ဩဂုတ်
တနင်္ဂနွေနေ့၊ ဩဂုတ် ၁
ကျွန်တော့်ကို စေလွှတ်တဲ့အရှင်ဟာ ကျွန်တော်နဲ့အတူ ရှိတယ်။ . . . ကျွန်တော့်ကို . . . စွန့်ပစ်မှာ မဟုတ်ဘူး။—ယော. ၈:၂၉။
နှိပ်စက်ညှဉ်းပန်းမှုကို သစ္စာရှိရှိ ခံရပ်ခြင်းက ဖခင်ကို စိတ်ရွှင်လန်းစေမှန်း ယေရှု သိလို့ စိတ်ငြိမ်သက်နေတယ်။ ခက်ခဲချိန်မှာတောင် ဖခင်ကို နာခံတယ်။ ဖခင်ကို ချစ်ပြီး ဘဝမှာ အမှုဆောင်လုပ်ငန်းကို အဓိက ထားတယ်။ မြေကြီးပေါ် မလာခင်တုန်းက “ကျွမ်းကျင်လုပ်သား” အဖြစ် ဘုရားနဲ့အတူ လုပ်ဆောင်ခဲ့တယ်။ (ပညာ. ၈:၃၀) မြေကြီးပေါ်မှာလည်း ဖခင်အကြောင်း ထက်သန်စွာ သွန်သင်ပေးတယ်။ (မ. ၆:၉။ ယော. ၅:၁၇) အဲဒါက ယေရှုကို ကျေနပ်ပျော်ရွှင်စေတယ်။ (ယော. ၄:၃၄-၃၆) ကျွန်တော်တို့လည်း ယေဟောဝါကို နာခံခြင်း၊ “သခင့်အလုပ်မှာ အမြဲအလုပ်များနေ” ခြင်းအားဖြင့် ယေရှုကို တုပနိုင်တယ်။ (၁ ကော. ၁၅:၅၈) “ဟောပြောတဲ့ အလုပ်ကိုပဲ အာရုံစိုက်” မယ်ဆိုရင် ပြဿနာတွေ ကြုံရတဲ့အခါ အပြုသဘော ပိုရှိနိုင်မယ်။ (တ. ၁၈:၅) ဥပမာ၊ ကိုယ့်ထက် အခြေအနေ ပိုဆိုးသူတွေကို အမှုဆောင်မှာ ကြုံရလေ့ရှိတယ်။ ဒါပေမဲ့ သူတို့ဟာ ယေဟောဝါကို သိပြီး ချစ်လာတဲ့အခါ၊ ဘုရားရဲ့ သွန်သင်ချက်တွေကို လိုက်နာတဲ့အခါ ဘဝ တိုးတက်ပျော်ရွှင်လာတယ်။ အဲဒါကို မြင်ရတိုင်း ကျွန်တော်တို့ကို ယေဟောဝါ စောင့်ရှောက်မယ်ဆိုတာ ပိုယုံကြည်စိတ်ချလာတယ်။ w19.04 ၁၀-၁၁ ¶၈-၉
တနင်္လာနေ့၊ ဩဂုတ် ၂
မှော်အတတ်လိုက်စားသူများစွာလည်း သူတို့ရဲ့စာစောင်တွေ ယူလာပြီး လူအားလုံးရှေ့မှာ မီးရှို့လိုက်တယ်။—တ. ၁၉:၁၉။
နတ်ဆိုးတွေကို သူတို့ အတတ်နိုင်ဆုံး တွန်းလှန်ခဲ့ကြတယ်။ အလွန်ဈေးကြီးတဲ့ သူတို့ရဲ့ မှော်စာအုပ်တွေကို တခြားသူတွေကို ပေးမယ့်အစား၊ ပြန်ရောင်းမယ့်အစား ဖျက်ဆီးပစ်ကြတယ်။ ငွေကြေးထက် ယေဟောဝါရဲ့ နှစ်သက်မှု ရဖို့ ပိုအလေးထားခဲ့ကြတယ်။ အစောပိုင်းခရစ်ယာန်တွေရဲ့ ပုံသက်သေကို ကျွန်တော်တို့ ဘယ်လို တုပနိုင်သလဲ။ မှော်အတတ်နဲ့ဆက်နွှယ်တာ မှန်သမျှကို ရှင်းထုတ်သင့်တယ်။ အဲဒီအထဲမှာ နတ်ဆိုးတွေရဲ့ရန်ကနေ ကာကွယ်ဖို့ ဝတ်တဲ့၊ ဆောင်ထားတဲ့ အဆောင်ပစ္စည်းတွေ ပါဝင်တယ်။ (၁ ကော. ၁၀:၂၁) ကိုယ်ရွေးချယ်တဲ့ ဖျော်ဖြေမှုကို ဂရုစိုက်ပါ။ ‘ငါကြည့်တဲ့ ရုပ်ရှင်၊ တီဗီအစီအစဉ်တွေမှာ နတ်ဆိုးပညာတွေပါနေသလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။ ကိုယ်ရွေးချယ်တဲ့ ဖျော်ဖြေမှုကို ဆန်းစစ်ပြီး ယေဟောဝါ မုန်းတဲ့အရာ မှန်သမျှကို ဝေးဝေးရှောင်ဖို့ စိတ်ပိုင်းဖြတ်ထားပါ။ ဘုရားရှေ့မှာ “ကြည်လင်တဲ့ အမှားအမှန်သိစိတ်” ရှိဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။—တ. ၂၄:၁၆။ w19.04 ၂၂-၂၃ ¶၁၀-၁၂
အင်္ဂါနေ့၊ ဩဂုတ် ၃
အသင်းတော် အကြီးအကဲတွေကို ခေါ်ပါစေ။—ယာ. ၅:၁၄။
တစ်ယောက်ယောက်က ကြီးလေးတဲ့အပြစ် ကျူးလွန်ထားကြောင်း အကြီးအကဲတွေ သတင်းရတဲ့အခါ စဉ်းစားသုံးသပ်ရမယ့်အချက် အတော်များများ ရှိလာတယ်။ ဘုရားသခင့်နာမည် သန့်ရှင်းမြင့်မြတ်စေဖို့ အဓိကထားကြတယ်။ (ဝတ်. ၂၂:၃၁၊ ၃၂။ မ. ၆:၉) အသင်းတော်မှာ ရှိတဲ့ ညီအစ်ကို/မတွေရဲ့ ကောင်းကျိုးကိုလည်း ထည့်စဉ်းစားပေးကြတယ်။ မတော်မတရားပြုခံရသူကို ကူညီပေးချင်ကြတယ်။ အပြစ်ကျူးလွန်သူဟာ အသင်းတော်ထဲက ဖြစ်မယ်ဆိုရင် သူ ဘုရားနဲ့ ဆက်ဆံရေး ပြန်ကောင်းလာအောင် ဖြစ်နိုင်တဲ့အခါတိုင်း အကြီးအကဲတွေ ကူညီပေးကြတယ်။ (ယာ. ၅:၁၄၊ ၁၅) မှားယွင်းတဲ့ဆန္ဒကို အလျှော့ပေးပြီး ကြီးလေးတဲ့အပြစ် ကျူးလွန်တဲ့ ခရစ်ယာန်ဟာ ဘုရားရေးရာမှာ ဖျားနာနေသူ ဖြစ်တယ်။ အဲဒါက ဘုရားနဲ့ ဆက်ဆံရေး မကောင်းတော့တာကို ဆိုလိုတယ်။ အကြီးအကဲတွေဟာ ဘုရားရေးရာဘက်မှာ ဆရာဝန်တွေပါပဲ။ “လူနာ [အပြစ်ပြုသူ] ကို ကျန်းမာစေ” ဖို့ ကြိုးစားကြတယ်။ ကျမ်းစာကို အခြေခံတဲ့ သူတို့ရဲ့ ဆုံးမမှုဟာ အပြစ်ပြုသူကို ဘုရားနဲ့ ဆက်ဆံရေး ပြန်ကောင်းလာစေဖို့ ကူညီပေးနိုင်ပေမဲ့ အပြစ်ပြုသူ စစ်မှန်တဲ့နောင်တ ရမှဖြစ်မယ်။—တ. ၃:၁၉။ ၂ ကော. ၂:၅-၁၀။ w19.05 ၁၀ ¶၁၀-၁၁
ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၄
ဘုရားသခင်ဟာ ခင်ဗျားတို့ကို အစွမ်းခွန်အား ဖြည့်ပေး . . . တဲ့အရှင်၊ လုပ်ဆောင်ချင်စိတ်သာမက လုပ်ဆောင်နိုင်စွမ်းကိုပါ ပေးသနားတဲ့အရှင်ပဲ။—ဖိ. ၂:၁၃။
ယေဟောဝါက ကျွန်တော်တို့ကို လုပ်ဆောင်ချင်စိတ် ပေးနိုင်တယ်။ အသင်းတော်အတွင်း၊ အပြင်မှာ အကူအညီ လိုနေတာ တစ်ခုခုကို ကျွန်တော်တို့ သိလာတာ ဖြစ်နိုင်တယ်။ အဲဒီအခါ ‘ငါ ဘယ်လို ကူညီနိုင်မလဲ’ လို့ တွေးမိမှာပဲ။ ခက်ခဲတဲ့ တာဝန်တစ်ခု ရတဲ့အခါ လုပ်နိုင်ပါ့မလားလို့ တွေးမိတာ ဖြစ်နိုင်တယ်။ ကျမ်းပိုဒ်တချို့ ဖတ်ပြီးနောက် ‘တခြားသူတွေကို ကူညီတဲ့အခါ ဒီကျမ်းချက်ကို ဘယ်လို သုံးမလဲ’ လို့ တွေးမိနိုင်တယ်။ ဘာတွေ ထပ်လုပ်နိုင်သေးသလဲလို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်နေတာကို ယေဟောဝါ မြင်တဲ့အခါ လုပ်ဆောင်ချင်စိတ် ရှိလာအောင် ကူညီပေးနိုင်တယ်။ လုပ်ဆောင်နိုင်စွမ်းကိုလည်း ပေးနိုင်တယ်။ (ဟေရှာ. ၄၀:၂၉) ကျွန်တော်တို့ရဲ့ ပင်ကိုစွမ်းရည် တိုးတက်အောင် သန့်ရှင်းသော စွမ်းအားတော်အားဖြင့် ကူညီပေးနိုင်တယ်။ (ထွ. ၃၅:၃၀-၃၅) တာဝန်တွေကို ဘယ်လို ထမ်းဆောင်ရမယ်ဆိုတာ အဖွဲ့အစည်းကတစ်ဆင့် သင်ပေးနိုင်တယ်။ သင့်တာဝန်ကို ဘယ်လို ထမ်းဆောင်ရမှန်း မသိ ဖြစ်နေရင် အကူအညီ တောင်းပါ။ “သာမန်ထက်ထူးကဲတဲ့ တန်ခိုး” ပေးဖို့ ရက်ရောတဲ့ အဖဘုရားဆီ အချိန်မရွေး တောင်းဆိုပါ။—၂ ကော. ၄:၇။ လု. ၁၁:၁၃။ w19.10 ၂၁ ¶၃-၄
ကြာသပတေးနေ့၊ ဩဂုတ် ၅
လူတွေဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူ [ဖြစ်လိမ့်မယ်။]—၂ တိ. ၃:၂။
လောကက တစ်ကိုယ်ကောင်းစိတ်ကို အားပေးအားမြှောက်လုပ်တယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ “ဘဝအောင်မြင်နည်း စာအုပ်တွေ အများကြီး ထုတ်ဝေခဲ့တယ်” လို့ စာအုပ်တစ်အုပ်မှာ ပြောတယ်။ စာအုပ်တချို့က “ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်း လက်ခံပြီး ဂုဏ်ယူလိုက်ပါလို့ စာဖတ်သူတွေကို အားပေးတယ်။” “သင်ဟာ အလှဆုံး၊ အတော်ဆုံး၊ တန်ဖိုးအရှိဆုံးဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ချစ်ပါ” လို့ စာအုပ်တစ်အုပ်က ဆိုတယ်။ “ကိုယ့်ကိုယ်ကိုယ်သာ ကိုးကွယ်ရာအဖြစ် ယူမှတ်ပြီး ကိုယ့်သိစိတ်အတိုင်း ဆုံးဖြတ် လုပ်ကိုင်ဖို့၊ စိတ်စေညွှန်ရာအတိုင်း လိုက်လုပ်ဖို့” အားပေးတယ်။ အဲဒီလို အတွေးအခေါ်မျိုးကို သင် ကြားဖူးသလား။ အဲဒီလို လုပ်ဖို့ ဧဝကို စာတန် အားပေးခဲ့တယ်။ “အကောင်းအဆိုးကို သိလာပြီး ဘုရားလို ဖြစ်လာမယ်” လို့ ပြောတယ်။ (က. ၃:၅) ဒီနေ့လည်း လူများစွာက ကိုယ့်ရှုမြင်ချက်ကသာ အကောင်းဆုံးဖြစ်ပြီး အမှားအမှန်ကို ဘုရားကတောင် လာပြောစရာ မလိုဘူးလို့ ထင်မှတ်ကြတယ်။ အထူးသဖြင့် အိမ်ထောင်နဲ့ပတ်သက်တဲ့ ရှုမြင်ပုံမှာ ဒီသဘောထားတွေ ပေါ်လွင်နေတယ်။ w19.05 ၂၃ ¶၁၀-၁၁
သောကြာနေ့၊ ဩဂုတ် ၆
ကျွန်တော် သောကရောက်ပြီး အကြီးအကျယ် စိတ်ဓာတ်ကျနေတယ်။ ဝမ်းနည်းပက်လက်နဲ့ တစ်နေ့လုံး လျှောက်သွားနေတယ်။—ဆာ. ၃၈:၆။
ဘုရင်ဒါဝိဒ် ဖိစီးမှုတွေ ကြုံရတဲ့ အချိန်တွေ ရှိတယ်။ သူကြုံရတဲ့ အခက်အခဲတွေကို စဉ်းစားကြည့်ပါ။ ပြုမိတဲ့ အမှားတွေကြောင့် ဝန်ပိနေတယ်။ (ဆာ. ၄၀:၁၂) ချစ်ရတဲ့သား အဗရှလုံက သူ့ကို ပုန်ကန်ပြီး အသတ်ခံလိုက်ရတယ်။ (၂ ရှ. ၁၅:၁၃၊ ၁၄။ ၁၈:၃၃) အရင်းနှီးဆုံး မိတ်ဆွေက သစ္စာဖောက်သွားတယ်။ (၂ ရှ. ၁၆:၂၃–၁၇:၂။ ဆာ. ၅၅:၁၂-၁၄) ဒါဝိဒ်ရေးတဲ့ ဆာလံသီချင်းများစွာမှာ သူ့ရဲ့ စိတ်ဓာတ်ကျမှုနဲ့ ယေဟောဝါအပေါ် ယုံကြည်ကိုးစားမှုကို ဖော်ပြထားတယ်။ (ဆာ. ၃၈:၅-၁၀။ ၉၄:၁၇-၁၉) နောက်ပိုင်း ဆာလံဆရာတစ်ယောက်က လူဆိုးတွေကို မနာလိုဖြစ်မိတယ်။ သူဟာ လေဝိအမျိုးသား အာသပ်ရဲ့ သားမြေး ဖြစ်နိုင်တယ်။ “ဘုရားသခင်ရဲ့ ခမ်းနားတဲ့ သန့်ရှင်းရာဌာနတော်” မှာ အမှုဆောင်နေသူဖြစ်တယ်။ ဒါပေမဲ့ စိတ်ဖိစီးမှုကြောင့် ပျော်ရွှင်ကျေနပ်မှု မရှိတော့ဘူး။ ဘုရားအမှုဆောင်ခြင်းကနေ ရတဲ့ ကောင်းချီးတွေကိုတောင် သံသယဝင်လာတယ်။—ဆာ. ၇၃:၂-၅၊ ၇၊ ၁၂-၁၄၊ ၁၆၊ ၁၇၊ ၂၁။ w19.06 ၁၇ ¶၁၂-၁၃
စနေနေ့၊ ဩဂုတ် ၇
စာတန်ရဲ့ အကြံအစည်တွေကို ကျွန်တော်တို့ မသိတာမှ မဟုတ်တာ။—၂ ကော. ၂:၁၁။
စာတန်က သဘာဝလိုအင်ဆန္ဒကို သုံးပြီး ဆွဲဆောင်တယ်။ ကျွန်တော်တို့အားလုံးမှာ ကိုယ်တိုင်နဲ့ မိသားစုကို ထောက်ပံ့နိုင်ဖို့ အတတ်ပညာတစ်ခုခု သင်ယူလိုတဲ့ဆန္ဒ ရှိကြတယ်။ (၁ တိ. ၅:၈) အဲဒီလိုဖြစ်ဖို့ ကျောင်းတက်ပြီး စာကြိုးစားကြတယ်။ ဒါပေမဲ့ သတိထားရမယ်။ နိုင်ငံများစွာမှာ ပညာရေးစနစ်က အတတ်ပညာသာမက လူ့အတွေးအခေါ်တွေကိုပါ သင်ပေးနေတယ်။ ဘုရားရှိတာကို သံသယ ဝင်စေဖို့၊ ကျမ်းစာကို လေးမြတ်စိတ် လျော့နည်းစေဖို့ ကျောင်းသားတွေကို တွန်းအားပေးတယ်။ ပညာတတ်သူတိုင်း ဆင့်ကဲအယူကို ယုံကြည်ကြတယ်ဆိုပြီး သင်ပေးတယ်။ (ရော. ၁:၂၁-၂၃) အဲဒါတွေက ‘ဘုရားသခင်ရဲ့ ဉာဏ်ပညာ’ နဲ့ ဆန့်ကျင်တယ်။ (၁ ကော. ၁:၁၉-၂၁။ ၃:၁၈-၂၀) စာတန့်လောကရဲ့ “အတွေးအခေါ်တွေ၊ အဓိပ္ပာယ်မဲ့တဲ့ လှည့်ဖြားမှုတွေ” နဲ့ ထောင်ချောက်ဆင် ဖမ်းတာကို မခံဖို့ စိတ်ပိုင်းဖြတ်ထားရမယ်။ (ကော. ၂:၈) စာတန့်နည်းပရိယာယ်တွေကို အမြဲ သတိထားနေရမယ်။ (၁ ကော. ၃:၁၈) ယေဟောဝါနဲ့ပတ်သက်တဲ့ အမြင် ဝေဝါးသွားအောင် လုပ်ဖို့ စာတန်ကို အခွင့်မပေးပါနဲ့။ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေနဲ့အညီ အသက်ရှင်ပါ။ ယေဟောဝါရဲ့ အကြံဉာဏ်ကို လျစ်လျူရှုဖို့ စာတန် လှည့်စားတာကို မခံပါနဲ့။ w19.06 ၅ ¶၁၃။ ၇ ¶၁၇
တနင်္ဂနွေနေ့၊ ဩဂုတ် ၈
ကျွန်တော် မိန့်မှာထားသမျှကို လိုက်နာဖို့ သွန်သင်ပေးကြပါ။—မ. ၂၈:၂၀။
ဘယ်အကြောင်းအရာကိုပဲ ဆွေးနွေးပါစေ အိမ်ရှင်ကို ထည့်စဉ်းစားပါ။ ကျမ်းစာသွန်သင်ချက်ကနေ သူတို့ ဘယ်လို အကျိုးရမယ်ဆိုတာ စဉ်းစားပါ။ သူတို့ပြောတာကို နားထောင်ဖို့၊ သူတို့ရဲ့ အမြင်ကို လေးစားဖို့ အရေးကြီးတယ်။ ဒါမှ သူတို့အကြောင်း ပိုသိလာပြီး သူတို့လည်း ကိုယ်ပြောတာကို ပိုနားထောင်လာမယ်။ ကျမ်းစာလေ့လာတဲ့ အဆင့်အထိ ရောက်ဖို့ဆိုရင် အချိန်နဲ့ ခွန်အားများစွာ စိုက်ထုတ်ပြီး ပြန်လည်ပတ်ဖို့ လိုနိုင်တယ်။ ဘာကြောင့်လဲ။ ကိုယ်ပြန်သွားတဲ့အခါ သူတို့ အိမ်မှာ ရှိချင်မှရှိမှာ ဖြစ်လို့ပဲ။ အဲဒီအပြင် ကျမ်းစာလေ့လာမှု လက်ခံလာတဲ့အထိ ရင်းနှီးအောင် အကြိမ်ကြိမ် ပြန်လည်ပတ်ဖို့ လိုနိုင်တယ်။ ပုံမှန် ရေလောင်းမှ အပင်တစ်ပင်ဟာ ကြီးထွားလာမယ်။ အလားတူပဲ၊ စိတ်ဝင်စားသူနဲ့ ပုံမှန် ကျမ်းစာလေ့လာမှ သူ့မှာ ယေဟောဝါနဲ့ ခရစ်တော်ကို ချစ်တဲ့စိတ် တိုးလာမယ်။ w19.07 ၁၄ ¶၁။ ၁၅-၁၆ ¶၇-၈
တနင်္လာနေ့၊ ဩဂုတ် ၉
လူသားကြောင့် လူတွေရဲ့ အမုန်းခံရ၊ အပယ်ခံရ၊ ကဲ့ရဲ့ခံရ၊ နာမည်ဖျက်ခံရတဲ့အခါတိုင်း ခင်ဗျားတို့ ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်။ —လု. ၆:၂၂။
ယေရှု ဘာကို ဆိုလိုသလဲ။ မုန်းတီးခံရတာကို ခရစ်ယာန်တွေ နှစ်သက်တယ်လို့ ယေရှု ဆိုလိုနေတာ မဟုတ်ဘူး။ အဲဒီအစား လက်တွေ့ကျကျ ပြောနေတာပါ။ ကျွန်တော်တို့ဟာ လောကနဲ့ မပတ်သက်ဘူး။ ယေရှုရဲ့ သွန်သင်ချက်တွေအတိုင်း အသက်ရှင်ပြီး ယေရှု ဟောခဲ့တဲ့ သတင်းကို ဟောနေကြတာ။ ဒါကြောင့် လောက,က ကျွန်တော်တို့ကို မုန်းတယ်။ (ယော. ၁၅:၁၈-၂၁) ယေဟောဝါကို ချစ်လို့ ကျွန်တော်တို့ကို လူတွေ မုန်းမယ်ဆိုရင် သူတို့သဘောပဲ။ ကျွန်တော်တို့ကတော့ ကိုယ့်ရဲ့တန်ဖိုးကို လူတွေရဲ့ နှစ်သက်မှုနဲ့ တိုင်းတာမှာ မဟုတ်ဘူး။ ဘယ်အချိန်မှာ နှိပ်စက်ညှဉ်းပန်းခံရမယ်၊ ပိတ်ပင်ခံရမယ်ဆိုတာ ကျွန်တော်တို့ မသိဘူး။ ဒါပေမဲ့ ယေဟောဝါနဲ့ ပိုရင်းနှီးအောင် လုပ်ဆောင်ခြင်း၊ သတ္တိ တိုးများအောင် လုပ်ဆောင်ခြင်း၊ လူတွေရဲ့ မုန်းတီးမှုကို ရင်ဆိုင်ဖြေရှင်းတတ်အောင် သင်ယူခြင်းအားဖြင့် အခုကတည်းက အသင့်ပြင်ဆင်ထားနိုင်တယ်။ အခုကတည်းက အသင့်ပြင်ဆင်ထားရင် အနာဂတ်မှာ အခိုင်အမာ ရပ်တည်နိုင်ပါလိမ့်မယ်။ w19.07 ၆ ¶၁၇-၁၈။ ၇ ¶၂၁
အင်္ဂါနေ့၊ ဩဂုတ် ၁၀
ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်မယ်ဆိုရင် ဘုရားသခင် တည်ရှိတယ်ဆိုတာ ယုံကြည်ရမယ်။—ဟီ. ၁၁:၆။
ဘာသာတရားမဲ့သူတွေနဲ့ ကျမ်းစာလေ့လာတဲ့အခါ ဘုရားရှိတာကို ပိုယုံကြည်လာအောင် အဆက်မပြတ် ကူညီပေးရမယ်။ ကျမ်းစာကို ယုံကြည်လာအောင်လည်း ကူညီပေးရမယ်။ အဲဒီလို ကူညီဖို့ အချက်တချို့ကို အထပ်ထပ် ပြောဖို့ လိုနိုင်တယ်။ ကျမ်းစာဟာ ဘုရားသခင့်စကားတော် ဖြစ်ကြောင်း အထောက်အထားတွေကို ကျမ်းစာလေ့လာချိန်တိုင်းမှာ ဆွေးနွေးဖို့ လိုနိုင်တယ်။ ပြည့်စုံပြီးသား ကျမ်းစာကြိုဟောချက်တွေ၊ သိပ္ပံနဲ့ သမိုင်းဆိုင်ရာ တိကျမှန်ကန်မှုတွေ၊ လက်တွေ့ကျ အချက်တွေကို ဆွေးနွေးနိုင်တယ်။ ဘာသာတရား ရှိသူကိုဖြစ်စေ၊ မရှိသူကိုဖြစ်စေ မေတ္တာပြခြင်းအားဖြင့် ခရစ်တော်ရဲ့ တပည့် ဖြစ်လာအောင် ကျွန်တော်တို့ ကူညီပေးကြတယ်။ (၁ ကော. ၁၃:၁) ပန်းတိုင်ကတော့ ဘုရားက ကျွန်တော်တို့ကို ချစ်ကြောင်း၊ မိမိကို ပြန်ချစ်စေချင်ကြောင်း သိလာစေဖို့ပဲ။ ဘာသာရေးကို စိတ်မဝင်စားသူ ထောင်ပေါင်းများစွာဟာ ဘုရားကို ချစ်လာတဲ့အတွက် နှစ်တိုင်း နှစ်ခြင်းခံနေကြတယ်။ ဒါကြောင့် အပြုသဘော ရှိပါ။ လူအမျိုးမျိုးကို မေတ္တာပြပါ။ စိတ်ဝင်စားပါ။ နားထောင်ပေးပါ။ နားလည်ပေးပါ။ ခရစ်တော်ရဲ့ တပည့်ဖြစ်လာအောင် ပုံသက်သေနဲ့ သွန်သင်ပေးပါ။ w19.07 ၂၄ ¶၁၆-၁၇
ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၁၁
ကောင်းမှုပြုဖို့၊ ကိုယ့်မှာ ရှိတာကို သူတစ်ပါးကို ဝေမျှဖို့ မမေ့ပါနဲ့။ ဘာလို့လဲဆိုတော့ အဲဒီလိုပူဇော်သက္ကာတွေကို ဘုရားသခင် နှစ်သက်တယ်။—ဟီ. ၁၃:၁၆။
ရှလုံရဲ့ သမီးတွေကို ဂျေရုဆလင်မြို့ရိုး ပြုပြင်ရေးမှာ ယေဟောဝါ အသုံးပြုခဲ့တယ်။ (နေ. ၂:၂၀။ ၃:၁၂) ရှလုံဟာ အုပ်ချုပ်ရေးမှူး ဖြစ်ပေမဲ့ သူ့ရဲ့ သမီးတွေက ခက်ခဲပြီး အန္တရာယ်များတဲ့ အဲဒီအလုပ်ကို လုပ်ဖို့ လိုလိုလားလား ရှိကြတယ်။ (နေ. ၄:၁၅-၁၈) အခုအချိန်မှာလည်း ယေဟောဝါဆီ အပ်နှံထားတဲ့ အဆောက်အအုံတွေကို ဆောက်လုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းမှာ ညီအစ်မတွေ ပျော်ရွှင်စွာ ပါဝင်နေကြတယ်။ ဒါဟာ မြင့်မြတ်တဲ့ အမှုဆောင်လုပ်ငန်းရဲ့ အထူးကဏ္ဍတစ်ခုပဲ။ ဒီလုပ်ငန်း အောင်မြင်ရေးမှာ သူတို့ရဲ့ အစွမ်းအစ၊ ထက်သန်မှု၊ သစ္စာစောင့်သိမှုတွေ မရှိမဖြစ် လိုအပ်တယ်။ ယေဟောဝါက တဗိသကို အထူးသဖြင့် မုဆိုးမတွေအပေါ် “ကောင်းတဲ့အကျင့်၊ ပေးကမ်းစွန့်ကြဲတတ်တဲ့ အကျင့် ရှိ” ဖို့ လှုံ့ဆော်ပေးတယ်။ (တ. ၉:၃၆) သူသေဆုံးတဲ့အခါ သူ့ရဲ့ ရက်ရောမှု၊ ကြင်နာမှုကို သတိရပြီး လူများစွာ ငိုကြွေးကြတယ်။ သူ့ကို တမန်တော် ပေတရု ပြန်ထမြောက်စေတဲ့အခါ သူတို့ သိပ်ပျော်ကြတယ်။ (တ. ၉:၃၉-၄၁) တဗိသဆီကနေ ဘာသင်ယူရသလဲ။ လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ကျွန်တော်တို့အားလုံး ညီအစ်ကို/မတွေကို လက်တွေ့ကျကျ ကူညီပေးနိုင်တယ်။ w19.10 ၂၃ ¶၁၁-၁၂
ကြာသပတေးနေ့၊ ဩဂုတ် ၁၂
ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိ[ကြပါ။] . . . အဲဒီလိုသာ ဖြစ်နေရင် ခင်ဗျားတို့ဟာ . . . အပြစ်တင်စရာရှိမှာ မဟုတ်ဘူး။ သူတစ်ပါးကို တိုက်မိလဲစေမှာ မဟုတ်ဘူး။—ဖိ. ၁:၁၀။
သူတစ်ပါးကို ဘယ်လို တိုက်မိလဲစေနိုင်သလဲ။ ဒီဖြစ်ရပ်ကို စဉ်းစားကြည့်ပါ– ကျမ်းစာသင်သားတစ်ယောက် ကြိုးစားပြီး အရက်ဖြတ်နိုင်ခဲ့တယ်။ လုံးဝ ရှောင်မှ ဖြစ်မယ်ဆိုတာ သူသိတယ်။ တိုးတက်လာပြီး နှစ်ခြင်းခံလိုက်တယ်။ နောက်ပိုင်း ခရစ်ယာန် ပေါင်းသင်းမှုတစ်ခုမှာ သဘောကောင်းတဲ့ အိမ်ရှင်က အရက်နဲ့ ဧည့်ခံရင်း “ချုပ်တည်းခြင်းရှိရင် အရက်ကို တော်သင့်ရုံ သောက်နိုင်ရမှာပေါ့” လို့ ပြောတယ်။ အဲဒီတလွဲအကြံပေးချက်ကိုသာ ညီအစ်ကိုသစ် လက်ခံလိုက်ရင် ဘာဆက်ဖြစ်မယ်ဆိုတာ စဉ်းစားကြည့်နိုင်တယ်။ ဒီနေ့ ကျမ်းချက်မှာပါတဲ့ ညွှန်ကြားချက်ကို လိုက်နာနိုင်ဖို့ အစည်းအဝေးတွေက ကူညီပေးတယ်။ ဘယ်အရာက ယေဟောဝါအတွက် ပိုအရေးကြီးကြောင်း၊ အပြစ်တင်စရာ မရှိသူဖြစ်ဖို့ သိလာတာကို ဘယ်လို လက်တွေ့ ကျင့်သုံးနိုင်အကြောင်း သိမြင်စေတယ်။ ဘုရားသခင်နဲ့ ညီအစ်ကို/မတွေကို ချစ်ဖို့ အားပေးတယ်။ အဲဒီလို ချစ်မယ်ဆိုရင် ညီအစ်ကို/မတွေကို တိုက်မိလဲအောင် မလုပ်မိဖို့ အတတ်နိုင်ဆုံး ရှောင်ပါလိမ့်မယ်။ w19.08 ၁၀ ¶၉။ ၁၁ ¶၁၃-၁၄
သောကြာနေ့၊ ဩဂုတ် ၁၃
ကျွန်တော်ဟာ တမန်တော်တွေထဲမှာ အရေးမပါဆုံးသူပါ၊ ဘုရားသခင်ရဲ့ အသင်းတော်ကို ညှဉ်းဆဲခဲ့လို့ တမန်တော်လို့တောင် အခေါ်မခံထိုက်ဘူး။—၁ ကော. ၁၅:၉။
လူတချို့က ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ရှိပြီး ပွင့်ပွင့်လင်းလင်း ပြောတတ်သူတွေ ဖြစ်တယ်။ ဒါပေမဲ့ မာနကြီးတာတော့ မဟုတ်ဘူး။ (ယော. ၁:၄၆၊ ၄၇) ကျွန်တော်တို့ဟာ ထက်မြက်သူဖြစ်ဖြစ်၊ မဖြစ်ဖြစ် နှိမ့်ချစိတ်ကို ကြိုးစားမွေးမြူရမယ်။ တမန်တော် ပေါလုအကြောင်း သုံးသပ်ကြည့်ပါ။ တစ်မြို့ပြီး တစ်မြို့မှာ အသင်းတော်သစ်တွေ တည်ထောင်ဖို့ ပေါလုကို ယေဟောဝါ အသုံးပြုခဲ့တယ်။ ပေါလုဟာ ယေရှုခရစ်ရဲ့ တမန်တော်အားလုံးထက်တောင် အမှုဆောင်လုပ်ငန်းမှာ ပိုအောင်မြင်တယ်။ ဒါပေမဲ့ ညီအစ်ကိုတွေထက် ကိုယ့်ကိုယ်ကိုယ် မချီးမြှောက်ဘူး။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာဟာ ကိုယ့်အစွမ်းအစ၊ ကိုယ့်ကြိုးစားမှုကြောင့် မဟုတ်ဘဲ ဘုရားရဲ့ မဟာကရုဏာကြောင့်သာ ဖြစ်တယ်လို့ ယူမှတ်တယ်။ (၁ ကော. ၁၅:၁၀) ကောရိန္သုအသင်းတော်မှာ တချို့က ပေါလုထက် သာကြောင်း ပြဖို့ အပြစ်ရှာဝေဖန်နေချိန်မှာတောင် ပေါလု နှိမ့်ချမှု ပြတာကို သူရေးတဲ့စာမှာ တွေ့နိုင်တယ်။ တကယ်ကောင်းတဲ့ ပုံသက်သေပါပဲ။—၂ ကော. ၁၀:၁၀။ w19.09 ၃ ¶၅-၆
စနေနေ့၊ ဩဂုတ် ၁၄
[အဖဘုရား]ကို ပိုလို့တောင် လိုလိုလားလား လက်အောက်ခံ. . .သင့်တယ် မဟုတ်လား။ —ဟီ. ၁၂:၉။
ယေဟောဝါကို လက်အောက်ခံဖို့ ခက်နိုင်တဲ့ အကြောင်းရင်းတစ်ခုကတော့ ကျွန်တော်တို့အားလုံး အပြစ်ကို အမွေရထားပြီး မစုံလင်ကြလို့ပဲ။ ဒါကြောင့် ပုန်ကန်ချင်စိတ်တွေ ရှိနေတယ်။ အာဒံနဲ့ ဧဝဟာ တားမြစ်ထားတဲ့ အသီးကို စားခြင်းအားဖြင့် ဘုရားကို ပုန်ကန်ပြီးနောက် ကိုယ်ပိုင်စံနှုန်းတွေ ချမှတ်ခဲ့တယ်။ (က. ၃:၂၂) ဒီနေ့လည်း လူအများစုဟာ ယေဟောဝါကို လျစ်လျူရှုပြီး အမှားအမှန်ကို ကိုယ်တိုင် ဆုံးဖြတ်နေကြတယ်။ ယေဟောဝါကို သိပြီး ချစ်တဲ့သူတွေတောင် အပြည့်အဝ လက်အောက်ခံဖို့ ခက်နိုင်တယ်။ တမန်တော် ပေါလု အဲဒီလို ဖြစ်ခဲ့တယ်။ (ရော. ၇:၂၁-၂၃) ပေါလုလိုပဲ ကျွန်တော်တို့လည်း ယေဟောဝါရှေ့မှာ မှန်ရာကို လုပ်ချင်ကြတယ်။ ဒါပေမဲ့ အမှားလုပ်ချင်စိတ်ကို မပြတ် တိုက်လှန်နေရမယ်။ ယေဟောဝါကို လက်အောက်ခံဖို့ ခက်နိုင်တဲ့ နောက်အကြောင်းရင်းကတော့ ကြီးပြင်းလာတဲ့ ယဉ်ကျေးမှု လွှမ်းမိုးခံရလို့ပဲ။ လူ့အတွေးအခေါ် အများစုဟာ ယေဟောဝါရဲ့ အလိုတော်နဲ့ ဆန့်ကျင်တယ်။ ဒါကြောင့် သာမန်ပဲလို့ လူအများ ယူဆတဲ့ အတွေးအခေါ်တွေရဲ့ လွှမ်းမိုးမှု မခံရအောင် တိုက်လှန်နေရမယ်။ w19.09 ၁၅ ¶၄-၆
တနင်္ဂနွေနေ့၊ ဩဂုတ် ၁၅
ခင်ဗျားရဲ့ ပစ္စည်းတွေကို သွားရောင်းပြီး ဆင်းရဲသားတွေကို ပေးကမ်းပါ။ . . . ပြီးမှ ကျွန်တော့်နောက်လိုက် လုပ်ပါ။—မာ. ၁၀:၂၁။
ကျွန်တော်တို့ အားလုံးမှာ ခွန်အား အကန့်အသတ်ပဲ ရှိတယ်ဆိုတာကို အသိမှတ်ပြုပြီး ကိုယ့်ခွန်အားကို ပညာရှိရှိ သုံးဖို့ ဂရုစိုက်ရမယ်။ ဥပမာ၊ ပစ္စည်းဥစ္စာတွေ ရဖို့ ကြိုးစားရင်း ကိုယ့်ခွန်အားကို ဖြုန်းတီးမိနိုင်တယ်။ “ထာဝရအသက်ကို အမွေရဖို့ ကျွန်တော် ဘာလုပ်ရမလဲ” လို့ ချမ်းသာတဲ့ လူငယ်တစ်ယောက် ယေရှုကို မေးတယ်။ ယေရှု သူ့ကို ‘ချစ်တယ်’ လို့ မာကုရဲ့ မှတ်တမ်းမှာ ဖော်ပြထားတဲ့အတွက် သူဟာ လူကောင်းဖြစ်ရမယ်။ ဒီနေ့ကျမ်းချက်ပါ စကားအတိုင်း သူ့ကို ယေရှု ဖိတ်ခေါ်တယ်။ ပစ္စည်းဥစ္စာတွေကို မစွန့်နိုင်တဲ့အတွက် လူငယ်ဟာ ဝမ်းနည်းသွားတယ်။ (မာ. ၁၀:၁၇-၂၂) ရလဒ်က ယေရှု ကမ်းလှမ်းတဲ့ ထမ်းပိုးကို ငြင်းပယ်ပြီး “စည်းစိမ်အတွက်” ဆက်အစေခံခဲ့တယ်။ (မ. ၆:၂၄) သင်ဆိုရင်ကော ဘာကို ရွေးချယ်မလဲ။ ဘဝမှာ ဦးစားထားရာတွေကို မကြာခဏ ပြန်ဆန်းစစ်သင့်တယ်။ ဘာကြောင့်လဲ။ အဲဒီလို ပြန်ဆန်းစစ်မှ ကိုယ့်ခွန်အားကို ပညာရှိရှိ သုံးနေသလားဆိုတာ သိနိုင်မယ်။ w19.09 ၂၄ ¶၁၇-၁၈
တနင်္လာနေ့၊ ဩဂုတ် ၁၆
အရင်ဆုံး၊ လူမျိုးအားလုံးကို သတင်းကောင်း ဟောရလိမ့်မယ်။—မာ. ၁၃:၁၀။
ဟောပြောခြင်းလုပ်ငန်း ပြီးပြီလို့ ယေဟောဝါ မပြောမချင်း ဆက်ဟောနေရမယ်။ ယေဟောဝါဘုရားနဲ့ ယေရှုခရစ်အကြောင်း လူတွေ သိလာဖို့ အချိန် ဘယ်လောက် ကျန်သေးသလဲ။ (ယော. ၁၇:၃) ကျွန်တော်တို့ မသိဘူး။ ကြီးစွာသောဒုက္ခ မစမချင်း “ထာဝရအသက် ရဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားတဲ့သူတွေ” သတင်းကောင်းကို တုံ့ပြန်နိုင်သေးတယ်ဆိုတာတော့ ကျွန်တော်တို့ သိတယ်။ (တ. ၁၃:၄၈) အချိန်မနှောင်းခင် အဲဒီလူတွေကို ဘယ်လို ကူညီနိုင်သလဲ။ ယေဟောဝါက လူတွေကို အမှန်တရား သွန်သင်ပေးဖို့ ကျွန်တော်တို့ လိုအပ်တာ မှန်သမျှကို အဖွဲ့အစည်းကတစ်ဆင့် ပြင်ဆင်ပေးနေတယ်။ ဥပမာ၊ အပတ်တိုင်း ကြားရက် အစည်းအဝေးမှာ လေ့ကျင့်မှု ရရှိကြတယ်။ ဦးဆုံးတွေ့ဆုံချိန်နဲ့ ပြန်လည်ပတ်မှုတွေမှာ ဘာပြောရမယ်ဆိုတာ သိဖို့ အဲဒီအစည်းအဝေးတွေက ကူညီပေးတယ်။ စိတ်ဝင်စားသူတစ်ယောက်နဲ့ အပြန်အလှန် ပြောဆိုပြီးနောက် မဂ္ဂဇင်း ဒါမှမဟုတ် ဝေစာတစ်စောင် ပေးခဲ့မယ်ဆိုရင် သူ့ကို ပြန်မဆက်သွယ်ခင် သူကိုယ်တိုင် ဆက်လေ့လာထားနိုင်တယ်။ ဟောပြောခြင်းလုပ်ငန်းမှာ လတိုင်း အလုပ်များနေဖို့က ကျွန်တော်တို့ရဲ့ တာဝန် ဖြစ်တယ်။ w19.10 ၉ ¶၇။ ၁၀ ¶၉-၁၀
အင်္ဂါနေ့၊ ဩဂုတ် ၁၇
ကောင်းမှုပြုဖို့၊ ကိုယ့်မှာ ရှိတာကို သူတစ်ပါးကို ဝေမျှဖို့ မမေ့ပါနဲ့။ ဘာလို့လဲဆိုတော့ အဲဒီလိုပူဇော်သက္ကာတွေကို ဘုရားသခင် နှစ်သက်တယ်။—ဟီ. ၁၃:၁၆။
မေရှိယကို မမြင်မချင်း မသေရဘူးဆိုပြီး ဂျေရုဆလင်က သစ္စာရှိ သက်ကြီးရွယ်အို ရှိမောင်ကို ယေဟောဝါ ကတိပေးခဲ့တယ်။ မေရှိယကို နှစ်ပေါင်းများစွာ စောင့်မျှော်နေတဲ့ ရှိမောင်ဟာ ဒီကတိကြောင့် အလွန် အားတက်သွားမှာပဲ။ သူ့ရဲ့ ယုံကြည်ခြင်းနဲ့ ခံနိုင်ရည်ကြောင့် ဆုချခံရတယ်။ တစ်နေ့၊ “စွမ်းအားတော် လမ်းညွှန်မှုကြောင့်” ဗိမာန်တော်ကို ရှိမောင် ရောက်လာတယ်။ အဲဒီမှာ မွေးကင်းစကလေး ယေရှုကို တွေ့တယ်။ ခရစ်တော် ဖြစ်လာမယ့် ဒီကလေးအကြောင်း ကြိုဟောဖို့ ရှိမောင်ကို ယေဟောဝါ သုံးခဲ့တယ်။ (လု. ၂:၂၅-၃၅) ရှိမောင်ဟာ ယေရှု မြေကြီးပေါ် အမှုဆောင်တာကို မြင်လိုက်ရပုံ မပေါ်ပေမဲ့ ရခဲ့တဲ့ အခွင့်ထူးအတွက် သိပ်ကျေးဇူးတင်မှာပဲ။ အနာဂတ်မှာ ကောင်းချီးတွေ ထပ်ရဦးမယ်။ ကမ္ဘာသစ်မှာ ယေရှုရဲ့ အုပ်ချုပ်မှုကနေ လူအားလုံး ကောင်းချီး ခံစားရတာကို ရှိမောင် မြင်ခွင့်ရမယ်။ (က. ၂၂:၁၈) ကျွန်တော်တို့လည်း ယေဟောဝါ ပေးတဲ့ ဘယ်လုပ်ငန်းတော် အခွင့်ထူးကိုမဆို ကျေးဇူးတင်သင့်တယ်။ w19.10 ၂၂ ¶၇။ ၂၃ ¶၁၂
ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၁၈
အရာအားလုံးထက် စိတ်နှလုံးကို ကာကွယ်စောင့်ရှောက်ပါ။—ပညာ. ၄:၂၃။
ကျွန်တော်တို့ဟာ ဆင်းရဲသူဖြစ်ဖြစ်၊ ချမ်းသာသူဖြစ်ဖြစ် စိတ်နှလုံးကို ကာကွယ်စောင့်ရှောက်ဖို့ လိုတယ်။ ဘယ်လိုနည်းနဲ့လဲ။ စည်းစိမ်ဥစ္စာ တပ်မက်စိတ်ကို မမွေးပါနဲ့။ ယေဟောဝါထက် အလုပ်ကို ဦးစားပေးတာမျိုး မဖြစ်ပါစေနဲ့။ အဲဒီလို စိတ်မျိုးဝင်နေပြီဆိုတာ ဘယ်လို သိနိုင်မလဲ။ ကိုယ့်ကိုယ်ကိုယ် ဒီလို မေးပြီး ဆန်းစစ်နိုင်တယ်– ‘အစည်းအဝေးနဲ့ အမှုဆောင်တွေမှာ အလုပ်အကြောင်း စဉ်းစားလေ့ရှိသလား။ နောင်ရေးအတွက် ငွေကြေးဖူလုံဖို့ အမြဲ စိတ်ပူနေသလား။ ငွေနဲ့ ပစ္စည်းဥစ္စာကြောင့် အိမ်ထောင်မှာ ပြဿနာ ဖြစ်နေသလား။ ယေဟောဝါအတွက် အမှုဆောင်ဖို့ အချိန်ပိုရမယ်ဆိုရင် တခြားသူတွေ အထင်သေးတဲ့ အလုပ်ကိုတောင် လုပ်ဖို့ တလိုတလား ရှိသလား။’ (၁ တိ. ၆:၉-၁၂) ကျွန်တော်တို့ကို ယေဟောဝါ ချစ်ကြောင်း၊ မိမိဆီ ဆည်းကပ်ထားသူတွေကို ‘ဘယ်တော့မှ ပစ်ထားမှာ၊ စွန့်ခွာမှာ မဟုတ်ဘူး’ လို့ ကတိပေးထားကြောင်း သတိရပါ။ ဒါကြောင့် “ခင်ဗျားတို့ရဲ့ ဘဝမှာ ငွေတပ်မက်တာကို ရှောင်ပါ” လို့ တမန်တော် ပေါလု ရေးတာ ဖြစ်တယ်။—ဟီ. ၁၃:၅၊ ၆။ w19.10 ၂၉ ¶၁၀
ကြာသပတေးနေ့၊ ဩဂုတ် ၁၉
သံကို သံချင်း ထက်စေသလို လူက သူ့မိတ်ဆွေကို ထက်မြက်စေတယ်။—ပညာ. ၂၇:၁၇။
ယုံကြည်သူချင်းတွေနဲ့ အတူတွဲလုပ်ဆောင်ပြီး အရည်အသွေးကောင်းတွေကို သိလာတဲ့အခါ သူတို့ဆီကနေ သင်ယူနိုင်တယ်။ သူတို့နဲ့ ပိုရင်းနှီးလာနိုင်တယ်။ ဥပမာ၊ အမှုဆောင်မှာ မိတ်ဆွေက ယုံကြည်ချက်အကြောင်း၊ ယေဟောဝါနဲ့ ရည်ရွယ်ချက်တွေအကြောင်း သတ္တိရှိရှိ အခိုင်အမာ ပြောတာကို သင် ကြားတဲ့အခါ ဘယ်လို ခံစားရသလဲ။ သူ့ကို ပိုပြီးချစ်ခင်လာမှာပဲ။ ၂၃ နှစ်အရွယ် ညီအစ်မ အယ်ဒလင်းက ပုံမှန် ဟောလေ့မရှိတဲ့ နယ်မြေမှာ သွားဟောဖို့ သူငယ်ချင်း ကန်ဒီကို ခေါ်တယ်။ “အမှုဆောင်မှာ အားရပါးရ ပါဝင်ပြီး ပိုပျော်ချင်တယ်။ ကျွန်မတို့နှစ်ယောက်စလုံး အားပေးမှု လိုနေတာ” လို့ အယ်ဒလင်း ပြောတယ်။ အတူလုပ်ဆောင်ခြင်းကနေ သူတို့ ဘယ်လို အကျိုးရသလဲ။ “တစ်ရက် ကုန်သွားတိုင်း ကိုယ့်ခံစားချက်တွေ၊ အားပေးမှု ဖြစ်စေတဲ့ အတွေ့အကြုံတွေ၊ အမှုဆောင်လုပ်ငန်းမှာ ယေဟောဝါ လမ်းညွှန်ပေးပုံတွေကို ပြောကြတယ်။ အဲဒီအကြောင်းတွေ ပြောရတာကို နှစ်ယောက်စလုံး သိပ်ကြိုက်ပြီး တစ်ယောက်အကြောင်း တစ်ယောက် ပိုသိလာတယ်” လို့ အယ်ဒလင်း ပြောတယ်။ w19.11 ၅ ¶၁၀-၁၁
သောကြာနေ့၊ ဩဂုတ် ၂၀
ယုံကြည်ခြင်း ဒိုင်းလွှားကြီးကိုလည်း ကိုင်ဆောင်ထားကြ။—ဧ. ၆:၁၆။
ရှေးခေတ် စစ်သားတစ်ယောက် ဒိုင်းလွှား မပါဘဲ အိမ်ပြန်လာရင် ရှက်စရာပဲ။ “ဒိုင်းလွှားကို စွန့်ပစ်ခဲ့တာဟာ အလွန် ရှက်စရာပဲ” လို့ ရောမသမိုင်းပညာရှင် တက်စီတပ်စ် ရေးတယ်။ ဒါကြောင့် စစ်သားတွေဟာ ဒိုင်းလွှားကို စစ်မြေပြင်မှာ မြဲမြဲ ကိုင်ထားကြတာ ဖြစ်တယ်။ ကျွန်တော်တို့ဟာ အစည်းအဝေး မှန်မှန်တက်ခြင်း၊ ယေဟောဝါရဲ့ နာမည်နဲ့ နိုင်ငံတော်အကြောင်း တခြားသူတွေကို ဟောပြောခြင်းအားဖြင့် ယုံကြည်ခြင်း ဒိုင်းလွှားကို မြဲမြဲကိုင်ထားကြတယ်။ (ဟီ. ၁၀:၂၃-၂၅) နေ့တိုင်း ကျမ်းစာဖတ်ပြီး လက်တွေ့ကျင့်သုံးနိုင်ဖို့ ဆုတောင်းကြတယ်။ (၂ တိ. ၃:၁၆၊ ၁၇) အဲဒီလိုလုပ်နေရင် စာတန် သုံးတဲ့ ဘယ်လက်နက်မှ ကျွန်တော်တို့ကို ထာဝစဉ် ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ (ဟေရှာ. ၅၄:၁၇) “ယုံကြည်ခြင်း ဒိုင်းလွှားကြီး” က ကျွန်တော်တို့ကို ကာကွယ်ပေးပါလိမ့်မယ်။ ညီအစ်ကို/မတွေနဲ့အတူ အခိုင်အမာ ရပ်တည်ရင်း နေ့စဉ်တိုက်ပွဲတွေကို ကျွန်တော်တို့ အောင်မြင်ကြပါလိမ့်မယ်။ စာတန်နဲ့ သူ့နောက်လိုက်တွေကို အနိုင်ယူတဲ့ စစ်ပွဲမှာ ယေရှုဘက်က ရပ်တည်ခွင့်ကိုလည်း ရပါလိမ့်မယ်။—ဗျာ. ၁၇:၁၄။ ၂၀:၁၀။ w19.11 ၁၉ ¶၁၈-၁၉
စနေနေ့၊ ဩဂုတ် ၂၁
လက်ဝှေ့ထိုးတဲ့အခါ လေကို ထိုးသလို ထိုးတာ မဟုတ်ဘူး။—၁ ကော. ၉:၂၆။
ဇယားကို ရှင်းရှင်းလင်းလင်း ချရေးထားရင် ဆုံးဖြတ်တဲ့အတိုင်း လုပ်ဖို့ လွယ်ကူစေတယ်။ (၁ ကော. ၁၄:၄၀) ဥပမာ၊ အကြီးအကဲအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တိုင်းကို ရေးမှတ်ဖို့ အကြီးအကဲတစ်ယောက်ကို တာဝန်ပေးပါဆိုတဲ့ ညွှန်ကြားချက် ရှိတယ်။ ဆုံးဖြတ်ချက်အတိုင်း လုပ်ဖို့ ဘယ်သူ့ကို တာဝန်ပေးထားတယ်၊ ဘယ်အချိန်မှာ ပြီးရမယ်ဆိုတဲ့ အချက်တွေကိုပါ သူ ရေးထားသင့်တယ်။ အဲဒီလိုလုပ်တဲ့ အကြီးအကဲတွေဟာ ပိုအောင်မြင်ကြတယ်။ သင့်ရဲ့ နေ့စဉ်အလုပ်တွေကိုလည်း အဲဒီအတိုင်း စီစဉ်နိုင်တယ်။ ဥပမာ၊ နေ့စဉ် လုပ်ရမယ့်အရာတွေကို စာရင်းလုပ်ပါ။ ဦးစားပေးရမယ့်အရာကို ထိပ်မှာ ရေးပါ။ ဒါက ဆုံးဖြတ်ချက်အတိုင်း အချိန်တိုအတွင်း ပြီးစီးအောင် လုပ်ဖို့ ကူညီနိုင်တယ်။ ဒါပေမဲ့ ကြိုးစားအားထုတ်ဖို့ လိုတယ်။ ဇယားအတိုင်း အပြီးလုပ်နိုင်ဖို့ ကြိုးစားအားထုတ်ရမယ်။ (ရော. ၁၂:၁၁) သွန်သင်သူကောင်း ဖြစ်ဖို့ “အမြဲ ကြိုးစားလုပ်ဆောင်ပါ၊” “မဆုတ်မနစ် လုပ်ဆောင်ပါ” ဆိုပြီး တိမောသေကို တမန်တော် ပေါလု ပြောတယ်။ အဲဒီအကြံပြုချက်ကို တခြားဘုရားရေးရာ ပန်းတိုင်တွေမှာလည်း ကျင့်သုံးနိုင်တယ်။—၁ တိ. ၄:၁၃၊ ၁၆။ w19.11 ၂၉-၃၀ ¶၁၅-၁၆
တနင်္ဂနွေနေ့၊ ဩဂုတ် ၂၂
ယေဟောဝါက လူလူချင်း စကားပြောသလို မောရှေနဲ့ မျက်နှာချင်းဆိုင် စကားပြောတယ်။—ထွ. ၃၃:၁၁။
အစ္စရေးတွေကို အီဂျစ်ပြည်ကနေ ဦးဆောင်ကယ်ထုတ်ဖို့ ယေဟောဝါ မိန့်မှာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု မရှိဘဲ အရည်အချင်း မပြည့်မီဘူးလို့ မောရှေ အကြိမ်ကြိမ် ပြောခဲ့တယ်။ သူ့ကို ယေဟောဝါ ထောက်ထားစာနာပြီး ကူညီပေးတယ်။ (ထွ. ၄:၁၀-၁၆) ဒါကြောင့် ဘုရားသခင်ရဲ့ တရားစီရင်ချက် သတင်းအကြောင်း ဖာရောကို ပြောပြနိုင်ခဲ့တယ်။ ဖာရောနဲ့ စစ်တပ်ကို ပင်လယ်နီမှာ ဖျက်ဆီးပြီး အစ္စရေးတွေကို ကယ်တင်တုန်းက ယေဟောဝါရဲ့ တန်ခိုးကို မောရှေ မြင်ခဲ့ရတယ်။ (ထွ. ၁၄:၂၆-၃၁။ ဆာ. ၁၃၆:၁၅) အစ္စရေးတွေကို အီဂျစ်ပြည်ကနေ မောရှေ ကယ်ထုတ်လာပြီးနောက် သူတို့ အကြိမ်ကြိမ် ညည်းညူကြတယ်။ ဒါတောင် ယေဟောဝါ ဘယ်လောက် စိတ်ရှည်တယ်ဆိုတာ မောရှေ မြင်တွေ့ခဲ့တယ်။ (ဆာ. ၇၈:၄၀-၄၃) အစ္စရေးတွေကို မဖျက်ဆီးဖို့ မောရှေ အသနားခံပြီးနောက် ယေဟောဝါ စိတ်ပြောင်းချိန်မှာလည်း ဘုရားရဲ့ နှိမ့်ချမှုကို မြင်ခဲ့ရတယ်။ (ထွ. ၃၂:၉-၁၄) အီဂျစ်ပြည်ကနေ ထွက်လာပြီးနောက် မောရှေဟာ ဘုရားကို မြင်တယ်လို့ ပြောနိုင်တဲ့အထိ ဘုရားနဲ့ ရင်းနှီးလာတယ်။—ဟီ. ၁၁:၂၇။ w19.12 ၁၇ ¶၇-၉
တနင်္လာနေ့၊ ဩဂုတ် ၂၃
ဂါလိလဲနယ်ကို အရင်သွားနှင့်ပြီ။ အဲဒီမှာ သူ့ကို တွေ့ရလိမ့်မယ်။—မ. ၂၈:၇။
ယေရှုရဲ့ တပည့်အများစုဟာ ဂါလိလဲနယ်သားတွေ ဖြစ်တယ်။ ဒါကြောင့် လူများစွာ စုဝေးဖို့ဆိုရင် ဂျေရုဆလင်မြို့က အိမ်တစ်အိမ်ထက် ဂါလိလဲနယ်က တောင်ဟာ ပိုသင့်တော်မယ်။ ဒါ့အပြင် ရှင်ပြန်ထမြောက်ပြီး ဖြစ်တဲ့ ယေရှုဟာ ဂျေရုဆလင်မြို့က အိမ်တစ်အိမ်မှာ တမန်တော် ၁၁ ယောက်နဲ့ တွေ့ပြီးပြီ။ ဟောပြောဖို့၊ တပည့်ဖြစ်စေဖို့ တမန်တော်တွေကိုပဲ ညွှန်ကြားချင်ရင် ဂျေရုဆလင်မှာပဲ ညွှန်ကြားနိုင်တယ်။ တမန်တော်တွေ၊ အမျိုးသမီးတွေနဲ့ တခြားသူတွေကို ဂါလိလဲနယ်မှာ စုဆုံဖို့ မှာစရာ မလိုဘူး။ (လု. ၂၄:၃၃၊ ၃၆) တပည့်ဖြစ်စေပါဆိုတဲ့ မိန့်မှာချက်ဟာ ပထမရာစု ခရစ်ယာန်တွေနဲ့ပဲ သက်ဆိုင်တာ မဟုတ်ဘူး။ ဘယ်လို သိရသလဲ။ “လောကစနစ်နိဂုံးပိုင်းအထိ ခင်ဗျားတို့နဲ့အတူ ကျွန်တော် အမြဲ ရှိနေမယ်” လို့ပြောပြီး မိန့်မှာချက်ကို ယေရှု နိဂုံးချုပ်ခဲ့လို့ပဲ။ (မ. ၂၈:၁၉၊ ၂၀) ဒီနေ့ခေတ်မှာ တပည့်ဖြစ်စေခြင်း လုပ်ငန်းကို လုပ်နေကြတယ်။ နှစ်တိုင်း လူ ၃၀၀,၀၀၀ နီးပါးဟာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံပြီး ယေရှုရဲ့ တပည့် ဖြစ်လာနေတယ်။ w20.01 ၂ ¶၁။ ၃ ¶၅-၆
အင်္ဂါနေ့၊ ဩဂုတ် ၂၄
ဘုရားက ငါတို့ နိမ့်ကျသွားတဲ့အခါ ငါတို့ကို သတိရတယ်။—ဆာ. ၁၃၆:၂၃။
ငယ်ရွယ်ပေမဲ့ တဖြည်းဖြည်း ခွန်အားဆုတ်ယုတ်သွားစေတဲ့ ရောဂါဆိုး ရှိနေတယ်။ အသက်အရွယ် ရလာပေမဲ့ အလုပ် ရှာလို့ မရသေးဘူး။ အိုမင်းလာလို့ ယေဟောဝါရဲ့ အမှုတော်မှာ အရင်ကလောက် မလုပ်နိုင်တော့ဘူး။ အဲဒီလိုအခြေအနေ တစ်မျိုးမျိုး သင် ကြုံနေရတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အသုံးမဝင်တော့ဘူးလို့ ခံစားရနိုင်တယ်။ မပျော်တော့ဘဲ၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှု မရှိတော့ဘဲ ဖြစ်နိုင်တယ်။ တခြားသူတွေနဲ့ အဆင်မပြေ ဖြစ်လာနိုင်တယ်။ ဒီလောကက လူ့အသက်ကို စာတန် ရှုမြင်သလို ရှုမြင်တယ်။ စာတန်က လူတွေကို တန်ဖိုးမရှိသူတွေလို အမြဲ ဆက်ဆံတယ်။ ဘုရားကို မနာခံရင် သေဒဏ် ခံရမယ်ဆိုတာ သိလျက်နဲ့ ဧဝကို လှည့်စားပြီး လွတ်လပ်မှု ရလာမယ်လို့ ပြောတယ်။ ဒီလောကကို စာတန် ထိန်းချုပ်ထားတယ်။ ဒါကြောင့် လူ့အသက်နဲ့ ဂုဏ်သိက္ခာကို ဒီလောက ခေါင်းဆောင်တွေ မလေးစားကြတာ မဆန်းပါဘူး။ ယေဟောဝါကတော့ ကျွန်တော်တို့ဟာ တန်ဖိုးရှိသူတွေ ဖြစ်မှန်း သိစေချင်တယ်။ အသုံးမကျဘူးလို့ ခံစားရစေတဲ့ အခြေအနေတွေ ကြုံရတဲ့အခါ ထောက်မပေးတယ်။—ရော. ၁၂:၃။ w20.01 ၁၄ ¶၁-၄
ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၂၅
ငါတို့လက်ချက်နဲ့ မင်း မသေချင်ရင် ယေဟောဝါရဲ့ နာမည်ကို သုံးပြီး ပရောဖက်မပြုနဲ့။ —ယေ. ၁၁:၂၁။
ယေရမိဟာ သစ္စာမဲ့သူတွေနဲ့အတူ နှစ်ပေါင်း ၄၀ ကျော် နေခဲ့ရတယ်။ အဲဒီထဲမှာ ဇာတိမြို့ အာနသုတ်က အိမ်နီးချင်းတွေ၊ ဆွေမျိုးတွေ ပါဝင်နိုင်တယ်။ (ယေ. ၁၂:၆) ဒါပေမဲ့ ယေရမိဟာ ဘယ်သူနဲ့မှ မပေါင်းဘဲ သီးခြားနေတာမျိုး မလုပ်ခဲ့ဘူး။ သစ္စာရှိ အတွင်းရေးမှူး ဗာရုတ်ကို ရင်ဖွင့်ပြောဆိုတယ်။ သူ့ခံစားချက်တွေကို ချရေးခဲ့လို့ ကျွန်တော်တို့လည်း သိခွင့်ရတယ်။ (ယေ. ၈:၂၁။ ၉:၁။ ၂၀:၁၄-၁၈။ ၄၅:၁) ယေရမိရဲ့ မှတ်တမ်းကို ဗာရုတ် ရေးတဲ့အခါ အချင်းချင်း အလွန် ချစ်ခင်လေးစားလာကြမှာပဲ။ (ယေ. ၂၀:၁၊ ၂။ ၂၆:၇-၁၁) ယေရမိဟာ ဂျေရုဆလင်မှာ ဖြစ်မယ့်အရာတွေအကြောင်း အစ္စရေးတွေကို နှစ်ပေါင်းများစွာ သတ္တိရှိရှိ သတိပေးခဲ့တယ်။ (ယေ. ၂၅:၃) ယေဟောဝါက အစ္စရေးတွေ နောင်တရဖို့ နောက်ထပ် အခွင့်အရေး ပေးတဲ့အနေနဲ့ သတိပေးချက်တွေအကြောင်း ယေရမိကို စာလိပ်မှာ ရေးခိုင်းတယ်။ (ယေ. ၃၆:၁-၄) ယေရမိနဲ့ ဗာရုတ်ဟာ လပေါင်းများစွာ ကြာနိုင်ချေရှိတဲ့ အဲဒီဘုရားပေး တာဝန်ကို အတူ ထမ်းဆောင်ရင်း ယုံကြည်ခြင်း တည်ဆောက်ပေးတဲ့ စကားတွေ ပြောခဲ့ကြမှာပဲ။ w19.11 ၂-၃ ¶၃-၄
ကြာသပတေးနေ့၊ ဩဂုတ် ၂၆
ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်တဲ့သူဟာ နှိမ့်ချခံရမယ်။ နှိမ့်ချတဲ့သူကတော့ ချီးမြှောက်ခံရမယ်။—မ. ၂၃:၁၂။
ဘိသိက်ခံတွေကို ကျွန်တော်တို့ ဘယ်လို ဆက်ဆံသင့်သလဲ။ ခရစ်တော်ရဲ့ ဘိသိက်ခံညီပဲ ဖြစ်နေပါစေ တစ်ဦးတစ်ယောက်ကို အလွန်အကျွံ ချီးမြှောက်တာ မှားတယ်။ (မ. ၂၃:၈-၁၁) ကျမ်းစာမှာ အကြီးအကဲတွေရဲ့ “ယုံကြည်ခြင်းကို အတုယူ” ဖို့ အားပေးထားပေမဲ့ လူတွေကို ခေါင်းဆောင်တင်ဖို့ မမိန့်မှာထားဘူး။ (ဟီ. ၁၃:၇) လူတချို့ဟာ “ရိုသေလေးစားမှု နှစ်ဆခံထိုက်” တယ်လို့ ကျမ်းစာမှာ ပြောထားတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီလိုလေးစားသင့်တဲ့ အကြောင်းရင်းက သူတို့ ဘိသိက်ခံ ဖြစ်နေလို့ မဟုတ်ဘဲ “ကောင်းကောင်းမွန်မွန် ဦးစီးနေ” လို့၊ “ပြောဆိုခြင်း၊ သွန်သင်ခြင်းတွေမှာ ကြိုးစားလုပ်ဆောင်နေ” လို့ ဖြစ်တယ်။ (၁ တိ. ၅:၁၇) ဘိသိက်ခံတွေကို အလွန်အကျွံ ချီးမွမ်းပြီး အရေးပေးတာက သူတို့ကို အနေရခက်စေတယ်။ ပိုဆိုးတာက သူတို့ မာနကြီးလာအောင် တွန်းပို့ရာရောက်တယ်။ (ရော. ၁၂:၃) ခရစ်တော်ရဲ့ ဘိသိက်ခံညီတွေ အဲဒီလိုအမှားမျိုး ကျူးလွန်မိအောင် ကျွန်တော်တို့ မတွန်းပို့ချင်ဘူး။—လု. ၁၇:၂။ w20.01 ၂၉ ¶၈
သောကြာနေ့၊ ဩဂုတ် ၂၇
အဲဒီဒုက္ခတွေ ကြုံရတဲ့အပြင် အသင်းတော်တွေအတွက်လည်း . . . စိတ်ပူနေရသေးတယ်။—၂ ကော. ၁၁:၂၈။
တမန်တော် ပေါလုမှာ စိုးရိမ်ပူပန်စရာ ကိစ္စတွေ အများကြီး ရှိတယ်။ ညီအစ်ကို/မတွေ အတွက် စိတ်ပူနေတယ်။ (၂ ကော. ၂:၄) ဆန့်ကျင်သူတွေက ပေါလုကို ရိုက်နှက်ထောင်ချခဲ့ကြတယ်။ ‘အထောက်အပံ့ နည်းနည်းပဲ ရှိခြင်း’ စတဲ့ အခက်အခဲတွေကြောင့်လည်း ပေါလု စိုးရိမ်ပူပန်ခဲ့ရတယ်။ (ဖိ. ၄:၁၂) သင်္ဘောပျက်ဘေး သုံးကြိမ်လောက် ကြုံခဲ့ရတဲ့အတွက် သင်္ဘောနဲ့ ခရီးသွားတဲ့အခါ စိုးရိမ်မိမှာပဲ။ (၂ ကော. ၁၁:၂၃-၂၇) အဲဒီစိုးရိမ်ပူပန်မှုတွေကို ပေါလု ဘယ်လို ရင်ဆိုင်ဖြေရှင်းခဲ့သလဲ။ အခက်အခဲ ကြုံနေရတဲ့ ညီအစ်ကို/မတွေအတွက် ပေါလု စိုးရိမ်ပေမဲ့ သူတို့ရဲ့ ပြဿနာတိုင်းကိုတော့ လိုက်ဖြေရှင်းပေးဖို့ မကြိုးစားဘူး။ ကိုယ်မလုပ်နိုင်တာတွေ ရှိတယ်ဆိုတာ ကျိုးနွံမှုရှိရှိ အသိအမှတ်ပြုတယ်။ တိမောသေ၊ တိတုစတဲ့ ယုံကြည်စိတ်ချရသူတွေ အသင်းတော်ကို ကူညီဖို့ စီစဉ်ပေးတယ်။ အဲဒီညီအစ်ကိုတွေဟာ ပေါလုရဲ့ စိုးရိမ်ပူပန်မှုတွေကို သက်သာစေခဲ့မှာပဲ။—ဖိ. ၂:၁၉၊ ၂၀။ တိ. ၁:၁၊ ၄၊ ၅။ w20.02 ၂၃ ¶၁၁-၁၂
စနေနေ့၊ ဩဂုတ် ၂၈
သားသမီးတို့၊ . . . မိဘကို နာခံကြပါ။ —ဧ. ၆:၁။
ယေဟောဝါက မိမိကို နာခံဖို့ ကျွန်တော်တို့ဆီက မျှော်လင့်တယ်။ ယေဟောဝါဟာ ဖန်ဆင်းရှင်၊ အသက်ပေးရှင်၊ ပညာအရှိဆုံး မိဘ ဖြစ်လို့ ကျွန်တော်တို့ရဲ့ နာခံမှုကို ရထိုက်တယ်။ ဒါပေမဲ့ အဓိကကတော့ ယေဟောဝါကို ချစ်လို့ နာခံကြတာပါ။ (၁ ယော. ၅:၃) နာခံမှု ရထိုက်တဲ့ အကြောင်းရင်းများစွာ ရှိပေမဲ့ ယေဟောဝါက ကျွန်တော်တို့ကို အတင်း ဖိအားမပေးဘူး။ လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးထားတယ်။ ဘုရားကို ချစ်လို့ နာခံရင် ဘုရား ပျော်ရွှင်တယ်။ မိဘတွေက သားသမီးတွေကို ဘေးကင်းလုံခြုံစေချင်တဲ့အတွက် စည်းကမ်းတွေ ချမှတ်ပေးတယ်။ အဲဒါတွေကို နာခံတာက မိဘကို ယုံကြည်ကိုးစားကြောင်း၊ လေးစားကြောင်း ဖော်ပြရာရောက်တယ်။ ကောင်းကင်ဖခင် ချမှတ်ထားတဲ့ စံနှုန်းတွေကို ကျွန်တော်တို့ သိပြီး လိုက်နာဖို့ဆိုရင် ပိုလို့တောင် အရေးကြီးတယ်။ အဲဒီလို လိုက်နာတယ်ဆိုရင် ယေဟောဝါကို ချစ်ကြောင်း၊ လေးစားကြောင်း ဖော်ပြရာရောက်ပြီး ကိုယ်တိုင်လည်း အကျိုးရတယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈) ယေဟောဝါနဲ့ ဘုရားစံနှုန်းတွေကို ငြင်းပယ်ရင်တော့ အကျိုးယုတ်မယ်။—ဂလ. ၆:၇၊ ၈။ w20.02 ၉-၁၀ ¶၈-၉
တနင်္ဂနွေနေ့၊ ဩဂုတ် ၂၉
ကျွန်မ လျှောက်တင်ပါရစေ။ နားထောင်ပေးပါ။—၁ ရှ. ၂၅:၂၄။
တစ်ယောက်ယောက် လမ်းမှားတော့မယ်ဆိုတာ ရိပ်မိရင် အဘိဂဲလလိုပဲ သတ္တိရှိရှိ၊ လေးလေးစားစား ပြောဆိုပါ။ (ဆာ. ၁၄၁:၅) မေတ္တာပါပါ ဆုံးမတာက မိတ်ဆွေစစ် ဖြစ်ကြောင်း ဖော်ပြရာရောက်တယ်။ (ပညာ. ၂၇:၁၇) အထူးသဖြင့် အကြီးအကဲတွေဟာ အသင်းတော်ထဲက ခြေလှမ်းမှားသူတွေကို ပဲ့ပြင်ပေးဖို့ သတ္တိရှိရမယ်။ (ဂလ. ၆:၁) မိမိတို့လည်း မစုံလင်တဲ့အတွက် တစ်နေ့နေ့မှာ ဆုံးမမှု လိုအပ်နိုင်ကြောင်း နှိမ့်ချစွာ အသိအမှတ်ပြုပေမဲ့ အဲဒီအကြောင်းကြောင့် ဆုံးမဖို့ တွန့်ဆုတ်မနေဘူး။ (၂ တိ. ၄:၂။ တိ. ၁:၉) စကားပြောနိုင်စွမ်း ဆုလက်ဆောင်ကို ကျွမ်းကျင်စွာ၊ စိတ်ရှည်စွာ သုံးပြီး ဆုံးမတယ်။ ခြေလှမ်းမှားနေတဲ့သူကို ချစ်တဲ့အတွက် အတတ်နိုင်ဆုံး ကူညီပေးတယ်။ (ပညာ. ၁၃:၂၄) ဒါပေမဲ့ အကြီးအကဲတွေအတွက် အရေးကြီးဆုံးကတော့ ယေဟောဝါရဲ့ စံနှုန်းတွေကို ထောက်ခံခြင်း၊ အသင်းတော်ကို ကာကွယ်ခြင်းအားဖြင့် ဘုရားကို ဂုဏ်တင်ဖို့ ဖြစ်တယ်။—တ. ၂၀:၂၈။ w20.03 ၂၀ ¶၈-၉
တနင်္လာနေ့၊ ဩဂုတ် ၃၀
ကျွန်တော့်ကို အစွမ်းခွန်အား ပေးတဲ့ ဘုရားသခင်ကြောင့် အရာရာကို စွမ်းဆောင်နိုင်လို့ပဲ။ —ဖိ. ၄:၁၃။
ယေဟောဝါက မောရှေကို အစ္စရေးတွေရဲ့ ကယ်လွှတ်သူ ဖြစ်စေတယ်။ ဘယ်အချိန်မှာ သူ့ကို သုံးခဲ့သလဲ။ “အီဂျစ်လူမျိုးတွေရဲ့ အတတ်ပညာအားလုံးကို သင်ယူ” ပြီး အရည်အချင်း ပြည့်မီပြီလို့ မောရှေ ယူဆတဲ့ အချိန်မှာလား။ (တ. ၇:၂၂-၂၅) မဟုတ်ပါဘူး။ နှိမ့်ချသူ၊ စိတ်နူးညံ့သူအဖြစ် ပုံသွင်းပြီးနောက်မှသာ မောရှေကို ယေဟောဝါ အသုံးပြုတယ်။ (တ. ၇:၃၀၊ ၃၄-၃၆) အာဏာအရှိဆုံး အီဂျစ် အုပ်စိုးရှင်ရှေ့မှာ စကားပြောရဲတဲ့ သတ္တိကို ပေးတယ်။ (ထွ. ၉:၁၃-၁၉) ယေဟောဝါဟာ ဘုရားရေးရာ အရည်အသွေး ရှိတဲ့သူ၊ ခွန်အားရဖို့ ဘုရားကို အားကိုးတဲ့သူတွေကိုသာ အသုံးပြုကြောင်း အဲဒီအချက်ကနေ သိရတယ်။ သမိုင်းတစ်လျှောက် ယေဟောဝါဟာ မိမိကျေးကျွန်တွေကို နည်းအမျိုးမျိုးနဲ့ အသုံးပြုခဲ့တယ်။ သင့်ကိုကော ယေဟောဝါ ဘာဖြစ်စေမလဲ။ သင့်ရဲ့ ကြိုးစားအားထုတ်မှုအပေါ် များစွာ မူတည်တယ်။ (ကော. ၁:၂၉) သင်သာ ယေဟောဝါ အသုံးပြုတာကို လိုလိုလားလား လက်ခံမယ်ဆိုရင် ယေဟောဝါက သင့်ကို ထက်သန်တဲ့ သတင်းကောင်း ဟောပြောသူ၊ ထိရောက်တဲ့ သွန်သင်သူ၊ နှစ်သိမ့်ပေးသူ၊ ကျွမ်းကျင်တဲ့ လုပ်သား၊ ကူညီထောက်မတတ်တဲ့ မိတ်ဆွေ ဒါမှမဟုတ် အလိုတော် ပြည့်စုံဖို့ ဘာမဆို ဖြစ်စေနိုင်တယ်။ w19.10 ၂၁ ¶၅။ ၂၅ ¶၁၄
အင်္ဂါနေ့၊ ဩဂုတ် ၃၁
ခင်ဗျားတို့ကို မိတ်ဆွေလို့ ခေါ်မယ်။ —ယော. ၁၅:၁၅။
မိတ်ဆွေကောင်းတွေက ယေဟောဝါကို သစ္စာစောင့်သိနိုင်ဖို့ ကူညီပေးတယ်။ မိတ်ဆွေကောင်း ဖွဲ့နိုင်တဲ့ အကောင်းဆုံးနည်းကတော့ ကိုယ်တိုင် မိတ်ဆွေကောင်း ဖြစ်ခြင်းပါပဲ။ (မ. ၇:၁၂) ဥပမာ၊ တခြားသူတွေ၊ အထူးသဖြင့် “လိုအပ်သူ” တွေကို အတတ်နိုင်ဆုံး ကူညီပေးဖို့ ကျမ်းစာမှာ အားပေးထားတယ်။ (ဧ. ၄:၂၈) တခြားသူတွေကို ကူညီပေးခြင်းမှာ အလုပ်များနေမယ်ဆိုရင် ပိုပျော်ရွှင်ပါလိမ့်မယ်။(တ. ၂၀:၃၅) မိတ်ဆွေတွေဟာ ကျွန်တော်တို့ အခက်အခဲ ကြုံတဲ့အခါ စိတ်ငြိမ်သက်အောင် ကူညီထောက်မပါလိမ့်မယ်။ ယောဘရဲ့ ဒုက္ခတွေအကြောင်း ဧလိဟု နားထောင်ပေးသလို မိတ်ဆွေတွေဟာ ကျွန်တော်တို့ရဲ့ အခက်အခဲတွေအကြောင်း စိတ်ရှည်စွာ နားထောင်ပေးကြတယ်။ (ယောဘ ၃၂:၄) ကိုယ့်အတွက် ဆုံးဖြတ်ပေးဖို့ မမျှော်လင့်သင့်ပေမဲ့ သူတို့ရဲ့ ကျမ်းစာအခြေပြု အကြံဉာဏ်ကို နားထောင်တာက ပညာရှိရာရောက်တယ်။ (ပညာ. ၁၅:၂၂) မိတ်ဆွေတွေရဲ့ အကူအညီကို ဘုရင်ဒါဝိဒ် နှိမ့်ချစွာ လက်ခံသလို ကျွန်တော်တို့လည်း လိုအပ်ချိန်မှာ မိတ်ဆွေတွေရဲ့ အကူအညီကို နှိမ့်ချစွာ လက်ခံသင့်တယ်။ (၂ ရှ. ၁၇:၂၇-၂၉) အဲဒီလို မိတ်ဆွေကောင်းတွေဟာ ယေဟောဝါဆီက လက်ဆောင်ပါပဲ။—ယာ. ၁:၁၇။ w19.04 ၁၁ ¶၁၂။ ၁၂ ¶၁၄-၁၅