ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • es19 စာ. ၁၁၈-၁၂၈
  • ဒီဇင်ဘာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဒီဇင်ဘာ
  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၁
  • တနင်္လာနေ့၊ ဒီဇင်ဘာ ၂
  • အင်္ဂါနေ့၊ ဒီဇင်ဘာ ၃
  • ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၄
  • ကြာသပတေးနေ့၊ ဒီဇင်ဘာ ၅
  • သောကြာနေ့၊ ဒီဇင်ဘာ ၆
  • စနေနေ့၊ ဒီဇင်ဘာ ၇
  • တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၈
  • တနင်္လာနေ့၊ ဒီဇင်ဘာ ၉
  • အင်္ဂါနေ့၊ ဒီဇင်ဘာ ၁၀
  • ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၁၁
  • ကြာသပတေးနေ့၊ ဒီဇင်ဘာ ၁၂
  • သောကြာနေ့၊ ဒီဇင်ဘာ ၁၃
  • စနေနေ့၊ ဒီဇင်ဘာ ၁၄
  • တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၁၅
  • တနင်္လာနေ့၊ ဒီဇင်ဘာ ၁၆
  • အင်္ဂါနေ့၊ ဒီဇင်ဘာ ၁၇
  • ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၁၈
  • ကြာသပတေးနေ့၊ ဒီဇင်ဘာ ၁၉
  • သောကြာနေ့၊ ဒီဇင်ဘာ ၂၀
  • စနေနေ့၊ ဒီဇင်ဘာ ၂၁
  • တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၂၂
  • တနင်္လာနေ့၊ ဒီဇင်ဘာ ၂၃
  • အင်္ဂါနေ့၊ ဒီဇင်ဘာ ၂၄
  • ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၂၅
  • ကြာသပတေးနေ့၊ ဒီဇင်ဘာ ၂၆
  • သောကြာနေ့၊ ဒီဇင်ဘာ ၂၇
  • စနေနေ့၊ ဒီဇင်ဘာ ၂၈
  • တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၂၉
  • တနင်္လာနေ့၊ ဒီဇင်ဘာ ၃၀
  • အင်္ဂါနေ့၊ ဒီဇင်ဘာ ၃၁
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၁၉
es19 စာ. ၁၁၈-၁၂၈

ဒီဇင်ဘာ

တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၁

မညည်းမညူဘဲ ဧည့်ဝတ်ပြုကြပါ။—၁ ပေ. ၄:၉။

ကျမ်းစာခေတ်တုန်းက ဧည့်ဝတ်ပြုတဲ့အခါ အိမ်ကို ခေါ်ဖိတ် ကျွေးမွေးလေ့ရှိတယ်။ (က. ၁၈:၁-၈။ သူကြီး. ၁၃:၁၅။ လု. ၂၄:၂၈-၃၀) အတူစားသောက်ဖို့ ဖိတ်ခေါ်ခြင်းက ခင်မင်ရင်းနှီးကြောင်း ဖော်ပြတယ်။ ဘယ်သူတွေကို အဓိက ခေါ်ဖိတ်သင့်သလဲ။ အသင်းတော်က ညီအစ်ကို/မတွေပါပဲ။ ဒုက္ခရောက်တဲ့အခါ သူတို့ကိုပဲ အားထားရမယ် မဟုတ်လား။ သစ္စာရှိမိတ်ဆွေတွေကို ကျွန်တော်တို့ လိုအပ်ပြီး သူတို့နဲ့ သင့်မြတ်နေရမယ်။ တိုက်နယ်ကြီးကြပ်မှူးနဲ့ ကျမ်းစာသင်တန်းကျောင်း တက်သူတွေ၊ ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်းတွေ နေစရာ လိုအပ်နိုင်တယ်။ သဘာဝဘေးကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသူတွေ အိမ်မရခင်အထိ တည်းခိုမယ့်နေရာ လိုအပ်တယ်။ အိမ်ကြီးအိမ်ကောင်းရှိသူတွေပဲ ကူညီနိုင်မယ်လို့ မယူဆသင့်ဘူး။ သူတို့ အကြိမ်ကြိမ် ကူညီခဲ့ပြီးဖြစ်နိုင်တယ်။ သင့်အိမ်က သေးနေရင်တောင် တည်းခိုခွင့် ပေးနိုင်မလား။ w18.03 ၁၅ ¶၆။ ၁၆ ¶၉

တနင်္လာနေ့၊ ဒီဇင်ဘာ ၂

ဖြောင့်မတ်သူက ခုနစ်ကြိမ် လဲရင်တောင် ပြန်ထလိမ့်မယ်။—ပညာ. ၂၄:၁၆။

လဲသွားသူတစ်ယောက် ပြန်ထနိုင်ဖို့ ဘာက ကူညီပေးမလဲ။ ကိုယ့်အစွမ်းအစ မဟုတ်ဘဲ ဘုရားသခင့် စွမ်းအားတော်ပါပဲ။ (ဖိ. ၄:၁၃) စွမ်းအားတော် အရည်အသွေးတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် ဆုံးမခြင်းနဲ့ အနီးကပ် ဆက်စပ်နေတဲ့ ချုပ်တည်းခြင်းလည်း ပါဝင်တယ်။ ဆုတောင်းခြင်း၊ ကျမ်းစာ လေ့လာခြင်း၊ တွေးတောဆင်ခြင်ခြင်းက ကူညီပေးပါလိမ့်မယ်။ ဒါပေမဲ့ ကျမ်းစာ လေ့လာဖို့ ခက်နေရင်ကော။ စိတ်ဓာတ်မကျပါနဲ့။ နှုတ်မြွက်စကားတော် ကျမ်းစာကို “အငမ်းမရလိုချင်တဲ့စိတ်” ဖြစ်အောင် ယေဟောဝါ ကူညီပေးလိမ့်မယ်။ (၁ ပေ. ၂:၂) ဦးဆုံး၊ ကျမ်းစာ လေ့လာဖို့ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်နိုင်အောင် ယေဟောဝါဆီ ဆုတောင်းပါ။ ဆုတောင်းချက်နဲ့အညီ လုပ်ဆောင်ပါ။ နည်းနည်းစီ လေ့လာပါ။ ဒီလိုနဲ့ လေ့လာရတာ ပိုလွယ်ကူပြီး ပိုပျော်ရွှင်လာပါလိမ့်မယ်။ ယေဟောဝါအကြောင်း တိတ်ဆိတ်စွာ တွေးတောဆင်ခြင်ရတဲ့ အချိန်တွေကို မြတ်နိုးလာပါလိမ့်မယ်။—၁ တိ. ၄:၁၅။ w18.03 ၂၉ ¶၅-၆

အင်္ဂါနေ့၊ ဒီဇင်ဘာ ၃

အခုအချိန်မှာ ခင်ဗျားတို့ကို ကယ်တင်တဲ့အရာဟာ နှစ်ခြင်းပဲ။—၁ ပေ. ၃:၂၁။

နှစ်ခြင်းခံနိုင်ဖို့ ဘုရားသခင်၊ ဘုရားရည်ရွယ်ချက်၊ ကယ်တင်ခြင်းအတွက် ဘုရားရဲ့ အစီအစဉ်တွေအကြောင်း တိကျမှန်ကန်စွာ သိရှိပြီး ယုံကြည်ဖို့ လိုတယ်။ (၁ တိ. ၂:၃-၆) ဘုရား မနှစ်သက်တာတွေကို မလုပ်ဖို့၊ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို လိုက်နာဖို့ ယုံကြည်ခြင်းက လှုံ့ဆော်ပေးတယ်။ (တ. ၃:၁၉) နိုင်ငံတော် ဝင်ခွင့်မရစေတဲ့ လုပ်ရပ်တွေ လုပ်ရင်းနဲ့ ဆက်ကပ်အပ်နှံတာကို ဘုရားလက်မခံဘူး။ (၁ ကော. ၆:၉၊ ၁၀) ဒါပေမဲ့ ယေဟောဝါရဲ့ မြင့်မားတဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေ လိုက်နာနေရုံနဲ့ မလုံလောက်ဘူး။ အသင်းတော် အစည်းအဝေးတွေ တက်ဖို့၊ အသက်ကယ်တဲ့ ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ ပါဝင်ဖို့လည်း လိုတယ်။ (တ. ၁:၈) အဲဒါတွေ လုပ်ဆောင်ပြီးမှပဲ ယေဟောဝါဆီ ကိုယ်တိုင် ဆုတောင်းအပ်နှံပြီး လူတွေရှေ့ နှစ်ခြင်းခံနိုင်မယ်။ w18.03 ၆ ¶၁၂

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၄

[မာရိဟာ] ဒါတွေအားလုံးကို စိတ်ထဲ အသေအချာ မှတ်ထားတယ်။—လု. ၂:၅၁။

မာရိရဲ့ ပုံသက်သေကိုလည်း သုံးသပ်ကြည့်ပါ။ ယေရှုရဲ့ မိခင်ဖြစ်ဖို့ မာရိကို ဘာကြောင့် ယေဟောဝါ ရွေးချယ်ခဲ့သလဲ။ စွမ်းအားတော် လမ်းပြမှုနောက် လိုက်သူ ဖြစ်လို့ပါပဲ။ ဆွေမျိုး ဇာခရိနဲ့ ဧလိရှဗက်ဆီ သွားလည်တဲ့အခါ ပြောခဲ့တဲ့ မာရိရဲ့ ချီးမွမ်းစကားတွေက ဘုရားတရားစိတ်ဓာတ် ရှိကြောင်း အခိုင်အမာ ဖော်ပြတယ်။ (လု. ၁:၄၆-၅၅) ဘုရားသခင့် စကားတော်ကို အလွန်နှစ်သက်ကြောင်း၊ ဟီဘရူးကျမ်းစောင်တွေနဲ့ အကျွမ်းတဝင်ရှိကြောင်း ဖော်ပြတယ်။ (က. ၃၀:၁၃။ ၁ ရှ. ၂:၁-၁၀။ မာလ. ၃:၁၂) မာရိနဲ့ ယောသပ်တို့ဟာ အိမ်ထောင်ကျခါစ ဖြစ်ပေမဲ့ ယေရှုကို မွေးတဲ့အထိ မပေါင်းသင်းဘူး။ နှစ်ယောက်စလုံးဟာ ကိုယ့်စိတ်အလို ဖြည့်ဆည်းရေးထက် ယေဟောဝါအလိုတော်ကို ပိုအလေးထားကြောင်း ဖော်ပြပါတယ်။ (မ. ၁:၂၅) မာရိဟာ ယေရှုဘဝမှာ ကြုံခဲ့တာတွေ၊ သူပြောခဲ့တဲ့ စကားတွေကို အာရုံစိုက်ခဲ့တယ်။ မေရှိယနဲ့ပတ်သက်တဲ့ ဘုရားသခင့် ရည်ရွယ်ချက်ကို တကယ် စိတ်ဝင်စားခဲ့တယ်။ မာရိရဲ့ ပုံသက်သေက ကျွန်တော်တို့လည်း ဘုရားသခင့် အလိုတော်ကို ဘဝမှာ ဘယ်လို ဦးစားထားနိုင်ကြောင်း စဉ်းစားဖို့ ကူညီပေးတယ် မဟုတ်လား။ w18.02 ၂၁ ¶၁၁

ကြာသပတေးနေ့၊ ဒီဇင်ဘာ ၅

[ယောဘဟာ] ရိုးဖြောင့်သူ၊ သမာဓိရှိသူ . . . ပဲ။—ယောဘ ၁:၈။

ယောဘရဲ့ ယုံကြည်ခြင်းနဲ့ နာခံမှုကို ဘယ်လိုတုပနိုင်မလဲ။ ဘယ်လို အခြေအနေမျိုးမှာမဆို ယေဟောဝါကို အဓိက ထားကြပါစို့။ အကြွင်းမဲ့ ယုံကြည်ကိုးစားပြီး ပြည့်ဝစုံလင်တဲ့ စိတ်နှလုံးနဲ့ နာခံကြပါစို့။ အဲဒီလိုနာခံဖို့ ယောဘထက် ပိုများတဲ့အကြောင်းရင်းတွေ ကျွန်တော်တို့မှာ ရှိတယ်။ စာတန်နဲ့ စာတန့်အကြံအစည်တွေကို ကျွန်တော်တို့ အများကြီး သိထားကြတယ်။ (၂ ကော. ၂:၁၁) ဆင်းရဲဒုက္ခကို ဘုရားသခင်  ခွင့်ပြုထားရတဲ့အကြောင်းရင်းကို ယောဘကျမ်းကနေ သိရတယ်။ ဒံယေလ ပရောဖက်ပြုချက်တွေကနေ ဘုရားနိုင်ငံတော်ဟာ ခရစ်တော်ယေရှု အုပ်ချုပ်မယ့် အစိုးရဖြစ်ကြောင်း သိထားကြတယ်။ (ဒံ. ၇:၁၃၊ ၁၄) ဒီနိုင်ငံတော်က မကြာခင် ဆင်းရဲဒုက္ခအားလုံးကို ထာဝစဉ် အဆုံးတိုင်စေမှာ ဖြစ်ကြောင်းလည်း သိထားကြတယ်။ ယောဘရဲ့ အတွေ့အကြုံက ဆင်းရဲဒုက္ခ ကြုံနေရတဲ့ ခရစ်ယာန်ချင်းတွေကို ထောက်ထားစာနာဖို့လည်း အလေးပေးဖော်ပြတယ်။ တချို့က ယောဘလိုပဲ မဆင်မခြင် ပြောမိတဲ့အခါတွေ ရှိနိုင်တယ်။ (ဒေ. ၇:၇) သူတို့ကို ပြစ်တင်ဝေဖန်မယ့်အစား နားလည်စာနာမှု ပြကြရအောင်။ ဒီနည်းအားဖြင့် မေတ္တာကရုဏာရှင် ဖခင် ယေဟောဝါကို တုပကြတယ်။—ဆာ. ၁၀၃:၈။ w18.02 ၆ ¶၁၆။ ၇ ¶၁၉-၂၀

သောကြာနေ့၊ ဒီဇင်ဘာ ၆

ကိုယ်တော့်နှိမ့်ချမှုကြောင့် ကျွန်တော် ကြီးမြတ်လာတယ်။—ဆာ. ၁၈:၃၅။

လူတချို့ဟာ ကိုယ့်ရုပ်ရည်၊ ကျော်ကြားမှု၊ ဂီတစွမ်းရည်၊ ခွန်အား၊ အစွမ်းအစ၊ အဆင့်အတန်းတို့ကြောင့် မာနကြီးလာကြတယ်။ ဒါတွေအားလုံးကို ဒါဝိဒ် ပိုင်ဆိုင်ထားပေမဲ့ ဘဝတစ်လျှောက်လုံး နှိမ့်ချနေခဲ့တယ်။ ဂေါလျတ်ကို သတ်ပြီး ဘုရင်ရှောလုရဲ့ သမီးတော်နဲ့ ထိမ်းမြားဖို့ ကမ်းလှမ်းခံရတဲ့အခါ “ကျွန်တော့်လိုလူစားမျိုးဟာ ဘုရင့်သမက် မဖြစ်ထိုက်ပါဘူး” လို့ ပြောခဲ့တယ်။ (၁ ရှ. ၁၈:၁၈) ဒါဝိဒ်လိုပဲ ဒီနေ့ ယေဟောဝါရဲ့ လူတွေလည်း နှိမ့်ချဖို့ ကြိုးစားကြတယ်။ စကြဝဠာမှာ အကြီးမြတ်ဆုံးပုဂ္ဂိုလ် ယေဟောဝါက ဒီနှစ်လို့ဖွယ် နှိမ့်ချမှု အရည်အသွေးကို တင်ပြကြောင်း သိရတဲ့အတွက် ကျွန်တော်တို့ အံ့ဩကြတယ်။ “ချစ်ခင်စာနာခြင်း၊ ကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ဝတ်ဆင်ကြပါ” ဆိုတဲ့ ကျမ်းစကားကို ကျွန်တော်တို့ ကြိုးစားကျင့်သုံးကြတယ်။ (ကော. ၃:၁၂) မေတ္တာဟာ “မဝါကြွားတတ်ဘူး၊ မာန်မာန မရှိဘူး” ဆိုတာကိုလည်း သိထားကြတယ်။ (၁ ကော. ၁၃:၄) ကျွန်တော်တို့ နှိမ့်ချမှု တင်ပြတဲ့အခါ ယေဟောဝါဆီ လူတွေ ချဉ်းကပ်ချင်လာကြတယ်။ w18.01 ၂၈ ¶၆-၇

စနေနေ့၊ ဒီဇင်ဘာ ၇

အဲဒီညီအစ်ကိုတွေဟာ ရက်ရက်ရောရော ပေးလှူခွင့် . . . ရဖို့ . . . ကျွန်တော်တို့ကို အကြိမ်ကြိမ် မေတ္တာရပ်ခံကြတယ်။—၂ ကော. ၈:၄။

ဒီနေ့ ကျွန်တော်တို့လည်း သတ်သတ်မှတ်မှတ် ရည်ရွယ်ချက်အတွက် လှူဒါန်းဖို့ တောင်းဆိုခံရနိုင်တယ်။ (တ. ၄:၃၄၊ ၃၅။ ၁ ကော. ၁၆:၂) ဥပမာ၊ ကိုယ့်အသင်းတော် အသုံးပြုမယ့် နိုင်ငံတော်ခန်းမသစ် ဆောက်လုပ်ဖို့ အစီအစဉ် ရှိသလား။ အစည်းအဝေးကြီး ကုန်ကျစရိတ်၊ သဘာဝဘေး သင့်နေတဲ့ ညီအစ်ကို/မတွေအတွက် ငွေကြေးထောက်ပံ့ဖို့ လိုအပ်တာကို သတိပြုမိနိုင်တယ်။ ကမ္ဘာ့ဌာနချုပ်နဲ့ ကမ္ဘာတစ်ဝန်းက ဌာနခွဲရုံးတွေမှာ လုပ်ဆောင်နေသူတွေကိုလည်း ထောက်ပံ့လှူဒါန်းကြတယ်။ သာသနာပြုတွေ၊ အထူးရှေ့ဆောင်တွေ၊ တိုက်နယ်လုပ်ငန်းမှာ ပါဝင်နေသူတွေကိုလည်း ထောက်ပံ့လှူဒါန်းကြတယ်။ ဒီနောက်ဆုံးကာလမှာ ယေဟောဝါ လုပ်ဆောင်ပြီးမြောက်နေတဲ့လုပ်ငန်းကို ထောက်ပံ့ရာမှာ ကျွန်တော်တို့အားလုံး ပါဝင်နိုင်ကြတယ်။ အလှူငွေအများစုကို အမည်မဖော်ဘဲ လှူဒါန်းကြတယ်။ နိုင်ငံတော်ခန်းမ အလှူငွေပုံးတွေမှာ သိုသိုသိပ်သိပ် ထည့်ကြတယ်။ jw.org ကတစ်ဆင့် အွန်လိုင်းကနေလည်း လှူကြတယ်။ ကျွန်တော်တို့ရဲ့ အလှူငွေနည်းနည်းလေးဟာ အရာမရောက်ဘူးလို့ ခံစားမိနိုင်တယ်။ ဒါပေမဲ့ အလှူငွေ အများစုဟာ ပမာဏများများနဲ့လှူတဲ့ လူနည်းစုဆီက ရတာမဟုတ်ဘဲ ပမာဏနည်းနည်းနဲ့လှူတဲ့ လူအများစုဆီက ရတာဖြစ်တယ်။ w18.01 ၁၉ ¶၁၀-၁၁

တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၈

အခုအချိန်မှာ ခင်ဗျားတို့ကို ကယ်တင်တဲ့အရာဟာ နှစ်ခြင်းပဲ။—၁ ပေ. ၃:၂၁။

နှစ်ခြင်းဟာ ခရစ်ယာန်တွေအတွက် တောင်းဆိုချက် ဖြစ်တယ်။ ကယ်တင်ခြင်း ရဖို့ မရှိမဖြစ် ခြေလှမ်းပဲ။ (မ. ၂၈:၁၉၊ ၂၀) နှစ်ခြင်းက ဆက်ကပ်အပ်နှံထားကြောင်း ဖော်ပြတယ်။ ယေဟောဝါကို ချစ်ဖို့၊ အလိုတော်ကို အရာရာထက် ဦးစားပေးဖို့ အလေးအနက် ကတိပြုတာဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် ယေဟောဝါရဲ့လက်ထဲ အပ်လိုက်တာ ဘယ်တော့မှ မမှားပါဘူး။ နောက်တစ်နည်း စဉ်းစားကြည့်ပါ။ ယေဟောဝါနဲ့ ကင်းကွာတဲ့သူဟာ စာတန့် အုပ်ချုပ်မှုအောက်မှာ ရှိတယ်။ သင့်ကယ်တင်ခြင်းကို မာရ်နတ် စိတ်မဝင်စားဘူး။ ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို ငြင်းပယ်ပြီး စာတန့်ဘက်ပါလို့ ထာဝရအသက် ဆုံးရှုံးသွားရင် စာတန် ဝမ်းသာမယ်။ စာတန်ကို မထောက်ခံရင်တော့ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံပြီးသား ခရစ်ယာန်တစ်ယောက်အဖြစ် ရရှိမယ့် ကောင်းချီးတွေကို စဉ်းစားကြည့်ပါ။ ကိုယ့်အသက်တာကို ယေဟောဝါဆီ ပေးအပ်ပြီးပြီမို့ “ငါ့ဘက်မှာ ယေဟောဝါရှိတဲ့အတွက် ဘာကိုမှ မကြောက်ဘူး။ လူက ငါ့ကို ဘာလုပ်နိုင်မှာလဲ” လို့ ယုံကြည်စိတ်ချမှုအပြည့်နဲ့ ပြောနိုင်ပြီ။ (ဆာ. ၁၁၈:၆) ဘုရားသခင်ဘက် ရပ်တည်တာ၊ ဘုရားမျက်နှာသာ ရတာထက် ပိုကြီးမားတဲ့ အခွင့်ထူး မရှိနိုင်တော့ဘူး။ w17.12 ၂၃-၂၄ ¶၁-၃

တနင်္လာနေ့၊ ဒီဇင်ဘာ ၉

စိတ်မပျက်ပါနဲ့။ မကောင်းမှုတွေ မလုပ်နဲ့။—ဆာ. ၃၇:၈။

ယုံကြည်သူချင်းတစ်ယောက်ရဲ့ အပြုအမူ၊ အပြောအဆိုကြောင့် စိတ်ဆိုးမိနိုင်သလို ကိုယ့်ကြောင့်လည်း တခြားသူတွေ စိတ်ဆိုးနိုင်တယ်။ ဒါဟာ စမ်းသပ်မှုကြီး ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဆက်ကပ်အပ်နှံထားတဲ့ ညီအစ်ကို/မတွေနဲ့ စည်းစည်းလုံးလုံး လုပ်ဆောင်ဖို့ သင်ယူခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ သမာဓိကို သက်သေထူခွင့် ယေဟောဝါ ပေးထားတယ်။ မစုံလင်တဲ့ ညီအစ်ကို/မတွေကို ယေဟောဝါ ချစ်သလို ကျွန်တော်တို့လည်း ချစ်ရမယ်။ ယေဟောဝါက မိမိကျေးကျွန်တွေ စမ်းသပ်မခံရဖို့ မကာကွယ်ပေးမှန်း ယောသပ်မှတ်တမ်းကနေ သိနိုင်တယ်။ လူငယ်ယောသပ်ဟာ မနာလိုဖြစ်နေတဲ့ ဖတူမိကွဲ ညီအစ်ကိုတွေရဲ့ ရောင်းစားခြင်း ခံရပြီး အီဂျစ်ပြည် ရောက်သွားတယ်။ (က. ၃၇:၂၈) အဖြစ်အပျက်ကို ယေဟောဝါ မြင်တယ်။ ဖြောင့်မတ်တဲ့မိတ်ဆွေ ယောသပ် အဲဒီလို ဆက်ဆံခံရလို့ ယေဟောဝါ ဝမ်းနည်းမှာ သေချာတယ်။ ဒါပေမဲ့ ကြားမဝင်ခဲ့ဘူး။ နောက်ပိုင်း ပေါတိဖာရဲ့ မယားကို မတရားပြုကျင့်ဖို့ ကြံစည်တယ်လို့ စွပ်စွဲခံရပြီး ထောင်ချခံရချိန်မှာလည်း ကြားမဝင်ခဲ့ဘူး။ ယောသပ်ကို ဘုရားသခင် စွန့်လိုက်ပြီလား။ မစွန့်ပါဘူး။ “[ယောသပ်] လုပ်သမျှကို ယေဟောဝါ အောင်မြင်ခွင့် ပေး” ခဲ့တယ်။—က. ၃၉:၂၁-၂၃။ w18.01 ၉-၁၀ ¶၁၂-၁၄

အင်္ဂါနေ့၊ ဒီဇင်ဘာ ၁၀

လူသေတွေ ရှင်ပြန်ထမြောက်မှာ မဟုတ်ဘူးဆိုရင် ခရစ်တော်လည်း အသက်ပြန်ရှင်လာမှာ မဟုတ်ဘူး။—၁ ကော. ၁၅:၁၃။

သင့်ယုံကြည်ချက်ရဲ့ အဓိက သွန်သင်ချက်တွေက ဘာလဲ။ ယေဟောဝါဟာ ဖန်ဆင်းရှင်၊ အသက်ပေးရှင်ဖြစ်ကြောင်း အလေးပေးပြောပြမှာ သေချာတယ်။ ရွေးဖိုးအဖြစ် အသေခံခဲ့တဲ့ ယေရှုခရစ်ကို ယုံကြည်ကြောင်းလည်း ပြောပြမှာပဲ။ ဘုရားသခင့်လူမျိုးတွေ ထာဝစဉ် နေထိုင်မယ့် မြေကြီး ပရဒိသုအကြောင်း ဝမ်းသာအားရ ထည့်ပြောမှာပဲ။ ဒါပေမဲ့ အမြတ်နိုးဆုံး ယုံကြည်ချက်အဖြစ် ရှင်ပြန်ထမြောက်ခြင်းကို ဖော်ပြမလား။ ကြီးစွာသောဒုက္ခကို ကပ်ကျော်လွတ်မြောက်ပြီး ကမ္ဘာပေါ် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ရင်တောင် ရှင်ပြန်ထမြောက်ခြင်းကို အဓိကသွန်သင်ချက်ထဲ  ထည့်သွင်းဖော်ပြသင့်တဲ့ အကြောင်းရင်းတွေ ရှိပါတယ်။ ရှင်ပြန်ထမြောက်ခြင်းဟာ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်အတွက် အဓိကကျတယ်။ ခရစ်တော် အသက်ပြန်မရှင်ရင် ဘုရင် ဖြစ်လာမှာ မဟုတ်ဘူး။ ဒါဆိုရင် ခရစ်တော် အုပ်ချုပ်မှုနဲ့ပတ်သက်တဲ့ သွန်သင်ချက်လည်း အချည်းနှီး ဖြစ်သွားမယ်။ (၁ ကော. ၁၅:၁၂-၁၉) ယေရှု အသက်ပြန်ရှင်ခဲ့မှန်း ကျွန်တော်တို့ သိကြတယ်။ ရှင်ပြန်ထမြောက်ခြင်း ယုံကြည်ချက်ကို အခိုင်အမာ ကိုင်စွဲထားကြတယ်။—မာ. ၁၂:၁၈။ တ. ၄:၂၊ ၃။ ၁၇:၃၂။ ၂၃:၆-၈။ w17.12 ၈ ¶၁-၂

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၁၁

တရားမျှတတာ၊ သနားကရုဏာပြတာ . . . စတဲ့ ပညတ်ကျမ်းထဲက ပိုအရေးကြီးတဲ့ အချက်တွေကိုတော့ လျစ်လျူရှုထားကြတယ်။—မ. ၂၃:၂၃။

ဖာရိရှဲတွေက အပြစ်ပြုသူရဲ့ စိတ်ရင်းထက် လုပ်ရပ်ကိုပဲ အာရုံစိုက်ကြတယ်။ မဿဲအိမ်မှာ ယေရှု စားသောက်တာကို ဖာရိရှဲတွေ မြင်တဲ့အခါ “မင်းတို့ရဲ့ဆရာက ဘာလို့ အခွန်ခံတွေ၊ အပြစ်သားတွေနဲ့အတူ စားသောက်တာလဲ” လို့ တပည့်တွေကို မေးကြတယ်။ ယေရှုက “ကျန်းမာသူတွေအတွက် သမားတော် မလိုဘူး။ ဖျားနာသူတွေအတွက်ပဲ လိုတာ။ ‘ပူဇော်သက္ကာကို ငါမလိုချင်ဘူး။ သနားကြင်နာတတ်တာကိုပဲ လိုချင်တယ်’ ဆိုတဲ့ ကျမ်းစကားရဲ့ အဓိပ္ပာယ်ကို ခင်ဗျားတို့ သွားပြီး လေ့လာလိုက်ပါဦး။ ကျွန်တော် လာတာက ဖြောင့်မတ်သူတွေကို ခေါ်ဖို့ မဟုတ်ဘူး။ အပြစ်သားတွေကို ခေါ်ဖို့ပဲ” ဆိုပြီး ပြန်ပြောတယ်။ (မ. ၉:၉-၁၃) ကြီးလေးတဲ့အပြစ်ကို ယေရှု ခွင့်ပြုနေတာလား။ မဟုတ်ပါဘူး။ ယေရှုရဲ့ အဓိကသတင်းတရားထဲမှာ အပြစ်တွေကို နောင်တယူကြပါဆိုတဲ့ ဖိတ်ခေါ်ချက် ပါဝင်တယ်။ (မ. ၄:၁၇) တချို့ “အခွန်ခံတွေ၊ အပြစ်သားတွေ” ပြောင်းလဲချင်စိတ် ရှိကြမှန်း ယေရှု သတိပြုမိတယ်။ စားဖို့လောက်ပဲ မဿဲအိမ်ကို လာကြတာ မဟုတ်ဘူး။ “သူတို့ထဲက အများစုဟာ ယေရှုရဲ့နောက်လိုက် ဖြစ်လာတယ်။” (မာ. ၂:၁၅) ဝမ်းနည်းစရာကတော့ အဲဒီလိုလူတွေဆီမှာ ယေရှု တွေ့မြင်တဲ့အချက်တွေကို ဖာရိရှဲအများစု မတွေ့မြင်ကြဘူး။ w17.11 ၁၃ ¶၂။ ၁၆ ¶၁၅

ကြာသပတေးနေ့၊ ဒီဇင်ဘာ ၁၂

မေတ္တာကိုလည်း ဝတ်ဆင်ကြပါ။ ဘာလို့လဲဆိုတော့ မေတ္တာဟာ စည်းလုံးခြင်းအတွက် ခိုင်မြဲတဲ့ နှောင်ကြိုးပဲ။—ကော. ၃:၁၄။

ခရစ်ယာန်အသင်းတော်အဝင် ဖြစ်ရတာ ကောင်းချီးတစ်ခုပါပဲ။ အစည်းအဝေးတွေမှာ ဘုရားသခင့် စကားတော် လေ့လာတာ၊ အပြန်အလှန် မေတ္တာ၊ ကြင်နာမှု ပြတာတွေက ဆုကို အာရုံစိုက်နေဖို့ ကူညီပေးတယ်။ တစ်ခါတလေ နားလည်မှုလွဲတာတွေက အသင်းတော်ထဲမှာ တင်းမာမှုတွေ ဖြစ်စေနိုင်ပါတယ်။ ပြဿနာ မဖြေရှင်းရင် နာကြည်းစိတ်တွေ အလွယ်တကူ ဝင်လာနိုင်တယ်။ (၁ ပေ. ၃:၈၊ ၉) နာကြည်းစိတ်ကြောင့် ဆုမရတာမျိုး မဖြစ်အောင် ဘယ်လို ကာကွယ်နိုင်သလဲ။ “ဘုရားသခင် ရွေးချယ်သူတွေ၊ သန့်ရှင်းသူတွေ၊ ချစ်မြတ်နိုးခံရသူတွေအနေနဲ့ ချစ်ခင်စာနာခြင်း၊ ကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ဝတ်ဆင်ကြပါ။ အချင်းချင်း မကျေနပ်စရာ ရှိနေရင်တောင် ဆက်ပြီးသည်းခံကြပါ၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြပါ။ ယေဟောဝါက ခင်ဗျားတို့ကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်သလို ခင်ဗျားတို့လည်း အဲဒီလိုပဲ ခွင့်လွှတ်ကြပါ” လို့ ကောလောသဲမြို့က ခရစ်ယာန်တွေကို ပေါလု တိုက်တွန်းခဲ့တယ်။—ကော. ၃:၁၂၊ ၁၃။ w17.11 ၂၇ ¶၇-၈

သောကြာနေ့၊ ဒီဇင်ဘာ ၁၃

သူက အဲဒီမြို့တစ်မြို့ဆီ ထွက်ပြေး[ရမယ်။]—ယောရှု ၂၀:၄။

မတော်တဆ လူသတ်မိတဲ့ ဝရမ်းပြေးတစ်ယောက်ဟာ ပြေးဝင်တဲ့ ခိုလှုံရာမြို့တံခါးမှာ “မြို့အကြီးအကဲတွေကို အကျိုးအကြောင်း ပြောပြရမယ်။” သူ့ကို ပျူပျူငှာငှာ လက်ခံကြိုဆိုရမယ်။ နောက်ပိုင်းမှာ လူသတ်မှုဖြစ်ခဲ့တဲ့ မြို့အကြီးအကဲတွေဆီ သူ့ကို ပြန်ပို့ရမယ်။ အမှုကို အဲဒီအကြီးအကဲတွေ စီရင်ရမယ်။ (တော. ၃၅:၂၄၊ ၂၅) မတော်တဆ လူသတ်မိတယ်လို့ အကြီးအကဲတွေ ကြေညာမှသာ ဝရမ်းပြေးဟာ ခိုလှုံရာမြို့ဆီ ပြန်ရမယ်။ အကြီးအကဲတွေ ဘာကြောင့် ပါဝင်ရသလဲ။ သူတို့တစ်တွေက အစ္စရေးတွေကို သန့်ရှင်းနေစေရမယ်။ ယေဟောဝါရဲ့ ကရုဏာတော်ကနေ မတော်တဆ လူသတ်မိသူ အကျိုးရရှိဖို့ ကူညီပေးရမယ်။ ဝရမ်းပြေးသာ အကြီးအကဲတွေဆီ မသွားရင်၊ “ဘုရားသခင် ပြင်ဆင်ပေးတဲ့ ဘေးကင်းလုံခြုံမှု အစီအစဉ်ကို အသုံးမပြုရင် အန္တရာယ်ရှိတယ်” လို့ ကျမ်းပညာရှင်တစ်ယောက် ပြောတယ်။ မတော်တဆ လူသတ်မိသူ အကူအညီ ရနိုင်ပါတယ်။ ဒါပေမဲ့ အကူအညီကို ကိုယ်တိုင် ရှာယူလက်ခံရမယ်။ ယေဟောဝါ ပြင်ဆင်ပေးထားတဲ့ ခိုလှုံရာမြို့မှာ မခိုလှုံရင် ကိုယ်သတ်မိသူရဲ့ ဆွေမျိုးရင်းချာတစ်ယောက်က သေစားသေစေပိုင်ခွင့် ရှိတယ်။ w17.11 ၉ ¶၆-၇

စနေနေ့၊ ဒီဇင်ဘာ ၁၄

အဲဒီကောင်းကင်တမန်တွေဟာ ဘုရားသခင်အတွက် အမှုဆောင်တဲ့ ဝိညာဉ်ပုဂ္ဂိုလ်တွေပဲ မဟုတ်လား။ ကယ်တင်ခြင်းရမယ့်သူတွေကို ကူညီဖို့ စေလွှတ်ခံရသူတွေပဲ မဟုတ်လား။—ဟီ. ၁:၁၄။

ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက မိမိလူမျိုးကို ကာကွယ်ဖို့၊ ခွန်အားပေးဖို့ ကောင်းကင်တမန်တွေကို အသုံးပြုနေတုန်းပါပဲ။ (မာလ. ၃:၆။ ဟီ. ၁:၇) မဟာဗာဗုလုန် သုံ့ပန်းဘဝကနေ ပုံဆောင်အစ္စရေးတွေ လွတ်မြောက်လာတဲ့ ၁၉၁၉ ခုနှစ်ကစပြီး ဆန့်ကျင်မှု မပြတ်ကြုံရပေမဲ့ စစ်မှန်တဲ့ ဝတ်ပြုရေး မပြတ်ထွန်းကားလာတယ်။ (ဗျာ. ၁၈:၄) ကောင်းကင်တမန်တွေရဲ့ ကာကွယ်မှု ရရှိထားလို့ ယေဟောဝါရဲ့ အဖွဲ့အစည်း နောက်တစ်ကြိမ် ဖိနှိပ်ခံရမှာကို စိုးရိမ်ဖို့ မလိုဘူး။ (ဆာ. ၃၄:၇) ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဘုရားသခင့် ကျေးကျွန်တွေ ဆက်ပြီး တိုးပွားနေမယ်ဆိုတာကို စိတ်ချနိုင်ပါတယ်။ ကျွန်တော်တို့ဘက်မှာလည်း မြင်းတပ် ရှိပါတယ်။ အဲဒီခက်ခဲကျပ်တည်းတဲ့ ကြီးစွာသောဒုက္ခအတွင်း ဗိုလ်ခြေတို့အရှင် ယေဟောဝါရဲ့ ကောင်းကင်တမန် စစ်သည်တွေက ဘုရားသခင့် လူမျိုးကို ကာကွယ်ဖို့၊ ဘုရားသခင့် အချုပ်အခြာအာဏာ ငြင်းပယ်သူတွေကို ဖျက်ဆီးဖို့ ချီလာကြပါလိမ့်မယ်။ (၂ သက်. ၁:၇၊ ၈) တကယ့်နေ့ကြီးပါပဲ။ w17.10 ၂၈ ¶၁၀-၁၁

တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၁၅

ခင်ဗျားတို့ကတော့ အသန့်ရှင်းဆုံး ယုံကြည်ခြင်းကို ခိုင်ခံ့အောင် တည်ဆောက်ပြီး သန့်ရှင်းသောစွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့အညီ ဆုတောင်းကြပါ။—ယု. ၂၀။

မိသားစုဝင်တစ်ယောက် နှင်ထုတ်ခံရရင်၊ အသင်းတော်နဲ့ ပေါင်းသင်းမှု ရပ်စဲလိုက်ရင် ဓားနဲ့ အထိုးခံရသလို နာကျင်နိုင်တယ်။ အဲဒီနာကျင်မှုကို ဘယ်လို ရင်ဆိုင်ဖြေရှင်းနိုင်သလဲ။ ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်အတိုင်း  ဆက်လုပ်ဖို့  အရေးကြီးတယ်။ ကျမ်းစာ ပုံမှန် ဖတ်ရှုခြင်း၊ အစည်းအဝေးတွေကို ပြင်ဆင် တက်ရောက်ခြင်း၊ အမှုဆောင်လုပ်ငန်းမှာ ပါဝင်ခြင်း၊ ခံနိုင်ရည်ခွန်အား ပေးဖို့ ဆုတောင်းခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ပါ။ (ယု. ၂၁) အဲဒါတွေကို လုပ်ဆောင်နေပေမဲ့ စိတ်မပါဘူးလို့ ခံစားနေရရင်ကော။ လက်မလျှော့ပါနဲ့။ ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်က ကိုယ့်အတွေးနဲ့ ခံစားချက်တွေကို ထိန်းချုပ်ဖို့ ကူညီပေးနိုင်တယ်။ ဆာလံ ၇၃ ရေးသားသူအကြောင်း စဉ်းစားကြည့်ပါ။ မှားယွင်းတဲ့အတွေးဝင်လာပြီး အကြီးအကျယ် စိတ်ဒုက္ခရောက်တဲ့အခါ ဘုရားသခင့် ဝတ်ပြုရာနေရာကို သွားမှ အတွေးအခေါ်ကို ပြန်တည့်မတ်နိုင်ခဲ့တယ်။ (ဆာ. ၇၃:၁၆၊ ၁၇) ယေဟောဝါကို သစ္စာရှိရှိ ကိုးကွယ်နေခြင်းက အလားတူ ကူညီပေးနိုင်တယ်။ w17.10 ၁၆ ¶၁၇-၁၈

တနင်္လာနေ့၊ ဒီဇင်ဘာ ၁၆

ခင်ဗျားတို့ရဲ့မေတ္တာဟာ ဟန်ဆောင်မှု ကင်းပါစေ။—ရော. ၁၂:၉။

ဧဒင်ဥယျာဉ်မှာ စာတန်ဟာ ဧဝရဲ့ အကောင်းဆုံးအကျိုးကို လိုလားသယောင် ဟန်ဆောင်ခဲ့တယ်။ တကယ်တော့ ကိုယ်ကျိုးရှာတဲ့၊ အရေခြုံတဲ့လုပ်ရပ်ပေပဲ။ (က. ၃:၄၊ ၅) ဒါဝိဒ်ခေတ်မှာ အဟိသောဖေလဟာ မိတ်ဆွေတု ဖြစ်ခဲ့တယ်။ အကျိုးအမြတ်အတွက် ဒါဝိဒ်အပေါ် သစ္စာဖောက်ခဲ့တယ်။ (၂ ရှ. ၁၅:၃၁) ဒီနေ့လည်း အသင်းတော်ထဲမှာ စိတ်ဝမ်းကွဲစေတဲ့ အယူဖောက်ပြန်သူတွေဟာ မေတ္တာရှင်တွေလို “ချိုချိုသာသာ မြှောက်ပင့်ပြောဆို” ကြပေမဲ့ တကယ်တော့ တစ်ကိုယ်ကောင်းသမားတွေပဲ။ (ရော. ၁၆:၁၇၊ ၁၈) ဟန်ဆောင်တဲ့ မေတ္တာဆိုတာ ဘုရားပေးအရည်အသွေးဖြစ်တဲ့ ကိုယ်ကျိုးစွန့် မေတ္တာအတု ဖြစ်နေလို့ အလွန်ရှက်စရာ ကောင်းပါတယ်။ ဟန်ဆောင်မှုက လူကို လှည့်စားလို့ ရပေမဲ့ ယေဟောဝါကိုတော့ လှည့်စားလို့ မရဘူး။ ဟန်ဆောင်သူတွေ “အပြင်းအထန်” ဒဏ်စီရင်ခံရမယ်လို့ ယေရှု ပြောခဲ့တယ်။ (မ. ၂၄:၅၁) ဒါကြောင့် ‘ငါ့မေတ္တာ အမြဲ စစ်မှန်သလား၊ တစ်ကိုယ်ကောင်းဆန်မှု၊ လှည့်စားမှု ပါနေသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။ w17.10 ၈ ¶၆-၈

အင်္ဂါနေ့၊ ဒီဇင်ဘာ ၁၇

သူတို့ဟာ ဘုရားသခင်အတွက် စိတ်ထက်သန် . . . ပေမဲ့ တိကျမှန်ကန်တဲ့ အသိပညာအတိုင်း မဟုတ်ဘူး။—ရော. ၁၀:၂။

အမှုဆောင်လုပ်ငန်းမှာ ကျမ်းစာကနေ တိုက်ရိုက်ဖတ်ပြခြင်းအားဖြင့် ယေဟောဝါကို စကားပြောခွင့်ပေးဖို့ပါပဲ။ သေသေချာချာ ရွေးချယ်ထားတဲ့ ကျမ်းချက်တစ်ချက်က ကျွန်တော်တို့ ပြောနိုင်တဲ့ ဘယ်အရာထက်မဆို များစွာ အစွမ်းထက်ပါလိမ့်မယ်။ (၁ သက်. ၂:၁၃) ‘ငါဟောတဲ့သူတွေကို ကျမ်းချက်တစ်ချက် ဖတ်ပြဖို့ အခွင့်အရေး ရှာယူသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ကျမ်းစာကို ဖတ်ပြရုံထက်မက လိုအပ်တယ်။ ဘာကြောင့်လဲ။ လူများစွာက ကျမ်းစာကို အနည်းအကျဉ်းလောက်သာ သိကြလို့ပဲ။ ပထမရာစုတုန်းကလည်း အဲဒီလိုပဲ။ ဒါကြောင့် ကျမ်းချက်တစ်ချက် ဖတ်ပြရုံနဲ့ ဆိုလိုရင်းကို နားလည်မယ်လို့ မယူဆသင့်ဘူး။ အချိန်ယူပြီး အဓိက စကားလုံးတွေ ပြန်ဖတ်ပြရမယ်။ အဓိပ္ပာယ်ကို ရှင်းပြရမယ်။ ဒီနည်းအားဖြင့် နားထောင်သူတွေရဲ့ စိတ်နှလုံးထဲ ဘုရားသခင့် နှုတ်ထွက်စကား ရောက်ရှိအောင် ကူညီပေးနိုင်မယ်။—လု. ၂၄:၃၂။ w17.09 ၂၅ ¶၇-၈

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၁၈

ချစ်ခင်စာနာခြင်း . . . ရှိကြပါ။—၁ ပေ. ၃:၈။

လူလူချင်းနဲ့ ခရစ်ယာန်ညီအစ်ကိုတွေကို သနားစာနာမှုပြခြင်းဟာ ယေရှုကို တုပသူတွေအတွက် အခြေခံလိုအပ်ချက်ပါပဲ။ (ယော. ၁၃:၃၄၊ ၃၅) သနားစာနာမှုရဲ့ အဓိပ္ပာယ်တစ်ခုက “မျှဝေခံစားပေးခြင်း” ပါပဲ။ သနားစာနာတတ်သူဟာ တခြားသူရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးခြင်းအားဖြင့် သက်သာရာ ရစေတယ်။ အဲဒီလိုလုပ်ဖို့ အခွင့်အရေး ရှာပါ။ သဘာဝဘေး ကြုံရသူတွေကို လူများစွာ သနားစာနာကြတယ်။ ယေဟောဝါရဲ့ လူမျိုးလည်း အဲဒီလိုအချိန်တွေမှာ ကူညီပေးကြတယ်။ (၁ ပေ. ၂:၁၇) ၂၀၁၁၊ မြေငလျင်နဲ့ ဆူနာမီဘေးသင့်ဒေသမှာ နေထိုင်တဲ့ ဂျပန်ညီအစ်မတစ်ယောက်က  ဂျပန်နဲ့  နိုင်ငံရပ်ခြား စေတနာ့ဝန်ထမ်းများစွာကြောင့် “သိပ်အားရှိပြီး နှစ်သိမ့်မှု ရခဲ့တယ်” လို့ပြောတယ်။ “ဒီအတွေ့အကြုံက ယေဟောဝါ ဂရုစိုက်နေကြောင်း သိစေတယ်။ သက်သေခံတွေလည်း အချင်းချင်းကို ဂရုစိုက်ကြတယ်။ ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မများစွာ ကျွန်မတို့အတွက် ဆုတောင်းပေးနေတယ်” လို့ရေးခဲ့တယ်။ w17.09 ၁၁ ¶၁၂-၁၃

ကြာသပတေးနေ့၊ ဒီဇင်ဘာ ၁၉

စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည် အသွေးကတော့ . . . ချုပ်တည်းခြင်း . . . ပါပဲ။—ဂလ. ၅:၂၂၊ ၂၃။

ချုပ်တည်းခြင်း မွေးမြူဖို့ ဘာကြောင့် စိတ်ဝင်စားသင့်သလဲ။ အကြောင်းရင်းနှစ်ခုကို သုံးသပ်ကြည့်ပါ။ ပထမ၊ ချုပ်တည်းနိုင်သူတွေမှာ ကြီးမားတဲ့ ပြဿနာတွေ အဖြစ်နည်းတယ်။ သူတို့ဟာ ပိုပြီးစိတ်တည်ငြိမ်ကြတယ်။ မိတ်ဆွေကောင်းတွေ ဖွဲ့နိုင်တယ်။ မချုပ်တည်းနိုင်သူတွေလောက် ဒေါသ၊ စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျမှု မရှိကြဘူး။ ဒုတိယ၊ ဘုရားသခင့် မျက်နှာသာရဖို့ သွေးဆောင်မှုကို တွန်းလှန်နိုင်ခြင်း၊ မသင့်လျော်တဲ့ဆန္ဒတွေကို ထိန်းချုပ်နိုင်ခြင်း မရှိမဖြစ်လိုတယ်။ ဒါကို အာဒံနဲ့ ဧဝတို့ရဲ့အမှားက ဖော်ပြတယ်။ (က. ၃:၆) ချုပ်တည်းမှု မရှိတဲ့ တခြားသူတွေ ကြုံရတဲ့ ဆိုးကျိုးတွေအကြောင်း စဉ်းစားကြည့်ပါ။ မစုံလင်တဲ့ ဘယ်လူသားမှ အပြည့်အဝ မချုပ်တည်းနိုင်ဘူး။ ချုပ်တည်းမှုရှိဖို့ မိမိကျေးကျွန်တွေ ကြိုးစားနေရမှန်း ယေဟောဝါ သိတယ်။ အပြစ်ရှိတဲ့ဆန္ဒတွေကို ချိုးနှိမ်နိုင်အောင် ကူညီပေးချင်တယ်။—၁ ဘု. ၈:၄၆-၅၀။ w17.09 ၃-၄ ¶၃-၄

သောကြာနေ့၊ ဒီဇင်ဘာ ၂၀

စရိုက်သစ်ကို ဝတ်ဆင်ကြပါ။—ကော. ၃:၁၀။

တစ်ချိန်က တောင်အာဖရိကနိုင်ငံမှာ အသားအရောင် မတူတဲ့ သက်သေခံတွေ လွတ်လွတ်လပ်လပ် မပေါင်းသင်းနိုင်ခဲ့ကြဘူး။ ဒါပေမဲ့ ၂၀၁၁၊ ဒီဇင်ဘာ ၁၈ ရက်၊ တနင်္ဂနွေနေ့မှာ တောင်အာဖရိကနဲ့ အိမ်နီးချင်းနိုင်ငံတွေက လူမျိုးပေါင်းစုံတဲ့ ညီအစ်ကို/မ ၇၈,၀၀၀ ကျော်ဟာ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ အားကစားရုံကြီးမှာ ဝတ်ပြုစည်းဝေးဖို့ စုရုံးခဲ့ကြတယ်။ အားကစားရုံ မန်နေဂျာက “ကျွန်တော် တွေ့ဖူးသမျှမှာ အရည်မွန်ဆုံးလူတွေပဲ။ အားလုံး သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားကြတယ်။ အားကစားရုံကို သန့်ရှင်းရေး လုပ်ပေးကြတယ်။ တကယ့်လူမျိုးပေါင်းစုံပါပဲ” လို့ပြောတယ်။ သက်သေခံ မဟုတ်သူတွေရဲ့ အလားတူ မှတ်ချက်တွေက အပြည်ပြည်ဆိုင်ရာ ညီအစ်ကိုအသင်းအပင်းရဲ့ စည်းလုံးမှုကို ဖော်ပြတယ်။ (၁ ပေ. ၅:၉) ဒါပေမဲ့ တခြားအဖွဲ့အစည်းတွေနဲ့ ဘာက ကွဲပြားစေသလဲ။ ကျမ်းစာနဲ့ သန့်ရှင်းသော စွမ်းအားတော် အကူအညီအားဖြင့် ‘စရိုက်ဟောင်းကို ချွတ်ပယ်’ ပြီး “စရိုက်သစ်ကို ဝတ်ဆင်” ဖို့ ကြိုးစားကြတယ်။—ကော. ၃:၉။ w17.08 ၁၇-၁၈ ¶၂-၃

စနေနေ့၊ ဒီဇင်ဘာ ၂၁

ခင်ဗျားတို့လည်း စိတ်ရှည်ကြပါ။—ယာ. ၅:၈။

ကျမ်းစာအရ စိတ်ရှည်ခြင်းဆိုတာ သန့်ရှင်းသော စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးဖြစ်တယ်။ မစုံလင်တဲ့ လူသားတွေဟာ ဘုရားသခင့် ကူညီမှု မပါဘဲ လိုအပ်သလောက် စိတ်မရှည်နိုင်ကြဘူး။ စိတ်ရှည်ခြင်းဟာ ဘုရားပေးလက်ဆောင်ပါ။ ဘုရားကို ချစ်ကြောင်း တင်ပြနိုင်တဲ့ အဓိကနည်းပါ။ တခြားသူတွေကို ချစ်ကြောင်းလည်း တင်ပြရာကျတယ်။ စိတ်မရှည်ရင် မေတ္တာနှောင်ကြိုး အားနည်းတတ်တယ်။ စိတ်ရှည်ရင်တော့ မေတ္တာနှောင်ကြိုး ခိုင်မြဲတတ်တယ်။ (၁ ကော. ၁၃:၄။ ဂလ. ၅:၂၂) စိတ်ရှည်ခြင်းမှာ အရေးကြီးတဲ့ ခရစ်ယာန် အရည်အသွေးများစွာ ပါဝင်တယ်။ ဥပမာ၊ စိတ်ရှည်ခြင်းဟာ ခံနိုင်ရည်နဲ့ အနီးကပ်ဆက်စပ်တယ်။ ခက်ခဲတဲ့ အခြေအနေကို အပြုသဘောထားနဲ့ ခံရပ်စေနိုင်တယ်။ (ကော. ၁:၁၁။ ယာ. ၁:၃၊ ၄) စိတ်ရှည်ခြင်းမှာ ဘာပဲကြုံရပါစေ လက်တုံ့မပြန်ဘဲ ကြံ့ကြံ့ခံရပ်တည်ခြင်းလည်း ပါဝင်တယ်။ စောင့်ဆိုင်းဖို့ လိုအပ်တာကို လိုလိုလားလား လက်ခံဖို့ ကျမ်းစာမှာ တိုက်တွန်းထားတယ်။ စိတ်ရှည်ခြင်းရဲ့ အဲဒီကဏ္ဍကို ယာကုပ် ၅:၇၊ ၈ မှာ ဖော်ပြထားတယ်။ w17.08 ၄ ¶၄

တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၂၂

မစိုးရိမ်နဲ့။ ငါဟာ မင်းရဲ့ဘုရားသခင်ပါ။ မင်းကို ခိုင်ခံ့စေမယ်၊ ကူညီပေးမယ်။—ဟေရှာ. ၄၁:၁၀။

ခရီးတစ်ခု မစခင် ခရီးစဉ်အတွက် ကြိုတင်စီစဉ်ရတယ်ဆိုတဲ့ အချက်ကို လူငယ်တွေ သဘောတူမှာပါ။ ဘဝဟာ ခရီးတစ်ခုနဲ့ တူတယ်။ ဘယ်ကို သွားမယ်ဆိုတာ စီစဉ်ရမယ့်အချိန်က ငယ်ရွယ်ချိန်ပါပဲ။ အစီအစဉ်တွေ ဆွဲရတာ မလွယ်ဘူး။ ဒါပေမဲ့ သတ္တိရှိပါ။ ဒီနေ့ကျမ်းချက်မှာ ယေဟောဝါ မိန့်ဆိုတဲ့စကားကို သတိပြုပါ။ အနာဂတ်အတွက် ပညာရှိရှိ စီစဉ်ပါလို့ ယေဟောဝါ တိုက်တွန်းတယ်။ (ဒေ. ၁၂:၁။ မ. ၆:၂၀) သင့်ကို ပျော်ရွှင်စေချင်တယ်။ ဖန်ဆင်းရာတွေမှာ တွေ့ရတဲ့ ကြည်နူးစရာ မြင်ကွင်း၊ အသံ၊ အရသာတွေက ပျော်ရွှင်စေချင်မှန်း ပြောပြနေတယ်။ ကျွန်တော်တို့ကို ဂရုစိုက်ပုံ၊ အကောင်းဆုံးဘဝ ရရှိအောင် သင်ပေးနေပုံကိုလည်း သုံးသပ်ကြည့်ပါ။ ဘုရားရဲ့ အကြံပြုချက် ငြင်းပယ်တဲ့သူတွေကို ယေဟောဝါ ဒီလိုပြောတယ်– “ငါမကြိုက်တာတွေကို [မင်းတို့] ရွေးချယ်တယ်။ . . . ငါ့ကျွန်တွေ ဝမ်းမြောက်ရလိမ့်မယ်။ မင်းတို့ကတော့ အရှက်ကွဲမယ်။ ငါ့ကျွန်တွေဟာ စိတ်ကြည်နူးနေတဲ့အတွက် ရွှင်လန်းစွာ ကြွေးကြော်လိမ့်မယ်။” (ဟေရှာ. ၆၅:၁၂-၁၄) ကျွန်တော်တို့ ဘဝမှာ မှန်မှန်ကန်ကန် ရွေးချယ်တဲ့အခါ ယေဟောဝါကို ဂုဏ်တင်ရာရောက်တယ်။—ပညာ. ၂၇:၁၁။ w17.07 ၂၂ ¶၁-၂

တနင်္လာနေ့၊ ဒီဇင်ဘာ ၂၃

[ယေဟောဝါက] ကြယ်တစ်လုံးစီကို နာမည်နဲ့ ခေါ်တယ်။—ဆာ. ၁၄၇:၄။

ကြယ်တစ်လုံးစီ ဘယ်မှာ ရှိနေမှန်း သိတဲ့ဘုရားက သင် ဘယ်မှာ ရှိတယ်၊ ဘယ်လို ခံစားနေရတယ်၊ ဘယ်အချိန်မှာ ဘာလိုအပ်တယ်ဆိုတာ ကောင်းစွာ သိပါတယ်။ ယေဟောဝါက သင့်ကို စိတ်ဝင်စားရုံသာမကဘူး။ သင့်ဘဝပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ လိုအပ်တဲ့ အစွမ်းတန်ခိုး၊ ထောက်ထားစာနာမှုလည်း ရှိတယ်။ (ဆာ. ၁၄၇:၅) သင့်အခြေအနေက သိပ်ခက်ခဲပြီး ဝန်လေးလွန်းတယ်လို့ ခံစားနေနိုင်တယ်။ သင့်ကန့်သတ်ချက်တွေကို ဘုရားသခင် နားလည်တယ်။ ‘သင်ဟာ မြေမှုန့်ပဲဆိုတာကို မမေ့ဘူး။’ (ဆာ. ၁၀၃:၁၄) မစုံလင်တဲ့သူတွေမို့ ထပ်တူအမှားမျိုးကိုပဲ အကြိမ်ကြိမ် မှားတတ်ကြတယ်။ မပြောသင့်တာ ပြောမိလို့၊ မကောင်းတဲ့ဆန္ဒတွေ မကြာခဏ ပေါ်လာတတ်လို့၊ တခြားသူတွေအပေါ် မနာလိုတတ်လို့ နောင်တရကြတယ်။ ယေဟောဝါမှာ အဲဒီလိုအားနည်းချက်တွေ မရှိပေမဲ့ ကျွန်တော်တို့အပေါ် သိနားလည်နိုင်စွမ်းက စိစစ်လို့ မကုန်နိုင်ဘူး။ (ဟေရှာ. ၄၀:၂၈) သင်ဟာ စမ်းသပ်မှုတချို့ကို ယေဟောဝါရဲ့ တန်ခိုးကြီးတဲ့လက်တော် အကူအညီနဲ့ အောင်မြင်ကျော်လွှားခဲ့ပြီး ဖြစ်နိုင်တယ်။—ဟေရှာ. ၄၁:၁၀၊ ၁၃။ w17.07 ၁၈-၁၉ ¶၆-၈

အင်္ဂါနေ့၊ ဒီဇင်ဘာ ၂၄

ရက်ရောတဲ့သူဟာ . . . ကောင်းချီးခံစားရလိမ့်မယ်။—ပညာ. ၂၂:၉။

နိုင်ငံခြားရောက်နေတဲ့  သီရိလင်္ကာနိုင်ငံက ညီအစ်ကိုတစ်ယောက်ဟာ အစည်းအဝေးတွေ၊ အစည်းအဝေးပွဲတွေ ကျင်းပဖို့၊ အချိန်ပြည့် အမှုဆောင်သူတွေ နေထိုင်ဖို့ သူ့အိမ်ကို ပေးထားတယ်။ ညီအစ်ကိုအတွက် ငွေကြေး နစ်နာဆုံးရှုံးပေမဲ့ ဆင်းရဲတဲ့ ဒေသခံ ကြေညာသူတွေအတွက်တော့ တကယ့်အကူအညီပါပဲ။ အမှုဆောင်လုပ်ငန်း ပိတ်ပင်ထားတဲ့ နိုင်ငံတစ်ခုမှာ ညီအစ်ကိုတွေက သူတို့ရဲ့အိမ်ကို နိုင်ငံတော်ခန်းမအဖြစ် အသုံးပြုခွင့် ပေးကြတယ်။ ဒါကြောင့် ငွေကြေး မတတ်နိုင်တဲ့ ရှေ့ဆောင်တွေနဲ့ တခြားသူတွေ ငွေမကုန်ဘဲ စည်းဝေးဖို့ နေရာ ရစေတယ်။ နိုင်ငံတော်လုပ်ငန်းအတွက် ပုံမှန်အလှူငွေ ထည့်ဝင်တဲ့ ညီအစ်မတစ်ယောက်က ရရှိတဲ့ ကောင်းချီးအကြောင်း ဒီလိုပြောတယ်– “ရုပ်ပစ္စည်းပိုင်းမှာ ရက်ရောလို့ နှစ်တွေတစ်လျှောက် ထူးထူးခြားခြား ပြောင်းလဲလာတယ်။ ရုပ်ပစ္စည်းမှာ ပိုရက်ရောလေ ပေးချင်ကမ်းချင်စိတ် ပိုများလာလေပဲ။ ပိုခွင့်လွှတ်တတ်လာတယ်။ ပိုစိတ်ရှည်လာတယ်။ စိတ်ပျက်စရာတွေ၊ အကြံပြုချက်တွေကို လက်ခံရ ပိုလွယ်လာတယ်။”w17.07 ၉ ¶၉-၁၀

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၂၅

ယေဟောဝါက “ကောင်းပြီ။ သူပိုင်ဆိုင်သမျှ မင်းလက်ထဲမှာ ရှိတယ်။ လူကိုတော့ မထိနဲ့” လို့ပြောတယ်။—ယောဘ ၁:၁၂။

ဒုက္ခရောက်ရတဲ့အကြောင်းရင်းကို ယောဘ နားလည်ပြီးနောက်မှာတောင် ဒီလောက်ဒုက္ခခံစရာ လိုအပ်လို့လားဆိုပြီး တွေးမိနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဘုရားသခင့် ဆုံးမမှုကို ပြန်တွေးနိုင်တယ်။ ဒါက တော်မှန်တဲ့အမြင်ကို ထိန်းသိမ်းထားဖို့၊ နှစ်သိမ့်မှုရဖို့ ယောဘကို ကူညီပေးပါလိမ့်မယ်။ (ဆာ. ၉၄:၁၉) ကျွန်တော်တို့လည်း ယောဘကျမ်းကနေ တော်မှန်တဲ့အမြင်နဲ့ နှစ်သိမ့်မှု ရရှိနိုင်တယ်။ ဒီအကြောင်းကို ယေဟောဝါ ထိန်းသိမ်းထားတာ “ကျွန်တော်တို့ကို သွန်သင်ဆုံးမဖို့ ဖြစ်တယ်။ ကျမ်းစာက ကျွန်တော်တို့ကို ခံနိုင်ရည်နဲ့ နှစ်သိမ့်မှုပေးတဲ့အတွက် မျှော်လင့်ချက် ရှိစေတယ်။” (ရော. ၁၅:၄) ဘာသင်ခန်းစာ ရသလဲ။ အဓိကအားဖြင့် ယေဟောဝါရဲ့ အချုပ်အခြာအာဏာ သံသယကင်းရှင်းရေးဆိုတဲ့ ကြီးမားတဲ့ အရေးကိစ္စကို မျက်ခြည်ပြတ်သွားတဲ့အထိ ကိုယ့်အရေးမှာပဲ နစ်မြုပ်မနေဖို့ပါပဲ။ ဒီအရေးကြီးတဲ့ကိစ္စမှာ ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍက ခက်ခဲတဲ့ အခြေအနေအောက်မှာတောင် ယောဘလို သစ္စာရှိနေဖို့ ကူညီပေးမှန်း သဘောပေါက်ထားကြစို့။ w17.06 ၂၄ ¶၉။ ၂၅ ¶၁၃-၁၄

ကြာသပတေးနေ့၊ ဒီဇင်ဘာ ၂၆

လူသူမရှိတဲ့နေရာဆီ သွားပြီး ခဏတစ်ဖြုတ် နားရအောင်။—မာ. ၆:၃၁။

တစ်ခါတလေ အနားယူဖို့ လိုမှန်း ယေရှုသိတယ်။ တစ်ခါက ပင်ပင်ပန်းပန်း ဟောပြောပြီးနောက် တပည့်တွေကို အထက်ပါစကားတွေ ပြောခဲ့တယ်။ အပန်းဖြေမှု၊ ဖျော်ဖြေမှုကလည်း အရေးကြီးပါတယ်။ ဒါပေမဲ့ ဒါတွေကို အဓိကထားမယ်ဆိုရင် အန္တရာယ်ရှိတယ်။ ပထမရာစုတုန်းက လူများစွာမှာ “စားကြ၊ သောက်ကြစို့။ မနက်ဖြန် သေရမှာပဲ” ဆိုတဲ့ သဘောထားမျိုး ရှိခဲ့တယ်။ (၁ ကော. ၁၅:၃၂) ဒီနေ့ လောကမှာလည်း ဒီလိုသဘောထားမျိုး ပျံ့နှံ့နေတယ်။ အပန်းဖြေမှုအပေါ် မျှတတဲ့အမြင် ရှိမရှိ ဘယ်လို သိနိုင်သလဲ။ ဘုရားရေးရာ လုပ်ဆောင်မှုတွေအတွက် အချိန်ဘယ်လောက်ပေးတယ်ဆိုတာ တစ်ပတ်လောက် မှတ်ထားကြည့်ပါ။ ပြီးတော့ အားကစား၊ ဝါသနာ၊ ရုပ်မြင်သံကြားကြည့်ခြင်း၊ ဗီဒီယိုဂိမ်း ကစားခြင်း စတဲ့ အပန်းဖြေမှုတွေအတွက် တစ်ပတ်တာ အသုံးပြုခဲ့တဲ့အချိန်နဲ့ နှိုင်းယှဉ်ကြည့်ပါ။ ဘာအဖြေ ရသလဲ။ ဒုတိယတစ်ခုကို လျှော့ချဖို့ လိုနေသလား။—ဧ. ၅:၁၅၊ ၁၆။ w17.05 ၂၄-၂၅ ¶၁၁-၁၃

သောကြာနေ့၊ ဒီဇင်ဘာ ၂၇

ကောင်းကင်နိုင်ငံဟာ ကုန်သည်တစ်ယောက် နယ်တကာလှည့်ပြီး ရှာနေတဲ့ ပုလဲကောင်းနဲ့ တူတယ်။—မ. ၁၃:၄၅။

ယေရှုရဲ့ ဥပမာမှာ ကုန်သည်က ပုလဲတစ်လုံး တွေ့ထားတယ်။ ဒါပေမဲ့ ဒီပုလဲကို ဝယ်ဖို့ ပိုင်ဆိုင်သမျှကို ရောင်းရမယ်။ ဒီပုလဲကို ကုန်သည် ဘယ်လောက် တန်ဖိုးထားမှန်း သိနိုင်ပါတယ်။ ဘုရားနိုင်ငံတော် အမှန်တရားဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ပုလဲနဲ့ တူတယ်။ ပုလဲကို ကုန်သည် မြတ်နိုးသလောက် ဘုရားနိုင်ငံတော်ကို ကျွန်တော်တို့ မြတ်နိုးမယ်ဆိုရင် နိုင်ငံတော်ရဲ့ လက်အောက်ခံတွေ ဆက်ဖြစ်နေဖို့ ဘယ်အရာကိုမဆို တလိုတလား စွန့်လွှတ်ပါလိမ့်မယ်။ (မာ. ၁၀:၂၈-၃၀) ဥပမာ၊ ဇက်ခဲဟာ မတရားယူထားတဲ့ ငွေတွေနဲ့ ချမ်းသာကြွယ်ဝလာတယ်။ (လု. ၁၉:၁-၉) ဒါပေမဲ့ ယေရှု ဟောတဲ့ နိုင်ငံတော်အကြောင်း ဒီမဖြောင့်မတ်သူ ကြားတဲ့အခါ တန်ဖိုးထားရကောင်းမှန်း သိနားလည်ပြီး ချက်ချင်း တုံ့ပြန်လုပ်ဆောင်ခဲ့တယ်။ “သခင်၊ ကျွန်တော့်ရဲ့ ဥစ္စာပစ္စည်းတစ်ဝက်ကို ဆင်းရဲသားတွေကို ပေးပါ့မယ်။ ဘယ်သူ့ဆီကဖြစ်ဖြစ် မတရားယူခဲ့တာတွေကို လေးဆပြန်ပေးပါ့မယ်” လို့ပြောတယ်။ မတရားရထားတဲ့ စည်းစိမ်ဥစ္စာတွေနဲ့ လောဘစိတ်ကို ကျေကျေနပ်နပ် စွန့်ခဲ့တယ်။ w17.06 ၁၀ ¶၃-၅

စနေနေ့၊ ဒီဇင်ဘာ ၂၈

ကျွန်တော့်ရဲ့ သားသမီးတွေ အမှန်တရားလမ်းစဉ်မှာ လျှောက်လှမ်းနေတဲ့အကြောင်း ကြားသိရတာထက် ပိုဝမ်းသာစရာကောင်းတဲ့သတင်း  မရှိတော့ပါဘူး။—၃ ယော. ၄။

အကူအညီ တောင်းဆိုခံရသူတွေက မိဘတွေကို လေးစားဖို့ သားသမီးတွေကို အားပေးသင့်တယ်။ မိဘတွေအကြောင်း အကောင်းပြောပေးရမယ်။ မိဘတွေရဲ့ တာဝန်ကို ဝင်ယူဖို့ မဟုတ်ဘူး။ ဒါ့အပြင် အသင်းတော် အတွင်းအပြင်မှာရှိတဲ့သူတွေ နားလည်မှု လွဲစေနိုင်တဲ့ အပြုအမူတွေကို ရှောင်သင့်တယ်။ (၁ ပေ. ၂:၁၂) သားသမီးတွေကို ဘုရားရေးရာဘက်မှာ လေ့ကျင့်ပေးရမယ့် တာဝန်ကို တခြားသူတွေအပေါ် မိဘတွေ မလွှဲပေးရဘူး။ တခြားသူတွေ ပေးတဲ့အကူအညီကို စောင့်ကြည့်ပေးရမယ်။ သားသမီးတွေကို မိဘတွေကိုယ်တိုင် ဆက်သင်ပေးရမယ်။ မိဘတို့၊ အကူအညီရဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ အစွမ်းကုန် ကြိုးစားပါ။ (၂ ရာ. ၁၅:၇) ကိုယ့်အကျိုးထက် သားသမီးနဲ့ ယေဟောဝါရဲ့ ဆက်ဆံရေးကို ဦးစားပေးပါ။ သားသမီးတွေရဲ့ စိတ်နှလုံးထဲ ဘုရားစကားတော် ရောက်ရှိဖို့ လုပ်နိုင်တာမှန်သမျှ လုပ်ပါ။ ကိုယ့်သားသမီးဟာ ယေဟောဝါရဲ့ ကျေးကျွန်ကောင်း ဖြစ်လာနိုင်တယ်ဆိုတာ အမြဲ ယုံကြည်နေပါ။ w17.05 ၁၂ ¶၁၉-၂၀

တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၂၉

ဘိုးဘေးတွေရဲ့ အမွေမြေကို မင်းကြီးကိုပေးဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ ယေဟောဝါဘုရား တားမြစ်ထားလို့ပါ။—၁ ဘု. ၂၁:၃။

မြင်ယောင်ကြည့်ပါ။ လူတစ်ယောက် သေဒဏ်ခံထိုက်တဲ့ပြစ်မှု ကျူးလွန်တယ်လို့ မတရား စွပ်စွဲခံရတယ်။ အသုံးမကျတဲ့သူတွေက မုသားသက်သေထွက်ဆိုကြလို့ မိသားစုနဲ့ မိတ်ဆွေတွေအတွက် ထိတ်လန့်စိတ်ပျက်စရာပါပဲ။ အပြစ်မဲ့သူနဲ့ သားတွေ အသတ်ခံရတာကို ကြည့်ပြီး တရားမျှတမှု မြတ်နိုးသူတွေ စိတ်ထိခိုက်ကြရတယ်။ ဒါဟာ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ် မဟုတ်ပါဘူး။ အစ္စရေးဘုရင် အာဟပ်  နန်းစံချိန်အတွင်း အသက်ရှင်ခဲ့တဲ့ ယေဟောဝါရဲ့ သစ္စာရှိကျေးကျွန် နာဗုတ်ရဲ့ အဖြစ်ပါ။ (၁ ဘု. ၂၁:၁၁-၁၃။ ၂ ဘု. ၉:၂၆) နာဗုတ်ရဲ့ စပျစ်ခြံကို ဝယ်ဖို့၊ ပိုကောင်းတဲ့စပျစ်ခြံနဲ့ လဲဖို့ အာဟပ် ကမ်းလှမ်းတာကို နာဗုတ် ငြင်းဆိုခဲ့တယ်။ ဘာကြောင့်လဲ။ နာဗုတ်ရဲ့ ငြင်းဆိုမှုဟာ ကိုယ့်မျိုးနွယ်ရဲ့ အမွေမြေကို အပြီးအပိုင် မရောင်းရဆိုတဲ့ အစ္စရေးတွေကို ပေးခဲ့တဲ့ ယေဟောဝါရဲ့ ပညတ်အပေါ် အခြေခံတယ်။ (ဝတ်. ၂၅:၂၃။ တော. ၃၆:၇) နာဗုတ်မှာ ယေဟောဝါရဲ့ အမြင်မျိုးရှိတာ သေချာပါတယ်။ w17.04 ၂၃ ¶၁။ ၂၄ ¶၄

တနင်္လာနေ့၊ ဒီဇင်ဘာ ၃၀

မကြာခင် လူဆိုးတွေ လုံးဝ ရှိတော့မှာ မဟုတ်ဘူး။ သူတို့ရှိတတ်တဲ့နေရာမှာ သွားကြည့်ရင်တောင် ရှိကြတော့မှာ မဟုတ်ဘူး။—ဆာ. ၃၇:၁၀။

လူဆိုးတွေနေရာမှာ ဘယ်သူတွေ အစားဝင်မလဲ။ ‘စိတ်နူးညံ့သူတွေက ကမ္ဘာမြေကို ပိုင်ဆိုင်ရလိမ့်မယ်။ များပြားလှတဲ့ ငြိမ်သက်ခြင်းကြောင့် ပျော်ရွှင်ကြည်နူးရလိမ့်မယ်’ လို့ ယေဟောဝါ ကတိပေးတယ်။ ‘ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး ထာဝစဉ် နေထိုင်ရလိမ့်မယ်’ လို့ အဲဒီဆာလံကျမ်းမှာ ဆက်ပြောတယ်။ (ဆာ. ၃၇:၁၁၊ ၂၉) “စိတ်နူးညံ့သူတွေ၊” “ဖြောင့်မတ်သူတွေ” က ဘယ်သူတွေလဲ။ စိတ်နူးညံ့သူတွေက ယေဟောဝါရဲ့ သွန်သင်ချက်၊ လမ်းညွှန်ချက်ကို နှိမ့်ချစွာ လက်ခံသူတွေ။ ဖြောင့်မတ်သူတွေက ယေဟောဝါဘုရားရှေ့မှာ ဖြောင့်မှန်ရာကို ပြုလုပ်လိုသူတွေ။ ဒီနေ့ လောကမှာ လူဆိုးတွေဟာ လူကောင်းတွေထက် အဆမတန် များနေတယ်။ ကမ္ဘာသစ်မှာတော့ စိတ်နူးညံ့သူ၊ ဖြောင့်မတ်သူတွေပဲ ရှိမှာဖြစ်လို့ ဘယ်လိုလူစားမျိုးက ပိုနည်းတယ်၊ ပိုများတယ်ဆိုတာ မရှိတော့ဘူး။ ပရဒိသု ကမ္ဘာမှာ ဖြောင့်မတ်သူတွေပဲ ရှိတော့မယ်။ w17.04 ၁၀-၁၁ ¶၅-၆

အင်္ဂါနေ့၊ ဒီဇင်ဘာ ၃၁

ကူညီပေးနိုင်စွမ်းရှိတယ်ဆိုရင် ကူညီဖို့ မတွန့်ဆုတ် ပါနဲ့။—ပညာ. ၃:၂၇။

“ဘုရားသခင်ကို ချစ်တဲ့” မေတ္တာက အချင်းချင်း ချစ်ဖို့၊ အထူးသဖြင့် အခက်အခဲတွေ ကြုံတဲ့အခါ မေတ္တာပြဖို့ လှုံ့ဆော်ပေးတယ်။ (၁ ယော. ၃:၁၇၊ ၁၈) ပထမရာစုမှာ ယုဒပြည်က ခရစ်ယာန်တွေ အငတ်ဘေး ကြုံတဲ့အခါ ကူညီပေးဖို့ အသင်းတော်က စီစဉ်ခဲ့တယ်။ (တ. ၁၁:၂၈၊ ၂၉) အချင်းချင်း ဧည့်ဝတ်ပြုဖို့ ခရစ်ယာန်တွေကို တမန်တော်ပေါလုနဲ့ ပေတရုတို့ တိုက်တွန်းခဲ့တယ်။ (ရော. ၁၂:၁၃။ ၁ ပေ. ၄:၉) အလည်လာတဲ့ ညီအစ်ကိုတွေကိုတောင် လက်ခံကြိုဆိုရမယ်ဆိုရင် အသက်အန္တရာယ် ကြုံနေရတဲ့၊ ယုံကြည်ခြင်းကြောင့် နှိပ်စက်ညှဉ်းပန်းခံရတဲ့ ခရစ်ယာန်ချင်းတွေကို ပိုပြီး ကြိုဆိုသင့်ပါတယ်။ မကြာသေးခင်က ယေဟောဝါသက်သေ ထောင်နဲ့ချီဟာ ယူကရိန်းအရှေ့ပိုင်းမှာ ဖြစ်ပွားတဲ့ ပဋိပက္ခ၊ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ထွက်ပြေးခဲ့ရတယ်။ ဝမ်းနည်းစရာက တချို့ အသတ်ခံရတယ်။ ဒါပေမဲ့ အများစုကို ယူကရိန်းနဲ့ ရုရှားနိုင်ငံမှာရှိတဲ့ ညီအစ်ကိုတွေက ခေါ်ထားကြတယ်။ နှစ်နိုင်ငံစလုံးမှာ သူတို့ဟာ ‘ဒီလောကနဲ့ မပတ်သက်ဘဲ’ နိုင်ငံရေးမှာ ကြားနေကြပြီး “တရားစကားတော်မှာပါတဲ့ သတင်းကောင်းကို” ထက်ထက်သန်သန် ဆက် “ဟောပြော” ကြတယ်။—ယော. ၁၅:၁၉။ တ. ၈:၄။ w17.05 ၄ ¶၆-၇

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ