ဇွန်
ကြာသပတေးနေ့၊ ဇွန် ၁
ချိုသောစကားသည်လည်း အရိုးကျိုးအောင်တတ်နိုင်၏။—သု. ၂၅:၁၅။
ကိုယ်စိတ်ဆိုးအောင် တခြားသူတွေ ပြောဆိုရင်တောင် ယဉ်ကျေးချိုသာစွာ ပြန်ပြောခြင်းအားဖြင့် အကျိုးကျေးဇူးတွေ ရရှိနိုင်တယ်။ (သု. ၁၅:၁) ဥပမာ၊ ကြင်ဖော်မဲ့ မိခင်တစ်ယောက်ရဲ့ ဆယ်ကျော်သက်သားဟာ ယေဟောဝါကို ဟန်ဆောင်ဝတ်ပြုရင်း ဘဝပုံစံနှစ်မျိုး ဖြစ်လာတယ်။ ဒါကို စိတ်မကောင်းဖြစ်မိတဲ့ ညီအစ်မတစ်ယောက်က အမေဖြစ်သူကို “ကလေးကို ကောင်းကောင်း မလေ့ကျင့်ပေးနိုင်တာ တော်တော်ညံ့တာပဲ” လို့ပြောလိုက်တယ်။ အမေဖြစ်သူက ခဏစဉ်းစားပြီး “အခုလောလောဆယ် အခြေအနေ မကောင်းတာတော့ မှန်ပါတယ်။ ဒါပေမဲ့ လေ့ကျင့်မှုက ဆက်သွားနေဦးမှာပဲလေ။ အာမဂေဒုန်ပြီးနောက်မှပဲ သေချာသိနိုင်မယ်ဆိုတော့ အဲဒီအချိန်ကျမှပဲ ပြောကြတာပေါ့” လို့ပြောလိုက်တယ်။ အဲဒီလို အေးဆေးကြင်နာစွာ ပြန်ပြောလိုက်တဲ့အတွက် ရင်းနှီးမှုလည်း မပျက်သွားဘူး။ သားဖြစ်သူကလည်း အမေပြောတာကိုကြားပြီး သူပြောင်းလဲလာမှာကို အမေယုံကြည်နေတုန်းပဲဆိုတာ သိလိုက်ရတယ်။ ဒါကြောင့် မကောင်းတဲ့ အပေါင်းအသင်းတွေကို အဆက်ဖြတ်လိုက်တယ်။ တဖြည်းဖြည်း တိုးတက်လာပြီး နှစ်ခြင်းခံလိုက်တယ်။ နောက်ပိုင်း၊ ဗေသလမှာတောင် အမှုဆောင်ခဲ့တယ်။ ဒါကြောင့် ညီအစ်ကိုညီအစ်မတွေနဲ့ဖြစ်စေ၊ မိသားစုဝင်တွေနဲ့ဖြစ်စေ၊ ကိုယ်မရင်းနှီးသူတွေနဲ့ဖြစ်စေ စကားပြောဆိုချိန်မှာ ကျွန်တော်တို့ရဲ့ စကားဟာ “ဆားခတ်ထားသကဲ့သို့ အစဉ်နှစ်လို့ဖွယ်ဖြစ်” နေသင့်တယ်။—ကော. ၄:၆။ က၁၅ ၁၂/၁၅ ၃:၁၅၊ ၁၇
သောကြာနေ့၊ ဇွန် ၂
မီးလျှာကဲ့သို့သောအရာများ ထင်ရှားလာပြီး . . . ထိုသူအသီးသီးတို့အပေါ်တွင် တည်နေ၏။ —တ. ၂:၃။
အထက်ခန်းမှာစုဝေးနေတဲ့ တပည့်တွေဟာ အဲဒီနေ့ကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူး။ သူတို့ ဘာသာစကားအမျိုးမျိုး ပြောနိုင်စွမ်း ရရှိခဲ့ကြတယ်။ သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ဘိသိက်ပေးခံရတာ သေချာတယ်။ (တ. ၂:၆-၁၂) ဒါပေမဲ့ ဘိသိက်ခံခရစ်ယာန်အားလုံးဟာ အဲဒီလိုသတ်သတ်မှတ်မှတ်ပုံစံနဲ့ သန့်ရှင်းသော စွမ်းအားတော် ရရှိတာ မဟုတ်ဘူး။ ဥပမာ၊ အဲဒီနေ့နောက်ပိုင်းမှာ ဘိသိက်ပေးခံရတဲ့ ထောင်နဲ့ချီတဲ့လူတွေရဲ့ခေါင်းပေါ် မီးလျှံလိုအရာမျိုး ပေါ်လာတယ်လို့ ကျမ်းစာမှာ မဖော်ပြထားဘူး။ သူတို့နှစ်ခြင်းခံတဲ့အချိန်မှာ သန့်ရှင်းသော စွမ်းအားတော်အားဖြင့် ဘိသိက်ပေးခံခဲ့ရတယ်။ (တ. ၂:၃၈) နှစ်ခြင်းခံချိန်မှာလည်း ဘိသိက်ခံ ခရစ်ယာန်အားလုံးတော့ ဘိသိက်ပေးခံရတာ မဟုတ်ဘူး။ ရှမာရိမြို့သားတွေဟာ နှစ်ခြင်းခံပြီးနောက်ပိုင်း တစ်ချိန်ချိန်မှာ သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ဘိသိက်ပေးခံခဲ့ရတယ်။ (တ. ၈:၁၄-၁၇) ထူးထူးခြားခြား ဖြစ်ရပ်တစ်ခုမှာတော့ ကော်နေလိနဲ့ အိမ်သူအိမ်သားတွေဟာ နှစ်ခြင်းမခံခင်ကတည်းက သန့်ရှင်းသော စွမ်းအားတော်အားဖြင့် ဘိသိက်ပေးခံခဲ့ရတယ်။—တ. ၁၀:၄၄-၄၈။ က၁၆.၀၁ ၃:၃၊ ၅
စနေနေ့၊ ဇွန် ၃
ငြိမ်သက်ခြင်း အနှောင်အဖွဲ့အားဖြင့် ဘုရားသခင့် စွမ်းအားတော်ကြောင့်ရသော တစ်လုံးတစ်ဝတည်းအဖြစ်ကို . . . စောင့်ရှောက်ကြလော့။—ဧ. ၄:၃။
ဘိသိက်ခံတွေဟာ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေထက် ပိုသာတယ်လို့ သဘောမထားကြဘူး။ သူတို့ဟာ တခြားသူတွေထက် သန့်ရှင်းသော စွမ်းအားတော် ပိုမရရှိဘူးဆိုတာ အသိအမှတ်ပြုကြတယ်။ တခြားသူတွေထက် ကျမ်းစာအမှန်တရားအကြောင်း ပိုနားလည်တယ်လို့ မယူမှတ်ကြဘူး။ တခြားသူတွေကိုလည်း ဘိသိက်ခံတွေလို့ ကိုယ့်အထင်နဲ့ကိုယ် သတ်မှတ်ပြီး အောက်မေ့ရာပွဲမှာ မုန့်နဲ့ စပျစ်ဝိုင် သုံးဆောင်ဖို့ ဘယ်တော့မှ မတိုက်တွန်းဘူး။ အဲဒီအစား ကောင်းကင်သွားဖို့ ဖိတ်ခေါ်သူဟာ ယေဟောဝါတစ်ပါးတည်း ဖြစ်မှန်း နှိမ့်ချစွာ အသိအမှတ်ပြုကြတယ်။ ဘိသိက်ခံတွေဟာ အထူးအရေးတယူ ဆက်ဆံခံရဖို့ မမျှော်လင့်ကြဘူး။ (ဧ. ၁:၁၈၊ ၁၉။ ဖိ. ၂:၂၊ ၃) သူတို့ကို ယေဟောဝါ ဘိသိက်ပေးချိန်မှာ တစ်ကမ္ဘာလုံးသိအောင် ကြေညာတာ မဟုတ်ဘဲ တစ်ယောက်ချင်းစီကိုပဲ စွမ်းအားတော်အားဖြင့် အသိပေးတယ်။ ဒါကြောင့် သူတို့ ဘိသိက်ခံဖြစ်တာကို တခြားသူတွေ ချက်ချင်း မယုံတဲ့အခါ မအံ့သြကြဘူး။ ဘုရားသခင်ဆီက အထူးတာဝန် ရရှိထားတယ်လို့ ပြောသူတိုင်းကို ချက်ချင်းမယုံဖို့ ကျမ်းစာမှာ သတိပေးထားတယ်။—ဗျာ. ၂:၂။ က၁၆.၀၁ ၄:၆၊ ၇
တနင်္ဂနွေနေ့၊ ဇွန် ၄
ဘုရားသခင်၏ချမ်းသာ၊ ဉာဏ်ပညာ၊ အသိပညာတို့သည် အလွန်နက်နဲလှပေစွ။—ရော. ၁၁:၃၃။
ယေဟောဝါဟာ အာဗြဟံနဲ့ စာရာကို တစ်ကြိမ်ထက်မက အံ့ဖွယ်နည်းနဲ့ ကာကွယ်ပေးခဲ့တယ်။ (က. ၁၂:၁၀-၂၀။ ၂၀:၂-၇၊ ၁၀-၁၂၊ ၁၇၊ ၁၈) အဲဒီအတွေ့အကြုံတွေက အာဗြဟံရဲ့ ယုံကြည်ခြင်းကို ပိုခိုင်မာစေခဲ့တယ်။ ကျွန်တော်တို့လည်း ယေဟောဝါနဲ့ ရင်းနှီးတဲ့မိတ်ဆွေ ဖြစ်နိုင်သလား။ ဖြစ်နိုင်ပါတယ်။ အာဗြဟံလိုပဲ ယေဟောဝါအကြောင်း သင်ယူဖို့ လိုတယ်။ ကျွန်တော်တို့လိုအပ်တဲ့ အသိပညာနဲ့ အတွေ့အကြုံတွေကို ရရှိနိုင်ပါတယ်။ ဒီနေ့ခေတ်မှာ ကျွန်တော်တို့ ရရှိထားရာတွေဟာ အာဗြဟံ ရရှိခဲ့တာထက် အဆများစွာ သာလွန်တယ်။ (ဒံ. ၁၂:၄) ကျမ်းစာမှာ ‘မိုးမြေကို ဖန်ဆင်းတဲ့အရှင်’ နဲ့ပတ်သက်တဲ့ အသိပညာ အပြည့်ပါရှိတယ်။ သိလာတဲ့အချက်တွေက ယေဟောဝါကို ချစ်လာဖို့၊ နှစ်နှစ်ကာကာ ရိုသေလေးစားလာဖို့ ကူညီပေးတယ်။ (က. ၁၄:၂၂) အဲဒီမေတ္တာနဲ့ ရိုသေလေးစားမှုက ယေဟောဝါကို နာခံဖို့ တွန်းအားပေးတယ်။ ယေဟောဝါကို နာခံတဲ့အခါ ကျွန်တော်တို့ကို ကိုယ်တော် ဘယ်လို ကာကွယ်ပြီး ကောင်းချီးပေးမှန်း သိလာတယ်။ အဲဒါက ယုံကြည်ခြင်း ခိုင်မာစေတဲ့ အတွေ့အကြုံပဲ။ ယေဟောဝါကို ပိုအပြည့်အဝ အမှုဆောင်လေ ကျေနပ်မှု၊ ငြိမ်သက်မှုနဲ့ ပျော်ရွှင်မှုကို ပိုတွေ့ကြုံခံစားရပါလိမ့်မယ်။ (ဆာ. ၃၄:၈။ သု. ၁၀:၂၂) အသိပညာနဲ့ အတွေ့အကြုံ ပိုရလာလေ ကိုယ်တော်နဲ့ ရင်းနှီးမှုနှောင်ကြိုး ပိုခိုင်မြဲလာလေ ဖြစ်ပါလိမ့်မယ်။ က၁၆.၀၂ ၁:၇၊ ၈
တနင်္လာနေ့၊ ဇွန် ၅
အစ္စရေးလူမျိုးကို မစတော်မူပြီ။ ငါတို့ဘိုးဘေးများကို မိန့်ဆိုထားသည့်အတိုင်း . . . သနားတော်မူပြီ။ —လု. ၁:၅၄၊ ၅၅။
ဟီဘရူးကျမ်းစောင်တွေကို မာရိ ဘယ်လောက်အကျွမ်းဝင်မှန်း အဲဒီစကားတွေက ဖော်ပြတယ်။ ရှမွေလမိခင်ဟန္နရဲ့ ဆုတောင်းချက်မှာပါတဲ့ စကားတွေနဲ့ ဆင်တူတယ်။ (၁ ရာ. ၂:၁-၁၀) မာရိဟာ ကျမ်းစာထဲက စကားတွေကို အကြိမ် ၂၀ လောက် အသုံးပြုခဲ့တယ်။ အကြီးမြတ်ဆုံးမိတ်ဆွေ ယေဟောဝါဆီက သင်ယူရရှိတဲ့ အမှန်တရားတွေအကြောင်း ပြောဆိုရတာကို မာရိ သိပ်နှစ်သက်မှန်း ထင်ရှားတယ်။ မာရိလိုပဲ ကျွန်တော်တို့လည်း သိပ်ခက်တယ်လို့ ကိုယ်ထင်ထားတဲ့ တာဝန်တွေကို တစ်ခါတလေ ယေဟောဝါဆီကနေ ရရှိနိုင်တယ်။ တာဝန်ကို နှိမ့်ချစွာလက်ခံခြင်း၊ ယေဟောဝါ ကူညီပေးမယ်ဆိုတာ ယုံကြည်စိတ်ချခြင်းအားဖြင့် မာရိရဲ့ ပုံနမူနာကို တုပကြပါစို့။ ယေဟောဝါအကြောင်း၊ ကိုယ်တော့်ရည်ရွယ်ချက်တွေအကြောင်း သင်ယူရသမျှကို ဂရုတစိုက် နားထောင်ပြီး တွေးတောဆင်ခြင်ခြင်း၊ တခြားသူတွေကိုလည်း ဝမ်းမြောက်စွာ ပြောပြခြင်းအားဖြင့် မာရိရဲ့ယုံကြည်ခြင်းကို တုပကြပါစို့။—ဆာ. ၇၇:၁၁၊ ၁၂။ လု. ၈:၁၈။ ရော. ၁၀:၁၅။ က၁၆.၀၂ ၂:၁၇၊ ၁၈
အင်္ဂါနေ့၊ ဇွန် ၆
သင်တို့တွင် တစ်ယောက်သောသူသည် မျှော်စင်ကို တည်ဆောက်လိုလျှင် ထိုမျှော်စင်ပြီးအောင် ငွေလောက်မည်၊ မလောက်မည်ကို သိရန် ဦးစွာထိုင်၍ ကုန်ကျစရိတ်ကို မတွက်ချက်ဘဲ နေမည်လော။—လု. ၁၄:၂၈။
နှစ်တိုင်း လူငယ်ထောင်ပေါင်းများစွာ နှစ်ခြင်းခံတာကို မြင်ရလို့ ကျွန်တော်တို့ သိပ်ဝမ်းသာကြတယ်။ (ဒေ. ၁၂:၁) ဒါပေမဲ့ လူငယ်တွေ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချခဲ့မှန်း၊ နှစ်ခြင်းရဲ့ အဓိပ္ပာယ်ကို ကောင်းကောင်း နားလည်မှန်း သေချာအောင် ခရစ်ယာန်မိဘတွေနဲ့ အကြီးအကဲတွေ လုပ်ဆောင်သင့်တယ်။ ဆက်ကပ်အပ်နှံခြင်းနဲ့ နှစ်ခြင်းဟာ ခရစ်ယာန်တစ်ယောက်အတွက် ဘဝသစ်ရဲ့အစ ဖြစ်တယ်။ အဲဒီအချိန်ကစပြီး ယေဟောဝါရဲ့ ကောင်းချီးတွေ ခံစားရမှာဖြစ်သလို စာတန်ရဲ့ ဆန့်ကျင်မှုတွေကိုလည်း ကြုံတွေ့ရမှာဖြစ်တယ်။ (သု. ၁၀:၂၂။ ၁ ပေ. ၅:၈) ဒါကြောင့် ခရစ်တော်ရဲ့ တပည့်ဖြစ်ခြင်းမှာ ဘာတွေပါဝင်မှန်း သားသမီးတွေကို ခရစ်ယာန်မိဘတွေ အချိန်ယူသင်ပေးရမယ်။ ခရစ်ယာန်မိဘတွေ မရှိတဲ့ လူငယ်တွေကို အသင်းတော်အကြီးအကဲတွေက ဆက်ကပ်အပ်နှံခြင်းနဲ့ နှစ်ခြင်းရဲ့ အဓိပ္ပာယ်ကို နားလည်လာအောင် မေတ္တာပါပါ ကူညီပေးပါလိမ့်မယ်။ (လု. ၁၄:၂၇-၃၀) အိမ်တစ်လုံးကို ပြီးစီးအောင် ဆောက်လုပ်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှု လိုအပ်သလို လူငယ်တွေလည်း နှစ်ခြင်းမခံခင် ကြိုတင်ပြင်ဆင်ဖို့ လိုအပ်တယ်။ ဒါမှ ယေဟောဝါကို “အဆုံးတိုင်အောင်” သစ္စာရှိရှိ ဝတ်ပြုသွားနိုင်မှာဖြစ်တယ်။—မ. ၂၄:၁၃။ က၁၆.၀၃ ၁:၁၊ ၂
ဗုဒ္ဓဟူးနေ့၊ ဇွန် ၇
ဘုရားသခင်သည် မျက်နှာလိုက်တော်မမူကြောင်း ငါမုချသိ၏။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့၍ ဖြောင့်မတ်ခြင်းတရား ကျင့်သုံးသောသူကို နှစ်သက်လက်ခံတော်မူ၏။—တ. ၁၀:၃၄၊ ၃၅။
ပညတ်တရားကို ပကတိအစ္စရေးလူမျိုး တစ်မျိုးတည်းအတွက် ပေးခဲ့တာဖြစ်တယ်။ ပုံဆောင်အစ္စရေးလူမျိုးကတော့ လူမျိုး၊ နောက်ခံ များစွာနဲ့ ဖွဲ့စည်းထားတယ်။ ပုံဆောင်အစ္စရေးလူမျိုးဟာ မူတွေပေါ် အဓိကအခြေခံတဲ့ “ခရစ်တော်၏တရား” ကို လိုက်လျှောက်ကြတယ်။ အဲဒီတရားဟာ ပညတ်တရားလို ကျောက်သားပေါ် မဟုတ်ဘဲ နှလုံးသားပေါ် ရေးထွင်းထားတာဖြစ်တယ်။ နေရာတိုင်းမှာရှိတဲ့ ခရစ်ယာန်တွေကို လမ်းညွှန်ပြီး အကျိုးပြုပါလိမ့်မယ်။ (ဂလ. ၆:၂) ပုံဆောင်အစ္စရေးလူမျိုးဟာ ယေရှုကတစ်ဆင့်လာတဲ့ ယေဟောဝါရဲ့ လမ်းညွှန်ချက်တွေကနေ အကြီးအကျယ် အကျိုးရရှိနေတယ်။ ပဋိညာဉ်သစ် အစမပြုခင် အရေးကြီးပညတ်နှစ်ခုကို ယေရှု ပေးခဲ့တယ်။ တစ်ခုက ဟောပြောခြင်းလုပ်ငန်းနဲ့ ပတ်သက်တယ်။ နောက်တစ်ခုက အချင်းချင်း ပြုမူဆက်ဆံရာမှာ လိုက်နာသင့်တဲ့ ခရစ်ယာန်လမ်းစဉ်နဲ့ ပတ်သက်တယ်။ အဲဒီညွှန်ကြားချက်တွေဟာ ခရစ်ယာန်အားလုံးအတွက် ဖြစ်တယ်။ ဒါကြောင့် ကောင်းကင်မျှော်လင့်ချက်ရှိသူဖြစ်စေ၊ မြေကြီးမျှော်လင့်ချက် ရှိသူဖြစ်စေ၊ ဒီနေ့ခေတ်မှာရှိတဲ့ ကျွန်တော်တို့အားလုံးနဲ့ သက်ဆိုင်တယ်။ က၁၆.၀၃ ၄:၁၀၊ ၁၁
ကြာသပတေးနေ့၊ ဇွန် ၈
အချင်းချင်း ဂုဏ်တင်ရာတွင် ဦးဆောင်ကြလော့။—ရော. ၁၂:၁၀။
အကြီးအကဲတစ်ယောက်ဟာ ညီအစ်ကိုတစ်ယောက်ကို စတင်မလေ့ကျင့်ပေးခင် သူနဲ့ မိတ်ဆွေဖြစ်ဖို့ ကြိုးစားသင့်တယ်။ လုပ်ဆောင်တဲ့ နည်းတွေဟာ အခြေအနေနဲ့ ယဉ်ကျေးမှုပေါ်မူတည်ပြီး ကွာခြားပါလိမ့်မယ်။ ဒါပေမဲ့ သင် ဘယ်နေရာမှာပဲနေထိုင်ပါစေ အလုပ်များတဲ့ အချိန်ဇယားထဲကနေ အချိန်တချို့ကို ဖယ်ထုတ်ပြီး သူနဲ့မိတ်ဆွေဖြစ်အောင် လုပ်ဆောင်ပါ။ ဒါမှ သူဟာ သင့်အတွက် အရေးကြီးသူဖြစ်မှန်း သူသိလာပါလိမ့်မယ်။ သင့်ရဲ့ မေတ္တာပါ ဂရုစိုက်မှုနဲ့ လေ့ကျင့်ပေးမှုကို သူ သိပ်ကျေးဇူးတင်ပါလိမ့်မယ်။ တခြားသူတွေကို လေ့ကျင့်ပေးရာမှာ အောင်မြင်ဖို့ဆိုရင် လေ့ကျင့်ပေးရတဲ့အလုပ်ကို မြတ်နိုးရုံသာမက ကိုယ်လေ့ကျင့်ပေးနေသူကိုလည်း ချစ်ရမယ်။ (ယောဟန် ၅:၂၀ နဲ့ နှိုင်းယှဉ်ပါ။) အဲဒီလိုချစ်ဖို့ ဘာကြောင့် အရေးကြီးသလဲ။ သူ့ကို သင်တကယ်ဂရုစိုက်တယ်ဆိုတာ သူ ခံစားရမှသာ လိုလိုလားလား သင်ယူချင်ပါလိမ့်မယ်။ ဒါကြောင့် အကြီးအကဲတို့၊ တခြားသူတွေကို လေ့ကျင့်ပေးဖို့လောက်သာမဟုတ်ဘဲ သူတို့နဲ့ မိတ်ဆွေဖြစ်ဖို့ပါ ကြိုးစားအားထုတ်ပါ။—သု. ၁၇:၁၇။ ယော. ၁၅:၁၅။ က၁၅ ၄/၁၅ ၁:၁၉၊ ၂၀
သောကြာနေ့၊ ဇွန် ၉
ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့် ရှင်ဘုရင်သည် သေသည်တိုင်အောင်နူနာစွဲ . . . ၏။—၄ ရာ. ၁၅:၅။
ဘုရင်သြဇိနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ကျမ်းစာမှာ မဖော်ပြထားတဲ့အခါ ဘယ်လိုလုပ်မလဲ။ (၄ ရာ. ၁၅:၇၊ ၃၂။ ၆ ရာ. ၂၆:၃-၅၊ ၁၆-၂၁) ယေဟောဝါရဲ့ လုပ်ရပ် မှန်ရဲ့လားလို့ သင် သံသယဝင်မလား။ ဒါမှမဟုတ် ယေဟောဝါရဲ့ လုပ်ရပ် အမြဲမှန်တယ်ဆိုတာကို ယုံကြည်စိတ်ချဖို့ ကျမ်းစာမှာ အချက်အလက်အလုံအလောက် ပါရှိတယ်လို့ ယူမှတ်မလား။ (တရား. ၃၂:၄) ယေဟောဝါကို ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ပိုသိကျွမ်းလာတဲ့အခါ ဘုရားသခင့်လုပ်ရပ် မှန်သမျှရဲ့ အကြောင်းရင်းတွေကို သိဖို့မလိုတော့တဲ့အထိ ကိုယ်တော့်ကို ပိုချစ်ပြီး ပိုယုံကြည်စိတ်ချလာပါလိမ့်မယ်။ (ဆာ. ၇၇:၁၂၊ ၁၃) ကျမ်းစာလေ့လာတဲ့အခါ ယေဟောဝါက သင့်အတွက် တကယ့်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာပြီး ကိုယ်တော်နဲ့ ပိုရင်းနှီးလာပါလိမ့်မယ်။ က၁၅ ၄/၁၅ ၃:၈၊ ၁၀
စနေနေ့၊ ဇွန် ၁၀
တန်ခိုးကြီး၍ နှုတ်ကပါဌ်တော်အသံကို နားထောင်လျက် အမိန့်တော်အတိုင်း ဆောင်ရွက်သော ကောင်းကင်တမန်တော်တို့ ထာဝရဘုရားကို ကောင်းချီးပေးကြလော့။—ဆာ. ၁၀၃:၂၀။
ကောင်းကင်တမန်တွေဟာ “တန်ခိုးကြီး” ကြတယ်။ လူသားတွေထက် အသိဉာဏ်နဲ့ ခွန်အား ပိုကြီးမားတယ်။ သစ္စာရှိ ကောင်းကင်တမန်တွေဟာ သူတို့ရဲ့ တန်ခိုးကို အကောင်းဘက်ကနေ အသုံးပြုတယ်။ ဥပမာ၊ ယေဟောဝါရဲ့ ကောင်းကင်တမန်တစ်ပါးတည်းက အာရှုရိစစ်သား ၁၈၅,၀၀၀ ကို သတ်ပစ်လိုက်တယ်။ လူတစ်ယောက်မပြောနဲ့၊ စစ်တပ်တစ်တပ်တောင် အဲဒီလိုလုပ်ဖို့ မလွယ်ဘူး။ (၄ ရာ. ၁၉:၃၅) နောက်တစ်ကြိမ်မှာတော့ ကောင်းကင်တမန်တစ်ပါးက သူ့တန်ခိုးနဲ့ အသိဉာဏ်ကိုသုံးပြီး ယေရှုရဲ့ တမန်တော်တွေကို ထောင်ကနေ လွှတ်ပေးခဲ့တယ်။ အစောင့်တွေ အနားမှာရပ်နေပေမဲ့ ကောင်းကင်တမန် သော့ဖွင့်ပြီး တမန်တော်တွေကို လွှတ်ပေးလိုက်တာ၊ ပြီးနောက် သော့ပြန်ခတ်လိုက်တာကို သူတို့ သတိတောင်မထားမိဘူး။ (တ. ၅:၁၈-၂၃) သစ္စာရှိကောင်းကင်တမန်တွေက သူတို့တန်ခိုးကို အကောင်းဘက်ကနေသုံးပေမဲ့ စာတန်ကတော့ မကောင်းတဲ့ဘက်ကနေ သုံးတယ်။ စာတန် တန်ခိုးသြဇာကြီးမားတာ သေချာတယ်။ ကျမ်းစာမှာ သူ့ကို “ဤလောကကို အစိုးရသောမင်း” နဲ့ “ဤလောကစနစ်၏ ဘုရား” လို့ခေါ်ထားတယ်။—ယော. ၁၂:၃၁။ က၁၅ ၅/၁၅ ၁:၅၊ ၆
တနင်္ဂနွေနေ့၊ ဇွန် ၁၁
သင်တို့တစ်ဦးဦးသည် အပြစ်၏လှည့်စားနိုင်စွမ်းကြောင့် စိတ်နှလုံးခိုင်မာလာမည်ဟု စိုးရိမ်စရာရှိ၏။ —ဟေဗြဲ ၃:၁၃။
အိမ်ထောင်သည်ဖြစ်စေ၊ တစ်ကိုယ်ရေဖြစ်စေ လိင်အကျင့်ယိုယွင်းမှု ပုံစံအားလုံးကို ကြိုးစားတွန်းလှန်ရမယ်။ အဲဒီလိုတွန်းလှန်ဖို့ လွယ်သလား။ လုံးဝ မလွယ်ပါဘူး။ ဥပမာ၊ သင်ဟာ လူငယ်ဆိုရင် အတန်းဖော်တွေ တွေ့ကရာလူနဲ့ လိင်ဆက်ဆံတဲ့အကြောင်း ကြွားဝါပြောဆိုနေတာကို ကြားရနိုင်တယ်။ ဖုန်းကတစ်ဆင့် မဖွယ်မရာ မက်ဆေ့ချ်တွေ၊ ရုပ်ပုံတွေ၊ ကလေးညစ်ညမ်းရုပ်ပုံတွေ ပို့တဲ့အကြောင်း ကြွားဝါပြောဆိုနေတာ ဖြစ်နိုင်တယ်။ “မတရားမေထုန် ပြုလေ့ရှိသောသူမူကား မိမိခန္ဓာကိုယ်ကိုပင် ပြစ်မှား၏” လို့ ကျမ်းစာမှာပြောတယ်။ (၁ ကော. ၆:၁၈) လိင်ဆိုင်ရာ ကူးစက်ရောဂါတွေကြောင့် လူများစွာဟာ ဝေဒနာတွေခံစားပြီး သေဆုံးကြရတယ်။ အိမ်ထောင်မပြုခင် လိင်ဆက်ဆံခဲ့တာကို နောင်တရတဲ့အကြောင်း လူငယ်အများစု ဝန်ခံကြတယ်။ ဖျော်ဖြေရေးလောကကတော့ ဘုရားသခင့် ပညတ်တွေကို ကျွန်တော်တို့ ချိုးဖောက်ရင်လည်း ဘာဆိုးကျိုးမှခံစားရမှာ မဟုတ်ဘူးလို့ ယုံစေချင်တယ်။ အဲဒီအလိမ်အညာတွေကို ယုံမိရင် “အပြစ်၏လှည့်စားနိုင်စွမ်း” ရဲ့ သားကောင် ဖြစ်သွားနိုင်တယ်။ က၁၅ ၅/၁၅ ၂:၁၄
တနင်္လာနေ့၊ ဇွန် ၁၂
အမြင့်မြတ်ဆုံးသောအရှင် . . . သည် ကျေးဇူးမသိတတ်သောသူ၊ ဆိုးညစ်သောသူတို့အား ကျေးဇူးပြုတော်မူ၏။—လု. ၆:၃၅။
ယေဟောဝါရဲ့ ကြင်နာမှုကို ယေရှု တုပခဲ့တယ်။ လူတွေကို အဲဒီလိုကြင်နာမှုပြနိုင်အောင် ယေရှုကို ဘာကကူညီပေးခဲ့သလဲ။ ကိုယ့်အပြောအဆို၊ အပြုအမူကြောင့် လူတွေဘယ်လိုခံစားရမယ်ဆိုတာ ယေရှု အမြဲထည့်စဉ်းစားတယ်။ ဥပမာ၊ မိန်းမပျက်လို့ လူသိများတဲ့ အမျိုးသမီးတစ်ယောက် ယေရှုဆီ ရောက်လာတယ်။ တရှုပ်ရှုပ်ငိုနေလိုက်တာ ယေရှုခြေထောက်ပေါ် မျက်ရည်တွေ တစ်ပေါက်ပေါက် ကျနေတယ်။ သူလုပ်ခဲ့တဲ့ မကောင်းမှုတွေအတွက် ဘယ်လောက်ဝမ်းနည်းပြီး နောင်တရနေတယ်ဆိုတာ ယေရှု သိတယ်။ သူ့ကို မကြင်မနာ ဆက်ဆံလိုက်ရင် ပိုဆိုးသွားနိုင်တယ်ဆိုတာလည်း ယေရှုသိတယ်။ ဒါကြောင့် သူလုပ်ခဲ့တဲ့ ကောင်းမှုတွေအတွက် ချီးမွမ်းပြီး အပြစ်တွေကို ခွင့်လွှတ်လိုက်တယ်။ အဲဒီအပြင် ဒီလုပ်ရပ်ကို မကျေနပ်တဲ့ ဖာရိရှဲကိုလည်း ယေရှု ကြင်ကြင်နာနာ ပြောဆိုခဲ့တယ်။ (လု. ၇:၃၆-၄၈) ယေဟောဝါရဲ့ ကြင်နာမှုကို ကျွန်တော်တို့ ဘယ်လိုတုပနိုင်သလဲ။ တစ်ခုခုမပြောခင်၊ မလုပ်ခင် အရင်စဉ်းစားရမယ်။ ခရစ်ယာန်တစ်ယောက်ဟာ “ခိုက်ရန်မဖြစ်ဘဲ လူခပ်သိမ်းနှင့် ဆက်ဆံရာတွင် သိမ်မွေ့သောသူ” ဖြစ်ရမယ်လို့ ပေါလု ရေးခဲ့တယ်။ (၂ တိ. ၂:၂၄) ကိုယ့်အပြောအဆိုက တခြားသူတွေကို ဘယ်လိုထိခိုက်စေနိုင်တယ်ဆိုတာ စဉ်းစားရမယ်။ ဒါမှ ကိုယ့်အပြောအဆို၊ အပြုအမူမှာ ယေဟောဝါရဲ့ ကြင်နာမှုကို တုပနိုင်မယ်။—သု. ၁၅:၂၈။ က၁၅ ၅/၁၅ ၄:၈၊ ၉
အင်္ဂါနေ့၊ ဇွန် ၁၃
ကျေးဇူးကို ခံသင့်သောသူတို့အား ကျေးဇူးပြုရသော အခွင့်ရှိလျှင် မပြုဘဲမနေနှင့်။—သု. ၃:၂၇။
ညီအစ်ကိုညီအစ်မတွေ ဒုက္ခရောက်တဲ့အခါ သူတို့ရဲ့ စားဝတ်နေရေးနဲ့ စိတ်ဓာတ်ပိုင်းလိုအပ်ရာတွေကို ဖြည့်ဆည်းပေးနိုင်တယ်။ အားပေးနှစ်သိမ့်နိုင်တယ်။ (သု. ၁၇:၁၇) ဥပမာ၊ သဘာဝဘေးအန္တရာယ် ကြုံရချိန်မှာ ကူညီပေးနိုင်တယ်။ ဟာရီကိန်းမုန်တိုင်းကြောင့် အိမ်ပျက်စီးသွားတဲ့ မုဆိုးမတစ်ယောက် အခုလိုပြောတယ်– “ယေဟောဝါရဲ့ အဖွဲ့အစည်းထဲမှာရှိနေရတာကို သိပ်ကျေးဇူးတင်တယ်။ ရုပ်ပိုင်းသာမက ဝတ်ပြုရေးလိုအပ်ရာတွေကိုပါ ရရှိလို့ပဲ။” တစ်ကိုယ်ရေ ညီအစ်မတစ်ယောက်လည်း မုန်တိုင်းကြောင့် အိမ်ပျက်စီးသွားတဲ့အခါ တော်တော်စိတ်ဓာတ်ကျသွားတယ်။ ညီအစ်ကိုတွေ အိမ်ပြင်ပေးပြီးနောက် သူက “ကျွန်မ ဘယ်လိုခံစားနေရတယ်ဆိုတာ မပြောပြနိုင်လောက်အောင်ပါပဲ။ . . . ကျေးဇူးတင်ပါတယ် ယေဟောဝါ” လို့ပြောတယ်။ တခြားသူတွေရဲ့ လိုအပ်ရာတွေကို တကယ်ဂရုစိုက်ပေးတဲ့ ညီအစ်ကိုအသင်းအပင်းဝင် ဖြစ်ရတာ ကျေးဇူးတင်စရာပဲ။ ပိုကျေးဇူးတင်စရာ ကောင်းတာက ကျွန်တော်တို့ကို ယေဟောဝါနဲ့ ယေရှုခရစ် တကယ်ဂရုစိုက်ပေးနေလို့ပဲ။ က၁၅ ၆/၁၅ ၁:၁၇
ဗုဒ္ဓဟူးနေ့၊ ဇွန် ၁၄
အသက်အရွယ်ကြီးသော အမျိုးသမီးတို့ကို မိခင်များကဲ့သို့လည်းကောင်း၊ ငယ်ရွယ်သောအမျိုးသမီးတို့ကို နှမများကဲ့သို့လည်းကောင်း ရိုးသားဖြူစင်စွာ ဆက်ဆံလော့။—၁ တိ. ၅:၂။
အမျိုးသားနဲ့ အမျိုးသမီးတွေ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုပြုမူဆက်ဆံသင့်တယ်ဆိုတာ ကျမ်းစာမှာ ဖော်ပြထားတယ်။ ခရစ်ယာန်တွေဟာ ကိုယ့်အိမ်ထောင်ဖက် ဒါမှမဟုတ် ကိုယ်လက်ထပ်မယ့်သူကိုသာ ချစ်ကြိုက်တဲ့အမူအရာတွေ ပြကြတယ်။ တခြားသူတွေကို ပရောပရည်မလုပ်ဘူး၊ အီစီကလီ မလုပ်ဘူး။ အထိအတွေ့ မပါသရွေ့ ကိုယ်နှုတ်အမူအရာနဲ့ အီစီကလီလုပ်တာဟာ အန္တရာယ်မရှိပါဘူးလို့ တချို့ထင်နိုင်တယ်။ ဒါပေမဲ့ လူနှစ်ယောက် အီစီကလီလုပ်တဲ့အခါ အကျင့်ပျက်အတွေးတွေ ပေါ်လာနိုင်တယ်။ အဲဒါက အကျင့်ယိုယွင်းဖို့ တွန်းပို့ပေးနိုင်တယ်။ အဲဒီလိုဖြစ်ခဲ့တဲ့ နမူနာတွေရှိတယ်။ အခုလည်း ထပ်ဖြစ်နိုင်တယ်။ ယောသပ်ဟာ ကျွန်တော်တို့အတွက် အကောင်းဆုံးပုံနမူနာ ဖြစ်တယ်။ ပေါတိဖာရဲ့မိန်းမက ယောသပ်ကို သူနဲ့အတူအိပ်ဖို့ သွေးဆောင်တယ်။ ယောသပ်ငြင်းပေမဲ့ အဲဒီမိန်းမကတော့ လက်မလျှော့ဘူး။ ‘သူနဲ့အတူအိပ်’ ဖို့ နေ့တိုင်း သွေးဆောင်တယ်။ (က. ၃၉:၇၊ ၈၊ ၁၀) စိတ်နှလုံးထဲမှာ အကျင့်ပျက်ဆန္ဒတွေ ဖြစ်ပေါ်လာဖို့ ယောသပ် အခွင့်မပေးခဲ့ဘူး။ က၁၅ ၆/၁၅ ၃:၁၀၊ ၁၁
ကြာသပတေးနေ့၊ ဇွန် ၁၅
အပြစ်ကြွေးတင်သူတို့ကို ကျွန်ုပ်တို့ဖြေလွှတ်သကဲ့သို့ ကျွန်ုပ်တို့၏အပြစ်ကြွေးများကိုလည်း ဖြေလွှတ်တော်မူပါ။—မ. ၆:၁၂။
ကိုယ့်အတွက်ပဲ မစဉ်းစားဘဲ ညီအစ်ကိုညီအစ်မတွေရဲ့ ဘုရားရေးရာ အခြေအနေကိုပါ ယေဟောဝါ ထည့်စဉ်းစားစေချင်တယ်။ အဲဒီထဲမှာ ကိုယ့်အပေါ် အပြစ်ကျူးလွန်ထားသူတွေလည်း ပါဝင်တယ်။ အဲဒီလိုအပြစ်တွေက အသေးအမွှားဖြစ်ပေမဲ့ လိုလိုလားလား ခွင့်လွှတ်ခြင်းအားဖြင့် သူတို့ကို ကျွန်တော်တို့ တကယ်ချစ်ကြောင်း ဖော်ပြခွင့်ရစေတယ်။ အဲဒီအပြင် ကျွန်တော်တို့ရဲ့ အပြစ်တွေကို ယေဟောဝါ ခွင့်လွှတ်တဲ့အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြရာလည်းရောက်တယ်။ (ကော. ၃:၁၃) ကျွန်တော်တို့က မစုံလင်သူတွေဖြစ်တဲ့အတွက် ကိုယ့်ကို ထိခိုက်အောင်လုပ်ထားသူကို ခွင့်လွှတ်ဖို့ တစ်ခါတလေ ခက်ခဲနိုင်တယ်။ (ဝတ်. ၁၉:၁၈) သူတို့လုပ်ထားတာတွေအကြောင်း လျှောက်ပြောတဲ့အခါ ဘက်လိုက်မှုတွေ ဖြစ်လာနိုင်ပြီး အသင်းတော်ရဲ့စည်းလုံးမှုကို ထိခိုက်စေနိုင်တယ်။ အဲဒီလိုဆက်ဖြစ်ခွင့် ပြုထားမယ်ဆိုရင် ဘုရားပေးလက်ဆောင်ဖြစ်တဲ့ ရွေးနုတ်ဖိုးကို တန်ဖိုးမထားရာ ရောက်သွားနိုင်တယ်။ ရွေးနုတ်ဖိုးကနေ အကျိုးခံစားရတော့မှာလည်း မဟုတ်ဘူး။ (မ. ၁၈:၃၅) တခြားသူတွေကို ခွင့်မလွှတ်ရင် ကျွန်တော်တို့ကို ယေဟောဝါ ခွင့်လွှတ်မှာ မဟုတ်ဘူး။ (မ. ၆:၁၄၊ ၁၅) ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို ရချင်တယ်ဆိုရင် ကိုယ်တော်မုန်းတဲ့ဘယ်အရာကိုမှ ဆက်မလုပ်ရဘူး။—၁ ယော. ၃:၄၊ ၆။ က၁၅ ၆/၁၅ ၅:၉-၁၁
သောကြာနေ့၊ ဇွန် ၁၆
ပညာရှိသောကျွန်အား ရှင်ဘုရင်သည် ကျေးဇူးပြုတတ်၏။—သု. ၁၄:၃၅။
ပုံဆောင်ပရဒိသု ပိုလှပလာအောင် ကူညီပေးနိုင်တဲ့အခွင့်ထူးကို ကျွန်တော်တို့ကို ယေဟောဝါ ပေးထားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘယ်လိုကူညီနိုင်သလဲ။ နိုင်ငံတော် သတင်းကောင်း ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ဇွဲထက်သန်စွာ ပါဝင်ခြင်းအားဖြင့်ဖြစ်တယ်။ လူတစ်ယောက်ကို ဘုရားသခင့်ကျေးကျွန် ဖြစ်လာအောင် ကူညီလိုက်တိုင်း ပုံဆောင်ပရဒိသု ပိုကျယ်ဝန်းလာအောင် ကူညီပေးရာရောက်တယ်။ (ဟေရှာ. ၂၆:၁၅။ ၅၄:၂) ခရစ်ယာန်အရည်အသွေးတွေ တိုးတက်လာအောင် ကြိုးစားခြင်းအားဖြင့်လည်း ပုံဆောင်ပရဒိသု ပိုလှပလာအောင် ကူညီပေးနိုင်တယ်။ ဒီနည်းအားဖြင့် တခြားသူတွေလည်း ပုံဆောင်ပရဒိသုကို ပိုစိတ်ဝင်စားလာနိုင်တယ်။ အဖွဲ့အစည်းကို၊ ယေဟောဝါနဲ့ ယေရှုကို လူတွေ ဦးဆုံး စိတ်ဝင်စားလာတာက အများအားဖြင့် ကျွန်တော်တို့ရဲ့ ကျမ်းစာအသိပညာကြောင့်သာ မဟုတ်ဘူး။ သန့်ရှင်းပြီး အေးဆေးငြိမ်သက်တဲ့ အမူအကျင့်ကြောင့်လည်းဖြစ်တယ်။ ဒီနေ့ခေတ်ရဲ့ လှပတဲ့ပုံဆောင်ပရဒိသုကို ယေဟောဝါနဲ့ ယေရှုတွေ့တဲ့အခါ သိပ်ပီတိဖြစ်မှာပဲ။ ပုံဆောင်ပရဒိသု ပိုလှပလာအောင် လုပ်ဆောင်ရာမှာ ကျန်တော်တို့ အခုခံစားနေရတဲ့ ပျော်ရွှင်မှုဟာ အနာဂတ်မှာ မြေကြီးကို ပကတိပရဒိသုဖြစ်အောင် လုပ်ဆောင်ချိန်မှာ ခံစားရမယ့်ပျော်ရွှင်မှုရဲ့ အမြည်းသဘောပဲဖြစ်တယ်။ က၁၅ ၇/၁၅ ၁:၁၈-၂၀
စနေနေ့၊ ဇွန် ၁၇
ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတ္တံ့။—က. ၃:၅။
ဘယ်သူ့ဘက် ရပ်တည်မယ်ဆိုတာ ဆုံးဖြတ်ဖို့ လူသားတွေကို ယေဟောဝါ အခွင့်အရေး ပေးထားတယ်။ သင် ဘယ်သူ့ဘက်မှာ ရပ်တည်မလဲ။ ယေဟောဝါရဲ့ နည်းလမ်းက သင့်နည်းလမ်းထက် ပိုကောင်းတယ်လို့ ယုံကြည်တဲ့အတွက် ကိုယ်တော့်ကို နာခံတာလား။ ဘုရားသခင့် နိုင်ငံတော်ကသာ လူ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်ဆိုတာ သင် ယုံကြည်သလား။ ဒါမှမဟုတ် ဘုရားမပါဘဲ လူတွေ အောင်အောင်မြင်မြင် အုပ်ချုပ်နိုင်တယ်လို့ သင် ထင်သလား။ ဥပမာ၊ နိုင်ငံရေးပါတီ ဒါမှမဟုတ် နိုင်ငံရေးမှာ ဦးဆောင်လှုပ်ရှားနေတဲ့ အုပ်စုတစ်ခုအကြောင်း သင့်ကို တစ်ယောက်ယောက် မေးလာတဲ့အခါ ဘယ်လိုပြန်ဖြေမလဲ။ ဒီအဖွဲ့တချို့က လူတွေကို စိတ်ရင်းမှန်နဲ့ ကူညီပေးချင်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ နိုင်ငံတော်ကသာ လူ့ပြဿနာတွေနဲ့ မမျှတမှုအားလုံးကို ဖြေရှင်းပေးနိုင်တယ်ဆိုတာ ကျွန်တော်တို့ သိထားတယ်။ အဲဒီအပြင် အကောင်းဆုံးလို့ ကိုယ်ထင်တဲ့အတိုင်း တစ်ယောက်တစ်ပေါက် လုပ်မယ့်အစား အသင်းတော်ကတစ်ဆင့်လာတဲ့ ယေဟောဝါရဲ့ ညွှန်ကြားချက်ကို ကျွန်တော်တို့ လိုက်နာတယ်။ ဒါကြောင့် အသင်းတော်ဟာ စည်းလုံးနေတာဖြစ်တယ်။ က၁၅ ၇/၁၅ ၃:၇၊ ၈
တနင်္ဂနွေနေ့၊ ဇွန် ၁၈
ပြုတော်မူသမျှတို့ကို ဆင်ခြင်ပါမည်။ —ဆာ. ၇၇:၁၂။
ယေဟောဝါရဲ့ ဖန်ဆင်းရာတွေကို ကြည့်တဲ့အခါ ကျွန်တော်တို့ကို ကိုယ်တော် ဘယ်လောက်ချစ်တယ်ဆိုတာ သိနိုင်တယ်။ (ရော. ၁:၂၀) ဥပမာ၊ ကမ္ဘာကို ယေဟောဝါ ဒီဇိုင်းဆွဲထားပုံက ကျွန်တော်တို့ အသက်ရှင်နေနိုင်ရုံလောက်သာ မဟုတ်ဘူး။ ဘဝကို ပျော်မွေ့နိုင်ဖို့ လိုအပ်တာမှန်သမျှကို ကိုယ်တော် ပြုလုပ်ပေးထားတယ်။ ကျွန်တော်တို့ အစာစားဖို့ လိုအပ်တယ်။ ဒါပေမဲ့ အစားအစာအမျိုးမျိုးကို ယေဟောဝါ ဖန်ဆင်းပေးထားတဲ့အတွက် အစာစားရတာကို လူတိုင်းခုံမင်တယ်။ (ဒေ. ၉:၇) ယေဟောဝါဟာ ကျွန်တော်တို့ကို အဓိပ္ပာယ်ရှိတဲ့အလုပ်တွေ လုပ်နိုင်စွမ်းရှိအောင် ဖန်ဆင်းထားတယ်။ အဲဒီအလုပ်တွေက ဘဝကို ပိုပျော်ရွှင်ကျေနပ်စေတယ်။ (ဒေ. ၂:၂၄) မြေကြီးကို လူတွေနဲ့ပြည့်စေဖို့၊ ပြုစုစောင့်ရှောက်ဖို့၊ တိရစ္ဆာန်တွေကို အုပ်စိုးဖို့ လူသားတွေကို ဘုရားသခင် တာ၀န်ပေးထားတယ်။ (က. ၁:၂၆-၂၈) သူ့ကို တုပနိုင်တဲ့ အရည်အသွေးတွေကိုလည်း ပေးထားတယ်။—ဧ. ၅:၁။ က၁၅ ၈/၁၅ ၁:၄၊ ၅
တနင်္လာနေ့၊ ဇွန် ၁၉
စိတ်နှလုံး ပင်ပန်းလျက်နေစဉ်တွင် . . . ထိုနေ့ရက်သည် မြေကြီးပေါ်ရှိ လူအပေါင်းတို့အပေါ် ထောင်ချောက်သဖွယ် ကျရောက်လိမ့်မည်။—လု. ၂၁:၃၄၊ ၃၅။
ကမ္ဘာ့ဖြစ်ရပ်တွေကို ကြည့်ရင် ကျမ်းစာပရောဖက်ပြုချက်တွေ ပြည့်စုံနေတယ်၊ အဆုံးရောက်တော့မယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်တယ်။ မဟာဗာဗုလုန်ဖြစ်တဲ့ အယူမှားဘာသာကို “သားရဲ” နဲ့ “ချိုဆယ်ချောင်း” ဖျက်ဆီးမယ့်အချိန်ကို ကျွန်တော်တို့ စောင့်မျှော်နေကြတယ်။ (ဗျာ. ၁၇:၁၆) အဲဒီလိုဖြစ်ဖို့ အဝေးကြီးလိုပါသေးတယ်လို့ မယူဆသင့်ဘူး။ အယူမှားဘာသာကို တိုက်ခိုက်ဖို့‘သူတို့ရဲ့နှလုံးထဲ ဘုရားသခင် အကြံသွင်း’ ပေးမယ်၊ အဲဒီလို အချိန်မရွေး ချက်ချင်းဖြစ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။ (ဗျာ. ၁၇:၁၇) စာတန့်စနစ်ဆိုးရဲ့အဆုံး မကြာခင် ရောက်လာတော့မယ်။ ဒါကြောင့် ယေရှုရဲ့ ဒီသတိပေးချက်ကို ကျွန်တော်တို့ နာခံသင့်တယ်။ (ဗျာ. ၁၆:၁၅) ဒါကြောင့် နိုးနိုးကြားကြားရှိနေပြီး ယေဟောဝါရဲ့ လုပ်ငန်းမှာ ဆက်အလုပ်များနေကြပါစို့။ ကိုယ်တော်ဟာ သူ့ကို ‘မျှော်လင့်စောင့်စားနေသူတွေအတွက် လုပ်ဆောင်ပေး’ မယ်ဆိုတာ ယုံကြည်စိတ်ချကြပါစို့။—ဟေရှာ. ၆၄:၄၊ ကဘ။ က၁၅ ၈/၁၅ ၂:၁၇
အင်္ဂါနေ့၊ ဇွန် ၂၀
ဘုရားသခင်၏ အလိုတော်ကို ဆောင်သူ မည်သူမဆို ငါ၏ညီအစ်ကို၊ ညီအစ်မ၊ မိခင်တို့ဖြစ်ကြသည်။ —မာ. ၃:၃၅။
ကျွန်တော်တို့ဟာ လူတိုင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံချင်ပေမဲ့ ဘုရားကို မနာခံသူတွေနဲ့ ရင်းရင်းနှီးနှီး မပေါင်းသင့်ဘူး။ ဒါကြောင့် တစ်ကိုယ်ရေ ညီအစ်ကိုညီအစ်မတစ်ယောက်ဟာ ယေဟောဝါဆီ မအပ်နှံထားသူ၊ ဘုရားအပေါ် သစ္စာမရှိသူ၊ ဘုရားသခင့် စံနှုန်းတွေကို မလေးစားသူနဲ့ ရည်းစားထားတာ သိပ်မှားတယ်။ ဘုရားသခင့်မျက်နှာသာရဖို့က ဘုရားကို မချစ်သူတွေရဲ့ နှစ်သက်မှုရဖို့ထက် ပိုအရေးကြီးတယ်။ ကျွန်တော်တို့က ဘုရားအလိုတော် ထမ်းဆောင်သူတွေနဲ့ပဲ မိတ်ဆွေဖွဲ့သင့်တယ်။ အစ္စရေးတွေဟာ မကောင်းတဲ့ အပေါင်းအသင်းတွေကြောင့် အကြီးအကျယ် ထိခိုက်နစ်နာခဲ့ရတယ်။ (ထွ. ၂၃:၂၄၊ ၂၅၊ ကဘ။ ဆာ. ၁၀၆:၃၅-၃၉) ဘာရလဒ်ရရှိခဲ့သလဲ။ နောက်ပိုင်းမှာ ယေဟောဝါဟာ အစ္စရေးလူမျိုးကို ငြင်းပယ်လိုက်ပြီး ခရစ်ယာန် အသင်းတော်ကို မိမိလူမျိုးအဖြစ် ရွေးချယ်လိုက်တယ်။—မ. ၂၃:၃၈; တ. ၂:၁-၄။ က၁၅ ၈/၁၅ ၄:၇၊ ၈
ဗုဒ္ဓဟူးနေ့၊ ဇွန် ၂၁
ထိုသို့မိန့်မှာရသည့် ရည်ရွယ်ချက်မှာ စင်ကြယ်သောနှလုံးမှလည်းကောင်း၊ ကြည်လင်သော ကိုယ်ကိုယ်ကိုယ်သိစိတ် မှလည်းကောင်း ထွက်ပေါ်လာသော ချစ်ခြင်းမေတ္တာ ရှိစေရန်ဖြစ်၏။—၁ တိ. ၁:၅။
ယေဟောဝါဘုရားသခင်က လူသားတွေကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်နဲ့ ဖန်ဆင်းထားတယ်။ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့လည်း လမ်းညွှန်တစ်ခု ပေးထားတယ်။ အဲဒီလမ်းညွှန်ကတော့ ကိုယ်ကိုယ်ကိုယ်သိစိတ်ပဲ။ ကိုယ်ကိုယ်ကိုယ်သိစိတ်ဆိုတာ အမှားအမှန်သိနိုင်တဲ့ အတွင်းစိတ်ဖြစ်တယ်။ အဲဒီစိတ်ကို နည်းမှန်လမ်းကျအသုံးပြုမယ်ဆိုရင် ကောင်းတာကို လုပ်ဆောင်ဖို့၊ မကောင်းတာကို ရှောင်ဖို့ ကူညီပေးနိုင်တယ်။ ကိုယ်ကိုယ်ကိုယ်သိစိတ်ဟာ ကျွန်တော်တို့ကို ယေဟောဝါ ချစ်မြတ်နိုးပြီး အောင်မြင်စေချင်တယ်ဆိုတဲ့ သက်သေပဲ။ ဒီနေ့ခေတ်မှာ လူတချို့ဟာ ကျမ်းစာစံနှုန်းတွေကို မသိပေမဲ့ မကောင်းတာကို မုန်းပြီး ကောင်းတာကို လုပ်ဆောင်ကြတယ်။ (ရော. ၂:၁၄၊ ၁၅) ဘာကြောင့်လဲဆိုတော့ သူတို့မှာ ကိုယ်ကိုယ်ကိုယ်သိစိတ် ရှိလို့ပဲ။ ဒီစိတ်က မကောင်းတာတွေ မလုပ်မိအောင် တားဆီးပေးတယ်။ လူတွေမှာ ဒီစိတ်သာမရှိရင် ကမ္ဘာ့အခြေအနေတွေ ဘယ်လောက်ဆိုးမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ လူသားတွေကို ကိုယ်ကိုယ်ကိုယ်သိစိတ် ပေးထားလို့ ယေဟောဝါကို ကျေးဇူးတင်ရမယ်။ က၁၅ ၉/၁၅ ၂:၁၊ ၂
ကြာသပတေးနေ့၊ ဇွန် ၂၂
ငါတို့ကို ခမည်းတော် မည်မျှချစ်တော်မူကြောင်း ဆင်ခြင်ကြလော့။—၁ ယော. ၃:၁။
တမန်တော်ယောဟန်ရဲ့ ဒီစကားတွေက ယေဟောဝါရဲ့ ကြီးမားတဲ့မေတ္တာအကြောင်း အလေးအနက် ဆင်ခြင်ဖို့ အားပေးထားတယ်။ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လောက်ချစ်မှန်း၊ ဘယ်လိုမေတ္တာပြမှန်း တွေးတောဆင်ခြင်တဲ့အခါ ကိုယ်တော်နဲ့ ပိုရင်းနှီးလာပြီး ပိုချစ်လာပါလိမ့်မယ်။ လူတွေကို ဘုရားချစ်တယ်ဆိုတာ တချို့ နားလည်ရခက်ကြတယ်။ ဘုရားက လူတွေကို ဂရုမစိုက်ဘူး၊ ပညတ်ချက်တွေ ထုတ်ပြီး မလိုက်နာသူတွေကို အပြစ်ပေးဖို့လောက်ပဲ ကြည့်နေတယ်လို့ သူတို့ ထင်ကြတယ်။ လူတချို့ကလည်း ဘုရားက ရက်စက်ပြီး ဘုရားကိုချစ်ဖို့ မဖြစ်နိုင်ဘူးလို့ ယူဆကြတယ်။ တချို့ကျတော့လည်း လူတွေ ဘာလုပ်လုပ် သူတို့ကို ဘုရားချစ်တယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ သင် ကျမ်းစာလေ့လာတဲ့အခါ ယေဟောဝါနဲ့ပတ်သက်တဲ့ အမှန်တရားကို သိလာတယ်။ မေတ္တာဟာ ယေဟောဝါရဲ့ အကြီးမားဆုံး အရည်အသွေးဖြစ်မှန်း၊ သင့်အတွက် ရွေးနုတ်ဖိုးအဖြစ် သားတော်ကို ပေးခဲ့မှန်း သင် သိလာတယ်။ —ယော. ၃:၁၆။ ၁ ယော. ၄:၈။ က၁၅ ၉/၁၅ ၄:၁၊ ၂
သောကြာနေ့၊ ဇွန် ၂၃
ဆုံးမခြင်းခံရစဉ် . . . ဝမ်းနည်းစရာဟု ထင်တတ်၏။—ဟေဗြဲ ၁၂:၁၁။
အဲဒီလိုပြောလိုက်ခြင်းအားဖြင့် ဆုံးမမှုရဲ့တန်ဖိုးကို ပေါလု လျှော့ပေါ့လိုက်တာ မဟုတ်ပါဘူး။ သူဒီလိုဆက်ပြောတယ်– “ဆုံးမခြင်းအားဖြင့် လေ့ကျင့်ခံရသူတို့သည် နောက်မှ ဖြောင့်မတ်ခြင်းတည်းဟူသော ငြိမ်သက်ခြင်းအသီးကို ရကြ၏။” ယေဟောဝါရဲ့ဆုံးမမှုကို လျစ်လျူရှုတာမျိုး၊ မကြိုက်လို့ စိတ်ခုနေတာမျိုး ဘယ်တော့မှ မဖြစ်သင့်ဘူး။ စာတန့်လောက,ကတော့ မာနကြီးဖို့၊ ကိုယ့်အတွက်ပဲကြည့်ဖို့ လူတွေကို မြှောက်ပေးနေတယ်။ လူများစွာဟာ ဆုံးမခံရတာ၊ အပြောခံရတာကို မကြိုက်ကြဘူး။ တချို့ကျတော့လည်း မဖြစ်မနေမို့လို့သာ အောင့်သက်သက်နဲ့ နားထောင်ကြတယ်။ ကျွန်တော်တို့ အဲဒီလိုမဖြစ်သင့်ဘူး။ “လောကစနစ်၏ပုံစံကို မလိုက်ကြနှင့်တော့” လို့ ကျမ်းစာပြောတယ်။ အဲဒီအစား ကျွန်တော်တို့ဆီက ယေဟောဝါမျှော်လင့်တဲ့အရာကို နားလည်ဖို့၊ ကိုယ်တော်နှစ်သက်ရာကို လုပ်ဆောင်ဖို့ လိုအပ်တယ်။ (ရော. ၁၂:၂) ယေဟောဝါဟာ အဖွဲ့အစည်းကတစ်ဆင့် အချိန်တန်ဆုံးမတယ်။ ဥပမာ၊ လိင်ခြားသူတွေနဲ့ ဘယ်လိုပြုမူနေထိုင်ရမယ်၊ မိတ်ဆွေ ဘယ်လိုရွေးချယ်ရမယ်၊ အပန်းဖြေခြင်းကိစ္စကို ဘယ်လိုဆုံးဖြတ်ရမယ်ဆိုတာတွေကို သတိပေးတယ်။ ယေဟောဝါရဲ့ဆုံးမစကားကို လိုလိုလားလား လက်ခံပြီး ကိုယ်တော့်နှစ်သက်မှုရဖို့ လိုအပ်သလို ပြုပြင်ပြောင်းလဲမယ်ဆိုရင် လမ်းညွှန်မှုအတွက် ကျေးဇူးတင်ကြောင်း၊ ကိုယ်တော့်ကို တကယ်ချစ်ကြောင်း ဖော်ပြရာရောက်တယ်။—ယော. ၁၄:၃၁။ ရော. ၆:၁၇။ က၁၅ ၉/၁၅ ၅:၁၃၊ ၁၅
စနေနေ့၊ ဇွန် ၂၄
ကျွန်ုပ်၏ယုံကြည်ခြင်း လိုနေသေးလျှင် ကူညီတော်မူပါ။—မာ. ၉:၂၄။
ယုံကြည်ခြင်းကို ကိုယ့်အစွမ်းအစနဲ့ကိုယ် မတည်ဆောက်နိုင်တဲ့အတွက် ဘုရားသခင်ဆီမှာ သန့်ရှင်းသော စွမ်းအားတော် တောင်းခံဖို့ လိုအပ်တယ်။ ဘာကြောင့်လဲဆိုတော့ ယုံကြည်ခြင်းဟာ သန့်ရှင်းသောစွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတစ်ခု ဖြစ်လို့ပဲ။ (ဂလ. ၅:၂၂) ယေရှုရဲ့ အကြံဉာဏ်အတိုင်း သန့်ရှင်းသောစွမ်းအားတော် ပိုရရှိဖို့ တောင်းခံတာ ပညာရှိရာရောက်တယ်။ ယေဟောဝါဟာ ‘တောင်းသောသူတို့အား သန့်ရှင်းသောစွမ်းအားတော်ကို ပေး’ မယ်လို့ ယေရှု အာမခံတယ်။ (လု. ၁၁:၁၃) ခိုင်မာတဲ့ယုံကြည်ခြင်း ရှိပြီဆိုရင် အဲဒါကို ထိန်းသိမ်းထားဖို့ လိုအပ်တယ်။ ယုံကြည်ခြင်းကို မီးနဲ့နှိုင်းယှဉ်နိုင်တယ်။ မီးစမွှေးချိန်မှာ တဟုန်းဟုန်း တောက်လောင်နိုင်တယ်။ ဒါပေမဲ့ ထင်းထပ်မထည့်ဘူးဆိုရင် တဖြည်းဖြည်း မီးငြိမ်းပြီး ပြာဖုံးသွားနိုင်တယ်။ ထင်းပုံမှန်ထည့်နေမယ်ဆိုရင်တော့ မီးဆက်တောက်နေမှာ ဖြစ်တယ်။ ယုံကြည်ခြင်းလည်း အဲဒီလိုပဲ။ ကျမ်းစာကို နေ့တိုင်း ဖတ်ရှုလေ့လာမယ်ဆိုရင် ကျမ်းစာနဲ့ ယေဟောဝါအပေါ်ထားတဲ့ မေတ္တာ တိုးများလာမယ်။ ရလဒ်အနေနဲ့ ယုံကြည်ခြင်းခိုင်မာအောင် ဆက်ထိန်းထားနိုင်ပါလိမ့်မယ်။ က၁၅ ၁၀/၁၅ ၂:၆၊ ၇
တနင်္ဂနွေနေ့၊ ဇွန် ၂၅
ပြုတော်မူသမျှတို့ကို ဆင်ခြင် . . . ပါမည်။ —ဆာ. ၇၇:၁၂။
အကြောင်းအရာတစ်ခုခုကို အသံထွက်ဖတ်တဲ့အခါ ပိုမှတ်မိလွယ်တယ်လို့ သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိထားတယ်။ ဦးနှောက်ကို ဖန်ဆင်းထားတဲ့အရှင်က အဲဒီအချက်ကို သိတယ်။ ဒါကြောင့်လည်း ပညတ်ကျမ်းမှာပါတဲ့ အကြောင်းတွေကို “ဖတ်ရွတ်” ရမယ်လို့ ယောရှုကို မိန့်မှာခဲ့တယ်။ (ယောရှု ၁:၈) ကျမ်းစာကို အသံထွက်ဖတ်ရွတ်ခြင်းက ဖတ်နေတဲ့အကြောင်းအရာကို ပိုအာရုံစိုက်နိုင်ဖို့၊ ပိုမှတ်မိနိုင်ဖို့ သင့်ကို ကူညီပေးပါလိမ့်မယ်။ လေ့လာနေတဲ့အကြောင်းအရာကို အာရုံစိုက်ဖို့၊ တွေးတောဆင်ခြင်ဖို့ဆိုရင် အားစိုက်ထုတ်ဖို့ လိုအပ်တယ်။ ဒါကြောင့် ပင်ပန်းမနေတဲ့အချိန်၊ အေးဆေးတိတ်ဆိတ်ပြီး အာရုံပျံ့လွင့်စရာမရှိတဲ့နေရာမှာ တွေးတောဆင်ခြင်ခြင်းက အကောင်းဆုံးဖြစ်တယ်။ ဆာလံဆရာဒါဝိဒ်ဟာ ညဘက် တစ်ရေးနိုးတဲ့အချိန်တွေမှာ တွေးတောဆင်ခြင်ခဲ့တယ်။ (ဆာ. ၆၃:၆) စုံလင်သူယေရှုဟာ တွေးတောဆင်ခြင်၊ ဆုတောင်းဖို့ တိတ်ဆိတ်တဲ့နေရာတွေကို ရွေးချယ်ခဲ့တယ်။—လု. ၆:၁၂။ က၁၅ ၁၀/၁၅ ၄:၄၊ ၆၊ ၇
တနင်္လာနေ့၊ ဇွန် ၂၆
လူတို့၏စိတ်နှလုံးကို သိမြင်တော်မူ [၏။] — ယော. ၂:၂၅။
တစ်ကြိမ်မှာ၊ ဂါလိလဲနယ်က လူတချို့ ယေရှုကို လိုက်ရှာကြတယ်။ (ယော. ၆:၂၂-၂၄) လိုက်ရှာရတဲ့ အဓိကအကြောင်းရင်းဟာ ယေရှုရဲ့ သွန်သင်ချက်တွေကို နားထောင်ချင်လို့ မဟုတ်ဘဲ အစာစားချင်လို့ဖြစ်တယ်ဆိုတာ ယေရှုသိတယ်။ ဒါနဲ့ သူတို့ကို စိတ်ရှည်ရှည် တည့်မတ်ပေးပြီး ဘာတွေပြုပြင်ပြောင်းလဲရမယ်ဆိုတာ ရှင်းပြတယ်။ (ယော. ၆:၂၅-၂၇ ) သင်ဟာ တခြားသူတွေရဲ့ စိတ်နှလုံးကို မသိမြင်နိုင်ပေမဲ့ ထိုးထွင်းသိမြင်မှုရှိကြောင်း ဖော်ပြနိုင်ပါတယ်။ ဥပမာ၊ အမှုဆောင်လုပ်ငန်းနဲ့ပတ်သက်ပြီး ကလေးတွေရဲ့ ခံစားချက်ကို သိလာအောင် ကြိုးစားနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် အခုလိုမေးပါ– ‘ငါ့သားသမီးက အမှုဆောင်လုပ်ငန်းကို တကယ်နှစ်သက်တာလား။ ဒါမှမဟုတ် အမှုဆောင်ပြီးနောက် တစ်ခုခုစားသောက်ချင်လို့သာ လိုက်ချင်တာလား။’ အမှုဆောင်လုပ်ငန်းမှာ ကလေးတွေ သိပ်မပျော်မှန်း သတိထားမိရင် သူတို့ပိုပျော်ရွှင်လာအောင် လုပ်ဆောင်ပေးပါ။ အမှုဆောင်လုပ်ငန်းမှာ သူတို့လည်း ပါဝင်နေတယ်လို့ ခံစားရအောင် သူတို့လုပ်ဆောင်နိုင်တဲ့ တာဝန်သေးသေးလေးတွေပေးပါ။ က၁၅ ၁၁/၁၅ ၁:၁၀၊ ၁၁
အင်္ဂါနေ့၊ ဇွန် ၂၇
ယခင်အရာများသည် ကွယ်ပျောက်လေပြီ။ —ဗျာ. ၂၁:၄။
မေတ္တာရှင်ဘုရားသခင်ဟာ သစ္စာရှိကျေးကျွန်တွေရဲ့ အကောင်းဆုံးအကျိုးအတွက် အမြဲလုပ်ဆောင်ပေးမယ်။ “ကိုယ်တော်သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်” လို့ ကျမ်းစာပြောတယ်။ ဘုရားသခင့်မေတ္တာကို တန်ဖိုးထားလေးမြတ်တဲ့ နာခံမှုရှိသူတွေအတွက် သိပ်ကောင်းမွန်တဲ့ အနာဂတ် စောင့်ကြိုနေပါတယ်။ ‘အပြစ်ပြောစရာမရှိသူကို သတိပြုကြည့်ပါ။ စိတ်ရိုးဖြောင့်သူကို မျက်ခြည်မပြတ် ကြည့်နေပါ။ သူလိုလူရဲ့ အနာဂတ်ဟာ ငြိမ်းချမ်းနေလိမ့်မယ်။ ပြစ်မှားသူတွေကတော့ ဖျက်ဆီးခံရလိမ့်မယ်’ လို့ ကျမ်းစာပြောတယ်။ (ဆာ. ၃၇:၃၇၊ ၃၈၊ ကဘ) ‘အပြစ်ပြောစရာမရှိသူ’ ဟာ ယေဟောဝါနဲ့ သားတော်အကြောင်း သိကျွမ်းအောင်လုပ်ပြီး ဘုရားသခင့် အလိုတော်ကို နာခံမှုရှိရှိ လုပ်ဆောင်တယ်။ (ယော. ၁၇:၃) ‘လောကနှင့် လောကတပ်မက်ခြင်းတို့သည် ရွေ့သွားကွယ်ပျောက်ဆဲရှိပြီး ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်သောသူမူကား အစဉ်အမြဲတည်’ တယ်ဆိုတာ သူ အကြွင်းမဲ့ယုံတယ်။ (၁ ယော. ၂:၁၇) ဒီလောကရဲ့အဆုံး နီးနေပြီဖြစ်လို့ “ယေဟောဝါကို မျှော်လင့်ပြီး ကိုယ်တော့်လမ်းစဉ်အတိုင်း လိုက်လျှောက်” ဖို့ သိပ်အရေးကြီးတယ်။—ဆာ. ၃၇:၃၄၊ ကဘ။ က၁၅ ၁၁/၁၅ ၃:၁၁၊ ၁၂
ဗုဒ္ဓဟူးနေ့၊ ဇွန် ၂၈
စပါးရိတ်စရာ များစွာရှိ၏။ လုပ်သားတို့မူကား နည်းကြ၏။—မ. ၉:၃၇။
ဘုရင်ယေရှုရဲ့ လမ်းညွှန်မှုအောက်မှာ ဘုရားသခင့်လူမျိုးဟာ လူများနိုင်သမျှများများကို ဟောပြောနိုင်ဖို့ နည်းလမ်းမျိုးစုံ အသုံးပြုခဲ့တယ်။ လုပ်သားအနည်းငယ်ပဲရှိတဲ့အချိန်မှာ အဲဒီနည်းလမ်းတွေဟာ သိပ်ထိရောက်တယ်။ ဥပမာ၊ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက သတင်းကောင်းဟောပြောဖို့ သတင်းစာတွေ အသုံးပြုခဲ့တယ်။ ညီအစ်ကိုရပ်စယ်လ်ဟာ အပတ်တိုင်း ကျမ်းစာဟောပြောချက်တစ်ခုကို သတင်းစာဌာနဆီ ပို့ပေးတယ်။ သူတို့ကတစ်ဆင့် ကနေဒါ၊ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ သတင်းစာတိုက်တွေဆီ ပြန်ပို့တယ်။ ၁၉၁၃ မှာ ညီအစ်ကိုရပ်စယ်လ်ရဲ့ ဟောပြောချက်တွေကို သတင်းစာ ၂,၀၀၀ မှာ ထည့်သွင်းခဲ့တယ်။ လူပေါင်း ၁၅,၀၀၀,၀၀၀ လောက် ဖတ်ရှုခဲ့ရတယ်။ ညီအစ်ကိုရပ်စယ်လ် သေဆုံးပြီးနောက် သတင်းကောင်းပျံ့နှံ့ဖို့ ကူညီပေးတဲ့ နောက်နည်းလမ်းတစ်ခုကတော့ ရေဒီယိုဖြစ်တယ်။ ၁၉၂၂၊ ဧပြီ ၁၆ မှာ ညီအစ်ကိုရပ်သဖော့ဒ်ဟာ ကျမ်းစာဟောပြောချက်တစ်ခုကို ရေဒီယိုကနေ ဦးဆုံးအကြိမ် အသံလွှင့်ခဲ့တယ်။ လူပေါင်း ၅၀,၀၀၀ လောက် နားထောင်ခဲ့ရတယ်။ မကြာခင်မှာပဲ ဒဗလျူဘီဘီအာရ်လို့ခေါ်တဲ့ ကိုယ်ပိုင်ရေဒီယိုအသံလွှင့်ရုံကို တည်ထောင်ပြီး ၁၉၂၄၊ ဖေဖော်ဝါရီ ၂၄ မှာ စတင်အသံလွှင့်ခဲ့တယ်။ က၁၅ ၁၁/၁၅ ၅:၁၀၊ ၁၁
ကြာသပတေးနေ့၊ ဇွန် ၂၉
ငါဖြစ်သည်အတိုင်း ငါဖြစ်၏။—ထွ. ၃:၁၄။
ယေဟောဝါဟာ မိမိရဲ့ ဖန်ဆင်းရာတွေကို ဘာမဆိုဖြစ်လာစေတယ်။ ဥပမာ၊ နောဧကို သင်္ဘောဆောက်လုပ်သူ၊ ဗေဇလေလကို ကျွမ်းကျင်တဲ့လက်မှုပညာရှင်၊ ဂိဒေါင်ကို စစ်သူကြီး၊ ပေါလုကို သာသနာပြု ဖြစ်စေခဲ့တယ်။ မှန်ပါတယ်၊ ဘုရားသခင့်နာမည်ဟာ အဓိပ္ပာယ်ပြည့်ဝမှန်း ဘုရားသခင့်လူမျိုး နားလည်တယ်။ ဒါကြောင့် ကမ္ဘာသစ်ဘာသာပြန်ကျမ်းမှာ ဘုရားသခင့်နာမည်ကို ထည့်သွင်းဖို့ ကျမ်းကော်မတီ ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ ဘုရားသခင့်နာမည်ကို ထုတ်ပစ်တဲ့ ဘာသာပြန်ကျမ်းစာတွေ များသည်ထက်များလာတယ်။ ဘုရားသခင့်နာမည်နေရာမှာ “သခင်” ဆိုတဲ့ဘွဲ့ ဒါမှမဟုတ် ဒေသခံဘုရားတစ်ပါးပါးရဲ့ နာမည်ကို အစားထိုးထည့်သွင်းကြတယ်။ ဒါကြောင့် ဘုရားသခင့်နာမည်ကို ဂုဏ်တင်တဲ့ကျမ်းစာကို လူအားလုံးရရှိနိုင်အောင် အုပ်ချုပ်ရေးအဖွဲ့ ဦးစားပေးလုပ်ဆောင်နေတယ်။ (မာလ. ၃:၁၆) ယေဟောဝါရဲ့နာမည်ကို မူလနေရာမှာ ထည့်သွင်းခြင်းအားဖြင့် ဂုဏ်တင်ထားတဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို လောလောဆယ် ဘာသာစကား ၁၃၀ ကျော်နဲ့ရရှိနိုင်ပြီ။ က၁၅ ၁၂/၁၅ ၂:၇-၉
သောကြာနေ့၊ ဇွန် ၃၀
မြို့သားကလည်း ငါနာသည်ဟုမဆိုရ။ —ဟေရှာ. ၃၃:၂၄။
လူတွေရဲ့ ကျန်းမာရေးကို တစ်ခုခုလုပ်ပေးနိုင်တဲ့တန်ခိုး ယေဟောဝါမှာ ရှိတယ်။ ကိုယ်တော်က လူတချို့ကို ကပ်ရောဂါနဲ့ ဒဏ်ခတ်ခဲ့တယ်။ ဥပမာ၊ အာဗြဟံခေတ်တုန်းက ဖာရော၊ နောက်ပိုင်းမှာ မောရှေရဲ့အစ်မ မိရိအံ စတဲ့ပုဂ္ဂိုလ်တွေကို ဖြစ်တယ်။ (က. ၁၂:၁၇။ တော. ၁၂:၉၊ ၁၀။ ၂ ရာ. ၂၄:၁၅) ဘုရားသခင်အပေါ် အစ္စရေးတွေ သစ္စာမရှိတဲ့အခါ “အနာရောဂါ” တွေနဲ့ ဒဏ်ခတ်ခဲ့တယ်။ (တရား. ၂၈:၅၈-၆၁) တချို့အချိန်အခါတွေမှာကျတော့ ယေဟောဝါဟာ သူ့လူမျိုးကို အနာရောဂါတွေ မခံစားရအောင် ကာကွယ်ပေးခဲ့တယ်။ (ထွ. ၂၃:၂၅။ တရား. ၇:၁၅) ရောဂါတချို့ကို ကုသပေးခဲ့တယ်။ ဥပမာ၊ ယောဘဟာ ရောဂါဆိုးကြောင့် သေမတတ် ဝေဒနာခံစားနေရချိန်မှာ ယေဟောဝါ ကုသပေးခဲ့တယ်။ (ယောဘ ၂:၇။ ၃:၁၁-၁၃။ ၄၂:၁၀၊ ၁၆) မှန်ပါတယ်။ မကျန်းမာသူတွေကို ယေဟောဝါ ကုသပေးနိုင်တာ သေချာတယ်။ ယေရှုလည်း လူနာတွေကို ကုသပေးနိုင်တယ်။ မြေကြီးပေါ်ရှိတုန်းက အနူရောဂါ၊ ဝက်ရူးပြန်ရောဂါရှိသူတွေကို ကုသပေးခဲ့တယ်။ မျက်မမြင်တွေ၊ လေဖြတ်နေသူတွေကိုလည်း ကုသပေးခဲ့တယ်။ (မ. ၄:၂၃၊ ၂၄။ ယော. ၉:၁-၇) အဲဒီအံ့ဖွယ်အမှုတွေက ကမ္ဘာသစ်မှာ ယေရှုလုပ်ဆောင်ပေးမယ့် အံ့ဖွယ်ရာတွေကို စောင့်မျှော်နေဖို့ ကူညီပေးတယ်။ က၁၅ ၁၂/၁၅ ၄:၃၊ ၄