ဒီဇင်ဘာ
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၁
နှုတ်ဆိတ်နေရတဲ့အချိန် . . . ရှိတယ်။ —ဒေ. ၃:၇။
ကျွန်တော်တို့ အပြောအဆို မထိန်းချုပ်ရင် ပြဿနာတွေ ပေါ်နိုင်တယ်။ ဥပမာ၊ လုပ်ငန်း ပိတ်ပင်ထားတဲ့ နိုင်ငံမှာ နေတဲ့သူတစ်ယောက်နဲ့ တွေ့တဲ့အခါ လုပ်ငန်း လုပ်ဆောင်ပုံ အသေးစိတ်အချက်တွေကို မေးချင်သလား။ ညီအစ်ကို/မတွေကို ချစ်ပြီး ဘာဖြစ်နေတယ်ဆိုတာ သိချင်လို့၊ သူတို့အတွက် သတ်သတ်မှတ်မှတ် ဆုတောင်းပေးချင်လို့ စိတ်ရင်းနဲ့ မေးတာပါ။ ဒါပေမဲ့ ဒီအချိန်ဟာ အပြောအဆို ထိန်းချုပ်ရမယ့် အချိန်ပဲ။ လျှို့ဝှက်ချက်တွေကို ပြောဖို့ ဖိအားပေးရင် အဲဒီညီအစ်ကို/မကိုရော အဲဒီနိုင်ငံမှာ ရှိတဲ့ ညီအစ်ကို/မတွေကိုပါ မေတ္တာမဲ့ရာကျတယ်။ ပိတ်ပင်ထားတဲ့ နိုင်ငံမှာနေတဲ့ ညီအစ်ကို/မတွေကို ကျွန်တော်တို့ ပိုအခက်မတွေ့စေချင်ပါဘူး။ အဲဒီညီအစ်ကို/မတွေလည်း အမှုဆောင်နဲ့ ခရစ်ယာန် လုပ်ငန်းဆောင်တာတွေကို ဘယ်လို လုပ်ဆောင်နေသလဲဆိုတဲ့ အသေးစိတ်အချက်တွေကို ဖွင့်မပြောချင်ကြပါဘူး။ w20.03 ၂၁ ¶၁၁-၁၂
ကြာသပတေးနေ့၊ ဒီဇင်ဘာ ၂
မင်းတို့ လုံးဝ သေမှာ မဟုတ်ဘူး။ —က. ၃:၄။
လူတွေ သေဖို့ ဘုရားသခင် မရည်ရွယ်ဘူး။ ဒါပေမဲ့ ထာဝစဉ် အသက်ရှင်ဖို့ ယေဟောဝါကို နာခံရမယ်။ “အကောင်းအဆိုး သိကျွမ်းရာအပင်ရဲ့ အသီးကိုတော့ မစားနဲ့။ စားတဲ့နေ့မှာ မင်း သေကိုသေရမယ်” လို့ အာဒံနဲ့ ဧဝကို ဘုရား မိန့်မှာတယ်။ (က. ၂:၁၆၊ ၁၇) ဒါပေမဲ့ စာတန်က ဒီနေ့ နေ့စဉ်ကျမ်းချက်ပါ စကားကို မြွေကတစ်ဆင့် ဧဝကို ပြောတယ်။ အဲဒီအလိမ်အညာကို ဧဝ ယုံပြီး အသီးစားလိုက်တယ်။ အာဒံလည်း စားလိုက်တယ်။ (က. ၃:၆) ဒီနည်းအားဖြင့် လူတွေဟာ အပြစ်နဲ့ သေခြင်းအောက် ရောက်ခဲ့ရတယ်။ (ရော. ၅:၁၂) ဘုရား ပြောတဲ့အတိုင်း အာဒံနဲ့ ဧဝ သေခဲ့ရတယ်။ ဒါပေမဲ့ သေခြင်းနဲ့ပတ်သက်ပြီး စာတန် ဆက်လိမ်တယ်။ နောက်ပိုင်းမှာ တခြား အလိမ်အညာတွေကို သုံးလာတယ်။ တစ်ခုကတော့ ပကတိခန္ဓာ သေသွားပေမဲ့ ဝိညာဉ် ဆက်အသက်ရှင်နေတယ်ဆိုတဲ့ သွန်သင်ချက်ပဲ။ အဲဒီအလိမ်အညာနဲ့ ဆက်နွှယ်နေတဲ့ အယူအဆတွေက ဒီနေ့ထိ လူတွေကို လှည့်စားနေတုန်းပဲ။—၁ တိ. ၄:၁။ w19.04 ၁၄-၁၅ ¶၃-၄
သောကြာနေ့၊ ဒီဇင်ဘာ ၃
ကျွန်တော်ဟာ ကလေးဘဝတုန်းက ကလေးလိုပဲ ပြောဆိုတတ်တယ်။ ကလေးလို တွေးတတ်တယ်။ ကလေးလိုပဲ ဆင်ခြင်တတ်တယ်။ —၁ ကော. ၁၃:၁၁။
ကလေးတွေဟာ စဉ်းစားဆင်ခြင်နိုင်စွမ်း မရင့်ကျက်သေးဘူး။ အန္တရာယ်ကို သိမြင်ပြီး ရှောင်နိုင်စွမ်းလည်း မရှိကြဘူး။ ဒါကြောင့် ကလေးတွေကို လှည့်စားပြီး မတော်မတရားပြုဖို့ သိပ်လွယ်တယ်။ မတော်မတရားပြုသူတွေက ကလေးကို အမျိုးမျိုး လိမ်ပြောကြတယ်။ မတော်မတရား ပြုခံရတာ သူ့အပြစ်ကြောင့် ဖြစ်တယ်၊ ဘယ်သူ့ကိုမှ တိုင်မပြောရဘူး၊ တိုင်ပြောရင်လည်း ဘယ်သူမှ နားထောင်မှာ၊ ဂရုစိုက်မှာ မဟုတ်ဘူး၊ လူကြီးနဲ့ ကလေး လိင်ကိစ္စဟာ တကယ်ချစ်လို့ ဖြစ်တဲ့ သာမန်ကိစ္စပဲ စသဖြင့် လိမ်ပြောကြတယ်။ အဲဒီအလိမ်အညာတွေဟာ ကလေးရဲ့ အတွေးအခေါ်ကို ပျက်စီးစေနိုင်တယ်။ အမှန်ကို နားလည်ဖို့ နှစ်ပေါင်းများစွာ ကြာနိုင်တယ်။ အဲဒီလိုကလေးဟာ ကိုယ့်ကိုယ်ကိုယ် အဖတ်ဆယ်လို့ မရတဲ့သူ၊ မသန့်ရှင်းတဲ့သူ၊ မေတ္တာနဲ့ နှစ်သိမ့်မှု ရဖို့ မထိုက်တန်တဲ့သူလို့ ဘဝတစ်လျှောက်လုံး ခံစားနေရတတ်တယ်။ လိင်ဆိုင်ရာ မတော်မတရားပြုခြင်းက ရေရှည် ဆိုးကျိုးတွေ ဖြစ်စေတယ်။ “ချစ်ခင်တွယ်တာစိတ် မရှိသူ၊” “ဆိုးညစ်သူတွေ၊ အယောင်ဆောင်သူတွေ” များသည်ထက် များလာတဲ့ နောက်ဆုံးကာလမှာ ကျွန်တော်တို့ အသက်ရှင်နေတယ်။—၂ တိ. ၃:၁-၅၊ ၁၃။ w19.05 ၁၅ ¶၇-၈
စနေနေ့၊ ဒီဇင်ဘာ ၄
ဒါဆိုရင် ခရစ်တော်ရဲ့တရားကို လိုက်နာရာရောက်လိမ့်မယ်။—ဂလ. ၆:၂။
ယေရှု ဘယ်နည်းတွေ သုံးပြီး သွန်သင်သလဲ။ ပထမ၊ စကားအားဖြင့် သွန်သင်ပေးတယ်။ ဘုရားနဲ့ပတ်သက်တဲ့ အမှန်တရားအကြောင်း၊ စစ်မှန်တဲ့ ဘဝရည်ရွယ်ချက်အကြောင်း၊ ဘုရားနိုင်ငံတော်ကသာ လူ့ဆင်းရဲဒုက္ခ အားလုံးရဲ့ ဖြေရှင်းနည်းဖြစ်ကြောင်း သွန်သင်ပေးတဲ့အတွက် ယေရှုရဲ့စကားတွေဟာ အစွမ်းထက်တယ်။ (လု. ၂၄:၁၉) ပုံသက်သေနဲ့လည်း သွန်သင်ပေးတယ်။ နောက်လိုက်တွေ ဘယ်လို အသက်ရှင်နေထိုင်သင့်ကြောင်း ကိုယ်တိုင် စံနမူနာပြခဲ့တယ်။ (ယော. ၁၃:၁၅) ယေရှု ဘယ်အချိန်မှာ သွန်သင်ပေးသလဲ။ မြေကြီးပေါ် အမှုဆောင်ချိန်အတွင်းမှာ ဖြစ်တယ်။ (မ. ၄:၂၃) ရှင်ပြန်ထမြောက်ပြီး မကြာခင်မှာလည်း သွန်သင်ပေးတယ်။ ဥပမာ၊ တပည့် ၅၀၀ ကျော်ရှေ့ ကိုယ်ထင်ရှားပြပြီး “တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ” လို့ မိန့်မှာတယ်။ (မ. ၂၈:၁၉၊ ၂၀။ ၁ ကော. ၁၅:၆) ကောင်းကင်တက်ပြီးနောက်မှာလည်း အသင်းတော်ရဲ့ ဦးခေါင်းအနေနဲ့ တပည့်တွေကို ဆက်ညွှန်ကြားတယ်။ ဥပမာ၊ ဘိသိက်ခံ ခရစ်ယာန်တွေကို အားပေး၊ ဆုံးမဖို့ အေဒီ ၉၆ လောက်မှာ တမန်တော် ယောဟန်ကို ညွှန်ကြားခဲ့တယ်။—ကော. ၁:၁၈။ ဗျာ. ၁:၁။ w19.05 ၃ ¶၄-၅
တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၅
ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိ[ကြပါ။]—ဖိ. ၁:၁၀။
ဒီခေတ်ကြီးမှာ လူတွေဟာ ရှင်သန်ဖို့ ကြိုးစားရုန်းကန်နေရတယ်။ ညီအစ်ကိုတွေဟာ မိသားစုရဲ့ အခြေခံလိုအပ်ရာတွေကို ထောက်ပံ့နိုင်ဖို့ နာရီပေါင်းများစွာ အလုပ်လုပ်ရတယ်။ အလုပ် အသွားအပြန်အတွက် နာရီပေါင်းများစွာ အချိန်ကုန်နေကြတယ်။ တချို့က ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့ဖို့ အလုပ်ကြမ်း လုပ်ကြရတယ်။ တစ်နေ့တာအကုန်မှာ ဒီညီအစ်ကို/မတွေဟာ မောပန်းနေတဲ့အတွက် လေ့လာမှု မလုပ်နိုင်ကြတော့ဘူး။ ဒါပေမဲ့ ကျမ်းစာနဲ့ ကျမ်းစာစာပေတွေ လေ့လာဖို့ ကျွန်တော်တို့ အချိန် ပေးရမယ်။ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိဖို့၊ ထာဝရအသက် ရဖို့ လေ့လာမှု မရှိမဖြစ် လိုအပ်တယ်။ (၁ တိ. ၄:၁၅) တချို့က တစ်အိမ်လုံး တိတ်ဆိတ်နေချိန်၊ စိတ်လန်းဆန်းနေချိန် မနက်စောစောမှာ လေ့လာမှု လုပ်ကြတယ်။ တချို့ကျတော့ ညဘက်မှာ မိနစ်အနည်းငယ် အချိန်ယူပြီး လေ့လာ တွေးတောကြတယ်။ w19.05 ၂၆ ¶၁-၂
တနင်္လာနေ့၊ ဒီဇင်ဘာ ၆
ဒီလောကစနစ်ရဲ့ ပုံသွင်းမှုကို မခံပါနဲ့တော့။ . . . ခင်ဗျားတို့ရဲ့ စိတ်သဘောကို ပြုပြင်ပြောင်းလဲကြပါ။—ရော. ၁၂:၂။
အဲဒီလို အပြောင်းအလဲတွေက ညတွင်းချင်း၊ အလိုလို ဖြစ်လာတာ မဟုတ်ဘူး။ နှစ်များစွာ “အစွမ်းကုန် ကြိုးစားအားထုတ်” ဖို့ လိုအပ်နိုင်တယ်။ (၂ ပေ. ၁:၅) အတွင်းစိတ်သဘောကို ပြောင်းလဲဖို့ အစွမ်းကုန် ကြိုးစားရမယ်။ ဆုတောင်းခြင်းဟာ အရေးကြီးတဲ့ ပထမအချက် ဖြစ်တယ်။ “အို ဘုရားသခင်၊ ကျွန်တော့်ရင်ထဲမှာ စင်ကြယ်တဲ့ စိတ်နှလုံးကို ဖန်ဆင်းပေးပါ။ မယိမ်းယိုင်တတ်တဲ့ စိတ်သဘောအသစ်ကို ထည့်သွင်းပေးပါ” လို့ ဆာလံဆရာလို ဆုတောင်းရမယ်။ (ဆာ. ၅၁:၁၀) စိတ်သဘောကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်ကြောင်း အသိအမှတ်ပြုပြီး ယေဟောဝါဆီ အကူအညီ တောင်းရမယ်။ တွေးတောဆင်ခြင်ခြင်းက အရေးပါတဲ့ ဒုတိယအချက် ဖြစ်တယ်။ နေ့တိုင်း ကျမ်းစာဖတ်တဲ့အခါ ဘယ်အတွေးအခေါ်နဲ့ ခံစားချက်တွေကို ပြောင်းလဲဖို့ လိုနေသလဲဆိုတာ အချိန်ယူ တွေးတောပါ။ (ဆာ. ၁၁၉:၅၉။ ဟီ. ၄:၁၂။ ယာ. ၁:၂၅) ကိုယ့်မှာ လောကဆန်တဲ့ အတွေးအခေါ်၊ ခံစားချက်တွေ ရှိနေသလားဆိုတာ သိအောင် စစ်ဆေးရမယ်။ အားနည်းချက်တွေကို ရိုးသားစွာ ဝန်ခံပြီး ကြိုးစားတိုက်လှန်ရမယ်။ w19.06 ၈ ¶၁။ ၁၀ ¶၁၀။ ၁၂ ¶၁၁-၁၂
အင်္ဂါနေ့၊ ဒီဇင်ဘာ ၇
အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ။ —ဧ. ၅:၁၆။
ဆုံးဖြတ်ချက် ချပြီးရင် ဆုံးဖြတ်တဲ့အတိုင်း လုပ်မယ့် အချိန်ကို သတ်မှတ်ပါ။ သတ်မှတ်ထားတဲ့အတိုင်း လုပ်ပါ။ အကောင်းဆုံး အချိန်ကို စောင့်မနေပါနဲ့။ အကောင်းဆုံး အချိန်ဆိုတာ ရှိချင်မှ ရှိမယ်။ (ဒေ. ၁၁:၄) အရေးမကြီးတာတွေနဲ့ အချိန်ကုန်သွားပြီး ပိုအရေးကြီးတာတွေအတွက် အချိန်နဲ့ ခွန်အား မရှိတော့တာမျိုး မဖြစ်အောင် ဂရုစိုက်ပါ။ (ဖိ. ၁:၁၀) ဖြစ်နိုင်ရင် အနှောင့်အယှက် သိပ်မရှိတဲ့ အချိန်ကို ရွေးပါ။ ကိုယ် အာရုံစိုက် လုပ်တော့မယ်ဆိုတာ တခြားသူတွေကို သိစေပါ။ ဖုန်းပိတ်ထားပါ။ အီးမေးလ်တွေ၊ လူမှုမီဒီယာတွေကို နောက်မှ ကြည့်ပါ။ ဆုံးဖြတ်ချက်ရဲ့ အကျိုးရလဒ်ကို ခရီးစဉ်တစ်ခုရဲ့ အဆုံးနဲ့ နှိုင်းယှဉ်နိုင်တယ်။ ခရီးဆုံးပန်းတိုင် ရောက်ဖို့ဆိုရင် လမ်းပိတ်နေရင်တောင် လမ်းကြောင်းပြောင်းပြီး ဆက်သွားရမယ်။ အလားတူပဲ၊ ကိုယ့်ဆုံးဖြတ်ချက်ရဲ့ အကျိုးရလဒ်ကို အာရုံစိုက်မယ်ဆိုရင် အတားအဆီးတွေ ကြုံတဲ့အခါ အလွယ်တကူ လက်လျှော့မှာ မဟုတ်ဘူး။—ဂလ. ၆:၉။ w19.11 ၃၀ ¶၁၇-၁၈
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၈
ဘုရားသခင်ရဲ့ နှုတ်ထွက်စကားဟာ . . . စိတ်နှလုံးထဲက အတွေးတွေ၊ အကြံအစည်တွေကိုလည်း ပိုင်းခြားသိမြင်နိုင်တယ်။—ဟီ. ၄:၁၂။
နှစ်ခြင်းခံဖို့ ဘာကို အခြေခံပြီး ဆုံးဖြတ်သင့်သလဲ။ ကျမ်းစာကို အသေအချာ လေ့လာခဲ့လို့ ယေဟောဝါအကြောင်း၊ အရည်အသွေးတွေနဲ့ နည်းလမ်းတော်တွေအကြောင်း သိလာတယ်။ သိလာတဲ့အရာတွေကြောင့် စိတ်ထိမိပြီး ယေဟောဝါကို အလွန်ချစ်လာတယ်။ အဲဒီမေတ္တာက နှစ်ခြင်းခံဖို့ ဆုံးဖြတ်ရတဲ့ အဓိကအကြောင်းရင်း ဖြစ်သင့်တယ်။ နှစ်ခြင်းခံဖို့ ဆုံးဖြတ်ရတဲ့ နောက်အကြောင်းရင်းက သိလာတဲ့ ကျမ်းစာ အမှန်တရားတွေကို ယုံကြည်လို့ ဖြစ်တယ်။ တပည့်ဖြစ်စေပါလို့ မိန့်မှာချိန်မှာ ယေရှု ဘာပြောခဲ့ကြောင်း သုံးသပ်ကြည့်ပါ။ (မ. ၂၈:၁၉၊ ၂၀) “အဖဘုရားရဲ့ နာမည်၊ သားတော်ရဲ့ နာမည်၊ သန့်ရှင်းသော စွမ်းအားတော်ရဲ့ နာမည်နဲ့” နှစ်ခြင်းခံရမယ်လို့ ပြောတယ်။ ဘာကို ဆိုလိုသလဲ။ ယေဟောဝါ၊ သားတော် ယေရှု၊ သန့်ရှင်းသော စွမ်းအားတော်နဲ့ပတ်သက်တဲ့ ကျမ်းစာအမှန်တရားတွေကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်လက်ခံရမယ်။ အဲဒီအမှန်တရားတွေဟာ အလွန် အစွမ်းထက်ပြီး စိတ်ထိမိစေနိုင်တယ်။ w20.03 ၉ ¶၈-၉
ကြာသပတေးနေ့၊ ဒီဇင်ဘာ ၉
စည်းစနစ်မရှိသူတွေကို သတိပေး[ပါ၊] . . . အားနည်းသူတွေကို ထောက်မပေး[ပါ၊] လူတိုင်းကို စိတ်ရှည်[ပါ။]—၁ သက်. ၅:၁၄။
လောတကို သတိပေးဖို့သာမက သောဒုံမြို့ ပျက်စီးခြင်းဘေးကနေ လွတ်အောင် ကူညီဖို့ ကောင်းကင်တမန်တွေကို ယေဟောဝါ စေလွှတ်ခဲ့တယ်။ (က. ၁၉:၁၂-၁၄၊ ၁၇) ကျွန်တော်တို့လည်း ညီအစ်ကိုတစ်ယောက် ဒုက္ခရောက်တော့မယ်ဆိုတာ သိရင် သတိပေးရမယ်။ ကျမ်းစာအခြေပြု ဆုံးမစကားကို သူ ချက်ချင်း မလိုက်နာရင်တောင် စိတ်ရှည်ပါ။ ကောင်းကင်တမန်နှစ်ပါးကို တုပပါ။ လက်လျှော့ပြီး ပစ်ထားမယ့်အစား လက်တွေ့ကျကျ ကူညီပေးပါ။ (၁ ယော. ၃:၁၈) သူ့လက်ကို ဆွဲပါ။ ဆိုလိုတာက ကျမ်းစာအကြံဉာဏ်ကို လိုက်နာဖို့ ကူညီပေးပါ။ လောတရဲ့ မစုံလင်မှုတွေကို ယေဟောဝါ အာရုံမစိုက်ခဲ့ဘူး။ နောက်ပိုင်းမှာ လောတကို ဖြောင့်မတ်သူအဖြစ် ဖော်ပြဖို့ တမန်တော် ပေတရုကို စွမ်းအားတော်အားဖြင့် ညွှန်ကြားတယ်။ (ဆာ. ၁၃၀:၃) လောတအပေါ်ထားတဲ့ ယေဟောဝါရဲ့ သဘောထားကို တုပနိုင်မလား။ ညီအစ်ကို/မတွေရဲ့ အရည်အသွေးကောင်းတွေကို အာရုံစိုက်မယ်ဆိုရင် သူတို့အပေါ် ပိုစိတ်ရှည်လာပါလိမ့်မယ်။ ဒါဆို သူတို့လည်း ကိုယ့်ရဲ့ အကူအညီကို ပိုလက်ခံလာပါလိမ့်မယ်။ w19.06 ၂၁ ¶၆-၇
သောကြာနေ့၊ ဒီဇင်ဘာ ၁၀
လူတိုင်း ကိုယ့်တာဝန်ကိုယ် ထမ်းရ[မယ်။] —ဂလ. ၆:၅။
သင်နေထိုင်တဲ့ နိုင်ငံမှာ ဝတ်ပြုရေးကို အစိုးရ ပိတ်ပင်ခဲ့ရင် ယေဟောဝါကို လွတ်လပ်စွာ ဝတ်ပြုနိုင်မယ့် တခြားနိုင်ငံကို ပြောင်းရင် ကောင်းမလားလို့ တွေးမိမှာပဲ။ ဒါဟာ ကိုယ်ပိုင် ဆုံးဖြတ်ချက် ဖြစ်တယ်။ နှိပ်စက်ညှဉ်းပန်းခံခဲ့ရတဲ့ ပထမရာစု ခရစ်ယာန်တွေအကြောင်း သုံးသပ်နိုင်တယ်။ ဂျေရုဆလင်မှာရှိတဲ့ တပည့်တွေဟာ ယုဒပြည်၊ ရှမာရိပြည်၊ ဖိုနီးရှား၊ ဆိုက်ပရပ်၊ အန္တိအုတ်မြို့တွေဆီ ပြောင်းသွားကြတယ်။ (မ. ၁၀:၂၃။ တ. ၈:၁။ ၁၁:၁၉) ဒါပေမဲ့ နှိပ်စက်ညှဉ်းပန်းခံရချိန်မှာ ပေါလု ဘာလုပ်ခဲ့ကြောင်းလည်း သုံးသပ်နိုင်တယ်။ ဟောပြောခြင်းလုပ်ငန်းကို ဆန့်ကျင်တဲ့ မြို့တွေမှာ အသက်အန္တရာယ်ရှိတာတောင် ဆက်နေခဲ့တယ်။ (တ. ၁၄:၁၉-၂၃) အဲဒီမှတ်တမ်းတွေကနေ ဘာသင်ယူနိုင်သလဲ။ ပြောင်းသင့်၊ မပြောင်းသင့် အိမ်ထောင်ဦးစီးတွေ ဆုံးဖြတ်ရမယ်။ မဆုံးဖြတ်ခင် မိသားစုရဲ့ အခြေအနေ၊ သူတို့အပေါ် သက်ရောက်နိုင်တဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို အသေအချာ ဆုတောင်းစဉ်းစားရမယ်။ တခြားသူတွေရဲ့ ဆုံးဖြတ်ချက်ကို မဝေဖန်သင့်ဘူး။ w19.07 ၁၀ ¶၈-၉
စနေနေ့၊ ဒီဇင်ဘာ ၁၁
ထာဝရအသက် ရနိုင်ဖို့ဆိုရင် တစ်ဆူတည်းသော စစ်မှန်တဲ့ဘုရားသခင် အဖကိုရော အဖ စေလွှတ်လိုက်တဲ့ ယေရှုခရစ်ကိုပါ သိကျွမ်းကြရမယ်။—ယော. ၁၇:၃။
“လူမျိုးတကာဆီ သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ” လို့ ယေရှု ပြောတယ်။ (မ. ၂၈:၁၉) တပည့်တွေဆီကနေ ယေရှု ဘာတွေ တောင်းဆိုထားကြောင်း သင်ပေးရုံမက ခရစ်ယာန်စစ်အဖြစ် ဘယ်လို အသက်ရှင်နေထိုင်နိုင်ကြောင်းကိုပါ သင်ပေးရမယ်။ ကျမ်းစာမူတွေကို လက်တွေ့ကျင့်သုံးဖို့ သူကြိုးစားတဲ့အခါ စိတ်ရှည်စွာ ကူညီပေးရမယ်။ တချို့က လအနည်းငယ်အတွင်း စဉ်းစားတွေးခေါ်ပုံနဲ့ အကျင့်တွေ ပြောင်းလဲနိုင်ကြတယ်။ တချို့ကတော့ အဲဒီထက် ပိုကြာတတ်တယ်။ ပီရူးနိုင်ငံက သာသနာပြုတစ်ယောက် စိတ်ရှည်လို့ အကျိုးရခဲ့တယ်။ “ရာအူဆိုတဲ့ ကျမ်းစာသင်သားနဲ့ စာအုပ်နှစ်အုပ် ကုန်တဲ့အထိ လေ့လာခဲ့ပေမဲ့ သူ့ဘဝမှာ စိန်ခေါ်ချက်တွေ ရင်ဆိုင်နေရတုန်းပဲ။ အိမ်ထောင်ရေး အဆင်မပြေဘူး။ ဆဲဆိုတယ်။ သားသမီးတွေကလည်း သူ့ကို မလေးစားကြဘူး။ အစည်းအဝေးကိုတော့ ပုံမှန်တက်နေတဲ့အတွက် သူနဲ့ မိသားစုဆီ ကျွန်တော် ဆက်လည်ပတ်ခဲ့တယ်။ သူနဲ့တွေ့ပြီး သုံးနှစ်ကျော်မှ နှစ်ခြင်းခံဖို့ အရည်အချင်း ပြည့်လာတယ်။” w19.07 ၁၅ ¶၃။ ၁၉ ¶၁၅-၁၇
တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၁၂
အားသွန်ခွန်စိုက် ကြိုးစားပါ။ —လု. ၁၃:၂၄။
ဖိလိပ္ပိအသင်းတော်ဆီ စာရေးဖို့ တမန်တော် ပေါလု ဘယ်လောက် ကြိုးစားအားထုတ်ခဲ့ရကြောင်း စဉ်းစားကြည့်ပါ။ ရောမမြို့မှာ နေအိမ်အကျယ်ချုပ် ကျနေတယ်။ လွတ်လွတ်လပ်လပ် မဟောပြောနိုင်ဘူး။ ဒါပေမဲ့ ဝေးလံတဲ့ အသင်းတော်တွေဆီ စာရေးခြင်း၊ လာလည်တဲ့ ဧည့်သည်တွေကို သက်သေခံခြင်းမှာ အလုပ်များနေခဲ့တယ်။ ခရစ်တော်လိုပဲ အဆုံးအထိ အားသွန်ခွန်စိုက် ကြိုးစားရမယ်ဆိုတာ ပေါလု သိတယ်။ ဒါကြောင့် ခရစ်ယာန်လမ်းစဉ်ကို ပြေးပွဲနဲ့ နှိုင်းယှဉ်ခဲ့တယ်။ (၁ ကော. ၉:၂၄-၂၇) အပြေးသမားဟာ ပန်းတိုင်ကို အာရုံစိုက်ပြီး အာရုံပျံ့လွင့်စရာတွေကို ရှောင်တယ်။ ဥပမာ၊ ပြေးလမ်းမှာ အာရုံပျံ့လွင့်စေနိုင်တဲ့ စတိုးဆိုင်တွေ၊ တခြားအရာတွေ ရှိနိုင်တယ်။ အပြေးသမားက ခဏရပ်ပြီး ဆိုင်ထဲက ပစ္စည်းတွေကို လှမ်းကြည့်နေမလား။ ပန်းဝင်ချင်ရင်တော့ ကြည့်မှာ မဟုတ်ဘူး။ ကျွန်တော်တို့လည်း အသက်ပြေးပွဲမှာ အာရုံပျံ့လွင့်စရာတွေကို ရှောင်ရမယ်။ ပေါလုလို ပန်းတိုင်ကို အာရုံစိုက်ပြီး အားသွန်ခွန်စိုက် ကြိုးစားရင် ဆုရမယ်။ w19.08 ၃ ¶၄။ ၄ ¶၇
တနင်္လာနေ့၊ ဒီဇင်ဘာ ၁၃
ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်ရဲ့ သွန်သင်ချက်ကိုပါ အမြဲ ဂရုစိုက်ပါ။ . . . အဲဒီလိုလုပ်မယ်ဆိုရင် ကိုယ်တိုင်သာမက ကိုယ့်ရဲ့ သွန်သင်ချက်ကို နားထောင်သူတွေပါ ကယ်တင်ခြင်း ရလိမ့်မယ်။—၁ တိ. ၄:၁၆။
ဘုရားသခင့် စံနှုန်းတွေအတိုင်း နေထိုင်တဲ့အခါ ဆွေမျိုးတွေက ကျွန်တော်တို့ရဲ့ ယုံကြည်ချက်အသစ်နဲ့ ဘဝပုံစံကို လက်ခံဖို့ ခက်နိုင်တယ်။ ဘာသာရေးပွဲတွေ၊ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ မပါဝင်တော့တာကို သူတို့ သတိထားမိကြတယ်။ ဆွေမျိုးတချို့က ဒေါသတောင် ထွက်နိုင်တယ်။ (မ. ၁၀:၃၅၊ ၃၆) ဒါပေမဲ့ လက်မလျှော့ပါနဲ့။ ကိုယ့်ယုံကြည်ချက်အကြောင်း သူတို့သိလာအောင် မကူညီတော့ဘူးဆိုရင် ထာဝရအသက် မရထိုက်သူတွေအဖြစ် စီရင်ဆုံးဖြတ်လိုက်ရာရောက်တယ်။ အဲဒီလို စီရင်ဆုံးဖြတ်ဖို့ ကျွန်တော်တို့ကို ယေဟောဝါ တာဝန် မပေးထားဘူး။ ယေရှုကိုပဲ ပေးထားတယ်။ (ယော. ၅:၂၂) ကျွန်တော်တို့ စိတ်ရှည်မယ်ဆိုရင် ဆွေမျိုးတွေ သတင်းကောင်းကို နားထောင်လာနိုင်တယ်။ ကျွန်တော်တို့ဟာ အခက်အခဲတွေ ရင်ဆိုင်ရချိန်မှာတောင် ခိုင်မာပြတ်သားဖို့၊ လိမ္မာပါးနပ်ဖို့ လိုတယ်။ (၁ ကော. ၄:၁၂) ဝတ်ပြုရေးကို ကျွန်တော်တို့ ဘယ်လောက် အလေးထားကြောင်း ဆွေမျိုးတွေ နားလည်လာဖို့ အချိန်လိုတယ်။ w19.08 ၁၇ ¶၁၀၊ ၁၃။ ၁၈ ¶၁၄
အင်္ဂါနေ့၊ ဒီဇင်ဘာ ၁၄
ကျွန်တော့်ကို အစွမ်းခွန်အား ပေးတဲ့ ဘုရားသခင်ကြောင့် အရာရာကို စွမ်းဆောင်နိုင်လို့ပဲ။ —ဖိ. ၄:၁၃။
“ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲကို စဉ်းစားလိုက်တဲ့အခါ ကိုယ့်အစွမ်းအစ တစ်ခုတည်းနဲ့ ခံရပ်နိုင်မှာ မဟုတ်ဘူး” လို့ သင် ပြောဖူးသလား။ ကျွန်တော်တို့အများစု အဲဒီလို ပြောဖူးကြတယ်။ ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာ ဒါမှမဟုတ် ချစ်ရသူ သေဆုံးတာတွေကို ဘယ်လို ရင်ဆိုင်နိုင်ခဲ့ကြောင်း ပြန်တွေးပြီး အဲဒီလိုပြောတာ ဖြစ်နိုင်တယ်။ ယေဟောဝါရဲ့ သန့်ရှင်းသော စွမ်းအားတော်က ပေးတဲ့ “သာမန်ထက် ထူးကဲတဲ့ တန်ခိုး” ကြောင့်သာ တစ်ရက်ပြီးတစ်ရက် ရှေ့ဆက်နိုင်တာလို့ သင် ခံစားရတယ်။ (၂ ကော. ၄:၇-၉) ဒီဆိုးသွမ်းတဲ့ လောကရဲ့ ဩဇာလွှမ်းမိုးမှုကို တွန်းလှန်ဖို့လည်း သန့်ရှင်းသော စွမ်းအားတော် လိုတယ်။ (၁ ယော. ၅:၁၉) “နတ်ဆိုးများစွာ” နဲ့လည်း ကျွန်တော်တို့ တိုက်ခိုက်နေရတယ်။ (ဧ. ၆:၁၂) အခက်အခဲတွေကြား တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့ ယေဟောဝါရဲ့ သန့်ရှင်းသော စွမ်းအားတော်က ခွန်အားပေးတယ်။ အခက်အခဲတွေကြား အမှုဆောင်လုပ်ငန်းကို ပြီးမြောက်အောင် လုပ်နိုင်တာဟာ “ခရစ်တော်ရဲ့ တန်ခိုး” ကြောင့်ပဲလို့ တမန်တော် ပေါလု ခံစားရတယ်။—၂ ကော. ၁၂:၉။ w19.11 ၈ ¶၁-၃
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၁၅
ကျွန်တော့်ကို မြင်တာဟာ အဖဘုရားကို မြင်တာပဲ။—ယော. ၁၄:၉။
သင့်အတွက် ယေရှု လုပ်ဆောင်ပေးတာတွေကို ကျမ်းစာကပဲ တိကျမှန်ကန်စွာ ဖော်ပြတယ်။ ယေရှုကို ချစ်တတ်အောင် သင်ယူပါ။ ယေရှုကို ချစ်ရင် ယေဟောဝါကို ချစ်တဲ့မေတ္တာ တိုးများလာပါလိမ့်မယ်။ ဘာကြောင့်လဲ။ ဖခင်ရဲ့ အရည်အသွေးတွေကို ယေရှု အပြည့်အဝ တုပလို့ပဲ။ ယေရှုအကြောင်း သိလေ ယေဟောဝါကို ပိုသိပြီး လေးမြတ်လေ ဖြစ်လာမယ်။ တခြားသူတွေ အထင်သေးတဲ့ ဆင်းရဲသား၊ ဖျားနာသူ၊ အကာအကွယ်မဲ့သူတွေကို ယေရှု ဘယ်လို ထောက်ထားစာနာမှု ပြခဲ့ကြောင်း စဉ်းစားကြည့်ပါ။ ယေရှု ပေးတဲ့ လက်တွေ့ကျ အကြံဉာဏ်ကို ကျင့်သုံးလို့ သင့်ဘဝ ဘယ်လို တိုးတက်ကောင်းမွန်လာကြောင်းလည်း စဉ်းစားကြည့်ပါ။ (မ. ၅:၁-၁၁။ ၇:၂၄-၂၇) ကျွန်တော်တို့ရဲ့ အပြစ်တွေ ခွင့်လွှတ်ခံရဖို့ ယေရှု ပေးခဲ့တဲ့ ပူဇော်သက္ကာအကြောင်း အလေးအနက် တွေးတောတဲ့အခါ ယေရှုကို ချစ်တဲ့ မေတ္တာ တိုးများလာမယ်။ (မ. ၂၀:၂၈) သင့်အတွက် ယေရှု လိုလိုလားလား အသေခံခဲ့ကြောင်း နားလည်လာတဲ့အခါ နောင်တယူပြီး ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို ရှာဖို့ လှုံ့ဆော်ခံရနိုင်တယ်။ (တ. ၃:၁၉၊ ၂၀။ ၁ ယော. ၁:၉) ယေရှုနဲ့ ယေဟောဝါကို ချစ်လာတဲ့အခါ သူတို့ကို ချစ်တဲ့ တခြားသူတွေကိုပါ ချစ်တတ်လာပါလိမ့်မယ်။ w20.03 ၅-၆ ¶၁၀-၁၂
ကြာသပတေးနေ့၊ ဒီဇင်ဘာ ၁၆
ယေဟောဝါက မြင့်မြတ်ပေမဲ့ နှိမ့်ချသူကို ဂရုတစိုက် ကြည့်ရှုတယ်။—ဆာ. ၁၃၈:၆။
ညီအစ်ကိုတစ်ယောက်ဟာ တာဝန်တစ်ခုအတွက် သူပဲ အရည်အချင်း ပြည့်မီတယ်လို့ ခံစားရနိုင်တယ်။ ခရစ်ယာန် ညီအစ်မတစ်ယောက်ကလည်း ‘ငါ့ယောက်ျားက ဟိုညီအစ်ကိုထက် ပိုအရည်အချင်း ရှိတယ်’ လို့ တွေးမိနိုင်တယ်။ ကျွန်တော်တို့ တကယ် နှိမ့်ချမယ်ဆိုရင် အဲဒီလို မာနစိတ်ကို ရှောင်နိုင်ပါလိမ့်မယ်။ တခြားသူတွေ အခွင့်ထူး ရတဲ့အခါ မောရှေရဲ့ တုံ့ပြန်ပုံကနေ ကျွန်တော်တို့ သင်ယူနိုင်ပါတယ်။ မောရှေဟာ အစ္စရေးလူမျိုးကို ဦးဆောင်ရတဲ့ တာဝန်ကို တန်ဖိုးထားတယ်။ ဒါပေမဲ့ မောရှေနဲ့အတူ အမှုဆောင်ဖို့ တခြားသူတွေကို ယေဟောဝါ ခွင့်ပြုတဲ့အခါ မောရှေ ဘယ်လို တုံ့ပြန်သလဲ။ မနာလို မဖြစ်ခဲ့ဘူး။ (တော. ၁၁:၂၄-၂၉) လူတွေရဲ့ အမှုအခင်းတွေ ဖြေရှင်းပေးရတဲ့ တာဝန်တချို့ကို တခြားသူတွေဆီ နှိမ့်ချစွာ လွှဲအပ်ပေးတယ်။ (ထွ. ၁၈:၁၃-၂၄) ဒီနည်းနဲ့ အစ္စရေးတွေဟာ ဆုံးဖြတ်ချက်ရဖို့ အချိန်အကြာကြီး စောင့်နေစရာ မလိုတော့ဘူး။ မောရှေဟာ ကိုယ့်အခွင့်ထူးထက် တခြားသူတွေရဲ့ ကောင်းကျိုးကို ရှေ့တန်းတင်တယ်။ ကျွန်တော်တို့အတွက် ပုံသက်သေကောင်းပါပဲ။ ယေဟောဝါအတွက် အသုံးဝင်သူ ဖြစ်ချင်ရင် အရည်အချင်း ရှိဖို့ထက် နှိမ့်ချမှု ရှိဖို့ ပိုလိုအပ်တယ်။ w19.09 ၅-၆ ¶၁၃-၁၄
သောကြာနေ့၊ ဒီဇင်ဘာ ၁၇
ယေဟောဝါက သစ္စာရှိသူတွေကို ကာကွယ်ပေးတယ်။—ဆာ. ၃၁:၂၃။
မဟာဗာဗုလုန်ကို တိုင်းနိုင်ငံတွေ တိုက်ခိုက်တဲ့အခါ ဘယ်လို အကြောင်းပြချက်တွေ ပေးမယ်ဆိုတာ ကျွန်တော်တို့ မသိဘူး။ ကမ္ဘာ့ဘာသာရေးတွေက ငြိမ်းချမ်းရေးအတွက် ဆူးငြောင့်ခလုတ် ဖြစ်လို့၊ နိုင်ငံရေးမှာ ဝင်စွက်ဖက်နေလို့ ဆိုပြီး သူတို့ ပြောနိုင်တယ်။ ဘာသာရေးအဖွဲ့တွေ အလွန် ချမ်းသာကြွယ်ဝလို့၊ မြေယာပိုင်ဆိုင်မှုတွေ များလွန်းလို့လည်း ဖြစ်နိုင်တယ်။ (ဗျာ. ၁၈:၃၊ ၇) ဘာသာရေးကို တိုင်းနိုင်ငံတွေ တိုက်ခိုက်တဲ့အခါ အသင်းသားအားလုံး ဖျက်ဆီးခံရမှာ မဟုတ်ဘူးလို့ ကောက်ချက် ချနိုင်တယ်။ တိုင်းနိုင်ငံတွေက ဘာသာရေး အဖွဲ့အစည်းတွေကိုပဲ ဖျက်ဆီးမှာ ဖြစ်တယ်။ အဲဒီအဖွဲ့အစည်းတွေ ဖျက်ဆီးခံရတဲ့အခါ အသင်းသားတွေက ဘာသာရေးခေါင်းဆောင်တွေရဲ့ ပျက်ကွက်မှုတွေကို သိမြင်လာပြီး အဲဒီဘာသာနဲ့ ပတ်သက်ကြတော့မှာ မဟုတ်ဘူး။ မဟာဗာဗုလုန်ကို ဖျက်ဆီးတဲ့အချိန်ဟာ အချိန်တိုအတွင်း ဖြစ်မယ်။ (ဗျာ. ၁၈:၁၀၊ ၂၁) “ရွေးချယ်ခံရသူတွေ” နဲ့ စစ်မှန်တဲ့ဘာသာ လွတ်မြောက်ဖို့ ဒုက္ခကာလကို “တိုတောင်း” စေမယ်လို့ ယေဟောဝါ ကတိပေးတယ်။—မာ. ၁၃:၁၉၊ ၂၀။ w19.10 ၁၅ ¶၄-၅
စနေနေ့၊ ဒီဇင်ဘာ ၁၈
အသက်ငယ်တဲ့ အမျိုးသမီးတွေကို . . . သားသမီးတွေကို ချစ်တတ်ဖို့ [အကြံပေးပါ။] —တိ. ၂:၄။
မိခင်တို့၊ ဒေါသကြီးပြီး သားသမီးတွေကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတဲ့ မိဘတွေ လက်အောက်မှာ သင်တို့ ကြီးပြင်းလာတာ ဖြစ်နိုင်တယ်။ ဒါကြောင့် သားသမီးတွေကို အဲဒီလိုဆက်ဆံတာ ပုံမှန်ပဲလို့ တွေးမိနိုင်တယ်။ ယေဟောဝါရဲ့ စံနှုန်းတွေကို သိလာပြီးနောက်မှာတောင် စိတ်တည်ငြိမ်ဖို့၊ သားသမီးအပေါ် စိတ်ရှည်ဖို့ ခက်နိုင်တယ်။ အထူးသဖြင့် ကိုယ်ပင်ပန်းနေချိန် ကလေးတွေ စကားနားမထောင်တဲ့အခါမှာ ဖြစ်နိုင်တယ်။ (ဧ. ၄:၃၁) အဲဒီလိုအခါမျိုးမှာ ယေဟောဝါဆီ အရင်ကထက် ပိုဆုတောင်းဖို့ လိုတယ်။ (ဆာ. ၃၇:၅) မိခင်တချို့ဟာ သားသမီးတွေကို ချစ်ကြောင်း ပြဖို့ ခက်နေတယ်။ သူတို့ဟာ သားသမီးကို နွေးနွေးထွေးထွေး မဆက်ဆံတဲ့ မိသားစုမှာ ကြီးပြင်းလာတယ်။ သင် အဲဒီလို ကြီးပြင်းလာတာဆိုရင် မိဘတွေရဲ့ အမှားမျိုး ထပ်မလုပ်မိပါစေနဲ့။ ယေဟောဝါရဲ့ အလိုတော်ကို လက်အောက်ခံတဲ့ မိခင်ဟာ သားသမီးတွေကို မေတ္တာပြဖို့ သင်ယူရမယ်။ ပြောင်းလဲဖို့ ခက်နိုင်ပေမဲ့ ပြောင်းလဲနိုင်ပါတယ်။ အဲဒီလို ပြောင်းလဲတဲ့အခါ ကိုယ်တိုင်နဲ့ မိသားစုပါ အကျိုးခံစားရနိုင်တယ်။ w19.09 ၁၈-၁၉ ¶၁၉-၂၀
တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၁၉
ဘယ်သူမှ သခင်နှစ်ဦးဆီမှာ အစေခံလို့ မရဘူး။—မ. ၆:၂၄။
ယေဟောဝါကို ဝတ်ပြုနေပြီး တစ်ချိန်တည်းမှာ လောကစည်းစိမ် ရဖို့ အချိန်နဲ့ ခွန်အား အလွန်အကျွံ သုံးနေတယ်ဆိုရင် သခင်နှစ်ဦးကို အစေခံနေတာပဲ။ ယေဟောဝါ တစ်ပါးတည်းကို ကိုးကွယ်ဆည်းကပ်နေတာ မဟုတ်တော့ဘူး။ ပထမရာစု ကုန်ခါနီးမှာ လောဒိကိ အသင်းတော်သားတွေက “ငါ ကြွယ်ဝသားပဲ။ ပစ္စည်းဥစ္စာတွေလည်း စုဆောင်းထားတယ်။ ဘာမှ မလိုတော့ဘူး” လို့ ဝါကြွားကြတယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ ယေရှုရဲ့ အမြင်မှာ သူတို့ဟာ ‘စိတ်မချမ်းမြေ့စရာ ဖြစ်နေတယ်၊ သနားစရာကောင်းနေတယ်၊ ဆင်းရဲမွဲတေပြီး မျက်စိကန်းနေတယ်၊ အဝတ်ဗလာ ဖြစ်နေတယ်။’ သူတို့ ချမ်းသာနေလို့ ယေရှု ဆုံးမတာ မဟုတ်ဘူး။ ငွေကို တပ်မက်တဲ့စိတ်က ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိခိုက်စေလို့ပဲ။ (ဗျာ. ၃:၁၄-၁၇) ကျွန်တော်တို့မှာ စည်းစိမ်ဥစ္စာ တပ်မက်တဲ့စိတ် ရှိနေမှန်း သတိထားမိရင် ကိုယ့်အတွေးအခေါ်ကို ချက်ချင်း ပြုပြင်ပါ။ (၁ တိ. ၆:၇၊ ၈) မပြုပြင်ရင် ကျွန်တော်တို့ရဲ့ မေတ္တာဟာ တစ်ဝက်တစ်ပျက် ဖြစ်ပြီး ကျွန်တော်တို့ရဲ့ ဝတ်ပြုမှုကို ယေဟောဝါ လက်ခံမှာ မဟုတ်တော့ဘူး။ ယေဟောဝါက “မိမိတစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်ဖို့ တောင်းဆို” ထားတယ်။—တရား. ၄:၂၄။ w19.10 ၂၇ ¶၅-၆
တနင်္လာနေ့၊ ဒီဇင်ဘာ ၂၀
လူတွေက သန့်ရှင်းသော စွမ်းအားတော်ရဲ့ လှုံ့ဆော်မှုကို ခံရလို့ ဘုရားသခင်ဆီက လာတဲ့ စကားတွေကို ပြန်ဟောတာ ဖြစ်တယ်။ —၂ ပေ. ၁:၂၁။
“လှုံ့ဆော်” လို့ ပြန်ဆိုထားတဲ့ ဂရိစကားလုံးဟာ စာသားအရ “ဆွဲခေါ်သွား” လို့ အဓိပ္ပာယ် ရှိတယ်။ တမန်တော်ကျမ်း ရေးသူ လုကာက “လေနှင်ရာ ပါသွား” တဲ့ သင်္ဘောအကြောင်း ပြောချိန်မှာ အလားတူ ဂရိစကားလုံးကို သုံးနှုန်းခဲ့တယ်။ (တ. ၂၇:၁၅) ဒါကြောင့် ကျမ်းရေးသူတွေ “ဆွဲခေါ်” ခံရတယ်လို့ တမန်တော် ပေတရု ပြောတာက “ရေကြောင်းသွားလာမှုဆိုင်ရာ ရူပကအလင်္ကာ” ကို သုံးနေတာ ဖြစ်တယ်လို့ ကျမ်းပညာရှင်တစ်ယောက် ပြောတယ်။ လိုရာပန်းတိုင် ရောက်နိုင်ဖို့ လေက သင်္ဘောကို ဆွဲခေါ်သွားသလို ပရောဖက်တွေ၊ ကျမ်းရေးသူတွေ တာဝန် ပြီးမြောက်အောင် သန့်ရှင်းသော စွမ်းအားတော်က ကူညီပေးတယ်လို့ ပေတရု ပြောနေတာ။ “ပရောဖက်တွေက ရွက်ကို ဖြန့်လိုက်သလိုပေါ့” လို့ အဲဒီကျမ်းပညာရှင် ပြောတယ်။ ယေဟောဝါက “လေ” ဖြစ်တဲ့ သန့်ရှင်းသော စွမ်းအားတော်ကို ပေးခြင်းအားဖြင့် မိမိအပိုင်းကို လုပ်ဆောင်တယ်။ ကျမ်းရေးသူတွေကလည်း စွမ်းအားတော် လမ်းညွှန်မှုကို လိုက်နာခြင်းအားဖြင့် မိမိတို့အပိုင်းကို လုပ်ဆောင်တယ်။ ဒီနေ့အချိန်မှာလည်း ဒုက္ခမုန်တိုင်းထဲကနေ ထွက်ပြီး ဘုရား ကတိပြုထားတဲ့ ကမ္ဘာသစ်ဆီ ဆက်သွားနိုင်ဖို့ သန့်ရှင်းသော စွမ်းအားတော်က ကျွန်တော်တို့ကို ကူညီပေးတယ်။ w19.11 ၉ ¶၇-၉
အင်္ဂါနေ့၊ ဒီဇင်ဘာ ၂၁
ဒုက္ခရောက်ချိန်မှာ စိတ်ဓာတ်ကျနေရင် အားလျော့သွားလိမ့်မယ်။—ပညာ. ၂၄:၁၀။
တစ်ခါတလေ ကျွန်တော်တို့ စိတ်ဓာတ်ကျမိနိုင်တယ်။ ဒါပေမဲ့ ပြဿနာအကြောင်းပဲ တစ်ချိန်လုံး စဉ်းစားမနေသင့်ဘူး။ စဉ်းစားနေရင် ယေဟောဝါ ပေးတဲ့ အံ့ဖွယ်မျှော်လင့်ချက်ကို မျက်ခြည်ပြတ်သွားနိုင်တယ်။ (ဗျာ. ၂၁:၃၊ ၄) စိတ်ဓာတ်ကျရင် အားလျော့ပြီး ဘုရားကို ကျောခိုင်းမိနိုင်တယ်။ အသည်းအသန် ဖျားနေတဲ့ ခင်ပွန်းကို ပြုစုရင်း ယုံကြည်ခြင်းကို ထိန်းသိမ်းခဲ့တဲ့ အမေရိကန်က ညီအစ်မတစ်ယောက်အကြောင်း သုံးသပ်ကြည့်ပါ။ “ဖိစီးမှုများပြီး စိတ်ဓာတ်ကျပေမဲ့ ကျွန်မတို့ရဲ့ မျှော်လင့်ချက် ခိုင်မာနေတယ်။ ယုံကြည်ခြင်း ခိုင်မြဲစေဖို့၊ စိတ်အားတက်စေဖို့ ယေဟောဝါ ပြင်ဆင်ပေးသမျှအတွက် သိပ်ကျေးဇူးတင်တယ်။ ဒီလိုအကြံဉာဏ်နဲ့ အားပေးမှုကို ကျွန်မတို့ လိုနေတာ။ ဒါက ကျွန်မတို့ကို ရှေ့ဆက်စေတယ်။ အခက်အခဲတွေကို ခံရပ်စေတယ်” လို့ သူ စာရေးတယ်။ စိတ်ဓာတ်ကျမှုကို ဘယ်လို အောင်မြင်နိုင်ကြောင်း ဒီညီအစ်မရဲ့ စာကနေ သိရတယ်။ အခက်အခဲတွေကို စာတန်ရဲ့ စမ်းသပ်မှုအဖြစ် ရှုမြင်ပါ။ ယေဟောဝါကို နှစ်သိမ့်ပေးရှင်အဖြစ် ယုံကြည်ပါ။ ဘုရား ပြင်ဆင်ပေးရာတွေကို တန်ဖိုးထားပါ။ w19.11 ၁၆ ¶၉-၁၀
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၂၂
ယုံကြည်စိတ်ချထိုက်သူကတော့ လျှို့ဝှက်ထားတတ်တယ်။—ပညာ. ၁၁:၁၃။
အထူးသဖြင့် အကြီးအကဲတွေဟာ ဒီကျမ်းစာမူကို လိုက်နာရမယ်။ အသင်းတော်မှာ ရှိတဲ့ တခြားသူတွေရဲ့ “အတွင်းရေး” ကို မပြောရဘူး။ ပြောလိုက်ရင် ကိုယ်တိုင် နာမည်ပျက်ရုံသာမက ညီအစ်ကို/မတွေရဲ့ ယုံကြည်စိတ်ချမှုကိုလည်း ဆုံးရှုံးသွားမယ်။ အသင်းတော်မှာ တာဝန်ရှိသူတွေဟာ “လျှာနှစ်ခွနဲ့ ပြောတတ်သူ၊” တစ်နည်းအားဖြင့် လှည့်စားပြောဆိုတတ်သူ မဖြစ်ရဘူး။ (၁ တိ. ၃:၈၊ အောက်ခြေမှတ်ချက်) အတင်းအဖျင်း မပြောရဘူး။ အကြီးအကဲဟာ ဇနီးကို ချစ်မယ်ဆိုရင် သူသိဖို့ မလိုတဲ့ အချက်အလက်တွေကို ပြောပြီး ဝန်လေးစေမှာ မဟုတ်ဘူး။ ဇနီးဟာ လျှို့ဝှက်ထားရမယ့် ကိစ္စတွေအကြောင်း အတင်း မမေးခြင်းအားဖြင့် ခင်ပွန်းရဲ့ နာမည်ကောင်းကို ထိန်းသိမ်းပေးနိုင်တယ်။ ဒီနည်းအားဖြင့် ခင်ပွန်းကို ထောက်မပေးရုံသာမက ခင်ပွန်းဆီ ရင်ဖွင့်ထားသူတွေကိုပါ လေးစားကြောင်း ပြတယ်။ အရေးကြီးဆုံးကတော့ အသင်းတော်ရဲ့ ငြိမ်သက်စည်းလုံးမှုကို တိုးများစေတဲ့အတွက် ယေဟောဝါကို ပျော်ရွှင်စေတယ်။—ရော. ၁၄:၁၉။ w20.03 ၂၂ ¶၁၃-၁၄
ကြာသပတေးနေ့၊ ဒီဇင်ဘာ ၂၃
ယေဟောဝါဘုရားက ခင်ဗျားတို့ရှေ့မှာ ကြွလာလိမ့်မယ်။—ဝတ်. ၉:၄။
ဘီစီ ၁၅၁၂၊ သိနာတောင်ခြေမှာ တဲတော် ဆောက်လုပ်တုန်းက အာရုန်နဲ့ သူ့သားတွေကို ပုရောဟိတ်တွေအဖြစ် ခန့်အပ်ချိန်မှာ မောရှေ ဦးဆောင်ပေးတယ်။ (ထွ. ၄၀:၁၇။ ဝတ်. ၉:၁-၅) အသစ်ခန့်အပ်လိုက်တဲ့ ပုရောဟိတ်တွေကို ယေဟောဝါ နှစ်သက်ကြောင်း ဘယ်လို ဖော်ပြသလဲ။ လူတွေကို အာရုန်နဲ့ မောရှေ ကောင်းချီးပေးချိန်မှာ ယေဟောဝါက ကောင်းကင်ကနေ မီးကျစေပြီး ပလ္လင်ပေါ် ကျန်နေတဲ့ ပူဇော်သက္ကာတွေကို လောင်ကျွမ်းစေတယ်။ (ဝတ်. ၉:၂၃၊ ၂၄) ပုရောဟိတ်မင်း ခန့်အပ်ချိန်မှာ မီးကျလာတာက ဘာကို ဖော်ပြသလဲ။ အာရုန်နဲ့ သူ့သားတွေကို ပုရောဟိတ်တွေအဖြစ် ခန့်အပ်တာကို ယေဟောဝါ အပြည့်အဝ ထောက်ခံကြောင်း ဖော်ပြတယ်။ ပုရောဟိတ်တွေကို ယေဟောဝါ ထောက်ခံကြောင်း အစ္စရေးတွေ မြင်တဲ့အခါ သူတို့လည်း အပြည့်အဝ ထောက်ခံရမယ်ဆိုတာ သိလာတယ်။ အဲဒါက ကျွန်တော်တို့နဲ့ သက်ဆိုင်သလား။ သက်ဆိုင်ပါတယ်။ အစ္စရေးခေတ် ပုရောဟိတ်တွေဟာ ပိုကြီးမြတ်တဲ့ ပုရောဟိတ် ၁၄၄,၀၀၀ ကို ပုံဆောင်တယ်။ သူတို့က ကောင်းကင်မှာ ခရစ်တော်နဲ့အတူ အမှုဆောင်ကြမယ်။ (ဟီ. ၄:၁၄။ ၈:၃-၅။ ၁၀:၁) ဒီနေ့ခေတ် မိမိအဖွဲ့အစည်းကို ယေဟောဝါ လမ်းညွှန်ပြီး ကြွယ်ဝစွာ ကောင်းချီးပေးနေတာ သေချာပါတယ်။ w19.11 ၂၃ ¶၁၃။ ၂၄ ¶၁၄၊ ၁၆
သောကြာနေ့၊ ဒီဇင်ဘာ ၂၄
ဘယ်သူ့ကိုမှ ဝန်မပိစေချင်လို့ ကျွန်တော်တို့ နေ့ရောညပါ ပင်ပင်ပန်းပန်း အလုပ်ကြိုးစားခဲ့ကြတယ်။—၂ သက်. ၃:၈။
တမန်တော် ပေါလုဟာ ကောရိန္သုမြို့မှာ အာကုလနဲ့ ပြစ်ကိလတို့အိမ်မှာ နေပြီး သူတို့နဲ့အတူ “အလုပ်လုပ်တယ်။” “သူတို့ဟာ တဲရှင်ချုပ်တဲ့သူတွေ ဖြစ်လို့ အလုပ်ချင်း တူတယ်။” “နေ့ရောညပါ” လို့ ပြောတဲ့အခါ ပေါလု မနားတမ်း အလုပ်လုပ်တာကို မဆိုလိုဘူး။ ဥပုသ်နေ့တွေမှာ အလုပ်နားတယ်။ ဥပုသ်နေ့မှာ အနားယူတဲ့ ဂျူးတွေကို အခွင့်အရေးယူပြီး ဟောပြောတယ်။ (တ. ၁၃:၁၄-၁၆၊ ၄၂-၄၄။ ၁၆:၁၃။ ၁၈:၁-၄) ပေါလုဟာ လောကအလုပ် လုပ်ရပေမဲ့ ‘သတင်းကောင်း ကြေညာတဲ့ မြင့်မြတ်တဲ့အလုပ်’ မှာ ပုံမှန် ပါဝင်တယ်။ (ရော. ၁၅:၁၆။ ၂ ကော. ၁၁:၂၃) တခြားသူတွေကိုလည်း အဲဒီလိုပါဝင်ဖို့ အားပေးတယ်။ အာကုလနဲ့ ပြစ်ကိလဟာ ‘ခရစ်တော်ယေရှုရဲ့ အလုပ်ကို အတူလုပ်ဆောင်ခဲ့’ တဲ့ ပေါလုရဲ့ လုပ်ဖော်ဆောင်ဖက်တွေ ဖြစ်တယ်။ (ရော. ၁၂:၁၁။ ၁၆:၃) “သခင့်အလုပ်မှာ အမြဲ အလုပ်များနေ” ဖို့ ကောရိန္သုမြို့သားတွေကို ပေါလု တိုက်တွန်းတယ်။ (၁ ကော. ၁၅:၅၈။ ၂ ကော. ၉:၈) “အလုပ် မလုပ်ချင်တဲ့သူ အစာမစားစေနဲ့” လို့တောင် ရေးဖို့ တမန်တော် ပေါလုကို ယေဟောဝါ လမ်းညွှန်ခဲ့တယ်။—၂ သက်. ၃:၁၀။ w19.12 ၅ ¶၁၂-၁၃
စနေနေ့၊ ဒီဇင်ဘာ ၂၅
သားသမီးတွေဟာ ယေဟောဝါ ပေးတဲ့ အမွေပဲ။—ဆာ. ၁၂၇:၃။
ယေဟောဝါက ကနဦးမောင်နှံကို သားသမီး ရယူလိုစိတ် ထည့်သွင်းဖန်ဆင်းခဲ့တယ်။ ဒါပေမဲ့ သားသမီး ယူမလား၊ ဘယ်အချိန်မှာ ယူမလဲဆိုတာ ဘယ်သူ ဆုံးဖြတ်သင့်သလဲ။ ယဉ်ကျေးမှုတချို့မှာ ကြင်စဦးမောင်နှံတွေကို အမြန်ဆုံး သားသမီး ယူစေချင်ကြတယ်။ အဲဒီလို ယူဖို့ မိသားစုဝင်တွေနဲ့ တခြားသူတွေ ဖိအားပေးလေ့ရှိတယ်။ အာရှမှာနေတဲ့ ညီအစ်ကို ဂျက်သရိုက “အသင်းတော်မှာ သားသမီးရှိသူတချို့က မရှိတဲ့ မောင်နှံတွေကို သားသမီး ယူဖို့ ဖိအားပေးလေ့ရှိတယ်” လို့ ပြောတယ်။ “သားသမီး မရှိရင် အသက်ကြီးလာတဲ့အခါ ပြုစုမယ့်သူ ရှိမှာ မဟုတ်ဘူးလို့ တချို့ ပြောကြတယ်” ဆိုပြီး အာရှမှာနေတဲ့ ညီအစ်ကို ဂျက်ဖရီ ပြောတယ်။ ဒါပေမဲ့ ဇနီးမောင်နှံတွေအနေနဲ့ သားသမီး ယူမယူ ကိုယ်တိုင် ဆုံးဖြတ်ရမယ်။ အဲဒါ သူတို့တာဝန် ဖြစ်တယ်။ (ဂလ. ၆:၅) မိတ်ဆွေတွေ၊ မိသားစုဝင်တွေက ကြင်စဦးမောင်နှံကို ပျော်စေချင်တာ မှန်ပေမဲ့ သားသမီး ယူမယူ ဆုံးဖြတ်ရမှာက ဇနီးမောင်နှံရဲ့ တာဝန် ဖြစ်ကြောင်း အသိအမှတ်ပြုရမယ်။—၁ သက်. ၄:၁၁။ w19.12 ၂၂ ¶၁-၃
တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၂၆
ဒီနည်းအတိုင်း ခင်ဗျားတို့ ဆုတောင်းရမယ်– . . . “ကျွန်တော်တို့ရဲ့ အဖ။”—မ. ၆:၉။
ဘုရားကို ဖခင်အဖြစ် ရှုမြင်ဖို့ ခက်နေသလား။ တချို့က ယေဟောဝါနဲ့ ယှဉ်ရင် သေးသိမ်တယ်လို့ ခံစားရပြီး သိမ်ငယ်သွားကြတယ်။ ကိုယ့်ကို အနန္တတန်ခိုးရှင် ဘုရားသခင် ဂရုစိုက်ရဲ့လားလို့ သံသယ ဖြစ်ကြတယ်။ ဒါပေမဲ့ မေတ္တာရှင်ဖခင်က အဲဒီလို မခံစားစေချင်ဘူး။ ကျွန်တော်တို့ကို အသက် ပေးထားပြီး မိမိနဲ့ ရင်းရင်းနှီးနှီး ရှိစေချင်တယ်။ ယေဟောဝါဟာ “ကျွန်တော်တို့ တစ်ယောက်နဲ့မှ မဝေးပါဘူး” လို့ အေသင်မြို့သားတွေကို တမန်တော် ပေါလု ပြောခဲ့တယ်။ (တ. ၁၇:၂၄-၂၉) မေတ္တာရှိပြီး ဂရုစိုက်တတ်တဲ့ မိဘဆီ ချဉ်းကပ်တဲ့ ကလေးတစ်ယောက်လို မိမိဆီ ချဉ်းကပ်စေချင်တယ်။ တချို့က ဖခင်မေတ္တာ မရခဲ့တဲ့အတွက် ယေဟောဝါကို ဖခင်အဖြစ် ရှုမြင်ဖို့ ခက်နိုင်တယ်။ “ကျွန်မရဲ့ အဖေက စရိုက်ကြမ်းတယ်။ ဒါကြောင့် ကျွန်မ ကျမ်းစာ စလေ့လာတော့ ဘုရားကို ဖခင်အဖြစ် သဘောထားဖို့ သိပ်ခက်တယ်” လို့ ခရစ်ယာန် ညီအစ်မတစ်ယောက် ပြောတယ်။ သင်ကော အဲဒီလို ခံစားနေရသလား။ ဒါဆိုရင် စိတ်ဓာတ်မကျပါနဲ့။ ယေဟောဝါကို အကောင်းဆုံး ဖခင်အဖြစ် တဖြည်းဖြည်း ရှုမြင်လာနိုင်မှာပါ။ w20.02 ၃ ¶၄-၅
တနင်္လာနေ့၊ ဒီဇင်ဘာ ၂၇
အားအင် ဆုတ်ယုတ်သွားချိန်မှာ မပစ်ထားလိုက်ပါနဲ့။—ဆာ. ၇၁:၉။
ကျွန်တော်တို့ အသက်ကြီးလာလို့ စွမ်းရည် ဘယ်လောက်ပဲ အကန့်အသတ် ရှိပါစေ၊ ကိုယ်လုပ်နိုင်တာ ဘယ်လောက်ပဲ သေးငယ်ပါစေ ယေဟောဝါ တန်ဖိုးထားကြောင်း ယေရှု သင်ပေးတယ်။ (ဆာ. ၉၂:၁၂-၁၅။ လု. ၂၁:၂-၄) ဒါကြောင့် လုပ်နိုင်တာကိုပဲ အာရုံစိုက်ပါ။ ဥပမာ၊ ယေဟောဝါအကြောင်း ဟောပြောနိုင်တယ်။ ညီအစ်ကိုတွေအတွက် ဆုတောင်းပေးနိုင်တယ်။ ဆက်သစ္စာရှိဖို့ တခြားသူတွေကို အားပေးနိုင်တယ်။ သင့်ကို လုပ်ဖော်ဆောင်ဖက်အဖြစ် ယေဟောဝါ သဘောထားတာက သင့်ရဲ့ အောင်မြင်ပြီးမြောက်မှုကြောင့် မဟုတ်ဘဲ လိုလိုလားလား နာခံမှုကြောင့်ပဲ။ (၁ ကော. ၃:၅-၉) ကျေးကျွန်တွေကို တန်ဖိုးထားတတ်တဲ့ ဘုရား ယေဟောဝါကို ဝတ်ပြုရတာ ကျေးဇူးတင်စရာပါပဲ။ အလိုတော်ဆောင်ဖို့ ကျွန်တော်တို့ကို ဖန်ဆင်းထားတာ ဖြစ်လို့ စစ်မှန်တဲ့ ဝတ်ပြုရေးက ဘဝကို ပိုအဓိပ္ပာယ်ရှိစေတယ်။ (ဗျာ. ၄:၁၁) လောကက ကျွန်တော်တို့ကို တန်ဖိုးမရှိသူတွေလို့ ယူဆပေမဲ့ ယေဟောဝါကတော့ အဲဒီလို မယူဆဘူး။ (ဟီ. ၁၁:၁၆၊ ၃၈) ကျန်းမာရေး ပြဿနာ၊ စီးပွားရေး ပြဿနာ၊ အသက်အရွယ် အိုမင်းမှုကြောင့် စိတ်ဓာတ်ကျတဲ့အခါ ကောင်းကင်ဖခင်ရဲ့ မေတ္တာ မခံစားရအောင် ဘာကမှ မတားဆီးနိုင်ကြောင်း သတိရကြပါစို့။—ရော. ၈:၃၈၊ ၃၉။ w20.01 ၁၈ ¶၁၆။ ၁၉ ¶၁၈-၁၉
အင်္ဂါနေ့၊ ဒီဇင်ဘာ ၂၈
အို ဘုရားသခင်၊ ကျွန်တော့်ရင်ထဲမှာ စင်ကြယ်တဲ့ စိတ်နှလုံးကို ဖန်ဆင်းပေးပါ။ မယိမ်းယိုင်တတ်တဲ့ စိတ်သဘောအသစ်ကို ထည့်သွင်းပေးပါ။ —ဆာ. ၅၁:၁၀။
နှိမ့်ချစိတ်၊ ရောင့်ရဲစိတ် မွေးမြူခြင်းအားဖြင့် မနာလိုစိတ်ကို တိုက်ထုတ်နိုင်တယ်။ စိတ်ထဲမှာ အဲဒီအရည်အသွေးကောင်းတွေ ပြည့်နေရင် မနာလိုစိတ် ဝင်နိုင်မှာ မဟုတ်ဘူး။ နှိမ့်ချစိတ်က ကိုယ့်ကိုယ်ကိုယ် အထင်မကြီးလွန်းဖို့ ကူညီပေးပါလိမ့်မယ်။ နှိမ့်ချသူဟာ တခြားသူထက် ဘာမဆို ပိုရထိုက်တယ်လို့ မယူဆဘူး။ (ဂလ. ၆:၃၊ ၄) ရောင့်ရဲသူဟာ ကိုယ့်မှာ ရှိတာနဲ့ ကျေနပ်တယ်။ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ မနှိုင်းယှဉ်ဘူး။ (၁ တိ. ၆:၇၊ ၈) နှိမ့်ချပြီး ရောင့်ရဲတဲ့သူဟာ တခြားသူတွေ ကောင်းတာတစ်ခုခု ရတဲ့အခါ ဝမ်းသာပေးတယ်။ မနာလိုစိတ်ကို ရှောင်ပြီး နှိမ့်ချစိတ်၊ ရောင့်ရဲစိတ် မွေးမြူဖို့ သန့်ရှင်းသော စွမ်းအားတော် အကူအညီ လိုအပ်တယ်။ (ဂလ. ၅:၁၆။ ဖိ. ၂:၃၊ ၄) ယေဟောဝါရဲ့ စွမ်းအားတော်က ကျွန်တော်တို့ရဲ့ အနက်ရှိုင်းဆုံး အတွေးနဲ့ စိတ်ခံစားချက်တွေကို ဆန်းစစ်ဖို့ ကူညီပေးနိုင်တယ်။ မကောင်းတဲ့ အတွေး၊ ခံစားချက်တွေကို ကောင်းတာတွေနဲ့ အစားထိုးဖို့ ဘုရားသခင် ကူညီပေးနိုင်တယ်။—ဆာ. ၂၆:၂။ w20.02 ၁၅ ¶၈-၉
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၂၉
ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်ရဲ့ သွန်သင်ချက်ကိုပါ အမြဲ ဂရုစိုက်ပါ။—၁ တိ. ၄:၁၆။
ဆက်ကပ်အပ်နှံတယ်ဆိုတာ သစ္စာကတိပြုတာ ဖြစ်ပြီး ကတိတည်ဖို့ ယေဟောဝါ မျှော်လင့်တယ်။ ဒါကြောင့် အသင်းတော်နဲ့ နီးနီးကပ်ကပ် နေပါ။ အသင်းတော်က ညီအစ်ကို/မတွေဟာ သင့်ရဲ့ မိသားစုဝင်တွေပါပဲ။ အစည်းအဝေး ပုံမှန် တက်ခြင်းအားဖြင့် သူတို့နဲ့ ပိုခင်မင်ရင်းနှီးအောင် လုပ်ပါ။ နေ့တိုင်း ကျမ်းစာ ဖတ်ပါ။ (ဆာ. ၁:၁၊ ၂) အချိန်ယူပြီး အလေးအနက် တွေးတောဆင်ခြင်ပါ။ ဒါမှ ကျမ်းစကားတွေ စိတ်နှလုံးထဲ စိမ့်ဝင်နိုင်မယ်။ “အမြဲ ဆုတောင်း” ပါ။ (မ. ၂၆:၄၁) စိတ်ရင်းမှန်နဲ့ တောင်းတဲ့ ဆုတောင်းချက်တွေဟာ ယေဟောဝါနဲ့ ပိုရင်းနှီးစေတယ်။ ‘ဘုရားသခင်ရဲ့ နိုင်ငံတော်ကို အမြဲ ဦးစားထား’ ပါ။ (မ. ၆:၃၃) ဘဝမှာ ဟောပြောခြင်းလုပ်ငန်းကို အဓိကထားခြင်းအားဖြင့် နိုင်ငံတော်ကို ဦးစားထားမယ်ဆိုရင် ယုံကြည်ခြင်း ခိုင်မာလာမယ်။ ဒီစနစ်မှာ ကြုံရမယ့် ဘယ်အခက်အခဲမဆိုဟာ ‘ခဏတာဖြစ်ပြီး ပေါ့ပါး’ တယ်။ (၂ ကော. ၄:၁၇) ဆက်ကပ်အပ်နှံတာ၊ နှစ်ခြင်းခံတာကတော့ လောလောဆယ်မှာ ကျေနပ်စရာ ဘဝကို ပိုင်ဆိုင်စေပြီး အနာဂတ်မှာ “စစ်မှန်တဲ့ အသက်” ရရှိစေမယ်။ ကုန်ကျစရိတ် ရှိတာတော့ မှန်ပါတယ်။ ဒါပေမဲ့ တန်ပါတယ်။—၁ တိ. ၆:၁၉။ w20.03 ၁၃ ¶၁၉-၂၁
ကြာသပတေးနေ့၊ ဒီဇင်ဘာ ၃၀
အချိန်နည်းနည်းပဲ ကျန်တော့တယ်။ —၁ ကော. ၇:၂၉။
ကျမ်းစာသင်သား မတိုးတက်တဲ့အခါ ‘ရပ်လိုက်သင့်သလား’ လို့ စဉ်းစားရတော့မယ်။ ဒီလိုအခြေအနေမှာ ‘ငါ့သင်သားက အခြေအနေပေးသလောက် တိုးတက်နေသလား။ သိလာတာတွေကို “လိုက်နာ” နေပြီလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ (မ. ၂၈:၂၀) သင်သားတချို့ဟာ ယေဇကျေလခေတ်က အစ္စရေးတွေနဲ့ တူတယ်။ ယေဟောဝါက ယေဇကျေလကို “သူတို့အတွက်တော့ မင်းဟာ တူရိယာကို ပိုင်ပိုင်နိုင်နိုင် တီးခတ်ပြီး အချစ်သီချင်းကို ချိုချိုသာသာ ဆိုပြတဲ့သူ ဖြစ်နေတယ်။ မင်း ပြောတာကို ကြားပေမဲ့ အဲဒီအတိုင်း လုပ်ကြမှာ မဟုတ်ဘူး” လို့ ပြောတယ်။ (ယေဇ. ၃၃:၃၂) သင်အံမှုကို ရပ်လိုက်တော့မယ်လို့ ပြောဖို့ ခက်နိုင်တယ်။ ဒါပေမဲ့ “အချိန်နည်းနည်းပဲ ကျန်တော့တယ်။” မတိုးတက်တဲ့ သင်အံမှုနဲ့ အချိန်ဖြုန်းနေမယ့်အစား “ထာဝရအသက် ရဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားတဲ့သူတွေ” ကို ရှာရမယ်။—တ. ၁၃:၄၈။ w20.01 ၆ ¶၁၇။ ၇ ¶၂၀
သောကြာနေ့၊ ဒီဇင်ဘာ ၃၁
နိုင်ငံတော် လာပါစေ။ အလိုတော်ဟာ ကောင်းကင်မှာ ပြည့်စုံသလို ကမ္ဘာမြေမှာလည်း ပြည့်စုံပါစေ။—မ. ၆:၁၀။
နာခံမှုရှိတဲ့ လူအားလုံး တစ်နေ့ကျရင် ကမ္ဘာပေါ်မှာ ထာဝစဉ် နေထိုင်ကြမယ်ဆိုတဲ့ ကျမ်းစာ အမှန်တရားကို အမည်ခံခရစ်ယာန်တွေ မသွန်သင်ပေးဘူး။ (၂ ကော. ၄:၃၊ ၄) ဒီနေ့ခေတ် အမည်ခံခရစ်ယာန် အများစုဟာ လူကောင်းအားလုံး သေပြီးနောက် ကောင်းကင်တက်မယ်လို့ သွန်သင်ပေးတယ်။ ၁၈၇၉ ခုနှစ်မှာ ကင်းမျှော်စင် ကို စတင်ထုတ်ဝေတဲ့ ကျမ်းစာကျောင်းသား အုပ်စုလေးကတော့ သူတို့နဲ့ မတူဘူး။ ဘုရားသခင်က ကမ္ဘာပေါ်မှာ ပရဒိသု ပြန်လည်တည်ထောင်မယ်၊ နာခံမှုရှိတဲ့ လူသန်းပေါင်းများစွာဟာ ကောင်းကင်မှာ မဟုတ်ဘဲ ကမ္ဘာပေါ်မှာ နေထိုင်ကြမယ်ဆိုတာ သူတို့ နားလည်တယ်။ ဒါပေမဲ့ အဲဒီနာခံမှုရှိသူတွေ ဘယ်သူတွေဖြစ်မယ်ဆိုတာ သိဖို့ အချိန်ယူခဲ့ရတယ်။ ကျမ်းစာအရ လူတချို့ကို ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်စိုးဖို့ ‘ကမ္ဘာမြေပေါ်ကနေ ဝယ်ယူ’ မှာ ဖြစ်ကြောင်း ကျမ်းစာကျောင်းသားတွေ နားလည်ကြတယ်။ (ဗျာ. ၁၄:၃) အဲဒီအုပ်စုကို ကမ္ဘာပေါ်ရှိစဉ် ဘုရားသခင်ကို သစ္စာရှိရှိ ဝတ်ပြုတဲ့သူ၊ ထက်သန်ပြီး ဆက်ကပ်အပ်နှံထားတဲ့သူ ၁၄၄,၀၀၀ နဲ့ ဖွဲ့စည်းမယ်။ w19.09 ၂၇ ¶၄-၅