ဩဂုတ်
ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၁
ခံနိုင်ရည်ကို အလုပ်ပြီးမြောက်အောင် လုပ်ဆောင်ခွင့်ပေးလိုက်ပါ။ ဒါဆိုရင် ခင်ဗျားတို့ဟာ လေ့ကျင့်မှု အပြည့်အဝရပြီး အရာရာမှာ လိုလေသေးမရှိ၊ အပြစ်ပြောစရာမရှိ ဖြစ်လာလိမ့်မယ်။—ယာ. ၁:၄။
ခက်ခဲပင်ပန်းလှတဲ့ တိုက်ပွဲပါပဲ။ တရားသူကြီး ဂိဒေါင် ဦးဆောင်တဲ့ အစ္စရေးစစ်သားတွေဟာ ရန်သူမိဒျန်လူတွေနဲ့ မဟာမိတ်တပ်တွေနောက် တစ်ညလုံး လိုက်ကြတယ်။ အကွာအဝေးအားဖြင့် မိုင် ၂၀ (၃၂ ကီလိုမီတာ) လောက်ရှိမယ်။ အစ္စရေးတွေဟာ ရန်သူတွေကို အလွှတ်မပေးနိုင်ဘူး။ ဒါကြောင့် ရန်သူတွေကို ဂိဒေါင်နဲ့ သူ့လူတွေ ဆက်လိုက်ပြီး နောက်ဆုံးမှာ အနိုင်ရခဲ့တယ်။ (သူကြီး. ၇:၂၂။ ၈:၄၊ ၁၀၊ ၂၈) ကျွန်တော်တို့လည်း ခက်ခဲပင်ပန်းလှတဲ့ တိုက်ပွဲကို တိုက်ခိုက်နေကြတယ်။ ရန်သူတွေထဲမှာ စာတန်၊ သူ့လောကနဲ့ ကိုယ်တိုင်ရဲ့မစုံလင်မှုတွေ ပါဝင်တယ်။ ကျွန်တော်တို့ထဲက တချို့ဟာ ဒီတိုက်ပွဲကို တိုက်ခိုက်လာတာ နှစ်ပေါင်းများစွာရှိပြီ။ ယေဟောဝါရဲ့ အကူအညီနဲ့ တိုက်ပွဲပေါင်းများစွာကို အနိုင်ရခဲ့ကြတယ်။ ဒါပေမဲ့ အပြီးသတ်အောင်ပွဲတော့ မရသေးပါဘူး။ တစ်ခါတလေ တိုက်ပွဲဝင်ရင်း ခြေကုန်လက်ပန်းကျလာနိုင်တယ်။ ဒါမှမဟုတ် ဒီစနစ်ဆိုးရဲ့ အဆုံးကို စောင့်မျှော်ရတာ ငြီးငွေ့လာနိုင်တယ်။ နောက်ဆုံးကာလအတွင်း ပြင်းထန်တဲ့ စမ်းသပ်မှုတွေ၊ ရက်စက်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ ကြုံရမယ်လို့ ယေရှု သတိပေးခဲ့တယ်။ ဒါပေမဲ့ ခံနိုင်ရည်ရှိရင် အောင်မြင်မယ်လို့လည်း ပြောတယ်။—လု. ၂၁:၁၉။ w16.04 ၂:၁၊ ၂
ကြာသပတေးနေ့၊ ဩဂုတ် ၂
သူတို့က တမန်တော်တွေဆီကနေ သင်ယူတာ၊ ရှိတာတွေကို ဝေမျှသုံးစွဲတာ . . . တွေ ဆက်လုပ်ဆောင်နေကြတယ်။—တ. ၂:၄၂။
အစည်းအဝေးတွေမှာ မဟာသွန်သင်ရှင် ယေဟောဝါက ကျမ်းစာအားဖြင့် ကျွန်တော်တို့ကို လမ်းညွှန်တယ်။ (ဟေရှာ. ၃၀:၂၀၊ ၂၁) အဲဒီ လို လမ်းညွှန်နေတာကို အစည်းအဝေးလာတက်တဲ့ မယုံကြည်သူတွေတောင် သတိပြုမိကြတယ်။ (၁ ကော. ၁၄:၂၃-၂၅) ယေဟောဝါက အစည်းအဝေးတွေကို သန့်ရှင်းသော စွမ်းအားတော်အားဖြင့် ကောင်းချီးပေးပြီး သွန်သင်ပို့ချမှု အစီအစဉ်ကို ညွှန်ကြားပေးနေတယ်။ ဒါကြောင့် အစည်းအဝေးတွေမှာ ယေဟောဝါရဲ့ အသံကို ကြားရပြီး မေတ္တာပါ ဂရုစိုက်မှုကို ခံစားရတယ်။ ဒီနည်းအားဖြင့် ကိုယ်တော်နဲ့ ပိုရင်းနှီးလာတယ်။ “လူနှစ်ယောက်သုံးယောက်က ကျွန်တော့်နာမည်နဲ့ စုဝေးတယ်ဆိုရင် သူတို့နဲ့အတူ ကျွန်တော်ရှိနေ” မယ်လို့ အသင်းတော်ရဲ့ ဦးခေါင်း ယေရှု ပြောတယ်။ (မ. ၁၈:၂၀) ယေရှုဟာ အသင်းတော်တွေ ‘အလယ်မှာ သွားလာ’ နေတယ်လို့လည်း ကျမ်းစာ ပြောတယ်။ (ဗျာ. ၁:၂၀–၂:၁) ဒါကြောင့် အစည်းအဝေးတွေမှာ ယေဟောဝါနဲ့ ယေရှု ရှိနေပြီး ကျွန်တော်တို့ကို ခွန်အားပေးနေတယ်ဆိုတာ ထင်ရှားတယ်။ မိမိနဲ့ရော သားတော်နဲ့ပါ ပိုရင်းနှီးလာဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားနေတာကို ယေဟောဝါ မြင်တဲ့အခါ ဘယ်လို ခံစားရမယ်လို့ သင် ထင်သလဲ။ w16.04 ၃:၁၃၊ ၁၄
သောကြာနေ့၊ ဩဂုတ် ၃
ထစ်ခနဲဆို မကျေမချမ်း မဖြစ်နဲ့။—ဒေ. ၇:၉။
ညီအစ်မတစ်ယောက်က စုဆုံပွဲမှာ ညီအစ်ကို နှစ်ယောက်ကို နှုတ်ဆက်လိုက်တယ်။ ညီအစ်မရဲ့ နှုတ်ဆက်ပုံကြောင့် ညီအစ်ကိုတစ်ယောက် စိတ်ဆိုးသွားပြီး နှစ်ယောက်တည်းကျန်ခဲ့ချိန်မှာ အဲဒီ ညီအစ်မအကြောင်း မကောင်းပြောတယ်။ အဲဒီ ညီအစ်မ စိတ်ထိခိုက်အောင် လုပ်ဖို့ မရည်ရွယ်ဘူးဆိုတာ နောက်ညီအစ်ကို သေချာသိတယ်။ ဒါနဲ့ အခက်အခဲတွေကြား ယေဟောဝါကို ဒီညီအစ်မ သစ္စာရှိရှိ ဝတ်ပြုလာတာ နှစ်ပေါင်း ၄၀ လောက် ရှိပြီလို့ သတိပေးလိုက်တယ်။ စိတ်ဆိုးသွားတဲ့ညီအစ်ကိုက သေချာစဉ်းစားပြီးနောက် “ခင်ဗျားပြောတာ မှန်တယ်” လို့ ပြောပြီး ဖြစ်ခဲ့တာ ကို မေ့ပစ်လိုက်တယ်။ ဒီဖြစ်ရပ်က ဘာဖော်ပြသလဲ။ စိတ်ထိခိုက်စရာအခြေအနေကို ဘယ်လို တုံ့ပြန်မယ်ဆိုတာ ကိုယ့်စိတ်ကြိုက်ရွေးနိုင်တယ်။ မေတ္တာရှိသူကတော့ ခွင့်လွှတ်တတ်တယ်။ (ပညာ. ၁၀:၁၂။ ၁ ပေ. ၄:၈) ‘အမှားကို ဗွေမယူ’ တတ်သူဟာ ယေဟောဝါရှေ့မှာ လှပတယ်။ (ပညာ. ၁၉:၁၁) ဒါကြောင့် စိတ်ထိခိုက်အောင် တခြားသူတွေ နောက်တစ်ကြိမ် ပြောဆိုပြုမူတဲ့အခါ ‘ဒီစိတ်ထိခိုက်စရာကိစ္စကို ငါ လျစ်လျူရှုလိုက်နိုင်မလား။ ဒါကို ရေးကြီးခွင့်ကျယ် လုပ်ဖို့ လိုအပ်လို့လား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ w16.05 ၁:၈၊ ၉
စနေနေ့၊ ဩဂုတ် ၄
ဘုရားသခင်ဟာ ခင်ဗျားတို့ကို အစွမ်းခွန်အား ဖြည့်ပေးရတာကို နှစ်သက်တဲ့အရှင်၊ လုပ်ဆောင်ချင်စိတ်သာမက လုပ်ဆောင်နိုင်စွမ်းကိုပါ ပေးသနားတဲ့အရှင်ပဲ။—ဖိ. ၂:၁၃။
ဒီနေ့ခေတ်မှာ နိုင်ငံတော် သတင်းကောင်းကို ဘယ်သူတွေ ဟောနေသလဲ။ “ယေဟောဝါသက်သေတွေပဲ” လို့ ယုံကြည်စိတ်ချမှုအပြည့်နဲ့ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယေရှုဟောခိုင်းတဲ့ နိုင်ငံတော် သတင်းကောင်းကို ကျွန်တော်တို့ ဟောနေလို့ပဲ။ ကျွန်တော်တို့ဟာ လူတွေဆီ သွားဟောခြင်းအားဖြင့် အမှုဆောင်လုပ်ငန်းမှာ မှန်ကန်တဲ့ နည်းလမ်းတွေကို သုံးနေတယ်။ ငွေရဖို့မဟုတ်ဘဲ ယေဟောဝါနဲ့ လူတွေကို ချစ်လို့ ဟောနေတယ်။ ဒါဟာ မှန်ကန်တဲ့အကြောင်းရင်းပဲ။ လူမျိုးအားလုံးနဲ့ ဘာသာစကားအားလုံးထဲက လူတွေကို ဟောနေတဲ့အတွက် ဒီလုပ်ငန်းကို အကျယ်ပြန့်ဆုံး အတိုင်းအတာနဲ့ လုပ်ဆောင်နေတယ်။ အဆုံးမရောက်မချင်း နိုင်ငံတော်သတင်းကောင်းကို ကျွန်တော်တို့ ဆက်ဟောပြောသွားမှာဖြစ်တယ်။ ဒီနောက်ဆုံးကာလအတွင်း ယေဟောဝါရဲ့လူမျိုး လုပ်ဆောင်နေတဲ့ အံ့ဖွယ်လုပ်ငန်းကို မြင်ရတာ စိတ်လှုပ်ရှားစရာပဲ။ ဒီလုပ်ငန်းကို လုပ်ဆောင်နိုင်တာ ဘာကြောင့်လဲ။ ဒီနေ့ ကျမ်းချက်မှာ တမန်တော်ပေါလု အဖြေပေးထားတယ်။ အမှုဆောင်လုပ်ငန်းမှာ အတတ်နိုင်ဆုံး အပြည့်အဝ ပါဝင်တဲ့အခါ ကျွန်တော်တို့အားလုံးကို ယေဟောဝါ ဆက်ခွန်အားပေးပါစေ။—၂ တိ. ၄:၅။ w16.05 ၂:၁၇၊ ၁၈
တနင်္ဂနွေနေ့၊ ဩဂုတ် ၅
ဆိုးညစ်တဲ့အရာကို ရွံမုန်းပါ။ ကောင်းတဲ့အရာကို တွယ်တာပါ။—ရော. ၁၂:၉။
ဘုရားအလိုတော်အတိုင်း လုပ်ဆောင်ဖို့ ရွေးချယ်ပြီး ကြိုးစားအားထုတ်ခြင်းအားဖြင့် ဘုရားသခင်ကို ဘယ်လောက်ချစ်မှန်း၊ ဘယ်လောက် ပျော်ရွှင်စေချင်မှန်း ဖော်ပြနိုင်တယ်။ ယေဟောဝါရဲ့ အုပ်ချုပ်ပိုင်ခွင့်ကို စာတန်စိန်ခေါ်ထားတယ်။ ဒါပေမဲ့ ယေဟောဝါကို နာခံခြင်းအားဖြင့် ကိုယ်တော့်အုပ်ချုပ်ပိုင်ခွင့်ကို ထောက်ခံကြောင်း ကျွန်တော်တို့ ဖော်ပြနေကြတယ်။ နာခံဖို့ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ကောင်းကင်ဖခင် တန်ဖိုးထားတယ်ဆိုတာ စိတ်ချနိုင်တယ်။ (ယောဘ ၂:၃-၅။ ပညာ. ၂၇:၁၁) အားနည်းချက်တွေကို ထိန်းချုပ်ဖို့ ကြိုးစားအားထုတ်စရာမလိုအောင် ယေဟောဝါ လုပ်ပေးမယ်ဆိုရင် ကျွန်တော်တို့ သစ္စာစောင့်သိတယ်၊ ယေဟောဝါရဲ့ အုပ်ချုပ်ပိုင်ခွင့်ကို ထောက်ခံတယ်လို့ ပြောတာက ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ဘူး။ ခရစ်ယာန်အရည်အသွေးတွေကို မွေးမြူနိုင်အောင် “အစွမ်းကုန် ကြိုးစားအားထုတ်” ပါလို့ ယေဟောဝါ ပြောတယ်။ (၂ ပေ. ၁:၅-၇။ ကော. ၃:၁၂) ကိုယ့်အတွေးနဲ့ ခံစားချက်တွေကို ထိန်းချုပ်နိုင်အောင် ကြိုးစားအားထုတ်ဖို့လည်း ကိုယ်တော် မျှော်လင့်တယ်။ (ရော. ၈:၅) ပြုပြင်ပြောင်းလဲဖို့ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှု အောင်မြင်တဲ့အခါ ပျော်ရွှင်ကျေနပ်မှု ခံစားရတယ်။ w16.05 ၄:၁၂၊ ၁၃
တနင်္လာနေ့၊ ဩဂုတ် ၆
ယေဟောဝါ၊ ကိုယ်တော်ဟာ ကျွန်တော်တို့ရဲ့ . . . အိုးထိန်းသမား[ပါ]။—ဟေရှာ. ၆၄:၈။
ကျွမ်းကျင်တဲ့ အိုးထိန်းသမားလိုပဲ ယေဟောဝါက ကျွန်တော်တို့အကြောင်း ကောင်းကောင်းသိတယ်။ ကျွန်တော်တို့ရဲ့ အားနည်းချက်တွေ၊ မတတ်စွမ်းနိုင်တာတွေ၊ တိုးတက်မှုတွေကို သိတယ်။ အဲဒီ အခြေအနေတွေနဲ့အညီ တစ်ယောက်စီကို ပုံသွင်းပေးတယ်။ (ဆာ. ၁၀၃:၁၀-၁၄) တမန်တော်တွေရဲ့ မစုံလင်မှုကို ယေရှုတုံ့ပြန်ပုံကနေ ယေဟောဝါရဲ့ ရှုမြင်ပုံကို သိရှိနိုင်တယ်။ ဘယ်သူအကြီးမြတ်ဆုံးလဲဆိုပြီး တမန်တော်တွေ မကြာခဏငြင်းခုံကြတယ်။ သင်သာ အဲဒီ မှာရှိနေရင် သူတို့ကို ဘယ်လိုရှုမြင်မလဲ။ နူးညံ့ပျော့ပျောင်းသူတွေအဖြစ် ရှုမြင်မလား။ ယေရှုကတော့ သူတို့ကို အပျက်သဘောနဲ့ မမြင်ခဲ့ဘူး။ သူတို့သာ သူ့ရဲ့ စိတ်ရှည်ကြင်နာတဲ့ ဆုံးမမှုကိုလက်ခံပြီး နှိမ့်ချမှုကို တုပမယ်ဆိုရင် ပုံသွင်းပေးလို့ရနိုင်တယ်ဆိုတာ ယေရှုသိတယ်။ (မာ. ၉:၃၃-၃၇။ ၁၀:၃၇၊ ၄၁-၄၅။ လု. ၂၂:၂၄-၂၇) ယေရှုထမြောက်ပြီးနောက် တမန်တော်တွေ သန့်ရှင်းသောစွမ်းအားတော်ရတဲ့အခါ ဘယ်သူအကြီးမြတ်ဆုံးလဲဆိုတာ အာရုံမစိုက်တော့ဘူး။ ယေရှုပေးထားတဲ့အလုပ်ကိုပဲ အာရုံစိုက်ခဲ့တယ်။—တ. ၅:၄၂။ w16.06 ၁:၁၀
အင်္ဂါနေ့၊ ဩဂုတ် ၇
ကျွန်တော်တို့ရဲ့ ဘုရားသခင် ယေဟောဝါဟာ တစ်ဆူတည်းသော ယေဟောဝါပဲ။—တရား. ၆:၄။
ကိုယ်တော်ကလွဲလို့ တခြားဘုရားမရှိဘူး။ ကိုယ်တော်သာ စစ်မှန်တဲ့ ဘုရားသခင်ဖြစ်တယ်။ (၂ ရှ. ၇:၂၂) ဒါကြောင့် ယေဟောဝါကိုပဲ အကြွင်းမဲ့ဝတ်ပြုဖို့ အစ္စရေးတွေကို မောရှေ သတိပေးခဲ့တာဖြစ်တယ်။ မှားယွင်းတဲ့ဘုရားတွေကို ကိုးကွယ်တဲ့ ပတ်ဝန်းကျင်ကလူတွေကို အတုမခိုးသင့်ဘူး။ အဲဒီ ဘုရားတွေက သဘာဝတရားရဲ့ အစိတ်အပိုင်းတစ်ခုခုကို ထိန်းချုပ်ထားတယ်လို့ သူတို့ ယုံကြည်ကြတယ်။ ဥပမာ၊ နေဘုရား ရာ၊ ကောင်းကင်ဘုရားမ နပ်၊ မြေဘုရား ဂက်၊ နိုင်းမြစ်ဘုရား ဟာပီနဲ့ တခြားတိရစ္ဆာန်များစွာကို အီဂျစ်တွေ ကိုးကွယ်ကြတယ်။ ယေဟောဝါဟာ အီဂျစ်ပြည်အပေါ် ကပ်ဘေးဆယ်ခု ကျရောက်စေချိန်မှာ အဲဒီ ဘုရားတွေထက် ပိုတန်ခိုးကြီးတယ်ဆိုတာ ဖော်ပြခဲ့တယ်။ ခါနာန်လူတွေရဲ့ အဓိကဘုရား ဗာလဟာ မျိုးပွားဘုရား ဖြစ်ပြီး ကောင်းကင်ဘုရား၊ မိုးဘုရားနဲ့ မုန်တိုင်းဘုရားလည်း ဖြစ်တယ်။ ဒေသများစွာမှာ လူတွေဟာ အကာအကွယ်ရဖို့ ဗာလကို အားကိုးကြတယ်။ (တော. ၂၅:၃) ဒါပေမဲ့ ယေဟောဝါဟာ “စစ်မှန်တဲ့ဘုရားသခင်” ဖြစ်ပြီး ‘တစ်ဆူတည်းသော ယေဟောဝါ’ ဖြစ်တယ်ဆိုတာ အစ္စရေးတွေ အမှတ်ရနေရမယ်။—တရား. ၄:၃၅၊ ၃၉။ w16.06 ၃:၄၊ ၅
ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၈
ကျွန်တော် မိန့်မှာထားသမျှကို လိုက်နာဖို့ သွန်သင်ပေးကြပါ။ လောကစနစ်နိဂုံးပိုင်း အထိ ခင်ဗျားတို့နဲ့အတူ ကျွန်တော် အမြဲရှိနေမယ်။—မ. ၂၈:၂၀။
ယေရှုရဲ့ ပုံနမူနာက ယေဟောဝါနဲ့ ကိုယ်တော့်လူမျိုးအပေါ် သစ္စာစောင့်သိဖို့ ကျွန်တော်တို့ကို ကူညီပေးတယ်။ အဲဒီ လိုလုပ်သင့်တဲ့ အကြောင်းကောင်းတွေ ရှိတယ်။ ဒီနောက်ဆုံးကာလမှာ မိမိကျေးကျွန်တွေကို ယေဟောဝါ လမ်းညွှန်ပေးနေတယ်။ တစ်ကမ္ဘာလုံးမှာ ဟောပြောဖို့ သူတို့ကို ကူညီပေးနေတယ်။ သူတို့ပဲ ဒီလုပ်ငန်းကို လုပ်ဆောင်နေကြတယ်။ ယေဟောဝါရဲ့ သွန်သင်မှုကြောင့် သူတို့ စည်းလုံး၊ ပျော်ရွှင်နေကြတယ်။ “ငါ့ကျွန်တွေဟာ စိတ်ကြည်နူးနေတဲ့အတွက် ရွှင်လန်းစွာ ကြွေးကြော်လိမ့်မယ်” ဆိုတဲ့ ဟေရှာယ ၆၅:၁၄ မှာပါတဲ့ ကြိုဟောချက်က ဘုရားသခင့်လူမျိုးရဲ့ အခြေအနေကို ဖော်ပြနေတယ်။ ကောင်းမှုများစွာ လုပ်ဆောင်နိုင်ဖို့ ယေဟောဝါ လမ်းညွှန်၊ ကူညီပေးနေတဲ့အတွက် ကျွန်တော်တို့ ပျော်ရွှင်ကြတယ်။ စာတန့်လောကမှာရှိတဲ့ လူတွေကတော့ အနာဂတ်မျှော်လင့်ချက် မရှိဘူး။ ကျွန်တော်တို့ ယေဟောဝါအပေါ် ဆက်သစ္စာစောင့်သိပြီး လမ်းညွှန်ချက်တွေကို လိုက်နာဖို့ လိုအပ်တယ်။ w16.06 ၄:၁၀-၁၂
ကြာသပတေးနေ့၊ ဩဂုတ် ၉
သတိနဲ့စောင့်နေကြပါ။—မ. ၂၅:၁၃။
ရှေးခေတ်မြို့တွေရဲ့ ကင်းစောင့်တွေဆီကနေ သင်ယူနိုင်တယ်။ ဂျေရုဆလင်လို မြို့ကြီးတွေမှာ ရန်သူတွေ မဝင်ရောက်နိုင်အောင် မြို့ရိုးမြင့်တွေ ကာရံထားတယ်။ ကင်းစောင့်တချို့ဟာ မြို့ရိုးပေါ်ရပ်ပြီး မြို့ဝန်းကျင်ကို ကြည့်ရတယ်။ တချို့က မြို့ဂိတ်တံခါးတွေမှာ ရပ်ရတယ်။ နေ့ရောညပါ သတိနဲ့စောင့်ရတယ်။ ရန်သူလာတာ တွေ့ရင် မြို့သားတွေကို သတိပေးရတယ်။ (ဟေရှာ. ၆၂:၆) ဖြစ်ပျက်နေတာကို သတိနဲ့စောင့်ကြည့်နေဖို့ ဘယ်လောက်အရေးကြီးမှန်း သူတို့ သိကြတယ်။ ဒါဟာ သေရေးရှင်ရေးကိစ္စ ဖြစ်တယ်။ (ယေဇ. ၃၃:၆) ဂျူးသမိုင်းပညာရှင် ဂျိုစီဖတ်စ်က အေဒီ ၇၀ မှာ ဂျေရုဆလင်မြို့ထဲ ရောမတွေ ဘယ်လိုဝင်ရောက်လာတယ်ဆိုတာ ရှင်းပြတယ်။ ဂျေရုဆလင်မြို့ရိုးနဲ့ဆက်နေတဲ့ အဲန်တိုနီးယားရဲတိုက်ရဲ့ ကင်းစောင့်တွေ အိပ်ငိုက်နေတဲ့အတွက် ရောမတွေ မြို့ထဲဝင်နိုင်ခဲ့ကြတယ်။ ဗိမာန်တော်ကို မီးရှို့ပြီး မြို့ကို ဖျက်ဆီးခဲ့ကြတယ်။ အဲဒါက ဂျူးတွေရင်ဆိုင်ခဲ့ရတဲ့ ကြီးစွာသောဒုက္ခရဲ့ အဆုံးဖြစ်တယ်။ w16.07 ၂:၂၊ ၇၊ ၈
သောကြာနေ့၊ ဩဂုတ် ၁၀
တရားမဲ့သူတွေရဲ့ မှားယွင်းတဲ့လမ်းစဉ်နောက် မလိုက်ပါသွားဖို့၊ မှန်ကန်တဲ့လမ်းစဉ်မှာ မြဲမြံနေဖို့ သတိထားကြပါ။—၂ ပေ. ၃:၁၇။
ယေဟောဝါရဲ့ မဟာကရုဏာကြောင့် ကောင်းချီးများစွာကို ကျွန်တော်တို့ ခံစားနေရတယ်။ ဒါပေမဲ့ အဲဒီ ကရုဏာကို တလွဲမသုံးသင့်ဘူး၊ အခွင့်ကောင်းယူပြီး အပြစ်မလုပ်သင့်ဘူး။ အစောပိုင်းခရစ်ယာန်တွေထဲမှာ “ဘုရားသခင့် မဟာကရုဏာတော်ကို အခွင့်ကောင်းယူ၍ အကျင့်ပျက်နေ” သူတချို့ ရှိခဲ့တယ်။ (ယု. ၄) အဲဒီ သစ္စာမဲ့ခရစ်ယာန်တွေဟာ အပြစ်လုပ်တိုင်း ယေဟောဝါ အမြဲခွင့်လွှတ်မယ်လို့ ထင်ကြပုံရတယ်။ သူတို့နဲ့အတူ အပြစ်လုပ်ဖို့ ညီအစ်ကိုတွေကိုတောင် သွေးဆောင်ကြတယ်။ ဒီနေ့ခေတ်မှာလည်း အဲဒီ လိုလုပ်သူဟာ ‘မဟာကရုဏာတော်ကို မထီမဲ့မြင်ပြုသူ’ ဖြစ်တယ်။ (ဟီ. ၁၀:၂၉) အပြစ်လုပ်လို့ရတယ်၊ ယေဟောဝါ အလိုလိုခွင့်လွှတ်ပေးလိမ့်မယ်လို့ ထင်လာအောင် ဒီနေ့ခေတ် ခရစ်ယာန်တချို့ကို စာတန် လှည့်စားနေတယ်။ အပြစ်ပြုသူတွေ နောင်တယူတဲ့အခါ ယေဟောဝါ လိုလိုလားလားခွင့်လွှတ်ပေမဲ့ အပြစ်လုပ်ချင်စိတ်ကို တိုက်လှန်ဖို့လည်း ကိုယ်တော် မျှော်လင့်တယ်။ w16.07 ၃:၁၆၊ ၁၇
စနေနေ့၊ ဩဂုတ် ၁၁
ကိုယ့်ဇနီးကို လိင်အကျင့်ယိုယွင်းမှု ကြောင့်မဟုတ်ဘဲ တခြားအကြောင်းကြောင့် ကွာရှင်းပြီး တခြားသူနဲ့ လက်ထပ်တဲ့သူဟာ အိမ်ထောင်ရေး ဖောက်ပြန်သူပဲ။—မ. ၁၉:၉။
လိင်အကျင့်ယိုယွင်းမှုကြောင့် မဟုတ်ဘဲ တရားဝင်ကွာရှင်းထားသူဟာ နောက်အိမ်ထောင်ပြုလို့ မရဘူး။ အကျင့်ယိုယွင်းသွားပေမဲ့ ပြန်နောင်တယူတဲ့ အိမ်ထောင်ဖက်ကို လူတစ်ယောက် ခွင့်လွှတ်ဖို့ ရွေးချယ်နိုင်တယ်။ ပရောဖက်ဟောရှေက အကျင့်ပျက်ဇနီး ဂေါမာကို ခွင့်လွှတ်ခဲ့ပြီး ယေဟောဝါလည်း နောင်တယူတဲ့ အစ္စရေးတွေကို ခွင့်လွှတ်ခဲ့တယ်။ (ဟော. ၃:၁-၅) အဲဒီ အပြင် ကိုယ့်အိမ်ထောင်ဖက် အကျင့်ယိုယွင်းမှန်း သိထားပြီး သူနဲ့ ပြန်ဆက်ဆံဖို့ ရွေးချယ်တာ လည်း အပြစ်ရှိတဲ့ အိမ်ထောင်ဖက်ကို ခွင့်လွှတ်တယ်ဆိုတဲ့ သဘောပဲ။ အဲဒီ လိုပြန်ဆက်ဆံလိုက်ပြီဆိုရင် ကျမ်းစာအရ ကွာရှင်းလို့ မရတော့ဘူး။ ဒီနေ့ကျမ်းချက်ပါ စကားတွေကို ပြောပြီးနောက် တစ်ကိုယ်ရေဘဝ ‘ဆုကျေးဇူးရထားသူတွေ’ အကြောင်း ပြောပြီး “အိမ်ထောင်မပြုဘဲ နေချင်တယ်ဆိုရင် နေနိုင်ပါတယ်” လို့ ဆက်ပြောတယ်။ (မ. ၁၉:၁၀-၁၂) ယေဟောဝါရဲ့ လုပ်ငန်းမှာ စိတ်နှစ်ထားနိုင်အောင် တစ်ကိုယ်ရေနေဖို့ လူများစွာ ရွေးချယ်ကြတယ်။ ချီးမွမ်းစရာပါပဲ။ w16.08 ၁:၁၅၊ ၁၆
တနင်္ဂနွေနေ့၊ ဩဂုတ် ၁၂
ယေဟောဝါ ဘယ်လောက် ကောင်းမြတ်သလဲဆိုတာ မြည်းစမ်းပြီး ကိုယ်တိုင်ခံစားကြည့်ပါ။ ဘုရားကို ခိုလှုံသူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။ . . . ဘုရားကို ကြောက်ရွံ့သူတွေဟာ လိုလေသေးမရှိ ပြည့်စုံတယ်။ —ဆာ. ၃၄:၈၊ ၉။
လူငယ်တွေဟာ ကျန်းမာသန်စွမ်းတဲ့အတွက် ယေဟောဝါရဲ့ လုပ်ငန်းမှာ အများကြီးပါဝင်နိုင်တယ်။ (ပညာ. ၂၀:၂၉) ဗေသလမှာ လူငယ်တချို့ဟာ ကျမ်းစာနဲ့ စာပေတွေ ပုံနှိပ်၊ ချုပ်လုပ်ပေးကြတယ်။ လူငယ်များစွာဟာ ခန်းမ ဆောက်လုပ်ရေး၊ ပြုပြင်ထိန်းသိမ်းရေးတွေမှာ ပါဝင်ကြတယ်။ တချို့က သဘာဝဘေးသင့်ဒေသတွေမှာ ကူညီပေးကြတယ်။ ရှေ့ဆောင်လူငယ်များစွာဟာ ဘာသာစကားအသစ်သင်ယူဖို့၊ တခြားဒေသမှာ သတင်းကောင်းဟောဖို့ ကြိုးစားနေကြတယ်။ “ယေဟောဝါကို ရှာတဲ့သူတွေကတော့ ကောင်းမွန်ရာ တစ်ခုမှ ချို့တဲ့မှာမဟုတ်ဘူး” လို့ ဆာလံဆရာ ပြောတယ်။ (ဆာ. ၃၄:၁၀) မှန်ပါတယ်။ ယေဟောဝါကို အကောင်းဆုံးပေးဆက်တဲ့အခါ ကိုယ်တော့်စိတ်တော်ကို ပျော်ရွှင်စေတယ်ဆိုတဲ့ အသိစိတ်ကြောင့် ပျော်ရွှင်မှုအစစ်အမှန် ခံစားရတယ်။ ကျွန်တော်တို့ကို ကြည့်ရှုစောင့်ရှောက်မယ်ဆိုတဲ့ ကတိအတိုင်း ကိုယ်တော်လုပ်ဆောင်ပါလိမ့်မယ်။ w16.08 ၃:၅၊ ၈
တနင်္လာနေ့၊ ဩဂုတ် ၁၃
ငါကယ်တင်တဲ့အခါကျရင်တော့ ကောင်းချီးခံစားရသူတွေ ဖြစ်လာမယ်။ ဒါကြောင့် မကြောက်ကြနဲ့။ အားမာန်တင်းထားကြပါ။—ဇာ. ၈:၁၃။
ကျွန်တော်တို့ကို ယေဟောဝါ ကူညီနိုင်တယ်၊ ကူညီပေးချင်တယ်။ သန့်ရှင်းသော စွမ်းအားတော်အားဖြင့် အားရှိစေတယ်။ (၁ ရာ. ၂၉:၁၂) ဒါကြောင့် စာတန်နဲ့ ဒီစနစ်ဆိုးကို တိုက်လှန်နိုင်အောင် စွမ်းအားတော် တောင်းဖို့ အရေးကြီးတယ်။ (ဆာ. ၁၈:၃၉။ ၁ ကော. ၁၀:၁၃) သမ္မာကျမ်းစာကနေ ရရှိတဲ့ အကူအညီအတွက်လည်း ကျွန်တော်တို့ ကျေးဇူးတင်ကြတယ်။ လတိုင်း ကျမ်းစာအခြေပြု စာပေတွေကနေ သိရှိလာတာတွေကိုလည်း စဉ်းစားကြည့်ပါ။ ဇာခရိ ၈:၉၊ ၁၃ မှာပါတဲ့ စကားတွေဟာ ဂျေရုဆလင် ဗိမာန်တော် ပြန်လည်တည်ဆောက်ချိန်မှာ ရေးသားခဲ့တာ ဖြစ်ပေမဲ့ ဒီနေ့ခေတ်အတွက်လည်း အခန့်သင့်ပါပဲ။ ပတ်စဉ် အစည်းအဝေးတွေ၊ အစည်းအဝေးကြီးတွေ၊ ကျမ်းစာသင်တန်းတွေမှာ ရရှိတဲ့ ညွှန်ကြားချက်တွေအားဖြင့်လည်း ယေဟောဝါ ခွန်အားပေးတယ်။ အဲဒီ ညွှန်ကြားချက်တွေက တော်မှန်တဲ့ သဘောထားနဲ့ အမှုဆောင်နိုင်အောင်၊ ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်နိုင်အောင်၊ ခရစ်ယာန်တာဝန်တွေ ထမ်းဆောင်နိုင်အောင် ကူညီပေးတယ်။ (ဆာ. ၁၁၉:၃၂) ယေဟောဝါရဲ့ ညွှန်ကြားချက်ကနေ ခွန်အားရဖို့ သင် ထက်ထက်သန်သန် ကြိုးစားနေသလား။ w16.09 ၁:၁၀၊ ၁၁
အင်္ဂါနေ့၊ ဩဂုတ် ၁၄
ဘုရားသခင်ရဲ့ ကောင်းမြတ်တဲ့၊ လက်ခံဖွယ်ဖြစ်တဲ့၊ ပြီးပြည့်စုံလင်တဲ့ အလိုတော်ကို ကောင်းကောင်းသိ . . . ကြပါ။—ရော. ၁၂:၂။
ယောက်ျားမိန်းမ မကွဲပြားတဲ့ အဝတ်အစားပုံစံကို ယေဟောဝါ လုံးဝ မကြိုက်မှန်း ပညတ်တရားက ဖော်ပြတယ်။ ဒီနေ့ခေတ်မှာလည်း အဲဒီ လိုပဲ ဝတ်စားနေကြတယ်။ (တရား. ၂၂:၅) ယောက်ျားက မိန်းမလို ဝတ်တာ ၊ မိန်းမက ယောက်ျားလို ဝတ်တာ ဒါမှမဟုတ် ယောက်ျားမိန်းမ မကွဲပြားတဲ့ အဝတ်အစား ပုံစံတွေကို ယေဟောဝါ လုံးဝ မနှစ်သက်မှန်း ပညတ်တရားကနေ သိရှိရတယ်။ အဝတ်အစားနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ကျမ်းစာမူတွေက ကူညီပေးတယ်။ ဒီမူတွေဟာ ဘယ်နိုင်ငံ၊ ဘယ်ယဉ်ကျေးမှု၊ ဘယ်ရာသီဥတုနဲ့မဆို သက်ဆိုင်တယ်။ သင့်တော်တဲ့၊ မသင့်တော်တဲ့ အဝတ်အစား စာရင်းရှည်ကြီး မလိုအပ်ပါဘူး။ ကျမ်းစာမူအတွင်းမှာပဲ ကိုယ်နှစ်သက်ရာကို ဝတ်ဆင်နိုင်ပါတယ်။ w16.09 ၃:၃၊ ၄
ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၁၅
တပည့်အားလုံးက ယေရှုကိုထားခဲ့ပြီး ထွက်ပြေးကုန်တယ်။—မာ. ၁၄:၅၀။
ကျမ်းရေးသူတွေရဲ့ ရိုးသားမှုကိုလည်း စဉ်းစားကြည့်ပါ။ အမှန်အတိုင်း မကြောက်မရွံ့ ရေးသားကြတယ်။ အဲဒီ ခေတ် စာရေးဆရာတွေဟာ ကိုယ့်နိုင်ငံ၊ ကိုယ့်ခေါင်းဆောင်တွေအကြောင်း ကောင်းတာတွေပဲ ရေးသားလေ့ရှိကြတယ်။ ယေဟောဝါရဲ့ ပရောဖက်တွေကတော့ အစ္စရေးတွေနဲ့ ဘုရင်တွေအကြောင်း အကောင်းရော၊ အဆိုးပါ ရေးသားခဲ့ကြတယ်။ (၂ ရာ. ၁၆:၉၊ ၁၀။ ၂၄:၁၈-၂၂) ကိုယ်တိုင်နဲ့ ဘုရားသခင့် တခြားကျေးကျွန်တွေရဲ့ အမှားတွေကို ရေးသားကြတယ်။ (၂ ရှ. ၁၂:၁-၁၄) ကျမ်းစာလမ်းညွှန်ချက်တွေကနေ ရရှိတဲ့ ကောင်းကျိုးတွေကြောင့် ကျမ်းစာဟာ ဘုရားသခင်ဆီက ဖြစ်မှန်း လူများစွာ ယုံကြည်စိတ်ချလာကြတယ်။ (ဆာ. ၁၉:၇-၁၁ ) ကိုယ့်ယုံကြည်ချက်တချို့ မှားမှန်းသိလာအောင် ကျမ်းစာက လူများစွာကို ကူညီပေးတယ်။ (ဆာ. ၁၁၅:၃-၈) တန်ခိုးအကြီးဆုံး ယေဟောဝါဘုရားကို ယုံကြည်အားကိုးဖို့ လမ်းညွှန်ပေးတယ်။ ကောင်းမွန်တဲ့ အနာဂတ်ကတိ ပေးထားတယ်။ တချို့ကျတော့ ဘုရား မရှိဘူးလို့ ပြောပြီး သဘာဝကို ဘုရားအဖြစ် ကိုးကွယ်ကြတယ်။ တချို့ကျတော့ ကောင်းမွန်တဲ့ အနာဂတ်ကို လူတွေ ဖန်တီးနိုင်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ လုပ်ဆောင်မှုတွေကို ကြည့်လိုက်ရင် ကမ္ဘာ့ပြဿနာတွေ မဖြေရှင်းနိုင်မှန်း သိရတယ်။—ဆာ. ၁၄၆:၃၊ ၄။ w16.09 ၄:၁၀၊ ၁၁
ကြာသပတေးနေ့၊ ဩဂုတ် ၁၆
သူ့ကို . . . ကောက်သင်းကောက်ခွင့် ပေးလိုက်ပါ။ မနှောင့်ယှက်ကြနဲ့။—ရု. ၂:၁၅။
ဗောဇဟာ နိုင်ငံခြားသားအဖြစ် ရုသရဲ့ ခက်ခဲတဲ့ အခြေအနေကို စိတ်ဝင်စားမှန်း နောက်ပိုင်းအဖြစ်အပျက်တွေမှာ တွေ့ရတယ်။ အလုပ်သမားတွေရဲ့ နှောင့်ယှက်မှု မခံရဖို့ သူ့ရဲ့အလုပ်သမတွေနဲ့အတူ နေပါလို့ ရုသကို ပြောခဲ့တယ်။ သူ့အလုပ်သမားတွေလိုပဲ အစားအသောက် အလုံအလောက်ရဖို့ စီစဉ်ပေးခဲ့တယ်။ ဆင်းရဲတဲ့ နိုင်ငံခြားသူကို မနှိမ်ဘဲ နှစ်သိမ့်ပေးခဲ့တယ်။ (ရု. ၂:၈-၁၀၊ ၁၃၊ ၁၄) ယောက္ခမ နောမိကို ခိုင်မြဲတဲ့မေတ္တာ ပြရုံမက ယေဟောဝါကို ဝတ်ပြုလာတဲ့ ရုသကို ဗောဇ အထင်ကြီးမိတယ်။ ‘အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါရဲ့ အတောင်အောက်မှာ ခိုလှုံတဲ့’ အမျိုးသမီးအပေါ်ပြတဲ့ ဗောဇရဲ့ ကြင်နာမှုဟာ ယေဟောဝါရဲ့ ခိုင်မြဲတဲ့မေတ္တာပါပဲ။ (ရု. ၂:၁၂၊ ၂၀။ ပညာ. ၁၉:၁၇) ဒီနေ့လည်း ကျွန်တော်တို့ရဲ့ ကြင်နာတဲ့လုပ်ရပ်က “လူအမျိုးမျိုး” အမှန်တရား သိလာဖို့၊ ယေဟောဝါရဲ့ မေတ္တာကို ခံစားရဖို့ ကူညီပေးနိုင်တယ်။—၁ တိ. ၂:၃၊ ၄။ w16.10 ၁:၁၀-၁၂
သောကြာနေ့၊ ဩဂုတ် ၁၇
ယေဟောဝါက ငါမေးလျှောက်တဲ့အခါ ပြန်ဖြေတယ်။ ကြောက်လန့်စရာမှန်သမျှကနေ ငါ့ကို ကယ်တင်တယ်။—ဆာ. ၃၄:၄။
ကျွန်တော်တို့လည်း ကိုယ့်ရဲ့ စိုးရိမ်မှုတွေကို ယေဟောဝါဆီ ရင်ဖွင့်ပြောပြနိုင်တယ်။ ကိုယ်တော် နားထောင်ပေးပြီး ပျော်ရွှင်စွာ ခံရပ်နိုင်ဖို့ ခွန်အားပေးပါလိမ့်မယ်။ ဆုတောင်းချက်တွေ ဖြေကြားခံရတဲ့အခါ ယုံကြည်ခြင်း ပိုခိုင်မာလာပါလိမ့်မယ်။ (၁ ယော. ၅:၁၄၊ ၁၅) ယုံကြည်ခြင်းဟာ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးဖြစ်တဲ့အတွက် ယေရှု အားပေးတဲ့အတိုင်း ဘုရားသခင့် စွမ်းအားတော်ရဖို့ “တောင်းမြဲတောင်း” ရမယ်။ (လု. ၁၁:၉၊ ၁၃) ဆုတောင်းတဲ့အခါ အကူအညီ တောင်းရုံလောက်ပဲ မဖြစ်သင့်ဘူး။ “ပြောမကုန်နိုင်အောင် များလှ” တဲ့ “အံ့ဖွယ်အမှု” တွေအတွက် ယေဟောဝါကို နေ့တိုင်း ကျေးဇူးတင် ချီးမွမ်းနိုင်တယ်။ (ဆာ. ၄၀:၅) ဆုတောင်းတဲ့အခါ “အကျဉ်းကျနေတဲ့သူတွေကို ကိုယ်လည်း သူတို့နဲ့အတူ အကျဉ်းကျနေတယ်လို့ သဘောထားပြီး သတိရ” သင့်တယ်။ ကမ္ဘာချီ ညီအစ်ကို/မတွေ၊ အထူးသဖြင့် “ဦးဆောင်နေသူတွေ” အတွက်လည်း ဆုတောင်းပေးသင့်တယ်။ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဘယ်လို အဖြေပေးမှန်း သိရတဲ့အခါ ယုံကြည်ခြင်း ပိုခိုင်မာလာပါလိမ့်မယ်။—ဟီ. ၁၃:၃၊ ၇။ w16.10 ၃:၈၊ ၉
စနေနေ့၊ ဩဂုတ် ၁၈
ခင်ဗျားတို့ဟာ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခံရပြီ။ ဒါဟာ ကိုယ်လုပ်လို့ ကိုယ်ရတဲ့အရာ မဟုတ်ဘူး။ ဘုရားသခင်ပေးတဲ့ ဆုလက်ဆောင်ပဲ။—ဧ. ၂:၈။
ဒီနေ့ခေတ် ယေဟောဝါရဲ့လူမျိုးဟာ တည်ထောင်ပြီးဖြစ်တဲ့ ဘုရားနိုင်ငံတော်ကို ယုံကြည်ကြောင်း တင်ပြနေကြတယ်။ အချင်းချင်းကိုလည်း ချစ်မြတ်နိုးကြတယ်။ ဒါဟာ ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းပြမှုနဲ့အညီ အသက်ရှင်နေထိုင်ကြလို့ပဲ။ ရလဒ်အနေနဲ့ ကမ္ဘာတစ်ဝန်းမှာ ညီအစ်ကို/မ ရှစ်သန်းကျော်ဟာ ငြိမ်သက်စည်းလုံးမှု ခံစားနေရတယ်။ (ဂလ. ၅:၂၂၊ ၂၃) ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာဟာ အစွမ်းထက်တဲ့ အရည်အသွေးတွေ ဖြစ်မှန်း ထင်ရှားတယ်။ ဒီစည်းလုံးမှုဟာ ဘယ်လူသားကြောင့်မှ မဟုတ်ဘူး။ ဘုရားသခင်ရဲ့ အကူအညီကြောင့်ပဲ။ ဒီအတွက် ယေဟောဝါကိုပဲ ဂုဏ်တင်ချီးမွမ်းထိုက်ပါတယ်။ (ဟေရှာ. ၅၅:၁၃) ယေဟောဝါကို နောက်ထပ်လူများစွာ ယုံကြည်လာဖို့ ကိုယ်တော် ဆက်ကူညီပေးပါလိမ့်မယ်။ နောက်ဆုံး တစ်ကမ္ဘာလုံးဟာ ယေဟောဝါကို ထာဝစဉ် ချီးမွမ်းမယ့် စုံလင်၊ ဖြောင့်မတ်၊ ပျော်ရွှင်တဲ့ လူတွေနဲ့ ပြည့်နေပါလိမ့်မယ်။ w16.10 ၄:၁၈၊ ၁၉
တနင်္ဂနွေနေ့၊ ဩဂုတ် ၁၉
ခင်ဗျားတို့ထဲက တချို့ဟာ စည်းစနစ်မဲ့စွာ ကျင့်ကြံပြုမူ [နေတယ်]။—၂ သက်. ၃:၁၁။
အကြီးအကဲတွေဆီက ကျမ်းစာအခြေပြု လမ်းညွှန်ချက်တွေကို ကျွန်တော်တို့ လိုက်လျှောက်ရမယ်။ အသင်းတော်မှာရှိတဲ့ စည်းစနစ်မဲ့သူတွေနဲ့ပတ်သက်တဲ့ ပေါလုရဲ့ သွန်သင်ချက်ကို အမှတ်ရပါ။ တချို့က “ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာ ဝင်စွက်နေ” ကြတယ်။ သူတို့ကို အကြီးအကဲတွေ သတိပေးဆုံးမထားပြီး ဖြစ်ပေမဲ့ အရေးမလုပ်ကြပုံရတယ်။ အဲဒီ လိုလူကို အသင်းတော်က ဘယ်လို ဆက်ဆံရမလဲ။ “သူ့ကို မှတ်ထား၍ အပေါင်းအဖော် မလုပ်ကြနှင့်တော့” လို့ ပေါလု ညွှန်ကြားတယ်။ ရန်သူလို မဆက်ဆံမိဖို့တော့ သတိထားရမယ်။ (၂ သက်. ၃:၁၁-၁၅) ဒီနေ့လည်း မယုံကြည်သူနဲ့ ရည်းစားထားခြင်းစတဲ့ မကောင်းတဲ့ လမ်းစဉ် ဆက်လိုက်နေသူနဲ့ပတ်သက်ပြီး အကြီးအကဲတွေ သတိပေးဟောပြောချက် ပေးနိုင်တယ်။ (၁ ကော. ၇:၃၉) အဲဒီ အခါ သင်ဘယ်လို တုံ့ပြန်သလဲ။ ဟောပြောချက် ရည်ညွှန်းတဲ့သူကို သိမယ်ဆိုရင် သူနဲ့ မပေါင်းဖို့ ဂရုပြုမလား။ သင့်ရဲ့ မေတ္တာပါ စိုးရိမ်မှုနဲ့ ပြတ်သားတဲ့ ရပ်တည်မှုက စည်းစနစ်မဲ့ လမ်းစဉ်ကိုစွန့်ဖို့ တွန်းအားဖြစ်စေနိုင်ပါတယ်။ w16.11 ၂:၁၃
တနင်္လာနေ့၊ ဩဂုတ် ၂၀
တပည့်တွေကို သူတို့နောက်လိုက်ဖြစ်အောင် သွေးဆောင်ဖို့ မှားယွင်းတဲ့အကြောင်းအရာတွေ သွန်သင်ပေးမယ့်သူတွေလည်း ခင်ဗျားတို့အထဲကနေပဲ ပေါ်လာလိမ့်မယ်။—တ. ၂၀:၃၀။
အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ ဂျူးနဲ့ ဘာသာပြောင်းဝင်လာသူ ထောင်ပေါင်းများစွာဟာ သန့်ရှင်းသော စွမ်းအားတော်အားဖြင့် ဘိသိက်ပေးခံခဲ့ရတယ်။ ဒီခရစ်ယာန်သစ်တွေဟာ “ရွေးချယ်ခံရတဲ့ လူမျိုး၊ ပုရောဟိတ်အဖြစ် အမှုထမ်းမယ့် ဘုရင်တွေ၊ သန့်ရှင်းတဲ့လူမျိုး၊ ဘုရားပိုင်ဆိုင်တဲ့လူမျိုး” ဖြစ်လာတယ်။ (၁ ပေ. ၂:၉၊ ၁၀) တမန်တော်တွေ အသက်ရှင်နေသရွေ့ ဘုရားသခင့်လူမျိုးရဲ့ အသင်းတော်တွေကို ဂရုတစိုက် ကြည့်ရှုပေးခဲ့ကြတယ်။ ဒါပေမဲ့ တမန်တော်တွေ သေဆုံးပြီးတဲ့နောက် “တပည့်တွေကို သူတို့နောက်လိုက်ဖြစ်အောင် သွေးဆောင်ဖို့ မှားယွင်းတဲ့အကြောင်းအရာတွေ သွန်သင်ပေးမယ့်သူတွေ” ပေါ်လာတယ်။ (၂ သက်. ၂:၆-၈) အဲဒီ လူများစွာဟာ အသင်းတော်မှာ ကြီးကြပ်မှူးတွေအဖြစ် ထမ်းဆောင်နေတဲ့ တာဝန်ရှိသူတွေ ဖြစ်တယ်။ ဒီလိုနဲ့ “ခင်ဗျားတို့အားလုံးက ညီအစ်ကိုတွေပဲ” လို့ နောက်လိုက်တွေကို ယေရှု ပြောခဲ့ပေမဲ့ ဓမ္မဆရာအတန်းအစား စတင် ပေါ်ပေါက်လာတယ်။ (မ. ၂၃:၈) အဲဒီ အထင်ကရ ပုဂ္ဂိုလ်တွေဟာ အရစ္စတိုတယ်နဲ့ ပလေတိုရဲ့ အတွေးအခေါ်တွေကို နှစ်သက်ပြီး ကျမ်းစာရဲ့ မှန်ကန်တဲ့ သွန်သင်ချက်တွေအစား မှားယွင်းတဲ့ ဘာသာရေး အယူအဆတွေကို သွန်သင်လာကြတယ်။ w16.11 ၄:၈
အင်္ဂါနေ့၊ ဩဂုတ် ၂၁
သေတတ်တဲ့ ခန္ဓာကိုယ်ရဲ့ အလိုဆန္ဒနောက်ကို လိုက်ပြီး အပြစ်ကို ဘုရင်တစ်ပါးလို စိုးမိုးခွင့်မပြုပါနဲ့။ —ရော. ၆:၁၂။
ခရစ်ယာန် မဖြစ်ခင်က အပြစ်လုပ်လေ့ရှိကြတယ်။ ဘုရားရှေ့မှာ ဘယ်လောက် အပြစ်ကြီးမှန်း မသိဘဲ လုပ်ခဲ့တာ ဖြစ်နိုင်တယ်။ “ညစ်ညူးခြင်းနဲ့ တရားမဲ့ခြင်းရဲ့ ကျွန်” တွေလို ဖြစ်ခဲ့ကြတယ်။ “အပြစ်ရဲ့ ကျွန်” လို့ ဆိုနိုင်တယ်။ (ရော. ၆:၁၉၊ ၂၀) အဲဒီ နောက် ကျမ်းစာအမှန်တရားကို သိလာပြီး ဘဝပုံစံကို ပြောင်းလဲ၊ ဘုရားသခင်ဆီ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံခဲ့ကြတယ်။ “အပြစ်ရဲ့လက်ကနေ လွတ်” ပြီး ဖြောင့်မတ်ခြင်းရဲ့ ကျွန်တွေ ဖြစ်လာကြ” တယ်။ (ရော. ၆:၁၇၊ ၁၈) ဒါပေမဲ့ မစုံလင်တဲ့ သွေးသားလှုံ့ဆော်မှုအတိုင်း လုပ်ဆောင်ခြင်းအားဖြင့် “အပြစ်ကို ဘုရင်တစ်ပါးလို စိုးမိုးခွင့်” ပြုမိနိုင်တယ်။ အပြစ်ကို ဘုရင်တစ်ပါးလို စိုးမိုးခွင့် ပြုနိုင်သလို ငြင်းပယ်နိုင်တဲ့အတွက် ကျွန်တော်တို့ရဲ့စိတ်နှလုံးမှာ ဘာကို တကယ်ဖြစ်ချင်သလဲဆိုတဲ့ မေးခွန်း ပေါ်လာတယ်။ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ– ‘မစုံလင်တဲ့ သွေးသား စေညွှန်ရာဘက် လိုက်သွားလေ့ရှိသလား။ အပြစ်လမ်းစဉ်မှာ သေခဲ့ပြီလား။ ခရစ်တော်ယေရှုအားဖြင့် ဘုရားသခင်အတွက် အသက်ရှင်နေသလား။’ ကျွန်တော်တို့ကို ခွင့်လွှတ်ခဲ့တဲ့ ဘုရားသခင့် မဟာကရုဏာတော်ကို တကယ် ကျေးဇူးတင်လေးမြတ်မယ်ဆိုရင် ဘုရားနှစ်သက်ရာကို အတတ်နိုင်ဆုံး လုပ်ဆောင်ပါလိမ့်မယ်။ w16.12 ၁:၁၁၊ ၁၂
ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၂၂
စွမ်းအားတော်နဲ့ဆိုင်တဲ့ အရာတွေဆီ စိတ်ရောက်နေတာက . . . ငြိမ်သက်ခြင်းကို ရရှိစေနိုင်တယ်။—ရော. ၈:၆။
စိတ်ငြိမ်သက်မှုရရှိစေတဲ့ အချက်တစ်ချက်က မိသားစုဝင်တွေ၊ ညီအစ်ကို/မတွေနဲ့ သင့်မြတ်ဖို့ ကြိုးစားခြင်းပဲ။ ကိုယ်တိုင်ရော၊ ညီအစ်ကို/မတွေပါ မစုံလင်မှန်း သိထားကြတယ်။ မစုံလင်တဲ့အတွက် ပြဿနာတွေ ပေါ်လာနိုင်ပေမဲ့ “သင်၏ညီအစ်ကိုနှင့် သင့်မြတ်အောင် အရင်ပြုဦးလော့” ဆိုတဲ့ ယေရှုရဲ့ အကြံပြုချက်ကို လိုက်နာကြတယ်။ (မ. ၅:၂၄) “ငြိမ်သက်ခြင်း ပေးသနားတဲ့ ဘုရားသခင်” ကို ညီအစ်ကို/မတွေ ဝတ်ပြုနေမှန်း သတိရခြင်းက ယေရှုရဲ့ အကြံပြုချက်ကို လိုက်နာဖို့ လွယ်ကူစေတယ်။ (ရော. ၁၅:၃၃။ ၁၆:၂၀) တန်ဖိုးမဖြတ်နိုင်တဲ့ ငြိမ်သက်မှုတစ်မျိုး ရှိသေးတယ်။ “စွမ်းအားတော်နဲ့ဆိုင်တဲ့ အရာတွေဆီ စိတ်ရောက်နေ” မယ်ဆိုရင် ဖန်ဆင်းရှင်နဲ့ သင့်မြတ်မယ်။ “ဘုရားက အပြည့်အဝ မှီခိုတဲ့သူတွေကို ကာကွယ်စောင့်ရှောက်ပေးမယ်။ ယုံကြည်ကိုးစားတဲ့သူတွေကို တည်မြဲတဲ့ငြိမ်သက်မှု ပေးလိမ့်မယ်” ဆိုတဲ့ ဟေရှာယရဲ့ စကားက ဒီနေ့ခေတ်မှာ အကြီးစား ပြည့်စုံနေတယ်။—ဟေရှာ. ၂၆:၃။ ရော. ၅:၁။ w16.12 ၂:၅၊ ၁၈၊ ၁၉
ကြာသပတေးနေ့၊ ဩဂုတ် ၂၃
ဘုရားသခင်ကြောင့် အမြဲ ဝမ်းမြောက်ကြပါ။ —ဖိ. ၄:၄။
စာတန့် စနစ်ဆိုးရဲ့ ဒီနောက်ဆုံးကာလမှာတောင် မိမိလူမျိုးကို ယေဟောဝါ ကောင်းချီးပေးနေတယ်။ အဖွဲ့အစည်းထဲမှာ အသိပညာနဲ့ ပျော်ရွှင်မှု အလျှံပယ်ရရှိအောင် အသေအချာ ပြင်ဆင်ပေးနေတယ်။ (ဟေရှာ. ၅၄:၁၃) ယေရှု ကတိပေးခဲ့သလို တစ်ကမ္ဘာလုံးမှာရှိတဲ့ ညီအစ်ကို/မတွေနဲ့ ဖွဲ့စည်းထားတဲ့၊ မေတ္တာရှိတဲ့ မိသားစုအားဖြင့် လောလောဆယ် ယေဟောဝါ ကောင်းချီးပေးနေတယ်။ (မာ. ၁၀:၂၉၊ ၃၀) အဲဒီ အပြင် ဘုရားသခင်ကို ထက်သန်စွာ ရှာဖွေသူတွေဟာ စိတ်ငြိမ်သက်မှု၊ ရောင့်ရဲမှု၊ ပျော်ရွှင်မှုဆိုတဲ့ အနှိုင်းမဲ့ ကောင်းချီးတွေ ခံစားနေကြတယ်။ (ဖိ. ၄:၅-၇) “ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်ရွက်ပြီးနောက် ကတိတော်တွေကို ရရှိခံစား” ရမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ (ဟီ. ၁၀:၃၅၊ ၃၆) ဒါကြောင့် ယုံကြည်ခြင်းမှာ ဆက်ခိုင်မာနေပါ။ ယေဟောဝါအတွက် စိတ်နှလုံး အကြွင်းမဲ့ အမှုဆောင်ပါ။ ဒါဆိုရင် ယေဟောဝါ ဆုချမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။—ကော. ၃:၂၃၊ ၂၄။ w16.12 ၄:၁၇၊ ၂၀
သောကြာနေ့၊ ဩဂုတ် ၂၄
ယေဟောဝါရဲ့ စွမ်းအားတော် ရရှိသူတွေဟာ လွတ်လပ်မှု ရှိကြတယ်။—၂ ကော. ၃:၁၇။
အကန့်အသတ်ရှိတဲ့ ရွေးချယ်ပိုင်ခွင့်က တကယ် လွတ်လပ်ရဲ့လား။ လွတ်လပ်ပါတယ်။ ဘာကြောင့် အဲဒီ လိုပြောနိုင်သလဲ။ ကန့်သတ်ချက်တွေက လူတွေကို ကာကွယ်ပေးနိုင်တယ်။ ဥပမာ၊ အဝေးက မြို့တစ်မြို့ကို ကားမောင်းသွားမယ် ဆိုပါစို့။ ယာဉ်စည်းကမ်း မရှိ၊ လူတိုင်း ကိုယ်ကြိုက်တဲ့အမြန်နှုန်းအတိုင်း မောင်းချင်တဲ့လမ်းကြောကနေ မောင်းလို့ရတဲ့ အဝေးပြေးလမ်းပေါ်မှာ သွားရမယ်ဆိုရင် ဘေးကင်းလုံခြုံတယ်လို့ ခံစားရပါ့မလား။ ခံစားရမှာ မဟုတ်ပါဘူး။ စစ်မှန်တဲ့ လွတ်လပ်မှုရဲ့ ကောင်းကျိုးတွေကို ခံစားနိုင်ဖို့ ကန့်သတ်ချက်တွေ လိုအပ်တယ်။ ယေဟောဝါ ချမှတ်ထားတဲ့ စည်းဘောင်အတွင်း လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို အသုံးပြုတာက ပညာရှိကြောင်း ဖော်ပြတယ်။ အာဒံအကြောင်း သုံးသပ်ကြည့်ပါ။ တားမြစ်ထားတဲ့ အသီးကို စားခြင်းအားဖြင့် ဘုရားကန့်သတ်ထားတဲ့ ဘောင်ကို ကျော်ဖို့ အာဒံ ရွေးချယ်လိုက်တယ်။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို တလွဲ အသုံးပြုတဲ့အတွက် အာဒံရဲ့ မျိုးဆက် သန်းပေါင်းများစွာ ဆင်းရဲဒုက္ခတွေ ခံစားကြရတယ်။ (ရော. ၅:၁၂) အာဒံ့ဆုံးဖြတ်ချက်ရဲ့ အကျိုးဆက်တွေကို သိထားခြင်းက ကျွန်တော်တို့လည်း လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို ယေဟောဝါ ချမှတ်ထားတဲ့ ဘောင်အတွင်း တာဝန်သိစိတ်နဲ့ သုံးဖို့ လှုံ့ဆော်ခံရသင့်တယ်။ w17.01 ၂:၆-၈
စနေနေ့၊ ဩဂုတ် ၂၅
ခင်ဗျားတို့ယောက်တိုင်းကို ပြောချင်တယ်။ ကိုယ့်ကိုယ်ကိုယ် ထင်သင့်တာ ထက် ပိုပြီးမထင်ကြပါနဲ့။ —ရော. ၁၂:၃။
တာဝန်သစ်တစ်ခုရတဲ့အခါ ဆုတောင်းပြီး လက်တွေ့ကျကျ ဆန်းစစ်ခြင်းက ကိုယ့်လက်ရှိစွမ်းရည်တွေ၊ ကန့်သတ်ချက်တွေထက် မကျော်လွန်မိဖို့ ကူညီပေးပါလိမ့်မယ်။ ကျိုးနွံမှုက မလုပ်နိုင်တာကို ငြင်းဆန်တတ်အောင် ကူညီပေးနိုင်တယ်။ ဒါပေမဲ့ တာဝန်သစ်ကို လက်ခံတဲ့အခါ ယေဟောဝါရဲ့ လမ်းညွှန်မှုနဲ့ ကောင်းချီး မပါရင် မအောင်မြင်နိုင်မှန်း ဂိဒေါင်ရဲ့ ပုံနမူနာက အမှတ်ရစေတယ်။ ‘ဘုရားသခင်နဲ့အတူ ကျိုးနွံစွာ လျှောက်လှမ်းဖို့’ ကျွန်တော်တို့ကို ဖိတ်ခေါ်ထားတယ်။ (မိ. ၆:၈) အဲဒါကြောင့် တာဝန်သစ်တွေ လက်ခံတဲ့အခါတိုင်း ကျမ်းစာနဲ့ အဖွဲ့အစည်းကတစ်ဆင့် ယေဟောဝါ ပြောတာကို ဆုတောင်းစဉ်းစားဖို့ လိုတယ်။ ကိုယ့်ရဲ့ မတည်ငြိမ်တဲ့ ခြေလှမ်းတွေကို ယေဟောဝါရဲ့ တည်ငြိမ်တဲ့ လမ်းညွှန်မှုနဲ့ ချိန်ညှိတတ်အောင် သင်ယူရမယ်။ ကျွန်တော်တို့ “ချီးမြှောက်ခြင်းသို့ ရောက်” တာဟာ ကိုယ့်အစွမ်းအစကြောင့် မဟုတ်ဘဲ ယေဟောဝါရဲ့ နှိမ့်ချမှုကြောင့်ဆိုတာ သတိရပါ။ (ဆာ. ၁၈:၃၅) ဘုရားသခင်နဲ့ ကျိုးနွံစွာ လျှောက်လှမ်းခြင်းက ကိုယ့်ကိုယ်ကိုယ် အထင်မကြီးလွန်းဖို့၊ အထင်မသေးလွန်းဖို့ ကူညီပေးပါလိမ့်မယ်။ w17.01 ၃:၁၇၊ ၁၈
တနင်္ဂနွေနေ့၊ ဩဂုတ် ၂၆
သခင့်အတွက် ခင်ဗျားတို့ ကြိုးစားအားထုတ်နေတာတွေ အချည်းနှီးမဖြစ်မှန်း သိထား [ပါ။] —၁ ကော. ၁၅:၅၈။
မိမိရဲ့ မြေကြီးအမှုဆောင်လုပ်ငန်း ပြီးဆုံးသွားမယ်၊ ဒီလုပ်ငန်းကို တခြားသူတွေ ဆက်လုပ်ဆောင်ကြမယ်ဆိုတာ ယေရှု သိတယ်။ တပည့်တွေ မစုံလင်ပေမဲ့ သူတို့ကို ယုံကြည်စိတ်ချတယ်။ မိမိလုပ်ဆောင်ခဲ့တာထက် ပိုကြီးတဲ့အမှုတွေကို လုပ်ဆောင်ကြလိမ့်မယ်လို့ ပြောခဲ့တယ်။ (ယော. ၁၄:၁၂) ဆရာစားမချန် လေ့ကျင့်ပေးခဲ့တယ်။ တပည့်တွေဟာ အဲဒီ တုန်းက တစ်လောကလုံးမှာ သတင်းကောင်း ကြေညာနိုင်ခဲ့ကြတယ်။ (ကော. ၁:၂၃) ယေရှုဟာ ပူဇော်သကာအဖြစ် သေဆုံးပြီးနောက် ကောင်းကင်ကို ရှင်ပြန်ထမြောက်သွားတယ်။ အလုပ်တွေ ပိုလုပ်ဆောင်နိုင်ဖို့ “အစိုးရအာဏာစက်၊ တန်ခိုး၊ အုပ်ချုပ်မှုရှိသမျှထက် . . . သာလွန်မြင့်မြတ်” တဲ့အခွင့်အာဏာ ပေးအပ်ခံရတယ်။ (ဧ. ၁:၁၉-၂၁) ကျွန်တော်တို့ဟာ အာမဂေဒုန် မတိုင်ခင် သစ္စာရှိရှိ သေဆုံးသွားမယ်ဆိုရင် ဖြောင့်မတ်တဲ့ကမ္ဘာသစ်မှာ ပြန်အသက်ရှင်လာမယ်။ အဲဒီ မှာ ကျေနပ်ဖွယ် အလုပ်များစွာ ရှိပါမယ်။ အခုချိန်မှာ ကျွန်တော်တို့အားလုံး လုပ်ဆောင်နိုင်တဲ့ အရေးကြီးဆုံးအလုပ်ကတော့ သတင်းကောင်း ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းပါပဲ။ လူကြီးလူငယ်အားလုံး “သခင့်အလုပ်မှာ အမြဲအလုပ်များ” နေကြပါစို့။ w17.01 ၅:၁၇၊ ၁၈
တနင်္လာနေ့၊ ဩဂုတ် ၂၇
ငါဟာ ယေဟောဝါပဲ။ မပြောင်းလဲတတ်ဘူး။ —မာလ. ၃:၆။
ရွေးနုတ်ဖိုးကို အမြဲတမ်းအတွက် ပေးထားပြီးပြီ။ (ဟီ. ၉:၂၄-၂၆) အာဒံဆီက အမွေရထားတဲ့အပြစ်ကို လုံးဝ ဖယ်ရှားပစ်ပါလိမ့်မယ်။ ခရစ်တော်ရဲ့ ပူဇော်သက္ကာကြောင့် စာတန်ချုပ်ကိုင်ထားတဲ့ ဒီလောကရဲ့ ကျွန်ဘဝကနေ လွတ်မြောက်ပြီး သေခြင်းကို ကြောက်တဲ့စိတ်နဲ့ အသက်ရှင်စရာ မလိုတော့ဘူး။ ( ဟီ. ၂:၁၄၊ ၁၅) ဘုရားသခင့် ကတိတော်တွေဟာ လုံးလုံး ယုံကြည်စိတ်ချနိုင်ပါတယ်။ ဖန်ဆင်းခြင်းနိယာမတရားတွေ ဘယ်တော့မှ မပြောင်းလဲသလို ယေဟောဝါလည်း ဘယ်တော့မှ မပြောင်းလဲဘူး။ ကျွန်တော်တို့ကို အသက်လက်ဆောင်ပဲ ပေးတာ မဟုတ်ဘူး။ မေတ္တာလည်း ပေးတယ်။ “ကျွန်တော်တို့ကို ဘုရားသခင် ချစ်မြတ်နိုးမှန်း သိလည်းသိတယ်။ ယုံလည်းယုံတယ်။ ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာဖြစ်တယ်။” (၁ ယော. ၄:၁၆) ကမ္ဘာမြေတစ်ခုလုံး သာယာလှပတဲ့ ပရဒိသု ဖြစ်လာမယ်။ မြေကြီးပေါ်မှာရှိတဲ့သူတိုင်း ဘုရားသခင့် မေတ္တာကို တုပတင်ပြကြပါမယ်။ ဘုရားရဲ့ သစ္စာရှိ ကောင်းကင်သားတွေနဲ့အတူ ဒီလိုကြွေးကြော်ခွင့် ရကြမယ်– “ဘုရားသခင်က ချီးမွမ်းခြင်း၊ ဘုန်းအသရေ၊ ဉာဏ်ပညာ၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ အစွမ်းခွန်အားနဲ့ အစွမ်းသတ္တိကို အစဉ်ထာဝရ ရရှိပါစေ။ အာမင်။”—ဗျာ. ၇:၁၂။ w17.02 ၂:၁၆၊ ၁၇
အင်္ဂါနေ့၊ ဩဂုတ် ၂၈
ကိုယ်စိတ်နှစ်ပါးကို ညစ်ညူးစေတဲ့အရာ ရှိသမျှနဲ့ ကင်းစင်နေကြစို့။—၂ ကော. ၇:၁။
၁၉၇၃၊ ဇွန် ၁ ရက်ထုတ် ကင်းမျှော်စင်မှာ “ဆေးလိပ် မဖြတ်သူများသည် နှစ်ခြင်းခံရန် အရည်အချင်း ပြည့်မီသလော” လို့ မေးခွန်းထုတ်ထားတယ်။ အဖြေကတော့ “ကျမ်းစာအထောက်အထားအရ နှစ်ခြင်းမခံသင့်ကြောင်း ထင်ရှားသည်။” အဲဒီ ကင်းမျှော်စင်ထဲမှာ သက်ဆိုင်တဲ့ ကျမ်းချက်အတော်များများကို ကိုးကားပြီးနောက် နောင်တမယူတဲ့ ဆေးလိပ်သောက်သူကို နှင်ထုတ်သင့်တဲ့အကြောင်းရင်း ရှင်းပြထားတယ်။ (၁ ကော. ၅:၇) “ယင်းသည် တစ်ဖက်သတ်၊ အာဏာရှင်ဆန်ဆန် လုပ်ဆောင်ခြင်း မဟုတ်ပါ။ ဤတင်းကျပ်မှုသည် ကျမ်းစာမှတစ်ဆင့် မိမိအကြောင်း ဖော်ပြသော ဘုရားသခင်ထံမှဖြစ်သည်” လို့လည်း ဖော်ပြထားတယ်။ အမေရိကန်ပြည်ထောင်စုရှိ ဘာသာတရားဆိုင်ရာ စာအုပ်မှာ ဒီလိုဖော်ပြထားတယ်– “ခရစ်ယာန်ခေါင်းဆောင်တွေဟာ အသင်းသားတွေနဲ့ အသင်းအဖွဲ့ကြီးတွေ ထောက်ခံနေတဲ့ ယုံကြည်ချက်တွေ၊ အယူအဆတွေနဲ့ ကိုက်ညီအောင် မိမိတို့ရဲ့ သွန်သင်ချက်တွေကို အမြဲ ပြုပြင်ပြောင်းလဲလေ့ရှိတယ်။” အုပ်ချုပ်ရေးအဖွဲ့ကတော့ လူအများရဲ့ အကြိုက် လိုက်ပြီး မဆုံးဖြတ်ဘူး။ ဒီနေ့ ဘုရားလူမျိုးကို ဦးဆောင်နေတဲ့ ဘုရားသခင်ရဲ့ စကားတော် လမ်းညွှန်မှုကို ခံယူတယ်။ အသင်းသားတချို့အတွက် လိုက်နာဖို့ ခက်ခဲပေမဲ့ ဘုရားစကားတော်ကို အပြည့်အဝ အားထားချင်တဲ့ ဘာသာရေးအဖွဲ့အစည်းဆိုလို့ ယေဟောဝါသက်သေတွေအပြင် တခြား ရှိသေးလို့လား။ w17.02 ၄:၁၅
ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၂၉
ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်တဲ့သူဟာ နှိမ့်ချခံရမယ်။ နှိမ့်ချတဲ့သူကတော့ ချီးမြှောက်ခံရမယ်။—မ. ၂၃:၁၂။
အကြီးအကဲတွေဟာ အကျော်အမော်တွေလို ဆက်ဆံမခံကြတာက နှိမ့်ချမှုရှိကြောင်း အထောက်အထားပါပဲ။ ဒီနည်းအားဖြင့် ခေတ်သစ်နဲ့ ပထမရာစု ဘာသာရေး ခေါင်းဆောင်တွေနဲ့ ကွာခြားကြတယ်။ သူတို့နဲ့ပတ်သက်ပြီး ယေရှု ဒီလိုပြောခဲ့တယ်– “စားသောက်ပွဲဆိုရင် အထင်ပေါ်ဆုံးနေရာမှာ၊ တရားဇရပ်ဆိုရင် ရှေ့ဆုံးခုံမှာ ထိုင်ချင်တယ်။ စျေးမှာ ရိုရိုသေသေ နှုတ်ဆက်တာ ကို ခံချင်တယ်။ ဆရာ လို့အခေါ်ခံချင်တယ်။” (မ. ၂၃:၆၊ ၇) စစ်မှန်တဲ့ ခရစ်ယာန် သိုးထိန်းတွေဟာ ယေရှုရဲ့ ဒီစကားတွေကို နှိမ့်ချစွာ နာခံကြတယ်– “ခင်ဗျားတို့ကတော့ ဆရာလို့ အခေါ်မခံကြနဲ့။ ခင်ဗျားတို့မှာ ဆရာတစ်ယောက်ပဲ ရှိတယ်။ ခင်ဗျားတို့အားလုံးဟာ ညီအစ်ကိုတွေပဲ။ ပြီးတော့ ကမ္ဘာမြေပေါ်မှာ ဘယ်သူ့ကိုမှ အဖလို့ မခေါ်နဲ့။ ခင်ဗျားတို့မှာ ကောင်းကင်အဖ တစ်ပါးပဲ ရှိတယ်။ ခေါင်းဆောင်လို့လည်း အခေါ်မခံကြနဲ့။ ခင်ဗျားတို့မှာ ခရစ်တော်ဆိုတဲ့ ခေါင်းဆောင်တစ်ယောက်ပဲ ရှိတယ်။ ခင်ဗျားတို့ထဲက အကြီးမြတ်ဆုံးဖြစ်သူဟာ အစေခံဖြစ်ရမယ်။” (မ. ၂၃:၈-၁၁) ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အသင်းတော် အကြီးအကဲတွေကို သက်သေခံချင်းတွေ ဘာကြောင့် ချစ်ခင်လေးစားဂုဏ်တင်ကြမှန်း သဘောပေါက်နိုင်ပါတယ်။ w17.03 ၁:၁၄၊ ၁၅
ကြာသပတေးနေ့၊ ဩဂုတ် ၃၀
လူတိုင်း ကိုယ့်တာဝန်ကိုယ် ထမ်းရမှာဖြစ်လို့ပဲ။ —ဂလ. ၆:၅။
ကိုယ်ကြိုက်သလို ဆုံးဖြတ်နိုင်တယ်။ ပညာရှိပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေက ကျမ်းစာအသိပညာအပေါ် အခြေခံတယ်။ ဆုံးဖြတ်ရမယ့်တာဝန်ကို တခြားသူတွေဆီ မလွှဲအပ်သင့်ဘူး။ ဘုရားအမြင်မှာ မှန်ကန်တဲ့အရာကို သိအောင် ကိုယ်တိုင်သင်ယူ၊ ဆုံးဖြတ်သင့်တယ်။ ကိုယ့်အတွက် တခြားသူတွေကို ဆုံးဖြတ်စေတဲ့အန္တရာယ်ထဲ ဘယ်လို ကျရောက်မိနိုင်သလဲ။ ရွယ်တူချင်းဖိအားက မှားယွင်းတဲ့ ဆုံးဖြတ်ချက် ချမိစေနိုင်တယ်။ (ပညာ. ၁:၁၀၊ ၁၅) တခြားသူတွေ ဘယ်လောက်ပဲ ဖိအားပေးပါစေ ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ သိစိတ်အတိုင်း လိုက်လျှောက်ရမှာက ကိုယ့်တာဝန်ပဲ။ ကိုယ့်အတွက် တခြားသူတွေကို ဆုံးဖြတ်စေမယ်ဆိုရင် သူတို့နောက် “လိုက်” နေတာပဲ။ အဲဒါကလည်း ဆုံးဖြတ်ချက်ပဲ။ ဒါပေမဲ့ မမှန်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်။ ကိုယ်ရေးကိုယ်တာကိစ္စတွေအတွက် တခြားသူတွေကို ဆုံးဖြတ်စေတဲ့ အန္တရာယ်အကြောင်း ဂလာတိအသင်းသားတွေကို တမန်တော် ပေါလု ရှင်းရှင်း သတိပေးခဲ့တယ်။ (ဂလ. ၄:၁၇) အသင်းတော်မှာ တချို့က တခြားသူတွေအတွက် ဆုံးဖြတ်ပေးချင်ကြတယ်။ ရည်ရွယ်ချက်က တမန်တော်တွေနဲ့ ဝေးကွာစေဖို့ပဲ။ w17.03 ၂:၈-၁၀
သောကြာနေ့၊ ဩဂုတ် ၃၁
ယောရှိက လူငယ်လေးဖြစ်ပေမဲ့ နန်းစံ ၈ နှစ်မှာ ဘိုးဘေးဒါဝိဒ်ရဲ့ ဘုရားသခင်ကို စတင်ရှာဖွေတယ်။ နန်းစံ ၁၂ နှစ်မှာ ယုဒပြည်နဲ့ ဂျေရုဆလင်မြို့က အထွတ်အမြတ်နေရာတွေ၊ ကိုးကွယ်ရာသစ်တိုင်တွေ၊ ရုပ်တုတွေကို စတင်ဖယ်ရှားတယ်။—၂ ရာ. ၃၄:၃။
ယောရှိဟာ ဘုရားနှစ်သက်ရာကို လုပ်ဆောင်ရာမှာ စိတ်ထက်သန်ခဲ့တယ်။ ယောရှိလိုပဲ လူငယ်တွေလည်း ငယ်ငယ်ကတည်းက ယေဟောဝါကို ရှာဖွေသင့်တယ်။ နောင်တရတဲ့ ဘုရင်မနာရှေဟာ ဘုရားသခင့် ကရုဏာအကြောင်း ယောရှိကို သင်ပေးခဲ့တာ ဖြစ်နိုင်တယ်။ လူငယ်တို့၊ မိသားစုနဲ့ အသင်းတော်မှာရှိတဲ့ သစ္စာရှိအသက်ကြီးသူတွေနဲ့ တရင်းတနှီးနေပါ။ သူတို့အပေါ် ယေဟောဝါ ဘယ်လောက် ကောင်းခဲ့မှန်း သင်ယူပါ။ ကျမ်းစာဖတ်ခြင်းက ယောရှိရဲ့ စိတ်နှလုံးကို ထိမိပြီး လက်တွေ့လုပ်ဆောင်စေခဲ့တာ ကို အမှတ်ရပါ။ သင်လည်း ကျမ်းစာဖတ်ရှုမယ်ဆိုရင် လက်တွေ့လုပ်ဆောင်ဖို့ လှုံ့ဆော်ခံရနိုင်တယ်။ ပျော်ရွှင်မှု တိုးများစေနိုင်တယ်။ ဘုရားသခင်နဲ့ ဆက်ဆံရေး ကောင်းလာစေနိုင်တယ်။ ဘုရားသခင်ကို ရှာအောင် တခြားသူတွေကို ကူညီပေးဖို့ တွန်းအားပေးနိုင်တယ်။ (၂ ရာ. ၃၄:၁၈၊ ၁၉) ကျမ်းစာလေ့လာခြင်းက အမှုဆောင်လုပ်ငန်းမှာ တိုးတက်နိုင်မယ့် နည်းလမ်းတွေကို သိရှိစေနိုင်တယ်။ သိလာပြီဆိုရင် ယောရှိလိုပဲ လက်တွေ့ကျင့်သုံးပါ။ w17.03 ၃:၁၈၊ ၁၉