စက်တင်ဘာ
စနေနေ့၊ စက်တင်ဘာ ၁
ခံနိုင်ရည်ကို အလုပ်ပြီးမြောက်အောင် လုပ်ဆောင်ခွင့်ပေးလိုက်ပါ။—ယာ. ၁:၄။
ကျမ်းစာမှာဖော်ပြထားတဲ့ ခံနိုင်ရည်ဆိုတာ ခက်ခဲတဲ့အခြေအနေတစ်ခုကို အောင့်အည်းသည်းခံနေရုံလောက်ကိုသာ မဆိုလိုဘူး။ ကိုယ့်ရဲ့စဉ်းစားပုံ၊ စမ်းသပ်မှုတွေကို သဘောထားပုံတွေ ပါဝင်ပတ်သက်တယ်။ ခံနိုင်ရည်က သတ္တိရှိအောင်၊ သစ္စာရှိအောင်၊ စိတ်ရှည်အောင် ကူညီပေးတယ်။ “ခံနိုင်ရည်ဟာ ခိုင်မာတဲ့မျှော်လင့်ချက်ရှိဖို့၊ စမ်းသပ်မှုတွေ ကြုံရချိန်မှာ အလျှော့မပေးဖို့ ကူညီပေးတဲ့ အရည်အသွေးဖြစ်တယ်။ အဆိုးရွားဆုံး စမ်းသပ်မှုတွေ ရင်ဆိုင်ရချိန်မှာတောင် မတုန်မလှုပ် ကြံ့ကြံ့ခံ ရပ်တည်နိုင်အောင် ကူညီပေးတယ်။ နာကျင်မှုကို ကျော်လွန်ပြီး ပန်းတိုင်ကို တွေ့မြင်စေတဲ့အတွက် နောက်ဆုံးမှာ အောင်ပွဲရစေတယ်” လို့ စာအုပ်တစ်အုပ်က ပြောတယ်။ မေတ္တာက ခံနိုင်ရည်ရှိဖို့ လှုံ့ဆော်ပေးတယ်။ (၁ ကော. ၁၃:၄၊ ၇) ဘယ်ကဏ္ဍတွေမှာလဲ။ ယေဟောဝါကို ချစ်တဲ့မေတ္တာက ကိုယ်တော်ခွင့်ပြုတာ မှန်သမျှကို ခံနိုင်ရည်ရှိဖို့ လှုံ့ဆော်ပေးတယ်။ (လု. ၂၂:၄၁၊ ၄၂) ညီအစ်ကိုညီအစ်မတွေကို ချစ်တဲ့မေတ္တာက သူတို့ရဲ့ မစုံလင်မှုတွေကို ခံနိုင်ရည်ရှိဖို့ ကူညီပေးတယ်။ (၁ ပေ. ၄:၈) အိမ်ထောင်ဖက်ကို ချစ်တဲ့မေတ္တာက အိမ်ထောင်ရေးသာယာတဲ့ ဇနီးမောင်နှံတွေတောင် ကြုံတွေ့ရတဲ့ “ဆင်းရဲဒုက္ခကို” ခံနိုင်ရည်ရှိဖို့၊ အိမ်ထောင်နှောင်ကြိုး ခိုင်မြဲအောင် လုပ်ဆောင်ဖို့ ကူညီပေးတယ်။—၁ ကော. ၇:၂၈။ w16.04 ၂:၃၊ ၄
တနင်္ဂနွေနေ့၊ စက်တင်ဘာ ၂
သူတို့က . . . ရှိတာတွေကို ဝေမျှသုံးစွဲတာ . . . တွေ ဆက်လုပ်ဆောင်နေကြတယ်။—တ. ၂:၄၂။
ရောမအုပ်ချုပ်မှုနဲ့ ဂျူးဘာသာရေးခေါင်းဆောင်တွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုကြောင့် အခက်အခဲတွေ ကြုံရတာတောင် အစောပိုင်း ခရစ်ယာန်တွေ မပြတ်စည်းဝေးခဲ့ကြတယ်။ ဒီနေ့ခေတ် ယေဟောဝါရဲ့ကျေးကျွန်တွေလည်း ခရစ်ယာန် အစည်းအဝေးတွေကို တန်ဖိုးထားလေးမြတ်ကြတယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ၂၂ နှစ်ကျော် အမှုဆောင်ခဲ့တဲ့ ညီအစ်ကို ဂျော့ဂျ် ဂန်းဂတ်စ် အခုလို ပြောတယ်– “ညီအစ်ကိုတွေနဲ့ တွေ့ဆုံစည်းဝေးရတာဟာ ကျွန်တော့်ဘဝမှာ အပျော်ရွှင်ရဆုံးပဲ။ အားပေးမှုလည်း ရရှိတယ်။ ကျွန်တော့်ရဲ့ အပြင်းပြဆုံးဆန္ဒကလည်း အစည်းအဝေးတွေ အမြဲ တက်ရောက်ဖို့ပါပဲ။” ယေဟောဝါကို ဝတ်ပြုဖို့ အတူစည်းဝေးတာနဲ့ပတ်သက်ပြီး သင်လည်း အဲဒီ လို ခံစားရသလား။ ဒါဆိုရင် အစည်းအဝေး ပုံမှန်တက်ရောက်နိုင်ဖို့ အားသွန်ခွန်စိုက် ဆက်ကြိုးစားမယ်လို့ သန္နိဋ္ဌာန်ချထားပါ။ ‘စံမြန်းရာအိမ်တော်ကို ကျွန်တော် ချစ်မြတ်နိုးလိုက်တာ’ လို့ ပြောခဲ့တဲ့ ဘုရင်ဒါဝိဒ်လို သင် တကယ် ခံစားရမှန်း ယေဟောဝါကို ဖော်ပြပါ။—ဆာ. ၂၆:၈။ w16.04 ၃:၁၆-၁၈
တနင်္လာနေ့၊ စက်တင်ဘာ ၃
ညီအစ်ကိုဆီ သွားပြီး သူနဲ့ပြေလည်အောင် အရင်လုပ်ပါ။—မ ၅:၂၄။
ကိုယ့်အပြောအဆို၊ အပြုအမူကြောင့် ညီအစ်ကိုတစ်ယောက် စိတ်ထိခိုက်သွားမှန်း သိလာတယ်ဆိုပါစို့။ ဘာလုပ်သင့်သလဲ။ သင့်ညီအစ်ကိုနဲ့ သွားဆွေးနွေးပါ။ ရည်ရွယ်ချက်က သူနဲ့ ပြန်သင့်မတ်ဖို့ ဖြစ်သင့်တယ်။ သင်ဟာ အမှားကို ဝန်ခံသင့်တယ်။ သူ့ကို အပြစ်မတင်သင့်ဘူး။ ညီအစ်ကိုတွေနဲ့ ပြန်သင့်မြတ်ဖို့က အရေးကြီးဆုံး ဖြစ်တယ်။ အာဗြဟံနဲ့ သူ့တူလောတအကြောင်း သုံးသပ်ကြည့်ပါ။ နှစ်ယောက်စလုံး တိရစ္ဆာန်အများကြီး ပိုင်ဆိုင်ကြတယ်။ တိရစ္ဆာန်အားလုံးအတွက် စားကျက်မြေ မလုံလောက်လို့ သူတို့ရဲ့ သိုးထိန်းတွေ စကားများကြတယ်။ သင့်သင့်မြတ်မြတ် ဖြစ်စေချင်တဲ့အတွက် အကောင်းဆုံးမြေကို အရင်ရွေးဖို့ လောတကို အာဗြဟံ အခွင့်ပေးလိုက်တယ်။ (က. ၁၃:၁၊ ၂၊ ၅-၉) သိပ်ကောင်းတဲ့ပုံနမူနာပါပဲ။ အာဗြဟံဟာ ကိုယ့်အကျိုးထက် အချင်းချင်း သင့်မြတ်ဖို့ကို ဦးစားပေးခဲ့တယ်။ သူ့ရဲ့ ရက်ရောမှုကြောင့် တစ်သက်လုံး ဆုံးရှုံးသွားသလား။ မဆုံးရှုံးပါဘူး။ အာဗြဟံကို အကြီးအကျယ် ကောင်းချီးပေးမယ်လို့ ယေဟောဝါ ချက်ချင်းပဲ ကတိပေးခဲ့တယ်။ (က. ၁၃:၁၄-၁၇) ဒီကနေ ဘာသင်ယူရသလဲ။ သဘောထားကွဲလွဲမှုတွေကို မေတ္တာနဲ့ဖြေရှင်းတဲ့အခါ အနည်းငယ် ဆုံးရှုံးရတာတွေ ရှိနိုင်ပေမဲ့ ယေဟောဝါ ကောင်းချီးပေးမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ w16.05 ၁:၁၁၊ ၁၂
အင်္ဂါနေ့၊ စက်တင်ဘာ ၄
ယေဟောဝါရဲ့ အလိုတော်ကို သိနားလည်အောင် အမြဲကြိုးစားပါ။—ဧ. ၅:၁၇။
ကျမ်းစာမှာ သတ်သတ်မှတ်မှတ် ပညတ်အတော်များများကို ယေဟောဝါ ပေးထားတယ်။ ဥပမာ၊ ရုပ်တုမကိုးကွယ်ရ၊ မခိုးရ၊ လိင်အကျင့်မယိုယွင်းရ၊ မသောက်ကြူးရဆိုတဲ့ ပညတ်တွေ ဖြစ်တယ်။ (၁ ကော. ၆:၉၊ ၁၀) အဲဒီ အပြင် ယေဟောဝါရဲ့ သားတော် ယေရှုကလည်း နောက်လိုက်တွေကို “လူမျိုးတကာဆီ သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ အဖဘုရားရဲ့နာမည်၊ သားတော်ရဲ့နာမည်၊ သန့်ရှင်းသော စွမ်းအားတော်ရဲ့နာမည်နဲ့ နှစ်ခြင်းပေးကြပါ။ ကျွန်တော် မိန့်မှာထားသမျှကို လိုက်နာဖို့ သွန်သင်ပေးကြပါ။ လောကစနစ်နိဂုံးပိုင်း အထိ ခင်ဗျားတို့နဲ့အတူ ကျွန်တော် အမြဲရှိနေမယ်” ဆိုပြီး သတ်သတ်မှတ်မှတ် မိန့်မှာခဲ့တယ်။ (မ. ၂၈:၁၉၊ ၂၀) ယေဟောဝါနဲ့ ယေရှု မိန့်မှာသမျှဟာ ကျွန်တော်တို့ရဲ့ အကျိုးအတွက်ပဲ။ ယေဟောဝါရဲ့ ပညတ်တွေက ကိုယ်တိုင်နဲ့ မိသားစုကို ကြည့်ရှုပြုစုတတ်အောင်၊ ပျော်ရွှင်ကျန်းမာအောင် ကူညီပေးတယ်။ အရေးကြီးဆုံးကတော့ ဟောပြောပါဆိုတဲ့ ပညတ်အပါအဝင် ယေဟောဝါရဲ့ ပညတ်တွေကို ကျွန်တော်တို့ နာခံမယ်ဆိုရင် ယေဟောဝါရဲ့ နှစ်သက်မှုနဲ့ ကောင်းချီး ရရှိပါလိမ့်မယ်။ w16.05 ၃:၁
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၅
ခင်ဗျားတို့ရဲ့ စိတ်သဘောကို ပြုပြင်ပြောင်းလဲကြပါ။—ရော. ၁၂:၂။
ကျမ်းစာကို နေ့တိုင်းဖတ်ပြီး တွေးတောဆင်ခြင်ရမယ်၊ သန့်ရှင်းသောစွမ်းအားတော်ရအောင် ဆုတောင်းရမယ်ဆိုရင် ယေဟောဝါနှစ်သက်တဲ့အရာကို သိလာပြီး ကိုယ်တော်စဉ်းစားသလို စဉ်းစားတတ်လာပါလိမ့်မယ်။ ရလဒ်အနေနဲ့ ကျွန်တော်တို့ရဲ့ အတွေးအခေါ်၊ အပြောအဆို၊ လုပ်ရပ်တွေကို ယေဟောဝါ ပိုနှစ်သက်လာပါလိမ့်မယ်။ အားနည်းချက်တွေကို ကျွန်တော်တို့ ပိုထိန်းချုပ်တတ်လာပါလိမ့်မယ်။ ဒါပေမဲ့ ဆက်ပြီးတိုက်လှန်နေဖို့တော့ လိုအပ်တယ်။ (ပညာ. ၄:၂၃) ယေဟောဝါရဲ့ အရည်အသွေးတွေကို တုပရာမှာ တိုးတက်ဖို့ အချိန် လိုအပ်တယ်။ ဒါကြောင့် တိုးတက်မှု နှေးကွေးတယ်လို့ ထင်ရရင်တောင် စိတ်ရှည်ပါ။ ကျမ်းစာရဲ့ ပြုပြင်ပြောင်းလဲပေးမှုကို ဆက်ခွင့်ပြုပါ။ အစပိုင်းမှာတော့ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ဖို့ လိုအပ်နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါ နှစ်သက်တဲ့နည်းအတိုင်း စဉ်းစား၊ ပြုမူလေ ဘုရားစဉ်းစားသလို စဉ်းစားဖို့၊ မှန်ရာကို လုပ်ဆောင်ဖို့ ပိုလွယ်ကူလေ၊ ပိုကျင့်သားရလေပဲ။—ဆာ. ၃၇:၃၁။ ပညာ. ၂၃:၁၂။ ဂလ. ၅:၁၆၊ ၁၇။ w16.05 ၄:၁၆၊ ၁၇
ကြာသပတေးနေ့၊ စက်တင်ဘာ ၆
သူဟာ ယေဟောဝါရဲ့ ပညတ်မှာ ပျော်မွေ့ပြီး ပညတ်တော်ကို နေ့ညမပြတ် ဖတ်ရွတ်ဆင်ခြင်တယ်။ —ဆာ. ၁:၂။
ဒီနေ့ခေတ်မှာ ယေဟောဝါက ကျမ်းစာ၊ သန့်ရှင်းသောစွမ်းအားတော်နဲ့ အသင်းတော်ကိုသုံးပြီး ကျွန်တော်တို့ကို ပုံသွင်းပေးတယ်။ ကျမ်းစာဖတ်ပြီး တွေးတောဆင်ခြင်မယ်၊ သိရှိလာတာ ကို လက်တွေ့ကျင့်သုံးနိုင်အောင် ယေဟောဝါဆီ အကူအညီတောင်းမယ်ဆိုရင် ကျမ်းစာက ကျွန်တော်တို့ကို ပုံသွင်းပေးနိုင်ပါလိမ့်မယ်။ “အိပ်ရာပေါ် ရှိနေချိန်မှာ ကိုယ်တော့်ကို သတိရတယ်။ ညယံတွေမှာ ကိုယ်တော့်အကြောင်း တွေးတောတယ်” လို့ ဘုရင်ဒါဝိဒ် ရေးခဲ့တယ်။ (ဆာ. ၆၃:၆) ‘အကြံဉာဏ်ပေးတဲ့ ယေဟောဝါကို ချီးမွမ်းမယ်။ ညအချိန်မှာ အနက်ရှိုင်းဆုံး ခံစားချက်တွေက ကျွန်တော့်ကို တည့်မတ်ပေးတယ်’ လို့လည်း ရေးခဲ့တယ်။ (ဆာ. ၁၆:၇) ပြင်းထန်တဲ့ ဆုံးမမှုဖြစ်ရင်တောင် အဲဒါကို ဒါဝိဒ် တွေးတောဆင်ခြင်ပြီး သူ့ရဲ့အနက်ရှိုင်းဆုံး အတွေးနဲ့ ခံစားချက်တွေကို ပုံသွင်းပေးဖို့ ခွင့်ပြုခဲ့တယ်။ (၂ ရှ. ၁၂:၁-၁၃) နှိမ့်ချမှုနဲ့ နာခံမှုတင်ပြရာမှာ ဒါဝိဒ်ဟာ စံနမူနာကောင်းပဲ။ ကျွန်တော်တို့လည်း ကိုယ့်ကိုယ်ကိုယ် အခုလို မေးသင့်တယ်– ‘ကျမ်းစာဖတ်တဲ့အခါ ငါ တွေးတောဆင်ခြင်သလား။ ငါ့ရဲ့ အနက်ရှိုင်းဆုံး အတွေးနဲ့ ခံစားချက်တွေကို ပုံသွင်းပေးဖို့ ဘုရားသခင်ရဲ့ ဆုံးမမှုကို ခွင့်ပြုသလား။ ဒီကိစ္စမှာ ငါ ပိုတိုးတက်နိုင်ဦးမလား။’—ဆာ. ၁:၂၊ ၃။ w16.06 ၁:၁၁
သောကြာနေ့၊ စက်တင်ဘာ ၇
ထစ်ခနဲဆို မကျေမချမ်း မဖြစ်နဲ့။—ဒေ. ၇:၉။
ကျွန်တော်တို့အားလုံး စုံလင်မှုနဲ့ ဝေးကွာလာတာ အနှစ် ၆,၀၀၀ လောက်ရှိပြီ။ မစုံလင်သူတွေဖြစ်တဲ့အတွက် မှားတတ်ကြတယ်။ ဒါကြောင့် ညီအစ်ကိုညီအစ်မတွေဆီက တရားလွန် မမျှော်လင့်သင့်ဘူး။ သူတို့ရဲ့အမှားတွေကို တနုံ့နုံ့ တွေးမနေသင့်ဘူး။ အဲဒီ လိုသာ တွေးနေမယ်ဆိုရင် ယေဟောဝါရဲ့အမှုတော်မှာ ပျော်ရွှင်တော့မှာ မဟုတ်ဘူး။ ပိုဆိုးတာ က ယုံကြည်ခြင်းအားနည်းလာပြီး ယေဟောဝါရဲ့ အဖွဲ့အစည်းကိုတောင် စွန့်သွားမိနိုင်တယ်။ အဲဒီ အခါ ယေဟောဝါရဲ့ အလိုတော်ထမ်းဆောင်ခွင့်အပြင် ကမ္ဘာသစ်အသက်တာ မျှော်လင့်ချက်ပါ ဆုံးရှုံးသွားနိုင်တယ်။ တခြားသူတွေရဲ့ အမှားကြောင့် စိတ်အနှောင့်အယှက်ဖြစ်တဲ့အခါ ပျော်ရွှင်မှု မပျောက်သွားအောင် ဘာလုပ်နိုင်သလဲ။ “ကြည့်ပါ။ ကောင်းကင်သစ်နဲ့ မြေကြီးသစ်ကို ငါဖန်ဆင်းနေတယ်။ အရင်တုန်းက ဖြစ်ခဲ့တာတွေကို သတိရတော့မှာ မဟုတ်ဘူး” ဆိုတဲ့ ကတိစကားကို အမှတ်ရပါ။ (ဟေရှာ. ၆၅:၁၇။ ၂ ပေ. ၃:၁၃) သင်သာ ဆက်သစ္စာစောင့်သိမယ်ဆိုရင် အဲဒီ ကောင်းချီးတွေကို ခံစားရပါလိမ့်မယ်။ w16.06 ၄:၁၃၊ ၁၄
စနေနေ့၊ စက်တင်ဘာ ၈
ကျွန်တော်တို့ရဲ့ ဘုရားသခင် ယေဟောဝါဟာ တစ်ဆူတည်းသော ယေဟောဝါပဲ။—တရား. ၆:၄။
“တစ်ဆူတည်းသော ယေဟောဝါ” ဆိုတဲ့စကားလုံးဟာ ကိုယ်တော့် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်မှုတွေကို အမြဲ ယုံကြည်စိတ်ချနိုင်တယ် ဆိုတဲ့အဓိပ္ပာယ်လည်း ရှိတယ်။ ယေဟောဝါဟာ စိတ်ဝေခွဲမရဖြစ်တဲ့၊ စိတ်ထင်တိုင်းလုပ်တတ်တဲ့ ဘုရား မဟုတ်ဘူး။ အဲဒီ အစား အမြဲ သစ္စာရှိတယ်၊ ကတိတည်တယ်။ မပြောင်းလဲတတ်ဘူး။ ဥပမာ၊ အာဗြဟံရဲ့သားမြေးတွေကို ကတိထားရာပြည် ပေးမယ်လို့ သူ့ကို ဘုရားသခင် ကတိပေးခဲ့တယ်။ အဲဒီ ကတိပြည့်စုံစေဖို့ အံ့ဖွယ်အမှုများစွာ ပြုလုပ်ခဲ့တယ်။ နောက်နှစ်ပေါင်း ၄၃၀ ကြာသွားတာတောင် ယေဟောဝါရဲ့ ကတိ မပြောင်းလဲခဲ့ဘူး။ (က. ၁၂:၁၊ ၂၊ ၇။ ထွ. ၁၂:၄၀၊ ၄၁။) နှစ်ပေါင်းများစွာကြာပြီးနောက် ယေဟောဝါက အစ္စရေးလူမျိုးကို မိမိရဲ့သက်သေဖြစ်စေခဲ့ပြီး ‘ငါဟာ မပြောင်းလဲတတ်တဲ့ အရှင်ပဲ။ ငါ့အရင် ဘယ်ဘုရားသခင်မှ မရှိခဲ့ဘူး။ ငါ့နောက်မှာလည်း ဘယ်ဘုရားမှ ရှိမှာမဟုတ်ဘူး’ လို့ ပြောခဲ့တယ်။ အဲဒီ နောက် ‘ငါဟာ ဘယ်တော့မှ မပြောင်းလဲတဲ့ အရှင်ပဲ’ လို့ပြောပြီး မိမိရည်ရွယ်ချက် ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူးဆိုတာ ဖော်ပြခဲ့တယ်။ (ဟေရှာ. ၄၃:၁၀၊ ၁၃။ ၄၄:၆။ ၄၈:၁၂) ဘယ်တော့မှ မပြောင်းလဲတတ်တဲ့၊ သစ္စာရှိတဲ့ ယေဟောဝါဘုရားကို ဝတ်ပြုခွင့်ရတာ အစ္စရေးလူမျိုးအတွက်ရော ကျွန်တော်တို့အတွက်ပါ တကယ့်အခွင့်ထူးပါပဲ။—မာလ. ၃:၆။ ယာ. ၁:၁၇။ w16.06 ၃:၆၊ ၇
တနင်္ဂနွေနေ့၊ စက်တင်ဘာ ၉
အဲဒီ နေ့၊ အဲဒီ အချိန်ကို ခင်ဗျားတို့ မသိတဲ့အတွက် သတိနဲ့စောင့်နေကြပါ။—မာ. ၁၃:၃၃။
ဒီနေ့ခေတ် နိုင်ငံများစွာဟာ “ကင်းစောင့်” အဖြစ် နယ်ခြားစောင့်တပ်တွေ၊ နောက်ဆုံးပေါ် လုံခြုံရေးစနစ်တွေ ထားရှိကြတယ်။ တိုင်းပြည်လုံခြုံရေးကို အန္တရာယ်ပြုနိုင်တဲ့ အရာမှန်သမျှကို သူတို့ စောင့်ကြပ်ပေးတယ်။ ဒါပေမဲ့ လူတွေဆီကလာတဲ့ အန္တရာယ်ကိုပဲ သူတို့ သိမြင်နိုင်ကြတယ်။ လူ့အစိုးရအားလုံးကို မကြာခင် တရားစီရင်တော့မယ့်၊ ခရစ်တော်ယေရှု အုပ်ချုပ်နေတဲ့ ကောင်းကင်နိုင်ငံတော်ကိုတော့ မသိကြဘူး။ (ဟေရှာ. ၉:၆၊ ၇။ ၅၆:၁၀။ ဒံ. ၂:၄၄) ကျွန်တော်တို့ကတော့ အဲဒီ နေ့ကို သတိနဲ့စောင့်နေခြင်းအားဖြင့် ဘယ်အချိန်ပဲရောက်လာပါစေ အသင့်ဖြစ်နေပါလိမ့်မယ်။ (ဆာ. ၁၃၀:၆) ကျွန်တော်တို့ ဒီလောကစနစ် အဆုံးပိုင်းမှာ အသက်ရှင်နေရတယ်။ အဆုံးနီးလေ နိုးနိုးကြားကြားနေဖို့ ပိုခက်လေပဲ။ သတိနဲ့ဆက်မစောင့်တော့ရင် သိပ်ဝမ်းနည်းစရာ ကောင်းပါလိမ့်မယ်။ w16.07 ၂:၂၊ ၉၊ ၁၀
တနင်္လာနေ့၊ စက်တင်ဘာ ၁၀
ကျွန်တော်ခံစားရတဲ့ မဟာကရုဏာတော်ဟာ အချည်းနှီး မဖြစ်ခဲ့ဘူး။—၁ ကော. ၁၅:၁၀။
ပေါလုဟာ ခရစ်ယာန်တွေကို နှိပ်စက်ညှဉ်းပန်းခဲ့သူဖြစ်တယ်။ ဒါကြောင့် ဘုရားရဲ့ ကြီးမားတဲ့ကရုဏာ ခံစားရတာဟာ သူ့ကြိုးစားအားထုတ်မှုကြောင့် မဟုတ်မှန်း၊ ရထိုက်လို့ မဟုတ်မှန်း ပေါလု ကောင်းကောင်းသိတယ်။ သူ့ဘဝရဲ့ နောက်ဆုံးအချိန်မှာ လုပ်ဖော်ဆောင်ဖက် တိမောသေဆီ အခုလို ရေးခဲ့တယ်– “ငါ့ကိုအစွမ်းတန်ခိုးပေးတဲ့ သခင်ခရစ်တော်ယေရှုကို ကျေးဇူးတင်တယ်။ ခရစ်တော်က ငါ့ကို သစ္စာရှိသူလို့ ယူမှတ်ပြီး ဘုရားအမှုဆောင်ဖို့ ခန့်အပ်ထားလို့ပဲ။” (၁ တိ. ၁:၁၂-၁၄) အဲဒီ အမှုဆောင်လုပ်ငန်းက ဘာလဲ။ ဒီလုပ်ငန်းမှာ ဘာပါဝင်မှန်း ဧဖက်အသင်းတော်က အကြီးအကဲတွေကို ပေါလု အခုလိုပြောတယ်– “ဘုရားသခင့် မဟာကရုဏာတော်နဲ့ဆိုင်တဲ့ သတင်းကောင်းအကြောင်း စေ့စေ့စပ်စပ် သက်သေခံဖို့ သခင်ယေရှုပေးအပ်ထားတဲ့ တာဝန်နဲ့ အမှုဆောင်လုပ်ငန်းကို ပြီးစီးအောင်သာ ဆောင်ရွက်ခွင့် ရမယ်ဆိုရင် ကျွန်တော့်အသက်ကိုတောင် ပဓာန မထားပါဘူး။” (တ. ၂၀:၂၄) သတင်းကောင်းကို ပေါလု ဇွဲထက်သန်စွာ ဟောပြောပြီး ဒီနေ့ခေတ် ခရစ်ယာန်တွေအတွက် စံနမူနာကောင်း ချမှတ်ခဲ့တယ်။ သူ့ကိုပြခဲ့တဲ့ ဘုရားသခင့် မဟာကရုဏာ “အချည်းနှီး” မဖြစ်ဘူးဆိုတာ သက်သေပြခဲ့တယ်။ w16.07 ၄:၁-၃
အင်္ဂါနေ့၊ စက်တင်ဘာ ၁၁
စိတ်ရှည်ရှည်နဲ့ စောင့်နေမယ်။—မိ. ၇:၇။
အခွင့်ထူးတွေရဖို့ ဒါမှမဟုတ် အခြေအနေတွေ အကောင်းဘက် ပြောင်းလဲလာဖို့ စောင့်နေရတာ ကြာနေပြီဆိုရင်ကော။ ဒီအခြေအနေတွေကို ယေဟောဝါ ခွင့်ပြုထားပေမဲ့ ကျွန်တော်တို့ကို အမြဲကူညီမယ်ဆိုတာ စိတ်ချနိုင်တယ်။ အာဗြဟံရဲ့ ပုံသက်သေကနေ သင်ယူနိုင်တယ်။ သားတစ်ယောက်ရမယ်လို့ သူ့ကို ယေဟောဝါ ကတိပေးပေမဲ့ ဣဇာက်မွေးလာဖို့ နှစ်ပေါင်းများစွာ စောင့်ခဲ့ရတယ်။ (ဟီ. ၆:၁၂-၁၅) အဲဒီ အချိန်အတွင်း အာဗြဟံဟာ စိတ်ရှည်ရှည်ထားပြီး ယေဟောဝါအပေါ် လုံးဝ အယုံအကြည်မပျက်ခဲ့ဘူး။ (က. ၁၅:၃၊ ၄။ ၂၁:၅) စောင့်ရတာ မလွယ်ပါဘူး။ (ပညာ. ၁၃:၁၂) ဒါပေမဲ့ စိတ်ပျက်စရာတွေကိုပဲ တွေးနေရင် စိတ်ဓာတ်ကျလာပါလိမ့်မယ်။ အဲဒီ အစား ဘုရားရေးရာ အရည်အသွေးတွေ တိုးတက်လာဖို့ အချိန်ကို အကျိုးရှိရှိ အသုံးပြုနိုင်တယ်။ ကျမ်းစာဖတ်ပြီး တွေးတောဆင်ခြင်ခြင်းအားဖြင့် ဉာဏ်ပညာ၊ ထိုးထွင်းဉာဏ်၊ ချင့်ချိန်နိုင်စွမ်း၊ အသိပညာ၊ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေ ရှိလာနိုင်တယ်။ သိရှိလာတာတွေကို ယေဟောဝါနှစ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချရမှာ နေ့တိုင်း အသုံးပြုနိုင်တယ်။ ဥပမာ၊ တခြားသူတွေကို ဘယ်လို ပြုမူဆက်ဆံရမယ်၊ ငွေကြေး ဘယ်လို သုံးစွဲရမယ်၊ အဝတ်အစားနဲ့ ဖျော်ဖြေမှု ဘယ်လို ရွေးချယ်ရမယ်ဆိုတဲ့ ကိစ္စတွေဖြစ်တယ်။ w16.08 ၃:၉-၁၁
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၁၂
ဘုရားသခင်ဟာ ခင်ဗျားတို့ကို အစွမ်းခွန်အားဖြည့်ပေး . . . တဲ့အရှင်ပဲ။—ဖိ. ၂:၁၃။
ယေဟောဝါက အာမလက်တွေနဲ့ အီသီယိုးပီးယားတွေကို အနိုင်ရအောင် အစ္စရေးတွေကို ကူညီပေးခဲ့တယ်။ ဂျေရုဆလင်မြို့ရိုး အပြီးသတ်နိုင်အောင် နေဟမိနဲ့ ဂျူးတွေကို ခွန်အားပေးခဲ့တယ်။ အဲဒီ လိုပဲ စိုးရိမ်ပူပန်မှုတွေ၊ ဆန့်ကျင်မှုတွေ၊ လျစ်လျူရှုမှုတွေကြားမှာ ဆက်ဟောပြောနိုင်အောင် ကျွန်တော်တို့ကို ခွန်အားပေးပါလိမ့်မယ်။ (၁ ပေ. ၅:၁၀) ပြဿနာတွေ အံ့ဖွယ်နည်းနဲ့ ပျောက်သွားအောင်တော့ ယေဟောဝါ လုပ်ပေးမှာ မဟုတ်ဘူး။ အဲဒီ အစား ကိုယ့်ဘက်က လုပ်စရာရှိတာ လုပ်ရမယ်။ နေ့တိုင်း ကျမ်းစာဖတ်ရမယ်။ ပတ်စဉ် အစည်းအဝေးတွေကို ပြင်ဆင်ပြီး တက်ရောက်ရမယ်။ ကိုယ်ပိုင်လေ့လာမှုနဲ့ မိသားစု ဝတ်ပြုမှု မှန်မှန် လုပ်ရမယ်။ ယေဟောဝါဆီ အားကိုးတကြီး ဆုတောင်းနေရမယ်။ အဲဒီ ကိစ္စတစ်ခုခုမှာ လက်အားလျော့နေတာ သတိပြုမိရင် ယေဟောဝါဆီ အကူအညီ တောင်းလိုက်ပါ။ ကျွန်တော်တို့ကို ခွန်အားပေးဖို့ ယေဟောဝါ အသုံးပြုနေတဲ့ အရာမှန်သမျှကနေ အာရုံလွဲသွားတာမျိုး အဖြစ်မခံပါနဲ့။ အဲဒီ နောက် ဘုရားသခင့် စွမ်းအားတော်က ကျွန်တော်တို့ကို ‘လုပ်ဆောင်ချင်စိတ်သာမက လုပ်ဆောင်နိုင်စွမ်းကိုပါ’ ဘယ်လို ပေးတယ်ဆိုတာ သတိပြုကြည့်ပါ။ w16.09 ၁:၁၂
ကြာသပတေးနေ့၊ စက်တင်ဘာ ၁၃
လိင်အကျင့်ယိုယွင်းမှု ပျံ့နှံ့နေတဲ့အတွက် အမျိုးသားတိုင်း ဇနီးရှိသင့်တယ်။ အမျိုးသမီးတိုင်းလည်း ခင်ပွန်းရှိသင့်တယ်။—၁ ကော. ၇:၂။
တမန်တော်ပေါလုက တစ်ကိုယ်ရေဘဝကို ထောက်ခံပေမဲ့ အထက်ပါစကားတွေကို ပြောခဲ့တယ်။ “မချုပ်တည်းနိုင်ရင်တော့ အိမ်ထောင်ပြုပါ။ ရမ္မက်မီး တောက်လောင်နေတာထက် အိမ်ထောင်ပြုလိုက်တာ ပိုကောင်းပါတယ်” လို့လည်း ဆက်ပြောတယ်။ ဒါကြောင့် လူတစ်ယောက်ဟာ လိင်စိတ်ကြောင့် တစ်ကိုယ်တည်း ရာဂစိတ်ဖြေတာမျိုး၊ လိင်အကျင့်ယိုယွင်းတာမျိုး မလုပ်မိအာင် အိမ်ထောင်ပြုဖို့ ဆုံးဖြတ်နိုင်တယ်။ ဒါပေမဲ့ အသက်အရွယ်ကိုလည်း ထည့်စဉ်းစားသင့်တယ်။ “အိမ်ထောင်မပြုဘဲနေတဲ့အခါ သွေးသားဆန္ဒတွေ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ယူဆရင်၊ ပျိုမျစ်ချိန်လည်း လွန်သွားပြီဆိုရင် ဆန္ဒရှိတဲ့အတိုင်း အိမ်ထောင်ပြုပါစေ။ ဒါဟာ အပြစ်မဟုတ်ဘူး။ လက်ထပ်ကြပါစေ” လို့ ပေါလု ပြောတယ်။ (၁ ကော. ၇:၉၊ ၃၆။ ၁ တိ. ၄:၁-၃) လူတစ်ယောက်ဟာ လူငယ်ဘဝမှာ ဖြစ်ပေါ်နိုင်တဲ့ ရာဂစိတ်ကြောင့်သာ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်တာမျိုး မဖြစ်သင့်ဘူး။ အိမ်ထောင်တာဝန်တွေထမ်းဖို့ မရင့်ကျက်သေးတာ ဖြစ်နေနိုင်တယ်။ w16.08 ၁:၁၇
သောကြာနေ့၊ စက်တင်ဘာ ၁၄
ဘုရားသခင်ရဲ့ အမှုဆောင်သူတွေဖြစ်မှန်း ကျွန်တော်တို့ နည်းအမျိုးမျိုးနဲ့ ဖော်ပြတယ်။—၂ ကော. ၆:၄။
ကျွန်တော်တို့ရဲ့ ဝတ်ဆင်ပုံက ကျွန်တော်တို့အကြောင်း များစွာ ဖော်ပြတယ်။ လူအများက “အပြင်ပန်း” ပေါ်မူတည်ပြီး စီရင်ဆုံးဖြတ်တတ်ကြတယ်။ (၁ ရှ. ၁၆:၇) ကျွန်တော်တို့ဟာ ဘုရားသခင့် ကျေးကျွန်တွေ ဖြစ်တဲ့အတွက် သက်သောင့်သက်သာဖြစ်ဖို့၊ ကိုယ်နှစ်သက်ဖို့လောက်ပဲ မစဉ်းစားသင့်ဘူး။ ကျပ်လွန်းတဲ့၊ မလုံ့တလုံဖြစ်တဲ့၊ တခြားသူတွေမှာ မကောင်းတဲ့စိတ် ဝင်လာစေတဲ့ အဝတ်အစားတွေကို ရှောင်ဖို့ ကျမ်းစာမူတွေက ကူညီပေးတယ်။ ဆိုလိုတာက ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ကွက်ကွက်ကွင်းကွင်း မြင်သာစေတဲ့ အဝတ်အစားတွေကို ရှောင်ရပါမယ်။ ကိုယ့်အဝတ်အစားကို ကြည့်ပြီး တခြားသူတွေ စိတ်မသက်မသာ ဖြစ်သွားတာမျိုး၊ မကောင်းတဲ့စိတ် ဝင်လာတာမျိုး မဖြစ်စေသင့်ဘူး။ သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း၊ ဣန္ဒြေရှိရှိ ဝတ်စားဖြီးလိမ်းမယ်ဆိုရင် ကျွန်တော်တို့ကို လူတွေ ပိုလေးစားလာနိုင်တယ်။ ကျွန်တော်တို့ရဲ့ ဘုရားအကြောင်း ပိုစိတ်ဝင်စားလာပြီး အဖွဲ့အစည်းကို ပိုလေးစားလာနိုင်တယ်။ အသက်ကယ် သတင်းတရားကိုလည်း ပိုနားထောင်လာနိုင်တယ်။ w16.09 ၃:၅၊ ၆
စနေနေ့၊ စက်တင်ဘာ ၁၅
အကျိုးသင်အကြောင်းသင့် ရှိ [ပါ]။ လူအားလုံးနဲ့ ပြောဆိုဆက်ဆံတဲ့အခါ နူးညံ့သိမ်မွေ့[ပါ]။ —တိ. ၃:၂။
ဆင့်ကဲအယူကို ယုံကြည်သူတချို့ဟာ ဘုရားသခင် တည်ရှိမှန်းကိုလည်း ယုံကြည်ကြတယ်ဆိုတာ သတိရပါ။ သက်ရှိအားလုံးကို ဆင့်ကဲနည်းနဲ့ ဖန်ဆင်းခဲ့တယ်လို့ ဆိုကြတယ်။ တချို့ကျတော့လည်း ဆင့်ကဲအယူကို ကျောင်းမှာ သင်ပေးတာ မှန်လို့ပဲ ဖြစ်ရမယ်လို့ ယူဆကြတယ်။ တချို့ကျတော့ ဘာသာတရားကို စိတ်ကုန်တဲ့အတွက် ဘုရားသခင်ကို မယုံကြတော့ဘူး။ ဒါကြောင့် လူတစ်ယောက်ကို တွေ့တဲ့အခါ ဘာကို ယုံကြည်တယ်၊ ဘာကြောင့် ယုံကြည်တယ်ဆိုတာ အရင်မေးပါ။ သူပြောတာကို အသေအချာ နားထောင်ပေးပါ။ ဒါဆိုရင် သင်ပြောတာကိုလည်း နားထောင်ပေးချင်ပါလိမ့်မယ်။ ဖန်ဆင်းရှင် ရှိတယ်လို့ ယုံကြည်တာ ကို တစ်ယောက်ယောက်က တိုက်ခိုက်ပြောဆိုလာရင် ဖန်ဆင်းရှင်မရှိဘဲ အသက် ဘယ်လို အစပြုတယ်ဆိုတာ ရှင်းပြပေးဖို့ တောင်းဆိုနိုင်တယ်။ အရိုးရှင်းဆုံး သက်ရှိပုံစံရဲ့ ရှုပ်ထွေးဆန်းကြယ်မှုတောင်မှ အံ့သြစရာပဲ” လို့ ဓာတုဗေဒ ပညာရှင်တစ်ယောက် ပြောတယ်။ w16.09 ၄:၁၂၊ ၁၃
တနင်္ဂနွေနေ့၊ စက်တင်ဘာ ၁၆
တချို့ အမျိုးသားတွေကျတော့ လွတ်မြောက်ဖို့အတွက် ယုံကြည်ခြင်းကို စွန့်လိုက်မယ့်အစား ပိုမြတ်တဲ့ ရှင်ပြန်ထမြောက်ခြင်းကို ရဖို့ ညှဉ်းဆဲခံခဲ့ကြတယ်။ —ဟီ. ၁၁:၃၅။
ဘယ်သူတွေကို ပေါလု ရည်ညွှန်းနေမှန်း အသေအချာ မသိရပေမဲ့ နာဗုတ်နဲ့ ဇာခရိတို့လို ဘုရားသခင်ကို နာခံလို့ ကျောက်ခဲနဲ့ ပေါက်သတ်ခံရသူတချို့ကို ရည်ညွှန်းတာ ဖြစ်နိုင်တယ်။ (၁ ဘု. ၂၁:၃၊ ၁၅။ ၂ ရာ. ၂၄:၂၀၊ ၂၁) ဒံယေလနဲ့ အဖော်တွေဟာ အလျှော့ပေးမယ့်အစား အသေခံဖို့ လိုလိုလားလား ရှိခဲ့ကြတယ်။ ယေဟောဝါကို အခိုင်အမာ ယုံကြည်တဲ့အတွက် “ခြင်္သေ့နှုတ်ကို ပိတ်” ပြီး “မီးအရှိန်ကို ငြိမ်း” နိုင်ခဲ့ကြတယ်။ (ဟီ. ၁၁:၃၃၊ ၃၄။ ဒံ. ၃:၁၆-၁၈၊ ၂၀၊ ၂၈။ ၆:၁၃၊ ၁၆၊ ၂၁-၂၃) မိက္ခာ၊ ယေရမိစတဲ့ ပရောဖက်တွေဟာ ယုံကြည်ခြင်းကြောင့် “ကဲ့ရဲ့ခံရ၊ . . . အကျဉ်းချခံရ” တဲ့နည်းတွေနဲ့ စမ်းသပ်ခံကြရတယ်။ ဧလိယလို တခြားသူတွေကတော့ ‘တောကြိုတောင်ကြား၊ ဥမင်တွေ၊ လိုဏ်ဂူတွေမှာ လှည့်လည်သွားလာခဲ့ရတယ်။’ သူတို့အားလုံးဟာ “မျှော်လင့်တဲ့အရာတွေကို စိတ်ချစွာ စောင့်မျှော်” ခဲ့တဲ့အတွက် ခံရပ်နိုင်ခဲ့ကြတယ်။—ဟီ. ၁၁:၁၊ ၃၆-၃၈။ ၁ ဘု. ၁၈:၁၃။ ၂၂:၂၄-၂၇။ ယေ. ၂၀:၁၊ ၂။ ၂၈:၁၀၊ ၁၁။ ၃၂:၂။ w16.10 ၃:၁၀၊ ၁၁
တနင်္လာနေ့၊ စက်တင်ဘာ ၁၇
သူတစ်ပါးကို ကိုယ့်ထက်သာတယ်လို့ သဘော ထားပါ။—ဖိ. ၂:၃။
နိုင်ငံတော်ခန်းမမှာ သူစိမ်းတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခြင်းအားဖြင့် ကြင်နာမှု ပြနိုင်တယ်။ ပြောင်းရွှေ့လာခါစ လူသစ်တွေဟာ တစ်ခါတလေ ရှက်ကြောက်ပြီး သူတို့ဘာသာသူတို့ သီးသန့်နေတာကို သတိထားမိနိုင်တယ်။ သူတို့ရဲ့နောက်ခံ၊ အဆင့်အတန်းကြောင့် တခြားလူမျိုးတွေထက် နိမ့်ကျတယ်လို့ ခံစားရနိုင်တယ်။ ဒါကြောင့် ကိုယ့်ဘက်က အစပြုပြီး စိတ်ဝင်စားမှုပြသင့်တယ်။ JW Language app မှာ သူတို့ရဲ့ဘာသာစကား ရှိမယ်ဆိုရင် နှုတ်ဆက်စကား ပြောနည်းတွေကို သင်ယူထားနိုင်တယ်။ (ဖိ. ၂:၄) ယဉ်ကျေးမှု မတူသူတွေကို ချဉ်းကပ်ရတာ သင် ကသိကအောက် ဖြစ်နိုင်တယ်။ အဲဒီ လိုမဖြစ်ဖို့ ကိုယ့်အကြောင်း ပြောပြနိုင်တယ်။ သင်တို့မှာ ဆင်တူချက်များစွာ ရှိမှန်း မကြာခင် သိလာပါလိမ့်မယ်။ ယဉ်ကျေးမှုတိုင်းမှာ အားသာချက်၊ အားနည်းချက် ကိုယ်စီရှိကြတယ်။ w16.10 ၁:၁၃၊ ၁၄
အင်္ဂါနေ့၊ စက်တင်ဘာ ၁၈
လိင်အကျင့်ယိုယွင်းမှု ဖြစ်နေတယ်လို့ ကျွန်တော် ကြားတယ်။ . . . အဲဒီ လုပ်ရပ်မျိုးဟာ လူမျိုးခြားတွေထဲမှာတောင် မရှိဘူး။—၁ ကော. ၅:၁။
ကျမ်းစာလမ်းညွှန်ချက်ကို လိုက်လျှောက်ခြင်းအားဖြင့် အသင်းတော်ရဲ့ သန့်ရှင်းမှုကို ပါဝင်အားဖြည့်ပေးနိုင်တယ်။ ပထမရာစု ကောရိန္သုမြို့ရဲ့ အခြေအနေကို သုံးသပ်ကြည့်ပါ။ အဲဒီ မြို့မှာ ပေါလု အင်တိုက်အားတိုက် ဟောပြောခဲ့တယ်။ အဲဒီ မှာရှိတဲ့ “သန့်ရှင်းသူများ” ကို ချစ်မြတ်နိုးတယ်။ (၁ ကော. ၁:၁၊ ၂) ဒါကြောင့် အသင်းတော်မှာ သည်းခံခွင့်ပြုထားတဲ့ လိင်အကျင့်ပျက်မှုအကြောင်း ပြောတဲ့အခါ စိတ်ဒုက္ခ အတော်ရောက်ခဲ့မှာပဲ။ အဲဒီ အကျင့်ပျက်သူကို စာတန့်လက်ထဲ အပ်ဖို့၊ တစ်နည်းအားဖြင့် နှင်ထုတ်ဖို့ အကြီးအကဲတွေကို ပေါလု ညွှန်ကြားခဲ့တယ်။ အသင်းတော်ရဲ့ သန့်ရှင်းမှုကို ထိန်းသိမ်းဖို့ “တဆေး” ကို အကြီးအကဲတွေ ဖယ်ရှားပစ်ရမယ်။ (၁ ကော. ၅:၅-၇၊ ၁၂) ကျွန်တော်တို့လည်း နောင်တမယူတဲ့ အမှားပြုသူကို နှင်ထုတ်ဖို့ အကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံမယ်ဆိုရင် အသင်းတော်ရဲ့ သန့်ရှင်းမှုကို ထိန်းသိမ်းရာမှာ ကူညီပေးရာရောက်မယ်။ အဲဒီ လူကိုလည်း နောင်တယူဖို့၊ ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို ရှာဖွေဖို့ လှုံ့ဆော်ပေးနိုင်မယ်။ w16.11 ၂:၁၄
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၁၉
ဒီလူတွေကို အားပေးစကား ပြောစရာရှိရင် ပြောကြပါ။—တ. ၁၃:၁၅။
အားပေးစကားက တခြားသူတွေကို အကျိုးပြုတယ်။ “တန်ဖိုးမရှိဘူးဆိုတဲ့ ခံစားချက်ကို နှစ်ပေါင်းများစွာ တိုက်လှန်ခဲ့ရတယ်။ တစ်ကြိမ်မှာတော့ ကျွန်တော်နဲ့ တွဲအမှုဆောင်တဲ့ အကြီးအကဲက အဲဒါကို သတိထားမိတယ်။ ကျွန်တော့်ခံစားချက်တွေကို ပြောပြတဲ့အခါ စာနာစိတ်နဲ့ နားထောင်ပေးတယ်။ ပြီးတော့ ကျွန်တော်ပြီးမြောက်ခဲ့တဲ့ ကောင်းတဲ့အရာတွေကို ပြောပြပေးတယ်။ ကျွန်တော်တို့ယောက်တိုင်းဟာ စာငှက်များစွာထက် တန်ဖိုးရှိတယ်ဆိုတဲ့ ယေရှုရဲ့ စကားကိုလည်း ပြန်အမှတ်ရစေတယ်။ အဲဒီ ကျမ်းချက်ကို မကြာမကြာ ပြန်တွေးလေ့ရှိတယ်။ အခုထိ ကျွန်တော့်စိတ်နှလုံးကို ထိမိနေတုန်းပဲ။ အကြီးအကဲရဲ့ အားပေးစကားက အများကြီး ထူးခြားသွားစေတယ်” လို့ ရုဗင် ပြောတယ်။ (မ. ၁၀:၃၁) ပုံမှန်အားပေးဖို့ လိုအပ်ကြောင်း ကျမ်းစာမှာ အလေးပေး ဖော်ပြထားတာကို မအံ့သြသင့်ဘူး။ ဟီဘရူး ခရစ်ယာန်တွေဆီ တမန်တော် ပေါလု စာရေးခဲ့တယ်– “နေ့တိုင်း အချင်းချင်း အားပေးတိုက်တွန်းကြပါ။ အဲဒီ လိုမလုပ်ရင် အပြစ်ရဲ့ လှည့်စားနိုင်စွမ်းကြောင့် ခေါင်းမာလာမှာ စိုးရတယ်။” (ဟီ. ၃:၁၃) အားပေးစကားကြောင့် စိတ်အားတက်ခဲ့ရတဲ့အချိန်ကို ပြန်စဉ်းစားကြည့်ရင် တခြားသူတွေကို အားပေးပါဆိုတဲ့စကား အရေးကြီးပုံကို သဘောပေါက်ပါလိမ့်မယ်။ w16.11 ၁:၂၊ ၃
ကြာသပတေးနေ့၊ စက်တင်ဘာ ၂၀
တပည့်တွေကို သူတို့နောက်လိုက်ဖြစ်အောင် သွေးဆောင်ဖို့ မှားယွင်းတဲ့အကြောင်းအရာတွေ သွန်သင်ပေးမယ့်သူတွေလည်း ခင်ဗျားတို့အထဲကနေပဲ ပေါ်လာလိမ့်မယ်။—တ. ၂၀:၃၀။
အေဒီ ၃၁၃ မှာ ခရစ်ယာန်ဘာသာကို အယူမှား ရောမဧကရာဇ် ကွန်စတင်တိုင်းက တရားဝင် အသိအမှတ် ပြုပေးခဲ့တယ်။ နိုင်စီယာညီလာခံအပြီးမှာ ညီလာခံ တက်ရောက်ခဲ့တဲ့ ကွန်စတင်တိုင်းက သဘောထား ကွဲလွဲတဲ့ ခရစ်ယာန်ဘုန်းကြီး အာရိယပ်စ်ကို ပြည်နှင်ဒဏ် ပေးခဲ့တယ်။ အာရိယပ်စ်က ယေရှုကို ဘုရားသခင်အဖြစ် လက်မခံလို့ပဲ။ နောက်ပိုင်း ဖောက်ပြန်ယိုယွင်းနေတဲ့ ခရစ်ယာန်ဘာသာအဖြစ် လူသိများလာတဲ့ ကက်သလစ်ချာ့ချ်ဟာ ပထမမြောက် ဧကရာဇ် သီအိုဒိုးစီးယပ်စ် (အေဒီ ၃၇၉-၃၉၅) လက်အောက်မှာ ရောမအင်ပါယာရဲ့ တရားဝင်ဘာသာ ဖြစ်လာတယ်။ လေးရာစုမှာ အယူမှား ရောမဟာ “ခရစ်ယာန်” ဖြစ်လာတယ်လို့ သမိုင်းပညာရှင်တွေ ပြောကြတယ်။ အမှန်မှာတော့ အဲဒီ အချိန်မှာ ဖောက်ပြန်တဲ့ ခရစ်ယာန်ဘာသာဟာ မဟာဗာဗုလုန်ရဲ့ အစိတ်အပိုင်းအဖြစ် ရောမအင်ပါယာရဲ့ အယူမှား ဘာသာရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းခဲ့တယ်။ ဂျုံစပါးနဲ့တူတဲ့ ဘိသိက်ခံ ခရစ်ယာန်အနည်းငယ်ဟာ ဘုရားသခင်ကို အတတ်နိုင်ဆုံး ဝတ်ပြုခဲ့ကြတာတောင်မှ သူတို့ရဲ့ စကားကို ဘယ်သူမှ လက်မခံကြဘူး။—မ. ၁၃:၂၄၊ ၂၅၊ ၃၇-၃၉။ w16.11 ၄:၈၊ ၉
သောကြာနေ့၊ စက်တင်ဘာ ၂၁
စိုးရိမ်ပူပန်စရာ ရှိသမျှကို [ယေဟောဝါ]ဆီ ပုံအပ်ထားလိုက်ပါ။ ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင် ဖြစ်လို့ပဲ။—၁ ပေ. ၅:၇။
ဖိစီးမှုများတဲ့ ခေတ်ကာလမှာ ကျွန်တော်တို့ အသက်ရှင်နေကြတယ်။ စာတန်မာရ်နတ်ဟာ ဒေါသထွက်နေပြီး “ဟိန်းဟောက်နေတဲ့ခြင်္သေ့လို တစ်ယောက်ယောက်ကို ဝါးမျိုဖို့ လှည့်လည်ရှာဖွေ” နေတယ်။ (၁ ပေ. ၅:၈။ ဗျာ. ၁၂:၁၇) ဒါကြောင့် ဘုရားသခင့် ကျေးကျွန်တွေဟာ တစ်ခါတလေ စိုးရိမ်ပူပန်တတ်ကြတယ်။ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ ဘုရင်ဒါဝိဒ် စတဲ့ ရှေးခေတ်ကျေးကျွန်တွေလည်း ‘စိုးရိမ်ပူပန်’ ခဲ့ကြတယ်။ (ဆာ. ၁၃:၂) တမန်တော်ပေါလုလည်း ‘အသင်းတော်တွေအတွက် စိတ်ပူ” ခဲ့တယ်။ (၂ ကော. ၁၁:၂၈) စိုးရိမ်ပူပန်စရာတွေ များလာတဲ့အခါ ဘာလုပ်နိုင်သလဲ။ ရှေးခေတ်နဲ့ ဒီနေ့ခေတ် ကျေးကျွန်တွေကို ယေဟောဝါ ကူညီပေးခဲ့သလို ကျွန်တော်တို့ကိုလည်း အတိုင်းအတာ တစ်ခုအထိ စိုးရိမ်ပူပန်မှု လျော့နည်းအောင် ကူညီပေးနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ ရင်ဖွင့်ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ပြီး တွေးတောဆင်ခြင်ခြင်း၊ ယေဟောဝါရဲ့ သန့်ရှင်းသော စွမ်းအားတော် တောင်းခံခြင်း၊ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေဆီ ရင်ဖွင့်ခြင်းဆိုတဲ့ နည်းလေးနည်းအားဖြင့်ပါပဲ။ w16.12 ၃:၁၊ ၂
စနေနေ့၊ စက်တင်ဘာ ၂၂
အဲဒီ လုပ်ရပ်တွေရဲ့ လမ်းဆုံးဟာ သေခြင်းပဲ။ —ရော. ၆:၂၁။
ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ ကိုယ်တော့်ကို မသိကျွမ်းခင်၊ မချစ်တတ်ခင်၊ အမှုမဆောင်ခင်က လုပ်ရပ်တွေကို ဆက်မလုပ်ကြတော့ဘူး။ အဲဒီ လုပ်ရပ်တွေထဲမှာ “ရှက်စရာ၊” သေထိုက်တဲ့ လုပ်ရပ်တွေ ပါဝင်နိုင်တယ်။ (ရော. ၆:၂၁) အခုတော့ ပြောင်းလဲခဲ့ကြပါပြီ။ ပေါလု စာရေးခဲ့တဲ့ ကောရိန္သု ခရစ်ယာန်များစွာလည်း အဲဒီ လိုပါပဲ။ တချို့က ရုပ်တုကိုးကွယ်သူ၊ အိမ်ထောင်ရေး ဖောက်ပြန်သူ၊ ယောက်ျားချင်း မေထုန်ပြုသူ၊ သူ့ဥစ္စာကို ခိုးသူ၊ သောက်ကြူးသူတွေ ဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ “ဆေးကြောသန့်စင်” ခံရကြတယ်။ (၁ ကော. ၆:၉-၁၁) ရောမအသင်းတော်က တချို့လည်း အဲဒီ လိုပဲ။ “ခင်ဗျားတို့ရဲ့ ခန္ဓာကိုယ်ကို မတရားမှုရဲ့ လက်နက်အဖြစ် အပြစ်ဆီ မဆက်သပါနဲ့တော့။ အဲဒီ အစား သေရာကနေ အသက်ပြန်ရှင်လာသူတွေအဖြစ် ဘုရားသခင်ဆီ ကိုယ့်ကိုယ်ကိုယ် ဆက်သပါ။ ခန္ဓာကိုယ်ကိုလည်း ဖြောင့်မတ်ခြင်းရဲ့ လက်နက်အဖြစ် ဘုရားသခင်ဆီ ဆက်သပါ” လို့ ပေါလု ရေးခဲ့တယ်။ (ရော. ၆:၁၃) ဝတ်ပြုရေးပိုင်းမှာ သူတို့ သန့်ရှင်းနေနိုင်ပြီး ဘုရားသခင့် မဟာကရုဏာတော်ကနေ ဆက်အကျိုးရရှိနိုင်တယ်ဆိုတာ ပေါလု ယုံကြည်စိတ်ချတယ်။ w16.12 ၁:၁၃
တနင်္ဂနွေနေ့၊ စက်တင်ဘာ ၂၃
ယေဟောဝါကို ယုံကြည်ကိုးစား . . . ပါ။ —ဆာ. ၃၇:၃။
ယေဟောဝါက လူသားတွေကို ထူးခြားတဲ့ စွမ်းရည်တွေနဲ့ ဖန်ဆင်းခဲ့တယ်။ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့၊ အနာဂတ်အတွက် စီစဉ်နိုင်ဖို့ စဉ်းစားဆင်ခြင်နိုင်စွမ်း ပေးထားတယ်။ (ပညာ. ၂:၁၁) အစီအစဉ်အတိုင်း အကောင်အထည် ဖော်နိုင်စွမ်း၊ သင့်တော်တဲ့ ပန်းတိုင်တွေအတိုင်း လုပ်ဆောင်နိုင်စွမ်း ပေးထားတယ်။ (ဖိ. ၂:၁၃) မွေးရာပါ အမှားအမှန်သိစိတ်ကိုလည်း ပေးထားတယ်။ အဲဒီ သိစိတ်က အမှားတွေကို ရှောင်နိုင်ဖို့၊ အမှားလုပ်မိတဲ့အခါ ပြုပြင်နိုင်ဖို့ ကူညီပေးတယ်။ (ရော. ၂:၁၅) ကိုယ့်ရဲ့ စွမ်းရည်တွေကို အကောင်းဆုံး အသုံးပြုဖို့ ကျမ်းစာကတစ်ဆင့် ယေဟောဝါ အကြိမ်ကြိမ် သတိပေးထားတယ်။ ဥပမာ၊ ဟီဘရူးကျမ်းစောင်တွေမှာ “ဝီရိယရှိသူရဲ့ အစီအစဉ်တွေ ကျိန်းသေအောင်မြင်လိမ့်မယ်၊” “ဘာပဲလုပ်လုပ် အားသွန်ခွန်ခိုက် လုပ်ပါ” ဆိုပြီး ဖတ်ရတယ်။ (ပညာ. ၂၁:၅။ ဒေ. ၉:၁၀) ခရစ်ယာန် ဂရိကျမ်းစောင်တွေမှာလည်း “အခွင့်အရေးရသရွေ့ လူတိုင်းကို ကောင်းမှုပြုကြစို့၊” “ကိုယ်စီ ရရှိထားတဲ့ဆုကျေးဇူး အတိုင်းအတာနဲ့အညီ အဲဒီ ဆုကျေးဇူးကို အချင်းချင်းအတွက် အကျိုးဆောင်ဖို့ အသုံးပြုကြပါ” ဆိုပြီး ပြောထားတယ်။ (ဂလ. ၆:၁၀။ ၁ ပေ. ၄:၁၀) ဒါကြောင့် ကိုယ်တိုင်နဲ့ တခြားသူတွေရဲ့ အကျိုးအတွက် အတတ်နိုင်ဆုံး လုပ်ဆောင်ဖို့ ယေဟောဝါ မျှော်လင့်တာ ထင်ရှားတယ်။ w17.01 ၁:၁၊ ၂
တနင်္လာနေ့၊ စက်တင်ဘာ ၂၄
သူတို့ကြုံခဲ့ရတဲ့အရာတွေဟာ ကျွန်တော်တို့အတွက် ပုံနမူနာတွေပဲ။ လောကစနစ်တွေ အဆုံးမှာ အသက်ရှင်တဲ့ ကျွန်တော်တို့အတွက် သတိပေးချက်အဖြစ် ကျမ်းစာမှာ ရေးထားတာ။—၁ ကော. ၁၀:၁၁။
အာဒံနဲ့ ဧဝတို့ရဲ့ သားစဉ်မြေးဆက်တွေဟာ မစုံလင်မှုနဲ့ သေခြင်းအမွေကို ဆက်ခံခဲ့ရတယ်။ ဒါပေမဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်တော့ ဆက်ရှိနေတုန်းပဲ။ အစ္စရေးလူမျိုးနဲ့ ဘုရားသခင် ဆက်ဆံပုံမှာ အဲဒီ အချက် ပေါ်လွင်တယ်။ မိမိရဲ့ ပိုင်ထိုက်တဲ့လူမျိုး ဖြစ်ခွင့်ကို လက်ခံဖို့၊ ငြင်းပယ်ဖို့ မောရှေကတစ်ဆင့် ယေဟောဝါ အခွင့်အရေး ပေးခဲ့တယ်။ (ထွ. ၁၉:၃-၆) သူတို့ ဘယ်လို တုံ့ပြန်ခဲ့ကြသလဲ။ ဘုရားသခင့် နာမတော်အတွက် လူမျိုး ဖြစ်ပါမယ်ဆိုပြီး ရွေးချယ်ခဲ့တယ်။ ‘ယေဟောဝါဘုရား မိန့်မှာသမျှကို လိုက်နာပါ့မယ်’ လို့ တစ်ညီတစ်ညွတ်တည်း ပြောဆိုခဲ့ကြတယ်။ (ထွ. ၁၉:၈) ဝမ်းနည်းစရာကတော့ အစ္စရေးလူမျိုးဟာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို တလွဲအသုံးပြုပြီး ကတိဖျက်ခဲ့ကြတယ်။ ယေဟောဝါဆီ တွယ်ကပ်နေခြင်း၊ ဖြောင့်မတ်တဲ့ တောင်းဆိုချက်တွေကို လိုက်နာခြင်းအားဖြင့် အစ္စရေးလူမျိုးရဲ့ သတိပေးပုံနမူနာကနေ သင်ယူပြီး လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို အမြဲ တန်ဖိုးထားကြပါစို့။ w17.01 ၂:၉
အင်္ဂါနေ့၊ စက်တင်ဘာ ၂၅
ဘုရားသခင်နဲ့အတူ ကျိုးနွံစွာ လျှောက်လှမ်း [ပါ]။—မိ. ၆:၈။
ဘုရင်ယေရောဗောင် နန်းစံချိန်အတွင်း ယေဟောဝါက ယုဒပြည်ရဲ့ ပရောဖက်တစ်ပါးကို စေလွှတ်ပြီး အယူဖောက်ပြန်တဲ့ အဲဒီ အစ္စရေးဘုရင်ကို တရားစီရင်ချက်သတင်း ကြေညာစေတယ်။ နှိမ့်ချတဲ့ပရောဖက်ဟာ ဘုရားသခင့် သတင်းစကားကို သစ္စာရှိရှိ ကြေညာခဲ့တဲ့အတွက် ယေရောဗောင်ရဲ့ အမျက်ဒေါသကနေ ပရောဖက်ကို ယေဟောဝါ ကာကွယ်ပေးခဲ့တယ်။ (၁ ဘု. ၁၃:၁-၁၀) အိမ်အပြန်လမ်းမှာ ပရောဖက်ဟာ ဗေသလမြို့နားက အသက်ကြီးသူတစ်ယောက်နဲ့ မထင်မှတ်ဘဲ ဆုံတွေ့လိုက်တယ်။ အဲဒီ အသက်ကြီးသူက သူ့ကိုယ်သူ ယေဟောဝါရဲ့ ပရောဖက်လို့ ပြောတယ်။ အစ္စရေးပြည်မှာ ‘ဘာမှမစားနဲ့။ ဘာမှမသောက်နဲ့။ လာတဲ့လမ်းအတိုင်း မပြန်နဲ့’ ဆိုတဲ့ ယေဟောဝါရဲ့ တင်းကျပ်တဲ့ ညွှန်ကြားချက်ကို မနာခံဖို့ ပရောဖက်ငယ်ကို လှည့်စားခဲ့တယ်။ အဲဒါကို ယေဟောဝါ မနှစ်သက်ဘူး။ နောက်ပိုင်း အိမ်အပြန်လမ်းမှာ ယေဟောဝါရဲ့ ပရောဖက်ဟာ ခြင်္သေ့နဲ့ ပက်ပင်းတိုးပြီး အသတ်ခံလိုက်ရတယ်။ (၁ ဘု. ၁၃:၁၁-၂၄) ကျိုးနွံမှုရှိခဲ့တဲ့ ပရောဖက်ဟာ လှည့်စားတဲ့ အသက်ကြီးသူနဲ့အတူ ဘာကြောင့် ရောင့်တက်စွာ လိုက်သွားရတာလဲ။ ကျမ်းစာမှာ မဖော်ပြထားဘူး။ ဒါပေမဲ့ ‘ဘုရားသခင်နဲ့အတူ ကျိုးနွံစွာ လျှောက်လှမ်း’ ရမယ်ဆိုတာ လုံးဝ မေ့သွားတာ ဖြစ်နိုင်တယ်။ w17.01 ၄:၁-၃
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၂၆
ငါပြောပြီးပြီ။ အဲဒီ အတိုင်း လုပ်ဆောင်မယ်။ ငါရည်ရွယ်ပြီးပြီ။ အဲဒါကို အကောင်အထည်ဖော်မယ်။ —ဟေရှာ. ၄၆:၁၁။
ကျမ်းစာရဲ့ အဖွင့်စကားမှာ “အစအဦးမှာ ဘုရားသခင်က ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းတယ်” လို့ ရိုးရိုးရှင်းရှင်း၊ ထိထိရောက်ရောက် ဖော်ပြထားတယ်။ (က. ၁:၁) အာကာသ၊ အလင်းရောင်၊ ဆွဲငင်အားစတဲ့ ယေဟောဝါ ဖန်ဆင်းထားတဲ့အရာ များစွာအကြောင်း ကျွန်တော်တို့ အနည်းငယ်ပဲ သိထားကြတယ်။ စကြဝဠာရဲ့ တစ်စိတ်တစ်ပိုင်းလေးကိုပဲ မြင်ကြရတယ်။ (ဒေ. ၃:၁၁) ဒါပေမဲ့ ယေဟောဝါက မြေကြီးနဲ့ လူသားတွေအတွက် မိမိရည်ရွယ်ချက်ကို ဖော်ပြပေးတယ်။ မြေကြီးဟာ ဘုရားပုံသဏ္ဌာန်နဲ့ ဖန်ဆင်းခံရတဲ့ လူသားတွေအတွက် အကောင်းဆုံး စံအိမ်ပါပဲ။ (က. ၁:၂၆) လူသားတွေဟာ ယေဟောဝါရဲ့ သားသမီးတွေ ဖြစ်လာမယ်။ ယေဟောဝါလည်း သူတို့ရဲ့ ဖခင် ဖြစ်လာပါလိမ့်မယ်။ ကမ္ဘာဦး အခန်းကြီးသုံးမှာ ဖော်ပြထားတဲ့အတိုင်း ယေဟောဝါရဲ့ ရည်ရွယ်ချက် တားဆီးခံလိုက်ရတယ်။ (က. ၃:၁-၇) ဒါပေမဲ့ မကျော်လွှားနိုင်တာတော့ မဟုတ်ပါဘူး။ ယေဟောဝါကို ဘယ်သူမှ မတားဆီးနိုင်ဘူး။ (ဟေရှာ. ၄၆:၁၀။ ၅၅:၁၁) ဒါကြောင့် ယေဟောဝါရဲ့ မူလရည်ရွယ်ချက် အချိန်အတိအကျ ပြည့်စုံလာမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ w17.02 ၁:၁၊ ၂
ကြာသပတေးနေ့၊ စက်တင်ဘာ ၂၇
သူ့ကို သန့်ရှင်းသော စွမ်းအားတော်ပေးတဲ့အရှင် ဘယ်မှာလဲ။—ဟေရှာ. ၆၃:၁၁။
သန့်ရှင်းသော စွမ်းအားတော်ကို မမြင်ရတော့ မောရှေပေါ်မှာ စွမ်းအားတော် သက်ရောက်ကြောင်း အစ္စရေးတွေ ဘယ်လို သိနိုင်သလဲ။ အံ့ဖွယ်အမှုတွေ ပြုလုပ်ဖို့၊ ဖာရောရှေ့မှာ ဘုရားနာမတော် ကြေညာဖို့ သန့်ရှင်းသော စွမ်းအားတော်က မောရှေကို ခွန်အားပေးခဲ့တယ်။ (ထွ. ၇:၁-၃) အစ္စရေးတွေကို ဦးဆောင်နိုင်အောင် မေတ္တာ၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းစတဲ့ အရည်အသွေးကောင်းတွေကို မွေးမြူဖို့ ကူညီပေးခဲ့တယ်။ အထောက်အထားကတော့ ရှင်းပါတယ်– ယေဟောဝါဟာ မိမိလူမျိုးရဲ့ ခေါင်းဆောင်အဖြစ် မောရှေကို ရွေးချယ်ခဲ့တယ်။ နောက်ပိုင်းမှာ ယေဟောဝါက မိမိလူမျိုးကို ဦးဆောင်ဖို့ တခြားအမျိုးသားတွေကို သန့်ရှင်းသော စွမ်းအားတော် ပေးခဲ့တယ်။ ‘နုန်ရဲ့သား ယောရှုဟာ [စွမ်းအားတော်ပေးတဲ့] ဉာဏ်ပညာ ပြည့်ဝတယ်။’ (တရား. ၃၄:၉) ‘ယေဟောဝါရဲ့ စွမ်းအားတော်က ဂိဒေါင်အပေါ် သက်ရောက်’ တယ်။ (သူကြီး. ၆:၃၄) ‘ယေဟောဝါရဲ့ စွမ်းအားတော်က ဒါဝိဒ်ကို ခွန်အားပေးတယ်။’ (၁ ရှ. ၁၆:၁၃) ဒီအမျိုးသားတွေဟာ ဘုရားသခင့် စွမ်းအားတော်ကို မှီခိုအားထားခဲ့ကြတယ်။ ကိုယ့်အစွမ်းအစနဲ့ မလုပ်ဆောင်နိုင်တဲ့ ထူးခြားတဲ့အမှုတွေကို လုပ်ဆောင်နိုင်ဖို့ စွမ်းအားတော်က ခွန်အားပေးခဲ့တယ်။—ယောရှု ၁၁:၁၆၊ ၁၇။ သူကြီး. ၇:၇၊ ၂၂။ ၁ ရှ. ၁၇:၃၇၊ ၅၀။ w17.02 ၃:၃-၅
သောကြာ၊ စက်တင်ဘာ ၂၈
ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်းကို ထိန်းချုပ်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့ဟာ ခင်ဗျားတို့ကို ပျော်ရွှင်စေချင်တဲ့ လုပ်ဖော်ဆောင်ဖက်တွေပဲ။—၂ ကော. ၁:၂၄။
ညီအစ်ကိုတွေရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ကို လေးစားရာမှာ ပေါလု ပုံသက်သေကောင်း ချမှတ်ခဲ့တယ်။ ဒီနေ့လည်း ကိုယ်ရေးကိုယ်တာ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အကြံပေးတဲ့အခါ အဲဒီ ပုံသက်သေကို အကြီးအကဲတွေ လိုက်နာသင့်တယ်။ ကျမ်းစာအခြေပြု အကြောင်းအရာတွေကို ဝေမျှပေးပေမဲ့ ညီအစ်ကို/မတွေကို ကိုယ်ပိုင်ဆုံးဖြတ်စေကြတယ်။ အဲဒီ လိုပဲ ဖြစ်သင့်ပါတယ်။ ဆုံးဖြတ်ချက်ရဲ့ အကျိုးဆက်တွေကို ကိုယ်တိုင်တာဝန်ယူရမှာမို့လို့ပဲ။ အရေးကြီးသင်ခန်းစာကတော့ တခြားသူတွေကို စိတ်ဝင်စားနိုင်တယ်၊ ကျမ်းစာမူတွေ၊ အကြံဉာဏ်တွေကို အမှတ်ရစေနိုင်ပေမဲ့ ဆုံးဖြတ်ရမှာကတော့ သူတို့ရဲ့ တာဝန်ဖြစ်တယ်။ ပညာရှိရှိ ဆုံးဖြတ်ရင် အကျိုးခံစားရပါလိမ့်မယ်။ ဒါကြောင့် တခြားညီအစ်ကို/မတွေအတွက် ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ သဘောထားကို ရှောင်သင့်တယ်။ w17.03 ၂:၁၁
စနေနေ့၊ စက်တင်ဘာ ၂၉
ခင်ဗျားတို့ကို ဦးဆောင်တဲ့သူတွေကို နာခံပါ၊ လက်အောက်ခံပါ။—ဟီ. ၁၃:၁၇။
သစ္စာရှိကျွန်ဟာ နိုင်ငံတော် သတင်းကောင်း တိုးချဲ့ပျံ့နှံ့ရေးမှာ ထက်ထက်သန်သန် ပါဝင်ခြင်းအားဖြင့် ထူးခြားတဲ့ယုံကြည်ခြင်း တင်ပြခဲ့တယ်။ ဒီအရေးပါတဲ့ လုပ်ငန်းမှာ ဘိသိက်ခံတွေကို သင်ကူညီနေပါသလား။ “ငါ့ညီတွေထဲက အငယ်ဆုံးတစ်ယောက်ကို မင်းတို့ လုပ်ပေးသမျှဟာ ငါ့ကို လုပ်ပေးတာနဲ့ အတူတူပဲ” လို့ ခေါင်းဆောင် ယေရှု ပြောတာကို ကြားတဲ့အခါ သင်ဝမ်းမြောက်ဝမ်းသာ ဖြစ်ပါလိမ့်မယ်။ (မ. ၂၅:၃၄-၄၀) ယေရှု ကောင်းကင်ကို ပြန်တက်သွားပြီးနောက်မှာ မိမိနောက်လိုက်တွေကို ပစ်မထားဘူး။ (မ. ၂၈:၂၀) ယေရှု ကမ္ဘာပေါ် ရှိနေတုန်း သန့်ရှင်းသော စွမ်းအားတော်၊ ကောင်းကင်တမန်တွေ၊ ဘုရားစကားတော်က ဘယ်လို ကူညီပေးတယ်ဆိုတာ ကိုယ်တိုင် ခံစားခဲ့ရတယ်။ ဒါကြောင့် ဒီနေ့ သစ္စာရှိကျွန်ကိုလည်း အဲဒီ နည်းတွေနဲ့ ကူညီပေးနေတယ်။ ဘိသိက်ခံ ခရစ်ယာန်တွေဖြစ်တဲ့ သစ္စာရှိကျွန်ဟာ “သိုးသငယ် သွားလေရာ တကောက်ကောက် လိုက်” နေပါတယ်။ (ဗျာ. ၁၄:၄) ဒါကြောင့် သူတို့ရဲ့ ညွှန်ကြားမှုနောက် လိုက်တာက ခေါင်းဆောင် ယေရှုနောက် လိုက်တာပါပဲ။ မကြာခင်မှာ ကျွန်တော်တို့ကို ထာဝရအသက်ရဖို့ ဦးဆောင်ခေါ်သွားပါမယ်။ (ဗျာ. ၇:၁၄-၁၇) ဘယ်လူသားခေါင်းဆောင်ကမှ အဲဒီ ကတိမျိုး မပေးနိုင်ဘူး။ w17.02 ၄:၁၇-၁၉
တနင်္ဂနွေနေ့၊ စက်တင်ဘာ ၃၀
မင်းတို့ရဲ့လမ်းစဉ်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ။ ဘုရားကို အားကိုးပါ။ မင်းတို့ရဲ့အကျိုးအတွက် လုပ်ဆောင်ပေးလိမ့်မယ်။—ဆာ. ၃၇:၅။
ကြီးမားလွန်းတယ်လို့ ထင်ရတဲ့ ပြဿနာတွေ ကြုံရတဲ့အခါ ယေဟောဝါကို အားကိုးဖို့ လိုအပ်ကြောင်း သိမှတ်ဖို့ လွယ်နိုင်ပါတယ်။ ဒါပေမဲ့ နေ့စဉ် အသေးအမွှားကိစ္စတွေ ဖြေရှင်းတဲ့အခါ ဘာလုပ်ကြသလဲ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းလိုက်ခြင်းအားဖြင့် လူ့ဉာဏ်ပညာကို အားထားသလား။ ကျမ်းစာမူတွေကို ရှာဖွေကျင့်သုံးခြင်းအားဖြင့် ယေဟောဝါရဲ့ နည်းလမ်းကို အားကိုးကြောင်း ပြသလား။ ဥပမာ၊ အစည်းအဝေးတွေ၊ အစည်းအဝေးကြီးတွေ တက်ဖို့ မိသားစုရဲ့ ဆန့်ကျင်မှု ကြုံရနိုင်တယ်။ အဲဒီ အခါ အကောင်းဆုံး ဖြေရှင်းနည်းကို ညွှန်ပြပေးဖို့ ယေဟောဝါဆီ ဆုတောင်းတယ်။ အလုပ်ပြုတ်သွားလို့ အလုပ်သစ် ရှာတွေ့ဖို့ ခက်နေရင်ကော။ အလုပ်လျှောက်တဲ့အခါ ကြားရက်အစည်းအဝေးတွေ ပုံမှန်တက်မယ့်အကြောင်း အသိပေးဦးမလား။ ဘာပြဿနာပဲ ကြုံရပါစေ ဒီနေ့ကျမ်းချက်ပါ ဆာလံဆရာရဲ့ စကားကို လိုက်နာသင့်ပါတယ်။ w17.03 ၄:၆