ဖေဖော်ဝါရီ
တနင်္လာနေ့၊ ဖေဖော်ဝါရီ ၁
တရားမျှတခြင်းကို ဘုရား မြတ်နိုးတယ်။ —ဆာ. ၃၃:၅။
ကျမ်းစာမှာ ဖော်ပြထားတဲ့ “တရားမျှတမှု” ဆိုတာ မှန်တယ်လို့ ဘုရားပြောတာကို မျက်နှာမလိုက်ဘဲ လုပ်ဆောင်ခြင်းကို ဆိုလိုတယ်။ ယေရှုရဲ့ လုပ်ရပ်က တရားမျှတမှုကို ဘယ်လို ပေါ်လွင်စေကြောင်း သုံးသပ်ကြည့်ပါ။ ဂျူးဘာသာရေး ခေါင်းဆောင်တွေဟာ ဂျူးမဟုတ်သူတွေကို မုန်းတယ်။ သာမန်လူတန်းစားတွေကို အထင်သေးတယ်။ အမျိုးသမီးတွေကို နှိမ်တယ်။ ယေရှုကတော့ မျက်နှာမလိုက်ဘဲ အားလုံးကို မျှမျှတတ ဆက်ဆံတယ်။ ယုံကြည်ခြင်းရှိတဲ့ လူမျိုးခြားတွေကို လက်ခံတယ်။ (မ. ၈:၅-၁၀၊ ၁၃) ဆင်းရဲချမ်းသာမရွေး အားလုံးကို မခွဲခြားဘဲ ဟောပြောတယ်။ (မ. ၁၁:၅။ လု. ၁၉:၂၊ ၉) အမျိုးသမီးတွေကို ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံဘူး။ သူတစ်ပါး အထင်သေးတဲ့ အမျိုးသမီးတွေကိုတောင် လေးလေးစားစား၊ ကြင်ကြင်နာနာ ဆက်ဆံတယ်။ (လု. ၇:၃၇-၃၉၊ ၄၄-၅၀) တခြားသူတွေကို မျက်နှာမလိုက်ခြင်း၊ လူမှုရေး၊ ဘာသာရေး နောက်ခံ ဘယ်လိုပဲ ရှိပါစေ နားထောင်သူတိုင်းကို ဟောပြောခြင်းအားဖြင့် ယေရှုကို တုပနိုင်ပါတယ်။ အမျိုးသမီးတွေကို လေးလေးစားစား ဆက်ဆံခြင်းအားဖြင့် ခရစ်ယာန်အမျိုးသားတွေဟာ ယေရှုရဲ့ ပုံသက်သေကို တုပကြတယ်။ w19.05 ၂ ¶၁။ ၅ ¶၁၅-၁၇
အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၂
နို့တိုက်မိခင်က ရင်သွေးကို တယုတယ ပြုစုသလို ကျွန်တော်တို့လည်း ခင်ဗျားတို့ကို တယုတယ ဆက်ဆံခဲ့တယ်။—၁ သက်. ၂:၇။
ဒီနေ့ခေတ် သစ္စာရှိ အကြီးအကဲတွေလည်း အကူအညီလိုတဲ့သူတွေကို ကျမ်းစာသုံးပြီး ညင်သာတဲ့စကားတွေနဲ့ နှစ်သိမ့်ပေးကြတယ်။ မတော်မတရား ပြုခံရသူကို အကြီးအကဲတွေပဲ နှစ်သိမ့်ပေးရမှာလား။ မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံး “အချင်းချင်း နှစ်သိမ့်ပေး” ဖို့ တာဝန်ရှိတယ်။ (၁ သက်. ၄:၁၈) အထူးသဖြင့် ရင့်ကျက်တဲ့ ခရစ်ယာန် ညီအစ်မတွေက နှစ်သိမ့်မှု လိုတဲ့ ညီအစ်မတွေကို အားပေးနိုင်တယ်။ သားကို နှစ်သိမ့်ပေးတဲ့ မိခင်နဲ့ မိမိကိုယ်ကို ယေဟောဝါ နှိုင်းယှဉ်ထားတာ သင့်လျော်ပါတယ်။ (ဟေရှာ. ၆၆:၁၃) စိတ်ဓာတ်ကျနေသူတွေကို နှစ်သိမ့်ပေးတဲ့ အမျိုးသမီးတွေအကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ (ယောဘ ၄၂:၁၁) ဒီနေ့ခေတ် ခရစ်ယာန်အမျိုးသမီးတွေဟာ စိတ်ဒဏ်ရာရနေတဲ့ ညီအစ်မတွေကို နှစ်သိမ့်ပေးနေကြောင်း ယေဟောဝါ မြင်တဲ့အခါ သိပ်ဝမ်းသာမှာပဲ။ စိတ်ဒဏ်ရာရနေတဲ့ ညီအစ်မကို နှစ်သိမ့်ပေးဖို့ ရင့်ကျက်တဲ့ ညီအစ်မတစ်ယောက်ကို အကြီးအကဲတွေ တစ်ခါတလေ အကူအညီတောင်းနိုင်တယ်။ ကူညီပေးတဲ့အခါ အတွင်းရေးတွေကို မစပ်စုမိဖို့ သတိထားရမယ်။—၁ သက်. ၄:၁၁။ w19.05 ၁၆-၁၇ ¶၁၀-၁၂
ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၃
ဘယ်ကိစ္စမဆို သက်သေနှစ်ယောက် ဒါမှမဟုတ် သုံးယောက်ရဲ့ ထွက်ဆိုချက် ရှိမှ အတည်ဖြစ်တယ်။—မ. ၁၈:၁၆။
အသင်းတော်မှာ အကြီးအကဲတွေ တရားရေးကိစ္စ မကိုင်တွယ်ခင် အနည်းဆုံး သက်သေနှစ်ယောက် ရှိဖို့ ဘာကြောင့် လိုသလဲ။ အဲဒါဟာ တရားမျှတမှုနဲ့ပတ်သက်တဲ့ ကျမ်းစာ တောင်းဆိုချက် ဖြစ်လို့ပဲ။ ကြီးလေးတဲ့အပြစ် ကျူးလွန်သူက အပြစ်ကို ဝန်မခံရင် အကြီးအကဲတွေ တရားရေး ကော်မတီ ဖွဲ့နိုင်ဖို့ သက်သေနှစ်ယောက် လိုတယ်။ (တရား. ၁၉:၁၅။ ၁ တိ. ၅:၁၉) ကျူးလွန်သူက အပြစ်ကို ဝန်မခံရင် အသိသက်သေတွေကို မေးကြတယ်။ အနည်းဆုံး လူနှစ်ယောက်က စွပ်စွဲချက်ကို အတည်ပြုနိုင်တယ်ဆိုရင် တရားရေး ကော်မတီ ဖွဲ့မှာဖြစ်တယ်။ အဲဒီနှစ်ယောက်မှာ တစ်ယောက်က စွပ်စွဲသူ၊ နောက်တစ်ယောက်က အမှုအကြောင်း သိထားသူ ဖြစ်တယ်။ ဒါပေမဲ့ ဒုတိယသက်သေ မရှိရင်တောင် စွပ်စွဲချက် မမှန်ဘူးလို့ မပြောနိုင်ဘူး။ သက်သေနှစ်ယောက် မရှိပေမဲ့ စွပ်စွဲခံရသူဟာ ကြီးလေးတဲ့အပြစ် ကျူးလွန်ခဲ့တာဖြစ်နိုင်ကြောင်း အကြီးအကဲတွေ သိထားကြတယ်။ ထိခိုက်နစ်နာသွားသူကို အကြီးအကဲတွေ ဆက်ပြီး နှစ်သိမ့်ကူညီပေးမှာဖြစ်တယ်။ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကနေ အသင်းတော်ကို ကာကွယ်ဖို့ စောင့်ကြည့်နေမှာဖြစ်တယ်။—တ. ၂၀:၂၈။ w19.05 ၁၁ ¶၁၅-၁၆
ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၄
အဲဒီအရာတွေကို ဆင်ခြင်သုံးသပ်ပါ။ ဒါမှ လူအားလုံးရှေ့ မင်းရဲ့ တိုးတက်မှုကို ထင်ရှားမြင်သာစေ[မယ်။]—၁ တိ. ၄:၁၅။
ဘယ်လို လေ့လာရမယ်ဆိုတာ သားသမီးတွေကို သင်ပေးဖို့ အရေးကြီးတယ်။ အစည်းအဝေးတွေအတွက် ဘယ်လို ပြင်ဆင်ရမယ်၊ ကျောင်းမှာ ကြုံရတဲ့ ပြဿနာတွေအတွက် ဘယ်လို ရှာဖွေလေ့လာရမယ်ဆိုတာ သားသမီးတွေ သိဖို့ လိုတယ်။ (ဟီ. ၅:၁၄) အိမ်မှာ အချိန်ယူ လေ့လာတဲ့အကျင့် ရှိထားရင် ဗီဒီယိုမပါတဲ့ အစည်းအဝေး၊ အစည်းအဝေးပွဲ၊ အစည်းအဝေးကြီး အစီအစဉ်တွေကို အာရုံစိုက်ဖို့ ပိုလွယ်ကူပါလိမ့်မယ်။ ဘယ်လောက်ကြာကြာ လေ့လာမယ်ဆိုတာ ကလေးရဲ့ အသက်အရွယ်နဲ့ ပင်ကိုအရည်အသွေးပေါ် မူတည်တယ်။ ကျမ်းစာသင်သားတွေလည်း ဘယ်လို လေ့လာရမယ်ဆိုတာ သိဖို့ လိုတယ်။ ကျမ်းစာ လေ့လာခါစမှာ ကျမ်းစာသင်အံမှုအတွက်၊ အစည်းအဝေးအတွက် အဖြေတွေ မျဉ်းသားထားတာ တွေ့ရင် ကျွန်တော်တို့ ဝမ်းသာကြတယ်။ ဒါပေမဲ့ ဘယ်လို ရှာဖွေလေ့လာရမယ်ဆိုတာ သင်ပေးဖို့ လိုတယ်။ ဒါမှ ပြဿနာကြုံတဲ့အခါ လက်တွေ့ကျ အကြံဉာဏ်ရဖို့ ကိုယ်တိုင် ရှာဖွေလေ့လာတတ်လာမယ်။ w19.05 ၂၆ ¶၂။ ၂၈ ¶၁၀-၁၁
သောကြာနေ့၊ ဖေဖော်ဝါရီ ၅
လူတွေရဲ့မှားယွင်းတဲ့ အတွေးအခေါ်တွေ၊ ဘုရားသခင်နဲ့ဆိုင်တဲ့ အသိပညာ မရနိုင်ဖို့ သူတို့ကို တားဆီးနေတဲ့ ထောင်လွှားတဲ့ အယူအဆတွေကို ကျွန်တော်တို့ ဖြိုဖျက်နေတာ။—၂ ကော. ၁၀:၅။
ကျွန်တော်တို့ရဲ့ အတွေးအခေါ်ကို ပြောင်းလဲအောင် လုပ်ဖို့ စာတန် စိတ်ပိုင်းဖြတ်ထားတယ်။ ကျွန်တော်တို့ရဲ့ စိတ်ထဲက ကျမ်းစာ အမှန်တရားကို ဖျက်ဆီးဖို့ နည်းမျိုးစုံ သုံးနေတယ်။ ဧဒင်ဥယျာဉ်မှာ ဧဝကို မေးခဲ့တဲ့ “ဘုရားသခင် တကယ်ပဲ ပြောသလား” ဆိုတဲ့ မေးခွန်းမျိုးကိုပဲ စာတန် ဆက်သုံးနေတယ်။ (က. ၃:၁) စာတန် ထိန်းချုပ်ထားတဲ့ လောကမှာ သံသယဝင်စေတဲ့ ဒီလို မေးခွန်းတွေ ကြားရလေ့ရှိတယ်– ‘လိင်တူလက်ထပ်တာကို ဘုရားသခင် တကယ်ပဲ မနှစ်သက်တာလား။ ခရစ္စမတ်ပွဲ၊ မွေးနေ့ပွဲ ကျင်းပတာကို ဘုရားသခင် တကယ်ပဲ မကြိုက်တာလား။ သွေးမသွင်းဖို့ ဘုရားသခင် တကယ်ပဲ တောင်းဆိုသလား။ နှင်ထုတ်ခံရတဲ့ ဆွေမျိုး၊ မိတ်ဆွေတွေနဲ့ မပေါင်းဖို့ မေတ္တာရှင် ဘုရားသခင် တကယ်ပဲ တောင်းဆိုသလား။’ ကိုယ့်ယုံကြည်ချက်တွေကို စိတ်ချဖို့ လိုတယ်။ အရေးကြီးတဲ့ မေးခွန်းတွေကို အဖြေမရှာရင် သံသယဝင်လာနိုင်တယ်။ သံသယတွေဟာ အတွေးအခေါ်နဲ့ ယုံကြည်ခြင်းကို တဖြည်းဖြည်း ပျက်စီးစေနိုင်တယ်။ w19.06 ၁၂-၁၃ ¶၁၅-၁၇
စနေနေ့၊ ဖေဖော်ဝါရီ ၆
ခင်ဗျားတို့အားလုံး တစ်စိတ်တစ်သဘောတည်း ဖြစ်ပါ။ ကိုယ်ချင်းစာပါ။ ညီရင်းအစ်ကိုမေတ္တာနဲ့ ချစ်ခင်ပါ။ ချစ်ခင်စာနာခြင်း၊ စိတ်နှိမ့်ချခြင်း ရှိကြပါ။—၁ ပေ. ၃:၈။
ယေဟောဝါက ကျွန်တော်တို့ကို အလွန်ချစ်တယ်။ (ယော. ၃:၁၆) မေတ္တာရှင် ဖခင်ကို ကျွန်တော်တို့ တုပချင်တယ်။ ဒါကြောင့် လူအားလုံးကို၊ အထူးသဖြင့် “ယုံကြည်ခြင်းတူတဲ့သူတွေကို” ‘ကိုယ်ချင်းစာမှု၊ ညီရင်းအစ်ကိုမေတ္တာ၊ ချစ်ခင်စာနာမှု’ ပြဖို့ ကြိုးစားကြတယ်။ (ဂလ. ၆:၁၀) စိတ်ဖိစီးစရာ ပြဿနာတွေ ကြုံနေရတဲ့ ညီအစ်ကို/မတွေကို ကျွန်တော်တို့ ကူညီပေးချင်တယ်။ အိမ်ထောင်ဖက် ဆုံးသွားလို့ ကျန်ရစ်ခဲ့သူကို ဘယ်လို နှစ်သိမ့်ပေးနိုင်မလဲ။ အရေးကြီးဆုံးက ဘာပြောရမှန်း မသိရင်တောင် တစ်ခုခု ပြောပေးပါ။ ခင်ပွန်း ရုတ်တရက် ဆုံးသွားတဲ့ ညီအစ်မ ပေါ်လာက “သေခြင်းအကြောင်း လူတွေ မပြောချင်ကြမှန်း သိပါတယ်။ စကားပြောမှားမှာ သူတို့ စိုးရိမ်ကြတယ်။ ဒါပေမဲ့ ဘာမှ မပြောတာက အပြောမှားတာထက် ပိုဆိုးတယ်” လို့ ပြောတယ်။ ကြီးကျယ်တဲ့ စကားတွေနဲ့ နှစ်သိမ့်ပေးဖို့ ဝမ်းနည်းကြေကွဲနေသူတွေ မမျှော်လင့်ပါဘူး။ “‘စိတ်မကောင်းပါဘူး’ လို့ မိတ်ဆွေတွေ ပြောရုံနဲ့တင် ကျေနပ်ပါတယ်” ဆိုပြီး ပေါ်လာ ပြောတယ်။ w19.06 ၂၀ ¶၁။ ၂၃ ¶၁၄
တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၇
ယေဟောဝါဘုရား၊ သူတို့ရဲ့ ခြိမ်းခြောက်စကားကို ကြားလှည့်ပါ။ တရားစကားတော်ကို ရဲရဲရင့်ရင့် ဟောပြောနိုင်ခွင့် ပေးသနားပါ။—တ. ၄:၂၉။
ကျွန်တော်တို့ရဲ့လုပ်ငန်း ပိတ်ပင်ခံရရင် မလိုအပ်ဘဲ အာရုံစိုက်မခံရအောင် အစည်းအဝေးတွေကို အကြီးအကဲတွေ စီစဉ်ပေးပါလိမ့်မယ်။ လူနည်းနည်းပဲ စုဝေးဖို့၊ အစည်းအဝေး အချိန်နဲ့ နေရာကို မကြာခဏ ပြောင်းဖို့ သူတို့ ညွှန်ကြားနိုင်တယ်။ ဟောပြောခြင်းလုပ်ငန်းအတွက်တော့ ဒေသတစ်ခုနဲ့တစ်ခု အခြေအနေတွေ တူမှာ မဟုတ်ဘူး။ ဒါပေမဲ့ ယေဟောဝါကို ချစ်ပြီး တခြားသူတွေကို ဘုရားနိုင်ငံတော်အကြောင်း ဝေမျှချင်တဲ့အတွက် ကျွန်တော်တို့ နည်းလမ်းရှာ ဟောပြောကြပါမယ်။ (လု. ၈:၁) အရင် ဆိုဗီယက်ပြည်ထောင်စုမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်းအကြောင်း သမိုင်းပညာရှင် အမ်မလီ ဘယ်ရန် ဒီလိုပြောတယ်– “တခြားသူတွေကို ယုံကြည်ချက်အကြောင်း မဟောဖို့ အစိုးရ ပြောတဲ့အခါ သက်သေခံတွေဟာ အိမ်နီးချင်း၊ အလုပ်ဖော်၊ မိတ်ဆွေတွေကို ဟောကြတယ်။ အဲဒါကြောင့် အလုပ်ကြမ်းစခန်းဆီ ပို့ခံရတော့လည်း ထောင်သားတွေကို ဟောကြတယ်။” ပိတ်ပင်မှု ကြုံရပေမဲ့ အဲဒီမှာရှိတဲ့ ညီအစ်ကိုတွေဟာ ဟောပြောခြင်းလုပ်ငန်းကို မရပ်ခဲ့ကြဘူး။ သင် နေထိုင်တဲ့ နိုင်ငံမှာ ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ခဲ့ရင် အလားတူ စိတ်ပိုင်းဖြတ်နိုင်ပါစေ။ w19.07 ၁၁ ¶၁၂-၁၃
တနင်္လာနေ့၊ ဖေဖော်ဝါရီ ၈
လူမျိုးတကာဆီ သွားပြီး . . . တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။—မ. ၂၈:၁၉။
ဘာသာတရားမဲ့သူတွေ ဘုရားကို ချစ်လာအောင်၊ ခရစ်တော်ရဲ့ တပည့်ဖြစ်လာအောင် ကျွန်တော်တို့ ဘယ်လို ကူညီနိုင်သလဲ။ လူတွေရဲ့ တုံ့ပြန်ပုံဟာ ကြီးပြင်းတဲ့ ဒေသပေါ် မူတည်ကြောင်း အသိအမှတ်ပြုရမယ်။ ဥပမာ၊ ဥရောပတိုက်သားတွေနဲ့ အာရှတိုက်သားတွေဟာ သတင်းကောင်းကို တစ်ပုံစံတည်း တုံ့ပြန်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲ။ ဥရောပမှာ လူများစွာဟာ ကျမ်းစာအကြောင်း အနည်းအကျဉ်း သိထားကြတယ်။ အရာအားလုံးကို ဘုရား ဖန်ဆင်းတယ်ဆိုတဲ့ အယူအဆကို သိထားကြတယ်။ အာရှမှာတော့ လူအများစုဟာ ကျမ်းစာအကြောင်း မသိသလောက်ပဲ။ ဖန်ဆင်းရှင်ကိုလည်း မယုံကြဘူး။ ဒါကြောင့် အပြုသဘောထား ဆက်ရှိနေပါ။ နှစ်တိုင်း ယေဟောဝါသက်သေ ဖြစ်လာသူတွေထဲမှာ ဘာသာတရားမဲ့သူတွေလည်း ပါတယ်။ သူတို့အများစုဟာ ကိုယ်ကျင့်တရား ကောင်းမွန်သူတွေ၊ ဘာသာရေး အရေခြုံမှုကို ရွံမုန်းသူတွေ ဖြစ်ခဲ့ကြတယ်။ တချို့ကတော့ ကိုယ်ကျင့်တရား မကောင်းသူတွေ၊ အကျင့်ဆိုး ရှိသူတွေ ဖြစ်ခဲ့ကြတယ်။ ဒါကြောင့် “ထာဝရအသက်ရဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားတဲ့သူတွေ” ကို ယေဟောဝါရဲ့ အကူအညီနဲ့ ရှာတွေ့နိုင်ကြောင်း စိတ်ချနိုင်ပါတယ်။—တ. ၁၃:၄၈။ ၁ တိ. ၂:၃၊ ၄။ w19.07 ၂၀-၂၁ ¶၃-၄
အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၉
ကျွန်တော်တို့ အရှုံးမပေးကြဘူး။ —၂ ကော. ၄:၁၆။
ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ဟာ ကောင်းကင်ဖြစ်စေ၊ မြေကြီးပရဒိသုဖြစ်စေ ပန်းတိုင်ရောက်ဖို့ ဆက်ကြိုးစားနေရမယ်။ အခြေအနေ ဘယ်လိုပဲဖြစ်ပါစေ နောက်မှာ ချန်ရစ်ခဲ့တာတွေကို လှည့်မကြည့်သင့်ဘူး။ ဘာအကြောင်းနဲ့မှ အမှုဆောင်ခြင်းကို မရပ်တန့်သင့်ဘူး။ (ဖိ. ၃:၁၆) မျှော်လင့်ချက်တွေ ကြန့်ကြာနိုင်တယ်။ ကာယခွန်အား ဆုတ်ယုတ်လာနိုင်တယ်။ ဒုက္ခနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို နှစ်ပေါင်းများစွာ ခံရပ်နေရတာ ဖြစ်နိုင်တယ်။ ဘာပဲကြုံရပါစေ “ဘာမှ မစိုးရိမ်” ပါနဲ့။ ဘုရားသခင်ဆီ တိုးလျှိုးအသနားခံပါ။ ဒါဆိုရင် လူ့ဉာဏ်နဲ့ မမီနိုင်တဲ့ ငြိမ်သက်ခြင်းကို ဘုရား ပေးပါလိမ့်မယ်။ (ဖိ. ၄:၆၊ ၇) အပြေးသမားဟာ ပန်းဝင်ခါနီးမှာ ပိုအားစိုက်ရသလိုပဲ ကျွန်တော်တို့လည်း အသက်ပြေးပွဲမှာ အဆုံးအထိ ပြေးမယ်ဆိုတဲ့ ပန်းတိုင်ကို အပြည့်အဝ အာရုံစိုက်ကြပါစို့။ ခွန်အားနဲ့ အခြေအနေ ခွင့်ပြုသလောက် အနာဂတ်ကောင်းချီးတွေ ရအောင် အားသွန်ခွန်စိုက် ကြိုးစားကြပါစို့။ w19.08 ၇ ¶၁၆-၁၇
ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၁၀
ငိုကြွေးသူတွေနဲ့အတူ ငိုကြွေးပါ။ —ရော. ၁၂:၁၅။
ဝမ်းနည်းနေသူကို ကျွန်တော်တို့ ဘာပြောရမှန်းမသိ ဖြစ်နေနိုင်တယ်။ အဲဒီအခါ သူတို့နဲ့အတူ ငိုကြွေးလိုက်တာက ကိုယ်လည်း ထပ်တူခံစားရကြောင်း သိစေတယ်။ ယေရှုရဲ့ မိတ်ဆွေ လာဇရု သေဆုံးတဲ့အခါ မာရိ၊ မာသနဲ့ တခြားသူတွေ ငိုကြတယ်။ လေးရက်ကြာပြီးမှ ယေရှု ရောက်လာတယ်။ လာဇရုကို ရှင်ပြန်ထမြောက်ပေးတော့မယ်ဆိုတာ သိနေပေမဲ့ ယေရှု “မျက်ရည်ကျ” ခဲ့တယ်။ (ယော. ၁၁:၁၇၊ ၃၃-၃၅) ယေရှုရဲ့ မျက်ရည်က ယေဟောဝါလည်း ဝမ်းနည်းကြောင်း၊ လာဇရုတို့မိသားစုကို ယေရှု ချစ်ကြောင်း ဖော်ပြတယ်။ အဲဒါက မာရိနဲ့ မာသကို နှစ်သိမ့်မှု ဖြစ်စေခဲ့တယ်။ အဲဒီလိုပဲ ကျွန်တော်တို့ရဲ့ မေတ္တာကို ညီအစ်ကိုတွေ ခံစားမိတဲ့အခါ သူတို့ တစ်ယောက်တည်း မဟုတ်မှန်း၊ ကူညီထောက်မပေးမယ့် မိတ်ဆွေတွေ ရှိနေမှန်း သိလာမယ်။ တစ်ခါတလေ ကောင်းကောင်း နားထောင်ပေးဖို့လောက်ပဲ လိုတာ။ ဒါကြောင့် သူ ရင်ဖွင့်လာတဲ့အခါ နားထောင်ပေးလိုက်ပါ။ “မဆင်မခြင် ပြော” တာကို ဗွေမယူပါနဲ့။ (ယောဘ ၆:၂၊ ၃) သက်သေခံမဟုတ်တဲ့ ဆွေမျိုးတွေကြောင့် သူ စိတ်ဖိစီးနေနိုင်တယ်။ သူနဲ့အတူ ဆုတောင်းပါ။ သူ့ကို ခွန်အားပေးဖို့၊ စိတ်ငြိမ်သက်မှု ပေးဖို့ “ဆုတောင်းသံကို နားထောင်တဲ့အရှင်” ဆီ အသနားခံပါ။—ဆာ. ၆၅:၂။ w19.04 ၁၈-၁၉ ¶၁၈-၁၉
ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၁၁
ဘုရားကို ရင်ဖွင့်ကြပါ။—ဆာ. ၆၂:၈။
ကျွန်တော်တို့ဟာ လယ်ကွင်းမှာဖြစ်စေ၊ ဗေသလမှာဖြစ်စေ ကိုယ်အမှုဆောင်တဲ့ နေရာဒေသနဲ့ လူတွေကို သံယောဇဉ်တွယ်မိနိုင်တယ်။ အကြောင်းတစ်ခုခုကြောင့် တာဝန်ကို စွန့်ရတဲ့အခါ ကြေကွဲမိနိုင်တယ်။ အထူးသဖြင့် နှိပ်စက်ညှဉ်းပန်းမှုကြောင့် ထွက်ရတာမျိုးဆိုရင် ကျန်ရစ်ခဲ့တဲ့သူတွေကို သတိရပြီး စိုးရိမ်မိနိုင်တယ်။ (မ. ၁၀:၂၃။ ၂ ကော. ၁၁:၂၈၊ ၂၉) တာဝန်သစ်ရတဲ့အခါ၊ ကိုယ့်နေရင်းဒေသကို ပြန်ရတဲ့အခါမှာတောင် ယဉ်ကျေးမှုသစ်မှာ နေသားကျဖို့ ခက်နိုင်တယ်။ မမျှော်လင့်ထားတဲ့ ငွေကြေးအခက်အခဲတွေလည်း ကြုံရနိုင်တယ်။ မသေချာမရေရာတာ၊ မလုံခြုံတာ၊ စိတ်ဓာတ်ကျတာတွေကို ခံစားရနိုင်တယ်။ ဘာက ကူညီပေးနိုင်သလဲ။ ယေဟောဝါနဲ့ ဆက်ရင်းနှီးနေပါ။ (ယာ. ၄:၈) ဆက်ရင်းနှီးအောင် ဘယ်လို လုပ်နိုင်သလဲ။ “ဆုတောင်းသံကို နားထောင်တဲ့အရှင်” ကို ယုံကြည်ကိုးစားခြင်းအားဖြင့်ပါပဲ။ (ဆာ. ၆၅:၂) ယေဟောဝါဟာ “ကျွန်တော်တို့ တောင်းလျှောက်သမျှ၊ ကြံစည်သမျှထက် အတိုင်းထက်အလွန် လုပ်ဆောင်နိုင်” တယ်။ (ဧ. ၃:၂၀) ကျွန်တော်တို့ ဆုတောင်းသလောက်ပဲ ကူညီပေးတာ မဟုတ်ဘူး။ မမျှော်လင့်ထားတဲ့နည်းတွေ၊ မစဉ်းစားဖူးတဲ့နည်းတွေနဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တယ်။ w19.08 ၂၁ ¶၅-၆
သောကြာနေ့၊ ဖေဖော်ဝါရီ ၁၂
သူတို့က ဘုရင်တွေကို . . .အာမဂေဒုန်လို့ခေါ်တဲ့ အရပ်မှာ စုရုံးတယ်။—ဗျာ. ၁၆:၁၆။
တချို့က “အာမဂေဒုန်” ကို နျူကလီးယား စစ်ပွဲ ဒါမှမဟုတ် သဘာဝဘေးဆိုး တစ်ခုခုနဲ့ ဆက်စပ်ပြောကြတယ်။ ကျမ်းစာမှာတော့ အာမဂေဒုန်ကို ဝမ်းသာစရာ သတင်းကောင်းနဲ့ ဆက်စပ်ထားတယ်။ (ဗျာ. ၁:၃) အာမဂေဒုန်စစ်ပွဲဟာ လူတွေကို ဖျက်ဆီးဖို့ မဟုတ်ဘဲ ကယ်တင်ဖို့ ဖြစ်တယ်။ ဘယ်နည်းနဲ့လဲ။ လူ့အုပ်ချုပ်မှုကို အဆုံးတိုင်ပေးခြင်းအားဖြင့်ပါပဲ။ ဆိုးသွမ်းမှုကို ဖယ်ရှားပေးပြီး ဖြောင့်မတ်သူတွေကို ဆက်အသက်ရှင်စေခြင်း၊ ကမ္ဘာဂြိုဟ် မပျက်စီးအောင် ကာကွယ်ပေးခြင်းအားဖြင့် လူတွေကို ကယ်တင်မယ်။ (ဗျာ. ၁၁:၁၈) ကျမ်းစာမှာ “အာမဂေဒုန်” ဆိုတဲ့ စကားလုံး တစ်ကြိမ်ပဲ ပါတယ်။ “မေဂိဒေါတောင်” လို့ အဓိပ္ပာယ်ရတဲ့ ဟီဘရူးစကားလုံးကနေ ဆင်းသက်လာတယ်။ (ဗျာ. ၁၆:၁၆၊ အောက်ခြေမှတ်ချက်) မေဂိဒေါဆိုတာ ရှေးအစ္စရေးနိုင်ငံရဲ့ မြို့တစ်မြို့ ဖြစ်တယ်။ (ယောရှု ၁၇:၁၁) ဒါပေမဲ့ အာမဂေဒုန်ဆိုတာ ကမ္ဘာပေါ်က ပကတိ နေရာဒေသတစ်ခုကို ဆိုလိုတာ မဟုတ်ဘူး။ အတိအကျပြောရရင် “လူနေထိုင်ရာ မြေတစ်ပြင်လုံးမှာရှိတဲ့ ဘုရင်တွေ” ယေဟောဝါကို ဆန့်ကျင်ဖို့ စုရုံးလာတဲ့ အခြေအနေကို ဆိုလိုတယ်။—ဗျာ. ၁၆:၁၄။ w19.09 ၈ ¶၁-၃
စနေနေ့၊ ဖေဖော်ဝါရီ ၁၃
သူ့ရောဂါကို ဘယ်သူမှ မကုပေးနိုင်ဘူး။ —လု. ၈:၄၃။
အဲဒီအမျိုးသမီးဟာ အကူအညီ အလွန်လိုအပ်နေတယ်။ ရောဂါသက်သာဖို့ သမားတော်ပေါင်းစုံနဲ့ ကုပြီးပြီ။ ၁၂ နှစ် ကြာသွားတာတောင် ရောဂါ မပျောက်သေးဘူး။ ပညတ်တရားအရ သူဟာ မသန့်ရှင်းသူဖြစ်တယ်။ (ဝတ်. ၁၅:၂၅) ရောဂါသည်တွေကို ယေရှု ကုပေးနိုင်ကြောင်း ကြားတဲ့အခါ ယေရှုကို ရှာဖို့ ထွက်လာတယ်။ တွေ့တာနဲ့ ဝတ်လုံအမြိတ်ကို တို့လိုက်တဲ့အခါ ချက်ချင်း ရောဂါပျောက်သွားတယ်။ ယေရှုဟာ ရောဂါကုပေးရုံလောက်သာ မဟုတ်ဘဲ သူ့ကို ဂုဏ်တင်လေးစားခဲ့တယ်။ ဥပမာ၊ သူနဲ့စကားပြောတဲ့အခါ “သမီး” ဆိုပြီး ကြင်ကြင်နာနာ သုံးနှုန်းခဲ့တယ်။ အဲဒီအမျိုးသမီး အလွန် လန်းဆန်းအားတက်သွားမှာပဲ။ (လု. ၈:၄၄-၄၈) အမျိုးသမီးဟာ ယေရှုဆီ သွားခဲ့တယ်။ ဒါက အစပြုလုပ်ဆောင်တာ ဖြစ်တယ်။ ဒီနေ့လည်း ကျွန်တော်တို့က ယေရှုဆီ သွားဖို့ ကြိုးစားအားထုတ်ရမယ်။ အခုအချိန်မှာ ယေရှုက မိမိဆီ လာတဲ့သူတွေကို အံ့ဖွယ်နည်းနဲ့ ရောဂါကုပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ “ကျွန်တော့်ဆီ လာကြပါ။ ခင်ဗျားတို့ကို လန်းဆန်းစေမယ်” လို့ ဖိတ်ခေါ်နေဆဲပဲ။—မ. ၁၁:၂၈။ w19.09 ၂၀ ¶၂-၃
တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၁၄
ကျွန်တော် ကြည့်လိုက်တဲ့အခါ . . . လူအုပ်ကြီးတစ်အုပ်ကို မြင်တယ်။ သူတို့ဟာ လူမျိုးတွေ၊ မျိုးနွယ်တွေ၊ လူစုတွေ၊ ဘာသာစကားအမျိုးမျိုး ပြောဆိုသူတွေထဲက ထွက်လာသူတွေပဲ။—ဗျာ. ၇:၉။
ပရောဖက် ဇာခရိလည်း အလားတူ ကြိုဟောထားတယ်– “အဲဒီအချိန်ရောက်တဲ့အခါ ဘာသာစကား အမျိုးမျိုးပြောတဲ့ လူမျိုးတွေထဲက လူဆယ်ယောက်ဟာ ဂျူးလူမျိုးတစ်ယောက်ရဲ့ ဝတ်ရုံကို မြဲမြဲကိုင်ပြီး ‘ခင်ဗျားတို့နဲ့အတူ ဘုရားသခင်ရှိတယ်လို့ ကြားတဲ့အတွက် ကျွန်တော်တို့လည်း လိုက်ချင်ပါတယ်’ လို့ပြောကြလိမ့်မယ်။” (ဇာ. ၈:၂၃) ဘာသာစကား အမျိုးမျိုးပြောတဲ့ လူမျိုးတွေထဲက လူတွေကို စုသိမ်းနိုင်ဖို့ သတင်းကောင်းကို ဘာသာစကားများစွာနဲ့ ဟောပြောရမယ်ဆိုတာ ယေဟောဝါသက်သေတွေ သိတယ်။ လက်ရှိအချိန်မှာ ဘာသာစကား ရာပေါင်းများစွာနဲ့ ဘာသာပြန်နေတယ်။ ဒါဟာ သမိုင်းမှာ အကြီးမားဆုံး ဘာသာပြန်ဆိုမှုပါပဲ။ လူမျိုးအပေါင်းကနေ လူအုပ်ကြီးကို စုသိမ်းခြင်းဆိုတဲ့ ခေတ်သစ် အံ့ဖွယ်အမှုကြီးကို ယေဟောဝါ လုပ်ဆောင်နေတာ သေချာတယ်။ ကမ္ဘာတစ်ဝန်းက လူမျိုးနောက်ခံ မျိုးစုံကနေ ထွက်လာတဲ့ ဒီအုပ်စုကြီးဟာ ကျမ်းစာစာပေတွေကို ဘာသာစကားများစွာနဲ့ ရရှိထားလို့ ယေဟောဝါကို စည်းလုံးစွာ ဝတ်ပြုနေကြတယ်။ ထက်သန်စွာ ဟောပြောနေပြီး ညီရင်းအစ်ကိုမေတ္တာ ပြနေကြတယ်။ ဒါက ယုံကြည်ခြင်း ခိုင်ခံ့စေတယ် မဟုတ်လား။—မ. ၂၄:၁၄။ ယော. ၁၃:၃၅။ w19.09 ၃၀-၃၁ ¶၁၆-၁၇
တနင်္လာနေ့၊ ဖေဖော်ဝါရီ ၁၅
ဒီလောကတည်ချိန်ကနေ အခုထိ မဖြစ်ဖူးသေးတဲ့၊ နောင်လည်း ဖြစ်မှာ မဟုတ်တဲ့ ကြီးစွာသောဒုက္ခဟာ အဲဒီအချိန်မှာ ဖြစ်လာမှာမို့လို့ပဲ။—မ. ၂၄:၂၁။
လောကမှာ တည်မြဲမယ်လို့ ထင်ခဲ့တာအားလုံး ကြီးစွာသောဒုက္ခအတွင်း ပြိုလဲပျက်စီးတာကို မြင်ရတဲ့အတွက် လူတွေ အံ့ဩသွားလိမ့်မယ်။ လူ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံး အချိန်ဖြစ်လို့ သူတို့ သေမှာ ကြောက်ပြီး “ဝေဒနာ ခံစားရ” လိမ့်မယ်။ (ဇေ. ၁:၁၄၊ ၁၅) အဲဒီအချိန်မှာ ယေဟောဝါရဲ့ လူမျိုးအတွက်လည်း ပိုခက်လာလိမ့်မယ်။ လောကနဲ့ မပတ်သက်တဲ့အတွက် အခက်အခဲတွေ ကြုံရနိုင်တယ်။ လိုအပ်ရာတချို့ မရှိဘဲ ဖြစ်နိုင်တယ်။ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ဟာ ကြီးစွာသောဒုက္ခအတွင်း ကျွန်တော်တို့ ဆက်သစ္စာရှိနိုင်အောင် အခုကတည်းက နည်းလမ်းများစွာနဲ့ ပြင်ဆင်ပေးနေတယ်။ (မ. ၂၄:၄၅) ဥပမာတစ်ခုအနေနဲ့ ၂၀၁၆ ကနေ ၂၀၁၈ အတွင်း ပြုလုပ်ခဲ့တဲ့ ခရိုင်အစည်းအဝေး အစီအစဉ်တွေကို သုံးသပ်ကြည့်ပါ။ ယေဟောဝါရဲ့ နေ့ နီးလာတာနဲ့အမျှ ကျွန်တော်တို့ လိုအပ်တဲ့ အရည်အသွေးတွေ တိုးများလာဖို့ အဲဒီလို အစီအစဉ်တွေကတစ်ဆင့် အားပေးခံနေရတယ်။ w19.10 ၁၄ ¶၂။ ၁၆ ¶၁၀။ ၁၇ ¶၁၂
အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၁၆
“ယေဟောဝါရဲ့ စားပွဲ” နဲ့ နတ်ဆိုးတွေရဲ့ စားပွဲ နှစ်ခုစလုံးမှာ သုံးဆောင်လို့ မရဘူး။ —၁ ကော. ၁၀:၂၁။
အစာကို မျိုချလိုက်ပြီဆိုရင် ဒီအစာရဲ့ အကျိုးသက်ရောက်မှုကို ကျွန်တော်တို့ ထိန်းချုပ်လို့ မရတော့ဘူး။ အာဟာရရှိတဲ့ အစာက ကျန်းမာစေနိုင်တယ်။ အာဟာရ မရှိတဲ့ အစာကတော့ ကျန်းမာရေး ထိခိုက်စေနိုင်တယ်။ ရလဒ်ကို ချက်ချင်း မသိနိုင်ပေမဲ့ တဖြည်းဖြည်း သိသာလာမယ်။ အလားတူပဲ၊ ဘယ်ဖျော်ဖြေမှုကို ရွေးချယ်မယ်ဆိုတာ ကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်။ ဒါပေမဲ့ ရွေးချယ်ပြီးနောက်မှာတော့ ကျွန်တော်တို့ရဲ့ စိတ်နှလုံးအပေါ် ဖျော်ဖြေမှုရဲ့ အကျိုးသက်ရောက်ပုံကို ထိန်းချုပ်လို့ မရတော့ဘူး။ ကောင်းတဲ့ ဖျော်ဖြေမှုက လန်းဆန်းစေပြီး အကျိုးမပြုတဲ့ ဖျော်ဖြေမှုကတော့ ထိခိုက်စေနိုင်တယ်။ (ယာ. ၁:၁၄၊ ၁၅) မကောင်းတဲ့ ဖျော်ဖြေမှုရဲ့ ဆိုးကျိုးတွေဟာ ချက်ချင်း မသိသာပေမဲ့ တဖြည်းဖြည်း သိသာလာမယ်။ ဒါကြောင့် “လူဟာ မျိုးစေ့ကြဲတဲ့အတိုင်း ရိတ်သိမ်းရလိမ့်မယ်။ အပြစ်ရှိတဲ့ အလိုဆန္ဒအတိုင်း မျိုးစေ့ကြဲတဲ့သူက အပြစ်ရှိတဲ့ အလိုဆန္ဒအတိုင်း ပျက်စီးခြင်းကိုပဲ ရိတ်သိမ်းရလိမ့်မယ်” လို့ ကျမ်းစာမှာ သတိပေးတယ်။ (ဂလ. ၆:၇၊ ၈) ယေဟောဝါ ရွံမုန်းတဲ့ အရာတွေကို အားပေးအားမြှောက်လုပ်တဲ့ ဖျော်ဖြေမှုအားလုံးကို ငြင်းပယ်ဖို့ အရေးကြီးတယ်။—ဆာ. ၉၇:၁၀။ w19.10 ၃၀ ¶၁၂-၁၄
ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၁၇
ဘုရားသခင် ချစ်ရတဲ့ သားသမီးတွေ ဖြစ်နေတဲ့အတွက် ဘုရားသခင်ကို အတုယူကြပါ။ မေတ္တာလမ်းစဉ်မှာ လျှောက်လှမ်းနေကြပါ။ —ဧ. ၅:၁၊ ၂။
ကျွန်တော်တို့အတွက် ရွေးဖိုးအဖြစ် သားတော်ကို ပေးခြင်းအားဖြင့် ယေဟောဝါ မေတ္တာပြခဲ့တယ်။ (ယော. ၃:၁၆) ယေဟောဝါရဲ့ မေတ္တာကို ဘယ်လို တုပနိုင်သလဲ။ ညီအစ်ကို/မ ယောက်တိုင်းကို တန်ဖိုးရှိသူအဖြစ် ရှုမြင်ပါ။ ယေဟောဝါဆီ ပြန်လာတဲ့ “လမ်းပျောက်တဲ့သိုး” ကို ဝမ်းသာအားရ ကြိုဆိုပါ။ (ဆာ. ၁၁၉:၁၇၆။ လု. ၁၅:၇၊ ၁၀) လိုအပ်ချိန်မှာ အတတ်နိုင်ဆုံး ကူညီပေးခြင်းအားဖြင့် ညီအစ်ကို/မတွေကို ချစ်ကြောင်း ပြပါ။ (၁ ယော. ၃:၁၇) ကိုယ်ကျိုးစွန့်မေတ္တာ ပြဖို့ နောက်လိုက်တွေကို ယေရှု မိန့်မှာတယ်။ (ယော. ၁၃:၃၄၊ ၃၅) ဒါဟာ ပညတ်အသစ် ဖြစ်တယ်။ အစ္စရေးတွေကို ဘုရားပေးတဲ့ ပညတ်မှာ မတောင်းဆိုထားတဲ့ မေတ္တာမျိုးကို ပညတ်အသစ်မှာ တောင်းဆိုထားလို့ပဲ။ ကျွန်တော်တို့ကို ယေရှု ချစ်သလို ယုံကြည်သူချင်းတွေကို ချစ်ရမယ်။ အဲဒီလိုချစ်နိုင်ဖို့ ကိုယ်ကျိုးစွန့်မေတ္တာ လိုအပ်တယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တာထက် ညီအစ်ကို/မတွေကို ပိုချစ်ရမယ်။ ယေရှုလို အသက်စွန့်တဲ့အထိ ချစ်ရမယ်။ w19.05 ၄ ¶၁၁-၁၃
ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၁၈
တောင်းမြဲတောင်းပါ၊ ရလိမ့်မယ်။ ရှာမြဲရှာပါ၊ တွေ့လိမ့်မယ်။ ခေါက်မြဲခေါက်ပါ၊ တံခါးပွင့်လာလိမ့်မယ်။—လု. ၁၁:၉။
စွမ်းအားတော် အကူအညီ ရဖို့ စွဲစွဲမြဲမြဲ ဆုတောင်းရမယ်။ (လု. ၁၁:၁၃) လုကာ ၁၁:၅-၉ မှာ ပါတဲ့ ယေရှုရဲ့ ပုံဥပမာက ယေဟောဝါ ဘာကြောင့် သန့်ရှင်းသော စွမ်းအားတော် ပေးကြောင်း နားလည်စေတယ်။ ပုံဥပမာမှာပါတဲ့ လူဟာ အိမ်ရှင်ကောင်း ဖြစ်ချင်တယ်။ ညဉ့်နက်မှာ လာတဲ့ ဧည့်သည်ကို ဧည့်ခံချင်ပေမဲ့ ကျွေးစရာ ဘာမှ မရှိဘူး။ ဒါပေမဲ့ ဇွဲမလျှော့ဘဲ တောင်းတဲ့အတွက် အိမ်နီးချင်းက မုန့်ကို ထပေးတယ်။ ယေရှု ဘာကို ဆိုလိုတာလဲ။ မစုံလင်တဲ့ လူသားတောင် ဇွဲမလျှော့ဘဲ တောင်းတဲ့သူကို ကူညီပေးတယ်ဆိုရင် ကြင်နာတတ်တဲ့ ကောင်းကင်ဖခင်က စွမ်းအားတော် ရဖို့ ဇွဲမလျှော့ဘဲ တောင်းတဲ့သူကို ပိုလို့တောင် ပေးမှာ ဖြစ်တယ်။ ဒါကြောင့် စွမ်းအားတော်ကို ယေဟောဝါ ပေးမယ်ဆိုတဲ့ ယုံကြည်စိတ်ချမှုနဲ့ ဆုတောင်းနိုင်ပါတယ်။ (ဆာ. ၁၀:၁၇။ ၆၆:၁၉) ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ စာတန် ဘယ်လောက်ပဲ ကြိုးစားပါစေ ကျွန်တော်တို့ ရှုံးနိမ့်မှာ မဟုတ်ဘူး။ w19.11 ၁၃ ¶၁၇-၁၉
သောကြာနေ့၊ ဖေဖော်ဝါရီ ၁၉
လူသူမရှိတဲ့ နေရာဆီ သွားပြီး ခဏတစ်ဖြုတ် နားရအောင်။—မာ. ၆:၃၁။
မိမိနဲ့ တမန်တော်တွေ တစ်ခါတလေ အနားယူဖို့ လိုအပ်မှန်း ယေရှု သိတယ်။ ယေရှုခေတ်နဲ့ ဒီနေ့ခေတ် လူများစွာဟာ ယေရှုရဲ့ ပုံဥပမာထဲက သူဌေးနဲ့ တူတယ်။ အဲဒီသူဌေးက “အေးအေးဆေးဆေး စားသောက်ပြီး ဇိမ်နဲ့ပဲ နေတော့မယ်” လို့ ပြောတယ်။ (လု. ၁၂:၁၉။ ၂ တိ. ၃:၄) သူ့အတွက် အနားယူဖို့နဲ့ ဇိမ်ခံဖို့က အရေးကြီးဆုံးပဲ။ ဒါပေမဲ့ ယေရှုနဲ့ တမန်တော်တွေကတော့ အပျော်အပါးကို အဓိကမထားဘူး။ ဒီနေ့အချိန်မှာ ကျွန်တော်တို့လည်း ယေရှုကို တုပပြီး အလုပ်နားချိန်တွေကို အနားယူဖို့လောက်သာ မဟုတ်ဘဲ တခြားသူတွေကို သက်သေခံခြင်း၊ အစည်းအဝေးတက်ရောက်ခြင်း စတာတွေ လုပ်ဆောင်ဖို့လည်း အသုံးပြုကြတယ်။ တပည့်ဖြစ်စေခြင်းလုပ်ငန်းနဲ့ အစည်းအဝေး တက်ရောက်ခြင်းက အလွန် အရေးကြီးတဲ့အတွက် ပုံမှန် ပါဝင်ဖို့ ကြိုးစားကြတယ်။ (ဟီ. ၁၀:၂၄၊ ၂၅) အားလပ်ခွင့်ယူပြီး ခရီးသွားနေချိန်မှာတောင် အစည်းအဝေးတွေ တက်ကြတယ်၊ ဆုံတွေ့ရသူတွေကို အခွင့်အရေး ရှာပြီး ကျမ်းစာအကြောင်း ပြောကြတယ်။—၂ တိ. ၄:၂။ w19.12 ၇ ¶၁၆-၁၇
စနေနေ့၊ ဖေဖော်ဝါရီ ၂၀
[အစပြုလုပ်ဆောင်ခဲ့တဲ့ အလုပ်ကို] အပြီးသတ်လိုက်ပါ။—၂ ကော. ၈:၁၁။
ကိုယ့်ဘဝလမ်းစဉ်ကို စိတ်ကြိုက်ရွေးချယ်ဖို့ ကျွန်တော်တို့ကို ယေဟောဝါ ခွင့်ပြုထားတယ်။ ဆုံးဖြတ်ချက်ကောင်း ချနိုင်ပုံကို သင်ပေးပြီး ဘုရား နှစ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ အောင်မြင်အောင် ကူညီပေးတယ်။ (ဆာ. ၁၁၉:၁၇၃) ကျမ်းစာအကြံဉာဏ်ကို လိုက်နာလေ ဆုံးဖြတ်ချက်ကောင်းတွေ ပိုချနိုင်လေပဲ။ (ဟီ. ၅:၁၄) ဆုံးဖြတ်ချက်ကောင်း ချပြီးရင်တောင် အဲဒီအတိုင်း ပြီးစီးအောင် လုပ်ဖို့ ခက်နိုင်တယ်။ ဥပမာတချို့ သုံးသပ်ကြည့်ပါ– ညီအစ်ကိုငယ်တစ်ဦးဟာ ကျမ်းစာတစ်အုပ်လုံး အပြီးဖတ်ဖို့ ဆုံးဖြတ်တယ်။ အပတ်အနည်းငယ် ကြာပြီးနောက် ဆက်မဖတ်ဖြစ်တော့ဘူး။ ညီအစ်မတစ်ယောက် မှန်မှန်ရှေ့ဆောင် လုပ်ဖို့ ဆုံးဖြတ်ပေမဲ့ မလုပ်ဖြစ်ဘဲ အချိန်ဆွဲနေတယ်။ အကြီးအကဲအဖွဲ့ကလည်း အသင်းတော်မှာ သိုးထိန်းလည်ပတ်မှု များများ လုပ်ဖို့ သဘောတူ ဆုံးဖြတ်ပေမဲ့ လအတော်ကြာတဲ့အထိ မလုပ်ဖြစ်ဘူး။ အဲဒီဖြစ်ရပ်တွေမှာ တူညီချက်တစ်ခု ရှိတယ်။ ဆုံးဖြတ်တဲ့အတိုင်း ပြီးစီးအောင် မလုပ်နိုင်ခြင်းပါပဲ။ w19.11 ၂၆ ¶၁-၂
တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၂၁
ဝီရိယရှိသူရဲ့ အစီအစဉ်တွေ ကျိန်းသေ အောင်မြင်လိမ့်မယ်။—ပညာ. ၂၁:၅။
ယေရှုက ကျွန်တော်တို့ခေတ်ကို “နောဧလက်ထက်” နဲ့ နှိုင်းယှဉ်ခဲ့တယ်။ ‘အလွန် ခက်ခဲကျပ်တည်းတဲ့ ကာလ’ မှာ ကျွန်တော်တို့ အသက်ရှင်နေရတယ်။ (မ. ၂၄:၃၇။ ၂ တိ. ၃:၁) ဒါကြောင့် မောင်နှံတချို့က အမှုဆောင်လုပ်ငန်းမှာ ပိုအချိန်ပေးနိုင်ဖို့ သားသမီး မယူကြသေးဘူး။ သားသမီး ယူမလား၊ ဘယ်နှယောက် ယူမလဲ ဆုံးဖြတ်တဲ့အခါ ပညာရှိ ဇနီးမောင်နှံတွေဟာ “ကုန်ကျစရိတ်ကို တွက်ချက်” ကြတယ်။ (လု. ၁၄:၂၈၊ ၂၉) သားသမီး ကျွေးမွေးစောင့်ရှောက်ရတာဟာ ငွေကုန်ကြေးကျများပြီး အချိန်နဲ့ ခွန်အား ကုန်တယ်ဆိုတာ သားသမီးရှိတဲ့ မိဘတိုင်း သိတယ်။ ဒါကြောင့် ‘မိသားစုရဲ့ အခြေခံ လိုအပ်ရာတွေ ရဖို့ နှစ်ယောက်စလုံး အလုပ် လုပ်မလား။ ဘာတွေကို “အခြေခံ လိုအပ်ရာ” အဖြစ် သတ်မှတ်မယ်ဆိုပြီး သဘောတူထားသလား။ နှစ်ယောက်စလုံး အလုပ်လုပ်ရင် သားသမီးတွေကို ဘယ်သူ ထိန်းမလဲ။ သူတို့ရဲ့ စဉ်းစားပုံ၊ လုပ်ရပ်တွေကို ဘယ်သူတွေ ဩဇာလွှမ်းမိုးမလဲ’ စတဲ့ မေးခွန်းတွေကို ဆွေးနွေးဖို့ အရေးကြီးတယ်။ အဲဒီမေးခွန်းတွေကို ဆွေးနွေးထားတဲ့ မောင်နှံတွေဟာ ဒီနေ့ နေ့စဉ်ကျမ်းချက်မှာပါတဲ့ စကားတွေကို ကျင့်သုံးရာရောက်တယ်။ w19.12 ၂၃-၂၄ ¶၆-၇
တနင်္လာနေ့၊ ဖေဖော်ဝါရီ ၂၂
ဘုရားသခင့် နိုင်ငံတော်အတွက် ကျွန်တော့်ရဲ့ လုပ်ဖော်ဆောင်ဖက်တွေဆိုလို့ သူတို့ပဲ ရှိတာ။ ကျွန်တော့်ကို တကယ် အားပေးထောက်မခဲ့သူတွေပါ။ —ကော. ၄:၁၁။
တမန်တော် ပေါလုဟာ အသက်အန္တရာယ် တစ်မျိုးပြီးတစ်မျိုး ကြုံခဲ့ရတယ်။ (၂ ကော. ၁၁:၂၃-၂၈) ကျန်းမာရေး ပြဿနာ ဖြစ်နိုင်တဲ့ “ကိုယ်ခန္ဓာမှာ စူးတဲ့ဆူး” ကိုလည်း ခံခဲ့ရတယ်။ (၂ ကော. ၁၂:၇) တစ်ချိန်က လုပ်ဖော်ဆောင်ဖက် ဒေမဟာ “လက်ရှိ လောကစနစ်ကို စွဲလမ်း” ပြီး မိမိကို ထားခဲ့တဲ့အတွက် ပေါလု စိတ်ဓာတ်ကျခဲ့တယ်။ (၂ တိ. ၄:၁၀) ပေါလုဟာ တခြားသူတွေကို သတ္တိရှိရှိ ကိုယ်ကျိုးစွန့် ကူညီပေးတဲ့ ဘိသိက်ခံ ဖြစ်ပေမဲ့ ကိုယ်တိုင် စိတ်ဓာတ်ကျတဲ့ အချိန်တွေ ရှိတယ်။ (ရော. ၉:၁၊ ၂) ပေါလုဟာ လိုအပ်တဲ့ အားပေးထောက်မမှု ရခဲ့တယ်။ ဘယ်နည်းနဲ့လဲ။ ယေဟောဝါက သန့်ရှင်းသော စွမ်းအားတော် သုံးပြီး ပေါလုကို အားပေးတယ်။ (၂ ကော. ၄:၇။ ဖိ. ၄:၁၃) ခရစ်ယာန်ချင်းတွေကတစ်ဆင့်လည်း အားပေးထောက်မတယ်။ လုပ်ဖော်ဆောင်ဖက်တချို့ဟာ မိမိကို “တကယ် အားပေးထောက်မ” ခဲ့တယ်လို့ ပေါလု ပြောတယ်။ (ကော. ၄:၁၁) အာရိတ္တာခု၊ တုခိတ်၊ မာကုတို့ကို နာမည်နဲ့တကွ ပေါလု ဖော်ပြတယ်။ ပေါလု ခံရပ်နိုင်ဖို့ သူတို့ အားပေးခဲ့ကြတယ်။ w20.01 ၈ ¶၂-၃
အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၂၃
ခင်ဗျားတို့ရဲ့ ဉာဏ်မျက်စိကို ဘုရား ဖွင့်ပေး[တယ်။]—ဧ. ၁:၁၈။
ဘိသိက်ပေး မခံရသူကို “တစ်ဖန် မွေးဖွားခြင်း” အကြောင်း၊ “စွမ်းအားတော်နဲ့ မွေးဖွားခြင်း” အကြောင်း အတိအကျ ရှင်းပြဖို့ မဖြစ်နိုင်ဘူးလို့ ယေရှု ပြောတယ်။ (ယော. ၃:၃-၈) ခရစ်ယာန်တွေ ဘိသိက်ပေးခံရတဲ့အခါ စဉ်းစားပုံ ဘယ်လို ပြောင်းလဲသွားသလဲ။ အဲဒီခရစ်ယာန်တွေဟာ ဘိသိက်ပေး မခံရခင်တုန်းက မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ကြတယ်။ ဆိုးသွမ်းမှုအားလုံးကို ယေဟောဝါ ဖယ်ရှားပေးမယ့်အချိန်၊ မြေကြီးကို ပရဒိသုအဖြစ် ပြောင်းလဲပေးမယ့်အချိန်ကို စိတ်ထက်သန်စွာ စောင့်မျှော်ခဲ့တယ်။ သေဆုံးသွားတဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေ ထမြောက်လာတာကို ကြိုဆိုနေတယ်လို့တောင် မြင်ယောင်ခဲ့မှာပဲ။ ဒါပေမဲ့ ဘိသိက်ပေးခံရပြီးနောက် သူတို့ရဲ့ စဉ်းစားပုံ ပြောင်းလဲသွားတယ်။ ဘာကြောင့်လဲ။ မြေကြီးမျှော်လင့်ချက်ကို မကြိုက်တော့လို့ မဟုတ်ပါဘူး။ စိတ်ဓာတ်ကျစရာတွေ၊ အဖြစ်ဆိုးတွေကြောင့် စိတ်ပြောင်းသွားတာလည်း မဟုတ်ဘူး။ မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ရမှာကို ငြီးငွေ့လို့လည်း မဟုတ်ဘူး။ ယေဟောဝါက သန့်ရှင်းသော စွမ်းအားတော် သုံးပြီး သူတို့ရဲ့ စဉ်းစားပုံနဲ့ မျှော်လင့်ချက်ကို ပြောင်းလဲပေးလိုက်လို့ပါ။ w20.01 ၂၂ ¶၉-၁၁
ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၂၄
အထက်အာဏာပိုင်တွေကို လူတိုင်း လက်အောက်ခံရမယ်။—ရော. ၁၃:၁။
အစ္စရေးတွေကို ဘုရားပေးတဲ့ ပညတ်အောက်မှာ ခန့်အပ်ခံ အမျိုးသားတွေဟာ ဘုရားရေးရာကိစ္စတွေသာမက အငြင်းပွားမှုတွေ၊ ရာဇဝတ်မှုတွေကိုပါ ကိုင်တွယ်ရတယ်။ “ခရစ်တော်ရဲ့ တရား” အောက်မှာတော့ အကြီးအကဲတွေဟာ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ အပိုင်းကိုပဲ ကိုင်တွယ်ရတယ်။ (ဂလ. ၆:၂) အငြင်းပွားမှုတွေနဲ့ ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖို့ လောကအာဏာပိုင်တွေကို ဘုရား အခွင့်အာဏာပေးထားကြောင်း သူတို့ အသိအမှတ်ပြုကြတယ်။ အဲဒီထဲမှာ ဒဏ်ငွေရိုက်တာ၊ ထောင်ချတာတွေ ပါဝင်တယ်။ (ရော. ၁၃:၂-၄) အကြီးအကဲတွေဟာ ကြီးလေးတဲ့အပြစ် ကျူးလွန်သူကို ဘယ်လို ကိုင်တွယ်သလဲ။ ကိစ္စတွေကို ကျမ်းစာနဲ့ ဆန်းစစ်ပြီးမှ ဆုံးဖြတ်ချက် ချကြတယ်။ ခရစ်တော်ရဲ့တရားဟာ မေတ္တာကို အခြေခံကြောင်း စိတ်စွဲမှတ်ထားကြတယ်။ အသင်းတော်ထဲက မတော်မတရားပြုခံရသူကို ဘယ်လို ကူညီပေးရမလဲဆိုတာ ထည့်စဉ်းစားဖို့ မေတ္တာက အကြီးအကဲတွေကို လှုံ့ဆော်ပေးတယ်။ အပြစ်ကျူးလွန်သူနဲ့ပတ်သက်ရင်လည်း သူနောင်တရသလား၊ ဘုရားနဲ့ ဆက်ဆံရေး ပြန်ကောင်းလာအောင် ကူညီပေးနိုင်မလားဆိုတာတွေကို ထည့်စဉ်းစားဖို့ မေတ္တာက အကြီးအကဲတွေကို လှုံ့ဆော်ပေးတယ်။ w19.05 ၇ ¶၂၃-၂၄
ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၂၅
အဖဘုရားကြောင့် ကျွန်တော် အသက်ရှင်နေတယ်။—ယော. ၆:၅၇။
ဖခင်ဟာ မိမိကို အသက်ပေးထားပြီး အသက်ဆက်ရှင်နိုင်ဖို့ ထောက်မပေးနေတယ်ဆိုတာ သိလို့ အထက်ပါအတိုင်း ယေရှု ပြောတယ်။ ဖခင်ကို ယေရှု အကြွင်းမဲ့ ယုံကြည်ကိုးစားတယ်။ ယေဟောဝါကလည်း ယေရှုရဲ့ ရုပ်ပိုင်းလိုအပ်ချက်တွေ၊ အထူးသဖြင့် ဘုရားရေးရာ လိုအပ်ချက်တွေကို ထောက်မပေးတယ်။ (မ. ၄:၄) ကျွန်တော်တို့ရဲ့ ဘုရားရေးရာ လိုအပ်ချက်တွေကိုလည်း ယေဟောဝါ ထောက်မပေးတယ်။ ကျမ်းစာကတစ်ဆင့် မိမိနဲ့ပတ်သက်တဲ့ အမှန်တရား၊ ရည်ရွယ်ချက်၊ ဘဝအဓိပ္ပာယ်၊ အနာဂတ်အကြောင်း ဖော်ပြတယ်။ မိဘ ဒါမှမဟုတ် ကျမ်းစာသင်ပေးသူ တစ်ယောက်ကို သုံးပြီး မိမိအကြောင်း သင်ပေးတယ်။ အသင်းတော် အကြီးအကဲတွေ၊ တခြား ရင့်ကျက်တဲ့ ညီအစ်ကို/မတွေကတစ်ဆင့်လည်း မေတ္တာပါပါ ကူညီပေးတယ်။ အသင်းတော် အစည်းအဝေးတွေကတစ်ဆင့် ကျွန်တော်တို့ကို သွန်သင်ပေးတယ်။ ဒီနည်းတွေအပြင် တခြားနည်းတွေနဲ့လည်း ဖခင်မေတ္တာ ပြတယ်။—ဆာ. ၃၂:၈။ w20.02 ၃ ¶၈။ ၅ ¶၁၃
သောကြာနေ့၊ ဖေဖော်ဝါရီ ၂၆
ငြိမ်သက်ခြင်းရှိစေတဲ့အရာ၊ အားပေးမှုဖြစ်စေတဲ့အရာတွေကို လုပ်ဆောင်ဖို့ အစွမ်းကုန် ကြိုးစားကြ[ပါ။]—ရော. ၁၄:၁၉။
မနာလိုစိတ် ရှိရင် ငြိမ်သက်မှု ရှိနိုင်မှာ မဟုတ်ဘူး။ မနာလိုစိတ်ကို စိတ်နှလုံးထဲကနေ ဖယ်ထုတ်ပစ်ရမယ်။ တခြားသူတွေရဲ့ စိတ်ထဲ မနာလိုစိတ် ပေါ်လာအောင် မလုပ်ရဘူး။ မနာလိုစိတ်ကို တိုက်ထုတ်ဖို့ တခြားသူတွေကို ဘယ်လို သတ်သတ်မှတ်မှတ် ကူညီနိုင်သလဲ။ ငြိမ်သက်မှု ဘယ်လို တိုးများစေနိုင်သလဲ။ ကျွန်တော်တို့ရဲ့ သဘောထားနဲ့ လုပ်ရပ်က တခြားသူတွေအပေါ် အတော် ဩဇာညောင်းနိုင်တယ်။ လောကက ကိုယ့်မှာ ရှိတာတွေကို “ဝါကြွား” စေချင်တယ်။ (၁ ယော. ၂:၁၆) အဲဒီသဘောထားက မနာလိုစိတ် ဝင်စေတယ်။ ကိုယ့်ပိုင်ဆိုင်မှုတွေအကြောင်း၊ ကိုယ်ဝယ်ဖို့ စီစဉ်ထားတာတွေအကြောင်း အမြဲ မပြောခြင်း၊ အသင်းတော် အခွင့်ထူးတွေနဲ့ပတ်သက်ပြီး ကျိုးနွံမှု ရှိခြင်းအားဖြင့် တခြားသူတွေရဲ့ စိတ်ထဲ မနာလိုစိတ် မဝင်အောင် ကူညီပေးနိုင်တယ်။ ကိုယ်ရထားတဲ့ အခွင့်ထူးတွေ အကြောင်းပဲ ပြောနေတာက မနာလိုစိတ် ကြီးထွားအောင် မြေဩဇာ ပေးနေတာနဲ့ တူတယ်။ အဲဒီအစား တခြားသူတွေကို စိတ်ရင်းမှန်နဲ့ စိတ်ဝင်စားခြင်း၊ သူတို့ရဲ့ လုပ်ရပ်ကောင်းတွေကို အသိအမှတ်ပြုခြင်းအားဖြင့် ရောင့်ရဲတတ်လာအောင် ကူညီပေးနိုင်တယ်။ ဒါက အသင်းတော်မှာလည်း ငြိမ်သက်စည်းလုံးမှု တိုးများစေတယ်။ w20.02 ၁၈ ¶၁၅-၁၆
စနေနေ့၊ ဖေဖော်ဝါရီ ၂၇
ဘုရားသခင်ကို မမြင်ရပေမဲ့ ဖန်ဆင်းထားရာတွေကို ကြည့်ပြီး ဘုရားသခင်ရဲ့ . . . အရည်အသွေးတွေ[ကို] လောကကို ဖန်ဆင်းချိန်ကတည်းက အထင်အရှား သိမြင်နိုင်တယ်။—ရော. ၁:၂၀။
ဖန်ဆင်းရာတွေကတစ်ဆင့် ယေဟောဝါအကြောင်း သင်ယူနိုင်တယ်။ (ဗျာ. ၄:၁၁) သစ်ပင်နဲ့ တိရစ္ဆာန်တွေကို ဖန်ဆင်းထားပုံမှာ တွေ့ရတဲ့ ဘုရားရဲ့ ဉာဏ်ပညာအကြောင်း တွေးကြည့်ပါ။ သင့်ရဲ့ အံ့ဖွယ်ကိုယ်ခန္ဓာအကြောင်း နည်းနည်းလောက် လေ့လာကြည့်လိုက်ပါ။ (ဆာ. ၁၃၉:၁၄) နေစွမ်းအင်အကြောင်းလည်း စဉ်းစားကြည့်ပါ။ ဒါတောင် နေဟာ ကြယ်သန်းထောင်ပေါင်းများစွာထဲက တစ်လုံးပဲ ရှိသေးတယ်။ (ဟေရှာ. ၄၀:၂၆) အဲဒါတွေကို စဉ်းစားရင် ယေဟောဝါကို ပိုလေးစားလာမယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ ဉာဏ်ပညာနဲ့ တန်ခိုးအကြောင်း သိတာက ဘုရားနဲ့ သင့်ဆက်ဆံရေးအတွက် အခြေခံသာ ဖြစ်တယ်။ ယေဟောဝါကို ပိုချစ်လာဖို့ ဘုရားအကြောင်း ပိုသိရမယ်။ သင့်ကို ယေဟောဝါ ဂရုစိုက်ကြောင်း စိတ်ချနေဖို့ လိုတယ်။ “ဘုရားကို ရှာဖွေမယ်ဆိုရင် အတွေ့ခံမယ်” ဆိုတာ သတိရပါ။ (၁ ရာ. ၂၈:၉) ကျွန်တော်တို့ကို ယေဟောဝါ “ဆွဲဆောင်” နေတယ်။ (ယော. ၆:၄၄) ယေဟောဝါ လုပ်ဆောင်ပေးတာတွေကို ကျေးဇူးတင်လေးမြတ်လေ ဘုရားကို ပိုချစ်လေ ဖြစ်လာမယ်။ w20.03 ၄ ¶၆-၇
တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၂၈
ကရုဏာတော် ခံစားရလို့ ဒီအမှုတော်ကို ဆောင်ရွက်နေရတာ။ ဒါကြောင့် အရှုံးမပေးဘူး။—၂ ကော. ၄:၁။
တမန်တော် ပေါလုဟာ ဘဝမှာ အမှုဆောင်လုပ်ငန်းကို အဓိကထားခြင်းအားဖြင့် ပုံသက်သေကောင်း ပြခဲ့တယ်။ ဒုတိယ သာသနာပြုခရီးစဉ်အတွင်း ကောရိန္သုမြို့မှာ ငွေကြေးခက်ခဲလာလို့ ခဏလောက် တဲရှင်ချုပ်ခဲ့ရတယ်။ “အဖိုးအခ မယူဘဲ” ကောရိန္သုမြို့သားတွေကို သတင်းကောင်း ဟောနိုင်အောင် ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့ဖို့သာ အလုပ်လုပ်ခဲ့တာ ဖြစ်တယ်။ (၂ ကော. ၁၁:၇) ပေါလုဟာ လောကအလုပ် လုပ်ခဲ့ရပေမဲ့ အမှုဆောင်လုပ်ငန်းကို ဆက်ဦးစားထားပြီး ဥပုသ်နေ့တိုင်း ဟောပြောတယ်။ အခြေအနေ အဆင်ပြေလာတဲ့အခါ ဟောပြောခြင်းလုပ်ငန်းကို ပိုအာရုံစိုက်နိုင်ခဲ့တယ်။ ‘တရားစကား ဟောပြောတဲ့အလုပ်ကိုပဲ အာရုံစိုက်ပြီး ယေရှုဟာ ခရစ်တော်ဖြစ်တဲ့အကြောင်း ဂျူးတွေကို သက်သေခံတယ်။’ (တ. ၁၈:၃-၅။ ၂ ကော. ၁၁:၉) နောက်ပိုင်း ရောမမြို့မှာ နေအိမ် အကျယ်ချုပ်ဘဝနဲ့ နှစ်နှစ် နေရချိန် လာတဲ့ဧည့်သည်တွေကို သက်သေခံပြီး စာတွေ ရေးတယ်။ (တ. ၂၈:၁၆၊ ၃၀၊ ၃၁) ဘာအကြောင်းကြောင့်မှ အမှုဆောင်လုပ်ငန်းကနေ အာရုံမလွဲသွားဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ w19.04 ၄ ¶၉