ဇန်နဝါရီ
အင်္ဂါနေ့၊ ဇန်နဝါရီ ၁
လူယုတ်မာတွေက တရားမျှတမှုအကြောင်းနားမလည်နိုင်ဘူး။—ပညာ. ၂၈:၅။
နောက်ဆုံးကာလရဲ့အဆုံး နီးလာတာနဲ့အမျှ ဆိုးသွမ်းမှုဟာ “ပေါင်းပင်လို ပေါက်နေ” တယ်။ (ဆာ. ၉၂:၇) ဒါကြောင့် ကိုယ်ကျင့်တရားစံနှုန်းတွေကို ပစ်ပယ်လာကြတာ အံ့ဩစရာ မဟုတ်ပါဘူး။ ဒီလိုအခြေအနေမှာ ဘယ်လိုနည်းနဲ့ “မကောင်းမှုမှာတော့ ကလေးငယ်တွေလို ဖြစ်” ပြီး “အရွယ်ရောက်သူတွေလို စဉ်းစား” နိုင်မလဲ။ (၁ ကော. ၁၄:၂၀) ဒီနေ့ကျမ်းချက်မှာ အဖြေတွေ့ရတယ်။ “ယေဟောဝါကို ရှာဖွေသူတွေကတော့ အရာအားလုံးကို နားလည်နိုင်တယ်” လို့ ပြောထားတယ်။ ဘုရားသခင့် နှစ်သက်မှု ရနိုင်တဲ့အရာအားလုံးကို ဆိုလိုတယ်။ ပညာအလိမ္မာ ၂:၇၊ ၉ မှာလည်း ယေဟောဝါဟာ “လက်တွေ့ကျ ဉာဏ်ပညာကို စိတ်ရိုးဖြောင့်သူတွေအတွက် သိုမှီးထားတယ်” လို့ ဆိုထားတယ်။ ရလဒ်အနေနဲ့ သူတို့ဟာ ‘ဖြောင့်မတ်ခြင်း၊ မှန်ကန်ခြင်း၊ တရားမျှတခြင်းစတဲ့ မွန်မြတ်တဲ့ လမ်းစဉ်မှန်သမျှကို နားလည်လာကြလိမ့်မယ်။’ နောဧ၊ ဒံယေလ၊ ယောဘတို့ဟာ အဲဒီဉာဏ်ပညာကို ရရှိထားကြတယ်။ (ယေဇ. ၁၄:၁၄) ဒီနေ့ခေတ် ဘုရားသခင့်လူမျိုးလည်း အလားတူပါပဲ။ သင်ကော။ ယေဟောဝါရဲ့ နှစ်သက်မှုရဖို့ လိုအပ်တဲ့ “အရာအားလုံးကို နားလည်” သလား။ ယေဟောဝါအကြောင်း တိကျမှန်ကန်စွာ သိထားဖို့ အရေးကြီးတယ်။ w18.02 ၈ ¶၁-၃
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၂
သူတို့က သခင်ယေရှုရဲ့ နာမည်နဲ့ နှစ်ခြင်းခံကြတယ်။—တ. ၁၉:၅။
မိဘ၊ ကျမ်းစာသင်ပေးသူ ဒါမှမဟုတ် တစ်ယောက်ယောက်က နှစ်ခြင်းခံဖို့ ဖိအားမပေးသင့်ဘူး။ ယေဟောဝါလည်း ဖိအားမပေးဘူး။ (၁ ယော. ၄:၈) ဒါကြောင့် ကျမ်းစာသင်ပေးတဲ့အခါ သင်သားနဲ့ ယေဟောဝါ ဆက်ဆံရေးကောင်းဖို့ပဲ အလေးပေးသင့်တယ်။ အမှန်တရားကို တန်ဖိုးထားစိတ်၊ တပည့်ဖြစ်စေခြင်း တာဝန်ကို ထမ်းဆောင်ချင်စိတ်က နှစ်ခြင်းခံဖို့ သင်သားကို လှုံ့ဆော်ပေးပါလိမ့်မယ်။ (၂ ကော. ၅:၁၄၊ ၁၅) နှစ်ခြင်းခံဖို့ အသက်အရွယ် ကန့်သတ်မထားဘူး။ သင်သားတွေရဲ့ တိုးတက်မှုနဲ့ ရင့်ကျက်မှုနှုန်း မတူကြဘူး။ နှစ်ခြင်းခံတဲ့နေ့ဟာ အပျော်ရွှင်ရဆုံးနေ့ပါပဲ။ အလေးအနက် စဉ်းစားရမယ့် အချိန်လည်း ဖြစ်တယ်။ ဆက်ကပ်အပ်နှံမှုနဲ့အညီ အသက်ရှင်ဖို့ ကြိုးစားအားထုတ်ရမယ်။ ဒါကြောင့် ယေရှုက တပည့်ဖြစ်ခြင်းကို ထမ်းပိုးနဲ့ ခိုင်းနှိုင်းခဲ့တာ။ ယေရှုရဲ့ တပည့်တွေဟာ “ကိုယ့်အတွက် အသက်မရှင်တော့ဘဲ ကိုယ့်အတွက် အသေခံပြီး အသက်ပြန်ရှင်လာတဲ့ ခရစ်တော်အတွက် အသက်ရှင်သင့်တယ်။”—၂ ကော. ၅:၁၅။ မ. ၁၆:၂၄။ w18.03 ၆-၇ ¶၁၄-၁၇
ကြာသပတေးနေ့၊ ဇန်နဝါရီ ၃
ဧည့်ဝတ်ကျေပွန်ဖို့ မမေ့ပါနဲ့။ ဧည့်ဝတ်ပြုခဲ့သူ တချို့က ကောင်းကင်တမန်တွေမှန်း မသိဘဲ ဧည့်ဝတ်ပြုခဲ့ကြတယ်။—ဟီ. ၁၃:၂။
ဧည့်ဝတ်ပြုဖို့ တွန့်ဆုတ်ဖူးသလား။ ဒါဆိုရင် ပျော်ရွှင်စရာ အပေါင်းအသင်း၊ တည်မြဲတဲ့ မိတ်ဆွေဖွဲ့ဖို့ အခွင့်အရေး ဆုံးရှုံးနေတာပဲ။ ဧည့်ဝတ်ပြုခြင်းဟာ အထီးကျန်ခြင်းအတွက် အကောင်းဆုံး ဖြေဆေးပါပဲ။ ဒါပေမဲ့ ‘ဧည့်ဝတ်ပြုဖို့ ဘာကြောင့် တွန့်ဆုတ်နေကြတာလဲ’ လို့ တွေးမိနိုင်တယ်။ အကြောင်းရင်းများစွာ ရှိနိုင်တယ်။ တစ်ခုကတော့ ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ အလုပ်တာဝန်တွေ သိပ်များကြတယ်။ ဒါကြောင့် ဧည့်ဝတ်ပြုဖို့ အချိန်နဲ့ ခွန်အား မရှိဘူးလို့ ခံစားရနိုင်တယ်။ သင် အဲဒီလိုဖြစ်နေတယ်ဆိုရင် လက်ရှိ အချိန်ဇယားကို ပြန်ဆန်းစစ်ပါ။ ဧည့်ဝတ်ပြုဖို့၊ ဧည့်ဝတ်ပြုတာကို လက်ခံဖို့ အချိန်နဲ့ ခွန်အား ရှိလာအောင် ပြုပြင်ပြောင်းလဲနိုင်မလား။ ဧည့်ဝတ်ပြုဖို့ ခရစ်ယာန်တွေကို ကျမ်းစာမှာ တိုက်တွန်းထားတယ်။ ဧည့်ဝတ်ပြုခြင်းဟာ လုပ်သင့်လုပ်ထိုက်ရာပါပဲ။ အချိန်ပိုရအောင် သိပ်အရေးမပါတာတွေကို လျှော့ချပစ်ဖို့ လိုအပ်နိုင်တယ်။ w18.03 ၁၆ ¶၁၃-၁၄
သောကြာနေ့၊ ဇန်နဝါရီ ၄
ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို တခြားမြို့ရွာတွေမှာလည်း ဟောရဦးမယ်။ အဲဒီအတွက် ကျွန်တော့်ကို စေလွှတ်လိုက်တာ။—လု. ၄:၄၃။
အသက်ရှင်ခဲ့သမျှမှာ စွမ်းအားတော် လမ်းပြမှုနောက် လိုက်တဲ့ အကောင်းဆုံး ပုံသက်သေရှင်က ဘယ်သူလဲ။ ယေရှုပါပဲ။ အသက်တာနဲ့ အမှုဆောင်လုပ်ငန်းတစ်လျှောက် ဖခင် ယေဟောဝါကို တုပချင်ကြောင်း ဖော်ပြခဲ့တယ်။ ယေဟောဝါလို စဉ်းစားတွေးခေါ် လုပ်ဆောင်ခဲ့တယ်။ ဘုရားသခင့် အလိုတော်နဲ့ စံနှုန်းတွေအတိုင်း နေထိုင်ခဲ့တယ်။ (ယော. ၈:၂၉။ ၁၄:၉။ ၁၅:၁၀) ဥပမာ၊ ယေဟောဝါရဲ့ ထောက်ထားစာနာမှုကို ပရောဖက် ဟေရှာယ ဘယ်လို ဖော်ပြထားကြောင်း သတိပြုပါ။ အဲဒီဖော်ပြချက်ကို ယေရှုရဲ့ ခံစားချက်နဲ့ပတ်သက်ပြီး ခရစ်ဝင်ကျမ်းရေးသူ မာကုရဲ့ ဖော်ပြချက်နဲ့ နှိုင်းယှဉ်ကြည့်ပါ။ (ဟေရှာ. ၆၃:၉။ မာ. ၆:၃၄) အကူအညီ လိုအပ်သူတွေကို ကျွန်တော်တို့လည်း ယေရှုလိုပဲ ထောက်ထားစာနာဖို့ အသင့်ရှိကြသလား။ ယေရှုဟာ သတင်းကောင်း ဟောပြောသွန်သင်ခြင်းလုပ်ငန်းမှာ ကိုယ့်ကိုယ်ကိုယ် မြှုပ်နှံခဲ့တယ်။ အဲဒီသဘောထား၊ လုပ်ရပ်အားလုံးဟာ စွမ်းအားတော် လမ်းပြမှုနောက် လိုက်သူဖြစ်ကြောင်း မှတ်သားဖော်ပြတယ်။ w18.02 ၂၁ ¶၁၂
စနေနေ့၊ ဇန်နဝါရီ ၅
ယေဟောဝါ မိန့်မှာတဲ့အတိုင်း [သားသမီးတွေကို] ဆုံးမသွန်သင်ပြီး ပြုစုပျိုးထောင်ကြပါ။—ဧ. ၆:၄။
အထူးသဖြင့် ဒီနေ့ခေတ်မှာ သားသမီးတွေကို ပြုစုပျိုးထောင်ရတာ တာဝန်ကြီးပဲ။ (၂ တိ. ၃:၁-၅) ကလေးတွေဟာ အမှားအမှန် မခွဲတတ်ကြဘူး။ မွေးရာပါ အမှားအမှန်သိစိတ် ရှိပေမဲ့ လေ့ကျင့်ပေးဖို့ လိုတယ်။ (ရော. ၂:၁၄၊ ၁၅) “ဆုံးမမှု” ဆိုတဲ့ ဂရိစကားလုံးက “သားသမီး ပြုစုပျိုးထောင်ခြင်း” လို့လည်း အဓိပ္ပာယ်ရှိတယ်လို့ စာအုပ်တစ်အုပ်မှာ ဖော်ပြထားတယ်။ မေတ္တာပါပါ ဆုံးမခံရတဲ့ ကလေးတွေဟာ လုံခြုံတယ်လို့ ခံစားကြရတယ်။ လွတ်လပ်မှုမှာ စည်းဘောင်တွေရှိကြောင်း၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ လုပ်ရပ်တွေမှာ အကျိုးဆက်တွေရှိကြောင်း သိလာကြတယ်။ ဒါကြောင့် မိဘတွေဟာ ယေဟောဝါရဲ့လမ်းညွှန်မှုကို မျှော်ကိုးဖို့ သိပ်အရေးကြီးတယ်။ သားသမီးပျိုးထောင်ခြင်းနဲ့ဆိုင်တဲ့ အယူအဆ၊ နည်းလမ်းတွေ ယဉ်ကျေးမှုတစ်ခုနဲ့တစ်ခု၊ မျိုးဆက်တစ်ခုနဲ့တစ်ခု ကွာခြားကြောင်း မမေ့ပါနဲ့။ မိဘတွေ ဘုရားစကား နားထောင်မယ်ဆိုရင် သားသမီး ပြုစုပျိုးထောင်ပုံနဲ့ပတ်သက်ပြီး မှန်းဆနေစရာ၊ ကိုယ့်အတွေ့အကြုံ ဒါမှမဟုတ် လူ့အတွေးအခေါ်ကို အားကိုးနေစရာ မလိုတော့ဘူး။ w18.03 ၃၀ ¶၈-၉
တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၆
ကယ်တင်ခြင်းရဖို့ ကြောက်ရွံ့တုန်လှုပ်တဲ့စိတ်နဲ့ ဆက်ကြိုးစားနေကြပါ။—ဖိ. ၂:၁၂။
နှစ်ခြင်းခံပြီးသား ခရစ်ယာန်လူငယ်တစ်ယောက်အနေနဲ့ ယေဟောဝါနဲ့ ဆက်ဆံရေးကို မိဘတွေ ပေးချေပေးတဲ့ တယ်လီဖုန်း ဝန်ဆောင်မှု ‘မိသားစုစီမံကိန်း’ လိုမျိုး သဘောမထားသင့်ဘူး။ မိဘနဲ့ တစ်မိုးတည်း အတူနေရင်တောင် ကိုယ့်ကယ်တင်ခြင်းအတွက် ကိုယ့်မှာပဲ တာဝန်ရှိတယ်။ ဒါကို သတိရဖို့ ဘာကြောင့် အရေးကြီးသလဲ။ ဆယ်ကျော်သက်အရွယ် ရောက်လာတဲ့အခါ ခံစားချက်သစ်တွေ၊ ဖိအားသစ်တွေ ကြုံလာရနိုင်တယ်။ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက် ဒီလိုပြောတယ်– “ကျောင်းမှာ မွေးနေ့ကိတ် မစားရလို့ ယေဟောဝါသက်သေ ဖြစ်ရတာကို ကလေးတစ်ယောက် မကျေမနပ်ဖြစ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ နှစ်အနည်းငယ် ကြာလို့ လိင်စိတ် ပြင်းပြလာတဲ့အခါမှာတော့ ယေဟောဝါရဲ့ ပညတ်တွေကို နာခံခြင်းဟာ အမြဲ အကောင်းဆုံး ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်စိတ်ချဖို့ လိုတယ်။” လူကြီးအရွယ်မှာ နှစ်ခြင်းခံသူတွေတောင် မမျှော်လင့်ထားတဲ့ ယုံကြည်ခြင်း စမ်းသပ်မှုများစွာ ကြုံရတယ်။ အိမ်ထောင်ရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်တွေနဲ့ ပတ်သက်နိုင်တယ်။ ဘယ်အရွယ်ဖြစ်ဖြစ် လူတိုင်း ယေဟောဝါအပေါ် သစ္စာရှိဖို့ လိုအပ်တဲ့ အခြေအနေတွေ ကြုံကြရမယ်။—ယာ. ၁:၁၂-၁၄။ w17.12 ၂၄ ¶၄-၅
တနင်္လာနေ့၊ ဇန်နဝါရီ ၇
ဒေါသထွက်ရင်တောင် အပြစ်မလုပ်မိစေနဲ့။—ဧ. ၄:၂၆။
ဒါဝိဒ်လို ဆိုးဆိုးရွားရွား ဆက်ဆံခံရသူ ရှားပါတယ်။ ဒါပေမဲ့ ဘုရားရဲ့ မိတ်ဆွေ ဒါဝိဒ်ဟာ နာကြည်းစိတ်ကြောင့် ဘုရားနဲ့ ဝေးကွာမသွားခဲ့ဘူး။ “အမျက်မထွက်နဲ့။ ဒေါသူပုန်မထနဲ့။ စိတ်မပျက်ပါနဲ့။ မကောင်းမှုတွေ မလုပ်နဲ့” လို့ ရေးခဲ့တယ်။ (ဆာ. ၃၇:၈) အမျက် “မထွက်” ဖို့ အဓိကအကြောင်းရင်းကတော့ “ငါတို့ကို အပြစ်ရှိတဲ့အလျောက် ဒဏ်မပေး” တဲ့ ယေဟောဝါကို တုပဖို့ပဲ။ (ဆာ. ၁၀၃:၁၀) အမျက် ‘မထွက်ခြင်း’ က ကောင်းကျိုးတွေလည်း ခံစားရစေတယ်။ အမျက်ဒေါသက သွေးတိုးဝေဒနာ၊ အသက်ရှူလမ်းကြောင်း ပြဿနာတွေ ဖြစ်စေနိုင်တယ်။ အသည်း၊ ပန်ကရိယ၊ အစာခြေစနစ်ကို ထိခိုက်နိုင်တယ်။ ဒေါသထွက်လာတဲ့အခါ ရှင်းရှင်းလင်းလင်း မစဉ်းစားနိုင်တော့ဘူး။ တစ်ခါတလေ ဒေါသထွက်ပြီးရင် အကြာကြီး စိတ်ဓာတ်ကျတာမျိုး ဖြစ်နိုင်တယ်။ ဒါပေမဲ့ “တည်ငြိမ်တဲ့စိတ်ဟာ ကိုယ်ခန္ဓာကို ကျန်းမာစေတယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ပညာ. ၁၄:၃၀) ဒါဆိုရင် စိတ်ထိခိုက်စရာတွေကို ဘယ်လို ဖြေရှင်းနိုင်မလဲ။ ညီအစ်ကိုနဲ့ ဘယ်လို ပြန်သင့်မြတ်နိုင်မလဲ။ ကျမ်းစာပါ ပညာရှိအကြံဉာဏ်ကို လိုက်နာခြင်းအားဖြင့် အောင်မြင်နိုင်ပါတယ်။ w18.01 ၁၀ ¶၁၄-၁၅
အင်္ဂါနေ့၊ ဇန်နဝါရီ ၈
ကိုယ်တော်က ကျွန်တော့်ကို သင်္ချိုင်းမှာ ပစ်ထားမှာ မဟုတ်ဘူး။ သစ္စာစောင့်သိသူကို သင်္ချိုင်းတွင်းထဲ ပုပ်ပျက်သွားတဲ့အဖြစ်မျိုး တွေ့ကြုံခွင့်ပြုမှာ မဟုတ်ဘူး။—ဆာ. ၁၆:၁၀။
ဒါဝိဒ် ဘယ်တော့မှ မသေဘူး၊ သင်္ချိုင်းထဲ ရောက်မှာ မဟုတ်ဘူးလို့ ဆိုလိုနေတာ မဟုတ်ပါဘူး။ ဒါဝိဒ် အသက်ကြီးသွားကြောင်း ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ ဒါဝိဒ် “ကွယ်လွန်သွားတဲ့အတွက် ဒါဝိဒ်မြို့မှာ သင်္ဂြိုဟ်ကြတယ်။” (၁ ဘု. ၂:၁၊ ၁၀) ဒါဆိုရင် ဆာလံ ၁၆:၁၀ က ဘာကို ဆိုလိုသလဲ။ ယေရှု သေဆုံးပြီး ရှင်ပြန်ထမြောက်တာ သီတင်းပတ်တွေအကြာမှာ ဆာလံ ၁၆:၁၀ အကြောင်း ဂျူးတွေနဲ့ ဘာသာပြောင်းဝင်လာသူ ထောင်ပေါင်းများစွာကို တမန်တော် ပေတရု ပြောခဲ့တယ်။ (တ. ၂:၂၉-၃၂) ဒါဝိဒ် တကယ် သေဆုံးပြီး သင်္ဂြိုဟ်ခံရတယ်လို့ ပေတရု ပြောတယ်။ အဲဒီအချက်ကို ပေတရုရဲ့စကား နားထောင်နေသူတွေ သိကြတယ်။ မေရှိယ “ထမြောက်မယ့်အကြောင်းကို [ဒါဝိဒ်] ကြိုသိနေလို့ . . . ပြောခဲ့တယ်” ဆိုတဲ့ ပေတရုရဲ့စကားကို သူတို့ငြင်းခဲ့တယ်လို့ ကျမ်းစာမှာ ဖော်ပြမထားဘူး။ ဆာလံ ၁၁၀:၁ မှာပါတဲ့ ဒါဝိဒ်ရဲ့ စကားကို ကိုးကားပြီး ပြောချင်တဲ့အချက်ကို ပေတရု အားဖြည့်ပေးခဲ့တယ်။ (တ. ၂:၃၃-၃၆) ပေတရုရဲ့ ကျိုးကြောင်းဆင်ခြင်မှုက ယေရှုကို ‘သခင်၊ ခရစ်တော်’ အဖြစ် ယုံကြည်စိတ်ချလာဖို့ လူအုပ်ကို ကူညီပေးခဲ့တယ်။ ယေရှု အသက်ပြန်ရှင်တဲ့အခါ ဆာလံ ၁၆:၁၀ ပြည့်စုံခဲ့မှန်း လူတွေ အသိအမှတ်ပြုကြတယ်။ w17.12 ၁၀ ¶၁၀-၁၂
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၉
အဲဒါတွေအားလုံးကို ရေတွက်ချိန်တွယ်ပြီးနောက် အလေးချိန်တွေကို ရေးမှတ်ထားလိုက်တယ်။—ဧဇ. ၈:၃၄။
အုပ်ချုပ်ရေးအဖွဲ့ဟာ အဖွဲ့အစည်းရဲ့ ရန်ပုံငွေတွေကို သစ္စာရှိရှိ၊ သတိရှိရှိ အသုံးပြုဖို့ ဆုတောင်းသုံးသပ်ပါတယ်။ (မ. ၂၄:၄၅) ရရှိတဲ့ရန်ပုံငွေကို ဂရုတစိုက် အသုံးပြုကြတယ်။ (လု. ၁၄:၂၈) တမန်တော် ပေါလုလည်း ယုဒနယ်မှာရှိတဲ့ ညီအစ်ကိုတွေအတွက် ကယ်ဆယ်ရေးရန်ပုံငွေ ကောက်ခံခဲ့တယ်။ ဒီရန်ပုံငွေ သယ်ဆောင်သူတွေ “ယေဟောဝါဘုရားရဲ့ ရှေ့မှာရော လူတွေရှေ့မှာပါ အရာရာကို ရိုးရိုးသားသား လုပ်ဆောင်ကြ” ဖို့ ဂရုတစိုက် စီစဉ်ခဲ့တယ်။ (၂ ကော. ၈:၁၈-၂၁) ဒီနေ့ အဖွဲ့အစည်းလည်း ဧဇရနဲ့ ပေါလုတို့ကို တုပပြီး ရန်ပုံငွေတွေကို ဂရုတစိုက် အသုံးပြုကြတယ်။ (ဧဇ. ၈:၂၄-၃၃) မကြာသေးခင်နှစ်တွေမှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ အစီအစဉ်သစ်တွေ အကောင်အထည် ဖော်ခဲ့တယ်။ အဖွဲ့အစည်းဟာ သင်တို့ရဲ့ အလှူငွေတွေနဲ့ အကောင်းဆုံး ပြီးမြောက်နိုင်အောင် အသုံးစရိတ် လျှော့ချဖို့၊ လုပ်ငန်းကို ပိုရိုးရှင်းစေဖို့ နည်းလမ်းတွေ ရှာကြံတယ်။ w18.01 ၁၉-၂၀ ¶၁၂-၁၃
ကြာသပတေးနေ့၊ ဇန်နဝါရီ ၁၀
ခင်ဗျားတို့ရင်ထဲမှာ ခရစ်တော်ရဲ့ ငြိမ်သက်ခြင်း စိုးမိုးပါစေ။—ကော. ၃:၁၅။
မေတ္တာ၊ ကြင်နာခြင်းက အချင်းချင်း ခွင့်လွှတ်ဖို့ ကူညီပေးနိုင်တယ်။ ဥပမာ၊ ခရစ်ယာန်ချင်းတစ်ယောက်ရဲ့ အပြောအဆို၊ အပြုအမူကြောင့် စိတ်ထိခိုက်တယ်ဆိုရင် ကိုယ်တိုင် မကြင်မနာ ပြောဆိုပြုမူခဲ့တဲ့ အချိန်အခါတွေကို ပြန်စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ရဲ့ အမှားတွေကို ဗွေမယူတဲ့ ညီအစ်ကို/မတွေရဲ့ မေတ္တာ၊ ကြင်နာမှုကို ကျေးဇူးတင်ကြတယ် မဟုတ်လား။ (ဒေ. ၇:၂၁၊ ၂၂) အထူးသဖြင့် စစ်မှန်တဲ့ ဝတ်ပြုသူတွေကို စည်းလုံးစေတဲ့ ခရစ်တော်ရဲ့ ကြင်နာမှုကိုလည်း ကျေးဇူးတင်ကြတယ်။ ကျွန်တော်တို့ဟာ ဘုရားတစ်ပါးတည်းကို ကိုးကွယ်နေကြတယ်။ သတင်းတစ်မျိုးတည်းကို ဟောပြောနေကြတယ်။ တူညီတဲ့အခက်အခဲတွေကို ရင်ဆိုင်နေကြတယ်။ အချင်းချင်းကို ကြင်နာစွာ၊ မေတ္တာပါစွာ ခွင့်လွှတ်ခြင်းအားဖြင့် ခရစ်ယာန် စည်းလုံးမှု တိုးများအောင် လုပ်ဆောင်နေပြီး အသက်ဆုကို အာရုံစိုက်နေကြတယ်။ မနာလိုခြင်းက ဆုမရအောင် တားဆီးနိုင်ကြောင်း ကျမ်းစာမှာပါတဲ့ သတိပေး ပုံနမူနာတွေက ဖော်ပြတယ်။ ဥပမာ၊ ကာအိနဟာ ညီအာဗေလကို မနာလိုဖြစ်ပြီး သတ်ခဲ့တယ်။ ကောရ၊ ဒါသန်၊ အဘိရံတို့ဟာ မောရှေကို မနာလိုဖြစ်ပြီး ဆန့်ကျင်ကြတယ်။ ဘုရင်ရှောလုက ဒါဝိဒ်ရဲ့ အောင်မြင်မှုကို မနာလိုဖြစ်ပြီး သတ်ဖို့ ကြိုးစားခဲ့တယ်။ w17.11 ၂၇ ¶၉-၁၀
သောကြာနေ့၊ ဇန်နဝါရီ ၁၁
ဒီကိစ္စကို စုံစမ်းရမယ်၊ သေသေချာချာ စစ်ဆေး မေးမြန်းရမယ်။—တရား. ၁၃:၁၄။
တရားရေး ကော်မတီမှာ ပါဝင်တဲ့ အကြီးအကဲတွေဟာ ကြီးလေးတဲ့အပြစ် ကျူးလွန်ထားတဲ့ ခရစ်ယာန် နောင်တရ,မရ သေသေချာချာ ပိုင်းဖြတ်ရမယ်။ နောင်တရမရ အမြဲတော့ မမြင်သာဘူး။ လူတစ်ယောက်ရဲ့ အမြင်၊ သဘောထား၊ စိတ်နှလုံးအခြေအနေတွေ ပါဝင်ပတ်သက်နေတယ်။ (ဗျာ. ၃:၃) အပြစ်ပြုသူဟာ ကရုဏာ ခံစားချင်ရင် နောင်တယူရမယ်။ ယေဟောဝါနဲ့ ယေရှုလို မဟုတ်ဘဲ အကြီးအကဲတွေဟာ စိတ်နှလုံးကို ထွင်းဖောက်မမြင်နိုင်ဘူး။ သင်ဟာ အကြီးအကဲတစ်ယောက် ဖြစ်မယ်ဆိုရင် စစ်မှန်တဲ့နောင်တကို ဘယ်လို ပိုင်းခြားသိမြင်နိုင်မလဲ။ ပထမ၊ ဉာဏ်ပညာနဲ့ ပိုင်းခြားသိမြင်မှု ရဖို့ ဆုတောင်းပါ။ (၁ ဘု. ၃:၉) ဒုတိယ၊ “လောကနဲ့ဆက်နွှယ်တဲ့ ဝမ်းနည်းမှု” နဲ့ “ဘုရားသခင့် အလိုတော်နဲ့ညီတဲ့ ဝမ်းနည်းမှု” ကို ပိုင်းခြားသိနိုင်အောင် အကူအညီရဖို့ ကျမ်းစာ၊ သစ္စာရှိကျွန် ပြင်ဆင်ပေးထားတဲ့ စာပေတွေကို လေ့လာပါ။ (၂ ကော. ၇:၁၀၊ ၁၁) နောင်တရသူ၊ မရသူတွေရဲ့ ခံစားချက်၊ သဘောထား၊ အပြုအမူတွေကို ကျမ်းစာမှာ ဘယ်လို ဖော်ပြထားကြောင်း ဆန်းစစ်ပါ။ w17.11 ၁၇ ¶၁၆-၁၇
စနေနေ့၊ ဇန်နဝါရီ ၁၂
[ကလေးတွေဟာ] . . . မိဘစကား နားမထောင်သူ [ဖြစ်ကြလိမ့်မယ်]။—၂ တိ. ၃:၂။
ဒီနေ့အချိန်မှာ အဲဒီအမူအကျင့်ကို လက်သင့်ခံတဲ့အပြင် စာအုပ်၊ ရုပ်ရှင်၊ ရုပ်မြင်သံကြား အစီအစဉ်တွေမှာ အားပေးအားမြှောက်ပြုလာကြတယ်။ ဒါပေမဲ့ မနာခံမှုက လူ့ဘောင်မှာ အရေးကြီးဆုံး အဖွဲ့အစည်းဖြစ်တဲ့ မိသားစု တည်ငြိမ်မှုကို လှိုက်စားစေတယ်။ ဒီသဘောတရားကို သဘာပေါက်ထားတာ ကြာလှပါပြီ။ စိတ်ဝင်စားစရာက ရှေးဂရိနိုင်ငံမှာ မိဘကို ရိုက်ပုတ်ရင် နိုင်ငံသားအခွင့်အရေးတွေ ဆုံးရှုံးသွားမယ်။ ရောမဥပဒေမှာ ဖခင်ကို ရိုက်ပုတ်တာက လူသတ်မှုလောက် အပြစ်ကြီးတယ်။ ဟီဘရူးကျမ်းစောင်တွေနဲ့ ခရစ်ယာန်ဂရိကျမ်းစောင်တွေမှာ သားသမီးတွေ မိဘကို ရိုသေဖို့ သတိပေးထားတယ်။ (ထွ. ၂၀:၁၂။ ဧ. ၆:၁-၃) မိဘတွေ လုပ်ပေးခဲ့တာတွေကို စဉ်းစားခြင်းအားဖြင့် မနာခံတဲ့သဘောထား ကူးစက်မခံရအောင် သားသမီးတွေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပါတယ်။ ကျွန်တော်တို့အားလုံးရဲ့ အဖဘုရားသခင်က နာခံဖို့ တောင်းဆိုထားကြောင်း နားလည်ထားခြင်းအားဖြင့် ကျေးဇူးတင်တတ်တဲ့သဘောထား မွေးမြူနိုင်တယ်။ လူငယ်တွေအနေနဲ့ မိဘတွေအကြောင်း အကောင်းပြောဆိုခြင်းအားဖြင့် မိဘတွေအပေါ် အကောင်းမြင်တတ်အောင် တခြားလူငယ်တွေကိုလည်း ကူညီပေးနိုင်တယ်။ w18.01 ၂၉ ¶၈-၉
တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၁၃
သူတို့ဟာ လေကွယ်ရာအရပ်လို၊ မိုးသက်မုန်တိုင်းကျတဲ့အခါ ပုန်းခိုရာအရပ်လို၊ ရေမရှိတဲ့မြေမှာ စီးဆင်းနေတဲ့ စမ်းချောင်းတွေလို၊ ပူပြင်းခြောက်သွေ့တဲ့မြေမှာ ကျောက်ဆောင်ကြီးအရိပ်လို ဖြစ်မယ်။—ဟေရှာ. ၃၂:၂။
ဒီနေ့လည်း ကြီးလေးတဲ့အပြစ် ကျူးလွန်ထားတဲ့ ခရစ်ယာန်တစ်ယောက်ဟာ အသင်းတော် အကြီးအကဲတွေရဲ့ အကူအညီ ရှာယူဖို့ လိုတယ်။ အဲဒါ ဘာကြောင့် အလွန်အရေးကြီးသလဲ။ ပထမ၊ ကြီးလေးတဲ့အပြစ်တွေကို ကိုင်တွယ်ဖို့ အကြီးအကဲ အစီအစဉ်ဟာ ကျမ်းစာမှာ ဖော်ပြထားတဲ့အတိုင်း ယေဟောဝါဆီက ဖြစ်တယ်။ (ယာ. ၅:၁၄-၁၆) ဒုတိယ၊ ဒီအစီအစဉ်ဟာ နောင်တရတဲ့ အပြစ်ပြုသူကို ဘုရားသခင့် စောင့်ရှောက်မှုအောက် ဆက်ရှိနေစေတယ်။ အပြစ်လမ်းစဉ်ကို ရှောင်ရှားစေတယ်။ (ဂလ. ၆:၁။ ဟီ. ၁၂:၁၁) တတိယ၊ အကြီးအကဲတွေဟာ နောင်တရတဲ့ အပြစ်ပြုသူတွေကို နှစ်သိမ့်ပေးဖို့၊ သူတို့ရဲ့ နာကျင်မှုနဲ့ အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်ကို သက်သာစေဖို့ တာဝန် ရှိတယ်၊ လေ့ကျင့်ခံထားရတယ်။ ဒီအကြီးအကဲတွေကို “မိုးသက်မုန်တိုင်း ကျတဲ့အခါ ပုန်းခိုရာအရပ်” လို့ ယေဟောဝါ ခေါ်ထားတယ်။ (ဟေရှာ. ၃၂:၂) ဒီအစီအစဉ်ဟာ ဘုရားသခင့် ကရုဏာတော်ကို ဖော်ပြကြောင်း သဘောတူတယ် မဟုတ်လား။ ဘုရားသခင့် ကျေးကျွန်များစွာဟာ အကြီးအကဲတွေရဲ့ အကူအညီ ရှာယူလက်ခံခြင်းကြောင့် စိတ်သက်သာမှု ရရှိကြတယ်။ w17.11 ၁၀ ¶၈-၉
တနင်္လာနေ့၊ ဇန်နဝါရီ ၁၄
ဆုံးမခံရချိန်မှာတော့ . . . ဝမ်းနည်းတတ် [တယ်]။—ဟီ. ၁၂:၁၁။
စိတ်ထဲမှာ နာကျင်ပေမဲ့ နှင်ထုတ်ခံထားရတဲ့ မိသားစုဝင်တွေနဲ့ ဖုန်းပြောတာ၊ စာတိုပို့တာ၊ စာပို့တာ၊ အီးမေးလ်ပို့တာတွေကို ရှောင်ရမယ်။ ဒါပေမဲ့ ဆက်မျှော်လင့်နေပါ။ မေတ္တာဟာ “အရာရာကို မျှော်လင့်တတ်တယ်။” အဲဒီမှာ ယေဟောဝါကို ကျောခိုင်းသွားသူတွေ ပြန်လှည့်လာမယ်ဆိုတာလည်း ပါတယ်။ (၁ ကော. ၁၃:၇) မိသားစုဝင်တစ်ယောက် သဘောထား ပြောင်းလဲသွားတဲ့ အထောက်အထား မြင်ရတဲ့အခါ ကျမ်းစာကနေ ခွန်အားရဖို့၊ “ငါ့ဆီ ပြန်လှည့်လာပါ” ဆိုတဲ့ ယေဟောဝါရဲ့ မေတ္တာရပ်ခံချက်ကို တုံ့ပြန်ဖို့ ဆုတောင်းပေးနိုင်တယ်။ (ဟေရှာ. ၄၄:၂၂) ယေရှုက မိမိထက် တခြားလူသား တစ်ယောက်ယောက်ကို ရှေ့တန်းတင်သူဟာ မိမိနဲ့ မထိုက်တန်ဘူးလို့ ပြောခဲ့တယ်။ တပည့်တွေဟာ မိသားစု ဆန့်ကျင်မှုကြား မိမိအပေါ် သစ္စာစောင့်သိမယ်ဆိုတာ ယေရှု ယုံကြည်စိတ်ချတယ်။ ယေရှုနောက် လိုက်လို့ မိသားစုထဲ “ဓား” ရောက်လာတယ်ဆိုရင် အခက်အခဲတွေကို အောင်မြင်စွာ ရင်ဆိုင်နိုင်ဖို့ ယေဟောဝါကို အားကိုးပါ။ (ဟေရှာ. ၄၁:၁၀၊ ၁၃) သင့်ကို ယေဟောဝါနဲ့ ယေရှု နှစ်သက်လို့၊ သစ္စာရှိ လမ်းစဉ်အတွက် ဆုချမှာဖြစ်လို့ ဝမ်းမြောက်နေပါ။ w17.10 ၁၆ ¶၁၉-၂၁
အင်္ဂါနေ့၊ ဇန်နဝါရီ ၁၅
ချစ်ခင်စာနာခြင်း . . . ကို ဝတ်ဆင်ကြပါ။—ကော. ၃:၁၂။
အာဒံ့အပြစ်ရဲ့ ဆိုးကျိုး ခံစားနေရသူတွေကို တွေ့တဲ့အခါ သနားစာနာမှုပြဖို့ လှုံ့ဆော်ခံရကြတယ်။ ဖျားနာမှု၊ အိုမင်းမှု အဆုံးတိုင်တာကို ကျွန်တော်တို့ မြင်ချင်လှပါပြီ။ ဒါကြောင့် ဘုရားနိုင်ငံတော် လာဖို့ ဆုတောင်းကြတယ်။ ဒီအတောအတွင်း လိုအပ်နေသူတွေကို အတတ်နိုင်ဆုံး ကူညီပေးကြတယ်။ အယ်ဇိုင်းမားရောဂါ ခံစားနေရတဲ့ သက်ကြီးရွယ်အို မိခင်အကြောင်း စာရေးဆရာတစ်ယောက် ရေးခဲ့တယ်။ တစ်နေ့၊ အမေ့အဝတ်တွေ ပေကုန်တယ်။ ဆေးကြောဖို့ လုပ်နေတုန်း တံခါးခေါင်းလောင်း မြည်လာတယ်။ ပုံမှန် လာလည်နေကျ သက်သေခံနှစ်ယောက် ဖြစ်နေတယ်။ ကူညီပေးရမလားလို့ သူတို့ မေးတော့ “အားနာပေမဲ့ ကူညီပေးပါ” လို့ပြောတယ်။ ဒါနဲ့ ကူညီဆေးကြောပေးကြတယ်။ ပြီးတော့ လက်ဖက်ရည် ဖျော်ပေးပြီး စကားထိုင်ပြောကြတယ်။ သားဖြစ်သူ သိပ်ကျေးဇူးတင်မိတယ်။ “ဒီသက်သေခံတွေကို ဂုဏ်ပြုကြပါ။ သူတို့ဟာ ဟောတဲ့အတိုင်း ကျင့်ကြတယ်” လို့ရေးခဲ့တယ်။ မကျန်းမာသူ၊ အသက်ကြီးသူတွေကို သနားစာနာခြင်းက အတတ်နိုင်ဆုံး ကူညီဖို့ သင့်ကို လှုံ့ဆော်ပေးသလား။—ဖိ. ၂:၃၊ ၄။ w17.09 ၉ ¶၅။ ၁၂ ¶၁၄
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၁၆
သားသမီးတို့၊ ခင်ဗျားတို့ရဲ့ မေတ္တာကို အပြော လောက်သာ မဟုတ်ဘဲ လုပ်ရပ်နဲ့ တကယ်ပြ ကြပါ။—၁ ယော. ၃:၁၈။
ဖြစ်နိုင်တဲ့အခါတိုင်း “ဆိတ်ကွယ်ရာ” ကနေ၊ လူမသိပေမဲ့ ညီအစ်ကိုတွေအပေါ် လိုလိုလားလား မေတ္တာ ပြသင့်တယ်။ (မ. ၆:၁-၄) တခြားသူတွေကိုလည်း ကိုယ်တိုင်အစပြု ဂုဏ်တင်ပေးရပါမယ်။ (ရော. ၁၂:၁၀) အနိမ့်ကျဆုံး အလုပ်တွေကို လုပ်ခြင်းအားဖြင့် တခြားသူတွေကို ဂုဏ်တင်ရာမှာ ယေရှု ပုံသက်သေ ပြခဲ့တယ်။ (ယော. ၁၃:၃-၅၊ ၁၂-၁၅) ဒီနည်းနဲ့ တခြားသူတွေကို ဂုဏ်တင်ဖို့ နှိမ့်ချမှုအရည်အသွေးကို ကြိုးစားပျိုးထောင်ရမယ်။ တမန်တော်တွေတောင် သန့်ရှင်းသော စွမ်းအားတော် မရမချင်း ယေရှုရဲ့ လုပ်ရပ်ကို အပြည့်အဝ နားမလည်ခဲ့ကြဘူး။ (ယော. ၁၃:၇) ပညာရေး၊ ဥစ္စာပစ္စည်း၊ ယေဟောဝါရဲ့ အမှုတော်မှာ ရရှိထားတဲ့ အခွင့်ထူးတွေကြောင့် ကိုယ့်ကိုယ်ကိုယ် အထင်မကြီးလွန်းခြင်းအားဖြင့် တခြားသူတွေကို ဂုဏ်တင်နိုင်တယ်။ (ရော. ၁၂:၃) ကိုယ်လည်း ချီးမွမ်းခံထိုက်တယ်လို့ ခံစားရရင်တောင် တခြားသူတွေ ချီးမွမ်းခံရတာကို မနာလို မဖြစ်ဘဲ သူတို့နဲ့အတူ ဝမ်းမြောက်နိုင်တယ်။ w17.10 ၉ ¶၉-၁၀
ကြာသပတေးနေ့၊ ဇန်နဝါရီ ၁၇
သတင်းကောင်းကို တခြားသူတွေဆီ ဟောနိုင်ဖို့ သတင်းကောင်းအတွက် လုပ်နိုင်တာမှန်သမျှ ကျွန်တော်လုပ်ခဲ့တယ်။—၁ ကော. ၉:၂၃။
အမှုဆောင်လုပ်ငန်းမှာ ဘုရားသခင့် နှုတ်ထွက်စကားကို အသုံးပြုခြင်းက နားထောင်သူတွေအပေါ် အကြီးအကျယ် သက်ရောက်နိုင်ကြောင်း လူများစွာ တွေ့ရှိခဲ့ကြပြီ။ ဥပမာတစ်ခု သုံးသပ်ကြည့်ပါ။ ကျွန်တော်တို့ရဲ့ မဂ္ဂဇင်းတွေကို ဖတ်ရှုနေတာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်တဲ့ သက်ကြီးရွယ်အို အမျိုးသားတစ်ယောက်ဆီ ညီအစ်ကိုတစ်ယောက် ပြန်လည်ပတ်တယ်။ နောက်ဆုံးထုတ် ကင်းမျှော်စင်ကို ဒီအတိုင်း ပေးလိုက်မယ့်အစား ဆောင်းပါးမှာပါတဲ့ ကျမ်းချက်တစ်ချက် ဖတ်ပြလိုက်တယ်။ ‘ကရုဏာကြီးတဲ့အဖ၊ နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ အရှင်ဟာ ကျွန်တော်တို့ ဆင်းရဲဒုက္ခအမျိုးမျိုး ခံရတဲ့အခါ နှစ်သိမ့်ပေးတယ်’ ဆိုတဲ့ ၂ ကောရိန္သု ၁:၃၊ ၄ ကို ဖတ်ပြတယ်။ အိမ်ရှင် စိတ်ထိမိသွားပြီး နောက်တစ်ခေါက် ဖတ်ပြဖို့ ပြောတယ်။ သူနဲ့ သူ့ဇနီး နှစ်သိမ့်မှု လိုအပ်နေကြောင်း ပြောပြီး ကျမ်းစာ သတင်းတရားကို စိတ်ဝင်စားကြောင်း ပြခဲ့တယ်။ အမှုဆောင်လုပ်ငန်းမှာ ဘုရားသခင့် နှုတ်ထွက်စကား အစွမ်းထက်ကြောင်း သဘောတူတယ် မဟုတ်လား။—တ. ၁၉:၂၀။ w17.09 ၂၆ ¶၉-၁၀
သောကြာနေ့၊ ဇန်နဝါရီ ၁၈
သူ့အရိုးနဲ့အသားကို ထိခိုက်ကြည့်ပါလား။ ခင်ဗျားကို ရှေ့မှာတင် ကျိန်းသေ ကျိန်ဆဲလိမ့်မယ်။—ယောဘ ၂:၅။
မာရ်နတ်ရဲ့ စိန်ခေါ်မှုကြောင့် ဘုရားသခင်အပေါ် သစ္စာစောင့်သိတဲ့ ကောင်းကင်သတ္တဝါတွေ ဒေါသထွက်၊ စက်ဆုပ်ခဲ့မှာပဲ။ ဒါပေမဲ့ ယေဟောဝါ အလျင်စလို မတုံ့ပြန်ခဲ့ဘူး။ ချင့်ချင့်ချိန်ချိန်၊ သင့်သင့်တော်တော် တုံ့ပြန်ခဲ့တယ်။ ဘုရားဟာ အမျက်ထွက်နှေးပြီး စာတန့် ပုန်ကန်မှုကို တရားမျှတစွာ ကိုင်တွယ်ခဲ့တယ်။ (ထွ. ၃၄:၆။ ယောဘ ၂:၂-၆) ဘာကြောင့်လဲ။ ဘယ်သူ့ကိုမှ မပျက်စီးစေချင်လို့၊ “လူအားလုံးကို နောင်တရစေချင်လို့” ယေဟောဝါ အချိန်ပေးထားတယ်။ (၂ ပေ. ၃:၉) ယေဟောဝါ ချုပ်တည်းမှု တင်ပြပုံက ကျွန်တော်တို့လည်း အလျင်စလို မဟုတ်ဘဲ ချင့်ချင့်ချိန်ချိန် ပြုမူပြောဆိုဖို့ သင်ပေးတယ်။ အရေးကြီးတဲ့ကိစ္စ ကြုံတဲ့အခါ ပညာရှိရှိ ပြုမူနိုင်အောင် အချိန်ယူပါ။ မှန်ကန်ရာကို ပြောဆိုပြုမူနိုင်အောင် ဉာဏ်ပညာပေးဖို့ ဆုတောင်းပါ။ (ဆာ. ၁၄၁:၃) သွေးဆူနေတုန်း စိတ်လိုက်မာန်ပါ လုပ်မိနိုင်တယ်။ နောင်တရစေတဲ့ စကားတွေ၊ လုပ်ရပ်တွေ ပြောဆိုပြုမူမိနိုင်တယ်။—ပညာ. ၁၄:၂၉။ ၁၅:၂၈။ ၁၉:၂။ w17.09 ၄ ¶၆-၇
စနေနေ့၊ ဇန်နဝါရီ ၁၉
သရဖူကို ယောဇဒက်ရဲ့သား ပုရောဟိတ်မင်း ယောရှုကို ဆောင်းပေးပါ။—ဇာ. ၆:၁၁။
သရဖူ ဆောင်းပေးလို့ ပုရောဟိတ်မင်းယောရှု ဘုရင်ဖြစ်သွားသလား။ မဖြစ်သွားပါဘူး။ ယောရှုဟာ ဒါဝိဒ်မျိုးရိုး မဟုတ်တဲ့အတွက် ဘုရင် မဖြစ်နိုင်ဘူး။ သူ့ကို သရဖူဆောင်းပေးတာဟာ ကြိုဟောချက်ဖြစ်တယ်။ အနာဂတ် ထာဝရ ဘုရင်နဲ့ ပုရောဟိတ်ကို ရည်ညွှန်းတယ်။ ဘုရင်ဖြစ်မယ့် ပုရောဟိတ်မင်းဟာ အတက်လို့ နာမည်ပေးခံရတယ်။ အတက်ဟာ ယေရှုခရစ်ဖြစ်မှန်း ကျမ်းစာက ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ (ဟေရှာ. ၁၁:၁။ မ. ၂:၂၃) ဘုရင်နဲ့ ပုရောဟိတ်မင်းအဖြစ် ယေရှုဟာ ယေဟောဝါရဲ့ ကောင်းကင်တပ် ခေါင်းဆောင် ဖြစ်တယ်။ ရန်လိုတဲ့ ဒီလောကမှာ ဘုရားသခင့် လူမျိုးတစ်မျိုးလုံး ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ဖို့ ယေရှု ဝီရိယရှိရှိ လုပ်ဆောင်နေတယ်။ (ယေ. ၂၃:၅၊ ၆) မဝေးတော့တဲ့ အနာဂတ်မှာ ဘုရားသခင့် အချုပ်အခြာအာဏာကို ထောက်ခံဖို့၊ ယေဟောဝါရဲ့လူမျိုးကို ကာကွယ်ဖို့ တိုင်းနိုင်ငံတွေကို ခရစ်တော် ဦးဆောင်တိုက်ခိုက်ပါလိမ့်မယ်။ (ဗျာ. ၁၇:၁၂-၁၄။ ၁၉:၁၁၊ ၁၄၊ ၁၅) ဒါပေမဲ့ တရားမစီရင်ခင် အတက်ယေရှုမှာ လုပ်စရာ လုပ်ငန်းကြီး ရှိနေတယ်။ w17.10 ၂၉ ¶၁၂-၁၄
တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၂၀
စရိုက်ဟောင်းကိုရော စရိုက်ဟောင်းရဲ့ အကျင့် တွေကိုပါ ချွတ်ပယ်ကြပါ။—ကော. ၃:၉။
အဝတ်အစား ညစ်ပတ်နံစော်နေရင် ဘာလုပ်မလဲ။ ချက်ချင်း ချွတ်ပစ်လိုက်မှာပဲ။ အလားတူပဲ ဘုရားသခင့် ဂုဏ်ရည်တော်နဲ့ ဆန့်ကျင်တဲ့ အကျင့်တွေကို စွန့်ပါဆိုတဲ့ ပညတ်ကို အရေးတကြီး နာခံရမယ်။ အဲဒါတွေကို “ရှောင်ရမယ်” ဆိုတဲ့ ပေါလုရဲ့ ရှင်းလင်းတဲ့ ညွှန်ကြားချက်ကို လိုက်နာရမယ်။ ပေါလု ဖော်ပြခဲ့တဲ့ အပြစ်ရှိတဲ့အကျင့်တစ်ခုကတော့ လိင်အကျင့်ယိုယွင်းခြင်းပါပဲ။ (ကော. ၃:၅-၉) ကျမ်းစာမှာ “လိင်အကျင့်ယိုယွင်းခြင်း” လို့ ပြန်ဆိုထားတဲ့ မူရင်းစကားလုံးမှာ တရားဝင် လက်မထပ်ထားသူ နှစ်ယောက် လိင်မှုပြုခြင်း၊ လိင်တူဆက်ဆံခြင်းတို့ ပါဝင်တယ်။ “ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ၊” တစ်နည်းအားဖြင့် ‘လိင်အကျင့်ယိုယွင်းခြင်းကို ဖြစ်ပေါ်စေတဲ့’ ဆန္ဒမှန်သမျှကို “သေစေကြ” ဖို့ ခရစ်ယာန်တွေကို ပေါလု တိုက်တွန်းခဲ့တယ်။ ပေါလုရဲ့ စကားက မကောင်းတဲ့ဆန္ဒတွေကို ဖယ်ရှားပစ်ဖို့ ကြိုးစားအားထုတ်မှု လိုကြောင်း အထင်အရှား ဖော်ပြတယ်။ ဒါပေမဲ့ အပြစ်ရှိတဲ့အလိုဆန္ဒတွေကို တိုက်ခိုက်အောင်မြင်နိုင်ပါတယ်။ w17.08 ၁၈ ¶၅-၆
တနင်္လာနေ့၊ ဇန်နဝါရီ ၂၁
ကယ်တင်ရှင် ဘုရားသခင်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေမယ်။—မိ. ၇:၇။
ဒီနေ့ ကျွန်တော်တို့ ကြုံနေရတဲ့ အခြေအနေတွေဟာ ပရောဖက် မိက္ခာခေတ်က အခြေအနေတွေနဲ့ တူတယ်။ မင်းဆိုး အာခတ် အုပ်စိုးချိန်၊ မကောင်းမှုမျိုးစုံ ပျံ့နှံ့နေချိန်မှာ မိက္ခာ အသက်ရှင်ခဲ့တယ်။ လူတွေဟာ ‘မကောင်းတာလုပ်ဖို့ သိပ်ကျွမ်းကျင်ကြ’ တယ်။ (မိ. ၇:၁-၃) အခြေအနေကို မပြောင်းလဲနိုင်မှန်း မိက္ခာ သိတယ်။ ကျွန်တော်တို့မှာ မိက္ခာလို ယုံကြည်ခြင်းမျိုး ရှိမယ်ဆိုရင် ယေဟောဝါကို လိုလိုလားလား စောင့်ဆိုင်းပါလိမ့်မယ်။ ကွပ်မျက်ခံရမယ့်နေ့ကို စောင့်ဆိုင်းနေတဲ့ အကျဉ်းသားလို မဟုတ်ဘူး။ သူဟာ မဖြစ်မနေ စောင့်နေရတယ်။ ရလဒ်ကို မျှော်လင့်မနေဘူး။ ကျွန်တော်တို့ကတော့ အဲဒီလို မဟုတ်ဘူး။ အသင့်တော်ဆုံး၊ အကောင်းဆုံးအချိန် အတိအကျမှာ ထာဝရအသက် ပေးမယ်ဆိုတဲ့ကတိကို ယေဟောဝါ ပြည့်စုံစေမယ်ဆိုတာ သိထားလို့ လိုလိုလားလား စောင့်ဆိုင်းနေကြတယ်။ “အရာရာကို ဝမ်းမြောက်စွာ၊ စိတ်ရှည်စွာ ခံရပ်” နေကြတယ်။ (ကော. ၁:၁၁၊ ၁၂) ယေဟောဝါ အမြန် မလုပ်ဆောင်ဘူးလို့ ညည်းညူမြည်တမ်းရင်း စောင့်ဆိုင်းတာကို ဘုရားသခင် မနှစ်သက်ဘူး။—ကော. ၃:၁၂။ w17.08 ၄ ¶၆-၇
အင်္ဂါနေ့၊ ဇန်နဝါရီ ၂၂
ယေဟောဝါက စိတ်နူးညံ့သူတွေကို ထူမပေးတယ်။—ဆာ. ၁၄၇:၆။
ယေဟောဝါ ကူညီပေးဖို့ အသင့်ရှိမှုကနေ ကျွန်တော်တို့ ဘယ်လို အကျိုးရရှိနိုင်သလဲ။ ဘုရားနဲ့ ကောင်းတဲ့ဆက်ဆံရေးရှိဖို့ လိုတယ်။ ကောင်းတဲ့ဆက်ဆံရေးရှိဖို့ နူးညံ့သိမ်မွေ့ခြင်း ရှိရမယ်။ (ဇေ. ၂:၃) စိတ်နူးညံ့သိမ်မွေ့သူတွေဟာ အမှားတွေကို တည့်မတ်ပေးဖို့၊ ခံစားနေရတဲ့ ဒုက္ခတွေကို ဖြေရှင်းပေးဖို့ ဘုရားကို စောင့်ဆိုင်းကြတယ်။ အဲဒီလိုလူတွေကို ယေဟောဝါ မျက်နှာသာပေးတယ်။ ဘုရားသခင်က “လူဆိုးတွေကိုတော့ မြေပေါ် ပစ်ချတယ်။” (ဆာ. ၁၄၇:၆ခ) ပြင်းထန်လှတဲ့ စကားလုံးတွေပါပဲ။ ယေဟောဝါရဲ့ ခိုင်မြဲတဲ့ မေတ္တာကနေ အကျိုးခံစားရဖို့၊ အမျက်တော်ကို ရှောင်ဖို့ ဘုရားမုန်းတဲ့အရာကို မုန်းရမယ်။ (ဆာ. ၉၇:၁၀) ဥပမာ၊ လိင်အကျင့်ယိုယွင်းမှုကို မုန်းရမယ်။ အဲဒီအမှားမျိုး ကျူးလွန်မိစေနိုင်တဲ့အရာ မှန်သမျှနဲ့ ညစ်ညမ်းရုပ်ပုံစာပေကို ဝေးဝေးရှောင်ခြင်းကို ဆိုလိုတယ်။ (ဆာ. ၁၁၉:၃၇။ မ. ၅:၂၈) ကြိုးစားတိုက်လှန်ရမှာ ဖြစ်ပေမဲ့ ယေဟောဝါရဲ့ ကောင်းချီးရဖို့ ကြိုးစားအားထုတ်ရကျိုး နပ်ပါတယ်။ ဒီတိုက်ပွဲကို အောင်မြင်ဖို့ ကိုယ့်ကိုယ်ကိုယ် မဟုတ်ဘဲ ယေဟောဝါကို အားကိုးဖို့ လိုတယ်။ ယေဟောဝါဆီ ချဉ်းကပ်ရမယ်။ ဘုရားရဲ့အကူအညီကို တောင်းခံရမယ်။ w17.07 ၁၉-၂၀ ¶၁၁-၁၃
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၂၃
နိမ့်ကျသူကို မျက်နှာသာပေးတဲ့သူဟာ ယေဟောဝါကို ချေးငှားပေးတဲ့သူပဲ။—ပညာ. ၁၉:၁၇။
အမှုဆောင်လုပ်ငန်းမှာ ကျွန်တော်တို့ရဲ့ ရုပ်ပစ္စည်းတွေကို အသုံးပြုခြင်းက တခြားသူတွေကို ကူညီဖို့ အခွင့်အရေး ရစေတယ်။ လောကစည်းစိမ် ပိုင်ဆိုင်ထားပြီး အချိန်ပြည့်လုပ်ငန်းမှာ မပါဝင်နိုင်သူတွေ၊ တိုင်းတစ်ပါးကို မပြောင်းရွှေ့နိုင်သူတွေဟာ မိမိတို့အလှူငွေတွေက တခြားသူတွေရဲ့ အမှုဆောင်လုပ်ငန်းကို ထောက်ပံ့ပေးကြောင်း သိရလို့ ကျေနပ်မှု ခံစားနိုင်ပါတယ်။ ဆင်းရဲပေမဲ့ ဘုရားရေးရာမှာ တိုးတက်နေတဲ့ ဒေသတွေမှာ စာပေတွေ ရဖို့၊ ဟောပြောဖို့ အလှူငွေတွေက အထောက်အကူ ပြုပါတယ်။ နှစ်တွေတစ်လျှောက် ကွန်ဂို၊ မာဒါဂတ်စကာ၊ ရဝမ်ဒါနိုင်ငံက ညီအစ်ကိုတွေဟာ မိသားစုအတွက် စားစရာ ဝယ်မလား၊ ကျမ်းစာ ဝယ်မလား ရွေးချယ်ခဲ့ရတယ်။ ကျမ်းစာတစ်အုပ်က တစ်ပတ်စာ၊ တစ်လစာ လုပ်ခနဲ့ ညီတယ်။ အခုတော့ လူများစွာရဲ့ အလှူငွေတွေကြောင့် “သာတူညီမျှ ဖြစ်” လာလို့ ယေဟောဝါရဲ့ အဖွဲ့အစည်းက ကျမ်းစာ ဘာသာပြန်ခြင်း၊ ဖြန့်ဝေခြင်းကို လုပ်ဆောင်ပေးပြီး မိသားစုဝင်တိုင်း၊ ကျမ်းစာသင်သားတိုင်း ကျမ်းစာ ရနိုင်ပြီ။—၂ ကော. ၈:၁၃-၁၅။ w17.07 ၉ ¶၁၁
ကြာသပတေးနေ့၊ ဇန်နဝါရီ ၂၄
ငါ့သား၊ ဉာဏ်ပညာရှိပါ။ ငါ့စိတ်ကို ရွှင်လန်းစေပါ။ ဒါမှ ငါ့ကို ကဲ့ရဲ့နေတဲ့သူကို ငါချေပနိုင်မယ်။—ပညာ. ၂၇:၁၁။
ကျွန်တော်တို့ရဲ့ သစ္စာရှိမှုအကြောင်း တွေးတောခြင်းက ဘာကြောင့် နှစ်သိမ့်မှု ဖြစ်စေသလဲ။ စမ်းသပ်မှုတွေမှာ ရည်ရွယ်ချက် ရှိလို့ပါပဲ။ ယေဟောဝါ မနှစ်သက်လို့ ဆင်းရဲဒုက္ခခံရတာ မဟုတ်ဘူး။ ဘုရားသခင့် အချုပ်အခြာအာဏာဘက် ရပ်တည်ဖို့ အခွင့်အရေး ရရှိစေတယ်။ ခံနိုင်ရည်က “ဘုရားသခင်ရဲ့ နှစ်သက်မှုကို ရစေ” ပြီး မျှော်လင့်ချက် ခိုင်မာစေတယ်။ (ရော. ၅:၃-၅) “ယေဟောဝါဟာ အလွန်ချစ်ခင်စာနာပြီး ကရုဏာကြီး” ကြောင်း ယောဘကျမ်းက ပေါ်လွင်စေတယ်။ (ယာ. ၅:၁၁) ဒါကြောင့် အချုပ်အခြာအာဏာ ထောက်ခံသူအားလုံးကို ဘုရားသခင် ဆုချမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ ဒါကို သိရှိထားခြင်းက “ဝမ်းမြောက်စွာ၊ စိတ်ရှည်စွာ ခံရပ်နိုင်” ဖို့ ကူညီပေးတယ်။ (ကော. ၁:၁၁) ယေဟောဝါရဲ့ အချုပ်အခြာအာဏာ သံသယကင်းရှင်းရေးကို အာရုံစိုက်နေဖို့ ခက်ခဲနိုင်တယ်။ ဒါကြောင့် ခက်ခဲတဲ့အခြေအနေတွေမှာ ဘုရားသခင့် အချုပ်အခြာအာဏာကို ထောက်ခံခြင်းရဲ့ အရေးကြီးမှုအကြောင်း ကိုယ့်ကိုယ်ကိုယ် ပုံမှန် သတိပေးနေတာ ကောင်းတယ်။ w17.06 ၂၆ ¶၁၅-၁၆
သောကြာနေ့၊ ဇန်နဝါရီ ၂၅
လောဘကြီးခြင်း အမျိုးမျိုးကို သတိနဲ့ရှောင်ကြပါ။—လု. ၁၂:၁၅။
ဒီနေ့ လူများစွာဟာ နောက်ဆုံးပေါ် ဖက်ရှင်တွေ၊ အီလက်ထရောနစ်ပစ္စည်းစတဲ့ အရာတွေကို အစွဲအလမ်းကြီးလာကြတယ်။ ဒါကြောင့် ခရစ်ယာန်တစ်ဦးစီ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးမြန်းစစ်ဆေးနေဖို့ လိုတယ်– ‘ရုပ်ဝတ္ထုပစ္စည်းတွေက ငါ့အတွက် အလွန်အရေးကြီးလာလို့ အသင်းတော် အစည်းအဝေးတွေအတွက် ပြင်ဆင်ဖို့ထက် နောက်ဆုံးပေါ် ကား၊ ဖက်ရှင်တွေအကြောင်း ရှာဖွေစဉ်းစားဖို့ အချိန်ပိုပေးနေသလား။ ဘဝရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေကိုပဲ အဓိကထားလွန်းလို့ ဆုတောင်းဖို့၊ ကျမ်းစာလေ့လာဖို့ အချိန်သိပ်မပေးတော့ဘူးလား။’ ရုပ်ဝတ္ထုပစ္စည်း နှစ်သက်စွဲလမ်းစိတ်က ခရစ်တော်ကို ချစ်တဲ့မေတ္တာအပေါ် အုပ်မိုးသွားမှန်း သိလာတယ်ဆိုရင် ဒီနေ့ ကျမ်းချက်မှာ တွေ့ရတဲ့ ယေရှုရဲ့ စကားကို စဉ်းစားသင့်တယ်။ “ဘယ်သူမှ သခင်နှစ်ဦးဆီမှာ အစေခံလို့ မရဘူး။ . . . ဘုရားသခင်အတွက်ရော စည်းစိမ်အတွက်ပါ တစ်ပြိုင်တည်း အစေခံလို့ မရဘူး” လို့ ယေရှု ပြောခဲ့တယ်။ အကြောင်းကတော့ ‘သခင်နှစ်ဦးစလုံး’ က အကြွင်းမဲ့ ပေးဆက်ဖို့ တောင်းဆိုလို့ပါပဲ။ (မ. ၆:၂၄) ကျွန်တော်တို့ မစုံလင်သူတွေဟာ ရုပ်ဝတ္ထုပစ္စည်း အဓိကထားခြင်း အပါအဝင် ‘အပြစ်ရှိတဲ့ အလိုဆန္ဒတွေ’ ကို ဆက်တိုက်လှန်နေကြရမယ်။—ဧ. ၂:၃။ w17.05 ၂၅-၂၆ ¶၁၅-၁၆
စနေနေ့၊ ဇန်နဝါရီ ၂၆
သတင်းကောင်းကို တခြားသူတွေဆီ ဟောနိုင်ဖို့ သတင်းကောင်းအတွက် လုပ်နိုင်တာမှန်သမျှ ကျွန်တော် လုပ်ခဲ့တယ်။—၁ ကော. ၉:၂၃။
ကျွန်တော်တို့ဟာ မစုံလင်တဲ့ မြေအိုးတွေ ဖြစ်ပေမဲ့ ဟောပြောတဲ့သတင်းက ကိုယ်တိုင်နဲ့ နားထောင်သူတွေကို ထာဝရအသက် ရရှိစေနိုင်တယ်။ အမှုဆောင်လုပ်ငန်းကို မြတ်နိုးစိတ်ကြောင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ တမန်တော်ပေါလု ကြိုးစားအားထုတ်ခဲ့တယ်။ (ရော. ၁:၁၄၊ ၁၅။ ၂ တိ. ၄:၂) အဲဒါက ပြင်းထန်တဲ့ ဆန့်ကျင်မှုတွေကို ခံရပ်နိုင်ဖို့ ကူညီပေးတယ်။ (၁ သက်. ၂:၂) အမှုဆောင်လုပ်ငန်းအပေါ် မြတ်နိုးစိတ်ကို ဘယ်လို တင်ပြနိုင်သလဲ။ အမှုဆောင်လုပ်ငန်းကို မြတ်နိုးကြောင်း ပေါလု ဖော်ပြခဲ့တဲ့ နည်းတစ်နည်းကတော့ တခြားသူတွေကို ဟောပြောဖို့ အခွင့်အရေး ရှာယူခြင်းပါပဲ။ တမန်တော်တွေ၊ အစောပိုင်း ခရစ်ယာန်တွေလိုပဲ ကျွန်တော်တို့လည်း အလွတ်သဘော၊ လူအများရှေ့၊ တစ်အိမ်တက်ဆင်း ဟောပြောနေကြတယ်။ (တ. ၅:၄၂။ ၂၀:၂၀) အခြေအနေ ခွင့်ပြုသရွေ့ အရန်ရှေ့ဆောင်၊ မှန်မှန်ရှေ့ဆောင် လုပ်ခြင်းအားဖြင့် အမှုဆောင်လုပ်ငန်း တိုးချဲ့ဖို့ နည်းလမ်းတွေ ရှာကြတယ်။ ဘာသာခြားစကား သင်ယူတာ၊ ကိုယ့်နိုင်ငံအတွင်းက တခြားဒေသကို ပြောင်းရွှေ့တာ၊ တခြားနိုင်ငံကို ပြောင်းရွှေ့တာတွေလည်း လုပ်နိုင်တယ်။—တ. ၁၆:၉၊ ၁၀။ w17.06 ၁၀-၁၁ ¶၈-၉
တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၂၇
တောင်တန်းတွေ၊ ကျွန်းတွေလည်း နေရာကနေ ရွေ့သွားတယ်။—ဗျာ. ၆:၁၄။
လောကမှာ ဖြစ်နေတဲ့ မကောင်းမှုအများစုဟာ တစ်ယောက်ချင်းကြောင့် မဟုတ်ဘဲ အဖွဲ့အစည်းတွေကြောင့် ဖြစ်တယ်။ ဘုရားသခင့် အဖြစ်မှန်၊ ကျမ်းစာရဲ့ စစ်မှန်မှု၊ ကမ္ဘာမြေနဲ့ လူသားတွေရဲ့ အနာဂတ်၊ တခြားအကြောင်းအရာတွေနဲ့ပတ်သက်ပြီး လူသန်းပေါင်းများစွာကို လှည့်စားထားတဲ့ ဘာသာရေး အဖွဲ့အစည်းတွေအကြောင်း စဉ်းစားကြည့်ပါ။ အစိုးရတွေကလည်း စစ်မှု၊ လူမျိုးရေး အကြမ်းဖက်မှုကို အားပေးအားမြှောက်လုပ်ကြတယ်။ ဆင်းရဲသား၊ အကာအကွယ်မဲ့သူတွေကို ဖိနှိပ်ထားကြတယ်။ လာဘ်စားမှု၊ မျက်နှာလိုက်မှုတွေ ကြီးစိုးနေတယ်။ လောဘကြီးတဲ့ စီးပွားရေးကော်ပိုရေးရှင်းတွေလည်း ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတယ်။ သဘာဝအရင်းအမြစ်တွေကို ဖျက်ဆီးနေကြတယ်။ လူနည်းစုပဲ ချမ်းသာပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းနက်စေဖို့ စားသုံးသူတွေကို အမြတ်ထုတ်နေကြတယ်။ အစိုးရတွေ၊ သူတို့ကို မှီခိုနေတဲ့ အဖွဲ့အစည်းအားလုံး အောက်ခြေကနေ ကိုင်လှုပ်ခံရမယ်လို့ ကျမ်းစာမှာ ကြိုပြောထားတယ်။ လောကရဲ့ အစိုးရအားလုံး၊ ဘုရားနိုင်ငံတော်ကို ဆန့်ကျင်ပြီး သူတို့ဘက် ရပ်တည်သူအားလုံး ဖျက်ဆီးခံရမယ်။—ယေ. ၂၅:၃၁-၃၃။ w17.04 ၁၁ ¶၇-၈
တနင်္လာနေ့၊ ဇန်နဝါရီ ၂၈
ဒီဘေးဆိုးကို သူ့လက်ထက်မှာ [မကျရောက် စေဘူး]။—၁ ဘု. ၂၁:၂၉။
‘စိတ်နှလုံးကို စစ်ဆေး’ တဲ့ ယေဟောဝါက အာဟပ်ကို အတိုင်းအတာတစ်ခုအထိ ကရုဏာပြခဲ့တယ်။ (ပညာ. ၁၇:၃) ဒီဆုံးဖြတ်ချက်က အာဟပ်ရဲ့ ဆိုးရွားလှတဲ့ ရာဇဝတ်မှုအကြောင်း သိထားသူတွေကို ဘယ်လို ထိခိုက်ခဲ့သလဲ။ နာဗုတ် မိသားစု၊ မိတ်ဆွေတွေရဲ့ ယုံကြည်ခြင်းကို စမ်းသပ်မှု ဖြစ်စေခဲ့မှာပဲ။ ဒါပေမဲ့ နှိမ့်ချမှုက သူတို့ကို ကာကွယ်ပေးပါလိမ့်မယ်။ ယေဟောဝါကို သစ္စာရှိရှိ ဆက်ဝတ်ပြုဖို့၊ ဘုရားသခင် မတရား မလုပ်ဘူးဆိုတာ ယုံကြည်စိတ်ချဖို့ ကူညီပေးလိမ့်မယ်။ (တရား. ၃၂:၃၊ ၄) ဖြောင့်မတ်သူတွေကို ယေဟောဝါ ရှင်ပြန်ထမြောက်ပေးချိန်မှာ နာဗုတ်၊ သားတွေနဲ့ မိသားစုဝင်တွေ ပြည့်ဝစုံလင်တဲ့ တရားမျှတမှု ရရှိကြပါလိမ့်မယ်။ (ယောဘ ၁၄:၁၄၊ ၁၅။ ယော. ၅:၂၈၊ ၂၉) “ဖုံးကွယ်ထားရာတွေ အပါအဝင် လူတွေရဲ့ လုပ်ရပ်အားလုံး ကောင်းတယ်၊ မကောင်းဘူးဆိုတာကို ဘုရားသခင် စီရင်ဆုံးဖြတ်လိမ့်မယ်” ဆိုတာကို နှိမ့်ချတဲ့သူ အမှတ်ရတယ်။ (ဒေ. ၁၂:၁၄) မှန်ပါတယ်၊ ယေဟောဝါဟာ ကျွန်တော်တို့ မသိတဲ့ အချက်အလက်တွေကို ထည့်သွင်းသုံးသပ်ပြီး စီရင်ဆုံးဖြတ်တယ်။ ဒါကြောင့် နှိမ့်ချမှုက ယုံကြည်ခြင်း မပျောက်ဆုံးအောင် အပြစ်မဲ့သူတွေကို ကာကွယ်ပေးတယ်။ w17.04 ၂၄ ¶၈-၉
အင်္ဂါနေ့၊ ဇန်နဝါရီ ၂၉
မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြ တတ်တယ်။—ပညာ. ၁၇:၁၇။
ကမ္ဘာ့အခြေအနေတွေကြောင့် ညီအစ်ကိုများစွာ ဒုက္ခသည်တွေ ဖြစ်လာကြတယ်။ အပြောင်းအလဲက စိတ်ဖိစီးစေနိုင်တယ်။ စဉ်းစားကြည့်ပါ၊ ဘာသာစကားအသစ် သင်ယူရမယ်။ အမူအကျင့်၊ အချိန်တိကျမှု၊ အခွန်ဆောင်ခြင်း၊ ငွေပေးချေခြင်း၊ ကျောင်းတက်ခြင်း၊ သားသမီးဆုံးမခြင်းစတဲ့ ဥပဒေအသစ်နဲ့အညီ နေသားကျအောင် လုပ်ကြရတယ်။ ဒီလိုအခက်အခဲ ကြုံနေရတဲ့ ညီအစ်ကို/မတွေကို စိတ်ရှည်ရှည်၊ လေးလေးစားစား ကူညီပေးနိုင်မလား။ (ဖိ. ၂:၃၊ ၄) အသင်းတော်နဲ့ ဆက်သွယ်တဲ့ ညီအစ်ကိုတွေဟာ တစ်ခါတလေ အာဏာပိုင်တွေကြောင့် အခက်အခဲ ကြုံရတယ်။ အစည်းအဝေး ပျက်မယ့် အလုပ်တွေ လက်မခံဘူးဆိုရင် အထောက်အပံ့ ဖြတ်မယ်၊ ခိုလှုံခွင့် မပေးဘူးလို့ ညီအစ်ကိုတွေကို အကျိုးဆောင်တချို့က ခြိမ်းခြောက်တယ်။ ကြောက်လန့်လို့၊ အကူအညီ မရမှာစိုးလို့ ဖိအားတွေကို ညီအစ်ကိုတချို့ အလျှော့ပေးလိုက်ကြတယ်။ ဒါကြောင့် ရောက်လာတဲ့ ဒုက္ခသည် ညီအစ်ကိုတွေကို ချက်ချင်းဆက်သွယ်ဖို့ အရေးကြီးတယ်။ သူတို့ကို ဂရုစိုက်ကြောင်း သိစေရမယ်။ ကျွန်တော်တို့ရဲ့ ထောက်ထားစာနာမှု၊ လက်တွေ့ကျ အကူအညီတွေက သူတို့ရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့စေနိုင်တယ်။—ပညာ. ၁၂:၂၅။ w17.05 ၅ ¶၉-၁၀
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၃၀
လူအတော်များများဟာ မေတ္တာတရား ခေါင်းပါးလာလိမ့်မယ်။—မ. ၂၄:၁၂။
“လောကစနစ်နိဂုံးပိုင်း” နဲ့ပတ်သက်ပြီး ယေရှု ပြောခဲ့တဲ့ နိမိတ်တစ်ခုကတော့ “လူအတော်များများဟာ မေတ္တာတရား ခေါင်းပါးလာလိမ့်မယ်” ဆိုတဲ့ နိမိတ်ပါပဲ။ (မ. ၂၄:၃) ပထမရာစုတုန်းက ဘုရားသခင့်လူမျိုးလို့ ပြောတဲ့ဂျူးတွေဟာ ဘုရားကို ချစ်တဲ့မေတ္တာ ခေါင်းပါးလာကြတယ်။ အဲဒီအချိန်က ခရစ်ယာန်အများစုကတော့ ‘ခရစ်တော်အကြောင်း သတင်းကောင်းကို ဟောပြော’ ခြင်းမှာ အလုပ်များနေကြတယ်။ ဘုရားသခင်၊ ခရစ်ယာန်ချင်း၊ မယုံကြည်သူတွေကို ချစ်ကြောင်း တင်ပြနေကြတယ်။ (တ. ၂:၄၄-၄၇။ ၅:၄၂) ဒါပေမဲ့ ပထမရာစု ယေရှုနောက်လိုက်တချို့ မေတ္တာခေါင်းပါးလာခဲ့ကြတယ်။ ‘ကနဦးမေတ္တာ ပျက်ပြယ်သွားလို့ အပြစ်ဆိုစရာ ရှိတယ်’ ဆိုပြီး ဧဖက်မြို့မှာ နေထိုင်တဲ့ ပထမရာစု ခရစ်ယာန်တွေကို ထမြောက်လာပြီးတဲ့ ယေရှုခရစ် ပြောခဲ့တယ်။ (ဗျာ. ၂:၄) အဲဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတစ်ခုက ဘာလဲ။ ခရစ်တော်ရဲ့ အစောပိုင်း တပည့်တွေဟာ လောကစိတ်ဓာတ် လွှမ်းမိုးခံရတာ ဖြစ်နိုင်တယ်။—ဧ. ၂:၂၊ ၃။ w17.05 ၁၇ ¶၁-၃
ကြာသပတေးနေ့၊ ဇန်နဝါရီ ၃၁
ယေဟောဝါကို သစ္စာကတိပြုပြီးရင် အဲဒီအတိုင်း လုပ်ရမယ်။—မ. ၅:၃၃။
ယေဖသက ရဲစွမ်းသတ္တိရှိတဲ့ ခေါင်းဆောင်။ ဟန္နက လက်အောက်ခံတတ်တဲ့ဇနီး။ တစ်ယောက်က ရဲရင့်တဲ့စစ်သည်။ တစ်ယောက်က နှိမ့်ချတဲ့အိမ်သူ။ သူတို့နှစ်ယောက်စလုံး ယေဟောဝါဘုရားကို ကိုးကွယ်တာချင်း တူနေတဲ့အပြင် နောက်ထပ် ဘာတူညီချက်တွေ ရှိသေးသလဲ။ နှစ်ယောက်စလုံး ဘုရားသခင်ကို သစ္စာကတိပြုထားပြီး သစ္စာကတိအတိုင်း လုပ်ဆောင်ခဲ့ကြတယ်။ ယေဟောဝါထံ သစ္စာကတိပြုထားတဲ့ ဒီနေ့ခေတ် အမျိုးသား/သမီးတွေအတွက် သိပ်ကောင်းတဲ့ စံနမူနာတွေပါပဲ။ ကျမ်းစာမှာ သုံးနှုန်းထားချက်အရ သစ္စာကတိဆိုတာ ဘုရားသခင်ဆီ အလေးအနက် ကတိပြုတာ ဖြစ်တယ်။ တစ်ခုခု လုပ်ဖို့၊ ဆက်သဖို့၊ အမှုတော်တစ်မျိုးမျိုး ထမ်းဆောင်ဖို့၊ တစ်ခုခုကို ရှောင်ဖို့ လွတ်လပ်စွာ ရွေးချယ်ခွင့်အတိုင်း စိတ်လိုကိုယ်လျောက် သစ္စာကတိပြုတာ ဖြစ်တယ်။ တစ်ခုခုကို လုပ်မယ်၊ မလုပ်ဘူးဆိုပြီး ကတိပြုတဲ့ ကျိန်ဆိုချက် ဖြစ်တာမို့ သစ္စာကတိဟာ ဘုရားသခင်ရှေ့မှာ မြင့်မြတ်တယ်။—က. ၁၄:၂၂၊ ၂၃။ ဟီ. ၆:၁၆၊ ၁၇။ w17.04 ၃ ¶၁-၂