ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • es19 စာ. ၉၈-၁၀၈
  • အောက်တိုဘာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အောက်တိုဘာ
  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • အင်္ဂါနေ့၊ အောက်တိုဘာ ၁
  • ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၂
  • ကြာသပတေးနေ့၊ အောက်တိုဘာ ၃
  • သောကြာနေ့၊ အောက်တိုဘာ ၄
  • စနေနေ့၊ အောက်တိုဘာ ၅
  • တနင်္ဂနွေနေ့၊ အောက်တိုဘာ ၆
  • တနင်္လာနေ့၊ အောက်တိုဘာ ၇
  • အင်္ဂါနေ့၊ အောက်တိုဘာ ၈
  • ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၉
  • ကြာသပတေးနေ့၊ အောက်တိုဘာ ၁၀
  • သောကြာနေ့၊ အောက်တိုဘာ ၁၁
  • စနေနေ့၊ အောက်တိုဘာ ၁၂
  • တနင်္ဂနွေနေ့၊ အောက်တိုဘာ ၁၃
  • တနင်္လာနေ့၊ အောက်တိုဘာ ၁၄
  • အင်္ဂါနေ့၊ အောက်တိုဘာ ၁၅
  • ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၁၆
  • ကြာသပတေးနေ့၊ အောက်တိုဘာ ၁၇
  • သောကြာနေ့၊ အောက်တိုဘာ ၁၈
  • စနေနေ့၊ အောက်တိုဘာ ၁၉
  • တနင်္ဂနွေနေ့၊ အောက်တိုဘာ ၂၀
  • တနင်္လာနေ့၊ အောက်တိုဘာ ၂၁
  • အင်္ဂါနေ့၊ အောက်တိုဘာ ၂၂
  • ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၂၃
  • ကြာသပတေးနေ့၊ အောက်တိုဘာ ၂၄
  • သောကြာနေ့၊ အောက်တိုဘာ ၂၅
  • စနေနေ့၊ အောက်တိုဘာ ၂၆
  • တနင်္ဂနွေနေ့၊ အောက်တိုဘာ ၂၇
  • တနင်္လာနေ့၊ အောက်တိုဘာ ၂၈
  • အင်္ဂါနေ့၊ အောက်တိုဘာ ၂၉
  • ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၃၀
  • ကြာသပတေးနေ့၊ အောက်တိုဘာ ၃၁
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၁၉
es19 စာ. ၉၈-၁၀၈

အောက်တိုဘာ

အင်္ဂါနေ့၊ အောက်တိုဘာ ၁

တစ်ယောက်ယောက်က ဉာဏ်ပညာလိုနေရင် ဘုရားသခင်ဆီ တောင်းမြဲတောင်းပါ။ ကဲ့ရဲ့တာမျိုးမလုပ်ဘဲ လူအားလုံးကို ရက်ရက်ရောရော . . . ပေးလိမ့်မယ်။—ယာ. ၁:၅။

ယေဟောဝါဟာ ဉာဏ်ပညာရဲ့ ပင်ရင်းဖြစ်ပြီး တခြားသူတွေကို  ရက်ရောစွာ  ဝေမျှပေးတယ်။ ဘုရားသခင်ဆီက ဉာဏ်ပညာရတဲ့ နည်းတစ်နည်းက ဆုံးမမှုကို လက်ခံခြင်းပါပဲ။ ဉာဏ်ပညာဟာ ကိုယ်ကျင့်တရားနဲ့ ဘုရားရေးရာ အန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်တယ်။ (ပညာ. ၂:၁၀-၁၂) ဒါက ‘ထာဝရအသက်ရစေပြီး ဘုရားသခင့်မေတ္တာ ခံစားရစေ’ တယ်။ (ယု. ၂၁) ကျွန်တော်တို့ရဲ့ အပြစ်လုပ်ချင်စိတ်၊ ကြီးပြင်းလာပုံနဲ့ တခြားအချက်တွေကြောင့် ဆုံးမမှုကို လက်ခံဖို့၊ အကောင်းမြင်ဖို့ ခက်ခဲနိုင်တယ်။ ဘုရားမေတ္တာကို ဖော်ပြတဲ့ ဆုံးမမှုရဲ့ အကျိုးကျေးဇူးတွေ ခံစားရမှ တန်ဖိုးနားလည်လာကြတယ်။ ‘ငါ့သား၊ ယေဟောဝါဆုံးမတာကို မငြင်းပယ်ပါနဲ့။ . . . ယေဟောဝါက ချစ်ရတဲ့သူတွေကို ပဲ့ပြင်တတ်တယ်’ လို့ ပညာအလိမ္မာ ၃:၁၁၊ ၁၂ မှာ ပြောထားတယ်။ ကျွန်တော်တို့ရဲ့ ကောင်းကျိုးကို ယေဟောဝါ လိုလားကြောင်း မမေ့ပါနဲ့။ (ဟီ. ၁၂:၅-၁၁) ကျွန်တော်တို့အကြောင်း အပြည့်အဝ သိတဲ့အတွက် ဘုရားသခင်ရဲ့ ဆုံးမမှုဟာ အမြဲ တော်သင့်မှန်ကန်တယ်။ w18.03 ၂၈ ¶၁-၂

ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၂

ဧည့်ဝတ်ပြုကြပါ။—၁ ပေ. ၄:၉။

ယဉ်ကျေးမှုကွဲပြားနေတဲ့ အာရှမိုင်းနားက အသင်းတော်တွေဆီ အထက်ပါအတိုင်း တမန်တော် ပေတရု စာရေးခဲ့တယ်။ သူတို့ဟာ “မီးလိုပူလောင်တဲ့ စမ်းသပ်မှုတွေ” ခံနေကြရတယ်။ ဒီခက်ခဲချိန်တစ်လျှောက် ခံရပ်နိုင်ဖို့ ခရစ်ယာန်တွေကို ဘာက ကူညီပေးမလဲ။ (၁ ပေ. ၁:၁။ ၄:၄၊ ၇၊ ၁၂) သိကျွမ်းပြီးသား ညီအစ်ကို/မ အချင်းချင်းကို ဧည့်ဝတ်ပြုဖို့ ပေတရု တိုက်တွန်းနေတာ။ ဧည့်ဝတ်ပြုခြင်းက သူတို့ကို ဘယ်လို ကူညီပေးမလဲ။ ဧည့်ဝတ်ပြုတာက အချင်းချင်းကို ပိုရင်းနှီးစေတယ်။ သင်ကော။ တစ်ယောက်ယောက်ကို ဧည့်ဝတ်ပြုလို့ ပျော်ရွှင်ခဲ့ဖူးသလား။ ပျော်စရာ အမှတ်တရတွေ ရခဲ့တယ် မဟုတ်လား။ ညီအစ်ကို/မတချို့ကို ဧည့်ဝတ်ပြုတဲ့အခါ ပိုရင်းနှီးလာကြတယ် မဟုတ်လား။ ဧည့်ဝတ်ပြုခြင်းအားဖြင့် ညီအစ်ကို/မတွေအကြောင်း ပိုသိလာတယ်။ ပေတရုခေတ်က ခရစ်ယာန်တွေဟာ အခြေအနေတွေ ပိုဆိုးလာတာနဲ့အမျှ အချင်းချင်း ပိုရင်းနှီးဖို့ လိုအပ်တယ်။ “နောက်ဆုံးကာလ” မှာ အသက်ရှင်တဲ့ ခရစ်ယာန်စစ်တွေလည်း အလားတူပါပဲ။—၂ တိ. ၃:၁။ w18.03 ၁၄-၁၅ ¶၁-၃

ကြာသပတေးနေ့၊ အောက်တိုဘာ ၃

ဘုရားသခင်ကို မှီခိုဖို့ လိုအပ်မှန်း သိမြင်သူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။ ကောင်းကင်နိုင်ငံဟာ သူတို့အတွက် ဖြစ်လိမ့်မယ်။—မ. ၅:၃။

စွမ်းအားတော် လမ်းပြမှုနောက် လိုက်တဲ့သူတွေကို ကျမ်းစာမှာ ချီးမွမ်းထားတယ်။ ရောမ ၈:၆ မှာ စွမ်းအားတော် လမ်းပြမှုနောက် လိုက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပြီး “အပြစ်ရှိတဲ့အရာတွေဆီ စိတ်ရောက်နေတာက သေစေနိုင်တယ်။ စွမ်းအားတော်နဲ့ဆိုင်တဲ့ အရာတွေဆီ စိတ်ရောက်နေတာက အသက်ရှင်ခြင်းနဲ့ ငြိမ်သက်ခြင်းကို ရရှိစေနိုင်တယ်” လို့ပြောထားတယ်။ ဘုရားရေးရာကိစ္စတွေကို အာရုံစိုက်ခြင်းအားဖြင့် ဘုရားသခင်နဲ့ သင့်မြတ်ငြိမ်သက်မှု၊ စိတ်ငြိမ်သက်မှု၊ ထာဝရအသက် အလားအလာ ရရှိတယ်။ အန္တရာယ်ရှိတဲ့ဝန်းကျင်မှာ ကျွန်တော်တို့ နေထိုင်ကြရတယ်။ စိတ်အလိုလိုက်တဲ့ သဘောထားတွေ ပျံ့နှံ့နေတဲ့အတွက် ဘုရားတရားစိတ်ဓာတ် ရှိဖို့၊ ထိန်းသိမ်းဖို့ ကြိုးစားရမယ်။ ဘုရားရေးရာစိတ်ဓာတ် ပျောက်သွားရင် ညစ်ညမ်းတဲ့ လောက “စိတ်ဓာတ်” ဝင်လာနိုင်တယ်။ “ဘုရားသခင့် စွမ်းအားတော် မရှိ” တော့တဲ့အထိ ယိုယွင်းသွားသူတွေအကြောင်း ယုဒ ပြောခဲ့တယ်။—ယု. ၁၈၊ ၁၉။ w18.02 ၁၉ ¶၅၊ ၇။ ၂၀ ¶၈

သောကြာနေ့၊ အောက်တိုဘာ ၄

ဆိုးညစ်သူတွေ၊ အယောင်ဆောင်သူတွေဟာ ဆိုးသည်ထက် ဆိုးလာ[မယ်]။—၂ တိ. ၃:၁၃။

ကျန်းမာရေးဝန်ထမ်းများစွာဟာ ကူးစက်ရောဂါရှိသူတွေကြားမှာ အလုပ်လုပ်ကြတယ်။ လူနာတွေကို ကူညီပေးချင်လို့ ပြုစုကြတယ်။ ဒါပေမဲ့ ကိုယ်ကုသပေးနေတဲ့ရောဂါ ကိုယ့်ကို မကူးစက်အောင် ကာကွယ်ဖို့ လိုတယ်။ အလားတူပဲ ကျွန်တော်တို့အများစုဟာ ဘုရားရေးရာ အရည်အသွေးတွေနဲ့ ဆန့်ကျင်တဲ့ သဘောထားတွေ၊ စရိုက်တွေ ကူးစက်ခံရသူတွေကြားမှာ နေထိုင်လုပ်ကိုင်ကြရတယ်။ ဒါဟာ ကျွန်တော်တို့အတွက် စိန်ခေါ်ချက်ပါပဲ။ ဒီနောက်ဆုံးကာလမှာ ကိုယ်ကျင့်တရားတွေ ပရမ်းပတာ ဖြစ်နေတယ်။ တိမောသေဆီ ရေးတဲ့ တမန်တော်ပေါလုရဲ့ ဒုတိယစာစောင်မှာ ဘုရားသခင်နဲ့ ကင်းကွာနေသူတွေရဲ့ စရိုက်တွေအကြောင်း ဖော်ပြထားတယ်။ (၂ တိ. ၃:၁-၅) အဲဒီအကျင့်စရိုက်တွေ ပျံ့နှံ့မှုကြောင့် ထိတ်လန့်မိနိုင်ပေမဲ့ အဲဒီလိုလူတွေရဲ့ အပြုအမူတွေ၊ သဘောထားတွေ ကျွန်တော်တို့ကို လွှမ်းမိုးလာနိုင်တယ်။ (ပညာ. ၁၃:၂၀) ဒါကြောင့် တခြားသူတွေကို ဘုရားရေးရာပိုင်း ကူညီပေးရင်း မကောင်းတဲ့စရိုက်တွေ ကူးစက်မခံရအောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမယ်။ w18.01 ၂၇ ¶၁-၂

စနေနေ့၊ အောက်တိုဘာ ၅

လူမျိုးတကာဆီသွားပြီး လူတွေကို . . . တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ . . . နှစ်ခြင်းပေးကြပါ။—မ. ၂၈:၁၉။

ရှင်ပြန်ထမြောက်လာတဲ့ ယေရှုဟာ အေဒီ ၃၃ မှာ အမျိုးသား/သမီး၊ ကလေး ၅၀၀ ကျော်ရှေ့ ကိုယ်ထင်ရှားပြခဲ့တယ်။ အဲဒီအချိန်မှာပဲ အထက်ပါစကားတွေကို ပြောခဲ့တာဖြစ်နိုင်တယ်။ (၁ ကော. ၁၅:၆) တပည့်ဖြစ်စေပါဆိုတဲ့ မိန့်မှာချက်ကို ရာနဲ့ချီတဲ့ နောက်လိုက်တွေ ကြားခဲ့ပုံရတယ်။ နှစ်ခြင်းဟာ တပည့်ဖြစ်ချင်သူတိုင်းအတွက် လိုအပ်ချက်ဖြစ်ကြောင်း ယေရှု ဖော်ပြခဲ့တယ်။ (မ. ၁၁:၂၉၊ ၃၀) ယေဟောဝါကို ကိုးကွယ်ချင်သူတိုင်း ဘုရားရည်ရွယ်ချက်မှာ ယေရှုရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြု လက်ခံရမယ်။ ဒါမှ နှစ်ခြင်းခံနိုင်မယ်။ အဲဒါဟာ ဘုရားလက်ခံတဲ့ တစ်ခုတည်းသော ရေနှစ်ခြင်း ဖြစ်တယ်။ နှစ်ခြင်းရဲ့ အရေးကြီးမှုကို ပထမရာစု တပည့်သစ်တွေ နားလည်ကြောင်း ဖော်ပြတဲ့ ကျမ်းစာမှတ်တမ်း များစွာရှိတယ်။ နှစ်ခြင်းခံဖို့ မလိုအပ်ဘဲ အချိန်မဆွဲခဲ့ကြဘူး။—တ. ၂:၄၁။ ၉:၁၈။ ၁၆:၁၄၊ ၁၅၊ ၃၂၊ ၃၃။ w18.03 ၅ ¶၈

တနင်္ဂနွေနေ့၊ အောက်တိုဘာ ၆

သိပ်တန်ဖိုးထားရတဲ့သူ ဒံယေလ။—ဒံ. ၁၀:၁၁။

“နတ်ဆိုး ခိုအောင်းရာ၊” အယူမှား ဘာသာရေးအင်ပါယာ မဟာဗာဗုလုန်ကြောင့် ကျင့်ဝတ်ပိုင်းနဲ့ ဘုရားရေးရာပိုင်း ယိုယွင်းနေတဲ့လောကမှာ ကျွန်တော်တို့ နေထိုင်နေကြတယ်။ (ဗျာ. ၁၈:၂) ဒါကြောင့် ကျွန်တော်တို့ ထူးခြားနေပြီး လှောင်ပြောင်ခံရကြတယ်။ (မာ. ၁၃:၁၃) ဒံယေလလိုပဲ ယေဟောဝါဘုရားနဲ့ ရင်းနှီးအောင် ကြိုးစားကြပါစို့။ ဘုရားကို နှိမ့်ချနာခံစွာ ယုံကြည်ကိုးစားမယ်ဆိုရင် ကျွန်တော်တို့လည်း ဘုရားရှေ့မှာ တန်ဖိုးရှိလာပါလိမ့်မယ်။ (ဟဂ္ဂဲ ၂:၇) မိဘတွေအနေနဲ့ ဒံယေလရဲ့ မိဘတွေဆီကနေ သင်ယူနိုင်ပါတယ်။ ဘယ်နည်းနဲ့လဲ။ ဒံယေလ ကလေးဘဝတုန်းက ယုဒပြည်မှာ ဆိုးသွမ်းမှု ပြည့်နှက်နေပေမဲ့ ဘုရားသခင်ကို ချစ်မြတ်နိုးပြီး ကြီးပြင်းလာခဲ့တယ်။ ဒါဟာ မိဘလေ့ကျင့်မှု ကောင်းလို့ပဲ။ (ပညာ. ၂၂:၆) “ဘုရားသခင်ဟာ ငါ့ရဲ့ တရားသူကြီး” ဆိုတဲ့ ဒံယေလရဲ့ နာမည်က မိဘတွေဟာ ဘုရားကို ကြောက်ရွံ့သူတွေ ဖြစ်ကြောင်း ဖော်ပြတယ်။ (ဒံ. ၁:၆၊ အောက်ခြေမှတ်ချက်) ဒါကြောင့် မိဘတို့၊ သားသမီးတွေကို လက်မလျှော့ပါနဲ့။ စိတ်ရှည်ရှည် သင်ပေးပါ။ (ဧ. ၆:၄) သူတို့နဲ့အတူ ဆုတောင်းပါ။ သူတို့အတွက် ဆုတောင်းပေးပါ။ သူတို့ရဲ့ စိတ်နှလုံးထဲ ကျမ်းစာအမှန်တရား သွတ်သွင်းပေးတဲ့အခါ ယေဟောဝါရဲ့ ကြွယ်ဝတဲ့ကောင်းချီး ခံစားရပါမယ်။—ဆာ. ၃၇:၅။ w18.02 ၅ ¶၁၂။ ၆ ¶၁၄-၁၅

တနင်္လာနေ့၊ အောက်တိုဘာ ၇

ကိုယ်တော် ပေးသနားထားတာတွေကိုပဲ ပြန်ပြီး ပေးလှူနေကြတာပါ။—၁ ရာ. ၂၉:၁၄။

ပေးကမ်းခြင်းဟာ ယေဟောဝါကို ဝတ်ပြုကိုးကွယ်ခြင်းရဲ့ အသွင်အပြင်တစ်ရပ် ဖြစ်တယ်။ စိတ်အာရုံတစ်ခုမှာ ကောင်းကင်က ယေဟောဝါရဲ့ ကျေးကျွန်တွေ ဒီလိုကြွေးကြော်တာကို တမန်တော်ယောဟန် ကြားခဲ့တယ်– “ယေဟောဝါဘုရား၊ ကိုယ်တော်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တယ်။ အရာခပ်သိမ်းဟာ အလိုတော်ကြောင့် ဖန်ဆင်းခံရပြီး တည်ရှိနေတယ်။ ဒါကြောင့် ဂုဏ်တင်မှု၊ ချီးမွမ်းမှုနဲ့ အစွမ်းခွန်အားတွေကို ကိုယ်တော် ရထိုက်ပါတယ်။” (ဗျာ. ၄:၁၁) ကျွန်တော်တို့မှာရှိတဲ့ အကောင်းဆုံးအရာတွေကို ပေးဆက်ခြင်းအားဖြင့် ယေဟောဝါ ရထိုက်တဲ့ ချီးမွမ်းဂုဏ်တင်မှု ပေးကြတယ် မဟုတ်လား။ မောရှေကတစ်ဆင့် အစ္စရေးလူမျိုးကို တစ်နှစ်သုံးကြိမ် ပွဲတော်ကျင်းပဖို့ ယေဟောဝါ မိန့်မှာခဲ့တယ်။ ဝတ်ပြုရေးရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ဒီပွဲတော်တွေမှာ အစ္စရေးတွေဟာ ‘ယေဟောဝါရှေ့ကို လက်ဗလာနဲ့ မလာရဘူး။’ (တရား. ၁၆:၁၆) ဒီနေ့လည်း ကိုယ်ကျိုးမငဲ့ဘဲ ပေးကမ်းခြင်းဟာ ဝတ်ပြုရေးရဲ့ အရေးကြီးတဲ့ကဏ္ဍတစ်ရပ် ဖြစ်တယ်။ ဒီနည်းအားဖြင့် ယေဟောဝါ အဖွဲ့အစည်းရဲ့ လုပ်ငန်းကို ကျေးဇူးတင်လေးမြတ်ကြောင်း၊ ထောက်ပံ့ကြောင်း ဖော်ပြကြတယ်။ w18.01 ၁၈ ¶၄-၅

အင်္ဂါနေ့၊ အောက်တိုဘာ ၈

ခင်ဗျားတို့ကို လန်းဆန်းစေမယ်။—မ. ၁၁:၂၈။

ယေရှုက ‘ကျွန်တော့်ထမ်းပိုးကို ထမ်းပါ။ ကျွန်တော့်ထမ်းပိုးဟာ ထမ်းလွယ်တယ်။ ဝန်လည်း ပေါ့ပါတယ်’ လို့ဆက်ပြောတယ်။ (မ. ၁၁:၂၉၊ ၃၀) အဲဒီစကား တကယ်မှန်ပါတယ်။ တစ်ခါတလေ အသင်းတော်အစည်းအဝေး တက်ဖို့၊ အမှုဆောင်မှာ ပါဝင်ဖို့ အိမ်ကနေ ထွက်လာတဲ့အခါ ပင်ပန်းတယ်လို့ ခံစားရနိုင်တယ်။ ဒါပေမဲ့ အပြန်မှာ ဘယ်လို ခံစားရသလဲ။ လန်းဆန်းသွားတယ်။ ဘဝအခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ပိုအသင့်ဖြစ်နေတယ်။ ယေရှုရဲ့ ထမ်းပိုးဟာ တကယ် ထမ်းလွယ်ပါတယ်။ ကေလာဆိုတဲ့ ညီအစ်မဟာ နာတာရှည် ပင်ပန်းနွမ်းနယ်မှု၊ စိတ်ကျဝေဒနာ၊ ဆိုးရွားတဲ့ ခေါင်းကိုက်ဝေဒနာတွေ ခံစားနေရတယ်။ ဒါကြောင့် တစ်ခါတလေ အသင်းတော် အစည်းအဝေးတွေ တက်ဖို့ ခက်တယ်။ ဒါပေမဲ့ လူထုအစည်းအဝေးတစ်ခု ကြိုးစားတက်ပြီးတဲ့နောက် ဒီလိုပြောတယ်– “ဟောပြောချက်က စိတ်ဓာတ်ကျမှုအကြောင်းပေါ့။ အကြောင်းအရာကို ထောက်ထားစာနာမှုရှိရှိ ဟောပြောလို့ မျက်ရည်ကျခဲ့တယ်။ အစည်းအဝေးတွေမှာ ရှိနေဖို့ လိုတယ်ဆိုတဲ့ သတိပေးချက်ပါပဲ။” အစည်းအဝေး တက်ဖို့ ကြိုးစားအားထုတ်ခဲ့လို့ ကေလာ တကယ်ပျော်ရွှင်ခဲ့ရတယ်။ w18.01 ၈-၉ ¶၆-၇

ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၉

ငါ့မှာတော့ ခြေလှမ်းတွေ မှားလုမတတ် . . . ဖြစ် ခဲ့တယ်။—ဆာ. ၇၃:၂။

သားသမီး နှစ်ခြင်းခံပြီးတဲ့နောက် သံသယတွေ ဝင်လာရင် ဘယ်လို လုပ်မလဲ။ ဥပမာ၊ နှစ်ခြင်းခံပြီးသား ဆယ်ကျော်သက်ဟာ လောကမှာရှိတဲ့အရာတွေကို နှစ်သက်လာနိုင်တယ်။ ကျမ်းစာ စံနှုန်းတွေအတိုင်း နေထိုင်ခြင်းရဲ့ ပညာရှိမှုကို မေးခွန်း ထုတ်လာနိုင်တယ်။ (ဆာ. ၇၃:၁၊ ၃၊ ၁၂၊ ၁၃) မိဘတစ်ယောက်အနေနဲ့ အဲဒီလိုကိစ္စတွေကို ကိုင်တွယ်ပုံက ကိုယ့်သားသမီးတွေကို ကိုယ့်ယုံကြည်ခြင်းနဲ့ ပိုနီးကပ်လာစေနိုင်တယ်၊ ပိုဝေးကွာသွားစေနိုင်တယ်ဆိုတာ သဘောပေါက်ထားပါ။ ကိုယ့်သားသမီး ငယ်ရွယ်သေးသည်ဖြစ်စေ၊ ဆယ်ကျော်သက်အရွယ် ရောက်ပြီဖြစ်စေ ဒီကိစ္စတွေကြောင့် အငြင်းမပွားဖို့ စိတ်ပိုင်းဖြတ်ထားပါ။ သင့်ပန်းတိုင်ဟာ နှစ်လို့ဖွယ်နည်းနဲ့ မေတ္တာပါစွာ ကူညီထောက်မပေးဖို့ ဖြစ်သင့်တယ်။ နှစ်ခြင်းခံပြီးသား လူငယ်ဟာ ယေဟောဝါဆီ အလေးအနက် ဆက်ကပ်အပ်နှံပြီးသား ဖြစ်တယ်။ အဲဒါက ဘုရားကို ချစ်ဖို့၊ ဘုရားအလိုတော်ကို အရာရာထက် ဦးစားပေးဖို့ ကတိပြုတာ ဖြစ်တယ်။ (မာ. ၁၂:၃၀) အဲဒီကတိကို ယေဟောဝါ ပေါ့ပေါ့တန်တန် သဘောမထားဘူး။ ကတိပြုတဲ့သူလည်း ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူး။—ဒေ. ၅:၄၊ ၅။ w17.12 ၂၂ ¶၁၆-၁၇

ကြာသပတေးနေ့၊ အောက်တိုဘာ ၁၀

နောက်ဆုံးသောနေ့၊ ရှင်ပြန်ထမြောက်ရာကာလမှာ [မောင်လေး] အသက်ပြန်ရှင်လာမယ်ဆိုတာ ကျွန်မသိပါတယ်။—ယော. ၁၁:၂၄။

အနာဂတ် ရှင်ပြန်ထမြောက်ခြင်း ရှိတာကို မာသလိုပဲ ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန်တွေ သိတယ်။ အတော်ကြာကြာ စောင့်ခဲ့ရတဲ့ အမွေဆက်ခံသူ အိဇက်နဲ့ပတ်သက်ပြီး အာဗြဟံကို ဘုရားသခင် ဘာပြောတယ်ဆိုတာ စဉ်းစားကြည့်ပါ။ “မင်းသိပ်ချစ်တဲ့ တစ်ဦးတည်းသောသား အိဇက်ကို . . . ပူဇော်ပါ” လို့ ယေဟောဝါ မိန့်မှာတယ်။ (က. ၂၂:၂) အာဗြဟံ ဘယ်လို ခံစားရမလဲဆိုတာ စဉ်းစားကြည့်ပါ။ အာဗြဟံရဲ့ မျိုးနွယ်အားဖြင့် လူမျိုးအားလုံး ကောင်းချီးရမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ (က. ၁၃:၁၄-၁၆။ ၁၈:၁၈။ ရော. ၄:၁၇၊ ၁၈) “အိဇက်ကနေ” ကောင်းချီးခံစားရမယ်လို့လည်း ယေဟောဝါ ပြောတယ်။ (က. ၂၁:၁၂) အိဇက်ကို အာဗြဟံ သတ်ပြီး ပူဇော်လိုက်ရင် အဲဒီလို ဘယ်ဖြစ်နိုင်တော့မလဲ။ ဒါပေမဲ့ အိဇက်ကို သေခြင်းကနေ ဘုရားသခင် အသက်ပြန်ရှင်စေနိုင်တာကို အာဗြဟံ ယုံကြည်တယ်လို့ ပေါလု ရှင်းပြတယ်။ (ဟီ. ၁၁:၁၇-၁၉) အိဇက် ဘယ်အချိန် အသက်ပြန်ရှင်လာမယ်ဆိုတာ အာဗြဟံ မသိနိုင်ဘူး။ ဒါပေမဲ့ အိဇက်ကို ယေဟောဝါ အသက်ပြန်ရှင်စေမယ်ဆိုတာ ယုံကြည်ခဲ့တယ်။ w17.12 ၅-၆ ¶၁၂-၁၄

သောကြာနေ့၊ အောက်တိုဘာ ၁၁

တစ်ယောက်ယောက် ကယ်တင်ခြင်းမရရင် ကျွန်တော့်အပြစ် မဟုတ်ဘူး။—တ. ၂၀:၂၆။

အသက်နဲ့ပတ်သက်တဲ့ ဘုရားသခင့်အမြင်မျိုးရှိဖို့ ပေါလုလို ကြိုးစားမွေးမြူသင့်တယ်။ ယေဟောဝါက “လူအားလုံးကို နောင်တရစေချင်” တယ်။ (၂ ပေ. ၃:၉) သင်ကော။ ကရုဏာစိတ် ထားရှိခြင်းက အမှုဆောင်လုပ်ငန်းမှာ ပိုထက်သန်လာဖို့၊ ပိုပျော်ရွှင်လာဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။ ဘေးကင်းရေးနဲ့ပတ်သက်ပြီး တော်မှန်တဲ့ သဘောထား မွေးမြူခြင်းအားဖြင့်လည်း အသက်နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ အမြင်မျိုး ရှိကြောင်း ဖော်ပြကြတယ်။ ဝတ်ပြုရာနေရာ ဆောက်လုပ်ချိန်၊ ပြုပြင်ထိန်းသိမ်းချိန်၊ ဝတ်ပြုရာနေရာတွေဆီ သွားလာချိန်မှာတောင် ဘေးကင်းစွာ လုပ်ကိုင်၊ မောင်းနှင်ကြတယ်။ ဘေးကင်းရေး၊ ကျန်းမာရေးထက် အလုပ်၊ ငွေကြေး၊ အချိန်ဇယားကို ဘယ်တော့မှ ဦးစားမပေးကြဘူး။ တရားမျှတတဲ့ ဘုရားသခင်ဟာ တော်သင့်မှန်ကန်ရာကို အမြဲ လုပ်ဆောင်တယ်။ ဘုရားသခင်ကို ကျွန်တော်တို့ တုပချင်ကြတယ်။ အထူးသဖြင့် အကြီးအကဲတွေဟာ ကိုယ်တိုင် ဘေးကင်းရေး၊ ပတ်ဝန်းကျင်မှာ လုပ်ဆောင်နေသူတွေ ဘေးကင်းရေးကို အလေးထားသင့်တယ်။ (ပညာ. ၂၂:၃) အကြီးအကဲတစ်ယောက်က ဘေးကင်းရေး စည်းမျဉ်းတွေ၊ စံနှုန်းတွေကို သတိပေးလာရင် လက်ခံပါ။ (ဂလ. ၆:၁) အသက်ကို ယေဟောဝါ ရှုမြင်သလို ရှုမြင်ပါ။ ဒါဆိုရင် “လူသတ်မိတဲ့အပြစ် ရှိမှာမဟုတ်ဘူး။”—တရား. ၁၉:၁၀။ w17.11 ၁၆ ¶၁၁-၁၂

စနေနေ့၊ အောက်တိုဘာ ၁၂

ဆုမရအောင် ဘယ်သူကမှ မတားဆီးပါစေနဲ့။—ကော. ၂:၁၈။

တမန်တော်ပေါလုလိုပဲ ဒီနေ့ ဘိသိက်ခံ ခရစ်ယာန်တွေလည်း “ကောင်းကင်အသက်တာ ခေါ်တော်မူခြင်းဆိုတဲ့ ဘုရားပေးဆုကျေးဇူး” ရရှိမယ့် အလားအလာ ရှိတယ်။ (ဖိ. ၃:၁၄) ကောင်းကင်နိုင်ငံတော်မှာ ယေရှုခရစ်နဲ့အတူ အမှုဆောင်ဖို့၊ လူသားတွေကို ပြည့်ဝစုံလင်ခြင်း ရရှိစေဖို့ သူတို့ စောင့်မျှော်နေကြတယ်။ (ဗျာ. ၂၀:၆) ဘုရားသခင့် ဖိတ်ခေါ်ခြင်း ခံရတဲ့သူတွေအတွက် တကယ်ကောင်းတဲ့ ပန်းတိုင်ပါပဲ။ တခြားသိုးတွေမှာတော့ မျှော်လင့်ချက် နောက်တစ်မျိုး ရှိတယ်။ မြေကြီးပေါ်မှာ ထာဝရအသက်ဆု ရရှိဖို့ စောင့်မျှော်နေကြတယ်။ တကယ်ပျော်စရာကောင်းတဲ့ အလားအလာပါပဲ။ (၂ ပေ. ၃:၁၃) ဘိသိက်ခံ ခရစ်ယာန်ချင်းတွေ သစ္စာရှိနေဖို့၊ ဆုရရှိစေဖို့ “အထက်အရပ်နဲ့ဆိုင်တဲ့ အရာတွေကို စိတ်စွဲလမ်းနေကြပါ” လို့ ပေါလု တိုက်တွန်းခဲ့တယ်။ (ကော. ၃:၂) သူတို့အနေနဲ့ ကောင်းကင်အမွေ ရရှိမယ့် အဖိုးတန် မျှော်လင့်ချက်ကို စိတ်စွဲမှတ်ထားရမယ်။ (ကော. ၁:၄၊ ၅) ဘုရားသခင့်ကျေးကျွန်တွေကို ပေးဖို့ ယေဟောဝါ သတ်မှတ်ထားတဲ့ ကောင်းချီးတွေကို တွေးတောခြင်းက ဆုကို အာရုံစိုက်နေဖို့ ကူညီပေးတယ်။—၁ ကော. ၉:၂၄။ w17.11 ၂၅ ¶၁-၂

တနင်္ဂနွေနေ့၊ အောက်တိုဘာ ၁၃

ယေဟောဝါကို ချီးမွမ်းသီချင်းဆိုကြ။—ဆာ. ၉၆:၁။

ယေဟောဝါကို ‘ရွှင်လန်းစွာ တေးသီကျူးကြ’ စာအုပ်ထဲက သီချင်းများစွာဟာ ဆုတောင်းချက်ပုံစံ ဖြစ်တယ်။ ဒီသီချင်းတွေအားဖြင့် ယေဟောဝါဆီ ကိုယ့်ခံစားချက်တွေကို ဖော်ပြနိုင်တယ်။ တချို့သီချင်းတွေက “မေတ္တာစိတ် ရှိစေဖို့၊ အကျင့်ကောင်းတွေ ကျင့်စေဖို့၊ [ကျွန်တော်တို့ကို] တိုက်တွန်းအားပေး” ဖို့ ကူညီပေးပါလိမ့်မယ်။ (ဟီ. ၁၀:၂၄) သီချင်းတေးသံ၊ စာသား၊ စည်းချက်တွေနဲ့ အကျွမ်းတဝင်ရှိအောင် လုပ်ထားပါ။ jw.org မှာ တင်ထားတဲ့ သီချင်းတွေကို နားထောင်ပြီး အကျွမ်းတဝင်ရှိအောင် လုပ်ထားနိုင်တယ်။ အိမ်မှာ လေ့ကျင့်ခြင်းအားဖြင့် ယုံကြည်စိတ်ချမှုအပြည့်နဲ့ လှိုက်လှိုက်လှဲလှဲ သီဆိုနိုင်ပါတယ်။ သီချင်းဆိုခြင်းဟာ ဝတ်ပြုရေးရဲ့ အရေးကြီးတဲ့ကဏ္ဍဖြစ်ကြောင်း သတိရပါ။ ယေဟောဝါကိုချစ်ကြောင်း၊ ကျေးဇူးတင်လေးမြတ်ကြောင်း ထိရောက်စွာ ဖော်ပြနိုင်တဲ့နည်းပါပဲ။ (ဟေရှာ. ၁၂:၅) ရွှင်လန်းစွာ သီချင်းဆိုခြင်းအားဖြင့် တခြားသူတွေကိုလည်း ယုံကြည်စိတ်ချစွာ  သီချင်းဆိုနိုင်အောင်  အားပေးနိုင်တယ်။ အသင်းတော်မှာရှိတဲ့ လူကြီးလူငယ်၊ စိတ်ဝင်စားသူ လူသစ်အားလုံး ယေဟောဝါကို ချီးမွမ်းကိုးကွယ်တဲ့ ဒီကဏ္ဍမှာ ပါဝင်နိုင်ပါတယ်။ သီချင်းမဆိုဘဲ မနေပါနဲ့။ မှန်ပါတယ်၊ ရွှင်လန်းစွာ သီချင်းဆိုပါ။ w17.11 ၇ ¶၁၈-၁၉

တနင်္လာနေ့၊ အောက်တိုဘာ ၁၄

မြွေလို သတိကြီးပြီး ချိုးငှက်လို အပြစ်ကင်းကြပါ။—မ. ၁၀:၁၆။

ဒီနေ့ ဒုက္ခသည်များစွာဟာ ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ထားတဲ့ နိုင်ငံတွေက လာကြတယ်။ ဒုက္ခသည်တွေကို လက်ခံတဲ့ နိုင်ငံတွေက ထက်သန်တဲ့ သက်သေခံတွေကြောင့် ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေဟာ “နိုင်ငံတော်သတင်း” ကို ပထမဆုံးအကြိမ် ကြားရကြတယ်။ (မ. ၁၃:၁၉၊ ၂၃) “ဝန်ပိ” နေသူများစွာဟာ အစည်းအဝေးတွေမှာ လန်းဆန်းမှု ရှာတွေ့ကြလို့ “ခင်ဗျားတို့နဲ့အတူ ဘုရားသခင် တကယ်ရှိတာပဲ” လို့ ချက်ချင်း အသိအမှတ် ပြုကြတယ်။ (မ. ၁၁:၂၈-၃၀။ ၁ ကော. ၁၄:၂၅) ဒုက္ခသည်တွေကို ဟောပြောသူတွေဟာ “သတိကြီး” ရမယ်။ “အမြော်အမြင် ရှိ” ရမယ်။ (ပညာ. ၂၂:၃) သူတို့ရဲ့ အရေးကိစ္စတွေကို စိတ်ရှည်ရှည် နားထောင်ပေးပါ။ နိုင်ငံရေးအကြောင်းတော့ မဆွေးနွေးပါနဲ့။ ဌာနခွဲရုံးနဲ့ ဒေသခံ အာဏာပိုင်တွေရဲ့ လမ်းညွှန်ချက်ကို လိုက်နာပါ။ ကိုယ်တိုင်နဲ့ တခြားသူတွေအပေါ် အန္တရာယ် မဖြစ်စေပါနဲ့။ ဒုက္ခသည်တွေရဲ့ ဘာသာနဲ့ ယဉ်ကျေးမှုကို လေ့လာပါ၊ လေးစားပါ။ ဥပမာ၊ တချို့နိုင်ငံက လူတွေဟာ အမျိုးသမီး အဝတ်အစားနဲ့ပတ်သက်ပြီး အလွန်အကဲဆတ်ကြတယ်။ ဒါကြောင့် ဒုက္ခသည်တွေကို ဟောပြောတဲ့အခါ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ အဝတ်အစားတွေ မဝတ်ဆင်ပါနဲ့။ w17.05 ၇ ¶၁၇-၁၈

အင်္ဂါနေ့၊ အောက်တိုဘာ ၁၅

စကားပြောဆိုတဲ့အခါ အမြဲ ယဉ်ကျေးသိမ်မွေ့ကြပါ။—ကော. ၄:၆။

ယေဟောဝါဆီ သန့်ရှင်းသော စွမ်းအားတော် တောင်းခံနိုင်တယ်။ ဒါမှ ဆွေမျိုးသားချင်းတွေနဲ့ စကားပြောတဲ့အခါ စွမ်းအားတော် အရည်အသွေး တင်ပြနိုင်မယ်။ သူတို့ရဲ့ မှားယွင်းတဲ့ ဘာသာရေး ခံယူချက်တွေအကြောင်း အငြင်းမပွားသင့်ဘူး။ ကျွန်တော်တို့ကို  ထိခိုက်အောင်  ပြောဆိုပြုမူတယ်ဆိုရင် တမန်တော်တွေရဲ့ ပုံသက်သေကို တုပနိုင်ပါတယ်။ “စော်ကားခံရတဲ့အခါ ဆုမွန်ကောင်း တောင်းပေးလိုက်တယ်။ ညှဉ်းဆဲခံရတဲ့အခါ စိတ်ရှည်ရှည်ထားပြီး သည်းခံလိုက်တယ်။ ကုန်းချောခံရတဲ့အခါ ညင်ညင်သာသာပဲ ပြန်ပြောလိုက်တယ်” လို့ ပေါလု ပြောတယ်။ (၁ ကော. ၄:၁၂၊ ၁၃) နူးညံ့သိမ်မွေ့တဲ့ အပြောအဆိုက အထောက်အကူ ပြုတယ်ဆိုရင် အမူအကျင့်ကောင်းက ပိုလို့တောင် အထောက်အကူပြုနိုင်တယ်။ (၁ ပေ. ၃:၁၊ ၂၊ ၁၆) ယေဟောဝါသက်သေတွေဟာ အိမ်ထောင်ရေး သာယာတယ်၊ သားသမီးတွေကို ဂရုစိုက်ကြတယ်၊ သန့်ရှင်းကြတယ်၊ ကိုယ်ကျင့်တရား ကောင်းကြတယ်၊ ကျေနပ်စရာဘဝ ပိုင်ဆိုင်ကြတယ်ဆိုတာ ကိုယ့်ပုံသက်သေအားဖြင့် ဆွေမျိုးတွေကို သိမြင်စေပါ။ ဆွေမျိုးသားချင်းတွေ အမှန်တရားကို ဘယ်တော့မှ လက်မခံရင်တောင် သစ္စာရှိလမ်းစဉ်ကြောင့် ယေဟောဝါကို ချီးမွမ်းနိုင်လို့ ဝမ်းမြောက်နိုင်ပါတယ်။ w17.10 ၁၅ ¶၁၃-၁၄

ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၁၆

ဘုရားသခင် နှစ်သက်သူအဖြစ် . . . ကိုယ့်ကိုယ်ကိုယ် ဆက်သ . . . ပါ။—၂ တိ. ၂:၁၅။

ကျမ်းစာ လေ့လာမှုကြောင့် ကြီးမားတဲ့ ပြောင်းလဲမှုတွေ လုပ်ခဲ့တဲ့ ခေတ်သစ် ပုံနမူနာများစွာကို အံ့ဩသင့်သလား။ မအံ့ဩသင့်ပါဘူး။ အဲဒီပုံနမူနာတွေက ကောင်းကင် မျှော်လင့်ချက်ရှိတဲ့ ပထမရာစု ညီအစ်ကို/မတွေကို သတိရစေတယ်။ (၁ ကော. ၆:၉-၁၁) ဘုရားသခင့် နိုင်ငံတော် အမွေမခံရမယ့်သူတွေအကြောင်း တမန်တော်ပေါလု ဖော်ပြပြီးနောက် “ခင်ဗျားတို့ထဲက တချို့ဟာ အရင်က အဲဒီလိုလုပ်ခဲ့ကြတယ်” လို့ပြောတယ်။ ကျမ်းစာနဲ့ ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော် အကူအညီကြောင့် သူတို့ ပြောင်းလဲခဲ့ကြတယ်။ အမှန်တရားကို လက်ခံပြီးနောက်မှာတောင် တချို့ဟာ ကြီးလေးတဲ့ ယုံကြည်ခြင်းဆိုင်ရာ ပြဿနာတွေကို ကျော်လွှားကြရတယ်။ ပထမရာစု ဘိသိက်ခံ ခရစ်ယာန်တစ်ယောက် နှင်ထုတ်ခံရတဲ့အကြောင်း၊ နောက်ပိုင်း ပြန်လက်ခံတဲ့အကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ကော. ၅:၁-၅။ ၂ ကော. ၂:၅-၈) ယုံကြည်သူချင်းတွေ ရင်ဆိုင်ရတဲ့ ပြဿနာတွေ၊ ဘုရားသခင့် နှုတ်ထွက်စကားအားဖြင့် ကျော်လွှားခဲ့တာတွေကို သုံးသပ်ရတာ အားရှိစရာပဲ မဟုတ်လား။ ကျမ်းစာကို အကောင်းဆုံး အသုံးပြုချင်ကြပါတယ်။ w17.09 ၂၃-၂၄ ¶၂-၃

ကြာသပတေးနေ့၊ အောက်တိုဘာ ၁၇

ခင်ဗျားတို့ရဲ့ မေတ္တာကို အပြောလောက်သာ မဟုတ်ဘဲ လုပ်ရပ်နဲ့ တကယ်ပြကြပါ။—၁ ယော. ၃:၁၈။

မှန်ကန်တဲ့ မူတွေအပေါ် အခြေခံတဲ့ မေတ္တာ (အဂါးပေး) ဟာ ယေဟောဝါဆီက လက်ဆောင် ဖြစ်တယ်။ ဘုရားက မေတ္တာရဲ့ ရင်းမြစ်ပဲ။ (၁ ယော. ၄:၇) ဒီမေတ္တာမျိုးက အမြင့်မြတ်ဆုံး မေတ္တာ ဖြစ်တယ်။ ဒီမေတ္တာမှာ ချစ်ခင်မှု၊ နွေးထွေးမှု ပါဝင်ပေမဲ့ အဓိက,ကတော့ တခြားသူတွေအပေါ် ပြသတဲ့ တစ်ကိုယ်ကောင်းမဆန်တဲ့ လုပ်ရပ်တွေနဲ့ ခွဲခြားသတ်မှတ်တယ်။ အဂါးပေးကို “လုပ်ရပ်နဲ့ပဲ သိမြင်နိုင်တယ်” လို့ စာအုပ်တစ်အုပ်က ဖော်ပြထားတယ်။ ကိုယ်ကျိုးစွန့်မေတ္တာ ပြတဲ့အခါ၊ အပြခံရတဲ့အခါ ကျွန်တော်တို့ရဲ့ဘဝ ကြွယ်ဝတယ်၊ ရွှင်လန်းတယ်၊ အဓိပ္ပာယ်ရှိတယ်။ အာဒံနဲ့ ဧဝကို မဖန်ဆင်းခင်ကတည်းက လူသားတွေကို ယေဟောဝါ မေတ္တာပြခဲ့တယ်။ အသက်ရှင်နိုင်ရုံလောက်သာ မဟုတ်ဘဲ ဘဝကို အပြည့်အဝ ပျော်မွေ့နိုင်ဖို့ လူသားတွေရဲ့ ထာဝရစံအိမ်အဖြစ် ကမ္ဘာမြေကို ဖန်ဆင်းပေးခဲ့တယ်။ ဒါကို ကိုယ်ကျိုးအတွက် မဟုတ်ဘဲ လူသားတို့အကျိုးသက်သက်အတွက် လုပ်ဆောင်ပေးခဲ့တယ်။ ပြင်ဆင်ထားတဲ့ ပရဒိသုမှာ ထာဝစဉ် အသက်ရှင်နိုင်တဲ့ အလားအလာနဲ့ ကောင်းချီးပေးခြင်းအားဖြင့် ကိုယ်ကျိုးစွန့်မေတ္တာ ထပ်ပြခဲ့တယ်။ w17.10 ၇ ¶၁-၂

သောကြာနေ့၊ အောက်တိုဘာ ၁၈

လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ။—ယာ. ၂:၈။

“မျက်နှာလိုက်မြဲ လိုက်နေရင်တော့ အပြစ်ကျူးလွန်တာပဲ” လို့ ယာကုပ် ဆက်ပြောတယ်။ (ယာ. ၂:၉) မေတ္တာကတော့ ပညာ၊ လူမျိုး၊ လူမှုအဆင့်အတန်းပေါ် မူတည်ပြီး ခွဲခြားဆက်ဆံခြင်း မှန်သမျှကို ရှောင်ဖို့ လှုံ့ဆော်ပေးမယ်။ မျက်နှာမလိုက်ခြင်းက အပေါ်ယံပဲ မဖြစ်သင့်ဘူး။ တကယ့်စိတ်ရင်းနဲ့ ဖြစ်ရမယ်။ မေတ္တာဟာ “စိတ်ရှည်တတ်တယ်။ ကြင်နာတတ်တယ်။” “မာန်မာန မရှိဘူး။” (၁ ကော. ၁၃:၄) တခြားသူတွေကို နိုင်ငံတော်သတင်း ဆက်ဟောပြောနိုင်ဖို့ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ နှိမ့်ချခြင်း လိုအပ်တယ်။ (မ. ၂၈:၁၉) အသင်းတော်မှာရှိတဲ့ ညီအစ်ကို/မ အားလုံးနဲ့ သင့်မြတ်ဖို့ လွယ်ကူစေတယ်။ မေတ္တာပြခြင်းကြောင့် ဘာအကျိုးခံစားရသလဲ။ ယေဟောဝါကို ဘုန်းထင်ရှားစေတဲ့၊ စိတ်ဝင်စားသူ လူသစ်တွေကို ဆွဲဆောင်နိုင်တဲ့၊ စည်းလုံးတဲ့ အသင်းတော်တွေ ဖြစ်ပေါ်စေတယ်။ “အဲဒါတွေအပြင် မေတ္တာကိုလည်း ဝတ်ဆင်ကြပါ။ ဘာလို့လဲဆိုတော့ မေတ္တာဟာ စည်းလုံးခြင်းအတွက် ခိုင်မြဲတဲ့ နှောင်ကြိုးပဲ” ဆိုတဲ့ စကားနဲ့ စရိုက်သစ်အကြောင်း နိဂုံးချုပ်ထားတာ သင့်တော်လှပါတယ်။—ကော. ၃:၁၄။ w17.08 ၂၆ ¶၁၈-၁၉

စနေနေ့၊ အောက်တိုဘာ ၁၉

ယေဟောဝါဟာ . . . လူမျိုးတော်ကို သနားညှာတာတဲ့အတွက် . . . ထပ်တလဲလဲ သတိပေးတယ်။—၂ ရာ. ၃၆:၁၅။

အပြစ်ရှိတဲ့ လမ်းစဉ်အတွက် နောင်တယူပြီး ဘုရားသခင့် မျက်နှာသာ ပြန်ရနိုင်ချေ ရှိသူတွေအပေါ် အလားတူ စာနာသင့်တယ် မဟုတ်လား။ လာမယ့် တရားစီရင်ခြင်းမှာ ဘယ်သူ့ကိုမှ ယေဟောဝါ မပျက်စီးစေချင်ဘူး။ (၂ ပေ. ၃:၉) ဒါကြောင့် လူဆိုးတွေကို ဘုရားသခင် ဖျက်ဆီးတဲ့အချိန်အထိ သနားစာနာမှု သတိပေးသတင်း ဆက်ကြေညာကြစို့။ ယေရှုရဲ့ ပုံသက်သေကနေ သင်ယူနိုင်ပါတယ်။ “အရေခွံ ဆုတ်ပြီး ပစ်ထားခံရတဲ့ သိုးတွေ၊ ထိန်းသူမရှိတဲ့ သိုးတွေလို ဖြစ်နေ” တဲ့ လူအုပ်ကို တွေ့တဲ့အခါ သနားစာနာမိတယ်။ သနားလို့ “အများကြီး သွန်သင်ပေးတယ်။” (မ. ၉:၃၆။ မာ. ၆:၃၄) သာမန်လူတွေကို ကူညီချင်စိတ် မရှိတဲ့ ဖာရိရှဲတွေနဲ့ ကွာခြားလှပါတယ်။ (မ. ၁၂:၉-၁၄။ ၂၃:၄။ ယော. ၇:၄၉) ဘုရားရေးရာမှာ ငတ်ပြတ်နေသူတွေကို ကျွေးမွေးဖို့ ယေရှုလို သင် စိတ်ပြင်းပြသလား။ w17.09 ၉ ¶၆။ ၁၀ ¶၉

တနင်္ဂနွေနေ့၊ အောက်တိုဘာ ၂၀

ငါလုပ်ဆောင်တဲ့အခါ တားဆီးနိုင်တဲ့သူ ရှိလို့လား။—ဟေရှာ. ၄၃:၁၃။

ယောသပ်ဟာ အီဂျစ်ပြည်မှာ ဒုတိယ အာဏာအရှိဆုံးပုဂ္ဂိုလ် ဖြစ်လာမယ်၊ အငတ်ဘေးကနေ မိသားစုကို ကယ်ဖို့ ယေဟောဝါ အသုံးပြုမယ်လို့ ထောင်ကျနေတုန်း တစ်ခါမှ တွေးခဲ့မှာ မဟုတ်ဘူး။ (က. ၄၀:၁၅။ ၄၁:၃၉-၄၃။ ၅၀:၂၀) ယောသပ် မျှော်လင့်မထားတာတွေကို ယေဟောဝါ လုပ်ဆောင်ခဲ့တယ်။ အသက်ကြီးနေပြီဖြစ်တဲ့ စာရာလည်း သားလေးမွေးမယ်လို့ မျှော်လင့်ခဲ့သလား။ အိဇက် မွေးလာမယ်လို့ စာရာ လုံးဝ တွေးမထားခဲ့ဘူး။ (က. ၂၁:၁-၃၊ ၆၊ ၇) ကမ္ဘာသစ် မရောက်ခင် ပြဿနာအားလုံးကို အံ့ဖွယ်နည်းနဲ့ ယေဟောဝါ ဖယ်ရှားပေးမယ်လို့ ကျွန်တော်တို့ မမျှော်လင့်ပါဘူး။ ထူးခြားတာ တစ်ခုခု လုပ်ပေးဖို့လည်း မတောင်းဆိုပါဘူး။ ဒါပေမဲ့ ယေဟောဝါဘုရားက မိမိကျေးကျွန်တွေကို အံ့ဖွယ်နည်းတွေနဲ့ ကူညီပေးတဲ့ဘုရား ဖြစ်မှန်း ကျွန်တော်တို့ သိတယ်။ (ဟေရှာ. ၄၃:၁၀-၁၂) အလိုတော်ကို အပြည့်အဝ ထမ်းဆောင်နိုင်စွမ်းပေးဖို့ ဘာမဆို လုပ်ပေးနိုင်မှန်း သိကြတယ်။ (၂ ကော. ၄:၇-၉) မှန်ပါတယ်။ ဘုရားအပေါ် သစ္စာရှိမယ်ဆိုရင် မတတ်စွမ်းနိုင်ပုံရတဲ့အရာတွေကို တတ်စွမ်းနိုင်အောင် ယေဟောဝါ ကူညီပေးနိုင်တယ်။ w17.08 ၁၁-၁၂ ¶၁၃-၁၄

တနင်္လာနေ့၊ အောက်တိုဘာ ၂၁

လုပ်ဆောင်လေသမျှ ယေဟောဝါဆီ ပုံအပ်ထားပါ။ ဒါဆိုရင် အစီအစဉ်တွေ အောင်မြင်လိမ့်မယ်။—ပညာ. ၁၆:၃။

အချိန်ပြည့်အမှုဆောင်လုပ်ငန်းက သင့်ကို တခြားအချိန်ပြည့်အမှုဆောင်တွေနဲ့ ထိတွေ့ခွင့် ရစေပြီး ရင့်ကျက်တဲ့ ခရစ်ယာန်တစ်ယောက် ဖြစ်စေတယ်။ ငယ်ရွယ်ချိန်မှာ ယေဟောဝါကို အပြည့်အဝ အမှုဆောင်ရင် အိမ်ထောင်ရေးမှာ အောင်မြင်ဖို့ အကူအညီ ဖြစ်စေမှန်း လူများစွာ သိရှိခဲ့ကြပြီ။ အိမ်ထောင်မပြုခင် အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်သူတွေဟာ အိမ်ထောင်ပြုပြီးနောက်မှာလည်း ဆက်ပြီး အချိန်ပြည့် အမှုဆောင်နိုင်လေ့ရှိတယ်။ (ရော. ၁၆:၃၊ ၄) အစီအစဉ်ဆွဲခြင်းမှာ စိတ်နှလုံး ပါဝင်ပတ်သက်တယ်။ ‘သင့်ရဲ့ လိုအင်ဆန္ဒတွေကို [ဘုရားသခင်] ဖြည့်ဆည်းပေးပါစေ။ အစီအစဉ်အားလုံးကို အောင်မြင်ခွင့်ပေးပါစေ’ လို့ ဆာလံ ၂၀:၄ မှာ ပြောထားတယ်။ ဒါကြောင့် ဘဝမှာ ဘာလုပ်ချင်သလဲဆိုတာ စဉ်းစားပါ။ ကျွန်တော်တို့အချိန်မှာ ယေဟောဝါ ဘာလုပ်နေတယ်၊ အမှုဆောင်လုပ်ငန်းမှာ ဘယ်လို ပါဝင်နိုင်တယ်ဆိုတာ သုံးသပ်ပါ။ အဲဒီနောက် ဘုရားနှစ်သက်တာကို လုပ်ဖို့ စီစဉ်ပါ။ ယေဟောဝါကို အပြည့်အဝ အမှုဆောင်ခြင်းက ဘုရားကို ဂုဏ်တင်တဲ့ ဘဝလမ်းစဉ်ဖြစ်လို့ ပျော်ရွှင်ကျေနပ်မှု တကယ် ခံစားရစေပါတယ်။ “ယေဟောဝါဆီမှာ ပျော်ရွှင်ကြည်နူးမှုကို ရှာပါ။ အလိုဆန္ဒတွေကို ဘုရား ဖြည့်ဆည်းပေးလိမ့်မယ်။”—ဆာ. ၃၇:၄။ w17.07 ၂၆ ¶၁၅-၁၈

အင်္ဂါနေ့၊ အောက်တိုဘာ ၂၂

ယေဟောဝါကို ချီးမွမ်းကြ။ . . . ဘုရားကို ချီးမွမ်းတာဟာ လျောက်ပတ်လှပါတယ်။ သင့်မြတ်လှပါတယ်။—ဆာ. ၁၄၇:၁။

တစ်ယောက်ယောက် အလုပ်တာဝန်ကို ထူးထူးခြားခြား လုပ်ဆောင်တဲ့အခါ၊ ထူးခြားတဲ့ ခရစ်ယာန် အရည်အသွေး တင်ပြတဲ့အခါ ချီးမွမ်းထိုက်ပါတယ်။ လူသားတွေကို ချီးမွမ်းထိုက်တယ်ဆိုရင် ယေဟောဝါဘုရားကို ပိုလို့တောင် ချီးမွမ်းထိုက်ပါတယ်။ အံ့ဖွယ်ဖန်ဆင်းရာတွေမှာ တွေ့ရတဲ့ ဧရာမတန်ခိုးတော်၊ သားတော်ရင်းကို ရွေးဖိုးအဖြစ် ပြင်ဆင်ပေးတဲ့ လူသားတွေအပေါ် ထားတဲ့မေတ္တာတော်ကြောင့် ဘုရားကို ချီးမွမ်းနိုင်တယ်။ ဆာလံ ၁၄၇ ကို ရေးတဲ့သူဟာ ယေဟောဝါကို ချီးမွမ်းဖို့ လှုံ့ဆော်ခံခဲ့ရတယ်။ ဘုရားသခင်ကို ချီးမွမ်းဖို့ တခြားသူတွေကိုလည်း တိုက်တွန်းခဲ့တယ်။ (ဆာ. ၁၄၇:၇၊ ၁၂) ဒီဆာလံကို ဘယ်သူ ရေးမှန်း မသိရပေမဲ့ အစ္စရေးတွေကို ဗာဗုလုန်ကနေ ဂျေရုဆလင်ဆီ ယေဟောဝါ ပြန်လည်ပို့ဆောင်ပေးချိန်လောက်မှာ  အသက်ရှင်ခဲ့ပုံရတယ်။ (ဆာ. ၁၄၇:၂) ဘုရားလူမျိုးတွေ မိမိတို့ပြည်မှာ စစ်မှန်တဲ့ဝတ်ပြုရေး ပြန်လည်တည်ထောင်ခြင်းကြောင့် ဆာလံဆရာဟာ ယေဟောဝါကို ချီးမွမ်းဖို့ လှုံ့ဆော်ခံရတယ်။ သင့်အသက်တာမှာ “ဟာလေလုယ” လို့ ကြွေးကြော်နိုင်တဲ့ ဘယ်အကြောင်းရင်းတွေ ရှိသလဲ။—ဆာ. ၁၄၇:၁၊ အောက်ခြေမှတ်ချက်။ w17.07 ၁၇ ¶၁-၃

ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၂၃

ခင်ဗျားတို့လည်း မဖြောင့်မတ်တဲ့ စည်းစိမ်ကိုသုံးပြီး မိတ်ဖွဲ့ထားပါ။ စည်းစိမ်ကုန်သွားတဲ့အခါ သူတို့က ခင်ဗျားတို့ကို ထာဝရစံအိမ်မှာ လက်ခံထားလိမ့်မယ်။—လု. ၁၆:၉။

ယေရှုရဲ့ နောက်လိုက်အများစုဟာ မတရားတဲ့ စီးပွားရေးလောကမှာ စားဝတ်နေရေးအတွက် ခက်ခဲပင်ပန်းစွာ ရုန်းကန်ရမယ်ဆိုတာ ယေရှု သိတယ်။ စည်းစိမ်ဥစ္စာကို “မဖြောင့်မတ်” တဲ့အရာလို့ ဘာကြောင့် ခေါ်မှန်း ယေရှု မရှင်းပြခဲ့ဘူး။ စီးပွားရေးစနစ်ဟာ ဘုရားရည်ရွယ်ချက်မှာ မပါဝင်ဘူးဆိုတာကိုတော့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ အာဒံနဲ့ ဧဝအတွက် လိုအပ်ရာတွေကို ဧဒင်ဥယျာဉ်မှာ ယေဟောဝါ အလျှံပယ် ပြင်ဆင်ပေးထားတယ်။ (က. ၂:၁၅၊ ၁၆) နောက်ပိုင်း ပထမရာစု ဘိသိက်ခံတွေရဲ့ အသင်းတော်မှာ သန့်ရှင်းသော စွမ်းအားတော် လှုပ်ရှားလာတဲ့အခါ “ဘယ်သူမှ သူ့ပစ္စည်း ငါ့ပစ္စည်း မခွဲခြားတော့ဘဲ ရှိတာတွေကို ဝေမျှသုံးစွဲကြတယ်။” (တ. ၄:၃၂) လူသားအားလုံး ကမ္ဘာ့သယံဇာတတွေကနေ အကျိုးအပြည့်အဝ ခံစားရမယ့်အချိန်အကြောင်း ဟေရှာယ ကြိုဟောခဲ့တယ်။ (ဟေရှာ. ၂၅:၆-၉။ ၆၅:၂၁၊ ၂၂) အခုချိန်မှာတော့ ယေရှုရဲ့ နောက်လိုက်တွေဟာ ဘုရားနှစ်သက်မှုရဖို့ ကြိုးစားရင်း လောကရဲ့ “မဖြောင့်မတ်တဲ့ စည်းစိမ်” ကို သုံးပြီး အသက်မွေးရာမှာ “အမြော်အမြင်” ရှိဖို့ လိုတယ်။—လု. ၁၆:၈။ w17.07 ၈ ¶၄-၆

ကြာသပတေးနေ့၊ အောက်တိုဘာ ၂၄

သူပိုင်ဆိုင်သမျှ မင်းလက်ထဲမှာ ရှိတယ်။—ယောဘ ၁:၁၂။

ပြင်းထန်တဲ့ ဆင်းရဲဒုက္ခ ခံစားရတဲ့အခါ ဘုရားသခင်ကို ယောဘ ငြင်းပယ်မယ်လို့ စာတန် စွပ်စွဲခဲ့ကြောင်း အစောဆုံး ရေးသားခဲ့တဲ့ ယောဘကျမ်းမှာ တွေ့ရတယ်။ ယောဘကို ဘုရားကိုယ်တိုင် ညှဉ်းဆဲဖို့ စာတန် အကြံပေးခဲ့တယ်။ ယေဟောဝါ အဲဒီလိုမလုပ်ခဲ့ပေမဲ့ ယောဘကို စမ်းသပ်ဖို့ စာတန်ကို ခွင့်ပြုခဲ့တယ်။ အချိန်တိုအတွင်း ကျွန်တွေ၊ သိုးနွားတိရစ္ဆာန်တွေနဲ့ ချစ်ရတဲ့ သားသမီးဆယ်ယောက်ကို ယောဘ ဆုံးရှုံးခဲ့ရတယ်။ ယောဘဒုက္ခရောက်တာ ဘုရားသခင်ကြောင့်လို့ ထင်ရအောင် စာတန် လုပ်ဆောင်ခဲ့တယ်။ (ယောဘ ၁:၁၃-၁၉) နာကျင်စေတဲ့ ရွံစရာအနာဆိုးနဲ့လည်း နှိပ်စက်ခဲ့ပြန်တယ်။ (ယောဘ ၂:၇) သူ့မိန်းမနဲ့ မိတ်ဆွေ အတုအယောင် သုံးယောက်ရဲ့ စိတ်ပျက်စရာ စကားတွေကြောင့် ယောဘ ပိုစိတ်ဓာတ်ကျခဲ့တယ်။ (ယောဘ ၂:၉။ ၃:၁၁။ ၁၆:၂) ဘာရလဒ် ရခဲ့သလဲ။ စာတန့်စွပ်စွဲချက် လုံးဝ မှားယွင်းကြောင်း ထင်ရှားသွားတယ်။ ဘုရားသခင်ကို ယောဘ ကျောမခိုင်းခဲ့ဘူး။—ယောဘ ၂၇:၅။ w17.06 ၂၄ ¶၉-၁၀

သောကြာနေ့၊ အောက်တိုဘာ ၂၅

ကိုယ့်မိသားစုဝင်တွေကို မထောက်ပံ့ဘူးဆိုရင် အဲဒီ လူဟာ ယုံကြည်ခြင်းတရားကို ငြင်းပယ်တဲ့သူပဲ။—၁ တိ. ၅:၈။

မိသားစု လိုအပ်ရာတွေကို ထောက်ပံ့ဖို့ ကျမ်းပေးတာဝန်ရှိကြောင်း ဒီနေ့ အိမ်ထောင်ဦးစီးတွေ သိထားကြတယ်။ ဒီတာဝန်ကို ကျေပွန်ဖို့ ကြိုးစားကြရမယ်။ ဒါပေမဲ့ ဒီနောက်ဆုံးကာလမှာ လောကအလုပ်က စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်စေတတ်တယ်။ အလုပ်အကိုင် ရှားပါးမှုကြောင့် အပြိုင်အဆိုင် အလုပ်ရှာနေကြလို့ လစာနည်းရင်တောင် အလုပ်အချိန်များများ ပိုလုပ်ရမယ်လို့ အလုပ်သမားများစွာ ယူဆကြတယ်။ ထုတ်ကုန်များများ ထုတ်လုပ်ရမယ်ဆိုတဲ့ ဖိအားကြောင့် လူတွေဟာ ကာယပိုင်း၊ စိတ်ပိုင်း၊ ခံစားချက်ပိုင်း ထိခိုက်လာတယ်။ အလုပ်အတွက် အဲဒီလို အနစ်နာမခံချင်တဲ့ အလုပ်သမားတွေ အလုပ်ပြုတ်ကိန်း ရှိတယ်။ ကျွန်တော်တို့ ခရစ်ယာန်တွေက အလုပ်ရှင်ကို မဟုတ်ဘဲ ယေဟောဝါကို အဓိက သစ္စာစောင့်သိရမယ်။ (လု. ၁၀:၂၇) လောကအလုပ်ဟာ ကျွန်တော်တို့ရဲ့ အခြေခံလိုအပ်ရာတွေ ဖြည့်ဆည်းပေးဖို့၊ အမှုဆောင်လုပ်ငန်းကို ထောက်မဖို့ သက်သက်ပါပဲ။ ဒါပေမဲ့ သတိမထားဘူးဆိုရင် လောကအလုပ်ကြောင့် ဝတ်ပြုရေးကို ထိခိုက်နိုင်တယ်။ w17.05 ၂၃ ¶၅-၇

စနေနေ့၊ အောက်တိုဘာ ၂၆

မင်းကိုမွေးဖွားစေတဲ့ ဖခင်ရဲ့စကားကို နားထောင်ပါ။ မိခင်ကို အသက်ကြီးသွားလို့ဆိုပြီး မထီလေးစား မလုပ်နဲ့။—ပညာ. ၂၃:၂၂။

တစ်ခါတလေ လူသစ်တွေက သားသမီးတွေကို အမှန်တရား သင်ပေးဖို့ ရင့်ကျက်တဲ့ ကြေညာသူတွေကို တောင်းဆိုကြတယ်။ သားသမီးတွေကို တခြားတစ်ယောက်ယောက် ကျမ်းစာသင်ပေးဖို့ မိဘတွေ ဆုံးဖြတ်တယ်ဆိုရင် ကျမ်းစာသင်ပေးသူက မိဘနေရာကို ဝင်မယူသင့်ဘူး။ (ဧ. ၆:၁-၄) အမှန်တရားကို စိတ်မဝင်စားတဲ့ မိဘတွေရဲ့ သားသမီးတွေကို သက်သေခံတွေ ကျမ်းစာသင်ပေးရတာမျိုး ရှိပါတယ်။ ဒါပေမဲ့ ဘုရားရေးရာဘက် အကူအညီ ပေးရလို့ မိဘနေရာ ရောက်သွားတာ မဟုတ်မှန်း သက်သေခံတွေ သတိရသင့်တယ်။ အဲဒီလို ကျမ်းစာ သင်ပေးရတယ်ဆိုရင် မိဘတွေ အိမ်မှာ ရှိနေချိန်၊ အနီးအနားမှာ တခြားရင့်ကျက်တဲ့ သက်သေခံ ရှိနေချိန် ဒါမှမဟုတ် လူမြင်ကွင်းမှာ သင်ပေးတာက ပညာရှိရာ ကျပါလိမ့်မယ်။ ဒါဆိုရင် ဘယ်သူမှ အထင်မှားတော့မှာ မဟုတ်ဘူး။ အချိန်တန်တဲ့အခါ သားသမီးတွေရဲ့ ဘုရားရေးရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းအားဖြင့် ဘုရားပေးတာဝန်ကို မိဘတွေ ကျေပွန်မယ်လို့ မျှော်လင့်စရာ ရှိပါတယ်။ w17.06 ၈ ¶၁၅-၁၆

တနင်္ဂနွေနေ့၊ အောက်တိုဘာ ၂၇

ကျွန်တော် နားမလည်တဲ့ ဘာသာစကားကို . . . ပြောဆိုသူကလည်း ကျွန်တော့်အတွက် တိုင်းတစ်ပါးသား ဖြစ်နေမှာပေါ့။—၁ ကော. ၁၄:၁၁။

မိဘတွေရဲ့ ယဉ်ကျေးမှုကို သားသမီးတွေ မသိဘူးဆိုရင် မိဘတွေရဲ့ ဘာသာစကားနဲ့ ယုံကြည်ခြင်းကို မသင်ယူချင်တော့ဘူး။ ခရစ်ယာန်မိဘတွေဟာ ကိုယ့်အကြိုက်ထက် သားသမီးတွေရဲ့ အကျိုးကို ဦးစားပေးကြတယ်။ (၁ ကော. ၁၀:၂၄) ညီအစ်ကို ဆယ်မြူယယ် ဒီလိုပြောတယ်– “ဘယ်ဘာသာစကားက သားသမီးတွေအတွက် ဘုရားရေးရာမှာ ပိုအကျိုးရှိသလဲဆိုတာ သိအောင် ကျွန်တော့်ဇနီးနဲ့ ကျွန်တော် လေ့လာတယ်။ ဉာဏ်ပညာရဖို့ ဆုတောင်းကြတယ်။ ကျွန်တော်တို့ရဲ့ ဘာသာစကားနဲ့ ကျင်းပတဲ့ အစည်းအဝေးတွေကနေ သားသမီးတွေ အကျိုးနည်းနည်းပဲ ရတာကို သိလာတဲ့အခါ ဒေသခံ ဘာသာစကားပြော အသင်းတော်ကို ပြောင်းရွှေ့ဖို ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်တို့ အတူတူ အစည်းအဝေး တက်ကြတယ်၊ အမှုဆောင်ထွက်ကြတယ်။ အတူတူ စားသောက်ဖို့၊ ခရီးထွက်ဖို့ ဒေသခံ မိတ်ဆွေတွေကိုလည်း ဖိတ်ခေါ်ကြတယ်။ ဒါတွေက ညီအစ်ကိုတွေကို ပိုသိကျွမ်းဖို့၊ ယေဟောဝါကို ဘုရားအဖြစ်လောက်သာ မဟုတ်ဘဲ ဖခင်၊ မိတ်ဆွေအဖြစ်လည်း သိကျွမ်းလာဖို့ သားသမီးတွေကို ကူညီပေးတယ်။ ဒါတွေက ကျွန်တော်တို့ရဲ့ ဘာသာစကားကို သားသမီးတွေ ကျွမ်းကျင်ဖို့ထက် ပိုအရေးကြီးတယ်လို့ ယူဆကြတယ်။” w17.05 ၁၀ ¶၁၁-၁၃

တနင်္လာနေ့၊ အောက်တိုဘာ ၂၈

ယေဟောဝါကို ချီးမွမ်းကြ။—သူကြီး. ၅:၂။

မကြာခင် ဘယ်အရာထက်မဆို ယေဟောဝါရဲ့ အချုပ်အခြာအာဏာကိုပဲ နှစ်သက်သူတွေနဲ့ ကမ္ဘာပေါ် ပြည့်နေပါတော့မယ်။ အဲဒီအချိန်ကို အလွန်တမ်းတနေကြပါတယ်။ ‘အို ယေဟောဝါ၊ ရန်သူအားလုံး ပျက်စီးပါစေ။ ကိုယ်တော့်ကို ချစ်မြတ်နိုးသူတွေကတော့ အရှိန်အဝါနဲ့ ထွန်းလင်းလာတဲ့ နေမင်းလို ဖြစ်ပါစေ’ လို့ ဒေဗောရ၊ ဗာရက်လို ကျွန်တော်တို့ သီဆိုနေကြတယ်။ (သူကြီး. ၅:၃၁) စာတန့်လောကကို ယေဟောဝါ အဆုံးတိုင်စေတဲ့အချိန်မှာ အဲဒီအသနားခံချက် ပြည့်စုံလာပါလိမ့်မယ်။ အာမဂေဒုန်စစ်ပွဲ စတင်တဲ့အခါ ရန်သူတွေကို တိုက်ဖို့ စေတနာ့ဝန်ထမ်းတွေ လိုမှာ မဟုတ်ဘူး။ ‘ငြိမ်ငြိမ်လေး ရပ်နေပြီး ယေဟောဝါ ဘယ်လိုကယ်တင်မယ်ဆိုတာ စောင့်ကြည့်’ နေရုံပါပဲ။ (၂ ရာ. ၂၀:၁၇) ဒီအတောအတွင်း ယေဟောဝါရဲ့ အရေးကိစ္စကို ထက်ထက်သန်သန်၊ သတ္တိရှိရှိ ထောက်မဖို့ အခွင့်အရေးများစွာ ရရှိထားကြပါတယ်။ ‘ယေဟောဝါကို ချီးမွမ်းကြ။ စေတနာအလျောက် တိုက်ပွဲဝင်ပြီ။’ ဒေဗောရနဲ့ ဗာရက်ဟာ ဖန်ဆင်းရာတွေကို မဟုတ်ဘဲ အမြင့်မြတ်ဆုံးအရှင်ကို ချီးမွမ်းခြင်းနဲ့ အောင်ပွဲခံသီချင်းကို အစပြုခဲ့ကြတယ်။ (သူကြီး. ၅:၁၊ ၂) ဒီနေ့လည်း သင့်ရဲ့ စေတနာ့ဝန်ထမ်း စိတ်ဓာတ်က ‘ယေဟောဝါကို ချီးမွမ်း’ ဖို့ တခြားသူတွေကို လှုံ့ဆော်ပေးပါစေ။ w17.04 ၃၂ ¶၁၇-၁၈

အင်္ဂါနေ့၊ အောက်တိုဘာ ၂၉

ဒီမှာလည်း ထောင်ကျလောက်တဲ့ ပြစ်မှုတစ်ခုမှ မကျူးလွန်ခဲ့ပါဘူး။—က. ၄၀:၁၅။

ဒုက္ခရောက်ခဲ့တဲ့ ၁၃ နှစ်အတွင်း ယောသပ်ဟာ ကြုံခဲ့ရတဲ့ မတရားမှုကို မမေ့ပေမဲ့ နာကြည်းမနေခဲ့ဘူး။ (က. ၄၅:၅-၈) အရေးကြီးဆုံးကတော့ တခြားသူတွေရဲ့ မစုံလင်မှုတွေ၊ အမှားတွေကြောင့် ယေဟောဝါနဲ့ ဝေးကွာခွင့် မပြုခဲ့ဘူး။ ယောသပ်ဟာ သစ္စာစောင့်သိမှုကြောင့် မတရားမှုတွေကို ယေဟောဝါ တည့်မတ်ပေးတာ၊ မိမိနဲ့ မိသားစုအပေါ် ကောင်းချီးပေးတာကို မြင်တွေ့ခွင့်ရခဲ့တယ်။ ကျွန်တော်တို့လည်း ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိတာကို တန်ဖိုးထားပြီး ကာကွယ်စောင့်ရှောက်ရမယ်။ ညီအစ်ကို/မတွေရဲ့ မစုံလင်မှုကြောင့် ကိုယ်ချစ်မြတ်နိုးပြီး ကိုးကွယ်နေတဲ့ ဘုရားနဲ့ ဝေးကွာခွင့် မပြုသင့်ဘူး။ (ရော. ၈:၃၈၊ ၃၉) ယုံကြည်သူချင်းတွေကြောင့် မတရားမှု ကြုံနေရရင်တောင် ယောသပ်ကို အတုယူပြီး ယေဟောဝါနဲ့ ပိုရင်းနှီးအောင်၊ ကိစ္စရပ်တွေကို ယေဟောဝါ ရှုမြင်သလို ရှုမြင်တတ်အောင် ကြိုးစားကြပါစို့။ အခြေအနေကို ကျမ်းစာနည်းလမ်းအတိုင်း အတတ်နိုင်ဆုံး ဖြေရှင်းပြီးပြီဆိုရင် ယေဟောဝါက အချိန်တန်တဲ့အခါ မိမိနည်းလမ်းအတိုင်း ဖြေရှင်းပေးမယ်လို့ ယုံကြည်ပြီး ဘုရားလက်ထဲ အပ်ထားဖို့ လိုတယ်။ w17.04 ၂၀ ¶၁၂။ ၂၂ ¶၁၅-၁၆

ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၃၀

သားတစ်ယောက် ပေးသနားမယ်ဆိုရင် အဲဒီကလေး ကို . . . တစ်သက်လုံး ယေဟောဝါဘုရားအတွက် ပေးပါ့မယ်။—၁ ရှ. ၁:၁၁။

ဘုရားသခင်ဆီ သစ္စာကတိပြုထားတဲ့အတိုင်း ဟန္န လုပ်ဆောင်ခဲ့တယ်။ ပြောင်းလဲဖို့ လုံးဝတောင် မစဉ်းစားခဲ့ဘူး။ ရှိလောမြို့ တဲတော်က ပုရောဟိတ်မင်း ဧလိဆီ ရှမွေလကို ခေါ်သွားပြီး “ဒီသားလေးကို ရဖို့ ကျွန်မ ဆုတောင်းခဲ့တာ။ ကျွန်မ အသနားခံတဲ့အတိုင်း ယေဟောဝါဘုရား လုပ်ပေးခဲ့တဲ့အတွက်၊ ကျွန်မကလည်း ဒီသားလေးကို ယေဟောဝါဘုရားဆီ ပေးအပ်လိုက်ပြီ။ သူ့ကို တစ်သက်လုံး ယေဟောဝါဘုရားဆီ ပေးအပ်လိုက်ပြီ” လို့ပြောတယ်။ (၁ ရှ. ၁:၂၄-၂၈) အဲဒီမှာ “လူငယ်လေး ရှမွေလလည်း ယေဟောဝါရှေ့မှာ ကြီးပြင်းလာတယ်။” (၁ ရှ. ၂:၂၁) ဒါပေမဲ့ ဟန္နအတွက် ဘယ်လိုလဲ။ သားလေးကို သိပ်ချစ်ပေမဲ့ နေ့တိုင်း မတွေ့ရတော့ဘူး။ သူ့ကို ပွေ့ဖက်ဖို့၊ အတူကစားဖို့၊ ကျွေးမွေးစောင့်ရှောက်ဖို့၊ သားလေး ကြီးပြင်းလာတာကို ကြည့်ပြီး ကြည်နူးရတဲ့ အမှတ်တရတွေကို သိမ်းထားဖို့ ဘယ်လောက်တောင် တမ်းတလိုက်လေမလဲ။ ဒါတောင် ဟန္န လုံးဝ နောင်တ မရခဲ့ဘူး။ အဲဒီအစား ယေဟောဝါကြောင့် စိတ်ရွှင်လန်းခဲ့တယ်။—၁ ရှ. ၂:၁၊ ၂။ ဆာ. ၆၁:၁၊ ၅၊ ၈။ w17.04 ၅ ¶၇-၈

ကြာသပတေးနေ့၊ အောက်တိုဘာ ၃၁

နောက်ဆုံးကာလဟာ အလွန် ခက်ခဲကျပ်တည်းမယ်ဆိုတာ သိထားပါ။—၂ တိ. ၃:၁။

လက်ရှိလောက  “ခက်ခဲကျပ်တည်း” မယ်လို့ တမန်တော် ပေါလု ကြိုဟောပြီးနောက် “ဆိုးညစ်သူနဲ့ အယောင်ဆောင်သူတွေဟာ ဆိုးသည်ထက် ဆိုးလာ” မယ်လို့ ပြောခဲ့တယ်။ (၂ တိ. ၃:၂-၅၊ ၁၃) အဲဒီကြိုဟောချက် ပြည့်စုံနေတာကို သင် မြင်တွေ့နေသလား။ လူများစွာဟာ ကြမ်းတမ်းအနိုင်ကျင့်သူတွေ၊ အမုန်းပွားနေတဲ့ တစ်ယူသန်သမားတွေ၊ ရက်စက်တဲ့ ရာဇဝတ်သားတွေရဲ့ သားကောင်တွေ ဖြစ်ခဲ့ကြပြီ။ လူဆိုးတချို့ဟာ ပေါ်ပေါ်ထင်ထင် ဆိုးယုတ်ကြတယ်။ တချို့က အယောင်ဆောင်တွေဖြစ်ပြီး မိမိတို့လုပ်ရပ်ကို ဖြောင့်မတ်ခြင်းမျက်နှာဖုံးအောက်မှာ ဖုံးကွယ်ထားကြတယ်။ လူဆိုးတွေရဲ့ သားကောင် မဖြစ်ခဲ့ရင်တောင် ကျွန်တော်တို့ကို ထိခိုက်နေတုန်းပါပဲ။ ရက်စက်မှုတွေအကြောင်း ကြားသိရတဲ့အခါ အော့နှလုံးနာရတယ်။ ကလေးသူငယ်တွေ၊ အသက်ကြီးသူတွေ၊ အားကိုးရာမဲ့သူတွေကို လူဆိုးတွေ ရက်ရက်စက်စက် အနိုင်ကျင့်ပုံက ကျွန်တော်တို့ကို ထိတ်လန့်ကြောက်ရွံ့စေတယ်။ လူဆိုးတွေဟာ လူမဆန်တဲ့ သဘောထား၊ တိရစ္ဆာန်စိတ်ဓာတ်၊ နတ်ဆိုးသဘောထား ပြနေကြတယ်။ (ယာ. ၃:၁၅) ဝမ်းသာစရာကတော့ အဲဒီသတင်းဆိုးတွေကို ကျမ်းစာပါ သတင်းကောင်းတွေနဲ့ ချေဖျက်ထားတယ်။ w17.04 ၁၀ ¶၄

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ