စက်တင်ဘာ
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၁
ကျွန်တော့်ရဲ့ အဖဘုရားဟာ အခုချိန်ထိ အလုပ်လုပ်နေတုန်းပဲ။ ကျွန်တော်လည်း အလုပ်လုပ်မှာပဲ။—ယော. ၅:၁၇။
အလုပ်ကြိုးစားတဲ့ ယေဟောဝါနဲ့ ယေရှုရဲ့ ပုံသက်သေက ကျွန်တော်တို့ အနားယူဖို့ မလိုဘူးလို့ ဆိုလိုတာလား။ မဆိုလိုပါဘူး။ ယေဟောဝါဟာ ဘယ်တော့မှ မမောပန်းတဲ့အတွက် အနားယူဖို့ မလိုဘူး။ ဒါပေမဲ့ ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းပြီးနောက် “အလုပ်မလုပ်တော့ဘဲ အနားယူနေတယ်” လို့ ကျမ်းစာ ပြောတယ်။ (ထွ. ၃၁:၁၇) အဲဒါက ဖန်ဆင်းခြင်း အလုပ်ကို ရပ်နားပြီး အဲဒီအလုပ်ကနေ ကျေနပ်မှု ခံစားတာကို ဆိုလိုတယ်။ ယေရှုလည်း မြေကြီးပေါ်ရှိစဉ် အလုပ် ကြိုးစားခဲ့ပေမဲ့ အနားယူဖို့၊ မိတ်ဆွေတွေနဲ့ စားသောက်ဖို့ အချိန်ပေးတယ်။ (မ. ၁၄:၁၃။ လု. ၇:၃၄) ကျမ်းစာက ဘုရားလူမျိုးကို အလုပ်ကြိုးစားဖို့၊ ဝီရိယရှိဖို့၊ မပျင်းရိဖို့ အားပေးတယ်။ (ပညာ. ၁၅:၁၉) သင်ဟာ မိသားစုကို ထောက်ပံ့ဖို့ အလုပ်လုပ်နေရတာ ဖြစ်နိုင်တယ်။ ဒီ့အပြင် ခရစ်တော်ရဲ့ တပည့်အားလုံးအနေနဲ့ သတင်းကောင်း ဟောပြောခြင်းမှာ ပါဝင်ဖို့ တာဝန် ရှိတယ်။ ဒါပေမဲ့ လုံလောက်စွာ အနားယူဖို့လည်း လိုတယ်။ w19.12 ၂ ¶၂။ ၃ ¶၄-၅
ကြာသပတေးနေ့၊ စက်တင်ဘာ ၂
ခရစ်တော်ကိုယ်တိုင် ခင်ဗျားတို့အတွက် ဆင်းရဲဒုက္ခခံပြီး သူ့ခြေရာကို ထက်ကြပ်မကွာ လိုက်လျှောက်စေဖို့ စံနမူနာထားခဲ့တယ်။ —၁ ပေ. ၂:၂၁။
နတ်ဆိုးတွေအကြောင်း မပြောပါနဲ့။ ဒီကိစ္စမှာ ယေရှုရဲ့ ပုံသက်သေကို တုပပါ။ ယေရှုဟာ မြေကြီးပေါ် မလာခင် ကောင်းကင်မှာ နေခဲ့တဲ့အတွက် စာတန်နဲ့ နတ်ဆိုးတွေအကြောင်း ကောင်းကောင်း သိတယ်။ ဒါပေမဲ့ သူတို့ရဲ့ လုပ်ရပ်တွေအကြောင်း မပြောဘူး။ ယေရှုဟာ ယေဟောဝါရဲ့ သက်သေပဲ ဖြစ်ချင်တယ်။ စာတန်အကြောင်း ကြော်ငြာသူ မဖြစ်ချင်ဘူး။ ကျွန်တော်တို့လည်း နတ်ဆိုးတွေအကြောင်း မပြောခြင်းအားဖြင့် ယေရှုကို တုပနိုင်တယ်။ အမှန်တရားဖြစ်တဲ့ “ကြည်နူးစရာအကြောင်း” အတွက်ပဲ “စိတ်လှုပ်ရှား” နေကြောင်း စကားအားဖြင့် ဖော်ပြကြတယ်။ (ဆာ. ၄၅:၁) နတ်ဆိုးတွေကို မကြောက်ပါနဲ့။ မစုံလင်တဲ့ လောကမှာ အဖြစ်ဆိုးတွေ ကြုံရနိုင်တယ်။ မတော်တဆမှု၊ ဖျားနာမှု၊ သေခြင်းကိုတောင် ရုတ်တရက် ကြုံရနိုင်တယ်။ ဒါပေမဲ့ အဲဒါတွေ ကြုံရတာ နတ်ဆိုးတွေကြောင့်လို့ မယူဆသင့်ဘူး။ လူတိုင်း “မျှော်လင့်မထားတဲ့ အချိန်မှာ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ ကြုံရတတ်” တယ်လို့ ကျမ်းစာ ပြောတယ်။ (ဒေ. ၉:၁၁) ယေဟောဝါဟာ နတ်ဆိုးတွေထက် အဆပေါင်းများစွာ တန်ခိုးကြီးတယ်။ w19.04 ၂၃-၂၄ ¶၁၃-၁၄
သောကြာနေ့၊ စက်တင်ဘာ ၃
ဘုရားသခင်က လက်ရှိအာဏာပိုင်တွေကို အတိုင်းအတာတစ်ခုအထိ အခွင့်အာဏာ ပေးအပ်ထားတယ်။—ရော. ၁၃:၁။
ကလေး မတော်မတရားပြုခြင်း ပြစ်မှုကို လောကအာဏာပိုင်တွေဆီ တိုင်ကြားခြင်းနဲ့ပတ်သက်တဲ့ ဥပဒေကို အကြီးအကဲတွေ လိုက်နာကြသလား။ လိုက်နာကြပါတယ်။ အဲဒီလို ဥပဒေထုတ်ထားတဲ့ နိုင်ငံတွေမှာ အကြီးအကဲတွေဟာ မတော်မတရားပြုခြင်း ပြစ်မှုကို လောကအာဏာပိုင်တွေဆီ တိုင်ကြားခြင်းအားဖြင့် ဥပဒေကို လိုက်နာကြတယ်။ အဲဒီဥပဒေဟာ ဘုရားပညတ်နဲ့ မဆန့်ကျင်ဘူး။ (တ. ၅:၂၈၊ ၂၉) ပြစ်မှုကျူးလွန်ထားကြောင်း အကြီးအကဲတွေ ကြားသိတဲ့အခါ တိုင်ကြားခြင်းနဲ့ပတ်သက်တဲ့ ဥပဒေကို ဘယ်လို လိုက်နာနိုင်ကြောင်း လမ်းညွှန်ချက်ရဖို့ ဌာနခွဲရုံးကို ချက်ချင်း ဆက်သွယ်ကြတယ်။ အကြီးအကဲတွေဟာ မတော်မတရားပြုခံရတဲ့ ကလေး၊ ကလေးရဲ့ မိဘတွေ၊ အဲဒီအကြောင်း သိထားတဲ့ တခြားသူတွေနဲ့ စကားပြောတဲ့အခါ ဒီကိစ္စကို အာဏာပိုင်တွေဆီ တိုင်ကြားပိုင်ခွင့် ရှိကြောင်း အသိပေးကြတယ်။ ဒါပေမဲ့ ပြစ်မှုကျူးလွန်သူဟာ အသင်းတော်ထဲက တစ်ယောက်ဖြစ်ပြီး လူသိရှင်ကြား ဖြစ်သွားပြီ ဆိုရင်ကော။ တိုင်လိုက်လို့ ဘုရားနာမည် ရှုတ်ချရာရောက်သွားမှာကို စိုးရိမ်သင့်သလား။ မစိုးရိမ်သင့်ဘူး။ တကယ်တော့ ဘုရားနာမည် ထိခိုက်အောင်လုပ်သူက အပြစ်ကျူးလွန်သူသာ ဖြစ်တယ်။ w19.05 ၁၀ ¶၁၃-၁၄
စနေနေ့၊ စက်တင်ဘာ ၄
လောကရဲ့ ဉာဏ်ပညာဟာ ဘုရားသခင်ရှေ့မှာ မိုက်မဲတဲ့အရာပဲ။—၁ ကော. ၃:၁၉။
လင်နဲ့ မယားဟာ အချင်းချင်းကို ဂုဏ်တင်ပြီး အိမ်ထောင်ကတိသစ္စာကို စောင့်ထိန်းဖို့ ကျမ်းစာ အားပေးထားတယ်။ “ယောက်ျားက မိဘကိုထားခဲ့ပြီး ဇနီးနဲ့ မခွဲအတူ နေလိမ့်မယ်။ သူတို့ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်” ဆိုပြီး အိမ်ထောင်ကတိသစ္စာကို အလေးအနက်ထားဖို့ တိုက်တွန်းတယ်။ (က. ၂:၂၄) လောကရဲ့ ဉာဏ်ပညာကို လိုက်သူတွေကတော့ အိမ်ထောင်မှာ ကိုယ့်ဆန္ဒကိုပဲ ရှေ့တန်းတင်ကြတယ်။ “မင်္ဂလာပွဲတချို့မှာ ကတိသစ္စာဆိုတဲ့အခါ ‘အသက်ရှင်နေသရွေ့ ပေါင်းသင်းပါ့မယ်’ လို့ ပြောမယ့်အစား ‘ချစ်နေသရွေ့ ပေါင်းသင်းပါ့မယ်’ လို့ ပြောလာကြတယ်” ဆိုပြီး ကွာရှင်းခြင်းအကြောင်း စာအုပ်တစ်အုပ်မှာ ပြောတယ်။ အဲဒီသဘောထားကြောင့် အိမ်ထောင်ပြိုကွဲမှုတွေ များလာပြီး အကြီးအကျယ် စိတ်ဒဏ်ရာ ရလာကြတယ်။ အိမ်ထောင်ကို မလေးစားတဲ့ လောကရဲ့ ရှုမြင်ပုံဟာ တကယ်မိုက်မဲကြောင်း ထင်ရှားတယ်။ w19.05 ၂၃ ¶၁၂
တနင်္ဂနွေနေ့၊ စက်တင်ဘာ ၅
ဒီလောကစနစ်ရဲ့ ပုံသွင်းမှုကို မခံပါနဲ့တော့။—ရော. ၁၂:၂။
ခရစ်ယာန်တချို့ဟာ စာတန့်လောကရဲ့ အကျိုးမရှိတဲ့ အယူအဆတွေ၊ အတွေးအခေါ်တွေရဲ့ လွှမ်းမိုးမှုခံနေရလို့ ပေါလု စိုးရိမ်နေတာ။ (ဧ. ၄:၁၇-၁၉) ဘယ်သူမဆို အဲဒီလို လွှမ်းမိုးမှု ခံရနိုင်တယ်။ ဒီလောကရဲ့ဘုရား စာတန်က ယေဟောဝါဆီကနေ ကျွန်တော်တို့ ဝေးကွာသွားအောင် နည်းအမျိုးမျိုး သုံးနေတယ်။ တစ်နည်းကတော့ ရည်မှန်းချက်ကြီးတဲ့၊ ထင်ပေါ်လိုတဲ့ဆန္ဒကို အမြတ်ထုတ်ခြင်း ဖြစ်တယ်။ သူ့လို တွေးခေါ်လာအောင် ကျွန်တော်တို့ရဲ့ နောက်ခံ၊ ယဉ်ကျေးမှု၊ ပညာရေးကိုတောင် သုံးနိုင်တယ်။ ကျွန်တော်တို့စိတ်ထဲ “အခိုင်အမာ အမြစ်စွဲနေတာတွေကို” နုတ်ပစ်ဖို့ ဖြစ်နိုင်မလား။ (၂ ကော. ၁၀:၄) “လူတွေရဲ့ မှားယွင်းတဲ့ အတွေးအခေါ်တွေ၊ ဘုရားသခင်နဲ့ဆိုင်တဲ့ အသိပညာ မရနိုင်ဖို့ သူတို့ကို တားဆီးနေတဲ့ ထောင်လွှားတဲ့ အယူအဆတွေကို ကျွန်တော်တို့ ဖြိုဖျက်နေတာ။ လူတွေရဲ့ အတွေးအခေါ်တိုင်းကို အနိုင်ယူပြီး ခရစ်တော်ကို နာခံလာအောင် လုပ်နေကြတာ” လို့ ပေါလု ပြောတယ်။ (၂ ကော. ၁၀:၅) မှန်ပါတယ်။ မှားယွင်းတဲ့ အတွေးအခေါ်တွေကို ယေဟောဝါရဲ့ အကူအညီနဲ့ ထိန်းချုပ်နိုင်ပါတယ်။ w19.06 ၈ ¶၁-၃
တနင်္လာနေ့၊ စက်တင်ဘာ ၆
ကျွန်တော့်အတွက်တော့ ဘုရားသခင့် အနီးအပါးမှာ နေရတာ အကျိုးရှိပါတယ်။ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါဆီမှာ ကျွန်တော် ခိုလှုံနေပါတယ်။—ဆာ. ၇၃:၂၈။
ဟန္န၊ ဒါဝိဒ်နဲ့ ဆာလံဆရာတို့ဟာ အကူအညီရဖို့ ယေဟောဝါကို အားကိုးကြတယ်။ စိုးရိမ်ပူပန်မှုတွေကို ရင်ဖွင့်ဆုတောင်းကြတယ်။ စိတ်ဖိစီးရတဲ့ အကြောင်းရင်းကို ဘုရားဆီ ပွင့်ပွင့်လင်းလင်း ပြောပြကြတယ်။ ယေဟောဝါကို ဝတ်ပြုတဲ့နေရာဆီ သွားမြဲသွားခဲ့ကြတယ်။ (၁ ရှ. ၁:၉၊ ၁၀။ ဆာ. ၅၅:၂၂။ ၇၃:၁၇။ ၁၂၂:၁) ယေဟောဝါက သူတို့ တစ်ယောက်စီကို ကြင်ကြင်နာနာ တုံ့ပြန်တယ်။ ဟန္န စိတ်ငြိမ်သက်မှု ရခဲ့တယ်။ (၁ ရှ. ၁:၁၈) ဒါဝိဒ်က “ဖြောင့်မတ်သူဟာ အခက်အခဲ အများကြီး ကြုံရပေမဲ့ ယေဟောဝါက အခက်အခဲ မှန်သမျှကနေ သူ့ကို ကယ်တင်တယ်” လို့ ရေးတယ်။ (ဆာ. ၃၄:၁၉) ဆာလံဆရာက မိမိရဲ့ “ညာလက်ကို ကိုယ်တော် ဆုပ်ကိုင်ထား” ပြီး လမ်းပြညွှန်ကြားနေတယ်လို့ ခံစားခဲ့ရတယ်။ (ဆာ. ၇၃:၂၃၊ ၂၄) အဲဒီမှတ်တမ်းတွေကနေ ဘာသင်ယူရသလဲ။ ကျွန်တော်တို့လည်း စိတ်ဖိစီးမှု ဖြစ်စေတဲ့ ပြဿနာတွေနဲ့ ဝန်ပိနေနိုင်တယ်။ ဒါပေမဲ့ တခြားသူတွေကို ယေဟောဝါ ဘယ်လို ကူညီပေးကြောင်း တွေးတောဆင်ခြင်မယ်၊ ဘုရားဆီ ဆုတောင်းပြီး အားကိုးမယ်၊ ဘုရား တောင်းဆိုတာတွေကို နာခံမယ်ဆိုရင် ရင်ဆိုင်ဖြေရှင်းနိုင်ပါလိမ့်မယ်။—ဆာ. ၁၄၃:၁၊ ၄-၈။ w19.06 ၁၇ ¶၁၄-၁၅
အင်္ဂါနေ့၊ စက်တင်ဘာ ၇
ဖြောင့်မတ်သူတွေဖြစ်လို့ ဆင်းရဲဒုက္ခ ခံရရင်တော့ ခင်ဗျားတို့ ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်။ —၁ ပေ. ၃:၁၄။
လူတွေရဲ့ စကား၊ လုပ်ရပ်ကြောင့် ယေဟောဝါသက်သေ ဖြစ်ရတာကို ရှက်တာမျိုး အဖြစ်မခံပါနဲ့။ (မိ. ၄:၅) ယေရှု အသတ်ခံရပြီးနောက် ဂျေရုဆလင်မြို့မှာရှိတဲ့ တမန်တော်တွေရဲ့ ပုံသက်သေကို စဉ်းစားကြည့်ပါ။ မိမိတို့ကို ဂျူးဘာသာရေးခေါင်းဆောင်တွေ ဘယ်လောက် မုန်းကြောင်း တမန်တော်တွေ သိတယ်။ (တ. ၅:၁၇၊ ၁၈၊ ၂၇၊ ၂၈) ဒါပေမဲ့ နေ့တိုင်း ဗိမာန်တော်မှာသာမက လူတွေရှေ့မှာပါ ဟောပြောသွန်သင်ခြင်းအားဖြင့် ယေရှုရဲ့ တပည့်တွေဖြစ်ကြောင်း ဖော်ပြကြတယ်။ (တ. ၅:၄၂) ကြောက်စိတ်ကြောင့် လက်လျှော့တာမျိုး မလုပ်ခဲ့ဘူး။ ကျွန်တော်တို့လည်း အလုပ်မှာ၊ ကျောင်းမှာ၊ ရပ်ကွက်မှာ ယေဟောဝါသက်သေဖြစ်ကြောင်း ဖော်ပြခြင်းအားဖြင့် ကြောက်စိတ်ကို ကျော်လွှားနိုင်ပါတယ်။ (တ. ၄:၂၉။ ရော. ၁:၁၆) တမန်တော်တွေ ဘာကြောင့် ဝမ်းသာကြသလဲ။ အမုန်းခံရတဲ့ အကြောင်းရင်းကို သိလို့၊ ယေဟောဝါရဲ့ အလိုတော် ထမ်းဆောင်တဲ့အတွက် နှိပ်စက်ခံရတာကို ဂုဏ်ယူစရာအဖြစ် သဘောထားကြလို့ပဲ။ (လု. ၆:၂၃။ တ. ၅:၄၁။ ၁ ပေ. ၂:၁၉-၂၁) ကျွန်တော်တို့လည်း မှန်တာလုပ်လို့ အမုန်းခံရကြောင်း သိထားမယ်ဆိုရင် လူတွေ မုန်းတဲ့အခါ ကြောက်သွားမှာ မဟုတ်ဘူး။ w19.07 ၇ ¶၁၉-၂၀
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၈
ဥပုသ်နေ့မှာ ကောင်းမှု ပြုသင့်တယ်။ —မ. ၁၂:၁၂။
ယေရှုနဲ့ ဂျူးနောက်လိုက်တွေဟာ မောရှေပညတ်အောက်မှာ ရှိတဲ့အတွက် ဥပုသ်နေ့ကို စောင့်ထိန်းကြတယ်။ ဒါပေမဲ့ အကျိုးသင့်အကြောင်းသင့် ရှိရမှာ ဖြစ်ကြောင်း၊ ရိုင်းပင်းကူညီတဲ့ လုပ်ရပ်တွေ လုပ်ခွင့်ရှိကြောင်း အပြောနဲ့ရော အလုပ်နဲ့ပါ ယေရှု ဖော်ပြခဲ့တယ်။ (မ. ၁၂:၉-၁၁) ရိုင်းပင်းကူညီတဲ့ လုပ်ရပ်တွေဟာ ဥပုသ်ပညတ်ကို ချိုးဖောက်ရာ ရောက်တယ်လို့ ယေရှု မမြင်ဘူး။ ယေရှုရဲ့ လုပ်ရပ်တွေက ဥပုသ်ပညတ်ရဲ့ အဓိကအကြောင်းရင်းကို ပေါ်လွင်စေတယ်။ ဥပုသ်နေ့မှာ ဘုရားလူမျိုးဟာ နေ့စဉ်အလုပ်တွေကနေ အနားယူတဲ့အတွက် ဘုရားရေးရာကို အာရုံစိုက်နိုင်ခဲ့တယ်။ ဇာတိမြို့ နာဇရက်မှာ ယေရှုဟာ ‘ထုံးစံအတိုင်း ဥပုသ်နေ့မှာ တရားဇရပ်ထဲ ဝင်တယ်။ ကျမ်းစာဖတ်ဖို့ ထရပ်တယ်’ လို့ ဖော်ပြထားတယ်။ (လု. ၄:၁၅-၁၉) တပည့်တွေဟာ ဥပုသ်နေ့ကို အလွန် အလေးထားလို့ ယေရှုအလောင်းကို အမွှေးနံ့သာ လိမ်းကျံဖို့ ပြင်ဆင်နေတာတွေကို ဥပုသ်နေ့မှာ ရပ်ထားကြတယ်။—လု. ၂၃:၅၅၊ ၅၆။ w19.12 ၄ ¶၁၀
ကြာသပတေးနေ့၊ စက်တင်ဘာ ၉
မျှော်လင့်ချက်မဲ့ . . . သူတွေ ဖြစ်ခဲ့တယ်။ —ဧ. ၂:၁၂။
စိတ်ရိုးဖြောင့်သူတွေကို ရှာဖွေရေးဟာ ခရစ်ယာန်ယောက်တိုင်းနဲ့ ဆိုင်တယ်။ ပျောက်နေတဲ့ ကလေးကို လိုက်ရှာတာနဲ့ ဥပမာပေးနိုင်တယ်။ သုံးနှစ်သားလေး ပျောက်သွားတဲ့ ဖြစ်ရပ်မှန်တစ်ခုကို သုံးသပ်ကြည့်ပါ။ ရှာဖွေရေးမှာ လူ ၅၀၀ လောက် ပါဝင်ခဲ့တယ်။ နာရီ ၂၀ လောက် ရှာပြီးမှ လူတစ်ယောက်က ပြောင်းခင်းထဲမှာ ကလေးကို ရှာတွေ့တယ်။ အဲဒီလူက သူရှာတွေ့တာပါဆိုပြီး နာမည်ယူမယ့်အစား “ကျွန်တော်တို့အားလုံး စုပေါင်းရှာဖွေလို့ တွေ့တာပါ” ဆိုပြီး ပြောတယ်။ လူများစွာလည်း အဲဒီကလေးလိုပဲ လမ်းပျောက်နေကြတယ်။ မျှော်လင့်ချက်မဲ့ပြီး အကူအညီ လိုနေကြတယ်။ အဲဒီထိုက်တန်သူတွေကို ရှာဖွေရာမှာ လူရှစ်သန်းကျော် ပါဝင်နေတယ်။ ကျမ်းစာလေ့လာချင်သူကို သင်ကိုယ်တိုင် ရှာမတွေ့ရင်တောင် အဲဒီရပ်ကွက်မှာပဲ နောက်ကြေညာသူတစ်ယောက်က ရှာတွေ့နိုင်တယ်။ တပည့်ဖြစ်လာမယ့်သူကို ညီအစ်ကို/မ တစ်ယောက်ယောက် ရှာတွေ့တဲ့အခါ ရှာဖွေခြင်းလုပ်ငန်းမှာ ပါဝင်သူအားလုံး ပျော်ရွှင်ကြတယ်။ w19.07 ၁၆-၁၇ ¶၉-၁၀
သောကြာနေ့၊ စက်တင်ဘာ ၁၀
ပန်းတိုင်ထားပြီး ကြိုးစားနေတယ်။—ဖိ. ၃:၁၄။
ဖိလိပ္ပိမြို့က ခရစ်ယာန်တွေ ခံနိုင်ရည်ရှိရှိ ဆက်ပြေးဖို့ လိုတယ်လို့ တမန်တော် ပေါလု သတိပေးတယ်။ ဖိလိပ္ပိအသင်းတော်ဟာ တည်ထောင်ချိန်ကစပြီး ရန်လိုမုန်းတီးမှုတွေ ကြုံခဲ့ရတယ်။ ‘မက်ဆီဒိုးနီးယားပြည်ကို ကူးလာပါ’ ဆိုတဲ့ စိတ်အာရုံကြောင့် ဖိလိပ္ပိမြို့ကို ပေါလုနဲ့ သိလ ရောက်လာတဲ့ အေဒီ ၅၀ လောက်မှာ ဖြစ်တယ်။ (တ. ၁၆:၉) အဲဒီမှာ သတင်းကောင်းကို လုဒိဆိုတဲ့ အမျိုးသမီး “အာရုံစိုက် နားထောင်နိုင်ဖို့ သူ့စိတ်နှလုံးကို ယေဟောဝါ ဖွင့်ပေးတယ်။” (တ. ၁၆:၁၄) မကြာခင် အိမ်သူအိမ်သားတွေနဲ့အတူ လုဒိ နှစ်ခြင်းခံတယ်။ ဒါပေမဲ့ မာရ်နတ် ချက်ချင်း ဒုက္ခပေးတော့တယ်။ မြို့သားတွေက ပေါလုနဲ့ သိလကို လက်ထောက်တရားသူကြီးတွေဆီ ဆွဲခေါ်သွားပြီး မြို့ကို နှောင့်ယှက်တယ်လို့ မတရားစွပ်စွဲကြတယ်။ ပေါလုနဲ့ သိလဟာ ကြိမ်ဒဏ် ရိုက်ခံရပြီး ထောင်ချခံရတယ်။ နောက်ပိုင်း သူတို့ကို မြို့ကနေ ထွက်သွားခိုင်းကြတယ်။ (တ. ၁၆:၁၆-၄၀) သူတို့ အရှုံးပေးလိုက်သလား။ မပေးပါဘူး။ အသင်းတော်သစ်မှာ ရှိတဲ့ ညီအစ်ကို/မတွေကော။ သူတို့လည်း ခံနိုင်ရည် ရှိကြတယ်။ ပေါလုနဲ့ သိလရဲ့ ပုံသက်သေကောင်းကြောင့် အလွန် အားရှိသွားကြမှာ သေချာတယ်။ w19.08 ၂ ¶၁-၂
စနေနေ့၊ စက်တင်ဘာ ၁၁
ဖြောင့်မတ်တဲ့လုပ်ရပ်တွေ လုပ်ဆောင်[နေကြပါ။]—ဖိ. ၁:၁၁။
“ဖြောင့်မတ်တဲ့လုပ်ရပ်တွေ” ထဲမှာ ယေဟောဝါနဲ့ ဘုရားလူမျိုးကို ချစ်တဲ့ မေတ္တာ ပါဝင်တယ်။ ယေရှုကို ယုံကြည်တဲ့အကြောင်း၊ သိပ်ကောင်းတဲ့ မျှော်လင့်ချက်အကြောင်း တခြားသူတွေကို ပြောပြခြင်းလည်း ပါဝင်တယ်။ တပည့်ဖြစ်စေခြင်းဆိုတဲ့ အရေးကြီးဆုံးလုပ်ငန်းမှာ တက်ကြွစွာ ပါဝင်နေတာက “ဖြောင့်မတ်တဲ့လုပ်ရပ်တွေ” လုပ်ဆောင်နေတာပဲ။ (မ. ၂၈:၁၈-၂၀) ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် “အလင်းဆောင်သူတွေအဖြစ် ထွန်းလင်း” နိုင်ပါတယ်။ တစ်ခါတလေ၊ သတင်းကောင်း ဟောဖို့ တားဆီးပုံရတဲ့အရာတွေက ဟောပြောဖို့ အခွင့်အရေး ဖြစ်သွားနိုင်တယ်။ ဥပမာ၊ ဖိလိပ္ပိအသင်းတော်ဆီ စာရေးတုန်းက တမန်တော် ပေါလုဟာ ရောမမြို့မှာ အကျယ်ချုပ် ကျနေတယ်။ ဒါတောင် အစောင့်တွေ၊ ဧည့်သည်တွေကို မဟောဘဲ မနေဘူး။ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ထက်သန်စွာ ဟောပြောတယ်။ ဒါကြောင့် ညီအစ်ကိုတွေလည်း ‘တရားစကားကို မကြောက်မရွံ့ ဟောပြော’ ဖို့ ယုံကြည်စိတ်ချမှုနဲ့ သတ္တိ ရှိလာတယ်။—ဖိ. ၁:၁၂-၁၄။ ၄:၂၂။ w19.08 ၁၂ ¶၁၅-၁၆
တနင်္ဂနွေနေ့၊ စက်တင်ဘာ ၁၂
ဘုရားသခင်က အချိန်တန်ရင် ချီးမြှောက်မှာဖြစ်လို့ တန်ခိုးကြီးတဲ့ လက်ရုံးတော်အောက်မှာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချကြပါ။—၁ ပေ. ၅:၆။
နှိမ့်ချမှုကို မွေးမြူသင့်တဲ့ အရေးကြီးဆုံး အကြောင်းရင်းကတော့ ယေဟောဝါ နှစ်သက်လို့ပဲ။ အဲဒီအချက်ကို ဒီနေ့ကျမ်းချက်မှာ တမန်တော် ပေတရု ဖော်ပြတယ်။ “လာ၍ ငါ့နောက်သို့ လိုက်လော့” စာအုပ်၊ အခန်း ၃၊ စာပိုဒ် ၂၃ မှာ ပေတရုရဲ့ စကားကို ဒီလို မှတ်ချက်ပြုထားတယ်– “မောက်မာခြင်းသည် အဆိပ်နှင့်တူပြီး အလွန်အန္တရာယ်ရှိ၏။ ထိုအရည်အသွေးသည် ပင်ကိုစွမ်းရည် အရှိဆုံးသူကို ဘုရားသခင်အတွက် အသုံးမဝင်သူ ဖြစ်စေနိုင်သည်။ စိတ်နှိမ့်ချခြင်းမူကား အသိမ်ဖျင်းဆုံးသူကိုပင် ယေဟောဝါအတွက် အသုံးဝင်သူ ဖြစ်စေနိုင်၏။ . . . ဘုရားသခင်သည် သင်၏နှိမ့်ချမှုအတွက် သင့်ကို အားရဝမ်းသာစွာ ဆုချတော်မူမည်။” ယေဟောဝါရဲ့စိတ်ကို ရွှင်လန်းစေတာထက် ပိုကောင်းတာ ဘာများ ရှိသေးလို့လဲ။ (ပညာ. ၂၃:၁၅) နှိမ့်ချမှုကို မွေးမြူတဲ့အခါ ကျွန်တော်တို့လည်း အကျိုးများစွာ ရရှိတယ်။ နှိမ့်ချသူကို လူတွေ ခင်မင်ရင်းနှီးချင်ကြတယ်။ ကျွန်တော်တို့လည်း အဲဒီလိုပါပဲ။—မ. ၇:၁၂။ w19.09 ၄ ¶၈-၉
တနင်္လာနေ့၊ စက်တင်ဘာ ၁၃
စိတ်ကြီးဝင်နေသူကို ယေဟောဝါ ရွံရှာတယ်။—ပညာ. ၁၆:၅။
အကြီးအကဲတွေဟာ ညီအစ်ကို/မတွေရဲ့ အကျိုးအတွက် ကြိုးစားလုပ်ဆောင်ကြတယ်။ အခွင့်အာဏာကြောင့် မာနကြီးတာမျိုး မရှိကြဘူး။ အဲဒီအစား ညီအစ်ကို/မတွေကို နူးညံ့စွာ ဆက်ဆံတယ်။ (၁ သက်. ၂:၇၊ ၈) သူတို့ရဲ့ စကားပြောပုံမှာ မေတ္တာနဲ့ နှိမ့်ချမှု ဘယ်လောက်ရှိကြောင်း ပေါ်လွင်တယ်။ ဝါရင့်အကြီးအကဲ အန်ဒရူး ဒီလိုပြောတယ်– “အကြီးအကဲတွေ ကြင်ကြင်နာနာ၊ နွေးနွေးထွေးထွေး ဆက်ဆံတဲ့အခါ ညီအစ်ကို/မတွေ ကောင်းကောင်း တုံ့ပြန်တာကို ကျွန်တော် သတိထားမိတယ်။ အဲဒီအရည်အသွေးတွေက အကြီးအကဲတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ လှုံ့ဆော်ပေးတယ်။” သက်တမ်းကြာ အကြီးအကဲ တိုနီကလည်း “ဖိလိပ္ပိ ၂:၃ မှာပါတဲ့ အကြံဉာဏ်ကို ကျင့်သုံးပြီး တခြားသူတွေကို ကိုယ့်ထက်သာတယ်လို့ သဘောထားဖို့ အမြဲ ကြိုးစားတယ်။ ဒါက အာဏာရှင်ဆန်ဆန် မဆက်ဆံမိဖို့ ကျွန်တော့်ကို ကူညီပေးတယ်” လို့ ပြောတယ်။ အကြီးအကဲတွေဟာ ယေဟောဝါလိုပဲ နှိမ့်ချရမယ်။ ယေဟောဝါဟာ စကြဝဠာ အချုပ်အခြာအာဏာပိုင်ရှင်ဖြစ်ပေမဲ့ “ကိုယ်ကို ကိုင်းညွတ်ပြီး” “နိမ့်ကျသူကို မြေမှုန့်ထဲကနေ” ထူမတယ်။ (ဆာ. ၁၈:၃၅။ ၁၁၃:၆၊ ၇) မာနကြီးသူ၊ မောက်မာသူတွေကိုတော့ ယေဟောဝါ ရွံရှာတယ်။ w19.09 ၁၆-၁၇ ¶၁၁-၁၂
အင်္ဂါနေ့၊ စက်တင်ဘာ ၁၄
ကျွန်တော့်ထမ်းပိုးကို ထမ်း. . .ကြပါ။ —မ. ၁၁:၂၉။
ယေရှု ထမ်းပိုးအောက်မှာ လန်းဆန်းမှု ဆက်ရချင်ရင် မှန်ကန်တဲ့အမြင်ကို ဆက်ထိန်းထားပါ။ ယေဟောဝါရဲ့ လုပ်ငန်းဖြစ်လို့ ယေဟောဝါရဲ့ နည်းလမ်းအတိုင်း လုပ်ဆောင်ရမယ်။ ကျွန်တော်တို့က အလုပ်သမား၊ ယေဟောဝါက အလုပ်ရှင်ပါ။ (လု. ၁၇:၁၀) ဘုရားအလုပ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့လုပ်ရင် ထမ်းပိုးကို တွန်းထုတ်နေတာနဲ့ တူတယ်။ ယေဟောဝါရဲ့ လမ်းညွှန်မှုကို လိုက်နာမယ်ဆိုရင်တော့ ကိုယ့်အစွမ်းအစနဲ့ မလုပ်နိုင်ဘူးလို့ ထင်တဲ့အရာတွေကို လုပ်ဆောင်နိုင်ပြီး အတားအဆီးတွေကို ကျော်လွှားနိုင်ပါလိမ့်မယ်။ ဘုရားအလိုတော် မအောင်မြင်ဖို့ ဘယ်သူမှ မတားဆီးနိုင်ဘူးဆိုတာ သတိရပါ။ (ရော. ၈:၃၁။ ၁ ယော. ၄:၄) ကျွန်တော်တို့ရဲ့ ပန်းတိုင်က မေတ္တာရှင် ဖခင် ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းဖို့ပါ။ ယေရှုခေတ်က နောက်လိုက်တချို့ဟာ လောဘကြီးပြီး ကိုယ်ကျိုးရှာတဲ့အတွက် မပျော်ရွှင်တော့ဘဲ ယေရှုရဲ့ ထမ်းပိုးကို စွန့်ပယ်ခဲ့ကြတယ်။ (ယော. ၆:၂၅-၂၇၊ ၅၁၊ ၆၀၊ ၆၆။ ဖိ. ၃:၁၈၊ ၁၉) ဘုရားသခင်နဲ့ လူလူချင်းကို ချစ်တဲ့မေတ္တာ ရှိသူတွေကတော့ ကောင်းကင်မှာ ခရစ်တော်နဲ့အတူ အမှုဆောင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ယေရှုရဲ့ ထမ်းပိုးကို ပျော်ရွှင်စွာ ထမ်းကြတယ်။ သူတို့လိုပဲ ကျွန်တော်တို့လည်း ယေရှုရဲ့ ထမ်းပိုးကို စိတ်ရင်းမှန်နဲ့ ထမ်းခြင်းအားဖြင့် ဆက်ပျော်ရွှင်နိုင်ကြတယ်။ w19.09 ၂၀ ¶၁။ ၂၄-၂၅ ¶၁၉-၂၀
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၁၅
အမှန်တရားကိုပါ သိရလိမ့်မယ်။ အဲဒီအမှန်တရားက ခင်ဗျားတို့ကို လွတ်မြောက်စေလိမ့်မယ်။ —ယော. ၈:၃၂။
ကျမ်းစာနဲ့ မညီတဲ့ ယုံကြည်ချက်တွေကနေ လွတ်မြောက်ရတဲ့ ကောင်းချီးတွေကို စဉ်းစားကြည့်ပါ။ အဲဒီလို လွတ်လပ်မှု ရထားတဲ့အတွက် တကယ့်ကို ဝမ်းသာစရာပါပဲ။ ပိုကြီးမြတ်တဲ့ လွတ်လပ်မှုကို သင် မျှော်လင့်နိုင်တယ်။ မကြာခင် မှားယွင်းတဲ့ ဘာသာတရားနဲ့ အကျင့်ပျက်ခြစားတဲ့ လူ့အုပ်ချုပ်မှုကို ယေရှု ဖျက်ဆီးပါတော့မယ်။ ဘုရားသခင်က မိမိကို ဝတ်ပြုတဲ့ “လူအုပ်ကြီး” ကို ကာကွယ်ပြီး မြေကြီးပရဒိသုမှာ ကောင်းချီးတွေ ပေးပါလိမ့်မယ်။ (ဗျာ. ၇:၉၊ ၁၄) လူများစွာ ထမြောက်လာပြီး အာဒံ့အပြစ်ရဲ့ ဆိုးကျိုးတွေကနေ လွတ်မြောက်ခွင့် ရကြပါလိမ့်မယ်။ (တ. ၂၄:၁၅) အနှစ်တစ်ထောင်အတွင်း ယေရှုနဲ့ တွဲဖက်အုပ်ချုပ်သူတွေဟာ လူသားတွေကို ပြီးပြည့်စုံတဲ့ ကျန်းမာရေး ရစေဖို့၊ ဘုရားရဲ့ သားတွေ ပြန်ဖြစ်လာစေဖို့ ကူညီပေးပါလိမ့်မယ်။ အဲဒီအချိန်ဟာ အစ္စရေးခေတ်က ယုဘိလနဲ့ ဆင်တူပါလိမ့်မယ်။ မြေကြီးပေါ်မှာ ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုနေသူအားလုံး ပြည့်ဝစုံလင်လာပြီး အပြစ်ကနေ လွတ်မြောက်ကြပါလိမ့်မယ်။ w19.12 ၁၂-၁၃ ¶၁၄-၁၆
ကြာသပတေးနေ့၊ စက်တင်ဘာ ၁၆
ဗာနဗက ရှောလုကို ကူညီ[ပေးတယ်။] —တ. ၉:၂၇။
အေဒီ ပထမရာစုမှာ ရက်ရောတဲ့ ယောသပ် (ဗာနဗ) ဟာ ယေဟောဝါ အသုံးပြုတာကို လိုလိုလားလား လက်ခံတယ်။ (တ. ၄:၃၆၊ ၃၇) အသင်းတော်ကို နှိပ်စက်ညှဉ်းဆဲခဲ့တဲ့ ရှောလု ယုံကြည်သူ ဖြစ်လာပြီးနောက်မှာ ညီအစ်ကိုတွေက ရှောလုကို ကြောက်ကြတယ်။ ဒါပေမဲ့ ကြင်နာတတ်တဲ့ ဗာနဗက ရှောလုကို ကူညီပေးတယ်။ (တ. ၉:၂၁၊ ၂၆-၂၈) နောက်ပိုင်း၊ ရှုရိပြည်၊ အန္တိအုတ်မြို့က ညီအစ်ကိုတွေ အားပေးမှု လိုနေကြောင်း ဂျေရုဆလင်မြို့က အကြီးအကဲတွေ ကြားတယ်။ ဒါနဲ့ သူတို့ ဘယ်သူ့ကို စေလွှတ်ခဲ့သလဲ။ ဗာနဗကိုပဲပေါ့။ သူတို့ ရွေးချယ်တာ မှန်တယ်။ ဗာနဗဟာ “သခင်ကို အမြဲ သစ္စာရှိသွားဖို့ စိတ်ပိုင်းဖြတ်ထားကြပါဆိုပြီး သူတို့အားလုံးကို အားပေးတယ်” လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (တ. ၁၁:၂၂-၂၄) ဒီနေ့လည်း အလားတူပဲ။ ခရစ်ယာန်ချင်းတွေအတွက် “နှစ်သိမ့်ခြင်းရဲ့ သား” ဖြစ်လာအောင် ကျွန်တော်တို့ကို ယေဟောဝါ ကူညီပေးနိုင်တယ်။ ဥပမာ၊ ချစ်ရသူ သေဆုံးလို့ ကြေကွဲနေသူတွေကို နှစ်သိမ့်ပေးဖို့ ကျွန်တော်တို့ကို အသုံးပြုနိုင်တယ်။ ဖျားနာသူ၊ စိတ်ဓာတ်ကျနေသူဆီ လည်ပတ်၊ ဖုန်းဆက်ပြီး နှစ်သိမ့်စကားပြောဖို့ လှုံ့ဆော်ပေးနိုင်တယ်။ သင်ဟာ ဗာနဗလိုပဲ ယေဟောဝါ အသုံးပြုတာကို ခွင့်ပြုမလား။—၁ သက်. ၅:၁၄။ w19.10 ၂၂ ¶၈
သောကြာနေ့၊ စက်တင်ဘာ ၁၇
အမှားကို ခွင့်လွှတ်သူတိုင်းဟာ မေတ္တာရဖို့ ကြိုးစားတဲ့သူပဲ။ ကိစ္စတစ်ခုကို ခဏခဏ ပြန်ဖော်တဲ့သူကတော့ ရင်းနှီးတဲ့ မိတ်ဆွေတွေကို စိမ်းကားစေတယ်။—ပညာ. ၁၇:၉။
တစ်ခါတလေ မိတ်ဆွေတွေနဲ့ အတူတွဲလုပ်ဆောင်တဲ့အခါ အားသာချက်တွေကိုသာမက အားနည်းချက်တွေကိုပါ သိလာတယ်။ ဒါပေမဲ့ မိတ်ဆွေနှောင်ကြိုး ဆက်ခိုင်မြဲအောင် ဘာက ကူညီပေးနိုင်သလဲ။ ညီအစ်ကို/မတွေဆီကနေ စုံလင်မှုကို မျှော်လင့်လို့ မရဘူး။ ဒါကြောင့် ရင်းနှီးတဲ့ မိတ်ဆွေ ဖြစ်ပြီဆိုရင် နှောင်ကြိုး ဆက်ခိုင်မြဲအောင် ကြိုးစားနေရမယ်။ မိတ်ဆွေတွေ အမှားလုပ်မိတဲ့အခါ ကျမ်းစာကို အခြေပြုပြီး ကြင်ကြင်နာနာ၊ ပွင့်ပွင့်လင်းလင်း တည့်မတ်ပေးရမယ်။ (ဆာ. ၁၄၁:၅) ကိုယ့်ကို စိတ်ထိခိုက်အောင် လုပ်ရင် ခွင့်လွှတ်ရမယ်။ ခွင့်လွှတ်ပြီးနောက် ပြန်အစမဖော်ရဘူး။ ကြီးစွာသောဒုက္ခအတွင်းမှာ မိတ်ဆွေတွေကို ကျွန်တော်တို့ ပိုလိုအပ်လာလိမ့်မယ်။ ဒါကြောင့် ဒီနောက်ဆုံးကာလမှာ ညီအစ်ကို/မတွေရဲ့ အားနည်းချက်ကို မဟုတ်ဘဲ အားသာချက်ကို အာရုံစိုက်ဖို့ အရေးကြီးတယ်။ ဒါဆိုရင် ရင်းနှီးမှုနှောင်ကြိုး ပိုခိုင်မြဲလာမယ်။ w19.11 ၆ ¶၁၃၊ ၁၆
စနေနေ့၊ စက်တင်ဘာ ၁၈
လူမျိုးတကာဆီ သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ . . . ကျွန်တော် မိန့်မှာထားသမျှကို လိုက်နာဖို့ သွန်သင်ပေးကြပါ။—မ. ၂၈:၁၉၊ ၂၀။
ကျမ်းစာသင်အံမှု လုပ်တဲ့အခါ ‘တပည့်ဖြစ်လာအောင် သွန်သင်ပေးဖို့၊ ယေရှု မိန့်မှာထားသမျှကို လိုက်နာအောင် သွန်သင်ပေးဖို့’ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ ယေဟောဝါနဲ့ ဘုရားနိုင်ငံတော်ဘက် ရပ်တည်ဖို့ ဘယ်လောက် အရေးကြီးကြောင်း လူတွေ နားလည်အောင် ကူညီပေးကြတယ်။ အဲဒါက သိလာတာတွေကို လက်တွေ့ကျင့်သုံးခြင်း၊ ဘဝကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံခြင်း၊ နှစ်ခြင်းခံခြင်းအားဖြင့် အမှန်တရားကို ကိုယ်ပိုင်ဖြစ်စေဖို့ ကူညီပေးတာကို ဆိုလိုတယ်။ ဒါမှ ယေဟောဝါရဲ့ နေ့ကို သူတို့ လွတ်မြောက်နိုင်မယ်။ (၁ ပေ. ၃:၂၁) ဒီစနစ်အဆုံးတိုင်ဖို့ အချိန်နည်းနည်းပဲ ကျန်တော့တယ်။ ဒါကြောင့် ခရစ်တော်ရဲ့ တပည့်ဖြစ်ဖို့ ပြုပြင်ပြောင်းလဲချင်စိတ် မရှိသူတွေနဲ့ ကျမ်းစာ ဆက်လေ့လာပြီး အချိန်ဖြုန်းမနေသင့်ဘူး။ (၁ ကော. ၉:၂၆) ကျွန်တော်တို့ရဲ့ လုပ်ငန်းက အရေးကြီးတယ်။ အချိန်မနှောင်းခင် သတင်းကောင်း ကြားဖို့ လိုအပ်နေသူတွေ အများကြီးရှိသေးတယ်။ w19.10 ၁၁-၁၂ ¶၁၄-၁၅
တနင်္ဂနွေနေ့၊ စက်တင်ဘာ ၁၉
ယေဟောဝါရှေ့မှာ နံ့သာပေါင်းကို မီးခဲပေါ် ဖြူးရမယ်။—ဝတ်. ၁၆:၁၃။
အစ္စရေးတွေဟာ နှစ်စဉ် အပြစ်ဖြေရာနေ့မှာ တိရစ္ဆာန် ပူဇော်သက္ကာတွေ ဆက်သကြတယ်။ သူတို့ရဲ့ အပြစ်တွေ ဆေးကြောသန့်စင်ခံရဖို့ လိုအပ်ကြောင်း အဲဒီပူဇော်သက္ကာတွေက အမှတ်ရစေတယ်။ ဦးဆုံး၊ ပုရောဟိတ်မင်းက မီးခဲခွက်ထဲ နံ့သာပေါင်း ထည့်လိုက်တဲ့အခါ တစ်ခန်းလုံး မွှေးရနံ့ သင်းပျံ့သွားတယ်။ အဲဒီကနေ ဘာသင်ယူနိုင်သလဲ။ သစ္စာရှိ ဝတ်ပြုသူတွေရဲ့ ဆုတောင်းချက်ဟာ နံ့သာပေါင်းနဲ့ တူတယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (ဆာ. ၁၄၁:၂။ ဗျာ. ၅:၈) ပုရောဟိတ်မင်းက နံ့သာပေါင်းကို ယေဟောဝါရှေ့ ရိုသေလေးစားစိတ်နဲ့ ယူလာတယ်။ ကျွန်တော်တို့လည်း ယေဟောဝါဆီ ရိုသေလေးစားစိတ်နဲ့ ဆုတောင်းကြတယ်။ ဖန်ဆင်းရှင်နဲ့ ကျွန်တော်တို့ သားအဖလို ရင်းနှီးခွင့် ရထားလို့ သိပ်ကျေးဇူးတင်ကြတယ်။ (ယာ. ၄:၈) ကျွန်တော်တို့ကို မိတ်ဆွေအဖြစ် ဘုရား လက်ခံတယ်။ (ဆာ. ၂၅:၁၄) ဒီအခွင့်ထူးကို အလွန် တန်ဖိုးထားလို့ ဘုရား စိတ်ပျက်အောင်လုပ်မှာ မဟုတ်ဘူး။ w19.11 ၂၀-၂၁ ¶၃-၅
တနင်္လာနေ့၊ စက်တင်ဘာ ၂၀
ယေဟောဝါဘုရား၊ ကိုယ်တော့်လုပ်ဆောင်မှုတွေ များလိုက်တာ။ ဒါတွေအားလုံးကို ဉာဏ်ပညာနဲ့ ဖန်ဆင်းထားတယ်။ ကမ္ဘာမြေဟာ ကိုယ်တော့်လက်ရာတွေနဲ့ ပြည့်နေတယ်။ —ဆာ. ၁၀၄:၂၄။
သင် နေထိုင်တဲ့ ဒေသမှာ လူအများစုက အလုပ်ကို ဘယ်လို သဘောထားကြသလဲ။ နိုင်ငံများစွာမှာ လူတွေက အရင်ကထက် အလုပ် ပိုလုပ်လာကြတယ်။ အနားယူဖို့၊ ဘုရားရေးရာ လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့၊ မိသားစုကို အချိန်ပေးဖို့ မအားကြတော့ဘူး။ (ဒေ. ၂:၂၃) လူတချို့ကျတော့ လုံးဝ အလုပ် မလုပ်ချင်လို့ ဆင်ခြေတွေ ပေးကြတယ်။ (ပညာ. ၂၆:၁၃၊ ၁၄) လောကမှာရှိတဲ့ လူတွေက အလုပ်အပေါ် မမျှတတဲ့ သဘောထား ရှိပေမဲ့ ယေဟောဝါနဲ့ ယေရှု ဘယ်လို သဘောထားကြောင်း သုံးသပ်ကြည့်ပါ။ ယေဟောဝါက အလုပ်လုပ်ရတာကို နှစ်သက်တယ်။ “ကျွန်တော့်ရဲ့ အဖဘုရားဟာ အခုချိန်ထိ အလုပ်လုပ်နေတုန်းပဲ။ ကျွန်တော်လည်း အလုပ်လုပ်မှာပဲ” လို့ ယေရှု ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ (ယော. ၅:၁၇) ယေဟောဝါက မရေတွက်နိုင်တဲ့ နာမ်ဝိညာဉ် သတ္တဝါတွေနဲ့ စကြဝဠာကြီးကို ဖန်ဆင်းခဲ့တယ်။ လှပတဲ့ ကမ္ဘာမြေပေါ်မှာလည်း ဘုရားရဲ့ ဖန်ဆင်းခြင်း လက်ရာတွေ အပြည့်ပဲ။ w19.12 ၂ ¶၁-၂
အင်္ဂါနေ့၊ စက်တင်ဘာ ၂၁
ဒါဝိဒ်ကို ငါတွေ့ပြီ။ သူဟာ ငါနဲ့ စိတ်သဘောထားချင်း ကိုက်ညီသူပဲ။ —တ. ၁၃:၂၂။
ယေဟောဝါနဲ့ ဒါဝိဒ် ဘာကြောင့် ဒီလောက် ရင်းနှီးတာလဲ။ ဖန်ဆင်းခြင်းလက်ရာတွေကနေ ယေဟောဝါအကြောင်း ဒါဝိဒ် သင်ယူတယ်။ ဒါဝိဒ် ငယ်ငယ်တုန်းက ဖခင်ရဲ့ သိုးတွေကို ထိန်းကျောင်းရင်း ယေဟောဝါရဲ့ ဖန်ဆင်းခြင်းလက်ရာတွေကို တွေးတောဆင်ခြင်ခဲ့ပုံရတယ်။ ဥပမာ၊ ညဘက်မှာ ကြယ်အတိပြီးတဲ့ ကောင်းကင်ကို ကြည့်ရင်း ဖန်ဆင်းရှင်ရဲ့ အရည်အသွေးတွေအကြောင်း စဉ်းစားမိမှာပဲ။ (ဆာ. ၁၉:၁၊ ၂) လူတွေ ဖန်ဆင်းခံရပုံကို စဉ်းစားပြီးတော့လည်း ယေဟောဝါရဲ့ ဉာဏ်ပညာကို သိလာတယ်။ (ဆာ. ၁၃၉:၁၄) ယေဟောဝါရဲ့ ဖန်ဆင်းခြင်းလက်ရာတွေကို ဆင်ခြင်တဲ့အခါ ဘုရားရှေ့မှာ မိမိဘယ်လောက် သေးနုပ်ကြောင်း သိလာတယ်။ (ဆာ. ၁၃၉:၆) ဘာသင်ခန်းစာ ရသလဲ။ နေ့စဉ်ဘဝမှာ ဝန်းကျင်က သစ်ပင်၊ တိရစ္ဆာန်၊ လူတွေစတဲ့ ဖန်ဆင်းရာတွေက ယေဟောဝါအကြောင်း ဘာသင်ပေးသလဲဆိုတာ တွေးတောဆင်ခြင်ပါ။ ဒါဆိုရင် နေ့သစ်တိုင်း ယေဟောဝါအကြောင်း ပိုသိလာပါလိမ့်မယ်။ (ရော. ၁:၂၀) နေ့တိုင်း ဘုရားကို ချစ်တဲ့မေတ္တာ တိုးများလာပါလိမ့်မယ်။ w19.12 ၁၉-၂၀ ¶၁၅-၁၇
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၂၂
မောရှေက ကြီးပြင်းလာတဲ့အခါ ဘုရင့်သမီးတော်ရဲ့ သားလို့ အခေါ်ခံရမယ့် ဘဝကို ယုံကြည်ခြင်းကြောင့် ငြင်းပယ်ခဲ့တယ်။—ဟီ. ၁၁:၂၄။
မောရှေဟာ သိတဲ့အတိုင်း လုပ်ဆောင်တယ်။ အသက် ၄၀ အရွယ်မှာ “ဘုရင့်သမီးတော်ရဲ့ သား” အဖြစ် ဆက်နေမယ့်အစား ဘုရားလူမျိုးနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တယ်။ အီဂျစ်တွေက ဖာရောကို ဘုရားတစ်ပါးအဖြစ် ယူမှတ်ကြတယ်။ အီဂျစ်ကျွန်တွေ ဖြစ်တဲ့ ဟီဘရူးတွေကို ကူညီပေးရင် ဖာရော အမျက်ထွက်မယ်ဆိုတာ မောရှေ သိတယ်။ ဒါပေမဲ့ ထင်ပေါ်တဲ့ ရာထူးကို စွန့်လွှတ်ပြီး ဘုရားလူမျိုးကို ကူညီပေးခဲ့တယ်။ တကယ့် ထူးခြားတဲ့ ယုံကြည်ခြင်းပါပဲ။ ယေဟောဝါကို မောရှေ ယုံကြည်ကိုးစားတယ်။ အဲဒီလို ယုံကြည်ကိုးစားလို့ ယေဟောဝါနဲ့ တည်မြဲတဲ့ ဆက်ဆံရေး ရှိခဲ့တာ ဖြစ်တယ်။ (ပညာ. ၃:၅) ဘာသင်ခန်းစာ ရသလဲ။ မောရှေလိုပဲ ကျွန်တော်တို့အားလုံး ဘုရားကို ကိုးကွယ်ပြီး ဘုရားလူမျိုးနဲ့ ပူးပေါင်းမလားဆိုတာ ဆုံးဖြတ်ရမယ်။ ဘုရားကို ဝတ်ပြုဖို့ စွန့်လွှတ် အနစ်နာခံစရာတွေ ရှိနိုင်တယ်။ ယေဟောဝါကို မသိသူတွေရဲ့ ဆန့်ကျင်မှု ကြုံရနိုင်တယ်။ ဒါပေမဲ့ ကောင်းကင်ဖခင်ကို ယုံကြည်ကိုးစားမယ်ဆိုရင် ဘုရား ထောက်မမှာကို စိတ်ချနိုင်ပါတယ်။ w19.12 ၁၇ ¶၅-၆
ကြာသပတေးနေ့၊ စက်တင်ဘာ ၂၃
ယေဟောဝါဘုရားက လူကို မြေမှုန့်နဲ့ ပုံဖော်ပြီး နှာခေါင်းထဲ အသက်စွမ်းအားကို မှုတ်လိုက်[တယ်။]—က. ၂:၇။
ကျွန်တော်တို့ဟာ မြေမှုန့်နဲ့ ဖန်ဆင်းခံထားရပေမဲ့ မြေမှုန့်ထက် အဆပေါင်းများစွာ တန်ဖိုးရှိတယ်။ ကျွန်တော်တို့ကို ယေဟောဝါ တန်ဖိုးထားကြောင်း ဖော်ပြတဲ့ အကြောင်းရင်းတချို့ကို သုံးသပ်ကြည့်ပါ။ ဘုရားသခင်က လူတွေကို မိမိရဲ့ အရည်အသွေးတွေ တုပနိုင်စွမ်းနဲ့ ဖန်ဆင်းထားတယ်။ (က. ၁:၂၇) ဒီနည်းအားဖြင့် မြေကြီးပေါ်က ဖန်ဆင်းရာအားလုံးထက် ကျွန်တော်တို့ကို ချီးမြှောက်ပြီး မြေကြီးနဲ့ တိရစ္ဆာန်တွေကို အုပ်စိုးဖို့ တာဝန်ပေးခဲ့တယ်။ (ဆာ. ၈:၄-၈) အာဒံ အပြစ်လုပ်ပြီးနောက်မှာတောင် လူတွေကို ယေဟောဝါ တန်ဖိုးထားနေဆဲပဲ။ ကျွန်တော်တို့ကို တန်ဖိုးထားလွန်းလို့ အပြစ်တွေကနေ ရွေးဖို့ ချစ်သား ယေရှုကို ပေးခဲ့တယ်။ (၁ ယော. ၄:၉၊ ၁၀) အဲဒီရွေးဖိုးကို သုံးပြီး အာဒံရဲ့ အပြစ်ကြောင့် သေဆုံးသွားတဲ့ ‘ဖြောင့်မတ်သူ၊ မဖြောင့်မတ်သူတွေ’ ကို ယေဟောဝါ ပြန်ထမြောက်ပေးမယ်။ (တ. ၂၄:၁၅) ကျန်းမာရေး၊ စီးပွားရေး၊ အသက်အရွယ် အခြေအနေ ဘယ်လိုပဲရှိရှိ ကျွန်တော်တို့ကို ယေဟောဝါ တန်ဖိုးထားကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။—တ. ၁၀:၃၄၊ ၃၅။ w20.01 ၁၅ ¶၅-၆
သောကြာနေ့၊ စက်တင်ဘာ ၂၄
သူတစ်ပါးကိစ္စကို ဝင်မစွက်[ကြပါနဲ့။] —၁ သက်. ၄:၁၁။
လူတစ်ယောက်ဟာ ကောင်းကင်မျှော်လင့်ချက်ကို မိသားစုဆီကနေ အမွေရတာ မဟုတ်ဘူး။ ဘုရားသခင်ဆီက ရတာ။ (၁ သက်. ၂:၁၂) ဒါကြောင့် တခြားသူတွေကို စိတ်ထိခိုက်စေမယ့် မေးခွန်းတွေ မမေးသင့်ဘူး။ ဥပမာ၊ ခင်ပွန်း မပါဘဲ မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ရမှာကို ဘယ်လို ခံစားရသလဲလို့ ဘိသိက်ခံ ညီအစ်ကိုရဲ့ ဇနီးကို မမေးသင့်ဘူး။ ကမ္ဘာသစ်မှာ ယေဟောဝါက ‘သက်ရှိအားလုံးရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးမယ်’ ဆိုတာ ကျွန်တော်တို့ အကြွင်းမဲ့ ယုံကြည်စိတ်ချနိုင်ပါတယ်။ (ဆာ. ၁၄၅:၁၆) ဘိသိက်ခံတွေကို တခြားသူတွေထက် ပိုအရေးပါတဲ့ပုံမျိုး မဆက်ဆံခြင်းက ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်ရာရောက်တယ်။ ဘာကြောင့်လဲ။ သစ္စာဖောက်သွားမယ့် ဘိသိက်ခံတချို့လည်း ရှိနိုင်တယ်လို့ ကျမ်းစာ ပြောတယ်။ (မ. ၂၅:၁၀-၁၂။ ၂ ပေ. ၂:၂၀၊ ၂၁) တခြားသူတွေကို အထင်ကြီးလေးစားလွန်းတာမျိုးကို ရှောင်မယ်ဆိုရင် ဘိသိက်ခံဖြစ်စေ၊ အထင်ကရပုဂ္ဂိုလ်ဖြစ်စေ၊ သက်တမ်းကြာခရစ်ယာန်ဖြစ်စေ ဘယ်သူ့နောက်မှ လိုက်မိမှာ မဟုတ်ဘူး။ ဒါဆိုရင် သူတို့ သစ္စာမဲ့သွားတဲ့အခါ၊ အသင်းတော်ထဲက ထွက်သွားတဲ့အခါ ကျွန်တော်တို့ ယုံကြည်ခြင်း ပျောက်သွားတာ၊ ယေဟောဝါကို ဝတ်မပြုတော့တာမျိုး ဖြစ်မှာ မဟုတ်ဘူး။ w20.01 ၂၉ ¶၉-၁၀
စနေနေ့၊ စက်တင်ဘာ ၂၅
ဘုရားသခင် ချစ်ရတဲ့ သားသမီးတွေ ဖြစ်နေတဲ့အတွက် ဘုရားသခင်ကို အတုယူကြပါ။—ဧ. ၅:၁။
ယေဟောဝါ “ချစ်ရတဲ့ သားသမီးတွေ” အနေနဲ့ ဘုရားကို ကျွန်တော်တို့ အတတ်နိုင်ဆုံး တုပကြတယ်။ မေတ္တာပြခြင်း၊ ကြင်နာခြင်း၊ ခွင့်လွှတ်ခြင်းအားဖြင့် ဘုရားသခင့် အရည်အသွေးတွေကို တုပကြတယ်။ ဘုရားကို မသိတဲ့သူတွေဟာ ကျွန်တော်တို့ရဲ့ အမူအကျင့်ကောင်းကို မြင်တဲ့အခါ ဘုရားအကြောင်း ပိုသိချင်လာနိုင်တယ်။ (၁ ပေ. ၂:၁၂) ခရစ်ယာန်မိဘတွေဟာ သားသမီးတွေကို ဆက်ဆံရာမှာ ယေဟောဝါကို တုပသင့်တယ်။ ဒါဆိုရင် သားသမီးတွေလည်း ကောင်းကင်ဖခင်နဲ့ ရင်းနှီးချင်လာပါလိမ့်မယ်။ ကျွန်တော်တို့က ကောင်းကင်ဖခင် ယေဟောဝါအတွက် ဂုဏ်ယူပြီး တခြားသူတွေကို ဘုရားအကြောင်း သိစေချင်တယ်။ “ယေဟောဝါအကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောမယ်” လို့ ရေးခဲ့တဲ့ ဘုရင်ဒါဝိဒ်လို ခံစားရတယ်။ (ဆာ. ၃၄:၂) ဒါပေမဲ့ ကိုယ်က ရှက်တတ်တဲ့သူ ဖြစ်နေရင်ကော။ ဘယ်လို ရဲရင့်လာနိုင်မလဲ။ ယေဟောဝါအကြောင်း ပြောတဲ့အခါ ဘုရား ဘယ်လောက် ပျော်မယ်၊ တခြားသူတွေ ဘယ်လောက် အကျိုးရမယ်ဆိုတာ စဉ်းစားရင် ရဲရင့်လာမယ်။ လိုနေတဲ့ ရဲစွမ်းသတ္တိကို ယေဟောဝါ ပေးမယ်။ ပထမရာစု ညီအစ်ကို/မတွေကို သတ္တိရှိဖို့ ကူညီခဲ့သလို ကျွန်တော်တို့ကိုလည်း ကူညီပါလိမ့်မယ်။—၁ သက်. ၂:၂။ w20.02 ၁၁ ¶၁၂-၁၃
တနင်္ဂနွေနေ့၊ စက်တင်ဘာ ၂၆
သွားပြီး . . . ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ . . . နှစ်ခြင်းပေးကြပါ။ —မ. ၂၈:၁၉။
ကျမ်းစာလေ့လာသူ များစွာဟာ နှစ်ခြင်းခံတဲ့အထိ တိုးတက်လာကြတယ်။ ဒါပေမဲ့ တချို့ကတော့ တပည့်ဖြစ်ဖို့ တွန့်ဆုတ်နေကြတယ်။ လေ့လာရတာကို နှစ်သက်ပေမဲ့ နှစ်ခြင်းခံတဲ့အထိ မတိုးတက်ကြဘူး။ သင့်မှာ ကျမ်းစာသင်အံမှု ရှိတယ်ဆိုရင် သင်သားကို သိလာတဲ့အတိုင်း ကျင့်သုံးဖို့၊ ခရစ်တော်ရဲ့ တပည့် ဖြစ်လာဖို့ ကူညီပေးချင်မှာပဲ။ ယေဟောဝါက လူတွေ မိမိကို ချစ်လို့ ဝတ်ပြုတာကိုပဲ လိုချင်တယ်။ ဒါကြောင့် သင်သားကို ယေဟောဝါ အလွန်ချစ်ပြီး စိတ်ဝင်စားကြောင်း သူ နားလည်လာအောင် ကျွန်တော်တို့ ကူညီပေးချင်တယ်။ “ဖတဆိုးလေးတွေရဲ့ ဖခင်၊ မုဆိုးမတွေကို ကာကွယ်ပေးတဲ့သူ” အဖြစ် ယေဟောဝါကို မြင်လာအောင် ကူညီပေးချင်တယ်။ (ဆာ. ၆၈:၅) သင်သားက ဘုရားရဲ့ မေတ္တာကို လေးမြတ်လာတဲ့အခါ ဘုရားကို ချစ်လာပါလိမ့်မယ်။ ဒါကြောင့် မေတ္တာရှင် ဘုရားသခင်က သူတို့ကို ထာဝရအသက် ရစေချင်ကြောင်း၊ ရနိုင်ဖို့ ကူညီပေးချင်ကြောင်း သိစေပါ။ w20.01 ၃ ¶၇-၈
တနင်္လာနေ့၊ စက်တင်ဘာ ၂၇
ခင်ဗျားရဲ့ မေတ္တာအကြောင်း ကြားသိရလို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီး နှစ်သိမ့်မှု ခံစားရပါတယ်။—ဖိလေ. ၇။
တမန်တော် ပေါလုဟာ နှိမ့်ချတယ်။ မိတ်ဆွေတွေရဲ့ အားပေးမှုကို တောင်းခံတဲ့အတွက် အားပေးမှု ရခဲ့တယ်။ ဖိစီးမှု ကြုံရချိန်တွေမှာ တခြားသူတွေဆီကနေ အားပေးမှု ယူရလို့ အားနည်းသူဆိုပြီး အထင်ခံရမှာကို မစိုးရိမ်ဘူး။ (ကော. ၄:၇-၁၁) ကျွန်တော်တို့လည်း အားပေးမှု လိုအပ်တယ်ဆိုတာ နှိမ့်ချစွာ အသိအမှတ်ပြုမယ်ဆိုရင် ညီအစ်ကို/မတွေ ဝမ်းသာအားရ အားပေးကြပါလိမ့်မယ်။ ကျမ်းစာဟာ နှစ်သိမ့်ပေးနိုင်ကြောင်း ပေါလု သိတယ်။ (ရော. ၁၅:၄) ဘယ်စမ်းသပ်မှုကိုမဆို ရင်ဆိုင်ဖို့ ဉာဏ်ပညာ ပေးနိုင်ကြောင်းလည်း သိတယ်။ (၂ တိ. ၃:၁၅၊ ၁၆) ရောမမြို့မှာ ဒုတိယအကြိမ် ထောင်ချခံရတုန်းက သေဆုံးမယ့်အချိန် နီးလာပြီဆိုတာ ပေါလု ရိပ်မိတယ်။ မိမိဆီ အမြန်ဆုံးလာဖို့၊ “စာလိပ်တွေ” ယူလာဖို့ တိမောသေကို မှာတယ်။ (၂ တိ. ၄:၆၊ ၇၊ ၉၊ ၁၃) ဘာကြောင့်လဲဆိုတော့ ဟီဘရူးကျမ်းစောင်တွေ ဖြစ်နိုင်တဲ့ အဲဒီစာလိပ်တွေကို ကိုယ်ပိုင် ကျမ်းစာလေ့လာမှုမှာ သုံးဖို့ပဲ။ ပေါလုလိုပဲ ကျွန်တော်တို့လည်း ကျမ်းစာ ပုံမှန် လေ့လာမယ်ဆိုရင် ဘယ်လို အခက်အခဲပဲ ကြုံရပါစေ ကျွန်တော်တို့ကို ယေဟောဝါက ကျမ်းစာကတစ်ဆင့် စိတ်သက်သာစေပါလိမ့်မယ်။ w20.02 ၂၃-၂၄ ¶၁၄-၁၅
အင်္ဂါနေ့၊ စက်တင်ဘာ ၂၈
ကိုယ်တိုင် ဝေဖန်အကဲဖြတ် မခံရဖို့ သူတစ်ပါးကို ဝေဖန်အကဲဖြတ်တာမျိုး မလုပ်ပါနဲ့တော့။ —မ. ၇:၁။
ဧလိဖတ်၊ ဗိလဒဒ်၊ ဇောဖာတို့ သုံးယောက်ဟာ ယောဘကို ဘယ်လို ကူညီပေးရမယ်ဆိုတာ စဉ်းစားမနေခဲ့ဘူး။ ယောဘ အမှား ကျူးလွန်ထားတယ်ဆိုတာ ထောက်ပြဖို့ပဲ စဉ်းစားနေကြတာ။ သူတို့ပြောတဲ့ စကားတချို့က မှန်ပေမဲ့ ယောဘအကြောင်း၊ ယေဟောဝါအကြောင်း အတော်များများကတော့ မကြင်နာတဲ့ စကား၊ မဟုတ်မမှန်တဲ့ စကားတွေပဲ။ ယောဘကို သူတို့ ပြင်းပြင်းထန်ထန် ဝေဖန်ကြတယ်။ (ယောဘ ၃၂:၁-၃) ယေဟောဝါ ဘယ်လို တုံ့ပြန်သလဲ။ အဲဒီသုံးယောက်ကို ဒေါသထွက်ပြီး မိုက်မဲသူတွေလို့ ပြောတယ်။ သူတို့အတွက် ဆုတောင်းပေးဖို့ ယောဘဆီမှာ အသနားခံစေတယ်။ (ယောဘ ၄၂:၇-၉) ဧလိဖတ်၊ ဗိလဒဒ်၊ ဇောဖာတို့ရဲ့ မကောင်းတဲ့ ပုံနမူနာကနေ သင်ခန်းစာ အများကြီးရတယ်။ ပထမ၊ ညီအစ်ကိုတွေကို မဝေဖန်သင့်ဘူး။ (မ. ၇:၂-၅) စကား မပြောခင် အသေအချာ နားထောင်ရမယ်။ ဒါမှ အခြေအနေကို နားလည်နိုင်မယ်။ (၁ ပေ. ၃:၈) ဒုတိယ၊ ကျွန်တော်တို့ ပြောတဲ့စကားက တိကျမှန်ကန်ရမယ်။ ဒါပေမဲ့ ကြင်ကြင်နာနာ ပြောရမယ်။ (ဧ. ၄:၂၅) တတိယ၊ အချင်းချင်း ဘယ်လို စကားပြောနေတယ်ဆိုတာ ယေဟောဝါ အလွန်စိတ်ဝင်စားတယ်။ w20.03 ၂၂-၂၃ ¶၁၅-၁၆
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၂၉
ဆုတောင်းခြင်း အမျိုးမျိုးနဲ့ ဆုတောင်းနေပါ။ —ဧ. ၆:၁၈။
တခြားသူတွေကို ယေဟောဝါအကြောင်း ပြောပြတဲ့အခါ ကိုယ်တိုင်လည်း ဘုရားအကြောင်း ပိုသိလာတယ်။ ဥပမာ၊ စိတ်ရင်းမှန်သူတွေဆီ ကျွန်တော်တို့ကို ယေဟောဝါ ပို့ဆောင်ပေးတဲ့အခါ ဘုရားရဲ့ ထောက်ထားစာနာမှုကို မြင်တွေ့ရတယ်။ (ယော. ၆:၄၄။ တ. ၁၃:၄၈) ကျမ်းစာလေ့လာနေသူတွေဟာ အကျင့်ဆိုးတွေ ဖြတ်ပြီး စရိုက်သစ် ဝတ်ဆင်တဲ့အခါ ကျမ်းစာရဲ့ အစွမ်းတန်ခိုးကို ကျွန်တော်တို့ မြင်လာရတယ်။ (ကော. ၃:၉၊ ၁၀) ဘုရားအကြောင်း သိပြီး ကယ်တင်ခြင်း ရဖို့ လူတွေကို အကြိမ်ကြိမ် အခွင့်အရေး ပေးတာကနေ ဘုရားသခင့် စိတ်ရှည်မှုကို မြင်တွေ့ရတယ်။ (ရော. ၁၀:၁၃-၁၅) ဒါပေမဲ့ ယေဟောဝါကို ဝတ်ပြုလာတာ ဘယ်လောက်ပဲ ကြာပါစေ ဘုရားနဲ့ ဆက်ဆံရေးကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူး။ ဘုရားနဲ့ ဆက်ဆံရေးကို တန်ဖိုးထားကြောင်း ပြနိုင်တဲ့ နည်းတစ်နည်းကတော့ ဆုတောင်းပြီး စကားပြောခြင်းပါပဲ။ ဆက်ဆံရေး ကောင်းဖို့ ဆက်သွယ်ရေးကောင်း ရှိရမယ်။ မကြာခဏ ဆုတောင်းခြင်းအားဖြင့် ဘုရားနဲ့ ရင်းနှီးအောင် လုပ်ပါ။ ကိုယ့်ရဲ့ ခံစားချက်တွေကို ရင်ဖွင့်ပြောဖို့ မစိုးရိမ်ပါနဲ့။ w19.12 ၁၉ ¶၁၁၊ ၁၃-၁၄
ကြာသပတေးနေ့၊ စက်တင်ဘာ ၃၀
ခင်ဗျားတို့ရဲ့ အပြစ်တွေကို ခွင့်လွှတ်လိုက်ပြီ။—၁ ယော. ၂:၁၂။
စိတ်သက်သာစရာပါပဲ။ ဘုရားနိုင်ငံတော်ဘုရင် ယေရှုဟာ စာတန်နဲ့ စာတန့်လောကကြောင့် ဖြစ်လာတဲ့ ထိခိုက်ပျက်စီးမှု မှန်သမျှကို ပြုပြင်ပေးမယ်။ (ဟေရှာ. ၆၅:၁၇။ ၁ ယော. ၃:၈။ ဗျာ. ၂၁:၃၊ ၄) သိပ်ကောင်းတဲ့ မျှော်လင့်ချက်ပါပဲ။ ယေရှုက ကျွန်တော်တို့ကို ခက်ခဲတဲ့တာဝန် ပေးထားပေမဲ့ ဒီစနစ် ဆုံးခန်းတစ်လျှောက် ကျွန်တော်တို့နဲ့အတူ ရှိနေပြီး ထောက်မပေးပါလိမ့်မယ်။ (မ. ၂၈:၁၉၊ ၂၀) တကယ့်ကို သတ္တိရှိစေတဲ့ အာမခံချက်ပါပဲ။ စိတ်သက်သာမှု၊ မျှော်လင့်ချက်၊ သတ္တိတို့ဟာ စိတ်ငြိမ်သက်စေတဲ့ အကြောင်းရင်းတချို့ပါပဲ။ ပြင်းထန်တဲ့ စမ်းသပ်မှုတွေ ကြုံရချိန်မှာ ဘယ်လို စိတ်ငြိမ်သက်နိုင်မလဲ။ ယေရှုလို လုပ်ဆောင်ခြင်းအားဖြင့်ပါပဲ။ ပထမ၊ အမြဲ ဆုတောင်းပါ။ ဒုတိယ၊ ခက်ခဲချိန်မှာတောင် ယေဟောဝါကို နာခံပြီး ထက်သန်စွာ ဟောပြောပါ။ တတိယ၊ မိတ်ဆွေတွေရဲ့ အကူအညီကို အားထားပါ။ ဒါဆိုရင် ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းက သင့်စိတ်နှလုံးကို စောင့်ရှောက်ပေးပါလိမ့်မယ်။ (ဖိ. ၄:၆၊ ၇) ယေရှုလိုပဲ ဘယ်စမ်းသပ်မှုကိုမဆို အောင်မြင်နိုင်ပါလိမ့်မယ်။—ယော. ၁၆:၃၃။ w19.04 ၁၃ ¶၁၆-၁၇