ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • es19 စာ. ၁၀၈-၁၁၈
  • နိုဝင်ဘာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နိုဝင်ဘာ
  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • သောကြာနေ့၊ နိုဝင်ဘာ ၁
  • စနေနေ့၊ နိုဝင်ဘာ ၂
  • တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၃
  • တနင်္လာနေ့၊ နိုဝင်ဘာ ၄
  • အင်္ဂါနေ့၊ နိုဝင်ဘာ ၅
  • ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၆
  • ကြာသပတေးနေ့၊ နိုဝင်ဘာ ၇
  • သောကြာနေ့၊ နိုဝင်ဘာ ၈
  • စနေနေ့၊ နိုဝင်ဘာ ၉
  • တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၁၀
  • တနင်္လာနေ့၊ နိုဝင်ဘာ ၁၁
  • အင်္ဂါနေ့၊ နိုဝင်ဘာ ၁၂
  • ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၁၃
  • ကြာသပတေးနေ့၊ နိုဝင်ဘာ ၁၄
  • သောကြာနေ့၊ နိုဝင်ဘာ ၁၅
  • စနေနေ့၊ နိုဝင်ဘာ ၁၆
  • တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၁၇
  • တနင်္လာနေ့၊ နိုဝင်ဘာ ၁၈
  • အင်္ဂါနေ့၊ နိုဝင်ဘာ ၁၉
  • ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၂၀
  • ကြာသပတေးနေ့၊ နိုဝင်ဘာ ၂၁
  • သောကြာနေ့၊ နိုဝင်ဘာ ၂၂
  • စနေနေ့၊ နိုဝင်ဘာ ၂၃
  • တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၂၄
  • တနင်္လာနေ့၊ နိုဝင်ဘာ ၂၅
  • အင်္ဂါနေ့၊ နိုဝင်ဘာ ၂၆
  • ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၂၇
  • ကြာသပတေးနေ့၊ နိုဝင်ဘာ ၂၈
  • သောကြာနေ့၊ နိုဝင်ဘာ ၂၉
  • စနေနေ့၊ နိုဝင်ဘာ ၃၀
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၁၉
es19 စာ. ၁၀၈-၁၁၈

နိုဝင်ဘာ

သောကြာနေ့၊ နိုဝင်ဘာ ၁

ဘုရားတရားမဲ့တာတွေ၊ လောကရဲ့ မကောင်းတဲ့ အလိုဆန္ဒတွေကို ငြင်းပယ်တတ်အောင် . . . ချင့်ချိန်တတ်အောင်၊ ဖြောင့်မတ်တဲ့ လမ်းစဉ်အတိုင်း နေထိုင်တတ်အောင်၊ ဘုရားတရား ကိုင်းရှိုင်းတတ်အောင်လည်း သင်ပေးတယ်။—တိ. ၂:၁၂။

ကိုယ့်ကိုယ်ကိုယ် ဆုံးမခြင်းမှာ အပြုအမူနဲ့ အတွေးအခေါ်ကို ထိန်းချုပ်ခြင်း ပါဝင်တယ်။ ကိုယ့်ကိုယ်ကိုယ် ဆုံးမခြင်းဟာ မွေးရာပါ မဟုတ်ဘူး။ သင်ယူရမယ်။ “ယေဟောဝါ မိန့်မှာတဲ့အတိုင်း” စိတ်ရှည်ရှည်၊ စွဲစွဲမြဲမြဲ “ဆုံးမသွန်သင်” တဲ့အခါ ကလေးတွေ ကိုယ့်ကိုယ်ကိုယ် ဆုံးမတတ်လာပြီး ပညာရှိလာတယ်။ (ဧ. ၆:၄) အရွယ်ရောက်မှ ယေဟောဝါအကြောင်း သိလာသူတွေလည်း အလားတူပဲ။ သူတို့ ကိုယ့်ကိုယ်ကိုယ် ဆုံးမတတ်သူတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ ခရစ်ယာန်လမ်းစဉ်မှာတော့ မရင့်ကျက်သေးဘူး။ “စရိုက်သစ်” ကို ဝတ်ဆင်ဖို့၊ ခရစ်တော်ကို တုပဖို့ သင်ယူရင်း တဖြည်းဖြည်း ရင့်ကျက်လာပါလိမ့်မယ်။ (ဧ. ၄:၂၃၊ ၂၄) အဲဒီလို တိုးတက်နိုင်အောင် ကိုယ့်ကိုယ်ကိုယ် ဆုံးမဖို့ အရေးကြီးတယ်။ w18.03 ၂၉ ¶၃-၄

စနေနေ့၊ နိုဝင်ဘာ ၂

ဧည့်ဝတ်ပြုတတ်တဲ့အကျင့် ရှိအောင် လုပ်ပါ။—ရော. ၁၂:၁၃။

အစည်းအဝေးလာတက်ဖို့  ယေဟောဝါနဲ့ အဖွဲ့အစည်းက အိမ်ရှင်အဖြစ် ဖိတ်ခေါ်နေတယ်။ အစည်းအဝေး လာတက်သူတွေ၊ အထူးသဖြင့် လူသစ်တွေကို ကျွန်တော်တို့ ဝိုင်းဝန်းကြိုဆိုကြတယ်။ (ရော. ၁၅:၇) လူသစ်တွေ ဘယ်လိုပဲ ဝတ်စားဖြီးလိမ်းထားပါစေ အစပြု ကြိုဆိုကြတယ်။ (ယာ. ၂:၁-၄) ဂရုစိုက်ပေးမယ့်သူ မရှိတဲ့ ဧည့်သည်ကို သင်နဲ့အတူ ခေါ်ထိုင်နိုင်တယ်။ အစီအစဉ်အကြောင်း ပြောပြပြီး ကျမ်းချက်တွေ ပြပေးတာကို သူကျေးဇူးတင်ပါလိမ့်မယ်။ “ဧည့်ဝတ်ပြုတတ်တဲ့အကျင့် ရှိအောင် လုပ်” နိုင်တဲ့ နည်းလမ်းကောင်းပါပဲ။ တခြားအသင်းတော်က ဧည့်ဟောပြောသူ၊ တိုက်နယ်ကြီးကြပ်မှူးနဲ့ ဗေသလကိုယ်စားလှယ်တွေ လည်ပတ်လာတဲ့အချိန်မှာ သူတို့ကို ဧည့်ဝတ်ပြုဖို့ အခွင့်အရေး ရရှိတယ်။ (၃ ယော. ၅-၈) အတူစားဖို့ ဖိတ်ခေါ်တာက ဧည့်ဝတ်ပြုနိုင်တဲ့ အကောင်းဆုံးနည်းပဲ။ သင်ကော။ w18.03 ၁၅ ¶၅၊ ၇

တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၃

ကျွန်တော် နှစ်ခြင်းမခံရအောင် ဘာက တားဆီး နေလို့လဲ။—တ. ၈:၃၆။

ခရစ်ယာန်တွေကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ဂျူးတစ်ယောက်ရဲ့ နမူနာကို သုံးသပ်ကြည့်ပါ။ ဂျူးတွေဟာ မွေးကတည်းက ဘုရားသခင်ဆီ ဆက်ကပ်အပ်နှံထားပြီးသား ဖြစ်တယ်။ ဒါပေမဲ့ ဘုရားသခင့်မျက်နှာသာ ဆုံးရှုံးခဲ့တယ်။ သူဟာ ဂျူးဓလေ့ထုံးစံတွေမှာ စိတ်ထက်သန်ပေမဲ့ ပိုကောင်းတဲ့ လမ်းစဉ်ကို တွေ့ခဲ့တယ်။ ရှင်ပြန်ထမြောက်ပြီးဖြစ်တဲ့ ယေရှုခရစ် စကားပြောတာကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရတယ်။ ဘယ်လို တုံ့ပြန်ခဲ့သလဲ။ တပည့်တော် အာနနိရဲ့ အကူအညီကို လက်ခံခဲ့တယ်။ “အဲဒီနောက် သူ ထပြီး နှစ်ခြင်းခံတယ်” လို့ ကျမ်းစာပြောတယ်။ (တ. ၉:၁၇၊ ၁၈။ ဂလ. ၁:၁၄) အဲဒီလူကတော့ တမန်တော် ပေါလုလို့ လူသိများလာသူပါပဲ။ ဘုရားရည်ရွယ်ချက်မှာ ယေရှုရဲ့ အခန်းကဏ္ဍကို သိလာတာနဲ့ ပေါလု ချက်ချင်း နှစ်ခြင်းခံခဲ့တယ်။ အချိန်မဆွဲခဲ့ဘူး။ (တ. ၂၂:၁၂-၁၆) အခုခေတ် ကျမ်းစာသင်သား လူကြီးလူငယ်တွေလည်း အဲဒီလိုပါပဲ။ w18.03 ၅-၆ ¶၉-၁၁

တနင်္လာနေ့၊ နိုဝင်ဘာ ၄

ကျွန်တော်က  စွမ်းအားတော်ရဲ့  လမ်းပြမှုနောက် လိုက်တဲ့သူတွေကို ပြောသလို ခင်ဗျားတို့ကို မပြောနိုင်ဘူး။ စိတ်အလိုလိုက်သူတွေ . . . ကို ပြောသလို ပြောနေရတယ်။—၁ ကော. ၃:၁။

ယာကုပ်ရဲ့ ဘဝဟာ ခက်ခဲတယ်။ စိတ်အလိုလိုက်တဲ့၊ မိမိကို သတ်ချင်နေတဲ့ အစ်ကို ဧသောကို သည်းခံခဲ့ရတယ်။ ကလိမ်ကျတဲ့၊ အမြတ်ထုတ်ချင်တဲ့ ယောက္ခမနဲ့လည်း ဆက်ဆံခဲ့ရတယ်။ ဒါပေမဲ့ ယာကုပ်ဟာ “စိတ်အလိုလိုက်တဲ့” လူတွေကြားမှာ စွမ်းအားတော် လမ်းပြမှုနောက် လိုက်ခဲ့တယ်။ (၁ ကော. ၂:၁၄-၁၆) အာဗြဟံကို ပေးတဲ့ကတိကို ယုံကြည်တယ်။ ယေဟောဝါရဲ့ ရည်ရွယ်ချက် ပြည့်စုံရေးမှာ အထူးကဏ္ဍကနေ ပါဝင်မယ့် မိသားစုကိုလည်း ပြုစုစောင့်ရှောက်ခဲ့တယ်။ (က. ၂၈:၁၀-၁၅) ယာကုပ်ရဲ့စကားနဲ့ လုပ်ရပ်တွေက ယေဟောဝါရဲ့ စံနှုန်းတွေနဲ့ အလိုတော်ကို စိတ်စွဲမှတ်ထားကြောင်း ဖော်ပြတယ်။ ဥပမာ၊ ဧသော ခြိမ်းခြောက်တဲ့အခါ ဘုရားသခင်ဆီ ယာကုပ် ဒီလိုဆုတောင်းခဲ့တယ်– “အစ်ကိုဧသောရဲ့ လက်ကနေ ကယ်တင်ပေးပါလို့ ဆုတောင်းပါတယ်။ . . . ကိုယ်တော်က ‘မင်းကို ငါကောင်းချီးပေးမယ်။ မင်းရဲ့မျိုးနွယ်ကို ပင်လယ်သဲပွင့်တွေလို မရေတွက်နိုင်အောင် များပြားစေမယ်’ လို့ပြောခဲ့ပါပြီ။” (က. ၃၂:၆-၁၂) မိမိနဲ့ ဘိုးဘေးတွေကို ပေးထားတဲ့ ယေဟောဝါရဲ့ ကတိကို ယုံကြည်ကြောင်း၊ ဘုရားသခင့် အလိုတော်၊ ရည်ရွယ်ချက်နဲ့အညီ နေထိုင်လိုစိတ်ရှိကြောင်း ထင်ရှားပါတယ်။ w18.02 ၂၀ ¶၉-၁၀

အင်္ဂါနေ့၊ နိုဝင်ဘာ ၅

[ယောဘဟာ] ရိုးဖြောင့်သူ၊ သမာဓိရှိသူ၊ ဘုရားသခင်ကို ကြောက်ရွံ့သူ၊ မကောင်းမှုကို ရှောင်တဲ့သူပဲ။—ယောဘ ၁:၈။

ယောဘဟာ အပြောင်းအလဲကြီးတွေ ကြုံတွေ့ခဲ့တယ်။ စမ်းသပ်မှု မခံရခင်တုန်းက “အရှေ့ပြည်သားတွေထဲမှာ အချမ်းသာဆုံး” ဖြစ်ခဲ့တယ်။ (ယောဘ ၁:၃) ချမ်းသာတယ်။ လူသိများတယ်။ လေးစားခံရတယ်။ (ယောဘ ၂၉:၇-၁၆) ဒါပေမဲ့ ယောဘ ဘဝင်မမြင့်ဘူး။ ဘုရား မလိုဘူးလို့ မယူဆခဲ့ဘူး။ သူ့ကို ယေဟောဝါက “ငါ့ကျွန်” လို့ခေါ်ခဲ့တယ်။ ဘုရားကို အပြစ်တင်လာစေဖို့ စာတန်က ယောဘကို အကြိမ်ကြိမ် ရက်ရက်စက်စက် တိုက်ခိုက်ခဲ့တယ်။ (ယောဘ ၁:၁၃-၂၁) နောက်ပိုင်းမှာ နှစ်သိမ့်ပေးယောင်ဆောင်သူ သုံးဦး ရောက်လာပြီး ရက်စက်တဲ့စကားတွေနဲ့ ယောဘကို ထိုးနှက်ကြတယ်။ ဘုရားသခင် အပြစ်ပေးတာလို့ ပြောခဲ့ကြတယ်။ (ယောဘ ၂:၁၁။ ၂၂:၁၊ ၅-၁၀) ဒါပေမဲ့ ယောဘ သမာဓိစောင့်ထိန်းခဲ့တယ်။ စမ်းသပ်မှု ပြီးသွားတဲ့နောက် ယောဘကို ယေဟောဝါ ကောင်းချီးနှစ်ဆ ပေးခဲ့တယ်။ နောက်ထပ် အနှစ် ၁၄၀ ဆက်အသက်ရှင်ခဲ့တယ်။ (ယာ. ၅:၁၁) အဲဒီအတောအတွင်း ယေဟောဝါကို ယောဘ အကြွင်းမဲ့ ဆက်ကိုးကွယ်ဆည်းကပ်ခဲ့တယ်။ w18.02 ၆ ¶၁၆။ ၇ ¶၁၈

ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၆

လူတွေဟာ . . . ဝါကြွားသူ၊ မောက်မာသူ၊ . . . မာနထောင်လွှားသူ [ဖြစ်ကြလိမ့်မယ်]။—၂ တိ. ၃:၂၊ ၄။

ဒီလိုစရိုက်မျိုး ရှိတဲ့သူတွေဟာ လေးစားအထင်ကြီးမှု ရချင်ကြတယ်။ မာနကြီးသူဟာ “ငါသာလျှင် ငါ့ကိုးကွယ်ရာ” ဆိုပြီး ထင်နေတတ်တယ်လို့ ပညာရှင်တစ်ယောက် ရေးတယ်။ မာနကြီးလွန်းခြင်းဟာ မနှစ်မြို့ဖွယ်ကောင်းလို့ မာနကြီးသူကတောင် တခြားသူတွေ မာနကြီးတာကို မကြိုက်ဘူးလို့ တချို့ ဆိုကြတယ်။ မာနကြီးတာကို ယေဟောဝါ စက်ဆုပ်တယ်။ “မောက်မာတဲ့မျက်လုံး” ကို မုန်းတယ်။ (ပညာ. ၆:၁၆၊ ၁၇) မာနက ဘုရားသခင်ထံချဉ်းကပ်ဖို့ အတားအဆီး ဖြစ်စေတယ်။ (ဆာ. ၁၀:၄) အဲဒါက မာရ်နတ်ရဲ့ စရိုက်ပဲ။ (၁ တိ. ၃:၆) ဝမ်းနည်းစရာက ယေဟောဝါရဲ့ သစ္စာရှိကျေးကျွန်တချို့တောင် မာနစိတ် ဝင်ခဲ့ကြတယ်။ ယုဒဘုရင် ဩဇိဟာ နှစ်များစွာ သစ္စာရှိခဲ့တယ်။ “ဒါပေမဲ့ ဩဇိဟာ အင်အားကြီးလာတာနဲ့အမျှ မောက်မာလာတဲ့အတွက် ပျက်စီးဖို့ အကြောင်းဖန်လာတယ်။ သူက ယေဟောဝါဘုရားကို သစ္စာဖောက်ပြီး . . . နံ့သာပေါင်းမီးရှို့ဖို့ ယေဟောဝါရဲ့ ဗိမာန်တော်ထဲ ဝင်သွားတယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—၂ ရာ. ၂၆:၁၆။ ၃၂:၂၅၊ ၂၆။ w18.01 ၂၈ ¶၄-၅

ကြာသပတေးနေ့၊ နိုဝင်ဘာ ၇

ခင်ဗျားတို့ တတ်နိုင်သလောက် ဥစ္စာတချို့ကို အိမ်မှာ သီးသန့်ဖယ်ထားကြပါ။—၁ ကော. ၁၆:၂။

ကိုယ့်ပစ္စည်းဥစ္စာတွေထဲက  ပေးကမ်းခြင်းကို ကျမ်းစာမှာ ဖော်ပြထားတယ်။ တစ်ခါတလေ ယေဟောဝါလူမျိုးတွေက သတ်သတ်မှတ်မှတ် စီမံကိန်းတွေအတွက် ပေးလှူကြတယ်။ (ထွ. ၃၅:၅။ ၂ ဘု. ၁၂:၄၊ ၅။ ၁ ရာ. ၂၉:၅-၉) အငတ်ဘေးကြောင့် အကူအညီ လိုအပ်နေမှန်း ပထမရာစု အသင်းတော် ညီအစ်ကိုတွေ သတိပြုမိတဲ့အခါ “ယုဒပြည်မှာရှိတဲ့ ညီအစ်ကိုတွေဆီ တတ်နိုင်သလောက် ကယ်ဆယ်ရေး အထောက်အပံ့တွေ ပို့ပေးဖို့ ဆုံးဖြတ်လိုက်တယ်။” (တ. ၁၁:၂၇-၃၀) အဲဒီအလှူတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ရတယ်။ ပထမရာစုတုန်းက ခရစ်ယာန်တချို့ဟာ အိမ်၊ လယ် ရောင်းလို့ရတဲ့ငွေတွေကို တမန်တော်တွေဆီ ယူလာကြတယ်။ တမန်တော်တွေက အကူအညီ လိုအပ်သူတွေအတွက် ဒီအလှူငွေတွေကို အသုံးပြုခဲ့ကြတယ်။ (တ. ၄:၃၄၊ ၃၅) တချို့ကျတော့ ငွေကို သီးသန့်ဖယ်ထားပြီး လုပ်ငန်း ထောက်ပံ့ဖို့ ပုံမှန်လှူဒါန်းကြတယ်။ ဒါကြောင့် ဆင်းရဲချမ်းသာ လူတန်းစားမရွေး ပါဝင်လှူဒါန်းခဲ့ကြတယ်။—လု. ၂၁:၁-၄။ w18.01 ၁၈ ¶၇။ ၁၉ ¶၉

သောကြာနေ့၊ နိုဝင်ဘာ ၈

လူငယ်တွေ ပင်ပန်းနွမ်းလျ[လိမ့်မယ်]။—ဟေရှာ. ၄၀:၃၀။

ဘယ်လောက်ပဲ အရည်အချင်း ရှိနေပါစေ ကိုယ့်အစွမ်းခွန်အားနဲ့ မတတ်နိုင်တာတွေ ရှိတယ်။ ဒါကို ကျွန်တော်တို့အားလုံး သိထားရမယ်။ တမန်တော်ပေါလုဟာ လူတော်တစ်ယောက် ဖြစ်ပေမဲ့ ကန့်သတ်ချက်တွေ ရှိနေလို့ လုပ်ချင်တာအားလုံး မလုပ်နိုင်ခဲ့ဘူး။ သူ့စိုးရိမ်ပူပန်မှုအကြောင်း ဘုရားသခင်ဆီ ပြောပြတော့ “မင်း အားနည်းတဲ့အခါ ငါ့တန်ခိုး အပြည့်အဝ ထင်ရှား” တယ်လို့ ဘုရား ပြန်ပြောတယ်။ ဒီအချက်ကို ပေါလု နားလည်ခဲ့လို့ “ကျွန်တော် အားနည်းတဲ့အခါ အစွမ်းခွန်အားပြည့်နေ” တယ်လို့ ပြောခဲ့တယ်။ (၂ ကော. ၁၂:၇-၁၀) ဘာကို ဆိုလိုသလဲ။ ဘုရားသခင့် အကူအညီ မပါရင် အများကြီး မလုပ်နိုင်ကြောင်း ပေါလု သဘောပေါက်ခဲ့တယ်။ ပေါလု လိုနေတဲ့အစွမ်းခွန်အားကို ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော်က ဖြည့်ပေးနိုင်ခဲ့တယ်။ ဒီ့အပြင် ပေါလုရဲ့ အစွမ်းခွန်အားနဲ့ မပြီးမြောက်နိုင်တဲ့တာဝန်တွေကို ပြီးမြောက်အောင် ဘုရားသခင့် စွမ်းအားတော်က ကူညီပေးတယ်။ ကျွန်တော်တို့လည်း အလားတူပါပဲ။ ယေဟောဝါဆီက ခွန်အားရမယ်ဆိုရင် တကယ်အားရှိကြပါလိမ့်မယ်။ w18.01 ၉ ¶၈-၉

စနေနေ့၊ နိုဝင်ဘာ ၉

သမ္မာကျမ်းစာကို နို့စို့အရွယ်ကတည်းက မင်းသိရှိခဲ့တယ်။ အဲဒီကျမ်းစာဟာ ဉာဏ်ပညာရှိစေနိုင်တယ်။ . . . ကယ်တင်ခြင်းရနိုင်အောင် အဲဒီဉာဏ်ပညာက ကူညီပေးတယ်။—၂ တိ. ၃:၁၅။

နှစ်ခြင်းခံချင်တယ်လို့ သားသမီး ပြောလာတဲ့အခါ မိဘတွေအတွက် ယေဟောဝါရဲ့ အဖွဲ့အစည်း ပြင်ဆင်ပေးထားတဲ့ အကြောင်းအရာတွေကို ကောင်းစွာ အသုံးပြုပါ။ အဲဒါက ယေဟောဝါဆီ ဆက်ကပ်အပ်နှံခြင်း၊ နှစ်ခြင်းခံပြီးသား ခရစ်ယာန် ဖြစ်ခြင်းရဲ့ အရေးကြီးမှုနဲ့ ကောင်းချီးတွေကို အလေးပေးဖော်ပြဖို့ အုတ်မြစ်ချစေနိုင်မယ်။ မိဘတစ်ယောက်အနေနဲ့ သားသမီးတွေကို ‘ယေဟောဝါ မိန့်မှာတဲ့အတိုင်း ဆုံးမသွန်သင်ပြီး ပြုစုပျိုးထောင်’ ဖို့ ကြီးလေးတဲ့တာဝန်နဲ့ အခွင့်ထူး ရရှိထားတယ်။ (ဧ. ၆:၄) ကျမ်းစာမှာ ပါတဲ့အရာတွေကို သွန်သင်ရုံလောက်သာမက သိရှိလာတာတွေအပေါ် ခံယူချက် ခိုင်မာလာအောင်လည်း ကူညီပေးဖို့ လိုတယ်။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံဖို့၊ စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြုဖို့ လှုံ့ဆော်ပေးနိုင်လောက်အောင် ခံယူချက် ခိုင်မာဖို့ လိုအပ်တယ်။ ယေဟောဝါရဲ့ နှုတ်မြွက်တော်၊ စွမ်းအားတော်၊ မိဘအနေနဲ့ သင့်ကြိုးစားအားထုတ်မှုတို့က ‘ကယ်တင်ခြင်းရနိုင်အောင် ဉာဏ်ပညာရှိ’ ဖို့ သားသမီးတွေကို ကူညီပေးနိုင်ပါစေ။ w17.12 ၂၂ ¶၁၇၊ ၁၉

တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၁၀

နေ့ရက်တွေရဲ့အဆုံးမှာ ဝေစုကို ရယူဖို့ ခင်ဗျား မတ်တတ်ရပ်ရလိမ့်မယ်။—ဒံ. ၁၂:၁၃။

ဒံယေလဟာ အသက် ၁၀၀ နီးပါး ရှိနေပြီး ဘဝနေဝင်ချိန် ရောက်ခါနီးနေပြီ။ ဒံယေလ အသက်ပြန်ရှင်လာမလား။ ပြန်ရှင်လာမှာ သေချာပါတယ်။ ဒံယေလကျမ်း အဆုံးပိုင်းမှာ “ခင်ဗျားကတော့ အဆုံးတိုင်အောင် ရပ်တည်ပါ။ ခင်ဗျား အနားယူရလိမ့်မယ်” ဆိုတဲ့ ဘုရားရဲ့ အာမခံချက်ကို ဖတ်ရတယ်။ “သင်္ချိုင်းမှာ . . . အစီအစဉ်၊ အသိပညာ၊ ဉာဏ်ပညာ ဘာတစ်ခုမှ မရှိလို့” သေဆုံးသူတွေ အနားယူနေကြမှန်း အသက်ကြီးသူ ဒံယေလ သိထားတယ်။ ဒံယေလလည်း မကြာခင် အဲဒီကို သွားရတော့မယ်။ (ဒေ. ၉:၁၀) ဒါပေမဲ့ အဲဒါက အဆုံး မဟုတ်ပါဘူး။ အနာဂတ်မှာ ပြန်ရှင်လာမယ်လို့ ဒံယေလ ကတိရထားတယ်။ ဒီနေ့ကျမ်းချက်ပါ စကားတွေကို ပရောဖက် ဒံယေလကို ဆက်ပြောတယ်။ နေ့ရက်အချိန်ကိုတော့ မဖော်ပြဘူး။ ဒံယေလ သေဆုံးပြီး အနားယူရလိမ့်မယ်။ ဒါပေမဲ့ အနာဂတ်မှာ ‘ဝေစုကို ရယူဖို့ မတ်တတ်ရပ် ရမယ်’ လို့ပြောထားတာက သေဆုံးပြီး နောင်တစ်ချိန်မှာ အသက်ပြန်ရှင်လာမယ်ဆိုတဲ့ ရှင်းလင်းတဲ့ကတိပါပဲ။ အဲဒါ “နေ့ရက်တွေရဲ့ အဆုံး” မှာ ဖြစ်လိမ့်မယ်။ ခေတ်သုံးမြန်မာ သမ္မာကျမ်းမှာ “ကပ်ကာလ ကုန်ဆုံးချိန်၌ ဆုတော်လာဘ်တော်ကို ခံယူရန် ရှင်ပြန်ထမြောက်လိမ့်မည်” လို့ဖော်ပြထားတယ်။ w17.12 ၇ ¶၁၇-၁၈

တနင်္လာနေ့၊ နိုဝင်ဘာ ၁၁

သက်သေထွက်ဆိုသူ တစ်ယောက်ပဲရှိရင်တော့ သူ့ကို သေဒဏ်မစီရင်ရဘူး။—တော. ၃၅:၃၀။

ယေဟောဝါက မိမိရဲ့ မြင့်မားတဲ့ တရားမျှတမှု စံနှုန်းကို အစ္စရေးအကြီးအကဲတွေ တုပဖို့ မိန့်မှာထားတယ်။ အရင်ဆုံး အကြီးအကဲတွေဟာ အချက်အလက်တွေကို စုစည်းရမယ်။ ပြီးတော့ ကရုဏာပြသင့်၊ မပြသင့် ဆုံးဖြတ်ရာမှာ လူသတ်သမားရဲ့ စိတ်ရင်း၊ သဘောထား၊ အရင်ကအပြုအမူတွေကို သေသေချာချာ ချင့်ချိန်ရမယ်။ “မုန်းတီးစိတ်ကြောင့်၊” “မလိုတမာစိတ်ကြောင့်” ဝရမ်းပြေး ပြစ်မှု ကျူးလွန်သလားဆိုတာ ပိုင်းဖြတ်ရမယ်။ ဒါမှ ဘုရားသခင့် တရားမျှတမှုကို တုပရာရောက်မယ်။ (တော. ၃၅:၂၀-၂၄) သက်သေရှိမယ်ဆိုရင် တမင်တကာ လူသတ်မိကြောင်း အထောက်အထား ခိုင်ခိုင်လုံလုံ တင်ပြမယ့် သက်သေ အနည်းဆုံး နှစ်ယောက် ရှိရမယ်။ အမှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေ စုစည်းပြီးတဲ့နောက် အကြီးအကဲတွေက ပြစ်မှုလောက်ကိုသာ မဟုတ်ဘဲ ပြစ်မှုကျူးလွန်သူကို ထည့်တွက်ရမယ်။ ကိစ္စရပ်ကို အပေါ်ယံလောက်သာ မဟုတ်ဘဲ အတွင်းကျကျ သိမြင်နိုင်စွမ်းဖြစ်တဲ့ ထိုးထွင်းဉာဏ် လိုအပ်တယ်။ အရေးကြီးဆုံးကတော့ ယေဟောဝါရဲ့ ထိုးထွင်းဉာဏ်၊ ကရုဏာတော်၊ တရားမျှတမှုကို ထင်ဟပ်စေနိုင်မယ့် သန့်ရှင်းသော စွမ်းအားတော် လိုအပ်တယ်။—ထွ. ၃၄:၆၊ ၇။ w17.11 ၁၆ ¶၁၃-၁၄

အင်္ဂါနေ့၊ နိုဝင်ဘာ ၁၂

အဲဒီအရာတွေကို ဆင်ခြင်သုံးသပ်ပါ။—၁ တိ. ၄:၁၅။

ကျွန်တော်တို့ ဘုရားသခင့်လူမျိုးနဲ့ စပူးပေါင်းတုန်းက အဖိုးတန် အမှန်တရားတချို့ ရှာတွေ့ခဲ့တယ်။ ယေဟောဝါဟာ ဖန်ဆင်းရှင်၊ အသက်ပေးရှင်ဖြစ်ကြောင်း၊ လူသားတွေအတွက် ရည်ရွယ်ချက်တစ်ခု ရှိကြောင်း သိလာတယ်။ လူသားတွေ အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်ဖို့ သားတော်ရဲ့ ရွေးဖိုး ပူဇော်သကာကို မေတ္တာပါပါ ပြင်ဆင်ပေးခဲ့ကြောင်း သိရှိလာတယ်။ ဘုရားနိုင်ငံတော်က ဆင်းရဲဒုက္ခအားလုံးကို အဆုံးတိုင်ပေးမယ်၊ နိုင်ငံတော် အုပ်ချုပ်မှုအောက် ငြိမ်းချမ်းပျော်ရွှင်စွာ ထာဝစဉ် အသက်ရှင်ရမယ်ဆိုတာလည်း သိလာတယ်။ (ယော. ၃:၁၆။ ဗျာ. ၄:၁၁။ ၂၁:၃၊ ၄) ကျမ်းစာပရောဖက်ပြုချက် တစ်ချက်၊ ကျမ်းပိုဒ်တချို့နဲ့ပတ်သက်တဲ့ နားလည်မှုတွေကို မကြာခဏ ပြုပြင်ပြောင်းလဲတာတွေ ရှိနိုင်တယ်။ အဲဒီနားလည်မှုအသစ်တွေကို အသေအချာ လေ့လာဖို့၊ တွေးတောဆင်ခြင်ဖို့ အချိန်ယူသင့်တယ်။ (တ. ၁၇:၁၁) အဓိကပြုပြင်မှုတွေကိုသာမက နားလည်မှု အဟောင်းနဲ့ အသစ်ရဲ့ မသိမသာ ကွဲပြားချက်တွေကိုလည်း နားလည်ဖို့ ကြိုးစားသင့်တယ်။ ဒီနည်းအားဖြင့် ကျွန်တော်တို့ရဲ့ဘဏ္ဍာထဲမှာ အမှန်တရားအသစ်ကို လုံလုံခြုံခြုံ သိမ်းဆည်းထားနိုင်ပါမယ်။ w17.06 ၁၂-၁၃ ¶၁၅-၁၆

ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၁၃

လိင်အကျင့်ယိုယွင်းခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ရမ္မက် ဆန္ဒကို မချုပ်တည်းခြင်း . . . ကို ဖြစ်ပေါ်စေတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို သေစေ ကြပါ။—ကော. ၃:၅။

ယေဟောဝါရဲ့ စာရိတ္တစံနှုန်းတွေကို အလျှော့ပေးဖို့ သွေးဆောင်မှု ဖြစ်စေနိုင်တဲ့ အခြေအနေတွေ ကြုံရတဲ့အခါ သတိထားနေဖို့ အထူးအရေးကြီးတယ်။ ဥပမာ၊ သမီးရည်းစားတွေ စတင်ပိုးပန်းချိန်ကတည်းက အထိအတွေ့၊ အနမ်း၊ နှစ်ယောက်တည်းနေတာ စတဲ့ကိစ္စတွေမှာ စည်းခြားသတ်မှတ်ထားရမယ်။ (ပညာ. ၂၂:၃) ခရစ်ယာန်တစ်ယောက် အလုပ်ကိစ္စနဲ့ ခရီးသွားနေချိန်၊ လိင်ခြားသူနဲ့ အလုပ်တွဲလုပ်ရချိန်တွေမှာ အကျင့်ပျက်စေနိုင်တဲ့ အန္တရာယ်တွေ ပေါ်လာနိုင်တယ်။ (ပညာ. ၂:၁၀-၁၂၊ ၁၆) စိတ်ဓာတ်ကျနေချိန်၊ အထီးကျန်ချိန်မှာ ပိုအန္တရာယ်ရှိနိုင်တယ်။ ဘယ်သူ့ဆီက ဂရုစိုက်မှုမဆို ခံယူချင်စိတ် ပြင်းပြနိုင်တယ်။ အဲဒီလို ဖြစ်နေတယ်ဆိုရင် ဆုမရအောင် တားဆီးခံရတာမျိုး မဖြစ်ဖို့ ယေဟောဝါနဲ့ ညီအစ်ကို/မတွေဆီ အကူအညီ တောင်းပါ။—ဆာ. ၃၄:၁၈။ ပညာ. ၁၃:၂၀။ w17.11 ၂၆ ¶၄-၅

ကြာသပတေးနေ့၊ နိုဝင်ဘာ ၁၄

ခိုလှုံရာမြို့တွေကို ရွေးချယ်ပါ။—ယောရှု ၂၀:၂။

ရှေးခေတ် အစ္စရေးပြည်မှာ လူသတ်မှုမှန်သမျှကို ကြီးလေးတဲ့ပြစ်မှုလို့ ယေဟောဝါ သတ်မှတ်တယ်။ တမင်တကာ လူသတ်တဲ့သူတွေကို အသတ်ခံရသူရဲ့ ဆွေမျိုးရင်းချာ အမျိုးသား၊ “သွေးကြွေးဆပ်မယ့်သူ” က သေစားသေစေရတယ်။ (တော. ၃၅:၁၉) ဒါက အပြစ်မဲ့သူကို သတ်တဲ့အပြစ်ကို ကျေစေတယ်။ အလျင်အမြန် ကွပ်မျက်ခြင်းက ကတိထားရာပြည်ကို မညစ်ညူးအောင် ကာကွယ်ပေးတယ်။ “ကိုယ်နေထိုင်တဲ့ တိုင်းပြည်ကို လူသတ်မှုကြောင့် မညစ်ညူးစေနဲ့” လို့ ယေဟောဝါ မိန့်မှာထားတယ်။ (တော. ၃၅:၃၃၊ ၃၄) မတော်တဆ လူသတ်မှုတွေကိုကော အစ္စရေးတွေ ဘယ်လို ကိုင်တွယ်ကြသလဲ။ မတော်တဆ လူသတ်မိတာ ဖြစ်ပေမဲ့ လူသတ်တဲ့အပြစ် ရှိနေတုန်းပဲ။ (က. ၉:၅) ဒါပေမဲ့ သွေးကြွေးဆပ်မယ့်သူလက်ကနေ လွတ်အောင် ခိုလှုံရာမြို့ ခြောက်မြို့ထဲက တစ်မြို့မြို့ကို ပြေးခွင့် ရှိတယ်။ အဲဒီမှာ အကာအကွယ် ရယူနိုင်တယ်။ မတော်တဆ လူသတ်မိသူဟာ ပုရောဟိတ်မင်း သေဆုံးချိန်အထိ ခိုလှုံရာမြို့ထဲမှာပဲ နေရမယ်။—တော. ၃၅:၁၅၊ ၂၈။ w17.11 ၉ ¶၃-၅

သောကြာနေ့၊ နိုဝင်ဘာ ၁၅

အမြော်အမြင်ရှိသူကတော့ စော်ကားမှုကို ဗွေမယူတတ်ဘူး။—ပညာ. ၁၂:၁၆။

ဩစတြေးလျနိုင်ငံက ညီအစ်မတစ်ယောက် ဒီလိုပြောတယ်– “ယောက္ခမက အမှန်တရားကို အပြင်းအထန် ဆန့်ကျင်တယ်။ သူ့ကို ဒေါသနဲ့ မတုံ့ပြန်မိအောင် ကူညီပေးဖို့ သူ့ဆီ မသွားခင် ကျွန်မတို့ဇနီးမောင်နှံ ယေဟောဝါဆီ ဆုတောင်းလေ့ရှိတယ်။ ဘာသာရေးအကြောင်း အကြီးအကျယ် ဆွေးနွေးငြင်းခုံတာမျိုး ဖြစ်စေမယ့် စကားမျိုးကို ရှောင်တယ်။ လည်ပတ်တဲ့အချိန်ကို ကန့်သတ်ထားတယ်။” အထူးသဖြင့် ဆွေမျိုးသားချင်းတွေကို တကယ်ချစ်ရင်၊ သူတို့အကြိုက်လိုက်ဖို့ အမြဲကြိုးစားရင် အဲဒီသဘောထားကွဲလွဲမှုတွေကြောင့် အပြစ်ရှိတယ်လို့ ခံစားရနိုင်တယ်။ ဒါပေမဲ့ မိသားစုကို ချစ်တာထက် ယေဟောဝါအပေါ် သစ္စာစောင့်သိခြင်းကို ရှေ့တန်းတင်ဖို့ ကြိုးစားပါ။ ဒါဆိုရင် ကျမ်းစာအမှန်တရားကို ကျင့်သုံးခြင်းက သေရေးရှင်ရေးကိစ္စဖြစ်ကြောင်း ဆွေမျိုးသားချင်းတွေ သိမြင်လာဖို့ ကူညီပေးနိုင်တယ်။ ဘယ်လိုပဲဖြစ်ပါစေ အမှန်တရားကို လက်ခံလာဖို့ တခြားသူတွေကို တွန်းအားပေးလို့ မရကြောင်း သတိရပါ။ ယေဟောဝါရဲ့ နည်းလမ်းတွေအတိုင်း လိုက်လျှောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို မြင်သာစေပါ။ မေတ္တာရှင် ဘုရားသခင်က ဘယ်လမ်းစဉ် လိုက်ရမလဲဆိုတာ ရွေးချယ်ဖို့ ကျွန်တော်တို့ကို အခွင့်အရေး ပေးသလို သူတို့ကိုလည်း အခွင့်အရေး ပေးထားတယ်။—ဟေရှာ. ၄၈:၁၇၊ ၁၈။ w17.10 ၁၅-၁၆ ¶၁၅-၁၆

စနေနေ့၊ နိုဝင်ဘာ ၁၆

သားသမီးတို့၊ ခင်ဗျားတို့ရဲ့ မေတ္တာကို အပြောလောက်သာ မဟုတ်ဘဲ လုပ်ရပ်နဲ့ တကယ်ပြကြပါ။—၁ ယော. ၃:၁၈။

လုပ်ရပ်နဲ့ မေတ္တာပြရမယ့် အခြေအနေမျိုးမှာ အပြောလောက်နဲ့ပဲ မလုံလောက်ဘူး။ ဥပမာ၊ ခရစ်ယာန်ချင်းတစ်ယောက် စားဝတ်နေရေးအတွက် အခက်ကြုံနေတယ်ဆိုရင် စိတ်ကောင်းရှိရုံနဲ့ မလုံလောက်ဘူး။ (ယာ. ၂:၁၅၊ ၁၆) အဲဒီလိုပဲ ယေဟောဝါနဲ့ လူသားချင်းတွေကို ချစ်တဲ့မေတ္တာက “လုပ်သားတွေ စေလွှတ်ပေးဖို့” ဘုရားသခင်ဆီ တောင်းဆိုရုံထက်မက ဟောပြောခြင်းလုပ်ငန်းမှာ အပြည့်အဝ ပါဝင်ဖို့ လှုံ့ဆော်ပေးတယ်။ (မ. ၉:၃၈) မေတ္တာကို “လုပ်ရပ်နဲ့ တကယ်ပြ” ဖို့ တမန်တော် ယောဟန် ရေးခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ မေတ္တာဟာ “ဟန်ဆောင်မှု ကင်း” ရမယ်။ (ရော. ၁၂:၉။ ၂ ကော. ၆:၆) တစ်ခါတလေ မျက်နှာဖုံး စွပ်ထားသလို ဟန်ဆောင်ပန်ဆောင် မေတ္တာ ပြတာမျိုး ရှိနိုင်တယ်။ ‘ဟန်ဆောင်မေတ္တာဆိုတာ ရှိလို့လား’ လို့စဉ်းစားမိနိုင်တယ်။ ဟန်ဆောင်မေတ္တာဆိုတာ လုံးဝ အကျိုးမရှိပါဘူး။ w17.10 ၈ ¶၅-၆

တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၁၇

အဲဒီမှာရေးထားသမျှကို . . . နေ့ညမပြတ် ဖတ်ရွတ်ဆင်ခြင်ပါ။ ဒါဆိုရင် . . . ဉာဏ်ပညာရှိရှိ လုပ်ဆောင်နိုင်မယ်။—ယောရှု ၁:၈။

ကျွန်တော်တို့အပေါ် ဘုရားသခင့် နှုတ်ထွက်စကား အကျိုးသက်ရောက်စေဖို့ ပုံမှန်၊ ဖြစ်နိုင်မယ်ဆိုရင် နေ့စဉ် ဖတ်ရှုရမယ်။ အများစုက အလုပ်များကြတာ မှန်ပါတယ်။ ဒါပေမဲ့ တာဝန်ဝတ္တရားတွေအပါအဝင် ဘယ်အရာကမှ ကျမ်းစာ ဖတ်ရှုတဲ့ လုပ်ရိုးလုပ်စဉ်ကို အနှောင့်အယှက် မဖြစ်စေသင့်ဘူး။ (ဧ. ၅:၁၅၊ ၁၆) ယေဟောဝါရဲ့ ကျေးကျွန်များစွာဟာ နေ့တစ်နေ့ အစမှာဖြစ်စေ၊ အဆုံးမှာဖြစ်စေ၊ တခြားတစ်ချိန်ချိန်မှာဖြစ်စေ နေ့စဉ် ကျမ်းစာဖတ်ရှုဖို့ နည်းလမ်းတွေ ရှာတွေ့ခဲ့ကြပြီ။ “ပညတ်တော်ကို အလွန်နှစ်သက်ပါတယ်။ တစ်နေ့လုံး စဉ်းစားဆင်ခြင်ပါတယ်” လို့ ရေးခဲ့တဲ့ ဆာလံဆရာလို ခံစားကြရတယ်။ (ဆာ. ၁၁၉:၉၇) ကျမ်းစာ ဖတ်ရှုခြင်းအပြင် ဖတ်ရှုတဲ့အရာကို တွေးတောဆင်ခြင်ဖို့ အရေးကြီးတယ်။ (ဆာ. ၁:၁-၃) ဒါမှ အမြဲတမ်း မှန်ကန်တဲ့ ဉာဏ်ပညာကို လက်တွေ့ကျင့်သုံးနိုင်ကြမယ်။ ပုံနှိပ်ကျမ်းစာဖြစ်စေ၊ အီလက်ထရွန်နစ်ကျမ်းစာဖြစ်စေ ဖတ်ရှုတဲ့အခါ ပြီးရုံလောက်သာ မဟုတ်ဘဲ နှလုံးသားထဲ စိမ့်ဝင်စေဖို့ ပန်းတိုင်ထားသင့်တယ်။ w17.09 ၂၄ ¶၄-၅

တနင်္လာနေ့၊ နိုဝင်ဘာ ၁၈

ခင်ဗျားတို့အားလုံး . . . ချစ်ခင်စာနာခြင်း . . . ရှိကြပါ။—၁ ပေ. ၃:၈။

အခြေအနေတိုင်းမှာ သနားစာနာရမယ်လို့တော့ မဆိုလိုပါဘူး။ ဥပမာ၊ ဘုရင်ရှောလုဟာ နာခံမရှိဘဲ မသနားသင့်တဲ့သူတွေကို သနားစာနာခဲ့တယ်။ ဘုရားသခင့်လူမျိုးရဲ့ ရန်သူ အာဂတ်ကို အသက်ချမ်းသာ ပေးခဲ့တယ်။ ဒါကြောင့် အစ္စရေးဘုရင်အဖြစ်ကနေ ရှောလုကို ယေဟောဝါ ဖယ်ရှားခဲ့တယ်။ (၁ ရှ. ၁၅:၃၊ ၉၊ ၁၅) ယေဟောဝါဟာ ဖြောင့်မတ်တဲ့ တရားသူကြီး ဖြစ်တယ်။ လူ့စိတ်နှလုံးကို သိနိုင်တယ်။ သနားစာနာမှု မပြရမယ့်အချိန်ကိုလည်း သိတယ်။ (မြည်. ၂:၁၇။ ယေဇ. ၅:၁၁) မနာခံသူအားလုံးကို တရားစီရင်မယ့်အချိန် ရောက်တော့မယ်။ (၂ သက်. ၁:၆-၁၀) အဲဒီအချိန်ဟာ လူဆိုးအဖြစ် ယေဟောဝါ သတ်မှတ်သူတွေကို သနားစာနာရမယ့်အချိန် မဟုတ်ဘူး။ သူတို့ကို ကွပ်မျက်တာဟာ ဘုရားသခင် ကယ်တင်မယ့် ဖြောင့်မတ်သူတွေကို သနားစာနာမှု ပြတာပါပဲ။ ဘယ်သူ့ကို ကွပ်မျက်ရမယ်၊ ကယ်တင်ရမယ်လို့ ဆုံးဖြတ်တာ ကျွန်တော်တို့ရဲ့ တာဝန် မဟုတ်ဘူး။ လူတွေကို အတတ်နိုင်ဆုံး ကူညီပေးရမယ်။ w17.09 ၁၀-၁၁ ¶၁၀-၁၂

အင်္ဂါနေ့၊ နိုဝင်ဘာ ၁၉

စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး ကတော့ . . . ချုပ်တည်းခြင်း . . . ပါပဲ။—ဂလ. ၅:၂၂၊ ၂၃။

ချုပ်တည်းခြင်းဆိုတာ ဘုရားပေး အရည်အသွေးပါ။ ယေဟောဝါမှာ ချုပ်တည်းမှု အပြည့်အဝရှိတယ်။ လူသားတွေကတော့ မစုံလင်တဲ့အတွက် ချုပ်တည်းနိုင်ဖို့ ကြိုးစားနေရတယ်။ လူတွေ ကြုံနေရတဲ့ ပြဿနာများစွာဟာ ချုပ်တည်းမှု မရှိလို့ပဲ။ ချုပ်တည်းမှု မရှိတဲ့အတွက် ကျောင်းမှာ၊ အလုပ်ခွင်မှာ အချိန်ဆွဲခြင်း၊ အလုပ်မတွင်ခြင်းတို့ ဖြစ်ပေါ်နိုင်တယ်။ ဆဲဆိုခြင်း၊ မူးယစ်ခြင်း၊ အကြမ်းဖက်ခြင်း၊ ကွာရှင်းခြင်း၊ အကြွေးတင်ခြင်း၊ တစ်ခုခုကို စွဲလမ်းခြင်း၊ ထောင်ကျခြင်း၊ မလိုချင်တဲ့ ကိုယ်ဝန်ရခြင်း၊ စိတ်ဒဏ်ရာ၊ လိင်ဆိုင်ရာ ကူးစက်ရောဂါစတာတွေလည်း ဖြစ်စေနိုင်တယ်။ (ဆာ. ၃၄:၁၁-၁၄) ချုပ်တည်းမှု မရှိတဲ့ ပြဿနာဟာ ပိုပိုဆိုးလာနေတယ်။ ၁၉၄၀ ပြည့်လွန်နှစ်တွေမှာ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းခြင်းအကြောင်း လေ့လာခဲ့ကြပေမဲ့ မကြာသေးခင်က လေ့လာမှုတွေအရ ပိုဆိုးလာတယ်။ “မချုပ်တည်းနိုင်သူ” များလာခြင်းက “နောက်ဆုံးကာလ” ရဲ့ လက္ခဏာတစ်ခုပဲလို့ ကျမ်းစာမှာ ကြိုပြောထားတဲ့အတွက် ကျမ်းစာလေ့လာသူတွေ မအံ့ဩကြဘူး။—၂ တိ. ၃:၁-၃။ w17.09 ၃ ¶၁-၂

ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၂၀

လူ့ဉာဏ်နဲ့မမီနိုင်တဲ့ ဘုရားသခင့်ငြိမ်သက်ခြင်းက . . . ခင်ဗျားတို့ရဲ့ စိတ်နှလုံး . . . ကို စောင့်ရှောက်ပေးပါလိမ့်မယ်။—ဖိ. ၄:၇။

“ဘုရားသခင့် ငြိမ်သက်ခြင်း” က ကျွန်တော်တို့ရဲ့ စိတ်နှလုံးကို ငြိမ်းအေးစေတယ်။ ကျွန်တော်တို့ကို ယေဟောဝါ ဂရုစိုက်ကြောင်း၊ အောင်မြင်စေချင်ကြောင်း သိထားကြတယ်။ (၁ ပေ. ၅:၁၀) အဲဒီအသိက စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျမှုကြောင့် ဖိစီးမနေဖို့ ကာကွယ်ပေးတယ်။ မကြာခင် ကမ္ဘာပေါ် ဖြစ်ခဲ့သမျှမှာ အကြီးမားဆုံး ဘေးဒုက္ခ ကျရောက်ပါတော့မယ်။ (မ. ၂၄:၂၁၊ ၂၂) ကျွန်တော်တို့တစ်ယောက်စီ ဘာကြုံတွေ့ရမလဲဆိုတာ အသေးစိတ် မသိကြဘူး။ ဒါပေမဲ့ စိုးရိမ်ပူပန်ဖို့ မလိုပါဘူး။ ယေဟောဝါ လုပ်ဆောင်မယ့်အရာ မှန်သမျှကို မသိပေမဲ့ ကျွန်တော်တို့ ကိုးကွယ်တဲ့ ဘုရားသခင်ကိုတော့ သိကြတယ်။ ဘာပဲဖြစ်ဖြစ် မိမိရည်ရွယ်ချက်ကို အမြဲပြည့်စုံစေမယ်၊ တစ်ခါတလေ မျှော်လင့်မထားတာတွေကို လုပ်ဆောင်မယ်ဆိုတာ အတိတ်ဖြစ်ရပ်တွေကနေ သိထားကြတယ်။ ယေဟောဝါ အဲဒီလို လုပ်ဆောင်ပေးတိုင်း “လူ့ဉာဏ်နဲ့ မမီနိုင်တဲ့ ဘုရားသခင့် ငြိမ်သက်ခြင်း” ကို နည်းလမ်းအသစ်နဲ့ ခံစားရနိုင်ပါတယ်။ w17.08 ၁၂ ¶၁၆-၁၇

ကြာသပတေးနေ့၊ နိုဝင်ဘာ ၂၁

သခင်ရောက်ရှိနေချိန်အထိ စိတ်ရှည်ကြပါ။—ယာ. ၅:၇။

‘ဘယ်လောက်ကြာမလဲ။’ ‘ဘယ်အချိန်အထိလဲ။’ သစ္စာရှိ ပရောဖက် ဟေရှာယနဲ့ ဟဗက္ကုတ်တို့ အဲဒီလို မေးခဲ့ကြတယ်။ (ဟေရှာ. ၆:၁၁။ ဟဗ. ၁:၂) ပတ်ဝန်းကျင်မှာရှိတဲ့ သစ္စာမဲ့သူတွေကြောင့် သခင် ယေရှုခရစ်လည်း အဲဒီလို မေးခဲ့တယ်။ (မ. ၁၇:၁၇) ကျွန်တော်တို့လည်း အဲဒီလိုမေးမိတဲ့အခါ မအံ့ဩသင့်ဘူး။ မတရားမှုတစ်မျိုးမျိုး ကြုံနေရလို့ ဖြစ်နိုင်တယ်။ အိုမင်းမှု၊ ဖျားနာမှု၊ “အလွန် ခက်ခဲကျပ်တည်း” တဲ့ “နောက်ဆုံးကာလ” ဖိစီးမှုတွေ ခံနေရနိုင်တယ်။ (၂ တိ. ၃:၁) ပတ်ဝန်းကျင်က လူတွေရဲ့ မှားယွင်းတဲ့သဘောထားကြောင့် စိတ်ပင်ပန်းနေနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ယေဟောဝါရဲ့ ရှေးခေတ် သစ္စာရှိကျေးကျွန်တွေ အလားတူ မေးခဲ့တာ၊ သူတို့တစ်တွေ အပြစ်တင်မခံရတာကို သိရခြင်းက အားရှိစရာပါပဲ။ ခက်ခဲတဲ့ အခြေအနေတွေ ကြုံရတဲ့အခါ ဘာက ကူညီပေးနိုင်သလဲ။ ဒီနေ့ကျမ်းချက်ပါ စကားတွေနဲ့ တပည့်တော် ယာကုပ် အဖြေပေးခဲ့တယ်။ w17.08 ၃-၄ ¶၁-၃

သောကြာနေ့၊ နိုဝင်ဘာ ၂၂

ခင်ဗျားတို့လည်း မဖြောင့်မတ်တဲ့ စည်းစိမ်ကိုသုံးပြီး မိတ်ဖွဲ့ထားပါ။—လု. ၁၆:၉။

ယေရှုက မိမိနောက်လိုက်တွေကို “မဖြောင့်မတ်တဲ့ စည်းစိမ်” ကို အသုံးပြုပြီး ကောင်းကင်မှာ မိတ်ဖွဲ့ဖို့ တိုက်တွန်းခဲ့တယ်။ ပစ္စည်းဥစ္စာ သုံးပြီး သစ္စာရှိကြောင်း ပြနိုင်တဲ့ နည်းလမ်းတစ်ခုက ယေရှု ကြိုဟောထားတဲ့ ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်းအတွက် အလှူငွေ ထည့်ဝင်ခြင်းပါပဲ။ (မ. ၂၄:၁၄) အိန္ဒိယနိုင်ငံက မိန်းကလေးတစ်ယောက် စုဘူးတစ်ဘူး လုပ်ပြီး အကြွေစေ့တွေ စုတယ်။ အရုပ်တွေတောင် မဝယ်တော့ဘူး။ စုဘူး ပြည့်သွားတဲ့အခါ ဟောပြောခြင်းလုပ်ငန်းမှာ သုံးဖို့ ပေးလိုက်တယ်။ အိန္ဒိယနိုင်ငံက အုန်းခြံပိုင်တဲ့ ညီအစ်ကိုတစ်ယောက် မာလာယလမ် ဘာသာပြန်ရုံးခွဲကို အုန်းသီးတွေ အများကြီးလှူတယ်။ ရုံးမှာ အုန်းသီးတွေ လိုမှာပဲ လို့တွေးပြီး ငွေပေးမယ့်အစား အုန်းသီးပဲ တိုက်ရိုက်ပေးလိုက်တယ်။ ဒါဟာ အမြော်အမြင်ရှိတာပဲ။ အဲဒီလိုပဲ ဂရိနိုင်ငံက ညီအစ်ကိုတွေလည်း ဗေသလမိသားစုအတွက် သံလွင်ဆီ၊ ဒိန်ခဲနဲ့ တခြားစားစရာတွေ ပုံမှန် လှူကြတယ်။ w17.07 ၈ ¶၇-၈

စနေနေ့၊ နိုဝင်ဘာ ၂၃

ဇိအုန်သီချင်း တစ်ပုဒ်လောက် ဆိုပြစမ်းပါ။—ဆာ. ၁၃၇:၃။

ဗာဗုလုန်သုံ့ပန်းဖြစ်နေတဲ့ ဂျူးတွေ ဘယ်လို သီချင်းဆိုနိုင်မလဲ။ နှစ်သိမ့်မှု လိုနေကြတယ်။ ဒါပေမဲ့ ဘုရားသခင့် ပရောဖက်ပြုချက်စကားအတိုင်း ပါရှားဘုရင် ဆိုင်းရပ်အားဖြင့် ကယ်နုတ်ခဲ့တယ်။ ဆိုင်းရပ်က ဗာဗုလုန်ကို အောင်နိုင်ပြီး “ယေဟောဝါဘုရားက ငါ့ကို . . . ဂျေရုဆလင်မြို့မှာ အိမ်တော် တည်ဆောက်ပါလို့လည်း တာဝန်ပေးလိုက်ပြီ။ လူမျိုးတော်ထဲမှာပါတဲ့ မင်းတို့အားလုံးနဲ့အတူ ယေဟောဝါဘုရား ရှိပါစေ။ ဂျေရုဆလင်မြို့ကို ပြန်သွားကြစေ” လို့ကြေညာခဲ့တယ်။ (၂ ရာ. ၃၆:၂၃) ဗာဗုလုန်မှာ ရောက်နေတဲ့ အစ္စရေးတွေအတွက် ဒီအခြေအနေက တကယ်စိတ်သက်သာစရာပါပဲ။ ယေဟောဝါဟာ အစ္စရေးတွေကို တစ်မျိုးသားလုံးအနေနဲ့သာမက တစ်ယောက်ချင်းစီကိုပါ နှစ်သိမ့်ပေးတယ်။ ဒီနေ့လည်း အလားတူပါပဲ။ ဘုရားသခင်က “စိတ်ကြေကွဲနေသူတွေကို ကုသပေးတယ်။ ဒဏ်ရာတွေကို စည်းပေးတယ်။” (ဆာ. ၁၄၇:၃) ယေဟောဝါဟာ ကိုယ်ကာယပိုင်း၊ စိတ်ပိုင်း ပြဿနာရှိသူအားလုံးကို ဂရုစိုက်ပေးတယ်။ ဒီနေ့လည်း ကျွန်တော်တို့ကို ယေဟောဝါ နှစ်သိမ့်ပေးချင်တယ်။ စိတ်ဒဏ်ရာတွေကို သက်သာစေချင်တယ်။ (ဆာ. ၃၄:၁၈။ ဟေရှာ. ၅၇:၁၅) ကြုံရနိုင်တဲ့ ဘယ်ဒုက္ခကိုမဆို အောင်မြင်နိုင်ဖို့ ဉာဏ်ပညာနဲ့ ခွန်အား ပေးတယ်။—ယာ. ၁:၅။ w17.07 ၁၈ ¶၄-၅

တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၂၄

ကိုယ့်ဘဏ္ဍာရှိတဲ့နေရာမှာ ကိုယ့်စိတ် ရောက်နေတတ်တယ်။—လု. ၁၂:၃၄။

ယေဟောဝါဟာ စကြဝဠာမှာ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်တယ်။ (၁ ရာ. ၂၉:၁၁၊ ၁၂) ရက်ရောတဲ့ ဖခင်တစ်ယောက်အနေနဲ့ ဘုရားရေးရာဘဏ္ဍာရဲ့ တန်ဖိုးအကြောင်း သိနားလည်သူအားလုံးကို ဘုရားရေးရာဘဏ္ဍာတွေ ရက်ရက်ရောရော ဝေမျှတယ်။ (၁) ဘုရားနိုင်ငံတော်၊ (၂) အသက်ကယ် အမှုဆောင်လုပ်ငန်း၊ (၃) ကျမ်းစာပါ အဖိုးတန် အမှန်တရား အပါအဝင် ဘုရားရေးရာဘဏ္ဍာတွေကို ယေဟောဝါ ပေးထားလို့ ကျေးဇူးတင်စရာပါပဲ။ ဒါပေမဲ့ သတိမထားဘူးဆိုရင် အဲဒီဘဏ္ဍာတွေကို တန်ဖိုးထားလေးမြတ်စိတ် ပျောက်ဆုံးသွားနိုင်ပြီး စွန့်ပစ်မိနိုင်တယ်။ ဘဏ္ဍာတွေကို ကောင်းကောင်း အသုံးပြုခြင်း၊ အမြဲတန်ဖိုးထား မြတ်နိုးခြင်းအားဖြင့် ဆုပ်ကိုင်ထားရမယ်။ ကျွန်တော်တို့အများစုလည်း ဘုရားနိုင်ငံတော်ရဲ့ လက်အောက်ခံတွေဖြစ်ဖို့ ဘဝမှာ အပြောင်းအလဲတွေ လုပ်ခဲ့ကြတယ်။ (ရော. ၁၂:၂) ဒါပေမဲ့ မပြီးသေးပါဘူး။ ရုပ်ပစ္စည်း တပ်မက်စိတ်၊ လိင်အကျင့် ယိုယွင်းချင်စိတ် အပါအဝင် စွဲလမ်းတပ်မက်စိတ် ဖြစ်စေမယ့်အရာတွေကို သတိထားနေကြရမယ်။—ပညာ. ၄:၂၃။ မ. ၅:၂၇-၂၉။ w17.06 ၉ ¶၁။ ၁၀ ¶၇

တနင်္လာနေ့၊ နိုဝင်ဘာ ၂၅

ဒါတွေကို သိ[သလား။]—ယောဘ ၃၈:၂၁။

ဒုက္ခရောက်ရတဲ့ အကြောင်းရင်းကို ရှင်းပြဖို့ ယေဟောဝါ အဓိက ပြောဆိုနေတာ မဟုတ်ဘူး။ ရှင်းပြမယ်ဆိုရင် ဘုရားသခင်က ရှင်းချက်ထုတ်နေသလို ဖြစ်သွားမယ်။ ဘုရားသခင်ရဲ့ ကြီးမြတ်မှုနဲ့ ယှဉ်ရင် ယောဘ ဘာမှအရေးမပါကြောင်း နားလည်ဖို့ ယေဟောဝါ ပြောခဲ့တာပါ။ ထည့်စဉ်းစားရမယ့် ပိုအရေးကြီးတဲ့ကိစ္စတွေရှိမှန်း သိလာအောင် ယောဘကို ကူညီပေးခဲ့တယ်။ (ယောဘ ၃၈:၁၈-၂၀) ဒီလိုနဲ့ ယောဘ တော်မှန်တဲ့အမြင် ပြန်ရခဲ့တယ်။ ပြင်းထန်တဲ့စမ်းသပ်မှုကို ယောဘ ခံရပ်ပြီးတဲ့အခါ တဲ့တိုးဆုံးမတာက ယေဟောဝါ ရက်စက်ရာကျသလား။ မကျပါဘူး။ ယောဘ အဲဒီလို မယူဆခဲ့ဘူး။ ဒုက္ခသုက္ခတွေကြားမှာ ယောဘ ကျေးဇူးတင်လေးမြတ်စွာ ပြောဆိုခဲ့တယ်။ “ပြောခဲ့တဲ့စကားတွေကို ပြန်ရုပ်သိမ်းပါတယ်။ မြေမှုန့်နဲ့ ပြာထဲမှာထိုင်ပြီး နောင်တရပါပြီ” လို့တောင် ပြောခဲ့တယ်။ ယေဟောဝါရဲ့ တဲ့တိုးဆုံးမမှု ရလဒ်ပါပဲ။ (ယောဘ ၄၂:၁-၆) ဘုရားသခင်ရဲ့ ဆုံးမမှုကို ယောဘ လက်ခံပြီး အမြင် ပြောင်းလဲတဲ့အခါ စမ်းသပ်မှုအောက် ယောဘသစ္စာရှိတာကို နှစ်သက်ကြောင်း တခြားသူတွေကို ယေဟောဝါ ပြောခဲ့တယ်။—ယောဘ ၄၂:၇၊ ၈။ w17.06 ၂၄-၂၅ ¶၁၁-၁၂

အင်္ဂါနေ့၊ နိုဝင်ဘာ ၂၆

မာရိကတော့ အကောင်းဆုံးကို ရွေးလိုက်ပြီ။ အဲဒါကို သူ့ဆီကနေ ဘယ်သူမှ လုယူလို့ မရဘူး။—လု. ၁၀:၄၂။

လောကီရေးရာနဲ့ ဘုရားရေးရာအပေါ် မျှတတဲ့အမြင် ရှိမရှိ သိနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ငါ့ရဲ့ လောကအလုပ်က စိတ်ဝင်စားစရာ၊ ပျော်စရာကောင်းပြီး ဘုရားရေးရာအလုပ်တွေကတော့ ပုံမှန်လုပ်ရိုးလုပ်စဉ်လို ဖြစ်နေသလား။’ ဒီကိစ္စတွေကို စဉ်းစားတွေးတောတာက ဘယ်အရာကို တကယ်ချစ်ခင်တွယ်တာနေမှန်း သိအောင် ကူညီပေးတယ်။ လောကအလုပ်နဲ့ ဘုရားရေးရာအလုပ်ကို မျှတစေဖို့ ယေရှု သင်ပေးတယ်။ တစ်ခါက မာရိနဲ့ မာသတို့ ညီအစ်မအိမ်ကို ယေရှု လည်ပတ်ခဲ့တယ်။ မာသကတော့ သုတ်သုတ်ပျာပျာ ချက်ပြုတ်နေတယ်။ မာရိကတော့ ယေရှုရဲ့ ခြေရင်းမှာ ထိုင်ပြီး နားထောင်နေတယ်။ မာရိ မကူညီပေးလို့ မာသ အပြစ်တင်တဲ့အခါ ယေရှုက ဒီနေ့ ကျမ်းချက်ပါစကားတွေကို ပြောခဲ့တယ်။ (လု. ၁၀:၃၈-၄၂) မာသကို အဖိုးတန်သင်ခန်းစာတစ်ခု ယေရှု သင်ပေးခဲ့တယ်။ လောကအလုပ်ကြောင့် အာရုံမများဖို့၊ ခရစ်တော်ကို ချစ်ကြောင်း သက်သေပြဖို့ “အကောင်းဆုံးကို ရွေး” နေရမယ်။ ဘုရားရေးရာကို ဦးစားထားနေရမယ်။ w17.05 ၂၄ ¶၉-၁၀

ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၂၇

ဖခင်ရဲ့ ဆုံးမစကားကို နားထောင်ပါ။—ပညာ. ၁:၈။

သားသမီးတွေကို အမှန်တရား သင်ပေးဖို့ အဘိုးအဘွား၊ တခြားတစ်ယောက်ယောက်ကို မဟုတ်ဘဲ မိဘတွေကို ယေဟောဝါ တာဝန်ပေးခဲ့တယ်။ (ပညာ. ၃၁:၁၀၊ ၂၇၊ ၂၈) ဒါပေမဲ့ ဒေသခံ ဘာသာစကားကို မတတ်တဲ့ မိဘတွေဟာ သားသမီးတွေရဲ့ စိတ်နှလုံးကို ထိမိအောင် သွန်သင်ပေးဖို့ အကူအညီ လိုအပ်နိုင်တယ်။ မိဘတွေ အကူအညီ တောင်းခြင်းက သူတို့ရဲ့ ဘုရားပေးတာဝန်ကို လျစ်လျူရှုတာ မဟုတ်ဘူး။ “ယေဟောဝါမိန့်မှာတဲ့အတိုင်း သူတို့ကို ဆုံးမသွန်သင်” ခြင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်တယ်။ (ဧ. ၆:၄) ဥပမာ၊ မိဘတွေက မိသားစု ဝတ်ပြုမှုအတွက် အသင်းတော် အကြီးအကဲတွေဆီ အကြံဉာဏ် တောင်းနိုင်တယ်။ သားသမီးတွေအတွက် အပေါင်းအသင်းကောင်းရဖို့ အကူအညီ တောင်းနိုင်တယ်။ မိသားစုဝတ်ပြုမှုမှာ ပါဝင်ဖို့ တခြားမိသားစုတွေကို တစ်ခါတလေ ဖိတ်ခေါ်နိုင်တယ်။ လူငယ်တွေဟာ တခြားခရစ်ယာန်တွေနဲ့အတူ အမှုဆောင်တဲ့အခါ၊ အတူအပန်းဖြေတဲ့အခါ အကျိုးခံစားကြရတယ်။—ပညာ. ၂၇:၁၇။ w17.05 ၁၁-၁၂ ¶၁၇-၁၈

ကြာသပတေးနေ့၊ နိုဝင်ဘာ ၂၈

အီဂျစ်ပြည်ကို ထွက်ပြေးပါ။—မ. ၂:၁၃။

ဘုရင်ဟေရုဒ်က ယေရှုကို သတ်ချင်နေကြောင်း ယောသပ်ကို ယေဟောဝါရဲ့ ကောင်းကင်တမန် သတိပေးပြီးနောက်မှာ ယေရှုနဲ့ မိဘတွေ အီဂျစ်ပြည်မှာ ဒုက္ခသည်အဖြစ် နေခဲ့ရတယ်။ ဟေရုဒ် ကွယ်လွန်တဲ့အထိ အဲဒီမှာ နေခဲ့တယ်။ (မ. ၂:၁၄၊ ၁၉-၂၁) ဆယ်စုနှစ်တွေ ကြာပြီးနောက် ယေရှုရဲ့ အစောပိုင်းတပည့်တွေဟာ နှိပ်စက်ညှဉ်းပန်းမှုကြောင့် “ယုဒပြည်၊ ရှမာရိပြည်အနှံ့ ကွဲလွင့်သွား” ကြတယ်။ (တ. ၈:၁) နောက်လိုက်များစွာ အိမ်ကနေ မဖြစ်မနေ ထွက်ပြေးရမယ်လို့ ယေရှု ကြိုမြင်ခဲ့တယ်။ “ဒီမြို့မှာ ညှဉ်းဆဲရင် နောက်တစ်မြို့ကို ထွက်ပြေးပါ” လို့ပြောခဲ့တယ်။ (မ. ၁၀:၂၃) ယေဟောဝါသက်သေ ထောင်နဲ့ချီလည်း ထွက်ပြေးခဲ့ကြတယ်။ အများစုဟာ ချစ်ရတဲ့သူတွေနဲ့ ပိုင်ဆိုင်ရာအားလုံးနီးပါး ဆုံးရှုံးခဲ့ကြတယ်။ တချို့ ထွက်ပြေးတဲ့အခါ၊ ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့အခါ အန္တရာယ်တွေ ကြုံတွေ့ရနိုင်တယ်။ စခန်းမှာ သောက်စားတယ်။ လောင်းကစား လုပ်တယ်။ ခိုးတယ်။ အကျင့်ပျက်ကြတယ်။ တောကန္တာရမှာ အစ္စရေးတွေ ခရီးကြမ်းနှင်တဲ့အချိန် ကုန်ဆုံးသလို ဒုက္ခသည်စခန်းမှာ နေရတဲ့အချိန်တွေလည်း ကုန်ဆုံးသွားမယ်ဆိုတဲ့ အကောင်းမြင် သဘောထားကို ထိန်းသိမ်းခဲ့ကြတယ်။— ၂ ကော. ၄:၁၈။ w17.05 ၃-၄ ¶၂-၅

သောကြာနေ့၊ နိုဝင်ဘာ ၂၉

ပညတ်တော်ကို အလွန်နှစ်သက်သူတွေဟာ သိပ်ကို ငြိမ်သက်အေးချမ်းပါတယ်။ ဘာကမှ သူတို့ကို တိုက်မိလဲအောင် မလုပ်နိုင်ဘူး။—ဆာ. ၁၁၉:၁၆၅။

တစ်ခါတလေ အသင်းတော်ထဲမှာ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်သိထားသူ တစ်ယောက်ယောက်ဖြစ်စေ မတရားမှု ဖြစ်ပုံရတဲ့ အခြေအနေ တစ်မျိုးမျိုး မြင်ရ၊ ကြုံရနိုင်တယ်။ တိုက်မိမလဲပါနဲ့။ အဲဒီအစား ဘုရားသခင်ဆီ သစ္စာရှိရှိ အားကိုးတကြီး ဆုတောင်းပါ။ တစ်ချိန်တည်းမှာ အချက်အလက်အားလုံးကို မသိကြောင်း နှိမ့်ချကျိုးနွံစွာ အသိအမှတ်ပြုပါ။ ကိုယ့်ရဲ့ မစုံလင်တဲ့အမြင်မှာ အမှားတွေ ရှိနေနိုင်ကြောင်း သိထားပါ။ အတင်းအဖျင်းပြောခြင်းက အခြေအနေကို ပိုဆိုးစေရုံပဲ ရှိတဲ့အတွက် ရှောင်ကြရမယ်။ ကိစ္စရပ်တွေကို ကိုယ့်ဘာသာကိုယ် ဖြေရှင်းလိုက်မယ့်အစား ယေဟောဝါ တည့်မတ်ပေးတဲ့အချိန်အထိ သစ္စာရှိရှိ၊ စိတ်ရှည်ရှည် စောင့်ဆိုင်းကြပါစို့။ အဲဒါက ယေဟောဝါရဲ့ နှစ်သက်မှုနဲ့ ကောင်းချီး ရရှိစေမှာ သေချာပါတယ်။ ‘မြေတစ်ပြင်လုံးရဲ့ တရားသူကြီး’ ယေဟောဝါရဲ့ ‘နည်းလမ်းတော်တွေ တရားမျှတ’ တာမို့ မှန်ကန်တာကို အမြဲလုပ်မယ်ဆိုတာ စိတ်ချနိုင်ပါတယ်။—က. ၁၈:၂၅။ တရား. ၃၂:၄။ w17.04 ၂၂ ¶၁၇

စနေနေ့၊ နိုဝင်ဘာ ၃၀

လူဆိုးက မိမိလမ်းစဉ်ကို စွန့်ပါစေ။ . . . ကရုဏာ ပြမယ့် ယေဟောဝါဆီ ပြန်လှည့်လာပါစေ။—ဟေရှာ. ၅၅:၇။

မပြောင်းလဲတဲ့သူတွေ၊ ကြီးစွာသောဒုက္ခ ရောက်လာချိန်အထိ ဒီစနစ်ကို ထောက်ခံပံ့ပိုးနေသူတွေ ဘာဖြစ်မလဲ။ ကမ္ဘာပေါ်ကနေ လူဆိုးတွေကို ထာဝစဉ် ဖယ်ရှားပစ်မယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ (ဆာ. ၃၇:၁၀) အဲဒီစီရင်ချက်ကနေ ကင်းလွတ်မယ်လို့ လူဆိုးတွေ ထင်နိုင်တယ်။ မိမိတို့ လုပ်ရပ်ကို ဖုံးဖိတတ်နေကြပြီ။ ဒီလောကမှာတော့ ပြစ်ဒဏ်မခံရဘဲ လွတ်သွားလေ့ရှိကြတယ်။ (ယောဘ ၂၁:၇၊ ၉) ဒါပေမဲ့ “ဘုရားက လူသွားတဲ့လမ်းတွေကို ကြည့်နေတာ။ ခြေလှမ်းတိုင်းကို မြင်နေတာ။ အမှားလုပ်တဲ့သူတွေ ပုန်းနိုင်လောက်အောင် မှောင်တဲ့ အမှောင်ထုဆိုတာ မရှိဘူး” လို့ ကျမ်းစာမှာ သတိပေးထားတယ်။ (ယောဘ ၃၄:၂၁၊ ၂၂) ယေဟောဝါဘုရား မမြင်တာ ဘာမှ မရှိဘူး။ ဘယ်အယောင်ဆောင်သူကမှ ဘုရားသခင်ကို လှည့်စားလို့ မရဘူး။ ဘုရားသခင်ရဲ့ အကန့်အသတ်မဲ့ အမြင်အာရုံ မမြင်နိုင်လောက်တဲ့ အမှောင်ရိပ်ဆိုတာ မရှိဘူး။ အာမဂေဒုန်ပြီးနောက် လူဆိုးတွေ ရှိခဲ့ဖူးတဲ့နေရာတွေကို ကြည့်လိုက်တဲ့အခါ သူတို့ကို မတွေ့ရတော့ဘူး။ ထာဝစဉ် ကွယ်ပျောက်သွားကြပါလိမ့်မယ်။—ဆာ. ၃၇:၁၂-၁၅။ w17.04 ၁၀ ¶၅

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ