နိုဝင်ဘာ
ကြာသပတေးနေ့၊ နိုဝင်ဘာ ၁
ငါ့သား၊ ဉာဏ်ပညာရှိပါ။ ငါ့စိတ်ကို ရွှင်လန်းစေပါ။ ဒါမှ ငါ့ကို ကဲ့ရဲ့နေတဲ့သူကို ငါချေပနိုင်မယ်။ —ပညာ. ၂၇:၁၁။
ယေဟောဝါကို ကိုယ်ကျိုးမရှာတဲ့မေတ္တာနဲ့ ချစ်တဲ့သူ တစ်ယောက်မှမရှိဘူးလို့ စာတန် ပြောနေတာ ဖြစ်တယ်။ (ယောဘ ၂:၄၊ ၅) အခုအချိန်မှာ စာတန် အဲဒီ လို မပြောတော့ဘဲ ပြောင်းလဲသွားပြီလား။ လုံးဝ မပြောင်းလဲပါဘူး။ ကောင်းကင်ကနေ ပစ်ချခံရချိန်မှာ ဘုရားသခင့် သစ္စာရှိကျေးကျွန်တွေကို နေ့ညမပြတ် စွပ်စွဲနေတုန်းပဲ။ (ဗျာ. ၁၂:၁၀) သစ္စာစောင့်သိမှု အရေးကိစ္စကို စာတန် မမေ့သေးဘူး။ ဘုရားသခင့် အုပ်ချုပ်မှုကို ကျွန်တော်တို့ ငြင်းပယ်ပြီး သစ္စာဖောက်သွားတာကို သူ သိပ်မြင်ချင်နေတယ်။ စမ်းသပ်မှုတစ်ခုကို အလူးအလဲ ကြုံနေရတယ်ဆိုရင် ဒီမြင်ကွင်းကို မြင်ယောင်ကြည့်ပါ။ တစ်ဖက်မှာ စာတန်နဲ့ နတ်ဆိုးတွေ ရှိနေပြီး သင် ဘာလုပ်မယ်ဆိုတာ ကြည့်နေတယ်။ သင် လက်မြှောက်အရှုံးပေးသွားမယ်လို့ အခိုင်အမာ ပြောနေကြတယ်။ နောက်တစ်ဖက်မှာတော့ ယေဟောဝါ၊ ဘုရင်ယေရှုခရစ်၊ ရှင်ပြန်ထမြောက်သွားတဲ့ ဘိသိက်ခံတွေနဲ့ မြောက်မြားလှတဲ့ ကောင်းကင်တမန်တွေ ရှိနေတယ်။ သူတို့လည်း သင် လှိမ့်ပိမ့်ခံနေရတာကို ကြည့်နေတယ်။ ဒါပေမဲ့ သင့်ကို ဝိုင်းအုံအားပေးနေကြတယ်။ သင့်ရဲ့ ခံနိုင်ရည်နဲ့ ယေဟောဝါအပေါ် သစ္စာစောင့်သိမှုကို မြင်ရလို့ ဝမ်းသာနေကြတယ်။ ဒီနေ့ ကျမ်းချက်မှာ ဖော်ပြထားတဲ့ ယေဟောဝါရဲ့ တောင်းဆိုချက်ကို သင် ကြားရတယ်။ w16.04 ၂:၈၊ ၉
သောကြာနေ့၊ နိုဝင်ဘာ ၂
လူတစ်ယောက် နှစ်ယောက်ကို ခေါ်သွားပါ။ —မ. ၁၈:၁၆။
သူတို့ရဲ့ အကူအညီနဲ့ ပြဿနာပြေလည်သွားရင် ‘သူ့ကို လမ်းမှန်ရောက်အောင် လုပ်နိုင်ပြီ။’ ဒါပေမဲ့ အကြိမ်ကြိမ် ဆွေးနွေးပြီးတာတောင် ပြဿနာမပြေလည်ဘူးဆိုရင် အကြီးအကဲတွေကို အသိပေးသင့်တယ်။ အခြေအနေ အများစုမှာတော့ မဿဲ ၁၈:၁၅-၁၇ မှာပါတဲ့ အဆင့်အားလုံးကို လုပ်ဆောင်ဖို့ မလိုအပ်ပါဘူး။ အားရှိစရာပါပဲ။ အများအားဖြင့် နှင်ထုတ်တဲ့အဆင့်အထိ မရောက်ခင် ပြဿနာပြေလည်သွားလေ့ရှိလို့ပဲ။ အပြစ်ပြုသူဟာ အမှားကို ဝန်ခံပြီး ပြုပြင်လေ့ရှိတယ်။ အဲဒီ အခါ ပြစ်မှားခံရသူကလည်း သင့်သင့်မြတ်မြတ်ဖြစ်အောင် ခွင့်လွှတ်သင့်တယ်။ ဒါကြောင့် ထစ်ခနဲရှိ အကြီးအကဲတွေဆီ သွားဖို့ မလိုအပ်ဘူးဆိုတာ ယေရှုရဲ့ အကြံဉာဏ်က ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ ပထမအဆင့် နှစ်ဆင့်ကို လုပ်ပြီးမှသာ၊ သက်သေအထောက်အထား ခိုင်လုံမှသာ အကြီးအကဲတွေကို အသိပေးသင့်တယ်။ w16.05 ၁:၁၅၊ ၁၆
စနေနေ့၊ နိုဝင်ဘာ ၃
သူတို့လည်း လောကနဲ့ မပတ်သက်ကြပါဘူး။—ယော. ၁၇:၁၆။
ဘုရားသခင့်နိုင်ငံတော်ကို သစ္စာရှိရှိ လက်အောက်ခံဖို့ ကြားနေကြတယ်။ လူ့အစိုးရတွေကို မထောက်ခံတဲ့အတွက် ဘုရားသခင့်နိုင်ငံတော်ကပဲ လူ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်ဆိုပြီး စိတ်သန့်သန့်နဲ့ ဟောပြောနိုင်တယ်။ မှားယွင်းတဲ့ဘာသာတွေဟာ နိုင်ငံရေးမှာ ပါဝင်တဲ့အတွက် ဘာသာဝင်တွေကို တကွဲတပြား ဖြစ်စေတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ဝတ်ပြုရေးကတော့ ကြားနေနိုင်အောင် ကျွန်တော်တို့ကို ကူညီပေးတဲ့အတွက် ကမ္ဘာချီညီအစ်ကို အသင်းအပင်းအဖြစ် စည်းလုံးနေစေတယ်။ (၁ ပေ. ၂:၁၇) စာတန့်စနစ်ရဲ့အဆုံး နီးလာလေ ကြားနေဖို့ ပိုခက်လာလေပဲ။ ဒီနေ့လောကဟာ “ညှိနှိုင်းလို့မရသူ၊” “တဇောက်ကန်းနိုင်သူ” တွေနဲ့ ပြည့်နေတဲ့အတွက် စိတ်ဝမ်းကွဲပြားမှု ပိုများလာလိမ့်မယ်။ (၂ တိ. ၃:၃၊ ၄) အခုတောင် နိုင်ငံတချို့မှာ ရုတ်တရက် နိုင်ငံရေးအပြောင်းအလဲကြောင့် ကြားနေမှုနဲ့ပတ်သက်ပြီး ညီအစ်ကိုတချို့ အခက်အခဲကြုံနေရတယ်။ w16.04 ၄:၃၊ ၄
တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၄
လူဟာ မျိုးစေ့ကြဲတဲ့အတိုင်း ရိတ်သိမ်းရလိမ့်မယ်။—ဂလ. ၆:၇။
ကိုယ်ကြိုက်တာ ဘာမဆိုလုပ်နိုင်တယ်လို့ လူတချို့ ထင်ကြတယ်။ ဒါပေမဲ့ ယေဟောဝါ နှစ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ဆိုရင် ကျမ်းစာမှာပါတဲ့ ပညတ်တွေ၊ မူတွေကို ထည့်စဉ်းစားပြီး လိုက်နာရမယ်။ ဥပမာ၊ သွေးကိစ္စနဲ့ပတ်သက်တဲ့ ဘုရားပညတ်တွေကို လိုက်နာမှ ဘုရားနှစ်သက်မှု ရရှိမယ်။ (က. ၉:၄။ တ. ၁၅:၂၈၊ ၂၉) ကျမ်းစာပညတ်တွေ၊ မူတွေအပေါ်အခြေခံပြီး ဆုံးဖြတ်ချက်ချနိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ ကျွန်တော်တို့ ဆုတောင်းနိုင်တယ်။ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေက ကျွန်တော်တို့အပေါ် အကျိုးသက်ရောက်နိုင်တယ်။ ပညာရှိဆုံးဖြတ်ချက်က ယေဟောဝါနဲ့ ပိုရင်းနှီးအောင် ကူညီပေးနိုင်တယ်။ ပညာမဲ့ဆုံးဖြတ်ချက်ကတော့ ယေဟောဝါနဲ့ ဆက်ဆံရေး ပြတ်တောက်စေနိုင်တယ်။ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေက တခြားသူတွေကိုလည်း ထိခိုက်နိုင်တယ်။ သူတို့ရဲ့ ယုံကြည်ခြင်းကို အားနည်းသွားစေနိုင်တယ်။ အသင်းတော်စည်းလုံးမှုကို ပျက်စီးစေနိုင်တယ်။ ဒါကြောင့် ပညာရှိဆုံးဖြတ်ချက်တွေ ချဖို့ အရေးကြီးတယ်။—ရော. ၁၄:၁၉။ w16.05 ၃:၄၊ ၅
တနင်္လာနေ့၊ နိုဝင်ဘာ ၅
ငါယေဟောဝါဟာ မင်းတို့ရဲ့ ဘုရားသခင်ပဲ။ မင်းတို့ကောင်းကျိုးအတွက် သွန်သင်ပေးတဲ့အရှင်ပဲ။ —ဟေရှာ. ၄၈:၁၇။
ပုံမှန် ကျမ်းစာဖတ်ရှုပြီး ကိုယ်ပိုင်လေ့လာမှု လုပ်ခြင်းအားဖြင့် “အချိန်ကို အကျိုးရှိရှိ အသုံးချ” ဖို့ ကြိုးစားတဲ့အခါ ယေဟောဝါနှစ်သက်တယ်ဆိုတာ စိတ်ချနိုင်တယ်။ (ဧ. ၅:၁၅၊ ၁၆) အဖွဲ့အစည်းထုတ် စာပေတိုင်းကို တစ်ပုံစံတည်း အချိန်ပေးဖတ်ရှုနိုင်မှာ မဟုတ်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ သတိပြုရမယ့် အန္တရာယ်တစ်ခု ရှိတယ်။ ဘာအန္တရာယ်လဲ။ ကျမ်းစာရဲ့ အပိုင်းတချို့ ဒါမှမဟုတ် အဖွဲ့အစည်းထုတ်စာပေတချို့ဟာ ကိုယ်နဲ့မသက်ဆိုင်ဘူးလို့ ကျွန်တော်တို့ အလွယ်တကူ သဘောထားမိနိုင်တယ်။ ဥပမာ၊ ကျမ်းစာအပိုင်းတစ်ခုက ကိုယ့်အခြေအနေနဲ့ မသက်ဆိုင်သလို ဖြစ်နိုင်တယ်။ စာပေတစ်ခုက ကိုယ့်အတွက် အထူးမရည်ရွယ်ထားတာ ဖြစ်နိုင်တယ်။ အဲဒီ အခါ အကြောင်းအရာကို သာမန်ကာလျှံကာ ဖတ်လိုက်သလား ဒါမှမဟုတ် လုံးဝတောင် မဖတ်ဘဲ နေသလား။ ဒါဆို ကျွန်တော်တို့ကို အကျိုးပြုနိုင်တဲ့ အဖိုးတန်အချက်အလက်တွေ လွတ်သွားနိုင်တယ်။ ကျွန်တော်တို့ရရှိတဲ့ အချက်အလက်အားလုံးဟာ ယေဟောဝါဆီက လာတယ်ဆိုတာ အမှတ်ရသင့်တယ်။ w16.05 ၅:၅၊ ၆
အင်္ဂါနေ့၊ နိုဝင်ဘာ ၆
တစ်ယောက်ယောက်ဟာ သတိမထားမိဘဲ ခြေလှမ်းမှားသွားတယ်ဆိုရင် ဘုရားရေးရာ အရည်အသွေးရှိတဲ့ ခင်ဗျားတို့က အဲဒီ လိုလူကို နူးညံ့သိမ်မွေ့တဲ့စိတ်နဲ့ တည့်မတ်ပေးလိုက်ပါ။—ဂလ. ၆:၁။
ယေဟောဝါက ကျွန်တော်တို့တစ်ဦးစီကို ပုံသွင်းပေးဖို့ အသင်းတော်နဲ့ အကြီးအကဲတွေကိုလည်း အသုံးပြုတယ်။ ဥပမာ၊ ကျွန်တော်တို့မှာ အားနည်းချက်တစ်ခုရှိနေတာကို အကြီးအကဲတွေ သတိထားမိတဲ့အခါ ကူညီပေးကြတယ်။ ဒါပေမဲ့ အကြံဉာဏ်ပေးတဲ့အခါ ကိုယ်ပိုင်အတွေးအခေါ်ကို အားမကိုးကြဘူး။ အဲဒီ အစား ထိုးထွင်းသိမြင်မှုနဲ့ ဉာဏ်ပညာပေးဖို့ ယေဟောဝါဆီ နှိမ့်ချစွာ ဆုတောင်းကြတယ်။ ပြီးနောက် ကျွန်တော်တို့ကို ကူညီပေးနိုင်မယ့် အချက်အလက်တွေ ရရှိနိုင်ဖို့ ကျမ်းစာနဲ့ အဖွဲ့အစည်းထုတ်စာပေတွေမှာ ရှာဖွေလေ့လာကြတယ်။ ယေဟောဝါ ဘယ်လို ပုံသွင်းပေးတယ်ဆိုတာ နားလည်ခြင်းက ညီအစ်ကိုညီအစ်မတွေနဲ့ ဆက်ဆံရေးကောင်းရှိအောင် ကူညီပေးနိုင်တယ်။ အဲဒီ အပြင် ကျမ်းစာသင်သားတွေ အပါအဝင် ရပ်ကွက်မှာရှိတဲ့ လူတွေအပေါ် အပြုသဘောထားရှိနေအောင်လည်း ကူညီပေးပါလိမ့်မယ်။ လူတွေ ပြောင်းလဲဖို့ ယေဟောဝါ အတင်းမတိုက်တွန်းဘူး။ အဲဒီ အစား မိမိရဲ့ ဖြောင့်မတ်တဲ့စံနှုန်းတွေကို ဖော်ပြပေးတယ်။ အဲဒီ နောက် လိုအပ်သလို ပြောင်းလဲမလားဆိုတာ သူတို့ကိုယ်တိုင် ဆုံးဖြတ်ရမယ်။ w16.06 ၁:၁၃၊ ၁၄
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၇
မင်းက ကြီးမြတ်တဲ့အရာတွေကို ရှာနေတယ်။ အဲဒါတွေကို ဆက်မရှာပါနဲ့တော့။—ယေ. ၄၅:၅။
“သွေးသားအလိုဆန္ဒ၊ မျက်စိရဲ့အလိုဆန္ဒ၊ မိမိစည်းစိမ်အကြောင်း ဝါကြွားခြင်း” စတဲ့ လောကမှာရှိတဲ့အရာတွေကို ချစ်တဲ့သူဟာ ‘အဖဘုရားကို မချစ်တဲ့သူ’ ဖြစ်တယ်လို့ တမန်တော်ယောဟန်လည်း သတိပေးခဲ့တယ်။ (၁ ယော. ၂:၁၅၊ ၁၆) ဒါကြောင့် လောကကို ချစ်နေသလားဆိုတာ သိနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ပုံမှန်ဆန်းစစ်သင့်တယ်။ ကျွန်တော်တို့က လောကရဲ့ ဖျော်ဖြေရေး၊ အပေါင်းအသင်း၊ ဝတ်စားဖြီးလိမ်းပုံတွေကို နှစ်သက်နေတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အဆင့်မြင့်ပညာ ဆည်းပူးခြင်းအားဖြင့် “ကြီးမြတ်တဲ့အရာ” တွေကို လိုချင်နေတာ ဖြစ်နိုင်တယ်။ ကမ္ဘာသစ် နီးနေပြီဖြစ်လို့ တရားဟောရာ ၆:၄ မှာပါတဲ့ မောရှေရဲ့စကားကို အမှတ်ရနေဖို့ အရေးကြီးတယ်။ ‘ကျွန်တော်တို့ရဲ့ ဘုရားသခင် ယေဟောဝါဟာ တစ်ဆူတည်းသော ယေဟောဝါ’ ဖြစ်တယ်ဆိုတာ နားလည်ပြီး အခိုင်အမာယုံကြည်မယ်ဆိုရင် ကိုယ်တော်နှစ်သက်တဲ့နည်းနဲ့ အကြွင်းမဲ့ဝတ်ပြု နိုင်ပါလိမ့်မယ်။—ဟီ. ၁၂:၂၈၊ ၂၉။ w16.06 ၃:၁၄
ကြာသပတေးနေ့၊ နိုဝင်ဘာ ၈
ဘုရားသခင့်နိုင်ငံတော်ကို အမြဲ ဦးစားထားကြပါ။ နောက်မှ အဲဒါတွေကို ဖြည့်ဆည်းပေးလိမ့်မယ်။ —လု. ၁၂:၃၁။
လိုအပ်တာ နည်းနည်း၊ လိုချင်တာ များများလို့ ပြောလေ့ရှိကြတယ်။ လူအတော်များများက လိုအပ်ရာနဲ့ လိုချင်ရာကို မခွဲခြားတတ်ကြဘူး။ ဘယ်လိုကွာခြားသလဲ။ “လိုအပ်ရာ” ဆိုတာ အသက်ရှင်ဖို့ မရှိမဖြစ်လိုအပ်ရာတွေဖြစ်တယ်။ ဥပမာ၊ စားစရာ၊ ဝတ်စရာ၊ နေစရာ တို့ဖြစ်တယ်။ “လိုချင်ရာ” ဆိုတာ ကိုယ်ပိုင်ဆိုင်ချင်တဲ့ အရာတွေဖြစ်တယ်။ မရှိမဖြစ်လိုအပ်ရာတော့ မဟုတ်ဘူး။ နေထိုင်တဲ့ဒေသအပေါ် မူတည်ပြီး လူတွေ လိုချင်တဲ့အရာ ကွာခြားနိုင်တယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူတွေက ဆဲလ်ဖုန်း၊ ဆိုင်ကယ် ဒါမှမဟုတ် မြေကွက်လေးတစ်ကွက် ပိုင်ဆိုင်ချင်ကြတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ လူတွေက ဈေးကြီးတဲ့အဝတ်အစား၊ ကား ဒါမှမဟုတ် အိမ်ကြီးအိမ်ကောင်းတွေကို လိုချင်ကြတယ်။ ဘယ်နေရာမှာ နေနေ၊ ငွေ ဘယ်လောက်ရှိရှိ ကိုယ်တကယ်မလိုအပ်တဲ့အရာတွေ၊ မတတ်နိုင်တဲ့အရာတွေကို လိုချင်တပ်မက်လာပြီဆိုရင် အန္တရာယ်ရှိတယ်။—ဟီ. ၁၃:၅။ w16.07 ၁:၁၊ ၃
သောကြာနေ့၊ နိုဝင်ဘာ ၉
အပြစ်ရှိတဲ့ အလိုဆန္ဒတွေကို ဖြည့်ဆည်းဖို့ မကြံစည် ပါနဲ့။—ရော. ၁၃:၁၄။
ဘုရားကိုသိဖို့ မလိုဘူးလို့ ဒီနေ့ခေတ်လူများစွာ ယူဆကြတယ်။ (မ. ၅:၃) လောကရဲ့ ပစ္စည်းဥစ္စာတွေရရှိဖို့ပဲ အချိန်နဲ့ ခွန်အားကို နှစ်မြှုပ်ထားကြတယ်။ (၁ ယော. ၂:၁၆) ကျွန်တော်တို့က လောကစိတ်ဓာတ်အစား ဘုရားသခင့်စွမ်းအားတော် လွှမ်းမိုးမှုကို ခံယူချင်တယ်။ အနာဂတ်မှာ ဖြစ်လာမယ့်အရာတွေကို ရှင်းရှင်းလင်းလင်း နားလည်အောင် စွမ်းအားတော်အားဖြင့် ယေဟောဝါ ကူညီပေးနေတယ်။ (၁ ကော. ၂:၁၂) ဒါပေမဲ့ သာမန်အရာလေးတွေကတောင် ယေဟောဝါရဲ့လုပ်ငန်းကနေ အာရုံလွဲသွားစေနိုင်တဲ့အတွက် သတိထားဖို့ လိုအပ်တယ်။ (လု. ၂၁:၃၄၊ ၃၅) နောက်ဆုံးကာလမှာ အသက်ရှင်နေတယ်လို့ ယုံကြည်တဲ့အတွက် ကျွန်တော်တို့ကို တခြားသူတွေ လှောင်ပြောင်နိုင်တယ်။ (၂ ပေ. ၃:၃-၇) ဒါပေမဲ့ စိတ်ဓာတ်ကျစရာ ဘာအကြောင်းမှ မရှိဘူး။ အဲဒီ အစား ဘုရားသခင့်စွမ်းအားတော် ရှိနေတဲ့ အစည်းအဝေးတွေမှာ ညီအစ်ကိုညီအစ်မတွေနဲ့ ပုံမှန်ပေါင်းသင်းခြင်းအားဖြင့် စွမ်းအားတော်ရဲ့ လွှမ်းမိုးမှုကို ခံယူရမယ်။ w16.07 ၂:၁၃၊ ၁၄
စနေနေ့၊ နိုဝင်ဘာ ၁၀
ဆုတောင်းသံကို နားထောင်တဲ့အရှင်၊ ကိုယ်တော့်ဆီကို လူအမျိုးမျိုး လာကြပါလိမ့်မယ်။ . . . ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ပြစ်မှားမှုတွေကို ကိုယ်တော် ဖုံးအုပ်ပေးတယ်။—ဆာ. ၆၅:၂၊ ၃။
လူများစွာဟာ စိတ်သက်သာရာရအောင် ဆုတောင်းကြပေမဲ့ ဆုတောင်းချက်တွေကို ဘုရားနားထောင်တယ်လို့တော့ မယုံကြည်ကြဘူး။ “ကျွန်တော့်နာမည်ကို အမှီပြုပြီး ခင်ဗျားတို့ တောင်းဆိုသမျှ ကျွန်တော်လုပ်ပေးမယ်” လို့ တပည့်တွေကို ယေရှုပြောတယ်။ (ယော. ၁၄:၁၄) ယေဟောဝါရဲ့ အလိုတော်နဲ့အညီ ဘာမဆို တောင်းနိုင်တယ်ဆိုတဲ့သဘောပဲ။ “အလိုတော်နဲ့အညီ ဆုတောင်းမယ်ဆိုရင် ဘုရား နားထောင်မယ်ဆိုတာ စိတ်ချတယ်” လို့ ယောဟန် အာမခံထားတယ်။ (၁ ယော. ၅:၁၄) ဆုတောင်းခြင်းဟာ စိတ်သက်သာရာရစေတဲ့ နည်းလမ်းလောက်သာမဟုတ်ဘဲ ယေဟောဝါရဲ့ “မဟာကရုဏာပြတဲ့ ဘုရားသခင်ရဲ့ပလ္လင်” ဆီ ချဉ်းကပ်နိုင်တဲ့ နည်းလမ်းဖြစ်မှန်း လူတွေသိလာအောင် ကူညီပေးရတာ အခွင့်ထူးပဲ။ (ဟီ. ၄:၁၆) တောင်းသင့်တောင်းထိုက်ရာတွေကို ပုဂ္ဂိုလ်မှန်ဆီ နည်းမှန်လမ်းမှန် ဆုတောင်းတတ်အောင် သင်ကြားပေးတာ က လူတွေကို ယေဟောဝါရဲ့ မိတ်ဆွေဖြစ်အောင်၊ ဒုက္ခရောက်ချိန်မှာ နှစ်သိမ့်မှုရအောင် ကူညီပေးတာ ဖြစ်တယ်။—ဆာ. ၄:၁။ ၁၄၅:၁၈။ w16.07 ၄:၁၁၊ ၁၂
တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၁၁
သစ္စာစောင့်သိသူတွေ ကိုယ်တော့်ကို ချီးမွမ်းလိမ့်မယ်။ မင်းအာဏာတော်ရဲ့ ဘုန်းတန်ခိုးအကြောင်း သူတို့ ကြေညာလိမ့်မယ်။ . . . မင်းအာဏာတော်ရဲ့ ခမ်းနားလှတဲ့ ဘုန်းတန်ခိုးတွေအကြောင်း လူတွေကို ကြားသိစေလိမ့်မယ်။—ဆာ. ၁၄၅:၁၀-၁၂။
ဘုရားသခင့် သစ္စာရှိ သက်သေခံအားလုံးမှာလည်း အဲဒီ သဘောထားရှိတယ်။ ဒါပေမဲ့ ကျန်းမာရေး မကောင်းတာ၊ ဇရာထောင်းတာ တွေကြောင့် အမှုဆောင်လုပ်ငန်းမှာ သင် အကန့်အသတ်ပဲ ပါဝင်နိုင်ရင် ဘယ်လိုလုပ်မလဲ။ သူနာပြု၊ ဆရာဝန် စတဲ့ သင့်ဝန်းကျင်မှာရှိသူ တစ်ယောက်ယောက်ကို ယေဟောဝါအကြောင်း ပြောပြတိုင်း ကိုယ်တော့်ကို ချီးမွမ်းနေတာဖြစ်မှန်း အမြဲသတိရပါ။ ယုံကြည်ချက်ကြောင့် သင် ထောင်ကျနေရင်လည်း အခြေအနေခွင့်ပြုသလောက် သက်သေခံနိုင်ပြီး ယေဟောဝါရဲ့စိတ်တော်ကို ရွှင်လန်းစေနိုင်တယ်။ (ပညာ. ၂၇:၁၁) ယုံကြည်ခြင်းမတူသူတွေနဲ့ နေထိုင်ရရင်လည်း ယေဟောဝါကို ဝတ်ပြုနေရွေ့ သင့်ကို ကိုယ်တော် ချစ်မြတ်နိုးတယ်။ (၁ ပေ. ၃:၁-၄) သိပ်ခက်ခဲတဲ့ အခြေအနေတွေမှာတောင် ယေဟောဝါကို သင် ချီးမွမ်းနိုင်ပြီး ဆက်တိုးတက်နေနိုင်တယ်။ မျှော်လင့်ချက်ရှိဖို့ လိုအပ်နေသူတွေကို ဘုရားရဲ့ အဖိုးတန်အမှန်တရားအကြောင်း ပြောပြနေတာကို ယေဟောဝါ ကောင်းချီးပေးမှာ သေချာတယ်။ w16.08 ၃:၁၉၊ ၂၀
တနင်္လာနေ့၊ နိုဝင်ဘာ ၁၂
ဇနီးတို့၊ သခင်ယေရှုကို လက်အောက်ခံသလို ခင်ပွန်းကို လက်အောက်ခံကြပါ။ ခရစ်တော်ဟာ အသင်းတော်ရဲ့ ဦးခေါင်းဖြစ်သလို ခင်ပွန်းကလည်း ဇနီးရဲ့ ဦးခေါင်းဖြစ်လို့ပဲ။—ဧ. ၅:၂၂၊ ၂၃။
ဒီလိုပြောလို့ ခင်ပွန်းက ဇနီးထက် ပိုသာတယ်လို့ မဆိုလိုဘူး။ ဇနီးရဲ့ အဖိုးတန်အခန်းကဏ္ဍကို ယေဟောဝါ အခုလိုပြောတယ်– “လူဟာ တစ်ယောက်တည်း ဆက်နေဖို့ မသင့်တော်ဘူး။ သူ့ကို ကူညီမယ့်သူ၊ သူနဲ့တွဲဖက်ညီသူကို ငါလုပ်ပေးမယ်။” (က. ၂:၁၈) အိမ်ထောင်ဦးစီးကောင်းဖြစ်ဖို့ ခင်ပွန်းကို ဇနီးဖြစ်သူ ကူညီပေးသင့်တယ်။ လင်ယောက်ျားတွေလည်း “အသင်းတော်ရဲ့ ဦးခေါင်း” ယေရှုရဲ့ မေတ္တာစံနမူနာကို လိုက်နာသင့်တယ်။ ဒါဆို ဇနီးအနေနဲ့ လုံခြုံမှုခံစားရမှာဖြစ်ပြီး ယောက်ျားကို လေးစားဖို့၊ ထောက်မဖို့ ပိုလွယ်ကူပါလိမ့်မယ်။ တပည့်တွေကို ယေရှုချစ်သလို အချင်းချင်း ချစ်ခြင်းအားဖြင့် ယေရှုရဲ့စံနမူနာကို ဒီနေ့ခေတ်ခရစ်ယာန်တွေ လိုက်လျှောက်နေကြတယ်။ (ယော. ၁၃:၃၄၊ ၃၅။ ၁၅:၁၂၊ ၁၃။ ဧ. ၅:၂၅) ခရစ်ယာန်အိမ်ထောင်သည်တွေဟာ ကိုယ့်အိမ်ထောင်ဖက်အတွက် အသေခံဝံ့တဲ့အထိ အချစ်ကြိုး ခိုင်မြဲသင့်တယ်။ w16.08 ၂:၃၊ ၄
အင်္ဂါနေ့၊ နိုဝင်ဘာ ၁၃
သင့်တော်တဲ့အချိန်မှာ ပြောလိုက်တဲ့စကားဟာ သိပ်ကောင်းတယ်။—ပညာ. ၁၅:၂၃။
သင့်ရဲ့တည်ဆောက်မှု ဖြစ်စေတဲ့ စကားတွေက ယေဟောဝါရဲ့ အမှုတော်မှာ ဆက်ပါဝင်ဖို့ တခြားသူတွေကို အားရှိစေနိုင်တယ်။ အစည်းအဝေးတွေမှာ သင့်ရဲ့အားရှိစရာ မှတ်ချက်တွေက ညီအစ်ကို/မတွေအတွက် ခွန်အားဖြစ်စေနိုင်တယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ နေဟမိနဲ့ ဂျူးတွေဟာ ယေဟောဝါရဲ့ အကူအညီကြောင့် အားရှိခဲ့ကြတယ်။ ဂျေရုဆလင်မြို့ရိုးကို ၅၂ ရက်တည်းနဲ့ လက်စသတ်နိုင်ခဲ့ကြတယ်။ (နေ. ၂:၁၈။ ၆:၁၅၊ ၁၆) နေဟမိဟာ အလုပ်ကို ကြီးကြပ်ပေးရုံသာမက ဆောက်လုပ်ရေးမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တယ်။ (နေ. ၅:၁၆) အဲဒီ လိုပဲ အကြီးအကဲများစွာဟာ ဆောက်လုပ်ရေး၊ နိုင်ငံတော်ခန်းမ သန့်ရှင်းရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးမှာ ကူညီပေးခြင်းအားဖြင့် နေဟမိကို တုပနေကြတယ်။ ဒီမေတ္တာရှိ အကြီးအကဲတွေဟာ စိုးရိမ်သောက ရောက်နေတဲ့ ညီအစ်ကို/မတွေဆီ လည်ပတ်ခြင်း၊ သူတို့နဲ့အတူ အမှုဆောင်လုပ်ငန်းမှာ ပါဝင်ခြင်းအားဖြင့် အားရှိစေကြတယ်။—ဟေရှာ. ၃၅:၃၊ ၄။ w16.09 ၁:၁၅၊ ၁၆
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၁၄
မေတ္တာဟာ . . . မတော်မလျော် မကျင့်တတ်ဘူး။ ကိုယ်ကျိုး မရှာတတ်ဘူး။—၁ ကော. ၁၃:၄၊ ၅။
“လိင်အကျင့်ယိုယွင်းခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ရမ္မက်ဆန္ဒကို မချုပ်တည်းခြင်း၊ မကောင်းတဲ့ လိုအင်ဆန္ဒရှိခြင်း . . . ကိုဖြစ်ပေါ်စေတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို သေစေကြပါ” ဆိုတဲ့ အကြံဉာဏ်ကို ဘုရားသခင့် လူမျိုးတွေက ကြိုးစားလိုက်နာကြတယ်။ (ကော. ၃:၂၊ ၅) လိင်အကျင့်ယိုယွင်းတဲ့ ဘဝပုံစံကနေ ရုန်းထွက်ခဲ့ကြတဲ့ ညီအစ်ကို/မတွေဟာ မကောင်းတဲ့ဆန္ဒတွေကို တိုက်လှန်နေရတုန်းပဲ။ သတိမထားဘူးဆိုရင် ကိုယ့်အဝတ်အစားပုံစံကြောင့် ကျမ်းစာသွန်သင်ချက်တွေကို လိုက်နာဖို့၊ မကောင်းတဲ့ဆန္ဒတွေ တိုက်လှန်ဖို့ သူတို့ကို ပိုအခက်တွေ့စေနိုင်တယ်။ (၁ ကော. ၆:၉၊ ၁၀) သူတို့ကို အခက်တွေ့အောင် ကျွန်တော်တို့ မလုပ်ချင်ကြပါဘူး။ ညီအစ်ကို/မတွေနဲ့ အတူရှိနေချိန်မှာ အကျင့်ပျက်မှုကို အားပေးသူတွေနဲ့ ကင်းဝေးကြတယ်။ ကျွန်တော်တို့ရဲ့ ဝတ်စားပုံက အဲဒီ လို သန့်ရှင်းတဲ့ဝန်းကျင်ကို အားဖြည့်ပေးသင့်တယ်။ ကိုယ်ကြိုက်ရာကို လွတ်လပ်စွာ ရွေးချယ်ဝတ်ဆင်ခွင့် ရှိပေမဲ့ တခြားသူတွေရဲ့ သန့်ရှင်းတဲ့ အတွေး၊ အပြောအဆို၊ အပြုအမူကို ဆက်ထိန်းသိမ်းနိုင်ဖို့ လွယ်ကူစေတဲ့ အဝတ်အစားတွေ ဝတ်ဆင်ဖို့ တာဝန်ရှိတယ်။—၁ ပေ. ၁:၁၅၊ ၁၆။ w16.09 ၃:၉၊ ၁၀
ကြာသပတေးနေ့၊ နိုဝင်ဘာ ၁၅
ပျိုရွယ်သူ အမျိုးသား အမျိုးသမီးတို့၊ . . . ဘုရားကို ချီးမွမ်းကြ။—ဆာ. ၁၄၈:၁၂၊ ၁၃။
ပြင်သစ်နိုင်ငံက မိဘနှစ်ပါး အခုလို ပြောတယ်– “ယေဟောဝါကို ကျွန်တော်တို့ ယုံကြည်လို့ သားသမီးတွေလည်း ယုံကြည်မယ်လို့ ပြောလို့မရဘူး။ ယုံကြည်ခြင်းဆိုတာ အမွေပေးလို့ရတဲ့အရာ မဟုတ်ဘူး။ သားသမီးတွေကိုယ်တိုင် တဖြည်းဖြည်း ရယူရမယ်။” သြစတြေးလျ ညီအစ်ကိုတစ်ယောက်လည်း ဒီလိုပြောတယ်– “ကလေးရဲ့ နှလုံးထဲမှာ ယုံကြည်ခြင်း တည်ဆောက်ပေးရတာဟာ အခက်ခဲဆုံးအလုပ် ဖြစ်နိုင်တယ်။ မေးခွန်းတစ်ခုကို သူတို့စိတ်ကျေနပ်အောင် အဖြေပေးလိုက်ပြီလို့ ထင်ပေမဲ့ နောက်ပိုင်းမှာ အဲဒီ မေးခွန်းကိုပဲ ထပ်မေးတတ်ကြတယ်။ ဒီနေ့ ပေးလိုက်တဲ့အဖြေကို ဒီနေ့ ကျေနပ်ပေမဲ့ နောက်တစ်နေ့ ကျေနပ်ချင်မှ ကျေနပ်မယ်။ အကြောင်းအရာတချို့ကို ထပ်ခါတလဲ ပြန်ပြောပြဖို့ လိုအပ်နိုင်တယ်။” သင်ဟာ မိဘတစ်ယောက်ဆိုရင် သားသမီးတွေ ယုံကြည်ခြင်း ရှိလာအောင် သင်ကြားပေးဖို့ အရည်အချင်း မပြည့်မီဘူးလို့ တစ်ခါတလေ ခံစားရသလား။ ဘယ်သူမှ ကိုယ့်အစွမ်းအစနဲ့ကိုယ် မတတ်နိုင်ဘူး။ (ယေ. ၁၀:၂၃) ဒါကြောင့် ယေဟောဝါရဲ့ လမ်းညွှန်မှုကို အားကိုးဖို့ လိုအပ်တယ်။ w16.09 ၅:၁၊ ၂
သောကြာနေ့၊ နိုဝင်ဘာ ၁၆
လိုအပ်နေသူတွေကို ကူညီပေးနိုင်စွမ်းရှိတယ်ဆိုရင် ကူညီဖို့ မတွန့်ဆုတ်ပါနဲ့။—ပညာ. ၃:၂၇။
ပြောင်းရွှေ့လာသူတွေဟာ နိုင်ငံသစ်ရဲ့ ယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေဖြစ်ဖို့ ကြိုးစားရာမှာ အခက်တွေ့ကြတယ်။ ဒီကိစ္စမှာ ရုသ ပုံသက်သေကောင်း ပြခဲ့တယ်။ ကောက်သင်းကောက်ဖို့ ခွင့်တောင်းခြင်းအားဖြင့် နိုင်ငံသစ်ရဲ့ ဓလေ့ထုံးစံတွေကို လေးစားကြောင်း ပြခဲ့တယ်။ (ရု. ၂:၇) ပိုင်စိုးပိုင်နင်း သဘောထားနဲ့ အခွင့်ကောင်း မယူခဲ့ဘူး။ သူ့အပေါ်ပြတဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်။ (ရု. ၂:၁၃) ပြောင်းရွှေ့လာသူတွေ ဒီလိုကောင်းတဲ့သဘောထား တင်ပြတဲ့အခါ ဒေသခံတွေနဲ့ ယုံကြည်သူချင်းတွေရဲ့ လေးစားမှု ပိုရရှိလာနိုင်တယ်။ နောက်ခံအမျိုးမျိုးရှိသူတွေ သတင်းကောင်း ကြားရဖို့ ယေဟောဝါ မဟာကရုဏာပြနေတာ ကျေးဇူးတင်စရာပဲ။ နေရင်းပြည်မှာ ကျမ်းစာလေ့လာဖို့၊ ယေဟောဝါရဲ့ လူမျိုးနဲ့ လွတ်လွတ်လပ်လပ် ပေါင်းသင်းဖို့ အခွင့်မသာသူတွေ ဖြစ်နိုင်တယ်။ အခုတော့ ကျွန်တော်တို့နဲ့ ပေါင်းသင်းဖို့ အခွင့်အရေး ရလာကြတယ်။ သူတို့ကို သူစိမ်းတွေလို မခံစားရအောင် ကူညီပေးသင့်ပါတယ်။ w16.10 ၁:၁၇-၁၉
စနေနေ့၊ နိုဝင်ဘာ ၁၇
ရှေ့မှာရှိတဲ့ ဝမ်းမြောက်စရာအကြောင်းကြောင့် . . . ဒုက္ခသစ်တိုင်ပေါ်မှာ အသေခံခဲ့တယ်။—ဟီ. ၁၂:၂။
ဒီနေ့ခေတ် ကျေးကျွန်များစွာဟာ မျှော်လင့်ချက်ကို အာရုံစိုက်ပြီး စမ်းသပ်မှုတွေကို ခံရပ်ခြင်းအားဖြင့် ယေရှုရဲ့ ပုံသက်သေကို လိုက်လျှောက်နေကြတယ်။ ၁၉၂၅ ခုနှစ်တုန်းက ဂျာမနီမှာ မွေးဖွားခဲ့တဲ့ ရူဒေါ့ဖ် ဂရိုက်ကန်အကြောင်း သုံးသပ်ကြည့်ပါ။ အိမ်နံရံမှာ ချိတ်ဆွဲထားတဲ့ ကျမ်းစာရှုခင်းပုံတွေကို သူမှတ်မိနေတုန်းပဲ။ “ပုံတစ်ပုံက တောခွေးနဲ့ သိုးသငယ်၊ ကျားသစ်နဲ့ ဆိတ်သငယ်၊ နွားသငယ်နဲ့ ခြင်္သေ့သငယ်တို့ဟာ လူငယ်လေးတစ်ဦးရဲ့ ဦးဆောင်မှုအောက် အတူတကွ ငြိမ်ငြိမ်သက်သက် ရှိနေကြပုံကို သရုပ်ဖော်ထားတယ်။ . . . အဲဒီ လိုပုံတွေက ကျွန်တော့်ရဲ့ စိတ်ဘဝင်မှာ ထာဝစဉ် စွဲမှတ်သွားစေတယ်” လို့ သူရေးခဲ့တယ်။ (ဟေရှာ. ၁၁:၆-၉) နာဇီဂတ်စတာ ပိုတွေနဲ့ နောက်ပိုင်း ရှတာ ဇီလို့ခေါ်တဲ့ အရှေ့ဂျာမနီ လျှို့ဝှက်ရဲအဖွဲ့ရဲ့ နှစ်အတော်ကြာ ရက်ရက်စက်စက် နှိပ်စက်မှုတွေကြား ယေဟောဝါအပေါ် သစ္စာစောင့်သိခဲ့တယ်။ မြေကြီးပရဒိသုကို အခိုင်အမာ ယုံကြည်ခဲ့တယ်။ တခြားစမ်းသပ်မှုတွေကိုလည်း သူခံရပ်ခဲ့ရတယ်။ သူ့အမေဟာ ရာဗန်ဘရွတ်ခ် ချွေးတပ်စခန်းမှာ ငန်းဖျားရောဂါနဲ့ သေဆုံးခဲ့တယ်။ အဖေကလည်း ယေဟောဝါသက်သေ မဟုတ်တော့ဘူးလို့ လက်မှတ် ထိုးလိုက်တယ်။ w16.10 ၃:၁၂-၁၅
တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၁၈
ဘုရားသခင်ရဲ့ တရားစကားကို . . . ဘုရားသခင်ရဲ့ တရားစကားလို့ သဘောထားပြီး လက်ခံခဲ့တယ်။ တကယ်လည်း ဘုရားသခင်ရဲ့ တရားစကားပါပဲ။ —၁ သက်. ၂:၁၃။
ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ ဘုရားသခင့် စကားတော် ကျမ်းစာကို အလွန် တန်ဖိုးထားကြတယ်။ မစုံလင်သူတွေမို့ ကျမ်းစာသွန်သင်ချက်တွေ မကြာခဏ ရရှိကြတယ်။ အဲဒီ အခါ ဘယ်လို တုံ့ပြန်ကြမလဲ။ ပထမရာစု ခရစ်ယာန် ဧဝေါဒိနဲ့ သုန္တုတ်တို့အကြောင်း သုံးသပ်ကြည့်ပါ။ ဒီဘိသိက်ခံ ညီအစ်မတွေကြားမှာ ကြီးမားတဲ့ပြဿနာတွေ ပေါ်ပေါက်ခဲ့တယ်။ သူတို့ရဲ့ ပြဿနာက အသင်းတော်တစ်ခုလုံးရဲ့ ငြိမ်သက်မှုကို ပျက်စီးစေနိုင်တယ်။ ဘာတွေ ဆက်ဖြစ်သလဲဆိုတာ ကျမ်းစာမှာ မဖော်ပြထားဘူး။ ဒါပေမဲ့ ဒီညီအစ်မနှစ်ယောက်စလုံး တမန်တော် ပေါလုရဲ့ မေတ္တာပါ သွန်သင်ချက်ကို လိုက်နာခဲ့ကြမှာပဲ။ (ဖိ. ၄:၂၊ ၃) ဒီနေ့လည်း အလားတူ အခြေအနေတွေက ယေဟောဝါလူမျိုးရဲ့ အသင်းတော်တွေကို တစ်ခါတလေ စိတ်ဝမ်းကွဲပြားစေနိုင်တယ်။ ဒါပေမဲ့ ကျမ်းစာသွန်သင်ချက်တွေကို လိုက်လျှောက်မယ်ဆိုရင် အဲဒီ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်၊ လုံးဝတောင် ရှောင်နိုင်ပါမယ်။ ယေဟောဝါရဲ့ စကားတော် ကျမ်းစာကို အလွန် တန်ဖိုးထားမယ်ဆိုရင် ကျမ်းစာညွှန်ကြားချက်တွေအတိုင်း အသက်ရှင်ပါလိမ့်မယ်။—ဆာ. ၂၇:၁၁။ w16.11 ၃:၁-၃
တနင်္လာနေ့၊ နိုဝင်ဘာ ၁၉
ဒုက္ခရောက်ချိန်မှာ စိတ်ဓာတ်ကျနေရင် အားလျော့သွားလိမ့်မယ်။—ပညာ. ၂၄:၁၀။
ကျွန်တော်တို့အားလုံး အားပေးမှု လိုအပ်ကြတယ်။ အထူးသဖြင့် ကလေးဘဝမှာ ဖြစ်တယ်။ “အပင်တွေဟာ ရေလိုအပ်သလို သားသမီးတွေလည်း . . . အားပေးမှု လိုအပ်ကြတယ်။ အားပေးခံရတဲ့အခါ တန်ဖိုးရှိတယ်၊ အသုံးဝင်တယ်လို့ ခံစားရတယ်” ဆိုပြီး ကျောင်းဆရာ တီမိုသီအီဗန် ပြောတယ်။ ခက်ခဲကျပ်တည်းတဲ့ကာလမှာ ကျွန်တော်တို့ အသက်ရှင်နေကြတယ်။ လူတွေ တစ်ကိုယ်ကောင်း ဆန်လာပြီး ချစ်ခင်တွယ်တာစိတ် မရှိကြတော့ဘူး။ အားပေးမှုလည်း ရှားပါးလာတယ်။ (၂ တိ. ၃:၁-၅) စိတ်ဓာတ်ကျတဲ့အခါ ယေဟောဝါနဲ့ ဆက်ဆံရေးရော၊ တခြားကဏ္ဍတွေမှာပါ ထိခိုက်နိုင်မှန်း စာတန် သိထားလို့ ကျွန်တော်တို့ကို စိတ်ဓာတ်ကျစေချင်တယ်။ ဖြောင့်မတ်တဲ့ ယောဘ စိတ်ဓာတ်ကျအောင် ဒုက္ခတွေ၊ စွပ်စွဲချက်တွေကို စာတန် သုံးခဲ့ပေမဲ့ အဲဒီ ရက်စက်တဲ့အကြံ မအောင်မြင်ခဲ့ဘူး။ (ယောဘ ၂:၃။ ၂၂:၃။ ၂၇:၅) မိသားစုဝင်တွေ၊ ညီအစ်ကို/မတွေကို အားပေးခြင်းအားဖြင့် စာတန်ရဲ့ လုပ်ရပ်တွေကို တိုက်ခိုက်နိုင်ပါတယ်။ ဒီနည်းအားဖြင့် အိမ်နဲ့ နိုင်ငံတော်ခန်းမဟာ ပျော်ရွှင်မှု၊ လုံခြုံမှုပေးတဲ့နေရာ ဖြစ်လာပါလိမ့်မယ်။ w16.11 ၁:၄၊ ၆
အင်္ဂါနေ့၊ နိုဝင်ဘာ ၂၀
[ဘုရားသခင်က ခင်ဗျားတို့ကို] အမှောင်ထဲကနေ အံ့ဖွယ် အလင်းထဲခေါ်[တယ်။]—၁ ပေ. ၂:၉။
၁၆ ရာစုအစပိုင်းမှာ သတ္တိရှိသူအနည်းငယ်ရဲ့ဟာ ကျမ်းစာကို အများသုံးဘာသာစကားနဲ့ စတင် ဘာသာပြန်ဆိုခဲ့ကြတယ်။ ကျမ်းစာ ရရှိလာနိုင်တဲ့အတွက် လူတွေ ဖတ်ရှုလာနိုင်တယ်။ ဖတ်ရင်းနဲ့ ကျမ်းစာမှာ ငရဲကလေးအကြောင်း၊ လူသေတွေအတွက် မစ္ဆားပွဲကျင်းပတဲ့အကြောင်း၊ ပုပ်ရဟန်းမင်းနဲ့ ဘုန်းတော်ကြီးအကြောင်း ဘယ်မှာ ပါလို့လဲဆိုပြီး မေးခွန်း ထုတ်လာကြတယ်။ ချာ့ချ်ခေါင်းဆောင်တွေကို မေးခွန်းထုတ်ရဲလိုက်ကြတာဆိုပြီး ချာ့ချ်က ယမ်းပုံမီးကျပါလေရော။ ဒါကြောင့် တန်ပြန်တိုက်ခိုက်ခဲ့တယ်။ ချာ့ချ်သွန်သင်ချက်တွေကို ငြင်းပယ်တဲ့ အမျိုးသား/သမီးတွေကို တိတ္ထိတွေအဖြစ် သတ်မှတ်ခဲ့တယ်။ ချာ့ချ်သွန်သင်ချက် ငြင်းပယ်သူတွေကို သေဒဏ်ချမှတ်ပြီး နိုင်ငံတော်က အရေးယူဆောင်ရွက်တယ်။ ရည်ရွယ်ချက်က လူတွေ ကျမ်းစာ မဖတ်အောင်၊ ချာ့ချ်ကို မေးခွန်း မထုတ်အောင် ဖြစ်တယ်။ အကြံအစည်အများစု အောင်မြင်ခဲ့တယ်။ ဒါပေမဲ့ သတ္တိရှိတဲ့ လူနည်းစုကတော့ မဟာဗာဗုလုန်ကြောင့် နောက်တွန့်မသွားကြဘူး။ ဘုရားသခင့် စကားတော် ကျမ်းစာကို မြည်းစမ်းခဲ့ပြီမို့ ထပ်သိချင်နေကြတယ်။ မှားယွင်းတဲ့ ဘာသာရေးကနေ လွတ်မြောက်တော့မယ့် အလားအလာပါပဲ။ w16.11 ၄:၁၃
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၂၁
သစ္စာရှိတဲ့သက်သေဟာ လိမ်မပြောတတ်ဘူး။—ပညာ. ၁၄:၅။
ရိုးသားမှုဆိုတာ ခရစ်ယာန်လမ်းစဉ်ရဲ့ အခြေခံပဲ။ (ဧ. ၄:၂၅) စာတန်ဟာ “မုသားရဲ့အဖ” ဖြစ်တယ်။ အာနနိနဲ့ ဇနီးဟာ လိမ်ပြောလို့ အသက်ဆုံးရှုံးခဲ့ရတယ်။ သူတို့လို ကျွန်တော်တို့ မဖြစ်ချင်လို့ လိမ်မပြောကြဘူး။ (ယော. ၈:၄၄။ တ. ၅:၁-၁၁) ရိုးသားမှုဆိုတာ အဲဒီလောက်ပဲလား။ ဘုရားသခင့် မဟာကရုဏာတော်ကို တကယ် ကျေးဇူးတင်လေးမြတ်တယ်ဆိုရင် တခြားနည်းလမ်းတွေမှာလည်း ရိုးသားကြရပါမယ်။ လိမ်ပြောတယ်ဆိုတာ မဟုတ်မမှန် ပြောတာဖြစ်တယ်။ ယေဟောဝါက ဗြောင်လိမ်တာကိုပဲ ရှောင်စေချင်တာ မဟုတ်ဘူး။ “ငါယေဟောဝါဟာ သန့်ရှင်းတဲ့အတွက် မင်းတို့လည်း သန့်ရှင်းရမယ့်” လို့ အစ္စရေးတွေကို မိန့်မှာခဲ့တယ်။ အဲဒီ နောက် သန့်ရှင်းခြင်း နမူနာတွေကို ဖော်ပြခဲ့တယ်။ အဲဒီ ထဲမှာ “သူတစ်ပါးပစ္စည်း မခိုးနဲ့။ အချင်းချင်း မလှည့်စားနဲ့။ ကလိမ်ကကျစ် မလုပ်နဲ့” ဆိုတာတွေလည်း ပါဝင်တယ်။ (ဝတ်. ၁၉:၂၊ ၁၁) ဗြောင်လိမ်တာ မဟုတ်ပေမဲ့ တခြားသူတွေကို လှည့်စားတာ လည်း မရိုးသားမှုပါပဲ။ w16.12 ၁:၁၇၊ ၁၈
ကြာသပတေးနေ့၊ နိုဝင်ဘာ ၂၂
လူ့ဉာဏ်နဲ့မမီနိုင်တဲ့ ဘုရားသခင့်ငြိမ်သက်ခြင်းက ခရစ်တော်ယေရှုကတစ်ဆင့် ခင်ဗျားတို့ရဲ့ စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်ပေးပါလိမ့်မယ်။ —ဖိ. ၄:၇။
ကျမ်းစာမှာ ယေရှုရဲ့ နှစ်သိမ့်မှုဖြစ်စေတဲ့ စကားတွေ ပါတယ်။ ယေရှုရဲ့ စကားနဲ့ သွန်သင်ချက်တွေက နားထောင်သူတွေကို လန်းဆန်းစေတယ်။ စိတ်ဒုက္ခရောက်သူတွေကို စိတ်အေးစေတယ်၊ အားနည်းသူကို အားရှိစေတယ်၊ စိတ်ဓာတ်ကျသူကို နှစ်သိမ့်ပေးတဲ့အတွက် ယေရှုဆီ လူများစွာ ရောက်လာကြတယ်။ (မ. ၁၁:၂၈-၃၀) တခြားသူတွေရဲ့ ဝတ်ပြုရေး၊ စိတ်ဓာတ်ရေး၊ ကာယရေး လိုအပ်ချက်တွေကို မေတ္တာပါပါ ထည့်စဉ်းစားပေးခဲ့တယ်။ (မာ. ၆:၃၀-၃၂) ကူညီပေးမယ်ဆိုတဲ့ ယေရှုရဲ့ ကတိဟာ ဒီနေ့အထိ သက်ဆိုင်နေတုန်းပါပဲ။ ယေရှုနဲ့ သွားလာခဲ့တဲ့ တမန်တော်တွေလိုပဲ သင်ကိုယ်တိုင်လည်း တွေ့ကြုံခံစားရနိုင်ပါတယ်။ ယေရှုကိုယ်တိုင် ကျွန်တော်တို့ဘေးနားမှာ ရှိနေဖို့ မလိုပါဘူး။ ကောင်ကင်ဘုရင်အနေနဲ့ ယေရှု ဆက်မေတ္တာပြနေပါတယ်။ ဒါကြောင့် သင်စိုးရိမ်ပူပန်ချိန်မှာ၊ “အကူအညီ လိုအပ်ချိန်” မှာ “ကူညီမစ” နိုင်ပါတယ်။ စိတ်ပျက်စရာတွေ ဖြေရှင်းနိုင်ဖို့၊ သင့်ကို မျှော်လင့်ချက်နဲ့ ခွန်အားပေးဖို့ ယေရှုရဲ့စကားတွေက ကူညီပေးနိုင်ပါတယ်။—ဟီ. ၂:၁၇၊ ၁၈။ ၄:၁၆။ w16.12 ၃:၄၊ ၆
သောကြာနေ့၊ နိုဝင်ဘာ ၂၃
လူအားလုံးကို အဆုံးစီရင်ဖို့ ငါဆုံးဖြတ်လိုက်ပြီ။ —က. ၆:၁၃။
နောဧဟာ အကျင့်ပျက်မှု၊ ‘အကြမ်းဖက်မှုတွေ ပြည့်နေ’ တဲ့ လောကမှာ အသက်ရှင်ခဲ့တယ်။ (က. ၆:၄၊ ၉-၁၂) ယေဟောဝါရဲ့ သတိပေးသတင်းကို နောဧ သစ္စာရှိရှိ ဟောပြောခဲ့ပေမဲ့ အဲဒီ သတင်းကို ပတ်ဝန်းကျင်က လူဆိုးတွေ လက်ခံဖို့ အတင်းအကျပ် မလုပ်နိုင်ခဲ့ဘူး။ ရေလွှမ်းမိုးဘေး အမြန်ရောက်အောင်လည်း မလုပ်နိုင်ခဲ့ဘူး။ သင့်တော်တဲ့အချိန်မှာ ဆိုးသွမ်းမှုကို အဆုံးတိုင်စေမယ်ဆိုတဲ့ ကတိအတိုင်း ယေဟောဝါ လုပ်ဆောင်မယ်ဆိုတာ နောဧ ယုံကြည်စိတ်ချခဲ့ရတယ်။ (က. ၆:၁၇) ကျွန်တော်တို့လည်း ဆိုးသွမ်းမှု ပြည့်နေတဲ့ လောကမှာ အသက်ရှင်နေရတယ်၊ အဲဒီ လောကကို ဖျက်ဆီးဖို့ ယေဟောဝါ ကတိပေးထားမှန်း သိတယ်။ (၁ ယော. ၂:၁၇) ဒီအတောအတွင်း ‘နိုင်ငံတော် သတင်းကောင်း’ ကို လူတွေ လက်ခံအောင် အတင်းအကျပ် မလုပ်နိုင်ဘူး။ “ကြီးစွာသောဒုက္ခ” အမြန် ရောက်လာအောင်လည်း မလုပ်နိုင်ဘူး။ (မ. ၂၄:၁၄၊ ၂၁) မကြာခင် ဘုရားသခင် ကြားဝင်ဆောင်ရွက်ပေးမယ်ဆိုတာ နောဧလိုပဲ အခိုင်အမာ ယုံကြည်ဖို့ လိုတယ်။ (ဆာ. ၃၇:၁၀၊ ၁၁) ယေဟောဝါက ဒီစနစ်ဆိုးကို လိုတာထက်ပိုပြီး တစ်ရက်တောင် တည်ရှိခွင့်ပေးမှာ မဟုတ်မှန်း ကျွန်တော်တို့ ယုံကြည်စိတ်ချကြတယ်။—ဟဗ. ၂:၃။ w17.01 ၁:၅-၇
စနေနေ့၊ နိုဝင်ဘာ ၂၄
ငါယေဟောဝါဟာ . . . မင်းတို့ကောင်းကျိုးအတွက် သွန်သင်ပေးတဲ့အရှင်၊ မင်းတို့လျှောက်သင့်တဲ့ လမ်းအတိုင်း လမ်းညွှန်ပေးတဲ့ အရှင်ပဲ။—ဟေရှာ. ၄၈:၁၇။
ယနေ့ လူများစွာဟာ မိမိတို့ရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို တလွဲသုံးပြီး တခြားသူတွေ ထိခိုက်အောင် လုပ်နေကြတယ်။ “နောက်ဆုံးသောနေ့ရက်များ” မှာ လူတွေဟာ “ကျေးဇူးကန်းသူ” တွေ ဖြစ်မယ်ဆိုပြီး ကျမ်းစာမှာ ကြိုဟောထားတယ်။ (၂ တိ. ၃:၁၊ ၂) ယေဟောဝါ ပေးတဲ့ အဖိုးတန်လက်ဆောင်အတွက် ကျေးဇူးတင်ကြောင်း ဘယ်လို တင်ပြနိုင်သလဲ။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် လက်ဆောင် တလွဲအသုံးပြုတာကို ဘယ်လို ရှောင်နိုင်သလဲ။ ကျွန်တော်တို့အားလုံးမှာ အပေါင်းအသင်း၊ ဝတ်စားဖြီးလိမ်းပုံ၊ ဖျော်ဖြေရေးတို့ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိတယ်။ ဒါပေမဲ့ လူ့ဇာတိအလိုဆန္ဒနောက် လိုက်မယ်၊ လောကရဲ့ အရှက်မဲ့တဲ့ ခေတ်ရေစီးကြောင်းနောက် လိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ဟာ “မကောင်းမှု ဖုံးကွယ်” ဖို့အတွက် ဖြစ်သွားနိုင်တယ်။ (၁ ပေ. ၂:၁၆) လွတ်လပ်ခွင့်ကို ‘ခုတုံးလုပ်ပြီး အပြစ်ရှိတဲ့ အလိုဆန္ဒနောက်’ လိုက်မယ့်အစား “ဘုရားသခင်ရဲ့ ဘုန်းတော်ကိုထောက်ပြီး အရာရာကို လုပ်ဆောင်ကြ” ဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။—ဂလ. ၅:၁၃။ ၁ ကော. ၁၀:၃၁။ w17.01 ၂:၁၂-၁၄
တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၂၅
အဲဒီ စကားကို ကျွန်တော်ကြားတဲ့အခါ . . . အစာရှောင်ပြီး ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်ရှေ့မှာ ဆုတောင်းနေတယ်။—နေ. ၁:၄။
တာဝန်ပြောင်းလဲသွားတဲ့အခါ၊ ထပ်ဆင့်တာဝန်တွေ ရလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အားမကိုးဖို့ ကျိုးနွံမှုက ကူညီပေးနိုင်မှန်း နေဟမိရဲ့ ပုံသက်သေက ဖော်ပြတယ်။ အကြီးအကဲတစ်ယောက်ဟာ ကိုယ့်အတွေ့အကြုံကိုပဲ အားကိုးမယ်ဆိုရင် အသင်းတော်ကိစ္စတွေကို ယေဟောဝါဆီ အရင် ဆုမတောင်းဘဲ ကိုင်တွယ်မိနိုင်တယ်။ တခြားသူတွေကျတော့ အရင်ဆုံးဖြတ်ချက်ချပြီးမှ အဲဒီဆုံးဖြတ်ချက်ကို ကောင်းချီးပေးဖို့ ဆုတောင်းကြတယ်။ အဲဒါ ကျိုးနွံမှုလား။ ကျိုးနွံသူဟာ ဘုရားသခင်ရှေ့မှာ၊ ဘုရားသခင့် အစီအစဉ်မှာ ကိုယ့်နေရာကို အမြဲအမှတ်ရပါလိမ့်မယ်။ ကိုယ့်အစွမ်းအစတွေက အရေးမကြီးပါဘူး။ အထူးသဖြင့် အရင်က ကြုံဖူးတဲ့ အခြေအနေ၊ ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အားမကိုးမိအောင် သတိထားရမယ်။ (ပညာ. ၃:၅၊ ၆) ကိုယ့်တာဝန်ကြောင့် မိသားစုမှာ၊ အသင်းတော်မှာ တခြားသူတွေထက် သာသွားတာ မဟုတ်ဘဲ ဘုရားသခင်ရဲ့ အိမ်ထောင်စုမှာ အတူတကွ လုပ်ဆောင်နေတယ်လို့ စဉ်းစားတတ်ရမယ်။—၁ တိ. ၃:၁၅။ w17.01 ၄:၇၊ ၈
တနင်္လာနေ့၊ နိုဝင်ဘာ ၂၆
ကမ္ဘာမြေကိုတော့ လူသားတွေအတွက်ပေးထားတယ်။ —ဆာ. ၁၁၅:၁၆။
လူသားတွေအတွက် ယေဟောဝါရဲ့ မူလရည်ရွယ်ချက်က မြေကြီးပေါ်မှာ ထာဝစဉ် အသက်ရှင်စေဖို့ ဖြစ်တယ်။ (က. ၁:၂၈။ ဆာ. ၃၇:၂၉) အာဒံနဲ့ ဧဝကို အသက်တာမှာ ပျော်မွေ့စေမယ့် အဖိုးတန်လက်ဆောင်အမျိုးမျိုး ရက်ရက်ရောရော ပေးခဲ့တယ်။ (ယာ. ၁:၁၇) လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ စဉ်းစားဆင်ခြင်နိုင်စွမ်း၊ မေတ္တာပြနိုင်စွမ်း၊ မိတ်ဖွဲ့ပေါင်းသင်းနိုင်စွမ်းတို့ကိုလည်း ပေးခဲ့တယ်။ အာဒံနဲ့ စကားပြောဆက်သွယ်ပြီး နာခံမှု ဘယ်လို ပြရမလဲဆိုတာ ညွှန်ကြားခဲ့တယ်။ အာဒံဟာ မိမိလိုအပ်ရာ၊ တိရစ္ဆာန်တွေနဲ့ ကမ္ဘာမြေကို ပြုစုစောင့်ရှောက်ဖို့လည်း သင်ယူခဲ့ရတယ်။ (က. ၂:၁၅-၁၇၊ ၁၉၊ ၂၀) ယေဟောဝါက အာဒံနဲ့ ဧဝကို အကြား၊ အမြင်၊ အထိအတွေ့၊ အနံ့၊ အရသာဆိုတဲ့ အာရုံတွေကိုလည်း ထည့်သွင်းဖန်ဆင်းပေးခဲ့တယ်။ ဒါကြောင့် ပရဒိသုစံအိမ်ရဲ့ လှပမှုနဲ့ ကြွယ်ဝမှုကို အပြည့်အဝ ခံစားနိုင်ခဲ့ကြတယ်။ ပထမလူသားမောင်နှံအတွက် ကျေနပ်စရာ အလုပ်အကိုင်၊ ပြီးမြောက်အောင်မြင်မှု၊ ရှာဖွေတွေ့ရှိမှုတွေ အဆုံးမရှိပါပဲ။ ယေဟောဝါဟာ အာဒံနဲ့ ဧဝကို စုံလင်တဲ့သားသမီးတွေ မွေးဖွားနိုင်စွမ်း ပေးထားတယ်။ w17.02 ၁:၆၊ ၇
အင်္ဂါနေ့၊ နိုဝင်ဘာ ၂၇
ပညတ်ကျမ်းကိုယူပြီး ကိုယ်တိုင် တစ်စောင်ကူးရေးရမယ် . . . ကျမ်းလိပ်မှာပါတဲ့ စကားတွေ၊ စည်းမျဉ်းတွေကို လိုက်နာနိုင်မယ်။—တရား. ၁၇:၁၈၊ ၁၉။
ဘုရားစကားတော်က ဦးဆောင်သူတွေအပေါ် ဘယ်လို အကျိုးသက်ရောက်ခဲ့သလဲ။ ဘုရင်ယောရှိအကြောင်း သုံးသပ်ကြည့်ပါ။ မောရှေပညတ်ပါရှိတဲ့ မှတ်တမ်းကို တွေ့ရှိတဲ့အခါ ယောရှိရဲ့ အတွင်းရေးမှူးက ဖတ်ပြတယ်။ ဘုရားစကားတော် လမ်းညွှန်မှုအားဖြင့် ရုပ်တုကိုးကွယ်မှုကို အင်တိုက်အားတိုက် ချေမှုန်းခဲ့ပြီး အကြီးကျယ်ဆုံး ပသခါပွဲကို ကျင်းပခဲ့တယ်။ (၂ ဘု. ၂၂:၁၁။ ၂၃:၁-၂၃) ယောရှိနဲ့ တခြားသစ္စာရှိခေါင်းဆောင်တွေဟာ ဘုရားစကားတော် လမ်းညွှန်မှုကြောင့် လိုလိုလားလား ပြုပြင်ပြောင်းလဲကြရတယ်။ ဘုရားလူမျိုးကို ရှင်းရှင်းလင်းလင်း ညွှန်ကြားပေးခဲ့ကြတယ်။ အဲဒီ အပြောင်းအလဲတွေက ဘုရားရဲ့ ရှေးခေတ်လူမျိုးကို အလိုတော်နဲ့ ညီညွတ်စေခဲ့တယ်။ ဒါပေမဲ့ ရှေးခေတ် ဘုရားလူမျိုးကို အုပ်ချုပ်တဲ့ဘုရင်အားလုံး ဘုရားလမ်းညွှန်ချက်တွေကို လိုက်လျှောက်ကြတာတော့ မဟုတ်ဘူး။ အခြေအနေတချို့မှာ ယေဟောဝါက အဲဒီ ခေါင်းဆောင်တွေကို ဆုံးမခဲ့ရတယ်၊ အစားထိုးခဲ့ရတယ်။ (၁ ရှ. ၁၃:၁၃၊ ၁၄) အချိန်တန်တဲ့အခါ လူတွေထက် သာလွန်တဲ့၊ စုံလင်တဲ့ ခေါင်းဆောင်တစ်ဦးကို ခန့်အပ်ပါလိမ့်မယ်။ w17.02 ၃:၁၁၊ ၁၂၊ ၁၄
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၂၈
ကိုယ်တော်က [လူသား] ကို ကောင်းကင်တမန်တွေထက် အနည်းငယ် နိမ့်ကျစေတယ်။ သူ့ကို ဘုန်းအသရေ၊ ခမ်းနားမြင့်မြတ်မှုနဲ့ ချီးမြှောက်တယ်။ —ဆာ. ၈:၅။
လူသားတွေဟာ ဘုရားသခင့် “ပုံသဏ္ဌာန်အတိုင်း” ဖန်ဆင်းခံထားရတယ်။ (က. ၁:၂၇) ဒါကြောင့် အများစုက ဘုရားသခင့် အရည်အသွေးတွေကိုအတိုင်းအတာအမျိုးမျိုးနဲ့ တင်ပြနေကြတယ်။ လူသားတွေမှာ အချင်းချင်း ချစ်ခင်၊ ကြင်နာ၊ စာနာနိုင်စွမ်း ရှိကြတယ်။ မွေးရာပါသိစိတ် ထည့်သွင်းဖန်ဆင်းခံရတဲ့အတွက် အမှားနဲ့ အမှန်၊ ရိုးသားမှုနဲ့ မရိုးသားမှု၊ သင့်တော်တာနဲ့ မသင့်တော်တာ ကို ခွဲခြားသိရှိကြတယ်။ (ရော. ၂:၁၄၊ ၁၅) သန့်ရှင်းလှပတာ ကို ကြိုက်နှစ်သက်ကြတယ်။ ငြိမ်းချမ်းသင့်မြတ်စွာ နေထိုင်ချင်ကြတယ်။ သိသိ မသိသိ ယေဟောဝါရဲ့ ဘုန်းတော်ကို အတိုင်းအတာတစ်ခုအထိ ထင်ဟပ်နေကြတယ်။ ဒါကြောင့် လူတွေကိုလည်း ဂုဏ်တင်လေးစားထိုက်ပါတယ်။ ဒါပေမဲ့ လူတွေကို ဘယ်လို ဂုဏ်တင်သင့်တယ်၊ ဘယ်လောက် ဂုဏ်တင်သင့်တယ်ဆိုတာကို ပိုင်းဖြတ်ရာမှာ သင့်တင့်မျှတမှုရှိဖို့ လိုတယ်။ w17.03 ၁:၅၊ ၆
ကြာသပတေးနေ့၊ နိုဝင်ဘာ ၂၉
ဘုရားသခင်က . . . ဘေးဆိုးကျရောက်စေမယ်လို့ ပြောခဲ့တာ ကို ပြန်စဉ်းစားသုံးသပ်ပြီး ဘေးဆိုး မကျရောက်စေတော့ဘူး။—ယောန ၃:၁၀။
ဘုရားက လူများစွာလို တဒင်္ဂဒေါသကို ရှေ့တန်းတင်ပြီး မဆုံးဖြတ်ဘူး။ နိနေဝေမြို့သားတွေရဲ့ နောင်တ၊ သဘောထား ပြောင်းလဲမှုကို တွေ့တဲ့အခါ မိမိရဲ့ဆုံးဖြတ်ချက်ကို ယေဟောဝါ ပြင်ခဲ့တယ်။ ဒီနည်းအားဖြင့် အကျိုးသင့်အကြောင်းသင့်သဘော၊ နှိမ့်ချမှု၊ စာနာမှုရှိကြောင်း ဖော်ပြခဲ့တယ်။ အလားတူပဲ၊ ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားသင့်တဲ့အချိန်တွေ ရှိနိုင်ပါတယ်။ အခြေအနေတွေ ပြောင်းလဲသွားတဲ့အခါ ဖြစ်နိုင်တယ်။ ယေဟောဝါတောင် အခြေအနေ ပြောင်းလဲသွားတဲ့အခါတွေမှာ ဆုံးဖြတ်ချက်ကို ပြင်ခဲ့တယ်။ (၁ ဘု. ၂၁:၂၀၊ ၂၁၊ ၂၇-၂၉။ ၂ ဘု. ၂၀:၁-၅) အချက်အလက်သစ်တွေကြောင့် ပြန်ပြင်ရတဲ့အခါတွေလည်း ရှိနိုင်တယ်။ ဘုရင်ဒါဝိဒ်ဟာ ရှောလုရဲ့မြေး မေဖိဗောရှက်နဲ့ပတ်သက်ပြီး သတင်းမှား ရခဲ့တယ်။ နောက်ပိုင်း သတင်းမှန် ပြန်ရတဲ့အခါ ဆုံးဖြတ်ချက်ကို ပြင်ခဲ့တယ်။—၂ ရှ. ၁၆:၃၊ ၄။ ၁၉:၂၄-၂၉။ w17.03 ၂:၁၄၊ ၁၅
သောကြာနေ့၊ နိုဝင်ဘာ ၃၀
ခင်ဗျားတို့ရဲ့ အကျိုးသင့်အကြောင်းသင့် သဘောကို လူတိုင်း သိမြင်စေပါ။—ဖိ. ၄:၅။
ပြဿနာ ကြုံရတဲ့အခါ ဘယ်ကျမ်းစာမူတွေ ပါဝင်ပတ်သက်ကြောင်း၊ ဘယ်လို မျှမျှတတ ကျင့်သုံးနိုင်ကြောင်း စဉ်းစားသင့်တယ်။ ဥပမာ၊ သတင်းကောင်း ဟောပြောဖို့ တာဝန်ရှိမှန်း ညီအစ်မတစ်ယောက် သိတယ်။ (တ. ၄:၂၀) အမှုဆောင်မှာ ပါဝင်ဖို့ နေ့တစ်နေ့ကို စီစဉ်ထားပေမဲ့ မယုံကြည်သူခင်ပွန်းက မသွားစေချင်ဘူး။ အခုတလော အချိန်သိပ်မရကြလို့ အဲဒီနေ့မှာတော့ နှစ်ယောက်အတူ တစ်နေရာသွားချင်တယ်။ အဲဒီ အခါ ဘုရားကို နာခံပါ၊ တပည့်ဖြစ်စေပါဆိုတဲ့ ကျမ်းချက်တွေကို ညီအစ်မ စဉ်းစားမိနိုင်တယ်။ (မ. ၂၈:၁၉၊ ၂၀။ တ. ၅:၂၉) လက်အောက်ခံဖို့၊ အကျိုးသင့်အကြောင်းသင့်ရှိဖို့လည်း စဉ်းစားမိတယ်။ (ဧ. ၅:၂၂-၂၄။ ဖိ. ၄:၅) သူ့ခင်ပွန်းက အမှုဆောင်လုပ်ငန်းကို လုံးဝ ဆန့်ကျင်နေတာလား။ ဒါမှမဟုတ် ဒီတစ်ရက်ပဲ အတူရှိနေပေးဖို့ တောင်းဆိုတာလား။ ဘုရားသခင့် အလိုတော်ကို ပိုင်းခြားသိမြင်ပြီး ကြည်လင်တဲ့ သိစိတ်ရှိဖို့ ကြိုးစားရာမှာ မျှတဖို့ လိုတယ်။ w17.03 ၄:၁၇