နိုဝင်ဘာ
တနင်္လာနေ့၊ နိုဝင်ဘာ ၁
သူတစ်ပါးကို ကိုယ့်ထက်သာတယ်လို့ သဘောထားပါ။—ဖိ. ၂:၃။
ဒီနေ့ခေတ်မှာ ပညာတတ်လို့ ယူဆသူများစွာဟာ ကိုယ့်ကိုယ်ကိုယ် အလေးထားခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာအကြံဉာဏ်ကို ကဲ့ရဲ့ကြတယ်။ တခြားသူကို ကိုယ့်ထက် သာတယ်လို့ ယူဆရင် သိမ်ငယ်စိတ် ဝင်လာမယ်၊ အမြတ်ထုတ် ခံရမယ်လို့ ပြောကြတယ်။ ဒါပေမဲ့ စာတန့်လောက အားပေးအားမြှောက်လုပ်တဲ့ ‘ငါသာ ပဓာန’ သဘောထားကြောင့် ဘာရလဒ်တွေ ရလာသလဲ။ အတ္တကြီးသူတွေ ပျော်ကြသလား။ သူတို့ရဲ့ မိသားစု ပျော်ကြသလား။ သူတို့မှာ မိတ်ဆွေစစ်တွေ ရှိသလား။ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိကြသလား။ လောကဉာဏ်ပညာအတိုင်း လိုက်တာနဲ့ ကျမ်းစာဉာဏ်ပညာအတိုင်း လိုက်တာ ဘယ်ဟာက ကောင်းကျိုးရစေသလဲ။ (၁ ကော. ၃:၁၉) ပညာရှိတယ်လို့ လောကက ရှုမြင်သူတွေရဲ့ အကြံဉာဏ်ကို လိုက်နာတာဟာ လမ်းပျောက်နေသူ အချင်းချင်း လမ်းမေးတာနဲ့ တူတယ်။ ယေရှုက မိမိခေတ်မှာရှိတဲ့ “ပညာတတ်တွေ” နဲ့ပတ်သက်ပြီး “သူတို့ဟာ မျက်ကန်းလမ်းပြတွေပဲ။ မျက်ကန်းချင်း လမ်းပြရင် နှစ်ယောက်စလုံး တွင်းထဲကျသွားမယ်” လို့ပြောတယ်။ (မ. ၁၅:၁၄) မှန်ပါတယ်။ လောကရဲ့ ဉာဏ်ပညာဟာ ဘုရားရှေ့မှာ မိုက်မဲတယ်။ w19.05 ၂၄-၂၅ ¶၁၄-၁၆
အင်္ဂါနေ့၊ နိုဝင်ဘာ ၂
သူတို့က ရွေးချယ်ခံရသူတွေကို . . .စုသိမ်းလိမ့်မယ်။—မ. ၂၄:၃၁။
မကြာသေးခင် နှစ်တွေကစပြီး အောက်မေ့ရာပွဲမှာ မုန့်နဲ့စပျစ်ဝိုင် သုံးဆောင်သူ အရေအတွက် မြင့်တက်လာနေတယ်။ အဲဒါကို စိုးရိမ်သင့်သလား။ မစိုးရိမ်သင့်ပါဘူး။ “ယေဟောဝါဘုရားက မိမိရဲ့ လူ ဘယ်သူလဲဆိုတာ သိတယ်။” (၂ တိ. ၂:၁၉) အောက်မေ့ရာပွဲမှာ မုန့်နဲ့ စပျစ်ဝိုင် သုံးဆောင်သူတွေကို ရေတွက်တဲ့ ညီအစ်ကိုတွေက ဘိသိက်ခံ အစစ်အမှန် ဘယ်သူလဲဆိုတာ ခွဲခြားမသိဘူး။ အဲဒါကို ယေဟောဝါပဲ သိတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဘိသိက်ခံလို့ ထင်ပေမဲ့ တကယ် မဟုတ်တဲ့သူတွေလည်း အဲဒီအရေအတွက်ထဲမှာ ပါဝင်တယ်။ ဥပမာ၊ အစပိုင်းမှာ မုန့်နဲ့ စပျစ်ဝိုင် သုံးဆောင်ခဲ့သူတချို့ဟာ နောက်ပိုင်းမှာ မသုံးဆောင်ကြတော့ဘူး။ တချို့ကျတော့လည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ဘိသိက်ခံလို့ ယူမှတ်နေတာ ဖြစ်နိုင်တယ်။ ဒါကြောင့် မြေကြီးပေါ်မှာ ဘိသိက်ခံ ဘယ်နှယောက် ကျန်နေမှန်း အတိအကျ မသိနိုင်တာ ထင်ရှားတယ်။ ဘိသိက်ခံတွေကို ကောင်းကင်ခေါ်သွားဖို့ ယေရှု ကြွလာချိန်မှာ သူတို့ဟာ ကမ္ဘာ့ဒေသအသီးသီးမှာ ရှိနေကြလိမ့်မယ်။ နောက်ဆုံးကာလအတွင်း မြေကြီးပေါ်မှာ ဘိသိက်ခံ အနည်းငယ်ပဲ ကျန်ကြွင်းနေမယ်လို့ ကျမ်းစာ ပြောတယ်။ (ဗျာ. ၁၂:၁၇) ဒါပေမဲ့ ကြီးစွာသောဒုက္ခ စတင်ချိန်မှာ သူတို့ထဲက ဘယ်နှယောက် ကျန်ကြွင်းနေမယ်လို့ မဖော်ပြထားဘူး။ w20.01 ၂၉-၃၀ ¶၁၁-၁၃
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၃
ဘုရားသခင်က လူ့လောကကို အလွန်ချစ်တယ်။ ဒါကြောင့် မိမိရဲ့ . . . တစ်ဦးတည်းသောသားကိုတောင် ပေးအပ်ခဲ့တယ်။—ယော. ၃:၁၆။
ပျောက်တဲ့သား ပုံဥပမာမှာ ယေဟောဝါရဲ့ ဖခင်မေတ္တာ ဘယ်လောက် ကြီးမားကြောင်း ယေရှု ဖော်ပြတယ်။ (လု. ၁၅:၁၁-၃၂) ပုံဥပမာမှာ ဖခင်က သား ပြန်လာမယ်ဆိုပြီး အမြဲ မျှော်လင့်နေတယ်။ သား ပြန်လာတဲ့အခါ ဝမ်းသာအားရ ကြိုဆိုတယ်။ ကျွန်တော်တို့လည်း လမ်းလွဲသွားပေမဲ့ နောင်တရမယ်ဆိုရင် ယေဟောဝါ ကြိုဆိုဖို့ အသင့်ရှိတယ်။ အာဒံကြောင့် ဖြစ်လာတဲ့ ထိခိုက်ပျက်စီးမှုတွေကို ကောင်းကင်ဖခင် ပြန်ပြုပြင်ပေးမယ်။ အာဒံ ပုန်ကန်ပြီးနောက် ယေဟောဝါက ကောင်းကင်မှာ သားတော်နဲ့အတူ ဘုရင်နဲ့ ပုရောဟိတ်အဖြစ် အမှုဆောင်ဖို့ လူတွေထဲကနေ ၁၄၄,၀၀၀ ကို မွေးစားဖို့ ဆုံးဖြတ်ခဲ့တယ်။ ကမ္ဘာသစ်မှာ ယေရှုနဲ့ တွဲဖက်အုပ်ချုပ်သူတွေက နာခံမှုရှိတဲ့လူတွေ စုံလင်လာအောင် ကူညီပေးပါလိမ့်မယ်။ နောက်ဆုံးစမ်းသပ်မှုကို သူတို့ အောင်မြင်ပြီးနောက် ဘုရားသခင် ထာဝရအသက် ပေးမယ်။ ကမ္ဘာတစ်ခုလုံး စုံလင်တဲ့ သားသမီးတွေ ပြည့်နေတာကို ကြည့်ပြီး ကောင်းကင်ဖခင် ကျေနပ်နေပါလိမ့်မယ်။ တကယ့်ကို ကြည်နူးစရာ အချိန်ပါပဲ။ w20.02 ၆-၇ ¶၁၇-၁၉
ကြာသပတေးနေ့၊ နိုဝင်ဘာ ၄
ခင်ဗျားတို့က စိတ်သဘောကို အသစ်ဖြစ်အောင် အမြဲ ပြုပြင်နေရမယ်။—ဧ. ၄:၂၃။
ကျွန်တော်တို့အားလုံး ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးသင့်တယ်– ‘ခရစ်ယာန်ဖြစ်လာဖို့ ငါပြောင်းလဲတာ အပေါ်ယံလောက်ပဲလား။ စိတ်သဘောထားကိုပါ ပြောင်းလဲတာလား။’ မဿဲ ၁၂:၄၃-၄၅ မှာ ယေရှုက ကျွန်တော်တို့ လုပ်ရမယ့်အရာကို ဖော်ပြတယ်။ ယေရှုရဲ့စကားက– ‘မှားယွင်းတဲ့ အတွေးအခေါ်တွေကို ထုတ်ပစ်ရုံနဲ့ မပြီးဘူး။ ဘုရား နှစ်သက်တဲ့ အတွေးအခေါ်တွေကိုလည်း ဖြည့်ပေးရမယ်’ ဆိုတဲ့ အရေးကြီးတဲ့ အမှန်တရားကို ပေါ်လွင်စေတယ်။ စိတ်သဘောကို ပြောင်းလဲဖို့ ဖြစ်နိုင်မလား။ “စစ်မှန်တဲ့ ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်သိခြင်းနဲ့အညီ အလိုတော်အတိုင်း ဘုရားသခင် ဖန်ဆင်းတဲ့ စရိုက်သစ်ကိုလည်း ဝတ်ဆင်ရမယ်” လို့ ကျမ်းစာ ပြောတယ်။ (ဧ. ၄:၂၄) ဒါကြောင့် စိတ်သဘောကို ပြောင်းလဲနိုင်ပါတယ်။ ဒါပေမဲ့ မလွယ်ဘူး။ မှားယွင်းတဲ့ ဆန္ဒတွေ၊ လုပ်ရပ်တွေကို ချိုးနှိမ်ရုံထက်မက လုပ်ဖို့ လိုတယ်။ “စိတ်သဘော” ကို ပြောင်းလဲရမယ်။ အဲဒီထဲမှာ လိုအင်ဆန္ဒ၊ သဘောထား၊ စိတ်ရင်းတွေ ပါဝင်တယ်။ အဲဒီလိုလုပ်ဖို့ အမြဲ ကြိုးစားနေရမယ်။ w19.06 ၉-၁၀ ¶၆-၇
သောကြာနေ့၊ နိုဝင်ဘာ ၅
ဒီမြို့ကို ဖျက်ဆီးတော့မယ်။—က. ၁၉:၁၃။
ယေဟောဝါက လောတနဲ့ မိသားစုကို ကယ်ဖို့ ကောင်းကင်တမန်တွေကို ထောက်ထားစာနာစွာ စေလွှတ်ပေးတယ်။ ဒါပေမဲ့ လောတဟာ ကောင်းကင်တမန်တွေရဲ့ စကားကို နာခံပြီး သောဒုံမြို့ကနေ ချက်ချင်း ထွက်မယ့်အစား “အချိန်ဆွဲ” နေတယ်။ ဒါကြောင့် ကောင်းကင်တမန်တွေက လောတကို လက်ဆွဲပြီး မြို့ပြင်ထွက်ပြေးဖို့ ကူညီပေးခဲ့ရတယ်။ (က. ၁၉:၁၅၊ ၁၆) တောင်ပေါ်ကို ပြေးဖို့ ကောင်းကင်တမန်တွေ ပြောတဲ့အခါမှာလည်း နာခံမယ့်အစား အနီးအနားက မြို့ကို ပြေးပါရစေလို့ တောင်းဆိုတယ်။ (က. ၁၉:၁၇-၂၀) ယေဟောဝါ စိတ်ရှည်စွာ နားထောင်ပြီး ခွင့်ပြုလိုက်တယ်။ နောက်ပိုင်း အဲဒီမြို့မှာ မနေရဲလို့ ယေဟောဝါပြောတဲ့ တောင်တန်းဒေသကိုပဲ ပြောင်းခဲ့ရတယ်။ (က. ၁၉:၃၀) လောတကို ယေဟောဝါ အလွန် စိတ်ရှည်ခဲ့တယ်။ ညီအစ်ကို/မတစ်ယောက်ဟာ လောတလို ဆုံးဖြတ်ချက် အမှားတွေ ချမိပြီး ကြီးလေးတဲ့ ပြဿနာတွေ ကြုံနေရတယ် ဆိုရင်ကော။ သင် ဘာလုပ်မလဲ။ စိုက်တဲ့အတိုင်း ရိတ်ရတာပဲလို့ ပြောမိနိုင်တယ်။ အဲဒါ မှန်နိုင်ပါတယ်။ (ဂလ. ၆:၇) ဒါပေမဲ့ လောတကို ကူညီခဲ့တဲ့ ယေဟောဝါကို တုပရင် ပိုကောင်းပါတယ်။ w19.06 ၂၀-၂၁ ¶၃-၅
စနေနေ့၊ နိုဝင်ဘာ ၆
ယေဟောဝါဟာ ကူညီမစရှင်ဖြစ်တဲ့အတွက် ငါ ဘာကိုမှ မကြောက်ဘူး။—ဟီ. ၁၃:၆။
ယေဟောဝါကို ကျွန်တော်တို့ ဝတ်မပြုရဲတော့အောင် ရန်သူတွေ ပိတ်ပင်ကြတယ်။ ပိတ်ပင်ရုံမက ကောလာဟလတွေ ဖြန့်ကြတယ်။ အိမ်တွေကို ရှာဖွေစစ်ဆေးကြတယ်။ တရားရုံးကို ဖမ်းခေါ်သွားကြတယ်။ တချို့ကို ထောင်ချလိုက်တယ်။ ထောင်ချလိုက်ရင် ကြောက်သွားမယ်လို့ ထင်နေကြတာ။ ကြောက်စိတ်ဝင်လာရင် ဝတ်ပြုရေးကို ကိုယ့်ဟာကိုယ် ရပ်လိုက်နိုင်တယ်။ ဝတ်ပြုရာ ၂၆:၃၆၊ ၃၇ မှာ ဖော်ပြထားတဲ့ လူတွေလို ကျွန်တော်တို့ မဖြစ်ချင်ဘူး။ ကြောက်စိတ်ကြောင့် ဘုရားရေးရာ လုပ်ဆောင်မှုတွေကို လျှော့ချတာ၊ ရပ်တန့်တာမျိုး မဖြစ်ချင်ကြဘူး။ ထိတ်ထိတ်ပျာပျာ မဖြစ်ဘဲ ယေဟောဝါကို အကြွင်းမဲ့ ယုံကြည်ကိုးစားကြတယ်။ (ဟေရှာ. ၂၈:၁၆) ယေဟောဝါရဲ့ လမ်းညွှန်မှု ရဖို့ ဆုတောင်းကြတယ်။ အင်အားအကြီးဆုံး လူ့အစိုးရတောင် ကျွန်တော်တို့ကို တားဆီးနိုင်မှာ မဟုတ်မှန်း၊ ဘုရား အကူအညီနဲ့ သစ္စာရှိရှိ ဆက်ဝတ်ပြုနိုင်မှန်း ကျွန်တော်တို့ သိကြတယ်။ ဆန့်ကျင်မှုကြောင့် ကျွန်တော်တို့ ကြောက်ရွံ့သွားမယ့်အစား ယေဟောဝါကို အပြည့်အဝ အမှုဆောင်ချင်စိတ် တိုးများလာတယ်။ w19.07 ၉-၁၀ ¶၆-၇
တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၇
တရားစကားကို ဟောပြောပါ။—၂ တိ. ၄:၂။
အမှုဆောင်လုပ်ငန်းမှာ တုံ့ပြန်မှု မရှိဘူးလို့ ထင်ရရင်တောင် တပည့်ဖြစ်လာနိုင်သူတွေကို တွေ့မယ်ဆိုတဲ့ မျှော်လင့်ချက်ကို မစွန့်ပါနဲ့။ တပည့်ဖြစ်စေခြင်းလုပ်ငန်းကို ငါးဖမ်းလုပ်ငန်းနဲ့ ယေရှု နှိုင်းယှဉ်ခဲ့ကြောင်း သတိရပါ။ တံငါသည်တွေဟာ ငါးရဖို့ နာရီပေါင်းများစွာ အချိန်ပေးရတယ်။ တစ်ခါတလေ ညနက်ပိုင်း၊ တစ်ခါတလေ မနက်စောစောမှာ ဖမ်းရတယ်။ ရေနက်ပိုင်းအထိ အဝေးကြီး သွားရတဲ့အခါတွေလည်း ရှိတယ်။ (လု. ၅:၅) အလားတူပဲ၊ ခရစ်ယာန်တချို့ဟာ အချိန်နဲ့ နေရာ အမျိုးမျိုးမှာ နာရီပေါင်းများစွာ သုံးပြီး စိတ်ရှည်ရှည် ဟောပြောနေကြတယ်။ လူတွေကို ပိုတွေ့နိုင်ဖို့ပဲ။ ပိုအားထုတ်သူတွေဟာ စိတ်ဝင်စားသူတွေကို ရှာတွေ့လေ့ရှိတယ်။ တစ်နေ့တာအတွင်း လူတွေကို ပိုတွေ့နိုင်မယ့် အချိန်နဲ့ နေရာမှာ ဟောပြောဖို့ သင် ကြိုးစားနိုင်မလား။ ကျမ်းစာသင်အံမှု လုပ်တဲ့အခါ ဘာကြောင့် စိတ်ရှည်ရမလဲ။ အကြောင်းရင်းတစ်ခုကတော့ ကျမ်းစာ အယူဝါဒတွေကို ကျမ်းစာသင်သား သိလာပြီး နှစ်သက်လာရုံလောက်သာ မဟုတ်ဘဲ ကျမ်းစာ အာဘော်ရှင် ယေဟောဝါကို သိလာပြီး ချစ်လာအောင် ကူညီပေးရမှာ ဖြစ်လို့ပဲ။ w19.07 ၁၈-၁၉ ¶၁၄-၁၅
တနင်္လာနေ့၊ နိုဝင်ဘာ ၈
နောက်မှာ ချန်ရစ်ခဲ့တာတွေကို [ကျွန်တော်] မေ့ထားတယ်။—ဖိ. ၃:၁၃။
တချို့ဟာ အရင်က အမှားတွေကြောင့် အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်ကို တိုက်လှန်နေရတာ ဖြစ်နိုင်တယ်။ ဒါဆိုရင် အပြစ်တွေကို ခွင့်လွှတ်ဖို့ ခရစ်တော်ပေးခဲ့တဲ့ ရွေးဖိုးအကြောင်း လေ့လာပြီး တွေးတောဆင်ခြင်ပါ။ ပြီးတော့ အကူအညီအတွက် ယေဟောဝါဆီ ဆုတောင်းပါ။ ဒါဆိုရင် မလိုအပ်ဘဲ အပြစ်ရှိတယ်လို့ ခံစားနေရတာကို သက်သာစေမယ်။ ယေဟောဝါ ခွင့်လွှတ်ပြီးသား အပြစ်တွေအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တော့မှာ မဟုတ်ဘူး။ ပေါလုဆီက သင်ယူရတဲ့ နောက်သင်ခန်းစာတစ်ခုကို စဉ်းစားကြည့်ပါ။ တချို့က ယေဟောဝါအတွက် ပိုအမှုဆောင်နိုင်ဖို့ ဝင်ငွေကောင်းတဲ့ အလုပ်ကို စွန့်ရနိုင်တယ်။ ဒါဆိုရင် ဆုံးရှုံးသွားတဲ့ ငွေကြေးအခွင့်အလမ်းတွေကို ပြန်မတမ်းတခြင်းအားဖြင့် နောက်မှာ ချန်ရစ်ခဲ့တာတွေကို မေ့ပစ်နိုင်မလား။ (တော. ၁၁:၄-၆။ ဒေ. ၇:၁၀) “နောက်မှာ ချန်ရစ်ခဲ့တာတွေ” ထဲမှာ ကိုယ့်ရဲ့ ပြီးမြောက်အောင်မြင်မှုတွေ၊ ခံရပ်ခဲ့တဲ့ စမ်းသပ်မှုတွေ ပါဝင်တယ်။ နှစ်တွေတစ်လျှောက် ယေဟောဝါ ကောင်းချီးပေးခဲ့တာတွေ၊ ထောက်မပေးခဲ့တာတွေကို ပြန်တွေးတောတာက ဘုရားသခင်နဲ့ ပိုရင်းနှီးစေနိုင်တယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံး လုပ်ပြီးပြီဆိုပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်မနေသင့်ဘူး။—၁ ကော. ၁၅:၅၈။ w19.08 ၃ ¶၅-၆
အင်္ဂါနေ့၊ နိုဝင်ဘာ ၉
အမြဲမပြတ် ဆုတောင်းနေကြပါ။ —၁ သက်. ၅:၁၇။
ဆုတောင်းချက်တွေကို နားထောင်ဖို့ ဘုရား မအားဘူးဆိုတာ မရှိဘူး။ အမြဲ အာရုံစိုက် နားထောင်ပေးတယ်။ ဒါကြောင့် အချိန်မရွေး၊ နေရာမရွေး ဆုတောင်းနိုင်တယ်။ ဆုတောင်းချက်တွေကို နားထောင်ပေးမှန်း သိလာတဲ့အခါ ယေဟောဝါကို ကျွန်တော်တို့ ပိုချစ်လာတယ်။ “ယေဟောဝါကို ငါချစ်မြတ်နိုးတယ်၊ ငါအသနားခံတာကို ဘုရား နားထောင်ပေးလို့ပဲ” လို့ ဆာလံဆရာ ပြောတယ်။ (ဆာ. ၁၁၆:၁) အဖဘုရားက ဆုတောင်းချက်တွေကို နားထောင်ရုံသာမက အဖြေလည်း ပေးတယ်။ “အလိုတော်နဲ့အညီ ဆုတောင်းမယ်ဆိုရင် ဘုရား နားထောင်မယ်” လို့ တမန်တော် ယောဟန် ပြောတယ်။ (၁ ယော. ၅:၁၄၊ ၁၅) ယေဟောဝါက ဆုတောင်းချက်တွေကို ကျွန်တော်တို့ မျှော်လင့်တဲ့ နည်းအတိုင်း ဖြေချင်မှ ဖြေမယ်။ ကျွန်တော်တို့အတွက် အကောင်းဆုံးက ဘာလဲဆိုတာ သိလို့ တစ်ခါတလေ မပေးတာ၊ စောင့်ခိုင်းတာ ဖြစ်နိုင်တယ်။ (၂ ကော. ၁၂:၇-၉) ကျွန်တော်တို့ကို ယေဟောဝါ ထောက်မတယ်။ ယေဟောဝါက ဖခင်တွေဆီက တောင်းဆိုထားတာတွေအတိုင်း ကိုယ်တိုင်လည်း လုပ်တယ်။ (၁ တိ. ၅:၈) သားသမီးတွေရဲ့ ရုပ်ပိုင်းလိုအပ်ချက်တွေကို ထောက်မပေးတယ်။ စားဝတ်နေရေးအတွက် မစိုးရိမ်စေချင်ဘူး။ (မ. ၆:၃၂၊ ၃၃။ ၇:၁၁) မေတ္တာရှိတဲ့ ဖခင်ယေဟောဝါက အနာဂတ်မှာ ကျွန်တော်တို့ လိုအပ်မယ့်အရာတွေကို ဖြည့်ဆည်းပေးဖို့တောင် စီစဉ်ထားတယ်။ w20.02 ၅ ¶၁၀-၁၂
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၁၀
သိုးတစ်အုပ်တည်း၊ သိုးထိန်းတစ်ယောက်တည်း ဖြစ်လိမ့်မယ်။—ယော. ၁၀:၁၆။
ကောင်းကင်မျှော်လင့်ချက်ရှိသူအားလုံး “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” မှာ ပါဝင်တာ မဟုတ်ဘူး။ (မ. ၂၄:၄၅-၄၇) ပထမရာစုတုန်းကလိုပဲ ဒီနေ့ခေတ်မှာလည်း ယေဟောဝါနဲ့ ယေရှုဟာ ညီအစ်ကို အနည်းငယ်ကို သုံးပြီး လူများစွာကို ကျွေးမွေး၊ သွန်သင်နေတယ်။ ပထမရာစုမှာ ခရစ်ယာန်ဂရိကျမ်းကို ရေးဖို့ ဘိသိက်ခံ အနည်းငယ်ကိုပဲ အသုံးပြုခဲ့တယ်။ ဒီနေ့ခေတ်မှာလည်း ဘုရားလူမျိုးကို ‘အချိန်တန်အစာ’ ကျွေးဖို့ ဘိသိက်ခံခရစ်ယာန် အနည်းငယ်ပဲ တာဝန် ရရှိထားတယ်။ ယေဟောဝါဟာ မိမိလူမျိုးထဲက အများစုကို မြေကြီးပေါ် ထာဝရအသက် ပေးဖို့၊ ယေရှုနဲ့အတူ အုပ်ချုပ်မယ့် လူအနည်းငယ်ကို ကောင်းကင်အသက်တာ ပေးဖို့ ဆုံးဖြတ်တယ်။ မိမိကျေးကျွန်တွေ ဖြစ်တဲ့ “ဂျူး” ကိုရော “လူဆယ်ယောက်” ကိုပါ ဆုချတယ်။ သူတို့အားလုံး နာခံဖို့ ပညတ်တွေ တစ်မျိုးတည်း ပေးထားပြီး ဆက်သစ္စာရှိဖို့ တောင်းဆိုတယ်။ (ဇာ. ၈:၂၃) အားလုံး နှိမ့်ချနေရမယ်။ ယေဟောဝါကို စည်းစည်းလုံးလုံး အတူဝတ်ပြုရမယ်။ အသင်းတော်မှာ ငြိမ်သက်စည်းလုံးမှု ရှိဖို့ ကြိုးစားရမယ်။ အဆုံးနီးလာတာနဲ့အမျှ ကျွန်တော်တို့အားလုံး “သိုးတစ်အုပ်” အနေနဲ့ ယေဟောဝါကို ဆက်ဝတ်ပြုပြီး ခရစ်တော်နောက် ဆက်လိုက်နေကြပါစို့။ w20.01 ၃၁ ¶၁၅-၁၆
ကြာသပတေးနေ့၊ နိုဝင်ဘာ ၁၁
ခင်ပွန်းက တရားစကားကို မနာခံသူ ဖြစ်နေရင်တောင် ဇနီးက တစ်ခွန်းမှ ဟောစရာမလိုဘဲ . . . ယုံကြည်သူ ဖြစ်လာစေနိုင်တယ်။ ဇနီးရဲ့ စင်ကြယ်တဲ့ အမူအကျင့်တွေ၊ အလွန်ရိုသေတ်တာတွေကို သူကိုယ်တိုင် မြင်ရလို့ပဲ။ —၁ ပေ. ၃:၁၊ ၂။
သတင်းကောင်း လက်ခံလာဖို့ ဆွေမျိုးတွေကို အတင်းဖိအားပေးလို့ မရပေမဲ့ စိတ်ဝင်စားလာအောင် ကူညီပေးလို့တော့ ရတယ်။ (၂ တိ. ၃:၁၄၊ ၁၅) ပုံသက်သေကောင်းပြပါ။ ဆွေမျိုးတွေက ကျွန်တော်တို့ရဲ့ အပြောထက် လုပ်ရပ်ကို ပိုသတိပြုမိကြတယ်။ ဆွေမျိုးတွေကို ဆက်ကူညီပေးပါ။ ကျွန်တော်တို့အတွက် ယေဟောဝါ ပုံသက်သေကောင်း ပြခဲ့တယ်။ သတင်းကောင်းကို လူတွေ လက်ခံဖို့ “အကြိမ်ကြိမ်” အခွင့်အရေး ပေးတယ်။ (ယေ. ၄၄:၄) တခြားသူတွေကို ဆက်ကူညီပေးဖို့ တိမောသေကို တမန်တော် ပေါလု ပြောတယ်။ ဆက်ကူညီပေးမှ ကိုယ်တိုင်နဲ့ နားထောင်သူတွေပါ ကယ်တင်ခြင်းရမယ်။ (၁ တိ. ၄:၁၆) ဆွေမျိုးတွေကို ကျွန်တော်တို့ ချစ်လို့ ကျမ်းစာအမှန်တရားကို သိစေချင်တယ်။ w19.08 ၁၄ ¶၂။ ၁၆-၁၇ ¶၈-၉
သောကြာနေ့၊ နိုဝင်ဘာ ၁၂
ပွင့်ပွင့်လင်းလင်း ပဲ့ပြင်တာဟာ တိတ်တိတ်လေး ချစ်နေတာထက် ပိုကောင်းတယ်။—ပညာ. ၂၇:၅။
ကျွန်တော်တို့ကို တစ်ယောက်ယောက်က တကူးတက လာတည့်မတ်ပေးတယ် ဆိုကတည်းက ကိုယ်ထင်တာထက် ပိုလမ်းလွဲနေလို့ ဖြစ်နိုင်တယ်။ အဲဒီအခါမျိုးမှာ ဆုံးမပဲ့ပြင်ပေးမှုကို လက်မခံဖို့ ဦးဆုံး စဉ်းစားမိနိုင်တယ်။ ဒါ့အပြင် ဆုံးမတဲ့သူ ဒါမှမဟုတ် ဆုံးမတဲ့နည်းကို ဝေဖန်မိနိုင်တယ်။ ဒါပေမဲ့ နှိမ့်ချမှု ရှိမယ်ဆိုရင် သဘောထားမှန် ပြန်ရဖို့ ကြိုးစားပါလိမ့်မယ်။ နှိမ့်ချသူဟာ ဆုံးမပဲ့ပြင်မှုကို ကျေးဇူးတင်လေးမြတ်တယ်။ သင်ဟာ အစည်းအဝေးမှာ ရှိနေတယ် ဆိုပါစို့။ ညီအစ်ကို/မတွေနဲ့ စကားပြောနေတုန်း တစ်ယောက်ယောက်က သင့်ကို ဆွဲခေါ်သွားပြီး သွားမှာ အစာတွေ ကပ်နေတယ်လို့ ပြောပြတယ်။ သင် ရှက်သွားမှာ ဖြစ်ပေမဲ့ ကျေးဇူးတင်မိမှာပဲ။ ဘာကြောင့် စောစော မပြောကြတာလဲလို့တောင် တွေးမိမယ်။ အလားတူပဲ လိုအပ်တဲ့အချိန်မှာ ဆုံးမပဲ့ပြင်ရဲတဲ့ ယုံကြည်သူချင်းကို နှိမ့်ချစွာ ကျေးဇူးတင်သင့်တယ်။ သူ့ကို ရန်သူအဖြစ် မဟုတ်ဘဲ မိတ်ဆွေအဖြစ် သဘောထားသင့်တယ်။—ပညာ. ၂၇:၆။ ဂလ. ၄:၁၆။ w19.09 ၅ ¶၁၁-၁၂
စနေနေ့၊ နိုဝင်ဘာ ၁၃
ငါ့သား၊ ဖခင်ရဲ့ ပညတ်ချက်ကို လိုက်နာပါ။ မိခင်ရဲ့ သွန်သင်ချက်ကို မပစ်ပယ်ပါနဲ့။ —ပညာ. ၆:၂၀။
ယေဟောဝါက မိခင်တွေကို မိသားစုမှာ အရေးကြီးတဲ့တာဝန် ပေးအပ်ထားတယ်။ သားသမီးတွေအပေါ် အခွင့်အာဏာ အတော်အတန် ပေးထားတယ်။ မိခင်က သားသမီးတွေရဲ့ အသက်တာအပေါ် အတော်ဩဇာညောင်းနိုင်တယ်။ (ပညာ. ၂၂:၆) ယေရှုရဲ့ မိခင် မာရိဆီကနေ မိခင်တွေ ဘာသင်ယူနိုင်သလဲ။ မာရိဟာ ကျမ်းစာနဲ့ အကျွမ်းတဝင်ရှိပြီး ယေဟောဝါကို အလွန် ရိုသေလေးစားတယ်။ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်။ တစ်ဘဝလုံး အပြောင်းအလဲ ဖြစ်သွားနိုင်တာတောင် ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို လိုလိုလားလား လက်အောက်ခံတယ်။ (လု. ၁:၃၅-၃၈၊ ၄၆-၅၅) မိခင်တွေဟာ မာရိကို နည်းလမ်းများစွာနဲ့ တုပနိုင်တယ်။ ပထမ၊ ကိုယ်ပိုင် ကျမ်းစာလေ့လာခြင်း၊ ဆုတောင်းခြင်းအားဖြင့် ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းပါ။ ဒုတိယ၊ ယေဟောဝါကို စိတ်ရွှင်လန်းစေဖို့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လိုလိုလားလား လုပ်ဆောင်ပါ။ w19.09 ၁၈ ¶၁၇-၁၉
တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၁၄
လူအုပ်ကြီးတစ်အုပ်ကို မြင်တယ်။ —ဗျာ. ၇:၉။
စိတ်လှုပ်ရှားစရာ စိတ်အာရုံကို တမန်တော် ယောဟန် မြင်ခဲ့တယ်။ စိတ်အာရုံမှာ ဘုရားသခင်ရဲ့ ကျွန်တွေကို တံဆိပ်ခတ်လို့ မပြီးမချင်း ဖျက်ဆီးခြင်းလေကို ဆုပ်ကိုင်ထားဖို့ ကောင်းကင်တမန်တွေ ညွှန်ကြားခံရတယ်။ (ဗျာ. ၇:၁-၃) အဲဒီကျွန်တွေဟာ ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်ချုပ်မယ့် ၁၄၄,၀၀၀ ဖြစ်တယ်။ (လု. ၁၂:၃၂။ ဗျာ. ၇:၄) နောက်အုပ်စုကြီးတစ်ခုအကြောင်း ယောဟန် ဆက်ပြောတယ်– ‘ကျွန်တော် ကြည့်လိုက်တဲ့အခါ မရေတွက်နိုင်အောင်များတဲ့ လူအုပ်ကြီးတစ်အုပ်ကို မြင်တယ်။ သူတို့ဟာ လူမျိုးတွေ၊ မျိုးနွယ်တွေ၊ လူစုတွေ၊ ဘာသာစကားအမျိုးမျိုး ပြောဆိုသူတွေထဲက ထွက်လာသူတွေပဲ။ ရာဇပလ္လင်နဲ့ သိုးသငယ်ရှေ့မှာ ရပ်နေတယ်။’ (ဗျာ. ၇:၉-၁၄) အနာဂတ် စစ်မှန်တဲ့ ဝတ်ပြုရေးမှာ ပါဝင်မယ့်သူ သန်းပေါင်းများစွာရှိကြောင်း သိရလို့ ယောဟန် အလွန်ပျော်ရွှင်မှာပဲ။ အဲဒီစိတ်အာရုံကြောင့် ယောဟန်ရဲ့ ယုံကြည်ခြင်း ပိုခိုင်ခံ့လာမှာ သေချာတယ်။ ကျွန်တော်တို့ဟာ စိတ်အာရုံ ပြည့်စုံချိန်မှာ အသက်ရှင်နေတဲ့အတွက် ယုံကြည်ခြင်း ပိုလို့တောင် ခိုင်ခံ့သင့်တယ်။ ကြီးစွာသော ဒုက္ခကနေ လွတ်မြောက်ပြီး ကမ္ဘာမြေပေါ် ထာဝစဉ် အသက်ရှင်မယ့် လူသန်းပေါင်းများစွာ စုသိမ်းခံနေရတာကို ကျွန်တော်တို့ မြင်နေရတယ်။ w19.09 ၂၆ ¶၂-၃
တနင်္လာနေ့၊ နိုဝင်ဘာ ၁၅
မျှော်လင့်မထားတဲ့ ပျက်စီးခြင်းဘေးကလည်း သူတို့အပေါ် ရုတ်တရက် ရောက်လာလိမ့်မယ်။ ဘယ်နည်းနဲ့မှ လွတ်မြောက်မှာ မဟုတ်ဘူး။ —၁ သက်. ၅:၃။
ကြိုဟောထားတဲ့အတိုင်း “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဆိုပြီး တိုင်းနိုင်ငံတွေ ကြေညာလိုက်တယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။ ကမ္ဘာကြီးဟာ တစ်ခါမှ ဒီလောက် မငြိမ်းချမ်းဖူးဘူးဆိုပြီး သူတို့ ပြောကြမယ်။ ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းနိုင်ပြီလို့ တိုင်းနိုင်ငံတွေက ကျွန်တော်တို့ကို ထင်စေချင်တယ်။ ဒါပေမဲ့ ဆက်ဖြစ်လာမယ့်အရာကို သူတို့ လုံးဝ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ “မဟာဗာဗုလုန်” ဖျက်ဆီးခံရမယ်။ (ဗျာ. ၁၇:၅၊ ၁၅-၁၈) “ဘုရားသခင်က မိမိရဲ့ အကြံကို သူတို့ရဲ့ စိတ်ထဲ ထည့်ပေးပြီး အကောင်အထည်ဖော်” မှာ ဖြစ်လို့ပဲ။ ဘယ်အကြံလဲ။ အမည်ခံခရစ်ယာန် အပါအဝင် မှားယွင်းတဲ့ ကမ္ဘာ့ဘာသာရေး အင်ပါယာကို ဖျက်ဆီးမယ့် အကြံပဲ။ ဘုရားသခင်က မိမိရဲ့ အကြံကို “ချိုဆယ်ချောင်း” ရှိတဲ့ “နီမြန်းတဲ့ သားရဲ” ရဲ့ စိတ်ထဲ ထည့်ပေးမယ်။ ချိုဆယ်ချောင်းက “သားရဲ” ဖြစ်တဲ့ ကုလသမဂ္ဂကို ထောက်ခံတဲ့ အစိုးရအားလုံးကို ဆိုလိုတယ်။ (ဗျာ. ၁၇:၃၊ ၁၁-၁၃။ ၁၈:၈) မှားယွင်းတဲ့ ဘာသာကို အဲဒီအစိုးရတွေ တိုက်ခိုက်ချိန်မှာ ကြီးစွာသောဒုက္ခ စတင်ပါလိမ့်မယ်။ ဒါဟာ တကယ့် ကြောက်စရာ ဖြစ်ရပ်ဆိုးကြီး ဖြစ်ပါလိမ့်မယ်။ w19.10 ၁၄ ¶၁၊ ၃
အင်္ဂါနေ့၊ နိုဝင်ဘာ ၁၆
အသင်းတော်မှာ ထိပ်ဆုံးနေရာ ရချင်တဲ့ ဒယောတရပ်က ကျွန်တော်တို့ ပြောသမျှကို တလေးတစားနဲ့ လက်မခံဘူး။—၃ ယော. ၉။
ပထမရာစုမှာ ဒယောတရပ်ဟာ အသင်းတော်မှာ ဦးဆောင်သူတွေကို မနာလိုဖြစ်ခဲ့တယ်။ အသင်းတော်မှာ “ထိပ်ဆုံးနေရာ ရချင်” တဲ့အတွက် တမန်တော် ယောဟန်နဲ့ တခြား တာဝန်ရှိ ညီအစ်ကိုတွေ သိက္ခာကျအောင် မလိုတမာစိတ်နဲ့ ပြောတယ်။ (၃ ယော. ၁၀) ဒယောတရပ်လို ကျွန်တော်တို့ လုပ်မှာ မဟုတ်ပေမဲ့ ကိုယ်မျှော်လင့်နေတဲ့ တာဝန်တစ်ခု ရသွားတဲ့ ညီအစ်ကိုကို မနာလို ဖြစ်မိနိုင်တယ်။ အထူးသဖြင့် ကိုယ်လည်း သူ့လောက် အရည်အချင်း ရှိတယ်လို့ ခံစားရတဲ့အခါမျိုးမှာ ဖြစ်တယ်။ မနာလိုစိတ်ဟာ အဆိပ်ပြင်းတဲ့ ပေါင်းပင်နဲ့ တူတယ်။ စိတ်နှလုံးထဲ အမြစ်တွယ်သွားပြီဆိုရင် နုတ်ပစ်ဖို့ ခက်တယ်။ မာနကြီးတာ၊ တစ်ကိုယ်ကောင်းဆန်တာ စတဲ့ မကောင်းတဲ့ သဘောထားတွေက မနာလိုစိတ်ကို ဆွပေးတယ်။ မနာလိုစိတ်က မေတ္တာ၊ ထောက်ထားစာနာမှု၊ ကြင်နာမှုစတဲ့ အရည်အသွေးကောင်းတွေကို ဝါးမျိုပစ်နိုင်တယ်။ စိတ်ထဲမှာ မနာလိုစိတ် အညှောက်ထွက်လာပြီဆိုတာနဲ့ အမြစ်ပါမကျန် နုတ်ပစ်ဖို့ လိုတယ်။ w20.02 ၁၅ ¶၆-၇
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၁၇
ကိုယ်ခန္ဓာမှာ စူးတဲ့ဆူး ကျွန်တော် ရထားတယ်။—၂ ကော. ၁၂:၇။
နာကျင်စေတဲ့ အခက်အခဲ တစ်မျိုးမျိုးအကြောင်း တမန်တော် ပေါလု ပြောနေတာ ဖြစ်တယ်။ အဲဒါကို “အမြဲ စူးရှနာကျင်စေ” တဲ့ “စာတန်ရဲ့ တမန်” လို့ ပေါလု ပြောတယ်။ စာတန် ဒါမှမဟုတ် နတ်ဆိုးတွေက အသားကို ဆူးနဲ့ ထိုးသလို ပေါလုရဲ့ အခက်အခဲတွေကို တိုက်ရိုက် ဖြစ်ပေါ်စေတာ မဟုတ်ပေမဲ့ အဲဒီ “ဆူး” ကို သူတို့ တွေ့တဲ့အခါ ပိုစူးအောင်၊ တစ်နည်းအားဖြင့် ပိုနာကျင်အောင် လုပ်နိုင်တယ်။ ပေါလု ဘယ်လို ဖြေရှင်းခဲ့သလဲ။ ပထမတော့ ပေါလုဟာ “ဆူး” ကို ဖယ်ရှားပစ်ချင်တယ်။ “အဲဒီဆူးကို ဖယ်ရှားပေးဖို့ ဘုရားသခင်ဆီ သုံးကြိမ် အသနားခံခဲ့တယ်” လို့ ပြောတယ်။ ပေါလု ဆုတောင်းပေမဲ့ ဆူးကတော့ ဆက်ရှိနေတုန်းပဲ။ ပေါလုရဲ့ ဆုတောင်းချက်ကို ယေဟောဝါ မဖြေတာလား။ မဟုတ်ပါဘူး။ ယေဟောဝါက ပြဿနာကို မဖယ်ရှားပေးပေမဲ့ ခံရပ်နိုင်ဖို့ ခွန်အားပေးတယ်။ ‘မင်း အားနည်းတဲ့အခါ ငါ့တန်ခိုး အပြည့်အဝ ထင်ရှားတယ်’ လို့ ယေဟောဝါ ပြောတယ်။ (၂ ကော. ၁၂:၈၊ ၉) ပေါလုဟာ ဘုရားသခင့် အကူအညီကြောင့် ပျော်ရွှင်မှု၊ စိတ်ငြိမ်သက်မှု ဆက်ရှိနိုင်ခဲ့တယ်။—ဖိ. ၄:၄-၇။ w19.11 ၉ ¶၄-၅
ကြာသပတေးနေ့၊ နိုဝင်ဘာ ၁၈
ယေဟောဝါဟာ မိမိတစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်ဖို့ တောင်းဆိုတဲ့ ဘုရားသခင်[ပဲ။]—နာ. ၁:၂။
ယေဟောဝါဟာ ဖန်ဆင်းရှင်၊ အသက်ပေးရှင် ဖြစ်လို့ ကျွန်တော်တို့ရဲ့ အကြွင်းမဲ့ ကိုးကွယ်ဆည်းကပ်မှုကို ရထိုက်တယ်။ (ဗျာ. ၄:၁၁) ဒါပေမဲ့ စိန်ခေါ်ချက်တစ်ခု ရှိတယ်။ ကျွန်တော်တို့ဟာ ယေဟောဝါကို ချစ်ပြီး လေးစားပေမဲ့ တခြားအရာတွေကြောင့် ယေဟောဝါကို အကြွင်းမဲ့ မဆည်းကပ်တော့တာမျိုး ဖြစ်သွားနိုင်တယ်။ ကျမ်းစာမှာ ဘုရားကို ကိုးကွယ်ဆည်းကပ်ခြင်းဆိုတာ ဘုရားကို နှစ်နှစ်ကာကာ ချစ်မြတ်နိုးခြင်း ဖြစ်တယ်။ ယေဟောဝါကို အကြွင်းမဲ့ ကိုးကွယ်ဆည်းကပ်ခြင်းဆိုတာ ယေဟောဝါ တစ်ပါးတည်းကိုပဲ ဝတ်ပြုခြင်း၊ ကျွန်တော်တို့ရဲ့ စိတ်နှလုံးထဲမှာ ဘုရားသခင့်နေရာကို တခြား ဘယ်အရာ၊ ဘယ်သူနဲ့မှ အစားမထိုးခြင်း ဖြစ်တယ်။ (ထွ. ၃၄:၁၄) ကျွန်တော်တို့ဟာ ယေဟောဝါကို ဘုမသိဘမသိ ကိုးကွယ်ဆည်းကပ်တာ မဟုတ်ဘူး။ ဘာကြောင့်လဲ။ ကျွန်တော်တို့က ဘုရားအကြောင်း အသေအချာ ဆန်းစစ်လေ့လာပြီးမှ ကိုးကွယ်ဆည်းကပ်တာ ဖြစ်တယ်။ ဘုရားရဲ့ အရည်အသွေးကောင်းတွေကို လေးမြတ်လာတယ်။ ဘုရား နှစ်သက်ရာ၊ မနှစ်သက်ရာတွေကို သိပြီး အဲဒီအတိုင်း ခံစားလာရတယ်။ လူတွေနဲ့ပတ်သက်တဲ့ ဘုရားရည်ရွယ်ချက်ကို နားလည်ပြီး ထောက်ခံတယ်။ ဘုရားရဲ့ မိတ်ဆွေ ဖြစ်ခွင့် ရထားလို့ ဂုဏ်ယူကြတယ်။ (ဆာ. ၂၅:၁၄) ဘုရားနဲ့ပတ်သက်ပြီး သိလာတဲ့ အသေးစိတ်အချက်တွေက ဘုရားနဲ့ ပိုရင်းနှီးစေတယ်။—ယာ. ၄:၈။ w19.10 ၂၆ ¶၁-၃
သောကြာနေ့၊ နိုဝင်ဘာ ၁၉
မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ။—ပညာ. ၁၇:၁၇။
ဒီနေ့ ညီအစ်ကို/မတွေဟာ အခက်အခဲ အမျိုးမျိုး ကြုံနေကြတယ်။ သဘာဝဘေး၊ လူတွေကြောင့် ဖြစ်တဲ့ ဘေးဆိုးတွေကို ကြုံနေရတယ်။ အဲဒီလိုအချိန်မှာ မိတ်ဆွေတွေကို ကိုယ့်အိမ်မှာ ခေါ်ထားနိုင်တယ်။ ငွေကြေး ကူညီနိုင်တယ်။ သူတို့ကို ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းနိုင်တယ်။ ညီအစ်ကို/မ တစ်ယောက်ယောက် စိတ်ဓာတ်ကျနေချိန်မှာ ဘာပြောရမှန်း၊ ဘာလုပ်ပေးရမှန်း မသိဘဲ ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ တစ်နည်းနည်းနဲ့ ကူညီပေးနိုင်တယ်။ ဥပမာ၊ အချိန်ပေးနိုင်တယ်။ သူတို့ စကားပြောတဲ့အခါ စာနာစိတ်နဲ့ နားထောင်ပေးနိုင်တယ်။ နှစ်သိမ့်မှု ဖြစ်စေတဲ့ အကြိုက်ဆုံး ကျမ်းချက်တွေ ပြောပြနိုင်တယ်။ (ဟေရှာ. ၅၀:၄) အရေးကြီးဆုံးကတော့ မိတ်ဆွေတွေ ကိုယ့်ကို လိုအပ်ချိန်မှာ သူတို့အနား ရှိနေပေးဖို့ပါပဲ။ အခုကတည်းက ညီအစ်ကို/မတွေနဲ့ ရင်းနှီးမှုနှောင်ကြိုး ခိုင်မြဲအောင် လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားရမယ်။ အဲဒီနှောင်ကြိုးဟာ ဒီစနစ်အဆုံးထိသာမက ထာဝစဉ် တည်မြဲနေပါလိမ့်မယ်။ w19.11 ၇ ¶၁၈-၁၉
စနေနေ့၊ နိုဝင်ဘာ ၂၀
[ဒါဟာ] ယေဟောဝါဆီ ဆက်သမယ့် မိတ်သဟာယ ပူဇော်သက္ကာနဲ့ဆိုင်တဲ့ ပညတ်[ပဲ။]—ဝတ်. ၇:၁၁။
ဒါဟာ ယေဟောဝါဘုရားကို ချစ်လို့ စေတနာအလျောက် ဆက်သတဲ့ ပူဇော်သက္ကာ ဖြစ်တယ်။ ပူဇော်တဲ့သူ၊ မိသားစုနဲ့ ပုရောဟိတ်တွေက ပူဇော်တဲ့ တိရစ္ဆာန်ရဲ့ အသားကို စားကြတယ်။ တချို့အပိုင်းတွေကိုတော့ ယေဟောဝါအတွက် သီးသန့် ဆက်သရတယ်။ ဘယ်အပိုင်းတွေလဲ။ ယေဟောဝါဟာ တိရစ္ဆာန်ရဲ့ အဆီကို အကောင်းဆုံးအပိုင်းလို့ ရှုမြင်တယ်။ ကျောက်ကပ်တို့လို တချို့အပိုင်းတွေကိုလည်း အကောင်းဆုံးလို့ သတ်မှတ်တယ်။ (ဝတ်. ၃:၆၊ ၁၂၊ ၁၄-၁၆) အဲဒီအပိုင်းတွေနဲ့ အဆီကို အစ္စရေးတွေ စေတနာအလျောက် ဆက်သတဲ့အခါ ယေဟောဝါ အလွန်နှစ်သက်တယ်။ အဲဒီလိုဆက်သတာက ဘုရားသခင်ကို အကောင်းဆုံး ပေးချင်ကြောင်း ဖော်ပြရာရောက်တယ်။ အလားတူပဲ ယေရှုဟာ ဘုရားကို ချစ်ပြီး အပြည့်အဝ အမှုဆောင်ခြင်းအားဖြင့် တလိုတလားစိတ်နဲ့ အကောင်းဆုံး ပေးဆက်ခဲ့တယ်။ (ယော. ၁၄:၃၁) အလိုတော်ဆောင်ရတာကို ယေရှု ကြည်နူးတယ်။ (ဆာ. ၄၀:၈) တလိုတလားစိတ်နဲ့ ယေရှု အမှုဆောင်တာကို မြင်တဲ့အခါ ယေဟောဝါ အလွန် နှစ်သက်မှာပဲ။ w19.11 ၂၂-၂၃ ¶၉-၁၀
တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၂၁
ခုနစ်ရက်မြောက်နေ့ကတော့ အပြည့်အဝ အနားယူရမယ့် ဥပုသ်နေ့ပဲ။ အဲဒီနေ့ဟာ ယေဟောဝါအတွက် မြင့်မြတ်တယ်။—ထွ. ၃၁:၁၅။
ဖန်ဆင်းခြင်း ခြောက်ရက်ပြီးတဲ့နောက် မြေကြီးနဲ့ပတ်သက်တဲ့ ဖန်ဆင်းခြင်းအလုပ်ကနေ ဘုရားသခင် နားလိုက်တယ်လို့ ကျမ်းစာ ပြောတယ်။ (က. ၂:၂) ဒါပေမဲ့ ယေဟောဝါဟာ အလုပ်လုပ်တာကို နှစ်သက်တဲ့အတွက် “အလုပ်လုပ်နေတုန်းပဲ။” (ယော. ၅:၁၇) ခြောက်ရက် အလုပ်လုပ်ပြီး ခုနစ်ရက်မြောက်နေ့မှာ ယေဟောဝါ အနားယူသလို အစ္စရေးတွေကိုလည်း ခုနစ်ရက်မြောက်နေ့တိုင်းမှာ အနားယူဖို့ မိန့်မှာတယ်။ ဥပုသ်နေ့ဟာ မိမိနဲ့ အစ္စရေးတွေစပ်ကြား အထိမ်းအမှတ် ဖြစ်တယ်လို့ ဘုရားသခင် ပြောတယ်။ (ထွ. ၃၁:၁၂-၁၄) အလုပ် မလုပ်ရဘူးဆိုတဲ့ တားမြစ်ချက်ဟာ ကလေး၊ ကျွန်၊ ခြံမွေးတိရစ္ဆာန် အပါအဝင် အားလုံးနဲ့ သက်ဆိုင်တယ်။ (ထွ. ၂၀:၁၀) ဘုရားရေးရာကိစ္စတွေကို ပိုအာရုံစိုက်ဖို့ ဥပုသ်နေ့က ကူညီပေးတယ်။ ယေရှုခေတ်က ဘာသာရေးခေါင်းဆောင်တွေဟာ ဥပုသ်နေ့နဲ့ပတ်သက်ပြီး တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထုတ်ကြတယ်။ ကောက်နှံ ဆွတ်ခူးတာ၊ ဖျားနေသူကို ကုပေးတာ စတဲ့ လုပ်ရပ်တွေကတောင် ဥပုသ်ပညတ်ကို ချိုးဖောက်ရာကျတယ်လို့ ပြောကြတယ်။ (မာ. ၂:၂၃-၂၇။ ၃:၂-၅) အဲဒါဟာ ဘုရားသခင့် အတွေးအခေါ်နဲ့ မကိုက်ညီကြောင်း ယေရှု အတိအလင်း ဖော်ပြခဲ့တယ်။ w19.12 ၃-၄ ¶၈-၉
တနင်္လာနေ့၊ နိုဝင်ဘာ ၂၂
ဘုရားသခင် ချစ်ရတဲ့ သားသမီးတွေ ဖြစ်နေတဲ့အတွက် ဘုရားသခင်ကို အတုယူကြပါ။—ဧ. ၅:၁။
ယေဟောဝါရဲ့ အရည်အသွေးတွေကို ပိုသိလာလေ ပိုတုပနိုင်လေပဲ။ ဒါဝိဒ်ဟာ ကောင်းကင်ဖခင်ကို သိကျွမ်းတဲ့အတွက် တခြားသူတွေနဲ့ ဆက်ဆံရာမှာ ဘုရားကို တုပနိုင်ခဲ့တယ်။ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိတဲ့အတွက် ဒါဝိဒ်ဟာ အစ္စရေးမှာ အချစ်ခံရတဲ့ ဘုရင် ဖြစ်လာတယ်။ တခြားဘုရင်တွေကို အကဲဖြတ်ရာမှာ ဒါဝိဒ်ကို စံအဖြစ် ယေဟောဝါ သုံးခဲ့တယ်။ (၁ ဘု. ၁၅:၁၁။ ၂ ဘု. ၁၄:၁-၃) ဘာသင်ခန်းစာ ရသလဲ။ ဘုရားသခင်ကို ကျွန်တော်တို့ “အတုယူ” ရမယ်။ ဒါဆိုရင် ဘုရားရဲ့ သားသမီးတွေ ဖြစ်လာမယ်။ (ဧ. ၄:၂၄) ယေဟောဝါအကြောင်း သင်ယူလို့ မကုန်ဆုံးနိုင်ဘူး။ (ဒေ. ၃:၁၁) ယေဟောဝါအကြောင်း ဘယ်လောက် သိတယ်ဆိုတာထက် သိတာကို လက်တွေ့ကျင့်ဖို့က ပိုအရေးကြီးတယ်။ သိတာကို လက်တွေ့ကျင့်ပြီး မေတ္တာရှင် ဖခင်ကို တုပမယ်ဆိုရင် ဘုရားနဲ့ ဆက်ရင်းနှီးနေပါလိမ့်မယ်။ (ယာ. ၄:၈) ဘုရားက မိမိကို ရှာတဲ့သူတွေကို ဘယ်တော့မှ မစွန့်ဘူးလို့ ကျမ်းစာကတစ်ဆင့် အာမခံထားတယ်။ w19.12 ၂၀ ¶၂၀။ ၂၁ ¶၂၁၊ ၂၃
အင်္ဂါနေ့၊ နိုဝင်ဘာ ၂၃
စိတ်နှလုံးဟာ အရာအားလုံးထက် စဉ်းလဲတယ်။—ယေ. ၁၇:၉။
ယာကုပ်က သားတွေအားလုံးကို ချစ်ပေမဲ့ ယောသပ်ကို ပိုချစ်တယ်။ ဒါကို ယောသပ်ရဲ့ အစ်ကိုတွေ ဘယ်လို သဘောထားကြသလဲ။ ယောသပ်ကို မနာလိုဖြစ်ပြီး မုန်းလာတယ်။ ကျွန်အဖြစ် ရောင်းစားပြီး သားရဲ ကိုက်သတ်လိုက်ပြီလို့ ဖခင်ကို လိမ်ပြောကြတယ်။ သူတို့ရဲ့ မနာလိုစိတ်က မိသားစုရဲ့ ငြိမ်သက်မှုကို ပျက်စီးစေပြီး ဖခင်ကို စိတ်ဆင်းရဲစေတယ်။ (က. ၃၇:၃၊ ၄၊ ၂၇-၃၄) မနာလိုစိတ်ကို သေစေနိုင်တဲ့ “အပြစ်ရှိတဲ့ အကျင့်တွေ၊” ဘုရားသခင့် နိုင်ငံတော်ကို အမွေမခံရစေမယ့် အကျင့်တွေထဲမှာ ဖော်ပြထားတယ်။ (ဂလ. ၅:၁၉-၂၁) မနာလိုစိတ်ဟာ ရန်လိုခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ ဒေါသပေါက်ကွဲခြင်း စတဲ့ မကောင်းတဲ့ အကျင့်တွေရဲ့ ရင်းမြစ် ဖြစ်လေ့ရှိတယ်။ မနာလိုစိတ်ကြောင့် မိသားစု ငြိမ်သက်မှုနဲ့ ဆက်ဆံရေးတွေ ထိခိုက်ပျက်စီးနိုင်ကြောင်း ယောသပ်အစ်ကိုတွေရဲ့ ဖြစ်ရပ်က ဖော်ပြတယ်။ ယောသပ်အစ်ကိုတွေလိုတော့ လုပ်မှာ မဟုတ်ပေမဲ့ ကျွန်တော်တို့ရဲ့ စိတ်နှလုံးက မစုံလင်ဘူး၊ စဉ်းလဲတယ်။ ဒါကြောင့် တစ်ခါတလေ မနာလိုစိတ် ဝင်လာနိုင်တယ်။ w20.02 ၁၄ ¶၁-၃
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၂၄
စိတ်နှိမ့်ချကြပါ၊ သူတစ်ပါးကို ကိုယ့်ထက်သာတယ်လို့ သဘောထားပါ။—ဖိ. ၂:၃။
တစ်ကြိမ်မှာ မောရှေမှာရှိတဲ့ စွမ်းအားတော်တချို့ကို ယူပြီး တဲတော်နားက အစ္စရေး အကြီးအကဲအုပ်စုကို ယေဟောဝါ ပေးတယ်။ တဲတော်ကို မသွားတဲ့ အကြီးအကဲ နှစ်ယောက်လည်း စွမ်းအားတော် ရပြီး ပရောဖက်ပြုတာကို မောရှေ ကြားတယ်။ အဲဒီနှစ်ယောက်ကို တားဆီးဖို့ ယောရှု ပြောတဲ့အခါ မောရှေ ဘယ်လို တုံ့ပြန်သလဲ။ သူတို့ကို ယေဟောဝါ အရေးစိုက်လို့ မောရှေ မနာလို မဖြစ်ဘူး။ အဲဒီအစား သူတို့နဲ့အတူ ဝမ်းသာပေးတယ်။ (တော. ၁၁:၂၄-၂၉) မောရှေဆီကနေ ဘာသင်ယူနိုင်သလဲ။ သင်ဟာ အကြီးအကဲ ဖြစ်မယ်ဆိုရင် ကိုယ်မြတ်နိုးတဲ့ အသင်းတော် အခွင့်ထူးအတွက် တစ်ယောက်ယောက်ကို လေ့ကျင့်ပေးဖို့ တာဝန်ရဖူးသလား။ မောရှေလို နှိမ့်ချသူ ဖြစ်မယ်ဆိုရင် အဲဒီတာဝန်အတွက် တခြားညီအစ်ကိုတစ်ယောက်ကို လေ့ကျင့်ပေးဖို့ တောင်းဆိုခံရတဲ့အခါ ကိုယ်ဘေးချိတ်ခံရတော့မှာပဲလို့ မတွေးဘဲ ဝမ်းသာအားရ ကူညီပေးပါလိမ့်မယ်။ w20.02 ၁၅ ¶၉။ ၁၇ ¶၁၀-၁၁
ကြာသပတေးနေ့၊ နိုဝင်ဘာ ၂၅
စိုးရိမ်ပူပန်မှုဟာ စိတ်ဓာတ်ကျစေတယ်။ ကောင်းတဲ့ စကားကတော့ စိတ်အားတက်စေတယ်။ —ပညာ. ၁၂:၂၅။
ကျန်းမာရေး မကောင်းတဲ့အခါ အသုံးမဝင်ဘူးလို့ ခံစားရတတ်တယ်။ ကိုယ့်ရဲ့ ကန့်သတ်ချက်တွေကို တခြားသူတွေ သတိပြုမိတဲ့အခါ၊ တခြားသူတွေကို မှီခိုနေရတဲ့အခါ စိတ်ရှုပ်လာနိုင်တယ်။ ကိုယ့်ကျန်းမာရေး အခြေအနေကို တခြားသူတွေ မသိရင်တောင် ကိုယ်မတတ်နိုင်တာတွေကြောင့် စိတ်ဒုက္ခရောက်နေနိုင်တယ်။ အဲဒီလို အခြေအနေမှာ ကျွန်တော်တို့ကို ယေဟောဝါ အားပေးနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။ ကျန်းမာရေး မကောင်းပေမဲ့ ယေဟောဝါအတွက် ကျွန်တော်တို့ အရေးပါတယ်ဆိုတာ အမှတ်ရစေမယ့် စကားတွေကို ကျမ်းစာမှာ ဘုရား မှတ်တမ်းတင်ထားတယ်။ (ဆာ. ၃၁:၁၉။ ၄၁:၃) အဲဒီစကားတွေက အပျက်သဘောတွေကို တိုက်ထုတ်ဖို့ ကူညီပေးတယ်။ သင့်အခြေအနေကို ယေဟောဝါ သိတယ်ဆိုတာ စိတ်ချပါ။ ကိုယ့်အခြေအနေကို အမှန်အတိုင်း ရှုမြင်နိုင်အောင် ကူညီပေးဖို့ ဆုတောင်းပါ။ ကျမ်းစာမှာ ယေဟောဝါ ရေးထားတဲ့ ကောင်းတဲ့ စကားတွေကနေ နှစ်သိမ့်မှု ရယူပါ။ ကျေးကျွန်တွေကို ယေဟောဝါ ဘယ်လောက် တန်ဖိုးထားကြောင်း ဖော်ပြတဲ့ ကျမ်းချက်တွေကို အာရုံစိုက်ပါ။ ဒါဆိုရင် သစ္စာရှိသူအားလုံးအပေါ် ယေဟောဝါ ကောင်းမြတ်ကြောင်း သိလာပါလိမ့်မယ်။—ဆာ. ၈၄:၁၁။ w20.01 ၁၅-၁၆ ¶၉-၁၀။ ၁၇ ¶၁၂
သောကြာနေ့၊ နိုဝင်ဘာ ၂၆
အဆိုးကို အတုမယူပါနဲ့။ အကောင်းကို အတုယူပါ။—၃ ယော. ၁၁။
ချမ်းသာကြွယ်ဝတဲ့ အိဇက်ကို ဖိလိတိလူတွေ မနာလိုဖြစ်ကြတယ်။ (က. ၂၆:၁၂-၁၄) ဒါကြောင့် သိုးနွားတိရစ္ဆာန်တွေကို ရေတိုက်ဖို့ အဓိက အားထားနေရတဲ့ ရေတွင်းတွေကို ဖိလိတိလူတွေ မြေဖို့ပစ်ကြတယ်။ (က. ၂၆:၁၅၊ ၁၆၊ ၂၇) ဖိလိတိလူတွေလိုပဲ ဒီနေ့ခေတ် လူတချို့ဟာ ကိုယ့်ထက် ပိုချမ်းသာကြွယ်ဝသူတွေကို မနာလို ဖြစ်ကြတယ်။ တခြားသူတွေမှာ ရှိတာကို လိုချင်ရုံသာမက သူတို့မှာ ရှိတာတွေကို ဆုံးရှုံးသွားစေချင်ကြတယ်။ ယေရှုကို သာမန်လူတွေ ချစ်ခင်လေးစားတဲ့အတွက် ဂျူးဘာသာရေးခေါင်းဆောင်တွေ မနာလို ဖြစ်ကြတယ်။ (မ. ၇:၂၈၊ ၂၉) ယေရှုဟာ ဘုရားသခင့် ကိုယ်စားလှယ် ဖြစ်ပြီး အမှန်တရား သွန်သင်သူ ဖြစ်တယ်။ ဒါတောင် ဘာသာရေး ခေါင်းဆောင်တွေက ယေရှုကို နာမည်ဖျက်ဖို့ အလိမ်အညာတွေ ဖြန့်ကြတယ်။ (မာ. ၁၅:၁၀။ ယော. ၁၁:၄၇၊ ၄၈။ ၁၂:၁၂၊ ၁၃၊ ၁၉) ဒီမှတ်တမ်းကနေ ဘာသင်ယူနိုင်သလဲ။ အရည်အသွေးကောင်းတွေ ရှိလို့ ညီအစ်ကို/မတွေရဲ့ ချစ်ခင်လေးစားမှု ရထားသူတွေကို မနာလို မဖြစ်အောင် တိုက်လှန်ရမယ်။ မနာလို ဖြစ်မယ့်အစား သူတို့ရဲ့ အရည်အသွေးကောင်းတွေကို တုပသင့်တယ်။—၁ ကော. ၁၁:၁။ w20.02 ၁၅ ¶၄-၅
စနေနေ့၊ နိုဝင်ဘာ ၂၇
အဲဒါကတော့ သေဒဏ်ပဲ။ —ဧသ. ၄:၁၁။
သင်ဟာ ပါးရှားပြည်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ လောက်က အသက်ရှင်နေပြီး ဘုရင်ကို လျှောက်တင်စရာ ရှိနေတယ်လို့ မြင်ယောင်ကြည့်ပါ။ ခွင့်ပြုချက် မရဘဲ ဘုရင်ကို ဝင်တွေ့ဖို့ စဉ်းစားမှာ မဟုတ်ဘူး။ အဲဒီလို ဝင်တွေ့ရင် အသတ်ခံရနိုင်တယ်။ ယေဟောဝါဟာ အဲဒီပါးရှားဘုရင်လို မဟုတ်တဲ့အတွက် ကျေးဇူးတင်စရာပါပဲ။ မိမိဆီ အချိန်မရွေး ချဉ်းကပ်ခွင့် ပြုထားတယ်။ လွတ်လွတ်လပ်လပ် ချဉ်းကပ်စေချင်တယ်။ ဥပမာ၊ မဟာဖန်ဆင်းရှင်၊ အနန္တတန်ခိုးရှင်၊ အချုပ်အခြာ အာဏာပိုင်ရှင်ဆိုတဲ့ ဘွဲ့နာမတွေ ပိုင်ဆိုင်ထားပေမဲ့ “အဖ” လို့ ရင်းရင်းနှီးနှီး ခေါ်ဖို့ ဖိတ်ခေါ်ထားတယ်။ (မ. ၆:၉) ယေဟောဝါက ကျွန်တော်တို့ကို မိမိနဲ့ ရင်းနှီးစေချင်မှန်း သိရလို့ ဝမ်းသာစရာပါပဲ။ ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ အသက်ပေးရှင် ဖြစ်တဲ့အတွက် “အဖ” လို့ အခေါ်ခံထိုက်တယ်။ (ဆာ. ၃၆:၉) ဖခင် ဖြစ်လို့ ဘုရားကို နာခံဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ဘုရားရဲ့ တောင်းဆိုချက်တွေကို လိုက်နာတဲ့အခါ ကောင်းချီးတွေ ခံစားရမယ်။ (ဟီ. ၁၂:၉) အဲဒီထဲမှာ ကောင်းကင်မှာ ဖြစ်စေ၊ မြေကြီးမှာ ဖြစ်စေ ထာဝရအသက် ရရှိခြင်း ပါဝင်တယ်။ w20.02 ၂ ¶၁-၃
တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၂၈
တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ —မ. ၂၈:၁၉။
ကျွန်တော်တို့ရဲ့ ပန်းတိုင်က သင်သားကို ဘုရားရေးရာဘက် တိုးတက်လာအောင် ကူညီပေးဖို့ ဖြစ်တယ်။ (ဧ. ၄:၁၃) ကျမ်းစာလေ့လာသူတွေက လေ့လာမှုကနေ ဘယ်လို အကျိုးရမလဲဆိုတာပဲ စိတ်ဝင်စားကြတယ်။ ဒါပေမဲ့ ယေဟောဝါကို ချစ်လာတဲ့အခါ ညီအစ်ကို/မတွေ အပါအဝင် တခြားသူတွေကို ဘယ်လို ကူညီနိုင်မလဲဆိုတာ စစဉ်းစားလာပါလိမ့်မယ်။ (မ. ၂၂:၃၇-၃၉) နိုင်ငံတော်လုပ်ငန်းအတွက် အလှူငွေ ထည့်လို့ ရကြောင်း အခါအခွင့်သင့်တဲ့အခါ ပြောပြပါ။ ပြဿနာတွေ ကြုံရတဲ့အခါ ဘာလုပ်ရမယ်ဆိုတာ သင်သားကို သင်ပေးပါ။ ဥပမာ၊ နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူ သင်သားဟာ အသင်းတော်မှာ တစ်ယောက်ယောက်ကြောင့် စိတ်ထိခိုက်နေတယ်လို့ ပြောလာတယ် ဆိုပါစို့။ ဘယ်သူ မှန်တယ်၊ မှားတယ်ဆိုတာ မပြောဘဲ ကျမ်းစာမူတွေကို ရှင်းပြပါ။ ညီအစ်ကိုကို ခွင့်လွှတ်နိုင်ရင် ခွင့်လွှတ်ဖို့၊ ဒါမှမဟုတ် သူ့ဆီသွားပြီး သင့်မြတ်အောင် လုပ်ဖို့ ပြောပြပါ။ (မဿဲ ၁၈:၁၅ နဲ့ နှိုင်းယှဉ်ပါ။) သူ ဘာပြောသင့်သလဲဆိုတာကို ပြင်ဆင်ပေးပါ။ w20.01 ၅-၆ ¶၁၄-၁၅
တနင်္လာနေ့၊ နိုဝင်ဘာ ၂၉
အပြစ်ကို ဝန်ချတောင်းပန်ရပါတယ်။ အမှားတွေကို မဖုံးကွယ်ထားတော့ဘူး။ . . . အမှားတွေ၊ အပြစ်တွေကို ကိုယ်တော် ခွင့်လွှတ်ပေးတယ်။ —ဆာ. ၃၂:၅။
ခွင့်လွှတ်မှု ရဖို့ ဆုတောင်းတာ၊ ဆုံးမမှုကို လက်ခံတာ၊ ထပ်တူအမှားမျိုး ပြန်မလုပ်မိအောင် ကြိုးစားတာက ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို ကျေးဇူးတင်ကြောင်း ဖော်ပြရာရောက်တယ်။ စိတ်ငြိမ်သက်မှု ပြန်ရစေတယ်။ ‘ယေဟောဝါဟာ စိတ်ကြေကွဲနေသူတွေရဲ့ အနီးအပါးမှာ ရှိမှန်း၊ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေကို ကယ်တင်မှန်း’ သိရတာ အားရှိစရာပါပဲ။ (ဆာ. ၃၄:၁၈) ဒီနောက်ဆုံးကာလရဲ့ အဆုံးနီးလာလေ စိုးရိမ်ပူပန်စရာ ကိစ္စတွေ ပိုများလာလေပဲ။ သင် စိုးရိမ်ပူပန်တဲ့အခါ ယေဟောဝါဆီ ချက်ချင်း အကူအညီတောင်းပါ။ ကျမ်းစာကို ဝီရိယရှိရှိ လေ့လာပါ။ ဟန္န၊ တမန်တော် ပေါလု၊ ဘုရင် ဒါဝိဒ်ရဲ့ ပုံသက်သေကနေ သင်ယူပါ။ စိုးရိမ်ပူပန်ရတဲ့ အကြောင်းရင်းကို သိအောင် ကူညီပေးဖို့ ကောင်းကင်ဖခင်ဆီ ဆုတောင်းပါ။ (ဆာ. ၁၃၉:၂၃) သင့်ရဲ့ ဝန်ထုပ်တွေ၊ အထူးသဖြင့် သင် ဘာမှ မတတ်နိုင်တဲ့ ပြဿနာတွေကို ဘုရားဆီ ပုံအပ်ထားပါ။ ဒါဆိုရင် “စိုးရိမ်စိတ်တွေ သိပ်များနေတဲ့အခါ ကိုယ်တော် နှစ်သိမ့်ပေးပြီး စိတ်သက်သာရာ ရစေတယ်” လို့ ပြောခဲ့တဲ့ ဆာလံဆရာလို ခံစားရပါလိမ့်မယ်။—ဆာ. ၉၄:၁၉။ w20.02 ၂၄ ¶၁၇။ ၂၅ ¶၂၀-၂၁
အင်္ဂါနေ့၊ နိုဝင်ဘာ ၃၀
ကျမ်းစောင်အားလုံးဟာ ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထား[တာပါ။]—၂ တိ. ၃:၁၆။
“ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှု” လို့ ပြန်ဆိုထားတဲ့ ဂရိစကားလုံးဟာ “ဘုရားသခင် လေမှုတ်သွင်းတယ်” ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ ဘုရားသခင်က စွမ်းအားတော်ကို သုံးပြီး မိမိရဲ့ အတွေးတွေကို ကျမ်းရေးသူတွေရဲ့ စိတ်ထဲ “မှုတ်သွင်း” ပေးတယ်။ ဒါကြောင့် ကျမ်းစာ ဖတ်ပြီး တွေးတောတဲ့အခါ ကျွန်တော်တို့ရဲ့ စိတ်နှလုံးထဲ ဘုရားသခင့် လမ်းညွှန်ချက်တွေ ဝင်လာတယ်။ အဲဒါက အလိုတော်နဲ့အညီ အသက်ရှင်ဖို့ လှုံ့ဆော်ပေးတယ်။ (ဟီ. ၄:၁၂) ဒါပေမဲ့ စွမ်းအားတော်ကနေ အကျိုးအပြည့်အဝ ရဖို့ဆိုရင် ကျမ်းစာ မှန်မှန် လေ့လာဖို့၊ အသေအချာ တွေးတောဖို့ အချိန် ဖယ်ထားရမယ်။ ဒါမှ ကျွန်တော်တို့ ပြောဆိုလုပ်ဆောင်သမျှအပေါ် ကျမ်းစာက ဩဇာလွှမ်းမိုးလိမ့်မယ်။ ဒါ့အပြင် ဘုရားသခင်ကို အတူဝတ်ပြုရမယ်။ (ဆာ. ၂၂:၂၂) ခရစ်ယာန် အစည်းအဝေးတွေမှာ ယေဟောဝါရဲ့ စွမ်းအားတော် ရှိနေတယ်။ (ဗျာ. ၂:၂၉) ခရစ်ယာန်ချင်းတွေနဲ့ ဝတ်ပြုဖို့ အတူစုဝေးချိန်မှာ စွမ်းအားတော် ရဖို့ ဆုတောင်းတယ်။ ကျမ်းစာအခြေပြု သီချင်းတွေ ဆိုတယ်။ စွမ်းအားတော်နဲ့ ခန့်အပ်ထားတဲ့ ညီအစ်ကိုတွေရဲ့ ကျမ်းစာအခြေပြု လမ်းညွှန်ချက်တွေကို နားထောင်တယ်။ ဒါပေမဲ့ စွမ်းအားတော်ကနေ အကျိုးအပြည့်အဝ ရဖို့ အစည်းအဝေးတွေအတွက် ကြိုတင်ပြင်ဆင်ပြီး ပါဝင်ရမယ်။ w19.11 ၁၁ ¶၁၃-၁၄