ဒီဇင်ဘာ
သောကြာနေ့၊ ဒီဇင်ဘာ ၁
သူတို့က ကျွန်တော့်အသံကို နားထောင်တယ်။—ယော. ၁၀:၁၆။
ယေရှုက တပည့်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတာကို သိုးထိန်းနဲ့ သိုးတွေကြားက ရင်းနှီးမှုနဲ့ နှိုင်းယှဉ်ခဲ့တယ်။ (ယော. ၁၀:၁၄) အဲဒီလို နှိုင်းယှဉ်တာ သင့်တော်တယ်။ သိုးတွေဟာ သိုးထိန်းရဲ့ အသံကို သိပြီး နားထောင်ကြတယ်။ အဲဒါကို ခရီးသွားတစ်ယောက် ကိုယ်တွေ့ ကြုံခဲ့တယ်။ “သိုးတချို့ကို ဓာတ်ပုံရိုက်ချင်လို့ အနားလာအောင် လုပ်ပေမဲ့ ကျွန်တော်တို့ အသံကို မသိတော့ မလာကြဘူး။ သိုးထိန်း ကောင်လေး ရောက်လာပြီး ခေါ်တဲ့အခါမှာတော့ အားလုံး သူ့နောက်ကို လိုက်ကြတယ်” လို့ ပြောတယ်။ အဲဒီခရီးသွားရဲ့ အတွေ့အကြုံက တပည့်တွေကို သိုးနဲ့ ခိုင်းနှိုင်းတဲ့ ယေရှုရဲ့ စကားကို သတိရစေတယ်။ “သူတို့က ကျွန်တော့်အသံကို နားထောင်တယ်” လို့ ယေရှု ပြောတယ်။ ဒါပေမဲ့ ယေရှုက ကောင်းကင်မှာ ရှိနေတော့ သူ့စကားသံကို ကျွန်တော်တို့ ဘယ်လို ကြားနိုင်မလဲ။ ယေရှုရဲ့ သွန်သင်ချက်တွေကို လေ့လာခြင်းအားဖြင့် ကြားနိုင်တယ်။ ဘဝမှာ လက်တွေ့ကျင့်သုံးခြင်းအားဖြင့် နားထောင်နိုင်တယ်။—မ. ၇:၂၄၊ ၂၅။ w21.12 ၁၆ ¶၁-၂
စနေနေ့၊ ဒီဇင်ဘာ ၂
လူအားလုံးဟာ အပြစ်ရှိသူတွေ ဖြစ်လို့ ဘုရားသခင်ရဲ့ ဘုန်းတော်နဲ့ အလှမ်းဝေးကြပြီ။—ရော. ၃:၂၃။
တမန်တော် ပေါလုဟာ ခေါင်းမာသူ၊ ခရစ်ယာန်တွေကို နှိပ်စက်ညှဉ်းပန်းသူ ဖြစ်ခဲ့တယ်။ နောက်ပိုင်း၊ ကိုယ့်အမှားတွေကို သိလာပြီး စိတ်သဘောထားနဲ့ စရိုက်တွေကို လိုလိုလားလား ပြောင်းလဲခဲ့တယ်။ (၁ တိ. ၁:၁၂-၁၆) ယေဟောဝါရဲ့ အကူအညီကြောင့် မေတ္တာရှိတဲ့၊ သနားစာနာတဲ့၊ နှိမ့်ချတဲ့ သိုးထိန်း ဖြစ်လာတယ်။ အားနည်းချက်တွေကိုပဲ မစဉ်းစားဘူး။ ယေဟောဝါ ခွင့်လွှတ်ပေးမယ်ဆိုတာ ယုံကြည်တယ်။ (ရော. ၇:၂၁-၂၅) ပြည့်ဝစုံလင်ဖို့ မမျှော်လင့်ဘူး။ အဲဒီအစား ခရစ်ယာန် အရည်အသွေးတွေ တင်ပြရာမှာ တိုးတက်ဖို့ နှိမ့်ချစွာ ကြိုးစားတယ်။ အမှုဆောင်လုပ်ငန်း အောင်မြင်ဖို့ ယေဟောဝါရဲ့ အကူအညီကို ပေါလု အားကိုးတယ်။ (၁ ကော. ၉:၂၇။ ဖိ. ၄:၁၃) ပြည့်ဝစုံလင်လို့ အကြီးအကဲအဖြစ် ခန့်အပ်ခံရတာ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်အမှားတွေကို အသိအမှတ်ပြု ဝန်ခံဖို့၊ ခရစ်ယာန် အရည်အသွေးတွေ မွေးမြူဖို့ ယေဟောဝါ မျှော်လင့်တယ်။ (ဧ. ၄:၂၃၊ ၂၄) အကြီးအကဲတစ်ယောက်ဟာ ကျမ်းစာသုံးပြီး ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်သင့်တယ်။ လိုအပ်သလို ပြုပြင်ပြောင်းလဲသင့်တယ်။ ဒါဆိုရင် ပျော်ရွှင်၊ အောင်မြင်ဖို့ ယေဟောဝါ ကူညီပေးပါလိမ့်မယ်။—ယာ. ၁:၂၅။ w22.03 ၂၉-၃၀ ¶၁၃-၁၅
တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၃
သူတစ်ပါးကို ဝေဖန်အကဲဖြတ်တာမျိုး မလုပ်ပါနဲ့တော့။—မ. ၇:၁။
ယုံကြည်သူချင်းတွေကို ဝေဖန်အကဲဖြတ်တာမျိုး လုပ်တတ်မှန်း သတိထားမိရင် ဘာလုပ်နိုင်သလဲ။ ညီအစ်ကို/မတွေကို ချစ်ရမယ်ဆိုတာ သတိရပါ။ (ယာ. ၂:၈) တခြားသူတွေကို ဝေဖန်အကဲဖြတ်တာမျိုး မလုပ်မိအောင် ကူညီပေးဖို့ ယေဟောဝါဆီ စိတ်ထက်သန်စွာ ဆုတောင်းပါ။ ကိုယ်အပြစ်မြင်နေသူကို ကိုယ့်ဘက်က အစပြု စကားပြောခြင်းအားဖြင့် ဆုတောင်းတဲ့အတိုင်း လုပ်ဆောင်ပါ။ အမှုဆောင်မှာ အတူတွဲဖို့ ကမ်းလှမ်းနိုင်တယ်။ ထမင်းစား ဖိတ်နိုင်တယ်။ သူ့အကြောင်း ပိုသိလာတဲ့အခါ ကောင်းကွက်တွေကို မြင်ဖို့ ကြိုးစားပါ။ ဒါဟာ ယေဟောဝါနဲ့ ယေရှုရဲ့ ပုံသက်သေကို လိုက်လျှောက်ရာ ရောက်တယ်။ ဒီနည်းအားဖြင့် တခြားသူတွေကို ဝေဖန်အကဲဖြတ်တာမျိုး မလုပ်ပါနဲ့တော့ဆိုတဲ့ သိုးထိန်းကောင်းရဲ့ စကားကို နားထောင်ကြောင်း ပြနိုင်တယ်။ ပကတိသိုးတွေဟာ သိုးထိန်းရဲ့ စကားကို နားထောင်သလို နောက်လိုက်တွေလည်း ယေရှုရဲ့ စကားကို နားထောင်ကြတယ်။ ကျွန်တော်တို့ဟာ “သိုးစုငယ်” အဝင်ဖြစ်စေ၊ “တခြားသိုး” အဝင်ဖြစ်စေ သိုးထိန်းကောင်းရဲ့ စကားကို ဆက်နားထောင်၊ နာခံကြပါစို့။—လု. ၁၂:၃၂။ ယော. ၁၀:၁၁၊ ၁၄၊ ၁၆။ w21.12 ၁၉-၂၁ ¶၁၁၊ ၁၇-၁၈
တနင်္လာနေ့၊ ဒီဇင်ဘာ ၄
ရောဗောင်မင်းက အသက်ကြီးသူတွေရဲ့ အကြံပေးချက်ကို လက်မခံ[ဘူး]။—၁ ဘု. ၁၂:၈။
ရောဗောင် အစ္စရေးဘုရင် ဖြစ်လာချိန်မှာ ပြည်သူတွေ တစ်ခု တောင်းဆိုတယ်။ ခမည်းတော် ရှောလမုန် တင်ခဲ့တဲ့ လေးလံတဲ့ ထမ်းပိုးကို ပေါ့အောင် လုပ်ပေးဖို့ပါ။ လူတွေကို ဘာပြန်ပြောရမလဲဆိုတာ သိဖို့ အစ္စရေး အသက်ကြီးသူတွေနဲ့ တိုင်ပင်တာ ချီးမွမ်းစရာပါပဲ။ လူတွေ တောင်းဆိုတာကိုသာ လိုက်လျောရင် ရောဗောင်ဆီမှာ သူတို့ အမြဲ အမှုထမ်းကြမယ်လို့ အသက်ကြီးသူတွေ အကြံပေးတယ်။ (၁ ဘု. ၁၂:၃-၇) အဲဒီအကြံကို မကြိုက်လို့ ငယ်ပေါင်းကြီးဖော်တွေနဲ့ တိုင်ပင်တယ်။ သူတို့က လူတွေရဲ့ ဝန်ကို ပိုလေးအောင်လုပ်ဖို့ မကောင်းတဲ့ အကြံ ပေးကြတယ်။ (၁ ဘု. ၁၂:၉-၁၁) ရောဗောင်ဟာ ဘယ်အကြံအတိုင်း လိုက်သင့်သလဲ သိအောင် ယေဟောဝါဆီ မေးလို့ ရတယ်။ ဒါပေမဲ့ သက်တူရွယ်တူတွေရဲ့ စကားကို နားထောင်လိုက်တယ်။ ဒါကြောင့် ရောဗောင်နဲ့ အစ္စရေးတွေ ဆိုးကျိုးတွေ ရင်ဆိုင်ရတယ်။ ကျွန်တော်တို့လည်း ကိုယ်ရတဲ့အကြံဉာဏ်က အမြဲ ကိုယ့်အကြိုက် ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမဲ့ ကျမ်းစာအခြေခံတဲ့ အကြံဉာဏ် ဖြစ်မယ်ဆိုရင် လက်ခံသင့်တယ်။ w22.02 ၉ ¶၆
အင်္ဂါနေ့၊ ဒီဇင်ဘာ ၅
လူငယ်တွေရဲ့ ဂုဏ်ဟာ အစွမ်းခွန်အား။—ပညာ. ၂၀:၂၉။
နှိမ့်ချကျိုးနွံသူဟာ လူငယ်တွေ အတွေ့အကြုံ မရှိတာကို အာရုံမစိုက်ဘဲ လူငယ့်အစွမ်းခွန်အားကိုပဲ အာရုံစိုက်ကြတယ်။ လူငယ်တွေကို ပြိုင်ဖက်အဖြစ် မဟုတ်ဘဲ လုပ်ဖော်ဆောင်ဖက်တွေအဖြစ် သဘောထားကြတယ်။ အသက်ကြီးသူတွေဟာ လူငယ်တွေကို ယေဟောဝါဆီက လက်ဆောင်အဖြစ် သဘောထားပြီး ကျေးဇူးတင်လေးမြတ်ကြတယ်။ ကိုယ့်ကာယခွန်အား နည်းလာချိန်မှာ အသင်းတော် တာဝန်တွေ လိုလိုလားလား လက်လွှဲယူနိုင်မယ့်၊ အစွမ်းခွန်အား ပြည့်နေတဲ့ လူငယ်တွေ ရှိနေတာကို ကျေးဇူးတင်ကြတယ်။ ကျမ်းစာထဲက နောမိဟာ အသက်ကြီးသူတွေအတွက် အကောင်းဆုံး ပုံနမူနာတစ်ခုပဲ။ လူငယ်ဆီက အကူအညီကို ကျေးဇူးတင်စွာ လက်ခံခဲ့တယ်။ မုဆိုးမဖြစ်သွားတဲ့ ချွေးမ ရုသကို ကိုယ့်လူမျိုး ရှိရာ ပြန်ဖို့ အစပိုင်းမှာ နောမိ တိုက်တွန်းတယ်။ ဒါပေမဲ့ ဘက်သလီဟင်မြို့ကို လိုက်ခွင့်ပြုဖို့ ရုသ အတင်းတောင်းပန်တဲ့အခါ ခွင့်ပြုလိုက်တယ်။ ရုသရဲ့ အကူအညီကို ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့တယ်။ (ရု. ၁:၇၊ ၈၊ ၁၈) ဒါဟာ အမျိုးသမီး နှစ်ယောက်စလုံးအတွက် ကောင်းချီးဖြစ်ခဲ့တယ်။ (ရု. ၄:၁၃-၁၆) နှိမ့်ချတဲ့ အသက်ကြီးသူတွေဟာ နောမိရဲ့ ပုံနမူနာကို တုပကြပါလိမ့်မယ်။ w21.09 ၁၀-၁၁ ¶၉-၁၁
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၆
ဘုရားသခင်ဟာ ဖြောင့်မတ်တဲ့ဘုရား ဖြစ်လို့ ခင်ဗျားတို့ရဲ့ လုပ်ရပ်ကို၊ နာမတော်အတွက် ပြတဲ့ မေတ္တာကို ဘယ်တော့မှ မမေ့ပါဘူး။—ဟီ. ၆:၁၀။
ကောင်းကင်ဖခင်က ကျွန်တော်တို့တစ်ယောက်စီရဲ့ အခြေအနေကို နားလည်တယ်။ သင်ဟာ တခြားသူတွေထက် ပိုလုပ်နိုင်တာ ဖြစ်မယ်။ ဒါမှမဟုတ် အသက်အရွယ်၊ ကျန်းမာရေး၊ မိသားစု တာဝန်တွေကြောင့် တခြားသူတွေလောက် မလုပ်နိုင်တာ ဖြစ်မယ်။ စိတ်ဓာတ်မကျပါနဲ့။ (ဂလ. ၆:၄) သင့်လုပ်ဆောင်မှုကို ယေဟောဝါ မမေ့ပါဘူး။ စိတ်ရင်းမှန်နဲ့ အကောင်းဆုံး ပေးဆက်နေသရွေ့ ဘုရား နှစ်သက်တယ်။ သင့်ရဲ့ စိတ်ရင်းကို ယေဟောဝါ မြင်တယ်။ ဝတ်ပြုရေးမှာ တတ်နိုင်သလောက် ပေးဆက်ရင်း ပျော်ရွှင်ကျေနပ်စေချင်တယ်။ အခက်အခဲ ကြုံရချိန်မှာ ဝတ်ပြုသူတွေကို ယေဟောဝါ ကူညီပေးတယ်ဆိုတဲ့ အသိစိတ်ကြောင့် စိတ်ငြိမ်သက်မှု ခံစားရမယ်။ (ဟေရှာ. ၄၁:၉၊ ၁၀) ဒါကြောင့် ဖန်ဆင်းရာအားလုံးရဲ့ “ဂုဏ်တင်မှု၊ ချီးမွမ်းမှု” ရထိုက်တဲ့ ကောင်းကင်ဖခင်ကို ဝတ်ပြုရင်း ပျော်ရွှင်နေဖို့ အကြောင်းရင်းများစွာ ရှိပါတယ်။—ဗျာ. ၄:၁၁။ w22.03 ၂၄ ¶၁၆။ ၂၅ ¶၁၈
ကြာသပတေးနေ့၊ ဒီဇင်ဘာ ၇
ပညတ်ချက်တွေကို ချက်ချင်း စောင့်ထိန်းပါတယ်။ မနှောင့်နှေးပါဘူး။—ဆာ. ၁၁၉:၆၀။
ကျွန်တော်တို့ ယေရှုကို တုပချင်ကြတယ်။ ဒါပေမဲ့ အပြည့်အဝ မတုပနိုင်ဘူးဆိုရင် စိတ်ဓာတ်မကျပါနဲ့။ (ယာ. ၃:၂) ပန်းချီဆွဲ သင်နေတဲ့ တပည့်ဟာ ဆရာရဲ့ ပန်းချီကား လက်ရာအတိုင်း တစ်ထပ်တည်း တူအောင် ဆွဲနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အမှားတွေကနေ သင်ယူပြီး ဆရာ့ကို အတတ်နိုင်ဆုံး ကြိုးစားတုပမယ်ဆိုရင် လက်ရည်တက်လာပါလိမ့်မယ်။ အဲဒီလိုပဲ ကျွန်တော်တို့လည်း ကိုယ်ပိုင်လေ့လာမှုကနေ သိလာတာတွေကို လက်တွေ့ကျင့်မယ်၊ ဘယ်အားနည်းချက်ကိုမဆို ပြုပြင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားမယ်ဆိုရင် ယေရှုရဲ့ ပုံသက်သေကို အနီးစပ်ဆုံး လိုက်လျှောက်နိုင်ပါလိမ့်မယ်။ (ဆာ. ၁၁၉:၅၉) တစ်ကိုယ်ကောင်းဆန်သူတွေ ပြည့်နေတဲ့ လောကမှာ ကျွန်တော်တို့ အသက်ရှင်နေရတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ လူမျိုးကတော့ သူတို့နဲ့ မတူဘူး။ ယေရှုရဲ့ စွန့်လွှတ်အနစ်နာခံစိတ်ကြောင့် စိတ်ထိမိပြီး ယေရှုရဲ့ ပုံသက်သေကို လိုက်လျှောက်ဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ (၁ ပေ. ၂:၂၁) ယေရှုရဲ့ စွန့်လွှတ်အနစ်နာခံစိတ်ကို အတတ်နိုင်ဆုံး ကြိုးစားတုပမယ်ဆိုရင် ယေဟောဝါရဲ့ မျက်နှာသာရတယ်ဆိုတဲ့ အသိစိတ်ကြောင့် ပျော်ရွှင်မှု ခံစားရပါလိမ့်မယ်။ w22.02 ၂၅ ¶၁၆၊ ၁၈
သောကြာနေ့၊ ဒီဇင်ဘာ ၈
သူ့စာထဲမှာ နားလည်ရခက်တဲ့ အကြောင်းအရာတချို့ ပါတယ်။—၂ ပေ. ၃:၁၆။
ဒီနေ့ခေတ် မိမိလူမျိုးကို ယေဟောဝါ လမ်းညွှန်တဲ့ နည်းတစ်နည်းကတော့ နှုတ်မြွက်တော် ကျမ်းစာအားဖြင့်ပါပဲ။ ယေဟောဝါ သွန်သင်ပေးတာတွေကို အချိန်ယူ တွေးတောဆင်ခြင်မယ်ဆိုရင် ဘုရားလမ်းညွှန်ချက်အတိုင်း လိုက်နာနိုင်မှာ ဖြစ်ပြီး ဟောပြောခြင်းလုပ်ငန်း ပြီးမြောက်ပါလိမ့်မယ်။ (၁ တိ. ၄:၁၅၊ ၁၆) ယေဟောဝါ လမ်းညွှန်တဲ့ နောက်တစ်နည်းကတော့ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” အားဖြင့်ပါပဲ။ (မ. ၂၄:၄၅) တစ်ခါတလေ သစ္စာရှိကျွန်ဆီက ရတဲ့ လမ်းညွှန်ချက်ကို ကျွန်တော်တို့ အပြည့်အဝ နားလည်မှာ မဟုတ်ဘူး။ ဥပမာ၊ ကိုယ့်ဒေသမှာ ဖြစ်မှာ မဟုတ်ဘူးလို့ ထင်ရတဲ့ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ဖို့ လမ်းညွှန်ချက် တိတိကျကျ ရလာနိုင်တယ်။ လမ်းညွှန်ချက်တွေ လက်တွေ့မကျဘူးလို့ ထင်တဲ့အခါ ဘာလုပ်သင့်သလဲ။ ကျမ်းစာမှတ်တမ်းတွေကို စဉ်းစားနိုင်တယ်။ လူ့ရှုထောင့်က ကြည့်ရင် လက်တွေ့မကျပုံ ရပေမဲ့ အသက်ကယ်တဲ့ လမ်းညွှန်ချက်တွေကို တစ်ခါတလေ ဘုရားလူမျိုး ရရှိတယ်။—သူကြီး. ၇:၇။ ၈:၁၀။ w22.03 ၁၈ ¶၁၅-၁၆
စနေနေ့၊ ဒီဇင်ဘာ ၉
အဖ၊ ကျွန်တော့်ရဲ့ အသက်စွမ်းအားကို အဖလက်ထဲ အပ်ပါတယ်။—လု. ၂၃:၄၆။
ဒီနေ့ ကျမ်းချက်မှာပါတဲ့ စကားကို ယုံကြည်စိတ်ချမှု အပြည့်နဲ့ ယေရှု ပြောခဲ့တယ်။ မိမိရဲ့ အသက်ဟာ ယေဟောဝါလက်ထဲမှာ ရှိကြောင်း၊ မိမိကို ယေဟောဝါ သတိရမှာ ဖြစ်ကြောင်း ယေရှု အကြွင်းမဲ့ ယုံကြည်စိတ်ချတယ်။ ယေရှုရဲ့ စကားတွေကနေ ဘာသင်ယူနိုင်သလဲ။ ကိုယ့်အသက်ကို ယေဟောဝါလက်ထဲ လိုလိုလားလား အပ်ထားပါ။ အဲဒီလို အပ်ဖို့ဆိုရင် “ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစား” ရမယ်။ (ပညာ. ၃:၅) ရောဂါဆိုး ခံစားနေရတဲ့ အသက် ၁၅ နှစ်အရွယ် ညီအစ်ကို ဂျော်ရှူဝါအကြောင်း စဉ်းစားကြည့်ပါ။ ဘုရားပညတ် ချိုးဖောက်ရာ ကျမယ့် ဆေးကုသမှုကို ဂျော်ရှူဝါ လက်မခံဘူး။ ‘အမေ၊ ကျွန်တော့်အသက်ဟာ ယေဟောဝါလက်ထဲမှာ ရှိတယ်။ ကျွန်တော့်ကို ယေဟောဝါ ထမြောက်ပေးမှာ သေချာတယ်။ ကျွန်တော့်ခံစားချက်အားလုံးကို ဘုရား သိတယ်။ ဘုရားကို ကျွန်တော် သိပ်ချစ်တယ်’ လို့ မသေဆုံးခင်လေးမှာ အမေ့ကို ပြောသွားတယ်။ ကျွန်တော်တို့ယောက်တိုင်းလည်း ‘အသက်အန္တရာယ် ဖြစ်စေလောက်တဲ့ ယုံကြည်ခြင်း စမ်းသပ်မှု ကြုံရတဲ့အခါ ငါ့အသက်ကို ယေဟောဝါလက်ထဲ လိုလိုလားလား အပ်မလား။ ငါ့ကို ယေဟောဝါ သတိရမှာပါဆိုတာ ယုံကြည်စိတ်ချမလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။ w21.04 ၁၂-၁၃ ¶၁၅-၁၆
တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၁၀
သူတစ်ပါးကို လန်းဆန်းစေတဲ့သူဟာ ကိုယ်တိုင် လန်းဆန်းရလိမ့်မယ်။—ပညာ. ၁၁:၂၅။
ယေဟောဝါရဲ့ လူမျိုးဟာ အမှုဆောင်လုပ်ငန်းကနေ ခွန်အားရကြတယ်။ တခြားသူတွေကို ကျမ်းစာ အမှန်တရားအကြောင်း ပြောပြတဲ့အခါ သူတို့ နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ ကိုယ်တိုင် လန်းဆန်းအားတက်ရတယ်။ တချို့လည်း ကိုယ့်အခြေအနေကြောင့် အမှုဆောင်လုပ်ငန်းမှာ သိပ်မပါဝင်နိုင်ဘူးလို့ ခံစားရနိုင်တယ်။ အဲဒီလို ခံစားနေရတယ်ဆိုရင် သင် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်တာကို ယေဟောဝါ နှစ်သက်ကြောင်း သတိရပါ။ အိမ်ထဲက အိမ်ပြင် မထွက်နိုင်ရင်တောင် အမှုဆောင်လုပ်ငန်းမှာ ကျွန်တော်တို့ ပါဝင်ချင်စိတ် ရှိတာကို ယေဟောဝါ မြင်ပြီး တန်ဖိုးထားတယ်။ ပြုစုစောင့်ရှောက်ပေးသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို သက်သေခံဖို့ အခွင့်အလမ်း ဖွင့်ပေးနိုင်တယ်။ အရင်က လုပ်ခဲ့တာနဲ့ လောလောဆယ် လုပ်နိုင်တာကို နှိုင်းယှဉ်မယ်ဆိုရင်တော့ စိတ်ဓာတ်ကျလာနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါ အခု ဘယ်လို ကူညီနေတယ်ဆိုတာ အသိအမှတ် ပြုမယ်ဆိုရင် ဘယ်အခက်အခဲကိုမဆို ဝမ်းမြောက်စွာ ခံရပ်နိုင်ဖို့ ခွန်အားရပါလိမ့်မယ်။ ကိုယ်ကြဲလိုက်တဲ့ ဘယ်အမှန်တရား မျိုးစေ့ အမြစ်စွဲပြီး အပင်ပေါက်လာမယ်ဆိုတာ ကျွန်တော်တို့ မသိဘူး။—ဒေ. ၁၁:၆။ w21.05 ၂၄-၂၅ ¶၁၄-၁၇
တနင်္လာနေ့၊ ဒီဇင်ဘာ ၁၁
ယေဟောဝါရှေ့မှာ သိပ်ဆိုးတဲ့လုပ်ရပ်ကို မင်းလုပ်လိုက်တာပဲ။ ဘာလို့ ငါ့စကားကို မထီလေးစား လုပ်တာလဲ။—၂ ရှ. ၁၂:၉။
ဘုရင် ဒါဝိဒ်ဟာ ဘုရားပေး လက်ဆောင်တွေ “ပြောမကုန်နိုင်အောင် များလှတယ်” ဆိုတာ အသိအမှတ်ပြုတယ်။ (ဆာ. ၄၀:၅) ဒါပေမဲ့ လောဘတက်လာတဲ့အခါမှာတော့ ယေဟောဝါ ပေးထားတဲ့ ချမ်းသာကြွယ်ဝမှု၊ ထင်ပေါ်ကျော်ကြားမှု၊ ရန်သူတွေအပေါ် အောင်ပွဲခံနိုင်ခွင့် စတာတွေကို မေ့သွားတယ်။ ကိုယ့်မှာ မိန်းမ အများကြီး ရှိပေမဲ့ တခြားသူရဲ့ ဇနီးမယားကို တစ်ကိုယ်ကောင်းဆန်စွာ တပ်မက်လာတယ်။ ဟိတ္တိလူ ဥရိယရဲ့ ဇနီး ဗာသရှေဘနဲ့ အတူအိပ်တဲ့အတွက် ဗာသရှေဘမှာ ကိုယ်ဝန် ရှိလာတယ်။ ဒါဝိဒ်ဟာ သူများ မယားကို ပြစ်မှားရုံသာမက ယောကျ်ားကိုပါ သတ်ဖို့ စီစဉ်တယ်။ (၂ ရှ. ၁၁:၂-၁၅) ဒါဝိဒ် ဘယ်လို စဉ်းစားခဲ့သလဲ။ ယေဟောဝါ မမြင်ပါဘူးလို့များ ထင်နေသလား။ ယေဟောဝါကို နှစ်ပေါင်းများစွာ သစ္စာရှိလာပြီးမှ လောဘကြောင့် ဒုက္ခ အများကြီး ကြုံခဲ့ရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အမှားကို ဝန်ခံပြီး နောင်တယူခဲ့လို့ ဝမ်းသာစရာပဲ။ ယေဟောဝါရဲ့ မျက်နှာသာ ပြန်ရလို့ သိပ်ကျေးဇူးတင်ခဲ့မှာပဲ။—၂ ရှ. ၁၂:၇-၁၃။ w21.06 ၁၇ ¶၁၀
အင်္ဂါနေ့၊ ဒီဇင်ဘာ ၁၂
ကျွန်တော်တို့ . . . ကိုယ့်ဘာသာကိုယ် အရည်အချင်း ပြည့်မီလို့ မဟုတ်ဘူး။ ဘုရားသခင်ကြောင့်သာ အရည်အချင်း ပြည့်မီနေတာပါ။—၂ ကော. ၃:၅။
ကျမ်းစာသင်အံမှု လုပ်ဖို့ အရည်အချင်း မရှိဘူးလို့ ကျွန်တော်တို့ ခံစားနေရတာ ဖြစ်နိုင်တယ်။ အသိပညာ ဒါမှမဟုတ် သွန်သင်ခြင်း စွမ်းရည် သိပ်မရှိဘူးလို့ ယူဆနေတာ ဖြစ်နိုင်တယ်။ သင် အဲဒီလို ယူဆနေတယ်ဆိုရင် ယုံကြည်စိတ်ချမှု တိုးများစေနိုင်တဲ့ အချက် သုံးချက်ကို စဉ်းစားကြည့်ပါ။ ပထမ၊ တခြားသူတွေကို သွန်သင်ဖို့ သင် အရည်အချင်း ပြည့်မီတယ်လို့ ယေဟောဝါ ယူဆတယ်။ ဒုတိယ၊ ‘ကောင်းကင်မှာရော မြေကြီးမှာပါ အခွင့်အာဏာ ရှိသမျှ ပေးအပ်ခံရတဲ့’ ယေရှုက သွန်သင်ဖို့ မိန့်မှာထားတယ်။ (မ. ၂၈:၁၈) တတိယ၊ တခြားသူတွေရဲ့ အကူအညီ ရှိတယ်။ ဖခင် သွန်သင်ပေးတာကို ယေရှု အားကိုးသလို သင်လည်း အားကိုးနိုင်တယ်။ (ယော. ၈:၂၈။ ၁၂:၄၉) သင်အံမှု စဖို့ လယ်ကွင်းအုပ်စု ကြီးကြပ်မှူး၊ အရည်အချင်းရှိ ရှေ့ဆောင်၊ အတွေ့အကြုံရှိ ကြေညာသူတွေဆီ အကူအညီ တောင်းနိုင်တယ်။ သူတို့နဲ့အတူ သင်အံမှု လိုက်သွားမယ်ဆိုရင်လည်း ယုံကြည်စိတ်ချမှု ရှိလာနိုင်တယ်။ w21.07 ၆ ¶၁၂
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၁၃
အသေးအမွှား ကိစ္စတွေမှာ သစ္စာရှိတဲ့သူဟာ ကြီးလေးတဲ့ ကိစ္စတွေမှာ သစ္စာရှိလိမ့်မယ်။ အသေးအမွှား ကိစ္စတွေမှာ မရိုးသားတဲ့သူဟာ ကြီးလေးတဲ့ ကိစ္စတွေမှာ ရိုးသားမှာ မဟုတ်ဘူး။—လု. ၁၆:၁၀။
ဒီအစီအစဉ်စနစ်ရဲ့ အဆုံး နီးလာလေ အရင်ကထက်ပိုပြီး ယေဟောဝါကို ယုံကြည်စိတ်ချဖို့ လိုလေပဲ။ ဘာကြောင့်လဲ။ ကြီးစွာသောဒုက္ခအတွင်း ထူးဆန်း၊ လက်တွေ့မကျ၊ နားလည်ရခက်တဲ့ လမ်းညွှန်ချက်တွေ ရနိုင်လို့ပဲ။ ကျွန်တော်တို့ကို ယေဟောဝါ တိုက်ရိုက် လာစကားပြောမှာ မဟုတ်ဘူး။ ခန့်အပ်ခံ ကိုယ်စားလှယ်တွေကတစ်ဆင့် လမ်းညွှန်ချက်တွေ ပေးလာလိမ့်မယ်။ အဲဒီအချိန်ဟာ လမ်းညွှန်ချက်ကို သံသယဝင်ရမယ့်အချိန်၊ ပြစ်တင်ဝေဖန်ရမယ့်အချိန်၊ ‘ဒီလမ်းညွှန်ချက်ဟာ တကယ်ပဲ ယေဟောဝါဆီက လာတာလား ဒါမှမဟုတ် တာဝန်ရှိ ညီအစ်ကိုတွေရဲ့ ထင်မြင်ယူဆချက်လား’ လို့ တွေးနေရမယ့်အချိန် မဟုတ်ဘူး။ လူ့သမိုင်းရဲ့ အဲဒီအရေးကြီးဆုံးအချိန်မှာ ယေဟောဝါနဲ့ အဖွဲ့အစည်းကို သင် ယုံကြည်စိတ်ချမလား။ အဖြေက ဘုရားကိုယ်စားလှယ်တွေရဲ့ လမ်းညွှန်ချက်ကို အခု ဘယ်လို သဘောထားသလဲဆိုတဲ့အပေါ် မူတည်ပါလိမ့်မယ်။ အခုအချိန်မှာ ယုံကြည်စိတ်ချပြီး လိုလိုလားလား နာခံတယ်ဆိုရင် ကြီးစွာသောဒုက္ခအတွင်းမှာလည်း သင် အဲဒီလိုပဲ လုပ်ဆောင်ပါလိမ့်မယ်။ w22.02 ၆ ¶၁၅
ကြာသပတေးနေ့၊ ဒီဇင်ဘာ ၁၄
ခင်ဗျားတို့နဲ့ နှိုင်းရင် ကျွန်တော် လုပ်ခဲ့တာတွေဟာ ဘာမှ မပြောပလောက်ပါဘူး။—သူကြီး. ၈:၂။
ဂိဒေါင်နဲ့ လူ ၃၀၀ ဟာ ယေဟောဝါရဲ့ အကူအညီကြောင့် ထူးခြားတဲ့ အောင်ပွဲ ရခဲ့တယ်။ မာနတက်မယ်ဆို တက်နိုင်တယ်။ ဒါပေမဲ့ ဧဖရိမ်အမျိုးသားတွေက သူတို့ကို တိုက်ပွဲမှာ မခေါ်တဲ့အတွက် ဂိဒေါင်ကို တွေ့တဲ့အခါ ချီးမွမ်းမယ့်အစား ရန်တွေ့ကြတယ်။ (သူကြီး. ၈:၁) ဂိဒေါင်က ဧဖရိမ်အမျိုးသားတွေကို ယေဟောဝါ ကောင်းချီးပေးခဲ့တဲ့ သတ်သတ်မှတ်မှတ် ဖြစ်ရပ်တစ်ခုကို ထောက်ပြတဲ့အခါ “စိတ်ပြေသွား” ကြတယ်။ (သူကြီး. ၈:၃) ဂိဒေါင်ဟာ ဘုရားလူမျိုး ငြိမ်သက်မှု ဆက်ရှိနေဖို့ မာနစိတ်ကို ဘေးချိတ်ထားခဲ့တယ်။ ကိုယ့်ဂုဏ်သိက္ခာ မထိခိုက်ဖို့ထက် ယေဟောဝါကို ဂုဏ်တင်ဖို့ ပိုအာရုံစိုက်သင့်ကြောင်း ဧဖရိမ်အမျိုးသားတွေဆီကနေ သင်ယူရတယ်။ အိမ်ထောင်ဦးစီးနဲ့ အကြီးအကဲတွေ ဂိဒေါင်ဆီကနေ သင်ယူနိုင်တယ်။ ကိုယ့်လုပ်ရပ်ကြောင့် တစ်ယောက်ယောက် စိတ်ဆိုးသွားရင် ကိစ္စရပ်ကို သူ့ဘက်ကနေ မြင်ဖို့ ကြိုးစားသင့်တယ်။ သူ့လုပ်ရပ်ကောင်းတွေအတွက် ချီးမွမ်းပေးနိုင်တယ်။ အဲဒီလို ချီးမွမ်းဖို့ဆိုရင် နှိမ့်ချမှု လိုတယ်။ ဒါပေမဲ့ ကိုယ့်မာနထက် ငြိမ်သက်မှု ရှိဖို့ ပိုအရေးကြီးတယ်။ w21.07 ၁၆-၁၇ ¶၁၀-၁၂
သောကြာနေ့၊ ဒီဇင်ဘာ ၁၅
ငါတို့ရဲ့ ပုံသဏ္ဌာန်အတိုင်း . . . လူကို ဖန်ဆင်းကြစို့။—က. ၁:၂၆။
ဘုရားပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းခံရတဲ့အတွက် မေတ္တာ၊ ထောက်ထားစာနာမှု၊ သစ္စာစောင့်သိမှု၊ ဖြောင့်မတ်မှု စတဲ့ အရည်အသွေးကောင်းတွေ ကျွန်တော်တို့ မွေးမြူတင်ပြနိုင်တယ်။ (ဆာ. ၈၆:၁၅။ ၁၄၅:၁၇) အဲဒီအရည်အသွေးတွေ မွေးမြူတာက ယေဟောဝါကို ဂုဏ်တင်ရာ၊ ကျေးဇူးတင်ကြောင်း ပြရာ ရောက်တယ်။ (၁ ပေ. ၁:၁၄-၁၆) ဘုရား နှစ်သက်တဲ့နည်းအတိုင်း အသက်ရှင်မယ်ဆိုရင် ကျွန်တော်တို့ ပျော်ရွှင်ကျေနပ်မှု ခံစားရမယ်။ ဘုရားမိသားစုမှာ ဘုရားဖြစ်စေချင်တဲ့ လူစားမျိုး ဖြစ်လာနိုင်မယ်။ ကျွန်တော်တို့အတွက် အထူးစံအိမ် ယေဟောဝါ ပြင်ဆင်ပေးတယ်။ ပထမလူသားကို မဖန်ဆင်းခင် ကြာမြင့်စွာကတည်းက လူသားတွေအတွက် ကမ္ဘာမြေကို ယေဟောဝါ ပြင်ဆင်တယ်။ (ယောဘ ၃၈:၄-၆။ ယေ. ၁၀:၁၂) ကြင်နာရက်ရောတဲ့ ဘုရား ဖြစ်လို့ ကျွန်တော်တို့ ပျော်မွေ့ဖို့ အလျှံပယ် ပြင်ဆင်ပေးတယ်။ (ဆာ. ၁၀၄:၁၄၊ ၁၅၊ ၂၄) ဖန်ဆင်းရာတွေကို ကြည့်ပြီး “ကောင်းတယ်ဆိုတာကို ဘုရားသခင် မြင်တယ်။”—က. ၁:၁၀၊ ၁၂၊ ၃၁။ w21.08 ၃ ¶၅-၆
စနေနေ့၊ ဒီဇင်ဘာ ၁၆
စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေကတော့ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်းတို့ပါပဲ။—ဂလ. ၅:၂၂၊ ၂၃။
ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ ပါဝင်ဖို့ ကျွန်တော်တို့ အားလုံး တာဝန်ရထားတယ်။ (မ. ၂၈:၁၉၊ ၂၀။ ရော. ၁၀:၁၄) ဒီအရေးကြီးလုပ်ငန်းမှာ အရည်အချင်း ပိုတိုးတက်ချင်သလား။ သွန်သင်ခြင်း စာစောင်ကို လေ့လာပါ။ သတ်သတ်မှတ်မှတ် ပန်းတိုင်ချပြီး လက်တွေ့ကျင့်ပါ။ ကိုယ်ချမှတ်နိုင်တဲ့ အရေးကြီးဆုံး ပန်းတိုင်ကတော့ ခရစ်ယာန် အရည်အသွေးတွေ မွေးမြူဖို့ဆိုတာ မမေ့ပါနဲ့။ (ကော. ၃:၁၂။ ၂ ပေ. ၁:၅-၈) ကျွန်တော်တို့အားလုံး ယေဟောဝါရဲ့ အမှုတော်မှာ ပိုပါဝင်ချင်ကြပါတယ်။ ကမ္ဘာသစ်ရောက်မှ အပြည့်အဝ အမှုဆောင်နိုင်မယ်။ ဒီအတောအတွင်းမှာတော့ ရသမျှ အခွင့်အရေးကို သုံးပြီး အတတ်နိုင်ဆုံး အမှုဆောင်နေမယ်ဆိုရင် ပျော်ရွှင်မှု တိုးများလာမယ်။ စိတ်ဓာတ်ကျမှု လျော့နည်းလာမယ်။ အရေးကြီးဆုံးကတော့ “ပျော်ရွှင်တဲ့ဘုရား” ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းနိုင်ပါလိမ့်မယ်။ (၁ တိ. ၁:၁၁) ဒါကြောင့် ကိုယ်ရထားတဲ့ အခွင့်ထူးတွေနဲ့ ပျော်ရွှင်နေကြပါစို့။ w21.08 ၂၄-၂၅ ¶၁၈-၂၀
တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၁၇
ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်မယ်ဆိုရင် ဘုရားသခင် တည်ရှိတယ်ဆိုတာ ယုံကြည်ရမယ်။—ဟီ. ၁၁:၆။
ယေဟောဝါသက်သေအဖြစ် သင် ကြီးပြင်းလာတယ်ဆိုရင် ငယ်ငယ်ကတည်းက ယေဟောဝါအကြောင်း သိပြီးဖြစ်မယ်။ ဖန်ဆင်းရှင် ဖြစ်ကြောင်း၊ အရည်အသွေးကောင်းတွေ ရှိကြောင်း၊ လူသားတွေအတွက် ရည်ရွယ်ချက်တစ်ခု ရှိကြောင်း သင်ယူခဲ့ရမယ်။ (က. ၁:၁။ တ. ၁၇:၂၄-၂၇) လူများစွာကတော့ ဖန်ဆင်းရှင်ကို ယုံဖို့ မပြောနဲ့ ဘုရား ရှိတယ်ဆိုတာတောင် မယုံကြဘူး။ အသက် မတော်တဆ ဖြစ်လာတယ်၊ ဆင့်ကဲဖြစ်ပေါ်လာတယ်လို့ ယုံကြတယ်။ အဲဒီလို ယုံတဲ့သူတချို့က တကယ့်ပညာတတ်ကြီးတွေ။ ကျမ်းစာ မှားကြောင်း၊ ဖန်ဆင်းရှင်ကို ယုံကြည်သူတွေဟာ ပညာမတတ်သူ၊ ရိုးအသူ၊ အယုံလွယ်သူတွေသာ ဖြစ်ကြောင်း သိပ္ပံပညာက ဖော်ထုတ်ပေးတယ်လို့ သူတို့ ပြောကြတယ်။ ယေဟောဝါသက်သေ ဖြစ်လာတာ ဘယ်လောက်ပဲ ကြာနေပါစေ ယုံကြည်ခြင်း ခိုင်ခံ့အောင် တည်ဆောက်နေဖို့ လိုတယ်။ ဒါမှ ကျမ်းစာနဲ့ ဆန့်ကျင်တဲ့ “အတွေးအခေါ်တွေ၊ အဓိပ္ပာယ်မဲ့တဲ့ လှည့်ဖြားမှုတွေနဲ့” လှည့်ဖြားမခံရမှာ။—ကော. ၂:၈။ w21.08 ၁၄ ¶၁-၃
တနင်္လာနေ့၊ ဒီဇင်ဘာ ၁၈
ယေဟောဝါဘုရား၊ . . . ဂုဏ်တင်မှု၊ ချီးမွမ်းမှုနဲ့ အစွမ်းခွန်အားတွေကို ကိုယ်တော် ရထိုက်ပါတယ်။—ဗျာ. ၄:၁၁။
အာဗေလ၊ နောဧ၊ အာဗြဟံ၊ ယောဘ စတဲ့ သစ္စာရှိသူတွေဟာ ယေဟောဝါကို ချစ်ပြီး ရိုသေလေးစားကြောင်း နာခံမှု၊ ယုံကြည်ခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်းအားဖြင့် ဖော်ပြကြတယ်။ သူတို့ ယေဟောဝါကို အကောင်းဆုံးနည်းနဲ့ ဂုဏ်တင်ခဲ့ကြမှာ သေချာတယ်။ သူတို့ရဲ့ ဝတ်ပြုမှုကို ဘုရား လက်ခံတယ်။ နောက်ပိုင်း၊ အာဗြဟံရဲ့ သားစဉ်မြေးဆက်တွေကို မောရှေပညတ် ပေးတယ်။ အဲဒီပညတ်မှာ ဘုရား နှစ်သက်တဲ့ နည်းနဲ့ ဘယ်လို ဝတ်ပြုရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေ ပါတယ်။ ယေရှု သေဆုံး၊ ထမြောက်ပြီးနောက် မောရှေပညတ်ကို ဆက်နာခံဖို့ ယေဟောဝါ မတောင်းဆိုတော့ဘူး။ (ရော. ၁၀:၄) ခရစ်ယာန်တွေဟာ “ခရစ်တော်ရဲ့ တရား” ကို လိုက်နာရတော့မယ်။ (ဂလ. ၆:၂) ဆောင်ရန်ရှောင်ရန် စာရင်းရှည်အတိုင်း လိုက်နာခြင်းအားဖြင့် မဟုတ်ဘဲ ယေရှုရဲ့ ပုံသက်သေကို တုပခြင်း၊ သွန်သင်ချက်တွေကို လိုက်နာခြင်းအားဖြင့် အဲဒီ “တရား” ကို နာခံနိုင်တယ်။ ဒီနေ့ခေတ် ခရစ်ယာန်တွေလည်း ယေဟောဝါရဲ့ မျက်နှာသာ ရဖို့၊ ကိုယ်တိုင် “လန်းဆန်းရ” ဖို့ ခရစ်တော်ကို အတတ်နိုင်ဆုံး တုပနေကြတယ်။—မ. ၁၁:၂၉။ w22.03 ၂၀-၂၁ ¶၄-၅
အင်္ဂါနေ့၊ ဒီဇင်ဘာ ၁၉
ယေရှုက ဆုတောင်းဖို့အတွက် လူသူကင်းဝေးတဲ့နေရာကို မကြာခဏ သွားလေ့ရှိတယ်။—လု. ၅:၁၆။
သားသမီးတွေရဲ့ စကားကို ယေဟောဝါ နားထောင်တယ်။ သားတော် မြေကြီးပေါ် ရှိတုန်း သူ့ဆုတောင်းချက် များစွာကို နားထောင်ပေးတယ်။ တမန်တော် ၁၂ ယောက် ရွေးချယ်တာလိုမျိုး အရေးကြီးဆုံးဖြတ်ချက်တွေအတွက် ယေရှု ဆုတောင်းတာကို ကြားတယ်။ (လု. ၆:၁၂၊ ၁၃) စိတ်ဒုက္ခရောက်ချိန်မှာ ဆုတောင်းတာကိုလည်း ကြားတယ်။ သစ္စာဖောက် မခံရခင်မှာလည်း ရှေ့မှာ ကြုံရမယ့် စမ်းသပ်မှုအတွက် ဖခင်ဆီ ယေရှု အကြီးအကျယ် ဆုတောင်းတယ်။ ယေဟောဝါဟာ ယေရှုရဲ့ ဆုတောင်းချက်ကို ကြားရုံသာမက ခွန်အားပေးဖို့ ကောင်းကင်တမန်တစ်ပါးကို စေလွှတ်ပေးတယ်။ (လု. ၂၂:၄၁-၄၄) ဒီနေ့ခေတ်မှာလည်း ကျေးကျွန်တွေရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဆက်နားထောင်နေတယ်။ အသင့်တော်ဆုံး အချိန်မှာ အကောင်းဆုံးနည်းနဲ့ အဖြေပေးတယ်။ (ဆာ. ၁၁၆:၁၊ ၂) အိန္ဒိယက ညီအစ်မတစ်ယောက်အကြောင်း စဉ်းစားကြည့်ပါ။ ကြုံနေရတဲ့ စိတ်ဖိစီးစရာ ပြဿနာတွေအကြောင်း ယေဟောဝါဆီ ပြင်းပြင်းပြပြ ဆုတောင်းတယ်။ “စိုးရိမ်ပူပန်မှုတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းရမလဲဆိုတဲ့ ၂၀၁၉၊ မေလ JW ရုပ်သံ® အစီအစဉ်က ကျွန်မ လိုနေတာနဲ့ ကွက်တိပဲ။ ဆုတောင်းချက်တွေရဲ့ အဖြေပဲ” လို့ ညီအစ်မ ပြောတယ်။ w21.09 ၂၁-၂၂ ¶၆-၇
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၂၀
တောင်ပေါ်ကို ပြေးကြ။—လု. ၂၁:၂၁။
ပထမရာစု ခရစ်ယာန်တွေဟာ ရှိသမျှ အကုန် ထားခဲ့ပြီး နေရာသစ်မှာ ဘဝကို ပြန်စဖို့ ဘယ်လောက် ခက်မယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ အခြေခံ လိုအပ်ရာတွေအတွက် ယေဟောဝါကို အားကိုးဖို့ ယုံကြည်ခြင်း လိုတယ်။ ဒါပေမဲ့ ကူကယ်ရာမဲ့တော့ မဟုတ်ပါဘူး။ ဂျေရုဆလင်ကို ရောမတွေ မဝိုင်းခင် ငါးနှစ်အလိုမှာ ဟီဘရူးခရစ်ယာန်တွေကို တမန်တော် ပေါလု ဒီလိုအကြံပေးတယ်– “ခင်ဗျားတို့ရဲ့ဘဝမှာ ငွေတပ်မက်တာကို ရှောင်ပါ။ ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်ပါ။ ‘မင်းတို့ကို ငါ ဘယ်တော့မှ ပစ်ထားမှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး’ လို့ ဘုရားသခင် ပြောထားတာပဲ။ ဒါကြောင့် ‘ယေဟောဝါဟာ ကူညီမစရှင်ဖြစ်တဲ့အတွက် ငါ ဘာကိုမှ မကြောက်ဘူး။ လူက ငါ့ကို ဘာလုပ်နိုင်မှာလဲ’ ဆိုပြီး ကျွန်တော်တို့ ရဲရဲဝံ့ဝံ့ ပြောနိုင်တယ်။” (ဟီ. ၁၃:၅၊ ၆) ပေါလုရဲ့ အဲဒီအကြံဉာဏ်ကို နှလုံးသွင်းထားသူတွေဟာ နေရာသစ်မှာ ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်ဖို့၊ နေသားကျဖို့ ပိုလွယ်တယ်။ အခြေခံ လိုအပ်ရာတွေကို ယေဟောဝါ ဖြည့်ဆည်းပေးမယ်ဆိုတာ စိတ်ချကြတယ်။ w22.01 ၄ ¶၇၊ ၉
ကြာသပတေးနေ့၊ ဒီဇင်ဘာ ၂၁
[ယေဟောဝါရဲ့] လုပ်ဆောင်မှုတိုင်းမှာ ကရုဏာတော်ကို အထင်အရှား တွေ့မြင်ရတယ်။—ဆာ. ၁၄၅:၉။
ကရုဏာရှိသူလို့ ပြောလိုက်ရင် ကြင်နာသူ၊ လှိုက်လှဲနွေးထွေးသူ၊ ထောက်ထားစာနာသူ၊ ရက်ရောသူကို မျက်စိထဲ မြင်ယောင်မိမယ်။ ယေရှု ပြောတဲ့ ရှမာရိလူ ပုံဥပမာလည်း စိတ်ထဲ ပေါ်လာနိုင်တယ်။ လူမျိုးခြား ဖြစ်တဲ့ ရှမာရိလူဟာ ဓားပြတိုက်ခံရလို့ ဒဏ်ရာရနေတဲ့ ဂျူးကို တွေ့တဲ့အခါ “သနားသွား” ပြီး “သနားစိတ်နဲ့ ကူညီ” ပေးတယ်။ (လု. ၁၀:၂၉-၃၇) ဒီဥပမာက ဘုရားရဲ့ ကရုဏာကို ပေါ်လွင်စေတယ်။ ကရုဏာဟာ ဘုရားမေတ္တာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်။ ကျွန်တော်တို့ကို ဘုရားသခင် နေ့တိုင်း ကရုဏာရှိရှိ ဆက်ဆံတယ်။ ကရုဏာ ပြနိုင်တဲ့ နောက်တစ်နည်း ရှိသေးတယ်။ ပြစ်ဒဏ် ခံထိုက်သူကို ပြစ်ဒဏ် မပေးဖို့ ဆုံးဖြတ်ခြင်း ဖြစ်တယ်။ ယေဟောဝါဟာ အဲဒီနည်းနဲ့ ကျွန်တော်တို့ကို ကရုဏာပြတယ်။ “ငါတို့ကို အပြစ်ရှိတဲ့အလျောက် ဒဏ်မပေးဘူး” လို့ ဆာလံဆရာ ပြောတယ်။ (ဆာ. ၁၀၃:၁၀) ဒါပေမဲ့ အပြစ်ပြုသူကို ပြတ်ပြတ်သားသား ဆုံးမတဲ့အခါတွေလည်း ရှိတယ်။ w21.10 ၈ ¶၁-၂
သောကြာနေ့၊ ဒီဇင်ဘာ ၂၂
ငါ့ရဲ့ ခိုင်မြဲတဲ့ မေတ္တာကိုတော့ မင်းဆီကနေ မရုပ်သိမ်းဘူး။—ဟေရှာ. ၅၄:၁၀။
ယေဟောဝါဟာ မိမိနဲ့ အထူး ဆက်ဆံရေး ရှိတဲ့ ကျေးကျွန်တွေကိုသာ ခိုင်မြဲတဲ့ မေတ္တာ ပြတယ်။ ဒါကို ဘုရင် ဒါဝိဒ်နဲ့ ပရောဖက် ဒံယေလရဲ့ စကားကနေ သိရတယ်။ ဥပမာ၊ “ကိုယ်တော့်ကို သိကျွမ်းသူတွေအပေါ် ခိုင်မြဲတဲ့ မေတ္တာ ဆက်ပြလှည့်ပါ၊” “ယေဟောဝါရဲ့ ခိုင်မြဲတဲ့ မေတ္တာကတော့ မိမိကို ကြောက်ရွံ့သူတွေအပေါ် ထာဝစဉ် တည်မြဲတယ်” လို့ ဒါဝိဒ် ပြောတယ်။ ‘အို စစ်မှန်တဲ့ဘုရား ယေဟောဝါ၊ ကိုယ်တော်ဟာ ကိုယ်တော့်ကို ချစ်ပြီး ပညတ်စောင့်ထိန်းသူတွေကို ခိုင်မြဲတဲ့ မေတ္တာ ပြတဲ့ အရှင်ပါ’ လို့ ဒံယေလ ပြောတယ်။ (ဆာ. ၃၆:၁၀။ ၁၀၃:၁၇။ ဒံ. ၉:၄) အဲဒီစကားတွေအရ မိမိကို သိကျွမ်း၊ ကြောက်ရွံ့၊ ချစ်ပြီး ပညတ်စောင့်ထိန်းတဲ့၊ နည်းမှန်လမ်းကျ ဝတ်ပြုနေတဲ့ ကျေးကျွန်တွေကိုသာ ယေဟောဝါ ခိုင်မြဲတဲ့ မေတ္တာ ပြတယ်။ ယေဟောဝါကို ဝတ်မပြုခင်တုန်းက ကျွန်တော်တို့ဟာ လူအားလုံးကို ပြတဲ့ ဘုရားမေတ္တာ ခံစားရတယ်။ (ဆာ. ၁၀၄:၁၄) ဘုရားကျေးကျွန် ဖြစ်လာချိန်မှာတော့ ဘုရားရဲ့ ခိုင်မြဲတဲ့ မေတ္တာကို ခံစားရတယ်။ w21.11 ၄ ¶၈-၉
စနေနေ့၊ ဒီဇင်ဘာ ၂၃
ယေဟောဝါ ဘုရားကို ကိုးကွယ်ရမယ်။—မ. ၄:၁၀။
ကျွန်တော်တို့ ဘာပဲကြုံရပါစေ ဒီနေ့ကျမ်းချက်ပါ ယေရှုရဲ့ စကားကို နာခံဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ ဒီနေ့ခေတ်မှာ လူများစွာဟာ နာမည်ကျော် တရားဟောဆရာတွေနောက် လိုက်ကြတယ်။ သူတို့ကို ကြည်ညိုလေးစားလွန်းလို့ ကိုးကွယ်ခါနီးပဲ။ သူတို့ဟောတဲ့ ဘုရားကျောင်းကို သွားကြတယ်။ သူတို့ရေးတဲ့ စာအုပ်တွေ ဝယ်ဖတ်ကြတယ်။ သူတို့ အားပေးထောက်ခံတဲ့ အဖွဲ့အစည်းတွေကို အလှူငွေ အမြောက်အမြား ထည့်ဝင်ကြတယ်။ သူတို့ ပြောသမျှ ယုံကြတယ်။ ယေရှုကို တွေ့ရရင်တောင် အဲဒီလောက် ပျော်ကြမှာ မဟုတ်ဘူး။ ယေဟောဝါကို စစ်မှန်တဲ့နည်းနဲ့ ဝတ်ပြုနေသူတွေမှာတော့ ဓမ္မဆရာ အတန်းအစား မရှိဘူး။ ဦးဆောင်နေသူတွေကို လေးစားပေမဲ့ “ခင်ဗျားတို့အားလုံးဟာ ညီအစ်ကိုတွေပဲ” ဆိုတဲ့ ယေရှုရဲ့ ရှင်းလင်းတဲ့ သွန်သင်ချက်ကို လက်ခံကြတယ်။ (မ. ၂၃:၈-၁၀) ဘာသာရေး ခေါင်းဆောင်ဖြစ်စေ၊ နိုင်ငံ့ခေါင်းဆောင်ဖြစ်စေ ဘယ်လူသားကိုမှ ဘုရားနေရာ မထားဘူး။ သူတို့ရဲ့ ဦးတည်ချက်ပန်းတိုင်တွေကို မထောက်ခံဘူး။ နိုင်ငံရေးမှာ ကြားနေပြီး လောကနဲ့ မပတ်သက်ဘူး။ ဒီကဏ္ဍတွေမှာ အမည်ခံ ခရစ်ယာန် အုပ်စုများစွာနဲ့ ကျွန်တော်တို့ သိသိသာသာ ကွဲပြားကြတယ်။—ယော. ၁၈:၃၆။ w21.10 ၂၀ ¶၆-၇
တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၂၄
ငါဟာ . . . ယေဟောဝါပဲ။ ငါကလွဲလို့ တခြားဘုရားတွေကို မကိုးကွယ်နဲ့။—ထွ. ၂၀:၂၊ ၃။
သန့်ရှင်းမှု ရှိချင်တဲ့ ခရစ်ယာန်တိုင်းဟာ ဘုရားနဲ့ ဆက်ဆံရေး ထိခိုက်စေမယ့် ဘယ်အရာကိုမှ၊ ဘယ်သူ့ကိုမှ ခွင့်မပြုသင့်ဘူး။ ယေဟောဝါသက်သေဆိုတဲ့ နာမည် ခံယူထားတဲ့အတွက် ဘုရားရဲ့ သန့်ရှင်းတဲ့ နာမည် ရှုတ်ချစရာ ဖြစ်စေမယ့် ဘယ်လုပ်ရပ်ကိုမဆို ရှောင်ဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ (ဝတ်. ၁၉:၁၂။ ဟေရှာ. ၅၇:၁၅) ယေဟောဝါကို ဘုရားအဖြစ် အသိအမှတ်ပြုကြောင်း ပြဖို့ အစ္စရေးတွေဟာ ဘုရားပညတ်တွေကို နာခံရတယ်။ “ငါ့တရားစီရင်ချက်တွေကို လိုက်နာပါ။ ငါ့ဥပဒေတွေကို စောင့်ထိန်းပါ။ ငါဟာ မင်းတို့ရဲ့ ဘုရား ယေဟောဝါပဲ” လို့ ဝတ်ပြုရာ ၁၈:၄ မှာ ပြောတယ်။ အဲဒီ “ဥပဒေ” တချို့ကို ဝတ်ပြုရာ အခန်းကြီး ၁၉ မှာ ဖော်ပြထားတယ်။ ဥပမာ၊ အခန်းငယ် ၅-၈၊ ၂၁၊ ၂၂ မှာ တိရစ္ဆာန် ပူဇော်သက္ကာတွေအကြောင်း ပြောထားတယ်။ “ယေဟောဝါရဲ့ သန့်ရှင်းမြင့်မြတ်ရာကို မထီလေးစား” မဖြစ်စေမယ့် နည်းနဲ့ ပူဇော်ကြရမယ်။ အဲဒီအခန်းငယ်တွေက ဟီဘရူး ၁၃:၁၅ မှာ တိုက်တွန်းတဲ့အတိုင်း ယေဟောဝါရဲ့ နှစ်သက်မှု ရအောင် လုပ်ဖို့၊ လက်ခံဖွယ် ချီးမွမ်းခြင်း ပူဇော်သက္ကာတွေ ဆက်သဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးသင့်တယ်။ w21.12 ၅-၆ ¶၁၄-၁၅
တနင်္လာနေ့၊ ဒီဇင်ဘာ ၂၅
မင်းရဲ့ ငယ်ပေါင်းဇနီးနဲ့အတူ ပျော်မွေ့နိုင်ပါစေ။—ပညာ. ၅:၁၈။
ဒီနေ့ခေတ် လူငယ် ဇနီးမောင်နှံတွေဟာ ယေဟောဝါကို အားကိုးတဲ့ တခြားသူတွေရဲ့ တွေ့ကြုံမှုကနေ အကျိုးရနိုင်တယ်။ မောင်နှံတချို့ဆိုရင် အချိန်ပြည့် အမှုဆောင်လုပ်ငန်းမှာ ပါဝင်လာတာ ဆယ်စုနှစ်ချီ ရှိပြီ။ ကိုယ့်ပန်းတိုင်တွေကို ပြန်ဆန်းစစ်ဖို့ လိုနေတယ်လို့ ခံစားရရင် သူတို့ဆီကနေ အကြံဉာဏ် တောင်းပါ။ ဒါဟာ ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း ပြနိုင်တဲ့နည်းပါပဲ။ (ပညာ. ၂၂:၁၇၊ ၁၉) အိမ်ထောင်ဆိုတာ ယေဟောဝါဆီက လက်ဆောင်ဆိုတာ သတိရပါ။ (မ. ၁၉:၅၊ ၆) အိမ်ထောင်သည်တွေကို ဘုရား ပျော်ရွှင်စေချင်တယ်။ လူငယ် ဇနီးမောင်နှံတို့၊ ကိုယ့်ဘဝကို ဘယ်လို သုံးနေတယ်ဆိုတာ ဆန်းစစ်ကြည့်ပါ။ ဘုရားပေး လက်ဆောင်တွေအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြဖို့ အတတ်နိုင်ဆုံး ကြိုးစားနေသလား။ အဲဒီအကြောင်း ယေဟောဝါဆီ ဆုတောင်း ပြောပြပါ။ ကိုယ့်အခြေအနေနဲ့ သက်ဆိုင်တဲ့ ကျမ်းစာမူတွေ ရှာဖွေပါ။ ယေဟောဝါပေးတဲ့ အကြံဉာဏ်ကို လိုက်လျှောက်ပါ။ ယေဟောဝါရဲ့ အမှုတော်ကို အဓိက ထားမယ်ဆိုရင် အဓိပ္ပာယ် ရှိပြီး ပျော်ရွှင်စရာဘဝ ရမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ w21.11 ၁၈-၁၉ ¶၁၆၊ ၁၈
အင်္ဂါနေ့၊ ဒီဇင်ဘာ ၂၆
ကျွန်တော်တို့အားလုံး ခဏခဏ မှားတတ်ကြတယ်။—ယာ. ၃:၂။
ယာကုပ် ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်း ရှုမြင်တယ်။ မိသားစု နောက်ခံ ဒါမှမဟုတ် ရထားတဲ့ အခွင့်ထူးတွေကြောင့် ကိုယ့်ကိုယ်ကိုယ် တခြားညီအစ်ကို/မတွေထက် ပိုအရေးပါတယ်လို့ မယူဆဘူး။ ခရစ်ယာန်ချင်းတွေကို “ချစ်ရတဲ့ ညီအစ်ကိုတို့” လို့ ခေါ်တယ်။ (ယာ. ၁:၁၆၊ ၁၉။ ၂:၅) ကိုယ့်ကိုယ်ကိုယ် ပြည့်ဝစုံလင်တဲ့ပုံ မဖမ်းဘူး။ သင်ခန်းစာ– ကျွန်တော်တို့အားလုံး အပြစ်သားတွေ ဖြစ်ကြောင်း သတိရပါ။ ကိုယ်သွန်သင်ပေးနေသူတွေထက် တစ်နည်းနည်းနဲ့ ပိုသာတယ်လို့ ကိုယ့်ကိုယ်ကိုယ် မထင်ပါနဲ့။ ဘာကြောင့်လဲ။ ကိုယ်က ခြောက်ပစ်ကင်း သဲလဲစင် ပုံဖမ်းနေရင် သင်သားက ဘုရား တောင်းဆိုချက်တွေကို ဘယ်တော့မှ အပြည့်အဝ လိုက်နိုင်မှာ မဟုတ်ဘူးလို့ ခံစားရလိမ့်မယ်။ ကျမ်းစာမူတွေကို လိုက်နာဖို့ မလွယ်ကြောင်း ရိုးရိုးသားသား ဝန်ခံပြီး အဲဒီအခက်အခဲတွေကို ကျော်လွှားဖို့ ယေဟောဝါ ဘယ်လို ကူညီပေးခဲ့ကြောင်း ပြောပြမယ်ဆိုရင် သင်သားမှာ ကြိုးစားချင်စိတ် ပေါ်လာမယ်။ w22.01 ၁၁-၁၂ ¶၁၃-၁၄
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၂၇
ခရစ်တော်ယေရှုမှာ ရှိတဲ့ အဲဒီစိတ်သဘောထားကို ခင်ဗျားတို့လည်း မွေးမြူကြပါ။—ဖိ. ၂:၅။
ယေရှုလို စဉ်းစားတွေးခေါ်လေ ယေရှုလို ပိုပြုမူနိုင်လေဖြစ်ပြီး ယေရှုရဲ့ စရိုက်ကို ပိုတုပနိုင်လေ ဖြစ်မယ်။ (ဟီ. ၁:၃) ‘ယေရှုက စုံလင်တယ်။ ယေရှုလိုတော့ တစ်ထပ်တည်း မဖြစ်နိုင်ဘူး’ လို့ ကျွန်တော်တို့ တွေးမိမယ်။ သင် အဲဒီလို ခံစားနေရတယ်ဆိုရင် ဒီအချက်တွေကို သတိရပါ– ပထမ၊ ယေဟောဝါနဲ့ ယေရှုရဲ့ ပုံသဏ္ဌာန်အတိုင်း သင် ဖန်ဆင်းခံထားရတယ်။ ဒါကြောင့် သူတို့ကို အတိုင်းအတာတစ်ခုအထိတော့ တုပနိုင်ပါတယ်။ (က. ၁:၂၆) ဒုတိယ၊ ဘုရားသခင့် စွမ်းအားတော်ဟာ စကြဝဠာမှာ တန်ခိုးအကြီးဆုံး စွမ်းအား ဖြစ်တယ်။ ကိုယ့်အစွမ်းအစနဲ့ မတတ်နိုင်တာတွေကို စွမ်းအားတော် အကူအညီနဲ့ လုပ်ဆောင်နိုင်ပါလိမ့်မယ်။ တတိယ၊ စွမ်းအားတော် အရည်အသွေးတွေကို အပြည့်အဝ တင်ပြဖို့ ယေဟောဝါ မမျှော်လင့်ဘူး။ တကယ်တော့ မေတ္တာရှင် ဖခင်ဟာ မြေကြီးမျှော်လင့်ချက် ရှိသူတွေ ပြည့်ဝစုံလင်လာဖို့ နှစ်ပေါင်း ၁၀၀၀ တောင် အချိန်ပေးမှာ။ (ဗျာ. ၂၀:၁-၃) အခုအချိန်မှာ ကျွန်တော်တို့ဆီက ယေဟောဝါဘုရား တောင်းဆိုတာက အတတ်နိုင်ဆုံး ကြိုးစားဖို့၊ ဘုရားအကူအညီကို အားကိုးဖို့ပဲ။ w22.03 ၉ ¶၅-၆
ကြာသပတေးနေ့၊ ဒီဇင်ဘာ ၂၈
ယေဟောဝါဘုရား၊ ကျွန်တော် စကားတစ်ခွန်းမှ မဟခင် ကိုယ်တော် သိနှင့်နေတယ်။—ဆာ. ၁၃၉:၄။
ဆုတောင်းတာ တစ်ခုပဲ ယေဟောဝါဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရစေတာ မဟုတ်ဘူး။ ကျမ်းစာဖတ်တာ၊ အသင်းတော် အစည်းအဝေးတွေ တက်တာကလည်း ဘုရားနဲ့ ရင်းနှီးစေတယ်။ ကျမ်းစာဖတ်တဲ့အချိန်၊ အသင်းတော် အစည်းအဝေး တက်တဲ့အချိန်တွေကို အကောင်းဆုံးဖြစ်အောင် ဘယ်လို လုပ်နိုင်မလဲ။ အဲဒီအချိန်တွေမှာ ‘ဘယ်အရာတွေက အနှောင့်အယှက် ဖြစ်စေသလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။ ဖုန်းလာတာတွေ၊ အီးမေးလ်၊ မက်ဆေ့ချ် ဝင်တာတွေလား။ ကျမ်းစာလေ့လာတဲ့အချိန်၊ အသင်းတော် အစည်းအဝေးတွေ တက်ချိန်မှာ စိတ်ပျံ့လွင့်နေတတ်ရင် အာရုံစိုက်နိုင်ဖို့ ယေဟောဝါဆီ အကူအညီတောင်းပါ။ ဖတ်တဲ့အရာ၊ ကြားတဲ့အရာတွေကို အာရုံစိုက်ဖို့ မလွယ်ဘူး။ ဒါပေမဲ့ အာရုံစိုက်ဖို့ အရေးကြီးတယ်။ ဒါကြောင့် စိတ်နှလုံးကိုသာမက “ဉာဏ်ရည်ဉာဏ်စွမ်း” ကို ကာကွယ်ပေးတဲ့ ငြိမ်သက်ခြင်း ရှိအောင် ဆုတောင်းရမယ်။—ဖိ. ၄:၆၊ ၇။ w22.01 ၂၉ ¶၁၂-၁၄
သောကြာနေ့၊ ဒီဇင်ဘာ ၂၉
ဉာဏ်ပညာရှိသူပြောတဲ့ စကားတွေကို နားစွင့်ပြီး အသေအချာ နားထောင်ပါ။—ပညာ. ၂၂:၁၇။
ဘုရင် ဩဇိဟာ အကြံဉာဏ်ကို ငြင်းပယ်တယ်။ ယေဟောဝါရဲ့ ဗိမာန်တော်ထဲက ပုရောဟိတ်တွေပဲ ဝင်ခွင့်ရှိတဲ့ အခန်းထဲ ဝင်ပြီး နံ့သာပေါင်း ပူဇော်ဖို့ ကြိုးစားတယ်။ “ဩဇိမင်း၊ မင်းကြီးက ယေဟောဝါဘုရားဆီ နံ့သာပေါင်း မီးမရှို့သင့်ဘူး။ . . . ပုရောဟိတ်တွေပဲ နံ့သာပေါင်း မီးရှို့ခွင့်ရှိတာ” လို့ ပုရောဟိတ်တွေ ဝိုင်းပြောကြတယ်။ ဩဇိ ဘယ်လို တုံ့ပြန်သလဲ။ အကြံဉာဏ်ကိုသာ နှိမ့်ချစွာ လက်ခံပြီး ဗိမာန်တော်ထဲကနေ ချက်ချင်း ထွက်သွားရင် ယေဟောဝါ ခွင့်လွှတ်ကောင်း ခွင့်လွှတ်လိမ့်မယ်။ အဲဒီအစား “ဩဇိက အကြီးအကျယ် ဒေါသထွက်တယ်။” အကြံဉာဏ်ကို ဘာကြောင့် ငြင်းပယ်တာလဲ။ ဘုရင်ဆိုတော့ ကိုယ်ကြိုက်တာ ဘာမဆို လုပ်ခွင့်ရှိတယ်လို့ ထင်နေပုံရတယ်။ ဒါပေမဲ့ ယေဟောဝါကတော့ အဲဒီလို မရှုမြင်ဘူး။ ဩဇိရဲ့ ရောင့်တက်တဲ့ လုပ်ရပ်ကြောင့် အနာကြီးရောဂါနဲ့ ဒဏ်ခတ်ခံရပြီး “သေတဲ့အထိ အနာကြီးရောဂါစွဲ” သွားတယ်။ (၂ ရာ. ၂၆:၁၆-၂၁) ကျွန်တော်တို့ ဘယ်သူပဲ ဖြစ်ပါစေ ကျမ်းစာအခြေပြု အကြံဉာဏ်ကို ငြင်းပယ်ရင် ယေဟောဝါရဲ့ မျက်နှာသာ ဆုံးရှုံးမယ်ဆိုတာ ဩဇိရဲ့ ပုံနမူနာက သင်ပေးတယ်။ w22.02 ၉ ¶၇
စနေနေ့၊ ဒီဇင်ဘာ ၃၀
ဒါကြောင့် ခင်ဗျားတို့ရဲ့ အပြစ်တွေကို ပယ်ဖျက်စေချင်တယ်ဆိုရင် နောင်တရကြပါ။ ဘုရားသခင်ဆီ ပြန်လှည့်လာကြပါ။ ဒါဆိုရင် ယေဟောဝါဘုရားဆီက လန်းဆန်းစေတဲ့ အချိန်ကာလ ရောက်လာမယ်။—တ. ၃:၁၉။
“စရိုက်ဟောင်း” ရဲ့ ထိန်းချုပ်မှု ခံရသူဟာ အပြစ်ရှိတဲ့ နည်းလမ်းအတိုင်း တွေးခေါ်ပြုမူတယ်။ (ကော. ၃:၉) ဒေါသကြီးသူ၊ ကျေးဇူးမသိတတ်သူ၊ တစ်ကိုယ်ကောင်းဆန်သူ၊ မာနကြီးသူ ဖြစ်နိုင်တယ်။ ညစ်ညမ်းရုပ်ပုံစာပေ ကြည့်တာ၊ လိင်အကျင့်ပျက်တဲ့၊ ကြမ်းတမ်းတဲ့ ရုပ်ရှင်တွေ ကြည့်တာကို နှစ်သက်သူ ဖြစ်နိုင်တယ်။ အရည်အသွေးကောင်းတွေ ရှိပြီး မကောင်းတာ ပြောမိလုပ်မိတဲ့အခါ အပြစ်ရှိတယ်လို့ ခံစားရနိုင်ပေမဲ့ အတွေးအခေါ်၊ အမူအကျင့်တွေကို ပြုပြင်ပြောင်းလဲချင်စိတ် မရှိဘူး။ (ဂလ. ၅:၁၉-၂၁။ ၂တိ. ၃:၂-၅) ကျွန်တော်တို့ မစုံလင်တဲ့အတွက် မကောင်းတဲ့ အတွေးအခေါ်တွေ၊ ဆန္ဒတွေကို စိတ်နှလုံးထဲကနေ အပြီးအပိုင် မထုတ်နိုင်ဘူး။ တစ်ခါတလေ နောင်တရစရာတွေ ပြောမိ၊ လုပ်မိနိုင်တယ်။ (ယေ. ၁၇:၉။ ယာ. ၃:၂) စရိုက်ဟောင်းကို ချွတ်ပယ်မယ်ဆိုရင်တော့ အပြစ်ရှိတဲ့ သဘောထားတွေ၊ အမူအကျင့်တွေရဲ့ ထိန်းချုပ်မှု အောက်ကနေ လွတ်နိုင်ပါတယ်။ အရင်ကနဲ့ လုံးဝ မတူတဲ့လူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။—ဟေရှာ. ၅၅:၇။ w22.03 ၃ ¶၄-၅
တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၃၁
စိတ်နှိမ့်ချကြပါ၊ သူတစ်ပါးကို ကိုယ့်ထက် သာတယ်လို့ သဘောထားပါ။—ဖိ. ၂:၃။
အကြီးအကဲတို့၊ ညီအစ်ကို/မတွေရဲ့ အရည်အချင်းကောင်းတွေကို ရှာပါ။ မစုံလင်ကြပေမဲ့ ယောက်တိုင်းမှာ နှစ်သက်ဖွယ် အရည်အသွေးကောင်းတွေ ရှိကြတယ်။ အကြီးအကဲတွေအနေနဲ့ မကြာခဏ တည့်မတ်ပေးရတာတွေ ရှိနိုင်တယ်။ ဒါပေမဲ့ တမန်တော် ပေါလုလိုပဲ တစ်ယောက်ယောက်ရဲ့ စိတ်ဆိုးစရာ အပြော၊ လုပ်ရပ်ကိုပဲ အာရုံမစိုက်ပါနဲ့။ အဲဒီအစား ယေဟောဝါကို သူတို့ ချစ်တယ်၊ သစ္စာရှိရှိ အမှုဆောင်နေတယ်၊ သူတို့ ပြန်ကောင်းလာနိုင်တယ်ဆိုတာ အာရုံစိုက်သင့်တယ်။ အကြီးအကဲတွေမှာ အကောင်းမြင်တဲ့ သဘောထား ရှိမယ်ဆိုရင် ညီအစ်ကို/မတွေ နွေးထွေးမှုနဲ့ မေတ္တာ ခံစားရပါလိမ့်မယ်။ ယေဟောဝါက သင်တို့ ပြည့်ဝစုံလင်ဖို့ မတောင်းဆိုဘူး။ သစ္စာရှိဖို့ပဲ တောင်းဆိုတယ်ဆိုတာ သတိရပါ။ (၁ ကော. ၄:၂) သင်တို့ရဲ့ လုပ်ဆောင်မှုကိုလည်း တန်ဖိုးထားလေးမြတ်မယ်ဆိုတာ စိတ်ချနိုင်တယ်။ “ခင်ဗျားတို့က သန့်ရှင်းသူတွေကို အလုပ်အကျွေးပြုခဲ့တယ်၊ အခုလည်း အလုပ်အကျွေးပြုနေတယ်။ . . . ခင်ဗျားတို့ရဲ့ လုပ်ရပ်ကို၊ နာမတော်အတွက်ပြတဲ့ မေတ္တာကို [ယေဟောဝါ] ဘယ်တော့မှ မမေ့ပါဘူး။”—ဟီ. ၆:၁၀။ w22.03 ၃၁ ¶၁၉၊ ၂၁