စက်တင်ဘာ
တနင်္ဂနွေနေ့၊ စက်တင်ဘာ ၁
ယေဟောဝါ မိန့်မှာတဲ့အတိုင်း [သားသမီးတွေကို] ဆုံးမသွန်သင်ပြီး ပြုစုပျိုးထောင်ကြပါ။—ဧ. ၆:၄။
သားသမီးတွေကို “ယေဟောဝါ မိန့်မှာတဲ့အတိုင်း” ပြုစုပျိုးထောင်ခြင်းဟာ မိဘတွေအတွက် အခွင့်ထူးကြီးပါပဲ။ (ဆာ. ၁၂၇:၃) ဒီနေ့ခေတ် ခရစ်ယာန်ကလေးတွေဟာ ရှေးအစ္စရေးကလေးတွေလို ယေဟောဝါဆီ ဆက်ကပ်အပ်နှံထားတဲ့ လူမျိုးအဖြစ် မွေးဖွားလာတာ မဟုတ်ဘူး။ ဘုရားသခင်နဲ့ အမှန်တရား ချစ်မြတ်နိုးစိတ်ကိုလည်း အမွေမရထားကြဘူး။ ဒါကြောင့် မိဘတွေဟာ ကလေးမွေးတဲ့နေ့ကစပြီး တပည့်ဖြစ်စေဖို့ဆိုတဲ့ ပန်းတိုင်နဲ့ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံတဲ့အထိ ကူညီပေးသင့်တယ်။ ဒီထက်အရေးကြီးတာ ဘာရှိနိုင်ဦးမှာလဲ။ လူတစ်ယောက် ဆက်ကပ်အပ်နှံ နှစ်ခြင်းခံပြီး သစ္စာရှိရှိ အမှုဆောင်မှသာ လာမယ့်ကြီးစွာသောဒုက္ခမှာ ကယ်တင်ခြင်း ရနိုင်မယ်။ (မ. ၂၄:၁၃) သားသမီးတွေ ယေဟောဝါဆီ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံခြင်းကနေ မိဘတွေ ကျေနပ်ပျော်ရွှင်မှု ခံစားရနိုင်ပါစေ။ w18.03 ၁၂ ¶၁၆-၁၇
တနင်္လာနေ့၊ စက်တင်ဘာ ၂
ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်ရဲ့သွန်သင်ချက်ကိုပါ အမြဲဂရုစိုက်ပါ။—၁ တိ. ၄:၁၆။
မိသားစုမှာဖြစ်စေ၊ အသင်းတော်မှာဖြစ်စေ ကျမ်းစာကို အခြေခံပြီး ဆုံးမဖို့ အခွင့်အာဏာရထားသူအားလုံး ခရစ်တော်ရဲ့ ပုံသက်သေကို တုပသင့်တယ်။ ဒီနည်းအားဖြင့် ဘုရားသခင်နဲ့ သားတော်ရဲ့ ပုံသွင်းမှုကို ခံယူလိုကြောင်း တင်ပြကြတယ်။ ဘုရားသခင့်ဆုံးမမှုကို လက်ခံခြင်း၊ ဆုံးမရာမှာ ယေဟောဝါနဲ့ ယေရှုကို တုပခြင်းက ကောင်းချီးများစွာ ခံစားရစေပါလိမ့်မယ်။ မိသားစုနဲ့ အသင်းတော်က ငြိမ်းချမ်းတဲ့ ရိပ်မြုံလေး ဖြစ်လာမယ်။ လူတိုင်း မေတ္တာ၊ တန်ဖိုးထားမှု၊ လုံခြုံမှု ခံစားကြရမယ်။ အနာဂတ်မှာခံစားရမယ့် ကောင်းချီးတွေရဲ့ အမြည်းသဘောပါပဲ။ (ဆာ. ၇၂:၇) ဘုရားသခင့် ဆုံးမမှုက ဖခင်ယေဟောဝါရဲ့ ဦးစီးမှုအောက် ငြိမ်သက်စည်းလုံးတဲ့ မိသားစုအဖြစ် အတူတကွ ထာဝစဉ် အသက်ရှင်နိုင်အောင် သွန်သင်ပေးတယ်။ (ဟေရှာ. ၁၁:၉) ဒါကို အမှတ်ရနေမယ်ဆိုရင် ဘုရားသခင့် မေတ္တာဖော်ပြနည်းဖြစ်တဲ့ ဆုံးမမှုကို ပိုတန်ဖိုးထားတတ်လာပါလိမ့်မယ်။ w18.03 ၂၆ ¶၁၅။ ၂၇ ¶၁၇၊ ၁၉
အင်္ဂါနေ့၊ စက်တင်ဘာ ၃
ယောဟန်က ဂျော်ဒန်မြစ်မှာ နှစ်ခြင်းပေးတယ်။ သူတို့လည်း လူအများရှေ့မှာ ကိုယ့်အပြစ်ကို ဝန်ခံကြတယ်။—မ. ၃:၆။
မောရှေပညတ် ချိုးဖောက်မိတဲ့ အပြစ်တွေအတွက် နောင်တရကြောင်း ပြဖို့ လူတွေ ယောဟန်ဆီမှာ နှစ်ခြင်းခံကြတယ်။ (မ. ၃:၁-၆) ဒါပေမဲ့ ယောဟန်ပေးခဲ့တဲ့ အရေးကြီးဆုံးနှစ်ခြင်းကတော့ နောင်တနဲ့ မသက်ဆိုင်ဘူး။ ယောဟန်ဟာ ဘုရားသခင်ရဲ့သားတော်၊ စုံလင်သူ ယေရှုကို နှစ်ခြင်းပေးခွင့် ရခဲ့တယ်။ (မ. ၃:၁၃-၁၇) ယေရှု အပြစ်မရှိတဲ့အတွက် နောင်တယူဖို့ မလိုဘူး။ (၁ ပေ. ၂:၂၂) ယေရှုရဲ့ နှစ်ခြင်းဟာ ဘုရားသခင့် အလိုတော်ဆောင်ဖို့ ကိုယ့်ကိုယ်ကိုယ် ပေးဆက်ထားကြောင်း ဖော်ပြတယ်။ (ဟီ. ၁၀:၇) ယေရှု မြေကြီးပေါ် အမှုဆောင်ချိန်အတွင်း တပည့်တွေလည်း နှစ်ခြင်းပေးခဲ့ကြတယ်။ (ယော. ၃:၂၂။ ၄:၁၊ ၂) ယောဟန်ပေးတဲ့ နှစ်ခြင်းလိုပဲ မောရှေပညတ် ချိုးဖောက်မိလို့ နောင်တရကြောင်း ဖော်ပြတဲ့ နှစ်ခြင်းမျိုးဖြစ်တယ်။ ဒါပေမဲ့ ယေရှု သေဆုံး၊ ထမြောက်ပြီးနောက်မှာတော့ နှစ်ခြင်းရဲ့ အဓိပ္ပာယ် ပြောင်းလဲသွားတယ်။ w18.03 ၅ ¶၆-၇
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၄
စွမ်းအားတော်ရဲ့ လမ်းပြမှုနောက်ကို လိုက်တဲ့သူဟာ အရာခပ်သိမ်းကို စစ်ဆေးတတ်တယ်။—၁ ကော. ၂:၁၅။
“စွမ်းအားတော်ရဲ့ လမ်းပြမှုနောက်ကို လိုက်တဲ့သူ” ဆိုတာ ဘာလဲ။ ဘုရားသခင်ကို အဓိကထားတယ်။ စိတ်အလိုလိုက်သူနဲ့ ဆန့်ကျင်တယ်။ “ဘုရားသခင်ကို အတုယူ” ဖို့ ကြိုးစားတယ်။ (ဧ. ၅:၁) ကိစ္စရပ်တွေကို ယေဟောဝါ ရှုမြင်စဉ်းစားသလို ရှုမြင်စဉ်းစားဖို့ ကြိုးစားတယ်။ သူတို့အတွက် ဘုရားသခင်ဟာ တကယ့်ပုဂ္ဂိုလ် ဖြစ်တယ်။ စိတ်အလိုလိုက်တဲ့သူနဲ့ မတူဘဲ ယေဟောဝါရဲ့ စံနှုန်းတွေအတိုင်း ကျင့်ကြံနေထိုင်ဖို့ ကြိုးစားတယ်။ (ဆာ. ၁၁၉:၃၃။ ၁၄၃:၁၀) အပြစ်ရှိတဲ့အကျင့်တွေကို အာရုံမစိုက်ဘဲ “စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ” တင်ပြဖို့ ကြိုးစားတယ်။ (ဂလ. ၅:၂၂၊ ၂၃) “စွမ်းအားတော် လမ်းပြမှုနောက် လိုက်ခြင်း” အကြောင်း နားလည်ဖို့ ဒီအချက်ကို စဉ်းစားကြည့်ပါ– စီးပွားရေးသမားက စီးပွားရေးအကြောင်းပဲ စဉ်းစားတယ်။ အဲဒီလိုပဲ စွမ်းအားတော် လမ်းပြမှုနောက် လိုက်သူကလည်း ဘုရားတရား၊ ဘာသာတရားကို တန်ဖိုးထားတယ်။ w18.02 ၁၉ ¶၃၊ ၆
ကြာသပတေးနေ့၊ စက်တင်ဘာ ၅
သိပ်တန်ဖိုးထားရတဲ့သူ ဒံယေလ။—ဒံ. ၁၀:၁၁။
ရုပ်တုကိုးကွယ်မှု၊ နတ်ဆိုးအတတ် ပြည့်နှက်နေတဲ့ ဗာဗုလုန်မြို့မှာ သုံ့ပန်းအဖြစ် ဒံယေလ နေထိုင်ခဲ့ရတယ်။ ဗာဗုလုန်တွေက ဂျူးတွေကို အထင်သေးကြတယ်။ ဂျူးတွေနဲ့ ဂျူးတွေရဲ့ ဘုရား ယေဟောဝါကို လှောင်ပြောင်တတ်ကြတယ်။ (ဆာ. ၁၃၇:၁၊ ၃) ဒါက ဒံယေလလို ယုံကြည်သူ ဂျူးတွေအတွက် အတော့်ကို စိတ်ထိခိုက်စရာပါပဲ။ ‘ပွဲတော်စာကြောင့် ကိုယ်ကို မညစ်ညူးစေ’ ချင်တဲ့အတွက် အစားအသောက်က ပြဿနာ ဖြစ်လာတယ်။ (ဒံ. ၁:၅-၈၊ ၁၄-၁၇) ဒံယေလအတွက် သိမ်မွေ့နက်နဲတဲ့ အခက်အခဲကတော့ ထူးခြားတဲ့ စွမ်းရည်တွေကြောင့် အခွင့်ထူးတွေ ရရှိခြင်း ဖြစ်နိုင်တယ်။ (ဒံ. ၁:၁၉၊ ၂၀) အခွင့်ထူးတွေကြောင့် မာနတက်၊ တစ်ယူသန်ဆန်မယ့်အစား နှိမ့်ချကျိုးနွံခဲ့တယ်။ ယေဟောဝါကို အမြဲ ဂုဏ်တင်ခဲ့တယ်။ (ဒံ. ၂:၃၀) နောဧ၊ ယောဘတို့နဲ့အတူ ဖြောင့်မတ်ခြင်း ပုံသက်သေအဖြစ် ယေဟောဝါ ယူမှတ်ခဲ့တုန်းက ဒံယေလဟာ လူငယ်ပဲ ရှိသေးတယ်။ (ယေဇ. ၁၄:၁၄) ဒံယေလအပေါ် ဘုရားသခင် ယုံကြည်စိတ်ချတာ မှားသွားသလား။ မမှားပါဘူး။ ဒံယေလဟာ အသက်ထက်ဆုံး သစ္စာရှိရှိ နာခံခဲ့တယ်။ w18.02 ၅ ¶၁၁-၁၂
သောကြာနေ့၊ စက်တင်ဘာ ၆
[လေဝိက] ယေရှုအတွက် အိမ်မှာ စားသောက်ပွဲကြီး တည်ခင်းပေးတယ်။—လု. ၅:၂၉။
ယေရှုဟာ အပျော်အပါးနဲ့ပတ်သက်ပြီး ပြည့်စုံမျှတတဲ့အမြင် တင်ပြခဲ့တယ်။ “မင်္ဂလာပွဲ” နဲ့ “စားသောက်ပွဲကြီး” တက်ရောက်ခဲ့တယ်။ (ယော. ၂:၁-၁၀) မင်္ဂလာပွဲမှာ ကုန်နေတဲ့ဝိုင်ကို ဖြည့်ပေးဖို့ အံ့ဖွယ်နည်းနဲ့ ရေကို ဝိုင်အဖြစ် ပြောင်းခဲ့တယ်။ ဒါပေမဲ့ ယေရှုဟာ အပျော်အပါးမှာပဲ ဘဝကို နှစ်မြှုပ်မထားဘူး။ ယေဟောဝါကို ဦးစားထားတယ်။ သူတစ်ပါးအကျိုးအတွက် ကိုယ့်ကိုယ်ကိုယ် မမောနိုင်မပန်းနိုင် အသုံးတော်ခံခဲ့တယ်။ လူတွေ အသက်ရအောင် သစ်တိုင်မှာ နာကျင်စွာ အသေခံဖို့ တလိုတလား ရှိခဲ့တယ်။ မိမိခြေရာကို လိုက်လျှောက်မယ့်သူတွေနဲ့ပတ်သက်ပြီး ဒီလိုပြောခဲ့တယ်– “ခင်ဗျားတို့ဟာ ကျွန်တော့်ကြောင့် ကဲ့ရဲ့ ညှဉ်းဆဲခံရတဲ့အခါ၊ မဟုတ်မမှန် စွပ်စွဲခံရတဲ့အခါ ပျော်ရွှင်ချမ်းမြေ့တယ်။ ကောင်းကင်မှာ ခင်ဗျားတို့ရမယ့်ဆုဟာ ကြီးမြတ်တဲ့အတွက် ဝမ်းမြောက်ရွှင်လန်းကြပါ။” (မ. ၅:၁၁၊ ၁၂) ဘုရားကို တကယ်ချစ်မယ်ဆိုရင် ဘုရားစိတ်တော်နဲ့ မတွေ့ဘူးလို့ သိထားတဲ့အရာတွေအပြင် ဘုရားစိတ်တော်နဲ့ မတွေ့ဘူးလို့ ထင်ရတဲ့အရာတွေကိုလည်း ဂရုတစိုက် ရှောင်ကြပါမယ်။—မ. ၂၂:၃၇၊ ၃၈။ w18.01 ၂၆ ¶၁၆-၁၈
စနေနေ့၊ စက်တင်ဘာ ၇
ကျွန်ကို ငယ်ငယ်ကတည်းက အလိုလိုက်လွန်းရင် နောင်တစ်ချိန်မှာ ကျေးဇူးကန်းတတ်တယ်။—ပညာ. ၂၉:၂၁။
ယေဟောဝါကို ချစ်လို့၊ ကျေးဇူးတင်လေးမြတ်လို့ ကျွန်တော်တို့ ပေးကြတာပါ။ ကျွန်တော်တို့အတွက် ယေဟောဝါ လုပ်ပေးသမျှကို ပြန်စဉ်းစားတဲ့အခါ ကျွန်တော်တို့ရဲ့ စိတ်နှလုံးကို ထိမိတယ်။ ကျွန်တော်တို့ ပိုင်ဆိုင်သမျှဟာ ယေဟောဝါဆီက လာတာဖြစ်ကြောင်း၊ ယေဟောဝါ ပေးထားရာတွေထဲကပဲ ပြန်ပေးတာဖြစ်ကြောင်း ဘုရင်ဒါဝိဒ် အသိအမှတ်ပြုခဲ့တယ်။ (၁ ရာ. ၂၉:၁၁-၁၄) ပေးကမ်းတာက ကိုယ့်အတွက် ကောင်းပါတယ်။ ရယူသူပဲ မဟုတ်ဘဲ ရက်ရက်ရောရော ပေးကမ်းသူ ဖြစ်တာ ကောင်းတယ်။ မိဘတွေပေးတဲ့ မုန့်ဖိုးထဲက မိဘတွေကို လက်ဆောင်ပြန်ပေးတဲ့ ကလေးတစ်ယောက်ကို စဉ်းစားကြည့်ပါ။ ဒီလက်ဆောင်နဲ့ပတ်သက်ပြီး မိဘတွေ ဘယ်လို ခံစားရမလဲ။ မိဘအိမ်မှာနေရင်း ရှေ့ဆောင်လုပ်နေတဲ့ သားသမီးက မိဘတွေကို အိမ်စရိတ် အနည်းငယ် ထောက်ပံ့နိုင်ပါတယ်။ ထောက်ပံ့ဖို့ မိဘတွေ မမျှော်လင့်ပါဘူး။ ဒါပေမဲ့ ထောက်ပံ့တာက မိဘတွေ လုပ်ပေးခဲ့တာအားလုံးအတွက် ကျေးဇူးသိကြောင်း ပြနိုင်တဲ့နည်းမို့ အဲဒီလက်ဆောင်တွေကို လက်ခံကြပါမယ်။ အလားတူပဲ ကိုယ့်မှာရှိတဲ့ အဖိုးတန်အရာတွေ ပေးတာက ကျွန်တော်တို့အတွက် ကောင်းမှန်း ယေဟောဝါ သိတယ်။ w18.01 ၁၈ ¶၄၊ ၆
တနင်္ဂနွေနေ့၊ စက်တင်ဘာ ၈
ကိုယ်တိုင်ရော သားမြေးတွေပါ အသက်ဆက်ရှင်နိုင်ဖို့ အသက်ရှင်ခြင်းကို ရွေးချယ်ပါ။—တရား. ၃၀:၁၉။
သားသမီးတွေကို အမှား၊ အမှန် ပြောပြရုံထက်မက လိုအပ်တယ်။ ‘သွေးသားအတွက် နှစ်သက်စရာ ဖြစ်နိုင်တဲ့အရာတွေကို ကျမ်းစာမှာ ဘာကြောင့် တားမြစ်ထားသလဲ။ ကျမ်းစာစံနှုန်းတွေဟာ အမြဲ ကောင်းကျိုးပြုကြောင်း ဘာက ယုံကြည်စိတ်ချစေသလဲ’ စတဲ့ မေးခွန်းတွေကို ဆင်ခြင်တတ်အောင်လည်း ကူညီပေးရမယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈) ခရစ်ယာန်တစ်ယောက်ရဲ့ တာဝန်တွေကို နှစ်ခြင်းခံချင်တဲ့ ကလေးတစ်ယောက် ဘယ်လို ယူဆကြောင်း ဆင်ခြင်တတ်အောင် ကူညီပေးသင့်တယ်။ ဘာအကျိုးကျေးဇူးတွေ ရမလဲ။ ဘာတွေ ပေးဆပ်ရမလဲ။ အကျိုးကျေးဇူးတွေဟာ ပေးဆပ်ရတာတွေထက် ဘယ်လို သာလွန်သလဲ။ (မာ. ၁၀:၂၉၊ ၃၀) အဲဒါတွေဟာ နှစ်ခြင်းခံပြီးတဲ့နောက် ကြုံရနိုင်တဲ့အရေးကိစ္စတွေ ဖြစ်တယ်။ ဒါကြောင့် ဒီအရေးကြီးတဲ့ခြေလှမ်း မလှမ်းခင် အဲဒီအချက်တွေကို စဉ်းစားဖို့ အရေးကြီးတယ်။ လေးလေးနက်နက် စဉ်းစားတတ်အောင် သားသမီးတွေကို ကူညီပေးတဲ့အခါ ကိုယ်ပိုင်ခံယူချက် ပိုခိုင်မာလာနိုင်တယ်။ ဘာခံယူချက်လဲ။ ကျမ်းစာစံနှုန်းတွေဟာ အမြဲတမ်း သူတို့အတွက် အကောင်းဆုံးဆိုတဲ့အချက်ပါပဲ။ w17.12 ၂၁ ¶၁၄-၁၅
တနင်္လာနေ့၊ စက်တင်ဘာ ၉
အဲဒီအရှင်က အဲဒါတွေအားလုံးကို နာမည်တပ်ပြီး ခေါ်တယ်။—ဟေရှာ. ၄၀:၂၆။
ညီအစ်ကို/မများစွာဟာ အသည်းအသန် ဖျားနာကြတယ်။ တချို့ကျတော့ ကိုယ်တိုင်အသက်ကြီးနေပေမဲ့ သက်ကြီးရွယ်အို ဆွေမျိုးတွေကို စောင့်ရှောက်နေကြရတယ်။ တချို့ကျတော့ ဇိမ်ခံပစ္စည်းတွေအတွက် မဟုတ်ဘဲ မိသားစုစားဝတ်နေရေးအတွက် ပင်ပင်ပန်းပန်း ရုန်းကန်နေကြတယ်။ တချို့တွေမှာတော့ တစ်ချိန်တည်းမှာပဲ ပြဿနာမျိုးစုံ ရင်ဆိုင်နေကြရတယ်။ သက်မဲ့ဖန်ဆင်းရာတွေကိုတောင် ယေဟောဝါ စိတ်ဝင်စားတယ်ဆိုရင် တာဝန်ရှိလို့ မဟုတ်ဘဲ ဘုရားကို ချစ်လို့ အမှုဆောင်နေကြတဲ့ သင်တို့နဲ့ပတ်သက်ပြီး ဘယ်လို ခံစားရမယ်ဆိုတာ စဉ်းစားကြည့်ပါ။ (ဆာ. ၁၉:၁၊ ၃၊ ၁၄) မေတ္တာရှင်ဖခင်က သင့်အကြောင်း အသေးစိတ် သိတယ်။ “ခင်ဗျားတို့ရဲ့ ဆံပင်တွေကိုတောင် အကုန် ရေတွက်ထားတယ်။” (မ. ၁၀:၃၀) “အပြစ်ပြောစရာမရှိသူတွေ ဘာတွေ ကြုံတွေ့နေရမှန်း ယေဟောဝါ သိတယ်” လို့ ဆာလံဆရာ စိတ်ချစေတယ်။ (ဆာ. ၃၇:၁၈) သင်ရင်ဆိုင်နေရတဲ့ စမ်းသပ်မှုတွေကို ဘုရားသခင် သိတယ်။ စမ်းသပ်မှုတစ်မျိုးစီကို ခံရပ်နိုင်ဖို့လည်း ခွန်အားပေးနိုင်ပါတယ်။ w18.01 ၇ ¶၁။ ၈ ¶၄
အင်္ဂါနေ့၊ စက်တင်ဘာ ၁၀
တဗိသ၊ ထပါ။—တ. ၉:၄၀။
တဗိသကို ပေတရု ထမြောက်ပေးတဲ့ ဖြစ်ရပ်ကြောင့် “လူအတော်များများ သခင်ကို ယုံကြည်လာ” ပြီး သခင်အကြောင်း၊ အထူးသဖြင့် လူသေတွေကို ယေဟောဝါ ရှင်ပြန်ထမြောက်ပေးနိုင်စွမ်းအကြောင်း သက်သေထူနိုင်ခဲ့ကြတယ်။ (တ. ၉:၃၆-၄၂) တခြားသူတွေလည်း နောက်ထပ် ရှင်ပြန်ထမြောက်ခြင်းကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ကြတယ်။ တမန်တော် ပေါလုဟာ အခု တူရကီ အနောက်မြောက်ပိုင်းမှာရှိတဲ့ တရောမြို့ အထက်ခန်းတစ်ခုမှာ အစည်းအဝေး လုပ်နေတယ်။ သန်းခေါင်အထိ ပေါလု ဟောပြောတယ်။ ဥတုခုလို့ခေါ်တဲ့ လူငယ်တစ်ယောက်ဟာ ပြတင်းပေါက်ဘောင်မှာ ထိုင်နားထောင်နေရင်း အိပ်ငိုက်ပြီး တတိယအထပ်ကနေ ပြုတ်ကျသွားတယ်။ ဥတုခုဆီ သမားတော်လုကာ အရင်ဆုံး ရောက်သွားပြီး စစ်ဆေးကြည့်တော့ သတိလစ်ရုံ မဟုတ်ဘဲ သေဆုံးနေပြီ။ ပေါလု အောက်ထပ် ဆင်းလာပြီး အလောင်းကို ပွေ့ဖက်လိုက်တယ်။ “သူ အသက်ပြန်ရှင်လာပြီ” လို့ ပြောလိုက်တော့ မြင်တွေ့သူတွေ အတော်အံ့ဩသွားကြတယ်။ ရှင်ပြန်ထမြောက်ခြင်းကို မြင်တွေ့ရလို့ “အတိုင်းထက်အလွန် စိတ်သက်သာရာ ရသွားကြတယ်။”—တ. ၂၀:၇-၁၂။ w17.12 ၅ ¶၁၀-၁၁
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၁၁
ယေဟောဝါရဲ့လုပ်ဆောင်မှုတွေ . . . ကို ကိုယ်တိုင် လာကြည့်ကြပါ။—ဆာ. ၄၆:၈။
ကြာမြင့်စွာကတည်းက ဒုက္ခပေးလာတဲ့ ပြဿနာတွေကို လူသားတွေ ဖြေရှင်းနိုင်ပြီလား။ စစ်ကို လူတွေ မရပ်တန့်နိုင်ကြသေးဘူး။ ဆိုက်ဘာရာဇဝတ်မှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ အကြမ်းဖက်တိုက်ခိုက်မှုစတဲ့ တခြားရာဇဝတ်မှုတွေ ကြောက်စရာကောင်းလောက်အောင် တိုးများလာတယ်။ သေစေနိုင်တဲ့ ရောဂါတွေ ပျံ့နှံ့နေတုန်းပဲ။ လက်ရှိ စီးပွားရေး၊ နိုင်ငံရေးစနစ်တွေကို အတ္တသမားတွေ ကြီးစိုးထားတယ်။ စစ်၊ ရာဇဝတ်မှု၊ ရောဂါ၊ ဆင်းရဲနွမ်းပါးမှုကို သူတို့ မဖယ်ရှားပေးနိုင်တာ ထင်ရှားတယ်။ ဘုရားနိုင်ငံတော်ကသာ ဖယ်ရှားပေးနိုင်တယ်။ လူသားတွေအတွက် ယေဟောဝါ ဘာလုပ်ပေးမယ်ဆိုတာ သုံးသပ်ကြည့်ပါ။ စစ်။ အတ္တကြီးခြင်း၊ အကျင့်ပျက်ခြစားခြင်း၊ မျိုးချစ်စိတ်ပြင်းထန်ခြင်း၊ မှားယွင်းတဲ့ဘာသာတရား၊ စာတန်စတဲ့ စစ်ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ဘုရားနိုင်ငံတော်က ဖယ်ရှားပေးမယ်။ (ဆာ. ၄၆:၉) ရာဇဝတ်မှု။ ဘုရားနိုင်ငံတော်က အချင်းချင်းကို ချစ်ဖို့၊ ယုံကြည်စိတ်ချဖို့ လူသန်းပေါင်းများစွာကို သင်ပေးနေတယ်။ ဘယ်အစိုးရမှ အဲဒီလို မလုပ်နိုင်ဘူး။ (ဟေရှာ. ၁၁:၉) ရောဂါ။ ယေဟောဝါက လူတွေကို ပြည့်ဝစုံလင်တဲ့ ကျန်းမာရေး ရရှိစေမယ်။ (ဟေရှာ. ၃၅:၅၊ ၆) ဆင်းရဲနွမ်းပါးမှု။ ဆင်းရဲနွမ်းပါးမှုကို ယေဟောဝါ ဖယ်ရှားပေးမယ်။ ဘုရားရေးရာနဲ့ ရုပ်ပိုင်း ကြွယ်ဝစေမယ်။—ဆာ. ၇၂:၁၂၊ ၁၃။ w17.11 ၂၄ ¶၁၄-၁၆
ကြာသပတေးနေ့၊ စက်တင်ဘာ ၁၂
ခင်ဗျားတို့မှာ လူသတ်မိတဲ့အပြစ် ရှိမှာမဟုတ်ဘူး။—တရား. ၁၉:၁၀။
ခိုလှုံရာမြို့တွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ လူသတ်မိတဲ့အပြစ်ကနေ အစ္စရေးတွေကို ကာကွယ်ပေးဖို့ပါ။ ယေဟောဝါက အသက်ကို မြတ်နိုးတယ်။ “အပြစ်မဲ့သူကို သတ်တဲ့လက်” ကို မုန်းတယ်။ (ပညာ. ၆:၁၆၊ ၁၇) ဘုရားသခင်ဟာ တရားမျှတ၊ သန့်ရှင်းမြင့်မြတ်လို့ မတော်တဆ လူသတ်မှုကိုတောင် လျစ်လျူမရှုနိုင်ဘူး။ ယေဟောဝါနဲ့ မတူဘဲ ကျမ်းတတ်တွေ၊ ဖာရိရှဲတွေကတော့ အသက်ကို ပေါ့ပေါ့တန်တန် သဘောထားကြတယ်။ ဘယ်နည်းအားဖြင့်လဲ။ “ခင်ဗျားတို့က အသိပညာ တံခါးသော့ကို သိမ်းထားတယ်။ ကိုယ်တိုင်လည်း မဝင်ဘူး။ ဝင်မယ့်သူတွေကိုလည်း တားကြတယ်” လို့ ယေရှု ပြောတယ်။ (လု. ၁၁:၅၂) သူတို့ဟာ ဘုရားသခင့် နှုတ်ထွက်စကားရဲ့ အဓိပ္ပာယ်ကို ဖွင့်ပြပေးရမယ်။ ထာဝရအသက်လမ်းပေါ် လျှောက်နိုင်အောင် တခြားသူတွေကို ကူညီပေးရမယ်။ ဒါပေမဲ့ လူတွေကို “အသက်ရဲ့ ကိုယ်စားလှယ်ချုပ်” ယေရှုနဲ့ ဝေးအောင် လုပ်ပြီး ထာဝရပျက်စီးခြင်းလမ်းပေါ်ပဲ ပို့ဆောင်ပေးနေကြတယ်။ (တ. ၃:၁၅) မာနကြီးပြီး အတ္တကြီးတဲ့ ကျမ်းတတ်တွေ၊ ဖာရိရှဲတွေဟာ လူလူချင်းရဲ့ အသက်နဲ့ ကောင်းကျိုးကို နည်းနည်းမှ ဂရုမစိုက်ကြဘူး။ အင်မတန် ရက်စက်၊ ကရုဏာမဲ့ကြတယ်။ w17.11 ၁၅ ¶၉-၁၀
သောကြာနေ့၊ စက်တင်ဘာ ၁၃
တစ်ယောက်ယောက်ဟာ ကျွန်တော့်ကြောင့် . . . ရှက်မယ်ဆိုရင် လူသားကလည်း . . . သူ့ကို လက်ခံဖို့ ရှက်လိမ့်မယ်။—မာ. ၈:၃၈။
အစပိုင်းမှာတော့ ယေဟောဝါသက်သေတွေနဲ့ ပူးပေါင်းနေတဲ့အကြောင်း မိသားစုတွေကို မပြောပြတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ယုံကြည်ခြင်း တိုးပွားလာတာနဲ့အမျှ ပွင့်ပွင့်လင်းလင်း ပြောဖို့ လိုမှန်း သိလာတယ်။ သတ္တိရှိရှိ ရပ်တည်မှုကြောင့် သက်သေခံ မဟုတ်တဲ့ ဆွေမျိုးသားချင်းတွေနဲ့ ပြဿနာဖြစ်လာရင် စာနာတတ်ဖို့ ကြိုးစားပါ။ သင်ယူသိရှိလာတဲ့ ကျမ်းစာအမှန်တရားကြောင့် ကျွန်တော်တို့ ဝမ်းသာအားရဖြစ်နိုင်ပေမဲ့ ဆွေမျိုးသားချင်းတွေကတော့ ကျွန်တော်တို့ လှည့်စားခံနေရပြီ၊ ယုံကြည်ခြင်း ပြောင်းသွားပြီလို့ တလွဲယူဆနိုင်တယ်။ သူတို့နဲ့အတူ ပွဲနေ့တွေ မကျင်းပတော့တဲ့အတွက် သူတို့ကို မချစ်တော့ဘူးလို့ ထင်သွားနိုင်တယ်။ ကျွန်တော်တို့ရဲ့ ထာဝရကောင်းကျိုးအတွက် စိုးရိမ်ပေးတာမျိုးတောင် ဖြစ်နိုင်တယ်။ သူတို့ရဲ့ ရှုထောင့်ကနေ အခြေအနေတွေကို ကြည့်မြင်ပေးဖို့ ကြိုးစားခြင်း၊ သူတို့ရဲ့ စိတ်ရင်းမှန်နဲ့ စိုးရိမ်ပေးမှုကို ဂရုတစိုက် နားထောင်ပေးခြင်းအားဖြင့် စာနာမှု ပြသင့်တယ်။ (ပညာ. ၂၀:၅) တမန်တော် ပေါလုဟာ သတင်းကောင်း ဟောနိုင်ဖို့ “လူအမျိုးမျိုး” ကို နားလည်ပေးဖို့ ကြိုးစားခဲ့တယ်။ ကျွန်တော်တို့လည်း အလားတူ ကြိုးစားနိုင်ပါတယ်။—၁ ကော. ၉:၁၉-၂၃။ w17.10 ၁၅ ¶၁၁-၁၂
စနေနေ့၊ စက်တင်ဘာ ၁၄
[ယေဟောဝါကို] ချီးမွမ်းသီချင်းဆိုကြပါ။—ဆာ. ၃၃:၂။
သီချင်းကို ဘယ်လို ဆိုရမှန်း မသိလို့ စိုးရိမ်နေတာ ဖြစ်နိုင်တယ်။ အခြေခံ အကြံပြုချက်တချို့ကို လိုက်နာခြင်းအားဖြင့် သီချင်းဆိုရာမှာ တိုးတက်နိုင်ပါတယ်။ တော်မှန်စွာ အသက်ရှူခြင်းအားဖြင့် အားမာန်ပါပါ သီဆိုနိုင်တယ်။ လျှပ်စစ်စွမ်းအားက မီးသီးကို လင်းစေသလို အသက်ရှူခြင်းက စကားပြောတဲ့အခါဖြစ်စေ၊ သီချင်းဆိုတဲ့အခါဖြစ်စေ အသံအား ကောင်းစေနိုင်တယ်။ စကားပြောတဲ့အသံ၊ အဲဒီထက် ပိုကျယ်တဲ့အသံနဲ့ သီချင်းဆိုသင့်တယ်။ ချီးမွမ်းသီချင်းဆိုချိန်မှာ “ရွှင်လန်းစွာ သီချင်းဆိုကြ” ဖို့ ဝတ်ပြုသူတွေကို ကျမ်းစာမှာ ရံဖန်ရံခါ ညွှန်ကြားတယ်။ (ဆာ. ၃၃:၁-၃) ဒီလိုလုပ်ကြည့်ပါ– သီချင်းစာအုပ်ထဲက အကြိုက်ဆုံး သီချင်းတစ်ပုဒ်ကို ရွေးပါ။ စာသားကို ပီပီသသ၊ ယုံကြည်စိတ်ချတဲ့ လေသံနဲ့ ကျယ်ကျယ်ဖတ်ပါ။ အသက်ဝဝရှူပြီး တစ်ကြောင်းတည်းက တေးသားတွေကို ကျယ်ကျယ်ပြောပါ။ ပြီးနောက် အဲဒီအသံနဲ့ပဲ သီဆိုပါ။ (ဟေရှာ. ၂၄:၁၄) သီချင်းဆိုသံ ပိုအားပြည့်လာမယ်။ အဲဒါ ကောင်းတယ်။ မကြောက်ပါနဲ့။ မရှက်ပါနဲ့။ w17.11 ၅-၆ ¶၁၁-၁၃
တနင်္ဂနွေနေ့၊ စက်တင်ဘာ ၁၅
[သူတို့ရဲ့] စိတ်ကို ဘုရားသခင် လှုံ့ဆော်ပေးတယ်။ ဒါကြောင့် သူတို့က ဂျေရုဆလင်မြို့ကို တက်သွားပြီး ယေဟောဝါရဲ့အိမ်တော်ကို ပြန်တည်ဆောက်ဖို့ အသင့်ပြင်ကြတယ်။—ဧဇ. ၁:၅။
ဂျူးတွေ ခရီးသွားရင်း နေရပ်သစ်အကြောင်း အချိန်များစွာ စဉ်းစားခဲ့ကြမှာပဲ။ တစ်ခါတုန်းက ဂျေရုဆလင် ဘယ်လောက် လှပခဲ့မှန်း ကြားဖူးကြမှာပဲ။ သူတို့ထဲက အသက်ကြီးသူတွေက အရင်ဗိမာန်တော်ရဲ့ ဘုန်းကျက်သရေကို မြင်ဖူးခဲ့ကြတယ်။ (ဧဇ. ၃:၁၂) သူတို့နဲ့အတူ ခရီးသွားနေတယ်ဆိုရင် နေရပ်သစ် ဂျေရုဆလင်ကို ဦးဆုံး မြင်ရချိန်မှာ ဘယ်လို ခံစားရမလဲ။ ပေါင်းပင်တွေ ဖုံးနေတဲ့ အဆောက်အဦပျက်တွေ မြင်ရတဲ့အခါ ဝမ်းနည်းမိမလား။ ဗာဗုလုန်ရဲ့ ကြီးမားတဲ့ မြို့ရိုးနှစ်ထပ်နဲ့ ဂျေရုဆလင်ရဲ့ ပြိုပျက်နေတဲ့ မြို့ရိုးတွေကို နှိုင်းယှဉ်မိမလား။ မြို့တံခါးတွေ၊ မျှော်စင်တွေ ပြိုပျက်နေတယ်။ ဒါပေမဲ့ လူတွေ စိတ်ဓာတ်မကျဘူး။ အိမ်ပြန်လာတဲ့ ခရီးစဉ်တစ်လျှောက် ယေဟောဝါ ကူညီပေးခဲ့တာကို မြင်ခဲ့ကြပြီပဲ။ ဒါကြောင့် ရောက်ရောက်ချင်း အရင်ဗိမာန်တော်နေရာမှာ ပူဇော်ရာပလ္လင်ကို တည်ပြီး ယေဟောဝါဆီ နေ့တိုင်း ပူဇော်သက္ကာတွေ ဆက်သကြတယ်။—ဧဇ. ၃:၁၊ ၂။ w17.10 ၂၆-၂၇ ¶၂-၃
တနင်္လာနေ့၊ စက်တင်ဘာ ၁၆
ယေဟောဝါက မင်းနဲ့အတူ ရှိတဲ့အတွက် မကြောက်နဲ့။—၁ ရာ. ၂၈:၂၀။
ရှောလမုန်ဟာ ရဲစွမ်းသတ္တိအကြောင်း ဖခင်ဆီကနေ များစွာသိလာတာ ဖြစ်နိုင်တယ်။ ဒါဝိဒ်က စစ်မြေပြင် စစ်ရည်ဝနေတဲ့ လူထွားကြီးကို ရင်ဆိုင်တဲ့အခါ ထူးခြားတဲ့ရဲစွမ်းသတ္တိ ပြခဲ့တယ်။ ဘုရားသခင်ရဲ့ ကူညီထောက်မမှု၊ ကျောက်ခဲတစ်လုံးနဲ့ ဂေါလျတ်ကို ဒါဝိဒ် အနိုင်ယူခဲ့တယ်။ (၁ ရှ. ၁၇:၄၅၊ ၄၉၊ ၅၀) ဒါကြောင့် နောက်ပိုင်းမှာ ရှောလမုန်ကို ရဲစွမ်းသတ္တိ ရှိဖို့၊ ဗိမာန်တော် ဆောက်လုပ်ဖို့ တိုက်တွန်းတာ သင့်လျော်လှပါတယ်။ ဗိမာန်တော် ဆောက်လုပ်ရေး ပြီးစီးတဲ့အထိ ယေဟောဝါ အတူရှိမယ်လို့ ရှောလမုန်ကို ဘုရင်ဒါဝိဒ် အာမခံခဲ့တယ်။ ရှောလမုန်ဟာ ဖခင်ရဲ့ စကားကို မှတ်ထားပြီး ငယ်ရွယ်တာ၊ အတွေ့အကြုံ မရှိတာကို အတားအဆီး မဖြစ်စေခဲ့ဘူး။ သတ္တိရှိရှိ လုပ်ငန်းစခဲ့တယ်။ ကြီးကျယ်ခမ်းနားတဲ့ ဗိမာန်တော်ကို ယေဟောဝါရဲ့ အကူအညီနဲ့ ခုနစ်နှစ်ခွဲအတွင်း ဆောက်လုပ်ပြီးစီးခဲ့တယ်။ ရှောလမုန်ကို ယေဟောဝါ ကူညီပေးခဲ့သလို ကျွန်တော်တို့ကိုလည်း မိသားစုမှာ၊ အသင်းတော်မှာ ရဲစွမ်းသတ္တိရှိဖို့၊ အလုပ်ပြီးစီးဖို့ ကူညီပေးနိုင်ပါတယ်။ (ဟေရှာ. ၄၁:၁၀၊ ၁၃) ယေဟောဝါကို သတ္တိရှိရှိ ဝတ်ပြုမယ်ဆိုရင် အခုရော အနာဂတ်မှာပါ ကောင်းချီးခံစားရမှာ စိတ်ချနိုင်ပါတယ်။ w17.09 ၂၈ ¶၃။ ၂၉ ¶၄။ ၃၂ ¶၂၀၊ ၂၁
အင်္ဂါနေ့၊ စက်တင်ဘာ ၁၇
ဘုရားသခင်ရဲ့ နှုတ်ထွက်စကားဟာ ရှင်သန်နေတယ်၊ အစွမ်းထက်တယ်။—ဟီ. ၄:၁၂။
ယေဟောဝါရဲ့ နှုတ်ထွက်စကား “ရှင်သန်နေတယ်၊ အစွမ်းထက်တယ်” ဆိုတာ ဘုရားလူမျိုးတွေ ယုံကြည်စိတ်ချတယ်။ ကျမ်းစာက လူများစွာရဲ့ အသက်တာကို ပြောင်းလဲပေးခဲ့ပြီ။ ညီအစ်ကို/မတချို့ဟာ သူခိုး၊ မူးယစ်ဆေးသမား၊ လိင်အကျင့်ပျက်သူတွေ ဖြစ်ခဲ့ဖူးကြတယ်။ တချို့ကျတော့ ဒီစနစ်မှာ အတော်အတန် အောင်မြင်ပေမဲ့ ဘဝမှာ တစ်ခုခု လိုနေတယ်လို့ ခံစားခဲ့ကြတယ်။ (ဒေ. ၂:၃-၁၁) မျှော်လင့်ချက် မဲ့သူတွေဟာ ကျမ်းစာရဲ့ ပြောင်းလဲပေးနိုင်စွမ်းကြောင့် အသက်လမ်းကို ရှာတွေ့ခဲ့ကြတယ်။ “သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်” ဆိုတဲ့ ကင်းမျှော်စင် ဆောင်းပါးတွဲတွေမှာပါတဲ့ တွေ့ကြုံမှုတွေကို ဖတ်ရတာ သင်နှစ်သက်မှာပါ။ အမှန်တရားကို လက်ခံပြီးနောက်မှာတောင် ခရစ်ယာန်တွေဟာ ကျမ်းစာရဲ့ အကူအညီနဲ့ ဆက်တိုးတက်နေကြတယ်။ w17.09 ၂၃ ¶၁
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၁၈
ယေဟောဝါရဲ့ သနားညှာတာမှုကြောင့် ကောင်းကင်တမန်တွေက. . . [လောတကို] မြို့ပြင် ခေါ်ထုတ်သွားတယ်။—က. ၁၉:၁၆။
သစ္စာရှိ ကျေးကျွန်တွေ ကြုံရတဲ့ အခက်အခဲတွေကို ယေဟောဝါ အပြည့်အဝ နားလည်ကြောင်း အဲဒီဖြစ်ရပ်က ဖော်ပြတယ် မဟုတ်လား။ (ဟေရှာ. ၆၃:၇-၉။ ယာ. ၅:၁၁။ ၂ ပေ. ၂:၉) မိမိလူမျိုးကိုလည်း သနားစာနာမှု ပြဖို့ သင်ပေးတယ်။ လူတစ်ယောက်ရဲ့ အဝတ်ကို အပေါင်ပစ္စည်းအဖြစ် ယူတာနဲ့ပတ်သက်တဲ့ ပညတ်ကို သုံးသပ်ကြည့်ပါ။ (ထွ. ၂၂:၂၆၊ ၂၇) စာနာမှုမဲ့တဲ့ကြွေးရှင်က ကြွေးတင်သူရဲ့အဝတ်ကို သိမ်းလိုက်လို့ ကြွေးတင်သူခမျာ ခြုံစရာမရှိဘဲ အိပ်ရမယ်။ ဒါပေမဲ့ အဲဒီလို စာနာမှုမဲ့တဲ့ သဘောထားနဲ့ လုပ်ရပ်ကို ရှောင်ဖို့ မိမိလူမျိုးကို ယေဟောဝါ သင်ပေးတယ်။ သူတို့တစ်တွေ သနားစာနာတတ်ရမယ်။ အဲဒီပညတ်မှာပါတဲ့ အခြေခံမူက လက်တွေ့လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးတယ် မဟုတ်လား။ ညီအစ်ကိုတွေရဲ့ ဆင်းရဲဒုက္ခ သက်သာအောင် တစ်ခုခု လုပ်ပေးနိုင်လျက်နဲ့ စောင်မပါဘဲ အိပ်ရအောင် ပစ်ထားမလား။—ကော. ၃:၁၂။ ယာ. ၂:၁၅၊ ၁၆။ ၁ ယော. ၃:၁၇။ w17.09 ၉ ¶၄-၅
ကြာသပတေးနေ့၊ စက်တင်ဘာ ၁၉
အဖ၊ သူတို့ကို ခွင့်လွှတ်ပါ။ သူတို့ဘာလုပ်နေမှန်း သူတို့မသိကြဘူး။—လု. ၂၃:၃၄။
ကွပ်မျက်သူတွေကို ခွင့်လွှတ်ပေးဖို့ သစ်တိုင်ပေါ် ဝေဒနာခံနေရချိန်မှာ ယေရှု ဆုတောင်းပေးခဲ့တယ်။ နာကျင်ဖိစီးနေတဲ့ အခြေအနေမှာတောင် နူးညံ့သိမ်မွေ့ စိတ်ရှည်တဲ့၊ ထူးခြားတဲ့ ပုံသက်သေပါပဲ။ (၁ ပေ. ၂:၂၁-၂၃) နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းကို ကျွန်တော်တို့ ဘယ်လို တင်ပြနိုင်သလဲ။ တစ်နည်းကတော့ “အချင်းချင်း မကျေနပ်စရာ ရှိနေရင်တောင် ဆက်ပြီးသည်းခံကြပါ၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြပါ။ ယေဟောဝါက ခင်ဗျားတို့ကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်သလို ခင်ဗျားတို့လည်း အဲဒီလိုပဲ ခွင့်လွှတ်ကြပါ” လို့ ပေါလု ပြောခဲ့တယ်။ (ကော. ၃:၁၃) အဲဒီစကားကို နာခံဖို့ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း လိုတယ်။ ဒါပေမဲ့ ခွင့်လွှတ်ခြင်းအားဖြင့် အသင်းတော်ရဲ့ စည်းလုံးမှုကို တိုးများစေကြတယ်၊ ထိန်းသိမ်းကြတယ်။ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းကို ဝတ်ဆင်ဖို့ဆိုတာ ခရစ်ယာန်တစ်ယောက် ရွေးလို့ရတဲ့ကိစ္စ မဟုတ်ဘူး။ ကယ်တင်ခြင်းအတွက် လုပ်ကိုလုပ်ရမယ့်အရာ ဖြစ်တယ်။ (မ. ၅:၅။ ယာ. ၁:၂၁) ပိုအရေးကြီးတာက ဒီအရည်အသွေးတွေကို တင်ပြခြင်းအားဖြင့် ယေဟောဝါကို ဂုဏ်တင်ကြတယ်၊ ကျမ်းစာအကြံဉာဏ်ကို လိုက်လျှောက်ဖို့ တခြားသူတွေကို ကူညီပေးကြတယ်။—ဂလ. ၆:၁။ ၂ တိ. ၂:၂၄၊ ၂၅။ w17.08 ၂၅-၂၆ ¶၁၅-၁၇
သောကြာနေ့၊ စက်တင်ဘာ ၂၀
ယေဟောဝါက ဘုရားတရားကိုင်းရှိုင်းသူတွေကို ဒုက္ခတွေကြားကနေ ဘယ်လိုကယ်ရမလဲဆိုတာ သိတယ်။—၂ ပေ. ၂:၉။
မျှော်လင့်မထားတာတွေကို ယေဟောဝါ လုပ်ဆောင်တဲ့ ပုံနမူနာတွေ ကျမ်းစာမှာ မကြာခဏ တွေ့ရတယ်။ ဘုရင်ဟေဇကိခေတ်မှာ အဆီးရီးယားဘုရင် သနာခရိပ်က ယုဒပြည်ကို ကျူးကျော်ပြီး ဂျေရုဆလင်မြို့ကလွဲလို့ တခြားမြို့တွေကို သိမ်းပိုက်ခဲ့တယ်။ (၂ ဘု. ၁၈:၁-၃၊ ၁၃) နောက်တော့ ဂျေရုဆလင်မြို့ဘက် အာရုံလှည့်လာတယ်။ ဘုရင်ဟေဇကိ ဘာလုပ်ခဲ့သလဲ။ ယေဟောဝါဆီ ဆုတောင်းပြီး ယေဟောဝါရဲ့ ပရောဖက် ဟေရှာယဆီ အကြံတောင်းခဲ့တယ်။ (၂ ဘု. ၁၉:၅၊ ၁၅-၂၀) သနာခရိပ် တောင်းတဲ့ အခွန်ငွေ ပေးဆောင်ခြင်းအားဖြင့် အကျိုးသင့်အကြောင်းသင့်သဘော တင်ပြတယ်။ (၂ ဘု. ၁၈:၁၄၊ ၁၅) ရေရှည်ဝိုင်းရံပိတ်ဆို့မှုအတွက် ကြိုတင်ပြင်ဆင်တယ်။ (၂ ရာ. ၃၂:၂-၄) ဒါပေမဲ့ ပြဿနာ ဘယ်လို ပြေလည်သွားသလဲ။ ကောင်းကင်တမန်တစ်ပါးကို ယေဟောဝါ စေလွှတ်ပြီး သနာခရိပ်ရဲ့ စစ်သား ၁၈၅,၀၀၀ ကို တစ်ညတည်းမှာ ကွပ်မျက်ခဲ့တယ်။ ဒီလိုဖြစ်ဖို့ ဟေဇကိ မျှော်လင့်ခဲ့မှာ မဟုတ်ဘူး။—၂ ဘု. ၁၉:၃၅။ w17.08 ၁၀ ¶၇။ ၁၁ ¶၁၂
စနေနေ့၊ စက်တင်ဘာ ၂၁
လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ . . . ကျွန်တော် မိန့်မှာထားသမျှကို လိုက်နာဖို့ သွန်သင်ပေးကြပါ။—မ. ၂၈:၁၉၊ ၂၀။
အချိန်ပြည့် ခရစ်ယာန် အမှုဆောင်တစ်ယောက်ဖြစ်ဖို့ ဘယ်လို စီစဉ်နိုင်သလဲ။ ယေဟောဝါကို အပြည့်အဝ အမှုဆောင်ရာမှာ အောင်မြင်ဖို့ တခြားအရာအားလုံးထက် ခရစ်ယာန် အရည်အသွေးတွေက ကူညီပေးပါလိမ့်မယ်။ ဒါကြောင့် ကျမ်းစာကို လုံ့လစိုက်ထုတ် လေ့လာပါ။ ဆိုလိုရင်းကို နက်နက်နဲနဲ တွေးတောဆင်ခြင်ပါ။ အသင်းတော် အစည်းအဝေးတွေမှာ ယုံကြည်ခြင်း ဖော်ပြဖို့ နည်းလမ်းတွေ ရှာပါ။ ကျောင်းတက်နေတုန်း သတင်းကောင်း ဟောပြောသူမှာ ရှိထားရမယ့် အတွေ့အကြုံ၊ ကျွမ်းကျင်မှုကို သင်ယူဆည်းပူးပါ။ လူတွေရဲ့ သဘောထားကို လိမ္မာပါးနပ်စွာ မေးခြင်း၊ သူတို့ရဲ့အဖြေကို နားထောင်ပေးခြင်းအားဖြင့် လူတွေအပေါ် စိတ်ဝင်စားတတ်အောင် သင်ယူပါ။ နိုင်ငံတော်ခန်းမ သန့်ရှင်းရေး၊ ပြုပြင်ထိန်းသိမ်းရေးစတဲ့ အသင်းတော်တာဝန်တွေမှာ ပါဝင်ပါ။ နှိမ့်ချတဲ့၊ တလိုတလားစိတ်ရှိတဲ့သူတွေကို ယေဟောဝါ အသုံးပြုချင်တယ်။ (ဆာ. ၁၁၀:၃။ တ. ၆:၁-၃) “ညီအစ်ကိုတွေရှေ့မှာ နာမည်ကောင်း ရထားသူ” တိမောသေကို သာသနာပြုလုပ်ငန်းအတွက် ပေါလု ဖိတ်ခေါ်ခဲ့တယ်။—တ. ၁၆:၁-၅။ w17.07 ၂၃ ¶၇။ ၂၆ ¶၁၄
တနင်္ဂနွေနေ့၊ စက်တင်ဘာ ၂၂
ငါ့ရှေ့မှာ လူတိုင်း ဒူးထောက်ရမယ်။ သစ္စာစောင့်သိ ပါ့မယ်လို့ လူတိုင်း ကျိန်ဆိုရမယ်။—ဟေရှာ. ၄၅:၂၃။
လူသားတွေ၊ ကောင်းကင်တမန်တွေရဲ့ စိတ်ထဲ ယေဟောဝါရဲ့ အချုပ်အခြာအာဏာ ဖြောင့်မှန်မှုနဲ့ပတ်သက်တဲ့ ပြဿနာ မဖြေရှင်းသေးသရွေ့ နိုင်ငံ၊ လူမျိုး၊ မိသားစု၊ လူတွေ သဘောထားကွဲလွဲနိုင်တယ်။ ယေဟောဝါရဲ့ အချုပ်အခြာအာဏာ သံသယကင်းရှင်းသွားတဲ့အခါမှာတော့ ကိုယ်တော့် ဖြောင့်မတ်တဲ့ အုပ်ချုပ်မှုကို အားလုံး ထာဝစဉ် လက်အောက်ခံကြပါလိမ့်မယ်။ စကြဝဠာတစ်ခုလုံး ပြန်ငြိမ်းချမ်းလာပါလိမ့်မယ်။ (ဧ. ၁:၉၊ ၁၀) ဘုရားသခင့် အချုပ်အခြာအာဏာရဲ့ ဖြောင့်မှန်မှု သံသယကင်းရှင်းသွားပါလိမ့်မယ်။ စာတန်နဲ့ လူ့အုပ်ချုပ်မှု လုံးဝ ကျရှုံးပြီး ဖယ်ရှားခံရမယ်။ မေရှိယနိုင်ငံတော်အားဖြင့် ဘုရားသခင့် အုပ်ချုပ်မှု အောင်မြင်ပါလိမ့်မယ်။ ဘုရားအုပ်ချုပ်မှုဘက် လူသားတွေ ရပ်တည်နိုင်ကြောင်း သမာဓိစောင့်ထိန်းသူတွေ သက်သေပြကြရမယ်။ (ဟေရှာ. ၄၅:၂၄) ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို သမာဓိရှိရှိ ထောက်ခံသူ ဖြစ်ချင်သလား။ ဖြစ်ချင်မှာ သေချာပါတယ်။ သမာဓိစောင့်ထိန်းသူဖြစ်ဖို့ ကြီးမားတဲ့အရေးကိစ္စကို အာရုံစိုက်ရမယ်။ အဲဒီကိစ္စရဲ့ အရေးကြီးမှုကို နားလည်ရမယ်။ w17.06 ၂၃ ¶၄-၅
တနင်္လာနေ့၊ စက်တင်ဘာ ၂၃
မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ။—ပညာ. ၁၇:၁၇။
ဝမ်းနည်းပူဆွေးမှု ကြာရှည်ချိန်က တစ်ယောက်နဲ့ တစ်ယောက် မတူဘူး။ ဒါကြောင့် မိတ်ဆွေ၊ ဆွေမျိုးတွေရှိနေတဲ့ အစပိုင်း ရက်တွေမှာသာ မဟုတ်ဘဲ နောက်ပိုင်းလတွေမှာလည်း သူတို့ဆီ သွားပေးပါ။ ဝမ်းနည်းကြေကွဲနေချိန်တစ်လျှောက် ခရစ်ယာန်ချင်းတွေက တကယ်နှစ်သိမ့်မှု ပေးပါတယ်။ (၁ သက်. ၃:၇) ဝမ်းနည်းပူဆွေးသူတွေဟာ နှစ်ပတ်လည်နေ့တွေ၊ တေးသံ၊ ဓာတ်ပုံ၊ လုပ်ဆောင်မှု၊ အနံ့၊ အသံ၊ ရာသီဥတု တစ်မျိုးမျိုးကြောင့် ပြန်သတိရပြီး ဝမ်းနည်းပူဆွေးနိုင်တယ်။ ကျန်ရစ်သူ အိမ်ထောင်ဖက်ဟာ ပထမဆုံးအနေနဲ့ တစ်ယောက်တည်း အစည်းအဝေးပွဲ၊ အောက်မေ့ရာပွဲ တက်တဲ့အခါ အထူးသဖြင့် ဝမ်းနည်းနာကျင်နိုင်တယ်။ ဝမ်းနည်းပူဆွေးသူတွေဟာ အထူးအခါသမယတွေမှာပဲ အားပေးမှု လိုအပ်တာ မဟုတ်ကြောင်း သတိရပါ။ w17.07 ၁၆ ¶၁၇-၁၉
အင်္ဂါနေ့၊ စက်တင်ဘာ ၂၄
ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ။—ဖိ. ၂:၄။
တခြားသူတွေကို မေတ္တာပါပါ စိတ်ဝင်စားမှု ပြတဲ့အခါ ကျွန်တော်တို့ရဲ့ အပျက်သဘောထားတချို့ ပျောက်သွားနိုင်တယ်။ ညီအစ်မတွေဟာ အိမ်ထောင်သည်ဖြစ်စေ၊ တစ်ကိုယ်ရေဖြစ်စေ သတင်းကောင်း ဟောပြောခြင်းမှာ ဘုရားသခင်နဲ့အတူ တွဲဖက်လုပ်ဆောင်ရလို့ ပျော်ရွှင်မယ်ဆိုတာ သိထားကြတယ်။ ပန်းတိုင်ကတော့ အလိုတော် ထမ်းဆောင်ခြင်းအားဖြင့် ဘုရားသခင်ကို ဂုဏ်တင်ဖို့ပဲ။ တချို့က အမှုဆောင်လုပ်ငန်းမှာ ပါဝင်ခြင်းကို ကုထုံးအဖြစ်တောင် ရှုမြင်ကြတယ်။ ရပ်ကွက်နဲ့ အသင်းတော်မှာ ရှိသူတွေကို စိတ်ဝင်စားမှု ပြခြင်းအားဖြင့် အသင်းတော်မှာ တရင်းတနှီးရှိဖို့ ကျွန်တော်တို့အားလုံး လုပ်ဆောင်နိုင်ပါတယ်။ တမန်တော် ပေါလု ပုံသက်သေကောင်း ပြခဲ့တယ်။ ပေါလုဟာ သက်သာလောနိတ် အသင်းတော်အတွက် “နို့တိုက်မိခင်” လိုရော ဖခင်လိုပါ ဖြစ်ခဲ့တယ်။ (၁ သက်. ၂:၇၊ ၁၁၊ ၁၂) စစ်မှန်တဲ့ဘုရားကို ချစ်ဖို့၊ လမ်းညွှန်ချက်တွေ လိုက်လျှောက်ဖို့ တတ်သိလာတဲ့ လူငယ်တွေဟာ မိသားစုအတွက် နှစ်သိမ့်မှုပါပဲ။ မိဘတွေကို လေးစားမှုပြခြင်း၊ ရုပ်ပစ္စည်းကူညီပေးခြင်းအားဖြင့် နှစ်သိမ့်ပေးနိုင်တယ်။ ဘုရားရေးရာဘက်မှာလည်း ထောက်မပေးနိုင်တယ်။ w17.06 ၇ ¶၁၃-၁၄။ ၈ ¶၁၇
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၂၅
မဖြောင့်မတ်တဲ့ စည်းစိမ်ကို သုံးပြီး မိတ်ဖွဲ့ထားပါ။—လု. ၁၆:၉။
တချို့သူတွေမှာ ဆယ်သက်မက စားမကုန်တဲ့ စည်းစိမ်တွေ ပိုင်ဆိုင်ထားပေမဲ့ လူသန်းထောင်နဲ့ချီကတော့ ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲတေနေကြတယ်။ ဘုရားနိုင်ငံတော် မလာမချင်း လက်ရှိစီးပွားရေးစနစ် ပြောင်းလဲမှာ မဟုတ်မှန်း ယေရှု သိထားတယ်။ နိုင်ငံရေး၊ ဘာသာရေး အုပ်စုတွေနဲ့အတူ ဗျာဒိတ် ၁၈:၃ မှာ “ကုန်သည်တွေ” လို့ဖော်ပြထားတဲ့ အမြတ်ကြီးစား စီးပွားရေးစနစ်ဟာ စာတန့်လောကရဲ့ အစိတ်အပိုင်းတွေ ဖြစ်တယ်။ ဘုရားလူမျိုးဟာ နိုင်ငံရေး၊ မှားယွင်းတဲ့ ဘာသာရေးနဲ့ ပြတ်ပြတ်သားသား သီးခြားနေလို့ ရပေမဲ့ စာတန့်လောကရဲ့ အစိတ်အပိုင်း စီးပွားရေးစနစ်နဲ့တော့ မကင်းနိုင်ကြဘူး။ ကျွန်တော်တို့ ခရစ်ယာန်တွေဟာ လက်ရှိစီးပွားရေးစနစ်အပေါ် ကိုယ့်အမြင်ကို ဆန်းစစ်ဖို့ ဒီလိုမေးခွန်းတွေ မေးသင့်တယ်– ‘ဘုရားအပေါ် သစ္စာရှိကြောင်းပြဖို့ ငါ့ရဲ့ဥစ္စာပစ္စည်းတွေကို ဘယ်လို အသုံးပြုနေသလဲ။ စီးပွားရေးလောကမှာ ပါဝင်မှုကို ဘယ်လို လျှော့ချနိုင်မလဲ။ ခက်ခဲတဲ့အခြေအနေမှာ ဘုရားလူမျိုးဟာ ဘုရားကို အပြည့်အဝ ယုံကြည်ကိုးစားကြောင်း ဘယ်အတွေ့အကြုံတွေက ဖော်ပြသလဲ။’ w17.07 ၇-၈ ¶၁-၃
ကြာသပတေးနေ့၊ စက်တင်ဘာ ၂၆
စားကြူးသောက်ကြူးတာတွေ၊ ဘဝရဲ့ စိုးရိမ်ပူပန်စရာတွေကြောင့် စိတ်နှလုံး ဝန်ပိမနေဖို့ ခင်ဗျားတို့ သတိထားကြပါ။—လု. ၂၁:၃၄။
ဒီလောကစနစ်ရဲ့ စိုးရိမ်ပူပန်မှုတွေကြောင့်ဖြစ်လာတဲ့ ဖိအားတွေကို ယေရှု ကောင်းကောင်း သိထားတယ်။ မျိုးကြဲသူ ဥပမာမှာ ယေရှုက တချို့သူတွေ “နိုင်ငံတော်သတင်း” ကို လက်ခံမယ်၊ အစပိုင်းမှာ တိုးတက်လာပေမဲ့ “ဒီလောကစနစ်ရဲ့ စိုးရိမ်ပူပန်စရာတွေ၊ စည်းစိမ်ဥစ္စာရဲ့ လှည့်စားမှုတွေ” က “တရားစကားကို လွှမ်းမိုးပိတ်ဆို့” လိမ့်မယ်လို့ ပြောခဲ့တယ်။ (မ. ၁၃:၁၉-၂၂။ မာ. ၄:၁၉) ကျွန်တော်တို့ သတိမထားဘူးဆိုရင် ဘဝရဲ့ နေ့စဉ် ပူပန်မှုတွေကြောင့် ဘုရားရေးရာမှာ အားနည်းသွားနိုင်တယ်။ ယေရှု ပေးအပ်ခဲ့တဲ့လုပ်ငန်းကို ပထမနေရာမှာ ထားခြင်းအားဖြင့် ယေရှုကို ချစ်ကြောင်း သက်သေပြကြတယ်။ အဲဒီလို ဆက်လုပ်ဆောင်နေကြောင်း ဘယ်လို သေချာစေနိုင်သလဲ။ ကိုယ့်ကိုယ်ကိုယ် မကြာခဏ ဒီလိုမေးဖို့ လိုတယ်– ‘ငါ ဘာကို တကယ်နှစ်သက်တွယ်တာနေသလဲ။ ငါပျော်ရွှင်တာဟာ ဘုရားရေးရာ လုပ်ဆောင်မှုတွေကြောင့်လား၊ တခြားလုပ်ဆောင်မှုတွေကြောင့်လား။’ w17.05 ၂၃ ¶၃-၄
သောကြာနေ့၊ စက်တင်ဘာ ၂၇
နားလည်လွယ်တဲ့စကားနဲ့ . . . ပြော[ပါ]။—၁ ကော. ၁၄:၉။
“တိုင်းတစ်ပါးသားတွေ” မိမိဘာသာစကားပြော သက်သေခံတွေနဲ့ ဝေးနေတဲ့အခါ ဒေသခံဘာသာစကားပြော အသင်းတော်နဲ့ ပူးပေါင်းဖို့ လိုတယ်။ (ဆာ. ၁၄၆:၉) ဒါပေမဲ့ အနီးအနားမှာ မိခင်ဘာသာစကားပြော အသင်းတော် ရှိနေရင် ဘယ်ဘာသာစကားပြော အသင်းတော်က မိသားစုအတွက် အကောင်းဆုံး ဖြစ်မလဲဆိုတဲ့ မေးခွန်း ပေါ်လာတယ်။ အသေအချာ စဉ်းစားဆုတောင်းပါ။ ဇနီး၊ သားသမီးတွေနဲ့ တိုင်ပင်ပါ။ ပြီးမှ အိမ်ထောင်ဦးစီးက ဆုံးဖြတ်ပါ။ (၁ ကော. ၁၁:၃) သားသမီးတွေ အမှန်တကယ် လိုအပ်တာကို မိဘတွေ ထည့်စဉ်းစားပေးရမယ်။ ဘယ်ဘာသာစကားနဲ့ပဲဖြစ်ဖြစ် အမှန်တရားကို ကောင်းကောင်း နားလည်ဖို့ ပတ်စဉ် အစည်းအဝေးတွေမှာ ကျမ်းစာသွန်သင်ချက်ကို နာရီအနည်းငယ် နားထောင်ရုံထက်မက လိုအပ်တယ်။ စဉ်းစားကြည့်ပါ– နားအလည်ဆုံး ဘာသာစကားနဲ့ ကျင်းပတဲ့ အစည်းအဝေးတွေ တက်ရောက်ရုံနဲ့ပဲ အကျိုးခံစားနိုင်တယ်။ မိဘတွေ ထင်ထားတာထက် ပိုသင်ယူနိုင်တယ်။ ဘာသာစကားကို အပြည့်အဝ နားမလည်ရင်တော့ အကျိုးခံစားရမှာ မဟုတ်ဘူး။—၁ ကော. ၁၄:၁၁။ w17.05 ၁၀ ¶၁၀-၁၁
စနေနေ့၊ စက်တင်ဘာ ၂၈
ယေဟောဝါကို ချီးမွမ်းကြ။ . . . စေတနာအလျောက် တိုက်ပွဲဝင်ပြီ။—သူကြီး. ၅:၂။
ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးကြည့်ပါ– ‘ယေဟောဝါရဲ့ အမှုတော်မှာ ကျရာတာဝန်ကို ထမ်းဆောင်ဖို့ ယုံကြည်ခြင်းနဲ့ သတ္တိရှိသလား။ အလုပ်ကိစ္စကြောင့် တခြားမြို့၊ တခြားနိုင်ငံကို ပြောင်းရွှေ့ဖို့ စဉ်းစားနေတယ်ဆိုရင် မိသားစုနဲ့ အသင်းတော်အပေါ် ဘယ်လို အကျိုးသက်ရောက်မယ်ဆိုတာ ဆုတောင်းသုံးသပ်သလား။’ ယေဟောဝါက မိမိအချုပ်အခြာအာဏာကို ထောက်ခံခွင့် ပေးထားခြင်းအားဖြင့် ကျွန်တော်တို့ကို ဂုဏ်တင်တယ်။ စာတန်ကတော့ မိမိအာဏာကို ထောက်ခံဖို့ လူတွေကို သွေးဆောင်ထားတဲ့အတွက် ယေဟောဝါရဲ့ အချုပ်အခြာအာဏာဘက် သင့်ရပ်တည်မှုဟာ အရေးကြီးကိစ္စ ဖြစ်ပါတယ်။ စေတနာ့ဝန်ထမ်းဖို့ လှုံ့ဆော်ပေးတဲ့ သင့်ရဲ့ ယုံကြည်ခြင်း၊ သစ္စာသမာဓိကို ယေဟောဝါ နှစ်သက်တယ်။ (ပညာ. ၂၃:၁၅၊ ၁၆) သင့်ရဲ့ထောက်ခံမှုကြောင့် စာတန်ရဲ့ ကဲ့ရဲ့မှုကို ယေဟောဝါ ချေပနိုင်ပါလိမ့်မယ်။ (ပညာ. ၂၇:၁၁) ဒါကြောင့် သစ္စာရှိရှိ နာခံခြင်းအားဖြင့် ယေဟောဝါ တန်ဖိုးထားတဲ့အရာကို ပေးဆက်ပါ။ ကိုယ်တော် အလွန်ပျော်ရွှင်တယ်။ w17.04 ၃၂ ¶၁၅-၁၆
တနင်္ဂနွေနေ့၊ စက်တင်ဘာ ၂၉
ဘုရားသခင်ကို သစ္စာကတိပြုတဲ့အခါ အဲဒီအတိုင်းလုပ်ဖို့ မနှောင့်နှေးပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဘုရားက မိုက်မဲတဲ့သူတွေကို မနှစ်သက်လို့ပဲ။ ဒါကြောင့် သစ္စာကတိပြုတဲ့အတိုင်း လုပ်ဆောင်ပါ။—ဒေ. ၅:၄။
“လူတစ်ယောက်က ယေဟောဝါကို သစ္စာကတိပြုတယ်၊ . . . သစ္စာဆိုတယ်ဆိုရင် အဲဒီသစ္စာကတိအတိုင်း လုပ်ရမယ်” လို့ မောရှေပညတ်မှာ ဖော်ပြထားတယ်။ (တော. ၃၀:၂) နောက်ပိုင်း ရှောလမုန်ကလည်း ဒီနေ့ ကျမ်းချက်ပါ စကားတွေကို ရေးခဲ့တယ်။ “‘ကိုယ်မလုပ်နိုင်တဲ့ ကိစ္စအတွက် မကျိန်ဆိုနဲ့။ ယေဟောဝါကို သစ္စာကတိပြုပြီးရင် အဲဒီအတိုင်း လုပ်ရမယ်’ ဆိုတဲ့ ရှေးလူကြီးတွေရဲ့စကား” အကြောင်း ယေရှု ပြောပြီး သစ္စာကတိပြုခြင်းရဲ့ အရေးကြီးမှုကို ဖော်ပြခဲ့တယ်။ (မ. ၅:၃၃) ဘုရားသခင်ဆီ ကတိပြုခြင်းဟာ အလွန်အရေးကြီးတာ ရှင်းပါတယ်။ သစ္စာကတိနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ သဘောထားက ယေဟောဝါနဲ့ ဆက်ဆံရေးအပေါ် သက်ရောက်မှု ရှိနိုင်တယ်။ ‘ယေဟောဝါရဲ့ တောင်ပေါ်ကို ဘယ်သူ တက်ခွင့်ရှိသလဲ။ သန့်ရှင်းရာဌာနမှာ ဘယ်သူ ရပ်နေခွင့်ရှိသလဲ။ . . . ဘုရားရဲ့အသက်ကို တိုင်တည်ပြီး မဟုတ်မမှန် မကျိန်ဆိုတဲ့သူ၊ အလိမ်အညာစကားတွေနဲ့ မကျိန်ဆိုတဲ့သူပဲပေါ့’ လို့ ဒါဝိဒ် ရေးခဲ့တယ်။—ဆာ. ၂၄:၃၊ ၄။ w17.04 ၄ ¶၃-၄
တနင်္လာနေ့၊ စက်တင်ဘာ ၃၀
သူက သူတစ်ပါးအကြောင်း သွားပုပ်လေလွင့် မပြောဘူး။—ဆာ. ၁၅:၃။
ခရစ်ယာန်တစ်ယောက်ဟာ မတရားမှု ကြုံနေရတယ်လို့ ယူဆတဲ့အခါ အတင်းအဖျင်း မပြောမိဖို့ သတိပြုရမယ်။ အကြီးအကဲတွေဆီကနေ အကူအညီ တောင်းသင့်တယ်။ အသင်းတော်ထဲမှာ တစ်ယောက်ယောက် ကြီးလေးတဲ့အပြစ် ကျူးလွန်ထားရင် အကြီးအကဲတွေကို အသိပေးသင့်တယ်။ (ဝတ်. ၅:၁) ဒါပေမဲ့ ကြီးလေးတဲ့ မှားယွင်းမှု မဟုတ်ရင်တော့ တခြားသူတွေ၊ အကြီးအကဲတွေတောင် မပါဝင်စေဘဲ ပြဿနာကို ဖြေရှင်းနိုင်တယ်။ (မ. ၅:၂၃၊ ၂၄။ ၁၈:၁၅) အဲဒီကိစ္စတွေကို ကျမ်းစာမူတွေနဲ့အညီ သစ္စာရှိရှိ ကိုင်တွယ်ဖြေရှင်းကြပါစို့။ တချို့ကိစ္စတွေမှာ မတရားမှု ကြုံရတာ မဟုတ်မှန်း နောက်ဆုံးမှ သိလာတာမျိုး ဖြစ်နိုင်တယ်။ အဲဒီအခါ ခရစ်ယာန်ချင်းတစ်ယောက်အကြောင်း မဟုတ်မမှန် ပြောပြီး အခြေအနေ ပိုဆိုးအောင် မလုပ်ခဲ့လို့ ကျေးဇူးတင်နေပါလိမ့်မယ်။ ကိုယ်မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ထိခိုက်နစ်နာစေတဲ့စကားက အခြေအနေကို ပိုကောင်းမလာစေကြောင်း သတိရပါ။ ယေဟောဝါနဲ့ ညီအစ်ကို/မတွေကို သစ္စာစောင့်သိခြင်းက အဲဒီလိုအမှားမျိုး မလုပ်မိအောင် ကာကွယ်ပေးပါလိမ့်မယ်။ w17.04 ၂၁ ¶၁၄