လေ့လာရန် ဆောင်းပါး ၁၃
အချင်းချင်း နှစ်နှစ်ကာကာ ချစ်ပါ
“အချင်းချင်း နှစ်နှစ်ကာကာ ချစ်ကြပါ။”—၁ ပေ. ၁:၂၂။
သီချင်း ၁၀၉ နှစ်နှစ်ကာကာ ချစ်ကြပါ
အကြိုသုံးသပ်ချက်a
နောက်ဆုံးညမှာ မေတ္တာအကြောင်း တမန်တော်တွေကို ယေရှု အလေးပေးပြော (စာပိုဒ် ၁-၂ ကိုကြည့်ပါ)
၁။ တပည့်တွေကို ယေရှု ဘယ်ပညတ် ပေးသလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)
ယေရှုဟာ မသေဆုံးခင်ညမှာ “ခင်ဗျားတို့ကို ကျွန်တော်ချစ်သလို အချင်းချင်း ချစ်ကြပါ” ဆိုပြီး တပည့်တွေကို သတ်သတ်မှတ်မှတ် ပညတ်ပေးတယ်။ “အချင်းချင်း ချစ်မယ်ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်တပည့်တွေပဲဆိုတာ လူတွေ သိလိမ့်မယ်” လို့ ဆက်ပြောတယ်။—ယော. ၁၃:၃၄၊ ၃၅။
၂။ အချင်းချင်း ချစ်ကြောင်း ပြဖို့ ဘာကြောင့် အရေးကြီးသလဲ။
၂ မိမိပြခဲ့တဲ့ မေတ္တာမျိုး ပြမယ်ဆိုရင် တပည့်စစ်တွေ ဖြစ်မှန်း ကွဲကွဲပြားပြား သိသာမယ်လို့ ယေရှု ပြောတယ်။ အဲဒီစကားတွေဟာ ပထမရာစုမှာကော ဒီနေ့ခေတ်အထိပါ မှန်ကန်တယ်။ အခက်အခဲ မှန်သမျှကို ကျော်လွှားပြီး အချင်းချင်း ချစ်ကြောင်း ပြဖို့ သိပ်အရေးကြီးပါတယ်။
၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း လေ့လာကြမလဲ။
၃ လူ့မစုံလင်မှုကြောင့် နှစ်နှစ်ကာကာ ချစ်ကြောင်း ပြဖို့ ခက်နိုင်တယ်။ ဒါပေမဲ့ ခရစ်တော်ကို တုပရမယ်။ သင့်မြတ်စေသူ၊ မျက်နှာမလိုက်သူ၊ ဧည့်ဝတ်ကျေပွန်သူ ဖြစ်ဖို့ မေတ္တာက ဘယ်လို ကူညီပေးကြောင်း ဒီဆောင်းပါးမှာ လေ့လာကြပါမယ်။ လေ့လာရင်း ‘ခက်ခဲပေမဲ့ အချင်းချင်း ချစ်ကြောင်း ဆက်ပြနေတဲ့ ညီအစ်ကို/မတွေဆီကနေ ငါ ဘာသင်ယူနိုင်သလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။
သင့်မြတ်စေသူ ဖြစ်ပါ
၄။ မဿဲ ၅:၂၃၊ ၂၄ အရ ကိုယ့်ကို မကျေမနပ် ဖြစ်နေတဲ့ ညီအစ်ကို/မနဲ့ ဘာကြောင့် သင့်မြတ်အောင် လုပ်သင့်သလဲ။
၄ ကိုယ့်ကို မကျေမနပ် ဖြစ်နေတဲ့ ညီအစ်ကို/မနဲ့ သင့်မြတ်အောင် လုပ်ဖို့ အရေးကြီးကြောင်း ယေရှု သင်ပေးတယ်။ (မဿဲ ၅:၂၃၊ ၂၄ ကိုဖတ်ပါ။) ဘုရားရဲ့ နှစ်သက်မှု ရချင်ရင် တခြားသူတွေနဲ့ ဆက်ဆံရေးကောင်း ရှိရမယ်။ ညီအစ်ကို/မတွေနဲ့ သင့်မြတ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားရင် ယေဟောဝါ ပျော်ရွှင်တယ်။ ရန်ငြိုးထားပြီး သင့်မြတ်ဖို့ မကြိုးစားဘူးဆိုရင်တော့ ကျွန်တော်တို့ရဲ့ ဝတ်ပြုမှုကို ဘုရား လက်မခံဘူး။—၁ ယော. ၄:၂၀။
၅။ သင့်မြတ်အောင် လုပ်ဖို့ မာ့ခ်ကို ဘာက အခက်တွေ့စေသလဲ။
၅ သင့်မြတ်အောင် လုပ်ဖို့ ခက်နိုင်တယ်။ ဘာကြောင့်လဲ။ မာ့ခ်bအကြောင်း စဉ်းစားကြည့်ပါ။ သူ့ကို ညီအစ်ကိုတစ်ယောက် ကဲ့ရဲ့ဝေဖန်ပြီး သူ့မကောင်းကြောင်း အသင်းတော်မှာ လိုက်ပြောတယ်။ မာ့ခ် ဘယ်လို တုံ့ပြန်သလဲ။ “ကျွန်တော် စိတ်မထိန်းနိုင်ဘဲ ဒေါသတကြီး ပြောလိုက်မိတယ်” လို့ ပြောတယ်။ နောက်ပိုင်း နောင်တရပြီး တောင်းပန်တယ်။ ပြန်သင့်မြတ်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ တစ်ဖက်ညီအစ်ကိုက လက်မခံဘူး။ အစပိုင်းမှာတော့ ‘သူ့ဘက်ကမှ မပြေလည်ချင်တာ ငါ ဘာကြောင့် ဆက်ကြိုးစားရမှာလဲ’ လို့ မာ့ခ် တွေးမိတယ်။ ဒါပေမဲ့ လက်မလျှော့ဖို့ တိုက်နယ်ကြီးကြပ်မှူး အားပေးတယ်။ မာ့ခ် ဘာဆက်လုပ်သလဲ။
၆။ (က) သင့်မြတ်ဖို့ မာ့ခ် ဘယ်လို ကြိုးစားသလဲ။ (ခ) ကောလောသဲ ၃:၁၃၊ ၁၄ ကို မာ့ခ် ဘယ်လို ကျင့်သုံးသလဲ။
၆ ကိုယ့်အတွေးအခေါ်ကို ပြန်ဆန်းစစ်လိုက်တော့ နှိမ့်ချမှု မရှိမှန်း၊ ကိုယ်ပဲ ဖြောင့်မတ်တယ်လို့ ထင်နေမှန်း မာ့ခ် သိလာတယ်။ သဘောထား ပြောင်းဖို့ လိုနေပြီ။ (ကော. ၃:၈၊ ၉၊ ၁၂) ဒါကြောင့် အဲဒီညီအစ်ကိုဆီ နှိမ့်ချစွာ ပြန်သွားပြီး တောင်းပန်တယ်။ ဘယ်လောက် စိတ်မကောင်း ဖြစ်မိကြောင်း၊ ပြန်သင့်မြတ်ချင်ကြောင်း စာတွေ ရေးတယ်။ ညီအစ်ကို ကြိုက်မယ့် လက်ဆောင်လေးတွေ ထည့်ပေးတယ်။ ဒါပေမဲ့ အဲဒီညီအစ်ကို စိတ်မပြေသေးဘူး။ မာ့ခ်ကတော့ ညီအစ်ကိုကို ချစ်ပါ၊ ခွင့်လွှတ်ပါဆိုတဲ့ ယေရှုရဲ့ ပညတ်ကို ဆက်နာခံတယ်။ (ကောလောသဲ ၃:၁၃၊ ၁၄ ကိုဖတ်ပါ။) သင့်မြတ်ဖို့ ကျွန်တော်တို့ ကြိုးစားတာကို တခြားသူတွေ လက်မခံတဲ့အခါမှာတောင် စစ်မှန်တဲ့ ခရစ်ယာန် မေတ္တာက ဆက်ခွင့်လွှတ်ဖို့၊ ပြန်သင့်မြတ်လာအောင် ဆက်ဆုတောင်းဖို့ ကူညီပေးပါလိမ့်မယ်။—မ. ၁၈:၂၁၊ ၂၂။ ဂလ. ၆:၉။
ပြန်သင့်မြတ်အောင် နည်းအမျိုးမျိုးနဲ့ ကြိုးစားဖို့ လိုနိုင် (စာပိုဒ် ၇-၈ ကိုကြည့်ပါ)c
၇။ (က) ဘာလုပ်ဖို့ ယေရှု အားပေးသလဲ။ (ခ) ခက်ခဲတဲ့ ဘယ်အခြေအနေကို ညီအစ်မတစ်ယောက် ကြုံခဲ့ရသလဲ။
၇ ကိုယ့်ကို ဆက်ဆံစေချင်တဲ့အတိုင်း တခြားသူတွေကို ဆက်ဆံဖို့ ယေရှု အားပေးတယ်။ ကိုယ့်ကို မေတ္တာ ပြန်ပြသူတွေကိုပဲ မေတ္တာ ပြတာမျိုး မလုပ်ဖို့ ဆက်ပြောတယ်။ (လု. ၆:၃၁-၃၃) ဖြစ်လေ့ဖြစ်ထ မရှိပေမဲ့ အသင်းတော်မှာ တစ်ယောက်ယောက်က သင့်ကို ရှောင်ဖယ်ရှောင်ဖယ်လုပ်ပြီး နှုတ်မဆက်ဘူးဆိုရင်ကော။ ညီအစ်မ လာရာ အဲဒီလို ကြုံခဲ့ရတယ်။ “ညီအစ်မတစ်ယောက်က ဘာကြောင့်မှန်း မသိဘဲ ကျွန်မကို ရှောင်နေတယ်။ ဒါကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး အစည်းအဝေး သွားရတာ မပျော်တော့ဘူး” လို့ လာရာ ပြောတယ်။ ‘ငါ့အမှားမှ မဟုတ်တာ။ အဲဒီညီအစ်မ မူမမှန်တာ အသင်းတော်တစ်ခုလုံး သိနေတာပဲ’ လို့ အစပိုင်းမှာ တွေးမိတယ်။
၈။ သင့်မြတ်ဖို့ လာရာ ဘာလုပ်သလဲ။ သူ့ဆီကနေ ဘာသင်ယူရသလဲ။
၈ သင့်မြတ်ဖို့ လာရာ ကြိုးစားတယ်။ ယေဟောဝါဆီ ဆုတောင်းပြီး အဲဒီညီအစ်မနဲ့ စကားပြောဖို့ ဆုံးဖြတ်လိုက်တယ်။ စကားပြောပြီးနောက် အချင်းချင်း ဖက်ပြီး ပြေလည်မှု ရသွားတယ်။ “ဒါပေမဲ့ နောက်ပိုင်း အရင်ကလိုပဲ မခေါ်တော့ပြန်ဘူး။ တော်တော် စိတ်ပျက်မိတယ်” လို့ လာရာ ပြောတယ်။ အဲဒီညီအစ်မ သဘောထားပြောင်းမှ လာရာ ပျော်နိုင်မယ်လို့ အစပိုင်းမှာ ထင်ခဲ့တယ်။ ဒါပေမဲ့ အကောင်းဆုံးက ညီအစ်မကို ဆက်မေတ္တာပြပြီး “ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်” ဖို့ပဲဆိုတာ လာရာ သိလာတယ်။ (ဧ. ၄:၃၂–၅:၂) စစ်မှန်တဲ့ ခရစ်ယာန် မေတ္တာဟာ “နစ်နာမှုတွေကို မမှတ်ထားတတ်ဘူး။ မေတ္တာဟာ အရာရာကို သည်းခံတတ်တယ်။ အရာရာကို ယုံတတ်တယ်။ အရာရာကို မျှော်လင့်တတ်တယ်။ အရာရာကို ကြံ့ကြံ့ခံတတ်တယ်” ဆိုတာ လာရာ သိတယ်။ (၁ ကော. ၁၃:၅၊ ၇) ဒါကြောင့် စိတ်ငြိမ်သက်မှု ပြန်ရလာတယ်။ နောက်ပိုင်း အဲဒီညီအစ်မက လာရာကို ခင်ခင်မင်မင် ပြန်ဖြစ်လာတယ်။ ညီအစ်ကို/မတွေနဲ့ သင့်မြတ်ဖို့ ကြိုးစားပြီး မေတ္တာ ဆက်ပြမယ်ဆိုရင် ‘မေတ္တာနဲ့ ငြိမ်သက်ခြင်းရဲ့အရှင် ဘုရားသခင်က ကျွန်တော်တို့နဲ့အတူ ရှိမယ်’ ဆိုတာ စိတ်ချနိုင်ပါတယ်။—၂ ကော. ၁၃:၁၁။
မျက်နှာမလိုက်ပါနဲ့
၉။ တမန်တော် ၁၀:၃၄၊ ၃၅ အရ ဘာကြောင့် မျက်နှာမလိုက်သင့်သလဲ။
၉ ယေဟောဝါဟာ မျက်နှာမလိုက်ဘူး။ (တမန်တော် ၁၀:၃၄၊ ၃၅ ကိုဖတ်ပါ။) ကျွန်တော်တို့ မျက်နှာမလိုက်ရင် ဘုရားသားသမီးတွေ ဖြစ်ကြောင်း၊ လူလူချင်းကို ကိုယ်နဲ့ ထပ်တူ ချစ်ပါဆိုတဲ့ ပညတ်ကို နာခံကြောင်း ဖော်ပြရာ ရောက်တယ်။ အသင်းတော်ရဲ့ ငြိမ်သက်စည်းလုံးမှုကိုလည်း ထိန်းသိမ်းရာရောက်တယ်။—ရော. ၁၂:၉၊ ၁၀။ ယာ. ၂:၈၊ ၉။
၁၀-၁၁။ ညီအစ်မတစ်ယောက် အပျက်သဘောတွေကို ဘယ်လို တိုက်ထုတ်ခဲ့သလဲ။
၁၀ မျက်နှာမလိုက်ဖို့ တချို့အတွက် ခက်နိုင်တယ်။ ဥပမာ၊ ညီအစ်မ ရုသ် ဆယ်ကျော်သက်တုန်းက တိုင်းတစ်ပါးသူ အမျိုးသမီး တစ်ယောက်နဲ့ ပြဿနာဖြစ်ဖူးတယ်။ ဒါကြောင့် “အဲဒီနိုင်ငံနဲ့ပတ်သက်တာ မှန်သမျှကို မုန်းတယ်။ ညီအစ်ကို/မ ဖြစ်နေပါစေ အဲဒီနိုင်ငံကဆိုရင် အားလုံး အတူတူချည်းပဲလို့ ထင်ခဲ့တယ်” ဆိုပြီး ရုသ် ပြောတယ်။ အဲဒီအပျက်သဘောကို ဘယ်လို ကျော်လွှားနိုင်ခဲ့သလဲ။
၁၁ အပျက်သဘောကို တိုက်ထုတ်ရမယ်ဆိုတာ ရုသ် အသိအမှတ်ပြုတယ်။ အဲဒီနိုင်ငံနဲ့ပတ်သက်တဲ့ တွေ့ကြုံမှုတွေ၊ မှတ်တမ်းတွေကို နှစ်ချုပ်စာအုပ် မှာ ရှာဖတ်တယ်။ “အဲဒီနိုင်ငံမှာ နေတဲ့ လူတွေအကြောင်း ကောင်းတာတွေပဲ စဉ်းစားဖို့ ကြိုးစားတယ်။ ယေဟောဝါအတွက် ညီအစ်ကို/မတွေ စိတ်ထက်သန်ကြတာကို သတိထားမိလာတယ်။ သူတို့လည်း ကမ္ဘာချီ ညီအစ်ကို အသင်းအပင်းဝင်ပဲဆိုတာ သိလာတယ်” လို့ ရုသ် ပြောတယ်။ ဒီလောက်နဲ့ မလုံလောက်သေးဘူးဆိုတာ ရုသ် သိတယ်။ “အဲဒီနိုင်ငံက ညီအစ်ကို/မတွေကို တွေ့တိုင်း ခင်မင်ဖို့ အထူး ကြိုးစားတယ်။ သူတို့နဲ့ စကားပြောပြီး မိတ်ဆွေဖွဲ့တယ်။ ဒီလိုနဲ့ အပျက်သဘောတွေ ပျောက်သွားတယ်” လို့ ပြောတယ်။
“ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံး” ကို နှစ်နှစ်ကာကာ ချစ်တယ်ဆိုရင် မျက်နှာလိုက်တာကို ရှောင်ပါလိမ့်မယ် (စာပိုဒ် ၁၂-၁၃ ကိုကြည့်ပါ)d
၁၂။ ညီအစ်မ စာရာမှာ ဘာပြဿနာ ရှိသလဲ။
၁၂ တချို့က မျက်နှာလိုက်လို့ လိုက်မိမှန်းတောင် မသိဘဲ ဖြစ်နိုင်တယ်။ ဥပမာ၊ စာရာက လူတွေကို လူမျိုး၊ ငွေကြေး၊ အသင်းတော်မှာ ရထားတဲ့ တာဝန်ကို ကြည့်ပြီး အကဲမဖြတ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မျက်နှာမလိုက်တဲ့သူလို့ ထင်တယ်။ ဒါပေမဲ့ “ကျွန်မ မျက်နှာလိုက်တတ်မှန်း သတိထားမိလာတယ်” လို့ ပြောတယ်။ စာရာဟာ ပညာတတ် အသိုင်းအဝိုင်းက ဖြစ်ပြီး နောက်ခံတူသူတွေနဲ့ပဲ ပေါင်းချင်တယ်။ “ပညာတတ် ညီအစ်ကို/မတွေနဲ့ပဲ ပေါင်းပြီး ပညာမတတ်သူတွေကိုတော့ ရှောင်တယ်” လို့တောင် မိတ်ဆွေတစ်ယောက်ကို စာရာ ပြောဖူးတယ်။ သူ့သဘောထား ပြောင်းဖို့ လိုနေပြီ။ ဘယ်လို ပြောင်းမလဲ။
၁၃။ စာရာဆီကနေ ဘာသင်ယူရသလဲ။
၁၃ ကိုယ့်သဘောထားကို ဆန်းစစ်နိုင်ဖို့ စာရာကို တိုက်နယ်ကြီးကြပ်မှူးတစ်ယောက် ကူညီပေးတယ်။ “ကျွန်မ သစ္စာရှိရှိ အမှုဆောင်နေတာ၊ မှတ်ချက်ကောင်းတွေ ပေးတာ၊ ကျမ်းစာ အသိပညာ ကြွယ်တာကို သူချီးမွမ်းတယ်။ အသိပညာ များလာတာနဲ့အမျှ နှိမ့်ချမှု၊ ကျိုးနွံမှု၊ ကရုဏာစတဲ့ ခရစ်ယာန် အရည်အသွေးတွေကိုလည်း မွေးမြူဖို့ လိုကြောင်း ရှင်းပြတယ်” လို့ စာရာ ပြောတယ်။ တိုက်နယ်ကြီးကြပ်မှူးရဲ့ စကားကို စာရာ လိုက်နာတယ်။ “ကြင်နာဖို့၊ မေတ္တာရှိဖို့က အရေးကြီးဆုံးပဲဆိုတာ သိလာတယ်” လို့ စာရာ ပြောတယ်။ ညီအစ်ကို/မတွေအပေါ် ရှုမြင်ပုံ ပြောင်းလာတယ်။ “သူတို့ရဲ့ ဘယ်အရည်အသွေးတွေကို ယေဟောဝါ တန်ဖိုးထားသလဲဆိုတာ နားလည်ဖို့ ကြိုးစားတယ်” လို့ စာရာ ပြောတယ်။ ကျွန်တော်တို့ကော။ ကိုယ့်ပညာအရည်အချင်းကြောင့် တခြားသူတွေထက် ပိုသာတယ်လို့ ဘယ်တော့မှ မထင်သင့်ဘူး။ “ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံးကို ချစ်” မယ်ဆိုရင် မျက်နှာလိုက်တာကို ရှောင်ပါလိမ့်မယ်။—၁ ပေ. ၂:၁၇။
ဧည့်ဝတ်ကျေပွန်ပါ
၁၄။ ဟီဘရူး ၁၃:၁၆ အရ ကျွန်တော်တို့ ဧည့်ဝတ်ကျေပွန်တဲ့အခါ ယေဟောဝါ ဘယ်လို ခံစားရသလဲ။
၁၄ ဧည့်ဝတ်ကျေပွန်တာကို ယေဟောဝါ အလွန်တန်ဖိုးထားတယ်။ (ဟီဘရူး ၁၃:၁၆ ကိုဖတ်ပါ။) လိုအပ်နေသူတွေကို ကူညီတာဟာ ဝတ်ပြုရေးရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ ဘုရား ရှုမြင်တယ်။ (ယာ. ၁:၂၇။ ၂:၁၄-၁၇) “ဧည့်ဝတ်ပြုတတ်တဲ့အကျင့် ရှိအောင် လုပ်ပါ” လို့ ကျမ်းစာမှာ အားပေးထားတယ်။ (ရော. ၁၂:၁၃) ဧည့်ဝတ်ကျေပွန်ခြင်းဟာ စစ်မှန်တဲ့ မေတ္တာ၊ ခင်မင်ရင်းနှီးမှုကို ဖော်ပြတာပဲ။ တခြားသူတွေကို မုန့်ပဲသရေစာဖြစ်စေ၊ အအေးဖြစ်စေ၊ ထမင်းဖြစ်စေ ကျွေးမွေးတာ၊ အချိန်ပေးတာ၊ မေတ္တာပါပါ ဂရုစိုက်တာတွေကို ယေဟောဝါ နှစ်သက်တယ်။ (၁ ပေ. ၄:၈-၁၀) ဒါပေမဲ့ ဧည့်ဝတ်ကျေပွန်ဖို့ ခက်စေတဲ့ အတားအဆီးတွေ ရှိနိုင်တယ်။
ဧည့်ဝတ်ပြုရမှာ တွန့်ဆုတ်ခဲ့ပေမဲ့ သဘောထားကို ပြုပြင်ပြောင်းလဲလိုက်လို့ အခု သိပ်ပျော်တယ် (စာပိုဒ် ၁၆ ကိုကြည့်ပါ)e
၁၅-၁၆။ (က) ဧည့်ဝတ်ပြုဖို့ တချို့ ဘာကြောင့် တွန့်ဆုတ်နိုင်သလဲ။ (ခ) ဧည့်ဝတ်ပြုချင်စိတ် ရှိလာအောင် အဲဒစ်ကို ဘာက ကူညီပေးသလဲ။
၁၅ ကိုယ့်ရဲ့ လက်ရှိအခြေအနေ ဒါမှမဟုတ် နောက်ခံကြောင့် ဧည့်ဝတ်ပြုဖို့ တွန့်ဆုတ်မိနိုင်တယ်။ အဲဒစ်ဆိုတဲ့ မုဆိုးမ ညီအစ်မအကြောင်း သုံးသပ်ကြည့်ပါ။ သက်သေခံ မဖြစ်ခင်က တခြားသူတွေနဲ့ သိပ်ရောလေ့ မရှိဘူး။ တခြားသူတွေက ပိုဧည့်ဝတ်ပြုနိုင်တဲ့ အခြေအနေမှာ ရှိတယ်လို့ ယူဆခဲ့တယ်။
၁၆ သက်သေခံ ဖြစ်လာပြီးနောက် စဉ်းစားပုံကို ပြောင်းလဲခဲ့တယ်။ ဧည့်ဝတ်ကျေပွန်ဖို့ ကြိုးစားတယ်။ “နိုင်ငံတော်ခန်းမအသစ် ဆောက်လုပ်ရေးမှာ လာကူညီပေးမယ့် မောင်နှံတစ်စုံအတွက် နှစ်ပတ် တည်းခိုဖို့ နေစရာ ပေးနိုင်မလားလို့ အကြီးအကဲက မေးတယ်။ ဇရတ္တမြို့က မုဆိုးမကို ယေဟောဝါ ဘယ်လောက် ကောင်းချီးပေးခဲ့မှန်း ကျွန်မ သိတယ်” လို့ အဲဒစ် ပြောတယ်။ (၁ ဘု. ၁၇:၁၂-၁၆) ဒါကြောင့် တည်းခိုခွင့်ပေးဖို့ သဘောတူလိုက်တယ်။ ကောင်းချီး ရခဲ့သလား။ “အိမ်မှာ နှစ်ပတ်မက နှစ်လလောက် နေသွားတယ်။ ဒီအတောအတွင်း အရမ်းခင်သွားကြတယ်” လို့ အဲဒစ် ပြောတယ်။ အသင်းတော်မှာလည်း မိတ်ဆွေကောင်းတွေ ရလာတယ်။ အဲဒစ်ဟာ အခု ရှေ့ဆောင်လုပ်နေတယ်။ သူနဲ့ တွဲအမှုဆောင်သူတွေက သူ့အိမ်ကို လာလည်ပြီး ပေါင်းသင်းကြတယ်။ “ပေးကမ်းတာက ပျော်ရွှင်စေတယ်။ ပေးလိုက်တာထက် ပြန်ရတဲ့ ကောင်းချီးတွေက ပိုများတယ်” လို့ အဲဒစ် ပြောတယ်။—ဟီ. ၁၃:၁၊ ၂။
၁၇။ လုခ်နဲ့ ဇနီး ဘာကို သတိထားမိသလဲ။
၁၇ ကျွန်တော်တို့ ဧည့်ဝတ်ကျေပွန်နေပေမဲ့ တိုးတက်အောင် လုပ်နိုင်ဦးမလား။ လုခ်နဲ့ ဇနီးဟာ ဧည့်ဝတ်ကျေပွန်တဲ့ ဇနီးမောင်နှံ ဖြစ်တယ်။ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေ၊ တိုက်နယ်ကြီးကြပ်မှူး ဇနီးမောင်နှံတွေကို ဖိတ်ခေါ်လေ့ရှိတယ်။ ဒါပေမဲ့ “ကိုယ်နဲ့ ရင်းနှီးသူတွေကိုပဲ ဖိတ်ခေါ်နေမှန်း သတိထားမိတယ်” လို့ လုခ် ပြောတယ်။ ဒီကဏ္ဍမှာ တိုးတက်အောင် သူတို့ ဘယ်လို ကြိုးစားခဲ့သလဲ။
၁၈။ ဧည့်ဝတ်ပြုတဲ့ ကဏ္ဍမှာ တိုးတက်အောင် လုခ်နဲ့ ဇနီး ဘယ်လို ကြိုးစားခဲ့သလဲ။
၁၈ လုခ်နဲ့ ဇနီးဟာ “ကိုယ့်ကို မေတ္တာထားသူတွေကိုပဲ မေတ္တာထားရင် ဘာအကျိုးထူးမှာလဲ” ဆိုတဲ့ ယေရှုရဲ့ စကားကို ပြန်တွေးပြီး သဘောထားကို ပြုပြင်ပြောင်းလဲခဲ့တယ်။ (မ. ၅:၄၅-၄၇) အားလုံးအပေါ် ရက်ရောတဲ့ ယေဟောဝါကို တုပဖို့ လိုနေမှန်း သဘောပေါက်လာတယ်။ ဒါကြောင့် အရင်က မဖိတ်ခေါ်ဖူးတဲ့ ညီအစ်ကို/မတွေကို ဖိတ်ခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်။ “အခုတော့ ကျွန်တော်တို့အားလုံး ဒီလိုပေါင်းသင်းမှုတွေကို သိပ်ကြိုက်နေပြီ။ ယောက်တိုင်းအတွက် အားပေးတည်ဆောက်မှု ဖြစ်စေတယ်” လို့ လုခ် ပြောတယ်။
၁၉။ ယေရှုရဲ့ တပည့်စစ်တွေ ဖြစ်ကြောင်း ဘယ်လို သက်သေထူနိုင်မလဲ။ ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသလဲ။
၁၉ အချင်းချင်း နှစ်နှစ်ကာကာ ချစ်တာက သင့်မြတ်စေသူ၊ မျက်နှာမလိုက်သူ၊ ဧည့်ဝတ်ကျေပွန်သူ ဖြစ်ဖို့ ဘယ်လို ကူညီပေးကြောင်း သုံးသပ်ခဲ့ကြပြီ။ အပျက်သဘောတွေကို တိုက်ထုတ်ပြီး ညီအစ်ကို/မတွေကို နှစ်နှစ်ကာကာ ချစ်ရမယ်။ ဒါဆိုရင် ပျော်ရွှင်မှု ခံစားရပြီး ယေရှုရဲ့ တပည့်စစ်တွေ ဖြစ်ကြောင်း သက်သေထူနိုင်ပါလိမ့်မယ်။—ယော. ၁၃:၁၇၊ ၃၅။
သီချင်း ၈၈ ကိုယ်တော့်လမ်းစဉ်တွေအကြောင်း သိနားလည်စေပါ
a မေတ္တာဟာ ခရစ်ယာန်စစ်တွေရဲ့ အမှတ်အသားလို့ ယေရှု ပြောတယ်။ ညီအစ်ကို/မတွေကို ချစ်တဲ့မေတ္တာက သင့်မြတ်စေသူ၊ မျက်နှာမလိုက်သူ၊ ဧည့်ဝတ်ကျေပွန်သူ ဖြစ်ဖို့ လှုံ့ဆော်ပေးတယ်။ အမြဲတော့ မလွယ်ပါဘူး။ အချင်းချင်း ဘယ်လို နှစ်နှစ်ကာကာ ဆက်ချစ်နိုင်ကြောင်း လက်တွေ့ကျ အကြံပြုချက်တွေကို ဒီဆောင်းပါးမှာ ဆွေးနွေးထားတယ်။
b အမည်လွှဲများ။
c ပုံအညွှန်း– သင့်မြတ်ဖို့ ညီအစ်မတစ်ယောက် ပထမအကြိမ် ကြိုးစားချိန်မှာ မအောင်မြင်ပေမဲ့ လက်မလျှော့ဘဲ မေတ္တာ ဆက်ပြတဲ့အတွက် နောက်ဆုံး အောင်မြင်ခဲ့။
d ပုံအညွှန်း– အသက်ကြီး ညီအစ်ကိုဟာ အသင်းတော်မှာ ဝိုင်းပယ်ခံရတယ်လို့ ခံစားနေရ။
e ပုံအညွှန်း– ဧည့်ဝတ်ပြုဖို့ အစပိုင်းမှာ တွန့်ဆုတ်နေတဲ့ ညီအစ်မတစ်ယောက် သဘောထားကို ပြောင်းလဲတဲ့အတွက် ပိုပျော်ရွှင်လာ။