အောက်တိုဘာ
တနင်္လာနေ့၊ အောက်တိုဘာ ၁
ကြောက်ရွံ့ရိုသေသူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတယ်။ သူတို့ အော်ဟစ်အကူအညီတောင်းတဲ့အခါ နားထောင်ပြီး ကယ်တင်တယ်။—ဆာ. ၁၄၅:၁၉။
ယေဟောဝါဟာ “ခံနိုင်ရည်နှင့် နှစ်သိမ့်ခြင်းအရှင် ဘုရားသခင်” ဖြစ်တယ်။ (ရော. ၁၅:၅) ကိုယ်တော်တစ်ပါးတည်းသာ ကျွန်တော်တို့ရဲ့ အခြေအနေ၊ ခံစားချက်နဲ့ နောက်ခံကို အပြည့်အဝ နားလည်တယ်။ ဒါကြောင့် ခံနိုင်ရည်ရှိဖို့ ကျွန်တော်တို့ ဘာလိုအပ်တယ်ဆိုတာ ဘုရားသခင် အတိအကျ သိတယ်။ ခွန်အားရဖို့ ဆုတောင်းချက်ကို ယေဟောဝါ ဘယ်လို အဖြေပေးမလဲ။ ခံနိုင်ရည်ပေးဖို့ ယေဟောဝါဆီ အကူအညီတောင်းတဲ့အခါ ‘လွတ်မြောက်ရာလမ်းကို ပြင်ဆင်ပေး’ မယ်လို့ ဘုရားသခင် ကတိပြုထားတယ်။ (၁ ကော. ၁၀:၁၃) ဘယ်လိုနည်းနဲ့ ပြင်ဆင်ပေးသလဲ။ တစ်ခါတလေ စမ်းသပ်မှုကို ဘုရားသခင် ဖယ်ရှားပေးနိုင်တယ်။ ဒါပေမဲ့ အများအားဖြင့်တော့ ‘အရာရာကို ခံရပ်နိုင်’ အောင် ကျွန်တော်တို့ကို ခွန်အားပေးပါလိမ့်မယ်။ (ကော. ၁:၁၁) ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်း ဘယ်လောက်အတိုင်းအတာအထိ ခံနိုင်တယ်ဆိုတဲ့ အကန့်အသတ်ကို ယေဟောဝါ သိတဲ့အတွက် ဆက်သစ္စာမရှိနိုင်တော့လောက်အောင် ခက်ခဲလွန်းတဲ့အခြေအနေကို ခွင့်ပြုမှာ မဟုတ်ဘူး။ w16.04 ၂:၅၊ ၆
အင်္ဂါနေ့၊ အောက်တိုဘာ ၂
ဘုရားသခင်နဲ့ဆိုင်တာ ဘုရားသခင်ကို ပေးပါ။ —မ. ၂၂:၂၁။
လူ့အစိုးရတွေကို နာခံဖို့ ကျမ်းစာမှာ ပြောထားတယ်။ ဒါပေမဲ့ လူ့စကားထက် ဘုရားသခင့်စကားကို နာခံရမယ်လို့လည်း ပြောတယ်။ (တ. ၅:၂၉။ တိ. ၃:၁) ဘယ်လို ဖြစ်နိုင်မလဲ။ ဘယ်သူ့ကို နာခံသင့်တယ်ဆိုတာ နားလည်အောင် ကူညီပေးတဲ့ မူတစ်ခုကို ယေရှု ဒီနေ့ကျမ်းချက်မှာ ရှင်းပြတယ်။ ကျွန်တော်တို့က အစိုးရဥပဒေတွေကို နာခံခြင်း၊ အစိုးရအရာရှိတွေကို လေးလေးစားစား ဆက်ဆံခြင်း၊ အခွန်အတုတ်တွေ ပေးခြင်းအားဖြင့် “ဆီဇာနဲ့ဆိုင်တာ ဆီဇာကိုပေး” တယ်။ (ရော. ၁၃:၇) ဒါပေမဲ့ ဘုရားသခင်ကို မနာခံဖို့ အစိုးရအရာရှိတွေ ပြောလာရင်တော့ လေးလေးစားစား ငြင်းဆိုကြတယ်။ လောကနိုင်ငံရေးကိစ္စတွေမှာ ဘက်မလိုက်ဘဲ ကြားနေတယ်။ (ဟေရှာ. ၂:၄) လူ့အစိုးရတွေကို ဘုရားသခင် ခွင့်ပြုထားတဲ့အတွက် သူတို့ကို ကျွန်တော်တို့ မဆန့်ကျင်ဘူး။ လူမျိုးရေး၊ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ မပါဝင်ဘူး။ (ရော. ၁၃:၁၊ ၂) အစိုးရအပြောင်းအလဲဖြစ်အောင် မကြိုးစားဘူး။ ရွေးကောက်ပွဲတွေမှာ ဝင်ရောက် အရွေးမခံဘူး။ မဲမဆွယ်ဘူး။ မဲမထည့်ဘူး။ w16.04 ၄:၁၊ ၂
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၃
သူ့ကို လူမျိုးခြား . . . လို့ပဲ သတ်မှတ်လိုက်ပါ။ —မ. ၁၈:၁၇။
ပြဿနာအများစုကို နှစ်ယောက်ချင်း ဖြေရှင်းနိုင်ပြီး ဖြေရှင်းသင့်တယ်။ ဒါပေမဲ့ အကြီးအကဲတွေကို အသိပေးသင့်တဲ့ အခြေအနေတချို့လည်း ရှိနိုင်တယ်လို့ ယေရှု ပြောတယ်။ (မ. ၁၈:၁၅-၁၇) အပြစ်လုပ်တဲ့သူဟာ ကိုယ့်ညီအစ်ကိုနဲ့၊ သက်သေတွေနဲ့၊ တာဝန်ရှိညီအစ်ကိုတွေနဲ့ ဆွေးနွေးပြီးနောက် နောင်တမယူဘူးဆိုရင် “သူ့ကို လူမျိုးခြား၊ အခွန်ခံလို့ပဲ သတ်မှတ်” သင့်တယ်လို့ ယေရှု ပြောတယ်။ ဒီနေ့ခေတ်မှာတော့ သူ့ကို နှင်ထုတ်သင့်တယ်ဆိုတဲ့သဘော ဖြစ်တယ်။ ယေရှုပြောတဲ့ “အပြစ်” ဆိုတာ သဘောထားကွဲလွဲမှု အသေးအဖွဲတွေကို မဆိုလိုဘူး။ (၁) သက်ဆိုင်သူအချင်းချင်း ဖြေရှင်းလို့ ရနိုင်တဲ့အပြစ်၊ (၂) ဖြေရှင်းလို့မရရင် နှင်ထုတ်နိုင်လောက်တဲ့အပြစ်ကို ဆိုလိုတယ်။ အဲဒီ အပြစ်တွေထဲမှာ လိမ်လည်မှု၊ အသရေဖျက်မှု စတာ တွေ ပါဝင်နိုင်တယ်။ မဿဲ ၁၈:၁၅-၁၇ မှာ ဖော်ပြထားတဲ့အတိုင်း ယေရှု ဖော်ပြတဲ့အဆင့်သုံးဆင့်ဟာ ဒီအခြေအနေတွေနဲ့ပဲ သက်ဆိုင်တယ်။ w16.05 ၁:၁၄
ကြာသပတေးနေ့၊ အောက်တိုဘာ ၄
ယေဟောဝါရဲ့ အလိုတော်ကို သိနားလည်အောင် အမြဲကြိုးစားပါ။—ဧ. ၅:၁၇။
ကျမ်းစာမှာ ဘဝအခြေအနေတိုင်းအတွက်တော့ စည်းမျဉ်းတွေ မဖော်ပြထားဘူး။ ဥပမာ၊ ဘာဝတ်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး တိတိကျကျ လမ်းညွှန်ထားတာ မရှိဘူး။ ယေဟောဝါရဲ့ ဉာဏ်ပညာ သိပ်ထင်ရှားတယ်။ ခေတ်တွေတစ်လျှောက် လောကရဲ့ အဝတ်အစား စတိုင်နဲ့ဖက်ရှင် အမျိုးမျိုး ပြောင်းလဲလာတယ်။ တကယ်လို့ ကျမ်းစာမှာ လက်ခံနိုင်တဲ့ ဝတ်စားဖြီးလိမ်းပုံတွေကို စာရင်း အတိအကျ ဖော်ပြထားရင် အခုဆို ခေတ်နောက်ကျနေလောက်ပြီ။ ဒါကြောင့် အဝတ်အစား၊ အလုပ်အကိုင်၊ ဖျော်ဖြေရေး၊ ကျန်းမာရေးစတာ တွေနဲ့ပတ်သက်ပြီး ကျမ်းစာမှာ စည်းမျဉ်း အများကြီး မထုတ်ထားဘူး။ ကျမ်းစာမှာ ပညတ် အတိအကျ မရှိတဲ့ အခြေအနေတွေမှာ ပညာရှိဆုံးဖြတ်ချက်တွေ ဘယ်လို ချနိုင်မလဲ။ ကိုယ်ကြိုက်တာ ကိုယ်လုပ်မယ့်အစား ကိုယ့်အခြေအနေကို အသေအချာ စဉ်းစားပြီး ယေဟောဝါ နှစ်သက်မယ့်အရာအပေါ် အခြေခံ ဆုံးဖြတ်ရမယ်။—ဆာ. ၃၇:၅။ w16.05 ၃:၂၊ ၆
သောကြာနေ့၊ အောက်တိုဘာ ၅
လူတွေရဲ့စကားလို့ သဘောမထားဘဲ ဘုရားသခင်ရဲ့ တရားစကားလို့ သဘောထားပြီး လက်ခံခဲ့တယ်။ —၁ သက်. ၂:၁၃။
ကျမ်းစာထဲမှာ ကျွန်တော်တို့ကိုယ်စီ အနှစ်သက်ဆုံးအပိုင်းတွေ ရှိတယ်။ တချို့က ခရစ်ဝင်ကျမ်းတွေကို ကြိုက်ကြတယ်။ ယေရှုဆီမှာ ပေါ်လွင်ထင်ရှားတဲ့ ယေဟောဝါရဲ့ အရည်အသွေးတွေကို ခရစ်ဝင်ကျမ်းတွေက ဖော်ပြပေးလို့ပဲ။ (ယော. ၁၄:၉) တချို့ကလည်း “မကြာမီ ဖြစ်ပျက်မယ့် အရာတွေ” ကိုဖော်ပြတဲ့ ဗျာဒိတ်ကျမ်းလိုမျိုး ပရောဖက်ပြုချက် ကျမ်းစောင်တွေကို ကြိုက်ကြတယ်။ (ဗျာ. ၁:၁) တချို့က ဆာလံကျမ်းကို ဖတ်ရှုခြင်းကနေ နှစ်သိမ့်မှု ရရှိကြတယ်။ တချို့ကလည်း ပညာအလိမ္မာကျမ်းမှာပါတဲ့ လက်တွေ့ကျ အကြံပြုချက်တွေကို ကြိုက်ကြတယ်။ ကျမ်းစာဟာ လူတိုင်းအတွက်ပဲဆိုတာ ထင်ရှားတယ်။ ကျမ်းစာကို နှစ်သက်မြတ်နိုးတဲ့အတွက် ကျမ်းစာအခြေပြု စာပေတွေကိုလည်း ကျွန်တော်တို့ နှစ်သက်တယ်။ ကျွန်တော်တို့ရရှိတဲ့ စာအုပ်၊ ဘရိုရှာ၊ မဂ္ဂဇင်းနဲ့ တခြားစာပေတွေဟာ ယေဟောဝါ ပြင်ဆင်ပေးတဲ့အရာတွေဖြစ်ပြီး ဘုရားသခင်နဲ့ ဆက်ဆံရေး ကောင်းနေအောင်၊ ယုံကြည်ခြင်းခိုင်ခံ့နေအောင် ကူညီပေးတယ်။—တိ. ၂:၂။ w16.05 ၅:၁-၃
စနေနေ့၊ အောက်တိုဘာ ၆
စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ ကတော့ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်းတို့ပါပဲ။ အဲဒါတွေကို ဆန့်ကျင်တဲ့ ပညတ်ဆိုတာ မရှိဘူး။—ဂလ. ၅:၂၂၊ ၂၃။
သန့်ရှင်းသောစွမ်းအားတော်က ကျွန်တော်တို့ကို နည်းအမျိုးမျိုးနဲ့ ပုံသွင်းပေးနိုင်တယ်။ ဥပမာ၊ ယေရှုရဲ့ အရည်အသွေးတွေ မွေးမြူနိုင်အောင် ကူညီပေးတယ်။ အဲဒီ ထဲမှာ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ ပါဝင်တယ်။ အဲဒီအရည်အသွေးတွေထဲက တစ်ခုကတော့ ချစ်ခြင်းမေတ္တာပဲ။ ဘုရားသခင်ကို ကျွန်တော်တို့ချစ်တဲ့အတွက် ပညတ်တွေကို ဝန်ထုပ်ဝန်ပိုးအဖြစ် မယူမှတ်ဘဲ နာခံချင်ကြတယ်၊ ကိုယ်တော့်ပုံသွင်းမှုကိုလည်း ခံယူချင်ကြတယ်။ သန့်ရှင်းသောစွမ်းအားတော်က ဆိုးညစ်တဲ့ဒီလောကရဲ့ ပုံသွင်းမှုကို တွန်းလှန်နိုင်အောင်လည်း ကျွန်တော်တို့ကို ကူညီပေးနိုင်တယ်။ (ဧ. ၂:၂) မာနထောင်လွှားတဲ့ ဂျူးဘာသာရေးခေါင်းဆောင်တွေက တမန်တော်ပေါလုကို ငယ်ငယ်ကတည်းက တော်တော်သြဇာလွှမ်းမိုးခဲ့တယ်။ ဒါပေမဲ့ စွမ်းအားတော်အကူအညီနဲ့ ပြောင်းလဲနိုင်ခဲ့လို့ “ကျွန်တော့်ကို အစွမ်းခွန်အားပေးတဲ့ ဘုရားသခင်ကြောင့် အရာရာကို စွမ်းဆောင်နိုင်လို့ပဲ” လို့ နောက်ပိုင်းမှာ သူ ရေးနိုင်ခဲ့တယ်။ (ဖိ. ၄:၁၃) ကျွန်တော်တို့လည်း ပေါလုလိုပဲ သန့်ရှင်းသောစွမ်းအားတော်ရဖို့ ဆက်တောင်းခံကြပါစို့။ စိတ်ရင်းမှန်နဲ့တောင်းတဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေကြားပေးပါလိမ့်မယ်။—ဆာ. ၁၀:၁၇။ w16.06 ၁:၁၂
တနင်္ဂနွေနေ့၊ အောက်တိုဘာ ၇
ယေဟောဝါဘုရား ကိုယ်တော်က . . . ဂုဏ်တင်မှု၊ ချီးမွမ်းမှု . . . ရထိုက်ပါတယ်။—ဗျာ. ၄:၁၁။
ယေဟောဝါဟာ စစ်မှန်ပြီး တစ်ဆူတည်းသောဘုရား ဖြစ်တဲ့အတွက် ကိုယ်တော့်ကိုပဲ အကြွင်းမဲ့ ဝတ်ပြုသင့်တယ်။ တခြားဘုရားတွေနဲ့ ရောပြီး ဝတ်ပြုလို့မရဘူး။ ကျွန်တော်တို့ရဲ့ ဝတ်ပြုမှုမှာ မှားယွင်းတဲ့အတွေးအခေါ်တွေ၊ အပြုအမူတွေ ရောနှောလို့ မရဘူး။ ယေဟောဝါဟာ ဘုရားတွေထဲက ဘုရားတစ်ပါးလောက်သာ ဒါမှမဟုတ် ဘုရားတွေထဲမှာ တန်ခိုးအကြီးဆုံးဘုရားလောက်သာ မဟုတ်ဘူး။ ကိုယ်တော်တစ်ပါးတည်းသာ စစ်မှန်တဲ့ဘုရားဖြစ်တယ်။ ကိုယ်တော့်ကိုပဲ ဝတ်ပြုသင့်တယ်။ ကျွန်တော်တို့ရဲ့ဘဝမှာ ယေဟောဝါက ပထမနေရာမှာ ရှိရမယ်။ ယေဟောဝါကို အကြွင်းမဲ့ဝတ်ပြုချင်တယ်ဆိုရင် ကိုယ်တော့်နေရာမှာ တခြားအရာတွေ မဝင်လာအောင် သတိထားရမယ်။ ဘယ်အရာတွေ ဖြစ်နိုင်သလဲ။ မိမိကလွဲလို့ တခြားဘုရားတွေကို မကိုးကွယ်ဖို့၊ ရုပ်တုကိုးကွယ်မှု ပုံစံအမျိုးမျိုးကိုရှောင်ဖို့ ပညတ်တော်ဆယ်ပါးမှာ ယေဟောဝါ မိန့်မှာထားတယ်။ (တရား. ၅:၆-၁၀) ဒီနေ့အချိန်မှာ ရုပ်တုကိုးကွယ်မှုပုံစံ အမျိုးမျိုးရှိပြီး တချို့ကို ခွဲခြားသိရှိဖို့ ခက်နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ တောင်းဆိုချက်တွေကတော့ မပြောင်းလဲဘူး။ ကိုယ်တော်ဟာ ‘တစ်ဆူတည်းသော ယေဟောဝါ’ ဖြစ်နေဆဲပါပဲ။—မာ. ၁၂:၂၉။ w16.06 ၃:၁၀၊ ၁၂
တနင်္လာနေ့၊ အောက်တိုဘာ ၈
သူတစ်ပါးရဲ့အပြစ်ကို ခွင့်လွှတ်ရင် ကောင်းကင်အဖက ခင်ဗျားတို့ရဲ့အပြစ်ကို ခွင့်လွှတ်လိမ့်မယ်။—မ. ၆:၁၄။
“ခုနစ်ကြိမ်” ခွင့်လွှတ်ရမလားလို့ ပေတရု မေးတဲ့အခါ ယေရှုက “ခုနစ်ကြိမ်မက၊ ၇၇ ကြိမ်အထိ ခွင့်လွှတ်ရမယ်” လို့ ပြန်ဖြေခဲ့တယ်။ ဆိုလိုတာက တခြားသူတွေကို ခွင့်လွှတ်ဖို့ အမြဲ လိုလိုလားလားရှိရမယ် ဆိုတဲ့သဘောဖြစ်တယ်။ (မ. ၆:၁၅။ ၁၈:၂၁၊ ၂၂) လူတိုင်း အမှားမကင်းတဲ့အတွက် သင်လည်း တခြားသူတွေ စိတ်ထိခိုက်အောင် လုပ်မိနိုင်တယ်ဆိုတာ သတိရပါ။ တစ်ယောက်ယောက်ကို စိတ်ထိခိုက်အောင် လုပ်မိမှန်း သိလာတဲ့အခါ ကျမ်းစာအကြံဉာဏ်ကို လိုက်နာပါ။ ခွင့်လွှတ်ဖို့ တောင်းပန်ပါ။ သူနဲ့ ပြန်သင့်မြတ်အောင် ကြိုးစားပါ။ (မ. ၅:၂၃၊ ၂၄) တခြားသူတွေရဲ့ ခွင့်လွှတ်မှုကို ကျွန်တော်တို့ ရချင်သလို ကိုယ့်ဘက်ကလည်း သူတို့ကို ခွင့်လွှတ်သင့်တယ်။ (၁ ကော. ၁၃:၅။ ကော. ၃:၁၃) တခြားသူတွေကို ခွင့်လွှတ်ရင် ယေဟောဝါလည်း ကျွန်တော်တို့ကို ခွင့်လွှတ်ပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့အမှားလုပ်တဲ့အခါ ဖခင်ယေဟောဝါ ကရုဏာပြသလို ကျွန်တော်တို့လည်း တခြားသူတွေ အမှားလုပ်တဲ့အခါ ကရုဏာပြကြပါစို့။—ဆာ. ၁၀၃:၁၂-၁၄။ w16.06 ၄:၁၅၊ ၁၇
အင်္ဂါနေ့၊ အောက်တိုဘာ ၉
သတင်းကောင်းအတွက် ကျွန်တော် မရှက်ပါဘူး။ သတင်းကောင်းဟာ ယုံကြည်ခြင်း ရှိသူတိုင်းကို ကယ်တင်ခြင်းရစေတဲ့ ဘုရားသခင်ရဲ့ တန်ခိုးတော်ပဲ။ —ရော. ၁:၁၆။
ဒီနောက်ဆုံးကာလမှာ “လူမျိုးအားလုံးအတွက် သက်သေဖြစ်စေဖို့ နိုင်ငံတော်သတင်းကောင်းကို လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ ဟောပြော” ဖို့ ယေဟောဝါရဲ့လူမျိုး မိန့်မှာခံထားရတယ်။ (မ. ၂၄:၁၄) နိုင်ငံတော်သတင်းကောင်းဟာ “ဘုရားသခင့် မဟာကရုဏာနဲ့ဆိုင်တဲ့ သတင်းကောင်း” လည်း ဖြစ်တယ်။ အကြောင်းကတော့ ဘုရားသခင့်နိုင်ငံတော်မှာ ရရှိမယ့် ကောင်းချီးအားလုံးကို ဘုရားသခင့်ကရုဏာကြောင့်သာ ရရှိမှာဖြစ်လို့ပဲ။ (တ. ၂၀:၂၄။ ဧ. ၁:၃) ပေါလုဟာ ဇွဲထက်သန်စွာဟောပြောခြင်းအားဖြင့် ယေဟောဝါရဲ့ မဟာကရုဏာအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့တယ်။ ပေါလုရဲ့ စံနမူနာကို ကျွန်တော်တို့ တုပနေသလား။ (ရော. ၁:၁၄၊ ၁၅) အပြစ်သားတွေဖြစ်တဲ့ ကျွန်တော်တို့ဟာ ယေဟောဝါရဲ့ မဟာကရုဏာကနေ နည်းလမ်းများစွာနဲ့ အကျိုးရရှိနေကြတယ်။ အဲဒီ လိုအကျိုးရရှိနေတဲ့အတွက် ယေဟောဝါ ဘယ်လို မေတ္တာပြနေမှန်း၊ အဲဒီ ကနေ ဘယ်လိုအကျိုးရရှိနိုင်မှန်း တခြားသူတွေကို သင်ကြားပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ w16.07 ၄:၄၊ ၅
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၁၀
အသင့်ရှိနေကြပါ၊ လူသားဟာ ခင်ဗျားတို့ မထင်မှတ်တဲ့အချိန်မှာ လာလိမ့်မယ်” လို့ပြောတယ်။—လု. ၁၂:၄၀။
ယေရှုက သူ မသေဆုံးခင်လေးမှာ တပည့်တွေကို “ဒီလောကရဲ့မင်း” အကြောင်း သုံးကြိမ် သတိပေးခဲ့တယ်။ (ယော. ၁၂:၃၁။ ၁၄:၃၀။ ၁၆:၁၁) လူတွေကိုလှည့်စားဖို့ မှားယွင်းတဲ့ဘာသာကို မာရ်နတ် အသုံးပြုနေတယ်။ ဒါကြောင့် ဒီလောကရဲ့အဆုံး သိပ်နီးနေပြီဆိုတာ အထင်အရှားဖော်ပြတဲ့ ကျမ်းစာပရောဖက်ပြုချက်တွေကို လူများစွာ လျစ်လျူရှုနေကြတယ်။ (ဇေ. ၁:၁၄) စာတန်က “မယုံကြည်သူတွေရဲ့ ဉာဏ်မျက်စိကို ကွယ်စေ” တာ ထင်ရှားတယ်။ (၂ ကော. ၄:၃-၆) ရလဒ်အနေနဲ့ ဒီလောကရဲ့အဆုံး နီးပြီ၊ ခရစ်တော်အုပ်ချုပ်နေပြီ ဆိုတဲ့အကြောင်း ကျွန်တော်တို့ဟောတဲ့အခါ လူများစွာ နားမထောင်ကြဘူး။ ကျမ်းစာပရောဖက်ပြုချက်တွေကို လူများစွာ စိတ်မဝင်စားပေမဲ့ ကျွန်တော်တို့ စိတ်ဓာတ်မကျသင့်ဘူး။ သတိနဲ့စောင့်နေဖို့ ဘာကြောင့်အရေးကြီးမှန်း ကျွန်တော်တို့ သိတယ်။ w16.07 ၂:၁၁၊ ၁၂
ကြာသပတေးနေ့၊ အောက်တိုဘာ ၁၁
ခင်ဗျားတို့လည်း ကိုယ့်ကိုယ်ကိုယ် ချစ်သလို ဇနီးကို ချစ်ရမယ်။ ဇနီးကလည်း ခင်ပွန်းကို အလွန်ရိုသေရမယ်။—ဧ. ၅:၃၃။
မင်္ဂလာဆောင်တဲ့နေ့မှာ သတို့သားနဲ့ သတို့သမီး ပျော်မဆုံးနိုင်အောင် ဖြစ်နေကြတယ်။ တစ်ယောက်ကို တစ်ယောက် ချစ်လွန်းလို့ သစ္စာရှိရှိ လက်တွဲသွားပါ့မယ်လို့ သစ္စာကတိပြုဖို့ အသင့်ပဲ။ အိမ်ထောင်ပြုပြီးနောက် ဘဝသစ်တည်ဆောက်တဲ့အခါ နှစ်ယောက်စလုံးမှာ ပြုပြင်ပြောင်းလဲစရာတွေတော့ ရှိတယ်။ အိမ်ထောင်အစပြုရှင် ယေဟောဝါဟာ ဇနီးမောင်နှံတိုင်းကို အောင်မြင်ပျော်ရွှင်တဲ့ မိသားစုဘဝ ပိုင်ဆိုင်စေချင်တာ မို့ ကျမ်းစာမှာ အကြံဉာဏ်ကောင်းတွေ ပေးထားတယ်။ (ပညာ. ၁၈:၂၂) ဒါပေမဲ့ မစုံလင်တဲ့အိမ်ထောင်မှာ ပြဿနာတွေရှိမယ်၊ ‘ဘဝဒုက္ခတွေ ကြုံတွေ့ရ’ မယ်လို့ ကျမ်းစာပြောတယ်။ (၁ ကော. ၇:၂၈) ပြဿနာ အနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်နိုင်သလဲ။ အိမ်ထောင်အောင်မြင်ဖို့ ဘာလုပ်နိုင်သလဲ မေတ္တာဟာ အရေးကြီး အရည်အသွေးဖြစ်တယ်လို့ ကျမ်းစာသွန်သင်တယ်။ အိမ်ထောင်မှာ တင်ပြဖို့ လိုအပ်တဲ့ မေတ္တာ အမျိုးမျိုးရှိတယ်။ ဥပမာ၊ အိမ်ထောင်မှာ ချစ်ခင်ယုယမှု (ဂရိ၊ ဖီလီယာ) နဲ့ လင်မယားမေတ္တာ (အီရော့စ်) ရှိဖို့ လိုတယ်။ သားသမီးတွေရလာတဲ့အခါ မိသားစုမေတ္တာ (စတော့ဂျီ) ရှိဖို့ ပိုအရေးကြီးလာတယ်။ ဒါပေမဲ့ အိမ်ထောင်ကို တကယ်အောင်မြင်စေတာ ကတော့ ကျမ်းစာမူတွေပေါ် အခြေခံတဲ့ မေတ္တာ (အဂါပေး) ပဲ။ w16.08 ၂:၁၊ ၂
သောကြာနေ့၊ အောက်တိုဘာ ၁၂
ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်ရဲ့သွန်သင်ချက်ကိုပါ အမြဲဂရုစိုက်ပါ။—၁ တိ. ၄:၁၆။
တိမောသေ ဟောပြောလာတာ နှစ်ပေါင်းများစွာရှိပြီ။ ဒါဆို ဘာကြောင့် တိုးတက်အောင်လုပ်ဖို့ လိုအပ်သလဲ။ လူတွေ၊ အခြေအနေတွေ ပြောင်းလဲနေမှန်း သူသိတယ်။ သတင်းစကားကို လူတွေ နားထောင်ဖို့ဆိုရင် သူ့ရဲ့သွန်သင်ပုံ တိုးတက်ပြောင်းလဲနေဖို့ လိုတယ်။ ကျွန်တော်တို့လည်း အဲဒီ လိုလုပ်ဖို့ လိုအပ်တယ်။ ဒေသတချို့မှာ တစ်အိမ်တက်ဆင်း ဟောပြောတဲ့အခါ အိမ်တွေမှာ လူမရှိသလောက်ပဲ။ လူရှိရင်တောင် သူတို့နေတဲ့ အဆောက်အဦထဲ ဝင်လို့မရတာမျိုး ရှိတယ်။ သင့်ဒေသမှာလည်း အဲဒီ လိုပဲဆိုရင် လူတွေကို တွေ့ဖို့ တခြားနည်းလမ်းတွေ စမ်းကြည့်နိုင်မလား။ လူထုရှေ့သက်သေခံခြင်းဟာ သတင်းကောင်းပျံ့နှံ့စေတဲ့ အကောင်းဆုံးနည်းတစ်ခုဖြစ်တယ်။ သက်သေခံများစွာဟာ ဘူတာရုံ၊ ကားဂိတ်၊ ဈေး၊ ကားရပ်နားတဲ့နေရာတွေမှာ သက်သေခံကြတယ်။ w16.08 ၃:၁၄-၁၆
စနေနေ့၊ အောက်တိုဘာ ၁၃
အားလျော့နေတဲ့ လက်တွေ၊ တုန်ယင်နေတဲ့ ဒူးတွေကို ခိုင်ခံ့စေပါ။—ဟီ. ၁၂:၁၂။
ကျွန်တော်တို့ကို အားရှိစေနိုင်တဲ့ ကမ္ဘာချီ ညီအစ်ကိုအသင်းအပင်းတစ်ခု ယေဟောဝါ ပေးထားတယ်။ (ဟီ. ၁၂:၁၂၊ ၁၃) ပထမရာစု ခရစ်ယာန်များစွာဟာ ညီအစ်ကို/မတွေဆီကနေ အဲဒီ လို အကူအညီ ရရှိခဲ့ကြတယ်။ ဒီနေ့လည်း အလားတူပါပဲ။ ဘာကို စဉ်းစားနိုင်သလဲ။ အာရုန်နဲ့ ဟုရဟာ အာမလက်တွေနဲ့ တိုက်ပွဲအတွင်း မောရှေရဲ့လက်ကို ထောက်မပေးတာကို စဉ်းစားကြည့်ပါ။ (ထွ. ၁၇:၈-၁၃) တခြားသူတွေကို ကူညီထောက်မနိုင်တဲ့ နည်းလမ်းတွေ ရှာသင့်တယ်။ ညီအစ်ကို/မတချို့ဟာ အသက်ကြီးလို့၊ ကျန်းမာရေး မကောင်းလို့၊ မိသားစုရဲ့ ဆန့်ကျင်မှု ခံရလို့၊ အထီးကျန်လို့၊ ချစ်ရသူ တစ်ယောက်ယောက် ဆုံးပါးသွားလို့ စိတ်ဆင်းရဲနေကြတယ်။ အမှားတွေ ကျူးလွန်ဖို့၊ လောကမှာ အောင်မြင်မှု ရှာဖို့ ဖိအားပေးခံနေရတဲ့ လူငယ်တွေကိုလည်း အားပေးနိုင်ပါတယ်။ (၁ သက်. ၃:၁-၃။ ၅:၁၁၊ ၁၄) နိုင်ငံတော်ခန်းမမှာ၊ အမှုဆောင်မှာ၊ အတူစားသောက်ချိန်မှာ၊ ဖုန်းဆက်ချိန်မှာ တခြားသူတွေကို အမှန်တကယ် စိတ်ဝင်စားကြောင်း ပြသနိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေပါ။ w16.09 ၁:၁၃၊ ၁၄
တနင်္ဂနွေနေ့၊ အောက်တိုဘာ ၁၄
ဘုရားသခင်ရဲ့ ဘုန်းတော်ကိုထောက်ပြီး အရာရာကို လုပ်ဆောင်ကြပါ။—၁ ကော. ၁၀:၃၁။
ကျွန်တော်တို့ရဲ့ အဝတ်အစားက သန့်ရှင်းတဲ့ဘုရား၊ ညီအစ်ကို/မတွေနဲ့ ရပ်ကွက်က လူတွေအပေါ် အကျိုးသက်ရောက်နိုင်တယ်။ ဒါကြောင့် ယေဟောဝါနဲ့ သတင်းတရားကို ဂုဏ်တင်တဲ့နည်းနဲ့ ဝတ်ဆင်သင့်တယ်။ (ရော. ၁၃:၈-၁၀) အထူးသဖြင့် အစည်းအဝေး တက်တဲ့အချိန်၊ အမှုဆောင် ထွက်တဲ့အချိန်မှာ ပိုအရေးကြီးတယ်။ “ဘုရားသခင်ကို ကြည်ညိုတယ်ဆိုတဲ့ အမျိုးသမီးတွေ ဆင်ယင်သင့်တဲ့ ပုံစံအတိုင်း” ဝတ်ဆင်သင့်တယ်။ (၁ တိ. ၂:၁၀) အဝတ်အစားတချို့က ဒေသတစ်ခုမှာ သင့်တော်ပေမဲ့ နောက်ဒေသတစ်ခုမှာ သင့်တော်ချင်မှ သင့်တော်မယ်။ ဒါကြောင့် ယေဟောဝါသက်သေတွေအနေနဲ့ ဘယ်နေရာမှာပဲ နေထိုင်ပါစေ တခြားသူတွေကို ထိခိုက်စေတဲ့ အဝတ်အစားတွေ မဝတ်ဆင်သင့်ဘူး။ တိုက်နယ် အစည်းအဝေးတွေ၊ ခရိုင် အစည်းအဝေးတွေ တက်တဲ့အခါ သင့်တော်ပြီး ဣန္ဒြေရှိတဲ့ အဝတ်အစားတွေ ဝတ်ဆင်သင့်တယ်။ လောကမှာ ရေပန်းစားနေတဲ့၊ တစ်ဖက်စွန်းရောက်တဲ့ အဝတ်အစား ပုံစံတွေကို ရှောင်သင့်တယ်။ w16.09 ၃:၇၊ ၈
တနင်္လာနေ့၊ အောက်တိုဘာ ၁၅
အိမ်ဆိုတာ တည်ဆောက်သူရှိလို့ ဖြစ်လာတာ။ အရာခပ်သိမ်းကို တည်ဆောက်သူကတော့ ဘုရားသခင်ပဲ။—ဟီ. ၃:၄။
တမန်တော်ပေါလုရဲ့ ဆင်ခြင်နည်းက ရိုးရှင်း ထိရောက်တယ်။ ကျမ်းစာကို သံသယဝင်သူ တစ်ယောက်ယောက်နဲ့ ဘယ်လို ကျိုးကြောင်းဆင်ခြင်နိုင်သလဲ။ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း သူဘာကို ယုံကြည်သလဲဆိုတာ အရင်မေးပါ။ သူစိတ်ဝင်စားတာကို သိအောင် လုပ်ပါ။ (ပညာ. ၁၈:၁၃) သိပ္ပံပညာကို စိတ်ဝင်စားရင် ကျမ်းစာဟာ သိပ္ပံပညာနဲ့ ကိုက်ညီတဲ့အကြောင်း ပြောပါ။ သမိုင်းကို စိတ်ဝင်စားရင် သမိုင်းစာအုပ်တွေမှာပါတဲ့ ဖြစ်ရပ်တစ်ခုကို ထောက်ပြပြီး ကျမ်းစာမှာ နှစ်ပေါင်းများစွာ ကြိုဟောထားတယ်ဆိုပြီး ပြောပါ။ တောင်ပေါ်တရားတော်မှာပါတဲ့ အချက်တွေလို ကျမ်းစာလမ်းညွှန်ချက်တွေကိုလည်း ပြနိုင်တယ်။ သင့်ပန်းတိုင်ဟာ လူတွေနဲ့ ငြင်းခုံဖို့ မဟုတ်ဘဲ သူတို့ရဲ့ စိတ်ဝင်စားမှု ရရှိဖို့ဆိုတာ သတိရပါ။ ဒါကြောင့် မေးခွန်းတွေ လေးလေးစားစား မေးပြီး ကောင်းကောင်း နားထောင်ပေးပါ။ ကိုယ့်ယုံကြည်ချက်အကြောင်း အထူးသဖြင့် အသက်ကြီးသူတွေနဲ့ ပြောတဲ့အခါ ယဉ်ယဉ်ကျေးကျေး ပြောဆိုပါ။ တခြားသူတွေကို လေးစားရင် ကိုယ့်ကိုလည်း လေးစားလာပါလိမ့်မယ်။ w16.09 ၄:၁၄-၁၆
အင်္ဂါနေ့၊ အောက်တိုဘာ ၁၆
အချင်းချင်းကို ကြိုဆိုလက်ခံကြပါ။—ရော. ၁၅:၇။
နိုင်ငံခြားသားတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုဖို့ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ငါသာ နိုင်ငံခြားရောက်နေမယ်ဆိုရင် ဘယ်လိုဆက်ဆံခံချင်သလဲ။’ (မ. ၇:၁၂) နိုင်ငံသစ်မှာ နေသားကျဖို့ ကြိုးစားနေသူတွေအပေါ် စိတ်ရှည်ပါ။ အစပိုင်းမှာတော့ သူတို့ရဲ့ စဉ်းစားပုံ၊ တုံ့ပြန်ပုံကို အပြည့်အဝ နားလည်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်ယဉ်ကျေးမှုကို လက်ခံဖို့ ဖိအားပေးမယ့်အစား သူတို့ကို အရှိအတိုင်း လက်ခံပေးပါ။ နိုင်ငံခြားသားတွေရဲ့ နိုင်ငံနဲ့ ယဉ်ကျေးမှုအကြောင်း သိလာတဲ့အခါ သူတို့နဲ့ဆက်သွယ်ဖို့ လွယ်ကူလာနိုင်တယ်။ အသင်းတော်မှာ၊ ရပ်ကွက်မှာ ကိုယ်နဲ့ မသိကျွမ်းတဲ့လူမျိုးတွေအကြောင်း မိသားစုဝတ်ပြုမှုမှာ ရှာဖွေလေ့လာနိုင်တယ်။ နောက်ခံမတူသူတွေနဲ့ ပိုရင်းနှီးနိုင်တဲ့ နောက်တစ်နည်းကတော့ အိမ်မှာ ထမင်းစားဖိတ်ခြင်းပါပဲ။ ယေဟောဝါက “လူမျိုးခြားတွေအတွက် ယုံကြည်ခြင်းတံခါး ဖွင့်ပေး” ခဲ့သလို ကျွန်တော်တို့လည်း “ယုံကြည်ခြင်းတူတဲ့သူတွေ” အတွက် အိမ်တံခါး ဖွင့်ထားနိုင်ပါတယ်။—တ. ၁၄:၂၇။ ဂလ. ၆:၁၀။ ယောဘ ၃၁:၃၂။ w16.10 ၁:၁၅၊ ၁၆
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၁၇
ရန်လိုစကားတွေပြောပြီး ကိုယ့်ကိုယ်ကိုယ်ပဲ ထိခိုက်စေတဲ့ အပြစ်ကျူးလွန်သူတွေရဲ့ စကားကို သည်းခံခဲ့သူအကြောင်း အသေအချာ စဉ်းစားကြည့်ပါ။ —ဟီ. ၁၂:၃။
သစ္စာရှိ အမျိုးသား၊ အမျိုးသမီးတွေအကြောင်း ပြောပြီးတဲ့နောက် အထူးခြားဆုံး စံနမူနာရှင် ယေရှုခရစ်အကြောင်း ပေါလု ပြောခဲ့တယ်။ “ရှေ့မှာရှိတဲ့ ဝမ်းမြောက်စရာအကြောင်းကြောင့် အရှက်ခွဲခံရတာကို အရေးမစိုက်ဘဲ ဒုက္ခသစ်တိုင် ပေါ်မှာ အသေခံခဲ့တယ်။ အခု ဘုရားသခင့် ရာဇပလ္လင်ရဲ့ ညာဘက်မှာ ထိုင်နေတယ်” လို့ ဟီဘရူး ၁၂:၂ မှာ ဖော်ပြထားတယ်။ အပြင်းထန်ဆုံး စမ်းသပ်မှုတွေကို ရင်ဆိုင်ရချိန်မှာ ယေရှုရဲ့ ပုံသက်သေကို “အသေအချာ စဉ်းစား” သင့်တယ်။ တပည့်အန္တိပလို ပထမရာစု ခရစ်ယာန်တွေဟာ ယေရှုလိုပဲ သေတဲ့အထိ ယေဟောဝါအပေါ် သစ္စာစောင့်သိခဲ့ကြတယ်။ (ဗျာ. ၂:၁၃) ရှေးခေတ် သစ္စာရှိသူတွေ စောင့်မျှော်ခဲ့တာထက် “ပိုမြတ်တဲ့ ရှင်ပြန်ထမြောက်ခြင်း” ဖြစ်တဲ့ ကောင်းကင်အသက်တာဆုကို ရရှိခဲ့ကြတယ်။ (ဟီ. ၁၁:၃၅) ၁၉၁၄ ခုနှစ်၊ နိုင်ငံတော် တည်ထောင်ပြီးနောက်ပိုင်း တစ်ချိန်ချိန်မှာ သေဆုံးသွားတဲ့ ဘိသိက်ခံ ခရစ်ယာန်တွေဟာ ကောင်းကင်ကို ထမြောက်ခဲ့ကြပြီး ယေရှုနဲ့အတူ လူသားတွေကို အုပ်ချုပ်ပါလိမ့်မယ်။—ဗျာ. ၂၀:၄။ w16.10 ၃:၁၂
ကြာသပတေးနေ့၊ အောက်တိုဘာ ၁၈
နေ့တိုင်း အချင်းချင်း အားပေးတိုက်တွန်းကြပါ။ —ဟီ. ၃:၁၃။
ကိုယ်တိုင် အားပေးမှု မခံခဲ့ရဖူးတဲ့ မိဘတချို့ဟာ သားသမီးတွေကို ဘယ်တော့မှ မချီးမွမ်းကြဘူး။ အလုပ်သမားတွေကလည်း လုပ်ငန်းခွင်မှာ အားပေးစကား၊ ချီးမွမ်းစကား မကြားရဘူးလို့ ညည်းညူကြတယ်။ အားပေးမှုမှာ တစ်ယောက်ယောက် လုပ်ခဲ့တဲ့အရာအတွက် ချီးမွမ်းပေးခြင်း ပါဝင်လေ့ရှိတယ်။ အရည်အသွေးကောင်းတွေရှိကြောင်း ပြောပေးခြင်း၊ “စိတ်အားငယ်သူတို့ကို နှစ်သိမ့်စကားဆို” ခြင်းအားဖြင့် အားပေးနိုင်တယ်။ (၁ သက်. ၅:၁၄) “အားပေးမှု” လို့ပြန်ဆိုထားတဲ့ ဂရိစကားလုံးဟာ “အနီးအပါးသို့ ခေါ်ထားခြင်း” လို့အဓိပ္ပာယ် ရှိတယ်။ ညီအစ်ကို/မတွေနဲ့အတူ တွဲအမှုဆောင်တဲ့အခါ အားပေးဖို့ အခွင့်အရေးတွေ ရနိုင်တယ်။ (ဒေ. ၄:၉၊ ၁၀) တခြားသူတွေကို ချစ်ကြောင်း၊ တန်ဖိုးထားကြောင်း ပြောပြသလား။ အဖြေမပေးခင် “အချိန်တန်၍ ပြောသောစကားသည်လည်း အလွန်လျောက်ပတ်ပေ၏” ဆိုတဲ့ စကားကို စဉ်းစားသုံးသပ်သင့်တယ်။—ပညာ. ၁၅:၂၃။ w16.11 ၁:၃-၅
သောကြာနေ့၊ အောက်တိုဘာ ၁၉
ညီအစ်ကိုတွေ စည်းစည်းလုံးလုံး အတူနေထိုင်ကြတာ ကောင်းလိုက်တာ။ ကြည်နူးစရာ ကောင်းလိုက်တာ။—ဆာ. ၁၃၃:၁။
‘သိုးခြံထဲက သိုးတွေလို သူတို့ကို တစ်စည်းတစ်လုံးတည်း ပြန်ထားမယ်’ ဆိုပြီး မိမိလူမျိုးရဲ့ အနာဂတ် အခြေအနေကို ဘုရားသခင် ကြိုဟောခဲ့တယ်။ (မိ. ၂:၁၂) အဲဒီ အပြင် ပရောဖက် ဇေဖနိကတစ်ဆင့်လည်း ဒီလို ကြိုဟောတယ်– ‘အဲဒီ အချိန်မှာ လူတွေရဲ့ ဘာသာစကားကို စင်ကြယ်တဲ့ဘာသာစကား ဖြစ်အောင် ငါပြောင်းလဲပေးမယ်။ လူတွေက ယေဟောဝါရဲ့နာမည်ကို ခေါ်ပြီး ဆုတောင်းကြလိမ့်မယ်။ ငါ့ကို စည်းလုံးစွာ ဝတ်ပြုကြလိမ့်မယ်။’ (ဇေ. ၃:၉) ယေဟောဝါကို စည်းစည်းလုံးလုံး ဝတ်ပြုခွင့်ရတဲ့အတွက် ကျေးဇူးတင်စရာပါပဲ။ ဘုရားသခင့် စကားတော် ကျမ်းစာလမ်းညွှန်ချက်တွေက ကောရိန္သုမြို့နဲ့ တခြားနေရာတွေမှာရှိတဲ့ ပထမရာစု ခရစ်ယာန်အသင်းတော်တွေမှာ သန့်ရှင်းမှု၊ ငြိမ်သက်မှုနဲ့ စည်းလုံးမှု ထိန်းသိမ်းဖို့ ကူညီပေးခဲ့တာ ထင်ရှားတယ်။ (၁ ကော. ၁:၁၀။ ဧ. ၄:၁၁-၁၃။ ၁ ပေ. ၃:၈) ဒီနေ့လည်း စည်းလုံးစွာ ဟောပြောနေတဲ့ အဖွဲ့အစည်းဝင်တွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် ဘုရားသခင့် အံ့ဖွယ် ရည်ရွယ်ချက်နဲ့ပတ်သက်တဲ့ အသိပညာကို မြေတစ်ပြင်လုံးမှာ ကြေညာနေပြီ။ w16.11 ၂:၁၆၊ ၁၈
စနေနေ့၊ အောက်တိုဘာ ၂၀
ခင်ဗျားတို့ကတော့ အမှောင်ထဲကနေ အံ့ဖွယ်အလင်းထဲခေါ်တဲ့ အရှင်ရဲ့ “မွန်မြတ်တဲ့ ဂုဏ်ရည်တော်တွေကို နေရာအနှံ့ ဟောပြောဖို့ . . . ပုရောဟိတ်အဖြစ် အမှုထမ်းမယ့် ဘုရင်တွေ၊ သန့်ရှင်းတဲ့လူမျိုး၊ ဘုရားပိုင်ဆိုင်တဲ့လူမျိုး” ဖြစ်တယ်။—၁ ပေ. ၂:၉။
အေဒီ အစောပိုင်း ရာစုတွေမှာ လူများစွာဟာ ကျမ်းစာကို ဂရိစကားနဲ့ဖြစ်စေ၊ လက်တင်စကားနဲ့ဖြစ်စေ ဖတ်ရှုနိုင်ခဲ့ကြတယ်။ ဒါကြောင့် ကျမ်းစာ သွန်သင်ချက်တွေကို ချာ့ချ်အယူဝါဒတွေနဲ့ နှိုင်းယှဉ်နိုင်ခဲ့ကြတယ်။ ကျမ်းစာမှာ ဖတ်ရှုရတဲ့အရာတွေကြောင့် တချို့ဟာ ကျမ်းစာနဲ့ မကိုက်ညီတဲ့ ချာ့ချ်အယူဝါဒတွေကို ငြင်းပယ်ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီသဘောထားတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ရင် သေဒဏ်သင့်တဲ့အထိ အန္တရာယ်ကြီးတယ်။ အချိန်ကုန်လွန်လာတာနဲ့အမျှ ဂရိနဲ့ လက်တင်စကားတွေကို လူသုံးနည်းလာတယ်။ ချာ့ချ်အယူဝါဒနဲ့ သဘောထားကွဲလွဲသူ မှန်သမျှကို ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးတယ်။ ဘုရားသခင့် သစ္စာရှိ ဘိသိက်ခံတွေဟာ အတတ်နိုင်ဆုံး သိုသိုသိပ်သိပ် စုဝေးကြတယ်။ “ပုရောဟိတ်အဖြစ် အမှုထမ်းမယ့်” ဘိသိက်ခံတွေလည်း စနစ်တကျ ဝတ်မပြုနိုင်ဘူး။ မဟာဗာဗုလုန်က လူတွေကို ချုပ်ကိုင်ထားတယ်။ w16.11 ၄:၈၊ ၁၀၊ ၁၁
တနင်္ဂနွေနေ့၊ အောက်တိုဘာ ၂၁
မဖြောင့်မတ်သူတွေဟာ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို အမွေမခံရ[ဘူး]။—၁ ကော. ၆:၉။
ကောရိန္သု ခရစ်ယာန်တချို့ ကျူးလွန်ခဲ့တဲ့ ကြီးလေးတဲ့အပြစ်တွေကို ကျွန်တော်တို့ ရှောင်ကြဉ်ရမယ်။ အဲဒီ လို ရှောင်ကြဉ်မှပဲ ဘုရားသခင့် မဟာကရုဏာတော်ကို လက်ခံပါတယ်၊ ‘အပြစ်ကို သခင်တစ်ယောက်လို ကြီးစိုးခွင့် မပြု’ ဘူးလို့ ပြောနိုင်မယ်။ ဒါပေမဲ့ သိပ်မကြီးလေးတဲ့ အပြစ်တွေကိုလည်း အတတ်နိုင်ဆုံး ရှောင်ခြင်းအားဖြင့် “စိတ်ရောကိုယ်ပါ နာခံ” ဖို့ သင်ဆုံးဖြတ်ထားသလား။ (ရော. ၆:၁၄၊ ၁၇) တမန်တော်ပေါလုအကြောင်း စဉ်းစားကြည့်ပါ။ ၁ ကောရိန္သု ၆:၉-၁၁ မှာ ဖော်ပြထားတဲ့ ကြီးလေးတဲ့ အပြစ်တွေကို ပေါလု မလုပ်ခဲ့တာ သေချာတယ်။ ဒါပေမဲ့ အပြစ်ရှိနေတုန်းပဲလို့ ဝန်ခံခဲ့တယ်။ “ကျွန်တော်ကတော့ အပြစ်ရဲ့လက်ထဲ ရောင်းစားခံရသူ၊ အပြစ်ရှိသူပါ။ ကိုယ်ဘာလုပ်နေမှန်း ကိုယ်နားမလည်ဘူးကိုး။ ကိုယ်လုပ်ချင်တာ ကို မလုပ်ဘဲ ကိုယ်မုန်းတဲ့အရာကိုမှ လုပ်မိနေတာကိုး” လို့ပြောတယ်။ (ရော. ၇:၁၄၊ ၁၅) ဒါက အပြစ်လို့ ပေါလု ယူမှတ်တဲ့ တခြားအရာတွေ ရှိသေးမှန်း၊ အဲဒါတွေကို တိုက်လှန်ခဲ့မှန်း ဖော်ပြတယ်။ (ရော. ၇:၂၁-၂၃) ကျွန်တော်တို့လည်း “စိတ်ရောကိုယ်ပါ နာခံ” ဖို့ ကြိုးစားရင်း ပေါလုလို လုပ်ဆောင်ကြပါစို့။ w16.12 ၁:၁၅၊ ၁၆
တနင်္လာနေ့၊ အောက်တိုဘာ ၂၂
ထမ်းထားရတဲ့ဝန်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ။ ကိုယ်တော် ဖေးမလိမ့်မယ်။—ဆာ. ၅၅:၂၂။
ရတက်မအေးစရာ၊ စိုးရိမ်ပူပန်စရာတွေ ကြုံရတဲ့အခါ မေတ္တာရှင် ကောင်းကင်ဖခင်ဆီ ရင်ဖွင့်ဆုတောင်းလိုက်ပါ။ ပြဿနာကို ဖြေရှင်းဖို့ အတတ်နိုင်ဆုံး ကြိုးစားပြီးပြီဆိုရင် စိုးရိမ်နေတာထက် ရင်ဖွင့်ဆုတောင်းတာ က ပိုအထောက်အကူ ဖြစ်စေတယ်။ (ဆာ. ၉၄:၁၈၊ ၁၉) ဖိလိပ္ပိ ၄:၆၊ ၇ မှာ ပြောသလို ထက်ထက်သန်သန်၊ လှိုက်လှိုက်လှဲလှဲ၊ စွဲစွဲမြဲမြဲ တောင်းတဲ့ဆုတွေကို ယေဟောဝါ ဖြေကြားပေးနိုင်တယ်။ ဘယ်နည်းနဲ့လဲ။ စိုးရိမ်စရာ အတွေးနဲ့ ခံစားချက်တွေ ပျောက်စေနိုင်တဲ့ စိတ်ငြိမ်သက်မှု ပေးခြင်းအားဖြင့် ဖြစ်တယ်။ အဲဒီ အချက်ကို လူများစွာ ကိုယ်တွေ့ခံစားခဲ့ကြတယ်။ စိုးရိမ်ပူပန်ပြီး ရင်လေးနေတဲ့အခါ လူတွေ စဉ်းစားလို့မမီနိုင်တဲ့ ငြိမ်သက်ခြင်း ရရှိအောင် ဘုရားသခင် ကူညီပေးခဲ့တယ်။ သင့်ကိုလည်း အလားတူ ကူညီပေးနိုင်ပါတယ်။ “ဘုရားသခင့်ငြိမ်သက်ခြင်း” က သင်ရင်ဆိုင်ရနိုင်တဲ့ ဘယ်အခက်အခဲကိုမဆို အောင်မြင်စေနိုင်တယ်။ “မကြောက်နဲ့။ မင်းနဲ့အတူ ငါရှိတယ်။ မစိုးရိမ်နဲ့။ ငါဟာ မင်းရဲ့ဘုရားသခင်ပါ။ မင်းကို ခိုင်ခံ့စေမယ်၊ ကူညီပေးမယ်” ဆိုတဲ့ ယေဟောဝါရဲ့ ကတိကို အပြည့်အဝ ယုံကြည်စိတ်ချနိုင်ပါတယ်။—ဟေရှာ. ၄၁:၁၀။ w16.12 ၃:၃၊ ၄
အင်္ဂါနေ့၊ အောက်တိုဘာ ၂၃
မောရှေက ကြီးပြင်းလာတဲ့အခါ ဘုရင့်သမီးတော်ရဲ့ သားလို့ အခေါ်ခံရမယ့်ဘဝကို ယုံကြည်ခြင်းကြောင့် ငြင်းပယ်ခဲ့တယ်။—ဟီ. ၁၁:၂၄။
မောရှေဟာ အီဂျစ်ပြည်ရဲ့ စည်းစိမ်ချမ်းသာတွေကို ကျောခိုင်းပြီး “အပြစ်မှာ ခဏပျော်ပါးဖို့ထက် ဘုရားသခင်ရဲ့ လူတွေနဲ့အတူ ညှဉ်းဆဲခံဖို့ ရွေးချယ်ခဲ့တယ်။” (ဟီ. ၁၁:၂၅၊ ၂၆) ကျွန်တော်တို့လည်း လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို တန်ဖိုးထားခြင်း၊ ဘုရားသခင့် အလိုတော်ထမ်းဆောင်ရာမှာ အသုံးပြုခြင်းအားဖြင့် မောရှေလို သစ္စာရှိသူတွေရဲ့ ယုံကြည်ခြင်းကို တုပနိုင်ကြပါစေ။ ကျွန်တော်တို့ကိုယ်စား တခြားတစ်ယောက်ယောက် ဆုံးဖြတ်ပေးတာ ပိုလွယ်တယ်လို့ ထင်ရပေမဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရဲ့ ကောင်းချီးတွေ ဆုံးရှုံးသွားပါလိမ့်မယ်။ အဲဒီ ကောင်းချီးတွေကို တရားဟောရာ ၃၀:၁၉၊ ၂၀ မှာ ဖော်ပြထားတယ်။ အစ္စရေးတွေကို ဘုရားပေးထားတဲ့ ရွေးချယ်မှုအကြောင်း အခန်းငယ် ၁၉ မှာ ဖော်ပြထားတယ်။ အခန်းငယ် ၂၀ မှာ သူတို့ရဲ့စိတ်နှလုံးထဲ ရှိတဲ့အရာကို ဖော်ပြနိုင်တဲ့ အခွင့်အရေး ယေဟောဝါ ပေးထားကြောင်း သိရတယ်။ ကျွန်တော်တို့လည်း ယေဟောဝါကို ဝတ်ပြုဖို့ ရွေးချယ်နိုင်တယ်။ ယေဟောဝါကို ချစ်ကြောင်း ဖော်ပြရာမှာ၊ ကိုယ်တော့်ကို ဂုဏ်တင်ချီးမွမ်းရာမှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ဆုလက်ဆောင်ကို အသုံးပြုရတာ အခွင့်ထူးကြီးပါပဲ။ w17.01 ၂:၁၀၊ ၁၁
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၂၄
ယေဟောဝါကို ယုံကြည်ကိုးစားပြီး ကောင်းတာကို လုပ်ပါ။ . . . သစ္စာရှိရှိ ပြုမူပါ။—ဆာ. ၃၇:၃။
ကျွန်တော်တို့ရဲ့ စွမ်းရည်တွေကို အကောင်းဆုံး အသုံးပြုဖို့ ယေဟောဝါ မျှော်လင့်တယ်။ ဘာကြောင့်လဲ။ ကျွန်တော်တို့ကို ချစ်လို့၊ ဒီစွမ်းရည်တွေကနေ ကျေနပ်မှု ရရှိမယ်ဆိုတာ သိလို့ပါပဲ။ တစ်ချိန်တည်းမှာ လူသားတွေရဲ့ အကန့်အသတ်တွေကို ယေဟောဝါသိတယ်။ မစုံလင်မှု၊ အပြစ်၊ သေခြင်းတို့ကို ကိုယ့်ဘာသာကိုယ် မဖယ်ရှားနိုင်ဘူး။ အားလုံးမှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိလို့ တခြားသူတွေကို ထိန်းချုပ်လို့မရဘူး။ (၁ ဘု. ၈:၄၆) အသိပညာနဲ့ အတွေ့အကြုံ ဘယ်လောက်ပဲ ရှိပါစေ ယေဟောဝါနဲ့ ယှဉ်ရင် ကလေးတွေလိုပဲ အမြဲ ဖြစ်နေပါလိမ့်မယ်။ (ဟေရှာ. ၅၅:၉) အခြေအနေတိုင်းမှာ လမ်းညွှန်မှုအတွက် ယေဟောဝါကို မှီခိုအားထားဖို့ လိုတယ်။ ကျွန်တော်တို့ကို ဘုရား ကူညီထောက်မမယ်၊ ကိုယ်မတတ်နိုင်တာ ကို ဘုရား လုပ်ဆောင်ပေးမယ်ဆိုတာ ယုံကြည်စိတ်ချဖို့ လိုတယ်။ တစ်ချိန်တည်းမှာ ကိုယ်တတ်နိုင်တာ ကို လုပ်ဆောင်သင့်တယ်။ ပြဿနာတွေကို ဖြေရှင်းဖို့၊ တခြားသူတွေကို ကူညီဖို့ သင့်တော်သလို လုပ်ဆောင်သင့်တယ်။ အချုပ်အားဖြင့် ‘ယေဟောဝါကို ယုံကြည်ကိုးစားပြီး ကောင်းတာကို လုပ်’ ဖို့၊ ‘သစ္စာရှိရှိ ပြုမူ’ ဖို့ လိုတယ်။ w17.01 ၁:၂-၄
ကြာသပတေးနေ့၊ အောက်တိုဘာ ၂၅
ကျွန်တော်နဲ့အတူ တစ်ဖက်ကမ်းကို လိုက်ခဲ့ပါ။ ဂျေရုဆလင်ရောက်ရင် လိုလေသေးမရှိအောင် ကျွန်တော် စောင့်ရှောက်ပါ့မယ်။—၂ ရှ. ၁၉:၃၃။
ဖိတ်ခေါ်ချက်ကို ဗာဇိလဲ ငြင်းလိုက်တယ်။ ဘာကြောင့်လဲ။ အသက်ကြီးနေပြီမို့ ဘုရင်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး။ သူ့အစား သားဖြစ်ပုံရတဲ့ ခိမဟံကို ခေါ်သွားဖို့ ဗာဇိလဲ ပြောခဲ့တယ်။ (၂ ရှ. ၁၉:၃၁-၃၇) ကျိုးနွံမှုက မျှမျှတတဆုံးဖြတ်ဖို့ ဗာဇိလဲကို ကူညီပေးခဲ့တယ်။ တာဝန် မထမ်းဆောင်နိုင်တော့လို့၊ အေးအေးဆေးဆေး နေချင်လို့ ဒါဝိဒ်ရဲ့ ဖိတ်ခေါ်ချက်ကို ငြင်းလိုက်တာ မဟုတ်ဘူး။ ပြောင်းလဲနေတဲ့ အခြေအနေတွေနဲ့ ကိုယ့်ရဲ့ ကန့်သတ်ချက်တွေကို အသိအမှတ်ပြုလက်ခံလို့ပဲ။ သူတတ်နိုင်တာထက် တာဝန်ပိုမယူချင်ဘူး။ (ဂလ. ၆:၄၊ ၅) ကျွန်တော်တို့ဟာ အခွင့်အရာ၊ ထင်ပေါ်မှု၊ အသိအမှတ်ပြုခံရမှုကိုပဲ အာရုံစိုက်မယ်ဆိုရင် အတ္တကြီးလာမယ်၊ အပြိုင်အဆိုင် ဖြစ်လာမယ်၊ နောက်ဆုံး စိတ်ပျက်စရာပဲ ကြုံတွေ့ရမယ်။ (ဂလ. ၅:၂၆) ကျိုးနွံမှုကတော့ ကိုယ့်ရဲ့ အစွမ်းအစတွေ၊ လုပ်အားတွေကို ဘုရားကို ဂုဏ်တင်ချီးမွမ်းရာမှာ၊ တခြားသူတွေကို အကောင်းဆုံး ကူညီပေးရာမှာသုံးဖို့ အာရုံစိုက်စေတယ်။—၁ ကော. ၁၀:၃၁။ w17.01 ၄:၅၊ ၆
သောကြာနေ့၊ အောက်တိုဘာ ၂၆
ဘုရားသခင်က ဖန်ဆင်းထားရာအားလုံး သိပ်ကောင်းတယ်ဆိုတာကို မြင်တယ်။—က. ၁:၃၁။
ယေဟောဝါဟာ အံ့ဖွယ်ဖန်ဆင်းရှင် ဖြစ်တယ်။ ဖန်ဆင်းသမျှ စံချိန်စံနှုန်း မြင့်မားတယ်။ (ယေ. ၁၀:၁၂) ယေဟောဝါက ဖန်ဆင်းရာအားလုံးကို နယ်နိမိတ် သတ်မှတ်ထားတယ်။ အရာအားလုံး လိုက်ဖက်ညီညွတ်စွာ လုပ်ဆောင်နိုင်ဖို့ သဘာဝနိယာမတရားနဲ့ ကျင့်ဝတ်တရားတွေ ပြဋ္ဌာန်းထားတယ်။ (ဆာ. ၁၉:၇-၉) ဒါကြောင့် စကြဝဠာမှာရှိတဲ့အရာ မှန်သမျှဟာ ဘုရားသခင့် ရည်ရွယ်ချက်မှာ နေရာနဲ့ အလုပ်တာဝန် ကိုယ်စီရှိကြတယ်။ ဖန်ဆင်းရာတွေ တွဲဖက်လုပ်ဆောင်နိုင်ပုံကိုလည်း စံနှုန်းချမှတ်ထားတယ်။ ဥပမာ၊ ဆွဲငင်အား နိယာမတရားက လေထုကို ကမ္ဘာမြေနဲ့ အနီးကပ် ဆွဲငင်ထားတယ်။ ဒီရေနဲ့ ပင်လယ်ကို ထိန်းညှိပေးတယ်။ သက်ရှိတွေအတွက် မရှိမဖြစ်တဲ့ ရူပစနစ်ကို ဖြစ်ပေါ်စေတယ်။ လူသားတွေ အပါအဝင် ဖန်ဆင်းရာအားလုံး အဲဒီ နယ်နိမိတ်အတွင်း လှုပ်ရှားဆောင်ရွက်ရတယ်။ ဖန်ဆင်းရာတွေရဲ့ စနစ်ကျမှုက မြေကြီးနဲ့ လူသားတွေအတွက် ဘုရားသခင်မှာ ရည်ရွယ်ချက်ရှိကြောင်း ပေါ်လွင်စေတယ်။ ဒီအံ့ဖွယ်စနစ်ကျမှုရဲ့ အကြောင်းရင်းကို အမှုဆောင်လုပ်ငန်းမှာ ဖော်ပြပေးနိုင်မလား။—ဗျာ. ၄:၁၁။ w17.02 ၁:၄၊ ၅
စနေနေ့၊ အောက်တိုဘာ ၂၇
ဘုရားသခင်က . . . မောရှေကို ခေါင်းဆောင်အဖြစ်၊ ကယ်တင်သူအဖြစ် စေလွှတ်လိုက်တယ်။—တ. ၇:၃၅။
မောရှေနေရာ ဆက်ခံသူ ယောရှုကို ‘ယေဟောဝါရဲ့ ဗိုလ်ချုပ်’ က အားပေးခဲ့တယ်။ ခါနာန်တွေကို တိုက်ခိုက်တဲ့အခါ ဘုရားလူမျိုးကို ဦးဆောင်ဖို့ ကူညီပေးခဲ့တယ်။ (ယောရှု ၅:၁၃-၁၅။ ၆:၂၊ ၂၁) နောက်ပိုင်းမှာ ဘုရင် ဟေဇကိဟာ ဂျေရုဆလင်မြို့ကို ကျူးကျော်ထိပါးမယ့် အဆီးရီးယားစစ်တပ်ကြီးနဲ့ ရင်ဆိုင်ခဲ့ရတယ်။ တစ်ညတည်းမှာပဲ ‘ယေဟောဝါရဲ့ ကောင်းကင်တမန်တစ်ပါး ထွက်လာပြီး စစ်သည် ၁၈၅,၀၀၀ ကို ကွပ်မျက်လိုက်တယ်။’ (၂ ဘု. ၁၉:၃၅) ကောင်းကင်တမန်တွေ စုံလင်ကြပေမဲ့ သူတို့ကူညီပေးနေတဲ့ လူတွေကတော့ မစုံလင်ကြဘူး။ တစ်ခါက ယေဟောဝါကို ဂုဏ်တင်ဖို့ မောရှေ ပျက်ကွက်ခဲ့တယ်။ (တော. ၂၀:၁၂) ဂိဗောင်လူမျိုးနဲ့ ပဋိညာဉ် မဖွဲ့ခင် ဘုရားသခင့် လမ်းညွှန်မှု ရှာဖွေဖို့ ယောရှု ပျက်ကွက်ခဲ့တယ်။ (ယောရှု ၉:၁၄၊ ၁၅) ဟေဇကိဟာ တစ်ခဏလောက် “စိတ်မောက်မာ” ခဲ့တယ်။ (၂ ရာ. ၃၂:၂၅၊ ၂၆) ဒီလူတွေ မစုံလင်ကြပေမဲ့ သူတို့ရဲ့ ဦးဆောင်မှုနောက် အစ္စရေးတွေ လိုက်ကြရမယ်။ သူတို့ကို ကောင်းကင်တမန်တွေအားဖြင့် ယေဟောဝါ ထောက်မကူညီခဲ့တယ်။ မှန်ပါတယ်၊ မိမိလူမျိုးကို ယေဟောဝါ ဦးဆောင်ခဲ့ပါတယ်။ w17.02 ၃:၇-၉
တနင်္ဂနွေနေ့၊ အောက်တိုဘာ ၂၈
ရာဇပလ္လင်ပေါ်မှာ ထိုင်တဲ့အရှင်နဲ့ သိုးသငယ်က ချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ ဘုန်းအသရေ၊ အစွမ်းခွန်အားတွေ အစဉ်ထာဝရ ရရှိပါစေ။—ဗျာ. ၅:၁၃။
တစ်ယောက်ယောက်ကို ဂုဏ်တင်တယ်ဆိုတာ အထူးအရေးပေးတာ ၊ လေးစားတာ ကို ဆိုလိုတယ်။ အရေးပေး၊ လေးစားခံထိုက်သူဟာ ဂုဏ်ပြုထိုက်တဲ့အရာ တစ်ခုခုကို လုပ်ဆောင်ခဲ့သူ၊ အထူးတာဝန် ရရှိထားသူ ဖြစ်ရပါမယ်။ ဒါဆိုရင် ဘယ်သူ့ကို ဂုဏ်တင်သင့်သလဲ၊ ဘာကြောင့် ဂုဏ်တင်ထိုက်သလဲ။ ဗျာဒိတ် ၅:၁၃ မှာ ဖော်ပြထားတဲ့အတိုင်း “ပလ္လင်တော်ပေါ်တွင် ထိုင်တော်မူသောအရှင်နှင့် သိုးသငယ်” ဟာ တကယ်ပဲ ဂုဏ်တင်ခံထိုက်ပါတယ်။ ယေဟောဝါဟာ ဘာကြောင့် ဂုဏ်တင်ခံထိုက်မှန်း ဗျာဒိတ် အခန်းကြီး ၄ မှာ တွေ့ရတယ်။ “အစဉ်ထာဝရ အသက်ရှင်သောအရှင်” ယေဟောဝါကို ကောင်းကင်တမန်တွေ ချီးမွမ်းနေကြတယ်။ “ကျွန်ုပ်တို့၏ဘုရားသခင် ယေဟောဝါ၊ ကိုယ်တော်သည် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူ၍ ကိုယ်တော်၏ အလိုတော်ကြောင့် ဖန်ဆင်းခံရပြီး တည်ရှိသည့်အတွက် ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်ကို ရထိုက်တော်မူသည်” လို့ကြွေးကြော်ကြတယ်။—ဗျာ. ၄:၉-၁၁။ w17.03 ၁:၁၊ ၂
တနင်္လာနေ့၊ အောက်တိုဘာ ၂၉
ကိုယ့်စိတ်နှလုံးကို ယုံကြည်ကိုးစားသူဟာ မိုက်မဲတယ်။—ပညာ. ၂၈:၂၆။
ကျော်ကြားတဲ့ အတွေးအခေါ်၊ ဆောင်ပုဒ်တစ်ခုကတော့ ‘စိတ်အလို လိုက်ပါ’ ဖြစ်တယ်။ ဒါပေမဲ့ စိတ်အလို လိုက်ခြင်းက အန္တရာယ် ရှိနိုင်တယ်။ ကျမ်းစာနဲ့လည်း မညီဘူး။ ဆုံးဖြတ်ချက် ချတဲ့အခါ မစုံလင်တဲ့ စိတ်နှလုံး၊ ခံစားချက်ကို ရှေ့တန်းမတင်ဖို့ ကျမ်းစာမှာ သတိပေးထားတယ်။ စိတ်အလိုလိုက်ခြင်းရဲ့ ဆိုးကျိုးတွေကိုလည်း ဖော်ပြထားတယ်။ အဓိက ပြဿနာကတော့ မစုံလင်တဲ့ လူသားတွေရဲ့ “စိတ်နှလုံးဟာ အရာအားလုံးထက် စဉ်းလဲတယ်။ ထင်ရာစိုင်းတတ်တယ်။” (ယေ. ၃:၁၇။ ၁၃:၁၀။ ၁၇:၉။ ၁ ဘု. ၁၁:၉) စိတ်အလို လိုက်မိရင်၊ ခံစားချက်ကို ရှေ့တန်းတင် တွေးခေါ်လုပ်ကိုင်ရင် ဘာဖြစ်နိုင်သလဲ။ ဥပမာ၊ ဒေါသထွက်နေချိန်မှာ ဆုံးဖြတ်ရင် ဘာဖြစ်သွားနိုင်သလဲ။ အရင်က ဆုံးဖြတ်ဖူးရင် အဖြေကို သိပါလိမ့်မယ်။ (ပညာ. ၁၄:၁၇။ ၂၉:၂၂) စိတ်ဓာတ်ကျနေချိန်မှာကော ပညာရှိရှိ ဆုံးဖြတ်နိုင်ပါ့မလား။ (တော. ၃၂:၆-၁၂။ ပညာ. ၂၄:၁၀) အရေးကြီး ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ခံစားချက်ကို ရှေ့တန်းတင်မယ်ဆိုရင် အလွယ်တကူ မှားသွားနိုင်တယ်။ w17.03 ၂:၁၂၊ ၁၃
အင်္ဂါနေ့၊ အောက်တိုဘာ ၃၀
ကျွန်တော်ဟာ ရှေ့တော်မှာ စိတ်နှလုံးအကြွင်းမဲ့ သစ္စာရှိရှိ လျှောက်လှမ်းခဲ့ [တယ်]။—၂ ဘု. ၂၀:၃။
ကျွန်တော်တို့ မစုံလင်တဲ့အတွက် မှားတတ်ကြတယ်။ ကျွန်တော်တို့ နောင်တရမယ်၊ ယေရှုရဲ့ ရွေးနုတ်ဖိုး ပူဇော်သက္ကာကို အခြေခံပြီး နှိမ့်ချယုံကြည်စွာ ဆုတောင်းမယ်ဆိုရင် “အပြစ်ရှိတဲ့အလျောက်” ယေဟောဝါ မစီရင်တဲ့အတွက် ကျေးဇူးတင်စရာပါပဲ။ (ဆာ. ၁၀၃:၁၀) ဒါပေမဲ့ ကျွန်တော်တို့ရဲ့ နေ့စဉ် ကိုးကွယ်မှုကို ယေဟောဝါ လက်ခံနိုင်ဖို့ဆိုရင် ရှောလမုန်ကို ဒါဝိဒ် ပြောခဲ့သလို “စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြု” ရမယ်။ (၁ ရာ. ၂၈:၉) ဘုရားသခင်ကို “စိတ်နှလုံးအကြွင်းမဲ့” ဝတ်ပြုခြင်းမှာ အကြွင်းမဲ့ ဆည်းကပ်မှု ပါဝင်တယ်။ ကျမ်းစာမှာ “စိတ်နှလုံး” ဆိုတဲ့ စကားလုံးဟာ လူတစ်ယောက်ရဲ့ အတွင်းသဘောကို ရည်ညွှန်းလေ့ရှိတယ်။ အလိုဆန္ဒ၊ အတွေးအခေါ်၊ စိတ်နေသဘောထား၊ စွမ်းရည်၊ ရည်ရွယ်ချက်၊ ပန်းတိုင်တွေ ပါဝင်တယ်။ ဒါကြောင့် ယေဟောဝါကို စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြုသူဟာ ဟန်ပြသဘောလောက်ပဲ မကိုးကွယ်ဘူး။ ကျွန်တော်တို့ကော။ မစုံလင်ပေမဲ့ ဟန်ဆောင်မှု မရှိဘဲ ဘုရားသခင်ကို စိတ်နှလုံး အကြွင်းမဲ့ ဆည်းကပ်နေမယ်ဆိုရင် စုံလင်သော စိတ်နှလုံးနဲ့ ဝတ်ပြုနိုင်ပါလိမ့်မယ်။—၂ ရာ. ၁၉:၉။ w17.03 ၃:၁၊ ၃
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၃၁
ယေဟောဝါက မြင့်မြတ်ပေမဲ့ နှိမ့်ချသူကို ဂရုတစိုက် ကြည့်ရှုတယ်။ မောက်မာသူနဲ့တော့ ခပ်ခွာခွာနေတယ်။—ဆာ. ၁၃၈:၆။
တစ်ခုခု အောင်မြင်တဲ့အခါ စိတ်ထဲ ရှိတာတွေ ပေါ်လာဖို့၊ ကျွန်တော်တို့ရဲ့သဘောကို စမ်းသပ်ဖို့ ယေဟောဝါ ‘လွှတ်ထား’ တာ ဖြစ်နိုင်သလား။ ဥပမာ၊ ညီအစ်ကိုတစ်ယောက် ဟောပြောချက် ပြင်ဆင်ပြီး ပရိသတ်ကြီးရှေ့မှာ ဟောပြောတယ်။ ဟောပြောချက် ကောင်းလို့ လူတွေ ချီးမွမ်းကြတယ်။ ဘယ်လိုတုံ့ပြန်မလဲ။ ချီးမွမ်းခံရတဲ့အခါ ယေရှုရဲ့ ဒီစကားတွေကို လိုက်နာသင့်တယ်– “ကျွန်တော်တို့ဟာ ဘာမှအကျိုးမပေးတဲ့ ကျွန်တွေပါ။ လုပ်ရမယ့် ဝတ္တရားကို လုပ်ခဲ့ရုံလေးပါပဲ။” (လု. ၁၇:၁၀) ဟေဇကိရဲ့ အတွေ့အကြုံကနေ သင်ယူနိုင်ပါတယ်။ ဟေဇကိဟာ မာနထောင်လွှားလာပြီး “ခံစားရတဲ့ ကျေးဇူးတရားကို မသိတတ်” ခဲ့ဘူး။ (၂ ရာ. ၃၂:၂၄-၂၇၊ ၃၁) ကျွန်တော်တို့အတွက် ယေဟောဝါ လုပ်ဆောင်ပေးခဲ့တာတွေကို တွေးတောဆင်ခြင်ခြင်းက ဘုရားသခင် မုန်းတဲ့သဘောထားကို ရှောင်ဖို့ ကူညီပေးပါလိမ့်မယ်။ မိမိလူမျိုးကို သစ္စာရှိရှိ ကူညီပေးတဲ့ ယေဟောဝါကို ကျွန်တော်တို့ ကျေးဇူးတင်ချီးမွမ်းနိုင်တယ်။ w17.03 ၄:၁၂-၁၄