ဇူလိုင်
ကြာသပတေးနေ့၊ ဇူလိုင် ၁
ဘုရားသခင်ဆီ အသနားခံကြပါ။ —ဖိ. ၄:၆။
တခြားသူတွေ ကိုယ့်ကို ရိုင်းရိုင်းစိုင်းစိုင်း ပြောတဲ့အခါ၊ မကြင်မနာ ဆက်ဆံတဲ့အခါ စိတ်ထိခိုက်မိနိုင်တယ်။ အထူးသဖြင့် မိတ်ဆွေ၊ ဆွေမျိုးတွေက အဲဒီလို ပြောဆိုဆက်ဆံတဲ့အခါ ဖြစ်တယ်။ စိုးရိမ်ပူပန်မှုတွေ ကြုံရတဲ့အခါ ကျမ်းစာမှာပါတဲ့ ဟန္နရဲ့ ပုံသက်သေကနေ သင်ယူနိုင်တယ်။ ဟန္နဟာ ယောက်ျားဖြစ်သူရဲ့ နောက်မိန်းမ စကားနာထိုးတာ ခံခဲ့ရတယ်။ (၁ ရှ. ၁:၁၂) ဟန္နလိုပဲ ကျွန်တော်တို့လည်း စိုးရိမ်ပူပန်မှုတွေကို ယေဟောဝါဆီ အကြာကြီး ဆုတောင်းပြောပြနိုင်တယ်။ ဆုတောင်းချက်တွေဟာ ကဗျာဆန်ဖို့၊ စင်းလုံးချော ဖြစ်ဖို့ မလိုပါဘူး။ စိတ်သောကတွေ၊ နာကြည်းချက်တွေအကြောင်း ပြောရင်း ငိုကြွေးမိနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါ မမောနိုင်မပန်းနိုင် နားထောင်ပေးတယ်။ ပြဿနာတွေအတွက် ဆုတောင်းတဲ့အပြင် ဖိလိပ္ပိ ၄:၆၊ ၇ မှာပါတဲ့ အကြံပြုချက်ကိုလည်း သတိရဖို့ လိုတယ်။ ကျေးဇူးတော် ချီးမွမ်းခြင်းအကြောင်း တမန်တော် ပေါလု သတ်သတ်မှတ်မှတ် ပြောတယ်။ ယေဟောဝါကို ကျေးဇူးတင်သင့်တဲ့ အကြောင်းရင်းများစွာ ရှိတယ်။ အသက်ဆု၊ ဖန်ဆင်းခြင်းလက်ရာ၊ ခိုင်မြဲတဲ့ မေတ္တာ၊ အံ့ဖွယ် မျှော်လင့်ချက်တွေအတွက် ကျေးဇူးတင်နိုင်တယ်။ w20.02 ၂၁ ¶၃။ ၂၂ ¶၆
သောကြာနေ့၊ ဇူလိုင် ၂
စကားပြောရတဲ့အချိန် ရှိတယ်။ —ဒေ. ၃:၇။
စကားပြောနိုင်စွမ်းဟာ ယေဟောဝါဆီက လက်ဆောင်ပါ။ (ထွ. ၄:၁၀၊ ၁၁။ ဗျာ. ၄:၁၁) ဒီလက်ဆောင်ကို ဘယ်လို သုံးရမယ်ဆိုတာ သိဖို့ ကျမ်းစာကတစ်ဆင့် ဘုရား ကူညီပေးတယ်။ မြေကြီးပေါ် ယေရှု လာတဲ့ အဓိက အကြောင်းရင်းတစ်ခုက ဖခင်နဲ့ပတ်သက်တဲ့ အမှန်တရားကို သင်ပေးဖို့ပဲ။ (ယော. ၁၈:၃၇) ကျွန်တော်တို့လည်း ယေဟောဝါနဲ့ နိုင်ငံတော်အကြောင်း ပြောဖို့ အမြဲ အသင့်ရှိနေသင့်တယ်။ (မ. ၂၄:၁၄။ ရော. ၁၀:၁၄) ဒီနည်းအားဖြင့် ယေရှုကို တုပကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘယ်လို ပြောတယ်ဆိုတာလည်း အရေးကြီးတယ်။ ယေဟောဝါအကြောင်း တခြားသူတွေကို “နူးညံ့တဲ့သဘော၊ အလွန်လေးစားတဲ့သဘောနဲ့” ပြောရမယ်။ တခြားသူတွေရဲ့ ခံစားချက်၊ ယုံကြည်ချက်တွေကို ထည့်တွက်ရမယ်။ (၁ ပေ. ၃:၁၅) ဒီနည်းအားဖြင့် ပြောရုံလောက်သာ မဟုတ်ဘဲ စိတ်နှလုံး ထိမိအောင် သွန်သင်ပေးနိုင်မယ်။ ညီအစ်ကို/မ တစ်ယောက်ယောက်ကို ဆုံးမဖို့ လိုတဲ့အခါ အကြီးအကဲတွေ တွန့်ဆုတ်မနေသင့်ဘူး။ ဒါပေမဲ့ သူတို့ စိတ်အနှောင့်အယှက် မဖြစ်အောင် သင့်တော်တဲ့အချိန်၊ သီးသန့်ဖြစ်မယ့် အချိန်ကို ရွေးရမယ်။ w20.03 ၁၈-၁၉ ¶၂-၄
စနေနေ့၊ ဇူလိုင် ၃
အမြဲ ဆုတောင်းနေကြပါ။ —မ. ၂၆:၄၁။
ဘာအတွက် ဆုတောင်းရမလဲ။ “ယုံကြည်ခြင်း တိုးများအောင် လုပ်ပေးပါ” ဆိုပြီး ယေဟောဝါဆီ ကျွန်တော်တို့ ဆုတောင်းနိုင်တယ်။ (လု. ၁၇:၅။ ယော. ၁၄:၁) ကျွန်တော်တို့အားလုံးကို စာတန် စမ်းသပ်မှာဖြစ်လို့ ယုံကြည်ခြင်း ရှိဖို့ လိုတယ်။ (လု. ၂၂:၃၁) ယုံကြည်ခြင်းက ဘယ်လို ကူညီပေးသလဲ။ အခက်အခဲကို ဖြေရှင်းဖို့ အတတ်နိုင်ဆုံး ကြိုးစားပြီးနောက် ယေဟောဝါလက်ထဲ အပ်ထားဖို့ ယုံကြည်ခြင်းက ကူညီပေးပါလိမ့်မယ်။ ယေဟောဝါသာ အကောင်းဆုံး ဖြေရှင်းပေးနိုင်မှန်း ကျွန်တော်တို့ ယုံကြည်တဲ့အတွက် စိတ်ငြိမ်သက်နေပါလိမ့်မယ်။ (၁ ပေ. ၅:၆၊ ၇) ဘယ်အခက်အခဲပဲ ရင်ဆိုင်ရပါစေ ဆုတောင်းခြင်းက စိတ်ငြိမ်သက်အောင် ကူညီပေးနိုင်တယ်။ အသက် ၈၀ ကျော် သစ္စာရှိ အကြီးအကဲ ရောဘတ်အကြောင်း စဉ်းစားကြည့်ပါ။ “ဖိလိပ္ပိ ၄:၆၊ ၇ မှာပါတဲ့ အကြံဉာဏ်က ဘဝအခက်အခဲများစွာကို ရင်ဆိုင်နိုင်ဖို့ ကူညီပေးတယ်။ ကျွန်တော် ငွေကြေးပြဿနာ ကြုံရတယ်။ ဒီ့အပြင် အကြီးအကဲတာဝန် ခဏနားလိုက်ရတယ်” လို့ သူပြောတယ်။ စိတ်ငြိမ်သက်ဖို့ သူ့ကို ဘာက ကူညီပေးသလဲ။ “စိုးရိမ်စိတ် ဝင်လာတာနဲ့ ဆုတောင်းလိုက်တယ်။ ဆုတောင်းလေ ငြိမ်သက်မှု ခံစားရလေပဲ” လို့ သူပြောတယ်။ w19.04 ၉-၁၀ ¶၅-၇
တနင်္ဂနွေနေ့၊ ဇူလိုင် ၄
ကိုယ်တော့်ကို တကယ်ပဲ ပြစ်မှားမိပြီ။ —ဆာ. ၅၁:၄။
ကလေး မတော်မတရားပြုခြင်းဟာ ဘုရားသခင်ကို ပြစ်မှားတဲ့ အပြစ်ဖြစ်တယ်။ လူလူချင်း ပြစ်မှားတာဟာ ယေဟောဝါကိုလည်း ပြစ်မှားရာရောက်တယ်။ ဥပမာ၊ အစ္စရေးတွေကို ဘုရားသခင် ပေးတဲ့ ပညတ်တရားအကြောင်း သုံးသပ်ကြည့်ပါ။ လူတစ်ယောက်က ခိုးတယ်၊ ကလိမ်ကျတယ်ဆိုရင် “ယေဟောဝါအပေါ် သစ္စာမဲ့တာ” ဖြစ်တယ်လို့ ပညတ်တရားမှာ ပြောတယ်။ (ဝတ်. ၆:၂-၄) အသင်းတော်ထဲက တစ်ယောက်ယောက်ဟာ ကလေးကို မတော်မတရားပြုတဲ့အခါ ကလေးရဲ့ ဘေးကင်းလုံခြုံတယ်ဆိုတဲ့ ခံစားချက်ကို လုယူလိုက်တာ ဖြစ်ပြီး ဘုရားအပေါ် သစ္စာမဲ့ရာရောက်တယ်။ ယေဟောဝါရဲ့ နာမည်ကို အကြီးအကျယ် ရှုတ်ချစရာဖြစ်စေတဲ့အတွက် ဘုရားသခင်ကို ပြစ်မှားတဲ့အပြစ် ဖြစ်တယ်။ လိင်ဆိုင်ရာ မတော်မတရားပြုခံရသူတွေ စိတ်ဒဏ်ရာ သက်သာဖို့ ဘာလုပ်နိုင်ကြောင်း၊ တခြားသူတွေ ဘယ်လို ကူညီအားပေးနိုင်ကြောင်း၊ သားသမီးတွေကို မိဘတွေ ဘယ်လို ကာကွယ်ပေးနိုင်ကြောင်း ဆွေးနွေးထားတဲ့ ကင်းမျှော်စင်၊ နိုးလော့! ဆောင်းပါးတွေ ရှိတယ်။ အကြီးအကဲတွေလည်း ကလေး မတော်မတရားပြုတဲ့ အပြစ်ကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတဲ့အကြောင်း အသေးစိတ် လေ့ကျင့်မှုတွေ ရထားတယ်။ ကလေး မတော်မတရားပြုတဲ့ အပြစ်ကို အသင်းတော်တွေ ဘယ်လို ကိုင်တွယ်နေတယ်ဆိုတာ အဖွဲ့အစည်းက အမြဲ ဆန်းစစ်နေတယ်။ w19.05 ၉ ¶၈-၉
တနင်္လာနေ့၊ ဇူလိုင် ၅
အသက်ရှင်သူတွေအတွက် လူသေတွေကို မေးသင့်သလား။—ဟေရှာ. ၈:၁၉။
ကျမ်းစာဟာ ထက်တဲ့ဓားလိုပဲ စာတန့် လိမ်ညာမှုတွေကို ဖော်ထုတ်နိုင်တယ်။ (ဧ. ၆:၁၇) ဥပမာ၊ အသက်ရှင်သူတွေနဲ့ လူသေတွေ ဆက်သွယ်နိုင်တယ်ဆိုတဲ့ အလိမ်အညာကို ဖော်ထုတ်ပေးတယ်။ (ဆာ. ၁၄၆:၄) ယေဟောဝါသာ အနာဂတ်ကို ကြိုဟောနိုင်ကြောင်း ဖော်ပြတယ်။ (ဟေရှာ. ၄၅:၂၁။ ၄၆:၁၀) ကျမ်းစာ ပုံမှန် ဖတ်ပြီး တွေးတောဆင်ခြင်မယ်ဆိုရင် နတ်ဆိုးတွေရဲ့ လိမ်ညာမှုကို ရွံမုန်းပြီး တွန်းလှန်နိုင်ပါလိမ့်မယ်။ ဒါကြောင့် နတ်ဆိုးပညာနဲ့ပတ်သက်တာ မှန်သမျှကို ရှောင်ပါ။ ခရစ်ယာန်စစ်တွေဖြစ်တဲ့ ကျွန်တော်တို့ဟာ နတ်ဆိုးပညာ မှန်သမျှနဲ့ မပတ်သက်ကြဘူး။ ဥပမာ၊ နတ်ကတော်တွေဆီ မသွားဘူး။ လူသေတွေနဲ့ မဆက်သွယ်ဘူး။ တစ်နေရာရာမှာ လူသေတွေ အသက်ရှင်နေတယ်ဆိုတဲ့ ယုံကြည်ချက်ကို အခြေခံတဲ့ အသုဘထုံးစံတွေကို ရှောင်ကြတယ်။ အနာဂတ်ကို သိဖို့ နက္ခတ်ဗေဒင် မကြည့်ဘူး။ အဲဒီဓလေ့ အားလုံးဟာ အလွန် အန္တရာယ်ရှိပြီး စာတန်၊ နတ်ဆိုးတွေနဲ့ တိုက်ရိုက် ဆက်သွယ်ပေးမှန်း ကျွန်တော်တို့ သိတယ်။ w19.04 ၂၁-၂၂ ¶၈-၉
အင်္ဂါနေ့၊ ဇူလိုင် ၆
ဘုရားသခင်က စိတ်အလိုနောက်ကိုပဲ လိုက်ချင်နေတဲ့ သူတို့ကို စွန့်ပစ်ပြီး ညစ်ညူးတဲ့အရာတွေ . . . ပြုကျင့်ဖို့ ခွင့်ပြုလိုက်တယ်။—ရော. ၁:၂၄။
လောကဉာဏ်ပညာအတိုင်း လိုက်တဲ့သူတွေက ကျမ်းစာရဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေ လက်တွေ့မကျဘူးလို့ လှောင်ပြောင်ကြတယ်။ ‘ဘုရားက လိင်ဆန္ဒတော့ ထည့်ပေးပြီး ဘာကြောင့် တားမြစ်ချုပ်ချယ်နေတာလဲ’ လို့ ပြောကြမယ်။ ဒါဟာ ‘ဘာပဲဖြစ်ဖြစ် ကိုယ်ကြိုက်တာ ကိုယ်လုပ်နိုင်တယ်’ ဆိုတဲ့ အတွေးအခေါ်အမှားကို အခြေခံတယ်။ ကျမ်းစာမှာတော့ အဲဒီလို မပြောထားဘူး။ မသင့်လျော်တဲ့ ဆန္ဒတွေကို ထိန်းချုပ်နိုင်စွမ်း ပေးထားခြင်းအားဖြင့် လူတွေကို ယေဟောဝါ ဂုဏ်တင်တယ်လို့ သွန်သင်တယ်။ (ကော. ၃:၅) အဲဒီအပြင် သင့်လျော်တဲ့ လိင်ဆန္ဒကို ဖြည့်ဆည်းဖို့ အိမ်ထောင်မင်္ဂလာ ဆုကျေးဇူးကိုလည်း ယေဟောဝါ ပေးထားတယ်။ (၁ ကော. ၇:၈၊ ၉) လောကဉာဏ်ပညာနဲ့ မတူဘဲ ကျမ်းစာဟာ လိင်နဲ့ပတ်သက်ပြီး မှန်ကန်တဲ့အမြင် ရှိဖို့ ကူညီပေးတယ်။ လိင်ကိစ္စဟာ ပျော်ရွှင်ကြည်နူးစေတယ်လို့ ပြောတယ်။ (ပညာ. ၅:၁၈၊ ၁၉) ဒါပေမဲ့ “ခင်ဗျားတို့အားလုံး သန့်ရှင်းသူတွေ၊ ဂုဏ်အသရေရှိသူတွေ ဖြစ်နိုင်ဖို့ ခန္ဓာကိုယ်ကို ဘယ်လို ထိန်းချုပ်ရမယ်ဆိုတာ သိရမယ်။ လောဘကြီးတာမျိုး၊ ရမ္မက်ဆန္ဒကို မချုပ်တည်းတာမျိုး မဖြစ်ရဘူး” လို့ သတိပေးထားတယ်။—၁ သက်. ၄:၄၊ ၅။ w19.05 ၂၂-၂၃ ¶၇-၉
ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၇
သူတို့ကို တိုက်ဖို့ မင်းနဲ့ မင်းရဲ့တပ်မကြီးရော အတူရှိနေသူတွေပါ မုန်တိုင်းလို ရောက်လာ . . . လိမ့်မယ်။—ယေဇ. ၃၈:၉။
မိမိလူမျိုးကို ဖျက်ဆီးဖို့ တိုင်းနိုင်ငံတွေကို ဘုရား ခွင့်ပြုမှာ မဟုတ်ဘူး။ ဘုရားလူမျိုးဟာ ဘုရားနာမည်ကို ခံယူထားသူတွေ၊ မဟာဗာဗုလုန်ကနေ ထွက်ပါဆိုတဲ့ အမိန့်ကို နာခံသူတွေ ဖြစ်တယ်။ (တ. ၁၅:၁၆၊ ၁၇။ ဗျာ. ၁၈:၄) တခြားသူတွေကိုလည်း ထွက်နိုင်ဖို့ ကူညီပေးနေကြတယ်။ ဒါကြောင့် ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ မဟာဗာဗုလုန် “ခံရမယ့် ကပ်ဘေးတွေကို” ခံရမှာ မဟုတ်ဘူး။ ဒါပေမဲ့ ယုံကြည်ခြင်း စမ်းသပ်မှုတွေတော့ ကြုံရမယ်။ (ယေဇ. ၃၈:၂၊ ၈) မှားယွင်းတဲ့ ဘာသာရေး အဖွဲ့အစည်းအားလုံး ဖျက်ဆီးခံရပြီးနောက် ဘုရားလူမျိုးဟာ မုန်တိုင်းဒဏ်ကနေ လွတ်လာတဲ့ သစ်ပင်လို ထီးတည်း ကျန်နေလိမ့်မယ်။ စာတန်ဟာ အလွန်ဒေါသထွက်ပြီး “ညစ်ညူးတဲ့ သတင်းစကား” ဖြစ်တဲ့ နတ်ဆိုးတွေဆီက မှားယွင်းတဲ့ သတင်းကို ဖြန့်လိမ့်မယ်။ အဲဒီသတင်းကြောင့် နိုင်ငံပေါင်းစုံ ဖွဲ့စည်းထားတဲ့ အုပ်စုက ယေဟောဝါရဲ့ ကျေးကျွန်တွေကို တိုက်ခိုက်မယ်။ (ဗျာ. ၁၆:၁၃၊ ၁၄) အဲဒီအုပ်စုကို “မာဂေါဂပြည်က ဂေါဂမင်း” လို့ ခေါ်တယ်။ ဘုရားကျေးကျွန်တွေကို ဂေါဂမင်း တိုက်ခိုက်တဲ့အခါ အာမဂေဒုန်စစ်ပွဲ စတင်ပါလိမ့်မယ်။—ဗျာ. ၁၆:၁၆။ w19.09 ၁၁ ¶၁၂-၁၃
ကြာသပတေးနေ့၊ ဇူလိုင် ၈
ပညာရှိတွေရဲ့ အကြံအစည်တွေဟာ အချည်းနှီးပဲ။—၁ ကော. ၃:၂၀။
ရှေးအစ္စရေးခေတ်မှာ မှားယွင်းတဲ့ ဘာသာရေးကို သုံးပြီး လိင်အကျင့်ယိုယွင်းမှုကို စာတန် အားပေးတယ်။ ဒီနေ့ခေတ်မှာလည်း အလားတူပါပဲ။ မှားယွင်းတဲ့ ဘာသာရေးတွေက လိင်အကျင့်ပျက်တာကို ခွင့်ပြုရုံမက အားပေးအားမြှောက်လုပ်နေတယ်။ ဘုရားကို ကိုးကွယ်တယ်လို့ ပြောသူများစွာဟာ လိင်အကျင့်နဲ့ဆိုင်တဲ့ ဘုရားစံနှုန်းတွေကို ပစ်ပယ်လာကြတယ်။ ရောမမြို့သားတွေဆီ တမန်တော်ပေါလု ရေးတဲ့စာမှာ လိင်အကျင့်ပျက်ခြင်းရဲ့ ဆိုးကျိုးတွေကို ဖော်ပြခဲ့တယ်။ (ရော. ၁:၂၈-၃၁) “မသင့်လျော်တဲ့အရာတွေ” ထဲမှာ လိင်တူဆက်ဆံခြင်းနဲ့ လိင်အကျင့်ပျက်မှု ပုံစံအားလုံး ပါဝင်တယ်။ (ရော. ၁:၂၄-၂၇၊ ၃၂။ ဗျာ. ၂:၂၀) ကျမ်းစာရဲ့ ရှင်းလင်းတဲ့ သွန်သင်ချက်တွေကို လိုက်နာဖို့ သိပ်အရေးကြီးတယ်။ လူ့အတွေးအခေါ်က ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို လျစ်လျူရှုတဲ့အပြင် ဆန့်ကျင်တယ်။ စွမ်းအားတော် အရည်အသွေးတွေအစား “အပြစ်ရှိတဲ့အကျင့်တွေကို” ဖြစ်ပေါ်စေတယ်။ (ဂလ. ၅:၁၉-၂၃) မာနစိတ် ဝင်စေပြီး “ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူ” ဖြစ်စေတယ်။ (၂ တိ. ၃:၂-၄) အဲဒါတွေက ဘုရားသခင့် ကျေးကျွန်တွေမှာ ရှိသင့်တဲ့ နူးညံ့သိမ်မွေ့မှု၊ နှိမ့်ချမှုနဲ့ ဆန့်ကျင်ဘက်ပါပဲ။—၂ ရှ. ၂၂:၂၈။ w19.06 ၅-၆ ¶၁၂-၁၄
သောကြာနေ့၊ ဇူလိုင် ၉
မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ။—ပညာ. ၁၇:၁၇။
ခက်ခဲတဲ့အချိန်တစ်လျှောက် ဧလိယဟာ ယေဟောဝါကို အမှုဆောင်ခဲ့တယ်။ ကြီးမားတဲ့ စိန်ခေါ်ချက်တွေကိုလည်း ရင်ဆိုင်ခဲ့ရတယ်။ ဧလိရှဲဆီ တာဝန်လွှဲပေးဖို့ ယေဟောဝါ ပြောတာက ဧလိယ အလွန်လိုအပ်နေတဲ့ အဖော်ကို ပြင်ဆင်ပေးလိုက်တာပဲ။ ဧလိရှဲဟာ ဧလိယရဲ့ စိတ်သောကတွေကို ခံရပ်နိုင်အောင် ကူညီပေးမှာ သေချာတယ်။ ကျွန်တော်တို့လည်း စိတ်ချရတဲ့ မိတ်ဆွေဆီ ရင်ဖွင့်တဲ့အခါ စိတ်သောကတွေကို ခံရပ်နိုင်အောင် သူ ကူညီပေးနိုင်တယ်။ (၂ ဘု. ၂:၂) ရင်ဖွင့်စရာ တစ်ယောက်မှ မရှိဘူးလို့ ခံစားနေရရင် စိတ်ပိုင်းဆိုင်ရာ ထောက်မပေးနိုင်မယ့် ရင့်ကျက်တဲ့ ခရစ်ယာန်တစ်ယောက် ရှာတွေ့နိုင်အောင် ကူညီပေးပါလို့ ယေဟောဝါဆီ ဆုတောင်းပါ။ ဖိစီးမှုကို ရင်ဆိုင်ပြီး နှစ်ပေါင်းများစွာ သစ္စာရှိရှိ အမှုဆောင်နိုင်ဖို့ ဧလိယကို ယေဟောဝါ ကူညီပေးတယ်။ ဧလိယရဲ့ မှတ်တမ်းက ကျွန်တော်တို့ကို မျှော်လင့်ချက် ရှိစေတယ်။ ရုပ်ပိုင်း၊ စိတ်ပိုင်း ချုံးချုံးကျစေတဲ့ ဖိစီးမှုတွေကို ကျွန်တော်တို့ ကြုံနေရတာ ဖြစ်နိုင်တယ်။ ယေဟောဝါကို အားကိုးမယ်ဆိုရင် ဆက်အမှုဆောင်နိုင်ဖို့ လိုအပ်တဲ့ အစွမ်းခွန်အားကို ပေးပါလိမ့်မယ်။—ဟေရှာ. ၄၀:၂၈၊ ၂၉။ w19.06 ၁၅ ¶၄။ ၁၆ ¶၉-၁၀
စနေနေ့၊ ဇူလိုင် ၁၀
လူကိုကြောက်တဲ့စိတ်ဟာ ကျော့ကွင်းပဲ။ ယေဟောဝါကို ယုံကြည်ကိုးစားသူကတော့ ကာကွယ်ခံရလိမ့်မယ်။—ပညာ. ၂၉:၂၅။
ဘုရားသခင့် နိုင်ငံတော် သတင်းကောင်း ဟောပြောခြင်းအားဖြင့် ရဲစွမ်းသတ္တိ တိုးများလာနိုင်တယ်။ ဘာကြောင့်လဲ။ ဟောပြောခြင်းက ယေဟောဝါကို ယုံကြည်ကိုးစားဖို့၊ လူကြောက်တဲ့စိတ်ကို ကျော်လွှားဖို့ ကူညီပေးလို့ပဲ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားတွေ သန်မာလာသလို တစ်အိမ်တက်ဆင်း၊ လူထုရှေ့၊ အလွတ်သဘော၊ စီးပွားရေးရပ်ကွက်တွေမှာ ဟောပြောတဲ့အခါ သတ္တိ တိုးများလာတယ်။ အခုကတည်းက ဟောပြောရဲတဲ့သတ္တိ မွေးထားမယ်ဆိုရင် လုပ်ငန်း ပိတ်ပင်ခံရချိန်မှာ ဆက်ဟောပြောဖို့ အသင့်ဖြစ်နေပါလိမ့်မယ်။ (၁ သက်. ၂:၁၊ ၂) ထူးထူးခြားခြား သတ္တိတင်ပြခဲ့တဲ့ သစ္စာရှိ ညီအစ်မ နန်စီ ယွမ်ဆီကနေ များစွာ သင်ယူနိုင်တယ်။ သူဟာ အရပ် ငါးပေလောက်ပဲ ရှိပေမဲ့ တော်ရုံနဲ့ ကြောက်တတ်သူ မဟုတ်ဘူး။ နိုင်ငံတော် သတင်းကောင်း မဟောဖို့ ပိတ်ပင်ခံရတဲ့အခါ အလျှော့မပေးဘူး။ ဒါကြောင့် တရုတ်ပြည်မှာ အနှစ် ၂၀ ကျော် ထောင်ချခံရတယ်။ စစ်ဆေးမေးမြန်းတဲ့ အရာရှိတွေက သူ့ကို တစ်နိုင်ငံလုံးမှာ “ခေါင်းအမာဆုံးပဲ” လို့ ပြောတယ်။ w19.07 ၅ ¶၁၃-၁၄
တနင်္ဂနွေနေ့၊ ဇူလိုင် ၁၁
လူမျိုးတကာဆီ သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ —မ. ၂၈:၁၉။
လူတချို့က ကျမ်းစာအမှန်တရားကို သင်ယူချင်ကြတယ်။ အများစုကတော့ အစပိုင်းမှာ စိတ်ဝင်စားပုံ မရဘူး။ ဒါကြောင့် သူတို့ရဲ့ စိတ်ဝင်စားမှုကို နှိုးဆွပေးရမယ်။ အမှုဆောင်လုပ်ငန်းမှာ အောင်မြင်ဖို့ အသေအချာ ပြင်ဆင်ရမယ်။ လူတွေ စိတ်ဝင်စားမယ့် သတ်သတ်မှတ်မှတ် အကြောင်းအရာတွေကို ရွေးပြီး ဘယ်လို တင်ဆက်မယ်ဆိုတာ စီစဉ်ထားရမယ်။ ဥပမာ၊ “ကမ္ဘာတစ်ဝန်းမှာ လူတွေ ပြဿနာများစွာ ရင်ဆိုင်နေရတယ်။ ကမ္ဘာ့ပြဿနာတွေကို လူ့အစိုးရတွေ ဖြေရှင်းနိုင်မယ်လို့ ထင်သလား” ဆိုပြီး အိမ်ရှင်ကို မေးနိုင်တယ်။ ပြီးနောက် ဒံယေလ ၂:၄၄ ကို ဆွေးနွေးနိုင်တယ်။ ဒီလိုလည်း ပြောနိုင်တယ်– “သားသမီးတွေ လိမ္မာရေးခြား ရှိအောင် သင်ပေးနိုင်တဲ့ အကောင်းဆုံးနည်းက ဘာဖြစ်မယ်ထင်သလဲ” လို့ မေးပြီး တရားဟောရာ ၆:၆၊ ၇ ကို ဆွေးနွေးနိုင်တယ်။ မှန်ပါတယ်။ လူတွေကို ခရစ်တော်ရဲ့ တပည့်ဖြစ်လာအောင် ကူညီပေးတဲ့အခါ ကျွန်တော်တို့ အလွန်ပျော်ရွှင်ကြတယ်။ w19.07 ၁၅ ¶၄၊ ၆-၇
တနင်္လာနေ့၊ ဇူလိုင် ၁၂
လူက ကိုယ့်အတွက် ဘုရားတွေ လုပ်နိုင်ပါ့မလား။ လူလုပ်တဲ့အရာတွေဟာ ဘုရားစစ်ဘုရားမှန်မှ မဟုတ်တာ။—ယေ. ၁၆:၂၀။
အရှေ့တိုင်းမှာ ဘာသာတရားမဲ့သူတွေကို ဟောပြောခဲ့တဲ့ ဝါရင့်ညီအစ်ကိုတစ်ယောက် ဒီလိုပြောတယ်– “‘ဘုရားကို မယုံဘူး’ လို့ပြောတာက တကယ်တော့ ဒေသခံတွေ ကိုးကွယ်တဲ့ ဘုရားတွေကို ပြောတာ။ ဒါကြောင့် ဘုရားအများစုက လူလုပ်တဲ့ ဘုရားတွေ ဖြစ်ကြောင်း၊ ဘုရားအစစ်အမှန် မဟုတ်ကြောင်း ထောက်ခံပြီးနောက် ယေရမိ ၁၆:၂၀ ကို ဖတ်ပြလေ့ရှိတယ်။ ပြီးနောက် ‘လူလုပ်တဲ့ ဘုရားနဲ့ စစ်မှန်တဲ့ ဘုရားကို ဘယ်လို ခွဲခြားနိုင်မလဲ’ လို့ မေးတယ်။ သူတို့အဖြေကို ဂရုစိုက် နားထောင်ပြီးနောက် ‘မင်းတို့ဟာ ဘုရားတွေဖြစ်မှန်း ငါတို့သိအောင် အနာဂတ်မှာ ဖြစ်လာမယ့်အရာတွေကို ပြောပြပါ’ ဆိုတဲ့ ဟေရှာယ ၄၁:၂၃ ကို ဖတ်ပြတယ်။ ပြီးတော့ အနာဂတ်အကြောင်း ယေဟောဝါ ကြိုဟောထားတဲ့ ဥပမာတစ်ခု ပြလိုက်တယ်။” နောက်ညီအစ်ကို တစ်ယောက်ကလည်း “ကျမ်းစာထဲက လက်တွေ့ကျ အချက်တွေ၊ ပြည့်စုံပြီးသား ကြိုဟောချက်တွေ၊ စကြဝဠာကို ထိန်းချုပ်ထားတဲ့ နိယာမတရားတွေကို ပြပြီး အဲဒါတွေအားလုံးက အသက်ရှင်တဲ့ ပညာရှိ ဖန်ဆင်းရှင် ရှိတာကို ထောက်ခံနေကြောင်း ပြောတယ်။ ဘုရားရှိတယ်ဆိုတဲ့ အချက်ကို လက်ခံတဲ့အခါ ယေဟောဝါနဲ့ပတ်သက်တဲ့ ကျမ်းစာအဆိုကို ပြောပြတယ်” လို့ ပြောတယ်။ w19.07 ၂၃-၂၄ ¶၁၄-၁၅
အင်္ဂါနေ့၊ ဇူလိုင် ၁၃
ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိ[ကြပါ။]—ဖိ. ၁:၁၀။
အဲဒီအရေးကြီးတဲ့ အရာတွေထဲမှာ ယေဟောဝါရဲ့ နာမည် သန့်ရှင်းမြင့်မြတ်စေခြင်း၊ ရည်ရွယ်ချက်တွေ ပြည့်စုံလာခြင်း၊ အသင်းတော် ငြိမ်သက်စည်းလုံးခြင်းတို့ ပါဝင်တယ်။ (မ. ၆:၉၊ ၁၀။ ယော. ၁၃:၃၅) ဘဝမှာ အဲဒါတွေကို အဓိကထားတာက ယေဟောဝါကို ချစ်ကြောင်း ဖော်ပြနေတာ ဖြစ်တယ်။ ‘အပြစ်တင်စရာ မရှိ’ ဖို့လည်း တမန်တော် ပေါလု ပြောတယ်။ အဲဒါက ပြည့်ဝစုံလင်ရမယ်လို့ မဆိုလိုပါဘူး။ မေတ္တာတိုးများအောင်၊ ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိနိုင်အောင် ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားနေမယ်ဆိုရင် အပြစ်တင်စရာ မရှိသူအဖြစ် ယေဟောဝါ ရှုမြင်ပါလိမ့်မယ်။ မေတ္တာပြနိုင်တဲ့ နည်းတစ်နည်းကတော့ တခြားသူတွေအတွက် တိုက်မိလဲစရာ မဖြစ်အောင် အတတ်နိုင်ဆုံး ရှောင်ခြင်းပါပဲ။ တခြားသူတွေကို တိုက်မိမလဲစေပါနဲ့ဆိုတဲ့ ညွှန်ကြားချက်ဟာ တကယ်တော့ သတိပေးချက်ပါ။ တခြားသူကို ဘယ်လို တိုက်မိလဲစေနိုင်သလဲ။ ကိုယ်ရွေးချယ်လိုက်တဲ့ ဖျော်ဖြေမှု၊ အဝတ်အစား၊ အလုပ်အကိုင်တွေအားဖြင့် ဖြစ်နိုင်တယ်။ ကိုယ့်ရွေးချယ်မှုက မမှားရင်တောင် တခြားသူရဲ့ သိစိတ် အနှောင့်အယှက်ဖြစ်ပြီး တိုက်မိလဲသွားရင် အဲဒါဟာ ကြီးလေးတဲ့ကိစ္စ ဖြစ်တယ်။—မ. ၁၈:၆။ w19.08 ၁၀ ¶၉-၁၁
ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၁၄
ဒီလူတွေဟာ ကြီးစွာသောဒုက္ခကနေ လွတ်မြောက်လာသူတွေပဲ။ သူတို့ရဲ့ ဝတ်လုံကို သိုးသငယ်ရဲ့ သွေးနဲ့ ဖြူအောင် လျှော်ဖွပ်ခဲ့ကြပြီ။—ဗျာ. ၇:၁၄။
ယောဟန်ရဲ့ စိတ်အာရုံမှာပါတဲ့ လူအုပ်ကြီးဟာ ကမ္ဘာပေါ် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိတဲ့ သစ္စာရှိ ခရစ်ယာန်တွေဖြစ်ကြောင်း ၁၉၃၅ ကစပြီး ယေဟောဝါသက်သေတွေ နားလည်ခဲ့ကြတယ်။ (ဗျာ. ၇:၉၊ ၁၀) ကြီးစွာသောဒုက္ခကို လွတ်မြောက်ဖို့ လူအုပ်ကြီးဟာ အနှစ်တစ်ထောင် မတိုင်ခင်ကတည်းက ယေဟောဝါအကြောင်း သင်ယူလေ့လာရမယ်။ ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်ချိန်မတိုင်မီ ‘ဖြစ်ပျက်မယ့် အရာတွေကနေ လွတ်မြောက်’ နိုင်ဖို့ ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိကြောင်း တင်ပြနေရမယ်။ (လု. ၂၁:၃၄-၃၆) လူအုပ်ကြီးဟာ မိမိတို့ရထားတဲ့ မျှော်လင့်ချက်ကြောင့် ပျော်ရွှင်ကြတယ်။ ကောင်းကင်မှာဖြစ်စေ၊ မြေကြီးမှာဖြစ်စေ သစ္စာရှိသူတွေ ဘယ်မှာ အမှုဆောင်ရမယ်ဆိုတာ ယေဟောဝါ သတ်မှတ်ပေးကြောင်း သူတို့ နားလည်ကြတယ်။ ယေရှုခရစ်ရဲ့ ရွေးဖိုး ပူဇော်သက္ကာကတစ်ဆင့် ယေဟောဝါ ပြတဲ့ မဟာကရုဏာကြောင့်သာ ဆုကျေးဇူး ရရှိတာဖြစ်ကြောင်း ဘိသိက်ခံရော လူအုပ်ကြီးပါ အသိအမှတ်ပြုကြတယ်။—ရော. ၃:၂၄။ w19.09 ၂၈ ¶၁၀။ ၂၉ ¶၁၂-၁၃
ကြာသပတေးနေ့၊ ဇူလိုင် ၁၅
ယေဟောဝါဘုရား ပေးသနားတဲ့ ဝမ်းမြောက်ခြင်းဟာ ခင်ဗျားတို့အတွက် ရဲတိုက်ပဲ။—နေ. ၈:၁၀။
သင်ဟာ တာဝန်အသစ် ရထားသူဆိုရင် အောင်မြင်နိုင်ပါတယ်။ အပြောင်းအလဲတွေကို ကျရှုံးတာ၊ တစ်ဆင့်ကျသွားတာလို့ မရှုမြင်ပါနဲ့။ ဘဝမှာ ယေဟောဝါရဲ့ လက်တော် ကူညီပေးပုံကို မြင်တတ်အောင် ကြည့်ပါ။ ဆက်ဟောပြောနေပါ။ ပထမရာစု သစ္စာရှိ ခရစ်ယာန်တွေကို တုပပါ။ သူတို့ဟာ ဘယ်နေရာပဲ ရောက်ရောက် “လှည့်လည်ပြီး တရားစကားတော်မှာပါတဲ့ သတင်းကောင်းကို ဟောပြောကြတယ်။” (တ. ၈:၁၊ ၄) ဆက်ဟောပြောဖို့ သင့်ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ရလဒ်ကောင်းတွေ ရလာနိုင်တယ်။ ဥပမာ၊ နိုင်ငံတစ်ခုကနေ နှင်ထုတ်ခံရတဲ့ ရှေ့ဆောင်တစ်စုဟာ သူတို့တတ်ထားတဲ့စကားနဲ့ ဟောပြောသူတွေ ပိုလိုအပ်နေတဲ့ အိမ်နီးချင်းနိုင်ငံကို ပြောင်းခဲ့တယ်။ လအနည်းငယ်အတွင်းမှာပဲ အုပ်စုသစ်တွေ ဖွဲ့နိုင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ ဝမ်းမြောက်မှုဟာ ယေဟောဝါကြောင့် ဖြစ်တယ်။ ဒါကြောင့် ယေဟောဝါနဲ့ ဆက်လျှောက်လှမ်းပါ။ ဉာဏ်ပညာ၊ လမ်းညွှန်မှု၊ ထောက်မမှု ရဖို့ ဘုရားကို မျှော်ကိုးပါ။ အရင်တာဝန်ကို မြတ်နိုးတာဟာ လူတွေကို ကူညီဖို့ စိတ်နှစ်ထားလို့ဖြစ်ကြောင်း သတိရပါ။ ဒါကြောင့် လက်ရှိတာဝန်မှာလည်း စိတ်နှစ်ထားပါ။ ဒီတာဝန်ကို မြတ်နိုးလာအောင် ယေဟောဝါ ဘယ်လို ကူညီပေးမယ်ဆိုတာ စောင့်ကြည့်ပါ။—ဒေ. ၇:၁၀။ w19.08 ၂၄-၂၅ ¶၁၅-၁၆
သောကြာနေ့၊ ဇူလိုင် ၁၆
[အဖဘုရား]ကို ပိုလို့တောင် လိုလိုလားလား လက်အောက်ခံ. . .သင့်တယ် မဟုတ်လား။ —ဟီ. ၁၂:၉။
ယေဟောဝါဟာ ဖန်ဆင်းရှင်ဖြစ်တယ်။ ဖန်ဆင်းရာတွေအတွက် စံနှုန်းတွေ ချမှတ်ပိုင်ခွင့် ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ လက်အောက်ခံသင့်တယ်။ (ဗျာ. ၄:၁၁) ဘုရားကို နာခံရတဲ့ နောက်အကြောင်းရင်း တစ်ခုကတော့ ဘုရားရဲ့ အုပ်ချုပ်ပုံဟာ အကောင်းဆုံး ဖြစ်လို့ပဲ။ သမိုင်းတစ်လျှောက် လူ့အုပ်စိုးရှင်များစွာ ရှိခဲ့တယ်။ သူတို့နဲ့ယှဉ်ရင် ယေဟောဝါဟာ ဉာဏ်ပညာ၊ မေတ္တာ၊ ကြင်နာမှု၊ ထောက်ထားစာနာမှု အရှိဆုံး အုပ်စိုးရှင် ဖြစ်တယ်။ (ထွ. ၃၄:၆။ ရော. ၁၆:၂၇။ ၁ ယော. ၄:၈) ကိစ္စတိုင်းမှာ ယေဟောဝါကို နာခံဖို့ အတတ်နိုင်ဆုံး ကြိုးစားခြင်း၊ ကိုယ့်သိနားလည်နိုင်စွမ်းကို အားမကိုးခြင်းအားဖြင့် ဘုရားကို ကျွန်တော်တို့ လက်အောက်ခံနေကြတယ်။ (ပညာ. ၃:၅) ယေဟောဝါရဲ့ အရည်အသွေးကောင်းတွေကို ပိုသိလေ လက်အောက်ခံဖို့ ပိုလွယ်ကူလေပဲ။ ဘာကြောင့်လဲဆိုတော့ ဘုရားရဲ့ လုပ်ဆောင်မှုတိုင်းမှာ အဲဒီအရည်အသွေးတွေ ပေါ်လွင်နေလို့ပဲ။ (ဆာ. ၁၄၅:၉) ယေဟောဝါအကြောင်း ပိုသိလေ ယေဟောဝါကို ပိုချစ်လေပဲ။ ယေဟောဝါကို ချစ်မယ်ဆိုရင် ဆောင်ရန်၊ ရှောင်ရန် စည်းမျဉ်းအရှည်ကြီး လိုအပ်မှာ မဟုတ်ဘူး။ w19.09 ၁၄ ¶၁၊ ၃
စနေနေ့၊ ဇူလိုင် ၁၇
ကျွန်တော့်ထမ်းပိုးဟာ ထမ်းလွယ်တယ်။ ဝန်လည်း ပေါ့ပါတယ်။—မ. ၁၁:၃၀။
စာတန်က လူတွေကို သူ့ရဲ့ အလိမ်အညာတွေနဲ့ ဝန်ပိစေတယ်။ ဥပမာ၊ အပြစ်တွေကို ယေဟောဝါ ခွင့်မလွှတ်ဘူး၊ ကျွန်တော်တို့ဟာ ဘုရားရဲ့ မေတ္တာနဲ့ မထိုက်တန်ဘူးလို့ စာတန် ယူဆစေချင်တယ်။ လေးလံလှတဲ့ ဝန်ထုပ်၊ ဆိုးရွားလှတဲ့ အလိမ်အညာတွေပါပဲ။ (ယော. ၈:၄၄) တကယ်တော့ ခရစ်တော်ဆီ သွားတဲ့အခါမှာ ကျွန်တော်တို့ အပြစ်တွေ ခွင့်လွှတ်ခံရတယ်။ (မ. ၁၁:၂၈) ကျွန်တော်တို့အားလုံးကို ယေဟောဝါ အလွန်ချစ်တယ်။ (ရော. ၈:၃၂၊ ၃၈၊ ၃၉) ယေရှု ထမ်းခိုင်းတဲ့ ဝန်ဟာ တခြားဝန်ထုပ်တွေနဲ့ မတူဘူး။ ဥပမာ၊ လူများစွာဟာ တစ်နေ့တာ အလုပ်ပြီးနောက် မောပန်းနွမ်းလျရုံသာမက ကျေနပ်ပျော်ရွှင်မှုလည်း မရကြဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ယေဟောဝါနဲ့ ခရစ်တော်အတွက် အမှုဆောင်ပြီးနောက် အလွန် ကျေနပ်ပျော်ရွှင်ကြတယ်။ မောပန်းနေလို့ ညဘက်မှာ အစည်းအဝေးကို မနည်းကြိုးစားပြီး သွားရတယ်။ ဒါပေမဲ့ အစည်းအဝေးပြီးနောက်မှာတော့ လန်းဆန်းပြီး အားပြည့်လာလေ့ရှိတယ်။ ဟောပြောဖို့၊ ကိုယ်ပိုင်လေ့လာမှုလုပ်ဖို့လည်း ကြိုးစားအားထုတ်ရပေမဲ့ ရတဲ့အကျိုးကျေးဇူးက ကိုယ်သုံးလိုက်တဲ့ အားအင်ထက် များစွာ သာလွန်တယ်။ w19.09 ၂၀ ¶၁။ ၂၃-၂၄ ¶၁၅-၁၆
တနင်္ဂနွေနေ့၊ ဇူလိုင် ၁၈
ယေဟောဝါရဲ့ နေ့ဟာ ညအချိန်မှာ သူခိုးလာသလို လာလိမ့်မယ်။—၁ သက်. ၅:၂။
ယေဟောဝါရဲ့ “နေ့” မစခင် ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်တော်တို့ အလုပ်များနေဖို့ ဘုရား မျှော်လင့်တယ်။ “သခင့်အလုပ်မှာ အမြဲ အလုပ်များနေ” ရမယ်။ (၁ ကော. ၁၅:၅၈) နောက်ဆုံးကာလအတွင်း ဖြစ်မယ့် ထူးခြားတဲ့အရာတွေအကြောင်း ပြောရင်း “အရင်ဆုံး၊ လူမျိုးအားလုံးကို သတင်းကောင်း ဟောရလိမ့်မယ်” လို့ ယေရှု ပြောတယ်။ (မာ. ၁၃:၄၊ ၈၊ ၁၀။ မ. ၂၄:၁၄) အမှုဆောင်သွားတိုင်း အဲဒီကျမ်းစာကြိုဟောချက် ပြည့်စုံရေးမှာ သင် ပါဝင်နေတယ်ဆိုတာကို စဉ်းစားကြည့်လိုက်ပါ။ သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းဟာ နှစ်တိုင်း တိုးတက်နေတယ်။ ဥပမာ၊ နောက်ဆုံးကာလအတွင်း ကမ္ဘာတစ်ဝန်း သတင်းကောင်း ကြေညာသူ အရေအတွက် တိုးတက်မှုအကြောင်း စဉ်းစားကြည့်ပါ။ ၁၉၁၄ တုန်းက ၄၃ နိုင်ငံမှာ ကြေညာသူ ၅၁၅၅ ယောက်ပဲ ရှိတယ်။ အခု နိုင်ငံပေါင်း ၂၄၀ မှာ ကြေညာသူ ၈.၅ သန်းလောက် ရှိတယ်။ ဒါတောင် လုပ်ငန်း မပြီးသေးဘူး။ လူ့ပြဿနာအားလုံးရဲ့ တစ်ခုတည်းသော ဖြေရှင်းနည်း ဖြစ်တဲ့ ဘုရားသခင့် နိုင်ငံတော်အကြောင်း ဆက်ကြေညာနေရမယ်။—ဆာ. ၁၄၅:၁၁-၁၃။ w19.10 ၈ ¶၃။ ၉-၁၀ ¶၇-၈
တနင်္လာနေ့၊ ဇူလိုင် ၁၉
ခင်ဗျားတို့ဟာ အရာရာမှာ ကောင်းချီး ရထားတဲ့အတွက် နည်းမျိုးစုံနဲ့ ရက်ရက်ရောရော ပေးကမ်းနိုင်ကြတယ်။ ဒီနည်းနဲ့ ကျွန်တော်တို့ကြောင့် ဘုရားသခင်ကို ကျေးဇူးတင် ချီးမွမ်းစရာ ဖြစ်စေမယ်။—၂ ကော. ၉:၁၁။
ဘုရင် ဒါဝိဒ်ကို ကူညီဖို့ ဗာဇိလဲကို ယေဟောဝါ အသုံးပြုတယ်။ အဗရှလုံရဲ့ ရန်ကနေ ထွက်ပြေးလာတဲ့ ဒါဝိဒ်နဲ့ သူ့လူတွေဟာ “မောပန်းပြီး ဆာငတ်နေကြ” တယ်။ သက်ကြီးရွယ်အို ဗာဇိလဲဟာ တခြားသူတွေနဲ့အတူ အသက်အန္တရာယ်ကြား ဒါဝိဒ်နဲ့ သူ့လူတွေကို ကူညီပေးတယ်။ အသက်ကြီးလို့ ယေဟောဝါအတွက် အသုံးမဝင်တော့ဘူးလို့ ဗာဇိလဲ မယူဆဘူး။ အကူအညီ လိုအပ်နေတဲ့ ဘုရားကျေးကျွန်တွေကို ရက်ရက်ရောရော ကူညီပေးတယ်။ (၂ ရှ. ၁၇:၂၇-၂၉) ဘာသင်ခန်းစာ ရသလဲ။ ကျွန်တော်တို့ ဘယ်လောက်ပဲ အသက်ကြီးနေပါစေ ကိုယ့်ဒေသမှာ ဒါမှမဟုတ် တိုင်းတစ်ပါးမှာ အခြေခံလိုအပ်ရာတွေ မရှိတဲ့ ညီအစ်ကို/မတွေကို ကူညီဖို့ ကျွန်တော်တို့ကို ယေဟောဝါ အသုံးပြုနိုင်တယ်။ (ပညာ. ၃:၂၇၊ ၂၈။ ၁၉:၁၇) သူတို့ကို တိုက်ရိုက် မကူညီနိုင်ရင်တောင် ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေ ထည့်ဝင်နိုင်တယ်။ ဒါဆို လိုအပ်တဲ့ အချိန်၊ လိုအပ်တဲ့နေရာမှာ အသုံးပြုနိုင်အောင် ကယ်ဆယ်ရေး ရန်ပုံငွေ ရလာနိုင်တယ်။—၂ ကော. ၈:၁၄၊ ၁၅။ w19.10 ၂၁ ¶၆
အင်္ဂါနေ့၊ ဇူလိုင် ၂၀
အချင်းချင်းကို နင်းခြေဖို့ အသင့်ဖြစ်နေတဲ့ အပေါင်းအသင်းတွေ ရှိတယ်။ ညီအစ်ကိုထက် တွယ်တာတဲ့ မိတ်ဆွေလည်း ရှိတယ်။ —ပညာ. ၁၈:၂၄။
ကျွန်တော်တို့ဟာ တစ်ယောက်ယောက်ကြောင့် စိတ်ထိခိုက်ခဲ့ဖူးလို့ တခြားသူကို ရင်ဖွင့်ပြောဖို့ ခက်နိုင်တယ်။ (ပညာ. ၁၈:၁၉) ရင်းနှီးလာအောင် လုပ်ဖို့ အချိန်နဲ့ ခွန်အား မရှိဘူးလို့ ခံစားမိနိုင်တယ်။ ဒါပေမဲ့ လက်မလျှော့သင့်ဘူး။ အခက်အခဲ ကြုံတဲ့အခါ ညီအစ်ကို/မတွေကို အနားမှာ ရှိစေချင်ရင် အခုကတည်းက သူတို့နဲ့ ရင်းနှီးအောင် လုပ်ထားရမယ်။ လုပ်နိုင်တဲ့ နည်းတစ်ခုက ကိုယ့်အတွေးနဲ့ ခံစားချက်တွေကို ပြောပြခြင်းပါပဲ။ (၁ ပေ. ၁:၂၂) ယေရှုက မိတ်ဆွေတွေနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်းအားဖြင့် သူတို့ကို ယုံကြည်စိတ်ချကြောင်း ပြခဲ့တယ်။ (ယော. ၁၅:၁၅) ကျွန်တော်တို့လည်း ပျော်စရာ၊ စိုးရိမ်စရာ၊ စိတ်ပျက်စရာတွေအကြောင်း တခြားသူတွေကို ပြောပြခြင်းအားဖြင့် ယေရှုကို တုပနိုင်တယ်။ ကိုယ့်ကို တစ်ယောက်ယောက် စကားပြောတဲ့အခါ ဂရုစိုက် နားထောင်ပေးပါ။ ဒါဆိုရင် ကိုယ်နဲ့ အတွေး၊ ခံစားချက်၊ ပန်းတိုင်တွေ အတော် ဆင်တူကြောင်း သိလာနိုင်တယ်။ တခြားသူတွေနဲ့ ရင်းရင်းနှီးနှီး ပြောဆိုဖို့ ကိုယ့်ဘက်က အစပြုလုပ်ဆောင်မယ်ဆိုရင် မိတ်ဆွေနှောင်ကြိုး ပိုခိုင်မြဲလာမယ်။—ပညာ. ၂၇:၉။ w19.11 ၄ ¶၈-၉
ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၂၁
ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောခိုင်းတဲ့ စကားပဲ။ —ယေဇ. ၂:၄။
ကြီးစွာသောဒုက္ခအတွင်း ကျွန်တော်တို့ ကြေညာရတဲ့ သတင်း ပြောင်းလဲသွားနိုင်တယ်။ အခုအချိန်မှာ နိုင်ငံတော် သတင်းကောင်း ဟောပြောပြီး တပည့်ဖြစ်စေဖို့ ကြိုးစားနေပေမဲ့ အဲဒီအချိန်မှာတော့ မိုးသီးတွေလို အထိနာစေတဲ့ သတင်းကို ကြေညာရနိုင်တယ်။ (ဗျာ. ၁၆:၂၁) စာတန့်လောက လုံးဝ ဖျက်ဆီးခံရတော့မယ် ဆိုတာကို ကြေညာရမှာ ဖြစ်နိုင်တယ်။ ဘာသတင်း ကြေညာရမယ်၊ ဘယ်လို ကြေညာရမယ်ဆိုတာ အချိန်တန်တဲ့အခါ အတိအကျ သိလာပါလိမ့်မယ်။ အမှုဆောင်လုပ်ငန်းမှာ သုံးခဲ့တဲ့ နည်းတွေကို ပြန်သုံးမလား၊ တခြားနည်းတွေ သုံးမလားဆိုတာကိုတော့ စောင့်ကြည့်ရမယ်။ ဘာပဲဖြစ်ဖြစ် ယေဟောဝါရဲ့ တရားစီရင်ခြင်းသတင်းကို ရဲရင့်စွာ ကြေညာဖို့ ကျွန်တော်တို့ အခွင့်အရေး ရကြပါလိမ့်မယ်။ (ယေဇ. ၂:၃-၅) ကျွန်တော်တို့ ကြေညာတဲ့ သတင်းကြောင့် အစိုးရတွေက ဟောပြောခြင်းလုပ်ငန်း ရပ်တန့်သွားအောင် ကြိုးစားကြလိမ့်မယ်။ အခုအချိန် အမှုဆောင်လုပ်ငန်းမှာ ယေဟောဝါရဲ့ ထောက်မမှုကို အားကိုးသလို အဲဒီအချိန်မှာလည်း ဆက်အားကိုးဖို့ လိုပါလိမ့်မယ်။ အလိုတော် ပြီးမြောက်အောင် ထမ်းဆောင်ဖို့ ဘုရား ခွန်အားပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။—မိ. ၃:၈။ w19.10 ၁၆ ¶၈-၉
ကြာသပတေးနေ့၊ ဇူလိုင် ၂၂
လူတချို့ . . . ယုံကြည်ခြင်းကနေ လမ်းလွဲသွား[ကြတယ်။]—၁ တိ. ၆:၁၀။
“လမ်းလွဲ” ဆိုတဲ့ အသုံးအနှုန်းက မလိုအပ်တဲ့ ပစ္စည်းဥစ္စာတွေ ပိုင်ဆိုင်ဖို့ ကြိုးစားရင်း အာရုံလွဲသွားနိုင်ကြောင်း ဖော်ပြတယ်။ “မိုက်မဲပြီး အန္တရာယ်ရှိတဲ့ အလိုဆန္ဒတွေ” ကျွန်တော်တို့ စိတ်ထဲပေါ်လာနိုင်တယ်။ (၁ တိ. ၆:၉) အဲဒီဆန္ဒတွေကို စိတ်နှလုံးထဲ ဆက်ရှိခွင့်ပြုမယ့်အစား စာတန် သုံးနေတဲ့ လက်နက်တွေအဖြစ် ရှုမြင်သင့်တယ်။ ရုပ်ပစ္စည်းတွေ ဝယ်ဖို့ ငွေကြေးတတ်နိုင်တယ် ဆိုပါစို့။ မလိုအပ်ပေမဲ့ လိုချင်တာကို ဝယ်တာ မှားသလား။ မမှားပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– တစ်ခုခုကို ဝယ်နိုင်တယ်ဆိုရင်တောင် ဒါကို သုံးဖို့၊ ထိန်းသိမ်းဖို့ အချိန်နဲ့ ခွန်အား ရှိရဲ့လား။ ပစ္စည်းဥစ္စာတွေကို အလွန် စွဲလမ်းနေသလား။ ရုပ်ပစ္စည်း စွဲလမ်းစိတ်က ဘုရားအမှုတော်မှာ ပိုပါဝင်ဖို့ ယေရှုရဲ့ ဖိတ်ခေါ်ချက်ကို ငြင်းပယ်တဲ့ လူငယ်လို ဖြစ်သွားစေမလား။ (မာ. ၁၀:၁၇-၂၂) ဘဝကို ရိုးရိုးရှင်းရှင်း ထားတာ၊ တန်ဖိုးရှိတဲ့ အချိန်နဲ့ ခွန်အားကို အလိုတော် ထမ်းဆောင်ရာမှာ သုံးတာ ပိုကောင်းပါတယ်။ w19.11 ၁၇-၁၈ ¶၁၅-၁၆
သောကြာနေ့၊ ဇူလိုင် ၂၃
ဝီရိယရှိသူရဲ့ အစီအစဉ်တွေ ကျိန်းသေ အောင်မြင်လိမ့်မယ်။ —ပညာ. ၂၁:၅။
ဆုံးဖြတ်တဲ့အတိုင်း လုပ်နိုင်ဖို့ “လုပ်ဆောင်နိုင်စွမ်းကို” ဘုရားသခင် ပေးနိုင်တယ်။ (ဖိ. ၂:၁၃) ဒါကြောင့် လုပ်ဆောင်နိုင်စွမ်း ရဖို့၊ သန့်ရှင်းသော စွမ်းအားတော်ကနေ ခွန်အားရဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ အဖြေ ရဖို့ ကြန့်ကြာနေပုံပေါက်ရင်တောင် ဆက်ဆုတောင်းပါ။ “တောင်းမြဲ တောင်းပါ၊ [သန့်ရှင်းသော စွမ်းအားတော်] ရလိမ့်မယ်” လို့ ယေရှု ပြောတယ်။ (လု. ၁၁:၉၊ ၁၃) အဲဒီနောက် ဇယားဆွဲပါ။ လုပ်ငန်းတစ်ခုခုကို အပြီးသတ်နိုင်ဖို့ ဇယား ရှိရမယ်၊ ဇယားအတိုင်း လုပ်ရမယ်။ အလားတူပဲ၊ ဆုံးဖြတ်ချက် ချပြီးပြီဆိုရင် သတ်သတ်မှတ်မှတ် လုပ်ရမယ့် အချက်တွေကို စာရင်းလုပ်ပါ။ လုပ်စရာ သိပ်များလွန်းရင် တစ်ခုချင်းစီ ခွဲလုပ်ဖို့ စီစဉ်ပါ။ တမန်တော် ပေါလုက သူရောက်လာမှ အလှူငွေ ကောက်တာမျိုး မဖြစ်အောင် “သီတင်းပတ်ရဲ့ ပထမနေ့တိုင်း” အလှူငွေကို သီးသန့်ဖယ်ထားဖို့ ကောရိန္သုအသင်းတော်ကို တိုက်တွန်းတယ်။ (၁ ကော. ၁၆:၂) လုပ်စရာတွေကို တစ်ခုချင်းစီ ခွဲလုပ်ဖို့ စီစဉ်ထားရင် မပြီးမှာ စိုးရိမ်စရာ မလိုတော့ဘူး။ w19.11 ၂၉ ¶၁၃-၁၄
စနေနေ့၊ ဇူလိုင် ၂၄
ယေဟောဝါဘုရား၊ နာမတော်ကို သိတဲ့သူတွေ ကိုယ်တော့်ကို ယုံကြည်ကိုးစားကြလိမ့်မယ်။ ကိုယ်တော့်ကို ရှာတဲ့သူတွေကို ကိုယ်တော် ဘယ်တော့မှ မစွန့်ပစ်ဘူး။—ဆာ. ၉:၁၀။
ဘုရားနာမည် သိတဲ့သူ၊ ဘုရား ပြောခဲ့၊ လုပ်ခဲ့တာတချို့အကြောင်း သိတဲ့သူကို ယေဟောဝါကို သိတဲ့သူလို့ ပြောနိုင်တယ်။ ဒါပေမဲ့ သိကျွမ်းဖို့ဆိုရင် ဒီထက်မက လိုအပ်တယ်။ ယေဟောဝါအကြောင်း၊ အံ့ဖွယ်အရည်အသွေးတွေအကြောင်း အချိန်ယူ လေ့လာရမယ်။ ဒါမှ ဘုရား ဘာကြောင့် ပြောတယ်၊ လုပ်တယ်ဆိုတာ နားလည်လာမယ်။ ကိုယ့်အတွေး၊ ဆုံးဖြတ်ချက်၊ လုပ်ရပ်တွေကို ဘုရား ကြိုက် မကြိုက် သိလာမယ်။ ယေဟောဝါ လုပ်စေချင်တာကို သိပြီဆိုရင် သိတဲ့အတိုင်း လုပ်ဖို့ လိုတယ်။ ယေဟောဝါကို ဝတ်ပြုလို့ လှောင်ပြောင်ခံရနိုင်တယ်။ ဆန့်ကျင်မှုတွေ ကြုံရနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါကို ယုံကြည်ကိုးစားရင် ကျွန်တော်တို့ကို ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ဘူး။ ဘုရားနဲ့ တစ်သက်တာ တည်မြဲတဲ့ ဆက်ဆံရေး ရှိလာမယ်။ ဘုရားကို အဲဒီလောက် သိကျွမ်းနိုင်သလား။ သိကျွမ်းနိုင်ပါတယ်။ w19.12 ၁၆-၁၇ ¶၃-၄
တနင်္ဂနွေနေ့၊ ဇူလိုင် ၂၅
သားသမီးတွေဟာ ယေဟောဝါ ပေးတဲ့ အမွေပဲ။—ဆာ. ၁၂၇:၃။
တစ်ခါတလေ မိဘတွေဟာ အခက်အခဲတွေကြောင့် စိတ်ရှုပ်မိနိုင်ပေမဲ့ သားသမီးတွေဟာ ယေဟောဝါ ပေးတဲ့ ဆုလက်ဆောင် ဖြစ်တယ်။ မိဘတွေကို ကူညီပေးဖို့ ယေဟောဝါ အမြဲ အသင့်ရှိတယ်။ မိဘတွေရဲ့ ဆုတောင်းချက်တွေကို အမြဲ နားထောင်ပေးတယ်။ ကျမ်းစာ၊ ကျမ်းစာစာပေ၊ အသင်းတော်မှာရှိတဲ့ ရင့်ကျက်တဲ့ မိဘတွေရဲ့ ပုံသက်သေနဲ့ အကြံဉာဏ်တွေကတစ်ဆင့် ဆုတောင်းချက်တွေကို အဖြေပေးတယ်။ သားသမီး မွေးမြူတာဟာ နှစ် ၂၀ စီမံကိန်းလို့ ပြောကြပေမဲ့ မိဘကတော့ အမြဲ မိဘပါပဲ။ သားသမီးတွေကို ပေးနိုင်တဲ့ အကောင်းဆုံးအရာဟာ မေတ္တာ၊ အချိန်၊ ကျမ်းစာအခြေပြု လေ့ကျင့်မှုပါပဲ။ လေ့ကျင့်မှုကို သားသမီးတွေ တစ်ယောက်တစ်မျိုးစီ တုံ့ပြန်နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါကို ချစ်တဲ့ မိဘတွေရဲ့ ပြုစုပျိုးထောင်မှုကို ခံခဲ့ရသူ များစွာဟာ အာရှမှာနေတဲ့ ဂျိုအဲန်နာမေလို ခံစားရတယ်– “ယေဟောဝါကို ချစ်တတ်လာအောင် မိဘတွေ ဆုံးမသွန်သင်ပေးတဲ့အတွက် သိပ်ကျေးဇူးတင်တယ်။ သူတို့ဟာ ကျွန်မကို အသက်ပေးရုံသာမက အဓိပ္ပာယ်ရှိတဲ့ ဘဝကိုပါ ပေးခဲ့တယ်။” (ပညာ. ၂၃:၂၄၊ ၂၅) ခရစ်ယာန် သန်းပေါင်းများစွာလည်း အလားတူ ခံစားရပါတယ်။ w19.12 ၂၇ ¶၂၁-၂၂
တနင်္လာနေ့၊ ဇူလိုင် ၂၆
ဘုရား ပေးတဲ့ နှစ်သိမ့်မှုအားဖြင့် ဆင်းရဲဒုက္ခ အမျိုးမျိုး ခံရသူတွေကို ပြန်နှစ်သိမ့်ပေး[ပါ။]—၂ ကော. ၁:၄။
နှစ်သိမ့်မှု လိုအပ်နေတဲ့ ညီအစ်ကို/မတွေကို အဝေးကြီးမှာ လိုက်ရှာနေစရာ မလိုပါဘူ။ စိုးရိမ်မှုတွေ ရှိနေရင်တောင် ကိုယ့်ဘက်က အစပြုသင့်တယ်။ ဥပမာ၊ စိတ်ဓာတ်ကျနေသူတစ်ယောက်ကို ဘာပြောရမယ်၊ ဘာလုပ်ပေးရမယ် မသိလို့ စိုးရိမ်မိနိုင်တယ်။ ဒါပေမဲ့ ဂရုစိုက်တတ်သူ ဖြစ်မယ်ဆိုရင် ထိထိရောက်ရောက် နှစ်သိမ့်ပေးနိုင်ပါတယ်။ ဒီအစီအစဉ်စနစ် အဆုံး နီးလာတာနဲ့အမျှ ကမ္ဘာ့အခြေအနေတွေ ပိုဆိုးပြီး ဘဝက ပိုခက်ခဲလာမယ်။ (၂ တိ. ၃:၁၃) အမွေရထားတဲ့ အပြစ်နဲ့ မစုံလင်မှုကြောင့် ပြဿနာတွေ ကြုံနေရမှာ ဖြစ်လို့ အားပေးထောက်မမှု ဆက်လိုနေဦးမှာပဲ။ တမန်တော် ပေါလု အဆုံးအထိ သစ္စာရှိရှိ ခံရပ်နိုင်ခဲ့တာဟာ ခရစ်ယာန်ချင်းတွေဆီက ရခဲ့တဲ့ အားပေးထောက်မမှုကြောင့်ပဲ။ သူတို့ရဲ့ ပုံသက်သေကို တုပခြင်းအားဖြင့် ညီအစ်ကို/မတွေ ယုံကြည်ခြင်း ခိုင်ခံ့နေအောင် ကျွန်တော်တို့ ကူညီပေးနိုင်ပါတယ်။—၁ သက်. ၃:၂၊ ၃။ w20.01 ၁၂-၁၃ ¶၁၇-၁၉
အင်္ဂါနေ့၊ ဇူလိုင် ၂၇
တမန်တော်တွေပါလို့ ပြောပေမဲ့ တကယ် မဟုတ်တဲ့သူတွေကို စစ်ဆေး[တယ်။]—ဗျာ. ၂:၂။
မိမိတို့ကို တခြားသူတွေ အထူးအရေးတယူ ဆက်ဆံဖို့ ဘိသိက်ခံတွေ မမျှော်လင့်ကြဘူး။ (ဖိ. ၂:၂၊ ၃) သူတို့ကို ယေဟောဝါ ဘိသိက်ပေးချိန်မှာ လူအားလုံးကို အသိပေးတာ မဟုတ်ကြောင်း သူတို့ သိတယ်။ ဒါကြောင့် မိမိတို့ ဘိသိက်ခံ ဖြစ်တာကို တခြားသူတွေ ချက်ချင်း မယုံတဲ့အခါ မအံ့သြကြဘူး။ ဘုရားသခင်ဆီက အထူးတာဝန် ရရှိထားတယ်လို့ ပြောသူတိုင်းကို ချက်ချင်း မယုံဖို့ ကျမ်းစာမှာ သတိပေးထားမှန်း သူတို့ သိတယ်။ တခြားသူတွေရဲ့ အထူးအရေးပေးမှုကို မမျှော်လင့်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဘိသိက်ခံပါလို့ ပြောပြီး မိတ်ဆက်မှာ မဟုတ်ဘူး။ အဲဒီအကြောင်း ဝါကြွားပြောဆိုမှာ မဟုတ်ဘူး။ (၁ ကော. ၄:၇၊ ၈) ဘိသိက်ခံတွေဟာ ဆွေးနွေးဖို့ အချင်းချင်းပဲ ပေါင်းသင်းတာ၊ သီးသန့်အုပ်စုဖွဲ့ပြီး ကျမ်းစာလေ့လာတာမျိုး မလုပ်ကြဘူး။ (ဂလ. ၁:၁၅-၁၇) ဘိသိက်ခံတွေ အဲဒီလိုလုပ်ရင် အသင်းတော်မှာ စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်လာလိမ့်မယ်။ ဘုရားလူမျိုးကို ငြိမ်သက်စည်းလုံးစေတဲ့ သန့်ရှင်းသော စွမ်းအားတော်ကိုလည်း ဆန့်ကျင်ရာ ရောက်ပါလိမ့်မယ်။—ရော. ၁၆:၁၇၊ ၁၈။ w20.01 ၂၈ ¶၆-၇
ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၂၈
ဒါတွေ စဖြစ်ပြီဆိုရင် ခင်ဗျားတို့ကို ကယ်တင်မယ့်အချိန် ရောက်ခါနီးပြီ ဖြစ်လို့ မတ်မတ်ရပ်ပြီး ခေါင်းမော့ထားကြပါ။—လု. ၂၁:၂၈။
လူတွေဟာ သူတို့ ကိုးကွယ်တဲ့ဘာသာ ဖျက်ဆီးခံလိုက်ရပေမဲ့ ယေဟောဝါသက်သေတွေရဲ့ ဘာသာ ဖျက်ဆီးမခံရဘဲ ကျန်နေသေးတာကို မြင်တဲ့အခါ ဒေါသထွက်လာကြလိမ့်မယ်။ လူမှုမီဒီယာနဲ့ တခြားနေရာတွေမှာ သူတို့ရဲ့ မုန်းတီးမှုတွေ ဘယ်လောက် ပျံ့နှံ့သွားမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ ဘာသာတရား တစ်ခုပဲ ကျန်နေတဲ့အတွက် ကျွန်တော်တို့ကို တိုင်းနိုင်ငံတွေနဲ့ သူတို့ရဲ့ အုပ်စိုးရှင် စာတန် သိပ်မုန်းနေမယ်။ ကမ္ဘာပေါ်ကနေ ဘာသာတရား အားလုံးကို ဖျက်ဆီးမယ်ဆိုတဲ့ သူတို့ရဲ့ ရည်မှန်းချက် မအောင်မြင်သေးဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ သူတို့ရဲ့ ပစ်မှတ် ဖြစ်လာလိမ့်မယ်။ အဲဒီအချိန်မှာ တိုင်းနိုင်ငံတွေဟာ မာဂေါဂပြည်က ဂေါဂမင်း ဆိုတဲ့ အနေအထားကို ရောက်လာမယ်။ ယေဟောဝါရဲ့ လူမျိုးကို အစွမ်းကုန် ရက်ရက်စက်စက် ပူးပေါင်း တိုက်ခိုက်ကြလိမ့်မယ်။ (ယေဇ. ၃၈:၂၊ ၁၄-၁၆) အသေးစိတ် အချက်တွေကို အတိအကျ မသိလို့ ကျွန်တော်တို့ စိုးရိမ်မိနိုင်ပေမဲ့ သေချာတာ တစ်ခုကတော့ ကြီးစွာသောဒုက္ခကို ကြောက်ဖို့ မလိုပါဘူး။ ကယ်တင်ခြင်း ရစေတဲ့ ညွှန်ကြားချက်တွေကို ယေဟောဝါ ပေးပါလိမ့်မယ်။—ဆာ. ၃၄:၁၉။ w19.10 ၁၆-၁၇ ¶၁၀-၁၁
ကြာသပတေးနေ့၊ ဇူလိုင် ၂၉
ယေဟောဝါဘုရား၊ ကိုယ်တော်ရဲ့ လုပ်ဆောင်မှုတွေ၊ အံ့ဖွယ်အမှုတွေ၊ ကျွန်တော်တို့နဲ့ပတ်သက်တဲ့ အကြံအစည်တွေဟာ များပြားလိုက်တာ။ —ဆာ. ၄၀:၅။
ယေဟောဝါကို ကျေးဇူးတင်တဲ့စိတ် ရှိရုံသာမက ကျေးဇူးတင်ကြောင်း စကားနဲ့ရော လုပ်ရပ်နဲ့ပါ ဖော်ပြရမယ်။ ဒါက ဒီနေ့ခေတ် လူများစွာနဲ့ ကွာခြားစေတယ်။ ဘုရား လုပ်ပေးထားတာတွေအတွက် ကျေးဇူးမတင်တတ်သူတွေကြားမှာ ကျွန်တော်တို့ အသက်ရှင်နေရတယ်။ ကျေးဇူးကန်းသူတွေ များလာတာဟာ “နောက်ဆုံးကာလ” မှာ အသက်ရှင်နေရတယ်ဆိုတဲ့ သက်သေတစ်ခုပဲ။ (၂ တိ. ၃:၁၊ ၂) အဲဒီလို သဘောထားမျိုး ကျွန်တော်တို့ မတင်ပြချင်ကြဘူး။ ယေဟောဝါက မိမိရဲ့ သားသမီးတွေကို အချင်းချင်း သင့်မြတ်စေချင်တယ်။ အချင်းချင်း ချစ်တဲ့ မေတ္တာဟာ ခရစ်ယာန်စစ်တွေရဲ့ အမှတ်အသား ဖြစ်တယ်။ (ယော. ၁၃:၃၅) “ညီအစ်ကိုတွေ စည်းစည်းလုံးလုံး အတူနေထိုင်ကြတာ ကောင်းလိုက်တာ။ ကြည်နူးစရာ ကောင်းလိုက်တာ” လို့ ပြောခဲ့တဲ့ ဆာလံဆရာလို ကျွန်တော်တို့ ခံစားရတယ်။ (ဆာ. ၁၃၃:၁) ညီအစ်ကို/မတွေကို ချစ်တာက ယေဟောဝါကို ချစ်ကြောင်း ဖော်ပြရာရောက်တယ်။ (၁ ယော. ၄:၂၀) ‘အချင်းချင်း သနားကြင်နာပြီး ကရုဏာပြတဲ့’ ညီအစ်ကို/မတွေနဲ့ မိသားစုဝင် ဖြစ်ရတာ အလွန်ကြည်နူးစရာပါပဲ။—ဧ. ၄:၃၂။ w20.02 ၉ ¶၆-၇
သောကြာနေ့၊ ဇူလိုင် ၃၀
ယေဟောဝါက ဟန္နကို သတိရ[တယ်။] —၁ ရှ. ၂:၂၁။
ဟန္နကို စိုးရိမ်ပူပန်စေတဲ့ ပြဿနာတွေ ချက်ချင်း ပြေလည်သွားတာ မဟုတ်ဘူး။ ပေနိန္နနဲ့ တစ်အိမ်တည်းမှာ ဆက်နေရတယ်။ ပေနိန္နရဲ့ သဘောထား ပြောင်းလဲသွားတယ်လို့ ကျမ်းစာမှာ မဖော်ပြထားဘူး။ ဒါကြောင့် ပြိုင်ဖက် စကားနာထိုးတာကို ဟန္န ဆက်ခံရပုံရှိတယ်။ ဒါပေမဲ့ စိတ်ငြိမ်သက်မှုကို ဆက်ထိန်းထားနိုင်ခဲ့တယ်။ ကိစ္စရပ်တွေကို ယေဟောဝါလက်ထဲ အပ်ပြီးနောက် ဟန္န မစိုးရိမ်တော့ဘူး။ ယေဟောဝါကိုပဲ ယုံကြည်အားကိုးခဲ့တယ်။ နောက်ပိုင်း၊ ယေဟောဝါက ဟန္နကို သားသမီး မွေးဖွားခွင့် ကောင်းချီးပေးခဲ့တယ်။ (၁ ရှ. ၁:၂၊ ၆၊ ၇၊ ၁၇-၂၀) ကျွန်တော်တို့လည်း စိုးရိမ်ပူပန်စေတဲ့ ပြဿနာတွေ ဆက်ရှိနေရင်တောင် စိတ်ငြိမ်သက်မှု ပြန်ရနိုင်တယ်။ ပြင်းပြင်းပြပြ ဆုတောင်းပြီး အစည်းအဝေးတွေ ပုံမှန်တက်နေပေမဲ့ တချို့ပြဿနာတွေကတော့ ဆက်ရှိနေမှာပဲ။ ဒါပေမဲ့ ဟန္နဆီကနေ သိရတဲ့အတိုင်း စိုးရိမ်ပူပန်နေတဲ့ စိတ်နှလုံးကို သက်သာအောင် လုပ်ပေးဖို့ ဘာကမှ ယေဟောဝါကို မတားဆီးနိုင်ဘူး။ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်တော့မှ မမေ့ဘူး။ ကျွန်တော်တို့ရဲ့ သစ္စာရှိမှုအတွက် အနှေးနဲ့ အမြန် ဆုချပါလိမ့်မယ်။—ဟီ. ၁၁:၆။ w20.02 ၂၂ ¶၉-၁၀
စနေနေ့၊ ဇူလိုင် ၃၁
ဉာဏ်ပညာရှိသူကို ဝေမျှပါ။ သူ ဉာဏ်ပညာ ပိုရှိလာလိမ့်မယ်။—ပညာ. ၉:၉။
ပညာရှိရှိ ပြုမူဖို့ ကူညီပေးနိုင်တဲ့ ကျမ်းစာမူတွေကို အကြီးအကဲတွေ ပြောပြကြတယ်။ လိုအပ်တဲ့အခါ သူတို့ သတ္တိရှိရှိ စကားပြောဖို့ ဘာကြောင့် အလွန်အရေးကြီးသလဲ။ ဧလိရဲ့ အဖြစ်ကို သုံးသပ်ကြည့်ပါ။ ပုရောဟိတ်မင်း ဧလိမှာ သိပ်ချစ်ရတဲ့ သားနှစ်ယောက် ရှိတယ်။ ဒါပေမဲ့ အဲဒီသားတွေဟာ ယေဟောဝါကို မလေးစားကြဘူး။ တဲတော်မှာ ပုရောဟိတ်အဖြစ် အရေးကြီးတဲ့ တာဝန်ကို ထမ်းဆောင်ရပေမဲ့ အခွင့်အာဏာကို အလွဲသုံးစား လုပ်ကြတယ်။ ယေဟောဝါဆီ ဆက်သတဲ့ အလှူတွေကို မလေးမစား လုပ်ကြတယ်။ ပြောင်ကျကျ လိင်အကျင့်ယိုယွင်းကြတယ်။ (၁ ရှ. ၂:၁၂-၁၇၊ ၂၂) မောရှေပညတ်အရ ဧလိရဲ့ သားတွေဟာ သေဒဏ် ခံထိုက်ပေမဲ့ ဧလိက ခပ်ပျော့ပျော့ပဲ ဆုံးမပြီး တဲတော်မှာ အမှုဆောင်ဖို့ ဆက်ခွင့်ပြုထားတယ်။ (တရား. ၂၁:၁၈-၂၁) ဧလိရဲ့ ကိုင်တွယ်ပုံကို ယေဟောဝါ ဘယ်လို ရှုမြင်သလဲ။ “ဘာလို့ မင်းရဲ့သားတွေကို ငါ့ထက် ချီးမြှောက်နေရတာလဲ” လို့ ဧလိကို ပြောတယ်။ အဲဒီလူဆိုးနှစ်ယောက်ကို သတ်ပစ်ဖို့ ယေဟောဝါ ဆုံးဖြတ်လိုက်တယ်။—၁ ရှ. ၂:၂၉၊ ၃၄။ w20.03 ၁၉ ¶၄-၅