ဩဂုတ်
ကြာသပတေးနေ့၊ ဩဂုတ် ၁
ကျွန်တော့်ဆန္ဒအတိုင်း မဖြစ်ပါစေနဲ့။ အဖရဲ့ဆန္ဒအတိုင်းသာ ဖြစ်ပါစေ။—မ. ၂၆:၃၉။
ဆရာကောင်းဖြစ်ဖို့ အရင်ဆုံး တပည့်ကောင်း ဖြစ်ရမယ်။ (၁ တိ. ၄:၁၅၊ ၁၆) အလားတူပဲ ဆုံးမဖို့ ဘုရားပေးအခွင့်အာဏာ ရရှိထားသူတွေလည်း ဘုရားသခင့်လမ်းညွှန်မှုကို ကိုယ်တိုင် လိုလိုလားလား လက်အောက်ခံရမယ်။ ဒီနည်းအားဖြင့် တခြားသူတွေကို လေ့ကျင့် တည့်မတ်တဲ့အခါ လွတ်လပ်စွာ ပြောဆိုခွင့်ရှိပြီး လေးစားခံရမယ်။ ယေရှုရဲ့ ပုံသက်သေကို သုံးသပ်ကြည့်ပါ။ ယေရှုဟာ ခက်ခဲတဲ့အချိန်တွေမှာတောင် ဖခင်ကို အမြဲ နာခံခဲ့တယ်။ မိမိရဲ့ သွန်သင်ချက်နဲ့ ဉာဏ်ပညာအတွက် ဖခင်ကို အမြဲဂုဏ်တင်တယ်။ (ယော. ၅:၁၉၊ ၃၀) ယေရှုရဲ့ နှိမ့်ချမှု၊ နာခံမှုက ထောက်ထားစာနာ၊ ယဉ်ကျေးသိမ်မွေ့တဲ့ ဆရာဖြစ်စေပြီး စိတ်ရိုးဖြောင့်သူတွေကို ဆွဲဆောင်တယ်။ (မ. ၁၁:၂၉) ကြင်နာမှုရှိတဲ့ စကားတွေက နင်းခြေခံရတဲ့ ကျူပင်လို၊ ငြိမ်းခါနီး မီးစာလို ဖြစ်နေသူတွေကို အားရှိစေတယ်။ (မ. ၁၂:၂၀) စိတ်ရှည်မှု စမ်းသပ်ခံရချိန်မှာတောင် မေတ္တာနဲ့ ကြင်နာမှု တင်ပြခဲ့တယ်။ အတ္တကြီးပြီး ရည်မှန်းချက်ကြီးတဲ့အတွက် တမန်တော်တွေကို ဆုံးမချိန်မှာ အဲဒီအချက် ထင်ရှားတယ်။—မာ. ၉:၃၃-၃၇။ လု. ၂၂:၂၄-၂၇။ w18.03 ၂၆ ¶၁၅-၁၆
သောကြာနေ့၊ ဩဂုတ် ၂
အဲဒါနဲ့ဆင်တူတဲ့အရာ၊ အခုအချိန်မှာ ခင်ဗျားတို့ကို ကယ်တင်တဲ့အရာဟာ နှစ်ခြင်းပဲ။—၁ ပေ. ၃:၂၁။
ပေတရုက နောဧ သင်္ဘောဆောက်တာကို ရည်ညွှန်းနေတာဖြစ်တယ်။ ဘုရားသခင့် အလိုတော် ထမ်းဆောင်ဖို့ နောဧ စိတ်ပိုင်းဖြတ်ထားကြောင်း ခိုင်လုံတဲ့ သက်သေဟာ သင်္ဘောပါပဲ။ ယေဟောဝါပေးတဲ့ အလုပ်တာဝန်ကို နောဧ သစ္စာရှိရှိ ထမ်းဆောင်ခဲ့တယ်။ ယုံကြည်ခြင်းလုပ်ရပ်တွေကြောင့် ရေလွှမ်းမိုးဘေးကနေ နောဧနဲ့ မိသားစု ကယ်တင်ခံခဲ့ရတယ်။ သင်္ဘောဟာ နောဧရဲ့ ယုံကြည်ခြင်းကို ဖော်ပြတဲ့ သက်သေဖြစ်တယ်။ လူတွေရှေ့ နှစ်ခြင်းခံတာက ခရစ်တော်ကို ယုံကြည်ခြင်းအပေါ် အခြေခံပြီး ယေဟောဝါဆီ ဆက်ကပ်အပ်နှံထားကြောင်း သက်သေပြတယ်။ ဆက်ကပ်အပ်နှံပြီးသား တပည့်တွေဟာ နောဧလိုပဲ ဘုရားပေး အလုပ်တာဝန်ကို နာခံမှုရှိရှိ ထမ်းဆောင်ကြတယ်။ ရေလွှမ်းမိုးဘေးကနေ နောဧ ကယ်တင်ခံရသလို နှစ်ခြင်းခံပြီးသား သစ္စာရှိသူတွေလည်း ဒီစနစ်ဆိုး အဆုံးတိုင်တဲ့အခါ ကယ်တင်ခံရပါလိမ့်မယ်။ (မာ. ၁၃:၁၀။ ဗျာ. ၇:၉၊ ၁၀) ဒါကြောင့် ဆက်ကပ်အပ်နှံခြင်းနဲ့ နှစ်ခြင်းဟာ အလွန်အရေးကြီးတယ်။ နှစ်ခြင်းခံဖို့ မလိုအပ်ဘဲ အချိန်ဆွဲနေရင် ထာဝရအသက် အလားအလာ ဆုံးရှုံးနိုင်တယ်။ w18.03 ၄ ¶၃-၄
စနေနေ့၊ ဩဂုတ် ၃
ကလေးရဲ့စိတ်ထဲမှာ မိုက်မဲမှုဟာ အမြစ်တွယ်နေတယ်။—ပညာ. ၂၂:၁၅။
တချို့မိဘတွေက ‘ငါ့ကလေး နှစ်ခြင်းမခံသေးတော့ နှင်ထုတ်မခံရဘူးပေါ့’ လို့ စဉ်းစားကြမယ်။ အဲဒီလို စဉ်းစားတာ ဘာကြောင့် မှားသလဲ။ (ယာ. ၁:၂၂) ခရစ်ယာန်မိဘတွေဟာ သားသမီးတွေ ဆက်ကပ်အပ်နှံဖို့ ရင့်ကျက်တဲ့အရွယ် မရောက်ခင် နှစ်ခြင်းမခံစေချင်ကြဘူး။ ဒါပေမဲ့ နှစ်ခြင်းမခံသေးတဲ့အတွက် ယေဟောဝါနဲ့ စာရင်းရှင်းစရာ မလိုဘူးလို့ ယူဆရင် မှားတယ်။ ဘာကြောင့်လဲ။ နှစ်ခြင်းခံမှ ယေဟောဝါနဲ့ စာရင်းရှင်းရမှာ မဟုတ်ဘူး။ ယေဟောဝါရှေ့ အမှားအမှန် ပိုင်းခြားနိုင်တဲ့အရွယ် ရောက်တာနဲ့ စာရင်းရှင်းရမှာ ဖြစ်တယ်။ (ယာ. ၄:၁၇) ဒါကြောင့် နှစ်ခြင်းခံဖို့ တားဆီးနေမယ့်အစား ပညာရှိတဲ့ မိဘတွေဟာ ပုံသက်သေကောင်းပြဖို့ ကြိုးစားကြတယ်။ သားသမီးတွေ နို့စို့အရွယ်ကတည်းက ယေဟောဝါရဲ့ မြင့်မားတဲ့ ကိုယ်ကျင့်တရားစံနှုန်းကို လေးမြတ်လာအောင် ပျိုးထောင်ပေးတယ်။ (လု. ၆:၄၀) အဲဒီလေးမြတ်စိတ်က ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ လမ်းစဉ်အတိုင်း လိုက်ဖို့ လှုံ့ဆော်ပေးမှာဖြစ်လို့ အကောင်းဆုံး အကာအကွယ်ပါပဲ။—ဟေရှာ. ၃၅:၈။ w18.03 ၁၁ ¶၁၂-၁၃
တနင်္ဂနွေနေ့၊ ဩဂုတ် ၄
[နောဧဟာ] ဘုရားသခင့်လမ်းစဉ်အတိုင်း လျှောက်လှမ်းသူဖြစ်တယ်။—က. ၆:၉။
နောဧဟာ ရေလွှမ်းမိုးဘေး ပြီးတဲ့နောက် အနှစ် ၃၅၀ လောက် ဘုရားရေးရာကိုပဲ ဆက်အာရုံစိုက်ခဲ့တယ်။ (က. ၉:၂၈) ယုံကြည်ခြင်းနဲ့ နာခံမှုဆိုင်ရာ အလွန်ကောင်းတဲ့ ပုံသက်သေပါပဲ။ ဘုရားသခင့် ဖြောင့်မတ်မှုကို ထောက်ခံခြင်း၊ စာတန့်လောကနဲ့ မပတ်သက်ခြင်း၊ ဘုရားနိုင်ငံတော်ကို ဦးစားထားခြင်းအားဖြင့် တုပနိုင်တယ်။ (မ. ၆:၃၃။ ယော. ၁၅:၁၉) ကျွန်တော်တို့ရဲ့ ဘဝပုံစံကို လောက,က မကြိုက်ဘူး။ အခုတောင်မှ အိမ်ထောင်ရေး၊ လိင်အကျင့်စတဲ့ ဘုရားပညတ်တွေဘက် ရပ်တည်မှုကြောင့် နိုင်ငံတချို့မှာ ပြစ်တင်ဝေဖန်ခံရတယ်။ (မာလ. ၃:၁၇၊ ၁၈) ဒါပေမဲ့ နောဧလိုပဲ လူကို မကြောက်ဘဲ ယေဟောဝါကို ကြောက်ရွံ့ကြတယ်။ ဘုရားသခင် တစ်ပါးတည်းသာ ထာဝရအသက် ပေးနိုင်မှန်း သိထားကြတယ်။ (လု. ၁၂:၄၊ ၅) ကျွန်တော်တို့ တစ်ယောက်စီအနေနဲ့ကော။ တခြားသူတွေ လှောင်ပြောင်ဝေဖန်တဲ့အခါ၊ စီးပွားရေး အခက်အခဲကြောင့် ထောက်ပံ့ပေးရှင်အပေါ် ယုံကြည်ခြင်း စမ်းသပ်ခံရတဲ့အခါ “ဘုရားသခင့်လမ်းစဉ်အတိုင်း လျှောက်လှမ်း” နေမလား။ နောဧရဲ့ ယုံကြည်ခြင်းနဲ့ နာခံမှုကို တုပမယ်ဆိုရင် ယေဟောဝါ စောင့်ရှောက်မယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။—ဖိ. ၄:၆၊ ၇။ w18.02 ၄ ¶၄၊ ၈။ ၅ ¶၉-၁၀
တနင်္လာနေ့၊ ဩဂုတ် ၅
စိတ်အလိုလိုက်တဲ့သူဟာ ဘုရားသခင့်စွမ်းအားတော် ဖော်ပြတဲ့အရာတွေကို လက်မခံဘူး။—၁ ကော. ၂:၁၄။
လောက,က သွေးသားဆန္ဒကို အဓိကထားတယ်။ အဲဒါက “နာခံမှုမရှိသူတွေဆီမှာ ရှင်သန်လှုပ်ရှားနေ” တဲ့ စိတ်ဓာတ်ဖြစ်တယ်လို့ ပေါလု ဖော်ပြတယ်။ (ဧ. ၂:၂) အဲဒီစိတ်ဓာတ်က လူအများ မိုးခါးရေသောက်ရင် လိုက်သောက်ပါဆိုတဲ့ သဘောထားမျိုး ရှိစေတယ်။ ဘုရားသခင့် စံနှုန်းတွေအတိုင်း ကျင့်ကြံဖို့ မကြိုးစားကြတော့ဘူး။ စိတ်အလိုလိုက်တဲ့သူဟာ ဂုဏ်၊ စည်းစိမ်အတွက် အလွန်အမင်း ပူပန်တတ်တယ်။ ကိုယ့်အခွင့်အရေးကို ကာကွယ်တတ်တယ်။ “အပြစ်ရှိတဲ့ အကျင့်” ကျင့်တဲ့သူတွေ ပါတယ်။ (ဂလ. ၅:၁၉-၂၁) သွေးသားဆန္ဒနောက် လိုက်သူတွေရဲ့ တခြားအကျင့်စရိုက်တွေထဲမှာ စိတ်ဝမ်းခွဲခြင်း၊ ဘက်လိုက်ခြင်း၊ ငြင်းခုံခြင်း၊ တရားစွဲခြင်း၊ ဦးစီးမှုကို မလေးမြတ်ခြင်း၊ အစားအသောက် လွန်ကြူးခြင်းတို့ ပါဝင်တယ်။ သွေးဆောင်မှုတွေ ကြုံရတဲ့အခါ စိတ်အလိုလိုက်တဲ့သူက အားနည်းပြီး အလျှော့ပေးတတ်တယ်။—ပညာ. ၇:၂၁၊ ၂၂။ w18.02 ၁၉ ¶၃-၅
အင်္ဂါနေ့၊ ဩဂုတ် ၆
လူတွေဟာ အပျော်အပါးကို ပိုနှစ်သက်သူ[တွေဖြစ်လိမ့်မယ်]။—၂ တိ. ၃:၂၊ ၄။
အပျော်အပါးနဲ့ပတ်သက်ပြီး မျှတတဲ့အမြင်ရှိတာ မမှားဘူး။ ခြိုးခြံစွာ ကျင့်ဖို့၊ ပျော်ရွှင်စေတဲ့၊ အကျိုးပြုတဲ့ လုပ်ဆောင်မှုတွေကို ရှောင်ဖို့ ယေဟောဝါ မလိုလားပါဘူး။ “ပျော်ပျော်ပါးပါး အစာစားပါ။ ရွှင်လန်းတဲ့စိတ်နဲ့ စပျစ်ဝိုင်သောက်ပါ” လို့ သစ္စာရှိသူတွေကို ကျမ်းစာ အားပေးတယ်။ (ဒေ. ၉:၇) ဘုရားသခင်ကို ထည့်မတွက်ဘဲ အပျော်အပါး လိုက်စားတဲ့အကြောင်း ၂ တိမောသေ ၃:၄ မှာ ဖော်ပြထားတယ်။ လူတွေဟာ “ဘုရားသခင်ကို ချစ်တာထက်” အပျော်အပါးကို ပိုနှစ်သက်မယ်လို့ ဖော်ပြထားကြောင်း သတိပြုပါ။ ဒါပေမဲ့ အဲဒါက ဘုရားကို နည်းနည်းတော့ ချစ်တယ်ဆိုတဲ့သဘော မသက်ရောက်ဘူး။ ကျမ်းပညာရှင်တစ်ယောက်က “ဘုရားကို အတိုင်းအတာတစ်ခုအထိ ချစ်တယ်လို့ ဒီကျမ်းပိုဒ်က မဆိုလိုဘူး။ ဘုရားကို လုံးဝ မချစ်တာကို ဆိုလိုတယ်” လို့ ပြောတယ်။ အပျော်အပါးကို အလွန်အကျွံ နှစ်သက်သူတွေအတွက် ပြင်းထန်တဲ့ သတိပေးချက်ပါပဲ။ “အပျော်အပါးကို ပိုနှစ်သက်သူ” ဆိုတဲ့ စကားစုဟာ “အပျော်အပါးတွေကြောင့် စိတ်ပျံ့လွင့်သွား” သူတွေကို တော်မှန်စွာ ဖော်ပြထားတယ်။—လု. ၈:၁၄။ w18.01 ၂၅ ¶၁၄-၁၅
ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၇
ကိုယ့်မှာရှိတဲ့ အဖိုးတန်ဥစ္စာတွေ . . . ကို ဆက်သပြီး ယေဟောဝါကို ဂုဏ်တင်ပါ။—ပညာ. ၃:၉။
ယေဟောဝါဟာ ရက်ရောတဲ့ဘုရားပါ။ ကျွန်တော်တို့ ပိုင်ဆိုင်သမျှဟာ ဘုရားဆီက လာတာပါ။ ရွှေငွေတွေအပြင် တခြားကမ္ဘာ့သယံဇာတတွေအားလုံးကို ယေဟောဝါ ပိုင်တယ်။ ဒါတွေကို အသုံးပြုပြီး ကျွန်တော်တို့ အသက်ဆက်နိုင်ဖို့ လိုအပ်ရာတွေ ထောက်ပံ့ပေးတယ်။ (ဆာ. ၁၀၄:၁၃-၁၅။ ဟဂ္ဂဲ ၂:၈) တောကန္တာရမှာ အနှစ် ၄၀ လုံးလုံး အစ္စရေးလူမျိုးအတွက် မန္နမုန့်နဲ့ ရေ ပေးခဲ့တယ်။ (ထွ. ၁၆:၃၅။ နေ. ၉:၂၀၊ ၂၁) နောက်ပိုင်းမှာ ပရောဖက် ဧလိရှဲကတစ်ဆင့် သစ္စာရှိတဲ့မုဆိုးမရဲ့ ဆီအနည်းငယ်ကို အံ့ဖွယ်နည်းနဲ့ ယေဟောဝါ တိုးပွားစေခဲ့တယ်။ ဘုရားသခင့်လက်ဆောင်ကြောင့် အကြွေးတွေ ဆပ်နိုင်တယ်။ မုဆိုးမနဲ့ သားတွေ အသက်ဆက်ဖို့ ငွေအလုံအလောက် ရှိလာတယ်။ (၂ ဘု. ၄:၁-၇) ယေရှုလည်း ယေဟောဝါရဲ့ ကူညီထောက်မမှုနဲ့ လိုအပ်တဲ့အခါ အံ့ဖွယ်နည်းနဲ့ စားစရာ ပေးခဲ့တယ်။ ငွေတောင် ပေးခဲ့သေးတယ်။ (မ. ၁၅:၃၅-၃၈။ ၁၇:၂၇) မြေကြီးပေါ်က ဖန်ဆင်းရာတွေကို ထောက်ပံ့ဖို့ သုံးလို့မကုန်တဲ့ သယံဇာတတွေ ယေဟောဝါမှာ ရှိတယ်။ ဒါပေမဲ့ ဘုရားအဖွဲ့အစည်းရဲ့ လုပ်ငန်းကို ရုပ်ပစ္စည်းတွေနဲ့ ထောက်ပံ့ဖို့ မိမိကျေးကျွန်တွေကို ဖိတ်ခေါ်ထားတယ်။—ထွ. ၃၆:၃-၇။ w18.01 ၁၇ ¶၁-၃
ကြာသပတေးနေ့၊ ဩဂုတ် ၈
ယေဟောဝါဘုရား၊ ကျွန်တော့်အသက်ကို ရုပ်သိမ်းလိုက်ပါတော့။—၁ ဘု. ၁၉:၄။
ရှေးခေတ်က သစ္စာရှိကျေးကျွန်တွေလည်း ဆက်မခံရပ်နိုင်တော့ဘူးလို့ ခံစားခဲ့ကြကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ (ယောဘ ၇:၇) ဒါပေမဲ့ လက်လျှော့လိုက်မယ့်အစား ခွန်အားရဖို့ ယေဟောဝါကို ယုံကြည်ကြတယ်။ ယေဟောဝါက ‘မောပန်းသူကို ခွန်အားပေး’ လို့ သူတို့ စိတ်မပျက်ခဲ့ကြဘူး။ (ဟေရှာ. ၄၀:၂၉) ဒီနေ့ ဘဝဖိစီးမှုတွေကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းက ခဏလောက် ယေဟောဝါရဲ့ အမှု မဆောင်ဘဲနေခြင်းလို့ ဘုရားလူမျိုးတချို့ ယူဆကြတာ ဝမ်းနည်းစရာပါပဲ။ အဲဒါက ခရစ်ယာန်လုပ်ငန်းဆောင်တာတွေဟာ ကောင်းချီးမဟုတ်ဘဲ ဝန်ထုပ်ဆိုတဲ့သဘော သက်ရောက်တယ်။ ဒါကြောင့် ကျမ်းစာ မဖတ်တော့ဘူး။ အသင်းတော် အစည်းအဝေးတွေ မတက်တော့ဘူး။ အမှုဆောင်လုပ်ငန်းမှာ မပါဝင်တော့ဘူး။ အဲဒီလိုပဲ စာတန် ဖြစ်စေချင်တယ်။ ခရစ်ယာန်လုပ်ငန်းဆောင်တာတွေမှာ အပြည့်အဝ ပါဝင်တာက ခွန်အားရှိစေမှန်း စာတန် ကောင်းကောင်း သိထားတယ်။ ကျွန်တော်တို့ ခွန်အားရှိမှာကို စာတန် မလိုလားဘူး။ စိတ်ပန်းလူပန်းဖြစ်နေတယ်လို့ ခံစားရချိန်မှာ ယေဟောဝါနဲ့ အဆက်မဖြတ်လိုက်ပါနဲ့။ ခါတိုင်းထက် ဘုရားသခင်နဲ့ ရင်းနှီးအောင်လုပ်ပါ။ “ဘုရားသခင်က ခင်ဗျားတို့ကို မြဲမြံစေပြီး ခွန်အားရှိစေမယ်၊ ကြံ့ကြံ့ခံ ရပ်တည်စေမယ်။”—၁ ပေ. ၅:၁၀။ ယာ. ၄:၈။ w18.01 ၇-၈ ¶၂-၃
သောကြာနေ့၊ ဩဂုတ် ၉
ယေဟောဝါဟာ . . . သင်္ချိုင်းရောက်အောင် ပို့နိုင်တယ်၊ သင်္ချိုင်းကနေ ခေါ်ထုတ်နိုင်တယ်။—၁ ရှ. ၂:၆။
ကျမ်းစာမှာပါတဲ့ ဒုတိယ ရှင်ပြန်ထမြောက်ခြင်းကို ပရောဖက် ဧလိရှဲ လုပ်ဆောင်ခဲ့တယ်။ ရှုနင်မြို့က ထင်ပေါ်တဲ့ အစ္စရေးအမျိုးသမီးက ဧလိရှဲကို ထူးထူးခြားခြား ဧည့်ဝတ်ပြုခဲ့တယ်။ သားသမီး မရှိတဲ့ အဲဒီအမျိုးသမီးနဲ့ သက်ကြီးရွယ်အို ခင်ပွန်းကို ဧလိရှဲကတစ်ဆင့် ဘုရားသခင် သားဆု ပေးခဲ့တယ်။ နှစ်အနည်းငယ်ကြာတော့ ကလေး သေဆုံးသွားတယ်။ မိခင်ရဲ့ ကြေကွဲမှုကို မြင်ယောင်ကြည့်ပါ။ ခင်ပွန်းရဲ့ ခွင့်ပြုချက်အရ ၁၉ မိုင် (ကီလိုမီတာ ၃၀) လောက် ခရီးနှင်လာပြီး ကရမေလတောင်မှာ ဧလိရှဲနဲ့ တွေ့ခဲ့တယ်။ သူတို့ထက်အရင် ရှုနင်မြို့ကို သွားနှင့်ဖို့ လက်ထောက် ဂေဟာဇိကို ဧလိရှဲ လွှတ်လိုက်တယ်။ ကလေး အသက်ပြန်ရှင်အောင် ဂေဟာဇိ မလုပ်နိုင်ခဲ့ဘူး။ အဲဒီအချိန်မှာ ကြေကွဲနေတဲ့မိခင်နဲ့ ဧလိရှဲတို့ ရောက်လာကြတယ်။ (၂ ဘု. ၄:၈-၃၁) ရှုနင်မြို့အိမ်မှာရှိတဲ့ အလောင်းဘေးမှာ ဧလိရှဲ ဆုတောင်းတယ်။ အံ့ဩစရာပါပဲ။ အသက်မဲ့နေတဲ့ကလေး အသက်ပြန်ရှင်လာလို့ မိခင် ဝမ်းသာပီတိ ဖြစ်ခဲ့တယ်။ (၂ ဘု. ၄:၃၂-၃၇) ရှင်ပြန်ထမြောက်ပေးနိုင်စွမ်း ရှိကြောင်း သက်သေထူဖို့ ရှုနင်မြို့က ကလေးကို ဘုရားသခင် တကယ် အသက်ပြန်ရှင်စေခဲ့တယ်။ w17.12 ၄ ¶၇-၈
စနေနေ့၊ ဩဂုတ် ၁၀
ကလေးရဲ့စိတ်ထဲမှာ မိုက်မဲမှုဟာ အမြစ်တွယ်နေတယ်။—ပညာ. ၂၂:၁၅။
မိုက်မဲမှုရဲ့ ဆန့်ကျင်ဘက် ဉာဏ်ပညာဟာ ရင့်ကျက်မှု အထောက်အထားတစ်ခု ဖြစ်တယ်။ ရင့်ကျက်မှုကို အသက်အရွယ်နဲ့ပဲ မဆုံးဖြတ်ဘူး။ ယေဟောဝါကို တော်မှန်စွာ ကြောက်ရွံ့ရိုသေခြင်း၊ အမိန့်တော်တွေကို လိုက်နာခြင်းနဲ့ပဲ ဆုံးဖြတ်တယ်။ (ဆာ. ၁၁၁:၁၀) ရင့်ကျက်တဲ့ လူငယ်တွေဟာ အလိုဆန္ဒတွေ၊ ရွယ်တူချင်း ဖိအားတွေကြောင့် “လေတိုက်ရာ၊ လှိုင်းပုတ်ရာ လွင့်ပါသွား” မှာ မဟုတ်ဘူး။ (ဧ. ၄:၁၄) “ပိုင်းခြားသိမြင်နိုင်စွမ်းကို အမြဲအသုံးပြုပြီး အမှားအမှန် ခွဲခြားသိနိုင်အောင် လေ့ကျင့်ထား” ခြင်းအားဖြင့် တိုးတက်နေကြတယ်။ (ဟီ. ၅:၁၄) ပညာရှိ ဆုံးဖြတ်ချက်တွေ ချခြင်းအားဖြင့် ရင့်ကျက်မှုဘက် တိုးတက်နေကြတယ်။ အဲဒီဉာဏ်ပညာမျိုးဟာ ကယ်တင်ခြင်းအတွက် လိုအပ်တယ်။ (ပညာ. ၂၄:၁၄) ဒါကြောင့် ကျမ်းစာ အခြေခံ စံနှုန်းတွေအကြောင်း သားသမီးတွေကို ရှင်းရှင်းလင်းလင်း ပြောပြပါ။ အပြောနဲ့ ပုံသက်သေအားဖြင့် ဘုရားသခင့် နှုတ်မြွက်တော်မှာပါတဲ့ စံနှုန်းတွေဟာ သင့်စံနှုန်းတွေ ဖြစ်ကြောင်း သိစေပါ။—ရော. ၂:၂၁-၂၃။ w17.12 ၂၀-၂၁ ¶၁၂-၁၃
တနင်္ဂနွေနေ့၊ ဩဂုတ် ၁၁
အသင်းတော်ပြင်ပက လူတွေကို ပညာသတိနဲ့ ဆက်ဆံကြပါ။ . . . လူတိုင်းကို ဘယ်လို ပြန်ပြောရမယ်ဆိုတာ သိ[ပါ]။—ကော. ၄:၅၊ ၆။
လူသားတွေ ကိုယ့်ပြဿနာကိုယ် ဖြေရှင်းနိုင်ပါတယ်ဆိုတဲ့ အတွေးအခေါ်ကို လူများစွာ နှစ်သက်နိုင်တယ်။ ဘာကြောင့်လဲ။ အဲဒီလိုသာဆိုရင် ဘုရားသခင့် လမ်းညွှန်မှု မလိုအပ်တော့ဘူး။ ကိုယ့်စိတ်ကြိုက် လုပ်နိုင်တယ်ဆိုတဲ့ အယူအဆဟာ မှန်ကန်ပုံရတယ်။ လေ့လာမှုတချို့အရ စစ်၊ ရာဇဝတ်မှု၊ ရောဂါ၊ ဆင်းရဲနွမ်းပါးမှု ကျဆင်းသွားလို့ပါပဲ။ “ကမ္ဘာကို ပိုကောင်းတဲ့နေရာ ဖြစ်အောင်လုပ်ဖို့ ဆုံးဖြတ်ထားလို့ လူ့ဘဝတွေ တိုးတက်လာတယ်” ဆိုပြီး သတင်းတစ်ပုဒ်မှာ ဖော်ပြထားတယ်။ ယုံကြည်ခြင်းကို စမ်းသပ်မှုဖြစ်စေတဲ့ လောကအတွေးအခေါ်တစ်မျိုးကို ကြားရရင် ကျမ်းစာမှာ ရှာဖွေလေ့လာပါ။ အတွေ့အကြုံရှိတဲ့ ယုံကြည်သူချင်းနဲ့ ဆွေးနွေးပါ။ အဲဒီအတွေးအခေါ်ဟာ ဘာကြောင့် နှစ်သက်စရာ ဖြစ်နိုင်ကြောင်း၊ ဘာကြောင့် မှားကြောင်း၊ ဘယ်လို ငြင်းပယ်နိုင်ကြောင်း သုံးသပ်ပါ။ ဒီနေ့ကျမ်းချက်ပါ ပေါလုရဲ့ တိုက်တွန်းချက်ကို လိုက်နာခြင်းအားဖြင့် လောကအတွေးအခေါ် မဝင်အောင် ကာကွယ်နိုင်ပါတယ်။ w17.11 ၂၄ ¶၁၄၊ ၁၇
တနင်္လာနေ့၊ ဩဂုတ် ၁၂
ဘုရားသခင်၊ ကျွန်တော်ဟာ အများတကာလို . . . မဟုတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။—လု. ၁၈:၁၁။
ဖာရိရှဲတွေ ဘာကြောင့် ဒီလောက်တောင် ကရုဏာ မပြချင်ရတာလဲ။ “သူတစ်ပါးကို အထင်သေး” လို့ ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ (လု. ၁၈:၉-၁၄) ဖာရိရှဲတွေကို မတုပဘဲ ယေဟောဝါကို တုပပါ။ သနားစာနာပါ။ (ကော. ၃:၁၃) သနားစာနာနိုင်တဲ့ နည်းတစ်နည်းကတော့ တခြားသူတွေ ခွင့်လွှတ်မှု တောင်းခံရလွယ်ကူအောင် လုပ်ပေးခြင်းပါပဲ။ (လု. ၁၇:၃၊ ၄) ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ငါ့ကို ပြစ်မှားသူတွေ၊ အကြိမ်ကြိမ် ပြစ်မှားသူတွေကို ခွင့်လွှတ်သလား။ ငါ့ကို စိတ်ဆိုးအောင်၊ ထိခိုက်အောင်လုပ်ထားသူနဲ့ ပြန်သင့်မြတ်ချင်စိတ် ပြင်းပြသလား။’ ခွင့်လွှတ်မှုဟာ တကယ်တော့ နှိမ့်ချမှုကို စမ်းသပ်တာပဲ။ တခြားသူတွေကို အထင်သေးတဲ့အတွက် အဲဒီစမ်းသပ်မှုကို ဖာရိရှဲတွေ မအောင်မြင်ကြဘူး။ ခရစ်ယာန်တွေအနေနဲ့ ကျွန်တော်တို့ကတော့ “သူတစ်ပါးကို ကိုယ့်ထက်သာတယ်လို့ သဘောထား” ကြပြီး ခွင့်လွှတ်မှုနဲ့ ထိုက်တန်သူတွေအဖြစ် ယူမှတ်ရမယ်။ (ဖိ. ၂:၃) ယေဟောဝါကို တုပပြီး နှိမ့်ချမှု စမ်းသပ်ခြင်းကို အောင်မြင်မလား။ ခွင့်လွှတ်မှုဆိုတဲ့ “လမ်း” ကို အမြဲဖွင့်ထားပြီး ကောင်းကောင်းပြုပြင်ထိန်းသိမ်းပါ။ အလျင်အမြန် ကရုဏာပြပါ။ ထစ်ခနဲဆို မကျေမချမ်း မဖြစ်ပါနဲ့။—ဒေ. ၇:၈၊ ၉။ w17.11 ၁၄-၁၅ ¶၆-၈
အင်္ဂါနေ့၊ ဩဂုတ် ၁၃
ဘုရားသခင်ကို ချီးမွမ်းသီချင်းဆိုတာ သိပ်ကောင်းတယ်။—ဆာ. ၁၄၇:၁။
ကိုယ့်အသံကို တခြားသူတွေရဲ့အသံနဲ့ နှိုင်းယှဉ်တဲ့အခါ ရှက်မိ၊ စိတ်ပျက်မိနိုင်တယ်။ အဲဒါက ယေဟောဝါကို ချီးမွမ်းသီချင်းဆိုရမယ့်တာဝန်ကို အတားအဆီး မဖြစ်စေသင့်ဘူး။ သီချင်းစာအုပ်ကို မြင့်မြင့်ကိုင်၊ ခေါင်းမော့ပြီး လှိုက်လှိုက်လှဲလှဲ ဆိုလိုက်ပါ။ (ဧဇ. ၃:၁၁) ဒီနေ့ နိုင်ငံတော်ခန်းမ များစွာမှာ သီချင်းစာသားတွေကို တီဗီဖန်သားပြင်မှာ ပြပေးတယ်။ အဲဒါက သီချင်းဆိုဖို့ လွယ်ကူစေတယ်။ အကြီးအကဲတွေအတွက် နိုင်ငံတော်ဓမ္မအမှုသင်တန်း သင်ရိုးမှာ နိုင်ငံတော်သီချင်း ဆိုခြင်းကို ထည့်သွင်းထားတာ စိတ်ဝင်စားစရာပဲ။ အဲဒါက အကြီးအကဲတွေအနေနဲ့ သီချင်းဆိုရာမှာ အသင်းတော်ကို ဦးဆောင်ဖို့ လိုအပ်ကြောင်း ပေါ်လွင်စေတယ်။ သံကုန်ထုတ်ပြီး သီချင်းမဆိုရတဲ့ အကြောင်းရင်းတစ်ခုက ကြောက်ရွံ့ခြင်းပါပဲ။ တခြားသူတွေ မကြိုက်မှာကို ကြောက်ရွံ့တာ ဖြစ်နိုင်တယ်။ စကားပြောတဲ့အခါ “ကျွန်တော်တို့အားလုံး ခဏခဏ မှားတတ်ကြ” ကြောင်း သတိရသင့်တယ်။ (ယာ. ၃:၂) ဒါပေမဲ့ မှားလို့ စကားမပြောဘဲ မနေကြဘူး။ ဒါဆိုရင် အသံမကောင်းလို့ဆိုပြီး ယေဟောဝါကို ချီးမွမ်းသီချင်း မဆိုဘဲမနေသင့်ဘူး။ w17.11 ၄-၅ ¶၉-၁၀
ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၁၄
ယေဟောဝါဘုရားရဲ့ စကားကို ခင်ဗျားတို့ နားထောင်မယ်ဆိုရင် . . . ခင်ဗျားတို့ သိရလိမ့်မယ်။—ဇာ. ၆:၁၅။
ခုနစ်ခုမြောက် စိတ်အာရုံကို မြင်ရပြီးနောက် ပရောဖက်ဇာခရိမှာ စဉ်းစားစရာတွေ အပြည့်ပဲ။ ဆိုးညစ်တဲ့ အကျင့်တွေအတွက် မရိုးသားသူတွေကို စာရင်းရှင်းမယ်လို့ ယေဟောဝါ အာမခံထားတယ်။ အဲဒီကတိက ဇာခရိကို အားရှိစေခဲ့တာ သေချာတယ်။ ဒါပေမဲ့ ဘာမှ ပြောင်းလဲမသွားဘူး။ မရိုးသားမှု၊ တခြားဆိုးညစ်မှုတွေ ရှိနေတုန်းပဲ။ ဂျေရုဆလင်မှာ ယေဟောဝါရဲ့ ဗိမာန်တော် ဆောက်လုပ်ရေးလည်း မပြီးပြတ်သေးဘူး။ ဘုရားပေး တာဝန်ကို ဂျူးတွေ ဘာကြောင့် ချက်ချင်းကြီး စွန့်လိုက်ကြတာလဲ။ ကိုယ့်အကျိုးစီးပွား တိုးတက်ဖို့ပဲ အမိမြေကို ပြန်လာကြတာလား။ မိမိလူမျိုး လိုအပ်ရာကို ယေဟောဝါ သိတယ်။ သူတို့ကို ချစ်ကြောင်း၊ သူတို့ လုပ်ဆောင်ခဲ့တာတွေကို တန်ဖိုးထားကြောင်း စိတ်ချစေဖို့၊ လုပ်ငန်း ပြန်စမယ်ဆိုရင် ကာကွယ်ပေးမယ်ဆိုတာ အာမခံဖို့ ဇာခရိကို နောက်ဆုံးစိတ်အာရုံတစ်ခု ဘုရားသခင် ပေးခဲ့တယ်။ ဗိမာန်တော် ပြန်လည်ဆောက်လုပ်ခြင်းနဲ့ ပတ်သက်ပြီး ဒီနေ့ကျမ်းချက်ပါစကားတွေကို ယေဟောဝါ ပြောခဲ့တယ်။ w17.10 ၂၆ ¶၁။ ၂၇ ¶၅
ကြာသပတေးနေ့၊ ဩဂုတ် ၁၅
ဘုရားသခင်ဟာ ခင်ဗျားတို့ကို အစွမ်းခွန်အား ဖြည့်ပေး . . . တဲ့အရှင်၊ လုပ်ဆောင်ချင်စိတ်သာမက လုပ်ဆောင်နိုင်စွမ်းကိုပါ ပေးသနားတဲ့အရှင်ပဲ။—ဖိ. ၂:၁၃။
ထပ်ဆင့်တာဝန်တွေ လက်ခံချင်တဲ့၊ ရဲစွမ်းသတ္တိရှိတဲ့ အမျိုးသားတွေဟာ အသင်းတော်အတွက် ကောင်းချီးတစ်ရပ်ပဲ။ (၁ တိ. ၃:၁) ဒါပေမဲ့ တချို့က တက်လှမ်းဖို့ တွန့်ဆုတ်နေနိုင်တယ်။ ညီအစ်ကိုတစ်ယောက်ဟာ အရင်က အမှားတွေ ကျူးလွန်ခဲ့မိလို့ အသင်းတော် အမှုထမ်းအဖြစ်၊ အကြီးအကဲအဖြစ် ထမ်းဆောင်ဖို့ မထိုက်တန်ဘူးလို့ ခံစားရနိုင်တယ်။ နောက်ညီအစ်ကိုတစ်ယောက်ကတော့ တာဝန်ထမ်းဆောင်နိုင်တဲ့ အရည်အချင်း မရှိဘူးလို့ ခံစားရနိုင်တယ်။ အဲဒီလို ခံစားနေရတယ်ဆိုရင် သတ္တိရှိလာအောင် ယေဟောဝါ ကူညီပေးနိုင်တယ်။ (ဖိ. ၄:၁၃) တစ်ချိန်တုန်းက မောရှေလည်း အရည်အချင်း မပြည့်မီဘူးလို့ ခံစားခဲ့ရကြောင်း သတိရပါ။ (ထွ. ၃:၁၁) ဒါပေမဲ့ ယေဟောဝါ ကူညီပေးတဲ့အတွက် အချိန်တန်တဲ့အခါ တာဝန်ထမ်းဆောင်ဖို့ သတ္တိရှိလာတယ်။ နှစ်ခြင်းခံပြီးသား ညီအစ်ကိုဟာ ဘုရားသခင့် အကူအညီရဖို့ စိတ်ထက်သန်စွာ ဆုတောင်းခြင်း၊ နေ့စဉ် ကျမ်းစာ ဖတ်ရှုခြင်းအားဖြင့် အလားတူသတ္တိမျိုး မွေးမြူနိုင်ပါတယ်။ ရဲစွမ်းသတ္တိတင်ပြခဲ့တဲ့ မှတ်တမ်းတွေကို တွေးတောဆင်ခြင်ခြင်းကလည်း ကူညီပေးနိုင်တယ်။ လေ့ကျင့်ပေးဖို့ အကြီးအကဲတွေကို နှိမ့်ချစွာ တောင်းဆိုနိုင်တယ်။ လိုအပ်တဲ့ ဘယ်ကဏ္ဍမှာမဆို ကူညီပေးဖို့ အသင့်ဖြစ်နေရမယ်။ w17.09 ၃၂ ¶၁၉
သောကြာနေ့၊ ဩဂုတ် ၁၆
ဘုရားသခင်ရဲ့ နှုတ်ထွက်စကားကတော့ ထာဝစဉ် တည်မြဲတယ်။—ဟေရှာ. ၄၀:၈။
စပ်တွားဂျင့်ကျမ်း၊ ဝှစ်ကလစ်ကျမ်း၊ ဂျိမ်းဘုရင် ဘာသာပြန်ကျမ်း၊ တခြား ဘာသာပြန်ကျမ်းတွေကို ဘုရားသခင့် စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးသားခဲ့တယ်လို့ ဒီနေ့ ခရစ်ယာန်တွေ မယူဆသင့်ဘူး။ ဒါပေမဲ့ ဘာသာပြန်ကျမ်းတွေရဲ့ သမိုင်းကြောင်းကို သုံးသပ်ကြည့်တဲ့အခါ ယေဟောဝါ ကတိပြုခဲ့တဲ့အတိုင်း နှုတ်ထွက်စကား တည်မြဲတယ်ဆိုတဲ့အချက် ထင်ရှားပါတယ်။ အဲဒါက ယေဟောဝါရဲ့ တခြား ကတိတွေလည်း ပြည့်စုံလာမယ်ဆိုတဲ့ ယုံကြည်မှုကို တိုးများစေတယ် မဟုတ်လား။ (ယောရှု ၂၃:၁၄) နှစ်တွေတစ်လျှောက် ကျမ်းစာ ဘယ်လို တည်မြဲခဲ့ကြောင်း သုံးသပ်ခြင်းက ယုံကြည်ခြင်း တိုးများစေတဲ့အပြင် ယေဟောဝါကို ချစ်တဲ့မေတ္တာလည်း တိုးများစေတယ်။ ကျမ်းစာကို ဘုရားသခင် ဘာကြောင့် ပေးထားရသလဲ။ တည်မြဲမယ်လို့ ဘာကြောင့် အာမခံခဲ့သလဲ။ ကျွန်တော်တို့ကို ချစ်လို့၊ အကျိုးရရှိစေချင်လို့ပါပဲ။ (ဟေရှာ. ၄၈:၁၇၊ ၁၈) ယေဟောဝါကို ချစ်တုံ့ပြန်ခြင်း၊ ပညတ်တော်တွေကို နာခံခြင်းအားဖြင့် ဘုရားသခင့် မေတ္တာကို တုံ့ပြန်ထိုက်ပါတယ်။—၁ ယော. ၄:၁၉။ ၅:၃။ w17.09 ၂၁-၂၂ ¶၁၃-၁၄
စနေနေ့၊ ဩဂုတ် ၁၇
မိဘကို ရိုသေပါ။—ဧ. ၆:၂။
မယုံကြည်တဲ့ အိမ်ထောင်ဖက်ရှိတယ်ဆိုရင် ဒီမိန့်မှာချက်ကို လိုက်နာဖို့ သားသမီးတွေကို လေ့ကျင့်ပေးရာမှာ အထူး ခက်ခဲနိုင်တယ်။ အိမ်ထောင်ဖက်ကို ရိုသေခြင်းအားဖြင့် ပုံသက်သေပြပါ။ အိမ်ထောင်ဖက်ရဲ့ အရည်အသွေးကောင်းတွေကို အာရုံစိုက်ပါ။ လေးမြတ်ကြောင်း ဖော်ပြပါ။ သားသမီးတွေရှေ့မှာ အိမ်ထောင်ဖက်ရဲ့ မကောင်းကြောင်း မပြောမိပါစေနဲ့။ ယေဟောဝါကို ဝတ်ပြုမပြုဆိုတာ တစ်ဦးစီရဲ့ ရွေးချယ်မှုဖြစ်ကြောင်း ရှင်းပြပါ။ သားသမီးတွေရဲ့ အမူအကျင့်ကောင်းက မယုံကြည်တဲ့ မိဘကို စစ်မှန်တဲ့ ဝတ်ပြုရေးဆီ ဆွဲဆောင်နိုင်တယ်။ သားသမီးတွေကို ကျမ်းစာအကြောင်း မသင်ပေးဖို့၊ ခရစ်ယာန်အစည်းအဝေးတွေဆီ မခေါ်သွားဖို့ ခရစ်ယာန်ဇနီးသည်ကို ခင်ပွန်း တားမြစ်နိုင်တယ်။ အဲဒီလိုအခြေအနေမှာတောင် သားသမီးတွေကို ကျမ်းစာအမှန်တရား သင်ပေးဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်နိုင်ပါတယ်။ (တ. ၁၆:၁။ ၂ တိ. ၃:၁၄၊ ၁၅) ခင်ပွန်းရဲ့ ဆုံးဖြတ်ချက်ကို လေးစားကြောင်းပြရင်း အခွင့်အရေးရတိုင်း သားသမီးတွေရှေ့မှာ ကိုယ့်ယုံကြည်ချက်ကို ပြောပြနိုင်တယ်။ ဒီလိုနဲ့ စာရိတ္တကောင်းဖို့ သင်ပေးနိုင်တယ်။ ယေဟောဝါအကြောင်း ပြောပြနိုင်တယ်။—တ. ၄:၁၉၊ ၂၀။ w17.10 ၁၄ ¶၉-၁၀
တနင်္ဂနွေနေ့၊ ဩဂုတ် ၁၈
ခင်ဗျားတို့ဟာ ဘုရားသခင်ချစ်ရတဲ့ သားသမီးတွေ ဖြစ်နေတဲ့အတွက် ဘုရားသခင်ကို အတုယူကြပါ။—ဧ. ၅:၁။
လူသားတွေဟာ ဘုရားသခင့် ပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းခံထားရတယ်။ ယေဟောဝါ သနားစာနာတတ်တဲ့အတွက် လူ့ပင်ကိုစိတ်မှာ အဲဒီအရည်အသွေး ပါလာတယ်။ ဘုရားသခင်ကို မသိတဲ့လူတွေတောင် သနားစာနာမှု တင်ပြလေ့ရှိကြတယ်။ (က. ၁:၂၇) ကျမ်းစာမှတ်တမ်းများစွာက သနားစာနာစိတ်အကြောင်း ပေါ်လွင်စေတယ်။ ဘယ်သူက မိခင်ရင်း ဖြစ်ကြောင်း ရှောလမုန်ရှေ့မှာ ငြင်းခုံတဲ့ ပြည့်တန်ဆာ နှစ်ယောက်အကြောင်း စဉ်းစားကြည့်ပါ။ စမ်းတဲ့သဘောနဲ့ ကလေးကို နှစ်ပိုင်းပိုင်းဖို့ အမိန့်ပေးတဲ့အခါ မိခင်ရင်းရဲ့ သနားစာနာမှု ထင်ရှားလာတယ်။ ဒါနဲ့ ကလေးကို အသေမခံဘဲ တခြားအမျိုးသမီးဆီ ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ (၁ ဘု. ၃:၂၃-၂၇) သူငယ်မောရှေကို ကယ်တင်ခဲ့တဲ့ ဖာရောရဲ့ သမီးအကြောင်းလည်း စဉ်းစားကြည့်ပါ။ ဟီဘရူးကလေးဖြစ်မှန်း၊ မကယ်သင့်မှန်း သိလျက်နဲ့ “ကလေးကို သနားသွား” ပြီး မွေးစားဖို့ ဆုံးဖြတ်ခဲ့တယ်။—ထွ. ၂:၅၊ ၆။ w17.09 ၈-၉ ¶၂-၃
တနင်္လာနေ့၊ ဩဂုတ် ၁၉
ဘုရားသခင် စိတ်ရှည်[တယ်]။—၂ ပေ. ၃:၉။
ခရစ်ယာန်စစ်အားလုံး နှိမ့်ချမှု ရှိရမယ်။ နှိမ့်ချမှုက ကောင်းကျိုးများစွာ ရရှိစေတယ်။ (ပညာ. ၂၂:၄) အသင်းတော်မှာ ငြိမ်သက်စည်းလုံးမှု တိုးများစေမယ်။ နှိမ့်ချမှုကို မွေးမြူခိုင်မာစေခြင်းက ဘုရားသခင့် မဟာကရုဏာ ခံစားရစေပါလိမ့်မယ်။ “ခင်ဗျားတို့အားလုံး အချင်းချင်း ဆက်ဆံတဲ့အခါ စိတ်နှိမ့်ချပါ။ ဘာလို့လဲဆိုတော့ ဘုရားသခင်က မောက်မာသူတွေကို ဆန့်ကျင်ပြီး စိတ်နှိမ့်ချသူတွေကို မဟာကရုဏာ ပေးသနားလို့ပဲ” လို့ တမန်တော် ပေတရု ပြောတယ်။ (၁ ပေ. ၅:၅) ဒီနေ့ လောကမှာ နူးညံ့သိမ်မွေ့သူ၊ စိတ်ရှည်သူကို ပျော့ညံ့သူလို့ ယူမှတ်လေ့ရှိကြတယ်။ မှားလိုက်လေခြင်း။ တကယ်တော့ ဒီအရည်အသွေးကောင်းတွေဟာ စကြဝဠာမှာ တန်ခိုးအကြီးဆုံးအရှင်ဆီကနေ အရင်းခံတယ်။ ယေဟောဝါဘုရားဟာ နူးညံ့သိမ်မွေ့၊ စိတ်ရှည်ရာမှာ အကောင်းဆုံး ပုံသက်သေဖြစ်တယ်။ အာဗြဟံနဲ့ လောတ မေးခွန်းထုတ်ချိန်မှာ ကောင်းကင်တမန်တွေအားဖြင့် ဘုရားသခင် တုံ့ပြန်ပုံကို စဉ်းစားကြည့်ပါ။ (က. ၁၈:၂၂-၃၃။ ၁၉:၁၈-၂၁) လမ်းလွဲနေတဲ့ အစ္စရေးလူမျိုးကို နှစ်ပေါင်း ၁,၅၀၀ ကျော် ယေဟောဝါ သည်းခံခဲ့တယ်။—ယေဇ. ၃၃:၁၁။ w17.08 ၂၅ ¶၁၃-၁၄
အင်္ဂါနေ့၊ ဩဂုတ် ၂၀
လူ့ဉာဏ်နဲ့မမီနိုင်တဲ့ ဘုရားသခင့် ငြိမ်သက်ခြင်းက . . . ခင်ဗျားတို့ရဲ့ စိတ်နှလုံး . . . ကို စောင့်ရှောက်ပေးပါလိမ့်မယ်။—ဖိ. ၄:၇။
ဆုတောင်းပါ။ ဒါဆိုရင် ဘုရားသခင့် ငြိမ်သက်ခြင်း ရရှိလိမ့်မယ်။ “ဘုရားသခင့် ငြိမ်သက်ခြင်းက” “လူ့ဉာဏ်နဲ့ မမီနိုင်” ကြောင်း သတိပြုပါ။ ဘာကို ဆိုလိုသလဲ။ ဘာသာပြန်တချို့က “လူ့စိတ်ကူးနဲ့ မမီနိုင်၊” “လူ့အကြံအစည်တွေထက် သာလွန်” လို့ ပြန်ဆိုကြတယ်။ “ဘုရားသခင့် ငြိမ်သက်ခြင်း” ဟာ စိတ်ကူးလို့ မရနိုင်လောက်အောင် သာလွန်ကောင်းမွန်တယ်လို့ ပေါလု ပြောနေတာပါ။ ဒါကြောင့် လူ့ရှုထောင့်ကကြည့်ရင် ပြဿနာတွေရဲ့ ဖြေရှင်းနည်းကို မမြင်နိုင်ပေမဲ့ ယေဟောဝါကတော့ မြင်နိုင်ပြီး မျှော်လင့်မထားတာတွေ လုပ်ဆောင်နိုင်တယ်။ (၂ ပေ. ၂:၉) အခက်အခဲတွေကို ရင်ဆိုင်ပြီး “ဘုရားသခင့် ငြိမ်သက်ခြင်း” ကို ဘယ်လို ဆက်ထိန်းသိမ်းနိုင်သလဲ။ ယေဟောဝါဘုရားနဲ့ ဆက်ဆံရေးကောင်း ထိန်းသိမ်းထားခြင်းအားဖြင့်ပါပဲ။ အဲဒီဆက်ဆံရေးက ရွေးဖိုးအဖြစ် အသက်ပေးခဲ့တဲ့ “ခရစ်တော်ယေရှုကတစ်ဆင့်” ပဲ ရနိုင်တယ်။ ဒီရွေးဖိုးဟာ အဖဘုရားရဲ့ အံ့ဖွယ်လုပ်ရပ် နောက်တစ်ခုဖြစ်တယ်။ ယေဟောဝါက ရွေးဖိုးကို အသုံးပြုပြီး ကျွန်တော်တို့အပြစ်ကို ဖုံးအုပ်ပေးတယ်။ ကြည်လင်တဲ့ အမှားအမှန်သိစိတ် ရရှိစေတယ်။ ဘုရားနဲ့ ရင်းနှီးစေတယ်။—ယော. ၁၄:၆။ ယာ. ၄:၈။ ၁ ပေ. ၃:၂၁။ w17.08 ၁၀ ¶၇။ ၁၂ ¶၁၅
ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၂၁
ကိုယ့်စိတ်ဒုက္ခကို ကိုယ်ပဲသိတယ်။ ကိုယ်ပျော်နေတာကို သူတစ်ပါး မျှဝေခံစားပေးနိုင်မှာ မဟုတ်ဘူး။—ပညာ. ၁၄:၁၀။
ဘယ်လောက် နာကျင်ခံစားနေသလဲဆိုတာ ကိုယ်တိုင်ပဲ သိတယ်။ ဒါကြောင့် ကိုယ့်ရင်တွင်းခံစားချက်တွေကို ထုတ်ပြောဖို့ ခက်နိုင်တယ်။ “ကိုယ့်စိတ်ဒုက္ခကို ကိုယ်ပဲသိတယ်။ ကိုယ်ပျော်နေတာကို သူတစ်ပါး မျှဝေခံစားပေးနိုင်မှာ မဟုတ်ဘူး” လို့ ကျမ်းစာက ဆိုတယ်။ တစ်ယောက်ယောက်က ခံစားချက်ကို ဖော်ပြတယ်ဆိုရင်တောင် ဘာပြောချင်တယ်ဆိုတာ နားလည်ပေးဖို့ အမြဲ မလွယ်ကူဘူး။ ဝမ်းနည်းပူဆွေးသူတစ်ယောက်ကို ဘာပြောရမှန်း မသိတဲ့ အချိန်တွေ ရှိနိုင်ပါတယ်။ အထောက်အကူအဖြစ်ဆုံး အချက်တစ်ချက်ကတော့ “ငိုကြွေးသူတွေနဲ့အတူ ငိုကြွေး” ခြင်းပဲ။ (ရော. ၁၂:၁၅) လူချင်းတွေ့ပြီး စကားပြောဖို့ ခက်တယ်ဆိုရင် ကတ်၊ အီးမေးလ်၊ စာတို၊ စာတွေ ပို့ပြီး နှစ်သိမ့်ပေးရတာ ပိုလွယ်နိုင်တယ်။ နှစ်သိမ့်မှု ဖြစ်စေတဲ့ ကျမ်းချက်တစ်ချက်၊ ဆုံးပါးသွားသူရဲ့ အရည်အသွေးကောင်းတစ်ခု၊ အမှတ်ရတဲ့ ပျော်စရာ အဖြစ်အပျက်တစ်ခုအကြောင်း ရေးနိုင်ပါတယ်။ ဝမ်းနည်းကြေကွဲနေသူနဲ့အတူ ဆုတောင်းတာ၊ သူ့အတွက် ဆုတောင်းပေးတာကလည်း အထောက်အကူ ဖြစ်တယ်။ w17.07 ၁၄-၁၆ ¶၁၃-၁၆
ကြာသပတေးနေ့၊ ဩဂုတ် ၂၂
ဘုရားသခင် တွဲဖက်ထားသူတွေကို ဘယ်သူမှ မခွဲကြနဲ့။—မ. ၁၉:၆။
ယေဟောဝါရဲ့ နည်းလမ်းနဲ့ အချုပ်အခြာအာဏာကို ထောက်ခံကြောင်း ခရစ်ယာန် အိမ်ထောင်သည်တွေ တင်ပြနိုင်တဲ့ကဏ္ဍတစ်ခုကို သုံးသပ်ကြည့်ပါ။ အိမ်ထောင်သည်ဘဝက မျှော်လင့်ထားတာထက် ပိုခက်နေရင် ဘယ်လို လုပ်မလဲ။ စိတ်ပျက်စရာတောင် ကောင်းနေတယ်ဆိုပါစို့။ အစ္စရေးလူမျိုးနဲ့ ယေဟောဝါ ဆက်ဆံပုံကို စဉ်းစားကြည့်လိုက်ပါ။ ဘုရားသခင်က ကိုယ့်ကိုယ်ကိုယ် အစ္စရေးလူမျိုးရဲ့ ခင်ပွန်းအဖြစ် ခေါ်ဆိုခဲ့တယ်။ (ဟေရှာ. ၅၄:၅။ ၆၂:၄) တကယ့် ခက်ခဲတဲ့ “အိမ်ထောင်ရေး” ပါပဲ။ ဒါပေမဲ့ ယေဟောဝါ လွယ်လွယ်နဲ့ လက်မလျှော့ခဲ့ဘူး။ အကြိမ်ကြိမ် ကရုဏာပြပြီး သူတို့နဲ့ ဖွဲ့ထားတဲ့ ပဋိညာဉ်ကို သစ္စာစောင့်သိခဲ့တယ်။ (ဆာ. ၁၀၆:၄၃-၄၅) အဲဒီလို ခိုင်မြဲတဲ့မေတ္တာကြောင့် ယေဟောဝါဆီ ဆွဲဆောင်ခံရတယ် မဟုတ်လား။ ယေဟောဝါရဲ့ နည်းလမ်းတွေကို ချစ်မြတ်နိုးတဲ့ အိမ်ထောင်သည်တွေက ကိုယ်တော့်ကို တုပကြတယ်။ အိမ်ထောင်ရေးပြဿနာကို ကျမ်းစာနဲ့ မညီတဲ့နည်းနဲ့ မဖြေရှင်းကြဘူး။ သူတို့ကို ယေဟောဝါ တွဲဖက်ထားမှန်း၊ “မခွဲအတူ” ရှိစေချင်မှန်း နားလည်ကြတယ်။ ကွာရှင်းပြီး နောက်အိမ်ထောင်ပြုနိုင်တဲ့ တစ်ခုတည်းသော ကျမ်းစာအကြောင်းရင်းက လိင်အကျင့်ယိုယွင်းခြင်း ဖြစ်တယ်။ (မ. ၁၉:၅၊ ၉) အခြေအနေကို အကောင်းဆုံးဖြစ်အောင်၊ တိုးတက်အောင် လုပ်ဆောင်ခြင်းအားဖြင့် ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ အုပ်ချုပ်ပုံနည်းလမ်းကို ထောက်ခံကြတယ်။ w17.06 ၃၁ ¶၁၇-၁၈
သောကြာနေ့၊ ဩဂုတ် ၂၃
မျက်စိပွင့် လာမယ်၊ . . . ဘုရားလို ဖြစ်လာမယ်။—က. ၃:၅။
စာတန်မာရ်နတ်ရဲ့ လုပ်ရပ်ကြောင့် ယေဟောဝါရဲ့ အချုပ်အခြာအာဏာ ဖြောင့်မှန်မှုနဲ့ပတ်သက်တဲ့ မေးခွန်းပေါ်လာတယ်။ ဘုရားသခင့် အုပ်ချုပ်မှု ပျက်ယွင်းနေတယ်၊ ဖန်ဆင်းရာတွေကို အကောင်းဆုံးအရာတွေ မပေးဘဲ ထိမ်ချန်ထားတယ်လို့ စာတန် စွပ်စွဲတယ်။ လူသားတွေ ကိုယ့်ဘာသာကိုယ် အုပ်ချုပ်ရင် ပိုပျော်ရွှင်ကောင်းစားမယ်လို့ မာရ်နတ် ဆိုလိုတယ်။ (က. ၃:၁-၄) ဘယ်သူမဆို အတော်အတန် ဖိအားပေးခံရရင် ယေဟောဝါရဲ့ အုပ်ချုပ်မှုကို ငြင်းပယ်လိမ့်မယ်လို့လည်း စာတန် စွပ်စွဲတယ်။ (ယောဘ ၂:၄၊ ၅) ဘုရားအုပ်ချုပ်မှုမပါရင် ဆင်းရဲဒုက္ခ ခံစားရမယ်ဆိုတဲ့ အမှန်တရားကို ကိုယ်တွေ့ခံစားဖို့ ယေဟောဝါ ခွင့်ပြုခဲ့တယ်။ စာတန့်စွပ်စွဲချက် မှားကြောင်း ယေဟောဝါ သိတယ်။ ဒါဆိုရင် သက်သေပြဖို့ စာတန်ကို ဘုရားသခင် ဘာကြောင့် အချိန်ပေးနေရသလဲ။ ဒီကိစ္စမှာ အသိဉာဏ်ရှိ ဖန်ဆင်းရာအားလုံး ပါဝင်ပတ်သက်နေတယ်။ (ဆာ. ၈၃:၁၈) ယေဟောဝါရဲ့ အုပ်ချုပ်မှုကို ပထမလူသားမောင်နှံ ငြင်းပယ်ခဲ့တယ်။ အဲဒီအချိန်ကစပြီး တခြားသူများစွာလည်း ငြင်းပယ်ခဲ့ကြတယ်။ ဒါကြောင့် မာရ်နတ်ရဲ့ စွပ်စွဲချက် ဟုတ်မှန်နေမလားလို့ တချို့ တွေးမိနိုင်တယ်။ w17.06 ၂၂-၂၃ ¶၃-၄
စနေနေ့၊ ဩဂုတ် ၂၄
သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။—မ. ၂၈:၁၉။
တပည့်ဖြစ်စေခြင်းလုပ်ငန်းဆိုတာ အလုပ်နဲ့ပတ်သက်တဲ့ အလေ့အထကောင်း၊ ပြောဆိုဆက်သွယ်မှုပညာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု၊ လိမ္မာပါးနပ်မှု ရရှိစေတဲ့ ပညာရေးပါပဲ။ (ပညာ. ၂၁:၅။ ၂ တိ. ၂:၂၄၊ အောက်ခြေမှတ်ချက်) ဒါပေမဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းက ယုံကြည်ချက်ရဲ့ အခြေခံ သမ္မာကျမ်းစာနဲ့ ပိုအကျွမ်းဝင်စေလို့ အထူးသဖြင့် ပျော်စရာကောင်းတယ်။ ယေဟောဝါနဲ့ ရင်းနှီးစွာ လုပ်ဆောင်နိုင်ပုံကိုလည်း သိရှိလာတယ်။ (၁ ကော. ၃:၉) သင့်ရပ်ကွက်မှာ သတင်းကောင်း လက်ခံတုံ့ပြန်သူ နည်းနည်းပဲ ရှိရင်တောင် တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ပျော်ရွှင်နိုင်ပါတယ်။ ဒီလုပ်ငန်းက အဖွဲ့လိုက် လုပ်ရတဲ့အလုပ်မျိုးပါ။ အသင်းတော်တစ်ခုလုံးက စိတ်ရင်းမှန်တဲ့သူတွေကို ရှာတယ်။ ညီအစ်ကို/မတစ်ယောက်ယောက် ရှာတွေ့ထားတဲ့ သူတစ်ယောက်ပဲ တပည့်ဖြစ်လာရင်တောင် ရှာဖွေမှုမှာ ပါဝင်တဲ့ အသင်းသားအားလုံး ပျော်ရွှင်ကြတယ်။ ဥပမာ၊ တုံ့ပြန်မှုမရှိတဲ့ ရပ်ကွက်မှာ ကိုးနှစ်ကြာ ရှေ့ဆောင်လုပ်ခဲ့တဲ့ ဘရင်ဒန်အကြောင်း သုံးသပ်ကြည့်ပါ။ “နှစ်ခြင်းခံတဲ့အထိ တိုးတက်လာသူ တစ်ယောက်မှ ရှာမတွေ့တာ မှန်ပါတယ်။ ဒါပေမဲ့ တခြားသူတွေ ရှာတွေ့တယ်။ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ အပြည့်အဝ ပါဝင်ဖို့ စီစဉ်ခဲ့လို့ ပျော်ပါတယ်။”—ဒေ. ၁၁:၆။ w17.07 ၂၃ ¶၇။ ၂၄ ¶၉-၁၀
တနင်္ဂနွေနေ့၊ ဩဂုတ် ၂၅
ဟန္န . . . မျက်နှာညှိုးငယ် မနေတော့ဘူး။—၁ ရှ. ၁:၁၈။
ဧလကာနရဲ့ နောက်ဇနီး ပေနိန္နမှာ သားသမီးတွေ ရှိပေမဲ့ ဟန္နကတော့ မြုံနေတယ်။ (၁ ရှ. ၁:၄-၇) ပေနိန္န စကားနဲ့ နှိပ်စက်တာကို ဟန္န “နှစ်တိုင်း” ခံခဲ့ရတယ်။ ဒါကြောင့် ဟန္န အကြီးအကျယ် စိတ်သောက ရောက်ခဲ့ရတယ်။ ယေဟောဝါဆီ ဆုတောင်းပြောပြခြင်းအားဖြင့် စိတ်သက်သာရာရဖို့ ကြိုးစားခဲ့တယ်။ (၁ ရှ. ၁:၁၂) အမြုံဘဝကို ယေဟောဝါ အဆုံးတိုင်စေမယ် ဒါမှမဟုတ် လိုအပ်ချက်ကို တစ်နည်းနည်းနဲ့ ဖြည့်ဆည်းပေးမယ်ဆိုတာ ဟန္န စိတ်ချတယ်။ ကျွန်တော်တို့ မစုံလင်သေးသရွေ့၊ စာတန့်စနစ်ဆိုးမှာ ရှိနေသေးသရွေ့ ဆင်းရဲဒုက္ခတွေကို ကြုံနေရဦးမယ်။ (၁ ယော. ၅:၁၉) ယေဟောဝါဟာ “နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ အရှင်” ဖြစ်မှန်း သိရလို့ စိတ်သက်သာစရာပါပဲ။ (၂ ကော. ၁:၃) ဆင်းရဲဒုက္ခတွေကို ဖြေရှင်းဖို့ အကူအညီ ရနိုင်တဲ့နည်းတစ်နည်းကတော့ ဆုတောင်းခြင်း ဖြစ်တယ်။ ယေဟောဝါဆီ ဟန္န ရင်ဖွင့်ဆုတောင်းခဲ့တယ်။ ကျွန်တော်တို့လည်း ဆင်းရဲဒုက္ခ ကြုံရတဲ့အခါ ခံစားချက်ကို ပြောပြရုံလောက်သာ မဟုတ်ဘဲ တိုးလျှိုးအသနားခံရမယ်။ နှလုံးထဲကနေ ပြင်းပြင်းပြပြ ရင်ဖွင့်ဆုတောင်းရမယ်။—ဖိ. ၄:၆၊ ၇။ w17.06 ၆ ¶၁၀-၁၁
တနင်္လာနေ့၊ ဩဂုတ် ၂၆
ယောဟန်ရဲ့သား ရှိမုန်၊ ဒီဟာတွေထက် ကျွန်တော့်ကို ပိုချစ်သလား။—ယော. ၂၁:၁၅။
ထမြောက်လာပြီးတဲ့ ယေရှုဟာ တပည့်တွေ ငါးဖမ်းနေကြပေမဲ့ တစ်ကောင်မှ မရမှန်း သိထားပေမဲ့ “‘လှေရဲ့ညာဘက်မှာ ပိုက်ကွန်ချလိုက်ပါ။ ငါးတွေရလိမ့်မယ်’ လို့ ယေရှု ပြောတဲ့အတွက် ပိုက်ကွန် ချလိုက်တဲ့အခါ ပိုက်ကိုတောင် မဆွဲတင်နိုင်လောက်အောင် ငါးတွေအများကြီး ဖမ်းမိတယ်” လို့ပြောတယ်။ (ယော. ၂၁:၁-၆) ယေရှုက သူတို့ကို မနက်စာ ကျွေးပြီးတဲ့အခါ ရှိမုန်ပေတရုဘက် လှည့်ပြီး ဒီနေ့ကျမ်းချက်ပါစကားတွေကို ပြောခဲ့တယ်။ ဘာကို ဆိုလိုသလဲ။ ပေတရုဟာ ငါးဖမ်းခြင်းကို အတော်လေး တွယ်တာနေတယ်။ ဒါကြောင့် ဘာကို တကယ် နှစ်သက်တွယ်တာနေသလဲလို့ မေးနေပုံရတယ်။ ယေရှုနဲ့ ယေရှုရဲ့ သွန်သင်ချက်တွေထက် ငါးနဲ့ ငါးဖမ်းလုပ်ငန်းကို ပေတရု ပိုနှစ်သက်တွယ်တာခဲ့သလား။ ပေတရုက “ချစ်တာပေါ့။ ကျွန်တော်ချစ်မှန်း သခင်သိပါတယ်” လို့ပြန်ဖြေတယ်။ (ယော. ၂၁:၁၅) ပေတရုဟာ ပြောတဲ့အတိုင်းပဲ တကယ်နေထိုင်ခဲ့တယ်။ အဲဒီအချိန်ကစပြီး တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ အလုပ်များနေခြင်း၊ ပထမရာစု ခရစ်ယာန်အသင်းတော်ရဲ့ အမာခံဖြစ်ခြင်းအားဖြင့် ခရစ်တော်ကို ချစ်ကြောင်း သက်သေပြခဲ့တယ်။ w17.05 ၂၂ ¶၁-၂
အင်္ဂါနေ့၊ ဩဂုတ် ၂၇
ယေဟောဝါဟာ ကူညီမစရှင်ဖြစ်တဲ့အတွက် ငါ ဘာကိုမှ မကြောက်ဘူး။ လူက ငါ့ကို ဘာလုပ်နိုင်မှာလဲ။—ဟီ. ၁၃:၆။
ယေဟောဝါရဲ့ မေတ္တာပါ စောင့်ရှောက်မှုကို အခိုင်အမာ ယုံကြည်စိတ်ချမှုက ဘဝပြဿနာတွေ ဖြေရှင်းရာမှာ ပေါလုကို ကူညီပေးတယ်။ ခက်ခဲတဲ့ အခြေအနေတွေကြောင့် စိတ်ဓာတ်မကျခဲ့ဘူး။ အဲဒီလိုထိန်းသိမ်းဖို့ ဘာက ခွန်အားရှိစေသလဲ။ ‘ဆင်းရဲဒုက္ခအမျိုးမျိုး ခံရတဲ့အခါ နှစ်သိမ့်ပေး’ တဲ့ “နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ အရှင်” ကို ဆက်မှီခိုအားကိုးခြင်းပါပဲ။ (၂ ကော. ၁:၃၊ ၄) ဆုတောင်းဆက်သွယ်ခြင်းဟာ ဘုရားနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိစေတဲ့ အခြေခံအုတ်မြစ် ဖြစ်တယ်။ (ဆာ. ၈၆:၃။ ၁ သက်. ၅:၁၇။ ရော. ၁၂:၁၂) ကျွန်တော်တို့ရဲ့ အတွေးတွေ၊ ခံစားချက်တွေကို ယေဟောဝါဆီ ပြောပြဖို့ အချိန်ယူမယ်ဆိုရင် “ဆုတောင်းသံကို နားထောင်တဲ့အရှင်” ဖခင်နဲ့ ပိုရင်းနှီးလာမယ်။ (ဆာ. ၆၅:၂) ဒီ့အပြင် ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေကြားပေးကြောင်း သိလာတဲ့အခါ ဘုရားကို ပိုချစ်လာတယ်။ ‘ယေဟောဝါဟာ ဆုတောင်းတဲ့သူတိုင်းရဲ့ အနီးအပါးမှာ ရှိ’ ကြောင်း ပိုသဘောပေါက်လာတယ်။ (ဆာ. ၁၄၅:၁၈) ယေဟောဝါရဲ့ မေတ္တာပါ ထောက်မမှုကို ယုံကြည်စိတ်ချခြင်းက ရှေ့မှာ ကြုံတွေ့ရနိုင်တဲ့ ယုံကြည်ခြင်း စမ်းသပ်မှုတွေကို ဖြေရှင်းနိုင်အောင် ကူညီပေးတယ်။ w17.05 ၁၉ ¶၉-၁၀
ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၂၈
ယေဟောဝါကတော့ နှလုံးသားကို ကြည့်တယ်။—၁ ရှ. ၁၆:၇။
သင်နားမလည်တဲ့၊ သဘောမတူတဲ့ ဆုံးဖြတ်ချက်တစ်ခုကို အကြီးအကဲတွေ ချတဲ့အခါ ဘယ်လို တုံ့ပြန်မလဲ။ အဲဒီလို အခြေအနေတစ်ခုက ယေဟောဝါနဲ့ အဖွဲ့အစည်း အစီအစဉ်အပေါ် ယုံကြည်ခြင်း စမ်းသပ်မှုဖြစ်စေနိုင်တယ်။ နှိမ့်ချမှုက ဘယ်လို ကာကွယ်ပေးမလဲ။ နည်းလမ်းနှစ်ခုကို သုံးသပ်ကြည့်ကြစို့။ ပထမ၊ အချက်အလက်အားလုံးကို မသိကြောင်း အသိအမှတ်ပြုဖို့ နှိမ့်ချမှုက ကူညီပေးပါလိမ့်မယ်။ အခြေအနေကို ဘယ်လောက်ပဲ သိထားပါစေ လူ့စိတ်နှလုံးကို ယေဟောဝါပဲ သိနိုင်တယ်။ အဲဒီမငြင်းနိုင်တဲ့ အမှန်တရားကို သိထားခြင်းက နှိမ့်ချနေဖို့၊ ကိုယ့်ကန့်သတ်ချက်တွေကို အသိအမှတ်ပြုဖို့၊ ကိစ္စရပ်အပေါ် အမြင်ပြောင်းလဲဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။ ဒုတိယ၊ မတရားမှုကို ယေဟောဝါ တည့်မတ်ပေးမယ့်အချိန်ကို စောင့်ဆိုင်းရင်း လက်အောက်ခံဖို့၊ စိတ်ရှည်ဖို့ နှိမ့်ချမှုက ကူညီပေးပါလိမ့်မယ်။ “လူဆိုးကတော့ . . . ကောင်းကျိုးရမှာ မဟုတ်ဘူး။ . . . သူ့နေ့ရက်တွေဟာ ကြာရှည်မှာ မဟုတ်ဘူး” ဆိုတဲ့ ပညာရှိစကား ရှိတယ်။ (ဒေ. ၈:၁၂၊ ၁၃) နှိမ့်ချမှုက ပါဝင်ပတ်သက်သူအားလုံးကို အကျိုးခံစားရစေပါတယ်။—၁ ပေ. ၅:၅။ w17.04 ၂၅-၂၆ ¶၁၀-၁၁
ကြာသပတေးနေ့၊ ဩဂုတ် ၂၉
တကယ်တော့ ကျွန်တော့်ကို ဟီဘရူးတွေရဲ့ပြည်ကနေ အတင်းခေါ်လာခဲ့ကြတာ။ ဒီမှာလည်း ထောင်ကျလောက်တဲ့ ပြစ်မှုတစ်ခုမှ မကျူးလွန်ခဲ့ပါဘူး။—က. ၄၀:၁၅။
ယောသပ် မတရားခံခဲ့ရမှန်း ထင်ရှားတယ်။ အပြစ်မရှိဘဲ ထောင်ချခံရတာပါလို့လည်း သူ အခိုင်အမာ ပြောခဲ့သေးတယ်။ ဒါကြောင့် ထောင်ကလွတ်အောင် ဖာရောဆီ ပြောပေးဖို့ ဖလားတော်ဝန်ကို တောင်းဆိုခဲ့တယ်။ (က. ၄၀:၁၄) ယောသပ်ဟာ အခြေအနေကို ဘာမှမလုပ်ဘဲ ငြိမ်ခံနေသလား။ မဟုတ်ပါဘူး။ မတရားခံနေရမှန်း ကောင်းကောင်း သိထားတဲ့အတွက် ကူညီပေးနိုင်မယ့် အနေအထားရှိသူ ဖလားတော်ဝန်ဆီ ရှင်းပြခဲ့တယ်။ ဒါပေမဲ့ အစ်ကိုတွေကို ပြန်ပေးသမားတွေအဖြစ် တစ်ယောက်ယောက်ဆီ ပြောခဲ့တယ်ဆိုတဲ့ ကျမ်းစာမှတ်တမ်း မရှိဘူး။ ဖာရောကိုတောင် မပြောပြခဲ့ဘူး။ ဒါကြောင့် အီဂျစ်ပြည်ကို အစ်ကိုတွေ ရောက်လာပြီး ယောသပ်နဲ့ ပြန်သင့်မြတ်ချိန်မှာ သူတို့ကို ဖာရော ကြိုဆိုခဲ့တယ်။ အီဂျစ်မှာ နေထိုင်ပါ၊ ‘တစ်ပြည်လုံးမှာရှိတဲ့ အကောင်းဆုံးအရာတွေကို’ ပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်။—က. ၄၅:၁၆-၂၀။ w17.04 ၂၀-၂၁ ¶၁၂-၁၃
သောကြာနေ့၊ ဩဂုတ် ၃၀
ဘုရားသခင်ရဲ့ ကောင်းချီး၊ ဉာဏ်ပညာ၊ အသိပညာတွေဟာ ကြွယ်ဝများပြားလိုက်တာ။ တရားစီရင်ချက်တွေကို စိစစ်လို့ မကုန်နိုင်ဘူး။ နည်းလမ်းတော်တွေကို ခြေရာခံလိုက်လို့ မမီနိုင်ဘူး။—ရော. ၁၁:၃၃။
ယေဟောဝါမှာ စကြဝဠာကို စောင့်ရှောက်ဖို့ လိုအပ်တဲ့ အသိပညာ၊ ဉာဏ်ပညာရှိလို့ အချုပ်အခြာအာဏာရှင် ဖြစ်ထိုက်တယ်။ ဥပမာ၊ ဆရာဝန်တွေ မကုသပေးနိုင်တဲ့ ရောဂါတွေကို ပျောက်ကင်းစေနိုင်စွမ်း သားတော်ကို ဘုရားသခင် ပေးထားတယ်။ (မ. ၄:၂၃၊ ၂၄။ မာ. ၅:၂၅-၂၉) ယေဟောဝါရဲ့ ရှုထောင့်ကနေကြည့်ရင် အဲဒါ အံ့ဖွယ်အမှု မဟုတ်ဘူး။ ရောဂါဖြစ်စဉ်တွေကို နားလည်ပြီး ထိခိုက်ပျက်စီးမှု မှန်သမျှကို ပြန်ပြုပြင်နိုင်စွမ်း ဘုရားမှာ ရှိတယ်။ လူသေတွေကို ထမြောက်စေနိုင်စွမ်း၊ သဘာဝဘေးတွေကို တားဆီးနိုင်စွမ်းလည်း ရှိတယ်။ စာတန့် ဩဇာအောက်မှာရှိတဲ့ လောက,က နိုင်ငံတွင်းနဲ့ နိုင်ငံတကာအငြင်းပွားမှုတွေကို ဖြေရှင်းဖို့ နည်းလမ်း ရှာဖွေနေဆဲပဲ။ ယေဟောဝါတစ်ပါးတည်းမှာသာ ကမ္ဘာ့ငြိမ်းချမ်းရေး ရရှိစေတဲ့ ဉာဏ်ပညာ ရှိတယ်။ (ဟေရှာ. ၂:၃၊ ၄။ ၅၄:၁၃) ယေဟောဝါရဲ့ အသိပညာ၊ ဉာဏ်ပညာကို သိလာတဲ့အခါ ဒီနေ့ ကျမ်းချက်ပါစကားတွေကို ရေးသားခဲ့တဲ့ တမန်တော် ပေါလုလိုပဲ ခံစားကြရတယ်။ w17.06 ၂၈ ¶၆-၇
စနေနေ့၊ ဩဂုတ် ၃၁
ဘုရားသခင် တွဲဖက်ထားသူတွေကို ဘယ်သူမှ မခွဲကြနဲ့။—မာ. ၁၀:၉။
လူများစွာဟာ အိမ်ထောင်ရေးကို အလေးမထားကြတော့ဘူး။ ဆက်ဆံရေး တင်းမာလာပြီဆိုတာနဲ့ လက်လျှော့ပြီး လမ်းခွဲလိုက်ကြတယ်။ အဲဒါ ခရစ်ယာန်လမ်းစဉ် မဟုတ်ပါဘူး။ (၁ ကော. ၇:၂၇) အိမ်ထောင်ရေး သစ္စာကတိကို ချိုးဖျက်တာဟာ ဘုရားသခင်ကို လိမ်ညာရာကျတယ်။ လိမ်ညာသူတွေကို ဘုရားသခင် မုန်းတယ်။ (ဝတ်. ၁၉:၁၂။ ပညာ. ၆:၁၆-၁၉) သစ္စာဖောက် ကွာရှင်းတာကိုလည်း ယေဟောဝါ မုန်းတယ်။ (မာလ. ၂:၁၃-၁၆) အပြစ်မဲ့တဲ့ အိမ်ထောင်ဖက်က ဖောက်ပြန်တဲ့ အိမ်ထောင်ဖက်ကို ခွင့်မလွှတ်ဖို့ ဆုံးဖြတ်ခြင်းကသာ အိမ်ထောင်ရေး သစ္စာကတိကို ဖျက်သိမ်းနိုင်တဲ့ တစ်ခုတည်းသော ကျမ်းစာအကြောင်းရင်းဖြစ်တယ်လို့ ယေရှု သွန်သင်ခဲ့တယ်။ (မ. ၁၉:၉။ ဟီ. ၁၃:၄) ခွဲနေခြင်းကော ဘယ်လိုလဲ။ ဒီအကြောင်းကိုလည်း ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ (၁ ကော. ၇:၁၀၊ ၁၁) ခွဲနေဖို့ အကြောင်းရင်းတွေကို ကျမ်းစာမှာ မဖော်ပြထားဘူး။ ဒါပေမဲ့ ကြမ်းတမ်းရိုင်းစိုင်းတဲ့ အိမ်ထောင်ဖက်၊ အယူဖောက်ပြန်တဲ့ အိမ်ထောင်ဖက်က အသက်အန္တရာယ် ကျရောက်အောင်၊ ဘုရားနဲ့ ဆက်ဆံရေး ထိခိုက်အောင် အလွန်အကျွံ လုပ်ဆောင်တာမျိုးစတဲ့ အခြေအနေတွေမှာ ခွဲနေဖို့ ခရစ်ယာန် အိမ်ထောင်သည်တချို့ ဆုံးဖြတ်ကြတယ်။ w17.04 ၇ ¶၁၄-၁၆