းသင်းရတာ ပျော်ရွှင်ပြီး မိတ်ဆွေတိုးလာတယ်။” အခု၊ သူတို့မိသားစုတစ်ခုလုံး အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နေကြတယ်။ သင်ဟာ နှိမ့်ချမှုရှိပြီး ကိုယ်ကျိုးစွန့်စိတ်ဓာတ် တင်ပြမယ်ဆိုရင် သားသမီးတွေလည်း အဲဒီအတိုင်း လုပ်ဆောင်တတ်လာပါလိမ့်မယ်။ က၁၅ ၁၁/၁၅ ၁:၉
တနင်္ဂနွေနေ့၊ မေ ၂၈
ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော် တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက် ရှိကြ၏။—ရော. ၁:၂၀။
ယေဟောဝါဟာ ကြီးမားတဲ့မေတ္တာကို နည်းလမ်းများစွာနဲ့ ဖော်ပြတယ်။ စကြဝဠာရဲ့ အရွယ်အစားနဲ့ အလှအပအကြောင်း စဉ်းစားကြည့်လိုက်ပါ။ စကြဝဠာမှာ ဂလက်ဆီ သန်းထောင်ပေါင်းများစွာ ရှိတယ်။ ဂလက်ဆီတစ်ခုစီမှာ ကြယ်နဲ့ဂြိုဟ် သန်းထောင်ပေါင်းများစွာရှိတယ်။ ကျွန်တော်တို့ရဲ့ နဂါးငွေ့တန်း ဂလက်ဆီထဲက ကြယ်တစ်လုံးကတော့ နေဖြစ်တယ်။ နေမရှိဘဲ ကမ္ဘာပေါ်မှာ သက်ရှိတွေ မရှင်သန်နိုင်ဘူး။ အဲဒီဖန်ဆင်းရာအားလုံးက ယေဟောဝါဟာ ဖန်ဆင်းရှင်ဖြစ်မှန်း သက်သေထူပြီး တန်ခိုး၊ ဉာဏ်ပညာ၊ မေတ္တာစတဲ့ ကိုယ်တော့် အရည်အသွေးတွေကို ဖော်ပြတယ်။ ယေဟောဝါဟာ ကမ္ဘာကို သက်ရှိတွေအတွက် အထူးဒီဇိုင်းဆွဲထားတယ်။ ကမ္ဘာပေါ်ရှိသမျှဟာ လူတွေနဲ့ တိရစ္ဆာန်တွေကို အကျိုးပြုတယ်။ ဘုရားသခင်က လူသားတွေအတွက် လှပတဲ့ဥယျာဉ်စံအိမ်တစ်ခု ပြုလုပ်ပေးတယ်။ ထာဝစဉ် အသက်ရှင်နိုင်စွမ်းရှိစေတဲ့ ပြည့်ဝစုံလင်တဲ့ စိတ်နဲ့ ခန္ဓာကိုလည်း ပေးတယ်။ (ဗျာ. ၄:၁၁) အဲဒီအပြင် ‘ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်တဲ့အတွက် သက်ရှိသတ္တဝါအားလုံးကို အစာရေစာ ပေးသနားတယ်။’—ဆာ. ၁၃၆:၂၅၊ ကဘ။ က၁၅ ၁၁/၁၅ ၃:၇၊ ၈
တနင်္လာနေ့၊ မေ ၂၉
ငါသည်လည်း . . . သင်တို့နှင့်အတူ . . . ရှိသည်။ —မ. ၂၈:၂၀။
သတင်းကောင်းကို လူတွေ လက်ခံလာအောင် ကူညီပေးနိုင်တဲ့ ကိရိယာတွေကို ဘုရင်ယေရှု ပေးအပ်ထားတယ်။ ကိရိယာတချို့က အချိန်အတိုင်းအတာ တစ်ခုထိပဲ အသုံးဝင်တယ်။ တချို့ကိုတော့ ဒီနေ့ခေတ်အထိ အသုံးပြုနေတယ်။ ဒါပေမဲ့ ကိရိယာအားလုံးက ဟောပြောခြင်း စွမ်းရည်တိုးတက်လာအောင် ကျွန်တော်တို့ကို ကူညီပေးတယ်။ ၁၉၃၃ ခုနှစ်မှာ ကြေညာသူတွေဟာ သက်သေခံကတ်ပြားကို စတင်အသုံးပြုခဲ့ကြတယ်။ အဲဒီကိရိယာဟာ ဟောပြောခြင်းလုပ်ငန်းမှာ စပါဝင်ဖို့ ကြေညာသူများစွာကို ကူညီပေးခဲ့တယ်။ အဲဒီကတ်ပြားမှာ ရိုးရှင်းတိုတုတ်တဲ့ ကျမ်းစာသတင်းစကားတစ်ခု ရေးထားတယ်။ သက်သေခံကတ်ပြားက ကြေညာသူတွေကို နည်းအမျိုးမျိုးနဲ့ ထောက်ကူပေးတယ်။ ဥပမာ၊ ကြေညာသူတချို့က သိပ်ဟောပြောချင်ပေမဲ့ ဘာပြောရမှန်း မသိတဲ့အပြင် ဟောဖို့ ရှက်ကြတယ်။ တချို့ကျတော့လည်း တအားသတ္တိရှိပြီး မိနစ်ပိုင်းအတွင်းမှာ အိတ်သွန်ဖာမှောက် ပြောလိုက်ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ တင်ဆက်မှုက အမြဲလိုလို လိမ္မာပါးနပ်မှုမရှိဘူး။ ဒါကြောင့် သက်သေခံကတ်ပြားက ကြေညာသူတွေကိုယ်စား ရိုးရှင်းတဲ့သတင်းတရားကို တင်ဆက်ပေးတယ်။ က၁၅ ၁၁/၁၅ ၅:၃-၆
အင်္ဂါနေ့၊ မေ ၃၀
ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြစေ။ —ဆာ. ၁၄၈:၁၃။
ဘုရားသခင့်နာမည် အရေးကြီးမှန်း၊ အဲဒီနာမည်ကို ဂုဏ်တင်သင့်မှန်း ကျမ်းချက်များစွာက ဖော်ပြတယ်။ (ထွ. ၃:၁၅၊ ကဘ။ ဆာ. ၈၃:၁၈၊ ကဘ။ ယော. ၁၇:၆၊ ၂၆။ တ. ၁၅:၁၄) ရှေးလက်ရေးစာမူတွေမှာ မိမိနာမည်ကို အကြိမ်ထောင်ပေါင်းများစွာ အသုံးပြုဖို့ ကျမ်းရေးသူတွေကို ယေဟောဝါ လမ်းညွှန်ခဲ့တယ်။ (ယေဇ. ၃၈:၂၃) ဒါကြောင့် ဘုရားသခင့်နာမည်ကို ဘာသာပြန်သူတွေ ဖြုတ်ပစ်တာဟာ ယေဟောဝါကို မလေးစားရာရောက်တယ်။ ယေဟောဝါရဲ့ နာမည်ကိုအသုံးပြုသင့်တဲ့ အထောက်အထားတွေ ဒီနေ့ခေတ်မှာ ပိုများလာတယ်။ ၂၀၁၃ မှာ ပြန်တည်းဖြတ်တဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းမှာ ဘုရားသခင့်နာမည်ကို ၇,၂၁၆ ကြိမ်အသုံးပြုထားတယ်။ ဒါက ၁၉၈၄ ခုနှစ်ထုတ် ကမ္ဘာသစ်ဘာသာပြန်ကျမ်း ထက် ခြောက်ကြိမ်ပိုများတယ်။ အဲဒီခြောက်ကြိမ်ထဲက ငါးကြိမ်ကို ၁ ဓမ္မရာဇဝင် ၂:၂၅။ ၆:၃။ ၁၀:၂၆။ ၂၃:၁၄၊ ၁၆ မှာတွေ့ရတယ်။ အဲဒီငါးကြိမ်ကို ထပ်ထည့်ရတဲ့ အကြောင်းရင်းကတော့ ပင်လယ်သေကျမ်းလိပ်တွေရဲ့ အဲဒီအခန်းငယ်တွေမှာ ဘုရားသခင့်နာမည် ပါရှိနေလို့ပဲ။ ခြောက်ကြိမ်မြောက် ကျမ်းချက်ကတော့ တရားသူကြီး ၁၉:၁၈ ဖြစ်တယ်။ ယုံကြည်အားထားရတဲ့ ရှေးလက်ရေးကျမ်းမူတွေကို ထပ်ဆင့်လေ့လာတဲ့အခါ ဘုရားသခင့်နာမည်ကို အဲဒီကျမ်းချက်မှာ တွေ့ရှိရလို့ဖြစ်တယ်။ က၁၅ ၁၂/၁၅ ၂:၅၊ ၆
ဗုဒ္ဓဟူးနေ့၊ မေ ၃၁
သင်တို့၏ ညီရင်းအစ်ကိုကဲ့သို့ ချစ်ခြင်းကို ဆက်တင်ပြကြလော့။—ဟေဗြဲ ၁၃:၁။
အခုကတည်းက ညီရင်းအစ်ကိုမေတ္တာ ခိုင်ခံ့အောင် လုပ်ဆောင်ထားဖို့ လိုတယ်။ အကြောင်းကတော့ ရှေ့မှာကြုံရမယ့် ဘယ်အခက်အခဲကိုမဆို ခံရပ်နိုင်အောင် အဲဒီမေတ္တာက ကူညီပေးမှာဖြစ်လို့ပဲ။ ကြီးစွာသောဒုက္ခမစခင် အခုကတည်းက ညီရင်းအစ်ကိုမေတ္တာ တင်ပြဖို့ အခွင့်အရေး အများကြီးရှိတယ်။ ညီအစ်ကိုညီအစ်မများစွာဟာ မြေငလျင်၊ ရေဘေး၊ မုန်တိုင်း၊ ဆူနာမီနဲ့ တခြားသဘာဝဘေးတွေ ကြုံနေရတယ်။ တချို့ကျတော့ နှိပ်စက်ညှဉ်းပန်းမှုတွေ ကြုံနေရတယ်။ (မ. ၂၄:၆-၉) အကျင့်ပျက်လောကကြောင့် စီးပွားရေးပြဿနာတွေ နေ့စဉ်ကြုံနေရတယ်။ (ဗျာ. ၆:၅၊ ၆) သူတို့ အခက်အခဲ ပိုကြုံရလေ သူတို့ကိုမေတ္တာပြဖို့ အခွင့်အရေး ပိုရလေပဲ။ ဒီလောကမှာ မေတ္တာခေါင်းပါးနေပေမဲ့ ကျွန်တော်တို့ကတော့ ညီရင်းအစ်ကိုမေတ္တာ ဆက်တင်ပြဖို့ လိုတယ်။—မ. ၂၄:၁၂။ က၁၆.၀၁ ၁:၈၊ ၉