ဇူလိုင်
တနင်္ဂနွေနေ့၊ ဇူလိုင် ၁
ကတိပေးပြီးပြီဆိုရင် ကတိအတိုင်းသာ လုပ်ပါ။—သူကြီး. ၁၁:၃၆။
ယေဖသရဲ့ သမီးဟာ ယေဟောဝါရဲ့ အမှုတော်ကို ထမ်းဆောင်နိုင်ဖို့ အိမ်ထောင်ပြုချင်တဲ့၊ သားသမီးလိုချင်တဲ့ ပင်ကိုဆန္ဒကို စွန့်လွှတ်ခဲ့တယ်။ သူ့ရဲ့ စွန့်လွှတ်အနစ်နာခံလိုစိတ်ကို ကျွန်တော်တို့ ဘယ်လို တုပနိုင်သလဲ။ ခရစ်ယာန်လူငယ် အမျိုးသား၊ အမျိုးသမီး ထောင်ပေါင်းများစွာဟာ အနည်းဆုံး အခုအချိန်မှာ အိမ်ထောင်ပြုဖို့ ဒါမှမဟုတ် သားသမီးယူဖို့ ကိစ္စကို လိုလိုလားလား စွန့်လွှတ်အနစ်နာခံနေကြတယ်။ ဘာကြောင့်လဲဆိုတော့ ယေဟောဝါရဲ့ အမှုတော်ကို ပိုအာရုံစိုက်လုပ်ဆောင်ချင်ကြလို့ပဲ။ အသက်ကြီးသူများစွာလည်း သားသမီးတွေ၊ မြေးတွေနဲ့ အသုံးပြုမယ့်အချိန်ကို စွန့်လွှတ်အနစ်နာခံနေကြတယ်။ အဲဒီ အချိန်ကို ဘုရားသခင့်အဖွဲ့အစည်းရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ပါဝင်ဖို့၊ သတင်းကောင်းဟောပြောသူများအတွက်သင်တန်း တက်ဖို့၊ ပိုလိုအပ်တဲ့ဒေသကို ပြောင်းရွှေ့အမှုဆောင်ဖို့ အသုံးပြုနေကြတယ်။ တချို့ကျတော့ ဟောပြောခြင်းကင်ပိန်းတွေမှာ ပါဝင်ဖို့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဘေးဖယ်ထားကြတယ်။ အဲဒီ လို မေတ္တာပါပါ စွန့်လွှတ်အနစ်နာခံတာ ကို ယေဟောဝါ သိပ်နှစ်သက်ပြီး ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ (ဟီ. ၆:၁၀-၁၂) သင်ကော ယေဟောဝါကို ပိုအပြည့်အဝ အမှုဆောင်ဖို့ စွန့်လွှတ်အနစ်နာခံနိုင်မလား။ w16.04 ၁:၁၆၊ ၁၇
တနင်္လာနေ့၊ ဇူလိုင် ၂
သိုးတစ်အုပ်တည်း၊ သိုးထိန်းတစ်ယောက်တည်း ဖြစ်လိမ့်မယ်။—ယော. ၁၀:၁၆။
ယေရှုက ကိုယ့်ကိုယ်ကိုယ် သိုးထိန်းအဖြစ်၊ တပည့်တွေကို သိုးအုပ်အဖြစ် ခိုင်းနှိုင်းခဲ့တယ်။ ဒီအချက်ကို စဉ်းစားကြည့်ပါ– သိုးနှစ်ကောင်က တောင်ပေါ်မှာ၊ နောက်နှစ်ကောင်က ချိုင့်ဝှမ်းထဲမှာ၊ နောက်တစ်ကောင်က တခြားတစ်နေရာမှာ ကျက်စားနေတယ်ဆိုပါစို့။ အဲဒီ သိုးငါးကောင်ကို သိုးအုပ်လို့ ခေါ်နိုင်မလား။ မခေါ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သိုးအုပ်ဆိုတာ သိုးထိန်းရဲ့ ဂရုစိုက်စောင့်ရှောက်မှုအောက်မှာ အမြဲ အတူရှိနေလို့ပဲ။ အဲဒီ လိုပဲ ကျွန်တော်တို့လည်း အစည်းအဝေးတွေ မတက်ဘဲ တစ်သီးပုဂ္ဂလ မနေသင့်ဘူး။ “သိုးထိန်းတစ်ယောက်” ရဲ့ လက်အောက်မှာရှိတဲ့ “သိုးတစ်အုပ်” ထဲမှာ ပါဝင်နိုင်ဖို့ဆိုရင် အတူစည်းဝေးဖို့ လိုအပ်တယ်။ အစည်းအဝေးတွေက ညီအစ်ကိုညီအစ်မတွေနဲ့ စည်းလုံးနေဖို့ ကူညီပေးတယ်။ (ဆာ. ၁၃၃:၁) ညီအစ်ကိုညီအစ်မတချို့ဟာ မိဘ၊ မောင်နှမစတဲ့ မိသားစုဝင်တွေရဲ့ စွန့်ပစ်မှုခံရသူတွေ ဖြစ်တယ်။ ဒါပေမဲ့ သူတို့ကို ချစ်ပြီး ဂရုစိုက်တဲ့ ပုံဆောင်မိသားစုကို ပြန်ရရှိမယ်လို့ ယေရှု ကတိပေးထားတယ်။ (မာ. ၁၀:၂၉၊ ၃၀) သင်ဟာ အစည်းအဝေး ပုံမှန်တက်ရောက်ခြင်းအားဖြင့် အဲဒီ ညီအစ်ကိုညီအစ်မတွေရဲ့ အဖေ၊ အမေ၊ မောင်နှမ ဖြစ်လာနိုင်ပါတယ်။ ဒီအချက်က အစည်းအဝေးအားလုံးကို အတတ်နိုင်ဆုံး ကြိုးစားတက်ဖို့ သင့်ကို လှုံ့ဆော်ပေးတယ်မဟုတ်လား။ w16.04 ၃:၉၊ ၁၀
အင်္ဂါနေ့၊ ဇူလိုင် ၃
ခင်ဗျားတို့ မတ်တတ်ရပ်ပြီး ဆုတောင်းတဲ့အခါ တစ်ယောက်ယောက်ကို မကျေနပ်စရာ အကြောင်းရှိရင် ခွင့်လွှတ်လိုက်ပါ။ ဒါဆိုရင် ကောင်းကင်အဖက ခင်ဗျားတို့ရဲ့ အပြစ်တွေကို ခွင့်လွှတ်လိမ့်မယ်။ —မာ. ၁၁:၂၅။
ဆုတောင်းတာ၊ အစည်းအဝေးတက်တာ၊ အမှုဆောင်လုပ်ငန်းမှာ ပါဝင်တာ တွေက ယေဟောဝါကို ဝတ်ပြုနေတာဖြစ်တယ်။ ဒါပေမဲ့ တခြားသူတွေနဲ့ သင့်မြတ်အောင် မလုပ်ဆောင်ဘူးဆိုရင် ကျွန်တော်တို့ရဲ့ ဝတ်ပြုမှုကို ယေဟောဝါ လက်ခံမှာမဟုတ်ဘူး။ တခြားသူတွေရဲ့ အမှားတွေကို ကျွန်တော်တို့ ခွင့်မလွှတ်ရင် ယေဟောဝါရဲ့ မိတ်ဆွေ မဖြစ်နိုင်ဘူး။ (လု. ၁၁:၄။ ဧ. ၄:၃၂) အချင်းချင်းခွင့်လွှတ်ဖို့၊ သင့်သင့်မြတ်မြတ်နေဖို့ ကျေးကျွန်အားလုံးဆီကနေ ယေဟောဝါ မျှော်လင့်တယ်။ ဒါကြောင့် ‘ညီအစ်ကိုညီအစ်မတွေကို ငါ ချက်ချင်း ခွင့်လွှတ်သလား။ သူတို့နဲ့ ပေါင်းသင်းဆက်ဆံရတာ ငါ ပျော်သလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ ဒီကိစ္စမှာ ပိုတိုးတက်ဖို့ လိုနေမှန်း သိလာရင် ယေဟောဝါဆီ ဆုတောင်းပါ။ အဲဒီ လို နှိမ့်ချတဲ့ဆုတောင်းချက်တွေကို ကျွန်တော်တို့ရဲ့ ကောင်းကင်ဖခင် နားထောင်ဖြေကြားပေးပါလိမ့်မယ်။—၁ ယော. ၅:၁၄၊ ၁၅။ w16.05 ၁:၆၊ ၇
ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၄
နိုင်ငံတော်သတင်းကောင်းကို . . . ဟောပြောရလိမ့်မယ်။—မ. ၂၄:၁၄။
ဟောပြောခြင်းလုပ်ငန်းကို ဘယ်လောက်ကြာကြာ ဆက်လုပ်ရမလဲ။ အဆုံးမရောက်မချင်း ဟောရမယ်လို့ ယေရှု ပြောတယ်။ နောက်ဆုံးကာလတစ်လျှောက် ဟောပြောခြင်းလုပ်ငန်းကို စွဲစွဲမြဲမြဲ လုပ်ဆောင်နိုင်တာဟာ ကျွန်တော်တို့မှာ ယေဟောဝါရဲ့ သန့်ရှင်းသောစွမ်းအားတော် ရှိနေလို့ပဲ။ (တ. ၁:၈။ ၁ ပေ. ၄:၁၄) “ငါတို့မှာလည်း သန့်ရှင်းသောဝိညာဉ်တော် ရှိတာပဲ” လို့ ဘာသာရေးအုပ်စုတချို့ ပြောကောင်းပြောမယ်။ ဒါပေမဲ့ ဒီနောက်ဆုံးကာလအတွင်း ယေဟောဝါသက်သေတွေ လုပ်ဆောင်နေတဲ့ လုပ်ငန်းကို သူတို့ လုပ်ဆောင်နိုင်သလား။ ကျွန်တော်တို့လို ဟောပြောဖို့ ဘာသာရေးအုပ်စုတချို့ ကြိုးစားပေမဲ့ မအောင်မြင်ဘူး။ တချို့ကလည်း ခဏလောက်ပဲ ဟောပြောချင်ကြတယ်။ တချို့ကျတော့ တစ်အိမ်တက်ဆင်းသွားပေမဲ့ နိုင်ငံတော် သတင်းကောင်း မဟောကြဘူး။ ဒါကြောင့် ယေရှုအစပြုခဲ့တဲ့လုပ်ငန်းကို သူတို့ မလုပ်ဆောင်နေတာ ထင်ရှားတယ်။ w16.05 ၂:၁၃၊ ၁၆
ကြာသပတေးနေ့၊ ဇူလိုင် ၅
ညီအစ်ကိုတို့ . . . အမြဲ ရွှင်လန်းကြပါ။ လိုအပ်သလို ပြုပြင်ပြောင်းလဲကြပါ။ နှစ်သိမ့်မှုကို ခံယူကြပါ။ တစ်စိတ်တစ်သဘောတည်း ဖြစ်ကြပါ။ သင့်သင့်မြတ်မြတ် နေကြပါ။—၂ ကော. ၁၃:၁၁။
“လှည့်ဖြားတတ်တဲ့ အလိုဆန္ဒတွေကြောင့် ယိုယွင်းနေတဲ့ စရိုက်ဟောင်း၊ ဘဝလမ်းစဉ်ဟောင်းကို ချွတ်ပယ်ဖို့ သင်ယူခဲ့ရတာပါ။ ဒါကြောင့် ခင်ဗျားတို့က စိတ်သဘောကို အသစ်ဖြစ်အောင် အမြဲပြုပြင်နေရမယ်။ စစ်မှန်တဲ့ ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်သိခြင်းနဲ့အညီ အလိုတော်အတိုင်း ဘုရားသခင်ဖန်ဆင်းတဲ့ စရိုက်သစ်ကိုလည်း ဝတ်ဆင်ရမယ်” လို့ တမန်တော်ပေါလု ပြောတယ်။ (ဧ. ၄:၂၂-၂၄) ဆိုလိုတာက ပြုပြင်ပြောင်းလဲဖို့၊ ‘စရိုက်သစ်ကို ဝတ်ဆင်’ ဖို့ ဆက်ကြိုးစားနေရမယ် ဆိုတဲ့သဘောဖြစ်တယ်။ ဒါကြောင့် ယေဟောဝါကို ဝတ်ပြုလာတာ ဘယ်လောက်ကြာနေပါစေ စရိုက်သစ်မှာပါဝင်တဲ့ ခရစ်ယာန်အရည်အသွေးတွေကို ဆက်မွေးမြူနေရမယ်။ အဲဒီ လိုဖြစ်နိုင်အောင် ကျမ်းစာက ကူညီပေးနိုင်ပါတယ်။ w16.05 ၄:၈၊ ၉
သောကြာနေ့၊ ဇူလိုင် ၆
ယေဟောဝါကလည်း ချစ်ရတဲ့သူတွေကို ပဲ့ပြင်တတ်တယ်။—ပညာ. ၃:၁၂။
ပုံဆောင်ပရဒိသုမှာလည်း အသက်ရှင်နေရတယ်။ အဲဒါက ကျွန်တော်တို့ကို ပုံသွင်းပေးဖို့ ဒီနေ့ခေတ်မှာ ယေဟောဝါ ဖန်တီးထားတဲ့ အထူးဝန်းကျင်အနေအထား ဖြစ်တယ်။ (ဟေရှာ. ၆၄:၈) ဒါကြောင့် ဆိုးသွမ်းတဲ့လောကမှာ နေထိုင်ရပေမဲ့ ကျွန်တော်တို့ ဘေးကင်းလုံခြုံနေတယ်။ ယေဟောဝါဘုရားသခင်ကို သိရှိလာပြီး ဘုရားဆီက ဖခင်မေတ္တာကို ခံစားနေရတယ်။ (ယာ. ၄:၈) ကမ္ဘာသစ်မှာ ပုံဆောင်ပရဒိသုရဲ့ အကျိုးကျေးဇူးတွေကို ကျွန်တော်တို့ အပြည့်အဝ ခံစားရပါလိမ့်မယ်။ ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်တဲ့ ပကတိပရဒိသုမှာလည်း အသက်ရှင်ကြရမယ်။ အဲဒီ အချိန်မှာ ကျွန်တော်တို့ကို ယေဟောဝါ ဆက်ပုံသွင်းပေးပြီး သွန်သင်ပေးပါလိမ့်မယ်။ ဘယ်လောက်အတိုင်းအတာနဲ့ သွန်သင်ပေးမယ်ဆိုတာ အခုအချိန်မှာ စဉ်းစားဖို့ ဉာဏ်မမီနိုင်ဘူး။ (ဟေရှာ. ၁၁:၉) ကိုယ်ရောစိတ်ပါ ပြည့်ဝစုံလင်လာအောင် ယေဟောဝါ ပြုလုပ်ပေးလိမ့်မယ်။ အဲဒီ အခါ ဘုရားသခင့် ညွှန်ကြားချက်တွေကို နားလည်ဖို့၊ အပြည့်အဝနာခံဖို့ ပိုလွယ်ကူလာပါလိမ့်မယ်။ ဒါကြောင့် ယေဟောဝါရဲ့ ပုံသွင်းမှုကို ဆက်ပြီးလက်ခံကြပါစို့။ ကျွန်တော်တို့ကို ပုံသွင်းခြင်းအားဖြင့် ယေဟောဝါ မေတ္တာပြနေတာကို တန်ဖိုးထားကြောင်း ဖော်ပြကြပါစို့။ w16.06 ၁:၈၊ ၉
စနေနေ့၊ ဇူလိုင် ၇
အစ္စရေးတို့၊ နားထောင်ကြ။ ကျွန်တော်တို့ရဲ့ ဘုရားသခင် ယေဟောဝါဟာ တစ်ဆူတည်းသော ယေဟောဝါပဲ။—တရား. ၆:၄။
တရားဟောရာ ၆:၄ မှာပါတဲ့ စကားတွေဟာ ဘီစီ ၁၄၇၃ မှာ အစ္စရေးလူမျိုးကို မောရှေပြောခဲ့တဲ့ နောက်ဆုံးအမှာစကားထဲမှာ ပါဝင်တယ်။ အဲဒီ တုန်းက အစ္စရေးတွေဟာ မောဘလွင်ပြင်မှာ ရောက်ရှိနေပြီး ဂျော်ဒန်မြစ်ကို ကူးဖို့၊ ကတိထားရာပြည်ကို သိမ်းပိုက်ဖို့ အသင့်ဖြစ်နေကြတယ်။ (တရား. ၆:၁) အစ္စရေးတွေကို မောရှေ ဦးဆောင်လာခဲ့တာ နှစ်ပေါင်း ၄၀ ရှိပြီ။ ရှေ့မှာကြုံရမယ့် အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ သူတို့ကို မောရှေ သတ္တိရှိစေချင်တယ်။ ယေဟောဝါကို ဘုရားသခင်အဖြစ် သူတို့ ယုံကြည်ကိုးစားဖို့၊ သစ္စာရှိဖို့ လိုအပ်တယ်။ မောရှေရဲ့ နောက်ဆုံးအမှာစကားတွေက သူတို့အတွက် အားပေးမှုဖြစ်ခဲ့မှာ သေချာတယ်။ ပညတ်တော်ဆယ်ပါးနဲ့ တခြားပညတ်တွေကို ပြောပြီးနောက် တရားဟောရာ ၆:၄၊ ၅ မှာပါတဲ့ စကားတွေကို မောရှေပြောခဲ့တယ်။ ယေဟောဝါဟာ ‘တစ်ဆူတည်းသော ယေဟောဝါ’ ဖြစ်တယ်ဆိုတာ အစ္စရေးတွေ မသိဘူးလား။ သိတာပေါ့။ ဘိုးဘေးတွေဖြစ်တဲ့ အာဗြဟံ၊ အိဇက်၊ ယာကုပ်တို့ ကိုးကွယ်ခဲ့တဲ့ တစ်ဆူတည်းသောဘုရားကိုပဲ သစ္စာရှိအစ္စရေးတွေ ကိုးကွယ်ကြတယ်။ w16.06 ၃:၂၊ ၃
တနင်္ဂနွေနေ့၊ ဇူလိုင် ၈
အဲဒီ နေ့၊ အဲဒီ အချိန်ကို ဘယ်သူမှ မသိဘူး။ ကောင်းကင်တမန်တွေလည်း မသိဘူး။ သားဖြစ်သူ ကျွန်တော်လည်း မသိဘူး။ အဖဘုရားပဲ သိတယ်။—မ. ၂၄:၃၆။
ယေရှု မြေကြီးပေါ်ရှိတုန်းက ဒီစကားတွေကို ပြောခဲ့တယ်။ ဒါပေမဲ့ အာမဂေဒုန်စစ်ပွဲကို ယေရှု ဦးဆောင်မှာဖြစ်လို့ စမယ့်အချိန်ကို အခု သိနေပြီလို့ ကျွန်တော်တို့ ကောက်ချက်ချနိုင်တယ်။ (ဗျာ. ၁၉:၁၁-၁၆) ကျွန်တော်တို့ကတော့ နေ့ရက်၊ အချိန်ကို မသိသေးဘူး။ ဒါကြောင့် သတိနဲ့စောင့်နေဖို့ သိပ်အရေးကြီးတယ်။ ကြီးစွာသောဒုက္ခစမယ့် အချိန်အတိအကျကို ယေဟောဝါ သတ်မှတ်ပြီးပြီဖြစ်လို့ တစ်ရက်ပြီးတစ်ရက် ပိုနီးလာပြီ။ ‘နောက်ကျမှာ မဟုတ်ဘူး။’ (ဟဗ. ၂:၁-၃) ဘာကြောင့် ဒီလောက် သေချာပြောနိုင်တာလဲ။ယေဟောဝါရဲ့ ပရောဖက်ပြုချက်တွေဟာ အမြဲ အချိန်ကိုက် ပြည့်စုံတယ်။ ကြီးစွာသောဒုက္ခကနေ မိမိလူမျိုးကို ကယ်တင်ပြီး ကမ္ဘာသစ်မှာ ထာဝရအသက်ပေးမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ အဲဒီ ကတိ ပြည့်စုံမယ်ဆိုတာ ကျွန်တော်တို့ စိတ်ချနိုင်တယ်။ ဒါကြောင့် ကမ္ဘာသစ်မှာနေချင်ရင် သတိနဲ့စောင့်နေရမယ်။ w16.07 ၂:၄-၆
တနင်္လာနေ့၊ ဇူလိုင် ၉
တခြားသူတွေ သခင့်ကို စွန့်ခွာသွားရင်တောင် ကျွန်တော်ကတော့ မစွန့်ဘူး။—မာ. ၁၄:၂၉။
အခက်အခဲကြုံချိန်မှာ တမန်တွေ ယေရှုကို စွန့်သွားကြတယ်။ တခြားသူတွေ စွန့်ရင်တောင် သူကတော့ မစွန့်ဘူးလို့ ပေတရု အစောပိုင်းက ပြောခဲ့တယ်။ (မာ. ၁၄:၂၇-၃၁၊ ၅၀) တကယ်တမ်း ယေရှုအဖမ်းခံရတဲ့အခါ ပေတရုအပါအဝင် တမန်တော်အားလုံး စွန့်ခွာထွက်ပြေးကြတယ်။ အဲဒီ နောက် ယေရှုကို မသိပါဘူးလို့ သုံးကြိမ်တိတိ ပေတရု ငြင်းဆိုခဲ့တယ်။ (မာ. ၁၄:၅၃၊ ၅၄၊ ၆၆-၇၂) ဒါပေမဲ့ သူ့လုပ်ရပ်ကို အကြီးအကျယ် နောင်တရတဲ့အတွက် သူ့ကို ယေဟောဝါ ခွင့်လွှတ်ပြီး ဆက်အသုံးပြုခဲ့တယ်။ သင်သာ အဲဒီ တုန်းက တပည့်တစ်ယောက်ဖြစ်မယ်ဆိုရင် ပေတရုရဲ့လုပ်ရပ်ကြောင့် ယေဟောဝါအပေါ် သစ္စာစောင့်သိမှု ထိခိုက်သွားမလား။ အခုချိန်မှာ ယေဟောဝါဟာ သနားကြင်နာတတ်ပြီး လူတစ်ယောက် နောင်တရဖို့ စောင့်နေတာဖြစ်နိုင်တယ်လို့ သင် ယူမှတ်မလား။ ကြီးလေးတဲ့အပြစ် ကျူးလွန်သူတွေဟာ ယေဟောဝါရဲ့ ကြင်နာမှုကို လျစ်လျူရှုပြီး နောင်တမယူတဲ့အခါတွေ ရှိနိုင်တယ်။ သူတို့ကို အချိန်တန်တဲ့အခါ ယေဟောဝါ စီရင်မယ်၊ အသင်းတော်ကနေတောင် ဖယ်ရှားပစ်နိုင်တယ်ဆိုတာ သင် ယုံကြည်စိတ်ချမလား။ ယေဟောဝါရဲ့လုပ်ရပ် အမြဲမှန်ကန်၊ မျှတတယ်ဆိုတာ သင် ယုံကြည်သလား။ w16.06 ၄:၈၊ ၉
အင်္ဂါနေ့၊ ဇူလိုင် ၁၀
သခင်ယေရှုခရစ်ရော . . . အဖဘုရားသခင်ကပါ ခင်ဗျားတို့ကို နှစ်သိမ့်ပေးပြီး ခိုင်ခံ့မြဲမြံအောင် လုပ်ပေးပါစေ။—၂ သက်. ၂:၁၆၊ ၁၇။
စိတ်ဖိစီးမှု ကြုံရတိုင်း ယေဟောဝါရဲ့ နှစ်သိမ့်မှု ခံစားရတာ တကယ့်ကောင်းချီးပဲ။ (ဆာ. ၅၁:၁၇) သက်သာလောနိတ်မြို့က ခရစ်ယာန်တွေ နှိပ်စက်ညှဉ်းပန်းမှု ကြုံရတဲ့အခါ ဒီနေ့ကျမ်းချက်ပါ စကားတွေကို ပေါလုပြောခဲ့တယ်။ ကျွန်တော်တို့ကို ယေဟောဝါ ချစ်ပြီး ဂရုစိုက်မှန်း သိရတာ အားရှိစရာပဲ။ အပြစ်သားတွေဖြစ်လို့ ယေဟောဝါရဲ့ အကူအညီမပါဘဲ ကျွန်တော်တို့ မျှော်လင့်ချက် မရှိနိုင်ဘူး။ (ဆာ. ၄၉:၇၊ ၈) ဒါပေမဲ့ အံ့ဖွယ်မျှော်လင့်ချက်ကို ယေဟောဝါ ပေးထားတယ်။ ‘သားတော်ကို အသိအမှတ်ပြုပြီး ယုံကြည်သက်ဝင်သူတွေ ထာဝရအသက်ရဖို့ အဖဘုရား ဆန္ဒရှိတယ်’ လို့ ယေရှု ပြောတယ်။ (ယော. ၆:၄၀) ယေဟောဝါရဲ့ မဟာကရုဏာကြောင့်သာ ထာဝစဉ်အသက်ရှင်ဖို့ ကျွန်တော်တို့ မျှော်လင့်ချက် ရှိလာတယ်။ ‘ဘုရားသခင်က လူအမျိုးမျိုးကို ကယ်တင်ခြင်းရစေဖို့ မဟာကရုဏာကို ဖော်ပြခဲ့ပြီ’ လို့ ပေါလုပြောတယ်။—တိ. ၂:၁၁။ w16.07 ၃:၁၄၊ ၁၅
ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၁၁
ငယ်ပေါင်းဇနီးကို သစ္စာမဖောက်ကြနဲ့။ —မာလ. ၂:၁၅။
ဒီနေ့ခေတ် ယေဟောဝါရဲ့ လူမျိုးအလယ်မှာ အိမ်ထောင်ရေးသစ္စာဖောက်မှုကို လက်မခံဘူး။ ဒါပေမဲ့ နှစ်ခြင်းခံပြီးသား အိမ်ထောင်သည်တစ်ယောက်က တခြားတစ်ယောက်ရဲ့ အိမ်ထောင်ဖက်နဲ့ ခိုးပြေးတယ်၊ အရင်အိမ်ထောင်နဲ့ ကွာရှင်းပြီးနောက် အဲဒီ တစ်ယောက်နဲ့ လက်ထပ်လိုက်တယ် ဆိုပါစို့။ နောင်တမယူဘူးဆိုရင် အသင်းတော်ရဲ့ သန့်ရှင်းမှုကို ထိန်းသိမ်းဖို့ သူ့ကို နှင်ထုတ်ပါလိမ့်မယ်။ (၁ ကော. ၅:၁၁-၁၃) အသင်းတော်မှာ ပြန်လက်မခံခင် “နောင်တနှင့် ထိုက်တန်သောအကျင့်များကို” သူ တင်ပြရမယ်။ (လု. ၃:၈။ ၂ ကော. ၂:၅-၁၀) ဘယ်လောက်ကြာပြီးမှ ပြန်လက်ခံရမယ်ဆိုတဲ့ အချိန်သတ်မှတ်ချက် မရှိဘူး။ တကယ်နောင်တရကြောင်း တင်ပြဖို့ တစ်နှစ် ဒါမှမဟုတ် တစ်နှစ်ထက်မက လိုအပ်နိုင်တယ်။ အသင်းတော်ထဲ ပြန်ရောက်လာပြီဆိုရင်တောင် “ဘုရားသခင်ရဲ့ တရားပလ္လင်ရှေ့” မှာ စာရင်းရှင်းဖို့ သူ့မှာ တာဝန်ရှိနေတုန်းပဲ။—ရော. ၁၄:၁၀-၁၂။ w16.08 ၁:၁၂၊ ၁၃
ကြာသပတေးနေ့၊ ဇူလိုင် ၁၂
ကြီးကြပ်မှူးဖြစ်ဖို့ ကြိုးစားတက်လှမ်းနေသူဟာ မွန်မြတ်တဲ့အလုပ်ကို လိုလားတဲ့သူပဲ။ —၁ တိ. ၃:၁။
ကြီးကြပ်မှူးဖြစ်ဖို့ “ကြိုးစားတက်လှမ်းနေသူ” တွေကို တမန်တော်ပေါလု ချီးမွမ်းထားတယ်။ အဝေးမှာရှိတာတစ်ခုခုကို လှမ်းမီဖို့ဆိုရင် လက်ဆန့်ပြီး ကြိုးစားယူဖို့ လိုအပ်တယ်။ ညီအစ်ကိုတစ်ယောက်က အမှုထမ်းအဖြစ် အရည်အချင်း ပြည့်မီချင်တယ် ဆိုပါစို့။ ဒါဆို ခရစ်ယာန်အရည်အသွေးတွေ တိုးတက်အောင် လုပ်ရမယ်ဆိုတာ သူ သိတယ်။ အမှုထမ်းဖြစ်လာပြီဆိုရင်လည်း ကြီးကြပ်မှူးအဖြစ် အရည်အချင်း ပြည့်မီနိုင်ဖို့ ဆက်ကြိုးစားရမယ်။ ညီအစ်ကိုညီအစ်မတချို့က ယေဟောဝါရဲ့ လုပ်ငန်းမှာ ပိုပါဝင်ချင်လို့ ဘဝမှာ အပြောင်းအလဲတွေ ပြုလုပ်ကြတယ်။ ရှေ့ဆောင်လုပ်ချင်တာ ၊ ဗေသလမှာ အမှုဆောင်ချင်တာ ၊ နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေးမှာ ကူညီချင်တာ ဖြစ်နိုင်တယ်။ w16.08 ၃:၃၊ ၄
သောကြာနေ့၊ ဇူလိုင် ၁၃
သူတို့ဟာ ကိုယ်တော့်ကျွန်တွေ၊ ကိုယ်တော့်လူတွေပါ။ ကြီးမားတဲ့တန်ခိုး၊ အားကြီးတဲ့လက်ရုံးနဲ့ ရွေးယူလာခဲ့သူတွေပါ။—နေ. ၁:၁၀။
နေဟမိ ဂျေရုဆလင်ကို သွားတဲ့အခါ ဘယ်လိုခံစားရမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ မြို့ဟာ အကာအကွယ် မဲ့နေတယ်။ ဂျူးတွေ စိတ်ဓာတ်ကျနေတယ်။ တိုင်းတစ်ပါး ဆန့်ကျင်သူတွေရဲ့ ခြိမ်းခြောက်မှုကြောင့် ဂျူးတွေ လက်အားလျော့ပြီး ဂျေရုဆလင်မြို့ရိုးကို ဆက်မဆောက်ကြတော့ဘူး။ ဒီအခြေအနေကြောင့် နေဟမိ လက်အားလျော့ပြီး စိတ်ဓာတ်ကျသွားသလား။ မကျခဲ့ပါဘူး။ မောရှေ၊ အာသနဲ့ တခြား သစ္စာရှိကျေးကျွန်တွေလိုပဲ ယေဟောဝါဆီ အားကိုးတကြီး ဆုတောင်းခဲ့တယ်။ (ထွ. ၁၇:၈-၁၃။ ၂ ရာ. ၁၄:၈-၁၃) ယေဟောဝါလည်း အဖြေပေးခဲ့တယ်။ “ကြီးမားတဲ့တန်ခိုး၊ အားကြီးတဲ့လက်ရုံး” ကိုသုံးပြီး ဂျူးတွေကို ခွန်အားပေးခဲ့တယ်။ (နေ. ၂:၁၇-၂၀။ ၆:၉) အခုချိန်မှာလည်း “ကြီးမားတဲ့တန်ခိုး၊ အားကြီးတဲ့လက်ရုံး” ကိုသုံးပြီး မိမိရဲ့ကျေးကျွန်တွေကို ယေဟောဝါ အားရှိစေတယ်ဆိုတာ သင်ယုံကြည်ပါသလား။ w16.09 ၁:၉
စနေနေ့၊ ဇူလိုင် ၁၄
ဘုရားသခင်ရဲ့ ဘုန်းတော်ကိုထောက်ပြီး အရာရာကို လုပ်ဆောင်ကြပါ။—၁ ကော. ၁၀:၃၁။
ချာ့ချ်ခေါင်းဆောင်တွေ အစည်းအဝေးတစ်ခုမှာ ဝတ်စားပုံကို ဒတ်ချ်သတင်းစာတစ်စောင်က အခုလို ဖော်ပြတယ်– “အထူးသဖြင့် ပူအိုက်တဲ့အခါမှာ ဖြစ်ကတတ်ဆန်း ဝတ်စားကြတယ်။ . . . ယေဟောဝါသက်သေတွေရဲ့ ခရိုင်အစည်းအဝေးမှာတော့ အဲဒီ လို မဟုတ်ဘူး။” မှန်ပါတယ်၊ ‘ဣန္ဒြေရှိရှိ၊ ချင့်ချိန်မှုရှိရှိနဲ့ တော်ရုံသင့်ရုံ . . . ဘုရားသခင်ကို ကြည်ညိုတယ်ဆိုတဲ့ အမျိုးသမီးတွေ ဆင်ယင်သင့်တဲ့ ပုံစံအတိုင်း ဆင်ယင်ကြ’ တဲ့အတွက် ယေဟောဝါသက်သေတွေ ချီးမွမ်းခံရလေ့ရှိတယ်။ (၁ တိ. ၂:၉၊ ၁၀) တမန်တော်ပေါလုက အမျိုးသမီးတွေအကြောင်း ပြောနေတာ ဖြစ်ပေမဲ့ အမျိုးသားတွေနဲ့လည်း သက်ဆိုင်ပါတယ်။ သင့်တော်တဲ့ အဝတ်အစားစံနှုန်း ရှိခြင်းက ယေဟောဝါသက်သေတွေအတွက်ရော၊ သူတို့ကိုးကွယ်တဲ့ ယေဟောဝါဘုရားအတွက်ပါ အရေးကြီးတယ်။ (က. ၃:၂၁) စကြဝဠာပိုင်သအုပ်စိုးရှင် ယေဟောဝါက သူ့ကျေးကျွန်တွေအတွက် ဝတ်စားဆင်ယင်ပုံ စံနှုန်းတွေ ချမှတ်ပေးထားတယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ ဒါကြောင့် အဝတ်အစား ရွေးတဲ့အခါ ယေဟောဝါ ကြိုက်နှစ်သက်ရာ ဖြစ်သင့်တယ်။ w16.09 ၃:၁၊ ၂
တနင်္ဂနွေနေ့၊ ဇူလိုင် ၁၅
လူတွေက သန့်ရှင်းသော စွမ်းအားတော်ရဲ့ လှုံ့ဆော်မှုကို ခံရလို့ ဘုရားသခင်ဆီကလာတဲ့ စကားတွေကို ပြန်ဟောတာ ဖြစ်တယ်။—၂ ပေ. ၁:၂၁။
တချို့က ကျမ်းစာ ပရောဖက်ပြုချက်တွေအကြောင်း လေ့လာရတာကို ကြိုက်ကြတယ်။ ကျမ်းစာမှတ်တမ်းတွေကို သမိုင်းပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေ၊ ရှေးဟောင်းသုတေသန ပညာရှင်တွေရဲ့ ပြောဆိုချက်နဲ့ နှိုင်းယှဉ်ချင်ကြတယ်။ ဥပမာအနေနဲ့ ကမ္ဘာဦး ၃:၁၅ ကို လေ့လာကြည့်ပါ။ အဲဒါကို ယေဟောဝါနဲ့ ကိုယ်တော့်အုပ်ချုပ်ပုံကို အာဒံနဲ့ ဧဝတို့ ပုန်ကန်ပြီးပြီးချင်းမှာ ပရောဖက်ပြုခဲ့တာပါ။ ဘုရားသခင့် အုပ်ချုပ်ပုံနည်းလမ်းဟာ အကောင်းဆုံးဖြစ်မှန်း ဘုရားနိုင်ငံတော်က ဘယ်လို သက်သေထူမယ်၊ ဆင်းရဲဒုက္ခတွေကို ဘယ်လို ဖယ်ရှားပေးမယ်ဆိုတာ နားလည်စေတဲ့ ဦးဆုံး ကျမ်းစာပရောဖက်ပြုချက် ဖြစ်တယ်။ ကမ္ဘာဦး ၃:၁၅ ကို သင်ဘယ်လို လေ့လာနိုင်သလဲ။ အဲဒီ ပရောဖက်ပြုချက် ဘယ်လို ပြည့်စုံမယ်ဆိုတာ အသေးစိတ် ဖော်ပြတဲ့ ကျမ်းချက်တွေကို စာရင်း လုပ်ထားနိုင်တယ်။ ကျမ်းချက်တွေ ရေးသားတဲ့အချိန်ကို လေ့လာပြီး အစဉ်လိုက် စီပါ။ ကျမ်းရေးသူတွေဟာ ခေတ်ကာလအသီးသီးမှာ အသက်ရှင်ခဲ့ကြပေမဲ့ အဲဒီ ပရောဖက်ပြုချက် ပိုရှင်းလင်းလာအောင် ရေးသားခဲ့ကြတယ်ဆိုတာ သင်သိလာပါလိမ့်မယ်။ ဒီနည်းနဲ့ သူတို့ကို ဘုရားသခင့် စွမ်းအားတော်က လမ်းညွှန်ပေးမှန်း သဘောပေါက်လာပါလိမ့်မယ်။ w16.09 ၄:၈
တနင်္လာနေ့၊ ဇူလိုင် ၁၆
သူတစ်ပါးထက် သာတယ်လို့ ကိုယ့်ကိုယ်ကိုယ် ဘာလို့ယူဆတာလဲ။—၁ ကော. ၄:၇။
တမန်တော် ပေတရုဟာ ဂျူးမဟုတ်သူတွေအပေါ် အချိန်အတိုင်းအတာတစ်ခုအထိ တစ်ဖက်သတ်အစွဲ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒီ မကောင်းတဲ့ သဘောထားကို စိတ်နှလုံးထဲကနေ တဖြည်းဖြည်း ဖျောက်ဖျက်ခဲ့တယ်။ (တ. ၁၀:၂၈၊ ၃၄၊ ၃၅။ ဂလ. ၂:၁၁-၁၄) ကျွန်တော်တို့မှာလည်း အစွဲတစ်ခုခု ဒါမှမဟုတ် လူမျိုးရေးမာန ရှိနေရင် စိတ်နှလုံးထဲကနေ အမြစ်ပါမကျန် ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားသင့်တယ်။ (၁ ပေ. ၁:၂၂) ကျွန်တော်တို့ ဘယ်သူမှ ကယ်တင်ခြင်းနဲ့ မထိုက်တန်မှန်း၊ ဘယ်လူမျိုးဖြစ်ဖြစ် မစုံလင်သူတွေ ဖြစ်မှန်း သတိရသင့်တယ်။ (ရော. ၃:၉၊ ၁၀၊ ၂၁-၂၄) ဒါကြောင့် တခြားသူတွေထက် ပိုသာတယ်လို့ မခံစားသင့်ဘူး။ (၁ ကော. ၄:၇) “ဒါကြောင့် ခင်ဗျားတို့ဟာ သူစိမ်းတွေ၊ တိုင်းတစ်ပါးသားတွေ မဟုတ်တော့ဘူး။ . . . ဘုရားသခင်ရဲ့ မိသားစုဝင်တွေ ဖြစ်သွားပြီ” လို့ ဘိသိက်ခံ ခရစ်ယာန်တွေကို သတိပေးခဲ့တဲ့ တမန်တော် ပေါလုလို သဘောထားမျိုး ရှိသင့်တယ်။ (ဧ. ၂:၁၉) နောက်ခံမတူသူတွေနဲ့ပတ်သက်တဲ့ တစ်ဖက်သတ်အစွဲတွေကို ဖျောက်ဖျက်ဖို့ ကြိုးစားမယ်ဆိုရင် စရိုက်သစ်ကို ဝတ်ဆင်ဖို့ အကူအညီ ရပါလိမ့်မယ်။—ကော. ၃:၁၀၊ ၁၁။ w16.10 ၁:၉
အင်္ဂါနေ့၊ ဇူလိုင် ၁၇
ပညတ်တော်ကို နေ့ညမပြတ် ဖတ်ရွတ်ဆင်ခြင်တယ်။—ဆာ. ၁:၂။
ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ခိုင်မာစေဖို့ ကျမ်းစာအပြည့်အစုံကို ယေဟောဝါ ပေးထားတယ်။ “ပျော်ရွှင်” ဖို့၊ “အောင်မြင်” ဖို့ ကျမ်းစာ ပုံမှန် ဖတ်ရမယ်။ ဖြစ်နိုင်မယ်ဆိုရင် နေ့တိုင်း ဖတ်ရမယ်။ (ဆာ. ၁:၁-၃။ တ. ၁၇:၁၁) ရှေးခေတ် သစ္စာရှိကျေးကျွန်တွေလိုပဲ ဘုရားသခင့် ကတိတွေကို တွေးတောဆင်ခြင်ပြီး တောင်းဆိုချက်တွေကို လိုက်နာရမယ်။ “သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်” ကတစ်ဆင့်လည်း ကျမ်းစာအခြေပြုအကြောင်းအရာတွေ အလျှံအပယ် ပြင်ဆင်ပေးထားတယ်။ (မ. ၂၄:၄၅) ယေဟောဝါ ပြင်ဆင်ပေးတဲ့အရာတွေ လေ့လာရတာကို ပျော်မွေ့ခြင်းအားဖြင့် နိုင်ငံတော်မျှော်လင့်ချက်ကို “စိတ်ချနေ” တဲ့ ရှေးခေတ်သစ္စာရှိသူတွေလို ဖြစ်နိုင်ပါလိမ့်မယ်။ (ဟီ. ၁၁:၁) ဆုတောင်းခြင်းကလည်း ရှေးခေတ်သစ္စာရှိသူတွေကို ယုံကြည်ခြင်း ခိုင်မာနေအောင် ကူညီပေးခဲ့တယ်။ ဆုတောင်းချက်တွေကို ဘုရားသခင် အဖြေပေးတဲ့အခါ သူတို့ရဲ့ ယုံကြည်ခြင်း ပိုခိုင်မာလာတယ်။—နေ. ၁:၄၊ ၁၁။ ဆာ. ၃၄:၄၊ ၁၅၊ ၁၇။ ဒံ. ၉:၁၉-၂၁။ w16.10 ၃:၇၊ ၈
ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၁၈
တောင်တွေကို ရွှေ့နိုင်လောက်တဲ့ ယုံကြည်ခြင်းအပြည့်ရှိရင်တောင် မေတ္တာမရှိရင် အချည်းနှီးပဲ။ —၁ ကော. ၁၃:၂။
“ပညတ်ကျမ်းမှာ ဘယ်ပညတ်ဟာ အရေးကြီးဆုံးလဲ” ဆိုတဲ့မေးခွန်းကို ဖြေဆိုရာမှာ အရေးကြီးဆုံး အရည်အသွေးဖြစ်တဲ့ ချစ်ခြင်းမေတ္တာအကြောင်း ယေရှု အလေးပေး ပြောခဲ့တယ်။ (မ. ၂၂:၃၅-၄၀) ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာနှစ်ခုစလုံး အရေးကြီးတဲ့အတွက် ကျမ်းရေးသူတွေက ဒီအရည်အသွေးနှစ်ခုကို ယှဉ်တွဲပြီး အကြိမ်ပေါင်းများစွာ ဖော်ပြခဲ့ကြတယ်။ “ယုံကြည်ခြင်း၊ ချစ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်” ပါလို့ ပေါလု အားပေးခဲ့တယ်။ (၁ သက်. ၅:၈) “ပညတ်တော်ဟူမူကား ကိုယ်တော်၏သားတော် ယေရှုခရစ်၏နာမကို ယုံကြည်ရမည်၊ ငါတို့ကို ပညတ်ထားတော်မူသည်အတိုင်း အချင်းချင်း ချစ်ကြရမည်ဖြစ်၏” လို့ ယောဟန် ရေးခဲ့တယ်။ (၁ ယော. ၃:၂၃) ယုံကြည်ခြင်းဟာ မရှိမဖြစ် လိုအပ်ပေမဲ့ ဘုရားသခင့် ကတိတော်တွေ ပြည့်စုံလာတဲ့အခါ၊ မျှော်လင့်ချက်တွေ တကယ် ဖြစ်လာတဲ့အခါ ဒါတွေကို ယုံကြည်ဖို့ မလိုတော့ဘူး။ ဒါပေမဲ့ ဘုရားသခင်နဲ့ လူသားချင်းကို ချစ်တဲ့မေတ္တာကတော့ ဆက်တိုးပွားနေဖို့ လိုတယ်။ ဒါကြောင့် “ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းမေတ္တာဆိုတဲ့ သုံးမျိုးကတော့ ဆက်ရှိနေမယ်။ အဲဒီ သုံးမျိုးထဲမှာ ချစ်ခြင်းမေတ္တာဟာ အမြတ်ဆုံးပဲ” လို့ပေါလု ရေးခဲ့တယ်။—၁ ကော. ၁၃:၁၃။ w16.10 ၄:၁၅-၁၇
ကြာသပတေးနေ့၊ ဇူလိုင် ၁၉
အသင်းတော်တွေဟာ ယုံကြည်ခြင်း ခိုင်ခံ့မြဲမြံလာ[တယ်]။—တ. ၁၆:၅။
အုပ်ချုပ်ရေးအဖွဲ့ကိုယ်စား ခရီးသွားတဲ့ ညီအစ်ကိုတွေဟာ “ဂျေရုဆလင်မြို့ရှိ တမန်တော်တို့နှင့် အသက်ကြီးသူတို့၏ စီရင်ဆုံးဖြတ်ချက်တို့ကို” ဝေမျှပေးကြတယ်။ (တ. ၁၆:၄) အဲဒီ စီရင်ဆုံးဖြတ်ချက်တွေကို အသင်းတော်တွေ လိုက်နာတဲ့အခါ “ယုံကြည်ခြင်း ခိုင်ခံ့မြဲမြံလာပြီး ယုံကြည်သူအရေအတွက် တစ်နေ့တခြား တိုးများလာတယ်။” ဘုရားသခင့် အဖွဲ့အစည်းရဲ့ လမ်းညွှန်မှု ရရှိတဲ့အခါ ကျွန်တော်တို့ ဘာလုပ်သင့်သလဲ။ ကျွန်တော်တို့အားလုံး နာခံဖို့၊ လက်အောက်ခံဖို့ ယေဟောဝါရဲ့ စကားတော် ကျမ်းစာမှာ လမ်းညွှန်ထားတယ်။ (တရား. ၃၀:၁၆။ ဟီ. ၁၃:၇၊ ၁၇) ဘုရားသခင့် အဖွဲ့အစည်းမှာ အပြစ်တင်ဝေဖန်တဲ့၊ ပုန်ကန်တဲ့ သဘောထား မရှိသင့်ဘူး။ အဲဒီ သဘောထားက အသင်းတော်ရဲ့ မေတ္တာ၊ ငြိမ်သက်မှု၊ စည်းလုံးမှုကို ပျက်စီးစေနိုင်တယ်။ သစ္စာရှိ ခရစ်ယာန်တစ်ယောက်မှ ဒယောတရပ်ရဲ့ သစ္စာမရှိတဲ့၊ မလေးမစား သဘောထားမျိုး မတင်ပြချင်ဘူး။ (၃ ယော. ၉၊ ၁၀) ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးသင့်တယ်- ‘ယေဟောဝါအပေါ် သစ္စာစောင့်ဖို့ ညီအစ်ကို/မတွေကို ငါအားပေးနေသလား။ ဦးဆောင်နေတဲ့ ညီအစ်ကိုတွေရဲ့ လမ်းညွှန်ချက်ကို ချက်ချင်း လက်ခံပြီး ထောက်ခံသလား။’ w16.11 ၂:၁၀၊ ၁၁
သောကြာနေ့၊ ဇူလိုင် ၂၀
ငါပြည်နှင်ဒဏ်ပေးလိုက်လို့ မင်းတို့ရောက်နေတဲ့မြို့ကို ငြိမ်သက်အေးချမ်းအောင် ကြိုးစားကြ။—ယေ. ၂၉:၇။
ယေဟောဝါရဲ့ အလိုတော်အတိုင်း လိုက်နာတဲ့ ဂျူးတွေဟာ ဗာဗုလုန်မှာ သာမန်ဘဝနီးနီးနဲ့ နေထိုင်ခဲ့ကြတယ်။ ဗာဗုလုန်တွေက ဂျူးသုံ့ပန်းတွေကို အတိုင်းအတာတစ်ခုထိ စီမံပိုင်ခွင့် ပေးထားတယ်။ သုံ့ပန်းတွေဟာ တိုင်းပြည်မှာ လွတ်လွတ်လပ်လပ် သွားလာနိုင်တယ်။ ဗာဗုလုန်ဟာ ရှေးခေတ် ကမ္ဘာ့ ကူးသန်းရောင်းဝယ်ရေးနဲ့ ကုန်သွယ်ရေး ဗဟိုဖြစ်ခဲ့တယ်။ ရှာဖွေတွေ့ရှိတဲ့ အထောက်အထားတွေအရ ဂျူးတွေဟာ ရောင်းဝယ်ဖောက်ကားတတ်လာတယ်။ တချို့ဆိုရင် ကျွမ်းကျင်တဲ့ လက်မှုပညာသည်တွေ ဖြစ်လာတယ်။ တချို့လည်း ကြီးပွားချမ်းသာလာကြတယ်။ ဗာဗုလုန် သုံ့ပန်းဘဝဟာ လွန်ခဲ့တဲ့ ရာစုနှစ်များစွာတုန်းက အစ္စရေးတွေ ကြုံတွေ့ခဲ့ရတဲ့ အီဂျစ်ကျွန်ဘဝနဲ့ ကွာခြားလှပါတယ်။ (ထွက်. ၂:၂၃-၂၅) ဒါပေမဲ့ အစ္စရေးတွေဟာ ဘုရားသခင်ကို အကြွင်းမဲ့ နှစ်သက်လက်ခံဖွယ်နည်းနဲ့ ပြန်ဝတ်ပြုနိုင်ကြပါ့မလား။ အဲဒီ အချိန်တုန်းကတော့ မဖြစ်နိုင်ပုံပါပဲ။ ဗာဗုလုန်တွေဟာ သုံ့ပန်းတွေကို ဘယ်တုန်းကမှ ပြန်လွှတ်ပေးရိုး ထုံးစံမရှိဘူး။ ဒါပေမဲ့ မိမိလူမျိုး ပြန်လွတ်မြောက်မယ်လို့ ဘုရားသခင် ကတိပေးခဲ့တယ်။ ကတိအတိုင်းပဲ ဖြစ်ခဲ့တယ်။ ဘုရားသခင့် ကတိစကားတွေဟာ ဘယ်တော့မှ မပြည့်စုံဘဲ မနေဘူး။—ဟေရှာ. ၅၅:၁၁။ w16.11 ၄:၃၊ ၅
စနေနေ့၊ ဇူလိုင် ၂၁
ကျွန်တော်တို့က အပြစ်လမ်းစဉ်မှာ သေဆုံးခဲ့ပြီ။—ရော. ၆:၂။
အဲဒီ ခရစ်ယာန်တွေဟာ မြေကြီးပေါ် အသက်ရှင်နေလျက်နဲ့ “အပြစ်လမ်းစဉ်မှာ သေဆုံးခဲ့” ပြီလို့ ဘာကြောင့် ပြောနိုင်သလဲ။ ပေါလုနဲ့ တခြားသူတွေကို ရွေးနုတ်ဖိုးအားဖြင့် ဘုရားသခင် ခွင့်လွှတ်ခဲ့တယ်။ သန့်ရှင်းသော စွမ်းအားတော်အားဖြင့် ဘိသိက်ပေးပြီး သားတွေအဖြစ် မွေးစားခဲ့တယ်။ ဒီလိုနဲ့ ကောင်းကင်မျှော်လင့်ချက် ရရှိလာကြတယ်။ အဆုံးထိ သစ္စာရှိမယ်ဆိုရင် ကောင်းကင်မှာ ခရစ်တော်နဲ့အတူ အုပ်ချုပ်ကြရမယ်။ ဒါပေမဲ့ မြေကြီးပေါ်မှာ အသက်ရှင်ပြီး အမှုဆောင်နေလျက်နဲ့ “အပြစ်လမ်းစဉ်မှာ သေဆုံးခဲ့ပြီ” လို့ ပေါလု ပြောခဲ့တယ်။ လူသားတစ်ယောက်အဖြစ် သေဆုံးပြီး မသေနိုင်တဲ့ နာမ်ဝိညာဉ်ပုဂ္ဂိုလ်အဖြစ် ကောင်းကင်ကို ထမြောက်သွားခဲ့တဲ့ ယေရှုကို နမူနာ ပြခဲ့တယ်။ သေခြင်းက ယေရှုကို အစိုးမရတော့ဘူး။ ဘိသိက်ခံ ခရစ်ယာန်တွေလည်း အဲဒီ လိုပဲ “အပြစ်လမ်းစဉ်မှာ သေဆုံးခဲ့ပြီ၊ ဘုရားသခင်အလိုတော် ဆောင်ဖို့ ခရစ်တော်ယေရှုအားဖြင့် အသက်ရှင်နေပြီ” လို့ ယူဆနိုင်တယ်။ (ရော. ၆:၉၊ ၁၁) သူတို့ရဲ့ ဘဝပုံစံ ပြောင်းလဲသွားပြီး အပြစ်ရှိတဲ့ ဆန္ဒတွေရဲ့ ထိန်းချုပ်မှု၊ လှုံ့ဆော်မှုကို မခံကြတော့ဘူး။ သူတို့ရဲ့ ဘဝလမ်းစဉ်ဟောင်း သေသွားပြီ။ w16.12 ၁:၉၊ ၁၀
တနင်္ဂနွေနေ့၊ ဇူလိုင် ၂၂
စွမ်းအားတော်နဲ့ဆိုင်တဲ့ အရာတွေဆီ စိတ်ရောက်နေတာ က အသက်ရှင်ခြင်းနဲ့ ငြိမ်သက်ခြင်းကို ရရှိစေနိုင်တယ်။—ရော. ၈:၆။
လူတစ်ယောက်ဟာ ကျမ်းစာအကြောင်း၊ ယေဟောဝါအကြောင်း၊ အနာဂတ် မျှော်လင့်ချက်အကြောင်း တစ်ချိန်လုံး စဉ်းစားပြောဆိုနေရမယ်လို့ မဆိုလိုပါဘူး။ ဘုရားသခင့် နှစ်သက်မှု ရခဲ့တဲ့ ပေါလုနဲ့ ပထမရာစု ခရစ်ယာန်တွေဟာ သာမန်ဘဝပုံစံနဲ့ပဲ အသက်ရှင်ခဲ့ကြသူတွေပါ။ စားသောက်ကြတယ်။ အိမ်ထောင်သားမွေးပြုကြတယ်။ အလုပ်လုပ်ကြတယ်။ (မာ. ၆:၃။ ၁ သက်. ၂:၉) ဒါပေမဲ့ ပေါလုနဲ့ ပထမရာစု ခရစ်ယာန်တွေဟာ သာမန်ဘဝကိစ္စတွေကို အဓိက မထားခဲ့ကြဘူး။ ပေါလုဟာ တဲရှင်ချုပ်တဲ့အလုပ် လုပ်ပေမဲ့ ဟောပြောခြင်းနဲ့ သွန်သင်ခြင်းကို အဓိကထား လုပ်ဆောင်ခဲ့တယ်လို့ မှတ်တမ်းတွေက ဖော်ပြတယ်။ (တ. ၁၈:၂-၄။ ၂၀:၂၀၊ ၂၁၊ ၃၄၊ ၃၅) ရောမမြို့မှာရှိတဲ့ ညီအစ်ကို/မတွေကိုလည်း အဲဒီ လို လုပ်ဖို့ အားပေးခဲ့တယ်။ ပေါလုကို သူတို့ တုပခဲ့သလို ကျွန်တော်တို့လည်း တုပသင့်တယ်။—ရော. ၁၅:၁၅၊ ၁၆။ w16.12 ၂:၅၊ ၁၅၊ ၁၆
တနင်္လာနေ့၊ ဇူလိုင် ၂၃
နှိမ့်ကျသူကို မျက်နှာသာ ပေးတဲ့သူဟာ ယေဟောဝါကို ချေးငှားပေးတဲ့သူပဲ။ သူ့လုပ်ရပ်အတွက် ဘုရား ပြန်ဆပ်ပေးလိမ့်မယ်။—ပညာ. ၁၉:၁၇။
ယေဟောဝါကို ဝတ်ပြုဖို့ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှု မှန်သမျှကို ကိုယ်တော် တန်ဖိုးထားကြောင်း စိတ်ချနိုင်တယ်။ ကျွန်တော်တို့ ခံစားရနိုင်တဲ့ မသေချာ မရေရာမှုတွေကို ကိုယ်တော် နားလည်ပေးတယ်။ ငွေကြေးခက်ခဲတဲ့အခါ၊ ကျန်းမာရေးနဲ့ စိတ်ဓာတ်ရေးကြောင့် လုပ်ငန်းတော်မှာ အပြည့်အဝ မပါဝင်နိုင်တဲ့အခါ ကိုယ်တော် ကရုဏာပြတယ်။ မိမိအပေါ် သစ္စာရှိဖို့ ကျေးကျွန်တွေရဲ့ ကြိုးစားမှုကို ယေဟောဝါ တန်ဖိုးထားကြောင်း အပြည့်အဝ ယုံကြည်စိတ်ချနိုင်ပါတယ်။ (ဟီ. ၆:၁၀၊ ၁၁) ကျွန်တော်တို့ရဲ့ စိုးရိမ်မှုတွေကို နားထောင်ပေးမယ်ဆိုတဲ့ ယုံကြည်စိတ်ချမှု အပြည့်နဲ့ ‘ဆုတောင်းသံကို နားထောင်တဲ့အရှင်’ ဆီ ချဉ်းကပ်နိုင်ပါတယ်။ (ဆာ. ၆၅:၂) “ကရုဏာကြီးတဲ့ အဖ၊ နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ အရှင်” ဟာ ကျွန်တော်တို့ရဲ့ စိတ်ပိုင်း၊ ဝတ်ပြုရေးပိုင်း လိုအပ်ချက်တွေကို မတွန့်မတို ထောက်မပေးပါလိမ့်မယ်။ ယုံကြည်သူချင်းတွေအားဖြင့် ထောက်မပေးနိုင်တယ်။ (၂ ကော. ၁:၃) တခြားသူတွေအပေါ် ကျွန်တော်တို့ ကရုဏာပြတာ ကိုလည်း ယေဟောဝါ နှစ်သက်တယ်။ (မ. ၆:၃၊ ၄) အဲဒီ အတွက် ဆုချမယ်လို့ ကတိပေးထားတယ်။ w16.12 ၄:၁၃၊ ၁၄
အင်္ဂါနေ့၊ ဇူလိုင် ၂၄
ယေဟောဝါရဲ့ စွမ်းအားတော် ရရှိသူတွေဟာ လွတ်လပ်မှု ရှိကြတယ်။—၂ ကော. ၃:၁၇။
ယေရှု မြေကြီးပေါ် ရောက်လာတဲ့အခါ ရန်သူတော်ကြီး စာတန်ရဲ့ သွေးဆောင်မှုတွေကို ငြင်းပယ်ဖို့ ရွေးချယ်ခဲ့တယ်။ (မ. ၄:၁၀) မသေဆုံးခင် ညမှာ ဘုရားသခင့် အလိုတော်အတိုင်း လုပ်ဆောင်ချင်တဲ့ စိတ်ပိုင်းဖြတ်ချက်ကို ဆုတောင်းဖော်ပြခဲ့တယ်။ “အဖ၊ အလိုရှိမယ်ဆိုရင် ဒီခွက်ကို လွှဲဖယ်ပေးပါ။ ဒါပေမဲ့ ကျွန်တော့်ဆန္ဒအတိုင်း မဖြစ်ပါစေနဲ့။ အဖရဲ့ဆန္ဒအတိုင်းသာ ဖြစ်ပါစေ” လို့ ဆုတောင်းခဲ့တယ်။ (လု. ၂၂:၄၂) ယေဟောဝါကို ဂုဏ်တင်ဖို့၊ အလိုတော်ကို ထမ်းဆောင်ဖို့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို အသုံးပြုခဲ့တဲ့ ယေရှုကို တုပကြပါစို့။ အဲဒီ လို တုပဖို့ ဖြစ်နိုင်သလား။ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့လည်း ဘုရားသခင့် ပုံသဏ္ဌာန်နဲ့အညီ ဖန်ဆင်းခံထားရလို့ပဲ။ (က. ၁:၂၆) ဒါပေမဲ့ ကျွန်တော်တို့မှာ ကန့်သတ်ချက်တွေ ရှိတယ်။ ယေဟောဝါလို အကြွင်းမဲ့ လွတ်လပ်မှု မရှိဘူး။ ကျွန်တော်တို့ရဲ့ လွတ်လပ်မှုမှာ ကန့်သတ်ချက်တွေ ရှိကြောင်း၊ ယေဟောဝါ သင့်တော်သလို ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို လိုက်နာရမှာ ဖြစ်ကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ အဲဒီ အပြင် ဇနီးက ခင်ပွန်းကို၊ သားသမီးတွေက မိဘကို လက်အောက်ခံရမယ်။—ဧ. ၅:၂၂။ ၆:၁။ w17.01 ၂:၄၊ ၅
ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၂၅
ကိုယ့်ကိုယ်ကိုယ် တော်သင့်ရုံပဲ ထင်ကြပါ။ —ရော. ၁၂:၃။
စိတ်လှုပ်ရှားစရာ ကောင်းတဲ့အချိန်မှာ ကျွန်တော်တို့ အသက်ရှင်နေကြတယ်။ ယေဟောဝါ့ အဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းဟာ နည်းလမ်းများစွာမှာ တိုးတက်နေတယ်။ တိုးတက်မှုကြောင့် အပြောင်းအလဲတွေ လုပ်ဖို့ လိုအပ်လာတယ်။ ဒီအပြောင်းအလဲက ကိုယ့်ကို ထိခိုက်လာတဲ့အခါ နှိမ့်ချကြပါစို့။ ကိုယ်ကျိုးထက် ဘုရားနိုင်ငံတော်အကျိုးကို ဦးစားထားကြပါစို့။ အဲဒါက စည်းလုံးမှုကို တိုးပွားစေတယ်။ ရောမမြို့က ခရစ်ယာန်တွေဆီ ပေါလု ဒီလိုရေးခဲ့တယ်– “ကိုယ်ခန္ဓာတစ်ခုမှာ အင်္ဂါအစိတ်အပိုင်းတွေ အများကြီးရှိပေမဲ့ အဲဒီ အစိတ်အပိုင်းတွေရဲ့ အလုပ်တာဝန်ချင်း မတူကြဘူး။ အလားတူပဲ၊ ကျွန်တော်တို့ဟာ အရေအတွက်များပေမဲ့ ခရစ်တော်နဲ့ . . . ကိုယ်ခန္ဓာတစ်ခုတည်းပါပဲ။” (ရော. ၁၂:၄၊ ၅) ကျွန်တော်တို့ရဲ့ အခြေအနေ ဘယ်လိုပဲ ရှိပါစေ ယေဟောဝါရဲ့ နိုင်ငံတော် အကျိုးစီးပွား တိုးတက်ရေးအတွက် လုပ်ဆောင်ကြပါစို့။ အသက်ကြီးသူတို့၊ လူငယ်တွေကို လေ့ကျင့်ပေးပါ။ လူငယ်တို့၊ တာဝန်တွေကို လက်ခံပါ။ ကျိုးနွံပါ။ အသက်ကြီးသူတွေကို လေးစားပါ။ ဇနီးသည်တို့၊ အခြေအနေတွေ ပြောင်းလဲချိန်မှာ အာကုလကို သစ္စာရှိရှိ ထောက်မခဲ့တဲ့ ပြစ်ကိလကို တုပကြပါ။—တ. ၁၈:၂။ w17.01 ၅:၁၅၊ ၁၆
ကြာသပတေးနေ့၊ ဇူလိုင် ၂၆
ကျွန်တော်ကလည်း မိသားစုထဲမှာ အရေးမပါတဲ့လူပါ။—သူကြီး. ၆:၁၅။
သူ့ဆီ ယေဟောဝါရဲ့ ကောင်းကင်တမန် ဦးဆုံး လာတဲ့အချိန်မှာ မိမိရဲ့ နိမ့်ကျတဲ့ ဘဝနောက်ခံနဲ့ အခြေအနေကို အသိအမှတ်ပြုခဲ့တယ်။ ယေဟောဝါ ပေးအပ်တဲ့ တာဝန်ကို လက်ခံပြီးနောက်မှာ ဘာလုပ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိအောင် လုပ်ခဲ့တယ်။ လမ်းညွှန်မှုအတွက် ယေဟောဝါကို မျှော်ကိုးခဲ့တယ်။ (သူကြီး. ၆:၃၆-၄၀) ဂိဒေါင်ဟာ ရဲစွမ်းသတ္တိရှိပေမဲ့ သတိရှိရှိ၊ သိုသိုသိပ်သိပ် လုပ်ဆောင်ခဲ့တယ်။ (သူကြီး. ၆:၁၁၊ ၂၇) တာဝန်ကို ခုတုံးလုပ်ပြီး ထင်ပေါ်ဖို့ မကြိုးစားခဲ့ဘူး။ တာဝန်ပြီးဆုံးတာနဲ့ ချက်ချင်း နဂိုနေရာကို ပြန်သွားခဲ့တယ်။ (သူကြီး. ၈:၂၂၊ ၂၃၊ ၂၉) ကျိုးနွံမှုဆိုတာ တက်လှမ်းဖို့၊ ထပ်ဆင့်လုပ်ငန်းတော် တာဝန်တွေ လက်ခံဖို့ မကြိုးစားသင့်ဘူးလို့ မဆိုလိုဘူး။ ကျွန်တော်တို့အားလုံး တိုးတက်ရမယ်လို့ ကျမ်းစာမှာ အားပေးထားတယ်။ (၁ တိ. ၄:၁၃-၁၅) ဒါပေမဲ့ တိုးတက်ဖို့ဆိုရင် တာဝန်ပြောင်းလဲဖို့ အမြဲလိုအပ်သလား။ မလိုအပ်ပါဘူး။ လက်ရှိထမ်းဆောင်နေတဲ့ ဘယ်ကဏ္ဍမှာမဆို ယေဟောဝါရဲ့ ကောင်းချီးကြောင့် တိုးတက်နိုင်ပါတယ်။ ဘုရားပေး အရည်အသွေးတွေ ဆက်ပျိုးထောင်နိုင်ပြီး ကောင်းမှုတွေကို တိုးချဲ့လုပ်ဆောင်နိုင်ပါတယ်။ w17.01 ၃:၁၅၊ ၁၆
သောကြာနေ့၊ ဇူလိုင် ၂၇
ဘုရားသခင်က တစ်ဦးတည်းသောသားကို ဒီလောကဆီ စေလွှတ်ပြီး သူ့အားဖြင့် အသက်လမ်း ဖွင့်ပေးခဲ့တယ်။—၁ ယော. ၄:၉။
ယေဟောဝါဟာ ကိုယ်တိုင်အကြီးအကျယ် အနစ်နာခံပြီး ရွေးနုတ်ဖိုး ပြင်ဆင်ပေးခဲ့တယ်။ (၁ ပေ. ၁:၁၉) တစ်ပါးတည်းသောသားကို အသေခံစေတဲ့အထိ လူသားတွေကို အလွန်တန်ဖိုးထားတယ်။ (၁ ယော. ၄:၉၊ ၁၀) ယေရှုဟာ ကျွန်တော်တို့ရဲ့ မူလဖခင် အာဒံ့နေရာကို အစားဝင်လိုက်တဲ့ သဘောပါပဲ။ (၁ ကော. ၁၅:၄၅) ဒီနည်းအားဖြင့် ယေရှုက ကျွန်တော်တို့ကို အသက်ပြန်ရစေရုံသာမက ဘုရားသခင့် မိသားစုဝင် ပြန်ဖြစ်ခွင့်ပါ ပေးခဲ့တယ်။ ယေရှုရဲ့ ပူဇော်သက္ကာကို အခြေခံပြီး မိမိရဲ့ဖြောင့်မတ်တဲ့စံနှုန်းကိုလည်း မချိုးဖောက်ဘဲ လူသားတွေကို မိမိရဲ့မိသားစုဝင်အဖြစ် ဘုရားသခင် ပြန်လက်ခံနိုင်ပြီ။ သစ္စာရှိလူသားအားလုံး စုံလင်လာမယ့်အချိန်အကြောင်း စဉ်းစားခြင်းက ကြည်နူးစရာပဲ မဟုတ်လား။ ကောင်းကင်နဲ့ မြေကြီးမှာရှိတဲ့ မိသားစုဝင်အားလုံး အပြည့်အဝ စည်းလုံးလာမယ်။ ကျွန်တော်တို့အားလုံး အပြည့်ဝဆုံးသဘောနဲ့ ဘုရားသခင့် သားသမီးတွေ ဖြစ်လာကြမယ်။ (ရော. ၈:၂၁) ရွေးနုတ်ဖိုးကို ကျေးဇူးတင်ခြင်းက ဒီအဖိုးတန်လက်ဆောင်ကနေ တခြားသူတွေ အကျိုးရအောင် အတတ်နိုင်ဆုံး ကူညီဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးသင့်တယ်။ w17.02 ၁:၁၇၊ ၁၉
စနေနေ့၊ ဇူလိုင် ၂၈
သစ္စာနဲ့သတိပညာရှိတဲ့ ကျွန်ဟာ တကယ်တော့ ဘယ်သူလဲ။—မ. ၂၄:၄၅။
၂၀၁၃၊ ဇူလိုင် ၁၅ ရက်ထုတ် ကင်းမျှော်စင်မှာ “သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်” ဟာ အုပ်ချုပ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းထားတဲ့ ဘိသိက်ခံညီအစ်ကိုအုပ်စုငယ် ဖြစ်ကြောင်း ရှင်းပြခဲ့တယ်။အုပ်ချုပ်ရေးအဖွဲ့က အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို အဖွဲ့လိုက် ဆုံးဖြတ်ကြတယ်။ ဘယ်လိုဆုံးဖြတ်ကြသလဲ။ အဖွဲ့ဝင်တွေ အပတ်တိုင်း အစည်းအဝေး လုပ်ကြတယ်။ အဲဒါက ရင်းနှီးစည်းလုံးစေတယ်။ (ပညာ. ၂၀:၁၈) အုပ်ချုပ်ရေးအဖွဲ့ဝင်တွေမှာ ပိုအရေးပါသူဆိုတာ မရှိလို့ အစည်းအဝေးတွေမှာ သဘာပတိတာဝန်ကို နှစ်စဉ် အလှည့်ကျယူကြတယ်။ (၁ ပေ. ၅:၁) အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကော်မတီခြောက်ခုမှာလည်း သဘာပတိတာဝန်ကို အလှည့်ကျယူကြတယ်။ အဖွဲ့ဝင် ယောက်တိုင်း ကိုယ့်ကိုယ်ကိုယ် ခေါင်းဆောင်လို့ မရှုမြင်ဘူး။ သစ္စာရှိကျွန် ကျွေးမွေးတာ ကို စားသုံးပြီး ကြီးကြပ်မှုကို လက်အောက်ခံတဲ့ “အိမ်သူအိမ်သား” အဖြစ်ပဲ ရှုမြင်ကြတယ်။ အုပ်ချုပ်ရေးအဖွဲ့ဟာ စွမ်းအားတော် မှုတ်သွင်းမခံရသလို မမှားနိုင်တဲ့သူတွေလည်း မဟုတ်ဘူး။ ဒါကြောင့် အယူဝါဒဆိုင်ရာကိစ္စတွေ၊ အဖွဲ့အစည်းဆိုင်ရာ ညွှန်ကြားချက်တွေမှာ မှားနိုင်တယ်။ w17.02 ၄:၁၀-၁၂
တနင်္ဂနွေနေ့၊ ဇူလိုင် ၂၉
ဘုရားသခင်က ကျွန်တော်တို့အားလုံးအတွက် သားတော်ရင်းကိုတောင် မချန်ဘဲ ပေးပြီးပြီ။ —ရော. ၈:၃၂။
ရွေးနုတ်ဖိုးကို လေးမြတ်ကြောင်း ဖော်ပြနိုင်တဲ့ နည်းတစ်နည်းကတော့ ရွေးနုတ်ဖိုးကို ယုံကြည်ပြီး ယေဟောဝါထံ မိမိကိုယ်ကို အပ်နှံခြင်း၊ နှစ်ခြင်းခံခြင်းပါပဲ။ နှစ်ခြင်းခံခြင်းက ကျွန်တော်တို့ကို ‘ယေဟောဝါ ပိုင်’ ကြောင်း ဖော်ပြတယ်။ (ရော. ၁၄:၈) ယေဟောဝါ လုပ်ဆောင်သမျှဟာ မေတ္တာပေါ်အခြေခံတဲ့အတွက် ဝတ်ပြုကိုးကွယ်သူအားလုံး မေတ္တာ တင်ပြကြဖို့ အလိုတော်ရှိတယ်။ (၁ ယော. ၄:၈-၁၁) လူသားချင်းကို ချစ်ခြင်းအားဖြင့် ‘ကောင်းကင်မှာစံမြန်းတဲ့ အဖဘုရားရဲ့ သားတွေ’ ဖြစ်လိုကြောင်း ဖော်ပြကြတယ်။ (မ. ၅:၄၃-၄၈) ဘုရားကို ချစ်ပါဆိုတဲ့ ပညတ်ပြီးရင် လူသားချင်းကို ချစ်ပါဆိုတဲ့ ပညတ်ဟာ ဒုတိယလိုက်တယ်။ (မ. ၂၂:၃၇-၄၀) ဘုရားနိုင်ငံတော်သတင်း ဟောပြောပါဆိုတဲ့ အမိန့်ကို လိုက်နာခြင်းအားဖြင့် လူသားချင်းကို ချစ်ကြောင်း တင်ပြနိုင်တယ်။ လူသားချင်းကို ချစ်တာ က ဘုရားဘုန်းတော်ကို ထင်ရှားစေရာရောက်တယ်။ တကယ်တော့ တခြားသူတွေကို ချစ်တာ ၊ အထူးသဖြင့် ညီအစ်ကို/မတွေကို ချစ်တာ က ဘုရားကို ချစ်တဲ့ ကျွန်တော်တို့ရဲ့ မေတ္တာကို “ပြည့်ဝစုံလင်” စေတာပါပဲ။—၁ ယော. ၄:၁၂၊ ၂၀။ w17.02 ၂:၁၃၊ ၁၄
တနင်္လာနေ့၊ ဇူလိုင် ၃၀
ယေဟောဝါဟာ စစ်မှန်တဲ့ ဘုရားသခင်ဆိုရင် ကိုယ်တော့်နောက်ကို လိုက်ကြ။ ဗာလဟာ စစ်မှန်တဲ့ ဘုရားသခင်ဆိုရင် သူ့နောက်ကို လိုက်ကြ။—၁ ဘု. ၁၈:၂၁။
ယေဟောဝါကို ဝတ်ပြုတာ အမြဲ ပညာရှိပြီး အကျိုးပြုတဲ့အတွက် ဆုံးဖြတ်ရလွယ်တယ်လို့ ထင်ရနိုင်တယ်။ ဆင်ခြင်တုံတရားရှိတဲ့သူ ဘယ်သူမှ ဗာလဘက် ပါမှာ မဟုတ်ဘူး။ ဒါပေမဲ့ အစ္စရေးတွေဟာ ‘အယူအဆနှစ်ခုကြားမှာ ချီတုံချတုံ ဖြစ်နေကြ’ တယ်။ ယေဟောဝါကို ဝတ်ပြုဖို့ လူတွေကို ဧလိယ တိုက်တွန်းခဲ့တာ ပညာရှိပါတယ်။ ပညာရှိစွာ ဆုံးဖြတ်ဖို့ အစ္စရေးတွေအတွက် ဘာကြောင့် အဲဒီ လောက် ခက်နေရသလဲ။ ပထမ၊ ယေဟောဝါကို မယုံကြည်တော့လို့၊ ဘုရားစကားကို နားမထောင်ချင်တော့လို့ပဲ။ တိကျမှန်ကန်တဲ့ အသိပညာ၊ ဘုရားရေးရာ ဉာဏ်ပညာကို ဆက်မဆည်းပူးကြတော့ဘူး။ ယေဟောဝါကို မကိုးစားကြတော့ဘူး။ သူတို့သာ တိကျမှန်ကန်တဲ့ အသိပညာအတိုင်း လုပ်ဆောင်မယ်ဆိုရင် ပညာရှိစွာ ဆုံးဖြတ်နိုင်ကြပါလိမ့်မယ်။ (ဆာ. ၂၅:၁၂) ယေဟောဝါကို မကိုးကွယ်သူတွေက အစ္စရေးတွေရဲ့ တွေးခေါ်ပုံကို လွှမ်းမိုးပြီး တိတ္ထိလူအုပ်နောက် လိုက်စေခဲ့ကြတယ်။ အဲဒီ လို ဖြစ်နိုင်တယ်လို့ ယေဟောဝါ သတိပေးခဲ့တာ ကြာပြီ။—ထွ. ၂၃:၂။ w17.03 ၂:၆၊ ၇
အင်္ဂါနေ့၊ ဇူလိုင် ၃၁
မောရှေလုပ်ခဲ့တဲ့ ကြေးနီမြွေရုပ်ကို ထုခြေပစ်တယ်။—၂ ဘု. ၁၈:၄။
ဟေဇကိရဲ့ ပုံနမူနာကို တွေးတောဆင်ခြင်တဲ့အခါ ဘုရားနဲ့ ဆက်ဆံရေးကို ထိခိုက်စေတဲ့၊ စစ်မှန်တဲ့ ဝတ်ပြုရေးကနေ အာရုံလွဲသွားစေတဲ့ အရာတစ်ခုခုကို ဖယ်ရှားဖို့ လိုနေမှန်း သတိထားမိနိုင်တယ်။ လူမှုမီဒီယာကို သုံးပြီး လူတွေကို ဘုရားသဖွယ် ဆက်ဆံနေသူတွေကို ကျွန်တော်တို့ မတုပချင်ကြဘူး။ မီဒီယာတွေကို သုံးပြီး မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ ဆက်သွယ်နေတဲ့ ခရစ်ယာန်တချို့ ရှိနိုင်ပါတယ်။ ဒါပေမဲ့ လောကမှာရှိတဲ့လူများစွာက လူမှုမီဒီယာကို အလွန်အကျွံသုံးပြီး ကိုယ်မသိတဲ့ အမျိုးသား/သမီးတွေနောက် လိုက်နေကြတယ်။ သူတို့ပုံတွေ ကြည့်ဖို့၊ သူတို့အကြောင်းတွေ ဖတ်ဖို့ အချိန်အကုန်ခံနေကြတယ်။ အသေးအမွှားလေးတွေနဲ့ အချိန်ကုန်သွားနိုင်တယ်။ ခရစ်ယာန်တစ်ယောက်ဟာ ကိုယ့်ပုံတွေ၊ စာတွေကို ဘယ်နှယောက်ကြိုက်လို့ဆိုပြီး မာနတက်လာနိုင်တယ်။ ကိုယ့်နောက်ဆက်မလိုက်တော့လို့ စိတ်တောင်ဆိုးသွားနိုင်တယ်။ တမန်တော် ပေါလု၊ အာကုလ၊ ပြစ်ကိလတို့ နေ့တိုင်း ပုံတင်နေတာ၊ ညီအစ်ကို/မ မဟုတ်တဲ့ အပြင်လူတွေနောက် လိုက်နေတာကို မြင်ယောင်ကြည့်နိုင်သလား။ ဒါကြောင့် ကျွန်တော်တို့လည်း ‘လူတွေကို ကိုးကွယ်တာ ကို ရှောင်နေသလား၊ အဖိုးတန်အချိန်တွေကို အရေးမကြီးတဲ့ကိစ္စတွေအတွက် အကုန်ခံနေသလား’ လို့ မေးနိုင်တယ်။—ဧ. ၅:၁၅၊ ၁၆။ w17.03 ၃:၁၄၊ ၁၇