ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • es17 စာ. ၁၀၈-၁၁၈
  • နိုဝင်ဘာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နိုဝင်ဘာ
  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၁
  • ကြာသပတေးနေ့၊ နိုဝင်ဘာ ၂
  • သောကြာနေ့၊ နိုဝင်ဘာ ၃
  • စနေနေ့၊ နိုဝင်ဘာ ၄
  • တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၅
  • တနင်္လာနေ့၊ နိုဝင်ဘာ ၆
  • အင်္ဂါနေ့၊ နိုဝင်ဘာ ၇
  • ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၈
  • ကြာသပတေးနေ့၊ နိုဝင်ဘာ ၉
  • သောကြာနေ့၊ နိုဝင်ဘာ ၁၀
  • စနေနေ့၊ နိုဝင်ဘာ ၁၁
  • တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၁၂
  • တနင်္လာနေ့၊ နိုဝင်ဘာ ၁၃
  • အင်္ဂါနေ့၊ နိုဝင်ဘာ ၁၄
  • ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၁၅
  • ကြာသပတေးနေ့၊ နိုဝင်ဘာ ၁၆
  • သောကြာနေ့၊ နိုဝင်ဘာ ၁၇
  • စနေနေ့၊ နိုဝင်ဘာ ၁၈
  • တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၁၉
  • တနင်္လာနေ့၊ နိုဝင်ဘာ ၂၀
  • အင်္ဂါနေ့၊ နိုဝင်ဘာ ၂၁
  • ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၂၂
  • ကြာသပတေးနေ့၊ နိုဝင်ဘာ ၂၃
  • သောကြာနေ့၊ နိုဝင်ဘာ ၂၄
  • စနေနေ့၊ နိုဝင်ဘာ ၂၅
  • တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၂၆
  • တနင်္လာနေ့၊ နိုဝင်ဘာ ၂၇
  • အင်္ဂါနေ့၊ နိုဝင်ဘာ ၂၈
  • ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၂၉
  • ကြာသပတေးနေ့၊ နိုဝင်ဘာ ၃၀
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၁၇
es17 စာ. ၁၀၈-၁၁၈

နိုဝင်ဘာ

ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၁

အာဗြဟံက ကျေနပ်စရာကောင်းတဲ့ဘဝနဲ့ အသက်ရှည်ရှည် နေပြီးနောက် နောက်ဆုံးထွက်သက်ကို ရှူထုတ်ပြီး သေဆုံးသွားတယ်။—က. ၂၅:၈၊ ကဘ။

‘ကျေနပ်စရာကောင်းတဲ့ဘဝနဲ့ အသက်ရှည်ရှည်နေ’ တယ်ဆိုလို့ လက်ရှိဘဝကို ကျေနပ်သွားပြီး အနာဂတ်မှာ ပြန်အသက်မရှင်ချင်တော့ဘူးလို့ မဆိုလိုပါဘူး။ အာဗြဟံဟာ ‘စစ်မှန်သည့်အုတ်မြစ်များရှိသော၊ ဘုရားသခင်တည်ထောင်ပြုစုသောမြို့ကို စောင့်မျှော်လျက်နေ၏’ လို့ ကျမ်းစာပြောတယ်။ (ဟေဗြဲ ၁၁:၁၀) ပရဒိသုမြေကြီးပေါ် အသက်ရှင်ခွင့်ရလို့၊ ဘုရားနဲ့ မိတ်ဆွေနှောင်ကြိုး ခိုင်မြဲအောင် ဆက်လုပ်ဆောင်ခွင့်ရလို့ အာဗြဟံ ဘယ်လောက် ပျော်ရွှင်နေမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ သူ့ရဲ့ ယုံကြည်ခြင်းစံနမူနာက ဘုရားသခင့်ကျေးကျွန်တွေကို နှစ်ပေါင်းများစွာ ထောက်ကူပေးခဲ့မှန်း သိရလို့လည်း ပျော်ရွှင်ပါလိမ့်မယ်။ မောရိတောင်ပေါ်က ပူဇော်သကာဟာ ပိုကြီးမြတ်တဲ့အရာတစ်ခုကို “ပုံဆောင်” မှန်းလည်း ပရဒိသုမှာ အာဗြဟံ သိလာပါလိမ့်မယ်။ (ဟေဗြဲ ၁၁:၁၉) ဣဇာက်ကို ပူဇော်ဖို့ ပြင်ဆင်ချိန်မှာ သူခံစားရတဲ့ နာကျင်မှုဝေဒနာဟာ ရွေးနုတ်ဖိုးအဖြစ် သားတော်ယေရှုခရစ်ကို ပေးချိန်မှာ ယေဟောဝါ ခံစားရတဲ့ နာကျင်မှုဝေဒနာကို နားလည်လာဖို့ သစ္စာရှိသူသန်းပေါင်းများစွာကို ကူညီပေးတယ်ဆိုတာလည်း အာဗြဟံ သိလာပါလိမ့်မယ်။—ယော. ၃:၁၆။ က၁၆.၀၂ ၁:၁၅၊ ၁၆

ကြာသပတေးနေ့၊ နိုဝင်ဘာ ၂

မြောက်မထားသော မိန်းမ၏သား၊ သင်သည် ကိုယ်တိုင် အရှက်ကွဲသည်တိုင်အောင်၎င်း၊ သင့်အမိအဝတ်ကျွတ်၍ အရှက်ကွဲသည့်တိုင်အောင်၎င်း၊ ယေရှဲ၏သား ဘက်၌ နေသည်ကို ငါမသိသလော။—၁ ရာ. ၂၀:၃၀။

ဦးဆောင်နေတဲ့ ညီအစ်ကိုတစ်ယောက် ကျွန်တော်တို့ကို မမျှမတဆက်ဆံတဲ့အခါ ယေဟောဝါကို သစ္စာစောင့်သိဖို့ ခက်ခဲနိုင်တယ်။ အဲဒီလိုအခက်အခဲကို ယောနသန် ရင်ဆိုင်ခဲ့ရတယ်။ ဘုရားသခင့်ဘိသိက်ခံဘုရင် ရှောလုဟာ သားဖြစ်သူ ယောနသန်နဲ့ ဒါဝိဒ် သိပ်ခင်မှန်းသိတယ်။ ဘာကြောင့် ဒီလောက်ချစ်ခင်မှန်း အကြောင်းရင်းကိုတော့ မသိဘူး။ ဒါဝိဒ်ကို ကူညီဖို့ ယောနသန်ကြိုးစားချိန်မှာ ရှောလု အကြီးအကျယ် ဒေါသပေါက်ကွဲပြီး လူတွေရှေ့မှာ ယောနသန်ကို အရှက်ခွဲတယ်။ ဒါပေမဲ့ ယောနသန်ကတော့ အဖေကို ဆက်လေးစားမှုပြခဲ့တယ်။ တစ်ချိန်တည်းမှာ ယေဟောဝါနဲ့ အစ္စရေးမင်းလောင်း ဒါဝိဒ်အပေါ် သစ္စာစောင့်သိခဲ့တယ်။ (၁ ရာ. ၂၀:၃၁-၄၁) ဒီနေ့လည်း အသင်းတော်မှာ ဦးဆောင်နေတဲ့ညီအစ်ကိုတွေဟာ လူတိုင်းကို မျှမျှတတဆက်ဆံဖို့ ကြိုးစားပေမဲ့ မစုံလင်တဲ့အတွက် နားလည်မှုလွဲတဲ့အခါတွေ ရှိနိုင်တယ်။ (၁ ရာ. ၁:၁၃-၁၇) ဒါကြောင့် ကိုယ့်ကို နားလည်မှုလွဲတဲ့အခါ၊ မမျှမတဆက်ဆံတဲ့အခါ ယေဟောဝါကို ဆက်သစ္စာစောင့်သိကြပါစို့။ က၁၆.၀၂ ၃:၁၄၊ ၁၅

သောကြာနေ့၊ နိုဝင်ဘာ ၃

မည်သူမဆို ငါ့နောက်သို့ လိုက်လိုလျှင် ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ရမည်။ မိမိ၏ညှဉ်းဆဲရာသစ်တိုင်ကိုထမ်း၍ ငါ့နောက်သို့ မပြတ်လိုက်ရမည်။—မ. ၁၆:၂၄။

ဆက်ကပ်အပ်နှံခြင်းနဲ့ နှစ်ခြင်းရဲ့ ကွာခြားမှုကို လူငယ်တချို့ ရောထွေးနေနိုင်တယ်။ ဥပမာ၊ ကိုယ့်ဘဝကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီးပြီ ဖြစ်ပေမဲ့ နှစ်ခြင်းခံဖို့ အသင့်မဖြစ်သေးဘူးလို့ လူငယ်တချို့ ပြောကြတယ်။ အဲဒါ အဓိပ္ပာယ်ရှိရဲ့လား။ ဆက်ကပ်အပ်နှံတယ်ဆိုတာ ယေဟောဝါကို ထာဝစဉ် ဝတ်ပြုပါ့မယ်လို့ ဆုတောင်းပြီး ကတိပေးတာ ဖြစ်တယ်။ နှစ်ခြင်းခံတယ်ဆိုတာ ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီးပြီဖြစ်မှန်း လူရှေ့သူရှေ့ ဖော်ပြတာဖြစ်တယ်။ ဒါကြောင့် နှစ်ခြင်းမခံခင် သင်ဟာ ဘုရားသခင်ဆီ ဆက်ကပ်အပ်နှံခြင်းရဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ လိုအပ်တယ်။ သင်ဟာ ကိုယ့်ဘဝကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံတဲ့အခါ ကိုယ့်ကို ယေဟောဝါ ပိုင်သွားပြီလို့ ပြောလိုက်တာ ဖြစ်တယ်။ အရာရာထက် ယေဟောဝါရဲ့ အလိုကို ဦးစားပေးပါ့မယ်လို့ ကတိပေးလိုက်တာ ဖြစ်တယ်။ ယေဟောဝါကိုပေးလိုက်တဲ့ အဲဒီကတိဟာ သိပ်အရေးကြီးတယ်။—မ. ၅:၃၃။ က၁၆.၀၃ ၁:၁၄၊ ၁၅

စနေနေ့၊ နိုဝင်ဘာ ၄

အရာရာ၌ ချစ်ခြင်းမေတ္တာအားဖြင့် ကြီးပွားကြစို့။—ဧ. ၄:၁၅။

ဧဖက်မြို့က ခရစ်ယာန်တွေဆီ ရေးတဲ့စာမှာ အသင်းတော်ဖွဲ့စည်းပုံအကြောင်း ပေါလုရှင်းပြတယ်။ အသင်းတော်သားအားလုံးဟာ ‘အရာရာမှာ ကြီးပွား’ ဖို့လိုတယ်လို့ ပေါလု ပြောတယ်။ (ဧ. ၄:၁၆) အဲဒီပန်းတိုင်ရောက်အောင် ဘာက ကူညီပေးမလဲ။ လူ့ခန္ဓာကိုယ် ပုံဥပမာကို ပေါလု သုံးပြီး အသင်းတော်ရဲ့ဦးခေါင်း ယေရှုခရစ်ရဲ့ လက်အောက်မှာ စည်းလုံးမှု ရှိနေအောင် ယောက်တိုင်း ကူညီပေးနိုင်တဲ့အကြောင်း အလေးပေးပြောခဲ့တယ်။ ခန္ဓာကိုယ်မှာ အင်္ဂါအစိတ်အပိုင်းအားလုံးဟာ “အဆစ်” တွေအားဖြင့် ပူးပေါင်းလုပ်ဆောင်ကြတယ်။ ဒါကြောင့် လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ၊ ကျန်းမာရေးကောင်းသူဖြစ်စေ၊ မကောင်းသူဖြစ်စေ ကျွန်တော်တို့ယောက်တိုင်း ဘာလုပ်ဆောင်သင့်သလဲ။ အသင်းတော်မှာ ဦးဆောင်ဖို့ အကြီးအကဲတွေကို ယေရှု ခန့်အပ်ထားတယ်။ သူတို့ကို ကျွန်တော်တို့ လေးစားဖို့၊ သူတို့ပေးတဲ့ လမ်းညွှန်ချက်တွေကို လိုက်လျှောက်ဖို့ လိုအပ်တယ်။ (ဟေဗြဲ ၁၃:၇၊ ၁၇) အဲဒီလိုလုပ်ဖို့ အမြဲတော့ မလွယ်ဘူး။ ဒါပေမဲ့ ယေဟောဝါဆီ အကူအညီတောင်းနိုင်တယ်။ အကြီးအကဲတွေပေးတဲ့ ဘယ်လမ်းညွှန်ချက်ကိုမဆို နာခံဖို့ သန့်ရှင်းသောစွမ်းအားတော်က ကူညီပေးနိုင်တယ်။ ကျွန်တော်တို့သာ နှိမ့်ချမှုရှိပြီး အကြီးအကဲတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရင် အသင်းတော်ကို ဘယ်လောက် အကူအညီဖြစ်စေမယ်ဆိုတာ စဉ်းစားကြည့်ပါ။ အသင်းတော်စည်းလုံးနေပြီး အချင်းချင်းအပေါ်ထားတဲ့ မေတ္တာလည်း တိုးများလာပါလိမ့်မယ်။ က၁၆.၀၃ ၃:၈၊ ၉

တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၅

ဘုရားသခင်၏တရားစကားတော်သည် အသက်ရှင်၍ တန်ခိုးရှိ၏။—ဟေဗြဲ ၄:၁၂။

လူငယ်ညီအစ်ကိုတွေကို ငယ်ငယ်ကတည်းက ဘုရားရေးရာပန်းတိုင်တွေ ချမှတ်ဖို့ မိဘတွေ အားမပေးကြဘူး။ သူတို့ဘဝမှာ ဘုရားအမှုဆောင်ခြင်းက ဘယ်တော့မှ ပထမဦးစားပေး မဖြစ်လာဘူး။ (မ. ၁၀:၂၄) ဒါကြောင့် အကြီးအကဲတစ်ယောက်ဟာ အသင်းတော်အခွင့်ထူးတွေအတွက် လေ့ကျင့်ပေးချင်တဲ့ ညီအစ်ကိုနဲ့ မိတ်ဆွေဖြစ်အောင် အချိန်ယူရမယ်။ သူ့ကို အသင်းတော်မှာ လိုအပ်တယ်ဆိုတာ သိစေရမယ်။ အဲဒီနောက် ယေဟောဝါဆီ သူ့ရဲ့ဆက်ကပ်အပ်နှံမှုအကြောင်း တွေးတောနိုင်အောင် ကူညီပေးမယ့် ကျမ်းချက်တွေကို အချိန်ရရင်ရသလို သူနဲ့အတူ ထိုင်ပြီး ဆွေးနွေးရပါမယ်။ (ဒေ. ၅:၄။ ဟေရှာ. ၆:၈။ မ. ၆:၂၄၊ ၃၃။ လု. ၉:၅၇-၆၂။ ၁ ကော. ၁၅:၅၈။ ၂ ကော. ၅:၁၅။ ၁၃:၅) အကြီးအကဲက သူ့စိတ်နှလုံးကို ထိမိစေဖို့ ဒီလိုမေးခွန်းတွေ မေးပါ– ‘ညီအစ်ကို့ဘဝကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံတုန်းက ဘယ်ကတိပေးခဲ့သလဲ။ ညီအစ်ကိုနှစ်ခြင်းခံချိန်မှာ ယေဟောဝါ ဘယ်လိုခံစားခဲ့ရမယ်လို့ ထင်သလဲ။ (သု. ၂၇:၁၁) စာတန်ကော ဘယ်လိုခံစားခဲ့ရမလဲ။’ (၁ ပေ. ၅:၈) အဲဒီကျမ်းချက်တွေက သိပ်တန်ခိုးပါပြီး ကိုယ်လေ့ကျင့်ပေးသူရဲ့စိတ်နှလုံးကို ကိုင်လှုပ်နိုင်စွမ်း ရှိတယ်။ က၁၅ ၄/၁၅ ၂:၉၊ ၁၁

တနင်္လာနေ့၊ နိုဝင်ဘာ ၆

ကိုယ်တော်သည် သင်တို့ကို ဂရုစိုက်တော်မူသောကြောင့် စိုးရိမ်စရာရှိသမျှကို ကိုယ်တော့်ထံ ပုံအပ်ထားလော့။—၁ ပေ. ၅:၇။

ယေဟောဝါက ဆုတောင်းချက်တွေကို အမြဲတမ်းတော့ ချက်ချင်းအဖြေမပေးတာ ဘာကြောင့်လဲ။ ယေဟောဝါဟာ အဖေဖြစ်ပြီး ကျွန်တော်တို့က သားသမီးတွေဖြစ်တယ်လို့ ကျမ်းစာပြောတယ်။ (ဆာ. ၁၀၃:၁၃) အဖေတစ်ယောက်ဟာ ကလေးတောင်းသမျှကို မပေးဘူး။ ချက်ချင်း မပေးတာမျိုးလည်းရှိတယ်။ ကလေးဟာ ပစ္စည်းတစ်ခုကို အရူးအမူးလိုချင်နေပေမဲ့ နောက်ပိုင်းမှာတော့ လုံးဝမလိုချင်တော့တာမျိုး ဖြစ်နိုင်မှန်း အဖေသိတယ်။ အဖေဟာ ကလေးအတွက်ရော၊ ပတ်သက်နေတဲ့ တခြားသူတွေအတွက်ပါ အကောင်းဆုံးဖြစ်မယ့်အရာကို သိတယ်။ ကလေးဘာလိုအပ်တယ်၊ ဘယ်အချိန်မှာ ပေးရမယ်ဆိုတာကိုလည်း သိတယ်။ တကယ်လို့ တောင်းသမျှကို ချက်ချင်းပေးနေမယ်ဆိုရင် အဖေဟာ ကလေးရဲ့ကျွန်ဖြစ်သွားပါလိမ့်မယ်။ ကောင်းကင်ဖခင်ယေဟောဝါဟာ ကျွန်တော်တို့ကို ချစ်မြတ်နိုးတယ်။ ကိုယ်တော်ဟာ ဉာဏ်ပညာရှိဖန်ဆင်းရှင်ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဘာလိုအပ်တယ်ဆိုတာ သိတယ်။ ကျွန်တော်တို့တောင်းဆိုတဲ့အရာကို ပေးရမယ့် အကောင်းဆုံးအချိန်ကိုလည်း သိတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဘယ်လိုဖြေကြားပေးမယ်ဆိုတာကို စောင့်ကြည့်တာဟာ အကောင်းဆုံးဖြစ်တယ်။—ဟေရှာ. ၂၉:၁၆။ ၄၅:၉။ က၁၅ ၄/၁၅ ၄:၆၊ ၇

အင်္ဂါနေ့၊ နိုဝင်ဘာ ၇

မာရ်နတ်ကိုမူ ခုခံတွန်းလှန်ကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံမှ ထွက်သွားလိမ့်မည်။—ယာ. ၄:၇။

ဒီလောကစနစ်ရဲ့အဆုံး သိပ်နီးနေပြီ။ စာတန်ဟာ ကျွန်တော်တို့ကို ဒီလောကမှာ အောင်မြင်ဖို့ပဲ သဲကြီးမဲကြီး ကြိုးစားစေချင်တယ်။ ဒီနည်းအားဖြင့် “ကိုယ့်ကိုယ်ကိုယ်သနား” စေချင်တယ်။ နောက်ဆုံးကာလမှာ အသက်ရှင်နေမှန်း မေ့သွားစေချင်တယ်။ သတိလက်လွတ်ဖြစ်သွားစေချင်တယ်။ ဒါပေမဲ့ ဘယ်တော့မှ အဲဒီလို အဖြစ်မခံပါနဲ့။ အဲဒီအစား၊ သတိရှိရှိ ‘စောင့်နေပါ။’ (မ. ၁၆:၂၂၊ ၂၃။ ၂၄:၄၂) အဆုံးရောက်ဖို့ အဝေးကြီးလိုသေးတယ် ဒါမှမဟုတ် လာတော့မှာမဟုတ်ပါဘူးဆိုတဲ့ စာတန်ရဲ့ အလိမ်အညာကို ဘယ်တော့မှ မယုံကြည်လိုက်ပါနဲ့။ ယေဟောဝါရဲ့မေတ္တာကို ကျွန်တော်တို့ မရထိုက်ဘူး၊ ကျွန်တော်တို့ရဲ့ အပြစ်တွေကို ကိုယ်တော် ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူးလို့ သူ ယုံစေချင်တယ်။ ဒါပေမဲ့ အဲဒါတွေဟာ စာတန်ရဲ့ အလိမ်အညာတွေဖြစ်တယ်။ ယေဟောဝါရဲ့မေတ္တာကို တကယ်မရထိုက်သူဟာ ဘယ်သူလဲဆိုတာ စဉ်းစားကြည့်ပါ။ စာတန်ပဲ။ ဘုရားသခင် ဘယ်တော့မှ ခွင့်မလွှတ်မယ့်သူဟာ ဘယ်သူလဲ။ စာတန်ပဲ။ ကျွန်တော်တို့နဲ့ ပတ်သက်ရင်တော့ ကျမ်းစာမှာ ဒီလိုပြောတယ်– “ဘုရားသခင်သည် သင်တို့၏ လုပ်ရပ်များနှင့် နာမတော်အတွက် သင်တို့ပြသောမေတ္တာကို မေ့လျော့တော်မူသည်တိုင်အောင် မဖြောင့်မတ်သည်မဟုတ်။” (ဟေဗြဲ ၆:၁၀) ယေဟောဝါ စိတ်ရွှင်လန်းစေဖို့ ကျွန်တော်တို့ လုပ်ဆောင်တာမှန်သမျှကို ကိုယ်တော် တန်ဖိုးထားတယ်။ အဲဒါတွေ ဘယ်တော့မှ အချည်းနှီး မဖြစ်ဘူး။ (၁ ကော. ၁၅:၅၈) ဒါကြောင့် စာတန့် အလိမ်အညာစကားတွေရဲ့ လှည့်စားမှုကို မခံပါနဲ့။ က၁၅ ၅/၁၅ ၁:၁၆-၁၉

ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၈

အဝေးမှမြော်မြင်လျက်၊ ဝမ်းသာစွာကြိုဆို . . . ကြ၏။—ဟေဗြဲ ၁၁:၁၃။

ယေဟောဝါဟာ အတိတ်တုန်းက ကတိတွေကို အမြဲပြည့်စုံစေခဲ့တယ်ဆိုတာ အာဗြဟံ သိတယ်။ ဒါကြောင့် အနာဂတ်မှာလည်း ယေဟောဝါရဲ့ ကတိအားလုံး ပြည့်စုံလာမယ်ဆိုတာ သူ ယုံကြည်စိတ်ချတယ်။ အာဗြဟံဟာ ယေဟောဝါရဲ့ ကတိတွေကို ယုံကြည်တဲ့အတွက် ယေဟောဝါ မိန့်မှာတဲ့အတိုင်း ဆက်လုပ်ဆောင်ခဲ့တယ်။ ဥပမာ၊ ဥရမြို့ကအိမ်ကို စွန့်ခဲ့တယ်။ ကျန်ဘဝတစ်လျှောက်လုံး ဘယ်မြို့မှာမှ အခြေတကျ မနေထိုင်ခဲ့ဘူး။ သူ့ဝန်းကျင်မှာရှိတဲ့မြို့တွေကို ယေဟောဝါကို မကိုးကွယ်သူတွေ အုပ်စိုးနေတဲ့အတွက် အဲဒီမြို့တွေ တည်မြဲမှာမဟုတ်မှန်း သူသိတယ်။ (ယောရှု ၂၄:၂) အာဗြဟံဟာ ကမ္ဘာကို ယေဟောဝါနဲ့ ကိုယ်တော့်အစိုးရ ထာဝစဉ်အုပ်ချုပ်မယ့်အချိန်ကို မျှော်လင့်စောင့်စားခဲ့တယ်။ အဲဒီအစိုးရဟာ “စစ်မှန်သည့် အုတ်မြစ်များရှိသော ဘုရားသခင်တည်ထောင်ပြုစုသောမြို့” ဖြစ်တယ်။ (ဟေဗြဲ ၁၁:၁၀) အာဗြဟံသာမက အာဗေလ၊ ဧနောက်၊ နောဧနဲ့ တခြားသူတွေဟာ ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်တယ်။ လှပတဲ့ ကမ္ဘာပေါ်မှာ ထာဝစဉ်အသက်ရှင်မယ့်အကြောင်း စိတ်ကူးလိုက်တိုင်း ယေဟောဝါအပေါ်ထားရှိတဲ့ သူတို့ရဲ့ ယုံကြည်ခြင်း ပိုခိုင်မာလာတယ်။—ဟေဗြဲ ၁၁:၁၅၊ ၁၆။ က၁၅ ၅/၁၅ ၃:၈၊ ၉

ကြာသပတေးနေ့၊ နိုဝင်ဘာ ၉

ခရစ်တော်သည် ဘုရားသခင်၏တန်ခိုးတော် . . . ဖြစ်၏။—၁ ကော. ၁:၂၄။

ယေဟောဝါဟာ မိမိရဲ့တန်ခိုးကို ယေရှုခရစ်ကတစ်ဆင့် အံ့ဖွယ်နည်းတွေနဲ့ ဖော်ပြခဲ့တယ်။ ယေရှု မြေကြီးပေါ်ရှိတုန်းက အံ့ဖွယ်အမှုတွေ ပြုလုပ်ခဲ့တယ်။ အဲဒီအံ့ဖွယ်အမှုတချို့အကြောင်း ကျမ်းစာထဲမှာ ဖတ်ရတဲ့အခါ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း ခိုင်ခံ့လာနိုင်တယ်။ (မ. ၉:၃၅။ လု. ၉:၁၁) မှန်ပါတယ်။ ယေဟောဝါဟာ ယေရှုကို ကြီးမားတဲ့တန်ခိုးပေးထားတယ်။ ဒါကြောင့်လည်း တမန်တော်ပေါလုက ‘ခရစ်တော်သည် ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏’ လို့ ပြောနိုင်ခဲ့တယ်။ ဒါပေမဲ့ ယေရှုရဲ့ အံ့ဖွယ်အမှုတွေက ကျွန်တော်တို့အပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိသလဲ။ ယေရှုရဲ့ အံ့ဖွယ်အမှုတွေက ကျွန်တော်တို့ကို ဘာသင်ပေးသလဲ။ အနှစ်တစ်ထောင်အုပ်ချုပ်မှုအတွင်း ယေရှု လုပ်ဆောင်မယ့်အရာတွေအကြောင်း သင်ပေးတယ်။ ယေရှုဟာ အဲဒီအချိန်မှာ မြေကြီးပေါ်က လူသားအားလုံးကို အကျိုးပြုမယ့် ပိုကြီးမားတဲ့အံ့ဖွယ်အမှုတွေကို ပြုလုပ်လိမ့်မယ်။ ယေရှုရဲ့ အံ့ဖွယ်အမှုတွေက ယေရှုနဲ့ သူ့ဖခင်ရဲ့ အရည်အသွေးတွေအကြောင်း အများကြီးသင်ပေးတယ်။ က၁၅ ၆/၁၅ ၁:၁၊ ၂

သောကြာနေ့၊ နိုဝင်ဘာ ၁၀

“ငါသည် ဝတ်လုံကို ထိရုံမျှနှင့် ကျန်းမာလိမ့်မည်” ဟုတစ်ကိုယ်တည်း ပြောလျက်နေ၏။ —မာ. ၅:၂၈။

ဒီအမျိုးသမီးကို ယေဟောဝါ ကုသပေးလိုက်မှန်း ယေရှုသိတဲ့အတွက် “ငါ့သမီး၊ သင်၏ ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ။ စိတ်ချမ်းသာစွာ သွားလော့။ ရောဂါနှိပ်စက်ခြင်းကင်း၍ ကျန်းမာပါစေ” လို့ ကြင်ကြင်နာနာ ပြောလိုက်တယ်။ (မာ. ၅:၃၄) ဖျားနာသူတွေအပါအဝင် လူအားလုံးကို ယေရှု သိပ်ချစ်မှန်းသိရလို့ အားရှိစရာပဲ။ စာတန်နဲ့တော့ သိပ်ကွာတယ်။ ကျွန်တော်တို့ဟာ သုံးစားလို့မရသူတွေ၊ အချစ်မခံရသူတွေ ဖြစ်တယ်လို့ သူထင်စေချင်တယ်။ ဒါပေမဲ့ ယေရှုကတော့ ကျွန်တော်တို့ကိုရော ကျွန်တော်တို့ရဲ့ ပြဿနာတွေကိုပါ သိပ်ဂရုစိုက်တယ်။ အဲဒါကို ယေရှု လုပ်ခဲ့တဲ့အံ့ဖွယ်အမှုတွေက ဖော်ပြတယ်။ ဒီလောက်မေတ္တာရှိတဲ့ ဘုရင်နဲ့ ယဇ်ပုရောဟိတ်မင်းကို ရရှိထားလို့ ကျေးဇူးတင်စရာပဲ။ (ဟေဗြဲ ၄:၁၅) ကျွန်တော်တို့က နာတာရှည်ရောဂါခံစားနေရသူတွေကို နားလည်ပေးဖို့ ခက်နိုင်တယ်။ အထူးသဖြင့် ကိုယ်က ကျန်းမာနေတဲ့အခါမျိုးမှာဖြစ်တယ်။ အဲဒီလိုအခါမျိုးမှာ ယေရှုအကြောင်း စဉ်းစားကြည့်ပါ။ ယေရှုဟာ တစ်ခါမှ မဖျားနာဖူးပေမဲ့ ဖျားနာသူတွေကို ကိုယ်ချင်းစာပေးတယ်။ ယေရှုရဲ့မေတ္တာပုံသက်သေကို အတတ်နိုင်ဆုံး တုပကြပါစို့။—၁ ပေ. ၃:၈။ က၁၅ ၆/၁၅ ၂:၁၁၊ ၁၂

စနေနေ့၊ နိုဝင်ဘာ ၁၁

လူမျိုးခြားတို့သည် သင်တို့ကြောင့် ဘုရားသခင်၏နာမတော်ကို စော်ကားတတ်ကြ၏။—ရော. ၂:၂၄။

ဘုရားသခင့်နာမည်ကို သိရှိခွင့်၊ “နာမတော်အတွက်လူမျိုး” ဖြစ်ခွင့်ကို ကျွန်တော်တို့ ရရှိထားတယ်။ (တ. ၁၅:၁၄။ ဟေရှာ. ၄၃:၁၀) “ကိုယ်တော်၏နာမတော် သန့်ရှင်းမြင့်မြတ်ခြင်း ရှိပါစေ” လို့ ကျွန်တော်တို့ ဆုတောင်းကြတယ်။ (မ. ၆:၉) ယေဟောဝါကို ရှုတ်ချစရာဖြစ်စေနိုင်တဲ့ ဘယ်အရာကိုမှ မပြုမိ၊ မပြောမိအောင် ကူညီပေးဖို့လည်း ဆုတောင်းကြတယ်။ ဒီနေ့ကျမ်းချက်မှာပြောသလို ဟောတဲ့အတိုင်း မလုပ်ဆောင်ခဲ့တဲ့ ပထမရာစုခရစ်ယာန်တချို့လို ကျွန်တော်တို့ မဖြစ်ချင်ကြဘူး။ ယေဟောဝါဟာ သူ့ကို ရှုတ်ချဂုဏ်ဖျက်သူတွေ၊ အုပ်စိုးရှင်အဖြစ် ငြင်းပယ်သူတွေကို ဖျက်ဆီးချိန်မှာ နာမတော်ကို လုံးလုံးလျားလျား သန့်ရှင်းမြင့်မြတ်စေပါလိမ့်မယ်။ (ယေဇ. ၃၈:၂၂၊ ၂၃) အဲဒီအချိန်မှာ လူသားတွေ စုံလင်လာပါလိမ့်မယ်။ ကောင်းကင်နဲ့ မြေကြီးမှာရှိသူတိုင်း ယေဟောဝါကို ဝတ်ပြုကိုးကွယ်ပြီး ကိုယ်တော်ရဲ့ သန့်ရှင်းတဲ့နာမည်ကို ဂုဏ်တင်ကြပါလိမ့်မယ်။ နောက်ဆုံးမှာ ကျွန်တော်တို့ရဲ့ မေတ္တာရှင်ဖခင်ဟာ “လူခပ်သိမ်း၌ အရာခပ်သိမ်းဖြစ်” လာပါလိမ့်မယ်။—၁ ကော. ၁၅:၂၈။ က၁၅ ၆/၁၅ ၄:၇၊ ၁၀

တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၁၂

ကောင်းကင်ဘုံသည် ငါ့ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ့ခြေတင်ရာခုံဖြစ်၏။—ဟေရှာ. ၆၆:၁။

“ခြေတင်ရာခုံ” ဆိုတဲ့စကားလုံးက မြေကြီးကိုပဲ ဆိုလိုတာမဟုတ်ဘူး။ ဟေဗြဲကျမ်းစောင်တွေမှာ အဲဒီစကားလုံးဟာ ရှေးအစ္စရေးတွေရဲ့ ဗိမာန်တော်ကိုလည်း ဆိုလိုတယ်။ (၅ ရာ. ၂၈:၂။ ဆာ. ၁၃၂:၇) ဗိမာန်တော်ဟာ စစ်မှန်တဲ့ဝတ်ပြုရေးရဲ့ ဗဟိုဖြစ်လို့ ယေဟောဝါအတွက် သိပ်လှတယ်။ ဒါကြောင့် ဗိမာန်တော်တည်ရှိနေခြင်းက ယေဟောဝါရဲ့ ခြေတင်ရာခုံကို လှပစေတယ်။ (ဟေရှာ. ၆၀:၁၃) ဒီနေ့ခေတ်မှာ စစ်မှန်တဲ့ဝတ်ပြုရေးရဲ့ ဗဟိုက ဘာလဲ။ ဗိမာန်တော်လို ပကတိအဆောက်အအုံတစ်ခုတော့ မဟုတ်ပါဘူး။ ဒီနေ့ခေတ်မှာ စစ်မှန်တဲ့ဝတ်ပြုရေးရဲ့ ဗဟိုက ပုံဆောင်ဗိမာန်တော်ဖြစ်ပြီး ဘယ်အဆောက်အအုံထက်မဆို ယေဟောဝါကို ဂုဏ်တင်နေတယ်။ ဒါဆို အဲဒီပုံဆောင်ဗိမာန်တော်က ဘာလဲ။ လူသားတွေကို ဘုရားသခင်နဲ့မိတ်ဆွေဖြစ်ခွင့်၊ ဝတ်ပြုခွင့်ရစေတဲ့ ဘုရားသခင့်အစီအစဉ်ဖြစ်တယ်။ အဲဒီအစီအစဉ်မှာ ယေရှုရဲ့ ရွေးနုတ်ဖိုး မရှိမဖြစ်လိုအပ်တယ်။ ယေရှု နှစ်ခြင်းခံပြီး ယေဟောဝါရဲ့ ပုံဆောင်ဗိမာန်တော်မှာ ယဇ်ပုရောဟိတ်မင်းအဖြစ် ခန့်အပ်ခံရတဲ့ အေဒီ ၂၉ မှာ ဒီအစီအစဉ် အစပြုခဲ့တယ်။—ဟေဗြဲ ၉:၁၁၊ ၁၂။ က၁၅ ၇/၁၅ ၁:၁-၃

တနင်္လာနေ့၊ နိုဝင်ဘာ ၁၃

မဟာဘုန်းတန်ခိုးတော်ကို ဆောင်လျက် မိုးတိမ်ကိုစီး၍ လူသားကြွလာတော်မူသည်ကို မြင်ကြရလိမ့်မည်။ —လု. ၂၁:၂၇။

သစ္စာရှိသူတွေကို ဆုပေးပြီး သစ္စာမရှိသူတွေကို ဒဏ်ပေးမယ့်အချိန်ဖြစ်တယ်။ (မ. ၂၄:၄၆၊ ၄၇၊ ၅၀၊ ၅၁။ ၂၅:၁၉၊ ၂၈-၃၀) ယေရှုက ပုံဥပမာတစ်ခုသုံးပြီး အဲဒီအကြောင်း အသေးစိတ်ရှင်းပြတယ်– “လူသားသည် မိမိဘုန်းတော်ကိုဆောင်လျက် ကောင်းကင်တမန်အပေါင်းတို့နှင့်တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသောပလ္လင်တော်ပေါ်မှာ ထိုင်၍၊ လူမျိုးအပေါင်းတို့ကို ရှေ့တော်၌ စုဝေးစေပြီးလျှင် သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို ခွဲခြားသကဲ့သို့ လူတို့ကို ခွဲခြားလိမ့်မည်။ ကိုယ်တော်သည် သိုးတို့ကို လက်ယာဘက်၊ ဆိတ်တို့ကို လက်ဝဲဘက်တွင် ထားတော်မူမည်။” (မ. ၂၅:၃၁-၃၃) သိုးနဲ့ဆိတ်တွေ ဘယ်လို တရားစီရင်ခံရမလဲ။ သစ္စာမရှိသူတွေဖြစ်တဲ့ ဆိတ်တွေဟာ “ထာဝရသေဒဏ်စီရင်ခြင်းခံရ” မှာဖြစ်ပြီး သစ္စာရှိသူတွေဖြစ်တဲ့ သိုးတွေကတော့ ထာဝရအသက်ဆု ရရှိမှာဖြစ်တယ်။—မ. ၂၅:၄၆။ က၁၅ ၇/၁၅ ၂:၁၁၊ ၁၂

အင်္ဂါနေ့၊ နိုဝင်ဘာ ၁၄

ညီအစ်ကိုတို့သည် သဘောတူလျက် ပေါင်းဖော်ကြသည်အရာမှာ အလွန်ကောင်းပေ၏။ အလွန်တင့်တယ်လျောက်ပတ်ပေ၏။—ဆာ. ၁၃၃:၁။

ကျွန်တော်တို့ဟာ ကိုယ်ကြီးပြင်းလာတဲ့ဒေသရဲ့ အစားအစာ၊ ဘာသာစကား၊ ရေမြေသဘာဝနဲ့ ဓလေ့ထုံးစံတွေကို နှစ်သက်လေ့ရှိတယ်။ ဒါပေမဲ့ ကိုယ့်ဟာပဲ အကောင်းဆုံးဆိုတဲ့ သဘောထားကို ရှောင်ရမယ်။ ယေဟောဝါဟာ ကျွန်တော်တို့ ပျော်မွေ့ခံစားဖို့ အမျိုးမျိုး ဖန်ဆင်းပေးထားတယ်။ (ဆာ. ၁၀၄:၂၄။ ဗျာ. ၄:၁၁) ဒါကြောင့် တစ်ခုခုက တခြားတစ်ခုထက် ပိုသာတယ်လို့ ဘာကြောင့် မရမကပြောနေမှာလဲ။ ယေဟောဝါဟာ လူအမျိုးမျိုးကို သူ့အကြောင်း သင်ယူစေချင်တယ်။ သူ့ကိုဝတ်ပြုပြီး ထာဝစဉ်အသက်ရှင်စေချင်တယ်။ (ယော. ၃:၁၆။ ၁ တိ. ၂:၃၊ ၄) ဒါကြောင့် ညီအစ်ကိုညီအစ်မတွေရဲ့ အယူအဆဟာ ကိုယ့်အယူအဆနဲ့ မတူရင်တောင် ယေဟောဝါရဲ့ အလိုတော်နဲ့ မဆန့်ကျင်သရွေ့ လိုလိုလားလား နားထောင်ပေးသင့်တယ်။ အဲဒီလိုလုပ်မယ်ဆိုရင် ဘဝက ပျော်ရွှင်စရာကောင်းပြီး ညီအစ်ကိုညီအစ်မတွေနဲ့လည်း ဆက်စည်းလုံးနေနိုင်မယ်။ ကျွန်တော်တို့က ယေဟောဝါနဲ့ ကိုယ်တော့်နိုင်ငံကို သစ္စာစောင့်သိတဲ့အတွက် လောကအငြင်းပွားမှုတွေမှာ မပါဝင်ကြဘူး။ စာတန့်လောကရဲ့ စိတ်ဝမ်းကွဲပြားစေတဲ့၊ မာနထောင်လွှားတဲ့၊ ပြိုင်ဆိုင်တဲ့ အပြုအမူတွေကို ရှောင်နိုင်ဖို့ ယေဟောဝါ သွန်သင်ပေးတဲ့အတွက် ကျေးဇူးတင်စရာပဲ။ က၁၅ ၇/၁၅ ၃:၁၇၊ ၁၈

ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၁၅

ကိုယ်တော်သည် သင်တို့ကို ဂရုစိုက်တော်မူ [၏]။—၁ ပေ. ၅:၇။

ယေဟောဝါကိုချစ်ကြောင်း နည်းလမ်းများစွာနဲ့ ဖော်ပြနိုင်တယ်။ ဥပမာ၊ နိုင်ငံတော်သတင်းကောင်းကို ထက်ထက်သန်သန် ဟောပြောခြင်းအားဖြင့် ယေဟောဝါကိုချစ်ကြောင်း ဖော်ပြနိုင်တယ်။ (မ. ၂၄:၁၄။ ၂၈:၁၉၊ ၂၀) ယုံကြည်ခြင်းစမ်းသပ်မှုတွေကို သစ္စာရှိရှိခံရပ်ခြင်းအားဖြင့်လည်း ဖော်ပြနိုင်တယ်။ (ဆာ. ၈၄:၁၁။ ယာ. ၁:၂-၅) စမ်းသပ်မှုတွေ သိပ်ပြင်းထန်ရင်တောင် ကျွန်တော်တို့ရဲ့ ဒုက္ခကို ယေဟောဝါမြင်ပြီး ကူညီပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။ ကျွန်တော်တို့ဟာ ကိုယ်တော့်အတွက် တန်ဖိုးရှိသူတွေဖြစ်လို့ပဲ။ (ဆာ. ၅၆:၈) ယေဟောဝါကို ချစ်တဲ့မေတ္တာက အံ့ဖွယ်ဖန်ဆင်းရာတွေအကြောင်း တွေးတောဆင်ခြင်ဖို့ လှုံ့ဆော်ပေးတယ်။ ကျွန်တော်တို့က ဘုရားသခင်နဲ့ နှုတ်မြွက်တော်ကျမ်းစာကို ချစ်မြတ်နိုးတဲ့အတွက် ကျမ်းစာကို ဝီရိယရှိရှိ လေ့လာကြတယ်။ ဘုရားသခင်ကို ချစ်မြတ်နိုးပြီး ကိုယ်တော်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိချင်တဲ့အတွက် ပုံမှန်ဆုတောင်းကြတယ်။ အဖိုးတန်ဆုကျေးဇူးဖြစ်တဲ့ ရွေးနုတ်ဖိုးအကြောင်း တွေးတောဆင်ခြင်တဲ့အခါ ဘုရားသခင်ကို ချစ်မြတ်နိုးစိတ်တိုးများလာတယ်။ (၁ ယော. ၂:၁၊ ၂) အဲဒါတွေက ဘုရားသခင့်တည်မြဲတဲ့မေတ္တာကို တန်ဖိုးထားကြောင်း ဖော်ပြနိုင်တဲ့ နည်းလမ်းတချို့သာဖြစ်တယ်။ က၁၅ ၈/၁၅ ၁:၆၊ ၁၇၊ ၁၈

ကြာသပတေးနေ့၊ နိုဝင်ဘာ ၁၆

စိတ်ရှည်တာက ပိုကောင်းတယ်။ —ဒေ. ၇:၈၊ ကဘ။

ကမ္ဘာသစ်မှာ စိတ်ရှည်မှုပြဖို့ လိုအပ်တဲ့အခါတွေ ရှိနိုင်တယ်။ ဥပမာ၊ ဆွေမျိုးတွေ၊ မိတ်ဆွေတွေ ထမြောက်လာတာကို ကြိုဆိုရလို့ လူတချို့ သိပ်ဝမ်းသာနေတာကို သင် ကြားမိနိုင်တယ်။ ဒါပေမဲ့ သင် ချစ်မြတ်နိုးရသူတွေတော့ မထမြောက်လာသေးဘူး။ အဲဒီအခါမျိုးမှာ တခြားသူတွေနဲ့အတူ သင် ဝမ်းမြောက်နိုင်မလား။ စိတ်ရှည်နိုင်မလား။ (ရော. ၁၂:၁၅) ယေဟောဝါရဲ့ ကတိတွေပြည့်စုံလာမယ့်အချိန်ကို စိတ်ရှည်ရှည်စောင့်မျှော်တတ်အောင် အခုကတည်းက သင်ယူထားမယ်ဆိုရင် အဲဒီအချိန်မှာလည်း စိတ်ရှည်နိုင်ပါလိမ့်မယ်။ ကျမ်းစာအမှန်တရားနဲ့ပတ်သက်တဲ့ နားလည်မှုတွေ ပြောင်းလဲချိန်မှာ စိတ်ရှည်ခြင်းအားဖြင့်လည်း ကမ္ဘာသစ်အသက်တာအတွက် ပြင်ဆင်နိုင်တယ်။ အကြောင်းအရာအသစ်ကို လေ့လာပြီး အပြည့်အဝ နားမလည်ရင်တောင် စိတ်ရှည်မှုတင်ပြသလား။ အဲဒီလိုတင်ပြတယ်ဆိုရင် ကမ္ဘာသစ်မှာလည်း ယေဟောဝါဆီက ညွှန်ကြားချက်အသစ်တွေရတိုင်း စိတ်ရှည်ဖို့ လွယ်ကူပါလိမ့်မယ်။—သု. ၄:၁၈။ ယော. ၁၆:၁၂။ က၁၅ ၈/၁၅ ၃:၉၊ ၁၀

သောကြာနေ့၊ နိုဝင်ဘာ ၁၇

ခရစ်တော်၏ ပြည့်စုံခြင်းပမာဏ အဆင့် . . . သို့ ရောက်သည်အထိ ဖြစ်၏။—ဧ. ၄:၁၃။

တမန်တော်ပေါလုက ဧဖက်မြို့က ခရစ်ယာန်တွေကို ရင့်ကျက်သူတွေဖြစ်စေချင်တယ်။ “ယုံကြည်ခြင်း၌လည်းကောင်း၊ ဘုရားသခင်၏သားတော်ကို တိကျမှန်ကန်စွာ သိကျွမ်းခြင်း၌လည်းကောင်း တစ်လုံးတစ်ဝတည်းဖြစ်၍ ခရစ်တော်၏ ပြည့်စုံခြင်းပမာဏ အဆင့်တည်းဟူသော ကြီးရင့်သူအဖြစ်သို့ ရောက်သည်အထိ” ကြိုးစားဖို့ သူတို့ကို ပေါလုအားပေးခဲ့တယ်။ (ဧ. ၄:၁၃) ဧဖက်အသင်းတော်ဆီ ပေါလု စာရေးချိန်မှာ အဲဒီအသင်းတော်တည်ရှိခဲ့တာ နှစ်အတော်ကြာနေပြီ။ အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မများစွာဟာ အတွေ့အကြုံရှိပြီးသား ရင့်ကျက်တဲ့ခရစ်ယာန်တွေဖြစ်တယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ဆက်ဆံရေး ပိုခိုင်မြဲအောင်လုပ်ဖို့ လိုအပ်နေသူတချို့ ရှိသေးတယ်။ ဒီနေ့လည်း အဲဒီလိုပဲ။ ညီအစ်ကိုညီအစ်မများစွာဟာ ယေဟောဝါကို နှစ်ပေါင်းများစွာ ဝတ်ပြုလာတဲ့ ရင့်ကျက်သူတွေ ဖြစ်ကြတယ်။ ဒါပေမဲ့ တချို့ကတော့ အဲဒီအဆင့်ထိ မရောက်သေးဘူး။ ဥပမာ၊ နှစ်တိုင်း နှစ်ခြင်းခံသူ ထောင်ပေါင်းများစွာရှိတဲ့အတွက် ရင့်ကျက်တဲ့အဆင့်ကို တက်လှမ်းဖို့ လိုအပ်နေတယ်။ သင်ကော ဘယ်လိုလဲ။—ကော. ၂:၆၊ ၇။ က၁၅ ၉/၁၅ ၁:၂၊ ၃

စနေနေ့၊ နိုဝင်ဘာ ၁၈

ကိုယ်ကာယလေ့ကျင့်မှုသည် အနည်းငယ် အကျိုးရှိ [၏။]— ၁ တိ. ၄:၈။

ပုံမှန်လေ့ကျင့်ခန်းလုပ်တာက လန်းဆန်းစေပြီး ကျန်းမာရေးကို အထောက်အကူပြုတယ်လို့ လူများစွာ ယူဆကြတယ်။ ဒါပေမဲ့ အုပ်စုလိုက် လေ့ကျင့်ခန်းလုပ်ချင်တဲ့အခါ အုပ်စုထဲမှာ ပါဝင်သူတွေကို စိစစ်ရွေးချယ်ဖို့ အရေးကြီးသလား။ သုတ္တံ ၁၃:၂၀ မှာ “ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏” လို့ ပြောထားတယ်။ အပန်းဖြေမှုရွေးချယ်ရာမှာ ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ သိစိတ်ကိုသုံးဖို့ အရေးကြီးတာ ထင်ရှားတယ်။အပန်းဖြေမှုအတွက် သင် ဘယ်လောက်အချိန်ပေးနေသလဲ။ သင့်ဘဝမှာ အစည်းအဝေး၊ အမှုဆောင်၊ ကျမ်းစာလေ့လာမှု စတာတွေက နံပါတ်တစ်လား၊ အပန်းဖြေမှုက နံပါတ်တစ်လား။ ဘယ်အရာက သင့်အတွက် အရေးကြီးဆုံးလဲ။ “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ဦးစွာ ရှာလျက်နေကြလော့။ နောက်မှ ထိုအရာအားလုံးကို ထပ်၍ပေးတော်မူမည်” လို့ ယေရှု ပြောတယ်။ (မ. ၆:၃၃) အချိန်ကို ဘယ်လိုအသုံးပြုမယ်ဆိုတာ ဆုံးဖြတ်တဲ့အခါ ယေရှုရဲ့အကြံဉာဏ်ကို သတိရဖို့ သင့်ရဲ့သိစိတ်က သတိပေးသလား။ က၁၅ ၉/၁၅ ၂:၁၃၊ ၁၅

တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၁၉

ဘာကြောင့် ဒီလောက်တောင် ဒေါသထွက်ပြီး မျက်နှာပျက်နေရတာလဲ။ မင်းသာ အခုကစပြီး ကောင်းတာလုပ်မယ်ဆိုရင် မျက်နှာသာ ပြန်ရမှာပဲ။ . . . အပြစ်ကို မင်းအနိုင်ယူလိုက်ပါ။—က. ၄:၆၊ ၇၊ ကဘ။

ကာဣန အပြစ်လုပ်မိတော့မှာကို ယေဟောဝါတွေ့တဲ့အခါ အချိန်မီတည့်မတ်ပေးတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ အကူအညီကို ကာဣန လက်မခံတဲ့အတွက် ဒုက္ခရောက်ခဲ့တယ်။ (က. ၄:၁၁-၁၃) နောက်တစ်ကြိမ်မှာလည်း ဗာရုတ်ဟာ မှားယွင်းတဲ့အတွေးအခေါ်ကြောင့် ခြေကုန်လက်ပန်းကျပြီး စိတ်ဓာတ်ကျလာတာ ယေဟောဝါ သတိထားမိတယ်။ ဒါနဲ့ သူ့အတွေးအခေါ် မှားနေမှန်း၊ ပြောင်းလဲဖို့လိုမှန်း သတိပေးခဲ့တယ်။ ယေဟောဝါရဲ့ ဆုံးမစကားကို ဗာရုတ် နားထောင်တဲ့အတွက် အသက်ဘေးကနေ လွတ်မြောက်ခဲ့တယ်။ (ယေ. ၄၅:၂-၅) ယေဟောဝါဟာ ကျွန်တော်တို့ကို ချစ်လို့ လမ်းပြဆုံးမတယ်။ (ဟေဗြဲ ၁၂:၆) ဆုံးမမှုဆိုတာ ဒဏ်ပေးရုံလောက်သာ မဟုတ်ဘူး။ ပုံစံအမျိုးမျိုးရှိတယ်။ အဲဒီထဲမှာ လေ့ကျင့်မှုလည်း ပါဝင်တယ်။ လူတော်လူကောင်းတွေ ဖြစ်လာအောင် သစ္စာရှိကျေးကျွန်တွေကို ယေဟောဝါလေ့ကျင့်ပေးခဲ့တဲ့ ကျမ်းစာပုံနမူနာတွေ အများကြီးရှိတယ်။ က၁၅ ၉/၁၅ ၄:၁၂၊ ၁၃

တနင်္လာနေ့၊ နိုဝင်ဘာ ၂၀

ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရား၏နာမတော်ကြောင့် ကိုယ်တော်ကျွန်တို့သည် . . . လာပါပြီ။ ထာဝရဘုရား၏သတင်းတော်ကိုလည်းကောင်း၊ . . . ပြုတော်မူသမျှကိုလည်းကောင်း ကြားပါပြီ။ —ယောရှု ၉:၉၊ ၁၀။

အစ္စရေးတွေဘက်ကနေ ယေဟောဝါ တိုက်ခိုက်နေမှန်း ဂိဗောင်မြို့သားတွေ ပညာရှိရှိ အသိအမှတ်ပြုခဲ့ကြတယ်။ ရာခပ်လည်း ယေဟောဝါရဲ့လက်တော်ကို မြင်တွေ့ခဲ့တယ်။ သူဟာ အစ္စရေးလူမျိုးမဟုတ်ဘူး။ ဒါပေမဲ့ အစ္စရေးတွေကို အီဂျစ်ပြည်ကနေ ယေဟောဝါ ဘယ်လိုကယ်တင်ခဲ့မှန်း သူကြားတဲ့အတွက် ‘ယေဟောဝါဘုရားက ရှင်တို့ကို ဒီပြည်ပေးမယ်ဆိုတာ ကျွန်မသိတယ်’ လို့ အစ္စရေးသူလျှိုနှစ်ယောက်ကို ပြောတယ်။ သူနဲ့ သူ့မိသားစုကို ယေဟောဝါ ကယ်တင်နိုင်မှန်း ရာခပ်ယုံကြည်တယ်။ ဒါကြောင့် အန္တရာယ်ရှိမှန်းသိပေမဲ့ ယေဟောဝါကို ယုံကြည်ကြောင်း တင်ပြခဲ့တယ်။ (ယောရှု ၂:၉-၁၃၊ ကဘ။ ၄:၂၃၊ ၂၄) အဲဒီပုံနမူနာတွေနဲ့ တခြားကျမ်းစာပုံနမူနာများစွာက ဘုရားသခင့်လက်တော်ကို မြင်တွေ့ရခြင်းဟာ ဘာကိုဆိုလိုမှန်း နားလည်စေတယ်။ ယေဟောဝါနဲ့ ကိုယ်တော့်အရည်အသွေးတွေအကြောင်း သိလာတဲ့အခါ ကျွန်တော်တို့လည်း ကိုယ်တော့်လက်တော်ကို ကိုယ့်ရဲ့ “ဉာဏ်မျက်စိ” နဲ့ မြင်တွေ့နိုင်တယ်။ (ဧ. ၁:၁၈) မိမိလူမျိုးကို ယေဟောဝါ ကူညီပေးမှန်း မြင်တွေ့ခဲ့တဲ့ ရှေးခေတ်နဲ့ ဒီနေ့ခေတ် သစ္စာရှိကျေးကျွန်တွေကို ကျွန်တော်တို့ တုပချင်တယ်။ က၁၅ ၁၀/၁၅ ၁:၆၊ ၇၊ ၉

အင်္ဂါနေ့၊ နိုဝင်ဘာ ၂၁

ယေရှုသည် မာသ၊ သူ၏ညီမနှင့် လာဇရုတို့ကို ချစ်တော်မူ၏။—ယော. ၁၁:၅။

မာသဟာ ယေရှုရဲ့ မိတ်ဆွေရင်းဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ယေရှုချစ်တဲ့သူအဖြစ် နာမည်နဲ့တကွ ဖော်ပြခံရတဲ့ တစ်ဦးတည်းသော အမျိုးသမီးလည်း ဖြစ်တယ်။ ဒါပေမဲ့ ယေရှုဟာ မိခင်မာရိ၊ မာသရဲ့ညီမ မာရိ စတဲ့ ဘုရားကို ကြောက်ရွံ့တဲ့ တခြားအမျိုးသမီးတွေကိုလည်း ချစ်တယ်။ (ယော. ၁၉:၂၅-၂၇) ဒါဆို ခရစ်ဝင်ကျမ်းမှတ်တမ်းမှာ မာသကို ဘာကြောင့် အဲဒီလိုဖော်ပြထားတာလဲ။ မာသရဲ့ ကြင်နာရက်ရောမှုနဲ့ အလုပ်ကြိုးစားမှုကြောင့်သာမက အထူးသဖြင့် သူ့ရဲ့ ခိုင်မာတဲ့ယုံကြည်ခြင်းကြောင့် သူ့ကို ယေရှု ချစ်တယ်။ မာသဟာ ယေရှု သွန်သင်သမျှအားလုံးကို ယုံကြည်တယ်။ ယေရှုဟာ ကတိထားရာမေရှိယ ဖြစ်တယ်ဆိုတာကိုလည်း မာသ လုံးဝသံသယမရှိဘူး။ (ယော. ၁၁:၂၁-၂၇) ဒါပေမဲ့ မာသဟာ မစုံလင်သူဖြစ်ပြီး ကျွန်တော်တို့လိုပဲ အမှားတွေလုပ်တယ်။ ဥပမာ၊ တစ်ခါက သူတို့ဆီ ယေရှုလာလည်တဲ့အခါ ညီမဖြစ်သူမာရိကို စိတ်ဆိုးပြီး ဆုံးမပေးဖို့ ယေရှုကိုပြောတယ်။ “သခင်၊ ကျွန်မ၏ညီမသည် ကျွန်မတစ်ယောက်တည်းအား လုပ်ကျွေးမှုတာဝန် ဆောင်ရွက်စေသည်ကို လျစ်လျူရှုတော်မူသလော။ သူသည် ကျွန်မကို ကူညီမည်အကြောင်း အမိန့်ရှိတော်မူပါ” လို့ မာသ ပြောတယ်။—လု. ၁၀:၃၈-၄၂။ က၁၅ ၁၀/၁၅ ၃:၁၊ ၂

ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၂၂

ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ ကိုယ်တော်သည်လည်း သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။ —ယာ. ၄:၈။

ယေဟောဝါနဲ့ ယေရှုအကြောင်း တွေးတောဆင်ခြင်ခြင်းက အမှန်တရားအတွက် ဇွဲထက်သန်နေအောင် ကူညီပေးတယ်။ သင့်ရဲ့ ဇွဲထက်သန်မှုက ညီအစ်ကိုညီအစ်မတွေ၊ အမှုဆောင်လုပ်ငန်းမှာ တွေ့ဆုံသူတွေကို အားရှိစေနိုင်တယ်။ ယေဟောဝါရဲ့အကြီးမားဆုံးလက်ဆောင်ဖြစ်တဲ့ ယေရှုရဲ့ ရွေးနုတ်ဖိုးအကြောင်း တွေးတောဆင်ခြင်တဲ့အခါ ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရရှိထားခြင်းကို သင် ဆက်တန်ဖိုးထားလေးမြတ်နေပါလိမ့်မယ်။ (ရော. ၃:၂၄) တောင်အာဖရိကမှာနေထိုင်တဲ့ ညီအစ်ကိုမာ့ခ်ဟာ ယုံကြည်ချက်ကြောင့် ထောင်သုံးနှစ်ကျခံခဲ့ရတယ်။ သူအခုလိုပြောတယ်– “တွေးတောဆင်ခြင်ခြင်းက သည်းထိတ်ရင်ဖိုစွန့်စားခန်းနဲ့တူတယ်။ ဘုရားရေးရာကိစ္စတွေအကြောင်း ပိုတွေးတောဆင်ခြင်လေ ယေဟောဝါနဲ့ပတ်သက်တဲ့အကြောင်းအရာသစ်တွေကို ပိုသိလာလေပဲ။ စိတ်ဓာတ်ကျတဲ့အခါတွေ၊ ရှေ့ရေးအတွက် တွေးပူမိတဲ့အခါတွေမှာ ကျမ်းစာကောက်ဖတ်ပြီး ကျမ်းချက်တွေကို တွေးတောဆင်ခြင်လိုက်တယ်။ အဲဒီအခါ တကယ့်ကို စိတ်ငြိမ်သက်မှု ခံစားရတယ်။” က၁၅ ၁၀/၁၅ ၄:၁၅

ကြာသပတေးနေ့၊ နိုဝင်ဘာ ၂၃

ဉာဏ်ကိုပေးတော်မူပါ။ တရားတော်ကိုစောင့်ပါမည်။ စိတ်နှလုံးအကြွင်းမဲ့စောင့်ပါမည်။—ဆာ. ၁၁၉:၃၄။

စည်းမျဉ်းတစ်ခုခု ထုတ်ရတဲ့အကြောင်းရင်း၊ ဆုံးဖြတ်ချက်တစ်ခုခု ချရတဲ့အကြောင်းရင်းကို သားသမီးတွေကို ရှင်းပြဖို့ သင့်တော်တဲ့အချိန်ကို ရှာယူပါ။ သင့်ဆယ်ကျော်သက်သားသမီးက အကြောင်းရင်းကို နားလည်မှသာ နာခံချင်စိတ် ရှိလာမှာဖြစ်တယ်။ “အကြောင်းရင်းကို ရှင်းပြတဲ့အခါ သင့်ကို သူတို့ ပိုယုံကြည်လာလိမ့်မယ်။ အာဏာရှိလို့သာမဟုတ်ဘဲ အကြောင်းကောင်းရှိလို့ စည်းမျဉ်းထုတ်တယ်၊ ဆုံးဖြတ်ချက်တွေချတယ်ဆိုတာ နားလည်လာလိမ့်မယ်” လို့ သားသမီးလေးယောက်ကို ပြုစုပျိုးထောင်ခဲ့တဲ့ ညီအစ်ကိုဘာရီ ပြောတယ်။ ဆယ်ကျော်သက်တွေဟာ ကလေးပေါက်စတွေ မဟုတ်မှန်းလည်း သင် သတိရပါ။ ကိုယ့်ရဲ့ “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကို သုံးတတ်အောင်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချတတ်အောင် သင်ယူနေသူတွေဖြစ်တယ်။ (ရော. ၁၂:၁) “ခံစားချက်ကို ဦးစားမပေးဘဲ အသိဉာဏ်ရှိရှိ ဆုံးဖြတ်ချက် ချတတ်အောင် သူတို့ သင်ယူဖို့ လိုတယ်” လို့ ညီအစ်ကိုဘာရီ ပြောတယ်။ ဒါကြောင့် သင့်အနေနဲ့ နှိမ့်ချမှုရှိပါ။ ဆုံးဖြတ်ချက်ချရတဲ့အကြောင်းရင်းကို ရှင်းပြပါ။ ဒီနည်းအားဖြင့် သင့်ရဲ့ဆယ်ကျော်သက်သားသမီးလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချတတ်လာပါလိမ့်မယ်။ သူ့ကို သင်လေးစားမှန်း၊ လူကြီးအဖြစ် အသိအမှတ်ပြုမှန်း သိလာပါလိမ့်မယ်။ က၁၅ ၁၁/၁၅ ၂:၁၁

သောကြာနေ့၊ နိုဝင်ဘာ ၂၄

ငါတို့သည် အခွင့်အခါသင့်နေသရွေ့ လူတိုင်းကို ကောင်းမှုပြုကြစို့။ အထူးသဖြင့် ယုံကြည်ခြင်း၌ ဆွေမျိုးတော်သူတို့ကို ကောင်းမှုပြုကြစို့။—ဂလ. ၆:၁၀။

ကမ္ဘာတစ်ဝန်းမှာ ယေဟောဝါကို ဝတ်ပြုသူ သန်းပေါင်းများစွာ ရှိတယ်။ သူတို့ဟာ ကျွန်တော်တို့ရဲ့ ညီအစ်ကိုညီအစ်မတွေ ဖြစ်တယ်။ သူတို့နဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားမျိုး ရှိသင့်သလဲ။ (ရော. ၁၂:၁၀) “သင်တို့သည် ဟန်ဆောင်မှုမရှိဘဲ ညီရင်းအစ်ကိုကဲ့သို့ ချစ်ခင်စုံမက်ခြင်းနှင့်တကွ အမှန်တရားကို နာခံခြင်းဖြင့် သင်တို့ကိုယ်ကို စင်ကြယ်စေပြီဖြစ်ရာ အချင်းချင်း စိတ်နှလုံးထဲမှ နက်ရှိုင်းစွာ ချစ်ကြလော့” လို့ တမန်တော် ပေတရု ရေးတယ်။ “ထိုအရာအားလုံးတို့ထက် အချင်းချင်း အားကြီးသောမေတ္တာဖြင့် ချစ်ကြလော့” လို့လည်း ပေတရု ပြောတယ်။ (၁ ပေ. ၁:၂၂။ ၄:၈) ကျွန်တော်တို့ရဲ့ ကမ္ဘာချီအဖွဲ့အစည်းဟာ ထူးခြားတယ်။ ဘာကြောင့်လဲဆိုတော့ ညီအစ်ကိုညီအစ်မအချင်းချင်း အားကြီးတဲ့မေတ္တာနဲ့ ချစ်ကြလို့ပဲ။ အဲဒီအပြင် ယေဟောဝါကို ချစ်ပြီး ကိုယ်တော့်ပညတ်တွေကို နာခံတဲ့အတွက် စကြဝဠာမှာ တန်ခိုးအရှိဆုံး စွမ်းအားဖြစ်တဲ့ သန့်ရှင်းသော စွမ်းအားတော်အားဖြင့် ကျွန်တော်တို့ကို ကိုယ်တော်ကူညီထောက်မတယ်။ ဘုရားသခင့် စွမ်းအားတော်က အမှန်တကယ်စည်းလုံးတဲ့ ကမ္ဘာချီ ညီအစ်ကို အသင်းအပင်း ဖြစ်နိုင်ဖို့ ကူညီပေးတယ်။—၁ ယော. ၄:၂၀၊ ၂၁။ က၁၅ ၁၁/၁၅ ၄:၈၊ ၉

စနေနေ့၊ နိုဝင်ဘာ ၂၅

ဘာသာအသီးသီးကိုပြောတတ်သော လူအမျိုးမျိုးတို့တွင် တစ်ကျိပ်သောလူတို့သည် . . . သင်တို့နှင့်အတူလိုက်ပါမည်ဟု ဆိုကြလိမ့်မည်။—ဇာ. ၈:၂၃။

ယေဟောဝါနဲ့ သူ့ရည်ရွယ်ချက်တွေအကြောင်း သိကျွမ်းဖို့ ဘာသာစကားတစ်ခုခုကို သင်ယူရမယ်လို့ ဘုရားသခင် မတောင်းဆိုဘူး။ (ဗျာ. ၇:၉၊ ၁၀) လူသားတွေ ဘာသာစကားအမျိုးမျိုး ပြောဆိုပေမဲ့ အဲဒါဟာ ယေဟောဝါအတွက် ပြဿနာမဟုတ်ဘူး။ ဥပမာ၊ ယေရှုပြောခဲ့တဲ့ မူရင်းစကားအတိအကျ နည်းနည်းပဲ ကျမ်းစာမှာပါတယ်။ (မ. ၂၇:၄၆။ မာ. ၅:၄၁။ ၇:၃၄။ ၁၄:၃၆) ဒါပေမဲ့ ယေရှုရဲ့စကားတွေကို ဂရိစကားနဲ့၊ နောက်ပိုင်း တခြားစကားတွေနဲ့ ရရှိနိုင်အောင် ယေဟောဝါ သေချာစီစဉ်ခဲ့တယ်။ အဲဒီအပြင် ဂျူးတွေနဲ့ ခရစ်ယာန်တွေဟာ ရှေးလက်ရေးစာမူတွေကို အကြိမ်ကြိမ်ကူးရေးတဲ့အတွက် ကျမ်းစာကို မပျောက်ပျက်အောင် ကာကွယ်နိုင်ခဲ့တယ်။ သူတို့ကူးရေးတဲ့မိတ္တူတွေကို နောက်ပိုင်းမှာ ဘာသာစကားများစွာနဲ့ ဘာသာပြန်ခဲ့တယ်။ ယေရှုမွေးဖွားပြီး နှစ်ပေါင်း ၄၀၀ လောက်မှာအသက်ရှင်ခဲ့တဲ့ ဂျွန်ခရိုင်စိုစတောမ်က သူ့ခေတ်မှာ ယေရှုရဲ့သွန်သင်ချက်တွေကို ဆီးရီးယား၊ အီဂျစ်၊ အင်ဒီးယန်း၊ ပါးရှား၊ အီသီယိုးပီးယား၊ တခြားဘာသာစကားများစွာနဲ့ ဘာသာပြန်ဆိုထားတယ်လို့ ပြောတယ်။ က၁၅ ၁၂/၁၅ ၁:၁၀၊ ၁၁

တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၂၆

အချိန်တန်၍ပြောသောစကားသည်လည်း အလွန်လျောက်ပတ်ပေ၏။—သု. ၁၅:၂၃။

မသင့်တော်တဲ့အချိန်မှာပြောမိရင် ကိုယ့်စကားကို တခြားသူတွေ နားလည်နိုင်မှာ၊ လက်ခံနိုင်မှာ မဟုတ်ဘူး။ ဥပမာ၊ ၂၀၁၁၊ မတ်လမှာ ငလျင်နဲ့ ဆူနာမီကြောင့် ဂျပန်နိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ မြို့အတော်များများ ပျက်စီးသွားပြီး လူပေါင်း ၁၅,၀၀၀ ကျော် သေဆုံးသွားတယ်။ ယေဟောဝါသက်သေများစွာလည်း မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေ ဆုံးရှုံးသွားပေမဲ့ ဝမ်းနည်းကြေကွဲနေသူတွေကို ကျမ်းစာသုံးပြီး ကူညီပေးချင်တယ်။ ဒါပေမဲ့ လူအများစုက ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး ကျမ်းစာအကြောင်း သိပ်မသိကြဘူး။ ဒါကြောင့် အဲဒီအချိန်မှာ ရှင်ပြန်ထမြောက်ခြင်းအကြောင်း ပြောမယ့်အစား လူကောင်းတွေ ဘာကြောင့် အဲဒီလိုအဖြစ်ဆိုးတွေ ကြုံရတဲ့အကြောင်း ရှင်းပြပြီး နှစ်သိမ့်ပေးကြတယ်။ က၁၅ ၁၂/၁၅ ၃:၇

တနင်္လာနေ့၊ နိုဝင်ဘာ ၂၇

ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကိုယုံတတ်၏။ ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏။—သု. ၁၄:၁၅။

ဝမ်းနည်းစရာက လူတွေရဲ့ မကျန်းမာမှုကို အမြတ်ထုတ်ချင်တဲ့ လောဘသမားတွေ ရှိတယ်။ ရောဂါပျောက်စေနိုင်တဲ့ ဆေးနည်းတွေ သူတို့ဆီမှာရှိတယ်လို့ ပြောကြတယ်။ အဲဒီနည်းနဲ့ လူအတော်တော်များများ ရောဂါပျောက်သွားတယ်လို့တောင် ပြောနိုင်တယ်။ ကိုယ်နေမကောင်းဖြစ်တဲ့အခါ ရောဂါအမြန်ဆုံးပျောက်စေမယ့်၊ အသက်ရှည်ကျန်းမာစေမယ့် ဘယ်နည်းကိုမဆို စမ်းကြည့်ချင်မှာပဲ။ ပညာသတိရှိသူဟာ အကြံပေးစကားကို ယုံသင့်,မယုံသင့် သေချာစဉ်းစားပါလိမ့်မယ်။ အထူးသဖြင့် သေချာ မလေ့လာ,မဆည်းပူးထားသူ အကြံပေးတဲ့အခါ ဖြစ်တယ်။ အခုလို စဉ်းစားနိုင်တယ်– ‘ဒီအားဆေး၊ ဒီဆေးမြီးတို၊ ဒီဓာတ်စာ ကောင်းတယ်လို့ သူ ပြောနေပေမဲ့ ငါ သေချာသိလို့လား။ တခြားသူနဲ့တည့်ပေမဲ့ ငါနဲ့တည့်ပါ့မလား။ အဲဒီအကြောင်း နောက်ထပ် ရှာဖွေလေ့လာသင့်သလား။ ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးသင့်သလား။’—တရား. ၁၇:၆။ က၁၅ ၁၂/၁၅ ၄:၁၄၊ ၁၅

အင်္ဂါနေ့၊ နိုဝင်ဘာ ၂၈

ခရစ်တော်၏ချစ်ခြင်းမေတ္တာသည် ငါတို့ကို အနိုင်အထက် နှိုးဆော်၏။—၂ ကော. ၅:၁၄။

ယေရှုရဲ့ကြီးမြတ်တဲ့မေတ္တာကို ကောင်းကောင်းနားလည်ရင် ယေရှုကို ချစ်ဖို့၊ ဂုဏ်တင်ဖို့ ကျွန်တော်တို့ လှုံ့ဆော်ခံရမယ်ဆိုတာ ပေါလု သိတယ်။ ယေဟောဝါရဲ့မေတ္တာနဲ့ ကိုယ်တော်ပြုလုပ်ပေးထားရာတွေကို အပြည့်အဝ နားလည်မယ်ဆိုရင် ယေရှုကို ဂုဏ်တင်တဲ့နည်းအတိုင်း အသက်ရှင်ဖို့ လှုံ့ဆော်ခံရပါလိမ့်မယ်။ အဲဒီလိုဆန္ဒရှိကြောင်း ဘယ်လိုဖော်ပြနိုင်သလဲ။ ယေဟောဝါကိုချစ်တဲ့မေတ္တာက ယေရှုရဲ့ စံနမူနာကို အနီးကပ်တုပဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးပါလိမ့်မယ်။ (၁ ပေ. ၂:၂၁။ ၁ ယော. ၂:၆) ဘုရားသခင်နဲ့ ခရစ်တော်ကို နာခံခြင်းအားဖြင့် သူတို့ကိုချစ်ကြောင်း သက်သေပြနိုင်တယ်။ “ငါ့ပညတ်များကိုခံယူ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့အားချစ်သောသူကို ငါ့ခမည်းတော်သည် ချစ်တော်မူမည်” လို့ ယေရှု ပြောတယ်။ (ယော. ၁၄:၂၁။ ၁ ယော. ၅:၃) ဒါကြောင့် ‘ဘယ်ကဏ္ဍတွေမှာ ယေရှုကို ငါ တုပနေသလဲ။ ဘယ်ကဏ္ဍတွေမှာ တိုးတက်ဖို့ လိုနေသလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ လောကပုံစံအတိုင်း အသက်ရှင်ဖို့ မပြတ် ဖိအားပေးခံနေရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အဲဒီလိုဆန်းစစ်ဖို့ အရေးကြီးတယ်။—ရော. ၁၂:၂။ က၁၆.၀၁ ၂:၇-၉

ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၂၉

ကိုယ်တော် ဖြစ်တော်မူသည်အတိုင်း ကိုယ်တော်ကို မြင်ကြရမည်။ ထိုအခါ ကိုယ်တော်နှင့်တူကြမည်။—၁ ယော. ၃:၂။

ကောင်းကင်သွားဖို့ သင့်ကို ယေဟောဝါ ဖိတ်ခေါ်ထားသလားလို့ သင် တွေးမိနိုင်တယ်။ အဲဒီလို ခံစားနေရတယ်ဆိုရင် ဒီအရေးကြီးမေးခွန်းတွေကို သုံးသပ်ကြည့်ပါ– ဟောပြောခြင်းလုပ်ငန်းမှာ သင် ထူးထူးခြားခြား ဇွဲထက်သန်နေသလား။ ကျမ်းစာနဲ့ “ဘုရားသခင်၏နက်နဲရာ” တွေ လေ့လာရတာကို နှစ်ခြိုက်သလား။ (၁ ကော. ၂:၁၀) သင့်ရဲ့ ဟောပြောခြင်းလုပ်ငန်းကို ယေဟောဝါ ထူးထူးခြားခြား ကောင်းချီးပေးနေတယ်လို့ ခံစားရသလား။ တခြားအရာမှန်သမျှထက် ယေဟောဝါရဲ့အလိုကို သင် ရှေ့တန်းတင်သလား။ တခြားသူတွေကို ဘုရားရေးရာဘက်မှာ ကူညီပေးဖို့ တာဝန်ရှိနေတယ်လို့ ခံစားရသလား။ သင့်အသက်တာမှာ ယေဟောဝါ နည်းလမ်းများစွာနဲ့ ထူးထူးခြားခြား ကူညီပေးခဲ့တာရှိသလား။ အဲဒီမေးခွန်းတွေကို ဟုတ်တယ်လို့ဖြေဆိုနိုင်ရင် ကောင်းကင်သွားဖို့ သင် ဖိတ်ခေါ်ခံရတယ်လို့ ဆိုလိုသလား။ မဆိုလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘိသိက်ခံဖြစ်စေ၊ မြေကြီးမျှော်လင့်ချက်ရှိသူဖြစ်စေ ဘုရားသခင့်ကျေးကျွန်အားလုံး အဲဒီလိုခံစားရနိုင်လို့ပဲ။ ယေဟောဝါဟာ ဘယ်မျှော်လင့်ချက်ရှိသူကိုမဆို သူ့ရဲ့လိုအပ်ချက်နဲ့အညီ သန့်ရှင်းသောစွမ်းအားတော် ပေးတယ်။ တကယ်တော့ ကောင်းကင်သွားဖို့ သင့်ကို ယေဟောဝါ ဖိတ်ခေါ်ထားသလားလို့ တွေးနေတယ်ဆိုကတည်းက ဖိတ်ခေါ်မခံရတဲ့သဘော ဖြစ်တယ်။ က၁၆.၀၁ ၃:၁၄၊ ၁၅

ကြာသပတေးနေ့၊ နိုဝင်ဘာ ၃၀

ရှေ့တော်မှာ ငါအမြဲဝမ်းမြောက်နေတယ်။ —သု. ၈:၃၀၊ ကဘ။

ယေရှုဟာ ဖခင်နဲ့အတူ ပျော်ရွှင်စွာ တွဲဖက်လုပ်ဆောင်ခဲ့တယ်။ ပြီးမြောက်ခဲ့ရာတွေကြောင့်သာမက သူ့ကို ယေဟောဝါ ချစ်တယ်ဆိုတဲ့ အသိစိတ်ကြောင့် သူ သိပ်ပျော်တယ်။ ကျွန်တော်တို့ကော။ တစ်ခုခုရရှိချိန်မှာရော ပေးကမ်းချိန်မှာပါ ပျော်ရွှင်တယ်လို့ ယေရှု ပြောတယ်။ (တ. ၂၀:၃၅) အမှန်တရားရရှိလို့ ကျွန်တော်တို့ ပျော်ရွှင်သလို တခြားသူတွေကို ဝေမျှရလို့လည်း ပျော်ရွှင်ကြတယ်။ ကျမ်းစာသွန်သင်ချက်တွေကို နားလည်ပြီး ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်းရှိလာတဲ့အခါ သူတို့ ဘယ်လောက် ပျော်ရွှင်မှန်း ကျွန်တော်တို့ မြင်တွေ့ရတယ်။ သူတို့ရဲ့တွေးခေါ်ပုံနဲ့ ဘဝပုံစံပြောင်းလဲလာတာကို မြင်ရတဲ့အခါ ကျွန်တော်တို့ သိပ်ပျော်တယ်။ ဟောပြောခြင်းလုပ်ငန်းဟာ အရေးကြီးဆုံး၊ စိတ်ကျေနပ်မှုအပေးဆုံးလုပ်ငန်း ဖြစ်တယ်။ ဘုရားသခင်နဲ့မိတ်ဆွေဖြစ်လာသူတွေကို ထာဝရအသက်ရရှိဖို့ လမ်းဖွင့်ပေးတယ်။—၂ ကော. ၅:၂၀။ က၁၆.၀၁ ၅:၆၊ ၇

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ