ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • es19 စာ. ၁၇-၂၆
  • ဖေဖော်ဝါရီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖေဖော်ဝါရီ
  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • သောကြာနေ့၊ ဖေဖော်ဝါရီ ၁
  • စနေနေ့၊ ဖေဖော်ဝါရီ ၂
  • တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၃
  • တနင်္လာနေ့၊ ဖေဖော်ဝါရီ ၄
  • အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၅
  • ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၆
  • ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၇
  • သောကြာနေ့၊ ဖေဖော်ဝါရီ ၈
  • စနေနေ့၊ ဖေဖော်ဝါရီ ၉
  • တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၁၀
  • တနင်္လာနေ့၊ ဖေဖော်ဝါရီ ၁၁
  • အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၁၂
  • ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၁၃
  • ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၁၄
  • သောကြာနေ့၊ ဖေဖော်ဝါရီ ၁၅
  • စနေနေ့၊ ဖေဖော်ဝါရီ ၁၆
  • တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၁၇
  • တနင်္လာနေ့၊ ဖေဖော်ဝါရီ ၁၈
  • အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၁၉
  • ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၂၀
  • ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၂၁
  • သောကြာနေ့၊ ဖေဖော်ဝါရီ ၂၂
  • စနေနေ့၊ ဖေဖော်ဝါရီ ၂၃
  • တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၂၄
  • တနင်္လာနေ့၊ ဖေဖော်ဝါရီ ၂၅
  • အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၂၆
  • ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၂၇
  • ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၂၈
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၁၉
es19 စာ. ၁၇-၂၆

ဖေဖော်ဝါရီ

သောကြာနေ့၊ ဖေဖော်ဝါရီ ၁

နောဧလည်း ဘုရားသခင်မိန့်မှာသမျှအတိုင်း လုပ်တယ်။ မှာထားတဲ့အတိုင်း သူလုပ်တယ်။—က. ၆:၂၂။

နောဧကို သင်္ဘောဆောက်ဖို့ ယေဟောဝါ မိန့်မှာတဲ့အခါ တစ်ခါမှ မဆောက်ဖူးတဲ့အတွက် ကိုယ့်အတွေ့အကြုံကို အားကိုးဖို့ မဖြစ်နိုင်ဘူး။ ယေဟောဝါကိုပဲ အားကိုးခဲ့ရတယ်။ ‘မှာထားတဲ့အတိုင်း လုပ်ခဲ့တယ်။’ ရလဒ်အနေနဲ့ သင်္ဘော ဆောက်နိုင်ခဲ့တယ်။ နောဧဟာ ဘုရားသခင့် ဉာဏ်ပညာကို ယုံကြည်ကိုးစားတဲ့အတွက် အိမ်ထောင်ရေးလည်း အောင်မြင်ခဲ့တယ်။ သားသမီးတွေကို ကောင်းစွာ သွန်သင်ပြီး ပုံသက်သေကောင်း ပြခဲ့တယ်။ ရေလွမ်းမိုးဘေး မတိုင်ခင် ဆိုးသွမ်းတဲ့ခေတ်မှာ အဲဒီလိုလုပ်ဖို့ သိပ်ခက်တယ်။ (က. ၆:၅) မိဘတွေကော။ ဘုရားသခင် “မှာထားတဲ့အတိုင်း” ဘယ်လိုလုပ်နိုင်သလဲ။ ယေဟောဝါရဲ့စကားကို နားထောင်ပါ။ ကျမ်းစာနဲ့ အဖွဲ့အစည်းကတစ်ဆင့် ယေဟောဝါပေးတဲ့ လမ်းညွှန်ချက်ကို လိုက်နာပါ။ မိဘတွေ အတတ်နိုင်ဆုံး ကြိုးစားတဲ့ကြား သားသမီးတချို့ ယေဟောဝါကို စွန့်သွားကြတယ်။ ဒါပေမဲ့ သားသမီးတွေကို အတတ်နိုင်ဆုံး အမှန်တရား သွန်သင်ပေးခဲ့တဲ့အတွက် စိတ်ကြည်လင်နိုင်ပါတယ်။ တစ်နေ့ ယေဟောဝါဆီ ပြန်လှည့်လာဖို့ မျှော်လင့်နိုင်တယ်။ w18.03 ၃၀ ¶၁၀-၁၁

စနေနေ့၊ ဖေဖော်ဝါရီ ၂

ဧည့်ဝတ်ပြုကြပါ။—၁ ပေ. ၄:၉။

ဧည့်ဝတ်ပြုချင်ပေမဲ့ မပြုနိုင်ဘူးလို့ ခံစားဖူးသလား။ တချို့က ရှက်တတ်ကြတယ်။ စကားစ ပြတ်သွားမှာ၊ ဧည့်သည် ငြီးငွေ့မှာကို စိုးရိမ်ကြတယ်။ တချို့ကျတော့ ငွေကြေးချို့တဲ့ပြီး တခြားညီအစ်ကို/မတွေလောက် မတတ်နိုင်ဘူးလို့ ခံစားကြတယ်။ အိမ်တစ်အိမ်မှာ အရေးကြီးဆုံးက ကြီးကျယ်ခမ်းနားဖို့ မဟုတ်ဘဲ သန့်ရှင်းသပ်ရပ်ပြီး နွေးထွေးမှုရှိဖို့ပဲ။ မေတ္တာနဲ့ ဧည့်ဝတ်ပြုတဲ့အခါ စိုးရိမ်နေစရာ မလိုပါဘူး။ ဧည့်သည်တွေကို စိတ်ဝင်စားမှုပြတာ အမြဲအကျိုးရှိတယ်။ (ဖိ. ၂:၄) ပေါင်းသင်းချိန်မှာ အချင်းချင်း ဘဝအတွေ့အကြုံတွေ ဝေမျှနိုင်ကြတယ်။ “ညီအစ်ကို/မတွေကို အိမ်ဖိတ်ခေါ်တဲ့အတွက် သူတို့အကြောင်း၊ အမှန်တရား ရလာပုံအကြောင်း ပိုသိလာတယ်” လို့ အကြီးအကဲတစ်ဦး ပြောပြတယ်။ မေတ္တာပါပါ စိတ်ဝင်စားမှုပြခြင်းက အမြဲပျော်ရွှင်စေတယ်။ w18.03 ၁၇ ¶၁၅-၁၇

တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၃

ဘာလို့ အချိန်ဆွဲနေမှာလဲ။ အခု ထပြီး နှစ်ခြင်းခံ လိုက်ပါ။—တ. ၂၂:၁၆။

ခရစ်ယာန်မိဘတွေလည်း သားသမီးတွေ ဆုံးဖြတ်ချက်ကောင်း ချနိုင်အောင် ကူညီပေးနေကြတယ်။ နှစ်ခြင်းခံဖို့ မလိုအပ်ဘဲ အချိန်ဆွဲရင်၊ ရွှေ့ဆိုင်းရင် ဘုရားရေးရာ အန္တရာယ်ကျရောက်နိုင်မှန်း နားလည်ကြတယ်။ (ယာ. ၄:၁၇) ဒါပေမဲ့ နှစ်ခြင်းမခံခင် တပည့်တာဝန် ထမ်းဆောင်ဖို့ အသင့်ဖြစ်ကြောင်း မိဘတွေ သေချာစေချင်ကြတယ်။ ခရစ်ယာန်မိသားစုမှာ ကြီးပြင်းလာပေမဲ့ နှစ်ခြင်းမခံရသေးတဲ့ အသက် ၂၀ ဝန်းကျင် လူငယ်တွေကို တိုက်နယ်ကြီးကြပ်မှူးတချို့ သတိပြုမိတယ်။ အများစုက အသင်းတော် အစည်းအဝေးတွေ၊ အမှုဆောင်တွေမှာ ပါဝင်နေကြတယ်။ ကိုယ့်ကိုယ်ကိုယ် ယေဟောဝါသက်သေအဖြစ် ယူမှတ်ကြတယ်။ ဒါပေမဲ့ ယေဟောဝါဆီ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံဖို့ တွန့်ဆုတ်နေကြတယ်။ ဘာကြောင့်လဲ။ နှစ်ခြင်းခံဖို့ အသင့်မဖြစ်သေးဘူးဆိုပြီး မိဘတချို့ ယူဆကြလို့ပဲ။ w18.03 ၈ ¶၁-၂

တနင်္လာနေ့၊ ဖေဖော်ဝါရီ ၄

ခရစ်တော်ယေရှုမှာရှိတဲ့ စိတ်သဘောထား ခင်ဗျား တို့မှာ ရှိ . . . ပါစေ။—ရော. ၁၅:၅။

ခရစ်တော်နဲ့တူဖို့ ခရစ်တော်ရဲ့ စဉ်းစားပုံ၊ ကိုယ်ရည်ကိုယ်သွေးတွေကို အပြည့်အဝ သိထားရမယ်။ ပြီးတော့ ခရစ်တော်ရဲ့ ခြေရာအတိုင်း လိုက်လျှောက်ရမယ်။ ယေရှုရဲ့ စိတ်သဘောက ဘုရားသခင်နဲ့ ဆက်ဆံရေးကို အဓိကထားတယ်။ ဒါကြောင့် ယေရှုနဲ့တူရင် ယေဟောဝါနဲ့ ပိုတူလာတယ်။ ဒီအချက်တွေက ယေရှုလို စဉ်းစားဖို့ ဘယ်လောက် အရေးကြီးကြောင်း ရှင်းလင်းစွာ ဖော်ပြတယ်။ ယေရှုလို ဘယ်လို စဉ်းစားနိုင်သလဲ။ ယေရှုရဲ့ တပည့်တွေက ယေရှုရဲ့ အံ့ဖွယ်အမှုတွေကို မြင်ခဲ့ကြတယ်။ ဟောပြောချက်တွေ ကြားခဲ့ကြတယ်။ လူပေါင်းစုံနဲ့ ဘယ်လို ဆက်ဆံခဲ့ကြောင်း တွေ့ခဲ့ကြတယ်။ ဘုရားရေးရာ အခြေခံမူတွေကို ဘယ်လို ကျင့်သုံးခဲ့ကြောင်း သတိပြုခဲ့ကြတယ်။ (တ. ၁၀:၃၉) ကျွန်တော်တို့ကတော့ ယေရှုကို တိုက်ရိုက် မမြင်တွေ့နိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ ယေရှုရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ အသက်ဝင်လာစေဖို့ ခရစ်ဝင်ကျမ်းမှတ်တမ်းတွေကို ယေဟောဝါ မေတ္တာပါစွာ ပြင်ဆင်ပေးထားတယ်။ မဿဲ၊ မာကု၊ လုကာ၊ ယောဟန်ကျမ်းတွေကို ဖတ်ရှုတွေးတောခြင်းအားဖြင့် ခရစ်တော်ရဲ့ စိတ်သဘောကို ရရှိနိုင်ပါတယ်။ ဒီနည်းနဲ့ “သူ့ခြေရာကို ထက်ကြပ်မကွာ လိုက်လျှောက်” နိုင်ပြီး “ခရစ်တော်လို စိတ်သဘောထားနဲ့ ကိုယ့်ကိုယ်ကိုယ် အားဖြည့်ထား” နိုင်ပါတယ်။—၁ ပေ. ၂:၂၁။ ၄:၁။ w18.02 ၂၂ ¶၁၅-၁၆

အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၅

ကြားနာပြီးမှ ယုံကြည်လာတာ။—ရော. ၁၀:၁၇။

လူ့သမိုင်းအစောပိုင်းကတည်းက ယုံကြည်ခြင်းရှိတဲ့ အမျိုးသား/သမီးတွေဟာ ဘုရားသခင်အကြောင်း အဓိက နည်းသုံးနည်းနဲ့ သိလာကြတယ်– မြင်ရတဲ့ ဖန်ဆင်းရာတွေကို ကြည့်ရှုခြင်း၊ ဘုရားကို ကြောက်ရွံ့သူတွေဆီကနေ သင်ယူခြင်း၊ ဘုရားသခင့် ဖြောင့်မတ်တဲ့ စံနှုန်းနဲ့ အခြေခံမူတွေအတိုင်း နေထိုင်ခြင်းရဲ့ ကောင်းချီးတွေကို ခံစားရခြင်းတို့ ဖြစ်တယ်။ (ဟေရှာ. ၄၈:၁၈) နောဧဟာ ဖန်ဆင်းခြင်းလက်ရာတွေကို ကြည့်ရှုခြင်းအားဖြင့် ဘုရားသခင် တည်ရှိကြောင်းသာမက ‘ထာဝရတန်ခိုးတော်နဲ့ ဘုရားသခင့်အဖြစ်တော်’ စတဲ့ ဘုရားသခင်ရဲ့ မမြင်နိုင်တဲ့ အရည်အသွေးတွေကို သိလာတယ်။ (ရော. ၁:၂၀) ဒါကြောင့် ဘုရားသခင်ကို ယုံကြည်ရုံသာမက ခိုင်မာတဲ့ယုံကြည်ခြင်း ရှိလာတယ်။ ဆွေမျိုးတွေဆီကနေ ယေဟောဝါအကြောင်း နောဧ များစွာ သိရှိခဲ့မှာ သေချာတယ်။ အဲဒီထဲမှာ အာဒံကို မီခဲ့တဲ့၊ ယုံကြည်ခြင်းရှိတဲ့ ဖခင် လာမက် ပါဝင်တယ်။ အဘိုးမသုရှလ၊ အဘီ ယာရက်တို့လည်း ပါဝင်တယ်။ ယာရက်ကို နောဧ ၃၆၆ နှစ် မီလိုက်တယ်။ (လု. ၃:၃၆၊ ၃၇) ဘာပဲဖြစ်ဖြစ်၊ သိလာတာတွေကြောင့် နောဧ စိတ်နှလုံး ထိမိပြီး ဘုရားသခင်ကို ဝတ်ပြုဖို့ လှုံ့ဆော်ပေးခဲ့တယ်။—က. ၆:၉။ w18.02 ၉ ¶၄-၅

ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၆

စိတ်ဆိုးမပြေဘဲ နေမဝင်စေနဲ့။—ဧ. ၄:၂၆။

ယုံကြည်သူချင်းတစ်ယောက်၊ မိသားစုဝင်တစ်ယောက် ကျွန်တော်တို့ကို ထိခိုက်အောင် ပြောဆိုပြုမူတဲ့အခါ စိတ်ပျက်သွားနိုင်တယ်။ အဖြစ်အပျက်ကို လွယ်လွယ်နဲ့ မမေ့နိုင်ဘူး ဆိုပါစို့။ နှစ်နဲ့ချီ နာကြည်းနေမလား။ ကျမ်းစာပါ ပညာရှိအကြံဉာဏ်ကို လိုက်လျှောက်ပြီး ချက်ချင်း ဖြေရှင်းကြမလား။ အခြေအနေကို မဖြေရှင်းဘဲထားလေ ညီအစ်ကိုနဲ့ သင့်မြတ်ဖို့ ပိုခက်လေပဲ။ သင့်မြတ်ဖို့ ဘာတွေ လုပ်နိုင်သလဲ။ ပထမ၊ ယေဟောဝါဆီ ထက်ထက်သန်သန် ဆုတောင်းပါ။ ညီအစ်ကိုနဲ့ တည်ဆောက်မှုဖြစ်စေမယ့်စကား ပြောနိုင်ဖို့ အကူအညီ တောင်းပါ။ ညီအစ်ကိုလည်း ယေဟောဝါရဲ့ မိတ်ဆွေဖြစ်ကြောင်း သတိရပါ။ (ဆာ. ၂၅:၁၄) ယေဟောဝါက မိတ်ဆွေတွေကို ကြင်ကြင်နာနာ ဆက်ဆံတယ်။ ကျွန်တော်တို့လည်း အဲဒီလို ဆက်ဆံဖို့ ယေဟောဝါ မျှော်လင့်တယ်။ (ပညာ. ၁၅:၂၃။ မ. ၇:၁၂။ ကော. ၄:၆) ဒုတိယ၊ ဘာပြောမလဲဆိုတာကို သေသေချာချာ စဉ်းစားထားပါ။ ညီအစ်ကိုက သင့်ကို တမင်ထိခိုက်အောင် လုပ်တယ်လို့ မယူဆပါနဲ့။ ပြဿနာဖြစ်ရတာ ကိုယ့်ကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာကို ဝန်ခံပါ။ w18.01 ၁၀ ¶၁၅-၁၆

ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၇

ခင်ဗျားတို့ကို ကျွန်တော်ချစ်သလို အချင်းချင်း ချစ်ကြပါ။—ယော. ၁၃:၃၄။

ယေဟောဝါကို ကိုးကွယ်တဲ့သူတွေဟာ အချင်းချင်း စစ်မှန်တဲ့မေတ္တာ အမြဲတမ်း တင်ပြနေကြတဲ့အတွက် ဒီနေ့ မေတ္တာကင်းမဲ့နေတဲ့ လူတွေနဲ့ မတူကြဘူး။ လူလူချင်းကို ချစ်တဲ့မေတ္တာဟာ ဘုရားသခင်ကို ချစ်တဲ့မေတ္တာပြီးရင် မောရှေပညတ်ရဲ့ ဒုတိယ အရေးကြီးဆုံးပညတ် ဖြစ်တယ်လို့ ယေရှု ပြောခဲ့တယ်။ (မ. ၂၂:၃၈၊ ၃၉) အချင်းချင်း ချစ်တဲ့မေတ္တာက ခရစ်ယာန်စစ်တွေကို ခွဲခြားဖော်ပြတဲ့ အရည်အသွေး ဖြစ်မယ်လို့လည်း ယေရှု ပြောခဲ့တယ်။ (ယော. ၁၃:၃၅) အဲဒီခရစ်ယာန်မေတ္တာကို ရန်သူတွေအပေါ်လည်း ပြရမယ်။ (မ. ၅:၄၃၊ ၄၄) ယေရှုဟာ တခြားသူတွေကို အလွန်ချစ်ကြောင်း ပြခဲ့တယ်။ ဘုရားနိုင်ငံတော် သတင်းကောင်းကို ဟောဖို့ တစ်မြို့ပြီးတစ်မြို့ သွားလာခဲ့တယ်။ မျက်မမြင်တွေ၊ ခြေဆွံ့သူတွေ၊ အနာကြီးရောဂါသည်တွေ၊ နားမကြားသူတွေကို ကောင်းအောင် လုပ်ပေးခဲ့တယ်။ လူသေတွေကို အသက်ပြန်ရှင်စေခဲ့တယ်။ (လု. ၇:၂၂) လူသားထုအတွက် အသက်ကို ပေးခဲ့တယ်။ ယေရှုရဲ့ မေတ္တာဟာ အဖဘုရားရဲ့ မေတ္တာကို အပြည့်အဝ ထင်ဟပ်တယ်။ ကမ္ဘာတစ်ဝန်းလုံးမှာ ယေဟောဝါသက်သေတွေလည်း တခြားသူတွေအပေါ် ဘုရားရေးရာမေတ္တာ တင်ပြနေကြပါတယ်။ w18.01 ၂၉-၃၀ ¶၁၁-၁၂

သောကြာနေ့၊ ဖေဖော်ဝါရီ ၈

ဘာလို့လဲဆိုတော့ ကျွန်တော့်ကို အစွမ်းခွန်အားပေးတဲ့ ဘုရားသခင်ကြောင့် အရာရာကို စွမ်းဆောင်နိုင် လို့ပဲ။—ဖိ. ၄:၁၃။

အသက်ငယ်ပေမဲ့ နှစ်ခြင်းခံဖို့ အရည်အချင်း ပြည့်မီနိုင်တယ်။ ဒါပေမဲ့ အနာဂတ်မှာ ဘာအခက်အခဲတွေ ရင်ဆိုင်ရမယ်ဆိုတာ အမြဲ ကြိုမသိနိုင်ဘူး။ ဘယ်အခြေအနေမှာမဆို သစ္စာရှိနေဖို့ ယေဟောဝါကို ပေးထားတဲ့ကတိဟာ ခြွင်းချက်မရှိကြောင်း ဘယ်တော့မှ မမေ့ပါနဲ့။ စကြဝဠာ အချုပ်အခြာအာဏာရှင်ကို မိတ်ဆွေတွေ၊ မိဘတွေ ဝတ်မပြုတော့ရင်တောင် သင်ကတော့ ဆက်ဝတ်ပြုမယ်လို့ ကတိပြုထားတယ်။ (ဆာ. ၂၇:၁၀) ဘယ်အခြေအနေမှာမဆို ဆက်ကပ်အပ်နှံမှုနဲ့အညီ အသက်ရှင်နိုင်အောင် ယေဟောဝါ ခွန်အားပေးနိုင်တယ်။ (ဖိ. ၄:၁၁၊ ၁၂) ယေဟောဝါက သင်နဲ့ မိတ်ဆွေ ဖြစ်ချင်တယ်။ မိတ်ဆွေ ဖြစ်နေဖို့၊ ကယ်တင်ခြင်းရဖို့ ကြိုးစားအားထုတ်မှု လိုအပ်တယ်။ “ကယ်တင်ခြင်းရဖို့ ကြောက်ရွံ့တုန်လှုပ်တဲ့စိတ်နဲ့ ဆက်ကြိုးစားနေကြပါ” လို့ ဖိလိပ္ပိ ၂:၁၂ မှာ ပြောထားတယ်။ ဘယ်အခက်အခဲတွေပဲ ရင်ဆိုင်ရပါစေ ယေဟောဝါနဲ့ မိတ်ဆွေ ဘယ်လို ဆက်ဖြစ်နိုင်မယ်၊ ဆက်သစ္စာရှိနိုင်မယ်ဆိုတာ စဉ်းစားဖို့ လိုတယ်။ ယုံကြည်စိတ်ချမှု မလွန်ကဲရဘူး။ ဘုရားသခင့် ဝါရင့်ကျေးကျွန်တချို့တောင် လမ်းလွဲခဲ့ကြတယ်။ w17.12 ၂၄ ¶၄၊ ၆-၇

စနေနေ့၊ ဖေဖော်ဝါရီ ၉

ဒီပစ္စည်းဥစ္စာအားလုံးကို . . . စေတနာအပြည့်နဲ့ လှူဒါန်းပါတယ်။—၁ ရာ. ၂၉:၁၇။

ဒီနေ့ လုပ်ဆောင်နေတဲ့ ဧရာမလုပ်ငန်းကို ထောက်ပံ့ဖို့ အခွင့်အရေး ပေးခြင်းအားဖြင့် ကျွန်တော်တို့ကို ယေဟောဝါ ဂုဏ်တင်တယ်။ ဘုရားနိုင်ငံတော်ကို ထောက်ပံ့ပေးတဲ့အခါ ကောင်းချီးတွေ ခံစားရမယ်လို့ အာမခံထားတယ်။ (မာလ. ၃:၁၀) ရက်ရောစွာ ပေးကမ်းသူတွေ ကြွယ်ဝလိမ့်မယ်လို့ ယေဟောဝါ ကတိပြုထားတယ်။ (ပညာ. ၁၁:၂၄၊ ၂၅) ပေးကမ်းခြင်းက ပျော်ရွှင်စေတယ်။ “ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေ” လို့ပါပဲ။ (တ. ၂၀:၃၅) ဘယ်လိုနည်းနဲ့ ပါဝင်လှူဒါန်းနိုင်ကြောင်း၊ ကောင်းချီးများစွာ ရရှိနိုင်ကြောင်း အပြောနဲ့ ပုံသက်သေအားဖြင့် သားသမီးတွေနဲ့ လူသစ်တွေကို လေ့ကျင့်ပေးခွင့် ရရှိကြတယ်။ ကျွန်တော်တို့ ပိုင်ဆိုင်သမျှဟာ ယေဟောဝါဆီကပါ။ ဘုရားကို ပြန်ပေးတာက ဘုရားကို ချစ်ကြောင်း၊ ကျွန်တော်တို့အတွက် လုပ်ပေးထားတာတွေကို ကျေးဇူးတင်ကြောင်း ဖော်ပြရာရောက်တယ်။ ဗိမာန်တော် ဆောက်လုပ်ရေးအတွက် လှူဒါန်းကြတဲ့အခါ “စေတနာအလျောက် အဲဒီလိုလှူဒါန်းရတာကို လူတွေ ဝမ်းသာပီတိ ဖြစ်ကြတယ်။” (၁ ရာ. ၂၉:၉) အလားတူပဲ ကျွန်တော်တို့လည်း ယေဟောဝါ ပေးထားတာတွေကို ပြန်ပေးခြင်းအားဖြင့် ရွှင်လန်းမှုနဲ့ ကျေနပ်မှု ဆက်ခံစားနိုင်ကြပါစေ။ w18.01 ၂၁ ¶၁၈-၁၉

တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၁၀

သူတို့ အစဉ်လိုက် ထမြောက်လိမ့်မယ်။ ခရစ်တော်ဟာ ဦးဆုံး ထမြောက်ခဲ့တယ်၊ အဲဒီနောက် ခရစ်တော် ပိုင်ဆိုင်သူတွေဟာ ခရစ်တော် ရောက်ရှိနေချိန်အတွင်း ရှင်ပြန်ထမြောက်လိမ့်မယ်။—၁ ကော. ၁၅:၂၃။

ခရစ်တော် စတင် “ရောက်ရှိ” ပြီး တစ်ချိန်ချိန်မှာ ပထမထမြောက်ခြင်း ဖြစ်မယ်။ ကြီးစွာသောဒုက္ခအတွင်း အသက်ရှင်နေသေးတဲ့ ဘိသိက်ခံတွေဟာ “မိုးတိမ်ခြံရံပြီး တက်သွားရလိမ့်မယ်။” (၁ သက်. ၄:၁၃-၁၇။ မ. ၂၄:၃၁) သူတို့ “အားလုံး ပြောင်းလဲသွားကြမှာ။ နောက်ဆုံးခရာ မှုတ်ချိန်အတောအတွင်းမှာ တစ်ခဏချင်း မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားမှာ။” (၁ ကော. ၁၅:၅၁၊ ၅၂) ဒီနေ့ သစ္စာရှိခရစ်ယာန် အများစုဟာ ဘိသိက်ခံတွေ မဟုတ်ကြဘူး။ ကောင်းကင်မှာ ခရစ်တော်နဲ့အတူ အမှုဆောင်ဖို့ ဖိတ်ခေါ်မခံရကြဘူး။ “ယေဟောဝါရဲ့ နေ့” အတွင်း ဒီစနစ်ဆိုး အဆုံးတိုင်မှာကို စောင့်မျှော်နေကြတယ်။ အဲဒီအချိန်အတိအကျကို ဘယ်သူမှ မသိနိုင်ဘူး။ အထောက်အထားတွေကတော့ နီးနေပြီဆိုတာ ဖော်ပြတယ်။ (၁ သက်. ၅:၁-၃) အဲဒီနောက် ရှင်ပြန်ထမြောက်ခြင်း နောက်တစ်မျိုး၊ မြေကြီးပရဒိသုပေါ် ရှင်ပြန်ထမြောက်ခြင်း ဖြစ်လိမ့်မယ်။ ထမြောက်လာသူတွေဟာ ပြည့်ဝစုံလင်လာပြီး ဘယ်တော့မှ မသေဆုံးရတော့မယ့် အလားအလာ ရရှိကြမယ်။ w17.12 ၁၁ ¶၁၅။ ၁၂ ¶၁၈-၁၉

တနင်္လာနေ့၊ ဖေဖော်ဝါရီ ၁၁

မနာလိုစိတ်၊ ငြင်းခုံရန်တွေ့ချင်စိတ် ရှိတဲ့နေရာမှာ စည်းစနစ်မရှိတာတွေ၊ ယုတ်ညံ့တာတွေ ရှိတတ်တယ်။—ယာ. ၃:၁၆။

မေတ္တာ၊ ကြင်နာခြင်းကို မွေးမြူမယ်ဆိုရင် အလွယ်တကူ မနာလိုဖြစ်မှာ မဟုတ်ဘူး။ “မေတ္တာဟာ စိတ်ရှည်တတ်တယ်။ ကြင်နာတတ်တယ်” လို့ ကျမ်းစာက ပြောတယ်။ (၁ ကော. ၁၃:၄) မနာလိုခြင်းကို စိတ်နှလုံးထဲကနေ အမြစ်ပါမကျန် ဖယ်ရှားနိုင်ဖို့ ကိစ္စရပ်တွေကို ဘုရားသခင် ရှုမြင်သလို ရှုမြင်ရမယ်။ ညီအစ်ကို/မတွေကို ခရစ်ယာန် ကိုယ်ခန္ဓာတစ်ခုတည်းက အင်္ဂါချင်းတွေအဖြစ် ရှုမြင်ရမယ်။ ဒါမှ “အစိတ်အပိုင်းတစ်ခု ချီးမွမ်းခံရရင် ကျန်တဲ့အစိတ်အပိုင်းအားလုံး ထပ်တူဝမ်းမြောက်ကြတယ်” ဆိုတဲ့ ကျမ်းစကားနဲ့အညီ ကိုယ်ချင်းစာတတ်အောင် ကူညီပေးပါလိမ့်မယ်။ (၁ ကော. ၁၂:၁၆-၁၈၊ ၂၆) တခြားသူတွေ ကောင်းချီးရတဲ့အခါ မနာလို မဖြစ်ဘဲ ဝမ်းမြောက်လိမ့်မယ်။ ဘုရင်ရှောလုရဲ့သား ယောနသန်အကြောင်း စဉ်းစားကြည့်ပါ။ ထီးနန်းကို ဒါဝိဒ်ဆက်ခံရတဲ့အခါ မနာလို မဖြစ်ဘဲ ဒါဝိဒ်ကို အားပေးခဲ့တယ်။ (၁ ရှ. ၂၃:၁၆-၁၈) ယောနသန်လို မေတ္တာ၊ ကြင်နာမှု ပြနိုင်မလား။ w17.11 ၂၇ ¶၁၀-၁၁

အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၁၂

အပြင်ပန်းကိုပဲ ကြည့်ပြီး တရားမစီရင်ဘူး။ ကြားတဲ့စကားကိုပဲ မူတည်ပြီး ဆုံးမမှာ မဟုတ်ဘူး။ နိမ့်ကျသူတွေကို မျှမျှတတ တရားစီရင်မယ်။ . . . ဖြောင့်မှန်စွာ ပဲ့ပြင်မယ်။—ဟေရှာ. ၁၁:၃၊ ၄။

ကျွန်တော်တို့အကျိုးအတွက် ပညတ်ပဋိညာဉ်ကို ကျမ်းစာမှာ ယေဟောဝါ မှတ်တမ်းတင်စေခဲ့တယ်။ ပညတ်တရားရဲ့ အသေးစိတ်အချက်တွေကို လွန်လွန်ကဲကဲ အာရုံမစိုက်ဘဲ ပညတ်ချက်တွေရဲ့ နောက်ကွယ်က မြင့်မားတဲ့ အခြေခံမူတွေ၊ “ပိုအရေးကြီးတဲ့ အချက်တွေ” ကို နားလည်ကျင့်သုံးစေချင်တယ်။ (မ. ၂၃:၂၃) ပညတ်တရားဟာ ယေဟောဝါ၊ ဖြောင့်မတ်တဲ့ အခြေခံမူတွေနဲ့ပတ်သက်တဲ့ “အသိပညာနဲ့ အမှန်တရားရဲ့ အခြေခံသွင်ပြင်လက္ခဏာတွေ” ကို ဖော်ပြတယ်။ (ရော. ၂:၂၀) ဥပမာ၊ ခိုလှုံရာမြို့တွေက ဘယ်လို “မှန်မှန်ကန်ကန် တရားစီရင်” ရမယ်ဆိုတာ အကြီးအကဲတွေကို သင်ပေးတယ်။ “အချင်းချင်းကို ခိုင်မြဲတဲ့မေတ္တာနဲ့ ကရုဏာထားပြီး” ဘယ်လို ဆက်ဆံရမယ်ဆိုတာ ကျွန်တော်တို့အားလုံးကို သင်ပေးတယ်။ (ဇာ. ၇:၉) ကျွန်တော်တို့ ပညတ်တရားအောက်မှာ မရှိတော့ပါဘူး။ ဒါပေမဲ့ ယေဟောဝါ မပြောင်းလဲဘူး။ တရားမျှတမှု၊ ကရုဏာ အရည်အသွေးတွေဟာ ဘုရားသခင်အတွက် အရေးကြီးဆဲပါပဲ။ အဲဒီလိုဘုရားသခင်ကို ကိုးကွယ်ခွင့် ရတာ အခွင့်ထူးပါပဲ။ ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်နဲ့အညီ ဖန်ဆင်းခံထားရလို့ ဘုရားရဲ့ အရည်အသွေးတွေကို တုပကြပါစို့။ ဘုရားသခင်ဆီမှာ ခိုလှုံကြပါစို့။ w17.11 ၁၃-၁၄ ¶၂-၃။ ၁၇ ¶၁၈-၁၉

ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၁၃

ဉာဏ်ပညာကို ရှာတွေ့တဲ့သူနဲ့ ပိုင်းခြားသိမြင်နိုင်စွမ်းကို ရယူတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။—ပညာ. ၃:၁၃။

စင်မြင့်ပေါ်ကနေ ဟောပြောတဲ့ ညီအစ်ကိုတွေဟာ ကျမ်းချက်တွေကို အခြေခံပြီး ဟောသင့်တယ်။ (ယော. ၇:၁၆) ဘာတွေ ပါဝင်သလဲ။ တွေ့ကြုံမှု၊ ဥပမာ၊ တင်ဆက်ပုံတွေက အသုံးပြုတဲ့ကျမ်းချက်ကို မလွှမ်းမိုးစေဖို့၊ ကျမ်းချက်ကနေ အာရုံမလွဲသွားစေဖို့ သတိပြုပါ။ ကျမ်းချက်များများ ဖတ်ပြရုံနဲ့ ကျမ်းစာကနေ သွန်သင်နေတယ်လို့ မယူဆပါနဲ့။ ကျမ်းချက် များလွန်းရင်လည်း နားထောင်သူတွေရဲ့ စိတ်ထဲ ဘာတစ်ခုမှ မကျန်ခဲ့ဘဲ ဖြစ်သွားနိုင်တယ်။ ဒါကြောင့် အဓိကကျမ်းချက်တွေကို ဂရုတစိုက် ရွေးချယ်ပါ။ ဖတ်ဖို့၊ ရှင်းပြဖို့၊ ဥပမာပေးဖို့၊ သက်ဆိုင်ပုံကို တင်ပြဖို့ အချိန်ယူပါ။ (နေ. ၈:၈) အောက်လိုင်းမှာပါတဲ့ အချက်နဲ့ ရည်ညွှန်းကျမ်းချက်တွေ ဆက်စပ်ပုံကို နားလည်ဖို့ ကြိုးစားပါ။ အရေးကြီးဆုံးကတော့ ဘုရားသခင့် နှုတ်ထွက်စကားမှာပါတဲ့ အဖိုးတန် အယူအဆတွေကို ဖော်ပြနိုင်ဖို့ ယေဟောဝါရဲ့ အကူအညီ တောင်းခံပါ။—ဧဇ. ၇:၁၀။ w17.09 ၂၆ ¶၁၁-၁၂

ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၁၄

ငါ့ဆီ ပြန်လှည့်လာကြ။ . . . ငါလည်း မင်းတို့ဆီ ပြန်လှည့်လာမယ်။—ဇာ. ၁:၃။

ဘီစီ ၅၃၇ ကတော့ ယေဟောဝါကို ဆက်ကပ်အပ်နှံထားတဲ့ လူမျိုးအတွက် ပျော်စရာနှစ်တစ်နှစ်ပါပဲ။ နှစ်ပေါင်း ၇၀ သုံ့ပန်းဘဝပြီးနောက် ဗာဗုလုန်ကနေ လွတ်မြောက်လာကြတယ်။ ဂျေရုဆလင်မှာ စစ်မှန်တဲ့ ဝတ်ပြုရေး ပြန်တည်ထောင်ဖို့ ထက်သန်နေကြတယ်။ ဘီစီ ၅၃၆ မှာ ဗိမာန်တော် အုတ်မြစ်ချတယ်။ ဆယ့်ခြောက်နှစ်ကြာတော့ ယေဟောဝါရဲ့ ဗိမာန်တော် ဆောက်လုပ်ရေး လုံးဝရပ်ဆိုင်းသွားတယ်။ ယေဟောဝါဆီ ပြန်လာဖို့၊ ကိုယ်ကျိုးအတွက် လုပ်ဆောင်နေတာတွေကို ရပ်တန့်ဖို့ ဘုရားရဲ့လူတွေကို သတိပေးဖို့ လိုနေတယ်။ ဗာဗုလုန်ကနေ ဘာကြောင့် ကယ်လွှတ်ခံရမှန်း ပြန်သတိရစေဖို့ ဘီစီ ၅၂၀ မှာ ပရောဖက် ဇာခရိကို ဘုရားသခင် စေလွှတ်ခဲ့တယ်။ “ယေဟောဝါ သတိရပြီ” လို့ အဓိပ္ပာယ်ရတဲ့ ဇာခရိရဲ့ နာမည်က အရေးကြီးတဲ့ အမှန်တရားကို သတိရစေတယ်။ ယေဟောဝါဘုရားရဲ့ ကယ်တင်ခြင်းလုပ်ရပ်တွေကို လူတွေ မေ့သွားကြပေမဲ့ ဘုရားကတော့ သူတို့ကို သတိရနေတုန်းပါပဲ။ (ဇာ. ၁:၃၊ ၄) စင်ကြယ်တဲ့ ဝတ်ပြုရေး ပြန်တည်ထောင်တဲ့အခါ ကူညီပေးမယ်လို့ ဘုရားသခင် စိတ်ချစေခဲ့တယ်။ ဒါပေမဲ့ စိတ်မပါ့တပါ ကိုးကွယ်တာကိုတော့ သည်းမခံကြောင်း ပြတ်ပြတ်သားသား သတိပေးခဲ့တယ်။ w17.10 ၂၁-၂၂ ¶၂-၃

သောကြာနေ့၊ ဖေဖော်ဝါရီ ၁၅

အချင်းချင်း သနားကြင်နာကြပါ။ ကရုဏာပြကြပါ။—ဧ. ၄:၃၂။

သနားစာနာတတ်အောင် လေ့ကျင့်ခြင်းက ကျန်းမာရေး၊ လူမှုဆက်ဆံရေးတွေကို တိုးတက်စေနိုင်တယ်လို့ စိတ်ကျန်းမာရေး ပညာရှင်တွေ ပြောကြတယ်။ တခြားသူတွေရဲ့ ဆင်းရဲဒုက္ခကို သက်သာစေတဲ့အခါ ကိုယ်တိုင် ပိုပြီးပျော်ရွှင်လာမယ်။ အပြုသဘောထား ရှိလာမယ်။ အထီးကျန်စိတ်နဲ့ အပျက်သဘောထားတွေ လျော့နည်းလာမယ်။ မှန်ပါတယ်၊ သနားစာနာမှုက သင့်ကိုလည်း အကျိုးပြုပါလိမ့်မယ်။ တခြားသူတွေကို မေတ္တာနဲ့ ကူညီပေးတဲ့ ခရစ်ယာန်တွေဟာ ကျမ်းစာမူတွေအတိုင်း နေထိုင်တယ်ဆိုတဲ့ အသိစိတ်ကြောင့် ကြည်လင်တဲ့ အမှားအမှန်သိစိတ် ရရှိကြတယ်။ အဲဒါက ပိုဂရုစိုက်တတ်တဲ့ မိဘ၊ ပိုကောင်းတဲ့ အိမ်ထောင်ဖက်၊ ပိုကောင်းတဲ့ မိတ်ဆွေ ဖြစ်စေတယ်။ သနားစာနာတတ်သူတွေဟာ လိုအပ်ချိန်မှာ ကူညီထောက်မမှု ပြန်ရတတ်ပါတယ်။ (မ. ၅:၇။ လု. ၆:၃၈) ကိုယ်တိုင် အကျိုးခံစားရလို့ပဲ သနားစာနာစိတ် မွေးမြူသင့်တာ မဟုတ်ဘူး။ အဓိကအကြောင်းရင်းက မေတ္တာနဲ့ သနားစာနာမှုရဲ့ ပင်ရင်း ယေဟောဝါဘုရားကို တုပ၊ ဂုဏ်တင်ချင်စိတ်ကြောင့် ဖြစ်သင့်တယ်။—ပညာ. ၁၄:၃၁။ w17.09 ၁၂ ¶၁၆-၁၇

စနေနေ့၊ ဖေဖော်ဝါရီ ၁၆

ရာဇပလ္လင်ပေါ်မှာ ထိုင်ပြီး ဘုရင်အဖြစ် အုပ်စိုးမယ်။ ရာဇပလ္လင်ပေါ်မှာ ထိုင်တဲ့ ပုရောဟိတ်လည်း ဖြစ်လာမယ်။—ဇာ. ၆:၁၃။

ဘုရင်နဲ့ ပုရောဟိတ်မင်းအပြင် ‘ဗိမာန်တော်ကို တည်ဆောက်’ ဖို့ပါ ယေရှု တာဝန်ရထားတယ်။ မျက်မှောက်ခေတ် ယေရှုရဲ့ တည်ဆောက်ခြင်းလုပ်ငန်းမှာ စစ်မှန်တဲ့ ဝတ်ပြုသူတွေကို ၁၉၁၉ ခုနှစ်မှာ မဟာဗာဗုလုန်ကနေ လွတ်မြောက်စေခြင်း၊ ခရစ်ယာန်အသင်းတော်ကို ပြန်တည်ထောင်ခြင်း ပါဝင်တယ်။ ပုံဆောင် ဗိမာန်တော် မြေကြီးရင်ပြင်မှာ လုပ်ငန်းကို ဦးဆောင်ညွှန်ကြားဖို့ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ကိုလည်း ခန့်အပ်ခဲ့တယ်။ (မ. ၂၄:၄၅) ဘုရားသခင့်လူမျိုးကို သန့်စင်ပေးခြင်း၊ စင်ကြယ်စွာ ဝတ်ပြုနိုင်အောင် ကူညီပေးခြင်းတို့မှာ အလုပ်များနေတယ်။ (မာလ. ၃:၁-၃) အနှစ်တစ်ထောင် အုပ်ချုပ်မှုအတွင်း ယေရှုနဲ့ တွဲဖက်ဘုရင်၊ ပုရောဟိတ် ၁၄၄,၀၀၀ တို့က သစ္စာရှိလူသားတွေကို ပြည့်ဝစုံလင်စေမယ်။ အဲဒီအခါ သန့်စင်တဲ့ ကမ္ဘာမှာ ဘုရားသခင်ရဲ့ စစ်မှန်တဲ့ ဝတ်ပြုသူတွေသာ ကျန်ရှိပါလိမ့်မယ်။ နောက်ဆုံး၊ စစ်မှန်တဲ့ ဝတ်ပြုရေး အပြည့်အဝ ပြန်လည်တည်ထောင်ပါလိမ့်မယ်။ w17.10 ၂၉ ¶၁၅-၁၆

တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၁၇

ပုရောဟိတ်မင်း သေဆုံးချိန်အထိ [ခိုလှုံရာမြို့]မှာ နေထိုင်ရမယ်။—တော. ၃၅:၂၅။

မတော်တဆ လူသတ်မိသူဟာ ကရုဏာ ခံစားရဖို့ လုပ်ဆောင်ရမယ်။ အနီးဆုံး ခိုလှုံရာမြို့ဆီ ပြေးရမယ်။ (ယောရှု ၂၀:၄) ဝရမ်းပြေးဟာ ပေါ့ပေါ့ဆဆ နေမှာ မဟုတ်ဘူး။ သူ့သေရေးရှင်ရေးဟာ ခိုလှုံရာမြို့ကို အမြန်ဆုံး ရောက်ရှိခြင်း၊ ဆက်နေခြင်းအပေါ် မူတည်တယ်။ အဲဒီအတွက် စွန့်လွှတ်စရာတွေ ရှိလာတယ်။ အရင် အလုပ်အကိုင်၊ အိမ်၊ လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့်တွေကို ပုရောဟိတ်မင်း သေဆုံးချိန်အထိ စွန့်လွှတ်ရတော့မယ်။ ဒါပေမဲ့ စွန့်လွှတ်ရကျိုး နပ်ပါတယ်။ ဒီနေ့လည်း နောင်တရတဲ့ အပြစ်ပြုသူတွေဟာ ဘုရားသခင့် ကရုဏာတော်ကနေ အကျိုးရဖို့ ပြတ်ပြတ်သားသား လုပ်ဆောင်ရမယ်။ အပြစ်ရှိတဲ့ လမ်းစဉ်ကို အပြီးအပိုင် စွန့်ရမယ်။ ကြီးလေးတဲ့အပြစ်ကိုသာမက ကြီးလေးတဲ့အပြစ် ပြုမိစေနိုင်တဲ့ သေးသေးမွှားမွှား အပြစ်တွေကိုလည်း ရှောင်ရမယ်။ အပြစ်ရှိတဲ့လမ်းစဉ်ကို စွန့်ဖို့ အပတ်တကုတ် ကြိုးစားခြင်းက ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေသူတွေ မဟုတ်ကြောင်း၊ ဘုရားသခင့် ကရုဏာတော်ကို ပေါ့ပေါ့တန်တန် သဘောမထားကြောင်း ဖော်ပြတယ်။—၂ ကော. ၇:၁၀၊ ၁၁။ w17.11 ၁၀-၁၁ ¶၁၀-၁၁

တနင်္လာနေ့၊ ဖေဖော်ဝါရီ ၁၈

မညည်းမညူဘဲ ဧည့်ဝတ်ပြုကြပါ။—၁ ပေ. ၄:၉။

ညီအစ်ကို/မတွေကို ရက်ရောဖို့ ယေဟောဝါ မိန့်မှာထားတယ်။ (၁ ယော. ၃:၁၇) အဲဒါကို စိတ်ရင်းမှန်နဲ့  ကိုယ်ကျိုးမငဲ့ဘဲ  လုပ်ဆောင်ရမယ်။ ‘မိတ်ဆွေရင်းတွေ၊ ထင်ပေါ်ကျော်ကြားသူတွေ၊ ပြန်ဧည့်ဝတ်ပြုနိုင်တဲ့သူတွေကိုပဲ ငါ ဧည့်ဝတ်ပြုသလား။ ကိုယ်နဲ့ သိပ်မသိသူတဲ့၊ ကိုယ့်ကို ပြန်မပေးကမ်းနိုင်တဲ့ ညီအစ်ကို/မတွေအပေါ် ရက်ရောဖို့ နည်းလမ်း ရှာသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်နိုင်တယ်။ (လု. ၁၄:၁၂-၁၄) ခရစ်ယာန်ချင်းတစ်ယောက်က ပညာမဲ့တဲ့ ဆုံးဖြတ်ချက်တွေကြောင့် အကူအညီ လိုအပ်တာ၊ ဧည့်ဝတ်ပြုမှုကို ကျေးဇူးမတင်တာမျိုး ရှိနိုင်တယ်။ ဒီလိုအခြေအနေမျိုးမှာ ဒီနေ့ ကျမ်းချက်မှာ ဖော်ပြထားတဲ့ အကြံပြုချက်ကို ကျင့်သုံးသင့်တယ်။ ဒီအကြံပြုချက်ကို လိုက်နာတယ်ဆိုရင် စိတ်ရင်းမှန်နဲ့ ပေးကမ်းခြင်းကြောင့် ပျော်ရွှင်မှု ခံစားရပါလိမ့်မယ်။—တ. ၂၀:၃၅။ w17.10 ၉ ¶၁၂

အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၁၉

ဒီလိုကြီးလေးတဲ့အပြစ် ကျူးလွန်ပြီး ဘုရားသခင်ကို ပြစ်မှားတဲ့အဖြစ်မျိုး ကျွန်တော် အရောက်မခံနိုင်ဘူး။—က. ၃၉:၉။

“ကိုယ်လုံးကိုယ်ထည်တောင့်တဲ့  လူချော” ယောသပ်ကို ပေါတိဖာရဲ့ မိန်းမ မျက်စိကျပြီး ဖြားယောင်းသွေးဆောင်ခဲ့တယ်။ အကြိမ်ကြိမ် ဖြားယောင်းမှုကို ယောသပ် အလျှော့မပေးခဲ့ဘူး။ အခြေအနေ ဆိုးလွန်းတဲ့အခါ ထွက်ပြေးခဲ့တယ်။ ယောသပ်ရဲ့ ပုံနမူနာက ဘာသင်ပေးသလဲ။ ဘုရားသခင့် ပညတ်တွေကို ချိုးဖောက်စေတဲ့ သွေးဆောင်မှုကို ရှောင်ပြေးရမယ်။ (ပညာ. ၁:၁၀) သက်သေခံ ဖြစ်လာသူတချို့မှာ တစ်ချိန်က စားကြူးခြင်း၊ သောက်ကြူးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေးသုံးခြင်း၊ လိင်အကျင့်ပျက်ခြင်း စတဲ့အကျင့်တွေ ရှိခဲ့ကြတယ်။ နှစ်ခြင်းခံပြီးနောက်မှာတောင် အကျင့်ဟောင်းတွေ ပြန်ကျင့်ဖို့ သွေးဆောင်ခံရတဲ့အခါတွေရှိတယ်။ သင်လည်း ယေဟောဝါရဲ့ ပညတ် ချိုးဖောက်ဖို့ သွေးဆောင်ခံရတဲ့အခါ အပြစ်ရှိတဲ့ဆန္ဒတွေကို မထိန်းချုပ်လို့ ကြုံရနိုင်တဲ့ ဆိုးကျိုးတွေအကြောင်း အချိန်ယူစဉ်းစားခြင်းအားဖြင့် ချုပ်တည်းမှု တိုးများစေပါ။ သွေးဆောင်မှု ဖြစ်ပေါ်နိုင်တဲ့ အခြေအနေတွေကို ကြိုစဉ်းစားထားပြီး ဘယ်လို ရှောင်မယ်ဆိုတာ ဆုံးဖြတ်ထားပါ။ (ဆာ. ၂၆:၄၊ ၅။ ပညာ. ၂၂:၃) စမ်းသပ်မှု ကြုံရတဲ့အခါ ဉာဏ်ပညာ ပေးဖို့၊ တွန်းလှန်နိုင်အောင် ချုပ်တည်းမှု ပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ w17.09 ၄-၅ ¶၈-၉

ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၂၀

ခင်ဗျားတို့လည်း မဖြောင့်မတ်တဲ့ စည်းစိမ်ကိုသုံးပြီး မိတ်ဖွဲ့ထားပါ။ စည်းစိမ်ကုန်သွားတဲ့အခါ သူတို့က ခင်ဗျားတို့ကို ထာဝရစံအိမ်မှာ လက်ခံထားလိမ့်မယ်။—လု. ၁၆:၉။

ယေဟောဝါနဲ့ မိတ်ဖွဲ့နိုင်တဲ့ နောက်နည်းလမ်းတစ်ခုကတော့ စီးပွားရေးလောကမှာ ပါဝင်မှုကို လျှော့ချခြင်း၊ “စစ်မှန်တဲ့” စည်းစိမ် ရှာဖွေဖို့ ကိုယ့်အခြေအနေတွေကို အသုံးပြုခြင်းပါပဲ။ ရှေးခေတ်က သစ္စာရှိအမျိုးသား အာဗြဟံဟာ ချမ်းသာကြွယ်ဝတဲ့ ဥရမြို့ကနေ နာခံမှုရှိရှိ ထွက်လာပြီး ယေဟောဝါနဲ့ မိတ်ဖွဲ့ဖို့ တဲနဲ့ နေထိုင်ခဲ့တယ်။ (ဟီ. ၁၁:၈-၁၀) စစ်မှန်တဲ့ စည်းစိမ်အတွက် ယေဟောဝါကို အမြဲ ယုံကြည်ကိုးစားခဲ့ပြီး ယုံကြည်ခြင်း ကင်းမဲ့ကြောင်း ဖော်ပြတဲ့ ရုပ်ပစ္စည်း ရှာဖွေတာမျိုး ဘယ်တော့မှ မလုပ်ခဲ့ဘူး။ (က. ၁၄:၂၂၊ ၂၃) ချမ်းသာတဲ့လူငယ်ကို အဲဒီလိုယုံကြည်ခြင်းမျိုး ရှိဖို့ ယေရှုပြောခဲ့တယ်– “ပြည့်ဝစုံလင်သူ ဖြစ်ချင်ရင် ခင်ဗျားရဲ့ ပစ္စည်းတွေကို ရောင်းပြီး ဆင်းရဲသားတွေကို ပေးကမ်းပါ။ ကောင်းကင်ဘဏ္ဍာကို ရလိမ့်မယ်။ ပြီးမှ ကျွန်တော့်နောက်လိုက် လုပ်ပါ။” (မ. ၁၉:၂၁) ဒီလူငယ်မှာ အာဗြဟံလို ယုံကြည်ခြင်းမျိုး မရှိခဲ့ပေမဲ့ တခြားသူတွေကတော့ ဘုရားသခင်ကို အကြွင်းမဲ့ ယုံကြည်ကိုးစားကြောင်း တင်ပြခဲ့ကြတယ်။ w17.07 ၁၀ ¶၁၂

ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၂၁

[အာဗြဟံ]နဲ့ သူ့မျိုးနွယ်ကို အဲဒီပြည် အပိုင်ပေးမယ်ဆိုပြီး ဘုရားသခင် ကတိပေးခဲ့တယ်။ အဲဒီတုန်းက သူသားသမီးတောင် မရသေးဘူး။—တ. ၇:၅။

ယူဖရေးတီးမြစ်ကို အာဗြဟံ ဖြတ်ကူးပြီး နှစ်ပေါင်း ၄၃၀ ကျမှ ကတိထားရာပြည်ကို အမွေရမယ့် လူမျိုးအဖြစ် သားမြေးတွေ ဖွဲ့စည်းခံခဲ့ရတယ်။ (ထွ. ၁၂:၄၀-၄၂။ ဂလ. ၃:၁၇) အာဗြဟံရဲ့ စိတ်ရှည်မှုဟာ ယေဟောဝါကို ယုံကြည်ခြင်းအပေါ် အခြေခံတာမို့ တလိုတလား စောင့်ဆိုင်းခဲ့တယ်။ (ဟီ. ၁၁:၈-၁၂) ကတိတော် ပြည့်စုံတာကို အပြည့်အဝ မမြင်ခဲ့ရပေမဲ့ ကျေကျေနပ်နပ် စောင့်ဆိုင်းခဲ့တယ်။ ပရဒိသု မြေကြီးပေါ် ပြန်ထမြောက်လာတဲ့အခါ အာဗြဟံ ဘယ်လောက် ပျော်ရွှင်မလဲဆိုတာ မြင်ယောင်ကြည့်ပါ။ မိမိနဲ့ သားစဉ်မြေးဆက်အကြောင်း ကျမ်းစာမှာ ဘယ်လောက် မှတ်တမ်းတင်ထားကြောင်း သိရတဲ့အခါ အံ့ဩသွားပါလိမ့်မယ်။ ကတိထားရာ မျိုးနွယ်နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ ရည်ရွယ်ချက် ပြည့်စုံရေးမှာ မိမိရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို ဦးဆုံးအနေနဲ့ သိလာရတဲ့အခါ အာဗြဟံ ဘယ်လောက် စိတ်လှုပ်ရှားမလဲဆိုတာ မြင်ယောင်ကြည့်ပါ။ စောင့်ရကျိုးနပ်တယ်လို့ ခံစားရမှာ သေချာတယ်။ w17.08 ၅-၆ ¶၁၀-၁၁

သောကြာနေ့၊ ဖေဖော်ဝါရီ ၂၂

ညစ်ညူးစွာကျင့်ခြင်း . . . ကို ဖြစ်ပေါ်စေတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို သေစေကြပါ။—ကော. ၃:၅။

ကျမ်းစာမှာ “ညစ်ညူးစွာ ကျင့်ခြင်း” လို့ ဘာသာပြန်ထားတဲ့ မူရင်းစကားလုံးဟာ လိင်ဆိုင်ရာအပြစ်တွေထက်မက ပါဝင်တဲ့၊ ကျယ်ပြန့်တဲ့ အသုံးအနှုန်း ဖြစ်တယ်။ အန္တရာယ်ရှိတဲ့အကျင့် ဆေးလိပ်သောက်ခြင်း၊ ညစ်ညမ်းတဲ့ ပြက်လုံးပြောခြင်းကို ရည်ညွှန်းနိုင်တယ်။ (၂ ကော. ၇:၁။ ဧ. ၅:၃၊ ၄) ကိုယ့်ဘာသာကိုယ် လိင်ဆန္ဒဖြေခြင်းကို ဦးတည်စေနိုင်တဲ့ ညစ်ညမ်းရုပ်ပုံစာပေတွေ ကြည့်ခြင်း၊ ဖတ်ခြင်းစတဲ့ လူကွယ်ရာမှာလုပ်တဲ့ ညစ်ညူးတဲ့အကျင့်တွေနဲ့လည်း သက်ဆိုင်တယ်။ ညစ်ညမ်းရုပ်ပုံကို ကြည့်ရှုလေ့ရှိသူတွေဟာ “ရမ္မက်ဆန္ဒကို မချုပ်တည်း” နိုင်တော့ဘဲ လိင်မှုကိစ္စကို စွဲလမ်းသွားနိုင်တယ်။ ညစ်ညမ်းရုပ်ပုံ မကြည့်ရမနေနိုင်သူတွေဟာ အရက်၊ မူးယစ်ဆေးစွဲသူတွေရဲ့ လက္ခဏာမျိုး ခံစားရတယ်လို့ လေ့လာမှုတွေက ဖော်ပြတယ်။ ညစ်ညမ်းရုပ်ပုံ ကြည့်ရှုတဲ့အကျင့်ကြောင့် ရှက်စိတ်၊ လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည် ကျဆင်းမှု၊ မိသားစုဘဝ မသာယာမှု၊ ကွာရှင်းပြတ်စဲမှု၊ သေကြောင်းကြံမှုစတဲ့ ဆိုးကျိုးတွေ ခံစားကြရတယ်။ w17.08 ၁၉ ¶၈-၉

စနေနေ့၊ ဖေဖော်ဝါရီ ၂၃

ဘုရားက မင်းရဲ့ မြို့တံခါးကန့်လန့်ကျင်တွေကို ခိုင်ခံ့စေတယ်။ မင်းရဲ့သားတွေကိုလည်း ကောင်းချီးပေးတယ်။ မင်းရဲ့နယ်မြေကို ငြိမ်းချမ်းစေတယ်။—ဆာ. ၁၄၇:၁၃၊ ၁၄။

ဂျေရုဆလင် ပြန်လည်ထူထောင်ခြင်းအကြောင်း စဉ်းစားပြီး ယေဟောဝါအကြောင်း ဆာလံဆရာ အထက်ပါအတိုင်း သီဆိုခဲ့တယ်။ ဘုရားသခင်က ကိုးကွယ်သူတွေကို ကာကွယ်ပေးဖို့ မြို့တံခါးတွေကို ခိုင်ခံ့စေမယ်ဆိုတာ သိထားလို့ ဆာလံဆရာ စိတ်သက်သာရာ ရခဲ့တယ်။ စိုးရိမ်ပူပန်စေတဲ့ အခက်အခဲတွေ ကြုံတွေ့နိုင်တယ်။ ဖြေရှင်းဖို့ ယေဟောဝါ ဉာဏ်ပညာ ပေးနိုင်တယ်။ “ဘုရားက အမိန့်တော်ကို ကမ္ဘာပေါ် စေလွှတ်လိုက်တယ်။ နှုတ်တော်ထွက်စကားတွေဟာ အမြန်ဆုံး ပြေးသွားကြတယ်” လို့ ဆာလံဆရာ ပြောခဲ့တယ်။ ‘နှင်းတွေကို ကျစေ၊ ဆီးနှင်းခဲတွေကို ဖြူးချ၊ မိုးသီးတွေကို ကြဲချ’ သူအဖြစ် ယေဟောဝါကို ရည်ညွှန်းဖော်ပြပြီး “အဲဒီအအေးဒဏ်ကို ဘယ်သူခံနိုင်မလဲ” လို့ ဆာလံဆရာ မေးခဲ့တယ်။ ပြီးတော့ “နှုတ်တော်ထွက်စကားကို စေလွှတ်တဲ့အခါ ရေခဲတွေ အရည်ပျော်သွားတယ်” လို့ ဆက်ပြောတယ်။ (ဆာ. ၁၄၇:၁၅-၁၈) မိုးသီးနဲ့ ဆီးနှင်းတွေကို ထိန်းချုပ်ထားတဲ့ ဉာဏ်ပညာအရှိဆုံး၊ တန်ခိုးအကြီးဆုံး ဘုရားက သင်ကြုံတွေ့နေရတဲ့ ဘယ်အတားအဆီးကိုမဆို ကျော်ဖြတ်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ w17.07 ၂၀ ¶၁၄-၁၅

တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၂၄

ယေဟောဝါဘုရား၊ ကိုယ်တော်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တယ်။ . . . ဒါကြောင့် ဂုဏ်တင်မှု၊ ချီးမွမ်းမှုနဲ့ အစွမ်းခွန်အားတွေကို ကိုယ်တော် ရထိုက်ပါတယ်။—ဗျာ. ၄:၁၁။

ဘုရားသခင့် အချုပ်အခြာအာဏာ ဖြောင့်မှန်တယ်။ အဲဒါက အကောင်းဆုံး အုပ်ချုပ်မှုပါပဲ။ စိတ်နှလုံး အကြွင်းမဲ့ ထောက်ခံထိုက်တယ်။ ဘာကြောင့်လဲ။ ယေဟောဝါဘုရားက အရာခပ်သိမ်းကို ဖန်ဆင်းထားလို့ပါပဲ။ ဒါကြောင့် လူသားတွေနဲ့ နာမ်ဝိညာဉ်ပုဂ္ဂိုလ်တွေကို အုပ်ချုပ်ပိုင်ခွင့် အပြည့်အဝ ရှိတယ်။ စာတန်ကတော့ ဘာကိုမှ မဖန်ဆင်းခဲ့ဘူး။ ဒါကြောင့် စကြဝဠာကို အုပ်ချုပ်ဖို့ တောင်းဆိုပိုင်ခွင့် မရှိဘူး။ စာတန်နဲ့ ပထမလူသားမောင်နှံဟာ စိတ်ကြီးဝင်ပြီး ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို ပုန်ကန်ခဲ့ကြတယ်။ (ယေ. ၁၀:၂၃) လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိသူတွေမို့ ဘုရားသခင်ကို မမှီခိုဖို့ ရွေးချယ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ပိုင်ခွင့် ပေးထားသလား။ မပေးထားပါဘူး။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်က လူတွေကို နေ့စဉ် လျော်ကန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်နိုင်စေတယ်။ ဒါပေမဲ့ ဖန်ဆင်းရှင်နဲ့ အသက်ပေးရှင်ကို ပုန်ကန်ခွင့်တော့ မပေးထားဘူး။ ဒါကြောင့် ယေဟောဝါကို ပုန်ကန်ခြင်းဟာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို တလွဲအသုံးပြုခြင်း ဖြစ်တယ်။ လူသားတွေရဲ့ နေရာကတော့ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ အုပ်ချုပ်မှုအောက်မှာ နေဖို့ပါပဲ။ w17.06 ၂၇-၂၈ ¶၂-၄

တနင်္လာနေ့၊ ဖေဖော်ဝါရီ ၂၅

တာဝန်နဲ့ အမှုဆောင်လုပ်ငန်းကို ပြီးစီးအောင်သာ ဆောင်ရွက်ခွင့်ရမယ်ဆိုရင်။—တ. ၂၀:၂၄။

အမှုဆောင်လုပ်ငန်းကို တန်ဖိုးထားရင် တမန်တော် ပေါလုလိုပဲ နှိပ်စက်ညှဉ်းပန်းမှုကြား ဆက်ဟောပြောနေပါလိမ့်မယ်။ (တ. ၁၄:၁၉-၂၂) ၁၉၃၀ ပြည့်လွန်နှစ်တွေနဲ့ ၁၉၄၀ ပြည့်လွန်နှစ်တွေ အစောပိုင်းမှာ အမေရိကန်မှာရှိတဲ့ ညီအစ်ကိုတွေ ဆန့်ကျင်မှု အကြီးအကျယ် ကြုံခဲ့ရတယ်။ ဒါပေမဲ့ ပေါလုလိုပဲ အခိုင်အမာ ရပ်တည်ပြီး ဆက်ဟောပြောခဲ့ကြတယ်။ ဟောပြောခွင့်ကို ကာကွယ်ဖို့ တရားရေးတိုက်ပွဲများစွာ ဆင်နွှဲခဲ့ကြတယ်။ ၁၉၄၃ ခုနှစ်မှာ ညီအစ်ကို နေသန် နောရ်က အမေရိကန် တရားရုံးချုပ်မှာ ရရှိခဲ့တဲ့ အောင်ပွဲတစ်ခုအကြောင်း ဒီလိုပြောတယ်– “အောင်ပွဲတွေဟာ ညီအစ်ကို/မတို့ရဲ့ တိုက်ပွဲဝင်မှုကြောင့်ပါပဲ။ . . . သခင့်လူမျိုးတွေ ကြံ့ကြံ့ခံရပ်တည်တဲ့အတွက် အခုလို အောင်ပွဲရတာပါ။” မှန်ပါတယ်၊ အမှုဆောင်လုပ်ငန်းကို မြတ်နိုးခြင်းက နှိပ်စက်ညှဉ်းပန်းမှုကို အောင်မြင်နိုင်ပါတယ်။ အမှုဆောင်လုပ်ငန်းကို ယေဟောဝါ ပေးတဲ့ အဖိုးတန်ဘဏ္ဍာအဖြစ် ရှုမြင်ရင် “အချိန်နာရီ ရေတွက်” ရုံလောက်နဲ့ ကျေနပ်နေမှာ မဟုတ်ဘူး။ “သတင်းကောင်းအကြောင်း စေ့စေ့စပ်စပ် သက်သေခံဖို့” အတတ်နိုင်ဆုံး ကြိုးစားကြပါလိမ့်မယ်။—၂ တိ. ၄:၅။ w17.06 ၁၁-၁၂ ¶၁၁-၁၂

အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၂၆

ယေဟောဝါဘုရားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှနဲ့ ချစ်ပါ။—မ. ၂၂:၃၇။

ဘုရားကို နှစ်နှစ်ကာကာ ချစ်တဲ့မေတ္တာက ယေဟောဝါရဲ့ ပညတ်တော်တွေကို လိုက်နာဖို့၊ ခံနိုင်ရည်ရှိဖို့၊ မကောင်းတာကို မုန်းဖို့ ကူညီပေးတယ်။ (ဆာ. ၉၇:၁၀) စာတန်နဲ့ လောက,ကတော့ ဘုရားကို ချစ်တဲ့ ကျွန်တော်တို့ရဲ့ မေတ္တာ အားနည်းသွားစေဖို့ ကြိုးစားနေတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်လောက,က မေတ္တာကို တလွဲရှုမြင်စေနိုင်တယ်။ လူတွေဟာ ဖန်ဆင်းရှင်ကို မချစ်ဘဲ “ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်” ကြတယ်။ (၂ တိ. ၃:၂) စာတန် အုပ်ချုပ်နေတဲ့ ဒီလောက,က “သွေးသားအလိုဆန္ဒ၊ မျက်စိရဲ့ အလိုဆန္ဒ၊ မိမိစည်းစိမ်အကြောင်း ဝါကြွားခြင်း” တို့ကို အားပေးအားမြှောက်လုပ်နေတယ်။ (၁ ယော. ၂:၁၆) တမန်တော် ပေါလုက သွေးသားဆန္ဒကို တိုက်လှန်ဖို့ ခရစ်ယာန်ချင်းတွေကို သတိပေးခဲ့တယ်– “အပြစ်ရှိတဲ့အရာတွေဆီ စိတ်ရောက်နေတာက သေစေနိုင်တယ်။ . . . အပြစ်ရှိတဲ့အရာတွေဆီ စိတ်ရောက်နေသူတွေဟာ ဘုရားသခင်ရဲ့ ရန်သူ ဖြစ်သွားတယ်။” (ရော. ၈:၆၊ ၇) ရုပ်ဝတ္ထုပစ္စည်းတွေကို လိုက်စားဖို့၊ လိင်ဆန္ဒတွေကိုပဲ ဖြည့်ဆည်းဖို့ ကြိုးစားနေသူတွေက စိတ်ပျက်နာကျင်မှုတွေနဲ့ အဆုံးသတ်ကြရတယ်။—၁ ကော. ၆:၁၈။ ၁ တိ. ၆:၉၊ ၁၀။ w17.05 ၁၈ ¶၅-၆

ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၂၇

အလုပ်မလုပ်ချင်တဲ့သူ အစာမစားစေနဲ့။—၂ သက်. ၃:၁၀။

ဒုက္ခသည်ညီအစ်ကိုတွေ ဘာမှ မတောင်းဆိုဘဲ ကျေးဇူးတင်ကြောင်း  ပြတဲ့အခါ  အိမ်ရှင်တွေ ပေးကမ်းရတာ ပျော်ရွှင်တယ်။ တခြားသူတွေရဲ့ ရက်ရောမှုအပေါ်  မှီခိုနေမယ်ဆိုရင်  ဒုက္ခသည်တွေ  ကိုယ့်ကိုယ်ကိုယ် လေးစားမှု ပျောက်ဆုံးသွားနိုင်တယ်။ တခြားညီအစ်ကိုတွေနဲ့ ဆက်ဆံရေး ထိခိုက်သွားနိုင်တယ်။  (၂ သက်.  ၃:၇-၉)  ဒါပေမဲ့ လက်တွေ့ကျ အကူအညီ လိုအပ်ကြတယ်။ ငွေအများကြီး မလိုပါဘူး။ အချိန်နဲ့ ဂရုစိုက်မှုပဲ အဓိက လိုတယ်။ အများသုံးယာဉ် အသုံးပြုပုံ၊ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဈေးသက်သာတဲ့ အစားအစာ ဝယ်နိုင်ပုံ၊ အပ်ချုပ်စက်၊ မြက်ရိတ်စက်စတဲ့ စက်ကိရိယာတွေ ရယူနိုင်ပုံ၊ ဝင်ငွေ ရှာပုံတို့ကို ပြပေးနိုင်ပါတယ်။ ပိုအရေးကြီးတာကတော့ အသင်းတော်သစ်မှာ အပြည့်အဝ ပါဝင်လာဖို့ ကူညီပေးနိုင်တယ်။ ဖြစ်နိုင်မယ်ဆိုရင် အစည်းအဝေးတွေ တက်ဖို့ ကြိုပို့ပေးနိုင်တယ်။ ရပ်ကွက်မှာ သတင်းကောင်း ဟောပြောဖို့ လူတွေဆီ ချဉ်းကပ်ပုံအကြောင်း ရှင်းပြပါ။ ဒုက္ခသည် ညီအစ်ကို/မတွေကို အမှုဆောင်ဖို့ ခေါ်သွားပါ။ w17.05 ၅ ¶၁၁-၁၂

ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၂၈

နို့စစ်နဲ့တူတဲ့ တရားစကားကို အငမ်းမရလိုချင်တဲ့စိတ် ရှိကြပါ။ ဒါဆိုရင် အဲဒီနို့စစ်ကြောင့် ကြီးထွားလာပြီး ကယ်တင်ခြင်းရလိမ့်မယ်။—၁ ပေ. ၂:၂။

ဇာတိသဘောရှိတဲ့သူတွေဟာ  ရုပ်ဝတ္ထုပစ္စည်းအပေါ်  မျှတတဲ့အမြင်  ပျိုးထောင်ဖို့  ခက်တယ်။ အကြောင်းကတော့ သူတို့ရဲ့ ဘုရားရေးရာအာရုံတွေ ထုံထိုင်းသွားလို့ပါပဲ။ (၁ ကော. ၂:၁၄) သူတို့ရဲ့ ပိုင်းခြားနိုင်စွမ်း မကြည်မလင်ဖြစ်လေ အမှားအမှန် ခွဲခြားနိုင်ဖို့ ပိုခက်လေပဲ။ (ဟီ. ၅:၁၁-၁၄) ဒီလိုနဲ့ ဥစ္စာပစ္စည်း ပိုင်ဆိုင်ချင်စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ အလိုမပြည့်နိုင်တော့ဘူး။ (ဒေ. ၅:၁၀) ရုပ်ဝတ္ထုပစ္စည်း အဓိကထားချင်တဲ့ အတွေးအခေါ်ရဲ့ အဆိပ်သင့်မှုအတွက် ဖြေဆေးကတော့ ဘုရားစကားတော် သမ္မာကျမ်းစာကို မှန်မှန် မှီဝဲနေခြင်းပါပဲ။ ဘုရားရေးရာ အမှန်တရားကို တွေးတောဆင်ခြင်ခြင်းကြောင့် သွေးဆောင်မှုကို ယေရှု ငြင်းပယ်နိုင်ခဲ့သလို ကျမ်းစာမူတွေကို ကျင့်သုံးခြင်းက ရုပ်ဝတ္ထုပစ္စည်း အဓိကထားချင်တဲ့ဆန္ဒကို တိုက်လှန်ဖို့ ကူညီပေးပါလိမ့်မယ်။ (မ. ၄:၈-၁၀) အဲဒီလိုလုပ်ခြင်းအားဖြင့် ရုပ်ဝတ္ထုပစ္စည်း မှန်သမျှထက် ယေရှုကို ချစ်ကြောင်း ဖော်ပြကြတယ်။ w17.05 ၂၆ ¶၁၇

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ