ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • es21
  • မတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မတ်
  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • တနင်္လာနေ့၊ မတ် ၁
  • အင်္ဂါနေ့၊ မတ် ၂
  • ဗုဒ္ဓဟူးနေ့၊ မတ် ၃
  • ကြာသပတေးနေ့၊ မတ် ၄
  • သောကြာနေ့၊ မတ် ၅
  • စနေနေ့၊ မတ် ၆
  • တနင်္ဂနွေနေ့၊ မတ် ၇
  • တနင်္လာနေ့၊ မတ် ၈
  • အင်္ဂါနေ့၊ မတ် ၉
  • ဗုဒ္ဓဟူးနေ့၊ မတ် ၁၀
  • ကြာသပတေးနေ့၊ မတ် ၁၁
  • သောကြာနေ့၊ မတ် ၁၂
  • စနေနေ့၊ မတ် ၁၃
  • တနင်္ဂနွေနေ့၊ မတ် ၁၄
  • တနင်္လာနေ့၊ မတ် ၁၅
  • အင်္ဂါနေ့၊ မတ် ၁၆
  • ဗုဒ္ဓဟူးနေ့၊ မတ် ၁၇
  • ကြာသပတေးနေ့၊ မတ် ၁၈
  • သောကြာနေ့၊ မတ် ၁၉
  • စနေနေ့၊ မတ် ၂၀
  • တနင်္ဂနွေနေ့၊ မတ် ၂၁
  • တနင်္လာနေ့၊ မတ် ၂၂
  • အင်္ဂါနေ့၊ မတ် ၂၃
  • ဗုဒ္ဓဟူးနေ့၊ မတ် ၂၄
  • ကြာသပတေးနေ့၊ မတ် ၂၅
  • သောကြာနေ့၊ မတ် ၂၆
  • အောက်မေ့ရာပွဲ နေ့စွဲ
    နေဝင်ပြီးနောက်
    စနေနေ့၊ မတ် ၂၇
  • တနင်္ဂနွေနေ့၊ မတ် ၂၈
  • တနင်္လာနေ့၊ မတ် ၂၉
  • အင်္ဂါနေ့၊ မတ် ၃၀
  • ဗုဒ္ဓဟူးနေ့၊ မတ် ၃၁
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၁
es21

မတ်

တနင်္လာနေ့၊ မတ် ၁

“တသီးတခြားနေကြ။ မသန့်ရှင်းတဲ့အရာကို လက်နဲ့တောင် မထိနဲ့တော့” ဆိုပြီး ယေဟောဝါ ပြောတယ်။—၂ ကော. ၆:၁၇။

ယေဟောဝါနဲ့ ကျမ်းစာကို ချစ်မြတ်နိုးခြင်းက ကျမ်းစာနဲ့ မညီတဲ့ ဓလေ့ထုံးစံတွေမှာ ပါဝင်ဖို့ ဆွေမျိုး၊ မိတ်ဆွေတွေ စိတ်ရင်းမှန်နဲ့ ဖိအားပေးတဲ့အခါမှာတောင် ဘုရားကို နာခံဖို့ ခွန်အားရှိစေတယ်။ သေလွန်သူကို မချစ်ဘူး၊ မလေးစားဘူးလို့ သူတို့ စွပ်စွဲနိုင်တယ်။ ကိုယ့်လုပ်ရပ်ကြောင့် သေလွန်သူက ကျန်ရစ်သူတွေကို တစ်နည်းနည်းနဲ့ ဒုက္ခပေးလိမ့်မယ်လို့လည်း ပြောနိုင်တယ်။ လူတစ်ယောက် သေဆုံးပြီးနောက် “ဝိညာဉ်” ဟာ အနီးနားမှာ ရှိနေပြီး မလေးမစား လုပ်ခဲ့သူတွေကို ဒုက္ခပေးတယ်လို့ ကရစ်ဘီယံနိုင်ငံတစ်ခုမှာ ယုံကြည်ကြတယ်။ “ဝိညာဉ်ဟာ တစ်မျိုးလုံးကိုတောင် ဒုက္ခပေးနိုင်တယ်” လို့ စာအုပ်တစ်အုပ် ဆိုတယ်။ အာဖရိကထုံးစံတစ်ခုမှာ သေလွန်သူရဲ့ အိမ်မှာရှိတဲ့ မှန်တွေကို ဖုံးပြီး သူ့ဓာတ်ပုံတွေကို မှောက်ထားရတယ်။ ဘာကြောင့်လဲ။ လူသေတွေ ကိုယ့်ကိုယ်ကိုယ် မမြင်စေဖို့ပဲ ဆိုပြီး ပြောကြတယ်။ ယေဟောဝါရဲ့ ကျေးကျွန်တွေကတော့ စာတန့် လိမ်ညာမှုတွေကို အားပေးတဲ့ ယုံတမ်းစကားတွေ၊ ဓလေ့ထုံးစံတွေနဲ့ လုံးဝ မပတ်သက်ကြဘူး။—၁ ကော. ၁၀:၂၁၊ ၂၂။ w19.04 ၁၆ ¶၁၁-၁၂

အင်္ဂါနေ့၊ မတ် ၂

ကိုယ့်ကို ပြုမူဆက်ဆံစေချင်တဲ့အတိုင်း သူတစ်ပါးကို ပြုမူဆက်ဆံပါ။—မ. ၇:၁၂။

တခြားသူတွေကို မျှမျှတတ ဆက်ဆံနိုင်အောင် ကူညီပေးမယ့် မူတွေအကြောင်း နောက်လိုက်တွေကို ယေရှု သင်ပေးတယ်။ ဥပမာ၊ ရွှေပညတ်အကြောင်း စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ အားလုံး မျှမျှတတ ဆက်ဆံခံချင်ကြတယ်။ ဒါကြောင့် တခြားသူတွေကို မျှမျှတတ ဆက်ဆံသင့်တယ်။ အဲဒီလိုလုပ်ရင် ကိုယ့်ကိုလည်း မျှမျှတတ ဆက်ဆံလာပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ မမျှမတ ဆက်ဆံခံနေရတယ် ဆိုရင်ကော။ ‘နေ့ညမပြတ် တောင်းလျှောက်သူတွေ’ ကို ယေဟောဝါ “တရားသဖြင့် စီရင်ပေး” မယ်ဆိုတာ စိတ်ချဖို့ နောက်လိုက်တွေကို ယေရှု သင်ပေးတယ်။ (လု. ၁၈:၆၊ ၇) အဲဒါဟာ တကယ်တော့ ကတိပဲ။ တရားမျှတတဲ့ဘုရားက ဒီနောက်ဆုံးကာလမှာ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ စမ်းသပ်မှုတွေကို သိပြီး သတ်မှတ်ထားချိန်မှာ တရားမျှတစွာ စီရင်ပေးမယ်ဆိုတဲ့ ကတိပဲ။ (၂ သက်. ၁:၆) ယေရှု သင်ပေးတဲ့ မူတွေကို လိုက်နာမယ်ဆိုရင် တခြားသူတွေကို ကျွန်တော်တို့ မျှမျှတတ ဆက်ဆံပါလိမ့်မယ်။ စာတန့်လောကမှာ မမျှမတ ဆက်ဆံခံနေရတယ်ဆိုရင် ကျွန်တော်တို့ကို ယေဟောဝါ တရားမျှတစွာ စီရင်ပေးမယ် ဆိုတဲ့ အချက်ကနေ နှစ်သိမ့်မှု ရနိုင်ပါတယ်။ w19.05 ၅ ¶၁၈-၁၉

ဗုဒ္ဓဟူးနေ့၊ မတ် ၃

ခင်ဗျားတို့ရဲ့ မျှော်လင့်ခြင်းအကြောင်း မေးမြန်းသူတိုင်းကို ပြန်ပြောပြဖို့ အမြဲအသင့်ရှိကြပါ။ ဒါပေမဲ့ နူးညံ့တဲ့သဘော၊ အလွန်လေးစားတဲ့သဘောနဲ့ ပြောပါ။—၁ ပေ. ၃:၁၅။

သင်ဟာ ကျောင်းနေတဲ့ လူငယ်လား။ အတန်းဖော်တွေ မွေးနေ့ပွဲ ကျင်းပကြမှာပဲ။ မွေးနေ့ပွဲမှာ သင် မပါရတဲ့ အကြောင်းရင်းကို ကျမ်းစာနဲ့ ရှင်းပြချင်ပေမဲ့ မရှင်းပြနိုင်ဘူးလို့ ခံစားနေရတယ်။ ဒါဆို လေ့လာမှုလုပ်ဖို့ လိုနေပြီ။ ထားနိုင်တဲ့ ပန်းတိုင်နှစ်ခုက (၁) မွေးနေ့ပွဲကို ဘုရား မနှစ်သက်ဘူးဆိုတဲ့ ယုံကြည်ချက် ခိုင်မာအောင် လုပ်ဖို့၊ (၂) အမှန်တရားကို ရှင်းပြနိုင်စွမ်း တိုးတက်စေဖို့ ဖြစ်တယ်။ (မ. ၁၄:၆-၁၁) ‘အတန်းဖော်တွေ ဘာကြောင့် မွေးနေ့ပွဲ လုပ်ကြသလဲ’ ဆိုတာ ဦးဆုံး စဉ်းစားပါ။ အဖွဲ့အစည်းထုတ် စာပေတွေမှာ အသေအချာ ရှာဖွေလေ့လာပါ။ ကိုယ့်ယုံကြည်ချက်ကို ခုခံကာကွယ်တာ ထင်သလောက် မခက်ပါဘူး။ လူအများစုက မွေးနေ့ပွဲကို တခြားသူတွေ လုပ်လို့ လိုက်လုပ်ကြတာ ဖြစ်တယ်။ အချက်တစ်ချက် နှစ်ချက်လောက် ရှာထားမယ်ဆိုရင် စိတ်ရင်းမှန်နဲ့ မေးသူတွေကို အဖြေပေးနိုင်ပါလိမ့်မယ်။—ကော. ၄:၆။ w19.05 ၂၉ ¶၁၃

ကြာသပတေးနေ့၊ မတ် ၄

မိခင်က သားကို နှစ်သိမ့်ပေးသလို ငါကလည်း မင်းတို့ကို နှစ်သိမ့်ပေးမယ်။—ဟေရှာ. ၆၆:၁၃။

ဧလိယဟာ အသက်ဘေးကနေ လွတ်အောင် ထွက်ပြေးရတဲ့အခါ သေချင်လောက်အောင် စိတ်ဓာတ်ကျခဲ့တယ်။ သူ့ဆီကို ကောင်းကင်တမန်တစ်ပါး ယေဟောဝါ စေလွှတ်တယ်။ အဲဒီကောင်းကင်တမန်က ဧလိယကို လက်တွေ့ကျကျ ကူညီပေးတယ်။ စားစရာ ပူပူနွေးနွေး ပြင်ဆင်ပေးပြီး စားဖို့ တိုက်တွန်းတယ်။ (၁ ဘု. ၁၉:၅-၈) ဒီမှတ်တမ်းက အရေးပါတဲ့အချက်ကို ဖော်ပြတယ်။ တစ်ခါတလေ ကြင်နာတဲ့ လုပ်ရပ်လေးတစ်ခုက အလွန် အထောက်အကူ ပြုနိုင်တယ်။ ထမင်းတစ်နပ်၊ လက်ဆောင်သေးသေးလေး ဒါမှမဟုတ် ကတ်လေးတစ်ခုက စိတ်ဓာတ်ကျနေတဲ့ ညီအစ်ကို/မကို ချစ်ကြောင်း၊ စိုးရိမ်ပူပန်ကြောင်း သိစေနိုင်တယ်။ အတွင်းရေးတွေ၊ ရင်နာစရာတွေကို ကိုယ့်ဘက်က ပြောဆိုဖို့ ခက်နေရင်တောင် အဲဒီလို လက်တွေ့ကျကျ ကူညီနိုင်တယ်။ ဟောရပ်တောင်အထိ ဧလိယ သွားနိုင်ဖို့ လိုအပ်တဲ့ ခွန်အားကို အံ့ဖွယ်နည်းနဲ့ ယေဟောဝါ ပေးခဲ့တယ်။ မိမိကို သတ်ချင်သူတွေ လက်ကနေ လွတ်ပြီလို့ ဧလိယ ခံစားခဲ့ရမှာပဲ။ ဘာသင်ခန်းစာ သင်ယူနိုင်သလဲ။ မတော်မတရား ပြုခံရသူကို နှစ်သိမ့်ပေးချင်ရင် သူ့အိမ်မှာဖြစ်စေ၊ နိုင်ငံတော်ခန်းမမှာဖြစ်စေ အရင်ဆုံး သူ ဘေးကင်းလုံခြုံတယ်လို့ ခံစားရအောင် ကူညီပေးပါ။ w19.05 ၁၆ ¶၁၁။ ၁၇ ¶၁၃-၁၄

သောကြာနေ့၊ မတ် ၅

တစ်ပြည်လုံး . . . ငိုကြွေးမြည်တမ်းကြလိမ့်မယ်။ နာသန်အမျိုးရဲ့ မိသားစု . . . ငိုကြွေးမြည်တမ်းကြလိမ့်မယ်။—ဇာ. ၁၂:၁၂၊ ၁၃။

မေရှိယ သေဆုံးခြင်းအကြောင်း ကြိုဟောထားတဲ့ ဇာခရိ အခန်းကြီး ၁၂ ကို ဖတ်တယ် ဆိုပါစို့။ (ဇာ. ၁၂:၁၀) အခန်းငယ် ၁၂ မှာ “နာသန်အမျိုးရဲ့ မိသားစု” ဟာ မေရှိယ သေဆုံးလို့ ငိုကြွေးမြည်တမ်းလိမ့်မယ်လို့ ပြောထားတယ်။ အပေါ်ယံ ဖတ်သွားမယ့်အစား ခဏရပ်ပြီး ‘နာသန်အမျိုးရဲ့ မိသားစုနဲ့ မေရှိယ ဘယ်လို ဆက်စပ်နေသလဲ’ လို့ စဉ်းစားပါ။ နည်းနည်းလေး ပိုစူးစမ်းရှာဖွေလိုက်တဲ့အခါ ကျမ်းညွှန်းမှာ ၂ ရှမွေလ ၅:၁၃၊ ၁၄ ကို တွေ့ရတယ်။ နာသန်ဟာ ဘုရင်ဒါဝိဒ်ရဲ့ သားတစ်ယောက် ဖြစ်တယ်လို့ ပြောထားတယ်။ ဒုတိယကျမ်းညွှန်း လုကာ ၃:၂၃၊ ၃၁ မှာတော့ ယေရှုဟာ မာရိရဲ့ ဘိုးဘေး နာသန်ကနေ ဆင်းသက်လာကြောင်း ဖော်ပြထားတယ်။ စိတ်ဝင်စားစရာပါပဲ မဟုတ်လား။ ယေရှုဟာ ဒါဝိဒ်ကနေ ဆင်းသက်လာမယ်လို့ ကြိုဟောထားကြောင်း သင်သိထားတယ်။ (မ. ၂၂:၄၂) ဒါပေမဲ့ ဒါဝိဒ်မှာ သား ၂၀ ကျော် ရှိတယ်။ ယေရှု သေဆုံးခြင်းကြောင့် နာသန်အမျိုးရဲ့ မိသားစု ငိုကြွေးတယ်လို့ ဇာခရိ သတ်သတ်မှတ်မှတ် ဖော်ပြတာ အံ့ဩစရာပဲ မဟုတ်လား။ w19.05 ၃၀ ¶၁၇

စနေနေ့၊ မတ် ၆

ဘုရားသခင်ရဲ့ ကောင်းမြတ်တဲ့၊ လက်ခံဖွယ်ဖြစ်တဲ့၊ ပြီးပြည့်စုံလင်တဲ့ အလိုတော်ကို ကောင်းကောင်း သိနိုင်ဖို့ ခင်ဗျားတို့ရဲ့ စိတ်သဘောကို ပြုပြင်ပြောင်းလဲကြပါ။—ရော. ၁၂:၂။

ဘာလုပ်ဖို့ လိုသလဲ။ ပုံမှန် လေ့လာမှုလုပ်မှ ကျမ်းစာအမှန်တရားကို ကောင်းကောင်း သိနိုင်မယ်။ ယေဟောဝါရဲ့ စံနှုန်းတွေ မှန်ကန်ကြောင်း အပြည့်အဝ စိတ်ချနိုင်မယ်။ ဒါဆိုရင် နက်နက်ရှိုင်းရှိုင်း အမြစ်စွဲနေတဲ့ သစ်ပင်လို “ယုံကြည်တဲ့စိတ်နဲ့ အခိုင်အမာ ရပ်တည်” နိုင်ပါလိမ့်မယ်။ (ကော. ၂:၆၊ ၇) ယုံကြည်ခြင်း ခိုင်မာအောင် သင့်ကိုယ်စား ဘယ်သူမှ လုပ်ပေးလို့ မရဘူးဆိုတာ သတိရပါ။ ဒါကြောင့် စိတ်သဘောကို အသစ်ဖြစ်အောင် ကိုယ်တိုင် ပြုပြင်ပြောင်းလဲနေရမယ်။ မပြတ် ဆုတောင်းရမယ်။ ယေဟောဝါရဲ့ စွမ်းအားတော် အကူအညီကို တောင်းခံရမယ်။ နက်နက်နဲနဲ တွေးတောဆင်ခြင်ရမယ်။ သင့်ရဲ့ အတွေးအခေါ်နဲ့ စိတ်ရင်းကို ဆန်းစစ်နေရမယ်။ အတွေးအခေါ် ပြောင်းနိုင်အောင် ကူညီပေးမယ့် အပေါင်းအသင်းကောင်းတွေကို ရွေးချယ် ပေါင်းသင်းရမယ်။ ဒီနည်းအားဖြင့် စာတန့်လောကရဲ့ အဆိပ် မသင့်အောင် ကာကွယ်နိုင်မယ်။ ‘လူတွေရဲ့ မှားယွင်းတဲ့ အတွေးအခေါ်တွေ၊ ဘုရားသခင်နဲ့ဆိုင်တဲ့ အသိပညာ မရနိုင်ဖို့ တားဆီးနေတဲ့ ထောင်လွှားတဲ့ အယူအဆတွေကို’ အောင်မြင်စွာ ဖြိုဖျက်နိုင်ပါလိမ့်မယ်။—၂ ကော. ၁၀:၅။ w19.06 ၁၃ ¶၁၇-၁၈

တနင်္ဂနွေနေ့၊ မတ် ၇

အဖဘုရားသခင်ရဲ့ အမြင်မှာ စင်ကြယ်ပြီး အညစ်အကြေးကင်းစင်တဲ့ ဝတ်ပြုမှုကတော့ မိဘမဲ့တွေ၊ မုဆိုးမတွေ ဒုက္ခရောက်တဲ့အခါ ကြည့်ရှုစောင့်ရှောက်တာ. . .ဖြစ်တယ်။—ယာ. ၁:၂၇။

မုဆိုးမ နောမိနားမှာ အမြဲရှိနေပေးတဲ့ ရုသလိုပဲ ချစ်ရသူ သေဆုံးလို့ ကျန်ရစ်သူတွေကို အမြဲ ထောက်မပေးဖို့ လိုတယ်။ (ရု. ၁:၁၆၊ ၁၇) ပေါ်လာ ဒီလိုပြောတယ်– “ကျွန်မယောက်ျား ဆုံးပြီးပြီးချင်းမှာ အကူအညီတွေ အများကြီး ရတယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ လူတွေလည်း ပုံမှန် ပြန်ဖြစ်သွားကြတယ်။ ကျွန်မရဲ့ဘဝကတော့ လုံးလုံးပြောင်းလဲသွားပြီ။ ဝမ်းနည်းပူဆွေးသူတွေဟာ လနဲ့ချီ၊ နှစ်နဲ့ချီပြီး ထောက်မမှု လိုနေဆဲပဲဆိုတာကို လူတွေ အသိအမှတ်ပြုတာ အကူအညီဖြစ်စေတယ်။” တစ်ယောက်နဲ့ တစ်ယောက်တော့ မတူကြပါဘူး။ တချို့က အခြေအနေသစ်မှာ အမြန် နေသားကျသွားတယ်။ တချို့ကျတော့ အိမ်ထောင်ဖက်နဲ့ အတူလုပ်ဆောင်ခဲ့တာတွေကို အမှတ်ရတိုင်း နာကျင်ခံစားနေတတ်တယ်။ ဝမ်းနည်းပုံချင်း မတူကြဘူး။ အိမ်ထောင်ဖက် သေဆုံးသွားလို့ ကျန်ရစ်သူတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ ကျွန်တော်တို့ကို ယေဟောဝါ အခွင့်ထူးနဲ့ တာဝန် ပေးအပ်ထားကြောင်း သတိရကြပါစို့။ w19.06 ၂၄ ¶၁၆

တနင်္လာနေ့၊ မတ် ၈

ရှေ့မှာ လူဆိုးတွေ ရှိနေသရွေ့ ပါးချုပ်တပ်ပြီး နှုတ်ကို စောင့်စည်းမယ်။—ဆာ. ၃၉:၁။

ပိတ်ပင်မှု ကြုံရတဲ့အခါ ဘယ်အချိန်မှာ “နှုတ်ဆိတ်” နေရမယ်ဆိုတာ သိရမယ်။ (ဒေ. ၃:၇) ညီအစ်ကို/မတွေရဲ့ နာမည်၊ အစည်းအဝေး လုပ်တဲ့နေရာ၊ ဟောပြောခြင်းလုပ်ငန်း လုပ်ဆောင်ပုံ၊ ကျမ်းစာအခြေပြုစာပေတွေ ရရှိပုံ စတဲ့ အရေးကြီး အချက်အလက်တွေကို လျှို့ဝှက်ထားရမယ်။ အာဏာပိုင်တွေကို မပြောရုံလောက်သာမက ကိုယ့်နိုင်ငံကဖြစ်စေ၊ တခြားနိုင်ငံကဖြစ်စေ စိတ်ရင်းကောင်းတဲ့ မိတ်ဆွေတွေ၊ ဆွေမျိုးတွေကိုလည်း မပြောရဘူး။ အဲဒီထောင်ချောက်ကို မရှောင်ရင် ညီအစ်ကို/မတွေကို အန္တရာယ်ရှိစေနိုင်တယ်။ ဘာမဟုတ်တဲ့ကိစ္စလေးတွေကြောင့် စိတ်ဝမ်းမကွဲပါနဲ့။ စိတ်ဝမ်းကွဲနေတဲ့ မိသားစုဟာ တည်မြဲနိုင်မှာ မဟုတ်မှန်း စာတန် သိတယ်။ (မာ. ၃:၂၄၊ ၂၅) စာတန်က ကျွန်တော်တို့ စိတ်ဝမ်းကွဲရင် သူ့ကို တိုက်မယ့်အစား အချင်းချင်း တိုက်ကြမယ်ဆိုတာ သိထားတဲ့အတွက် ကျွန်တော်တို့ စိတ်ဝမ်းကွဲအောင် မပြတ် ကြိုးစားနေတယ်။ ရင့်ကျက်တဲ့ ခရစ်ယာန်တွေတောင် အဲဒီထောင်ချောက်ထဲ မကျအောင် ဂရုစိုက်ရမယ်။ ညီအစ်ကို/မတွေနဲ့ အဆင်မပြေတာကို ဖြေရှင်းဖို့ ကြိုးစားမယ်ဆိုရင် စိတ်ဝမ်းကွဲစေတဲ့ ထောင်ချောက်ကို ကျွန်တော်တို့ ရှောင်နိုင်မယ်။—ကော. ၃:၁၃၊ ၁၄။ w19.07 ၁၁-၁၂ ¶၁၄-၁၆

အင်္ဂါနေ့၊ မတ် ၉

ဘုရားသခင်ရဲ့ကျွန်ဟာ . . . လူအားလုံးနဲ့ ပြောဆိုဆက်ဆံတဲ့အခါ သိမ်မွေ့တဲ့သူ၊ သွန်သင်နိုင်စွမ်းရှိသူ [ဖြစ်ရမယ်။]—၂ တိ. ၂:၂၄။

သတင်းကောင်းကို လူတွေလက်ခံတာဟာ ကျွန်တော်တို့ ပြောတဲ့စကားကြောင့် မဟုတ်ဘဲ ပြောဆိုပုံကြောင့် ဖြစ်လေ့ရှိတယ်။ ကျွန်တော်တို့ရဲ့ ကြင်နာမှု၊ ပါးနပ်မှု၊ စိတ်ရင်းမှန်နဲ့ စိတ်ဝင်စားမှုတို့ကို လူတွေ သဘောကျကြတယ်။ ကိုယ့်အမြင်ကို နားထောင်ဖို့ ကျွန်တော်တို့ အတင်း ဖိအားမပေးဘူး။ သူတို့ရဲ့ ဘာသာရေးအမြင်၊ သူတို့ရဲ့ ခံစားချက်ကို နားလည်ဖို့ ကျွန်တော်တို့ ကြိုးစားတယ်။ တမန်တော်ပေါလုကို တုပပြီး ချဉ်းကပ်နည်းကို ပြောင်းလဲနိုင်တယ်။ ပေါလုဟာ ဂျူးတွေကို ဟောတဲ့အခါ ကျမ်းစာနဲ့ ကျိုးကြောင်းဆင်ခြင်တယ်။ အာရေတောင်မှာ ဂရိအတွေးအခေါ်သမားတွေနဲ့ ဆွေးနွေးတဲ့အခါမှာတော့ ကျမ်းစာကို တိုက်ရိုက် မကိုးကားဘူး။ (တ. ၁၇:၂၊ ၃၊ ၂၂-၃၁) ပေါလုကို ဘယ်လို တုပနိုင်သလဲ။ ကျမ်းစာကို လက်မခံသူနဲ့ တွေ့တဲ့အခါ ကျမ်းစာကို တိုက်ရိုက် မကိုးကားတာ ကောင်းတယ်။ ကိုယ်နဲ့ ကျမ်းစာဖတ်တာကို တခြားသူတွေ တွေ့မှာ စိုးရိမ်နေရင် ဖုန်း၊ တက်ဘလက်ကနေ မသိမသာ ပြပေးနိုင်တယ်။ w19.07 ၂၁ ¶၅-၆

ဗုဒ္ဓဟူးနေ့၊ မတ် ၁၀

ခင်ဗျားတို့ သွေးဆောင်ခံရတဲ့အခါ စိတ်နှလုံး လမ်းလွဲသွားပြီး တခြားဘုရားတွေကို . . . ဝတ်မပြုမိဖို့ သတိပြုကြပါ။—တရား. ၁၁:၁၆။

အစ္စရေးတွေ ရုပ်တုကိုးကွယ်လာအောင် စာတန် စဉ်းလဲစွာ လှည့်ဖြားခဲ့တယ်။ အစားအစာ လိုချင်တဲ့စိတ်ကို အသုံးချခြင်းအားဖြင့် ဖြစ်တယ်။ အစ္စရေးတွေ ကတိထားရာပြည်ထဲ ဝင်ပြီးနောက် စိုက်ပျိုးရေး နည်းလမ်းတွေ ပြောင်းရတော့မယ်။ အီဂျစ်ပြည်မှာတုန်းက နိုင်းမြစ်ရေကို လယ်ထဲသွင်းပြီး စိုက်ပျိုးခဲ့ကြတယ်။ ကတိထားရာပြည်မှာတော့ စိုက်ပျိုးရေးစနစ်က ရေသွင်းစိုက်ပျိုးရေးကို အခြေမခံဘဲ နှင်းနဲ့ ရာသီအလိုက် ရွာတဲ့မိုးရေကို အားထားရတယ်။ (တရား. ၁၁:၁၀-၁၅။ ဟေရှာ. ၁၈:၄၊ ၅) ဒါကြောင့် စိုက်ပျိုးရေး နည်းသစ်တွေကို သင်ယူခဲ့ရတယ်။ စိုက်ပျိုးရေး နည်းသစ်တွေအကြောင်း ပြောနေရင်း မှားယွင်းတဲ့ ဘုရားတွေကို ဝတ်မပြုဖို့ ယေဟောဝါ ဘာကြောင့် သတိပေးရတာလဲ။ သူတို့ဟာ အစ္စရေးတွေထက် အတွေ့အကြုံ ရှိသူတွေဖြစ်ပြီး အရေးပါတဲ့ စိုက်ပျိုးရေးနည်းတွေကို သင်ပေးနိုင်တယ်။ ဒါပေမဲ့ အန္တရာယ်လည်း ရှိတယ်။ ခါနန်လယ်သမားတွေဟာ ဗာလကို ယုံကြည်ကိုးကွယ်ကြတယ်။—တော. ၂၅:၃၊ ၅။ သူကြီး. ၂:၁၃။ ၁ ဘု. ၁၈:၁၈။ w19.06 ၃ ¶၄-၆

ကြာသပတေးနေ့၊ မတ် ၁၁

ခင်ဗျားတို့ရဲ့မေတ္တာ တိုးသည်ထက် တိုးလာဖို့ ကျွန်တော် ဆုတောင်းနေတယ်။—ဖိ. ၁:၉။

ရောမလက်အောက်ခံ ဖိလိပ္ပိမြို့ကို တမန်တော် ပေါလု၊ သိလ၊ လုကာ၊ တိမောသေတို့ ရောက်လာချိန်မှာ သတင်းကောင်း စိတ်ဝင်စားသူများစွာ တွေ့ခဲ့တယ်။ ထက်သန်တဲ့ ဒီညီအစ်ကို လေးယောက်ဟာ အသင်းတော်သစ်ကို တည်ထောင်ခဲ့တယ်။ ညီအစ်ကို/မသစ်တွေဟာ အစည်းအဝေးတွေ စလုပ်ကြတယ်။ ဧည့်ဝတ်ကျေပွန်တဲ့ ညီအစ်မ လုဒိရဲ့ အိမ်မှာ ဖြစ်နိုင်တယ်။ (တ. ၁၆:၄၀) အသင်းတော်သစ်ဟာ မကြာခင်မှာပဲ အခက်အခဲတွေ ကြုံရတယ်။ သစ္စာရှိ ခရစ်ယာန်တွေရဲ့ ဟောပြောခြင်းလုပ်ငန်းကို ဆန့်ကျင်ဖို့ ရန်သူတွေကို စာတန် သွေးထိုးပေးတယ်။ ပေါလုနဲ့ သိလဟာ အဖမ်းခံရ၊ ကြိမ်ဒဏ်ရိုက်ခံရပြီး ထောင်ချခံရတယ်။ ထောင်ကနေ လွတ်တဲ့အခါ တပည့်သစ်တွေဆီ ပြန်သွားပြီး အားပေးတယ်။ ပေါလု၊ သိလ၊ တိမောသေတို့ဟာ မြို့ကနေ ထွက်ခွာသွားပေမဲ့ လုကာကတော့ နေရစ်ခဲ့ပုံရတယ်။ အသင်းတော်သစ်ရဲ့ အခြေအနေ ဘယ်လို ဖြစ်သွားသလဲ။ တပည့်သစ်တွေဟာ ယေဟောဝါရဲ့ စွမ်းအားတော် အကူအညီနဲ့ ထက်သန်စွာ ဆက်အမှုဆောင်ကြတယ်။ (ဖိ. ၂:၁၂) သူတို့အတွက် ပေါလု ဂုဏ်ယူခဲ့မှာပဲ။ w19.08 ၈ ¶၁-၂

သောကြာနေ့၊ မတ် ၁၂

ချေးငှားယူသူဟာ ချေးငှားပေးသူရဲ့ ကျွန်ပဲ။—ပညာ. ၂၂:၇။

မကြာသေးခင်က သင် ပြောင်းရွှေ့ခဲ့ရသလား။ ပြောင်းရွှေ့ရတာ စရိတ်ထောင်းပြီး အကြွေးတင်သွားနိုင်တယ်။ မလိုအပ်တာတွေကို အကြွေးမဝယ်ပါနဲ့။ (ပညာ. ၂၂:၃) မကျန်းမာတဲ့ မိသားစုဝင်တွေကို ပြုစုနေရချိန်လိုမျိုး စိတ်ဖိစီးနေချိန်မှာ ဘယ်လောက် အကြွေးယူမယ်ဆိုတာ ဆုံးဖြတ်ဖို့ ခက်နိုင်တယ်။ အဲဒီအခါမျိုးမှာ “တိုးလျှိုးအသနားခံ” ခြင်းက ပညာရှိ ဆုံးဖြတ်ချက်တွေ ချဖို့ ကူညီပေးနိုင်တယ်။ ဆုတောင်းချက်တွေကို အဖြေပေးတဲ့အနေနဲ့ ယေဟောဝါက “စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်ပေး” တဲ့ ငြိမ်သက်ခြင်းကို ပေးပါလိမ့်မယ်။ အဲဒါက တည်တည်ငြိမ်ငြိမ် စဉ်းစားဖို့ ကူညီပေးတယ်။ (ဖိ. ၄:၆၊ ၇။ ၁ ပေ. ၅:၇) မိတ်ဆွေတွေနဲ့ ဆက်ဆံရေးကောင်း ရှိနေပါ။ ကိုယ့်ခံစားချက်နဲ့ အတွေ့အကြုံတွေကို မိတ်ဆွေကောင်းတွေ၊ အထူးသဖြင့် ကိုယ်နဲ့ဘဝတူသူတွေကို ပြောပြပါ။ ဒါက စိတ်သက်သာစေနိုင်တယ်။ (ဒေ. ၄:၉၊ ၁၀) တာဝန်ကျခဲ့တဲ့ ဒေသမှာ ရှိတဲ့ မိတ်ဆွေတွေဟာ မိတ်ဆွေတွေအဖြစ် ဆက်ရှိနေမှာပါ။ w19.08 ၂၂ ¶၉-၁၀

စနေနေ့၊ မတ် ၁၃

သူတို့က ဘုရင်တွေကို . . . အာမဂေဒုန်လို့ခေါ်တဲ့ အရပ်မှာ စုရုံးတယ်။—ဗျာ. ၁၆:၁၆။

ယေဟောဝါက နောက်ဆုံး စစ်ပွဲကြီးကို မေဂိဒေါနဲ့ ဘာကြောင့် ဆက်စပ်ထားတာလဲ။ မေဂိဒေါနဲ့ အနားက ယေဇရေလ ချိုင့်ဝှမ်းမှာ စစ်ပွဲများစွာ ဖြစ်ခဲ့တယ်။ တစ်ခါတလေ ယေဟောဝါကိုယ်တိုင် ကြားဝင် တိုက်ခိုက်ပေးတယ်။ ဥပမာ၊ “မေဂိဒေါချောင်းနား” မှာ ဗိုလ်ချုပ် သိသရ ဦးဆောင်တဲ့ ခါနန်စစ်တပ်ကို အစ္စရေး တရားသူကြီး ဗာရက် အောင်မြင်ဖို့ ဘုရား ကူညီပေးခဲ့တယ်။ အံ့ဖွယ် အောင်ပွဲအတွက် ယေဟောဝါကို ဗာရက်နဲ့ ပရောဖက်မ ဒေဗောရ ကျေးဇူးတင် ချီးမွမ်းခဲ့တယ်။ “ကြယ်တာရာတွေ ကောင်းကင်တစ်ခွင်ကနေ . . . သိသရကို တိုက်ခိုက်တယ်။ . . . အို ယေဟောဝါ၊ ရန်သူအားလုံး ပျက်စီးပါစေ။ ကိုယ်တော့်ကို ချစ်မြတ်နိုးသူတွေကတော့ အရှိန်အဝါနဲ့ ထွန်းလင်းလာတဲ့ နေမင်းလို ဖြစ်ပါစေ။” (သူကြီး. ၅:၁၉-၂၁၊ ၃၁) အာမဂေဒုန်မှာလည်း ဘုရားသခင်ကို ချစ်မြတ်နိုးသူတွေ ကယ်တင်ခံရပြီး ဘုရားသခင့် ရန်သူတွေ ပျက်စီးသွားပါလိမ့်မယ်။ အရေးကြီးတဲ့ ကွာခြားချက်ကတော့ အာမဂေဒုန်မှာ ဘုရားလူမျိုးဟာ တိုက်ခိုက်ဖို့ လိုမှာ မဟုတ်ဘူး။ လက်နက်တွေတောင် ရှိမှာ မဟုတ်ဘူး။ ယေဟောဝါနဲ့ ကောင်းကင်တပ်မဟာကို “တည်ငြိမ်စွာ ယုံကြည်ကိုးစား” တာက သူတို့ရဲ့ “ခွန်အား” ဖြစ်ပါလိမ့်မယ်။—ဟေရှာ. ၃၀:၁၅။ ဗျာ. ၁၉:၁၁-၁၅။ w19.09 ၉ ¶၄-၅

တနင်္ဂနွေနေ့၊ မတ် ၁၄

ကျွန်တော့်ဆီ လာကြပါ။—မ. ၁၁:၂၈။

ယေရှုဆီ သွားနိုင်တဲ့ နည်းတစ်နည်းက ယေရှု သွန်သင်လုပ်ဆောင်ခဲ့တာတွေကို အတတ်နိုင်ဆုံး လေ့လာခြင်းပဲ။ (လု. ၁:၁-၄) ဘယ်သူမှ ကျွန်တော်တို့ကိုယ်စား လုပ်ပေးလို့ မရဘူး။ အဲဒီအကြောင်းအရာတွေကို ကိုယ်တိုင် လေ့လာရမယ်။ နှစ်ခြင်းခံဖို့၊ ယေရှုတပည့်လုပ်ဖို့ ဆုံးဖြတ်ခြင်းအားဖြင့်လည်း ယေရှုဆီ သွားနိုင်ပါတယ်။ ယေရှုဆီ သွားနိုင်တဲ့ နောက်တစ်နည်းကတော့ အကူအညီ လိုအပ်ချိန်မှာ အသင်းတော် အကြီးအကဲတွေဆီ သွားခြင်းပဲ။ ယေရှုက သိုးတော်စုကို ထိန်းကျောင်းဖို့ “လက်ဆောင်” ဖြစ်တဲ့ အကြီးအကဲတွေ ပေးထားတယ်။ (ဧ. ၄:၇၊ ၈၊ ၁၁။ ယော. ၂၁:၁၆။ ၁ ပေ. ၅:၁-၃) ကျွန်တော်တို့က ကိုယ်တိုင် အစပြုပြီး သူတို့ဆီမှာ အကူအညီ တောင်းရမယ်။ ကိုယ့်ရဲ့ စိတ်နဲ့ လိုအပ်ရာတွေကို အကြီးအကဲတွေ အလိုလိုသိမယ်လို့ မမျှော်လင့်ပါနဲ့။ ညီအစ်ကို ဂျူလီယန် ဒီလိုပြောတယ်– “အကူအညီတောင်းလိုက်တော့ အဲဒီသိုးထိန်းလည်ပတ်မှုက အကောင်းဆုံး လက်ဆောင်ဖြစ်နေတယ်။” ဂျူလီယန်ဆီ လည်ပတ်ခဲ့တဲ့ အကြီးအကဲနှစ်ယောက်လို သစ္စာရှိ အကြီးအကဲတွေဟာ “ခရစ်တော်ရဲ့ စိတ်သဘောထား” ရှိဖို့၊ ခရစ်တော်ရဲ့ အတွေးအခေါ်နဲ့ သဘောထားကို နားလည်ပြီး တုပဖို့ ကျွန်တော်တို့ကို ကူညီပေးနိုင်တယ်။ (၁ ကော. ၂:၁၆။ ၁ ပေ. ၂:၂၁) ဒါဟာ သူတို့ပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်ပါပဲ။ w19.09 ၂၁ ¶၄-၅

တနင်္လာနေ့၊ မတ် ၁၅

ဒီသိုးခြံထဲက မဟုတ်တဲ့ တခြားသိုးတွေကို ကျွန်တော် ပိုင်သေးတယ်။—ယော. ၁၀:၁၆။

၁၄၄,၀၀၀ အဝင် မဟုတ်ပေမဲ့ သန့်ရှင်းသော စွမ်းအားတော် လမ်းညွှန်မှု ရခဲ့တဲ့ သစ္စာရှိ အမျိုးသား/သမီးတွေအကြောင်း ကျမ်းစာမှာ ဖတ်ရတယ်။ တစ်ယောက်ကတော့ နှစ်ခြင်းပေးသူ ယောဟန်။ (မ. ၁၁:၁၁) နောက်တစ်ယောက်ကတော့ ဒါဝိဒ်။ (တ. ၂:၃၄) သူတို့ အပါအဝင် တခြားသူများစွာလည်း မြေကြီးပရဒိသုမှာ အသက်ပြန်ရှင်လာကြမယ်။ သူတို့အားလုံးဟာ ယေဟောဝါဘုရားနဲ့ ဘုရားရဲ့ အချုပ်အခြာအာဏာကို သစ္စာစောင့်သိကြောင်း လူအုပ်ကြီးနဲ့အတူ ဖော်ပြခွင့်ရကြမယ်။ လူမျိုးအားလုံးထဲက သန်းနဲ့ချီတဲ့လူတွေကို ယေဟောဝါ အခုလို စုသိမ်းတာမျိုး သမိုင်းတစ်လျှောက်မှာ တစ်ခါမှ မရှိခဲ့ဖူးဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ ကောင်းကင်မျှော်လင့်ချက်ရှိသူဖြစ်စေ၊ မြေကြီးမျှော်လင့်ချက်ရှိသူဖြစ်စေ လူများစွာကို “တခြားသိုး” ထဲက လူအုပ်ကြီးအဝင် ဖြစ်လာဖို့ အတတ်နိုင်ဆုံး ကူညီရမယ်။ လူတွေကို ဒုက္ခရောက်စေတဲ့ အစိုးရတွေနဲ့ ဘာသာတရားတွေကို ဖျက်ဆီးမယ့် ကြီးစွာသောဒုက္ခကို ယေဟောဝါ မကြာခင် ကျရောက်စေတော့မယ်။ မြေကြီးပေါ်မှာ ယေဟောဝါကို ထာဝစဉ် ဝတ်ပြုနိုင်မယ့် အလားအလာဟာ လူအုပ်ကြီးအတွက် အခွင့်ထူးကြီးပါပဲ။—ဗျာ. ၇:၁၄။ w19.09 ၃၁ ¶၁၈-၁၉

အင်္ဂါနေ့၊ မတ် ၁၆

နောက်ဆုံးကာလမှာ လှောင်ပြောင်တတ်သူတွေ ပေါ်လာပြီး ကဲ့ရဲ့လှောင်ပြောင်ကြလိမ့်မယ်။ —၂ ပေ. ၃:၃။

စာတန့်စနစ်ရဲ့ အဆုံး နီးလာတာနဲ့အမျှ ဘုရားနဲ့ နိုင်ငံတော်အပေါ် ကျွန်တော်တို့ရဲ့ သစ္စာစောင့်သိမှု ပိုစမ်းသပ်ခံရမယ်၊ ပိုလှောင်ပြောင်ခံရမယ်လို့ မျှော်လင့်ထားသင့်တယ်။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ ကြားနေမှုကြောင့် ဖြစ်နိုင်တယ်။ ကြီးစွာသောဒုက္ခအတွင်း ဆက်သစ္စာစောင့်သိနိုင်ဖို့ အခုကတည်းက သစ္စာစောင့်သိမှု ခိုင်မာအောင် လုပ်ထားရမယ်။ ကြီးစွာသောဒုက္ခအတွင်း မြေကြီးပေါ်မှာ ဦးဆောင်နေတဲ့ ညီအစ်ကိုတွေ အပြောင်းအလဲ ဖြစ်လိမ့်မယ်။ တစ်ချိန်ချိန်မှာ မြေကြီးပေါ် ရှိနေသေးတဲ့ ဘိသိက်ခံအားလုံးဟာ အာမဂေဒုန်စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ဖို့ ကောင်းကင်ကို စုသိမ်းခံရလိမ့်မယ်။ (မ. ၂၄:၃၁။ ဗျာ. ၂:၂၆၊ ၂၇) ဒါကြောင့် မြေကြီးပေါ်မှာ ကျွန်တော်တို့နဲ့အတူ အုပ်ချုပ်ရေးအဖွဲ့ ရှိတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ လူအုပ်ကြီးကတော့ စနစ်တကျ ဆက်ရှိနေမှာ ဖြစ်တယ်။ တခြားသိုးထဲက အရည်အချင်းရှိ ညီအစ်ကိုတွေ ဦးဆောင်ပါလိမ့်မယ်။ အဲဒီညီအစ်ကိုတွေကို ထောက်မခြင်း၊ ဘုရားပေး လမ်းညွှန်ချက်တွေကို လိုက်နာခြင်းအားဖြင့် သစ္စာစောင့်သိမှု ပြရမယ်။ ကျွန်တော်တို့ရဲ့ အသက်ရှင်လွတ်မြောက်မှုက အဲဒီအပေါ် မူတည်ပါလိမ့်မယ်။ w19.10 ၁၇ ¶၁၃-၁၄

ဗုဒ္ဓဟူးနေ့၊ မတ် ၁၇

အမေသွားတဲ့ နေရာကို ကျွန်မလိုက်မယ်။ . . . အမေသေတဲ့ နေရာမှာ ကျွန်မသေပြီး သင်္ဂြိုဟ်ခံပါ့မယ်။—ရု. ၁:၁၆၊ ၁၇။

နောမိဟာ ယေဟောဝါကို ချစ်တဲ့ သစ္စာရှိအမျိုးသမီး ဖြစ်တယ်။ ယောက်ျားနဲ့ သားနှစ်ယောက် သေဆုံးပြီးနောက် မိမိနာမည်ကို “ခါးသီးခြင်း” လို့ အဓိပ္ပာယ်ရှိတဲ့ “မာရ” လို့ပဲ ခေါ်ကြပါဆိုပြီး ပြောခဲ့တယ်။ (ရု. ၁:၃၊ ၅၊ ၂၀၊ အောက်ခြေမှတ်ချက်၊ ၂၁) ချွေးမ ရုသဟာ နောမိ ဒုက္ခရောက်ချိန်တစ်လျှောက်လုံးမှာ အတူရှိနေခဲ့တယ်။ ရုသဟာ နောမိကို လက်တွေ့ကျကျ ကူညီရုံသာမက ကြင်ကြင်နာနာ ပြောဆိုတယ်။ ရိုးရှင်းတဲ့စကားတွေကို စိတ်ရင်းမှန်နဲ့ပြောပြီး မေတ္တာပါပါ ထောက်မပေးတယ်။ ညီအစ်ကို/မတစ်ယောက်ဟာ အိမ်ထောင်ဖက် ဆုံးပါးသွားတဲ့အခါ ကျွန်တော်တို့ရဲ့ ထောက်မမှု လိုအပ်တယ်။ လင်မယားတွေကို ဘေးချင်းကပ်ပေါက်တဲ့ သစ်ပင်နှစ်ပင်နဲ့ နှိုင်းယှဉ်နိုင်တယ်။ နှစ်တွေတစ်လျှောက် အမြစ်တွေ ရစ်ပတ်နှောင်တွယ်နေတဲ့အတွက် တစ်ပင် သေတဲ့အခါ နောက်တစ်ပင်လည်း ထိခိုက်တယ်။ အလားတူပဲ အိမ်ထောင်ဖက်တစ်ဦး သေဆုံးတဲ့အခါ ကျန်ရစ်သူဟာ နှစ်ရှည်လများ စိတ်ဒဏ်ရာ ခံစားရနိုင်တယ်။ w19.06 ၂၃ ¶၁၂-၁၃

ကြာသပတေးနေ့၊ မတ် ၁၈

ကိုယ့်အလိုဆန္ဒရဲ့ ဆွဲငင်ဖြားယောင်းမှုကို ခံရတာကသာ လူတိုင်းအတွက် စမ်းသပ်မှုပါ။—ယာ. ၁:၁၄။

ဖျော်ဖြေမှု အမျိုးအစားကိုသာမက အသုံးပြုတဲ့ အချိန်ပမာဏကိုပါ ဂရုစိုက်ရမယ်။ ဂရုမစိုက်ရင် ဝတ်ပြုရေးထက် ဖျော်ဖြေမှုမှာ အချိန် ပိုသုံးမိနိုင်တယ်။ ဦးဆုံး၊ အချိန် ဘယ်လောက် သုံးနေသလဲဆိုတာ သိအောင် ဆန်းစစ်ပါ။ တစ်ပတ်တာအတွက် စာရင်းမှတ်ထားပါ။ တီဗီကြည့်ချိန်၊ အင်တာနက် ကြည့်ချိန်၊ ဂိမ်းဆော့ချိန်တွေကို ပြက္ခဒိန်မှာ မှတ်ထားပါ။ အချိန် အများကြီး သုံးနေတယ်လို့ ခံစားရရင် ဇယားဆွဲပါ။ ပိုအရေးကြီးတဲ့အရာတွေအတွက် အချိန်ကို အရင် ဖယ်ထားပြီး ကျန်တာကို ဖျော်ဖြေမှုအတွက် သုံးဖို့ လျာထားပါ။ အဲဒီနောက် ဇယားအတိုင်း လုပ်နိုင်ဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ ဒါဆိုရင် ကိုယ်ပိုင်လေ့လာမှု၊ မိသားစုဝတ်ပြုမှု၊ အသင်းတော် အစည်းအဝေး၊ ဟောပြောသွန်သင်ခြင်းလုပ်ငန်းတွေအတွက် အချိန်နဲ့ ခွန်အား ရနိုင်မယ်။ ဖျော်ဖြေမှုမှာ အချိန်အများကြီး သုံးမိလို့ အပြစ်ရှိတယ်ဆိုပြီး ခံစားရတော့မှာ မဟုတ်ဘူး။ w19.10 ၃၀ ¶၁၄၊ ၁၆။ ၃၁ ¶၁၇

သောကြာနေ့၊ မတ် ၁၉

ကျွန်တော့်မှာ ကောင်းတာ လုပ်ချင်တဲ့ ဆန္ဒတော့ ရှိပါရဲ့၊ ခက်တာက လုပ်နိုင်စွမ်း မရှိဘူး ဖြစ်နေတယ်။—ရော. ၇:၁၈။

အေဒီ ၅၅ လောက်မှာ ကောရိန္သုမြို့သားတွေဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချခဲ့ကြတယ်။ ဂျေရုဆလင်နဲ့ ယုဒပြည်မှာ ရှိတဲ့ ညီအစ်ကိုတွေ အကူအညီ လိုနေကြောင်း သိရတဲ့အတွက် စုပေါင်း လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ (၁ ကော. ၁၆:၁။ ၂ ကော. ၈:၆) လအနည်းငယ် ကြာပြီးနောက် ကောရိန္သု အသင်းတော်ဟာ ဆုံးဖြတ်တဲ့အတိုင်း မလုပ်နေမှန်း တမန်တော် ပေါလု သိလိုက်တယ်။ ဒါကြောင့် တခြားအသင်းတော်တွေရဲ့ အလှူငွေတွေကို ဂျေရုဆလင်မြို့ဆီ ယူသွားမယ့်အချိန်မှာ သူတို့ အဆင်သင့် မဖြစ်ခဲ့ကြဘူး။ (၂ ကော. ၉:၄၊ ၅) ကောရိန္သု အသင်းတော်ဟာ ဆုံးဖြတ်ချက်ကောင်း ချခဲ့တယ်။ သူတို့ရဲ့ ခိုင်မာတဲ့ ယုံကြည်ခြင်း၊ ရက်ရောတဲ့ စိတ်ကို ပေါလု ချီးမွမ်းတယ်။ ဒါပေမဲ့ အစပြုလုပ်ခဲ့တာကို အပြီးသတ်ဖို့လည်း တိုက်တွန်းတယ်။ (၂ ကော. ၈:၇၊ ၁၀၊ ၁၁) သစ္စာရှိ ခရစ်ယာန်တွေတောင် ဆုံးဖြတ်ချက်အတိုင်း လုပ်ဖို့ ခက်နိုင်ကြောင်း အဲဒီဖြစ်ရပ်ကနေ သိရတယ်။ ဘာကြောင့်လဲ။ မစုံလင်မှုကြောင့် အချိန်ဆွဲမိနိုင်တယ်။ ကြိုတင် မမြင်နိုင်တဲ့ ဖြစ်ရပ်တွေကြောင့် ဆုံးဖြတ်တဲ့အတိုင်း လုပ်ဖို့ ခက်နိုင်တယ်။—ဒေ. ၉:၁၁။ w19.11 ၂၆-၂၇ ¶၃-၅

စနေနေ့၊ မတ် ၂၀

ယုံကြည်ခြင်း ဒိုင်းလွှားကြီးကိုလည်း ကိုင်ဆောင်ထားကြ။—ဧ. ၆:၁၆။

ဒိုင်းလွှားက ကိုယ်ခန္ဓာကို ကာကွယ်ပေးသလို ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းက လောကစနစ်ရဲ့ အကျင့်ပျက်မှု၊ အကြမ်းဖက်မှုနဲ့ ဘုရားတရားမဲ့ အခြေအနေတွေကနေ ကာကွယ်ပေးတယ်။ ခရစ်ယာန်တွေအနေနဲ့ ကျွန်တော်တို့ဟာ ရန်သူနတ်ဆိုးတွေကို တိုက်လှန်နေရတယ်။ (ဧ. ၆:၁၀-၁၂) စမ်းသပ်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်မဖြစ် ဘယ်လို သိနိုင်မလဲ။ ဘုရားသခင့် အကူအညီ ရဖို့ ဆုတောင်းပါ။ ကိုယ့်ကို ဘုရား ရှုမြင်သလို ရှုမြင်နိုင်အောင် ကျမ်းစာ ဖတ်ပါ။ (ဟီ. ၄:၁၂) “ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားပါ။ ကိုယ့်ရဲ့ သိနားလည်နိုင်စွမ်းကို အားမကိုးနဲ့” လို့ ကျမ်းစာမှာ ပြောတယ်။ (ပညာ. ၃:၅၊ ၆) ဒါကို စိတ်ထဲထားပြီး မကြာသေးခင်က ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို ပြန်သုံးသပ်ပါ။ ဥပမာ၊ ငွေကြေး ခက်ခဲတဲ့အခါ ဟီဘရူး ၁၃:၅ မှာပါတဲ့ “မင်းတို့ကို ငါ ဘယ်တော့မှ ပစ်ထားမှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး” ဆိုတဲ့ ယေဟောဝါရဲ့ ကတိကို သတိရသလား။ အဲဒီကတိအတိုင်း ယေဟောဝါ ကူညီမယ်ဆိုတာ စိတ်ချသလား။ စိတ်ချတယ်ဆိုရင် သင့်ရဲ့ ယုံကြည်ခြင်း ဒိုင်းလွှား အခြေအနေကောင်းနေတယ်။ w19.11 ၁၄ ¶၁၊ ၄

တနင်္ဂနွေနေ့၊ မတ် ၂၁

သားသမီးတွေဟာ ယေဟောဝါ ပေးတဲ့ အမွေပဲ။—ဆာ. ၁၂၇:၃။

ကလေးတစ်ယောက်ဟာ မိဘနှစ်ဦးစလုံးရဲ့ အချိန်နဲ့ ခွန်အား လိုအပ်တယ်။ ရလည်း ရထိုက်တယ်။ ကလေးတွေ အသက် သိပ်မကွာရင် တစ်ယောက်စီကို ဂရုစိုက်ဖို့ ခက်နိုင်တယ်။ ကလေးငယ် များတဲ့ မိဘတွေဟာ စိတ်ဖိစီးမှု ပိုခံရတယ်လို့ ဝန်ခံကြတယ်။ မိခင်ဖြစ်သူလည်း အမြဲ စိတ်ပန်း လူပန်း ဖြစ်နေနိုင်တယ်။ ဒီလိုနဲ့ ပုံမှန် လေ့လာဖို့၊ ဆုတောင်းဖို့၊ အမှုဆောင်မှာ ပါဝင်ဖို့ အားမရှိတော့ဘူး။ ခရစ်ယာန် အစည်းအဝေးတွေမှာလည်း အာရုံမစိုက်နိုင်တဲ့အတွက် အကျိုးအပြည့်အဝ ရဖို့ ခက်တယ်။ မေတ္တာရှိတဲ့ ခင်ပွန်းဟာ အစည်းအဝေးမှာရော အိမ်မှာပါ သားသမီးတွေကို ကြည့်ပေးဖို့ လိုတဲ့အခါ ဇနီးကို အတတ်နိုင်ဆုံး ကူညီပေးတယ်။ ဥပမာ၊ အိမ်အလုပ်တွေ ဝိုင်းလုပ်ပေးတယ်။ ပုံမှန် မိသားစု ဝတ်ပြုမှုကနေ အားလုံး အကျိုးရအောင် စီစဉ်ပေးတယ်။ အမှုဆောင်လုပ်ငန်းမှာ မိသားစုနဲ့အတူ ပုံမှန် ပါဝင်တယ်။ w19.12 ၂၄ ¶၈

တနင်္လာနေ့၊ မတ် ၂၂

နှစ် ၅၀ မြောက်ဟာ လွတ်လပ်ခွင့် ရတဲ့ နှစ် ဖြစ်တယ်။—ဝတ်. ၂၅:၁၁။

ယုဘိလကနေ အစ္စရေးတွေ ဘယ်လို အကျိုးရခဲ့သလဲ။ အစ္စရေးတစ်ယောက်ဟာ အကြွေးနစ်နေလို့ အကြွေးဆပ်ဖို့ မဖြစ်မနေ မြေရောင်းလိုက်ရတယ် ဆိုပါစို့။ ယုဘိလနှစ်မှာ မြေကို သူ ပြန်ပိုင်ရမယ်။ ဒါမှ ‘ကိုယ့်မြေဆီ ပြန်’ နိုင်မယ်။ နောက်ပိုင်း သားသမီးတွေကို အမွေပေးနိုင်မယ်။ နောက်အခြေအနေ တစ်ခုမှာ လူတစ်ယောက်ဟာ အကြွေးဆပ်ဖို့ သားသမီး တစ်ယောက်ယောက် ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ကျွန်အဖြစ် ရောင်းလိုက်ရတယ် ဆိုပါစို့။ ယုဘိလနှစ်မှာ “ကိုယ့်မိသားစုဆီ ပြန်ရမယ်။” (ဝတ်. ၂၅:၁၀) ဘယ်သူမှ လွတ်လမ်း မရှိတဲ့ ကျွန်ဘဝကို ရောက်စရာ မလိုဘူး။ ဒါ့အပြင် “ယေဟောဝါဘုရား အမွေပေးမယ့် ပြည်မှာ ခင်ဗျားတို့ကို ယေဟောဝါ ကောင်းချီးပေးမှာ သေချာလို့ ခင်ဗျားတို့ တစ်ယောက်မှ ဆင်းရဲမှာ မဟုတ်ဘူး” လို့ မောရှေကတစ်ဆင့် ယေဟောဝါ ပြောတယ်။ (တရား. ၁၅:၄) ချမ်းသာသူတွေ ပိုချမ်းသာပြီး ဆင်းရဲသားတွေ ပိုဆင်းရဲနေတဲ့ ဒီနေ့ခေတ်နဲ့တော့ တခြားစီပဲ။ w19.12 ၈-၉ ¶၃-၄

အင်္ဂါနေ့၊ မတ် ၂၃

ငါ့သား၊ ဉာဏ်ပညာရှိပါ။ ငါ့စိတ်ကို ရွှင်လန်းစေပါ။—ပညာ. ၂၇:၁၁။

ယေရှုဟာ စမ်းသပ်မှုတွေ ကြုံရတဲ့အခါ ‘မျက်ရည်နဲ့ အော်ဟစ်ငိုကြွေးပြီး’ ဆုတောင်းတယ်။ (ဟီ. ၅:၇) ယေရှုရဲ့ ဆုတောင်းချက်တွေက ယေဟောဝါအပေါ် ထားတဲ့ သစ္စာစောင့်သိမှုကို ဖော်ပြတယ်။ နာခံမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်ကိုလည်း ပိုခိုင်မာစေတယ်။ ယေဟောဝါရှေ့မှာ မွှေးကြိုင်တဲ့ ရနံ့နဲ့ တူတယ်။ ယေရှုရဲ့ ဘဝလမ်းစဉ်ကို ဘုရား နှစ်သက်တယ်။ ဒီလမ်းစဉ်က ဘုရားရဲ့ အချုပ်အခြာအာဏာကို သံသယ ကင်းရှင်းစေတယ်။ ကျွန်တော်တို့လည်း သမာဓိစောင့်သိခြင်း၊ ယေဟောဝါရဲ့ နည်းလမ်းနဲ့ ပညတ်တွေကို လိုက်နာခြင်းအားဖြင့် ယေရှုကို အတုယူနိုင်တယ်။ စမ်းသပ်မှု ကြုံရတဲ့အခါ ယေဟောဝါရဲ့ နှစ်သက်မှု ရချင်တဲ့အတွက် ထက်သန်စွာ ဆုတောင်းကြတယ်။ ယေဟောဝါ ပြစ်တင်ရှုတ်ချထားတဲ့ အကျင့်တွေ ကျင့်နေရင် ကျွန်တော်တို့ရဲ့ ဆုတောင်းချက်ကို ဘုရား လက်ခံမှာ မဟုတ်ဘူး။ ယေဟောဝါရဲ့ စံနှုန်းတွေနဲ့အညီ အသက်ရှင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဆုတောင်းချက်ဟာ ယေဟောဝါရှေ့မှာ မွှေးကြိုင်တဲ့ နံ့သာပေါင်းနဲ့ တူမယ်၊ ကျွန်တော်တို့ရဲ့ သမာဓိစောင့်သိမှုနဲ့ နာခံမှုကို ကောင်းကင်ဖခင် နှစ်သက်မယ်ဆိုတာ စိတ်ချနိုင်တယ်။ w19.11 ၂၁-၂၂ ¶၇-၈

အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၉) လုကာ ၁၉:၂၉-၄၄

ဗုဒ္ဓဟူးနေ့၊ မတ် ၂၄

သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်ဟာ တကယ်တော့ ဘယ်သူလဲ။—မ. ၂၄:၄၅။

၁၉၁၉ မှာ ယေရှုက ဘိသိက်ခံ ညီအုပ်စုလေးကို “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” အဖြစ် ခန့်အပ်တယ်။ အဲဒီကျွန်က ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်ပြီး ခရစ်တော်ရဲ့ နောက်လိုက်တွေကို “အချိန်တန်အစာ” ဝေပေးတယ်။ သစ္စာရှိကျွန်ရဲ့ အလုပ်ကို စာတန်နဲ့ သူ့လောက,က တားဆီးတယ်။ ယေဟောဝါရဲ့ အကူအညီသာ မပါရင် ဒီလုပ်ငန်းကို ဘယ်လိုမှ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး။ ကမ္ဘာစစ်ကြီးနှစ်ခု၊ နှိပ်စက်ညှဉ်းပန်းမှု၊ ကမ္ဘာ့စီးပွားပျက်ကပ်၊ မတရား ဆက်ဆံမှုတွေ ကြုံရပေမဲ့ သစ္စာနဲ့ သတိပညာရှိ ကျွန်ဟာ ခရစ်တော်နောက်လိုက်တွေအတွက် ယုံကြည်ခြင်း ခိုင်ခံ့စေတဲ့ စာပေတွေ ဆက်ပြင်ဆင်ပေးတယ်။ ဒီနေ့၊ အချိန်တန်အစာကို ဘာသာစကား ၉၀၀ ကျော်နဲ့ အခမဲ့ ရနိုင်ပြီ။ ဘုရားသခင် ထောက်မနေတယ်ဆိုတဲ့ သက်သေပါပဲ။ ယေဟောဝါ ကောင်းချီးပေးနေကြောင်း ဖော်ပြတဲ့ နောက်သက်သေတစ်ခုကတော့ ဟောပြောခြင်းလုပ်ငန်းပါပဲ။ “မြေတစ်ခွင်လုံးမှာ” သတင်းကောင်း ဟောပြောနေကြတယ်။—မ. ၂၄:၁၄။ w19.11 ၂၄ ¶၁၅-၁၆

အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၀) လုကာ ၁၉:၄၅-၄၈။ မဿဲ ၂၁:၁၈၊ ၁၉။ ၂၁:၁၂၊ ၁၃

ကြာသပတေးနေ့၊ မတ် ၂၅

ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတဲ့အတွက် [ခရစ်တော်] ဆုတောင်းတာကို ဘုရားသခင် နားထောင်ခဲ့တယ်။—ဟီ. ၅:၇။

နှစ်စဉ် အပြစ်ဖြေရာနေ့မှာ ပုရောဟိတ်မင်းဟာ ပူဇော်သက္ကာတွေ မပူဇော်ခင် နံ့သာပေါင်းကို အရင် ပူဇော်တယ်။ နံ့သာပေါင်းကို အရင် ပူဇော်ခြင်းအားဖြင့် ဘုရားသခင့်နှစ်သက်မှု ရအောင် လုပ်တယ်။ ယေရှု မြေကြီးပေါ် ရှိစဉ်မှာ လူတွေရဲ့ ကယ်တင်ခြင်းအတွက် မိမိအသက်ကို ပူဇော်သက္ကာအဖြစ် မဆက်သခင် ပိုအရေးကြီးတဲ့အရာကို လုပ်ရမယ်။ အဲဒါက ဘာလဲ။ မိမိရဲ့ ပူဇော်သက္ကာကို ယေဟောဝါ လက်ခံစေဖို့ သစ္စာသမာဓိစောင့်သိတဲ့ လမ်းစဉ်ကို လိုက်ရမယ်။ ဒီနည်းအားဖြင့် ယေဟောဝါရဲ့ လမ်းစဉ်သာ အကောင်းဆုံး ဖြစ်ကြောင်း ဖော်ပြနိုင်မယ်။ ဖခင်ရဲ့ အချုပ်အခြာအာဏာ၊ တစ်နည်းအားဖြင့် အုပ်ချုပ်ပုံနည်းလမ်းကို သံသယ ကင်းရှင်းစေနိုင်မယ်။ ယေရှုဟာ  မြေကြီးအသက်တာ   တစ်လျှောက်လုံး ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို အကြွင်းမဲ့ နာခံခဲ့တယ်။ စမ်းသပ်မှုတွေ၊ သွေးဆောင်မှုတွေ ကြုံရပြီး နာကျင်စွာ သေဆုံးရမယ်ဆိုတာ သိနေတာတောင် ဖခင်ရဲ့ အုပ်ချုပ်ပုံနည်းလမ်းသာ အကောင်းဆုံး ဖြစ်ကြောင်း ဖော်ပြဖို့ စိတ်ပိုင်းဖြတ်ထားတယ်။—ဖိ. ၂:၈။ w19.11 ၂၁ ¶၆-၇

အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၁) လုကာ ၂၀:၁-၄၇

သောကြာနေ့၊ မတ် ၂၆

ခင်ဗျားတို့က ကျွန်တော် စမ်းသပ်မှုကြုံရချိန်တွေမှာ ကျွန်တော့်ကို မစွန့်ခွာကြဘူး။—လု. ၂၂:၂၈။

အမှုဆောင်လုပ်ငန်းတစ်လျှောက် သစ္စာရှိ တမန်တော်တွေဟာ ယေရှုအတွက် မိတ်ဆွေစစ်တွေ ဖြစ်ခဲ့တယ်။ (ပညာ. ၁၈:၂၄) အဲဒီလိုမိတ်ဆွေတွေကို ယေရှု တန်ဖိုးထားတယ်။ အမှုဆောင်လုပ်ငန်းတစ်လျှောက် ယေရှုကို ညီတစ်ယောက်မှ မယုံကြည်ကြဘူး။ (ယော. ၇:၃-၅) ယေရှု စိတ်ဖောက်ပြန်သွားပြီလို့တောင် ဆွေမျိုးတွေ ထင်ကြတယ်။ (မာ. ၃:၂၁) ယေရှု မသေဆုံးခင်ညမှာ သစ္စာရှိ တမန်တော်တွေနဲ့ပတ်သက်ပြီး ဒီနေ့ နေ့စဉ်ကျမ်းချက်မှာ ပါတဲ့အတိုင်း ပြောနိုင်ခဲ့တယ်။ တမန်တော်တွေ အကြိမ်ကြိမ် အမှားလုပ်ပေမဲ့ အမှားတွေအစား သူတို့ရဲ့ ယုံကြည်ခြင်းကို ယေရှု အာရုံစိုက်တယ်။ (မ. ၂၆:၄၀။ မာ. ၁၀:၁၃၊ ၁၄။ ယော. ၆:၆၆-၆၉) “အဖဘုရားဆီက ကြားနာခဲ့သမျှ ပြန်ပြောပြတဲ့အတွက် ခင်ဗျားတို့ကို မိတ်ဆွေလို့ ခေါ်မယ်” ဆိုပြီး မသေဆုံးခင် နောက်ဆုံးညမှာ အဲဒီသစ္စာရှိ အမျိုးသားတွေကို ယေရှု ပြောတယ်။ (ယော. ၁၅:၁၅) မိတ်ဆွေတွေကြောင့် ယေရှု အလွန် အားတက်ခဲ့မှာ သေချာတယ်။ w19.04 ၁၁ ¶၁၁-၁၂

အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၂) လုကာ ၂၂:၁-၆။ မာကု ၁၄:၁၊ ၂၊ ၁၀၊ ၁၁

အောက်မေ့ရာပွဲ နေ့စွဲ
နေဝင်ပြီးနောက်
စနေနေ့၊ မတ် ၂၇

ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ သားသမီးတွေ ဖြစ်မှန်း စွမ်းအားတော်ကိုယ်တိုင်ရော ကျွန်တော်တို့ရဲ့ စိတ်ကပါ အတည်ပြုပေးတယ်။—ရော. ၈:၁၆။

ကောင်းကင်သွားဖို့ ဖိတ်ခေါ်ခံရမှန်း လူတစ်ယောက် ဘယ်လို သိသလဲ။ ရောမမြို့က ‘သန့်ရှင်းသူတွေ’ ကို တမန်တော် ပေါလု ပြောတဲ့ စကားတွေကနေ သိနိုင်တယ်။ ဒီနေ့ကျမ်းချက်ပါ စကားတွေကို ပြောပြီးနောက် “ဘုရားသခင့် စွမ်းအားတော်က ခင်ဗျားတို့ကို ကျွန်ဘဝ ရောက်စေမှာ မဟုတ်ဘူး။ ကြောက်စိတ်ဝင်စေမှာ မဟုတ်ဘူး။ အဲဒီစွမ်းအားတော်က ကျွန်တော်တို့ကို သားတွေအဖြစ် မွေးစားခံရစေပြီး ‘အဗ္ဗ၊ အဖ’ လို့ခေါ်စေတယ်” လို့ ဆက်ပြောတယ်။ (ရော. ၁:၇။ ၈:၁၅) ဘုရားသခင်က ဘိသက်ခံတွေကို ကောင်းကင်သွားဖို့ ရွေးချယ်ထားကြောင်း သန့်ရှင်းသော စွမ်းအားတော်အားဖြင့် ရှင်းရှင်းလင်းလင်း သိစေတယ်။ (၁ သက်. ၂:၁၂) ကောင်းကင်သွားဖို့ ဖိတ်ခေါ်ခံရသူတွေကို စိတ်ထဲမှာ သံသယ မဖြစ်ဘဲ ရှင်းရှင်းလင်းလင်း သိစေတယ်။ (၁ ယော. ၂:၂၀၊ ၂၇) ဘိသိက်ခံတွေဟာ သူတို့ ဘိသိက်ခံ ဖြစ်မှန်း တစ်ယောက်ယောက်ဆီက အတည်ပြုချက် မလိုဘူး။ w20.01 ၂၂ ¶၇-၈

အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၃) လုကာ ၂၂:၇-၁၃။ မာကု ၁၄:၁၂-၁၆ (နေဝင်ပြီးနောက်ပိုင်း ဖြစ်ရပ်များ– နိသန် ၁၄) လုကာ ၂၂:၁၄-၆၅

တနင်္ဂနွေနေ့၊ မတ် ၂၈

မိတ်ဆွေတွေအတွက် အသက်စွန့်တာထက် ပိုမွန်မြတ်တဲ့ မေတ္တာဆိုတာ မရှိဘူး။ —ယော. ၁၅:၁၃။

“ခရစ်တော်ရဲ့ တရား” က အကောင်းဆုံး အုတ်မြစ်ဖြစ်တဲ့ မေတ္တာကို အခြေခံတယ်။ (ဂလ. ၆:၂) ယေရှု လုပ်ဆောင်သမျှဟာ မေတ္တာရဲ့ လှုံ့ဆော်မှုကြောင့် ဖြစ်တယ်။ သနားကြင်နာစိတ်ဟာ မေတ္တာရဲ့ အသွင်အပြင်တစ်ခု ဖြစ်တယ်။ သနားစိတ်ကြောင့် လူအုပ်ကို ယေရှု သွန်သင်ပေးတယ်။ ဖျားနာသူတွေကို ကုသပေးတယ်။ ဆာငတ်သူတွေကို ကျွေးမွေးတယ်။ လူသေတွေကို ထမြောက်ပေးတယ်။ (မ. ၁၄:၁၄။ ၁၅:၃၂-၃၈။ မာ. ၆:၃၄။ လု. ၇:၁၁-၁၅) တခြားသူတွေရဲ့ လိုအပ်ရာကို ကိုယ့်လိုအပ်ရာထက် ဦးစားပေးခဲ့တယ်။ တခြားသူတွေအတွက် အသက်စွန့်တဲ့အထိ ကြီးမားတဲ့မေတ္တာ ပြခဲ့တယ်။ ကျွန်တော်တို့လည်း တခြားသူတွေရဲ့ လိုအပ်ရာကို ကိုယ့်လိုအပ်ရာထက် ဦးစားပေးခြင်းအားဖြင့် ယေရှုကို တုပနိုင်တယ်။ လူတွေအပေါ် သနားကြင်နာစိတ် ထားခြင်းအားဖြင့်လည်း တုပနိုင်တယ်။ သနားကြင်နာစိတ်ကြောင့် သတင်းကောင်း ဟောပြောသွန်သင်တာက ခရစ်တော်ရဲ့ တရားကို နာခံရာရောက်တယ်။ w19.05 ၄ ¶၈-၁၀

အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၄) လုကာ ၂၂:၆၆-၇၁

တနင်္လာနေ့၊ မတ် ၂၉

သုံ့ပန်းတွေကို လွတ်လပ်ခွင့် ရတော့မယ့်အကြောင်း၊ . . . ဖိနှိပ်ခံရသူတွေကို လွတ်မြောက်တော့မယ့်အကြောင်း ကြေညာဖို့ ငါ့ကို [ယေဟောဝါ] စေလွှတ်တယ်။—လု. ၄:၁၈။

ဘာသာရေးခေါင်းဆောင်တွေရဲ့ ဝန်ပိစေတဲ့ အယူဝါဒတွေကနေ ယေရှု လွတ်မြောက်စေတယ်။ အဲဒီခေတ်က ဂျူးများစွာဟာ လူ့ထုံးတမ်းစဉ်လာနဲ့ မှားယွင်းတဲ့ ယုံကြည်ချက်တွေရဲ့ ကျွန် ဖြစ်နေကြတယ်။ (မ. ၅:၃၁-၃၇။ ၁၅:၁-၁၁) ဘာသာရေးမှာ ဦးဆောင်လမ်းပြသူတွေကိုယ်တိုင် မျက်ကန်းလို ဖြစ်နေတယ်။ မေရှိယနဲ့ မေရှိယ သွန်သင်ပေးတဲ့ အမှန်တရားကို ငြင်းပယ်တဲ့အတွက် မှောင်မိုက်မှာ အပြစ်သားတွေအဖြစ် ဆက်ရှိနေတယ်။ (ယော. ၉:၁၊ ၁၄-၁၆၊ ၃၅-၄၁) စိတ်နှိမ့်ချသူတွေကတော့ ယေရှု သင်ပေးတဲ့ အမှန်တရားနဲ့ ပုံသက်သေကောင်းကြောင့် မှားယွင်းတဲ့ သွန်သင်ချက်တွေကနေ လွတ်မြောက်ကြတယ်။ (မာ. ၁:၂၂။ ၂:၂၃–၃:၅) အမွေရထားတဲ့ အပြစ်ရဲ့ ကျွန်ဘဝကနေလည်း လူတွေကို ယေရှု လွတ်မြောက်စေတယ်။ ယေရှု ရွေးဖိုး ပေးခဲ့လို့ ဘုရားသခင်က ရွေးဖိုးကို အခြေခံပြီး ယုံကြည်ခြင်း တင်ပြသူတွေ၊ ရွေးဖိုးကို လက်ခံသူတွေရဲ့ အပြစ်ကို ခွင့်လွှတ်ပေးတယ်။—ဟီ. ၁၀:၁၂-၁၈။ w19.12 ၁၀ ¶၈။ ၁၁ ¶၁၀-၁၁

အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၅) မဿဲ ၂၇:၆၂-၆၆

အင်္ဂါနေ့၊ မတ် ၃၀

ကတိတော်အတိုင်း ခရစ်တော်ကတစ်ဆင့် သန့်ရှင်းသော စွမ်းအားတော်နဲ့ တံဆိပ်ခတ်ခံရတယ်။ အဲဒီစွမ်းအားတော်ဟာ ကျွန်တော်တို့ အမွေရမယ်ဆိုတဲ့ အာမခံချက်ပဲ။—ဧ. ၁:၁၃၊ ၁၄။

ယေဟောဝါက ဘိသိက်ခံ ခရစ်ယာန်အားလုံးကို ကောင်းကင်သွားဖို့ ရွေးချယ်ထားကြောင်း သန့်ရှင်းသော စွမ်းအားတော်အားဖြင့် ရှင်းရှင်းလင်းလင်း သိစေတယ်။ ဒီနည်းအားဖြင့် စွမ်းအားတော်ဟာ သူတို့ မြေကြီးမှာ မဟုတ်ဘဲ ကောင်းကင်မှာ ထာဝစဉ် အသက်ရှင်မယ်ဆိုတာ စိတ်ချစေတဲ့ “အာမခံချက်” ဖြစ်တယ်။ (၂ ကော. ၁:၂၁၊ ၂၂) ခရစ်ယာန်တစ်ယောက် ဘိသိက်ပေးခံရတဲ့အခါ ကောင်းကင်ဆုကျေးဇူး အလိုလို ရရှိမလား။ မရပါဘူး။ ကောင်းကင်သွားဖို့ ရွေးချယ်ခံရတာတော့ သေချာတယ်။ ဒါပေမဲ့ “ညီအစ်ကိုတို့၊ ခေါ်တော်မူခြင်းခံရသူ၊ ရွေးချယ်ခံရသူတွေအဖြစ် သစ္စာရှိမြဲရှိနိုင်ဖို့ အစွမ်းကုန် ကြိုးစားကြပါ။ အဲဒီအရည်အသွေးတွေကို အမြဲ ဖြည့်စွက်နေမယ်ဆိုရင် ခင်ဗျားတို့ ဘယ်တော့မှ ကျရှုံးမှာ မဟုတ်ဘူး” ဆိုတဲ့ စကားတွေကို သတိရသင့်တယ်။ (၂ ပေ. ၁:၁၀) ဒါကြောင့် ကောင်းကင်သွားဖို့ ရွေးချယ်ခံရတယ်ဆိုရင်တောင် ဆက်သစ္စာရှိမှ ဆုကျေးဇူး ရမယ်။—ဖိ. ၃:၁၂-၁၄။ ဟီ. ၃:၁။ ဗျာ. ၂:၁၀။ w20.01 ၂၁-၂၂ ¶၅-၆

အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၆) လုကာ ၂၄:၁-၁၂

ဗုဒ္ဓဟူးနေ့၊ မတ် ၃၁

မစဉ်းစားဘဲ ပြောတဲ့ စကားဟာ ဓားနဲ့ ထိုးသလိုပဲ။ ဉာဏ်ပညာရှိသူရဲ့ စကားကတော့ ဒဏ်ရာကိုတောင် ပျောက်ကင်းစေတယ်။—ပညာ. ၁၂:၁၈။

ယောဘရဲ့ မိတ်ဆွေ အတုအယောင် သုံးယောက်က ယောဘကို ဘာကြောင့် မစာနာကြတာလဲ။ အပေါ်ယံကိုပဲ ကြည့်လို့ပါ။ ဒါကြောင့် တလွဲကောက်ချက်ချပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတယ်။ အဲဒီလိုအမှားမျိုး ကျွန်တော်တို့ မလုပ်မိအောင် ဘယ်လို ရှောင်နိုင်မလဲ။ လူတစ်ယောက်ရဲ့ အခြေအနေကို ယေဟောဝါပဲ အတိအကျ သိတယ်ဆိုတာ အသိအမှတ်ပြုရမယ်။ သူပြောတာကို ဂရုစိုက် နားထောင်ပါ။ နားထောင်ရုံသာမက ထပ်တူ မျှဝေခံစားပါ။ ဒါမှသာ စစ်မှန်တဲ့ ကိုယ်ချင်းစာနာမှု ပြနိုင်မယ်။ ထောက်ထားစာနာမှုက တခြားသူ ကြုံနေရတဲ့ ပြဿနာတွေအကြောင်း အတင်းအဖျင်း မပြောဖို့ ကူညီပေးတယ်။ အတင်းအဖျင်း ပြောသူဟာ အသင်းတော်ကို မတည်ဆောက်ဘဲ ပြိုကွဲစေတယ်။ (ပညာ. ၂၀:၁၉။ ရော. ၁၄:၁၉) သူ့စကားက ဒုက္ခရောက်နေသူကို ပိုနာကျင်စေနိုင်တယ်။ (ဧ. ၄:၃၁၊ ၃၂) ဒါကြောင့် အတင်းအဖျင်း ပြောမယ့်အစား အခက်အခဲ ကြုံနေရသူရဲ့ အရည်အသွေးကောင်းကို ရှာပြီး ဘယ်လို ကူညီပေးနိုင်မလဲဆိုတာ စဉ်းစားရင် ပိုကောင်းတယ်။ w19.06 ၂၁-၂၂ ¶၈-၉

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ