မတ်
သောကြာနေ့၊ မတ် ၁
စိတ်နှိမ့်ချကြပါ၊ သူတစ်ပါးကို ကိုယ့်ထက်သာတယ်လို့ သဘောထားပါ။—ဖိ. ၂:၃။
အသင်းတော်မှာ တစ်ယောက်ယောက်က သင့်ကို စိတ်ထိခိုက်အောင် လုပ်ဖူးသလား။ အစပိုင်းမှာ စိတ်ဆိုးမိနိုင်ပေမဲ့ မဖြေရှင်းဘဲထားရင် ပိုဆိုးလာနိုင်တယ်။ ရန်သူတွေနဲ့တောင် သင့်မြတ်ဖို့ ဧည့်ဝတ်ပြုပါဆိုပြီး ကျမ်းစာမှာ အားပေးထားတယ်။ (ပညာ. ၂၅:၂၁၊ ၂၂) ဧည့်ဝတ်ပြုခြင်းက သဘောထား ကွဲလွဲမှုတွေကို လျော့နည်းစေနိုင်တယ်။ ဧည့်သည်ရဲ့ ချစ်စဖွယ် စရိုက်တွေ၊ သူ့ကို အမှန်တရားထဲ ဆွဲဆောင်တုန်းက ယေဟောဝါ တွေ့မြင်တဲ့ စရိုက်တွေကို သိလာစေနိုင်တယ်။ (ယော. ၆:၄၄) မေတ္တာနဲ့ ဧည့်ဝတ်ပြုမယ်ဆိုရင် ဆက်ဆံရေးကောင်း ပြန်ရလာနိုင်တယ်။ မေတ္တာစိတ်အရင်းခံနဲ့ ဧည့်ဝတ်ပြုကြောင်း ဘယ်လို သေချာစေနိုင်သလဲ။ တစ်နည်းက ဒီနေ့ နေ့စဉ်ကျမ်းချက်မှာပါတဲ့ အားပေးချက်ကို လိုက်နာခြင်းပါပဲ။ ယုံကြည်ခြင်း၊ ခံနိုင်ရည်၊ ရဲစွမ်းသတ္တိနဲ့ ခရစ်ယာန်အရည်အသွေးတွေ တင်ပြရာမှာ ညီအစ်ကို/မတွေရဲ့ အားသာချက်ကို ရှာခြင်းက သူတို့အပေါ် မေတ္တာတိုးများလာစေပြီး စိတ်ရင်းမှန်နဲ့ ဧည့်ဝတ်ပြုဖို့ လမ်းဖွင့်ပေးပါလိမ့်မယ်။ w18.03 ၁၇ ¶၁၈-၁၉
စနေနေ့၊ မတ် ၂
ဘုရားသခင် . . . က ဘယ်သူ့ကိုမှ မပျက်စီး စေချင်[ဘူး]။—၂ ပေ. ၃:၉။
နာခံမှုနဲ့ပတ်သက်ရင် မိဘတွေအတွက် အခက်ခဲဆုံး စမ်းသပ်မှုကတော့ နှင်ထုတ်ခံရတဲ့ သားသမီးတွေနဲ့ ဆက်ဆံရေးပါပဲ။ နှင်ထုတ်ခံထားရတဲ့သမီး အိမ်ကနေ ထွက်သွားတဲ့အခါ အမေဖြစ်သူ ဒီလိုပြောတယ်– “သမီးနဲ့ မြေးလေးကို ဆက်သွယ်လို့ ရနိုင်မယ့် ဟာကွက်တွေကို အဖွဲ့အစည်းစာပေတွေမှာ ရှာမိတယ်။ ဒါပေမဲ့ သမီးက ကျွန်မတို့နဲ့ မပတ်သက်တော့ဘူး၊ ဝင်မစွက်နဲ့တော့လို့ ကျွန်မယောက်ျား ပြောတယ်။” နောက်ပိုင်းမှာ သမီးကို အသင်းတော်က ပြန်လက်ခံတယ်။ “ကျွန်မတို့လင်မယား ဘုရားသခင်ကို နာခံခဲ့လို့ သူသိပ်လေးစားတယ်” လို့ အမေဖြစ်သူ ပြောတယ်။ သင့်မှာ နှင်ထုတ်ခံရတဲ့ သားသမီး ရှိမယ်ဆိုရင် ‘ကိုယ့်ရဲ့သိနားလည်နိုင်စွမ်းကို အားမကိုးဘဲ ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစား’ မလား။ (ပညာ. ၃:၅၊ ၆) ဒါကြောင့် ယေဟောဝါရဲ့ ဆုံးမလမ်းညွှန်မှုကို ယုံကြည်ပါ။ နာကျင်ခံစားရရင်တောင် ယေဟောဝါပြောတဲ့အတိုင်း လုပ်ပါ။ ဘုရားသခင့် ဆုံးမမှုကို မဆန့်ကျင်ပါနဲ့၊ ပူးပေါင်းလုပ်ဆောင်ပါ။ w18.03 ၃၁ ¶၁၂-၁၃
တနင်္ဂနွေနေ့၊ မတ် ၃
သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။—မ. ၂၈:၁၉။
နှစ်ခြင်းခံဖို့ အသက်အရွယ်ကို ကျမ်းစာ မကန့်သတ်ထားဘူး။ မဿဲ ၂၈:၁၉ အရ တပည့်ဆိုတာ ယေရှုရဲ့ သွန်သင်ချက်တွေကို သင်ယူ၊ သဘောပေါက်၊ ကျင့်သုံးသူဖြစ်ကြောင်း ဖော်ပြတယ်။ ဒါကြောင့် ခရစ်ယာန်မိဘတိုင်းရဲ့ ပန်းတိုင်က သားသမီးတွေကို နှစ်ခြင်းခံပြီးသား တပည့်ဖြစ်လာအောင် နို့စို့အရွယ်ကတည်းက ကူညီပေးဖို့ ဖြစ်သင့်တယ်။ နို့စို့ကလေးတွေကတော့ နှစ်ခြင်းခံဖို့ အရည်အချင်း မပြည့်မီကြဘူး။ ဒါပေမဲ့ အတော်ငယ်ရွယ်တဲ့ ကလေးတွေတောင် ကျမ်းစာအမှန်တရားတွေကို နားလည်သဘောပေါက်နိုင်ကြောင်း ကျမ်းစာ ဖော်ပြတယ်။ ဥပမာ၊ တိမောသေဟာ ငယ်စဉ်ကတည်းက အမှန်တရားကို ကိုယ်ပိုင်ဖြစ်စေခဲ့တယ်။ ဒါကြောင့် သူ့ယုံကြည်ခြင်း ခိုင်မာလာတယ်။ (၂ တိ. ၁:၅။ ၃:၁၄၊ ၁၅) အသက် ၂၀ ဝန်းကျင်လောက်မှာ အသင်းတော် အခွင့်ထူးတွေအတွက် အရည်အချင်း ပြည့်မီလာတယ်။—တ. ၁၆:၁-၃။ w18.03 ၉ ¶၄-၅
တနင်္လာနေ့၊ မတ် ၄
ခင်ဗျားတို့က စိတ်သဘောကို အသစ်ဖြစ်အောင် အမြဲပြုပြင်နေရမယ်။—ဧ. ၄:၂၃။
ဘုရားသခင့် ကျေးကျွန်တွေ ဖြစ်လာတဲ့အခါ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲခဲ့ကြတယ်။ အဲဒီပြောင်းလဲမှုက ဘဝကဏ္ဍတိုင်းအပေါ် အကျိုးသက်ရောက်ခဲ့တယ်။ ဒါပေမဲ့ နှစ်ခြင်းခံရုံနဲ့ မပြီးသေးဘူး။ မစုံလင်တဲ့အတွက် အမြဲပြုပြင်ပြောင်းလဲနေရမယ်။ ယေဟောဝါရဲ့ ဝါရင့်ကျေးကျွန်တွေတောင် ဘုရားတရားစိတ်ဓာတ် ထိန်းသိမ်းထားရမယ်။ (ဖိ. ၃:၁၂၊ ၁၃) အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ဒီမေးခွန်းတွေ မေးနိုင်တယ်– ‘စွမ်းအားတော် လမ်းပြမှုနောက် လိုက်သူအဖြစ် တိုးတက်နေကြောင်း ဖော်ပြတဲ့ အပြောင်းအလဲတွေကို ငါသတိထားမိသလား။ ငါ့ကိုယ်ရည်ကိုယ်သွေးဟာ ခရစ်တော်နဲ့ တူလာသလား။ ခရစ်ယာန် အစည်းအဝေးတွေမှာ ငါ့သဘောထားနဲ့ အပြုအမူက ဘုရားတရားစိတ်ဓာတ်အကြောင်း ဘာဖော်ပြသလဲ။ ငါ့အပြောအဆိုတွေက ငါ့အလိုဆန္ဒတွေအကြောင်း ဘာဖော်ပြနေသလဲ။ လေ့လာမှု အလေ့အထ၊ ဝတ်စားဖြီးလိမ်းပုံ၊ အကြံပေးချက်ကို တုံ့ပြန်ပုံက ငါ့အကြောင်း ဘာဖော်ပြသလဲ။ သွေးဆောင်မှုတွေ ကြုံရတဲ့အခါ ဘယ်လို တုံ့ပြန်သလဲ။ ငါဟာ ရင့်ကျက်တဲ့ခရစ်ယာန် ဖြစ်နေပြီလား။’ (ဧ. ၄:၁၃) အဲဒီမေးခွန်းတွေရဲ့ အဖြေကို စဉ်းစားခြင်းက ကိုယ့်တိုးတက်မှုကို သိရှိအောင် ကူညီပေးနိုင်တယ်။ w18.02 ၂၄ ¶၄-၅
အင်္ဂါနေ့၊ မတ် ၅
ယေဟောဝါကို ဘုရားသခင်အဖြစ် ကိုးကွယ်နေသူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။—ဆာ. ၁၄၄:၁၅။
လူ့သမိုင်းရဲ့ တကယ်ထူးခြားတဲ့ကာလမှာ ကျွန်တော်တို့ အသက်ရှင်နေကြတယ်။ ကျမ်းစာ ကြိုဟောထားတဲ့အတိုင်း ယေဟောဝါက “လူအုပ်ကြီးတစ်အုပ်ကို” စုသိမ်းနေတယ်။ “သူတို့ဟာ လူမျိုးတွေ၊ မျိုးနွယ်တွေ၊ လူစုတွေ၊ ဘာသာစကားအမျိုးမျိုး ပြောဆိုသူတွေထဲက ထွက်လာသူတွေပဲ။” သူတို့ဟာ လူရှစ်သန်းကျော်နဲ့ ဖွဲ့စည်းထားတဲ့ “အားကြီးတဲ့ လူမျိုး” ဖြစ်ပြီး “ဘုရားသခင်အတွက် နေ့ညမပြတ် အမှုဆောင်နေကြ” တယ်။ (ဗျာ. ၇:၉၊ ၁၅။ ဟေရှာ. ၆၀:၂၂) ဘုရားသခင်နဲ့ လူသားချင်းကို ချစ်တဲ့သူတွေ တစ်ခါနဲ့မှ မတူအောင် တိုးများလာနေပြီ။ ကျွန်တော်တို့ခေတ်မှာ ဘုရားသခင်နဲ့ ကင်းကွာနေသူတွေဟာ တစ်ကိုယ်ကောင်းဆန်တဲ့ တလွဲမေတ္တာမျိုးကို တင်ပြမယ်လို့ ကျမ်းစာမှာ ကြိုဟောထားတယ်။ “နောက်ဆုံးကာလ” မှာ “လူတွေဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူ၊ ငွေကိုတပ်မက်သူ၊ . . . ဘုရားသခင်ကို ချစ်တာထက် အပျော်အပါးကို ပိုနှစ်သက်သူ” ဖြစ်မယ်လို့ တမန်တော်ပေါလု ရေးခဲ့တယ်။ (၂ တိ. ၃:၁-၄) ကိုယ့်ကိုယ်ကိုယ် အဓိကထားတဲ့ ဒီမေတ္တာမျိုးက ခရစ်ယာန်မေတ္တာနဲ့ မအပ်စပ်ဘူး။ ကွဲပြားခြားနားတယ်။ အဲဒါက “ခက်ခဲကျပ်တည်း” တဲ့၊ အတ္တဆန်တဲ့လောက ဖြစ်စေတယ်။ w18.01 ၂၂ ¶၁-၂
ဗုဒ္ဓဟူးနေ့၊ မတ် ၆
ယေဟောဝါကို ရှာဖွေသူတွေကတော့ အရာအားလုံးကို နားလည်နိုင်တယ်။—ပညာ. ၂၈:၅။
တိကျမှန်ကန်တဲ့ အသိပညာက နောဧကို ယုံကြည်ခြင်းနဲ့ ဘုရားရေးရာ ဉာဏ်ပညာ ရရှိစေတာမို့ အန္တရာယ်၊ အထူးသဖြင့် ဘုရားရေးရာ အန္တရာယ်ကနေ ကာကွယ်ခံရတယ်။ ဥပမာ၊ “ဘုရားသခင့်လမ်းစဉ်အတိုင်း လျှောက်လှမ်း” တဲ့အတွက် ဘုရားတရားမဲ့သူတွေနဲ့ နောဧ မပေါင်းသင်းခဲ့ဘူး။ လူယောင်ဆောင်ထားတဲ့ နတ်ဆိုးတွေရဲ့ လှည့်စားမှုကိုလည်း မခံခဲ့ဘူး။ ယုံကြည်ခြင်း မရှိတဲ့၊ အယုံလွယ်တဲ့လူတွေကတော့ အဲဒီနတ်ဆိုးတွေရဲ့ သာမန်ထက် ထူးခြားတဲ့စွမ်းအားတွေကို အထင်ကြီးအားကျပြီး ကိုးကွယ်တဲ့အထိတောင် ဖြစ်ခဲ့ဖွယ် ရှိတယ်။ (က. ၆:၁-၄၊ ၉) သားသမီးတွေ မွေးပြီး ကမ္ဘာမြေကို ပြည့်စေဖို့ လူသားတွေ မိန့်မှာခံရတာကို နောဧ သိတယ်။ (က. ၁:၂၇၊ ၂၈) ဒါကြောင့် လူ့သမီးတွေနဲ့ လူယောင်ဆောင်ထားတဲ့ နတ်ဆိုးတွေရဲ့ ပေါင်းဖက်မှုဟာ သဘာဝနဲ့ ဆန့်ကျင်ပြီး မှားမှန်း နောဧ သိခဲ့မှာပဲ။ အဲဒီအသိဟာ ထူးခြားတဲ့ကလေးတွေ မွေးလာတဲ့အခါ ပိုခိုင်မာလာတယ်။ ဒီလိုနဲ့ ကမ္ဘာမြေကို ရေလွှမ်းမိုးမယ်ဆိုတဲ့အကြောင်း နောဧကို ဘုရားသခင် သတိပေးခဲ့တယ်။ အဲဒီသတိပေးချက်ကို ယုံကြည်ခြင်းကြောင့် အိမ်သားတွေကို ကယ်တင်ဖို့ သင်္ဘောဆောက်ခဲ့တယ်။—ဟီ. ၁၁:၇။ w18.02 ၉ ¶၈
ကြာသပတေးနေ့၊ မတ် ၇
ဘုရားသခင်ရဲ့ မဟာကရုဏာကြောင့် ဒီတာဝန်ကို အခုလို ကျွန်တော် ထမ်းဆောင်နိုင်တာပါ။—၁ ကော. ၁၅:၁၀။
သင် ကြီးလေးတဲ့အပြစ် ကျူးလွန်ထားတယ်ဆိုရင် ယေဟောဝါ ခွင့်လွှတ်ဖို့ အသင့်ရှိတယ်။ ဒါပေမဲ့ အသင်းတော်ကတစ်ဆင့် ပြင်ဆင်ပေးတဲ့ အကူအညီကိုတော့ လက်ခံရမယ်။ (ပညာ. ၂၄:၁၆။ ယာ. ၅:၁၃-၁၅) သင့်ထာဝရအနာဂတ် အရေးဖြစ်လို့ မနှောင့်နှေးပါနဲ့။ ဒါပေမဲ့ အပြစ်ခွင့်လွှတ်ခံရတာ အတော်ကြာပြီးတာတောင် အတိတ်က အပြစ်ကြောင့် စိတ်ဆင်းရဲနေတုန်းပဲဆိုရင်ကော။ အတိတ်က လုပ်ရပ်မှားတွေကြောင့် တမန်တော်ပေါလုလည်း စိတ်ဆင်းရဲတဲ့အချိန်တွေ ရှိခဲ့တယ်။ “ကျွန်တော်ဟာ တမန်တော်တွေထဲမှာ အရေးမပါဆုံးသူပါ၊ ဘုရားသခင်ရဲ့ အသင်းတော်ကို ညှဉ်းဆဲခဲ့လို့ တမန်တော်လို့တောင် အခေါ်မခံထိုက်ဘူး” လို့ အသိအမှတ်ပြုခဲ့တယ်။ (၁ ကော. ၁၅:၉) မှားခဲ့ပေမဲ့ ပေါလုကို ယေဟောဝါ လက်ခံခဲ့တယ်။ အဲဒါကို ဘုရားက သိစေချင်တယ်။ အတိတ်က အမှားအတွက် တကယ်နောင်တရပြီး လိုအပ်သလို ဝန်ခံပြီးပြီဆိုရင် ယေဟောဝါ ကရုဏာပြမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ ဒါကြောင့် ယေဟောဝါစကားကို ယုံကြည်ပါ။ ခွင့်လွှတ်တာကို လက်ခံပါ။—ဟေရှာ. ၅၅:၆၊ ၇။ w18.01 ၁၁ ¶၁၇-၁၈
သောကြာနေ့၊ မတ် ၈
ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်။—ယာ. ၄:၈။
ယေဟောဝါနဲ့ မိတ်ဆွေဖြစ်ခြင်းမှာ နားထောင်ခြင်း၊ ပြောဆိုခြင်းဆိုတဲ့ နှစ်လမ်းသွားဆက်သွယ်ရေး ပါဝင်တယ်။ ကိုယ်ပိုင် ကျမ်းစာလေ့လာမှုက ယေဟောဝါ ပြောတာကို နားထောင်နိုင်တဲ့ အဓိကနည်း ဖြစ်တယ်။ ကျမ်းစာနဲ့ ကျမ်းစာအခြေပြု စာပေတွေ ဖတ်ရှုခြင်း၊ တွေးတောဆင်ခြင်ခြင်းကနေ အသိပညာ ရယူနေခြင်း ပါဝင်တယ်။ ကျမ်းစာ လေ့လာခြင်းဟာ ကျောင်းပညာရေး လေ့ကျင့်ခန်း လုပ်တာမျိုး မဟုတ်ကြောင်း သတိရပါ။ စာမေးပွဲ အောင်ဖို့ ကျက်မှတ်သလိုမျိုး မဖြစ်သင့်ဘူး။ အကျိုးရှိတဲ့ လေ့လာမှုက ယေဟောဝါရဲ့ ဂုဏ်ရည်တော်ကဏ္ဍသစ်တွေကို ရှာဖွေလေ့လာတာနဲ့ ပိုတူတယ်။ ဒါက ဘုရားသခင်နဲ့ ပိုရင်းနှီးစေပြီး ဘုရားသခင်လည်း သင်နဲ့ ရင်းနှီးလာပါလိမ့်မယ်။ ယေဟောဝါရဲ့ အဖွဲ့အစည်းဟာ ထိရောက်စွာ လေ့လာနိုင်ဖို့ ကိရိယာများစွာ ပြင်ဆင်ပေးထားတယ်။ ဥပမာ၊ jw.org မှာပါတဲ့ “သမ္မာကျမ်းစာ သွန်သင်ရာက ဘာလဲ” လေ့လာမှုလမ်းညွှန်တွေကလည်း သင့်ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ ခံယူချက် ခိုင်မာစေနိုင်တယ်။—ဆာ. ၁၁၉:၁၀၅။ w17.12 ၂၅ ¶၈-၉
စနေနေ့၊ မတ် ၉
သူတို့က သန့်ရှင်းတဲ့ ငါ့ရဲ့တောင်တစ်ပြင်လုံးမှာ ဘာအန္တရာယ်မှပေးမှာ မဟုတ်ဘူး။ ဖျက်လိုဖျက်ဆီးလုပ်မှာ မဟုတ်ဘူး။—ဟေရှာ. ၁၁:၉။
“ကမ္ဘာမြေဟာ ယေဟောဝါကို သိကျွမ်းခြင်းနဲ့ ပြည့်နေမှာ ဖြစ်လို့” သင့်မြတ်ငြိမ်သက်မှု လွှမ်းမိုးနေမှာကို သတိပြုကြည့်ပါ။ တိရစ္ဆာန်တွေက ယေဟောဝါအကြောင်း မသင်ယူနိုင်ကြလို့ ဒီပရောဖက်ပြုချက် ပြည့်စုံမှုဟာ လူတွေနဲ့ သက်ဆိုင်တယ်။ (ဟေရှာ. ၁၁:၆၊ ၇) တစ်ချိန်က ဝံပုလွေတွေလို ကြမ်းကြုတ်ခဲ့ကြပေမဲ့ အခု တခြားသူတွေနဲ့ သင့်မြတ်စွာ နေထိုင်သူတွေ ရှိပါတယ်။ jw.org မှာပါတဲ့ “သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်” ဆောင်းပါးတွဲတွေမှာ သူတို့အကြောင်း ဖတ်နိုင်တယ်။ တစ်ချိန်က ကြမ်းကြုတ်ခဲ့သူတွေဟာ “စစ်မှန်တဲ့ ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်သိခြင်းနဲ့အညီ အလိုတော်အတိုင်း ဘုရားသခင်ဖန်ဆင်းတဲ့ စရိုက်သစ်ကိုလည်း ဝတ်ဆင်” ခဲ့ကြပြီ။ (ဧ. ၄:၂၃၊ ၂၄) လူတွေဟာ ယေဟောဝါအကြောင်း သိလာတာနဲ့အမျှ ဘုရားစံနှုန်းတွေနဲ့အညီ နေထိုင်ဖို့ လိုအပ်ကြောင်း သိလာကြတယ်။ ယုံကြည်ချက်တွေ၊ သဘောထားတွေ၊ အမူအကျင့်တွေ ပြောင်းလဲလာကြတယ်။ ဒီလိုအပြောင်းအလဲတွေ လုပ်ဖို့ မလွယ်ပေမဲ့ ဘုရားသခင့် အလိုတော်ကို စိတ်ရင်းမှန်စွာ ဆောင်ရွက်လိုသူတွေကို ဘုရားသခင့် စွမ်းအားတော်က ကူညီပေးပါမယ်။ w18.01 ၃၁ ¶၁၅-၁၆
တနင်္ဂနွေနေ့၊ မတ် ၁၀
သူတို့ အစဉ်လိုက် ထမြောက်လိမ့်မယ်။—၁ ကော. ၁၅:၂၃။
ကောင်းကင် ရှင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်ပြီး “အစဉ်လိုက် ထမြောက်” ကြမယ်လို့ ကျမ်းစာမှာ ပြောတယ်။ ဒါကြောင့် မြေကြီး ရှင်ပြန်ထမြောက်ခြင်းလည်း စနစ်တကျ ဖြစ်မယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။ စိတ်လှုပ်ရှားစရာပါပဲ။ မကြာသေးခင်က သေဆုံးသွားသူတွေဟာ ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှု စတင်ခါနီးမှာ ထမြောက်လာပြီး သိကျွမ်း ချစ်ခင်သူတွေရဲ့ ကြိုဆိုခြင်းကို ခံကြမလား။ ကမ္ဘာသစ်မှာ ဘုရားသခင့် လူမျိုးကို ကူညီဖွဲ့စည်းပေးဖို့ ခေါင်းဆောင်နိုင်စွမ်းရှိတဲ့ ရှေးသစ္စာရှိ အမျိုးသားတွေ အရင် ထလာကြမလား။ ယေဟောဝါကို လုံးဝ မကိုးကွယ်ခဲ့သူတွေကော။ ဘယ်အချိန်၊ ဘယ်နေရာမှာ ထမြောက်လာကြမလဲ။ မေးခွန်းများစွာ ရှိနိုင်ပါတယ်။ ဒါပေမဲ့ အခုချိန်မှာ အဲဒီအကြောင်းတွေ စဉ်းစားဖို့ တကယ် လိုအပ်သလား။ အဲဒီကိစ္စတွေကို ယေဟောဝါ ဘယ်လို ကိုင်တွယ်မယ်ဆိုတာ စောင့်ကြည့်တာ အကောင်းဆုံးပဲ မဟုတ်လား။ အခုချိန်မှာတော့ ဘုရားသခင့် မှတ်ဉာဏ်မှာရှိတဲ့ သေလွန်သူတွေ ထမြောက်လာမယ်လို့ ယေရှုကတစ်ဆင့် အာမခံထားတဲ့ ယေဟောဝါအပေါ် ယုံကြည်ခြင်း ခိုင်မာစေသင့်တယ်။—ယော. ၅:၂၈၊ ၂၉။ ၁၁:၂၃။ w17.12 ၁၂ ¶၂၀-၂၁
တနင်္လာနေ့၊ မတ် ၁၁
ဇနီးတို့၊ ကိုယ့်ခင်ပွန်းကို လက်အောက်ခံကြပါ။ ခရစ်ယာန်တွေဟာ အဲဒီလိုပဲ လက်အောက်ခံသင့်တယ်။ ခင်ပွန်းတို့၊ ဇနီးကို ချစ်မြဲချစ်ကြပါ။ သူတို့ကို တရားလွန် ဒေါသမထွက်ပါနဲ့။ သားသမီးတို့၊ မိဘစကားကို အရာရာမှာ နာခံကြပါ။—ကော. ၃:၁၈-၂၀။
ပေါလုရဲ့ အကြံပြုချက်ကို လိုက်နာခြင်းက ခင်ပွန်း၊ ဇနီး၊ သားသမီးတို့ကို အကျိုးပြုမယ်ဆိုတာ သင်သဘောတူပါလိမ့်မယ်။ “ဇနီးကို ချစ်မြဲချစ်ကြပါ။ သူတို့ကို တရားလွန် ဒေါသမထွက်ပါနဲ့” လို့ ခင်ပွန်းသည်တွေကို ညွှန်ကြားထားတယ်။ မေတ္တာရှိတဲ့ ခင်ပွန်းဟာ ဇနီးရဲ့ သဘောထားကို နားထောင်ခြင်း၊ ဇနီးရဲ့ စကားကို တန်ဖိုးထားကြောင်း စိတ်ချစေခြင်းအားဖြင့် ဂုဏ်တင်တယ်။ (၁ ပေ. ၃:၇) ဇနီးပြောတဲ့အတိုင်း အမြဲမလုပ်နိုင်ပေမဲ့ သူနဲ့ တိုင်ပင်ဆွေးနွေးခြင်းအားဖြင့် မျှမျှတတ ဆုံးဖြတ်လေ့ရှိတယ်။ (ပညာ. ၁၅:၂၂) မေတ္တာရှိတဲ့ ခင်ပွန်းဟာ ဇနီးရဲ့ လေးစားမှုကို မတောင်းဆိုဘဲ ရရှိအောင် ကြိုးစားတယ်။ ဇနီးနဲ့ သားသမီးတွေကို ချစ်တဲ့ခင်ပွန်းဟာ ယေဟောဝါကို ပျော်ရွှင်စွာ ဝတ်ပြုတဲ့ မိသားစု ရရှိဖို့၊ အသက်ဆု ရရှိဖို့ အလားအလာ ပိုများတယ်။ w17.11 ၂၈ ¶၁၂။ ၂၉ ¶၁၅
အင်္ဂါနေ့၊ မတ် ၁၂
[လောကရဲ့] အတွေးအခေါ်တွေ၊ အဓိပ္ပာယ်မဲ့တဲ့ လှည့်ဖြားမှုတွေနဲ့ ထောင်ချောက်ဆင်ဖမ်းမယ့်သူတွေကို သတိထားကြပါ။—ကော. ၂:၈။
တမန်တော်ပေါလုဟာ ရောမမြို့မှာ ပထမအကြိမ် အကျဉ်းချခံရချိန် အဆုံးပိုင်း၊ အေဒီ ၆၀-၆၁ လောက်မှာ ကောလောသဲမြို့က ခရစ်ယာန်တွေဆီ စာရေးခဲ့တယ်။ “စွမ်းအားတော်အားဖြင့် နားလည်နိုင်စွမ်း” ရရှိခြင်းရဲ့ အရေးကြီးမှုအကြောင်း ဖော်ပြခဲ့တယ်။ (ကော. ၁:၉) “ယုတ္တိရှိရှိ ပြောပြီး လှည့်ဖြားတာကို ခင်ဗျားတို့ မခံရအောင် အခုလို ပြောနေတာပါ။ အတွေးအခေါ်တွေ၊ အဓိပ္ပာယ်မဲ့တဲ့ လှည့်ဖြားမှုတွေနဲ့ ထောင်ချောက်ဆင် ဖမ်းမယ့်သူတွေကို သတိထားကြပါ။ အဲဒါတွေဟာ ခရစ်တော်ရဲ့ သွန်သင်ချက်ကို မဟုတ်ဘဲ လောကရဲ့ အခြေခံတရားတွေ၊ လူ့ထုံးတမ်းစဉ်လာတွေကို အခြေခံတယ်” လို့ ပေါလု ထပ်ပြောတယ်။ (ကော. ၂:၄၊ ၈) ခေတ်စားတဲ့ အတွေးအခေါ်တချို့ ဘာကြောင့် မှားကြောင်း၊ လောကအတွေးအခေါ်ကို မစုံလင်သူတွေ ဘာကြောင့် နှစ်သက်မိနိုင်ကြောင်း ဆက်ရှင်းပြတယ်။ ဥပမာ၊ လောကအတွေးအခေါ်က လူတစ်ယောက်ကို တခြားသူတွေထက် ပညာရှိတယ်၊ သာလွန်တယ်လို့ ခံစားစေနိုင်တယ်။ လောကအတွေးအခေါ်၊ မှားယွင်းတဲ့အကျင့်တွေကို ငြင်းပယ်နိုင်အောင် ညီအစ်ကိုတွေကို ကူညီပေးဖို့ ပေါလု ရည်ရွယ်ရေးသားခဲ့တယ်။—ကော. ၂:၁၆၊ ၁၇၊ ၂၃။ w17.11 ၂၀ ¶၁
ဗုဒ္ဓဟူးနေ့၊ မတ် ၁၃
ကိုယ့်လက်ဖြစ်စေ၊ ကိုယ့်ခြေထောက်ဖြစ်စေ အပြစ်ကျူးလွန်စေတယ်ဆိုရင် ဖြတ်ပြီး လွှင့်ပစ်လိုက်ပါ။—မ. ၁၈:၈။
ဘုရားသခင့် ကရုဏာတော် ဆက်ခံစားချင်ရင် ခရစ်ယာန်တစ်ယောက် ဘာတွေကို စွန့်လွှတ်ရမလဲ။ အပြစ်ပြုမိစေတဲ့အန္တရာယ် ရှိမယ်ဆိုရင် ဘယ်လောက်ပဲ မြတ်နိုးတဲ့အရာ ဖြစ်ပါစေ စွန့်လွှတ်ဖို့ အသင့်ရှိရမယ်။ (မ. ၁၈:၉) ယေဟောဝါ မနှစ်သက်တာကို လုပ်ဖို့ မိတ်ဆွေတွေ တွန်းအားပေးတယ်ဆိုရင် သူတို့နဲ့ ပေါင်းသင်းတာကို ဖြတ်ပစ်မလား။ အရက်ယမကာကို အတော်အသင့်သာ သောက်သုံးဖို့ ကြိုးစားကန့်သတ်နေသူ ဖြစ်မယ်ဆိုရင် အလွန်အကျွံ သောက်မိစေနိုင်တဲ့ အခြေအနေတွေကို ရှောင်ချင်မလား။ လိင်ဆန္ဒတွေကို တိုက်လှန်နေရတယ်ဆိုရင် မသန့်ရှင်းတဲ့ အတွေးတွေ ဝင်လာစေနိုင်တဲ့ ရုပ်ရှင်၊ ဝက်ဘ်ဆိုက်၊ လုပ်ဆောင်မှု မှန်သမျှကို ရှောင်မလား။ ယေဟောဝါအပေါ် သမာဓိ စောင့်သိဖို့ ဘာကိုပဲ စွန့်လွှတ်ရပါစေ စွန့်လွှတ်ရကျိုး နပ်ပါတယ်။ ဘုရားရဲ့ စွန့်ပယ်မှု ခံရတယ်ဆိုတဲ့ ခံစားချက်ထက် ပိုနာကျင်စေတာ ဘာမှ မရှိဘူး။ အဲဒီလိုပဲ ဘုရားသခင့် “ထာဝစဉ် ခိုင်မြဲတဲ့မေတ္တာ” ခံစားရတာထက် ပိုကျေနပ်စေတာ ဘာမှ မရှိဘူး။—ဟေရှာ. ၅၄:၇၊ ၈။ w17.11 ၁၁ ¶၁၂
ကြာသပတေးနေ့၊ မတ် ၁၄
အဲဒီစာလိပ်ဟာ . . . သွားလာနေတဲ့ ကျိန်စာပဲ။ သူခိုး တွေဟာ . . . ကျိန်စာအတိုင်း ပြစ်ဒဏ်မခံရသေးဘူး။—ဇာ. ၅:၃။
‘ကျိန်စာ[ဟာ] သူခိုးရဲ့အိမ်ထဲ ဝင်သွားလိမ့်မယ်။ အဲဒီအိမ်မှာနေပြီး ဝါးမျိုလိမ့်မယ်’ လို့ ဇာခရိ ၅:၄ မှာ ပြောထားတာ သတိပြုမိသလား။ ယေဟောဝါရဲ့ ပြင်းထန်တဲ့ တရားစီရင်ချက်ကို ဘာနဲ့မှ တားဆီးလို့ မရဘူး။ ယေဟောဝါရဲ့ လူတွေ ကျူးလွန်တဲ့ ဘယ်အမှားတွေကိုမဆို ဖော်ထုတ်နိုင်တယ်။ ခိုးမှုကို အာဏာပိုင်တွေ၊ အလုပ်ရှင်တွေ၊ အကြီးအကဲတွေ၊ မိဘတွေ မသိအောင် ဖုံးကွယ်ထားနိုင်ရင်တောင် ဘုရားသခင် မသိအောင် မဖုံးကွယ်နိုင်ဘူး။ ခိုးမှုမှန်သမျှကို ဖော်ထုတ်မယ်လို့ ဘုရား အာမခံထားတယ်။ (ဟီ. ၄:၁၃) “အရာရာမှာ” ရိုးသားဖို့ ကြိုးစားနေသူတွေနဲ့ ပေါင်းသင်းရတာ ကြည်နူးစရာ ကောင်းလှပါတယ်။ (ဟီ. ၁၃:၁၈) ခိုးမှုအားလုံးကို ယေဟောဝါ မနှစ်သက်ဘူး။ ယေဟောဝါရဲ့ မြင့်မားတဲ့ ကိုယ်ကျင့်တရား စံနှုန်းအတိုင်း အသက်ရှင်ရတာ၊ နာမတော် ရှုတ်ချစရာ မဖြစ်စေမယ့်နည်းနဲ့ နေထိုင်တာကို ဂုဏ်ယူစရာအဖြစ် ကျွန်တော်တို့ ရှုမြင်ကြတယ်။ ဒါမှ ပြောင်ပြောင်တင်းတင်း ဘုရားရဲ့ ပညတ် ချိုးဖောက်သူတွေကို ယေဟောဝါ တရားစီရင်တဲ့အခါ လွတ်မြောက်နိုင်မယ်။ w17.10 ၂၂ ¶၆-၇
သောကြာနေ့၊ မတ် ၁၅
စွမ်းအားတော်ကြောင့် ရလာတဲ့ စည်းလုံးမှုနှောင်ကြိုးကို ကြိုးစားထိန်းသိမ်းပါ။ အချင်းချင်း သင့်သင့်မြတ်မြတ်ရှိကြပါ။—ဧ. ၄:၃။
ညီအစ်ကိုတွေ နားလည်မှုလွဲနေတယ်၊ မတရားဆက်ဆံတယ်လို့ ခံစားနေရရင်တောင် အတတ်နိုင်ဆုံး သင့်မြတ်အောင်နေဖို့ ကြိုးစားကြတယ်။ (ရော. ၁၂:၁၇၊ ၁၈) တောင်းပန်တာက စိတ်ထိခိုက်တာကို ကုစားပေးနိုင်တယ်။ ဒါပေမဲ့ စိတ်ရင်းမှန်ရမယ်။ အထူးသဖြင့် အိမ်ထောင်မှာ သင့်မြတ်ဖို့ အရေးကြီးတယ်။ လူရှေ့သူရှေ့မှာတော့ အချင်းချင်း ချစ်ယောင်ဆောင်ပြီး အိမ်မှာ စကားမပြောဘဲနေတာ၊ ကြမ်းတမ်းတဲ့စကား ပြောတာ၊ ကိုယ်ထိလက်ရောက်ကျူးလွန်တာမျိုး မလုပ်သင့်ဘူး။ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ရပါမယ်။ ကိုယ့်ကို စိတ်ဆိုးအောင် လုပ်တဲ့သူကို ဗွေမယူခြင်း၊ အငြိုးမထားခြင်းအားဖြင့် ခွင့်လွှတ်ကြတယ်။ စိတ်ရင်းမှန်နဲ့ ခွင့်လွှတ်တယ်ဆိုရင် “နစ်နာမှုတွေကို မမှတ်ထား” ဖို့ ကိုယ့်အတွေးကို ထိန်းချုပ်နိုင်မယ်။ (၁ ကော. ၁၃:၄၊ ၅) အငြိုးအာဃာတ ထားနေမယ်ဆိုရင် ညီအစ်ကို/မတွေနဲ့ ဆက်ဆံရေးသာမက ယေဟောဝါနဲ့ ဆက်ဆံရေးကိုပါ ထိခိုက်နိုင်တယ်။—မ. ၆:၁၄၊ ၁၅။ w17.10 ၁၀ ¶၁၄-၁၅
စနေနေ့၊ မတ် ၁၆
ကျွန်တော့်ကို စေလွှတ်တဲ့သူဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပဲဆိုတာ ခင်ဗျားတို့ သိရလိမ့်မယ်။—ဇာ. ၆:၁၅။
ဇာခရိရဲ့ သတင်းစကားက ဇာခရိခေတ်က ဂျူးတွေအပေါ် ဘယ်လို အကျိုးသက်ရောက်သလဲ။ သူတို့ရဲ့အလုပ်ကို တည်ငြိမ်စေမယ်၊ ကာကွယ်ပေးမယ်လို့ ယေဟောဝါ အာမခံထားတယ်။ ဗိမာန်တော် ပြန်တည်ဆောက်မယ်ဆိုတဲ့ အာမခံချက်က ခြေကုန်လက်ပန်းကျနေသူတွေကို မျှော်လင့်ချက် ရှိစေခဲ့မှာပဲ။ ဒါပေမဲ့ လူနည်းနည်းလေးနဲ့ ဒီလောက်ကြီးမားတဲ့ လုပ်ငန်းကို ဘယ်လို ပြီးမြောက်နိုင်မလဲ။ ဇာခရိ ထပ်ပြောတဲ့ စကားတွေက ကျန်နေသေးတဲ့ ကြောက်ရွံ့မှုနဲ့ သံသယကို ဖယ်ရှားပေးတယ်။ ဟေလဒဲ၊ တောဘိယ၊ ယေဒါယတို့လို သစ္စာရှိသူတွေရဲ့ ထောက်မမှုအပြင် တခြားသူများစွာလည်း “ယေဟောဝါရဲ့ဗိမာန်တော် တည်ဆောက်ရေးမှာ ပါဝင်” မယ်လို့ ဘုရားသခင် မိန့်မှာတယ်။ ဂျူးတွေဟာ ဘုရားသခင့် ကျောထောက်နောက်ခံမှုကို ယုံကြည်စိတ်ချပြီး ပါးရှားဘုရင်ရဲ့ အတားအဆီးတွေကြားမှာ တည်ဆောက်ရေးလုပ်ငန်း ချက်ချင်း စကြတယ်။ မကြာခင်မှာပဲ တောင်လို အတားအဆီးတွေကို ယေဟောဝါ ဖယ်ရှားပေးပြီး ဘီစီ ၅၁၅ မှာ ဗိမာန်တော် ဆောက်လုပ်ပြီးစီးခဲ့တယ်။ (ဧဇ. ၆:၂၂။ ဇာ. ၄:၆၊ ၇) ဒါပေမဲ့ ယေဟောဝါရဲ့ စကားတွေဟာ ဒီနေ့ ဖြစ်နေတဲ့ ပိုကြီးကျယ်တဲ့အရာကိုလည်း ရည်ညွှန်းတယ်။ w17.10 ၂၉ ¶၁၇
တနင်္ဂနွေနေ့၊ မတ် ၁၇
ရဲစွမ်းသတ္တိရှိရှိနဲ့ လုပ်ငန်း စပေတော့။—၁ ရာ. ၂၈:၂၀။
ရှောလမုန်ဟာ အရေးကြီးဆုံး ဆောက်လုပ်ရေး စီမံကိန်းကို ကြီးကြပ်ရမယ်။ ဂျေရုဆလင် ဗိမာန်တော် ဆောက်လုပ်ရေးပါပဲ။ ဗိမာန်တော်ဟာ “သိပ်ကိုခမ်းနားထည်ဝါပြီး လှပတင့်တယ်ရမယ်။ ဒါမှ တိုင်းနိုင်ငံအသီးသီးမှာ အိမ်တော်ရဲ့ ဂုဏ်သတင်း ကျော်စောလိမ့်မယ်။” ပိုအရေးကြီးတာက “စစ်မှန်တဲ့ ဘုရားသခင် ယေဟောဝါရဲ့ အိမ်တော်” ဖြစ်လာမယ်။ ဒီစီမံကိန်းကို ကြီးကြပ်ဖို့ ရှောလမုန်ကို ယေဟောဝါ ညွှန်ကြားခဲ့တယ်။ (၁ ရာ. ၂၂:၁၊ ၅၊ ၉-၁၁) ဘုရားသခင် ထောက်မပေးမယ်ဆိုတာ ဘုရင် ဒါဝိဒ် ယုံကြည်စိတ်ချပေမဲ့ ရှောလမုန်ဟာ “အသက်ကလည်း ငယ်၊ အတွေ့အကြုံလည်း မရှိ” ဘူး။ ဗိမာန်တော် ဆောက်လုပ်ရမယ့်တာဝန် ယူဖို့ သတ္တိရှိပါ့မလား။ ငယ်ရွယ်တာ၊ အတွေ့အကြုံ မရှိတာက အတားအဆီး ဖြစ်နေမလား။ အောင်မြင်ဖို့ သတ္တိရှိရှိနဲ့ လုပ်ငန်း စရတော့မယ်။ ရှောလမုန် သတ္တိမရှိရင် ကြောက်စိတ် လွှမ်းမိုးပြီး ဘာမှ မလုပ်နိုင် ဖြစ်သွားမယ်။ ရှောလမုန်လိုပဲ ကျွန်တော်တို့လည်း သတ္တိရှိဖို့၊ လုပ်ငန်း ပြီးစီးနိုင်ဖို့ ယေဟောဝါရဲ့ အကူအညီ လိုအပ်ကြတယ်။ w17.09 ၂၈ ¶၁-၂။ ၂၉ ¶၄-၅
တနင်္လာနေ့၊ မတ် ၁၈
ဘုရားသခင်ရဲ့ နှုတ်ထွက်စကားကတော့ ထာဝစဉ် တည်မြဲတယ်။—ဟေရှာ. ၄၀:၈။
ကျမ်းစာ မရှိရင် ဘဝ ဘယ်လို ဖြစ်နေမလဲ စဉ်းစားဖူးသလား။ နေ့စဉ် အသက်တာအတွက် စိတ်ချရတဲ့ အကြံဉာဏ် ရှိမှာ မဟုတ်ဘူး။ ဘုရား၊ အသက်၊ အနာဂတ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေအတွက် ကျေနပ်စရာအဖြေ ရမှာ မဟုတ်ဘူး။ ရှေးခေတ် လူ့မိသားစုနဲ့ ယေဟောဝါ ဆက်ဆံပုံအကြောင်းလည်း သိရမှာ မဟုတ်ဘူး။ အဲဒီလို မဖြစ်လို့ ကျေးဇူးတင်စရာပဲ။ ယေဟောဝါက နှုတ်ထွက်စကားတော် ကျမ်းစာ ပေးထားတယ်။ ကျမ်းစာသတင်းစကား ထာဝစဉ် တည်မြဲမယ်လို့ အာမခံထားတယ်။ ဟေရှာယ ၄၀:၈ ကို တမန်တော် ပေတရု ကိုးကားခဲ့တယ်။ အဲဒီအခန်းငယ်က ကျွန်တော်တို့ သိထားတဲ့ ကျမ်းစာတစ်အုပ်လုံးကို ရည်ညွှန်းတာ မဟုတ်ဘူး။ စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးထားတဲ့ ကျမ်းစာသတင်းစကားကို ရည်ညွှန်းတယ်။ (၁ ပေ. ၁:၂၄၊ ၂၅) အဲဒီအချက်ကို ဘုရားစကားတော် မြတ်နိုးသူတွေ သိထားတာ ကြာပြီ။ ရာစုနှစ်တွေတစ်လျှောက် စိတ်ရင်းမှန်သူတွေဟာ ကျမ်းစာကို အခက်အခဲတွေကြားမှာ ဘာသာပြန် ဖြန့်ဝေခဲ့ကြတယ်။ ‘လူအမျိုးမျိုးကို ကယ်တင်ခြင်း ရစေချင်တဲ့၊ အမှန်တရားအကြောင်း တိကျမှန်ကန်စွာ သိရှိစေချင်တဲ့’ ဘုရားသခင့် အလိုတော်နဲ့ တစ်ထပ်တည်းပါပဲ။—၁ တိ. ၂:၃၊ ၄။ w17.09 ၁၈ ¶၁-၂
အင်္ဂါနေ့၊ မတ် ၁၉
ဒီလိုကြီးလေးတဲ့အပြစ် ကျူးလွန်ပြီး ဘုရားသခင်ကို ပြစ်မှားတဲ့အဖြစ်မျိုး ကျွန်တော် အရောက်မခံနိုင်ဘူး။—က. ၃၉:၉။
ယောသပ်ကြုံရတဲ့ စမ်းသပ်မှုမျိုးကို ခရစ်ယာန်လူငယ်များစွာ ကြုံနေကြတယ်။ (က. ၃၉:၇) ကီမ်အကြောင်း သုံးသပ်ကြည့်ပါ။ အတန်းဖော်အများစုဟာ လင်စိတ်သားစိတ် ပြင်းထန်ကြတယ်။ စနေ၊ တနင်္ဂနွေပြီးလို့ ကျောင်းပြန်တက်တဲ့အခါ ကိုယ်တွေ့လိင်မှုကိစ္စတွေအကြောင်း ကြွားပြောကြတယ်။ ကီမ်မှာတော့ ပြောစရာ မရှိဘူး။ တခြားသူတွေလို လိုက်မလုပ်လို့ တစ်ခါတလေ “ဝိုင်းပယ်ခံရတယ်၊ အထီးကျန်တယ်” လို့ ဝန်ခံခဲ့တယ်။ ရည်းစား မရှိတော့ ရိုးအသူလို့ သူငယ်ချင်းတွေ ထင်ကြတယ်။ လူငယ်တွေကြားမှာ လိင်မှုကိစ္စပြုဖို့ သွေးဆောင်မှု ပြင်းထန်တယ်ဆိုတာကိုတော့ ကီမ် သိထားပါတယ်။ (၂ တိ. ၂:၂၂) ကျောင်းနေဖက်တွေက အပျိုစင် ဖြစ်နေတုန်းလားလို့ မေးတတ်ကြတယ်။ ဒါနဲ့ လိင်မှု မပြုရတဲ့ အကြောင်းရင်းကို ရှင်းပြခွင့် ရခဲ့တယ်။ အကျင့်ပျက်ဖို့ ဖိအားပေးမှုတွေကို တွန်းလှန်နေတဲ့ ခရစ်ယာန်လူငယ်တွေအတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ ယေဟောဝါလည်း ဂုဏ်ယူပါတယ်။ w17.09 ၄ ¶၈။ ၅ ¶၁၀
ဗုဒ္ဓဟူးနေ့၊ မတ် ၂၀
စိတ်မပျက်ပါနဲ့။ မကောင်းမှုတွေ မလုပ်နဲ့။—ဆာ. ၃၇:၈။
စိတ်ဆိုးလွယ်သူတွေဟာ ဆဲဆိုတတ်ကြတယ်။ အဲဒီစရိုက်ဟောင်းက ပျော်ရွှင်တဲ့ မိသားစုဘဝကို မရရှိစေနိုင်ဘူး။ စိတ်ဆိုးတာ၊ ဆဲဆိုတာ၊ အော်ဟစ်ငေါက်ငမ်းတာတွေကို ရှောင်ဖို့ ကျမ်းစာ သတိပေးထားတာ အကြောင်းကောင်း ရှိတယ်။ (ဧ. ၄:၃၁) အဲဒါတွေက အကြမ်းဖက်မှုအထိ တွန်းပို့ပေးလေ့ရှိတယ်။ စိတ်ဆိုးတာကို လောက,ကတော့ သာမန်အဖြစ် ရှုမြင်ပေမဲ့ ဖန်ဆင်းရှင်ကို ရှုတ်ချရာရောက်တယ်။ လူများစွာဟာ စရိုက်သစ်ကို မဝတ်ဆင်ခင် အန္တရာယ်ရှိတဲ့ ဒီအကျင့်တွေကို ချွတ်ပယ်ခဲ့ကြရတယ်။ (ကော. ၃:၈-၁၀) လိမ်ပြောခြင်းဟာလည်း စရိုက်ဟောင်းရဲ့ အကျင့်တစ်ခုပဲ။ ဥပမာ၊ အခွန် ရှောင်ဖို့၊ အပြစ် မခံယူရဖို့ လူတွေ လိမ်ကြတာ မဆန်းတော့ဘူး။ ယေဟောဝါကတော့ “အမှန်တရားရဲ့ ဘုရား” ဖြစ်တယ်။ (ဆာ. ၃၁:၅) ဒါကြောင့် “လိမ်လည်ပြောဆိုတာကို ဖယ်ရှားပြီး အချင်းချင်း မှန်တဲ့စကားကိုပဲ ပြော” ဖို့ တောင်းဆိုထားတယ်။ (ဧ. ၄:၂၅။ ကော. ၃:၉) အရှက်ကွဲမယ်၊ အဆင်မပြေဖြစ်မယ်ဆိုရင်တောင် အမှန်အတိုင်း ပြောရမယ်။—ပညာ. ၆:၁၆-၁၉။ w17.08 ၁၈ ¶၃၊ ၅။ ၂၀ ¶၁၂-၁၃၊ ၁၅
ကြာသပတေးနေ့၊ မတ် ၂၁
နှုတ်တော်ထွက်စကားတွေဟာ အမြန်ဆုံး ပြေးသွားကြတယ်။—ဆာ. ၁၄၇:၁၅။
ဒီနေ့ ယေဟောဝါက နှုတ်တော်ထွက်စကား ကျမ်းစာကတစ်ဆင့် လမ်းညွှန်ပေးနေတယ်။ “နှုတ်တော်ထွက်စကားတွေဟာ အမြန်ဆုံး ပြေးသွား” သလိုမျိုး ကျွန်တော်တို့ လိုအပ်တဲ့အချိန်မှာ ချက်ချင်း လမ်းညွှန်ပေးတယ်။ ကျမ်းစာဖတ်ရှုခြင်း၊ “သစ္စာနဲ့သတိပညာရှိတဲ့ ကျွန်” ရဲ့ စာပေတွေကို လေ့လာခြင်း၊ JW ရုပ်သံကြည့်ခြင်း၊ jw.org ကို ဝင်ကြည့်ခြင်း၊ အကြီးအကဲတွေနဲ့ စကားပြောခြင်း၊ ခရစ်ယာန်ချင်းတွေနဲ့ ပေါင်းသင်းခြင်းကနေ ရရှိတဲ့ အကျိုးကျေးဇူးတွေကို စဉ်းစားကြည့်ပါ။ (မ. ၂၄:၄၅) သင့်ကို ယေဟောဝါ အမြန်ဆုံး လမ်းညွှန်ပေးနေတယ်ဆိုတာ တွေ့ရတယ် မဟုတ်လား။ ရှေးခေတ် ဘုရားသခင့်လူမျိုး ဘယ်လောက် မျက်နှာသာရကြောင်း ဆာလံဆရာ သိထားတယ်။ ဘုရားသခင့် “နှုတ်တော်ထွက်စကားတွေ၊” “စည်းမျဉ်းတွေ၊ တရားစီရင်ချက်တွေ” ရရှိထားတာ ဒီလူမျိုးပဲ ရှိတယ်။ (ဆာ. ၁၄၇:၁၉၊ ၂၀) ဒီနေ့လည်း ကျွန်တော်တို့ပဲ ဘုရားသခင့်နာမည်နဲ့ အခေါ်ခံရတဲ့ကောင်းချီး ရရှိထားတယ်။ ယေဟောဝါကို သိခြင်း၊ အသက်တာမှာ ဘုရားနှုတ်တော်ထွက်စကား ရရှိထားခြင်းတို့ကြောင့် ဘုရားနဲ့ အထူးဆက်ဆံရေး ရှိကြတယ်။ ဆာလံ ၁၄၇ ကို ရေးတဲ့သူလိုပဲ ကျွန်တော်တို့လည်း “ယေဟောဝါကို ချီးမွမ်းကြ” လို့ ကြွေးကြော်ဖို့၊ တခြားသူတွေကို ဖိတ်ခေါ်ဖို့ အကြောင်းကောင်းများစွာ ရှိတယ် မဟုတ်လား။ w17.07 ၂၀ ¶၁၅-၁၆။ ၂၁ ¶၁၈
သောကြာနေ့၊ မတ် ၂၂
စစ်မှုထမ်းနေတဲ့သူက စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်မှာ မဟုတ်ဘူး။ စစ်သည်အဖြစ် စာရင်းသွင်းပေးတဲ့သူကို စိတ်ကျေနပ်စေချင်တာကိုး။—၂ တိ. ၂:၄။
အချိန်ပြည့် အမှုဆောင်သူ တစ်သန်းကျော် အပါအဝင် ယနေ့ ယေရှုရဲ့ နောက်လိုက်တွေဟာ အခြေအနေ ခွင့်ပြုသရွေ့ ပေါလုရဲ့ အထက်ပါအကြံပြုချက်ကို လိုက်နာကြတယ်။ ကြော်ငြာတွေ၊ ပတ်ဝန်းကျင် ဖိအားတွေကို တွန်းလှန်ရင်း “ချေးငှားယူသူဟာ ချေးငှားပေးသူရဲ့ ကျွန်ပဲ” ဆိုတဲ့ မူကို သတိရကြတယ်။ (ပညာ. ၂၂:၇) ကျွန်တော်တို့ရဲ့ အချိန်၊ ခွန်အား ရှိသမျှ သုံးပြီး စီးပွားရေးလောကရဲ့ ကျွန်ဖြစ်ဖို့ စာတန် အလိုရှိတယ်။ ဆုံးဖြတ်ချက်တချို့ကြောင့် နှစ်ရှည်လများ အကြွေးဆပ်နေရတာ ဖြစ်နိုင်တယ်။ အိမ်ဝယ်ဖို့၊ ပညာသင်ဖို့၊ ကားဝယ်ဖို့၊ ခမ်းခမ်းနားနား မင်္ဂလာဆောင်ဖို့ ငွေချေးတာက ငွေကြေးအခက်အခဲ ဖြစ်စေနိုင်တယ်။ ဘဝကို ရိုးရှင်းစေပြီး အကြွေးတွေ၊ အသုံးစရိတ်တွေ လျှော့ချခြင်းအားဖြင့် အမြော်အမြင်ရှိကြောင်း ပြကြတယ်။ ဒီလိုနည်းနဲ့ ဒီနေ့ စီးပွားရေးစနစ်ရဲ့ ကျွန်ဖြစ်မယ့်အစား ဘုရားကို လွတ်လွတ်လပ်လပ် အမှုဆောင်ကြတယ်။—၁ တိ. ၆:၁၀။ w17.07 ၁၀ ¶၁၃
စနေနေ့၊ မတ် ၂၃
ကိုယ်တော်ပေးတဲ့ သွန်သင်ချက်တိုင်းဟာ မှန်ကန်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ မှားတဲ့လမ်းစဉ်မှန်သမျှကို မုန်းပါတယ်။—ဆာ. ၁၁၉:၁၂၈။
ယေဟောဝါဟာ အချုပ်အခြာအာဏာပိုင်ရှင် ဖြစ်ထိုက်တယ်။ အခွင့်အာဏာကို အမျှတဆုံးနည်းနဲ့ ကျင့်သုံးတယ်။ “ငါဟာ ကမ္ဘာမြေပေါ်မှာ ခိုင်မြဲတဲ့မေတ္တာ၊ တရားမျှတမှုနဲ့ ဖြောင့်မတ်မှုကိုပြတဲ့အရှင် ဖြစ်တယ်။ . . . အဲဒါတွေကို ငါနှစ်သက်တယ်” လို့ ဘုရားသခင် ပြောတယ်။ (ယေ. ၉:၂၄) တရားမျှတစွာ ဆုံးဖြတ်ဖို့ မစုံလင်တဲ့လူသားတွေ ထုတ်ပြန်ထားတဲ့ တရားဥပဒေတွေကို ဘုရားသခင် မလိုအပ်ဘူး။ ဘုရားရှင်ထံတော်ကလာတဲ့ အပြည့်ဝဆုံး တရားမျှတမှုကို အခြေခံပြီး လူသားတွေအတွက် ပညတ်တွေ ပြဋ္ဌာန်းပေးတယ်။ “ဖြောင့်မတ်ခြင်းနဲ့ တရားမျှတခြင်းဟာ ပလ္လင်တော်ရဲ့ အုတ်မြစ်ပဲ။” ဒါကြောင့် ဘုရားသခင့် ပညတ်၊ မူ၊ ဆုံးဖြတ်ချက်အားလုံး ဖြောင့်မတ်ကြောင်း ယုံကြည်စိတ်ချနိုင်ပါတယ်။ (ဆာ. ၈၉:၁၄) ယေဟောဝါရဲ့ အချုပ်အခြာအာဏာမှာ လိုအပ်ချက်ရှိနေတယ်လို့ စွပ်စွဲပေမဲ့ စာတန်ကိုယ်တိုင် အမြဲတရားမျှတတဲ့ ကမ္ဘာကို မဖြစ်စေနိုင်ဘူး။ w17.06 ၂၈ ¶၅
တနင်္ဂနွေနေ့၊ မတ် ၂၄
အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ . . . နှုတ်ထွက်စကားတွေဟာ အမှန်တရားပါ။—၂ ရှ. ၇:၂၈။
ယေဟောဝါဟာ အမှန်တရားရဲ့ ဘုရားသခင် ဖြစ်တယ်။ (ဆာ. ၃၁:၅) ရက်ရောတဲ့ဖခင်အနေနဲ့ မိမိကို ကြောက်ရွံ့သူတွေကို အမှန်တရား ဝေမျှပေးတယ်။ အမှန်တရား စတင်ကြားသိရချိန်ကစပြီး နှုတ်မြွက်တော် ကျမ်းစာ၊ ခရစ်ယာန် စာပေစာတမ်း၊ ခရိုင်အစည်းအဝေး၊ တိုက်နယ်အစည်းအဝေး၊ ပတ်စဉ် အစည်းအဝေးတွေကနေ အမှန်တရား ဆည်းပူးဖို့ အခွင့်အရေး ရရှိထားကြတယ်။ အချိန်ကုန်လွန်လာတာနဲ့အမျှ ယေရှု ပြောခဲ့တဲ့ “ဘဏ္ဍာ” အဟောင်းအသစ်တွေ ကျွန်တော်တို့ ရရှိလာတယ်။ (မ. ၁၃:၅၂) ရတနာသိုက်ကို လိုက်ရှာသလို အဲဒီအမှန်တရားတွေကို ရှာမယ်ဆိုရင် “ဘဏ္ဍာ” ထဲမှာ အဖိုးတန် အမှန်တရားအသစ်တွေ ရရှိလာဖို့ ယေဟောဝါ ကူညီပေးပါလိမ့်မယ်။ (ပညာ. ၂:၄-၇) ဘယ်လို ရှာကြမလဲ။ ကိုယ်ပိုင်လေ့လာမှု အလေ့အထကောင်း ရှိရမယ်။ ကျမ်းစာနဲ့ အဖွဲ့အစည်းထုတ် စာပေတွေမှာ အသေအချာ ရှာဖွေလေ့လာရမယ်။ ဒါဆိုရင် အရင်က မသိခဲ့တဲ့ အမှန်တရား “အသစ်” တွေ ရှာတွေ့လာပါလိမ့်မယ်။ (ယောရှု ၁:၈၊ ၉။ ဆာ. ၁:၂၊ ၃) မှန်ပါတယ်၊ အမှန်တရားဘဏ္ဍာ ပိုကြွယ်ဝလာအောင် ထက်ထက်သန်သန် လုပ်ဆောင်ကြရမယ်။ w17.06 ၁၂ ¶၁၃-၁၄
တနင်္လာနေ့၊ မတ် ၂၅
မင်းတို့က ငါ့ကို ခေါ်ကြလိမ့်မယ်။ ငါ့ဆီ ဆုတောင်းကြလိမ့်မယ်။ ငါကလည်း မင်းတို့ပြောတာကို နားထောင်မယ်။—ယေ. ၂၉:၁၂။
အီဒွါဒိုလို့ ကျွန်တော်တို့ ခေါ်မယ့် တစ်ကိုယ်ရေ ညီအစ်ကိုငယ်က စိုးရိမ်နေတာတွေအကြောင်း သက်ကြီး အိမ်ထောင်သည် အကြီးအကဲ စတီဗင်ကို ပြောပြတယ်။ ‘အိမ်ထောင်ပြုရင် ဘဝဒုက္ခတွေ ကြုံတွေ့ရမှာပဲ’ လို့ ပြောထားတဲ့ ၁ ကောရိန္သု ၇:၂၈ ကို အီဒွါဒို စဉ်းစားနေခဲ့တယ်– “ဒီမှာပြောထားတဲ့ ‘ဒုက္ခ’ ဆိုတာ ဘာလဲ။ ကျွန်တော် အိမ်ထောင်ပြုရင် ဘယ်လို ဖြေရှင်းရမလဲ” ဆိုပြီး မေးတယ်။ အဲဒီမေးခွန်းကို မဖြေခင် ‘ကျွန်တော်တို့ ဆင်းရဲဒုက္ခအမျိုးမျိုး ခံရတဲ့အခါ နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ ဘုရားသခင် နှစ်သိမ့်ပေးတယ်’ ဆိုတဲ့ တမန်တော်ပေါလုရဲ့ စကားကို စဉ်းစားဖို့ အီဒွါဒိုကို စတီဗင် အကြံပြုတယ်။ (၂ ကော. ၁:၃၊ ၄) ယေဟောဝါဟာ မေတ္တာရှင်ဖခင် ဖြစ်တယ်။ ကျွန်တော်တို့ အခက်အခဲတွေ ကြုံရချိန်မှာ နှစ်သိမ့်ပေးတယ်။ ဘုရားသခင်ရဲ့ ကူညီလမ်းပြမှုကို သင်ကိုယ်တွေ့ ကြုံဖူးမှာပါ။ အများအားဖြင့် နှုတ်မြွက်တော် ကျမ်းစာကတစ်ဆင့် ပေးလေ့ရှိတယ်။ ရှေးခေတ်ကျေးကျွန်တွေရဲ့ အကောင်းဆုံး အကျိုးကို လိုလားခဲ့သလိုပဲ ကျွန်တော်တို့ရဲ့ အကောင်းဆုံး အကျိုးကိုလည်း လိုလားတယ်။—ယေ. ၂၉:၁၁။ w17.06 ၄ ¶၁-၂
အင်္ဂါနေ့၊ မတ် ၂၆
ယေဟောဝါက တိုင်းတစ်ပါးသားတွေကို ကာကွယ်တယ်။—ဆာ. ၁၄၆:၉။
ဒုက္ခသည်ညီအစ်ကိုတွေဟာ ရုပ်ပစ္စည်းထက် ဘုရားရေးရာနဲ့ စိတ်ပိုင်းဆိုင်ရာ အကူအညီ ပိုလိုအပ်တယ်။ (မ. ၄:၄) မိခင်ဘာသာစကားနဲ့ စာပေတွေ ရရှိနိုင်အောင်၊ စကားတူတဲ့ ညီအစ်ကိုတွေနဲ့ အဆက်အသွယ်ရအောင် အကြီးအကဲတွေ ကူညီပေးနိုင်တယ်။ ဒုက္ခသည်များစွာဟာ မိသားစု၊ အသိုင်းအဝိုင်း၊ အသင်းတော်တွေနဲ့ ဝေးကွာနေကြတယ်။ ခရစ်ယာန်ချင်းတွေအလယ်မှာ ယေဟောဝါရဲ့ မေတ္တာနဲ့ ထောက်ထားစာနာမှု ခံစားရဖို့ လိုတယ်။ မဟုတ်ရင် မယုံကြည်သူ ဆွေမျိုးတွေ၊ ယဉ်ကျေးမှုနောက်ခံတူတဲ့ တစ်နယ်တည်းသားတွေဆီ ရောက်သွားနိုင်တယ်။ (၁ ကော. ၁၅:၃၃) အသင်းတော်မှာ အပြည့်အဝ လက်ခံကြိုဆိုတယ်လို့ ခံစားစေခြင်းအားဖြင့် “တိုင်းတစ်ပါးသားတွေကို ကာကွယ်” ပေးတဲ့ ယေဟောဝါနဲ့အတူ လုပ်ဆောင်ရတဲ့ အခွင့်ထူး ရရှိထားပါတယ်။ ဒုက္ခသည်တွေဟာ ဖိနှိပ်သူတွေ ရှိနေသေးသရွေ့ နေရင်းပြည်ကို မပြန်နိုင်ခဲ့ကြဘူး။ များစွာဟာ ကြုံတွေ့ခဲ့တာတွေကြောင့် စိတ်ဒဏ်ရာတွေ ရထားကြတယ်။ ‘ငါသာ သူတို့နေရာမှာဆိုရင် ဘယ်လို ဆက်ဆံတာမျိုး လိုချင်သလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။—မ. ၇:၁၂။ w17.05 ၆ ¶၁၅-၁၆
ဗုဒ္ဓဟူးနေ့၊ မတ် ၂၇
လူအတော်များများဟာ မေတ္တာတရား ခေါင်းပါးလာလိမ့်မယ်။—မ. ၂၄:၁၂။
စိတ်ပျက်အားလျော့သွားရင် ယုံကြည်ခြင်း အားနည်းလာနိုင်တယ်၊ ဘုရားကို ချစ်တဲ့ မေတ္တာ ခေါင်းပါးလာနိုင်တယ်။ စာတန် ထိန်းချုပ်ထားတဲ့ ဒီစနစ်ဆိုးကြီးမှာ တစ်ချိန်မဟုတ် တစ်ချိန် စိတ်ပျက်စရာ အခြေအနေတွေ ကြုံတွေ့ရနိုင်တယ်။ (၁ ယော. ၅:၁၉) အသက်အရွယ် အိုမင်းလို့၊ ကျန်းမာရေး မကောင်းလို့၊ စီးပွားရေး ကျပ်တည်းလို့ လောလောဆယ် ပြဿနာတွေ ရင်ဆိုင်နေကြရတယ်။ အရည်အချင်း မပြည့်မီဘူး၊ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာဘူး၊ ချွတ်ယွင်းချက် ရှိနေတယ်ဆိုတဲ့ ခံစားချက်တွေနဲ့ တိုက်လှန်နေရနိုင်တယ်။ ဒီအခြေအနေတွေ၊ ခံစားချက်တွေကြောင့် ကျွန်တော်တို့ကို ယေဟောဝါ စွန့်လိုက်ပြီလို့ ဘယ်တော့မှ မယူဆသင့်ဘူး။ အဲဒီအစား ကျွန်တော်တို့အပေါ်ထားတဲ့ ယေဟောဝါရဲ့ တည်မြဲတဲ့ မေတ္တာအကြောင်း နှစ်သိမ့်မှုဖြစ်စေတဲ့ စကားတွေကို တွေးတောဆင်ခြင်သင့်တယ်။ “ဘုရားက ငါတို့ နိမ့်ကျသွားတဲ့အခါ ငါတို့ကို သတိရတယ်။ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်” လို့ ဆာလံ ၁၃၆:၂၃ မှာ ဖော်ပြထားတယ်။ မိမိကျေးကျွန်တွေအပေါ် ထားရှိတဲ့ ယေဟောဝါရဲ့ ခိုင်မြဲတဲ့ မေတ္တာဟာ ဘယ်တော့မှ မပြောင်းလဲဘူး။ ဒါကြောင့် “အသနားခံတာကို ဘုရား နားထောင်ပေး” ကြောင်း၊ ဖြေဆိုပေးကြောင်း စိတ်ချနိုင်တယ်။—ဆာ. ၁၁၆:၁။ ၁၃၆:၂၄-၂၆။ w17.05 ၁၈ ¶၈
ကြာသပတေးနေ့၊ မတ် ၂၈
သူတစ်ပါးရဲ့အပြစ်ကို ခွင့်မလွှတ်ရင်တော့ အဖဘုရားက ခင်ဗျားတို့ရဲ့အပြစ်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး။—မ. ၆:၁၅။
ဂလာတိ ၂:၁၁-၁၄ မှာ ဖော်ပြထားသလို ပေတရုဟာ လူကို ကြောက်ရွံ့တဲ့ ထောင်ချောက်ထဲ ကျရောက်ခဲ့တယ်။ (ပညာ. ၂၉:၂၅) ကိစ္စရပ်အပေါ် ယေဟောဝါရဲ့ အမြင်ကို ကိုယ်တွေ့ သိခဲ့ရပေမဲ့ ဂျေရုဆလင် အသင်းတော်မှာရှိတဲ့ အရေဖျားလှီးထားတဲ့ ဂျူးတွေရဲ့ အမြင်ကို ပေတရု ကြောက်ခဲ့တယ်။ အေဒီ ၄၉ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ တမန်တော် ပေါလုက အန္တိအုတ်မြို့မှာ ပေတရုနဲ့ တွေ့ပြီး သူ့ရဲ့ဟန်ဆောင်မှုကို ဖော်ထုတ်ခဲ့တယ်။ (တ. ၁၅:၁၂။ ဂလ. ၂:၁၃) ပေါလုရဲ့ တည့်မတ်မှုကို ပေတရု နှိမ့်ချစွာ လက်ခံခဲ့တယ်။ အခွင့်ထူးတွေ ဆုံးရှုံးသွားတယ်ဆိုတဲ့ ကျမ်းမှတ်တမ်း မရှိဘူး။ တကယ်တော့ ကျမ်းစာရဲ့ အစိတ်အပိုင်း ဖြစ်လာမယ့် စာနှစ်စောင်ကို နောက်ပိုင်းမှာ စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးသားခဲ့တယ်။ အသင်းတော်ရဲ့ ဦးခေါင်း ယေရှုက ပေတရုကို ဆက်အသုံးပြုခဲ့တယ်။ (ဧ. ၁:၂၂) ဒါကြောင့် အသင်းတော်သားတွေက ခွင့်လွှတ်ခြင်းအားဖြင့် ယေရှုနဲ့ ယေဟောဝါကို တုပဖို့ အခွင့်အရေး ရရှိခဲ့ကြတယ်။ မစုံလင်သူတစ်ယောက်ရဲ့ အမှားကြောင့် ဘယ်သူမှ တိုက်မိလဲခဲ့ပုံ မရဘူး။ w17.04 ၂၇ ¶၁၆-၁၈
သောကြာနေ့၊ မတ် ၂၉
သောဒုံနဲ့ ဂေါမောရမြို့ကိုလည်း ပြာကျအောင်လုပ်ပြီး ပြစ်ဒဏ်စီရင်ခဲ့တယ်။ ဒါဟာ ဘုရားတရားမဲ့သူတွေ နောင်ကြုံရမယ့်အရာကို ဖော်ပြတဲ့ နမူနာပဲ။—၂ ပေ. ၂:၆။
အဲဒီဒေသတစ်ခုလုံးကို ယေဟောဝါ ဖျက်ဆီးတဲ့အခါ မကောင်းမှုကို အဆုံးတိုင်စေရုံသာမက “ဘုရားတရားမဲ့သူတွေ နောက်ကြုံရမယ့် အရာကို ဖော်ပြတဲ့ နမူနာ” ပါ ပြခဲ့တယ်။ အဲဒီခေတ်က မကောင်းမှုအားလုံးကို ယေဟောဝါ အဆုံးတိုင်စေခဲ့သလို လက်ရှိစနစ်ကို တရားစီရင်ချိန်မှာလည်း အလားတူ မကောင်းမှုတွေကို အဆုံးတိုင်စေပါလိမ့်မယ်။ မကောင်းတဲ့ လုပ်ရပ်တွေနေရာမှာ ဘာအစားဝင်မလဲ။ ပရဒိသုမြေကြီးမှာ ပျော်ရွှင်စရာကောင်းတဲ့ လုပ်ဆောင်မှုတွေ ပြည့်နေပါလိမ့်မယ်။ ကမ္ဘာမြေကို ပရဒိသုဖြစ်အောင် လုပ်ဆောင်ရတဲ့၊ ကိုယ်တိုင်နဲ့ ချစ်ရသူတွေအတွက် အိမ်ဆောက်ရတဲ့ ပျော်စရာကောင်းတဲ့အလုပ်ကို စဉ်းစားကြည့်ပါ။ သေဆုံးသူ သန်းပေါင်းများစွာကို ပြန်ကြိုဆိုရမယ့် အခွင့်အရေး၊ ယေဟောဝါရဲ့ နည်းလမ်းတွေ၊ လူသားတွေနဲ့ ဆက်ဆံပုံ သမိုင်းကြောင်းတွေကို ပြန်သင်ပေးရမယ့် အခွင့်အရေးအကြောင်းလည်း စဉ်းစားကြည့်ပါ။ (ဟေရှာ. ၆၅:၂၁၊ ၂၂။ တ. ၂၄:၁၅) ကိုယ်တိုင် ပျော်ရွှင်ရမယ့်၊ ယေဟောဝါကို ချီးမွမ်းမှု ဖြစ်စေမယ့် လုပ်ဆောင်စရာတွေနဲ့ အလုပ်များနေပါလိမ့်မယ်။ w17.04 ၁၂ ¶၁၁-၁၂
စနေနေ့၊ မတ် ၃၀
အိမ်တံခါးဝမှာ ထွက်ကြိုသူ ဘယ်သူမဆို ယေဟောဝါဘုရားအတွက် ဖြစ်စေရ ပါ့မယ်။—သူကြီး. ၁၁:၃၁။
ဒီလို သစ္စာကတိပြုတဲ့အခါ ထွက်ကြိုမယ့်သူဟာ သမီးဖြစ်နိုင်မှန်း ယေဖသ ကောင်းကောင်းသိထားမှာပဲ။ သားအဖနှစ်ယောက်အတွက် တကယ် စွန့်လွှတ်အနစ်နာခံရမယ့် စိတ်ထိခိုက်စရာ အခြေအနေပါပဲ။ သမီးကို တွေ့တော့ “အဝတ်ကို ဆွဲဆုတ်” ပြီး ရင်ကွဲပါပြီလို့ ပြောခဲ့တယ်။ သမီးကလည်း ‘အပျိုစင်ဘဝနဲ့ပဲ နေသွားတော့မှာမို့လို့ ငိုကြွေး’ ခဲ့တယ်။ ဘာကြောင့်လဲ။ ယေဖသမှာ သားမရှိဘူး။ တစ်ဦးတည်းသော သမီးကလည်း အိမ်ထောင်သားမွေး မလုပ်နိုင်တော့ဘူး။ မိသားစုနာမည်၊ အမွေဆက်ခံမယ့်သူ မရှိနိုင်တော့ဘူး။ ဒါပေမဲ့ အဲဒါက အရေးကြီးဆုံး မဟုတ်ပါဘူး။ ‘ယေဟောဝါဘုရားကို အဖေ ကတိပေးထားပြီးပြီ။ ပြန်ရုပ်သိမ်းလို့ မရတော့ဘူး’ လို့ ယေဖသ ပြောတယ်။ သမီးကလည်း “ကတိအတိုင်းသာ လုပ်ပါ” လို့ပြောတယ်။ (သူကြီး. ၁၁:၃၅-၃၉) ဘာကိုပဲ ပေးဆက်ရပါစေ အမြင့်မြတ်ဆုံးအရှင် ဘုရားသခင်ဆီ ပြုထားတဲ့ သစ္စာကတိကို ဘယ်တော့မှ မချိုးဖောက်မယ့် သစ္စာရှိသူတွေပါပဲ။—တရား. ၂၃:၂၁၊ ၂၃။ ဆာ. ၁၅:၄။ w17.04 ၄ ¶၅-၆
တနင်္ဂနွေနေ့၊ မတ် ၃၁
စိတ်ရှည်ရှည်နဲ့ စောင့်နေမယ်။—မိ. ၇:၇။
ယောသပ်ဟာ ဆိုးရွားတဲ့ မတရားမှုတွေ ကြုံခဲ့ရတယ်။ ဦးဆုံး အသက် ၁၇ နှစ်လောက်မှာ အစ်ကိုတွေက ကျွန်အဖြစ် ရောင်းစားခဲ့တယ်။ သခင့်မိန်းမကို အဓမ္မကျင့်ဖို့ ကြိုးစားတယ်လို့ မတရားစွပ်စွဲခံရပြီး ထောင်ချခံခဲ့ရတယ်။ (က. ၃၉:၁၁-၂၀။ ဆာ. ၁၀၅:၁၇၊ ၁၈) ဖြောင့်မတ်မှုကြောင့် ကောင်းချီးအစား အပြစ်ပဲ ပေးခံရပုံ ပေါက်ခဲ့တယ်။ ဒါပေမဲ့ ၁၃ နှစ်ကြာပြီးနောက် အရာရာ ပြောင်းလဲသွားတယ်။ ထောင်ကနေ လွတ်လာပြီး အီဂျစ်ပြည်မှာ ဒုတိယ အာဏာအရှိဆုံးပုဂ္ဂိုလ် ဖြစ်လာတယ်။ (က. ၄၁:၁၄၊ ၃၇-၄၃။ တ. ၇:၉၊ ၁၀) မတရားမှုတွေကြောင့် ယောသပ် နာကြည်းခဲ့သလား။ ယေဟောဝါဘုရားအပေါ် ယုံကြည်မှု ပျောက်ဆုံးသွားသလား။ ပျောက်ဆုံးမသွားပါဘူး။ စိတ်ရှည်စွာ စောင့်ဆိုင်းဖို့ ယောသပ်ကို ဘာက ကူညီပေးသလဲ။ ယေဟောဝါကို ယုံကြည်ခြင်းပဲ။ ကိစ္စရပ်တွေအပေါ် ယေဟောဝါရဲ့ လက်တော်ကို မြင်တွေ့ခဲ့တယ်။ “ကျွန်တော့်ကို အစ်ကိုတို့ မကောင်းကြံခဲ့ပေမဲ့ ဘုရားသခင်က အခုလို လူအများရဲ့အသက်ကို ကယ်ဖို့ အကောင်းဖြစ်စေခဲ့ပြီပဲ” လို့ ပြောတာကို ကြည့်ရင် သိနိုင်ပါတယ်။ (က. ၅၀:၁၉၊ ၂၀) စောင့်ရကျိုးနပ်မှန်း ယောသပ် သဘောပေါက်ခဲ့တယ်။ w17.08 ၄ ¶၆။ ၆ ¶၁၂-၁၃