ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • es23 စာ. ၁၇-၂၆
  • ဖေဖော်ဝါရီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖေဖော်ဝါရီ
  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၁
  • ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၂
  • သောကြာနေ့၊ ဖေဖော်ဝါရီ ၃
  • စနေနေ့၊ ဖေဖော်ဝါရီ ၄
  • တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၅
  • တနင်္လာနေ့၊ ဖေဖော်ဝါရီ ၆
  • အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၇
  • ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၈
  • ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၉
  • သောကြာနေ့၊ ဖေဖော်ဝါရီ ၁၀
  • စနေနေ့၊ ဖေဖော်ဝါရီ ၁၁
  • တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၁၂
  • တနင်္လာနေ့၊ ဖေဖော်ဝါရီ ၁၃
  • အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၁၄
  • ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၁၅
  • ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၁၆
  • သောကြာနေ့၊ ဖေဖော်ဝါရီ ၁၇
  • စနေနေ့၊ ဖေဖော်ဝါရီ ၁၈
  • တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၁၉
  • တနင်္လာနေ့၊ ဖေဖော်ဝါရီ ၂၀
  • အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၂၁
  • ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၂၂
  • ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၂၃
  • သောကြာနေ့၊ ဖေဖော်ဝါရီ ၂၄
  • စနေနေ့၊ ဖေဖော်ဝါရီ ၂၅
  • တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၂၆
  • တနင်္လာနေ့၊ ဖေဖော်ဝါရီ ၂၇
  • အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၂၈
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၃
es23 စာ. ၁၇-၂၆

ဖေဖော်ဝါရီ

ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၁

ယေဟောဝါဟာ . . . ဆုတောင်းသူတိုင်းရဲ့ အနီးအပါးမှာ ရှိတယ်။—ဆာ. ၁၄၅:၁၈။

ဝတ်ပြုသူအားလုံးရဲ့ အကျိုးကို ယေဟောဝါ စိတ်ဝင်စားတယ်။ ယောက်တိုင်းရဲ့ အနီးအပါးမှာ ရှိတယ်။ ကျွန်တော်တို့ စိတ်ဓာတ်ကျတဲ့အခါ သိတယ်။ (ဆာ. ၁၄၅:၁၈၊ ၁၉) ပရောဖက် ဧလိယကို ယေဟောဝါ ဘယ်လောက် စိတ်ဝင်စားကြောင်း စဉ်းစားကြည့်ပါ။ အစ္စရေးသမိုင်းရဲ့ ခက်ခဲတဲ့အချိန်မှာ ဧလိယ အသက်ရှင်ခဲ့တယ်။ ယေဟောဝါကို ဝတ်ပြုသူတွေ အပြင်းအထန် နှိပ်စက်ညှဉ်းပန်း ခံနေရတယ်။ အထူးသဖြင့် ဧလိယ ပစ်မှတ်ထားခံနေရတယ်။ (၁ ဘု. ၁၉:၁၊ ၂) ယေဟောဝါအတွက် အမှုဆောင်တဲ့ ပရောဖက်အဖြစ် မိမိ တစ်ယောက်ပဲ ကျန်တော့တယ်လို့ ထင်ပြီး ဧလိယ စိတ်ဒုက္ခရောက်နေတယ်။ (၁ ဘု. ၁၉:၁၀) ဧလိယကို ဘုရား ချက်ချင်း ကူညီပေးတယ်။ ကောင်းကင်တမန်တစ်ပါး စေလွှတ်ပြီး ဧလိယ တစ်ယောက်တည်း မဟုတ်ကြောင်း၊ ဘုရားကို ကြောက်ရွံ့တဲ့ တခြား အစ္စရေးများစွာ ရှိသေးကြောင်း အသိပေးတယ်။ (၁ ဘု. ၁၉:၅၊ ၁၈) မိသားစုနဲ့တူတဲ့ ညီအစ်ကို/မတွေ ပြန်ရမယ်လို့ ယေရှု ကတိပေးတယ်။ (မာ. ၁၀:၂၉၊ ၃၀) ကျေးကျွန်တွေကို ကူညီထောက်မမယ်လို့ ကောင်းကင်ဖခင် ယေဟောဝါ ကတိပေးတယ်။—ဆာ. ၉:၁၀။ w21.06 ၈-၉ ¶၃-၄

ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၂

ဘုရားသခင်နဲ့ စပ်ဆိုင်တဲ့သူဟာ ဘုရားသခင်ရဲ့ တရားစကားကို နားထောင်တတ်တယ်။—ယော. ၈:၄၇။

ကျွန်တော်တို့ရဲ့ ကျမ်းစာ အခြေပြု သွန်သင်ချက်တွေဟာ မှားယွင်းတဲ့ ဘာသာရေး သွန်သင်ချက်တွေကို ဖော်ထုတ်တဲ့အတွက် လူများစွာ ကျွန်တော်တို့ကို ငြင်းပယ်ကြတယ်။ လူဆိုးတွေကို မီးငရဲမှာ ဘုရား ပြစ်ဒဏ်ပေးတယ်လို့ ဘာသာရေး ခေါင်းဆောင်တွေ သွန်သင်တယ်။ တကယ်တော့ လူတွေကို ထိန်းချုပ်ချင်လို့ အဲဒီလို သွန်သင်ကြတာ။ မေတ္တာရှင်ဘုရား ယေဟောဝါကို ဝတ်ပြုတဲ့ ကျေးကျွန်တွေကတော့ အဲဒီမှားယွင်းတဲ့ သွန်သင်ချက်ကို ဖော်ထုတ်ကြတယ်။ ဝိညာဉ် မသေဘူးလို့လည်း ဘာသာရေး ခေါင်းဆောင်တွေ သွန်သင်တယ်။ ကျမ်းစာမှာ အဲဒီသွန်သင်ချက် မပါကြောင်း ကျွန်တော်တို့ ဖော်ထုတ်တယ်။ အဲဒီသွန်သင်ချက်သာ မှန်မယ်ဆိုရင် ရှင်ပြန်ထမြောက်ခြင်း လိုတော့မှာ မဟုတ်ဘူး။ အရာရာကို ဘုရား ကြိုတင်သတ်မှတ်ထားတယ်လို့လည်း ဘာသာတရားများစွာက သွန်သင်ပေမဲ့ ကျွန်တော်တို့ကတော့ လူတွေမှာ လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိပြီး ဘုရားကို ဝတ်ပြုဖို့ ရွေးချယ်နိုင်တယ်လို့ သွန်သင်တယ်။ အဲဒီလို သွန်သင်ချက်တွေကြောင့် ကျွန်တော်တို့ကို ဘာသာရေး ခေါင်းဆောင်တွေ ဒေါသထွက်ကြတယ်။ အမှန်တရားကို ချစ်မြတ်နိုးတယ်ဆိုရင် ဘုရားသခင့် တရားစကားကို ကျွန်တော်တို့ လက်ခံရမယ်။ (ယော. ၈:၄၅၊ ၄၆) စာတန်မာရ်နတ်လို မဟုတ်ဘဲ အမှန်တရားကို မြဲမြဲဆုပ်ကိုင်ထားရမယ်။ ကိုယ့်ယုံကြည်ချက်တွေကို ဘယ်တော့မှ အလျှော့မပေးရဘူး။ (ယော. ၈:၄၄) ယေရှုလိုပဲ ‘ဆိုးညစ်တဲ့အရာကို ရွံမုန်းပြီး ကောင်းတဲ့အရာကို တွယ်တာ’ ဖို့ ဘုရား တောင်းဆိုထားတယ်။—ရော. ၁၂:၉။ ဟီ. ၁:၉။ w21.05 ၁၀-၁၁ ¶၁၀-၁၁

သောကြာနေ့၊ ဖေဖော်ဝါရီ ၃

မာရ်နတ်ကို ခုခံတွန်းလှန်ကြပါ။ ဒါဆိုရင် ခင်ဗျားတို့ဆီကနေ သူထွက်ပြေးသွားလိမ့်မယ်။—ယာ. ၄:၇။

မာန ဒါမှမဟုတ် လောဘ ထောင်ချောက်ထဲ ကျနေတာ သတိထားမိရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့ လွတ်မြောက်နိုင်ပါတယ်။ မာရ်နတ် “အရှင်လတ်လတ် ဖမ်းဆီးထား” သူတွေ လွတ်မြောက်နိုင်တယ်လို့ တမန်တော် ပေါလု ပြောတယ်။ (၂ တိ. ၂:၂၆) စာတန်ထက် ယေဟောဝါ တန်ခိုးကြီးတာကို ဘယ်တော့မှ မမေ့ပါနဲ့။ ယေဟောဝါရဲ့ အကူအညီကို လက်ခံမယ်ဆိုရင် မာရ်နတ် ထောင်ထားတဲ့ ဘယ်ထောင်ချောက်မျိုးကနေမဆို လွတ်မြောက်နိုင်ပါတယ်။ စာတန့် ထောင်ချောက်တွေကနေ လွတ်မြောက်တာထက် မကျအောင် ရှောင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဘုရား အကူအညီနဲ့သာ အဲဒီလို ရှောင်နိုင်မယ်။ ဒါကြောင့် ကိုယ့်အတွေးနဲ့ လုပ်ရပ်တွေမှာ အဲဒီစိတ်တွေ လွှမ်းမိုးနေသလား သိနိုင်ဖို့ ယေဟောဝါဆီ နေ့တိုင်း အကူအညီ တောင်းပါ။ (ဆာ. ၁၃၉:၂၃၊ ၂၄) မာနစိတ်၊ လောဘစိတ် ဘယ်တော့မှ မဝင်လာပါစေနဲ့။ စာတန် မုဆိုး လုပ်နေတာ နှစ်ပေါင်း ထောင်နဲ့ချီပြီ။ မကြာခင် ချုပ်နှောင်ခံရပြီး ဖျက်ဆီးခံရတော့မယ်။ (ဗျာ. ၂၀:၁-၃၊ ၁၀) အဲဒီနေ့ကို ကျွန်တော်တို့ မျှော်နေကြတယ်။ အဲဒီအချိန် မရောက်ခင်အထိတော့ စာတန့်ထောင်ချောက်တွေကို သတိပြုနေပါ။ မာနစိတ်၊ လောဘစိတ် မဝင်လာဖို့ ကြိုးစားကာကွယ်ပါ။ “မာရ်နတ်ကို ခုခံတွန်းလှန်” ဖို့ စိတ်ပိုင်းဖြတ်ထားပါ။ ‘ဒါဆိုရင် ကျွန်တော်တို့ဆီကနေ သူ ထွက်ပြေးသွားပါလိမ့်မယ်။’ w21.06 ၁၉ ¶၁၅-၁၇

စနေနေ့၊ ဖေဖော်ဝါရီ ၄

လုပ်သားတွေ စေလွှတ်ပေးဖို့ စပါးရှင်ဆီ ဆုတောင်းကြပါ။—မ. ၉:၃၈။

လူတစ်ယောက် ကျမ်းစာအမှန်တရားကို လက်ခံပြီး သိလာတာတွေအကြောင်း တခြားသူတွေကို ပြန်ပြောပြတဲ့အခါ ယေဟောဝါ ပျော်ရွှင်တယ်။ (ပညာ. ၂၃:၁၅၊ ၁၆) ဒီနေ့ခေတ်မှာ မိမိလူမျိုး လုပ်ဆောင်နေတာတွေကို မြင်ရတဲ့အခါ ယေဟောဝါ သိပ်ပျော်ရွှင်မှာပဲ။ ဥပမာ၊ ကမ္ဘာ့ကပ်ရောဂါကြား ၂၀၂၀ လုပ်ငန်းတော်နှစ်မှာ ကျွန်တော်တို့ ကျမ်းစာသင်အံမှု ၇,၇၀၅,၇၆၅ ခု ကျင်းပပြီး ယေဟောဝါဆီ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံဖို့ လူ ၂၄၁,၉၉၄ ယောက်ကို ကူညီပေးနိုင်ခဲ့ကြတယ်။ အဲဒီတပည့်သစ်တွေက ကျမ်းစာသင်အံမှုတွေ ပြန်ကျင်းပပြီး တခြားသူတွေ တပည့်ဖြစ်လာအောင် ပြန်ကူညီပေးတယ်။ (လု. ၆:၄၀) တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ ကျွန်တော်တို့ ပါဝင်တဲ့အခါ ယေဟောဝါ ပျော်ရွှင်မှာ သေချာတယ်။ တပည့်ဖြစ်စေခြင်း လုပ်ငန်းဟာ ခက်ခဲတဲ့ အလုပ် ဖြစ်ပေမဲ့ ယေဟောဝါရဲ့ အကူအညီကြောင့် ဒီလုပ်ငန်းမှာ ကျွန်တော်တို့ ပါဝင်နိုင်ပါတယ်။ ဘုရားကို ချစ်လာအောင် လူသစ်တွေကို ကူညီပေးနိုင်ပါတယ်။ အနည်းဆုံး ကျမ်းစာသင်အံမှု တစ်ခုလောက် လုပ်ဖို့ ပန်းတိုင်ထားနိုင်မလား။ ဆုံတွေ့သူတိုင်းကို သင့်တော်တဲ့အခါတိုင်း သင်အံမှု ကမ်းလှမ်းကြည့်ဖို့ ကြိုးစားမယ်ဆိုရင် အံ့ဖွယ်ရလဒ်တွေ ရလာမယ်။ w21.07 ၆-၇ ¶၁၄-၁၆

တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၅

ငါ့ပိုင်ဆိုင်ရာထဲက ရွှေငွေတွေကိုလည်း အိမ်တော်အတွက် ငါပေးလှူတယ်။ ဘုရားသခင်ရဲ့ အိမ်တော်ကို သိပ်မြတ်နိုးလို့ပါ။—၁ ရာ. ၂၉:၃။

ဘုရင် ဒါဝိဒ်ဟာ ဗိမာန်တော် ဆောက်လုပ်ရေးအတွက် မိမိဥစ္စာထဲက အမြောက်အမြား လှူဒါန်းတယ်။ (၁ ရာ. ၂၂:၁၁-၁၆) ကျွန်တော်တို့လည်း ဆောက်လုပ်ရေးလုပ်ငန်းမှာ ပါဝင်ဖို့ ခွန်အား မရှိတော့ပေမဲ့ ကိုယ့်အခြေအနေ ခွင့်ပြုသရွေ့ အလှူငွေ ထည့်ခြင်းအားဖြင့် ဆက်ထောက်မနိုင်တယ်။ ကိုယ်ရခဲ့တဲ့ အတွေ့အကြုံတွေကိုလည်း လူငယ်တွေ အကျိုးရအောင် ဝေမျှပေးနိုင်တယ်။ ရက်ရောမှုနဲ့ပတ်သက်ပြီး တမန်တော် ပေါလုရဲ့ ပုံနမူနာကိုလည်း စဉ်းစားကြည့်ပါ။ သာသနာပြု လုပ်ငန်းမှာ မိမိနဲ့အတူ ပါဝင်ဖို့ လူငယ် တိမောသေကို ဖိတ်ခေါ်ပြီး ဟောပြောသွန်သင်ခြင်း နည်းလမ်းတွေ သင်ပေးတယ်။ (တ. ၁၆:၁-၃) ပေါလုရဲ့ လေ့ကျင့်မှုက ထိထိရောက်ရောက် ဟောပြောနိုင်အောင် တိမောသေကို ကူညီပေးတယ်။ (၁ ကော. ၄:၁၇) ပေါလုရဲ့ နည်းတွေကို သုံးပြီး တခြားသူတွေကို တိမောသေ ပြန်လေ့ကျင့်ပေးတယ်။ w21.09 ၁၂ ¶၁၄-၁၅

တနင်္လာနေ့၊ ဖေဖော်ဝါရီ ၆

မနာလိုခြင်း၊ ရန်တွေ့ခြင်းတွေ ရှိနေတာ။—၁ ကော. ၃:၃။

အာပေါလုနဲ့ တမန်တော် ပေါလုဆီကနေ ကျွန်တော်တို့ ဘာသင်ယူနိုင်သလဲ။ နှစ်ယောက်စလုံး ကျမ်းစာအသိအပညာ ကြွယ်ဝတယ်။ လူသိများပြီး သိပ်တော်တဲ့ သွန်သင်သူတွေ ဖြစ်တယ်။ လူအများကြီးကို တပည့် ဖြစ်အောင် ကူညီပေးခဲ့တယ်။ ဒါပေမဲ့ တစ်ယောက်ကို တစ်ယောက် ပြိုင်ဖက်တွေအဖြစ် သဘောမထားကြဘူး။ (တ. ၁၈:၂၄) ကောရိန္သုမြို့ကနေ အာပေါလု ထွက်သွားပြီးနောက်ပိုင်း အဲဒီကို ပြန်သွားဖို့ ပေါလု အားပေးခဲ့တယ်။ (၁ ကော. ၁၆:၁၂) သတင်းကောင်း ကြေညာဖို့၊ ညီအစ်ကိုတွေကို အားပေးဖို့ ကိုယ့်အစွမ်းအစကို အကောင်းဘက်ကနေ အာပေါလု သုံးခဲ့တာ သေချာတယ်။ အာပေါလုဟာ နှိမ့်ချသူလည်း ဖြစ်တယ်။ အာကုလနဲ့ ပြစ်ကိလက “ဘုရားသခင်ရဲ့ လမ်းစဉ်အကြောင်း ပိုပြီး မှန်မှန်ကန်ကန် သိလာအောင် ရှင်းပြပေး” တဲ့အခါ အာပေါလု စိတ်ဆိုးခဲ့တယ်ဆိုတဲ့ ကျမ်းစာ မှတ်တမ်း မရှိဘူး။ (တ. ၁၈:၂၄-၂၈) အာပေါလု သိပ်တော်မှန်း တမန်တော် ပေါလု သိတယ်။ ဒါပေမဲ့ ကိုယ့်ထက် ပိုသာသွားမှာကို စိုးရိမ်တာမျိုး မဖြစ်ခဲ့ဘူး။ ကောရိန္သု အသင်းတော်ဆီ ရေးတဲ့စာမှာ ပေါလုရဲ့ နှိမ့်ချမှု၊ ကျိုးနွံမှု၊ အကျိုးသင့်အကြောင်းသင့် ရှိမှုတွေကို တွေ့နိုင်တယ်။—၁ ကော. ၃:၄-၆။ w21.07 ၁၈-၁၉ ¶၁၅-၁၇

အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၇

လူများစွာ ဖြောင့်မတ်သူတွေ ဖြစ်လာတယ်။—ရော. ၅:၁၉။

အာဒံနဲ့ ဧဝဟာ မနာခံမှုကြောင့် ယေဟောဝါရဲ့ မိသားစုဝင် ဖြစ်ခွင့် ဆုံးရှုံးခဲ့တယ်။ တကယ် ဆုံးရှုံးထိုက်ပါတယ်။ ဒါပေမဲ့ သားစဉ်မြေးဆက်တွေကော။ သူတို့ထဲက နာခံမှု ရှိသူတွေကို မိသားစုဝင်အဖြစ် မွေးစားနိုင်ဖို့ တစ်ဦးတည်းသောသားရဲ့ ရွေးဖိုးပူဇော်သက္ကာကို ယေဟောဝါ မေတ္တာပါပါ စီစဉ်ပေးတယ်။ (ယော. ၃:၁၆) သစ္စာရှိ လူသား ၁၄၄,၀၀၀ ဟာ ယေရှုရဲ့ ပူဇော်သက္ကာကြောင့် ဘုရားသခင့် သားတွေအဖြစ် မွေးစားခံရတယ်။ (ရော. ၈:၁၅-၁၇။ ဗျာ. ၁၄:၁) ဘုရားအလိုတော်ကို နာခံမှုရှိရှိ ထမ်းဆောင်နေတဲ့ တခြားသစ္စာရှိသူ သန်းပေါင်းများစွာဟာ အနှစ်တစ်ထောင် အဆုံး နောက်ဆုံးစမ်းသပ်မှု ပြီးနောက်မှာ အပြည့်ဝဆုံးသဘောနဲ့ ဘုရားရဲ့ မိသားစုဝင် ဖြစ်ခွင့် ရပါမယ်။ (ဆာ. ၂၅:၁၄။ ရော. ၈:၂၀၊ ၂၁) ဒါကြောင့် အခုကတည်းက ဖန်ဆင်းရှင် ယေဟောဝါကို “အဖ” လို့ ခေါ်ခွင့် ရထားတယ်။ (မ. ၆:၉) ရှင်ပြန်ထမြောက်လာသူတွေလည်း ယေဟောဝါရဲ့ တောင်းဆိုချက်တွေကို သင်ယူခွင့် ရမယ်။ နာခံဖို့ ရွေးချယ်မယ်ဆိုရင် ဘုရားမိသားစုဝင် ဖြစ်ခွင့် ရမယ်။ w21.08 ၅ ¶၁၀-၁၁

ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၈

ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိနိုင်ကြ[ပါ]။—ဖိ. ၁:၁၀။

တမန်တော် ပေါလုဟာ အမှုဆောင်သူအဖြစ် တာဝန်ခန့်အပ်ခံရတဲ့အခါ ဟောပြောခြင်းလုပ်ငန်းကို ဘဝမှာ အဓိကထားတယ်။ “လူအများရှေ့မှာရော၊ တစ်အိမ်တက်ဆင်း သွားပြီးတော့ရော ဟောပြောသွန်သင်ပေးခဲ့တယ်။” (တ. ၂၀:၂၀) အခွင့်အရေး ရတိုင်း ဟောပြောခဲ့တယ်။ ဥပမာ၊ အေသင်မြို့မှာ မိတ်ဆွေတွေကို စောင့်ရင်း အထင်ကရ လူအုပ်တစ်အုပ်ကို သတင်းကောင်း ဟောတဲ့အခါ တချို့ လက်ခံကြတယ်။ (တ. ၁၇:၁၆၊ ၁၇၊ ၃၄) “အကျဉ်းကျ” နေချိန်မှာတောင် အနီးမှာ ရှိတဲ့သူတွေကို ဟောပြောတယ်။ (ဖိ. ၁:၁၃၊ ၁၄။ တ. ၂၈:၁၆-၂၄) ပေါလုဟာ အချိန်ကို အကျိုးရှိရှိ အသုံးပြုတယ်။ တခြားသူတွေကိုလည်း အမှုဆောင်လုပ်ငန်းမှာ မိမိနဲ့အတူပါဝင်ဖို့ ဖိတ်ခေါ်တယ်။ ဥပမာ၊ ပထမ သာသနာပြု ခရီးစဉ်မှာ မာကုလို့လည်း ခေါ်တဲ့ ယောဟန်၊ ဒုတိယ ခရီးစဉ်မှာ တိမောသေကို ခေါ်သွားတယ်။ (တ. ၁၂:၂၅။ ၁၆:၁-၄) အသင်းတော် ဖွဲ့စည်းပုံ၊ သိုးထိန်းလုပ်ငန်း လုပ်ဆောင်ပုံ၊ သွန်သင်သူကောင်း ဖြစ်နိုင်ပုံတွေကို ကောင်းကောင်း လေ့ကျင့်ပေးခဲ့မှာ သေချာတယ်။—၁ ကော. ၄:၁၇။ w22.03 ၂၇ ¶၅-၆

ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၉

ဘုရားသခင်ဟာ ကျွန်တော်တို့တစ်ယောက်နဲ့မှ မဝေးပါဘူး။—တ. ၁၇:၂၇။

တချို့က မြင်ရတဲ့အရာကိုပဲ ယုံတယ်လို့ ပြောပြီး ဖန်ဆင်းရှင်ကို မယုံကြဘူး။ ဒါပေမဲ့ ကမ္ဘာ့ဆွဲအားလိုမျိုး မမြင်ရတဲ့အရာတွေကိုတော့ အထောက်အထား ခိုင်လုံတဲ့အတွက် ခြွင်းချက်အနေနဲ့ လက်ခံကြတယ်။ ကျမ်းစာမှာ ပြောထားတဲ့ ယုံကြည်ခြင်းလည်း အဲဒီလိုပဲ။ မမြင်ရတဲ့ အရာတွေရဲ့ ခိုင်လုံတဲ့ အထောက်အထားကို အခြေခံတယ်။ (ဟီ. ၁၁:၁) အထောက်အထားတွေကို ကိုယ်တိုင် ဆန်းစစ်ဖို့ အချိန်နဲ့ ခွန်အား လိုတယ်။ ဒါပေမဲ့ လူများစွာက အချိန် မပေးချင်ကြဘူး။ ခွန်အား မစိုက်ထုတ်ချင်ကြဘူး။ အထောက်အထားတွေကို ကိုယ်တိုင် မဆန်းစစ်တဲ့အတွက် ဘုရား မရှိဘူးလို့ ကောက်ချက်ချနေကြတယ်။ အထောက်အထားတွေကို ဆန်းစစ်ပြီးနောက် စကြဝဠာကို ဘုရား ဖန်ဆင်းကြောင်း သိပ္ပံပညာရှင်တချို့ ယုံကြည်လာကြတယ်။ တက္ကသိုလ်မှာ ဖန်ဆင်းခြင်းအကြောင်း တစ်ခါမှ မသင်ရလို့ ဖန်ဆင်းရှင် မရှိဘူးလို့ ယူဆနေကြတာ။ ဒါပေမဲ့ အခု သူတို့ ယေဟောဝါကို သိပြီး ချစ်လာကြတယ်။ တကယ်တော့ ပညာရေးနောက်ခံ ဘယ်လိုပဲ ရှိပါစေ ကျွန်တော်တို့အားလုံး ဘုရားအပေါ် ယုံကြည်ခြင်း တည်ဆောက်နေရမယ်။ w21.08 ၁၄ ¶၁။ ၁၆-၁၇ ¶၆-၇

သောကြာနေ့၊ ဖေဖော်ဝါရီ ၁၀

ယေဟောဝါဟာ သက်ရှိအားလုံးအပေါ် ကောင်းမြတ်တယ်။ လုပ်ဆောင်မှုတိုင်းမှာ ကရုဏာတော်ကို အထင်အရှား တွေ့မြင်ရတယ်။—ဆာ. ၁၄၅:၉။

ကရုဏာ ပြရတာကို ယေဟောဝါ ဘယ်လောက် နှစ်သက်ကြောင်း သားမိုက် ပုံဥပမာကို သုံးပြီး ယေရှု သွန်သင်ပေးတယ်။ သားဖြစ်သူဟာ အိမ်ကနေ ထွက်သွားတယ်။ “အပျော်အပါး လိုက်စားပြီး ပိုင်ဆိုင်သမျှကို သုံးဖြုန်းပစ်တယ်။” (လု. ၁၅:၁၃) နောက်ပိုင်း၊ အကျင့်ပျက်လမ်းစဉ် လိုက်မိလို့ နောင်တရတယ်။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး အိမ်ပြန်လာတယ်။ ဖခင် ဘယ်လို ကြိုဆိုသလဲ။ “ဖခင်က သားကို အဝေးကနေ လှမ်းမြင်တဲ့အခါ သနားစိတ် ယိုဖိတ်လာတော့ ပြေးဖက်ပြီး နမ်းတယ်” လို့ ယေရှု ပြောတယ်။ သားကို အရှက်မခွဲဘူး။ ကရုဏာ ရှေ့ထားပြီး ခွင့်လွှတ်တယ်။ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်။ သားဖြစ်သူ ကြီးလေးတဲ့ အပြစ် လုပ်ခဲ့ပေမဲ့ နောင်တရတဲ့အခါ ခွင့်လွှတ်ပေးတယ်။ ပုံဥပမာထဲက ကရုဏာ ရှိတဲ့ ဖခင်ဟာ ယေဟောဝါကို ပုံဆောင်တယ်။ အပြစ်ကျူးလွန်သူတွေသာ စစ်မှန်တဲ့ နောင်တ ရမယ်ဆိုရင် ယေဟောဝါ လိုလိုလားလား ခွင့်လွှတ်မှာ ဖြစ်ကြောင်း ပုံဥပမာကနေ ယေရှု ဖော်ပြတယ်။—လု. ၁၅:၁၇-၂၄။ w21.10 ၈ ¶၄။ ၉ ¶၆

စနေနေ့၊ ဖေဖော်ဝါရီ ၁၁

ဘုရားသခင်က လူမျိုးခြားတွေကို သတိရပြီး နာမတော်အတွက် သူတို့ထဲကနေ လူတွေကို ရွေးချယ်လိုက်[တယ်]။—တ. ၁၅:၁၄။

ဒီနေ့ခေတ်မှာ ဘာသာရေး ခေါင်းဆောင်များစွာက ဘုရားသခင်မှာ ကိုယ်ပိုင်နာမည် ရှိတယ်ဆိုတဲ့ အချက်ကို ဖုံးကွယ်ဖို့ အစွမ်းကုန် ကြိုးစားကြတယ်။ ဘာသာပြန်ကျမ်းစာတွေထဲကနေ ဘုရားနာမည်ကို ထုတ်ပစ်ကြတယ်။ ချာ့ချ်ဝတ်ပြုဆုတောင်းချိန်တွေမှာ ဘုရားနာမည် သုံးတာကို ပိတ်ပင်တားမြစ်ကြတယ်။ ယေဟောဝါသက်သေတွေပဲ ယေဟောဝါနာမည်ကို လေးစားဂုဏ်တင်တယ်ဆိုတာ ဘယ်သူ ငြင်းနိုင်မှာလဲ။ ဘုရားနာမည်ကို လူသိများအောင် တခြား ဘာသာရေးအုပ်စုတွေထက် ပိုလုပ်ဆောင်နေကြတယ်။ ယေဟောဝါသက်သေဆိုတဲ့ နာမည်နဲ့အညီ အတတ်နိုင်ဆုံး အသက်ရှင်နေကြတယ်။ (ဟေရှာ. ၄၃:၁၀-၁၂) ကမ္ဘာသစ် ဘာသာပြန်ကျမ်း သန်း ၂၄၀ ကျော် ထုတ်ဝေထားပြီး တခြား ဘာသာပြန်ကျမ်းတွေမှာ ထုတ်ပယ်ထားတဲ့ ယေဟောဝါရဲ့ နာမည်ကို သူ့နေရာနဲ့သူ ပြန်ထည့်ထားတယ်။ ယေဟောဝါနာမည် သုံးထားတဲ့ ကျမ်းစာ အခြေပြုစာပေတွေကိုလည်း ဘာသာစကား ၁၀၀၀ ကျော်နဲ့ ထုတ်ဝေနေတယ်။ w21.10 ၂၀-၂၁ ¶၉-၁၀

တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၁၂

ကိုယ့်ညီအစ်ကိုတစ်ယောက် ဆင်းရဲနေတယ်ဆိုရင် သူ့အပေါ် အကြင်နာ မကင်းမဲ့ရဘူး။ မတွန့်တိုရဘူး။—တရား. ၁၅:၇။

လိုအပ်နေတဲ့ ယုံကြည်သူချင်းတွေကို ကူညီတာဟာ ယေဟောဝါကို ဝတ်ပြုနေတာ ဖြစ်တယ်။ ဆင်းရဲသားတွေကို ကရုဏာ ပြတဲ့ အစ္စရေးတွေကို ယေဟောဝါ ပြန်ဆပ်ပေးမယ်လို့ ကတိပေးတယ်။ (တရား. ၁၅:၁၀) လိုအပ်နေတဲ့ ယုံကြည်သူချင်းတစ်ယောက်ကို ကျွန်တော်တို့ ကူညီလိုက်တိုင်း မိမိကို ချေးငှားပေးနေတာလို့ ယေဟောဝါ ရှုမြင်တယ်။ (ပညာ.၁၉:၁၇) ဥပမာ၊ ဖိလိပ္ပိမြို့က ခရစ်ယာန်တွေဟာ ထောင်ကျနေတဲ့ ပေါလုအတွက် လက်ဆောင် ပို့ပေးတယ်။ ဒါကို “ဘုရားသခင် နှစ်သက်လက်ခံတဲ့ ပူဇော်သက္ကာ” လို့ ပေါလု ပြောတယ်။ (ဖိ. ၄:၁၈) အသင်းတော်မှာ ‘ငါ ကူညီပေးနိုင်တဲ့သူ တစ်ယောက်ယောက် ရှိသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ ကိုယ့်အချိန်၊ ခွန်အား၊ ကျွမ်းကျင်မှု၊ ပစ္စည်းဥစ္စာတွေ သုံးပြီး လိုအပ်နေသူတွေကို ကျွန်တော်တို့ ကူညီတာကို ယေဟောဝါ နှစ်သက်တယ်။ ဝတ်ပြုရေးရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ သဘောထားတယ်။ (ယာ. ၁:၂၇) စစ်မှန်တဲ့ ဝတ်ပြုရေးမှာ ပါဝင်ဖို့ အချိန်နဲ့ ခွန်အား လိုအပ်တယ်။ ဒါပေမဲ့ မခက်ခဲလွန်းပါဘူး။ (၁ ယော. ၅:၃) ဘာကြောင့်လဲဆိုတော့ ယေဟောဝါနဲ့ ညီအစ်ကို ညီအစ်မတွေကို ချစ်လို့ပါပဲ။ w22.03 ၂၄ ¶၁၄-၁၅

တနင်္လာနေ့၊ ဖေဖော်ဝါရီ ၁၃

ကိုယ်တော်က လူဆိုးလူကောင်းအပေါ် နေထွက်စေတယ်။—မ. ၅:၄၅။

ညီအစ်ကို/မတွေကို ထောက်ထားစာနာမှု မပြခင် သူတို့ ဘယ်အခက်အခဲတွေ ကြုံနေရကြောင်း ထည့်စဉ်းစားဖို့ လိုတယ်။ ဥပမာ၊ ညီအစ်မတစ်ယောက် ကျန်းမာရေး ပြဿနာ ကြုံနေရတယ် ဆိုပါစို့။ တစ်ခါမှ မညည်းညူပေမဲ့ တစ်ယောက်ယောက် ကူညီပေးရင်တော့ ကျေးဇူးတင်မှာ။ ချက်ပြုတ်တာ၊ အိမ်သန့်ရှင်းရေး လုပ်တာတွေ ကျွန်တော်တို့ ဝိုင်းလုပ်ပေးနိုင်မလား။ ညီအစ်ကိုတစ်ယောက် အလုပ်ပြုတ်သွားတယ် ဆိုပါစို့။ သူ မသိအောင်ဖြစ်စေ ငွေကြေးနည်းနည်း ကူညီပေးတာက အလုပ်ရတဲ့အချိန်အထိ ကာမိစေမလား။ ယေဟောဝါလိုပဲ ကျွန်တော်တို့လည်း ကိုယ့်ဘက်က အစပြုပြီး ရက်ရောမှု ပြရမယ်။ ညီအစ်ကို/မတွေ အကူအညီ တောင်းတဲ့အထိ မစောင့်သင့်ဘူး။ ဘုရားက ကျွန်တော်တို့ တောင်းဆိုစရာ မလိုဘဲ နေ့တိုင်း နေထွက်စေတယ်။ ကျေးဇူးသိတတ်သူတွေသာ မဟုတ်ဘဲ လူတိုင်း နေရောင်ကနေ အကျိုးရတယ်။ ကျွန်တော်တို့ လိုအပ်ရာတွေကို ဖြည့်ဆည်းပေးတာဟာ ယေဟောဝါ မေတ္တာ ပြနေတာပဲ မဟုတ်လား။ ဒီလောက် ကြင်နာရက်ရောတဲ့အတွက် ယေဟောဝါကို သိပ်ချစ်ကြတယ်။ w21.09 ၂၂-၂၃ ¶၁၂-၁၃

အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၁၄

အို ယေဟောဝါ၊ ကိုယ်တော်ဟာ ကောင်းမြတ်တယ်၊ ခွင့်လွှတ်ဖို့ အသင့်ရှိတယ်။ ဆုတောင်းသူ အားလုံးအပေါ် ခိုင်မြဲတဲ့ မေတ္တာတော် ကြီးမားလှပါတယ်။—ဆာ. ၈၆:၅။

ဘုရားရဲ့ ခိုင်မြဲတဲ့ မေတ္တာက ခွင့်လွှတ်ဖို့ လှုံ့ဆော်ပေးတယ်။ အပြစ်ကျူးလွန်သူတစ်ယောက် နောင်တ ရပြီး အပြစ်လမ်းစဉ်ကို စွန့်လိုက်တဲ့အခါ ခိုင်မြဲတဲ့ မေတ္တာက ခွင့်လွှတ်ဖို့ ဘုရားကို လှုံ့ဆော်ပေးတယ်။ “ငါတို့ကို အပြစ်ရှိတဲ့အလျောက် ဒဏ်မပေးဘူး။ အမှားရှိတဲ့အလျောက် ပြန်မဆပ်ပေးဘူး” လို့ ဆာလံဆရာ ဒါဝိဒ် ပြောတယ်။ (ဆာ. ၁၀၃:၈-၁၁) အပြစ်ရှိတယ်ဆိုတဲ့ သိစိတ်ဟာ ဝန်ထုပ်လို ဘယ်လောက် လေးလံကြောင်း ဒါဝိဒ် ကိုယ်တွေ့ သိခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါဟာ “ခွင့်လွှတ်ဖို့ အသင့်ရှိ” ကြောင်းလည်း သိခဲ့ရတယ်။ ခွင့်လွှတ်ဖို့ ဘုရားကို ဘာက လှုံ့ဆော်ပေးသလဲ။ အဖြေကို ဒီနေ့ကျမ်းချက်မှာ တွေ့ရတယ်။ ဒါဝိဒ်ရဲ့ စကားက ဖော်ပြတဲ့အတိုင်း ယေဟောဝါဟာ ဆုတောင်းသူ အားလုံးအပေါ် ခိုင်မြဲတဲ့ မေတ္တာ ကြီးမားတဲ့အတွက် ခွင့်လွှတ်ပေးတယ်။ ကျွန်တော်တို့ အပြစ်လုပ်မိတဲ့အခါ ဝမ်းနည်းတာ ကောင်းပါတယ်။ နောင်တရဖို့၊ အမှားကို ပြုပြင်ဖို့ လှုံ့ဆော်ပေးနိုင်လို့ပဲ။ w21.11 ၅ ¶၁၁-၁၂

ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၁၅

ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော်တို့ရဲ့ အဖ၊ နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ။—မ. ၆: ၉။

မိမိနာမတော်ကို ယေဟောဝါ မြတ်နိုးတယ်။ ယောက်တိုင်း လေးစားစေချင်တယ်။ (ဟေရှာ. ၄၂:၈) ဒါပေမဲ့ နာမတော် ကဲ့ရဲ့ရှုတ်ချခံနေရတာ နှစ်ပေါင်း ခြောက်ထောင်လောက် ရှိပြီ။ (ဆာ. ၇၄:၁၀၊ ၁၈၊ ၂၃) အာဒံနဲ့ ဧဝရဲ့ လိုအပ်ရာတွေကို ဘုရား မပေးဘူးလို့ မာရ်နတ် (“ရှုတ်ချဂုဏ်ဖျက်သူ” လို့ အဓိပ္ပာယ်ရ) စွပ်စွဲတဲ့အချိန်ကနေ စခဲ့တာ။ (က. ၃:၁-၅) အဲဒီအချိန်ကစပြီး လူတွေ တကယ် လိုအပ်တာကို ယေဟောဝါ မပေးဘူးလို့ မတရား စွပ်စွဲခံနေရတယ်။ ဖခင်နာမည် ရှုတ်ချခံရတာကို ယေရှု သိပ်ခံစားရတယ်။ ကောင်းကင်၊ မြေကြီးကို ယေဟောဝါ အကြွင်းမဲ့ အုပ်စိုးပိုင်ခွင့် ရှိတယ်။ ဘုရားရဲ့ အုပ်ချုပ်နည်းကလည်း အကောင်းဆုံးဖြစ်တယ်။ (ဗျာ. ၄:၁၁) ဒါပေမဲ့ ဘုရားမှာ အဲဒီလို အုပ်ချုပ်ပိုင်ခွင့် မရှိဘူးလို့ ကောင်းကင်တမန်နဲ့ လူတွေ ထင်လာအောင် မာရ်နတ် လှည့်စားတယ်။ မကြာခင် အဲဒီအရေးကိစ္စ လုံးဝ ပြီးပြတ်ပါတော့မယ်။ ဘုရားနိုင်ငံတော်သာ ကမ္ဘာပေါ် စစ်မှန်တဲ့ ငြိမ်းချမ်းလုံခြုံမှု ပေးနိုင်ကြောင်း ယေဟောဝါ ထင်ရှားစေပါလိမ့်မယ်။ w21.07 ၉ ¶၅-၆

ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၁၆

ကျွန်တော်ကတော့ ယေဟောဝါကြောင့် အားရရွှင်လန်းမယ်။ ကယ်တင်ရှင် ဘုရားသခင်ကြောင့် ရွှင်လန်းမယ်။—ဟဗ. ၃:၁၈။

အိမ်ထောင်ဦးစီး တစ်ယောက်အနေနဲ့ မိသားစုရဲ့ စားဝတ်နေရေးကို ဖူဖူလုံလုံ ထောက်မပေးချင်တာ သဘာဝပါပဲ။ သင်ကော စီးပွားရေး အခက်အခဲ ရင်ဆိုင်နေရသလား။ ဒါဆိုရင် သိပ်ခက်ခဲနေမှာပဲ။ ဒါပေမဲ့ အခက်အခဲတွေကြား ယုံကြည်ခြင်း ခိုင်မာအောင် တည်ဆောက်နိုင်ပါတယ်။ မဿဲ ၆:၂၅-၃၄ မှာပါတဲ့ ယေရှုရဲ့ စကားတွေကို ဆုတောင်းပြီး ဖတ်ပါ။ တွေးတောဆင်ခြင်ပါ။ ဘုရားရေးရာ လုပ်ဆောင်မှုတွေမှာ အလုပ်များနေသူတွေကို ယေဟောဝါ ကူညီထောက်မပေးတဲ့ ဒီနေ့ခေတ် တွေ့ကြုံမှုတွေကို စဉ်းစားပါ။ (၁ ကော. ၁၅:၅၈) ဒါဆိုရင် ကိုယ်နဲ့ အခြေအနေတူတဲ့ တခြားသူတွေကို ယေဟောဝါ ကူညီပေးခဲ့သလို ကိုယ့်ကိုလည်း ကူညီပေးမယ်ဆိုတဲ့ ယုံကြည်စိတ်ချမှု ခိုင်မာလာပါလိမ့်မယ်။ သင် ဘာလိုအပ်တယ်၊ ဘယ်လို ကူညီပေးရမယ်ဆိုတာ ဘုရား သိတယ်။ ဘဝမှာ ယေဟောဝါရဲ့ အကူအညီကို ခံစားရတာနဲ့အမျှ ယုံကြည်ခြင်း ပိုခိုင်မာလာမယ်။ အနာဂတ်မှာ ကြုံရမယ့် ပိုဆိုးတဲ့ အခက်အခဲတွေကို ခံရပ်နိုင်ပါလိမ့်မယ်။ w21.11 ၂၀ ¶၃။ ၂၁ ¶၆

သောကြာနေ့၊ ဖေဖော်ဝါရီ ၁၇

တစ်ယောက်ယောက် အပြစ်လုပ်မိရင်တောင် ကူညီပေးမယ့်သူ ရှိပါတယ်။ . . . အဖဘုရားနဲ့အတူ ရှိနေတဲ့ . . . ယေရှုခရစ်ပဲ။—၁ ယော. ၂:၁။

ရွေးဖိုး သွန်သင်ချက်ကြောင့် ခရစ်ယာန်များစွာရဲ့ ယုံကြည်ခြင်း ပိုခိုင်မာလာတယ်။ ဆန့်ကျင်မှုတွေကြား ဆက်ဟောပြောကြတယ်။ အသက်အရွယ် အိုမင်းချိန်အထိ အခက်အခဲ အမျိုးမျိုးကို ခံရပ်ကြတယ်။ တမန်တော် ယောဟန်အကြောင်း စဉ်းစားကြည့်ပါ။ ခရစ်တော်အကြောင်း၊ ရွေးဖိုးအကြောင်း အမှန်တရားကို သစ္စာရှိရှိ ဟောပြောလာတာ နှစ်ပေါင်း ၆၀ ကျော်လောက် ရှိပြီ။ အသက်တစ်ရာနီးပါးကျမှ ရောမအင်ပါယာအတွက် အန္တရာယ်ရှိတဲ့သူလို့ သတ်မှတ်ခံရပြီး ပတ်မုကျွန်းကို နယ်နှင်ခံရတယ်။ ဘာပြစ်မှုကြောင့်လဲ။ “ဘုရားသခင်အကြောင်း ဟောပြောလို့၊ ယေရှုအကြောင်း သက်သေခံလို့” ပါ။ (ဗျာ. ၁:၉) ထူးခြားတဲ့ ယုံကြည်ခြင်းနဲ့ ခံနိုင်ရည် ပုံသက်သေပါပဲ။ ယေရှုကို သိပ်ချစ်တဲ့အကြောင်း၊ ရွေးဖိုးကို ကျေးဇူးတင်လေးမြတ်တဲ့အကြောင်း မိမိရဲ့ စာတွေမှာ ယောဟန် ထည့်ရေးတယ်။ ရွေးဖိုးအကြောင်း၊ ရွေးဖိုးကြောင့် ရမယ့် အကျိုးကျေးဇူးတွေအကြောင်း အကြိမ် ၁၀၀ ကျော်လောက် ဖော်ပြထားတယ်။ (၁ ယော. ၂:၂) ရွေးဖိုးကို ယောဟန် သိပ်ကျေးဇူးတင်လေးမြတ်တာ ထင်ရှားတယ်။ w21.04 ၁၇ ¶၉-၁၀

စနေနေ့၊ ဖေဖော်ဝါရီ ၁၈

နားမကြားသူကို မကျိန်ဆဲနဲ့။ မျက်မမြင်ရှေ့မှာ ခလုတ်တိုက်စရာ မချထားနဲ့။—ဝတ်. ၁၉:၁၄။

ခန္ဓာပိုင်း ချို့ယွင်းချက် ရှိသူတွေကို ထောက်ထားစာနာဖို့ ယေဟောဝါ တောင်းဆိုထားတယ်။ ဥပမာ၊ အစ္စရေးတွေဟာ နားမကြားသူကို မကျိန်ဆဲရဘူး။ အဲဒီထဲမှာ ခြိမ်းခြောက်တာ၊ မကောင်းပြောတာ ပါဝင်တယ်။ တကယ် ဆိုးရွားတဲ့ လုပ်ရပ်ပဲ။ ကိုယ်ပြောတာ မကြားလို့ နားမကြားသူခမျာ ဘာမှ မတုံ့ပြန်နိုင်ဘူး။ “မျက်မမြင်ရှေ့မှာ ခလုတ်တိုက်စရာ မချထားနဲ့” လို့ ဝတ်ပြုရာ ၁၉:၁၄ မှာ ဆက်ပြောတယ်။ “ရှေးခေတ် အရှေ့အလယ်ပိုင်းဒေသမှာ ခန္ဓာပိုင်း ချို့ယွင်းချက် ရှိသူတွေဟာ မမျှမတ၊ ရက်ရက်စက်စက် ဆက်ဆံခံရလေ့ ရှိတယ်” လို့ စာအုပ်တစ်အုပ်က ဆိုတယ်။ ထောက်ထားစာနာမှု မရှိသူတချို့ဟာ မျက်စိ မမြင်သူ တကယ် ထိခိုက်အောင် ဒါမှမဟုတ် ဟာသသဘောနဲ့ ခလုတ်တိုက်စရာ တစ်ခုခု ချထားတာ ဖြစ်နိုင်တယ်။ တကယ့်ကို ကြင်နာမှုမဲ့တဲ့ လုပ်ရပ်ပါပဲ။ ခန္ဓာပိုင်း ချို့ယွင်းချက် ရှိသူတွေကို ထောက်ထားစာနာဖို့ ဒီပညတ်ကတစ်ဆင့် မိမိလူမျိုးကို ယေဟောဝါ ကူညီပေးတယ်။ w21.12 ၈-၉ ¶၃-၄

တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၁၉

ယာကုပ်က တအားကြောက်ပြီး စိုးရိမ်သွားတယ်။—က. ၃၂:၇။

အစ်ကိုဖြစ်သူ အငြိုးထားနေဆဲ ဖြစ်မှာ ယာကုပ် စိုးရိမ်တယ်။ ဒါကြောင့် ဦးဆုံး၊ ဒီကိစ္စကို ယေဟောဝါဆီ ဆုတောင်းပြောပြတယ်။ ပြီးနောက် ဧသောဆီ လက်ဆောင်တွေ အများကြီး ပို့ပေးတယ်။ (က. ၃၂:၉-၁၅) နောက်ဆုံး၊ အစ်ကိုနဲ့ မျက်နှာချင်းဆိုင် တွေ့တဲ့အခါ ကိုယ့်ဘက်ကစပြီး လေးစားမှု ပြတယ်။ ဧသောကို တစ်ကြိမ်၊ နှစ်ကြိမ်မက ခုနစ်ကြိမ်အထိ ဦးညွှတ်တယ်။ အဲဒီလို နှိမ့်ချ၊ လေးစားတဲ့ လုပ်ရပ်တွေအားဖြင့် အစ်ကိုနဲ့ ပြေလည်အောင် ကြိုးစားတယ်။ (က. ၃၃:၃၊ ၄) အစ်ကို ဧသောနဲ့ တွေ့ဖို့ ယာကုပ် ပြင်ဆင်ပုံ၊ ချဉ်းကပ်ပုံကနေ သင်ခန်းစာတစ်ခု သင်ယူနိုင်တယ်။ ယာကုပ်ဟာ ယေဟောဝါဆီ နှိမ့်ချစွာ အကူအညီ တောင်းတယ်။ ပြီးနောက် အစ်ကိုနဲ့ ပြေလည်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခြင်းအားဖြင့် ဆုတောင်းချက်နဲ့အညီ လုပ်ဆောင်တယ်။ အစ်ကိုနဲ့ တွေ့တဲ့အခါ ဘယ်သူ မှန်တယ်၊ မှားတယ်ဆိုပြီး ဖြစ်ခဲ့တာတွေကို အငြင်းအခုံ မလုပ်ဘူး။ ပြန်ပြေလည်ဖို့ပဲ ပန်းတိုင်ထားတယ်။ ယာကုပ်ရဲ့ ပုံနမူနာကို သင် တုပနိုင်မလား။—မ. ၅:၂၃၊ ၂၄။ w21.12 ၂၅ ¶၁၁-၁၂

တနင်္လာနေ့၊ ဖေဖော်ဝါရီ ၂၀

ဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ စိတ်နှလုံးထက် ပိုကြီးမြတ်တယ်၊ အရာအားလုံးကို ကိုယ်တော် သိနေတယ်။—၁ ယော. ၃:၂၀။

သင့်အပြစ်တွေအတွက် ယေရှု အသေခံခဲ့တယ်ဆိုတာ စဉ်းစားလိုက်တဲ့အခါ ‘ဒီအဖိုးတန် ဆုကျေးဇူးကို ငါ မရထိုက်ဘူး’ လို့ ခံစားရနိုင်တယ်။ ဘာကြောင့် အဲဒီလို ခံစားရတာ ဖြစ်နိုင်သလဲ။ ကျွန်တော်တို့ရဲ့ မစုံလင်တဲ့ စိတ်နှလုံးက လှည့်စားတတ်ပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိဘူး၊ အချစ်မခံထိုက်ဘူးလို့ ခံစားရစေနိုင်လို့ပဲ။ (၁ ယော. ၃:၁၉) အဲဒီလို ခံစားရတဲ့အခါ “ဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ စိတ်နှလုံးထက် ပိုကြီးမြတ်တယ်” ဆိုတာကို သတိရပါ။ ကောင်းကင်ဖခင်ရဲ့ မေတ္တာနဲ့ ခွင့်လွှတ်နိုင်စွမ်းဟာ ကျွန်တော်တို့ စိတ်နှလုံးမှာ ရှိနေနိုင်တဲ့ သံသယစိတ်ထက် ပိုကြီးမားတယ်။ ကိုယ့်ကို ယေဟောဝါ မြင်သလို မြင်တတ်အောင် ကြိုးစားရမယ်။ အဲဒီလို ဖြစ်ဖို့ ကျမ်းစာ မှန်မှန် လေ့လာရမယ်။ မပြတ် ဆုတောင်းရမယ်။ ဘုရားရဲ့ သစ္စာရှိကျေးကျွန်တွေနဲ့ မှန်မှန် ပေါင်းသင်းရမယ်။ အဲဒါတွေ လုပ်ဖို့ ဘာကြောင့် အရေးကြီးသလဲ။ အဲဒီလိုလုပ်ရင် ယေဟောဝါရဲ့ အရည်အသွေးများစွာအကြောင်း ပိုသိလာမယ်။ ကိုယ့်ကို ဘုရား ဘယ်လောက် ချစ်ကြောင်း နားလည်လာမယ်။ ကျမ်းစာကို နေ့စဉ် ဖတ်ရှုတွေးတောတာက စိတ်နှလုံးကို “ပဲ့ပြင်” ပေးတဲ့အတွက် ရှင်းရှင်းလင်းလင်း တွေးခေါ်တတ်လာမယ်။—၂ တိ. ၃:၁၆။ w21.04 ၂၃-၂၄ ¶၁၂-၁၃

အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၂၁

ငါအော်ခေါ်တဲ့အခါ ဘုရားသခင် ကြားမှာပါ။—ဆာ. ၇၇:၁။

ယုံကြည်ခြင်း ခိုင်မာစေဖို့ အသိပညာ ရှိရုံနဲ့ မလုံလောက်ဘူး။ သိလာတာတွေကို တွေးတောဆင်ခြင်ဖို့ လိုတယ်။ ဆာလံ ၇၇ ကို ရေးသားသူအကြောင်း စဉ်းစားကြည့်ပါ။ မိမိကိုယ်တိုင်နဲ့ အစ္စရေးလူမျိုး ယေဟောဝါရဲ့ မျက်နှာသာ မရတော့ဘူးလို့ ခံစားရတဲ့အတွက် စိတ်ဓာတ်ကျနေတယ်။ အဲဒီစိတ်ကြောင့် ညမှာလည်း အိပ်မပျော် ဖြစ်နေတယ်။ (အခန်းငယ် ၂-၈) ဘာလုပ်သလဲ။ “ကိုယ်တော်ရဲ့ လုပ်ဆောင်မှုတွေအကြောင်း တွေးတောဆင်ခြင်ပါ့မယ်။ ကိုယ်တော်ရဲ့ လုပ်ရပ်တွေအကြောင်း စဉ်းစားဆင်ခြင်ပါ့မယ်” ဆိုပြီး ယေဟောဝါကို ပြောတယ်။ (အခန်းငယ် ၁၂) တစ်ချိန်က မိမိလူမျိုးအတွက် ယေဟောဝါ လုပ်ဆောင်ပေးခဲ့တာတွေကို ဆာလံဆရာ သိတယ်။ ဒါပေမဲ့ “ဘုရားသခင်က မျက်နှာသာပေးဖို့ မေ့နေပြီလား။ အမျက်ထွက်ပြီး ကရုဏာကို ရုပ်သိမ်းလိုက်ပြီလား” လို့ တွေးမိတယ်။ (အခန်းငယ် ၉) ဒါကြောင့် အတိတ်က ယေဟောဝါရဲ့ လုပ်ဆောင်မှုတွေ၊ ဘုရားပြခဲ့တဲ့ ကရုဏာနဲ့ သနားကြင်နာမှုတွေကို တွေးတောဆင်ခြင်တယ်။ (အခန်းငယ် ၁၁) ရလဒ်အနေနဲ့ မိမိလူမျိုးကို ယေဟောဝါ စွန့်ပစ်မှာ မဟုတ်ဘူးဆိုတာ စိတ်ချလာတယ်။ (အခန်းငယ် ၁၅) w22.01 ၃၀ ¶၁၇-၁၈

ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၂၂

ဘုရားသခင်ရဲ့အမြင်မှာ သူတို့အားလုံး အသက်ရှင်နေတယ်။—လု. ၂၀:၃၈။

သေဆုံးသွားတဲ့ သစ္စာရှိ အမျိုးသား/သမီးတွေနဲ့ပတ်သက်ပြီး ယေဟောဝါ ဘယ်လို ခံစားရသလဲ။ သူတို့ကို ပြန်မြင်ချင်စိတ် ပြင်းပြနေတယ်။ (ယောဘ ၁၄:၁၅) မိတ်ဆွေ အာဗြဟံကို ယေဟောဝါ ဘယ်လောက် ပြန်တွေ့ချင်နေမလဲ။ (ယာ. ၂:၂၃) မိမိနဲ့ “မျက်နှာချင်းဆိုင်” စကားပြောခဲ့တဲ့ မောရှေကိုကော။ (ထွ. ၃၃:၁၁) ဒါဝိဒ်နဲ့ တခြား ဆာလံဆရာတွေရဲ့ ချီးမွမ်းသီချင်းသံကိုလည်း ပြန်ကြားချင်နေမှာပဲ။ (ဆာ. ၁၀၄:၃၃) အဲဒီမိတ်ဆွေတွေ သေခြင်းမှာ အိပ်ပျော်နေပေမဲ့ သူတို့ကို ယေဟောဝါ မမေ့ဘူး။ (ဟေရှာ. ၄၉:၁၅) သူတို့ရဲ့ ပင်ကိုစရိုက်တွေကို အသေးစိတ်ကအစ မှတ်မိနေတယ်။ တစ်နေ့ကျရင် သူတို့ကို ပြန်ထမြောက်ပေးမယ်။ သူတို့ရဲ့ ဆုတောင်းသံတွေကို ပြန်နားထောင်ပြီး ဝတ်ပြုမှုကို လက်ခံမယ်။ ကိုယ်ချစ်ရသူတစ်ယောက် ဆုံးပါးသွားတယ်ဆိုရင် အဲဒီအချက်တွေက နှစ်သိမ့်မှု ဖြစ်စေနိုင်ပါတယ်။ ဧဒင်မှာ ပုန်ကန်မှု စကတည်းက အခြေအနေတွေ ပိုဆိုးလာမယ်ဆိုတာ ယေဟောဝါ သိတယ်။ ဒီနေ့ခေတ် ကမ္ဘာမှာ ဖြစ်နေတဲ့ ဆိုးသွမ်းမှု၊ မတရားမှု၊ အကြမ်းဖက်မှုတွေကို ယေဟောဝါ မုန်းတယ်။ w21.07 ၁၀ ¶၁၁။ ၁၂ ¶၁၂

ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၂၃

ခင်ဗျားတို့ရဲ့ မေတ္တာကို . . . လုပ်ရပ်နဲ့ တကယ် ပြကြပါ။—၁ ယော. ၃:၁၈။

ညီအစ်ကို/မတွေကို ချစ်တာက ရွေးဖိုးအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း ပြရာရောက်တယ်။ ဘာကြောင့်လဲ။ ယေရှုက ကျွန်တော်တို့အတွက်သာ မဟုတ်ဘဲ ညီအစ်ကို/မတွေအတွက်ပါ အသက်ပေးခဲ့လို့ပဲ။ အသက်ပေးဖို့ အသင့်ရှိတယ် ဆိုကတည်းက သူတို့ကို သိပ်ချစ်လို့ပဲ။ (၁ ယော. ၃:၁၆-၁၈) ညီအစ်ကို/မတွေကို ချစ်ကြောင်း ကျွန်တော်တို့ရဲ့ ပြုမူဆက်ဆံပုံအားဖြင့် ပြနိုင်တယ်။ (ဧ. ၄:၂၉၊ ၃၁–၅:၂) ဥပမာ၊ သူတို့ နေမကောင်းတဲ့အခါ၊ သဘာဝဘေးလိုမျိုး ဆိုးရွားတဲ့ ပြဿနာတွေ ကြုံရတဲ့အခါ ကူညီပေးကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စိတ်ထိခိုက်အောင် သူတို့ ပြောမိလုပ်မိတဲ့အခါမှာကော ဘာလုပ်သင့်သလဲ။ မကျေမချမ်း ဖြစ်နေသလား။ (ဝတ်. ၁၉:၁၈) ဒါဆိုရင် “အချင်းချင်း မကျေနပ်စရာ ရှိနေရင်တောင် ဆက်ပြီး သည်းခံကြပါ၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြပါ။ ယေဟောဝါက ခင်ဗျားတို့ကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်သလို ခင်ဗျားတို့လည်း အဲဒီလိုပဲ ခွင့်လွှတ်ကြပါ” ဆိုတဲ့ ကျမ်းစာအကြံဉာဏ်ကို လိုက်နာပါ။ (ကော. ၃:၁၃) ညီအစ်ကို/မတွေကို ခွင့်လွှတ်လိုက်တဲ့ အကြိမ်တိုင်း ရွေးဖိုးအတွက် တကယ် ကျေးဇူးတင်လေးမြတ်ကြောင်း ကောင်းကင်ဖခင်ကို ဖော်ပြရာရောက်တယ်။ w21.04 ၁၈ ¶၁၂-၁၃

သောကြာနေ့၊ ဖေဖော်ဝါရီ ၂၄

ကိုယ်စီရရှိထားတဲ့ . . . ဆုကျေးဇူးကို အချင်းချင်းအတွက် အကျိုးဆောင်ဖို့ အသုံးပြုကြပါ။—၁ ပေ. ၄:၁၀။

ယေဟောဝါအတွက် ကျွန်တော်တို့ ကြိုးစားအမှုဆောင်ခဲ့တာ၊ လူများစွာကို နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကူညီပေးခဲ့တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဘယ်အောင်မြင်မှုမဆို ယေဟောဝါရဲ့ ကောင်းချီးကြောင့်သာ ဖြစ်ကြောင်း အသိအမှတ်ပြုရမယ်။ အာပေါလုနဲ့ တမန်တော် ပေါလုဆီကနေ သင်ယူရတဲ့ သင်ခန်းစာ နောက်တစ်ခုကတော့ အသင်းတော်မှာ ပိုထင်ပေါ်လာလေ ငြိမ်သက်မှု တိုးများအောင် လုပ်ဖို့ ပိုအခွင့်အရေး ရလာလေ ဖြစ်တယ် ဆိုတာပဲ။ ခန့်အပ်ခံ အမျိုးသားတွေဟာ ကျမ်းစာကို အခြေခံပြီး သွန်သင်ခြင်း၊ ကိုယ်အာရုံစိုက်ခံရဖို့ထက် စံနမူနာရှင် ခရစ်တော် ယေရှုကို အာရုံစိုက်စေခြင်းအားဖြင့် ငြိမ်သက်စည်းလုံးမှု တိုးများအောင် လုပ်နေကြလို့ သိပ်ကျေးဇူးတင်စရာပါပဲ။ (၁ ကော. ၄:၆၊ ၇) ကျွန်တော်တို့ ယောက်တိုင်းမှာ ဘုရားပေး အစွမ်းအစတွေ ရှိတယ်။ ကိုယ်လုပ်နိုင်တာ အသေးအမွှားပါပဲလို့ ခံစားရနိုင်တယ်။ ဒါပေမဲ့ ချုပ်ရိုးလေးတွေဟာ အင်္ကျီတစ်ထည် ဖြစ်ဖို့ ဆက်ပေးသလို လုပ်ရပ် အသေးအမွှားလေးတွေဟာ အသင်းတော်တစ်ခုလုံးကို ငြိမ်သက်စည်းလုံးစေတယ်။ ဒါကြောင့် အပြိုင်အဆိုင်စိတ်ဓာတ် လုံးဝ ဝင်မလာအောင် ကြိုးစားအားထုတ်ကြပါစို့။ အသင်းတော်မှာ ငြိမ်သက်စည်းလုံးမှု တိုးများအောင် အတတ်နိုင်ဆုံး လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။—ဧ. ၄:၃။ w21.07 ၁၉ ¶၁၈-၁၉

စနေနေ့၊ ဖေဖော်ဝါရီ ၂၅

ခင်ဗျားရဲ့မောင် အသက်ပြန်ရှင်လာမယ်။—ယော. ၁၁:၂၃။

သေဆုံးသွားတဲ့ ချစ်ရသူတွေနဲ့ ပြန်ဆုံရမယ်ဆိုတာ သင် စိတ်ချနိုင်တယ်။ သေဆုံးသွားသူတွေကို ယေရှု ပြန်ထမြောက်ပေးချင်စိတ် ပြင်းပြနေတယ်ဆိုတာ သူ့ရဲ့ မျက်ရည်တွေက သက်သေပါပဲ။ (ယော. ၁၁:၃၅) ဝမ်းနည်းကြေကွဲနေသူတွေကို သင် ကူညီပေးနိုင်တယ်။ ယေရှုဟာ မာသ၊ မာရိနဲ့အတူ ငိုကြွေးရုံသာမက သူတို့ပြောတာ နားထောင်ပေးပြီး နှစ်သိမ့်မှု ဖြစ်စေတဲ့ စကား ပြောတယ်။ (ယော. ၁၁:၂၅-၂၇) ကျွန်တော်တို့လည်း အလားတူ လုပ်ဆောင်နိုင်တယ်။ ဩစတြေးလျမှာ နေတဲ့ အကြီးအကဲ ညီအစ်ကို ဒန် ဒီလိုပြောတယ်– “ဇနီး သေဆုံးသွားလို့ အကူအညီ လိုနေတာ။ ဇနီးမောင်နှံ အတော်များများက ကျွန်တော်ပြောတာကို နားထောင်ပေးဖို့ အမြဲ အသင့်ရှိနေကြတယ်။ ကျွန်တော် ဝမ်းနည်းတာ၊ မျက်ရည်ကျတာတွေကို ကသိကအောက် မဖြစ်ကြဘူး။ ကားဆေးတာ၊ ဈေးဝယ်တာ၊ ချက်ပြုတ်တာ စတာတွေ မလုပ်နိုင်တဲ့ အခါမျိုးတွေမှာ သူတို့ လာလုပ်ပေးကြတယ်။ ဒီနည်းတွေနဲ့ လက်တွေ့ကျကျ ကူညီပေးကြတယ်။ ကျွန်တော်နဲ့အတူ မကြာခဏ ဆုတောင်းပေးတယ်။ ‘ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့’ မိတ်ဆွေတွေ၊ ညီအစ်ကိုတွေပါပဲ။”—ပညာ. ၁၇:၁၇။ w22.01 ၁၆ ¶၈-၉

တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၂၆

အသက်ရစေတဲ့ ပဲ့ပြင်မှုကို နားထောင်တဲ့သူက ဉာဏ်ပညာရှိသူတွေ အလယ်မှာ နေရတယ်။—ပညာ. ၁၅:၃၁။

ကျွန်တော်တို့ရဲ့ အကောင်းဆုံးအကျိုးကို ယေဟောဝါ လိုလားတယ်။ (ပညာ. ၄:၂၀-၂၂) ကျမ်းစာ၊ ကျမ်းစာအခြေပြု စာပေ၊ ရင့်ကျက်တဲ့ ယုံကြည်သူချင်းကတစ်ဆင့် ယေဟောဝါ အကြံပေးတာဟာ ကျွန်တော်တို့ကို မေတ္တာ ပြနေတာ ဖြစ်တယ်။ (ဟီ. ၁၂:၉၊ ၁၀) အကြံဉာဏ်ကိုပဲ အာရုံစိုက်ပါ။ ဘယ်လိုပုံစံနဲ့ အကြံပေးတယ်ဆိုတာ အာရုံမစိုက်ပါနဲ့။ တစ်ခါတလေ အကောင်းဆုံးနည်းနဲ့ အကြံမပေးဘူးလို့ ခံစားရနိုင်တယ်။ လက်ခံရ အလွယ်ဆုံး ဖြစ်စေမယ့်နည်းနဲ့ အကြံပေးသင့်တာ မှန်ပါတယ်။ (ဂလ. ၆:၁) ဒါပေမဲ့ အဲဒီလို ထင်ရင်တောင် ပေးလာတဲ့ အကြံဉာဏ်ကိုပဲ အာရုံစိုက်ပါ။ ‘သူ့ပြောပုံပြောနည်းကို မကြိုက်ရင်တောင် သူ့စကားကနေ ငါ ဘာသင်ယူနိုင်သလဲ။ သူ့မစုံလင်မှုကို ဘေးဖယ်ပြီး အကြံဉာဏ်ကနေ အကျိုးရယူနိုင်မလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ရလာတဲ့ ဘယ်အကြံဉာဏ်ကနေမဆို အကျိုးရယူဖို့ နည်းလမ်းရှာတာဟာ ပညာရှိရာရောက်တယ်။—ပညာ. ၁၅:၃၁။ w22.02 ၁၂ ¶၁၃-၁၄

တနင်္လာနေ့၊ ဖေဖော်ဝါရီ ၂၇

ယေဟောဝါရဲ့ သတိပေးချက်ဟာ ယုံကြည်စိတ်ချထိုက်တယ်။ အတွေ့အကြုံ မရှိသူကို ဉာဏ်ပညာ ရှိစေတယ်။—ဆာ. ၁၉:၇။

မှားယွင်းတဲ့ အတွေးအခေါ်နဲ့ အကျင့်ဆိုးတွေကို ကျော်လွှားဖို့ အချိန်နဲ့ ခွန်အား စိုက်ထုတ်မှု လိုတယ်ဆိုတာ ယေဟောဝါ သိတယ်။ (ဆာ. ၁၀၃:၁၃၊ ၁၄) ဒါပေမဲ့ ကျမ်းစာ၊ စွမ်းအားတော်၊ အဖွဲ့အစည်းကတစ်ဆင့် ဉာဏ်ပညာ၊ ခွန်အား၊ ထောက်မမှုတွေ ပေးတယ်။ ကျမ်းစာ သုံးပြီး ကိုယ့်ကိုယ်ကိုယ် သေသေချာချာ ဆန်းစစ်ပါ။ ကျမ်းစာဟာ မှန်နဲ့ တူတယ်။ ကျွန်တော်တို့ရဲ့ တွေးခေါ်၊ ပြောဆို၊ ပြုမူပုံကို ဆန်းစစ်ဖို့ ကူညီပေးနိုင်တယ်။ (ယာ. ၁:၂၂-၂၅) ယေဟောဝါလည်း ကူညီပေးဖို့ အမြဲ အသင့်ရှိတယ်။ သင့်စိတ်နှလုံးထဲမှာ ဘာရှိသလဲဆိုတာ သိလို့ ဘယ်လို ကူညီရမယ်ဆိုတာ အသိဆုံး ဖြစ်တယ်။ (ပညာ. ၁၄:၁၀။ ၁၅:၁၁) ဒါကြောင့် ဘုရားဆီ နေ့တိုင်း ဆုတောင်းတဲ့အကျင့်၊ ကျမ်းစာလေ့လာတဲ့အကျင့် ရှိအောင် ကြိုးစားပါ။ ယေဟောဝါရဲ့ စံနှုန်းတွေ အကောင်းဆုံး ဖြစ်ကြောင်း ယုံကြည်စိတ်ချပါ။ ယေဟောဝါ တောင်းဆိုတာမှန်သမျှဟာ ကျွန်တော်တို့ အကျိုးအတွက် ဖြစ်တယ်။ ဘုရားစံနှုန်းတွေအတိုင်း နေထိုင်သူတွေဟာ ကိုယ့်ကိုယ်ကိုယ် လေးစားမှု၊ အဓိပ္ပာယ်ရှိတဲ့ ဘဝနဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှု ရရှိပါလိမ့်မယ်။—ဆာ. ၁၉:၈-၁၁။ w22.03 ၄ ¶၈-၁၀

အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၂၈

ခံစစ်ကုန်းရိုးတွေအကြောင်း နှလုံးထဲမှာ မှတ်ကျုံးထားကြပါ။ ခံတပ်မျှော်စင်တွေကို အသေအချာ ကြည့်ရှုကြပါ။ ဒါမှ နောင်လာနောက်သားတွေကို ပြောပြနိုင်မယ်။—ဆာ. ၄၈:၁၃။

ဝတ်ပြုရာနေရာတွေ ဆောက်လုပ်တာ၊ ပြုပြင်ထိန်းသိမ်းတာဟာ ယေဟောဝါကို ဝတ်ပြုနေတာ ဖြစ်တယ်။ တဲတော် ဆောက်လုပ်တာ၊ တဲတော်အသုံးအဆောင်တွေ လုပ်ဆောင်တာဟာ ‘သန့်ရှင်းတဲ့ လုပ်ငန်း’ ဖြစ်တယ်လို့ ကျမ်းစာ ဆိုတယ်။ (ထွ. ၃၆:၁၊ ၄) ဒီနေ့လည်း နိုင်ငံတော်ခန်းမနဲ့ တခြား ဝတ်ပြုရေး အဆောက်အအုံတွေ ဆောက်လုပ်တာကို သန့်ရှင်းမြင့်မြတ်တဲ့ လုပ်ငန်းအဖြစ် ယေဟောဝါ ရှုမြင်တယ်။ အဲဒီလုပ်ငန်းမှာ ညီအစ်ကို/မတချို့ အချိန်များစွာ ပေးဆက်နေကြတယ်။ နိုင်ငံတော်လုပ်ငန်းအတွက် သူတို့ရဲ့ ပေးဆက်မှုကို ကျွန်တော်တို့ တန်ဖိုးထားလေးမြတ်ကြတယ်။ ဟောပြောခြင်းလုပ်ငန်းမှာလည်း သူတို့ ပါဝင်ကြတယ်။ တချို့ဆိုရင် ရှေ့ဆောင်တောင် လုပ်နိုင်ကြတယ်။ အလုပ်ကြိုးစားတဲ့ အဲဒီအမျိုးသား/သမီးတွေ အရည်အချင်း ပြည့်မီတဲ့အခါတိုင်း ရှေ့ဆောင်တွေအဖြစ် ခန့်အပ်ဖို့ မတွန့်ဆုတ်ခြင်းအားဖြင့် ဆောက်လုပ်ရေးလုပ်ငန်းကို ထောက်မကြောင်း အသင်းတော် အကြီးအကဲတွေ ပြနိုင်တယ်။ ကျွန်တော်တို့အားလုံး ဆောက်လုပ်ရေးမှာ ကျွမ်းကျင်သည် ဖြစ်စေ၊ မကျွမ်းကျင်သည် ဖြစ်စေ အဲဒီအဆောက်အအုံတွေကို သန့်ရှင်းရေးလုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းမှာ ပါဝင်နိုင်ကြတယ်။ w22.03 ၂၂ ¶၁၁-၁၂

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ