ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • es18 စာ. ၅၇-၆၇
  • ဇွန်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဇွန်
  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • သောကြာနေ့၊ ဇွန် ၁
  • စနေနေ့၊ ဇွန် ၂
  • တနင်္ဂနွေနေ့၊ ဇွန် ၃
  • တနင်္လာနေ့၊ ဇွန် ၄
  • အင်္ဂါနေ့၊ ဇွန် ၅
  • ဗုဒ္ဓဟူးနေ့၊ ဇွန် ၆
  • ကြာသပတေးနေ့၊ ဇွန် ၇
  • သောကြာနေ့၊ ဇွန် ၈
  • စနေနေ့၊ ဇွန် ၉
  • တနင်္ဂနွေနေ့၊ ဇွန် ၁၀
  • တနင်္လာနေ့၊ ဇွန် ၁၁
  • အင်္ဂါနေ့၊ ဇွန် ၁၂
  • ဗုဒ္ဓဟူးနေ့၊ ဇွန် ၁၃
  • ကြာသပတေးနေ့၊ ဇွန် ၁၄
  • သောကြာနေ့၊ ဇွန် ၁၅
  • စနေနေ့၊ ဇွန် ၁၆
  • တနင်္ဂနွေနေ့၊ ဇွန် ၁၇
  • တနင်္လာနေ့၊ ဇွန် ၁၈
  • အင်္ဂါနေ့၊ ဇွန် ၁၉
  • ဗုဒ္ဓဟူးနေ့၊ ဇွန် ၂၀
  • ကြာသပတေးနေ့၊ ဇွန် ၂၁
  • သောကြာနေ့၊ ဇွန် ၂၂
  • စနေနေ့၊ ဇွန် ၂၃
  • တနင်္ဂနွေနေ့၊ ဇွန် ၂၄
  • တနင်္လာနေ့၊ ဇွန် ၂၅
  • အင်္ဂါနေ့၊ ဇွန် ၂၆
  • ဗုဒ္ဓဟူးနေ့၊ ဇွန် ၂၇
  • ကြာသပတေးနေ့၊ ဇွန် ၂၈
  • သောကြာနေ့၊ ဇွန် ၂၉
  • စနေနေ့၊ ဇွန် ၃၀
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၁၈
es18 စာ. ၅၇-၆၇

ဇွန်

သောကြာနေ့၊ ဇွန် ၁

သူ့ကို မီးရှို့ရာအလှူ လိုပဲ ပေးလှူပါ့မယ်။ —သူကြီး. ၁၁:၃၁။

ယေဖသမှာ တခြားသားသမီး မရှိဘူး။ တစ်ဦးတည်းသောသမီးက တဲတော်မှာ အမှုဆောင်ရတော့မယ်၊ အိမ်ထောင်သားမွေး မလုပ်ရတော့ဘူးဆိုတော့ ယေဖသရဲ့ နာမည်နဲ့ အမွေမြေကို ဆက်ခံမယ့် မျိုးဆက် ပြတ်ပြီပေါ့။ (သူကြီး. ၁၁:၃၄) ဒါတောင် ‘ယေဟောဝါဘုရားဆီမှာ အဖေကတိပေးထားပြီးပြီ။ ပြန်ရုပ်သိမ်းလို့ မရတော့ဘူး’ လို့ ပြောခဲ့တယ်။ (သူကြီး. ၁၁:၃၅) ယေဖသဟာ အကြီးအကျယ် စွန့်လွှတ်အနစ်နာခံရပေမဲ့ ယုံကြည်ခြင်းကြောင့် ဘုရားသခင့် နှစ်သက်မှုနဲ့ ကောင်းချီး ရရှိခဲ့တယ်။ သင်လည်း ယေဖသလို ယုံကြည်ခြင်းရှိမလား။ ကျွန်တော်တို့ရဲ့ဘဝကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံတုန်းက ဘာပဲဖြစ်ဖြစ် ဘုရားသခင့် အလိုတော် ထမ်းဆောင်ပါ့မယ်လို့ ကတိပေးခဲ့ကြတယ်။ အဲဒီ ကတိတည်ဖို့ အမြဲတော့ မလွယ်မှန်း ကျွန်တော်တို့ သိတယ်။ ဒါပေမဲ့ ကိုယ်မကြိုက်တာ တစ်ခုခုလုပ်ဖို့ တောင်းဆိုခံရတဲ့အခါ ဘယ်လို တုံ့ပြန်သလဲ။ ကိုယ့်ရဲ့ ခံစားချက်တွေကို အနိုင်ယူပြီး ဘုရားသခင်ကို လိုလိုလားလား နာခံမယ်ဆိုရင် ကျွန်တော်တို့ ကတိတည်မှန်း၊ ယုံကြည်ခြင်းရှိမှန်း သက်သေပြရာရောက်တယ်။ စွန့်လွှတ်အနစ်နာခံရတဲ့အတွက် ထိခိုက်နာကျင်မှုတွေ ရှိနိုင်တယ်။ ဒါပေမဲ့ ပြန်ရရှိတဲ့ ကောင်းချီးတွေက အဲဒါတွေထက် အဆပေါင်းများစွာ သာလွန်ပါတယ်။—မာလ. ၃:၁၀။ w16.04 ၁:၁၁၊ ၁၄၊ ၁၅

စနေနေ့၊ ဇွန် ၂

အသင်းတော်တွေဆီ စွမ်းအားတော် ဆင့်ဆိုတဲ့ အဲဒီ စကားကို နားရှိတဲ့သူ ကြားပါစေ။—ဗျာ. ၂:၇။

ယေရှုဟာ သန့်ရှင်းသောစွမ်းအားတော်အားဖြင့် အသင်းတော်တွေကို ဦးဆောင်နေတယ်။ သွေးဆောင်မှုတွေကို တွန်းလှန်နိုင်ဖို့၊ သတ္တိရှိရှိ ဟောပြောနိုင်ဖို့၊ မှန်ကန်တဲ့ဆုံးဖြတ်တွေ ချနိုင်ဖို့ သန့်ရှင်းသောစွမ်းအားတော်ရဲ့ အကူအညီကို ကျွန်တော်တို့ လိုအပ်တယ်။ ဒါကြောင့် အစည်းအဝေးတွေကို အတတ်နိုင်ဆုံး တက်ရောက်ပြီး သန့်ရှင်းသောစွမ်းအားတော်ရဲ့ အကူအညီရရှိအောင် ကြိုးစားရမယ်။ ပြည့်စုံလာတဲ့ ကျမ်းစာပရောဖက်ပြုချက်တွေအကြောင်း အစည်းအဝေးတွေမှာ ဆွေးနွေးလေ့ရှိတယ်။ ဒါက ယေဟောဝါရဲ့ အနာဂတ်ကတိတွေ ပြည့်စုံလာမယ်ဆိုတဲ့ ယုံကြည်စိတ်ချမှုကို ခိုင်မာစေတယ်။ ဟောပြောချက်တွေ၊ ညီအစ်ကိုညီအစ်မတွေရဲ့ မှတ်ချက်တွေ၊ သူတို့ အားရပါးရ ချီးမွမ်းသီချင်းဆိုတာတွေက ကျွန်တော်တို့ကို အားရှိစေတယ်။ (၁ ကော. ၁၄:၂၆) အစည်းအဝေး မစခင်နဲ့ ပြီးနောက်မှာ ညီအစ်ကိုညီအစ်မတွေနဲ့ စကားပြောတဲ့အခါ စစ်မှန်တဲ့ နွေးထွေးလုံခြုံမှုနဲ့ လန်းဆန်းမှု ခံစားရတယ်။—၁ ကော. ၁၆:၁၇၊ ၁၈။ w16.04 ၃:၆၊ ၇

တနင်္ဂနွေနေ့၊ ဇွန် ၃

လူမျိုးတကာ . . . ကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။—မ. ၂၈:၁၉။

သတင်းကောင်းကို “လူနေရာ မြေတစ်ပြင်လုံး” မှာ ဟောပြောရမယ်ဆိုတဲ့ ယေရှုရဲ့စကားက ဟောပြောခြင်းလုပ်ငန်းရဲ့ ကျယ်ပြန့်မှုကို ဖော်ပြတယ်။ နောက်လိုက်တွေဟာ “လူမျိုးတကာမှ လူတို့ကို” တပည့်ဖြစ်စေရမယ်။ (မ. ၂၄:၁၄။ ၂၈:၁၉၊၂၀) တစ်ကမ္ဘာလုံးမှာ သတင်းကောင်း ဟောရမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ တစ်ကမ္ဘာလုံးမှာ သတင်းကောင်း ဟောရမယ်ဆိုတဲ့ ယေရှုရဲ့ ကြိုဟောချက်အတိုင်း ယေဟောဝါသက်သေတွေပဲ လုပ်ဆောင်နေတယ်။ ဘာကြောင့် အဲဒီ လို ပြောနိုင်သလဲ။ အမေရိကန်ပြည်ထောင်စုမှာ ခရစ်ယာန်ဘောင် ဓမ္မဆရာအဖွဲ့ဝင် ၆၀၀,၀၀၀ လောက် ရှိပြီး ယေဟောဝါသက်သေ ၁,၂၀၀,၀၀၀ လောက် ရှိတယ်။ တစ်ကမ္ဘာလုံးမှာ ကက်သလစ်ဘုန်းကြီး ၄၀၀,၀၀၀ လောက် ရှိတယ်။ ယေဟောဝါသက်သေတွေကတော့ နိုင်ငံပေါင်း ၂၄၀ မှာ ၈ သန်းကျော် ရှိနေတယ်။ ယေဟောဝါသက်သေတွေဟာ ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းဖို့ တစ်ကမ္ဘာလုံးမှာ သတင်းကောင်း ဟောနေတာ ထင်ရှားတယ်။—ဆာ. ၃၄:၁။ ၅၁:၁၅။ w16.05 ၂:၁၃၊ ၁၄

တနင်္လာနေ့၊ ဇွန် ၄

ဒေါသကြီးသူက ရန်တွေ့ဖို့ လှုံ့ဆော်တတ်တယ်။ ဒေါသထွက်လွယ်သူက အမှားအများကြီး ကျူးလွန်တတ်တယ်။—ပညာ. ၂၉:၂၂။

ကိုယ့်ဘာသာကိုယ် အကောင်းအဆိုး ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ လူများစွာ ယူမှတ်ကြတယ်။ မာနကြီးပြီး အပြိုင်အဆိုင်စိတ်ဓာတ် ရှိကြတယ်။ ဘယ်သူသေသေ၊ ငတေမာပြီးရောဆိုတဲ့ သဘောထားမျိုး ရှိကြတယ်။ (က. ၃:၁-၅) အဲဒီ လိုသဘောထားတွေကြောင့် ရန်ပွဲတွေ ဖြစ်ကြရတယ်။ ကိုယ့်အကျိုးထိခိုက်နိုင်ရင်တောင် အချင်းချင်း သင့်သင့်မြတ်မြတ်နေဖို့ တောင်ပေါ်တရားတော်မှာ တပည့်တွေကို ယေရှု သင်ပေးခဲ့တယ်။ သဘောထားကွဲလွဲမှုဖြစ်စေနိုင်တဲ့ အခြေအနေတွေကို ဖြေရှင်းဖို့ အကောင်းဆုံး အကြံ ဉာဏ်တွေပေးခဲ့တယ်။ ဥပမာ၊ ကြင်နာတတ်ဖို့၊ သင့်မြတ်အောင်လုပ်ဆောင်ဖို့၊ ဒေါသစိတ်ကို ဖျောက်ဖျက်ဖို့၊ သဘောထားကွဲလွဲမှုတွေကို အမြန်ဆုံး ဖြေရှင်းဖို့၊ ရန်သူတွေကို ချစ်ဖို့ ယေရှု သင်ပေးတယ်။—မ. ၅:၅၊ ၉၊ ၂၂၊ ၂၅၊ ၄၄။ w16.05 ၁:၄၊ ၅

အင်္ဂါနေ့၊ ဇွန် ၅

ကျွန်တော့်မှာ ကောင်းတာလုပ်ချင်တဲ့ ဆန္ဒတော့ ရှိပါရဲ့၊ ခက်တာ က လုပ်နိုင်စွမ်းမရှိဘူး ဖြစ်နေတယ်။ —ရော. ၇:၁၈။

ကျွန်တော်တို့ အများစုလည်း နှစ်ခြင်းမခံခင်မှာ ကျမ်းစာတောင်းဆိုချက်တွေနဲ့ ကိုက်ညီအောင် ဘဝကို အကြီးအကျယ် ပြောင်းလဲခဲ့ရတယ်။ ဒါပေမဲ့ ဘုရားသခင်ကိုရော ခရစ်တော်ကိုပါ ပိုတုပနိုင်အောင် ပြုပြင်ပြောင်းလဲစရာ အသေးအမွှားတွေ အခုထိရှိနေတုန်းပဲ။ (ဧ. ၅:၁၊ ၂။ ၁ ပေ. ၂:၂၁) ဥပမာ၊ ကျွန်တော်တို့က တအား ညည်းညူတတ်တာ ၊ အတင်းပြောတတ်တာ ၊ တခြားသူတွေကို မှိုချိုးမျှစ်ချိုး ပြောတတ်တာ ဖြစ်နိုင်တယ်။ တခြားသူတွေ ဝေဖန်ကဲ့ရဲ့မှာကို ကြောက်တတ်တာ ဖြစ်နိုင်တယ်။ ပြုပြင်ပြောင်းလဲဖို့ နှစ်ပေါင်းများစွာ ကြိုးစားလာပေမဲ့ ထပ်ခါထပ်ခါ မှားနေတုန်းပဲ။ ပြုပြင်ပြောင်းလဲဖို့ ဘာကြောင့် ဒီလောက်တောင် ခက်ရတာလဲ။ ကျွန်တော်တို့က မစုံလင်သူတွေ ဖြစ်နေတုန်းပဲ။ (ကော. ၃:၉၊ ၁၀) ဒါကြောင့် နှစ်ခြင်းခံပြီးတာ နှစ်ပေါင်းများစွာ ရှိနေရင်တောင် အမှားတွေ လုပ်မိနေတုန်းပဲ။ မှားယွင်းတဲ့ ဆန္ဒတွေ၊ ခံစားချက်တွေ ပေါ်လာနိုင်တုန်းပဲ။ အားနည်းချက်တစ်ခုခုကို ထိန်းချုပ်ဖို့ အခက်တွေ့ နိုင်တုန်းပဲ။ အားနည်းချက်တစ်ခုတည်းကို နှစ်ပေါင်းများစွာ တိုက်လှန်နေရတာတောင် ဖြစ်နိုင်တယ်။—ယာ. ၃:၂။ w16.05 ၄:၃-၅

ဗုဒ္ဓဟူးနေ့၊ ဇွန် ၆

ယေဟောဝါက ချစ်ရသူတွေကို ဆုံးမတတ်လို့ပဲ။ သားလို သဘောထားသူတွေကို ဒဏ်ပေးတတ်လို့ပဲ။ —ဟီ. ၁၂:၆။

‘ကိုယ်တိုင် သားသမီးရလာတော့မှ မိဘတွေရဲ့ ဆုံးမမှုကို အပြည့်အဝ နားလည်လာတယ်’ လို့ လူတချို့ ပြောတတ်ကြတယ်။ ချစ်လို့ဆုံးမတယ်ဆိုတာ အသက်ကြီးတဲ့အခါ ပိုနားလည်လာတယ်။ (ဟီ. ၁၂:၅၊ ၁၁) မှန်ပါတယ်၊ ယေဟောဝါဟာ မိမိသားသမီးတွေကို ချစ်တဲ့အတွက် စိတ်ရှည်ရှည် ဆုံးမ၊ ပုံသွင်းပေးတယ်။ ကျွန်တော်တို့ကို ပညာရှိစေချင်တယ်။ ပျော်ရွှင်စေချင်တယ်။ သူ့ကို ပြန်ချစ်စေချင်တယ်။ (ပညာ. ၂၃:၁၅) ကျွန်တော်တို့ ဒုက္ခရောက်တာ၊ “အမျက်တော်ခံရမယ့် သားသမီး” တွေအဖြစ် သေဆုံးတာ ကို ဘုရားသခင် မမြင်ချင်ဘူး။ (ဧ. ၂:၂၊ ၃) ယေဟောဝါကို မသိခင်တုန်းက ကျွန်တော်တို့မှာ အကျင့်ဆိုးတွေ ရှိနေနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို သွန်သင်ပေးခြင်းအားဖြင့် ယေဟောဝါ ပုံသွင်းပေးပြီး ပြောင်းလဲနိုင်အောင် ကူညီပေးလို့ အခုဆို အကျင့်ကောင်းတွေရှိလာပြီ။—ဟေရှာ. ၁၁:၆-၈။ ကော. ၃:၉၊ ၁၀။ w16.06 ၁:၇၊ ၈

ကြာသပတေးနေ့၊ ဇွန် ၇

ဒီကလေးငယ်လို နှိမ့်ချမယ်ဆိုရင်တော့ ကောင်းကင် နိုင်ငံမှာ အကြီးမြတ်ဆုံးဖြစ်လိမ့်မယ်။ —မ. ၁၈:၄။

ကလေးအများစုက နှိမ့်ချမှုရှိပြီး သင်ယူချင်စိတ် ရှိကြတယ်။ (မ. ၁၈:၁-၃) ဒါကြောင့် ကလေးတွေ ငယ်ငယ်ကတည်းက အမှန်တရားကိုသိပြီး ချစ်မြတ်နိုးလာအောင် မိဘတွေ ကူညီပေးတာ ပညာရှိရာကျတယ်။ (၂ တိ. ၃:၁၄၊ ၁၅) အဲဒီ လိုကူညီပေးရာမှာ အောင်မြင်နိုင်ဖို့ဆိုရင် အရင်ဆုံး မိဘတွေကိုယ်တိုင် အမှန်တရားကို ချစ်မတ်နိုးပြီး ဘဝမှာ လက်တွေ့ကျင့်သုံးရမယ်။ ဒါဆို သားသမီးတွေလည်း အမှန်တရားကို ချစ်မြတ်နိုးဖို့ ပိုလွယ်ကူလာပါလိမ့်မယ်။ အဲဒီ အပြင် မိဘတွေဆုံးမတဲ့အခါ ချစ်လို့ဆုံးမတယ်ဆိုတာ နားလည်လာပါလိမ့်မယ်။ ကျွန်တော်တို့ နှိမ့်ချမှုရှိမယ်၊ ယေဟောဝါကို အမြဲနာခံမယ်ဆိုရင် ကိုယ်တော့်အတွက် ဒံယေလလိုပဲ တန်ဖိုးရှိသူတွေ ဖြစ်လာပါလိမ့်မယ်။ ကျမ်းစာ၊ စွမ်းအားတော်နဲ့ အဖွဲ့အစည်းကိုသုံးပြီး ကျွန်တော်တို့ကို ယေဟောဝါ ဆက်ပုံသွင်းပေးပါလိမ့်မယ်။ w16.06 ၂:၁၄၊ ၁၇

သောကြာနေ့၊ ဇွန် ၈

ယေရှဲရဲ့သား ဒါဝိဒ်ကို ငါတွေ့ပြီ။ သူဟာ ငါနဲ့ စိတ်သဘောထားချင်း ကိုက်ညီသူပဲ။ —တ. ၁၃:၂၂။

ဒါဝိဒ်ကို ယေဟောဝါ သိပ်ချစ်တယ်။ “စိတ်သဘောထားချင်း ကိုက်ညီသူ” လို့တောင် ခေါ်ခဲ့တယ်။ (၁ ရှ. ၁၃:၁၃၊ ၁၄) ဒါပေမဲ့ နောက်ပိုင်းမှာ အပြစ်ကြီးတွေကို ဒါဝိဒ် ကျူးလွန်ခဲ့တယ်။ ဥရိယ စစ်တိုက်ထွက်နေတုန်း သူ့မိန်းမ ဗာသရှေဘနဲ့ အိမ်ထောင်ရေးဖောက်ပြန်ပြီး ဗာသရှေဘမှာ ကိုယ်ဝန်ရှိလာတယ်။ အပြစ်ပေါ်မှာစိုးလို့ ဥရိယကို ရှေ့တန်းကနေ ပြန်ခေါ်ပြီး အိမ်ပြန်ခိုင်းတယ်။ သူသာ အိမ်ပြန်သွားရင် မွေးလာတဲ့ကလေးကို သူ့ကလေးလို့ လူတွေ ထင်မှာပဲ။ ဒါပေမဲ့ ဥရိယ အိမ်မပြန်ဘူး။ ဒါကြောင့် တိုက်ပွဲမှာ ဥရိယသေအောင် ဒါဝိဒ် စီစဉ်ခဲ့တယ်။ သူ့ရဲ့ အပြစ်ကြီးတွေကြောင့် သူရော မိသားစုပါ ဆိုးကျိုးတွေ ခံစားခဲ့ရတယ်။ (၂ ရှ. ၁၂:၉-၁၂) ဒါပေမဲ့ အသက်တာတစ်လျှောက်လုံးနီးပါး “တည်ကြည်တဲ့စိတ်နဲ့” ကျင့်ကြံခဲ့တဲ့ သူ့ကို ယေဟောဝါ မေတ္တာပြပြီး ခွင့်လွှတ်ခဲ့တယ်။ (၁ ဘု. ၉:၄) သင်သာ အဲဒီ ခေတ်မှာ အသက်ရှင်နေမယ်ဆိုရင် ဒါဝိဒ်ရဲ့ လုပ်ရပ်အတွက် ဘယ်လိုခံစားရမလဲ။ ယေဟောဝါကို ဆက်ဝတ်မပြုတော့ဘဲ တိုက်မိလဲသွားမလား။ w16.06 ၄:၇

စနေနေ့၊ ဇွန် ၉

သတ်မှတ်ထားတဲ့အချိန်ကို ခင်ဗျားတို့ မသိတဲ့အတွက် သတိနဲ့စောင့်နေကြပါ။ နိုးနိုးကြားကြား ရှိနေကြပါ။ —မ. ၁၃:၃၃။

ယေဟောဝါသက်သေတွေအနေနဲ့ ယေရှုရဲ့သတိပေးချက်ကို ကျွန်တော်တို့ အလေးထားတယ်။ နောက်ဆုံးကာလမှာ အသက်ရှင်နေရပြီး သိပ်မကြာခင် “ကြီးစွာသောဒုက္ခ” စတော့မယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ (ဒံ. ၁၂:၄။ မ. ၂၄:၂၁) ယေရှု ကြိုပြောတဲ့အတိုင်း ယေဟောဝါရဲ့လူမျိုးဟာ တစ်ကမ္ဘာလုံးမှာ နိုင်ငံတော်သတင်း ဟောပြောနေတယ်။ တစ်ချိန်တည်းမှာ စစ်ပွဲ၊ ရောဂါ၊ မြေငလျင်၊ ငတ်မွတ်မှုတွေကို ဒေသများစွာမှာ တွေ့နေရတယ်။ ဘာသာရေးလိမ်ညာမှု၊ ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှုတွေ အရင်ကထက် ပိုများလာတယ်။ (မ. ၂၄:၇၊ ၁၁၊ ၁၂၊ ၁၄။ လု. ၂၁:၁၁) ယေရှုကြွလာပြီး ဘုရားရဲ့ရည်ရွယ်ချက်အတိုင်း လုပ်ဆောင်မယ့်အချိန်ကို ကျွန်တော်တို့ စိတ်ထက်သန်စွာ စောင့်မျှော်နေကြတယ်။ (မာ. ၁၃:၂၆၊ ၂၇) ကြီးစွာသောဒုက္ခစမယ့် အချိန်အတိအကျကိုတော့ မသိနိုင်ဘူး။ w16.07 ၂:၂-၄

တနင်္ဂနွေနေ့၊ ဇွန် ၁၀

ဘုရားသခင်ရဲ့ ပလ္လင်အနားကို သွားကြစို့၊ ရဲရဲဝံ့ဝံ့ပြောဆိုခွင့်ကို သုံးပြီး ဆုတောင်းကြစို့။ —ဟီ. ၄:၁၆။

ယေဟောဝါရဲ့ မဟာကရုဏာကြောင့် ကိုယ်တော့်ဆီ ကျွန်တော်တို့ ဆုတောင်းနိုင်တယ်။ ယေရှုကတစ်ဆင့် ယေဟောဝါဆီ ကျွန်တော်တို့ အချိန်မရွေး ဆုတောင်းနိုင်တယ်။ တကယ့်အခွင့်ထူးပါပဲ။ “ကျွန်တော်တို့က ခရစ်တော်ကို ယုံကြည်တဲ့အတွက် ရဲရဲဝံ့ဝံ့ပြောဆိုခွင့်၊ အတားအဆီးမရှိ စိတ်ချလက်ချ ဆုတောင်းခွင့် ရကြတယ်” လို့ ပေါလုပြောတယ်။ (ဧ. ၃:၁၂) ယေဟောဝါဆီ ဆုတောင်းမယ်ဆိုရင် “အကူအညီ လိုအပ်ချိန်မှာ သနားကြင်နာမှုနဲ့ မဟာကရုဏာကို ခံစားရလိမ့်မယ်” လို့ ပေါလုပြောတယ်။ (ဟီ. ၄:၁၆ခ) ဘဝမှာ အခက်အခဲတွေ ကြုံရတိုင်း အကူအညီရဖို့ ယေဟောဝါဆီ ဆုတောင်းနိုင်တယ်။ ဆုတောင်းချက်တွေကို အဖြေပေးဖို့ ယေဟောဝါမှာ တာဝန်မရှိပေမဲ့ ဖြေကြားပေးတယ်။ ညီအစ်ကိုညီအစ်မတွေကို သုံးပြီး ကျွန်တော်တို့ကို ကူညီပေးလေ့ရှိတယ်။ ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေကြားပေးလို့သာ ‘“ယေဟောဝါဟာ ကူညီမစရှင်ဖြစ်တဲ့အတွက် ငါ ဘာကိုမှ မကြောက်ဘူး။ လူက ငါ့ကို ဘာလုပ်နိုင်မှာလဲ’ ဆိုပြီး ကျွန်တော်တို့ ရဲရဲဝံ့ဝံ့ ပြောနိုင်တယ်။”—ဟီ. ၁၃:၆။ w16.07 ၃:၁၂၊ ၁၃

တနင်္လာနေ့၊ ဇွန် ၁၁

စာရာဆိုရင် အာဗြဟံကို သခင်လို့ခေါ်ပြီး နာခံခဲ့တယ်။ ခင်ဗျားတို့လည်း . . . စာရာရဲ့သမီးတွေ ဖြစ်လိမ့်မယ်။—၁ ပေ. ၃:၆။

နောဧမှာရော သားသုံးယောက်မှာပါ ဇနီးတစ်ယောက်စီပဲ ရှိကြတယ်။ ဒါပေမဲ့ ရေလွှမ်းမိုးဘေးပြီးနောက် လူများစွာဟာ မယားအများယူစနစ် ကျင့်သုံးလာကြတယ်။ ယဉ်ကျေးမှုများစွာမှာ လိင်အကျင့်ယိုယွင်းတာဟာ သာမန်ကိစ္စဖြစ်ပြီး ဘာသာရေးဓလေ့တွေမှာတောင် ပါဝင်လာတယ်။ ခါနာန်ပြည်ကို အာဗြဟံနဲ့ စာရာ ပြောင်းရွှေ့သွားတုန်းက အဲဒီ ပြည်မှာ အိမ်ထောင်ရေးကို မလေးစားတဲ့ အကျင့်ပျက်သူတွေ အပြည့်ပဲ။ ဒါကြောင့် သောဒုံနဲ့ ဂေါမောရမြို့ကို ယေဟောဝါ ဖျက်ဆီးခဲ့တယ်။ အာဗြဟံကတော့ သူတို့နဲ့မတူဘူး။ အိမ်ထောင်ဦးစီးကောင်း ဖြစ်တယ်။ စာရာလည်း လက်အောက်ခံတတ်တဲ့ ဇနီးမယားအဖြစ် ပုံသက်သေကောင်း ချမှတ်ခဲ့တယ်။ (၁ ပေ. ၃:၃-၆) ယေဟောဝါကို ဝတ်ပြုတဲ့ အမျိုးသမီးနဲ့ပဲ သားဣဇာက် အိမ်ထောင်ပြုဖို့ အာဗြဟံ အသေအချာ စီစဉ်ခဲ့တယ်။ ဣဇာက်လည်း သူ့သားယာကုပ်အတွက် အဲဒီ လိုပဲ စီစဉ်ပေးခဲ့တယ်။ နောက်ပိုင်း ယာကုပ်ရဲ့သားတွေဟာ အစ္စရေး ၁၂ နွယ်ရဲ့ ဘိုးဘေးတွေဖြစ်လာတယ်။ w16.08 ၁:၁၀

အင်္ဂါနေ့၊ ဇွန် ၁၂

လူနည်းစုလေးဟာ လူတစ်ထောင် ဖြစ်လာမယ်။ အရေးမပါတဲ့သူဟာ အားကြီးတဲ့လူမျိုး ဖြစ်လာမယ်။ —ဟေရှာ. ၆၀:၂၂။

ဒီနောက်ဆုံးကာလမှာ အဲဒီ စကားတွေ ပြည့်စုံနေတယ်။ ၂၀၁၅ လုပ်ငန်းတော်နှစ်အတွင်း တစ်ကမ္ဘာလုံးမှာ နိုင်ငံတော်သတင်း ကြေညာသူ ၈,၂၂၀,၁၀၅ ယောက်ရှိတယ်။ ‘အချိန်တန်တဲ့အခါ ငါယေဟောဝါကိုယ်တိုင် အရှိန်အဟုန် မြှင့်မယ်’ ဆိုတဲ့ ယေဟောဝါရဲ့စကားက ဘုရားသခင့်လူမျိုး တိုးတက်ရတဲ့အကြောင်းရင်းကို ဖော်ပြတယ်။ ရှေ့ဆက် လုပ်စရာပိုများလေ ဖြစ်လိမ့်မယ်။ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ကျွန်တော်တို့ အတတ်နိုင်ဆုံး ပါဝင်နေသလား။ ညီအစ်ကိုညီအစ်မများစွာဟာ မှန်မှန်ရှေ့ဆောင်၊ အရန်ရှေ့ဆောင်အဖြစ် အမှုဆောင်နေကြတယ်။ ပိုလိုအပ်တဲ့ဒေသကို ပြောင်းရွှေ့နေကြတယ်။ နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေးလုပ်ငန်းမှာ ပါဝင်နေကြတယ်။ ညီအစ်ကိုဖြစ်စေ၊ ညီအစ်မဖြစ်စေ ‘သခင့်အလုပ်မှာ အမြဲအလုပ်’ ရှိနေတာ ထင်ရှားတယ်။—၁ ကော. ၁၅:၅၈။ w16.08 ၃:၁၊ ၂

ဗုဒ္ဓဟူးနေ့၊ ဇွန် ၁၃

ယေဟောဝါက  မကယ်တင်နိုင်လောက်အောင် လက်တော် မတိုပါဘူး။—ဟေရှာ. ၅၉:၁။

အစ္စရေးတွေ အီဂျစ်ကျွန်ဘဝကနေ အံ့ဖွယ်နည်းနဲ့ လွတ်မြောက်လာပြီး မကြာခင်မှာ အာမလက်တွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်။ မောရှေက ရဲစွမ်းသတ္တိရှိတဲ့ ယောရှုကို စစ်ပွဲမှာ ဦးဆောင်ဖို့ ပြောတယ်။ အဲဒီ နောက် အာရုန်နဲ့ ဟုရကို အနီးအနားတောင်ပေါ် ခေါ်သွားတယ်။ အဲဒီ ကနေ စစ်မြေပြင်ကို မြင်နိုင်တယ်။ အောင်ပွဲခံစေမယ့် အစီအစဉ်တစ်ခုကို မောရှေ လုပ်ဆောင်ခဲ့တယ်။ စစ်မှန်တဲ့ ဘုရားသခင်ရဲ့  တောင်ဝှေးကိုကိုင်ပြီး  လက်မြှောက်ထားတဲ့အခါ အာမလက်တွေကို တိုက်နိုင်ဖို့ အစ္စရေးတွေကို ယေဟောဝါ ခွန်အားပေးခဲ့တယ်။ ဒါပေမဲ့ မောရှေ လက်ညောင်းပြီး လက်ကို ချလိုက်တဲ့အခါ အာမလက်တွေ အနိုင်ရကြတယ်။ ဒါနဲ့ အာရုန်နဲ့ ဟုရက “ကျောက်တုံးပေါ်ထိုင်ခိုင်းပြီး လက်ကို တစ်ဖက်စီ မ,ထားပေးတဲ့အတွက် မောရှေက နေဝင်ချိန်အထိ လက်ကိုဆန့်ထားနိုင်တယ်။” မှန်ပါတယ်၊ ဘုရားသခင်ရဲ့ အားကြီးတဲ့ လက်ရုံးကြောင့် အစ္စရေးတွေ အောင်ပွဲခံခဲ့ကြတယ်။—ထွ. ၁၇:၈-၁၃။ w16.09 ၁:၅-၇

ကြာသပတေးနေ့၊ ဇွန် ၁၄

မှန်တာ ကို လုပ်ချင်တဲ့အခါ မကောင်းတာ လုပ်ချင် စိတ်က ကျွန်တော့်ဆီမှာ ရှိနှင့်နေတယ်။ —ရော. ၇:၂၁။

ယေဟောဝါဆီ အားကိုးတကြီး ဆုတောင်းမယ်၊ ယေရှုရဲ့ ရွေးနုတ်ဖိုးကို ယုံကြည်မယ်ဆိုရင် အောင်မြင်မယ်ဆိုတာ သူစိတ်ချတယ်။ ကျွန်တော်တို့ကော။ အားနည်းချက်တွေကို တိုက်ခိုက်အောင်မြင်နိုင်မလား။ ပေါလုကို တုပမယ်၊ ကိုယ့်အစွမ်းခွန်အားကို မဟုတ်ဘဲ ယေဟောဝါကို အားကိုးမယ်၊ ရွေးနုတ်ဖိုးကို ယုံကြည်မယ်ဆိုရင် အောင်မြင်နိုင်ပါတယ်။ ကိစ္စတစ်ခုကို ကျွန်တော်တို့ ဘယ်လောက် စိုးရိမ်မှန်း ပြဖို့ ဘုရားသခင် ခွင့်ပြုတဲ့အခါလည်း ရှိနိုင်တယ်။ ဥပမာ၊ မိသားစုဝင်တစ်ယောက်ယောက် အသည်းအသန် ဖျားနေတဲ့အခါ၊ မတရားခံရတဲ့အခါ ကျွန်တော်တို့ ဘယ်လို တုံ့ပြန်ကြမလဲ။ ယေဟောဝါကို အကြွင်းမဲ့ ယုံကြည်တယ်ဆိုရင် ဆက်သစ္စာရှိနိုင်အောင်၊ ဆက်ပျော်ရွှင်နိုင်အောင်၊ ကိုယ်တော်နဲ့ ဆက်ဆံရေး ဆက်ခိုင်မြဲနိုင်အောင် ခွန်အားပေးဖို့ အသနားခံပါလိမ့်မယ်။ (ဖိ. ၄:၁၃) ရှေးခေတ်နဲ့ အခုခေတ် သစ္စာရှိကျေးကျွန်များစွာရဲ့ ပုံနမူနာတွေက ဆုတောင်းတဲ့အခါ ခွန်အားရနိုင်တယ်၊ ခံနိုင်ရည်ဆက်ရှိဖို့ ရဲစွမ်းသတ္တိ ရနိုင်တယ်ဆိုတာ ဖော်ပြတယ်။ w16.09 ၂:၁၄၊ ၁၅

သောကြာနေ့၊ ဇွန် ၁၅

ဂရိစကားပြောတဲ့ ဂျူးတွေက . . . ဟီဘရူးစကားပြောတဲ့ ဂျူးတွေကို အပြစ်တင်ကြတယ်။—တ. ၆:၁။

ပထမရာစု အသင်းတော် ကြီးလာတာနဲ့အမျှ ခွဲခြားဆက်ဆံမှု ပြဿနာ ပေါ်ပေါက်လာတယ်။ ဂရိစကားပြောဂျူးတွေက သူတို့ရဲ့ မုဆိုးမတွေကို မျှမျှတတ မဆက်ဆံဘူးလို့ ညည်းညူလာကြတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ အမျိုးသား ခုနစ်ယောက်ကို တမန်တော်တွေ ခန့်အပ်ခဲ့တယ်။ သူတို့အားလုံးမှာ ဂရိနာမည်တွေ ရှိတာကို ကြည့်ခြင်းအားဖြင့် အစောပိုင်း ခရစ်ယာန်တွေကြားမှာ ရှိနိုင်တဲ့ လူမျိုးရေး တင်းမာမှုတွေကို ဖြေရှင်းချင်မှန်း ဖော်ပြတယ်။ (တ. ၆:၂-၆) ကျွန်တော်တို့အားလုံး သိသိမသိသိ ယဉ်ကျေးမှုရဲ့ လွှမ်းမိုးမှုကို ခံရကြတယ်။ (ရော. ၁၂:၂) အိမ်နီးချင်း၊ အလုပ်ဖော်၊ အတန်းဖော်တွေက တခြားနောက်ခံ၊ လူမျိုး၊ အသားအရောင် ရှိသူတွေကို ချိုးချိုးနှိမ်နှိမ် ပြောတာကိုလည်း ကြားရနိုင်တယ်။ အဲဒီ လို တစ်ဖက်စောင်းနင်း သဘောထားတွေ ကျွန်တော်တို့ကို လွှမ်းမိုးနေသလား။ ကိုယ့်လူမျိုး၊ ယဉ်ကျေးမှုကို ဟာသလုပ်ပြောတဲ့အခါ ဘယ်လို တုံ့ပြန်သလဲ။ w16.10 ၁:၇၊ ၈

စနေနေ့၊ ဇွန် ၁၆

ဘုရားသခင်ကို မမြင်ရပေမဲ့ ဖန်ဆင်းထားရာတွေကို ကြည့်ပြီး . . . အထင်အရှား သိမြင်နိုင်တယ်။ —ရော. ၁:၂၀။

“ဘုရားသခင်ရဲ့ နှုတ်ထွက်စကားကြောင့် လောကစနစ်တွေ တည်ရှိလာမှန်း ကျွန်တော်တို့ သဘောပေါက်လာတာ ” လို့ကျမ်းစာက ပြောတယ်။ မသိသာ၊ မထင်ရှားတဲ့အရာတွေကို သိမှတ်ရမယ်လို့ ဆိုလိုတယ်။ (ဟီ. ၁၁:၃) သိနားလည်မှု ရှိသူတွေဟာ မြင်ရကြားရသလောက်သာ မဟုတ်ဘဲ အသိဉာဏ်ကို သုံးကြတယ်။ ကျွန်တော်တို့ကို ကူညီပေးဖို့ ယေဟောဝါရဲ့ အဖွဲ့အစည်းက ရှာဖွေရေး ကိရိယာများစွာ ပြင်ဆင်ပေးထားတယ်။ အဲဒါတွေက ဖန်ဆင်းရှင်ကို ယုံကြည်ခြင်းမျက်စိနဲ့ “မြင်” ဖို့ ကူညီပေးနိုင်တယ်။ (ဟီ. ၁၁:၂၇) အဲဒီ ထဲမှာ အံ့ဖွယ်ဖန်ဆင်းရာများက ဘုရားသခင့်ဘုန်းတော် ထင်ရှားစေကြ ဗီဒီယို၊ သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော နဲ့ သက်ရှိများ၏မူလအစ—မေးသင့်မေးထိုက်သော မေးခွန်းငါးခု ဘရိုရှာ၊ သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော စာအုပ်တို့ ပါတယ်။ နိုးလော့! မဂ္ဂဇင်းမှာ သိပ္ပံပညာရှင်တွေနဲ့ တခြားသူတွေ ဘုရားသခင်ကို ဘာကြောင့် ယုံကြည်လာကြတယ်ဆိုတဲ့ လူတွေ့ မေးမြန်းခန်းတွေ ပါတယ်။ “ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား” ဆိုတဲ့ ဆောင်းပါးတွဲတွေမှာ တိရစ္ဆာန်တွေနဲ့ တခြားအရာတွေအကြောင်း အသေးစိတ် ရှင်းပြချက်တွေ ပါဝင်ပြီး အဲဒါတွေကို သိပ္ပံပညာရှင်တွေ ဘယ်လို အတုခိုးထားသလဲဆိုတဲ့ ဥပမာတွေ ပါဝင်တယ်။ w16.09 ၄:၄၊ ၅

တနင်္ဂနွေနေ့၊ ဇွန် ၁၇

ယုံကြည်ခြင်းကြောင့် ဘုရားသခင်နှစ်သက်တယ်ဆိုတဲ့ သက်သေခံချက်ကို ရရှိခဲ့ [တယ်]။—ဟီ. ၁၁:၃၉။

ဟီဘရူး အခန်းကြီး ၁၁ မှာ ဖော်ပြထားတဲ့ သစ္စာရှိသူတွေဟာ “အမျိုးအနွယ်” ဖြစ်တဲ့ ယေရှုခရစ်က ကောင်းကင်အသက်တာအတွက် လမ်းမဖွင့်ပေးခင်မှာ သေဆုံးသွားခဲ့ကြတယ်။ ဒါကြောင့် သူတို့ ကောင်းကင်သွားဖို့ မမျှော်လင့်ခဲ့ဘူး။ (ဂလ. ၃:၁၆) အဲဒီ အစား မြေကြီးပရဒိသုမှာ ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ခဲ့ကြတယ်။ (ဆာ. ၃၇:၁၁။ ဟေရှာ. ၂၆:၁၉။ ဟော. ၁၃:၁၄) ဟီဘရူး ၁၁:၁၃ မှာ အဲဒီ သစ္စာရှိသူတွေအကြောင်း အခုလို ပြောတယ်– “ကတိတော်တွေ မပြည့်စုံခဲ့ပေမဲ့ အဲဒီ လူအားလုံးဟာ ယုံကြည်ခြင်းရှိရှိ သေဆုံးသွားကြတယ်။ ကတိထားရာတွေက အနာဂတ်ကျမှ ပြည့်စုံလာမှာ ဖြစ်ပေမဲ့ သူတို့အတွက်တော့ မြင်တွေ့ပြီးသားအရာလို ဖြစ်ပြီး ဝမ်းသာအားရ ကြိုဆိုခဲ့ကြတယ်။” သူတို့ထဲက တစ်ယောက်ကတော့ အာဗြဟံပါပဲ။ ကတိထားရာ “အမျိုးအနွယ်” ရဲ့ အုပ်ချုပ်မှုအောက် အသက်ရှင်ဖို့ အာဗြဟံ မျှော်လင့်ခဲ့သလား။ “ခင်ဗျားတို့ရဲ့ဘိုးဘေး အာဗြဟံက ကျွန်တော်လာမယ့်နေ့ကို မြင်ရဖို့ မျှော်လင့်ပြီး သိပ်ပျော်ခဲ့တာ။ သူ မြင်ခဲ့ရတယ်၊ ပျော်လည်းပျော်ခဲ့တယ်” လို့ ယေရှု အဖြေပေးတယ်။ (ယော. ၈:၅၆) စာရာ၊ ဣဇာက်၊ ယာကုပ်နဲ့ တခြားသူများစွာလည်း “ဘုရားသခင် ပုံစံရေးဆွဲပြီး တည်ဆောက်တဲ့” နိုင်ငံတော်ကို မျှော်လင့်ခဲ့ကြတယ်။—ဟီ. ၁၁:၈-၁၁။ w16.10 ၃:၄၊ ၅

တနင်္လာနေ့၊ ဇွန် ၁၈

အချိန်အခါတိုင်းမှာ . . . ဆုတောင်းနေပါ။ —ဧ. ၆:၁၈။

ယေဟောဝါက အမှန်တရားကို ဖော်ပြဖို့၊ ကျွန်တော်တို့ ယုံကြည်ခြင်း တင်ပြနိုင်စေဖို့ သန့်ရှင်းသော စွမ်းအားတော်ကို သုံးနေတဲ့အတွက် ကျေးဇူးတင်စရာပါပဲ။ (လု. ၁၀:၂၁) “ယုံကြည်ခြင်းကို စုံလင်စေသူ၊ ကိုယ်စားလှယ်ချုပ်” ယေရှုကတစ်ဆင့် မိမိဆီ သွေးဆောင်ခဲ့တဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်သင့်တယ်။ (ဟီ. ၁၂:၂) အဲဒီ လို မဟာကရုဏာတော်အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြဖို့ ဆုတောင်းခြင်း၊ ကျမ်းစာလေ့လာခြင်းအားဖြင့် ယုံကြည်ခြင်း ခိုင်မာအောင် လုပ်ဆောင်နေသင့်တယ်။ (၁ ပေ. ၂:၂) ယေဟောဝါရဲ့ ကတိတွေကို ယုံကြည်ကြောင်း တင်ပြနေရမယ်။ အဲဒါကို ထင်ရှားမြင်သာတဲ့နည်းတွေနဲ့ တင်ပြကြရမယ်။ ဥပမာ၊ ဘုရားသခင့် နိုင်ငံတော်အကြောင်း ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ပါဝင်ကြရမယ်။ ‘လူတိုင်းကို၊ အထူးသဖြင့် ယုံကြည်ခြင်း၌ ဆွေမျိုးတော်သူတို့ကို ကောင်းမှုပြုကြ’ ရမယ်။ (ဂလ. ၆:၁၀) “စရိုက်ဟောင်းကိုရော စရိုက်ဟောင်းရဲ့ အကျင့်တွေကိုပါ ချွတ်ပယ်ကြ” ရမယ်။—ကော. ၃:၅၊ ၈-၁၀။ w16.10 ၄:၁၁၊ ၁၂

အင်္ဂါနေ့၊ ဇွန် ၁၉

မိုးကောင်းကင်ကို လက်ရာမြောက်အောင် ဖန်ဆင်းတယ်။—ဆာ. ၁၃၆:၅။

စကြဝဠာဟာ တကယ့် အံ့ဖွယ်အဖွဲ့အစည်းပါပဲ။ မိမိရဲ့ ကျေးကျွန်တွေကိုလည်း ယေဟောဝါ ကောင်းကောင်း စီစဉ်ဖွဲ့စည်းစေချင်မှာ သေချာတယ်။ ဒါကြောင့် ကျွန်တော်တို့ကို လမ်းညွှန်ပေးဖို့ ကျမ်းစာကို ပြင်ဆင်ပေးထားတယ်။ ဘုရားသခင့် အဖွဲ့အစည်းနဲ့ စံနှုန်းတွေသာ မရှိရင် ဝမ်းနည်းစရာ အဖြစ်ဆိုးတွေပဲ ခံစားရပါလိမ့်မယ်။ ရှေးအစ္စရေးလူမျိုးဟာ စံပြအဖွဲ့အစည်းတစ်ခု ဖြစ်တယ်။ ဥပမာ၊ ပညတ်တရားအရ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာ “အမှုဆောင်ဖို့ တာဝန်ကျတဲ့ အမျိုးသမီးတွေ” ရှိတယ်။ (ထွ. ၃၈:၈) နောက်ပိုင်း ဘုရင်ဒါဝိဒ်က လေဝိသားတွေနဲ့ ပုရောဟိတ်တွေကို အုပ်စုအလိုက် ဖွဲ့စည်းပေးခဲ့တယ်။ (၁ ရာ. ၂၃:၁-၆။ ၂၄:၁-၃) ပထမရာစု ခရစ်ယာန် အသင်းတော်လည်း စနစ်တကျ ဖွဲ့စည်းထားတယ်။ အစပိုင်းမှာ တမန်တော်တွေနဲ့ ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ လမ်းညွှန်မှုကနေ အကျိုးရရှိခဲ့တယ်။ (တ. ၆:၁-၆) ပထမရာစု အုပ်ချုပ်ရေး အဖွဲ့ဝင်တွေ၊ သူတို့နဲ့ အနီးကပ် ဆက်စပ်နေသူတွေ ရေးတဲ့ စာတွေအားဖြင့် သွန်သင်ချက်နဲ့ လမ်းညွှန်ချက်တွေ ရရှိတယ်။—၁ တိ. ၃:၁-၁၃။ တိ. ၁:၅-၉။ w16.11 ၂:၃၊ ၆၊ ၈၊ ၉

ဗုဒ္ဓဟူးနေ့၊ ဇွန် ၂၀

တချို့ သုံ့ပန်းဘဝ ရောက်သွားမယ်။ —ယေ. ၁၅:၂။

ဘီစီ ၆၀၇ မှာ ဘုရင် နေဗုခဒ်နေဇာ ဦးဆောင်တဲ့စစ်တပ်က ဂျေရုဆလင်မြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ အဲဒီ အချိန်မှာဖြစ်ခဲ့တဲ့ သွေးချောင်းစီးမှုကို ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “[နေဗုခဒ်နေဇာဟာ] သူတို့ရဲ့ သန့်ရှင်းရာဌာနတော်မှာ လူငယ်တွေကို ဓားနဲ့ကွပ်မျက်တယ်။ လူပျို၊ အပျို၊ လူအို၊ အိုမင်းမစွမ်းသူကိုလည်း မသနားဘူး။ . . . ဘုရားသခင့်အိမ်တော်ကို မီးရှို့ပြီး ဂျေရုဆလင်မြို့ရိုးကို ဖြိုချတယ်။ ခံတပ်မျှော်စင်တွေကိုလည်း မီးရှို့ပြီး တန်ဖိုးကြီးပစ္စည်းတွေကို ဖျက်ဆီးတယ်။” (၂ ရာ. ၃၆:၁၇၊ ၁၉) ဂျေရုဆလင်မြို့ ဖျက်ဆီးခံရတာကို မြို့သူမြို့သားတွေ မအံ့သြသင့်ဘူး။ ဘုရားသခင့် ပညတ်တရားကို မလိုက်နာရင် ဗာဗုလုန်လက်ထဲ အပ်မယ်လို့ ဂျူးတွေကို ပရောဖက်တွေ နှစ်ပေါင်းများစွာ သတိပေးလာခဲ့ပြီ။ ဂျူးများစွာဟာ ဓားဘေးကြောင့် သေကြလိမ့်မယ်။ မသေတဲ့သူတွေက ဗာဗုလုန်မှာ သုံ့ပန်းအဖြစ် နေထိုင်ရလိမ့်မယ်။ w16.11 ၄:၁၊ ၂

ကြာသပတေးနေ့၊ ဇွန် ၂၁

အပြစ်ဟာ လူတစ်ယောက်ကြောင့် လူ့လောကထဲ ရောက်လာတယ်။—ရော. ၅:၁၂။

“လူတစ်ယောက်” အာဒံအားဖြင့် အပြစ်နဲ့ သေခြင်း “လူ့လောကထဲ ရောက်လာ” တယ်။ “လူတစ်ယောက်ရဲ့ အပြစ်ကြောင့် သေခြင်းက ဘုရင်တစ်ပါးလို ကြီးစိုးခဲ့တယ်” တယ်။ ဒါပေမဲ့ ‘တစ်ယောက်သောသူ ယေရှုခရစ်’ အားဖြင့် “ဆုလက်ဆောင်ကို အလျှံပယ် ခံစားရတယ်။” (ရော. ၅:၁၂၊ ၁၅၊ ၁၇) အဲဒီ မဟာကရုဏာတော်က လူသားအားလုံးကို အကျိုးပြုတယ်။ “လူတစ်ယောက်ရဲ့ နာခံမှုကြောင့် လူများစွာ ဖြောင့်မတ်သူတွေ ဖြစ်လာတယ်။” တကယ်တော့ ဘုရားသခင့် မဟာကရုဏာတော်က “ယေရှုခရစ်ကြောင့် ထာဝရအသက် ရ” စေနိုင်တယ်။ (ရော. ၅:၁၉၊ ၂၁) ရွေးနုတ်ဖိုးအဖြစ် သားတော်ကို မြေကြီးပေါ် စေလွှတ်ဖို့ ယေဟောဝါမှာ တာဝန်မရှိပါဘူး။ မစုံလင်တဲ့အပြစ်ရှိ လူသားတွေဟာ ဘုရားသခင်နဲ့ ယေရှု ပြင်ဆင်ပေးတဲ့၊ ခွင့်လွှတ်မှု ခံရစေနိုင်တဲ့ ရွေးနုတ်ဖိုးနဲ့လည်း မထိုက်တန်ကြပါဘူး။ ဒါကြောင့် အပြစ်တွေ ခွင့်လွှတ်ခံရပြီး ထာဝရအသက် အလားအလာ ရရှိတာဟာ တကယ့်ကို မခံစားထိုက်တဲ့ မဟာကရုဏာတော်ပါပဲ။ ဘုရားသခင့် မဟာကရုဏာ လက်ဆောင်ကို အလွန်တန်ဖိုးထားသင့်ပြီး နေ့စဉ်အသက်တာမှာ အကျိုးသက်ရောက်စေသင့်တယ်။ w16.12 ၁:၁၊ ၆၊ ၇

သောကြာနေ့၊ ဇွန် ၂၂

အပြစ်ရှိတဲ့အရာတွေဆီ စိတ်ရောက်နေသူတွေဟာ ဘုရားသခင်ရဲ့ရန်သူ ဖြစ်သွားတယ်။ သူတို့က ဘုရားသခင်ရဲ့ပညတ်ကို မနာခံဘူး။—ရော. ၈:၇။

ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဖို့ အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ “အပြစ်ရှိတဲ့အရာတွေဆီ စိတ်ရောက်နေတာက သေစေနိုင်တယ်” လို့ပေါလု ရေးခဲ့လို့ပဲ။ (ရော. ၈:၆) လောလောဆယ် ယေဟောဝါနဲ့ ဆက်ဆံရေး ပြတ်တောက်ပြီး အနာဂတ်မှာ အသက်ဆုံးရှုံးနိုင်တဲ့အတွက် အရေးကြီးကိစ္စ ဖြစ်တယ်။ ဒါပေမဲ့ “အပြစ်ရှိတဲ့အရာတွေဆီ စိတ်ရောက်နေ” ရင် သေကို သေရမယ်လို့တော့ ပေါလု မဆိုလိုပါဘူး။ ပြောင်းလဲနိုင်ပါတယ်။ “အပြစ်ရှိတဲ့အရာတွေ” နောက်လိုက်လို့ နှင်ထုတ်ခံခဲ့ရတဲ့ ကောရိန္သုမြို့က အကျင့်ပျက်သူအကြောင်း စဉ်းစားကြည့်ပါ။ သူ ပြောင်းလဲနိုင်ခဲ့တယ်။ အပြစ်ရှိတဲ့အရာတွေနောက် မလိုက်တော့ဘဲ လမ်းမှန်ကို ပြန်လာခဲ့တယ်။ (၂ ကော. ၂:၆-၈) ကောရိန္သုမြို့ကလူ ပြောင်းလဲနိုင်တယ်ဆိုရင် ဒီနေ့ခေတ် ခရစ်ယာန်တွေ၊ အထူးသဖြင့် သူ့လောက် လူ့ဇာတိဆန္ဒနောက် မလိုက်ခဲ့သူတွေလည်း ပြောင်းလဲနိုင်ပါတယ်။ “လူ့ဇာတိနှင့်ဆိုင်သောအရာများကို စိတ်စွဲလမ်း” သူရဲ့ နောက်ဆုံးဖြစ်အင်အကြောင်း ပေါလုရဲ့ သတိပေးချက်က လိုအပ်သလို ပြောင်းလဲဖို့ ခရစ်ယာန်တွေကို လှုံ့ဆော်ပေးသင့်တယ်။ w16.12 ၂:၅၊ ၁၂၊ ၁၃

စနေနေ့၊ ဇွန် ၂၃

ထမ်းထားရတဲ့ဝန်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ။—ဆာ. ၅၅:၂၂။

“ထမ်းရွက်ရတဲ့ဝန်ကို ယေဟောဝါဆီ ပုံအပ်လိုက်” ရင် “ဖေးမ” မယ်ဆိုတာ သိရခြင်းက အားရှိစရာပါပဲ။ ဘုရားသခင်ဟာ “ကျွန်တော်တို့ တောင်းလျှောက်သမျှ၊ ကြံစည်သမျှထက် အတိုင်းထက်အလွန်လုပ်ဆောင်နိုင်” ကြောင်း အပြည့်အဝ ယုံကြည်စိတ်ချနိုင်ပါတယ်။ (ဧ. ၃:၂၀) များပြားစွာလောက်သာ မဟုတ်ဘဲ “အတိုင်းထက်အလွန်လုပ်ဆောင်” ပေးနိုင်တယ်ဆိုတာ စဉ်းစားကြည့်ပါ။ ဆုရဖို့ဆိုရင် ယေဟောဝါကို အကြွင်းမဲ့ ယုံကြည်ပြီး လမ်းညွှန်ချက်တွေကို နာခံရမယ်။ “ယေဟောဝါဘုရား အမွေပေးမယ့်ပြည်မှာ ခင်ဗျားတို့ကို ယေဟောဝါ ကောင်းချီးပေးမှာ သေချာလို့ ခင်ဗျားတို့တစ်ယောက်မှ ဆင်းရဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခု ကျွန်တော် မှာကြားနေတဲ့ ဒီပညတ်ချက်အားလုံးကို ဂရုတစိုက် လိုက်နာပြီး ယေဟောဝါဘုရားရဲ့ စကားကို မြေဝယ်မကျ နာခံမှသာ ကောင်းချီးရလိမ့်မယ်။ ယေဟောဝါဘုရားဟာ ကတိပေးထားတဲ့အတိုင်း ကောင်းချီးပေးမယ်” လို့ အစ္စရေးတွေကို မောရှေ ပြောတယ်။ (တရား. ၁၅:၄-၆) ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုရင် ကောင်းချီးရမယ်ဆိုတာ အပြည့်အဝ ယုံကြည်စိတ်ချသလား။ ယုံကြည်စိတ်ချဖို့ အကြောင်းကောင်းတွေ ရှိပါတယ်။ w16.12 ၄:၈၊ ၉

တနင်္ဂနွေနေ့၊ ဇွန် ၂၄

ယေဟောဝါဘုရားက . . . ခင်ဗျားတို့ကို တန်ဖိုးအထားရဆုံး လူမျိုးအဖြစ် ရွေးချယ်ထားပြီ။—တရား. ၇:၆။

ယေဟောဝါ တစ်ပါးတည်းမှာသာ အကြွင်းမဲ့ လွတ်လပ်မှု ရှိတယ်။ ဒါပေမဲ့ လွတ်လပ်မှုကို ကိုယ်တော် အသုံးပြုပုံက ကျွန်တော်တို့အတွက် ပုံသက်သေ ဖြစ်တယ်။ ဥပမာ၊ အစ္စရေးလူမျိုးကို မိမိနာမတော်အတွက် “တန်ဖိုးအထားရဆုံး လူမျိုး” အဖြစ် ရွေးချယ်ခဲ့တယ်။ (တရား. ၇:၆-၈) လက်လွတ်စပယ် ရွေးချယ်လိုက်တာတော့ မဟုတ်ဘူး။ အစောပိုင်း ရာစုနှစ်တွေတုန်းက မိတ်ဆွေ အာဗြဟံကို ပေးခဲ့တဲ့ ကတိအတိုင်း လုပ်ဆောင်တာပါ။ (က. ၂၂:၁၅-၁၈) အဲဒီ အပြင် ယေဟောဝါဟာ မိမိရဲ့ လွတ်လပ်မှုကို မေတ္တာ၊ တရားမျှတမှုနဲ့အညီ အမြဲကျင့်သုံးတယ်။ စစ်မှန်တဲ့ ဝတ်ပြုရေးကို အကြိမ်ကြိမ် စွန့်ခွာခဲ့တဲ့ အစ္စရေးလူမျိုးကို ဆုံးမပုံမှာ အဲဒီ အချက် ပေါ်လွင်တယ်။ သူတို့ စိတ်ရင်းမှန်နဲ့ နောင်တရတဲ့အခါ ယေဟောဝါ မေတ္တာကရုဏာ ပြပြီး ‘ငါကုသပေးလိုက်တဲ့အတွက် သူတို့ သစ္စာဖောက်တော့မှာ မဟုတ်ဘူး။ သူတို့ကို စိတ်လိုကိုယ်လျောက် ချစ်မယ်’ လို့ပြောတယ်။ (ဟော. ၁၄:၄) တခြားသူတွေရဲ့ အကျိုးအတွက် မိမိရဲ့ လွတ်လပ်မှုကို အသုံးပြုခဲ့တဲ့ အကောင်းဆုံး ပုံသက်သေပါပဲ။ ယေဟောဝါဟာ အသိဉာဏ်ရှိ သတ္တဝါတွေကို စတင်ဖန်ဆင်းချိန်မှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို မေတ္တာပါပါ ထည့်သွင်းပေးခဲ့တယ်။ အဲဒီ ဆုလက်ဆောင်ကို ဦးဆုံး ရရှိသူကတော့ “မျက်စိနဲ့မမြင်နိုင်တဲ့ ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်” ဖြစ်တဲ့ သားဦးပါပဲ။ (ကော. ၁:၁၅) ယေရှုက မိမိရဲ့ လွတ်လပ်မှုကို ဘယ်လို အသုံးပြုခဲ့သလဲ။ မြေကြီးပေါ် မလာခင်တုန်းက စာတန့်ပုန်ကန်မှုမှာ မပါဘဲ ဖခင်အပေါ် သစ္စာစောင့်သိဖို့ ရွေးချယ်ခဲ့တယ်။ w17.01 ၂:၃၊ ၄

တနင်္လာနေ့၊ ဇွန် ၂၅

ဘုရားသခင်ဟာ ဖြောင့်မတ်တဲ့ဘုရားဖြစ်လို့ ခင်ဗျားတို့ရဲ့ လုပ်ရပ်ကို၊ နာမတော်အတွက်ပြတဲ့ မေတ္တာကို ဘယ်တော့မှ မမေ့ပါဘူး။—ဟီ. ၆:၁၀။

အခြေအနေပြောင်းလဲသွားတဲ့အတွက် လုပ်ပိုင်ခွင့် တိုးများလာနိုင်သလို လျော့နည်းသွားနိုင်တယ်။ လူကြီးလူငယ်၊ ကျန်းမာရေးကောင်းသူ၊ မကောင်းသူအားလုံးဟာ ယေဟောဝါရဲ့ အမှုတော်မှာ အကောင်းဆုံး အသုံးတော်ခံနိုင်မှန်း ကိုယ်တော် သိတယ်။ ကျွန်တော်တို့ဆီကနေ တော်သင့်ရုံပဲ ကိုယ်တော် မျှော်လင့်ပြီး ကျွန်တော်တို့ လုပ်သမျှကို အလွန်တန်ဖိုးထားတယ်။ ယေရှုဟာ ရရှိတဲ့တာဝန်တိုင်းကို ပျော်ရွှင်စွာ လုပ်ဆောင်ခဲ့တယ်။ ကျွန်တော်တို့လည်း ပျော်ရွှင်နိုင်ပါတယ်။ (ပညာ. ၈:၃၀၊ ၃၁) ကျိုးနွံမှုရှိသူဟာ အသင်းတော်မှာ လက်ရှိတာဝန်တွေ၊ အခွင့်ထူးတွေကြောင့် ကျဉ်းကျပ်တယ်လို့ မခံစားဘူး။ အခွင့်ထူးတွေ ထပ်မရမှာ၊ တခြားသူတွေ အောင်မြင်သွားမှာကို တွေးမပူဘူး။ အဲဒီ အစား လက်ရှိတာဝန်ကို ယေဟောဝါဆီက လာတဲ့တာဝန်အဖြစ် ယူမှတ်လို့ အဓိပ္ပာယ်ရှိရှိ၊ ပျော်ပျော်ရွှင်ရွှင် ထမ်းဆောင်ဖို့ပဲ အာရုံစိုက်တယ်။ တစ်ချိန်တည်းမှာ တခြားသူတွေကို ယေဟောဝါ ပေးထားတဲ့ အခန်းကဏ္ဍ၊ နေရာကိုလည်း လေးစားတယ်။ ကျိုးနွံမှုက တခြားသူတွေကို တော်မှန်စွာ ဂုဏ်တင်ဖို့၊ ထောက်မဖို့ ကူညီပေးတယ်။—ရော. ၁၂:၁၀။ w17.01 ၃:၁၃၊ ၁၄

အင်္ဂါနေ့၊ ဇွန် ၂၆

သတင်းကောင်း ပျံ့နှံ့စေဖို့ ကျွန်တော်နဲ့အတူ သားအဖလို ကြိုးစားအမှုဆောင်ခဲ့[တယ်။]—ဖိ. ၂:၂၂။

အခု လူငယ်တချို့ဟာ လူကြီးတွေရဲ့ အလုပ်ကို ကြီးကြပ်ရတဲ့တာဝန်တွေ ရရှိထားနိုင်တယ်။ အဲဒီ လူငယ်တွေရဲ့ အနေအထား ပြောင်းလဲသွားပေမဲ့ ဆုံးဖြတ်ချက်တွေ မချခင် အသက်ကြီးသူတွေရဲ့ ဉာဏ်ပညာနဲ့ အတွေ့အကြုံတွေကနေ အကျိုးရယူသင့်တယ်။ လူငယ်တိမောသေဟာ တမန်တော်ပေါလုနဲ့ နှစ်ပေါင်းများစွာ တွဲလုပ်ဆောင်ခဲ့တယ်။ ကောရိန္သုမြို့က ခရစ်ယာန်တွေဆီ ပေါလု ဒီလိုရေးခဲ့တယ်– “တိမောသေကို ခင်ဗျားတို့ဆီ လွှတ်လိုက်တာပါ။ သူဟာ ကျွန်တော်ချစ်ရတဲ့ သားဖြစ်သလို သခင့်အတွက် သစ္စာရှိရှိ အမှုဆောင်နေသူလည်း ဖြစ်တယ်။ . . . ကျွန်တော်ကျင့်သုံးတဲ့ နည်းလမ်းတွေကို သူပြောပြလိမ့်မယ်။” (၁ ကော. ၄:၁၇) အဲဒီ ဖော်ပြချက်က ပေါလုနဲ့ တိမောသေရဲ့ အနီးကပ် ပူးပေါင်းလုပ်ဆောင်မှုကို သိရှိစေတယ်။ ပေါလုက ခရစ်တော်နဲ့ပတ်သက်တဲ့ မိမိ “နည်းလမ်း” တွေအကြောင်း တိမောသေကို အချိန်ယူ သင်ပေးခဲ့တယ်။ တိမောသေ ကောင်းကောင်း သင်ယူတဲ့အတွက် ပေါလုရဲ့ ချစ်ခင်မှု ရရှိခဲ့တယ်။ ကောရိန္သုမြို့က ညီအစ်ကို/မတွေကို တိမောသေ ကောင်းကောင်း ဂရုစိုက်ပေးနိုင်တယ်ဆိုတာ ပေါလု ယုံကြည်စိတ်ချခဲ့တယ်။ အသင်းတော်မှာ ဦးဆောင်ဖို့ လေ့ကျင့်ပေးတဲ့အခါ အကြီးအကဲတွေ တုပသင့်တဲ့ ပုံသက်သေကောင်းပါပဲ။ w17.01 ၅:၁၃၊ ၁၄

ဗုဒ္ဓဟူးနေ့၊ ဇွန် ၂၇

ဖြောင့်မတ်သူရော မဖြောင့်မတ်သူတွေပါ ရှင်ပြန်ထမြောက်လာမယ်။—တ. ၂၄:၁၅။

ယေဟောဝါက လူတွေကို မသေစေချင်ဘဲ အသက်ရှင်စေချင်တယ်။ အသက်ပေးပိုင်ရှင်မို့ အသက်ရှင်လာသူတိုင်းရဲ့ ဖခင် ဖြစ်လာမယ်။ (ဆာ. ၃၆:၉) ဒါကြောင့် “ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော်တို့ရဲ့အဖ” လို့ခေါ်ဖို့ ယေရှု သင်ပေးတာ သင့်တော်လှပေတယ်။ (မ. ၆:၉) လူသေတွေ ရှင်ပြန်ထမြောက်ရေးမှာ ယေရှုကို အရေးပါတဲ့ကဏ္ဍမှာ ပါဝင်ခွင့် ယေဟောဝါ ပေးခဲ့တယ်။ (ယော. ၆:၄၀၊ ၄၄) ပရဒိသုမှာ “ရှင်ပြန်ထမြောက်စေသူ၊ အသက်ရစေတဲ့သူ” ဆိုတဲ့ကဏ္ဍကို ယေရှု ပြည့်စုံစေပါမယ်။ (ယော. ၁၁:၂၅) “ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်တဲ့သူတိုင်းဟာ ကျွန်တော့်အမေ၊ ကျွန်တော့် ညီအစ်ကိုမောင်နှမတွေပဲ” လို့ ယေရှု ပြောတဲ့အတွက် ယေဟောဝါရဲ့ ရက်ရောမှုဟာ အခွင့်ထူးခံ လူအနည်းငယ်အတွက်လောက်ပဲ မဟုတ်ဘူး။ (မာ. ၃:၃၅) လူမျိုး၊ ဘာသာစကားအသီးသီးထဲက မရေမတွက်နိုင်တဲ့ “လူအုပ်ကြီး” ကို ဘုရားဝတ်ပြုသူတွေ ဖြစ်လာဖို့ အလိုတော် ရှိတယ်။ ခရစ်တော်ရဲ့ ရွေးနုတ်ဖိုးကို ယုံကြည်ကြောင်း တင်ပြသူတွေ၊ ဘုရားအလိုတော် ဆောင်သူတွေဟာ ဒီလိုကြွေးကြော်ခွင့် ရကြပါမယ်– “ရာဇပလ္လင်ပေါ်မှာ ထိုင်နေတဲ့ ဘုရားသခင်နဲ့ သိုးသငယ်ရဲ့ ကျေးဇူးတော်ကြောင့် ငါတို့ ကယ်တင်ခြင်းရတာ။”—ဗျာ. ၇:၉၊ ၁၀။ w17.02 ၂:၁၀၊ ၁၁

ကြာသပတေးနေ့၊ ဇွန် ၂၈

ခင်ဗျားတို့ကို ဦးဆောင်နေသူတွေ . . . ကို သတိရပါ။—ဟီ. ၁၃:၇။

ကျမ်းစာအမှန်တရားကို ဘာသာစကားအမျိုးမျိုးနဲ့ ဖြန့်ချိနိုင်ဖို့ ၁၈၈၄ ခုနှစ်မှာ ဇိအုန်ကင်းမျှော်စင် ဝေစာအသင်းကို တရားဝင် ဖွဲ့စည်းခဲ့ကြပြီး ချားလ် တေ့စ် ရပ်စယ်လ်က ဥက္ကဋ္ဌ ဖြစ်လာတယ်။ သူဟာ ထူးခြားတဲ့ ကျမ်းစာကျောင်းသားတစ်ယောက် ဖြစ်ပြီး သုံးပါးတစ်ဆူ၊ ဝိညာဉ်မသေနိုင်စတဲ့ မှားယွင်းတဲ့ အယူဝါဒတွေကို သတ္တိရှိရှိ ဖော်ထုတ်ခဲ့တယ်။ မျက်မြင်မရနည်းနဲ့ ခရစ်တော် ပြန်ကြွလာမယ်၊ ၁၉၁၄ ခုနှစ်မှာ ‘လူမျိုးခြားတွေအတွက် သတ်မှတ်ထားချိန်’ ကုန်ဆုံးမယ်ဆိုတာကို သိခဲ့တယ်။ (လု. ၂၁:၂၄) တခြားသူတွေကို ဒီအမှန်တရားတွေ ဝေမျှဖို့ ညီအစ်ကို ရပ်စယ်လ်ဟာ အချိန်၊ ခွန်အား၊ ငွေကြေးတွေကို မနှမြောဘဲ အသုံးပြုခဲ့တယ်။ အဲဒီ အရေးပါတဲ့ အချိန်တုန်းက ညီအစ်ကို ရပ်စယ်လ်ကို ယေဟောဝါနဲ့ အသင်းတော်ရဲ့ ဦးခေါင်း ယေရှု အသုံးပြုခဲ့ကြောင်း ထင်ရှားတယ်။ ညီအစ်ကို ရပ်စယ်လ်ဟာ လူတွေ ချီးမွမ်းတာ ခံရဖို့ မကြိုးစားခဲ့ဘူး။ ၁၈၉၆ ခုနှစ်မှာ “ကျွန်ုပ်တို့ကိုယ်တိုင်ကိုဖြစ်စေ၊ ကျွန်ုပ်တို့၏စာပေကိုဖြစ်စေ ဂါရဝပြုခြင်းကို ကျွန်ုပ်တို့ အလိုမရှိပါ။ သိက္ခာတော်ရဆရာ သို့မဟုတ် ရဗ္ဗိဟုလည်း အခေါ်မခံလိုပါ။ ကျွန်ုပ်တို့နာမည်ဖြင့်လည်း အခေါ်မခံလိုကြပါ” လို့ရေးခဲ့တယ်။ နောက်ပိုင်းမှာ “ဒါ လူ့အလုပ် မဟုတ်ဘူး” လို့ပြောခဲ့တယ်။ w17.02 ၄:၈၊ ၉

သောကြာနေ့၊ ဇွန် ၂၉

အမြော်အမြင်ရှိသူက ဉာဏ်ပညာကြောင့် ကိုယ်သွား နေတဲ့လမ်းအကြောင်း နားလည်တယ်။ —ပညာ. ၁၄:၈။

ကျွန်တော်တို့အားလုံး ရွေးချယ်ဆုံးဖြတ်ကြရတယ်။ ဆုံးဖြတ်ချက်တိုင်း သေရေးရှင်ရေးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဆုံးဖြတ်ချက်များစွာက ကျွန်တော်တို့အပေါ် အကြီးအကျယ် အကျိုးသက်ရောက်နိုင်တယ်။ ဆုံးဖြတ်ချက်ကောင်း ချနိုင်စွမ်းက ဘဝမှာ ဒုက္ခသုက္ခ၊ ပြဿနာ၊ စိတ်ပျက်စရာတွေ မရှိဘဲ အေးချမ်းငြိမ်သက်စွာ အသက်ရှင်ဖို့ ကူညီပေးနိုင်တယ်။ ပညာရှိစွာ ဆုံးဖြတ်နိုင်ဖို့ ဘာက ကူညီပေးမလဲ။ ဘုရားသခင်ကို ယုံကြည်ဖို့ လိုအပ်တယ်။ ကျွန်တော်တို့ ပညာရှိအောင် ကူညီပေးချင်စိတ်၊ ကူညီပေးနိုင်စွမ်းရှိခြင်းအပေါ် သံသယမဖြစ်ရဘူး။ ယေဟောဝါရဲ့ စကားတော် ကျမ်းစာ၊ ကိုယ်တော့်လုပ်ဆောင်ပုံနည်းလမ်း၊ ကျမ်းစာအကြံဉာဏ်တွေကိုလည်း ယုံကြည်ကိုးစားရမယ်။ (ယာ. ၁:၅-၈) ဘုရားသခင်နဲ့ ရင်းနှီးလာပြီး ကျမ်းစာကို နှစ်သက်မြတ်နိုးလာလေ ဘုရားရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်လာလေပဲ။ ဒီလိုနဲ့ ဆုံးဖြတ်ချက် မချခင် ကျမ်းစာမှာ ရှာဖွေလေ့လာတဲ့အကျင့် ရလာပါလိမ့်မယ်။ w17.03 ၂:၂၊ ၃

စနေနေ့၊ ဇွန် ၃၀

ကိုယ်တော့်ကိုပဲ မျှော်ကိုးနေပါတယ်။ —၂ ရာ. ၂၀:၁၂။

ဖခင်အာသလိုပဲ ယောရှဖတ်ဟာ ကြောက်မက်ဖွယ် ရန်သူခြိမ်းခြောက်မှု ကြုံရချိန်မှာတောင် ဘုရားသခင်ကို ဆည်းကပ်ခဲ့တယ်။ (၂ ရာ. ၂၀:၂-၄) ကြောက်ရွံ့ခဲ့ပေမဲ့ ‘ယေဟောဝါကို ရှာဖွေဖို့ စိတ်ပိုင်းဖြတ်’ ထားတယ်။ “ဒီလူအလုံးအရင်းကြီးကို တိုက်ခိုက်နိုင်စွမ်း မရှိ” ကြောင်း၊ ဘာဆက်လုပ်ရမှန်း မသိဖြစ်နေကြောင်း နှိမ့်ချစွာ ဝန်ခံဆုတောင်းခဲ့တယ်။ ဒီနေ့ကျမ်းချက်ပါစကားတွေကို ပြောပြီး ယေဟောဝါကို အကြွင်းမဲ့ အားကိုးခဲ့တယ်။ ကျွန်တော်တို့လည်း တစ်ခါတလေ ယောရှဖတ်လိုပဲ ဘာဆက်လုပ်ရမှန်းမသိ ဖြစ်ပြီး ကြောက်ရွံ့မိနိုင်တယ်။ (၂ ကော. ၄:၈၊ ၉) မိမိနဲ့ မိမိလူတွေ ဘယ်လောက် အားနည်းမှန်း လူထုရှေ့ ဆုတောင်းချက်မှာ ယောရှဖတ် ဝန်ခံခဲ့တာ သတိရပါ။ (၂ ရာ. ၂၀:၅) အိမ်ထောင်ဦးစီးတွေဟာ ပြဿနာကို ဖြေရှင်းနိုင်ဖို့ ယေဟောဝါဆီ လမ်းညွှန်မှုနဲ့ ခွန်အား တောင်းခံခြင်းအားဖြင့် ယောရှဖတ်ကို တုပနိုင်တယ်။ အဲဒီ လိုတောင်းခံတာ ကို မိသားစုဝင်တွေကြားမှာ မရှက်ပါနဲ့။ ယေဟောဝါကို သင် ယုံကြည်ကိုးစားကြောင်း သူတို့ သိလာပါလိမ့်မယ်။ ယောရှဖတ်ကို ယေဟောဝါ ကူညီပေးခဲ့သလို သင့်ကိုလည်း ကူညီပေးပါလိမ့်မယ်။ w17.03 ၃:၁၂၊ ၁၃

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ