မေ
တနင်္လာနေ့၊ မေ ၁
သည်းခံခဲ့သူအကြောင်း အသေအချာ စဉ်းစားကြည့်ပါ။—ဟီ. ၁၂:၃။
သားတော်အကြောင်း ကျွန်တော်တို့ သိကျွမ်းနိုင်ဖို့ ခရစ်ဝင်ကျမ်း လေးစောင်ကို ကျမ်းစာထဲမှာ ယေဟောဝါ ထည့်သွင်းထားတယ်။ ခရစ်ဝင်ကျမ်းတွေမှာ ယေရှုရဲ့ ဘဝအသက်တာနဲ့ အမှုဆောင်လုပ်ငန်းအကြောင်း မှတ်တမ်းတွေ ပါဝင်တယ်။ အဲဒီမှတ်တမ်းတွေက ယေရှုရဲ့ သွန်သင်ချက်၊ လုပ်ရပ်နဲ့ ခံစားချက်တွေအကြောင်း သိဖို့၊ ယေရှုရဲ့ ပုံသက်သေကို “အသေအချာ စဉ်းစား” နိုင်ဖို့ ကူညီပေးတယ်။ ခရစ်ဝင်ကျမ်းတွေထဲမှာ ယေရှုရဲ့ ခြေရာတွေ ရှိတယ်ဆိုတဲ့ သဘောပါပဲ။ ဒါကြောင့် ခရစ်ဝင်ကျမ်းတွေကို လေ့လာဆန်းစစ်ခြင်းအားဖြင့် ယေရှုအကြောင်း သိကျွမ်းလာပြီး ခြေရာကို ထက်ကြပ်မကွာ လိုက်နိုင်မယ်။ ခရစ်ဝင်ကျမ်းတွေကနေ အကျိုး အပြည့်အဝ ရဖို့ ဖတ်ရုံထက်မက လုပ်ရမယ်။ အချိန်ယူပြီး အသေအချာ လေ့လာ၊ တွေးတောဆင်ခြင်ရမယ်။ (ယောရှု ၁:၈ နဲ့ နှိုင်းယှဉ်ပါ။) ခရစ်ဝင်ကျမ်း မှတ်တမ်းတွေကို အသက်ဝင်စေပါ။ မြင်ယောင်နိုင်စွမ်းကို သုံးပြီး ဘာတွေ ဖြစ်နေသလဲဆိုတာကို မြင်ယောင်၊ ကြားယောင်ပြီး ခံစားကြည့်ပါ။ ယေဟောဝါရဲ့ အဖွဲ့အစည်းက ပြင်ဆင်ပေးထားတဲ့ လေ့လာမှု အထောက်အကူတွေ သုံးပြီး ရှာဖွေ လေ့လာပါ။ w21.04 ၅ ¶၁၁-၁၃
အင်္ဂါနေ့၊ မေ ၂
ကျွန်တော်တို့ကတော့ သစ်တိုင်ပေါ် ကွပ်မျက်ခံခဲ့ရတဲ့ ခရစ်တော်အကြောင်း ဟောပြောတယ်။ ဒီအကြောင်းအရာဟာ ဂျူးတွေအတွက် တိုက်မိလဲစရာဖြစ်နေ [တယ်]။—၁ ကော. ၁:၂၃။
မေရှိယဟာ ငွေစ ၃၀ နဲ့ သစ္စာဖောက်ခံရမယ်ဆိုပြီး ယေရှု မြေကြီးပေါ် မကြွလာခင် ရာစုနှစ်များစွာကတည်းက ကျမ်းစာမှာ ယေဟောဝါ ကြိုဟောထားတယ်။ (ဇာ. ၁၁:၁၂၊ ၁၃) ယေရှုရဲ့ မိတ်ဆွေရင်းတစ်ယောက်က အဲဒီလို သစ္စာဖောက်မှာ။ (ဆာ. ၄၁:၉) “သိုးထိန်းကို ရိုက်သတ်လိုက်။ သိုးတွေ ကွဲလွင့်သွားပါစေ” လို့လည်း ပရောဖက် ဇာခရိ ကြိုဟောတယ်။ (ဇာ. ၁၃:၇) စိတ်ရိုးဖြောင့်သူတွေဟာ အဲဒီဖြစ်ရပ်တွေကြောင့် ယေရှုကို ငြင်းပယ်မယ့်အစား အဲဒီပရောဖက်ပြုချက်တွေ ပြည့်စုံတာကို မြင်ပြီး ယုံကြည်ခြင်းတောင် ပိုခိုင်မာလာသင့်တယ်။ ဒီနေ့ခေတ်မှာကော အလားတူ ပြဿနာ ရှိသလား။ ရှိပါတယ်။ ဒီနေ့ခေတ်မှာ ထင်ပေါ်တဲ့ သက်သေခံတချို့ အမှန်တရားကို ကျောခိုင်းပြီး အယူဖောက်ပြန်သူတွေ ဖြစ်သွားတယ်။ တခြားသူတွေကိုလည်း လမ်းလွဲအောင် ဖြားယောင်းနေတယ်။ သတင်း မီဒီယာနဲ့ အင်တာနက်ကတစ်ဆင့် ယေဟောဝါသက်သေတွေအကြောင်း မကောင်းသတင်းတွေ၊ အမှန်တစ်ဝက် အမှားတစ်ဝက် ပါတဲ့ သတင်းတွေ၊ အလိမ်အညာ သတင်းတွေ ဖြန့်နေတယ်။ ဒါပေမဲ့ စိတ်ရိုးဖြောင့်သူတွေကိုတော့ လှည့်စားလို့ မရဘူး။ အဲဒီလို ဖြစ်မယ်လို့ ကျမ်းစာမှာ ကြိုဟောထားကြောင်း သူတို့ သိကြတယ်။—မ. ၂၄:၂၄။ ၂ ပေ. ၂:၁၈-၂၂။ w21.05 ၁၁ ¶၁၂။ ၁၂-၁၃ ¶၁၈-၁၉
ဗုဒ္ဓဟူးနေ့၊ မေ ၃
ဖြောင့်မတ်သူတွေရဲ့ လမ်းကတော့ မွန်းတည့်ချိန် ရောက်တဲ့အထိ လင်းသည်ထက်လင်းလာတဲ့ အရုဏ်ဦးအလင်းရောင်နဲ့ တူတယ်။—ပညာ. ၄:၁၈။
တိကျမှန်ကန်တဲ့ အသိပညာ တဖြည်းဖြည်း တိုးများလာမယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ပြောထားတယ်။ (ကော. ၁:၉၊ ၁၀) အမှန်တရားကို ယေဟောဝါ တဖြည်းဖြည်း ဖွင့်ပြတယ်။ အမှန်တရား အလင်း ပိုထွန်းလင်းလာချိန်အထိ ကျွန်တော်တို့ စိတ်ရှည်ရှည် စောင့်ဆိုင်းရမယ်။ အမှန်တရားနဲ့ပတ်သက်တဲ့ နားလည်မှုတချို့ ပြုပြင်ဖို့ လိုမှန်း ဦးဆောင်သူတွေ သိလာတဲ့အခါ လိုအပ်သလို ချက်ချင်း ပြုပြင်ပြောင်းလဲကြတယ်။ ဒီနေ့ခေတ် ချာ့ချ်များစွာလည်း အပြောင်းအလဲတွေ လုပ်ကြပေမဲ့ အသင်းသားတွေရဲ့ အကြိုက် လိုက်ဖို့၊ ထင်ပေါ်ကျော်ကြားဖို့ပဲ။ ယေဟောဝါသက်သေတွေ ပြောင်းလဲတာကျတော့ ဘုရားနဲ့ ပိုရင်းနှီးဖို့၊ ယေရှုရဲ့ လမ်းစဉ်အတိုင်း ဘုရားကို ဝတ်ပြုနိုင်ဖို့ပါ။ (ယာ. ၄:၄) ကျွန်တော်တို့ ပြုပြင်ပြောင်းလဲတာဟာ လောကက လူ့အတွေးအခေါ်တွေ ပြောင်းလဲသွားလို့ မဟုတ်ဘူး။ ကျမ်းစာကို ပိုနားလည်လာလို့ပါ။ အမှန်တရားကို ကျွန်တော်တို့ ချစ်မြတ်နိုးကြတယ်။—၁ သက်. ၂:၃၊ ၄။ w21.10 ၂၂ ¶၁၂
ကြာသပတေးနေ့၊ မေ ၄
စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထားလိုက်ပါ။—၁ ပေ. ၅:၇။
အထီးကျန်တယ်လို့ ခံစားနေရရင် ဘာလုပ်နိုင်သလဲ။ သင့်ကို ယေဟောဝါ ဘယ်လို ထောက်မနေကြောင်း အာရုံစိုက်ပါ။ (ဆာ. ၅၅:၂၂) အဲဒါက သင် တစ်ယောက်တည်း မဟုတ်ကြောင်း သိလာအောင် ကူညီပေးမယ်။ အထီးကျန်နေတဲ့ ညီအစ်ကို/မတွေကို ယေဟောဝါ ဘယ်လို ကူညီပေးလဲဆိုတာ စဉ်းစားပါ။ (၁ ပေ. ၅:၉၊ ၁၀) ညီအစ်ကို ဟီရိုရှီဟာ အခုချိန်ထိ မိသားစုထဲမှာ သက်သေခံဆိုလို့ တစ်ယောက်တည်း ရှိတယ်။ “အမှုတော်မှာ အကောင်းဆုံး ပါဝင်နေတဲ့ ညီအစ်ကို/မတွေကို တွေ့ရတာက ကျွန်တော်တို့လို အမှန်တရားမှာ တစ်ယောက်တည်း ဖြစ်နေသူတွေအတွက် အားပေးမှု ဖြစ်စေတယ်” လို့ ပြောတယ်။ ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်ကောင်းလည်း ဆက်ရှိနေပါ။ အဲဒီထဲမှာ ယေဟောဝါဆီ ကိုယ့်ခံစားချက်တွေ ရင်ဖွင့်ပြောပြတာ ပါဝင်တယ်။ ကျမ်းစာ ပုံမှန် ဖတ်ပြီး ယေဟောဝါရဲ့ မေတ္တာကို ပေါ်လွင်စေတဲ့ ကျမ်းမှတ်တမ်းတွေကို တွေးတောဆင်ခြင်ဖို့ အရေးကြီးတယ်။ ခရစ်ယာန်တချို့က ဆာလံ ၂၇:၁၀၊ ဟေရှာယ ၄၁:၁၀ လိုမျိုး နှစ်သိမ့်မှု ဖြစ်စေတဲ့ ကျမ်းချက်တွေကို အလွတ်ကျက်မှတ်ထားကြတယ်။ အစည်းအဝေးအတွက် ပြင်ဆင်ချိန်မှာ၊ ကျမ်းစာ ဖတ်ရှုချိန်မှာ အသံဖိုင်တွေ ဖွင့်ပြီး နားထောင်တာက အထီးကျန်စိတ် လျော့နည်းအောင် ကူညီပေးတယ်လို့ တချို့ ပြောကြတယ်။ w21.06 ၉-၁၀ ¶၅-၈
သောကြာနေ့၊ မေ ၅
ရုတ်တရက် ဖြစ်ပေါ်တဲ့ ထိတ်လန့်စရာတွေကို ကြောက်ရမှာ မဟုတ်ဘူး။—ပညာ. ၃:၂၅။
ချစ်ရသူတစ်ယောက် သေဆုံးသွားလို့ ဝမ်းနည်းနေသလား။ ကျမ်းစာပါ ရှင်ပြန်ထမြောက်ခြင်း မှတ်တမ်းတွေကို လေ့လာခြင်းအားဖြင့် မျှော်လင့်ချက် ပိုခိုင်မာလာအောင် လုပ်ဆောင်ပါ။ မိသားစုဝင်တစ်ယောက် နှင်ထုတ်ခံရလို့ ဝမ်းနည်းနေသလား။ ဘုရားရဲ့ ဆုံးမနည်းဟာ အကောင်းဆုံးဖြစ်ကြောင်း ယုံကြည်စိတ်ချလာအောင် ရှာဖွေလေ့လာပါ။ ဘယ်လို ပြဿနာပဲ ကြုံရပါစေ ယုံကြည်ခြင်း ခိုင်မာအောင် တည်ဆောက်ဖို့ အခွင့်အရေးအဖြစ် အသုံးချပါ။ ယေဟောဝါဆီ ရင်ဖွင့်ဆုတောင်းပါ။ တစ်သီးပုဂ္ဂလ မနေပါနဲ့။ ညီအစ်ကို/မတွေနဲ့ ရင်းရင်းနှီးနှီး နေပါ။ (ပညာ. ၁၈:၁) စိတ်ထဲမှာ ဝမ်းနည်းငိုကြွေးနေရင်တောင် ခံနိုင်ရည် တိုးများအောင် ကူညီပေးမယ့် လုပ်ဆောင်မှုတွေမှာ ပါဝင်ပါ။ (ဆာ. ၁၂၆:၅၊ ၆) အစည်းအဝေး၊ အမှုဆောင်မှာ ပုံမှန် ပါဝင်ပါ။ ကျမ်းစာ ပုံမှန် ဖတ်ပါ။ ယေဟောဝါ ပေးမယ့် ကောင်းချီးတွေကို အာရုံစိုက်နေပါ။ ယေဟောဝါရဲ့ အကူအညီကို ခံစားရတာနဲ့အမျှ ယုံကြည်ခြင်း ပိုခိုင်မာလာပါလိမ့်မယ်။ w21.11 ၂၃ ¶၁၁။ ၂၄ ¶၁၇
စနေနေ့၊ မေ ၆
အဲဒီအတိုင်းပဲ ကောင်းကင်မှာ စံမြန်းတဲ့ အဖဘုရားက ကလေးငယ်နဲ့တူတဲ့ ဟောဒီလူတွေကို တစ်ယောက်မှ မပျက်စီးစေချင်ဘူး။—မ. ၁၈:၁၄။
တခြားဘယ်နည်းနဲ့ ယေရှုရဲ့ တပည့်တွေဟာ “ကလေးငယ်နဲ့” တူသလဲ။ လောကက ချမ်းသာသူ၊ နာမည်ကြီးသူ၊ ဩဇာအာဏာရှိသူတွေကို အထင်ကြီးတယ်။ ယေရှုရဲ့ တပည့်တွေကတော့ အရေးမပါတဲ့၊ မထင်ပေါ်တဲ့ “ကလေးငယ်” လို ဖြစ်နေပုံရတယ်။ (၁ ကော. ၁:၂၆-၂၉) ဒါပေမဲ့ ယေဟောဝါကတော့ အဲဒီလို မမြင်ဘူး။ “ကောင်းကင်နိုင်ငံမှာ ဘယ်သူ အကြီးမြတ်ဆုံး ဖြစ်မလဲ” ဆိုပြီး တပည့်တွေ မေးလို့ “ကလေးငယ်” အကြောင်း ယေရှု ပြောတာ ဖြစ်တယ်။ (မ. ၁၈:၁) ယေရှုခေတ်က ဂျူးများစွာဟာ ရာထူးအဆင့်အတန်းတွေကို သိပ်အလေးထားကြတယ်။ “လူများစွာရဲ့ ဘဝမှာ ရိုသေလေးစားခံရဖို့၊ နာမည်ကျော်ကြားဖို့က အရေးကြီးဆုံးပဲ” လို့ ပညာရှင်တစ်ယောက် ပြောတယ်။ ဂျူးများစွာမှာ ရှိနေတဲ့ အပြိုင်အဆိုင် စိတ်ဓာတ်ကို တပည့်တွေ စိတ်ထဲကနေ အမြစ်ပါမကျန် ထုတ်ပစ်ရမယ်ဆိုတာ ယေရှု သိတယ်။ w21.06 ၂၀ ¶၂။ ၂၁ ¶၆၊ ၈။ ၂၂ ¶၉
တနင်္ဂနွေနေ့၊ မေ ၇
ဆီနဲ့အမွှေးနံ့သာက စိတ်ကိုရွှင်လန်းစေတယ်။ စိတ်ရင်းမှန်နဲ့ အကြံပေးတတ်တဲ့ မိတ်ဆွေကလည်း စိတ်ကို ရွှင်လန်းစေတယ်။—ပညာ. ၂၇:၉။
တမန်တော် ပေါလုဟာ အကြီးအကဲတွေအတွက် ပုံသက်သေကောင်း ချမှတ်ခဲ့တယ်။ ဥပမာ၊ သက်သာလောနိတ်မြို့က ညီအစ်ကိုတွေကို အကြံပေးဖို့ လိုတဲ့အခါ ပေါလု တွန့်ဆုတ်မနေဘူး။ သူတို့ဆီရေးတဲ့ စာမှာ သူတို့ရဲ့ သစ္စာရှိမှု၊ မေတ္တာ၊ ခံနိုင်ရည်တွေကို ချီးမွမ်းတယ်။ ညှဉ်းပန်းနှိပ်စက်မှု၊ ဆင်းရဲခက်ခဲမှုတွေ ခံနေရတာကို သိကြောင်းလည်း ပြောတယ်။ (၁ သက်. ၁:၃။ ၂ သက်. ၁:၄) သူတို့ဟာ တခြားခရစ်ယာန်တွေအတွက် ပုံသက်သေ ဖြစ်တယ်လို့တောင် ပြောတယ်။ (၁ သက်. ၁:၈၊ ၉) ပေါလုရဲ့ ချီးမွမ်းစကား ကြားရလို့ သူတို့ သိပ်ဝမ်းသာကြမှာပဲ။ ညီအစ်ကိုတွေကို ပေါလု သိပ်ချစ်တာ ထင်ရှားတယ်။ ဒါကြောင့် သက်သာလောနိတ် အသင်းတော်ဆီ ရေးတဲ့ စာနှစ်စောင်စလုံးမှာ ပါတဲ့ အကြံဉာဏ်တွေ ထိရောက်တာ ဖြစ်တယ်။—၁ သက်. ၄:၁၊ ၃-၅၊ ၁၁။ ၂ သက်. ၃:၁၁၊ ၁၂။ w22.02 ၁၅ ¶၆
တနင်္လာနေ့၊ မေ ၈
ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်းရှိတော့မှာ မဟုတ်ဘူး။—ဗျာ. ၂၁:၄။
စာတန်က မှားယွင်းတဲ့ ဘာသာရေး ခေါင်းဆောင်တွေကို သုံးပြီး အလိမ်အညာတွေ ဖြန့်နေတယ်။ ယေဟောဝါဟာ ရက်စက်တယ်၊ လူ့ဆင်းရဲဒုက္ခတွေဟာ ဘုရားကြောင့်၊ ကလေးတွေ သေဆုံးတဲ့အခါ ကောင်းကင်မှာ ကောင်းကင်တမန်တွေ လိုနေလို့ ဘုရား ခေါ်သွားတာဆိုပြီးတောင် သူတို့ ပြောကြတယ်။ ဘုရားကို စော်ကားတာပဲ။ ကျွန်တော်တို့ကတော့ ဘုရားအကြောင်း သိတဲ့အတွက် ရောဂါဆိုး ခံစားရတဲ့အခါ၊ ချစ်ရသူတစ်ယောက် သေဆုံးသွားတဲ့အခါ ဘုရားကို ဘယ်တော့မှ အပြစ်မတင်ဘူး။ အဲဒီအစား တစ်နေ့ကျရင် အရာရာကို အကောင်းအတိုင်း ပြန်လုပ်ပေးမယ်ဆိုတာ ယုံကြည်စိတ်ချတယ်။ ယေဟောဝါဟာ မေတ္တာရှင် ဖြစ်ကြောင်း တခြားသူတွေကို ပြောပြကြတယ်။ ဒါမှ ကဲ့ရဲ့သူကို ယေဟောဝါ ပြန်ချေပနိုင်မယ်။ (ပညာ. ၂၇:၁၁) ယေဟောဝါဟာ ထောက်ထားစာနာတဲ့ ဘုရား ဖြစ်တယ်။ နှိပ်စက်ညှဉ်းပန်းမှု၊ ဖျားနာမှု၊ မစုံလင်မှုတွေကြောင့် ကျွန်တော်တို့ ဒုက္ခရောက်နေတာ မြင်ရတဲ့အခါ စိတ်မချမ်းသာဘူး။ (ဆာ. ၂၂:၂၃၊ ၂၄) ကျွန်တော်တို့နဲ့ ထပ်တူထပ်မျှ နာကျင်ခံစားရတယ်။ ဒုက္ခတွေ ပပျောက်သွားအောင် လုပ်ပေးချင်တယ်။ လုပ်လည်း လုပ်ပေးပါလိမ့်မယ်။—ထွက်မြောက်ရာ ၃:၇၊ ၈၊ ဟေရှာယ ၆၃:၉ နဲ့ နှိုင်းယှဉ်ပါ။ w21.07 ၉-၁၀ ¶၉-၁၀
အင်္ဂါနေ့၊ မေ ၉
ကိုယ်တော်က သူ့ကို . . . ဘုန်းအသရေ၊ ခမ်းနားမြင့်မြတ်မှုနဲ့ ချီးမြှောက်တယ်။—ဆာ. ၈:၅။
မကြာခင် နာခံမှု ရှိတဲ့ လူသားတွေဟာ ယေဟောဝါကို ထာဝစဉ် ချစ်ပြီး ဝတ်ပြုခွင့် ရမယ်။ အကြီးမားဆုံး အခွင့်ထူးပါပဲ။ ဘုရားမိသားစုကို အာဒံနဲ့ ဧဝ စွန့်သွားလို့ ဖြစ်လာတဲ့ ပြဿနာအားလုံးကို ယေရှု ဖြေရှင်းပေးမယ်။ လူသန်းပေါင်းများစွာ ရှင်ပြန်ထမြောက်လာမယ်။ ကမ္ဘာ့ပရဒိသု ဥယျာဉ်မှာ ပြည့်ဝစုံလင်တဲ့ ကျန်းမာရေးနဲ့ ထာဝစဉ် အသက်ရှင်ခွင့် ရကြမယ်။ (လု. ၂၃:၄၂၊ ၄၃) လူတိုင်း တဖြည်းဖြည်း ပြည့်ဝစုံလင်လာတဲ့အခါ ဒါဝိဒ်ပြောတဲ့ “ဘုန်းအသရေ၊ ခမ်းနားမြင့်မြတ်မှု” ကို ရကြမယ်။ သင်ဟာ “လူအုပ်ကြီး” အဝင် ဖြစ်တယ်ဆိုရင် အံ့ဖွယ်အလားအလာ ရှိပါတယ်။ (ဗျာ. ၇:၉) သင့်ကို ဘုရားသခင် ချစ်တယ်။ မိသားစုဝင် ဖြစ်စေချင်တယ်။ ဒါကြောင့် ဘုရားနှစ်သက်မှု ရဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။ နေ့တိုင်း ဘုရားကတိတွေကို စိတ်စွဲလမ်းပြီး အသက်ရှင်ပါ။ ကောင်းကင်ဖခင်ကို ဝတ်ပြုခွင့်၊ ထာဝစဉ် ချီးမွမ်းခွင့် အလားအလာကို တန်ဖိုးထားမြတ်နိုးပါ။ w21.08 ၇ ¶၁၈-၁၉
ဗုဒ္ဓဟူးနေ့၊ မေ ၁၀
လက်မလျှော့ဘူးဆိုရင် . . . အသီးအပွင့်တွေကို ရိတ်သိမ်းရလိမ့်မယ်။—ဂလ. ၆:၉။
ပရောဖက် ယေရမိဟာ စိတ်ဝင်စားမှု မရှိသူတွေ၊ ဆန့်ကျင်သူတွေကို နှစ် ၄၀ ကျော် ဟောပြောခဲ့တယ်။ ‘စော်ကားခံရ၊ သရော်ခံရ’ လို့ စိတ်ဓာတ်ကျပြီး တာဝန်ကို လက်လျှော့လိုက်ဖို့ စဉ်းစားမိတယ်။ (ယေ. ၂၀:၈၊ ၉) ဒါပေမဲ့ လက်မလျှော့ခဲ့ဘူး။ အပျက်သဘောထားတွေကို ကျော်လွှားဖို့၊ အမှုဆောင်လုပ်ငန်းမှာ ဆက်ပျော်ရွှင်နေဖို့ ယေရမိကို ဘာက ကူညီပေးသလဲ။ အရေးကြီး အချက် နှစ်ချက်ကို အာရုံစိုက်လို့ပဲ။ ပထမ၊ မိမိ ဟောတဲ့ သတင်းတရားဟာ လူတွေကို ‘အနာဂတ် မျှော်လင့်ချက်’ ပေးတယ်။ (ယေ. ၂၉:၁၁) ဒုတိယ၊ ယေဟောဝါကိုယ်စား ပြောဆိုဖို့ မိမိကို ရွေးချယ်ထားတယ်။ (ယေ. ၁၅:၁၆) ကျွန်တော်တို့လည်း လူတွေအတွက် မျှော်လင့်ချက်သတင်း ဟောနေကြတယ်။ ယေဟောဝါသက်သေအဖြစ် ဘုရားနာမည်ကို ခံယူထားကြတယ်။ အဲဒီအရေးကြီးတဲ့ အချက်တွေကို အာရုံစိုက်နေမယ်ဆိုရင် လူတွေ ဘယ်လိုပဲ တုံ့ပြန်ပါစေ ပျော်ရွှင်နိုင်ပါလိမ့်မယ်။ ဒါကြောင့် ကိုယ်မျှော်လင့်ထားသလောက် မတိုးတက်တဲ့အခါ စိတ်ဓာတ်မကျပါနဲ့။ လက်မလျှော့ပါနဲ့။ လယ်လုပ်ငန်းလိုပဲ တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာလည်း စိတ်ရှည်ဖို့ လိုတယ်။—ယာ. ၅:၇၊ ၈။ w21.10 ၂၇ ¶၁၂-၁၃
ကြာသပတေးနေ့၊ မေ ၁၁
ကျွန်တော်တို့လည်း ဝန်ပိစေတဲ့ အရာမှန်သမျှ၊ အလွယ်တကူ ကျော့မိစေတဲ့ အပြစ်မှန်သမျှကို ဖယ်ရှားကြစို့။—ဟီ. ၁၂:၁။
ယေဟောဝါကို ဝတ်ပြုလာတာ ဘယ်လောက်ပဲ ကြာနေပါစေ ဘုရားအပေါ် ယုံကြည်ခြင်း ခိုင်မာအောင် ဆက်တည်ဆောက်နေရမယ်။ ဘာကြောင့်လဲ။ သတိမထားဘူးဆိုရင် ယုံကြည်ခြင်း အားနည်းသွားနိုင်လို့ပဲ။ ယုံကြည်ခြင်းဆိုတာ မမြင်ရပေမဲ့ တကယ်ရှိတဲ့အရာတွေရဲ့ ခိုင်လုံတဲ့ အထောက်အထားအပေါ် အခြေခံကြောင်း သတိရပါ။ မမြင်ရတဲ့အရာကို လွယ်လွယ် မေ့သွားနိုင်တယ်။ ယုံကြည်ခြင်း ကင်းမဲ့တာကို “အလွယ်တကူ ကျော့မိစေတဲ့ အပြစ်” လို့ ပေါလု ပြောတယ်။ အဲဒီကျော့ကွင်းကို ဘယ်လို ရှောင်နိုင်မလဲ။ (၂ သက်. ၁:၃) ပထမ၊ ယေဟောဝါဆီ မကြာခဏ သန့်ရှင်းသောစွမ်းအားတော် တောင်းပါ။ ဘာကြောင့်လဲ။ ယုံကြည်ခြင်းဟာ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတစ်ခု ဖြစ်လို့ပဲ။ (ဂလ. ၅:၂၂၊ ၂၃) သန့်ရှင်းသော စွမ်းအားတော် အကူအညီ မပါဘဲ ဖန်ဆင်းရှင်အပေါ် ယုံကြည်ခြင်း မတည်ဆောက်နိုင်ဘူး။ စွမ်းအားတော် တောင်းခံမယ်ဆိုရင် ယေဟောဝါ ပေးမယ်။ (လု. ၁၁:၁၃) “ယုံကြည်ခြင်း တိုးများအောင် လုပ်ပေးပါ” လို့ ကျွန်တော်တို့ ဆုတောင်းနိုင်တယ်။ (လု. ၁၇:၅) ဒါ့အပြင် ပုံမှန်လည်း ကိုယ်ပိုင် ကျမ်းစာလေ့လာပါ။—ဆာ. ၁:၂၊ ၃။ w21.08 ၁၈-၁၉ ¶၁၆-၁၈
သောကြာနေ့၊ မေ ၁၂
ဖြူတဲ့ဆံပင်ဟာ အလှသရဖူပဲ။—ပညာ. ၁၆:၃၁။
အသက်ကြီးသူတွေဟာ ဘုရားအဖွဲ့အစည်းမှာ နည်းများစွာနဲ့ အသုံးဝင်နေဆဲပဲ။ အရင်ကလောက် အားအင် မရှိတော့တာ ဖြစ်နိုင်ပေမဲ့ နှစ်တွေတစ်လျှောက် ရထားတဲ့ အတွေ့အကြုံတွေ အများကြီး ရှိတယ်။ သူတို့ကို နည်းအမျိုးမျိုးနဲ့ ယေဟောဝါ ဆက်သုံးနိုင်တယ်။ အသက်ကြီးချိန်မှာ တက်ကြွထက်သန်စွာ အမှုဆောင်ခဲ့တဲ့ သစ္စာရှိသူတွေအကြောင်း ကျမ်းစာမှာ တွေ့နိုင်တယ်။ ဥပမာ၊ မောရှေဟာ အသက် ၈၀ လောက်မှာ ယေဟောဝါရဲ့ ပရောဖက်နဲ့ အစ္စရေးလူမျိုးရဲ့ ခေါင်းဆောင်အဖြစ် စအမှုဆောင်တယ်။ ဒံယေလ အသက် ၉၀ ကျော်အထိ ပရောဖက်အဖြစ် ယေဟောဝါ ဆက်သုံးနေတုန်းပဲ။ တမန်တော် ယောဟန်လည်း အသက် ၉၀ ကျော်မှာ ဗျာဒိတ်ကျမ်း ရေးဖို့ စွမ်းအားတော် လမ်းညွှန်မှု ရခဲ့ပုံပဲ။ ဥပမာ၊ “ဖြောင့်မတ်သူ၊ ဘုရားတရားကြည်ညိုသူ” ရှိမောင်အကြောင်း ကျမ်းစာမှာ နည်းနည်းပဲ ပါတယ်။ ဒါပေမဲ့ သူ ဘယ်သူလဲဆိုတာ ယေဟောဝါ သိတယ်။ ကလေးငယ်ယေရှုကို မြင်တွေ့ခွင့်၊ ကလေးနဲ့ မိခင်အကြောင်း ပရောဖက်ပြုခွင့် ပေးခဲ့တယ်။—လု. ၂:၂၂၊ ၂၅-၃၅။ w21.09 ၃-၄ ¶၅-၇
စနေနေ့၊ မေ ၁၃
အို ယေဟောဝါ၊ ကျွန်တော် စိတ်နေမမြင့်ပါဘူး။ . . . ကြီးမြတ်လွန်းတဲ့အရာတွေ . . . ကိုလည်း မမှန်းပါဘူး။—ဆာ. ၁၃၁:၁။
မိဘတွေဟာ ကလေး တစ်ယောက်ကို နောက်တစ်ယောက်နဲ့ နှိုင်းယှဉ်တာမျိုး၊ သူတို့ တတ်နိုင်တာထက် ပိုတောင်းဆိုတာမျိုး မလုပ်သင့်ဘူး။ အဲဒီလို လုပ်မယ်ဆိုရင် ကလေးတွေ စိတ်ဓာတ်ကျသွားနိုင်တယ်။ (ဧ. ၆:၄) ညီအစ်မ ဆာချီကို ဒီလိုပြောတယ်– “ကျွန်မရဲ့ အမေက စာမေးပွဲတွေမှာ အမှတ်ပြည့် ရစေချင်တယ်။ ကျွန်မအတွက်တော့ မဖြစ်နိုင်ဘူး။ အခု ကျောင်းပြီးခဲ့တာတော့ ကြာပါပြီ။ ဒါပေမဲ့ ကျွန်မ အတတ်နိုင်ဆုံး အမှုဆောင်တာကို ယေဟောဝါ ကျေနပ်ရဲ့လားလို့ တစ်ခါတလေ စဉ်းစားမိနေတုန်းပဲ။” ဘုရင်ဒါဝိဒ်က “ကြီးမြတ်လွန်းတဲ့အရာတွေ” ဒါမှမဟုတ် မတတ်နိုင်တဲ့အရာတွေကို “မမှန်းပါဘူးလို့” ပြောခဲ့တယ်။ သူ့ရဲ့ နှိမ့်ချမှု၊ ကျိုးနွံမှုကြောင့် “စိတ်အေးလက်အေးနဲ့ ငြိမ်သက်” နိုင်ခဲ့တယ်။ (ဆာ. ၁၃၁:၂) မိဘတွေ ဘာသင်ယူနိုင်သလဲ။ မိဘတွေဟာ ကိုယ်တိုင်ကော၊ ကလေးတွေဆီကနေပါ အလွန်အကျွံ မမျှော်လင့်ခြင်းအားဖြင့် နှိမ့်ချကျိုးနွံမှု ပြနိုင်တယ်။ သားသမီးတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို အသိအမှတ်ပြုခြင်း၊ သင့်တော်တဲ့ ပန်းတိုင်တွေ ချနိုင်အောင် ကူညီပေးခြင်းအားဖြင့် အားပေးနိုင်တယ်။ w21.07 ၂၁ ¶၅-၆
တနင်္ဂနွေနေ့၊ မေ ၁၄
လူတိုင်း ကိုယ့်တာဝန်ကိုယ် ထမ်းရ[မယ်]။—ဂလ. ၆:၅။
ယေဟောဝါဘုရားက ယောက်တိုင်းကို လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးထားတယ်။ ယေဟောဝါကို နာခံ၊ မနာခံ ရွေးချယ်နိုင်တယ်။ ယေဟောဝါကို ဝတ်မပြုတဲ့ မိဘတွေ ရှိတာတောင် လူငယ်တချို့က သစ္စာရှိရှိ ဆက်ဝတ်ပြုဖို့ ရွေးချယ်ကြတယ်။ လူငယ်တချို့ကျတော့ ကျမ်းစာမူတွေနဲ့အညီ မိဘတွေ အတတ်နိုင်ဆုံး သွန်သင်ပေးတာတောင် နောက်ပိုင်း ယေဟောဝါကို စွန့်သွားကြတယ်။ ဘာပဲဖြစ်ဖြစ် ယေဟောဝါကို ဝတ်ပြုမလားဆိုတာ ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာ ဖြစ်တယ်။ (ယောရှု ၂၄:၁၅) ဒါကြောင့် သားသမီးတွေ ယေဟောဝါကို စွန့်သွားတဲ့အခါ မိဘတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်သင့်ဘူး။ တစ်ခါတလေ မိဘဖြစ်သူတွေ မိသားစုနဲ့ အမှန်တရားကို စွန့်သွားတာ ရှိတယ်။ (ဆာ. ၂၇:၁၀) မိဘကို စံနမူနာအဖြစ် အတုယူတဲ့ သားသမီးတွေအတွက်တော့ အဖြစ်ဆိုးကြီးပါပဲ။ လူငယ်တို့၊ သင်တို့ရဲ့ မိဘတစ်ယောက်ယောက် နှင်ထုတ်ခံထားရတယ်ဆိုရင် ကျွန်တော်တို့ ထပ်တူ ဝမ်းနည်းပါတယ်။ သင်တို့ရဲ့ ဝေဒနာကို ယေဟောဝါ သိတယ်ဆိုတာ စိတ်ချပါ။ သင်တို့ကို ယေဟောဝါ ချစ်တယ်။ သစ္စာရှိမှုကို တန်ဖိုးထားတယ်။ မိဘတွေရဲ့ ဆုံးဖြတ်ချက်အတွက် သင်တို့မှာ တာဝန်မရှိဘူးဆိုတာ သတိရပါ။ w21.09 ၂၇ ¶၅-၇
တနင်္လာနေ့၊ မေ ၁၅
ယေဟောဝါက ချစ်ရသူတွေကို ဆုံးမတတ်[တယ်]။—ဟီ. ၁၂:၆။
ခရစ်ယာန်တစ်ယောက် နှင်ထုတ်ခံရတဲ့အခါ သူ့ကို ကူးစက်ရောဂါ ရထားတဲ့ သိုးအဖြစ် ယူမှတ်နိုင်တယ်။ အဲဒါက သိုးအုပ်ကို ကူးစက်နိုင်တယ်။ သူ ဘုရားရေးရာဘက် ဖျားနာနေတာ။ (ယာ. ၅:၁၄) ဘုရားရေးရာဘက် ဖျားနာတာဟာလည်း ပကတိ ဖျားနာသလိုပဲ ကူးစက်နိုင်တယ်။ ဒါကြောင့် အခြေအနေတချို့မှာ အသင်းတော်နဲ့ သီးခြားခွဲထားဖို့ လိုတယ်။ ဒီဆုံးမမှုဟာ သိုးတော်စုထဲက သစ္စာရှိသူတွေအတွက် ယေဟောဝါရဲ့ မေတ္တာကို ဖော်ပြတယ်။ အမှားလုပ်သူကိုလည်း မိမိအပြစ် ဘယ်လောက် ကြီးလေးကြောင်း သိလာဖို့၊ နောင်တရဖို့ ကူညီပေးနိုင်တယ်။ နှင်ထုတ်ခံရသူဟာ နှင်ထုတ်ခံရချိန်အတွင်း အစည်းအဝေးတွေ တက်နိုင်တယ်။ ဒီလိုနည်းနဲ့ ကျမ်းစာ လမ်းညွှန်ချက်တွေ ရပြီး ဘုရားရေးရာဘက် ပြန်ကျန်းမာလာနိုင်တယ်။ ကိုယ်ပိုင်အတွက် ကျမ်းစာစာပေတွေ ရယူနိုင်တယ်။ JW ရုပ်သံ® အစီအစဉ်တွေလည်း ကြည့်နိုင်တယ်။ တိုးတက်မှုကို အကြီးအကဲတွေ သတိထားမိတဲ့အခါ သီးသန့် အကြံဉာဏ်တွေ၊ လမ်းညွှန်ချက်တွေ မကြာမကြာ ပေးပြီး ဘုရားရေးရာဘက် ကျန်းမာလာအောင် ကူညီပေးနိုင်တယ်။ အချိန်တန်တဲ့အခါ ယေဟောဝါသက်သေတစ်ယောက်အဖြစ် ပြန်လက်ခံနိုင်တယ်။ w21.10 ၁၀ ¶၉၊ ၁၁
အင်္ဂါနေ့၊ မေ ၁၆
“သခင်၊ သခင်” လို့ ကျွန်တော့်ကို ခေါ်တဲ့သူတိုင်း ကောင်းကင်နိုင်ငံကို ဝင်ရမှာ မဟုတ်ဘူး။—မ. ၇:၂၁။
ပထမရာစု ခရစ်ယာန် အသင်းတော် ချမှတ်ခဲ့တဲ့ ဝတ်ပြုမှု ပုံစံကို ဒီနေ့အချိန်မှာ ကျွန်တော်တို့ လိုက်နေကြတယ်။ ဥပမာ၊ နယ်လှည့်ကြီးကြပ်မှူး၊ အကြီးအကဲ၊ အသင်းတော် အမှုထမ်း အပါအဝင် အဖွဲ့အစည်းရဲ့ တည်ဆောက်ပုံဟာ ပထမရာစု တမန်တော်တွေ ချမှတ်ခဲ့တဲ့ ပုံစံအတိုင်းပဲ။ (ဖိ. ၁:၁။ တိ. ၁:၅) လိင်နဲ့ ထိမ်းမြားခြင်းအပေါ် ကျွန်တော်တို့ရဲ့ သဘောထား၊ သွေးရဲ့ မြင့်မြတ်မှုကို လေးစားခြင်း၊ နောင်တမယူတဲ့ အပြစ်ကျူးလွန်သူတွေရဲ့ ဩဇာလွှမ်းမိုးမှုကနေ အသင်းတော်ကို ကာကွယ်ခြင်း စတာအားလုံး ပထမရာစု ပုံစံကို အခြေခံတယ်။ (တ. ၁၅:၂၈၊ ၂၉။ ၁ ကော. ၅:၁၁-၁၃။ ၆:၉၊ ၁၀။ ဟီ. ၁၃:၄) ‘ယုံကြည်ခြင်း တစ်မျိုးတည်း’ ကိုပဲ ဘုရား နှစ်သက်လက်ခံတယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ပြောထားတယ်။ (ဧ. ၄:၄-၆) ယေဟောဝါရဲ့ လူမျိုး ဖြစ်ခွင့်၊ ယေဟောဝါနဲ့ ရည်ရွယ်ချက်တွေအကြောင်း သိခွင့် ရတာ တကယ့် အခွင့်ထူးပါပဲ။ အမှန်တရားကို ယုံကြည်စိတ်ချမှု အပြည့်နဲ့ ဆက်ဆုပ်ကိုင်ထားကြပါစို့။ w21.10 ၂၃ ¶၁၅-၁၇
ဗုဒ္ဓဟူးနေ့၊ မေ ၁၇
ငြိမ်ငြိမ်လေး ရပ်နေပြီး ယေဟောဝါ ဘယ်လို ကယ်တင်မယ်ဆိုတာ စောင့်ကြည့်နေလိုက်ပါ။—၂ ရာ. ၂၀:၁၇။
ဘုရင် ယောရှဖတ် ပြဿနာကြီးတစ်ခု ရင်ဆိုင်ရတယ်။ အမ္မုန်၊ မောဘ၊ စိရတောင်တန်းဒေသက လူတွေ စုပေါင်းထားတဲ့ စစ်တပ်ကြီး ခြိမ်းခြောက်တာကို ခံရတယ်။ (၂ ရာ. ၂၀:၁၊ ၂) ယောရှဖတ် ဘာလုပ်သလဲ။ ကူညီပေးဖို့၊ ခွန်အားပေးဖို့ ယေဟောဝါဆီ ဆုတောင်းတယ်။ ၂ ရာဇဝင်ချုပ် ၂၀:၅-၁၂ မှာပါတဲ့ ယောရှဖတ်ရဲ့ နှိမ့်ချတဲ့ ဆုတောင်းချက်က ကောင်းကင်ဖခင်ကို ဘယ်လောက် ယုံကြည်ကိုးစားကြောင်း ဖော်ပြတယ်။ ယေဟောဝါက လေဝိအမျိုးသား ယဟာဇေလကတစ်ဆင့် ယောရှဖတ်ကို ဒီနေ့ကျမ်းချက်ပါ စကားတွေ ပြောတယ်။ ဘုရားကို အပြည့်အဝ ယုံကြည်ကိုးစားတဲ့အတွက် ဘုရား မှာတဲ့အတိုင်း ယောရှဖတ် လုပ်ဆောင်တယ်။ ရန်သူနဲ့ ထွက်တွေ့တဲ့အခါ စစ်တပ်ရှေ့မှာ အကျွမ်းကျင်ဆုံး စစ်သည်တွေ မဟုတ်ဘဲ လက်နက်မပါတဲ့ သီချင်းသည်တွေကို နေရာချတယ်။ ယောရှဖတ်ကို ယေဟောဝါ စိတ်မပျက်စေဘူး။ ရန်သူစစ်တပ်ကို ရှုံးနိမ့်စေတယ်။—၂ ရာ. ၂၀:၁၈-၂၃။ w21.11 ၁၅-၁၆ ¶၆-၇
ကြာသပတေးနေ့၊ မေ ၁၈
ယေဟောဝါရဲ့ ခိုင်မြဲတဲ့ မေတ္တာကြောင့် ကျွန်တော်တို့ ဇာတ်သိမ်းသွားမှာ မဟုတ်ဘူး။ ကရုဏာတော် ဘယ်တော့မှ မကုန်ဆုံးဘူး။—မြည်. ၃:၂၂။
စမ်းသပ်မှု ကြုံရချိန်မှာ သမာဓိ စောင့်ထိန်းနိုင်အောင် ထောက်မခြင်းအားဖြင့် ယေဟောဝါ ခိုင်မြဲတဲ့ မေတ္တာ ပြမယ်ဆိုတာ စိတ်ချနိုင်တယ်။ (၂ ကော. ၄:၇-၉) “ယေဟောဝါက မိမိကို ကြောက်ရွံ့သူတွေ၊ ခိုင်မြဲတဲ့ မေတ္တာတော်ကို စောင့်မျှော်နေသူတွေကို ကြည့်ရှုနေတယ်” လို့ ဆာလံဆရာ အာမခံတယ်။ ဒါကြောင့် ကျွန်တော်တို့ကို ယေဟောဝါ ခိုင်မြဲတဲ့ မေတ္တာ ဆက်ပြမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ (ဆာ. ၃၃:၁၈-၂၂) ယေဟောဝါကို ဝတ်မပြုခင်တုန်းက လူအားလုံးအပေါ် ပြတဲ့ ဘုရားမေတ္တာကို ကျွန်တော်တို့ ခံစားခဲ့ရတယ်။ ဘုရားကျေးကျွန် ဖြစ်လာချိန်မှာတော့ ဘုရားရဲ့ ခိုင်မြဲတဲ့ မေတ္တာကို ခံစားရတယ်။ အဲဒီမေတ္တာကြောင့် ကျွန်တော်တို့ကို ယေဟောဝါ ကာကွယ်ပေးမယ်။ မိမိအနီးအနားမှာ အမြဲ စောင့်ရှောက်ပေးမယ်။ ကတိတွေ ပြည့်စုံအောင် လုပ်ပေးမယ်။ ကျွန်တော်တို့ကို အောင်မြင်စေချင်တယ်။ (ဆာ. ၄၆:၁၊ ၂၊ ၇) ဒါကြောင့် ဘယ်အခက်အခဲပဲ ရင်ဆိုင်ရပါစေ သမာဓိ စောင့်ထိန်းနိုင်အောင် လိုအပ်တဲ့ ခွန်အားကို ယေဟောဝါ ပေးပါလိမ့်မယ်။ w21.11 ၇ ¶၁၇-၁၈
သောကြာနေ့၊ မေ ၁၉
အချင်းချင်း . . . ဆက်ပြီး သည်းခံကြပါ၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြပါ။—ကော. ၃:၁၃။
ကျွန်တော်တို့ အများစု သိကြတဲ့အတိုင်း တချို့က အလုပ်ဖော်၊ အတန်းဖော်၊ မိသားစုဝင်တစ်ယောက်ကို နှစ်ပေါင်းများစွာ အငြိုးထားကြတယ်။ ယောသပ်ကို အစ်ကို ဆယ်ယောက် အငြိုးထားပြီး နောက်ဆုံးမှာ မုန်းတီးစိတ်ကြောင့် ရောင်းစားလိုက်တာ သတိရပါ။ (က. ၃၇:၂-၈၊ ၂၅-၂၈) ယောသပ်ကတော့ သူတို့လို မဟုတ်ဘူး။ အာဏာရှိလာချိန်မှာ လက်စားချေလို့ ရပေမဲ့ ကရုဏာ ပြခဲ့တယ်။ အငြိုးမထားဘူး။ နောက်ပိုင်း၊ ဝတ်ပြုရာ ၁၉:၁၈ မှာ အဲဒီလိုပဲ အကြံပေးထားတယ်။ (က. ၅၀:၁၉-၂၁) အငြိုးမထား၊ လက်စားမချေဘဲ ခွင့်လွှတ်တဲ့ ယောသပ်ရဲ့ လုပ်ရပ်ဟာ ဘုရားနှစ်သက်မှု ရချင်တဲ့ ခရစ်ယာန်တွေအတွက် ပုံသက်သေကောင်းပါပဲ။ ကိုယ့်ကို ပြစ်မှားသူတွေကို ခွင့်လွှတ်ဖို့ ယေရှု ပြောတယ်။ (မ. ၆:၉၊ ၁၂) တမန်တော် ပေါလုလည်း “ချစ်ရသူတို့၊ လက်စားမချေပါနဲ့” ဆိုပြီး ခရစ်ယာန်တွေကို တိုက်တွန်းထားတယ်။—ရော. ၁၂:၁၉။ w21.12 ၁၁ ¶၁၃-၁၄
စနေနေ့၊ မေ ၂၀
ကြောက်ရွံ့ရိုသေသူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတယ်။ သူတို့ အော်ဟစ်အကူအညီတောင်းတဲ့အခါ နားထောင်ပြီး ကယ်တင်တယ်။—ဆာ. ၁၄၅:၁၉။
အေဒီ ၃၃၊ နိသန်လ ၁၄ ရက် ညမှာ ဂေသရှေမန်ဥယျာဉ်ကို ယေရှု သွားတယ်။ ယေဟောဝါဆီ ရင်ဖွင့်ဆုတောင်းတယ်။ (လု. ၂၂:၃၉-၄၄) အဲဒီအချိန်မှာပဲ “မျက်ရည်ကျပြီး အသနားခံ ဆုတောင်းခဲ့” တာ ဖြစ်တယ်။ (ဟီ. ၅:၇) မသေဆုံးခင် နောက်ဆုံးညမှာ ယေရှု ဘာအတွက် ဆုတောင်းသလဲ။ ယေဟောဝါအပေါ် သစ္စာစောင့်သိနိုင်ဖို့၊ အလိုတော် ထမ်းဆောင်နိုင်ဖို့ ခွန်အားပေးပါဆိုပြီး ဆုတောင်းတယ်။ သားတော်ရဲ့ ပြင်းပြတဲ့ ဆုတောင်းချက်ကို ယေဟောဝါ ကြားပြီး အားပေးဖို့ ကောင်းကင်တမန်တစ်ပါး စေလွှတ်ပေးတယ်။ ဖခင်နာမည် သံသယကင်းရှင်းစေရမယ်ဆိုတဲ့ တာဝန်ကြီး ရထားတာကို ယေရှုသိတယ်။ ယေရှုရဲ့ ပြင်းပြင်းပြပြ ဆုတောင်းချက်ကို ယေဟောဝါ နားထောင်ပေးတယ်။ ဘာကြောင့်လဲ။ ယေရှုအတွက် အရေးကြီးဆုံးက ဖခင်အပေါ် သစ္စာစောင့်သိဖို့၊ ဖခင်နာမည် သံသယကင်းရှင်းဖို့ ဖြစ်လို့ပဲ။ ကျွန်တော်တို့အတွက်လည်း အဲဒါ အရေးကြီးဆုံး ဖြစ်မယ်ဆိုရင် အကူအညီရဖို့ ဆုတောင်းတဲ့အခါ ယေဟောဝါ ဖြေပေးပါလိမ့်မယ်။—ဆာ. ၁၄၅:၁၈။ w22.01 ၁၇-၁၈ ¶၁၅-၁၇
တနင်္ဂနွေနေ့၊ မေ ၂၁
ဒါကြောင့် လူမျိုးတကာဆီ သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ . . . နှစ်ခြင်းပေးကြပါ။—မ. ၂၈:၁၉။
ယေဟောဝါသက်သေတွေ နိုင်ငံရေးမှာ ကြားနေလို့ ဒီနေ့ခေတ် လူများစွာ မကြိုက်ကြဘူး။ ရွေးကောက်ပွဲတွေမှာ ကျွန်တော်တို့ မဲပေးသင့်တယ်လို့ သူတို့ ယူဆတယ်။ ဒါပေမဲ့ လူ့ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်တင်မြှောက်တာဟာ ယေဟောဝါကို ငြင်းပယ်လိုက်တာပဲ။ (၁ ရှ. ၈:၄-၇) ကျွန်တော်တို့ ကျောင်းတွေ၊ ဆေးရုံတွေ ဆောက်ပြီး ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်သင့်တယ်လို့လည်း လူတချို့ ထင်နိုင်တယ်။ လောလောလတ်လတ် ကမ္ဘာ့ ပြဿနာတွေ ဖြေရှင်းဖို့ မဟုတ်ဘဲ ဟောပြောခြင်းလုပ်ငန်းကိုပဲ အာရုံစိုက်လို့ ကျွန်တော်တို့ကို လူများစွာ ငြင်းပယ်ကြတယ်။ ယုံကြည်ခြင်း မပျောက်ဆုံးအောင် ကျွန်တော်တို့ ဘယ်လို ကာကွယ်မလဲ။ (မ. ၇:၂၁-၂၃) ယေရှု မိန့်မှာထားတဲ့ အလုပ်ကိုပဲ ကျွန်တော်တို့ အဓိက အာရုံစိုက်သင့်တယ်။ လောကရဲ့ နိုင်ငံရေး၊ လူမှုရေးကိစ္စတွေကြောင့် အာရုံမလွဲသွားသင့်ဘူး။ လူတွေကို ချစ်ပြီး သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးချင်ပေမဲ့ ကူညီနိုင်တဲ့ အကောင်းဆုံးနည်းကတော့ နိုင်ငံတော် သတင်းကောင်း ဟောပြောခြင်း၊ ယေဟောဝါနဲ့ မိတ်ဆွေဖြစ်အောင် ကူညီပေးခြင်းပဲဆိုတာ ကျွန်တော်တို့ သိတယ်။ w21.05 ၇ ¶၁၉-၂၀
တနင်္လာနေ့၊ မေ ၂၂
နောက်ဆုံးကာလဟာ အလွန် ခက်ခဲကျပ်တည်းမယ်ဆိုတာ သိထားပါ။—၂ တိ. ၃:၁။
ဒီနေ့ခေတ် အုပ်စိုးရှင် များစွာက ဘုရားကို ဝတ်ပြုတယ်လို့ ပြောပေမဲ့ ကိုယ့်အာဏာကိုတော့ မစွန့်ချင်ကြဘူး။ ယေရှုခေတ်က အုပ်စိုးရှင်တွေလိုပဲ ဒီနေ့ခေတ် အုပ်စိုးရှင်တွေဟာ သစ္စာရှိ တပည့်တွေကို တိုက်ခိုက်ခြင်းအားဖြင့် ယေဟောဝါ ဘိသိက်ပေးထားသူကို ဆန့်ကျင်ကြတယ်။ (တ. ၄:၂၅-၂၈) လူမျိုးတွေ လက်မခံတာကို ယေဟောဝါ ဘယ်လို တုံ့ပြန်သလဲ။ “ဒါကြောင့် ဘုရင်တို့၊ ထိုးထွင်းဉာဏ် ရှိကြောင်း ပြကြ။ ကမ္ဘာပေါ်က တရားသူကြီးတို့၊ တည့်မတ်ပေးတာကို လက်ခံကြ။ ယေဟောဝါကို ကြောက်ရွံ့ရိုသေတဲ့စိတ်နဲ့ အမှုဆောင်ကြ။ ကြည်ညိုလေးမြတ်တဲ့စိတ်နဲ့ ဝမ်းမြောက်ကြ။ သားတော်ကို ဂုဏ်တင်ကြ။ ဂုဏ်မတင်ရင် ဘုရားသခင် အမျက်ထွက်လိမ့်မယ်။ ချက်ချင်း အမျက်ထွက်ပြီး ဖြောင့်မတ်တဲ့လမ်းစဉ်ကနေ မင်းတို့ကို ပယ်ရှင်းလိမ့်မယ်။ ဘုရားဆီမှာ ခိုလှုံသူတွေကတော့ ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်” လို့ ဆာလံ ၂:၁၀-၁၂ မှာ ပြောတယ်။ ဆန့်ကျင်သူတွေကို ယေဟောဝါ ကြင်နာစွာ အခွင့်အရေး တံခါး ဖွင့်ပေးထားတယ်။ သူတို့ စိတ်ပြောင်းပြီး ယေဟောဝါရဲ့ နိုင်ငံကို လက်ခံလို့ ရတယ်။ ဒါပေမဲ့ အချိန် သိပ်မရှိတော့ဘူး။ (ဟေရှာ. ၆၁:၂) ဒါကြောင့် အချက်အလက် အမှန်ကို သိအောင် လုပ်ပြီး မှန်မှန်ကန်ကန် ရွေးချယ်ဖို့ အရေးကြီးနေပြီ။ w21.09 ၁၅-၁၆ ¶၈-၉
အင်္ဂါနေ့၊ မေ ၂၃
စားစရာ၊ ဝတ်စရာ ရှိနေတယ်ဆိုရင် ရှိတာလေးနဲ့ ရောင့်ရဲနေရမယ်။—၁ တိ. ၆:၈။
ကိုယ့်မှာ ရှိထားတာနဲ့ ရောင့်ရဲသင့်တယ်လို့ ပေါလု ပြောနေတာပါ။ (ဖိ. ၄:၁၂) တန်ဖိုးအရှိဆုံး ပိုင်ဆိုင်ရာဟာ ကိုယ့်မှာ ရှိထားတဲ့ ရုပ်ပစ္စည်းတွေ မဟုတ်ဘူး။ ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိခြင်းပဲ။ (ဟဗ. ၃:၁၇၊ ၁၈) တောကန္တာရမှာ နှစ်ပေါင်း ၄၀ လှည့်လည်ပြီးနောက် အစ္စရေးတွေကို မောရှေ ဘာပြောကြောင်း စဉ်းစားကြည့်ပါ– “မင်းတို့ရဲ့ဘုရား ယေဟောဝါက မင်းတို့လုပ်သမျှကို ကောင်းချီးပေးခဲ့ပြီပဲ။ . . . မင်းတို့ရဲ့ဘုရား ယေဟောဝါက ဒီအနှစ် ၄၀ လုံး အတူရှိနေတဲ့အတွက် မင်းတို့မှာ လိုလေသေးမရှိ ပြည့်စုံခဲ့ပြီ။” (တရား. ၂:၇) အဲဒီနှစ် ၄၀ အတွင်း အစ္စရေးတွေ စားဖို့ ယေဟောဝါ မန္နမုန့် ချပေးတယ်။ အီဂျစ်ပြည်ကနေ ထွက်လာတုန်းက ဝတ်ခဲ့တဲ့ အဝတ်အစားတွေလည်း မဟောင်းနွမ်းဘူး။ (တရား. ၈:၃၊ ၄) ကျွန်တော်တို့ ရောင့်ရဲတတ်ဖို့ သင်ယူမယ်၊ ဘုရားပြင်ဆင်ပေးတဲ့ အသေးအမွှားလေးတွေကိုတောင် ကျေးဇူးတင်မယ်၊ ကောင်းချီးအဖြစ် သဘောထားပြီး ကျေးဇူးတင်ချီးမွမ်းမယ်ဆိုရင် ယေဟောဝါ နှစ်သက်ပါလိမ့်မယ်။ w22.01 ၅ ¶၁၀-၁၁
ဗုဒ္ဓဟူးနေ့၊ မေ ၂၄
ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားပါ။ ကိုယ့်ရဲ့ သိနားလည်နိုင်စွမ်းကို အားမကိုးနဲ့။—ပညာ. ၃:၅။
ခင်ပွန်းတို့၊ ယောရှဖတ်ရဲ့ ပုံနမူနာကနေ သင်ယူနိုင်ပါတယ်။ သင်တို့ဟာ မိသားစုအတွက် တာဝန်ရှိသူ ဖြစ်လို့ ထောက်ပံ့ပေးဖို့ အလုပ်ကြိုးစားကြတယ်။ အခက်အခဲတွေ ရင်ဆိုင်ရတဲ့အခါ ကိုယ့်ဟာကိုယ် ဖြေရှင်းနိုင်တယ်လို့ ခံစားရတဲ့အချိန်တွေ ရှိနိုင်တယ်။ ဒါပေမဲ့ ကိုယ့်အစွမ်းခွန်အားကို အားမကိုးပါနဲ့။ ယေဟောဝါဆီ သီးသန့် ဆုတောင်းပြီး အကူအညီ တောင်းပါ။ ဇနီးနဲ့အတူလည်း ဆုတောင်းပါ။ ကျမ်းစာနဲ့ အဖွဲ့အစည်းထုတ် စာပေတွေ လေ့လာခြင်းအားဖြင့် ယေဟောဝါဆီက လမ်းညွှန်မှု ရှာပါ။ ရလာတဲ့ အကြံဉာဏ်အတိုင်း လိုက်လျှောက်ပါ။ သင့်ရဲ့ ကျမ်းစာအခြေပြု ဆုံးဖြတ်ချက်တွေကို တချို့ သဘောတူချင်မှ တူမယ်။ ငွေ၊ ငွေနဲ့ ဝယ်လို့ရတဲ့ အရာတွေကသာ မိသားစုကို အကောင်းဆုံး ကာကွယ်မှု ပေးနိုင်မယ်လို့တောင် ပြောကြမယ်။ ဒါပေမဲ့ ဘုရင် ယောရှဖတ်ရဲ့ ပုံနမူနာကို သတိရပါ။ (၂ ရာ. ၂၀:၁-၃၀) ယေဟောဝါကို သူ ယုံကြည်ကိုးစားပြီး လုပ်ရပ်နဲ့ သက်သေပြတယ်။ အဲဒီသစ္စာရှိသူ ယောရှဖတ်ကို ယေဟောဝါ မစွန့်သလို သင့်ကိုလည်း စွန့်မှာ မဟုတ်ဘူး။—ဆာ. ၃၇:၂၈။ ဟီ. ၁၃:၅။ w21.11 ၁၅ ¶၆။ ၁၆ ¶၈
ကြာသပတေးနေ့၊ မေ ၂၅
ဘုရားသခင်ဟာ . . . မတရားမှုကင်းတဲ့ ဘုရား[ပဲ]။—တရား. ၃၂:၄။
ဘုရားပုံသဏ္ဌာန်နဲ့အညီ ဖန်ဆင်းခံထားရလို့ လူတွေ မျှမျှတတ ဆက်ဆံခံရတာကို ကျွန်တော်တို့ မြင်ချင်ကြတယ်။ (က. ၁:၂၆) ဒါပေမဲ့ အချက်အလက် အားလုံး သိတယ်လို့ ထင်ရင်တောင် မစုံလင်သူတွေ ဖြစ်လို့ ကိစ္စရပ်တွေကို တလွဲ ဝေဖန်ဆုံးဖြတ်မိနိုင်တယ်။ ဥပမာ၊ နိနဝေမြို့သားတွေကို ကရုဏာပြဖို့ ယေဟောဝါ ဆုံးဖြတ်ချိန်မှာ ယောန ဘယ်လောက် စိတ်ဆိုးခဲ့ကြောင်း စဉ်းစားကြည့်ပါ။ (ယောန ၃:၁၀–၄:၁) ဒါပေမဲ့ ဘုရား ကရုဏာပြလို့ ဘာရလဒ် ရသလဲ။ နောင်တရတဲ့ နိနဝေမြို့သား ၁၂၀,၀၀၀ ကျော် အသက်ချမ်းသာရာ ရခဲ့တယ်။ နောက်ဆုံးမှာ ယေဟောဝါ မဟုတ်ဘဲ ယောနပဲ ပြောင်းလဲခဲ့ရတယ်။ မိမိဆုံးဖြတ်ချက်အကြောင်း လူတွေကို ရှင်းပြဖို့ ယေဟောဝါမှာ တာဝန် မရှိဘူး။ အရင်တုန်းကတော့ မိမိဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး ကျေးကျွန်တွေရဲ့ သဘောထားကို ထုတ်ပြောခွင့် ပြုခဲ့တာ မှန်ပါတယ်။ (က. ၁၈:၂၅။ ယောန ၄:၂၊ ၃) တစ်ခါတလေ မိမိဆုံးဖြတ်ချက်အကြောင်း ရှင်းပြတယ်။ (ယောန ၄:၁၀၊ ၁၁) ဒါပေမဲ့ ယေဟောဝါဟာ တစ်ခုခု မလုပ်ခင်မှာရော လုပ်ပြီးနောက်မှာပါ ကျွန်တော်တို့ရဲ့ ခွင့်ပြုချက်၊ သဘောတူညီချက် မလိုပါဘူး။—ဟေရှာ. ၄၀:၁၃၊ ၁၄။ ၅၅:၉။ w22.02 ၃-၄ ¶၅-၆
သောကြာနေ့၊ မေ ၂၆
ခင်ဗျားတို့ထဲမှာ အကြီးမြတ်ဆုံးဟာ အငယ်ဆုံးလို ဖြစ်ရမယ်။ ဦးဆောင်နေသူကလည်း အလုပ်အကျွေးပြုသူလို ဖြစ်ရမယ်။—လု. ၂၂:၂၆။
‘သူတစ်ပါးက ကိုယ့်ထက်သာတယ်’ လို့ ကျွန်တော်တို့ သဘောထားမှ “အငယ်ဆုံး” သူလို ဖြစ်နိုင်မယ်။ (ဖိ. ၂:၃) အဲဒီလို သဘောထား မွေးမြူနိုင်လေ တခြားသူတွေကို တိုက်မိလဲအောင် လုပ်မိစရာ အကြောင်းနည်းလေ ဖြစ်လိမ့်မယ်။ ညီအစ်ကို/မ အားလုံးဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ကျွန်တော်တို့ထက် သာတယ်။ သူတို့ရဲ့ အရည်အသွေးကောင်းတွေကို အာရုံစိုက်မယ်ဆိုရင် ကိုယ့်ထက် သာတယ်ဆိုတာ မြင်တတ်လာမယ်။ “သူတစ်ပါးထက် သာတယ်လို့ ကိုယ့်ကိုယ်ကိုယ် ဘာလို့ယူဆတာလဲ။ ခင်ဗျားတို့ ရထားသမျှဟာ ဘုရားသခင်ဆီကပဲ။ ဘုရားသခင်ဆီက ရထားတာဆိုရင် မရထားသလိုမျိုး ဘာလို့ ဝါကြွားနေတာလဲ” ဆိုတဲ့ ပေါလုရဲ့ ဆုံးမစကားကို ကျွန်တော်တို့ နှလုံးသွင်းသင့်တယ်။ (၁ ကော. ၄:၇) အာရုံစိုက်ခံချင်တဲ့ သဘောထား၊ တခြားသူထက် သာတယ်ဆိုတဲ့ သဘောထားတွေကို ရှောင်သင့်တယ်။ အဟောအပြော ကောင်းတဲ့ ညီအစ်ကိုတွေ၊ ထိထိရောက်ရောက် ကျမ်းစာသင်ပေးနိုင်တဲ့ ညီအစ်မတွေဟာ ကိုယ့်လုပ်နိုင်စွမ်းအတွက် ယေဟောဝါကိုပဲ အမြဲ ဂုဏ်တင်ချီးမွမ်းသင့်တယ်။ w21.06 ၂၂ ¶၉-၁၀
စနေနေ့၊ မေ ၂၇
မျိုးစေ့ကြဲပါ။ . . . လက်ကို အနားမပေးပါနဲ့။—ဒေ. ၁၁:၆။
သက်သေခံများစွာအတွက် အိမ်တွေမှာ လူတွေ့ဖို့ ပိုခက်လာတယ်။ တချို့က လုံခြုံရေး တင်းကျပ်တဲ့ အဆောက်အအုံတွေ ရှိတဲ့ ဒေသမှာ နေထိုင်ကြတယ်။ လုံခြုံရေး ဝန်ထမ်းတွေက အိမ်ရှင်တစ်ယောက်ယောက် ဖိတ်ခေါ်ထားတာ မရှိရင် ဝင်ခွင့်မပြုတာမျိုး ဖြစ်နိုင်တယ်။ သက်သေခံတချို့ကတော့ အိမ်တွေမှာ လူသိပ်မရှိတာ ဒါမှမဟုတ် လူနေကျဲတဲ့ ရပ်ကွက်တွေမှာ ဟောပြောကြရတယ်။ လူရှိမရှိ မသေချာတဲ့ အိမ်လေးတစ်အိမ် ရောက်ဖို့ အဝေးကြီး သွားရနိုင်တယ်။ အဲဒီလို အခက်အခဲတွေ ကြုံနေရတယ်ဆိုရင် လက်မလျှော့ပါနဲ့။ လူတွေကို တွေ့ဖို့ အချိန် ပြောင်းကြည့်ပါ။ အိမ်မှာ လူရှိမယ့်အချိန် သွားမှ လူတွေနဲ့ တွေ့နိုင်မယ်။ တစ်ချိန်ချိန်မှာတော့ လူတိုင်း အိမ်ပြန်လာကြရတာပဲ။ ညီအစ်ကို/မများစွာဟာ လူပိုတွေ့နိုင်မယ့် မွန်းလွဲပိုင်း၊ ညနေပိုင်းတွေမှာ ဟောပြောတာ ပိုလက်တွေ့ကျကြောင်း တွေ့ရှိခဲ့ကြတယ်။ အဲဒီလိုအချိန်တွေမှာ အိမ်ရှင်တွေ ပိုအေးအေးဆေးဆေး ဖြစ်နေပြီး လိုလိုလားလား စကားပြောကြတယ်။ w21.05 ၁၅ ¶၅၊ ၇
တနင်္ဂနွေနေ့၊ မေ ၂၈
သူတို့က လူ့ထုံးတမ်းစဉ်လာကို ငါ့အယူဝါဒသဖွယ် သွန်သင်တဲ့အတွက် ငါ့ကို ကိုးကွယ်နေတာ အချည်းနှီးပဲ။—မာ. ၇:၇။
ဒီနေ့ခေတ်မှာကော အလားတူ ပြဿနာ ရှိသလား။ ရှိပါတယ်။ မွေးနေ့၊ ခရစ်စမတ် စတဲ့ ကျမ်းစာနဲ့ မညီတဲ့ ပွဲနေ့တွေ မကျင်းပလို့ ယေဟောဝါသက်သေတွေကို လူများစွာ မကြိုက်ကြဘူး။ တချို့ကျတော့လည်း နိုင်ငံရေး အခမ်းအနားတွေမှာ မပါဝင်လို့၊ ကျမ်းစာနဲ့ မညီတဲ့ အသုဘဓလေ့ထုံးစံတွေ မလိုက်လို့ ယေဟောဝါသက်သေတွေကို စိတ်ဆိုးကြတယ်။ အဲဒီလို အကြောင်းရင်းတွေကြောင့် ငြင်းပယ်သူတွေဟာ ဘုရားကို နည်းမှန်လမ်းကျ ဝတ်ပြုနေတယ်လို့ စိတ်ရင်းမှန်နဲ့ ယူဆနေကြတယ်။ ဒါပေမဲ့ ကျမ်းစာမှာ ပါတဲ့ ရှင်းလင်းတဲ့ သွန်သင်ချက်တွေထက် လောက ထုံးတမ်းစဉ်လာတွေကို ပိုနှစ်သက်နေမယ်ဆိုရင် ဘုရားမျက်နှာသာ ရမှာ မဟုတ်ဘူး။ (မာ. ၇:၈၊ ၉) ယုံကြည်ခြင်း မပျောက်ဆုံးအောင် ကျွန်တော်တို့ ဘယ်လို ကာကွယ်မလဲ။ ယေဟောဝါရဲ့ ပညတ်နဲ့ မူတွေကို နှစ်နှစ်ကာကာ ချစ်တတ်ဖို့ ကြိုးစားရမယ်။ (ဆာ. ၁၁၉:၉၇၊ ၁၁၃၊ ၁၆၃-၁၆၅) ယေဟောဝါကို ချစ်မယ်ဆိုရင် ဘုရား မနှစ်သက်တဲ့ ထုံးတမ်းစဉ်လာ မှန်သမျှကို ငြင်းပယ်ပါလိမ့်မယ်။ ဘယ်အရာကြောင့်မှ ယေဟောဝါအပေါ် ထားတဲ့ မေတ္တာကို အတားအဆီးဖြစ်ခွင့် ပြုမှာ မဟုတ်ဘူး။ w21.05 ၆ ¶၁၅-၁၆
တနင်္လာနေ့၊ မေ ၂၉
မင်းကတော့ အရာရာမှာ သတိရှိနေပါ။ အခက်အခဲတွေကို ခံရပ်ပါ။ သတင်းကောင်းကို ဆက်ဟောပြောနေပါ။—၂ တိ. ၄:၅။
တမန်တော် ပေါလုရဲ့ အကြံဉာဏ်ကို ဘယ်လို ကျင့်သုံးနိုင်သလဲ။ ပုံမှန် ကျမ်းစာ ဖတ်ရှုလေ့လာခြင်း၊ မပြတ် ဆုတောင်းခြင်း၊ ယေဟောဝါ ပေးအပ်ထားတဲ့ လုပ်ငန်းမှာ အလုပ်များနေခြင်းအားဖြင့် ယုံကြည်ခြင်း ခိုင်မာအောင် တည်ဆောက်ဖို့ လိုတယ်။ (၂ တိ. ၄:၄) ယုံကြည်ခြင်း ရှိမယ်ဆိုရင် မကောင်းသတင်းတွေကြောင့် ထိတ်ထိတ်ပျာပျာ ဖြစ်မှာ မဟုတ်ဘူး။ (ဟေရှာ. ၂၈:၁၆) ယေဟောဝါ၊ ကျမ်းစာ၊ ညီအစ်ကို/မတွေကို ချစ်တဲ့ မေတ္တာက အမှန်တရားကို ကျောခိုင်းသွားသူတွေကြောင့် ယုံကြည်ခြင်း မပျောက်ဆုံးသွားအောင် ကာကွယ်ပေးပါလိမ့်မယ်။ ပထမရာစုမှာ ယေရှုကို ငြင်းပယ်သူ များစွာ ရှိသလို လက်ခံသူ များစွာလည်း ရှိပါတယ်။ အဲဒီထဲမှာ ဂျူးတရားရုံးချုပ် အဖွဲ့ဝင် အနည်းဆုံး တစ်ယောက်နဲ့ “ပုရောဟိတ် အတော်များများ” ပါဝင်တယ်။ (တ. ၆:၇။ မ. ၂၇:၅၇-၆၀။ မာ. ၁၅:၄၃) ဒီနေ့လည်း လူသန်းပေါင်းများစွာဟာ ယေရှုနောက် လိုက်ဖို့ ဆုံးဖြတ်ထားကြတယ်။ ကျမ်းစာ အမှန်တရားတွေကို သိပြီး မြတ်နိုးကြလို့ပဲ။ “ပညတ်တော်ကို အလွန်နှစ်သက်သူတွေဟာ သိပ်ကို ငြိမ်သက်အေးချမ်းပါတယ်။ ဘာကမှ သူတို့ကို တိုက်မိလဲအောင် မလုပ်နိုင်ဘူး” လို့ ကျမ်းစာမှာ ပြောထားတယ်။—ဆာ. ၁၁၉:၁၆၅။ w21.05 ၁၃ ¶၂၀-၂၁
အင်္ဂါနေ့၊ မေ ၃၀
မင်း အားနည်းတဲ့အခါ ငါ့တန်ခိုး အပြည့်အဝ ထင်ရှားလို့ပဲ။—၂ ကော. ၁၂:၉။
ယေဟောဝါရဲ့ အမှုတော်မှာ မိမိ လုပ်ဆောင်သမျှ အရာအားလုံးဟာ ကိုယ့်အစွမ်းအစကြောင့် မဟုတ်ဘဲ ဘုရားရဲ့ အစွမ်းခွန်အားကြောင့်ဖြစ်တယ်ဆိုတာ တမန်တော် ပေါလု နားလည်တယ်။ နှိပ်စက်ညှဉ်းပန်းမှု၊ ထောင်ချခံရမှု၊ တခြား အခက်အခဲတွေကြား အမှုဆောင်လုပ်ငန်း အပြည့်အဝ ပြီးမြောက်နိုင်ဖို့ သန့်ရှင်းသော စွမ်းအားတော်ကတစ်ဆင့် ပေါလုကို ယေဟောဝါ ခွန်အားပေးခဲ့တယ်။ ပေါလုရဲ့ တွဲဖက် လူငယ်တိမောသေလည်း အမှုဆောင်လုပ်ငန်းမှာ ဘုရားရဲ့ ခွန်အားကို အားကိုးခဲ့တယ်။ ပေါလုနဲ့အတူ သာသနာပြု ခရီးစဉ်တွေမှာ လိုက်ပါတဲ့အပြင် အသင်းတော်တွေကို လည်ပတ်အားပေးဖို့လည်း စေလွှတ်ခံခဲ့ရတယ်။ (၁ ကော. ၄:၁၇) အရည်အချင်း မပြည့်မီဘူးလို့ တိမောသေ ခံစားမိနိုင်တယ်။ ဒါကြောင့်လည်း “ငယ်ရွယ်သူ ဖြစ်နေလို့ဆိုပြီး မင်းကို ဘယ်သူမှ အထင်မသေးပါစေနဲ့” လို့ ပေါလု အားပေးခဲ့တာ ဖြစ်နိုင်တယ်။ (၁ တိ. ၄:၁၂) အဲဒီအပြင် ကိုယ်ခန္ဓာမှာ စူးတဲ့ဆူးလည်း ရှိတယ်။ “မကြာခဏ ခံစားနေရတဲ့ အဖျားအနာ” ဖြစ်တယ်။ (၁ တိ. ၅:၂၃) ဒါပေမဲ့ သတင်းကောင်း ဟောဖို့၊ ညီအစ်ကိုတွေရဲ့ အကျိုး သယ်ပိုးဖို့ လိုအပ်တဲ့ အစွမ်းခွန်အားကို ယေဟောဝါ ပေးမယ်ဆိုတာ တိမောသေ သိတယ်။—၂ တိ. ၁:၇။ w21.05 ၂၁-၂၂ ¶၆-၇
ဗုဒ္ဓဟူးနေ့၊ မေ ၃၁
သိုးတွေကို ကောင်းကောင်း ဂရုစိုက်ပါ။—ပညာ. ၂၇:၂၃။
ယာကုပ် ၁:၁၉ မှာ ပါတဲ့ မူက အကြံပေးမယ့်သူတွေနဲ့ သက်ဆိုင်တယ်။ “လူတိုင်းဟာ နားထောင်ဖို့ အမြဲအသင့်ဖြစ်နေရမယ်။ စကားပြောတဲ့အခါမှာ မစဉ်းစားမဆင်ခြင်ဘဲ မပြောရဘူး။ လွယ်လွယ်နဲ့ ဒေါသမထွက်ရဘူး” လို့ ယာကုပ် ပြောတယ်။ အချက်အလက်အားလုံး သိတယ်လို့ အကြီးအကဲ ထင်နိုင်ပေမဲ့ တကယ်ကော သိလို့လား။ “အကြောင်းစုံကို နားမထောင်သေးဘဲနဲ့ ပြန်ပြောတဲ့သူဟာ မိုက်မဲရုံမက အရှက်ခွဲခြင်းကိုပါ ခံရတတ်တယ်” လို့ ပညာအလိမ္မာ ၁၈:၁၃ မှာ သတိပေးထားတယ်။ ကာယကံရှင်ကိုယ်တိုင် ပြောတာကို နားထောင်တာ အကောင်းဆုံးပါပဲ။ ဒါကြောင့် စကားမပြောခင် နားထောင်သင့်တယ်။ “ဘာတွေ ကြုံနေရသလဲ၊” “ဘာကူညီပေးရမလဲ” လို့ အကြီးအကဲ မေးသင့်တယ်။ အရင်ဆုံး အကြောင်းစုံ သိအောင် လုပ်ထားမယ်ဆိုရင် ညီအစ်ကို/မတွေကို ပိုအားပေးထောက်မနိုင်ပါလိမ့်မယ်။ ထိရောက်တဲ့ အကြံဉာဏ် ဖြစ်ဖို့ဆိုရင် ကျမ်းချက်လေး ဖတ်ပြရုံ၊ အကြံပြုချက် တစ်ခုနှစ်ခုလောက် ပေးရုံနဲ့ မလုံလောက်ဘူး။ မိမိတို့ကို စိတ်ဝင်စားကြောင်း၊ နားလည်ကြောင်း၊ ကူညီပေးချင်ကြောင်း ညီအစ်ကို/မတွေ ခံစားရဖို့ လိုတယ်။ w22.02 ၁၇ ¶၁၄-၁၅