ဧပြီ
တနင်္လာနေ့၊ ဧပြီ ၁
လူတွေကို လက်ဆောင်အဖြစ် ပြန်ပေးတယ်။—ဧ. ၄:၈။
အဲဒီအဖိုးတန်လက်ဆောင်တွေကနေ ကျွန်တော်တို့ ဘယ်လို အကျိုးရနိုင်သလဲ။ တစ်နည်းက အကြီးအကဲတွေရဲ့ ယုံကြည်ခြင်းနဲ့ ပုံသက်သေကောင်းကို တုပခြင်း၊ နောက်တစ်နည်းက သူတို့ပေးတဲ့ ကျမ်းစာ အကြံပြုချက်တွေကို နာခံခြင်းဖြစ်တယ်။ (ဟီ. ၁၃:၇၊ ၁၇) ကျွန်တော်တို့ကို အကြီးအကဲတွေ ချစ်ကြောင်း၊ တိုးတက်စေချင်ကြောင်း သတိရပါ။ ဥပမာ၊ အစည်းအဝေး ပျက်တာ၊ ဇွဲလျော့နည်းလာတာကို သတိထားမိတဲ့အခါ ချက်ချင်း အကူအညီ ပေးကြတယ်။ ကျွန်တော်တို့ ပြောတာကို နားထောင်ပေးတယ်။ အားပေးပြီး သင့်တော်တဲ့ ကျမ်းစာအကြံဉာဏ် ပေးကြတယ်။ အဲဒီလို ကူညီမှုကို ယေဟောဝါရဲ့ မေတ္တာအဖြစ် ရှုမြင်သလား။ လိုအပ်တဲ့ အကြံဉာဏ်ပေးဖို့ အကြီးအကဲတွေအတွက်လည်း မလွယ်ပါဘူး။ ဒါကြောင့် အကြီးအကဲတွေ ဝန်ပေါ့အောင် သင် ဘယ်လို ကူညီပေးနိုင်မလဲ။ နှိမ့်ချပါ။ ချဉ်းကပ်ရလွယ်သူ ဖြစ်ပါ။ ကျေးဇူးတင်တတ်ပါ။ သူတို့ရဲ့ အကူအညီကို ဘုရားသခင့် မေတ္တာအဖြစ် ရှုမြင်ပါ။ ဒါက သင့်ကို အကျိုးပြုသလို သူတို့ကိုလည်း ပျော်ရွှင်စေပါလိမ့်မယ်။ w18.03 ၃၁ ¶၁၅-၁၆
အင်္ဂါနေ့၊ ဧပြီ ၂
ငါ့သား၊ ဉာဏ်ပညာရှိပါ။ ငါ့စိတ်ကို ရွှင်လန်းစေပါ။ ဒါမှ ငါ့ကို ကဲ့ရဲ့နေတဲ့သူကို ငါချေပနိုင်မယ်။—ပညာ. ၂၇:၁၁။
ကလေးတစ်ယောက်စီက မတူညီကြဘူး။ ရင့်ကျက်မှုနှုန်း ကွဲပြားကြတယ်။ တချို့က ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ဓာတ် အတော်ရင့်ကျက်ပြီး နှစ်ခြင်းခံချင်ကြတယ်။ တချို့ကျတော့ အတော်ကြီးတဲ့အထိ နှစ်ခြင်းခံဖို့ အသင့်မဖြစ်ကြဘူး။ ဒါကြောင့် ပိုင်းခြားတတ်တဲ့ မိဘတွေက သားသမီးတွေကို နှစ်ခြင်းခံဖို့ ဖိအားမပေးကြဘူး။ အဲဒီအစား ကလေးတစ်ယောက်စီရဲ့ တိုးတက်မှုအလိုက် ဘုရားရေးရာဘက် တက်လှမ်းနိုင်အောင် ကူညီပေးကြတယ်။ ဒီနေ့ နေ့စဉ်ကျမ်းချက်မှာပါတဲ့ စကားကို ကလေးတွေ နှလုံးသွင်းတဲ့အခါ မိဘတွေ ဝမ်းသာနိုင်တယ်။ သားသမီးတွေကို တပည့်ဖြစ်စေဖို့ဆိုတဲ့ ပန်းတိုင်ကို မမေ့ကြဘူး။ ဒါကြောင့် ‘ငါ့ကလေး ဘုရားသခင်ဆီ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံဖို့ အသိပညာ အလုံအလောက် ရှိပြီလား’ လို့ မိဘတွေ စဉ်းစားသင့်တယ်။ w18.03 ၉ ¶၆
ဗုဒ္ဓဟူးနေ့၊ ဧပြီ ၃
ကိုယ့်အကျိုး ပျက်မယ်ဆိုရင်တောင် ကတိတည်တတ်တယ်။—ဆာ. ၁၅:၄။
ဖိတ်ခေါ်တာကို လက်ခံပြီးပြီဆိုရင် မဖျက်သင့်ဘူး။ ဘာမဟုတ်တာလေးနဲ့ ဖျက်လိုက်မယ်ဆိုရင် အိမ်ရှင် ပင်ပင်ပန်းပန်း ပြင်ဆင်ထားတာတွေ အလကား ဖြစ်သွားမယ်။ (မ. ၅:၃၇) တချို့က ပိုသာတာကို လက်ခံဖို့ ပထမလက်ခံထားတာကို ဖျက်တတ်ကြတယ်။ အဲဒီလိုလုပ်တာ မေတ္တာရှိရာ၊ လေးစားရာရောက်ပါ့မလား။ အိမ်ရှင် ဘာနဲ့ပဲ ဧည့်ခံပါစေ ကျေးဇူးတင်စိတ်နဲ့ လက်ခံသင့်တယ်။ (လု. ၁၀:၇) မဖြစ်မနေ ဖျက်ဖို့ လိုလာတယ်ဆိုရင် အိမ်ရှင်ကို ချက်ချင်း အကြောင်းကြားတာက မေတ္တာရှိရာ၊ စာနာထောက်ထားရာ ရောက်ပါလိမ့်မယ်။ ဒေသထုံးစံတွေကို လေးစားဖို့လည်း အရေးကြီးတယ်။ တချို့ယဉ်ကျေးမှုတွေမှာ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်တွေကို လိုလိုလားလား လက်ခံပေမဲ့ တချို့ကတော့ ကြိုတင်စီစဉ်တာကို ပိုနှစ်သက်ကြတယ်။ တချို့ယဉ်ကျေးမှုမှာ ဧည့်သည်က ဖိတ်ဖိတ်ချင်း တစ်ကြိမ် နှစ်ကြိမ်လောက် ငြင်းကြတယ်။ တချို့မှာတော့ အဲဒီလို ငြင်းတာ ရိုင်းရာကျတယ်။ ကျွန်တော်တို့က ဖိတ်ခေါ်တဲ့ အိမ်ရှင်ကို အတတ်နိုင်ဆုံး ပျော်ရွှင်စေသင့်တယ်။ w18.03 ၁၈ ¶၂၀-၂၁
ကြာသပတေးနေ့၊ ဧပြီ ၄
ရင့်ကျက်တဲ့အဖြစ်ကို တက်လှမ်းကြစို့။—ဟီ. ၆:၁။
ဘုရားတရားစိတ်ဓာတ်ရှိသူ ဖြစ်ဖို့ ကျမ်းစာ အသိပညာ ရှိရုံနဲ့ မလုံလောက်ကြောင်း သတိရပါ။ (၁ ဘု. ၄:၂၉၊ ၃၀။ ၁၁:၄-၆) ဒါဆိုရင် ကျမ်းစာအသိပညာအပြင် ဘာလိုသေးသလဲ။ ယုံကြည်ခြင်းမှာ ဆက်တိုးတက်နေသူ ဖြစ်ရမယ်။ (ကော. ၂:၆၊ ၇) အရေးကြီးတဲ့အချက်ကတော့ “ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာကို အမြဲလုပ်ဆောင်ပါ” စာအုပ်ကို လေ့လာခြင်းပါပဲ။ အဲဒီစာအုပ်ကို အပြီးလေ့လာမယ်ဆိုရင် အသက်တာမှာ ကျမ်းစာအခြေခံမူတွေ ကျင့်သုံးနိုင်ပုံကို သိမြင်လာပါလိမ့်မယ်။ အဲဒီစာအုပ်ကို လေ့လာပြီးပြီဆိုရင် ယုံကြည်ခြင်း တိုးတက်စေနိုင်တဲ့ တခြားစာပေတွေ ဆက်လေ့လာနိုင်မလား။ (ကော. ၁:၂၃) လေ့လာတဲ့အရာကို ဘယ်လို ကျင့်သုံးနိုင်သလဲဆိုတာ ဆုတောင်းပြီး ဆင်ခြင်သလား။ ကျွန်တော်တို့ လေ့လာဆင်ခြင်တဲ့အခါ ယေဟောဝါရဲ့ နှစ်သက်မှု ရရှိချင်တဲ့စိတ်၊ ပညတ်တွေ နာခံချင်တဲ့စိတ် ပျိုးထောင်ဖို့ ဆိုတဲ့ ပန်းတိုင်နဲ့ ဖြစ်သင့်တယ်။ (ဆာ. ၄၀:၈။ ၁၁၉:၉၇) တစ်ချိန်တည်းမှာ တိုးတက်မှုကို ဟန့်တားမယ့်အရာတွေကို ရှောင်ရမယ်။—တိ. ၂:၁၁၊ ၁၂။ w18.02 ၂၄-၂၅ ¶၇-၉
သောကြာနေ့၊ ဧပြီ ၅
[နောဧဟာ] ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံခဲ့ရတယ်။—ဟီ. ၁၁:၇။
နောဧလို ယုံကြည်ခြင်းမျိုး ပျိုးထောင်ချင်ရင် ဘုရားသခင့် စကားတော်ကို လေ့လာဖို့၊ သိရှိလာတာကို နှလုံးသွင်းဖို့၊ အသိပညာရဲ့ လမ်းပြပုံသွင်းမှုကို ခံယူဖို့ အရေးကြီးတယ်။ (၁ ပေ. ၁:၁၃-၁၅) ယုံကြည်ခြင်းနဲ့ ဘုရားရေးရာ ဉာဏ်ပညာက စာတန်ရဲ့ ဉာဏ်နီဉာဏ်နက်တွေ၊ လောကရဲ့ ဆိုးညစ်တဲ့ စိတ်ဓာတ်တွေကနေ ကာကွယ်ပေးပါလိမ့်မယ်။ (၂ ကော. ၂:၁၁) လောကစိတ်ဓာတ်က အကြမ်းဖက်မှုနဲ့ အကျင့်ပျက်မှုကို ကြိုက်နှစ်သက်စေတယ်။ သွေးသားဆန္ဒတွေကို အာရုံစိုက်စေတယ်။ (၁ ယော. ၂:၁၅၊ ၁၆) ဘုရားသခင့်နေ့ကြီး နီးကပ်နေတဲ့ အထောက်အထားကို လျစ်လျူရှုဖို့တောင် ယုံကြည်ခြင်း အားနည်းသူကို လှုံ့ဆော်ပေးနိုင်တယ်။ ကျွန်တော်တို့ခေတ်ကို နောဧခေတ်နဲ့ ယေရှု နှိုင်းယှဉ်ချိန်မှာ အကြမ်းဖက်မှု၊ အကျင့်ပျက်မှုကို အလေးမပေးဘဲ ဘုရားတရား စိတ်ပါဝင်စားမှု မရှိတဲ့သဘောကို အလေးပေးခဲ့ကြောင်း သတိပြုပါ။ (မ. ၂၄:၃၆-၃၉) ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ငါ့ရဲ့ဘဝလမ်းစဉ်က ယေဟောဝါကို တကယ်သိကြောင်း ဖော်ပြနေသလား။ ယုံကြည်ခြင်းက ဘုရားသခင့် ဖြောင့်မတ်တဲ့ စံနှုန်းတွေအတိုင်း နေထိုင်ဖို့ လှုံ့ဆော်ပေးရုံသာမက အဲဒီစံနှုန်းတွေအကြောင်း ကြေညာဖို့ လှုံ့ဆော်ပေးသလား။’ သင့်အဖြေက ‘ဘုရားသခင့် လမ်းစဉ်အတိုင်း လျှောက်လှမ်းနေ’ ကြောင်း ဖော်ပြနိုင်ပါစေ။—က. ၆:၉။ w18.02 ၉-၁၀ ¶၈-၁၀
စနေနေ့၊ ဧပြီ ၆
အဲဒီလူတွေကို ရှောင်ပါ။—၂ တိ. ၃:၅။
ဘုရားတရားမဲ့တဲ့ စရိုက်ရှိသူတွေကို လုံးဝ ရှောင်ဖို့ မဖြစ်နိုင်ဘူး။ သူတို့နဲ့အတူ အလုပ်လုပ်တာ၊ ကျောင်းတက်တာ၊ အတူနေထိုင်တာ ရှိနိုင်တယ်။ ဒါပေမဲ့ သူတို့ရဲ့ အတွေးအခေါ်၊ သူတို့ရဲ့ အကျင့်စရိုက်တွေကိုတော့ ရှောင်ရမယ်။ ကျမ်းစာလေ့လာခြင်း၊ ယေဟောဝါကို ဝတ်ပြုဖို့ ဆုံးဖြတ်ထားသူတွေနဲ့ အနီးကပ်ပေါင်းသင်းခြင်းအားဖြင့် ရှောင်နိုင်ပါတယ်။ တခြားသူတွေကိုလည်း ဘုရားရေးရာပိုင်းမှာ ကူညီပေးဖို့ ကြိုးစားကြရမယ်။ သက်သေခံဖို့ အခွင့်အရေး ရှာပါ။ သင့်တော်တဲ့အချိန်မှာ သင့်တော်တဲ့စကား ပြောဆိုတတ်ဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ ကျွန်တော်တို့ ယေဟောဝါသက်သေတွေဖြစ်တယ်ဆိုတာကို တခြားသူတွေ သိစေပါ။ ဒီနည်းအားဖြင့် ကျွန်တော်တို့ရဲ့ အမူအကျင့်ကောင်းက ကိုယ့်ကိုယ်ကိုယ် မဟုတ်ဘဲ ဘုရားသခင်ကို ဂုဏ်တင်ပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ‘ဘုရားတရားမဲ့တာတွေ၊ လောကရဲ့ မကောင်းတဲ့ အလိုဆန္ဒတွေကို ငြင်းပယ်တတ်အောင် လေ့ကျင့်ပေးခြင်း ခံရတယ်။ လက်ရှိ လောကစနစ်မှာ ချင့်ချိန်တတ်အောင်၊ ဖြောင့်မတ်တဲ့ လမ်းစဉ်အတိုင်း နေထိုင်တတ်အောင်၊ ဘုရားတရား ကိုင်းရှိုင်းတတ်အောင်လည်း လေ့ကျင့်ပေးခြင်း ခံရတယ်။’ (တိ. ၂:၁၁-၁၄) ဘုရားအလိုတော်နဲ့အညီ ကျင့်ကြံနေထိုင်မယ်ဆိုရင် တခြားသူတွေ သတိပြုမိပြီး “ခင်ဗျားတို့နဲ့အတူ ဘုရားသခင်ရှိတယ်လို့ ကြားတဲ့အတွက် ကျွန်တော်တို့လည်း လိုက်ချင်ပါတယ်” လို့တောင် ပြောကြပါလိမ့်မယ်။—ဇာ. ၈:၂၃။ w18.01 ၃၁ ¶၁၇-၁၈
တနင်္ဂနွေနေ့၊ ဧပြီ ၇
လူတွေဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူ [ဖြစ်ကြလိမ့်မယ်]။—၂ တိ. ၃:၅။
ကိုယ့်ကိုယ်ကိုယ် ချစ်တာ မှားသလား။ မမှားပါဘူး။ ကိုယ့်ကိုယ်ကိုယ် ချစ်တာက သဘာဝပါပဲ။ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ လိုတယ်။ ကျွန်တော်တို့ကို အဲဒီလိုပဲ ယေဟောဝါ ပုံစံပြုထားတယ်။ “လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ” လို့ ယေရှု ပြောခဲ့တယ်။ (မာ. ၁၂:၃၁) ကိုယ့်ကိုယ်ကိုယ် မချစ်ရင် လူလူချင်းကိုလည်း မချစ်နိုင်ဘူး။ “ခင်ပွန်းဟာ ကိုယ့်ကိုယ်ကိုယ် ချစ်သလို ဇနီးကို ချစ်ရမယ်။ ဇနီးကိုချစ်တဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့သူပဲ။ ကိုယ့်ခန္ဓာကိုယ်ကို မုန်းတဲ့သူ တစ်ယောက်မှ မရှိဘူး။ လူတိုင်း ကိုယ့်ခန္ဓာကိုယ်ကို ကျွေးမွေးပြီး မြတ်နိုးတတ်တယ်” လို့လည်း ကျမ်းစာမှာ ဖတ်ရတယ်။ (ဧ. ၅:၂၈၊ ၂၉) ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် တော်မှန်စွာ ချစ်သင့်ပါတယ်။ တိမောသေ ဒုတိယစောင် ၃:၂ မှာ ဖော်ပြထားတဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းကတော့ သာမန် မဟုတ်ဘူး။ အကျိုးမပြုဘူး။ လွဲမှားတယ်။ အတ္တဆန်တယ်။ ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံ ချစ်တဲ့သူတွေက ကိုယ့်ကိုယ်ကိုယ် ထင်သင့်တာထက် ပိုထင်ကြတယ်။ (ရော. ၁၂:၃) ကိုယ့်အရေးကိုပဲ စိတ်ဝင်စားတယ်။ တခြားသူတွေကို ဂရုမစိုက်ဘူး။ အမှားတွေ ပေါ်လာတဲ့အခါ တာဝန်ယူမယ့်အစား တခြားသူတွေကို အပြစ်တင်ချင်ကြတယ်။ အဲဒီလို ကိုယ့်အတွက်ပဲ ကြည့်တဲ့သူတွေဟာ တကယ် မပျော်ကြဘူး။ w18.01 ၂၃ ¶၄-၅
တနင်္လာနေ့၊ ဧပြီ ၈
ကျေးဇူးသိတတ်ကြပါ။—ကော. ၃:၁၅။
ကိုယ်ပိုင်လေ့လာမှုဟာ ယေဟောဝါရဲ့ စကားကို နားထောင်နိုင်တဲ့နည်း ဖြစ်ပြီး ဆုတောင်းခြင်းကတော့ ယေဟောဝါနဲ့ စကားပြောနိုင်တဲ့နည်း ဖြစ်တယ်။ ခရစ်ယာန်တစ်ယောက်ဟာ ဆုတောင်းခြင်းကို အဓိပ္ပာယ်မဲ့တဲ့ ထုံးစံအဖြစ်၊ အောင်မြင်မှု အခွင့်အလမ်း တိုးများစေတဲ့ ‘ကံကောင်းခြင်းဂါထာ’ အဖြစ် သဘောမထားသင့်ဘူး။ ဆုတောင်းခြင်းဟာ ဖန်ဆင်းရှင်နဲ့ တကယ်ဆက်သွယ်ခြင်း ဖြစ်တယ်။ ယေဟောဝါက သင်ပြောတာကို နားထောင်ချင်တယ်။ (ဖိ. ၄:၆) ဘယ်စိုးရိမ်ပူပန်မှုမျိုးကိုပဲ ရင်ဆိုင်ရပါစေ “ထမ်းထားရတဲ့ဝန်ကို ယေဟောဝါဆီ ပုံအပ်လိုက်” ဖို့ ကျမ်းစာမှာ အကြံပြုထားတယ်။ (ဆာ. ၅၅:၂၂) အဲဒါကို တကယ်ယုံကြည်သလား။ ယေဟောဝါဆီ ပုံအပ်ခြင်းက အကူအညီဖြစ်စေကြောင်း ပြောနိုင်တဲ့ ညီအစ်ကို/မများစွာ ရှိပါတယ်။ သင့်အတွက်လည်း အကူအညီ ဖြစ်စေနိုင်ပါတယ်။ ဆုတောင်းခြင်းဟာ ယေဟောဝါဆီ အကူအညီတောင်းရုံထက်မက အခွင့်အရေး ရစေတယ်။ တစ်ခါတလေ ပြဿနာတွေ များလွန်းလို့ ကောင်းချီးများစွာကို လျစ်လျူရှုမိနိုင်တယ်။ နေ့တိုင်း ကျေးဇူးတင်စရာ အနည်းဆုံး သုံးခုကို စဉ်းစားကြည့်ဖို့ ဆုံးဖြတ်ထားပါ။ ပြီးတော့ အဲဒီကောင်းချီးတွေအတွက် ယေဟောဝါကို ကျေးဇူးတင်ဆုတောင်းပါ။ w17.12 ၂၅-၂၆ ¶၁၀-၁၁
အင်္ဂါနေ့၊ ဧပြီ ၉
သမ္မာကျမ်းစာကို နို့စို့အရွယ်ကတည်းက မင်းသိရှိခဲ့တယ်။ အဲဒီကျမ်းစာဟာ ဉာဏ်ပညာ ရှိစေနိုင်တယ်။ . . . ကယ်တင်ခြင်းရနိုင်အောင် အဲဒီဉာဏ်ပညာက ကူညီပေးတယ်။—၂ တိ. ၃:၁၅။
ကျမ်းစာသင်သား ထောင်ပေါင်းများစွာဟာ ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံကြတယ်။ အမှန်တရားထဲမှာ ကြီးပြင်းလာပြီး အကောင်းဆုံး ဘဝလမ်းစဉ်ကို ရွေးချယ်တဲ့လူငယ်တွေ များကြတယ်။ (ဆာ. ၁:၁-၃) သင်ဟာ ခရစ်ယာန်မိဘ ဖြစ်မယ်ဆိုရင် ကိုယ့်သားသမီး နှစ်ခြင်းခံမယ့်နေ့ကို စောင့်မျှော်နေမှာ သေချာတယ်။ (၃ ယောဟန် ၄ နဲ့ နှိုင်းယှဉ်ပါ။) ခရစ်ယာန်မိဘတစ်ယောက်အနေနဲ့ ကိုယ့်သားသမီးကို ဟီဘရူးကျမ်းစောင်တွေ၊ ခရစ်ယာန်ဂရိကျမ်းစောင်တွေ ပါဝင်တဲ့ သမ္မာကျမ်းစာအကြောင်း သိစေချင်မှာပဲ။ ကလေးငယ်တွေတောင် စွမ်းရည်ပေါ်မူတည်ပြီး ကျမ်းစာမှာပါတဲ့ ပုဂ္ဂိုလ်တွေ၊ ဖြစ်ရပ်တွေအကြောင်း အခြေခံသဘောလောက် သိရှိနိုင်တယ်။ သားသမီးတွေကို ကူညီပေးဖို့ မိဘတွေ အသုံးပြုနိုင်တဲ့ ကိရိယာများစွာကို ယေဟောဝါရဲ့ အဖွဲ့အစည်းက ပြင်ဆင်ပေးထားတယ်။ ယေဟောဝါနဲ့ ခိုင်မာတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့ ကျမ်းစာအသိပညာက အခြေခံကျတယ်ဆိုတာ သတိရပါ။ w17.12 ၁၈ ¶၁။ ၁၉ ¶၄
ဗုဒ္ဓဟူးနေ့၊ ဧပြီ ၁၀
ခင်ပွန်းကလည်း ဇနီးရဲ့ ဦးခေါင်းဖြစ်[တယ်]။—ဧ. ၅:၂၃။
ဇနီးသည်အနေနဲ့ မယုံကြည်သူ ခင်ပွန်း ကောင်းကောင်း မဆက်ဆံဘူးလို့ ခံစားနေရရင် ဘယ်လို လုပ်မလဲ။ သူနဲ့ အငြင်းပွားနေလို့ အခြေအနေ ကောင်းလာမလား။ ကောင်းလာရင်တောင် အမှန်တရားကို လက်ခံလာမလား။ လက်ခံနိုင်ချေ မရှိဘူး။ ဒါပေမဲ့ ခင်ပွန်းရဲ့ ဦးစီးမှုကို လေးစားမယ်ဆိုရင်တော့ မိသားစုမှာ သင့်မြတ်ငြိမ်းချမ်းမှု ရှိစေနိုင်မယ်။ ယေဟောဝါကို ချီးမွမ်းနိုင်မယ်။ ခင်ပွန်းကိုလည်း စစ်မှန်တဲ့ဝတ်ပြုရေးကို လက်ခံလာစေနိုင်မယ်။ ဒါဆိုရင် နှစ်ယောက်စလုံး ဆုရရှိနိုင်ပါလိမ့်မယ်။ (၁ ပေ. ၃:၁၊ ၂) ခင်ပွန်းသည်အနေနဲ့ မယုံကြည်သူ ဇနီးရဲ့ လေးစားမှု မရရှိဘူးလို့ ခံစားနေရရင်ကော။ အိမ်ထောင်ဦးစီး ဖြစ်မှန်း ပြဖို့ အော်ငေါက်နေလို့ ပိုလေးစားလာမလား။ လုံးဝ လေးစားမှာ မဟုတ်ဘူး။ ယေရှုကို တုပပြီး မေတ္တာနဲ့ ဦးစီးဖို့ ဘုရားသခင် မျှော်လင့်တယ်။ ယေရှုဟာ အသင်းတော်ကို မေတ္တာပါစွာ၊ စိတ်ရှည်စွာ ဦးစီးခဲ့တယ်။ (လု. ၉:၄၆-၄၈) ယေရှုရဲ့ ပုံသက်သေကို တုပမယ်ဆိုရင် စစ်မှန်တဲ့ဝတ်ပြုရေးကို ဇနီးသည် လက်ခံလာနိုင်တယ်။ w17.11 ၂၈-၂၉ ¶၁၃-၁၄
ကြာသပတေးနေ့၊ ဧပြီ ၁၁
အရာခပ်သိမ်းကို တည်ဆောက်သူကတော့ ဘုရားသခင်ပဲ။—ဟီ. ၃:၄။
လောကအတွေးအခေါ်က ယေဟောဝါရဲ့ လမ်းညွှန်ချက်တွေကို လျစ်လျူရှုတယ်၊ အလေးမထားဘူး။ ယုံကြည်ခြင်းကို တဖြည်းဖြည်း အားနည်းစေနိုင်တယ်။ ဒီနေ့ လောကအတွေးအခေါ်နဲ့ လူတိုင်း ထိတွေ့နေကြတယ်။ တီဗီ၊ အင်တာနက်၊ အလုပ်၊ ကျောင်းတို့မှာ လောကအတွေးအခေါ်ကို အားပေးအားမြှောက်လုပ်တယ်။ နိုင်ငံများစွာမှာ ဘုရားကို မယုံဘူးလို့ လူတွေ ပြောတာကို ကြားရလေ့ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ဘာသာမဲ့သူလို့ ယူဆကြတယ်။ ဘုရားသခင့် တည်ရှိမှုအကြောင်း အသေအချာ မဆန်းစစ်ကြဘူး။ ကိုယ့်စိတ်ကြိုက် လွတ်လပ်စွာ လုပ်နိုင်တယ်ဆိုတဲ့ အတွေးအခေါ်ကို နှစ်သက်ကြတယ်။ (ဆာ. ၁၀:၄) တချို့ကျတော့ “ဘုရားကို မယုံကြည်လည်းဘဲ မြင့်မားတဲ့စံနှုန်းတွေ ရှိနိုင်တယ်” လို့ ပြောပြီး ပညာရှိလို့ ယူဆနေကြတယ်။ ဖန်ဆင်းရှင် မရှိဘူးဆိုတဲ့ မယုံကြည်သူတွေရဲ့ အဆိုဟာ ယုတ္တိရှိရဲ့လား။ အသက် ဖန်ဆင်းခံရသလားဆိုတာ သိဖို့ သိပ္ပံပညာကို အားကိုးမယ်ဆိုရင် ရှုပ်ထွေးတဲ့ အချက်အလက်တွေကြောင့် အလွယ်တကူ လမ်းစပျောက်သွားနိုင်တယ်။ တကယ်တော့ အဖြေက ရိုးရိုးလေးပါပဲ။ အဆောက်အအုံတစ်ခုတောင်မှ တစ်စုံတစ်ယောက် တည်ဆောက်ဖို့ လိုအပ်မှတော့ သက်ရှိတွေဆိုရင် ပိုလိုအပ်တာပေါ့။ w17.11 ၂၀-၂၁ ¶၂-၄
သောကြာနေ့၊ ဧပြီ ၁၂
ယေဟောဝါကို ကြောက်ရွံ့ရိုသေသူတွေ၊ နာမတော်အကြောင်း တွေးတောဆင်ခြင်သူတွေနဲ့ပတ်သက်ပြီး ရှေ့တော်မှာရှိတဲ့ အောက်မေ့ရာစာစောင်ထဲ ရေးမှတ်ထားတယ်။—မာလ. ၃:၁၆။
အောက်မေ့ရာပွဲ တက်ရောက်ခြင်းရဲ့ အရေးကြီးမှုကို စဉ်းစားပါ။ အသင်းတော်အစည်းအဝေးတွေဟာ ဝတ်ပြုရေးရဲ့ အစိတ်အပိုင်းဖြစ်ကြောင်း သတိရပါ။ တစ်နှစ်တာရဲ့ အရေးကြီးဆုံး ပွဲတော်ကို တက်ရောက်ဖို့ ကြိုးစားအားထုတ်သူတွေကို ယေဟောဝါနဲ့ ယေရှု သတိပြုကြည့်နေတာ သေချာပါတယ်။ ပွင့်ပွင့်လင်းလင်းဆိုရရင် လုံးဝ မဖြစ်နိုင်တဲ့အခြေအနေကလွဲလို့ အောက်မေ့ရာပွဲမှာ ကျွန်တော်တို့ ရှိနေတာ ယေဟောဝါနဲ့ ယေရှုကို မြင်စေချင်ကြပါတယ်။ ဝတ်ပြုအစည်းအဝေးတွေဟာ အရေးကြီးကြောင်း လုပ်ရပ်နဲ့ ဖော်ပြတဲ့အခါ ထာဝရအသက်ရမယ့်သူတွေရဲ့ နာမည်တွေပါတဲ့ “အသက်စာစောင်၊” “အောက်မေ့ရာစာစောင်” မှာ ယေဟောဝါကို ကျွန်တော်တို့နာမည် ထည့်သွင်းစေတာဖြစ်တယ်။ (ဗျာ. ၂၀:၁၅) အောက်မေ့ရာပွဲ နီးလာတဲ့အခါ ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို သေသေချာချာ ဆုတောင်းဆန်းစစ်ဖို့ အချိန်ဖယ်ထားနိုင်ပါတယ်။—၂ ကော. ၁၃:၅။ w18.01 ၁၃ ¶၄-၅
စနေနေ့၊ ဧပြီ ၁၃
အဲဒီမြို့တစ်မြို့ဆီ ထွက်ပြေး[ရမယ်]။—ယောရှု ၂၀:၄။
ဝရမ်းပြေးဟာ ခိုလှုံရာမြို့ထဲ ရောက်တာနဲ့ ဘေးကင်းလုံခြုံသွားပြီ။ ‘အဲဒီမြို့တွေဆီ ပြေးရင် လွတ်မြောက်နိုင်တယ်’ လို့ ယေဟောဝါ ပြောတယ်။ (ယောရှု ၂၀:၂၊ ၃) ဒီပြစ်မှုတစ်ခုတည်းကို ယေဟောဝါ ပြန်မစီရင်တော့ဘူး။ သွေးကြွေးဆပ်မယ့်သူကိုလည်း မြို့ထဲ ဝင်ပြီး သတ်ခွင့် မပြုဘူး။ ဒါကြောင့် ဝရမ်းပြေးဟာ လက်တုံ့ပြန်ခံရမှာကို ကြောက်နေစရာ မလိုဘူး။ ခိုလှုံရာမြို့မှာ ယေဟောဝါရဲ့ ကာကွယ်မှုအောက် ဘေးကင်းလုံခြုံနေပြီ။ ဒီမြို့ဟာ ခိုလှုံရာ အကျဉ်းထောင် မဟုတ်ဘူး။ ခိုလှုံရာမြို့မှာ အလုပ်လုပ်နိုင်တယ်။ တခြားသူတွေကို ကူညီပေးနိုင်တယ်။ ယေဟောဝါကို ငြိမ်းချမ်းစွာ ဝတ်ပြုနိုင်တယ်။ မှန်ပါတယ်၊ ပျော်ရွှင်ကျေနပ်စရာဘဝ ရရှိနိုင်ပါတယ်။ ကြီးလေးတဲ့အပြစ် ကျူးလွန်ခဲ့ပေမဲ့ နောင်တရတဲ့ ဘုရားသခင့် ကျေးကျွန်တချို့ဟာ အပြစ်ရဲ့ “အကျဉ်းချမှု” ခံစားကြရတယ်။ ကြီးလေးတဲ့အပြစ် ရှိသူအဖြစ် ယေဟောဝါ ထာဝရ ရှုမြင်မယ်လို့တောင် ခံစားကြရတယ်။ အဲဒီလို ခံစားနေရရင် ယေဟောဝါ ခွင့်လွှတ်လိုက်ပြီဆိုမှတော့ ကရုဏာတော်အောက်မှာ လုံခြုံနိုင်ကြောင်း စိတ်ချပါ။ w17.11 ၉ ¶၆။ ၁၁ ¶၁၃-၁၄
တနင်္ဂနွေနေ့၊ ဧပြီ ၁၄
ညီအစ်ကိုတွေ စည်းစည်းလုံးလုံး အတူနေထိုင် ကြတာ ကောင်းလိုက်တာ။ ကြည်နူးစရာ ကောင်းလိုက်တာ။—ဆာ. ၁၃၃:၁။
စည်းလုံးမှု တိုးပွားစေနိုင်တဲ့ နည်းတစ်ခုကတော့ အောက်မေ့ရာပွဲမှာသုံးတဲ့ မုန့်နဲ့ ဝိုင်ရဲ့ အဓိပ္ပာယ်ကို ဂရုတစိုက် ဆင်ခြင်ခြင်းအားဖြင့်ပါပဲ။ အဲဒီအထူးည မတိုင်ခင်၊ အထူးသဖြင့် အဲဒီညမှာ တဆေးမဲ့မုန့်နဲ့ ဝိုင်နီရဲ့ အဓိပ္ပာယ်ကို လေးလေးနက်နက် စဉ်းစားရမယ်။ (၁ ကော. ၁၁:၂၃-၂၅) မုန့်က ပူဇော်သက္ကာအဖြစ် ပေးခဲ့တဲ့ ယေရှုရဲ့ အပြစ်မဲ့ကိုယ်ကို တင်စားတယ်။ ဝိုင်က ယေရှု သွန်းလောင်းတဲ့သွေးကို တင်စားတယ်။ ခရစ်တော်ရဲ့ ရွေးဖိုးပူဇော်သက္ကာမှာ အကြီးမြတ်ဆုံး မေတ္တာနှစ်မျိုး ပါဝင်တယ်။ ကျွန်တော်တို့အတွက် သားတော် ပေးပြီး ဖော်ပြတဲ့ ယေဟောဝါရဲ့ မေတ္တာ။ တလိုတလား အသက်ပေးခဲ့တဲ့ ယေရှုရဲ့ မေတ္တာ။ သူတို့ရဲ့ မေတ္တာကို စဉ်းစားဆင်ခြင်ခြင်းက သူတို့ကို ပြန်ချစ်ဖို့ လှုံ့ဆော်ပေးတယ်။ ကျွန်တော်တို့နဲ့ ဝတ်ပြုကိုးကွယ်သူချင်းတွေ ယေဟောဝါကို ချစ်တဲ့မေတ္တာက ကျွန်တော်တို့ကို စည်းနှောင်ပေးတဲ့ ကြိုးနဲ့တူပြီး စည်းလုံးမှုကို ခိုင်ခံ့စေတယ်။ w18.01 ၁၄ ¶၁၁
အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း– (နေဝင်ပြီးနောက်ပိုင်း ဖြစ်ရပ်များ– နိသန် ၉) မဿဲ ၂၆:၆-၁၃
တနင်္လာနေ့၊ ဧပြီ ၁၅
ဘုရားသခင်က တစ်ဦးတည်းသောသားကို ဒီလောကဆီ စေလွှတ်ပြီး သူ့အားဖြင့် အသက်လမ်း ဖွင့်ပေးခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ကို ဘုရားသခင် ဘယ်လောက် ချစ်မှန်း ပေါ်လွင်ထင်ရှားတယ်။—၁ ယော. ၄:၉။
လူသားတွေကို ယေဟောဝါ ချစ်မြတ်နိုးတယ်၊ တန်ဖိုးထားတယ်။ ကျွန်တော်တို့ ထာဝရကယ်တင်ခြင်း ရဖို့ သားတော်ရဲ့သွေးကို တလိုတလား အသုံးပြုခဲ့တယ်။ (ယော. ၃:၁၆) ယေဟောဝါသာ ကတိပျက်ရင် ဘုရားက ကောင်းတာတွေကို ထိမ်ချန်ပြီး မတရားနည်းနဲ့ အုပ်ချုပ်တဲ့ မုသာသမားဖြစ်တယ်ဆိုတဲ့ စာတန်ရဲ့ စွပ်စွဲချက်တွေ မှန်သွားပါလိမ့်မယ်။ “ခရစ်တော် ရောက်ရှိမယ်ဆိုတဲ့ ကတိက ဘယ်မှာလဲ။ ဘိုးဘေးတွေ သေခြင်းမှာ အိပ်ပျော်ချိန်ကတည်းက ဘာမှ မပြောင်းလဲပါဘူး။ လူကို ဘုရားသခင် ဖန်ဆင်းခဲ့ချိန်တုန်းကလိုပဲ အရာအားလုံးဟာ အဲဒီအတိုင်း ဆက်ဖြစ်နေတာပဲ” လို့ ကဲ့ရဲ့လှောင်ပြောင်တဲ့ ဆန့်ကျင်သူတွေလည်း မှန်သလို ဖြစ်သွားမယ်။ (၂ ပေ. ၃:၃၊ ၄) ဒါကြောင့် အချုပ်အခြာအာဏာ သံသယကင်းရှင်းရေးမှာ နာခံမှုရှိတဲ့ လူသားတွေရဲ့ ကယ်တင်ခြင်း ပါဝင်ဖို့ ယေဟောဝါ အသေအချာ လုပ်ဆောင်ပါလိမ့်မယ်။ (ဟေရှာ. ၅၅:၁၀၊ ၁၁) ဒီ့အပြင် ယေဟောဝါရဲ့ အချုပ်အခြာအာဏာဟာ မေတ္တာပေါ် အခြေခံတယ်။ ဒါကြောင့် သစ္စာရှိကျေးကျွန်တွေကို အမြဲ မေတ္တာရှိမယ်၊ တန်ဖိုးထားမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။—ထွ. ၃၄:၆။ w17.06 ၂၃ ¶၇
အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၉) မဿဲ ၂၁:၁-၁၁၊ ၁၄-၁၇
အင်္ဂါနေ့၊ ဧပြီ ၁၆
ကျွန်တော်တို့ရဲ့ အပြစ်အတွက် အပြစ်ဖြေရာ ပူဇော် သက္ကာအဖြစ် သားတော်ကို စေလွှတ်ခဲ့တာဟာ ကျွန်တော်တို့ကို ဘုရားသခင် ချစ်လို့ပါ။—၁ ယော. ၄:၁၀။
ကမ္ဘာဦး ၃:၁၅ မှာ မှတ်တမ်းတင်ထားတဲ့အတိုင်း အနာဂတ် ကယ်တင်ရှင်အကြောင်း ကတိပေးခဲ့တဲ့အချိန်ကစပြီး ရွေးဖိုး ပေးပြီးသားလို့ ဘုရား ယူဆခဲ့တယ်။ နှစ်ပေါင်း ၄,၀၀၀ လောက် ကြာပြီးတဲ့နောက် အကြီးအကျယ် အဆုံးရှုံးခံပြီး တစ်ဦးတည်းသောသားကို လူသားတွေအတွက် ရွေးဖိုးအဖြစ် ပေးခဲ့တယ်။ (ယော. ၃:၁၆) ယေဟောဝါရဲ့ ကိုယ်ကျိုးစွန့် မေတ္တာအတွက် ကျေးဇူးတင်စရာကောင်းလှပါတယ်။ ဘုရားသခင့် ပုံသဏ္ဌာန်နဲ့အညီ ဖန်ဆင်းခံထားရလို့ ကျွန်တော်တို့လည်း ကိုယ်ကျိုးစွန့်မေတ္တာ တင်ပြနိုင်ကြတယ်။ အာဗေလဟာ မိမိမှာ ရှိတဲ့ အကောင်းဆုံးအရာကို ကိုယ်ကျိုးမဲ့ ပူဇော်ခြင်းအားဖြင့် ဘုရားသခင်ကို ချစ်ကြောင်း ပြခဲ့တယ်။ (က. ၄:၃၊ ၄) နောဧဟာ တုံ့ပြန်မှု မရှိတဲ့လူတွေကို ဆယ်စုနှစ်ချီ ဘုရားသခင့် သတင်းစကား ဟောပြောခြင်းအားဖြင့် ကိုယ်ကျိုးစွန့်မေတ္တာ တင်ပြခဲ့တယ်။ (၂ ပေ. ၂:၅) အာဗြဟံဟာ သားအိဇက်ကို ပူဇော်ဖို့ မိန့်မှာခံရတဲ့အခါ ကိုယ့်ခံစားချက်ထက် ဘုရားကို ချစ်တဲ့မေတ္တာကို ရှေ့တန်းတင်ခဲ့တယ်။ (ယာ. ၂:၂၁) ကျွန်တော်တို့လည်း အဲဒီသစ္စာရှိအမျိုးသားတွေလို အခက်အခဲတွေကြားမှာ မေတ္တာ တင်ပြချင်ကြပါတယ်။ w17.10 ၇-၈ ¶၃-၄
အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၀) မဿဲ ၂၁:၁၈၊ ၁၉။ ၂၁:၁၂၊ ၁၃။ ယောဟန် ၁၂:၂၀-၅၀
ဗုဒ္ဓဟူးနေ့၊ ဧပြီ ၁၇
အဲဒီပုရောဟိတ်မင်းက ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို မစာနာနိုင်တဲ့သူ မဟုတ်ဘူး။ ကျွန်တော်တို့လိုပဲ အဘက်ဘက်မှာ စမ်းသပ်ခံရတဲ့သူပဲ။ ဒါပေမဲ့ အပြစ်တစ်ခုမှ မကျူးလွန်ခဲ့ဘူး။—ဟီ. ၄:၁၅။
ကျွန်တော်တို့ရဲ့ အပြစ်တွေ ခွင့်လွှတ်ခံရကြောင်း၊ “အကူအညီ လိုအပ်ချိန်မှာ သနားကြင်နာမှုနဲ့ မဟာကရုဏာကို ခံစားရ” မှာဖြစ်ကြောင်း ပုရောဟိတ်မင်း ယေရှုရဲ့ လုပ်ဆောင်မှုတွေက စိတ်ချစေတယ်။ (ဟီ. ၄:၁၆) ဒါကြောင့် ယေရှုရဲ့ ပူဇော်သက္ကာကို သက်ဝင်ယုံကြည်ပါ။ ရွေးဖိုးက သင်နဲ့သက်ဆိုင်ကြောင်း ယုံကြည်ပါ။ (ဂလ. ၂:၂၀၊ ၂၁) ရွေးဖိုးဟာ သင့်အပြစ်တွေကို ခွင့်လွှတ်နိုင်တဲ့ အခြေခံဖြစ်ကြောင်း ယုံကြည်ပါ။ ထာဝရအသက် မျှော်လင့်ချက် ပေးကြောင်း ယုံကြည်ပါ။ ကျွန်တော်တို့ရဲ့ အပြစ်တွေကို ယေဟောဝါ ခွင့်လွှတ်လိုက်ပြီဆိုရင် အကြောင်းရှာပြီး အဲဒီအပြစ်တွေကို ပြန်ဖော်မှာ၊ အဲဒီအပြစ်တွေအတွက် တရားစီရင်မှာကို စိုးရိမ်နေဖို့ မလိုတော့ဘူး။ (ဆာ. ၁၀၃:၈-၁၂) ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို အပြည့်အဝ ယုံကြည်စိတ်ချနိုင်ပါတယ်။ w17.11 ၁၁-၁၂ ¶၁၄-၁၇
အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၁) မဿဲ ၂၁:၃၃-၄၁။ ၂၂:၁၅-၂၂။ ၂၃:၁-၁၂။ ၂၄:၁-၃
ကြာသပတေးနေ့၊ ဧပြီ ၁၈
သူတို့စကားကြောင့် ကျွန်တော့်ကို ယုံကြည်လာမယ့်သူတွေအတွက်ပါ ဆုတောင်းပါတယ်။ သူတို့အားလုံး တစ်စိတ်တစ်ဝမ်းတည်း ဖြစ်လာအောင်လို့ပါ။ အဖက ကျွန်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း . . . ဖြစ်သလိုမျိုးပေါ့။—ယော. ၁၇:၂၀၊ ၂၁။
နောက်လိုက်တွေ တစ်စည်းတစ်လုံးတည်းဖြစ်ဖို့၊ ယေရှုနဲ့ ခမည်းတော် တန်ဖိုးထားတဲ့ စည်းလုံးမှုမျိုး ရှိကြဖို့ ပထမဆုံး သခင့်ညစာစားပွဲမှာ ယေရှု ဆုတောင်းခဲ့တယ်။ ချစ်မြတ်နိုးတဲ့သားတော်ရဲ့ ဆုတောင်းချက်ကို ယေဟောဝါ တကယ်အဖြေပေးခဲ့တယ်။ အခု သန်းနဲ့ချီတဲ့လူတွေဟာ သားတော်ကို ယေဟောဝါ စေလွှတ်ကြောင်း ယုံကြည်ကြတယ်။ ဘုရားသခင့်လူမျိုးရဲ့ တခြားအစည်းအဝေးနဲ့ မတူဘဲ အောက်မေ့ရာပွဲက ယေဟောဝါသက်သေတွေရဲ့ စည်းလုံးမှုကို ရှင်းရှင်းလင်းလင်း သက်သေထူတယ်။ တချို့ဒေသရဲ့ ဘာသာရေးအစည်းအဝေးတွေမှာ လူမျိုးကွဲတွေ စုဝေးတာကို မကြားဖူးကြသလို အထင်သေးကြတယ်။ ဒါပေမဲ့ ဒီစည်းလုံးမှုက ယေဟောဝါနဲ့ ယေရှုရဲ့ အမြင်မှာ တင့်တယ်လှပပါတယ်။ ယေဟောဝါရဲ့ လူတွေအနေနဲ့ ကျွန်တော်တို့ မွေ့လျော်နေတဲ့ စည်းလုံးမှုကို မအံ့ဩကြပါဘူး။ ယေဟောဝါ ကြိုပြောပြီးသားပဲ။—ယေဇ. ၃၇:၁၅-၁၇။ ဇာ. ၈:၂၃။ w18.01 ၁၄ ¶၇-၉
အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၂) မဿဲ ၂၆:၁-၅၊ ၁၄-၁၆။ လုကာ ၂၂:၁-၆
အောက်မေ့ရာပွဲ နေ့စွဲ
နေဝင်ပြီးနောက်
သောကြာနေ့၊ ဧပြီ ၁၉
တိုက်ကို တည်ဆောက်သူတွေ ပယ်ထားတဲ့ ကျောက်ဟာ ထိပ်ဆုံးက ထောင့်ချုပ်ကျောက် ဖြစ်လာပြီ။—ဆာ. ၁၁၈:၂၂။
“တည်ဆောက်သူတွေ” ဖြစ်တဲ့ ဂျူးခေါင်းဆောင်တွေ မေရှိယကို ငြင်းပယ်ခဲ့ကြတယ်။ သူတို့ရဲ့ ငြင်းပယ်မှုက ယေရှုကို ငြင်းပယ်ရုံ၊ ခရစ်တော်အဖြစ် လက်မခံရုံလောက်သာ မဟုတ်ဘဲ ယေရှုကို သတ်ဖို့ တောင်းဆိုတဲ့အထိ ဖြစ်ခဲ့တယ်။ (လု. ၂၃:၁၈-၂၃) ယေရှု အသတ်ခံရတာ သူတို့ကြောင့်လည်း ပါတယ်။ ယေရှု ငြင်းပယ်ခံရ၊ အသတ်ခံရတယ်ဆိုရင် “ထောင့်ချုပ်ကျောက်” ဘယ်လို ဖြစ်လာနိုင်မလဲ။ အသက်ပြန်ရှင်မှသာ ဖြစ်နိုင်မယ်။ “နာဇရက်မြို့သား ယေရှုခရစ် . . . ကို ခင်ဗျားတို့ သစ်တိုင်တင်ပြီး ကွပ်မျက်လိုက်ပေမဲ့ ဘုရားသခင်က သေရာကနေ အသက်ပြန်ရှင်လာအောင် လုပ်ပေးလိုက်ပြီ” လို့ တမန်တော် ပေတရု ပြောတယ်။ (တ. ၃:၁၅။ ၄:၅-၁၁။ ၁ ပေ. ၂:၅-၇) ဒီနည်းအားဖြင့် ရှင်ပြန်ထမြောက်လာတဲ့သားရဲ့ နာမည်ဟာ “ကျွန်တော်တို့ကို ကယ်တင်ဖို့ ကမ္ဘာပေါ်မှာ ဘုရားသခင် ရွေးချယ်ထား” တဲ့ တစ်ခုတည်းသောနာမည် ဖြစ်လာတယ်။—တ. ၄:၁၂။ ဧ. ၁:၂၀။ w17.12 ၉-၁၀ ¶၆-၉
အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၃) မဿဲ ၂၆:၁၇-၁၉။ လုကာ ၂၂:၇-၁၃ (နေဝင်ပြီးနောက်ပိုင်း ဖြစ်ရပ်များ– နိသန် ၁၄) မဿဲ ၂၆:၂၀-၅၆
စနေနေ့၊ ဧပြီ ၂၀
သခင်အသေခံခဲ့တဲ့အကြောင်းကို သခင်ရောက်လာချိန် အထိ ကြွေးကြော်နေတဲ့သဘောပဲ။—၁ ကော. ၁၁:၂၆။
ရောက်လာတော့မယ့် ကြီးစွာသောဒုက္ခနဲ့ပတ်သက်ပြီး ယေရှု ဒီလိုပြောတယ်– “လူသားဟာ မိုးတိမ်ခြံရံပြီး မဟာဘုန်းတန်ခိုးနဲ့ လာတာကို လူတွေမြင်ရကြလိမ့်မယ်။ ခရာသံအကျယ်ကြီး ထွက်ပေါ်လာလိမ့်မယ်။ [ယေရှု] က ကောင်းကင်တမန်တွေကို စေလွှတ်လိမ့်မယ်။ သူတို့က ရွေးချယ်ခံရသူတွေကို . . . စုသိမ်းလိမ့်မယ်။” (မ. ၂၄:၂၉-၃၁) ‘ရွေးချယ်ခံရသူတွေကို စုသိမ်းခြင်း’ ဆိုတာက မြေကြီးပေါ်မှာ ရှိနေသေးတဲ့ ဘိသိက်ခံအားလုံး ကောင်းကင်ဆိုင်ရာဆု ရရှိမယ့်အချိန်ကို ရည်ညွှန်းတယ်။ ကြီးစွာသောဒုက္ခ စတင်ပြီး အာမဂေဒုန်စစ်ပွဲ မတိုင်ခင်မှာ ဖြစ်ပျက်ပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ၁၄၄,၀၀၀ အားလုံး ယေရှုနဲ့အတူ မြေကြီးဘုရင်တွေကို အနိုင်ယူကြပါလိမ့်မယ်။ (ဗျာ. ၁၇:၁၂-၁၄) ယေရှု ‘ရောက်လာ’ တော့မှာမို့ ကောင်းကင်ကို ဘိသိက်ခံတွေ စုသိမ်းမခံရခင်မှာ နောက်ဆုံးအောက်မေ့ရာပွဲ ကျင်းပပါလိမ့်မယ်။ w18.01 ၁၆ ¶၁၅
အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၄) မဿဲ ၂၇:၁၊ ၂၊ ၂၇-၃၇
တနင်္ဂနွေနေ့၊ ဧပြီ ၂၁
အဲဒီယေရှုကို ဘုရားသခင် ရှင်ပြန်ထမြောက်စေပြီ။—တ. ၂:၃၂။
ကောင်းကင်မှာ ယေရှု “အစဉ်ထာဝရ” အသက်ရှင်နေတယ်။ ဘယ်တော့မှ မပုပ်ပျက်နိုင်ဘူး။ (ဗျာ. ၁:၅၊ ၁၈။ ရော. ၆:၉။ ကော. ၁:၁၈။ ၁ ပေ. ၃:၁၈) သစ္စာရှိတမန်တော်တွေ ကောင်းကင်မှာ မိမိနဲ့အတူ အုပ်စိုးမယ်လို့ ယေရှု ကတိပေးခဲ့တယ်။ (လု. ၂၂:၂၈-၃၀) “ခရစ်တော်ဟာ သေရာကနေ အသက်ပြန်ရှင်ခဲ့ပြီ။ သေခြင်းမှာ အိပ်ပျော်သွားသူတွေထဲမှာ သူဟာ ဦးဆုံးပဲ” လို့ ပေါလု ရေးခဲ့တယ်။ ကောင်းကင်အသက်တာကို ထမြောက်မယ့် တခြားသူတွေ ရှိသေးကြောင်း ပေါလု ဆက်ပြောတယ်– “သူတို့ အစဉ်လိုက် ထမြောက်လိမ့်မယ်။ ခရစ်တော်ဟာ ဦးဆုံး ထမြောက်ခဲ့တယ်၊ အဲဒီနောက် ခရစ်တော် ပိုင်ဆိုင်သူတွေဟာ ခရစ်တော် ရောက်ရှိနေချိန်အတွင်း ရှင်ပြန်ထမြောက်လိမ့်မယ်။” (၁ ကော. ၁၅:၂၀၊ ၂၃) ၁၉၁၄ ခုနှစ်ကစပြီး ခရစ်တော် “ရောက်ရှိ” နေချိန်အတွင်း ကျွန်တော်တို့ အသက်ရှင်နေတယ်။ အခုထိပါပဲ။ စနစ်ဆိုးရဲ့ အဆုံး အလွန်နီးကပ်နေပါပြီ။ w17.12 ၁၀ ¶၁၁။ ၁၁ ¶၁၄-၁၆
အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၅) မဿဲ ၂၇:၆၂-၆၆ (နေဝင်ပြီးနောက်ပိုင်း ဖြစ်ရပ်များ– နိသန် ၁၆) မဿဲ ၂၈:၂-၄
တနင်္လာနေ့၊ ဧပြီ ၂၂
ငါဟာ မင်းတို့ကို နှစ်သိမ့်ပေးတဲ့အရှင်ပဲ။—ဟေရှာ. ၅၁:၁၂။
ကရုဏာကြီးတဲ့အဖကိုယ်တိုင် အာဗြဟံ၊ အိဇက်၊ ယာကုပ်၊ မောရှေ၊ ဘုရင်ဒါဝိဒ်စတဲ့ ချစ်ရသူတွေကို ဆုံးရှုံးခဲ့ဖူးတယ်။ (တော. ၁၂:၆-၈။ မ. ၂၂:၃၁၊ ၃၂။ တ. ၁၃:၂၂) သူတို့ကို အသက်ပြန်ရှင်စေမယ့်အချိန်ကို ယေဟောဝါကိုယ်တိုင် အားတက်သရော မျှော်လင့်တောင့်တနေတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ယောဘ ၁၄:၁၄၊ ၁၅) အဲဒီအချိန်မှာ သူတို့တစ်တွေ ကျန်းမာပျော်ရွှင်ကြပါလိမ့်မယ်။ “ချစ်မြတ်နိုး” ရတဲ့ တစ်ပါးတည်းသော သားလည်း ဝေဒနာပြင်းပြစွာ ခံစားပြီး သေဆုံးခဲ့ရတယ်။ (ပညာ. ၈:၂၂၊ ၃၀) ယေဟောဝါ ခံစားရတဲ့ နာကျင်မှုကို စကားလုံးနဲ့ ဖော်ပြလို့ မရဘူး။ (ယော. ၅:၂၀။ ၁၀:၁၇) ကျွန်တော်တို့ကို ယေဟောဝါ ကူညီပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ ဒါကြောင့် ဝမ်းနည်းကြေကွဲမှုကို ယေဟောဝါဆီ ရင်ဖွင့်ပြောပြဖို့ မတွန့်ဆုတ်သင့်ဘူး။ ကျွန်တော်တို့ရဲ့ နာကျင်မှုကို ယေဟောဝါ နားလည်ပေးတယ်၊ လိုအပ်သလို နှစ်သိမ့်ပေးမယ်ဆိုတာ သိရလို့ စိတ်သက်သာစရာပါပဲ။—၂ ကော. ၁:၃၊ ၄။ w17.07 ၁၃ ¶၃-၅
အင်္ဂါနေ့၊ ဧပြီ ၂၃
ဘုရားသခင်ဟာ ဖြောင့်မတ်တဲ့ဘုရားဖြစ်လို့ ခင်ဗျားတို့ရဲ့ လုပ်ရပ်ကို၊ နာမတော်အတွက်ပြတဲ့ မေတ္တာကို ဘယ်တော့မှ မမေ့ပါဘူး။—ဟီ. ၆:၁၀။
ဒီနေ့ စစ်မှန်တဲ့ ဝတ်ပြုရေးမှာ လူသန်းပေါင်းများစွာ ပါဝင်နေတယ်။ အချိန်၊ ခွန်အား၊ ဥစ္စာဓန အပါအဝင် “အဖိုးတန်ဥစ္စာတွေ” ကို ယေဟောဝါရဲ့ ပုံဆောင် ဗိမာန်တော်ကို ထောက်မဖို့ လိုလိုလားလား ပေးနေကြတယ်။ (ပညာ. ၃:၉) အဲဒီလိုပဲ ကျွန်တော်တို့ရဲ့ လုပ်ရပ်နဲ့ ယေဟောဝါအတွက် ပြတဲ့ မေတ္တာဟာ ဘယ်တော့မှ မေ့လျော့ခံရမှာ မဟုတ်ပါဘူး။ ဒီနောက်ဆုံးကာလမှာ စစ်မှန်တဲ့ ဝတ်ပြုရေးအတွက် ပြီးမြောက်မှုအားလုံးဟာ ယေဟောဝါရဲ့ ကောင်းချီး၊ ခရစ်တော်ရဲ့ ဦးဆောင်မှု အထောက်အထားပါပဲ။ ကျွန်တော်တို့ဟာ တည်ငြိမ်၊ လုံခြုံတဲ့ ထာဝရ အဖွဲ့အစည်းဝင်တွေ ဖြစ်ကြတယ်။ ယေဟောဝါရဲ့ လူမျိုးထဲမှာ ရရှိထားတဲ့ ကိုယ့်နေရာကို တန်ဖိုးထားပါ။ ‘ယေဟောဝါဘုရားရဲ့ စကားကို နားထောင်’ ပါ။ (ဇာ. ၆:၁၅) ဒါဆိုရင် ဘုရင်၊ ပုရောဟိတ်မင်းရဲ့ ကာကွယ်မှုအောက်မှာ ရှိနေနိုင်ပါလိမ့်မယ်။ စစ်မှန်တဲ့ ဝတ်ပြုရေးကို ထောက်မရာမှာ အတတ်နိုင်ဆုံး အပြည့်အဝ ပါဝင်ပါ။ ဒါဆိုရင် ဗိုလ်ခြေတို့ရဲ့ အရှင် ယေဟောဝါက ကျန်ရှိနေတဲ့ ဒီစနစ်မှာရော နောင်ထာဝရပါ သင့်ကို ဘေးကင်းလုံခြုံစေပါလိမ့်မယ်။ w17.10 ၃၀ ¶၁၈-၁၉
ဗုဒ္ဓဟူးနေ့၊ ဧပြီ ၂၄
ခင်ဗျားတို့လည်း မဖြောင့်မတ်တဲ့ စည်းစိမ်ကိုသုံးပြီး မိတ်ဖွဲ့ထားပါ။ စည်းစိမ်ကုန်သွားတဲ့အခါ သူတို့က ခင်ဗျားတို့ကို ထာဝရစံအိမ်မှာ လက်ခံထားလိမ့်မယ်။—လု. ၁၆:၉။
မကြာခင် စာတန့်စနစ်တစ်ခုလုံး နိုင်ငံရေး၊ ဘာသာရေး၊ စီးပွားရေးတို့ ပျက်စီးရတော့မယ်။ စီးပွားရေးလောကရဲ့ အရေးကြီးရာ ရွှေငွေတွေ တန်ဖိုးမဲ့သွားမယ်လို့ ပရောဖက် ယေဇကျေလ၊ ဇေဖနိတို့ ကြိုဟောခဲ့တယ်။ (ယေဇ. ၇:၁၉။ ဇေ. ၁:၁၈) အသက် ဆုံးခါနီးကျမှ တစ်ဘဝလုံး စစ်မှန်တဲ့ စည်းစိမ်ကို မဟုတ်ဘဲ ဒီလောကရဲ့ “မဖြောင့်မတ်တဲ့ စည်းစိမ်” ကို သဲသဲမဲမဲ ရှာဖွေခဲ့ပြီး အဲဒီစည်းစိမ်တွေ တန်ဖိုး မရှိတော့ပါလားလို့ သိလိုက်ရတဲ့အခါ ဘယ်လို ခံစားရမလဲ။ တစ်ဘဝလုံး စုဆောင်းခဲ့တဲ့ ငွေတွေ အတုဖြစ်နေမှန်း သိလိုက်ရတဲ့သူလို ခံစားရနိုင်တယ်။ (ပညာ. ၁၈:၁၁) အဲဒီစည်းစိမ်ဥစ္စာတွေ လုံးလုံး ပျက်စီးသွားမယ်။ ဒါကြောင့် ကောင်းကင်မှာ “မိတ်ဖွဲ့” ဖို့ အခွင့်အရေးကို လက်လွတ်မခံပါနဲ့။ ယေဟောဝါရဲ့ နိုင်ငံတော်လုပ်ငန်း တိုးတက်ဖို့ လုပ်ဆောင်သမျှဟာ ကျွန်တော်တို့ကို စစ်မှန်တဲ့ စည်းစိမ် ရရှိစေတယ်။ w17.07 ၁၁ ¶၁၆
ကြာသပတေးနေ့၊ ဧပြီ ၂၅
ခင်ဗျားတို့ဟာ ဘုရားသခင်ချစ်ရတဲ့ သားသမီးတွေ ဖြစ်နေတဲ့အတွက် ဘုရားသခင်ကို အတုယူကြပါ။ မေတ္တာလမ်းစဉ်မှာ လျှောက်လှမ်းနေကြပါ။ ခရစ်တော်က ကျွန်တော်တို့ကို ချစ်လို့ ကျွန်တော်တို့အတွက် . . . သူ့ကိုယ်သူ ဘုရားသခင်ဆီ ဆက်သခဲ့သလိုပဲပေါ့။—ဧ. ၅:၁၊ ၂။
ခရစ်ယာန်တချို့ဟာ အရှက်ရမှာစိုးလို့၊ တခြားသူတွေ စိတ်ပျက်မှာစိုးလို့ ကြီးလေးတဲ့အပြစ်တွေကို ဖုံးကွယ်ဖို့ ကြိုးစားကြတယ်။ (ပညာ. ၂၈:၁၃) အဲဒါက အပြစ်ကျူးလွန်သူကိုသာမက တခြားသူတွေကိုပါ ထိခိုက်နစ်နာစေလို့ မေတ္တာမဲ့ရာကျတယ်။ ဘုရားသခင့် စွမ်းအားတော် စီးဆင်းမှုကို အတားအဆီး ဖြစ်စေတယ်၊ အသင်းတော်တစ်ခုလုံးရဲ့ ငြိမ်သက်မှုကို ထိခိုက်စေတယ်။ (ဧ. ၄:၃၀) အကြီးအကဲတွေကို ဖွင့်ပြောဖို့၊ လိုအပ်တဲ့ အကူအညီတွေ ရယူဖို့ မေတ္တာစစ်က လှုံ့ဆော်ပေးတယ်။ (ယာ. ၅:၁၄၊ ၁၅) အရည်အသွေးအားလုံးထဲမှာ မေတ္တာဟာ အကြီးမြတ်ဆုံးပဲ။ (၁ ကော. ၁၃:၁၃) ယေရှုရဲ့ နောက်လိုက်တွေဖြစ်ကြောင်း၊ မေတ္တာရဲ့ ပင်ရင်း ယေဟောဝါကို တုပသူတွေဖြစ်ကြောင်း ခွဲခြားဖော်ပြပေးတယ်။ “မေတ္တာမရှိရင် အချည်းနှီးပဲ” လို့ ပေါလု ရေးခဲ့တယ်။ (၁ ကော. ၁၃:၂) ကျွန်တော်တို့ရဲ့ မေတ္တာကို “အပြော” လောက်နဲ့သာ မဟုတ်ဘဲ “လုပ်ရပ်နဲ့ တကယ်ပြ” ကြစို့။—၁ ယော. ၃:၁၈။ w17.10 ၁၁ ¶၁၇-၁၈
သောကြာနေ့၊ ဧပြီ ၂၆
ကျွန်တော်တို့ကတော့ လူ့စကားထက် အုပ်စိုးရှင် ဘုရားသခင်ရဲ့ စကားကို နားထောင်မှာပဲ။—တ. ၅:၂၉။
လိင်အကျင့်ပျက်ဖို့ ပေါတိဖာရဲ့ ဇနီး သွေးဆောင်ချိန်မှာ ယောသပ် တင်ပြခဲ့တဲ့ သတ္တိအကြောင်း သုံးသပ်ကြည့်ပါ။ ငြင်းလိုက်ရင် ဆိုးရွားတဲ့အကျိုးဆက်တွေ ခံစားရမယ်ဆိုတာ ယောသပ် သိခဲ့မှာပဲ။ ဒါပေမဲ့ အလျှော့မပေးဘဲ သတ္တိရှိရှိ၊ ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့တယ်။ (က. ၃၉:၁၀၊ ၁၂) ရဲစွမ်းသတ္တိဆိုင်ရာ နောက်ထပ်ပုံနမူနာကတော့ ရာခပ်ပါပဲ။ ယေရိခေါမြို့က အိမ်ကို အစ္စရေးသူလျှိုတွေ ရောက်လာတဲ့အခါ သူလျှိုနှစ်ယောက်ကို ဝှက်ထားပြီး ဘေးကင်းစွာ ပြန်နိုင်အောင် သတ္တိရှိရှိ ကူညီပေးခဲ့တယ်။ (ယောရှု ၂:၄၊ ၅၊ ၉၊ ၁၂-၁၆) ယေရှုရဲ့ ရဲစွမ်းသတ္တိကို မြင်တွေ့ခဲ့ကြတဲ့ တမန်တော်တွေဟာ ဖာရိရှဲတွေရဲ့ ဆန့်ကျင်မှု ကြုံရတဲ့အခါ ယေရှုရဲ့ နာမည်ကို အမှီပြုပြီး ဆက်သွန်သင်ခဲ့ကြတယ်။ (တ. ၅:၁၇၊ ၁၈၊ ၂၇-၂၉) ယောသပ်၊ ရာခပ်၊ ယေရှု၊ တမန်တော်တွေရဲ့ ရဲစွမ်းသတ္တိက ကောင်းမွန်ရာတွေ လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးခဲ့တယ်။ သူတို့ရဲ့ သတ္တိက ယုံကြည်စိတ်ချလွန်းခြင်း မဟုတ်ပါဘူး။ ယေဟောဝါကို အားကိုးခြင်းကနေ ရရှိလာတာပါ။ ကျွန်တော်တို့လည်း သတ္တိရှိဖို့ လိုအပ်တဲ့ အခြေအနေတွေ ကြုံနေရတယ်။ ကိုယ့်ကိုယ်ကိုယ် အားကိုးမယ့်အစား ယေဟောဝါကို အားကိုးကြရမယ်။—၂ တိ. ၁:၇။ w17.09 ၂၉ ¶၆-၉
စနေနေ့၊ ဧပြီ ၂၇
စရိုက်ဟောင်းကိုရော စရိုက်ဟောင်းရဲ့ အကျင့်တွေကိုပါ ချွတ်ပယ်ကြပါ။—ကော. ၃:၉။
စရိုက်ဟောင်းကို ကိုယ့်အစွမ်းခွန်အားနဲ့ မချွတ်ပယ်နိုင်ဘူး။ ချွတ်ပယ်နိုင်ခဲ့သူတချို့ဟာ အကျင့်ဆိုးတွေကို စွန့်ဖို့ တိုက်လှန်ခဲ့ကြတယ်။ မိမိတို့စိတ်နှလုံးမှာ ကျမ်းစာနဲ့ သန့်ရှင်းသော စွမ်းအားတော်ရဲ့ လွှမ်းမိုးမှု ခံယူခြင်းအားဖြင့် တိုက်ခိုက်အောင်မြင်ခဲ့ကြတယ်။ (လု. ၁၁:၁၃။ ဟီ. ၄:၁၂) အဲဒီလိုခံယူဖို့ နေ့တိုင်း ကျမ်းစာဖတ်ရမယ်၊ တွေးတောဆင်ခြင်ရမယ်၊ ကျမ်းစာအကြံဉာဏ်ကို ကျင့်သုံးနိုင်တဲ့ ဉာဏ်ပညာနဲ့ ခွန်အားပေးဖို့ မပြတ်ဆုတောင်းရမယ်။ (ယောရှု ၁:၈။ ဆာ. ၁၁၉:၉၇။ ၁ သက်. ၅:၁၇) အသင်းတော် အစည်းအဝေးတွေ ပြင်ဆင်တက်ရောက်ခြင်းအားဖြင့်လည်း ကျမ်းစာနဲ့ သန့်ရှင်းသော စွမ်းအားတော်ကနေ အကျိုးရရှိကြတယ်။ (ဟီ. ၁၀:၂၄၊ ၂၅) ကျမ်းစာအကြောင်းအရာတွေကို ကမ္ဘာတစ်ဝန်းက ဘုရားသခင့်လူမျိုး ရရှိနေတဲ့ နည်းလမ်းအမျိုးမျိုးကို အသုံးပြုရမယ်။ (လု. ၁၂:၄၂) ခရစ်ယာန်တွေဟာ စရိုက်ဟောင်းကို ချွတ်ပယ်ထားရမယ်။ ဒါပေမဲ့ ချွတ်ပယ်ထားရုံနဲ့ ဘုရားသခင့် မျက်နှာသာ ရပြီလား။ မရပါဘူး။ စရိုက်သစ်ကိုလည်း ဝတ်ဆင်ရမယ်။—ကော. ၃:၁၀။ w17.08 ၂၁ ¶၁၆-၁၇
တနင်္ဂနွေနေ့၊ ဧပြီ ၂၈
ကျွန်တော်ကတော့ ခိုင်မြဲတဲ့မေတ္တာတော်ကိုပဲ ယုံကြည်ကိုးစားပါတယ်။ ကိုယ်တော် ကယ်တင်တဲ့အခါ ရင်ထဲမှာ ဝမ်းမြောက်ရလိမ့်မယ်။—ဆာ. ၁၃:၅။
ဘုရင်ဒါဝိဒ်ဟာ မတရားမှုများစွာ ကြုံခဲ့ရတယ်။ နောက်တက်မယ့် အစ္စရေးဘုရင်အဖြစ် ငယ်ငယ်ရွယ်ရွယ်မှာ ဘိသိက်ပေးခံရပေမဲ့ ယုဒမျိုးနွယ်ရဲ့ ဘုရင်ဖြစ်ဖို့ ၁၅ နှစ် စောင့်ခဲ့ရတယ်။ (၂ ရှ. ၂:၃၊ ၄) ဒီအတောအတွင်း သစ္စာမဲ့ဘုရင် ရှောလုက သတ်ဖို့ လိုက်ဖမ်းခဲ့တယ်။ ဒါကြောင့် ဝရမ်းပြေးအဖြစ် အသက်ရှင်ခဲ့ရတယ်။ တစ်ခါတလေ တိုင်းတစ်ပါးမှာ၊ တစ်ခါတလေ တောထဲက ဂူတွေထဲမှာ နေခဲ့ရတယ်။ တိုက်ပွဲမှာ ရှောလု ကျဆုံးပြီးနောက်မှာတောင် အစ္စရေးတစ်နိုင်ငံလုံးကို အုပ်ချုပ်ဖို့ နောက်ထပ် ခုနစ်နှစ် စောင့်ဆိုင်းခဲ့ရတယ်။ (၂ ရှ. ၅:၄၊ ၅) ဒါဝိဒ် ဘာကြောင့် စိတ်ရှည်စွာ စောင့်ဆိုင်းချင်ရသလဲ။ ယေဟောဝါရဲ့ ခိုင်မြဲတဲ့မေတ္တာကို ဒါဝိဒ် ယုံကြည်ကိုးစားခဲ့တယ်။ ကယ်တင်မယ့်အချိန်ကို ကျေကျေနပ်နပ် စောင့်ဆိုင်းတယ်။ မိမိကို ယေဟောဝါ ဘယ်လို ဆုချမှန်း တွေးတောဆင်ခြင်တယ်။ (ဆာ. ၁၃:၆) စောင့်ရကျိုးနပ်တယ်လို့ ဒါဝိဒ် ခံစားခဲ့ပါတယ်။ w17.08 ၆ ¶၁၄-၁၅
တနင်္လာနေ့၊ ဧပြီ ၂၉
ဘုရားသခင် မျက်နှာမလိုက်[ဘူး]။—တ. ၁၀:၃၄။
နှစ်တွေတစ်လျှောက် ဘာသာစကားတွေ ပြောင်းလဲခဲ့တယ်။ စကားလုံး၊ အသုံးအနှုန်းတွေရဲ့ အဓိပ္ပာယ် လုံးဝ ပြောင်းလဲသွားနိုင်တယ်။ ကျမ်းစာကို အဓိကရေးသားခဲ့တဲ့ ဟီဘရူးနဲ့ ဂရိစကားလည်း အလားတူပဲ။ ခေတ်သစ် ဟီဘရူးနဲ့ ဂရိစကားဟာ ကျမ်းစာခေတ်က စကားနဲ့ တော်တော်ကွာသွားပြီ။ ဒါကြောင့် ခေတ်သစ် ဟီဘရူးနဲ့ ဂရိစကားတတ်သူတွေ အပါအဝင် ဘုရားသခင့် စကားတော်ကို နားလည်ချင်သူတိုင်း ဘာသာပြန်ကျမ်းတွေကို ဖတ်ရတော့တယ်။ ကျမ်းစာကို မူရင်းစကားနဲ့ ဖတ်နိုင်အောင် ရှေးခေတ် ဟီဘရူးနဲ့ ဂရိစကား သင်ယူရမယ်လို့ တချို့ ယူဆကြတယ်။ ဒါပေမဲ့ ထင်သလောက် အကျိုးမရှိနိုင်ဘူး။ ကျမ်းစာကို တစ်အုပ်လုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ဘာသာစကား ၃,၀၀၀ နီးပါးနဲ့ ဘာသာပြန်ထားလို့ ကျေးဇူးတင်စရာပဲ။ ယေဟောဝါက “လူမျိုး၊ လူမျိုးနွယ်၊ ဘာသာစကားအမျိုးမျိုး” ပြောတဲ့လူတွေကို နှုတ်ထွက်စကားတော်ကနေ အကျိုးရရှိစေချင်တယ်။ (ဗျာ. ၁၄:၆) ဒါကြောင့် မျက်နှာမလိုက်တဲ့ မေတ္တာရှင် ဘုရားသခင်နဲ့ ပိုရင်းနှီးလာတယ် မဟုတ်လား။ w17.09 ၁၉ ¶၄
အင်္ဂါနေ့၊ ဧပြီ ၃၀
ဉာဏ်ပညာရှိသူဟာ စကားများများ မပြောဘူး။ ပိုင်းခြားသိမြင်မှုရှိသူဟာ အေးဆေးတည်ငြိမ်တယ်။—ပညာ. ၁၇:၂၇။
ဆွေမျိုးတွေ နှင်ထုတ်ခံထားရတဲ့အခါ မလိုအပ်ဘဲ မဆက်သွယ်ဖို့ ချုပ်တည်းရမယ်။ အဲဒီလို အခြေအနေတွေမှာ ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေဟာ ဘုရားသခင့် ပုံသက်သေ၊ အကြံဉာဏ်နဲ့ ကိုက်ညီမှန်း သိထားရင် ချုပ်တည်းဖို့ ပိုလွယ်ကူပါမယ်။ ထင်ရှားတဲ့ပုံနမူနာကတော့ ဘုရင်ဒါဝိဒ်ပါပဲ။ ဒါဝိဒ်ဟာ အင်အားကြီးလာပေမဲ့ ရှောလုနဲ့ ရှိမိကို ဒေါသတကြီး မတုံ့ပြန်ခဲ့ဘူး။ (၁ ရှ. ၂၆:၉-၁၁။ ၂ ရှ. ၁၆:၅-၁၀) ဒါဝိဒ် အမြဲချုပ်တည်းခဲ့တာတော့ မဟုတ်ဘူး။ ဗာသရှေဘနဲ့ ပြစ်မှားခဲ့တယ်။ နာဗလအပေါ် ဒေါသအကြီးအကျယ် ထွက်ခဲ့တယ်။ (၁ ရှ. ၂၅:၁၀-၁၃။ ၂ ရှ. ၁၁:၂-၄) ဒါပေမဲ့ ဒါဝိဒ်ဆီကနေ အဖိုးတန် သင်ခန်းစာတွေ သင်ယူနိုင်ပါတယ်။ ပထမ၊ ဘုရားသခင့် လူမျိုးရဲ့ ကြီးကြပ်မှူးတွေဟာ အခွင့်အာဏာကို အလွဲသုံးစား မလုပ်မိအောင် ချုပ်တည်းဖို့ အထူးဂရုပြုရမယ်။ ဒုတိယ၊ သွေးဆောင်မခံရပါဘူးဆိုပြီး ပေါ့ပေါ့ဆဆ မနေသင့်ဘူး။—၁ ကော. ၁၀:၁၂။ w17.09 ၅-၆ ¶၁၂-၁၃