စက်တင်ဘာ
သောကြာနေ့၊ စက်တင်ဘာ ၁
[အာဗြဟံသည်] ဘုရားသခင် မိန့်တော်မူသောအရပ်သို့ ထသွားလေ၏။—က. ၂၂:၃။
အတူလိုက်လာတဲ့ကျွန်တွေကို အာဗြဟံ အခုလိုပြောတယ်– “သင်တို့သည် ဤအရပ်၌ မြည်းနှင့်အတူ နေရစ်ကြလော့။ ငါသည် သားနှင့်အတူ ထိုအရပ်သို့သွား၍ ကိုးကွယ်ခြင်းကို ပြုအံ့။ ထိုအမှုပြီးမှ သင်တို့ဆီသို့ ပြန်လာဦးမည်။” (က. ၂၂:၅) အာဗြဟံ ဘာပြောချင်တာလဲ။ သားကို ပူဇော်မယ်မှန်း သိသိကြီးနဲ့ သားနဲ့အတူ ပြန်လာမယ်လို့ လိမ်ပြောနေတာလား။ မဟုတ်ပါဘူး။ ဣဇာက်ကို သေခြင်းကနေ ယေဟောဝါ ထမြောက်ပေးနိုင်မှန်း အာဗြဟံသိတယ်လို့ ကျမ်းစာပြောတယ်။ (ဟေဗြဲ ၁၁:၁၉) အရွယ်လွန်နေပြီဖြစ်တဲ့ သူနဲ့ စာရာကို သားတစ်ယောက်မွေးဖွားနိုင်စွမ်း ယေဟောဝါပေးခဲ့တယ်ဆိုတာ အာဗြဟံသိတယ်။ (ဟေဗြဲ ၁၁:၁၁၊ ၁၂၊ ၁၈) ယေဟောဝါအတွက် မဖြစ်နိုင်တဲ့အရာ မရှိမှန်း အာဗြဟံ နားလည်တယ်။ အဲဒီနေ့မှာ ဘာဖြစ်လာမယ်ဆိုတာ အာဗြဟံ မသိပေမဲ့ ဘုရားသခင့်ကတိအားလုံး ပြည့်စုံနိုင်ဖို့အတွက် လိုအပ်ရင် သားဣဇာက်ကို ယေဟောဝါ ထမြောက်ပေးမယ်ဆိုတာ အာဗြဟံ ယုံကြည်တယ်။ ဒါကြောင့်လည်း “ယုံကြည်သူအပေါင်းတို့၏အဖ” လို့ အာဗြဟံကို ကျမ်းစာမှာ ခေါ်ထားတာပေါ့။—ရော. ၄:၁၁။ က၁၆.၀၂ ၁:၃၊ ၁၃
စနေနေ့၊ စက်တင်ဘာ ၂
ထာဝရဘုရားသည် မဟာနာမတော်ကို ထောက်၍ မိမိလူတို့ကို စွန့်တော်မမူ။—၁ ရာ. ၁၂:၂၂။
ယောနသန်နဲ့ အစ္စရေးလူတွေ အကျပ်ရိုက်နေတယ်။ ယောနသန်ရဲ့ဖခင် ဘုရင်ရှောလုဟာ ယေဟောဝါကို မနာခံတဲ့အတွက် သူ့ကို ဘုရားသခင် ငြင်းပယ်လိုက်တယ်။ (၁ ရာ. ၁၅:၁၇-၂၃) ဒါပေမဲ့ နှစ်ပေါင်းများစွာ ဆက်အုပ်ချုပ်ခွင့် ပြုထားတယ်။ ‘ယေဟောဝါရဲ့ ရာဇပလ္လင်’ ပေါ်ထိုင်တဲ့ဘုရင်က လမ်းမှားလိုက်နေတဲ့အတွက် ဘုရားသခင်ကို သစ္စာစောင့်သိဖို့ လူတွေအတွက် သိပ်ခက်လာတယ်။ (၅ ရာ. ၂၉:၂၃) ရှောလုရဲ့သား ယောနသန်ကတော့ ဘုရားသခင်ကို ဆက်သစ္စာစောင့်သိခဲ့တယ်။ ကျွန်တော်တို့လည်း ယောနသန်လိုပဲ ဖြစ်နိုင်တဲ့အခါတိုင်း အစိုးရကို နာခံခြင်းအားဖြင့် ယေဟောဝါကို သစ္စာစောင့်သိကြောင်း သက်သေပြနိုင်တယ်။ “အထက်မင်းအာဏာစက်ကို” ယေဟောဝါ ခွင့်ပြုထားတာဖြစ်ပြီး သူတို့ကိုလေးစားဖို့ တောင်းဆိုထားတယ်။ (ရော. ၁၃:၁၊ ၂) ဒါကြောင့် အထက်အရာရှိ တစ်ယောက်ယောက် မရိုးသားရင်တောင်၊ သူ့ကို မလေးစားထိုက်ဘူးလို့ ခံစားရရင်တောင် ကျွန်တော်တို့လေးစားသင့်တယ်။ တကယ်တော့ ယေဟောဝါ အခွင့်အာဏာပေးထားသူအားလုံးကို လေးစားခြင်းအားဖြင့် ယေဟောဝါကို သစ္စာစောင့်သိကြောင်း သက်သေပြနိုင်တယ်။—၁ ကော. ၁၁:၃။ ဟေဗြဲ ၁၃:၁၇။ က၁၆.၀၂ ၃:၅၊ ၆၊ ၈
တနင်္ဂနွေနေ့၊ စက်တင်ဘာ ၃
ကိုယ်တော်၏ လူတို့သည် . . . ကြည်ညိုသော စေတနာစိတ်ရှိ . . . ကြပါလိမ့်မည်။—ဆာ. ၁၁၀:၃။
လူငယ်တွေအပါအဝင် ယေဟောဝါရဲ့ လူမျိုးအားလုံးဟာ ကိုယ်တော့်ကို လိုလိုလားလား ဝတ်ပြုကြလိမ့်မယ်လို့ ကျမ်းစာပြောတယ်။ ဒါကြောင့် နှစ်ခြင်းခံဖို့ စဉ်းစားနေသူတစ်ယောက်ဟာ ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ဆန္ဒအရ အဲဒီလို လုပ်ဆောင်ချင်တာလားဆိုတာ သေချာအောင် ဆန်းစစ်ဖို့ လိုတယ်။ အထူးသဖြင့် အမှန်တရားထဲမှာ ကြီးပြင်းလာသူတွေဟာ အဲဒီလို ဆန်းစစ်ဖို့ ပိုလိုအပ်နိုင်တယ်။ သင့်မိတ်ဆွေတွေ၊ မောင်နှမတွေစတဲ့ တခြားသူတွေ နှစ်ခြင်းခံတာကို နှစ်တွေတစ်လျှောက် သင် မြင်တွေ့ခဲ့ရမှာပဲ။ ဒါပေမဲ့ တခြားသူတွေ နှစ်ခြင်းခံလို့ ဒါမှမဟုတ် အသက်အရွယ်တစ်ခုခုရောက်လာလို့ နှစ်ခြင်းခံရတော့မယ်လို့ ခံစားရတာမျိုး မဖြစ်ဖို့ သတိပြုရမယ်။ နှစ်ခြင်းနဲ့ပတ်သက်ပြီး သင့်မှာ ယေဟောဝါရဲ့ အမြင်မျိုးရှိမှန်း သေချာအောင် ဘယ်လို လုပ်ဆောင်နိုင်သလဲ။ နှစ်ခြင်းဟာ ဘာကြောင့် သိပ်အရေးကြီးမှန်း မကြာခဏ အချိန်ယူစဉ်းစားပါ။ က၁၆.၀၃ ၁:၁၁၊ ၁၂
တနင်္လာနေ့၊ စက်တင်ဘာ ၄
ကြားသူတိုင်းလည်း “လာလော့” ဟုဆိုပါစေ။ ရေငတ်သူတိုင်း လာပါစေ။ ဆန္ဒရှိသူတိုင်း အသက်ရေကို အခမဲ့ယူပါစေ။—ဗျာ. ၂၂:၁၇။
အသင်းတော်မှာ ကျွန်တော်တို့အချင်းချင်း ပူးပေါင်းလုပ်ဆောင်မှ၊ “လိုက်ဖက်စွာ စေ့စပ်ပေါင်းစည်း” မှ ဒီဖိတ်ခေါ်ခြင်းလုပ်ငန်း အောင်မြင်နိုင်မယ်။ (ဧ. ၄:၁၆) လူများနိုင်သမျှများများကို ဟောပြောနိုင်ဖို့ဆိုရင် အစီအစဉ်တကျ လုပ်ဆောင်ဖို့ လိုအပ်တယ်။ အသင်းတော်ကနေရရှိတဲ့ လမ်းညွှန်ချက်တွေက အဲဒီလိုလုပ်ဆောင်နိုင်ဖို့ ကူညီပေးတယ်။ လယ်ကွင်းစုဆုံမှုပြီးနောက် ကျွန်တော်တို့ သွားဟောပြောတဲ့အပြင် သန်းနဲ့ချီတဲ့ ကျမ်းစာစာပေတွေ ဝေငှကြတယ်။ တစ်ခါတလေ အထူးဟောပြောခြင်းကင်ပိန်းတွေမှာလည်း ပါဝင်ကြတယ်။ ဒီနည်းအားဖြင့် သင်ဟာ ထပ်တူသတင်းတရားကို ကြေညာနေတဲ့ ညီအစ်ကိုညီအစ်မ သန်းပေါင်းများစွာနဲ့ရော ကောင်းကင်တမန်တွေနဲ့ပါ စည်းလုံးစွာ ပူးပေါင်းလုပ်ဆောင်နေတယ်။—ဗျာ. ၁၄:၆။ က၁၆.၀၃ ၃:၄၊ ၅
အင်္ဂါနေ့၊ စက်တင်ဘာ ၅
စာလိပ်များ ဖွင့်ထားသည်။—ဗျာ. ၂၀:၁၂။
ကမ္ဘာသစ်မှာ လမ်းညွှန်ချက်အသစ်တွေပါတဲ့ စာလိပ်တွေကို ကျွန်တော်တို့ ရရှိမယ်လို့ ကျမ်းစာ ပြောတယ်။ ထမြောက်လာသူတွေ အပါအဝင် လူသားအားလုံးဟာ အဲဒီစာလိပ်တွေကို လေ့လာခြင်းအားဖြင့် ဘုရားသခင့် အလိုတော်ကို သိရှိနိုင်ပါလိမ့်မယ်။ ယေဟောဝါရဲ့စဉ်းစားတွေးခေါ်ပုံကို ပိုသိရှိလာနိုင်ဖို့ အဲဒီစာလိပ်တွေက ကူညီပေးပါလိမ့်မယ်။ ကျမ်းစာကိုရော စာလိပ်သစ်တွေကိုပါ ပိုနားလည်လာမှာဖြစ်လို့ ပရဒိသုမှာ ကျွန်တော်တို့ဟာ အချင်းချင်းကို မေတ္တာနဲ့ လေးလေးစားစား ဆက်ဆံပြီး ဂုဏ်တင်ကြပါလိမ့်မယ်။ (ဟေရှာ. ၂၆:၉) ဘုရင်ယေရှုခရစ်ရဲ့ လမ်းညွှန်မှုအောက်မှာ ရရှိမယ့် သိပ်ကောင်းတဲ့ ပညာရေးအစီအစဉ်ပါပဲ။ ‘စာလိပ်တွေမှာ ရေးထား’ တဲ့ လမ်းညွှန်ချက်တွေကို လိုက်နာမယ်၊ နောက်ဆုံးစမ်းသပ်မှုအတွင်း ယေဟောဝါအပေါ် ဆက်သစ္စာရှိနေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ နာမည်တွေကို “အသက်စာလိပ်” မှာ ဘုရားသခင် ထာဝစဉ် ရေးမှတ်ပါလိမ့်မယ်။ ကျွန်တော်တို့ ထာဝရအသက် ရရှိနိုင်ပါလိမ့်မယ်။—က၁၆.၀၃ ၄:၁၉၊ ၂၀
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၆
အရှင်ထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်မျှော်လင့်ရာ ဖြစ်တော်မူ၏။ အကျွန်ုပ်ငယ်သောအရွယ် မှစ၍ အကျွန်ုပ်ကိုးစားရာ ဖြစ်တော်မူ၏။ —ဆာ. ၇၁:၅။
အသက်ငယ်ရွယ်သေးတဲ့၊ ဆယ်ကျော်သက်အရွယ်ပဲရှိသေးတဲ့ ညီအစ်ကိုတွေကိုတောင် လေ့ကျင့်ပေးဖို့ အရေးကြီးတယ်လို့ အတွေ့အကြုံရှိ အကြီးအကဲတွေ ပြောတယ်။ သူတို့လုပ်ဆောင်နိုင်မယ့် တာဝန်တွေကို အသက်အရွယ်အလိုက် ပေးအပ်နိုင်တယ်။ ညီအစ်ကိုတွေဟာ ငယ်ရွယ်တုန်းမှာ လေ့ကျင့်ခံထားရတယ်ဆိုရင် အာရုံပျံ့လွင့်စရာများတဲ့ အသက်အရွယ်ရောက်လာချိန်မှာ ဘုရားရေးရာပန်းတိုင်တွေကိုပဲ ဆက်အာရုံစိုက်နိုင်ပါလိမ့်မယ်။ (ဆာ. ၇၁:၁၇) ကိုယ်လေ့ကျင့်ပေးနေသူမှာ အမှုဆောင်လိုစိတ် ရှိလာအောင် ဘာလုပ်ရမယ်ဆိုတာကို ပြောရုံထက်မက ဘာကြောင့် လုပ်ရတယ်ဆိုတဲ့ အကြောင်းရင်းကိုပါ ရှင်းပြရမယ်။ ကြီးမြတ်တဲ့ဆရာ ယေရှုဟာ ဟောပြောပါဆိုတဲ့ မိန့်မှာချက်ကို တမန်တော်တွေကို ပေးခဲ့တယ်။ ဒါပေမဲ့ အဲဒီမိန့်မှာချက်ကို မပေးခင် ဘာကြောင့် နာခံသင့်တယ်ဆိုတဲ့ အကြောင်းရင်းကို အရင်ရှင်းပြတယ်။ “ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အခွင့်အာဏာရှိသမျှကို ငါ့အား အပ်နှင်းထားပြီ။ ထို့ကြောင့် သွား၍ လူမျိုးတကာမှ လူတို့ကို ငါ့တပည့်ဖြစ်စေ . . . ကြလော့” လို့ ယေရှုပြောတယ်။—မ. ၂၈:၁၈၊ ၁၉။ က၁၅ ၄/၁၅ ၂:၅၊ ၆
ကြာသပတေးနေ့၊ စက်တင်ဘာ ၇
သခင်သည် ငါ့ဘက်၌နေ၍ ငါ့ကို ခွန်အားပေးတော်မူ၏။ ခြင်္သေ့၏ခံတွင်းမှလည်း ငါကယ်နုတ်ခံရ၏။ —၂ တိ. ၄:၁၇။
သင်ဟာ ပထမရာစုခေတ်၊ ရောမမြို့မှာ အသက်ရှင်နေတဲ့ ခရစ်ယာန်တစ်ယောက် ဆိုပါစို့။ တကယ့်ကို အန္တရာယ်ရှိတဲ့အချိန်ပဲ။ ရောမမြို့ မီးလောင်မှုအတွက် ခရစ်ယာန်တွေကို ရောမတွေ အပြစ်ပုံချပြီး လူတွေကို မုန်းတီးသူတွေလို့ စွပ်စွဲကြတယ်။ အဲဒီခက်ခဲတဲ့အချိန်အတွင်း တမန်တော်ပေါလု ထောင်ကျနေတယ်။ ညီအစ်ကိုညီအစ်မတွေ ကူညီပေးပါ့မလားလို့ အစပိုင်းမှာ သူစိုးရိမ်ခဲ့ပုံရတယ်။ “ငါ့ကို အားလုံးစွန့်ခွာသွားကြ၏။ သူတို့သည် မှတ်သားခြင်း မခံရပါစေနှင့်” လို့ တိမောသေဆီ ရေးခဲ့တာကို ကြည့်ရင် သိနိုင်တယ်။ (၂ တိ. ၄:၁၆) ဒါပေမဲ့ လုံးဝကူကယ်ရာမဲ့ အခြေအနေမျိုး မဟုတ်ဘူးဆိုတာ ပေါလုသိတယ်။ ဒါကြောင့် အခုကြုံနေရတဲ့ အခက်အခဲကိုရော အနာဂတ်မှာကြုံရမယ့် ဘယ်အခက်အခဲကိုမဆိုပါ ခံရပ်နိုင်ဖို့ လိုအပ်တဲ့ခွန်အားကို ယေဟောဝါ ပေးမယ်ဆိုတာ သူ ယုံကြည်စိတ်ချတယ်။ ဒါကြောင့် ‘သခင်သည် ငါ့ကို ဆိုးညစ်မှု မှန်သမျှမှ ကယ်နုတ်လိမ့်မည်’ လို့ သူပြောတယ်။ (၂ တိ. ၄:၁၈) ညီအစ်ကိုညီအစ်မတွေ အကူအညီမပေးနိုင်တဲ့ အခြေအနေမျိုးမှာတောင် ယေဟောဝါနဲ့ ယေရှု ကူညီပေးမယ်ဆိုတာကို အမြဲယုံကြည်စိတ်ချနိုင်မှန်း ပေါလုသိရှိခဲ့ရတယ်။ အဲဒါကို သူ လုံးဝသံသယမဝင်ခဲ့ဘူး။ က၁၅ ၄/၁၅ ၄:၁-၃
သောကြာနေ့၊ စက်တင်ဘာ ၈
သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်။ —က. ၃:၁၅။
ယေရှု မွေးဖွားလာချိန်မှာ ဒီကလေးကြီးလာရင် ကတိထားရာမေရှိယဖြစ်လာမယ်ဆိုတာ စာတန်သိတယ်။ ဒီကလေးကို သတ်တာက ရက်စက်လွန်းရာကျတယ်လို့ စာတန် တွေးမလား။ မတွေးပါဘူး။ အမှားအမှန်ကို သူ ဂရုမစိုက်ဘူး။ ကလေးကို သတ်ဖို့ အပူတပြင်းကြိုးစားတော့တယ်။ ဘယ်လိုနည်းနဲ့လဲ။ “ဂျူးတို့၏ ရှင်ဘုရင်” မွေးဖွားပြီဆိုတဲ့သတင်းကို နက္ခတ်ဗေဒင်ဆရာတွေဆီကနေ ဟေရုဒ်မင်းကြားတဲ့အခါ အကြီးအကျယ်ဒေါသထွက်ပြီး သတ်ပစ်ဖို့ ကြိုးစားခဲ့တယ်။ (မ. ၂:၁-၃၊ ၁၃) ဒါကြောင့် ဘက်သလီဟင်မြို့နဲ့ မြို့အနီးတစ်ဝိုက်မှာရှိတဲ့ နှစ်နှစ်နဲ့ နှစ်နှစ်အောက် သားယောက်ျားအားလုံးကို သတ်ပစ်ဖို့ အမိန့်ပေးခဲ့တယ်။ (မ. ၂:၁၃-၁၈) ဒါပေမဲ့ အဲဒီကြောက်မက်ဖွယ် သတ်ဖြတ်မှုကနေ ယေရှု လွတ်မြောက်ခဲ့တယ်။ ဒီမှတ်တမ်းကနေ ရန်သူ စာတန်အကြောင်း ဘာသိရသလဲ။ စာတန်ဟာ လူ့အသက်ကို တန်ဖိုးမထားဘူး။ ကလေးတွေကိုတောင် လုံးဝ ထည့်မစဉ်းစားဘူး။ တကယ့်ကို “ဟောက်သောခြင်္သေ့” ပါပဲ။ (၁ ပေ. ၅:၈) သူ ဘယ်လောက်ရက်စက်တယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ က၁၅ ၅/၁၅ ၁:၁၀၊ ၁၂၊ ၁၃
စနေနေ့၊ စက်တင်ဘာ ၉
ထိုသူအပေါင်းတို့သည် ကတိထားရာများကို မရခဲ့ကြသော်လည်း အဝေးမှ မြော်မြင် . . . ကြ၏။ —ဟေဗြဲ ၁၁:၁၃။
ယေဟောဝါက ကျွန်တော်တို့ကို အဖိုးတန်လက်ဆောင်တစ်ခု ပေးထားတယ်။ အဲဒါကတော့ မမြင်ရတဲ့အရာတွေကို စိတ်ကူးကြည့်နိုင်စွမ်းပဲ။ အဲဒီစွမ်းရည်က ကောင်းမွန်တဲ့အနာဂတ်ကို မျှော်လင့်နေဖို့၊ ကြိုတင်အစီအစဉ်ဆွဲနိုင်ဖို့၊ ပြဿနာတွေကို ရှောင်နိုင်ဖို့ ကူညီပေးတယ်။ ယေဟောဝါဟာ အနာဂတ်ကို ကြိုမြင်နိုင်တယ်။ အနာဂတ်မှာဖြစ်ပျက်မယ့် အရာတချို့အကြောင်းကို ကျမ်းစာကတစ်ဆင့် ပြောပြတယ်။ ကျွန်တော်တို့ကတော့ အနာဂတ်ကို ကြိုမမြင်နိုင်ပေမဲ့ စိတ်ကူးကြည့်နိုင်တယ်။ အဲဒီလိုစိတ်ကူးကြည့်ခြင်းက ယုံကြည်ခြင်းရှိနိုင်ဖို့ ကူညီပေးတယ်။ (၂ ကော. ၄:၁၈) ရှမွေလရဲ့မိခင် ဟန္နက သားလေးကို တဲတော်ခေါ်သွားရမယ့်နေ့အကြောင်းပဲ စဉ်းစားခဲ့တယ်။ ရှမွေလဟာ အဲဒီမှာ ယဇ်ပုရောဟိတ်တွေနဲ့အတူ အလုပ်လုပ်ရမယ်။ ဒါဟာ စိတ်ကူးယဉ်အိပ်မက်လောက်ပဲ မဟုတ်ပါဘူး။ လုပ်ကိုလုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့အရာဖြစ်တယ်။ ဒါကြောင့် အဲဒီနေ့အကြောင်း စိတ်ကူးကြည့်ခြင်းက ယေဟောဝါအပေါ် ကတိတည်နိုင်ဖို့ ဟန္နကို ခွန်အားဖြစ်စေခဲ့တယ်။ (၁ ရာ. ၁:၂၂) ကျွန်တော်တို့လည်း ယေဟောဝါရဲ့ ကတိတွေအကြောင်း စိတ်ကူးတာက တကယ်ဖြစ်လာမယ့်အရာတွေကို စိတ်ကူးနေတာဖြစ်တယ်။ (၂ ပေ. ၁:၁၉-၂၁) ကျမ်းစာခေတ်က ယေဟောဝါရဲ့ကျေးကျွန်များစွာဟာ ကိုယ်တော့်ကတိတွေအကြောင်း စိတ်ကူးခဲ့ကြတယ်။ က၁၅ ၅/၁၅ ၃:၁-၃
တနင်္ဂနွေနေ့၊ စက်တင်ဘာ ၁၀
ငွေရတတ်သောသူက ငါ့စည်းစိမ်သည် . . . မြင့်သောမြို့ရိုးနှင့်တူသည်ဟု ထင်တတ်၏။ —သု. ၁၈:၁၁။
အန္တရာယ်ရှိတဲ့ အတွေးအခေါ်တစ်ခုကတော့ ဘုရားသခင်အကြောင်းထက် ချမ်းသာကြွယ်ဝဖို့အကြောင်းပဲ စဉ်းစားခြင်းဖြစ်တယ်။ ဘဝမှာ ယေဟောဝါကို ဦးစားမထားဘဲ ကိုယ့်အတွက်ပဲ ပစ္စည်းဥစ္စာတွေ ရှာဖွေနေသူဟာ လူမိုက်ဖြစ်တယ်လို့ ယေရှုပြောတယ်။ သူဟာ ‘ဘုရားသခင့်ရှေ့မှာ မကြွယ်ဝသူ’ ပဲ။ (လု. ၁၂:၁၆-၂၁) အဲဒီအစား ယေဟောဝါ နှစ်သက်တာတွေ လုပ်ဆောင်ခြင်းအားဖြင့် ‘ကောင်းကင်ဘဏ္ဍာ’ ကို စုဆောင်းမယ်ဆိုရင်တော့ ယေဟောဝါရော ကျွန်တော်တို့ပါ ပျော်ရွှင်ပါလိမ့်မယ်။ (မ. ၆:၂၀။ သု. ၂၇:၁၁) ယေဟောဝါနဲ့ဆက်ဆံရေးကောင်းရှိခြင်းက ဘယ်အရာထက်မဆို ပိုတန်ဖိုးရှိတယ်။ ဒီလောကမှာ ချမ်းသာဖို့ကြိုးစားမယ်ဆိုရင် စိုးရိမ်ပူပန်စရာတွေလည်း များလာမယ်။ (မ. ၆:၁၉) ငွေအတွက် အမြဲစိုးရိမ်နေသူတွေဟာ ဘဝမှာ ဘုရားသခင့်နိုင်ငံတော်ကို ဦးစားထားဖို့ အခက်တွေ့လိမ့်မယ်လို့ ယေရှုပြောတယ်။—မ. ၁၃:၁၈၊ ၁၉၊ ၂၂။ က၁၅ ၅/၁၅ ၄:၁၅၊ ၁၆
တနင်္လာနေ့၊ စက်တင်ဘာ ၁၁
အသောသူတို့ စကားပြောခြင်း၊ ခြေဆွံ့သူတို့ လှမ်းသွားခြင်း၊ မျက်မမြင်သူတို့ မြင်လာရခြင်းကို လူအုပ်သည် မြင်လျှင် အံ့သြ . . . ကြ၏။—မ. ၁၅:၃၁။
ယေရှုက ဘုရားပေးတန်ခိုးကို သုံးပြီး အံ့ဖွယ်အမှုများစွာ ပြုလုပ်ခဲ့တယ်။ နူနာရောဂါသာမက ရောဂါအမျိုးမျိုးကို ကုသပေးတယ်။ ဒီနေ့ခေတ်မှာ ဆရာဝန်တွေက ရောဂါဖြစ်နေတဲ့ အင်္ဂါအစိတ်အပိုင်းကို အစားထိုးကုသကြတယ်။ ဒါပေမဲ့ ယေရှုကတော့ အဲဒီလိုအစားထိုးကုသစရာ မလိုဘူး။ ရောဂါဖြစ်နေတဲ့ အင်္ဂါအစိတ်အပိုင်းကို ကုသပေးလိုက်ရုံပဲ။ လူနာတွေကို ယေရှု ချက်ချင်းကုသပေးတယ်။ တစ်ခါတလေ အဝေးကနေတောင် ကုသပေးတယ်။ (ယော. ၄:၄၆-၅၄) ဒီအံ့ဖွယ်အမှုတွေက ဘာဖော်ပြသလဲ။ ကျွန်တော်တို့ရဲ့ဘုရင် ယေရှုခရစ်ဟာ ရောဂါဘယတွေကို ထာဝစဉ်ဖယ်ရှားနိုင်တဲ့တန်ခိုးနဲ့ ဖယ်ရှားလိုတဲ့ဆန္ဒရှိတယ်ဆိုတာ ဖော်ပြတယ်။ လူတွေကို ယေရှု ဘယ်လိုဆက်ဆံတယ်ဆိုတာ သိလာတဲ့အခါ ကမ္ဘာသစ်မှာလည်း “ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူကိုသနား” မယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။ (ဆာ. ၇၂:၁၃) ယေရှုဟာ ဆင်းရဲဒုက္ခရောက်နေသူအားလုံးကို ကုစားပေးပါလိမ့်မယ်။ အဲဒီလိုလုပ်ပေးဖို့ ယေရှု တကယ်ဆန္ဒရှိတယ်။ က၁၅ ၆/၁၅ ၂:၆
အင်္ဂါနေ့၊ စက်တင်ဘာ ၁၂
ကိုယ်တော်၏နာမတော် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ။—မ. ၆:၉။
မဿဲ ၆:၉-၁၃ မှာပါတဲ့ ဆုတောင်းစကားတွေကို လူအတော်များများ သိကြတယ်။ နိုင်ငံတော်ဟာ မြေကြီးကို ပရဒိသုအဖြစ်ပြောင်းလဲပေးမယ့် ဘုရားသခင့်အစိုးရဖြစ်တယ်ဆိုတာ လူတွေကို သင်ပေးဖို့ ဒီဆုတောင်းစကားတွေကို ကျွန်တော်တို့ အသုံးပြုကြတယ်။ ဘုရားမှာ နာမည်ရှိတယ်၊ အဲဒီနာမည်ကို သန့်ရှင်းမြင့်မြတ်ရာအဖြစ် ယူမှတ်ရမယ်ဆိုတာ သင်ပေးဖို့ “ကိုယ်တော်၏နာမတော် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ” ဆိုတဲ့ဆုတောင်းစကားကို ကျွန်တော်တို့ အသုံးပြုကြတယ်။ (မ. ၆:၉) ယေရှုက ကျွန်တော်တို့ဆုတောင်းတိုင်း သူသင်ပေးခဲ့တဲ့စကားတွေကို အထပ်ထပ်ပြန်ရွတ်တာမျိုး ဖြစ်စေချင်သလား။ မဖြစ်စေချင်ပါဘူး။ ခရစ်ယာန်အများစုကတော့ အထပ်ထပ်ပြန်ရွတ်ကြတယ်။ “ဆုတောင်းသည့်အခါ လူမျိုးခြားတို့နည်းတူ စကားတစ်မျိုးတည်းကို အထပ်ထပ် မရွတ်ဆိုကြနှင့်” လို့ ယေရှုပြောတယ်။ (မ. ၆:၇) နောက်ပိုင်း အဲဒီဆုတောင်းချက်ကိုပဲ တပည့်တွေကို ပြန်ပြောပြတဲ့အခါ စကားလုံးတွေကို တစ်ပုံစံတည်း ပြန်မသုံးခဲ့ဘူး။ (လု. ၁၁:၁-၄) ကျွန်တော်တို့ ဘာတွေထည့်ဆုတောင်းရမယ်၊ ဘာတွေကို ဦးစားပေး တောင်းရမယ်ဆိုတာသိစေဖို့ပဲ နမူနာအဖြစ် သင်ပေးခဲ့တာဖြစ်တယ်။ က၁၅ ၆/၁၅ ၄:၁၊ ၂
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၁၃
မိမိတည်ကြည်နေသည်ဟု ထင်မှတ်သောသူသည် မလဲကျရန် သတိပြုစေ။—၁ ကော. ၁၀:၁၂။
သွေးဆောင်မှုတွေကို တွန်းလှန်နိုင်အောင် ကူညီပေးဖို့ သန့်ရှင်းသောစွမ်းအားတော်ကို ယေဟောဝါ ပေးထားတယ်။ အန္တရာယ်တွေကို သတိပေးဖို့ ကျမ်းစာနဲ့ အသင်းတော်ကိုလည်း ပေးထားတယ်။ ဥပမာ၊ အချိန်၊ ငွေနဲ့ ခွန်အားတွေကို အမှန်တကယ် မလိုအပ်တဲ့အရာတွေအတွက်ပဲ အလွန်အကျွံမသုံးဖို့ သတိပေးတယ်။ အရင်က ရှေ့ဆောင်လုပ်ခဲ့ဖူးတဲ့ အက်စ်ပန်နဲ့ယန်နီ အခုလိုပြောတယ်– “ဘုရားရေးရာအလုပ်တွေမှာ အရင်ကလောက် အချိန်မပေးနိုင်တော့တဲ့ အခုအချိန်မှာ သွေးဆောင်မှုနောက် မပါသွားအောင် ကူညီပေးဖို့ ယေဟောဝါဆီ ကျွန်တော်တို့ ဆုတောင်းလေ့ရှိတယ်။ ယုံကြည်ခြင်းခိုင်မာနေအောင်၊ အမှုဆောင်လုပ်ငန်းမှာ ဇွဲထက်သန်နေအောင် ကူညီပေးဖို့လည်း ဆုတောင်းတယ်။” တွန်းလှန်ရမယ့် သွေးဆောင်မှု နောက်တစ်ခုကတော့ ညစ်ညမ်းရုပ်ပုံစာပေကြည့်ရှုခြင်း ဖြစ်တယ်။ ညစ်ညမ်းရုပ်ပုံစာပေတွေကို လူတချို့ ကြည့်မိသွားတာဟာ မှားယွင်းတဲ့အတွေးတွေကို မထုတ်ပစ်လို့ပဲ။ ဒါပေမဲ့ ညီအစ်ကိုညီအစ်မ အများစုကတော့ ဒီသွေးဆောင်မှုကို တွန်းလှန်နိုင်ခဲ့တယ်။ ကျွန်တော်တို့လည်း တွန်းလှန်နိုင်ပါတယ်။—၁ ကော. ၁၀:၁၃။ က၁၅ ၆/၁၅ ၅:၁၅၊ ၁၆
ကြာသပတေးနေ့၊ စက်တင်ဘာ ၁၄
မြေကြီးဘုရင်များ၊ အရာရှိများ၊ တပ်မှူးများ၊ သူဌေးများ၊ ခွန်အားကြီးသူများ၊ ကျွန်မှန်သမျှ၊ လွတ်လပ်သူမှန်သမျှတို့သည် တောင်များရှိ လိုဏ်ဂူများ၊ ကျောက်ဆောင်များ၌ ပုန်းအောင်းကြ၏။—ဗျာ. ၆:၁၅။
အယူမှားဘာသာ ဖျက်ဆီးခံရပြီးနောက် ဘာဖြစ်မလဲ။ အဲဒီအချိန်ဟာ ကျွန်တော်တို့ရဲ့ စိတ်ရင်းမှန်ကို ဖော်ပြရမယ့်အချိန် ဖြစ်ပါလိမ့်မယ်။ လူအများစုဟာ ‘တောင်များရှိ ကျောက်ဆောင်များ’ နဲ့တူတဲ့ လူ့အဖွဲ့အစည်းတွေဆီကနေ အကူအညီနဲ့ ကာကွယ်မှုရဖို့ ကြိုးစားကြလိမ့်မယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ လူမျိုးကတော့ အကာအကွယ်ရဖို့ ယေဟောဝါကို အားကိုးကြလိမ့်မယ်။ ပထမရာစုတုန်းက ခဏတစ်ဖြုတ် ငြိမ်သက်ချိန်ဟာ ဂျူးအားလုံး ခရစ်ယာန်ဘာသာထဲ ပြောင်းလာရမယ့်အချိန် မဟုတ်ဘူး။ အဲဒီအစား ခရစ်ယာန်ဖြစ်ပြီးသူတွေ ယေရှုညွှန်ကြားတဲ့အတိုင်း ဂျေရုဆလင်မြို့ကနေ ထွက်ပြေးရမယ့်အချိန် ဖြစ်တယ်။ အလားတူပဲ၊ မဟာဗာဗုလုန် တိုက်ခိုက်ခံရပြီးနောက် ခဏတစ်ဖြုတ် ငြိမ်သက်ချိန်မှာ ခရစ်ယာန်ဘာသာထဲ လူများစွာ ပြောင်းဝင်လာမယ်လို့ မမျှော်လင့်နိုင်ဘူး။ အဲဒီအစား ခရစ်ယာန်စစ်တွေအနေနဲ့ ယေဟောဝါကို ချစ်ကြောင်း၊ ဘိသိက်ခံတွေကို ထောက်ခံကြောင်း သက်သေပြဖို့ အခွင့်အရေး ရရှိမယ့်အချိန် ဖြစ်ပါလိမ့်မယ်။—မ. ၂၅:၃၄-၄၀။ က၁၅ ၇/၁၅ ၂:၇
သောကြာနေ့၊ စက်တင်ဘာ ၁၅
တစ်စုံတစ်ဦးသည် ဘုရားသခင်ရှေ့ သြတ္တပ္ပစိတ်ကြောင့် ဝမ်းနည်းဖွယ်ရာများနှင့် မတရားမှုများကို ခံရပ်လျှင် နှစ်သက်တော်မူဖွယ်ဖြစ်၏။—၁ ပေ. ၂:၁၉။
ယေဟောဝါရဲ့ ကျေးကျွန်အားလုံးဟာ လူမျိုးတစ်မျိုးအဖြစ် စည်းလုံးနေကြတယ်။ ဒါကြောင့် လူမျိုးတစ်မျိုး ဒါမှမဟုတ် နိုင်ငံတစ်ခုက ပိုသာတယ်လို့ ဘယ်တော့မှ မယူမှတ်သင့်ဘူး။ ဒါပေမဲ့ ကိုယ်ကြီးပြင်းလာတဲ့ မိသားစုနဲ့ ဝန်းကျင်ကြောင့် မျိုးချစ်စိတ်တွေ လွှမ်းမိုးနေနိုင်တယ်။ ဒါကြောင့် တခြားလူမျိုး၊ ယဉ်ကျေးမှု၊ ဘာသာစကားတွေနဲ့ပတ်သက်ပြီး တစ်ခါတလေ သင့်မှာ အပျက်သဘောထား ရှိနေဆဲဖြစ်နိုင်တယ်။ ပြောင်းလဲနိုင်ဖို့ ဘာက ကူညီပေးမလဲ။ မျိုးချစ်စိတ်ရှိသူတွေ၊ ခွဲခြားဆက်ဆံတတ်သူတွေကို ယေဟောဝါ ဘယ်လိုရှုမြင်တယ်ဆိုတာ တွေးတောဆင်ခြင်ပါ။ ရှာဖွေလေ့လာပါ။ အဲဒီနောက် လူတွေကို ယေဟောဝါ ရှုမြင်သလို ရှုမြင်နိုင်အောင် ကူညီပေးဖို့ ဆုတောင်းပါ။ (ရော. ၁၂:၂) ကျွန်တော်တို့ဟာ ယေဟောဝါကို ကြည်လင်တဲ့သိစိတ်နဲ့ ဝတ်ပြုချင်တယ်။ ဒါကြောင့် အလုပ်ဖော်၊ အတန်းဖော်၊ အိမ်နီးချင်း၊ ဆွေမျိုးတွေနဲ့ တစ်ခါတလေ သိသိသာသာ ကွာခြားနေလိမ့်မယ်။ က၁၅ ၇/၁၅ ၃:၁၄၊ ၁၅
စနေနေ့၊ စက်တင်ဘာ ၁၆
ငါး၏ဝမ်းထဲမှာနေစဉ်တွင် ယောနသည် မိမိဘုရားသခင် ထာဝရဘုရားကို ဆုတောင်း [၏။]—ယောန ၂:၁။
ကျွန်တော်တို့ကို ဘယ်သူမှ နားမလည်ရင်တောင် ယေဟောဝါ နားလည်ပေးတယ်။ အနူးအညွတ် တောင်းဆိုတာတွေကို နားထောင်ပေးတယ်။ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ကိုယ်တော် အဖြေပေးတာက ကိုယ်တော်ရဲ့ တည်မြဲတဲ့မေတ္တာကို သက်သေထူတယ်။ ကျမ်းစာမှာပါတဲ့ ဆုတောင်းချက်တွေကနေ အရေးကြီးသင်ခန်းစာတွေ သင်ယူနိုင်တယ်။ တစ်ခါတလေ မိသားစုဝတ်ပြုမှုမှာ အဲဒီဆုတောင်းချက်တချို့ကို လေ့လာနိုင်တယ်။ ဘုရားသခင့် ရှေးခေတ်ကျေးကျွန်တွေရဲ့ ဆုတောင်းချက်တွေကို တွေးတောဆင်ခြင်တဲ့အခါ ကျွန်တော်တို့ရဲ့ ဆုတောင်းခြင်းအရည်အသွေး တိုးတက်လာပါလိမ့်မယ်။ ဥပမာ၊ ငါးကြီးဗိုက်ထဲကနေ ယောန ဘယ်လိုဆုတောင်းခဲ့တယ်ဆိုတာ လေ့လာကြည့်ပါ။ (ယောန ၁:၁၇–၂:၁၀) ဗိမာန်တော်အပ်နှံပွဲမှာ ယေဟောဝါဆီ ရှောလမုန် ဆုတောင်းခဲ့တာကို သုံးသပ်ကြည့်ပါ။ (၃ ရာ. ၈:၂၂-၅၃) ယေရှုရဲ့ နမူနာဆုတောင်းချက်ကို တွေးတောဆင်ခြင်ပါ။ (မ. ၆:၉-၁၃) အရေးကြီးဆုံးကတော့ ‘ကိုယ်အသနားခံလိုသောအရာများကို ဘုရားသခင်ဆီ’ ပုံမှန် “ကြားလျှောက်” ပါ။ အဲဒီလိုလုပ်မယ်ဆိုရင် ‘စဉ်းစားလို့မမီနိုင်တဲ့ ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းဟာ သင့်ရဲ့ စိတ်နှလုံးနဲ့ ဉာဏ်ကို စောင့်ရှောက်လိမ့်မယ်။’—ဖိ. ၄:၆၊ ၇။ က၁၅ ၈/၁၅ ၁:၁၁၊ ၁၂
တနင်္ဂနွေနေ့၊ စက်တင်ဘာ ၁၇
လက်အောက်ခံကြလော့။—ဟေဗြဲ ၁၃:၁၇။
ကမ္ဘာသစ်မှာ ယေဟောဝါရဲ့လမ်းညွှန်မှုအတိုင်း ဒီကမ္ဘာကို လှပတဲ့ပရဒိသုဖြစ်အောင် လုပ်ဆောင်ပြီး ထမြောက်လာသူတွေကို သင်ကြားပေးရတာ သိပ်ပျော်စရာကောင်းမှာပဲ။ ယေဟောဝါမှာ ကျွန်တော်တို့ကို ပေးဖို့ အလုပ်အများကြီးရှိတယ်။ ဒါပေမဲ့ ဦးဆောင်သူတွေက ကိုယ်မကြိုက်တာတစ်ခုခုကို လုပ်ဖို့ ပြောလာတဲ့အခါ ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့ နာခံမလား။ တာဝန်ကျေအောင် အတတ်နိုင်ဆုံး ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်မလား။ ကမ္ဘာသစ်အသက်တာအတွက် ပြင်ဆင်ဖို့ဆိုရင် ယေဟောဝါရဲ့ အဖွဲ့အစည်းကလာတဲ့ လမ်းညွှန်ချက်တွေကို အခုကတည်းက နာခံဖို့လိုအပ်တယ်။ ကမ္ဘာသစ် အသက်တာအတွက် အသင့်ဖြစ်နေဖို့ဆိုရင် ရောင့်ရဲတတ်အောင်၊ ယေဟောဝါရဲ့အဖွဲ့အစည်းနဲ့ရော အချင်းချင်းနဲ့ပါ ပူးပေါင်းလုပ်ဆောင်တတ်အောင် သင်ယူထားရမယ်။ ဥပမာ၊ တာဝန်သစ်တစ်ခု ပေးအပ်ခံရတဲ့အခါ လိုလိုလားလား ပူးပေါင်းလုပ်ဆောင်ပြီး ပျော်ရွှင်ရောင့်ရဲတတ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားရမယ်။ ဦးဆောင်နေသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်တတ်အောင် အခုကတည်းက သင်ယူထားမယ်ဆိုရင် ကမ္ဘာသစ်မှာလည်း အဲဒီလိုလုပ်ဆောင်တတ်ပါလိမ့်မယ်။ က၁၅ ၈/၁၅ ၃:၆၊ ၇
တနင်္လာနေ့၊ စက်တင်ဘာ ၁၈
မိန်းမများတို့သည် စိတ်နှလုံးတော်ကို အခြားတစ်ပါးသော ဘုရားနောက်သို့ လွဲစေသဖြင့် . . . ရှေ့တော်၌ ဒုစရိုက်ကိုပြုလေ၏။ —၃ ရာ. ၁၁:၄၊ ၆။
မကောင်းတဲ့အပေါင်းအသင်းတွေက ယေဟောဝါကို ဆက်သစ္စာမရှိတော့အောင် ရှောလမုန်ကို သြဇာလွှမ်းမိုးနိုင်ခဲ့တယ်။ (၃ ရာ. ၁၁:၁-၆) ရှောလမုန်တောင် အဲဒီလိုဖြစ်ခဲ့ရင် တခြားဘယ်သူမဆို ဖြစ်နိုင်တယ်။ ဒါကြောင့် ယေဟောဝါကို မချစ်တဲ့သူကို လက်ထပ်ဖို့ စဉ်းတောင်မစဉ်းစားသင့်ဘူး။ မယုံကြည်သူဇနီးမောင်နှံမှာ တစ်ယောက်ယောက်က ယေဟောဝါကို ဝတ်ပြုသူဖြစ်လာရင်ကော ဘယ်လိုလဲ။ “ဇနီးတို့၊ ကိုယ့်ခင်ပွန်းကို လက်အောက်ခံကြလော့။ သို့ပြုခြင်းဖြင့် တရားစကားတော်ကို မနာခံသူအချို့ရှိလျှင်ပင် တစ်ခွန်းမျှပြောရန်မလိုဘဲ သင်တို့၏ အမူအကျင့်အားဖြင့် သူတို့ကိုရလိမ့်မည်” လို့ ကျမ်းစာပြောတယ်။ (၁ ပေ. ၃:၁) အဲဒီအကြံပြုချက်ဟာ မယုံကြည်သူဇနီးရှိတဲ့ ခင်ပွန်းတွေနဲ့လည်း သက်ဆိုင်တယ်။ ကျမ်းစာသတိပေးချက်ကတော့ ရှင်းရှင်းလေးပါပဲ– ခင်ပွန်းကောင်း၊ ဇနီးကောင်းဖြစ်ပါ။ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ ဘုရားသခင့် စံနှုန်းတွေကို လိုက်နာပါ။ သင်ပြောင်းလဲလာတာကို သင့်အိမ်ထောင်ဖက် သတိပြုမိတဲ့အခါ သူလည်း ယေဟောဝါကို ဝတ်ပြုချင်လာပါလိမ့်မယ်။ အဲဒီလိုတွေ့ကြုံမှုတွေ အများကြီးရှိတယ်။ က၁၅ ၈/၁၅ ၄:၁၅၊ ၁၆
အင်္ဂါနေ့၊ စက်တင်ဘာ ၁၉
ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကိုယုံတတ်၏။ ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏။—သု. ၁၄:၁၅။
ကုသနည်းမရှိသေးတဲ့ ရောဂါတချို့ ရှိနိုင်တယ်။ ဒါကြောင့် ရောဂါပျောက်တယ်လို့ ပြောပေမဲ့ ရောဂါပျောက်ခဲ့တဲ့ သက်သေအထောက်အထား မရှိဘူးဆိုရင် အဲဒီဆေးကုထုံးကို သတိထားဖို့ လိုအပ်တယ်။ “သင်တို့၏အကျိုးသင့်အကြောင်းသင့်သဘောကို လူအပေါင်းတို့ရှေ့တွင် ထင်ရှားစေကြလော့” လို့ ပေါလုပြောတယ်။ (ဖိ. ၄:၅) အကျိုးသင့်အကြောင်းသင့်သဘောရှိခြင်းက ကျန်းမာရေးကိစ္စတွေထက် ဘုရားရေးရာကိစ္စတွေကို ပိုအာရုံစိုက်ဖို့ ကူညီပေးပါလိမ့်မယ်။ ဘဝမှာ ကျန်းမာရေးက အရေးကြီးဆုံးအရာဖြစ်လာပြီဆိုရင် ကျွန်တော်တို့ဟာ ကိုယ့်အတွက်ပဲကြည့်တဲ့သူတွေ ဖြစ်သွားနိုင်တယ်။ (ဖိ. ၂:၄) ဒီစနစ်မှာတော့ ဒေါင်ဒေါင်မြည်ကျန်းမာရေး မရနိုင်ဘူးဆိုတာ ကျွန်တော်တို့သိတယ်။ ဒါကြောင့် ယေဟောဝါရဲ့ အမှုဆောင်ခြင်းကို ဘဝမှာ အရေးကြီးဆုံးအရာဖြစ်စေပါ။ ကျန်းမာရေးနဲ့ တခြားကိစ္စတွေကို ကျွန်တော်တို့ယောက်တိုင်း ကိုယ်တိုင်ဆုံးဖြတ်ရမှာဖြစ်ပြီး ဖြစ်လာတဲ့ အကောင်းအဆိုးကို ကိုယ်တိုင် တာဝန်ယူရမှာဖြစ်တယ်။ က၁၅ ၉/၁၅ ၂:၈၊ ၁၀
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၂၀
အလင်းတော်နှင့် သစ္စာတော်ကို စေလွှတ်တော်မူပါ။ သူတို့သည် လမ်းပြ [ပါစေသော။] — ဆာ. ၄၃:၃။
ယေဟောဝါဟာ ‘အမှန်တရားရဲ့ ဘုရား’ ဖြစ်တဲ့အတွက် သားသမီးတွေကို အကောင်းဆုံး လမ်းပြပေးနိုင်တယ်။ (ဆာ. ၃၁:၅၊ ကဘ) မိမိနဲ့ပတ်သက်တဲ့ အမှန်တရား၊ ဝတ်ပြုရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေကို သင်ပေးတယ်။ အကောင်းဆုံးဘဝလမ်းစဉ်ကိုလည်း ပြပေးတယ်။ ကျွန်တော်တို့ကို သိပ်ချစ်မှန်းဖော်ပြဖို့ ဘယ်အမှန်တရားတွေကို ယေဟောဝါ သင်ပေးသလဲ။ ဦးဆုံး၊ ယေဟောဝါဟာ ကျွန်တော်တို့ကို သူ့အကြောင်း သိစေချင်တဲ့အတွက် သူနဲ့ပတ်သက်တဲ့ အမှန်တရားကို ဖော်ပြပေးတယ်။ (ယာ. ၄:၈) မိမိနာမည်ကိုလည်း ပြောပြတယ်။ ကျမ်းစာထဲမှာ ဘုရားသခင့်နာမည်ဟာ တခြားနာမည်တွေထက် အကြိမ်ပေါင်းများစွာ ပိုပါရှိတယ်။ မိမိ ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်တယ် ဆိုတာကိုလည်း ပြောပြတယ်။ ယေဟောဝါ ဖန်ဆင်းထားတာတွေကို ကြည့်တဲ့အခါ ကိုယ်တော်ဟာ တန်ခိုးရှင်၊ ဉာဏ်ကြီးရှင်ဖြစ်မှန်း သိရတယ်။ (ရော. ၁:၂၀) ကျမ်းစာလေ့လာတဲ့အခါ ကိုယ်တော်ဟာ တရားမျှတပြီး ကျွန်တော်တို့ကို သိပ်ချစ်မှန်း သိရတယ်။ ယေဟောဝါရဲ့ အရည်အသွေးကောင်းတွေကို ပိုသိလာလေ ကိုယ်တော်နဲ့ ပိုရင်းနှီးလာလေပဲ။ က၁၅ ၉/၁၅ ၄:၈၊ ၉
ကြာသပတေးနေ့၊ စက်တင်ဘာ ၂၁
ယေဟောဝါ၏ လက်တော်သည်လည်း ကျေးကျွန်တို့အား ထင်ရှားလိမ့်မည်။—ဟေရှာ. ၆၆:၁၄။
လူအတော်များများဟာ ကိုယ်ဘာလုပ်လုပ် ဘုရားအတွက် အရေးမပါဘူးလို့ ထင်ကြတယ်။ လူတွေဘာဖြစ်ဖြစ် ဘုရားဂရုမစိုက်ပါဘူးလို့ ယူဆကြတယ်။ ဥပမာ၊ ၂၀၁၃၊ နိုဝင်ဘာတုန်းက လေမုန်တိုင်းကြီးတစ်ခုကြောင့် ဖိလစ်ပိုင်နိုင်ငံရဲ့ နေရာအတော်များများ ပျက်စီးသွားတယ်။ “ဘုရားက တခြားတစ်နေရာရာ ရောက်နေတာဖြစ်မယ်” လို့ မြို့ကြီးတစ်ခုရဲ့ မြို့တော်ဝန် ပြောတယ်။ လူတချို့ကတော့ သူတို့ရဲ့လုပ်ရပ်ကို ဘုရားမမြင်နိုင်ဘူးလို့ ထင်ကြတယ်။ (ဟေရှာ. ၂၆:၁၀၊ ၁၁။ ၃ ယော. ၁၁) တမန်တော်ပေါလုခေတ်က လူတချို့လည်း အဲဒီလိုပဲ ထင်ခဲ့တယ်။ သူတို့ဟာ “ဘုရားသခင်ကို တိကျမှန်ကန်စွာ သိကျွမ်းလိုစိတ်မရှိ” တဲ့ မဖြောင့်မတ်သူ၊ ဆိုးညစ်သူ၊ လောဘကြီးသူ၊ မိုက်မဲသူတွေဖြစ်တယ်လို့ ပေါလုပြောတယ်။ (ရော. ၁:၂၈၊ ၂၉) ကျွန်တော်တို့ကော ဘယ်လိုလဲ။ ကိုယ့်လုပ်ရပ်မှန်သမျှကို ယေဟောဝါ မြင်တွေ့မှန်း ကျွန်တော်တို့သိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို ယေဟောဝါ တကယ်စိတ်ဝင်စားတယ်ဆိုတာ ယုံရဲ့လား။ က၁၅ ၁၀/၁၅ ၁:၁-၃
သောကြာနေ့၊ စက်တင်ဘာ ၂၂
ငါ၏ယုံကြည်ခြင်းကို အကျင့်အားဖြင့် သင့်အား ပြမည်။—ယာ. ၂:၁၈။
ဟောပြောခြင်းလုပ်ငန်းမှာပါဝင်ခြင်းက ယုံကြည်ခြင်း တင်ပြနိုင်တဲ့ အကောင်းဆုံးနည်း ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီလုပ်ငန်းမှာ ပါဝင်ခြင်းက အဆုံးနီးပြီ၊ ‘နောက်ကျမှာမဟုတ်ဘူး’ ဆိုတာကို ယုံကြည်ကြောင်း ဖော်ပြရာရောက်လို့ပဲ။ (ဟဗ. ၂:၃၊ ကဘ) ခိုင်မာတဲ့ယုံကြည်ခြင်း ရှိ,မရှိ သိနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် အခုလိုမေးနိုင်တယ်– ‘ဟောပြောခြင်းလုပ်ငန်းက ငါ့အတွက် ဘယ်လောက် အရေးကြီးသလဲ။ တခြားသူတွေကို ဟောပြောဖို့ ငါ အတတ်နိုင်ဆုံး ကြိုးစားနေသလား။ ယေဟောဝါရဲ့ လုပ်ငန်းမှာ ပိုပါဝင်နိုင်ဖို့ နည်းလမ်းတွေ ရှာနေသလား။’ (၂ ကော. ၁၃:၅) “ယုံကြည်ကြောင်း နှုတ်နှင့်ဝန်ခံ” ခြင်း၊ တစ်နည်းအားဖြင့် သတင်းကောင်း ဟောပြောခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း အတိမ်အနက်ကို တင်ပြကြပါစို့။ (ရော. ၁၀:၁၀) ဘဝအခက်အခဲတွေကို ခံရပ်ခြင်းအားဖြင့်လည်း ယေဟောဝါကို ယုံကြည်ကြောင်း တင်ပြနိုင်တယ်။ ဖျားနာမှု၊ စိတ်ဓာတ်ကျမှု၊ ဆင်းရဲနွမ်းပါးမှုနဲ့ တခြားပြဿနာတွေ ကြုံရတဲ့အခါ ယေဟောဝါနဲ့ ယေရှု အချိန်ကိုက် ကူညီပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချတယ်။ (ဟေဗြဲ ၄:၁၆) ယေဟောဝါဆီ ဆုတောင်းပြီး အကူအညီ တောင်းခြင်းအားဖြင့်လည်း ကိုယ်တော့်ကို ယုံကြည်ကြောင်း ဖော်ပြနိုင်တယ်။ က၁၅ ၁၀/၁၅ ၂:၁၂-၁၄
စနေနေ့၊ စက်တင်ဘာ ၂၃
သန့်ရှင်းသော စွမ်းအားတော်သည် . . . ငါပြောခဲ့သမျှကိုလည်း မှတ်မိစေတော်မူမည်။” —ယော. ၁၄:၂၆။
တစ်နေ့နေ့မှာ ကျမ်းစာကို ပိုင်ဆိုင်ခွင့်မရတော့ရင်တောင် အကြိုက်ဆုံးကျမ်းချက်တွေ၊ နိုင်ငံတော်သီချင်းတွေစတဲ့ ကိုယ့်မှတ်ဉာဏ်ထဲက အကြောင်းအရာတွေကို မတွေးတောနိုင်အောင် သင့်ကို ဘယ်သူမှ မတားဆီးနိုင်ဘူး။ (တ. ၁၆:၂၅) အဲဒီအပြင် သင်ယူထားတာတွေကို ပြန်မှတ်မိနိုင်အောင် ဘုရားသခင့် စွမ်းအားတော်က ကူညီပေးပါလိမ့်မယ်။ ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်းကို အချိန်ယူ ဖတ်ရှုဆင်ခြင်ဖို့ ပြင်ဆင်ထားပါ။ မဿဲ၊ မာကု၊ လုကာ၊ ယောဟန် ခရစ်ဝင်ကျမ်းတွေကို ဖတ်ရှုပြီး ယေရှု ပြောဆိုပြုမူခဲ့တာတွေကို တွေးတောဆင်ခြင်ဖို့လည်း အချိန်ပေးသင့်တယ်။ (ရော. ၁၀:၁၇။ ဟေဗြဲ ၁၂:၂။ ၁ ပေ. ၂:၂၁) ယေရှုရဲ့ ဘဝဖြစ်ရပ်တွေကို အစဉ်လိုက်ဖော်ပြထားတဲ့ စာပေလည်း ကျွန်တော်တို့မှာရှိတယ်။ အဲဒီစာပေက ခရစ်ဝင်ကျမ်းတွေကို ဖတ်ရှုခြင်းကနေ အကျိုးအပြည့်အဝရရှိအောင် ကူညီပေးနိုင်တယ်။—ယော. ၁၄:၆။ က၁၅ ၁၀/၁၅ ၄:၁၁၊ ၁၂
တနင်္ဂနွေနေ့၊ စက်တင်ဘာ ၂၄
သင်တို့ကို မိတ်ဆွေဟု ငါခေါ်၏။ အကြောင်းမူကား ငါသည် ခမည်းတော်ထံမှ ကြားသမျှကို သင်တို့အား ပြောပြ၏။—ယော. ၁၅:၁၅။
ယေရှုဟာ တမန်တော်တွေရဲ့ သခင်လောက်သာ မဟုတ်ဘဲ မိတ်ဆွေလည်း ဖြစ်တယ်။ ကျမ်းစာခေတ်တုန်းက သခင်တစ်ယောက်ဟာ သူ့အတွေးနဲ့ ခံစားချက်တွေအကြောင်း ကျွန်တွေကို ထုတ်ပြောလေ့မရှိဘူး။ ယေရှုကတော့ တမန်တော်တွေကို ကျွန်တွေလို မဆက်ဆံဘူး။ သူတို့ကို ချစ်ပြီး အချိန်ပေးပေါင်းသင်းတယ်။ သူ့ရဲ့ အတွေးနဲ့ ခံစားချက်တွေကို ထုတ်ပြောပြတယ်။ တမန်တော်တွေ ထုတ်ပြောတဲ့ အတွေးနဲ့ ခံစားချက်တွေကိုလည်း သေချာနားထောင်ပေးတယ်။ (မာ. ၆:၃၀-၃၂) အဲဒီလိုမေတ္တာပါတဲ့ ပြောဆိုဆက်သွယ်မှုကြောင့် ယေရှုနဲ့ တမန်တော်တွေ သိပ်ရင်းနှီးပြီး ရှေ့မှာထမ်းဆောင်ရမယ့် တာဝန်တွေအတွက် သူတို့ အသင့်ဖြစ်နေခဲ့တယ်။ တပည့်တွေ ဝတ်ပြုရေးမှာ တက်တက်ကြွကြွ ပါဝင်ပြီး ဟောပြောခြင်းလုပ်ငန်းမှာ အလုပ်များနေရင် စစ်မှန်တဲ့ပျော်ရွှင်မှု ခံစားရမယ်ဆိုတာ ယေရှု သိတယ်။ ဒါကြောင့် ဟောပြောခြင်းလုပ်ငန်းမှာ ကြိုးစားပါဝင်ဖို့ အားပေးပြီး သူတို့ကို ကူညီပေးမယ်လို့ ကတိပေးခဲ့တယ်။—မ. ၂၈:၁၉၊ ၂၀။ က၁၅ ၁၁/၁၅ ၂:၃၊ ၅
တနင်္လာနေ့၊ စက်တင်ဘာ ၂၅
လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်လော့။ —မ. ၂၂:၃၉။
မေတ္တာဟာ ယေဟောဝါရဲ့ အဓိကအရည်အသွေးဖြစ်တယ်။ (၁ ယော. ၄:၁၆) ယေဟောဝါ ဦးဆုံးဖန်ဆင်းခဲ့တဲ့ ယေရှုခရစ်ဟာ ဖခင်ယေဟောဝါနဲ့အတူ ကောင်းကင်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး ဘုရားသခင့်မေတ္တာကို သင်ယူသိရှိခဲ့တယ်။ (ကော. ၁:၁၅) ယေရှုဟာ အဲဒီမေတ္တာကို ကောင်းကင်မှာရော မြေကြီးမှာပါ အသက်တာတစ်လျှောက်လုံး တင်ပြတယ်။ ဒါကြောင့် ယေဟောဝါနဲ့ ယေရှုရဲ့အုပ်ချုပ်မှုဟာ အမြဲမေတ္တာပြည့်ဝမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ အကြီးမြတ်ဆုံးပညတ်က ဘာပညတ်လဲလို့ ယေရှုကို လူတစ်ယောက် မေးမြန်းချိန်မှာ ယေရှု အခုလိုပြန်ဖြေတယ်– “‘သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံး အကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် တစ်သက်တာလုံး ချစ်လော့။’ ဤပညတ်သည် အကြီးမြတ်ဆုံးနှင့် ပထမဆုံးပညတ်ဖြစ်၏။ ဤပညတ်နှင့်ဆင်တူသည့် ဒုတိယပညတ်ကား ‘လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်လော့’ ဟူ၍ဖြစ်၏။” (မ. ၂၂:၃၇-၃၉) ဘဝကဏ္ဍအားလုံးမှာ မေတ္တာပြဖို့ အရေးကြီးတယ်။ ယေဟောဝါကိုရော လူသားချင်းကိုပါ ချစ်ရမယ်လို့ ယေရှုပြောတယ်။ က၁၅ ၁၁/၁၅ ၄:၁-၃
အင်္ဂါနေ့၊ စက်တင်ဘာ ၂၆
ကျမ်းစာတွင် ရေးထားနှင့်သမျှသည် ငါတို့ကို ဆုံးမသွန်သင်ရန်ဖြစ်၏။—ရော. ၁၅:၄။
ယေဟောဝါက လူသားတွေကို ဟီဘရူးစကားနဲ့ပဲ အမြဲ ပြောဆိုဆက်သွယ်တာ မဟုတ်ဘူး။ ဗာဗုလုန်ကနေ အစ္စရေးတွေ လွတ်မြောက်လာချိန်မှာ အစ္စရေးတချို့က အာရမိတ်စကားပြောကြတယ်။ ဒါကြောင့် ဒံယေလ၊ ယေရမိနဲ့ ဧဇရဟာ ကျမ်းစာအပိုင်းတချို့ကို အာရမိတ်စကားနဲ့ရေးသားခဲ့တာ ဖြစ်နိုင်တယ်။ နောက်ပိုင်း၊ ကမ္ဘာ့ဒေသအများစုကို မဟာအလက်ဇန္ဒား သိမ်းပိုက်ခဲ့တယ်။ ဒါကြောင့် နေ့စဉ်သုံး ဂရိစကားတစ်မျိုးဖြစ်တဲ့ ကွိုင်နေးစကားဟာ နိုင်ငံများစွာမှာ အဓိကဘာသာစကား ဖြစ်လာတယ်။ ဂျူးများစွာလည်း ဂရိစကားပြောလာပြီး ဟီဘရူးကျမ်းစောင်တွေကို ဂရိစကားနဲ့ ဘာသာပြန်ဆိုခဲ့ကြတယ်။ အဲဒီဘာသာပြန်ကျမ်းကို စက်ပ်တွားဂျင့်ကျမ်းလို့ခေါ်တယ်။ အဲဒီကျမ်းဟာ ဦးဆုံးဘာသာပြန်ကျမ်းဖြစ်ပြီး အရေးပါဆုံးကျမ်းဖြစ်တယ်။ စက်ပ်တွားဂျင့်ကျမ်းကို ဘာသာပြန် ၇၂ ယောက် ပြန်ဆိုရေးသားခဲ့တယ်လို့ ကျမ်းပညာရှင်တွေယူဆတယ်။ ဘာသာပြန်တချို့က ဟီဘရူးကျမ်းစောင်တွေကို စာသားအတိုင်း လုံးကောက်ပြန်ဆိုပြီး တချို့ကျတော့လည်း အဆင်ပြေသလို ပြန်ဆိုကြတယ်။ ဘာပဲဖြစ်ဖြစ်၊ ဂရိစကားပြောဂျူးတွေနဲ့ ခရစ်ယာန်တွေကတော့ စက်ပ်တွားဂျင့်ကျမ်းကို ဘုရားသခင့်နှုတ်မြွက်တော်အဖြစ် ခံယူကြတယ်။ က၁၅ ၁၂/၁၅ ၁:၄-၆
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၂၇
သေးငယ်သောမီးစသည် အလွန်ကြီးသောသစ်တောကို မီးစွဲစေတတ်သည်။—ယာ. ၃:၅။
“လျှာသည် မီးဖြစ်၏” လို့ ယာကုပ် ရှင်းပြတယ်။ (ယာ. ၃:၆) “လျှာ” က ကျွန်တော်တို့ရဲ့ စကားပြောနိုင်စွမ်းကို ဆိုလိုတယ်။ ကျွန်တော်တို့ ပြောလိုက်တဲ့စကားက မီးလိုပဲ အကြီးအကျယ် ထိခိုက်ပျက်စီးစေနိုင်တယ်။ “လျှာသည် အသက်သေခြင်းနှင့် ရှင်ခြင်းကို အစိုးရ၏” လို့တောင် ကျမ်းစာပြောတယ်။ (သု. ၁၈:၂၁) ဒါပေမဲ့ စကားပြောမှားမှာစိုးလို့ မပြောဘဲနေရတော့မယ်လို့ ဆိုလိုသလား။ မဆိုလိုပါဘူး။ မီးလောင်မှာစိုးလို့ မီးကို မသုံးဘဲ မနေသလိုပေါ့။ အဲဒီအစား မီးကို ကျွန်တော်တို့ ဆင်ဆင်ခြင်ခြင် အသုံးပြုကြတယ်။ ဥပမာ၊ ချက်ပြုတ်ဖို့၊ မီးလှုံဖို့၊ အလင်းရောင်ရဖို့ မီးကို အသုံးပြုနိုင်တယ်။ အဲဒီလိုပဲ၊ စကားကို ဆင်ဆင်ခြင်ခြင် ပြောဆိုမယ်ဆိုရင် ယေဟောဝါကို ဂုဏ်တင်ဖို့၊ တခြားသူတွေကို အကျိုးပြုဖို့ စကားပြောစွမ်းရည်ကို အသုံးပြုနိုင်ပါတယ်။ (ဆာ. ၁၉:၁၄) ကိုယ့်အတွေးနဲ့ ခံစားချက်ကို နှုတ်နဲ့ဖြစ်စေ၊ လက်ဟန်နဲ့ဖြစ်စေ ပြောဆိုဆက်သွယ်နိုင်စွမ်းက ယေဟောဝါ ပေးတဲ့ အဖိုးတန် ဆုလက်ဆောင်ဖြစ်တယ်။ ဒါပေမဲ့ ဒီဆုလက်ဆောင်ကို ဖြိုဖျက်ရာမှာမဟုတ်ဘဲ တည်ဆောက်ရာမှာ အသုံးပြုသင့်တယ်။—ယာ. ၃:၉၊ ၁၀။ က၁၅ ၁၂/၁၅ ၃:၁-၃
ကြာသပတေးနေ့၊ စက်တင်ဘာ ၂၈
ချစ်ရသော သမားတော်လုကာနှင့် ဒေမကလည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။—ကော. ၄:၁၄။
ဆရာဝန်လုကာဟာ ပေါလုနဲ့အတူ ခရီးသွားရင်း လမ်းခရီးမှာ ပေါလုနဲ့ တခြားသူတွေ ဖျားနာတဲ့အခါ ကူညီပေးခဲ့ပုံရတယ်။ (ဂလ. ၄:၁၃) ယေရှုပြောတဲ့အတိုင်း ‘ဖျားနာသူတွေပဲ’ ဆရာဝန်ကို လိုအပ်ကြတယ်။ (လု. ၅:၃၁) လုကာဟာ ကျန်းမာရေးအတိုင်ပင်ခံလောက်သာ မဟုတ်ဘဲ ဆရာဝန်တစ်ယောက်ဖြစ်တယ်။ ဘယ်နေရာနဲ့ ဘယ်အချိန်မှာ ဆေးပညာသင်ယူခဲ့တယ်ဆိုတာတော့ ကျမ်းစာမှာ မဖော်ပြထားဘူး။ ဒါပေမဲ့ ကောလောသဲမြို့က ခရစ်ယာန်တွေကို ဆရာဝန်လုကာ နှုတ်ဆက်လိုက်ကြောင်း ပေါလု ရေးခဲ့တာကိုတော့ ဖော်ပြထားတယ်။ လုကာကို သူတို့ သိကျွမ်းလို့ ဖြစ်နိုင်တယ်။ ဒါကြောင့် လုကာဟာ ကောလောသဲမြို့နားက လောဒိကိမြို့မှာရှိတဲ့ ဆေးကျောင်းမှာ ပညာသင်ယူခဲ့တာ ဖြစ်နိုင်တယ်။ လုကာခရစ်ဝင်ကျမ်းနဲ့ တမန်တော်ကျမ်းကို ရေးသားတုန်းက သတ်သတ်မှတ်မှတ် ဆေးပညာအသုံးအနှုန်းတွေကို သူ သုံးနှုန်းခဲ့တယ်။ လူနာတွေကို ယေရှု ကုသပေးခဲ့တဲ့ မှတ်တမ်းများစွာကိုလည်း ဆရာဝန်ရှုထောင့်နဲ့ ရေးသားခဲ့တယ်။ က၁၅ ၁၂/၁၅ ၄:၁၁၊ ၁၂
သောကြာနေ့၊ စက်တင်ဘာ ၂၉
ပြော၍မကုန်နိုင်သော ဆုလက်ဆောင်အတွက် ဘုရားသခင်၏ကျေးဇူးတော် ကြီးလှပါ၏။—၂ ကော. ၉:၁၅။
ယေဟောဝါဟာ တစ်ပါးတည်းသောသားတော် ယေရှုကို မြေကြီးပေါ်စေလွှတ်ခြင်းအားဖြင့် လူသားတွေကို အကြီးမားဆုံးနည်းနဲ့ မေတ္တာပြခဲ့တယ်။ (ယော. ၃:၁၆။ ၁ ယော. ၄:၉၊ ၁၀) အဲဒီမေတ္တာဆုလက်ဆောင်ကို တမန်တော်ပေါလုက ‘ပြော၍မကုန်နိုင်သော ဆုလက်ဆောင်’ လို့ ခေါ်ထားတယ်။ ယေရှုရဲ့ ပူဇော်သကာဟာ ဘုရားသခင့်အံ့ဖွယ်ကတိအားလုံး ပြည့်စုံလာမယ်ဆိုတဲ့ အာမခံချက်ဖြစ်မှန်း ပေါလုသိတယ်။ (၂ ကော. ၁:၂၀) ဒါကြောင့် ‘ပြော၍မကုန်နိုင်သော ဆုလက်ဆောင်’ ထဲမှာ ယေရှုရဲ့ ပူဇော်သကာအပြင် ယေဟောဝါပြုလုပ်ပေးတဲ့ ကောင်းမှုအားလုံး၊ ယေဟောဝါ တင်ပြတဲ့ မေတ္တာလုပ်ရပ်အားလုံး ပါဝင်တယ်လို့ ဆိုလိုတယ်။ တန်ဖိုးကြီးလွန်းတဲ့ အဲဒီဆုလက်ဆောင်အကြောင်း လူ့ဦးနှောက်နဲ့ အပြည့်အဝ နားလည်နိုင်မှာ မဟုတ်ဘူး။ အဲဒီအထူးဆုလက်ဆောင်က ကျွန်တော်တို့အပေါ် ဘယ်လို အကျိုးသက်ရောက်သင့်သလဲ။ အဲဒီမေတ္တာလက်ဆောင်ကြောင့် သင်ဟာ ကိုယ့်လုပ်ရပ်ကို ပြန်တွေးပြီး ပြင်သင့်တာပြင်ဖို့ လှုံ့ဆော်ခံရမှာ သေချာတယ်။ ရက်ရောဖို့၊ မေတ္တာပြဖို့၊ ကိုယ့်ကိုပြစ်မှားသူတွေကို ခွင့်လွှတ်ဖို့လည်း လှုံ့ဆော်ခံရမှာပဲ။ ဘုရားသခင် ပြင်ဆင်ပေးတဲ့ ရွေးနုတ်ဖိုးလက်ဆောင်ဟာ အခုနဥပမာထဲက လက်ဆောင်ထက် အများကြီး သာလွန်တယ်။—၁ ပေ. ၃:၁၈။ က၁၆.၀၁ ၂:၁၊ ၂၊ ၄၊ ၅
စနေနေ့၊ စက်တင်ဘာ ၃၀
လေသည် တိုက်လိုရာသို့ တိုက်တတ်၏။ လေ၏အသံကို ကြားရသော်လည်း အဘယ်အရပ်က တိုက်လာသည်၊ အဘယ်အရပ်သို့ တိုက်လိမ့်မည်ကို သင်မသိ။ စွမ်းအားတော်ဖြင့် မွေးဖွားသူတိုင်းသည်လည်း ထိုနည်းတူပင်ဖြစ်၏—ယော. ၃:၈။
တခြားတစ်ယောက်ကို မဟုတ်ဘဲ ငါ့ကိုမှ ယေဟောဝါ ဘာကြောင့် ရွေးတာလဲ’ လို့ ဘိသိက်ခံတွေ တွေးမိနိုင်တယ်။ ဒီတာဝန်ကြီးနဲ့ ထိုက်တန်ရဲ့လားလို့တောင် တွေးမိနိုင်တယ်။ ဒါပေမဲ့ သူတို့ကို ယေဟောဝါ ဖိတ်ခေါ်ထားမှန်း သူတို့ သေချာပေါက်သိတယ်။ အဲဒီအတွက်လည်း သိပ်ပျော်ပြီး ကျေးဇူးတင်တယ်။ အခုလို ပြောခဲ့တဲ့ ပေတရုလို သူတို့ ခံစားရတယ်– “ငါတို့သခင် ယေရှုခရစ်၏ခမည်းတော် ဘုရားသခင်သည် ချီးမွမ်းခံရပါစေ။ ကိုယ်တော်သည် ကြီးစွာသော သနားကြင်နာမှုနှင့်အညီ ငါတို့အား တစ်ဖန် မွေးဖွားစေတော်မူ၍ ယေရှုခရစ်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေခြင်းအားဖြင့် ရှင်သန်သော မျှော်လင့်ချက်ကို ပေးတော်မူ၏။ မပျက်စီးနိုင်သော၊ မညစ်ညှုးသော၊ မညှိုးနွမ်းသော အမွေကိုလည်း ပေးတော်မူ၏။ ထိုအမွေတော်သည် သင်တို့အတွက် ကောင်းကင်၌ သိုထား၏။” (၁ ပေ. ၁:၃၊ ၄) အဲဒီစကားတွေကို ဘိသိက်ခံတွေ ဖတ်ရတဲ့အခါ ကောင်းကင်ဖခင် တိုက်ရိုက် စကားပြောနေမှန်း သေချာသိကြတယ်။ က၁၆.၀၁ ၃:၁၁၊ ၁၂