ဇန်နဝါရီ
သောကြာနေ့၊ ဇန်နဝါရီ ၁
လူမျိုးတကာဆီ သွားပြီး . . . တပည့်ဖြစ်လာအောင် သွန်သင်ပေးကြပါ။—မ. ၂၈:၁၉။
ဘုရားသခင့် သစ္စာရှိ ကျေးကျွန်အားလုံးဟာ မိမိတို့ရထားတဲ့ အမှုဆောင်လုပ်ငန်းကို “ကျေပွန်အောင်” ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာ သိချင်ကြတယ်။ (၂ တိ. ၄:၅) ဒီလုပ်ငန်းဟာ တခြားအလုပ်တွေထက် ပိုအရေးကြီးလို့ပဲ။ ဒါပေမဲ့ ဆန္ဒရှိသလောက် အချိန်ပေးဖို့ ခက်နိုင်တယ်။ အချိန်နဲ့ ခွန်အား စိုက်ထုတ်ရမယ့် တခြားအရေးကြီးကိစ္စတွေ ရှိသေးတယ်။ ကိုယ်တိုင်နဲ့ မိသားစုကို ထောက်ပံ့ဖို့ တစ်ရက်ကို နာရီပေါင်းများစွာ အလုပ်လုပ်နေရတာ ဖြစ်နိုင်တယ်။ မိသားစုတာဝန်၊ ကျန်းမာရေး ပြဿနာ၊ စိတ်ဓာတ်ကျမှု၊ ဇရာအရွယ်ရဲ့ နာကျင်ကိုက်ခဲမှုတွေနဲ့ လုံးပန်းနေရတာ ဖြစ်နိုင်တယ်။ ကိုယ့်အခြေအနေအရ ယေဟောဝါရဲ့ အမှုတော်မှာ အချိန်အကန့်အသတ်ပဲ ပါဝင်နိုင်ရင်တောင် စိတ်ဓာတ်မကျသင့်ဘူး။ ယောက်တိုင်း တစ်ပုံစံတည်း သီးပွင့်ဖြစ်ထွန်းမှာ မဟုတ်ကြောင်း ယေရှု သိတယ်။ (မ. ၁၃:၂၃) အမှုတော်မှာ အတတ်နိုင်ဆုံး ပါဝင်နေသရွေ့ ကျွန်တော်တို့ လုပ်ဆောင်သမျှကို ယေဟောဝါ အလွန် တန်ဖိုးထားတယ်။—ဟီ. ၆:၁၀-၁၂။ w19.04 ၂ ¶၁-၃
စနေနေ့၊ ဇန်နဝါရီ ၂
မာရ်နတ်. . .ဟာ . . .မုသားပြောသူ၊ မုသားရဲ့အဖ ဖြစ်. . .တယ်။—ယော. ၈:၄၄။
လူသေတွေနဲ့ပတ်သက်တဲ့ စာတန့် လိမ်ညာမှုတွေက ယေဟောဝါကို ရှုတ်ချတယ်။ အဲဒီလိမ်ညာမှုတွေထဲမှာ လူသေတွေ မီးငရဲမှာ ဝေဒနာခံနေရတယ်ဆိုတဲ့ သွန်သင်ချက်အမှား ပါဝင်တယ်။ အဲဒါက ဘုရားကို ရှုတ်ချတာပဲ။ ဘယ်နည်းနဲ့လဲ။ မေတ္တာရှင် ဘုရားသခင်ဟာ မာရ်နတ်လိုပဲ ရက်စက်သူဖြစ်တယ်လို့ လူတွေကို ယုံကြည်စေလို့ပဲ။ (၁ ယော. ၄:၈) အဲဒီသွန်သင်ချက်အမှားကြောင့် သင် ဘယ်လို ခံစားရသလဲ။ ယေဟောဝါကော ဘယ်လို ခံစားရသလဲ။ တကယ်တော့ ရက်စက်မှု မှန်သမျှကို ဘုရား ရွံမုန်းတယ်။ (ယေ. ၁၉:၅) သေခြင်းနဲ့ပတ်သက်တဲ့ စာတန်ရဲ့ လိမ်ညာမှုတွေဟာ ခရစ်တော်ရဲ့ ရွေးဖိုး ပူဇော်သက္ကာကို အယုံအကြည်မဲ့စေတယ်။ (မ. ၂၀:၂၈) စာတန့်လိမ်ညာမှု နောက်တစ်ခုက လူတွေမှာ မသေနိုင်တဲ့ ဝိညာဉ်ရှိတယ် ဆိုတာပဲ။ အဲဒီလိုသာဆိုရင် လူတွေ ထာဝစဉ် အသက်ရှင်နေကြတာပဲ။ လူတွေ ထာဝရအသက်ရအောင် ရွေးဖိုးအဖြစ် ခရစ်တော် အသေခံဖို့တောင် မလိုတော့ဘူး။ တကယ်တော့ ခရစ်တော်ရဲ့ ရွေးဖိုးဟာ လူတွေအပေါ် ပြတဲ့ အကြီးမားဆုံး မေတ္တာ ဖော်ပြချက်ပဲ။ (ယော. ၃:၁၆။ ၁၅:၁၃) အဲဒီအဖိုးတန် ဆုလက်ဆောင်ကို တန်ဖိုးမဲ့သွားစေတဲ့ သွန်သင်ချက်ကြောင့် ယေဟောဝါနဲ့ သားတော် ဘယ်လို ခံစားရမယ်ဆိုတာ စဉ်းစားကြည့်ပါ။ w19.04 ၁၄ ¶၁။ ၁၆ ¶၈-၉
တနင်္ဂနွေ၊ ဇန်နဝါရီ ၃
“ယေဟောဝါကို သွန်သင်ပေးရအောင် ဘယ်သူက ဘုရားရဲ့ စိတ်သဘောကို သိလို့လဲ။” . . . ကျွန်တော်တို့မှာတော့ ခရစ်တော်ရဲ့ စိတ်သဘောထား ရှိတယ်။—၁ ကော. ၂:၁၆။
ယေရှုရဲ့ သွန်သင်ချက်တွေကို ဘယ်မှာ မှတ်တမ်းတင်ထားသလဲ။ မြေကြီးပေါ် ယေရှု ပြောခဲ့၊ လုပ်ခဲ့တာတွေကို ခရစ်ဝင်ကျမ်း လေးစောင်မှာ မှတ်တမ်းတင်ထားတယ်။ ကျန်တဲ့ ခရစ်ယာန် ဂရိကျမ်းစောင်တွေကလည်း ယေရှုရဲ့ အတွေးအခေါ်ကို နားလည်အောင် ကူညီပေးတယ်။ အဲဒီကျမ်းတွေကို “ခရစ်တော်ရဲ့ စိတ်သဘောထား” ရှိတဲ့ အမျိုးသားတွေက သန့်ရှင်းသော စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးသားခဲ့တယ်။ ယေရှုရဲ့ သွန်သင်ချက်တွေဟာ ဘဝကဏ္ဍ အားလုံးနဲ့ သက်ဆိုင်တယ်။ ဒါကြောင့် ခရစ်တော်ရဲ့ တရားဟာ အိမ်မှာ၊ အလုပ်မှာ၊ ကျောင်းမှာ၊ အသင်းတော်မှာ ကျွန်တော်တို့ လုပ်ဆောင်သမျှအပေါ် သက်ရောက်မှု ရှိတယ်။ (ဂလ. ၆:၂) ခရစ်ယာန် ဂရိကျမ်းစောင်တွေကို ဖတ်ရှု၊ တွေးတောဆင်ခြင်ခြင်းအားဖြင့် ခရစ်တော်ရဲ့ တရားကို ကျွန်တော်တို့ သင်ယူကြတယ်။ အဲဒီကျမ်းစောင်တွေမှာပါတဲ့ ညွှန်ကြားချက်၊ မိန့်မှာချက်၊ မူတွေနဲ့အညီ နေထိုင်ခြင်းအားဖြင့် ခရစ်တော်ရဲ့ တရားကို နာခံကြတယ်။ ဒါဟာ မေတ္တာရှင်ဘုရား ယေဟောဝါကို နာခံရာရောက်တယ်။ ဘာကြောင့်လဲဆိုတော့ ယေရှု သွန်သင်သမျှဟာ ယေဟောဝါဆီက လာတာဖြစ်လို့ပဲ။—ယော. ၈:၂၈။ w19.05 ၃ ¶၆-၇
တနင်္လာနေ့၊ ဇန်နဝါရီ ၄
ဆိုးညစ်သူတွေ၊ အယောင်ဆောင်သူတွေဟာ ဆိုးသည်ထက် ဆိုးလာ[တယ်။]—၂ တိ. ၃:၁၃။
စာတန့်အကြိုက်အတိုင်း လူတွေ ပြုမူနေကြတာ ဝမ်းနည်းစရာပါပဲ။ ဒါပေမဲ့ ယေဟောဝါက စာတန်ရဲ့ ဉာဏ်နီဉာဏ်နက် အားလုံးကို သိတယ်။ ကျွန်တော်တို့ ခံစားရတဲ့ နာကျင်မှုတွေကို သိပြီး နှစ်သိမ့်ပေးနိုင်တယ်။ “ဘုရားသခင်ဟာ . . . နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ အရှင်ပဲ။ ကျွန်တော်တို့ ဆင်းရဲဒုက္ခအမျိုးမျိုး ခံရတဲ့အခါ ဘုရားသခင် နှစ်သိမ့်ပေးတယ်။ ကျွန်တော်တို့ကလည်း ဘုရားပေးတဲ့ နှစ်သိမ့်မှုအားဖြင့် ဆင်းရဲဒုက္ခအမျိုးမျိုး ခံရသူတွေကို ပြန်နှစ်သိမ့်ပေးနိုင်တယ်။” (၂ ကော. ၁:၃၊ ၄) ရင်းနှီးသူတွေရဲ့ မတော်မတရားပြုခံရသူတွေ၊ မိဘ စွန့်ပစ်ခံရသူတွေဟာ အထူးသဖြင့် နှစ်သိမ့်မှု လိုအပ်နိုင်တယ်။ ယေဟောဝါ အမြဲ နှစ်သိမ့်ပေးမယ်ဆိုတာ စိတ်ချနိုင်ကြောင်း ဆာလံဆရာ ဒါဝိဒ် သိတယ်။ (ဆာ. ၂၇:၁၀) စွန့်ပစ်ခံရသူတွေကို ယေဟောဝါ လက်ခံမယ်ဆိုတာ ဒါဝိဒ် ယုံကြည်တယ်။ ဘယ်နည်းအားဖြင့်လဲ။ သစ္စာရှိ ကျေးကျွန်တွေအားဖြင့် ဖြစ်တယ်။ အသင်းတော်မှာရှိတဲ့ ညီအစ်ကို/မတွေဟာ ကျွန်တော်တို့ရဲ့ မိသားစုဝင်တွေပါပဲ။ ဥပမာ၊ ယေဟောဝါကို ဝတ်ပြုတဲ့သူတွေဟာ မိမိရဲ့ အမေ၊ ညီအစ်ကိုမောင်နှမတွေပဲလို့ ယေရှု ပြောတယ်။—မ. ၁၂:၄၈-၅၀။ w19.05 ၁၅-၁၆ ¶၈-၉
အင်္ဂါနေ့၊ ဇန်နဝါရီ ၅
ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိ[ပါ။] —ဖိ. ၁:၁၀။
ဦးစားထားရမယ့်အရာတွေထဲမှာ ဘာပါဝင်သင့်သလဲ။ ကျမ်းစာကို နေ့စဉ် ဖတ်ဖို့ အချိန်ပေးသင့်တယ်။ အသင်းတော်ရဲ့ ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း အစီအစဉ်မှာ ဖတ်ရမယ့် အခန်းတွေကို လျှော့ထားတယ်။ ဒါက တွေးတောဆင်ခြင်ဖို့၊ ထပ်ဆင့် ရှာဖွေဖို့ အချိန်ရစေတယ်။ ကျွန်တော်တို့ရဲ့ ပန်းတိုင်က ဖတ်ပြီးရုံလောက်သာ မဟုတ်ဘဲ နှလုံးထဲရောက်ပြီး ယေဟောဝါနဲ့ ပိုရင်းနှီးလာဖို့ ဖြစ်သင့်တယ်။ (ဆာ. ၁၉:၁၄) ကင်းမျှော်စင် သင်တန်းဟာ ကျမ်းစာကို နားလည်အောင် လေ့လာတာဖြစ်တယ်။ ဒါကြောင့် ကျမ်းချက်တွေ၊ အထူးသဖြင့် ဖတ်ရမယ့် ကျမ်းချက်တွေကို အာရုံစိုက်ပါ။ ကျမ်းချက်မှာပါတဲ့ အဓိကစကားလုံးတွေ၊ စကားစုတွေက အပိုဒ်ရဲ့ အဓိကအချက်ကို ဘယ်လို ပေါ်လွင်စေကြောင်း သတိပြုပါ။ ဖတ်တဲ့ ကျမ်းချက်ကို ကိုယ့်အသက်တာမှာ ဘယ်လို လက်တွေ့ ကျင့်သုံးနိုင်ကြောင်း အချိန်ယူ တွေးတောပါ။—ယောရှု ၁:၈။ w19.05 ၂၇ ¶၅။ ၂၈ ¶၉
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၆
ကျွန်တော့်ကို စေလွှတ်တဲ့အရှင်ရဲ့ အလိုတော်ကို ဆောင်တာ၊ သူခိုင်းထားတဲ့ အလုပ်ကို ပြီးစီးအောင် လုပ်တာဟာ ကျွန်တော့်အတွက် စားစရာပဲ။—ယော. ၄:၃၄။
အမှုဆောင်လုပ်ငန်းမှာ ယေရှု ပုံသက်သေကောင်း ပြခဲ့တယ်။ ဘုရားနိုင်ငံတော်အကြောင်း အဓိက ဟောပြောတယ်။ မိုင်ပေါင်း ရာနဲ့ချီ ခြေကျင်လျှောက်ပြီး လူများနိုင်သမျှ များများကို ဟောခဲ့တယ်။ အိမ်တွေမှာဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် အခွင့်အရေးရတိုင်း ဟောတယ်။ ဘဝမှာ အမှုဆောင်လုပ်ငန်းကိုပဲ အဓိကထားတယ်။ အချိန်မရွေး၊ နေရာမရွေး သတင်းကောင်း ဟောနိုင်မယ့် အခွင့်အရေး ရှာယူခြင်းအားဖြင့် ခရစ်တော်ကို ကျွန်တော်တို့ တုပနိုင်တယ်။ အမှုဆောင်လုပ်ငန်းမှာ ပါဝင်ဖို့ သက်သောင့်သက်သာ အခြေအနေတွေကို လိုလိုလားလား စွန့်လွှတ်ကြတယ်။ (မာ. ၆:၃၁-၃၄။ ၁ ပေ. ၂:၂၁) အသင်းတော်မှာ တချို့က အထူးရှေ့ဆောင်၊ မှန်မှန်ရှေ့ဆောင်၊ အရန်ရှေ့ဆောင်အဖြစ် အမှုဆောင်နိုင်ကြတယ်။ တချို့က ဘာသာခြားစကား သင်ယူကြတယ်။ ဟောပြောသူ ပိုလိုအပ်တဲ့ နေရာကို ပြောင်းရွှေ့ကြတယ်။ ဒါပေမဲ့ အမှုဆောင်လုပ်ငန်း ပြီးမြောက်မှုအများစုကတော့ အတတ်နိုင်ဆုံး ကြိုးစားနေတဲ့ ပုံမှန်ကြေညာသူတွေကြောင့်ပါပဲ။ ယေဟောဝါက ကျွန်တော်တို့ တတ်နိုင်တာထက် ပိုမတောင်းဆိုဘူး။ w19.04 ၄ ¶၇-၈
ကြာသပတေးနေ့၊ ဇန်နဝါရီ ၇
အို ယေဟောဝါ၊ . . . ကျွန်တော့်နှုတ်ကထွက်တဲ့ စကားတွေနဲ့ စိတ်ထဲက အတွေးတွေဟာ ကိုယ်တော် နှစ်သက်တာတွေ ဖြစ်ပါစေ။ —ဆာ. ၁၉:၁၄။
ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ငါ့ဆီမှာ မနာလိုတတ်တဲ့စိတ် ရှိနေသလား။’ (၁ ပေ. ၂:၁) ‘ငါ့ရဲ့ နောက်ခံ၊ ပညာရေး၊ ငွေကြေး အခြေအနေကြောင့် မာနတက်နေသလား။’ (ပညာ. ၁၆:၅) ‘ကိုယ့်မှာရှိတာတွေ မရှိတဲ့သူကို အထင်သေးသလား။ ကိုယ်နဲ့ လူမျိုး မတူသူတွေကို အထင်သေးသလား။’ (ယာ. ၂:၂-၄) ‘စာတန့်လောကရဲ့ ကမ်းလှမ်းမှုတွေကို သဘောကျနေသလား။’ (၁ ယော. ၂:၁၅-၁၇) ‘အကျင့်ပျက်၊ အကြမ်းဖက် ဖျော်ဖြေမှုတွေကို ငါ နှစ်သက်နေသလား။’ (ဆာ. ၉၇:၁၀။ ၁၀၁:၃။ အာ. ၅:၁၅) အဲဒီမေးခွန်းတွေရဲ့ အဖြေက တိုးတက်ဖို့ လိုနေတဲ့ အပိုင်းကို သိစေနိုင်တယ်။ အပေါင်းအသင်းတွေဟာ ကျွန်တော်တို့အပေါ် အတော် ဩဇာညောင်းနိုင်တယ်။ (ပညာ. ၁၃:၂၀) အလုပ်မှာ၊ ကျောင်းမှာ ကျွန်တော်တို့ ထိတွေ့ဆက်ဆံနေရသူတွေက ဘုရားနှစ်သက်တဲ့ အတွေးအခေါ် ရှိဖို့ အားပေးသူတွေ မဟုတ်ကြဘူး။ ဒါပေမဲ့ ခရစ်ယာန် အစည်းအဝေးတွေမှာ အပေါင်းအသင်းကောင်းတွေ ရနိုင်ပါတယ်။ အဲဒီမှာ “မေတ္တာစိတ်ရှိစေဖို့၊ အကျင့်ကောင်းတွေ ကျင့်စေဖို့” လှုံ့ဆော်ခံရတယ်။—ဟီ. ၁၀:၂၄၊ ၂၅။ w19.06 ၁၂ ¶၁၃-၁၄
သောကြာနေ့၊ ဇန်နဝါရီ ၈
အမှားကို ဗွေမယူတာဟာ သူ့ရဲ့အလှပဲ။ —ပညာ. ၁၉:၁၁။
ကျွန်တော်တို့အားလုံးကို ဒီနေ့ခေတ်မှာ ကြုံနေရတဲ့ ပြဿနာတွေ၊ ဖိစီးမှုတွေ ယေဟောဝါ မကြုံစေချင်ဘူး။ ဒါကြောင့် ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန်တစ်ယောက် စိတ်ဖိစီးမှုကြောင့် မဆင်မခြင် ပြောမိတဲ့အခါ နားလည်ပေးပါ။ (ယောဘ ၆:၂၊ ၃) ယေဟောဝါအကြောင်း၊ ကျွန်တော်တို့အကြောင်း မဟုတ်မမှန်တာတွေ သူပြောလာရင် ချက်ချင်း စိတ်မဆိုးပါနဲ့။ မဝေဖန်လိုက်ပါနဲ့။ တစ်ခါတလေ ဖိစီးမှုကြုံရသူဟာ အကြံဉာဏ် ဒါမှမဟုတ် အထောက်အကူပြု ဆုံးမစကား လိုအပ်နိုင်တယ်။ (ဂလ. ၆:၁) ဒီအခြေအနေကို အကြီးအကဲတွေ ဘယ်လို ကိုင်တွယ်သင့်သလဲ။ ယောဘပြောတာကို စာနာစွာ နားထောင်ပေးတဲ့ ဧလိဟုကို တုပသင့်တယ်။ (ယောဘ ၃၃:၆၊ ၇) ဧလိဟုက ယောဘရဲ့ ခံစားချက်တွေကို နားလည်ပြီးနောက်မှ အကြံပေး၊ ဆုံးမတယ်။ ဧလိဟုရဲ့ ပုံသက်သေကို တုပတဲ့ အကြီးအကဲတွေဟာ ဂရုစိုက် နားထောင်ပြီး အခြေအနေကို နားလည်ဖို့ ကြိုးစားတယ်။ ပြီးမှ အကြံပေး၊ ဆုံးမမယ်ဆိုရင် နားထောင်သူရဲ့စိတ်ကို ပိုထိမိစေနိုင်မယ်။ w19.06 ၂၂-၂၃ ¶၁၀-၁၁
စနေနေ့၊ ဇန်နဝါရီ ၉
လူ့စကားထက် အုပ်စိုးရှင် ဘုရားသခင်ရဲ့ စကားကို နားထောင်မှာပဲ။—တ. ၅:၂၉။
ပိတ်ပင်မှုအောက် ယေဟောဝါကို ဘယ်လို ဆက်ဝတ်ပြုကြမလဲ။ ညွှန်ကြားချက်တွေ၊ လက်တွေ့ကျ အကြံပြုချက်တွေကို ဌာနခွဲရုံးကနေ ဒေသခံ အကြီးအကဲတွေကို ပေးပါမယ်။ ဌာနခွဲရုံးက အကြီးအကဲတွေကို ဆက်သွယ်လို့ မရရင်တောင် အကြီးအကဲတွေဟာ သင်နဲ့ အသင်းတော်သား အားလုံး ယေဟောဝါကို ဆက်ဝတ်ပြုနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ကျမ်းစာနဲ့ အဖွဲ့အစည်းထုတ် စာပေတွေကို အခြေခံပြီး သူတို့ လမ်းညွှန်ပေးပါမယ်။ (မ. ၂၈:၁၉၊ ၂၀။ ဟီ. ၁၀:၂၄၊ ၂၅) မိမိကျေးကျွန်တွေ ယုံကြည်ခြင်း ခိုင်ခံ့ဖို့ လိုအပ်ရာမှန်သမျှကို ပေးမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ (ဟေရှာ. ၆၅:၁၃၊ ၁၄။ လု. ၁၂:၄၂-၄၄) ဒါကြောင့် သင် လိုအပ်တဲ့ အားပေးမှု ရဖို့ ဘုရားအဖွဲ့အစည်းက အတတ်နိုင်ဆုံး ကူညီမယ်ဆိုတာ စိတ်ချပါ။ ဒါပေမဲ့ သင့်ဘက်က လုပ်စရာရှိတာကို လုပ်ရမယ်။ ပိတ်ပင်ခံရတဲ့အခါ ကျမ်းစာနဲ့ စာပေတွေကို ကောင်းကောင်း ဝှက်နိုင်မယ့် နေရာကို ရှာပါ။ ပုံနှိပ်စာပေကိုဖြစ်စေ၊ အီလက်ထရောနစ် စာပေကိုဖြစ်စေ အလွယ်တကူ ရှာတွေ့နိုင်မယ့်နေရာမှာ ဘယ်တော့မှ မထားပါနဲ့။ တစ်ဦးစီဟာ ယုံကြည်ခြင်း ခိုင်မာနေဖို့ လက်တွေ့ကျကျ လုပ်ဆောင်ရမယ်။ w19.07 ၁၀ ¶၁၀-၁၁
တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၁၀
လူအမျိုးမျိုးကို ကူညီပေးဖို့ လုပ်နိုင်တာ မှန်သမျှ ကျွန်တော် လုပ်ခဲ့တယ်။ လူတချို့ကို အတတ်နိုင်ဆုံး ကယ်တင်နိုင်ဖို့ပါ။—၁ ကော. ၉:၂၂။
လွန်ခဲ့တဲ့နှစ်များစွာတုန်းက ကမ္ဘာမှာရှိတဲ့ လူအများစုဟာ ဘာသာတရား တစ်မျိုးမျိုးကို ယုံကြည်ကိုးကွယ်ကြတယ်။ ဒါပေမဲ့ မကြာသေးခင် ဆယ်စုနှစ်တွေအတွင်း ထူးထူးခြားခြား ပြောင်းလဲလာတယ်။ ဘာသာတရား မကိုင်းရှိုင်းကြတော့ဘူး။ နိုင်ငံတချို့မှာ လူအများစုဟာ ဘာသာတရားမဲ့သူတွေ ဖြစ်လာတယ်။ (မ. ၂၄:၁၂) ဘာကြောင့်လဲ။ အပျော်အပါးကြောင့်၊ စိုးရိမ်ပူပန်စရာတွေကြောင့် ဖြစ်နိုင်တယ်။ (လု. ၈:၁၄) တချို့ကတော့ ဘုရားမဲ့ဝါဒီ ဖြစ်သွားကြတယ်။ တချို့က ဘုရားကို ယုံပေမဲ့ ဘာသာတရားဟာ ခေတ်နောက်ကျတယ်၊ လက်တွေ့မကျဘူး၊ သိပ္ပံပညာနဲ့ မကိုက်ညီဘူး၊ ယုတ္တိမရှိဘူးလို့ ယူဆကြတယ်။ သူတို့ဟာ မိတ်ဆွေတွေ၊ ဆရာတွေ၊ မီဒီယာမှာ နာမည်ကြီးသူတွေကတစ်ဆင့် ဆင့်ကဲအယူကို ကြားရလေ့ရှိပြီး ဘုရားကို ယုံသင့်တဲ့ အကြောင်းရင်းတွေကိုတော့ မကြားရဘူး။ တချို့ကျတော့ ငွေနဲ့ အာဏာမက်တဲ့ ဘာသာရေးခေါင်းဆောင်တွေကို စိတ်ကုန်သွားကြတယ်။ ဒေသတချို့မှာ အစိုးရကိုယ်တိုင်က ဘာသာရေး လုပ်ဆောင်မှုတွေကို တရားဝင် ပိတ်ပင်ကြတယ်။ w19.07 ၂၀ ¶၁-၂
တနင်္လာနေ့၊ ဇန်နဝါရီ ၁၁
မယိမ်းမယိုင်ဘဲ ကြံ့ကြံ့ခံ ရပ်တည်နေကြပါ။ သခင့်အတွက် ခင်ဗျားတို့ ကြိုးစားအားထုတ်နေတာတွေ အချည်းနှီး မဖြစ်မှန်း သိထားပြီး သခင့်အလုပ်မှာ အမြဲ အလုပ်များနေကြပါ။—၁ ကော. ၁၅:၅၈။
ကျွန်တော်တို့ဟာ ကာယခွန်အား မရှိလည်း ဘုရားရေးရာမှာ သန်စွမ်းနေနိုင်တယ်။ ဘုရားကျေးကျွန်များစွာဟာ ကာယခွန်အား ဆုတ်ယုတ်လာတာတောင် အမှုတော်မှာ ပါဝင်လိုစိတ် ပြင်းပြနေတုန်းပဲ။ (၂ ကော. ၄:၁၆) သင်ဟာ ယေဟောဝါရဲ့ အမှုတော်မှာ နှစ်ပေါင်းများစွာ ပါဝင်ခဲ့ပြီး အခု ကျန်းမာရေးကြောင့် အရင်ကလောက် မလုပ်နိုင်တော့တာ ဖြစ်နိုင်တယ်။ စိတ်ဓာတ်မကျပါနဲ့။ အရင်က သစ္စာရှိရှိ အမှုဆောင်ခဲ့တာကို ယေဟောဝါ တန်ဖိုးထားလေးမြတ်ကြောင်း စိတ်ချပါ။ (ဟီ. ၆:၁၀) စိတ်နှလုံး အကြွင်းမဲ့ အမှုဆောင်ခြင်းဆိုတာ ဘယ်လောက် လုပ်တယ်ဆိုတဲ့အပေါ် မမူတည်ဘဲ အပြုသဘောရှိခြင်း၊ ခွန်အားရှိသလောက် အမှုဆောင်ခြင်းအပေါ် မူတည်ကြောင်း သတိရပါ။ (ကော. ၃:၂၃) ကျွန်တော်တို့ရဲ့ ကန့်သတ်ချက်တွေကို ယေဟောဝါ နားလည်တယ်။ တတ်နိုင်တာထက် ပိုမတောင်းဆိုပါဘူး။—မာ. ၁၂:၄၃၊ ၄၄။ w19.08 ၃ ¶၆။ ၅ ¶၁၁-၁၂
အင်္ဂါနေ့၊ ဇန်နဝါရီ ၁၂
ခင်ဗျားတို့ရဲ့ အလင်းကို လူတွေရှေ့မှာ လင်းစေကြပါ။ ဒါမှ တခြားသူတွေက ခင်ဗျားတို့ရဲ့ အကျင့်ကောင်းကို မြင်. . .လိမ့်မယ်။ —မ. ၅:၁၆။
အသင်းတော်မှာရှိတဲ့ ခရစ်ယာန်တွေရဲ့ “အကျင့်ကောင်း” အားဖြင့် လူတွေကို ယေဟောဝါ ဆွဲဆောင်တယ်။ (မ. ၅:၁၄-၁၅။ ၁ ပေ. ၂:၁၂) ယေဟောဝါသက်သေ မဟုတ်တဲ့ သင့်အိမ်ထောင်ဖက်ဟာ အသင်းတော်က ညီအစ်ကို/မတွေနဲ့ ဆုံဖူးသလား။ သင့်အိမ်ထောင်ဖက်ကို အစည်းအဝေးတွေ လိုက်တက်ဖို့ ဖိတ်ခေါ်ပါ။ (၁ ကော. ၁၄:၂၄၊ ၂၅) ဆွေမျိုးအားလုံး ယေဟောဝါကို ဝတ်ပြုလာမယ်လို့ မျှော်လင့်ပြီး အတတ်နိုင်ဆုံး ကြိုးစားပေမဲ့ ဖြစ်မလာတာလည်း ရှိနိုင်တယ်။ ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ ကိုယ့်ယုံကြည်ချက်တွေကို လက်ခံဖို့ ဘယ်သူ့ကိုမှ ဖိအားပေးလို့ မရဘူး။ ဒါပေမဲ့ ယေဟောဝါကို ဝတ်ပြုလို့ သင် ပျော်ရွှင်နေတာကို သူတို့ သတိထားမိတဲ့အခါ သူတို့အပေါ် အကျိုးသက်ရောက်မှု ရှိလာနိုင်တယ်။ သူတို့အတွက် ဆုတောင်းပေးပါ။ ပါးပါးနပ်နပ် စကားပြောပါ။ လက်မလျှော့ဘဲ ဆက်ကူညီပေးပါ။ (တ. ၂၀:၂၀) သင့်ရဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီးပေးမယ်ဆိုတာ စိတ်ချပါ။ နားထောင်ဖို့ ရွေးချယ်တဲ့ ဆွေမျိုးတွေ ကယ်တင်ခြင်း ရပါလိမ့်မယ်။ w19.08 ၁၈-၁၉ ¶၁၅-၁၇
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၁၃
မျက်လုံးဟာ ခန္ဓာကိုယ်ရဲ့ မီးခွက်ပဲ။ တစ်ခုတည်းကိုပဲ အာရုံစိုက်ကြည့်ရင် တစ်ကိုယ်လုံး လင်းနေလိမ့်မယ်။—မ. ၆:၂၂။
ယေရှု ဘာကို ဆိုလိုသလဲ။ ဘဝကို ရိုးရှင်းစေတာ၊ ပန်းတိုင်၊ ရည်ရွယ်ချက် တစ်ခုတည်းကိုပဲ အာရုံစိုက်တာ၊ အာရုံလွဲမသွားတာကို ဆိုလိုတယ်။ အမှုဆောင်လုပ်ငန်းကိုပဲ အာရုံစိုက်ခြင်းအားဖြင့် ယေရှု ပုံသက်သေကောင်း ပြခဲ့တယ်။ ဘုရားအမှုဆောင်ခြင်းနဲ့ နိုင်ငံတော်ကို ဆက်အာရုံစိုက်နေဖို့ တပည့်တွေကို သင်ပေးတယ်။ ဘဝမှာ အမှုဆောင်လုပ်ငန်းကို အဓိကထားခြင်း၊ “နိုင်ငံတော်နဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို အမြဲ ဦးစားထား” ခြင်းအားဖြင့် ယေရှုရဲ့ ပုံသက်သေကို ကျွန်တော်တို့ တုပနေကြတယ်။ (မ. ၆:၃၃) အမှုဆောင်လုပ်ငန်းကို အာရုံစိုက်နိုင်တဲ့ နည်းတစ်နည်းကတော့ ဘဝကို ရိုးရှင်းစွာ ထားခြင်းပါပဲ။ ဒါမှ ယေဟောဝါကို သိပြီး ချစ်လာအောင် တခြားသူတွေကို ကူညီနိုင်မယ်။ ဥပမာ၊ ကြားရက် အမှုဆောင်မှာ အချိန် ပိုပေးနိုင်ဖို့ လောကအလုပ်ကို ချိန်ညှိနိုင်မလား။ အလွန် အချိန်စားတဲ့ ဖျော်ဖြေရေးတချို့ကို လျှော့ချနိုင်မလား။ w19.04 ၅-၆ ¶၁၂-၁၃
ကြာသပတေးနေ့၊ ဇန်နဝါရီ ၁၄
မြင့်တဲ့နေရာ၊ သန့်ရှင်းတဲ့နေရာမှာ ငါစံမြန်းပေမဲ့ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေ၊ စိတ်နှိမ့်ချသူတွေဆီမှာလည်း ငါနေတယ်။ —ဟေရှာ. ၅၇:၁၅။
မကြာသေးခင်နှစ်တွေမှာ ဆယ်စုနှစ်ချီ အတွေ့အကြုံရှိသူများစွာဟာ တာဝန် အပြောင်းအလဲတွေ ရခဲ့တယ်။ အဲဒီညီအစ်ကို/မတွေအတွက် အပြောင်းအလဲလုပ်ရတာ မလွယ်ပါဘူး။ နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့တဲ့ အရင်တာဝန်ကို မြတ်နိုးနေကြဆဲပဲ။ တချို့ကတော့ “ဝမ်းနည်းကြေကွဲ” ပေမဲ့ အခြေအနေသစ်မှာ နေသားကျဖို့ ကြိုးစားကြတယ်။ အချိန်တန်တော့လည်း နေသားကျသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ ယေဟောဝါကို ချစ်လို့ပဲ။ အလုပ်၊ ရာထူး၊ တာဝန်တစ်ခုဆီ မဟုတ်ဘဲ ဘုရားဆီ ဆက်ကပ်အပ်နှံထားတာဖြစ်ကြောင်း သူတို့ သိကြတယ်။ (ကော. ၃:၂၃) ဘယ်တာဝန်ကိုမဆို နှိမ့်ချပျော်ရွှင်စွာ ထမ်းဆောင်ကြတယ်။ ဘုရား ဂရုစိုက်တယ်ဆိုတာ သိလို့ “စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထား” ကြတယ်။ (၁ ပေ. ၅:၆၊ ၇) နှစ်သက်စရာကောင်းတဲ့ ဒီနှိမ့်ချခြင်း အရည်အသွေးကို မွေးမြူတဲ့အခါ ကိုယ်တိုင်နဲ့ တခြားသူတွေပါ အကျိုးခံစားရတယ်။ ဘဝအခက်အခဲတွေကို ပိုခံရပ်နိုင်လာတယ်။ အရေးကြီးဆုံးကတော့ ကောင်းကင်ဖခင်နဲ့ ပိုရင်းနှီးလာတာပဲ။ w19.09 ၆-၇ ¶၁၅-၁၇
သောကြာနေ့၊ ဇန်နဝါရီ ၁၅
ယေဟောဝါရဲ့ မိန့်မှာချက်တွေဟာ ဖြောင့်မတ်တယ်။ စိတ်နှလုံးကို ရွှင်လန်းစေတယ်။ . . . အဲဒါတွေကို စောင့်ထိန်းတဲ့အတွက် အကျိုးကြီးလှပါတယ်။—ဆာ. ၁၉:၈၊ ၁၁။
ယေဟောဝါဟာ ဒါဝိဒ်ကို မိသားစုရဲ့ ဦးစီးအဖြစ်သာမက အစ္စရေးတစ်နိုင်ငံလုံးရဲ့ ဘုရင်အဖြစ်ပါ ခန့်အပ်ခဲ့တယ်။ ဘုရင်အနေနဲ့ ဒါဝိဒ်မှာ အခွင့်အာဏာ အများကြီး ရှိတယ်။ အာဏာ အလွဲသုံးစားလုပ်ပြီး ကြီးလေးတဲ့အမှား ကျူးလွန်ခဲ့တဲ့အခါတွေလည်း ရှိတယ်။ (၂ ရှ. ၁၁:၁၄၊ ၁၅) ဒါပေမဲ့ ဒါဝိဒ်ဟာ ဆုံးမမှုကို လက်ခံခြင်းအားဖြင့် ယေဟောဝါကို လက်အောက်ခံတယ်။ ယေဟောဝါဆီ ရင်ဖွင့်ဆုတောင်းတယ်။ ယေဟောဝါရဲ့ ဆုံးမစကားကို နာခံဖို့ အတတ်နိုင်ဆုံး ကြိုးစားတယ်။ (ဆာ. ၅၁:၁-၄) အမျိုးသားတွေရဲ့ အကြံဉာဏ်ကိုသာမက အမျိုးသမီးတွေရဲ့ အကြံဉာဏ်ကိုလည်း လက်ခံတဲ့အထိ နှိမ့်ချတယ်။ (၁ ရှ. ၁၉:၁၁၊ ၁၂။ ၂၅:၃၂၊ ၃၃) အမှားတွေကနေ သင်ခန်းစာယူပြီး ဘဝမှာ ဝတ်ပြုရေးကို အဓိကထားခဲ့တယ်။ ယေဟောဝါကို လက်အောက်ခံခြင်းရဲ့ အကျိုးကို ဒါဝိဒ် သိတယ်။ ဒီနေ့လည်း ယေဟောဝါကို လက်အောက်ခံသူတွေနဲ့ လက်အောက်မခံသူတွေရဲ့ ကွာခြားမှုကို တွေ့နေရတယ်။ ယေဟောဝါကို လက်အောက်ခံသူတွေဟာ “စိတ်ကြည်နူးနေတဲ့အတွက် ရွှင်လန်းစွာ ကြွေးကြော်” နေကြတယ်။—ဟေရှာ. ၆၅:၁၃၊ ၁၄။ w19.09 ၁၇ ¶၁၅။ ၁၉ ¶၂၁
စနေနေ့၊ ဇန်နဝါရီ ၁၆
ကျွန်တော် ကြည့်လိုက်တဲ့အခါ . . . လူအုပ်ကြီးတစ်အုပ်ကို မြင်တယ်။ . . . ရာဇပလ္လင်နဲ့ သိုးသငယ်ရှေ့မှာ ရပ်နေ. . .တယ်။—ဗျာ. ၇:၉။
လူအုပ်ကြီးဟာ “ရာဇပလ္လင်နဲ့ သိုးသငယ်ရှေ့” မှာ ရပ်နိုင်ဖို့ ကောင်းကင်ကို ပကတိသွားစရာ မလိုကြောင်း၊ ပုံဆောင်သဘောသာ ဖြစ်ကြောင်း ၁၉၃၅ မှာ ယေဟောဝါသက်သေတွေ နားလည်လာတယ်။ လူအုပ်ကြီးဟာ ယေဟောဝါရဲ့ အခွင့်အာဏာကို အသိအမှတ်ပြုခြင်း၊ အချုပ်အခြာအာဏာကို လက်အောက်ခံခြင်းအားဖြင့် ကမ္ဘာပေါ်ရှိနေရင်း ‘ရာဇပလ္လင်ရှေ့မှာ ရပ်နေ’ နိုင်တယ်။ (ဟေရှာ. ၆၆:၁) ယေရှုရဲ့ ရွေးဖိုး ပူဇော်သက္ကာကို ယုံကြည်ကြောင်း တင်ပြခြင်းအားဖြင့်လည်း “သိုးသငယ်ရှေ့မှာ ရပ်နေ” နိုင်တယ်။ မဿဲ ၂၅:၃၁၊ ၃၂ ကလည်း လူဆိုးတွေ အပါအဝင် “လူမျိုးအားလုံး” ဟာ ယေရှုရဲ့ ဘုန်းကြီးတဲ့ ရာဇပလ္လင်ရှေ့မှာ “စုဝေး” မယ်လို့ ပြောထားတယ်။ အဲဒီလူမျိုးအားလုံးဟာ ကောင်းကင်မှာ မဟုတ်ဘဲ မြေကြီးပေါ်မှာ ရှိနေတာ ထင်ရှားတယ်။ လူအုပ်ကြီးနဲ့ပတ်သက်တဲ့ ဒီနားလည်မှုအသစ်က ယုတ္တိရှိတယ်။ ဒီနားလည်မှုက လူအုပ်ကြီး ကောင်းကင်တက်မယ်လို့ ကျမ်းစာမှာ ဘာကြောင့် မပြောထားကြောင်း နားလည်စေတယ်။ ကောင်းကင်မှာ ထာဝရအသက် ရမယ်လို့ အုပ်စု တစ်စုကိုပဲ ကတိပေးထားတယ်။ အဲဒါကတော့ ယေရှုနဲ့အတူ “ဘုရင်အဖြစ် ကမ္ဘာမြေကို အုပ်စိုး” မယ့် ၁၄၄,၀၀၀ ပါပဲ။—ဗျာ. ၅:၁၀။ w19.09 ၂၈ ¶၉
တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၁၇
သစ္စာစောင့်သိသူအပေါင်းတို့၊ ယေဟောဝါကို ချစ်ကြပါ။—ဆာ. ၃၁:၂၃။
မဟာဗာဗုလုန်နဲ့ သီးခြားနေဖို့ ဝတ်ပြုသူတွေဆီကနေ ယေဟောဝါ မျှော်လင့်တယ်။ ဒါကြောင့် မှားယွင်းတဲ့ဘာသာနဲ့ အဆက်ဖြတ်ရုံသာမက ယေဟောဝါရဲ့ စစ်မှန်တဲ့ ဝတ်ပြုရေးဘက် ရပ်တည်ဖို့ စိတ်ပိုင်းဖြတ်ထားရမယ်။ အဲဒီလို လုပ်နိုင်တဲ့ နည်းနှစ်နည်းကို လေ့လာကြည့်ပါ။ ပထမ၊ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေကို တိတိကျကျ နာခံရမယ်။ လောကရဲ့ စံနှုန်းတွေကို ကျွန်တော်တို့ လက်မခံရဘူး။ ဥပမာ၊ လိင်တူ လက်ထပ်ခြင်း၊ တခြား လိင်တူဘဝပုံစံ အပါအဝင် လိင်အကျင့်ယိုယွင်းမှု ပုံစံအားလုံးကို လက်မခံရဘူး။ (မ. ၁၉:၄၊ ၅။ ရော. ၁:၂၆၊ ၂၇) ဒုတိယ၊ ခရစ်ယာန်ချင်းတွေနဲ့အတူ ဆက်ဝတ်ပြုနေရမယ်။ နိုင်ငံတော်ခန်းမမှာ ဖြစ်စေ၊ အိမ်တွေမှာ ဖြစ်စေ၊ လျှို့ဝှက်ပြီးတော့ဖြစ်စေ ဘယ်နေရာမှာမဆို ဝတ်ပြုနေရမယ်။ ဘာပဲဖြစ်ဖြစ် အစည်းအဝေးတွေကို ဘယ်တော့မှ မပျက်သင့်ဘူး။ “ဘုရားသခင်ရဲ့ နေ့ရက် နီးလာတာကို သိနေတဲ့အတွက်” အစည်းအဝေး တက်ဖို့ “ပိုကြိုးစားအားထုတ်” ရမယ်။—ဟီ. ၁၀:၂၄၊ ၂၅။ w19.10 ၁၆ ¶၆-၇
တနင်္လာနေ့၊ ဇန်နဝါရီ ၁၈
ငါယေဟောဝါဟာ ငါတစ်ပါးတည်းကို ကိုးကွယ်ဆည်းကပ်ဖို့ တောင်းဆိုတဲ့ဘုရားပဲ။ —ထွ. ၃၄:၁၄။
ယေဟောဝါက ကျွန်တော်တို့ရဲ့ အသက်တာကို ပျော်မွေ့စေချင်တယ်။ ဖျော်ဖြေမှုတွေက ပျော်မွေ့ဖို့ ကူညီပေးတယ်။ “စားတာ၊ သောက်တာ၊ ကြိုးစားပမ်းစား လုပ်ကိုင်တာတွေကြောင့် ပျော်ရွှင်ရတာထက် ကောင်းတာ ဘာမှ မရှိဘူး” လို့ ကျမ်းစာ ပြောတယ်။ (ဒေ. ၂:၂၄) ဒါပေမဲ့ လောကမှာရှိတဲ့ ဖျော်ဖြေမှုအများစုက ကျွန်တော်တို့အပေါ် ဆိုးကျိုးသက်ရောက်နိုင်တယ်။ ကိုယ်ကျင့်တရားစံနှုန်း ကျဆင်းစေပြီး ကျမ်းစာမှာ ပြစ်တင်ရှုတ်ချထားတာတွေကို လက်ခံဖို့၊ နှစ်သက်လာဖို့တောင် အားပေးတယ်။ ကျွန်တော်တို့ဟာ ယေဟောဝါ တစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်ချင်တဲ့အတွက် “ယေဟောဝါရဲ့ စားပွဲ” နဲ့ “နတ်ဆိုးတွေရဲ့ စားပွဲ” နှစ်ခုစလုံးမှာ သုံးဆောင်လို့ မရဘူး။ (၁ ကော. ၁၀:၂၁၊ ၂၂) တစ်ယောက်ယောက်နဲ့ အတူစားသောက်တာဟာ ရင်းနှီးတဲ့သဘောဆောင်တယ်။ အကြမ်းဖက်မှု၊ လိင်အကျင့်ယိုယွင်းမှု၊ နတ်ဆိုးပညာ၊ သွေးသားဆန္ဒနဲ့ ဇာတိစိတ်တွေကို အားပေးအားမြှောက်လုပ်တဲ့ ဖျော်ဖြေရေးကို ရွေးချယ်မယ်ဆိုရင် ဘုရားရဲ့ ရန်သူတွေ ပြင်ဆင်ပေးတဲ့ အစားအစာကို စားတာနဲ့ တူတယ်။ ကိုယ်တိုင် ဆိုးကျိုးခံစားရရုံမက ယေဟောဝါနဲ့ ဆက်ဆံရေးလည်း ထိခိုက်လာမယ်။ w19.10 ၂၆ ¶၂။ ၂၉-၃၀ ¶၁၁-၁၂
အင်္ဂါနေ့၊ ဇန်နဝါရီ ၁၉
လူတွေက သန့်ရှင်းသော စွမ်းအားတော်ရဲ့ လှုံ့ဆော်မှုကို ခံရလို့ ဘုရားသခင်ဆီက လာတဲ့ စကားတွေကို ပြန်ဟောတာ ဖြစ်တယ်။ —၂ ပေ. ၁:၂၁။
လေကနေ အကျိုးရဖို့ သင်္ဘောသားတွေဟာ အချက်နှစ်ချက် လုပ်ရမယ်။ ပထမ၊ သင်္ဘောကို လေလမ်းကြောင်းပေါ် ရှိစေရမယ်။ လေလမ်းကြောင်းနဲ့ ဝေးရာ ဆိပ်ကမ်းမှာပဲ ရပ်ထားရင် သင်္ဘောဟာ ရှေ့ကို သွားမှာ မဟုတ်ဘူး။ ဒုတိယ၊ ရွက်ကို အစွမ်းကုန် ဖွင့်ထားရမယ်။ ရွက်ကို လေတိုးမှ သင်္ဘောက ရှေ့ကို သွားမယ်။ အလားတူပဲ၊ ကျွန်တော်တို့လည်း သန့်ရှင်းသော စွမ်းအားတော် အကူအညီ ရမှ ယေဟောဝါရဲ့ လုပ်ငန်းမှာ ခံနိုင်ရည်ရှိမယ်။ စွမ်းအားတော်ကနေ အကျိုးရဖို့ အချက်နှစ်ချက်ကို လုပ်ဆောင်ရမယ်။ ပထမ၊ စွမ်းအားတော် ရစေမယ့် လုပ်ဆောင်မှုတွေမှာ ပါဝင်ခြင်းအားဖြင့် စွမ်းအားတော်ရဲ့ လမ်းကြောင်းပေါ်မှာ ရှိနေရမယ်။ ဒုတိယ၊ အဲဒီလုပ်ဆောင်မှုတွေမှာ အပြည့်အဝ ပါဝင်ခြင်းအားဖြင့် အစွမ်းကုန် “ရွက်ဖွင့်” ထားရမယ်။ (ဆာ. ၁၁၉:၃၂) ဒါဆိုရင် စွမ်းအားတော်က ဆန့်ကျင်မှု၊ အခက်အခဲ လှိုင်းလုံးတွေထဲကနေ ရုန်းထွက်နိုင်အောင် တွန်းပေးမယ်။ သစ္စာရှိရှိ ဆက်ခံရပ်နိုင်အောင် ကူညီပေးပါလိမ့်မယ်။ w19.11 ၉ ¶၈။ ၁၀ ¶၁၁
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၂၀
ငြိမ်သက်ခြင်းကို ခင်ဗျားတို့ဆီ ထားခဲ့မယ်။—ယော. ၁၄:၂၇။
မြေကြီးအသက်တာ နောက်ဆုံးနေ့မှာ ယေရှု စိတ်ဒုက္ခရောက်နေတယ်။ တရားမဲ့သူတွေ လက်ချက်နဲ့ ရက်ရက်စက်စက် အသတ်ခံရတော့မယ်။ ဒါပေမဲ့ သေရမှာထက် ပိုစိတ်ပူတာ ရှိသေးတယ်။ ယေရှုဟာ ဖခင်ကို သိပ်ချစ်ပြီး စိတ်ကျေနပ်စေချင်တယ်။ ကြုံရတော့မယ့် စမ်းသပ်မှုကို သစ္စာရှိရှိ ခံရပ်နိုင်မှ ယေဟောဝါရဲ့ နာမည်ကို သံသယကင်းရှင်းစေနိုင်မယ်ဆိုတာ သိတယ်။ လူတွေကိုလည်း ယေရှု ချစ်တယ်။ လူတွေရဲ့ ထာဝရအသက် အလားအလာဟာ မိမိရဲ့ သစ္စာရှိရှိ သေဆုံးခြင်းအပေါ် မူတည်ကြောင်းလည်း သိတယ်။ အလွန် စိတ်ဖိစီးနေချိန်မှာတောင် ယေရှု စိတ်ငြိမ်သက်နေတယ်။ ယေရှု ခံစားနေရတဲ့ “ဘုရားသခင့် ငြိမ်သက်ခြင်း” ဟာ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိထားလို့ ရလာတဲ့ ငြိမ်သက်အေးချမ်းမှုပဲ။ အဲဒါက ယေရှုရဲ့ စိတ်နှလုံးကို တည်ငြိမ်စေတယ်။ (ဖိ. ၄:၆၊ ၇) ကျွန်တော်တို့ဟာ ယေရှု ကြုံရတဲ့ ဖိစီးမှုမျိုး ကြုံရမှာ မဟုတ်ပေမဲ့ အခက်အခဲတွေတော့ ကြုံရမယ်။ (မ. ၁၆:၂၄၊ ၂၅။ ယော. ၁၅:၂၀) တစ်ခါတလေ ယေရှုလိုပဲ စိတ်ဒုက္ခရောက်နိုင်တယ်။ w19.04 ၈ ¶၁-၃
ကြာသပတေးနေ့၊ ဇန်နဝါရီ ၂၁
စွမ်းအားတော်မီးကို မငြိမ်းစေနဲ့။ —၁ သက်. ၅:၁၉။
‘ယေဟောဝါ အဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းမှာ ပါဝင်ခွင့်ရလို့ ငါ ကျေးဇူးတင်သလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။ ယေဟောဝါက ဒီနေ့အချိန်မှာ မိမိအဖွဲ့အစည်းကို ကောင်းချီးပေးနေကြောင်း ထင်ရှားတဲ့သက်သေ ပြနေတယ်။ အဲဒီအတွက် ကျွန်တော်တို့ အလွန်ကျေးဇူးတင်ကြတယ်။ (၁ သက်. ၅:၁၈) ယေဟောဝါ သုံးနေတဲ့ အဖွဲ့အစည်းကို ဘယ်လို ထောက်မနိုင်သလဲ။ စာပေတွေ၊ အစည်းအဝေးနဲ့ အစည်းအဝေးကြီးတွေကနေ ရတဲ့ ကျမ်းစာအခြေပြု လမ်းညွှန်ချက်ကို နာခံခြင်း၊ ဟောပြောသွန်သင်ခြင်းလုပ်ငန်းမှာ အတတ်နိုင်ဆုံး အပြည့်အဝ ပါဝင်ခြင်းအားဖြင့် ထောက်မနိုင်တယ်။ (၁ ကော. ၁၅:၅၈) ကျွန်တော်တို့ရဲ့ ပူဇော်သက္ကာတွေကို ယေဟောဝါ နှစ်သက်လက်ခံပါစေ။ ယေဟောဝါကို ကျေးဇူးတင်စိတ်နဲ့ အမှုဆောင်ကြပါစို့။ ယေဟောဝါကို နှစ်နှစ်ကာကာ ချစ်ပြီး အကောင်းဆုံး ပေးဆက်ကြပါစို့။ ယေဟောဝါ ကောင်းချီးပေးနေတဲ့ အဖွဲ့အစည်းကို စိတ်ရောကိုယ်ပါ ထောက်မကြပါစို့။ ယေဟောဝါရဲ့ သက်သေဖြစ်ခွင့်အတွက် ကျေးဇူးတင်ကြောင်း အဲဒီနည်းတွေနဲ့ ဖော်ပြကြပါစို့။ w19.11 ၂၅ ¶၁၇-၁၈
သောကြာနေ့၊ ဇန်နဝါရီ ၂၂
ကျွန်တော့်ကို ယုံကြည်သက်ဝင်တဲ့သူဟာ . . . အဲဒါထက် ကြီးမားတာတွေကို လုပ်လိမ့်မယ်။—ယော. ၁၄:၁၂။
ယေရှုလို အံ့ဖွယ်အမှုတွေ လုပ်မယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ နောက်လိုက်တွေဟာ ယေရှု ဟောခဲ့တာထက် ပိုကျယ်ပြန့်တဲ့ ဒေသမှာ ပိုများတဲ့လူတွေကို ပိုကြာရှည်တဲ့ အချိန်ကာလအတွင်း ဟောလိမ့်မယ်လို့ ဆိုလိုတာ ဖြစ်တယ်။ သင်ဟာ လောကအလုပ် လုပ်နေရတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘အလုပ်မှာ ငါ့ကို အလုပ်ကြိုးစားသူလို့ သိကြသလား။ အလုပ်ကို အကောင်းဆုံးနဲ့ အချိန်မီ ပြီးစီးအောင် လုပ်သလား။’ အဲဒီလို လုပ်နေတယ်ဆိုရင် သင်ဟာ အလုပ်ရှင်ရဲ့ ယုံကြည်စိတ်ချမှုကို ရမယ်။ အလုပ်မှာ နိုင်ငံတော်သတင်းကို တခြားသူတွေ ပိုနားထောင်လာလိမ့်မယ်။ ဟောပြောသွန်သင်ခြင်းလုပ်ငန်းမှာ ပါဝင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘အမှုဆောင်မှာ ကြိုးစားတဲ့သူလို့ ငါ့ကို သိထားသလား။ ဦးဆုံးတွေ့ဆုံချိန်တွေအတွက် ငါ ကောင်းကောင်း ပြင်ဆင်သလား။ စိတ်ဝင်စားသူတွေဆီ ချက်ချင်း ပြန်သွားသလား။ အမှုဆောင်လုပ်ငန်း အသွင်အမျိုးမျိုးမှာ ပုံမှန် ပါဝင်သလား။’ အဲဒီလိုလုပ်နေတယ်ဆိုရင် အမှုဆောင်လုပ်ငန်းမှာ သင် ပျော်ရွှင်ပါလိမ့်မယ်။ w19.12 ၅ ¶၁၄-၁၅
စနေနေ့၊ ဇန်နဝါရီ ၂၃
ခင်ဗျားတို့လည်း ကိုယ့်ကိုယ်ကိုယ် ချစ်သလို ဇနီးကို ချစ်ရမယ်။ ဇနီးကလည်း ခင်ပွန်းကို အလွန် ရိုသေရမယ်။ —ဧ. ၅:၃၃။
သားသမီး ယူဖို့ ဆုံးဖြတ်တဲ့ မောင်နှံတွေဟာ အရေးကြီးတဲ့ မေးခွန်း နှစ်ခုကို ဆွေးနွေးထားသင့်တယ်။ ပထမ၊ ဘယ်အချိန်မှာ ကလေးယူမလဲ။ ဒုတိယ၊ ဘယ်နှယောက် ယူမလဲ။ အဲဒီမေးခွန်းတွေကို ဘယ်အချိန်မှာ ဆွေးနွေးတာ အကောင်းဆုံးလဲ။ အဲဒီလိုဆွေးနွေးဖို့ ဘာကြောင့် သိပ်အရေးကြီးသလဲ။ အများအားဖြင့် အိမ်ထောင်မပြုခင် ဆွေးနွေးသင့်တယ်။ ဘာကြောင့်လဲ။ ဒီကိစ္စမှာ စိတ်တူကိုယ်တူ ဖြစ်ဖို့ အရေးကြီးလို့ပဲ။ ဒီတာဝန်အတွက် အသင့်ဖြစ်မဖြစ် သိဖို့လည်း လိုတယ်။ မောင်နှံတချို့ဟာ လက်ထပ်ပြီး တစ်နှစ် နှစ်နှစ်လောက်မှ ကလေးယူဖို့ ဆုံးဖြတ်ကြတယ်။ အိမ်ထောင်သည်ဘဝမှာ နေသားကျအောင် ညှိဖို့ အချိန်ပေးချင်လို့ပဲ။ ကလေး ရလာရင် ကလေးအတွက် အချိန်နဲ့ ခွန်အားကို ပေးရတော့မှာ။ w19.12 ၂၃ ¶၄-၅
တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၂၄
မိတ်ဆွေစစ်ဆိုတာ . . . ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ။ —ပညာ. ၁၇:၁၇။
ကမ္ဘာတစ်ဝန်းက ယေဟောဝါရဲ့ ကျေးကျွန်များစွာဟာ ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေကို ကြုံတွေ့နေရတယ်။ တချို့က အသည်းအသန် ဖျားနာနေကြတယ်။ ချစ်ရသူ သေဆုံးလို့ ကြေကွဲနေကြတယ်။ တချို့က မိသားစုဝင် ဒါမှမဟုတ် မိတ်ဆွေတွေ အမှန်တရားကို စွန့်သွားလို့ ဝမ်းနည်းနေကြတယ်။ သဘာဝဘေး ကြုံနေရသူတွေလည်း ရှိတယ်။ သူတို့အားလုံး အားပေးထောက်မမှု လိုနေတယ်။ သူတို့ကို ဘယ်လို ကူညီပေးနိုင်သလဲ။ မိတ်ဆွေစစ် ဖြစ်ပါ။ သစ္စာရှိ မိတ်ဆွေတွေဟာ ညီအစ်ကို/မတွေကို ထောက်မဖို့ စွန့်လွှတ်အနစ်နာခံကြတယ်။ ဥပမာ၊ ညီအစ်ကို ပီတာဟာ ဆိုးရွားတဲ့ နာတာရှည်ရောဂါ ရှိနေတယ်။ “အသင်းတော်က မောင်နှံတစ်စုံဟာ ပီတာကို ဆေးခန်းလိုက်ပို့တယ်။ အဲဒီနေ့မှာပဲ ပီတာရဲ့ ရောဂါအကြောင်း သိလိုက်ရတယ်။ ဒါနဲ့ ဒီအခြေအနေဆိုးကို ကျွန်မတို့ချည်းပဲ ရင်ဆိုင်စေမယ့်အစား ဘေးနားမှာ အမြဲ ရှိနေပေးဖို့ သူတို့ ချက်ချင်း ဆုံးဖြတ်လိုက်တယ်” လို့ ဇနီးဖြစ်သူ ကက်သရင်း ပြောတယ်။ အခက်အခဲတွေကို ခံရပ်ဖို့ ကူညီပေးနိုင်တဲ့ မိတ်ဆွေစစ်တွေ ရှိတာ အားရှိစရာပါပဲ။ w20.01 ၈ ¶၁။ ၉ ¶၅။ ၁၀ ¶၆
တနင်္လာနေ့၊ ဇန်နဝါရီ ၂၅
သူတို့အားလုံး သန့်ရှင်းသော စွမ်းအားတော်နဲ့ ပြည့်ပြီး . . . ဘာသာစကားမျိုးစုံနဲ့ ပြောဆိုကြတော့တယ်။—တ. ၂:၄။
သင်ဟာ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့က အထက်ခန်းမမှာ စုဝေးနေတဲ့ တပည့်တစ်ဦး ဖြစ်မယ်ဆိုရင် သန့်ရှင်းသော စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရပြီဆိုတာ သေချာပေါက် သိလိုက်မှာပဲ။ (တ. ၂:၅-၁၂) ဒါပေမဲ့ စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရသူတိုင်း ထူးခြားတဲ့နည်းနဲ့ တစ်ချိန်တည်း ဘိသိက်ပေးခံရသလား။ မခံရပါဘူး။ ဘိသိက်ပေးခံရတဲ့ အချိန်အကြောင်း သုံးသပ်ကြည့်ပါ။ အဲဒီနေ့မှာ တပည့် ၁၂၀ ပဲ ဘိသိက်ပေးခံရတာ မဟုတ်ဘူး။ အဲဒီနေ့နှောင်းပိုင်းမှာ တခြားတပည့် ၃၀၀၀ လည်း နှစ်ခြင်းခံချိန်မှာ သန့်ရှင်းသော စွမ်းအားတော်နဲ့ ဘိသိက်ပေးခံခဲ့ရတယ်။ (တ. ၂:၃၇၊ ၃၈၊ ၄၁) ဒါပေမဲ့ နောက်ပိုင်းနှစ်တွေမှာ ဘိသိက်ခံ ခရစ်ယာန်အားလုံးဟာ နှစ်ခြင်းခံချိန်မှာ ဘိသိက်ပေးခံရတာ မဟုတ်ဘူး။ ရှမာရိလူတွေဟာ နှစ်ခြင်းခံပြီးနောက် တစ်ချိန်ချိန်မှာ ဘိသိက်ပေးခံရတယ်။ (တ. ၈:၁၄-၁၇) ခြွင်းချက်အဖြစ် ကော်နေလိနဲ့ အိမ်သားတွေကတော့ နှစ်ခြင်းမခံခင်မှာ ဘိသိက်ပေးခံရကြတယ်။—တ. ၁၀:၄၄-၄၈။ w20.01 ၂၀-၂၁ ¶၂-၄
အင်္ဂါနေ့၊ ဇန်နဝါရီ ၂၆
အဖရဲ့ နာမည်ကို သိအောင် သူတို့ကို ကျွန်တော် ပြောပြပါပြီ။—ယော. ၁၇:၂၆။
ခရစ်ဝင်ကျမ်း လေးကျမ်းမှာတင် ယေဟောဝါကို “အဖ” ဆိုပြီး ၁၆၅ ကြိမ်လောက် ယေရှု ခေါ်ခဲ့တယ်။ ယေဟောဝါအကြောင်း ယေရှု ဘာကြောင့် ဒီလောက် ပြောခဲ့သလဲ။ ယေဟောဝါဟာ မေတ္တာရှိတဲ့ ဖခင် ဖြစ်မှန်း လူတွေကို စိတ်ချစေချင်လို့ပဲ။ (ယော. ၁၇:၂၅) သားတော် ယေရှုကို ဆက်ဆံပုံကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။ ယေဟောဝါက ယေရှုရဲ့ ဆုတောင်းချက်တွေကို အမြဲ နားထောင်ပေးတယ်။ နားထောင်ရုံသာမက အဖြေလည်း ပေးတယ်။ (ယော. ၁၁:၄၁၊ ၄၂) ဘယ်လို အခက်အခဲပဲ ကြုံရပါစေ ဖခင်ရဲ့ မေတ္တာနဲ့ ကူညီထောက်မမှုကို ယေရှု အမြဲ ရတယ်။ (လု. ၂၂:၄၂၊ ၄၃) မေတ္တာရှင်ဖခင်ရဲ့ ထောက်မမှု ရနေမှန်း ယေရှုကို ယေဟောဝါ သိစေတယ်။ (မ. ၂၆:၅၃။ ယော. ၈:၁၆) အခက်အခဲ မှန်သမျှကနေ မကာကွယ်ပေးပေမဲ့ ခံနိုင်ရည် ရှိဖို့ ကူညီပေးတယ်။ ကြုံရမယ့် အခက်အခဲတွေဟာ ခဏပဲဆိုတာ ယေရှု သိတယ်။ (ဟီ. ၁၂:၂) ယေဟောဝါက ဆုတောင်းချက်တွေကို နားထောင်ပေးခြင်း၊ ထောက်မပေးခြင်း၊ လေ့ကျင့်ပေးခြင်း၊ ကူညီပေးခြင်းအားဖြင့် ယေရှုကို ချစ်ကြောင်း ပြတယ်။—ယော. ၅:၂၀။ ၈:၂၈။ w20.02 ၃ ¶၆-၇၊ ၉
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၂၇
ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထောက်ပြီး အရာရာကို လုပ်ဆောင်ကြပါ။ . . . တိုက်မိလဲစရာ မဖြစ်ပါစေနဲ့။—၁ ကော. ၁၀:၃၁၊ ၃၂။
ဓလေ့ထုံးစံတစ်ခုမှာ ပါဝင်ဖို့ ဆုံးဖြတ်တဲ့အခါ တခြားသူတွေ၊ အထူးသဖြင့် ခရစ်ယာန်ချင်းတွေရဲ့ သိစိတ်ကို တိုက်မိလဲစေမလားဆိုတာ စဉ်းစားသင့်တယ်။ ဘယ်သူ့ကိုမှ ကျွန်တော်တို့ တိုက်မိမလဲစေချင်ဘူး။ (မာ. ၉:၄၂) သက်သေခံ မဟုတ်တဲ့သူတွေကိုလည်း စိတ်မဆိုးစေချင်ဘူး။ သူတို့ရဲ့ ဓလေ့ထုံးစံတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မငြင်းခုံဘူး၊ မကဲ့ရဲ့ဘူး။ မေတ္တာက လေးလေးစားစား ပြောဆိုဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။ အဲဒါက ယေဟောဝါရဲ့ ဘုန်းတော်ကို ထင်ရှားစေတယ်။ မေတ္တာဟာ တန်ခိုးပါတယ်။ ထောက်ထားစာနာစိတ်နဲ့ လေးစားစွာ မေတ္တာပြမယ်ဆိုရင် ဆန့်ကျင်သူတွေကိုတောင် စိတ်ပျော့ပျောင်းလာစေနိုင်တယ်။ ယေဟောဝါသက်သေတစ်ဦး ဖြစ်ကြောင်း အသိပေးထားပါ။ (ဟေရှာ. ၄၃:၁၀) သင်ဟာ ယေဟောဝါသက်သေဖြစ်မှန်း ဆွေမျိုးတွေ၊ အိမ်နီးချင်းတွေကို ကြိုအသိပေးထားမယ်ဆိုရင် စိတ်ဖိစီးစရာ အခြေအနေတွေကို ကိုင်တွယ်ရ ပိုလွယ်ကူပါလိမ့်မယ်။ အမှန်တရားကို ခုခံကာကွယ်တဲ့ဘက် ရပ်တည်ဖို့ ကျွန်တော်တို့ ဘယ်တော့မှ မရှက်ကြပါဘူး။—ရော. ၁:၁၆။ w19.04 ၁၇-၁၈ ¶၁၄-၁၆
ကြာသပတေးနေ့၊ ဇန်နဝါရီ ၂၈
ကျွန်တော်ဟာ တမန်တော်တွေထဲမှာ အရေးမပါဆုံးသူပါ၊ . . . တမန်တော်လို့တောင် အခေါ်မခံထိုက်ဘူး။ —၁ ကော. ၁၅:၉။
တမန်တော် ၁၂ ယောက်ဟာ ယေရှု မြေကြီးပေါ် အမှုဆောင်ချိန်အတွင်း ယေရှုနောက်လိုက် ဖြစ်ခဲ့ကြပေမဲ့ တမန်တော် ပေါလုကတော့ ယေရှု သေဆုံး၊ ထမြောက်ပြီးနောက်မှ ခရစ်ယာန် ဖြစ်လာတာ။ “လူမျိုးခြားတွေနဲ့ဆိုင်တဲ့ တမန်တော်” အဖြစ် ခန့်အပ်ခံရပေမဲ့ တမန်တော် ၁၂ ယောက်အဖြစ် အထူးအခွင့်အရေးတော့ မရခဲ့ဘူး။ (ရော. ၁၁:၁၃။ တ. ၁:၂၁-၂၆) ဒါပေမဲ့ ယေရှုနဲ့ အနီးကပ်နေခဲ့တဲ့ တမန်တော် ၁၂ ယောက်ကို မနာလို မဖြစ်ဘဲ ရတဲ့ အခွင့်ထူးနဲ့ ရောင့်ရဲခဲ့တယ်။ ရောင့်ရဲစိတ်၊ နှိမ့်ချစိတ်သာ ရှိမယ်ဆိုရင် ကျွန်တော်တို့လည်း ယေဟောဝါ အခွင့်အာဏာ ပေးထားသူတွေကို ပေါလုလို လေးစားမှာ ဖြစ်တယ်။ (တ. ၂၁:၂၀-၂၆) ခရစ်ယာန် အသင်းတော်မှာ ဦးဆောင်ဖို့ အကြီးအကဲတွေကို ဘုရား စီစဉ်ပေးထားတယ်။ သူတို့ဟာ မစုံလင်ကြပေမဲ့ ယေဟောဝါ ပေးတဲ့ “လက်ဆောင်” ဖြစ်တယ်။ (ဧ. ၄:၈၊ ၁၁) ခန့်အပ်ခံရတဲ့သူတွေကို လေးစားတာ၊ လမ်းညွှန်ချက်တွေကို နှိမ့်ချစွာ လိုက်နာတာက ယေဟောဝါနဲ့ ရင်းနှီးစေသလို ခရစ်ယာန်အချင်းချင်းကို သင့်မြတ်စေတယ်။ w20.02 ၁၇ ¶၁၃-၁၄
သောကြာနေ့၊ ဇန်နဝါရီ ၂၉
ဘုရားသခင်က အရင်ဦးဆုံး ချစ်ခဲ့လို့ ကျွန်တော်တို့လည်း ချစ်တတ်ကြတာပါ။ — ၁ ယော. ၄:၁၉။
ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ မလေ့လာခင်ကတည်းက သင်ဟာ ကျမ်းစာကို လေးမြတ်သူ၊ ယေရှုကို ချစ်မြတ်နိုးသူ ဖြစ်နိုင်တယ်။ ယေဟောဝါသက်သေတွေနဲ့ တွေ့တော့ သူတို့နဲ့ ပေါင်းသင်းရတာကို နှစ်သက်လာတယ်။ ဒါပေမဲ့ အဲဒီလောက်နဲ့တော့ ယေဟောဝါဆီ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံချင်လာမှာ မဟုတ်ဘူး။ ယေဟောဝါကို ချစ်တဲ့ မေတ္တာကပဲ အဓိက လှုံ့ဆော်ပေးမှာ ဖြစ်တယ်။ အရာအားလုံးထက် ယေဟောဝါကို ချစ်မယ်ဆိုရင် ဘုရားကို ဝတ်မပြုဖို့ ဘယ်အရာ၊ ဘယ်သူ့ကိုမှ တားဆီးခွင့်ပြုမှာ မဟုတ်ဘူး။ ယေဟောဝါကို ချစ်တဲ့ မေတ္တာဟာ နှစ်ခြင်းခံဖို့သာမက နှစ်ခြင်းခံပြီးနောက် ဆက်သစ္စာရှိဖို့ပါ ကူညီပေးပါလိမ့်မယ်။ ယေဟောဝါကို စိတ်စွမ်း၊ ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ ခွန်အားရှိသမျှနဲ့ ချစ်ရမယ်လို့ ယေရှု ပြောတယ်။ (မာ. ၁၂:၃၀) ဘယ်လိုနည်းနဲ့ ယေဟောဝါကို အဲဒီလို ချစ်ခင်လေးစားတတ်လာမလဲ။ ကျွန်တော်တို့အပေါ် ထားတဲ့ ယေဟောဝါရဲ့ မေတ္တာကို တွေးတောဆင်ခြင်ခြင်းအားဖြင့်ပါပဲ။ w20.03 ၄ ¶၄-၅
စနေနေ့၊ ဇန်နဝါရီ ၃၀
ဘုရားပေးတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ပါ။—၂ တိ. ၄:၅။
အမှုဆောင်လုပ်ငန်းကို ကျေပွန်အောင် ဆောင်ရွက်ခြင်းဆိုတာ ဘာကို ဆိုလိုသလဲ။ ဟောပြောသွန်သင်ခြင်းလုပ်ငန်းမှာ အတတ်နိုင်ဆုံး အပြည့်အဝ ပါဝင်ခြင်းကို ဆိုလိုတယ်။ ဒါပေမဲ့ အချိန်ပေးရုံထက်မက ပါဝင်တယ်။ စိတ်ရင်းကို ယေဟောဝါ အဓိကထားတယ်။ ယေဟောဝါနဲ့ လူလူချင်းကို ချစ်မယ်ဆိုရင် အမှုဆောင်လုပ်ငန်းမှာ ကိုယ်စွမ်းရှိသမျှ ပါဝင်ပါလိမ့်မယ်။ (မာ. ၁၂:၃၀၊ ၃၁။ ကော. ၃:၂၃) ကိုယ်စွမ်းရှိသမျှဆိုတာ အမှုတော်မှာ အစွမ်းခွန်အား ရှိသမျှ အသုံးပြုခြင်း ဖြစ်တယ်။ ဟောပြောခွင့်ကို တန်ဖိုးထားမယ်ဆိုရင် လူများနိုင်သမျှ များများကို သတင်းကောင်း ဝေမျှဖို့ ကြိုးစားပါလိမ့်မယ်။ ဟောပြောခြင်းလုပ်ငန်းမှာ အချိန်အနည်းငယ်ပဲ ပေးနိုင်ရင်တောင် ဒီလုပ်ငန်းကို မြတ်နိုးတဲ့အတွက် ဟောပြောခြင်းစွမ်းရည် တိုးတက်အောင် ကြိုးစားတယ်။ ဟောပြောခြင်းလုပ်ငန်းကို ဦးစားထားတယ်။ w19.04 ၂ ¶၃။ ၃ ¶၄၊ ၆
တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၃၁
သူ့မှာ အမှန်တရား မရှိ[ဘူး။] —ယော. ၈:၄၄။
စာတန့် လိမ်ညာမှုတွေက လူတွေရဲ့ ဝမ်းနည်းပူဆွေးမှုကို ပိုဆိုးစေတယ်။ ကလေးတစ်ယောက် သေဆုံးသွားလို့ ဝမ်းနည်းနေတဲ့ မိဘတွေကို ကောင်းကင်မှာ ကောင်းကင်တမန် လိုနေလို့ ဘုရား ခေါ်သွားတယ်ဆိုပြီး ပြောကြတယ်။ စာတန်ရဲ့ အဲဒီလိမ်ညာမှုဟာ ဝမ်းနည်းပူဆွေးမှုကို လျော့သွားစေသလား၊ ပိုဆိုးစေသလား။ ချာ့ချ်သွန်သင်ချက် ငြင်းပယ်သူတွေကို သစ်တိုင်မှာ မီးရှို့ခြင်း အပါအဝင် နှိပ်စက်မှုတွေကို ဆင်ခြေပေးဖို့ မီးငရဲ သွန်သင်ချက်အမှားကို လူတွေ သုံးကြတယ်။ အယူမှားသူတွေကို နှိပ်စက်ခြင်းဟာ မသေခင် နောင်တရပြီး ငရဲကနေ လွတ်အောင် “ငရဲကို မြည်းစမ်း” ခိုင်းခြင်းသာ ဖြစ်တယ်လို့ နှိပ်စက်သူတွေ ယူဆကြောင်း စပိန်ခုံရုံးဆိုင်ရာ စာအုပ်တစ်အုပ်က ဆိုတယ်။ နိုင်ငံများစွာမှာ လူတွေဟာ သေဆုံးသွားတဲ့ ဘိုးဘေးတွေကို ကိုးကွယ်ကြတယ်၊ အရိုအသေ ပေးကြတယ်၊ ကောင်းချီး တောင်းခံကြတယ်။ ကိုယ့်ကို ဒုက္ခမပေးစေဖို့ ဘိုးဘေးတွေ စိတ်ဆိုးအောင် မလုပ်ကြဘူး။ စာတန့် လိမ်ညာမှုတွေပေါ် အခြေခံတဲ့ အဲဒီယုံကြည်ချက်တွေဟာ စစ်မှန်တဲ့ နှစ်သိမ့်မှု ပေးမယ့်အစား မလိုအပ်တဲ့ စိုးရိမ်ပူပန်မှုနဲ့ ကြောက်ရွံ့မှုတွေကိုပဲ ဖြစ်ပေါ်စေတယ်။ w19.04 ၁၄ ¶၁။ ၁၆ ¶၁၀