ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • es23 စာ. ၂၆-၃၆
  • မတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မတ်
  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဗုဒ္ဓဟူးနေ့၊ မတ် ၁
  • ကြာသပတေးနေ့၊ မတ် ၂
  • သောကြာနေ့၊ မတ် ၃
  • စနေနေ့၊ မတ် ၄
  • တနင်္ဂနွေနေ့၊ မတ် ၅
  • တနင်္လာနေ့၊ မတ် ၆
  • အင်္ဂါနေ့၊ မတ် ၇
  • ဗုဒ္ဓဟူးနေ့၊ မတ် ၈
  • ကြာသပတေးနေ့၊ မတ် ၉
  • သောကြာနေ့၊ မတ် ၁၀
  • စနေနေ့၊ မတ် ၁၁
  • တနင်္ဂနွေနေ့၊ မတ် ၁၂
  • တနင်္လာနေ့၊ မတ် ၁၃
  • အင်္ဂါနေ့၊ မတ် ၁၄
  • ဗုဒ္ဓဟူးနေ့၊ မတ် ၁၅
  • ကြာသပတေးနေ့၊ မတ် ၁၆
  • သောကြာနေ့၊ မတ် ၁၇
  • စနေနေ့၊ မတ် ၁၈
  • တနင်္ဂနွေနေ့၊ မတ် ၁၉
  • တနင်္လာနေ့၊ မတ် ၂၀
  • အင်္ဂါနေ့၊ မတ် ၂၁
  • ဗုဒ္ဓဟူးနေ့၊ မတ် ၂၂
  • ကြာသပတေးနေ့၊ မတ် ၂၃
  • သောကြာနေ့၊ မတ် ၂၄
  • စနေနေ့၊ မတ် ၂၅
  • တနင်္ဂနွေနေ့၊ မတ် ၂၆
  • တနင်္လာနေ့၊ မတ် ၂၇
  • အင်္ဂါနေ့၊ မတ် ၂၈
  • ဗုဒ္ဓဟူးနေ့၊ မတ် ၂၉
  • ကြာသပတေးနေ့၊ မတ် ၃၀
  • သောကြာနေ့၊ မတ် ၃၁
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၃
es23 စာ. ၂၆-၃၆

မတ်

ဗုဒ္ဓဟူးနေ့၊ မတ် ၁

ငါ့ညီတွေထဲက အငယ်ဆုံးတစ်ယောက်ကို မင်းတို့ လုပ်ပေးသမျှဟာ ငါ့ကို လုပ်ပေးတာနဲ့ အတူတူပဲ။—မ. ၂၅:၄၀။

မဿဲ ၂၅:၃၁-၃၆ ပါ ပုံဥပမာထဲက “သိုး” ဆိုတာ နောက်ဆုံးကာလအတွင်း ဖြောင့်မတ်သူ၊ မြေကြီးမျှော်လင့်ချက်ရှိသူ တခြားသိုးတွေ ဖြစ်တယ်။ သူတို့ဟာ ကမ္ဘာချီ ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းကို ကူညီပေးခြင်းအားဖြင့် ခရစ်တော်ရဲ့ ဘိသိက်ခံညီ အကြွင်းအကျန်ကို သစ္စာရှိရှိ ထောက်မပေးနေကြတယ်။ (မ. ၂၄:၁၄။ ၂၈:၁၉၊ ၂၀) တခြားသိုးတွေဟာ နှစ်တိုင်း အောက်မေ့ရာပွဲ ဖိတ်ခေါ်တဲ့ ကမ္ဘာချီကင်ပိန်းမှာ ပါဝင်ခြင်းအားဖြင့် ခရစ်တော်ရဲ့ ညီတွေကို ထက်ထက်သန်သန် ထောက်မကြတယ်။ အသင်းတော်မှာ အောက်မေ့ရာပွဲ ကျင်းပနိုင်ဖို့ လိုအပ်သလို ကူညီပေးကြတယ်။ ဘိသိက်ခံတွေကို အဲဒီလို ကူညီပေးတာဟာ ယေရှုကို တိုက်ရိုက်ကူညီပေးရာရောက်မှန်း သိကြတယ်။—မ. ၂၅:၃၇-၄၀။ w22.01 ၂၂ ¶၁၁-၁၂

ကြာသပတေးနေ့၊ မတ် ၂

ကျွန်တော့်ကို မြင်တာဟာ အဖဘုရားကို မြင်တာပဲ။—ယော. ၁၄:၉။

အနာကြီး ရောဂါသည်ကို သနားတာ၊ ရောဂါဝေဒနာ အပြင်းအထန် ခံစားနေရတဲ့ အမျိုးသမီးကို စာနာတာ၊ ဝမ်းနည်းပူဆွေးနေတဲ့ ကျန်ရစ်သူ မိသားစုကို ထောက်ထားစာနာတာ စတဲ့ တခြားသူတွေနဲ့ ဆက်ဆံရာမှာ ယေရှု ပြခဲ့တဲ့ အရည်အသွေးတွေ၊ နည်းလမ်းတွေကို တုပတာဟာ ယေဟောဝါကို တုပရာ ရောက်တယ်။ (မာ. ၁:၄၀၊ ၄၁။ ၅:၂၅-၃၄။ ယော. ၁၁:၃၃-၃၅) ယေဟောဝါရဲ့ အရည်အသွေးတွေကို ပိုတုပလေ ဘုရားနဲ့ ပိုရင်းနှီးလေ ဖြစ်ပါလိမ့်မယ်။ ယေရှုရဲ့ ခြေရာကို လိုက်လျှောက်တာက ဆိုးညစ်တဲ့ လောကကြောင့် အာရုံမလွဲသွားအောင် ကျွန်တော်တို့ကို ကူညီပေးတယ်။ “ဒီလောကကို ကျွန်တော် အောင်နိုင်ပြီ” လို့ မြေကြီးအသက်တာ နောက်ဆုံးညမှာ ယေရှု ပြောနိုင်ခဲ့တယ်။ (ယော. ၁၆:၃၃) ဒါက လောက အတွေးအခေါ်၊ ရည်မှန်းချက်၊ လုပ်ရပ်တွေရဲ့ ဩဇာလွှမ်းမိုးမှု မခံတာကို ဆိုလိုတယ်။ ယေဟောဝါရဲ့ နာမည် သံသယ ကင်းရှင်းစေဖို့ဆိုတဲ့ မြေကြီးပေါ် လာရတဲ့ အဓိက အကြောင်းရင်းကို ယေရှု ဘယ်တော့မှ မမေ့ဘူး။ ကျွန်တော်တို့ကော။ ဒီလောကမှာ ကျွန်တော်တို့ကို အာရုံလွဲစေနိုင်တဲ့ အရာများစွာ ရှိတယ်။ ဒါပေမဲ့ ယေရှုလိုပဲ ယေဟောဝါရဲ့ အလိုတော် ဆောင်ခြင်းကို အာရုံစိုက်မယ်ဆိုရင် ‘လောကကို အောင်နိုင်’ ပါလိမ့်မယ်။—၁ ယော. ၅:၅။ w21.04 ၃-၄ ¶၇-၈

သောကြာနေ့၊ မတ် ၃

ဘုရားသခင်ပြတဲ့ မေတ္တာကို ကျွန်တော်တို့ မခံစားရအောင် ဘယ်အရာကမှ မတားဆီးနိုင်[ဘူး]။—ရော. ၈:၃၉။

တမန်တော် ပေါလုဟာ ‘[ယေရှု] ကို ယုံကြည်သက်ဝင်သူတိုင်း ထာဝရအသက် ရ’ မယ်ဆိုတဲ့ ကတိကိုလည်း ကောင်းကောင်း သိတယ်။ (ယော. ၃:၁၆။ ရော. ၆:၂၃) ရွေးဖိုးကို ပေါလု တကယ် ယုံကြည်တယ်။ ကြီးလေးတဲ့ အပြစ် ကျူးလွန်ခဲ့ရင်တောင် နောင်တယူမယ်ဆိုရင် ယေဟောဝါ ခွင့်လွှတ်ဖို့ အသင့်ရှိတယ်ဆိုတာ ပေါလု ယုံတယ်။ (ဆာ. ၈၆:၅) ခရစ်တော်ကတစ်ဆင့် ဖော်ပြတဲ့ ဘုရားရဲ့ မေတ္တာစွမ်းအားကိုလည်း ပေါလု ယုံကြည်တယ်။ ဂလာတိ ၂:၂၀ အဆုံးပိုင်းမှာ ပါတဲ့ အားရှိစရာ စကားတွေကို သတိပြုပါ။ “ကျွန်တော့်ကို ချစ်ပြီး ကျွန်တော့်အတွက် အသက်စွန့်ခဲ့တဲ့ ဘုရားသခင့် သားတော်” လို့ ပေါလု ပြောတယ်။ ဘုရားမေတ္တာ မခံစားထိုက်လောက်အောင် ကိုယ့်ကိုယ်ကိုယ် ဆိုးလှပြီလို့ ပေါလု မယူဆဘူး။ ‘တခြားညီအစ်ကို/မတွေကို ယေဟောဝါ ဘာကြောင့် ချစ်တယ်ဆိုတာ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ငါ့ကိုတော့ ဘုရား ချစ်မှာ မဟုတ်ပါဘူး’ လို့ မတွေးဘူး။ “ခရစ်တော်ကတော့ ကျွန်တော်တို့ အပြစ်ရှိသူတွေ ဖြစ်နေတာတောင် အသေခံပေးခဲ့တယ်” လို့ ရောမအသင်းတော်မှာ ရှိသူတွေကို ပေါလု သတိပေးတယ်။ (ရော. ၅:၈) ဘုရားမေတ္တာဟာ အကန့်အသတ် မရှိဘူး။ ဘုရားရဲ့ မေတ္တာစွမ်းအားကို ပေါလု အကြွင်းမဲ့ ယုံကြည်စိတ်ချတယ်။ အစ္စရေးလူမျိုးကို ယေဟောဝါ ဘယ်လောက် စိတ်ရှည်ကြောင်း သိတယ်။ w21.04 ၂၂ ¶၈-၁၀

စနေနေ့၊ မတ် ၄

ဘုရားသခင်ကို ချစ်တယ်ဆိုတာ ပညတ်ချက်တွေ လိုက်နာတာကို ဆိုလိုတယ်။—၁ ယော. ၅:၃။

ကျမ်းစာသင်အံမှု လုပ်တဲ့အခါ ယေဟောဝါကို ချစ်လာဖို့ သင်သားကို ကူညီပေးပါ။ ဘယ်လိုနည်းနဲ့လဲ။ ဖြစ်နိုင်တဲ့အခါတိုင်း ယေဟောဝါရဲ့ အရည်အသွေးတွေကို ပြောပြပါ။ ယေဟောဝါဟာ ပျော်ရွှင်တဲ့ဘုရား ဖြစ်ပြီး မိမိကို ချစ်မြတ်နိုးသူတွေကို ကူညီထောက်မပေးကြောင်း သင်သား နားလည်လာအောင် ကူညီပေးပါ။ (၁ တိ. ၁:၁၁။ ဟီ. ၁၁:၆) သိလာတာတွေကို လက်တွေ့ကျင့်ရင် အကျိုးရမှာ ဖြစ်ကြောင်း၊ အဲဒီအကျိုးကျေးဇူးတွေက ယေဟောဝါ သူ့ကို ချစ်တယ်ဆိုတဲ့ အထောက်အထား ဖြစ်ကြောင်း ရှင်းပြပါ။ (ဟေရှာ. ၄၈:၁၇၊ ၁၈) သင်သားဟာ ယေဟောဝါကို ချစ်လာလေ လိုအပ်တဲ့ အပြောင်းအလဲတွေ လုပ်ဖို့ ပိုလှုံ့ဆော်ခံရလေ ဖြစ်ပါလိမ့်မယ်။ နှစ်ခြင်းခံတဲ့အထိ တိုးတက်ဖို့ သင်သားမှာ စွန့်လွှတ်အနစ်နာခံရတာတွေ ရှိနိုင်တယ်။ သင်သားတချို့ဟာ ရုပ်ပစ္စည်းပိုင်း စွန့်လွှတ်ရနိုင်တယ်။ ယေဟောဝါကို မချစ်တဲ့ အပေါင်းအသင်းတွေကို စွန့်လွှတ်ရနိုင်တယ်။ ယေဟောဝါသက်သေတွေကို မကြိုက်တဲ့ မိသားစုဝင်တွေရဲ့ ပစ်ပယ်မှု ခံရနိုင်တယ်။ ဒါပေမဲ့ မိမိနောက် လိုက်သူတွေ စိတ်ပျက်ရမှာ မဟုတ်ဘူး၊ အသင်းတော်မှာ မိသားစုနဲ့တူတဲ့ ညီအစ်ကို/မတွေ ပြန်ရမယ်လို့ ယေရှု ကတိပေးတယ်။—မာ. ၁၀:၂၉၊ ၃၀။ w21.06 ၄-၅ ¶၈-၉

တနင်္ဂနွေနေ့၊ မတ် ၅

လယ်ကွင်းကို လှမ်းမျှော်ကြည့်လိုက်ပါ။ ရိတ်စရာစပါးတွေ မှည့်ဝင်းနေပြီ။—ယော. ၄:၃၅။

တမန်တော် ပေါလုက တပည့်ဖြစ်စေခြင်း လုပ်ငန်းကို အပင်စိုက်တာနဲ့ နှိုင်းယှဉ်ခဲ့တယ်။ စိုက်ပျိုးသူဟာ မျိုးစေ့ ကြဲရုံထက်မက ပိုလုပ်ဆောင်ရမယ်။ “ကျွန်တော်က စိုက်ပျိုးတယ်။ အာပေါလုက ရေလောင်းတယ်။ . . . ခင်ဗျားတို့ဟာ ဘုရားသခင် ပျိုးထောင်နေတဲ့ စိုက်ခင်းပါ” လို့ ကောရိန္သုအသင်းတော်ကို ပေါလု ပြောတယ်။ (၁ ကော. ၃:၆-၉) “ဘုရားသခင် ပျိုးထောင်နေတဲ့ စိုက်ခင်း” ထဲက လုပ်သားတွေအနေနဲ့ ကျွန်တော်တို့ဟာ မျိုးစေ့ ကြဲရုံသာ မဟုတ်ဘဲ ရေလောင်းရမယ်။ အပင်ကြီးထွားမှုကို ပုံမှန် စစ်ဆေးရမယ်။ တစ်ချိန်တည်းမှာ အပင်ကို ကြီးထွားစေသူဟာ ဘုရားသခင် ဖြစ်ကြောင်းကိုလည်း အသိအမှတ်ပြုရမယ်။ တခြားသူတွေကို အမှန်တရား ဟောပြော၊ သွန်သင်ရတာ အခွင့်ထူးပါပဲ။ ဒီလုပ်ငန်းက ကျွန်တော်တို့ကို အလွန်ပျော်ရွှင်စေတယ်။ သက်သာလောနိတ်မြို့သားများစွာကို တပည့် ဖြစ်လာအောင် ကူညီပေးခဲ့တဲ့ တမန်တော် ပေါလုက “သခင်ယေရှု ရောက်ရှိလာတဲ့အခါ သခင့်ရှေ့မှာ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်၊ ရွှင်လန်းမှု၊ ဂုဏ်ယူစရာ သရဖူဆိုလို့ ဘာများရှိလို့လဲ။ ခင်ဗျားတို့ပဲ မဟုတ်လား။ ခင်ဗျားတို့ဟာ တကယ်ပဲ ကျွန်တော်တို့ ဂုဏ်ယူစရာ၊ ရွှင်လန်းစရာပါပဲ” လို့ ပြောခဲ့တယ်။—၁ သက်. ၂:၁၉၊ ၂၀။ တ. ၁၇:၁-၄။ w21.07 ၃ ¶၅။ ၇ ¶၁၇

တနင်္လာနေ့၊ မတ် ၆

ကလေးငယ်နဲ့ တူတဲ့ ဟောဒီလူတွေကို မထီလေးစား မလုပ်မိစေနဲ့။—မ. ၁၈:၁၀။

ကျွန်တော်တို့ တစ်ဦးချင်းစီကို ယေဟောဝါ ဆွဲဆောင်ထားတယ်။ (ယော. ၆:၄၄) ဒါက ဘာကို ဆိုလိုသလဲ။ ကမ္ဘာပေါ်က သန်းထောင်ချီရှိတဲ့ လူတွေကို စစ်ဆေးရင်း မိမိကို စိတ်နှလုံး အကြွင်းမဲ့ ချစ်လာနိုင်မယ့် သင့်ကို သတိထားမိတယ်၊ တန်ဖိုးထားတယ်ဆိုတဲ့ သဘောပဲ။ (၁ ရာ. ၂၈:၉) သင့်ကို ယေဟောဝါ သိတယ်၊ နားလည်တယ်၊ ချစ်တယ်။ တကယ့်ကို အားရှိစရာပါပဲ။ ယေဟောဝါက သင့်ကို ဂရုစိုက်သလို ညီအစ်ကို/မ အားလုံးကိုလည်း ဂရုစိုက်တယ်။ အဲဒီအချက်ကို နားလည်အောင် ယေရှုက ယေဟောဝါကို သိုးထိန်းနဲ့ နှိုင်းယှဉ်ခဲ့တယ်။ သိုးအကောင် ၁၀၀ မှာ တစ်ကောင် လမ်းလွဲသွားရင် သိုးထိန်း ဘာလုပ်မလဲ။ “၉၉ ကောင်ကို တောင်ပေါ်မှာ ထားခဲ့ပြီး လမ်းလွဲသွားတဲ့ သိုးတစ်ကောင်ကို သူ ထွက်ရှာမယ်။” သိုးကို ပြန်တွေ့တဲ့အခါ လမ်းလွဲသွားလို့ ကြိမ်းမောင်းမယ့်အစား သိပ်ပျော်မယ်။ သိုးတိုင်း ယေဟောဝါအတွက် အရေးပါတယ်။ “ကောင်းကင်မှာ စံမြန်းတဲ့ အဖဘုရားက ကလေးငယ်နဲ့ တူတဲ့ ဟောဒီလူတွေကို တစ်ယောက်မှ မပျက်စီးစေချင်ဘူး” လို့ ယေရှု ပြောတယ်။—မ. ၁၈:၁၂-၁၄။ w21.06 ၂၀ ¶၁-၂

အင်္ဂါနေ့၊ မတ် ၇

ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။—ယာ. ၄:၈။

ယေဟောဝါဘုရားရဲ့ အစဉ်တည်တဲ့ မေတ္တာအကြောင်း စဉ်းစားတဲ့အခါ ဘုရားကို ပိုချစ်လာပြီး ပိုရင်းနှီးလာမယ်။ (ရော. ၈:၃၈၊ ၃၉) ယေရှုရဲ့ ပုံသက်သေကို တုပဖို့ လှုံ့ဆော်ခံရမယ်။ (၁ ပေ. ၂:၂၁) အောက်မေ့ရာပွဲ မတိုင်ခင် ရက်တွေမှာ ယေရှုရဲ့ မြေကြီးအသက်တာ နောက်ဆုံးနေ့တွေအကြောင်း၊ ယေရှုရဲ့ သေခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းအကြောင်း ကျမ်းစာမှတ်တမ်းတွေကို ကျွန်တော်တို့ တွေးတောဆင်ခြင်ကြတယ်။ အောက်မေ့ရာပွဲ ဟောပြောချက်က ယေရှုပြခဲ့တဲ့ မေတ္တာကို အမှတ်ရစေတယ်။ (ဧ. ၅:၂။ ၁ ယော. ၃:၁၆) ယေရှုရဲ့ ကိုယ်ကျိုးစွန့်မေတ္တာအကြောင်း ဖတ်ပြီး တွေးတောတဲ့အခါ ယေရှု “လျှောက်လှမ်းခဲ့တဲ့ လမ်းစဉ်အတိုင်း အမြဲလျှောက်လှမ်း” ဖို့ လှုံ့ဆော်ခံရကြတယ်။ (၁ ယော. ၂:၆) ဘုရားမေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲ လုပ်ဆောင်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက် ပိုခိုင်မာလာတယ်။ (ယု. ၂၀၊ ၂၁) အတတ်နိုင်ဆုံး ဘုရားကို နာခံခြင်း၊ နာမတော် သန့်ရှင်းမြင့်မြတ်စေခြင်း၊ စိတ်တော် ပျော်ရွှင်စေခြင်းအားဖြင့် ဘုရားမေတ္တာ ဆက်ခံစားနိုင်တယ်။ (ပညာ. ၂၇:၁၁။ မ. ၆:၉။ ၁ ယော. ၅:၃) ‘ဘုရားမေတ္တာ အမြဲ ခံစားချင်ပါတယ်’ လို့ ပြောရာရောက်မယ့်နည်းနဲ့ နေ့တိုင်း အသက်ရှင်ဖို့ အောက်မေ့ရာပွဲက လှုံ့ဆော်ပေးတယ်။ w22.01 ၂၃ ¶၁၇-၁၈။ ၂၅ ¶၁၉

ဗုဒ္ဓဟူးနေ့၊ မတ် ၈

ဘယ်ဘုရားကို ဝတ်ပြုမယ်ဆိုတာ ဒီနေ့ ရွေးချယ်ကြ။—ယောရှု ၂၄:၁၅။

လွတ်လပ်စွာ ရွေးချယ်ခွင့် ကျွန်တော်တို့ကို ယေဟောဝါ ပေးထားတယ်။ ဘဝမှာ ဘာလုပ်မယ်ဆိုတာ ကိုယ်ပိုင် ရွေးချယ်နိုင်တယ်။ မိမိကို ဝတ်ပြုကိုးကွယ်ဖို့ ကျွန်တော်တို့ ရွေးချယ်မယ်ဆိုရင် ဘုရား ပျော်တယ်။ (ဆာ. ၈၄:၁၁။ ပညာ. ၂၇:၁၁) လွတ်လပ်စွာ ရွေးချယ်ခွင့်ကို သုံးပြီး ကျွန်တော်တို့ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်တယ်။ ကိုယ့်အကျိုးထက် တခြားသူတွေရဲ့ အကျိုးကို ဦးစားထားခြင်းအားဖြင့် ယေရှုရဲ့ ပုံနမူနာကို ကျွန်တော်တို့ တုပနိုင်တယ်။ တစ်ကြိမ်မှာ ယေရှုနဲ့ တမန်တော်တွေ အလွန် မောပန်းလို့ အနားယူဖို့ တိတ်ဆိတ်တဲ့ နေရာကို သွားကြတယ်။ ဒါပေမဲ့ လူအုပ် တွေ့သွားလို့ မနားလိုက်ရဘူး။ ယေရှု စိတ်မဆိုးပါဘူး။ သနားစိတ် ယိုဖိတ်လာပြီး “အများကြီး သွန်သင်ပေးတယ်။” (မာ. ၆:၃၀-၃၄) ယေရှုကို တုပပြီး တခြားသူတွေကို ကူညီဖို့ ကိုယ့်အချိန်နဲ့ ခွန်အားကို စွန့်လွှတ်အနစ်နာခံမယ်ဆိုရင် ကောင်းကင်ဖခင်ကို ဂုဏ်တင်ရာရောက်တယ်။—မ. ၅:၁၄-၁၆။ w21.08 ၃ ¶၇။ ၅ ¶၈

ကြာသပတေးနေ့၊ မတ် ၉

သူတစ်ပါးနဲ့ မနှိုင်းယှဉ်ပါနဲ့။ ဒါဆိုရင် ကိုယ့်လုပ်ရပ်နဲ့ပတ်သက်ပြီး ပျော်ရွှင်ကျေနပ်ရလိမ့်မယ်။—ဂလ. ၆:၄။

မတူညီမှုတွေကို ယေဟောဝါ နှစ်သက်တယ်။ အဲဒါကို လူသားတွေ အပါအဝင် ဖန်ဆင်းခြင်း လက်ရာတွေမှာ တွေ့နိုင်တယ်။ ကျွန်တော်တို့နဲ့ တစ်ထပ်တည်း တူတဲ့သူဆိုတာ မရှိဘူး။ ဒါကြောင့် ယေဟောဝါက ကျွန်တော်တို့ကို တခြားတစ်ယောက်နဲ့ ဘယ်တော့မှ မနှိုင်းယှဉ်ဘူး။ ကျွန်တော်တို့ရဲ့ နှလုံးသား၊ အတွင်းစိတ်ကို ကြည့်တယ်။ (၁ ရှ. ၁၆:၇) အားသာချက်၊ အားနည်းချက်၊ နောက်ခံတွေကို သိတယ်။ တတ်နိုင်တာထက် ပိုမတောင်းဆိုဘူး။ ဒါကြောင့် ကျွန်တော်တို့လည်း ကိုယ့်ကိုယ်ကိုယ် ယေဟောဝါ မြင်သလို မြင်တတ်ဖို့ လိုတယ်။ ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတာ၊ အထင်သေးလွန်းတာ မဖြစ်ဘဲ “တော်သင့်ရုံပဲ ထင်ကြ” ပါလိမ့်မယ်။ (ရော. ၁၂:၃) တခြားသူတွေရဲ့ ပုံသက်သေကောင်းကနေ အကျိုးရနိုင်တာ မှန်ပါတယ်။ ဥပမာ၊ အမှုဆောင်လုပ်ငန်းမှာ အောင်မြင်နေတဲ့ ညီအစ်ကို/မတွေဆီကနေ သင်ယူနိုင်တယ်။ (ဟီ. ၁၃:၇) ဒီနည်းနဲ့ ကိုယ်တိုင် ဘယ်လို တိုးတက်နိုင်မလဲဆိုတာ သိလာမယ်။ (ဖိ. ၃:၁၇) ဒါပေမဲ့ တခြားသူရဲ့ ပုံသက်သေကောင်းကနေ သင်ယူတာနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်တာ မတူဘူး။ w21.07 ၂၀ ¶၁-၂

သောကြာနေ့၊ မတ် ၁၀

ကောင်းကင်ကို မော့ကြည့်လိုက်ပါဦး။ အဲဒါတွေကို ဘယ်သူ ဖန်ဆင်းသလဲ။—ဟေရှာ. ၄၀:၂၆။

တိရစ္ဆာန်၊ သစ်ပင်၊ ကြယ်တွေကို ကြည့်ပြီး ဖန်ဆင်းရှင်အပေါ် ယုံကြည်ခြင်း တည်ဆောက်နိုင်တယ်။ (ဆာ. ၁၉:၁) အဲဒါတွေအကြောင်း လေ့လာလေ ယေဟောဝါဟာ ဖန်ဆင်းရှင် ဖြစ်ကြောင်း ပိုယုံကြည်စိတ်ချလေ ဖြစ်ပါလိမ့်မယ်။ ဖန်ဆင်းခြင်းအကြောင်း လေ့လာတဲ့အခါ ဖန်ဆင်းရှင်အကြောင်း ဖော်ပြတဲ့ အချက်တွေကို အသေအချာ အာရုံစိုက်ပါ။ (ရော. ၁:၂၀) ဥပမာ၊ နေဟာ သက်ရှိတွေ လိုအပ်တဲ့ အပူနဲ့ အလင်းရောင်ကို ပေးပေမဲ့ အန္တရာယ် ရှိတဲ့ ခရမ်းလွန်ရောင်ခြည်တွေလည်း ထုတ်ပေးတယ်။ အဲဒီရောင်ခြည်တွေ မထိအောင် ကာကွယ်ဖို့ လိုတယ်။ တကယ်တော့ ကာကွယ် ခံရပြီးသားပါ။ ဘယ်လိုနည်းနဲ့လဲ။ ကမ္ဘာမှာ ရှိတဲ့ အိုဇုန်းလွှာက အန္တရာယ် ရှိတဲ့ ရောင်ခြည်တွေကို ကာပေးတယ်။ နေက ထုတ်တဲ့ ခရမ်းလွန်ရောင်ခြည် များလာလေ အိုဇုန်းဓာတ်ငွေ့ များလာလေပဲ။ ဒီဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေတယ်၊ အဲဒီတစ်ယောက်ဟာ မေတ္တာနဲ့ ဉာဏ်ပညာ ပြည့်ဝတဲ့ ဖန်ဆင်းရှင် ဖြစ်တယ်ဆိုတာ ဖော်ပြနေတယ် မဟုတ်လား။ w21.08 ၁၇ ¶၉-၁၀

စနေနေ့၊ မတ် ၁၁

ဘုရားသခင်ကို ချစ်ရင် ညီအစ်ကိုကိုလည်း ချစ်ရမယ်။—၁ ယော. ၄:၂၁။

လူတစ်ယောက် နှစ်ခြင်းခံပြီးနောက်မှာလည်း သူ့ကို ကျွန်တော်တို့ မေတ္တာနဲ့ လေးစားမှု ဆက်ပြရမယ်။ (၁ ယော. ၄:၂၀) အဲဒီထဲမှာ ဘာတွေ ပါဝင်သလဲ။ တစ်ခုကတော့ သူ့ရဲ့ စိတ်ရင်းကို ဘယ်တော့မှ သံသယ မဝင်ခြင်းပါပဲ။ ဥပမာ၊ သူ တစ်ခုခု လုပ်တဲ့အခါ မကောင်းတဲ့စိတ်၊ တစ်ကိုယ်ကောင်းစိတ်နဲ့ လုပ်တာလို့ မစွပ်စွဲပါနဲ့။ ကိုယ့်ထက်သာတယ်လို့ သဘောထားပြီး ဂုဏ်တင်ပါ။ (ရော. ၁၂:၁၀။ ဖိ. ၂:၃) လူအားလုံးကို သနားကြင်နာမှု ပြပါ။ ယေဟောဝါကို ဖခင်လို့ ထာဝစဉ် ခေါ်ခွင့် ရချင်ရင် ဘုရားရဲ့ တရားစကားကို အသက်တာမှာ လက်တွေ့ကျင့်ရမယ်။ ဥပမာ၊ ရန်သူတွေ အပါအဝင် လူအားလုံးကို သနားကြင်နာရမယ်လို့ ယေရှု သင်ပေးတယ်။ (လု. ၆:၃၂-၃၆) အဲဒီလို လုပ်ဖို့ တစ်ခါတလေ ခက်နေတယ်ဆိုရင် ယေရှုလို စဉ်းစားပြုမူဖို့ သင်ယူရမယ်။ ယေဟောဝါကို နာခံဖို့၊ ယေရှုကို တုပဖို့ အတတ်နိုင်ဆုံး ကြိုးစားမယ်ဆိုရင် ဘုရားမိသားစုဝင် ထာဝစဉ် ဖြစ်ချင်ကြောင်း ပြရာရောက်တယ်။ w21.08 ၆ ¶၁၄-၁၅

တနင်္ဂနွေနေ့၊ မတ် ၁၂

မိုးကောင်းကင်တံခါးတွေကို ငါဖွင့်ပြီး ကောင်းချီးတွေ လိုလေသေးမရှိ သွန်းလောင်းမယ်၊ မသွန်းလောင်းဘူးဆိုတာ ကြည့်ကြပါ။—မာလ. ၃:၁၀။

ယေဟောဝါကို အားကိုးတတ်ဖို့ သင်ယူပါ။ ဘုရားကို ယုံကြည်ကိုးစားပြီး အတတ်နိုင်ဆုံး လုပ်ဆောင်မယ်ဆိုရင် ကောင်းချီးပေးမယ်လို့ ကတိပေးထားတယ်။ ယေဟောဝါရဲ့ အမှုတော်မှာ ကြိုးစားပါဝင်ခဲ့သူတွေရဲ့ ပုံသက်သေတွေ ကျမ်းစာမှာ ပါတယ်။ အများအားဖြင့် သူတို့ဟာ ယေဟောဝါဆီက အထူးကောင်းချီးတွေ မရခင် ဘုရားကို ယုံကြည်ကိုးစားကြောင်း လုပ်ရပ်နဲ့ အရင်ပြခဲ့ကြတယ်။ ဥပမာ၊ အာဗြဟံဟာ အိမ်ကို ထားခဲ့ပြီး “ဘယ်ကိုသွားရမှန်း မသိပေမဲ့လည်း ထွက်သွား” ပြီးမှ ယေဟောဝါရဲ့ ကောင်းချီးရတယ်။ (ဟီ. ၁၁:၈) ယာကုပ်လည်း ကောင်းကင်တမန်နဲ့ နပန်းလုံးပြီးနောက်မှ အထူးကောင်းချီး ရခဲ့တယ်။ (က. ၃၂:၂၄-၃၀) ရေစီးသန်တဲ့ ဂျော်ဒန်မြစ်ထဲ ပုရောဟိတ်တွေ ခြေချပြီးမှသာ အစ္စရေးတွေ မြစ်ကို ဖြတ်ကူးပြီး ကတိထားရာပြည်ထဲ ဝင်နိုင်ခဲ့ကြတယ်။ (ယောရှု ၃:၁၄-၁၆) ယေဟောဝါကို အားကိုးပြီး ကြိုးစားတက်လှမ်းခဲ့ကြတဲ့ ဒီနေ့ခေတ် ပုံသက်သေတွေကနေလည်း အကျိုးရနိုင်တယ်။ w21.08 ၂၉-၃၀ ¶၁၂-၁၄

တနင်္လာနေ့၊ မတ် ၁၃

“အရင်ခေတ်က အခုခေတ်ထက် ပိုကောင်းတယ်” လို့ မပြောပါနဲ့။—ဒေ. ၇:၁၀။

သက်ကြီး ညီအစ်ကို/မတို့၊ သင်တို့ အရင်က ဘယ်လို လုပ်ခဲ့တယ်၊ အခုတော့ ဘယ်လို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာ အတွေ့အကြုံကနေ သိလာကြပြီ။ မကြာသေးခင်ကမှ နှစ်ခြင်းခံခဲ့တဲ့ အသက်ကြီးသူတွေလည်း ဝေမျှစရာ များစွာရှိပါတယ်။ သင်တို့ရဲ့ အတွေ့အကြုံတွေ၊ သင်ယူခဲ့တဲ့ သင်ခန်းစာတွေအကြောင်း ကြားရလို့ လူငယ်တွေ လေးမြတ်ပါလိမ့်မယ်။ အဲဒါတွေကို “ပေးကမ်းတတ်တဲ့ အကျင့် လုပ်” မယ်ဆိုရင် ယေဟောဝါ ကြွယ်ဝစွာ ဆုချပါလိမ့်မယ်။ (လု. ၆:၃၈) အသက်ကြီးသူတွေဟာ လူငယ်တွေနဲ့ ရင်းနှီးအောင် ကြိုးစားမယ်ဆိုရင် အချင်းချင်း ထောက်မပေးနိုင်ပါလိမ့်မယ်။ (ရော. ၁:၁၂) ယောက်တိုင်းမှာ တန်ဖိုးရှိတာ တစ်ခုခုတော့ ပိုင်ဆိုင်ထားကြတယ်။ အသက်ကြီးသူတွေမှာ ဉာဏ်ပညာနဲ့ အတွေ့အကြုံ ရှိတယ်။ လူငယ်တွေမှာ အစွမ်းခွန်အား ရှိတယ်။ လူကြီးနဲ့ လူငယ်တွေ မိတ်ဆွေအဖြစ် လက်တွဲအမှုဆောင်မယ်ဆိုရင် ကောင်းကင်ဖခင်ကို ဂုဏ်တင်ချီးမွမ်းရာ ရောက်ပြီး အသင်းတော်တစ်ခုလုံး ကောင်းချီး ခံစားရပါလိမ့်မယ်။ w21.09 ၈ ¶၃။ ၁၃ ¶၁၇-၁၈

အင်္ဂါနေ့၊ မတ် ၁၄

ကျွန်တော်တို့ကတော့ သစ်တိုင်ပေါ် ကွပ်မျက်ခံခဲ့ရတဲ့ ခရစ်တော်အကြောင်း ဟောပြောတယ်။ ဒီအကြောင်းအရာဟာ ဂျူးတွေအတွက် တိုက်မိလဲစရာ ဖြစ်နေ[တယ်]။—၁ ကော. ၁:၂၃။

ယေရှု သေဆုံးတဲ့ ပုံစံကို ဂျူးများစွာ ဘာကြောင့် လက်မခံနိုင်ကြတာလဲ။ ယေရှု သစ်တိုင်ပေါ် သေဆုံးတာဟာ သူတို့အတွက် ရာဇဝတ်သား၊ အပြစ်သားပုံ ပေါက်နေတဲ့အတွက် မေရှိယအဖြစ် လက်မခံနိုင်ကြတာ ဖြစ်တယ်။ (တရား. ၂၁:၂၂၊ ၂၃) ယေရှုကို ငြင်းပယ်တဲ့ ဂျူးတွေဟာ ယေရှု အပြစ်ကင်းတယ်၊ မတရား စွပ်စွဲခံရတယ်၊ မမျှမတ ဆက်ဆံခံရတယ်ဆိုတာ အသိအမှတ် မပြုကြဘူး။ ယေရှုကို ရုံးတင်စစ်ဆေးသူတွေဟာ တရားမျှတမှု စံနှုန်းကို အရေးမလုပ်ကြဘူး။ ဂျူးတရားရုံးချုပ်က ယေရှုကို ဥပဒေ လုပ်ထုံးလုပ်နည်းအရ မဟုတ်ဘဲ အလောတကြီး အမှုစစ်ကြတယ်။ (လု. ၂၂:၅၄။ ယော. ၁၈:၂၄) စွဲချက်တွေ၊ သက်သေအထောက်အထားတွေ ကြားနာရာမှာ တရားမျှတမှု မရှိဘူး။ တရားသူကြီးတွေ ကိုယ်တိုင် “ယေရှုကို သေဒဏ်စီရင်နိုင်ဖို့ မဟုတ်မမှန် သက်သေထွက်ဆိုမယ့် သူတွေကို ရှာကြတယ်။” (မ. ၂၆:၅၉။ မာ. ၁၄:၅၅-၆၄) ယေရှု ထမြောက်ပြီးနောက်မှာတောင် အဲဒီမဖြောင့်မတ်တဲ့ တရားသူကြီးတွေဟာ သင်္ချိုင်းဂူ စောင့်တဲ့ အစောင့်စစ်သည်တွေကို ‘ငွေ ပုံပေး’ ပြီး သင်္ချိုင်းဂူ ဘာကြောင့် ဟင်းလင်း ဖြစ်နေကြောင်း ကောလာဟလတွေ ဖြန့်ခိုင်းကြတယ်။—မ. ၂၈:၁၁-၁၅။ w21.05 ၁၁ ¶၁၂-၁၃

ဗုဒ္ဓဟူးနေ့၊ မတ် ၁၅

အဲဒီနေ့၊ အဲဒီအချိန်ကို ဘယ်သူမှ မသိဘူး။ ကောင်းကင်တမန်တွေလည်း မသိဘူး။ သားဖြစ်သူ ကျွန်တော်လည်း မသိဘူး။ အဖဘုရားပဲ သိတယ်။—မ. ၂၄:၃၆။

ဆိုးသွမ်းတဲ့ စနစ်ဆိုးကို အချိန်မရွေး ယေဟောဝါ ဖျက်ဆီးပစ်နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ စိတ်ရှည်မှုကြောင့် ကျွန်တော်တို့ ကောင်းချီး ခံစားနေရတယ်။ အာဒံ၊ ဧဝရဲ့ သားစဉ်မြေးဆက်တွေလည်း မွေးလာကတည်းက မစုံလင်ကြဘူး။ ဒါပေမဲ့ သူတို့ကို ယေဟောဝါ ချစ်မြတ်နိုးတယ်၊ ဂရုစိုက်တယ်၊ ဆိုးသွမ်းတဲ့ စနစ်ဆိုးကို အဆုံးတိုင်စေမယ်လို့လည်း ကတိပေးထားတယ်။ (၁ ယော. ၄:၁၉) လူ့ဆင်းရဲဒုက္ခတွေ အဆုံးသတ်မယ့် အချိန်ကို သတ်မှတ်ထားတယ်။ အဲဒီအချိန်အထိ ဆက်ခံရပ်နေဖို့ ယေဟောဝါရဲ့ မေတ္တာက ကျွန်တော်တို့ကို လှုံ့ဆော်ပေးသင့်တယ်။ ခံနိုင်ရည်တင်ပြရာမှာ ယေဟောဝါဟာ အကောင်းဆုံး ပုံသက်သေ ဖြစ်တယ်။ ဖခင်ရဲ့ ခံနိုင်ရည်ကို ယေရှု တုပတယ်။ လူသားတစ်ယောက်အနေနဲ့ ကမ္ဘာပေါ် ရှိနေချိန် ရန်လိုတဲ့ စကားတွေ၊ အရှက်ခွဲခံရတာတွေ၊ သစ်တိုင်တင်ခံရတာတွေကို သည်းခံခဲ့တယ်။ (ဟီ. ၁၂:၂၊ ၃) ယေဟောဝါရဲ့ ခံနိုင်ရည် ပုံသက်သေက ယေရှုကို ခံနိုင်ရည်စွမ်း ရှိစေသလို ကျွန်တော်တို့ကိုလည်း ရှိစေနိုင်တယ်။ w21.07 ၁၂-၁၃ ¶၁၅-၁၇

ကြာသပတေးနေ့၊ မတ် ၁၆

အဖဘုရားဟာ သနားကြင်နာတတ်သလို ခင်ဗျားတို့လည်း အမြဲ သနားကြင်နာကြပါ။—လု. ၆:၃၆။

ကောင်းကင်ဖခင်ရဲ့ သနားစာနာမှုကို ကျွန်တော်တို့ နေ့တိုင်း ခံစားနေရတယ်။ (ဆာ. ၁၀၃:၁၀-၁၄) ယေရှုလည်း နောက်လိုက်တွေ မစုံလင်ပေမဲ့ သနားစာနာ၊ ခွင့်လွှတ်ပေးတယ်။ ကျွန်တော်တို့ရဲ့ အပြစ်တွေ ခွင့်လွှတ်ခံရဖို့ အသက်ကိုတောင် လိုလိုလားလား ပေးဆက်ခဲ့တယ်။ (၁ ယော. ၂:၁၊ ၂) ကျွန်တော်တို့လည်း “ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်” မယ်ဆိုရင် ညီအစ်ကို/မတွေနဲ့ မေတ္တာနှောင်ကြိုး ပိုခိုင်မာလာမယ်။ (ဧ. ၄:၃၂) တခြားသူတွေကို ခွင့်လွှတ်ဖို့ တစ်ခါတလေ သိပ်ခက်နိုင်လို့ ကြိုးစားအားထုတ်ရမယ်။ “အကြွင်းမဲ့ ခွင့်လွှတ်ကြပါ” ဆိုတဲ့ ကင်းမျှော်စင် ဆောင်းပါးက ညီအစ်မတစ်ယောက်ကို အကူအညီ ဖြစ်စေတယ်။ “တခြားသူတွေကို တလိုတလား ခွင့်လွှတ်တယ်ဆိုတာ သူတို့ရဲ့ မှားယွင်းတဲ့လုပ်ရပ်ကို လက်ခံတာ ဒါမှမဟုတ် သူတို့ရဲ့ အမှားက ကိုယ့်ကို ထိခိုက်နစ်နာမှု မရှိစေဘူးလို့ ယူဆတာကို မဆိုလိုဘဲ သူတို့ရဲ့ မှားယွင်းတဲ့ လုပ်ရပ်ကြောင့် ဆက်ပြီး ဒေါသ မထွက်တာ၊ ကိုယ့်စိတ်ထဲမှာ ငြိမ်သက်မှု ရှိဖို့ ကြိုးစာတာကို ဆိုလိုတယ်လို့ ဆောင်းပါးမှာ ရှင်းပြထားတယ်” ဆိုပြီး ညီအစ်မ ရေးတယ်။ ညီအစ်ကို/မတွေကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်တာဟာ သူတို့ကို မေတ္တာပြနေတာ၊ ဖခင် ယေဟောဝါကို တုပနေတာပါပဲ။ w21.09 ၂၃-၂၄ ¶၁၅-၁၆

သောကြာနေ့၊ မတ် ၁၇

ဘုရားသခင်ကို ကိုးကွယ်တဲ့သူတွေဟာ . . . အမှန်တရားနဲ့အညီ ကိုးကွယ်ရမယ်။—ယော. ၄:၂၄။

ဘုရားနဲ့ပတ်သက်တဲ့၊ ဘုရားရည်ရွယ်ချက်တွေနဲ့ပတ်သက်တဲ့ အမှန်တရားကို ယေရှု ချစ်မြတ်နိုးတယ်။ အဲဒီအမှန်တရားနဲ့အညီ နေထိုင်တယ်။ တခြားသူတွေ သိလာအောင် ကူညီပေးတယ်။ (ယော. ၁၈:၃၇) ယေရှုရဲ့ နောက်လိုက်စစ်တွေလည်း အမှန်တရားကို ချစ်မြတ်နိုးကြတယ်။ (ယော. ၄:၂၃) ခရစ်ယာန်လမ်းစဉ်ဟာ “အမှန်တရား လမ်းစဉ်” ဖြစ်တယ်လို့ တမန်တော် ပေတရု ပြောတယ်။ (၂ ပေ. ၂:၂) အမှန်တရားကို ချစ်မြတ်နိုးတဲ့အတွက် အစောပိုင်း ခရစ်ယာန်တွေဟာ အမှန်တရားနဲ့ မကိုက်ညီတဲ့ ဘာသာရေး အယူအဆတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ ကိုယ်ပိုင် ထင်မြင်ယူဆချက်တွေကို လက်မခံကြဘူး။ (ကော. ၂:၈) ဒီနေ့ခေတ်မှာလည်း ခရစ်ယာန်စစ်တွေဟာ ယုံကြည်ချက်နဲ့ ဘဝလမ်းစဉ်ကို ယေဟောဝါရဲ့ တရားစကားပေါ် အတိအကျ အခြေခံခြင်းအားဖြင့် “အမှန်တရားလမ်းစဉ်မှာ အမြဲ လျှောက်လှမ်း” ဖို့ ကြိုးစားနေကြတယ်။ (၃ ယော. ၃၊ ၄) ဒီနေ့ခေတ် ဘုရားလူမျိုးဟာ အမှန်တရားကို အပြည့်အဝ နားလည်တယ်လို့တော့ မပြောကြဘူး။ တစ်ခါတလေ အယူဝါဒပိုင်း နားလည်မှု၊ အဖွဲ့အစည်းပိုင်း လမ်းညွှန်မှု မှားတဲ့အခါတွေ ရှိတယ်။ ကိစ္စရပ်တွေကို အမှန်အတိုင်း သိလာတဲ့အခါမှာတော့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ကြတယ်။ w21.10 ၂၂ ¶၁၁-၁၂

စနေနေ့၊ မတ် ၁၈

ယေဟောဝါကို ယုံကြည်ကိုးစားသူကိုတော့ ခိုင်မြဲတဲ့ မေတ္တာတော် ဝိုင်းရံနေတယ်။—ဆာ. ၃၂:၁၀။

ရှေးခေတ်တုန်းက မြို့ရိုးတွေဟာ မြို့သားတွေကို ကာကွယ်ပေးသလို ယေဟောဝါရဲ့ ခိုင်မြဲတဲ့ မေတ္တာကလည်း ဘုရားနဲ့ ဆက်ဆံရေး ထိခိုက်စေနိုင်တဲ့ အရာမှန်သမျှကနေ ကာကွယ်ပေးတယ်။ အဲဒီအပြင် ကျွန်တော်တို့ကို မိမိဆီ ဆွဲဆောင်ဖို့ ခိုင်မြဲတဲ့ မေတ္တာက ဘုရားကို လှုံ့ဆော်ပေးတယ်။ (ယေ. ၃၁:၃) ဘုရားလူမျိုး ခံစားနေရတဲ့ ကာကွယ်မှုကို ဆာလံဆရာ ဒါဝိဒ် နောက်တစ်မျိုး နှိုင်းယှဉ်ဖော်ပြတယ်။ ‘ဘုရားသခင်ဟာ လုံခြုံတဲ့ခိုလှုံရာ၊ ကျွန်တော့်ကို ခိုင်မြဲတဲ့ မေတ္တာပြတဲ့ဘုရား ဖြစ်တယ်’ လို့ ပြောတယ်။ ‘ဘုရားဟာ ငါ့ကို ခိုင်မြဲတဲ့ မေတ္တာပြတဲ့အရှင်၊ ငါ့ရဲတိုက်၊ လုံခြုံတဲ့ခိုလှုံရာ၊ ကယ်တင်ရှင်ပါ။ ငါ့ဒိုင်းလွှား၊ ငါခိုလှုံတဲ့အရှင်ပါ’ လို့လည်း ပြောတယ်။ (ဆာ. ၅၉:၁၇။ ၁၄၄:၂) ယေဟောဝါရဲ့ ခိုင်မြဲတဲ့ မေတ္တာကို ခိုလှုံရာ၊ ရဲတိုက်နဲ့ ဒါဝိဒ် ဘာကြောင့် ခိုင်းနှိုင်းတာလဲ။ ကျွန်တော်တို့ ဘယ်နေရာမှာပဲ နေထိုင်ပါစေ ဘုရားကျေးကျွန် ဖြစ်နေသရွေ့ ဘုရားနဲ့ အဖိုးတန် ဆက်ဆံရေး ဆက်ရှိနေအောင် ဘုရားသခင် ကာကွယ်ပေးပါလိမ့်မယ်။ w21.11 ၆ ¶၁၄-၁၅

တနင်္ဂနွေနေ့၊ မတ် ၁၉

ကိုယ်တော်ရဲ့ လုပ်ဆောင်မှုတွေအကြောင်း တွေးတောဆင်ခြင်ပါ့မယ်။—ဆာ. ၇၇:၁၂။

တစ်ချိန်မှာ ယေရှုနဲ့ တပည့်တွေ ပင်လယ်မှာ မုန်တိုင်း ကြုံရတယ်။ အဲဒီအခြေအနေကို သုံးပြီး တပည့်တွေရဲ့ ယုံကြည်ခြင်း ခိုင်မာအောင် လုပ်ဖို့ လိုကြောင်း နားလည်အောင် ယေရှု ကူညီပေးတယ်။ (မ. ၈:၂၃-၂၆) မုန်တိုင်းကြောင့် လှိုင်းထန်လာပြီး လှေထဲ ရေတွေ ဝင်လာပေမဲ့ ယေရှုကတော့ အိပ်ပျော်နေတယ်။ တပည့်တွေ ကြောက်လန့်တကြား ယေရှုကို နှိုးပြီး ကယ်ဖို့ ပြောတဲ့အခါ “ယုံကြည်ခြင်း နည်းသူတို့၊ ဘာလို့ ကြောက်နေတာလဲ” ဆိုပြီး ဆုံးမတယ်။ သင်ကိုယ်တိုင်ကော ဘဝမှာ “မုန်တိုင်း” နဲ့ ကြုံနေရသလား။ သဘာဝဘေး ဖြစ်နိုင်တယ်။ ကျန်းမာရေး ပြဿနာလိုမျိုး ပုံဆောင် မုန်တိုင်းလည်း ဖြစ်နိုင်တယ်။ အဲဒါကြောင့် စိတ်ဓာတ်ကျပြီး ဘာလုပ်ရမှန်း မသိအောင် ဖြစ်မိနိုင်တယ်။ ဒါပေမဲ့ စိုးရိမ်ပူပန်လွန်းပြီး ယေဟောဝါကို မယုံကြည်တော့တာမျိုး မဖြစ်ပါစေနဲ့။ ထက်ထက်သန်သန် ဆုတောင်းပြီး ယေဟောဝါနဲ့ ရင်းနှီးအောင် လုပ်ပါ။ အရင်က ယေဟောဝါ ကူညီပေးခဲ့တာတွေကို ပြန်တွေးပြီး ယုံကြည်ခြင်း ခိုင်မာအောင် လုပ်ပါ။ (ဆာ. ၇၇:၁၁) အခုကော၊ နောင်ကော သင့်ကို ယေဟောဝါ ဘယ်တော့မှ မစွန့်ဘူးဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ w21.11 ၂၂ ¶၇၊ ၁၀

တနင်္လာနေ့၊ မတ် ၂၀

သူတစ်ပါးပစ္စည်း မခိုးနဲ့။—ဝတ်. ၁၉:၁၁။

တခြားသူ ပိုင်ဆိုင်ရာ ဘာတစ်ခုကိုမှ မယူသရွေ့ ဒီပညတ်ကို လိုက်နာနေတာပဲလို့ လူတစ်ယောက် တွေးမိနိုင်တယ်။ ဒါပေမဲ့ တခြားနည်းတွေနဲ့လည်း ခိုးမှု ကျူးလွန်နိုင်တယ်။ ဥပမာ၊ ကုန်သည်တစ်ယောက်က ဝယ်သူကို လိမ်ပြီး မတိကျတဲ့ ချိန်ခွင်၊ အခြင်အတွယ်တွေ သုံးတာဟာ ခိုးတာပဲ။ ဝတ်ပြုရာ ၁၉:၁၃ မှာ “သူတစ်ပါးကို ဖြတ်စားလျှပ်စား မလုပ်နဲ့” လို့ ပြောပြီး ခိုးတာနဲ့ မရိုးမသား စီးပွားရေး လုပ်တာကို ဆက်စပ်ထားတယ်။ ကလိမ်ကကျစ်နည်းနဲ့ စီးပွားရေး လုပ်တာဟာ ခိုးတာနဲ့ ဆက်နွှယ်တယ်။ ရှစ်ပါးမြောက် ပညတ်က ခိုးတာကို တားမြစ်ထားပေမဲ့ ဝတ်ပြုရာကျမ်းမှာ ပါတဲ့ အသေးစိတ် အချက်တွေက အဲဒီပညတ်နောက်ကွယ်က မူကို ဘယ်လို ကျင့်သုံးနိုင်ကြောင်း နားလည်ဖို့ ကျွန်တော်တို့ကို ကူညီပေးတယ်။ မရိုးသားတာ၊ ခိုးတာနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ အမြင်ကို စဉ်းစားခြင်းကနေ ကျွန်တော်တို့ အကျိုးရနိုင်တယ်။ ‘ဝတ်ပြုရာ ၁၉:၁၁-၁၃ ကို ဖတ်ပြီးနောက် ငါ့ဘဝမှာ ပြုပြင်ပြောင်းလဲဖို့ လိုတာတွေ၊ အထူးသဖြင့် စီးပွားရေး လုပ်တာနဲ့ပတ်သက်ပြီး ပြုပြင်ဖို့ လိုတာတွေ ရှိသလား’ လို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်နိုင်တယ်။ w21.12 ၁၀ ¶၆-၈

အင်္ဂါနေ့၊ မတ် ၂၁

ယေဟောဝါက ခင်ဗျားတို့ကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်သလို ခင်ဗျားတို့လည်း အဲဒီလိုပဲ ခွင့်လွှတ်ကြပါ။—ကော. ၃:၁၃။

ဆုတောင်းတဲ့အခါ တစ်နေ့တာအတွင်း ကိုယ်လုပ်မိတဲ့ အမှားတွေအကြောင်း ယေဟောဝါကို ပြောပြပြီး ခွင့်လွှတ်မှု တောင်းခံပါ။ ကြီးလေးတဲ့ အပြစ် ကျူးလွန်မိတာမျိုး ဆိုရင်တော့ အကြီးအကဲတွေဆီလည်း အကူအညီ တောင်းဖို့ လိုတယ်။ သူတို့က သင် ပြောတာကို ကောင်းကောင်း နားထောင်ပြီး ကျမ်းစာအကြံဉာဏ်တွေ ပေးမယ်။ ယေရှုရဲ့ ရွေးဖိုးကို သုံးပြီး ခွင့်လွှတ်ပေးဖို့ ယေဟောဝါဆီ သင်နဲ့အတူ ဆုတောင်းပေးမယ်။ ဒါမှ သင် ဘုရားရေးရာဘက် “ပြန်ကျန်းမာလာ” မယ်။ (ယာ. ၅:၁၄-၁၆) ရွေးဖိုးအကြောင်း တွေးတောဆင်ခြင်တာကလည်း အကျိုးရှိတယ်။ ဘုရားသားတော် ဘယ်လောက် ဝေဒနာ ခံစားခဲ့တယ်ဆိုတာ တွေးလိုက်တိုင်း စိတ်မကောင်း ဖြစ်မိမှာပဲ။ ဒါပေမဲ့ စိတ်မကောင်း ဖြစ်ရုံလောက်သာ မဟုတ်ဘူး။ ယေရှုရဲ့ ရွေးဖိုးအကြောင်း တွေးတောလေ ယေရှုနဲ့ ဘုရားအပေါ် ထားတဲ့ မေတ္တာ တိုးများလေ ဖြစ်လိမ့်မယ်။ နှစ်တိုင်း ယေရှုရဲ့ သေခြင်း အောက်မေ့ရာပွဲကို တက်ခြင်း၊ တခြားသူတွေကိုလည်း ထက်ထက်သန်သန် ဖိတ်ခေါ်ခြင်းအားဖြင့် ရွေးဖိုးအတွက် ကျေးဇူးတင်လေးမြတ်စိတ် တိုးများလာမယ်။ သားတော်အကြောင်း တခြားသူတွေကို ပြောပြရတာ ယေဟောဝါ ပေးထားတဲ့ အခွင့်ထူးပါပဲ။ w21.04 ၁၈-၁၉ ¶၁၃-၁၆

ဗုဒ္ဓဟူးနေ့၊ မတ် ၂၂

သူတို့ကို အများကြီး သွန်သင်ပေးတယ်။—မာ. ၆:၃၄။

တောင်ခြေတစ်ခုနားမှာ ယေရှုကို တွေ့ဖို့ လူအုပ် လိုက်လာတဲ့အခါ ယေရှု ဘယ်လို တုံ့ပြန်ကြောင်း စဉ်းစားကြည့်ပါ။ တစ်ညလုံး ဆုတောင်းထားလို့ တော်တော် ပင်ပန်းနေမှာပဲ။ ဒါပေမဲ့ လူအုပ်ထဲက နွမ်းပါးသူတွေ၊ မကျန်းမာသူတွေကို တွေ့တဲ့အခါ သနားသွားတယ်။ သူတို့ကို ကုသပေးရုံသာမက အားရှိစရာအကောင်းဆုံး ဟောပြောချက်နဲ့ အားပေးတယ်။ အဲဒါကို တောင်ပေါ်တရားတော်လို့ လူသိများတယ်။ (လု. ၆:၁၂-၂၀) ကိုယ်ပိုင်အချိန်ကိုလည်း တခြားသူတွေအတွက် ယေရှု ရက်ရက်ရောရော ပေးတယ်။ မိမိရဲ့မိတ်ဆွေ နှစ်ခြင်းပေးသူ ယောဟန် ခေါင်းဖြတ်အသတ်ခံလိုက်ရကြောင်း ယေရှု ကြားတဲ့အခါ ဘယ်လို ခံစားရမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ “ဒီသတင်းကို ကြားတဲ့အခါ ယေရှုက တစ်ယောက်တည်း နေချင်လို့ လူသူမရှိတဲ့နေရာဆီ လှေနဲ့ ထွက်သွားတယ်” လို့ ကျမ်းစာ ပြောတယ်။ (မ. ၁၄:၁၀-၁၃) ဒါပေမဲ့ အဲဒီလူသူမရှိတဲ့နေရာကို လူအုပ်က ယေရှုထက် အရင် ကြိုရောက်နေတယ်။ (မာ. ၆:၃၁-၃၃) ဘုရားရဲ့ စကားကို သူတို့ ကြားဖို့ လိုနေမှန်း သိတဲ့အတွက် ယေရှု “အများကြီး သွန်သင်ပေးတယ်။—လု. ၉:၁၀၊ ၁၁။ w22.02 ၂၁ ¶၄၊ ၆

ကြာသပတေးနေ့၊ မတ် ၂၃

လူအားလုံးနဲ့ သင့်မြတ်အောင် . . . ကြိုးစားပါ။—ရော. ၁၂:၁၈။

ယုံကြည်သူချင်း တစ်ယောက်ကို စိတ်ထိခိုက်အောင် လုပ်မိမှန်း သတိထားမိရင် ဘာလုပ်သင့်သလဲ။ ယေဟောဝါဆီ ထက်ထက်သန်သန် ဆုတောင်းပါ။ ပြန်ပြေလည်အောင် ကြိုးစားတာကို ကောင်းချီးပေးဖို့ ဆုတောင်းနိုင်တယ်။ အချိန်ယူပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ဖို့လည်း လိုတယ်။ ‘မာနကို ဘေးချိတ်ပြီး နှိမ့်ချစွာ တောင်းပန်ဖို့၊ ပြေလည်အောင် လုပ်ဖို့ လိုလိုလားလား ရှိရဲ့လား။ ကိုယ့်ဘက်က အစပြုပြီး ပြေလည်အောင် လုပ်မယ်ဆိုရင် ယေဟောဝါနဲ့ ယေရှု ဘယ်လို ခံစားရမလဲ’ စတဲ့ မေးခွန်းတွေ မေးနိုင်တယ်။ အဲဒီမေးခွန်းတွေက ယေရှုရဲ့ စကားကို နားထောင်ဖို့၊ ယုံကြည်သူချင်းတွေနဲ့ ပြေလည်အောင် နှိမ့်ချစွာ ကြိုးစားဖို့ လှုံ့ဆော်ပေးနိုင်တယ်။ ကျွန်တော်တို့လည်း ညီအစ်ကိုနဲ့ ပြေလည်ဖို့ ကြိုးစားတဲ့အခါ နှိမ့်ချစိတ် ရှိရမယ်။ (ဧ. ၄:၂၊ ၃) သူ့စိတ်ထဲက နာကြည်းချက်တွေ ပျောက်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စကားသွားပြောပါ။ ဘယ်သူ မှားတယ်၊ မှန်တယ် ဆိုတာထက် ညီအစ်ကိုနဲ့ ပြန်ပြေလည်ဖို့က ပိုအရေးကြီးကြောင်း သတိရပါ။—၁ ကော. ၆:၇။ w21.12 ၂၅-၂၆ ¶၁၃-၁၆

သောကြာနေ့၊ မတ် ၂၄

ယေရှုက မြို့ကိုကြည့်ပြီး ငိုတယ်။—လု. ၁၉:၄၁။

နိုင်ငံတော်သတင်းကို လူအများစု ငြင်းပယ်မယ်ဆိုတာ ယေရှု သိလို့ နာကျင်ခံစားရတယ်။ အဲဒီလို ငြင်းပယ်တဲ့ ရလဒ်အနေနဲ့ ဂျေရုဆလင်မြို့ ဖျက်ဆီးခံရပြီး အသက်ရှင်ကျန်ရစ်တဲ့ ဂျူးတွေလည်း သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားခံရမယ်။ (လု. ၂၁:၂၀-၂၄) ယေရှု မျှော်လင့်ထားတဲ့အတိုင်း ဂျူးအများစု ယေရှုကို ငြင်းပယ်ကြတယ်။ သင်နေထိုင်တဲ့ ဒေသမှာကော သတင်းတရားကို လူတွေ ဘယ်လို တုံ့ပြန်နေကြသလဲ။ လက်ခံသူ နည်းနည်းပဲ ရှိတယ်ဆိုရင် ယေရှုကျတဲ့ မျက်ရည်ကနေ ဘာသင်ယူနိုင်သလဲ။ လူတွေကို ယေဟောဝါ ဂရုစိုက်တယ်။ လူတွေကို ယေဟောဝါ ဘယ်လောက် ဂရုစိုက်ကြောင်း ယေရှုရဲ့ မျက်ရည်က သတိရစေတယ်။ ‘ဘုရားသခင်က ဘယ်သူ့ကိုမှ မပျက်စီးစေချင်ဘူး။ လူအားလုံးကို နောင်တရစေချင်တယ်။’ (၂ ပေ. ၃:၉) ဒီနေ့လည်း သတင်းကောင်း သိလာအောင် လူတွေကို ကျွန်တော်တို့ ကိုယ်ကျိုးစွန့် ကူညီပေးခြင်းအားဖြင့် ချစ်ကြောင်း ပြနိုင်တယ်။—မ. ၂၂:၃၉။ w22.01 ၁၆ ¶၁၀-၁၂

စနေနေ့၊ မတ် ၂၅

ကိုယ်တော့်ကိုပဲ ဖက်တွယ်ထားပါတယ်။ ညာလက်တော်ကလည်း ကျွန်တော့်ကို မြဲမြဲကိုင်ထားတယ်။—ဆာ. ၆၃:၈။

မိမိလူမျိုးအတွက် ယေဟောဝါ လုပ်ဆောင်ပေးခဲ့တာတွေ၊ သင့်အတွက် သတ်သတ်မှတ်မှတ် လုပ်ဆောင်ပေးခဲ့တာတွေကို တွေးတောဆင်ခြင်တဲ့အခါ ယုံကြည်ခြင်း ပိုခိုင်မာလာပါလိမ့်မယ်။ အရေးကြီးဆုံးကတော့ ယေဟောဝါကို ချစ်တဲ့မေတ္တာ တိုးများလာမယ်။ ယေဟောဝါကို နာခံဖို့၊ ကိုယ်ကျိုးစွန့်ဖို့၊ အခက်အခဲတွေကို ခံရပ်ဖို့ တခြားအရည်အသွေးတွေထက် မေတ္တာက လှုံ့ဆော်ပေးပါလိမ့်မယ်။ (မ. ၂၂:၃၇-၃၉။ ၁ ကော. ၁၃:၄၊ ၇။ ၁ ယော. ၅:၃) ယေဟောဝါနဲ့ ရင်းနှီးတဲ့ မိတ်ဆွေဖြစ်ခွင့်ရတာထက် ပိုအဖိုးထိုက်တဲ့အရာ ဘာမှ မရှိပါဘူး။ (ဆာ. ၆၃:၁-၇) ဆုတောင်းတာ၊ ကျမ်းစာလေ့လာတာ၊ တွေးတောဆင်ခြင်တာတွေက ဝတ်ပြုရေးရဲ့ အစိတ်အပိုင်းတွေ ဖြစ်ကြောင်း သတိရပါ။ ယေရှုလိုပဲ တိတ်ဆိတ်တဲ့ နေရာကို ရှာပါ။ အနှောင့်အယှက် ဖြစ်စေတဲ့အရာတွေကို ဖယ်ရှားပါ။ ဝတ်ပြုရေးနဲ့ပတ်သက်တာတွေ လုပ်ဆောင်တဲ့အခါ အာရုံစိုက်နိုင်အောင် ယေဟောဝါဆီ အကူအညီတောင်းပါ။ အခုအချိန်မှာ အချိန်ကို အကောင်းဆုံး အသုံးပြုနေတယ်ဆိုရင် ကမ္ဘာသစ်မှာ ယေဟောဝါက ကျွန်တော်တို့ကို ထာဝရအသက်နဲ့ ဆုချပါလိမ့်မယ်။—မာ. ၄:၂၄။ w22.01 ၃၀-၃၁ ¶၁၈-၂၀

တနင်္ဂနွေနေ့၊ မတ် ၂၆

ဆိုးညစ်တဲ့အရာကို ရွံမုန်းပါ။—ရော. ၁၂:၉။

အတွေးက လုပ်ရပ်ကို လွှမ်းမိုးတယ်။ ဒါကြောင့် ကြီးလေးတဲ့ အပြစ်တွေ လုပ်မိစေနိုင်တဲ့ အတွေးအခေါ်တွေကို ရှောင်ဖို့ ယေရှု သင်ပေးတာ ဖြစ်တယ်။ (မ. ၅:၂၁၊ ၂၂၊ ၂၈၊ ၂၉) ကျွန်တော်တို့အားလုံး ကောင်းကင်ဖခင်ရဲ့ နှစ်သက်မှု ရချင်ကြတယ်။ ဒါကြောင့် စိတ်ထဲ ဝင်လာတဲ့ မကောင်းတဲ့အတွေးတွေကို ချက်ချင်း ပယ်ဖျက်ဖို့ သိပ်အရေးကြီးတယ်။ ‘ခံတွင်းထဲက ထွက်တဲ့အရာတွေက စိတ်နှလုံးထဲက ထွက်လာတာ’ လို့ ယေရှု ပြောတယ်။ (မ. ၁၅:၁၈) မှန်ပါတယ်၊ ကိုယ်ပြောတဲ့စကားက ကိုယ်ဘယ်လိုလူစားမျိုး ဖြစ်ကြောင်း အများကြီး ဖော်ပြတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘အမှန်ပြောလို့ ဒုက္ခရောက်မယ်ဆိုရင်တောင် အမှန်အတိုင်း ပြောသလား။ အိမ်ထောင်သည်တစ်ယောက်အနေနဲ့ လိင်ခြားသူတွေကို ပရောပရည် မလုပ်မိအောင် ဆင်ခြင်သလား။ မသန့်ရှင်းတဲ့ အပြောအဆိုတွေကို လုံးဝ ရှောင်ကြဉ်သလား။ တစ်ယောက်ယောက်က စိတ်ဆိုးအောင် လုပ်တဲ့အခါ အေးအေးဆေးဆေး တုံ့ပြန်သလား။’ ဒီလိုမေးခွန်းတွေကို အသေအချာ ဆင်ခြင်တာက အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ ရိုင်းစိုင်း၊ လိမ်လည်၊ ညစ်ညမ်းတဲ့ စကားတွေ မပြောဖို့ အတတ်နိုင်ဆုံး ကြိုးစားမယ်ဆိုရင် စရိုက်ဟောင်းကို ချွတ်ပယ်နိုင်ပါလိမ့်မယ်။ w22.03 ၅ ¶၁၂-၁၄

တနင်္လာနေ့၊ မတ် ၂၇

အကြံဉာဏ် တောင်းခံသူတွေဆီမှာတော့ ဉာဏ်ပညာ ရှိတယ်။—ပညာ. ၁၃:၁၀။

ကိုယ့်ဆီ တစ်ယောက်ယောက် လာပြီး အကြံပေးတာကို စောင့်မယ့်အစား ကိုယ့်ဘက်ကစပြီး အကြံဉာဏ် တောင်းသူဟာ မတောင်းသူထက် ဘုရားရေးရာဘက် တိုးတက်မှု မြန်ဆန်လေ့ရှိတယ်။ ဒါကြောင့် ကိုယ့်ဘက်က အစပြုပြီး အကြံဉာဏ် တောင်းပါ။ ယုံကြည်သူချင်းတွေဆီကနေ ဘယ်အချိန်မှာ အကြံဉာဏ် တောင်းနိုင်သလဲ။ အခြေအနေတချို့ကို သုံးသပ်ကြည့်ပါ– (၁) ညီအစ်မတစ်ယောက်က သင်အံမှုမှာ ပါဝင်ပေးဖို့ ရင့်ကျက်တဲ့ ကြေညာသူကို ဖိတ်ခေါ်တယ်။ နောက်ပိုင်း၊ သွန်သင်ခြင်း နည်းလမ်း ပိုတိုးတက်ဖို့ အကြံဉာဏ် တောင်းတယ်။ (၂) အဝတ်အစား ဝယ်ချင်တဲ့ တစ်ကိုယ်ရေ ညီအစ်မတစ်ယောက် သူ ရွေးထားတာကို ပွင့်ပွင့်လင်းလင်း ဝေဖန်ပေးဖို့ ရင့်ကျက်တဲ့ ညီအစ်မဆီ အကြံဉာဏ် တောင်းတယ်။ (၃) ဦးဆုံးအကြိမ် လူထုဟောပြောချက် ပေးဖို့ ညီအစ်ကိုတစ်ယောက် တာဝန်ရတယ်။ ဟောပြောချက်ကို နားထောင်ပေးဖို့၊ တိုးတက်နိုင်မယ့်နည်းတွေ အကြံပေးဖို့ အတွေ့အကြုံရှိ ဟောပြောသူဆီ အကြံဉာဏ် တောင်းတယ်။ နှစ်ပေါင်းများစွာ ဟောပြောချက် ပေးလာတဲ့ ညီအစ်ကို ဖြစ်ရင်တောင် အတွေ့အကြုံရှိ ဟောပြောသူတွေဆီ အကြံဉာဏ် တောင်းပြီး လိုက်လျှောက်သင့်တယ်။—ပညာ. ၁၉:၂၀။ w22.02 ၁၃ ¶၁၅-၁၇

အင်္ဂါနေ့၊ မတ် ၂၈

ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘဲ ကျွန်တော့်ကို စေလွှတ်တဲ့ အဖပါ အတူရှိနေ[တယ်]။ —ယော. ၈:၁၆။

မြေကြီးပေါ် ယေရှု အသက်ရှင်ချိန်တစ်လျှောက် ယေဟောဝါ မေတ္တာပြပြီး ဂရုစိုက်ခဲ့သလို ကျွန်တော်တို့ကိုလည်း မေတ္တာပြပြီး ဂရုစိုက်နေတယ်။ (ယော. ၅:၂၀) ယေရှုရဲ့ ဘုရားရေးရာပိုင်း၊ စိတ်ပိုင်း၊ ရုပ်ပိုင်း လိုအပ်ရာ အားလုံးကို ဖြည့်ဆည်းပေးခဲ့တယ်။ ချစ်မြတ်နိုးကြောင်း၊ နှစ်သက်ကြောင်း ထုတ်ပြောတယ်။ (မ. ၃:၁၆၊ ၁၇) မေတ္တာရှိတဲ့ ကောင်းကင်ဖခင်ကို အမြဲ အားကိုးလို့ ရမှန်း သိတဲ့အတွက် တစ်ကိုယ်တည်း ဖြစ်တယ်လို့ ယေရှု တစ်ခါမှ မခံစားခဲ့ရဘူး။ ယေရှုလိုပဲ ကျွန်တော်တို့အားလုံး ယေဟောဝါရဲ့ မေတ္တာကို နည်းမျိုးစုံနဲ့ ခံစားနေရတယ်။ ကျွန်တော်တို့ကို ဆွဲဆောင်ထားတယ်။ စိတ်ဓာတ်ကျချိန်မှာ ပျော်ရွှင်အားတက်စေဖို့ ကမ္ဘာချီ ညီအစ်ကို/မ မိသားစုကို ပေးထားတယ်။ (ယော. ၆:၄၄) ယုံကြည်ခြင်း ခိုင်မာစေတဲ့ ကျမ်းစာအကြောင်းအရာတွေ ပုံမှန် ပြင်ဆင်ပေးတယ်။ နေ့စဉ် ရုပ်ပိုင်း လိုအပ်ရာတွေကိုလည်း ဖြည့်ဆည်းပေးတယ်။ (မ. ၆:၃၁၊ ၃၂) ယေဟောဝါရဲ့ မေတ္တာအကြောင်း စဉ်းစားမယ်ဆိုရင် ဘုရားကို ချစ်တဲ့ မေတ္တာ တိုးများလာပါလိမ့်မယ်။ w21.09 ၂၂ ¶၈-၉

ဗုဒ္ဓဟူးနေ့၊ မတ် ၂၉

စရိုက်ဟောင်းကိုရော စရိုက်ဟောင်းရဲ့ အကျင့်တွေကိုပါ ချွတ်ပယ်ကြပါ။—ကော. ၃:၉။

ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ စမလေ့လာခင် သင့်ဘဝပုံစံ ဘယ်လို ရှိခဲ့သလဲ။ အဲဒီအချိန်က အကြောင်းတွေကို ကျွန်တော်တို့ အများစု ပြန်တောင် မစဉ်းစားချင်ကြဘူး။ ကျွန်တော်တို့ရဲ့ သဘောထားနဲ့ စရိုက်တွေကို ဒီလောကရဲ့ အမှားအမှန် စံနှုန်းတွေ လွှမ်းမိုးထားတယ်။ “မျှော်လင့်ချက် မဲ့ပြီး ဘုရားသခင်ကို မသိတဲ့သူတွေ ဖြစ်ခဲ့တယ်။” (ဧ. ၂:၁၂) ဒါပေမဲ့ ကျမ်းစာလေ့လာပြီးနောက် ကျွန်တော်တို့ကို အရမ်းချစ်တဲ့ ကောင်းကင်ဖခင် ယေဟောဝါ ရှိတယ်ဆိုတာ သိလာတယ်။ ယေဟောဝါရဲ့ နှစ်သက်မှု ရဖို့၊ ဘုရားရဲ့ မိသားစုဝင် ဖြစ်ဖို့ဆိုရင် ကိုယ့်ဘဝပုံစံ၊ သဘောထား၊ အတွေးအခေါ်တွေကို အကြီးအကျယ် ပြောင်းလဲရမယ်ဆိုတာ သဘောပေါက်လာတယ်။ ဘုရားရဲ့ မြင့်မားတဲ့ စံနှုန်းတွေအတိုင်း အသက်ရှင်နေထိုင်ဖို့ သင်ယူရမယ်။ (ဧ. ၅:၃-၅) ဖန်ဆင်းရှင် ကောင်းကင်ဖခင် ယေဟောဝါဟာ မိမိကို ဝတ်ပြုသူတွေ ဘယ်လို ပြုမူနေထိုင်သင့်တယ်ဆိုတာ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်။ ကျွန်တော်တို့ နှစ်ခြင်းမခံခင် “စရိုက်ဟောင်းကိုရော စရိုက်ဟောင်းရဲ့ အကျင့်တွေကိုပါ ချွတ်ပယ်” ဖို့ တောင်းဆိုထားတယ်။ w22.03 ၂ ¶၁-၃

ကြာသပတေးနေ့၊ မတ် ၃၀

တခြားသိုးတွေကို ကျွန်တော် ပိုင်သေးတယ်။—ယော. ၁၀:၁၆။

တခြားသိုးတွေဟာ အောက်မေ့ရာပွဲ တက်ခွင့်ရလို့၊ ကိုယ့်မျှော်လင့်ချက်အကြောင်း စဉ်းစားဆင်ခြင်ခွင့် ရလို့ ပျော်ရွှင်ကြတယ်။ အောက်မေ့ရာပွဲ ဟောပြောချက်ကို စောင့်မျှော်ကြတယ်။ ဟောပြောချက်မှာ အနှစ်တစ်ထောင် အုပ်ချုပ်ချိန်အတွင်း သစ္စာရှိသူတွေအတွက် ခရစ်တော်နဲ့ တွဲဖက်အုပ်ချုပ်သူ ၁၄၄,၀၀၀ ဘာလုပ်ပေးမလဲဆိုတဲ့အကြောင်း အဓိက တင်ဆက်ပေးလို့ပဲ။ ဘုရင် ယေရှုခရစ်ရဲ့ ဦးဆောင်မှုအောက် တွဲဖက်အုပ်ချုပ်သူတွေဟာ ကမ္ဘာမြေကို ပရဒိသုဖြစ်စေပြီး နာခံမှုရှိတဲ့ လူသားတွေ စုံလင်လာအောင် ကူညီပေးကြမယ်။ ဟေရှာယ ၃၅:၅၊ ၆။ ၆၅:၂၁-၂၃ နဲ့ ဗျာဒိတ် ၂၁:၃၊ ၄ လို အနာဂတ်မှာ ပြည့်စုံလာမယ့် ကျမ်းစာပရောဖက်ပြုချက်တွေကို မြင်ယောင်ရတာ အောက်မေ့ရာပွဲ တက်ရောက်သူတွေအတွက် စိတ်လှုပ်ရှားစရာပဲ။ ကမ္ဘာသစ်မှာ ချစ်ရသူတွေနဲ့အတူ ရှိနေတယ်လို့ မြင်ယောင်တဲ့အခါ မျှော်လင့်ချက် ပိုခိုင်မာလာမယ်။ ယေဟောဝါရဲ့ အမှုတော်မှာ အမြဲပါဝင်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက် ပိုခိုင်မာလာပါလိမ့်မယ်။—မ. ၂၄:၁၃။ ဂလ. ၆:၉။ w22.01 ၂၁ ¶၅-၇

အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း– (နေဝင်ပြီးနောက်ပိုင်း ဖြစ်ရပ်များ– နိသန် ၉) မဿဲ ၂၆:၆-၁၃

သောကြာနေ့၊ မတ် ၃၁

လူသားလည်း . . . လူအများအတွက် ရွေးဖိုးအဖြစ် အသက်ပေးဖို့ ရောက်လာတာ။—မာ. ၁၀:၄၅။

ရွေးဖိုးဆိုတာ ဘာလဲ။ အာဒံ ဆုံးရှုံးသွားတဲ့အရာကို ပြန်ရွေးယူဖို့ ယေရှု ပေးတဲ့ အဖိုးအခကို ဆိုလိုတယ်။ (၁ ကော. ၁၅:၂၂) ကျွန်တော်တို့ ဘာကြောင့် ရွေးဖိုး လိုအပ်သလဲ။ အသက်အတွက် အသက်ဆိုပြီး ပညတ်တရားမှာ ယေဟောဝါ ပြဋ္ဌာန်းထားတဲ့ တရားမျှတမှု စံနှုန်းနဲ့ ကိုက်ညီစေဖို့ပါ။ (ထွ. ၂၁:၂၃၊ ၂၄) အာဒံဟာ စုံလင်တဲ့အသက်ကို ဆုံးရှုံးခဲ့တယ်။ ဒါကြောင့် ယေဟောဝါရဲ့ တရားမျှတမှု စံနှုန်းနဲ့ ကိုက်ညီစေဖို့ စုံလင်တဲ့အသက်ကို ယေရှု ပေးဆက်ခဲ့တယ်။ (ရော. ၅:၁၇) ဒီလိုနဲ့ ယေရှုဟာ ရွေးဖိုးကို ယုံကြည်သက်ဝင်သူတိုင်းရဲ့ “ထာဝရဖခင်” ဖြစ်လာတယ်။ (ဟေရှာ. ၉:၆။ ရော. ၃:၂၃၊ ၂၄) ယေရှုဟာ ကောင်းကင်ဖခင်ကိုကော ကျွန်တော်တို့ကိုပါ အလွန်ချစ်လို့ လိုလိုလားလား အသက်ပေးခဲ့တယ်။ (ယော. ၁၄:၃၁။ ၁၅:၁၃) အဲဒီမေတ္တာကြောင့်ပဲ အဆုံးအထိ သမာဓိ စောင့်ထိန်းဖို့၊ ဖခင်ရဲ့ အလိုတော်ကို ပြီးမြောက်အောင် လုပ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ စိတ်ပိုင်းဖြတ်ထားတဲ့အတိုင်းလည်း သမာဓိ စောင့်ထိန်းတယ်။ ဒါကြောင့် လူတွေနဲ့ပတ်သက်တဲ့၊ ကမ္ဘာမြေနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ မူလရည်ရွယ်ချက် ပြည့်စုံလာပါလိမ့်မယ်။ w21.04 ၁၄ ¶၂-၃

အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၉) မဿဲ ၂၁:၁-၁၁၊ ၁၄-၁၇

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ