မေ
စနေနေ့၊ မေ ၁
မွေးလာမယ့် ကလေးကို ဘယ်လို ပြုစုပျိုးထောင်ရမယ်ဆိုတာ သင်ပေး[ပါ။] —သူကြီး. ၁၃:၈။
ယေဟောဝါကို ချစ်လာအောင် သားသမီးတွေကို မိဘတွေ ဘယ်လို ကူညီပေးနိုင်သလဲ။ မာနော်လိုပဲ ယေဟောဝါရဲ့ အကူအညီ ရဖို့ ဆုတောင်းပါ။ ပုံသက်သေနဲ့လည်း သင်ပေးပါ။ အပြောက အရေးကြီးပေမဲ့ လုပ်ရပ်က သားသမီးတွေအပေါ် ပိုအကျိုးသက်ရောက်နိုင်တယ်။ ယောသပ်နဲ့ မာရိဟာ ယေရှု အပါအဝင် ကလေးတွေအတွက် ပုံသက်သေကောင်း ပြခဲ့တယ်။ ယောသပ်က မိသားစုကို ထောက်ပံ့ဖို့ အလုပ်ကြိုးစားတယ်။ ဘုရားရေးရာကို တန်ဖိုးထားတတ်အောင်လည်း သင်ပေးတယ်။ (တရား. ၄:၉၊ ၁၀) မိသားစုကို “နှစ်တိုင်း” ပသခါပွဲအတွက် ဂျေရုဆလင်မြို့ကို ခေါ်သွားတယ်။ (လု. ၂:၄၁၊ ၄၂) ယောသပ်ခေတ်က ဖခင်တချို့ကတော့ အဲဒီလို မိသားစုလိုက် သွားဖို့ ခက်လွန်းတယ်၊ အချိန်နဲ့ ငွေကုန်တယ်လို့ ယူဆခဲ့ကြမှာပဲ။ ဒါပေမဲ့ ယောသပ်က ဘုရားရေးရာကို တန်ဖိုးထားပြီး သားသမီးတွေကိုလည်း တန်ဖိုးထားတတ်အောင် သင်ပေးတယ်။ မာရိလည်း ကျမ်းစာနဲ့ အကျွမ်းတဝင် ရှိတယ်။ သားသမီးတွေ ကျမ်းစာကို ချစ်မြတ်နိုးလာအောင် အပြောနဲ့ရော အလုပ်နဲ့ပါ သင်ပေးတယ်။ w19.12 ၂၄-၂၅ ¶၉-၁၂
တနင်္ဂနွေနေ့၊ မေ ၂
ကျွန်တော်ကတော့ အပြစ်ရဲ့ လက်ထဲ ရောင်းစားခံရသူ၊ အပြစ်ရှိသူပါ။—ရော. ၇:၁၄။
လူ့မိသားစုမှာ ဦးဆုံးပေါ်လာတဲ့ ပြဿနာကို ယေဟောဝါ ဖြေရှင်းပုံကနေ ဘုရားမေတ္တာကို တွေ့နိုင်တယ်။ ကောင်းကင်ဖခင် ယေဟောဝါကို အာဒံ မနာခံတဲ့အတွက် ကိုယ်တိုင်နဲ့ သားစဉ်မြေးဆက်တွေ ဘုရားမိသားစုဝင် ဖြစ်ခွင့် ဆုံးရှုံးသွားတယ်။ (ရော. ၅:၁၂) ဒါပေမဲ့ အာဒံရဲ့ သားစဉ်မြေးဆက်တွေကို ယေဟောဝါ ပစ်မထားပါဘူး။ အာဒံကို ယေဟောဝါ ပြစ်ဒဏ်ပေးပေမဲ့ အာဒံရဲ့ မမွေးသေးတဲ့ သားစဉ်မြေးဆက်တွေကို မျှော်လင့်ချက် ပေးတယ်။ နာခံတဲ့ လူသားတွေကို မိမိရဲ့ မိသားစုဝင် ပြန်ဖြစ်ခွင့်ပေးမယ်လို့ ဘုရားသခင် ချက်ချင်း ကတိပေးတယ်။ (က. ၃:၁၅။ ရော. ၈:၂၀၊ ၂၁) ချစ်သားယေရှုရဲ့ ရွေးဖိုးပူဇော်သက္ကာကို အခြေခံပြီး အဲဒီလို လုပ်ပေးတယ်။ သားတော်ကို ပေးခြင်းက ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လောက် ချစ်ကြောင်း ဖော်ပြတယ်။ (ယော. ၃:၁၆) ယေဟောဝါဟာ အကောင်းဆုံးဖခင်ပါပဲ။ ဆုတောင်းချက်တွေကို နားထောင်ပေးတယ်။ ရုပ်ပိုင်း၊ ဘုရားရေးရာပိုင်း လိုအပ်တာတွေကို ထောက်မပေးတယ်။ လေ့ကျင့်ပေးတယ်။ ကူညီပေးတယ်။ အနာဂတ်မှာလည်း ကောင်းချီးတွေ ပေးဦးမယ်။ ကျွန်တော်တို့ကို ကောင်းကင်ဖခင် အလွန်ချစ်ပြီး ဂရုစိုက်မှန်း သိရလို့ ဝမ်းသာစရာပါပဲ။ w20.02 ၆ ¶၁၆-၁၇။ ၇ ¶၂၀
တနင်္လာနေ့၊ မေ ၃
စိုးရိမ်စိတ်တွေ သိပ်များနေတဲ့အခါ ကိုယ်တော် နှစ်သိမ့်ပေးပြီး စိတ်သက်သာရာ ရစေတယ်။—ဆာ. ၉၄:၁၉။
သင် စိုးရိမ်ပူပန်ဖူးသလား။ တခြားသူတွေရဲ့ အပြော၊ လုပ်ရပ်ကြောင့် ဒါမှမဟုတ် ကိုယ်တိုင် ပြောမိ၊ လုပ်မိတာတွေကြောင့် ဖြစ်နိုင်တယ်။ ကိုယ်လုပ်ခဲ့တဲ့ အမှားကို ယေဟောဝါ ခွင့်မလွှတ်မှာ စိုးရိမ်တာလည်း ဖြစ်နိုင်တယ်။ စိုးရိမ်ပူပန်နေတာဟာ ယုံကြည်ခြင်း မရှိတဲ့ သဘောပဲဆိုတဲ့ အထင်နဲ့ ကိုယ့်ကိုယ်ကိုယ် တော်တော်ဆိုးတဲ့သူအဖြစ် ခံစားရနိုင်တယ်။ ဒါပေမဲ့ ကျမ်းစာ ပုံနမူနာတချို့ကို သုံးသပ်ကြည့်ပါ။ ပရောဖက် ရှမွေလရဲ့ မိခင် ဟန္နဟာ ယုံကြည်ခြင်း ခိုင်မာသူ ဖြစ်ပေမဲ့ အိမ်သားတစ်ယောက်ကြောင့် စိတ်သောက ရောက်ခဲ့ရတယ်။ (၁ ရှ. ၁:၇) တမန်တော် ပေါလုလည်း ယုံကြည်ခြင်း သန်မာသူ ဖြစ်ပေမဲ့ ‘အသင်းတော်တွေအတွက် စိတ်ပူ’ ခဲ့တယ်။ (၂ ကော. ၁၁:၂၈) ဘုရင်ဒါဝိဒ်ဟာ ယုံကြည်ခြင်း ခိုင်ခံ့သူ ဖြစ်ပြီး ယေဟောဝါ အလွန်ချစ်ခင်သူ ဖြစ်တယ်။ (တ. ၁၃:၂၂) ဒါတောင် အမှားတွေ လုပ်မိပြီး အကြီးအကျယ် စိတ်သောက ရောက်ခဲ့တယ်။ (ဆာ. ၃၈:၄) သူတို့အားလုံးကို ယေဟောဝါ နှစ်သိမ့်ပေးပြီး စိတ်သက်သာစေခဲ့တယ်။ w20.02 ၂၀ ¶၁-၂
အင်္ဂါနေ့၊ မေ ၄
ကျွန်တော့်နောက်လိုက် ဖြစ်ချင်သူတိုင်း ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ရမယ်။—မ. ၁၆:၂၄။
ဆက်ကပ်အပ်နှံတယ်ဆိုတာ အသက်တာကို ဘုရားအမှုဆောင်ဖို့ ထာဝစဉ် အသုံးပြုသွားပါ့မယ်လို့ ယေဟောဝါဆီ ဆုတောင်းပြီး ကတိပေးတာ ဖြစ်တယ်။ ဘုရားဆီ ဆက်ကပ်အပ်နှံတာက ကိုယ့်ကိုယ်ကိုယ် “ငြင်းပယ်” လိုက်တာပဲ။ ဆိုလိုတာက အခုချိန်ကစပြီး ကိုယ့်အကြိုက်၊ ကိုယ့်ဆန္ဒ၊ ကိုယ့်ရည်မှန်းချက်တွေထက် ဘုရားအလိုတော်ကို ဦးစားထားပါ့မယ်လို့ ပြောလိုက်တာ ဖြစ်တယ်။ အခု သင့်ကို ယေဟောဝါ ပိုင်သွားပြီ။ အခွင့်ထူးကြီးပါပဲ။ (ရော. ၁၄:၈) ဆက်ကပ်အပ်နှံတယ်ဆိုတာ ဘုရားဆီ အလေးအနက် သစ္စာကတိပြုတာ ဖြစ်တယ်။ အဲဒီလို သစ္စာကတိပြုဖို့ ယေဟောဝါ အတင်းအကျပ် မတောင်းဆိုဘူး။ ဒါပေမဲ့ သစ္စာကတိပြုပြီးရင်တော့ အဲဒီအတိုင်း လုပ်ဆောင်စေချင်တယ်။ (ဆာ. ၁၁၆:၁၂၊ ၁၄) ဆက်ကပ်အပ်နှံတာက ဘုရားနဲ့ သင်နဲ့ကြား သီးသန့်ကိစ္စ ဖြစ်တယ်။ နှစ်ခြင်းကတော့ အများအားဖြင့် အစည်းအဝေးပွဲတွေမှာ လူအများရှေ့ လုပ်တာ ဖြစ်တယ်။ နှစ်ခြင်းခံတာက သင်ဟာ ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီး ဖြစ်ကြောင်း၊ ယေဟောဝါဘုရားကို စိတ်စွမ်း၊ ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ ခွန်အား ရှိသမျှနဲ့ ချစ်ကြောင်း၊ ထာဝစဉ် ဝတ်ပြုသွားဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း တခြားသူတွေကို သိစေတယ်။—မာ. ၁၂:၃၀။ w20.03 ၉ ¶၄-၅
ဗုဒ္ဓဟူးနေ့၊ မေ ၅
ခင်ဗျားတို့ကို ဘယ်သူမှ မလှည့်ဖြားပါစေနဲ့။—၂ သက်. ၂:၃။
စာတန်က ယေဟောဝါနဲ့ပတ်သက်တဲ့ လူတွေရဲ့ အမြင်ကို ဝေဝါးစေတယ်။ ယေရှုရဲ့ တမန်တော်တွေ သေဆုံးပြီးနောက် ခရစ်ယာန်အမည်ခံ တချို့က မှားယွင်းတဲ့ သွန်သင်ချက်တွေကို သွန်သင်လာကြတယ်။ (တ. ၂၀:၂၉၊ ၃၀) အဲဒီအယူဖောက်ပြန်သူတွေဟာ စစ်မှန်တဲ့ တစ်ဆူတည်းသောဘုရား ဘယ်သူဖြစ်ကြောင်း ဝေဝါးအောင် လုပ်ခဲ့ကြတယ်။ ဥပမာ၊ သူတို့ရဲ့ ကျမ်းစာတွေမှာ ဘုရားနာမည်ကို မသုံးတော့ဘဲ “သခင်” ဆိုတဲ့ စကားလုံးနဲ့ အစားထိုးကြတယ်။ ဒါကြောင့် ကျမ်းစာဖတ်သူတွေက ကျမ်းစာမှာ ဖော်ပြထားတဲ့ တခြား “သခင်တွေ” နဲ့ ယေဟောဝါ ဘယ်လို ကွာခြားကြောင်း မသိကြတော့ဖဘူး။ (၁ ကော. ၈:၅) ယေဟောဝါနဲ့ ယေရှု နှစ်ဦးစလုံးကို “သခင်” လို့ သုံးလိုက်တဲ့အတွက် ယေဟောဝါနဲ့ ယေရှု မတူကြောင်း သိမြင်ဖို့ ခက်ခဲစေတယ်။ (ယော. ၁၇:၃) ဒီလိုရှုပ်ထွေးမှုကြောင့် ကျမ်းစာမှာ မသွန်သင်ထားတဲ့ သုံးပါးပေါင်းတစ်ဆူ အယူဝါဒ ပေါ်လာတယ်။ လူများစွာက ဘုရားကို လျှို့ဝှက်နက်နဲရာအဖြစ် မြင်လာကြပြီး ဘုရားအကြောင်း မသိနိုင်ဘူးလို့ ယူဆလာကြတယ်။ တကယ့် လိမ်ညာမှုကြီးပါပဲ။—တ. ၁၇:၂၇။ w19.06 ၅ ¶၁၁
ကြာသပတေးနေ့၊ မေ ၆
ဘုရားပေးတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ပါ။—၂ တိ. ၄:၅။
အမှုဆောင်လုပ်ငန်းမှာ အပြည့်အဝ ပါဝင်နိုင်တဲ့ နည်းတစ်နည်းကတော့ ဟောပြောခြင်းစွမ်းရည် တိုးတက်စေခြင်းပါပဲ။ (ပညာ. ၁:၅။ ၁ တိ. ၄:၁၃၊ ၁၅) ဘုရားသခင်ရဲ့ “လုပ်ဖော်ဆောင်ဖက်” ဖြစ်ခွင့်ရတာ အခွင့်ထူးပါပဲ။ (၁ ကော. ၃:၉) “ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိ” ပြီး အမှုဆောင်လုပ်ငန်းကို အာရုံစိုက်မယ်ဆိုရင် “ယေဟောဝါကို ဝမ်းမြောက်စွာ ဝတ်ပြု” နိုင်ပါလိမ့်မယ်။ (ဖိ. ၁:၁၀။ ဆာ. ၁၀၀:၂) ဘယ်လို အခက်အခဲတွေ၊ ကန့်သတ်ချက်တွေပဲ ရှိပါစေ အမှုဆောင်လုပ်ငန်းကို ကျေပွန်အောင် ဆောင်ရွက်ဖို့ ဘုရား ခွန်အားပေးမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ (၂ ကော. ၄:၁၊ ၇။ ၆:၄) အခြေအနေကြောင့် အမှုဆောင်လုပ်ငန်းမှာ နည်းနည်းဖြစ်ဖြစ်၊ များများဖြစ်ဖြစ် ဘယ်လောက်ပဲ ပါဝင်နိုင်ပါစေ အကြွင်းမဲ့ လုပ်ဆောင်ခြင်းအားဖြင့် “ပျော်ရွှင်ကျေနပ်” နိုင်ပါတယ်။ (ဂလ. ၆:၄) အမှုဆောင်လုပ်ငန်းကို အပြည့်အဝ ဆောင်ရွက်ခြင်းက ယေဟောဝါနဲ့ လူလူချင်းကို ချစ်ကြောင်း ဖော်ပြရာရောက်တယ်။ “အဲဒီလိုလုပ်မယ်ဆိုရင် ကိုယ်တိုင်သာမက ကိုယ့်ရဲ့ သွန်သင်ချက်ကို နားထောင်သူတွေပါ ကယ်တင်ခြင်း ရလိမ့်မယ်။”—၁ တိ. ၄:၁၆။ w19.04 ၆ ¶၁၅။ ၇ ¶၁၇
သောကြာနေ့၊ မေ ၇
[စာတန်ဟာ] လူနေထိုင်ရာ မြေတစ်ပြင်လုံးကို လှည့်စား . . . တယ်။—ဗျာ. ၁၂:၉။
လူတွေကို စာတန်နဲ့ နတ်ဆိုးတွေ လှည့်စားတဲ့ အဓိကနည်းကတော့ နတ်ဆိုးပညာအားဖြင့်ပဲ။ နတ်ဆိုးပညာ လိုက်စားသူတွေဟာ လူတွေ မသိတာ၊ မထိန်းချုပ်နိုင်တာတွေကို သိတယ်၊ ထိန်းချုပ်နိုင်တယ်လို့ ပြောကြတယ်။ ဥပမာ၊ နတ်ဝိဇ္ဇာအတတ်နဲ့ ဗေဒင်ပညာ သုံးပြီး အနာဂတ်ကို သိနိုင်တယ်လို့ ပြောကြတယ်။ သေလွန်သူတွေနဲ့ စကားပြောနိုင်တဲ့ပုံ ဖမ်းကြတယ်။ တချို့က စုန်းအတတ်၊ မှော်အတတ် လိုက်စားပြီး ပြုစားကြတယ်။ လက်တင်အမေရိကနဲ့ ကရစ်ဘီယံ ၁၈ နိုင်ငံမှာ လုပ်တဲ့ စစ်တမ်းအရ မှော်အတတ်၊ စုန်းအတတ်ကို ယုံတဲ့သူ သုံးပုံတစ်ပုံ ရှိပြီး အများစုက ဝိညာဉ်တွေနဲ့ ဆက်သွယ်လို့ရတယ်ဆိုပြီး ယူမှတ်တယ်။ အာဖရိကမှာလည်း ၁၈ နိုင်ငံကို စစ်တမ်းကောက်ခဲ့တယ်။ တစ်ဝက်ကျော်ဟာ စုန်းအတတ်ကို ယုံကြတယ်။ ဒါကြောင့် ဘယ်မှာပဲ နေထိုင်ပါစေ နတ်ဆိုးပညာကို တွန်းလှန်ရမယ်။ w19.04 ၂၀-၂၁ ¶၃-၄
စနေနေ့၊ မေ ၈
ခင်ဗျားတို့ဆီမှာ လိင်အကျင့်ယိုယွင်းသူတွေ . . . မရှိအောင် သတိထားကြပါ။—ဟီ. ၁၂:၁၆။
ဆိုးညစ်မှုအားလုံးကို ယေဟောဝါဘုရား မုန်းတယ်။ (ဆာ. ၅:၄-၆) အထူးသဖြင့် ကလေးတွေအပေါ် လိင်ဆိုင်ရာ မတော်မတရားပြုတဲ့ စက်ဆုပ်ဖွယ် ပြစ်မှုကို မုန်းတယ်။ ယေဟောဝါကို တုပတဲ့အနေနဲ့ ကျွန်တော်တို့လည်း ကလေးတွေအပေါ် မတော်မတရားပြုတာကို ရွံမုန်းပြီး အသင်းတော်မှာ လုံးဝ လက်မခံဘူး။ (ရော. ၁၂:၉) ကလေးတွေကို မတော်မတရားပြုတဲ့ လုပ်ရပ်မှန်သမျှဟာ “ခရစ်တော်ရဲ့ တရား” နဲ့ ဆန့်ကျင်တယ်။ (ဂလ. ၆:၂) ခရစ်တော်ရဲ့ တရား၊ တစ်နည်းအားဖြင့် အပြောနဲ့ ပုံသက်သေအားဖြင့် ယေရှု သွန်သင်ပေးခဲ့ရာ မှန်သမျှဟာ မေတ္တာကို အခြေခံပြီး တရားမျှတမှုရှိဖို့ တွန်းအားပေးတယ်။ အဲဒီပညတ်ကို လိုက်နာတဲ့ ခရစ်ယာန်စစ်တွေဟာ သားသမီးတွေ မေတ္တာနဲ့ ဘေးကင်းလုံခြုံမှု ခံစားရအောင် လုပ်ဆောင်ကြတယ်။ ကလေးအပေါ် မတော်မတရားပြုတာဟာ တစ်ကိုယ်ကောင်းဆန်ပြီး မှားယွင်းတဲ့ လုပ်ရပ်ဖြစ်တယ်။ မလုံခြုံဘူး၊ အချစ်မခံရဘူးလို့ ကလေးတွေကို ခံစားရစေတယ်။ အဲဒီလုပ်ရပ်ဟာ ခရစ်ယာန်စစ်တွေကိုလည်း သက်ရောက်မှု ရှိနေတယ်။ ဘာကြောင့်လဲ။ “ဆိုးညစ်သူတွေ၊ အယောင်ဆောင်သူတွေ” များပြားနေပြီး အသင်းတော်ထဲကိုတောင် ဝင်လာနိုင်လို့ပဲ။ (၂ တိ. ၃:၁၃) ဒါ့အပြင် အသင်းတော်ထဲကလို့ ပြောတဲ့သူတချို့ဟာ သွေးသားဆန္ဒကို အလျှော့ပေးပြီး ကလေးတွေကို လိင်ဆိုင်ရာ မတော်မတရား ပြုခဲ့ကြလို့ပဲ။ w19.05 ၈ ¶၁-၃
တနင်္ဂနွေနေ့၊ မေ ၉
ဖြောင့်မတ်သူရဲ့ တိုးလျှိုးအသနားခံချက်ဟာ အစွမ်းထက်ပြီး အကျိုးသက်ရောက်မှု ရှိတယ်။—ယာ. ၅:၁၆။
စိတ်ဓာတ်ကျနေသူဟာ ယေဟောဝါဆီ ဆုတောင်းဖို့ မထိုက်တန်ဘူးလို့ ခံစားရနိုင်တယ်။ သူနဲ့အတူ ဆုတောင်းတဲ့အခါ သူ့နာမည် ထည့်တောင်းခြင်းအားဖြင့် နှစ်သိမ့်ပေးနိုင်တယ်။ ကျွန်တော်တို့ကော အသင်းတော်ကပါ သူ့ကို အလွန် ချစ်ကြောင်း ထည့်တောင်းနိုင်တယ်။ ဒီအဖိုးတန်တဲ့ သိုးကို နှစ်သိမ့်ပေးဖို့ ယေဟောဝါဆီ ဆုတောင်းနိုင်တယ်။ အဲဒီလို ဆုတောင်းချက်က အလွန် နှစ်သိမ့်မှု ဖြစ်စေနိုင်တယ်။ မပြောခင် စဉ်းစားပါ။ မစဉ်းစားဘဲ ပြောတဲ့စကားဟာ ထိခိုက်စေတယ်။ ကြင်နာတဲ့စကားကတော့ ဒဏ်ရာကိုတောင် ကုစားပေးနိုင်တယ်။ (ပညာ. ၁၂:၁၈) ဒါကြောင့် ကြင်နာတဲ့၊ နှစ်သိမ့်မှု ဖြစ်စေတဲ့ စကားတွေ ပြောနိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ ကျမ်းစာမှာပါတဲ့ ယေဟောဝါရဲ့ စကားတွေဟာ အထိရောက်ဆုံးဖြစ်ကြောင်း အမှတ်ရပါ။ (ဟီ. ၄:၁၂) တခြားသူတွေကို နှစ်သိမ့်တဲ့အခါ သူတို့ကို ယေဟောဝါ ချစ်ကြောင်း အမှတ်ရစေပါ။ ယေဟောဝါဟာ တရားမျှတတဲ့ဘုရား ဖြစ်ကြောင်းကိုလည်း မမေ့သင့်ဘူး။ ဆိုးညစ်တဲ့လုပ်ရပ် မှန်သမျှကို ယေဟောဝါ မြင်တယ်။ နောင်တမယူတဲ့ အပြစ်ပြုသူကို ပြစ်ဒဏ်မပေးဘဲ မနေဘူး။—တော. ၁၄:၁၈။ w19.05 ၁၈ ¶၁၈။ ၁၉ ¶၁၉၊ ၂၁
တနင်္လာနေ့၊ မေ ၁၀
အတွေးအခေါ်တွေ၊ အဓိပ္ပာယ်မဲ့တဲ့ လှည့်ဖြားမှုတွေနဲ့ ထောင်ချောက်ဆင် ဖမ်းမယ့်သူတွေကို သတိထားကြပါ။ အဲဒါတွေဟာ . . . လူ့ထုံးတမ်းစဉ်လာတွေကို အခြေခံတယ်။—ကော. ၂:၈။
စာတန်က ကျွန်တော်တို့ကို ယေဟောဝါနဲ့ ဝေးသွားစေချင်တယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ တွေးခေါ်ပုံ ပြောင်းဖို့၊ သူ့စိတ်ကြိုက် တွေးခေါ်လာစေဖို့ ကြိုးစားတယ်။ သူ့နောက်လိုက်စေဖို့ ကျွန်တော်တို့ နှစ်သက်တဲ့အရာတွေနဲ့ သွေးဆောင်လှည့်စားတယ်။ (ကော. ၂:၄) စာတန့် လှည့်စားမှုနောက် ကျွန်တော်တို့ ပါသွားနိုင်သလား။ ပါသွားနိုင်တယ်။ ပေါလုက ကောလောသဲ ၂:၈ ကို မယုံကြည်သူတွေဆီ ရေးတာ မဟုတ်ဘူး။ သန့်ရှင်းသော စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရတဲ့ ခရစ်ယာန်တွေဆီ ရေးတာ။ (ကော. ၁:၂၊ ၅) အဲဒီခရစ်ယာန်တွေ အန္တရာယ်ကြုံခဲ့ရတယ်။ ဒီနေ့ အဲဒါထက် ပိုဆိုးတဲ့ အန္တရာယ်ကို ကျွန်တော်တို့ ကြုံနေရတယ်။ (၁ ကော. ၁၀:၁၂) ဘာကြောင့်လဲ။ စာတန်ဟာ မြေကြီးပေါ် နှင်ချခံရပြီး ဘုရားသခင့် သစ္စာရှိ ကျေးကျွန်တွေကို လှည့်စားဖို့ အပြင်းအထန် ကြိုးစားနေလို့ပဲ။ (ဗျာ. ၁၂:၉၊ ၁၂၊ ၁၇) အဲဒီအပြင် ဆိုးညစ်သူတွေ၊ အယောင်ဆောင်သူတွေ “ဆိုးသည်ထက် ဆိုးလာ” တဲ့အချိန်မှာ ကျွန်တော်တို့ အသက်ရှင်နေရလို့ပဲ။—၂ တိ. ၃:၁၊ ၁၃။ w19.06 ၂ ¶၁-၂
အင်္ဂါနေ့၊ မေ ၁၁
ယေဟောဝါဘုရား၊ ကျွန်တော့်အသက်ကို ရုပ်သိမ်းလိုက်ပါတော့။—၁ ဘု. ၁၉:၄။
မိဖုရား ယေဇဗေလက သတ်မယ်လို့ ခြိမ်းခြောက်တဲ့အခါ ဧလိယ ကြောက်လန့်ပြီး ဗေရရှေဘမြို့ကို ထွက်ပြေးတယ်။ စိတ်ဓာတ်ကျလွန်းလို့ “သေပါရစေလို့ ဆုတောင်း” တယ်။ ဧလိယ ဘာကြောင့် အဲဒီလို ခံစားရတာလဲ။ သူဟာ “ကျွန်တော်တို့လိုပဲ ခံစားချက်ရှိတဲ့လူ၊” မစုံလင်တဲ့လူ ဖြစ်လို့ပဲ။ (ယာ. ၅:၁၇) စိတ်ဖိစီးပြီး မောပန်းလွန်းလို့လည်း ဖြစ်နိုင်တယ်။ စစ်မှန်တဲ့ ဝတ်ပြုရေးကို မြှင့်တင်ပေးတဲ့ မိမိရဲ့ လုပ်ဆောင်မှုတွေ အရာမထင်ဘူး၊ အစ္စရေးတွေရဲ့ အခြေအနေ မတိုးတက်လာဘူး၊ ယေဟောဝါကို ဝတ်ပြုသူဆိုလို့ မိမိတစ်ယောက်တည်းပဲ ကျန်တယ်လို့ ထင်နေပုံရတယ်။ (၁ ဘု. ၁၈:၃၊ ၄၊ ၁၃။ ၁၉:၁၀၊ ၁၄) ယေဟောဝါက ဧလိယရဲ့ ခံစားချက်ကို နားလည်ပေးတယ်။ ခံစားချက်တွေ ရင်ဖွင့်ပြောပြတဲ့ သူ့ကို ယေဟောဝါ အပြစ်တင်မယ့်အစား ခွန်အား ပြန်ရှိလာအောင် ကူညီပေးတယ်။ (၁ ဘု. ၁၉:၅-၇) နောက်ပိုင်း မိမိရဲ့ တန်ခိုးကို ထင်ရှားပြပြီး ဧလိယရဲ့ အတွေးအခေါ်ကို ကြင်နာစွာ တည့်မတ်ပေးတယ်။ အစ္စရေးပြည်မှာ ဗာလကို ဝတ်မပြုသူ ၇,၀၀၀ ရှိသေးတယ်လို့ ယေဟောဝါ ပြောတယ်။ (၁ ဘု. ၁၉:၁၁-၁၈) ဒါတွေဟာ ဧလိယကို ချစ်ကြောင်း လက်တွေ့ကျနည်းတွေနဲ့ ယေဟောဝါ ဖော်ပြလိုက်တာပဲ။ w19.06 ၁၅-၁၆ ¶၅-၆
ဗုဒ္ဓဟူးနေ့၊ မေ ၁၂
အသက်ကြီးသူတွေကို လက်အောက်ခံပါ။ . . . အချင်းချင်း ဆက်ဆံတဲ့အခါ စိတ်နှိမ့်ချပါ။ ဘာလို့လဲဆိုတော့ ဘုရားသခင်က မောက်မာသူတွေကို ဆန့်ကျင်. . .လို့ပဲ။—၁ ပေ. ၅:၅။
ရောင့်တက်ခြင်းကို ရှောင်ပါ။ ယုံကြည်စိတ်ချရတဲ့ တာဝန်ရှိ ညီအစ်ကိုတွေရဲ့ လမ်းညွှန်ချက်ကို လိုက်နာမယ်ဆိုရင် ပြဿနာတွေကို ရှောင်နိုင်ပါလိမ့်မယ်။ ဥပမာ၊ ပိတ်ပင်ခံရတဲ့ နိုင်ငံတစ်ခုမှာ တာဝန်ရှိ ညီအစ်ကိုတွေက အမှုဆောင်မှာ ပုံနှိပ်စာပေတွေ မဝေငှဖို့ ကြေညာသူတွေကို ညွှန်ကြားတယ်။ ဒေသခံ ရှေ့ဆောင်ညီအစ်ကိုတစ်ယောက်က အကြီးအကဲတွေထက် သူ ပိုသိတယ်လို့ ထင်ပြီး စာပေ ဝေငှလိုက်တယ်။ ဘာရလဒ် ရခဲ့သလဲ။ သူနဲ့ ညီအစ်ကိုတချို့ အလွတ်သဘော သက်သေခံပြီးနောက် ရဲတွေ စစ်ဆေးမေးမြန်းတာကို ခံခဲ့ရတယ်။ အာဏာပိုင်တွေ လိုက်လာပြီး သူတို့ဝေငှခဲ့တဲ့ စာပေတွေကို ပြန်သိမ်းလိုက်ပုံရတယ်။ ဒီကနေ ဘာသင်ယူရသလဲ။ အကြီးအကဲတွေထက် ပိုသိတယ်လို့ ထင်ရင်တောင် လမ်းညွှန်ချက်ကို လိုက်နာရမယ်။ ဦးဆောင်ဖို့ ခန့်အပ်ခံရတဲ့ ညီအစ်ကိုတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရင် ယေဟောဝါ အမြဲ ကောင်းချီးပေးတယ်။—ဟီ. ၁၃:၇၊ ၁၇။ w19.07 ၁၂ ¶၁၇
ကြာသပတေးနေ့၊ မေ ၁၃
ခရစ်တော်ယေရှုရဲ့ နောက်လိုက်အနေနဲ့ ဘုရားတရား ကိုင်းရှိုင်းတဲ့ အသက်တာနဲ့ နေချင်သူတိုင်းဟာ ညှဉ်းဆဲခံရမှာပဲ။ —၂ တိ. ၃:၁၂။
သခင်ယေရှုက တပည့်တွေ အမုန်းခံရမယ်လို့ မသေဆုံးခင်ညမှာ ပြောခဲ့တယ်။ (ယော. ၁၇:၁၄) စစ်မှန်တဲ့ ဝတ်ပြုရေးကို ဆန့်ကျင်သူတွေဟာ ယေဟောဝါရဲ့ သစ္စာရှိကျေးကျွန်တွေကို အခုအချိန်ထိ နှိပ်စက်ညှဉ်းပန်းနေကြတုန်းပဲ။ ဒီစနစ်အဆုံး နီးလာတာနဲ့အမျှ ရန်သူတွေ ပိုဆန့်ကျင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားကြတယ်။ (မ. ၂၄:၉) နှိပ်စက်ညှဉ်းပန်းမှုအတွက် ဘယ်လို ပြင်ဆင်နိုင်မလဲ။ ကြုံရမယ့်အရာတိုင်းကို ကြိုတွေးနေဖို့ မလိုပါဘူး။ ကြိုတွေးနေရင် ကြောက်စိတ်တွေ၊ စိုးရိမ်စိတ်တွေ ဝင်လာနိုင်တယ်။ အခက်အခဲတွေ မကြုံခင်ကတည်းက လက်မြှောက် အရှုံးပေးမိနိုင်တယ်၊။ (ပညာ. ၁၂:၂၅။ ၁၇:၂၂) ကြောက်ရွံ့ခြင်းဆိုတာ “ရန်သူ မာရ်နတ်” အသုံးတည့်နေတဲ့ အစွမ်းထက် လက်နက်ပါ။ (၁ ပေ. ၅:၈၊ ၉) ဒါကြောင့် အခုကတည်းက ယေဟောဝါနဲ့ ရင်းနှီးအောင် လုပ်နေဖို့ အရေးကြီးတယ်။ w19.07 ၂ ¶၁-၃
သောကြာနေ့၊ မေ ၁၄
လူမျိုးတကာဆီ သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ —မ. ၂၈:၁၉။
တောင်ပေါ်မှာ စုဝေးနေတဲ့ တမန်တော်တွေ စိတ်လှုပ်ရှားနေကြတယ်။ ယေရှုက ရှင်ပြန်ထမြောက်ပြီးနောက် ဒီနေရာမှာ ဆုံဖို့ ချိန်းထားတယ်။ (မ. ၂၈:၁၆) ‘ညီအစ်ကို ၅၀၀ ကျော်ရှေ့ ကိုယ်ထင်ပြ’ တာ ဒီတစ်ကြိမ် ဖြစ်နိုင်တယ်။ (၁ ကော. ၁၅:၆) ယေရှု ဘာကြောင့် ဒီလို စုဝေးခိုင်းတာလဲ။ “လူမျိုးတကာဆီ သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ” ဆိုတဲ့ စိတ်လှုပ်ရှားစရာ တာဝန်ကို အပ်နှင်းဖို့ပဲ။ (မ. ၂၈:၁၈-၂၀) ယေရှုရဲ့စကားကို ကြားတဲ့ တပည့်တွေဟာ ပထမရာစု ခရစ်ယာန်အသင်းတော်ရဲ့ အဖွဲ့ဝင်တွေ ဖြစ်လာတယ်။ အဲဒီအသင်းတော်ရဲ့ အဓိကတာဝန်ကတော့ တပည့်ဖြစ်စေဖို့ပဲ။ ဒီနေ့ ကမ္ဘာတစ်ဝန်းမှာ ရှိနေတဲ့ ခရစ်ယာန်အသင်းတော် ထောင်ပေါင်းများစွာရဲ့ အဓိက တာဝန်ကလည်း တပည့်ဖြစ်စေဖို့ပါပဲ။ w19.07 ၁၄ ¶၁-၂
စနေနေ့၊ မေ ၁၅
ကမ္ဘာမြေကတော့ ထာဝစဉ် တည်တယ်။ —ဒေ. ၁:၄။
ဘုရားသခင်အကြောင်း မပြောချင်သူတွေဟာ ကမ္ဘာ့အခြေအနေအကြောင်းတော့ ပြောချင်ကြမှန်း နော်ဝေနိုင်ငံက နယ်လှည့်ကြီးကြပ်မှူး သတိပြုမိတယ်။ လူတွေကို နှုတ်ဆက်ပြီးနောက် “ပိုကောင်းတဲ့ အနာဂတ် ရနိုင်မယ်လို့ ထင်သလား။ အဲဒီအနာဂတ်မျိုးကို ဘယ်သူ လုပ်ပေးနိုင်မလဲ။ နိုင်ငံရေးသမားတွေလား။ သိပ္ပံပညာရှင်တွေလား။ တခြားတစ်ယောက်ယောက်လား” လို့ မေးလေ့ရှိတယ်။ သူတို့ဖြေတာကို ဂရုစိုက် နားထောင်ပြီးနောက် ကောင်းမွန်တဲ့ အနာဂတ်အကြောင်း ဖော်ပြတဲ့ ကျမ်းချက်တစ်ချက်ကို ဖတ်ပြတယ် ဒါမှမဟုတ် ရွတ်ပြတယ်။ ကမ္ဘာကြီး ထာဝစဉ် တည်မယ်၊ အဲဒီမှာ လူကောင်းတွေ ထာဝစဉ် နေထိုင်ရမယ်ဆိုတဲ့ ကျမ်းစာကတိကို လူတချို့ စိတ်ဝင်စားကြတယ်။ (ဆာ. ၃၇:၂၉) ကျွန်တော်တို့ ချဉ်းကပ်နည်း အမျိုးမျိုး သုံးသင့်တယ်။ ဘာကြောင့်လဲ။ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားတာ တူချင်မှ တူမယ်။ တချို့က ဘုရားအကြောင်း၊ ကျမ်းစာအကြောင်း ဆွေးနွေးချင်ကြပေမဲ့ တချို့ကတော့ သွယ်ဝိုက်ပြောမှ နားထောင်ကြတယ်။ ဘာပဲဖြစ်ဖြစ် လူအမျိုးမျိုးကို ဟောဖို့ အခွင့်အရေး ရှာယူသင့်တယ်။ (ရော. ၁:၁၄-၁၆) ဖြောင့်မတ်ခြင်း မြတ်နိုးသူတွေရဲ့ စိတ်နှလုံးထဲ အမှန်တရား ကြီးထွားစေသူဟာ ယေဟောဝါဖြစ်ကြောင်း အမှတ်ရသင့်တယ်။—၁ ကော. ၃:၆၊ ၇။ w19.07 ၂၂-၂၃ ¶၁၀-၁၁
တနင်္ဂနွေနေ့၊ မေ ၁၆
ဘုရားသခင်က အဲဒီလောက်တောင် ချစ်တယ်ဆိုတော့ ကျွန်တော်တို့လည်း အချင်းချင်း ချစ်ဖို့ တာဝန်ရှိတယ်။—၁ ယော. ၄:၁၁။
ဘုရားသခင်ရဲ့ ကြီးမားတဲ့မေတ္တာက ညီအစ်ကို/မတွေကို ချစ်ဖို့ လှုံ့ဆော်ပေးတယ်။ (၁ ယော. ၄:၂၀၊ ၂၁) ညီအစ်ကို/မတွေကို အလိုလို ချစ်လာမယ်လို့ ထင်မိနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အားလုံး ယေဟောဝါကို ဝတ်ပြုပြီး ဘုရားရဲ့ အရည်အသွေးတွေကို တုပနေကြလို့ပဲ။ အသက်ပေးတဲ့အထိ ကျွန်တော်တို့ကို ချစ်တဲ့ ယေရှုရဲ့ ပုံသက်သေကို တုပနေကြလို့ပဲ။ ဒါပေမဲ့ အချင်းချင်း ချစ်ပါဆိုတဲ့ မိန့်မှာချက်ကို နာခံဖို့ တစ်ခါတလေ ခက်နိုင်တယ်။ ဧဝေါဒိနဲ့ သုန္တုတ်ဟာ တမန်တော် ပေါလုနဲ့ “လက်တွဲ” အမှုဆောင်ခဲ့ကြတဲ့ ထက်သန်တဲ့ ညီအစ်မတွေဖြစ်တယ်။ ဒါပေမဲ့ သဘောထား မတိုက်ဆိုင်မှုတွေကြောင့် စိတ်ဝမ်းကွဲသွားကြတယ်။ သူတို့ရဲ့ အသင်းတော်ဆီ ပေါလု ရေးတဲ့စာမှာ ဧဝေါဒိနဲ့ သုန္တုတ်ရဲ့ နာမည်ကို သတ်သတ်မှတ်မှတ် ဖော်ပြပြီး “တစ်စိတ်တစ်သဘောတည်း ရှိကြဖို့” တိုက်တွန်းတယ်။ (ဖိ. ၄:၂၊ ၃) “ဘာပဲလုပ်လုပ် ပြစ်တင်ညည်းညူတာ၊ အငြင်းပွားတာတွေကို ရှောင်ကြပါ” လို့ အသင်းတော် တစ်ခုလုံးကိုလည်း ပေါလု ညွှန်ကြားတယ်။—ဖိ. ၂:၁၄။ w19.08 ၉ ¶၆-၇
တနင်္လာနေ့၊ မေ ၁၇
အချင်းချင်းရဲ့ ဝန်တွေကို ကူထမ်းပေးကြပါ။—ဂလ. ၆:၂။
အသင်းတော်နဲ့ ညီအစ်ကို/မများစွာက အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်သူတွေကို ဆက်အမှုဆောင်နိုင်ဖို့ အတတ်နိုင်ဆုံး ကူညီပေးနေကြတယ်။ ဆက်အမှုဆောင်ဖို့ အားပေးခြင်း၊ ငွေကြေး ထောက်မခြင်း၊ အိမ်မှာကျန်နေတဲ့ မိသားစုဝင်တွေကို ကူညီပေးခြင်းအားဖြင့်ပါပဲ။ အချိန်ပြည့်အမှုထမ်းတွေ တာဝန်သစ်ရပြီး သင့်အသင်းတော်ကို ရောက်လာတဲ့အခါ အမှားအယွင်း တစ်ခုခု လုပ်မိလို့၊ ဆုံးမခံရလို့ဆိုပြီး မယူဆပါနဲ့။ အဲဒီအစား ပြောင်းလဲရလွယ်အောင် ကူညီပေးပါ။ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါ။ ကျန်းမာရေးကြောင့် အခု သူတို့ သိပ်မလုပ်နိုင်ရင်တောင် အရင်က လုပ်ခဲ့တာတွေအတွက် ချီးမွမ်းပေးပါ။ သူတို့နဲ့ ရင်းနှီးအောင် လုပ်ပါ။ သူတို့ရဲ့ အသိပညာ၊ သူတို့ရခဲ့တဲ့ လေ့ကျင့်မှု၊ တွေ့ကြုံမှုတွေကနေ သင်ယူပါ။ တာဝန်သစ် ရသူတွေဟာ နေစရာ၊ သွားလာရေး၊ အလုပ်အကိုင်နဲ့ အခြေခံ လိုအပ်ရာတွေအတွက် အကူအညီ လိုနိုင်တယ်။ w19.08 ၂၃-၂၄ ¶၁၂-၁၃
အင်္ဂါနေ့၊ မေ ၁၈
ဂေါဂမင်း၊ . . . မင်းကို သုံးပြီး ငါ့ကိုယ်ငါ သန့်ရှင်းမြင့်မြတ်စေမှန်း လူမျိုးတွေ မြင်. . .ကြလိမ့်မယ်။—ယေဇ. ၃၈:၁၆။
ဂေါဂမင်းက “လူအင်အား၊” တစ်နည်းအားဖြင့် စစ်တပ်အင်အားကို အားကိုးလိမ့်မယ်။ (၂ ရာ. ၃၂:၈) ကျွန်တော်တို့ကတော့ ယေဟောဝါဘုရားကို ယုံကြည်ကိုးစားကြပါလိမ့်မယ်။ အဲဒါက လူတွေအတွက်တော့ မိုက်မဲပုံရတယ်။ ဩဇာအာဏာကြီးခဲ့တဲ့ မဟာဗာဗုလုန်ကို သူ့ရဲ့ဘုရားတွေက “သားရဲ” နဲ့ “ချိုဆယ်ချောင်း” လက်ကနေ မကယ်တင်နိုင်ဘူး။ (ဗျာ. ၁၇:၁၆) ဒါကြောင့် ဂေါဂက ဘုရားလူမျိုးကို လွယ်လွယ်လေးနဲ့ အနိုင်ရမယ်လို့ ထင်ပြီး “ပြည်ကိုလွှမ်းမိုးတဲ့ မိုးတိမ်တွေလို” လာတိုက်ခိုက်လိမ့်မယ်။ ဒါပေမဲ့ ဂေါဂ ထောင်ချောက်မိသွားမှန်း မကြာခင် သိလာလိမ့်မယ်။ ပင်လယ်နီမှာ ဖျက်ဆီးခံလိုက်ရတဲ့ ဖာရောလိုပဲ ယေဟောဝါကို တိုက်ခိုက်နေတာ ဖြစ်ကြောင်း သိလာပါလိမ့်မယ်။ (ထွ. ၁၄:၁-၄။ ယေဇ. ၃၈:၃၊ ၄၊ ၁၈၊ ၂၁-၂၃) ခရစ်တော်နဲ့ ကောင်းကင် စစ်တပ်တွေက ဘုရားလူမျိုးကို ကာကွယ်ပြီး ဂေါဂနဲ့ သူ့ရဲ့စစ်တပ်ကို ဖျက်ဆီးပစ်လိမ့်မယ်။ (ဗျာ. ၁၉:၁၁၊ ၁၄၊ ၁၅) မှားယွင်းတဲ့ သတင်းစကားတွေ ဖြန့်ပြီး အာမဂေဒုန်ကို ဦးတည်စေတဲ့ အဓိကရန်သူ စာတန်ကိုကော။ ယေရှုက စာတန်နဲ့ နတ်ဆိုးတွေကို တွင်းနက်ကြီးထဲ ပစ်ချပြီး အနှစ် ၁၀၀၀ ချည်နှောင်ပါလိမ့်မယ်။—ဗျာ. ၂၀:၁-၃။ w19.09 ၁၁-၁၂ ¶၁၄-၁၅
ဗုဒ္ဓဟူးနေ့၊ မေ ၁၉
ဆက်ပြီး စောင့်မျှော်နေပါ။ ကျိန်းသေ ပြည့်စုံလာမယ်။—ဟဗ. ၂:၃။
ယေဟောဝါရဲ့ ကတိတွေ ပြည့်စုံလာမှာကို မျှော်လင့်တာဟာ မမှားပါဘူး။ ဒါပေမဲ့ မျှော်လင့်ချက်တွေ ပြည့်စုံလာဖို့ ကြန့်ကြာနေရင် ဇွဲလျော့လာနိုင်တယ်။ စိတ်ဓာတ်ကျလာနိုင်တယ်။ (ပညာ. ၁၃:၁၂) ၂၀ ရာစု အစောပိုင်းမှာ အဲဒီလို ဖြစ်ခဲ့တယ်။ ဘိသိက်ခံ ခရစ်ယာန်များစွာဟာ ၁၉၁၄ မှာ ကောင်းကင်ဆုကျေးဇူး ရမယ်လို့ မျှော်လင့်ခဲ့ကြတယ်။ မျှော်လင့်သလို ဖြစ်မလာတဲ့အခါ သစ္စာရှိသူတွေ ဘယ်လို ရင်ဆိုင်ဖြေရှင်းခဲ့ကြသလဲ။ အသက်ပြေးပွဲမှာ သူတို့ လက်မလျှော့ခဲ့ကြဘူး။ သူတို့ရဲ့ အဓိက ပန်းတိုင်ဟာ ဆုရဖို့ မဟုတ်ဘဲ ဘုရားအလိုတော်ကို သစ္စာရှိရှိ ထမ်းဆောင်ဖို့ပဲ။ အသက်ပြေးပွဲကို ခံနိုင်ရည်ရှိရှိ ဆက်ပြေးဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ သင်လည်း ဘုရားနာမည်နဲ့ အချုပ်အခြာအာဏာ သံသယကင်းရှင်းတာ၊ ကတိတော်တွေ ပြည့်စုံတာကို မြင်ချင်မှာပဲ။ ယေဟောဝါ သတ်မှတ်ထားတဲ့အချိန်မှာ ဖြစ်လာမယ်ဆိုတာ စိတ်ချပါ။ အဲဒီအချိန်ရောက်တဲ့အထိ အမှုတော်မှာ ဆက်အလုပ်များနေကြပါစို့။ မျှော်လင့်ချက်တွေ ကြန့်ကြာနေလို့ စိတ်ဓာတ်ကျတာ၊ အရှိန်လျှော့လိုက်တာမျိုး မဖြစ်ပါစေနဲ့။ w19.08 ၄-၅ ¶၉-၁၀
ကြာသပတေးနေ့၊ မေ ၂၀
ကျွန်တော်ဟာ နူးညံ့သိမ်မွေ့ပြီး စိတ်နှိမ့်ချတယ်။—မ. ၁၁:၂၉။
‘ငါဟာ နူးညံ့သိမ်မွေ့သူ၊ နှိမ့်ချသူလို့ နာမည်ရထားသလား။ တခြားသူတွေကို ကူညီပေးဖို့ နိမ့်ကျတဲ့ အလုပ်တွေကို လိုလိုလားလား လုပ်ချင်စိတ် ရှိသလား။ တခြားသူတွေကို ကြင်ကြင်နာနာ ဆက်ဆံသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ယေရှုက လုပ်ဖော်ဆောင်ဖက်တွေအတွက် ငြိမ်သက်အေးချမ်းတဲ့ ဝန်းကျင်ဖြစ်အောင် ဖန်တီးပေးတယ်။ တခြားသူတွေကို လေ့ကျင့်ပေးရတာ နှစ်သက်တယ်။ (လု. ၁၀:၁၊ ၁၉-၂၁) မေးခွန်းမေးဖို့ တပည့်တွေကို အားပေးတယ်။ သူတို့ရဲ့ သဘောထားကို နားထောင်ချင်တဲ့အတွက် မေးခွန်းတွေ မေးတယ်။ (မ. ၁၆:၁၃-၁၆) ယေရှုရဲ့ တပည့်တွေဟာ ဂရုတစိုက် ပြုစုခံရတဲ့ အပင်တွေလို ရှင်သန်လန်းဆန်းနေကြတယ်။ ယေရှု သင်ပေးတဲ့ သင်ခန်းစာတွေကို သူတို့ သင်ယူပြီး အကျင့်ကောင်းတွေ ကျင့်ခြင်းအားဖြင့် အသီးကောင်းတွေ သီးပွင့်ဖြစ်ထွန်းကြတယ်။ သင်ဟာ အခွင့်အာဏာရှိသူလား။ ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘အလုပ်မှာ၊ အိမ်မှာ ဘယ်လို ဝန်းကျင်မျိုးဖြစ်အောင် ငါ ဖန်တီးနေသလဲ။ ငြိမ်သက်အေးချမ်းတဲ့ ဝန်းကျင်မျိုးဖြစ်အောင် ဖန်တီးပေးနေသလား။ မေးခွန်းမေးဖို့ တခြားသူတွေကို အားပေးသလား။ သူတို့ရဲ့ သဘောထားကို နားထောင်ပေးသလား။’ မေးခွန်းမေးတာကို မကြိုက်တဲ့အပြင် ကိုယ်နဲ့ အမြင်မတူတာကို ထုတ်ပြောတဲ့အခါ ဒုက္ခပေးတတ်တဲ့ ဖာရိရှဲတွေနဲ့ ကျွန်တော်တို့ မတူချင်ကြဘူး။—မာ. ၃:၁-၆။ ယော. ၉:၂၉-၃၄။ w19.09 ၂၀ ¶၁။ ၂၃ ¶၉-၁၁
သောကြာနေ့၊ မေ ၂၁
“ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ လူတွေ ပြောနေချိန်မှာပဲ . . . မျှော်လင့်မထားတဲ့ ပျက်စီးခြင်းဘေးကလည်း သူတို့အပေါ် ရုတ်တရက် ရောက်လာလိမ့်မယ်။—၁ သက်. ၅:၃။
ကမ္ဘာ့ခေါင်းဆောင်တွေက နိုင်ငံအချင်းချင်း ဆက်ဆံရေး တိုးတက်လာတဲ့အခါတွေမှာ အဲဒီလို ပြောလေ့ရှိတယ်။ ဒါပေမဲ့ ကျမ်းစာမှာ ပြောထားတဲ့ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဆိုတဲ့ ကြေညာချက်က အဲဒါနဲ့ မတူဘူး။ ဘာကြောင့်လဲ။ အဲဒီကြေညာချက်ကြောင့် ကမ္ဘာကြီးကို ပိုဘေးကင်းလုံခြုံတဲ့နေရာ ဖြစ်အောင် ကမ္ဘာ့ခေါင်းဆောင်တွေ လုပ်နိုင်ပြီလို့ လူတွေ ထင်ကြမှာ ဖြစ်လို့ပဲ။ တကယ်တမ်းတော့ “ကြီးစွာသောဒုက္ခ” စတာ ဖြစ်ပြီး ‘ပျက်စီးခြင်းဘေး ရုတ်တရက်’ ကြုံရလိမ့်မယ်။ (မ. ၂၄:၂၁) ဘာအကြောင်းရင်းကြောင့် ကြေညာမလဲ၊ ဘယ်လို ကြေညာမလဲ ဆိုတာ ကျွန်တော်တို့ မသိဘူး။ တစ်ကြိမ်တည်း ကြေညာမှာလား ဒါမှမဟုတ် တစ်ခုပြီးတစ်ခု ဆက်တိုက် ကြေညာမှာလားဆိုတာလည်း မသိဘူး။ ဘာပဲဖြစ်ဖြစ် ကမ္ဘာ့ငြိမ်းချမ်းရေးကို ကမ္ဘာ့ခေါင်းဆောင်တွေ ဖော်ဆောင်နိုင်မှာ မဟုတ်မှန်း သိထားတဲ့အတွက် သူတို့ရဲ့ ကြေညာချက်ကြောင့် ကျွန်တော်တို့ လှည့်စားမခံသင့်ဘူး။ ဒါက “ယေဟောဝါရဲ့ နေ့” စတော့မယ်ဆိုတာ အချက်ပြတာပဲ။—၁ သက်. ၅:၂။ w19.10 ၈-၉ ¶၃-၄
စနေနေ့၊ မေ ၂၂
ခင်ဗျားရဲ့ လူမျိုးတွေ အဲဒီအတောအတွင်းမှာ လွတ်မြောက်လိမ့်မယ်။—ဒံ. ၁၂:၁။
အာမဂေဒုန်စစ်ပွဲဟာ ဒီစနစ်နိဂုံးရဲ့ အထွတ်အထိပ် ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကြောက်ဖို့ မလိုပါဘူး။ ဘာကြောင့်လဲ။ ဘုရားသခင် တိုက်မယ့် စစ်ပွဲ ဖြစ်လို့ပဲ။ (ပညာ. ၁:၃၃။ ယေဇ. ၃၈:၁၈-၂၀။ ဇာ. ၁၄:၃) ယေဟောဝါ အချက်ပြတဲ့အခါ ယေရှုခရစ် ဦးဆောင်ပြီး တိုက်ခိုက်ပါလိမ့်မယ်။ ယေရှုနဲ့အတူ ရှင်ပြန်ထမြောက်ပြီး ဖြစ်တဲ့ ဘိသိက်ခံတွေ၊ ကောင်းကင်တမန်တွေဟာ စာတန်၊ နတ်ဆိုးတွေနဲ့ သူတို့ရဲ့ မြေကြီးအင်အားစုတွေကို တိုက်ခိုက်ကြလိမ့်မယ်။ (ဗျာ. ၆:၂။ ၁၇:၁၄) “မင်းကို တိုက်ခိုက်ဖို့ လုပ်တဲ့ လက်နက်တစ်ခုမှ အောင်မြင်မှာ မဟုတ်ဘူး” လို့ ယေဟောဝါ ကတိပေးထားတယ်။ (ဟေရှာ. ၅၄:၁၇) ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုနေတဲ့ “လူအုပ်ကြီး” ဟာ “ကြီးစွာသောဒုက္ခကနေ” အသက်ရှင် လွတ်မြောက်လိမ့်မယ်။ ပြီးနောက် ဘုရားသခင်အတွက် ဆက်အမှုဆောင်ကြလိမ့်မယ်။ (ဗျာ. ၇:၉၊ ၁၃-၁၇) အနာဂတ်မှာ ကယ်တင်ခံရမယ်ဆိုတာ ယုံကြည်စိတ်ချစေတဲ့ အကြောင်းရင်းများစွာကို ကျမ်းစာမှာ ဖော်ပြထားတယ်။ “ယေဟောဝါက သစ္စာရှိသူတွေကို ကာကွယ်ပေး” မှန်း ကျွန်တော်တို့ သိတယ်။ (ဆာ. ၃၁:၂၃) ယေဟောဝါကို ချစ်ပြီး ချီးမွမ်းတဲ့သူအားလုံးဟာ မြင့်မြတ်တဲ့ နာမတော် သံသယ ကင်းရှင်းလာတာကို မြင်ရလို့ ဝမ်းသာကြပါလိမ့်မယ်။—ယေဇ. ၃၈:၂၃။ w19.10 ၁၈-၁၉ ¶၁၇-၁၈
တနင်္ဂနွေနေ့၊ မေ ၂၃
မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။—ပညာ. ၁၇:၁၇။
“နောက်ဆုံးကာလ” ရဲ့ အဆုံး ပိုနီးလာတာနဲ့အမျှ ပြင်းထန်တဲ့ အခက်အခဲတွေ ကြုံရနိုင်တယ်။ (၂ တိ. ၃:၁) ဥပမာ၊ အနောက်အာဖရိက နိုင်ငံတစ်ခုမှာ ရွေးကောက်ပွဲပြီးနောက် မငြိမ်မသက်မှုနဲ့ အကြမ်းဖက်မှုတွေ ဖြစ်လာတယ်။ ညီအစ်ကို/မတွေဟာ တိုက်ပွဲတွေကြောင့် ခြောက်လကျော်လောက် လွတ်လွတ်လပ်လပ် မသွားလာနိုင်ကြဘူး။ အဲဒီအခက်အခဲတွေကို ဖြေရှင်းဖို့ ဘာက ကူညီပေးသလဲ။ ဘေးကင်းတဲ့ ဒေသက ညီအစ်ကို/မတွေရဲ့ အိမ်မှာ တချို့ ခိုလှုံခွင့် ရခဲ့ကြတယ်။ “ဒီလိုအချိန်မျိုးမှာ ကိုယ့်အနား မိတ်ဆွေတွေ ရှိနေလို့ သိပ်ကျေးဇူးတင်တယ်။ အချင်းချင်း အားပေးနိုင်ခဲ့ကြတယ်” လို့ ညီအစ်ကို တစ်ယောက် ပြောတယ်။ “ကြီးစွာသောဒုက္ခ” ရောက်တဲ့အခါ ကျွန်တော်တို့ကို ချစ်တဲ့ မိတ်ဆွေတွေ ရှိထားလို့ ကျေးဇူးတင်ကြပါလိမ့်မယ်။ (ဗျာ. ၇:၁၄) ဒါကြောင့် အခုကတည်းက ရင်းနှီးမှုနှောင်ကြိုး ခိုင်မာအောင် လုပ်ထားဖို့ အရေးကြီးတယ်။ (၁ ပေ. ၄:၇၊ ၈) ဘာကြောင့်လဲ။ ရန်သူတွေက အလိမ်အညာတွေ၊ သတင်းမှားတွေကို သုံးပြီး ကျွန်တော်တို့ စိတ်ဝမ်းကွဲအောင်၊ အချင်းချင်း တိုက်ခိုက်အောင် လုပ်မှာ ဖြစ်လို့ပဲ။ ဒါပေမဲ့ သူတို့ အောင်မြင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ မေတ္တာနှောင်ကြိုးကို ဘယ်လိုမှ ဖြတ်လို့ ရမှာ မဟုတ်ဘူး။ w19.11 ၂ ¶၁-၂။ ၇ ¶၁၉
တနင်္လာနေ့၊ မေ ၂၄
ဆိုးညစ်သူ ပစ်ခတ်တဲ့ မီးမြားတွေကို ငြိမ်းသတ်နိုင်[လိမ့်မယ်။]—ဧ. ၆:၁၆။
“မုသားရဲ့ အဖ” စာတန်ဟာ ယေဟောဝါနဲ့ ညီအစ်ကို/မတွေအကြောင်း အလိမ်အညာတွေ ဖြန့်ဖို့ မိမိထိန်းချုပ်ထားသူတွေကို သုံးနေတယ်။ (ယော. ၈:၄၄) ဥပမာ၊ အယူဖောက်ပြန်သူတွေက ဝက်ဘ်ဆိုက်၊ တီဗီနဲ့ တခြား မီဒီယာတွေမှာ ယေဟောဝါရဲ့ အဖွဲ့အစည်းအကြောင်း အလိမ်အညာတွေ ဖြန့်နေတယ်။ အဲဒါတွေဟာ စာတန် ပစ်ခတ်တဲ့ “မီးမြားတွေ” ပဲ။ ဒီလိုအလိမ်အညာတွေကို ဘယ်လို တုံ့ပြန်သင့်သလဲ။ လုံးဝ ရှောင်သင့်တယ်။ ဘာကြောင့်လဲ။ ယေဟောဝါနဲ့ ညီအစ်ကို/မတွေကို ယုံကြည်စိတ်ချလို့ပဲ။ အယူဖောက်ပြန်သူတွေကို ကျွန်တော်တို့ ဝေးဝေး ရှောင်ကြတယ်။ ဘာအကြောင်းနဲ့မှ သူတို့နဲ့ အငြင်းအခုံ မလုပ်ဘူး။ သူတို့ ဘာပြောသလဲဆိုပြီး စပ်စုတာမျိုး မလုပ်ကြဘူး။ ယုံကြည်ခြင်း အားနည်းစေနိုင်တဲ့ ဘယ်အရာကိုမှ မလုပ်ဘူး။ သင်ဟာ အယူဖောက်ပြန်သူတွေရဲ့ အလိမ်အညာတွေကို နားမထောင်ဘဲ၊ အငြင်းအခုံ မလုပ်ဘဲ ရှောင်နိုင်ခဲ့သလား။ ရှောင်နိုင်ခဲ့တယ်ဆိုရင် ချီးမွမ်းစရာပါပဲ။ ဒါပေမဲ့ စာတန်ဟာ ကျွန်တော်တို့ကို တိုက်ဖို့ တခြားလက်နက်တွေ သုံးနေတဲ့အတွက် အမြဲ သတိရှိနေရမယ်။ w19.11 ၁၅ ¶၈။ ၁၆ ¶၁၁
အင်္ဂါနေ့၊ မေ ၂၅
ယေဟောဝါက စိတ်ရင်းကို စစ်ဆေးတယ်။—ပညာ. ၁၆:၂။
ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ကိုယ့်ရဲ့ စိတ်ရင်းကို ဆန်းစစ်ပါ။ ယေဟောဝါက ကျွန်တော်တို့ကို အရာရာမှာ ရိုးသားစေချင်တယ်။ ဒါကြောင့် ဆုံးဖြတ်ချက် ချတဲ့အခါ ကိုယ့်စိတ်ရင်းကို အသေအချာ ဆန်းစစ်ရမယ်။ ကိုယ့်ကိုယ်ကိုယ်ရော တခြားသူအပေါ်မှာပါ ရိုးသားရမယ်။ မရိုးသားရင် ဆုံးဖြတ်တဲ့အတိုင်း လုပ်ဖို့ ခက်လိမ့်မယ်။ ဥပမာ၊ ညီအစ်ကိုငယ်တစ်ယောက် မှန်မှန်ရှေ့ဆောင် လုပ်ဖို့ ဆုံးဖြတ်တယ်။ နောက်ပိုင်း နာရီပြည့်ဖို့ ခက်လာတယ်။ အမှုဆောင်မှာလည်း မပျော်တော့ဘူး။ ယေဟောဝါကို ပျော်စေချင်လို့ ရှေ့ဆောင် လုပ်တာလို့ သူ ထင်နေပေမဲ့ တကယ်တမ်းတော့ မိဘနဲ့ တခြားသူတွေ စိတ်ကျေနပ်အောင် လုပ်နေတာ ဖြစ်နိုင်တယ်။ ဆေးလိပ်ဖြတ်ဖို့ ဆုံးဖြတ်တဲ့ ကျမ်းစာသင်သားအကြောင်း သုံးသပ်ကြည့်ပါ။ အစပိုင်း တစ်ပတ်နှစ်ပတ်လောက် ဆေးလိပ် ဖြတ်နိုင်ပေမဲ့ ပြန်ပြန်သောက်မိတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ အောင်မြင်သွားတယ်။ ယေဟောဝါဘုရားကို ချစ်ပြီး ဘုရားရဲ့ နှစ်သက်မှု ရချင်တဲ့ စိတ်ကြောင့် အဲဒီအကျင့်ဆိုးကို ဖြတ်နိုင်ခဲ့တာ။—ကော. ၁:၁၀။ ၃:၂၃။ w19.11 ၂၇ ¶၉။ ၂၉ ¶၁၀
ဗုဒ္ဓဟူးနေ့၊ မေ ၂၆
ခရစ်တော်အကြောင်း သတင်းကောင်း ဟောပြောသူတွေပီပီ ကျင့်ကြံပြုမူနေကြပါ။—ဖိ. ၁:၂၇။
ပန်းတိုင်ရောက်တဲ့အထိ ပြေးနိုင်မယ်လို့ တမန်တော် ပေါလု ယုံကြည်တယ်။ ဘိသိက်ခံ ခရစ်ယာန်ဖြစ်လို့ “ကောင်းကင်အသက်တာ ခေါ်တော်မူခြင်းဆိုတဲ့ ဘုရားပေး ဆုကျေးဇူးကို” မျှော်လင့်တယ်။ ဒါပေမဲ့ ပန်းတိုင်ရောက်ဖို့ ဆက် “ကြိုးစား” ရမယ်ဆိုတာ အသိအမှတ်ပြုတယ်။ (ဖိ. ၃:၁၄) ပန်းတိုင်ကို အာရုံစိုက်နိုင်အောင် ဖိလိပ္ပိအသင်းတော်ကို ကူညီပေးဖို့ ဥပမာတစ်ခု သုံးခဲ့တယ်။ ကောင်းကင်နိုင်ငံသား ဖြစ်ခွင့်အကြောင်း ဖိလိပ္ပိအသင်းတော်ကို ပေါလု သတိပေးတယ်။ (ဖိ. ၃:၂၀) အဲဒီအကြောင်းကို ဘာကြောင့် သတိရဖို့ လိုသလဲ။ အဲဒီတုန်းက ရောမနိုင်ငံသားဖြစ်ခွင့်ကို လူတွေ သိပ်တန်ဖိုးထားကြတယ်။ ဒါပေမဲ့ ဘိသိက်ခံ ခရစ်ယာန်တွေကတော့ ပိုကောင်းတဲ့ နိုင်ငံရဲ့ နိုင်ငံသားတွေ ဖြစ်ကြတယ်။ အဲဒါက ရောမနိုင်ငံသား ဖြစ်ရတာထက် အများကြီး သာတယ်။ ဒီနေ့ခေတ် ဘိသိက်ခံ ခရစ်ယာန်တွေဟာ ကောင်းကင်အသက်တာပန်းတိုင် ရောက်ဖို့ ကြိုးစားရာမှာ ပုံသက်သေကောင်း ပြနေကြတယ်။ w19.08 ၆ ¶၁၄-၁၅
ကြာသပတေးနေ့၊ မေ ၂၇
သားတော်ကသာ လွှတ်ပေးရင် တကယ် လွတ်မြောက်ကြလိမ့်မယ်။—ယော. ၈:၃၆။
အဲဒီလွတ်မြောက်မှုဟာ အစ္စရေး ယုဘိလရဲ့ လွတ်လပ်မှုထက် ပိုကြီးမြတ်တယ်။ (ဝတ်. ၂၅:၈-၁၂) ဥပမာ၊ ယုဘိလနှစ်မှာ လွတ်လပ်ခွင့်ရသူ တစ်ယောက်ဟာ ကျွန်ဘဝကို ပြန်ရောက်နိုင်ပြီး နောက်ဆုံးမှာ သေဆုံးရမယ်။ ဒါပေမဲ့ ယေရှု ပေးတဲ့ လွတ်လပ်မှုကတော့ ထာဝစဉ် တည်တယ်။ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ တမန်တော်တွေနဲ့ တခြားသစ္စာရှိ အမျိုးသား/သမီးတွေကို သန့်ရှင်းသော စွမ်းအားတော်အားဖြင့် ယေဟောဝါ ဘိသိက်ပေးခဲ့တယ်။ သူတို့ကို သားတွေအဖြစ် မွေးစားလိုက်တဲ့အတွက် အချိန်တန်တဲ့အခါ ယေရှုနဲ့အတူ အုပ်စိုးဖို့ ကောင်းကင်ကို ထမြောက်ကြလိမ့်မယ်။ (ရော. ၈:၂၊ ၁၅-၁၇) သူတို့ဟာ နာဇရက်မြို့ တရားဇရပ်မှာ ယေရှု ကြေညာတဲ့ လွတ်လပ်မှုကနေ ဦးဆုံး အကျိုးရသူတွေ ဖြစ်တယ်။ (လု. ၄:၁၆-၁၉၊ ၂၁) ဂျူးဘာသာရေးခေါင်းဆောင်တွေရဲ့ မှားယွင်းတဲ့ သွန်သင်ချက်တွေ၊ ကျမ်းစာနဲ့ မညီတဲ့ ထုံးတမ်းတွေရဲ့ ကျွန်ဘဝကနေ လွတ်မြောက်လာကြတယ်။ သေစေနိုင်တဲ့ အပြစ်ကနေလည်း သူတို့ လွတ်မြောက်ပြီလို့ ဘုရား သတ်မှတ်တယ်။ ခရစ်တော်ရဲ့ နောက်လိုက်တွေကို ဘိသိက်ပေးတဲ့ အေဒီ ၃၃ မှာ ပုံဆောင် ယုဘိလ အစပြုခဲ့တယ်။ ယေရှုရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှု အဆုံးမှာ ပုံဆောင် ယုဘိလ အဆုံးတိုင်မယ်။ w19.12 ၁၁ ¶၁၁-၁၂
သောကြာနေ့၊ မေ ၂၈
မကောင်းတဲ့ အပေါင်းအသင်းဟာ ကောင်းတဲ့ အကျင့်ကို ပျက်စီးစေတတ်တယ်။ —၁ ကော. ၁၅:၃၃။
မိဘတို့၊ အပေါင်းအသင်းကောင်းတွေ ရွေးချယ်တတ်အောင် သားသမီးတွေကို ကူညီပေးပါ။ သားသမီးတွေ ဘယ်သူနဲ့ ပေါင်းနေသလဲ၊ ဘာတွေ လုပ်နေသလဲ ဆိုတာ မိဘနှစ်ယောက်စလုံး သိထားရမယ်။ လူမှုမီဒီယာမှာ၊ သူတို့ရဲ့ ဖုန်းမှာ ဘယ်သူတွေနဲ့ ဆက်သွယ်နေသလဲဆိုတာ သိရမယ်။ အဲဒီအပေါင်းအသင်းတွေက သားသမီးတွေရဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်အပေါ် ဩဇာသက်ရောက်နိုင်တယ်။ မိဘများစွာဟာ ပုံသက်သေကောင်းတဲ့ ဘုရားအမှုဆောင်သူတွေနဲ့ သားသမီးတွေ ပေါင်းသင်းနိုင်ဖို့ အခွင့်အလမ်းတွေ ကြိုးစားဖန်တီးပေးကြတယ်။ ဥပမာ၊ ကို့ဒီဗွားမှာနေတဲ့ နာဒါနီနဲ့ ဘိုမန်တို့ဟာ တိုက်နယ်ကြီးကြပ်မှူးကို အိမ်မှာ တည်းဖို့ ဖိတ်ခေါ်လေ့ရှိတယ်။ “ဒါက သားအပေါ် အတော်ဩဇာသက်ရောက်တယ်။ သူရှေ့ဆောင် စလုပ်ပြီး အခု အရန်တိုက်နယ် လုပ်နေပြီ” လို့ ညီအစ်ကို နာဒါနီ ပြောတယ်။ မိဘတွေအနေနဲ့ သားသမီးတွေကို စောစော လေ့ကျင့်ပေးလေ ပိုကောင်းလေပဲ။ (ပညာ. ၂၂:၆) တိမောသေအကြောင်း စဉ်းစားကြည့်ပါ။ မိခင် ဥနိတ်နဲ့ အဘွား လောအိဟာ တိမောသေကို “နို့စို့အရွယ်ကတည်းက” လေ့ကျင့်ပေးခဲ့တယ်။—၂ တိ. ၁:၅။ ၃:၁၅။ w19.12 ၂၅ ¶၁၄။ ၂၆ ¶၁၆-၁၇
စနေနေ့၊ မေ ၂၉
ညီအစ်ကိုထက် တွယ်တာတဲ့ မိတ်ဆွေလည်း ရှိတယ်။—ပညာ. ၁၈:၂၄။
ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေ ဖြစ်ပါ။ ဥပမာ၊ လိုအပ်နေတဲ့ ညီအစ်ကို/မတွေကို ကူညီပေးမယ်လို့ ကတိပေးရုံသာမက လက်တွေ့ကျကျ ကျွန်တော်တို့ ကူညီပေးကြတယ်။ (မ. ၅:၃၇။ လု. ၁၆:၁၀) အကူအညီ လိုအပ်သူတွေက ကျွန်တော်တို့ကို အားထားလို့ ရမှန်း သိတဲ့အခါ အကြီးအကျယ် နှစ်သိမ့်မှု ရကြတယ်။ “ကူညီမယ်လို့ ကတိပေးထားတဲ့သူ အချိန်မီ ရောက်ပါ့မလားလို့ စိတ်ပူနေစရာ မလိုဘူး” ဆိုပြီး ညီအစ်မတစ်ယောက် ပြောတယ်။ အခက်အခဲတွေ၊ စိတ်ဓာတ်ကျတာတွေကို ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေဆီ ရင်ဖွင့်ပြောပြခြင်းဖြင့် နှစ်သိမ့်မှု ရနိုင်တယ်။ ဒါပေမဲ့ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေ ဖြစ်နိုင်ဖို့ စိတ်ရှည်ရမယ်။ ခင်ပွန်း စွန့်ပစ်တာ ခံရတဲ့ ညီအစ်မဇန်နာဟာ မိတ်ဆွေတွေဆီ ရင်ဖွင့်ပြောပြလို့ နှစ်သိမ့်မှု ရခဲ့တယ်။ “အကြောင်းအရာ တစ်ခုတည်းကို အပ်ကြောင်းထပ်အောင် ကျွန်မ ပြောနေတာတောင် သူတို့ စိတ်ရှည်ရှည် နားထောင်ပေးကြတယ်” လို့ ပြောတယ်။ သင်လည်း ကောင်းကောင်း နားထောင်ပေးခြင်းအားဖြင့် မိတ်ဆွေကောင်း ဖြစ်နိုင်တယ်။ w20.01 ၁၀-၁၁ ¶၉-၁၁
တနင်္ဂနွေနေ့၊ မေ ၃၀
မိခင်ဝမ်းထဲမှာ ရှိကတည်းက သန့်ရှင်းသော စွမ်းအားတော်နဲ့ ပြည့်နေလိမ့်မယ်။—လု. ၁:၁၅။
ယေဟောဝါရဲ့ သန့်ရှင်းသော စွမ်းအားတော် ရရှိပေမဲ့ ကောင်းကင်မျှော်လင့်ချက် မရှိတဲ့ သစ္စာရှိသူများစွာအကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ ဒါဝိဒ်ဟာ သန့်ရှင်းသော စွမ်းအားတော် ရခဲ့တယ်။ (၁ ရှ. ၁၆:၁၃) ယေဟောဝါနဲ့ပတ်သက်တဲ့ နက်နဲတဲ့ အရာတွေကို နားလည်ဖို့၊ ကျမ်းစာအပိုင်းတွေကို ရေးသားဖို့ စွမ်းအားတော်က သူ့ကို ကူညီပေးတယ်။ (မာ. ၁၂:၃၆) ဒါတောင် ဒါဝိဒ် “ကောင်းကင် မတက်ခဲ့ပါဘူး” လို့ တမန်တော် ပေတရု ပြောတယ်။ (တ. ၂:၃၄) နှစ်ခြင်းပေးသူ ယောဟန်လည်း “သန့်ရှင်းသော စွမ်းအားတော်နဲ့ ပြည့်” ခဲ့တယ်။ (လု. ၁:၁၃-၁၆) ယောဟန်ထက် ကြီးမြတ်တဲ့သူ မရှိဘူးလို့ ယေရှု ချီးမွမ်းပြီးနောက် ကောင်းကင်နိုင်ငံမှာတော့ ယောဟန် ပါဝင်ခွင့် ရမှာ မဟုတ်ဘူးလို့ ပြောတယ်။ (မ. ၁၁:၁၀၊ ၁၁) ယေဟောဝါက သန့်ရှင်းသော စွမ်းအားတော်အားဖြင့် သူတို့ကို ထူးချွန်ပြောင်မြောက်စွာ လုပ်ဆောင်နိုင်စွမ်း ပေးပေမဲ့ ကောင်းကင်သွားဖို့တော့ မရွေးချယ်ခဲ့ဘူး။ အဲဒီလိုပြောလို့ သူတို့ဟာ သိပ်သစ္စာမရှိဘူးလို့ ဆိုလိုသလား။ မဆိုလိုပါဘူး။ မြေကြီးပရဒိသုမှာ သူတို့ကို ယေဟောဝါ ပြန်ထမြောက်ပေးပါလိမ့်မယ်။—ယော. ၅:၂၈၊ ၂၉။ တ. ၂၄:၁၅။ w20.01 ၂၅ ¶၁၅
တနင်္လာနေ့၊ မေ ၃၁
ဘုရားသခင်က အရင်ဦးဆုံး ချစ်ခဲ့လို့ ကျွန်တော်တို့လည်း ချစ်တတ်ကြတာပါ။—၁ ယော. ၄:၁၉။
ယေဟောဝါက ကျွန်တော်တို့ကို မိမိရဲ့ မိသားစုဝင် ဖြစ်ဖို့ ဖိတ်ခေါ်ထားတယ်။ ဘုရားရဲ့ မိသားစုထဲမှာ ဘုရားဆီ ဆက်ကပ်အပ်နှံထားသူတွေ၊ သားတော်ရဲ့ ရွေးဖိုးပူဇော်သက္ကာကို ယုံကြည်ကြောင်း တင်ပြသူတွေ ပါဝင်တယ်။ ပျော်ရွှင်တဲ့ မိသားစုပါပဲ။ လောလောဆယ် အဓိပ္ပာယ်ရှိတဲ့ ဘဝ ရထားတဲ့အပြင် ကောင်းကင်မှာဖြစ်စေ၊ မြေကြီးမှာဖြစ်စေ အဆုံးမဲ့အသက် မျှော်လင့်ချက် ရထားလို့ ပျော်ရွှင်နေကြတယ်။ ယေဟောဝါဟာ မေတ္တာရှိလို့ အကြီးအကျယ် အနစ်နာခံပြီး ကျွန်တော်တို့ကို မိမိရဲ့ မိသားစုဝင် ဖြစ်ဖို့ လမ်းဖွင့်ပေးတယ်။ (ယော. ၃:၁၆) ကျွန်တော်တို့ကို “တန်ဖိုးကြီးကြီး ပေးပြီး ဝယ်ထား” တယ်။ (၁ ကော. ၆:၂၀) ရွေးဖိုးအားဖြင့် မိမိနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရရှိစေတယ်။ စကြဝဠာမှာ အကြီးမြတ်ဆုံး ပုဂ္ဂိုလ်ကို အဖလို့ ကျွန်တော်တို့ ခေါ်ခွင့်ရထားတယ်။ ယေဟောဝါဟာ အကောင်းဆုံးဖခင်ပါ။ “ယေဟောဝါ လုပ်ပေးခဲ့တဲ့ ကောင်းမှုအားလုံးအတွက် ငါ ဘယ်လို ကျေးဇူးဆပ်ရမလဲ” လို့ ရေးခဲ့တဲ့ ဆာလံဆရာလိုပဲ ကျွန်တော်တို့ တွေးမိနိုင်တယ်။ (ဆာ. ၁၁၆:၁၂) ကောင်းကင်ဖခင်ကို ဘယ်တော့မှ ကျေးဇူးဆပ်လို့ ကုန်မှာ မဟုတ်ဘူး။ ဘုရားရဲ့ မေတ္တာက ဘုရားကို ပြန်ချစ်ဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးတယ်။ w20.02 ၈ ¶၁-၃