ဇွန်
အင်္ဂါနေ့၊ ဇွန် ၁
ပြိုင်ဘက်ဇနီးက သူ စိတ်ဆင်းရဲအောင်၊ မခံချိမခံသာ ဖြစ်အောင် အမြဲ ပြောလေ့ရှိတယ်။—၁ ရှ. ၁:၆။
ပရောဖက် ရှမွေလရဲ့ မိခင် ဟန္နမှာ အခက်အခဲတချို့ ရှိတယ်။ နှစ်ပေါင်းများစွာ သားသမီး မရဘူး။ (၁ ရှ. ၁:၂) အစ္စရေးခေတ်မှာ မြုံနေတဲ့ မိန်းမဟာ ကျိန်ခြင်းခံရတဲ့ မိန်းမလို့ ယူမှတ်ခံရတဲ့အတွက် ရှက်စရာ ဖြစ်တယ်။ (က. ၃၀:၁၊ ၂) ပိုဆိုးတာက ဟန္န ယောက်ျားရဲ့ နောက်မိန်းမ ပေနိန္နမှာ သားသမီးတွေ ရှိတယ်။ ဒီတော့ ဟန္ဒကို မခံချိမခံသာ ဖြစ်အောင် ပြောလေ့ရှိတယ်။ အဲဒီအခက်အခဲတွေကို ဟန္န ကောင်းကောင်း မဖြေရှင်းနိုင်ဘူး။ “စိတ်ဆင်းရဲလွန်းလို့” “မစားနိုင် မသောက်နိုင်ဘဲ ငိုနေရ” တယ်။ (၁ ရှ. ၁:၇၊ ၁၀) ဟန္န ဘယ်လို နှစ်သိမ့်မှု ရသလဲ။ ဟန္နဟာ ခံစားချက်တွေကို ယေဟောဝါဆီ ရင်ဖွင့်ဆုတောင်းတယ်။ ဆုတောင်းပြီးနောက် ပုရောဟိတ်မင်း ဧလိကိုလည်း အကျိုးအကြောင်း ပြောပြတယ်။ ဧလိက “စိတ်အေးအေး ထားပြီး သွားပါ။ အစ္စရေးတို့ရဲ့ ဘုရားသခင်က မင်းအသနားခံတဲ့အတိုင်း လုပ်ပေးပါစေ” လို့ ပြောတယ်။ ဟန္နလည်း “ထွက်သွားပြီး စားသောက်တယ်။ မျက်နှာညှိုးငယ် မနေတော့ဘူး။” (၁ ရှ. ၁:၁၇၊ ၁၈) ဆုတောင်းခြင်းက စိတ်ငြိမ်သက်မှု ပြန်ရဖို့ ဟန္နကို ကူညီပေးတယ်။ w20.02 ၂၁ ¶၄-၅
ဗုဒ္ဓဟူးနေ့၊ ဇွန် ၂
ဆားခတ်ထားတဲ့ အစာဟာ အရသာရှိသလို ယဉ်ကျေးတဲ့စကားတွေဟာ နှစ်သက်စရာ ဖြစ်စေတယ်။ ဒါကြောင့် စကားပြောဆိုတဲ့အခါ အမြဲ ယဉ်ကျေးသိမ်မွေ့ကြပါ။ ဒါဆိုရင် လူတိုင်းကို ဘယ်လိုပြန်ပြောရမယ်ဆိုတာ သိလိမ့်မယ်။—ကော. ၄:၆။
မကြာခင် ဒီစနစ်ဆိုးကို ယေဟောဝါ အဆုံးတိုင်စေပါတော့မယ်။ “ထာဝရအသက်ရဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားတဲ့သူတွေ” ပဲ လွတ်မြောက်မယ်။ (တ. ၁၃:၄၈) ဒါကြောင့် ကျန်တော်တို့ဟာ ဆွေမျိုးတွေကိုလည်း ယေဟောဝါကို ဝတ်ပြုသူတွေ ဖြစ်လာစေချင်ကြတယ်။ မေတ္တာရှင် ဖခင် ယေဟောဝါဟာ ‘ဘယ်သူ့ကိုမှ မပျက်စီးစေချင်ဘူး။ လူအားလုံးကို နောင်တရစေချင်တယ်။’ (၂ ပေ. ၃:၉) ကယ်တင်ခြင်းသတင်း ဝေမျှရာမှာ မှန်တဲ့နည်းနဲ့ မှားတဲ့နည်း ရှိတယ်ဆိုတာ သတိရသင့်တယ်။ ကျွန်တော်တို့က သူစိမ်းတစ်ယောက်ကို လိမ္မာပါးနပ်စွာ ဟောပေမဲ့ ဆွေမျိုးတွေကိုတော့ တုတ်ထိုးအိုးပေါက် ပြောမိနိုင်တယ်။ ဆွေမျိုးတွေကို စသက်သေခံတုန်းကအကြောင်း ပြန်စဉ်းစားလိုက်တဲ့အခါ အဲဒီလိုပုံစံနဲ့ မပြောခဲ့ရင် အကောင်းသားလို့ တွေးပြီး နောင်တရမိနိုင်တယ်။ ဆွေမျိုးတွေကို ဟောတဲ့အခါ ဒီနေ့ရဲ့ ကျမ်းချက်ပါ ပေါလုရဲ့ အကြံပြုချက်ကို သတိရသင့်တယ်။ အဲဒီလိုမှ မဟုတ်ရင် သူတို့ကို ဆွဲခေါ်မယ့်အစား တွန်းထုတ်သလို ဖြစ်သွားနိုင်တယ်။ w19.08 ၁၄-၁၅ ¶၃-၅
ကြာသပတေးနေ့၊ ဇွန် ၃
[ခရစ်တော်က] သူ့ခြေရာကို ထက်ကြပ်မကွာ လိုက်လျှောက်စေဖို့ စံနမူနာ ထားခဲ့တယ်။ —၁ ပေ. ၂:၂၁။
သားတော်နဲ့ပတ်သက်တဲ့ အမှန်တရားကို သိလာတဲ့အခါ ဘယ်လို လှုံ့ဆော်ခံရသလဲ။ ယေရှုဟာ စကြဝဠာမှာ ဒုတိယ အရေးပါဆုံး ဖြစ်တယ်။ မိမိအသက်ကို ရွေးဖိုးအဖြစ် လိုလိုလားလား ပေးခဲ့တယ်။ ရွေးဖိုးကို ယုံကြည်ကြောင်း လုပ်ရပ်နဲ့ တင်ပြမယ်ဆိုရင် အပြစ်တွေ ခွင့်လွှတ်ခံရနိုင်တယ်။ ဘုရားနဲ့ ရင်းနှီးလာပြီး ထာဝရအသက် ရနိုင်တယ်။ (ယော. ၃:၁၆) ပုရောဟိတ်မင်း ယေရှုဟာ ရွေးဖိုးကနေ ကျွန်တော်တို့ အကျိုးရအောင်၊ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရအောင် ကူညီပေးချင်တယ်။ (ဟီ. ၄:၁၅။ ၇:၂၄၊ ၂၅) နိုင်ငံတော်ဘုရင် ယေရှုကတစ်ဆင့် မိမိနာမည်ကို ယေဟောဝါ သန့်ရှင်းမြင့်မြတ်စေမယ်၊ ဆိုးသွမ်းမှုတွေကို အဆုံးတိုင်စေပြီး ပရဒိသုမှာ ထာဝရကောင်းချီးတွေ ဆောင်ကြဉ်းပေးပါမယ်။ (မ. ၆:၉၊ ၁၀။ ဗျာ. ၁၁:၁၅) ယေရှုဟာ ဘုရားအလိုတော် ထမ်းဆောင်ရာမှာ အသက်တာကို ဆည်းကပ်မြှုပ်နှံထားခြင်းအားဖြင့် ကျွန်တော်တို့အတွက် စံနမူနာ ချမှတ်ခဲ့တယ်။ (ယော. ၄:၃၄) ဘုရားရဲ့ ချစ်သား ယေရှုနဲ့ပတ်သက်တဲ့ ကျမ်းစာသွန်သင်ချက်တွေကို သိလာတဲ့အခါ ယေရှုကို ချစ်လာတယ်။ အဲဒီမေတ္တာက ယေရှုလိုပဲ ဘုရားအလိုတော် ထမ်းဆောင်ရာမှာ အသက်တာကို အသုံးပြုဖို့ လှုံ့ဆော်ပေးတယ်။ w20.03 ၁၀ ¶၁၂-၁၃
သောကြာနေ့၊ ဇွန် ၄
အမြဲမပြတ် ဆုတောင်းနေကြပါ။ —၁ သက်. ၅:၁၇။
မြေကြီးအသက်တာ နောက်ဆုံးနေ့မှာ ယေရှု အကြိမ်ကြိမ် ဆုတောင်းခဲ့တယ်။ မိမိရဲ့ သေခြင်း အောက်မေ့ရာပွဲ အစပြုချိန်မှာ မုန့်နဲ့ ဝိုင်အတွက် ဆုတောင်းတယ်။ (၁ ကော. ၁၁:၂၃-၂၅) ပွဲပြီးနောက် ထွက်မသွားခင် တပည့်တွေနဲ့အတူ ဆုတောင်းတယ်။ (ယော. ၁၇:၁-၂၆) အဲဒီညမှာပဲ တပည့်တွေနဲ့အတူ သံလွင်တောင်ကို ရောက်တဲ့အခါ အကြိမ်ကြိမ် ဆုတောင်းတယ်။ (မ. ၂၆:၃၆-၃၉၊ ၄၂၊ ၄၄) မသေဆုံးခင် ယေရှု နောက်ဆုံးပြောသွားတာ ဆုတောင်းစကားတွေပါ။ (လု. ၂၃:၄၆) မြေကြီးအသက်တာရဲ့ အရေးကြီးဆုံးနေ့မှာ ဖြစ်သမျှကို ယေဟောဝါဆီ ဆုတောင်းပြောပြတယ်။ အခက်အခဲကို ယေရှု ခံရပ်နိုင်တဲ့ အကြောင်းရင်း တစ်ခုက ဆုတောင်းခြင်းအားဖြင့် ဖခင်ကို အားကိုးခဲ့လို့ပဲ။ တမန်တော်တွေကတော့ အဲဒီညမှာ စွဲစွဲမြဲမြဲ ဆုမတောင်းတဲ့အတွက် သတ္တိလျော့နည်းခဲ့တယ်။ (မ. ၂၆:၄၀၊ ၄၁၊ ၄၃၊ ၄၅၊ ၅၆) အခက်အခဲတွေ ကြုံရတဲ့အခါ ယေရှုရဲ့ ပုံသက်သေအတိုင်း “အမြဲ ဆုတောင်းနေ” မှ ကျွန်တော်တို့ သစ္စာရှိနိုင်မယ်။ w19.04 ၉ ¶၄-၅
စနေနေ့၊ ဇွန် ၅
ငါဟာ ယေဟောဝါပဲ။ မပြောင်းလဲတတ်ဘူး။—မာလ. ၃:၆။
ယေဟောဝါဟာ နတ်ဆိုးပညာကို ရွံမုန်းတယ်။ “ခင်ဗျားတို့ဆီမှာ ကိုယ့်သားသမီးကို မီးရှို့ပူဇော်သူ၊ နတ်ဆရာ၊ မှော်ဆရာ၊ နိမိတ်ဖတ်သူ၊ ပယောဂဆရာ၊ စုန်းအတတ်နဲ့ပြုစားသူ၊ နတ်ကတော်ကို၊ ဗေဒင်ဆရာကို မေးမြန်းတဲ့သူ၊ လူသေကို မေးမြန်းတဲ့သူ တစ်ယောက်မှ မရှိရဘူး။ အဲဒီလိုလူတွေကို ယေဟောဝါ ရွံမုန်းတယ်” လို့ အစ္စရေးတွေကို ယေဟောဝါ ပြောတယ်။ (တရား. ၁၈:၁၀-၁၂) ခရစ်ယာန်တွေဟာ အစ္စရေးတွေကို ပေးခဲ့တဲ့ ပညတ်တရားအောက်မှာ မရှိတော့ဘူး။ ဒါပေမဲ့ နတ်ဆိုးတွေနဲ့ပတ်သက်တဲ့ ဘုရားရဲ့ သဘောထား မပြောင်းလဲဘူးဆိုတာ သိထားကြတယ်။ နတ်ဆိုးပညာ သုံးပြီး လူတွေကို စာတန် အန္တရာယ်ပြုနေမှန်း ယေဟောဝါ သိတဲ့အတွက် သတိပေးထားတယ်။ စာတန်ဟာ နတ်ဆိုးပညာ သုံးပြီး လိမ်ညာမှုတွေကို ဖြန့်နေတယ်။ အဲဒီထဲမှာ လူသေတွေ တခြားဘုံမှာ အသက်ရှင်နေတယ်ဆိုတဲ့ လိမ်ညာမှုလည်း ပါဝင်တယ်။ (ဒေ. ၉:၅) လူတွေ ကြောက်လန့်အောင်၊ ယေဟောဝါနဲ့ ဝေးကွာသွားအောင်လည်း နတ်ဆိုးပညာကို စာတန် သုံးနေတယ်။ အဓိကရည်ရွယ်ချက်ကတော့ ယေဟောဝါအစား နတ်ဆိုးတွေကို ယုံကြည်လာစေဖို့ပဲ။ w19.04 ၂၁ ¶၅-၆
တနင်္ဂနွေနေ့၊ ဇွန် ၆
မကောင်းတာ လုပ်နေရင်တော့ သူတို့ကို ကြောက်ရလိမ့်မယ်။—ရော. ၁၃:၄။
ကလေးကို မတော်မတရားပြုခြင်းဟာ ကြီးလေးတဲ့ အပြစ် ဖြစ်တယ်။ ကလေးကို နည်းလမ်းများစွာနဲ့ ထိခိုက်စေတယ်။ ကလေးရဲ့ ယုံကြည်စိတ်ချမှုကို ရိုက်ချိုးပြီး လုံခြုံမှု မရှိဘူးလို့ ခံစားရစေတယ်။ ဒီလို အဖြစ်ဆိုးမျိုး မကြုံရအောင် ကလေးတွေကို ကာကွယ်ပေးရမယ်။ မတော်မတရားပြုခံရတဲ့ ကလေးတွေဟာ နှစ်သိမ့်မှုနဲ့ အကူအညီ လိုအပ်တယ်။ (၁ သက်. ၅:၁၄) အသင်းတော်ထဲက တစ်ယောက်ယောက်ဟာ ကလေးကို လိင်ဆိုင်ရာ မတော်မတရားပြုတဲ့အခါ အသင်းတော်ရဲ့ နာမည်ကောင်းကို ပျက်စီးစေတယ်။ (မ. ၅:၁၆။ ၁ ပေ. ၂:၁၂) နောင်တမယူဘဲ ဆိုးညစ်တာတွေ လုပ်ပြီး အသင်းတော်ရဲ့ နာမည်ကောင်း ပျက်စီးစေသူကို အသင်းတော်မှာ ဆက်ရှိခွင့် မပြုပါဘူး။ အသင်းတော်ထဲက တစ်ယောက်ယောက်ဟာ ကလေးကို မတော်မတရားပြုခြင်းစတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေကို ချိုးဖောက်တယ်ဆိုရင် အာဏာပိုင်တွေကို ပြစ်မှားတာပဲ။ (တမန်တော် ၂၅:၈ နဲ့ နှိုင်းယှဉ်ပါ။) အကြီးအကဲတွေဟာ ဥပဒေ ချိုးဖောက်သူတွေကို ပြစ်ဒဏ်ပေးပိုင်ခွင့် မရှိဘူး။ ဒါပေမဲ့ ကလေး မတော်မတရားပြုသူကို ပြစ်ဒဏ်မခံရအောင် ကာကွယ်ပေးမှာ မဟုတ်ဘူး။ w19.05 ၉ ¶၄-၇
တနင်္လာနေ့၊ ဇွန် ၇
လောကရဲ့ ဉာဏ်ပညာဟာ ဘုရားသခင်ရှေ့မှာ မိုက်မဲတဲ့အရာပဲ။—၁ ကော. ၃:၁၉။
မဟာသွန်သင်ရှင် ယေဟောဝါရဲ့ အကူအညီနဲ့ ဘယ်ပြဿနာကိုမဆို ကျွန်တော်တို့ ဖြေရှင်းနိုင်တယ်။ (ဟေရှာ. ၃၀:၂၀၊ ၂၁) “မွန်မြတ်တဲ့အလုပ် အမျိုးမျိုးကို လုပ်ဆောင်ဖို့ အရည်အချင်း ပြည့်ဝလာပြီး လုံးလုံးလျားလျား အသင့်ဖြစ်” အောင် လိုအပ်တာ မှန်သမျှကို ကျမ်းစာမှာ ပြင်ဆင်ပေးထားတယ်။ (၂ တိ. ၃:၁၇) ကျမ်းစာသွန်သင်ချက်တွေကို လိုက်နာတဲ့အခါ “လောကရဲ့ ဉာဏ်ပညာ” လိုက်စားသူတွေထက် ကျွန်တော်တို့ ပိုပညာရှိလာတယ်။ (ဆာ. ၁၁၉:၉၇-၁၀၀) လောကရဲ့ ဉာဏ်ပညာဟာ ကျွန်တော်တို့ရဲ့ သွေးသားဆန္ဒအတွက် နှစ်သက်စရာကောင်းတယ်။ ဒါကြောင့် လောကနဲ့ပတ်သက်သူတွေလို မစဉ်းစားမိအောင်၊ မလုပ်မိအောင် တွန်းလှန်ဖို့ ခက်နိုင်တယ်။ “အတွေးအခေါ်တွေ၊ အဓိပ္ပာယ်မဲ့တဲ့ လှည့်ဖြားမှုတွေနဲ့ ထောင်ချောက်ဆင်ဖမ်းမယ့်သူတွေကို သတိထားကြပါ။ အဲဒါတွေဟာ . . . လူ့ထုံးတမ်းစဉ်လာတွေကို အခြေခံတယ်” လို့ ကျမ်းစာမှာ ပြောထားတယ်။ (ကော. ၂:၈) နောက်ဆုံးကာလနဲ့ပတ်သက်ပြီး ကျမ်းစာကြိုပြောတဲ့အတိုင်း လူတွေဟာ “အပျော်အပါးကိုသာ နှစ်သက်” လာကြတယ်။ (၂ တိ. ၃:၄) အေအိုင်ဒီအက်စ်လိုမျိုး လိင်ဆိုင်ရာ ကူးစက်ရောဂါတွေ ပျံ့နှံ့လာခြင်းဟာ လောကဉာဏ်ပညာရဲ့ မိုက်မဲမှု သာဓကတစ်ခုပါပဲ။—၂ ပေ. ၂:၁၉။ w19.05 ၂၁ ¶၁-၂။ ၂၂ ¶၄-၅
အင်္ဂါနေ့၊ ဇွန် ၈
မာရ်နတ်ရဲ့ ဉာဏ်နီဉာဏ်နက်များတဲ့ လုပ်ရပ်တွေကို ခုခံပြီး အခိုင်အမာ ရပ်တည်[ပါ။]—ဧ. ၆:၁၁။
ဝန်းကျင်က လူမျိုးတွေရဲ့ အယူမှား ဓလေ့ထုံးစံတွေကို လိုက်မှ သီးနှံဖြစ်ထွန်းမယ်လို့ အစ္စရေးတွေကို စာတန် အယုံသွင်းလှည့်စားတယ်။ ဘာသာရေး ဓလေ့ထုံးစံတချို့ကို လိုက်မှ ဘုရားတွေ မိုးရွာပေးမယ်လို့ ခါနန်လူတွေ ယုံကြည်ကြတယ်။ မှားယွင်းတဲ့ဘုရား ဗာလကို ဝတ်ပြုတဲ့ ဓလေ့ထုံးစံတွေ လိုက်မှ မိုးမခေါင်ဘူးလို့ ယုံကြည်ကြတယ်။ စာတန်က လိင်အကျင့်ယိုယွင်းမှုကို နှစ်သက်လာအောင် လုပ်တယ်။ အယူမှားသူတွေရဲ့ ဝတ်ပြုရေးမှာ ရွံစရာ လိင်အကျင့်ယိုယွင်းမှုတွေ ပါဝင်တယ်။ အဲဒီထဲမှာ ဗိမာန်ပြည့်တန်ဆာလုပ်တဲ့ ယောက်ျား၊ မိန်းမတွေ ပါဝင်တယ်။ လိင်တူဆက်ဆံခြင်း၊ လိင်အကျင့်ယိုယွင်းခြင်းတွေကို သာမန်ကိစ္စလိုပဲ လက်ခံခွင့်ပြုထားကြတယ်။ (တရား. ၂၃:၁၇၊ ၁၈။ ၁ ဘု. ၁၄:၂၄) အဲဒီအကျင့်တွေကို လိုက်မှ နတ်ဘုရားတွေက သီးနှံဖြစ်ထွန်းစေမယ်လို့ ယူဆကြတယ်။ အစ္စရေးများစွာဟာ အယူမှားသူတွေရဲ့ လိင်အကျင့်ယိုယွင်းတဲ့ ဓလေ့ထုံးစံတွေနောက် ပါသွားပြီး မှားယွင်းတဲ့ ဘုရားတွေကို ကိုးကွယ်ခဲ့ကြတယ်။ w19.06 ၂ ¶၃။ ၄ ¶၇-၈
ဗုဒ္ဓဟူးနေ့၊ ဇွန် ၉
ဘုရားသခင်ဟာ ဖြောင့်မတ်တဲ့ဘုရားဖြစ်လို့ ခင်ဗျားတို့ရဲ့ လုပ်ရပ်ကို၊ နာမတော်အတွက်ပြတဲ့ မေတ္တာကို ဘယ်တော့မှ မမေ့ပါဘူး။—ဟီ. ၆:၁၀။
ထောင်နဲ့ချီတဲ့ ဗေသလ အိမ်သားတွေနဲ့ တချို့သူတွေ တာဝန်သစ်တွေ ပေးအပ်ခံရတယ်။ ကိုယ်မြတ်နိုးတဲ့ တာဝန်ကို စွန့်လိုက်ရတာဟာ သူတို့အတွက် ခက်ခဲပါတယ်။ အဲဒီထဲမှာ သင်လည်း ပါတယ်ဆိုရင် အပြောင်းအလဲကို ရင်ဆိုင်နိုင်ဖို့ ဘာက ကူညီပေးမလဲ။ ယေဟောဝါနဲ့ ဆက်ရင်းနှီးနေဖို့ ကျမ်းစာ နေ့တိုင်း ဖတ်ပြီး တွေးတောဆင်ခြင်ပါ။ ဟောပြောခြင်းမှာ အသင်းတော်သစ်နဲ့အတူ အပြည့်အဝ ဆက်ပါဝင်ပါ။ အရင်ကလောက် မလုပ်နိုင်ရင်တောင် သစ္စာရှိရှိ ဆက်အမှုဆောင်နေသူတွေကို ယေဟောဝါ မမေ့ဘူး။ ဘဝကို ရိုးရှင်းစေပါ။ စာတန့်လောကရဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် ဘုရားရေးရာ လုပ်ဆောင်မှုတွေကို “လွှမ်းမိုး” သွားတာမျိုး မဖြစ်ပါစေနဲ့။ (မ. ၁၃:၂၂) နောင်ရေးအတွက် စိတ်အေးရအောင် ငွေများများ ရှာပါဆိုတဲ့ လောကရဲ့ ဖိအား၊ စိတ်ရင်းကောင်းတဲ့ ဆွေမျိုးမိတ်ဆွေတွေရဲ့ ဖိအားကို တွန်းလှန်ပါ။ (၁ ယော. ၂:၁၅-၁၇) ဘုရားရေးရာပိုင်း၊ စိတ်ပိုင်း၊ ရုပ်ပိုင်း လိုအပ်ရာတွေကို “လိုအပ်ချိန်” မှာ ထောက်မမယ်လို့ ကတိပေးထားတဲ့ ယေဟောဝါကို ယုံကြည်ကိုးစားပါ။—ဟီ. ၄:၁၆။ ၁၃:၅၊ ၆။ w19.08 ၂၀ ¶၄။ ၂၁-၂၂ ¶၇-၈
ကြာသပတေးနေ့၊ ဇွန် ၁၀
ထမ်းထားရတဲ့ဝန်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ။ ကိုယ်တော် ဖေးမလိမ့်မယ်။—ဆာ. ၅၅:၂၂။
စိတ်ဖိစီးစရာ အခြေအနေတွေကို သင် ကြုံနေရသလား။ ကျွန်တော်တို့ရဲ့ စိတ်ဒုက္ခတွေကို ယေဟောဝါဘုရား နားလည်ပေးကြောင်း သိရခြင်းက နှစ်သိမ့်မှု ရစေတယ်။ ကျွန်တော်တို့ရဲ့ ကန့်သတ်ချက်တွေကို သိပြီး ဘာတွေ တွေးနေတယ်၊ ခံစားနေတယ်ဆိုတာတောင် သိတယ်။ (ဆာ. ၁၀၃:၁၄။ ၁၃၉:၃၊ ၄) ယေဟောဝါကို အားကိုးမယ်ဆိုရင် ဖိစီးမှု ဖြစ်စေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အကူအညီ ရပါလိမ့်မယ်။ ဖိစီးမှုကြောင့် အပျက်သဘောတွေ ဝင်လာပြီး စိတ်ဓာတ်ကျလာနိုင်တယ်။ အဲဒီလိုဖြစ်ရင် ဖိစီးမှုတွေကို ဖြေရှင်းနိုင်ဖို့ ယေဟောဝါ ကူညီပေးမယ်ဆိုတာ သတိရပါ။ ဘယ်လို ကူညီပေးမလဲ။ စိုးရိမ်သောကတွေကို ရင်ဖွင့်ပြောပြဖို့ ဘုရား ဖိတ်ခေါ်ထားတယ်။ သင် အကူအညီတောင်းတဲ့အခါ ဖြေကြားပေးပါလိမ့်မယ်။ (ဆာ. ၅:၃။ ၁ ပေ. ၅:၇) ဒါကြောင့် ကိုယ့်ရဲ့ ပြဿနာတွေအကြောင်း ယေဟောဝါကို ဆုတောင်းပြောပြပါ။ သင့်ကို ဘုရားသခင် တိုက်ရိုက် စကားပြောမှာ မဟုတ်ပေမဲ့ ကျမ်းစာနဲ့ အဖွဲ့အစည်းကတစ်ဆင့် စကားပြောပါလိမ့်မယ်။ ကျမ်းစာမှတ်တမ်းတွေက နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက် ပေးပါလိမ့်မယ်။ ညီအစ်ကို/မတွေကလည်း သင့်ကို အားပေးနိုင်ပါတယ်။—ရော. ၁၅:၄။ ဟီ. ၁၀:၂၄၊ ၂၅။ w19.06 ၁၆ ¶၇-၈
သောကြာနေ့၊ ဇွန် ၁၁
လူတွေက ကျွန်တော့်နာမည်ကြောင့် ခင်ဗျားတို့ကို မုန်းလိမ့်မယ်။—မ. ၂၄:၉။
နှိပ်စက်ညှဉ်းပန်းမှု ကြုံရတဲ့အခါ “ရေသွန်ချသလို ယေဟောဝါရှေ့မှာ ရင်ဖွင့်ချ” ဆုတောင်းပြီး ကြောက်ရွံ့မှုတွေ၊ စိုးရိမ်ပူပန်မှုတွေကို ပြောပြပါ။ (မြည်. ၂:၁၉) ရင်ဖွင့်ဆုတောင်းလေ ယေဟောဝါနဲ့ ပိုရင်းနှီးလေ ဖြစ်လာပါလိမ့်မယ်။ (ရော. ၈:၃၈၊ ၃၉) ဘုရားသခင့် နိုင်ငံတော် ကောင်းချီးတွေ ပြည့်စုံလာမယ်ဆိုတာ စိတ်ချပါ။ (တော. ၂၃:၁၉) ဘုရားကတိတွေအပေါ် ယုံကြည်မှု အားနည်းလာရင် စာတန်နဲ့ နောက်လိုက်တွေ ကျွန်တော်တို့ကို အလွယ်တကူ ခြောက်လှန့်နိုင်မယ်။ (ပညာ. ၂၄:၁၀။ ဟီ. ၂:၁၅) နိုင်ငံတော်နဲ့ပတ်သက်တဲ့ ကတိတွေအကြောင်း၊ အဲဒီကတိတွေ ပြည့်စုံလာမှာကို ဘာကြောင့် စိတ်ချနိုင်ကြောင်း လေ့လာဖို့ အစီအစဉ် ဆွဲပါ။ အဲဒီလို လေ့လာတာက ဘယ်လို ကူညီပေးမလဲ။ ယုံကြည်ချက်ကြောင့် ခုနစ်နှစ် ထောင်ချခံရတဲ့ စတန်လီ ဂျုံးအကြောင်း စဉ်းစားကြည့်ပါ။ သစ္စာရှိရှိ ခံရပ်ဖို့ သူ့ကို ဘာက ကူညီပေးသလဲ။ “ဘုရားသခင့် နိုင်ငံတော်အကြောင်း သိထားတာ၊ နိုင်ငံတော် လုပ်ဆောင်ပေးမယ့်အရာတွေကို လုံးဝ သံသယ မရှိတာက ယုံကြည်ခြင်း ခိုင်ခံ့စေတယ်” လို့ သူပြောတယ်။ သင်လည်း ဘုရားကတိတွေကို အခိုင်အမာ ယုံကြည်မယ်ဆိုရင် ကြောက်စိတ်ဝင်မှာ မဟုတ်ဘူး။—ပညာ. ၃:၂၅၊ ၂၆။ w19.07 ၂ ¶၁။ ၃ ¶၆-၇
စနေနေ့၊ ဇွန် ၁၂
မြို့တစ်မြို့၊ ရွာတစ်ရွာထဲ ဝင်တဲ့အခါ ထိုက်တန်သူကို ရှာပြီး အဲဒီမြို့ရွာကနေ မထွက်မချင်း သူ့အိမ်မှာပဲ တည်းခိုပါ။—မ. ၁၀:၁၁။
တပည့်ဖြစ်စေခြင်းလုပ်ငန်း ဘာကြောင့် အလွန်အရေးကြီးသလဲ။ ခရစ်တော်ရဲ့ တပည့်တွေသာ ဘုရားနဲ့ မိတ်ဆွေဖြစ်နိုင်လို့ပဲ။ အဲဒီအပြင် သူတို့ဟာ လောလောဆယ် ပိုကောင်းတဲ့အသက်တာကို ပိုင်ဆိုင်ပြီး အနာဂတ်မှာ ထာဝရအသက် ရမယ်ဆိုတဲ့ မျှော်လင့်ချက် ရှိထားကြတယ်။ (ယော. ၁၄:၆။ ၁၇:၃) ယေရှု အပ်နှင်းထားတဲ့ အရေးကြီးတာဝန်ကို ကိုယ့်အစွမ်းအစနဲ့ လုပ်ဆောင်နေကြတာ မဟုတ်ဘူး။ “ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်တွေပါ” လို့ တမန်တော်ပေါလု ပြောတယ်။ (၁ ကော. ၃:၉) မစုံလင်တဲ့ လူသားတွေကို ယေဟောဝါနဲ့ ယေရှု ပေးထားတဲ့ အခွင့်ထူးပါပဲ။ ဒါ့အပြင် တပည့်ဖြစ်စေခြင်းလုပ်ငန်းဟာ ကျွန်တော်တို့ကို ပျော်ရွှင်စေနိုင်တယ်။ စိတ်ရင်းမှန်သူကို “ရှာ” တာက တပည့်ဖြစ်စေခြင်းလုပ်ငန်းရဲ့ ပထမအဆင့် ဖြစ်တယ်။ လူတိုင်းကို သက်သေခံခြင်းအားဖြင့် ယေဟောဝါသက်သေဖြစ်ကြောင်း ကျွန်တော်တို့ ဖော်ပြကြတယ်။ ဟောပြောပါဆိုတဲ့ ခရစ်တော်ရဲ့ မိန့်မှာချက်ကို လိုက်နာခြင်းအားဖြင့် ခရစ်ယာန်စစ်တွေဖြစ်ကြောင်း ဖော်ပြကြတယ်။ w19.07 ၁၅ ¶၃-၅
တနင်္ဂနွေနေ့၊ ဇွန် ၁၃
ငွေက ကာကွယ်ပေးသလို ဉာဏ်ပညာကလည်း ကာကွယ်ပေးတယ်။ ဒါပေမဲ့ အသိပညာနဲ့ ဉာဏ်ပညာရဲ့ အားသာချက်ကတော့ ပိုင်ဆိုင်တဲ့သူကို အသက်ဆက်ရှင်စေတယ်။—ဒေ. ၇:၁၂။
လူများစွာဟာ ကျမ်းစာထဲက လက်တွေ့ကျ ပညာရှိစကားတွေကို သဘောကျကြတယ်။ နယူးယောက်၊ မန်ဒရင်းစကားပြော ရပ်ကွက်မှာ အမှုဆောင်တဲ့ ညီအစ်မတစ်ယောက် ဒီလိုပြောတယ်– “လူတွေကို စိတ်ဝင်စားမှု ပြပြီး နားထောင်ပေးတယ်။ ပြောင်းရွှေ့လာခါစ လူသစ်တွေကို ‘နေရတာ အဆင်ပြေလား။ အလုပ် ရပြီလား။ ဒေသခံတွေက ကောင်းကောင်း ဆက်ဆံရဲ့လား’ လို့ မေးလေ့ရှိတယ်။” အဲဒါက တစ်ခါတလေ ကျမ်းစာအကြောင်း ပြောဖို့ လမ်းစပွင့်စေတယ်။ သင့်တော်တဲ့အခါ “လူတွေနဲ့ အဆင်ပြေဖို့ ဘာက အဓိကကျတယ်လို့ ထင်သလဲ။ ကျမ်းစာထဲက ပညာရှိစကားတစ်ခု ဖတ်ပြပါရစေ။ ‘ရန်ပွဲကို အစပျိုးလိုက်တာဟာ ရေတံခါးကို ဖွင့်လိုက်တာနဲ့ တူတယ်။ ဒါကြောင့် အငြင်းအခုံမဖြစ်ခင် ရှောင်ထွက်သွားပါ။’ ဒီအကြံပြုချက်က တခြားသူတွေနဲ့ အဆင်ပြေနိုင်အောင် ကူညီမယ်လို့ ထင်သလား” လို့ ဆက်ပြောလေ့ရှိတယ်။ (ပညာ. ၁၇:၁၄) ဒီနည်းက တကယ် စိတ်ဝင်စားတဲ့သူတွေကို ခွဲခြားသိရှိစေနိုင်တယ်။ w19.07 ၂၃ ¶၁၃
တနင်္လာနေ့၊ ဇွန် ၁၄
တစ်ယောက်တည်းသမားက ထူမယ့်သူမရှိတော့ လဲသွားရင် ဘယ်လိုလုပ်မလဲ။—ဒေ. ၄:၁၀။
တာဝန်သစ်ကို ပြောင်းရွှေ့ရသူတွေကို သနားဖို့ထက် နားလည်ပေးဖို့ လိုအပ်တယ်။ သူတို့ဟာ ကိုယ်တိုင် ဒါမှမဟုတ် မိသားစုဝင်တွေရဲ့ ကျန်းမာရေးပြဿနာ ကြုံနေရတာ ဖြစ်နိုင်တယ်။ ချစ်ရသူ သေဆုံးလို့ ဝမ်းနည်းနေတာလည်း ဖြစ်နိုင်တယ်။ အရင်အမှုဆောင်ခဲ့တဲ့ နေရာက ညီအစ်ကို/မတွေကို သတိရပြီး ကြိတ်မှိတ် ဝမ်းနည်းနေတာ ဖြစ်နိုင်တယ်။ အဲဒီခံစားချက်တွေ အနည်ထိုင်ဖို့ အချိန်လိုတယ်။ သင့်ရဲ့ ထောက်မမှုနဲ့ ပုံသက်သေက သူတို့ကို နေသားကျဖို့ ကူညီပေးနိုင်တယ်။ တိုင်းတစ်ပါးမှာ နှစ်ပေါင်းများစွာ အမှုဆောင်ခဲ့တဲ့ ညီအစ်မတစ်ယောက် ဒီလို ပြောတယ်– “အရင်က နေ့တိုင်း ကျမ်းစာသင်အံမှုတွေ သွားတယ်။ နေရာသစ်မှာတော့ ကျမ်းစာဖတ်ပြခွင့်၊ ဗီဒီယိုပြခွင့် ရဖို့တောင် ခက်တယ်။ ဒါပေမဲ့ ဒေသခံ ကြေညာသူတွေက ပြန်လည်ပတ်မှုတွေ၊ သင်အံမှုတွေ ခေါ်သွားကြတယ်။ ဒါဟာ အပြုသဘော ရှိစေတယ်။ နယ်မြေသစ်မှာ ဟောဖို့ ဘယ်လို စကားစရမယ်ဆိုတာ ပိုသိလာတယ်။ ဒါတွေဟာ ကျွန်မကို ပျော်ရွှင်မှု ပြန်ရလာစေတယ်။” w19.08 ၂၂ ¶၁၀။ ၂၄ ¶၁၃-၁၄
အင်္ဂါနေ့၊ ဇွန် ၁၅
သခင့်အမှုတော်ဆောင်တဲ့အခါ တစ်စိတ်တစ်သဘောတည်း ရှိကြဖို့ ဧဝေါဒိနဲ့ သုန္တုတ်ကို ကျွန်တော် တိုက်တွန်းပါတယ်။—ဖိ. ၄:၂။
အချင်းချင်း ချစ်ဖို့ အဓိက အတားအဆီးက ဧဝေါဒိနဲ့ သုန္တုတ်လိုပဲ တခြားသူတွေရဲ့ မစုံလင်မှုကို အာရုံစိုက်ခြင်း ဖြစ်တယ်။ ကျွန်တော်တို့အားလုံး နေ့တိုင်း မှားတတ်ကြတယ်။ တခြားသူတွေရဲ့ မစုံလင်မှုကို အာရုံစိုက်ရင် မေတ္တာလျော့လာနိုင်တယ်။ ဥပမာ၊ နိုင်ငံတော်ခန်းမ သန့်ရှင်းရေးလုပ်ဖို့ ညီအစ်ကိုတစ်ယောက် မေ့နေလို့ ကျွန်တော်တို့ စိတ်ဆိုးမိနိုင်တယ်။ သူ့ရဲ့အမှားတွေကို စဉ်းစားမိလေ ပိုစိတ်ဆိုးလေ၊ မေတ္တာလျော့လေ ဖြစ်လာမယ်။ သင် အဲဒီလိုဖြစ်နေရင် ဒီအချက်ကို စဉ်းစားကြည့်ပါ– ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ မစုံလင်မှုကိုရော ညီအစ်ကို/မတွေရဲ့ မစုံလင်မှုတွေကိုပါ သိတယ်။ မစုံလင်မှုတွေ ရှိပေမဲ့ ကျွန်တော်တို့အားလုံးကို ချစ်နေဆဲပဲ။ ဒါကြောင့် ယေဟောဝါရဲ့ မေတ္တာကို တုပပြီး ညီအစ်ကို/မတွေကို အကောင်းမြင်ဖို့ လိုတယ်။ ညီအစ်ကို/မတွေကို ချစ်ဖို့ ကြိုးစားမယ်ဆိုရင် ပိုစည်းလုံးလာပါလိမ့်မယ်။—ဖိ. ၂:၁၊ ၂။ w19.08 ၉-၁၀ ¶၇-၈
ဗုဒ္ဓဟူးနေ့၊ ဇွန် ၁၆
ယေဟောဝါက . . . နှိမ့်ချသူကို ဂရုတစိုက် ကြည့်ရှုတယ်။—ဆာ. ၁၃၈:၆။
ယေဟောဝါက နှိမ့်ချသူတွေကို ချစ်တယ်။ အမှန်တကယ် နှိမ့်ချသူတွေသာ ဘုရားနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိနိုင်တယ်။ ဘုရားက “မောက်မာသူနဲ့တော့ ခပ်ခွာခွာနေတယ်။” ကျွန်တော်တို့အားလုံး ယေဟောဝါကို စိတ်ရွှင်လန်းစေချင်ပြီး ဘုရားမေတ္တာ ခံစားချင်တဲ့အတွက် နှိမ့်ချမှုကို မွေးမြူဖို့ သင်ယူကြတယ်။ နှိမ့်ချမှုဆိုတာ စိတ်နေမမြင့်တာ၊ မာနနဲ့ မောက်မာမှု မရှိတာကို ဆိုလိုတယ်။ နှိမ့်ချသူဟာ မိမိနဲ့ ယေဟောဝါရဲ့ ဆက်ဆံရေး၊ တခြားသူတွေနဲ့ ဆက်ဆံရေးကို တော်မှန်စွာ ရှုမြင်တယ်လို့ ကျမ်းစာပြောတယ်။ နှိမ့်ချသူဟာ လူတိုင်းက တစ်နည်းနည်းနဲ့ ကိုယ့်ထက် သာတယ်ဆိုတာ အသိအမှတ်ပြုတယ်။ (ဖိ. ၂:၃၊ ၄) လူတချို့က နှိမ့်ချပုံပေါက်တယ်။ ရိုးရိုးကုပ်ကုပ် နေတတ်တယ်။ ယဉ်ကျေးမှုနဲ့ ကြီးပြင်းလာပုံကြောင့် ယဉ်ကျေးသိမ်မွေ့ကြတယ်။ ဒါပေမဲ့ အတွင်းစိတ်ကတော့ မာနကြီးတာမျိုး ဖြစ်နိုင်တယ်။ တစ်ချိန်ချိန်မှာတော့ သရုပ်မှန် ပေါ်လာတတ်တယ်။—လု. ၆:၄၅။ w19.09 ၂ ¶၁၊ ၃-၄
ကြာသပတေးနေ့၊ ဇွန် ၁၇
သခင်ယေရှုအကြောင်း သတင်းကောင်းကို မနာခံသူတွေကို လက်စားချေလိမ့်မယ်။ —၂ သက်. ၁:၈။
“သခင်ယေရှုအကြောင်း သတင်းကောင်း” ထဲမှာ ယေရှုရဲ့ သွန်သင်ချက်အားလုံး ပါဝင်တယ်။ အဲဒါတွေကို ဘဝမှာ လက်တွေ့ကျင့်သုံးတာက သတင်းကောင်းကို နာခံနေတာပဲ။ နာခံခြင်းမှာ နိုင်ငံတော်ကို ပထမနေရာထားခြင်း၊ ဘုရားသခင့် ဖြောင့်မတ်တဲ့ စံနှုန်းတွေအတိုင်း နေထိုင်ခြင်း၊ ဘုရားသခင့် နိုင်ငံတော်အကြောင်း ကြေညာခြင်းတို့ ပါဝင်တယ်။ (မ. ၆:၃၃။ ၂၄:၁၄) တာဝန်ကြီးတွေ ထမ်းဆောင်နေတဲ့ ခရစ်တော်ရဲ့ ဘိသိက်ခံ ညီတွေကို ထောက်မခြင်းလည်း ပါဝင်တယ်။ (မ. ၂၅:၃၁-၄၀) မကြာခင် ဘိသိက်ခံတွေဟာ “တခြားသိုးတွေ” ပြတဲ့ ကြင်နာမှုကို ပြန်ဆပ်ပေးကြပါလိမ့်မယ်။ (ယော. ၁၀:၁၆) ဘယ်နည်းအားဖြင့်လဲ။ အာမဂေဒုန်စစ်ပွဲ မစခင် ၁၄၄,၀၀၀ အားလုံးဟာ မသေနိုင်တဲ့ နာမ်ဝိညာဉ်ပုဂ္ဂိုလ်တွေအဖြစ် ကောင်းကင်ကို ထမြောက်ပြီးဖြစ်ပါလိမ့်မယ်။ ဂေါဂကို ဖျက်ဆီးမယ့်၊ “လူအုပ်ကြီး” ကို ကာကွယ်ပေးမယ့် ကောင်းကင်စစ်တပ်မှာ သူတို့အားလုံး ပါဝင်ကြပါလိမ့်မယ်။ (ဗျာ. ၂:၂၆၊ ၂၇။ ၇:၉၊ ၁၀) ယေဟောဝါရဲ့ ဘိသိက်ခံကျေးကျွန်တွေ မြေကြီးပေါ်ရှိနေတုန်း ထောက်မခွင့် ရတာဟာ လူအုပ်ကြီးအတွက် အခွင့်ထူးပါပဲ။ w19.09 ၁၂-၁၃ ¶၁၆-၁၈
သောကြာနေ့၊ ဇွန် ၁၈
ခင်ဗျားတို့ လန်းဆန်းရလိမ့်မယ်။—မ. ၁၁:၂၉။
ယေရှု ပေးအပ်ထားတဲ့ အလုပ်ကို လုပ်ဆောင်ခြင်းက ဘာကြောင့် လန်းဆန်းစေသလဲ။ ဘာကြောင့်လဲဆိုတော့ အကောင်းဆုံး ကြီးကြပ်မှူးတွေကို ကျွန်တော်တို့ ရထားလို့ပဲ။ အကြီးမြတ်ဆုံး ကြီးကြပ်မှူးဖြစ်တဲ့ ယေဟောဝါဟာ ခက်ထန်ပြီး ကျေးဇူးမတင်တတ်တဲ့ အလုပ်ရှင် မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုကို တန်ဖိုးထားတယ်။ (ဟီ. ၆:၁၀) ကိုယ်ရထားတဲ့ တာဝန်ကို ထမ်းဆောင်နိုင်ဖို့ လိုအပ်တဲ့ အစွမ်းခွန်အား ပေးတယ်။ (၂ ကော. ၄:၇။ ဂလ. ၆:၅) ဘုရင် ယေရှုဟာ တခြားသူတွေကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ အကောင်းဆုံး ပုံသက်သေပြခဲ့တယ်။ (ယော. ၁၃:၁၅) ကျွန်တော်တို့ကို ထိန်းကျောင်းနေတဲ့ အကြီးအကဲတွေဟာ “သိုးထိန်းကြီး” ယေရှုကို ကြိုးစားတုပနေကြတယ်။ (ဟီ. ၁၃:၂၀။ ၁ ပေ. ၅:၂) သူတို့ဟာ ကျွန်တော်တို့ကို ကြင်ကြင်နာနာ၊ သတ္တိရှိရှိ သွန်သင်ပေးတယ်၊ ကာကွယ်ပေးတယ်၊ အားပေးတယ်။ ဒါ့အပြင် အကောင်းဆုံး မိတ်ဆွေတွေကို ကျွန်တော်တို့ ရထားတယ်။ တခြားသူတွေမှာ မရှိတဲ့ ဘဝရည်ရွယ်ချက်နဲ့ မိတ်ဆွေကောင်းတွေကို ကျွန်တော်တို့ ပိုင်ဆိုင်ထားတယ်။ ကိုယ်ကျင့်တရားစံနှုန်း မြင့်မားသူတွေ ဖြစ်ပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်တယ်လို့ မထင်မှတ်တဲ့ ညီအစ်ကို/မတွေနဲ့အတူ လုပ်ဆောင်ခွင့် ရထားတယ်။ သူတို့ဟာ တခြားသူတွေကို ကိုယ့်ထက်သာတယ်လို့ သဘောထားကြတယ်။ ကျွန်တော်တို့ကို လုပ်ဖော်ဆောင်ဖက်တွေလောက်သာ မဟုတ်ဘဲ မိတ်ဆွေတွေအဖြစ် ရှုမြင်ကြတယ်။ အသက်ပေးဖို့ အသင့်ရှိတဲ့အထိ ချစ်ခင်ရင်းနှီးကြတယ်။ w19.09 ၂၀ ¶၁။ ၂၃ ¶၁၂-၁၄
စနေနေ့၊ ဇွန် ၁၉
ခင်ဗျားတို့ဟာ သူခိုးတွေလို အမှောင်ထဲမှာ ရှိနေတာ မဟုတ်တော့ အဲဒီနေ့ ရုတ်တရက် လာတဲ့အခါ အငိုက်မိမှာ မဟုတ်ဘူး။—၁ သက်. ၅:၄။
“ယေဟောဝါရဲ့ နေ့” အကြောင်း တမန်တော် ပေါလု ပြောခဲ့တယ်။ (၁ သက်. ၅:၁-၆) ရှေ့နောက်စကားတွေအရ အဲဒီနေ့ဟာ မှားယွင်းတဲ့ ကမ္ဘာ့ဘာသာရေး အင်ပါယာ “မဟာဗာဗုလုန်” တိုက်ခိုက်ခံရခြင်းနဲ့ အစပြုပြီး အာမဂေဒုန်မှာ အဆုံးသတ်မယ့် အချိန်ကာလကို ရည်ညွှန်းတယ်။ (ဗျာ. ၁၆:၁၄၊ ၁၆။ ၁၇:၅) “ယေဟောဝါရဲ့ နေ့” အတွက် အသင့်ဖြစ်ဖို့ ဘာလုပ်သင့်တယ်ဆိုတာကိုလည်း ပေါလု ပြောတယ်။ “တခြားသူတွေလို အိပ်မနေ” ဘဲ “နိုးနိုးကြားကြား” သတိရှိနေသင့်တယ်။ နိုင်ငံရေးမှာ မပါဘဲ ကြားနေဖို့ လိုတယ်။ ပါဝင်မိရင် “လောကနဲ့ ပတ်သက်” တာပဲ။ (ယော. ၁၅:၁၉) ဘုရားသခင့် နိုင်ငံတော်သာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်မှန်း ကျွန်တော်တို့ သိတယ်။ ကမ္ဘာပေါ်မှာ ဘာဖြစ်လာမယ်ဆိုတဲ့ ကျမ်းစာ ကြိုဟောချက်တွေကို တခြားသူတွေ သိအောင်လည်း ကူညီပေးရမယ်။ ကြီးစွာသောဒုက္ခ စပြီဆိုတာနဲ့ လူတွေ ယေဟောဝါဆီ လာဖို့ သိပ်နောက်ကျသွားပါလိမ့်မယ်။ ဒါကြောင့် အခုအချိန်မှာ ဟောပြောခြင်းလုပ်ငန်းကို အရေးတကြီး လုပ်ဆောင်ဖို့ လိုတယ်။ w19.10 ၈ ¶၃။ ၉ ¶၅-၆
တနင်္ဂနွေနေ့၊ ဇွန် ၂၀
စာလိပ်တစ်လိပ်ကို ယူပါ။ . . . ငါပြောခဲ့သမျှ အကုန် ချရေးထားပါ။—ယေ. ၃၆:၂။
စာလိပ်ကို ဖတ်ပြရမယ့်အချိန် ရောက်လာတဲ့အခါ မိတ်ဆွေ ဗာရုတ်ကို ယေရမိ အားကိုးခဲ့ရတယ်။ (ယေ. ၃၆:၅၊ ၆) ဗာရုတ်ဟာ အန္တရာယ်ရှိတဲ့ တာဝန်ကို သတ္တိရှိရှိ ထမ်းဆောင်ခဲ့တယ်။ ဗိမာန်တော်ရင်ပြင်ကို သွားပြီး ယေရမိ ခိုင်းတဲ့အတိုင်း လုပ်တဲ့အခါ ဗာရုတ်အတွက် ယေရမိ ဘယ်လောက် ဂုဏ်ယူမယ်ဆိုတာ စဉ်းစားကြည့်ပါ။ (ယေ. ၃၆:၈-၁၀) ယုဒမင်းညီမင်းသားတွေဟာ ဗာရုတ်ရဲ့ လုပ်ရပ်အကြောင်း ကြားတဲ့အခါ စာလိပ်ကို ကျယ်ကျယ် ဖတ်ပြဖို့ ပြောတယ်။ (ယေ. ၃၆:၁၄၊ ၁၅) စာလိပ်အကြောင်း ဘုရင် ယောယကိမ်ကို ပြောပြဖို့ မင်းညီမင်းသားတွေ ဆုံးဖြတ်ကြတယ်။ ယေရမိ ရေးတဲ့ စကားတွေကို ဘုရင် ယောယကိမ် ကြားတဲ့အခါ ဒေါသထွက်ပြီး စာလိပ်ကို မီးရှို့လိုက်တယ်။ ယေရမိနဲ့ ဗာရုတ်ကို ဖမ်းဖို့ အမိန့်ပေးတယ်။ ဒါပေမဲ့ ယေရမိက နောက်စာလိပ်တစ်လိပ် ယူပြီး ဗာရုတ်ကို ပေးတယ်။ ဗာရုတ်က “ယုဒဘုရင် ယောယကိမ် မီးရှို့လိုက်တဲ့ စာလိပ်မှာ ပါတဲ့အတိုင်း” ယေရမိ နှုတ်တိုက်ချပေးတာတွေကို ပြန်ရေးတယ်။—ယေ. ၃၆:၂၆-၂၈၊ ၃၂။ w19.11 ၃-၄ ¶၄-၆
တနင်္လာနေ့၊ ဇွန် ၂၁
ဘုရားသခင်ဟာ ခင်ဗျားတို့ကို အစွမ်းခွန်အား ဖြည့်ပေး . . . တဲ့အရှင်၊ လုပ်ဆောင်ချင်စိတ်သာမက လုပ်ဆောင်နိုင်စွမ်းကိုပါ ပေးသနားတဲ့အရှင်ပဲ။—ဖိ. ၂:၁၃။
ယေဟောဝါဟာ မိမိရည်ရွယ်ချက် ပြည့်စုံစေဖို့ ဘာမဆို ဖြစ်လာနိုင်တယ်။ ဥပမာ၊ သွန်သင်သူ၊ နှစ်သိမ့်ပေးသူ၊ သတင်းကောင်း ဟောသူ ဖြစ်လာတယ်။ ဒါတွေဟာ ဘုရား ကိုယ့်ကိုယ်ကိုယ် ဖြစ်စေတဲ့အရာ အနည်းငယ်ပဲ ရှိသေးတယ်။ (ဟေရှာ. ၄၈:၁၇။ ၂ ကော. ၇:၆။ ဂလ. ၃:၈) မိမိရည်ရွယ်ချက် အကောင်အထည်ဖော်ဖို့ လူတွေကိုလည်း အသုံးပြုလေ့ရှိတယ်။ (မ. ၂၄:၁၄။ ၂၈:၁၉၊ ၂၀။ ၂ ကော. ၁:၃၊ ၄) အလိုတော် ပြည့်စုံဖို့ လိုအပ်တဲ့ ဉာဏ်ပညာနဲ့ ခွန်အားကိုလည်း ဘယ်သူ့ကိုမဆို ပေးနိုင်တယ်။ ကျမ်းပညာရှင်များစွာ နားလည်ထားတဲ့အတိုင်း ယေဟောဝါ နာမည်ရဲ့ အဓိပ္ပာယ်ထဲမှာ အဲဒါတွေအားလုံး ပါဝင်တယ်။ ကျွန်တော်တို့အားလုံး ယေဟောဝါအတွက် အသုံးဝင်သူ ဖြစ်ချင်ကြတယ်။ ဒါပေမဲ့ ကိုယ့်ကို ယေဟောဝါ အသုံးပြုနေရဲ့လားလို့ တချို့ သံသယဝင်မိနိုင်တယ်။ ဘာကြောင့်လဲ။ သူတို့ရဲ့ အသက်အရွယ်၊ အခြေအနေ၊ အစွမ်းအစ အကန့်အသတ် ရှိနေတယ်လို့ ခံစားရလို့ပဲ။ တချို့ကျတော့ ထပ်လုပ်ဖို့ မလိုတော့ဘူးဆိုပြီး လက်ရှိ အခြေအနေကို ကျေနပ်နေတာ ဖြစ်နိုင်တယ်။ w19.10 ၂၀ ¶၁-၂
အင်္ဂါနေ့၊ ဇွန် ၂၂
ငွေကို တပ်မက်တဲ့စိတ်ဟာ အကျိုးပျက်စေတဲ့အရာ အမျိုးမျိုးရဲ့ ဇာစ်မြစ် ဖြစ်လို့ပဲ။—၁ တိ. ၆:၁၀။
ရုပ်ပစ္စည်း အဓိကထားခြင်းက အာရုံလွဲစေပြီး ယုံကြည်ခြင်း ဒိုင်းလွှားကို လျစ်လျူရှုမိစေနိုင်တယ်။ “စစ်မှုထမ်းနေတဲ့သူက စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်မှာ မဟုတ်ဘူး။ စစ်သည်အဖြစ် စာရင်းသွင်းပေးတဲ့သူကို စိတ်ကျေနပ်စေချင်တာကိုး” လို့ တမန်တော် ပေါလု ပြောတယ်။ (၂ တိ. ၂:၄) ရောမစစ်သားတွေဟာ စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ခွင့် မရှိဘူး။ စစ်သားကောင်းတွေလိုပဲ ကျွန်တော်တို့လည်း တပ်မှူးတွေ ဖြစ်တဲ့ ယေဟောဝါနဲ့ ယေရှုရဲ့ မျက်နှာသာ ရဖို့ဆိုတဲ့ အဓိကပန်းတိုင်ကနေ အာရုံမလွဲကြဘူး။ အဲဒါကို စာတန့်လောက ကမ်းလှမ်းတဲ့အရာမှန်သမျှထက် တန်ဖိုးထားကြတယ်။ ယေဟောဝါအတွက် အမှုဆောင်ဖို့ အချိန်နဲ့ ခွန်အား ရှိအောင်၊ ယုံကြည်ခြင်း ဒိုင်းလွှားနဲ့ တခြားချပ်ဝတ်တန်ဆာတွေ အခြေအနေကောင်းနေအောင် ကြိုးစားကြတယ်။ ကျွန်တော်တို့ အမြဲ သတိရှိနေရမယ်။ ဘာကြောင့်လဲ။ “ချမ်းသာဖို့ စိတ်ပိုင်းဖြတ်ထားသူတွေ” ဟာ “ယုံကြည်ခြင်းကနေ လမ်းလွဲသွား” မယ်လို့ တမန်တော် ပေါလု သတိပေးထားလို့ပဲ။—၁ တိ. ၆:၉၊ ၁၀။ w19.11 ၁၇ ¶၁၂၊ ၁၄-၁၅
ဗုဒ္ဓဟူးနေ့၊ ဇွန် ၂၃
မျှော်လင့်မထားတဲ့ ပျက်စီးခြင်းဘေးကလည်း သူတို့အပေါ် ရုတ်တရက် ရောက်လာလိမ့်မယ်။—၁ သက်. ၅:၃။
“ယေဟောဝါရဲ့နေ့” မတိုင်ခင် “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ ကြွေးကြော်ကြလိမ့်မယ်။ (၁ သက်. ၅:၁-၆) ၁ သက်သာလောနိတ် ၅:၂ မှာပါတဲ့ “ယေဟောဝါရဲ့နေ့” ဆိုတာ “ကြီးစွာသောဒုက္ခ” ကို ဆိုလိုတယ်။ (ဗျာ. ၇:၁၄) ကြီးစွာသောဒုက္ခ စတော့မယ်ဆိုတာ ဘယ်လို သိနိုင်မလဲ။ အလွန်ထူးခြားတဲ့ ကြေညာချက်အကြောင်း ကျမ်းစာ ပြောထားတယ်။ အဲဒီကြေညာချက်က ကြီးစွာသောဒုက္ခ စတော့မယ်ဆိုတာကို အချက်ပြပါလိမ့်မယ်။ အဲဒါကတော့ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဆိုတဲ့ ကြေညာချက်ပဲ။ အဲဒီလို ကြေညာတဲ့သူတွေထဲမှာ ဘာသာရေးခေါင်းဆောင်တွေကော ပါမလား။ ပါနိုင်တယ်။ ဒါဟာ နတ်ဆိုးတွေဆီကလာတဲ့ လိမ်လည်မှု ဖြစ်တယ်။ အဲဒီလိမ်လည်မှုက သိပ်အန္တရာယ်ရှိတယ်။ ဘာကြောင့်လဲဆိုတော့ လူ့သမိုင်းမှာ အကြီးမားဆုံး ဘေးဒုက္ခ စတော့မယ့် အချိန်မှာတောင် လုံခြုံမှု ရှိနေတယ်လို့ လူတွေကို ထင်မှတ်စေမှာ ဖြစ်လို့ပဲ။ ဒါပေမဲ့ “ကိုယ်ဝန်ဆောင်မိန်းမက သားဖွားဝေဒနာ ရုတ်တရက် ခံစားရသလို မျှော်လင့်မထားတဲ့ ပျက်စီးခြင်းဘေးကလည်း သူတို့အပေါ် ရုတ်တရက် ရောက်လာလိမ့်မယ်။” ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန်တွေကော။ သူတို့ကတော့ ယေဟောဝါရဲ့နေ့ ရုတ်တရက် ရောက်လာလို့ အံ့ဩမိနိုင်ပေမဲ့ အသင့်ဖြစ်နေကြပါလိမ့်မယ်။ w19.09 ၉ ¶၇-၈
ကြာသပတေးနေ့၊ ဇွန် ၂၄
အရာအားလုံးအတွက် အချိန်အခါဆိုတာ ရှိတယ်။ . . . ရှာဖွေရတဲ့ အချိန်နဲ့ ပျောက်ဆုံးသွားပြီလို့ ယူမှတ်ရတဲ့ အချိန် ရှိတယ်။—ဒေ. ၃:၁၊ ၆။
ဆုံးဖြတ်ချက်တွေ ချတဲ့အခါ သတ်သတ်မှတ်မှတ် ပန်းတိုင်ထားပါ။ သတ်သတ်မှတ်မှတ် ပန်းတိုင်ထားရင် အောင်မြင်ဖို့ ပိုလွယ်ကူမယ်။ ဥပမာ၊ ကျမ်းစာကို ပိုဖတ်ဖို့ ဆုံးဖြတ်ပေမဲ့ သတ်သတ်မှတ်မှတ် ဇယားမထားရင် အောင်မြင်မှာ မဟုတ်ဘူး။ အသင်းတော် အကြီးအကဲတွေဟာ သိုးထိန်းလည်ပတ်မှု များများ လုပ်ဖို့ ဆုံးဖြတ်ပေမဲ့ မလုပ်နိုင်ကြဘူး။ ဆုံးဖြတ်တဲ့အတိုင်း လုပ်နိုင်ဖို့ဆိုရင် “သိုးထိန်းလည်ပတ်ဖို့ လိုအပ်နေတဲ့ ညီအစ်ကို/မတွေရဲ့ စာရင်းလုပ်ထားပြီလား။ လည်ပတ်မယ့် အချိန်ကို သတ်မှတ်ပြီးပြီလား” စတဲ့ မေးခွန်းတွေကို သုံးသပ်နိုင်တယ်။ ဒါ့အပြင် လက်တွေ့ကျပါ။ လုပ်ချင်တာအားလုံး လိုက်လုပ်ဖို့ ကျွန်တော်တို့မှာ အချိန်၊ ဥစ္စာ၊ ခွန်အား မရှိကြဘူး။ ဒါကြောင့် လက်တွေ့ကျပါ။ အကျိုးသင့်အကြောင်းသင့်ရှိပါ။ မပြည့်မီနိုင်တဲ့ ဆုံးဖြတ်ချက်တွေကို ပြန်ပြင်ဖို့ လိုနိုင်တယ်။ w19.11 ၂၉ ¶၁၁-၁၂
သောကြာနေ့၊ ဇွန် ၂၅
ဒီလူတွေဟာ ကြီးစွာသောဒုက္ခကနေ လွတ်မြောက်လာသူတွေပဲ။ သူတို့ရဲ့ ဝတ်လုံကို သိုးသငယ်ရဲ့ သွေးနဲ့ ဖြူအောင် လျှော်ဖွပ်ခဲ့ကြပြီ။ —ဗျာ. ၇:၁၄။
မြေကြီးအသက်တာနဲ့ပတ်သက်တဲ့ ကြိုဟောချက်ကို ဟေရှာယ ၆၅:၂၁-၂၃ မှာ တွေ့ရတယ်။ အလုပ်အကိုင် မရှိဘဲ ပျင်းရိငြီးငွေ့စရာ ဘဝမျိုး မဟုတ်ဘူး။ အဲဒီအချိန်မှာ ဘုရားလူမျိုးဟာ အကျိုးရှိတဲ့ ကျေနပ်စရာ အလုပ်တွေ လုပ်ကြမယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ အနှစ်တစ်ထောင် ကုန်တဲ့အခါ “ဖန်ဆင်းရာတွေဟာ ဖောက်ပြန်ပျက်စီးခြင်းရဲ့ ကျွန်ဘဝကနေ လွတ်မြောက်ပြီး ဘုရားသခင့် သားသမီးတွေရဲ့ ဘုန်းအသရေနဲ့ ပြည့်စုံတဲ့ လွတ်လပ်မှုကို ခံစားရမယ်။” (ရော. ၈:၂၁) ယေဟောဝါက အစ္စရေးခေတ်မှာလိုပဲ လာမယ့် ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှုမှာလည်း အလုပ်လုပ်တာနဲ့ အနားယူတာကို မျှမျှတတ ရှိအောင် စီစဉ်ပေးပါလိမ့်မယ်။ ဝတ်ပြုရေးအတွက်လည်း အချိန်ရှိမှာ သေချာတယ်။ ဝတ်ပြုရေးဟာ အခုချိန်မှာ ကျွန်တော်တို့ကို ပျော်ရွှင်စေတဲ့ အဓိက အကြောင်းရင်း ဖြစ်သလို ကမ္ဘာသစ်မှာလည်း ဖြစ်ပါလိမ့်မယ်။ ယုံကြည်ခြင်းရှိသူအားလုံးဟာ ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှုအတွင်း ဘုရားကို ဝတ်ပြုရင်း၊ ကျေနပ်စရာအလုပ်တွေ လုပ်ဆောင်ရင်း ပျော်ရွှင်ကြပါလိမ့်မယ်။ w19.12 ၁၂ ¶၁၅။ ၁၃ ¶၁၇-၁၈
စနေနေ့၊ ဇွန် ၂၆
ဒီစကားတွေကို နှလုံးသွင်းရမယ်။ ပြီးတော့ သားသမီးတွေကို စိတ်စွဲမှတ်သွားအောင် သွန်သင်ပေးရမယ်။—တရား. ၆:၆၊ ၇။
“စိတ်စွဲမှတ်သွားအောင် သွန်သင်” တယ်ဆိုတာ “အကြိမ်ကြိမ် ပြောပြပြီး သင်ပေးတာ” ကို ဆိုလိုတယ်။ အဲဒီလိုလုပ်နိုင်ဖို့ ပုံမှန် အချိန်ပေးရမယ်။ အထပ်ထပ် ပြောရတာ တစ်ခါတလေ စိတ်ပျက်စရာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဘုရားသခင့်စကားတွေကို သားသမီးတွေ နားလည်လိုက်နာဖို့ ကူညီပေးနိုင်တဲ့ နည်းတစ်နည်းအဖြစ် မိဘတွေ ရှုမြင်ရမယ်။ ကိုယ့်သားသမီးအကြောင်း အသေအချာ သိပါ။ ဆာလံ ၁၂၇ မှာ သားသမီးတွေကို မြားတွေနဲ့ ခိုင်းနှိုင်းထားတယ်။ (ဆာ. ၁၂၇:၄) မြားလုပ်တဲ့ ပစ္စည်းတွေ မတူသလို အရွယ်အစားလည်း မတူကြဘူး။ အဲဒီလိုပဲ ဘယ်ကလေးမှ တစ်ထပ်တည်း မတူနိုင်ဘူး။ ဒါကြောင့် သားသမီးတစ်ယောက်စီကို ဘယ်လို လေ့ကျင့်မယ်ဆိုတာ မိဘတွေ ဆုံးဖြတ်ရမယ်။ “ကလေးတစ်ယောက်စီနဲ့ သပ်သပ်စီ ကျမ်းစာ လေ့လာတယ်” လို့ ယေဟောဝါကို ဝတ်ပြုလာအောင် သားသမီးနှစ်ယောက်ကို အောင်မြင်စွာ ပြုစုပျိုးထောင်ခဲ့တဲ့ အစ္စရေးနိုင်ငံက ဇနီးမောင်နှံ ပြောတယ်။ အဲဒီလိုလေ့လာဖို့ လိုသလား၊ ဖြစ်နိုင်သလားဆိုတာ အိမ်ထောင်ဦးစီးတိုင်းက ဆုံးဖြတ်ရမယ်။ w19.12 ၂၆-၂၇ ¶၁၈-၂၀
တနင်္ဂနွေနေ့၊ ဇွန် ၂၇
ကိုယ့်ကို ပြုမူဆက်ဆံစေချင်တဲ့အတိုင်း သူတစ်ပါးကို ပြုမူဆက်ဆံပါ။—မ. ၇:၁၂။
ကျွန်တော်တို့ အခက်အခဲ ကြုံရချိန်မှာ လက်တွေ့ကျကျ ကူညီပေးသူတွေကို ကျေးဇူးတင်လေးမြတ်ကြတယ်။ မတော်တဆမှုကြောင့် မမျှော်လင့်ဘဲ ဖခင်ကို ဆုံးရှုံးလိုက်ရတဲ့ ဘရိုင်ယန်က “ဝမ်းနည်းနေတဲ့အချိန်မှာ နေ့တိုင်းလုပ်နေကျ ကိစ္စတွေကိုတောင် မလုပ်နိုင်တော့ဘူး။ အသေးအမွှားလေး ဆိုရင်တောင် လက်တွေ့ကျကျ ကူညီပေးတာက အများကြီး တာသွားတယ်” လို့ ပြောတယ်။ သေးငယ်ပေမဲ့ လက်တွေ့ကျတဲ့ လုပ်ရပ်လေးက ဘယ်လောက်ထိ နှစ်သိမ့်ပေးနိုင်ကြောင်း လျှော့မတွက်ပါနဲ့။ မာကုဟာ အလုပ်များတဲ့သူ ဖြစ်တယ်။ ဒါပေမဲ့ တမန်တော် ပေါလုကို အားပေးထောက်မဖို့ အချိန်ယူခဲ့တယ်။ မာကု လိုလိုလားလား ရှိမှန်းသိတော့ ပေါလုလည်း အကူအညီတောင်းဖို့ မစိုးရွံ့ဘူး။ မိသားစုဝင်တစ်ယောက် အသတ်ခံရလို့ ဝမ်းနည်းနေချိန်မှာ ကူညီနှစ်သိမ့်ပေးခဲ့သူတွေကို အန်ဂျလာ ကျေးဇူးတင်တယ်။ “မိတ်ဆွေတွေက လိုလိုလားလား ကူညီပေးတဲ့အခါ ကိုယ့်ဘက်က အကူအညီ တောင်းဖို့ မတွန့်ဆုတ်တော့ဘူး” လို့ သူ ပြောတယ်။ ဒါကြောင့် ‘ယုံကြည်သူချင်းတွေကို လက်တွေ့ကျကျ ကူညီလိုစိတ် ရှိသူလို့ ငါ့ကို သိထားကြသလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးနိုင်တယ်။ w20.01 ၁၁-၁၂ ¶၁၄-၁၆
တနင်္လာနေ့၊ ဇွန် ၂၈
မထိုက်မတန်ဘဲ မုန့်ကို စားပြီး သခင့်ရဲ့ ခွက်ကို သောက်တဲ့သူဟာ . . . ပြစ်မှားရာရောက်တယ်။—၁ ကော. ၁၁:၂၇။
ဘိသိက်ခံတစ်ယောက်ဟာ အောက်မေ့ရာပွဲမှာ “မထိုက်မတန်ဘဲ” ဘယ်လို စားသုံးမိနိုင်သလဲ။ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေအတိုင်း မနေထိုင်ဘဲ မုန့်နဲ့ စပျစ်ဝိုင်ကို စားသုံးမိတဲ့အခါ ဖြစ်နိုင်တယ်။ (ဟီ. ၆:၄-၆။ ၁၀:၂၆-၂၉) “ခရစ်တော်ယေရှုအားဖြင့် ကောင်းကင်အသက်တာ ခေါ်တော်မူခြင်းဆိုတဲ့ ဘုရားပေး ဆုကျေးဇူးကို” ရချင်ရင် ဆက်သစ္စာရှိနေရမယ်ဆိုတာ ဘိသိက်ခံတွေ သိတယ်။ (ဖိ. ၃:၁၃-၁၆) ယေဟောဝါရဲ့ သန့်ရှင်းသော စွမ်းအားတော်က မာနမကြီးဖို့၊ နှိမ့်ချဖို့ ကူညီပေးတယ်။ (ဧ. ၄:၁-၃။ ကော. ၃:၁၀၊ ၁၂) ဒါကြောင့် ဘိသိက်ခံတွေဟာ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေထက် ပိုသာတယ်လို့ သဘောမထားကြဘူး။ ယေဟောဝါက ဘိသိက်ခံတွေကို တခြားသူတွေထက် သန့်ရှင်းသော စွမ်းအားတော် ပိုပေးတာ မဟုတ်မှန်း သူတို့ အသိအမှတ်ပြုကြတယ်။ တခြားသူတွေထက် ကျမ်းစာအမှန်တရားအကြောင်း ပိုနားလည်တယ်လို့လည်း မယူမှတ်ကြဘူး။ တခြားတစ်ယောက်ယောက်ကိုလည်း ဘိသိက်ခံပဲလို့ ပြောပြီး အောက်မေ့ရာပွဲမှာ မုန့်နဲ့စပျစ်ဝိုင် သုံးဆောင်ဖို့ ဘယ်တော့မှ မတိုက်တွန်းဘူး။ အဲဒီအစား ကောင်းကင်သွားဖို့ ဖိတ်ခေါ်သူဟာ ယေဟောဝါတစ်ပါးတည်း ဖြစ်မှန်း နှိမ့်ချစွာ အသိအမှတ်ပြုကြတယ်။ w20.01 ၂၇-၂၈ ¶၄-၅
အင်္ဂါနေ့၊ ဇွန် ၂၉
ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်။—ယာ. ၄:၈။
ယေဟောဝါက ကျွန်တော်တို့ကို မိမိနဲ့ ရင်းနှီးစေချင်တယ်။ ဆက်သွယ်စေချင်တယ်။ “ဇွဲမလျှော့တမ်း ဆုတောင်း” ဖို့ တိုက်တွန်းပြီး နားထောင်ပေးဖို့ အမြဲ အသင့်ရှိတယ်။ (ရော. ၁၂:၁၂) အလုပ်များလို့၊ ပင်ပန်းလို့ ဆုတောင်းချက်တွေကို နားမထောင်တာမျိုး မရှိဘူး။ ကျွန်တော်တို့လည်း ကျမ်းစာနဲ့ ကျမ်းစာကို နားလည်ဖို့ ထောက်ကူပေးတဲ့ စာပေတွေကို ဖတ်ရှုခြင်း၊ ခရစ်ယာန် အစည်းအဝေးတွေမှာ အာရုံစိုက် နားထောင်ခြင်းအားဖြင့် ဘုရားစကားကို နားထောင်ကြတယ်။ ယေဟောဝါနဲ့ ပုံမှန် ဆက်သွယ်ခြင်းက ဘုရားနဲ့ ရင်းနှီးစေတယ်။ ယေဟောဝါက ကျွန်တော်တို့ကို ရင်ဖွင့်ဆုတောင်းစေချင်တယ်။ (ဆာ. ၆၂:၈) ‘ငါ့ဆုတောင်းချက်တွေက အပေါ်ယံပဲ ဖြစ်နေသလား။ တစ်ခါလာလည်း ဒီစကားလုံးတွေပဲလား ဒါမှမဟုတ် ကိုယ့်ရဲ့ ရင်တွင်းစကားတွေလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။ သင်ဟာ ယေဟောဝါကို အလွန်ချစ်ပြီး ဘုရားနဲ့ ဆက်ဆံရေး ကောင်းချင်မှာ သေချာတယ်။ အဲဒီလို ကောင်းဖို့ ပုံမှန် ဆက်သွယ်ရမယ်။ ပျော်စရာဖြစ်စေ၊ ဝမ်းနည်းစရာဖြစ်စေ ခံစားချက်တွေကို ရင်ဖွင့်ပြောပြပါ။ ဘာဖြစ်ဖြစ် အကူအညီ တောင်းနိုင်တယ်ဆိုတာ စိတ်ချပါ။ w20.02 ၉ ¶၄-၅
ဗုဒ္ဓဟူးနေ့၊ ဇွန် ၃၀
ခင်ဗျားတို့ဆီ ပေးအပ်ထားတဲ့ ဘုရားသခင့် သိုးတော်စုကို ထိန်းကျောင်းကြပါ။ ကြီးကြပ်သူတွေအဖြစ် အမှုဆောင်ကြပါ။—၁ ပေ. ၅:၂။
ယေဟောဝါဟာ သိုးတော်စုကို ထိန်းကျောင်းရတဲ့ အရေးကြီးတာဝန်ကို အကြီးအကဲတွေဆီ အပ်ထားတယ်။ ယေဟောဝါရဲ့ လူမျိုးကို နေဟမိ ဆက်ဆံပုံကနေ အကြီးအကဲတွေ များစွာ သင်ယူနိုင်တယ်။ ယုဒပြည်ရဲ့ ဘုရင်ခံအနေနဲ့ နေဟမိ အခွင့်အာဏာ အတော်အတန် ရထားတယ်။ (နေ. ၁:၁၁။ ၂:၇၊ ၈။ ၅:၁၄) နေဟမိ ရင်ဆိုင်ရတဲ့ အခက်အခဲတချို့ကို စဉ်းစားကြည့်ပါ။ လူတွေ ဗိမာန်တော်ကို ညစ်ညူးစေကြောင်း၊ ပညတ်တရားမှာ ပါတဲ့အတိုင်း လေဝိသားတွေကို ငွေကြေး မထောက်ပံ့ကြကြောင်း သိလိုက်ရတယ်။ လူတွေက ဥပုသ်ပညတ်ကို ချိုးဖောက်ကြတယ်။ တချို့ဆို တိုင်းတစ်ပါးသူတွေနဲ့ လက်ထပ်ကြတယ်။ ဒီခက်ခဲတဲ့ အခြေအနေကို ဘုရင်ခံ နေဟမိ ဖြေရှင်းရတော့မယ်။ (နေ. ၁၃:၄-၃၀) နေဟမိဟာ အခွင့်အာဏာကို အလွဲသုံးစား မလုပ်ဘူး။ ကိုယ့်စံနှုန်းတွေအတိုင်း လိုက်ဖို့ ဘုရားလူမျိုးကို ဖိအားမပေးဘူး။ အဲဒီအစား လမ်းညွှန်မှုရဖို့ ယေဟောဝါဆီ ထက်သန်စွာ ဆုတောင်းပြီး လူတွေကို ယေဟောဝါရဲ့ ပညတ်တွေ သင်ကြားပေးတယ်။ (နေ. ၁:၄-၁၀။ ၁၃:၁-၃) ဂျေရုဆလင်မြို့ရိုး ဆောက်လုပ်ရေးမှာ ညီအစ်ကိုတွေနဲ့အတူ နှိမ့်ချစွာ ပါဝင်လုပ်ဆောင်တယ်။—နေ. ၄:၁၅။ w19.09 ၁၆ ¶၉-၁၀