အောက်တိုဘာ
သောကြာနေ့၊ အောက်တိုဘာ ၁
ယေဟောဝါဘုရားက စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုသူတွေရဲ့ အကျိုးအတွက် အစွမ်းတန်ခိုးပြဖို့ မြေတစ်ပြင်လုံးကို ဂရုတစိုက် ကြည့်နေတယ်။—၂ ရာ. ၁၆:၉။
ဒီနေ့ခေတ် မိမိလူမျိုးကို ယေဟောဝါ ကာကွယ်ပေးတဲ့ အထောက်အထားများစွာ ရှိတယ်။ မြေကြီးတစ်ခွင်လုံးမှာ အမှန်တရား ဟောပြောသွန်သင်နေတာကို စဉ်းစားကြည့်ပါ။ (မ. ၂၈:၁၉၊ ၂၀) မာရ်နတ်ရဲ့ ဆိုးသွမ်းတဲ့လုပ်ရပ်တွေကို ကျွန်တော်တို့ ဖော်ထုတ်နေတာဖြစ်တယ်။ ကျွန်တော်တို့ကို စာတန် တားနိုင်ရင် တားမှာပဲ။ ဒါပေမဲ့ မတားနိုင်ဘူး။ ဒါကြောင့် နတ်ဆိုးတွေကို ကြောက်ဖို့ မလိုပါဘူး။ ယေဟောဝါကိုသာ သစ္စာရှိမယ်ဆိုရင် ကျွန်တော်တို့ကို နတ်ဆိုးတွေ အန္တရာယ် မပြုနိုင်ပါဘူး။ ကျွန်တော်တို့အားလုံး အဲဒီလို ယုံကြည်ခြင်း စမ်းသပ်မှုတော့ ကြုံရမှာ မဟုတ်ဘူး။ ဒါပေမဲ့ နတ်ဆိုးတွေကို တွန်းလှန်နိုင်ဖို့ ယေဟောဝါကို ယုံကြည်ကိုးစားရမယ်။ ဒါဆိုရင် ကောင်းချီးတွေ ခံစားရပြီး စာတန့်လိမ်ညာမှုကြောင့် လှည့်စားမခံရအောင် ရှောင်နိုင်ပါလိမ့်မယ်။ နတ်ဆိုးတွေကိုလည်း အလွန်အမင်း ကြောက်တော့မှာ မဟုတ်ဘူး။ ယေဟောဝါနဲ့ ပိုရင်းနှီးလာပါလိမ့်မယ်။ ယာကုပ် ရေးခဲ့သလို “မာရ်နတ်ကို ခုခံတွန်းလှန်ကြပါ။ ဒါဆိုရင် ခင်ဗျားတို့ဆီကနေ သူထွက်ပြေးသွားလိမ့်မယ်။ ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်။”—ယာ. ၄:၇၊ ၈။ w19.04 ၂၄ ¶၁၅။ ၂၅ ¶၁၈
စနေနေ့၊ အောက်တိုဘာ ၂
ရင်သွေးတွေဟာ ဘုရားပေးတဲ့ ဆုလာဘ်ပဲ။—ဆာ. ၁၂၇:၃။
သားသမီးတွေဟာ “ယေဟောဝါပေးတဲ့ အမွေ၊” လက်ဆောင်တွေပါ။ အဲဒီလက်ဆောင်ကို ကာကွယ်စောင့်ရှောက်ရမှာ မိဘတွေရဲ့ တာဝန်ဖြစ်တယ်။ သင့်ကလေးတွေကို ကာကွယ်ဖို့ ဘာလုပ်နိုင်သလဲ။ ပထမ၊ မတော်မတရားပြုခြင်းအကြောင်း ကိုယ်တိုင် လေ့လာထားရမယ်။ ကလေး မတော်မတရားပြုသူတွေအကြောင်း၊ သူတို့သုံးတဲ့ နည်းတွေအကြောင်း သိအောင် လုပ်ပါ။ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို သတိထားပါ။ (ပညာ. ၂၂:၃။ ၂၄:၃) အများအားဖြင့် မတော်မတရားပြုသူဟာ ကလေး သိတဲ့သူ၊ ယုံကြည်စိတ်ချတဲ့သူဖြစ်ကြောင်း သိထားပါ။ ဒုတိယ၊ သားသမီးတွေနဲ့ ဆက်သွယ်ရေးကောင်း ရှိနေပါ။ (တရား. ၆:၆၊ ၇။ ယာ. ၁:၁၉) ကလေးတွေဟာ မတော်မတရားပြုခံရတာကို ပြောဖို့ မဝံ့မရဲ ဖြစ်တတ်ကြောင်း သတိရပါ။ သူတို့ကို မယုံမှာ စိုးလို့ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် မတော်မတရားပြုသူက ဘယ်သူ့ကိုမှ မပြောဖို့ ခြိမ်းခြောက်ထားလို့ ဖြစ်နိုင်တယ်။ တစ်ခုခု မှားနေကြောင်း ရိပ်မိရင် မေးခွန်းတွေ မေးပြီး သူ့ခံစားချက်ကို ကြင်နာစွာ နှိုက်ထုတ်ပါ။ စိတ်ရှည်စွာ နားထောင်ပေးပါ။ တတိယ၊ သားသမီးတွေကို သင်ပေးပါ။ တစ်ယောက်ယောက်က မသင့်တော်တဲ့နည်းနဲ့ ထိတွေ့ကိုင်တွယ်ဖို့ ကြိုးစားလာရင် ဘာပြောရမယ်၊ ဘာလုပ်ရမယ်ဆိုတာ သင်ပေးပါ။ w19.05 ၁၃ ¶၁၉-၂၂
တနင်္ဂနွေနေ့၊ အောက်တိုဘာ ၃
စိတ်ကြီးဝင်နေသူကို ယေဟောဝါ ရွံရှာတယ်။—ပညာ. ၁၆:၅။
မာနကြီးသူတွေကို ယေဟောဝါ ဘာကြောင့် ရွံတာလဲ။ အကြောင်းရင်းတစ်ခုကတော့ မာနကြီးသူတွေဟာ စာတန်လိုပဲ ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံ ချစ်တဲ့စိတ် ရှိကြလို့ပဲ။ စာတန်ဟာ အရာခပ်သိမ်း ဖန်ဆင်းရာမှာ ယေဟောဝါ သုံးခဲ့တဲ့ ယေရှုတောင် မိမိကို ဦးချဝတ်ပြုသင့်တယ်လို့ ထင်ခဲ့တယ်။ (မ. ၄:၈၊ ၉။ ကော. ၁:၁၅၊ ၁၆) အဲဒီလို ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံ အလေးထားသူတွေဟာ လောကရဲ့ ဉာဏ်ပညာ မိုက်မဲကြောင်း ထင်ရှားစေတယ်။ (၁ ကော. ၃:၁၉) ကျမ်းစာက ကိုယ့်ကိုယ်ကိုယ် မျှမျှတတ ရှုမြင်ဖို့ ကူညီပေးတယ်။ အတိုင်းအတာတစ်ခုအထိ ကိုယ့်ကိုယ်ကိုယ် ချစ်တာ သင့်လျော်ကြောင်း အသိအမှတ်ပြုတယ်။ “လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ” ဆိုတဲ့ ယေရှုရဲ့ စကားက ကိုယ့်ကိုယ်ကိုယ် အတိုင်းအတာတစ်ခုအထိ ဂရုစိုက်သင့်ကြောင်း ဖော်ပြတယ်။ (မ. ၁၉:၁၉) ဒါပေမဲ့ တခြားသူတွေထက် ပိုအရေးပါတယ်လို့ မထင်ဖို့ ကျမ်းစာ သွန်သင်တယ်။ “ငြင်းခုံရန်တွေ့ချင်တဲ့စိတ်၊ အတ္တစိတ်နဲ့ ဘာမှမလုပ်ကြပါနဲ့။ စိတ်နှိမ့်ချကြပါ၊ သူတစ်ပါးကို ကိုယ့်ထက်သာတယ်လို့ သဘောထားပါ” လို့ ပြောထားတယ်။—ဖိ. ၂:၃။ ရော. ၁၂:၃။ w19.05 ၂၄ ¶၁၃-၁၄
တနင်္လာနေ့၊ အောက်တိုဘာ ၄
ဒီလောကစနစ်ရဲ့ ပုံသွင်းမှုကို မခံပါနဲ့တော့။ . . . ခင်ဗျားတို့ရဲ့ စိတ်သဘောကို ပြုပြင်ပြောင်းလဲကြပါ။—ရော. ၁၂:၂။
ကျမ်းစာ အမှန်တရားကို စလက်ခံပြီး ယေဟောဝါကို ဝတ်ပြုဖို့ ဆက်ကပ်အပ်နှံချိန်မှာ လုပ်ခဲ့တဲ့ အပြောင်းအလဲတွေကို စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ အများစုက အကျင့်ဆိုးတချို့ကို စွန့်ခဲ့ကြတယ်။ (၁ ကော. ၆:၉-၁၁) အဲဒီလို အကျင့်ဆိုးတွေကို စွန့်နိုင်ဖို့ ယေဟောဝါ ကူညီပေးလို့ ကျေးဇူးတင်စရာပါပဲ။ အပြောင်းအလဲတွေ ထပ်လုပ်ဖို့ မလိုတော့ဘူးလို့ မယူဆသင့်ဘူး။ နှစ်ခြင်းမခံခင်က လုပ်ခဲ့တဲ့ ကြီးလေးတဲ့ အပြစ်တွေကို မလုပ်တော့ပေမဲ့ အကျင့်ဟောင်းတွေ ပြန်ကျင့်မိစေနိုင်တဲ့ အခြေအနေမှန်သမျှကို ရှောင်ဖို့ လိုတယ်။ အချက်နှစ်ချက်ကို လုပ်ဖို့ လိုတယ်။ ပထမ၊ ဒီလောကရဲ့ “ပုံသွင်းမှုကို မခံပါနဲ့တော့။” ဒုတိယ၊ စိတ်သဘောကို “ပြုပြင်ပြောင်းလဲ” ရမယ်။ ပြုပြင်ပြောင်းလဲခြင်းမှာ ပုံပန်းသွင်ပြင် ပြောင်းလဲရုံထက်မက ပါဝင်တယ်။ ကျွန်တော်တို့ရဲ့ ဘဝကဏ္ဍအားလုံးနဲ့ သက်ဆိုင်တယ်။ ကျွန်တော်တို့ရဲ့ သဘောထား၊ ခံစားချက်၊ ဆန္ဒစတဲ့ စိတ်သဘောကို ပြုပြင်ပြောင်းလဲရမယ်။ w19.06 ၉ ¶၄-၆
အင်္ဂါနေ့၊ အောက်တိုဘာ ၅
အို ယေဟောဝါ၊ ကိုယ်တော်ဟာ ကူညီမစရှင်၊ နှစ်သိမ့်ပေးရှင်ပါ။—ဆာ. ၈၆:၁၇။
စိတ်ဖိစီးမှု ကြုံရတဲ့အခါ အသင်းတော် အစည်းအဝေးတွေ တက်ခြင်းအားဖြင့်လည်း ခွန်အားရနိုင်တယ်။ အစည်းအဝေးတက်ခြင်းက ကျွန်တော်တို့ကို ‘ကူညီမစ၊ နှစ်သိမ့်ပေး’ ဖို့ ယေဟောဝါကို အခွင့်အရေး ပေးရာရောက်တယ်။ သန့်ရှင်းသော စွမ်းအားတော်၊ ကျမ်းစာ၊ လူမျိုးတော်အားဖြင့် ကျွန်တော်တို့ကို ဘုရား ခွန်အားပေးနေတယ်။ အစည်းအဝေးတွေက “အပြန်အလှန် အားပေးခွင့်” ရစေတယ်။ (ရော. ၁:၁၁၊ ၁၂) ဆိုဖီယာဆိုတဲ့ ညီအစ်မက “ကျွန်မ ခံရပ်နိုင်အောင် ယေဟောဝါနဲ့ ညီအစ်ကို/မတွေ ကူညီပေးကြတယ်။ ကျွန်မအတွက် အရေးကြီးဆုံးက အစည်းအဝေးတက်ခြင်းပါပဲ။ အမှုဆောင်နဲ့ အသင်းတော်မှာ ပိုပါဝင်လေ စိတ်ဖိစီးမှုနဲ့ စိုးရိမ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်လေပဲ” လို့ ပြောတယ်။ ကျွန်တော်တို့ စိတ်ဓာတ်ကျတဲ့အခါ ယေဟောဝါရဲ့ အနာဂတ်ကတိတွေကိုသာမက လောလောဆယ် စိတ်ဖိစီးမှုတွေကို ဖြေရှင်းနိုင်အောင် ကူညီပေးမယ်ဆိုတဲ့ ကတိတွေကိုလည်း သတိရကြပါစို့။ စိတ်ဓာတ်ကျတာ၊ မျှော်လင့်ချက်မဲ့တာတွေကို ရင်ဆိုင်ဖြေရှင်းချင်စိတ်ကိုသာမက ဖြေရှင်းနိုင်စွမ်းကိုပါ ဘုရားသခင် ပေးပါလိမ့်မယ်။—ဖိ. ၂:၁၃။ w19.06 ၁၉ ¶၁၇-၁၈
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၆
ဂါလိလဲနယ်ကို သွားဖို့ ကျွန်တော့်ညီအစ်ကိုတွေကို ပြောလိုက်ပါ။ အဲဒီမှာ ကျွန်တော့်ကို တွေ့ရလိမ့်မယ်။—မ. ၂၈:၁၀။
ရှင်ပြန်ထမြောက်ပြီးနောက် ယေရှု ဦးဆုံး စီစဉ်တာက တပည့်တွေနဲ့ စည်းဝေးဖို့ဆိုတော့ အရေးကြီးတဲ့ ညွှန်ကြားချက် ပေးစရာ ရှိလို့ ဖြစ်ရမယ်။ ယေရှုက အဲဒီအစည်းအဝေးမှာ ပထမရာစုတစ်လျှောက် တပည့်တွေ လုပ်ဆောင်မယ့် အရေးကြီးလုပ်ငန်းအကြောင်း ပြောတယ်။ ဒီနေ့အထိ အဲဒီလုပ်ငန်းကို ကျွန်တော်တို့ လုပ်ဆောင်နေကြတယ်။ “ဒါကြောင့် လူမျိုးတကာဆီ သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ . . . ကျွန်တော် မိန့်မှာထားသမျှကို လိုက်နာဖို့ သွန်သင်ပေးကြပါ” လို့ ယေရှု ပြောတယ်။ (မ. ၂၈:၁၉၊ ၂၀) ယေရှုက သစ္စာရှိ တမန်တော် ၁၁ ယောက်ကိုပဲ အဲဒီလို မိန့်မှာတာ မဟုတ်ဘူး။ နောက်လိုက်အားလုံးကို ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်စေချင်တယ်။ ဘာကြောင့် အဲဒီလို ပြောနိုင်သလဲ။ တပည့်ဖြစ်စေပါဆိုတဲ့ မိန့်မှာချက်ကို ဂါလိလဲနယ်က တောင်ပေါ်မှာ ပေးတုန်းက တမန်တော်တွေပဲ ရှိခဲ့တာလား။ “[ဂါလိလဲနယ်မှာ] သူ့ကို တွေ့ရလိမ့်မယ်” လို့ အမျိုးသမီးတွေကို ကောင်းကင်တမန် ပြောခဲ့တယ်။ (မ. ၂၈:၇) ဒါကြောင့် အဲဒီအချိန်မှာ သစ္စာရှိ အမျိုးသမီးတွေလည်း ရှိနေမှာပဲ။ w20.01 ၂-၃ ¶၁-၄
ကြာသပတေးနေ့၊ အောက်တိုဘာ ၇
ခင်ဗျားတို့က ဒီလောကနဲ့ ဘာမှ မပတ်သက်တဲ့အပြင် ဒီလောကထဲက ကျွန်တော် ရွေးချယ်ထားသူတွေ ဖြစ်နေတဲ့အတွက် လောကက ခင်ဗျားတို့ကို မုန်းတယ်။—ယော. ၁၅:၁၉။
ဆန့်ကျင်မှုကို ဘာကြောင့် မျှော်လင့်သင့်ကြောင်း ယေရှု ရှင်းပြတယ်။ ကျွန်တော်တို့ဟာ လောကနဲ့ မပတ်သက်တဲ့အတွက် အမုန်းခံရမယ်။ နှိပ်စက်ညှဉ်းပန်းခံရတာက ယေဟောဝါရဲ့ ကောင်းချီးမရလို့ မဟုတ်ဘဲ မှန်တာကို လုပ်ဆောင်လို့ ဖြစ်တယ်။ အနန္တတန်ခိုးရှင် ယေဟောဝါကို ဆက်ဝတ်မပြုတော့အောင် ဘယ်လူသားကမှ မတားဆီးနိုင်ဘူး။ တားဆီးဖို့ လူများစွာ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ဘူး။ ဒုတိယကမ္ဘာစစ်အတွင်း ဘာဖြစ်ခဲ့ကြောင်း သုံးသပ်ကြည့်ပါ။ အစိုးရများစွာဟာ ဘုရားလူမျိုးကို အပြင်းအထန် နှိပ်စက်ခဲ့တယ်။ ဂျာမနီမှာရှိတဲ့ နာဇီပါတီသာမက ဩစတြေးလျ၊ ကနေဒါနဲ့ တခြားနိုင်ငံတွေက အစိုးရတွေလည်း ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်းကို ပိတ်ပင်ခဲ့တယ်။ စစ်ပွဲစတင်တဲ့ ၁၉၃၉ တုန်းက ကမ္ဘာတစ်ဝန်းမှာ ကြေညာသူ ၇၂,၄၇၅ ယောက်ပဲ ရှိပေမဲ့ စစ်ပြီးတဲ့ ၁၉၄၅ မှာတော့ ယေဟောဝါရဲ့ ကောင်းချီးကြောင့် ကြေညာသူ ၁၅၆,၂၉၉ ယောက် ဖြစ်လာတယ်။ အရေအတွက် နှစ်ဆကျော် တိုးတက်လာတာ ဖြစ်တယ်။ w19.07 ၉ ¶၄-၅
သောကြာနေ့၊ အောက်တိုဘာ ၈
အချင်းချင်း ချစ်မယ်ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်တပည့်တွေပဲဆိုတာ လူတွေ သိလိမ့်မယ်။—ယော. ၁၃:၃၅။
လောလောဆယ် သင့်မှာ ကျမ်းစာသင်အံမှု မရှိရင်တောင် တပည့်ဖြစ်စေခြင်းလုပ်ငန်းကို တခြားနည်းတွေနဲ့ ထောက်မနိုင်တယ်။ ဥပမာ၊ လူသစ်တွေ နိုင်ငံတော်ခန်းမကို လာတဲ့အခါ ကြိုဆိုပြီး ကူညီပေးနိုင်တယ်။ ဒီနည်းနဲ့ ခရစ်ယာန်စစ်တွေရဲ့ အမှတ်အသားဟာ မေတ္တာဖြစ်ကြောင်း သိစေနိုင်တယ်။ အစည်းအဝေးတွေမှာ သင့်ရဲ့ မှတ်ချက်တိုလေးတွေက ခံစားချက်ကို စိတ်ရင်းမှန်နဲ့ လေးလေးစားစား ဖော်ပြတတ်အောင် လူသစ်တွေကို သင်ပေးနိုင်တယ်။ အမှုဆောင်မှာလည်း ကျမ်းစာသုံးပြီး သွန်သင်တတ်အောင် ကြေညာသူသစ်တွေကို ကူညီပေးနိုင်တယ်။ ဒါတွေဟာ ခရစ်တော်ကို တုပတတ်အောင် သင်ပေးနေတာဖြစ်တယ်။ (လု. ၁၀:၂၅-၂၈) ခရစ်ယာန်များစွာမှာ တခြားတာဝန်တွေလည်း ရှိတယ်။ ဒါတောင် ကျမ်းစာသင်အံမှု လုပ်ဖို့ အချိန်ပေးနေကြတယ်။ w19.07 ၁၇ ¶၁၁၊ ၁၃
စနေနေ့၊ အောက်တိုဘာ ၉
နောက်မှာ ချန်ရစ်ခဲ့တာတွေကို မေ့ထားပြီး ရှေ့မှာရှိတာတွေကို လက်လှမ်းနေတာတော့ သေချာတယ်။ . . . ဘုရားပေး ဆုကျေးဇူးကို ရဖို့ ပန်းတိုင်ထားပြီး ကြိုးစားနေတယ်။ —ဖိ. ၃:၁၃၊ ၁၄။
တမန်တော် ပေါလုဟာ အရင်က ပြီးမြောက်အောင်မြင်မှုတွေ ဒါမှမဟုတ် အမှားတွေကြောင့် အာရုံ မပျံ့လွင့်ခဲ့ဘူး။ “ရှေ့မှာရှိတာတွေကို လက်လှမ်း” ဖို့၊ တစ်နည်းအားဖြင့် ပြေးပွဲမှာ ပန်းဝင်ဖို့ “နောက်မှာ ချန်ရစ်ခဲ့တာတွေကို မေ့ထား” ရမယ်လို့ သူပြောတယ်။ ပေါလုကို အာရုံပျံ့လွင့်စေနိုင်တဲ့ အရာတချို့က ဘာတွေလဲ။ ပထမ၊ ပေါလုဟာ ခရစ်ယာန် မဖြစ်ခင် ဂျူးဘာသာမှာ အလွန်အောင်မြင်ခဲ့သူ ဖြစ်တယ်။ ဒါပေမဲ့ အဲဒါတွေကို “အမှိုက်သရိုက်” လို့ သဘောထားတယ်။ (ဖိ. ၃:၃-၈) ဒုတိယ၊ အရင်က ခရစ်ယာန်တွေကို နှိပ်စက်ခဲ့တာတွေကြောင့် အပြစ်ရှိတယ်လို့ ခံစားရနိုင်ပေမဲ့ အမှုဆောင်လုပ်ငန်းကို မရပ်တန့်ခဲ့ဘူး။ တတိယ၊ ယေဟောဝါအတွက် အတတ်နိုင်ဆုံး လုပ်ခဲ့ပြီးပြီဆိုပြီး ကျေနပ်မနေဘူး။ ထောင်ချခံရတာ၊ ရိုက်နှက်ခံရတာ၊ ကျောက်ခဲနဲ့ ပေါက်ခံရတာ၊ သင်္ဘောပျက်တာ၊ အစာရေစာ ပြတ်လပ်တာ၊ ဝတ်စရာ မရှိတာတွေ ကြုံရပေမဲ့ အမှုဆောင်လုပ်ငန်းမှာ အောင်မြင်မှုတွေ ရခဲ့တယ်။ (၂ ကော. ၁၁:၂၃-၂၇) ဒါပေမဲ့ ဘယ်လောက်ပဲ ပြီးမြောက်အောင်မြင်ခဲ့ပါစေ၊ ဒုက္ခခံခဲ့ရပါစေ ဆက်ကြိုးစားနေရမယ်ဆိုတာ ပေါလု သိတယ်။ ကျွန်တော်တို့လည်း အဲဒီလို ကြိုးစားရမယ်။ w19.08 ၃ ¶၅
တနင်္ဂနွေနေ့၊ အောက်တိုဘာ ၁၀
ဝံပုလွေအုပ်ထဲ သိုးတွေ လွှတ်လိုက်သလို ခင်ဗျားတို့ကို လွှတ်လိုက်ပြီ။—မ. ၁၀:၁၆။
ညီအစ်ကို/မများစွာဟာ လွတ်လပ်စွာ ဟောပြောခွင့်၊ တစ်အိမ်တက်ဆင်း သွားခွင့် မရှိတဲ့ နိုင်ငံမှာ နေရပေမဲ့ သတင်းကောင်း ဟောဖို့ နည်းလမ်းတွေ ရှာကြတယ်။ (မ. ၁၀:၁၇-၂၀) အဲဒီလို နိုင်ငံတစ်ခုမှာ တိုက်နယ်ကြီးကြပ်မှူးတစ်ယောက်က ကြေညာသူတွေကို ဆွေမျိုး၊ အိမ်နီးချင်း၊ ကျောင်းနေဖက်၊ အလုပ်ဖော်၊ အသိအကျွမ်းတွေကို ကိုယ်ပိုင် “ရပ်ကွက်” အဖြစ် သဘောထားပြီး ဟောဖို့ အကြံပေးတယ်။ နှစ်နှစ်အတွင်း အဲဒီတိုက်နယ်မှာ အသင်းတော် အရေအတွက် သိသိသာသာ တိုးလာတယ်။ သင့်နိုင်ငံမှာတော့ လွတ်လပ်စွာဟောခွင့် ရှိနေတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒီညီအစ်ကို/မတွေရဲ့ ပုံသက်သေကနေ သင်ယူနိုင်ပါတယ်။ အမှုဆောင်လုပ်ငန်းမှာ အပြည့်အဝ ပါဝင်နိုင်မယ့် နည်းလမ်းတွေကို အမြဲရှာပါ။ အတားအဆီးတွေကို ကျော်လွှားနိုင်ဖို့ ယေဟောဝါ ခွန်အားပေးမယ်ဆိုတာ ယုံကြည်စိတ်ချပါ။ (ဖိ. ၂:၁၃) ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိပါ။ အပြစ်တင်စရာ မရှိအောင် နေပါ။ တခြားသူတွေအတွက် တိုက်မိလဲစရာ မဖြစ်ပါစေနဲ့။ ဖြောင့်မတ်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်ပါ။ ဒါဆိုရင် မေတ္တာ တိုးများလာပြီး မေတ္တာရှင်ဖခင် ယေဟောဝါကို ဂုဏ်တင်နိုင်ပါလိမ့်မယ်။ w19.08 ၁၃ ¶၁၇-၁၈
တနင်္လာနေ့၊ အောက်တိုဘာ ၁၁
ကျွန်တွေက မြင်းစီးပြီး မင်းညီမင်းသားတွေကတော့ ကျွန်လို ခြေကျင်လျှောက်နေတာ ငါတွေ့ဖူးတယ်။—ဒေ. ၁၀:၇။
ကိုယ့်နည်းလမ်းအတိုင်း လုပ်ဖို့ အတင်းအကျပ် တောင်းဆိုသူ၊ တခြားသူရဲ့ အကြံဉာဏ်ကို လက်မခံသူနဲ့ ဘယ်သူမှ မနေချင်ကြဘူး။ ဒါပေမဲ့ ‘ကိုယ်ချင်းစာတဲ့၊ ညီရင်းအစ်ကိုမေတ္တာနဲ့ ချစ်ခင်တဲ့၊ ချစ်ခင်စာနာတဲ့၊ စိတ်နှိမ့်ချတဲ့’ ညီအစ်ကို/မတွေနဲ့ ဆက်ဆံရတာကတော့ လန်းဆန်းပျော်ရွှင်စေတယ်။ (၁ ပေ. ၃:၈) အဲဒီလိုလူတွေကို ကျွန်တော်တို့ ချစ်ခင်သလို ကျွန်တော်တို့ နှိမ့်ချရင် သူတို့လည်း ချစ်ခင်လာပါလိမ့်မယ်။ နှိမ့်ချမှုက ဘဝကိုလည်း ပိုလွယ်ကူစေတယ်။ ဘဝမှာ မမျှတတာတွေ ကြုံရလေ့ရှိတယ်။ လူတော်လူတတ်ဖြစ်တိုင်း အမြဲ အသိအမှတ်ပြုခံရတာ မဟုတ်ဘူး။ သိပ်မတော်မတတ်သူတွေ ပိုအသိအမှတ်ပြုခံရတာလည်း ရှိနိုင်တယ်။ ဒါပေမဲ့ ညည်းညူနေမယ့်အစား အဖြစ်မှန်ကို လက်ခံလိုက်တာ ပိုပညာရှိကြောင်း ရှောလမုန် အသိအမှတ်ပြုခဲ့တယ်။ (ဒေ. ၆:၉) နှိမ့်ချမှု ရှိမယ်ဆိုရင် ဖြစ်ချင်တာတွေ မဖြစ်တဲ့အခါ အရှိအတိုင်း လက်ခံဖို့ ပိုလွယ်ကူပါလိမ့်မယ်။ w19.09 ၄-၅ ¶၉-၁၀
အင်္ဂါနေ့၊ အောက်တိုဘာ ၁၂
ဖခင်တို့၊ သားသမီးတွေကို . . . ယေဟောဝါ မိန့်မှာတဲ့အတိုင်း . . . ဆုံးမသွန်သင်ပြီး ပြုစုပျိုးထောင်ကြပါ။—ဧ. ၆:၄။
အခွင့်အာဏာအတော်အတန် ရထားတဲ့ ဖခင်တွေဟာ တခြားသူတွေရဲ့ အကျိုးအတွက် လုပ်ပေးနိုင်ကြတယ်။ ယေဟောဝါက ဖခင်တွေကို အိမ်ထောင်ဦးစီးအဖြစ် တာဝန်ပေးထားတယ်။ သားသမီးတွေကို လေ့ကျင့်ပေးဖို့၊ ဆုံးမပေးဖို့ မျှော်လင့်တယ်။ (၁ ကော. ၁၁:၃) ဒါပေမဲ့ ဖခင်ရဲ့ အခွင့်အာဏာဟာ အကန့်အသတ် ရှိတယ်။ သူဟာ ယေဟောဝါနဲ့ စာရင်းရှင်းရမယ်။ မိသားစုတိုင်းဟာ ဘုရားကြောင့် တည်ရှိနေတာ ဖြစ်လို့ပဲ။ (ဧ. ၃:၁၄၊ ၁၅) ဖခင်တွေဟာ အခွင့်အာဏာကို ဘုရား နှစ်သက်တဲ့နည်းအတိုင်း သုံးခြင်းအားဖြင့် ယေဟောဝါကို လက်အောက်ခံကြောင်း ပြကြတယ်။ ယေဟောဝါ ပေးထားတဲ့ အခွင့်အာဏာကို အလွဲသုံးစား မလုပ်ပါနဲ့။ အမှားကို ဝန်ခံပါ။ တခြားသူတွေရဲ့ ကျမ်းစာအခြေပြု ဆုံးမမှုကို လက်ခံပါ။ ဒါဆိုရင် သင့်ရဲ့ နှိမ့်ချမှုကြောင့် မိသားစုရဲ့ လေးစားမှုကို ရပါလိမ့်မယ်။ မိသားစုနဲ့အတူ ဆုတောင်းတဲ့အခါ ယေဟောဝါဆီ ရင်ဖွင့်ပြောပြပါ။ ဘုရားကို ဘယ်လောက် အားကိုးကြောင်း သူတို့ ကြားသိစေပါ။ အရေးကြီးဆုံးကတော့ ဘဝမှာ ဝတ်ပြုရေးကို အဓိကထားပါ။ (တရား. ၆:၆-၉) သင့်ရဲ့ ပုံသက်သေကောင်းက မိသားစုကို ပေးနိုင်တဲ့ အဖိုးတန်ဆုံး လက်ဆောင်ပါပဲ။ w19.09 ၁၅ ¶၈။ ၁၇ ¶၁၄။ ၁၈ ¶၁၆
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၁၃
မာကု ရောက်လာခဲ့ရင် လက်ခံကြိုဆိုပါ။ —ကော. ၄:၁၀။
မာကုဟာ သူတစ်ပါးအကျိုး လိုလိုလားလား သယ်ပိုးခဲ့တယ်။ တမန်တော် ပေါလု၊ တမန်တော် ပေတရုတို့နဲ့အတူ အမှုဆောင်ပြီး လိုအပ်ရာတွေကို လုပ်ဆောင်ပေးခဲ့တယ်။ (တ. ၁၃:၂-၅။ ၁ ပေ. ၅:၁၃) ‘တကယ် အားပေးထောက်မတဲ့သူ၊’ ‘ဘုရားသခင့် နိုင်ငံတော်အတွက် လုပ်ဖော်ဆောင်ဖက်’ လို့ မာကုကို ပေါလု ပြောတယ်။ (ကော. ၄:၁၁) မာကုဟာ ပေါလုရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ ဖြစ်လာတယ်။ ဥပမာ၊ အေဒီ ၆၅ တုန်းက ရောမမှာ ပေါလု နောက်ဆုံးအကြိမ် ထောင်ကျတယ်။ တိမောသေဆီ ဒုတိယအကြိမ် စာရေးပြီး ရောမကို လာဖို့၊ မာကုကိုပါ ခေါ်လာဖို့ ပေါလု မှာတယ်။ (၂ တိ. ၄:၁၁) မာကု သစ္စာရှိရှိ အမှုဆောင်ခဲ့တာကို ပေါလု လေးမြတ်တဲ့အတွက် ဒီနောက်ဆုံးအချိန်မှာ မာကုကို ရှိစေချင်တာ ဖြစ်မယ်။ မာကုက ပေါလုကို လက်တွေ့ကျကျ ကူညီပေးခဲ့တယ်။ အစားအစာတွေ၊ စာရေးကိရိယာတွေ ဝယ်ပေးတာ ဖြစ်နိုင်တယ်။ အဲဒီအားပေးထောက်မမှုက အသတ်ခံရတော့မယ့် နောက်ဆုံးနေ့ရက်တွေမှာ ပေါလုကို ခံနိုင်ရည် ရှိစေခဲ့မှာပဲ။ w20.01 ၁၁ ¶၁၂-၁၃
ကြာသပတေးနေ့၊ အောက်တိုဘာ ၁၄
ကျွန်တော့်ဆီ လာကြပါ။—မ. ၁၁:၂၈။
ကိုယ်ကျိုးစွန့်ရတဲ့၊ ခက်ခဲတဲ့ ဘဝလမ်းစဉ်ကို ကျွန်တော်တို့ ရွေးချယ်ထားတယ်။ ကျွန်တော်တို့ ညှဉ်းပန်းနှိပ်စက်ခံရမယ်လို့ ယေရှု သတိပေးတယ်။ ဒါပေမဲ့ အခက်အခဲတွေကို ခံရပ်နိုင်ဖို့ ယေဟောဝါ ခွန်အားပေးမယ်လို့ မျှော်လင့်နိုင်တယ်။ ပိုခံရပ်နိုင်လေ ယုံကြည်ခြင်း ပိုသန်မာလေ ဖြစ်လာမယ်။ (ယာ. ၁:၂-၄) ကျွန်တော်တို့ကို ယေဟောဝါ ထောက်မပေးမယ်၊ ယေရှု ထိန်းကျောင်းပေးမယ်၊ ညီအစ်ကို/မတွေ အားပေးမယ်လို့လည်း မျှော်လင့်နိုင်တယ်။ (မ. ၆:၃၁-၃၃။ ယော. ၁၀:၁၄။ ၁ သက်. ၅:၁၁) ယေရှု ကုသပေးလိုက်တဲ့ “သွေးသွန်နာစွဲနေတဲ့” အမျိုးသမီးဟာ ကုသခံလိုက်ရတဲ့နေ့မှာ ပျော်ရွှင်လန်းဆန်းသွားတယ်။ (လု. ၈:၄၃-၄၈) ဒါပေမဲ့ ခရစ်တော်ရဲ့ သစ္စာရှိ နောက်လိုက် ဖြစ်လာမှသာ ဆက်ပြီး ပျော်ရွှင်လန်းဆန်းနိုင်မှာ ဖြစ်တယ်။ အဲဒီအမျိုးသမီး ဘာလုပ်မယ်လို့ သင် ထင်သလဲ။ ယေရှုရဲ့ ထမ်းပိုးကို ထမ်းဖို့ ရွေးချယ်မယ်ဆိုရင် ယေရှုနဲ့အတူ ကောင်းကင်မှာ အမှုဆောင်နိုင်တဲ့ အခွင့်ထူးကို ရမှာဖြစ်တယ်။ အဲဒီကောင်းချီးဟာ ခရစ်တော်နောက် လိုက်ဖို့ သူစွန့်လွှတ်ခဲ့တာတွေ အားလုံးထက် သာလွန်ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ဟာ ကောင်းကင်အသက်တာဖြစ်စေ၊ မြေကြီးအသက်တာဖြစ်စေ “ကျွန်တော့်ဆီ လာကြပါ” ဆိုတဲ့ ယေရှုရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံခဲ့လို့ အလွန် ဝမ်းသာကြပါလိမ့်မယ်။ w19.09 ၂၅ ¶၂၁-၂၂
သောကြာနေ့၊ အောက်တိုဘာ ၁၅
အိမ်ကို ဉာဏ်ပညာနဲ့ တည်ဆောက်ပြီး ပိုင်းခြားသိမြင်မှုနဲ့ ခိုင်ခံ့မြဲမြံအောင် ထိန်းသိမ်းရတယ်။—ပညာ. ၂၄:၃။
အကူအညီ လိုအပ်နေတဲ့ ဒါဝိဒ်ရဲ့ လူတွေဟာ စားစရာ နည်းနည်းပေးဖို့ ချမ်းသာတဲ့ အစ္စရေးလူမျိုး နာဗလဆီမှာ တောင်းတယ်။ တောထဲမှာ နာဗလရဲ့ သိုးတွေကို ကာကွယ်ပေးခဲ့လို့ တောင်းပိုင်ခွင့် ရှိတယ်လို့ သူတို့ ယူဆတယ်။ ဒါပေမဲ့ အတ္တကြီးတဲ့ နာဗလက ဘာမှ မပေးတဲ့အတွက် ဒါဝိဒ် ဒေါသထွက်ပြီး နာဗလနဲ့ သူ့အိမ်မှာရှိတဲ့ ယောက်ျားမှန်သမျှကို သတ်ပစ်ဖို့ ထွက်လာတယ်။ (၁ ရှ. ၂၅:၃-၁၃၊ ၂၂) နာဗလရဲ့ ဇနီးချော အဘိဂဲလကတော့ ချင့်ချိန်တတ်သူ ဖြစ်တယ်။ ဒါဝိဒ်ရဲ့ ခြေရင်းမှာ ပျပ်ဝပ်ပြီး လူမသတ်ဖို့၊ ကိုယ်တိုင် လက်စားမချေဖို့ သတ္တိရှိရှိ တောင်းပန်တယ်။ ဒီကိစ္စကို ယေဟောဝါ လက်ထဲ အပ်ထားဖို့ လိမ္မာပါးနပ်စွာ အကြံပေးတယ်။ အဘိဂဲလရဲ့ နှိမ့်ချတဲ့ စကားနဲ့ ပါးနပ်တဲ့ လုပ်ရပ်ကြောင့် ဒါဝိဒ် စိတ်ထိမိသွားတယ်။ အဘိဂဲလကို ယေဟောဝါ လွှတ်လိုက်တာပဲလို့ ဒါဝိဒ် ယူဆတယ်။ (၁ ရှ. ၂၅:၂၃-၂၈၊ ၃၂-၃၄) အဘိဂဲလဟာ ယေဟောဝါအတွက် အသုံးဝင်တဲ့ အရည်အသွေးတွေ မွေးမြူထားတယ်။ ဒီနေ့လည်း ခရစ်ယာန် ညီအစ်မတွေဟာ လိမ္မာပါးနပ်မှုနဲ့ ချင့်ချိန်နိုင်စွမ်း မွေးမြူထားမယ်ဆိုရင် မိသားစုဝင်နဲ့ ညီအစ်ကို/မတွေကို အားပေးဖို့ ယေဟောဝါ အသုံးပြုနိုင်တယ်။—တိ. ၂:၃-၅။ w19.10 ၂၃ ¶၁၀
စနေနေ့၊ အောက်တိုဘာ ၁၆
ငါ့လူတို့၊ သူ့ရဲ့ အပြစ်တွေမှာ မပါချင်ဘူး၊ သူခံရမယ့် ကပ်ဘေးတွေကို မခံချင်ဘူးဆိုရင် သူ့ဆီကနေ ထွက်သွားကြ။—ဗျာ. ၁၈:၄။
ခရစ်ယာန်စစ်အားလုံးဟာ မဟာဗာဗုလုန်နဲ့ ကင်းကင်းရှင်းရှင်း နေရမယ်။ ကျမ်းစာသင်သားတစ်ယောက်ဟာ အမှန်တရား မသိခင်တုန်းက မှားယွင်းတဲ့ ဘာသာရေး အဖွဲ့အစည်းတစ်ခုရဲ့ အဖွဲ့ဝင် ဖြစ်ခဲ့မယ်။ ဘာသာရေးပွဲတွေ၊ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့မယ်။ အဲဒီအဖွဲ့အစည်းအတွက် ငွေကြေးတွေ လှူဒါန်းခဲ့မယ်။ ဒါပေမဲ့ နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူ ဖြစ်နိုင်ဖို့ မှားယွင်းတဲ့ ဘာသာနဲ့ လုံးဝ အဆက်အသွယ် ဖြတ်ရမယ်။ ချာ့ချ် ဒါမှမဟုတ် မဟာဗာဗုလုန်နဲ့ပတ်သက်နေတဲ့ အဖွဲ့အစည်းတစ်ခုခုရဲ့ အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်စာ တင်ရမယ်။ လုံးဝ အဆက်အသွယ် ဖြတ်ရမယ်။ ခရစ်ယာန်စစ်တစ်ယောက်ရဲ့ လောကအလုပ်ဟာ မဟာဗာဗုလုန်နဲ့ မပတ်သက်ဖို့ ဂရုစိုက်သင့်တယ်။ (၂ ကော. ၆:၁၄-၁၇) ဘာကြောင့် ဒီလို ပြတ်ပြတ်သားသား ရပ်တည်တာလဲ။ ဘုရားရှေ့မှာ မသန့်ရှင်းတဲ့ ဘာသာရေး အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုတွေ၊ အပြစ်တွေမှာ မပါချင်လို့ပဲ။—ဟေရှာ. ၅၂:၁၁။ w19.10 ၁၂ ¶၁၆-၁၇
တနင်္ဂနွေနေ့၊ အောက်တိုဘာ ၁၇
ယေဟောဝါဟာ ကရုဏာရှိပြီး သနားစာနာ တတ်တယ်။ . . . တစ်ချိန်လုံး အမှားရှာနေမှာ မဟုတ်ဘူး။ ထာဝစဉ် အငြိုးထားမှာ မဟုတ်ဘူး။—ဆာ. ၁၀၃:၈၊ ၉။
ယေရမိဟာ မိမိနာမည်တပ်ထားတဲ့ ကျမ်းစောင်ကို ရေးသားခဲ့တယ်။ ၁ ဘုရင်များ၊ ၂ ဘုရင်များ ကျမ်းစောင်တွေကိုလည်း ရေးသားခဲ့ပုံရတယ်။ အဲဒီအလုပ်ကြောင့် မစုံလင်တဲ့ လူသားတွေအပေါ် ထားတဲ့ ယေဟောဝါရဲ့ ကရုဏာကို ပိုသိလာတယ်။ ဥပမာ၊ ဘုရင် အာဟပ် နောင်တရတဲ့အခါ သူ့လက်ထက်မှာ ဘေးဆိုးကြုံရမှာ မဟုတ်ဘူးလို့ ယေဟောဝါ ပြောတယ်။ (၁ ဘု. ၂၁:၂၇-၂၉) မနာရှေလည်း ယေဟောဝါကို အာဟပ်ထက်တောင် ပိုပြစ်မှားခဲ့ပေမဲ့ နောင်တရတဲ့အခါ ယေဟောဝါ ခွင့်လွှတ်လိုက်တယ်။ (၂ ဘု. ၂၁:၁၆၊ ၁၇။ ၂ ရာ. ၃၃:၁၀-၁၃) အဲဒီမှတ်တမ်းတွေက ဘုရားသခင်ရဲ့ စိတ်ရှည်မှုနဲ့ ကရုဏာကို တုပဖို့ ယေရမိကို ကူညီပေးခဲ့မှာပဲ။ ဗာရုတ် တာဝန်ကနေ ခဏတဖြုတ် အာရုံလွဲသွားတဲ့အခါ ယေရမိ ဘယ်လို ကိုင်တွယ်သလဲ။ ချက်ချင်း လက်လျှော့လိုက်မယ့်အစား ဘုရားသခင်ရဲ့ ကြင်နာပြတ်သားတဲ့ သတင်းကို ပြောပြခြင်းအားဖြင့် ဗာရုတ်ကို ကူညီပေးတယ်။—ယေ. ၄၅:၁-၅။ w19.11 ၆ ¶၁၄-၁၅
တနင်္လာနေ့၊ အောက်တိုဘာ ၁၈
ဘုရားသခင်ဟာ ဖြောင့်မတ်တဲ့ဘုရား ဖြစ်လို့ ခင်ဗျားတို့ရဲ့ လုပ်ရပ်ကို၊ နာမတော်အတွက် ပြတဲ့ မေတ္တာကို ဘယ်တော့မှ မမေ့ပါဘူး။ —ဟီ. ၆:၁၀။
အစ္စရေးတွေဟာ “ကျေးဇူးတင်ချီးမွမ်းတဲ့အနေနဲ့” မိတ်သဟာယ အလှူတွေ ဆက်သနိုင်ကြောင်း ဝတ်ပြုရာကျမ်းကနေ သိရတယ်။ (ဝတ်. ၇:၁၁-၁၃၊ ၁၆-၁၈) မလုပ်မနေရ မဟုတ်ဘဲ ဆန္ဒရှိလို့ ဆက်သတာ ဖြစ်တယ်။ မိတ်သဟာယ အလှူတွေလိုပဲ အမှုဆောင်လုပ်ငန်းက ဘုရားနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ခံစားချက်ကို ဖော်ပြတယ်။ ယေဟောဝါကို နှစ်နှစ်ကာကာ ချစ်လို့ အကောင်းဆုံး ပေးနေကြတယ်။ ဘုရားနဲ့ ဘုရားရဲ့ လမ်းစဉ်ကို ချစ်လို့ သန်းနဲ့ချီတဲ့လူတွေ အမှုဆောင်တာကို မြင်တဲ့အခါ ယေဟောဝါ အလွန် နှစ်သက်တယ်။ ကျွန်တော်တို့ရဲ့ လုပ်ရပ်ကိုသာမက စိတ်ရင်းကိုပါ ယေဟောဝါ မြင်ပြီး တန်ဖိုးထားတယ်။ ဥပမာ၊ အသက်ကြီးလို့ ဆန္ဒရှိသလောက် မလုပ်နိုင်တဲ့အခါ သင့်ရဲ့ ကန့်သတ်ချက်တွေကို ယေဟောဝါ နားလည်ပေးကြောင်း စိတ်ချပါ။ အများကြီး မလုပ်နိုင်ဘူးဆိုရင်တောင် မေတ္တာနဲ့ အတတ်နိုင်ဆုံး အမှုဆောင်နေတာကို ယေဟောဝါ မြင်တယ်။ ကျွန်တော်တို့ အတတ်နိုင်ဆုံး ပေးဆက်တာကို လက်ခံတယ်။ w19.11 ၂၂ ¶၉။ ၂၃ ¶၁၁-၁၂
အင်္ဂါနေ့၊ အောက်တိုဘာ ၁၉
လူသူမရှိတဲ့ နေရာဆီ သွားပြီး ခဏတစ်ဖြုတ် နားရအောင်။—မာ. ၆:၃၁။
အလုပ်နဲ့ပတ်သက်ပြီး မျှတမှု ရှိဖို့ အရေးကြီးတယ်။ “လုပ်ဆောင်မှုတိုင်းအတွက် အချိန်အခါ ရှိတယ်” လို့ ဘုရင် ရှောလမုန် ပြောတယ်။ စိုက်ပျိုးတာ၊ တည်ဆောက်တာ၊ ငိုတာ၊ ရယ်တာ၊ ကခုန်တာနဲ့ တခြားလုပ်ဆောင်မှုတွေအကြောင်း သူ ပြောတယ်။ (ဒေ. ၃:၁-၈) အလုပ်လုပ်ခြင်းနဲ့ အနားယူခြင်းဟာ ဘဝမှာ အဓိကကျတယ်ဆိုတာ ရှင်းပါတယ်။ အလုပ်လုပ်ခြင်း၊ အနားယူခြင်းနဲ့ပတ်သက်ပြီး ယေရှုမှာ မျှတတဲ့အမြင် ရှိတယ်။ တစ်ကြိမ်မှာ တမန်တော်တွေဟာ ဟောပြောခြင်း လုပ်ငန်းကနေ ပြန်လာပြီးနောက် “အနားယူဖို့၊ အစာစားဖို့တောင် အချိန်မရှိ” တဲ့အထိ အလုပ်များခဲ့ကြတယ်။ ဒါကြောင့် ဒီနေ့ကျမ်းချက်ပါ စကားကို ယေရှု ပြောခဲ့တယ်။ (မာ. ၆:၃၀-၃၄) ယေရှုနဲ့ တပည့်တွေဟာ အလုပ် အရမ်းများကြပေမဲ့ အနားယူဖို့ လိုမှန်း ယေရှု သိတယ်။ တစ်ခါတလေ အနားယူဖို့၊ အပြောင်းအလဲ လုပ်ဖို့ လိုတယ်။ ရှေးခေတ် ဘုရားလူမျိုးအတွက် ပြင်ဆင်ပေးထားတဲ့ ပတ်စဉ် ဥပုသ် အစီအစဉ်ကနေ အဲဒီအချက်ကို သိနိုင်တယ်။ ကျွန်တော်တို့ဟာ မောရှေပညတ်အောက်မှာ မရှိပေမဲ့ ဥပုသ်ပညတ်အကြောင်း သုံးသပ်ခြင်းကနေ အကျိုးရနိုင်ပါတယ်။ w19.12 ၃ ¶၆-၇
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၂၀
ဘယ်တော့မှ မစိုးရိမ်ကြပါနဲ့။ —မ. ၆:၃၁။
သစ္စာရှိ ကျေးကျွန်တွေကို စောင့်ရှောက်မယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ အဲဒီကတိအတိုင်း လုပ်ပေးဖို့ တာဝန်ရှိတယ်လို့ ယူမှတ်တယ်။ (ဆာ. ၃၁:၁-၃) မိမိရဲ့ မိသားစုဝင်တွေ ဖြစ်တဲ့ ကျွန်တော်တို့ကို မစောင့်ရှောက်ရင် ကျွန်တော်တို့ ဝမ်းနည်းမယ်ဆိုတာ ဘုရား သိတယ်။ ရုပ်ပစ္စည်းပိုင်း၊ ဘုရားရေးရာပိုင်း ထောက်မပေးမယ်လို့ ကတိပေးထားတယ်။ အဲဒီကတိအတိုင်း မလုပ်ဖို့ ဘာကမှ ဘုရားကို မတားဆီးနိုင်ဘူး။ (မ. ၆:၃၀-၃၃။ ၂၄:၄၅) ယေဟောဝါ ဘာကြောင့် ကတိတည်သလဲဆိုတာ သတိရမယ်ဆိုရင် စီးပွားရေး ပြဿနာ ကြုံရတဲ့အခါ ဘုရား ကူညီပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။ ပထမရာစု ခရစ်ယာန်တွေအကြောင်း စဉ်းစားကြည့်ပါ။ ဂျေရုဆလင်မှာရှိတဲ့ အသင်းတော် အကြီးအကျယ် နှိပ်စက်ညှဉ်းဆဲခံရတဲ့အတွက် ‘တမန်တော်တွေကလွဲလို့ တပည့်အားလုံး ကွဲလွင့်သွားတယ်။’ (တ. ၈:၁) သူတို့ စီးပွားရေး အခက်အခဲတွေ ကြုံခဲ့ရမှာပဲ။ အိမ်တွေ၊ လုပ်ငန်းတွေ ဆုံးရှုံးသွားမှာပဲ။ ဒါပေမဲ့ သူတို့ကို ယေဟောဝါ မစွန့်ခဲ့သလို သူတို့ရဲ့ ပျော်ရွှင်မှုလည်း မပျောက်သွားခဲ့ဘူး။ (တ. ၈:၄။ ဟီ. ၁၃:၅၊ ၆။ ယာ. ၁:၂၊ ၃) ယေဟောဝါဟာ အဲဒီသစ္စာရှိ ခရစ်ယာန်တွေကို ထောက်မခဲ့သလို ကျွန်တော်တို့ကိုလည်း ထောက်မပေးပါလိမ့်မယ်။—ဆာ. ၃၇:၁၈၊ ၁၉။ w20.01 ၁၇-၁၈ ¶၁၄-၁၅
ကြာသပတေးနေ့၊ အောက်တိုဘာ ၂၁
ယေဟောဝါက . . . နှိမ့်ချသူကို ဂရုတစိုက် ကြည့်ရှုတယ်။—ဆာ. ၁၃၈:၆။
ဖခင်ရဲ့ သိုးတွေကို ခြင်္သေ့နဲ့ ဝက်ဝံရန်ကနေ ကယ်တဲ့အခါ၊ စစ်သူကြီး ဂေါလျတ်ကို ရင်ဆိုင်တိုက်ခိုက်တဲ့အခါ မိမိကို ယေဟောဝါ ကူညီပေးကြောင်း ဒါဝိဒ် သိတယ်။ (၁ ရှ. ၁၇:၃၇) မနာလိုဖြစ်နေတဲ့ ဘုရင် ရှောလု လက်ကနေ လွတ်တဲ့အခါမှာလည်း မိမိကို ယေဟောဝါ ကယ်တင်ပေးကြောင်း ဒါဝိဒ် သိတယ်။ (ဆာ. ၁၈၊ ထိပ်စီး) မာနကြီးသူသာဆိုရင် အဲဒီလိုအောင်မြင်မှုတွေအတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်မှာပဲ။ ဒါပေမဲ့ ဒါဝိဒ်ကတော့ နှိမ့်ချတဲ့အတွက် ယေဟောဝါရဲ့ ကူညီမှုကို အသိအမှတ်ပြုခဲ့တယ်။ ဘာသင်ခန်းစာ ရသလဲ။ ယေဟောဝါဆီ အကူအညီ တောင်းခံရုံထက်မက လုပ်ဆောင်ရမယ်။ ဘယ်အချိန်မှာ ဘယ်လို ကူညီပေးကြောင်း အသိအမှတ်ပြုရမယ်။ ကိုယ့်မှာ အကန့်အသတ်တွေ ရှိတယ်ဆိုတာ နှိမ့်ချစွာ အသိအမှတ်ပြုမယ်ဆိုရင် ယေဟောဝါကြောင့်သာ တတ်စွမ်းနိုင်တာ ဖြစ်ကြောင်း သိလာပါလိမ့်မယ်။ ယေဟောဝါရဲ့ ကူညီမှုကို တွေ့မြင်ရတဲ့အခါတိုင်း ဘုရားနဲ့ ဆက်ဆံရေး ပိုခိုင်မာလာပါလိမ့်မယ်။ w19.12 ၂၀ ¶၁၈-၁၉
သောကြာနေ့၊ အောက်တိုဘာ ၂၂
ဖခင်က ချစ်ရတဲ့ သားကို ပဲ့ပြင်သလို ယေဟောဝါကလည်း ချစ်ရတဲ့သူတွေကို ပဲ့ပြင်တတ်တယ်။—ပညာ. ၃:၁၂။
ကျွန်တော်တို့ကို ယေဟောဝါ တန်ဖိုးထားကြောင်း သိနိုင်တဲ့ အကြောင်းရင်းများစွာ ရှိတယ်။ ယေဟောဝါက ကျွန်တော်တို့ကို မိမိဆီ ဆွဲဆောင်ပြီး သတင်းကောင်းကို ဘယ်လို တုံ့ပြန်တယ်ဆိုတာ ကြည့်တယ်။ (ယော. ၆:၄၄) ယေဟောဝါနဲ့ ရင်းနှီးအောင် ကြိုးစားတဲ့အခါ ဘုရားလည်း ကျွန်တော်တို့နဲ့ ရင်းနှီးလာတယ်။ (ယာ. ၄:၈) ကျွန်တော်တို့ကို အချိန်နဲ့ ခွန်အားစိုက်ထုတ်ပြီး သွန်သင်ပေးခြင်းအားဖြင့်လည်း တန်ဖိုးထားကြောင်း ဖော်ပြတယ်။ ကျွန်တော်တို့ဟာ ဘယ်လို လူစားမျိုး ဖြစ်ကြောင်း၊ ဘယ်လို လူစားမျိုး ဖြစ်လာနိုင်ကြောင်းကိုလည်း သိတယ်။ ကျွန်တော်တို့ကို ချစ်လို့ ဆုံးမသွန်သင်တယ်။ ကျွန်တော်တို့ကို ယေဟောဝါ တန်ဖိုးထားကြောင်း ဖော်ပြတဲ့ အထောက်အထားတွေပါပဲ။ ဘုရင် ဒါဝိဒ်ကို တချို့က တန်ဖိုးမရှိတဲ့သူလို့ ယူဆကြတယ်။ ဒါပေမဲ့ မိမိကို ယေဟောဝါ ချစ်ပြီး ထောက်မပေးမှန်း ဒါဝိဒ် သိတယ်။ အဲဒါက ကိုယ့်အခြေအနေကို အကောင်းမြင်တတ်အောင် ဒါဝိဒ်ကို ကူညီပေးတယ်။ (၂ ရှ. ၁၆:၅-၇) ကျွန်တော်တို့လည်း စိတ်ဓာတ်ကျတဲ့အခါ၊ အခက်အခဲတွေ ကြုံရတဲ့အခါ အကောင်းမြင်တတ်အောင်၊ ရင်ဆိုင်ကျော်လွှားနိုင်အောင် ယေဟောဝါ ကူညီပေးနိုင်တယ်။ (ဆာ. ၁၈:၂၇-၂၉) ယေဟောဝါရဲ့ ကူညီထောက်မမှုကြောင့် ပျော်ရွှင်စွာ အမှုဆောင်နိုင်တယ်။—ရော. ၈:၃၁။ w20.01 ၁၅ ¶၇-၈
စနေနေ့၊ အောက်တိုဘာ ၂၃
ကျွန်တော် မိန့်မှာထားသမျှကို လိုက်နာဖို့ သွန်သင်ပေးကြပါ။—မ. ၂၈:၂၀။
သင်အံမှု ကျင်းပတဲ့အခါ ဆုတောင်းပြီး စပါ။ သင်အံမှု စပြီး သီတင်းပတ် အနည်းငယ်အတွင်း သင်အံမှု အစနဲ့ အဆုံးမှာ ဆုတောင်းနိုင်ရင် အကောင်းဆုံးပဲ။ ဘုရားသခင့် စွမ်းအားတော် အကူအညီနဲ့သာ ကျမ်းစာကို နားလည်နိုင်ကြောင်း သင်သားကို နားလည်စေရမယ်။ ကျမ်းစာသင်ပေးသူတချို့က ဆုတောင်းခြင်းအကြောင်း စပြောဖို့ ယာကုပ် ၁:၅ ကို ဖတ်ကြတယ်။ “တစ်ယောက်ယောက်က ဉာဏ်ပညာလိုနေရင် ဘုရားသခင်ဆီ တောင်းမြဲတောင်းပါ” လို့ ပြောထားတယ်။ အဲဒီကျမ်းချက်ကို ဖတ်ပြီး “ဉာဏ်ပညာ ရဖို့ ဘုရားသခင်ဆီ ဘယ်လို တောင်းနိုင်သလဲ” လို့ မေးကြတယ်။ ဆုတောင်းရမယ်ဆိုတာ သင်သား သဘောတူပါလိမ့်မယ်။ ဘယ်လို ဆုတောင်းရမလဲဆိုတာ သင်သားကို သင်ပေးပါ။ သင်သားရဲ့ ဆုတောင်းချက်ကို ယေဟောဝါ နားထောင်လိုကြောင်း၊ တခြားသူတွေကို ပြောပြဖို့ ခက်တဲ့ ကိုယ့်ခံစားချက်တွေကို ရင်ဖွင့် ဆုတောင်းနိုင်ကြောင်း ရှင်းပြပါ။ ကျွန်တော်တို့ရဲ့ အနက်ရှိုင်းဆုံး အတွေးတွေကို ယေဟောဝါ သိတယ်။—ဆာ. ၁၃၉:၂-၄။ w20.01 ၂ ¶၃။ ၅ ¶၁၁-၁၂
တနင်္ဂနွေနေ့၊ အောက်တိုဘာ ၂၄
လူတစ်ယောက်ရဲ့ ဆန္ဒ ဒါမှမဟုတ် ကြိုးစားအားထုတ်မှုပေါ် မမူတည်ဘဲ . . . ဘုရားသခင်ပေါ်မှာပဲ မူတည်တယ်။—ရော. ၉:၁၆။
ဘိသိက်ခံတွေကို ဘယ်အချိန်မှာ ရွေးချယ်မယ်လို့ ဆုံးဖြတ်သူဟာ ယေဟောဝါ ဖြစ်တယ်။ (ရော. ၈:၂၈-၃၀) ယေရှု ထမြောက်ပြီးနောက်မှာ ဘိသိက်ခံတွေကို ယေဟောဝါ စရွေးချယ်တယ်။ ပထမရာစုမှာ ခရစ်ယာန်စစ်အားလုံးဟာ ဘိသိက်ခံတွေ ဖြစ်ပုံရတယ်။ နောက်ပိုင်းနှစ်တွေမှာတော့ ခရစ်ယာန်ပါလို့ ပြောသူအများစုဟာ ခရစ်တော်နောက်ကို တကယ် မလိုက်ကြဘူး။ ဒါတောင် အဲဒီနှစ်တွေအတွင်း ခရစ်ယာန်စစ် အနည်းငယ်ကို ယေဟောဝါ ဘိသိက်ပေးခဲ့တယ်။ သူတို့ဟာ ပေါင်းပင်တွေနဲ့အတူ ပေါက်နေတယ်လို့ ယေရှု ပြောတဲ့ “ဂျုံပင်တွေ” လိုပါပဲ။ (မ. ၁၃:၂၄-၃၀) နောက်ဆုံးကာလအတွင်း ယေဟောဝါဟာ ၁၄၄,၀၀၀ အဝင် ဖြစ်လာမယ့်သူတွေကို ဆက်ရွေးချယ်တယ်။ ဒါကြောင့် အဆုံးမရောက်ခင်လေးမှာ လူတချို့ကို ရွေးချယ်ဖို့ ဘုရားသခင် ဆုံးဖြတ်တယ်ဆိုရင် ဘုရားရဲ့ ဉာဏ်ပညာကို ကျွန်တော်တို့ သံသယ မဝင်သင့်ဘူး။ (ရော. ၉:၁၁) ယေရှုရဲ့ ပုံဥပမာတစ်ခုမှာပါတဲ့ လုပ်သားတွေလို မဖြစ်မိဖို့ ကျွန်တော်တို့ သတိပြုသင့်တယ်။ သူတို့က နောက်ဆုံးမှ အလုပ်ဝင်သူတွေအပေါ် သခင့်ဆက်ဆံပုံကို မကျေမနပ် ဖြစ်ခဲ့ကြတယ်။—မ. ၂၀:၈-၁၅။ w20.01 ၃၀ ¶၁၄
တနင်္လာနေ့၊ အောက်တိုဘာ ၂၅
ငါ့ကျွန်တွေဟာ . . . ရွှင်လန်းစွာ ကြွေးကြော်လိမ့်မယ်။—ဟေရှာ. ၆၅:၁၄။
ယေဟောဝါဟာ မိမိရဲ့ မိသားစုဝင်တွေကို ပျော်ရွှင်စေချင်တယ်။ အခက်အခဲတွေကြားမှာတောင် ကျွန်တော်တို့ ပျော်ရွှင်နိုင်တဲ့ အကြောင်းရင်းများစွာ ရှိတယ်။ ဥပမာ၊ ကျွန်တော်တို့ကို ကောင်းကင်ဖခင် အလွန်ချစ်ကြောင်း သိထားတယ်။ တိကျမှန်ကန်တဲ့ ကျမ်းစာ အသိပညာ ရရှိထားတယ်။ (ယေ. ၁၅:၁၆) ယေဟောဝါကို ချစ်တဲ့၊ မြင့်မားတဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေကို မြတ်နိုးတဲ့၊ အချင်းချင်း ချစ်တဲ့ မိသားစုဝင်တွေ ရှိထားတယ်။ (ဆာ. ၁၀၆:၄၊ ၅) အနာဂတ်မှာ ဘဝ ပိုကောင်းလာမယ်ဆိုတဲ့ မျှော်လင့်ချက် ရှိထားလို့ ပျော်ရွှင်နေနိုင်ပါတယ်။ မကြာခင် ဆိုးသွမ်းမှုအားလုံးကို ယေဟောဝါ ဖယ်ရှားတော့မယ်၊ နိုင်ငံတော် အုပ်ချုပ်မှုအောက် တစ်ကမ္ဘာလုံး ပရဒိသု ဖြစ်လာတော့မယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ သေဆုံးသွားသူတွေ ပြန်ရှင်လာပြီး ချစ်ရသူတွေနဲ့ ပြန်ဆုံဆည်းမယ်ဆိုတဲ့ အံ့ဖွယ် မျှော်လင့်ချက်ကိုလည်း ကျွန်တော်တို့ ရရှိထားတယ်။ (ယော. ၅:၂၈၊ ၂၉) တကယ့်ကို ဝမ်းသာစရာပါပဲ။ အရေးကြီးဆုံးကတော့ မကြာခင် ကောင်းကင်နဲ့ မြေကြီးပေါ်မှာ ရှိတဲ့သူအားလုံး မေတ္တာရှင် ဖခင်တစ်ပါးတည်းကိုပဲ ဂုဏ်တင်ချီးမွမ်းပြီး ဝတ်ပြုကြပါလိမ့်မယ်။ w20.02 ၁၃ ¶၁၅-၁၆
အင်္ဂါနေ့၊ အောက်တိုဘာ ၂၆
ကိုယ်တော့်ကို တကယ်ပဲ ပြစ်မှားမိပြီ။ —ဆာ. ၅၁:၄။
ကြီးလေးတဲ့အပြစ် ကျူးလွန်မိရင် ဖုံးဖိမထားပါနဲ့။ ဆုတောင်းပြီး ယေဟောဝါဆီ ဝန်ချတောင်းပန်ပါ။ ဒါဆိုရင် အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်ကြောင့် စိုးရိမ်ပူပန်နေတာတွေ သက်သာသွားလိမ့်မယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းဖို့ ဆုတောင်းတာထက်မက လုပ်ရမယ်။ ဆုံးမမှုကို လက်ခံရမယ်။ ဗာသရှေဘနဲ့ မှားယွင်းခဲ့တဲ့ ဘုရင် ဒါဝိဒ်ရဲ့ အပြစ်ကို ဖော်ထုတ်ဖို့ ပရောဖက် နာသန်ကို ယေဟောဝါ စေလွှတ်တဲ့အခါ ဒါဝိဒ် ဆင်ခြေမပေးဘူး။ အပြစ်ကို လျှော့ပေါ့ပြီး မပြောဘူး။ ဗာသရှေဘရဲ့ ယောက်ျားကိုသာမက ယေဟောဝါကိုပါ ပြစ်မှားမိကြောင်း ချက်ချင်း ဝန်ခံတယ်။ ဆုံးမတာကို လက်ခံတဲ့အတွက် ဒါဝိဒ်ကို ယေဟောဝါ ခွင့်လွှတ်လိုက်တယ်။ (၂ ရှ. ၁၂:၁၀-၁၄) ကျွန်တော်တို့လည်း ကြီးလေးတဲ့အပြစ် ကျူးလွန်မိရင် သိုးထိန်းအဖြစ် ယေဟောဝါ ခန့်အပ်ထားသူတွေကို ပြောပြရမယ်။ (ယာ. ၅:၁၄၊ ၁၅) ဆင်ခြေမပေးရဘူး။ ဆုံးမမှုကို မြန်မြန် လက်ခံကျင့်သုံးလေ စိတ်ငြိမ်သက်မှုနဲ့ ရွှင်လန်းမှု မြန်မြန် ပြန်ရလေပဲ။ w20.02 ၂၄-၂၅ ¶၁၇-၁၈
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၂၇
ဘာသာစကား အမျိုးမျိုး ပြောတဲ့ လူမျိုးတွေထဲက လူဆယ်ယောက်ဟာ ဂျူးလူမျိုးတစ်ယောက်ရဲ့ ဝတ်ရုံကို မြဲမြဲ ကိုင်ပြီး “ခင်ဗျားတို့နဲ့အတူ ဘုရားသခင် ရှိတယ်လို့ ကြားတဲ့အတွက် ကျွန်တော်တို့လည်း လိုက်ချင်ပါတယ်” လို့ ပြောကြလိမ့်မယ်။—ဇာ. ၈:၂၃။
“လူဆယ်ယောက်” ဆိုတာ မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိသူတွေကို ကိုယ်စားပြုတယ်။ “ဂျူးလူမျိုး” နဲ့ ပုံခိုင်းထားတဲ့ ဘိသိက်ခံတွေကို ယေဟောဝါ ကောင်းချီးပေးနေမှန်း သိတဲ့အတွက် သူတို့နဲ့အတူ ယေဟောဝါကို ဝတ်ပြုရတာ ဂုဏ်ယူကြတယ်။ ဒီနေ့ခေတ် မြေကြီးပေါ်မှာ ရှိတဲ့ ဘိသိက်ခံ တစ်ယောက်စီရဲ့ နာမည်ကို သိဖို့ မဖြစ်နိုင်ပေမဲ့ မြေကြီးမျှော်လင့်ချက် ရှိသူတွေဟာ ဘိသိက်ခံတွေနဲ့အတူ “လိုက်” နိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ ဒီနေ့ ကျမ်းချက်မှာ အဖြေ ပါတယ်။ ဂျူးတစ်ယောက်လို့ ပြောထားပေမဲ့ “ခင်ဗျားတို့” ဆိုတဲ့ စကားလုံးက တစ်ယောက်ထက်မကကို ဆိုလိုတယ်။ ဘိသိက်ခံအုပ်စု တစ်စုလုံးကို ဆိုလိုတယ်။ ဘိသိက်ခံ မဟုတ်သူတွေက ဘိသိက်ခံတွေနဲ့အတူ ယေဟောဝါကို ဝတ်ပြုနေကြတယ်။ ဒါပေမဲ့ မိမိတို့ရဲ့ ခေါင်းဆောင်ဟာ ယေရှု ဖြစ်မှန်း သိတဲ့အတွက် ဘိသိက်ခံတွေကို ခေါင်းဆောင်တွေအဖြစ် သဘောမထားကြဘူး။—မ. ၂၃:၁၀။ w20.01 ၂၆ ¶၁-၂
ကြာသပတေးနေ့၊ အောက်တိုဘာ ၂၈
အချင်းချင်း ချစ်မယ်ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်တပည့်တွေပဲဆိုတာ လူတွေ သိလိမ့်မယ်။—ယော. ၁၃:၃၅။
မိမိပြခဲ့တဲ့ မေတ္တာမျိုး ပြမယ်ဆိုရင် တပည့်စစ်တွေ ဖြစ်မှန်း ကွဲကွဲပြားပြား သိသာမယ်လို့ ယေရှု ပြောတယ်။ အဲဒီစကားတွေဟာ ပထမရာစုမှာကော ဒီနေ့ခေတ်အထိပါ မှန်ကန်တယ်။ အခက်အခဲ မှန်သမျှကို ကျော်လွှားပြီး အချင်းချင်း ချစ်ကြောင်း ပြဖို့ သိပ်အရေးကြီးပါတယ်။ ‘ခက်ခဲပေမဲ့ အချင်းချင်း ချစ်ကြောင်း ဆက်ပြနေတဲ့ ညီအစ်ကို/မတွေဆီကနေ ငါ ဘာသင်ယူနိုင်သလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ လူ့မစုံလင်မှုကြောင့် နှစ်နှစ်ကာကာ ချစ်ကြောင်း ပြဖို့ ခက်နိုင်တယ်။ ဒါပေမဲ့ ခရစ်တော်ကို တုပရမယ်။ ကိုယ့်ကို မကျေမနပ် ဖြစ်နေတဲ့ ညီအစ်ကို/မနဲ့ သင့်မြတ်အောင် လုပ်ဖို့ အရေးကြီးကြောင်း ယေရှု သင်ပေးတယ်။ (မ. ၅:၂၃၊ ၂၄) ဘုရားရဲ့ နှစ်သက်မှု ရချင်ရင် တခြားသူတွေနဲ့ ဆက်ဆံရေးကောင်း ရှိရမယ်။ ညီအစ်ကို/မတွေနဲ့ သင့်မြတ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားရင် ယေဟောဝါ ပျော်ရွှင်တယ်။ ရန်ငြိုးထားပြီး သင့်မြတ်ဖို့ မကြိုးစားဘူးဆိုရင်တော့ ကျွန်တော်တို့ရဲ့ ဝတ်ပြုမှုကို ဘုရား လက်မခံဘူး။—၁ ယော. ၄:၂၀။ w20.03 ၂၄ ¶၁-၄
သောကြာနေ့၊ အောက်တိုဘာ ၂၉
မှန်တဲ့သတင်းစကားနဲ့ မှားတဲ့သတင်းစကားကို ခွဲခြားနိုင်တယ်။—၁ ယော. ၄:၆။
“မုသားရဲ့အဖ” စာတန်ဟာ လူ့သမိုင်း အစကတည်းက လူတွေကို လှည့်စားထားတယ်။ (ယော. ၈:၄၄) စာတန်ရဲ့ အလိမ်အညာတွေထဲမှာ သေခြင်းအကြောင်း၊ တမလွန်ဘဝအကြောင်း မှားယွင်းတဲ့ သွန်သင်ချက်တွေ ပါဝင်တယ်။ လူကြိုက်များတဲ့ ဓလေ့ထုံးစံတွေ၊ အယူသီးမှုတွေဟာ အဲဒီသွန်သင်ချက်အပေါ် အခြေခံတယ်။ လူများစွာ ဘာကြောင့် လှည့်စားခံနေရသလဲ။ ဘာကြောင့်လဲဆိုတော့ စာတန်ရဲ့ အလိမ်အညာက သေခြင်းနဲ့ပတ်သက်တဲ့ လူတွေရဲ့ ပင်ကိုခံစားချက်ကို အမြတ်ထုတ်ထားလို့ပဲ။ လူတွေဟာ ထာဝစဉ် အသက်ရှင်ဖို့ ဖန်ဆင်းခံထားရလို့ မသေချင်ကြဘူး။ (ဒေ. ၃:၁၁) သေခြင်းကို ရန်သူအဖြစ် သဘောထားကြတယ်။ (၁ ကော. ၁၅:၂၆) စာတန် ဘယ်လောက်ပဲ ကြိုးစားပါစေ သေခြင်းနဲ့ပတ်သက်တဲ့ အမှန်တရားကိုတော့ မဖုံးကွယ်နိုင်ဘူး။ လူသေတွေရဲ့ အခြေအနေနဲ့ မျှော်လင့်ချက်အကြောင်း ကျမ်းစာသွန်သင်ချက်တွေကို လူတွေ အခု ပိုသိလာကြပြီ။ (ဒေ. ၉:၅၊ ၁၀။ တ. ၂၄:၁၅) အဲဒီအမှန်တရားတွေက ကျွန်တော်တို့ကို နှစ်သိမ့်ပေးတယ်။ မလိုအပ်တဲ့ ကြောက်ရွံ့မှု၊ မသေချာ မရေရာမှုတွေကနေ လွတ်ကင်းစေတယ်။ w19.04 ၁၄ ¶၁။ ၁၅ ¶၅-၆
စနေနေ့၊ အောက်တိုဘာ ၃၀
အချင်းချင်းရဲ့ ဝန်တွေကို ကူထမ်းပေးကြပါ။ ဒါဆိုရင် ခရစ်တော်ရဲ့တရားကို လိုက်နာရာရောက်လိမ့်မယ်။—ဂလ. ၆:၂။
ယေဟောဝါဘုရားဟာ မိမိလူမျိုးကို ချစ်တယ်။ သူတို့ကို အမြဲ ချစ်ပြီး ဆက်ချစ်နေဦးမယ်။ တရားမျှတမှုကိုလည်း ချစ်မြတ်နိုးတယ်။ (ဆာ. ၃၃:၅) ဒါကြောင့် အချက်နှစ်ချက်ကို စိတ်ချနိုင်တယ်။ (၁) မိမိကျေးကျွန်တွေ မတရားဆက်ဆံခံရတဲ့အခါ ယေဟောဝါ နာကျင်ခံစားရတယ်။ (၂) တရားမျှတမှု ရှိအောင် လုပ်ဆောင်ပေးမယ်။ မောရှေကတစ်ဆင့် အစ္စရေးတွေကို ဘုရားပေးတဲ့ ပညတ်တရားဟာ မေတ္တာကို အခြေခံတယ်။ လူအားလုံးကို၊ အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်သူတွေကို တရားမျှတစွာ ဆက်ဆံဖို့ တိုက်တွန်းတယ်။ (တရား. ၁၀:၁၈) မိမိလူမျိုးကို ယေဟောဝါ ဘယ်လောက် ဂရုစိုက်ကြောင်း ဒီပညတ်တရားက ဖော်ပြတယ်။ ပညတ်တရားဟာ ခရစ်ယာန်အသင်းတော် စတည်ထောင်တဲ့ အေဒီ ၃၃ မှာ အဆုံးတိုင်ခဲ့တယ်။ ဒါဆို ခရစ်ယာန်တွေမှာ မေတ္တာကို အခြေခံပြီး တရားမျှတမှုရှိဖို့ တွန်းအားပေးတဲ့ ပညတ် မရှိတော့ဘူးလား။ မဟုတ်ပါဘူး။ ခရစ်ယာန်တွေဟာ ပညတ်သစ်ကို ရထားကြတယ်။ ခရစ်ယာန်တွေဟာ “ခရစ်တော်ရဲ့ တရား” အောက်မှာ ရှိကြတယ်။ ယေရှုဟာ နောက်လိုက်တွေအတွက် ပညတ်ချက်တွေကို ချမှတ်ပေးမယ့်အစား လိုက်နာဖို့ ညွှန်ကြားချက်၊ မိန့်မှာချက်နဲ့ အခြေခံမူတွေ သတ်မှတ်ပေးတယ်။ “ခရစ်တော်ရဲ့ တရား” မှာ ယေရှုရဲ့ သွန်သင်ချက်အားလုံး ပါဝင်တယ်။ w19.05 ၂ ¶၁-၃
တနင်္ဂနွေနေ့၊ အောက်တိုဘာ ၃၁
ဘုရားသခင်ဟာ . . . နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ အရှင်ပဲ။ ကျွန်တော်တို့ ဆင်းရဲဒုက္ခ အမျိုးမျိုး ခံရတဲ့အခါ နှစ်သိမ့်ပေးတယ်။—၂ ကော. ၁:၃၊ ၄။
လူသားတွေဟာ ပင်ကိုသဘာဝအရ နှစ်သိမ့်မှု လိုအပ်ပြီး နှစ်သိမ့်ပေးနိုင်စွမ်းလည်း ရှိတယ်။ ဥပမာ၊ ကလေးတစ်ယောက် ဆော့ကစားရင်း ချော်လဲပြီး ဒူးပြဲသွားတဲ့အခါ မိဘဆီ ငိုပြီး ပြေးလာတတ်တယ်။ မိဘတွေက ဒဏ်ရာပျောက်အောင် မကုပေးနိုင်ပေမဲ့ နှစ်သိမ့်ပေးနိုင်တယ်။ ‘ဘာဖြစ်လာတာလဲ’ လို့မေးပြီး မျက်ရည်သုတ်ပေးမယ်။ ချော့ပြီး ဆေးလိမ်းပေးမယ်။ ခဏနေတော့ ကလေး အငိုတိတ်ပြီး ပြန်ဆော့နေတတ်တယ်။ တဖြည်းဖြည်း ဒဏ်ရာလည်း ပျောက်သွားတယ်။ တစ်ခါတလေ ကလေးတွေရတဲ့ ဒဏ်ရာဟာ တော်တော်ဆိုးရွားတယ်။ တချို့က လိင်ဆိုင်ရာ မတော်မတရားပြုခံရတယ်။ တစ်ကြိမ် ဒါမှမဟုတ် နှစ်ပေါင်းများစွာ အကြိမ်ကြိမ် ပြုခံရတာ ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ပြင်းထန်တဲ့ စိတ်ဒဏ်ရာ ကျန်ခဲ့နိုင်တယ်။ တစ်ခါတလေ အပြစ်ကျူးလွန်သူဟာ အဖမ်းခံရပြီး အပြစ်ပေးခံရတယ်။ တစ်ခါတလေမှာတော့ ပြစ်ဒဏ်မခံရဘဲ လွတ်နေတတ်တယ်။ ကျူးလွန်သူဟာ ချက်ချင်း ပြစ်ဒဏ်ခံရရင်တောင် မတော်မတရားပြုခံရတဲ့ ကလေးကတော့ လူကြီးဖြစ်လာချိန်အထိ ဆိုးကျိုးတွေ ခံစားနေရတတ်တယ်။ w19.05 ၁၄ ¶၁-၂