မေ
ဗုဒ္ဓဟူးနေ့၊ မေ ၁
ဆုံးမမှုကို ကိုင်စွဲထားပါ။ မလွှတ်လိုက်နဲ့။ ထိန်းသိမ်းထားပါ။ ဆုံးမမှုဟာ အသက်ရှင်စေနိုင်လို့ပဲ။—ပညာ. ၄:၁၃။
ဆုံးမခံရတဲ့အခါ နာကျင်မှုခံစားရပေမဲ့ ဒီထက် ပိုဆိုးတဲ့ နာကျင်မှု ရှိသေးတယ်။ ဆုံးမမှုကို ငြင်းပယ်ခြင်းရဲ့ ဆိုးကျိုးတွေပါပဲ။ (ဟီ. ၁၂:၁၁) ကာအိနအကြောင်း သုံးသပ်ကြည့်ပါ။ အာဗေလကို ကာအိန သတ်ချင်လောက်အောင် မုန်းနေတဲ့အတွက် ဘုရားသခင်က “ဘာလို့ ဒီလောက်တောင် ဒေါသထွက်ပြီး မျက်နှာပျက်နေရတာလဲ။ မင်းသာ အခုကစပြီး ကောင်းတာလုပ်မယ်ဆိုရင် မျက်နှာသာပြန်ရမှာပဲ။ ကောင်းတာမလုပ်ရင်တော့ အပြစ်က မင်းကို ခုန်အုပ်ချင်လို့ တံခါးဝမှာ ချောင်းနေတယ်။ အပြစ်ကို မင်း အနိုင်ယူလိုက်ပါ” လို့ပြောတယ်။ (က. ၄:၆၊ ၇) ကာအိန နားမထောင်ခဲ့တဲ့အတွက် အပြစ်က အနိုင်ယူသွားတယ်။ မလိုအပ်တဲ့ နာကျင်မှုဝေဒနာတွေ ခံစားခဲ့ရတယ်။ (က. ၄:၁၁၊ ၁၂) ဘုရားသခင့်ဆုံးမမှုကိုသာ လက်ခံခဲ့ရင် အဲဒီလောက် နာကျင်ခံစားရမှာ မဟုတ်ဘူး။ ယေဟောဝါက ကျွန်တော်တို့ကို မလိုအပ်တဲ့ ဒုက္ခတွေ မခံစားစေချင်ဘူး။ (ဟေရှာ. ၄၈:၁၇၊ ၁၈) ဒါကြောင့် “ဆုံးမစကားကို နားထောင်ပါ။ ဉာဏ်ပညာရှိပါ။”—ပညာ. ၈:၃၃။ w18.03 ၃၂ ¶၁၈-၂၀
ကြာသပတေးနေ့၊ မေ ၂
ငါဒံယေလက . . . [အချိန်ကာလကို] ကျမ်းစောင်တွေကတစ်ဆင့် သိလာတယ်။—ဒံ. ၉:၂။
ယေဟောဝါအကြောင်း ဒံယေလ ဘယ်လို သိလာသလဲ။ ယေဟောဝါနဲ့ ကျမ်းစာကို မြတ်နိုးဖို့ သင်ပေးတဲ့ မိဘတွေရဲ့ သွန်သင်ဆုံးမမှုကို ဒံယေလ ကောင်းစွာ ရရှိထားတာ ထင်ရှားတယ်။ ဒံယေလမှာ အဲဒီမြတ်နိုးတဲ့စိတ် တစ်သက်လုံး ရှိခဲ့တယ်။ အသက်ကြီးတဲ့ အချိန်မှာတောင် ကျမ်းစာအကြောင်း လေ့လာနေတုန်းပဲ။ ဘုရားသခင်အကြောင်း၊ အစ္စရေးတွေနဲ့ ဆက်ဆံပုံအကြောင်း ဒံယေလ အသေးစိတ်သိရှိကြောင်း ဒံယေလ ၉:၃-၁၉ ပါ လှိုက်လှဲတဲ့ ဆုတောင်းစကားကနေ သိရှိနိုင်ပါတယ်။ အဲဒီဆုတောင်းချက်ကို အချိန်ယူ ဖတ်ရှုတွေးတောကြည့်ပါ။ သစ္စာရှိတဲ့ ဂျူးတစ်ယောက်အတွက် အယူမှားဗာဗုလုန်မှာ နေရတာ အလွန်ခက်ခဲတယ်။ ဥပမာ၊ “ငါပြည်နှင်ဒဏ်ပေးလိုက်လို့ မင်းတို့ရောက်နေတဲ့မြို့ကို ငြိမ်သက်အေးချမ်းအောင် ကြိုးစားကြ” ဆိုပြီး ဂျူးတွေကို ယေဟောဝါ မိန့်မှာခဲ့တယ်။ (ယေ. ၂၉:၇) တစ်ချိန်တည်းမှာ အကြွင်းမဲ့ ကိုးကွယ်ဆည်းကပ်ဖို့လည်း တောင်းဆိုထားတယ်။ (ထွ. ၃၄:၁၄) တောင်းဆိုမှုနှစ်ခုကို ဒံယေလ ဘယ်လို ဟန်ချက်ညီစေခဲ့သလဲ။ ဘုရားရေးရာဉာဏ်ပညာက လောကအာဏာပိုင်တွေကို အထိုက်အလျောက် လက်အောက်ခံရမယ်ဆိုတဲ့ အခြေခံမူကို နားလည်အောင် ကူညီပေးတယ်။ ရာစုနှစ်တွေ ကြာပြီးတဲ့နောက် အဲဒီအခြေခံမူကိုပဲ ယေရှု သင်ပေးခဲ့တယ်။—လု. ၂၀:၂၅။ w18.02 ၁၀ ¶၁၁-၁၂
သောကြာနေ့၊ မေ ၃
[လူတွေရဲ့] နဖူးမှာ မှတ်သားပါ။—ယေဇ. ၉:၄။
ကျန်းမာရေးပြဿနာ၊ ငွေကြေးပြဿနာ၊ ညှဉ်းပန်းနှိပ်စက်မှုစတဲ့ စမ်းသပ်မှုတွေ ကြုံနေရပါသလား။ ယေဟောဝါရဲ့ အမှုတော်မှာ ပျော်ရွှင်နေဖို့ တစ်ခါတလေ အခက်တွေ့နေသလား။ ဒါဆိုရင် နောဧ၊ ဒံယေလ၊ ယောဘတို့ရဲ့ ပုံသက်သေတွေကနေ ခွန်အားရယူပါ။ သူတို့ မစုံလင်ကြဘူး။ အသက်အန္တရာယ် အပါအဝင် ကျွန်တော်တို့ ကြုံနေရတဲ့ အခက်အခဲမျိုးတွေကို ရင်ဆိုင်ခဲ့ကြတယ်။ ဒါပေမဲ့ သမာဓိစောင့်ထိန်းပြီး ဘုရားရှေ့မှာ ယုံကြည်ခြင်းနဲ့ နာခံမှု စံနမူနာရှင်တွေ ဖြစ်လာကြတယ်။ (ယေဇ. ၁၄:၁၂-၁၄) ဒီနေ့ကျမ်းချက်ပါ စကားတွေကို ဗာဗုလုန်မှာ ဘီစီ ၆၁၂ တုန်းက ယေဇကျေလ ရေးသားခဲ့တယ်။ (ယေဇ. ၁:၁။ ၈:၁) အယူဖောက်ပြန်တဲ့ ဂျေရုဆလင်မြို့ ပျက်စီးခါနီးပြီ။ ဘီစီ ၆၀၇ မှာ ပျက်စီးခဲ့တယ်။ နောဧ၊ ဒံယေလ၊ ယောဘတို့ရဲ့ အရည်အသွေးတွေကို တင်ပြတဲ့ လူအနည်းငယ်ပဲ ကယ်တင်ခြင်းရဖို့ မှတ်သားခံခဲ့ရတယ်။ (ယေဇ. ၉:၁-၅) ဒီနေ့လည်း အပြစ်ကင်းသူတွေအဖြစ် ယေဟောဝါ ယူမှတ်သူတွေသာ ဒီစနစ်အဆုံးတိုင်ချိန်မှာ လွတ်မြောက်ဖို့ မှတ်သားခံရပါလိမ့်မယ်။—ဗျာ. ၇:၉၊ ၁၄။ w18.02 ၃-၄ ¶၁-၃
စနေနေ့၊ မေ ၄
လူငယ်ဘဝမှာ ကြီးမြတ်တဲ့ ဖန်ဆင်းရှင်ကို သတိရပါ။—ဒေ. ၁၂:၁။
လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘မိဘတွေကြောင့်ပဲ ခရစ်ယာန်လုပ်ငန်းဆောင်တာတွေမှာ ပါဝင်နေသလား။ ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိအောင် လုပ်ဆောင်နေသလား။’ ဘုရားရေးရာပန်းတိုင်တွေ ချမှတ်ဖို့ အကြံပြုချက်က လူငယ်တွေနဲ့ပဲ သက်ဆိုင်တာ မဟုတ်ပါဘူး။ ပန်းတိုင်တွေ ချမှတ်ခြင်းအားဖြင့် ယေဟောဝါရဲ့ ကျေးကျွန်အားလုံး ဘုရားတရားစိတ်ဓာတ် ခိုင်မာလာပါလိမ့်မယ်။ (ဒေ. ၁၂:၁၃) တိုးတက်ရမယ့်ကဏ္ဍတွေကို သိပြီဆိုရင် တိုးတက်ဖို့ တစ်ဆင့်ပြီး တစ်ဆင့် လုပ်ဆောင်ပါ။ စွမ်းအားတော် လမ်းပြမှုနောက် လိုက်သူဖြစ်ဖို့ အလွန်အရေးကြီးတယ်။ သေရေးရှင်ရေးကိစ္စ ဖြစ်တယ်။ (ရော. ၈:၆-၈) ဒါပေမဲ့ ဘုရားရေးရာမှာ ရင့်ကျက်သူဖြစ်ဖို့ စုံလင်ရမယ်လို့ မဆိုလိုဘူး။ လိုအပ်သလို တိုးတက်နိုင်ဖို့ ယေဟောဝါရဲ့ စွမ်းအားတော် ကူညီပေးနိုင်ပါတယ်။ ကြိုးစားအားထုတ်ဖို့တော့ လိုတယ်။ ကျမ်းစာလေ့လာရတာ ပျော်စရာကောင်းပေမဲ့ အပျော်တမ်း ဝတ္ထုဖတ်သလို မဖတ်သင့်ဘူး။ ကျွန်တော်တို့ကို ကူညီပေးမယ့် ဘုရားရေးရာ ရတနာတွေ ရှာဖို့ ကြိုးစားရမယ်။ w18.02 ၂၅ ¶၁၀-၁၁
တနင်္ဂနွေနေ့၊ မေ ၅
ဘာလို့ အချိန်ဆွဲနေမှာလဲ။ အခု ထပြီး နှစ်ခြင်းခံ လိုက်ပါ။—တ. ၂၂:၁၆။
ဆက်ကပ်အပ်နှံ နှစ်ခြင်းခံဖို့ အသိပညာ အများကြီး မလိုပါဘူး။ တပည့်အားလုံးက နှစ်ခြင်းခံပြီးနောက် တိကျမှန်ကန်တဲ့ အသိပညာ ဆက်ဆည်းပူးနေရမယ်။ (ကော. ၁:၉၊ ၁၀) ဒါဆို အခြေခံအသိပညာ ဘယ်လောက် ရှိထားရမလဲ။ ပထမရာစု မိသားစုတစ်စုရဲ့ ဖြစ်ရပ်ကနေ ကျွန်တော်တို့ သင်ယူနိုင်ပါတယ်။ (တ. ၁၆:၂၅-၃၃) အေဒီ ၅၀၊ ဒုတိယ သာသနာပြု ခရီးစဉ်မှာ ဖိလိပ္ပိမြို့ကို ပေါလု လည်ပတ်ခဲ့တယ်။ မဟုတ်မမှန် စွပ်စွဲချက်တွေကြောင့် ပေါလုနဲ့ သိလ အဖမ်းခံရပြီး ထောင်ချခံရတယ်။ အဲဒီညမှာ မြေငလျင်လှုပ်ပြီး ထောင်တံခါးတွေ ပွင့်သွားတယ်။ ထောင်သားတွေ ထွက်ပြေးသွားပြီအထင်နဲ့ ထောင်မှူး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့လုပ်တော့ ပေါလု တားလိုက်တယ်။ ထောင်မှူးနဲ့ မိသားစုကို သက်သေခံခွင့်ရခဲ့တယ်။ ယေရှုနဲ့ပတ်သက်ပြီး သိလာတဲ့ အမှန်တရားတွေက ဘာလုပ်ဖို့ လှုံ့ဆော်ခဲ့သလဲ။ သူတို့ ချက်ချင်း နှစ်ခြင်းခံလိုက်ကြတယ်။ w18.03 ၁၀ ¶၇-၈
တနင်္လာနေ့၊ မေ ၆
ယေဟောဝါကို ဘုရားသခင်အဖြစ် ကိုးကွယ်နေသူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။—ဆာ. ၁၄၄:၁၅။
ယေဟောဝါဟာ ပျော်ရွှင်တဲ့ဘုရားမို့ ဘုရားရဲ့လူတွေလည်း အဲဒီအရည်အသွေးကို တင်ပြကြတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့သူတွေ၊ ရယူဖို့ပဲ စိတ်ဝင်စားတဲ့သူတွေနဲ့ မတူဘဲ ယေဟောဝါရဲ့ ကျေးကျွန်တွေကတော့ သူတစ်ပါးအကျိုးအတွက် ကိုယ့်ကိုယ်ကိုယ် ပေးဆက်ရာမှာ ပျော်ရွှင်နေကြတယ်။ (တ. ၂၀:၃၅။ ၂ တိ. ၃:၂) ဘုရားကို ချစ်တာထက် ကိုယ့်ကိုယ်ကိုယ် ပိုချစ်နေသလားဆိုတာ ဘယ်လို သိနိုင်မလဲ။ ဖိလိပ္ပိ ၂:၃၊ ၄ မှာပါတဲ့ သတိပေးချက်ကို စဉ်းစားကြည့်ပါ– “ငြင်းခုံရန်တွေ့ချင်တဲ့စိတ်၊ အတ္တစိတ်နဲ့ ဘာမှမလုပ်ကြပါနဲ့။ စိတ်နှိမ့်ချကြပါ၊ သူတစ်ပါးကို ကိုယ့်ထက်သာတယ်လို့ သဘောထားပါ။ ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ။” ကိုယ့်ကိုယ့်ကိုယ် ဒီလိုမေးကြည့်ပါ– ‘အဲဒီသတိပေးချက်ကို ငါကျင့်သုံးနေသလား။ အသင်းတော်မှာရော အမှုဆောင်လုပ်ငန်းမှာပါ တခြားသူတွေကို ကူညီပေးဖို့ ကြိုးစားနေသလား။’ ကိုယ့်ကိုယ်ကိုယ် ပေးဆက်ရတာ အမြဲတော့ မလွယ်ပါဘူး။ ကြိုးစားအားထုတ်မှုနဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံမှု လိုတယ်။ ဒါပေမဲ့ စကြဝဠာ အချုပ်အခြာအာဏာပိုင်ရှင်ရဲ့ မျက်နှာသာရထားတယ်လို့ သိထားတာထက် ပျော်ရွှင်ကျေနပ်စေတဲ့အရာ ဘာရှိဦးမလဲ။ w18.01 ၂၃ ¶၆-၇
အင်္ဂါနေ့၊ မေ ၇
ယုံကြည်ခြင်း ခိုင်မြဲနေမနေ အမြဲဆန်းစစ်ပါ။—၂ ကော. ၁၃:၅။
ယုံကြည်ခြင်း ခိုင်မြဲနေမနေ ဆန်းစစ်တဲ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် မေးပါ– ‘ယေဟောဝါရဲ့ အလိုတော် ပြီးမြောက်စေဖို့ ရွေးချယ်ထားတဲ့ တစ်ခုတည်းသောအဖွဲ့အစည်းထဲမှာ ငါပါနေတယ်လို့ တကယ် ယုံကြည်သလား။ ဘုရားနိုင်ငံတော် သတင်းကောင်း ဟောပြောသွန်သင်ခြင်းမှာ အတတ်နိုင်ဆုံး ပါဝင်နေရဲ့လား။ အခုအချိန်ဟာ နောက်ဆုံးကာလဖြစ်ကြောင်း၊ စာတန့်အုပ်ချုပ်မှု အဆုံးတိုင်တော့မှာဖြစ်ကြောင်း တကယ်ယုံကြည်မှန်း ငါ့လုပ်ရပ်တွေနဲ့ ပြသလား။ ယေဟောဝါဘုရားဆီ ဆက်ကပ်အပ်နှံခဲ့တဲ့အချိန်တုန်းကလိုပဲ အခုလည်း ယေဟောဝါနဲ့ ယေရှုကို ယုံကြည်စိတ်ချနေဆဲလား။’ (မ. ၂၄:၁၄။ ၂ တိ. ၃:၁။ ဟီ. ၃:၁၄) အဲဒီအဖြေတွေကို စဉ်းစားတွေးတောခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ဘယ်လို လူစားမျိုးဖြစ်မှန်း သိစေပါမယ်။ အောက်မေ့ရာပွဲရဲ့ အရေးကြီးမှုအကြောင်း ဆွေးနွေးထားတဲ့ ကျမ်းစာအခြေခံအကြောင်းအရာတွေကို ဖတ်ရှုဆင်ခြင်ပါ။ (ယော. ၃:၁၆။ ၁၇:၃) ထာဝရအသက် ရစေတဲ့ တစ်ခုတည်းသောလမ်းက ယေဟောဝါကို “သိကျွမ်း” ခြင်း၊ တစ်ဦးတည်းသောသား ယေရှုကို “သက်ဝင်ယုံကြည်” ခြင်းပါပဲ။ အောက်မေ့ရာပွဲအတွက် ပြင်ဆင်ရာမှာ ယေဟောဝါ၊ ယေရှုနဲ့ ပိုရင်းနှီးစေမယ့်အချက်တချို့ကို လေ့လာပါ။ w18.01 ၁၃ ¶၅-၆
ဗုဒ္ဓဟူးနေ့၊ မေ ၈
ကျွန်တော့်ကို စေလွှတ်တဲ့အရှင်သာ မဆွဲဆောင်ရင် ဘယ်သူမှ ကျွန်တော့်ဆီ မလာနိုင်ဘူး။—ယော. ၆:၄၄။
ကျမ်းစာနဲ့ ကျမ်းစာအခြေပြု စာပေတွေ ဖတ်တဲ့အခါ၊ ခရစ်ယာန် အစည်းအဝေးတွေ တက်ရောက်တဲ့အခါ တခြားသူတွေကို သစ္စာရှိနေအောင် ဘုရားသခင် ဘယ်လို ကူညီတဲ့အကြောင်း အားရှိစရာ တွေ့ကြုံမှုတွေ ကြားရတယ်။ ဒါပေမဲ့ သင်ကိုယ်တိုင် ယေဟောဝါရဲ့ လက်တော် ကူညီထောက်မမှုကို မြင်တွေ့ခံစားရဖို့ လိုတယ်။ ယေဟောဝါရဲ့ ကောင်းမြတ်မှုကို ကိုယ်တိုင် ဘယ်လို မြည်းစမ်းခဲ့ပြီလဲ။ ယေဟောဝါရဲ့ ကောင်းမြတ်မှုကို ခရစ်ယာန်အားလုံး မြည်းစမ်းနိုင်တဲ့နည်းတစ်နည်း ရှိတယ်။ ဘုရားသခင်၊ သားတော်နဲ့ ရင်းနှီးအောင်လုပ်ဖို့ ဖိတ်ခေါ်ခံရခြင်းပါပဲ။ ‘ငါ့မိဘတွေကို ယေဟောဝါ ဆွဲဆောင်လို့ ငါလည်း ပါသွားတာ’ လို့ လူငယ်တစ်ယောက် တွေးမိနိုင်တယ်။ ဒါပေမဲ့ သင် ယေဟောဝါဆီ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံတဲ့အခါ ဘုရားသခင်နဲ့ အခွင့်ထူးခံဆက်ဆံရေး ရှိထားကြောင်း ဖော်ပြတယ်။ အခု သင့်ကို ဘုရားသခင် တကယ် သိနေပြီ။ ‘ဘုရားသခင်ကို ချစ်တဲ့သူဖြစ်ရင် အဲဒီလူကို ဘုရားသခင် သိတယ်’ လို့ ကျမ်းစာမှာ အာမခံထားတယ်။ (၁ ကော. ၈:၃) ယေဟောဝါရဲ့ အဖွဲ့အစည်းမှာ ကိုယ့်နေရာကို တန်ဖိုးထားလေးမြတ်ဖို့ အမြဲ ကြိုးစားပါ။ w17.12 ၂၆ ¶၁၂-၁၃
ကြာသပတေးနေ့၊ မေ ၉
ယေဟောဝါက ချစ်ရသူတွေကို ဆုံးမတတ်တယ်။—ဟီ. ၁၂:၆။
“ဆုံးမမှု” ဆိုတဲ့ စကားလုံးကို ကြားတာနဲ့ ဘာကို ပြေးမြင်မိသလဲ။ ပြစ်ဒဏ်ပေးခြင်းကို မြင်မိနိုင်တယ်။ ဒါပေမဲ့ ဆုံးမခြင်းမှာ ဒါ့ထက်မက ပါဝင်တယ်။ ကျမ်းစာမှာ ဆုံးမမှုကို နှစ်လို့ဖွယ် ဖော်ပြထားပြီး အသိပညာ၊ ဉာဏ်ပညာ၊ မေတ္တာ၊ အသက်တို့နဲ့ ဆက်စပ်လေ့ရှိတယ်။ (ပညာ. ၁:၂-၇။ ၄:၁၁-၁၃) ဘုရားသခင့် ဆုံးမမှုက ကျွန်တော်တို့ကို ချစ်ကြောင်း၊ ထာဝရအသက် ရစေလိုကြောင်း ဖော်ပြတယ်။ (ဟီ. ၁၂:၆) ဘုရားသခင့် ဆုံးမမှုမှာ ပြစ်ဒဏ်ပေးခြင်း ပါဝင်နိုင်ပေမဲ့ ဘယ်တော့မှ ရက်စက်ကြမ်းကြုတ်မှု မရှိဘူး။ “ဆုံးမမှု” မှာ အဓိကအားဖြင့် မိဘက ကလေးကို သွန်သင်ပေးသလို သင်ပေးခြင်း ပါဝင်တယ်။ ခရစ်ယာန်တွေအနေနဲ့ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ အိမ်ထောင်စုဝင်တွေ ဖြစ်တယ်။ (၁ တိ. ၃:၁၅) ဒါကြောင့် ဘုရားသခင်ရဲ့ စံနှုန်းသတ်မှတ်ပိုင်ခွင့်၊ ဆုံးမပိုင်ခွင့်ကို လေးစားကြတယ်။ အဲဒီအပြင် ကိုယ့်လုပ်ရပ်ကြောင့် ဆိုးကျိုးတွေခံရတဲ့အခါ ဘုရားသခင်ကို နာခံဖို့ အရေးကြီးကြောင်း သတိရစေတယ်။—ဂလ. ၆:၇။ w18.03 ၂၃ ¶၁။ ၂၄ ¶၃
သောကြာနေ့၊ မေ ၁၀
ဉာဏ်ပညာရှိသူဟာ စကားများများ မပြောဘူး။ ပိုင်းခြားသိမြင်မှုရှိသူဟာ အေးဆေးတည် ငြိမ်တယ်။—ပညာ. ၁၇:၂၇။
ဆယ်ကျော်သက်တစ်ဦးအနေနဲ့ ခရစ်ယာန်မိဘတွေရဲ့ အထင်လွဲမှု၊ ကန့်သတ်ချုပ်ချယ်မှု ခံနေရတယ်လို့ ထင်ရင်ကော။ အဲဒီလို ခံစားနေရရင် ယေဟောဝါကို ဝတ်ပြုတာ အကောင်းဆုံးဘဝလမ်းစဉ်မှ ဟုတ်ရဲ့လားလို့ သံသယဝင်လာနိုင်တယ်။ ယေဟောဝါကို ဝတ်မပြုတော့ရင် ဘုရားကို ကြောက်ရွံ့ရိုသေတဲ့ မိဘတွေနဲ့ အသင်းတော်ထက် သင့်ကို ပိုဂရုစိုက်တဲ့သူ မရှိမှန်း မကြာခင် သိလာပါလိမ့်မယ်။ မိဘတွေ တစ်ခါမှ မဆုံးမရင် ကိုယ့်ကို တကယ်မှ ချစ်ရဲ့လားလို့ တွေးမိမယ် မဟုတ်လား။ (ဟီ. ၁၂:၈) မိဘတွေရဲ့ ဆုံးမနည်းကြောင့် စိတ်ထိခိုက်မိနိုင်တယ်။ ဒါပေမဲ့ ဆုံးမနည်းကြောင့် စိတ်မဆိုးပါနဲ့။ ဆုံးမရတဲ့အကြောင်းရင်းကို နားလည်ဖို့ ကြိုးစားပါ။ ဒါကြောင့် တည်တည်ငြိမ်ငြိမ်ရှိပါ။ တရားလွန် ဝေဖန်တုံ့ပြန်တာမျိုး မလုပ်ပါနဲ့။ ဆုံးမတာကို တည်တည်ငြိမ်ငြိမ် လက်ခံနိုင်တဲ့ ရင့်ကျက်သူဖြစ်ဖို့၊ ဘယ်လိုနည်းနဲ့ပဲ ဆုံးမပါစေ အကျိုးရယူဖို့ ပန်းတိုင်ထားပါ။—ပညာ. ၁:၈။ w17.11 ၂၉ ¶၁၆-၁၇
စနေနေ့၊ မေ ၁၁
ကနဦးမေတ္တာ ပျက်ပြယ်သွား[ပြီ]။—ဗျာ. ၂:၄။
နှစ်ခြင်းခံပြီးမှ ဘုရားသခင့် စံနှုန်းတွေအတိုင်း နေထိုင်တာက ပညာရှိရာရောက်ရဲ့လားလို့ မေးခွန်းထုတ်တဲ့ လူငယ်တချို့ကို တွေ့ဖူးတာ ဖြစ်နိုင်တယ်။ အတော်များများက အမှန်တရားလမ်းကိုတောင် စွန့်သွားကြတယ်။ ဒါကြောင့် ကိုယ့်သားသမီး ခရစ်ယာန်လမ်းစဉ်ကို စတင်လိုက်လျှောက်ပြီးမှ ပြောင်းလဲသွားမှာ၊ ရှိခဲ့ဖူးတဲ့ အမှန်တရား ချစ်မြတ်နိုးစိတ် ပျောက်သွားမှာကို စိုးရိမ်မိနိုင်တယ်။ အဲဒီလို မဖြစ်ဖို့၊ ကိုယ့်သားသမီး “ကြီးထွားလာပြီး ကယ်တင်ခြင်း ရ” ဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။ (၁ ပေ. ၂:၂) အဖြေကို တိမောသေဆီ ပေါလု ရေးတဲ့စာမှာ ဖော်ပြထားတယ်– “မင်းကတော့ သင်ယူထားတဲ့အရာတွေ၊ လက်ခံယုံကြည်ထားတဲ့ အရာတွေအတိုင်း ဆက်လုပ်ဆောင်နေပါ။ အဲဒါတွေကို ဘယ်သူတွေဆီက သင်ယူခဲ့မှန်း မင်းသိပါတယ်။ သမ္မာကျမ်းစာ [ဟီဘရူးကျမ်းစောင်တွေ] ကို နို့စို့အရွယ်ကတည်းက မင်းသိရှိခဲ့တယ်။ အဲဒီကျမ်းစာဟာ ဉာဏ်ပညာရှိစေနိုင်တယ်။ ခရစ်တော်ယေရှုကို မင်းယုံကြည်တဲ့အတွက် ကယ်တင်ခြင်းရနိုင်အောင် အဲဒီဉာဏ်ပညာက ကူညီပေးတယ်။” (၂ တိ. ၃:၁၄၊ ၁၅) (၁) သမ္မာကျမ်းစာကို သိရှိခြင်း၊ (၂) သင်ယူသိရှိခဲ့ရာတွေကို လက်ခံယုံကြည်ထားခြင်း၊ (၃) ခရစ်တော်ယေရှုကို ယုံကြည်တဲ့အတွက် ကယ်တင်ခြင်းရနိုင်အောင် ဉာဏ်ပညာရှိခြင်းအကြောင်း ပေါလု ရေးခဲ့တာ သတိပြုပါ။ w17.12 ၁၈-၁၉ ¶၂-၃
တနင်္ဂနွေနေ့၊ မေ ၁၂
ငါ့ကျွန်တွေဟာ စိတ်ကြည်နူးနေတဲ့အတွက် ရွှင်လန်းစွာ ကြွေးကြော်လိမ့်မယ်။ မင်းတို့ကတော့ စိတ်နာကျင်နေတဲ့အတွက် ငိုကြွေးမြည်တမ်းရလိမ့်မယ်။—ဟေရှာ. ၆၅:၁၄။
ဘာသာတရားများစွာက ငရဲအကြောင်း သင်ပေးခြင်း၊ ဆယ်ဖို့တစ်ဖို့ ကောက်ခံခြင်း၊ နိုင်ငံရေးတရား ဟောခြင်းအားဖြင့် လူတွေကို ဘုရားသခင်ဆီကနေ လမ်းလွဲသွားစေကြတယ်။ ဘာသာတရား မရှိလည်းဘဲ ပျော်ရွှင်နိုင်တယ်လို့ ယူဆတဲ့သူ တိုးများလာတာ မဆန်းပါဘူး။ မှားယွင်းတဲ့ ဘာသာတရား မရှိဘဲနဲ့ ပျော်ရွှင်နိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ “ပျော်ရွှင်တဲ့ ဘုရားသခင်” ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း မရှိဘဲနဲ့တော့ စစ်မှန်တဲ့ ပျော်ရွှင်မှု မရနိုင်ဘူး။ (၁ တိ. ၁:၁၁) ဘုရားသခင် လုပ်ဆောင်သမျှ တခြားသူတွေကို အကျိုးပြုတယ်။ ဘုရားကျေးကျွန်တွေဟာ တခြားသူတွေကို ကူညီပေးကြလို့ ပျော်ရွှင်ကြတယ်။ (တ. ၂၀:၃၅) ဥပမာ၊ စစ်မှန်တဲ့ ဝတ်ပြုရေးက မိသားစု ပျော်ရွှင်မှု တိုးများစေနိုင်ပုံကို သုံးသပ်ကြည့်ပါ။ အိမ်ထောင်ဖက်ကို ရိုသေလေးစားဖို့၊ အိမ်ထောင်ရေး သစ္စာကတိကို အလေးအမြတ် ထားဖို့၊ အိမ်ထောင်ရေး မဖောက်ပြန်ဖို့၊ လေးစားတတ်တဲ့ သားသမီးတွေ ဖြစ်အောင် ပျိုးထောင်ပေးဖို့၊ စစ်မှန်တဲ့ မေတ္တာတရားကို ကျင့်သုံးဖို့ စစ်မှန်တဲ့ ဝတ်ပြုရေးက သင်ကြားပေးတယ်။ ရလဒ်အနေနဲ့ ပျော်ရွှင်တဲ့ အသင်းတော်၊ ပျော်ရွှင်တဲ့ ကမ္ဘာချီ ညီအစ်ကိုအသင်းအပင်းအဖြစ် စည်းလုံးစေတယ်။ w17.11 ၂၁ ¶၆-၇
တနင်္လာနေ့၊ မေ ၁၃
ကျွန်တော့်အဖြစ် ဆိုးလိုက်တာ။—ရော. ၇:၂၄။
တမန်တော် ပေါလုရဲ့ စကားတွေကို ဘုရားသခင့် သစ္စာရှိကျေးကျွန်များစွာ ပြောကြတယ်။ ကျွန်တော်တို့အားလုံး အပြစ်ကို အမွေ ရထားကြတယ်။ ကျွန်တော်တို့ရဲ့ လုပ်ရပ်က ယေဟောဝါရဲ့ နှစ်သက်မှု ရချင်တဲ့ဆန္ဒနဲ့ မကိုက်ညီတဲ့အခါ အဖြစ်ဆိုးလိုက်တာလို့ ခံစားမိနိုင်တယ်။ ကြီးလေးတဲ့အပြစ် ကျူးလွန်ထားတဲ့ ခရစ်ယာန်တချို့ ဘုရားသခင့် ခွင့်လွှတ်မှု မရနိုင်တော့ဘူးလို့တောင် ခံစားကြတယ်။ ဒါပေမဲ့ ယေဟောဝါဆီမှာ ခိုလှုံသူတွေဟာ အပြစ်ရဲ့ လွှမ်းမိုးဖိစီးမှုအောက် ရောက်နေတယ်လို့ ခံစားနေစရာ မလိုဘူးဆိုပြီး ကျမ်းစာက နှစ်သိမ့်ပေးတယ်။ (ဆာ. ၃၄:၂၂) ယေဟောဝါကို အပြည့်အဝ မနာခံနိုင်လို့ အဖြစ်ဆိုးသူအဖြစ် ဖော်ပြပြီးတဲ့နောက် “သခင်ယေရှုခရစ်အားဖြင့် ကျွန်တော့်ကို ကယ်တင်တဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်” လို့ ပေါလု ပြောခဲ့တယ်။ (ရော. ၇:၂၅) အပြစ်နဲ့ နောင်တရခဲ့ပြီးတဲ့ အတိတ်က အမှားအတွက် တိုက်လှန်နေရပေမဲ့ ယေရှုအားဖြင့် ဘုရားသခင့် ခွင့်လွှတ်မှုကို ပေါလု ယုံကြည်စိတ်ချခဲ့တယ်။ ရွေးဖိုးပေးသူ ယေရှုက ကျွန်တော်တို့ရဲ့ သိစိတ်ကို စင်ကြယ်စေပြီး စိတ်ငြိမ်သက်မှု ရရှိစေတယ်။ (ဟီ. ၉:၁၃၊ ၁၄) ပုရောဟိတ်မင်းအဖြစ် “သူ့နာမည်ကို အမှီပြုပြီး ဘုရားသခင်ဆီ ဆုတောင်းသူတိုင်းကို အပြည့်အဝ ကယ်တင်နိုင်တဲ့အစွမ်း သူ့မှာ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အတွက် အသနားခံပေးဖို့ သူအမြဲအသက်ရှင်နေလို့ပဲ။”—ဟီ. ၇:၂၄၊ ၂၅။ w17.11 ၈ ¶၁-၂။ ၁၂ ¶၁၅
အင်္ဂါနေ့၊ မေ ၁၄
ယေဟောဝါဘုရားကို သစ္စာကတိပြုပြီး အဲဒီအတိုင်း လုပ်ဆောင်ကြပါ။—ဆာ. ၇၆:၁၁။
ဆက်ကပ်အပ်နှံခြင်း သစ္စာကတိအတိုင်း ဘယ်လို နေထိုင်နိုင်သလဲ။ စမ်းသပ်မှု ကြီးကြီးငယ်ငယ် ရင်ဆိုင်တဲ့အခါ ကိုယ့်ရပ်တည်ချက်က “နေ့တိုင်း” ယေဟောဝါကို ချီးမွမ်းမယ်ဆိုတဲ့ ကတိသစ္စာကို အလေးအနက်ထားကြောင်း ဖော်ပြသင့်တယ်။ (ဆာ. ၆၁:၈) ဥပမာ၊ အလုပ်မှာ၊ ကျောင်းမှာ တစ်ယောက်ယောက်က ကျွန်တော်တို့ကို ပရောပရည်လုပ်တဲ့အခါ ငြင်းပယ်ခြင်းအားဖြင့် ယေဟောဝါရဲ့ ‘လမ်းစဉ်တွေကို နှစ်သက်’ ကြောင်း ဖော်ပြနိုင်တဲ့ အခွင့်အရေးအဖြစ် ရှုမြင်သလား။ (ပညာ. ၂၃:၂၆) ယုံကြည်ခြင်းမတူတဲ့ မိသားစုမှာ ရှိတယ်ဆိုရင် ခရစ်ယာန်ကိုယ်ရည်ကိုယ်သွေး ထိန်းသိမ်းဖို့ ယေဟောဝါဆီ အကူအညီတောင်းသလား။ ဘုရားအုပ်ချုပ်မှုအောက် ခေါ်ဆောင်လာတဲ့အတွက်၊ ကျွန်တော်တို့ကို ချစ်တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောဖို့ ကောင်းကင်ဘုံစံ မေတ္တာရှင် ဖခင်ဆီ နေ့တိုင်း ဆုတောင်းသလား။ နေ့တိုင်း ကျမ်းစာဖတ်ဖို့ အချိန်ပေးသလား။ အဲဒါတွေ လုပ်ပါ့မယ်လို့ ကတိပြုခဲ့ကြတယ် မဟုတ်လား။ ဒါဟာ နာခံမှုနဲ့ပတ်သက်တဲ့ ကိစ္စပဲ။ ဝတ်ပြုရေးမှာ အပြည့်အဝ ပါဝင်ခြင်းက ယေဟောဝါကို ချစ်ကြောင်း၊ အမှန်တကယ် ဆက်ကပ်အပ်နှံထားကြောင်း ဖော်ပြတယ်။ ကျွန်တော်တို့ရဲ့ ဝတ်ပြုရေးဟာ လုပ်ရိုးလုပ်စဉ်လောက်သာ မဟုတ်ဘဲ ဘဝလမ်းစဉ် ဖြစ်တယ်။ w17.10 ၂၃ ¶၁၁-၁၂
ဗုဒ္ဓဟူးနေ့၊ မေ ၁၅
ဘုရားသခင်ကို ချီးမွမ်းသီချင်းဆိုတာ သိပ်ကောင်းတယ်။—ဆာ. ၁၄၇:၁။
နာမည်ကျော် တေးရေးဆရာတစ်ဦးက ပြောတယ်– “စကားလုံးတွေက စဉ်းစားတွေးတောစေတယ်။ ဂီတက ခံစားစေတယ်။ သီချင်းကတော့ တွေးတောခံစားစေတယ်။” ကောင်းကင်ဘုံစံ ဖခင် ယေဟောဝါကို ချီးမွမ်းကြောင်း၊ ချစ်ကြောင်း ဖော်ပြတဲ့သီချင်းတွေထက် ပိုတွေးတောခံစားစေတာ ဘာရှိဦးမလဲ။ တစ်ယောက်တည်းဖြစ်စေ၊ အသင်းတော်လိုက်ဖြစ်စေ သီချင်းဆိုခြင်းဟာ စင်ကြယ်တဲ့ ဝတ်ပြုရေးရဲ့ အရေးကြီးတဲ့ကဏ္ဍမှာ ပါဝင်တယ်။ အသင်းတော်နဲ့အတူ သီချင်းဆိုတာကို ဘယ်လို ခံစားရသလဲ။ ရှက်သလား။ ယဉ်ကျေးမှုတချို့မှာ အမျိုးသားတွေဟာ လူအများရှေ့ သီချင်းဆိုတာကို ကသိကအောက်ဖြစ်ကြတယ်။ အဲဒီသဘောထားက အသင်းတော်တစ်ခုလုံးကို ထိခိုက်နိုင်တယ်။ အထူးသဖြင့် အသင်းတော်လိုက် သီချင်းဆိုနေချိန်မှာ ဦးဆောင်နေသူတွေက မဆိုဘဲနေရင်၊ တခြားကိစ္စတွေ လုပ်နေရင်ပေါ့။ (ဆာ. ၃၀:၁၂) သီချင်းဆိုခြင်းကို ဝတ်ပြုရေးရဲ့ အစိတ်အပိုင်းအဖြစ် မှန်ကန်စွာ ရှုမြင်မယ်ဆိုရင် အစည်းအဝေးမှာ သီချင်းဆိုတဲ့အခါ ထွက်သွားတာမျိုး၊ မပါဝင်တာမျိုး လုပ်မှာ မဟုတ်ဘူး။ w17.11 ၃ ¶၁-၃
ကြာသပတေးနေ့၊ မေ ၁၆
ကမ္ဘာမြေပေါ် ငြိမ်သက်ခြင်းကို ကျွန်တော် ယူဆောင်လာတယ်လို့ မထင်ကြနဲ့။ ငြိမ်သက်ခြင်းအစား ဓားကို ယူဆောင်လာတယ်။—မ. ၁၀:၃၄။
ကျွန်တော်တို့အားလုံး စိုးရိမ်ပူပန်မှု ကင်းပြီး ငြိမ်းချမ်းတဲ့ အသက်တာ လိုချင်ကြတယ်။ ယေဟောဝါက ကျွန်တော်တို့ကို “ဘုရားသခင့် ငြိမ်သက်ခြင်း” ပေးထားလို့ ကျေးဇူးတင်စရာပဲ။ အဲဒါက စိုးရိမ်သောက၊ ပူပန်မှုတွေကနေ ကာကွယ်ပေးတယ်။ (ဖိ. ၄:၆၊ ၇) ယေဟောဝါဆီ ဆက်ကပ်အပ်နှံထားတဲ့အတွက် “ဘုရားသခင်နဲ့ အမြဲ ခင်မင်ရင်းနှီး” တဲ့ ဆက်ဆံရေးကောင်း ပိုင်ဆိုင်နေကြတယ်။ (ရော. ၅:၁) ဒါပေမဲ့ လုံးလုံး ငြိမ်သက်အေးချမ်းတဲ့အချိန် ရောက်မလာသေးဘူး။ ခက်ခဲကျပ်တည်းတဲ့ ဒီနောက်ဆုံးကာလမှာ ပဋိပက္ခတွေ ပြည့်နှက်နေတယ်။ လူများစွာမှာ ရန်လိုတဲ့သဘောထားတွေ ရှိနေကြတယ်။ (၂ တိ. ၃:၁-၄) စာတန်နဲ့ မှားယွင်းတဲ့ သွန်သင်ချက်တွေကို ကျွန်တော်တို့ ခရစ်ယာန်တွေ တိုက်လှန်နေရတယ်။ (၂ ကော. ၁၀:၄၊ ၅) ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အေးချမ်းငြိမ်သက်မှုကို ပျက်ပြားစေတဲ့ အကြီးမားဆုံးခြိမ်းခြောက်မှုက မယုံကြည်သူ ဆွေမျိုးသားချင်းတွေဆီက ပေါ်လာနိုင်တယ်။ တချို့က ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တွေကို ကဲ့ရဲ့ကြမယ်။ မိသားစု ဖြိုခွဲသူလို့ စွပ်စွဲကြမယ်။ ယုံကြည်ခြင်းကို မစွန့်ရင် ကျွန်တော်တို့ကို စွန့်ပစ်မယ်လို့ ခြိမ်းခြောက်ကြမယ်။ w17.10 ၁၂ ¶၁-၂
သောကြာနေ့၊ မေ ၁၇
ပညတ်တော်ကို အလွန်နှစ်သက်ပါတယ်။ တစ်နေ့လုံး စဉ်းစားဆင်ခြင်ပါတယ်။—ဆာ. ၁၁၉:၉၇။
နှစ်တွေတစ်လျှောက် ဘာသာစကားတွေ ပြောင်းလဲသွားသလို ကျမ်းစာကို ဘာသာပြန်ခဲ့တဲ့ စကားတွေလည်း ပြောင်းလဲသွားတယ်။ စတင်ထုတ်ဝေတုန်းက နားလည်ရလွယ်ခဲ့တဲ့ ဘာသာပြန်ကျမ်းကို နောက်ပိုင်းမှာ သိပ်နားမလည်တော့တာ ဖြစ်နိုင်တယ်။ အင်္ဂလိပ် ဘာသာပြန်ကျမ်းတစ်အုပ်အကြောင်း သုံးသပ်ကြည့်ပါ။ ဂျိမ်းဘုရင် ဘာသာပြန်ကျမ်းကို ၁၆၁၁ ခုနှစ်မှာ ဦးဆုံး ထုတ်ဝေခဲ့တယ်။ လူကြိုက်အများဆုံး အင်္ဂလိပ်ကျမ်းစာ ဖြစ်ခဲ့တယ်။ အင်္ဂလိပ် ဘာသာစကားအပေါ် အကြီးအကျယ် သက်ရောက်ခဲ့တယ်။ ဒါပေမဲ့ ရာစုနှစ်တွေတစ်လျှောက် ဂျိမ်းဘုရင် ဘာသာပြန်ကျမ်းထဲက စကားလုံးများစွာဟာ ခေတ်နောက်ကျသွားပြီ။ တခြားဘာသာပြန်ကျမ်းတွေလည်း အလားတူပဲ။ ခေတ်သုံးစကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ရရှိထားလို့ ကျေးဇူးတင်စရာပဲ။ တစ်အုပ်လုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ဘာသာစကား ၁၅၀ ကျော်နဲ့ ရရှိနိုင်တဲ့အတွက် လူများစွာ ဖတ်ရှုနိုင်ကြပြီ။ ရှင်းလင်းတဲ့ အသုံးအနှုန်းတွေက ဘုရားသခင့် နှုတ်ထွက်စကားကို နှလုံးသားထဲ စိမ့်ဝင်စေတယ်။ w17.09 ၁၉ ¶၅-၆
စနေနေ့၊ မေ ၁၈
ငါ့သား၊ ဉာဏ်ပညာရှိပါ။ ငါ့စိတ်ကို ရွှင်လန်းစေပါ။—ပညာ. ၂၇:၁၁။
ခရစ်ယာန်လူငယ်တွေဟာ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ချကြရမယ်။ အပေါင်းအသင်းကောင်း၊ ဖျော်ဖြေမှုကောင်း၊ သန့်ရှင်းတဲ့ စာရိတ္တ၊ နှစ်ခြင်းနဲ့ပတ်သက်ပြီး ပညာရှိရှိ ဆုံးဖြတ်နိုင်အောင် သတ္တိလိုတယ်။ ဘုရားသခင်ကို ကဲ့ရဲ့နေတဲ့ စာတန့်ဆန္ဒကို ဆန့်ကျင်နေရလို့ပါပဲ။ လူငယ်တွေ ချရတဲ့ အရေးကြီး ဆုံးဖြတ်ချက်တစ်ခုကတော့ ပန်းတိုင်တွေနဲ့ပတ်သက်တယ်။ နိုင်ငံတချို့မှာ အဆင့်မြင့် ပညာရေး၊ လခကောင်းတဲ့ အလုပ်ကို အခြေခံတဲ့ပန်းတိုင်တွေ ချဖို့ လူငယ်တွေ ဖိအားပေးခံနေရတယ်။ နိုင်ငံတချို့မှာတော့ စီးပွားရေးအခြေအနေကြောင့် မိသားစုကို ငွေကြေး ထောက်ပံ့ရမယ်လို့ ခံစားနေကြတယ်။ သတ္တိရှိရှိ ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်နေတဲ့၊ ဘုရားနိုင်ငံတော်ကို ဘဝမှာ ဦးစားပေးနေတဲ့ လူငယ်တွေကို ယေဟောဝါ ကောင်းချီးပေးပါလိမ့်မယ်။ မိသားစုတွေရဲ့ လိုအပ်ရာတွေကို ထောက်ပံ့ပေးပါလိမ့်မယ်။ ပထမရာစုတုန်းက လူငယ် တိမောသေလိုပဲ သင်လည်း ဘုရားရေးရာ ပန်းတိုင်တွေကို အာရုံစိုက်နိုင်ပါတယ်။—ဖိ. ၂:၁၉-၂၂။ w17.09 ၂၉-၃၀ ¶၁၀-၁၂
တနင်္ဂနွေနေ့၊ မေ ၁၉
ဒီပညတ်ကျမ်းမှာပါတဲ့ အကြောင်းတွေကို မပြောဘဲမနေနဲ့။ အဲဒီမှာရေးထားသမျှကို ဂရုတစိုက် လိုက်နာ . . . ပါ။ ဒါဆိုရင် ဘဝလမ်းခရီး အောင်မြင်ပြီး ဉာဏ်ပညာရှိရှိ လုပ်ဆောင်နိုင်မယ်။—ယောရှု ၁:၈။
ဝီရိယရှိရှိ၊ အသိရှိရှိ ကျမ်းစာလေ့လာခြင်းက ချုပ်တည်းမှုရှိအောင် ခရစ်ယာန်တွေကို ကူညီပေးနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။ လေ့လာခဲ့တဲ့အတိုင်း ကိုယ့်အပြုအမူရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ပေါ်လွင်စေတဲ့ မှတ်တမ်းတွေ ကျမ်းစာမှာ ရှိတယ်။ ဒီမှတ်တမ်းတွေကို ယေဟောဝါ မှတ်တမ်းတင်ထားတာ ရည်ရွယ်ချက် ရှိတယ်။ (ရော. ၁၅:၄) အဲဒါတွေကို ဖတ်ရှု၊ လေ့လာ၊ တွေးတောဆင်ခြင်တာ ပညာရှိတယ်။ သင်၊ သင့်မိသားစုနဲ့ သက်ဆိုင်ပုံကို သဘောပေါက်အောင် ကြိုးစားပါ။ ကျမ်းစာကို ကျင့်သုံးနိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ ကဏ္ဍတချို့မှာ ချုပ်တည်းမှု လိုနေတာ သတိထားမိရင် ဝန်ခံပါ။ အဲဒီအကြောင်း ဆုတောင်းပြီး တိုးတက်နိုင်ဖို့ ကြိုးစားပါ။ (ယာ. ၁:၅) ကျမ်းစာစာပေတွေကို ရှာဖွေလေ့လာခြင်းက သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ရှာတွေ့နိုင်အောင် ထပ်ဆင့် ကူညီပေးပါလိမ့်မယ်။ w17.09 ၆ ¶၁၅-၁၆
တနင်္လာနေ့၊ မေ ၂၀
စရိုက်သစ်ကို ဝတ်ဆင်ကြပါ။—ကော. ၃:၁၀။
“စရိုက်သစ်” ဆိုတာ “အလိုတော်အတိုင်း ဘုရားသခင် ဖန်ဆင်းတဲ့” စရိုက်ကို ဆိုလိုတယ်။ (ဧ. ၄:၂၄) စရိုက်သစ်ကို ပျိုးထောင်နိုင်ပါတယ်။ ဘာကြောင့်လဲ။ ယေဟောဝါက လူသားတွေကို မိမိပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းထားတဲ့အတွက် ဘုရားသခင့် အရည်အသွေးတွေကို တင်ပြနိုင်လို့ပါပဲ။ (က. ၁:၂၆၊ ၂၇။ ဧ. ၅:၁) စရိုက်သစ်ကို ဝတ်ဆင်ဖို့ တိုက်တွန်းပြီးနောက် ပေါလုက မျက်နှာမလိုက်ခြင်းကို စရိုက်သစ်ရဲ့ အဓိကလက္ခဏာအဖြစ် ဖော်ပြခဲ့တယ်။ ‘ဂျူးလူမျိုး၊ ဂရိလူမျိုး၊ အရေဖျား ဖြတ်ထားသူ၊ အရေဖျား မဖြတ်ထားသူ၊ တိုင်းတစ်ပါးသား၊ သကုသိလူ၊ အစေခံကျွန်၊ လွတ်လပ်သူဆိုပြီး မရှိဘူး’ လို့ ပေါလု ပြောတယ်။ အသင်းတော်မှာ လူမျိုး၊ နိုင်ငံ၊ လူမှုအဆင့်အတန်း ခွဲခြားမှု ဘာကြောင့် မရှိသင့်သလဲ။ ခရစ်တော်ရဲ့ နောက်လိုက်စစ်အားလုံး “တစ်စိတ်တစ်ဝမ်းတည်း ဖြစ်” ကြလို့ပဲ။ (ကော. ၃:၁၁။ ဂလ. ၃:၂၈) စရိုက်သစ် ဝတ်ဆင်သူတွေဟာ ယုံကြည်သူချင်းတွေ၊ အပြင်လူတွေကို လူမှုရေး၊ လူမျိုးရေး နောက်ခံ ဘယ်လိုပဲရှိရှိ သိက္ခာရှိရှိ ဆက်ဆံကြတယ်။—ရော. ၂:၁၁။ w17.08 ၂၂ ¶၁။ ၂၃ ¶၃-၄
အင်္ဂါနေ့၊ မေ ၂၁
ယေဟောဝါက . . . စိတ်ရှည်ရှည် စောင့်နေတယ်။—ဟေရှာ. ၃၀:၁၈။
ယေဟောဝါဟာ ကိုယ်တိုင် စိတ်မရှည်ဘဲ ကျွန်တော်တို့ စိတ်ရှည်ဖို့ မမျှော်လင့်ပါဘူး။ လိုလိုလားလား စောင့်ဆိုင်းရာမှာ အကောင်းဆုံး ပုံသက်သေ ပြခဲ့တယ်။ (၂ ပေ. ၃:၉) ဧဒင်ဥယျာဉ်မှာ ပေါ်ပေါက်ခဲ့တဲ့ အရေးကိစ္စကို အပြီးအပိုင် ဖြေရှင်းဖို့ ယေဟောဝါ နှစ်ထောင်နဲ့ချီ စိတ်ရှည်စွာ စောင့်နေတယ်။ နာမတော် အကြွင်းမဲ့ သန့်ရှင်းမြင့်မြတ်လာမယ့် အချိန်ကို “စိတ်ရှည်ရှည် စောင့်နေ” တယ်။ “မျှော်လင့်စောင့်စားနေ” တယ်။ “ဘုရားကို မျှော်လင့်စောင့်စားနေသူတွေ” ဟာ စဉ်းစားလို့ မမီနိုင်တဲ့ကောင်းချီးတွေ ရရှိကြပါလိမ့်မယ်။ (ဟေရှာ. ၃၀:၁၈) ယေရှုလည်း တလိုတလား စောင့်ဆိုင်းခဲ့တယ်။ မြေကြီးပေါ်မှာ သမာဓိစမ်းသပ်မှု အောင်မြင်ပြီး အေဒီ ၃၃ မှာ ရွေးဖိုးပူဇော်သက္ကာ ဆက်သပြီးတာတောင် ဘုရင်ဖြစ်ဖို့ ၁၉၁၄ ခုနှစ်အထိ စောင့်ဆိုင်းခဲ့ရတယ်။ (တ. ၂:၃၃-၃၅။ ဟီ. ၁၀:၁၂၊ ၁၃) အနှစ်တစ်ထောင် အုပ်ချုပ်မှု ကုန်ဆုံးမှ ရန်သူအားလုံးကို အပြီးအပိုင် ဖျက်ဆီးမယ်။ (၁ ကော. ၁၅:၂၅) ဒါပေမဲ့ စောင့်ရကျိုးနပ်မှာ သေချာပါတယ်။ w17.08 ၇ ¶၁၆-၁၇
ဗုဒ္ဓဟူးနေ့၊ မေ ၂၂
ကျွန်တော်တို့ ဆင်းရဲဒုက္ခအမျိုးမျိုး ခံရတဲ့အခါ ဘုရားသခင် နှစ်သိမ့်ပေးတယ်။—၂ ကော. ၁:၃၊ ၄။
“သား ဆုံးသွားတာ တစ်နှစ်ကြာတဲ့အထိ ဖြေမဆည်နိုင်အောင် ဝမ်းနည်းပူဆွေးနေတုန်းပဲ” လို့ ဆူဆီ ပြောတယ်။ ဇနီး ရုတ်တရက် ဆုံးပါးသွားတဲ့ ခရစ်ယာန်တစ်ယောက်ကလည်း “ပြောမပြတတ်အောင် နာကျင်ခံစားရတယ်” တဲ့။ တခြားသူများစွာလည်း အဲဒီလိုပဲ ဝမ်းနည်းကြေကွဲကြရတယ်။ ခရစ်ယာန်အသင်းတော်ထဲက ညီအစ်ကို/မများစွာဟာ အာမဂေဒုန် မတိုင်ခင်မှာ ချစ်ရသူတွေ သေဆုံးမယ်လို့ မျှော်လင့်မထားကြဘူး။ ကိုယ်တိုင် ချစ်ရသူ ဆုံးရှုံးရသည်ဖြစ်စေ၊ ချစ်တဲ့သူကို ဆုံးရှုံးရတဲ့ တစ်ယောက်ယောက်ကို သိထားသည်ဖြစ်စေ ‘ဝမ်းနည်းကြေကွဲသူတွေရဲ့ နာကျင်မှုကို ဘယ်လို ဖြေသိမ့်ပေးနိုင်မလဲ’ လို့မေးမိနိုင်ပါတယ်။ အချိန်က ကုစားသွားမှာပါလို့ ပြောတာ ကြားဖူးပါလိမ့်မယ်။ ဒါပေမဲ့ အချိန်ကုန်သွားတာနဲ့အမျှ ပူဆွေးမှု တကယ်ပဲ သက်သာသွားပါရဲ့လား။ မုဆိုးမတစ်ယောက် ဒီလိုပြောတယ်– “ပိုပြီးတိတိကျကျ ပြောရမယ်ဆိုရင် တစ်ခုခုလုပ်နေပြီး အချိန်ကုန်လွန်စေတာကပဲ ကုစားပေးတာပါ။” မှန်ပါတယ်၊ ကိုယ်ပေါ်က ဒဏ်ရာလိုပဲ စိတ်ဒဏ်ရာလည်း ပျောက်ကင်းဖို့ အချိန်နဲ့ ဂရုစိုက်မှု လိုတယ်။ w17.07 ၁၂-၁၃ ¶၁-၃
ကြာသပတေးနေ့၊ မေ ၂၃
ယေဟောဝါဆီမှာ ပျော်ရွှင်ကြည်နူးမှုကို ရှာပါ။ အလိုဆန္ဒတွေကို ဘုရား ဖြည့်ဆည်းပေးလိမ့်မယ်။—ဆာ. ၃၇:၄။
သင့်ကို ယေဟောဝါ ဘာတွေ စီစဉ်ထားစေချင်သလဲ။ ဘုရားကို သိကျွမ်းခြင်း၊ သစ္စာရှိရှိ အမှုဆောင်ခြင်းတို့ကနေ ပျော်ရွှင်မှု ရှာတွေ့ဖို့ လူတွေကို ဘုရား ဖန်ဆင်းထားတယ်။ (ဆာ. ၁၂၈:၁။ မ. ၅:၃) ဒါက စားသောက်၊ သားပေါက်နေရုံနဲ့ ကျေနပ်နေတဲ့ တိရစ္ဆာန်တွေနဲ့ ထူးခြားကွဲပြားစေတဲ့ အချက်ပါပဲ။ တိရစ္ဆာန်တွေကို ကျေနပ်စေတဲ့အရာတွေသာမက တခြားအစီအစဉ်တွေ ဆွဲခြင်းအားဖြင့် သင့်ကို ဘုရား ပျော်ရွှင်စေချင်တယ်။ ဖန်ဆင်းရှင်ဟာ လူသားတွေကို “မိမိပုံသဏ္ဌာန်အတိုင်း” ဖန်ဆင်းတဲ့ “မေတ္တာ . . . ရှင် ဘုရားသခင်၊” “ပျော်ရွှင်တဲ့ ဘုရားသခင်” ဖြစ်တယ်။ (၂ ကော. ၁၃:၁၁။ ၁ တိ. ၁:၁၁။ က. ၁:၂၇) မေတ္တာရှင် ဘုရားသခင်ကို တုပရင် ပျော်ရွှင်ပါလိမ့်မယ်။ “ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်” ဆိုတဲ့ ကျမ်းစကား မှန်ကန်မှုကို ခံစားဖူးပါသလား။ (တ. ၂၀:၃၅) ဒါက လူ့ဘဝရဲ့ အခြေခံ အမှန်တရားပဲ။ ဒါကြောင့် တခြားသူတွေနဲ့ ဘုရားကို ချစ်ကြောင်း ဖော်ပြတဲ့ အစီအစဉ်တွေ ဆွဲဖို့ ယေဟောဝါ အလိုရှိတယ်။—မ. ၂၂:၃၆-၃၉။ w17.07 ၂၃ ¶၃
သောကြာနေ့၊ မေ ၂၄
ယေဟောဝါက သမာဓိရှိတဲ့လမ်းစဉ်မှာ လျှောက်လှမ်းသူတွေကို ကောင်းမွန်ရာတွေ မပေးဘဲမနေဘူး။—ဆာ. ၈၄:၁၁။
ဘုရားသခင်က လူသားကျေးကျွန်တွေကို ဂုဏ်သိက္ခာရှိရှိ၊ လေးလေးစားစား ဆက်ဆံတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်တာထက် ပိုဂရုစိုက်ပေးနိုင်တယ်။ ယေဟောဝါက မိမိလူမျိုးကို အုပ်စုလိုက်အနေနဲ့ပဲ ဂရုစိုက်တာ မဟုတ်ဘူး။ တစ်ယောက်ချင်းစီကိုလည်း အထူးစိတ်ဝင်စားတယ်။ ဥပမာ၊ အစ္စရေးလူမျိုးကို ဖိနှိပ်သူတွေလက်ကနေ ကယ်တင်ဖို့ တရားသူကြီးတွေကို ပေါ်ထွန်းစေတဲ့ အနှစ်သုံးရာကာလအကြောင်း သုံးသပ်ကြည့်ပါ။ အဲဒီခက်ခဲတဲ့ကာလအတွင်း အစ္စရေးလူမျိုး မဟုတ်တဲ့ ရုသကို သတိမပြုဘဲ မနေခဲ့ဘူး။ ရုသဟာ အတော်လေး အနစ်နာခံပြီး စစ်မှန်တဲ့ဝတ်ပြုရေးဘက် ပြောင်းဝင်လာခဲ့တယ်။ ယေဟောဝါက ရုသကို ခင်ပွန်း၊ သားယောက်ျားနဲ့ ကောင်းချီးပေးခဲ့တယ်။ ဒါတင်မကသေးဘူး။ ရုသ ရှင်ပြန်ထမြောက်လာတဲ့အခါ သူ့သားရဲ့ မျိုးရိုးကနေ မေရှိယ ဆင်းသက်လာတာကို သိရပါလိမ့်မယ်။ သူ့နာမည်နဲ့ ရေးသားထားတဲ့ ကျမ်းစောင်မှာ သူ့ဘဝဇာတ်ကြောင်းကို တွေ့ရတဲ့အခါ ဘယ်လောက် ထိမိသွားမလဲဆိုတာ စဉ်းစားကြည့်ပါ။—ရု. ၄:၁၃။ မ. ၁:၅၊ ၁၆။ w17.06 ၂၈-၂၉ ¶၈-၉
စနေနေ့၊ မေ ၂၅
[သန့်ရှင်းသော] စွမ်းအားတော်က ခင်ဗျားတို့ကို . . . ကျွန်တော် ပြောခဲ့သမျှကိုလည်း ပြန်မှတ်မိစေလိမ့်မယ်။—ယော. ၁၄:၂၆။
ညီအစ်ကိုပီတာဟာ ၁၉၇၀၊ အသက် ၁၉ နှစ်ပြည့်ပြီး မကြာခင် ဗြိတိန်ဗေသလမှာ စတင်အမှုဆောင်ခဲ့တယ်။ တစ်အိမ်တက်ဆင်း ဟောပြောရင်း မုတ်ဆိတ်မွေးနဲ့ လူလတ်ပိုင်းတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်။ ကျမ်းစာအကြောင်း နားလည်ချင်သလားလို့ ပီတာ မေးလိုက်တယ်။ အဲဒီလူ အံ့ဩသွားပြီး ဂျူးရဗ္ဗိရဲ့ အိမ်ဖြစ်ကြောင်း ပြန်ပြောတယ်။ ပီတာကို စမ်းတဲ့သဘောနဲ့ “ကောင်လေး၊ ဒံယေလကျမ်းကို ဘာစကားနဲ့ ရေးခဲ့သလဲ” လို့ ရဗ္ဗိက မေးတယ်။ “တစ်စိတ်တစ်ပိုင်းကို အာရမိတ်စကားနဲ့ ရေးခဲ့တယ်” လို့ ပီတာ ပြန်ဖြေတယ်။ “အဖြေကို ကျွန်တော် သိနေလို့ ရဗ္ဗိ အံ့ဩသွားတယ်။ ကျွန်တော်ကတော့ သိပ်မအံ့ဩပါဘူး။ အဖြေကို ကျွန်တော် ဘယ်လို သိတာလဲ။ အိမ်ပြန်ပြီး အရင်လတွေက ကင်းမျှော်စင်နဲ့ နိုးလော့! မှာ ရှာကြည့်တော့ ဒံယေလကျမ်းကို အာရမိတ်စကားနဲ့ ရေးထားမှန်း ရှင်းပြထားတဲ့ ဆောင်းပါးတစ်ခု တွေ့ခဲ့တယ်” လို့ ပီတာ ပြောတယ်။ (ဒံ. ၂:၄) အရင်က ဖတ်ထားတာတွေကို သန့်ရှင်းသောစွမ်းအားတော်က ပြန်မှတ်မိစေနိုင်တယ်။—လု. ၁၂:၁၁၊ ၁၂။ ၂၁:၁၃-၁၅။ w17.06 ၁၃ ¶၁၇
တနင်္ဂနွေနေ့၊ မေ ၂၆
အိမ်ထောင်ပြုရင်တော့ ဘဝဒုက္ခတွေ ကြုံတွေ့ရမှာပဲ။—၁ ကော. ၇:၂၈။
“ကိုယ်ဝန် ရှိနေပြီ” လို့ မိန်းမ ပြောတဲ့အခါ နောက်ထပ်စိုးရိမ်မှုတွေ ပေါ်လာပြန်ရော။ ကလေးရတော့မှာမို့ ပျော်ပေမဲ့ ကိုယ်ဝန်ဆောင်ချိန်၊ နောက်ပိုင်းအချိန်တွေမှာ ပေါ်လာနိုင်တဲ့ ကျန်းမာရေးကိစ္စတွေအတွက် စိုးရိမ်မိနိုင်တယ်။ လောလောဆယ်နဲ့ ရေရှည် ငွေကြေးအခြေအနေကိုလည်း ထည့်တွက်စဉ်းစားရမယ်။ ကလေးရလာတဲ့အခါ ပြုပြင်ပြောင်းလဲစရာတွေ ထပ်ရှိဦးမယ်။ မိန်းမက ကလေးကိုပဲ အချိန်ပေးအာရုံစိုက်ရတော့မယ်။ မိန်းမက ကလေးကိစ္စနဲ့ပဲ အလုပ်များနေလို့ ယောက်ျားဟာ လျစ်လျူရှုခံရတယ်လို့ ခံစားရနိုင်တယ်။ တစ်ဖက်မှာလည်း ဖခင်အနေနဲ့ တာဝန်သစ်တွေ တိုးများလာတယ်။ ပြုစုစောင့်ရှောက်ရမယ့် မိသားစုဝင်တစ်ယောက် တိုးလာလို့ တာဝန်လည်း တိုးလာတယ်။ အိမ်ထောင်သည်တချို့ကျတော့ ဒုက္ခနောက်တစ်မျိုး ကြုံကြရတယ်။ သားသမီး သိပ်လိုချင်ပေမဲ့ မရကြဘူး။ မိန်းမက ကလေး မရနိုင်လို့ စိတ်ဖိစီးမှု ခံစားရနိုင်တယ်။ w17.06 ၄ ¶၁။ ၅ ¶၅-၆
တနင်္လာနေ့၊ မေ ၂၇
နှုတ်တော်ထွက်စကားဟာ ကျွန်တော့်ခံတွင်းထဲမှာ ချိုမြိန်လိုက်တာ။ ပါးစပ်ထဲမှာ ပျားရည်ထက်တောင် ချိုမြပါတယ်။—ဆာ. ၁၁၉:၁၀၃။
ခရစ်ယာန်တွေအနေနဲ့ အမှန်တရားကို နှစ်သက်မြတ်နိုးကြပါတယ်။ ဘုရားစကားတော်ဟာ အကြွင်းမဲ့ အမှန်တရားပါပဲ။ “အဖရဲ့ တရားစကားဟာ အမှန်တရား ဖြစ်ပါတယ်” လို့ ဘုရားသခင်ဆီ ယေရှု ဆုတောင်းခဲ့တယ်။ (ယော. ၁၇:၁၇) ဒါကြောင့် အမှန်တရားကို မြတ်နိုးခြင်းက ဘုရားစကားတော်ပါ တိကျမှန်ကန်တဲ့ အသိပညာ ဆည်းပူးခြင်းနဲ့ အစပြုတယ်။ (ကော. ၁:၁၀) ဒါပေမဲ့ အသိပညာ ဆည်းပူးခြင်းထက်မက လိုအပ်တယ်။ ကျမ်းစာအမှန်တရား မြတ်နိုးခြင်းရဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ ဆာလံ ၁၁၉ ရေးသူက ဘယ်လို ကူညီပေးတယ်ဆိုတာ သတိပြုပါ။ (ဆာ. ၁၁၉:၉၇-၁၀၀) တစ်နေ့တာလုံး ကျမ်းပိုဒ်တွေကို တွေးတောဆင်ခြင်နေဖို့ အချိန်ပေးသလား။ ဘဝမှာ ကျမ်းစာအမှန်တရား ကျင့်သုံးနိုင်တဲ့နည်းတွေကို တွေးတောနေမယ်ဆိုရင် ကျမ်းစာအမှန်တရားကို ပိုမြတ်နိုးလာပါလိမ့်မယ်။ ဘုရားသခင့် အဖွဲ့အစည်းထုတ် ကျမ်းစာအခြေပြု အကြောင်းအရာတွေကို အရသာခံတတ်လာနိုင်တယ်။ တစိမ့်စိမ့် အရသာခံ စဉ်းစားမယ်ဆိုရင် အမှန်တရားရဲ့ “နှစ်သက်ဖွယ် စကားတွေ” ကို မှတ်မိလာနိုင်မယ်၊ ဒါတွေနဲ့ တခြားသူတွေကို ကူညီပေးနိုင်တယ်။—ဒေ. ၁၂:၁၀။ w17.05 ၁၉-၂၀ ¶၁၁-၁၂
အင်္ဂါနေ့၊ မေ ၂၈
ခင်ဗျားတို့နဲ့အတူ ဘုရားသခင် တကယ်ရှိတာပဲ။—၁ ကော. ၁၄:၂၅။
သက်သေခံ မဟုတ်သူတွေ အပါအဝင် ဒုက္ခရောက်နေသူအားလုံးကို ကျွန်တော်တို့ ကူညီပေးချင်ကြပါတယ်။ (လု. ၁၀:၃၃-၃၇) အကောင်းဆုံး ကူညီပေးနိုင်တဲ့နည်းကတော့ သူတို့ကို သတင်းကောင်း ဟောပြောခြင်းပါပဲ။ “ကျွန်တော်တို့ သက်သေခံတွေဖြစ်ကြောင်း၊ ကျွန်တော်တို့ရဲ့ အဓိကတာဝန်က ရုပ်ပစ္စည်း ထောက်ပံ့ပေးဖို့ မဟုတ်ဘဲ ဘုရားရေးရာမှာ ကူညီပေးဖို့ဖြစ်ကြောင်း ချက်ချင်း အသိပေးဖို့ အရေးကြီးတယ်။ မဟုတ်ရင် အခွင့်အရေးရဖို့ပဲ ကျွန်တော်တို့နဲ့ ပေါင်းသင်းတာမျိုး ဖြစ်နိုင်တယ်” လို့ ဒုက္ခသည်များစွာကို ကူညီပေးခဲ့တဲ့ အကြီးအကဲတစ်ယောက် ပြောတယ်။ “တိုင်းတစ်ပါးသားတွေကို” ခရစ်ယာန်မေတ္တာ ပြတာကြောင့် ရလဒ်ကောင်းတွေ ရရှိတယ်။ (ဆာ. ၁၄၆:၉) အီရီထရီယားနိုင်ငံမှာ နှိပ်စက်ညှဉ်းပန်း ခံရလို့ မိသားစုနဲ့ ထွက်ပြေးခဲ့ရတဲ့အကြောင်း ညီအစ်မတစ်ယောက် ပြောပြတယ်။ သားသမီးလေးယောက်နဲ့အတူ သဲကန္တာရကို ရှစ်ရက်ကြာ ပင်ပင်ပန်းပန်း ဖြတ်ပြီးတော့ ဆူဒန်နိုင်ငံကို ရောက်လာကြတယ်။ သူ ဒီလိုပြောတယ်– “အဲဒီမှာရှိတဲ့ ညီအစ်ကိုတွေက ဆွေမျိုးရင်းချာတွေလိုပဲ ဆက်ဆံကြတယ်။ စားဝတ်နေရေး၊ သွားလာရေးအတွက် စီစဉ်ပေးကြတယ်။ ဘုရားတစ်ပါးတည်းကို အတူကိုးကွယ်ရုံနဲ့ သူစိမ်းတွေကို အိမ်မှာ ဘယ်သူတွေ ကြိုဆိုမလဲ။ ယေဟောဝါသက်သေတွေပဲပေါ့။”—ယော. ၁၃:၃၅။ w17.05 ၇ ¶၁၇၊ ၁၉-၂၀
ဗုဒ္ဓဟူးနေ့၊ မေ ၂၉
ငါ့အကြောင်းကို ငါ့ကျွန်ယောဘ အမှန်အတိုင်း ပြောသလိုမျိုး မင်းတို့ မပြောကြဘူး။—ယောဘ ၄၂:၈။
“လူက ဘုရားသခင်အတွက် အသုံးဝင်လို့လား။ ထိုးထွင်းဉာဏ်ရှိသူကရော ဘုရားကို အကျိုးပြုလို့လား။ ခင်ဗျားဖြောင့်မတ်တာကို အနန္တတန်ခိုးရှင် အရေးစိုက်ပါ့မလား။ သမာဓိလမ်းစဉ်အတိုင်း ခင်ဗျားလိုက်လျှောက်လို့ကော ဘုရားက ဘာအကျိုးရလို့လဲ။” (ယောဘ ၂၂:၁-၃) အဲဒီမေးခွန်းတွေကို စဉ်းစားဖူးသလား။ ယောဘကို တေမန်အမျိုးသား ဧလိဖတ် အဲဒီလို မေးခဲ့တယ်။ အဖြေကတော့ အသုံးမဝင်ဘူး၊ အကျိုးမပြုဘူး၊ အရေးမစိုက်ဘူး၊ အကျိုးမရဘူးလို့ ဧလိဖတ် ယုံကြည်ခဲ့တယ်။ ဘုရားသခင်ရှေ့မှာ လူသားတွေ မဖြောင့်မတ်နိုင်ဘူးလို့တောင် ရှုအာအမျိုးသား ဗိလဒဒ် ပြောခဲ့တယ်။ (ယောဘ ၂၅:၄) သစ္စာရှိရှိ ဝတ်ပြုဖို့ ကြိုးစားနေလို့လည်း ယေဟောဝါအတွက် အကျိုးမရှိဘူး၊ ကျွန်တော်တို့ကို ပိုးရွ၊ တီကောင်လောက်ပဲ သဘောထားတယ်လို့ အဲဒီမိတ်ဆွေ အတုအယောင်တွေ ပြောကြတယ်။ (ယောဘ ၄:၁၉။ ၂၅:၆) မဟုတ်မမှန် ပြောဆိုတဲ့အတွက် ဧလိဖတ်၊ ဗိလဒဒ်၊ ဇောဖာတို့ကို ယေဟောဝါ ဆုံးမချိန်မှာ မိမိရဲ့ သဘောထားကို ဖော်ပြခဲ့တယ်။ ယောဘကိုတော့ နှစ်သက်ပြီး “ငါ့ကျွန်” လို့ ခေါ်ခဲ့တယ်။ (ယောဘ ၄၂:၇) လူဟာ “ဘုရားသခင်အတွက်” အမှန်တကယ် “အသုံးဝင်” နိုင်ပါတယ်။ w17.04 ၂၈ ¶၁-၂
ကြာသပတေးနေ့၊ မေ ၃၀
များပြားလှတဲ့ ငြိမ်သက်ခြင်းကြောင့် ပျော်ရွှင်ကြည်နူးရလိမ့်မယ်။—ဆာ. ၃၇:၁၁။
ဒီလောကဟောင်းမှာ နေလာတာ ကြာပြီမို့ ကမ္ဘာ့အခြေအနေတွေကြောင့် ဘယ်လောက် စိတ်ဖိစီးနေမှန်း သတိတောင် မထားမိတော့ဘူး။ ဘူတာရုံနားမှာ နေသူတွေ ဆူညံသံကို မသိတော့သလို၊ အမှိုက်ပုံနားမှာ နေသူတွေ အနံ့ဆိုး မရတော့သလိုပေါ့။ ဒါပေမဲ့ မကောင်းတာအားလုံး ကွယ်ပျောက်သွားတဲ့အခါ တကယ် စိတ်သက်သာစရာပါပဲ။ အခု ခံစားနေရတဲ့ ဖိစီးမှုတွေနေရာမှာ ဘာအစားဝင်မလဲ။ ဒီနေ့ ကျမ်းချက်ပါ ကတိတော်ကို သတိပြုကြည့်ပါ။ အဲဒီစကားတွေကြောင့် စိတ်ထိမိတယ် မဟုတ်လား။ သင့်ကို ယေဟောဝါ အဲဒီလိုဖြစ်စေချင်တယ်။ ဒါကြောင့် ဖိစီးမှုများတဲ့ ဒီနောက်ဆုံးကာလမှာ ယေဟောဝါဘုရား၊ ကိုယ်တော့်အဖွဲ့အစည်းနဲ့ တတ်နိုင်သမျှ အနီးကပ်နေပါ။ မျှော်လင့်ချက်ကို တန်ဖိုးထားမြတ်နိုးပါ။ မျှော်လင့်ချက်အကြောင်း တွေးတောပါ။ စိတ်နှလုံးထဲမှာ ရှင်သန်စေပါ။ တခြားသူတွေကို ရက်ရက်ရောရော ဝေမျှပါ။ (၁ တိ. ၄:၁၅၊ ၁၆။ ၁ ပေ. ၃:၁၅) ဒါဆိုရင် စီရင်ချက်ချခံထားရတဲ့ ဒီလောကဟောင်း ကွယ်ပျောက်သွားချိန်မှာ သင်ကျန်ရစ်ပြီး ပျော်ရွှင်စွာ ထာဝစဉ် အသက်ရှင်သွားရပါလိမ့်မယ်။ w17.04 ၁၃ ¶၁၆-၁၇
သောကြာနေ့၊ မေ ၃၁
ကျွန်တော်တို့အားလုံး ခဏခဏ မှားတတ်ကြတယ်။—ယာ. ၃:၂။
အဲဒီအချက်ကို သိပေမဲ့ ညီအစ်ကိုတစ်ယောက်ရဲ့ မစုံလင်မှုကြောင့် ကိုယ်တိုင် ထိခိုက်တဲ့အခါ စိန်ခေါ်ချက် ဖြစ်နိုင်တယ်။ အဲဒီလို အခြေအနေမျိုးမှာ ယေဟောဝါရဲ့ တရားမျှတမှုအမြင်ကို တင်ပြမလား။ ဥပမာ၊ လူမျိုးအဆင့်အတန်း ခွဲခြားတဲ့ အရိပ်အယောင်ပါတဲ့ မှတ်ချက်မျိုး အကြီးအကဲတစ်ယောက် ပြောတဲ့အခါ ဘယ်လို တုံ့ပြန်မလဲ။ သင့်ကို စိတ်ထိခိုက်စေတဲ့ စကားမျိုး အကြီးအကဲတစ်ယောက် မဆင်မခြင် ပြောလိုက်တဲ့အခါ တိုက်မိလဲမလား။ အကြီးအကဲအဖြစ် အရည်အချင်း မပြည့်မီတော့ဘူးလို့ အလျင်စလို ကောက်ချက်ချမယ့်အစား အသင်းတော်ရဲ့ ဦးခေါင်း ယေရှုကို စိတ်ရှည်စွာ စောင့်ဆိုင်းမလား။ အမှားကို မဟုတ်ဘဲ ညီအစ်ကို နှစ်ပေါင်းများစွာ သစ္စာရှိရှိ အမှုဆောင်ခဲ့တာကို အာရုံစိုက်ပေးမလား။ သင့်ကို ပြစ်မှားတဲ့ ညီအစ်ကိုဟာ အကြီးအကဲအဖြစ် ဆက်အမှုဆောင်နေပြီး ထပ်ဆင့်အခွင့်အရေးတွေတောင် ရနေတယ်ဆိုရင် ဝမ်းသာပေးမလား။ သင့်ရဲ့ လိုလိုလားလား ခွင့်လွှတ်မှုက ယေဟောဝါရဲ့ တရားမျှတမှုအမြင်ကို ကောင်းစွာ ဖော်ပြနိုင်ပါတယ်။—မ. ၆:၁၄၊ ၁၅။ w17.04 ၂၇ ¶၁၈