အောက်တိုဘာ
တနင်္ဂနွေနေ့၊ အောက်တိုဘာ ၁
ခွဲခန့်မှတ်သားနှင့်သောသူတို့သည် ခေါ်တော်မူခြင်း ခံရသူတို့လည်း ဖြစ်ကြ၏။—ရော. ၈:၃၀။
ယေရှု ထမြောက်ပြီးနောက်မှာ ဘိသိက်ခံတွေကို ယေဟောဝါ စပြီး ရွေးချယ်တယ်။ ပထမရာစုခရစ်ယာန်စစ်အားလုံးဟာ ဘိသိက်ခံတွေ ဖြစ်ပုံရတယ်။ အဲဒီနောက် ပထမရာစုကနေ နောက်ဆုံးကာလစတင်ချိန်အထိ နှစ်ပေါင်းများစွာအတွင်း ခရစ်ယာန်ပါလို့ ပြောသူအများစုဟာ ခရစ်ယာန် အတုအယောင်တွေ ဖြစ်တယ်။ သူတို့ကို “ပေါင်းပင်” တွေနဲ့ ယေရှု ခိုင်းနှိုင်းခဲ့တယ်။ ဒါပေမဲ့ အဲဒီနှစ်တွေတစ်လျှောက် သစ္စာရှိသူတချို့ကို ယေဟောဝါ ဆက်ဘိသိက်ပေးတယ်။ သူတို့ဟာ ယေရှုဖော်ပြတဲ့ ‘ဂျုံစပါးပင်’ တွေ ဖြစ်တယ်။ (မ. ၁၃:၂၄–၃၀) နောက်ဆုံးကာလအတွင်းမှာလည်း ၁၄၄,၀၀၀ အဝင် ဖြစ်လာမယ့်သူတွေကို ယေဟောဝါ ဆက်ရွေးချယ်တယ်။ အဆုံးမရောက်ခင်လေးမှာ လူတချို့ကို ရွေးချယ်ဖို့ ယေဟောဝါ ဆုံးဖြတ်တယ်ဆိုရင် ကျွန်တော်တို့ ဘာကြောင့် စောဒကတက်နေရမှာလဲ။ (ဟေရှာ. ၄၅:၉။ ဒံ. ၄:၃၅။ ရော. ၉:၁၁၊ ၁၆) နောက်ဆုံးမှ အလုပ်ဝင်သူတွေကို တန်းတူဆက်ဆံလို့ ခြံပိုင်ရှင်ကို ညည်းညူတဲ့ ခြံလုပ်သားတွေလို မဖြစ်မိဖို့ ကျွန်တော်တို့ သတိပြုရမယ်။—မ. ၂၀:၈–၁၅။ က၁၆.၀၁ ၄:၁၅
တနင်္လာနေ့၊ အောက်တိုဘာ ၂
သင်သည် အလွန်ချစ်သော တစ်ယောက်တည်းသောသား ဣဇာက်ကိုယူ၍၊ မောရိပြည်သို့ သွားလော့။ ငါပြလတ္တံ့သောတောင်ပေါ်မှာ၊ သူ့ကို မီးရှို့ရာယဇ်ပြု၍ ပူဇော်လော့။—က. ၂၂:၂။
ဒီနေ့ခေတ်မှာ သားသမီးတွေကို ပူဇော်ဖို့ ယေဟောဝါ မတောင်းဆိုတော့ပေမဲ့ ပညတ်တွေကို နာခံဖို့တော့ တောင်းဆိုတယ်။ တစ်ခါတလေ အဲဒီပညတ်တွေ ချမှတ်ရတဲ့ အကြောင်းရင်းကို မသိတာ ဒါမှမဟုတ် လိုက်နာဖို့ ခက်တာ ဖြစ်နိုင်တယ်။ သင် အဲဒီလို ခံစားဖူးသလား။ တချို့အတွက် ဟောပြောခြင်းလုပ်ငန်းက သိပ်ခက်တယ်။ ရှက်လို့၊ သူစိမ်းတွေကို စကားမပြောရဲလို့ ဖြစ်နိုင်တယ်။ တချို့ကျတော့ အလုပ်မှာ၊ ကျောင်းမှာ လူထူးလူဆန်းဖြစ်နေမှာကို ကြောက်ကြတယ်။ (ထွ. ၂၃:၂။ ၁ သက်. ၂:၂) သိပ်ခက်တာတစ်ခု လုပ်ဖို့ တောင်းဆိုခံရတဲ့အခါ အာဗြဟံရဲ့ ထူးခြားတဲ့ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိ စံနမူနာအကြောင်း စဉ်းစားလိုက်ပါ။ ယုံကြည်ခြင်းရှိတဲ့ အမျိုးသားအမျိုးသမီးတွေအကြောင်း စဉ်းစားတွေးတောခြင်းက သူတို့ကို တုပဖို့၊ ကျွန်တော်တို့ရဲ့ မိတ်ဆွေ ယေဟောဝါနဲ့ ပိုရင်းနှီးလာဖို့ တွန်းအားပေးနိုင်တယ်။—ဟေဗြဲ ၁၂:၁၊ ၂။ က၁၆.၀၂ ၁:၃၊ ၁၄
အင်္ဂါနေ့၊ အောက်တိုဘာ ၃
ရှောလုသည် ဒါဝိဒ်ကို သတ်စေခြင်းငှါ၊ သားတော် ယောနသန်နှင့် မိမိကျွန်အပေါင်းတို့ကို မှာထားလေ၏။—၁ ရာ. ၁၉:၁။
ဒါဝိဒ်ကို သတ်ဖို့ ရှောလုကြိုးစားတဲ့အခါ ယောနသန် အခက်တွေ့တော့တယ်။ တစ်ဖက်မှာ ဖခင်၊ တစ်ဖက်မှာ သူငယ်ချင်းဖြစ်နေတယ်။ ဒါပေမဲ့ ရှောလုနဲ့အတူ ဘုရားသခင်မရှိတော့ဘဲ ဒါဝိဒ်နဲ့အတူရှိတယ်ဆိုတာ ယောနသန်သိတယ်။ ဒါကြောင့် ဒါဝိဒ်ကို သစ္စာစောင့်သိဖို့ သူရွေးချယ်လိုက်တယ်။ ဒါဝိဒ်ကို ပုန်းနေဖို့ သတိပေးပြီး ရှောလုဆီမှာ ဒါဝိဒ်ဘက်ကနေ ပြောပေးခဲ့တယ်။ (၁ ရာ. ၁၉:၁-၆) ယေဟောဝါထက် အားကစားအသင်း၊ ကျောင်း၊ နိုင်ငံ စတဲ့အရာတစ်ခုခုကို ဘယ်တော့မှ ပိုသစ္စာမစောင့်သိရဘူး။ ဥပမာ၊ ဟင်နရီဟာ စစ်တုရင်ကစားရတာ သိပ်ကြိုက်တယ်။ သူ့ကျောင်းဟာ စစ်တုရင်ပြိုင်ပွဲတိုင်း ဗိုလ်စွဲတဲ့ အစဉ်အလာရှိတယ်။ ဒီတစ်ကြိမ်မှာလည်း ဗိုလ်စွဲစေချင်တယ်။ ဒါကြောင့် ဟင်နရီ အစွမ်းကုန်ကြိုးစားတယ်။ စနေ၊ တနင်္ဂနွေ အပတ်တိုင်း ကစားတဲ့အတွက် အစည်းအဝေးနဲ့ အမှုဆောင်အတွက် အချိန်မရှိတော့ဘူး။ ဘုရားကို သစ္စာစောင့်သိဖို့ထက် ကျောင်းကို သစ္စာစောင့်သိဖို့က သူ့အတွက် ပိုအရေးကြီးလာတယ်လို့ သူပြောပြတယ်။ ဒါကြောင့် ကျောင်းစစ်တုရင်အသင်းကနေထွက်ဖို့ သူဆုံးဖြတ်လိုက်တယ်။—မ. ၆:၃၃။ က၁၆.၀၂ ၃:၁၀၊ ၁၂
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၄
ကိုယ်တော်၏ လူတို့သည် . . . ကြည်ညိုသော စေတနာစိတ်ရှိ . . . ကြပါလိမ့်မည်။—ဆာ. ၁၁၀:၃။
လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်စိတ်ဆန္ဒအရ နှစ်ခြင်းခံဖို့ ဆုံးဖြတ်တာလားဆိုတာ ဆန်းစစ်နိုင်တဲ့ နည်းလမ်းတွေ ရှိတယ်။ တစ်နည်းကတော့ သင့်ရဲ့ဆုတောင်းချက်တွေကို ဆန်းစစ်ခြင်းဖြစ်တယ်။ သင် ဘယ်လောက် မကြာမကြာ ဆုတောင်းသလဲ။ ဘယ်လောက် တိတိကျကျ ဆုတောင်းသလဲ။ အဲဒါတွေက ယေဟောဝါနဲ့ သင့်ဆက်ဆံရေး အခြေအနေကို ဖော်ပြနိုင်တယ်။ (ဆာ. ၂၅:၄) ဆုတောင်းချက်များစွာကို ကျမ်းစာကတစ်ဆင့် ယေဟောဝါ အဖြေပေးလေ့ရှိတယ်။ ဒါကြောင့် ယေဟောဝါနဲ့ တကယ် ရင်းနှီးချင်မှန်း၊ ကိုယ့်စိတ်ဆန္ဒအရ ဝတ်ပြုချင်တာဖြစ်မှန်း သိအောင် ကူညီပေးနိုင်တဲ့ နောက်နည်းလမ်းတစ်ခုကတော့ ကိုယ့်ရဲ့ လေ့လာမှုအလေ့အထကို ဆန်းစစ်ခြင်း ဖြစ်တယ်။ (ယောရှု ၁:၈) ‘ကျမ်းစာကို ငါ ဘယ်လောက် ပုံမှန်လေ့လာသလဲ။ မိသားစု ဝတ်ပြုမှုမှာ ငါ လိုလိုလားလား ပါဝင်သလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ အဲဒီမေးခွန်းတွေက သင့်စိတ်ဆန္ဒအရ နှစ်ခြင်းခံဖို့ ဆုံးဖြတ်တာလားဆိုတာ ဆန်းစစ်နိုင်အောင် ကူညီပေးပါလိမ့်မယ်။ က၁၆.၀၃ ၁:၁၁၊ ၁၃
ကြာသပတေးနေ့၊ အောက်တိုဘာ ၅
ကိုယ်တော်အားဖြင့် ခန္ဓာကိုယ်တစ်ခုလုံး၏ အဆစ်အပိုင်းများသည် လိုက်ဖက်စွာ စေ့စပ်ပေါင်းစည်းလျက် ပူးပေါင်းဆောင်ရွက်ကြ၏။—ဧ. ၄:၁၆။
ကမ္ဘာတစ်ဝန်းက ဟောပြောခြင်းလုပ်ငန်းရဲ့ ရလဒ်တွေကို နှစ်ချုပ်စာအုပ် မှာ ဖတ်ရတဲ့အခါ ကျွန်တော်တို့ စိတ်လှုပ်ရှားကြတယ်။ အစည်းအဝေးကြီးတွေမှာလည်း ကြားနာရတဲ့ ဟောပြောချက်တွေ၊ ပြဇာတ်တွေ၊ သရုပ်ပြတွေအားလုံး တစ်ပုံစံတည်းပဲ။ ယေဟောဝါကို အကောင်းဆုံး ပေးဆက်ဖို့ ကျွန်တော်တို့ အားပေးခံရတယ်။ နှစ်တိုင်း သတိရအောက်မေ့ပွဲ တက်ရောက်ချိန်မှာလည်း ကမ္ဘာချီညီအစ်ကိုညီအစ်မတွေနဲ့ စည်းစည်းလုံးလုံးပဲ။ (၁ ကော. ၁၁:၂၃-၂၆) ယေဟောဝါရဲ့ မေတ္တာကို ကျေးဇူးတင်တဲ့အနေနဲ့၊ ယေရှုရဲ့ မိန့်မှာချက်ကို နာခံတဲ့အနေနဲ့ ကျွန်တော်တို့အားလုံး နိသန်လ ၁၄ ရက် နေဝင်ပြီးနောက်မှာ အတူစည်းဝေးကြတယ်။ အောက်မေ့ရာပွဲမတိုင်ခင် သီတင်းပတ်တွေမှာလည်း လူများနိုင်သမျှများများကို ဖိတ်ခေါ်ကြတယ်။ ကျွန်တော်တို့ တစ်ယောက်အားနဲ့ တစ်ကမ္ဘာလုံးကို မဟောနိုင်ဘူး။ ကျွန်တော်တို့အားလုံး ပူးပေါင်းလုပ်ဆောင်နေလို့သာ ဂုဏ်တင်ချီးမွမ်းမှု မှန်သမျှကို ရထိုက်တဲ့ ယေဟောဝါအကြောင်း လူသန်းပေါင်းများစွာကို ကြေညာနိုင်တာဖြစ်တယ်။ က၁၆.၀၃ ၃:၄၊ ၆၊ ၇
သောကြာနေ့၊ အောက်တိုဘာ ၆
ဤသူသည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏။—မ. ၃:၁၇။
အသင်းတော်မှာ ထမ်းဆောင်ဖို့ သင်ယူနေတဲ့ ညီအစ်ကိုတွေကို ကျမ်းစာမူတွေကိုပါ ထည့်စဉ်းစားတတ်အောင် သင်ကြားပေးနိုင်တယ်။ ဥပမာ၊ နိုင်ငံတော်ခန်းမရဲ့ အဝင်လမ်းတစ်လျှောက်ကို ဘေးကင်းသန့်ရှင်းအောင်ထားဖို့ ညီအစ်ကိုတစ်ယောက်ကို အကြီးအကဲက တာဝန်ပေးတယ်ဆိုပါစို့။ တိတု ၂:၁၀ ကို ဖတ်ပြနိုင်တယ်။ ပြီးနောက် နိုင်ငံတော်ခန်းမကို ဘေးကင်းသန့်ရှင်းအောင် ထားခြင်းက “ဘုရားသခင်၏ သွန်သင်ခြင်းကို” ဘယ်လို “တန်ဆာဆင်” နိုင်တယ်ဆိုတာ ရှင်းပြနိုင်တယ်။ အဲဒီအပြင် သူ့လုပ်ဆောင်မှုကြောင့် အသင်းတော်မှာရှိတဲ့ အသက်ကြီးသူတွေ ဘယ်လိုအကျိုးရမယ်ဆိုတာ စဉ်းစားကြည့်ဖို့ ပြောနိုင်တယ်။ အဲဒီလို စကားစမြည် ပြောဆိုပြီး လေ့ကျင့်ပေးခြင်းက စည်းမျဉ်းစည်းကမ်းတွေထက် လူတွေကို ပိုထည့်စဉ်းစားဖို့ သူ့ကို ကူညီပေးပါလိမ့်မယ်။ သူ့လုပ်ဆောင်မှုကနေ ညီအစ်ကိုညီအစ်မတွေ အကျိုးရရှိတာကို သူမြင်တဲ့အခါ ပျော်ရွှင်မှု ခံစားရပါလိမ့်မယ်။ အကြံပြုချက်တွေကို လိုက်နာတဲ့အတွက် သူ့ကို ချီးမွမ်းပေးဖို့လည်း အရေးကြီးတယ်။ ဘာကြောင့်လဲ။ ရေက အပင်ကို ကြီးထွားသန်စွမ်းစေသလို ရိုးရိုးသားသား ချီးမွမ်းပေးခြင်းကလည်း လေ့ကျင့်မှုခံယူသူကို တိုးတက်စေနိုင်တယ်။ က၁၅ ၄/၁၅ ၂:၇၊ ၈
စနေနေ့၊ အောက်တိုဘာ ၇
သခင်သည် ငါ့ကို ဆိုးညစ်မှုမှန်သမျှမှ ကယ်နုတ် . . . လိမ့်မည်။—၂ တိ. ၄:၁၈။
သင်ဟာ အခက်အခဲတစ်ခု ကြုံနေပြီး ကူညီမယ့်သူမရှိဘဲ တစ်ယောက်တည်း ဖြစ်နေတယ်လို့ ခံစားခဲ့ရဖူးသလား။ အလုပ်ပြုတ်သွားတာ၊ ကျောင်းမှာ အခက်အခဲတွေ ကြုံရတာဖြစ်နိုင်တယ်။ ကျန်းမာရေးမကောင်းတာ ဒါမှမဟုတ် တခြားပြဿနာကြုံရတာ ဖြစ်နိုင်တယ်။ တခြားသူတွေဆီမှာ အကူအညီတောင်းပေမဲ့ အကူအညီမပေးလို့ စိတ်ပျက်မိနိုင်တယ်။ တချို့ပြဿနာတွေကို လူတွေ မဖြေရှင်းပေးနိုင်ဘူး။ အဲဒီလိုအခါမျိုးမှာ သင် ဘာလုပ်မလဲ။ ‘ယေဟောဝါကို ယုံကြည်ကိုးစားပါ’ လို့ ကျမ်းစာပြောတယ်။ (သု. ၃:၅၊ ၆၊ ကဘ) ဒါပေမဲ့ ကိုယ်တော် ကူညီပေးမယ်ဆိုတာ သေချာလို့လား။ သေချာပါတယ်။ မိမိကျေးကျွန်တွေကို ယေဟောဝါ ကူညီပေးတယ်ဆိုတာ ယုံကြည်စိတ်ချစေတဲ့ ကျမ်းစာမှတ်တမ်းတွေ အများကြီးရှိတယ်။ လူတွေ သင့်ကို မကူညီတဲ့အခါ မနာကြည်းပါနဲ့။ အဲဒီအစား ပေါလုကို တုပပါ။ အခက်အခဲတွေက ယေဟောဝါကို အကြွင်းမဲ့ ယုံကြည်ကိုးစားကြောင်း တင်ပြနိုင်တဲ့ အခွင့်အရေး ဖြစ်တယ်၊ ယေဟောဝါရဲ့ ဂရုစိုက်မှုကို ကိုယ်တွေ့ခံစားနိုင်တဲ့ အခွင့်အရေးလည်း ဖြစ်တယ်လို့ ယူမှတ်ပါ။ အဲဒီလို ယူမှတ်မယ်ဆိုရင် ယေဟောဝါအပေါ် သင့်ယုံကြည်ကိုးစားမှု တိုးများလာပြီး ကိုယ်တော်နဲ့ ဆက်ဆံရေး ခိုင်မြဲလာပါလိမ့်မယ်။ က၁၅ ၄/၁၅ ၄:၃-၅
တနင်္ဂနွေနေ့၊ အောက်တိုဘာ ၈
ဤလောကစနစ်၏ဘုရားသည် မယုံကြည်သူတို့၏ ဉာဏ်မျက်စိကို ကွယ်စေ၏။—၂ ကော. ၄:၄။
မေတ္တာရှင် ဘုရားသခင် ယေဟောဝါကို လူတွေ ကျောခိုင်းသွားအောင် စာတန်လုပ်ဆောင်တဲ့ တစ်ခုတည်းသောနည်းကတော့ သူတို့ကို လှည့်စားခြင်းပဲ။ (၁ ယော. ၄:၈) “ဘုရားသခင်ကို မှီခိုရန်လိုကြောင်း” လူတွေ မသိမှတ်တော့အောင်၊ တစ်နည်းအားဖြင့် ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်းရှိဖို့ လိုအပ်မှန်း မသိတော့အောင် စာတန်လှည့်စားတယ်။ (မ. ၅:၃) မာရ်နတ်ဟာ “မယုံကြည်သူတို့၏ ဉာဏ်မျက်စိကို ကွယ်စေ” တဲ့အတွက် ယေဟောဝါနဲ့ပတ်သက်တဲ့ အမှန်တရားကို သူတို့ မမြင်နိုင်တော့ဘူး။ လူတွေကို စာတန် လှည့်စားတဲ့ အကြီးမားဆုံးနည်းကတော့ မှားယွင်းတဲ့ဘာသာအားဖြင့် ဖြစ်တယ်။ ယေဟောဝါဟာ မိမိ ‘တစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်ဖို့ တောင်းဆိုတဲ့ဘုရား’ ဖြစ်မှန်း စာတန်သိတယ်။ (ထွ. ၂၀:၅၊ ကဘ) ဒါကြောင့် ယေဟောဝါကလွဲလို့ ဘိုးဘေးတွေကိုဖြစ်စေ၊ သဘာဝကိုဖြစ်စေ၊ တိရစ္ဆာန်တွေကိုဖြစ်စေ ဘယ်အရာ၊ ဘယ်သူ့ကိုမဆို လူတွေ ကိုးကွယ်တဲ့အခါ စာတန် သိပ်ပျော်တယ်။ ဝမ်းနည်းစရာက ကိုယ့်ဝတ်ပြုမှုကို ဘုရားသခင်လက်ခံတယ်လို့ ထင်နေသူများစွာတောင် မှားယွင်းတဲ့ ယုံကြည်ချက်တွေ၊ ထုံးတမ်းစဉ်လာတွေရဲ့ ထိန်းချုပ်မှုအောက် ရောက်နေတယ်။ ဟေရှာယခေတ်က အစ္စရေးတွေလည်း အဲဒီလိုအခြေအနေမျိုး ဖြစ်ခဲ့တယ်။ ဒါကြောင့် ‘ကျေနပ်မှုမပေးနိုင်တဲ့အရာအတွက် ဘာကြောင့် ချွေးနှဲစာကို ဖြုန်းနေကြတာလဲ။ ငါ့စကားကို သေချာနားထောင်ကြပါ။ ကောင်းတဲ့အစာကို စားကြပါ’ လို့ ယေဟောဝါ ပြောခဲ့တယ်။—ဟေရှာ. ၅၅:၂၊ ကဘ။ က၁၅ ၅/၁၅ ၁:၁၄၊ ၁၅
တနင်္လာနေ့၊ အောက်တိုဘာ ၉
သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်။ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်။—က. ၃:၁၅။
အဲဒီစကားတွေ ဘယ်လိုပြည့်စုံလာမယ်ဆိုတာ အာဗေလ အတိအကျ မသိဘူး။ ဒါပေမဲ့ ဘုရားသခင် ပြောခဲ့တာတွေကို သူ တော်တော်စဉ်းစားခဲ့မှာပဲ။ ‘မြွေကြောင့် ထိခိုက်ခံရမယ့်သူ၊ လူသားတွေ ပြန်စုံလင်လာအောင် လုပ်ပေးမယ့်သူက ဘယ်သူများလဲ’ လို့ သူ တွေးခဲ့မှာပဲ။ ယေဟောဝါရဲ့ ကတိအားလုံး ပြည့်စုံလာမယ်ဆိုတာ အာဗေလ ယုံကြည်တယ်။ ဒါကြောင့် သူပူဇော်တဲ့ယဇ်ကို ယေဟောဝါ နှစ်သက်လက်ခံခဲ့တယ်။ (က. ၄:၃-၅။ ဟေဗြဲ ၁၁:၄) နောဧဟာ ယေဟောဝါကို ယုံကြည်တဲ့အတွက် ရေလွှမ်းမိုးဘေးမှာ ဖျက်ဆီးမခံခဲ့ရဘူး။ (ဟေဗြဲ ၁၁:၇) အဲဒီနောက် ယေဟောဝါဆီ တိရစ္ဆာန်ယဇ်တွေ ပူဇော်ခဲ့တာလည်း ယုံကြည်ခြင်းကြောင့်ပဲ။ (က. ၈:၂၀) ရေလွှမ်းမိုးဘေးပြီးနောက် ကမ္ဘာကြီးဟာ ဆိုးသွမ်းလာပြန်တယ်။ ယေဟောဝါကို နိမ်ရောဒ ဆန့်ကျင်ပုန်ကန်ပေမဲ့ နောဧကတော့ ယုံကြည်ခြင်း ခိုင်မာနေဆဲပဲ။ (က. ၁၀:၈-၁၂) တစ်နေ့ကျရင် အပြစ်နဲ့သေခြင်းကို ဘုရားသခင် ဖယ်ရှားပေးမယ်ဆိုတာ အာဗေလလိုပဲ သူ ယုံကြည်တယ်။ ရက်စက်တဲ့ အုပ်စိုးရှင်တွေ မရှိတော့မယ့်အချိန်ကိုလည်း နောဧ တွေးတောခဲ့မှာပဲ။ ကျွန်တော်တို့လည်း မကြာခင်ရောက်လာတော့မယ့် ကောင်းမွန်တဲ့ အနာဂတ်အကြောင်း စိတ်ကူးနိုင်ပါတယ်။—ရော. ၆:၂၃။ က၁၅ ၅/၁၅ ၃:၄၊ ၆
အင်္ဂါနေ့၊ အောက်တိုဘာ ၁၀
ဝမ်းနည်းခြင်းအကြောင်းသည် ညှိုးငယ်စေတတ်၏။ ကောင်းသောစကားမူကား ရွှင်လန်းစေတတ်၏။ — သု. ၁၂:၂၅။
လူတချို့က ကြုံရနိုင်စရာ အဖြစ်ဆိုးတွေအကြောင်း တစ်ချိန်လုံး စိုးရိမ်နေတယ်။ အဲဒီလို စိုးရိမ်နေမယ်ဆိုရင် ကျန်းမာရေးထိခိုက်လာနိုင်တယ်။ ယေဟောဝါကို ယုံကြည်တဲ့စိတ်တောင် ပျောက်သွားနိုင်တယ်။ ဒါကြောင့် တစ်ခုခုအတွက် စိုးရိမ်ပူပန်လာတဲ့အခါ ကိုယ့်အကြောင်း ကောင်းကောင်းသိသူ၊ ယေဟောဝါကို ဝတ်ပြုသူတစ်ယောက်ယောက်နဲ့ တိုင်ပင်ဆွေးနွေးပါ။ မိဘ၊ အိမ်ထောင်ဖက်၊ မိတ်ဆွေကောင်းတွေက ယေဟောဝါကို ယုံကြည်ကိုးစားဖို့၊ စိုးရိမ်စိတ်တွေ လျော့သွားစေဖို့ သင့်ကို အားပေးနိုင်တယ်။ ကျွန်တော်တို့ရဲ့ ခံစားချက်ကို တခြားသူတွေထက် ယေဟောဝါ ပိုနားလည်တယ်။ စိုးရိမ်ပူပန်လာတဲ့အခါ စိတ်တည်ငြိမ်ဖို့ ကိုယ်တော် ကူညီပေးနိုင်တယ်။ “မည်သည့်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာတွင် ကျေးဇူးတော် ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်း၊ တိုးလျှိုးအသနားခံခြင်းအားဖြင့် သင်တို့ အသနားခံလိုသောအရာများကို ဘုရားသခင်ထံ ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ခရစ်တော်ယေရှုအားဖြင့် သင်တို့၏စိတ်နှလုံးနှင့် ဉာဏ်တို့ကို စောင့်ရှောက်လိမ့်မည်” လို့ ပေါလုပြောတယ်။ (ဖိ. ၄:၆၊ ၇) ကျွန်တော်တို့ကို ကူညီပေးဖို့ ညီအစ်ကိုညီအစ်မတွေ၊ အကြီးအကဲတွေ၊ သစ္စာရှိကျွန်၊ ကောင်းကင်တမန်တွေနဲ့ ယေရှုကို ယေဟောဝါ ပြင်ဆင်ပေးထားတယ်။ ဒါကြောင့် စိုးရိမ်ပူပန်လာတဲ့အခါ အဲဒီအကူအညီတွေအကြောင်း စဉ်းစားပါ။ သူတို့က ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မြဲနေအောင် သင့်ကို ကူညီပေးနိုင်တယ်။ က၁၅ ၅/၁၅ ၄:၁၆၊ ၁၇
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၁၁
ထိုတွင် သုံးဆယ့်ရှစ်နှစ်တိုင် ဖျားနာနေသူတစ်ဦး ရှိ၏။—ယော. ၅:၅။
ဗိမာန်တော်ရဲ့ မြောက်ဘက်နားမှာ ဗေသေသဒလို့ခေါ်တဲ့ ရေကန်ရှိတယ်။ ရေကန်ထဲ ဆင်းမယ်ဆိုရင် အံ့ဖွယ်နည်းနဲ့ ရောဂါပျောက်နိုင်တယ်လို့ ယုံကြည်ကြလို့ အဲဒီမှာ လူနာတွေ၊ မသန်စွမ်းသူတွေနဲ့ ကြိတ်ကြိတ်တိုးပဲ။ ယေရှုဟာ သနားစိတ်ကြောင့် သူ့မြေကြီးသက်တမ်းထက် ပိုကြာကြာ ဝေဒနာခံစားနေရတဲ့ လူနာဆီ လျှောက်သွားတယ်။ (ယော. ၅:၆-၉) ရောဂါပျောက်ချင်ပေမဲ့ ရေကန်ထဲ ချပေးမယ့်သူ မရှိလို့ မပျောက်နိုင်တဲ့အကြောင်း ယေရှုကို ပြောပြချိန်မှာ ဒီလူ ဘယ်လောက် ဝမ်းနည်းနေမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ ဒါနဲ့ မဖြစ်နိုင်တာတစ်ခုကို ယေရှု လုပ်ခိုင်းလိုက်တယ်။ အိပ်ရာကိုယူပြီး လမ်းလျှောက်တော့လို့ ပြောတယ်။ အဲဒီလူလည်း အိပ်ရာကိုယူပြီး လမ်းလျှောက်သွားတော့တယ်။ ဒီအံ့ဖွယ်အမှုက ကမ္ဘာသစ်မှာ ယေရှုလုပ်ပေးမယ့်အရာကို ကောင်းကောင်း သက်သေထူလိုက်တာပဲ။ လူတွေအပေါ်ထားတဲ့ ယေရှုရဲ့ မေတ္တာကိုလည်း ပေါ်လွင်စေတယ်။ ယေရှုဟာ အကူအညီ လိုအပ်သူတွေကို လိုက်ရှာတယ်။ ယေရှုရဲ့ ပုံသက်သေက လောကမှာဖြစ်နေတဲ့ အဖြစ်ဆိုးတွေကြောင့် စိတ်ဓာတ်ကျနေသူတွေကို ဆက်ရှာဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးသင့်တယ်။ က၁၅ ၆/၁၅ ၂:၈-၁၀
ကြာသပတေးနေ့၊ အောက်တိုဘာ ၁၂
သင်တို့ ဤသို့ ဆုတောင်းရမည်။ —မ. ၆:၉။
“ကျွန်ုပ်တို့အဖ” ဆိုတဲ့စကားနဲ့ ယေရှု အစပြုခဲ့တယ်။ ဒီအချက်က ယေဟောဝါဟာ ကမ္ဘာချီညီအစ်ကိုညီအစ်မအားလုံးရဲ့ ဖခင်ဖြစ်တယ်ဆိုတာ သတိရစေတယ်။ (၁ ပေ. ၂:၁၇) ကောင်းကင်မျှော်လင့်ချက်ရှိတဲ့ ဘိသိက်ခံတွေဟာ ဘုရားသခင့် သားတွေအဖြစ် မွေးစားခံရတယ်။ ဒါကြောင့် ယေဟောဝါဟာ ထူးခြားတဲ့နည်းနဲ့ သူတို့ရဲ့ဖခင် ဖြစ်တယ်။ (ရော. ၈:၁၅-၁၇) မြေကြီးမျှော်လင့်ချက်ရှိသူတွေလည်း ယေဟောဝါကို “အဖ” လို့ခေါ်နိုင်တယ်။ ကိုယ်တော်က သူတို့ကို အသက်ပေးထားတယ်။ လိုအပ်ရာတွေကို မေတ္တာပါပါ ပြင်ဆင်ပေးထားတယ်။ သူတို့ဟာ စုံလင်လာပြီးနောက်၊ နောက်ဆုံးစမ်းသပ်မှုမှာ ယေဟောဝါဘက် သစ္စာရှိရှိရပ်တည်ပြီးနောက် “ဘုရားသခင့်သားသမီး” တွေလို့ အခေါ်ခံရပါလိမ့်မယ်။ (ရော. ၈:၂၁။ ဗျာ. ၂၀:၇၊ ၈) ယေဟောဝါကို ကောင်းကင်ဖခင်အဖြစ် သိမြင်လာအောင်၊ ကိုယ်တော့်ဆီ ဆုတောင်းတတ်လာအောင် သားသမီးတွေကို သင်ပေးခြင်းအားဖြင့် အကောင်းဆုံးလက်ဆောင်ကို မိဘတွေ ပေးနိုင်တယ်။ မိဘတွေပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်ကတော့ ယေဟောဝါဟာ တကယ်တည်ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး ကိုယ်တော်နဲ့ အရင်းနှီးဆုံးမိတ်ဆွေ ဖြစ်နိုင်တယ်ဆိုတာ သားသမီးတွေကို သင်ပေးခြင်းပဲ။ က၁၅ ၆/၁၅ ၄:၄-၆
သောကြာနေ့၊ အောက်တိုဘာ ၁၃
ဆိုးညစ်သူ၏လက်မှ ကယ်နုတ်တော်မူပါ။ —မ. ၆:၁၃။
‘ဆိုးညစ်သူရဲ့လက်မှ ကယ်နုတ်ပါ’ ဆိုတဲ့ ဆုတောင်းချက်နဲ့အညီ ဘယ်လိုနေထိုင်နိုင်သလဲ။ ကျွန်တော်တို့ဟာ “ဤလောကနှင့်မသက်ဆိုင်” ရဘူး။ ‘လောကနှင့် လောက၌ရှိသောအရာများကို မချစ်’ ရဘူး။ (ယော. ၁၅:၁၉။ ၁ ယော. ၂:၁၅-၁၇) စာတန်ကို ယေဟောဝါ ဖယ်ရှားပြီး ဒီလောကဆိုးကို ဖျက်ဆီးလိုက်တဲ့အခါ ဘယ်လောက်တောင် စိတ်ချမ်းသာစရာကောင်းမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ ဒါပေမဲ့ အဲဒီအချိန် မရောက်မချင်း စာတန်ဟာ “မိမိအချိန် တိုတောင်းသည်ကိုသိ၍ ဒေါသကြီးစွာ” ထွက်နေတယ်ဆိုတာ ကျွန်တော်တို့ သတိရဖို့လိုတယ်။ ယေဟောဝါကို ကျွန်တော်တို့ ဝတ်မပြုတော့အောင် သူအတတ်နိုင်ဆုံး ကြိုးစားမှာဖြစ်တယ်။ ဒါကြောင့် စာတန့်ရန်ကနေ ကာကွယ်ပေးဖို့ ယေဟောဝါဆီ အမြဲဆုတောင်းနေရမယ်။ (ဗျာ. ၁၂:၁၂၊ ၁၇) စာတန်မရှိတော့တဲ့ ကမ္ဘာမှာ သင်နေထိုင်ချင်ပါသလား။ ဒါဆို ဘုရားသခင့်နိုင်ငံတော်လာဖို့၊ ဘုရားသခင့်နာမည် သန့်ရှင်းမြင့်မြတ်ဖို့၊ အလိုတော် မြေကြီးပေါ် ပြည့်စုံလာဖို့ ဆက်ဆုတောင်းနေပါ။ သင့်ကို ဂရုစိုက်စောင့်ရှောက်ပေးဖို့၊ ဆက်သစ္စာတည်ကြည်နိုင်အောင် လိုအပ်တဲ့အရာမှန်သမျှကို ပေးသနားဖို့ ယေဟောဝါကို အမြဲအားကိုးပါ။ မှန်ပါတယ်။ နမူနာဆုတောင်းချက်နဲ့အညီ အသက်ရှင်နေထိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားပါ။ —မ. ၆:၉-၁၃။ က၁၅ ၆/၁၅ ၅:၁၂၊ ၁၇၊ ၁၈
စနေနေ့၊ အောက်တိုဘာ ၁၄
ကြီးစွာသောဒုက္ခသည် ထိုကာလ၌ ဖြစ်လိမ့်မည်။—မ. ၂၄:၂၁။
အဲဒီစမ်းသပ်ရာကာလအတွင်း ဘာဖြစ်မယ်ဆိုတာ ကျွန်တော်တို့ အတိအကျ မသိဘူး။ ဒါပေမဲ့ အခက်အခဲတွေ ကြုံရမယ်၊ စွန့်လွှတ်အနစ်နာခံစရာတွေ ရှိမယ်လို့ မျှော်လင့်ထားရမယ်။ ပထမရာစု ခရစ်ယာန်တွေဟာ အသက်ရှင်လွတ်မြောက်ဖို့အတွက် သူတို့ရဲ့ပိုင်ဆိုင်ရာတွေကို စွန့်ပြီး အခက်အခဲတွေကို ကြံ့ကြံ့ခံခဲ့ရတယ်။ (မာ. ၁၃:၁၅-၁၈) ကျွန်တော်တို့လည်း ‘ပစ္စည်းဥစ္စာတွေကို စွန့်လွှတ်ဖို့ ငါအသင့်ရှိသလား။ ယေဟောဝါအပေါ် သစ္စာစောင့်သိဖို့ ဘယ်အရာကိုမဆို လိုလိုလားလား လုပ်ဆောင်လိုစိတ်ရှိသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။ စဉ်းစားကြည့်ပါ။ အဲဒီအချိန်မှာ ပရောဖက်ဒံယေလကိုတုပပြီး ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ယေဟောဝါကို ဆက်ဝတ်ပြုနေသူတွေဆိုလို့ ကျွန်တော်တို့ပဲ ရှိနေပါလိမ့်မယ်။ (ဒံ. ၆:၁၀၊ ၁၁) ကြီးစွာသောဒုက္ခကာလဟာ ‘နိုင်ငံတော်သတင်းကောင်း’ ဟောရမယ့်အချိန် မဟုတ်ဘူး။ အဲဒီသတင်း ဟောရမယ့်အချိန်ဟာ ပြီးဆုံးသွားပြီ။ မကြာခင် “အဆုံး” ရောက်လာတော့မယ်။ (မ. ၂၄:၁၄) ဘုရားသခင့်လူမျိုးဟာ ပြင်းထန်တဲ့တရားစီရင်ခြင်းသတင်းကို ရဲရဲရင့်ရင့် ကြေညာကြလိမ့်မယ်။ စာတန့်လောကဆိုး လုံးလုံးဖျက်ဆီးခံရတော့မယ့်သတင်း ဖြစ်နိုင်တယ်။ က၁၅ ၇/၁၅ ၂:၃၊ ၈၊ ၉
တနင်္ဂနွေနေ့၊ အောက်တိုဘာ ၁၅
ကျွန်ုပ်သည် ဤလောကနှင့် မသက်ဆိုင်သကဲ့သို့ သူတို့သည်လည်း လောကနှင့်မသက်ဆိုင်ကြပါ။ —ယော. ၁၇:၁၆။
ကြားနေမှုကြောင့် အမုန်းခံရတာကို မအံ့သြသင့်ဘူး။ အဲဒီလိုဖြစ်မယ်လို့ ယေရှု သတိပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို ဆန့်ကျင်သူအများစုဟာ ဘုရားသခင့် နိုင်ငံတော်အကြောင်း မသိကြဘူး။ လူ့အစိုးရအစား ဘုရားသခင့် နိုင်ငံတော်ကို သစ္စာစောင့်သိဖို့ ဘာကြောင့် အရေးကြီးတယ်ဆိုတာကိုလည်း နားမလည်ကြဘူး။ ယေဟောဝါကို သစ္စာစောင့်သိဖို့ဆိုရင် ခြိမ်းခြောက်မှုတွေ ကြုံရချိန်မှာတောင် သစ္စာတည်ကြည်ရမယ်။ (ဒံ. ၃:၁၆-၁၈) အသက်အရွယ်မရွေး လူကိုကြောက်စိတ် ဝင်မိနိုင်တယ်။ ဒါပေမဲ့ ခေတ်ရေစီးကြောင်းကိုဆန်ဖို့ အထူးသဖြင့် လူငယ်တွေအတွက် ပိုခက်နိုင်တယ်။ ဒါကြောင့် မိဘတို့၊ ကျောင်းမှာ ရဲစွမ်းသတ္တိရှိနိုင်ဖို့ သားသမီးတွေကို ကူညီပေးပါ။ သားသမီးတွေက အထိမ်းအမှတ်ကို အလေးပြုဖို့၊ အမျိုးသားရေးအခမ်းအနားတွေမှာ ပါဝင်ဖို့ ငြင်းဆိုရမှာ ကြောက်နေနိုင်တယ်။ ဒီကိစ္စတွေကို ဘုရားသခင် ဘယ်လိုသဘောထားတယ်ဆိုတာ နားလည်လာအောင် မိသားစုဝတ်ပြုမှုမှာ ဆွေးနွေးပါ။ ကိုယ့်ယုံကြည်ချက်ကို ရှင်းရှင်းလင်းလင်း၊ လေးလေးစားစား ရှင်းပြတတ်ဖို့ သင်ပေးပါ။ (ရော. ၁:၁၆) လိုအပ်မယ်ဆိုရင် သူတို့ရဲ့ ဆရာတွေဆီသွားပြီး ယုံကြည်ချက်အကြောင်း ရှင်းပြပေးပါ။ က၁၅ ၇/၁၅ ၃:၁၅၊ ၁၆
တနင်္လာနေ့၊ အောက်တိုဘာ ၁၆
ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်တော်မူ၏။—ယော. ၃:၁၆။
ကျွန်တော်တို့ “အသက်ရ” စေဖို့ ရွေးနုတ်ဖိုးဆုကျေးဇူးကို ဘုရားသခင် ပြင်ဆင်ပေးထားတယ်။ (၁ ယော. ၄:၉) ဘုရားသခင်ရဲ့ ဒီအကြီးမားဆုံး မေတ္တာလုပ်ရပ်နဲ့ပတ်သက်ပြီး တမန်တော်ပေါလု အခုလိုရေးတယ်– “ခရစ်တော်သည် သတ်မှတ်ထားချိန်တွင် ဘုရားတရားမဲ့သူတို့အတွက် အသေခံတော်မူ၏။ ဖြောင့်မတ်သူတစ်ဦးအတွက် အသေခံမည့်သူ ရှိခဲ၏။ သူတော်ကောင်းအတွက်မူ အသေခံဝံ့သူ ရှိကောင်းရှိလိမ့်မည်။ သို့ရာတွင် ငါတို့သည် အပြစ်သားဖြစ်နေသေးစဉ်ပင် ခရစ်တော်သည် ငါတို့အတွက် အသေခံတော်မူခြင်းဖြင့် ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူကြောင်း ပြတော်မူ၏။” (ရော. ၅:၆-၈) ရွေးနုတ်ဖိုးဟာ ဘုရားသခင်ရဲ့ အကြီးမားဆုံးမေတ္တာလုပ်ရပ် ဖြစ်တယ်။ ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရရှိဖို့ လမ်းဖွင့်ပေးတယ်။ ရွေးနုတ်ဖိုးဟာ လူသားအားလုံးအပေါ်ထားတဲ့ ယေဟောဝါရဲ့ မေတ္တာကို ဖော်ပြတယ်။ ဘုရားသခင်ကို သစ္စာရှိရှိဝတ်ပြုမယ်ဆိုရင် ကမ္ဘာသစ်မှာ အကောင်းဆုံးအသက်တာ ရရှိမယ်ဆိုတာ သိရလို့ စိတ်လှုပ်ရှားစရာပဲ။ ဒါကြောင့် ဘုရားသခင့်တည်မြဲတဲ့မေတ္တာရဲ့ အကြီးမားဆုံးသက်သေဖြစ်တဲ့ ရွေးနုတ်ဖိုးကို တန်ဖိုးထားကြောင်း ဖော်ပြကြပါစို့။ က၁၅ ၈/၁၅ ၁:၁၃၊ ၁၅
အင်္ဂါနေ့၊ အောက်တိုဘာ ၁၇
ဝမ်းမနည်းကြနှင့်။—နေ. ၈:၁၀။
နိုင်ငံတော် အုပ်ချုပ်မှုအောက် ကမ္ဘာသစ်မှာ နေထိုင်ခွင့်ရတာ အခွင့်ထူးပဲ။ ဒါကြောင့် အခုကတည်းက ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့ ပူးပေါင်းလုပ်ဆောင်တတ်အောင်၊ ဘယ်တာဝန်ပဲရရ လုပ်ဆောင်တတ်အောင် ကြိုးစားသင့်တယ်။ ဒါပေမဲ့ တစ်ခါတလေ အလုပ်တာဝန်တွေ ပြောင်းလဲသွားနိုင်တယ်။ ဥပမာ၊ အမေရိကန်ပြည်ထောင်စုက ဗေသလအိမ်သားတချို့ဟာ လယ်ကွင်းမှာအမှုဆောင်ဖို့ ပြန်တာဝန်ရကြတယ်။ နယ်လှည့်ကြီးကြပ်မှူးတချို့လည်း အသက်အရွယ်ကြောင့်ဖြစ်စေ၊ တခြားအခြေအနေတွေကြောင့်ဖြစ်စေ အထူးရှေ့ဆောင်အဖြစ် အမှုဆောင်ဖို့ တာဝန်ရကြတယ်။ တာဝန်အသစ်မှာ သူတို့ပျော်ရွှင်နေပြီး ယေဟောဝါလည်း ကောင်းချီးပေးနေတယ်။ ကျွန်တော်တို့လည်း ယေဟောဝါရဲ့ အကူအညီအတွက် ဆုတောင်းမယ်၊ အတတ်နိုင်ဆုံး အမှုဆောင်မယ်၊ ဘယ်တာ၀န်ပဲရရ ရောင့်ရဲတတ်အောင် သင်ယူမယ်ဆိုရင် ပျော်ရွှင်နေမှာဖြစ်ပြီး ယေဟောဝါ ကောင်းချီးပေးပါလိမ့်မယ်။ (သု. ၁၀:၂၂) ကမ္ဘာသစ်မှာ ကိုယ်နေချင်တာက တစ်နေရာဖြစ်ပေမဲ့ ယေဟောဝါရဲ့အဖွဲ့အစည်းက တခြားနေရာကိုပြောင်းဖို့ ပြောလာတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ အဲဒီအချိန်မှာ ဘယ်မှာနေတယ်၊ ဘာလုပ်တယ်ဆိုတာ အရေးမကြီးတော့ဘူး။ ကမ္ဘာသစ်မှာနေရတာကိုပဲ ပျော်ရွှင်ကျေနပ်ပြီး ကျေးဇူးတင်နေမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ က၁၅ ၈/၁၅ ၃:၈
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၁၈
နောဧသည် . . . မိမိအမျိုး၌ စုံလင်သောသူဖြစ်၏။—က. ၆:၉။
နောဧဟာ ဆိုးညစ်တဲ့လောကမှာ နေရပေမဲ့ အဲဒီကလူတွေနဲ့ မိတ်ဖွဲ့ဖို့ ဆန္ဒမရှိခဲ့ဘူး။ ယေဟောဝါကို မချစ်တဲ့သူတွေနဲ့ မပေါင်းသင်းဘူး။ သူနဲ့သူ့မိသားစုဟာ သင်္ဘောဆောက်လုပ်ရေးမှာ အလုပ်များနေခဲ့တယ်။ နောဧဟာ “ဖြောင့်မတ်ခြင်းတရား ဟောပြောသူ” လည်းဖြစ်တယ်။ (၂ ပေ. ၂:၅) နောဧနဲ့ သူ့မိသားစုဝင် ခုနစ်ယောက်တို့ဟာ အချင်းချင်း ဆက်ဆံရေးကောင်းရှိတယ်။ ဘုရားသခင် နှစ်သက်တာတွေကို လုပ်ဆောင်ရာမှာ အလုပ်များနေခဲ့ကြတယ်။ ဒါကြောင့် ရေလွှမ်းမိုးဘေးကနေ လွတ်မြောက်ခဲ့တယ်။ ယေဟောဝါကို နာခံပြီး မကောင်းတဲ့အပေါင်းအသင်းတွေကို ရှောင်ခဲ့တဲ့အတွက် နောဧတို့ မိသားစုကို ကျေးဇူးတင်ရမယ်။ ဒီနေ့ခေတ်လူသားအားလုံး သူတို့ကနေ ဆင်းသက်လာလို့ပဲ။ ပထမရာစုခရစ်ယာန်တွေလည်း ယေဟောဝါကို မချစ်တဲ့သူတွေနဲ့ မပေါင်းသင်းခဲ့ဘူး။ ယေဟောဝါကို နာခံတဲ့အတွက် အေဒီ ၇၀၊ ဂျေရုဆလင်မြို့ ပျက်စီးခြင်းဘေးကနေ သူတို့ လွတ်မြောက်ခဲ့တယ်။—လု. ၂၁:၂၀-၂၂။ က၁၅ ၈/၁၅ ၄:၁၇၊ ၁၈
ကြာသပတေးနေ့၊ အောက်တိုဘာ ၁၉
ရယ်ရသောအချိန် . . . နှင့် ကခုန်ရသောအချိန်လည်း ရှိ၏။—ဒေ. ၃:၄။
အပန်းဖြေမှုတိုင်း အကျိုးရှိတာ၊ လန်းဆန်းစေတာမဟုတ်ဘူး။ အလွန်အကျွံ အပန်းဖြေတာမျိုးကိုလည်း ရှောင်ဖို့ လိုအပ်တယ်။ ယေဟောဝါ နှစ်သက်တဲ့ အပန်းဖြေမှုကို ပျော်မွေ့နိုင်ဖို့၊ အဲဒီကနေ အကျိုးရနိုင်ဖို့ ကိုယ်ကိုယ်ကိုယ်သိစိတ်က ဘယ်လိုကူညီပေးနိုင်သလဲ။ “လူ့ဇာတိနှင့်ဆိုင်သော အကျင့်များ” နဲ့ပတ်သက်ပြီး ကျမ်းစာမှာ သတိပေးထားတယ်။ အဲဒီအကျင့်တွေထဲမှာ “မတရားမေထုန်ပြုခြင်း၊ မသန့်ရှင်းခြင်း၊ အကျင့်ပျက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ နတ်ဆိုးပညာလိုက်စားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ အမျက်ထွက်ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ စိတ်ဝမ်းကွဲပြားခြင်း၊ ဂိုဏ်းခွဲခြင်း၊ ငြူစူခြင်း၊ သောက်စားမူးယစ်ခြင်း၊ ဆူဆူညံညံပွဲခံခြင်းတို့နှင့် ထိုသို့သောအရာများ” ပါဝင်တယ်။ ‘ထိုအရာများကို ပြုကျင့်သူတို့သည် ဘုရားသခင့် နိုင်ငံတော်ကို အမွေမခံကြရ’ လို့ ပေါလုပြောတယ်။ (ဂလ. ၅:၁၉-၂၁) ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးနိုင်တယ်– ‘ရန်လိုတဲ့၊ ပြိုင်ဆိုင်တဲ့၊ မျိုးချစ်စိတ်ပြင်းထန်စေတဲ့၊ ကြမ်းတမ်းတဲ့ အားကစားတွေကို ရှောင်ဖို့ ငါ့ရဲ့ ကိုယ်ကိုယ်ကိုယ်သိစိတ်က ကူညီပေးသလား။ ညစ်ညမ်းတဲ့ပြကွက်တွေပါတဲ့၊ အကျင့်ပျက်တာ၊ သောက်စားမူးယစ်တာနဲ့ နတ်ဆိုးပညာတွေကို အားပေးတဲ့ ရုပ်ရှင်ကြည့်ဖို့ သွေးဆောင်ခံရတဲ့အခါ ငါ့ရဲ့ကိုယ်ကိုယ်ကိုယ်သိစိတ်က ငါ့ကို သတိပေးသလား။’ က၁၅ ၉/၁၅ ၂:၁၁၊ ၁၂
သောကြာနေ့၊ အောက်တိုဘာ ၂၀
အိုထာဝရဘုရား လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။—ယေ. ၁၀:၂၃။
ဘုရားသခင်က ကျွန်တော်တို့ကို အကောင်းအဆိုး ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းနဲ့ မဖန်ဆင်းထားမှန်း ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ ကျွန်တော်တို့အတွက် အကောင်းဆုံးဖြစ်မယ့်အရာကို ယေဟောဝါသိတယ်။ ကိုယ်တော့်အခွင့်အာဏာကို အသိအမှတ်ပြုပြီး နာခံမှသာ ပျော်ရွှင်ကျေနပ်စရာ အေးချမ်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။ အဲဒီအရေးကြီးအမှန်တရားကို ယေဟောဝါ သင်ပေးတာဟာ ကျွန်တော်တို့ကို ချစ်လို့ပဲ။ မေတ္တာပြည့်ဝတဲ့ဖခင်ဟာ သားသမီးတွေရဲ့ နောင်ရေးအတွက် သိပ်စိတ်ပူတယ်။ သူတို့ရဲ့နောင်ရေး လှပစေချင်တယ်။ ဝမ်းနည်းစရာကတော့ ဒီနေ့ခေတ် လူအများစုဟာ နောင်ရေးနဲ့ပတ်သက်လာရင် ဘာဆိုဘာမှ မသိကြဘူး။ အရည်မရအဖတ်မရတာတွေ လုပ်ပြီး ဘဝအချိန်တွေကို ဖြုန်းတီးပစ်ကြတယ်။ (ဆာ. ၉၀:၁၀) ကျွန်တော်တို့ရဲ့ဖခင် ယေဟောဝါကတော့ လောလောဆယ် ပျော်ရွှင်တဲ့ဘဝရဖို့ ဘယ်လိုအသက်ရှင်ရမယ်ဆိုတာ သင်ပေးရုံမက လှပတဲ့အနာဂတ်ကတိကိုလည်း ပေးထားတယ်။ က၁၅ ၉/၁၅ ၄:၁၀၊ ၁၁
စနေနေ့၊ အောက်တိုဘာ ၂၁
ငါ့အခွင့်မရှိဘဲ အင်တန်ကာလပတ်လုံး မိုးမရွာ၊ နှင်းမကျရ။—၃ ရာ. ၁၇:၁။
ရှေးခေတ်တုန်းက လူများစွာဟာ အစ္စရေးတွေကို ဘုရားသခင် ဘယ်လိုကူညီခဲ့မှန်း မြင်ခွင့်၊ ကြားခွင့် ရရှိခဲ့ကြတယ်။ ဘုရားသခင်က အံ့ဖွယ်အမှုတွေအားဖြင့် မိမိလူမျိုးကို အီဂျစ်ပြည်ကနေ ကယ်ထုတ်ပြီး ကတိထားရာပြည်ရဲ့ဘုရင်တွေကို ရှုံးနိမ့်စေခဲ့တယ်။ (ယောရှု ၉:၃၊ ၉၊ ၁၀) အစ္စရေးတွေဘက်ကနေ ယေဟောဝါ တိုက်ခိုက်ပေးမှန်း အသိအမှတ်မပြုတဲ့အတွက် သူတို့ အကြီးအကျယ်ရှုံးနိမ့်ခဲ့တယ်။ နောက်ပိုင်း၊ မင်းဆိုးအာဟပ်ဟာ ဘုရားသခင့်လက်တော်ကို မြင်တွေ့ဖို့ အကြိမ်များစွာ အခွင့်အရေးရခဲ့တယ်။ နောက်ပိုင်း၊ ယေဟောဝါဆီ ဧလိယဆုတောင်းတဲ့အခါ ကောင်းကင်ကနေ မီးကျစေခြင်းအားဖြင့် ကိုယ်တော်အဖြေပေးခဲ့တာကို အာဟပ် မြင်ခဲ့ရတယ်။ အဲဒီနောက် မိုးခေါင်တဲ့ဘေးကို ယေဟောဝါ အဆုံးသတ်ပေးတော့မှာဖြစ်ပြီး မိုးရွာစေတော့မယ်လို့ အာဟပ်ကို ဧလိယပြောတယ်။ (၃ ရာ. ၁၈:၂၂-၄၅) ဒီအံ့ဖွယ်အမှုအားလုံးကို အာဟပ် မြင်တွေ့ခဲ့တာတောင် ယေဟောဝါရဲ့တန်ခိုးကို အသိအမှတ် မပြုခဲ့ဘူး။ ဒီအဖြစ်အပျက်နဲ့ တခြားအဖြစ်အပျက်တွေက ကိုယ့်ဘဝမှာ ဘုရားသခင့်လက်တော် အလုပ်လုပ်ပုံကို မြင်တွေ့ဖို့ ကြိုးစားရမယ်ဆိုတာ သင်ပေးပါတယ်။ က၁၅ ၁၀/၁၅ ၁:၄၊ ၅
တနင်္ဂနွေနေ့၊ အောက်တိုဘာ ၂၂
ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ရလိမ့်မည်။—ဂလ. ၃:၁၁။
ယေဟောဝါရဲ့ လမ်းညွှန်ချက်အတိုင်း လိုက်လျှောက်ရင် ကိုယ်တော် ကူညီပေးမယ်ဆိုတာကို ဘယ်တော့မှ သံသယမဝင်သင့်ဘူး။ အမှန်တကယ် ကူညီပေးနိုင်တဲ့အရှင်ကို ယုံကြည်ဖို့ အရေးကြီးတယ်။ ဘုရားသခင်ဟာ “ငါတို့၌ ပြုပြင်ဆောင်ရွက်သော တန်ခိုးတော်နှင့်အညီ ငါတို့တောင်းလျှောက်ကြံစည်သမျှထက် အလွန်များပြားစွာ ပြုနိုင်တော်မူသော ဘုရားသခင်” ဖြစ်တယ်လို့ ပေါလုပြောတယ်။ (ဧ. ၃:၂၀) ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ အလိုတော် ထမ်းဆောင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားကြပေမဲ့ အကန့်အသတ်တွေ ရှိတယ်ဆိုတာ နားလည်ကြတယ်။ ဒါကြောင့် ကိုယ့်ကြိုးစားမှုကို ကောင်းချီးပေးဖို့ ယေဟောဝါကို ကိုးစားကြတယ်။ ကျွန်တော်တို့နဲ့အတူ ကိုယ်တော်ရှိနေလို့ သိပ်ကို ကျေးဇူးတင်စရာပဲ။ ယုံကြည်ခြင်း တိုးပွားစေပါဆိုတဲ့ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေလည်း ဖြေကြားခံရမယ်လို့ မျှော်လင့်နိုင်သလား။ “အလိုတော်နှင့်အညီ” တောင်းရင် ဖြေကြားမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ (၁ ယော. ၅:၁၄) ယေဟောဝါဟာ သူ့အပေါ် အကြွင်းမဲ့ ယုံကြည်ကိုးစားသူတွေကို နှစ်သက်မြတ်နိုးတယ်ဆိုတာ ထင်ရှားတယ်။ ယုံကြည်ခြင်း တိုးပွားစေပါဆိုတဲ့ ဆုတောင်းချက်ကို ယေဟောဝါ အဖြေပေးပါလိမ့်မယ်။ အဲဒီအခါ ကျွန်တော်တို့ဟာ ယုံကြည်ခြင်း ခိုင်မာလာပြီး “ဘုရားသခင့် နိုင်ငံတော်နှင့် ထိုက်တန်သူများ” ဖြစ်လာပါလိမ့်မယ်။—၂ သက်. ၁:၃၊ ၅။ က၁၅ ၁၀/၁၅ ၂:၁၆-၁၈
တနင်္လာနေ့၊ အောက်တိုဘာ ၂၃
မည်သည့်အခါမျှ မရွေ့မျောသွား [ဖို့လို၏။] — ဟေဗြဲ ၂:၁။
ယေဟောဝါနဲ့ ယေရှုအကြောင်း တွေးတောဆင်ခြင်ခြင်းက လူတစ်ယောက်ကို ရင့်ကျက်တဲ့ ခရစ်ယာန်ဖြစ်အောင်၊ ယုံကြည်ခြင်း ခိုင်မာနေအောင် ကူညီပေးနိုင်တယ်။ (ဟေဗြဲ ၅:၁၄။ ၆:၁) ဘုရားသခင်အကြောင်း စဉ်းစားဖို့ အချိန်သိပ်မပေးသူဟာ တဖြည်းဖြည်း ကိုယ်တော်နဲ့ ဆက်ဆံရေး ပြတ်တောက်သွားနိုင်တယ်။ ကိုယ်တော့်ကို ငြင်းပယ်တဲ့အထိတောင် ဖြစ်သွားနိုင်တယ်။ (ဟေဗြဲ ၃:၁၂) ဘုရားသခင့် စကားတော်ကို “ဖြောင့်မှန်ကောင်းမွန်သော စိတ်နှလုံး” နဲ့ မခံယူရင် “စွဲမြဲ” နေမှာမဟုတ်ဘဲ “ဘဝ၏စိုးရိမ်ပူပန်မှု၊ စည်းစိမ်ဥစ္စာ၊ အပျော်အပါးတို့ကြောင့် အာရုံပျံ့လွင့်သွား” မယ်လို့ ယေရှု သတိပေးခဲ့တယ်။ (လု. ၈:၁၄၊ ၁၅) ဒါကြောင့် ဘုရားသခင့်စကားတော် ကျမ်းစာကို ဆက်ပြီး တွေးတောဆင်ခြင်ကြပါစို့။ ယေဟောဝါအကြောင်း ပိုသိကျွမ်းအောင် လုပ်ဆောင်ကြပါစို့။ အဲဒီလို လုပ်ဆောင်ခြင်းက ကိုယ်တော့်အရည်အသွေးတွေကို ပိုအပြည့်အဝတုပနိုင်အောင် လှုံ့ဆော်ပေးပါလိမ့်မယ်။ (၂ ကော. ၃:၁၈) ကောင်းကင်ဖခင်အကြောင်း သင်ယူခြင်း၊ ကိုယ်တော့်ကို တုပခြင်းဟာ ထာဝစဉ် လုပ်ဆောင်သွားရမယ့်ကိစ္စဖြစ်တယ်။ အခွင့်ထူးကြီးပါပဲ။—ဒေ. ၃:၁၁။ က၁၅ ၁၀/၁၅ ၄:၁၃၊ ၁၄
အင်္ဂါနေ့၊ အောက်တိုဘာ ၂၄
ဉာဏ်ပညာကလည်း မင်းအတွက် ကောင်းတယ်ဆိုတာ သိထားပါ။ ဉာဏ်ပညာကို ရှာတွေ့ရင် မင်းမှာ အနာဂတ်ရှိမယ်။—သု. ၂၄:၁၄၊ ကဘ။
သင်ဟာ သားသမီးတွေကို ယေဟောဝါနဲ့ ရင်းနှီးစေချင်တယ်။ သူတို့ကို “ယေဟောဝါဘုရား၏ ဆုံးမပဲ့ပြင်ခြင်းနှင့် စိတ်သဘောတော်အတိုင်း” သွန်သင်လေ့ကျင့်ပေးဖို့ သင့်ကို ဘုရားသခင် အခွင့်အာဏာပေးထားတယ်။ (ဧ. ၆:၄) ဒါကြောင့် သူတို့မှာ ဝတ်ပြုရေးလုပ်ရိုးလုပ်စဉ်တွေ ရှိလာအောင်၊ ဆက်ရှိနေအောင် ပုံမှန်လေ့ကျင့်ပေးပါ။ ဒီအချက်ကို စဉ်းစားကြည့်ပါ– သားသမီးတွေအတွက် ပညာရေးဟာ အရေးကြီးမှန်း သင် သိလို့၊ ပညာသင်ယူလိုစိတ်ရှိစေချင်လို့ သူတို့ကို မဖြစ်မနေ ကျောင်းထားပေးတယ်။ အဲဒီလိုပဲ၊ မေတ္တာရှိတဲ့ မိဘတွေဟာ သားသမီးတွေကို အစည်းအဝေးတွေ၊ စည်းဝေးပွဲတွေနဲ့ မိသားစုဝတ်ပြုမှုကို မဖြစ်မနေ တက်ရောက်စေတယ်။ ယေဟောဝါပေးတဲ့ ပညာရေးက အသက်ကယ်နိုင်တဲ့အတွက် ယေဟောဝါအကြောင်း သင်ယူလိုစိတ်ရှိအောင်၊ ဘုရားရေးရာ ဉာဏ်ပညာကို သူတို့ တန်ဖိုးထားမြတ်နိုးလာအောင် သင် သွတ်သွင်းပေးတယ်။ အဲဒီအပြင်၊ အမှုဆောင်လုပ်ငန်းမှာ ပုံမှန်ပါဝင်ဖို့လည်း လေ့ကျင့်ပေးတယ်။ အမှုဆောင်လုပ်ငန်းမှာ တပည့်တွေကို ယေရှု ကူညီပေးခဲ့သလို သင်လည်း သားသမီးတွေ တခြားသူတွေကို ကျမ်းစာအကြောင်း သင်ကြားပေးရတာ ပျော်မွေ့လာအောင် ကူညီပေးတယ်။ က၁၅ ၁၁/၁၅ ၂:၆
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၂၅
ယောက်ျားတိုင်း၏ ဦးခေါင်းကား ခရစ်တော် . . . ၊ မိန်းမ၏ဦးခေါင်းကား ယောက်ျား . . . ၊ ခရစ်တော်၏ဦးခေါင်းကား ဘုရားသခင် ဖြစ် . . . ၏။ —၁ ကော. ၁၁:၃။
အိမ်ထောင်မှာ ဘယ်သူက အိမ်ထောင်ဦးစီး ဖြစ်သင့်တယ်ဆိုတာ ယေဟောဝါ ပြောထားတယ်။ ဒါပေမဲ့ ယေဟောဝါက လင်ယောက်ျားတွေကို မေတ္တာရှိတဲ့ အိမ်ထောင်ဦးစီးပဲ ဖြစ်စေချင်တယ်။ ကောက်ကျစ်ရက်စက်တဲ့ အိမ်ထောင်ဦးစီး မဖြစ်စေချင်ဘူး။ ယောက်ျားဟာ ဇနီးရဲ့ ဦးစီးဖြစ်ပေမဲ့ ဇနီးကို ဂုဏ်တင်ရမယ်လို့ ကျမ်းစာပြောတယ်။ (၁ ပေ. ၃:၇) ဘယ်လိုနည်းနဲ့ ဂုဏ်တင်နိုင်သလဲ။ ဇနီးလိုအပ်တဲ့အရာကို ထည့်သွင်းစဉ်းစားပြီး သူ့ရဲ့အကြိုက်ကို ဦးစားပေးနိုင်တယ်။ “ခင်ပွန်းဖြစ်သူတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်သဖြင့် အသင်းတော်အတွက် အသက်စွန့်တော်မူသကဲ့သို့ သင်တို့၏ဇနီးကို ဆက်၍ချစ်နေကြလော့” လို့ ကျမ်းစာပြောတယ်။ (ဧ. ၅:၂၅) မှန်ပါတယ်။ ယေရှုက တပည့်တွေအတွက် အသက်ကိုတောင် စတေးခဲ့တယ်။ လင်ယောက်ျားဟာ ယေရှုလို မေတ္တာရှိတဲ့ ဦးစီးခေါင်းဆောင်ဖြစ်မယ်ဆိုရင် ဇနီးအနေနဲ့ သူ့ကိုချစ်ဖို့၊ လေးစားဖို့၊ လက်အောက်ခံဖို့ ပိုလွယ်ကူပါလိမ့်မယ်။—တိ. ၂:၃-၅။ က၁၅ ၁၁/၁၅ ၄:၆၊ ၇
ကြာသပတေးနေ့၊ အောက်တိုဘာ ၂၆
ဂရိစကားပြောသောဂျူးတို့က မိမိတို့၏မုဆိုးမများကို လျစ်လျူရှုသည်ဟုဆိုကာ ဟေဗြဲစကားပြောသောဂျူးတို့အပေါ် ညည်းညူကြ၏။— တ. ၆:၁။
သတင်းကောင်းပျံ့နှံ့လာတာနဲ့အမျှ ခရစ်ယာန်တွေဟာ ဂရိစကားကို အဓိကပြောဆိုလာကြတယ်။ ဂရိစကားဟာ အများသုံးဘာသာစကားဖြစ်တာကြောင့် မဿဲ၊ မာကု၊ လုကာ၊ ယောဟန် ခရစ်ဝင်ကျမ်းတွေကို ဂရိစကားနဲ့ ရေးသားဖြန့်ဝေခဲ့တယ်။ တမန်တော်ပေါလုရဲ့စာတွေနဲ့ တခြားကျမ်းစောင်တွေကိုလည်း ဂရိစကားနဲ့ပဲ ရေးသားဖြန့်ဝေတယ်။ ခရစ်ယာန်ဂရိကျမ်းရေးသူတွေဟာ ဟီဘရူးကျမ်းစောင်တွေကို ကိုးကားတဲ့အခါ စက်ပ်တွားဂျင့်ကျမ်းကို သုံးလေ့ရှိတာ စိတ်ဝင်စားစရာပဲ။ အဲဒီကိုးကားချက်တွေဟာ တစ်ခါတလေ မူရင်းဟီဘရူးအသုံးအနှုန်းနဲ့ မသိမသာ ကွာခြားလေ့ရှိတယ်။ ဒီလိုနဲ့ မစုံလင်တဲ့လူသားတွေ ဘာသာပြန်ထားတဲ့ စက်ပ်တွားဂျင့်ကျမ်းထဲက ကျမ်းချက်တွေဟာ စွမ်းအားတော်လမ်းညွှန်မှုနဲ့ ရေးသားတဲ့ ကျမ်းစာရဲ့ အစိတ်အပိုင်း ဖြစ်လာတယ်။ ဒီအချက်က ယေဟောဝါဟာ ဘာသာစကား ဒါမှမဟုတ် ယဉ်ကျေးမှုတစ်ခုခုကို ပိုမျက်နှာသာပေးတဲ့ဘုရား မဟုတ်ဘူးဆိုတာ သင်ပေးတယ်။—တ. ၁၀:၃၄။ က၁၅ ၁၂/၁၅ ၁:၈၊ ၉
သောကြာနေ့၊ အောက်တိုဘာ ၂၇
အိုထာဝရဘုရား၊ အကျွန်ုပ်၏နှုတ်ကို ဖွင့်တော်မူပါ။ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း၍ မြွက်ဆိုပါမည်။ —ဆာ. ၅၁:၁၅။
စကားမပြောသင့်တဲ့ အချိန်တွေရှိတယ်။ “တိတ်ဆိတ်စွာ နေရသောအချိန်” ရှိတယ်လို့ ကျမ်းစာပြောတယ်။ (ဒေ. ၃:၇) ဥပမာ၊ တခြားသူတွေ စကားပြောနေချိန်မှာ နားထောင်ပေးခြင်းအားဖြင့် သူတို့ကို လေးစားကြောင်း ပြနိုင်တယ်။ (ယောဘ ၆:၂၄) အတွင်းရေးကိစ္စတွေ၊ လျှို့ဝှက်သင့်တဲ့ကိစ္စတွေကိုလည်း လျှောက်မပြောသင့်ဘူး။ (သု. ၂၀:၁၉) တခြားသူတွေ ကိုယ့်ကို စိတ်ဆိုးအောင်လုပ်တဲ့အခါ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်စွာနေတာက ပညာရှိရာရောက်တယ်။ (ဆာ. ၄:၄) ဒါပေမဲ့ စကားပြောသင့်တဲ့ အချိန်တွေလည်း ရှိပါတယ်။ (ဒေ. ၃:၇) မိတ်ဆွေတစ်ယောက် လက်ဆောင်ပေးတဲ့အခါ ချောင်ထိုးထားမှာမဟုတ်ဘူး။ လက်ဆောင်ကို ကောင်းကောင်း အသုံးပြုခြင်းအားဖြင့် ကျေးဇူးတင်တယ်ဆိုတာ ဖော်ပြမှာပဲ။ အဲဒီလိုပဲ၊ ယေဟောဝါပေးထားတဲ့ စကားပြောနိုင်စွမ်း ဆုလက်ဆောင်ကို ပညာရှိရှိအသုံးပြုခြင်းအားဖြင့် ကျေးဇူးတင်ကြောင်း ဖော်ပြနိုင်တယ်။ အဲဒီလို ပညာရှိရှိအသုံးပြုခြင်းမှာ ယေဟောဝါကို ချီးမွမ်းတာ၊ တခြားသူတွေကို အားပေးတာ၊ ခံစားချက်တွေကို ရင်ဖွင့်တာ၊ ကိုယ့်လိုအပ်ရာကို ပြောပြတာတွေ ပါဝင်တယ်။ က၁၅ ၁၂/၁၅ ၃:၄၊ ၅
စနေနေ့၊ အောက်တိုဘာ ၂၈
သင်၏အစာအိမ်အတွက်လည်းကောင်း၊ သင်မကြာခဏ ခံစားရသော ဝေဒနာကြောင့်လည်းကောင်း ရေကိုမသောက်တော့ဘဲ စပျစ်ဝိုင်အနည်းငယ်ကို သောက်သုံးလော့။—၁ တိ. ၅:၂၃။
ဒီနေ့ခေတ်မှာ ညီအစ်ကိုညီအစ်မတစ်ယောက်မှ အံ့ဖွယ်နည်းနဲ့ ကုသနိုင်စွမ်း မရရှိထားဘူး။ (၁ ကော. ၁၂:၉) ဒါပေမဲ့ တစ်ခါတလေ ကိုယ်အကူအညီမတောင်းတာတောင် စေတနာနဲ့ အကြံဉာဏ်လာပေးတာမျိုး ရှိနိုင်တယ်။ တချို့အကြံဉာဏ်တွေက အန္တရာယ်မရှိပါဘူး။ ဥပမာ၊ ပေါလုက တိမောသေကို ဝိုင်အနည်းငယ် သောက်ဖို့ အကြံပေးတယ်။ တိမောသေဟာ မသန့်ရှင်းတဲ့ရေကြောင့် အစာအိမ်ဝေဒနာ ခံစားရတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အကြံပေးစကားတွေကို သတိထားဖို့ လိုတယ်။ ညီအစ်ကိုတစ်ယောက်က ဆေးဝါး ဒါမှမဟုတ် ဆေးမြီးတိုတစ်မျိုးမျိုးကို သောက်သုံးဖို့၊ ဓာတ်စာတစ်မျိုးမျိုးကို စားဖို့ ဒါမှမဟုတ် ရှောင်ဖို့ အယုံသွင်းတာမျိုး ဖြစ်နိုင်တယ်။ သူ့ရဲ့ မိသားစုဝင်တစ်ယောက်ယောက်တောင် အဲဒီနည်းနဲ့ ရောဂါပျောက်သွားတယ်လို့ ပြောတာဖြစ်နိုင်တယ်။ ဒါပေမဲ့ တခြားသူ ရောဂါပျောက်လို့ ကျွန်တော်တို့လည်း ရောဂါပျောက်မယ်လို့ မပြောနိုင်ဘူး။ ဘယ်လောက် နာမည်ကြီးနေတဲ့ ဆေးနည်းဖြစ်ပါစေ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်တယ်ဆိုတာ သိထားသင့်တယ်။—သု. ၂၇:၁၂။ က၁၅ ၁၂/၁၅ ၄:၁၃
တနင်္ဂနွေနေ့၊ အောက်တိုဘာ ၂၉
ခရစ်တော်ကိုယ်တိုင် အပြစ်တရားကို ဖယ်ရှားရန် တစ်ကြိမ်တည်းအပြီး အသေခံတော်မူ၏။ ဖြောင့်မတ်သူသည် မဖြောင့်မတ်သူများအတွက် အသေခံတော်မူ၏။—၁ ပေ. ၃:၁၈။
အာဒံဆီက အမွေရထားတဲ့အပြစ်ကြောင့် ကျွန်တော်တို့အားလုံး သေဒဏ်ကျခံရတယ်။ (ရော. ၅:၁၂) ယေဟောဝါဟာ လူသားတွေကို ချစ်လို့ ယေရှုကို မြေကြီးပေါ်စေလွှတ်ပြီး “လူအားလုံးအတွက် အသေခံ” စေခဲ့တယ်။ (ဟေဗြဲ ၂:၉) ယေရှုရဲ့ ပူဇော်သကာဟာ သေခြင်းကို ထာဝစဉ် ဖယ်ရှားပေးပါလိမ့်မယ်။ (ဟေရှာ. ၂၅:၇၊ ၈။ ၁ ကော. ၁၅:၂၂၊ ၂၆) ယေရှုကို ယုံကြည်ကြောင်း တင်ပြသူအားလုံးဟာ ကောင်းကင်မှာ ယေရှုနဲ့အတူ တွဲဖက်ဘုရင်တွေအနေနဲ့ဖြစ်စေ၊ မြေကြီးမှာ ဘုရားသခင့် နိုင်ငံသားတွေအနေနဲ့ဖြစ်စေ ငြိမ်းချမ်းပျော်ရွှင်စွာ ထာဝစဉ် အသက်ရှင်ရပါလိမ့်မယ်။ (ရော. ၆:၂၃။ ဗျာ. ၅:၉၊ ၁၀) ယေဟောဝါပေးတဲ့ ဆုလက်ဆောင်ထဲမှာ ဘယ်ကောင်းချီးတွေ ပါဝင်သေးသလဲ။ ရောဂါအားလုံး ပျောက်ကင်းသွားတာ၊ ကမ္ဘာ ပရဒိသုဖြစ်လာတာ၊ လူသေတွေ ထမြောက်လာတာတွေ ပါဝင်တယ်။ (ဟေရှာ. ၃၃:၂၄။ ၃၅:၅၊ ၆။ ယော. ၅:၂၈၊ ၂၉) အဲဒီ ‘ပြော၍မကုန်နိုင်သော ဆုလက်ဆောင်’ အတွက် ယေဟောဝါနဲ့ ယေရှုကို ကျွန်တော်တို့ သိပ်ချစ်ကြတယ်။—၂ ကော. ၉:၁၅။ က၁၆.၀၁ ၂:၅၊ ၆
တနင်္လာနေ့၊ အောက်တိုဘာ ၃၀
သင်တို့သည် တစ်ဖန်မွေးဖွားခြင်းကို ခံရမည်။ —ယော. ၃:၇။
ဘိသိက်ခံ ခရစ်ယာန်တွေဟာ ကောင်းကင်သွားဖို့ ဖိတ်ခေါ်မခံရခင် မြေကြီးမျှော်လင့်ချက် ရှိကြတယ်။ ကမ္ဘာကို ပရဒိသုအဖြစ် ယေဟောဝါ ပြောင်းလဲပေးမယ့်အချိန်၊ ဆိုးသွမ်းမှုအားလုံး ဖယ်ရှားပေးမယ့်အချိန်ကို သူတို့ စောင့်မျှော်ခဲ့တယ်။ သေဆုံးသွားတဲ့ ချစ်ရသူတွေ ထမြောက်လာတာကို ကြိုဆိုနေတယ်လို့တောင် ကိုယ့်ကိုယ်ကိုယ် မြင်ယောင်ခဲ့မှာပဲ။ ကိုယ်ဆောက်တဲ့အိမ်မှာ နေထိုင်ဖို့၊ ကိုယ်စိုက်တဲ့အပင်ရဲ့ အသီးကိုစားဖို့မျှော်လင့်ခဲ့တယ်။ (ဟေရှာ. ၆၅:၂၁-၂၃) ဒါပေမဲ့ သူတို့ရဲ့စဉ်းစားပုံ ဘာကြောင့် ပြောင်းလဲသွားတာလဲ။ စိတ်ဓာတ်ကျလာလို့၊ အဖြစ်ဆိုးတွေ ဆက်တိုက်ကြုံရလို့ ပြောင်းလဲသွားတာလား။ မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ရတာ ငြီးငွေ့စရာကောင်းမှာမို့လို့ ကောင်းကင်သွားဖို့ ရုတ်တရက် အတွေးပေါ်လာတာလား။ ဒါမှမဟုတ် ကောင်းကင်အသက်တာကို စူးစမ်းချင်လို့လား။ မဟုတ်ပါဘူး။ ဘုရားသခင်ဟာ သူတို့ကိုဖိတ်ခေါ်ချိန်မှာ အသုံးပြုခဲ့တဲ့ သန့်ရှင်းသောစွမ်းအားတော်အားဖြင့်ပဲ သူတို့ရဲ့ စဉ်းစားပုံနဲ့ မျှော်လင့်ချက်ကို ပြောင်းလဲပေးခဲ့တယ်။ က၁၆.၀၁ ၃:၁၁၊ ၁၃
အင်္ဂါနေ့၊ အောက်တိုဘာ ၃၁
ငါတို့သည် ကိုယ်တော်နှင့်အတူတကွ လုပ်ဆောင်နေကြသဖြင့် ဘုရားသခင်၏ မဟာကရုဏာတော်ကို လက်ခံပြီး ယင်း၏ရည်ရွယ်ချက်ကို အချည်းနှီးမဖြစ်စေရန် သင်တို့ကို တောင်းပန်ပါ၏။—၂ ကော. ၆:၁။
ယေဟောဝါဟာ အချုပ်အခြာအာဏာရှင်၊ ဖန်ဆင်းရှင် ဖြစ်တယ်။ အတိုင်းအဆမဲ့ ဉာဏ်ပညာနဲ့တန်ခိုး ရှိတယ်။ အဲဒီအကြောင်း ယောဘ နားလည်လာပြီးနောက် ‘ကိုယ်တော်ဟာ အရာရာကို လုပ်ဆောင်နိုင်မှန်း၊ ကိုယ်တော်ကြံစည်သမျှ မဖြစ်နိုင်တာ မရှိမှန်း ကျွန်တော်သိပါပြီ’ လို့ ပြောတယ်။ (ယောဘ ၄၂:၂၊ ကဘ) ယေဟောဝါဟာ ဆုံးဖြတ်ထားသမျှကို ဘယ်သူ့အကူအညီမှမပါဘဲ လုပ်ဆောင်နိုင်တယ်။ ဒါပေမဲ့ ရည်ရွယ်ချက် ပြီးမြောက်အောင် လုပ်ဆောင်ရာမှာ တခြားသူတွေကို မိမိနဲ့အတူ တွဲဖက်လုပ်ဆောင်ဖို့ ဖိတ်ခေါ်ခြင်းအားဖြင့် မေတ္တာပြတယ်။ ဘုရားသခင်ဟာ တခြားဘယ်အရာကိုမှ မဖန်ဆင်းခင် သားတော်ယေရှုကို ဖန်ဆင်းခဲ့တယ်။ အဲဒီနောက် တခြားအရာအားလုံးကို ဖန်ဆင်းရာမှာ သားတော်ကို တွဲဖက်လုပ်ဆောင်စေတယ်။ (ယော. ၁:၁-၃၊ ၁၈) ဖန်ဆင်းခြင်းလုပ်ငန်းမှာ ယေရှုကို ပါဝင်စေတဲ့အပြင် ယေရှုရဲ့ အခန်းကဏ္ဍအကြောင်း တခြားသူတွေကို ပြောခြင်းအားဖြင့် ယေရှုကို ယေဟောဝါ ဂုဏ်တင်ခဲ့တယ်။—ကော. ၁:၁၅-၁၇။ က၁၆.၀၁ ၅:၁၊ ၂