ဧပြီ
စနေနေ့၊ ဧပြီ ၁
ဘုရားသခင်က လူ့လောကကို အလွန်ချစ်တယ်။ ဒါကြောင့် မိမိရဲ့ . . . တစ်ဦးတည်းသော သားကိုတောင် ပေးအပ်ခဲ့တယ်။—ယော. ၃:၁၆။
ကျွန်တော်တို့အတွက် ယေရှု လိုလိုလားလား အသက် ပေးဆက်ပြီး ကြီးမားတဲ့မေတ္တာ ပြခဲ့တယ်။ (ယော. ၁၅:၁၃) ယေဟောဝါနဲ့ ယေရှု ပြတဲ့မေတ္တာကို ကျွန်တော်တို့ ဘယ်တော့မှ ပြန်ဆပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အသက်ရှင်နေထိုင်ပုံအားဖြင့် ကျေးဇူးတင်ကြောင်း ပြနိုင်တယ်။ (ကော. ၃:၁၅) ဘိသိက်ခံတွေဟာ ရွေးဖိုးကြောင့် အံ့ဖွယ်မျှော်လင့်ချက် ရရှိကြတယ်။ (မ. ၂၀:၂၈) ယေရှုရဲ့ ပူဇော်သက္ကာကို ယုံကြည်တဲ့အတွက် သူတို့ကို ဖြောင့်မတ်သူလို့ ယေဟောဝါ သတ်မှတ်ပြီး သားတွေအဖြစ် မွေးစားတယ်။ (ရော. ၅:၁။ ၈:၁၅-၁၇၊ ၂၃) တခြားသိုးတွေလည်း ခရစ်တော်ရဲ့ ရွေးဖိုးပူဇော်သက္ကာကို သိပ်ကျေးဇူးတင်ကြတယ်။ အဲဒါကို ယုံကြည်တဲ့အတွက် ဘုရားသခင်ရှေ့ သန့်ရှင်းတဲ့အနေအထား ရတယ်။ “ကြီးစွာသောဒုက္ခ” ကနေ လွတ်မြောက်ဖို့ မျှော်လင့်ချက် ရကြတယ်။ (ဗျာ. ၇:၁၃-၁၅) နှစ်အုပ်စုစလုံး ရွေးဖိုးကို ကျေးဇူးတင်ကြောင်း ပြတဲ့ တစ်နည်းကတော့ အောက်မေ့ရာပွဲကို နှစ်တိုင်း တက်ရောက်ခြင်းပါပဲ။ w22.01 ၂၃ ¶၁၄-၁၅
အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၀) မဿဲ ၂၁:၁၈၊ ၁၉။ ၂၁:၁၂၊ ၁၃။ ယောဟန် ၁၂:၂၀-၅၀
တနင်္ဂနွေနေ့၊ ဧပြီ ၂
ခရစ်တော်က . . . ကျွန်တော်တို့ကို ဝယ်လိုက်တယ်။—ဂလ. ၃:၁၃။
ယေရှု စိတ်ဒုက္ခ ရောက်တာက မိမိ အသတ်ခံရမယ့် အကြောင်းရင်းကြောင့် ဖြစ်တယ်။ ဘုရားနဲ့ ဘုရားနာမည်ကို မလေးစားသူ၊ ဘုရားကို စော်ကားပြောဆိုသူအဖြစ် ယေရှု မတရား စွပ်စွဲခံထားရတယ်။ (မ. ၂၆:၆၄-၆၆) အဲဒီစွပ်စွဲချက်ကြောင့် အကြီးအကျယ် စိတ်ဒုက္ခရောက်တဲ့အတွက် အဲဒီလို အရှက်တကွဲ မသေရအောင် လွှဲဖယ်ပေးဖို့ အဖဘုရားဆီ ဆုတောင်းတယ်။ (မ. ၂၆:၃၈၊ ၃၉၊ ၄၂) ဂျူးတွေကို ကျိန်ခြင်းတစ်မျိုးကနေ လွတ်မြောက်စေဖို့ ယေရှု သစ်တိုင်ပေါ် သေဆုံးရတာ ဖြစ်တယ်။ (ဂလ. ၃:၁၀) ဂျူးတွေဟာ အာဒံရဲ့ သားစဉ်မြေးဆက်တွေ ဖြစ်လို့ သေဒဏ်ခံထိုက်တယ်။ (ရော. ၅:၁၂) အဲဒီအပြင် ဘုရားပညတ်ကို နာခံမယ်လို့ စိတ်လိုကိုယ်လျောက် ကတိပေးပြီးမှ မနာခံတဲ့အတွက် ကျိန်ခြင်းခံထိုက်တဲ့ လူမျိုးလည်း ဖြစ်နေတယ်။ သေဒဏ်ခံထိုက်တဲ့ အပြစ် ကျူးလွန်သူကို ကွပ်မျက်ပြီး အလောင်းကို သစ်တိုင်မှာ ဆွဲထားဖို့ ဘုရားပညတ်မှာ ပြဋ္ဌာန်းထားတယ်။ (တရား. ၂၁:၂၂၊ ၂၃။ ၂၇:၂၆) ဒါကြောင့် မိမိကို ဂျူးတွေ ငြင်းပယ်ပေမဲ့ ခရစ်တော်ဟာ သစ်တိုင်မှာ သေဆုံးခြင်းအားဖြင့် သူတို့ကိုလည်း မိမိရွေးဖိုးကနေ အကျိုးရစေတယ်။ w21.04 ၁၆ ¶၅-၆
အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၁) မဿဲ ၂၁:၃၃-၄၁။ ၂၂:၁၅-၂၂။ ၂၃:၁-၁၂။ ၂၄:၁-၃
တနင်္လာနေ့၊ ဧပြီ ၃
ကျွန်တော် . . . အသက်စွန့်[တယ်]။—ယော. ၁၀:၁၇။
ယေရှုရဲ့ မြေကြီးအသက်တာ နောက်ဆုံးနေ့အကြောင်း စဉ်းစားကြည့်ပါ။ ရောမစစ်သားတွေ မညှာမတာ ရိုက်နှက်ကြတယ်။ (မ. ၂၆:၅၂-၅၄။ ယော. ၁၈:၃။ ၁၉:၁) အသားတွေကို စုတ်ပြဲသွားစေတဲ့ ကျာပွတ်ကို ရောမစစ်သားတွေ သုံးတယ်။ နောက်ပိုင်း၊ ဒဏ်ရာတွေနဲ့ သွေးအလိမ်းလိမ်း ဖြစ်နေတဲ့ ကျောပေါ် သစ်တိုင် အလေးကြီး တင်ပေးပြီး ထမ်းသွားခိုင်းတယ်။ အသတ်ခံရမယ့် နေရာဆီ ယေရှု ထမ်းသွားနေတုန်း အားပြတ်သွားလို့ လမ်းမှာတွေ့တဲ့ လူတစ်ယောက်ကို အတင်း ထမ်းခိုင်းကြတယ်။ (မ. ၂၇:၃၂) အသတ်ခံရမယ့် နေရာ ရောက်တဲ့အခါ စစ်သားတွေက ယေရှုရဲ့ ခြေလက်တွေကို သစ်တိုင်မှာ သံနဲ့ ရိုက်တယ်။ သစ်တိုင်ကို ထောင်လိုက်တဲ့အခါ ယေရှုရဲ့ ခန္ဓာကိုယ် အလေးချိန်ကြောင့် သံရိုက်ထားတဲ့ ဒဏ်ရာတွေ စုတ်ပြဲသွားတယ်။ မိခင်မာရိနဲ့ မိတ်ဆွေတွေ ဝမ်းနည်းငိုကြွေးနေပေမဲ့ ဂျူးခေါင်းဆောင်တွေကတော့ ယေရှုကို လှောင်ပြောင်ကြတယ်။ (လု. ၂၃:၃၂-၃၈။ ယော. ၁၉:၂၅) နာရီနဲ့ချီပြီး ယေရှု မချိမဆံ့ ဝေဒနာ ခံစားရတယ်။ နှလုံးနဲ့ အဆုတ်ကြွက်သားတွေ တင်းလာပြီး အသက်ရှူဖို့ ခက်လာတယ်။ အသက် မထွက်ခင်လေးမှာ နောက်ဆုံးအနေနဲ့ ဆုတောင်းတယ်။ အဲဒီနောက် ခေါင်းငိုက်စိုက်ကျပြီး အသက်ထွက်သွားတယ်။ (မာ. ၁၅:၃၇။ လု. ၂၃:၄၆။ ယော. ၁၀:၁၈။ ၁၉:၃၀) အရှက်တကွဲ နာကျင်ခံစားပြီးမှ တဖြည်းဖြည်း သေစေတဲ့ နည်းပါပဲ။ w21.04 ၁၆ ¶၄
အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၂) မဿဲ ၂၆:၁-၅၊ ၁၄-၁၆။ လုကာ ၂၂:၁-၆
အောက်မေ့ရာပွဲ နေ့စွဲ
နေဝင်ပြီးနောက်
အင်္ဂါနေ့၊ ဧပြီ ၄
ကျွန်တော့်ကို အောက်မေ့တဲ့အနေနဲ့ ဒီလို အမြဲလုပ်ကြပါ။—လု. ၂၂:၁၉။
ယေရှုက သစ္စာရှိ တမန်တော် ၁၁ ယောက်နဲ့ ပဋိညာဉ်သစ်၊ နိုင်ငံတော် ပဋိညာဉ် ဖွဲ့တယ်။ (လု. ၂၂:၂၀၊ ၂၈-၃၀) အဲဒီပဋိညာဉ် နှစ်ခုအားဖြင့် တမန်တော်တွေနဲ့ ရွေးချယ်ထားသူတချို့ကို ကောင်းကင်မှာ ဘုရင်နဲ့ ပုရောဟိတ် ဖြစ်ခွင့် ရစေတယ်။ (ဗျာ. ၅:၁၀။ ၁၄:၁) ပဋိညာဉ်နှစ်ခုမှာ ပါဝင်တဲ့ ဘိသိက်ခံ အကြွင်းအကျန်တွေပဲ အောက်မေ့ရာပွဲမှာ မုန့်နဲ့ စပျစ်ဝိုင်ကို စားသုံးကြတယ်။ ကောင်းကင်မှာ မသေနိုင်၊ မပျက်စီးနိုင်တဲ့ အသက်တာရမယ်။ ယေရှုခရစ်၊ ရှင်ပြန်ထမြောက်ပြီးဖြစ်တဲ့ ၁၄၄,၀၀၀ နဲ့အတူ အမှုဆောင်ခွင့်ရမယ်။ အကောင်းဆုံးကတော့ ယေဟောဝါရှေ့ ရှိနေခွင့်ရမယ်။ ယေဟောဝါ ပေးထားတဲ့ အံ့ဖွယ်မျှော်လင့်ချက်ပါပဲ။ (၁ ကော. ၁၅:၅၁-၅၃။ ၁ ယော. ၃:၂) သေတဲ့အထိ သစ္စာရှိဖို့ လိုမှန်း ဘိသိက်ခံတွေ သိထားကြတယ်။— ၂ တိ. ၄:၇၊ ၈။ w22.01 ၂၁ ¶၄-၅
အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၃) မဿဲ ၂၆:၁၇-၁၉။ လုကာ ၂၂:၇-၁၃ (နေဝင်ပြီးနောက်ပိုင်း ဖြစ်ရပ်များ– နိသန် ၁၄) မဿဲ ၂၆:၂၀-၅၆
ဗုဒ္ဓဟူးနေ့၊ ဧပြီ ၅
ခင်ဗျားဟာ ကျွန်တော်နဲ့အတူ ပရဒိသုမှာ ရှိလိမ့်မယ်။—လု. ၂၃:၄၃။
ယေရှုဘေးမှာ ရာဇဝတ်သား နှစ်ယောက် သစ်တိုင်တင်ခံရတယ်။ (လု. ၂၃:၄၀၊ ၄၁) တစ်ယောက်က ယေရှုဘက် လှည့်ပြီး “သခင်ယေရှု၊ ဘုရင် ဖြစ်တဲ့အခါ ကျွန်တော့်ကို သတိရပါ” လို့ ပြောတယ်။ (လု. ၂၃:၄၂) မိမိဖခင်ဟာ ကရုဏာ ရှိသူ ဖြစ်မှန်း ယေရှု သိတဲ့အတွက် သေဆုံးခါနီး ရာဇဝတ်သားကို မျှော်လင့်ချက် ပေးတဲ့ စကားတွေ ပြောခဲ့တယ်။ (ဆာ. ၁၀၃:၈။ ဟီ. ၁:၃) ယေဟောဝါဟာ ကျွန်တော်တို့ကို ခွင့်လွှတ်ဖို့၊ ကရုဏာ ပြဖို့ အသင့်ရှိတယ်။ ဒါပေမဲ့ လုပ်ခဲ့တဲ့ အပြစ်တွေအတွက် စစ်မှန်တဲ့ နောင်တ ရပြီး ယေရှုခရစ်ရဲ့ ရွေးဖိုး ပူဇော်သက္ကာကို ယုံကြည်ကြောင်း ပြရမယ်။ (၁ ယော. ၁:၇) ယေဟောဝါ ခွင့်လွှတ်ရဲ့လားဆိုတာ ယုံဖို့ တချို့အတွက် ခက်နေနိုင်တယ်။ သင်လည်း အဲဒီလို ခံစားနေရတယ်ဆိုရင် ဒီအချက်ကို စဉ်းစားကြည့်ပါ– ယေရှု မသေဆုံးခင်လေးမှာ ဘေးက ရာဇဝတ်သားကို ကရုဏာ ပြခဲ့တယ်။ ယုံကြည်ခြင်း အတော်အတန် ရှိပေမဲ့ ဘာလုပ်ရပ်နဲ့မှ မပြရသေးတဲ့ ရာဇဝတ်သားတောင် ကရုဏာ ပြခံရတယ်ဆိုရင် သစ္စာရှိသူတွေကို ယေဟောဝါ ပိုလို့တောင် ကရုဏာ ပြမယ်ဆိုတာ စိတ်ချနိုင်တယ်။—ဆာ. ၅၁:၁။ ၁ ယော. ၂:၁၊ ၂။ w21.04 ၉ ¶၅-၆
အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၄) မဿဲ ၂၇:၁၊ ၂၊ ၂၇-၃၇
ကြာသပတေးနေ့၊ ဧပြီ ၆
ယေရှုက “အဖခိုင်းသမျှ ကျွန်တော် လုပ်ပြီးပါပြီ” လို့ ပြောတယ်။—ယော. ၁၉:၃၀။
သေတဲ့အထိ သမာဓိ စောင့်ထိန်းခြင်းအားဖြင့် အရာများစွာကို ယေရှု ပြီးမြောက်စေတယ်။ ပထမ၊ စာတန်ဟာ မုသာကောင် ဖြစ်ကြောင်း သက်သေထူနိုင်ခဲ့တယ်။ စာတန် ဘယ်လောက်ပဲ သွေးဆောင်ပါစေ စုံလင်တဲ့ လူသားဟာ အပြည့်အဝ သမာဓိ စောင့်ထိန်းနိုင်ကြောင်း ပြခဲ့တယ်။ ဒုတိယ၊ မိမိအသက်ကို ရွေးဖိုးအဖြစ် ယေရှု ပေးနိုင်ခဲ့တယ်။ ယေရှုရဲ့ ရွေးဖိုး ပူဇော်သက္ကာကြောင့် မစုံလင်တဲ့ လူသားတွေဟာ ဘုရားရှေ့ ဖြောင့်မတ်တဲ့ အနေအထား ရဖို့၊ ထာဝရအသက် ရဖို့ လမ်းပွင့်သွားတယ်။ တတိယ၊ ယေဟောဝါရဲ့ အချုပ်အခြာ အာဏာကို အပြည့်အဝ ထောက်ခံပြီး ဖခင်ရဲ့ နာမည် သံသယ ကင်းရှင်းအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ ဒါကြောင့် သမာဓိ စောင့်ထိန်းမှုကို ပြဖို့ နောက်ဆုံးအခွင့်အရေးအဖြစ် သဘောထားပြီး နေ့ရက်တိုင်း အသက်ရှင်ကြပါစို့။ ဒါဆိုရင် သေခြင်းကို ရင်ဆိုင်ရတဲ့အခါမှာတောင် “ယေဟောဝါ၊ ကျွန်တော် အတတ်နိုင်ဆုံး သမာဓိ စောင့်ထိန်းခဲ့ပြီ။ စာတန်ဟာ မုသာကောင် ဖြစ်ကြောင်း သက်သေထူခဲ့ပြီ။ ကိုယ်တော့်နာမည်နဲ့ အချုပ်အခြာအာဏာကို သံသယ ကင်းရှင်းစေခဲ့ပြီ” လို့ ပြောနိုင်ကြပါလိမ့်မယ်။ w21.04 ၁၂ ¶၁၃-၁၄
အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၅) မဿဲ ၂၇:၆၂-၆၆ (နေဝင်ပြီးနောက်ပိုင်း ဖြစ်ရပ်များ– နိသန် ၁၆) မဿဲ ၂၈:၂-၄
သောကြာနေ့၊ ဧပြီ ၇
သူဟာ ငါမြတ်နိုးတဲ့ ငါ့ရဲ့ ချစ်သားပဲ။ သူ့စကားကို နားထောင်ကြ။—မ. ၁၇:၅။
ယေရှုဟာ ကိုယ်မကျူးလွန်ထားတဲ့ အပြစ်အတွက် မတရား စွပ်စွဲခံရ၊ ပြစ်ဒဏ် စီရင်ခံရပြီးနောက် လှောင်ပြောင်၊ ညှဉ်းဆဲခံရပြီး သစ်တိုင်မှာ သံနဲ့ ရိုက်ခံရတယ်။ ယေရှုရဲ့ လက်နဲ့ ခြေထောက်ထဲ သံချောင်းတွေ စိုက်ဝင်သွားတယ်။ အသက်ရှူလိုက်တိုင်း၊ စကား တစ်ခွန်း ပြောလိုက်တိုင်း တဆစ်ဆစ် နာကျင်တယ်။ ဒါပေမဲ့ ယေရှုမှာ မပြောမဖြစ် ပြောစရာတွေ ရှိတယ်။ ယေရှုရဲ့ နောက်ဆုံးစကားတွေကနေ အဖိုးတန် သင်ခန်းစာတွေ သင်ယူနိုင်တယ်။ တခြားသူတွေကို ခွင့်လွှတ်ဖို့၊ ကျွန်တော်တို့ကို ယေဟောဝါ ခွင့်လွှတ်မယ်ဆိုတာ ယုံကြည်စိတ်ချဖို့ သင်ယူရတယ်။ ကျွန်တော်တို့ကို ကူညီပေးဖို့ အသင့် ရှိနေတဲ့ ညီအစ်ကို/မတွေ ရထားတာလည်း အခွင့်ထူးပါပဲ။ ဒါပေမဲ့ လိုအပ်တဲ့အခါ ကိုယ့်ဘက်က အစပြုပြီး အကူအညီ တောင်းရမယ်။ ဘယ်အခက်အခဲကိုမဆို ခံရပ်နိုင်အောင် ယေဟောဝါ ကူညီပေးမယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ နေ့ရက်တိုင်းကို သမာဓိ စောင့်ထိန်းမှု ပြနိုင်မယ့် နောက်ဆုံးအခွင့်အရေးအဖြစ် သဘောထားဖို့၊ သေဆုံးသွားရင်တောင် ယေဟောဝါ ပြန်ထမြောက်ပေးမယ်ဆိုတာ ယုံကြည်စိတ်ချဖို့ အရေးကြီးကြောင်းလည်း သင်ယူရတယ်။ w21.04 ၈ ¶၁။ ၁၃ ¶၁၇
စနေနေ့၊ ဧပြီ ၈
ထာဝရအသက် ရနိုင်ဖို့ဆိုရင် တစ်ဆူတည်းသော စစ်မှန်တဲ့ဘုရားသခင် အဖကိုရော အဖ စေလွှတ်လိုက်တဲ့ ယေရှုခရစ်ကိုပါ သိကျွမ်းကြရမယ်။—ယော. ၁၇:၃။
ယေရှုရဲ့ ခြေရာကို လိုက်လျှောက်တာက ထာဝရအသက် ရစေမယ်။ ထာဝရအသက် ရဖို့ ဘာလုပ်ရမလဲလို့ ချမ်းသာတဲ့ လူငယ် မေးတဲ့အခါ “ကျွန်တော့်နောက်လိုက် လုပ်ပါ” လို့ ယေရှု ဖြေတယ်။ (မ. ၁၉:၁၆-၂၁) မိမိကို ခရစ်တော်အဖြစ် မယုံတဲ့ ဂျူးတချို့ကို ‘ကျွန်တော့်သိုးတွေက ကျွန်တော့်နောက်ကို လိုက်ကြတယ်။ ကျွန်တော်က သူတို့ကို ထာဝရအသက် ပေးတယ်’ လို့ ယေရှု ပြောတယ်။ (ယော. ၁၀:၂၄-၂၉) အပြောနဲ့ရော လုပ်ရပ်နဲ့ပါ ယေရှု သွန်သင်ပေးတာတွေကို ကျွန်တော်တို့ လိုက်လျှောက်ခြင်းအားဖြင့် ယေရှုကို ယုံကြည်ကြောင်း ပြကြတယ်။ ဒီနည်းအားဖြင့် ထာဝရအသက် လမ်းပေါ် ဆက်ရှိနေနိုင်ပါလိမ့်မယ်။ (မ. ၇:၁၄) ယေရှုအကြောင်း ကောင်းကောင်း သိမှ ယေရှုရဲ့ ခြေရာကို ထက်ကြပ်မကွာ လိုက်နိုင်မယ်။ “သိကျွမ်း” ဖို့ဆိုတာ အဆက်မပြတ် လုပ်ဆောင်နေရမယ့်အရာ ဖြစ်တယ်။ ယေရှုရဲ့ အရည်အသွေး၊ အတွေးအခေါ်၊ စံနှုန်းတွေအကြောင်း သင်ယူလေ့လာခြင်းအားဖြင့် ယေရှုအကြောင်း ပိုသိအောင် လုပ်ရမယ်။ အမှန်တရားထဲမှာ ရှိတာ ဘယ်လောက်ပဲ ကြာနေပါစေ ယေဟောဝါနဲ့ သားတော်အကြောင်း “သိကျွမ်း” ဖို့ ဆက်ကြိုးစားနေရမယ်။ w21.04 ၄ ¶၉-၁၀
တနင်္ဂနွေနေ့၊ ဧပြီ ၉
ငါဟာ အရင်က ဘုရားကို စော်ကားပြောဆိုသူ၊ ညှဉ်းပန်းနှိပ်စက်သူ . . . ဖြစ်ခဲ့[တယ်]။—၁ တိ. ၁:၁၃။
အတိတ်က လုပ်ရပ်တွေအကြောင်း တွေးပြီး တမန်တော် ပေါလု စိတ်မကောင်း ဖြစ်တဲ့အချိန်တွေ ရှိမှာပဲ။ ဒါကြောင့် “ငါဟာ အပြစ်အများဆုံးပဲ” လို့ ပြောခဲ့တာ ဖြစ်တယ်။ (၁ တိ. ၁:၁၅) အမှန်တရား မသိခင်မှာ ပေါလု ခရစ်ယာန်တွေကို တစ်မြို့ပြီး တစ်မြို့ လိုက်ညှဉ်းဆဲတယ်။ ထောင်ချတယ်။ သူတို့ကို ကွပ်မျက်ဖို့ ထောက်ခံတယ်။ (တ. ၂၆:၁၀၊ ၁၁) မိမိကြောင့် အသတ်ခံလိုက်ရသူတွေရဲ့ သားသမီး တစ်ယောက်ယောက်နဲ့ တွေ့တဲ့အခါ ပေါလု ဘယ်လို ခံစားရမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ ပေါလုဟာ အမှားတွေအတွက် နောင်တရပေမဲ့ အတိတ်ကို ပြောင်းပစ်လို့ မရမှန်း သိတယ်။ မိမိအတွက် ခရစ်တော် အသေခံခဲ့တယ်ဆိုတာ ယုံကြည်လက်ခံတယ်။ ဒါကြောင့်လည်း “ဘုရားသခင်ရဲ့ မဟာကရုဏာကြောင့် ဒီတာဝန်ကို အခုလို ကျွန်တော် ထမ်းဆောင်နိုင်တာပါ” လို့ ယုံကြည်စိတ်ချစွာ ပြောခဲ့တာ ဖြစ်တယ်။ (၁ ကော. ၁၅:၃၊ ၁၀) ဘာသင်ခန်းစာ ရသလဲ။ သင့်အတွက် ခရစ်တော် အသေခံခဲ့တယ်၊ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိဖို့ လမ်းဖွင့်ပေးခဲ့တယ်ဆိုတာ လက်ခံပါ။ (တ. ၃:၁၉) အတိတ်မှာ သင် ဘာအမှားတွေ ကျူးလွန်ခဲ့တယ်ဆိုတာကို ဘုရား အာရုံမစိုက်ဘူး။ လက်ရှိနဲ့ အနာဂတ်မှာ သင် ဘာလုပ်သလဲဆိုတာကသာ ဘုရားအတွက် အရေးပါတယ်။—ဟေရှာ. ၁:၁၈။ w21.04 ၂၃ ¶၁၁
တနင်္လာနေ့၊ ဧပြီ ၁၀
ဘုရားဆီကလာတဲ့ သတင်းစကား ဟုတ်မဟုတ် သိနိုင်ဖို့ စစ်ဆေးကြပါ။ ပရောဖက် အတုအယောင်တွေ လောကမှာ အများကြီးပေါ်လာပြီ ဖြစ်လို့ပဲ။—၁ ယော. ၄:၁။
မေရှိယ သေဆုံးမယ်လို့ ယေရှုခေတ်က ဂျူးတွေ မမျှော်လင့်ထားကြပေမဲ့ ပရောဖက်ပြုချက်မှာတော့ “သူဟာ အသက်စွန့်ပြီး ပေးဆက်ခဲ့တယ်။ အပြစ်ကျူးလွန်သူတွေနဲ့အတူ ရေတွက်ခံခဲ့တယ်။ လူများစွာရဲ့ အပြစ်ကို သယ်ဆောင်ပေးခဲ့တယ်။ အပြစ်ကျူးလွန်သူတွေအတွက် ကြားဝင် အသနားခံပေးခဲ့တယ်” လို့ ပြောထားတယ်။ (ဟေရှာ. ၅၃:၁၂) ဒါကြောင့် အပြစ်သားအနေနဲ့ ယေရှု ကွပ်မျက်ခံရတာကို ဂျူးတွေ လက်မခံနိုင်စရာ ဘာအကြောင်းမှ မရှိသင့်ဘူး။ ဒီနေ့ခေတ်မှာလည်း အချက်အလက်အားလုံး သိအောင် လုပ်ခြင်းအားဖြင့် ယုံကြည်ခြင်း မပျောက်ဆုံးအောင် ကာကွယ်နိုင်တယ်။ နောက်လိုက်တွေ ‘မဟုတ်မမှန် စွပ်စွဲခံရမယ်’ လို့ တောင်ပေါ်တရားတော်မှာ ယေရှု သတိပေးတယ်။ (မ. ၅:၁၁) အဲဒီမဟုတ်မမှန် စွပ်စွဲချက်တွေရဲ့ ဇာစ်မြစ်က စာတန်ပဲ။ အမှန်တရား မြတ်နိုးသူတွေအကြောင်း မဟုတ်မမှန် သတင်းဖြန့်ဖို့ ဆန့်ကျင်သူတွေကို စာတန် သွေးထိုးလှုံ့ဆော်ပေးတယ်။ (ဗျာ. ၁၂:၉၊ ၁၀) ရန်သူတွေ ပြောတဲ့ မုသားစကားတွေကို ကျွန်တော်တို့ ငြင်းပယ်ရမယ်။ အဲဒီစကားတွေကြောင့် ကြောက်ရွံ့တုန်လှုပ်သွားတာ၊ ယုံကြည်ခြင်း ပျောက်ဆုံးသွားတာမျိုး ဘယ်တော့မှ အဖြစ်မခံသင့်ဘူး။ w21.05 ၁၂ ¶၁၄၊ ၁၆
အင်္ဂါနေ့၊ ဧပြီ ၁၁
မကြောက်ပါနဲ့။ ခင်ဗျားတို့ဟာ စာငှက်လေးတွေထက် ပိုတန်ဖိုးရှိပါတယ်။—မ. ၁၀:၃၁။
ယေဟောဝါကို ယုံကြည်ကိုးစားဖို့ သင်သားကို ကူညီပေးပါ။ တပည့်တွေကို ယေဟောဝါ ချစ်လို့ ကူညီပေးမယ်ဆိုတာ ယေရှု စိတ်ချစေတယ်။ (မ. ၁၀:၁၉၊ ၂၀၊ ၂၉၊ ၃၀) သင်သားကိုလည်း ယေဟောဝါ ကူညီပေးမယ်ဆိုတာ စိတ်ချစေပါ။ အတူဆုတောင်းတဲ့အခါ သင်သားရဲ့ ပန်းတိုင်တွေအကြောင်း ထည့်တောင်းခြင်းအားဖြင့် ယေဟောဝါကို မှီခိုအားကိုးတတ်အောင် ကူညီပေးနိုင်တယ်။ “ကျမ်းစာသင်ပေးသူက ဆုတောင်းတဲ့အခါ ကျွန်တော့် ပန်းတိုင်တွေအကြောင်း ထည့်တောင်းပေးလေ့ ရှိတယ်။ သူ့ဆုတောင်းချက်တွေကို ယေဟောဝါ ဘယ်လို အဖြေပေးမှန်း သိလာတဲ့အခါ ကျွန်တော်လည်း စပြီး ဆုတောင်းတတ်လာတယ်။ ခရိုင်အစည်းအဝေးနဲ့ ပတ်စဉ် အစည်းအဝေးတွေ တက်ဖို့ အလုပ်သစ်ကနေ ခွင့်တောင်းချိန်မှာ ယေဟောဝါရဲ့ အကူအညီကို ကျွန်တော် ခံစားရတယ်” လို့ ပိုလန်နိုင်ငံမှာ နေတဲ့ ဖရန်စီဇက် ပြောတယ်။ သင်သားတွေကို ယေဟောဝါ တကယ် စိတ်ဝင်စားတယ်။ မိမိနဲ့ ရင်းနှီးလာအောင် လူတွေကို ကူညီပေးဖို့ သွန်သင်သူတွေ ဘယ်လောက် ကြိုးစားအားထုတ်နေကြောင်း သိတယ်။ အဲဒီလို ကြိုးစားတဲ့အတွက် သူတို့ကို ချစ်မြတ်နိုးတယ်။ (ဟေရှာ. ၅၂:၇) သင်ဟာ လောလောဆယ် ကျမ်းစာသင်အံမှု မရှိသေးရင်တောင် တခြား ကြေညာသူတွေရဲ့ သင်သားတွေ နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ဝိုင်းဝန်းကူညီပေးနိုင်ပါတယ်။ w21.06 ၇ ¶၁၇-၁၈
ဗုဒ္ဓဟူးနေ့၊ ဧပြီ ၁၂
သူဟာ ယေဟောဝါရဲ့ ပညတ်မှာ ပျော်မွေ့ပြီး ပညတ်တော်ကို နေ့ညမပြတ် ဖတ်ရွတ်ဆင်ခြင်တယ်။—ဆာ. ၁:၂။
ကျမ်းစာ ပုံမှန် ဖတ်ရှုခြင်းအားဖြင့် ကျမ်းစာ ရထားတဲ့ အခွင့်ထူးကို ကျေးဇူးတင်လေးမြတ်ကြောင်း ပြနိုင်တယ်။ ကြုံကြိုက်မှ၊ အချိန်ရှိမှ ကိုယ်ပိုင်လေ့လာမှု လုပ်တာမျိုး မဖြစ်ရဘူး။ ပုံမှန်ဇယားအတိုင်း လေ့လာမှ ယုံကြည်ခြင်း ဆက်ခိုင်မာနိုင်မယ်။ လောက “ဉာဏ်ကြီးရှင်တွေ၊ ပညာတတ်တွေ” လို မဟုတ်ဘဲ ကျွန်တော်တို့မှာ ကျမ်းစာ အခြေပြု ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိတယ်။ (မ. ၁၁:၂၅၊ ၂၆) ကျမ်းစာ လေ့လာတဲ့အတွက် ကမ္ဘာ့အခြေအနေတွေ ဘာကြောင့် ပိုဆိုးလာသလဲ၊ ယေဟောဝါ ဘာလုပ်ပေးတော့မလဲဆိုတာတွေ သိလာတယ်။ ဒါကြောင့် ယုံကြည်ခြင်း ခိုင်မာအောင် လုပ်ဖို့၊ ဖန်ဆင်းရှင်ကို ယုံကြည်လာအောင် လူများနိုင်သမျှ များများကို ကူညီပေးဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။ (၁ တိ. ၂:၃၊ ၄) ‘ယေဟောဝါဘုရား၊ ကိုယ်တော်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တယ်။ ဒါကြောင့် ဂုဏ်တင်မှုကို ကိုယ်တော် ရထိုက်ပါတယ်’ ဆိုတဲ့ ဗျာဒိတ် ၄:၁၁ ပါ စကားတွေကို မြေကြီးသားအားလုံး ပြောမယ့်အချိန်ကို ဆက်စောင့်မျှော်ကြပါစို့။ w21.08 ၁၉ ¶၁၈-၂၀
ကြာသပတေးနေ့၊ ဧပြီ ၁၃
အချင်းချင်း ညီရင်းအစ်ကိုမေတ္တာနဲ့ ချစ်ခင်မြတ်နိုးပါ။—ရော. ၁၂:၁၀။
သိုးထိန်းတွေအနေနဲ့ အကြီးအကဲတွေဟာ လိုအပ်တဲ့အခါ အကြံဉာဏ်ပေးဖို့ တာဝန်ရှိတယ်။ လက်တွေ့ကျတဲ့၊ လှုံ့ဆော်မှု ဖြစ်စေတဲ့၊ “စိတ်ကို ရွှင်လန်းစေ” တဲ့ အကြံဉာဏ်ပေးနိုင်ဖို့ ကြိုးစားသင့်တယ်။ (ပညာ. ၂၇:၉) ညီအစ်ကို/မတွေကို အကြီးအကဲတွေ ချစ်ကြတယ်။ တစ်ခါတလေ ခြေလှမ်းမှားတော့မယ့်သူ တစ်ယောက်ကို အကြံဉာဏ်ပေးခြင်းအားဖြင့် မေတ္တာပြကြတယ်။ (ဂလ. ၆:၁) ဒါပေမဲ့ အကြံဉာဏ် မပေးခင် မေတ္တာနဲ့ပတ်သက်ပြီး တမန်တော် ပေါလု ပြောတဲ့ အချက်တချို့ကို ပြန်သုံးသပ်သင့်တယ်။ “မေတ္တာဟာ စိတ်ရှည်တတ်တယ်။ ကြင်နာတတ်တယ်။ . . . မေတ္တာဟာ အရာရာကို သည်းခံတတ်တယ်။ အရာရာကို ယုံတတ်တယ်။ အရာရာကို မျှော်လင့်တတ်တယ်။ အရာရာကို ကြံ့ကြံ့ခံတတ်တယ်။” (၁ ကော. ၁၃:၄၊ ၇) အဲဒီကျမ်းချက်ကို တွေးတောဆင်ခြင်ခြင်းက စိတ်ရင်းမှန်နဲ့ အကြံပေးနိုင်အောင် ကူညီပေးပါလိမ့်မယ်။ အကြံပေးခံရသူဟာ အကြီးအကဲရဲ့ မေတ္တာကို ခံစားရမယ်ဆိုရင် အကြံဉာဏ်ကို လက်ခံရ ပိုလွယ်ပါလိမ့်မယ်။ w22.02 ၁၄ ¶၃။ ၁၅ ¶၅
သောကြာနေ့၊ ဧပြီ ၁၄
သူတို့က ပုန်ကန်ပြီး သန့်ရှင်းသော စွမ်းအားတော်ကို ဝမ်းနည်းစေတယ်။—ဟေရှာ. ၆၃:၁၀။
ယေဟောဝါဟာ နာမ်ဝိညာဉ်ပုဂ္ဂိုလ်တွေနဲ့ လူတွေကို အပြစ်အနာအဆာ မရှိ၊ ပြည့်ဝစုံလင်စွာ ဖန်ဆင်းခဲ့တယ်။ ဒါပေမဲ့ ပုန်ကန်တဲ့ ကောင်းကင်တမန် စာတန် (“ခုခံသူ” လို့ အဓိပ္ပာယ်ရ) ဟာ ယေဟောဝါကို ဆန့်ကျင်ဖို့ ပြည့်ဝစုံလင်တဲ့ လူသား အာဒံနဲ့ ဧဝကို သွေးဆောင်ခဲ့တယ်။ တခြား ကောင်းကင်တမန်တွေနဲ့ လူတွေလည်း ပုန်ကန်မှုမှာ ပါဝင်လာတယ်။ (ယု. ၆) သစ္စာဖောက်တယ်လို့ ယေဟောဝါ ခံစားခဲ့ရတယ်။ ဒါတောင် ပုန်ကန်မှု အားလုံးကို အဆုံးသတ်မယ့်အချိန်အထိ ဆက်ခံရပ်နေတယ်။ ယေဟောဝါနဲ့အတူ ဒီစနစ်ဆိုးဒဏ်ကို သစ္စာရှိရှိ ခံရပ်နေသူတွေ အဲဒီအချိန်ရောက်ရင် သိပ်ပျော်ရွှင်ကြပါလိမ့်မယ်။ ဖြောင့်မတ်သူ ယောဘနဲ့ တခြား သစ္စာရှိ ကျေးကျွန်တွေဟာ ကိုယ်ကျိုးအတွက် ယေဟောဝါကို ဝတ်ပြုနေတာလို့ စာတန် စွပ်စွဲတယ်။ (ယောဘ ၁:၈-၁၁။ ၂:၃-၅) စာတန် ဒီနေ့အထိ အဲဒီလို စွပ်စွဲနေတုန်းပဲ။ (ဗျာ. ၁၂:၁၀) အခက်အခဲတွေကို ခံရပ်ခြင်း၊ ယေဟောဝါကို ချစ်တဲ့စိတ်နဲ့ ဆက်သစ္စာစောင့်သိနေခြင်းအားဖြင့် စာတန့် အလိမ်အညာတွေ မှားကြောင်း ကျွန်တော်တို့ သက်သေပြနိုင်တယ်။ w21.07 ၉ ¶၇-၈
စနေနေ့၊ ဧပြီ ၁၅
ယုတ်မာတဲ့ လုပ်ရပ်တွေကို ငါ့ရှေ့ကနေ ဖယ်ရှားကြ။ မကောင်းမှုတွေ မကျူးလွန်ကြနဲ့တော့။—ဟေရှာ. ၁:၁၆။
ဘဝပုံစံ ပြောင်းလဲဖို့ အလွန်အရေးကြီးကြောင်း ထိရောက်တဲ့ ဥပမာတစ်ခု သုံးပြီး တမန်တော် ပေါလု ဖော်ပြခဲ့တယ်။ “ပင်ကိုစရိုက်ဟောင်း” ကို “သစ်တိုင်” မှာ ရိုက်ထားသင့်တယ်လို့ ရေးတယ်။ (ရော. ၆:၆) ဆိုလိုတာက ခရစ်တော်ရဲ့ ပုံသက်သေကို လိုက်လျှောက်ရမယ်။ ယေဟောဝါ မုန်းတဲ့ သဘောထား၊ အမူအကျင့်တွေကို သေစေရမယ်။ ဒါမှသာ ကြည်လင်တဲ့ အမှားအမှန်သိစိတ်နဲ့ ထာဝရအသက် မျှော်လင့်ချက် ရနိုင်မှာ ဖြစ်တယ်။ (ယော. ၁၇:၃။ ၁ ပေ. ၃:၂၁) ယေဟောဝါက ကျွန်တော်တို့နဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ မိမိစံနှုန်းတွေကို ပြောင်းလဲမှာ မဟုတ်ဘူး။ အဲဒီအစား ဘုရားရဲ့ စံနှုန်းတွေနဲ့အညီ ဖြစ်ဖို့ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲရမယ်။ (ဟေရှာ. ၁:၁၇၊ ၁၈၊ ၅၅:၉) နှစ်ခြင်းခံပြီးနောက်မှာတောင် မှားယွင်းတဲ့ အလိုဆန္ဒတွေကို ဆက်ပြီး တိုက်ထုတ်နေဖို့ လိုတယ်။ ယေဟောဝါဆီ ဆုတောင်းပါ။ ကိုယ့်အစွမ်းခွန်အားကို မဟုတ်ဘဲ စွမ်းအားတော်ကို အားကိုးပါ။ (ဂလ. ၅:၂၂။ ဖိ. ၄:၆) စရိုက်ဟောင်းကို ချွတ်ပစ်ဖို့ဆိုရင် ကျွန်တော်တို့ ကြိုးစားအားထုတ်ရမယ်။ w22.03 ၆ ¶၁၅-၁၇
တနင်္ဂနွေနေ့၊ ဧပြီ ၁၆
[ယေဟောဝါ] ဖေးမလိမ့်မယ်။—ဆာ. ၅၅:၂၂။
နိုင်ငံတော်ကို ဦးစားထားပြီး ဖြောင့်မတ်တဲ့ စံနှုန်းတွေအတိုင်း နေထိုင်မယ်ဆိုရင် စားဝတ်နေရေးကို ထောက်မပေးမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ (မ. ၆:၃၃) ဒါကြောင့် ဒီလောက ကမ်းလှမ်းတဲ့ ပစ္စည်းဥစ္စာက လုံခြုံမှု၊ တည်မြဲတဲ့ ပျော်ရွှင်မှု ပေးနိုင်တယ်ဆိုတဲ့ အတွေးမျိုးကို ရှောင်ပါ။ ယေဟောဝါရဲ့ အလိုတော်ဆောင်ခြင်းအားဖြင့်သာ စစ်မှန်တဲ့ စိတ်ငြိမ်သက်မှု ရနိုင်မယ်။ (ဖိ. ၄:၆၊ ၇) ပစ္စည်းဥစ္စာ အများကြီး ဝယ်ဖို့ ငွေကြေး တတ်နိုင်ရင်တောင် သုံးဖို့၊ ထိန်းသိမ်းဖို့ အချိန်နဲ့ ခွန်အား ရှိပါ့မလားဆိုတာ စဉ်းစားရမယ်။ ပစ္စည်းဥစ္စာတွေကို အစွဲအလမ်း ကြီးလွန်းနေသလား။ မိမိရဲ့ မိသားစုဝင်တွေကို ယေဟောဝါ လုပ်စရာအလုပ်တွေ ပေးထားကြောင်း သတိရပါ။ ဒါကြောင့် အာရုံ မပျံ့လွင့်ရဘူး။ မြေကြီးဥစ္စာ အနည်းငယ်ကို စွဲလမ်းမိလို့ ယေဟောဝါကို ဝတ်ပြုခွင့်၊ သားအဖြစ် မွေးစားခံခွင့် ဆုံးရှုံးသွားတဲ့ လူငယ်လို မဖြစ်ချင်ကြပါဘူး။—မာ. ၁၀:၁၇-၂၂။ w21.08 ၆ ¶၁၇
တနင်္လာနေ့၊ ဧပြီ ၁၇
မေးမြန်းသူတိုင်းကို ဖြေရှင်းပြောပြဖို့ အမြဲ အသင့်ရှိကြပါ။—၁ ပေ. ၃:၁၅။
ကျမ်းစာလေ့လာတဲ့အခါ သိလာရတဲ့ ယေဟောဝါရဲ့ အရည်အသွေးတွေဟာ ဖန်ဆင်းခြင်းမှာ ပေါ်လွင်နေတဲ့ အရည်အသွေးတွေနဲ့ အတူတူပဲဆိုတာ သတိပြုမိပါလိမ့်မယ်။ အဲဒီအရည်အသွေးတွေအကြောင်း လေ့လာတာက ယေဟောဝါဟာ တကယ်ရှိတဲ့ ပုဂ္ဂိုလ် ဖြစ်ကြောင်း ပိုယုံကြည်စိတ်ချစေတယ်။ (ထွ. ၃၄:၆၊ ၇။ ဆာ. ၁၄၅:၈၊ ၉) ယေဟောဝါအကြောင်း ပိုသိလေ ဘုရားကို ပိုယုံကြည်လေ၊ ပိုချစ်လေ၊ ပိုရင်းနှီးလေ ဖြစ်လာလိမ့်မယ်။ ကိုယ့်ယုံကြည်ချက်အကြောင်း တခြားသူတွေကို ပြောပြပါ။ တစ်ယောက်ယောက်က ဘုရား ရှိသလားဆိုပြီး မေးခွန်းထုတ်လာလို့ ဘယ်လို ပြန်ဖြေရမလဲဆိုတာ မသေမချာ ဖြစ်နေရင် အဖွဲ့အစည်းထုတ် စာပေတွေမှာ ရှင်းပြထားတဲ့ ကျမ်းစာအဖြေကို ရှာပြီး ပြန်ပြောပြပါ။ တခြား ညီအစ်ကို/မတွေဆီမှာလည်း အကူအညီ တောင်းနိုင်တယ်။ ကျမ်းစာအဖြေကို အဲဒီလူ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ရှာဖွေလေ့လာမှုကနေ သင် အကျိုးရပါလိမ့်မယ်။ သင့်ယုံကြည်ခြင်း ပိုခိုင်မာလာမယ်။ w21.08 ၁၈ ¶၁၄-၁၅
အင်္ဂါနေ့၊ ဧပြီ ၁၈
ခင်ဗျားတို့အတွက် အကျိုးဖြစ်စေမယ့်အရာ တစ်ခုမှ ကျွန်တော် မထိမ်ချန်ခဲ့ဘူး။—တ. ၂၀:၂၀။
ယေဟောဝါရဲ့ နှစ်သက်မှုရဖို့ ကိုယ်ကြိုက်တဲ့အရာ အားလုံးကို စွန့်လွှတ်စရာ မလိုပါဘူး။ (ဒေ. ၅:၁၉၊ ၂၀) ဒါပေမဲ့ ကိုယ်ကျိုးစွန့်ရမှာ စိုးလို့ ဘုရား အမှုတော်မှာ ပိုမပါဝင်တာမျိုး ဖြစ်မယ်ဆိုရင် ယေရှု ပုံဥပမာထဲက သူဌေးနဲ့ တူသွားမယ်။ အဲဒီသူဌေးက ကိုယ်ဇိမ်ကျကျ နေနိုင်ဖို့ပဲ စဉ်းစားပြီး ဘုရားကို လျစ်လျူရှုခဲ့တယ်။ (လု. ၁၂:၁၆-၂၁) အခက်အခဲတွေ ကြုံရတဲ့အခါ အကူအညီ ရဖို့ ဆုတောင်းပြီး ဘာလုပ်ရမယ်ဆိုတာ အသေအချာ အစီအစဉ်ဆွဲဖို့ လိုတယ်။ (ပညာ. ၃:၂၁) ကျွန်တော်တို့ကို နည်းအမျိုးမျိုးနဲ့ ယေဟောဝါ ကောင်းချီးပေးတယ်။ ဘုရားကို အတတ်နိုင်ဆုံး ဂုဏ်တင်ချီးမွမ်းခြင်းအားဖြင့် အဲဒီကောင်းချီးတွေအတွက် ကျေးဇူးတင်ကြောင်း ပြနိုင်တယ်။ (ဟီ. ၁၃:၁၅) အဲဒီထဲမှာ အမှုဆောင်လုပ်ငန်း တိုးချဲ့တာ ပါနိုင်တယ်။ ဒါဆိုရင် ယေဟောဝါရဲ့ ကောင်းချီးတွေ ပိုခံစားရမယ်။ နေ့တိုင်း “ယေဟောဝါ ဘယ်လောက် ကောင်းမြတ်သလဲဆိုတာ မြည်းစမ်းပြီး ကိုယ်တိုင် ခံစားကြည့်ပါ။” (ဆာ. ၃၄:၈) အဲဒီလိုလုပ်မယ်ဆိုရင် “ကျွန်တော့်ကို စေလွှတ်တဲ့အရှင်ရဲ့ အလိုတော်ကို ဆောင်တာ၊ သူခိုင်းထားတဲ့ အလုပ်ကို ပြီးစီးအောင် လုပ်တာဟာ ကျွန်တော့်အတွက် စားစရာပဲ” ဆိုပြီး ယေရှုပြောသလို ပြောနိုင်ပါလိမ့်မယ်။—ယော. ၄:၃၄။ w21.08 ၃၀-၃၁ ¶၁၆-၁၉
ဗုဒ္ဓဟူးနေ့၊ ဧပြီ ၁၉
မာနရဲ့နောက်မှာ ပျက်စီးခြင်း လိုက်လာတယ်။ မောက်မာတဲ့စိတ်ရဲ့ နောက်မှာ ပြိုလဲခြင်း လိုက်လာတယ်။—ပညာ. ၁၆:၁၈။
စာတန်က ကျွန်တော်တို့ကို မာနကြီးစေချင်တယ်။ မာနစိတ် ဝင်လာရင် သူ့လိုဖြစ်ပြီး ထာဝရအသက် ဆုံးရှုံးမယ်ဆိုတာ သိတယ်။ လူတစ်ယောက်ဟာ ‘ထောင်လွှားလာပြီး မာရ်နတ် ခံရမယ့် ပြစ်ဒဏ်စီရင်မှုမျိုး ခံရနိုင်တယ်’ လို့ တမန်တော် ပေါလု သတိပေးတယ်။ (၁ တိ. ၃:၆၊ ၇) လူသစ်ဖြစ်စေ၊ ယေဟောဝါကို နှစ်ပေါင်းများစွာ ဝတ်ပြုလာသူ ဖြစ်စေ ဘယ်သူမဆို အဲဒီလို ဖြစ်သွားနိုင်တယ်။ မာနကြီးသူတွေဟာ တစ်ကိုယ်ကောင်းဆန်တယ်။ အခက်အခဲ ကြုံရချိန်မှာ ယေဟောဝါထက် ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်အောင် စာတန် သွေးဆောင်တယ်။ ဥပမာ၊ မဟုတ်မမှန် စွပ်စွဲခံနေရသလား။ မတရား ဆက်ဆံခံနေရသလား။ အဲဒီအချိန်မှာ ယေဟောဝါ ဒါမှမဟုတ် ညီအစ်ကို/မတွေကို ကျွန်တော်တို့ အပြစ်တင်ရင် စာတန် သိပ်ပျော်မှာ။ ယေဟောဝါ ပေးတဲ့ ကျမ်းစာ လမ်းညွှန်ချက်အတိုင်း လိုက်တာထက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းတာ အကောင်းဆုံးဖြစ်တယ်လို့ စာတန် ထင်စေချင်တယ်။—ဒေ. ၇:၁၆၊ ၂၀။ w21.06 ၁၅ ¶၄-၅
ကြာသပတေးနေ့၊ ဧပြီ ၂၀
ငါယေဟောဝါ ပြောမယ်– “ပြည်သူပြည်သားအပေါင်းတို့၊ ရဲရင့်ကြ။ လုပ်စရာရှိတာ လုပ်ကြ။ မင်းတို့နဲ့အတူ ငါရှိနေတယ်။” ဒါဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတဲ့စကားပဲ။—ဟဂ္ဂဲ ၂:၄။
ယေဟောဝါဆီက အထူးတာဝန်တစ်ခု ပရောဖက် ဟဂ္ဂဲ ရတယ်။ ဘီစီ ၅၃၇၊ ဗာဗုလုန်ကနေ ဂျေရုဆလင်ကို ပြန်လာတဲ့ ဂျူးတွေထဲမှာ ဟဂ္ဂဲလည်း ပါဝင်ပုံ ရတယ်။ ဂျေရုဆလင်ကို ပြန်ရောက်ပြီး မကြာခင် ယေဟောဝါရဲ့ ဗိမာန်တော်ကို စဆောက်ကြတယ်။ (ဧဇ. ၃:၈၊ ၁၀) ဒါပေမဲ့ သိပ်မကြာခင်မှာပဲ စိတ်ဓာတ်ကျလာတယ်။ ကြုံရတဲ့ ဆန့်ကျင်မှုတွေကြောင့် ဆက်မဆောက်ကြတော့ဘူး။ (ဧဇ. ၄:၄။ ဟဂ္ဂဲ ၁:၁၊ ၂) ဗိမာန်တော် အပြီးဆောက်နိုင်အောင် လှုံ့ဆော်အားပေးဖို့ ဘီစီ ၅၂၀ မှာ ဟဂ္ဂဲကို ယေဟောဝါ တာဝန်ပေးတယ်။ (ဧဇ. ၆:၁၄၊ ၁၅) ဟဂ္ဂဲ ပြောတဲ့ သတင်းစကားရဲ့ ရည်ရွယ်ချက်က ယေဟောဝါအပေါ် ဂျူးတွေရဲ့ ယုံကြည်ခြင်း ခိုင်မာလာစေဖို့ပါ။ “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ” ဆိုတဲ့ အသုံးအနှုန်းဟာ အားရှိစရာပဲ။ ယေဟောဝါဆီမှာ ကောင်းကင်တမန် စစ်တပ် အမြောက်အမြား ရှိလို့ ဂျူးတွေ အောင်မြင်ချင်ရင် ဘုရားကို အားကိုးဖို့ လိုတယ်။ w21.09 ၁၅ ¶၄-၅
သောကြာနေ့၊ ဧပြီ ၂၁
အချင်းချင်း ချစ်မယ်ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်တပည့်တွေပဲဆိုတာ လူတွေ သိလိမ့်မယ်။—ယော. ၁၃:၃၅။
ဒီနေ့ခေတ် ယေဟောဝါသက်သေတွေဟာ ကမ္ဘာချီ အတိုင်းအတာနဲ့ ချစ်ခင်စည်းလုံးနေကြတယ်။ တခြားအဖွဲ့အစည်းတွေနဲ့ မတူဘဲ နိုင်ငံ၊ လူမျိုး၊ လူမှုရေး ခွဲခြားမှု လုံးဝ မရှိဘူး။ အစည်းအဝေး၊ စည်းဝေးပွဲ၊ ခရိုင်အစည်းအဝေးတွေမှာ စစ်မှန်တဲ့ မေတ္တာ အထောက်အထားကို တွေ့ရတယ်။ အဲဒီအထောက်အထားကြောင့် ကျွန်တော်တို့ရဲ့ ဝတ်ပြုမှု ပုံစံကို ယေဟောဝါ နှစ်သက်လက်ခံမှန်း ပိုယုံကြည်စိတ်ချကြတယ်။ (ယော. ၁၃:၃၄) အချင်းချင်း နှစ်နှစ်ကာကာ ချစ်” ဖို့ ကျမ်းစာမှာ အားပေးထားတယ်။ (၁ ပေ. ၄:၈) အဲဒီလိုချစ်ကြောင်း ပြနိုင်တဲ့ တစ်နည်းကတော့ အချင်းချင်း ခွင့်လွှတ်ခြင်း၊ မစုံလင်မှုတွေကို သည်းခံခြင်းအားဖြင့်ပါပဲ။ ကိုယ့်ကို စိတ်ထိခိုက်အောင် လုပ်သူတွေ အပါအဝင် အသင်းတော်မှာ ရှိသူ အားလုံးကို ရက်ရောဖို့၊ ဧည့်ဝတ်ပြုဖို့ ကျွန်တော်တို့ အခွင့်အရေး ရှာကြတယ်။ (ကော. ၃:၁၂-၁၄) အဲဒီလို မေတ္တာနှောင်ကြိုးဟာ ခရစ်ယာန်စစ်တွေရဲ့ အထူးခြားဆုံး အမှတ်အသားပါပဲ။ w21.10 ၂၂ ¶၁၃-၁၄
စနေနေ့၊ ဧပြီ ၂၂
သားသမီးကို ချစ်တဲ့သူကတော့ ဆုံးမဖို့ ဘယ်တော့မှ ပျက်ကွက်မှာ မဟုတ်ဘူး။—ပညာ. ၁၃:၂၄။
နှင်ထုတ်ခံရသူဟာ နောင်တရပြီး လမ်းစဉ် ပြောင်းနိုင်သလား။ ပြောင်းနိုင်ပါတယ်။ နှင်ထုတ်ခံလိုက်ရလို့ ကိုယ့်အပြစ် ဘယ်လောက် ကြီးမှန်း၊ နောင်တယူပြီး အကျင့်ပြောင်းဖို့ လိုမှန်း၊ ယေဟောဝါဆီ ပြန်လာဖို့ လိုမှန်း သိလာတယ်လို့ အပြစ်ကျူးလွန်မိခဲ့သူ များစွာ ပြောကြတယ်။ (ဟီ. ၁၂:၅၊ ၆) ဥပမာတစ်ခု စဉ်းစားကြည့်ပါ။ သိုးတစ်ကောင် နာနေတာ သိုးထိန်း သတိထားမိတယ်။ သိုးကို ကုသပေးနေတုန်း တခြားသိုးတွေနဲ့ ခွဲထားရမယ်ဆိုတာ သိုးထိန်း သိတယ်။ ဒါပေမဲ့ သိုးဆိုတာ အုပ်စုလိုက် နေတတ်တဲ့ သတ္တဝါမျိုးပါ။ သိုးအုပ်နဲ့အတူ နေချင်တယ်။ ခွဲထားခံရတဲ့အခါ စိတ်အနှောင့်အယှက် ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီလိုခွဲထားလို့ သိုးထိန်း ကြမ်းတယ်၊ ရက်စက်တယ်လို့ ပြောလို့ ရမလား။ မရပါဘူး။ နာနေတဲ့ သိုးကို တခြားသိုးတွေနဲ့ ရောထားရင် ရောဂါ ကူးစက်သွားနိုင်မှန်း သိုးထိန်း သိတယ်။ ခွဲထားတာက သိုးအုပ်တစ်အုပ်လုံးကို ကာကွယ်ရာရောက်တယ်။ w21.10 ၁၀ ¶၉-၁၀
တနင်္ဂနွေနေ့၊ ဧပြီ ၂၃
ခင်ဗျားတို့ရဲ့ အလင်းကို လူတွေရှေ့မှာ လင်းစေကြပါ။ ဒါမှ တခြားသူတွေက ခင်ဗျားတို့ရဲ့ အကျင့်ကောင်းကို မြင်ပြီး ကောင်းကင်မှာ စံမြန်းတဲ့ အဖရဲ့ ဘုန်းအသရေကို ချီးမွမ်းကြလိမ့်မယ်။—မ. ၅:၁၆။
မေတ္တာရှိတဲ့ ကမ္ဘာချီ မိသားစုဝင် ဖြစ်ရတာ အခွင့်ထူးပါပဲ။ လူများနိုင်သမျှ များများ ဝတ်ပြုရေးမှာ ပူးပေါင်းလာဖို့ ကျွန်တော်တို့ ဆန္ဒရှိတယ်။ ဒါကြောင့် ယေဟောဝါရဲ့ ဂုဏ်သိက္ခာ၊ ယေဟောဝါလူမျိုးရဲ့ ဂုဏ်သိက္ခာ ထိခိုက်အောင် ဘာမှ မလုပ်မိဖို့ သတိပြုကြပါစို့။ ကျွန်တော်တို့ရဲ့ အကျင့်ကောင်းကြောင့် သတင်းကောင်းကို လူတွေ စိတ်ဝင်စားလာအောင် အမြဲ ကြိုးစားကြပါစို့။ ကောင်းကင်ဖခင်ကို နာခံလို့ ကျွန်တော်တို့ တစ်ခါတလေ ပြစ်တင်ဝေဖန်ခံရ၊ နှိပ်စက်ညှဉ်းပန်း ခံရနိုင်တယ်။ တခြားသူတွေကို ယုံကြည်ချက်အကြောင်း ပြောဖို့ ကြောက်နေရင် ဘာလုပ်မလဲ။ ယေဟောဝါနဲ့ သားတော်ဆီ အကူအညီတောင်းပါ။ ဘယ်လို ပြောရမယ်၊ ဘာပြောရမယ်ဆိုတာ မစိုးရိမ်ဖို့ တပည့်တွေကို ယေရှု မှာထားတယ်။ “ပြောရမယ့် စကားကို အဲဒီအချိန်ကျရင် သိလာလိမ့်မယ်။ ခင်ဗျားတို့ပဲ ပြောရမှာ မဟုတ်ဘူး၊ ကောင်းကင်အဖဆီက လာတဲ့ စွမ်းအားတော်က ကူပြောပေးလိမ့်မယ်” လို့ ယေရှု ပြောတယ်။—မ. ၁၀:၁၉၊ ၂၀။ w21.09 ၂၄ ¶၁၇-၁၈
တနင်္လာနေ့၊ ဧပြီ ၂၄
“ကိုယ်တော်ဟာ ကျွန်တော့်ခိုလှုံရာ၊ ကျွန်တော့်ရဲတိုက်” . . . လို့ ယေဟောဝါကို ငါ ပြောမယ်။—ဆာ. ၉၁:၂။
မောရှေလည်း အလားတူ နှိုင်းယှဉ်တယ်။ (ဆာ. ၉၀:၁၊ အောက်ခြေမှတ်ချက်) “ဘုရားသခင်ဟာ ရှေးကတည်းက ခိုလှုံရာပဲ။ ထာဝရလက်ရုံးတော်က မင်းကို ထောက်မပေးတယ်” လို့ မသေဆုံးခင်လေးမှာ မောရှေ ပြောတယ်။ (တရား. ၃၃:၂၇) “ထာဝရလက်ရုံးတော်က မင်းကို ထောက်မပေးတယ်” ဆိုတဲ့ စကားစုက ယေဟောဝါအကြောင်း ဘာဖော်ပြသလဲ။ ယေဟောဝါဟာ ခိုလှုံရာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဘေးကင်းလုံခြုံမှု ခံစားရတယ်။ ဒါပေမဲ့ စိတ်ဓာတ်ကျချိန်တွေ၊ ပြန်ရုန်းထဖို့ ကြိုးစားရချိန်တွေ ရှိနိုင်တယ်။ အဲဒီလို အခါမျိုးမှာ ယေဟောဝါ ဘာလုပ်ပေးမလဲ။ (ဆာ. ၁၃၆:၂၃) လက်တော်နဲ့ ချီမပြီး ပြန်ရပ်နိုင်အောင် ကူညီပေးပါလိမ့်မယ်။ (ဆာ. ၂၈:၉။ ၉၄:၁၈) ဘုရားသခင့် ထောက်မမှုကို အမြဲ အားကိုးနိုင်ကြောင်း သိရတာက ဘုရားရဲ့ ကောင်းချီးနှစ်ခုကို အမှတ်ရစေတယ်။ ပထမ၊ ဘယ်မှာပဲနေနေ ကျွန်တော်တို့မှာ လုံခြုံတဲ့ ခိုလှုံရာ ရှိထားတယ်။ ဒုတိယ၊ ကျွန်တော်တို့ကို ကောင်းကင်ဖခင် အလွန် ဂရုစိုက်စောင့်ရှောက်တယ်။ w21.11 ၆ ¶၁၅-၁၆
အင်္ဂါနေ့၊ ဧပြီ ၂၅
ခင်ဗျားတို့ဟာ စမ်းသပ်မှု အမျိုးမျိုး ကြုံရလို့ . . . ဝမ်းနည်းရ [တယ်]။—၁ ပေ. ၁:၆။
မတရားမှုက တပည့်တွေရဲ့ ယုံကြည်ခြင်းကို စမ်းသပ်မှု ဖြစ်စေမယ်ဆိုတာ ယေရှု သိတယ်။ ဒါကို ခံရပ်နိုင်အောင် ကူညီပေးဖို့ လုကာကျမ်းမှာ ပါတဲ့ ပုံဥပမာတစ်ခု ပြောပြတယ်။ မဖြောင့်မတ်တဲ့ တရားသူကြီးဆီ တရားမျှတမှု ရဖို့ တောင်းဆိုတဲ့ မုဆိုးမအကြောင်း ဖြစ်တယ်။ ဇွဲမလျှော့ဘဲ တောင်းရင် ရမယ်ဆိုတာ မုဆိုးမ သိတယ်။ နောက်ဆုံး၊ တောင်းတဲ့အတိုင်း တရားသူကြီး စီရင်ပေးလိုက်တယ်။ ဘာသင်ခန်းစာ ရသလဲ။ ယေဟောဝါဟာ မတရားတဲ့သူ မဟုတ်ဘူး။ ဒါကြောင့် “ဘုရားသခင်ဆိုရင် သူရွေးချယ်ထားတဲ့သူတွေ နေ့ညမပြတ် တောင်းလျှောက်တဲ့အခါ တရားသဖြင့် မစီရင်ပေးဘဲ နေပါ့မလား” လို့ ယေရှု ပြောတယ်။ (လု. ၁၈:၁-၈) “လူသား ရောက်လာတဲ့အခါ ကမ္ဘာပေါ်မှာ အဲဒီလို ယုံကြည်ခြင်းမျိုး တွေ့ရပါ့မလား” လို့လည်း ဆက်ပြောတယ်။ မတရားမှုတွေ ကြုံရတဲ့အခါ မုဆိုးမလို ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိကြောင်း ကျွန်တော်တို့ရဲ့ စိတ်ရှည်မှု၊ ဇွဲထက်သန်မှုအားဖြင့် သက်သေပြဖို့ လိုတယ်။ အဲဒီလို ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိမယ်ဆိုရင် ကျွန်တော်တို့ကို ယေဟောဝါ အနှေးနဲ့ အမြန် ကူညီပေးမယ်ဆိုတာ စိတ်ချလာမယ်။ ဆုတောင်းခြင်းရဲ့ အစွမ်းကိုလည်း ယုံကြည်ရမယ်။ တစ်ခါတလေ ထင်မှတ်မထားတဲ့ နည်းနဲ့ ဆုတောင်းချက် အဖြေ ရတာမျိုး ရှိနိုင်တယ်။ w21.11 ၂၃ ¶၁၂။ ၂၄ ¶၁၄
ဗုဒ္ဓဟူးနေ့၊ ဧပြီ ၂၆
လူငယ်လူရွယ်တွေဟာ သန့်ရှင်းတဲ့ အသက်တာကို ဘယ်လို ရနိုင်မလဲ။ ကိုယ့်ကိုယ်ကိုယ် စောင့်ထိန်းခြင်း၊ နှုတ်တော်ထွက် စကားအတိုင်း ကျင့်ကြံခြင်းအားဖြင့်ပဲ။—ဆာ. ၁၁၉:၉။
လူငယ်တို့၊ ယေဟောဝါရဲ့ စံနှုန်းတွေဟာ တင်းကျပ်လွန်းတယ်လို့ တစ်ခါတလေ ထင်မိသလား။ အဲဒီလိုပဲ စာတန် ထင်စေချင်တာ။ ပြန့်ပြူးတဲ့ လမ်းပေါ် လျှောက်နေသူတွေကို အားကျစေချင်တယ်။ သူတို့ တကယ် ပျော်ရွှင်နေကြပုံပဲ။ အတန်းဖော်တွေ၊ အင်တာနက်ပေါ်က လူတွေကို သုံးပြီး ကျွန်တော်တို့ဘဝမှာ ပျော်စရာတွေ ဆုံးရှုံးနေတယ်လို့ ခံစားရအောင် စာတန် လုပ်နေတယ်။ ယေဟောဝါရဲ့ စံနှုန်းတွေကြောင့် ဘဝကို အပြည့်အဝ မပျော်ရဘူးလို့လည်း ထင်စေချင်တယ်။ ဒါပေမဲ့ ဒီအချက်ကို သတိရပါ– စာတန်က မိမိလမ်းပေါ် လျှောက်နေသူတွေကို ခရီးလမ်းဆုံးမှာ ဘာဖြစ်မယ်ဆိုတာ မသိစေချင်ဘူး။ (မ. ၇:၁၃၊ ၁၄) ယေဟောဝါကတော့ အသက်လမ်းပေါ် ဆက်လျှောက်နေသူတွေ ဘာကောင်းချီးတွေ ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြပေးတယ်။—ဆာ. ၃၇:၂၉။ ဟေရှာ. ၃၅:၅၊ ၆။ ၆၅:၂၁-၂၃။ w21.12 ၂၃ ¶၆-၇
ကြာသပတေးနေ့၊ ဧပြီ ၂၇
ကိုယ့်ညီအစ်ကိုကို ကြည်ကြည်ဖြူဖြူ [ခွင့်လွှတ်ပါ]။—မ. ၁၈:၃၅။
ခွင့်လွှတ်ရမယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ လုပ်သင့်လုပ်ထိုက်ရာပဲ ဆိုတာလည်း သိတယ်။ ဒါပေမဲ့ တကယ်ခွင့်လွှတ်ဖို့ကျတော့ ခက်နေနိုင်တယ်။ တမန်တော် ပေတရုလည်း အဲဒီလို ခက်တဲ့အချိန်တွေ ရှိခဲ့နိုင်တယ်။ (မ. ၁၈:၂၁၊ ၂၂) ကျွန်တော်တို့ကို ဘာက ကူညီပေးနိုင်သလဲ။ ပထမ၊ ကိုယ့်ကို ယေဟောဝါ ဘယ်လောက် ခွင့်လွှတ်ကြောင်း စဉ်းစားပါ။ (မ. ၁၈:၃၂၊ ၃၃) ကျွန်တော်တို့ ခွင့်လွှတ်မှု မရထိုက်ပေမဲ့ ဘုရား ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်တယ်။ (ဆာ. ၁၀၃:၈-၁၀) တစ်ချိန်တည်းမှာ ကျွန်တော်တို့လည်း “အချင်းချင်း ချစ်ဖို့ တာဝန် ရှိတယ်။” ဒါကြောင့် ခွင့်လွှတ်ဖို့ဆိုတာ ရွေးချယ်လို့ ရတဲ့အရာ မဟုတ်ဘူး။ လုပ်ကို လုပ်ရမယ့် တာဝန် ဖြစ်တယ်။ (၁ ယော. ၄:၁၁) ဒုတိယ၊ ခွင့်လွှတ်ရင် ဘာတွေ ဖြစ်လာမလဲဆိုတာ စဉ်းစားပါ။ ကိုယ့်ကို ပြစ်မှားသူကို ကူညီပေးရာ ရောက်မယ်။ အသင်းတော် စည်းလုံးမယ်။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ဆက်ထိန်းသိမ်းနိုင်မယ်။ ခေါင်းပေါ်က ဝန်ထုပ်ကြီး ကျသွားသလို ခံစားရမယ်။ (၂ ကော. ၂:၇။ ကော. ၃:၁၄) နောက်ဆုံး၊ ခွင့်လွှတ်ဖို့ တောင်းဆိုထားတဲ့အရှင်ဆီ ဆုတောင်းပါ။ ညီအစ်ကို/မတွေနဲ့ ဆက်ဆံရေး ပျက်အောင် လုပ်ဖို့ စာတန်ကို အခွင့်မပေးပါနဲ့။ (ဧ. ၄:၂၆၊ ၂၇) စာတန့်ထောင်ချောက်ထဲ မကျဖို့ဆိုရင် ယေဟောဝါရဲ့ အကူအညီ လိုအပ်တယ်။ w21.06 ၂၂ ¶၁၁။ ၂၃ ¶၁၄
သောကြာနေ့၊ ဧပြီ ၂၈
မင်းဟာ အစ္စရေးဘုရင် ဖြစ်လာမယ်။—၁ ရှ. ၂၃:၁၇။
ဒါဝိဒ်ဟာ အစ္စရေးဘုရင် ရှောလု လိုက်သတ်လို့ အသက်လုပြေးနေရတယ်။ နောဗမြို့ကို ရောက်တော့ အစားအစာ လိုနေလို့ ပုရောဟိတ်ဆီက မုန့်ငါးလုံး တောင်းခဲ့တယ်။ (၁ ရှ. ၂၁:၁၊ ၃) နောက်ပိုင်း၊ ဒါဝိဒ်နဲ့ လူတွေ လိုဏ်ဂူတစ်ခုမှာ ခိုလှုံကြတယ်။ (၁ ရှ. ၂၂:၁) ဒါဝိဒ် ဘယ်လိုလုပ်ပြီး ဒီလိုဘဝမျိုး ရောက်သွားရတာလဲ။ ဒါဝိဒ် နာမည်ကြီးလာတာ၊ အောင်ပွဲတွေ ရလာတာကို ရှောလု အကြီးအကျယ် မနာလို ဖြစ်တယ်။ ကိုယ်တိုင်ရဲ့ မနာခံမှုကြောင့် အစ္စရေးဘုရင်အဖြစ်ကနေ ယေဟောဝါ ငြင်းပယ်ပြီး ဒါဝိဒ်ကို ထီးနန်းပေးဖို့ ရွေးချယ်ထားကြောင်းလည်း သိတယ်။ (၁ ရှ. ၂၃:၁၇) အစ္စရေးဘုရင် ဖြစ်လို့ ရှောလုမှာ စစ်တပ်နဲ့ ထောက်ခံသူများစွာ ရှိတယ်။ ဒါကြောင့် ဒါဝိဒ် အသက်လု ပြေးခဲ့ရတာ။ ဒါဝိဒ်ကို ထီးနန်းအပ်မယ်ဆိုတဲ့ ဘုရားရည်ရွယ်ချက်ကို ဖျက်နိုင်မယ်လို့ ရှောလု တကယ် ထင်နေသလား။ (ဟေရှာ. ၅၅:၁၁) ကျမ်းစာမှာ မပြောထားပေမဲ့ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ရှိတဲ့ အခြေအနေ ရောက်အောင် လုပ်နေတာတော့ သေချာတယ်။ ဘုရားကို ဆန့်ကျင်တိုက်ခိုက်သူတွေ အမြဲ ရှုံးမှာပဲ။ w22.01 ၂ ¶၁-၂
စနေနေ့၊ ဧပြီ ၂၉
နိကောဒင် . . . က ညအချိန်မှာ ယေရှုဆီ လာ[တယ်]။—ယော. ၃:၁၊ ၂။
အမှုဆောင်လုပ်ငန်းမှာ ယေရှု ကြိုးစားလုပ်ဆောင်တယ်။ အခွင့်အရေး မှန်သမျှ သုံးပြီး လူတွေကို သွန်သင်ပေးခြင်းအားဖြင့် ယေရှု မေတ္တာ ပြတယ်။ (လု. ၁၉:၄၇၊ ၄၈) ဘာက လှုံ့ဆော်ပေးသလဲ။ လူတွေကို သနားလို့ပဲ။ ယေရှုရဲ့ စကားကို နားထောင်ချင်သူတွေ များလွန်းလို့ ယေရှုနဲ့ တပည့်တွေ “အစာစားချိန်တောင် မရှိ” တဲ့အထိ ဖြစ်တဲ့အချိန်တွေ ရှိတယ်။ (မာ. ၃:၂၀) နားထောင်သူတွေအတွက် ပိုအဆင်ပြေဖို့ဆိုရင် ညဘက်မှာတောင် ယေရှု လိုလိုလားလား အများစုက ယေရှုစကားကို အစပိုင်းမှာ နားထောင်ပေမဲ့ တပည့် ဖြစ်မလာကြဘူး။ သူတို့အားလုံး ယေရှုပြောတာကိုတော့ ကောင်းကောင်း ကြားခဲ့ကြတယ်။ ဒီနေ့လည်း သတင်းကောင်းကြားဖို့ လူတိုင်းကို ကျွန်တော်တို့ အခွင့်အရေး ပေးကြတယ်။ (တ. ၁၀:၄၂) အဲဒီလို ဖြစ်နိုင်ဖို့ ဟောပြောနည်း ပြောင်းဖို့ လိုတဲ့အခါတွေ ရှိနိုင်တယ်။ ကိုယ်အဆင်ပြေမယ့်အချိန်မှာပဲ ဟောမယ့်အစား လူတွေကို ပိုတွေ့နိုင်မယ့်အချိန်မှာ ဟောဖို့ ကိုယ့်ဇယားကို ပြုပြင်ပြောင်းလဲချင်စိတ် ရှိရမယ်။ ဒါဆိုရင် ယေဟောဝါ ကျေနပ်နှစ်သက်မှာ သေချာတယ်။ w22.01 ၁၇ ¶၁၃-၁၄
တနင်္ဂနွေနေ့၊ ဧပြီ ၃၀
လူလူချင်း အုပ်ချုပ်တာဟာ ထိခိုက်နစ်နာစရာတွေပဲ ဖြစ်စေတယ်။—ဒေ. ၈:၉။
ဒီနေ့ခေတ်မှာ အခွင့်အာဏာ ရှိသူတွေကို လူတွေ သိပ်မယုံကြတော့ဘူး။ အစိုးရတွေ၊ တရားရေး စနစ်တွေက သူဌေးတွေ၊ ဩဇာအာဏာ ရှိသူတွေကို မျက်နှာသာပေးပြီး ဆင်းရဲသားတွေကိုတော့ မကာကွယ်ပေးဘူး။ ဘာသာရေး ခေါင်းဆောင်တချို့လည်း အကျင့် မကောင်းလို့ လူတချို့ ဘုရားကို အယုံအကြည် မဲ့လာကြတယ်။ ဒါကြောင့် ယေဟောဝါနဲ့ ဘုရားရဲ့ မြေကြီးကိုယ်စားလှယ်တွေကို ယုံကြည်စိတ်ချလာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးဖို့ လိုတယ်။ ကျမ်းစာသင်သားတွေပဲ ယေဟောဝါနဲ့ အဖွဲ့အစည်းကို ယုံကြည်ကိုးစားဖို့ လိုတာ မဟုတ်ဘူး။ အမှန်တရားထဲ နှစ်ပေါင်းများစွာ ရှိနေသူတွေတောင် ယေဟောဝါရဲ့ နည်းလမ်းတွေ အမြဲ အကောင်းဆုံး ဖြစ်တယ်ဆိုတာ ယုံကြည်စိတ်ချနေဖို့ လိုတယ်။ တစ်ခါတလေ အဲဒီယုံကြည်စိတ်ချမှုကို စမ်းသပ်တဲ့ အခြေအနေတွေ ပေါ်လာနိုင်တယ်။ w22.02 ၂ ¶၁-၂