ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • es19 စာ. ၅၇-၆၇
  • ဇွန်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဇွန်
  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • စနေနေ့၊ ဇွန် ၁
  • တနင်္ဂနွေနေ့၊ ဇွန် ၂
  • တနင်္လာနေ့၊ ဇွန် ၃
  • အင်္ဂါနေ့၊ ဇွန် ၄
  • ဗုဒ္ဓဟူးနေ့၊ ဇွန် ၅
  • ကြာသပတေးနေ့၊ ဇွန် ၆
  • သောကြာနေ့၊ ဇွန် ၇
  • စနေနေ့၊ ဇွန် ၈
  • တနင်္ဂနွေနေ့၊ ဇွန် ၉
  • တနင်္လာနေ့၊ ဇွန် ၁၀
  • အင်္ဂါနေ့၊ ဇွန် ၁၁
  • ဗုဒ္ဓဟူးနေ့၊ ဇွန် ၁၂
  • ကြာသပတေးနေ့၊ ဇွန် ၁၃
  • သောကြာနေ့၊ ဇွန် ၁၄
  • စနေနေ့၊ ဇွန် ၁၅
  • တနင်္ဂနွေနေ့၊ ဇွန် ၁၆
  • တနင်္လာနေ့၊ ဇွန် ၁၇
  • အင်္ဂါနေ့၊ ဇွန် ၁၈
  • ဗုဒ္ဓဟူးနေ့၊ ဇွန် ၁၉
  • ကြာသပတေးနေ့၊ ဇွန် ၂၀
  • သောကြာနေ့၊ ဇွန် ၂၁
  • စနေနေ့၊ ဇွန် ၂၂
  • တနင်္ဂနွေနေ့၊ ဇွန် ၂၃
  • တနင်္လာနေ့၊ ဇွန် ၂၄
  • အင်္ဂါနေ့၊ ဇွန် ၂၅
  • ဗုဒ္ဓဟူးနေ့၊ ဇွန် ၂၆
  • ကြာသပတေးနေ့၊ ဇွန် ၂၇
  • သောကြာနေ့၊ ဇွန် ၂၈
  • စနေနေ့၊ ဇွန် ၂၉
  • တနင်္ဂနွေနေ့၊ ဇွန် ၃၀
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၁၉
es19 စာ. ၅၇-၆၇

ဇွန်

စနေနေ့၊ ဇွန် ၁

ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာဖြစ်တယ်။—၁ ယော. ၄:၁၆။

ယေဟောဝါက ကျွန်တော်တို့ကို မေတ္တာပါပါ ပဲ့ပြင်၊ သွန်သင်၊ လေ့ကျင့်ပေးတဲ့အတွက် ဘုရားရဲ့မေတ္တာကို ခံစားနေရပြီး အသက်လမ်းပေါ် ဆက်ရှိနိုင်ကြတယ်။ ဆုံးမမှုမှာ အကြံပြုတာ၊ နှုတ်နဲ့ တည့်မတ်တာထက်  ပိုပါဝင်လေ့ရှိတယ်။  ကြီးလေးတဲ့  အပြစ်တွေ  ဖြစ်မယ်ဆိုရင်  အသင်းတော် အခွင့်ထူးတွေ ဆုံးရှုံးသွားနိုင်တယ်။ အဲဒီလို ဆုံးမမှုကတောင် ဘုရားသခင့်မေတ္တာကို  ဖော်ပြတယ်။ ဥပမာ၊  အခွင့်အရေးတွေ ဆုံးရှုံးသွားတဲ့အခါ ကိုယ်ပိုင်လေ့လာမှု လုပ်ဖို့၊ တွေးတောဆင်ခြင်ဖို့၊ ဆုတောင်းဖို့ ဘယ်လောက် အရေးကြီးကြောင်း သိလာနိုင်တယ်။ ယုံကြည်ခြင်း ပြန်ခိုင်ခံ့လာနိုင်တယ်။ (ဆာ. ၁၉:၇) အချိန်တန်တဲ့အခါ အခွင့်ထူးတွေ ပြန်ရလာနိုင်တယ်။ နှင်ထုတ်ခြင်းကလည်း ယေဟောဝါရဲ့မေတ္တာကို ဖော်ပြတယ်။ အသင်းတော်ကို မကောင်းတဲ့သြဇာ မသက်ရောက်အောင် ကာကွယ်ပေးလို့ပဲ။ (၁ ကော. ၅:၆၊ ၇၊ ၁၁) ဘုရားသခင် တော်သင့်ရုံ ဆုံးမတဲ့အတွက် နှင်ထုတ်ခံရသူဟာ အပြစ် ဘယ်လောက်ကြီးမှန်း သဘောပေါက်ပြီး နောင်တယူဖို့ လှုံ့ဆော်ခံရနိုင်တယ်။—တ. ၃:၁၉။ w18.03 ၂၄ ¶၅-၆

တနင်္ဂနွေနေ့၊ ဇွန် ၂

ထောင်မှူးနဲ့ အိမ်သားအားလုံး ချက်ချင်း နှစ်ခြင်းခံကြတယ်။—တ. ၁၆:၃၃။

ထောင်မှူးဟာ  ကျမ်းစာအကြောင်း  မသိတဲ့အတွက်  အခြေခံ  အသိပညာရဖို့၊  ဘုရားသခင့် ကျေးကျွန်ဖြစ်ဖို့ လိုအပ်တဲ့ ကျမ်းစာအမှန်တရားတွေကို သင်ယူခဲ့ရတယ်။ ယေရှုရဲ့ သွန်သင်ချက်တွေကို လိုက်နာဖို့ ဆုံးဖြတ်ခဲ့ရတယ်။ အချိန်တိုအတွင်းမှာ သိလာတာတွေကို လေးမြတ်စိတ်က နှစ်ခြင်းခံဖို့ လှုံ့ဆော်ပေးခဲ့တယ်။ (တ. ၁၆:၂၅-၃၃) နှစ်ခြင်းခံပြီးနောက်မှာလည်း  ဆက်လေ့လာသင်ယူမှာ သေချာတယ်။ ဒါကြောင့် သားသမီးတွေ ကျမ်းစာ အခြေခံသွန်သင်ချက်တွေကို လေးမြတ်လာတဲ့အခါ၊ ဆက်ကပ်အပ်နှံခြင်းနဲ့ နှစ်ခြင်းရဲ့ အဓိပ္ပာယ်ကို နားလည်လာတဲ့အခါ မိဘတွေ ဘာလုပ်နိုင်သလဲ။ နှစ်ခြင်းခံဖို့ အရည်အချင်း ပြည့်မပြည့် သိနိုင်အောင် အသင်းတော်အကြီးအကဲတွေကို သားသမီး ဆက်သွယ်နိုင်ပြီလို့ ကောက်ချက်ချနိုင်တယ်။ နှစ်ခြင်းခံပြီးနောက် တခြားတပည့်တွေလိုပဲ ယေဟောဝါအကြောင်း တစ်သက်လုံး၊ ထာဝရ ဆက်လေ့လာသွားပါလိမ့်မယ်။—ရော. ၁၁:၃၃၊ ၃၄။ w18.03 ၁၀ ¶၈-၉

တနင်္လာနေ့၊ ဇွန် ၃

ခရစ်တော်ယေရှုမှာရှိတဲ့ စိတ်သဘောထား ခင်ဗျားတို့မှာ ရှိ . . . ပါစေ။—ရော. ၁၅:၅။

ဘုရားတရားစိတ်ဓာတ် ပျိုးထောင်ဖို့ ကြိုးစားတဲ့အခါ ကျွန်တော်တို့ရဲ့ စိတ်ကို ပြောင်းလဲနိုင်ဖို့ သန့်ရှင်းသော စွမ်းအားတော် ကူညီပေးပါလိမ့်မယ်။ စွမ်းအားတော် အကူအညီအားဖြင့် ခရစ်တော်လို ပိုစဉ်းစားလာနိုင်မယ်။ သွေးသားဆန္ဒတွေကို ဆွဲနုတ်ပြီး ဘုရားသခင် နှစ်သက်တဲ့ အရည်အသွေးတွေ မွေးမြူလာနိုင်မယ်။ ခရစ်တော်လို စဉ်းစားတာက အလုပ်မှာ၊ ကျောင်းမှာ၊ စကားပြောဆိုတဲ့အခါ၊ နေ့စဉ် ဆုံးဖြတ်ချက် ချတဲ့အခါ အကျိုးသက်ရောက်ပါလိမ့်မယ်။ အဲဒီဆုံးဖြတ်ချက်တွေက ခရစ်တော်ရဲ့ နောက်လိုက်ဖြစ်ဖို့ ကြိုးစားနေကြောင်း ဖော်ပြပါလိမ့်မယ်။ စွမ်းအားတော် လမ်းပြမှုနောက် လိုက်သူအနေနဲ့ ကောင်းကင်ဘုံစံ ဖခင်နဲ့ ဆက်ဆံရေး မပြတ်ချင်ဘူး။ သွေးဆောင်မှုတွေ ကြုံရတဲ့အခါ တွန်းလှန်ဖို့ ကျွန်တော်တို့မှာရှိတဲ့ ခရစ်တော်ရဲ့ စိတ်သဘောထားက လှုံ့ဆော်ပေးပါလိမ့်မယ်။ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ဒီမေးခွန်းတွေကို ထည့်စဉ်းစားပါ– ‘ဆုံးဖြတ်ဖို့ ဘယ်ကျမ်းစာအခြေခံမူတွေက ကူညီပေးမလဲ။ ဒီအခြေအနေမှာ ခရစ်တော်သာဆိုရင် ဘာလုပ်မလဲ။ ဘယ်ဆုံးဖြတ်ချက်ကို ယေဟောဝါ နှစ်သက်မလဲ။’ w18.02 ၂၅ ¶၁၂။ ၂၆ ¶၁၄

အင်္ဂါနေ့၊ ဇွန် ၄

နောဧကတော့ ယေဟောဝါရှေ့မှာ မျက်နှာသာရသူဖြစ်တယ်။—က. ၆:၈။

နောဧရဲ့ အဘေး ဧနောက်ခေတ်မှာ လူတွေ ဘုရားတရား အလွန်မဲ့နေကြပြီ။ ယေဟောဝါကို “ထိတ်လန့်ဖွယ် စကား” တွေနဲ့တောင် ဆန့်ကျင်ပြောဆိုကြတယ်။ (ယု. ၁၄၊ ၁၅) အကြမ်းဖက်မှုတွေ တိုးများလာတယ်။ နောဧခေတ်ရောက်တော့ ‘ကမ္ဘာမြေဟာ အကြမ်းဖက်မှုတွေ ပြည့်နေတယ်။’ လူယောင်ဆောင်ထားတဲ့ ကောင်းကင်တမန်ဆိုးတွေ လူ့သမီးတွေနဲ့ ထိမ်းမြားပြီး ရက်စက်ကြမ်းကြုတ်တဲ့ လူ့ကပြားတွေ မွေးလာကြတယ်။ (က. ၆:၂-၄၊ ၁၁၊ ၁၂) ဒါပေမဲ့ နောဧကတော့ ထူးခြားတယ်။ “နောဧဟာ . . . တစ်ခေတ်တည်းသားတွေထဲမှာ အမှားကင်းသူ၊ ဘုရားသခင့်လမ်းစဉ်အတိုင်း လျှောက်လှမ်းသူဖြစ်တယ်။” (က. ၆:၉) အဲဒီစကားတွေက ဖြောင့်မတ်သူ နောဧအကြောင်း ဘာဖော်ပြသလဲဆိုတာ စဉ်းစားကြည့်ပါ။ တစ်ချက်အနေနဲ့ နောဧဟာ ရေလွှမ်းမိုးဘေး မတိုင်ခင် ဆိုးသွမ်းတဲ့လောကမှာ ဒီနေ့ခေတ် လူ့သက်တမ်း အနှစ် ၇၀၊ ၈၀ လောက်ပဲ ဘုရားလမ်းစဉ်အတိုင်း လျှောက်လှမ်းခဲ့တာ မဟုတ်ဘူး။ နှစ်ပေါင်း ၆၀၀ နီးပါး အဲဒီလောကမှာ နေထိုင်ခဲ့တယ်။ (က. ၇:၁၁) ဒီနေ့ခေတ် ကျွန်တော်တို့နဲ့ မတူတာက ဘုရားရေးရာဘက်မှာ ထောက်မပေးဖို့ ဝတ်ပြုသူအသင်းအပင်း၊ ညီအစ်ကိုမောင်နှမတွေတောင် မရှိဘူး။ w18.02 ၄ ¶၄-၅

ဗုဒ္ဓဟူးနေ့၊ ဇွန် ၅

လူတွေဟာ . . . ငွေကိုတပ်မက်သူ [ဖြစ်ကြလိမ့်မယ်။]—၂ တိ. ၃:၂။

ငွေတပ်မက်သူတွေဟာ ငွေကို အမြဲပိုလိုချင်နေကြတယ်။ ပိုရှာကြတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် “ဝေဒနာများစွာ” ခံစားစေကြတယ်။ (၁ တိ. ၆:၉၊ ၁၀။ ဒေ. ၅:၁၀) ကျွန်တော်တို့အားလုံး ငွေလိုအပ်တာ မှန်ပါတယ်။ ငွေက အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်တယ်။ (ဒေ. ၇:၁၂) ဒါပေမဲ့ အခြေခံလိုအပ်ရာတွေအတွက်ပဲ ငွေအလုံအလောက်ရှိရုံနဲ့ ပျော်ရွှင်နိုင်မလား။ ပျော်ရွှင်နိုင်ပါတယ်။ (ဒေ. ၅:၁၂) “ဆင်းရဲခြင်းကိုဖြစ်စေ၊ ချမ်းသာခြင်းကိုဖြစ်စေ မပေးဘဲ လိုအပ်သလောက် အစားအစာကိုပဲ ပေးသနားပါ” လို့ ယာကေရဲ့သား အာဂုရ ရေးခဲ့တယ်။ အလွန်အမင်း မဆင်းရဲချင်တဲ့ အကြောင်းရင်းကို အလွယ်တကူ နားလည်နိုင်ပါတယ်။ အာဂုရ ဆက်ရှင်းပြသွားသလိုပဲ ခိုးမှုက ဘုရားသခင်ကို ရှုတ်ချရာရောက်လို့ ခိုးရမယ့် အခြေအနေ ရောက်မှာကို မလိုလားဘူး။ ဒါပေမဲ့ ဘာကြောင့် မချမ်းသာဖို့ ဆုတောင်းတာလဲ။ “လိုတရဖြစ်နေရင် ‘ယေဟောဝါဆိုတာ ဘယ်သူလဲ’ ဆိုပြီး ကိုယ်တော့်ကို ငြင်းပယ်မိမှာ စိုးလို့ပါ” လို့ရေးခဲ့တယ်။ (ပညာ. ၃၀:၈၊ ၉) “ဘယ်သူမှ သခင်နှစ်ဦးဆီမှာ အစေခံလို့ မရဘူး။ သခင်တစ်ဦးကို မုန်းပြီး နောက်တစ်ဦးကို ချစ်မှာပဲ။ တစ်ဦးကို သစ္စာရှိပြီး တစ်ဦးကို မထီလေးစား လုပ်မှာပဲ။ ခင်ဗျားတို့လည်း ဘုရားသခင်အတွက်ရော စည်းစိမ်အတွက်ပါ တစ်ပြိုင်တည်း အစေခံလို့ မရဘူး” လို့ ယေရှု ပြောခဲ့တယ်။—မ. ၆:၂၄။ w18.01 ၂၄ ¶၉-၁၁

ကြာသပတေးနေ့၊ ဇွန် ၆

ခင်ဗျားတို့က ကိုယ့်ညီအစ်ကိုကို ကြည်ကြည်ဖြူဖြူ ခွင့်မလွှတ်ဘူးဆိုရင် ကောင်းကင်အဖကလည်း ခင်ဗျားတို့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး။—မ. ၁၈:၃၅။

ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ခြင်းက စည်းလုံးမှု တိုးပွားစေနိုင်တယ်။ ကျွန်တော်တို့ကို စိတ်ဆိုးစေတဲ့သူတွေကို ခွင့်လွှတ်တဲ့အခါ ခရစ်တော်ရဲ့ ရွေးဖိုးပူဇော်သက္ကာအားဖြင့် ကျွန်တော်တို့ရဲ့ အပြစ်တွေ ခွင့်လွှတ်ခံရတာကို လေးမြတ်ကြောင်း ဖော်ပြတယ်။ မဿဲ ၁၈:၂၃-၃၄ မှာပါတဲ့ ယေရှုရဲ့ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ ‘ယေရှု သင်ပေးတာကို ကျင့်သုံးဖို့ ငါလှုံ့ဆော်ခံရသလား။ ယုံကြည်သူချင်းတွေအပေါ် စိတ်ရှည်နားလည်ပေးသလား။ ငါ့အပေါ် ပြစ်မှားတဲ့သူတွေကို ခွင့်လွှတ်ဖို့ ငါအသင့်ရှိသလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။ အပြစ်ဆိုတာ အမျိုးမျိုးရှိတာ မှန်ပါတယ်။ တချို့အပြစ်တွေက မစုံလင်တဲ့သူတွေအတွက် ခွင့်လွှတ်ဖို့ ခက်တယ်။ ဒါပေမဲ့ ဒီဥပမာက ယေဟောဝါ မျှော်လင့်တာကို ဖော်ပြတယ်။ ခွင့်လွှတ်ဖို့ အကြောင်းခိုင်လုံလျက်နဲ့ ညီအစ်ကိုကို ခွင့်မလွှတ်ဘူးဆိုရင် ကျွန်တော်တို့ကို ယေဟောဝါ ခွင့်မလွှတ်ကြောင်း ယေရှု ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ အလေးအနက် စဉ်းစားစရာပါပဲ။ ယေရှု သင်ပေးတဲ့အတိုင်း တခြားသူတွေကို ခွင့်လွှတ်တဲ့အခါ ကျွန်တော်တို့ရဲ့ အဖိုးတန်စည်းလုံးမှုကို ကာကွယ်ထိန်းသိမ်းရာရောက်တယ်။ w18.01 ၁၅ ¶၁၂

သောကြာနေ့၊ ဇွန် ၇

ရက် ၃၀ အတွင်းမှာ မင်းကြီးကလွဲလို့ တခြားဘုရား ဒါမှမဟုတ်  တခြားလူ တစ်ယောက်ယောက်ဆီ အသနားခံဆုတောင်းသူတိုင်း ခြင်္သေ့တွင်းထဲ ပစ်ချစေ။—ဒံ. ၆:၇။

ဒံယေလဟာ အသက်အန္တရာယ် ရှိတာတောင် ဝတ်ပြုရေးကို အလျှော့ပေးတဲ့သဘောမျိုး မပြဖို့ ဆုံးဖြတ်ခဲ့တယ်။ ရက်ရက်စက်စက် မသေဆုံးအောင် အံ့ဖွယ်နည်းနဲ့ ကာကွယ်ပေးခြင်းအားဖြင့် ဒံယေလရဲ့ အသိတရားရှိရှိ၊ သတ္တိရှိရှိ ဆုံးဖြတ်ချက်ကို ယေဟောဝါ ကောင်းချီးပေးတယ်။ ဒီလိုနဲ့ ယေဟောဝါအကြောင်း မီဒိုပါရှားအင်ပါယာတစ်ခွင် ပျံ့နှံ့သွားခဲ့တယ်။ (ဒံ. ၆:၂၅-၂၇) ဒံယေလလို ယုံကြည်ခြင်းမျိုး ဘယ်လို ပျိုးထောင်နိုင်သလဲ။ ခိုင်မာတဲ့ယုံကြည်ခြင်း ရှိဖို့ ဘုရားသခင့် စကားတော်ကို ဖတ်ရှုရုံသာမက “ဆိုလိုရင်းကို သဘောပေါက်” ဖို့ အရေးကြီးတယ်။ (မ. ၁၃:၂၃) ကိစ္စရပ်တွေကို ယေဟောဝါ စဉ်းစားသလို စဉ်းစားရမယ်။ အဲဒီမှာ ကျမ်းစာမူတွေကို နားလည်ခြင်း ပါဝင်တယ်။ ဒါကြောင့် ဖတ်ရှုတဲ့အရာကို တွေးတောရမယ်။ ပုံမှန် ဆုတောင်းဖို့၊ အထူးသဖြင့် စမ်းသပ်မှုတွေ၊ အခက်အခဲတွေ ကြုံရတဲ့အခါ ရင်ဖွင့်ဆုတောင်းဖို့ အရေးကြီးတယ်။ ဉာဏ်ပညာနဲ့ ခွန်အား ရဖို့ ယုံကြည်တဲ့စိတ်နဲ့ ဆုတောင်းမယ်ဆိုရင် ယေဟောဝါ ရက်ရောစွာ ပေးသနားပါလိမ့်မယ်။—ယာ. ၁:၅။ w18.02 ၁၀-၁၁ ¶၁၃-၁၅

စနေနေ့၊ ဇွန် ၈

ယေဟောဝါ ဘယ်လောက် ကောင်းမြတ်သလဲဆိုတာ မြည်းစမ်းပြီး ကိုယ်တိုင်ခံစားကြည့်ပါ။—ဆာ. ၃၄:၈။

နှစ်ခြင်းခံထားတဲ့  လူငယ်တွေ  ယေဟောဝါရဲ့ ကောင်းမြတ်မှုကို မြည်းစမ်းနိုင်တဲ့နည်းက ယုံကြည်ချက်အကြောင်း တခြားသူတွေကို ဝေမျှတဲ့အခါ ဘုရားသခင့် ထောက်မမှု ခံစားရခြင်းပါပဲ။ အမှုဆောင်မှာ၊ ကျောင်းမှာ အဲဒီလို မြည်းစမ်းနိုင်တယ်။ ကျောင်းမှာ ရွယ်တူချင်းတွေကို ဟောပြောဖို့ တချို့ အခက်တွေ့ကြတယ်။ ဘာကြောင့်လဲဆိုတာ သင်နားလည်မှာပါ။ သူတို့ ဘယ်လို တုံ့ပြန်မယ်ဆိုတာ မသိနိုင်ဘူး။ အထူးသဖြင့် အတန်းဖော်ကို တစ်ယောက်ချင်း ပြောရတာထက် အုပ်စုရှေ့မှာ ပြောရတဲ့အခါ ပိုခက်နိုင်တယ်။ ဘာက ကူညီပေးနိုင်သလဲ။ အရင်ဆုံး သင့်ယုံကြည်ချက်တွေကို ဘာကြောင့် ယုံကြည်စိတ်ချသလဲဆိုတာ စဉ်းစားပါ။ jw.org မှာ လေ့လာမှုလမ်းညွှန်တွေကို သင့်ဘာသာစကားနဲ့ ရရှိနိုင်သလား။ မသေချာရင် အချိန်ယူပြီး ရှာကြည့်ပါ။ ဘာကို ယုံကြည်တယ်၊ ဘာကြောင့် ယုံကြည်တယ်၊ ယုံကြည်ချက်တွေအကြောင်း တခြားသူတွေကို ဘယ်လို ရှင်းပြနိုင်တယ်ဆိုတာ ကူညီပေးဖို့ ရည်ရွယ်ထားတယ်။ ခံယူချက် ခိုင်မာပြီး ကောင်းကောင်း ပြင်ဆင်ထားမယ်ဆိုရင် ယေဟောဝါရဲ့ နာမတော်အတွက် သက်သေခံဖို့ လှုံ့ဆော်ခံရပါလိမ့်မယ်။—ယေ. ၂၀:၈၊ ၉။ w17.12 ၂၆ ¶၁၂၊ ၁၄-၁၅

တနင်္ဂနွေနေ့၊ ဇွန် ၉

မင်းကတော့ သင်ယူထားတဲ့အရာတွေ၊ လက်ခံယုံကြည်ထားတဲ့ အရာတွေအတိုင်း ဆက်လုပ်ဆောင်နေပါ။—၂ တိ. ၃:၁၄။

သားသမီးတွေကို ကျမ်းစာပညာရေး သင်ပေးတယ်ဆိုရာမှာ ကျမ်းစာထဲက ပုဂ္ဂိုလ်တွေ၊ ဖြစ်ရပ်တွေအကြောင်း သင်ပေးရုံထက်မက ပါဝင်တယ်။ တိမောသေ “လက်ခံယုံကြည်” လာတယ်။ မူရင်းစကားအရ အဲဒီစကားစုဟာ “စိတ်ချတယ်၊” “တစ်စုံတစ်ရာ မှန်ကန်ကြောင်း ယုံကြည်တယ်၊ သေချာတယ်” ဆိုတဲ့ အဓိပ္ပာယ် ရှိတယ်။ ဟီဘရူးကျမ်းစောင်တွေကို တိမောသေ ငယ်ငယ်ကတည်းက သိခဲ့တယ်။ ဒါပေမဲ့ ယေရှုဟာ မေရှိယ ဖြစ်ကြောင်း အထောက်အထားနဲ့တကွ ယုံကြည်လာတယ်။ သားသမီးတွေ တိမောသေလို လက်ခံယုံကြည်လာအောင် ခံယူချက် ဘယ်လို တည်ဆောက်ပေးနိုင်သလဲ။ ဦးဆုံး စိတ်ရှည်ပါ။ ခံယူချက်ဆိုတာ နေ့ချင်းညချင်း ဖြစ်လာတာ မဟုတ်ဘူး။ ကိုယ်လက်ခံယုံကြည်လို့ သားသမီးတွေလည်း အလိုလို လက်ခံယုံကြည်လာမှာ မဟုတ်ဘူး။ ကျမ်းစာအမှန်တရားအကြောင်း ခံယူချက် ခိုင်မာလာစေဖို့ သားသမီးတိုင်း “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကို သုံးရမယ်။ (ရော. ၁၂:၁) အထူးသဖြင့် ကလေးတွေ မေးခွန်းမေးတဲ့အခါ မိဘရဲ့ကဏ္ဍက အရေးကြီးတယ်။ w17.12 ၁၉ ¶၃၊ ၅-၆

တနင်္လာနေ့၊ ဇွန် ၁၀

နောက်ဆုံးသောနေ့ . . . မှာ သူ အသက်ပြန်ရှင်လာမယ်ဆိုတာ ကျွန်မ သိပါတယ်။—ယော. ၁၁:၂၄။

ယေရှုရဲ့ မိတ်ဆွေရင်းလည်း ဖြစ်၊ တပည့်လည်းဖြစ်တဲ့ မာသ ဝမ်းနည်းပူဆွေးနေတယ်။ မောင်ဖြစ်သူ လာဇရု သေဆုံးသွားပြီ။ မာသကို ဖြေသိမ့်နိုင်တဲ့အရာများ ရှိမလား။ ရှိပါတယ်။ “ခင်ဗျားရဲ့မောင် အသက်ပြန်ရှင်လာမယ်” လို့ ယေရှု အာမခံတယ်။ (ယော. ၁၁:၂၀-၂၃) အနာဂတ်မှာ အသက်ပြန်ရှင်လာမှာကို မာသ စိတ်ချတယ်။ အဲဒီနောက် အံ့ဖွယ်အမှုတစ်ခု ယေရှု လုပ်ခဲ့တယ်။ အဲဒီနေ့မှာပဲ လာဇရုကို အသက်ပြန်ရှင်စေခဲ့တယ်။ ယေရှုဖြစ်ဖြစ်၊ အဖဘုရားဖြစ်ဖြစ် ကျွန်တော်တို့အတွက် အဲဒီလိုအံ့ဖွယ်အမှု အခုပဲ လုပ်ပေးမယ်လို့ မျှော်လင့်စရာ အကြောင်းရင်း မရှိပါဘူး။ ဒါပေမဲ့ အနာဂတ်မှာ ချစ်ရတဲ့သူ ရှင်ပြန်ထမြောက်လာမှာကို မာသ ယုံသလို သင်လည်း ယုံကြည်သလား။ သင့်မှာ သေဆုံးသွားတဲ့ အိမ်ထောင်ဖက်၊ မိဘ၊ အဖိုးအဖွား ရှိနိုင်တယ်။ သားသမီး သေဆုံးသွားလို့ ဝမ်းနည်းနေတာ ဖြစ်နိုင်တယ်။ အဲဒီချစ်ရသူကို ပွေ့ဖက်ဖို့၊ သူနဲ့အတူ စကားပြောဖို့၊ ရယ်မောဖို့ တမ်းတနေမှာပဲ။ ဝမ်းသာစရာကတော့ ‘ရှင်ပြန်ထမြောက်ရာကာလမှာ အသက်ပြန်ရှင်လာမယ်ဆိုတာ သိပါတယ်’ လို့ မာသလိုပဲ ပြောနိုင်ဖို့ အကြောင်းကောင်း ရှိပါတယ်။ ဒါပေမဲ့ ယုံကြည်စိတ်ချနိုင်တဲ့အကြောင်းရင်းကို ခရစ်ယာန်တိုင်း ပြန်သုံးသပ်သင့်တယ်။ w17.12 ၃ ¶၁-၂

အင်္ဂါနေ့၊ ဇွန် ၁၁

အို ဘုရားသခင်၊ အလိုတော်ဆောင်တာဟာ ကျွန်တော့်အတွက် ကြည်နူးစရာပါ။ ပညတ်တော်ဟာ ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲမြဲနေပါတယ်။—ဆာ. ၄၀:၈။

ပညတ်တရားကို ယေရှု ချစ်မြတ်နိုးတယ်။ ဒါ မဆန်းပါဘူး။ ပညတ်တရားဟာ ယေရှုရဲ့ဘဝမှာ အရေးပါဆုံးပုဂ္ဂိုလ် ဖခင် ယေဟောဝါဆီက ဖြစ်နေတာကိုး။ ဘုရားသခင့် ပညတ်ကို ယေရှု အလွန်မြတ်နိုးကြောင်း ဒီနေ့ကျမ်းချက်မှာ ပရောဖက်ပြုဖော်ပြထားတယ်။ ဘုရားသခင့် ပညတ်တရားဟာ ပြည့်ဝစုံလင်ကြောင်း၊ အကျိုးရှိကြောင်း၊ ပြည့်စုံမှာ သေချာကြောင်း အပြောနဲ့ရော အလုပ်နဲ့ပါ ယေရှု ဖော်ပြခဲ့တယ်။ (မ. ၅:၁၇-၁၉) ဖခင်ရဲ့ ပညတ်ကို ကျမ်းတတ်တွေ၊ ဖာရိရှဲတွေ တလွဲသွန်သင်ပေးမှန်း ယေရှု တွေ့တဲ့အခါ တော်တော် စိတ်ထိခိုက်မှာပဲ။ အသေးအမွှားကိစ္စတချို့ကို အတိအကျ လိုက်နာကြမှန်း ယေရှု အသိအမှတ် ပြုခဲ့တယ်။ ပြဿနာက ဘာလဲ။ “ခင်ဗျားတို့က ပင်စိမ်း၊ စမုန်စပါး၊ ဇီရာကို ဆယ်ဖို့တစ်ဖို့ ပေးလှူပေမဲ့ တရားမျှတတာ၊ သနားကရုဏာပြတာ၊ သစ္စာရှိတာစတဲ့ ပညတ်ကျမ်းထဲက ပိုအရေးကြီးတဲ့ အချက်တွေကိုတော့ လျစ်လျူရှုထားကြတယ်” လို့ ယေရှု ပြောတယ်။ (မ. ၂၃:၂၃) ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်တယ်လို့ ထင်နေတဲ့ ဖာရိရှဲတွေလို မဟုတ်ဘဲ ယေရှုကတော့ ပညတ်တရားရဲ့ နောက်ကွယ်က သဘောတရားတွေ၊ ပညတ်ချက်တစ်ချက်စီမှာ ပေါ်လွင်တဲ့ ဘုရားသခင့် အရည်အသွေးတွေကို သဘောပေါက်တယ်။ w17.11 ၁၃ ¶၁-၂

ဗုဒ္ဓဟူးနေ့၊ ဇွန် ၁၂

ဘုရားသခင်ရဲ့ အလိုတော်က ခင်ဗျားတို့ လိင်အကျင့်ယိုယွင်းမှုကို ရှောင်ကြဉ်ပြီး သန့်ရှင်းနေကြဖို့ပါ။—၁ သက်. ၄:၃။

“ဘဝဆိုတာ ပျော်ပျော်နေဖို့။ အိမ်ထောင်ပြင်ပ လိင်ကိစ္စကို ဘာကြောင့် ပြစ်တင်ရှုတ်ချနေမှာလဲ” လို့ တချို့ ဆိုကြမယ်။ လိင်အကျင့်ပျက်မှုကို ခရစ်ယာန်တစ်ယောက် လက်ခံသင့်တယ်ဆိုတဲ့ အဆိုဟာ မှားတယ်။ ဘာကြောင့်လဲ။ လိင်အကျင့်ပျက်မှုကို ကျမ်းစာမှာ တားမြစ်ထားလို့ပဲ။ (၁ သက်. ၄:၄-၈) ယေဟောဝါက ကျွန်တော်တို့ကို ဖန်ဆင်းထားလို့ ပညတ်ပေးပိုင်ခွင့် ရှိတယ်။ လက်ထပ် ထိမ်းမြားထားတဲ့ အမျိုးသားနဲ့ အမျိုးသမီးအတွက်ပဲ လိင်မှုကိစ္စကို ဘုရားသခင့်ပညတ်က ခွင့်ပြုထားတယ်။ ကျွန်တော်တို့ကို ဘုရားသခင် ချစ်လို့ ပညတ်တွေ ပေးထားတယ်။ အဲဒါတွေက ကျွန်တော်တို့ကို အကျိုးပြုတယ်။ နာခံတဲ့ မိသားစုတွေဟာ မေတ္တာ၊ လေးစားမှု၊ လုံခြုံမှု ခံစားကြရတယ်။ စိတ်လိုကိုယ်လျောက် ပညတ် မနာခံသူတွေကို ဘုရားသခင် သည်းမခံဘူး။ (ဟီ. ၁၃:၄) လိင်အကျင့်ပျက်ခြင်းကို ဘယ်လို ရှောင်ကြဉ်ရမယ်ဆိုတာ ဘုရားသခင့် စကားတော်က သင်ပေးတယ်။ အရေးကြီးတဲ့ နည်းတစ်နည်းကတော့ ကြည့်ရှုတဲ့အရာကို ထိန်းချုပ်ခြင်းပါပဲ။ (မ. ၅:၂၈၊ ၂၉) ဒါကြောင့် ခရစ်ယာန်တစ်ယောက်ဟာ ညစ်ညမ်းရုပ်ပုံ ကြည့်တာမျိုး၊ ညစ်ညမ်းတဲ့ တေးသီချင်း နားထောင်တာမျိုးကို ရှောင်ပါလိမ့်မယ်။—ဧ. ၅:၃-၅။ w17.11 ၂၂ ¶၉-၁၀

ကြာသပတေးနေ့၊ ဇွန် ၁၃

ဘုရားသခင်ကို ချီးမွမ်းသီချင်းဆိုတာ သိပ်ကောင်းတယ်။—ဆာ. ၁၄၇:၁။

သစ္စာရှိတဲ့ ကိုးကွယ်သူတွေဟာ ယေဟောဝါကို ချီးမွမ်းဖို့ တေးဂီတကို ရှေးအချိန်ကတည်းက အသုံးပြုခဲ့ကြတယ်။ ယေဟောဝါကို ရှေးအစ္စရေးတွေ သစ္စာရှိရှိ အမှုဆောင်ချိန်မှာ သီချင်းဆိုခြင်းဟာ ဝတ်ပြုရေးရဲ့ အရေးကြီးတဲ့ကဏ္ဍ ဖြစ်ခဲ့တာ မှတ်သားစရာပဲ။ ဥပမာ၊ ဗိမာန်တော်လုပ်ငန်းအတွက် ပြင်ဆင်ချိန်မှာ ဘုရင်ဒါဝိဒ်က ချီးမွမ်းသီချင်း ဆိုဖို့ လေဝိအနွယ် သီချင်းသည် ၄,၀၀၀ စီစဉ်ဖွဲ့စည်းခဲ့တယ်။ သူတို့ထဲက ၂၈၈ ယောက်ဟာ “ယေဟောဝါကို ချီးမွမ်းသီဆိုဖို့ လေ့ကျင့်ထားသူတွေ၊ တီးမှုတ်သီဆိုရာမှာ ကျွမ်းကျင်သူတွေ ဖြစ်တယ်။” (၁ ရာ. ၂၃:၅။ ၂၅:၇) ဗိမာန်တော် အပ်နှံပွဲမှာ တေးဂီတနဲ့ သီချင်းဆိုခြင်းဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့တယ်။ “ခရာမှုတ်သူတွေ၊ သီချင်းဆိုသူတွေက ယေဟောဝါကို ချီးမွမ်းကြတယ်။ ခရာ၊ လင်းကွင်းနဲ့ တခြားတူရိယာ တီးမှုတ်သံတွေ၊ . . . ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းသံတွေ သံပြိုင်ထွက်လာတဲ့အခါ . . . ယေဟောဝါရဲ့ အိမ်တော်မှာ ဘုရားသခင်ရဲ့ ဘုန်းအသရေ ပြည့်နေတယ်” လို့ ဖော်ပြထားတယ်။ ယုံကြည်ခြင်း ခိုင်မာစေတဲ့ အချိန်အခါပါပဲ။—၂ ရာ. ၅:၁၃၊ ၁၄။ ၇:၆။ w17.11 ၄ ¶၄-၅

သောကြာနေ့၊ ဇွန် ၁၄

ကမ္ဘာမြေပေါ် ငြိမ်သက်ခြင်းကို ကျွန်တော် ယူဆောင်လာတယ်လို့ မထင်ကြနဲ့။ ငြိမ်သက်ခြင်းအစား ဓားကို ယူဆောင်လာတယ်။—မ. ၁၀:၃၄။

ယေရှုဟာ မိမိရဲ့ သွန်သင်ချက်တွေက လူတွေကို ကွဲပြားစေမယ်၊ ဆန့်ကျင်မှုကို ရင်ဆိုင်နိုင်အောင် နောက်လိုက်တွေ ရဲစွမ်းသတ္တိရှိဖို့ လိုမယ်ဆိုတာ သိထားတယ်။ ယေရှုရဲ့ ရည်ရွယ်ချက်က လူတွေရဲ့ ဆက်ဆံရေးကို ဖျက်ဆီးဖို့ မဟုတ်ဘဲ ဘုရားသခင့် အမှန်တရားသတင်း ကြေညာဖို့ ဖြစ်တယ်။ (ယော. ၁၈:၃၇) မိတ်ဆွေတွေ၊ မိသားစုဝင်တွေ အမှန်တရားကို ငြင်းပယ်တယ်ဆိုရင် ခရစ်တော်ရဲ့ သွန်သင်ချက်ကို သစ္စာရှိရှိ စွဲကိုင်ထားဖို့ ခက်ခဲနိုင်တယ်။ ခရစ်တော်နဲ့ ထိုက်တန်ကြောင်း သက်သေပြဖို့ တပည့်တွေဟာ ကဲ့ရဲ့လှောင်ပြောင်မှု၊ မိသားစုဝင်တွေရဲ့ စိမ်းကားမှုကိုတောင် ခံရပ်ရမယ်။ ဒါပေမဲ့ ဆုံးရှုံးသွားတာထက် အဆများစွာ ပြန်ရမယ်။ (မာ. ၁၀:၂၉၊ ၃၀) ယေဟောဝါကို ကိုးကွယ်ဖို့ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကို ဆွေမျိုးသားချင်းတွေ ဆန့်ကျင်ရင်တောင် သူတို့ကို ဆက်ချစ်သွားရမယ်။ ဒါပေမဲ့ ဘုရားသခင်နဲ့ ခရစ်တော်ကို ချစ်တဲ့မေတ္တာက ပထမဖြစ်မှန်း သိထားရမယ်။ (မ. ၁၀:၃၇) မိသားစုသံယောဇဉ်ကို သုံးပြီး ကျွန်တော်တို့ရဲ့ သမာဓိကို ချိုးဖျက်ဖို့ စာတန် ကြိုးစားမယ်ဆိုတာကိုလည်း သိထားရမယ်။ w17.10 ၁၃ ¶၃-၆

စနေနေ့၊ ဇွန် ၁၅

[ဆိုးညစ်မှု] ကို ဧဖာတောင်းထဲ ပြန်တွန်းချပြီး တောင်းအဝကို အဖုံးနဲ့ ပြန်ဖုံးလိုက်တယ်။—ဇာ. ၅:၈။

ဘုရားရဲ့လူတွေအလယ်မှာ ဘယ်လို ဆိုးညစ်မှုကိုမှ ယေဟောဝါ သည်းမခံကြောင်း ဒီစိတ်အာရုံက ပေါ်လွင်စေတယ်။ ဆိုးညစ်မှုကို မြင်ရင် ချက်ချင်း ဖယ်ရှားပစ်ပါလိမ့်မယ်။ (၁ ကော. ၅:၁၃) တောင်းကို ကောင်းကင်တမန် ပြန်ဖုံးလိုက်ခြင်းက အဲဒီအချက်ကို ယုံကြည်စိတ်ချစေတယ်။ စင်ကြယ်တဲ့ ဝတ်ပြုရေးကို ယေဟောဝါ သန့်ရှင်းနေစေမှာဖြစ်ကြောင်း ဒီစိတ်အာရုံက အာမခံလို့ ဇာခရိခေတ်က အစ္စရေးအတွက် စိတ်သက်သာစရာပါပဲ။ ဒါပေမဲ့ ဝတ်ပြုရေးကို သန့်ရှင်းစင်ကြယ်အောင် ထိန်းသိမ်းဖို့ ဂျူးတွေမှာ တာဝန်ရှိကြောင်း ဒီစိတ်အာရုံက သတိပေးတယ်။ ယေဟောဝါရဲ့ လူမျိုးအလယ်မှာ ဆိုးညစ်မှု ဝင်လာပြီး တည်ရှိနေခွင့် မပေးနိုင်ဘူး။ ယေဟောဝါက ကျွန်တော်တို့ကို သန့်ရှင်းတဲ့ အဖွဲ့အစည်းထဲ ခေါ်ဆောင်လာလို့ မေတ္တာနဲ့ ကာကွယ်မှု ခံစားကြရတယ်။ အဖွဲ့အစည်း သန့်ရှင်းမှုကို ထိန်းသိမ်းဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ယေဟောဝါရဲ့ လူတွေအလယ်မှာ ဆိုးညစ်မှု မရှိရဘူး။ w17.10 ၂၄ ¶၁၄-၁၅။ ၂၅ ¶၁၇-၁၈

တနင်္ဂနွေနေ့၊ ဇွန် ၁၆

ပညတ်တော်ကို အလွန်နှစ်သက်ပါတယ်။—ဆာ. ၁၁၉:၁၆၃။

ကျမ်းစာရဲ့ ပထမကျမ်း ၃၉ စောင်ကို အစ္စရေးတွေ ရေးသားခဲ့တယ်။ သူတို့ဟာ “ဘုရားသခင်ရဲ့ ဗျာဒိတ်တော်တွေ” ကို ဦးဆုံး “ပေးအပ်ခံရ” သူတွေ ဖြစ်တယ်။ (ရော. ၃:၁၊ ၂) ဒါပေမဲ့ ဘီစီသုံးရာစုမှာ ဂျူးများစွာ ဟီဘရူးစကား နားမလည်ကြတော့ဘူး။ ဘာကြောင့်လဲ။ မဟာအလက်ဇန္ဒားက ဂရိအင်ပါယာကို ချဲ့ထွင်ခဲ့လို့ပါပဲ။ (ဒံ. ၈:၅-၇၊ ၂၀၊ ၂၁) အင်ပါယာ ကျယ်ပြန့်လာတာနဲ့အမျှ ဂရိစကားဟာ အင်ပါယာတစ်ခွင် ပျံ့နှံ့နေတဲ့ ဂျူးတွေအပါအဝင် လက်အောက်ခံ ပြည်သူတွေအတွက် အများသုံးစကား ဖြစ်လာတယ်။ ဂျူးများစွာ ဂရိစကား ပြောလာတဲ့အတွက် ဟီဘရူးကျမ်းစောင်တွေကို နားလည်ဖို့ ခက်လာတယ်။ ဖြေရှင်းနည်းက ဘာလဲ။ ကျမ်းစာကို ဟီဘရူးကနေ ဂရိလို ဘာသာပြန်ခဲ့တယ်။ ဘီစီဒုတိယရာစုမှာ ဘာသာပြန်ပြီးစီးခဲ့တယ်။ အဲဒီကျမ်းကို ဂရိ စပ်တွားဂျင့်ကျမ်းလို့ လူသိများလာတယ်။ စပ်တွားဂျင့်ကျမ်းဟာ ဟီဘရူးကျမ်းတစ်အုပ်လုံးရဲ့ ဦးဆုံး ဘာသာပြန်ကျမ်းဖြစ်တယ်။ w17.09 ၂၀ ¶၇-၉

တနင်္လာနေ့၊ ဇွန် ၁၇

မင်းတို့ကို ငါ ဘယ်တော့မှ ပစ်ထားမှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး။—ဟီ. ၁၃:၅။

အလုပ်ရှင်က ညနေပိုင်းတွေ၊ စနေ၊ တနင်္ဂနွေနေ့တွေမှာ အချိန်ပိုဆင်းဖို့ အမြဲတောင်းဆိုနိုင်တယ်။ အဲဒီအချိန်ဟာ မိသားစု ဝတ်ပြုမှု၊ အမှုဆောင်လုပ်ငန်း၊ ခရစ်ယာန် အစည်းအဝေးတွေမှာ ပါဝင်ရမယ့်အချိန် ဖြစ်တယ်။ အလုပ်ရှင်ရဲ့ တောင်းဆိုမှုကို ငြင်းဖို့၊ သားသမီးတွေအတွက် ပုံသက်သေကောင်း ပြဖို့ ရဲစွမ်းသတ္တိ လိုအပ်တယ်။ ဘုရားရေးရာ ပန်းတိုင်တွေကို သားသမီးတွေ ချမှတ်နိုင်အောင်၊ အရောက်လှမ်းနိုင်အောင် ကူညီပေးဖို့ သတ္တိ လိုအပ်တယ်။ ဥပမာ၊ မိဘတချို့ဟာ သားသမီးတွေကို ရှေ့ဆောင်လုပ်ခိုင်းဖို့၊ ပိုလိုအပ်တဲ့ဒေသမှာဖြစ်စေ၊ ဗေသလမှာဖြစ်စေ၊ ဆောက်လုပ်ရေးမှာဖြစ်စေ အမှုဆောင်ခိုင်းဖို့ တွန့်ဆုတ်နိုင်တယ်။ ကိုယ်အသက်ကြီးတဲ့အခါ သားသမီးတွေ မထောက်ပံ့နိုင်မှာကို စိုးရိမ်ကြတယ်။ ပညာရှိတဲ့ မိဘတွေကတော့ ယေဟောဝါရဲ့ ကတိတွေကို သတ္တိရှိရှိ ယုံကြည်ကိုးစားကြတယ်။ (ဆာ. ၃၇:၂၅) အလားတူ ယုံကြည်ကိုးစားဖို့ သားသမီးတွေကို ကူညီပေးခြင်းအားဖြင့် ယေဟောဝါကို အားကိုးကြောင်း၊ သတ္တိရှိကြောင်း တင်ပြနိုင်ပါတယ်။—၁ ရှ. ၁:၂၇၊ ၂၈။ ၂ တိ. ၃:၁၄၊ ၁၅။ w17.09 ၃၀ ¶၁၄-၁၅

အင်္ဂါနေ့၊ ဇွန် ၁၈

စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးကတော့ . . . ချုပ်တည်းခြင်းပါပဲ။—ဂလ. ၅:၂၂၊ ၂၃။

ချုပ်တည်းမှု မွေးမြူနိုင်အောင် သားသမီးတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။ ဒီအရည်အသွေးကို လူငယ်တွေ အလိုလို မရမှန်း မိဘတွေ သိတယ်။ သားသမီးတွေရှေ့ ပုံသက်သေပြပါ။ (ဧ. ၆:၄) ချုပ်တည်းဖို့ ခက်နေတာ သတိထားမိရင် သူတို့ရှေ့ ပုံသက်သေကောင်း ပြနေရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ အမှုဆောင်၊ အစည်းအဝေးမှာ မှန်မှန်ပါဝင်ခြင်း၊ မိသားစုဝတ်ပြုမှု မှန်မှန်ပြုလုပ်ခြင်းရဲ့ အကျိုးသက်ရောက်မှုကို လျှော့မတွက်ပါနဲ့။ လိုအပ်တဲ့အခါ သားသမီးတွေရဲ့ တောင်းဆိုမှုတွေကို ငြင်းဖို့ မစိုးရိမ်ပါနဲ့။ အာဒံနဲ့ ဧဝအတွက် ယေဟောဝါ ကန့်သတ်ချက်တွေ ချပေးခဲ့တယ်။ အဲဒါတွေက ဘုရားသခင့် အခွင့်အာဏာကို လေးစားမှု ဖြစ်စေနိုင်တယ်။  အလားတူပဲ  မိဘရဲ့ စည်းကမ်းနဲ့ ပုံသက်သေက ချုပ်တည်းတတ်အောင် သားသမီးတွေကို သင်ပေးနိုင်တယ်။ ဘုရားသခင့် အခွင့်အာဏာကို မြတ်နိုးတတ်အောင်၊ ဘုရားစံနှုန်းတွေကို လေးစားတတ်အောင် သားသမီးတွေကို သင်ပေးတာက အဖိုးတန်ဆုံးပါပဲ။—ပညာ. ၁:၅၊ ၇၊ ၈။ w17.09 ၇ ¶၁၇

ဗုဒ္ဓဟူးနေ့၊ ဇွန် ၁၉

ခန္ဓာကိုယ် အစိတ်အပိုင်း အချင်းချင်း ကွဲပြားမှုမရှိတော့ဘူး။ အစိတ်အပိုင်းတွေဟာ အပြန်အလှန် ဂရုစိုက်ရမယ်။—၁ ကော. ၁၂:၂၅။

စာတန့်လောက အဆုံးမတိုင်ခင်အထိ စမ်းသပ်မှုတွေ ကြုံနေရဦးမှာပါပဲ။ အလုပ်လက်မဲ့ဖြစ်မှု၊ အသည်းအသန် ဖျားနာမှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ သဘာဝဘေး၊ တခြားအခက်အခဲတွေ ကြုံရပြီး ရာဇဝတ်မှုကြောင့် ပိုင်ဆိုင်ရာတွေ ဆုံးရှုံးကြရတယ်။ ဒုက္ခရောက်ချိန်မှာ အချင်းချင်း ထောက်မနိုင်ဖို့ စစ်မှန်တဲ့ ထောက်ထားစာနာမှု လိုတယ်။ စာနာမှုရှိရင် သနားကြင်နာမှုပါတဲ့လုပ်ရပ်တွေ လုပ်ဆောင်ပါလိမ့်မယ်။ (ဧ. ၄:၃၂) ဒီစရိုက်သစ်တွေက ဘုရားသခင်ကို တုပဖို့၊ တခြားသူတွေကို နှစ်သိမ့်ဖို့ ကူညီပေးပါလိမ့်မယ်။ (၂ ကော. ၁:၃၊ ၄) အသင်းတော်မှာရှိတဲ့ နိုင်ငံခြားသားတွေ၊ အခြေအနေမလှသူတွေကို ထောက်ထားစာနာမှု ဘယ်လို ပြနိုင်သလဲ။ သူတို့နဲ့ မိတ်ဖွဲ့ဖို့၊ အသင်းတော်မှာ အရေးပါတယ်လို့ ခံစားရစေဖို့ လိုတယ်။ (၁ ကော. ၁၂:၂၂) ပြောင်းရွှေ့လာသူတွေကို သနားစာနာတဲ့အတွက်လည်း သက်သေခံများစွာဟာ ဘာသာစကားအသစ် သင်ယူကြတယ်။ (၁ ကော. ၉:၂၃) ဒါကြောင့် ကောင်းချီးများစွာ ရရှိနေကြတယ်။ w17.08 ၂၃-၂၄ ¶၇-၉

ကြာသပတေးနေ့၊ ဇွန် ၂၀

ယေဟောဝါဟာ ငါ့ဝေစုပဲ။ ဒါကြောင့် ကိုယ်တော့်ကို စိတ်ရှည်ရှည်နဲ့ စောင့်မယ်။—မြည်. ၃:၂၄။

ကျွန်တော်တို့အားလုံး စိတ်ရှည်ရှည် စောင့်ဆိုင်းချင်စိတ်ရှိဖို့ လိုတယ်။ ဘာက ကူညီပေးမလဲ။ ဘုရားသခင့် စွမ်းအားတော်ရဖို့ ဆုတောင်းပါ။ စိတ်ရှည်ခြင်းဟာ စွမ်းအားတော်ကြောင့် ဖြစ်လာတဲ့ အရည်အသွေးဖြစ်ကြောင်း သတိရပါ။ (ဧ. ၃:၁၆။ ၆:၁၈။ ၁ သက်. ၅:၁၇-၁၉) စိတ်ရှည်ရှည် ခံရပ်နိုင်အောင် ကူညီပေးပါလို့ ယေဟောဝါဆီ အသနားခံပါ။ ယေဟောဝါရဲ့ ကတိတွေ ပြည့်စုံလာမယ့်အချိန်ကို စိတ်ရှည်စွာ စောင့်ဖို့ အာဗြဟံ၊ ယောသပ်၊ ဒါဝိဒ်တို့ကို ဘာက ကူညီပေးခဲ့ကြောင်း သတိရပါ။ အဲဒါကတော့ ယေဟောဝါကို ယုံကြည်ကိုးစားခြင်းပါပဲ။ သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် အာရုံမစိုက်ဘူး။ ကိုယ်အဆင်ပြေဖို့ပဲ အာရုံမစိုက်ဘူး။ သူတို့တစ်တွေ ဘယ်လို ကောင်းချီးခံရတယ်ဆိုတာ ပြန်တွေးတဲ့အခါ ကျွန်တော်တို့လည်း စောင့်ဆိုင်းတတ်တဲ့သဘောထား တင်ပြဖို့ အားပေးခံကြရတယ်။ ဒါကြောင့် စမ်းသပ်မှုတွေ၊ အခက်အခဲတွေ ကြုံရရင်တောင် “စိတ်ရှည်ရှည်နဲ့ စောင့်” ဖို့ စိတ်ပိုင်းဖြတ်ထားပါ။ ‘ယေဟောဝါဘုရား၊ ဘယ်လောက်ကြာကြာလဲ’ လို့ မေးမိတဲ့အခါတွေ ရှိနိုင်တယ်။ (ဟေရှာ. ၆:၁၁) ဒါပေမဲ့ ဒီနေ့ကျမ်းချက်မှာပါတဲ့ ယေရမိရဲ့ စကားတွေကို ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော် အကူအညီနဲ့ ပြောနိုင်ကြပါတယ်။ w17.08 ၇ ¶၁၈-၂၀

သောကြာနေ့၊ ဇွန် ၂၁

အို ဘုရားသခင်၊ အလိုတော်ဆောင်တာဟာ ကျွန်တော့်အတွက် ကြည်နူးစရာပါ။—ဆာ. ၄၀:၈။

ကလေးဘဝတုန်းက ယေရှု ပျော်ပျော်ပါးပါး ဆော့ကစားခဲ့မှာ သေချာတယ်။ “ရယ်ရတဲ့အချိန် ရှိတယ်။ . . . ကခုန်တဲ့အချိန် ရှိတယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဒေ. ၃:၄) ကျမ်းစာ လေ့လာခြင်းအားဖြင့် ယေဟောဝါနဲ့ ရင်းနှီးအောင်လည်း လုပ်ဆောင်ခဲ့မှာပဲ။ ယေရှု အသက် ၁၂ နှစ်အရွယ်မှာ ဗိမာန်တော်ဆရာတွေက “သူအဖြေပေးပုံ၊ ဉာဏ်ထက်မြက်ပုံကို တအံ့တဩ ဖြစ်” ခဲ့ကြတယ်။ (လု. ၂:၄၂၊ ၄၆၊ ၄၇) ယေရှု အရွယ်ရောက်တော့လည်း ပျော်ရွှင်တယ်။ ဘာက သူ့ကို ပျော်ရွှင်စေသလဲ။ တခြားအရာတွေထက် “နွမ်းပါးသူတွေကို သတင်းကောင်း ကြေညာဖို့၊ . . . မျက်မမြင်တွေကို ပြန်မြင်တော့မယ့်အကြောင်း . . . ကြေညာဖို့” ဘုရားသခင် ပိုအလိုရှိမှန်း သိထားတယ်။ (လု. ၄:၁၈) ဘုရားသခင် တောင်းဆိုတဲ့အတိုင်း လုပ်ဆောင်ခြင်းက ယေရှုကို ပျော်ရွှင်စေတယ်။ ကောင်းကင်ဘုံစံ ဖခင်အကြောင်း လူတွေကို သင်ပေးရတာ နှစ်သက်တယ်။ (လု. ၁၀:၂၁) တစ်ခါက အမျိုးသမီးတစ်ယောက်ကို စစ်မှန်တဲ့ ဝတ်ပြုရေးအကြောင်း သင်ပေးပြီးနောက် တပည့်တွေကို ဒီလိုပြောခဲ့တယ်– “ကျွန်တော့်ကို စေလွှတ်တဲ့အရှင်ရဲ့ အလိုတော်ကို ဆောင်တာ၊ သူခိုင်းထားတဲ့ အလုပ်ကို ပြီးစီးအောင် လုပ်တာဟာ ကျွန်တော့်အတွက် စားစရာပဲ။” (ယော. ၄:၃၁-၃၄) ဘုရားသခင်နဲ့ တခြားသူတွေကို ချစ်ကြောင်း ဖော်ပြခြင်းက ယေရှုကို ပျော်ရွှင်စေခဲ့တယ်။ အဲဒါက သင့်ကိုလည်း ပျော်ရွှင်စေနိုင်တယ်။ w17.07 ၂၃ ¶၄-၅

စနေနေ့၊ ဇွန် ၂၂

ဘုရားသခင့်ငြိမ်သက်ခြင်းက ခရစ်တော်ယေရှုကတစ်ဆင့် ခင်ဗျားတို့ရဲ့ စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်ပေးပါလိမ့်မယ်။—ဖိ. ၄:၇။

သားတော်ယေရှု ကမ္ဘာပေါ် ရှိတုန်းက ယေဟောဝါရဲ့ စာနာထောက်ထားမှုကို အပြော၊ အလုပ်နဲ့ အပြည့်အဝ ဖော်ပြခဲ့တယ်။ (ယော. ၅:၁၉) “စိတ်ကြေကွဲနေသူတွေ၊” “ဝမ်းနည်းပူဆွေးသူတွေ” ကို နှစ်သိမ့်ဖို့ ယေရှုကို စေလွှတ်လိုက်တာဖြစ်တယ်။ (ဟေရှာ. ၆၁:၁၊ ၂။ လု. ၄:၁၇-၂၁) ဒါကြောင့် လူတွေရဲ့ ဆင်းရဲဒုက္ခကို အပြည့်အဝ စာနာနားလည်ပေးတတ်သလို ဆင်းရဲဒုက္ခကို သက်သာစေချင်တဲ့ဆန္ဒလည်း ရှိတယ်။ (ဟီ. ၂:၁၇) “ယေရှုခရစ်ဟာ အရင်တုန်းကရော၊ အခုရော၊ နောင်ရော ထာဝရ မပြောင်းလဲဘူး” လို့ ကျမ်းစာက စိတ်ချစေတယ်။ (ဟီ. ၁၃:၈) “အသက်ရဲ့ ကိုယ်စားလှယ်ချုပ်” ဟာ ဝမ်းနည်းပူဆွေးတဲ့ ခံစားချက်ကို သိတယ်။ ‘စမ်းသပ်ခံရသူတွေကို ကူညီမစပေးနိုင်’ တယ်။ (တ. ၃:၁၅။ ဟီ. ၂:၁၀၊ ၁၈) ခရစ်တော်ဟာ တခြားသူတွေ ဝမ်းနည်းသလို ဝမ်းနည်းတတ်တယ်။ ဝမ်းနည်းပူဆွေးမှုကို နားလည်ပေးတယ်။ “လိုအပ်ချိန်မှာ” နှစ်သိမ့်ပေးနိုင်တယ်။—ဟီ. ၄:၁၅၊ ၁၆။ w17.07 ၁၃ ¶၆-၇။ ၁၄ ¶၁၀

တနင်္ဂနွေနေ့၊ ဇွန် ၂၃

ကိုယ့်ဘဏ္ဍာရှိတဲ့နေရာမှာ ကိုယ့်စိတ် ရောက်နေတတ်တယ်။—လု. ၁၂:၃၄။

ယေဟောဝါပေးထားတဲ့ ဘုရားရေးရာဘဏ္ဍာတွေအပေါ် တန်ဖိုးထားမြတ်နိုးစိတ် လျော့နည်းသွားအောင်၊ ပျောက်ဆုံးသွားအောင် စာတန်နဲ့ လောက မပြတ်ကြိုးစားနေတယ်။ သူတို့ရဲ့ နည်းပရိယာယ်တွေနဲ့ ကျွန်တော်တို့ မလွတ်ကင်းကြဘူး။ ဂုဏ်ရှိတဲ့အလုပ်အကိုင်၊ ဇိမ်ရှိတဲ့ဘဝပုံစံ၊ ရုပ်ပစ္စည်း ဝါကြွားချင်စိတ်တွေနဲ့ အလွယ်တကူ ကျော့မိနိုင်တယ်။ ဒီလောကနဲ့ လောကမှာရှိတဲ့ လူတွေ လိုချင်ရာအားလုံး ရွေ့သွားကွယ်ပျောက်နေတယ်လို့ တမန်တော်ယောဟန် သတိပေးခဲ့တယ်။ (၁ ယော. ၂:၁၅-၁၇) ဒါကြောင့် ကျွန်တော်တို့ရဲ့ စိတ်စွဲလမ်းမှုတွေ၊ ဘုရားရေးရာဘဏ္ဍာအပေါ် မြတ်နိုးတန်ဖိုးထားစိတ်ကို ကာကွယ်စောင့်ရှောက်ဖို့ ကြိုးစားအားထုတ်ရမယ်။ ဘုရားနိုင်ငံတော်ကို စိတ်နှလုံး အကြွင်းမဲ့ မြတ်နိုးစိတ်နေရာမှာ အစားဝင်လာနိုင်တဲ့ ဘယ်အရာကိုမဆို စွန့်လွှတ်ဖို့ လိုလိုလားလား ရှိသလား။ ထက်ထက်သန်သန် ဆက်ဟောပြောနေပါ။ အသက်ကယ် အမှုဆောင်လုပ်ငန်းကို တန်ဖိုးထားလေးမြတ်စိတ် မပျောက်ဆုံးစေပါနဲ့။ ကျမ်းစာအမှန်တရားတွေကို ထက်ထက်သန်သန် ဆက်ရှာဖွေပါ။ ဒါဆိုရင် ကောင်းကင်ဘဏ္ဍာ တိုးများလာပါလိမ့်မယ်။ “ကောင်းကင်ဘဏ္ဍာ . . . ကို သူခိုး ဝင်မခိုးနိုင်ဘူး။ ပိုးမွှား မဖျက်ဆီးနိုင်ဘူး။”—လု. ၁၂:၃၃။ w17.06 ၁၃ ¶၁၉-၂၀

တနင်္လာနေ့၊ ဇွန် ၂၄

တံတိုင်းတော်ထဲမှာ နေရတဲ့ တစ်ရက်တာဟာ တခြားနေရာမှာ နေရတဲ့ ရက်ပေါင်းတစ်ထောင်ထက် သာလွန်ပါတယ်။—ဆာ. ၈၄:၁၀။

ယေဟောဝါရဲ့ အုပ်ချုပ်ပုံနည်းလမ်းက မချုပ်ချယ်ဘူး၊ မတင်းကျပ်ဘူး။ လွတ်လပ်မှုနဲ့ ရွှင်လန်းမှု ခံစားရစေတယ်။ (၂ ကော. ၃:၁၇) “ရှေ့တော်မှာ ဘုန်းတန်ခိုးနဲ့ ခမ်းနားမှု ရှိနေတယ်။ စံမြန်းရာအရပ်မှာ အစွမ်းတန်ခိုးနဲ့ ဝမ်းမြောက်ခြင်း ရှိနေတယ်” လို့ ဒါဝိဒ် ပြောခဲ့တယ်။ (၁ ရာ. ၁၆:၇၊ ၂၇) “ကိုယ်တော့်ကို ရွှင်လန်းစွာ ချီးမွမ်းသူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။ အို ယေဟောဝါ၊ မျက်နှာတော် အလင်းအောက်မှာ သူတို့လျှောက်လှမ်းကြတယ်။ သူတို့က နာမတော်ကြောင့် တစ်နေ့လုံး ဝမ်းမြောက်နေကြတယ်။ ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းကြောင့် ချီးမြှောက်ခံရတယ်” လို့လည်း ဆာလံဆရာ ဧသန် ရေးသားခဲ့တယ်။ (ဆာ. ၈၉:၁၅၊ ၁၆) ယေဟောဝါရဲ့ ကောင်းမြတ်မှုအကြောင်း မကြာခဏ တွေးတောခြင်းက ကိုယ်တော့်အုပ်ချုပ်မှုသာ အကောင်းဆုံးဖြစ်တယ်ဆိုတဲ့ ယုံကြည်စိတ်ချမှု တိုးများစေနိုင်တယ်။ အဲဒီလို မခံစားဘဲ ဘယ်နေပါ့မလဲ။ မေတ္တာရှိတဲ့ ပုံစံပြုရှင်၊ ဖန်ဆင်းရှင် ယေဟောဝါဟာ ကျွန်တော်တို့ အမှန်တကယ် ပျော်ရွှင်ဖို့ ဘာလိုအပ်မှန်း သိပြီး အလျှံပယ် ဖြည့်ဆည်းပေးတယ်။ ဘုရားရဲ့ တောင်းဆိုချက်တွေမှာ ကိုယ်ကျိုးစွန့်စရာတွေ ရှိရင်တောင် တောင်းဆိုသမျှဟာ ကျွန်တော်တို့ရဲ့ အကျိုးအတွက်ဖြစ်ပြီး အပျော်ရွှင်ဆုံး ဖြစ်စေတယ်။—ဟေရှာ. ၄၈:၁၇။ w17.06 ၂၉ ¶၁၀-၁၁

အင်္ဂါနေ့၊ ဇွန် ၂၅

မျှော်လင့်နေတဲ့အရာက ကြန့်ကြာနေရင် စိတ်အားလျော့စေတယ်။—ပညာ. ၁၃:၁၂။

သားသမီး သိပ်လိုချင်ပေမဲ့ မရတဲ့ အင်္ဂလန်နိုင်ငံက ညီအစ်မတစ်ယောက်အကြောင်း သုံးသပ်ကြည့်ပါ။ သွေးဆုံးသွားပြီး ဒီစနစ်မှာ ကလေးမရနိုင်တော့မှန်း သိလို့ ဝမ်းနည်းပက်လက် ဖြစ်ခဲ့ရတယ်။ ဒါနဲ့ ကလေးတစ်ယောက် မွေးစားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒါပေမဲ့ “ဝမ်းနည်းတဲ့ ခံစားချက်ကတော့ ရှိနေတုန်းပဲ။ မွေးစားတာက ကိုယ့်ရင်သွေးကို မွေးရတာနဲ့ မတူဘူးလေ” လို့ပြောခဲ့တယ်။ ခရစ်ယာန် အမျိုးသမီးဟာ “သားသမီး မွေးမြူပြုစု” ခြင်းအားဖြင့် “အကာအကွယ် ရလိမ့်မယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ တိ. ၂:၁၅) သားသမီး မွေးလို့၊ သားသမီး ရှိလို့ ထာဝရအသက် ရမယ်လို့ မဆိုလိုဘူး။ အိမ်အလုပ်တွေ၊ ပြုစုရမယ့် သားသမီးတွေနဲ့ဆိုတော့ အတင်းအဖျင်း မပြောဖို့၊ တခြားသူတွေရဲ့ ကိစ္စထဲ ဝင်မပါဖို့ အကာအကွယ် ရနိုင်တာကို ဆိုလိုတယ်။—၁ တိ. ၅:၁၃။ w17.06 ၅-၆ ¶၆-၈

ဗုဒ္ဓဟူးနေ့၊ ဇွန် ၂၆

ဘုရားကို [ခင်ဗျား] ဘာအကျိုးပြုလို့လဲ။ ခင်ဗျားဆီကနေ ဘုရား ဘာများရလို့လဲ။—ယောဘ ၃၅:၇။

ဘုရားသခင်ကို ဝတ်ပြုဖို့ ကြိုးစားနေတာ အကျိုးမရှိဘူးလို့ ဧလိဟု ဆိုလိုနေတာလား။ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဝတ်ပြုမှုကို ယေဟောဝါ မှီခိုနေတာ မဟုတ်ကြောင်း ဧလိဟု ပြောနေတာပါ။ ယေဟောဝါဟာ ပြည့်ဝစုံလင်တယ်။ ကျွန်တော်တို့အနေနဲ့ ယေဟောဝါ ပိုချမ်းသာအောင်၊ ပိုခွန်အားကြီးအောင် မလုပ်နိုင်ဘူး။ တကယ်တော့ ကျွန်တော်တို့ ပိုင်ဆိုင်ထားတဲ့ ကောင်းမြတ်မှု၊ အစွမ်းအစ၊ ခွန်အားတွေဟာ ဘုရားသခင်ဆီကပဲ။ အဲဒါတွေကို ဘယ်လို အသုံးပြုနေတယ်ဆိုတာ ဘုရားသခင် သတိပြုကြည့်နေတယ်။ မိမိကျေးကျွန်တွေအပေါ် မေတ္တာပြတာကို မိမိအပေါ် ပြတယ်လို့ ယေဟောဝါ ယူဆတယ်။ “နိမ့်ကျသူကို မျက်နှာသာပေးတဲ့သူဟာ ယေဟောဝါကို ချေးငှားပေးတဲ့သူပဲ။ သူ့လုပ်ရပ်အတွက် ဘုရား ပြန်ဆပ်ပေးလိမ့်မယ်” လို့ ပညာအလိမ္မာ ၁၉:၁၇ မှာ ပြောထားတယ်။ ဆင်းရဲသားတွေအပေါ်ပြတဲ့ ကြင်နာမှုတိုင်းကို ယေဟောဝါ သတိပြုကြည့်နေတယ်လို့ အဲဒီကျမ်းချက် ဆိုလိုနေတာ မဟုတ်လား။ လူသားတွေအပေါ် အကြွေးတင်နေတယ်၊ မျက်နှာသာကောင်းချီး ပေးပြီး ပြန်ပေးဆပ်ရမယ်လို့ စကြဝဠာ ဖန်ဆင်းရှင် ယူဆသလား။ အဲဒီလို ယူဆကြောင်း ဘုရားသခင့် သားတော်ကိုယ်တိုင် အတည်ပြုခဲ့တယ်။—လု. ၁၄:၁၃၊ ၁၄။ w17.04 ၂၉ ¶၃-၄

ကြာသပတေးနေ့၊ ဇွန် ၂၇

သူဟာ ယေဟောဝါရဲ့ ပညတ်မှာ ပျော်မွေ့ပြီး ပညတ်တော်ကို နေ့ညမပြတ် ဖတ်ရွတ်ဆင်ခြင် တယ်။—ဆာ. ၁:၂။

ကျမ်းစာနဲ့ ကျမ်းစာအခြေပြု စာပေတွေ ဖတ်ရှုခြင်းအပြင် ဘယ်အရာကလည်း ကျမ်းစာအမှန်တရားကို နက်နက်ရှိုင်းရှိုင်း နှစ်သက်မြတ်နိုးစေနိုင်သလဲ။ အသင်းတော် အစည်းအဝေးတွေကို မှန်မှန် တက်ရောက်ခြင်းက ကျမ်းစာအမှန်တရားကို ပိုနှစ်သက်မြတ်နိုးစေနိုင်ပါတယ်။ ကင်းမျှော်စင် အကူအညီနဲ့ ပတ်စဉ် ကျမ်းစာလေ့လာခြင်းကလည်း ကျွန်တော်တို့ကို သွန်သင်ပေးတဲ့ နည်းတစ်နည်းပါပဲ။ လေ့လာတဲ့ ဆောင်းပါးကို နားလည်ဖို့ ကင်းမျှော်စင် သင်တန်းတိုင်းအတွက် ကောင်းကောင်း ကြိုတင်ပြင်ဆင်ရမယ်။ ပြင်ဆင်နိုင်တဲ့ နည်းတစ်နည်းကတော့ ရည်ညွှန်းထားတဲ့ ကျမ်းချက်တိုင်းကို ဖွင့်ဖတ်ခြင်းပါပဲ။ အခုချိန်မှာ ကင်းမျှော်စင်ကို jw.org ဝက်ဘ်ဆိုက်မှာ ကူးယူနိုင်တယ်။ JW Library မှာ ဘာသာစကားများစွာနဲ့ ဖတ်ရှုနိုင်တယ်။ လေ့လာရန် ဆောင်းပါးတိုင်းမှာပါတဲ့ ရည်ညွှန်းကျမ်းချက်တွေကို အီလက်ထရောနစ်ပုံစံနဲ့ အလွယ်တကူ ဖတ်နိုင်တယ်။ ဘယ်နည်းပဲသုံးသုံး ကျမ်းချက်တွေကို သေသေချာချာ ဖတ်ခြင်း၊ တွေးတောဆင်ခြင်ခြင်းက ကျမ်းစာအမှန်တရားကို နက်နက်ရှိုင်းရှိုင်း နှစ်သက်မြတ်နိုးစေပါလိမ့်မယ်။ w17.05 ၂၀ ¶၁၄

သောကြာနေ့၊ ဇွန် ၂၈

ဘုရားသခင်က ကျွန်တော်တို့ယောက်တိုင်းကို ကိုယ့်လုပ်ရပ်နဲ့ပတ်သက်ပြီး ဖြေရှင်းချက် တောင်းလိမ့်မယ်။—ရော. ၁၄:၁၂။

နှစ်ခြင်းခံပြီးနောက် ဘုရားသခင်ကို သစ္စာရှိရှိ ဝတ်ပြုမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဆက်ကပ်အပ်နှံခြင်းနဲ့အညီ ဆက်နေထိုင်သွားချင်ကြတယ်။ ဘုရားသခင်ဆီ ဆက်ကပ်အပ်နှံ သစ္စာကတိပြုထားတာကို ရုပ်သိမ်းဖို့ နည်းလမ်း မရှိဘူး။ လူတစ်ယောက် ယေဟောဝါကို  ဝတ်ပြုရတာ၊ ခရစ်ယာန်လမ်းစဉ်အတိုင်း အသက်ရှင်ရတာကို ငြီးငွေ့လာလို့ တကယ် မအပ်နှံခဲ့ပါဘူး၊ နှစ်ခြင်းခံတာလည်း အတည်မဟုတ်ပါဘူးလို့ ပြောလို့ မရဘူး။ ဘာပဲဖြစ်ဖြစ် ဘုရားသခင်ဆီ အကြွင်းမဲ့ ဆက်ကပ်အပ်နှံထားကြောင်း လူအားလုံးကို အသိပေးခဲ့ပြီပဲ။ သူကျူးလွန်မိနိုင်တဲ့ ကြီးလေးတဲ့ အပြစ်မှန်သမျှအတွက် ယေဟောဝါနဲ့ အသင်းတော်ရှေ့ စာရင်းရှင်းရလိမ့်မယ်။ “ကနဦးမေတ္တာ ပျက်ပြယ်သွား” ပြီလို့ ဘယ်တော့မှ အပြောမခံရပါစေနဲ့။ အဲဒီအစား “မင်းရဲ့ အကျင့်၊ မေတ္တာ၊ ယုံကြည်ခြင်း၊ ဘုရားအတွက် အမှုဆောင်ခြင်း၊ ခံနိုင်ရည်ကို ငါသိတယ်။ မင်းရဲ့ အကျင့်တွေဟာ အစောပိုင်းကထက် နောက်ပိုင်းမှာ ပိုကောင်းလာမှန်းကိုလည်း ငါသိတယ်” လို့ ယေရှု ပြောနိုင်ပါစေ။ (ဗျာ. ၂:၄၊ ၁၉) ဆက်ကပ်အပ်နှံ သစ္စာကတိအတိုင်း၊ ယေဟောဝါ နှစ်သက်တဲ့အတိုင်း ဆက်အသက်ရှင်သွားကြပါစို့။ w17.04 ၆-၇ ¶၁၂-၁၃

စနေနေ့၊ ဇွန် ၂၉

ဘုရားသခင်ဟာ ကျောက်ဆောင်ပဲ။ လုပ်ဆောင်သမျှ ပြီးပြည့်စုံတယ်။ နည်းလမ်းတော်တွေ တရားမျှတတယ်။—တရား. ၃၂:၄။

‘မြေတစ်ပြင်လုံးရဲ့ တရားသူကြီးက မှန်ကန်တာကိုပဲ လုပ်မှာပါ။’ (က. ၁၈:၂၅) သောဒုံနဲ့ ဂေါမောရမြို့ကိစ္စမှာ ယေဟောဝါ အပြည့်အဝ တရားမျှတမယ်လို့ အာဗြဟံ ယုံကြည်စိတ်ချကြောင်း အဲဒီစကားတွေက ဖော်ပြတယ်။ ‘လူကောင်းတွေကို လူဆိုးတွေနဲ့ရောပြီး ဖျက်ဆီး’ ခြင်းအားဖြင့် ယေဟောဝါ ဘယ်တော့မှ မတရားလုပ်မှာ မဟုတ်ကြောင်း အာဗြဟံ ‘အသေအချာ’ ယုံကြည်တယ်။ ယေဟောဝါဟာ တရားမျှတမှု၊ ဖြောင့်မတ်မှုဆိုင်ရာ အကြီးမြတ်ဆုံး စံနမူနာရှင် ဖြစ်လို့ ယေဟောဝါ အမြဲ ဖြောင့်မတ်စွာ တရားစီရင်မယ်လို့ အာဗြဟံ ယုံကြည်စိတ်ချတယ်။ ဟီဘရူးကျမ်းစောင်တွေမှာ “တရားမျှတမှု၊” “ဖြောင့်မတ်မှု” လို့ပြန်ဆိုထားတဲ့ စကားလုံးတွေကို တွဲသုံးလေ့ရှိတယ်။ အဲဒီစကားလုံးနှစ်လုံးဟာ ကွာခြားချက် မရှိဘူး။ ယေဟောဝါဟာ အကြွင်းမဲ့ ဖြောင့်မတ်တဲ့အတွက် အမြဲ တရားမျှတစွာ စီရင်ဆုံးဖြတ်ပါလိမ့်မယ်။ ဘုရားသခင်က ‘ဖြောင့်မတ်ခြင်းနဲ့ တရားမျှတခြင်းကို မြတ်နိုးတယ်’ လို့လည်း ကျမ်းစာမှာ ဖော်ပြထားတယ်။—ဆာ. ၃၃:၅။ w17.04 ၁၈ ¶၁-၂

တနင်္ဂနွေနေ့၊ ဇွန် ၃၀

ကျွန်တော့်ရဲ့ သားသမီးတွေ အမှန်တရားလမ်းစဉ်မှာ လျှောက်လှမ်းနေတဲ့အကြောင်း ကြားသိရတာထက် ပိုဝမ်းသာစရာကောင်းတဲ့သတင်း မရှိတော့ပါဘူး။—၃ ယော. ၄။

မိဘတို့၊ သားသမီးတွေ ထာဝရအသက်လမ်းပေါ် စလျှောက်ဖို့ မိဘတွေရဲ့ ပုံသက်သေက သိပ်အရေးကြီးတယ်။ ‘ဘုရားသခင်ရဲ့ နိုင်ငံတော်ကို’ မိဘတွေ “အမြဲ ဦးစားထား” တာ သားသမီးတွေ မြင်တဲ့အခါ နေ့စဉ်လိုအပ်ရာတွေအတွက် ယေဟောဝါကို အားကိုးတတ်လာမယ်။ (မ. ၆:၃၃၊ ၃၄) ရိုးရိုးကုပ်ကုပ် နေထိုင်ပါ။ ရုပ်ဝတ္ထုပစ္စည်းထက် ဘုရားရေးရာကို ဦးစားထားပါ။ အကြွေးမတင်အောင် ကြိုးစားပါ။ ယေဟောဝါရဲ့ မျက်နှာသာရဖို့ “ကောင်းကင်ဘဏ္ဍာ” ဆည်းပူးပါ။ စည်းစိမ်ချမ်းသာ၊ “လူတွေရဲ့ မျက်နှာသာ” ကို မရှာပါနဲ့။ (မာ. ၁၀:၂၁၊ ၂၂။ ယော. ၁၂:၄၃) သားသမီးတွေအတွက် အချိန်မပေးနိုင်လောက်တဲ့အထိ အလုပ်မများပါနဲ့။ ကိုယ်တိုင်အတွက်၊ မိဘအတွက် ထင်ပေါ်ကျော်ကြားမှု၊ စည်းစိမ်ချမ်းသာ မရှာဘဲ ယေဟောဝါကို ဦးစားထားဖို့ ဆုံးဖြတ်လို့ ဂုဏ်ယူကြောင်း သားသမီးတွေကို သိစေပါ။ မိဘတွေ အေးအေးဆေးဆေး နေနိုင်ဖို့ သားသမီးတွေ ထောက်ပံ့ရမယ်ဆိုတဲ့ ခရစ်ယာန်မဆန်တဲ့အမြင်မျိုး ရှောင်ပါ။ “သားသမီးတွေက မိဘအတွက် ဥစ္စာစုဆောင်းပေးရတာ မဟုတ်ဘူး။ မိဘတွေကသာ သားသမီးတွေအတွက် စုဆောင်းပေးရ” ကြောင်း သတိရပါ။—၂ ကော. ၁၂:၁၄။ w17.05 ၈-၉ ¶၃-၄

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ