ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • es18 စာ. ၁၁၈-၁၂၈
  • ဒီဇင်ဘာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဒီဇင်ဘာ
  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • စနေနေ့၊ ဒီဇင်ဘာ ၁
  • တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၂
  • တနင်္လာနေ့၊ ဒီဇင်ဘာ ၃
  • အင်္ဂါနေ့၊ ဒီဇင်ဘာ ၄
  • ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၅
  • ကြာသပတေးနေ့၊ ဒီဇင်ဘာ ၆
  • သောကြာနေ့၊ ဒီဇင်ဘာ ၇
  • စနေနေ့၊ ဒီဇင်ဘာ ၈
  • တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၉
  • တနင်္လာနေ့၊ ဒီဇင်ဘာ ၁၀
  • အင်္ဂါနေ့၊ ဒီဇင်ဘာ ၁၁
  • ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၁၂
  • ကြာသပတေးနေ့၊ ဒီဇင်ဘာ ၁၃
  • သောကြာနေ့၊ ဒီဇင်ဘာ ၁၄
  • စနေနေ့၊ ဒီဇင်ဘာ ၁၅
  • တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၁၆
  • တနင်္လာနေ့၊ ဒီဇင်ဘာ ၁၇
  • အင်္ဂါနေ့၊ ဒီဇင်ဘာ ၁၈
  • ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၁၉
  • ကြာသပတေးနေ့၊ ဒီဇင်ဘာ ၂၀
  • သောကြာနေ့၊ ဒီဇင်ဘာ ၂၁
  • စနေနေ့၊ ဒီဇင်ဘာ ၂၂
  • တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၂၃
  • တနင်္လာနေ့၊ ဒီဇင်ဘာ ၂၄
  • အင်္ဂါနေ့၊ ဒီဇင်ဘာ ၂၅
  • ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၂၆
  • ကြာသပတေးနေ့၊ ဒီဇင်ဘာ ၂၇
  • သောကြာနေ့၊ ဒီဇင်ဘာ ၂၈
  • စနေနေ့၊ ဒီဇင်ဘာ ၂၉
  • တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၃၀
  • တနင်္လာနေ့၊ ဒီဇင်ဘာ ၃၁
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၁၈
es18 စာ. ၁၁၈-၁၂၈

ဒီဇင်ဘာ

စနေနေ့၊ ဒီဇင်ဘာ ၁

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံးလည်း ဆင်းရဲဒုက္ခကို ထပ်တူ ခံစားနေရမှန်း သိထားပြီး ခိုင်မာတဲ့ ယုံကြည်ခြင်းနဲ့ မာရ်နတ်ကို ခုခံတွန်းလှန်ကြပါ။—၁ ပေ. ၅:၉။

စာတန်ဖြစ်ပေါ်စေတဲ့ စမ်းသပ်မှုတွေကို ခံရပ်နိုင်အောင် ခရစ်ယာန်တွေကို အားပေးဖို့ တမန်တော် ပေတရု အထက်ပါအတိုင်း ရေးခဲ့တယ်။ “ခံနိုင်ရည်ရှိသူတို့” ရဲ့ အတွေ့အကြုံတွေက ဘယ်လို သစ္စာရှိရမယ်ဆိုတာ ကျွန်တော်တို့ကို သင်ပေးတယ်။ သစ္စာစောင့်သိမှုကနေ အကျိုးကျေးဇူးရရှိမယ်ဆိုတာ အမှတ်ရစေတယ်။ (ယာ. ၅:၁၁) သင်ဟာ ပြင်းထန်တဲ့ဆန့်ကျင်မှု ဒါမှမဟုတ် နှိပ်စက်ညှဉ်းပန်းမှု ကြုံနေရသလား။ သင်ဟာ တာဝန်တွေပိနေတယ်လို့ ခံစားနေရတဲ့ အကြီးအကဲ ဒါမှမဟုတ် တိုက်နယ်ကြီးကြပ်မှူးတစ်ယောက်လား။ ဒါဆို ပေါလုရဲ့ပုံနမူနာက သင့်ကို ကူညီပေးနိုင်တယ်။ ပေါလုဟာ ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းခံခဲ့ရတယ်။ အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေအတွက်လည်း အမြဲ စိုးရိမ်ခဲ့တယ်။ (၂ ကော. ၁၁:၂၃-၂၉) ဒါပေမဲ့ ပေါလု လုံးဝ လက်မလျှော့ဘူး။ သူ့ပုံနမူနာက တခြားသူတွေကို အားရှိစေခဲ့တယ်။ (၂ ကော. ၁:၆) သင်လည်း ခံနိုင်ရည်တင်ပြမယ်ဆိုရင် သင့်ပုံနမူနာက တခြားသူတွေကို ခံနိုင်ရည်ရှိဖို့ ကူညီပေးနိုင်တယ်။ w16.04 ၂:၁၁၊ ၁၄

တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၂

လူမျိုးတကာဆီ သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။—မ. ၂၈:၁၉၊ ၂၀။

လူအားလုံးကို နိုင်ငံတော် သတင်းကောင်း ဟောပြောရလိမ့်မယ်လို့ ယေရှု ကြိုဟောခဲ့တယ်။ (မ. ၂၄:၁၄) ဟောပြောခြင်းလုပ်ငန်းကြောင့် ယေဟောဝါသက်သေတွေကို တစ်ကမ္ဘာလုံးမှာ လူသိများတယ်။ ကျွန်တော်တို့ ဟောတဲ့သတင်းကို လူတချို့ ကြိုက်ပေမဲ့ တချို့ကတော့ မကြိုက်ဘူး။ ဒါပေမဲ့ မကြိုက်တဲ့သူတွေတောင် ကျွန်တော်တို့ရဲ့ လုပ်ငန်းကို လေးစားကြတယ်။ ဘာသာရေးအုပ်စုများစွာက သူတို့လည်း သတင်းကောင်း ဟောနေတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဟောပြောခြင်းက ချာ့ချ်မှာ၊ တီဗွီမှာ၊ အင်တာနက်မှာ တရားဟောရုံ လောက်ပဲ။ ယေရှုအကြောင်း ဘယ်လိုသိလာတယ်ဆိုတာ ပြောပြရုံလောက်ပဲ။ တချို့ကလည်း လိုအပ်နေသူတွေကို ကူညီပေးတာ၊ ဆရာဝန်၊ သူနာပြု၊ ကျောင်းဆရာတွေအဖြစ် လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်တာဟာ ဟောပြောခြင်းလုပ်ငန်း လုပ်ဆောင်နေတာပဲလို့ ခံယူကြတယ်။ ဒါပေမဲ့ အဲဒါတွေဟာ ယေရှုကြိုဟောခဲ့တဲ့ ဟောပြောခြင်းလုပ်ငန်းလား။ w16.05 ၂:၁၊ ၂

တနင်္လာနေ့၊ ဒီဇင်ဘာ ၃

ဆီဇာဆီမှာ ကျွန်တော် အယူခံဝင်မယ်။ —တ. ၂၅:၁၁။

၁၉၁၄ ခုနှစ် ကတည်းက လူ့အစိုးရတွေဟာ ဘုရားသခင့်နိုင်ငံတော်ရဲ့ ရန်သူတွေ ဖြစ်လာတယ်။ အဲဒီနိုင်ငံဟာ မကြာခင် လူ့အစိုးရအားလုံးကို ဖယ်ရှားပစ်ပါလိမ့်မယ်။ (ဆာ. ၂:၂၊ ၇-၉) လူ့အစိုးရတွေဟာ အတိုင်းအတာတစ်ခုအထိ တည်ငြိမ်အေးချမ်းအောင် ထိန်းထားနိုင်တဲ့အတွက် သူတို့ကို ယေဟောဝါ တည်ရှိခွင့်ပြုထားတယ်။ တည်ငြိမ်အေးချမ်းနေတဲ့အတွက် ဘုရားသခင့် နိုင်ငံတော်သတင်းကောင်းကို ကျွန်တော်တို့ အေးအေးဆေးဆေး ဟောပြောနိုင်တယ်။ (ရော. ၁၃:၃၊ ၄) အာဏာရှိသူတွေအတွက် ဆုတောင်းပေးဖို့တောင် ဘုရားသခင် မိန့်မှာထားတယ်။ ဒါမှ ကျွန်တော်တို့ အေးအေးဆေးဆေး ဝတ်ပြုခွင့်ရနိုင်မယ်။ (၁ တိ. ၂:၁၊ ၂) မတရားဆက်ဆံခံရတဲ့အခါ အစိုးရအာဏာပိုင်တွေဆီမှာ အကူအညီ တောင်းနိုင်တယ်။ တမန်တော်ပေါလု အဲဒီလို လုပ်ခဲ့တယ်။ လူ့အစိုးရတွေကို စာတန်ချုပ်ကိုင်ထားတယ်လို့ ကျမ်းစာပြောပေမဲ့ တစ်ယောက်ချင်းကို တိုက်ရိုက် ချုပ်ကိုင်ထားတယ်လို့တော့ မပြောဘူး။ (လု. ၄:၅၊ ၆) ဒါကြောင့် အစိုးရအာဏာပိုင် တစ်ယောက်ယောက်ကို စာတန်ချုပ်ကိုင်ထားတယ်လို့ ဘယ်တော့မှ မပြောသင့်ဘူး။ တခြားသူတွေကို ထိခိုက်နစ်နာအောင် မပြောဖို့ ကျမ်းစာ မိန့်မှာထားတယ်။—တိ. ၃:၁၊ ၂။ w16.04 ၄:၅၊ ၆

အင်္ဂါနေ့၊ ဒီဇင်ဘာ ၄

ယေဟောဝါရဲ့ အလိုတော်ကို သိနားလည်အောင် အမြဲကြိုးစားပါ။—ဧ. ၅:၁၇။

ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး ကျမ်းစာမှာ ပညတ် အတိအကျ မရှိတဲ့အခါ ယေဟောဝါ နှစ်သက်တဲ့အရာကို ဘယ်လို သိနိုင်မလဲ။ မှန်ပါတယ်။ ကျမ်းစာမှာ ပညတ် အတိအကျ မရှိတဲ့အခါ ယေဟောဝါရဲ့ အလိုတော်ကို ဘယ်လို ပိုင်းခြားသိမြင်နိုင်မလဲ။ ဆုတောင်းခြင်း၊ သန့်ရှင်းသောစွမ်းအားတော်သုံးပြီး ဘုရားလမ်းပြပေးတာကို ခံယူခြင်းအားဖြင့် ဖြစ်တယ်။ ယေဟောဝါရဲ့ အလိုတော်ကို ယေရှု ဘယ်လို ပိုင်းခြားသိမြင်ခဲ့တယ်ဆိုတာ စဉ်းစားကြည့်ပါ။ ဥပမာ၊ လူတွေ ဆာလောင်တဲ့အခါ ယေရှု ဆုတောင်းပြီးနောက် အံ့ဖွယ်နည်းနဲ့ နှစ်ကြိမ် ကျွေးမွေးခဲ့တယ်။ (မ. ၁၄:၁၇-၂၀။ ၁၅:၃၄-၃၇) ဒါပေမဲ့ တောကန္တာရမှာ သူ ဆာလောင်တဲ့အခါ ကျောက်ခဲကို မုန့်ဖြစ်အောင် လုပ်ဖို့ မာရ်နတ် သွေးဆောင်တာ ကို ငြင်းဆိုခဲ့တယ်။ (မ. ၄:၂-၄) ဖခင်ရဲ့ စဉ်းစားပုံကို ယေရှု ကောင်းကောင်း သိတယ်။ သန့်ရှင်းသောစွမ်းအားတော်ကို ကိုယ့်အကျိုးအတွက် မသုံးစေချင်မှန်း သူ သိတယ်။ မာရ်နတ် သွေးဆောင်တာ ကို ငြင်းဆိုခြင်းအားဖြင့် ယေဟောဝါရဲ့ လမ်းညွှန်မှုနဲ့ ထောက်မမှုကို အားကိုးမှန်း ယေရှု ဖော်ပြခဲ့တယ်။ w16.05 ၃:၇၊ ၈

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၅

ကျမ်းစောင်အားလုံးဟာ ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထားတဲ့အတွက် . . . အကျိုးဖြစ်ထွန်းစေတယ်။—၂ တိ. ၃:၁၆။

ကျမ်းစာအပိုင်းတချို့က လူတစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်စုအတွက် ရေးသားထားတာ မှန်ပါတယ်။ ဒါကြောင့် ကျမ်းစာ မဖတ်ခင် အမြင်ကျယ်ကျယ် ထားနိုင်အောင် ကူညီပေးဖို့၊ ကျွန်တော်တို့ကို ယေဟောဝါ သင်ယူစေချင်တဲ့ သင်ခန်းစာတွေကို နားလည်နိုင်အောင် ဉာဏ်ပညာပေးဖို့ ဆုတောင်းသင့်တယ်။ (ဧဇ. ၇:၁၀။ ယာ. ၁:၅) ကျမ်းချက်တစ်ချက်ကို ဖတ်တဲ့အခါ ခဏရပ်ပြီး ဒီလိုမေးခွန်းတွေ မေးပါ– ‘ဒီကျမ်းချက်က ယေဟောဝါအကြောင်း ဘာသင်ပေးသလဲ။ ဒီအချက်ကို ငါ့ဘဝမှာ ဘယ်လို လက်တွေ့ကျင့်သုံးနိုင်သလဲ။ ဒီအချက်ကို သုံးပြီး တခြားသူတွေကို ငါ ဘယ်လို ကူညီပေးနိုင်သလဲ။’ အဲဒီလိုမေးခွန်းတွေကို တွေးတောဆင်ခြင်မယ်ဆိုရင် ကျမ်းစာဖတ်ရှုခြင်းကနေ အကျိုးအပြည့်အဝ ရရှိမှာ သေချာပါတယ်။ ဥပမာအနေနဲ့ ခရစ်ယာန်အကြီးအကဲတွေမှာ ရှိသင့်တဲ့ အရည်အချင်းတချို့ကို ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ တိ. ၃:၂-၇) ကျွန်တော်တို့ အများစုဟာ အကြီးအကဲတွေ မဟုတ်တဲ့အတွက် အဲဒီကျမ်းချက်က ကိုယ်နဲ့ သိပ်မသက်ဆိုင်ဘူးလို့ ရုတ်တရက် တွေးမိနိုင်တယ်။ ဒါပေမဲ့ အဲဒီကျမ်းချက်မှာ ဖော်ပြထားတဲ့ အရည်အချင်းတွေကနေ ကိုယ်တိုင် အကျိုးရနိုင်ပါတယ်။ w16.05 ၅:၇၊ ၈

ကြာသပတေးနေ့၊ ဒီဇင်ဘာ ၆

ရွှံ့မြေဟာ အိုးထိန်းသမားလက်ထဲမှာ ရှိသလို မင်းတို့ဟာ ငါ့လက်ထဲမှာ ရှိတယ်။—ယေ. ၁၈:၆။

သုံ့ပန်းအဖြစ် ဂျူးတွေရောက်လာတဲ့ ဗာဗုလုန်မြို့ဟာ ရုပ်တုတွေ၊ နတ်ဆိုးကိုးကွယ်သူတွေနဲ့ ပြည့်နေတယ်။ ဒါပေမဲ့ ဒံယေလနဲ့ အဖော်သုံးယောက်လို သစ္စာရှိဂျူးတွေကတော့ ဗာဗုလုန်လူတွေရဲ့ ပုံသွင်းမှုကို မခံယူခဲ့ကြဘူး။ (ဒံ. ၁:၆၊ ၈၊ ၁၂။ ၃:၁၆-၁၈) ဒံယေလနဲ့ အဖော်သုံးယောက်ဟာ ယေဟောဝါကို သူတို့ရဲ့အိုးထိန်းရှင်အဖြစ် လက်ခံပြီး ကိုယ်တော့်ကိုပဲ ဆက်ဝတ်ပြုခဲ့ကြတယ်။ ဒံယေလဟာ မကောင်းတဲ့ဝန်းကျင်မှာ တစ်သက်လုံးနီးပါး နေထိုင်ခဲ့ရပေမဲ့ သူ့ကို “သိပ်တန်ဖိုးထားရတဲ့သူ” လို့ ကောင်းကင်တမန် ပြောခဲ့တယ်။ (ဒံ. ၁၀:၁၁၊ ၁၉) အိုးထိန်းသမားဟာ လိုချင်တဲ့ပုံရအောင် ရွှံ့မြေကို ဖိညှစ်ပြီး ပုံသွင်းလေ့ရှိတယ်။ ဒီနေ့ခေတ် စစ်မှန်တဲ့ဝတ်ပြုသူတွေက ယေဟောဝါကို စကြဝဠာအုပ်စိုးရှင်အဖြစ်၊ လူတွေကိုပုံသွင်းပေးခွင့် ရှိသူအဖြစ် လက်ခံကြတယ်။ (ယေ. ၁၈:၆) မှန်ပါတယ်၊ ကျွန်တော်တို့ကို ပုံသွင်းဖို့ ဘုရားသခင်မှာ အခွင့်အာဏာရှိတယ်။ ဒါပေမဲ့ အတင်းအကျပ် ပုံမသွင်းဘူး။ ကျွန်တော်တို့ဘက်က လိုလိုလားလား ပုံသွင်းခွင့်ပြုတာကို ယေဟောဝါ နှစ်သက်တယ်။ w16.06 ၂:၁၊ ၂

သောကြာနေ့၊ ဒီဇင်ဘာ ၇

ခင်ဗျားတို့ရဲ့ဘဝမှာ ငွေတပ်မက်တာ ကို ရှောင်ပါ။—ဟီ. ၁၃:၅။

ပစ္စည်းဥစ္စာများများရှိမှ ပျော်ရွှင်နိုင်မယ်လို့ ကျွန်တော်တို့ကို စာတန် ယုံစေချင်တယ်။ ဒါကြောင့် ဒီလောကနဲ့ “မျက်စိရဲ့အလိုဆန္ဒ” ကိုသုံးပြီး ပစ္စည်းဥစ္စာပိုလိုချင်အောင် သွေးဆောင်နေတယ်။ (၁ ယော. ၂:၁၅-၁၇။ က. ၃:၆။ ပညာ. ၂၇:၂၀) ပစ္စည်းအသစ်တွေဝယ်ဖို့ တွန်းအားပေးတဲ့ ကြော်ငြာတွေကိုလည်း ကျွန်တော်တို့ အမြဲ မြင်နေ၊ ကြားနေရတယ်။ ပစ္စည်းတစ်ခုခုကို လှလို့ ဒါမှမဟုတ် ကြော်ငြာမှာတွေ့လို့ ဝယ်လိုက်တာမျိုး ဖြစ်ဖူးသလား။ နောက်မှ တကယ်မလိုအပ်မှန်း သိလာသလား။ မလိုအပ်တဲ့ပစ္စည်းတွေက ဘဝကို ပိုရှုပ်ယှက်ခတ်စေပြီး ဝန်ပိစေတယ်။ ကျမ်းစာလေ့လာတာ၊ အစည်းအဝေးအတွက် ပြင်ဆင်ပြီး တက်ရောက်တာ၊ အမှုဆောင်လုပ်ငန်းမှာ ပုံမှန်ပါဝင်တာ စတဲ့ ဘုရားရေးရာလုပ်ငန်းတွေကနေ အာရုံလွဲသွားစေနိုင်တယ်။ “ဒီလောကရော လောကမှာရှိတဲ့ လူတွေလိုချင်ရာ အားလုံးပါ ရွေ့သွားကွယ်ပျောက်နေတယ်” လို့ တမန်တော်ယောဟန် ပြောခဲ့တာ ကို သတိရပါ။ w16.07 ၁:၃၊ ၄

စနေနေ့၊ ဒီဇင်ဘာ ၈

ဘုရားလို့ အခေါ်ခံရသူတွေ အများကြီးရှိတယ်။ ကျွန်တော်တို့အတွက်ကတော့ အဖ ဘုရားသခင် တစ်ဆူတည်းပဲ ရှိတယ်။—၁ ကော. ၈:၅၊ ၆။

ပထမရာစု အသင်းတော်မှာ ဂျူး၊ ဂရိ၊ ရောမနဲ့ တခြားလူမျိုးတွေ ရှိတယ်။ သူတို့ရဲ့ ဘာသာရေးနောက်ခံ၊ ဓလေ့ထုံးစံနဲ့ အကြိုက်တွေ မတူတဲ့အတွက် ဝတ်ပြုမှု ပုံစံအသစ်ကို လက်ခံဖို့၊ အကျင့်ဟောင်းတွေကို စွန့်လွှတ်ဖို့ တချို့ အခက်တွေ့ခဲ့ကြတယ်။ ဒါကြောင့် ခရစ်ယာန်တွေမှာ ဘုရားသခင် ယေဟောဝါ တစ်ဆူတည်းပဲရှိတယ်ဆိုတာ သူတို့ကို ပေါလု ပြန်သတိရစေခဲ့တယ်။ ဒီနေ့ခေတ် အသင်းတော်မှာကော ဘယ်လိုလဲ။ “အဆုံးပိုင်းကာလ” မှာ လူမျိုးအားလုံးထဲက လူတွေဟာ ယေဟောဝါကို အတူဝတ်ပြုကြလိမ့်မယ်လို့ ပရောဖက် ဟေရှာယ ကြိုဟောခဲ့တယ်။ “ငါတို့ကို နည်းလမ်းတော်တွေ သွန်သင်ပေးမယ်။ ဘုရားရဲ့လမ်းစဉ်အတိုင်း ငါတို့လျှောက်လှမ်းကြမယ်” လို့ သူတို့ ပြောကြလိမ့်မယ်။ (ဟေရှာ. ၂:၂၊ ၃) ဒီနေ့အချိန်မှာ အဲဒီပရောဖက်ပြုချက် ပြည့်စုံနေတာ မြင်ရလို့ ဝမ်းသာစရာပဲ။ ရလဒ်အနေနဲ့ အသင်းတော်တွေမှာ လူမျိုး၊ ဘာသာစကား၊ ယဉ်ကျေးမှု နောက်ခံအမျိုးမျိုးရှိသူတွေဟာ ယေဟောဝါကို စည်းစည်းလုံးလုံး ဝတ်ပြုနေကြတယ်။ w16.06 ၃:၁၅၊ ၁၆

တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၉

ခရစ်တော်ယေရှုနဲ့ ကျွန်တော်တို့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်နေလို့ ဘုရားသခင်က ကျွန်တော်တို့ကို အသက်ရှင်စေပြီးနောက် ကောင်းကင်မှာ ခရစ်တော်နဲ့အတူ နေရာပေးတယ်။—ဧ. ၂:၆။

ကောင်းကင်မှာ ခရစ်တော်နဲ့အတူ ဘိသိက်ခံခရစ်ယာန်တွေ အုပ်စိုးချိန်မှာ သူတို့ကိုပေးဖို့ ယေဟောဝါပြင်ဆင်ထားတဲ့ အံ့ဖွယ်ရာတွေအကြောင်း တွေးကြည့်ဖို့ ခက်တယ်။ (လု. ၂၂:၂၈-၃၀။ ဖိ. ၃:၂၀၊ ၂၁။ ၁ ယော. ၃:၂) ခရစ်တော်ရဲ့သတို့သမီးဖြစ်တဲ့ “ဂျေရုဆလင်မြို့သစ်” ကို သူတို့နဲ့ ဖွဲ့စည်းပါလိမ့်မယ်။ (ဗျာ. ၃:၁၂။ ၁၇:၁၄။ ၂၁:၂၊ ၉၊ ၁၀) “လူမျိုးတို့ကို ကုသ” ရာမှာ ယေရှုနဲ့အတူ သူတို့လုပ်ဆောင်ကြလိမ့်မယ်။ အပြစ်နဲ့ သေခြင်း ဝန်ထုပ်အောက်ကနေ လူသားတွေ လွတ်မြောက်ပြီး စုံလင်လာအောင် ကူညီပေးကြလိမ့်မယ်။ (ဗျာ. ၂၂:၁၊ ၂၊ ၁၇) မြေကြီးပေါ်မှာ ယေဟောဝါ မဟာကရုဏာပြမယ့် အကြီးမားဆုံးနည်းတစ်ခုကတော့ လူသေတွေကို “သင်္ချိုင်း” ကနေ ထမြောက်စေခြင်းပဲ။ (ယောဘ ၁၄:၁၃-၁၅။ ယော. ၅:၂၈၊ ၂၉) ဘယ်သူတွေ ထမြောက်လာမလဲ။ ခရစ်တော် မသေဆုံးခင် သေဆုံးသွားတဲ့ သစ္စာရှိအမျိုးသားအမျိုးသမီးတွေနဲ့ နောက်ဆုံးကာလအတွင်း ယေဟောဝါအပေါ် သစ္စာရှိရှိ သေဆုံးသွားတဲ့ “အခြားသိုး” တွေဖြစ်တယ်။ အဲဒီသစ္စာရှိသူအားလုံးဟာ ယေဟောဝါကို ဆက်ဝတ်ပြုဖို့ ထမြောက်လာကြပါလိမ့်မယ်။—ယော. ၁၀:၁၆။ w16.07 ၄:၁၃-၁၅

တနင်္လာနေ့၊ ဒီဇင်ဘာ ၁၀

ဒီလိုအချိန်မျိုးမှာတောင် အေးအေးဆေးဆေး အိပ်နေကြပါလား။—မာ. ၁၄:၄၁။

ယေဟောဝါရဲ့နေ့အတွက် “နိုးကြား” ပြီး အသင့်ဖြစ်နေဖို့ ဘာက ကူညီပေးမလဲ။ မှန်ရာကိုလုပ်ချင်စိတ် ပြင်းပြနေရုံထက်မက လိုအပ်တယ်။ မသေဆုံးခင်ရက်အနည်းငယ်မှာ ယေရှုက တပည့်တွေကို ယေဟောဝါရဲ့ အကူအညီအတွက် ဆုတောင်းဖို့ ပြောခဲ့တယ်။ (လု. ၂၁:၃၆) ကျွန်တော်တို့လည်း ဒီနောက်ဆုံးကာလမှာ နိုးကြားနေဖို့ ယေဟောဝါဆီ မပြတ်ဆုတောင်းရမယ်။ (၁ ပေ. ၄:၇) အဆုံးဟာ ကျွန်တော်တို့ “မထင်မှတ်တဲ့ အချိန်မှာ” ရောက်လာလိမ့်မယ်လို့ ယေရှု ပြောတယ်။ (မ. ၂၄:၄၄) ဒါကြောင့် အချိန်တိုင်း အသင့်ဖြစ်နေရမယ်။ အခုအချိန်ဟာ စာတန့်လောက ကမ်းလှမ်းတဲ့ အရာတွေနောက် လိုက်နေရမယ့်အချိန် မဟုတ်ဘူး။ အဲဒီလို လိုက်နေရင် တံလျှပ်ကို ရေထင်ပြီး အလိုက်မှားသလို ဖြစ်သွားပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ အသက်ရေးဖြစ်လို့ နိုးနိုးကြားကြား နေနိုင်မယ့်နည်းတွေကို ကျမ်းစာကတစ်ဆင့် ယေဟောဝါနဲ့ ယေရှု သင်ပေးနေတယ်။ ဒါကြောင့် ကျမ်းစာပရောဖက်ပြုချက်တွေကို သေချာလေ့လာပြီး ဘယ်လိုပြည့်စုံနေတယ်ဆိုတာ အာရုံစိုက်ကြပါစို့။ ယေဟောဝါနဲ့ ဆက်ရင်းနှီးဖို့၊ နိုင်ငံတော်ကို ဦးစားထားဖို့ ကြိုးစားကြပါစို့။ ဒါဆို အဆုံးရောက်တဲ့အခါ အသင့်ဖြစ်နေပါလိမ့်မယ်။—ဗျာ. ၂၂:၂၀။ w16.07 ၂:၁၅-၁၇

အင်္ဂါနေ့၊ ဒီဇင်ဘာ ၁၁

အချင်းချင်း မကျေနပ်စရာ ရှိနေရင်တောင် ဆက်ပြီး သည်းခံကြပါ၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြပါ။—ကော. ၃:၁၃။

‘အချင်းချင်း ဆက်သည်းခံပြီး အကြွင်းမဲ့ခွင့်လွှတ်’ မယ်ဆိုရင် အိမ်ထောင်ခိုင်မြဲနိုင်ပါတယ်။ မစုံလင်တဲ့အတွက် အိမ်ထောင်ဖက်နှစ်ယောက်စလုံး အမှားတွေ လုပ်မိနိုင်တယ်။ အဲဒီအခါ အမှားတွေကနေ သင်ယူနိုင်တယ်။ ခွင့်လွှတ်ဖို့ သင်ယူနိုင်ပြီး ကျမ်းစာမူတွေပေါ် အခြေခံတဲ့ မေတ္တာ တင်ပြနိုင်တယ်။ မေတ္တာဟာ “စည်းလုံးခြင်းအတွက် ခိုင်မြဲတဲ့ နှောင်ကြိုး” ဖြစ်တယ်။ (ကော. ၃:၁၄) အဲဒီအပြင် ‘စိတ်ရှည်တတ်တယ်၊ ကြင်နာတတ်တယ်၊ . . . ထိခိုက်နစ်နာမှုကို မှတ်မထားတတ်’ ဘူး။ (၁ ကော. ၁၃:၄၊ ၅) ဘယ်ပြဿနာကိုမဆို တစ်နေ့တာ မကုန်ခင် အမြန်ဆုံး ဖြေရှင်းသင့်တယ်။ (ဧ. ၄:၂၆၊ ၂၇) “စိတ်ထိခိုက်အောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်” လို့ပြောဖို့ နှိမ့်ချမှုနဲ့ သတ္တိ လိုအပ်တယ်။ ဒါပေမဲ့ အဲဒီလိုပြောခြင်းက ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့၊ အချင်းချင်း ပိုရင်းနှီးလာဖို့ ကူညီပေးတယ်။ w16.08 ၂:၆

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၁၂

မင်းတို့ကို ငါကောင်းကောင်း သင်ကြားပေးမယ်။—ပညာ. ၄:၂။

ယေရှုရဲ့ အဓိကတာဝန်ကတော့ နိုင်ငံတော်သတင်း ဟောပြောခြင်းပဲ။ ဒါပေမဲ့ တပည့်တွေကိုလည်း အချိန်ယူလေ့ကျင့်ပေးခဲ့တယ်။ ဘုရားသခင့်လူမျိုးကို ဘယ်လို သွန်သင်၊ ဂရုစိုက်ရမယ်ဆိုတာ သင်ပေးတယ်။ ဒါကြောင့် တပည့်တွေဟာ သိုးတွေကို ဂရုစိုက်စောင့်ရှောက်တဲ့ သိုးထိန်းတွေ ဖြစ်လာတယ်။ (မ. ၁၀:၅-၇) ဖိလိပ္ပုဟာ ဟောပြောခြင်းလုပ်ငန်းမှာ အလုပ်များပေမဲ့ သမီးတွေကို လေ့ကျင့်ပေးခဲ့တယ်။ (တ. ၂၁:၈၊ ၉) ဒီနေ့ခေတ်မှာလည်း အဲဒီလိုလေ့ကျင့်ပေးဖို့ လိုအပ်နေတယ်။ ဘာကြောင့်လဲ။ ကမ္ဘာတစ်ဝန်းမှာ နှစ်ခြင်းမခံရသေးတဲ့ လူသစ်တွေ အများကြီးပဲ။ သူတို့ကို လေ့ကျင့်ပေးဖို့ လိုအပ်နေတယ်။ ကိုယ်ပိုင် ကျမ်းစာလေ့လာဖို့ ဘာကြောင့် အရေးကြီးမှန်း နားလည်အောင် သူတို့ကို ကူညီပေးရမယ်။ သတင်းကောင်း ဟောပြောတတ်အောင်လည်း ကူညီပေးရမယ်။ နှစ်ခြင်းခံပြီးသား ညီအစ်ကိုတွေလည်း အသင်းတော်အမှုထမ်းတွေ၊ အကြီးအကဲတွေအဖြစ် တက်လှမ်းနိုင်အောင် လေ့ကျင့်မှု လိုအပ်တယ်။ ရင့်ကျက်တဲ့ခရစ်ယာန်တွေဟာ လူသစ်တွေကို ကူညီပေးဖို့ များစွာလုပ်ဆောင်နိုင်ပါတယ်။ w16.08 ၄:၁၊ ၂

ကြာသပတေးနေ့၊ ဒီဇင်ဘာ ၁၃

အားလျော့နေတဲ့ လက်တွေကို အားဖြည့်ပေးကြပါ။ တုန်ယင်နေတဲ့ ဒူးတွေကို ခိုင်ခံ့အောင် လုပ်ကြပါ။—ဟေရှာ. ၃၅:၃။

ညီအစ်ကို/မတွေနဲ့ အတူတကွ လုပ်ဆောင်တာ က စည်းလုံးမှုကို တိုးများစေတယ်။ တည်မြဲတဲ့ မိတ်ဆွေတွေ ဖြစ်လာအောင် ကူညီပေးတယ်။ မကြာခင် ဘုရားသခင့် နိုင်ငံတော်မှာ ရရှိမယ့် ကောင်းချီးတွေကို ပိုယုံကြည်စိတ်ချစေတယ်။ တခြားသူတွေကို အားရှိစေတာ က ခက်ခဲတဲ့ အခြေအနေတွေကို ခံရပ်နိုင်အောင်၊ အနာဂတ်နဲ့ပတ်သက်ပြီး အကောင်းမြင် သဘောထား ရှိအောင် ကူညီပေးရာ ရောက်တယ်။ (ဟေရှာ. ၃၅:၄) အဲဒီအပြင် ကိုယ်တိုင်လည်း အားရှိပြီး အနာဂတ်ကိုပဲ အာရုံစိုက်ဖို့ ကူညီပေးတယ်။ ရှေးခေတ် သစ္စာရှိ ကျေးကျွန်တွေကို ယေဟောဝါ ဘယ်လို ကူညီကာကွယ်ပေးခဲ့မှန်း စဉ်းစားကြည့်တဲ့အခါ ကိုယ်တော့်အပေါ် ယုံကြည်စိတ်ချမှု တိုးများလာတယ်။ ဒါကြောင့် ပြဿနာတွေ ကြုံရပြီး စိုးရိမ်ပူပန်လာတဲ့အခါ “လက်အားမလျှော့နဲ့။” (ဇေ. ၃:၁၆) အကူအညီအတွက် ဆုတောင်းမယ်ဆိုရင် ကိုယ်တော့် အားကြီးတဲ့ လက်ရုံးတော်က သင့်ကို အားရှိစေပြီး အနာဂတ် ဘုရားနိုင်ငံတော် ကောင်းချီးတွေ ရရှိစေမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။—ဆာ. ၇၃:၂၃၊ ၂၄။ w16.09 ၁:၁၆-၁၈

သောကြာနေ့၊ ဒီဇင်ဘာ ၁၄

လုပ်ဆောင်မှုတိုင်း၊ လုပ်ရပ်တိုင်းအတွက် အချိန်အခါရှိတာပဲ။—ဒေ. ၃:၁၇။

အဝတ်အစား ရွေးချယ်တဲ့အခါ အထက်ပါ ကျမ်းချက်ကို ထည့်စဉ်းစားသင့်တယ်။ ရာသီဥတု၊ ပတ်ဝန်းကျင်နဲ့ လူနေမှုအခြေအနေ အလိုက် ဝတ်စားကြတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ စံနှုန်းတွေကတော့ အမြဲတမ်း တစ်သမတ်တည်းပဲ။ (မာလ. ၃:၆) ပူအိုက်တဲ့ရာသီမှာ သင့်တော်ပြီး ဣန္ဒြေရှိတဲ့ အဝတ်အစား ဝတ်ဖို့ ခက်ခဲတတ်တယ်။ ဒါပေမဲ့ ကျပ်လွန်းတဲ့၊ မလုံ့တလုံဖြစ်တဲ့ အဝတ်အစား မဝတ်ဆင်တာ ကို ညီအစ်ကို/မတွေ လေးမြတ်ကြတယ်။ (ယောဘ ၃၁:၁) ကမ်းခြေမှာဖြစ်ဖြစ်၊ ရေကူးကန်မှာဖြစ်ဖြစ် အနားယူ အပန်းဖြေတဲ့အခါမှာလည်း ဣန္ဒြေရှိတဲ့ ရေကူးဝတ်စုံတွေ ဝတ်ဆင်သင့်တယ်။ (ပညာ. ၁၁:၂၊ ၂၀) လောကမှာတော့ ဖော်လွန်းတဲ့ ရေကူးဝတ်စုံတွေ ဝတ်ကြပေမဲ့ ကျွန်တော်တို့ကတော့ သန့်ရှင်းတဲ့ဘုရား ယေဟောဝါကို ဂုဏ်တင်တဲ့ ဝတ်စုံကိုပဲ ရွေးချယ်သင့်တယ်။ w16.09 ၃:၁၁၊ ၁၂

စနေနေ့၊ ဒီဇင်ဘာ ၁၅

ခင်ဗျားတို့ကော ကျွန်တော့်ကို ဘယ်သူလို့ ပြောမလဲ။—မ. ၁၆:၁၅။

ယေရှုက တပည့်တွေ ယုံကြည်တဲ့အရာကို မေးမြန်းလေ့ရှိတယ်။ ယေရှုရဲ့ ပုံသက်သေကို တုပပါ။ သားသမီးတွေနဲ့ စကားပြောတဲ့အချိန်၊ တစ်ခုခု လုပ်တဲ့အချိန်မှာ သူတို့ရဲ့ ထင်မြင်ချက်ကို မေးပြီး ခံစားချက်ကို ပြောပြစေပါ။ ကျမ်းစာသွန်သင်ချက်တစ်ခုကို သားသမီးတွေ ချက်ချင်း မယုံကြည်တဲ့အခါ စိတ်ရှည်ပါ။ မေးခွန်းတွေအတွက် အဖြေရအောင် ကူညီပေးပါ။ တကယ်တော့ ကလေးတွေ မေးခွန်းမေးတာ ကောင်းတယ်။ အဲဒါကို သူတို့နားလည်ချင်တယ်ဆိုတဲ့ သဘောပဲ။ ယေရှုလည်း ငယ်ငယ်တုန်းက မေးခွန်းတွေ မေးခဲ့တယ်။ (လု. ၂:၄၆) သားသမီးတွေအကြောင်း ကောင်းကောင်း သိပါ။ သူတို့ အစည်းအဝေး တက်ရုံ၊ အမှုဆောင် ထွက်ရုံနဲ့ ယေဟောဝါကို ယုံကြည်နေသားပဲလို့ မတွေးလိုက်ပါနဲ့။ ယေဟောဝါနဲ့ပတ်သက်ပြီး သူတို့ ဘယ်လို ခံစားရသလဲ။ ကျမ်းစာကို ဘယ်လို ထင်ကြသလဲ။ ယေဟောဝါအပေါ် ဆက်သစ္စာရှိဖို့ အခက်တွေ့စေတဲ့အရာတွေကို သိအောင် အတတ်နိုင်ဆုံး ကြိုးစားပါ။ နေ့တိုင်း တွဲလုပ်တဲ့အခါ ဘုရားသခင်အကြောင်း ပြောဆိုပါ။ သူတို့နဲ့အတူ ရှိနေချိန်မှာရော၊ သီးသန့်အချိန်မှာပါ သူတို့အတွက် ဆုတောင်းပေးပါ။ w16.09 ၃:၃၊ ၅

တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၁၆

ဘုရားသခင်ကို မှီခိုဖို့ လိုအပ်မှန်း သိမြင်သူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။—မ. ၅:၃။

ဒီနေ့ ယေဟောဝါသက်သေ ထောင်ပေါင်းများစွာဟာ “လူမျိုး၊ လူမျိုးနွယ်၊ ဘာသာစကား၊ လူစုအသီးသီး” ကို သတင်းကောင်း ကြေညာနေတဲ့ စိတ်အာရုံပြည့်စုံမှုမှာ အားတက်သရော ပါဝင်နေကြတယ်။ (ဗျာ. ၁၄:၆) သင်ဟာ ဘာသာခြားစကား သင်ယူနေသူလား။ သာသနာပြု ဒါမှမဟုတ် ပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်နေသူလား။ ကိုယ့်တိုင်းပြည်မှာပဲ ဘာသာခြားစကား အသင်းတော်မှာ အစည်းအဝေး တက်ရောက်နေသူလား။ ဘုရားသခင့် ကျေးကျွန်တွေအနေနဲ့ ကျွန်တော်တို့အားလုံးဟာ ကိုယ်တိုင်နဲ့ မိသားစုဝင်တွေ ဘုရားနဲ့ဆက်ဆံရေးကောင်း ရှိနေဖို့ အဓိကထားကြတယ်။ ဒါပေမဲ့ အလုပ်များလွန်းလို့ အဓိပ္ပာယ်ရှိရှိ ကိုယ်ပိုင်လေ့လာမှု လုပ်ဖို့ ခက်နိုင်တယ်။ ဘာသာခြားစကား အသင်းတော်မှာ အမှုဆောင်နေသူတွေကျတော့ တခြားအခက်အခဲတွေ ကြုံနေရတယ်။ ဘာသာခြားစကား အသင်းတော်မှာ အမှုဆောင်နေသူတွေဟာ ဘာသာစကားအသစ် သင်ယူရတဲ့အပြင် နက်နဲတဲ့အမှန်တရားတွေကို ပုံမှန် လေ့လာဖို့လည်း လိုအပ်တယ်။—၁ ကော. ၂:၁၀။ w16.10 ၂:၁-၃

တနင်္လာနေ့၊ ဒီဇင်ဘာ ၁၇

ဓားကိုကိုင်တဲ့သူက ဓားနဲ့ပဲ သေဆုံးရလိမ့်မယ်။ —မ. ၂၆:၅၂။

ယေဟောဝါသက်သေတွေဟာ ပြင်းထန်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကြား ယေဟောဝါကို ပျော်ရွှင်စွာ ဆက်ဝတ်ပြုနေကြတယ်။ ဥပမာ၊ အဲရိထရိအာ၊ စင်္ကာပူ၊ တောင်ကိုရီးယားမှာရှိတဲ့ ညီအစ်ကို/မများစွာဟာ ထောင်ချခံနေရတယ်။ အများအားဖြင့် ဓားလက်နက် မကိုင်ဆောင်ရဆိုတဲ့ ယေရှုရဲ့ မိန့်မှာချက်ကို လိုက်နာလို့ပဲ။ ယေဟောဝါသက်သေ အများစုကတော့ ပြင်းထန်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ မခံရပါဘူး။ ဒါပေမဲ့ မတူကွဲပြားတဲ့ ယုံကြည်ခြင်းစပ်သပ်မှုတွေ ကြုံနေရတယ်။ ဆင်းရဲမွဲတေမှု၊ သဘာဝဘေးနဲ့ ပြည်တွင်းစစ်တွေ ကြုံရကြတယ်။ တချို့ကျတော့ မောရှေနဲ့ တခြားဘိုးဘေးတွေလို လောကစည်းစိမ်ဥစ္စာ၊ ထင်ပေါ်ကျော်ကြားမှုတွေကို စွန့်လွှတ်ခဲ့ကြတယ်။ ရုပ်ပစ္စည်းလိုက်စားတဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့ ဘဝပုံစံတွေကို ငြင်းပယ်ဖို့ ကြိုးစားတိုက်လှန်နေကြတယ်။ အဲဒီလိုလုပ်နိုင်ဖို့ သူတို့ကို ဘာက ကူညီပေးသလဲ။ ယေဟောဝါကို ချစ်ပြီး ကတိတော်တွေကို အခိုင်အမာ ယုံကြည်ကြတယ်။ မတရားမှု မရှိတော့မယ့် ကမ္ဘာသစ်မှာ သစ္စာရှိကျေးကျွန်တွေကို ထာဝရအသက် ဆုချမယ်ဆိုတာ သိကြတယ်။—ဆာ. ၃၇:၅၊ ၇၊ ၉၊ ၂၉။ w16.10 ၃:၁၅၊ ၁၆

အင်္ဂါနေ့၊ ဒီဇင်ဘာ ၁၈

ယေဟောဝါဟာ စိတ်ကြေကွဲနေသူတွေရဲ့ အနီးအပါးမှာ ရှိတယ်။ စိတ်ထောင်ကိုယ်ကြေ ဖြစ်နေသူတွေကို ကယ်တင်တယ်။—ဆာ. ၃၄:၁၈။

သစ္စာရှိတဲ့ ပရောဖက် ယေရမိ ကြောက်ရွံ့စိတ်ဓာတ်ကျတဲ့အခါ ယေဟောဝါ အားပေးခဲ့တယ်။ (ယေ. ၁:၆-၁၀) အသက်ကြီးတဲ့ ပရောဖက် ဒံယေလကို အားပေးဖို့ ကောင်းကင်တမန်ကို ဘုရားသခင် စေလွှတ်တဲ့အခါ ဘယ်လောက် အားရှိသွားမလဲဆိုတာ မြင်ယောင်ကြည့်ပါ။ အဲဒီကောင်းကင်တမန်က ဒံယေလကို “အလွန်ချစ်အပ်သောသူ” လို့ခေါ်တယ်။ (ဒံ. ၁၀:၈၊ ၁၁၊ ၁၈၊ ၁၉) သင်လည်း ကြေညာသူ၊ ရှေ့ဆောင်၊ အားနည်းလာတဲ့ သက်ကြီး ညီအစ်ကို/မတွေကို အားပေးနိုင်မလား။ ဘုရားသခင်ဟာ ချစ်သားယေရှုနဲ့ နှစ်ပေါင်းများစွာ တွဲလုပ်ခဲ့လို့ မြေကြီးပေါ် လာတဲ့အခါ ချီးမွမ်းအားပေးဖို့ မလိုတော့ဘူးလို့ မယူဆခဲ့ဘူး။ အဲဒီအစား “သူဟာ ငါမြတ်နိုးတဲ့ ငါ့ရဲ့ချစ်သားပဲ” လို့ ကောင်းကင်ကနေ နှစ်ကြိမ် ပြောတာကို ယေရှု ကြားခဲ့တယ်။ အမှုဆောင်လုပ်ငန်း အစပိုင်းမှာ တစ်ကြိမ်၊ မြေကြီးအသက်တာရဲ့ နောက်ဆုံးနှစ်မှာ တစ်ကြိမ် ကြားခဲ့ရတယ်။ (မ. ၃:၁၇။ ၁၇:၅) ယေရှုကို ချီးမွမ်းပြီး တော်တယ်လို့ ပြောခဲ့တယ်။ မသေဆုံးခင်ညမှာ စိတ်သောက ရောက်နေတုန်း အားပေးဖို့ ကောင်းကင်တမန်ကို ယေဟောဝါ စေလွှတ်ခဲ့တယ်။—လု. ၂၂:၄၃။ w16.11 ၁:၇၊ ၈

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၁၉

ထစ်ခနဲဆို မကျေမချမ်း မဖြစ်နဲ့။—ဒေ. ၇:၉။

မမျှမတ ဆက်ဆံခံရတယ်လို့ ထင်တဲ့အခါမျိုးမှာ ခံစားချက်တွေကို ထိန်းချုပ်ရခက်တတ်တယ်။ လူမျိုး၊ အသားအရောင်၊ တခြားကွဲပြားမှုတွေကြောင့် ခွဲခြားဆက်ဆံခံရတဲ့အခါ ပိုဆိုးတတ်တယ်။ ခရစ်ယာန်ချင်းတစ်ယောက်က အဲဒီလို ဆက်ဆံရင် ပိုပြီးတော့တောင် နာကျင်ခံစားရတယ်။ စိတ်ထိန်းဖို့၊ ထစ်ခနဲဆို ဒေါသမထွက်ဖို့ ကျမ်းစာ သွန်သင်ချက်ကို လိုက်လျှောက်ခြင်းက အလွန်ပညာရှိပါတယ်။ (ပညာ. ၁၆:၃၂) ထိလွယ်ရှလွယ် မဖြစ်လွန်းဖို့၊ ပိုခွင့်လွှတ်တတ်ဖို့ ကြိုးစားကြရမယ်။ ယေဟောဝါနဲ့ ယေရှုဟာ ခွင့်လွှတ်မှုကို သိပ်အလေးထားတယ်။ (မ. ၆:၁၄၊ ၁၅) သင်ဟာ ပိုခွင့်လွှတ်တတ်ဖို့၊ ခံစားချက်တွေကို ပိုထိန်းချုပ်နိုင်ဖို့ လိုအပ်နေသလား။ ခံစားချက်ကို မထိန်းချုပ်နိုင်တဲ့သူတွေဟာ စိတ်နာကြည်းလာတတ်ကြတယ်။ ရလဒ်အနေနဲ့ တခြားသူတွေဟာ သူတို့နဲ့ မပေါင်းချင်ကြတော့ဘူး။ စိတ်နာကြည်းသူဟာ အသင်းတော်အပေါ် အပျက်သြဇာ လွှမ်းမိုးနိုင်တယ်။—ဝတ်. ၁၉:၁၇၊ ၁၈။ w16.11 ၃:၄-၆

ကြာသပတေးနေ့၊ ဒီဇင်ဘာ ၂၀

ဖြောင့်မတ်မှုနဲ့ မတရားမှု ဘယ်လိုလုပ် ပေါင်းဖက်နိုင်မလဲ။ အလင်းနဲ့အမှောင် ဘယ်လိုလုပ် တွဲဖက်နိုင်မလဲ။—၂ ကော. ၆:၁၄။

စီတီရပ်စယ်လ်နဲ့ အပေါင်းပါတွေဟာ ၁၈၀၀ ပြည့်လွန်နှစ်တွေကစပြီး ကျမ်းစာကို စနစ်တကျ လေ့လာခဲ့ကြတယ်။ အစပိုင်းမှာတော့ ညီအစ်ကို ရပ်စယ်လ်ရဲ့ ရည်ရွယ်ချက်က အမှန်တရား သွန်သင်ပေးတဲ့ ဘာသာရေးတွေကို အသေအချာ သိဖို့ပါပဲ။ ခရစ်ယာန် မဟုတ်တဲ့ ဘာသာတွေ အပါအဝင် ဘာသာများစွာရဲ့ သွန်သင်ချက်တွေနဲ့ ကျမ်းစာသွန်သင်ချက်တွေကို အသေအချာ နှိုင်းယှဉ်ကြည့်ခဲ့တယ်။ အဲဒီဘာသာတစ်ခုမှ ကျမ်းစာအတိုင်း အပြည့်အဝ မလိုက် နာကြမှန်း မကြာခင်မှာပဲ သဘောပေါက်လာတယ်။ တစ်ရက်မှာ ရပ်စယ်လ်က အပေါင်းပါတွေနဲ့အတူ တွေ့ရှိထားတဲ့ ကျမ်းစာအမှန်တရားတွေကို လက်ခံပြီး ကိုယ့်အသင်းတော်မှာ ပြန်သွန်သင်ပေးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဘုန်းတော်ကြီးတချို့ကို တွေ့ဆုံခဲ့တယ်။ ဒါပေမဲ့ ဘုန်းကြီးတွေ စိတ်မဝင်စားကြဘူး။ မှားယွင်းတဲ့ဘာသာကို ဖက်တွယ်ထားချင်တဲ့သူတွေနဲ့ ပေါင်းဖို့ မဖြစ်နိုင်ဘူးဆိုတဲ့အချက်ကို ကျမ်းစာကျောင်းသားတွေ လက်ခံရတော့မယ်။ w16.11 ၄:၁၄

သောကြာနေ့၊ ဒီဇင်ဘာ ၂၁

ဖြောင့်မတ်ခြင်းရဲ့ ကျွန်အဖြစ် ခန္ဓာကိုယ်ကို ဆက်သပြီး သန့်ရှင်းတဲ့အဖြစ်ကို ရောက်ကြပါ။—ရော. ၆:၁၉။

ဘုရားသခင့် မဟာကရုဏာတော်ကို ကျေးဇူးတင်လေးမြတ်ခြင်းမှာ ကောရိန္သု ခရစ်ယာန်တချို့ ကျူးလွန်ခဲ့တဲ့ အိမ်ထောင်ရေး ဖောက်ပြန်ခြင်း၊ သောက်ကြူးခြင်း၊ တခြားအပြစ်တွေကို ရှောင်ကြဉ်ခြင်းထက်မက ပါဝင်တယ်။ (၁ ကော. ၆:၉-၁၁) ဘုရားသခင့် မဟာကရုဏာတော်ကို လက်ခံခြင်းဆိုတာ လိင်အကျင့်ယိုယွင်းမှုကို ရှောင်ကြဉ်ခြင်းသာမက ညစ်ညမ်းတဲ့ ဖျော်ဖြေရေးကို မနှစ်သက်ခြင်းပါပဲ။ ဖြောင့်မတ်ခြင်းရဲ့ ကျွန်အဖြစ် ကိုယ်အင်္ဂါတွေကို ဆက်သခြင်းက မူးယစ်ခြင်းကို ရှောင်ကြဉ်ရုံသာမက မူးခါနီးအထိ မသောက်ဖို့လည်း ကူညီပေးပါလိမ့်မယ်။ အဲဒီလို မှားယွင်းတဲ့ အကျင့်တွေကို တိုက်လှန်ဖို့ အတော်အတန် ကြိုးစားရမှာ ဖြစ်ပေမဲ့ အောင်မြင်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ပန်းတိုင်က ကြီးလေးတဲ့ အပြစ်တွေသာမက မသိသာတဲ့ အမှားတွေကိုလည်း ရှောင်ဖို့ဖြစ်တယ်။ အပြည့်အဝတော့ မလုပ်ဆောင်နိုင်ပေမဲ့ ပေါလုလို အတတ်နိုင်ဆုံး ကြိုးစားသင့်တယ်။ “ဒါကြောင့် သေတတ်တဲ့ ခန္ဓာကိုယ်ရဲ့ အလိုဆန္ဒနောက်ကို လိုက်ပြီး အပြစ်ကို ဘုရင်တစ်ပါးလို စိုးမိုးခွင့်မပြုပါနဲ့” လို့ ပေါလု တိုက်တွန်းခဲ့တယ်။—ရော. ၆:၁၂။ ၇:၁၈-၂၀။ w16.12 ၁:၁၉-၂၁

စနေနေ့၊ ဒီဇင်ဘာ ၂၂

စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ ကတော့ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်းတို့ပါပဲ။—ဂ. ၅:၂၂၊ ၂၃။

ကောင်းကင်ဖခင်က သန့်ရှင်းသော စွမ်းအားတော် တောင်းခံသူတွေကို မပျက်မကွက် ပေးမယ်လို့ ယေရှု ကတိပေးခဲ့တယ်။ (လု. ၁၁:၁၀-၁၃) စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေဟာ အနန္တတန်ခိုးရှင် ဘုရားသခင်မှာရှိတဲ့ အရည်အသွေးတွေပဲ။ (ကော. ၃:၁၀) အဲဒါတွေကို သင်ကြိုးစားမွေးမြူတဲ့အခါ တခြားသူတွေနဲ့ ဆက်ဆံရေး ကောင်းလာပါလိမ့်မယ်။ စိုးရိမ်ပူပန်မှု ဖြစ်စေနိုင်တဲ့ အခြေအနေတွေကို ရှောင်ရှားနိုင်ပါလိမ့်မယ်။ “တန်ခိုးကြီးသော လက်တော်အောက်” မှာ “စိုးရိမ်စရာ ရှိသမျှကို ကိုယ်တော့်ထံ ပုံအပ်” ဖို့ဆိုရင် နှိမ့်ချမှုရှိဖို့ လိုပါလိမ့်မယ်။ (၁ ပေ. ၅:၆၊ ၇) ဒါပေမဲ့ နှိမ့်ချကျိုးနွံရင် ဘုရားသခင်ရဲ့ မျက်နှာသာနဲ့ ထောက်မမှု ရရှိပါလိမ့်မယ်။ (မိ. ၆:၈) သင့်ရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း စွမ်းဆောင်နိုင်ရာတွေကို လက်တွေ့ကျကျ ရှုမြင်ခြင်းအားဖြင့် ဘုရားသခင်ကို အားကိုးတတ်လာပြီး စိုးရိမ်ပူပန်မှု လျော့နည်းလာပါလိမ့်မယ်။ w16.12 ၃:၇၊ ၁၂

တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၂၃

ဖြောင့်မတ်ခြင်းတရား ဟောပြောတဲ့ နောဧ။ —၂ ပေ. ၂:၅။

“ဖြောင့်မတ်ခြင်းတရား ဟောပြော” သူအနေနဲ့ သတိပေးသတင်းစကားကို သစ္စာရှိရှိ ကြေညာခဲ့တယ်။ အဲဒီလိုကြေညာခဲ့တဲ့အတွက် ယုံကြည်ခြင်း ခိုင်မာလာမှာ သေချာတယ်။ ဟောပြောတဲ့အပြင် ဘုရားတာဝန်ပေးထားတဲ့ သင်္ဘောဆောက်ဖို့ စိတ်စွမ်း၊ ကိုယ်စွမ်း ရှိသမျှကို အသုံးပြုခဲ့တယ်။ (ဟီ. ၁၁:၇) နောဧလိုပဲ ကျွန်တော်တို့လည်း “သခင့်အလုပ်မှာ အမြဲအလုပ်များ” နေဖို့ ကြိုးစားကြတယ်။ (၁ ကော. ၁၅:၅၈) အဲဒီထဲမှာ ဝတ်ပြုရာနေရာတွေ ဆောက်လုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ စည်းဝေးပွဲနဲ့ အစည်းအဝေးကြီးတွေမှာ လုပ်အားပေးခြင်း၊ ဌာနခွဲနဲ့ ဘာသာပြန်ရုံးခွဲတွေမှာ ကူညီပေးခြင်းတို့ ပါဝင်တယ်။ အရေးကြီးဆုံးကတော့ ဟောပြောခြင်းလုပ်ငန်းမှာ အလုပ်များနေကြတယ်။ ဒီလုပ်ငန်းက အနာဂတ် မျှော်လင့်ချက်ကို ခိုင်မာစေတယ်။ မှန်ပါတယ်၊ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ခြင်းက အနာဂတ်နဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ အကောင်းမြင် သဘောထား၊ အသက်ပြေးပွဲမှာ လက်မလျှော့ဘူးဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်ကို ခိုင်မာစေတယ်။—၁ ကော. ၉:၂၄။ w17.01 ၁:၈၊ ၉

တနင်္လာနေ့၊ ဒီဇင်ဘာ ၂၄

လူတိုင်း ကိုယ့်တာဝန်ကိုယ် ထမ်းရမှာဖြစ်လို့ပဲ။ —ဂလ. ၆:၅။

ကျွန်တော်တို့ ရရှိထားတဲ့ လွတ်လပ်မှုရဲ့ ကန့်သတ်ချက်တစ်ခုကတော့ တခြားသူတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လေးစားခြင်း ဖြစ်တယ်။ ဘာကြောင့်လဲ။ ကျွန်တော်တို့အားလုံးမှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိတဲ့အတွက် ခရစ်ယာန်နှစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ဟာ တစ်ထပ်တည်း မကျနိုင်ဘူး။ အပြုအမူနဲ့ ဝတ်ပြုရေးကိစ္စတွေမှာတောင် အဲဒီလိုပဲ။ ခရစ်ယာန်တိုင်း ‘ကိုယ့်တာဝန် ကိုယ်ထမ်း’ ရမယ်ဆိုတာ အသိအမှတ်ပြုမယ်ဆိုရင် တခြားသူတွေရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် အသုံးပြုပုံကို လေးစားပါလိမ့်မယ်။ အဲဒီထဲမှာ သိပ်အရေးမကြီးတဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေလည်း ပါဝင်တယ်။ (၁ ကော. ၁၀:၃၂၊ ၃၃) ယေဟောဝါက ကျွန်တော်တို့ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်နဲ့အတူ စစ်မှန်တဲ့ လွတ်လပ်မှု ပေးထားတယ်။ (၂ ကော. ၃:၁၇) ယေဟောဝါကို ဘယ်လောက် ချစ်ကြောင်း ဖော်ပြတဲ့ ဆုံးဖြတ်ချက်တွေ ချခွင့်ပေးတဲ့ ဒီလက်ဆောင်ကို ကျွန်တော်တို့ တန်ဖိုးထားတယ်။ ဘုရားသခင်ကို ဂုဏ်တင်တဲ့နည်းနဲ့ အသုံးပြုခြင်း၊ တခြားသူတွေရဲ့ ရွေးချယ်ပိုင်ခွင့်ကို လေးစားခြင်းအားဖြင့် ဒီအဖိုးတန်လက်ဆောင်ကို ကျေးဇူးတင်လေးမြတ်ကြောင်း ဆက်တင်ပြကြပါစို့။ w17.01 ၂:၁၅၊ ၁၇၊ ၁၈

အင်္ဂါနေ့၊ ဒီဇင်ဘာ ၂၅

ကိုယ်တိုင်အစပြုပြီး ဘာတစ်ခုမှ မလုပ်ဘူး၊ ကျွန်တော့်အဖ သင်ပေးတဲ့အတိုင်း ပြောတယ်ဆိုတာကို ခင်ဗျားတို့ သိရလိမ့်မယ်။—ယော. ၈:၂၈။

ကြွားဝါခြင်း၊ အာရုံစိုက်ခံရဖို့ လုပ်ဆောင်ခြင်းကြောင့် မဟုတ်ဘဲ “နူးညံ့ငြိမ်သက်ခြင်းသဘော” ကြောင့်သာ လူအထင်ကြီးခံရမယ်ဆိုတာ သိမှတ်ကြတယ်။ (၁ ပေ. ၃:၃၊ ၄။ ယေ. ၉:၂၃၊ ၂၄) မာနကြီးတဲ့ သဘောထားတွေဟာ ကိုယ့်အပြုအမူမှာ ပေါ်လာပါလိမ့်မယ်။ အခွင့်ထူးတွေ ရထားတယ်၊ အတွင်းရေးတွေ သိထားတယ်၊ တာဝန်ရှိ ညီအစ်ကိုတွေနဲ့ ရင်းနှီးတယ်ဆိုတာတွေကို မသိမသာ ပြောမိနိုင်တယ်။ ပူးပေါင်းလုပ်ဆောင်လို့ ရလာတဲ့အောင်မြင်မှုတွေကို ကိုယ့်ကြောင့်ပဲ ရသလို ပြောလာနိုင်တယ်။ ဒီကိစ္စမှာ ယေရှု စံနမူနာ ပြခဲ့တယ်။ ယေရှု ပြောခဲ့တဲ့စကားအများစုဟာ ဟီဘရူးကျမ်းစောင်တွေကနေ ကိုးကားထားတာဖြစ်တယ်။ မိမိပြောတာတွေဟာ ကိုယ်ပိုင်စကား မဟုတ်ဘဲ ယေဟောဝါဆီက လာတယ်ဆိုတာ နားထောင်သူတွေ သိအောင် ယေရှု ကျိုးနွံစွာ ကိုးကားခဲ့တာဖြစ်တယ်။ w17.01 ၄:၁၂

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၂၆

အကောင်းအဆိုး သိကျွမ်းရာအပင်ရဲ့ အသီးကိုတော့ မစားနဲ့။—က. ၂:၁၇။

ဒီပညတ်ကို အာဒံနဲ့ ဧဝ နားလည်ဖို့၊ နာခံဖို့ မခက်ပါဘူး။ တကယ်တော့ စားစရာ လိုတာထက် ပိုလျှံနေပါတယ်။ စာတန်မာရ်နတ်ဟာ မြွေတစ်ကောင်ကို သုံးပြီး ဖခင် ယေဟောဝါကို မနာခံဖို့ ဧဝကို လှည့်ဖြားသွေးဆောင်ခဲ့တယ်။ (က. ၃:၁-၅။ ဗျာ. ၁၂:၉) “ဥယျာဉ်ထဲမှာရှိတဲ့ အပင်အားလုံးရဲ့အသီး” ကို လူ့သားသမီးတွေ စားခွင့်မရှိတာကို စာတန် ရေးကြီးခွင်ကျယ် လုပ်ခဲ့တယ်။ ‘ကိုယ်လုပ်ချင်တာ ကို လုပ်ခွင့်မရှိဘူးပေါ့’ လို့ ပြောနေသလိုပါပဲ။ အဲဒီနောက် “မင်းတို့ လုံးဝသေမှာ မဟုတ်ဘူး” လို့ ဗြောင်ဗြောင်တင်းတင်း လိမ်ညာခဲ့တယ်။ “အဲဒီအသီးကို စားတဲ့နေ့မှာပဲ မျက်စိပွင့်လာမယ် . . . ဆိုတာ ဘုရားသခင်သိတယ်” လို့ပြောပြီး ဘုရားသခင်ကို နာခံဖို့ မလိုကြောင်း ဧဝ ယုံကြည်လာအောင် လှည့်ဖြားခဲ့တယ်။ ဉာဏ်အလင်း ပွင့်လာမှာမို့ အသီးကို ယေဟောဝါ မစားစေချင်သယောင် စာတန် ပြောခဲ့တယ်။ “အကောင်းအဆိုးကိုသိလာပြီး ဘုရားလိုဖြစ်လာမယ်” လို့လည်း လိမ်ပြောခဲ့တယ်။ w17.02 ၁:၈၊ ၉

ကြာသပတေးနေ့၊ ဒီဇင်ဘာ ၂၇

ကျွန်တော်နဲ့တူတဲ့ ပရောဖက်တစ်ယောက်ကို ခင်ဗျားတို့ထဲကနေ ယေဟောဝါဘုရား ပေါ်ထွန်းစေမယ်။ သူ့စကားကို နားထောင်ပါ။—တရား. ၁၈:၁၅။

သူဟာ ‘ခေါင်းဆောင်၊ အမိန့်ပေးသူ’ ဖြစ်လာမယ်လို့ ဟေရှာယ ကြိုဟောခဲ့တယ်။ (ဟေရှာ. ၅၅:၄) ရောက်လာမယ့် ‘ခေါင်းဆောင်မေရှိယ’ အကြောင်း ရေးသားဖို့ ဒံယေလ လှုံ့ဆော်ခံရတယ်။ (ဒံ. ၉:၂၅) နောက်ဆုံးမှာ ယေရှုခရစ်က ကိုယ့်ကိုယ်ကိုယ် ဘုရားလူမျိုးရဲ့ “ခေါင်းဆောင်” အဖြစ် ဖော်ပြခဲ့တယ်။ (မ. ၂၃:၁၀) ယေရှုနောက်ကို တပည့်တွေ လိုလိုလားလား လိုက်ခဲ့ကြတယ်။ ယေဟောဝါ ရွေးချယ်ထားသူ ဖြစ်ကြောင်း အခိုင်အမာ ဆိုခဲ့ကြတယ်။ (ယော. ၆:၆၈၊ ၆၉) ဘာကြောင့် သူတို့ယုံကြည်စိတ်ချခဲ့ကြသလဲ။ယေရှု နှစ်ခြင်းခံချိန်မှာ “ကောင်းကင်ပွင့်လာပြီး စွမ်းအားတော်က ချိုးငှက်သဏ္ဌာန်နဲ့ သူ့အပေါ် ဆင်းသက်တာ ကို” နှစ်ခြင်းဆရာ ယောဟန် မြင်တွေ့ခဲ့တယ်။ (မာ. ၁:၁၀-၁၂) ယေရှု မြေကြီးပေါ် အမှုဆောင်ချိန်တစ်လျှောက်မှာ အံ့ဖွယ်အမှုတွေ ပြုလုပ်ဖို့၊ အခွင့်အာဏာရှိရှိ ဟောပြောဖို့ ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော်က ခွန်အားပေးခဲ့တယ်။ (တ. ၁၀:၃၈) အဲဒီအပြင် မေတ္တာ၊ ရွှင်လန်းမှု၊ ခိုင်မာတဲ့ ယုံကြည်ခြင်း အပါအဝင် စုံလင်တဲ့ အရည်အသွေးတွေကို ယေရှု တင်ပြဖို့ သန့်ရှင်းသော စွမ်းအားတော်က ကူညီပေးခဲ့တယ်။ (ယော. ၁၅:၉။ ဟီ. ၁၂:၂) ဘယ်ခေါင်းဆောင်ကမှ ဒီလိုယုံကြည်စိတ်ချရတဲ့ အထောက်အထားမျိုး မပြနိုင်ကြဘူး။ ယေရှုဟာ ယေဟောဝါ ရွေးချယ်ထားသူပါပဲ။ w17.02 ၃:၁၅၊ ၁၆

သောကြာနေ့၊ ဒီဇင်ဘာ ၂၈

ခင်ဗျားတို့ကို ဦးဆောင်နေသူတွေ . . . ကို သတိရပါ။—ဟီ. ၁၃:၇။

အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ ခရစ်ယာန်အသင်းတော်ကို တမန်တော်တွေ စတင်ဦးဆောင်ခဲ့တယ်။ အဲဒီတုန်းက “ပေတရုက တမန်တော် ၁၁ ယောက်နဲ့အတူ ရပ်” ပြီး ဂျူးလူမျိုးနဲ့ ဂျူးဘာသာပြောင်းဝင်လာသူတွေကို အသက်ကယ် အမှန်တရားအကြောင်း ဟောပြောခဲ့တယ်။ (တ. ၂:၁၄၊ ၁၅) လူအများကြီး ယုံကြည်သူ ဖြစ်လာကြတယ်။ အဲဒီနောက် ခရစ်ယာန်ဖြစ်လာခါစသူတွေဟာ ‘တမန်တော်တွေဆီကနေ သင်ယူတာ ကို ဆက်လုပ်ဆောင်နေကြတယ်။’ (တ. ၂:၄၂) တမန်တော်တွေက အသင်းတော်ရဲ့ ငွေရေးကြေးရေးကို စီစဉ်ပေးခဲ့ကြတယ်။ (တ. ၄:၃၄၊ ၃၅) “ကျွန်တော်တို့ကတော့ ဆုတောင်းတာ ၊ တရားစကားသွန်သင်တာ ကိုပဲ စိတ်ရောကိုယ်ပါ နှစ်ပြီး လုပ်တော့မယ်” ဆိုပြီး ဘုရားလူမျိုးရဲ့ ဝတ်ပြုရေးကို ဂရုစိုက်ပေးခဲ့ကြတယ်။ (တ. ၆:၄) နယ်မြေသစ်တွေမှာ ဟောပြောဖို့ အတွေ့အကြုံရှိတဲ့ ခရစ်ယာန်တွေကို တာဝန်ပေးခဲ့တယ်။ (တ. ၈:၁၄၊ ၁၅) ဒီလိုနဲ့ တခြားဘိသိက်ခံ အကြီးအကဲတွေလည်း တမန်တော်တွေနဲ့ ပူးပေါင်းပါဝင်လာပြီး အသင်းတော်များရဲ့ အရေးကိစ္စတွေကို စီမံကွပ်ကဲပေးခဲ့ကြတယ်။ အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ အသင်းတော်အားလုံးကို ညွှန်ကြားပေးခဲ့တယ်။—တ. ၁၅:၂။ w17.02 ၄:၄

စနေနေ့၊ ဒီဇင်ဘာ ၂၉

လူအားလုံးကို ပေးသင့်ပေးထိုက်ရာတွေ ပေးကြပါ။ . . . ရိုသေသင့်သူကို ရိုသေပါ။—ရော. ၁၃:၇။

မစုံလင်တဲ့ လူသားအများစုဟာ စာတန့်လောကရဲ့ စိတ်ဓာတ် လွှမ်းမိုးခံထားရတယ်။ ဒါကြောင့် အမျိုးသား/သမီးတချို့ကို သင့်တင့်မျှတစွာ ဂုဏ်တင်လေးစားမယ့်အစား အမတ်တနိုး ကိုးကွယ်ချင်ကြတယ်။ ဘာသာရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊ အားကစားသမား၊ သရုပ်ဆောင်၊ တခြားအကျော်အမော်တွေကို ဘုရားသဖွယ် ယူမှတ်ကြတယ်။ လူကြီးလူငယ်မရွေး သူတို့ကို စံထားပြီး ဝတ်စား ပြုမူပုံတွေကို အတုခိုးကြတယ်။ ခရစ်ယာန်စစ်တွေကတော့ လူတွေကို ဂုဏ်တင်ခြင်းနဲ့ပတ်သက်တဲ့ အမြင်မှားကို ရှောင်ကြတယ်။ ပြည့်ဝစုံလင်တဲ့ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်နိုင်တဲ့ လူသားဟာ ခရစ်တော်တစ်ပါးတည်းပဲ။ (၁ ပေ. ၂:၂၁) လူသားတွေကို လိုတာထက် ပိုပြီးဂုဏ်တင်မယ်ဆိုရင် ဘုရားသခင် မနှစ်သက်ဘူး။ “လူအားလုံးဟာ အပြစ်ရှိသူတွေဖြစ်လို့ ဘုရားသခင်ရဲ့ ဘုန်းတော်နဲ့ အလှမ်းဝေးကြပြီ” ဆိုတဲ့ အခြေခံ အမှန်တရားကို အမှတ်ရဖို့ လိုတယ်။ (ရော. ၃:၂၃) ဘယ်လူသားကိုမှ အမြတ်တနိုး ကိုးကွယ်တဲ့အထိ ဂုဏ်မတင်သင့်ဘူး။ w17.03 ၁:၆-၈

တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၃၀

အာသက ယေဟောဝါကို တစ်သက်လုံး စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုခဲ့တယ်။—၁ ဘု. ၁၅:၁၄။

ဘုရားသခင်ကို အကြွင်းမဲ့ ဆည်းကပ်နေမနေ သိဖို့ ကျွန်တော်တို့ယောက်တိုင်း ကိုယ့်စိတ်နှလုံးကို ဆန်းစစ်နိုင်တယ်။ ‘ယေဟောဝါရဲ့ နှစ်သက်မှု ရဖို့၊ စစ်မှန်တဲ့ ဝတ်ပြုရေးကို ကာကွယ်ဖို့၊ မကောင်းတဲ့ဩဇာကနေ ဘုရားလူမျိုးကို ကာကွယ်ဖို့ ငါစိတ်ပိုင်းဖြတ်ထားသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ဥပမာ၊ ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်ယောက် နှင်ထုတ်ခံရတော့မယ်ဆိုရင် ဘယ်လို လုပ်မလဲ။ သူနဲ့ ပြတ်ပြတ်သားသား အဆက်အသွယ် ဖြတ်လိုက်မလား။ ဘာလုပ်ဖို့ သင့်စိတ်နှလုံး လှုံ့ဆော်ပေးမလဲ။ ဆန့်ကျင်မှု၊ မကျော်လွှားနိုင်ပုံရတဲ့ ဆန့်ကျင်မှုတွေ ကြုံရချိန်မှာ ဘုရားသခင်ကို အကြွင်းမဲ့ အားကိုးခြင်းအားဖြင့် စုံလင်တဲ့ စိတ်နှလုံးရှိကြောင်း အာသလိုပဲ တင်ပြနိုင်ပါတယ်။ ယေဟောဝါသက်သေတစ်ယောက်အဖြစ် ရပ်တည်လို့ ကျောင်းမှာ ကဲ့ရဲ့လှောင်ပြောင်ခံရနိုင်တယ်။ ဘုရားရေးရာအလုပ်တွေအတွက် ခွင့်ယူလို့၊ မကြာခဏ အချိန်ပို မဆင်းလို့ အလုပ်ဖော်တွေ ကဲ့ရဲ့နိုင်တယ်။ အဲဒီလိုအခြေအနေမျိုးမှာ အာသလိုပဲ ဘုရားသခင်ဆီ ဆုတောင်းပါ။ (၂ ရာ. ၁၄:၁၁) မှန်တယ်လို့ ကိုယ်သိထားတဲ့အတိုင်း အခိုင်အမာ ရပ်တည်ပါ။ အာသကို ဘုရားသခင် အားပေးကူညီခဲ့သလို သင့်ကိုလည်း ကူညီပေးပါလိမ့်မယ်။ w17.03 ၃:၆-၈

တနင်္လာနေ့၊ ဒီဇင်ဘာ ၃၁

အလျင်စလိုလုပ်တဲ့သူကတော့ ကျိန်းသေ ဆင်းရဲလိမ့်မယ်။—ပညာ. ၂၁:၅။

အရေးကြီးဆုံးဖြတ်ချက်ကို အလောတကြီး မချဖို့ ကျမ်းစာမှာ အကြံပေးထားတယ်။ ဆုံးဖြတ်ချက်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဘက်ပေါင်းစုံကနေ အချိန်ယူ စဉ်းစားမယ်ဆိုရင် ပိုအောင်မြင်ပါလိမ့်မယ်။ (၁ သက်. ၅:၂၁) အိမ်ထောင်ဦးစီးဟာ မဆုံးဖြတ်ခင် ကျမ်းစာနဲ့ ခရစ်ယာန်စာပေတွေမှာ ရှာဖွေလေ့လာဖို့၊ မိသားစုဝင်တွေရဲ့ သဘောထားကို သုံးသပ်ဖို့ အချိန်ယူသင့်တယ်။ ဇနီးပြောတာကို နားထောင်ဖို့ အာဗြဟံကို ဘုရားသခင် တိုက်တွန်းခဲ့တာ သတိရပါ။ (က. ၂၁:၉-၁၂) အကြီးအကဲတွေလည်း အချိန်ယူ ရှာဖွေလေ့လာသင့်တယ်။ အကျိုးသင့် အကြောင်းသင့်ရှိပြီး နှိမ့်ချကျိုးနွံတဲ့ အကြီးအကဲတွေဟာ ပြုပြင်ပြောင်းလဲရမှာကို မစိုးရိမ်ဘူး။ အချက်အလက်သစ်တွေ ပေါ်လာလို့ ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ရတဲ့အခါ လူတွေ မလေးစားတော့မှာကို တွေးမပူကြဘူး။ သင့်တော်ချိန်မှာ မိမိတို့ရဲ့ တွေးခေါ်ပုံနဲ့ ဆုံးဖြတ်ချက်တွေကို ပြန်ပြင်ဖို့ အသင့်ရှိကြတယ်။ ကျွန်တော်တို့အားလုံး အဲဒီပုံသက်သေကို လိုက်လျှောက်သင့်တယ်။ ဒါက အသင်းတော်ရဲ့ စည်းလုံးငြိမ်သက်မှုကို တိုးပွားစေနိုင်တယ်။—တ. ၆:၁-၄။ w17.03 ၂:၁၆

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ