ဩဂုတ်
အင်္ဂါနေ့၊ ဩဂုတ် ၁
မြေကြီးလုံးကို စီရင်တော်မူသော သခင်သည် တရားသဖြင့် ပြုတော်မူမည် မဟုတ်လော။ —က. ၁၈:၂၅။
အာဗြဟံဟာ ကိစ္စသေးသေးလေးတွေမှာတောင် ယေဟောဝါကို အမြဲနာခံတဲ့အတွက် မိတ်ဆွေနှောင်ကြိုး ပိုခိုင်မြဲလာတယ်။ ဘယ်ကိစ္စမဆို ယေဟောဝါကို ရင်ဖွင့်ပြောပြနိုင်တယ်၊ မတင်မကျဖြစ်နေတဲ့ ကိစ္စတွေကိုတောင် မေးမြန်းနိုင်တယ်လို့ သူခံစားခဲ့ရတယ်။ ဥပမာ၊ သောဒုံနဲ့ ဂေါမောရမြို့ကို ဖျက်ဆီးတော့မယ်လို့ ယေဟောဝါပြောတဲ့အခါ လူဆိုးတွေနဲ့အတူ လူကောင်းတွေ သေသွားမှာကို စိုးရိမ်မိတယ်။ သောဒုံမြို့မှာနေထိုင်တဲ့ တူလောတနဲ့ မိသားစုအတွက် သူ စိုးရိမ်ပုံရတယ်။ ‘မြေကြီးလုံးကိုစီရင်တဲ့သခင်’ ယေဟောဝါကို သူ ယုံကြည်တယ်။ ဒါကြောင့် သူ့စိုးရိမ်မှုတွေကို နှိမ့်နှိမ့်ချချ မေးမြန်းခဲ့တယ်။ ယေဟောဝါကလည်း မိမိဟာ သနားတတ်တဲ့ဘုရားဖြစ်မှန်း၊ စီရင်ချက်အတိုင်း လုပ်ဆောင်ချိန်မှာတောင် လူကောင်းတွေကို ရှာဖွေကယ်တင်မှန်း အာဗြဟံကို စိတ်ရှည်ရှည်ရှင်းပြခဲ့တယ်။ (က. ၁၈:၂၂–၃၃) အာဗြဟံရရှိခဲ့တဲ့ အသိပညာနဲ့ အတွေ့အကြုံအားလုံးက ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မြဲအောင် ကူညီပေးမှန်း ထင်ရှားတယ်။ က၁၆.၀၂ ၁:၁၁၊ ၁၂
ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၂
ထာဝရဘုရားသည် သင်နှင့် ကျွန်ုပ်စပ်ကြား၊ သင့်အမျိုးအနွယ်နှင့် ကျွန်ုပ် အမျိုးအနွယ်စပ်ကြားမှာ အစဉ်အမြဲ ရှိတော်မူစေသတည်း။—၁ ရာ. ၂၀:၄၂။
သစ္စာစောင့်သိသူကို လူတိုင်းလိုလို အထင်ကြီးလေးစားတယ်။ ယောနသန်ကို ကျွန်တော်တို့ အထင်ကြီးလေးစားတာဟာ ဒါဝိဒ်အပေါ် သစ္စာစောင့်သိလို့သာ မဟုတ်ဘူး။ ယောနသန်ရဲ့ဘဝမှာ အရေးကြီးဆုံးက ယေဟောဝါအပေါ် သစ္စာစောင့်သိဖို့ပဲ။ တကယ်တော့ သူ့အစား ဒါဝိဒ်ဘုရင်ဖြစ်မယ်ဆိုတာ သိသိကြီးနဲ့တောင် ဒါဝိဒ်အပေါ် သစ္စာစောင့်သိတာ၊ ဒါဝိဒ်ကို မနာလိုမဖြစ်တာဟာ ယေဟောဝါအပေါ်ထားတဲ့ ယောနသန်ရဲ့ သစ္စာစောင့်သိမှုကြောင့်ပဲ။ အဲဒီအမျိုးသားနှစ်ယောက်စလုံးဟာ ယေဟောဝါကိုရော အချင်းချင်းကိုပါ သစ္စာစောင့်သိခဲ့တယ်။ ကျွန်တော်တို့လည်း မိသားစု၊ မိတ်ဆွေနဲ့ အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေကို သစ္စာစောင့်သိရမယ်။ (၁ သက်. ၂:၁၀၊ ၁၁) ဒါပေမဲ့ အရေးကြီးဆုံးကတော့ ကျွန်တော်တို့ကို အသက်ပေးထားတဲ့ ယေဟောဝါကို သစ္စာစောင့်သိရမယ်။ (ဗျာ. ၄:၁၁) ယေဟောဝါကို သစ္စာစောင့်သိခြင်းက အမှန်တကယ် ကျေနပ်ပျော်ရွှင်စေတယ်။ ဒါပေမဲ့ ခက်ခဲချိန်တွေမှာတောင် ဘုရားသခင်ကို သစ္စာစောင့်သိရမယ်ဆိုတာ နားလည်ထားရမယ်။ က၁၆.၀၂ ၃:၃၊ ၄
ကြာသပတေးနေ့၊ ဩဂုတ် ၃
ဒံယေလမူကား . . . ညစ်ညူးခြင်းကို ရှောင်မည်ဟု အကြံရှိ . . . ၏။—ဒံ. ၁:၈။
ရင့်ကျက်တဲ့လူငယ်ဟာ ခက်ခဲတဲ့ အခြေအနေတွေမှာတောင် ကိုယ့်ယုံကြည်ချက်တွေအတိုင်း မားမားမတ်မတ် ရပ်တည်ပါလိမ့်မယ်။ နိုင်ငံတော်ခန်းမမှာတော့ ဘုရားသခင့်မိတ်ဆွေ ပုံစံဖမ်းပြီး ကျောင်းမှာတော့ လောကရဲ့ မိတ်ဆွေလို မပြုမူဘူး။ အဲဒီအစား စမ်းသပ်မှုကြုံရချိန်မှာတောင် ဆက်သစ္စာရှိနေပါလိမ့်မယ်။ (ဧ. ၄:၁၄၊ ၁၅) ဘယ်သူမှ မစုံလင်တာ မှန်ပါတယ်။ လူငယ်ရော လူကြီးပါ အမှားတွေ လုပ်မိနိုင်တယ်။ (ဒေ. ၇:၂၀) ဒါပေမဲ့ နှစ်ခြင်းခံဖို့ စဉ်းစားနေသူတစ်ယောက်အနေနဲ့ သင်ဟာ ယေဟောဝါရဲ့ ပညတ်တွေကို နာခံဖို့ ဘယ်လောက် အခိုင်အမာ စိတ်ပိုင်းဖြတ်ထားတယ်ဆိုတာ ဆန်းစစ်ခြင်းက ပညာရှိရာရောက်တယ်။ ‘ယေဟောဝါရဲ့ ပညတ်တွေကို ငါ ဘယ်လောက် နာခံခဲ့ပြီလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ ပြီးခဲ့တဲ့တစ်ခေါက် ယုံကြည်ခြင်းစမ်းသပ်မှု ကြုံရတုန်းက ဘယ်လို တုံ့ပြန်ခဲ့တယ်ဆိုတာ ပြန်တွေးကြည့်ပါ။ မှန်ရာကို သင် ပိုင်းခြားသိမြင်နိုင်ခဲ့သလား။ သင့်အစွမ်းအစတွေကို စာတန့်လောကမှာ အသုံးချဖို့ ဒံယေလလို တွန်းအားပေးခံရရင် ဘယ်လို လုပ်မလဲ။ အဲဒီလို စမ်းသပ်မှုမျိုး ကြုံရချိန်မှာ “ယေဟောဝါဘုရား၏ အလိုတော်ကို သိမြင်” နိုင်မလား။—ဧ. ၅:၁၇။ က၁၆.၀၃ ၁:၇-၉
သောကြာနေ့၊ ဩဂုတ် ၄
ဘုရားသခင်၏ ဖန်ဆင်းခြင်းအစကတည်းက ယခုအထိ မဖြစ်စဖူး၊ နောင်လည်း မဖြစ်မည့် ဆင်းရဲဒုက္ခသည် ထိုနေ့ရက်ကာလ၌ ဖြစ်လိမ့်မည်။—မာ. ၁၃:၁၉။
“နောက်ဆုံးသောနေ့ရက်များ” မှာ ကျွန်တော်တို့ အသက်ရှင်နေရတယ်။ တစ်ခါမှမဖြစ်ဖူးတဲ့ ဒုက္ခကို သိပ်မကြာခင် ရင်ဆိုင်ရတော့မယ်။ (၂ တိ. ၃:၁) ကောင်းကင်ကနေ မြေကြီးပေါ်ကို ပစ်ချခံရတဲ့ စာတန်နဲ့ နတ်ဆိုးတွေဟာ လူသားတွေကို အကြီးအကျယ် ဒုက္ခပေးနေတယ်။ (ဗျာ. ၁၂:၉၊ ၁၂) အဲဒီအပြင်၊ ယေရှုရဲ့ မိန့်မှာချက်ကို နာခံတဲ့အနေနဲ့ တစ်ကမ္ဘာလုံးမှာ ပိုများတဲ့လူတွေကို ပိုများတဲ့ ဘာသာစကားတွေနဲ့ ကျွန်တော်တို့ ဟောပြောနေတယ်။ ဘုရားသခင့်ကောင်းချီး ရရှိဖို့ဆိုရင် ခရစ်ယာန် အသင်းတော်ကလာတဲ့ လမ်းညွှန်ချက်အားလုံးကို နာခံဖို့ လိုအပ်တယ်။ လမ်းညွှန်ချက်တွေကို အခုကတည်းက နာခံမယ်ဆိုရင် စာတန့်စနစ်ဆိုးတစ်ခုလုံး ဖျက်ဆီးခံရမယ့် “ကြီးစွာသောဒုက္ခ” အတွင်းမှာ နာခံဖို့ ပိုလွယ်ကူပါလိမ့်မယ်။ (မ. ၂၄:၂၁) အဲဒီနောက် ဖြောင့်မတ်တဲ့ ကမ္ဘာသစ်မှာလည်း လမ်းညွှန်ချက်အသစ်တွေကို ကျွန်တော်တို့ လိုအပ်ပါလိမ့်မယ်။ က၁၆.၀၃ ၄:၁၆၊ ၁၈
စနေနေ့၊ ဩဂုတ် ၅
ကျိုင်းကောင်များသည် မီးခိုးထဲမှ ထွက် . . . လာ ၏။—ဗျာ. ၉:၃။
ပထမရာစုကုန်ခါနီးမှာ တမန်တော်ယောဟန်က တံပိုးမှုတ်နေတဲ့ ကောင်းကင်တမန် ခုနစ်ပါးကို စိတ်အာရုံမှာ မြင်ခဲ့တယ်။ ပဉ္စမကောင်းကင်တမန် တံပိုးမှုတ်တဲ့အခါ ‘ကောင်းကင်ကနေ မြေကြီးပေါ်ကို ကြယ်တစ်လုံး ကျလာတယ်။’ အဲဒီ “ကြယ်” ဟာ တွင်းနက်ကြီးရဲ့တံခါးကို သော့တစ်ချောင်းနဲ့ ဖွင့်တယ်။ ဖွင့်လိုက်တဲ့အခါ တွင်းထဲကနေ မီးခိုးတွေ တက်လာတယ်။ အဲဒီနောက် မီးခိုးထဲကနေ ကျိုင်းကောင်တွေ ထွက်လာတယ်။ အဲဒီကျိုင်းကောင်တွေက သစ်ပင်တွေကို ဒုက္ခပေးမယ့်အစား “နဖူးပေါ်၌ ဘုရားသခင့် တံဆိပ်တော်မပါသော လူတို့ကို” တိုက်ခိုက်တယ်။ (ဗျာ. ၉:၁-၄) ကျိုင်းကောင်အုပ်ရဲ့ အဖျက်စွမ်းအားကို ယောဟန် သိတယ်။ မောရှေခေတ်တုန်းကလည်း အီဂျစ်ပြည်မှာ ကျိုင်းကောင်ကပ်ဘေး ကျရောက်ခဲ့ဖူးတယ်။ (ထွ. ၁၀:၁၂-၁၅) ယောဟန် မြင်ခဲ့တဲ့ ကျိုင်းကောင်တွေဟာ ယေဟောဝါရဲ့ ပြင်းထန်တဲ့ တရားစီရင်ချက်သတင်းကို ကြေညာနေတဲ့ ဘိသိက်ခံ ခရစ်ယာန်တွေကို ပုံဆောင်တယ်။ အခုဆိုရင် သန်းနဲ့ချီတဲ့ မြေကြီးမျှော်လင့်ချက် ရှိသူတွေလည်း သူတို့နဲ့ ပူးပေါင်းနေတယ်။ ဟောပြောခြင်းလုပ်ငန်းမှာ သူတို့ စည်းလုံးစွာ ပါဝင်နေကြတယ်။ ဒီလုပ်ငန်းဟာ မှားယွင်းတဲ့ဘာသာနဲ့ စာတန့်ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်ဖို့ လူများစွာကို ကူညီပေးနေတယ်။ က၁၆.၀၃ ၃:၃
တနင်္ဂနွေနေ့၊ ဩဂုတ် ၆
တရားတော်၌ အံ့ဖွယ်သောအရာတို့ကို မြင်နိုင်ပါမည်အကြောင်း အကျွန်ုပ်၏မျက်စိတို့ကိုဖွင့်တော်မူပါ။ —ဆာ. ၁၁၉:၁၈။
ကိုယ်လေ့ကျင့်ပေးနေသူရဲ့ စိတ်နှလုံးနဲ့အတွေးထဲ အမှန်တရား ဘယ်လောက်ထိ စိမ့်ဝင်နေသလဲဆိုတာကို သိရှိဖို့ အရေးကြီးတယ်။ အဲဒီလိုသိနိုင်ဖို့ ‘ယေဟောဝါဆီ ဆက်ကပ်အပ်နှံခြင်းက ညီအစ်ကိုရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ဘယ်လို အကျိုးသက်ရောက်မှုရှိသလဲ’ လို့ သူ့ကိုမေးနိုင်တယ်။ အဲဒီမေးခွန်းက ယေဟောဝါကို ဘယ်လို စိတ်နှလုံးအကြွင်းမဲ့ အမှုဆောင်နိုင်တယ်ဆိုတဲ့အကြောင်း စကားစမြည်ပြောဆိုဖို့ လမ်းဖွင့်ပေးနိုင်တယ်။ (မာ. ၁၂:၂၉၊ ၃၀) သင်ဟာ သူနဲ့အတူ ဆုတောင်းနိုင်တယ်။ လေ့ကျင့်မှုအတွက် သူလိုအပ်နေတဲ့ သန့်ရှင်းသော စွမ်းအားတော် ပေးသနားဖို့ ယေဟောဝါဆီ အသနားခံနိုင်တယ်။ အဲဒီညီအစ်ကိုက သူ့အတွက် အကြီးအကဲ ဆုတောင်းပေးတာကို ကြားတဲ့အခါ ပိုကြိုးစားချင်စိတ်ရှိလာပါလိမ့်မယ်။ ကူညီတတ်တာ၊ ယုံကြည်စိတ်ချရတာ၊ နှိမ့်ချမှုရှိတာ စတဲ့အရည်အသွေးတွေရဲ့ အရေးကြီးမှုကို ဖော်ပြတဲ့ ကျမ်းစာမှတ်တမ်းတချို့ကို အကြီးအကဲ သုံးသပ်နိုင်တယ်။ သင်ဟာ စတင်လေ့ကျင့်ပေးချိန်မှာ အဲဒီမှတ်တမ်းတွေကို သူနဲ့ ဆွေးနွေးနိုင်တယ်။ အဲဒီလိုဆွေးနွေးခြင်းက အဲဒီအရည်အသွေးတွေ အရေးကြီးတယ်ဆိုတာ သူသဘောပေါက်လာအောင် ကူညီပေးနိုင်တယ်။ (၃ ရာ. ၁၉:၁၉-၂၁။ နေ. ၇:၂။ ၁၃:၁၃။ တ. ၁၈:၂၄-၂၆) အဲဒီအရည်အသွေးတွေဟာ မြေသြဇာလိုပဲ သူ အလျင်အမြန် တိုးတက်လာဖို့၊ ကျမ်းစာမှာပါတဲ့ ‘အံ့ဖွယ်ရာတွေကို မြင်နိုင်’ ဖို့ ကူညီပေးပါလိမ့်မယ်။ က၁၅ ၄/၁၅ ၂:၃၊ ၄
တနင်္လာနေ့၊ ဩဂုတ် ၇
ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ —ယာ. ၄:၈။
ယေဟောဝါနဲ့ မှန်မှန် ဆက်သွယ်တာက ကိုယ်တော်နဲ့ ရင်းနှီးလာစေဖို့ အရေးကြီးတယ်။ ဘုရားသခင်နဲ့ ဘယ်လို ဆက်သွယ်နိုင်မလဲ။ အမြဲ ဆုတောင်းနေတာဟာ ယေဟောဝါနဲ့ စကားပြောဆက်သွယ်နေတာ ဖြစ်တယ်။ (ဆာ. ၁၄၂:၂) ကျမ်းစာကို မှန်မှန် ဖတ်ရှုပြီး တွေးတောဆင်ခြင်တာဟာ ကိုယ့်ကို ယေဟောဝါ စကားပြောဆက်သွယ်နေသလိုပါပဲ။ (ဟေရှာ. ၃၀:၂၀၊ ၂၁) သင့်ဆုတောင်းချက်တွေရဲ့ အဖြေဟာ အမြဲသိသာထင်ရှားချင်မှ ထင်ရှားမယ်။ ဒါပေမဲ့ တိတိကျကျဆုတောင်းတဲ့အခါ ယေဟောဝါရဲ့ ဖြေကြားချက်ကို ပိုကွဲကွဲပြားပြားသိလာနိုင်ပြီး ကိုယ်တော်နဲ့ ပိုရင်းနှီးလာပါလိမ့်မယ်။ သင့်ရဲ့ စိုးရိမ်ပူပန်မှုမှန်သမျှကို ပွင့်ပွင့်လင်းလင်း ဆုတောင်းပြောပြမယ်ဆိုရင် ကိုယ်တော်လည်း သင့်ဆီ ချဉ်းကပ်ပါလိမ့်မယ်။ ကျွန်တော်တို့က ယေဟောဝါဆီ ထာဝစဉ် ချဉ်းကပ်နိုင်တယ်။ ဒါကြောင့် ကျမ်းစာပုံမှန်လေ့လာခြင်းအားဖြင့် ကိုယ်တော်စကားပြောတာကို နားထောင်ပါ။ ဆုတောင်းခြင်းအားဖြင့် ကိုယ်တော့်ကို စကားပြောပါ။ အဲဒီလိုလုပ်ဆောင်မယ်ဆိုရင် ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မြဲသည်ထက် ခိုင်မြဲလာပါလိမ့်မယ်။ စမ်းသပ်မှုတွေကို ခံရပ်နိုင်အောင် ကိုယ်တော်ကူညီပေးပါလိမ့်မယ်။ က၁၅ ၄/၁၅ ၃:၃၊ ၁၄၊ ၁၆
အင်္ဂါနေ့၊ ဩဂုတ် ၈
သင်တို့၏ရန်သူ မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ တစ်ဦးတစ်ယောက်ကို မျိုရန် လှည့်လည်ရှာဖွေလျက်ရှိ၏။—၁ ပေ. ၅:၈။
ဒီကျမ်းချက်က စာတန်ရဲ့ ရက်စက်ယုတ်မာတဲ့ သဘောထားကို ကွက်ကွက်ကွင်းကွင်း ဖော်ပြလိုက်တာပဲ။ တစ်ကမ္ဘာလုံး သူ့လက်ထဲမှာ ရှိနေပေမဲ့ မကျေနပ်သေးဘူး။ သားကောင်တွေကို မနားတမ်းဝါးမျိုချင်နေတဲ့ ခြင်္သေ့နဲ့တူတယ်။ စာတန့်ရည်ရွယ်ချက်က ယေဟောဝါရဲ့လူမျိုးကို ဖျက်ဆီးပစ်ဖို့ပဲ။ ပထမရာစုကစပြီး အခုချိန်ထိ ခရစ်ယာန်စစ်တွေ နှိပ်စက်ညှဉ်းပန်းခံရတာက စာတန် ဘယ်လောက် ရက်စက်တယ်ဆိုတာ သက်သေထူတယ်။ ဆာလောင်နေတဲ့ခြင်္သေ့ဟာ သားကောင်ကို မသနားဘူး။ မသတ်ခင်မှာ မသနားသလို သတ်ပြီးနောက်မှာလည်း ဘယ်လိုမှ မခံစားရဘူး။ အဲဒီလိုပဲ၊ စာတန်လည်း သူတိုက်ခိုက်သူတွေကို လုံးဝမသနားဘူး။ ဥပမာ၊ လိင်အကျင့်ယိုယွင်းခြင်း၊ လောဘကြီးခြင်း စတဲ့အပြစ်တွေကို အစ္စရေးတွေကျူးလွန်တိုင်း စာတန် ဘယ်လိုခံစားရမယ်လို့ သင်ထင်သလဲ။ ဇိမရိရဲ့ လိင်အကျင့်ယိုယွင်းမှု၊ ဂေဟာဇိရဲ့ လောဘကြီးမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဝမ်းနည်းဖွယ် အဖြစ်ဆိုးတွေကို မြင်တဲ့အခါ စာတန် အောင်ပွဲခံနေမယ်ဆိုတာ သင် မြင်ယောင်မိသလား။—တော. ၂၅:၆-၈၊ ၁၄၊ ၁၅; ၄ ရာ. ၅:၂၀-၂၇။ က၁၅ ၅/၁၅ ၁:၈၊ ၉
ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၉
မာရ်နတ်ကိုမူ ခုခံတွန်းလှန်ကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံမှ ထွက်သွားလိမ့်မည်။—ယာ. ၄:၇။
စာတန်ကို ဘယ်လို တိုက်ခိုက်အောင်မြင်နိုင်သလဲ။ “သင်တို့သည် ခံနိုင်ရည်ရှိခြင်းအားဖြင့် အသက်ရလိမ့်မည်” လို့ ယေရှုပြောတယ်။ (လု. ၂၁:၁၉) ဘယ်လူသားမှ ကျွန်တော်တို့ကို ထာဝစဉ် အန္တရာယ်မပြုနိုင်ဘူး။ ဘယ်သူမှ ဘုရားသခင်နဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးပျက်စီးသွားအောင် မလုပ်နိုင်ဘူး။ ကျွန်တော်တို့ ခွင့်ပြုမှသာ အဲဒီလိုဖြစ်နိုင်မယ်။ (ရော. ၈:၃၈၊ ၃၉) ယေဟောဝါရဲ့ သစ္စာရှိကျေးကျွန်တချို့ သေသွားခဲ့ရင်တောင် စာတန် အနိုင်ရပြီလို့ မဆိုလိုပါဘူး။ သူတို့ကို ယေဟောဝါ ထမြောက်ပေးပါလိမ့်မယ်။ (ယော. ၅:၂၈၊ ၂၉) စာတန်မှာတော့ ဘာအနာဂတ်မှ မရှိဘူး။ ဒီဆိုးညစ်တဲ့လောက ဖျက်ဆီးခံရပြီးနောက် စာတန်ဟာ တွင်းနက်ကြီးထဲ အနှစ် ၁,၀၀၀ ပစ်ချခံရပါလိမ့်မယ်။ (ဗျာ. ၂၀:၁-၃) ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှု ကုန်ဆုံးတဲ့အခါ စာတန်ဟာ “ထောင်ထဲမှ လွတ်လာ” ပြီး စုံလင်တဲ့ လူသားတွေကို လှည့်စားဖို့ နောက်ဆုံးအနေနဲ့ ကြိုးစားပါလိမ့်မယ်။ အဲဒီနောက် သူ ဖျက်ဆီးခံရပါလိမ့်မယ်။ (ဗျာ. ၂၀:၇-၁၀) မာရ်နတ်မှာ အနာဂတ် မရှိပေမဲ့ ကျွန်တော်တို့မှာတော့ ရှိပါတယ်။ ဒါကြောင့် စာတန်ကို ဆက်တိုက်ခိုက်ပြီး ယုံကြည်ခြင်း ခိုင်မာနေအောင် လုပ်ဆောင်ပါ။ (၁ ပေ. ၅:၉) စာတန်ကို သင် တိုက်ခိုက်အောင်မြင်နိုင်ပါတယ်။ က၁၅ ၅/၁၅ ၂:၁၊ ၁၈
ကြာသပတေးနေ့၊ ဩဂုတ် ၁၀
အမြော်အမြင်ရှိသူဟာ အန္တရာယ်ကို ကြိုမြင်ပြီး ပုန်းနေတတ်တယ်။ အတွေ့အကြုံမရှိသူကတော့ ဆက်သွားပြီး ဆိုးကျိုးတွေ ခံစားရတတ်တယ်။ —သု. ၂၂:၃၊ ကဘ။
အတွေးအခေါ်ဟာ မီးနဲ့တူမှန်း ပညာရှိသူ သိတယ်။ မီးဟာ ကောင်းကျိုးပြုနိုင်သလို ဆိုးကျိုးလည်းပြုနိုင်တယ်။ မီးကို ဆင်ဆင်ခြင်ခြင်သုံးရင် ချက်ပြုတ်နိုင်တယ်။ ဆင်ဆင်ခြင်ခြင် မသုံးရင်တော့ အိမ်မီးလောင်ပြီး အသက်တောင် ပါသွားနိုင်တယ်။ ကျွန်တော်တို့ရဲ့ အတွေးအခေါ်လည်း အဲဒီလိုပါပဲ။ ယေဟောဝါရဲ့ အရည်အသွေးတွေ အကြောင်း တွေးတောမယ်ဆိုရင် ကောင်းကျိုးပြုနိုင်တယ်။ လိင်အကျင့်ယိုယွင်းတဲ့အကြောင်းပဲ တွေးနေမယ်ဆိုရင်တော့ လိင်စိတ်တွေထကြွပြီး အပြစ်ပြုမိနိုင်တယ်။ (ယာ. ၁:၁၄၊ ၁၅) လိင်အကျင့်ယိုယွင်းတဲ့အကြောင်း မျက်စိထဲမှာ ပုံဖော်ပြီး စဉ်းစားမနေဖို့ ယေရှုသတိပေးတယ်။ သူဒီလိုပြောတယ်– “မိန်းမတစ်ဦးကိုဆက်ကြည့်နေ၍ တပ်မက်သောစိတ်ပေါ်လာလျှင် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ဖောက်ပြန်ပြီ။”—မ. ၅:၂၈။ က၁၅ ၅/၁၅ ၄:၁၁၊ ၁၂၊ ၁၄
သောကြာနေ့၊ ဩဂုတ် ၁၁
အထူးသဖြင့် လူသားတွေကို ငါ သိပ်ချစ်မြတ်နိုးတယ်။—သု. ၈:၃၁၊ ကဘ။
နိုင်ငံတော်အကြောင်း ဟောပြောရင်း အံ့ဖွယ်အမှုများစွာကို ယေရှု ပြုလုပ်ခဲ့တယ်။ ဒီအံ့ဖွယ်အမှုတွေက လူသားတွေအတွက် ယေရှု သိပ်စိုးရိမ်ကြောင်း ဖော်ပြတယ်။ တစ်နေ့၊ ဂါလိလဲပြည်ရဲ့ မြို့တစ်မြို့မှာ နူနာရောဂါဆိုးခံစားနေရတဲ့ လူတစ်ယောက်နဲ့ ယေရှု ဆုံတယ်။ (မာ. ၁:၃၉၊ ၄၀) ရောဂါအခြေအနေ ဆိုးလွန်းလို့ “တစ်ကိုယ်လုံး နူနာစွဲ” နေတယ်လို့ ဆရာဝန်လုကာ ဖော်ပြတယ်။ (လု. ၅:၁၂) အဲဒီလူဟာ ယေရှုကို တွေ့တဲ့အခါ “ပျပ်ဝပ်၍ ‘သခင်၊ ကိုယ်တော်အလိုရှိလျှင် ကျွန်ုပ်ကို သန့်ရှင်းစေနိုင်သည်’ ဟုတောင်းပန်” တယ်။ ယေရှုမှာ သူ့ကို ကုသပေးနိုင်တဲ့တန်ခိုးရှိမှန်း သူသိထားတယ်။ ဒါပေမဲ့ ကုသပေးချင်တဲ့ ဆန္ဒရှိရဲ့လားဆိုတာတော့ မသိဘူး။ သူ့ရဲ့အသနားခံမှုကို ယေရှု ဘယ်လိုတုံ့ပြန်မလဲ။ သူ့ကို တို့ထိလိုက်တယ်။ ပြီးနောက် “ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေ” လို့ ကြင်ကြင်နာနာ ပြောလိုက်တဲ့အခါ “နူနာပျောက်” သွားတယ်။ (လု. ၅:၁၃) လူတွေကို ဘယ်လောက် ချစ်မှန်း ယေရှု ပြသခဲ့တယ်။—လု. ၅:၁၇။ က၁၅ ၆/၁၅ ၂:၃-၅
စနေနေ့၊ ဩဂုတ် ၁၂
တစ်သီးပုဂ္ဂလနေတဲ့သူဟာ . . . လက်တွေ့ကျ ဉာဏ်ပညာမှန်သမျှကို ငြင်းပယ်တတ်တယ်။ —သု. ၁၈:၁၊ ကဘ။
အကူအညီတောင်းဖို့ သိပ်အရေးကြီးတယ်။ (ဟေဗြဲ ၃:၁၂၊ ၁၃) ရင့်ကျက်တဲ့ခရစ်ယာန်တွေက ဘယ်ကဏ္ဍတွေမှာ သင် ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာ သိလာအောင် ကူညီပေးနိုင်ပါတယ်။ လိုအပ်သလို ပြုပြင်ပြောင်းလဲခြင်းအားဖြင့် ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ဆက်ရှိနိုင်ပါလိမ့်မယ်။ အထူးသဖြင့် အသင်းတော် အကြီးအကဲတွေဟာ ကျွန်တော်တို့ကို ကူညီပေးဖို့ အရည်အချင်း ပြည့်မီတယ်။ (ယာ. ၅:၁၃-၁၅) သင့်မှာ ညစ်ညမ်းရုပ်ပုံ ကြည့်ရှုတဲ့အကျင့် စွဲနေတယ်ဆိုရင် ချက်ချင်း အကူအညီတောင်းပါ။ အကူအညီတောင်းဖို့ အချိန်ဆွဲလေ လိင်အကျင့်ယိုယွင်းတဲ့အပြစ် ကျူးလွန်မိဖို့ အန္တရာယ်များလေပဲ။ အဲဒီအခါ တခြားသူတွေကို ထိခိုက်မိနိုင်တယ်။ ယေဟောဝါရဲ့ နာမည်လည်း ရှုတ်ချခံရနိုင်တယ်။ ညီအစ်ကိုညီအစ်မများစွာဟာ ယေဟောဝါရဲ့ နှစ်သက်မှုရဖို့၊ အသင်းတော်ထဲ ဆက်ရှိနေဖို့ အကြီးအကဲတွေဆီ အကူအညီတောင်းပြီး သူတို့ရဲ့ အကြံဉာဏ်ကို လက်ခံခဲ့ကြတယ်။—ဆာ. ၁၄၁:၅။ ဟေဗြဲ ၁၂:၅၊ ၆။ ယာ. ၁:၁၅။ က၁၅ ၆/၁၅ ၃:၁၅-၁၇
တနင်္ဂနွေနေ့၊ ဩဂုတ် ၁၃
ထိုကာလ၌ ပရောဖက်သည် ဟောပြောသောအခါ မိမိမြင်သောရူပါရုံကြောင့် ရှက်လိမ့်မည်။ သူတစ်ပါးကို လှည့်စားမည့်အကြံနှင့် ကြမ်းတမ်းသောအဝတ်ကိုလည်း မဝတ်ရ။—ဇာ. ၁၃:၄။
အယူမှားဘာသာဖြစ်တဲ့ မဟာဗာဗုလုန် ဖျက်ဆီးခံရတဲ့အခါ သူ့ရဲ့အဖွဲ့ဝင်အားလုံး သေဆုံးသွားမလား။ မသေဆုံးပါဘူး။ ဘာသာရေးခေါင်းဆောင်တွေဟာ ဘာသာတရား မလိုက်စားဟန်ဆောင်ပြီး အယူမှားဘာသာမှာ မပါဝင်ခဲ့ဖူးဘူးလို့ ငြင်းဆိုကြလိမ့်မယ်။ (ဇာ. ၁၃:၅၊ ၆) အဲဒီအတောအတွင်း ဘုရားသခင့်လူမျိုးအတွက် ဘယ်လိုဖြစ်လာမလဲ။ ယေရှု ဒီလိုရှင်းပြတယ်– “ထိုနေ့ရက်ကာလကို တိုစေတော်မမူလျှင် မည်သူမျှ ဘေးလွတ်မည်မဟုတ်။ ရွေးချယ်တော်မူသောသူတို့အတွက် ထိုနေ့ရက်ကာလကို တိုစေတော်မူလိမ့်မည်။” (မ. ၂၄:၂၂) ပထမရာစုတုန်းက ဂျေရုဆလင်မှာဖြစ်ခဲ့တဲ့ ဒုက္ခကာလဟာ ‘တိုတောင်း’ ခဲ့တယ်။ ဒါကြောင့် ‘ရွေးချယ်ခံရသူတွေ’ ဖြစ်တဲ့ ဘိသိက်ခံခရစ်ယာန်တွေ ထွက်ပြေးခွင့်ရခဲ့တယ်။ အဲဒီလိုပဲ၊ ကြီးစွာသောဒုက္ခရဲ့ အစပိုင်းဟာ ‘ရွေးချယ်ခံရသူတွေ’ အတွက် ‘တိုတောင်း’ ပါလိမ့်မယ်။ နိုင်ငံရေးအင်အားစုတွေဖြစ်တဲ့ “ချိုဆယ်ချောင်း” ဟာ ဘုရားသခင့်လူမျိုးကို ဖျက်ဆီးခွင့်ရမှာ မဟုတ်ဘူး။ (ဗျာ. ၁၇:၁၆) အဲဒီအစား အစပိုင်းတိုက်ခိုက်မှုပြီးတာနဲ့ ခဏတစ်ဖြုတ် အေးချမ်းငြိမ်သက်နေလိမ့်မယ်။ က၁၅ ၇/၁၅ ၂:၅၊ ၆
တနင်္လာနေ့၊ ဩဂုတ် ၁၄
ဖြားယောင်းသွေးဆောင်သူသည်လာ[၏]။ —မ. ၄:၃။
သွေးဆောင်မှုကို တွန်းလှန်မလား၊ အလျှော့ပေးလိုက်မလားဆိုတာ ဆုံးဖြတ်ဖို့က တစ်ဦးစီရဲ့ တာဝန်ပဲ။ (မ. ၆:၁၃။ ယာ. ၁:၁၃-၁၅) မာရ်နတ်ရဲ့သွေးဆောင်မှု ကြုံရတဲ့အခါ ယေရှုဟာ ကျမ်းစာကိုကိုးကားပြီး ချက်ချင်း ငြင်းပယ်ခဲ့တယ်။ ဘုရားသခင်အပေါ် သစ္စာတည်ကြည်ခဲ့တယ်။ ဒါပေမဲ့ စာတန် လက်မလျှော့ဘူး။ ယေရှုကို သွေးဆောင်ဖို့ “အခွင့်အခါကောင်းကို စောင့်” ခဲ့တယ်။ (လု. ၄:၁၃) စာတန် ဘယ်လိုပဲကြိုးစားကြိုးစား ယေရှုကတော့ ဘုရားသခင်ကို သူ့ရဲ့အုပ်စိုးရှင်အဖြစ် အမြဲနာခံခဲ့တယ်။ ဒါပေမဲ့ စာတန်ဟာ သင် အပါအဝင် ယေရှုရဲ့ နောက်လိုက်အားလုံး ယေဟောဝါကို မနာခံအောင် သွေးဆောင်ဖို့ ဆက်ကြိုးစားနေတယ်။ ယေဟောဝါရဲ့ အုပ်ချုပ်မှုနဲ့ပတ်သက်ပြီး ပေါ်လာတဲ့မေးခွန်းတွေကို ဖြေရှင်းဖို့ အခုထိ လိုအပ်နေဆဲပဲ။ ဒါကြောင့် ကျွန်တော်တို့ကို စာတန်သွေးဆောင်ဖို့ ယေဟောဝါ အခုထိ ခွင့်ပြုထားတာဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ အပြစ်လုပ်ဖို့ ယေဟောဝါ ဘယ်တော့မှ သွေးမဆောင်ဘူး။ အဲဒီအစား သူ့အပေါ် ကျွန်တော်တို့ သစ္စာတည်ကြည်မယ်ဆိုတာ ယေဟောဝါယုံပြီး ကူညီပေးချင်တယ်။ ကျွန်တော်တို့ရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကိုလည်း လေးစားတယ်။ ဒါကြောင့် မှန်ရာကိုလုပ်ဖို့ အတင်းဖိအားမပေးဘူး။ သွေးဆောင်မှုနောက် မပါသွားအောင်လည်း အလိုအလျောက် မကာကွယ်ပေးဘူး။ သွေးဆောင်မှုကို တွန်းလှန်ဖို့ ကျွန်တော်တို့ဘက်က လုပ်ရမယ့်အရာနှစ်ခုရှိတယ်– ယေဟောဝါနဲ့ နီးနီးကပ်ကပ်နေရမယ်၊ မခြားမလပ် ဆုတောင်းရမယ်။ က၁၅ ၆/၁၅ ၅:၁၃၊ ၁၄
အင်္ဂါနေ့၊ ဩဂုတ် ၁၅
ငါတို့၏အမှုတော်ဆောင်ခြင်းကို အပြစ်ရှာမတွေ့နိုင်စေရန် တိုက်မိ၍လဲစရာအကြောင်း တစ်စုံတစ်ခုကိုမျှ ငါတို့မပြု။—၂ ကော. ၆:၃။
ခရစ်ယာန်တွေဟာ ကိုယ့်ရဲ့စဉ်းစားပုံကို ပြောင်းလဲပြီး သိစိတ်ကို လေ့ကျင့်ရမယ်။ ဒါမှ ဘက်မလိုက်ဘဲ ကြားနေနိုင်မှာဖြစ်တယ်။ (ရော. ၁၄:၁၉) ဥပမာ၊ မာရီးတာဟာ အရင်က ယူဂိုစလားဗီးယားလို့ခေါ်တဲ့ နိုင်ငံမှာ မွေးဖွားလာတယ်။ အဲဒီနိုင်ငံသားတွေဟာ ဆားဗီးယားလူမျိုးတွေကို မုန်းကြတယ်။ ယေဟောဝါအကြောင်း မာရီးတာ သိလာတဲ့အခါ ကိုယ်တော်ဟာ ဘယ်လူမျိုးကိုမှ ပိုသာတယ်လို့ မယူမှတ်ဘူး၊ စာတန်ကတော့ လူတွေကို အချင်းချင်းမုန်းတီးစေချင်တယ်ဆိုတာ နားလည်လာတယ်။ ဒါကြောင့် သူ့သဘောထားကို ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ သူ့ဒေသမှာ လူမျိုးရေးစစ်ပွဲတွေ စတင်လာတဲ့အခါ ဆားဗီးယားလူမျိုးတွေကို အဆိုးမြင်လာပြန်တယ်။ သူတို့ကို မဟောချင်တော့တဲ့အထိ ဖြစ်လာတယ်။ အဲဒီလိုဖြစ်တာ မှားမှန်းသိတဲ့အတွက် အဲဒီသဘောထားကို ဖျောက်ဖျက်နိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းခဲ့တယ်။ “အမှုဆောင်လုပ်ငန်းမှာ အာရုံနှစ်မြှုပ်ထားတာက အကောင်းဆုံး အကူအညီပဲ။ အမှုဆောင်လုပ်ငန်းမှာ ယေဟောဝါရဲ့ မေတ္တာအရည်အသွေးကို ကြိုးစားတုပတဲ့အခါ အဆိုးမြင်သဘောထားတွေ တဖြည်းဖြည်း ပျောက်သွားတယ်” လို့ မာရီးတာ ပြောတယ်။ က၁၅ ၇/၁၅ ၃:၁၁-၁၃
ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၁၆
ထာဝရဘုရားသည် စုံလင်သော စေတနာစိတ်ရှိသောသူတို့ဘက်၌ ခိုင်ခံ့စွာနေခြင်းငှာ မြေကြီးတစ်ပြင်လုံးကို အနှံ့အပြား ကြည့်ရှုလျက်ရှိတော်မူ၏။—၆ ရာ. ၁၆:၉။
ယုဒဘုရင် ယောရှဖတ်ရဲ့ ကောင်းကွက်ကို ယေဟောဝါ မြင်ခဲ့တယ်။ ယောရှဖတ်ဟာ အစ္စရေးဘုရင် အာဟပ်ကို စစ်ကူဖို့ မိုက်မိုက်မဲမဲ ဆုံးဖြတ်ခဲ့တယ်။ မင်းဆိုးအာဟပ်ရဲ့ ပရောဖက် အတုအယောင် ၄၀၀ ဟာ စစ်နိုင်မယ်လို့ ပြောပေမဲ့ ယေဟောဝါရဲ့ပရောဖက် မိက္ခာကတော့ စစ်ရှုံးမယ်လို့ ကြိုဟောတယ်။ အဲဒီအတိုင်း ဖြစ်ခဲ့တယ်။ စစ်ပွဲမှာ အာဟပ်သေဆုံးပြီး ယောရှဖတ်ကတော့ သီသီလေး လွတ်မြောက်သွားတယ်။ ဂျေရုဆလင်ကို ပြန်ရောက်တဲ့အခါ ယောရှဖတ်ကို ဆုံးမဖို့ ယေဟုကို ယေဟောဝါစေလွှတ်ခဲ့တယ်။ ဒါပေမဲ့ ‘မင်းကြီးရဲ့ကောင်းကွက်တွေကို ဘုရားသခင် မြင်ပါတယ်’ လို့ ယေဟု ပြောခဲ့တယ်။ (၆ ရာ. ၁၈:၄၊ ၅၊ ၁၈-၂၂၊ ၃၃၊ ၃၄။ ၁၉:၁-၃၊ ကဘ) ဒါကြောင့် နောက်ပိုင်းမှာ ယောရှဖတ်ရဲ့ဆုံးဖြတ်ချက် မှားခဲ့ပေမဲ့ အစပိုင်းမှာလုပ်ထားတဲ့ ကောင်းမှုတွေကို ယေဟောဝါ မမေ့ခဲ့ဘူး။ (၆ ရာ. ၁၇:၃-၁၀) ဒီဖြစ်ရပ်ကနေ ကျွန်တော်တို့ အားယူနိုင်ပါတယ်။ မစုံလင်မှုကြောင့် အမှားတွေ လုပ်မိပေမဲ့ ယေဟောဝါရဲ့ နှစ်သက်မှုရဖို့ အတတ်နိုင်ဆုံး ကြိုးစားမယ်ဆိုရင် ကျွန်တော်တို့ကို ကိုယ်တော်ဆက်ချစ်နေပါလိမ့်မယ်။ ကျွန်တော်တို့ လုပ်ခဲ့တဲ့ ကောင်းမှုတွေကို ကိုယ်တော်မေ့မှာ မဟုတ်ဘူး။ က၁၅ ၈/၁၅ ၁:၈၊ ၉
ကြာသပတေးနေ့၊ ဩဂုတ် ၁၇
ကောင်းမှုပြု . . . ကြရန်လည်း မိန့်မှာလော့။ သို့ဖြင့် မှန်သောအသက်ကို ခိုင်မြဲစွာ ကိုင်စွဲထားနိုင်ကြမည်။—၁ တိ. ၆:၁၈၊ ၁၉။
ကမ္ဘာသစ်အသက်တာအတွက် အခုကတည်းက ဘယ်လို ပြင်ဆင်နိုင်သလဲ။ သင်ဟာ တခြားနိုင်ငံမှာ သွားနေဖို့ စီစဉ်ထားတယ်ဆိုပါစို့။ အဲဒီအတွက် ဘယ်လိုပြင်ဆင်မလဲ။ ဥပမာ၊ အဲဒီနိုင်ငံသုံးစကားနဲ့ ဓလေ့ထုံးစံတွေကို သင်ယူနိုင်တယ်။ အဲဒီနိုင်ငံရဲ့ အစားအစာတချို့ကို မြည်းစမ်းထားနိုင်တယ်။ အဲဒီလိုပဲ၊ ကျွန်တော်တို့ဟာ ကမ္ဘာသစ်မှာ ရောက်နေတဲ့ပုံစံမျိုး အတတ်နိုင်ဆုံး နေထိုင်ခြင်းအားဖြင့် ကမ္ဘာသစ်အသက်တာအတွက် အခုကတည်းက ပြင်ဆင်နိုင်တယ်။ ကိုယ်ကြိုက်သလို ထင်တိုင်းကြဲနိုင်တယ်လို့ လူတွေကို စာတန် ထင်စေချင်တယ်။ လူအများစုက ဘုရားကို နာခံဖို့မလိုဘူး၊ လွတ်လွတ်လပ်လပ်နေရဖို့ အရေးကြီးတယ်လို့ ယူဆကြတယ်။ ရလဒ်အနေနဲ့ ဆင်းရဲဒုက္ခနဲ့ ၀မ်းနည်းစရာအဖြစ်ဆိုးတွေ ကြုံရကြတယ်။ (ယေ. ၁၀:၂၃) ယေဟောဝါရဲ့ မေတ္တာပါအုပ်ချုပ်မှုကို လူသားတိုင်း နာခံလာမယ့် ကမ္ဘာသစ်မှာတော့ ဘဝအသက်တာတွေ သိပ်ကို တိုးတက်ကောင်းမွန်လာမှာပဲ။ က၁၅ ၈/၁၅ ၃:၄၊ ၅
သောကြာနေ့၊ ဩဂုတ် ၁၈
မယုံကြည်သောသူတို့နှင့်တွဲ၍ ဘက်မညီသည့် ထမ်းပိုးကို မထမ်းကြနှင့်။— ၂ ကော. ၆:၁၄။
အိမ်ထောင်ပြုချင်တဲ့ ခရစ်ယာန်တွေဟာ အိမ်ထောင်ဖက်ကို အထူးသတိထားရွေးချယ်ဖို့ လိုအပ်တယ်။ “သခင်၌ရှိသောသူကိုသာ” လက်ထပ်ဖို့ ကျမ်းစာပြောတယ်။ ဆိုလိုတာက ဆက်ကပ်အပ်နှံနှစ်ခြင်းခံပြီးသူ၊ ယေဟောဝါရဲ့ စံနှုန်းတွေအတိုင်း အသက်ရှင်နေထိုင်သူကိုသာ လက်ထပ်ဖို့ဖြစ်တယ်။ (၁ ကော. ၇:၃၉) ယေဟောဝါကို ချစ်တဲ့သူကိုသာ သင် လက်ထပ်မယ်ဆိုရင် ကိုယ်တော့်အပေါ် ဆက်သစ္စာရှိနေဖို့ ကူညီပေးမယ့် လက်တွဲဖော်ကို ရရှိပါလိမ့်မယ်။ ယေဟောဝါဟာ ကျွန်တော်တို့အတွက် အကောင်းဆုံးဖြစ်မယ့်အရာကို သိတယ်။ “သခင်၌ရှိသောသူကိုသာ” လက်ထပ်ပါဆိုတဲ့ မိန့်မှာချက်ဟာ အသစ်အဆန်း မဟုတ်ပါဘူး။ ဥပမာ၊ ယေဟောဝါကို ဝတ်မပြုသူတွေနဲ့ ပတ်သက်ပြီး အစ္စရေးတွေကို မောရှေကတစ်ဆင့် အခုလိုမိန့်မှာတယ်– ‘သူတို့နဲ့ ထိမ်းမြားပေးစားတာမျိုး မလုပ်နဲ့။ . . . ဘုရားသခင်ကို စွန့်ပစ်ပြီး တခြားဘုရားတွေကို ဝတ်ပြုအောင် ခင်ဗျားတို့ရဲ့ သားသမီးတွေကို သူတို့သွေးဆောင်လိမ့်မယ်။’—တရား. ၇:၃၊ ၄၊ ကဘ။ က၁၅ ၈/၁၅ ၄:၁၂၊ ၁၃
စနေနေ့၊ ဩဂုတ် ၁၉
အပြစ်တင်ခွင့်နှင့်ကင်းလျက် သူတစ်ပါးကို တိုက်မိ၍လဲစရာမဖြစ်စေမည်အကြောင်း သာ၍အရေးကြီးသောအရာများကို သေချာစွာ သိစေရန် ဆုတောင်းပေးပါ၏။—ဖိ. ၁:၁၀။
သိစိတ်ကို ဘယ်လိုလေ့ကျင့်ပေးနိုင်သလဲ။ ပုံမှန် ကျမ်းစာလေ့လာ၊ တွေးတောဆင်ခြင်၊ ဆုတောင်းပြီး သိရှိလာတာတွေကို လက်တွေ့ကျင့်သုံးဖို့ လိုအပ်တယ်။ ဒါကြောင့် အချက်အလက်တွေ၊ စည်းမျဉ်းမူတွေကို သိရုံထက်မက လိုအပ်တာ ထင်ရှားတယ်။ ကျမ်းစာလေ့လာတဲ့အခါ ယေဟောဝါအကြောင်း ပိုသိလာတယ်။ ကိုယ်တော် ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်တယ်၊ ဘာတွေကို နှစ်သက်တယ်၊ ဘာတွေကို မနှစ်သက်ဘူးဆိုတာ သိလာတယ်။ ယေဟောဝါအကြောင်း ပိုသိလာလေ ကျွန်တော်တို့ရဲ့ ကိုယ်ကိုယ်ကိုယ်သိစိတ်က အမှားအမှန်နဲ့ပတ်သက်တဲ့ ကိုယ်တော့်အမြင်ကို ချက်ချင်း သိရှိလာလေပဲ။ ဒါကြောင့် သိစိတ်ကို လေ့ကျင့်ပေးတာနဲ့အမျှ ယေဟောဝါ စဉ်းစားသလို ပိုစဉ်းစားလာနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ညီအစ်ကိုညီအစ်မတစ်ယောက်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာဆုံးဖြတ်ချက်ကို ကျွန်တော်တို့ နားမလည်နိုင်တာမျိုး ဖြစ်နိုင်တယ်။ အဲဒီလိုအခြေအနေမျိုးမှာ ချက်ချင်း ဝေဖန်အကဲဖြတ်လိုက်တာမျိုး၊ သူ့စိတ်ပြောင်းအောင် ဖိအားပေးတာမျိုး မလုပ်သင့်ဘူး။ သူ့ရဲ့ ကိုယ်ကိုယ်ကိုယ် သိစိတ်ကို ပိုလေ့ကျင့်ပေးဖို့ လိုအပ်နေတာ၊ သူ့ရဲ့သိစိတ် အကဲဆတ်လွန်းနေတာ ဖြစ်နိုင်တယ်။—၁ ကော. ၈:၁၁၊ ၁၂။ က၁၅ ၉/၁၅ ၂:၄၊ ၈၊ ၁၀
တနင်္ဂနွေနေ့၊ ဩဂုတ် ၂၀
မြေကြီးကိုကား လူသားတို့အား ပေးတော်မူပြီ။ —ဆာ. ၁၁၅:၁၆။
ယေဟောဝါဟာ ကမ္ဘာကို လူသားတွေ အသက်ရှင်နေနိုင်ရုံလောက်သာ မဟုတ်ဘဲ လှပပြီး ပြည့်စုံလုံခြုံတဲ့နေရာအဖြစ်ပါ ဖန်တီးပေးထားတယ်။ (ဟေရှာ. ၄၅:၁၈) ဖခင်ယေဟောဝါ ပေးထားတဲ့ ကမ္ဘာ့စံအိမ်အကြောင်း စဉ်းစားလိုက်တဲ့အခါ ကျွန်တော်တို့ကို ကိုယ်တော် ဘယ်လောက်ချစ်မှန်း ခံစားနားလည်ရတယ်။ (ယောဘ ၃၈:၄၊ ၇။ ဆာ. ၈:၃-၅) ကျွန်တော်တို့ကို ချစ်ကြောင်း ယေဟောဝါ ဖော်ပြတဲ့ နောက်တစ်နည်းကတော့ ကိုယ်တော့်ကိုတုပနိုင်တဲ့ အရည်အသွေးတွေ ထည့်သွင်းဖန်ဆင်းထားခြင်းပဲ။ (က. ၁:၂၇) ဒါကြောင့်လည်း ကိုယ်တော့်မေတ္တာကို ခံစားသိရှိနိုင်ပြီး ကိုယ်တော့်ကို ချစ်ကြောင်း ပြန်ဖော်ပြနိုင်တယ်။ အဲဒီလိုလုပ်ခြင်းကနေ ကျွန်တော်တို့ စစ်မှန်တဲ့ပျော်ရွှင်မှု ရရှိမယ်ဆိုတာ ယေဟောဝါသိတယ်။ မိဘမေတ္တာခံစားရတဲ့ ကလေးတွေဟာ သိပ်ပျော်ရွှင်ကြတယ်။ ကျွန်တော်တို့လည်း ဖခင်ယေဟောဝါနဲ့ ရင်းရင်းနှီးနှီးရှိရင် ပျော်ရွှင်မယ်လို့ ယေရှုသင်ပေးတယ်။ (မ. ၅:၃) ကျွန်တော်တို့ “ပျော်မွေ့နိုင်ရန် အရာခပ်သိမ်း” ကို ယေဟောဝါ ပေးထားတယ်။ ကိုယ်တော်ဟာ သိပ်ရက်ရောပြီး ကျွန်တော်တို့ကို သိပ်ချစ်တာ ထင်ရှားတယ်။—၁ တိ. ၆:၁၇။ ဆာ. ၁၄၅:၁၆။ က၁၅ ၉/၁၅ ၄:၆၊ ၇
တနင်္လာနေ့၊ ဩဂုတ် ၂၁
လူထင်သည်အတိုင်း မှန်သောလက္ခဏာ ရှိသော်လည်း အဆုံး၌ သေခြင်းသို့ပို့သော လမ်းတစ်မျိုးရှိ၏။ —သု. ၁၄:၁၂။
ယေဟောဝါကို နှစ်နှစ်ကာကာချစ်ပြီး အားကိုးတဲ့ ဆာလံဆရာ အခုလိုရေးတယ်– ‘ဘုရားသခင်ကို မဟာကယ်တင်ရှင်အဖြစ် ငါချီးမွမ်းရဦးမယ်။ ဒါကြောင့် ဘုရားသခင်ကို စောင့်ဆိုင်းပါ။ အို ဘုရားသခင်၊ ကျွန်တော် စိတ်ပျက်နေပါတယ်။ ဒါကြောင့် ကိုယ်တော့်ကို မျှော်မှန်းတမ်းတနေမိတယ်။’ (ဆာ. ၄၂:၅၊ ၆၊ ကဘ) သင်လည်း ယေဟောဝါနဲ့ပတ်သက်ပြီး အဲဒီလိုခံစားရသလား။ ကိုယ်တော်နဲ့ ရင်းရင်းနှီးနှီးရှိသလား။ ယုံကြည်ကိုးစားသလား။ ယေဟောဝါကို သင် ပိုယုံကြည်ကိုးစားတတ်အောင် သင်ယူဖို့ လိုကောင်းလိုနေနိုင်တယ်။ ‘ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ယေဟောဝါကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်’ လို့ ကျမ်းစာပြောတယ်။ (သု. ၃:၅၊ ၆) ယေဟောဝါဟာ ကျွန်တော်တို့ကို အရင်ချစ်ပြခြင်းအားဖြင့် ချစ်တတ်လာအောင် သင်ပေးတယ်။ (၁ ယော. ၄:၁၉) ကိုယ်တော့်မေတ္တာပုံသက်သေကို အမြဲမှတ်ထားကြပါစို့။ အဲဒီအပြင် ကိုယ်တော့်ကို စိတ်စွမ်း၊ ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ ခွန်အားရှိသမျှနဲ့ ချစ်တယ်ဆိုတာ ဆက်ဖော်ပြကြပါစို့။—မာ. ၁၂:၃၀။ က၁၅ ၉/၁၅ ၅:၁၇-၁၉
အင်္ဂါနေ့၊ ဩဂုတ် ၂၂
ငါနှင့်ငါ့အိမ်သားဖြစ်လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်။—ယောရှု ၂၄:၁၅။
တခြားသူတွေကို ဟောပြောသွန်သင်ခြင်းအားဖြင့် ယုံကြည်ခြင်း ခိုင်မာအောင် တည်ဆောက်နိုင်တယ်။ အစောပိုင်းခရစ်ယာန်တွေလိုပဲ ကျွန်တော်တို့လည်း ယေဟောဝါကို ယုံကြည်ကိုးစားဖို့၊ ဘယ်အခြေအနေမှာမဆို ရဲရင့်စွာ ဟောပြောဖို့ သင်ယူထားကြတယ်။ (တ. ၄:၁၇-၂၀။ ၁၃:၄၆) ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လိုကူညီပေးမှန်း၊ ဆုတောင်းချက်တွေကို ဘယ်လိုအဖြေပေးမှန်း သိရှိခံစားရတဲ့အခါ ယုံကြည်ခြင်း တိုးများလာတယ်။ ကာလက်နဲ့ ယောရှု အဲဒီလိုဖြစ်ခဲ့တယ်။ ကတိထားရာပြည်ကို စုံစမ်းထောက်လှမ်းတဲ့အချိန်မှာ ယေဟောဝါကို ယုံကြည်ကြောင်း သူတို့ တင်ပြခဲ့တယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ယေဟောဝါ ကူညီပေးပုံကို မြင်တွေ့ရတဲ့အခါတိုင်း သူတို့ရဲ့ယုံကြည်ခြင်း ပိုခိုင်မာလာတယ်။ ယောရှုက အစ္စရေးတွေကို ‘သင်တို့၏ဘုရားသခင် ယေဟောဝါသည် သင်တို့အဖို့ မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှ မယုတ်မလျော့၊ အကုန်အစင် ပြည့်စုံ’ ခဲ့တယ်လို့ ယုံကြည်စိတ်ချမှု အပြည့်နဲ့ ပြောနိုင်ခဲ့တယ်။ နောက်ပိုင်းမှာလည်း ‘ယေဟောဝါကို ကြောက်ရွံ့၍ ကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်းနှင့်တကွ ဝတ်ပြုကြလော့’ လို့ ပြောခဲ့တယ်။ (ယောရှု ၂၃:၁၄။ ၂၄:၁၄) ကျွန်တော်တို့လည်း ယေဟောဝါကို ယုံကြည်ကိုးစားပြီး ကိုယ်တော့်အကူအညီကို သတ်သတ်မှတ်မှတ် ခံစားရတဲ့အခါ ယုံကြည်ခြင်း ခိုင်မာလာပါလိမ့်မယ်။—ဆာ. ၃၄:၈။ က၁၅ ၁၀/၁၅ ၂:၁၀၊ ၁၁
ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၂၃
[ဧဇရ] ဟာ စိတ်ကို ပြင်ဆင်ထားတယ်။ —ဧဇ. ၇:၁၀၊ ကဘ။
လူထုဟောပြောချက်တွေ၊ စည်းဝေးပွဲတွေ၊ ခရိုင်စည်းဝေးတွေမှာ သင်မှတ်စုယူတယ်ဆိုရင် အဲဒါတွေကို ပြန်သုံးသပ်ဖို့ အချိန်ယူပါ။ ‘ကျမ်းစာနဲ့ အဖွဲ့အစည်းကနေ ငါ ဘာတွေသိရှိလာသလဲ’ လို့ ကိုယ့်ကိုယ်ကိုယ်မေးပါ။ ကင်းမျှော်စင်နဲ့ နိုးလော့! လထုတ်တိုင်းမှာပါတဲ့ အကြောင်းအရာတွေ၊ ခရိုင်စည်းဝေး နောက်ဆုံးထုတ်စာပေတွေထဲက အကြောင်းအရာတွေကိုလည်း တွေးတောဆင်ခြင်နိုင်တယ်။ နှစ်ချုပ်စာအုပ်ထဲက တွေ့ကြုံမှုတစ်ခုဖတ်ပြီးနောက် ခဏရပ်ပြီး စဉ်းစားပါ။ ရင်ထဲထိအောင် တွေးတောပါ။ အဖွဲ့အစည်းထုတ် စာပေတွေကို ဖတ်ရှုတဲ့အခါ အဓိကအချက်တွေကို မျဉ်းသားနိုင်တယ်၊ ဘေးကွက်လပ်မှာ မှတ်ချက်ရေးနိုင်တယ်။ အဲဒီလိုလုပ်ဆောင်ခြင်းက ပြန်လည်ပတ်မှု၊ သိုးထိန်းလည်ပတ်မှု ဒါမှမဟုတ် ဟောပြောချက်အတွက် ပြင်ဆင်တဲ့အခါ သင့်ကို အထောက်အကူပြုပါလိမ့်မယ်။ အရေးကြီးဆုံးကတော့ ခဏရပ်ပြီး တွေးတောဆင်ခြင်ခြင်းက ဖတ်ရှုတဲ့အရာတွေ ရင်ထဲရောက်ဖို့၊ သိရှိလာတာတွေအတွက် ယေဟောဝါကို ဆုတောင်းကျေးဇူးတင်ဖို့ အချိန်ရရှိစေပါလိမ့်မယ်။ က၁၅ ၁၀/၁၅ ၄:၉၊ ၁၀
ကြာသပတေးနေ့၊ ဩဂုတ် ၂၄
ယေရှုသည်လည်း ကာယဉာဏ ကြီးထွားတိုးတက်လျက် ဘုရားသခင့်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာပွင့်လန်းတော်မူ၏။—လု. ၂:၅၂။
မိဘတွေ အပျော်ရွှင်ရဆုံးအချိန်တစ်ချိန်ကတော့ သားသမီးတွေ နှစ်ခြင်းခံတဲ့အချိန်ပဲ။ ညီအစ်မဘယ်ရာနီစီရဲ့ သားသမီးလေးယောက်စလုံး အသက် ၁၄ နှစ်မပြည့်ခင်မှာ နှစ်ခြင်းခံခဲ့ကြတယ်။ သူအခုလိုပြောတယ်– “ကျွန်မတို့အတွက်တော့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချိန်ပါပဲ။ သားသမီးတွေ ယေဟောဝါကို ဝတ်ပြုချင်တဲ့အတွက် ကျေးဇူးတင်လိုက်တာ။ ဒါပေမဲ့ ဆယ်ကျော်သက်ဘဝမှာ သူတို့ အခက်အခဲအများကြီး ရင်ဆိုင်ရမယ်ဆိုတာ ကျွန်မတို့သိတယ်။” ကလေးစိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ယောက်က အခုလိုပြောတယ်– “ဆယ်ကျော်သက်အရွယ်ဟာ ‘စိတ်ရူးပေါက်တဲ့အရွယ်’ ဒါမှမဟုတ် ‘မရင့်ကျက်တဲ့အရွယ်’ မဟုတ်ပါဘူး။ အဲဒီအစား၊ စိတ်ခံစားမှု ပြင်းထန်တဲ့အရွယ်၊ အပေါင်းအသင်း ခုံမင်တဲ့အရွယ်၊ တီထွင်ဖန်တီးမှုဉာဏ် ပွင့်လန်းတဲ့အရွယ် ဖြစ်တယ်။” ဒါကြောင့် သင့်သားသမီးတွေဟာ ဆယ်ကျော်သက်အရွယ်မှာ ယေရှုလိုပဲ ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိလာနိုင်တယ်။ က၁၅ ၁၁/၁၅ ၂:၁၊ ၂
သောကြာနေ့၊ ဩဂုတ် ၂၅
နိုင်ငံတော် လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ။—မ. ၆:၁၀။
ဘုရားသခင့် မေတ္တာလုပ်ရပ် နောက်တစ်ခုကတော့ မေရှိယနိုင်ငံတော် ဖြစ်တယ်။ လူသားတွေကို ချစ်ပြီး အုပ်ချုပ်ဖို့ အရည်အချင်းပြည့်ဝတဲ့ ယေရှုခရစ်ကို ဘုရင်အဖြစ် ယေဟောဝါ ခန့်အပ်ထားတယ်။ (သု. ၈:၃၁) အဲဒီအပြင် လူသားတွေထဲက ရွေးကောက်ထားတဲ့ ၁၄၄,၀၀၀ လည်း ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်ချုပ်ပါလိမ့်မယ်။ ကောင်းကင်ကို သူတို့ ထမြောက်တဲ့အခါ သူတို့ရဲ့ လူ့ဘဝအတွေ့အကြုံကို လူသားတွေရဲ့အကျိုးအတွက် အသုံးပြုပါလိမ့်မယ်။ (ဗျာ. ၁၄:၁) ယေရှုမြေကြီးပေါ်ရှိတုန်းက နိုင်ငံတော်အကြောင်း အဓိကဟောပြောပြီး အဲဒီအတွက် ဆုတောင်းဖို့ တပည့်တွေကို သင်ပေးခဲ့တယ်။ ၁၉၁၄ ကစပြီး ကောင်းကင်မှာ ဘုရားသခင့်နိုင်ငံတော် စိုးစံနေပြီဆိုတာ ကျမ်းစာပရောဖက်ပြုချက်တွေက ဖော်ပြတယ်။ ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်ချုပ်မယ့် နောက်ဆုံးအဖွဲ့ဝင်တွေနဲ့ ဒီစနစ်ရဲ့အဆုံးကို လွတ်မြောက်ပြီး ကမ္ဘာသစ်ထဲဝင်မယ့် “လူအုပ်ကြီး” ကို အဲဒီအချိန်ကစပြီး စုသိမ်းနေတယ်။—ဗျာ. ၇:၉၊ ၁၃၊ ၁၄။ က၁၅ ၁၁/၁၅ ၃:၁၆၊ ၁၈
စနေနေ့၊ ဩဂုတ် ၂၆
ငါပြောမယ်။ နားထောင်ပါ။—ယောဘ ၄၂:၄၊ ကဘ။
တမန်တော်ယောဟန်က ယေဟောဝါ ဦးဆုံးဖန်ဆင်းခဲ့သူကို “နှုတ်ကပါဌ်တော်” လို့ခေါ်ထားတယ်။ (ယော. ၁:၁။ ဗျာ. ၃:၁၄) ယေဟောဝါဟာ အဲဒီနှုတ်ကပါဌ်တော် ယေရှုနဲ့ ပြောဆိုဆက်သွယ်ပြီး မိမိရဲ့အတွေးနဲ့ ခံစားချက်တွေကို ထုတ်ပြောတယ်။ (ယော. ၁:၁၄၊ ၁၇။ ကော. ၁:၁၅) ကောင်းကင်တမန်တွေမှာလည်း လူ့ဘာသာစကားနဲ့ကွာခြားတဲ့ ဘာသာစကားရှိတယ်လို့ တမန်တော်ပေါလုပြောတယ်။ (၁ ကော. ၁၃:၁) ယေဟောဝါဟာ မိမိဖန်ဆင်းထားတဲ့ ကောင်းကင်တမန်နဲ့ လူသန်းပေါင်းများစွာအကြောင်း အားလုံးသိတယ်။ လူသန်းပေါင်းများစွာရဲ့ ဆုတောင်းချက်တွေကို တစ်ပြိုင်တည်းနားထောင်နိုင်တယ်။ ဘယ်ဘာသာစကားနဲ့ ဆုတောင်းပါစေ ဘုရားသခင် နားလည်နိုင်တယ်။ ယေဟောဝါဟာ အဲဒီဆုတောင်းချက်တွေကို နားထောင်ရင်း ကောင်းကင်တမန်တွေကိုလည်း ပြောဆိုဆက်သွယ်၊ ညွှန်ကြားတယ်။ အဲဒါအားလုံးကို လုပ်ဆောင်နိုင်ဖို့ဆိုရင် ကိုယ်တော့်အတွေးနဲ့ ဘာသာစကားဟာ လူ့အတွေးနဲ့ ဘာသာစကားတွေထက် သာလွန်မြင့်မြတ်မှာသေချာတယ်။ (ဟေရှာ. ၅၅:၈၊ ၉) ဒါကြောင့် ဘုရားသခင်ဟာ လူသားတွေနားလည်နိုင်အောင် ရိုးရိုးရှင်းရှင်း ပြောဆိုဆက်သွယ်တယ်။ က၁၅ ၁၂/၁၅ ၁:၁၊ ၂
တနင်္ဂနွေနေ့၊ ဩဂုတ် ၂၇
ပင်လယ်ရေသည် မိမိနေရာကို လွှမ်းမိုးသကဲ့သို့ မြေကြီးသည် ထာဝရဘုရားကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။—ဟေရှာ. ၁၁:၉။
နိုင်ငံများစွာမှာ ကျမ်းစာဟာ သိပ်စျေးကြီးပြီး ရဖို့ခက်တယ်။ ဒါကြောင့် ကျမ်းစာတစ်အုပ်ရရှိတာ တကယ့်ကောင်းချီးပဲ။ ရဝမ်ဒါနိုင်ငံက စာတစ်စောင်မှာ ဒီလိုဖော်ပြထားတယ်– “ကျမ်းစာသင်သားတွေမှာ ကျမ်းစာမရှိလို့ အများစုက မတိုးတက်ဘူး။ အဲဒီလိုဖြစ်နေတာ တော်တော်ကြာပြီ။ ဒေသခံချာ့ချ်ထုတ်ဝေတဲ့ ကျမ်းစာကို ဝယ်ဖို့လည်း ငွေကြေးမတတ်နိုင်ကြဘူး။ အဲဒီအပြင် တချို့ကျမ်းချက်တွေကလည်း နားလည်ရခက်တယ်။ ဒါကြောင့် တိုးတက်မှုနှေးကွေးတယ်။” ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ဒေသခံဘာသာစကားနဲ့ ရရှိချိန်မှာတော့ အခြေအနေတွေ ပြောင်းလဲသွားတယ်။ ဆယ်ကျော်သက်သားသမီး လေးယောက်ရှိတဲ့ ရဝမ်ဒါမိသားစုတစ်စု အခုလိုပြောတယ်– “ဒီကျမ်းစာပြင်ဆင်ပေးလို့ ယေဟောဝါနဲ့ သစ္စာရှိကျွန်ကို တအားကျေးဇူးတင်တယ်။ ကျွန်တော်တို့ သိပ်ဆင်းရဲပြီး မိသားစုဝင်တိုင်းအတွက် ကျမ်းစာမဝယ်နိုင်ဘူး။ အခုတော့ ယောက်တိုင်း ကိုယ်ပိုင်ကျမ်းစာ ပိုင်ဆိုင်နိုင်ပြီ။ ယေဟောဝါကို ကျေးဇူးတင်ကြောင်းဖော်ပြဖို့ ကျွန်တော်တို့ မိသားစုလိုက် နေ့တိုင်း ကျမ်းစာဖတ်နေတယ်။” က၁၅ ၁၂/၁၅ ၂:၁၅၊ ၁၆
တနင်္လာနေ့၊ ဩဂုတ် ၂၈
အိုထာဝရဘုရား အကျွန်ုပ်ကို သနားတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်ကို ပြစ်မှားမိသည်ဖြစ်၍ အကျွန်ုပ် . . . ၏အနာကို ပျောက်စေတော်မူပါ။ —ဆာ. ၄၁:၄။
ဒါဝိဒ်က သူ အသည်းအသန်ဖျားနာပြီး အားလျော့နေချိန်အကြောင်း ရေးသားခဲ့တယ်။ အဲဒီအချိန်မှာ သားတော်အဗရှလုံ နန်းလုခဲ့တာ ဖြစ်နိုင်တယ်။ ဒါဝိဒ်ခမျာ အသည်းအသန် ဖျားနာနေလို့ အဗရှလုံကို မတားဆီးနိုင်ခဲ့ဘူး။ ဒီလိုအိမ်တွင်းရေး ပြဿနာတွေဟာ ဗာသရှေဘနဲ့ ကျူးလွန်ခဲ့တဲ့အပြစ်ကြောင့်ပဲဆိုတာ ဒါဝိဒ်သိတယ်။ (၂ ရာ. ၁၂:၇-၁၄) သူ့အပြစ်ကို ယေဟောဝါ ခွင့်လွှတ်မှန်း ဒါဝိဒ် သိတယ်။ သူ ဖျားနာနေချိန်မှာ ဖေးမကူညီမယ်ဆိုတာလည်း စိတ်ချတယ်။ ဒါဝိဒ်ဟာ ဘုရားသခင်ဆီက အံ့ဖွယ်ကုသမှုကို မျှော်လင့်နေတာ မဟုတ်ပါဘူး။ ‘နိမ့်ကျသူကိုစာနာမှုပြသူ’ ကို ဘုရားသခင် ကူညီပေးမယ့်နည်းအတိုင်း သူ့ကိုလည်း ကူညီပေးဖို့ မျှော်လင့်နေတာ ဖြစ်တယ်။ ဒါဝိဒ်ဟာ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိတယ်။ ဒါကြောင့်လည်း သူဖျားနာချိန်မှာ သူ့ကို နှစ်သိမ့်ပေးဖို့၊ ဂရုစိုက် စောင့်ရှောက်ပေးဖို့ တောင်းဆိုနိုင်ခဲ့တာဖြစ်တယ်။ (ဆာ. ၄၁:၃) ခန္ဓာကိုယ်ရဲ့ ပြုပြင်နိုင်စွမ်းကြောင့် ပြန်ကျန်းမာလာနိုင်ပါစေလို့လည်း ဒါဝိဒ် ဆုတောင်းခဲ့တယ်။ (ဆာ. ၁၀၃:၃) ကျွန်တော်တို့လည်း အဲဒီလို ဆုတောင်းနိုင်ပါတယ်။ က၁၅ ၁၂/၁၅ ၄:၈၊ ၉
အင်္ဂါနေ့၊ ဩဂုတ် ၂၉
သားများအဖြစ် မွေးစားခြင်းကို ခံရစေ၍ “အဗ္ဗ၊ အဖ” ဟုခေါ်စေ၏။—ရော. ၈:၁၅။
ဘုရားသခင့်ဖိတ်ခေါ်မှု ရရှိထားသူကို ဘိသိက်ခံဖြစ်မှန်း တခြားတစ်ယောက်က လာပြောနေဖို့ မလိုဘူး။ သူ့ရဲ့စိတ်ထဲမှာ သေချာပေါက်သိရှိစေဖို့ ယေဟောဝါ လုပ်ဆောင်ပေးထားတယ်။ “သင်တို့သည် သန့်ရှင်းတော်မူသောအရှင်၏ ဘိသိက်ပေးခြင်းကို ခံရကြပြီ။ သင်တို့အားလုံး၌ အသိပညာရှိ၏” လို့ ဘိသိက်ခံခရစ်ယာန်တွေကို တမန်တော်ယောဟန် ပြောတယ်။ သူအခုလို ဆက်ပြောတယ်– “ကိုယ်တော်၏ ဘိသိက်ပေးခြင်းသည် သင်တို့၌ ရှိမည်ဆိုလျှင် သင်တို့ကို မည်သူမျှ သွန်သင်ပေးနေရန် မလို။ ဘိသိက်ပေးခြင်းသည် သင်တို့ကို အရာရာသွန်သင်ပေးနေ၏။ ထိုဘိသိက်ပေးခြင်းသည် မှန်ကန်၍ မုသာနှင့် ကင်းလွတ်၏။ သင်တို့သည် သွန်သင်ခံရသည့်အတိုင်း ကိုယ်တော်နှင့် တစ်လုံးတစ်ဝတည်း ရှိနေကြလော့။” (၁ ယော. ၂:၂၀၊ ၂၇) ဘိသိက်ခံတွေဟာ တခြားခရစ်ယာန်တွေလိုပဲ ယေဟောဝါရဲ့ သွန်သင်မှုကို လိုအပ်တယ်။ ဒါပေမဲ့ သူတို့ ဘိသိက်ခံဖြစ်မှန်း တခြားတစ်ယောက်က အတည်ပြုပေးဖို့ မလိုဘူး။ ယေဟောဝါဟာ သူတို့ ဘိသိက်ခံဖြစ်မှန်း တန်ခိုးအကြီးဆုံး စွမ်းအားဖြစ်တဲ့ သန့်ရှင်းသော စွမ်းအားတော်အားဖြင့် သေချာပေါက် သိရှိစေတယ်။ က၁၆.၀၁ ၃:၉၊ ၁၀
ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၃၀
ရှိသမျှနှင့် ရောင့်ရဲလော့။—ဟေဗြဲ ၁၃:၅။
ယေဟောဝါကို ယုံကြည်ကိုးစားခြင်းက ရှိတာလေးနဲ့ ရောင့်ရဲနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ဒါက ညီရင်းအစ်ကိုမေတ္တာ တင်ပြဖို့ ဘယ်လို ကူညီပေးသလဲ။ ရောင့်ရဲနေမယ်ဆိုရင် ငွေထက်၊ ပစ္စည်းဥစ္စာတွေထက် ညီအစ်ကိုညီအစ်မတွေက များစွာပိုအရေးကြီးမှန်း ကျွန်တော်တို့ သတိရပါလိမ့်မယ်။ (၁ တိ. ၆:၆-၈) ရောင့်ရဲသူဟာ ညီအစ်ကိုညီအစ်မတွေကိုဖြစ်စေ၊ ကိုယ့်ဘဝအခြေအနေကိုဖြစ်စေ မညည်းညူဘူး။ မနာလိုစိတ်၊ လောဘစိတ်မရှိဘူး။ အဲဒီအစား ရက်ရောတယ်။ (၁ တိ. ၆:၁၇-၁၉) ယေဟောဝါကို ယုံကြည်ကိုးစားခြင်းကလည်း ဘယ်အခက်အခဲကိုမဆို သတ္တိရှိရှိ ခံရပ်စေနိုင်တယ်။ (ဟေဗြဲ ၁၃:၆) ရဲစွမ်းသတ္တိရှိခြင်းက အပြုသဘောထား ရှိစေနိုင်တယ်။ အပြုသဘောထားရှိမယ်ဆိုရင် ညီအစ်ကိုညီအစ်မတွေကို အားပေးနှစ်သိမ့်ခြင်းအားဖြင့် ညီရင်းအစ်ကိုမေတ္တာ တင်ပြနိုင်ပါလိမ့်မယ်။ (၁ သက်. ၅:၁၄၊ ၁၅) ကယ်တင်ခံရမယ့်အချိန် နီးပြီဆိုတာ သိထားလို့ ကြီးစွာသောဒုက္ခအတွင်းမှာတောင် ရဲစွမ်းသတ္တိ ရှိနိုင်ပါတယ်။—လု. ၂၁:၂၅-၂၈။ က၁၆.၀၁ ၁:၁၆၊ ၁၇
ကြာသပတေးနေ့၊ ဩဂုတ် ၃၁
ယေဟောဝါဘုရားသည် မိမိ၏လူတို့ကို သိကျွမ်းတော်မူ၏။—၂ တိ. ၂:၁၉။
မကြာသေးခင်နှစ်တွေကစပြီး နှစ်တိုင်း ခရစ်တော်ရဲ့သေခြင်းအောက်မေ့ရာပွဲမှာ စားသုံးသူ အရေအတွက်မြင့်တက်လာတယ်။ အဲဒါကို စိုးရိမ်သင့်သလား။ မစိုးရိမ်သင့်ပါဘူး။ အကြောင်းရင်းတချို့ကို သုံးသပ်ကြည့်ကြစို့။ အောက်မေ့ရာပွဲမှာ မုန့်နဲ့စပျစ်ဝိုင် သုံးဆောင်သူတွေကို ရေတွက်တဲ့ ညီအစ်ကိုတွေက ဘိသိက်ခံအစစ်အမှန် ဘယ်သူလဲဆိုတာ ခွဲခြားမသိနိုင်ဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဘိသိက်ခံလို့ ထင်ပေမဲ့ တကယ်မဟုတ်တဲ့သူတွေလည်း အဲဒီအရေအတွက်ထဲမှာ ပါဝင်တယ်။ ဥပမာ၊ မုန့်နဲ့စပျစ်ဝိုင် သုံးဆောင်ခဲ့သူတချို့ဟာ နောက်ပိုင်းမှာ မသုံးဆောင်ကြတော့ဘူး။ တချို့ကျတော့လည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ဘိသိက်ခံလို့ ယူမှတ်နေတာဖြစ်နိုင်တယ်။ ဒါကြောင့် မြေကြီးပေါ်မှာ ဘိသိက်ခံ ဘယ်နှစ်ယောက် ကျန်နေမှန်း အတိအကျ မသိနိုင်တာ ထင်ရှားတယ်။ ကြီးစွာသောဒုက္ခ စတင်ချိန်မှာ သူတို့ထဲက ဘယ်နှစ်ယောက် ကျန်ကြွင်းနေမယ်လို့ မဖော်ပြထားဘူး။ က၁၆.၀၁ ၄:၁၂-၁၄