ဒီဇင်ဘာ
သောကြာနေ့၊ ဒီဇင်ဘာ ၁
ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် ကိုယ်တော်မြတ်နှင့် မိဿဟာယဖွဲ့ရသောအခွင့် . . . ရှိကြ၏။—ဆာ. ၂၅:၁၄။
ကျမ်းစာမှာ အာဗြဟံကို ဘုရားသခင့်မိတ်ဆွေလို့ သုံးကြိမ် ခေါ်ဆိုထားတယ်။ (၆ ရာ. ၂၀:၇။ ဟေရှာ. ၄၁:၈။ ယာ. ၂:၂၃) ဘုရားသခင့်မိတ်ဆွေအဖြစ် ကျမ်းစာမှာ တိုက်ရိုက်ခေါ်ဆိုခံရတဲ့ တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်တယ်။ အဲဒီလိုပြောလို့ အာဗြဟံတစ်ယောက်တည်း ယေဟောဝါရဲ့မိတ်ဆွေဖြစ်တယ်လို့ ဆိုလိုသလား။ မဆိုလိုပါဘူး။ ကျွန်တော်တို့အားလုံး အဲဒီအခွင့်အရေးရရှိနိုင်တယ်လို့ ကျမ်းစာပြောတယ်။ ယေဟောဝါကို ကြောက်ရွံ့တဲ့၊ ယုံကြည်တဲ့၊ ကိုယ်တော်နဲ့မိတ်ဆွေဖြစ်ခဲ့တဲ့ သစ္စာရှိအမျိုးသားအမျိုးသမီးများစွာရဲ့ မှတ်တမ်းတွေ ကျမ်းစာမှာ အပြည့်ရှိတယ်။ သူတို့အားလုံးဟာ ပေါလုပြောခဲ့တဲ့ “အလွန်ကြီးမားသော သက်သေအုပ်စုကြီး” ထဲမှာပါပြီး ဘုရားသခင့်မိတ်ဆွေတွေ ဖြစ်တယ်။ (ဟေဗြဲ ၁၂:၁) သူတို့ထဲမှာ လူအမျိုးမျိုးအဖုံဖုံ ပါဝင်တယ်။— ဘုရားသခင်နဲ့ မိတ်ဆွေဖြစ်ရတဲ့ အခွင့်ထူးကို ရရှိထားကြတယ်။ စံထားလောက်စရာ အဲဒီယုံကြည်ခြင်းပုံနမူနာတွေကို ဆက်တုပကြပါစို့။ (ဟေဗြဲ ၆:၁၁၊ ၁၂) အဲဒီလိုလုပ်ဆောင်မယ်ဆိုရင် ယေဟောဝါနဲ့ ထာဝရမိတ်ဆွေဖြစ်ခွင့်ဆိုတဲ့ဆုကို ရရှိမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ က၁၆.၀၂ ၂:၁၊ ၂၊ ၁၉
စနေနေ့၊ ဒီဇင်ဘာ ၂
ငါသည် ငါ့အလိုအတိုင်း ဆောင်ရွက်ရန် . . . မဟုတ်။ ငါ့ကို စေလွှတ်တော်မူသော အရှင်၏အလိုတော်ကို ဆောင်ရန် ဆင်းသက်လာ၏။—ယော. ၆:၃၈။
သူငယ်ချင်းတစ်ယောက်က သင့်ကို ကားတစ်စီး လက်ဆောင်ပေးတယ် ဆိုပါစို့။ ကားရဲ့ တရားဝင် စာချုပ်စာတမ်းတွေကို သင့်လက်ထဲ ထည့်ပေးပြီး “သော့ကိုတော့ ကျွန်တော်ပဲ ယူထားမယ်။ ကျွန်တော်ပဲ မောင်းမယ်” လို့ ဆက်ပြောတယ်။ သင် ဘယ်လို ခံစားရမလဲ။ လူတစ်ယောက် ကိုယ့်ဘဝကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံတာဟာ “ကျွန်တော့်ဘဝကို ပေးအပ်ပါတယ်။ ကျွန်တော့်ကို ကိုယ်တော် ပိုင်သွားပြီ” လို့ ကတိပေးလိုက်တာ ဖြစ်တယ်။ ဒါကြောင့် အဲဒီကတိတည်ဖို့ ယေဟောဝါ မျှော်လင့်ထိုက်တယ်။ ဒါပေမဲ့ အဲဒီလူက ယေဟောဝါကို မနာခံတော့ဘဲ မယုံကြည်သူတစ်ယောက်နဲ့ တိတ်တခိုး ရည်းစားထားတယ် ဒါမှမဟုတ် အစည်းအဝေးနဲ့ အမှုဆောင်အတွက် အချိန်သိပ်မပေးနိုင်တဲ့ အလုပ်မျိုး လက်ခံလိုက်တယ်ဆိုပါစို့။ သူဟာ ကားသော့ယူထားတဲ့သူလို ကတိမတည်သူ ဖြစ်သွားပါလိမ့်မယ်။ တကယ်တော့ ယေဟောဝါဆီ ဆက်ကပ်အပ်နှံတုန်းက “ကျွန်တော့်ဘဝကို ကျွန်တော် မပိုင်တော့ပါဘူး။ ကိုယ်တော်ပဲ ပိုင်ပါတယ်” လို့ ပြောလိုက်တာ ဖြစ်တယ်။ ဒါကြောင့် ကိုယ့်အလိုနဲ့ ယေဟောဝါရဲ့ အလို ဆန့်ကျင်လာချိန်မှာတောင် ယေဟောဝါရဲ့ အလိုအတိုင်း ကျွန်တော်တို့ အမြဲလုပ်ဆောင်ပါလိမ့်မယ်။ ဒီနေ့ကျမ်းချက်ပါစကားတွေကို ပြောခဲ့တဲ့ ယေရှုကို တုပကြပါစို့။ က၁၆.၀၃ ၁:၁၆၊ ၁၇
တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၃
ကိုယ်တော်နှင့် အကျွန်ုပ် မကွာရပါ။ —၄ ရာ. ၂:၂။
လွန်ခဲ့တဲ့နှစ်ပေါင်း ၃,၀၀၀ လောက်မှာ ပရောဖက်ဧလိယက လူငယ်ဧလိရှဲကို သူ့လက်ထောက်အဖြစ် ကူညီပေးဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဧလိရှဲ ချက်ချင်းလက်ခံလိုက်ပြီး ပရောဖက်ရဲ့ဝေယျာဝစ္စတွေကို သစ္စာရှိရှိလုပ်ပေးခဲ့တယ်။ (၄ ရာ. ၃:၁၁) ဧလိယက ဧလိရှဲကို ခြောက်နှစ်လောက် လေ့ကျင့်ပေးတယ်။ အစ္စရေးမှာ ဧလိယရဲ့ အမှုဆောင်တာဝန် ပြီးဆုံးတော့မယ်။ ဒီအချိန်မှာ ဧလိယက သူ့နောက် မလိုက်တော့ဖို့ ဧလိရှဲကို ပြောတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံး ဆရာ့နားမှာနေဖို့ ဧလိရှဲ စိတ်ပိုင်းဖြတ်ထားတယ်။ လူငယ်ညီအစ်ကိုတစ်ယောက်အနေနဲ့ ဧလိရှဲကို သင်ဘယ်လိုတုပနိုင်သလဲ။ ပါချည်ပါချဲ့အလုပ် ဖြစ်နေရင်တောင် ကိုယ်ရတဲ့တာဝန်မှန်သမျှကို ချက်ချင်းလက်ခံပါ။ သင့်ကိုလေ့ကျင့်ပေးသူဟာ သင့်မိတ်ဆွေဖြစ်တယ်ဆိုတာ သတိရပါ။ သင့်အတွက် သူလုပ်ဆောင်ပေးနေတာတွေကို တန်ဖိုးထားလေးမြတ်တယ်ဆိုတာ သူ့ကိုပြောပြပါ။ အရေးကြီးဆုံးကတော့ သင့်တာဝန်ကို သစ္စာရှိရှိထမ်းဆောင်ပါ။ ဘာကြောင့်လဲ။ သင်ဟာ သစ္စာရှိသူ၊ ယုံကြည်အားထားရသူဖြစ်တယ်ဆိုတာ ဖော်ပြမှသာ ယေဟောဝါက သင့်ကို အသင်းတော်မှာ ထပ်ဆင့်တာဝန်တွေ ပေးချင်နေတယ်ဆိုတာကို အကြီးအကဲတွေ ယုံကြည်စိတ်ချနိုင်မှာဖြစ်တယ်။—ဆာ. ၁၀၁:၆။ ၂ တိ. ၂:၂။ က၁၅ ၄/၁၅ ၂:၁၃၊ ၁၄
တနင်္လာနေ့၊ ဒီဇင်ဘာ ၄
ကိုယ်အကျိုးပျက်ရသော်လည်း ကိုယ်ကျိန်ဆိုသော သစ္စာကတိကို မဖျက်။—ဆာ. ၁၅:၄။
ရှောလုက ယောနသန်ကို နောက်တက်မယ့်ဘုရင်ဖြစ်စေချင်တယ်။ (၁ ရာ. ၂၀:၃၁) ဒါပေမဲ့ ယောနသန်က ကိုယ့်အကျိုးကို ဦးစားမပေးဘူး။ ယေဟောဝါကို ချစ်ပြီး သစ္စာစောင့်သိတယ်။ ဒါဝိဒ်နဲ့ မိတ်ဆွေဖွဲ့ပြီး ကတိတည်ခဲ့တယ်။ ဘုရားသခင်ကို သစ္စာစောင့်သိတဲ့အတွက် ကျွန်တော်တို့ ကတိတည်ပါလိမ့်မယ်။ ဥပမာ၊ စီးပွားရေးသဘောတူညီချက်တစ်ခု ပြုလုပ်တဲ့အခါ မျှော်လင့်ထားတာထက် ပိုခက်ခဲရင်တောင် သဘောတူထားတဲ့အတိုင်း ကတိတည်ဖို့ ကြိုးစားပါလိမ့်မယ်။ အိမ်ထောင်မှာ ပြဿနာတွေ ဖြစ်လာတဲ့အခါလည်း ကိုယ့်အိမ်ထောင်ဖက်ကို ဆက်သစ္စာရှိခြင်းအားဖြင့် ယေဟောဝါကိုချစ်ကြောင်း ဖော်ပြပါလိမ့်မယ်။ (မာလ. ၂:၁၃-၁၆) ကျွန်တော်တို့ကို ညီအစ်ကိုညီအစ်မတွေ စိတ်ပျက်အောင်လုပ်တဲ့အခါမှာတောင် သူတို့ကို ဆက်သစ္စာစောင့်သိကြပါစို့။ ခက်ခဲတဲ့ အခြေအနေတွေမှာတောင် ယေဟောဝါကို ဆက်သစ္စာစောင့်သိကြပါစို့။ ဒါဆို ယေဟောဝါရဲ့ စိတ်ကို ရွှင်လန်းစေပါလိမ့်မယ်။ (သု. ၂၇:၁၁) ယေဟောဝါအပေါ် ဆက်သစ္စာစောင့်သိမယ်ဆိုရင် ကျွန်တော်တို့ရဲ့ အကောင်းဆုံးအကျိုးအတွက် ကိုယ်တော် ဘယ်လို လုပ်ဆောင်မယ်ဆိုတာ မြင်တွေ့ခွင့် ရပါလိမ့်မယ်။ က၁၆.၀၂ ၃:၁၆၊ ၁၇
အင်္ဂါနေ့၊ ဒီဇင်ဘာ ၅
ကိုယ်တော်ကို မျှော်လင့်သောသူ အပေါင်းတို့သည် မင်္ဂလာရှိကြ၏။—ဟေရှာ. ၃၀:၁၈။
လူတစ်ဦးစီ ခံနိုင်တဲ့အရာ၊ မခံနိုင်တဲ့အရာကို ယေဟောဝါသိတယ်ဆိုတာ အမှတ်ရပါ။ (ဆာ. ၁၀၃:၁၄) ဒါကြောင့် ကျွန်တော်တို့ လိုအပ်တဲ့ခွန်အားကို ကိုယ်တော်ပေးတယ်။ ဆက်မခံနိုင်တော့ဘူးလို့ ခံစားရတဲ့အချိန်အခါတွေ ရှိနိုင်ပါတယ်။ အဲဒီလိုအခါမျိုးမှာ ‘လွတ်မြောက်ရာလမ်းကို ပြင်ဆင်ပေး’ မယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ (၁ ကော. ၁၀:၁၃) ကျွန်တော်တို့ ခံရပ်နိုင်တဲ့ အတိုင်းအတာကို ယေဟောဝါ သိတယ်ဆိုတာ ယုံကြည် စိတ်ချ နိုင်ပါတယ်။ ယေဟောဝါဆီ ဆုတောင်း ပြီး အကူအညီ တောင်းပေမဲ့ ချက်ချင်း အဖြေမရတဲ့အခါ စိတ်ရှည်ကြပါစို့။ ယေဟောဝါက ကျွန်တော်တို့ကို ကူညီပေးချင်ပေမဲ့ အကောင်းဆုံးအချိန်ကို စောင့်နေတယ်ဆိုတာ သတိရပါ။ ‘ယေဟောဝါက သင်တို့ကို မျက်နှာသာပေးဖို့ စိတ်ရှည်ရှည် စောင့်နေတယ်။ သင်တို့ကို ကရုဏာပြဖို့ ထလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ယေဟောဝါဟာ တရားမျှတတဲ့ ဘုရားသခင်ဖြစ်လို့ပဲ။’ က၁၅ ၄/၁၅ ၄:၈၊ ၉
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၆
ဘုရားသခင်ကို မျှော်လင့်နေသော ရှေးက သန့်ရှင်းသောအမျိုးသမီးတို့သည်လည်း မိမိတို့ကိုယ်ကို ထိုသို့ဆင်ယင်လေ့ရှိ၍ မိမိတို့ခင်ပွန်းကို လက်အောက်ခံခဲ့ကြ၏။—၁ ပေ. ၃:၅။
မိသားစုဝင်အချင်းချင်း ပူးပေါင်းလုပ်ဆောင်ဖို့ ဘာက ကူညီပေးနိုင်သလဲ။ ပတ်စဉ် မိသားစုဝတ်ပြုမှု ပြုလုပ်ခြင်းက ကူညီပေးနိုင်တယ်။ မိဘနဲ့သားသမီးတွေ အချိန်ယူပြီး ယေဟောဝါအကြောင်း အတူလေ့လာခြင်းဟာ အချင်းချင်းအပေါ်ထားတဲ့ မေတ္တာ တိုးများစေတယ်။ မိသားစုဝတ်ပြုမှုမှာ လယ်ကွင်းလုပ်ငန်းအတွက် လေ့ကျင့်မယ်ဆိုရင် ထိထိရောက်ရောက် ဟောပြောဖို့ အကူအညီရရှိနိုင်တယ်။ မိသားစုဝင်တွေဟာ အမှန်တရားအကြောင်း အချင်းချင်း ပြောဆိုတာကို ကြားရတဲ့အခါ၊ အားလုံးမှာ ယေဟောဝါကိုချစ်တဲ့ မေတ္တာနဲ့ အလိုတော်ဆောင်ချင်တဲ့ဆန္ဒရှိမှန်း မြင်ရတဲ့အခါ ပိုရင်းနှီးလာကြတယ်။ အိမ်ထောင်မှာ ခင်ပွန်းနဲ့ဇနီးဟာ ဘယ်လို ပူးပေါင်းလုပ်ဆောင်နိုင်သလဲ။ သူတို့နှစ်ယောက်စလုံး ယေဟောဝါကိုချစ်ပြီး အတူဝတ်ပြုတဲ့အခါ အိမ်ထောင်မှာ ပိုပျော်ရွှင်စည်းလုံးလာပါလိမ့်မယ်။ သူတို့ဟာ အာဗြဟံနဲ့ စာရာလို၊ ဣဇာက်နဲ့ ရေဗက္ကလို၊ ဧလကာနနဲ့ ဟန္နလို တစ်ယောက်ကိုတစ်ယောက် ချစ်မှန်း ဖွင့်ဟဖော်ပြသင့်တယ်။ (က. ၂၆:၈။ ၁ ရာ. ၁:၅၊ ၈) အဲဒီလို လုပ်ဆောင်မယ်ဆိုရင် အိမ်ထောင်ဖက်အချင်းချင်း စည်းလုံးပြီး ယေဟောဝါနဲ့ ပိုရင်းနှီးလာပါလိမ့်မယ်။—ဒေ. ၄:၁၂။ က၁၆.၀၃ ၃:၁၂၊ ၁၃
ကြာသပတေးနေ့၊ ဒီဇင်ဘာ ၇
[စာတန်] ကို ဆန့်ကျင်ကြလော့။ ယုံကြည်ခြင်းတွင် ခိုင်ခံ့မြဲမြံကြလော့။—၁ ပေ. ၅:၉။
စာတန်ဟာ ဘိသိက်ခံ အကြွင်းအကျန်တွေနဲ့ “အခြားသိုး” တွေကို တိုက်ခိုက်နေတယ်။ (ယော. ၁၀:၁၆) ကျန်ရှိနေတဲ့ အချိန်တိုအတွင်း ယေဟောဝါရဲ့ကျေးကျွန် များနိုင်သမျှများများကို ဝါးမျိုဖို့ အစွမ်းကုန်ကြိုးစားနေတယ်။ (ဗျာ. ၁၂:၉၊ ၁၂ ) ဒါပေမဲ့ စာတန်ကို တိုက်ခိုက်အောင်မြင်နိုင်ပါတယ်။ ‘မာရ်နတ်ကို ခုခံတွန်းလှန်ကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံမှ ထွက်သွားလိမ့်မည်’ လို့ ကျမ်းစာမှာပြောထားတယ်။ (ယာ. ၄:၇) လူများစွာဟာ စာတန်တည်ရှိတယ်ဆိုတဲ့ အယူအဆကို လှောင်ပြောင်ကြတယ်။ သူတို့အတွက်တော့ စာတန်နဲ့ နတ်ဆိုးတွေဟာ စာအုပ်တွေ၊ သရဲကားတွေ၊ ဗီဒီယိုဂိမ်းတွေထဲက ဇာတ်ကောင်တွေလောက်ပဲဖြစ်တယ်။ စဉ်းစားဉာဏ်ရှိသူဟာ နတ်ဆိုးတွေ ရှိတာကို မယုံဘူးလို့ သူတို့ထင်ကြတယ်။ စာတန်နဲ့ နတ်ဆိုးတွေ တကယ်တည်ရှိတာကို လူတွေ မယုံလို့ စာတန် စိတ်အနှောင့်အယှက်ဖြစ်သလား။ မဖြစ်ပါဘူး။ သူတည်ရှိမှန်း မယုံသူတွေကို လှည့်စားရတာ ပိုတောင်လွယ်သေးတယ်။ (၂ ကော. ၄:၄) တကယ်တော့ စာတန်ဟာ လူတွေကို အဲဒီလို ယုံစေချင်တယ်။ ဒါမှ သူတို့ကို လှည့်စားလို့ရမယ်။ က၁၅ ၅/၁၅ ၂:၁၊ ၂
သောကြာနေ့၊ ဒီဇင်ဘာ ၈
[မောရှေသည်] ဘိသိက်ပေးခံရသူအဖြစ် ကဲ့ရဲ့ရှုတ်ချခံရခြင်းကို အီဂျစ်ပြည်၏ဘဏ္ဍာထက် သာ၍မြတ်သောဘဏ္ဍာဟု ယူမှတ်၍ ရရှိမည့်ဆုကျေးဇူးကို စေ့စေ့ ကြည့်ရှု . . . ၏။—ဟေဗြဲ ၁၁:၂၆။
မောရှေဟာ မိဘအရင်းတွေဆီကနေ ယေဟောဝါအကြောင်း သိရှိခဲ့တယ်။ ယေဟောဝါဟာ ဟီဘရူးတွေကို ကျွန်ဘဝကနေ ကယ်လွှတ်ပြီး ကတိထားရာပြည်ကို ပေးမယ်လို့ ကတိပြုထားတဲ့အကြောင်း မောရှေကို မိဘတွေ သင်ပေးတယ်။ (က. ၁၃:၁၄၊ ၁၅။ ထွ. ၂:၅-၁၀) အဲဒီကတိတွေအကြောင်း မောရှေ စိတ်ကူးလေ ယေဟောဝါကို ပိုချစ်လေ ဖြစ်လာတယ်။ ဟီဘရူးတွေကို ကျွန်ဘဝကနေ ကယ်တင်မယ့် ယေဟောဝါရဲ့ ကတိအကြောင်း မောရှေ အလေးအနက် စဉ်းစားခဲ့မှာပဲ။ အဲဒီအပြင် လူသားအားလုံးကို သေခြင်းကနေ ယေဟောဝါ ကယ်တင်မယ်ဆိုတာ တခြားကျေးကျွန်တွေလိုပဲ မောရှေ သိတယ်။ (ယောဘ ၁၄:၁၄၊ ၁၅။ ဟေဗြဲ ၁၁:၁၇-၁၉) ဒါကြောင့် လူတွေကို ယေဟောဝါ ဘယ်လောက်ချစ်တယ်ဆိုတာ မောရှေနားလည်တယ်။ ဒီအချက်က ယေဟောဝါကို ပိုချစ်လာစေတယ်။ ပိုယုံကြည်စိတ်ချလာစေတယ်။ တစ်သက်လုံး ယေဟောဝါကို ဆက်အမှုဆောင်ဖို့ သူ့ကို ကူညီပေးခဲ့တယ်။ (တရား. ၆:၄၊ ၅) သူ့ကို သတ်မယ်လို့ ဖာရော ခြိမ်းခြောက်တာကိုတောင် မကြောက်တော့ဘူး။ အနာဂတ်မှာ ယေဟောဝါ ဆုချမယ်ဆိုတာကို မောရှေ ယုံကြည်တယ်။—ထွ. ၁၀:၂၈၊ ၂၉။ က၁၅ ၅/၁၅ ၃:၁၁-၁၃
စနေနေ့၊ ဒီဇင်ဘာ ၉
စပျစ်ဝိုင် မရှိ။—ယော. ၂:၃။
ယေရှုဟာ ကာနမြို့က မင်္ဂလာဆောင်မှာ ပထမဆုံးအံ့ဖွယ်အမှုကို ပြုလုပ်ခဲ့တယ်။ မျှော်လင့်ထားတာထက် ဧည့်သည်တွေပိုများသွားလို့ ဝိုင်မလောက်တာ ဖြစ်နိုင်တယ်။ ကြင်စဦးမောင်နှံအတွက် တော်တော်ရှက်စရာပဲ။ သူတို့ ဧည့်ဝတ်မကျေသလို ဖြစ်သွားတယ်။ မင်္ဂလာပွဲမှာ ယေရှုရဲ့မိခင် မာရိလည်း ရှိနေတယ်။ နှစ်တွေတစ်လျှောက် မာရိဟာ ယေရှုနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်အားလုံးကို သေချာတွေးတောခဲ့မှာပဲ။ ယေရှုဟာ “အမြင့်ဆုံးသောအရှင်၏ သားတော်” လို့ အခေါ်ခံရမယ်ဆိုတာ မာရိသိတယ်။ (လု. ၁:၃၀-၃၂။ ၂:၅၂) ယေရှုမှာ အံ့ဖွယ်အမှုပြုလုပ်နိုင်တဲ့ တန်ခိုးရှိတယ်လို့ မာရိယုံကြည်တဲ့အတွက် ယေရှုဆီ အကူအညီတောင်းလိုက်တာလား။ ဘာပဲဖြစ်ဖြစ် မာရိရော ယေရှုပါ ဒီဇနီးမောင်နှံကို ကူညီချင်တာ ထင်ရှားတယ်။ ဒါကြောင့် ယေရှုဟာ ရေလီတာ ၃၈၀ (ဂါလံ ၁၀၀) ကို “ကောင်းသောစပျစ်ဝိုင်” အဖြစ် အံ့ဖွယ်နည်းနဲ့ ပြောင်းလဲပေးလိုက်တယ်။ (ယော. ၂:၆-၁၁) ယေရှုမှာ ဒီအံ့ဖွယ်အမှု ပြုလုပ်ဖို့ တာဝန်ရှိလို့လား။ မရှိပါဘူး။ ဒါပေမဲ့ ဒီလိုလုပ်ပေးတာဟာ လူတွေကို ဂရုစိုက်လို့၊ ရက်ရောတဲ့ဖခင်ကို တုပလို့ဖြစ်တယ်။ က၁၅ ၆/၁၅ ၁:၃
တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၁၀
သခင်၊ ကိုယ်တော်သည် အစ္စရေးလူမျိုးအတွက် နိုင်ငံကို ယခု ပြန်တည်ထောင်ပေးမည်လော။—တ. ၁:၆။
ယေရှု ကောင်းကင်ပြန်မတက်ခင်မှာ တပည့်တွေက အထက်ပါအတိုင်းမေးကြတယ်။ ဘုရားသခင့်နိုင်ငံတော် စတင်အုပ်ချုပ်မယ့်အချိန်ကို သိဖို့ အချိန်မတန်သေးဘူးလို့ ယေရှုပြန်ဖြေတယ်။ အဲဒီအချိန်မှာ တပည့်တွေ အာရုံစိုက်ရမှာက အရေးကြီးတဲ့ ဟောပြောခြင်းလုပ်ငန်းပဲ။ (တ. ၁:၇၊ ၈) ဒါပေမဲ့ ဘုရားသခင့်နိုင်ငံတော် လာပါစေလို့ ဆုတောင်းဖို့၊ အဲဒီအချိန်ကို မျှော်လင့်စောင့်စားနေဖို့ သူတို့ကို ယေရှုသင်ပေးတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း နိုင်ငံတော်လာပါစေလို့ ဆုတောင်းနေဆဲပဲ။ ကောင်းကင်မှာ ယေရှု စတင်အုပ်ချုပ်မယ့်အချိန် နီးလာတဲ့အခါ ဘယ်ခုနှစ်မှာ စတင်အုပ်ချုပ်မယ်ဆိုတာ မိမိကျေးကျွန်တွေ နားလည်လာဖို့ ယေဟောဝါကူညီပေးခဲ့တယ်။ ၁၈၇၆ မှာ ချားလ်စ် တေ့ဇ် ရပ်စယ်လ်က “ဘယ်အချိန်မှာ လူမျိုးခြားအချိန် ကုန်ဆုံးသလဲ” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့တယ်။ ဒံယေလရဲ့ကြိုဟောချက်မှာပါတဲ့ “ခုနစ်နှစ်” ဟာ ယေရှုရဲ့ကြိုဟောချက်မှာပါတဲ့ ‘လူမျိုးခြားအချိန်’ နဲ့တူညီတယ်ဆိုပြီး ရပ်စယ်လ်ရှင်းပြတယ်။ အဲဒီအချိန်ဟာ ၁၉၁၄ မှာ ကုန်ဆုံးမယ်လို့ ဆက်ရှင်းပြတယ်။—ဒံ. ၄:၁၆; လု. ၂၁:၂၄။ က၁၅ ၆/၁၅ ၄:၁၁၊ ၁၂
တနင်္လာနေ့၊ ဒီဇင်ဘာ ၁၁
ယေရှုသည် မျက်ရည်ကျတော်မူ၏။—ယော. ၁၁:၃၅။
တခြားသူတွေနာကျင်ခံစားရတဲ့အခါယေရှု တအားစိတ်ထိခိုက်တယ်။ ဥပမာ၊ မိတ်ဆွေလာဇရု သေဆုံးသွားလို့ လာဇရုရဲ့ မိသားစုနဲ့ မိတ်ဆွေတွေ ငိုကြွေးနေတာကို ယေရှုမြင်တဲ့အခါ ‘အလွန်စိတ်ညှိုးငယ်ပြီး စိတ်ပူပန်’ ခဲ့တယ်။ (ယော. ၁၁:၃၃-၃၆) လာဇရုကို မကြာခင် ထမြောက်ပေးတော့မှာဖြစ်ပေမဲ့ ယေရှု မျက်ရည်ကျမိတယ်။ ကိုယ့်ခံစားချက်ကို တခြားသူတွေသိသွားမှာ မကြောက်ဘူး။ လာဇရုနဲ့ သူ့မိသားစုကို ချစ်လွန်းလို့ ဘုရားပေးတန်ခိုးကိုသုံးပြီး လာဇရုကို အသက်ပြန်ရှင်စေခဲ့တယ်။ (ယော. ၁၁:၄၃၊ ၄၄) ကျမ်းစာမှာ ယေရှုကို အဖေတူသားအဖြစ် ဖော်ပြထားတယ်။ (ဟေဗြဲ ၁:၃) ဒါကြောင့် ယေရှု ပြုလုပ်ခဲ့တဲ့ အံ့ဖွယ်အမှုတွေက ယေဟောဝါမှာလည်း ရောဂါတွေ၊ နာကျင်မှုတွေနဲ့ သေခြင်းကို ဖယ်ရှားပေးလိုစိတ် ရှိတယ်ဆိုတာ နားလည်စေတယ်။ မကြာခင်မှာ ယေဟောဝါနဲ့ ယေရှုဟာ လူများစွာကို ထမြောက်ပေးပါတော့မယ်။ “သင်္ချိုင်းများမှာ ရှိသောသူအပေါင်း” ပြန်ရှင်လာလိမ့်မယ်လို့ ယေရှု ပြောတယ်။—ယော. ၅:၂၈၊ ၂၉။ က၁၅ ၆/၁၅ ၂:၁၃၊ ၁၄
အင်္ဂါနေ့၊ ဒီဇင်ဘာ ၁၂
ကြီးမြတ်၍ ကြောက်ရွံ့ဖွယ်သောနာမတော်ကို ချီးမွမ်းကြစေ။—ဆာ. ၉၉:၃။
ဘုရားတရားကိုင်းရှိုင်းသူတချို့က သေပြီးနောက် ကောင်းကင်ရောက်မှ ဘုရားသခင်ကို ချီးမွမ်းမယ်လို့ မှားယွင်းစွာ ယူဆနေကြတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့လူမျိုးကတော့ အခုကတည်းက မြေကြီးမှာ ဘုရားကိုချီးမွမ်းဖို့ အရေးကြီးမှန်းသိထားကြတယ်။ ဒီနည်းအားဖြင့် ဆာလံ ၉၉:၁-၃၊ ၅ မှာဖော်ပြထားတဲ့ ဘုရားသခင့်သစ္စာရှိကျေးကျွန်တွေရဲ့ ပုံနမူနာကို ကျွန်တော်တို့ လိုက်လျှောက်နေကြတယ်။ မောရှေ၊ အာရုန်၊ ရှမွေလစတဲ့ သစ္စာရှိသူတွေဟာ သူတို့ခေတ်မှာရှိတဲ့ စစ်မှန်တဲ့ဝတ်ပြုရေးအစီအစဉ်ကို သစ္စာရှိရှိ ကူညီထောက်မခဲ့ကြတယ်။ (ဆာ. ၉၉:၆၊ ၇) ဒီနေ့ခေတ်မှာလည်း ဘိသိက်ခံတွေဟာ ယေရှုနဲ့အတူ ယဇ်ပုရောဟိတ်တွေအဖြစ် အမှုဆောင်ဖို့ ကောင်းကင်မသွားခင် မြေကြီးပေါ်ရှိနေတုန်း ပုံဆောင်ဗိမာန်တော်ရဲ့ မြေကြီးဆိုင်ရာအပိုင်းမှာ သစ္စာရှိရှိ အမှုဆောင်နေကြတယ်။ “အခြားသိုး” သန်းပေါင်းများစွာကလည်း သူတို့ကို သစ္စာရှိရှိ ကူညီထောက်မနေတယ်။ (ယော. ၁၀:၁၆) သူတို့အုပ်စုနှစ်ခုစလုံး ယေဟောဝါကို စည်းစည်းလုံးလုံး ဝတ်ပြုနေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ယောက်တိုင်းစီရော ‘ယေဟောဝါရဲ့ စစ်မှန်တဲ့ဝတ်ပြုရေး အစီအစဉ်ကို ငါ အပြည့်အဝ ကူညီထောက်မနေသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။ က၁၅ ၇/၁၅ ၁:၄၊ ၅
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၁၃
ဆက်ပြီးစောင့်မျှော်နေပါ။—ဟဗ. ၂:၃၊ ကဘ။
ယေဟောဝါရဲ့ကျေးကျွန်တွေဟာ ပရောဖက်ပြုချက်တွေ ပြည့်စုံဖို့ စိတ်ရှည်ရှည် စောင့်မျှော်ခဲ့ကြတယ်။ ပြည်နှင်ခံဂျူးတွေကို ယုဒပြည်ဆီ ယေဟောဝါ ပြန်ခေါ်ဆောင်လာမယ်လို့ ဟေရှာယ ကြိုဟောခဲ့တယ်။ ‘ကိုယ်တော့်ကို မျှော်လင့်စောင့်စားနေသူအားလုံး ပျော်ရွှင်ရလိမ့်မယ်’ လို့ သူပြောတယ်။ (ဟေရှာ. ၃၀:၁၈၊ ကဘ) ယေဟောဝါရဲ့ ပရောဖက်ပြုချက်တွေ ပြည့်စုံလာမယ့်အချိန်ကို မိက္ခာ စောင့်မျှော်ခဲ့တယ်။ ‘ငါကတော့ ယေဟောဝါကို ဆက်ပြီးစောင့်မျှော်နေမယ်’ လို့ သူပြောတယ်။ (မိ. ၇:၇၊ ကဘ) ဘုရားသခင့်ကျေးကျွန်တွေလည်း မေရှိယ ဒါမှမဟုတ် ခရစ်တော်နဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေ ပြည့်စုံလာချိန်ကို နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့ကြတယ်။ (လု. ၃:၁၅။ ၁ ပေ. ၁:၁၀-၁၂) ဒီနေ့ခေတ်မှာလည်း ယေဟောဝါရဲ့နိုင်ငံတော်နဲ့ ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေ ပြည့်စုံမှာကို ကျွန်တော်တို့ စောင့်မျှော်နေကြတယ်။ အဲဒီနိုင်ငံတော်ရဲ့ဘုရင် ယေရှုဟာ ဘုရားသခင့်ကျေးကျွန်တွေကို အန္တရာယ်ရှိတဲ့ ဒီလောက,ကနေ ကယ်တင်ပါတော့မယ်။ လူဆိုးတွေကို ဖျက်ဆီးပြီး ဆင်းရဲဒုက္ခအားလုံးကို အဆုံးတိုင်စေပါလိမ့်မယ်။ (၁ ယော. ၅:၁၉) ဒါကြောင့် ယေဟောဝါရဲ့နေ့ အချိန်မရွေး ရောက်လာနိုင်တာကို ဆက်စောင့်မျှော်နေရမယ်။ အဲဒီနေ့အတွက် အဆင်သင့်ဖြစ်နေဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်ထားရမယ်။ က၁၅ ၈/၁၅ ၂:၁၊ ၂
ကြာသပတေးနေ့၊ ဒီဇင်ဘာ ၁၄
ကိုယ်တော်၏အိမ်တော်အတွက် ငါ၏စိတ်ထက်သန်ခြင်းသည် ရဲရဲတောက်မီးကဲ့သို့ ဖြစ်ပါလိမ့်မည်။ —ယော. ၂:၁၇။
တဲတော်ဆောက်လုပ်ဖို့ အစ္စရေးတွေကို ယေဟောဝါ မိန့်မှာတယ်။ (ထွ. ၂၅:၈) နောက်ပိုင်း၊ ဗိမာန်တော်ဆောက်ဖို့ ညွှန်ကြားတယ်။ (၃ ရာ. ၈:၂၇၊ ၂၉) ဘုရားသခင့်လူမျိုးဟာ ဗာဗုလုန်သုံ့ပန်းဘဝကနေ လွတ်မြောက်လာပြီးနောက် တရားဇရပ်တွေမှာ ပုံမှန်စုဝေးခဲ့တယ်။ (မာ. ၆:၂။ ယော. ၁၈:၂၀။ တ. ၁၅:၂၁) ပထမရာစုခရစ်ယာန်တွေဟာ အိမ်တွေမှာ စည်းဝေးကြတယ်။ (တ. ၁၂:၁၂။ ၁ ကော. ၁၆:၁၉) ဒီနေ့ခေတ် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ယေဟောဝါရဲ့လူမျိုးဟာ ယေဟောဝါအကြောင်း သင်ယူဖို့၊ ကိုယ်တော့်ကို ဝတ်ပြုဖို့ နိုင်ငံတော်ခန်းမ ထောင်ပေါင်းများစွာမှာ စည်းဝေးကြတယ်။ ယေရှုဟာ ဂျေရုဆလင်မှာရှိတဲ့ ယေဟောဝါရဲ့ ဗိမာန်တော်ကို သိပ်တန်ဖိုးထားတယ်။ ယေရှုရဲ့ တန်ဖိုးထားမြတ်နိုးမှုကို ဒီနေ့ကျမ်းချက်မှာ တွေ့နိုင်တယ်။ (ဆာ. ၆၉:၉၊ ကဘ) နိုင်ငံတော်ခန်းမဟာ ဂျေရုဆလင်မှာရှိတဲ့ ဗိမာန်တော်လို ‘ယေဟောဝါရဲ့အိမ်တော်’ တော့ မဟုတ်ဘူး။ (၆ ရာ. ၅:၁၃။ ၃၃:၄) ဒါပေမဲ့ ဝတ်ပြုတဲ့နေရာတွေကို သိပ်လေးစားသင့်တယ်။ က၁၅ ၇/၁၅ ၄:၁၊ ၂
သောကြာနေ့၊ ဒီဇင်ဘာ ၁၅
ချစ်ခြင်းမေတ္တာကိုလည်း ဝတ်ဆင်ကြလော့။ —ကော. ၃:၁၄။
ခရစ်တော်ရဲ့ အနှစ်တစ်ထောင်အုပ်ချုပ်မှုမှာ အချင်းချင်းကို မေတ္တာပါပါ ခွင့်လွှတ်ကြမလား။ တခြားသူတွေကို ခွင့်လွှတ်တတ်အောင်၊ သူတို့နဲ့ ဆက်ဆံရေးကောင်းရှိအောင် အခုကတည်းက သင်ယူထားမယ်ဆိုရင် ကမ္ဘာသစ်မှာ အဲဒီလိုလုပ်ဆောင်ဖို့ ပိုလွယ်ကူပါလိမ့်မယ်။ (ကော. ၃:၁၂၊ ၁၃) ကမ္ဘာသစ်မှာ ကိုယ်လိုချင်တာကို အမြဲရချင်မှရမယ်။ တစ်ခါတလေ စောင့်ရတာမျိုးလည်း ရှိနိုင်တယ်။ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ကျေးဇူးတင်ရောင့်ရဲတတ်ဖို့ လိုအပ်ပါလိမ့်မယ်။ တကယ်တော့ အခုကတည်းက ယေဟောဝါ သင်ပေးနေတဲ့ အရည်အသွေးတွေကိုပဲ အဲဒီအချိန်မှာလည်း လိုအပ်ပါလိမ့်မယ်။ ဒါကြောင့် အဲဒီအရည်အသွေးတွေ မွေးမြူနိုင်ဖို့ အခုကတည်းက သင်ယူခြင်းအားဖြင့် ကမ္ဘာသစ်အသက်တာအတွက် ပြင်ဆင်နေကြောင်း၊ ကမ္ဘာသစ်ရောက်လာမှာကို တကယ်ယုံကြည်ကြောင်း တင်ပြနိုင်တယ်။ (ဟေဗြဲ ၂:၅; ၁၁:၁) အဲဒီအပြင် ယေဟောဝါကို လူတိုင်းနာခံမယ့် ကမ္ဘာသစ်မှာ အမှန်တကယ်နေချင်ကြောင်းလည်း တင်ပြနိုင်တယ်။ က၁၅ ၈/၁၅ ၃:၁၁၊ ၁၂
စနေနေ့၊ ဒီဇင်ဘာ ၁၆
[ယေရှု] နှင့်အတူ စည်းလုံးညီညွတ်စွာ လျှောက်လှမ်းနေကြလော့။ —ကော. ၂:၆။
ဈေးမှာ ရင့်မှည့်တဲ့အသီးတွေကို ကြည့်တဲ့အခါ ပုံစံအမျိုးမျိုးရှိကြတယ်။ ဒါပေမဲ့ ရင့်မှည့်တယ်ဆိုတာ ဖော်ပြတဲ့အချက်တချို့မှာတော့ တူညီကြတယ်။ ရင့်ကျက်တဲ့ခရစ်ယာန်တွေလည်း အဲဒီလိုပဲ။ သူတို့အားလုံး တစ်ပုံစံတည်း မဟုတ်ကြဘူး။ နိုင်ငံ၊ နောက်ခံ၊ အသက်အရွယ်၊ အကြိုက် အမျိုးမျိုးရှိကြတယ်။ ဒါပေမဲ့ တူညီတာတစ်ခုကတော့ ရင့်ကျက်သူအဖြစ် သတ်မှတ်ဖော်ပြတဲ့ အရည်အသွေးတချို့ သူတို့အားလုံးမှာ ရှိနေခြင်းပဲ။ အဲဒီအရည်အသွေးတချို့က ဘာတွေလဲ။ ရင့်ကျက်တဲ့ခရစ်ယာန်တစ်ယောက်ဟာ ယေရှုကိုတုပပြီး “ခြေရာတော်ကို ထက်ကြပ်မကွာလိုက်လျှောက်” တယ်။ (၁ ပေ. ၂:၂၁) ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှနဲ့ တစ်သက်တာလုံးချစ်ဖို့၊ လူသားချင်းကို ကိုယ်နဲ့အမျှချစ်ဖို့ အရေးကြီးတယ်လို့ ယေရှု မိန့်မှာထားတယ်။ (မ. ၂၂:၃၇-၃၉) ရင့်ကျက်တဲ့ခရစ်ယာန်ဟာ အဲဒီမိန့်မှာချက်ကို လိုက်နာဖို့ ကြိုးစားတယ်။ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်းရှိခြင်း၊ တခြားသူတွေကို မေတ္တာပြခြင်းဟာ ဘဝမှာ အရေးကြီးဆုံးဖြစ်မှန်း သူ့အသက်ရှင်နေထိုင်ပုံက ထင်ရှားဖော်ပြတယ်။ က၁၅ ၉/၁၅ ၁:၃-၅
တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၁၇
ငါတို့သည် အမှန်တရားကို ထင်ရှားစေခြင်းအားဖြင့် ဘုရားသခင့်ရှေ့တော်တွင် လူခပ်သိမ်း၏ သြတ္တပ္ပစိတ်အတွက် ပုံသက်သေကောင်းသူများ ဖြစ်လာကြ၏။—၂ ကော. ၄:၂။
ကောင်းကောင်းလေ့ကျင့်ထားတဲ့ ကိုယ်ကိုယ်ကိုယ်သိစိတ်က မကောင်းတာကို ရှောင်ဖို့လောက်သာ သတိပေးတာမဟုတ်ဘူး။ ကောင်းတာကို လုပ်ဆောင်ဖို့ပါ လှုံ့ဆော်ပေးတယ်။ အဲဒီကောင်းမှုတစ်ခုကတော့ တစ်အိမ်မှတစ်အိမ်နဲ့ အလွတ်သဘော ဟောပြောခြင်းမှာ ပါဝင်ခြင်းဖြစ်တယ်။ ပေါလုရဲ့သိစိတ်က အဲဒီလိုလုပ်ဆောင်ဖို့ သူ့ကို လှုံ့ဆော်ပေးခဲ့တယ်။ “ငါ၌ ဟောရမည့်တာဝန်ရှိ၏။ သတင်းကောင်းကို မဟောဘဲနေလျှင် ငါ၌ အမင်္ဂလာရှိ၏” လို့ သူရေးခဲ့တယ်။ (၁ ကော. ၉:၁၆) ပေါလုကို ကျွန်တော်တို့ တုပမယ်ဆိုရင် မှန်ရာကိုလုပ်ဆောင်နေတယ်ဆိုတဲ့ အသိကြောင့် ကြည်လင်တဲ့သိစိတ် ရရှိလာပါလိမ့်မယ်။ အဲဒီအပြင် သတင်းကောင်းဟောပြောတဲ့အခါ ကျွန်တော်တို့ရဲ့ ပုံသက်သေကောင်းကြောင့် တခြားသူတွေလည်း အမှန်တရားသိရှိလာပါလိမ့်မယ်။ ပုံမှန် ကျမ်းစာလေ့လာ၊ တွေးတောဆင်ခြင်ပြီး သိရှိလာတာတွေကို ကျင့်သုံးခြင်းအားဖြင့် သိစိတ်ကို လေ့ကျင့်ပေးနိုင်တယ်။ အဲဒီလိုလုပ်ဆောင်မယ်ဆိုရင် ဘုရားပေးလက်ဆောင်မွန်ဖြစ်တဲ့ ကိုယ်ကိုယ်ကိုယ်သိစိတ်ဟာ ကျွန်တော်တို့ရဲ့ ခရစ်ယာန်အသက်တာမှာ စိတ်ချရတဲ့ လမ်းညွှန်ဖြစ်လာပါလိမ့်မယ်။ က၁၅ ၉/၁၅ ၂:၁၆၊ ၁၈
တနင်္လာနေ့၊ ဒီဇင်ဘာ ၁၈
ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။—သု. ၃:၁၂။
ယောသပ်၊ မောရှေ၊ ဒါဝိဒ်တို့ဟာ အဆိုးရွားဆုံးအခက်အခဲတွေကို ရင်ဆိုင်ခဲ့ရတယ်။ အဲဒီအချိန်တွေတစ်လျှောက် သူတို့နဲ့အတူ ယေဟောဝါရှိခဲ့တယ်။ ခက်ခဲချိန်တွေမှာ သင်ယူခဲ့ရတာတွေက ရှေ့မှာ ယေဟောဝါပေးမယ့် တာဝန်ကြီးတွေအတွက် သူတို့ကို အသင့်ပြင်ပေးခဲ့တယ်။ မိမိလူတွေကို ယေဟောဝါ ဘယ်လိုကူညီ၊ လေ့ကျင့်ပေးမှန်း ကျမ်းစာမှာဖတ်ရတဲ့အခါ ကျွန်တော်တို့ကို ယေဟောဝါ တကယ်ချစ်တယ်လို့ ခံစားလာရတယ်။ ကျွန်တော်တို့ အမှားလုပ်မိရင်တောင် ယေဟောဝါ မေတ္တာဆက်ပြတယ်။ ကိုယ်တော့်ဆုံးမမှုကို လက်ခံပြီး နောင်တယူမယ်ဆိုရင် ကျွန်တော်တို့ကို ‘အကြွင်းမဲ့ ခွင့်လွှတ်’ ပါလိမ့်မယ်။ (ဟေရှာ. ၅၅:၇၊ ကဘ) အဲဒါ ဘာကိုဆိုလိုသလဲ။ ယေဟောဝါရဲ့ ခွင့်လွှတ်မှုနဲ့ပတ်သက်ပြီး ဒါဝိဒ်ပြောခဲ့တဲ့စကားတွေက ကရုဏာကြီးမားတဲ့ဖခင်ကို ကျွန်တော်တို့ရရှိထားမှန်း ဖော်ပြတယ်– ‘ဘုရားက ငါ့အမှားတွေကို ခွင့်လွှတ်တယ်။ ဝေဒနာတွေကို ပျောက်ကင်းစေတယ်။ ငါ့အသက်ကို သင်္ချိုင်းတွင်းကနေ ဆယ်ယူတယ်။ ငါ့ကို ခိုင်မြဲတဲ့မေတ္တာ၊ ကရုဏာတွေနဲ့ သရဖူဆောင်းပေးတယ်။’ (ဆာ. ၁၀၃:၃၊ ၄၊ ကဘ) ယေဟောဝါဟာ ကျွန်တော်တို့ကို နည်းအမျိုးမျိုးနဲ့ လမ်းပြဆုံးမတယ်။ အဲဒီလိုအခါမျိုးမှာ ကျွန်တော်တို့ဘက်က ချက်ချင်းပြုပြင်ပြောင်းလဲသလား။ ကျွန်တော်တို့ကိုချစ်လို့ ယေဟောဝါ ဆုံးမတယ်ဆိုတာ အမြဲသတိရပါ။—ဆာ. ၃၀:၅။ က၁၅ ၉/၁၅ ၄:၁၃၊ ၁၄
အင်္ဂါနေ့၊ ဒီဇင်ဘာ ၁၉
မာရိသည် သခင်၏ . . . တရားစကားတော်ကို နားထောင်လျက်နေ၏။—လု. ၁၀:၃၉။
မာသဟာ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ပြင်ဆင်ဖို့ အလုပ်များနေတယ်။ မာရိ လာမကူပေးတဲ့အခါ စိတ်ဆိုးပြီး ယေရှုဆီ တိုင်ပြောတယ်။ မာသ အများကြီးပြင်ဆင်နေမှန်း ယေရှုသိတဲ့အတွက် “မာသ၊ မာသ၊ သင်သည် များစွာသောအမှုတို့၌ စိုးရိမ်ကြောင့်ကြလျက်ရှိ၏” လို့ ကြင်ကြင်နာနာ ပြောတယ်။ အထွေအထူးမဟုတ်ဘဲ ဟင်းတစ်မျိုးတည်းဆိုရင်တောင် လောက်ပြီလို့ ယေရှုပြောတယ်။ အဲဒီနောက် မာရိ အာရုံစိုက် နားထောင်နေတာကို ချီးမွမ်းခဲ့တယ်။ “မာရိမူကား သာ၍ကောင်းသောအရာကို ရွေးချယ်လေပြီ။ ထိုအရာကို မည်သူမျှ နုတ်ယူ၍ရမည်မဟုတ်” လို့ ယေရှုပြောတယ်။ (လု. ၁၀:၃၈-၄၂) ဒီအထူးအချိန်အခါမှာ ဘာစားခဲ့တယ်ဆိုတာ မာရိ မေ့သွားကောင်းမေ့သွားနိုင်တယ်။ ဒါပေမဲ့ ယေရှုဆီက ကြားခဲ့တာတွေ၊ ယေရှု သူ့ကို ချီးမွမ်းခဲ့တာတွေကိုတော့ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ နှစ်ပေါင်း ၆၀ ကျော်ကြာပြီးနောက် တမန်တော်ယောဟန်က ‘ယေရှုသည် မာသနှင့် သူ၏ညီမကို ချစ်တော်မူ၏’ လို့ ရေးခဲ့တယ်။ (ယော. ၁၁:၅) ဒီစကားတွေက မာသဟာ ယေရှုရဲ့မေတ္တာပါဆုံးမမှုကို နှလုံးသွင်းပြီး ကျန်အသက်တာတစ်လျှောက် ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုခဲ့တယ်ဆိုတာ ဖော်ပြတယ်။ က၁၅ ၁၀/၁၅ ၃:၃၊ ၄
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၂၀
သာမန်ထက် ထူးကဲသော တန်ခိုးတော်သည် . . . ဘုရားသခင်ထံတော်မှ ဖြစ်၏။—၂ ကော. ၄:၇။
ဒီနေ့ခေတ်မှာ လူတွေကို ယေဟောဝါ ကူညီပေးနေတဲ့ အထောက်အထား တောင်ပုံရာပုံရှိတယ်။ ကူညီပေးဖို့ ဘုရားသခင်ဆီ ဆုတောင်းပြီးနောက် ချက်ချင်းအဖြေရခဲ့သူတွေရဲ့ တွေ့ကြုံမှုတွေကို ကျွန်တော်တို့ မကြာခဏ ကြားရလေ့ရှိတယ်။ (ဆာ. ၅၃:၂) ဥပမာ၊ ညီအစ်ကို အယ်လန်ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ကျွန်းငယ်လေးမှာ ဟောပြောနေတုန်း အမျိုးသမီးတစ်ယောက်နဲ့ တွေ့တယ်။ သူ့ကိုတွေ့တာနဲ့ အဲဒီအမျိုးသမီး ငိုပါလေရော။ “သက်သေခံတွေ ရှာတွေ့ပါစေလို့ ယေဟောဝါဆီ ဒီမနက်ပဲ အဲဒီအမျိုးသမီး ဆုတောင်းခဲ့တာ” လို့ ညီအစ်ကို အယ်လန် ပြောပြတယ်။ သူ့ဆုတောင်းချက်ကို ယေဟောဝါ ချက်ချင်းအဖြေပေးခဲ့လို့ တအားစိတ်ထိမိသွားတယ်။ တစ်နှစ်မပြည့်ခင်လေးမှာပဲ သူ့ဘဝကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံခဲ့တယ်။ ယေဟောဝါရဲ့ကျေးကျွန်များစွာဟာ ဆေးလိပ်၊ မူးယစ်ဆေးနဲ့ ညစ်ညမ်းရုပ်ပုံကြည့်တဲ့ အကျင့်ဆိုးတွေကို ဖြတ်ခဲ့တုန်းက ယေဟောဝါရဲ့လက်တော် ကူညီပေးတာကို မြင်တွေ့ခဲ့ကြတယ်။ အဲဒီအကျင့်ဆိုးတွေကို ဖြတ်ဖို့ ကိုယ့်အစွမ်းနဲ့ကိုယ် ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ဘူးလို့ သူတို့ပြောတယ်။ ဒါပေမဲ့ ယေဟောဝါဆီ အကူအညီတောင်းတဲ့အခါ “သာမန်ထက် ထူးကဲသောတန်ခိုးတော်” ကို ပေးတဲ့အတွက် နောက်ဆုံး အဲဒီအကျင့်ဆိုးတွေကို ဖြတ်နိုင်ခဲ့တယ်။—ဆာ. ၃၇:၂၃၊ ၂၄။ က၁၅ ၁၀/၁၅ ၁:၁၀၊ ၁၁
ကြာသပတေးနေ့၊ ဒီဇင်ဘာ ၂၁
အခွင့်သာသောအချိန်ကို ဝယ်ယူကြလော့။ —ဧ. ၅:၁၆။
တချို့က မနက်စောစောထပြီး ဖတ်ရှု၊ တွေးတောဆင်ခြင်၊ ဆုတောင်းကြတယ်။ တချို့က နေ့လယ်စာစားချိန်မှာ အဲဒီလိုလုပ်ဆောင်ကြတယ်။ သင့်အတွက်တော့ အဆင်ပြေဆုံးအချိန်ဟာ ညနေခင်း ဒါမှမဟုတ် အိပ်ရာမဝင်ခင် ဖြစ်နိုင်တယ်။ တချို့က မနက်စောစောမှာရော အိပ်ရာမဝင်ခင်မှာပါ ကျမ်းစာဖတ်ချင်ကြတယ်။ (ယောရှု ၁:၈) အရေးကြီးဆုံးကတော့ ဘုရားသခင့်စကားတော် ကျမ်းစာကို နေ့တိုင်း တွေးတောဆင်ခြင်နိုင်အောင် အချိန်ကို အကျိုးရှိရှိ အသုံးပြုဖို့၊ တစ်နည်းအားဖြင့် သိပ်အရေးမကြီးတဲ့အရာတွေကနေ အချိန်ကို ဝယ်ယူဖို့ဖြစ်တယ်။ ဘုရားသခင့်စကားတော် ကျမ်းစာကို တွေးတောဆင်ခြင်ပြီး သိရှိလာတာတွေကို ကျင့်သုံးဖို့ ကြိုးစားအားထုတ်သူတွေကို ယေဟောဝါ ကောင်းချီးပေးမယ်လို့ ကျမ်းစာအာမခံတယ်။ (ဆာ. ၁:၁-၃) “ဘုရားသခင်၏တရားစကားတော်ကို ကြားနာ၍ စောင့်ရှောက်သောသူသည် သာ၍ပျော်ရွှင်၏” လို့ ယေရှုပြောတယ်။ (လု. ၁၁:၂၈) အရေးကြီးဆုံးကတော့ ဘုရားရေးရာကိစ္စတွေကို နေ့တိုင်း တွေးတောဆင်ခြင်ခြင်းက ဘုရားဘုန်းတော်ထင်ရှားစေတဲ့နည်းနဲ့ အသက်ရှင်နိုင်အောင် ကျွန်တော်တို့ကို ကူညီပေးပါလိမ့်မယ်။ ယေဟောဝါက ကျွန်တော်တို့ကို လောလောဆယ် ပျော်ရွှင်မှု ပေးသနားမယ်၊ အနာဂတ်ကမ္ဘာသစ်မှာ ထာဝရအသက်နဲ့ ဆုချပါလိမ့်မယ်။—ယာ. ၁:၂၅။ ဗျာ. ၁:၃။ က၁၅ ၁၀/၁၅ ၄:၁၇၊ ၁၈
သောကြာနေ့၊ ဒီဇင်ဘာ ၂၂
ပေတရုသည် [ယေရှု]ကို ခေါ်ထုတ်သွားပြီး “ကိုယ့်ကိုယ်ကိုယ် သနားပါ၊ သခင်။ ထိုအဖြစ်မျိုးကို ကိုယ်တော် လုံးဝ မကြုံရပါ” ဟု ပြစ်တင်စကားဆိုလေ၏။ —မ. ၁၆:၂၂။
ယေရှုဟာ သူအသတ်ခံရတော့မယ့်အကြောင်း တပည့်တွေကို အသိပေးတဲ့အခါ ပေတရုက ကိုယ့်ကိုယ်ကိုယ်သနားပါလို့ ပြောတယ်။ သူ့ကို ပေတရုချစ်မှန်း ယေရှု နားလည်ပေမဲ့ ပေတရုရဲ့ စဉ်းစားပုံမှားနေတယ်ဆိုတာလည်း ယေရှု သိတယ်။ ပေတရုနဲ့ တခြားတပည့်တွေကို ယေရှု ဘယ်လိုကူညီပေးခဲ့သလဲ။ ဦးဆုံး၊ ပေတရုကို တည့်မတ်ပေးတယ်။ အဲဒီနောက် ကိုယ့်ကိုယ်ကိုယ်ငဲ့ညှာတဲ့ သဘောထားရဲ့ ဆိုးကျိုးနဲ့ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရဲ့ ကောင်းချီးတွေကို ရှင်းပြတယ်။ (မ. ၁၆:၂၁-၂၇) ပေတရု သင်ခန်းစာရသွားတယ်။ (၁ ပေ. ၂:၂၀၊ ၂၁) သင့်ဆယ်ကျော်သက်သားသမီး ဘာအကူအညီ လိုအပ်တယ်ဆိုတာ နားလည်နိုင်အောင် ထိုးထွင်းသိမြင်မှုပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ (ဆာ. ၃၂:၈) ဥပမာ၊ သင့်သားသမီးရဲ့ယုံကြည်ခြင်းအားနည်းနေမှန်း ဘယ်လက္ခဏာတွေက ဖော်ပြနိုင်သလဲ။ အရင်ကလို ရွှင်ရွှင်ပျပျ မရှိတာ၊ ညီအစ်ကိုညီအစ်မတွေအကြောင်း မကောင်းပြောလာတာ ဒါမှမဟုတ် သင့်ကို မပြောဘဲ လျှို့ဝှက်ထားတာတစ်ခုခု ရှိနေတာ ဖြစ်နိုင်တယ်။ အဲဒီအခါ သူ အပြစ်တစ်ခုခုတော့ လုပ်နေပြီလို့ အလျင်စလို မယူဆလိုက်ပါနဲ့။ ဒါပေမဲ့ ပြဿနာကိုလည်း လျစ်လျူမရှုပါနဲ့။ တစ်နည်းနည်းနဲ့ အဆင်ပြေသွားမှာပါလို့ မယူဆပါနဲ့။ က၁၅ ၁၁/၁၅ ၂:၁၂၊ ၁၃
စနေနေ့၊ ဒီဇင်ဘာ ၂၃
သနားစာနာခြင်း၊ ကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ဝတ်ဆင်ကြလော့။ . . . ချစ်ခြင်းမေတ္တာကိုလည်း ဝတ်ဆင်ကြလော့။ အကြောင်းမူကား ချစ်ခြင်းမေတ္တာသည် စည်းလုံးခြင်းအတွက် ခိုင်မြဲသော နှောင်ကြိုးဖြစ်၏။—ကော. ၃:၁၂၊ ၁၄။
စစ်မှန်တဲ့မေတ္တာနဲ့ စည်းလုံးမှုက ယေဟောဝါရဲ့လူမျိုးကို စစ်မှန်တဲ့ဘာသာရေး လိုက်စားသူတွေအဖြစ် ခွဲခြားဖော်ပြတယ်။ “သင်တို့ အချင်းချင်း ချစ်ကြလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြောင်း လူအပေါင်းတို့ သိရကြလိမ့်မည်” လို့ ယေရှုပြောတယ်။ (ယော. ၁၃:၃၄၊ ၃၅) တမန်တော်ယောဟန်လည်း အခုလိုပြောတယ်– “ဘုရားသခင်၏ သားသမီးများနှင့် မာရ်နတ်၏သားသမီးများသည် ဤသို့ ကွဲပြားထင်ရှားကြ၏။ ဖြောင့်မတ်ခြင်းတရားကို ကျင့်မနေသူတိုင်း ဘုရားသခင်နှင့် မစပ်ဆိုင်။ မိမိညီအစ်ကိုကို မုန်းသောသူတိုင်းလည်း ဘုရားသခင်နှင့် မစပ်ဆိုင်။ အချင်းချင်း ချစ်ကြရမည်ဟူသော သတင်းတရားကို အစကတည်းက သင်တို့ကြားခဲ့ရပြီ။” (၁ ယော. ၃:၁၀၊ ၁၁) မေတ္တာနဲ့ စည်းလုံးမှုက ယေဟောဝါသက်သေတွေကို ခရစ်တော်ရဲ့ နောက်လိုက်စစ်တွေအဖြစ်၊ ကမ္ဘာတစ်ဝန်းမှာ သတင်းကောင်းဟောဖို့ ဘုရားသခင် အသုံးပြုနေသူတွေအဖြစ် ခွဲခြားဖော်ပြတယ်။—မ. ၂၄:၁၄။ က၁၅ ၁၁/၁၅ ၄:၁၀၊ ၁၁
တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၂၄
လျောက်ပတ်သောစကားသည် ငွေအပြောက်မှာ စီချယ်သော ရွှေရှောက်ချိုသီးနှင့် တူ၏။—သု. ၂၅:၁၁။
ကိုယ့်ရပ်ကွက်မှာရှိတဲ့ လူတွေရဲ့ ယဉ်ကျေးမှုနဲ့ ယုံကြည်ချက်တွေကို ထည့်စဉ်းစားခြင်းအားဖြင့် စကားပြောဖို့ သင့်တော်တဲ့အချိန်ကို ရွေးနိုင်ပါတယ်။ စကားပြောဖို့ သင့်မသင့် ဝေဖန်ပိုင်းခြားရမယ့် အချိန်တွေ ရှိပါတယ်။ တစ်ယောက်ယောက်က ကျွန်တော်တို့ စိတ်ဆိုးအောင် ပြောလိုက်တာဖြစ်နိုင်တယ်။ ချက်ချင်း ပြန်ချေပပြီး မဆင်မခြင်ပြောလိုက်မယ့်အစား ‘သူ တမင်ရည်ရွယ်ပြီး ပြောတာလား။ ဒီကိစ္စကို နှစ်ယောက်ချင်း ဖြေရှင်းဖို့ လိုအပ်လို့လား’ ဆိုပြီး စဉ်းစားတာက ပညာရှိရာရောက်တယ်။ ဘာမှပြန်မပြောတာက အကောင်းဆုံးဖြစ်နိုင်တယ်။ ပြန်ပြောဖို့ လိုအပ်တယ်ဆိုရင်လည်း စိတ်အေးတဲ့အချိန်အထိ စောင့်ဆိုင်းသင့်တယ်။ (သု. ၁၅:၂၈) နောက်အခြေအနေတစ်ခုကတော့ သက်သေခံမဟုတ်တဲ့ မိသားစုဝင်တွေကို အမှန်တရားအကြောင်း ပြောပြချင်တဲ့အခါမှာ ဖြစ်နိုင်တယ်။ စိတ်ရှည်ပါ။ အကင်းပါးပါ။ ပြောမယ့်စကားကို သေချာစဉ်းစားပြီး သင့်တော်တဲ့အချိန်မှာ ပြောတာက သူတို့ရဲ့စိတ်ကို ထိမိစေနိုင်တယ်။ က၁၅ ၁၂/၁၅ ၃:၆၊ ၈၊ ၉
တနင်္လာနေ့၊ ဒီဇင်ဘာ ၂၅
လက်ရှိလောကစနစ်တွင် . . . သမာသတိရှိခြင်း . . . ဖြင့် အသက်ရှင်ကြရန် ငါတို့အား ညွှန်ကြား၏။ —တိ. ၂:၁၂။
ရောဂါရှာနည်း ဒါမှမဟုတ် ဆေးကုသနည်းတစ်ခုခုက တစ်မူထူးခြားနေတဲ့အခါမှာ သမာသတိရှိ ဖို့၊ တစ်နည်းအားဖြင့် ချင့်ချိန်နိုင်စွမ်းကို အသုံးပြုဖို့ ကျမ်းစာ တိုက်တွန်းထားတယ်။ ကိုယ့်ကို ဆေးကုပေးနေသူက အဲဒီရောဂါရှာနည်း ဒါမှမဟုတ် ဆေးကုသနည်းအကြောင်း သေချာရှင်းပြနိုင်သလား။ သူ့ရှင်းပြပုံက ထူးဆန်းနေသလား။ အဲဒီရောဂါရှာနည်း ဒါမှမဟုတ် ဆေးကုသနည်းကို ဆရာဝန်အများစု ထောက်ခံသလား။ (သု. ၂၂:၂၉) ဆေးကုသနည်းသစ်တစ်ခုကို ဟိုးရပ်ဝေးဒေသမှာ ရှာဖွေတွေ့ရှိထားပြီး ဆရာဝန်တွေတောင် မသိသေးဘူးလို့ တချို့ ပြောကောင်းပြောမယ်။ ဒါပေမဲ့ အဲဒီလို ဆေးကုသနည်း ရှိတယ်ဆိုတဲ့ သက်သေအထောက်အထားတွေရှိသလား။ လူတချို့ကလည်း လျှို့ဝှက်ဆေးနည်း ဒါမှမဟုတ် စွမ်းအားတွေကိုသုံးတဲ့ ကုသနည်းတွေကိုတောင် ကမ်းလှမ်းလာနိုင်တယ်။ အဲဒီနည်းတွေဟာ သိပ်အန္တရာယ် ရှိနိုင်တယ်။ သဘာဝလွန်စွမ်းအားတွေ၊ မှော်အစွမ်းတွေကို မသုံးဖို့ ဘုရားသခင် သတိပေးထားတာ အမှတ်ရပါ။—ဝတ်. ၁၉:၂၆။ တရား. ၁၈:၁၀-၁၂။ က၁၅ ၁၂/၁၅ ၄:၁၆
အင်္ဂါနေ့၊ ဒီဇင်ဘာ ၂၆
နှစ်ခြင်းဆရာယောဟန်ထက် သာ၍ကြီးမြတ်သောသူ မပေါ်မထွန်းသေး။ သို့ရာတွင် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူသည် ထိုသူထက် သာ၍ကြီးမြတ်၏။ —မ. ၁၁:၁၁။
ယေဟောဝါရဲ့ သန့်ရှင်းသောစွမ်းအားတော်ရရှိပေမဲ့ ကောင်းကင်မျှော်လင့်ချက်မရှိတဲ့ သစ္စာရှိသူများစွာအကြောင်း ကျမ်းစာမှာဖော်ပြထားတယ်။ တစ်ယောက်ကတော့ နှစ်ခြင်းဆရာယောဟန် ဖြစ်တယ်။ ယောဟန်ထက် ကြီးမြတ်တဲ့သူ မရှိဘူးလို့ ယေရှု ချီးမွမ်းပြီးနောက် ကောင်းကင်နိုင်ငံမှာတော့ ယောဟန် ပါဝင်ခွင့်ရမှာမဟုတ်ဘူးလို့ ပြောတယ်။ ဒါဝိဒ်လည်း သန့်ရှင်းသောစွမ်းအားတော် ရရှိခဲ့တယ်။ (၁ ရာ. ၁၆:၁၃) နက်နဲတဲ့အမှန်တရားတွေကို နားလည်ဖို့၊ ကျမ်းစာအပိုင်းတွေကို ရေးသားဖို့ သန့်ရှင်းသောစွမ်းအားတော်က သူ့ကို ကူညီပေးခဲ့တယ်။ (မာ. ၁၂:၃၆) ဒါပေမဲ့ “ဒါဝိဒ်သည် ကောင်းကင်သို့ တက်သည်မဟုတ်” လို့ တမန်တော်ပေတရုပြောတယ်။ (တ. ၂:၃၄) ယေဟောဝါဟာ သန့်ရှင်းသောစွမ်းအားတော်အားဖြင့် အဲဒီကျေးကျွန်တွေကို ထူးချွန်ပြောင်မြောက်စွာ လုပ်ဆောင်နိုင်စွမ်း ပေးပေမဲ့ ကောင်းကင်သွားဖို့တော့ မဖိတ်ခေါ်ခဲ့ဘူး။ အဲဒီလိုပြောလို့ သူတို့ မထိုက်တန်ဘူး၊ အရည်အချင်းမပြည့်မီဘူးလို့ ဆိုလိုသလား။ မဆိုလိုပါဘူး။ မြေကြီးပရဒိသုမှာ သူတို့ကို ယေဟောဝါ ပြန်ထမြောက်ပေးပါလိမ့်မယ်။—ယော. ၅:၂၈၊ ၂၉။ တ. ၂၄:၁၅။ က၁၆.၀၁ ၃:၁၆
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၂၇
ငါနှင့် ခမည်းတော်သည် တစ်လုံးတစ်ဝတည်းဖြစ်၏။—ယော. ၁၀:၃၀။
ကိုယ်ချစ်ခင်သူတွေနဲ့အတူ အလုပ်လုပ်တဲ့အခါ သူတို့နဲ့ ပိုရင်းနှီးလာတယ်။ သူတို့အကြောင်း ပိုသိလာတယ်။ သူတို့မှာ ဘာပန်းတိုင်တွေ ရှိမှန်း၊ အဲဒီပန်းတိုင်တွေကို ရောက်ဖို့ ဘယ်လို ကြိုးစားနေမှန်း သိလာတယ်။ ယေရှုဟာ ယေဟောဝါနဲ့အတူ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တယ်။ ဒါကြောင့် သူတို့နှစ်ဦးကြားမှာရှိတဲ့ ချစ်ခင်ရင်းနှီးမှုနှောင်ကြိုးဟာ ဖြတ်တောက်လို့ မရနိုင်လောက်အောင် ခိုင်မာလာတယ်။ အမြဲ စိတ်တူကိုယ်တူ ပူးပေါင်းလုပ်ဆောင်တဲ့အတွက် သူတို့ သိပ်စည်းလုံးတယ်။ တပည့်တွေကို ကာကွယ်ပေးဖို့ ယေဟောဝါဆီ ယေရှု ဆုတောင်းတယ်။ ဘာအတွက်လဲ။ “ကျွန်ုပ်တို့နည်းတူ သူတို့သည်လည်း တစ်လုံးတစ်ဝတည်းဖြစ်စေ” ဖို့အတွက်လို့ ယေရှု ပြောတယ်။ (ယော. ၁၇:၁၁) ဘုရားသခင့်စံနှုန်းတွေအတိုင်း အသက်ရှင်နေထိုင်ပြီး ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်တဲ့အခါ ဘုရားသခင်အကြောင်း ပိုသိလာတယ်။ အချင်းချင်း ပိုစည်းလုံးလာတယ်။ ကိုယ်တော့်ကို ယုံကြည်ကိုးစားတာ၊ လမ်းညွှန်ချက်တွေအတိုင်း လိုက်လျှောက်တာဟာ ဘာကြောင့် ပညာရှိလမ်းစဉ်ဖြစ်မှန်း သိလာတယ်။ ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားတဲ့အခါ ဘုရားသခင်လည်း ကျွန်တော်တို့နဲ့ ရင်းနှီးလာတယ်။ (ယာ. ၄:၈) ညီအစ်ကိုညီအစ်မတွေနဲ့လည်း ကျွန်တော်တို့ ရင်းနှီးလာတယ်။ ဘာကြောင့်လဲဆိုတော့ ပန်းတိုင်တွေ၊ ကြုံနေရတဲ့ပြဿနာတွေ၊ ပျော်ရွှင်စရာတွေ တူလို့ပဲ။ က၁၆.၀၁ ၅:၉၊ ၁၀
ကြာသပတေးနေ့၊ ဒီဇင်ဘာ ၂၈
အစ်မနောက်သို့ လိုက်သွားပါ။—ရု. ၁:၁၅။
နောမိက နေရင်းပြည်ဖြစ်တဲ့ အစ္စရေးကို ဆက်သွားဖို့ ဆုံးဖြတ်ထားတယ်။ ရုသ ဘယ်လို ဆုံးဖြတ်မလဲ။ သိပ်ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခု ချရတော့မယ်။ မိသားစုရှိရာ မောဘပြည်ကို လှည့်ပြန်မလား၊ ယောက္ခမ နောမိနဲ့အတူ ဘက်သလီဟင်မြို့ကို ခရီးဆက်မလား။ (ရု. ၁:၁-၈၊ ၁၄) ရုသရဲ့မိသားစုဟာ မောဘပြည်မှာ နေထိုင်တယ်။ သူတို့ဆီ ပြန်သွားရင် သူ့ကို ကူညီစောင့်ရှောက်ကြမှာပေါ့။ သူ့လူမျိုး၊ သူ့ဘာသာစကား၊ သူ့ယဉ်ကျေးမှု ဖြစ်နေတာကိုး။ ဘက်သလီဟင်မြို့မှာ အဲဒါတွေကို ရုသရမယ်လို့ နောမိ အာမ,မခံနိုင်ဘူး။ ရုသကို နောက်အိမ်ထောင် မပြုပေးနိုင်မှာ၊ နေစရာ မစီမံပေးနိုင်မှာကို နောမိ စိတ်ပူတယ်။ ဒါကြောင့် မောဘပြည်ကိုပြန်ဖို့ တိုက်တွန်းတယ်။ သိတဲ့အတိုင်း သြရပကတော့ ‘အမျိုးသားရင်း၊ ဘုရားရင်းတွေဆီ ပြန်သွားပြီ။’ (ရု. ၁:၉-၁၅) ဒါပေမဲ့ ရုသကတော့ သူ့လူမျိုးနဲ့ သူတို့ကိုးကွယ်တဲ့ မှားယွင်းတဲ့ဘုရားတွေဆီ ပြန်မသွားဖို့ ဆုံးဖြတ်ထားတယ်။ က၁၆.၀၂ ၂:၄၊ ၅
သောကြာနေ့၊ ဒီဇင်ဘာ ၂၉
တရားမျှတစွာ ကျင့်ဖို့၊ သစ္စာစောင့်သိမှုကို မြတ်နိုးဖို့၊ ဘုရားသခင်နဲ့အတူ ကျိုးနွံစွာ လျှောက်လှမ်းဖို့ကလွဲလို့ ယေဟောဝါ ဘာများတောင်းဆိုနေလို့လဲ။ —မိ. ၆:၈၊ ကဘ။
ရှောလုနဲ့ စစ်သား ၃,၀၀၀ ဟာ ယုဒတောကန္တာရမှာ ဒါဝိဒ်ကို တောနင်းရှာနေတယ်။ တစ်ညမှာ ရှောလုနဲ့စစ်သားတွေ တပ်ချတဲ့စခန်းနား ဒါဝိဒ်နဲ့ သူ့လူတွေ ရောက်လာတယ်။ သူတို့အားလုံး အိပ်မောကျနေတယ်။ ဒါဝိဒ်နဲ့ အဘိရှဲက အိပ်မောကျနေတဲ့ စစ်သားတွေကြား သတိနဲ့ဖြတ်လျှောက်လာပြီးနောက် ရှောလုကို တွေ့သွားတယ်။ အဘိရှဲက “မြေတိုင်အောင် လှံနှင့်တစ်ချက်တည်းထိုးပါရစေဟု ကျွန်တော်တောင်းပန်ပါ၏။ နှစ်ချက်တိုင်အောင် မထိုးပါ” လို့ ဒါဝိဒ်ကို တိုးတိုးပြောတယ်။ ဒါဝိဒ် ခွင့်မပြုဘူး။ ‘သူ့ကိုမပြုနှင့်။ ယေဟောဝါအခွင့်နှင့် ဘိသိက်ခံသောသူကို အဘယ်သူအပြစ်လွှတ်လျက် ထိခိုက်နိုင်သနည်း’ လို့ အဘိရှဲကို ပြောတယ်။ ‘ယေဟောဝါပေးတော်မူသော ဘိသိက်ခံသူကို ငါမထိခိုက်မည်အကြောင်း ယေဟောဝါ ဆီးတားတော်မူပါစေ’ လို့ ဒါဝိဒ်ပြောတယ်။ (၁ ရာ. ၂၆:၈-၁၂) ဘုရားသခင်ကို သစ္စာစောင့်သိခြင်းမှာ ဘယ်အရာပါဝင်မှန်း ဒါဝိဒ်သိတယ်။ ရှောလုကို ထိခိုက်အောင်လုပ်ဖို့ ဒါဝိဒ် မရည်ရွယ်ဘူး။ အကြောင်းကတော့ ရှောလုဟာ အစ္စရေးတွေကို အုပ်ချုပ်ဖို့ ယေဟောဝါ ခန့်အပ်ထားသူဖြစ်လို့ပဲ။ မှန်ပါတယ်။ အတိတ်တုန်းကရော ဒီနေ့ခေတ်မှာပါ ယေဟောဝါက မိမိကို သစ္စာစောင့်သိဖို့၊ မိမိအခွင့်အာဏာပေးထားသူတွေကို ရိုသေလေးစားဖို့ ကျေးကျွန်အားလုံးဆီကနေ တောင်းဆိုထားတယ်။ က၁၆.၀၂ ၄:၁၊ ၂
စနေနေ့၊ ဒီဇင်ဘာ ၃၀
အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏အလိုကိုဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။ —ဆာ. ၄၀:၈။
သင်ဟာ နှစ်ခြင်းခံဖို့ စဉ်းစားနေတဲ့ လူငယ်တစ်ယောက်လား။ ဒါဟာ သင် ရရှိနိုင်သမျှမှာ အကြီးမားဆုံး အခွင့်ထူးဖြစ်တယ်။ ဒါပေမဲ့ နှစ်ခြင်းဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် ယေဟောဝါဆီ ဆက်ကပ်နှံထားမှန်း၊ တစ်နည်းအားဖြင့် ယေဟောဝါကို ထာဝစဉ် ဝတ်ပြုဖို့၊ ဘုရားအလိုကို ဘဝမှာ ဦးစားပေးဖို့ ကတိပေးထားမှန်း လူရှေ့သူရှေ့ ဖော်ပြလိုက်တာ ဖြစ်တယ်။ ဒါဟာ သိပ်အရေးကြီးတဲ့ကတိဖြစ်တယ်။ ဒါကြောင့် ဆုံးဖြတ်ချက်ချနိုင်လောက်တဲ့အထိ ရင့်ကျက်မှ၊ ကိုယ့်စိတ်ဆန္ဒရှိမှ၊ ဆက်ကပ်အပ်နှံခြင်းရဲ့ အဓိပ္ပာယ်ကို နားလည်မှ နှစ်ခြင်းခံသင့်တယ်။ ဒါပေမဲ့ နှစ်ခြင်းခံဖို့ အသင့်မဖြစ်သေးဘူးလို့ သင် ခံစားရနိုင်တယ်။ ဒါမှမဟုတ် သင့်ဘက်က အသင့်ဖြစ်ပေမဲ့ မိဘတွေက သင် အသက်နည်းနည်း ကြီးလာပြီး အတွေ့အကြုံပိုရလာတဲ့အထိ စောင့်စေချင်တာ ဖြစ်နိုင်တယ်။ သင် ဘာလုပ်မလဲ။ စိတ်ဓာတ်မကျပါနဲ့။ ရရှိထားတဲ့အချိန်အတွင်း ဆက်တိုးတက်အောင် ကြိုးစားပါ။ ဒါမှ နှစ်ခြင်းခံဖို့ မြန်မြန်ဆန်ဆန် အရည်အချင်း ပြည့်မီလာနိုင်မှာဖြစ်တယ်။ က၁၆.၀၃ ၂:၁၊ ၂
တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၃၁
မယုံကြည်သောသူတို့နှင့်တွဲ၍ ဘက်မညီသည့် ထမ်းပိုးကို မထမ်းကြနှင့်။—၂ ကော. ၆:၁၄။
မယုံကြည်သူအိမ်ထောင်ဖက်နဲ့ နေရတဲ့ ညီအစ်ကိုညီအစ်မတွေ ရှိပါတယ်။ တချို့က အိမ်ထောင်ပြုပြီးနောက်မှ အမှန်တရား သိရှိလာကြတယ်။ အိမ်ထောင်ဖက်ကတော့ သက်သေခံ ဖြစ်မလာဘူး။ အဲဒီလိုအခြေအနေတွေမှာ ခရစ်ယာန်တွေဟာ ကျမ်းစာမိန့်မှာချက်တွေကို နာခံခြင်းအားဖြင့် အိမ်ထောင်ခိုင်မြဲနေအောင် အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ အမြဲတော့ မလွယ်ပါဘူး။ မိသားစုတွေကို စာတန် တိုက်ခိုက်နေတယ်။ အဲဒါဟာ အိမ်ထောင်ဖက် အချင်းချင်း ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်ရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်တယ်။ အိမ်ထောင်သက် ဘယ်လောက်ပဲ ရှိနေပါစေ အိမ်ထောင်ခိုင်မြဲအောင် ဘယ်လို ပြောဆို၊ လုပ်ဆောင်နိုင်တယ်ဆိုတာ စဉ်းစားပါ။ အသက်ကြီးတဲ့အိမ်ထောင်သည်တွေဟာ အသက်ငယ်တဲ့အိမ်ထောင်သည်တွေကို ကူညီပေးနိုင်တယ်။ မိသားစုဝတ်ပြုမှုမှာ ပါဝင်ဖို့ သူတို့ကို ဖိတ်ခေါ်နိုင်တယ်။ ဒီနည်းအားဖြင့် အိမ်ထောင်သက် ဘယ်လောက်ပဲ ရှိနေပါစေ တစ်ယောက်ကိုတစ်ယောက် ချစ်မှန်း ဖွင့်ဟဖော်ပြပြီး စည်းလုံးနေဖို့ လိုအပ်တယ်ဆိုတာ သူတို့ သိမြင်လာပါလိမ့်မယ်။—တိ. ၂:၃-၇။ က၁၆.၀၃ ၃:၁၄၊ ၁၅