ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • es21
  • ဧပြီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဧပြီ
  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ကြာသပတေးနေ့၊ ဧပြီ ၁
  • သောကြာနေ့၊ ဧပြီ ၂
  • စနေနေ့၊ ဧပြီ ၃
  • တနင်္ဂနွေနေ့၊ ဧပြီ ၄
  • တနင်္လာနေ့၊ ဧပြီ ၅
  • အင်္ဂါနေ့၊ ဧပြီ ၆
  • ဗုဒ္ဓဟူးနေ့၊ ဧပြီ ၇
  • ကြာသပတေးနေ့၊ ဧပြီ ၈
  • သောကြာနေ့၊ ဧပြီ ၉
  • စနေနေ့၊ ဧပြီ ၁၀
  • တနင်္ဂနွေနေ့၊ ဧပြီ ၁၁
  • တနင်္လာနေ့၊ ဧပြီ ၁၂
  • အင်္ဂါနေ့၊ ဧပြီ ၁၃
  • ဗုဒ္ဓဟူးနေ့၊ ဧပြီ ၁၄
  • ကြာသပတေးနေ့၊ ဧပြီ ၁၅
  • သောကြာနေ့၊ ဧပြီ ၁၆
  • စနေနေ့၊ ဧပြီ ၁၇
  • တနင်္ဂနွေနေ့၊ ဧပြီ ၁၈
  • တနင်္လာနေ့၊ ဧပြီ ၁၉
  • အင်္ဂါနေ့၊ ဧပြီ ၂၀
  • ဗုဒ္ဓဟူးနေ့၊ ဧပြီ ၂၁
  • ကြာသပတေးနေ့၊ ဧပြီ ၂၂
  • သောကြာနေ့၊ ဧပြီ ၂၃
  • စနေနေ့၊ ဧပြီ ၂၄
  • တနင်္ဂနွေနေ့၊ ဧပြီ ၂၅
  • တနင်္လာနေ့၊ ဧပြီ ၂၆
  • အင်္ဂါနေ့၊ ဧပြီ ၂၇
  • ဗုဒ္ဓဟူးနေ့၊ ဧပြီ ၂၈
  • ကြာသပတေးနေ့၊ ဧပြီ ၂၉
  • သောကြာနေ့၊ ဧပြီ ၃၀
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၁
es21

ဧပြီ

ကြာသပတေးနေ့၊ ဧပြီ ၁

မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။—ပညာ. ၁၇:၁၇။

မက်ဆီဒိုးနီးယားပြည်၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုဟာ တမန်တော် ပေါလုအတွက် သစ္စာရှိ မိတ်ဆွေ ဖြစ်ခဲ့တယ်။ တတိယ သာသနာပြု ခရီးစဉ်အတွင်း ဧဖက်မြို့ကို ပေါလု လည်ပတ်ချိန်မှာ အာရိတ္တာခုအကြောင်း ကျွန်တော်တို့ ဦးဆုံးအကြိမ် ဖတ်ရတယ်။ လူအုပ် ဖမ်းဆီးတာကို ပေါလုနဲ့အတူ အာရိတ္တာခု ခံခဲ့ရတယ်။ (တ. ၁၉:၂၉) ပြန်လွတ်လာတဲ့အခါ ဘေးလွတ်ရာကို ထွက်သွားမယ့်အစား ပေါလုအနားမှာ သစ္စာရှိရှိ ဆက်နေတယ်။ လအနည်းငယ်ကြာပြီးနောက် ဂရိမှာ ပေါလု အသက်အန္တရာယ် ကြုံရတော့လည်း အနားမှာ အာရိတ္တာခု ရှိနေတုန်းပဲ။ (တ. ၂၀:၂-၄) အေဒီ ၅၈ လောက်မှာ အကျဉ်းသားအဖြစ် ရောမမြို့ကို ပေါလု အပို့ခံရတဲ့အခါ ခရီးစဉ်တစ်လျှောက် အာရိတ္တာခု လိုက်သွားတယ်။ လမ်းမှာ သူတို့နှစ်ယောက် သင်္ဘောပျက်ဘေးကို ကြုံခဲ့ရတယ်။ (တ. ၂၇:၁၊ ၂၊ ၄၁) ရောမကို ရောက်တဲ့အခါ ပေါလုနဲ့အတူ အတန်ကြာ ထောင်ကျခဲ့ပုံရတယ်။ (ကော. ၄:၁၀) ဒီလိုသစ္စာရှိ မိတ်ဆွေကြောင့် ပေါလု နှစ်သိမ့်မှုနဲ့ ခွန်အား ရရှိမှာ သေချာတယ်။ အာရိတ္တာခုလိုပဲ ကျွန်တော်တို့လည်း ညီအစ်ကို/မတွေ အဆင်ပြေတဲ့အချိန်မှာ သာမက “ဒုက္ခရောက်ချိန်” မှာလည်း အတူရှိနေခြင်းအားဖြင့် သစ္စာရှိ မိတ်ဆွေ ဖြစ်နိုင်တယ်။ w20.01 ၉ ¶၄-၅

သောကြာနေ့၊ ဧပြီ ၂

ပထမရှင်ပြန်ထမြောက်ခြင်းမှာ ပါဝင်သူတွေဟာ ပျော်ရွှင်ချမ်းမြေ့တယ်၊ သန့်ရှင်းတယ်။ —ဗျာ. ၂၀:၆။

ဘိသိက်ပေးခံရသူ တစ်ယောက်ဟာ ဒီအခွင့်ထူးနဲ့ မထိုက်တန်ဘူးလို့ ခံစားရနိုင်တယ်။ သူ့ကို ယေဟောဝါ ရွေးချယ်ထားတာကိုတော့ သံသယ မရှိဘူး။ အဲဒီအနာဂတ် မျှော်လင့်ချက်အကြောင်း စဉ်းစားလိုက်တိုင်း ဝမ်းသာပြီး ကျေးဇူးတင်နေတယ်။ (၁ ပေ. ၁:၃၊ ၄) ဒါဆိုရင် ဘိသိက်ခံတွေ သေဆုံးချင်ပြီ ဆိုတဲ့ သဘောလား။ တမန်တော် ပေါလုက မိမိတို့ရဲ့ ခန္ဓာကိုယ်ကို တဲအိမ်နဲ့နှိုင်းပြီး ဒီလို အဖြေပေးတယ်– “လက်ရှိတဲအိမ်မှာနေတဲ့ ကျွန်တော်တို့ဟာ ဝန်ပိပြီး ညည်းတွားနေရတယ်။ ဒီတဲအိမ်ကို အဝတ်လို ချွတ်ပစ်ချင်လို့ မဟုတ်ဘဲ ကောင်းကင်နေအိမ်ကို ဝတ်ဆင်ချင်လို့ ညည်းတွားနေတာပါ။ ဒါမှ သေတတ်တဲ့အရာကို အသက်ရှင်ခြင်းနဲ့ အစားထိုးနိုင်မှာပါ။” (၂ ကော. ၅:၄) သူတို့ဟာ အသက်မရှင်ချင်တော့တာ၊ မြန်မြန် သေချင်နေတာ မဟုတ်ပါဘူး။ အသက်ကို ပျော်မွေ့ပြီး မိသားစုတွေ၊ မိတ်ဆွေတွေနဲ့အတူ ယေဟောဝါကို နေ့တိုင်း ဝတ်ပြုချင်ကြတယ်။ ဒါပေမဲ့ ဘာပဲလုပ်လုပ် ကောင်းကင်မျှော်လင့်ချက်ကတော့ အတွေးထဲ အမြဲ ရှိနေတယ်။—၁ ကော. ၁၅:၅၃။ ၂ ပေ. ၁:၄။ ၁ ယော. ၃:၂၊ ၃။ w20.01 ၂၃ ¶၁၂-၁၃

စနေနေ့၊ ဧပြီ ၃

ယေဟောဝါက ချစ်ရသူတွေကို ဆုံးမတတ်[တယ်။]—ဟီ. ၁၂:၆။

မေတ္တာရှင် ဖခင်က ကျွန်တော်တို့ကို လေ့ကျင့်တဲ့အခါ လိုအပ်သလို ဆုံးမတယ်။ နည်းလမ်းများစွာနဲ့ ဆုံးမတယ်။ ကျမ်းစာမှာ ဖတ်လိုက်ရတဲ့၊ အစည်းအဝေးမှာ ကြားလိုက်ရတဲ့ အရာတစ်ခုခုအားဖြင့် ဒါမှမဟုတ် အကြီးအကဲတွေကတစ်ဆင့် ကျွန်တော်တို့ကို တည့်မတ်ပေးတယ်။ ဆုံးမမှုက ဘယ်လိုပုံစံနဲ့ပဲ လာပါစေ ကျွန်တော်တို့ကို ယေဟောဝါ ချစ်လို့ ဆုံးမတာပါ။ (ယေ. ၃၀:၁၁) အခက်အခဲတွေ ကြုံတဲ့အခါ ယေဟောဝါ ကူညီပေးတယ်။ ဂရုစိုက်တတ်တဲ့ ဖခင်က သားသမီးတွေ ဒုက္ခရောက်ချိန်မှာ ကူညီပေးသလို ကောင်းကင်ဖခင်ကလည်း ကျွန်တော်တို့ ဒုက္ခရောက်ချိန်မှာ ကူညီပေးတယ်။ သန့်ရှင်းသော စွမ်းအားတော်ကို သုံးပြီး မိမိနဲ့ ဆက်ဆံရေး မထိခိုက်အောင် ကာကွယ်ပေးတယ်။ (လု. ၁၁:၁၃) စိတ်ပိုင်းဆိုင်ရာကိုလည်း ကာကွယ်ပေးတယ်။ ဥပမာ၊ အံ့ဖွယ်မျှော်လင့်ချက် ပေးထားတယ်။ အဲဒီမျှော်လင့်ချက်က အခက်အခဲတွေကို ခံရပ်နိုင်ဖို့ ကူညီပေးတယ်။ ဘယ်လိုဒုက္ခပဲ ကြုံရပါစေ မေတ္တာရှင် ဖခင်က ပြန်ကုစားပေးမယ်။ ဒုက္ခတွေဟာ ခဏပဲ။ ယေဟောဝါ ပေးတဲ့ ကောင်းချီးတွေကတော့ ထာဝစဉ် တည်တယ်။—၂ ကော. ၄:၁၆-၁၈။ w20.02 ၅ ¶၁၄-၁၅

တနင်္ဂနွေနေ့၊ ဧပြီ ၄

ရင်ထဲမှာရှိတဲ့ မနာလိုစိတ်က အရာရာကို မပြတ် လိုချင်တောင့်တနေတယ်။—ယာ. ၄:၅။

မနာလိုစိတ်ကို အောင်မြင်စွာ တိုက်ထုတ်နိုင်ပါတယ်။ ယောသပ်အစ်ကိုတွေအကြောင်း သုံးသပ်ကြည့်ပါ။ နှစ်ပေါင်းများစွာ ကြာပြီးမှ ယောသပ်နဲ့ အီဂျစ်ပြည်မှာ ပြန်ဆုံကြတယ်။ မိမိ ဘယ်သူ ဖြစ်မှန်း မပြောခင် သူတို့ တကယ် ပြောင်းလဲပြီလားဆိုတာ ယောသပ် စမ်းကြည့်တယ်။ စားသောက်ပွဲတစ်ခု စီစဉ်ပြီး ညီအငယ်ဆုံး ဗင်ယာမိန်ကို တခြားသူတွေထက် ပိုဂရုစိုက်ပြတယ်။ (က. ၄၃:၃၃၊ ၃၄) ဒါပေမဲ့ ယောသပ်ရဲ့ အစ်ကိုတွေဟာ ဗင်ယာမိန်ကို မနာလို မဖြစ်ကြဘူး။ ဗင်ယာမိန်နဲ့ ဖခင်ယာကုပ်ကို တကယ်ချစ်ကြောင်း ပြခဲ့ကြတယ်။ (က. ၄၄:၃၀-၃၄) မိသားစုမှာ ပြန်ငြိမ်သက်လာအောင် လုပ်နိုင်ခဲ့ကြတယ်။ မနာလိုစိတ်ကို တွန်းလှန်နိုင်ခဲ့ကြလို့ပါပဲ။ (က. ၄၅:၄၊ ၁၅) ကျွန်တော်တို့လည်း မနာလိုစိတ်ကို အမြစ်ပါမကျန် နုတ်ပစ်မယ်ဆိုရင် မိသားစုနဲ့ အသင်းတော်မှာ ငြိမ်သက်မှု ရှိအောင် ကူညီပေးနိုင်ပါလိမ့်မယ်။ ယေဟောဝါက မနာလိုစိတ်ကို တိုက်ထုတ်စေချင်တယ်။ ငြိမ်သက်မှု ရှိစေတဲ့ အရာတွေကို လုပ်စေချင်တယ်။ နှိမ့်ချစိတ်၊ ရောင့်ရဲစိတ်၊ ကျေးဇူးတင်လေးမြတ်စိတ် မွေးမြူမယ်ဆိုရင် မနာလိုစိတ်ကို တွန်းလှန်နိုင်ပါလိမ့်မယ်။ w20.02 ၁၉ ¶၁၇-၁၈

တနင်္လာနေ့၊ ဧပြီ ၅

ယေဟောဝါကို ငါချစ်မြတ်နိုးတယ်၊ ငါအသနားခံတာကို ဘုရား နားထောင်ပေးလို့ပဲ။—ဆာ. ၁၁၆:၁။

ယေဟောဝါရဲ့ မေတ္တာကို တုံ့ပြန်နိုင်တဲ့ နည်းတစ်နည်းကတော့ ဆုတောင်းခြင်းပါပဲ။ ကိုယ့်စိုးရိမ်စရာတွေကို ပြောပြတဲ့အခါ၊ ဘုရား လုပ်ပေးသမျှအတွက် ကျေးဇူးတင်တဲ့အခါ ဘုရားကို ချစ်တဲ့ မေတ္တာ တိုးများလာမယ်။ ဆုတောင်းချက်တွေ အဖြေရတဲ့အခါ ယေဟောဝါနဲ့ နှောင်ကြိုး ပိုခိုင်မြဲလာမယ်။ သင့်ကို ဘုရား နားလည်ကြောင်း စိတ်ချလာမယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ ပိုရင်းနှီးနိုင်ဖို့ ဘုရားရဲ့ စဉ်းစားပုံ၊ သင့်ဆီက ဘုရား တောင်းဆိုထားရာတွေကို သိရမယ်။ အဲဒီလို သိနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ ကျမ်းစာလေ့လာခြင်းပါပဲ။ ဒါကြောင့် ကျမ်းစာကို လေးမြတ်တတ်ဖို့ သင်ယူပါ။ ယေဟောဝါအကြောင်း၊ သင့်အတွက် ဘုရားရည်ရွယ်ချက်အကြောင်း အမှန်တရားတွေကို ကျမ်းစာမှာပဲ တွေ့ရတယ်။ ကျမ်းစာ နေ့တိုင်း ဖတ်တာ၊ ကျမ်းစာသင်အံမှုအတွက် ပြင်ဆင်တာ၊ သိလာတာကို လက်တွေ့ကျင့်သုံးတာက ကျမ်းစာကို လေးမြတ်ကြောင်း ပြရာရောက်တယ်။ (ဆာ. ၁၁၉:၉၇၊ ၉၉။ ယော. ၁၇:၁၇) သင့်မှာ ကိုယ်ပိုင် ကျမ်းစာဖတ်ရှုတဲ့ ဇယား ရှိသလား။ နေ့တိုင်း ဇယားအတိုင်း ဖတ်ဖြစ်သလား။ w20.03 ၅ ¶၈-၉

အင်္ဂါနေ့၊ ဧပြီ ၆

သူက . . . တွေ့ရတဲ့သူတွေနဲ့ ကျိုးကြောင်းဆင်ခြင်တယ်။—တ. ၁၇:၁၇။

သင် လမ်းသိပ်မလျှောက်နိုင်ရင် လူသွားလူလာများတဲ့နေရာမှာ ထိုင်ပြီး ဟောနိုင်တယ်။ အလွတ်သဘောဖြစ်စေ၊ စာနဲ့ဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ သက်သေခံနိုင်တယ်။ အခြေအနေ အကန့်အသတ်ရှိတဲ့ ကြေညာသူများစွာဟာ အဲဒီဟောပြောခြင်းကဏ္ဍတွေမှာ ပါဝင်ရင်း ပျော်ရွှင်နေကြတယ်။ ကျန်းမာရေး မကောင်းရင်တောင် အမှုဆောင်လုပ်ငန်းမှာ အပြည့်အဝ ပါဝင်နိုင်ပါတယ်။ ပေါလုက “ကျွန်တော့်ကို အစွမ်းခွန်အားပေးတဲ့ ဘုရားသခင်ကြောင့် အရာရာကို စွမ်းဆောင်နိုင်” တယ်လို့ ပြောတယ်။ (ဖိ. ၄:၁၃) သာသနာပြု ခရီးစဉ်တစ်ခုမှာ ပေါလု နေမကောင်းဖြစ်တဲ့အခါ အဲဒီအစွမ်းခွန်အားကို လိုအပ်ခဲ့တယ်။ “ကျွန်တော် နေမကောင်းဖြစ်သွားတဲ့အတွက် ခင်ဗျားတို့ကို ဦးဆုံးအကြိမ် သတင်းကောင်း ဟောပြောခွင့်ရတာ” လို့ ဂလာတိမြို့သားတွေကို သူပြောတယ်။ (ဂလ. ၄:၁၃) သင်လည်း ကျန်းမာရေး ပြဿနာကြောင့် ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေး စောင့်ရှောက်သူတွေကို ဟောပြောဖို့ အခွင့်အရေး ရနိုင်တယ်။ သူတို့အိမ်ကို ကြေညာသူတွေ ရောက်သွားချိန်မှာ သူတို့ဟာ အလုပ်ခွင်ထဲ ရောက်နေကြလို့ပဲ။ w19.04 ၄-၅ ¶၁၀-၁၁

ဗုဒ္ဓဟူးနေ့၊ ဧပြီ ၇

ခရစ်တော်ယေရှုရဲ့ နောက်လိုက်အနေနဲ့ ဘုရားတရားကိုင်းရှိုင်းတဲ့ အသက်တာနဲ့ နေချင်သူတိုင်းဟာ ညှဉ်းဆဲခံရမှာပဲ။ —၂ တိ. ၃:၁၂။

၂၀၁၈ မှာ သတင်းကောင်း ကြေညာသူ ၂၂၃,၀၀၀ ကျော်ဟာ ကျွန်တော်တို့ရဲ့ လုပ်ငန်းကို ကန့်သတ်ပိတ်ပင်ထားတဲ့ နိုင်ငံတွေမှာ နေထိုင်ကြရတယ်။ ဒါဟာ အံ့သြစရာ မဟုတ်ပါဘူး။ ခရစ်ယာန်စစ်တွေဟာ နှိပ်စက်ညှဉ်းပန်းမှုကို မျှော်လင့်ထားကြတယ်။ ကျွန်တော်တို့ ဘယ်နေရာမှာပဲ နေထိုင်ပါစေ အာဏာပိုင်တွေက ယေဟောဝါကို ဆက်ဝတ်မပြုဖို့ မမျှော်လင့်ဘဲ ရုတ်တရက် ပိတ်ပင်နိုင်တယ်။ အစိုးရက ဝတ်ပြုရေးကို ပိတ်ပင်တဲ့အခါ ကျွန်တော်တို့ကို ဘုရား ကောင်းချီး မပေးတော့ဘူးလို့ မှားယွင်းစွာ ကောက်ချက်ချမိနိုင်တယ်။ ဒါပေမဲ့ နှိပ်စက်ညှဉ်းပန်းမှုက ဘုရားမျက်နှာသာ ဆုံးရှုံးသွားတဲ့သဘော မဟုတ်ကြောင်း သတိရပါ။ တမန်တော် ပေါလုအကြောင်း စဉ်းစားကြည့်ပါ။ ပေါလုဟာ ဘုရားမျက်နှာသာရထားသူ ဖြစ်တယ်။ ခရစ်ယာန်ဂရိကျမ်း ၁၄ စောင်ကို ရေးခွင့်ရခဲ့ပြီး လူမျိုးခြားတွေနဲ့ဆိုင်တဲ့ တမန်တော် ဖြစ်တယ်။ ဒါပေမဲ့ အပြင်းအထန် နှိပ်စက်ညှဉ်းပန်းခံခဲ့ရတယ်။ (၂ ကော. ၁၁:၂၃-၂၇) သစ္စာရှိကျေးကျွန်တွေ နှိပ်စက်ညှဉ်းပန်းခံရဖို့ ယေဟောဝါ ခွင့်ပြုကြောင်း တမန်တော်ပေါလုရဲ့ ဖြစ်ရပ်ကနေ သိရတယ်။ w19.07 ၈ ¶၁၊ ၃

ကြာသပတေးနေ့၊ ဧပြီ ၈

ကျွန်တော်တို့ဟာ . . .ကောင်းကင်က နတ်ဆိုးများစွာနဲ့ တိုက်ခိုက်နေရတာ။—ဧ. ၆:၁၂။

ကျွန်တော်တို့အတွက် စိုးရိမ်ကြောင်း ယေဟောဝါ ဖော်ပြတဲ့ နည်းတစ်နည်းကတော့ ရန်သူတွေကို တွန်းလှန်ဖို့ ကူညီပေးခြင်း ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အဓိက ရန်သူဟာ စာတန်နဲ့ နတ်ဆိုးတွေပဲ။ အဲဒီရန်သူတွေအကြောင်း ယေဟောဝါ သတိပေးထားတယ်။ သူတို့ကို တွန်းလှန်နိုင်ဖို့ လိုအပ်တာတွေကိုလည်း ပေးထားတယ်။ (ဧ. ၆:၁၀-၁၃) ယေဟောဝါရဲ့ အကူအညီကို လက်ခံပြီး ဘုရားကို အပြည့်အဝ အားကိုးမယ်ဆိုရင် မာရ်နတ်ကို အောင်မြင်စွာ တွန်းလှန်နိုင်ပါလိမ့်မယ်။ “ဘုရားသခင်သာ ကျွန်တော်တို့ဘက်မှာ ရှိရင် ကျွန်တော်တို့ကို ဘယ်သူ ဆန့်ကျင်နိုင်မလဲ” လို့ ပြောခဲ့တဲ့ တမန်တော် ပေါလုလို ယုံကြည်စိတ်ချမှု ရှိနိုင်ပါတယ်။ (ရော. ၈:၃၁) ခရစ်ယာန်စစ်တွေဖြစ်တဲ့ ကျွန်တော်တို့ဟာ စာတန်နဲ့ နတ်ဆိုးတွေအကြောင်း စိတ်မဝင်စားကြဘူး။ ယေဟောဝါအကြောင်း သင်ယူဖို့၊ အလိုတော်ဆောင်ဖို့ပဲ အာရုံစိုက်ကြတယ်။ (ဆာ. ၂၅:၅) ဒါပေမဲ့ စာတန်သုံးတဲ့ နည်းတွေကို သိထားဖို့ လိုတယ်။ အဲဒါတွေကို သိမှ စာတန်ရဲ့ ဉာဏ်နီဉာဏ်နက်တွေကို ရှောင်နိုင်မှာ ဖြစ်လို့ပဲ။—၂ ကော. ၂:၁၁။ w19.04 ၂၀ ¶၁-၂

သောကြာနေ့၊ ဧပြီ ၉

လူတိုင်းဟာ နားထောင်ဖို့ အမြဲ အသင့်ဖြစ်နေရမယ်။ စကားပြောတဲ့အခါမှာ မစဉ်းစားမဆင်ခြင်ဘဲ မပြောရဘူး။ —ယာ. ၁:၁၉။

စိတ်ဓာတ်ကျနေသူနဲ့ စကားပြောတဲ့အခါ သင် ကောင်းကောင်း နားထောင်ပေးသလား။ ဘာမှ ပြန်မပြောဘဲ ငြိမ်ငြိမ်လေး ထိုင်နားထောင်ရုံလောက်ပဲ မဟုတ်ဘူး။ လိမ္မာပါးနပ်ပြီး ကြင်နာတဲ့စကားအားဖြင့် ကိုယ်ချင်းစာနာမှု၊ သနားကြင်နာမှု ပြနိုင်တယ်။ “တကယ် စိတ်မကောင်းပါဘူး” လို့ ပြောနိုင်တယ်။ သူ့ခံစားချက်ကို အသေအချာ နားလည်အောင် မေးခွန်းတစ်ခု နှစ်ခု မေးနိုင်တယ်။ “ဘာကို ပြောချင်တာလဲ။” ဒါမှမဟုတ် “ကျွန်တော်/မက ဒီလိုနားလည်တာ . . . အဲဒါ မှန်ရဲ့လား။” အဲဒီလို အသုံးအနှုန်းတွေက သင် တကယ် နားထောင်နေကြောင်း၊ နားလည်အောင် ကြိုးစားနေကြောင်း သူ့ကို စိတ်ချစေနိုင်တယ်။ (၁ ကော. ၁၃:၄၊ ၇) “မစဉ်းစားမဆင်ခြင်ဘဲ မပြော” ဖို့ သတိထားပါ။ အကြံပေးဖို့ဖြစ်စေ၊ တစ်ဖက်သားရဲ့ အတွေးအခေါ်ကို ပြင်ပေးဖို့ဖြစ်စေ ကြားဖြတ်မပြောပါနဲ့။ စိတ်ရှည်ပါ။ ဖြေရှင်းနည်းတွေ ပြောပြမယ့်အစား ကိုယ်ချင်းစာကြောင်း၊ သနားကြင်နာကြောင်း ဖော်ပြပါ။—၁ ပေ. ၃:၈။ w19.05 ၁၇-၁၈ ¶၁၅-၁၇

စနေနေ့၊ ဧပြီ ၁၀

ခင်ပွန်းတို့၊ ဇနီးကို ချစ်မြဲ ချစ်ကြပါ။ ခရစ်တော်က အသင်းတော်ကို ချစ်ပြီး အသင်းတော်အတွက် အသက်စွန့်ခဲ့သလိုပေါ့။ —ဧ. ၅:၂၅။

“ခရစ်တော်က အသင်းတော်ကို” ချစ်သလို မိသားစုမှာ ခင်ပွန်းက ဇနီးကို ချစ်ရမယ်။ (ဧ. ၅:၂၈၊ ၂၉) ခင်ပွန်းဟာ ဇနီးရဲ့ လိုအပ်ရာနဲ့ ကောင်းကျိုးကို ပိုဦးစားထားခြင်းအားဖြင့် ခရစ်တော်ရဲ့ ကိုယ်ကျိုးစွန့်မေတ္တာကို တုပရမယ်။ အချင်းချင်းကို မျှမျှတတ မဆက်ဆံတဲ့ မိသားစုမှာ ကြီးပြင်းလာတဲ့ တချို့ခင်ပွန်းသည်တွေအတွက်တော့ အဲဒီလိုမေတ္တာမျိုးပြဖို့ ခက်နိုင်တယ်။ အကျင့်ဆိုးတွေ ပြုပြင်ဖို့ ခက်နိုင်ပေမဲ့ ခရစ်တော်ရဲ့ တရားကို နာခံဖို့ ပြောင်းလဲကြရမယ်။ ကိုယ်ကျိုးစွန့်မေတ္တာ ပြတဲ့ ခင်ပွန်းဟာ ဇနီးရဲ့ လေးစားမှုကို ရတယ်။ သားသမီးတွေကို ချစ်တဲ့ ဖခင်ဟာ သားသမီးတွေ စိတ်ထိခိုက်အောင် ဘယ်တော့မှ မပြောဘူး၊ မလုပ်ဘူး။ (ဧ. ၄:၃၁) မေတ္တာပြတဲ့အတွက် သားသမီးတွေ ဘေးကင်းလုံခြုံတယ်လို့ ခံစားကြရတယ်။ အဲဒီလို ဖခင်မျိုးဟာ သားသမီးတွေရဲ့ မေတ္တာနဲ့ ယုံကြည်ကိုးစားမှုကို ရတယ်။ w19.05 ၆ ¶၂၁

တနင်္ဂနွေနေ့၊ ဧပြီ ၁၁

ယေဟောဝါဘုရားက သူ့ကို ဖခင်ဒါဝိဒ်ရဲ့ ရာဇပလ္လင် အပ်နှင်းလိမ့်မယ်။ သူက ယာကုပ်အမျိုးကို ထာဝစဉ် အုပ်စိုးလိမ့်မယ်။—လု. ၁:၃၂၊ ၃၃။

ဂါဗြေလရဲ့ အဲဒီစကားကို ကြားတဲ့အခါ မာရိ ဘယ်လိုများ တွေးနေမလဲ။ အစ္စရေးဘုရင်အဖြစ် ဟေရုဒ်နေရာ ဒါမှမဟုတ် ဟေရုဒ်ကို ဆက်ခံသူတစ်ဦးဦးနေရာမှာ ယေရှု အစားဝင်လိမ့်မယ်လို့ သူ ယူဆခဲ့သလား။ ယေရှုသာ ဘုရင်ဖြစ်လာရင် မာရိလည်း ဘုရင့်မယ်တော် ဖြစ်လာမယ်၊ မိသားစုလိုက် နန်းတော်မှာ နေခွင့်ရကြမယ်။ ဒါပေမဲ့ မာရိဟာ နိုင်ငံတော်မှာ အခွင့်ထူးပေးဖို့ တောင်းဆိုတယ်လို့တောင် ကျမ်းစာမှာ မဖတ်ရဘူး။ မာရိဟာ အလွန်နှိမ့်ချတဲ့သူပါ။ ကျမ်းစာနဲ့ ကျမ်းစာစာပေတွေကို လေ့လာတဲ့အခါ အဓိကပန်းတိုင်ဟာ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိဖို့ ဖြစ်ကြောင်း သတိရကြပါစို့။ ကိုယ်ဟာ ဘယ်လို လူစားမျိုးဖြစ်ကြောင်း၊ ဘုရားနှစ်သက်မှုရဖို့ ဘာပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုကြောင်း သိလာအောင်လည်း ပန်းတိုင်ထားသင့်တယ်။ (ယာ. ၁:၂၂-၂၅။ ၄:၈) လေ့လာမှု စတိုင်း စွမ်းအားတော်ရဖို့ ယေဟောဝါဆီ ဆုတောင်းသင့်တယ်။ အကြောင်းအရာကနေ အကျိုးအပြည့်အဝ ရအောင်၊ ပြုပြင်ဖို့ လိုတဲ့အရာတွေကို မြင်နိုင်အောင် ကူညီပေးဖို့ ဆုတောင်းသင့်တယ်။ w19.05 ၃၁ ¶၁၈-၁၉

တနင်္လာနေ့၊ ဧပြီ ၁၂

ကျွန်မ စိတ်ဖိစီးမှု များလွန်းလို့ပါ။ —၁ ရှ. ၁:၁၅။

တစ်ခါတလေ စိတ်ဖိစီးစရာ ပြဿနာတွေကို တစ်ပြိုင်တည်း ပြုံပြီး ကြုံရတတ်တယ်။ ဥပမာ၊ ညီအစ်ကို ဂျွန်ဟာ နာတာရှည် အာရုံကြောရောဂါ ခံစားနေရတယ်။ အိမ်ထောင်သက် ၁၉ နှစ်မှာ ဇနီးက စွန့်သွားတယ်။ သမီးနှစ်ယောက်က ယေဟောဝါကို ဆက်ဝတ်မပြုတော့ဘူး။ ဘော့နဲ့ လင်ဒါဆိုတဲ့ ဇနီးမောင်နှံလည်း အခက်အခဲတွေ ရင်ဆိုင်ခဲ့ရတယ်။ နှစ်ယောက်စလုံး အလုပ်ပြုတ်သွားတယ်။ လက်ရှိနေတဲ့အိမ်မှာ ဆက်မနေနိုင်တော့ဘူး။ ဒါ့အပြင် လင်ဒါဟာ ပြင်းထန်တဲ့ နှလုံးရောဂါ ခံစားနေရမှန်း၊ ကိုယ်ခံအား ပျက်စီးစေတဲ့ရောဂါ ရှိနေမှန်း သိလိုက်ရတယ်။ ကျွန်တော်တို့ ခံစားနေရတဲ့ စိတ်ဖိစီးမှုကို ဖန်ဆင်းရှင်၊ မေတ္တာရှင် ဖခင် ယေဟောဝါ နားလည်ကြောင်း စိတ်ချနိုင်ပါတယ်။ အဲဒီအခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်အောင် ကူညီပေးချင်တယ်။ (ဖိ. ၄:၆၊ ၇) ကျမ်းစာမှာ ဘုရားရဲ့ ကျေးကျွန်တွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေအကြောင်း၊ အဲဒီအခက်အခဲတွေကို ရင်ဆိုင်နိုင်အောင် ယေဟောဝါ ကူညီပေးပုံအကြောင်း ဖော်ပြထားတယ်။ w19.06 ၁၄ ¶၂-၃

အင်္ဂါနေ့၊ ဧပြီ ၁၃

မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ။—ပညာ. ၁၇:၁၇။

အိမ်ထောင်ဖက် မရှိတော့တဲ့သူတွေကို မေတ္တာပါတဲ့ လုပ်ရပ်လေးတွေအားဖြင့် ချင်ခင်ကြောင်း ပြနိုင်တယ်။ မိတ်ဆွေကောင်းတွေကို သူတို့ ပိုလိုအပ်တယ်။ သူတို့ရဲ့ မိတ်ဆွေဖြစ်ကြောင်း သင် ဘယ်လို ပြနိုင်သလဲ။ ထမင်း ဖိတ်ကျွေးနိုင်တယ်။ အတူအပန်းဖြေဖို့၊ အတူအမှုဆောင်ဖို့ ဖိတ်ခေါ်နိုင်တယ်။ မိသားစုဝတ်ပြုမှုမှာ ပါဝင်ဖို့ ဖိတ်ခေါ်နိုင်တယ်။ အဲဒီလိုလုပ်ရင် “စိတ်ကြေကွဲနေသူတွေရဲ့ အနီးအပါးမှာ ရှိ” ပြီး “မုဆိုးမတွေကို ကာကွယ်ပေးတဲ့” ယေဟောဝါ ပျော်ရွှင်ပါလိမ့်မယ်။ (ဆာ. ၃၄:၁၈။ ၆၈:၅) မကြာခင် မြေကြီးကို ဘုရားသခင့် နိုင်ငံတော် အုပ်ချုပ်တဲ့အခါ “ဒုက္ခတွေကို မေ့လျော့သွား” ပါလိမ့်မယ်။ “အရင်တုန်းက ဖြစ်ခဲ့တာတွေကို သတိရတော့မှာ မဟုတ်ဘူး။ အဲဒါတွေဟာ စိတ်ထဲပေါ်လာတော့မှာ မဟုတ်ဘူး။” အဲဒီအချိန်ကို ကျွန်တော်တို့ စောင့်မျှော်နေကြတယ်။ (ဟေရှာ. ၆၅:၁၆၊ ၁၇) အဲဒီနေ့ရောက်တဲ့အထိ အချင်းချင်း ထောက်မကြပါစို့။ ညီအစ်ကို/မတွေကို ချစ်ကြောင်း အပြော၊ အလုပ်အားဖြင့် တင်ပြကြပါစို့။—၁ ပေ. ၃:၈။ w19.06 ၂၅ ¶၁၈-၁၉

ဗုဒ္ဓဟူးနေ့၊ ဧပြီ ၁၄

ယေဟောဝါဟာ ကူညီမစရှင်ဖြစ်တဲ့အတွက် ငါ ဘာကိုမှ မကြောက်ဘူး။—ဟီ. ၁၃:၆။

လွန်ခဲ့တဲ့နှစ်များစွာက ကင်းမျှော်စင်မှာ “လူတစ်ယောက်ဟာ ဘုရားသခင်နဲ့ ပိုရင်းနှီးလေ စမ်းသပ်မှု ကြုံရချိန်မှာ ဘုရားကို ပိုယုံကြည်ကိုးစားလေ ဖြစ်ပါလိမ့်မယ်” လို့ပြောတယ်။ မှန်လိုက်တာ။ နှိပ်စက်ညှဉ်းပန်းမှုကို ကြံ့ကြံ့ခံနိုင်ဖို့ ယေဟောဝါကို အကြွင်းမဲ့ ချစ်ပြီး ယုံကြည်ကိုးစားရမယ်။ (မ. ၂၂:၃၆-၃၈။ ယာ. ၅:၁၁) ယေဟောဝါနဲ့ ပိုရင်းနှီးလာဖို့ဆိုတဲ့ ပန်းတိုင်နဲ့ ကျမ်းစာကို နေ့တိုင်း ဖတ်ပါ။ (ယာ. ၄:၈) ကျမ်းစာ ဖတ်တဲ့အခါ ယေဟောဝါရဲ့ မေတ္တာအရည်အသွေးတွေကို အာရုံစိုက်ပါ။ ဘုရားရဲ့ စကားနဲ့ လုပ်ရပ်မှာ ပေါ်လွင်နေတဲ့ မေတ္တာ၊ ကြင်နာမှုကို ခံစားကြည့်ပါ။ (ထွ. ၃၄:၆) မေတ္တာ မခံစားဖူးသူတချို့က ဘုရားရဲ့ မေတ္တာကို ယုံဖို့ အခက်တွေ့နိုင်တယ်။ သင် အဲဒီလိုဖြစ်နေရင် နေ့တိုင်း သင့်ကို ယေဟောဝါပြတဲ့ ကရုဏာ၊ ကြင်နာမှုကို စာရင်းလုပ်ပါ။ (ဆာ. ၇၈:၃၈၊ ၃၉။ ရော. ၈:၃၂) ကိုယ်တွေ့ ခံစားရတာတွေ၊ ကျမ်းစာမှာ ဖတ်ရတာတွေကို စဉ်းစားဆင်ခြင်တဲ့အခါ သင့်အတွက် ယေဟောဝါ လုပ်ဆောင်ပေးထားတဲ့ အရာများစွာကို သတိပြုမိလာမယ်။ ယေဟောဝါ လုပ်ဆောင်ပေးထားတာတွေကို ကျေးဇူးတင်လေးမြတ်လေ ဘုရားနဲ့ ပိုရင်းနှီးလေ ဖြစ်လာပါလိမ့်မယ်။—ဆာ. ၁၁၆:၁၊ ၂။ w19.07 ၂-၃ ¶၄-၅

ကြာသပတေးနေ့၊ ဧပြီ ၁၅

ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်းကို ထိန်းချုပ်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့ဟာ ခင်ဗျားတို့ကို ပျော်ရွှင်စေချင်တဲ့ လုပ်ဖော်ဆောင်ဖက်တွေပဲ။ ခင်ဗျားတို့ဟာ ကိုယ့်ယုံကြည်ခြင်းနဲ့ကိုယ် အခိုင်အမာ ရပ်တည်နေသူတွေပါ။ —၂ ကော. ၁:၂၄။

တခြားသူတွေအတွက် ဆုံးဖြတ်ပေးဖို့ ကျွန်တော်တို့ကို ယေဟောဝါ အခွင့်အာဏာ မပေးထားဘူး။ မလိုအပ်ဘဲ စည်းမျဉ်းတွေ ထုတ်တာဟာ ညီအစ်ကိုတွေရဲ့ ဘေးကင်းလုံခြုံမှုကို ကာကွယ်ရာ မရောက်ဘူး။ ညီအစ်ကိုတွေရဲ့ ယုံကြည်ခြင်းကို ထိန်းချုပ်နေတာ ဖြစ်တယ်။ ရန်သူကြီး စာတန်မာရ်နတ်က ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန်တွေကို ဆက်နှိပ်စက်ညှဉ်းပန်းနေမှာပဲ။ (၁ ပေ. ၅:၈။ ဗျာ. ၂:၁၀) စာတန်နဲ့ နောက်လိုက်တွေက ဝတ်ပြုရေးကို ပိတ်ပင်ဖို့ ကြိုးစားကြမယ်။ ဒါပေမဲ့ ကြောက်ဖို့ မလိုပါဘူး။ (တရား. ၇:၂၁) ကျွန်တော်တို့ဘက်မှာ ယေဟောဝါ ရှိတယ်။ လုပ်ငန်း ပိတ်ပင်ခံရရင်တောင် ဘုရားသခင် ဆက်ထောက်မပေးပါလိမ့်မယ်။ (၂ ရာ. ၃၂:၇၊ ၈) “ဘုရားသခင့်စကားထက် ခင်ဗျားတို့ရဲ့စကားကို နားထောင်မယ်ဆိုရင် ဘုရားသခင်ရှေ့မှာ မှန်ကန်ပါ့မလားဆိုတာ ခင်ဗျားတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြပါတော့။ ကျွန်တော်တို့ကတော့ ကြားခဲ့မြင်ခဲ့တာတွေကို မဟောဘဲ မနေနိုင်ပါဘူး” လို့ ပြောခဲ့တဲ့ ပထမရာစု ညီအစ်ကိုတွေလို ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။—တ. ၄:၁၉၊ ၂၀။ w19.07 ၁၃ ¶၁၈-၂၀

သောကြာနေ့၊ ဧပြီ ၁၆

စိတ်ထဲက အတွေးတွေဟာ နက်ရှိုင်းတဲ့ရေနဲ့ တူတယ်။ ပိုင်းခြားသိမြင်နိုင်စွမ်းရှိသူကတော့ ခပ်ယူတတ်တယ်။—ပညာ. ၂၀:၅။

ကျွန်တော်တို့ ဟောပြောတဲ့အခါ လူတွေကို ဘာက သြဇာလွှမ်းမိုးထားသလဲဆိုတာ နားလည်ဖို့ ကြိုးစားရမယ်။ တမန်တော် ပေါလုဟာ ဂျူးတွေကြားမှာ ကြီးပြင်းလာတယ်။ ယေဟောဝါနဲ့ ကျမ်းစာအကြောင်း မသိတဲ့ လူမျိုးခြားတွေကို ဟောဖို့ အလိုက်သင့် ပြောင်းလဲခဲ့ရမှာ သေချာတယ်။ ကျွန်တော်တို့လည်း ရပ်ကွက်မှာရှိတဲ့ လူတွေကို စာနာနားလည်ပေးဖို့ သူတို့အကြောင်း လေ့လာထားနိုင်တယ်။ (၁ ကော. ၉:၂၀-၂၃) ကျွန်တော်တို့ရဲ့ ပန်းတိုင်ဟာ “ထိုက်တန်သူ” ကို ရှာဖို့ ဖြစ်တယ်။ (မ. ၁၀:၁၁) ရှာတွေ့နိုင်ဖို့ လူတွေရဲ့ သဘောထားကို မေးပြီး အာရုံစိုက် နားထောင်ပေးရမယ်။ အင်္ဂလန်နိုင်ငံက ညီအစ်ကိုတစ်ယောက်ဟာ ပျော်ရွှင်တဲ့ အိမ်ထောင် ရရှိနိုင်ပုံ၊ သားသမီး ပြုစုပျိုးထောင်နိုင်ပုံ၊ မတရားမှုကို ရင်ဆိုင်ဖြေရှင်းနိုင်ပုံနဲ့ပတ်သက်ပြီး လူတွေရဲ့ သဘောထားကို မေးလေ့ရှိတယ်။ သူတို့ပြောတာကို နားထောင်ပြီးနောက် “လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ နီးပါးက ရေးခဲ့တဲ့ ဒီအကြံပြုချက်ကို ဘယ်လို ထင်သလဲ” လို့ မေးတယ်။ ပြီးနောက် “ကျမ်းစာ” ဆိုတဲ့ စကားလုံးကို မသုံးဘဲ အသေအချာ ရွေးထားတဲ့ ကျမ်းချက်တွေကို ဖုန်းထဲကနေ ဖတ်ပြတယ်။ w19.07 ၂၁-၂၂ ¶၇-၈

စနေနေ့၊ ဧပြီ ၁၇

ခရစ်တော်ကတော့ ကျွန်တော်တို့ အပြစ်ရှိသူတွေ ဖြစ်နေတာတောင် အသေခံပေးခဲ့တယ်။ ဒီနည်းနဲ့ ဘုရားသခင်က ကျွန်တော်တို့ကို ချစ်မြတ်နိုးကြောင်း ဖော်ပြတယ်။ —ရော. ၅:၈။

ဘုရားကို ဘယ်လောက် ချစ်ရမလဲ။ “ယေဟောဝါဘုရားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှနဲ့ ချစ်ပါ” ဆိုပြီး ဖာရိရှဲတစ်ယောက်ကို ယေရှု ပြောတယ်။ (မ. ၂၂:၃၆၊ ၃၇) ဘုရားကို စိတ်မပါ့တပါ ချစ်တာမျိုး ကျွန်တော်တို့ မဖြစ်ချင်ကြဘူး။ နေ့တိုင်း ဘုရားကို ချစ်တဲ့ မေတ္တာ တိုးများနေရမယ်။ ဘုရားကို ချစ်ဖို့ ဘုရားအကြောင်း သိရမယ်။ “မေတ္တာမရှိတဲ့သူကတော့ ဘုရားသခင်ကို မသိဘူး။ ဘာလို့လဲဆိုတော့ ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာဖြစ်လို့ပဲ” ဆိုပြီး ကျမ်းစာပြောတယ်။ (၁ ယော. ၄:၈) ဘုရားအကြောင်း “တိကျမှန်ကန်စွာ သိကျွမ်းလာပြီး ကောင်းကောင်း ပိုင်းခြားသိမြင်” လာရင် ဘုရားကို ချစ်တဲ့မေတ္တာ တိုးများလာမယ်လို့ တမန်တော် ပေါလု ပြောတယ်။ (ဖိ. ၁:၉) ကျမ်းစာ စလေ့လာတဲ့အခါ ဘုရားအကြောင်း သိလာပြီး ဘုရားကို ချစ်လာတယ်။ ဘုရားအကြောင်း ပိုသိလေ ဘုရားကို ချစ်တဲ့မေတ္တာ တိုးများလေပဲ။ ဒါကြောင့် ကျမ်းစာ ပုံမှန် လေ့လာဖို့၊ တွေးတောဆင်ခြင်ဖို့ သိပ်အရေးကြီးတယ်။—ဖိ. ၂:၁၆။ w19.08 ၉ ¶၄-၅

တနင်္ဂနွေနေ့၊ ဧပြီ ၁၈

လူတစ်ယောက်ထက် နှစ်ယောက်က ပိုကောင်းတယ်။—ဒေ. ၄:၉။

တာဝန်သစ်မှာ မိတ်ဆွေသစ်တွေ ရှာပါ။ မိတ်ဆွေကောင်းရဖို့ ကိုယ်တိုင် မိတ်ဆွေကောင်း ဖြစ်ရမယ်ဆိုတာ သတိရပါ။ ယေဟောဝါရဲ့ လုပ်ငန်းမှာ ကိုယ့်ရဲ့ ပျော်စရာ အတွေ့အကြုံတွေကို ဝေမျှပါ။ အိမ်ထောင်ဖက်ရဲ့ ကျန်းမာရေးကြောင့် တာဝန်ကို စွန့်လိုက်ရတာမျိုးဆိုရင် သူ့ကို အပြစ်မတင်ပါနဲ့။ ကိုယ်တိုင် ကျန်းမာရေး မကောင်းတာဆိုရင်လည်း ကိုယ့်ကြောင့် သူပါ ထိခိုက်ရတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ သင်တို့ဟာ “တစ်သားတစ်ကိုယ်တည်း” ဖြစ်ကြောင်း၊ အေးအတူ ပူအမျှ လက်တွဲသွားမယ်လို့ ယေဟောဝါရှေ့ ကတိပေးခဲ့ကြောင်း သတိရပါ။ (မ. ၁၉:၅၊ ၆) မမျှော်လင့်ဘဲ ကိုယ်ဝန်ရှိသွားလို့ တာဝန်ကနေ နားရတယ်ဆိုရင် တာဝန်ထက် ကလေးက ပိုအရေးကြီးပြီး ဘုရားပေးတဲ့ “ဆုလာဘ်” လို့ သဘောထားကြောင်း ကလေးကို ပြောပြပါ။ (ဆာ. ၁၂၇:၃-၅) အရင်အမှုဆောင်ချိန်က ရခဲ့တဲ့ တွေ့ကြုံမှုကောင်းတွေကိုလည်း ပြောပြပါ။ ဒါဆိုရင် သူလည်း သင့်လိုပဲ အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ချင်စိတ် ရှိလာပါလိမ့်မယ်။ w19.08 ၂၂ ¶၁၀-၁၁

တနင်္လာနေ့၊ ဧပြီ ၁၉

ပြည့်တန်ဆာကြီး ဘယ်လို အပြစ်ဒဏ် ခံရတော့မယ်ဆိုတာ ပြမယ်။—ဗျာ. ၁၇:၁။

ကမ္ဘာ့မှားယွင်းတဲ့ ဘာသာရေး အင်ပါယာ ဖြစ်တဲ့ မဟာဗာဗုလုန်ဟာ ဘုရားနာမည်ကို အကြီးအကျယ် ရှုတ်ချထားတယ်။ ဘုရားအကြောင်း မမှန်မကန် သွန်သင်ပေးတယ်။ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ မဟာမိတ်ဖွဲ့တယ်။ မိမိရဲ့ ဩဇာအာဏာနဲ့ အရှိန်အဝါကို သုံးပြီး အသင်းသားတွေကို အမြတ်ထုတ်တယ်။ ဘုရားကျေးကျွန်တွေ အပါအဝင် အသက်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်။ (ဗျာ. ၁၈:၂၄။ ၁၉:၂) “ချိုဆယ်ချောင်း” ရှိတဲ့ “နီမြန်းတဲ့ သားရဲတစ်ကောင်” ကို သုံးပြီး “ပြည့်တန်ဆာကြီး” ကို ယေဟောဝါ ဖျက်ဆီးပါလိမ့်မယ်။ အဲဒီသားရဲက ကုလသမဂ္ဂကို ဆိုလိုတယ်။ ချိုဆယ်ချောင်းက ကုလသမဂ္ဂကို ထောက်ပံ့နေတဲ့ လက်ရှိ အစိုးရတွေကို ဆိုလိုတယ်။ ဘုရား သတ်မှတ်ထားချိန်မှာ အဲဒီအစိုးရတွေက မဟာဗာဗုလုန်ကို တိုက်ခိုက်ကြလိမ့်မယ်။ သူ့ရဲ့ စည်းစိမ်တွေကို သိမ်းယူ၊ ဆိုးသွမ်းမှုကို ဖော်ထုတ်ခြင်းအားဖြင့် “သူ့ကို သိမ်းရုံးဖျက်ဆီးပြီး အဝတ်ဗလာ ဖြစ်စေမယ်။” (ဗျာ. ၁၇:၃၊ ၁၆) အဲဒီဖျက်ဆီးခြင်းက တစ်နေ့ချင်းမှာ ဖြစ်သလို မြန်လွန်းလို့ သူ့ကို ထောက်ပံ့သူတွေ အံ့ဩတကြီး ဖြစ်သွားလိမ့်မယ်။ တကယ်တော့ “ဘယ်တော့မှ ငိုကြွေးရမှာ မဟုတ်ဘူး” လို့ သူ ဟစ်ကြွေးလာခဲ့တာ။—ဗျာ. ၁၈:၇၊ ၈။ w19.09 ၁၀ ¶၁၀-၁၁

အင်္ဂါနေ့၊ ဧပြီ ၂၀

ကျွန်တော့်ထမ်းပိုးကို ထမ်းပြီး ကျွန်တော့်ဆီကနေ သင်ယူကြပါ။—မ. ၁၁:၂၉။

အဲဒီဖိတ်ခေါ်ချက်က လူအားလုံးအတွက်ပဲ။ ဘုရားကို စိတ်ရင်းမှန်နဲ့ ကိုးကွယ်လိုသူ ဘယ်သူ့ကိုမဆို ယေရှု ငြင်းပယ်မှာ မဟုတ်ဘူး။ (ယော. ၆:၃၇၊ ၃၈) ခရစ်ယာန်စစ် အားလုံးဟာ ယေရှုကို ယေဟောဝါ ပေးထားတဲ့ လုပ်ငန်းမှာ ပါဝင်ခွင့် ရထားကြတယ်။ အဲဒီလုပ်ငန်းကို လုပ်ဆောင်ဖို့ ယေရှု အမြဲ ကူညီပေးမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ (မ. ၂၈:၁၈-၂၀) နှိမ့်ချသူတွေဟာ ယေရှုဆီ သွားချင်ကြတယ်။ (မ. ၁၉:၁၃၊ ၁၄။ လု. ၇:၃၇၊ ၃၈) ဘာကြောင့်လဲ။ ယေရှုနဲ့ ဖာရိရှဲတွေရဲ့ ကွာခြားချက်ကို သုံးသပ်ကြည့်ပါ။ ဖာရိရှဲတွေဟာ မေတ္တာမဲ့ပြီး မောက်မာတယ်။ (မ. ၁၂:၉-၁၄) ယေရှုကတော့ မေတ္တာရှိပြီး နှိမ့်ချတယ်။ ဖာရိရှဲတွေက ရည်မှန်းချက်ကြီးပြီး ဂုဏ်မောက်တယ်။ ယေရှုကတော့ ရည်မှန်းချက် မကြီးဖို့၊ ကိုယ့်ကိုယ်ကိုယ် နိမ့်ကျတဲ့အစေခံလို ရှုမြင်ဖို့ တပည့်တွေကို သင်ပေးတယ်။ (မ. ၂၃:၂၊ ၆-၁၁) ဖာရိရှဲတွေက လူတွေကို ကြောက်အောင် လုပ်ပြီး ထိန်းချုပ်ဖို့ ကြိုးစားတယ်။ (ယော. ၉:၁၃၊ ၂၂) ယေရှုကတော့ မေတ္တာပါတဲ့ လုပ်ရပ်၊ ကြင်နာတဲ့ စကားတွေအားဖြင့် တခြားသူတွေကို လန်းဆန်းစေတယ်။ သင်ကော ယေရှုဆီကနေ အဲဒီသင်ခန်းစာတွေကို သင်ယူခဲ့သလား။ w19.09 ၂၀ ¶၁။ ၂၁ ¶၇-၈။ ၂၃ ¶၉

ဗုဒ္ဓဟူးနေ့၊ ဧပြီ ၂၁

ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်။—ယာ. ၄:၈။

အစည်းအဝေးတွေက ယေဟောဝါနဲ့ ပိုရင်းနှီးလာအောင် ကူညီပေးတယ်။ အစည်းအဝေးတွေအပေါ် ကျွန်တော်တို့ရဲ့ သဘောထားက အနာဂတ်မှာ နှိပ်စက်ညှဉ်းပန်းမှုကို ဘယ်လောက် ကြံ့ကြံ့ခံနိုင်မလဲဆိုတာ ဖော်ပြတယ်။ (ဟီ. ၁၀:၂၄၊ ၂၅) အခုအချိန်မှာ ဘာမဟုတ်တဲ့ ကိစ္စလေးတွေကြောင့် အစည်းအဝေး ပျက်နေမယ်ဆိုရင် အနာဂတ်မှာ အန္တရာယ်တွေကြား အစည်းအဝေး တက်ပါတော့မလား။ အစည်းအဝေးတွေ တက်ဖို့ အခုကတည်းက အခိုင်အမာ စိတ်ပိုင်းဖြတ်ထားမယ်ဆိုရင် ဆန့်ကျင်သူတွေ တားမြစ်ပိတ်ပင်ချိန်မှာ အလျှော့ပေးမှာ မဟုတ်ဘူး။ အခုအချိန်ဟာ အစည်းအဝေးတွေကို တန်ဖိုးထားရမယ့်အချိန်ပဲ။ အစည်းအဝေးတွေကို တန်ဖိုးထားမယ်ဆိုရင် ဆန့်ကျင်မှုတွေ၊ အစိုးရရဲ့ ပိတ်ပင်မှုတွေ ရင်ဆိုင်ရရင်တောင် လူ့စကားထက် ဘုရားသခင့်စကားကို ဆက်နာခံပါလိမ့်မယ်။ (တ. ၅:၂၉) အကြိုက်ဆုံး ကျမ်းချက်တွေကို အလွတ်ကျက်မှတ်ပါ။ (မ. ၁၃:၅၂) မှတ်ဉာဏ် သိပ်မကောင်းရင်တောင် ယေဟောဝါက သန့်ရှင်းသော စွမ်းအားတော် သုံးပြီး အဲဒီကျမ်းချက်တွေကို ပြန်မှတ်မိစေနိုင်တယ်။ (ယော. ၁၄:၂၆) ယေဟောဝါနဲ့ ရင်းနှီးနေဖို့၊ သစ္စာရှိရှိ ခံရပ်ဖို့ အဲဒီကျမ်းချက်တွေက ကူညီပေးပါလိမ့်မယ်။ w19.07 ၃ ¶၅။ ၄ ¶၈-၉

ကြာသပတေးနေ့၊ ဧပြီ ၂၂

နောက်ဆုံးကာလဟာ အလွန် ခက်ခဲကျပ်တည်းမယ်ဆိုတာ သိထားပါ။—၂ တိ. ၃:၁။

သင်ဟာ ၁၉၁၄ နောက်ပိုင်းမှာ မွေးဖွားတာလား။ ဒါဆို ဘဝတစ်လျှောက်လုံး “နောက်ဆုံးကာလ” မှာ အသက်ရှင်နေတာ ဖြစ်တယ်။ ဒီကာလနဲ့ပတ်သက်ပြီး ယေရှု ကြိုဟောခဲ့တဲ့ ဖြစ်ရပ်တွေကို ကျွန်တော်တို့ ကြားနေရတယ်။ အဲဒီထဲမှာ စစ်ပွဲ၊ အစာခေါင်းပါးမှု၊ မြေငလျင်၊ ကပ်ရောဂါ၊ မတရားမှု တိုးများခြင်း၊ ယေဟောဝါရဲ့ လူမျိုး နှိပ်စက်ညှဉ်းဆဲခံရခြင်းတို့ ပါဝင်တယ်။ (မ. ၂၄:၃၊ ၇-၉၊ ၁၂။ လု. ၂၁:၁၀-၁၂) တမန်တော် ပေါလု ကြိုပြောခဲ့တဲ့ လူစားမျိုးတွေကိုလည်း တွေ့မြင်နေရတယ်။ ယေဟောဝါကို ဝတ်ပြုသူတွေအနေနဲ့ “အဆုံးပိုင်းကာလ” မှာ ကျွန်တော်တို့ အသက်ရှင်နေရကြောင်း အသေအချာ သိထားကြတယ်။ (မိ. ၄:၁) ၁၉၁၄ ကစပြီး နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီး ဖြစ်လို့ ကျွန်တော်တို့ အသက်ရှင်နေရတဲ့ ကာလဟာ “နောက်ဆုံးကာလ” ရဲ့ အဆုံးပိုင်း ဖြစ်တယ်။ အဆုံး အလွန်နီးနေတဲ့အတွက် အရေးကြီး မေးခွန်းတချို့ရဲ့ အဖြေကို သိဖို့ လိုတယ်။ “နောက်ဆုံးကာလ” အဆုံးပိုင်းမှာ ဘယ်ဖြစ်ရပ်တွေ ဖြစ်မလဲ။ အဲဒီဖြစ်ရပ်တွေကို စောင့်မျှော်ရင်း ကျွန်တော်တို့ ဘာလုပ်ဖို့ ယေဟောဝါ မျှော်လင့်သလဲ။ w19.10 ၈ ¶၁-၂

သောကြာနေ့၊ ဧပြီ ၂၃

အဆုံးထိ ခံနိုင်ရည်ရှိသူဟာ ကယ်တင်ခံရလိမ့်မယ်။—မ. ၂၄:၁၃။

ကျွန်တော်တို့ရဲ့ ခံနိုင်ရည်ဟာ အခြေအနေ အကောင်းအဆိုးအပေါ် မမူတည်ဘဲ ယေဟောဝါကို အားကိုးခြင်းပေါ် မူတည်တယ်။ (ရော. ၁၂:၁၂) ဒီနေ့ကျမ်းချက်ပါ ယေရှုရဲ့ ကတိက ဘယ်လိုအခက်အခဲပဲ ကြုံရပါစေ ဆက်သစ္စာရှိရမယ်လို့ ဆိုလိုတယ်။ အခုကတည်းက စမ်းသပ်မှု ကြုံရတဲ့အခါတိုင်း ခံနိုင်ရည် ရှိခြင်းအားဖြင့် ကြီးစွာသောဒုက္ခမှာ ယုံကြည်ခြင်း ခိုင်မာနေပါလိမ့်မယ်။ ခံနိုင်ရည်လိုပဲ စစ်မှန်တဲ့ ရဲစွမ်းသတ္တိဟာ ယေဟောဝါကို အားကိုးခြင်းအပေါ် မူတည်တယ်။ ယေဟောဝါကို ဘယ်လို ပိုအားကိုးနိုင်မလဲ။ ကျမ်းစာ နေ့တိုင်း ဖတ်ရှုခြင်း၊ အရင်က လူမျိုးတော်ကို ယေဟောဝါ ဘယ်လို ကယ်တင်ခဲ့ကြောင်း တွေးတောဆင်ခြင်ခြင်းအားဖြင့်ပါပဲ။ (ဆာ. ၆၈:၂၀။ ၂ ပေ. ၂:၉) ကြီးစွာသောဒုက္ခအတွင်း ကျွန်တော်တို့ကို တိုင်းနိုင်ငံတွေ တိုက်ခိုက်တဲ့အခါ အရင်ကထက် ပိုပြီး ရဲစွမ်းသတ္တိ ရှိဖို့၊ ယေဟောဝါကို ယုံကြည်ကိုးစားဖို့ လိုလာလိမ့်မယ်။ (ဆာ. ၁၁၂:၇၊ ၈။ ဟီ. ၁၃:၆) အခုကတည်းက ယေဟောဝါကို အားကိုးမယ်ဆိုရင် ဂေါဂရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ဖို့ ရဲစွမ်းသတ္တိ ရှိလာပါလိမ့်မယ်။ ယေဟောဝါရဲ့ မေတ္တာပါ ကာကွယ်မှုအောက်မှာ ဘေးကင်းလုံခြုံနိုင်ကြောင်း ကျွန်တော်တို့ စိတ်ချကြတယ်။—၁ ကော. ၁၃:၈။ w19.10 ၁၈ ¶၁၅-၁၆

စနေနေ့၊ ဧပြီ ၂၄

တစ်လောကလုံးကတော့ ဆိုးညစ်သူရဲ့ ဩဇာအောက်မှာ ရှိနေ[တယ်။] —၁ ယော. ၅:၁၉။

ဒီလောကစနစ်ကို မာရ်နတ် ထိန်းချုပ်ထားတယ်။ လူတွေရဲ့ သဘာဝဆန္ဒနဲ့ သွေးသားအားနည်းမှုကို သူ အသုံးချနေတယ်။ (ဧ. ၂:၁-၃) သူ့ပန်းတိုင်က ယေဟောဝါ တစ်ပါးတည်းကို မဟုတ်ဘဲ တခြားအရာတွေကိုလည်း ကျွန်တော်တို့ ချစ်လာစေဖို့ ဖြစ်တယ်။ တမန်တော် ပေတရုက စာတန့်လောက အဆုံးနဲ့ ရောက်လာတော့မယ့် ကမ္ဘာသစ်အကြောင်း ရေးပြီးနောက် “ချစ်ရသူတို့၊ ဒါတွေကို ခင်ဗျားတို့ စောင့်မျှော်နေတဲ့အတွက် ဘုရားသခင် နောက်ဆုံးစစ်ဆေးတဲ့အခါ အစွန်းအထင်း၊ အပြစ်အနာအဆာ မရှိဘဲ ငြိမ်သက်ခြင်းရှိနေဖို့ အစွမ်းကုန် ကြိုးစားကြပါ” လို့ ရေးခဲ့တယ်။ (၂ ပေ. ၃:၁၄) အဲဒီအကြံပေးချက်ကို လိုက်နာပြီး ကိုယ်ကျင့်တရားနဲ့ ဝတ်ပြုရေးဘက် စင်ကြယ်နေဖို့ အတတ်နိုင်ဆုံး ကြိုးစားမယ်ဆိုရင် ယေဟောဝါ တစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်ကြောင်း ဖော်ပြရာရောက်ပါလိမ့်မယ်။ စာတန်နဲ့ စာတန့်လောကက ကျွန်တော်တို့ရဲ့ ဦးစားထားရာတွေ ပြောင်းလဲသွားအောင် ဆက်သွေးဆောင်နေမှာပဲ။ (လု. ၄:၁၃) ဒါပေမဲ့ ဘယ်လို အခက်အခဲပဲ ရင်ဆိုင်ရပါစေ ကျွန်တော်တို့ရဲ့ စိတ်နှလုံးထဲမှာ ဘုရားသခင့်နေရာကို တခြားဘယ်အရာ၊ ဘယ်သူနဲ့မှ အစားထိုးမှာ မဟုတ်ဘူး။ ယေဟောဝါ တစ်ပါးတည်းကိုပဲ အကြွင်းမဲ့ ကိုးကွယ်ဆည်းကပ်ဖို့ ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ထားကြပါတယ်။ w19.10 ၂၇ ¶၄။ ၃၁ ¶၁၈-၁၉

တနင်္ဂနွေနေ့၊ ဧပြီ ၂၅

အပြစ်ကြောင့် စိတ်ဒုက္ခရောက်နေပါတယ်။ —ဆာ. ၃၈:၁၈။

တချို့စိုးရိမ်ပူပန်မှုတွေဟာ သင့်တော်တယ်။ ဥပမာ၊ ယေဟောဝါနဲ့ ယေရှု မနှစ်သက်မှာကို စိုးရိမ်တာ သင့်တော်တယ်။ (၁ ကော. ၇:၃၂) ကြီးလေးတဲ့အပြစ် ကျူးလွန်ထားမယ်ဆိုရင် ဘုရားနဲ့ ဆက်ဆံရေးကောင်း ပြန်မရမှာ စိုးရိမ်တတ်ကြတယ်။ အိမ်ထောင်ဖက်၊ မိသားစုဝင်နဲ့ ယုံကြည်သူချင်းတွေရဲ့ အကျိုးအတွက် ကျွန်တော်တို့ စိုးရိမ်ကြတယ်။ (၁ ကော. ၇:၃၃။ ၂ ကော. ၁၁:၂၈) မသင့်တော်တဲ့ စိုးရိမ်ပူပန်မှုကတော့ စားဝတ်နေရေးအတွက် အမြဲ တွေးပူနေတာမျိုး ဖြစ်စေနိုင်တယ်။ (မ. ၆:၃၁၊ ၃၂) ဒါကြောင့် ရုပ်ပစ္စည်း ပိုင်ဆိုင်ဖို့ အာရုံစိုက်လာနိုင်တယ်။ ဒါဆိုရင် ယေဟောဝါအပေါ် ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း အားနည်းလာမယ်။ ဘုရားနဲ့ ဆက်ဆံရေး ထိခိုက်လာမယ်။ (မာ. ၄:၁၉။ ၁ တိ. ၆:၁၀) လူတွေရဲ့ မျက်နှာသာ ရဖို့ တွေးပူနေတာကလည်း မသင့်တော်တဲ့ စိုးရိမ်ပူပန်မှုပဲ။ ယေဟောဝါ မနှစ်သက်မှာထက် လူတွေ လှောင်ပြောင်မှာ၊ နှိပ်စက်မှာကို စိုးရိမ်လာနိုင်တယ်။ အဲဒီလို မဖြစ်အောင် ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိ ပေးဖို့ ယေဟောဝါဆီ အသနားခံရမယ်။—ပညာ. ၂၉:၂၅။ လု. ၁၇:၅။ w19.11 ၁၅ ¶၆-၇

တနင်္လာနေ့၊ ဧပြီ ၂၆

တစ်ယောက်ယောက်က ဉာဏ်ပညာ လိုနေရင် [ရက်ရက်ရောရော ပေးတတ်တဲ့] ဘုရားသခင်ဆီ တောင်းမြဲတောင်းပါ။—ယာ. ၁:၅။

အရေးကြီး ဆုံးဖြတ်ချက်တချို့ကို ပြင်လို့ မရဘူး။ ဥပမာ၊ ကျွန်တော်တို့ဟာ ယေဟောဝါကို ဝတ်ပြုဖို့၊ အိမ်ထောင်ဖက်ကို သစ္စာရှိဖို့ ဆုံးဖြတ်ထားတဲ့အတိုင်း လုပ်ရမယ်။ (မ. ၁၆:၂၄။ ၁၉:၆) ဒါပေမဲ့ ဆုံးဖြတ်ချက်တချို့ကိုတော့ ပြန်ပြင်ဖို့ လိုနိုင်တယ်။ အကြောင်းကတော့ အခြေအနေတွေ ပြောင်းသွားနိုင်လို့ပဲ။ ဆုံးဖြတ်ချက်ကောင်း ချနိုင်အောင် ဘာက ကူညီပေးနိုင်သလဲ။ ဉာဏ်ပညာ ရဖို့ ဆုတောင်းပါ။ ကျွန်တော်တို့အားလုံး “ဉာဏ်ပညာ လိုနေ” ကြတယ်။ ဒါကြောင့် ဆုံးဖြတ်ချက် ချတဲ့အခါ၊ ဆုံးဖြတ်ချက်ကို ပြန်ပြင်ဖို့ လိုတဲ့အခါ ယေဟောဝါကို အားကိုးရမယ်။ ဆုံးဖြတ်ချက်ကောင်း ချနိုင်အောင် ယေဟောဝါ ကူညီပါလိမ့်မယ်။ အသေအချာ ရှာဖွေလေ့လာပါ။ ကျမ်းစာနဲ့ အဖွဲ့အစည်းထုတ် စာပေတွေကို ဖတ်ပါ။ ယုံကြည်စိတ်ချရသူတွေနဲ့ တိုင်ပင်ပါ။ (ပညာ. ၂၀:၁၈) အလုပ်မပြောင်းခင်၊ အိမ်မပြောင်းခင်၊ အမှုဆောင်လုပ်ငန်းမှာ ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့ဖို့ သင့်တော်တဲ့ ပညာရေးကို မရွေးချယ်ခင် အသေအချာ ရှာဖွေလေ့လာဖို့ လိုတယ်။ w19.11 ၂၇ ¶၆-၈

အင်္ဂါနေ့၊ ဧပြီ ၂၇

ကျွန်တော့်အဖြစ် ဆိုးလိုက်တာ။ ဒီလိုအဖြစ်မျိုးနဲ့ သေဆုံးစေမယ့် ကိုယ်ခန္ဓာကနေ လွတ်မြောက်အောင် ဘယ်သူ ကယ်တင်ပေးမလဲ။ —ရော. ၇:၂၄။

ဝမ်းသာစရာက ကျွန်တော်တို့ကို အပြစ်ကနေ လွတ်မြောက်စေဖို့ ဘုရား စီစဉ်ပေးထားတယ်။ အဲဒီလွတ်မြောက်ရေးမှာ ယေရှု အဓိကကျတယ်။ ယေရှု မြေကြီးပေါ် မလာခင် နှစ်ပေါင်း ၇၀၀ ကျော်လောက်မှာ ပရောဖက် ဟေရှာယက အနာဂတ် လွတ်မြောက်မှုကြီးအကြောင်း ကြိုဟောတယ်။ အဲဒီလွတ်မြောက်မှုဟာ အစ္စရေး ယုဘိလနှစ်ရဲ့ လွတ်မြောက်မှုထက် ပိုသာလွန်ပါလိမ့်မယ်။ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါရဲ့ စွမ်းအားတော်က ငါ့အပေါ်မှာ သက်ရောက်နေတယ်။ နူးညံ့သိမ်မွေ့သူတွေဆီ သတင်းကောင်း ကြေညာဖို့ ငါ့ကို ယေဟောဝါ ဘိသိက်ပေးထားတယ်။ စိတ်ကြေကွဲနေသူတွေရဲ့ ဒဏ်ရာတွေကို စည်းပေးဖို့၊ သုံ့ပန်းတွေကို လွတ်လပ်ခွင့်ရတော့မယ့်အကြောင်း ကြေညာဖို့၊ . . . ငါ့ကို ဘုရား စေလွှတ်တယ်” လို့ ဟေရှာယ ရေးတယ်။ (ဟေရှာ. ၆၁:၁) အဲဒီကြိုဟောချက်က ဘယ်သူနဲ့ သက်ဆိုင်သလဲ။ လွတ်လပ်မှုနဲ့ပတ်သက်တဲ့ အဲဒီကြိုဟောချက်ဟာ ယေရှု အမှုဆောင်လုပ်ငန်း စပြီးနောက်မှာ ပြည့်စုံလာတယ်။ ဇာတိမြို့ နာဇရက်က တရားဇရပ်မှာ စုဝေးနေတဲ့ ဂျူးတွေရှေ့ ဟေရှာယရဲ့ အဲဒီကြိုဟောချက်ကို ယေရှု ဖတ်ပြပြီးနောက် အဲဒီစကားတွေဟာ မိမိနဲ့ သက်ဆိုင်ကြောင်း ပြောခဲ့တယ်။—လု. ၄:၁၆-၁၉။ w19.12 ၉-၁၀ ¶၆-၈

ဗုဒ္ဓဟူးနေ့၊ ဧပြီ ၂၈

ဆန့်ကျင်မှုတွေ အများကြီး ကြုံရတဲ့ကြားက ဘုရားသခင့်အကူအညီနဲ့ သတ္တိမွေးပြီး ခင်ဗျားတို့ကို သတင်းကောင်း ဟောပြောခဲ့တယ်။ —၁ သက်. ၂:၂။

နှိပ်စက်ညှဉ်းပန်းမှုကို ရင်ဆိုင်ဖို့ သတ္တိ လိုတယ်။ သင့်မှာ သတ္တိ မရှိဘူးလို့ ထင်နေရင် ဘာလုပ်နိုင်သလဲ။ စစ်မှန်တဲ့ ရဲစွမ်းသတ္တိဟာ ကိုယ်ခန္ဓာ အရွယ်အစား၊ ခွန်အားဗလ၊ စွမ်းရည်အပေါ် မမူတည်ကြောင်း သတိရပါ။ ဂေါလျတ်ကို ရင်ဆိုင်ခဲ့တဲ့ လူငယ် ဒါဝိဒ်အကြောင်း စဉ်းစားကြည့်ပါ။ လူထွားကြီးနဲ့ယှဉ်ရင် ဒါဝိဒ်ဟာ လူကောင်သေးတယ်၊ အားနည်းတယ်၊ လက်နက် မပြည့်စုံဘူး။ ဒါဝိဒ်မှာ ဓားတောင် မရှိဘူး။ ဒါပေမဲ့ သတ္တိတော့ အပြည့်ပဲ။ လူထွားကြီးကို တိုက်ဖို့ သတ္တိရှိရှိ ပြေးသွားတယ်။ ဒါဝိဒ် ဘာကြောင့် ဒီလောက် သတ္တိရှိသလဲ။ မိမိနဲ့အတူ ယေဟောဝါ ရှိကြောင်း အခိုင်အမာ ယုံကြည်လို့ပဲ။ (၁ ရှ. ၁၇:၃၇၊ ၄၅-၄၇) မိမိနဲ့ယှဉ်ရင် ဂေါလျတ် ဘယ်လောက် ထွားကျိုင်းတယ်ဆိုတာကို အာရုံမစိုက်ဘဲ ယေဟောဝါနဲ့ ယှဉ်ရင် ဂေါလျတ် ဘယ်လောက် သေးငယ်တယ်ဆိုတာကိုပဲ ဒါဝိဒ် အာရုံစိုက်တယ်။ ဒီမှတ်တမ်းကနေ ဘာသင်ယူနိုင်သလဲ။ ကျွန်တော်တို့နဲ့အတူ ယေဟောဝါ ရှိကြောင်း၊ အနန္တတန်ခိုးရှင် ယေဟောဝါနဲ့ယှဉ်ရင် ဆန့်ကျင်သူတွေ အလွန်သေးနုပ်ကြောင်း ယုံကြည်စိတ်ချပါ။ ဒါဆိုရင် သတ္တိရှိလာမယ်။—၂ ရာ. ၂၀:၁၅။ ဆာ. ၁၆:၈။ w19.07 ၅ ¶၁၁-၁၃

ကြာသပတေးနေ့၊ ဧပြီ ၂၉

ကျွန်တော့်ရဲ့ လုပ်ဖော်ဆောင်ဖက်တွေ[ဟာ]. . . ကျွန်တော့်ကို တကယ် အားပေးထောက်မခဲ့ သူတွေပါ။—ကော. ၄:၁၁။

တုခိတ်ဟာ တမန်တော် ပေါလုအတွက် သစ္စာရှိ ခရစ်ယာန် မိတ်ဆွေ ဖြစ်တယ်။ (တ. ၂၀:၄) အေဒီ ၅၅ လောက်မှာ ယုဒပြည်က ခရစ်ယာန်တွေအတွက် ကယ်ဆယ်ရေး ရန်ပုံငွေ ကောက်ဖို့ ပေါလု စီစဉ်တယ်။ ဒီကိစ္စကို ကူညီပေးဖို့ တုခိတ်ကို တာဝန်ပေးခဲ့ပုံရတယ်။ (၂ ကော. ၈:၁၈-၂၀) နောက်ပိုင်း ရောမမှာ ပေါလု ပထမအကြိမ် အကျဉ်းကျတဲ့အခါ ပေါလုရဲ့ အားပေးစကားတွေ၊ စာတွေကို အာရှနယ်က အသင်းတော်တွေဆီ တုခိတ် ပို့ပေးခဲ့တယ်။ (ကော. ၄:၇-၉) တုခိတ်ဟာ ပေါလုအတွက် ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေ ဖြစ်တယ်။ (တိ. ၃:၁၂) အဲဒီတုန်းက ခရစ်ယာန်တွေထဲမှာ တုခိတ်လို အားထားရတဲ့သူ ရှားတယ်။ အေဒီ ၆၅ လောက်မှာ ပေါလု ဒုတိယအကြိမ် အကျဉ်းကျတဲ့အခါ အာရှနယ်က ခရစ်ယာန် အမျိုးသားများစွာဟာ ဆန့်ကျင်သူတွေကို ကြောက်လို့ ပေါလုနဲ့ မပေါင်းကြတော့ဘူး။ (၂ တိ. ၁:၁၅) ဒါပေမဲ့ တုခိတ်ကိုတော့ ပေါလု အားထားရတဲ့အတွက် တာဝန် နောက်တစ်ခု ပေးခဲ့တယ်။ (၂ တိ. ၄:၁၂) တုခိတ်လို မိတ်ဆွေကောင်းကို ပေါလု တန်ဖိုးထားလေးမြတ်မှာ သေချာတယ်။ w20.01 ၁၀ ¶၇-၈

သောကြာနေ့၊ ဧပြီ ၃၀

ဘုရားသခင်က ကျွန်တော်တို့ကို . . . အဲဒီအကြောင်း ဖော်ပြတယ်။—၁ ကော. ၂:၁၀။

ကိုယ့်ကိုယ်ကိုယ် ဘိသိက်ခံများလားလို့ သင် တွေးဖူးသလား။ ဒါဆိုရင် ဒီအရေးကြီး မေးခွန်းတွေကို သုံးသပ်ကြည့်ပါ– ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ငါဆန္ဒပြင်းပြနေသလား။ ဟောပြောခြင်းလုပ်ငန်းမှာ ထူးထူးခြားခြား ဇွဲထက်သန်နေသလား။ “ဘုရားသခင်ရဲ့ နက်နဲတဲ့ အကြံအစည်တွေ” ကို သင်ယူချင်စိတ် ပြင်းပြနေသလား။ ဟောပြောခြင်းလုပ်ငန်းမှာ ငါ့ကို ယေဟောဝါ ထူးထူးခြားခြား ကောင်းချီးပေးနေတယ်လို့ ခံစားရသလား။ တခြားသူတွေကို ဘုရားရေးရာဘက်မှာ ကူညီပေးဖို့ တာဝန်ရှိနေတယ်လို့ ခံစားရသလား။ အသက်တာမှာ နည်းလမ်းများစွာနဲ့ ယေဟောဝါ ထူးထူးခြားခြား ကူညီပေးခဲ့တာ ရှိသလား။ အဲဒီမေးခွန်းတွေကို ဟုတ်တယ်လို့ ဖြေဆိုနိုင်ရင် ကောင်းကင်သွားဖို့ သင် ဖိတ်ခေါ်ခံရတယ်လို့ ဆိုလိုသလား။ မဆိုလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင့် ကျေးကျွန်အားလုံး အဲဒီလိုခံစားရနိုင်လို့ပဲ။ တကယ်တော့ သန့်ရှင်းသော စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရသလားလို့ တွေးနေတယ်ဆိုကတည်းက ဘိသိက်ပေး မခံရတဲ့သဘော ဖြစ်တယ်။ ယေဟောဝါရဲ့ ဖိတ်ခေါ်မှု ရရှိသူဟာ ဖိတ်ခေါ်ခံရသလား၊ မခံရဘူးလားဆိုတာ မရေမရာ မဖြစ်ဘူး။ ဖိတ်ခေါ်ခံရမှန်း သေချာပေါက် သိတယ်။ w20.01 ၂၃ ¶၁၄

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ