ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • es23 စာ. ၇-၁၇
  • ဇန်နဝါရီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဇန်နဝါရီ
  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၃
  • ခေါင်းစ‎ဥ်ငယ်များ
  • တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၁
  • တနင်္လာနေ့၊ ဇန်နဝါရီ ၂
  • အင်္ဂါနေ့၊ ဇန်နဝါရီ ၃
  • ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၄
  • ကြာသပတေးနေ့၊ ဇန်နဝါရီ ၅
  • သောကြာနေ့၊ ဇန်နဝါရီ ၆
  • စနေနေ့၊ ဇန်နဝါရီ ၇
  • တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၈
  • တနင်္လာနေ့၊ ဇန်နဝါရီ ၉
  • အင်္ဂါနေ့၊ ဇန်နဝါရီ ၁၀
  • ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၁၁
  • ကြာသပတေးနေ့၊ ဇန်နဝါရီ ၁၂
  • သောကြာနေ့၊ ဇန်နဝါရီ ၁၃
  • စနေနေ့၊ ဇန်နဝါရီ ၁၄
  • တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၁၅
  • တနင်္လာနေ့၊ ဇန်နဝါရီ ၁၆
  • အင်္ဂါနေ့၊ ဇန်နဝါရီ ၁၇
  • ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၁၈
  • ကြာသပတေးနေ့၊ ဇန်နဝါရီ ၁၉
  • သောကြာနေ့၊ ဇန်နဝါရီ ၂၀
  • စနေနေ့၊ ဇန်နဝါရီ ၂၁
  • တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၂၂
  • တနင်္လာနေ့၊ ဇန်နဝါရီ ၂၃
  • အင်္ဂါနေ့၊ ဇန်နဝါရီ ၂၄
  • ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၂၅
  • ကြာသပတေးနေ့၊ ဇန်နဝါရီ ၂၆
  • သောကြာနေ့၊ ဇန်နဝါရီ ၂၇
  • စနေနေ့၊ ဇန်နဝါရီ ၂၈
  • တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၂၉
  • တနင်္လာနေ့၊ ဇန်နဝါရီ ၃၀
  • အင်္ဂါနေ့၊ ဇန်နဝါရီ ၃၁
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၃
es23 စာ. ၇-၁၇

ဇန်နဝါရီ

တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၁

သူတို့ဟာ မျက်ကန်းလမ်းပြတွေပဲ။—မ. ၁၅:၁၄။

မိမိခေတ်မှာ ရှိတဲ့ အယောင်ဆောင် ဘာသာရေး ထုံးစံတွေကို ယေရှု သတ္တိရှိရှိ ပြစ်တင်ရှုတ်ချတယ်။ ဥပမာ၊ မိဘကို ပြုစုစောင့်ရှောက်တဲ့ ကိစ္စထက် လက်ဆေးတဲ့ကိစ္စကို ပိုရေးကြီးခွင့်ကျယ် လုပ်တဲ့ ဖာရိရှဲတွေရဲ့ အယောင်ဆောင်မှုကို ဖော်ထုတ်တယ်။ (မ. ၁၅:၁-၁၁) ဘာသာရေး ခေါင်းဆောင်တွေ ဒေါသထွက်မှာ ကြောက်ပြီး ယေရှု အမှန်အတိုင်း မပြောဘဲ မနေဘူး။ မှားယွင်းတဲ့ ဘာသာရေး သွန်သင်ချက်တွေကိုလည်း ယေရှု ဖော်ထုတ်တယ်။ ဘာသာရေး ယုံကြည်ချက်အားလုံးကို ဘုရား နှစ်သက်လက်ခံတယ်လို့ မပြောဘူး။ အဲဒီအစား လူများစွာဟာ ပျက်စီးခြင်းကို ပို့ဆောင်တဲ့ လမ်းကျယ်ပေါ် ရှိနေပြီး လူအနည်းငယ်ပဲ အသက်ရှင်ခြင်းကို ပို့ဆောင်တဲ့ လမ်းကျဉ်းပေါ် ရှိမယ်လို့ ပြောတယ်။ (မ. ၇:၁၃၊ ၁၄) လူတချို့က ဘုရားကို ဝတ်ပြုနေတယ်လို့ ထင်ရပေမဲ့ တကယ်ဝတ်ပြုနေတာ မဟုတ်ဘူးလို့လည်း ယေရှု ရှင်းရှင်းလင်းလင်း ပြောတယ်။ “သိုးရေခြုံပြီး ဝင်လာတဲ့ ပရောဖက် အတုအယောင်တွေကို သတိထားကြ။ တကယ်တော့ သူတို့ဟာ ငမ်းငမ်းတက်ဖြစ်နေတဲ့ ဝံပုလွေတွေပဲ။ သူတို့ရဲ့ အသီးကို ကြည့်ပြီး သူတို့ကို ခွဲခြားသိလိမ့်မယ်” လို့ သတိပေးတယ်။—မ. ၇:၁၅-၂၀။ w21.05 ၉ ¶၇-၈

တနင်္လာနေ့၊ ဇန်နဝါရီ ၂

ဟန္န . . . မျက်နှာညှိုးငယ် မနေတော့ဘူး။—၁ ရှ. ၁:၁၈။

ဟန္နဟာ မိမိကို သိပ်ချစ်မြတ်နိုးတဲ့ လေဝိအမျိုးသား ဧလကာနနဲ့ အိမ်ထောင်ပြုထားတယ်။ ဒါပေမဲ့ ဧလကာနမှာ ပေနိန္နဆိုတဲ့ ဇနီး နောက်တစ်ယောက် ရှိတယ်။ ပေနိန္နထက် ဟန္နကို ဧလကာန ပိုချစ်တယ်။ “ပေနိန္နမှာ သားသမီး ရှိပေမဲ့ ဟန္နမှာတော့ သားသမီး မရှိဘူး။” ဒါကြောင့် ပေနိန္နက ဟန္န “စိတ်ဆင်းရဲအောင်၊ မခံချိမခံသာဖြစ်အောင် အမြဲ ပြောလေ့ရှိတယ်။” ဟန္န စိတ်ဆင်းရဲလွန်းလို့ “မစားနိုင် မသောက်နိုင်ဘဲ ငိုနေရရှာတယ်။” ဒါပေမဲ့ ပေနိန္နကို ဟန္န တစ်နည်းနည်းနဲ့ လက်စားချေဖို့ ကြိုးစားတယ်ဆိုတဲ့ မှတ်တမ်း ကျမ်းစာမှာ မတွေ့ရဘူး။ အဲဒီအစား ယေဟောဝါ ကူညီဖြေရှင်းပေးမယ်ဆိုတာ ယုံကြည်စိတ်ချပြီး ရင်ဖွင့်ဆုတောင်းတယ်။ (၁ ရှ. ၁:၂၊ ၆၊ ၇၊ ၁၀) ဟန္နရဲ့ ပုံသက်သေကနေ ဘာသင်ယူနိုင်သလဲ။ ကိုယ့်ကို တစ်ယောက်ယောက်က တစ်နည်းနည်းနဲ့ ယှဉ်ဖို့ ကြိုးစားနေတယ်ဆိုရင် အခြေအနေကို သင် ထိန်းချုပ်နိုင်ကြောင်း သတိရပါ။ သူ့ကို လိုက်မပြိုင်ပါနဲ့။ အဆိုးကို အဆိုးနဲ့ တုံ့ပြန်မယ့်အစား သူနဲ့ သင့်မြတ်ဖို့ ကြိုးစားပါ။ (ရော. ၁၂:၁၇-၂၁) သူ့ဘက်က မတုံ့ပြန်ရင်တောင် ကိုယ့်မှာ စိတ်ငြိမ်သက်မှု ရှိနေပါလိမ့်မယ်။ w21.07 ၁၇ ¶၁၃-၁၄

အင်္ဂါနေ့၊ ဇန်နဝါရီ ၃

ခင်ဗျားတို့ မျက်စိရှင်ရှင် ထားပြီး လောဘကြီးခြင်း အမျိုးမျိုးကို သတိနဲ့ ရှောင်ကြပါ။—လု. ၁၂:၁၅။

ယုဒရှကာရုတ်ဟာ လောဘစိတ်ကြောင့် သစ္စာဖောက် ဖြစ်သွားတယ်။ အစကတော့ သူ အဲဒီလို မဟုတ်ဘူး။ (လု. ၆:၁၃၊ ၁၆) ငွေသေတ္တာ ကိုင်ရသူ ဖြစ်လို့ စွမ်းဆောင်ရည် ရှိသူ၊ အားကိုးရသူ ဖြစ်တာ ထင်ရှားတယ်။ ဒါပေမဲ့ လောဘနဲ့ပတ်သက်တဲ့ ယေရှုရဲ့ သတိပေးချက်တွေကို အကြိမ်ကြိမ် ကြားရတာတောင် ယုဒဟာ ငွေတွေ စခိုးလာတယ်။ (မာ. ၇:၂၂၊ ၂၃။ လု. ၁၁:၃၉) ယေရှု မသေဆုံးခင်လေးမှာ ယုဒရဲ့ လောဘ သိသာထင်ရှားလာတယ်။ အနာကြီးရောဂါသည် ရှိမုန်က အိမ်မှာ ယေရှုနဲ့ တပည့်တွေကို ဧည့်ခံတယ်။ မာရိ၊ မာသလည်း ရှိနေတယ်။ စားသောက်နေတုန်း မာရိက တန်ဖိုးကြီးတဲ့ ဆီမွှေးကို ယေရှု ခေါင်းပေါ် လောင်းလိုက်တယ်။ အဲဒါကို မြင်တဲ့အခါ ယုဒနဲ့ တခြားတပည့်တွေ စိတ်ဆိုးကြတယ်။ အဲဒီပိုက်ဆံကို ဆင်းရဲသားတွေအတွက် သုံးတာ ပိုကောင်းမယ်လို့ တခြားတပည့်တွေ ထင်နေကြတာ ဖြစ်နိုင်တယ်။ ယုဒ စိတ်ဆိုးတာကတော့ တခြား အကြောင်းကြောင့်ပဲ။ ငွေ “ခိုးယူ” ချင်လို့ ဖြစ်တယ်။—ယော. ၁၂:၂-၆။ မ. ၂၆:၆-၁၆။ လု. ၂၂:၃-၆။ w21.06 ၁၈ ¶၁၂-၁၃

ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၄

ကျွန်တော့်အဖြစ် ဆိုးလိုက်တာ။ . . . လွတ်မြောက်အောင် ဘယ်သူ ကယ်တင်ပေးမလဲ။—ရော. ၇:၂၄။

တာဝန်တွေ များလွန်းလို့ ဝန်ပိနေတယ်လို့ သင် ခံစားရသလား။ ဒါဆိုရင် ပေါလုကို ကိုယ်ချင်းစာနိုင်ပါလိမ့်မယ်။ ပေါလုဟာ အသင်းတော်တစ်ခုတည်းအတွက် မဟုတ်ဘဲ “အသင်းတော်တွေအတွက်” စိတ်ပူနေရတယ်။ (၂ ကော. ၁၁:၂၃-၂၈) နာတာရှည် ကျန်းမာရေး ပြဿနာကြောင့် သင် ရွှင်လန်းမှု ပျောက်ဆုံးနေသလား။ ပေါလုဟာ “ကိုယ်ခန္ဓာမှာ စူးတဲ့ ဆူး” ကြောင့် အမြဲ စူးရှနာကျင်နေရတယ်။ အဲဒီဆူးဟာ ကျန်းမာရေး ပြဿနာ ဖြစ်ပုံရပြီး ပေါလုခမျာ ဝေဒနာ သက်သာပျောက်ကင်းချင်နေတယ်။ (၂ ကော. ၁၂:၇-၁၀) ကိုယ်တိုင်ရဲ့ အားနည်းချက်တွေကြောင့် သင် စိတ်ဓာတ်ကျနေသလား။ ပေါလုလည်း စိတ်ဓာတ်ကျတဲ့အချိန်တွေ ရှိတယ်။ အားနည်းချက်တွေကို တစ်ချိန်လုံး တိုက်လှန်နေရတဲ့အတွက် “ကျွန်တော့်အဖြစ် ဆိုးလိုက်တာ” လို့ ပြောခဲ့တယ်။ (ရော. ၇:၂၁-၂၄) ပေါလုဟာ စမ်းသပ်မှု အမျိုးမျိုးနဲ့ စိတ်ဓာတ်ကျစေတဲ့ အခြေအနေတွေကြား ယေဟောဝါအတွက် ဆက်အမှုဆောင်တယ်။ ပေါလုကို ဘာက ကူညီပေးသလဲ။ ကိုယ့်အားနည်းချက်တွေကို သိပေမဲ့ ရွေးဖိုးကို အပြည့်အဝ ယုံကြည်တယ်။ w21.04 ၂၂ ¶၇-၈

ကြာသပတေးနေ့၊ ဇန်နဝါရီ ၅

လူသားလည်း . . . လူအများအတွက် ရွေးဖိုးအဖြစ် အသက်ပေးဖို့ ရောက်လာတာ။—မာ. ၁၀:၄၅။

စုံလင်တဲ့လူ အာဒံ အပြစ်လုပ်တဲ့အခါ ကိုယ်တိုင်သာမက သားစဉ်မြေးဆက်တွေပါ ထာဝစဉ် အသက်ရှင်ဖို့ အခွင့်အရေး ဆုံးရှုံးသွားတယ်။ အာဒံဟာ စိတ်လိုကိုယ်လျောက် အပြစ်လုပ်ခဲ့တာ ဖြစ်လို့ လုံးဝ ခွင့်လွှတ်ခံရစရာအကြောင်း မရှိဘူး။ ဒါပေမဲ့ သားစဉ်မြေးဆက်တွေကော။ သူတို့ကတော့ အာဒံရဲ့ အပြစ်နဲ့ ဘာမှ မပတ်သက်ကြဘူး။ (ရော. ၅:၁၂၊ ၁၄) အာဒံ ရထိုက်တဲ့ သေဒဏ် စီရင်မှုကနေ သူတို့ကို ကယ်တင်နိုင်တာ တစ်ခုခု ရှိမလား။ ရှိပါတယ်။ အာဒံ အပြစ်လုပ်ပြီးနောက် သားစဉ်မြေးဆက် သန်းပေါင်းများစွာကို အပြစ်နဲ့ သေခြင်းအောက်ကနေ ဘယ်လို ကယ်တင်မယ်ဆိုတာ ယေဟောဝါ တဖြည်းဖြည်း ဖော်ပြခဲ့တယ်။ (က. ၃:၁၅) မစုံလင်တဲ့ ကျွန်တော်တို့ဟာ ရွေးဖိုးကြောင့်သာ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနိုင်တာ။ မာရ်နတ် လုပ်သမျှလည်း ရွေးဖိုးကြောင့်သာ အပြီးအပိုင် ချေဖျက်ခံရမှာ။ (၁ ယော. ၃:၈) ကမ္ဘာမြေနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ မူလရည်ရွယ်ချက် ပြည့်စုံလာပြီး တစ်ကမ္ဘာလုံး ပရဒိသု ဖြစ်လာမယ်။ w21.04 ၁၄ ¶၁။ ၁၉ ¶၁၇

သောကြာနေ့၊ ဇန်နဝါရီ ၆

နှစ်ခြင်းခံကြပါ။—တ. ၂:၃၈။

နိုင်ငံပေါင်းစုံက ဘာသာစကား မျိုးစုံ ပြောတဲ့ ယောကျ်ား၊ မိန်းမ အုပ်စုကြီး ဂျေရုဆလင်မြို့မှာ စုဝေးရောက်ရှိနေတယ်။ အဲဒီနေ့မှာ အံ့ဩစရာတစ်ခု ဖြစ်ခဲ့တယ်။ သာမန် ဂျူးတစ်အုပ်စုက စုဝေးရောက်ရှိနေသူတွေရဲ့ မိခင်ဘာသာစကားနဲ့ ဟောပြောကြတယ်။ သူတို့ ပြောတဲ့စကား၊ အထူးသဖြင့် တမန်တော် ပေတရု ပြောတဲ့စကားက ပိုအံ့ဩစရာ ကောင်းတယ်။ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခံရမယ်ဆိုတဲ့ သတင်းတရား ပါဝင်တယ်။ အဲဒီသတင်းတရားကြောင့် လူအုပ် စိတ်ထိမိသွားပြီး “ကျွန်တော်တို့ ဘာလုပ်ရမလဲ” လို့ မေးကြတယ်။ “နှစ်ခြင်းခံကြပါ” လို့ ပေတရု ပြန်ပြောတယ်။ (တ. ၂:၃၇၊ ၃၈) ဘာဆက်ဖြစ်သလဲ။ အဲဒီနေ့မှာ လူ ၃၀၀၀ လောက် နှစ်ခြင်းခံပြီး ခရစ်တော်ရဲ့ တပည့်တွေ ဖြစ်လာတယ်။ ယေရှု မိန့်မှာခဲ့တဲ့ တပည့်ဖြစ်စေခြင်း လုပ်ငန်းကြီးရဲ့ အစပါပဲ။ အဲဒီလုပ်ငန်းကို ၂၁ ရာစုမှာ ဆက်လုပ်ဆောင်နေတယ်။ w21.06 ၂ ¶၁-၂

စနေနေ့၊ ဇန်နဝါရီ ၇

ကျွန်တော်က စိုက်ပျိုးတယ်။ အာပေါလုက ရေလောင်းတယ်။ အပင်ကို ကြီးထွားစေတာကတော့ ဘုရားသခင်ပဲ။ စိုက်ပျိုးသူနဲ့ ရေလောင်းသူက အရေးပါတာ မဟုတ်ဘူး။ အပင်ကို ကြီးထွားစေတဲ့ ဘုရားသခင်ကသာ အရေးပါတာပါ။—၁ ကော. ၃:၅၊ ၆။

ကျမ်းစာသင်အံမှု စဖို့ ခက်တဲ့ ဒေသမှာ ကျွန်တော်တို့ နေထိုင်နေတာ ဖြစ်နိုင်တယ်။ သတင်းကောင်းကို လူတွေ စိတ်မဝင်စားတာ၊ ဆန့်ကျင်တာတောင် ဖြစ်နိုင်တယ်။ အဲဒီလို ဒေသမှာ အပြုသဘောထား ဆက်ရှိဖို့ ဘာက ကူညီပေးနိုင်သလဲ။ ဆိုးယုတ်တဲ့ ဒီလောကမှာ လူတွေရဲ့ အခြေအနေတွေ နေ့ချင်းညချင်း ပြောင်းလဲနိုင်ကြောင်း၊ အစက စိတ်မဝင်စားပေမဲ့ ဘုရားအကူအညီ လိုအပ်မှန်း သိမြင်လာနိုင်ကြောင်း သတိရပါ။ (မ. ၅:၃) စာပေတွေကို အမြဲလိုလို လက်မခံသူတချို့ နောက်ပိုင်းမှာ ကျမ်းစာသင်အံမှု လက်ခံလာတာတွေ ရှိတယ်။ ယေဟောဝါဟာ စပါးရှင် ဖြစ်ကြောင်းလည်း ကျွန်တော်တို့ သိတယ်။ (မ. ၉:၃၈) ကျွန်တော်တို့ကို ဆက်ပြီး စိုက်ပျိုး၊ ရေလောင်းစေချင်ပေမဲ့ ကြီးထွားစေဖို့တော့ ဘုရားပဲ တာဝန်ယူထားတယ်။ လောလောဆယ် ကျမ်းစာသင်အံမှု မလုပ်နိုင်ရင်တောင် ကိုယ်ရတဲ့ ရလဒ်တွေကို မဟုတ်ဘဲ ကိုယ့်ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီးပေးမှန်း သိရတာ အားရှိစရာပါပဲ။ w21.07 ၆ ¶၁၄

တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၈

သားသမီးတွေဟာ ယေဟောဝါပေးတဲ့ အမွေပဲ။—ဆာ. ၁၂၇:၃။

ယေဟောဝါက လူသားတွေကို သားသမီး မွေးဖွားနိုင်စွမ်း ပေးထားတယ်။ ဘုရားကို ချစ်ပြီး ဝတ်ပြုလာအောင် သွန်သင်ပေးဖို့လည်း တာဝန်ပေးထားတယ်။ ကောင်းကင်တမန်တွေဟာ ယေဟောဝါရဲ့ ကောင်းချီး များစွာ ရထားပေမဲ့ ဒီအခွင့်ထူးတော့ မရဘူး။ ဒါကြောင့် မိဘတွေဟာ ဒီအခွင့်ထူးကို တန်ဖိုးထားသင့်တယ်။ သားသမီးတွေကို ‘ယေဟောဝါ မိန့်မှာတဲ့အတိုင်း ဆုံးမသွန်သင်’ ဖို့ အထူးတာဝန် ရှိတယ်။ (ဧ. ၆:၄။ တရား. ၆:၅-၇) မိဘတွေကို ကူညီဖို့ ဘုရားအဖွဲ့အစည်းက စာပေ၊ ဗီဒီယို၊ တေးဂီတ၊ ဝက်ဘ် ဆောင်းပါးတွေ စတဲ့ ကျမ်းစာ အခြေပြု ကိရိယာများစွာ ပြင်ဆင်ပေးထားတယ်။ ကောင်းကင်ဖခင်ရော သားတော်ပါ လူငယ်တွေကို ချစ်မြတ်နိုးတာ ထင်ရှားတယ်။ (လု. ၁၈:၁၅-၁၇) ယေဟောဝါကို အားကိုးပြီး အဖိုးတန် သားသမီးတွေကို အကောင်းဆုံး ထိန်းကျောင်းတဲ့ မိဘတွေကို ဘုရား နှစ်သက်တယ်။ အဲဒီလို မိဘတွေဟာ သားသမီးတွေကို ယေဟောဝါရဲ့ မိသားစုဝင် ထာဝစဉ် ဖြစ်ခွင့် ရဖို့ ကူညီပေးနေကြတယ်။ w21.08 ၅ ¶၉

တနင်္လာနေ့၊ ဇန်နဝါရီ ၉

ယုံကြည်ခြင်းဆိုတာ . . . ကိုယ်ယုံကြည်တဲ့အရာကို မမြင်ရပေမဲ့ အမှန်တကယ်ရှိတယ်လို့ စိတ်ချနေတာ ဖြစ်တယ်။—ဟီ. ၁၁:၁။

ယုံကြည်တယ်လို့ ပြောတဲ့အခါ အထောက်အထား မရှိဘဲ မျက်စိမှိတ် ယုံတာလို့ လူတချို့ ထင်ကြတယ်။ ဒါပေမဲ့ ကျမ်းစာအဆိုအရ အဲဒါ စစ်မှန်တဲ့ ယုံကြည်ခြင်း မဟုတ်ဘူး။ တစ်ခုခုကို ယုံကြည်စိတ်ချဖို့ဆိုရင် ခိုင်လုံတဲ့ အချက်အလက်တွေကို သိဖို့ လိုတယ်။ ယေဟောဝါ၊ ယေရှု၊ ကောင်းကင်နိုင်ငံ စတာတွေကို မမြင်ရပေမဲ့ အဲဒါတွေ တကယ်တည်ရှိတယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားတွေ အများကြီး ရှိတယ်။ (ဟီ. ၁၁:၃) ဇီဝဓာတု ပညာရှင် သက်သေခံတစ်ယောက်က “ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းဟာ သိပ္ပံအချက်အလက်တွေကို လျစ်လျူရှုပြီး မျက်စိမှိတ် ယုံတာ မဟုတ်ဘူး” လို့ ပြောတယ်။ ‘ဖန်ဆင်းရှင် ရှိတယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထား ရှိတယ်ဆိုရင် ဖန်ဆင်းရှင် မရှိဘဲ အသက် စတင်လာတယ်လို့ လူများစွာ ဘာကြောင့် ယူဆနေကြတာလဲ’ ဆိုပြီး စဉ်းစားမိနိုင်တယ်။ အကြောင်းရင်းကတော့ အထောက်အထားတွေကို ကိုယ်တိုင် တစ်ခါမှ မဆန်းစစ်လို့ပဲ။ အခု ယေဟောဝါသက်သေ ဖြစ်နေတဲ့ ရောဘတ်က “ကျောင်းမှာ ဖန်ဆင်းခြင်းအကြောင်း တစ်ခါမှ မသင်ရတဲ့အတွက် ဖန်ဆင်းခြင်း မှားတယ်လို့ပဲ ထင်လာတာ။ အသက် ၂၀ လောက်မှာ အရာအားလုံးကို ဘုရား ဖန်ဆင်းတယ်ဆိုတဲ့ ယုတ္တိရှိတဲ့ ကျမ်းစာအကြောင်းရင်းတွေ သိလာတယ်” လို့ ပြောတယ်။ w21.08 ၁၅ ¶၄-၅

အင်္ဂါနေ့၊ ဇန်နဝါရီ ၁၀

ယေဟောဝါ ဘယ်လောက် ကောင်းမြတ်သလဲဆိုတာ မြည်းစမ်းပြီး ကိုယ်တိုင် ခံစားကြည့်ပါ။—ဆာ. ၃၄:၈။

ကျမ်းစာ ဖတ်တာ၊ တခြားသူတွေရဲ့ အတွေ့အကြုံတွေ နားထောင်တာကနေ ယေဟောဝါရဲ့ ကောင်းမြတ်ခြင်းအကြောင်း သိနိုင်တယ်။ ဒါပေမဲ့ ကိုယ်တိုင် “မြည်းစမ်း” ကြည့်မှ ဘုရားရဲ့ ကောင်းမြတ်ခြင်းကို ကောင်းကောင်း နားလည်မယ်။ ဥပမာ၊ အချိန်ပြည့်လုပ်ငန်း တစ်မျိုးမျိုးမှာ ပါဝင်ချင်တယ်။ အဲဒီပန်းတိုင် ရောက်ဖို့ ဘဝကို ရိုးရိုးရှင်းရှင်း ထားရမယ်ဆိုတာ သိတယ်။ နိုင်ငံတော်ကို ဦးစားထားရင် လိုအပ်တာတွေကို ယေဟောဝါ ဖြည့်ဆည်းပေးမယ်ဆိုတဲ့ ယေရှုရဲ့ ကတိကို ကျွန်တော်တို့ သိပေမဲ့ ကိုယ်တိုင် မကြုံဖူးသေးဘူး။ (မ. ၆:၃၃) ဒါပေမဲ့ ယေရှုရဲ့ ကတိကို ယုံကြည်ပြီး အသုံးစရိတ် လျှော့၊ အလုပ်ချိန် လျှော့ပြီး အမှုဆောင်လုပ်ငန်းမှာ ပိုပါဝင်တယ်။ အဲဒီလို လုပ်တဲ့အခါ ကျွန်တော်တို့ရဲ့ လိုအပ်ရာတွေကို ယေဟောဝါ တကယ် ဖြည့်ဆည်းပေးကြောင်း ကိုယ်တွေ့ သိလာတယ်။ ယေဟောဝါရဲ့ ကောင်းမြတ်ခြင်းကို “မြည်းစမ်း” လိုက်ရတာပဲ။ w21.08 ၂၆ ¶၂

ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၁၁

အကျိုးဖြစ်ထွန်းတဲ့ သွန်သင်ချက်ကို နားမထောင်ချင်တော့ [ဘူး]။ —၂ တိ. ၄:၃။

ဒီနေ့ခေတ်မှာကော အလားတူ ပြဿနာ ရှိသလား။ ရှိပါတယ်။ ဘာသာရေးခေါင်းဆောင် များစွာဟာ ထင်ပေါ်တဲ့ သူဌေးသူကြွယ်တွေ၊ ပညာတတ်လို့ လောကက ယူမှတ်သူတွေကို အသင်းသားတွေအဖြစ် မျက်နှာသာ ပိုပေးကြတယ်။ ဘုရားစံနှုန်းနဲ့ မကိုက်ညီတဲ့ ကိုယ်ကျင့်တရားနဲ့ ဘဝပုံစံ ရှိနေရင်တောင် အဲဒီလို မျက်နှာသာ ပေးကြတယ်။ ဇွဲထက်သန်ပြီး ကိုယ်ကျင့်တရား စင်ကြယ်တဲ့ ဘုရားကျေးကျွန်တွေကိုတော့ အထင်သေးကြတယ်။ လောကမှာ ထင်ပေါ်သူတွေ မဟုတ်ကြလို့ပဲ။ ပေါလု ပြောသလို ဘုရားသခင်က “အထင်သေးခံရ” သူတွေကို ရွေးချယ်ထားတယ်။ (၁ ကော. ၁:၂၆-၂၉) ဒါပေမဲ့ သစ္စာရှိကျေးကျွန်အားလုံး ယေဟောဝါအတွက် တန်ဖိုးရှိတယ်။ လောကအတွေးအခေါ်ရဲ့ လှည့်စားမှု မခံရအောင် ကျွန်တော်တို့ ဘယ်လို ရှောင်နိုင်မလဲ။ (မ. ၁၁:၂၅၊ ၂၆) ဘုရားလူမျိုးကို လောက မြင်သလို မမြင်ပါနဲ့။ အလိုတော် ဆောင်ဖို့ နှိမ့်ချသူတွေကိုပဲ ယေဟောဝါ သုံးတယ်ဆိုတာ အသိအမှတ်ပြုပါ။ (ဆာ. ၁၃၈:၆) ပညာမတတ်ဘူးလို့ လောက ယူမှတ်ထားသူတွေကို ဘုရား သုံးပြီး ဘယ်လောက်တောင် ပြီးမြောက်နေသလဲဆိုတာ စဉ်းစားပါ။ w21.05 ၈ ¶၁။ ၉ ¶၅-၆

ကြာသပတေးနေ့၊ ဇန်နဝါရီ ၁၂

ကျွန်တော် . . . လိုအပ်တာတွေကို နှစ်ကြိမ်တိတိ ခင်ဗျားတို့ ပို့ပေးခဲ့ကြတယ်။—ဖိ. ၄:၁၆။

တမန်တော် ပေါလုဟာ မိမိရတဲ့ အကူအညီတွေအတွက် ကျေးဇူးတင်တယ်။ ညီအစ်ကို/မတွေရဲ့ ကူညီထောက်မမှုကို နှိမ့်ချစွာ လက်ခံခဲ့တယ်။ (ဖိ. ၂:၁၉-၂၂) အသက်ကြီးသူတို့၊ အသင်းတော်မှာ ရှိတဲ့ လူငယ်တွေကို ကျေးဇူးတင်ကြောင်း နည်းများစွာနဲ့ ပြနိုင်တယ်။ သွားရေးလာရေး၊ ဈေးဝယ်ခြမ်းရေး၊ တခြား လိုအပ်ရာတွေ သူတို့ ကူညီပေးတဲ့အခါ ကျေးဇူးတင်စွာ လက်ခံပါ။ ယေဟောဝါရဲ့ မေတ္တာအဖြစ် သဘောထားပါ။ ဒါဆိုရင် သူတို့နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်လာမယ်။ လူငယ်မိတ်ဆွေတွေရဲ့ ဘုရားရေးရာ တိုးတက်မှုကို အမြဲ စိတ်ဝင်စားပါ။ ပိုကြီးမားတဲ့ အသင်းတော် တာဝန်တွေ ထမ်းဆောင်ဖို့ လူငယ်တွေ တက်လှမ်းနေတာ မြင်ရလို့ ဘယ်လောက် ဝမ်းသာကြောင်း ပြောပြပါ။ ကိုယ့်ဘဝ အတွေ့အကြုံတွေ ဝေမျှပေးပါ။ ဒါဆိုရင် အသင်းတော်ထဲ ယေဟောဝါ ဆွဲဆောင်ထားတဲ့ လူငယ်တွေအတွက် “ကျေးဇူးသိတတ်” ကြောင်း ပြရာ ရောက်ပါလိမ့်မယ်။—ကော. ၃:၁၅။ ယော. ၆:၄၄။ ၁ သက်. ၅:၁၈။ w21.09 ၁၂ ¶၁၂-၁၃

သောကြာနေ့၊ ဇန်နဝါရီ ၁၃

အထက်အရပ်က လာတဲ့ ဒီကရုဏာကျေးဇူးဟာ အရုဏ်ဦးအလင်းလို ငါတို့အပေါ် ထွန်းလင်းလိမ့်မယ်။—လု. ၁:၇၈။

ညီအစ်ကို/မတွေကို ယေဟောဝါ ချစ်တယ်။ ဒါပေမဲ့ သူတို့ကို ချစ်ဖို့၊ ချစ်ကြောင်း ပြဖို့ ကျွန်တော်တို့အတွက် အမြဲတော့ လွယ်မှာ မဟုတ်ဘူး။ ယဉ်ကျေးမှု၊ နောက်ခံတွေ မတူကြဘူး။ တခြားသူတွေကို စိတ်ထိခိုက်၊ စိတ်ပျက်စေနိုင်တဲ့ အမှားတွေ ကျွန်တော်တို့အားလုံး လုပ်တတ်ကြတယ်။ ဒါပေမဲ့ မေတ္တာ တိုးများအောင် လုပ်ဆောင်နိုင်ပါတယ်။ ဘယ်နည်းနဲ့လဲ။ ညီအစ်ကို/မတွေအပေါ် ဘုရားပြတဲ့ မေတ္တာကို တုပခြင်းအားဖြင့်ပါပဲ။ (ဧ. ၅:၁၊ ၂။ ၁ ယော. ၄:၁၉) ကရုဏာ ရှိသူဟာ တခြားသူတွေကို ကူညီပေးဖို့၊ နှစ်သိမ့်ပေးဖို့ ကြိုးစားတယ်။ လူတွေကို ဆက်ဆံတဲ့အခါ ယေဟောဝါရဲ့ ကရုဏာကို ယေရှု တုပတယ်။ (ယော. ၅:၁၉) တစ်ကြိမ်မှာ လူအုပ်ကို မြင်တဲ့အခါ ‘အရေခွံ ဆုတ်ပြီး ပစ်ထားခံရတဲ့ သိုးတွေ၊ ထိန်းသူမရှိတဲ့ သိုးတွေလို ဖြစ်နေလို့ သနား’ သွားတယ်။ (မ. ၉:၃၆) ယေရှုရဲ့ ကရုဏာဟာ ခံစားချက်လောက်ပဲ မဟုတ်ဘူး။ လူနာတွေကို ကုသပေးတယ်။ “ဝန်ပိလို့ ပင်ပန်းနေသူ” တွေကို လန်းဆန်းစေတယ်။—မ. ၁၁:၂၈-၃၀။ ၁၄:၁၄။ w21.09 ၂၂ ¶၁၀-၁၁

စနေနေ့၊ ဇန်နဝါရီ ၁၄

ဘုရားက ကရုဏာထားတယ်။ သူတို့ကို မဖျက်ဆီးဘဲ အမှားတွေကို ခွင့်လွှတ်ပေးတယ်။—ဆာ. ၇၈:၃၈။

မေတ္တာ ရှိလို့ ယေဟောဝါ ကရုဏာ ပြတယ်။ ဘုရားသခင်ဟာ ‘ကရုဏာ ကြီးမားတယ်’ လို့ တမန်တော် ပေါလု ပြောတယ်။ မစုံလင်တဲ့ ဘိသိက်ခံ ကျေးကျွန်တွေကို ကောင်းကင်အသက်တာ မျှော်လင့်ချက်ပေးတဲ့ ဘုရားကရုဏာအကြောင်း ပေါလု ပြောနေတာ။ (ဧ. ၂:၄-၇) ဒါပေမဲ့ ဘိသိက်ခံတွေကိုပဲ ယေဟောဝါ ကရုဏာ ပြတာ မဟုတ်ဘူး။ “ယေဟောဝါဟာ သက်ရှိအားလုံးအပေါ် ကောင်းမြတ်တယ်။ လုပ်ဆောင်မှုတိုင်းမှာ ကရုဏာတော်ကို အထင်အရှား တွေ့မြင်ရတယ်” လို့ ဆာလံဆရာ ဒါဝိဒ် ပြောတယ်။ (ဆာ. ၁၄၅:၉) လူတွေကို ယေဟောဝါ ချစ်တဲ့အတွက် ကရုဏာ ပြသင့်တဲ့ အကြောင်းရင်း ရှိတိုင်း ကရုဏာ ပြတယ်။ ကရုဏာ ပြရတာကို ယေဟောဝါ ဘယ်လောက် နှစ်သက်ကြောင်း တခြားဘယ်သူထက်မဆို ယေရှု ပိုသိတယ်။ မြေကြီးပေါ် မလာခင် နှစ်ထောင်ပေါင်းများစွာ ဖခင်နဲ့အတူ ကောင်းကင်မှာ ရှိခဲ့တယ်။ (ပညာ. ၈:၃၀၊ ၃၁) အပြစ်ရှိတဲ့ လူသားတွေကို ဖခင် ဘယ်လို ကရုဏာပြကြောင်း အကြိမ်ကြိမ် တွေ့ခဲ့တယ်။ (ဆာ. ၇၈:၃၇-၄၂) ဒါကြောင့် ဖခင်ရဲ့ ကရုဏာအကြောင်း မကြာခဏ အလေးပေး သွန်သင်တယ်။ w21.10 ၈-၉ ¶၄-၅

တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၁၅

အဖ၊ အဖရဲ့ နာမည်ကို ဘုန်းထင်ရှားစေပါ။—ယော. ၁၂:၂၈။

အဲဒီဆုတောင်းချက်ကို ယေဟောဝါ ကောင်းကင်ကနေ ကျယ်လောင်တဲ့အသံနဲ့ အဖြေပေးပြီး ဘုန်းထင်ရှားစေဦးမယ်လို့ ကတိပေးတယ်။ အမှုဆောင်လုပ်ငန်း လုပ်ဆောင်ချိန်တစ်လျှောက် ဖခင်ရဲ့ နာမည်ကို ယေရှု ဘုန်းထင်ရှားစေတယ်။ (ယော. ၁၇:၂၆) ဒါကြောင့် ခရစ်ယာန်စစ်တွေဟာ ဘုရားနာမည် သုံးရတာ၊ တခြားသူတွေ သိအောင် လုပ်ခွင့်ရတာကို ဂုဏ်ယူကြတယ်။ ပထမရာစု ခရစ်ယာန် အသင်းတော် တည်ထောင်ပြီး မကြာခင် ယေဟောဝါက “လူမျိုးခြားတွေကို သတိရပြီး နာမတော်အတွက် သူတို့ထဲကနေ လူတွေကို ရွေးချယ်လိုက်” တယ်။ (တ. ၁၅:၁၄) ပထမရာစု ခရစ်ယာန်တွေဟာ ဘုရားနာမည် သုံးရတာ၊ တခြားသူတွေ သိအောင် လုပ်ခွင့်ရတာကို ဂုဏ်ယူကြတယ်။ အမှုဆောင်မှာ၊ ကျမ်းစောင်တွေ ရေးသားချိန်မှာ ဘုရားနာမည်ကို တွင်တွင်ကျယ်ကျယ် သုံးခဲ့ကြတယ်။ ဘုရားနာမတော်အတွက် လူမျိုးဖြစ်ကြောင်း သက်သေထူခဲ့ကြတယ်။ (တ. ၂:၁၄၊ ၂၁) ဒီနေ့ခေတ် ယေဟောဝါသက်သေတွေလည်း ယေဟောဝါရဲ့ နာမတော်အတွက် လူမျိုး ဖြစ်ကြတယ်။ w21.10 ၂၀-၂၁ ¶၈-၁၀

တနင်္လာနေ့၊ ဇန်နဝါရီ ၁၆

ယေဟောဝါပြတဲ့ ခိုင်မြဲတဲ့ မေတ္တာအကြောင်း အသေအချာ စဉ်းစားဆင်ခြင်[ပါ]။ —ဆာ. ၁၀၇:၄၃။

ဘုရားရဲ့ ခိုင်မြဲတဲ့ မေတ္တာ အမြဲတည်တယ်။ ခိုင်မြဲတဲ့ မေတ္တာအကြောင်း ဆာလံ ၁၃၆ မှာ ၂၆ ကြိမ် ဖော်ပြထားတယ်။ အခန်းငယ် ၁ မှာ “ယေဟောဝါကို ကျေးဇူးတင်ကြ။ ဘုရားသခင်ဟာ ကောင်းမြတ်တယ်။ ခိုင်မြဲတဲ့ မေတ္တာတော် ထာဝစဉ် တည်မြဲတယ်” လို့ ပြောထားတယ်။ (ဆာ. ၁၃၆:၁) အခန်းငယ် ၂ ကနေ ၂၆ မှာ “ခိုင်မြဲတဲ့ မေတ္တာတော် ထာဝစဉ် တည်မြဲတယ်” ဆိုတဲ့ စကားစု တောက်လျှောက် ဖတ်ရတယ်။ ဒါက လူမျိုးတော်အပေါ် ထားတဲ့ ဘုရားမေတ္တာ ပြောင်းလဲမှာ မဟုတ်ကြောင်း စိတ်ချစေတယ်။ ကျေးကျွန်တွေကို နည်းလမ်းများစွာနဲ့ ခိုင်မြဲတဲ့ မေတ္တာ မပြတ်တမ်း ပြနေလို့ အံ့ဩစရာပါပဲ။ ကျေးကျွန်တွေအပေါ် လွယ်လွယ်နဲ့ မေတ္တာ မပျက်ကြောင်း သိရတာ အားရှိစရာပါပဲ။ အထူးသဖြင့် သူတို့ ဒုက္ခရောက်ချိန်မှာ ဘုရား မစွန့်ဘူး။ ကျွန်တော်တို့နဲ့အတူ ယေဟောဝါ ရှိနေမှန်း သိရတာက ပျော်ရွှင်စေပြီး ဒုက္ခတွေကို ခံရပ်ဖို့၊ အသက်လမ်းပေါ် ဆက်လျှောက်ဖို့ လိုအပ်တဲ့ ခွန်အား ရစေတယ်။—ဆာ. ၃၁:၇။ w21.11 ၄ ¶၉-၁၀

အင်္ဂါနေ့၊ ဇန်နဝါရီ ၁၇

သိပ်မစိုးရိမ်ပါနဲ့။ ဘုရားသခင်ကို ယုံကြည်သက်ဝင်ကြပါ။—ယော. ၁၄:၁။

မှားယွင်းတဲ့ ဘာသာရေး ဖျက်ဆီးခံရတာ၊ မာဂေါဂပြည်က ဂေါဂမင်း တိုက်ခိုက်တာ၊ အာမဂေဒုန် စစ်ပွဲ စတဲ့ ရှေ့မှာ ဖြစ်မယ့် ဖြစ်ရပ်တွေအကြောင်း စဉ်းစားလိုက်တဲ့အခါ တစ်ခါတလေ စိုးရိမ်မိသလား။ ‘အဲဒီလို ကြောက်စရာကောင်းတာတွေ ဖြစ်လာချိန်မှာ ငါ သမာဓိ စောင့်ထိန်းနိုင်ပါ့မလား’ လို့ စဉ်းစားဖူးသလား။ အဲဒီလို စဉ်းစားဖူးတယ်ဆိုရင် ဒီနေ့ကျမ်းချက်မှာ ပါတဲ့ ယေရှုရဲ့ စကားက ကူညီပေးပါလိမ့်မယ်။ “ခင်ဗျားတို့ သိပ်မစိုးရိမ်ပါနဲ့။ ဘုရားသခင်ကို ယုံကြည်သက်ဝင်ကြပါ” လို့ တပည့်တွေကို ယေရှု ပြောတယ်။ ခိုင်မာတဲ့ ယုံကြည်ခြင်းက အနာဂတ်ကို ရဲရဲ ရင်ဆိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ လက်ရှိကြုံနေရတဲ့ စမ်းသပ်မှုတွေကို ဘယ်လို ဖြေရှင်းနေသလဲဆိုတာ ဆန်းစစ်ခြင်းအားဖြင့် အနာဂတ်မှာ ကြုံရမယ့် စမ်းသပ်မှုတွေကို ဘယ်လို ဖြေရှင်းရမယ်၊ ဘယ်ကဏ္ဍတွေမှာ ယုံကြည်ခြင်း ပိုခိုင်မာအောင် လုပ်ရမယ်ဆိုတာ သိလာမယ်။ စမ်းသပ်မှုတစ်ခုစီကို ခံရပ်နိုင်တာနဲ့အမျှ ယုံကြည်ခြင်း ပိုခိုင်မာလာမယ်။ ဒါက အနာဂတ်မှာ ကြုံရမယ့် စမ်းသပ်မှုတွေကို ခံရပ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ w21.11 ၂၀ ¶၁-၂

ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၁၈

ကျွန်တော် အားနည်းတဲ့အခါ အစွမ်းခွန်အား ပြည့်နေလို့ပဲ။—၂ ကော. ၁၂:၁၀။

အမှုဆောင်လုပ်ငန်းကို ကျေပွန်အောင် ဆောင်ရွက်ဖို့ တိမောသေကို တမန်တော် ပေါလု အားပေးခဲ့တယ်။ အဲဒါ ခရစ်ယာန်အားလုံးနဲ့လည်း သက်ဆိုင်တယ်။ (၂ တိ. ၄:၅) ဒါပေမဲ့ အခက်အခဲတွေ ရှိတယ်။ ဥပမာ၊ ကျွန်တော်တို့ လုပ်ငန်းကို ကန့်သတ်၊ ပိတ်ပင်ထားတဲ့ နိုင်ငံမှာ နေရတဲ့ ညီအစ်ကိုတွေအကြောင်း စဉ်းစားကြည့်ပါ။ ယေဟောဝါရဲ့လူမျိုးဟာ စိတ်ဓာတ်ကျစေတဲ့ အခက်အခဲများစွာကိုလည်း ရင်ဆိုင်နေကြရတယ်။ ဥပမာ၊ မိသားစုရဲ့ အခြေခံလိုအပ်ရာတွေ ရဖို့ နာရီပေါင်းများစွာ အလုပ်လုပ်ကြရတယ်။ တစ်ပတ်တာရဲ့ အဆုံးပိုင်းရောက်တော့ အမှုဆောင်မှာ ပိုပါဝင်ချင်ပေမဲ့ ခွန်အား သိပ်မရှိကြတော့ဘူး။ တချို့ကျတော့လည်း နာတာရှည် ကျန်းမာရေး ပြဿနာ၊ အသက်အရွယ် အိုမင်းမှုကြောင့် အိမ်ပြင် မထွက်နိုင်ကြဘူး။ တချို့လည်း တန်ဖိုးမရှိဘူးဆိုတဲ့ ခံစားချက်ကို တိုက်လှန်နေကြရတယ်။ ကျွန်တော်တို့ အခြေအနေ ဘယ်လိုပဲ ရှိပါစေ အခက်အခဲတွေကို ကျော်လွှားဖို့၊ အတတ်နိုင်ဆုံး ဆက်အမှုဆောင်ဖို့ ယေဟောဝါ အစွမ်းခွန်အား ပေးနိုင်တယ်။ w21.05 ၂၀ ¶၁-၃

ကြာသပတေးနေ့၊ ဇန်နဝါရီ ၁၉

မင်းတို့ဘုရားသခင်ရဲ့ နာမည်[ကို] ကဲ့ရဲ့စရာ [မဖြစ်စေနဲ့]။—ဝတ်. ၁၉:၁၂။

တစ်ခါတလေ အတန်းဖော်၊ အလုပ်ဖော်၊ မယုံကြည်သူ ဆွေမျိုးတွေနဲ့ တခြားသူတွေက ဝတ်ပြုရေးကို အနှောင့်အယှက် ဖြစ်စေတဲ့ လုပ်ဆောင်မှုတွေမှာ ပါဝင်ဖို့ ဖိအားပေးနိုင်တယ်။ အဲဒီအခါ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချရတော့မယ်။ ဝတ်ပြုရာ ၁၉:၁၉ မှာ ပါတဲ့ မူကို သုံးသပ်ကြည့်ပါ။ “ချည်နှစ်မျိုးရောပြီး ရက်လုပ်ထားတဲ့ အဝတ်ကို မဝတ်နဲ့” လို့ အဲဒီပညတ်က ဆိုတယ်။ ဒီပညတ်က အစ္စရေးတွေကို ပတ်ဝန်းကျင် လူမျိုးတွေနဲ့ ကွဲပြားစေတယ်။ ဒီနေ့ခေတ်မှာတော့ ပညတ်တရားအောက် ကျွန်တော်တို့ မရှိတော့တဲ့အတွက် ချည်၊ စီလွန်၊ သိုးမွေး စတာတွေ ရောထားတဲ့ အဝတ်တွေ ဝတ်တာ မမှားပါဘူး။ ဒါပေမဲ့ အတန်းဖော်၊ အလုပ်ဖော်၊ ဆွေမျိုးတွေ ဖြစ်နေရင်တောင် ဘုရားကို မယုံတဲ့သူတွေ လုပ်သလို ကျွန်တော်တို့ လိုက်မလုပ်ကြဘူး။ ဆွေမျိုးတွေ၊ တခြားသူတွေကို သံယောဇဉ် ရှိပေမဲ့ ဘဝရဲ့ အရေးကြီး ကဏ္ဍတွေနဲ့ပတ်သက်လာရင် ယေဟောဝါရဲ့ လူမျိုးအဖြစ် ကျွန်တော်တို့ သီးခြား ရပ်တည်ချင်ကြတယ်။ သန့်ရှင်းဖို့ဆိုရင် ဘုရားအတွက် သီးသီးသန့်သန့် ဖြစ်နေဖို့ အရေးကြီးတယ်။—၂ ကော. ၆:၁၄-၁၆။ ၁ ပေ. ၄:၃၊ ၄။ w21.12 ၅ ¶၁၄။ ၆ ¶၁၆

သောကြာနေ့၊ ဇန်နဝါရီ ၂၀

အသက်ရှင်ခြင်းကို ပို့ဆောင်တဲ့ တံခါးကတော့ ကျဉ်းမြောင်းပြီး လမ်းကလည်း ကြမ်း[တယ်]။ —မ. ၇:၁၃။

အသက်ရှင်ခြင်း လမ်းကို ရှာမယ်ဆိုရင် တွေ့နိုင်ပါတယ်။ “ခင်ဗျားတို့သာ ကျွန်တော့်စကားကို အမြဲ လိုက်နာရင် ကျွန်တော့်တပည့်အစစ် ဖြစ်ရုံမက အမှန်တရားကိုပါ သိရလိမ့်မယ်။ အဲဒီအမှန်တရားက ခင်ဗျားတို့ကို လွတ်မြောက်စေလိမ့်မယ်” လို့ ယေရှု ပြောတယ်။ (ယော. ၈:၃၁၊ ၃၂) သင်ဟာ လူအများနောက် မလိုက်ဘဲ အမှန်တရားကို ရှာခဲ့လို့ ချီးမွမ်းစရာပါပဲ။ ဘုရားရဲ့ တောင်းဆိုချက်တွေကို သိဖို့ ကျမ်းစာကို ထက်ထက်သန်သန် လေ့လာတယ်။ ယေရှုရဲ့ သွန်သင်ချက်တွေကို နားထောင်တယ်။ မှားယွင်းတဲ့ ဘာသာရေး သွန်သင်ချက်တွေကို ငြင်းပယ်ဖို့၊ အယူမှား ဇာစ်မြစ်ကနေ ဆင်းသက်လာတဲ့ ပွဲတွေ မကျင်းပဖို့ ယေဟောဝါ တောင်းဆိုထားမှန်း သိလာတယ်။ ယေဟောဝါရဲ့ တောင်းဆိုချက်တွေအတိုင်း နေထိုင်ဖို့၊ ဘုရား မျက်နှာသာ မရစေမယ့် ဓလေ့ထုံးစံတွေကို ဖြတ်ဖို့ မလွယ်မှန်းလည်း သိလာတယ်။ (မ. ၁၀:၃၄-၃၆) လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ ကောင်းကင်ဖခင်ကို ချစ်လို့ ကြိုးစားပြောင်းလဲတယ်။ ဘုရား သိပ်ပျော်ရွှင်မှာပဲ။—ပညာ. ၂၇:၁၁။ w21.12 ၂၂ ¶၃။ ၂၃ ¶၅

စနေနေ့၊ ဇန်နဝါရီ ၂၁

ငါ့သား၊ နားထောင်ပါ။ ငါ့စကားတွေကို လက်ခံပါ။—ပညာ. ၄:၁၀။

ကြီးလေးတဲ့ အမှား လုပ်မိပြီးနောက် ဆုံးမမှုကို လက်ခံတဲ့ ပုံနမူနာရှင်တစ်ယောက်ကတော့ မောရှေပဲ။ တစ်ကြိမ်မှာ ဒေါသထွက်ပြီး ယေဟောဝါကို ဂုဏ်မတင်ခဲ့ဘူး။ ဒါကြောင့် ကတိထားရာပြည်ထဲ ဝင်ခွင့် ဆုံးရှုံးသွားတယ်။ (တော. ၂၀:၁-၁၃) ဒီဆုံးဖြတ်ချက်ကို ပြန်စဉ်းစားဖို့ ပြောတော့ “တော်ပြီ။ ဒီအကြောင်း ထပ်မပြောနဲ့တော့” လို့ ယေဟောဝါ ပြောတယ်။ (တရား. ၃:၂၃-၂၇) ဒါပေမဲ့ မောရှေ စိတ်မနာကြည်းဘူး။ ယေဟောဝါရဲ့ ဆုံးဖြတ်ချက်ကို လက်ခံတယ်။ ဒါကြောင့် အစ္စရေးလူမျိုးကို ဦးဆောင်ဖို့ မောရှေကို ယေဟောဝါ ဆက်အသုံးပြုတယ်။ (တရား. ၄:၁) အကြံဉာဏ်ကို လက်ခံတာနဲ့ပတ်သက်ပြီး မောရှေဟာ ကျွန်တော်တို့ တုပစရာ ပုံသက်သေကောင်းပါပဲ။ မောရှေဟာ ကိုယ်တန်ဖိုးထားရတဲ့ အခွင့်ထူး ဆုံးရှုံးသွားတာတောင် ဆက်သစ္စာရှိခြင်းအားဖြင့် ယေဟောဝါရဲ့ အကြံဉာဏ်ကို လက်ခံကြောင်း ပြခဲ့တယ်။ မောရှေလို သစ္စာရှိသူတွေရဲ့ ပုံသက်သေကို လိုက်လျှောက်တဲ့အခါ ကျွန်တော်တို့ အကျိုးရတယ်။ (ပညာ. ၄:၁၁-၁၃) ညီအစ်ကို/မများစွာလည်း အဲဒီလို လိုက်လျှောက်နေကြတယ်။ w22.02 ၁၁ ¶၉-၁၀

တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၂၂

ယေရှု မျက်ရည်ကျ[တယ်]။—ယော. ၁၁:၃၅။

အေဒီ ၃၂၊ ဆောင်းတွင်းမှာ ယေရှုရဲ့ မိတ်ဆွေ လာဇရု နေမကောင်းဖြစ်ပြီး သေဆုံးသွားတယ်။ (ယော. ၁၁:၃၊ ၁၄) လာဇရုမှာ မာရိနဲ့ မာသဆိုတဲ့ အစ်မနှစ်ယောက် ရှိတယ်။ အဲဒီမိသားစုကို ယေရှု သိပ်ချစ်တယ်။ ယေရှု လာနေတာကို ကြားတဲ့အခါ မာသ ပြေးကြိုတယ်။ “သခင်၊ သခင်သာ ဒီမှာရှိခဲ့ရင် ကျွန်မရဲ့မောင် သေမှာမဟုတ်ဘူး” လို့ ပြောချိန်မှာ ဘယ်လောက် ဝမ်းနည်းနေမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ (ယော. ၁၁:၂၁၊ ၃၂၊ ၃၃) မောင်လေး သေဆုံးလို့ မာရိနဲ့ မာသ ဝမ်းနည်းနေတာ မြင်တဲ့အခါ ယေရှု မျက်ရည်ကျတယ်။ ချစ်ရသူ သေဆုံးသွားရင် သင့်ခံစားချက်ကို ယေဟောဝါ နားလည်တယ်။ ယေရှုဟာ ဖခင်နဲ့ “တထေရာတည်းတူတဲ့သူ” ဖြစ်တယ်။ (ဟီ. ၁:၃) ယေရှု ငိုတာဟာ ဖခင်ရဲ့ ခံစားချက်ကို ထင်ဟပ်လိုက်တာပဲ။ (ယော. ၁၄:၉) ချစ်ရသူတစ်ယောက် သေဆုံးသွားတယ်ဆိုရင် သင့်ဝမ်းနည်းကြေကွဲမှုကို ယေဟောဝါ သိရုံသာမက ထပ်တူဝမ်းနည်းတယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ ကြေကွဲနေတဲ့ စိတ်နှလုံးကို ဘုရား ကုသပေးချင်တယ်။—ဆာ. ၃၄:၁၈။ ၁၄၇:၃။ w22.01 ၁၅ ¶၅-၇

တနင်္လာနေ့၊ ဇန်နဝါရီ ၂၃

လူတစ်ယောက်က ကြားနာပြီးမှ ယုံကြည်လာတာ။—ရော. ၁၀:၁၇။

ယေဟောဝါနဲ့ စကားပြောဖို့၊ ဘုရားပြောတာ နားထောင်ဖို့၊ ဘုရားအကြောင်း တွေးတောဆင်ခြင်ဖို့ အချိန်ပေးရင် အကျိုးခံစားရပါလိမ့်မယ်။ ဦးဆုံး၊ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်မယ်။ ကျမ်းစာမှာ “ဉာဏ်ပညာရှိသူနဲ့ ပေါင်းဖော်ရင် ဉာဏ်ပညာရှိလာမယ်” လို့ ပြောထားတယ်။ (ပညာ. ၁၃:၂၀) ဒုတိယ၊ သွန်သင်သူကောင်း ဖြစ်လာမယ်။ တစ်ယောက်ယောက်ကို ကျမ်းစာသင်ပေးတဲ့အခါ ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ဟာ ယေဟောဝါနဲ့ ရင်းနှီးလာအောင် သင်သားကို ကူညီပေးဖို့ဖြစ်တယ်။ ကျွန်တော်တို့ ကိုယ်တိုင် ကောင်းကင်ဖခင်နဲ့ များများဆက်သွယ်လေ ဘုရားကို ချစ်တဲ့မေတ္တာ တိုးများလာလေ၊ ဘုရားကို ချစ်လာအောင် ကျမ်းစာသင်သားကို ထိထိရောက်ရောက် သွန်သင်ပေးနိုင်လေ ဖြစ်ပါလိမ့်မယ်။ ယေရှုရဲ့ ပုံသက်သေကို စဉ်းစားကြည့်ပါ။ ယေဟောဝါအကြောင်း လှိုက်လှဲနွေးထွေးပြီး မေတ္တာပါတဲ့နည်းနဲ့ ပြောပြလို့ တပည့်တွေလည်း ယေဟောဝါကို ချစ်လာတယ်။ (ယော. ၁၇:၂၅၊ ၂၆) တတိယ၊ ယုံကြည်ခြင်း ခိုင်မာလာမယ်။ ယေဟောဝါရဲ့ လမ်းညွှန်မှု၊ နှစ်သိမ့်မှု၊ ထောက်မမှုကို တောင်းခံတဲ့အခါ ဘာဖြစ်ကြောင်း စဉ်းစားကြည့်ပါ။ ယေဟောဝါ အဖြေပေးတာကို တွေ့တဲ့အခါတိုင်း ယုံကြည်ခြင်း ခိုင်မာလာတယ်။—၁ ယော. ၅:၁၅။ w22.01 ၃၀ ¶၁၅-၁၇

အင်္ဂါနေ့၊ ဇန်နဝါရီ ၂၄

စရိုက်ဟောင်းကိုရော စရိုက်ဟောင်းရဲ့ အကျင့်တွေကိုပါ ချွတ်ပယ်ကြပါ။—ကော. ၃:၉။

ယေဟောဝါက ကျွန်တော်တို့ကို ချစ်ပြီး ပျော်ရွှင်တဲ့ အသက်တာ ရစေချင်တဲ့အတွက် မှားယွင်းတဲ့ အတွေးအခေါ်နဲ့ အကျင့်ဆိုးတွေကို ဖယ်ရှားဖို့ တိုက်တွန်းတယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈) မှားယွင်းတဲ့ ဆန္ဒတွေကို အလျှော့ပေးမိရင် ကိုယ်တိုင်နဲ့ တခြားသူတွေကို ထိခိုက်နိုင်တယ်ဆိုတာ ဘုရားသိတယ်။ ကျွန်တော်တို့ကိုယ်တိုင်နဲ့ တခြားသူတွေ ထိခိုက်တာကို ဘုရား မြင်တဲ့အခါ နာကျင်ခံစားရတယ်။ ကျွန်တော်တို့ ဘဝပုံစံ ပြောင်းလဲတဲ့အခါ မိတ်ဆွေတွေနဲ့ မိသားစုဝင်တချို့ လှောင်ပြောင်နိုင်တယ်။ (၁ ပေ. ၄:၃၊ ၄) ကိုယ်ကြိုက်တာ လုပ်ပိုင်ခွင့် ရှိတယ်၊ ကိုယ်ဘာလုပ်ရမယ်ဆိုတာ တခြားသူတွေ ပြောပိုင်ခွင့် မရှိဘူးလို့ ပြောကောင်း ပြောမယ်။ တကယ်တော့ ယေဟောဝါရဲ့ စံနှုန်းတွေကို ငြင်းပယ်သူတွေ လွတ်လပ်နေတာ မဟုတ်ဘူး။ အမှန်က စာတန့်လောကရဲ့ ပုံသွင်းမှုကို ခံနေကြရတာ။ (ရော. ၁၂:၁၊ ၂) ကျွန်တော်တို့အားလုံး စာတန့်လောကရဲ့ စရိုက်အတိုင်း ဆက်နေမလား ဒါမှမဟုတ် အကောင်းဆုံး လူတစ်ယောက် ဖြစ်လာဖို့ ယေဟောဝါ ပုံသွင်းပေးတာကို ခံယူမလားဆိုတာ ရွေးချယ်ရမယ်။—ဟေရှာ. ၆၄:၈။ w22.03 ၃ ¶၆-၇

ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၂၅

ဘုရားသခင်ရဲ့ နှုတ်ထွက်စကားဟာ ရှင်သန်နေတယ်၊ အစွမ်းထက်တယ်၊ အသွားနှစ်ဖက်ရှိတဲ့ ဓားမှန်သမျှထက် ပိုထက်တယ်၊ . . . စိတ်နှလုံးထဲက အတွေးတွေ၊ အကြံအစည်တွေကိုလည်း ပိုင်းခြားသိမြင်နိုင်တယ်။—ဟီ. ၄:၁၂။

ကျမ်းစာ ဖတ်ပြီး တွေးတောဆင်ခြင်တာက ကိုယ့်အခြေအနေကို အရှိအတိုင်း မြင်တတ်ဖို့ ကူညီပေးနိုင်တယ်။ ဝမ်းနည်းပူဆွေးနေတဲ့ မုဆိုးမတစ်ယောက်ကို ကျမ်းစာက ဘယ်လို ကူညီပေးကြောင်း သုံးသပ်ကြည့်ပါ။ ယောဘကျမ်းကနေ အထောက်အကူ ရနိုင်တယ်ဆိုပြီး အကြီးအကဲတစ်ယောက် အကြံပေးတယ်။ ယောဘကျမ်းကို ဖတ်တဲ့အခါ ယောဘဟာ “ပြဿနာတွေကို သိပ်အာရုံစိုက်လွန်းတယ်” လို့ ထင်ပြီး အစပိုင်းမှာ အပြစ်တင်မိတယ်။ ဒါပေမဲ့ ကိုယ့်သဘောထားက ယောဘရဲ့ သဘောထားနဲ့ အတော်တူနေမှန်း သိလာတယ်။ ဒါက ကိုယ့်သဘောထားကို ပြုပြင်ဖို့ ထောက်ကူပေးတယ်။ ခင်ပွန်းသေဆုံးလို့ ဝမ်းနည်းကြေကွဲနေတဲ့ ခံစားချက်တွေ သက်သာလာတယ်။ ကျွန်တော်တို့ကို ယေဟောဝါ ခွန်အားပေးတဲ့ နောက်တစ်နည်းကတော့ ယုံကြည်သူချင်းတွေကတစ်ဆင့် ဖြစ်တယ်။ ညီအစ်ကို/မတွေနဲ့ “အပြန်အလှန် အားပေးခွင့်” ရချင်တယ်လို့ ပေါလု ရေးတယ်။—ရော. ၁:၁၁၊ ၁၂။ w21.05 ၂၂ ¶၁၀-၁၁။ ၂၄ ¶၁၂

ကြာသပတေးနေ့၊ ဇန်နဝါရီ ၂၆

ယေဟောဝါဘုရား ရွေးချယ်တဲ့နေရာမှာ ယေဟောဝါအတွက် ပွဲတော်ကို ခုနစ်ရက်ကြာ ကျင်းပရမယ်။—တရား. ၁၆:၁၅။

‘ယေဟောဝါဘုရား ရွေးချယ်တဲ့နေရာမှာ ယောက်ျားအားလုံး ရှေ့တော်ကို တစ်နှစ်သုံးကြိမ် လာရမယ်’ လို့ ရှေးအစ္စရေးတွေကို ဘုရား မှာတယ်။ (တရား. ၁၆:၁၆) အဲဒီလို သွားတဲ့အခါ အိမ်နဲ့ သီးနှံတွေကို ဒီအတိုင်း ထားခဲ့ရမယ်။ ဒါပေမဲ့ “ယေဟောဝါဘုရားရှေ့ကို တစ်နှစ်သုံးကြိမ် သွားနေချိန်မှာ မင်းတို့ရဲ့ ပြည်ကို ဘယ်သူမှ လာသိမ်းမှာ မဟုတ်ဘူး” လို့ ယေဟောဝါ ကတိပေးတယ်။ (ထွ. ၃၄:၂၄) ယေဟောဝါအပေါ် ယုံကြည်ခြင်း အပြည့် ရှိလို့ အစ္စရေးတွေ နှစ်စဉ် ပွဲတော် တက်ရောက်ကြတယ်။ ဒီနည်းနဲ့ ကောင်းချီး အလျှံပယ် ရကြတယ်။ ဘုရားပညတ်ကို ပိုနားလည်လာတယ်။ ဘုရားကောင်းမြတ်မှုအကြောင်း ပိုတွေးတောနိုင်ပြီး ယုံကြည်သူချင်းတွေနဲ့ ပေါင်းသင်းခြင်းကနေ အားပေးမှု ရရှိကြတယ်။ ကျွန်တော်တို့လည်း စွန့်လွှတ်အနစ်နာခံပြီး ခရစ်ယာန် အစည်းအဝေးတွေ တက်ခြင်းအားဖြင့် အလားတူ ကောင်းကျိုးတွေ ရတယ်။ ထိရောက်တဲ့ မှတ်ချက်တိုလေးတွေ ပေးဖို့ ပြင်ဆင်လာတာကို ယေဟောဝါ သိပ်ကျေနပ်နှစ်သက်မှာပဲ။ w22.03 ၂၁ ¶၉

သောကြာနေ့၊ ဇန်နဝါရီ ၂၇

စမ်းသပ်ခံရသူတွေကို သူ ကူညီမစပေးနိုင်တယ်။—ဟီ. ၂:၁၈။

အနာဂတ်မှာ ပုရောဟိတ်မင်း ဖြစ်ဖို့ ယေရှုကို ယေဟောဝါ လေ့ကျင့်ပေးတယ်။ အဆုံးစွန် စမ်းသပ်ခံရချိန်မှာ ဘုရားကို နာခံဖို့ ဘယ်လောက် ခက်ကြောင်း ယေရှု ကိုယ်တွေ့ သိခဲ့ရတယ်။ စိတ်ဖိစီးလွန်းလို့ “မျက်ရည်ကျပြီး အသနားခံ ဆုတောင်း” တဲ့အထိပဲ။ အဲဒီလောက်အထိ စိတ်ဒုက္ခ ခံစားဖူးတဲ့အတွက် ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေကို သိပြီး “စမ်းသပ်ခံရတဲ့အခါ” “ကူညီမစပေးနိုင်တယ်။” ‘ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို စာနာနိုင်တဲ့’ သနားကြင်နာတတ်တဲ့ ပုရောဟိတ်မင်းကို ခန့်အပ်ပေးထားလို့ ယေဟောဝါကို ကျေးဇူးတင်စရာပါပဲ။ (ဟီ. ၂:၁၇။ ၄:၁၄-၁၆။ ၅:၇-၁၀) လူတွေဟာ အပြင်းအထန် စမ်းသပ်ခံရချိန်မှာ ယေဟောဝါအပေါ် ဆက်သစ္စာရှိနိုင်မလားဆိုတဲ့ အရေးကြီးမေးခွန်းကို ဖြေဆိုနိုင်ဖို့ သားတော် ဝေဒနာ ခံစားပြီး သေဆုံးဖို့ ယေဟောဝါ ခွင့်ပြုရတာ ဖြစ်တယ်။ စာတန်ကတော့ လူတွေ ဆက်သစ္စာ ရှိမှာ မဟုတ်ဘူးလို့ စွပ်စွဲထားတယ်။ လူတွေဟာ ကိုယ်ကျိုးအတွက်ပဲ ဘုရားကို ဝတ်ပြုနေတာ၊ ယေဟောဝါကို တကယ် မချစ်ကြဘူးလို့ စာတန် ပြောတယ်။ (ယောဘ ၁:၉-၁၁။ ၂:၄၊ ၅) ယေရှု သေတဲ့အထိ သမာဓိ စောင့်ထိန်းခြင်းအားဖြင့် စာတန်ဟာ မုသာကောင် ဖြစ်ကြောင်း သက်သေထူခဲ့တယ်။ w21.04 ၁၇ ¶၇-၈

စနေနေ့၊ ဇန်နဝါရီ ၂၈

ဒါကြောင့် . . . ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ . . . ကျွန်တော် မိန့်မှာထားသမျှကို လိုက်နာဖို့ သွန်သင်ပေးကြပါ။—မ. ၂၈:၁၉၊ ၂၀။

ကျမ်းစာသင်သားဟာ နှစ်ခြင်း မခံခင် ကျမ်းစာ သွန်သင်ချက်တွေကို လက်တွေ့ကျင့်ဖို့ လိုတယ်။ သိလာတာတွေကို လက်တွေ့ကျင့်မယ်ဆိုရင် ယေရှုရဲ့ ပုံဥပမာထဲက ကျောက်သားပေါ် အိမ်ဆောက်ဖို့ နက်နက်တူးတဲ့ “သတိပညာရှိသူ” နဲ့ တူလာမယ်။ (မ. ၇:၂၄၊ ၂၅။ လု. ၆:၄၇၊ ၄၈) အပြောင်းအလဲတွေ လုပ်နိုင်အောင် သင်သားကို ကူညီပေးပါ။ (မာ. ၁၀:၁၇-၂၂) ချမ်းသာတဲ့လူအတွက် ရှိသမျှ ရောင်းဖို့ အတော်ခက်မယ်ဆိုတာ ယေရှု သိတယ်။ (မာ. ၁၀:၂၃) ဒါပေမဲ့ အဲဒီလို ရောင်းပါလို့ ယေရှု ပြောတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကို ချစ်လို့ပဲ။ တစ်ခါတလေ သင်သားဘက်က အပြောင်းအလဲ လုပ်ဖို့ အသင့် မဖြစ်သေးဘူးလို့ ကျွန်တော်တို့ ယူဆတဲ့အတွက် သိလာတာတွေကို လက်တွေ့ကျင့်ပါဆိုပြီး အားပေးဖို့ တွန့်ဆုတ်နေနိုင်တယ်။ (ကော. ၃:၉၊ ၁၀) ဒါပေမဲ့ ဒီအကြောင်းကို မြန်မြန် ဆွေးနွေးလေ သင်သားဘက်က မြန်မြန် ပြောင်းလဲနိုင်လေ ဖြစ်မယ်။ အဲဒီလို ဆွေးနွေးတာက သင်သားကို ဂရုစိုက်ကြောင်း ပြရာ ရောက်တယ်။—ဆာ. ၁၄၁:၅။ ပညာ. ၂၇:၁၇။ w21.06 ၃ ¶၃၊ ၅

တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၂၉

ခရစ်တော်ကိုယ်တိုင် . . . သူ့ခြေရာကို ထက်ကြပ်မကွာ လိုက်လျှောက်စေဖို့ စံနမူနာ ထားခဲ့တယ်။—၁ ပေ. ၂:၂၁။

တမန်တော် ပေတရုက ယေရှုရဲ့ ခံနိုင်ရည်အကြောင်း အဓိက ပြောနေတာ။ ဒါပေမဲ့ တခြားကဏ္ဍတွေမှာလည်း ယေရှုကို တုပနိုင်ပါတယ်။ (၁ ပေ. ၂:၁၈-၂၅) ယေရှု ပြောဆိုပြုမူသမျှ ဘဝလမ်းစဉ် တစ်ခုလုံးဟာ ကျွန်တော်တို့ လိုက်လျှောက်နိုင်တဲ့ စံနမူနာ ဖြစ်တယ်။ မစုံလင်တဲ့ လူသားတွေမို့ ယေရှုရဲ့ ပုံနမူနာကို တုပနိုင်ပါ့မလား။ တုပနိုင်ပါတယ်။ တစ်ထပ်တည်းတော့ တုပနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ယေရှုရဲ့ ခြေရာကို အတတ်နိုင်ဆုံး အနီးကပ် လိုက်လျှောက်မယ်ဆိုရင် ‘[ယေရှု] လျှောက်လှမ်းခဲ့တဲ့ လမ်းစဉ်အတိုင်း အမြဲ လျှောက်လှမ်းပါ’ ဆိုတဲ့ တမန်တော် ယောဟန်ရဲ့ စကားကို နာခံနိုင်ပါလိမ့်မယ်။ (၁ ယော. ၂:၆) ယေရှုရဲ့ ခြေရာကို လိုက်လျှောက်တာက ယေဟောဝါနဲ့ ပိုရင်းနှီးစေတယ်။ ဘာကြောင့် အဲဒီလို ပြောနိုင်သလဲ။ ဘုရားနှစ်သက်တဲ့ နည်းအတိုင်း ဘယ်လို အသက်ရှင်ရမယ်ဆိုတာ ယေရှု ပုံနမူနာပြခဲ့တယ်။ (ယော. ၈:၂၉) ဒါကြောင့် ယေရှုရဲ့ ခြေရာကို လိုက်လျှောက်မယ်ဆိုရင် ယေဟောဝါရဲ့ မျက်နှာသာ ရပါလိမ့်မယ်။ မိမိနဲ့ မိတ်ဆွေ ဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေသူတွေနဲ့ ဘုရား ရင်းနှီးလာမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။—ယာ. ၄:၈။ w21.04 ၃ ¶၄-၆

တနင်္လာနေ့၊ ဇန်နဝါရီ ၃၀

ယေဟောဝါက မိမိရဲ့ လူတွေကို နှစ်သက်တယ်။—ဆာ. ၁၄၉:၄။

ကျွန်တော်တို့ရဲ့ အရည်အသွေးကောင်းတွေကို ယေဟောဝါ သတိပြုမိတယ်။ ဘယ်လို လူစားမျိုး ဖြစ်လာနိုင်တယ်ဆိုတာ သိတယ်။ မိမိဆီ ဆွဲဆောင်တယ်။ ကျွန်တော်တို့သာ သစ္စာရှိနေရင် ဘုရားနဲ့ ထာဝစဉ် ရင်းနှီးနေမှာ ဖြစ်တယ်။ (ယော. ၆:၄၄) ကိုယ့်ကို ယေဟောဝါ ချစ်တယ်၊ ထောက်မပေးနေတယ်ဆိုတာ ယုံကြည်စိတ်ချရင် ဘဝအခက်အခဲတွေ ကြားမှာတောင် စိတ်နှလုံး အကြွင်းမဲ့ အမှုဆောင်ဖို့ လှုံ့ဆော်ခံရပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်ကို ဘုရား ဂရုစိုက်ရဲ့လား၊ ချစ်ရဲ့လားလို့ သံသယ ဝင်လာရင်တော့ “အားလျော့သွားလိမ့်မယ်။” (ပညာ. ၂၄:၁၀) စိတ်ဓာတ်ကျလာပြီး စာတန်ရဲ့ တိုက်ခိုက်မှုတွေကို ခုခံနိုင်တော့မှာ မဟုတ်ဘူး။ (ဧ. ၆:၁၆) ဒီနေ့ခေတ် သစ္စာရှိ ခရစ်ယာန်တချို့ဟာ သံသယစိတ်ကြောင့် ဘုရားရေးရာမှာ အားနည်းသွားကြတယ်။ ကိုယ့်ကို ဘုရား ချစ်ရဲ့လားလို့ သံသယ စဝင်လာပြီဆိုရင် ဘာလုပ်သင့်သလဲ။ အဲဒီအတွေးကို စိတ်ထဲကနေ ချက်ချင်း ထုတ်ပစ်ပါ။ “ပူပန်သောကတွေ” ဖယ်ရှားပေးပြီး “စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်သွေးကို စောင့်ရှောက်ပေး” မယ့် “ဘုရားသခင့် ငြိမ်သက်ခြင်း” ပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ (ဆာ. ၁၃၉:၂၃။ ဖိ. ၄:၆၊ ၇) ဒါ့အပြင် သင် တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သတိရပါ။ w21.04 ၂၀ ¶၁။ ၂၁ ¶၄-၆

အင်္ဂါနေ့၊ ဇန်နဝါရီ ၃၁

ဘုရားသခင်ဟာ ခင်ဗျားတို့ကို . . . လုပ်ဆောင်ချင်စိတ်သာမက လုပ်ဆောင်နိုင်စွမ်းကိုပါ ပေးသနားတဲ့အရှင်ပဲ။—ဖိ. ၂:၁၃။

သင် ယေဟောဝါသက်သေ ဘယ်လို ဖြစ်လာသလဲ။ မိဘ၊ အလုပ်ဖော်၊ အတန်းဖော်ဆီက ဒါမှမဟုတ် တစ်အိမ်တက်ဆင်း လုပ်ငန်းကတစ်ဆင့် “သတင်းကောင်း” စကြားတာ ဖြစ်နိုင်တယ်။ (မာ. ၁၃:၁၀) တစ်ယောက်ယောက်က အချိန်နဲ့ ခွန်အား များစွာ စိုက်ထုတ်ပြီး ကျမ်းစာသင်ပေးတယ်။ သင် ယေဟောဝါကို ချစ်လာတယ်။ ကိုယ့်ကို ဘုရား ချစ်တယ်ဆိုတာလည်း သိလာတယ်။ အမှန်တရားထဲ ယေဟောဝါ ဆွဲဆောင်လို့ အခု ယေရှုခရစ်ရဲ့ တပည့် ဖြစ်နေပြီး ထာဝရအသက် မျှော်လင့်ချက် ရှိလာတယ်။ (ယော. ၆:၄၄) သင့်ကို အမှန်တရား သင်ပေးဖို့ တစ်ယောက်ယောက်ကို ယေဟောဝါ လှုံ့ဆော်ပေးလို့၊ ကျေးကျွန်တစ်ယောက်အဖြစ် လက်ခံပေးလို့ သင် ကျေးဇူးတင်နေမှာ သေချာတယ်။ ကျွန်တော်တို့ အမှန်တရား သိလာပြီ ဖြစ်လို့ အသက်လမ်းပေါ် ရောက်အောင် တခြားသူတွေကို ကူညီပေးခွင့် ရထားတယ်။ တစ်အိမ်တက်ဆင်း သွားရတာ အဆင်ပြေပေမဲ့ ကျမ်းစာသင်အံမှု ကမ်းလှမ်းဖို့၊ စလုပ်ဖို့ ခက်နေနိုင်တယ်။ w21.07 ၂ ¶၁-၂

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ