ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • es23 စာ. ၁၀၈-၁၁၈
  • နိုဝင်ဘာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နိုဝင်ဘာ
  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၁
  • ကြာသပတေးနေ့၊ နိုဝင်ဘာ ၂
  • သောကြာနေ့၊ နိုဝင်ဘာ ၃
  • စနေနေ့၊ နိုဝင်ဘာ ၄
  • တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၅
  • တနင်္လာနေ့၊ နိုဝင်ဘာ ၆
  • အင်္ဂါနေ့၊ နိုဝင်ဘာ ၇
  • ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၈
  • ကြာသပတေးနေ့၊ နိုဝင်ဘာ ၉
  • သောကြာနေ့၊ နိုဝင်ဘာ ၁၀
  • စနေနေ့၊ နိုဝင်ဘာ ၁၁
  • တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၁၂
  • တနင်္လာနေ့၊ နိုဝင်ဘာ ၁၃
  • အင်္ဂါနေ့၊ နိုဝင်ဘာ ၁၄
  • ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၁၅
  • ကြာသပတေးနေ့၊ နိုဝင်ဘာ ၁၆
  • သောကြာနေ့၊ နိုဝင်ဘာ ၁၇
  • စနေနေ့၊ နိုဝင်ဘာ ၁၈
  • တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၁၉
  • တနင်္လာနေ့၊ နိုဝင်ဘာ ၂၀
  • အင်္ဂါနေ့၊ နိုဝင်ဘာ ၂၁
  • ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၂၂
  • ကြာသပတေးနေ့၊ နိုဝင်ဘာ ၂၃
  • သောကြာနေ့၊ နိုဝင်ဘာ ၂၄
  • စနေနေ့၊ နိုဝင်ဘာ ၂၅
  • တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၂၆
  • တနင်္လာနေ့၊ နိုဝင်ဘာ ၂၇
  • အင်္ဂါနေ့၊ နိုဝင်ဘာ ၂၈
  • ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၂၉
  • ကြာသပတေးနေ့၊ နိုဝင်ဘာ ၃၀
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၃
es23 စာ. ၁၀၈-၁၁၈

နိုဝင်ဘာ

ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၁

သူတို့အားလုံး ယေဟောဝါ သွန်သင်ပေးတာကို ခံရလိမ့်မယ်။—ယော. ၆:၄၅။

ယေဟောဝါက ကျွန်တော်တို့ကို နည်းလမ်းမျိုးစုံနဲ့ ထောက်မပေးတယ်။ ဆန့်ကျင်သူ တစ်ယောက်နဲ့ ကြုံရတဲ့အခါ စိတ်ငြိမ်သက်မှု ရှိစေဖို့၊ စိတ်ဝင်စားသူအိမ်ရှင်နဲ့ တွေ့တဲ့အခါ သင့်တော်တဲ့ ကျမ်းချက်ကို ပြန်အမှတ်ရဖို့ ကူညီပေးနိုင်တယ်။ အမှုဆောင်မှာ ကြုံရတဲ့ လျစ်လျူရှုမှုတွေကို ဆက်ခံရပ်နိုင်ဖို့လည်း ခွန်အားပေးတယ်။ (ယေ. ၂၀:၇-၉) အမှုဆောင်လုပ်ငန်းအတွက် လေ့ကျင့်ပေးတာကလည်း ယေဟောဝါရဲ့ ကောင်းမြတ်မှုပဲ။ ကြားရက် အစည်းအဝေးမှာ ကြားရတဲ့ စကားစမြည် ပြောဆိုနိုင်ပုံ နမူနာတွေကို အမှုဆောင်မှာ သုံးနိုင်တယ်။ အစမှာတော့ နည်းသစ်ကို သုံးဖို့ တွန့်ဆုတ်မိနိုင်တယ်။ ဒါပေမဲ့ သုံးကြည့်တဲ့အခါ ရပ်ကွက်မှာ အသုံးတည့်မှန်း သိလာနိုင်တယ်။ အစည်းအဝေးတွေ၊ အစည်းအဝေးကြီးတွေမှာလည်း ဟောပြောနည်းသစ်တွေ သုံးကြည့်ဖို့ အားပေးခံရတယ်။ လုပ်နေကျ မဟုတ်လို့ စိုးရိမ်မိနိုင်ပေမဲ့ စမ်းသုံးကြည့်မယ်ဆိုရင် ယေဟောဝါ ကောင်းချီးပေးပါလိမ့်မယ်။ w21.08 ၂၇ ¶၅-၆

ကြာသပတေးနေ့၊ နိုဝင်ဘာ ၂

ဆိုးယုတ်တဲ့အချိန်မှာ အသက်ရှင်နေရတဲ့အတွက် အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ။—ဧ. ၅:၁၆။

ကောရိန္သုအသင်းတော်ကို တမန်တော် ပေါလု စာရေးပြီး ပြင်းပြင်းထန်ထန် ဆုံးမတယ်။ နောက်ပိုင်း တိတုကို လွှတ်လိုက်တယ်။ ဆုံးမမှုကို သူတို့ ကောင်းကောင်း လက်ခံပြီး လက်တွေ့ကျင့်သုံးနေကြောင်း ကြားတဲ့အခါ ပေါလု သိပ်ဝမ်းသာမှာပဲ။ (၂ ကော. ၇:၆၊ ၇) ယုံကြည်သူချင်းတွေနဲ့ အချိန်ပေး ပေါင်းသင်းခြင်းအားဖြင့် ပေါလုရဲ့ ပုံသက်သေကို အကြီးအကဲတွေ တုပနိုင်တယ်။ လုပ်နိုင်တဲ့ တစ်နည်းကတော့ အသင်းတော် အစည်းအဝေးတွေကို စောစောရောက်နေပြီး တခြားသူတွေကို အားပေးစကားပြောခြင်း ဖြစ်တယ်။ လိုအပ်နေတဲ့ ညီအစ်ကို/မတစ်ယောက်ကို မေတ္တာပါတဲ့ အားပေးစကားပြောဖို့ အချိန်အနည်းငယ်လောက်ပဲ လိုပါတယ်။ (ရော. ၁:၁၂) အကြီးအကဲတွေဟာ ပေါလုရဲ့ ပုံသက်သေကို တုပပြီး ညီအစ်ကို/မတွေ ယုံကြည်ခြင်း ခိုင်မာအောင် ကျမ်းစာသုံးပြီး အားပေးကြတယ်။ သူတို့ကို ဘုရား ချစ်မြတ်နိုးကြောင်း စိတ်ချစေကြတယ်။ အခွင့်အရေး ရှာပြီး ချီးမွမ်းတယ်။ ဆုံးမဖို့ လိုတဲ့အခါ ကျမ်းစာနဲ့အညီ ဆုံးမတယ်။ ဆုံးမစကားကို လိုက်နာစေချင်လို့ ကြင်ကြင်နာနာ၊ တိတိကျကျ ပြောတယ်။—ဂလ. ၆:၁။ w22.03 ၂၈-၂၉ ¶၁၁-၁၂

သောကြာနေ့၊ နိုဝင်ဘာ ၃

မြေအိုးတွေလိုဖြစ်တဲ့ ကျွန်တော်တို့ဆီမှာ ဒီဘဏ္ဍာ ရှိနေတယ်။ ဒါကြောင့် သာမန်ထက်ထူးကဲတဲ့ တန်ခိုးဟာ ကျွန်တော်တို့ဆီက မဟုတ်ဘဲ ဘုရားသခင်ဆီကမှန်း ထင်ရှားတယ်။—၂ ကော. ၄:၇။

ဒီနေ့ခေတ်မှာ သစ္စာရှိရှိ ဆက်အမှုဆောင်နိုင်ဖို့ ကျွန်တော်တို့ လိုအပ်တဲ့ “သာမန်ထက်ထူးကဲတဲ့ တန်ခိုး” ကို ယေဟောဝါ ပေးနေတယ်။ ကျွန်တော်တို့ကို ခွန်အားရစေတဲ့ နည်းတစ်နည်းကတော့ ဆုတောင်းခြင်းပါပဲ။ “အချိန်အခါတိုင်းမှာ” ဘုရားဆီ ဆုတောင်းဖို့ ဧဖက် ၆:၁၈ မှာ ပေါလု အားပေးထားတယ်။ ကျွန်တော်တို့ ဆုတောင်းမယ်ဆိုရင် ဘုရားသခင် ခွန်အားပေးပါလိမ့်မယ်။ တစ်ခါတလေ ထူပူလွန်းလို့ ဘာဆုတောင်းရမှန်း မသိ ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ ကိုယ့်အတွေး၊ ခံစားချက်တွေကို စကားလုံးတွေနဲ့ ထုတ်မပြောနိုင်ရင်တောင် ဆုတောင်းပါဆိုပြီး ယေဟောဝါ ဖိတ်ခေါ်ထားတယ်။ (ရော. ၈:၂၆၊ ၂၇) ကျမ်းစာကနေလည်း ယေဟောဝါ ခွန်အားပေးတယ်။ ပေါလုလိုပဲ ကျွန်တော်တို့လည်း ကျမ်းစာကနေ အစွမ်းခွန်အားနဲ့ နှစ်သိမ့်မှု ရနိုင်တယ်။ (ရော. ၁၅:၄) ကျမ်းစာဖတ်ပြီး တွေးတောဆင်ခြင်တဲ့အခါ ကိုယ့်အခြေအနေနဲ့ သက်ဆိုင်တဲ့ ကျမ်းစာ အကြံဉာဏ်တွေ တွေ့အောင် စွမ်းအားတော်ကတစ်ဆင့် ယေဟောဝါ ကူညီပေးနိုင်တယ်။—ဟီ. ၄:၁၂။ w21.05 ၂၂ ¶၈-၁၀

စနေနေ့၊ နိုဝင်ဘာ ၄

ဘုရားသခင်ဟာ ခင်ဗျားတို့ကို အစွမ်းခွန်အား ဖြည့်ပေး . . . တဲ့အရှင်၊ လုပ်ဆောင်ချင်စိတ်သာမက လုပ်ဆောင်နိုင်စွမ်းကိုပါ ပေးသနားတဲ့အရှင်ပဲ။—ဖိ. ၂:၁၃။

တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ ဆန္ဒ ရှိသလောက် ပါဝင်ဖို့ ခက်ရင်တောင် ဒီလုပ်ငန်းကို ကျွန်တော်တို့ အလေးအနက် ထားကြတယ်။ ကိုယ့်အခြေအနေကြောင့် အကန့်အသတ် ဖြစ်နေတယ်လို့ ခံစားနေရတာ ဖြစ်နိုင်တယ်။ ဥပမာ၊ အသက်ကြီးတာ၊ ကျန်းမာရေး မကောင်းတာ ဖြစ်နိုင်တယ်။ သင့် အခြေအနေ အဲဒီလို ဖြစ်နေတယ်ဆိုရင် အီလက်ထရောနစ် နည်းစနစ်နဲ့ ထိရောက်တဲ့ ကျမ်းစာသင်အံမှုတွေ ကျင်းပနိုင်ကြောင်း သိခဲ့ရပြီ။ အခုဆို အိမ်မှာ နေရင်းနဲ့ သင်အံမှု လုပ်နိုင်ပြီ။ အကျိုးကျေးဇူး နောက်တစ်ခု ရှိသေးတယ်။ တချို့က ကျမ်းစာလေ့လာချင်ပေမဲ့ ညီအစ်ကိုတွေ အမှုဆောင်ထွက်ချိန်မှာ မအားလပ်ကြဘူး။ မနက်စောစော ဒါမှမဟုတ် ညနက်ပိုင်းမှ အားလပ်တာ ဖြစ်နိုင်တယ်။ အဲဒီအချိန်တွေမှာ သင် ကျမ်းစာသင်ပေးနိုင်မလား။ နိကောဒင်ကို ညအချိန်မှာ ယေရှု သွန်သင်ပေးတယ်။ ညအချိန်ကို နိကောဒင် ပိုနှစ်သက်လို့ပဲ။—ယော. ၃:၁၊ ၂။ w21.07 ၅ ¶၁၀-၁၁

တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၅

ဒီလူမျိုးဟာ အပြောနဲ့ပဲ ငါ့ဆီ လာကြတယ်။ နှုတ်နဲ့ပဲ ငါ့ကို ရိုသေကြတယ်။ သူတို့ရဲ့ စိတ်ကတော့ ငါနဲ့ ဝေးလှတယ်။—ဟေရှာ. ၂၉:၁၃။

ယေရှုရဲ့ တပည့်တွေ အစာမရှောင်လို့ နှစ်ခြင်းပေးသူ ယောဟန်ရဲ့ တပည့်တွေ အံ့ဩကြတယ်။ မိမိအသက်ရှင်နေတုန်း တပည့်တွေ အစာရှောင်စရာ မလိုဘူးလို့ ယေရှု ရှင်းပြတယ်။ (မ. ၉:၁၄-၁၇) အဲဒီလို ရှင်းပြတာတောင် ဖာရိရှဲတွေ၊ တခြား ဆန့်ကျင်သူတွေက သူတို့ရဲ့ ဓလေ့ထုံးစံတွေ မလိုက်လို့ ယေရှုကို ပြစ်တင်ရှုတ်ချတယ်။ ဥပုသ်နေ့မှာ ဖျားနာသူတွေကို ကုပေးလို့ စိတ်ဆိုးကြတယ်။ (မာ. ၃:၁-၆။ ယော. ၉:၁၆) ဥပုသ်ပညတ်ကို လိုက်နာတယ်လို့ ဖာရိရှဲတွေ ပြောပေမဲ့ ဗိမာန်တော်မှာတော့ ရောင်းဝယ်ဖောက်ကားခွင့် ပြုထားတယ်။ အဲဒါကို ယေရှု ပြစ်တင်ရှုတ်ချတဲ့အခါ ဒေါသထွက်ကြတယ်။ (မ. ၂၁:၁၂၊ ၁၃၊ ၁၅) နာဇရက်မြို့ တရားဇရပ်မှာ ယေရှုဟာ အစ္စရေးခေတ်က နမူနာတချို့ သုံးပြီး လူတွေရဲ့ တစ်ကိုယ်ကောင်းဆန်မှုနဲ့ ယုံကြည်ခြင်း ကင်းမဲ့မှုကို ဖော်ထုတ်လို့ စိတ်ဆိုးကြတယ်။ (လု. ၄:၁၆၊ ၂၅-၃၀) မိမိတို့ မျှော်လင့်ထားသလို မလုပ်လို့ ယေရှုကို ငြင်းပယ်ကြတယ်။—မ. ၁၁:၁၆-၁၉။ w21.05 ၆ ¶၁၃-၁၄

တနင်္လာနေ့၊ နိုဝင်ဘာ ၆

စာတန်ရဲ့ အကြံအစည်တွေကို ကျွန်တော်တို့ မသိတာမှ မဟုတ်တာ။—၂ ကော. ၂:၁၁။

မာနနဲ့ လောဘ အန္တရာယ်အကြောင်း ယေဟောဝါ သတိပေးတဲ့ တစ်နည်းကတော့ အဲဒီလို ထောင်ချောက်ထဲ ကျရောက်ခဲ့သူတွေအကြောင်း ပြောပြခြင်းအားဖြင့်ပါပဲ။ လောဘအကြောင်း စဉ်းစားလိုက်တာနဲ့ ကျွန်တော်တို့ စိတ်ထဲ စာတန်မာရ်နတ် ပေါ်လာမှာပဲ။ ယေဟောဝါရဲ့ ကောင်းကင်တမန် ဖြစ်ခဲ့ဖူးတဲ့ စာတန်မှာ အခွင့်ထူး များစွာ ရှိခဲ့မှာပဲ။ ဒါပေမဲ့ သူ ပိုလိုချင်လာတယ်။ ယေဟောဝါပဲ ရထိုက်တဲ့ ကိုးကွယ်မှုကို လိုချင်လာတယ်။ ကျွန်တော်တို့ကိုလည်း သူ့လိုပဲ ဖြစ်စေချင်တယ်။ ရှိတာနဲ့ မရောင့်ရဲဘဲ ပိုလိုချင်လာအောင် သွေးဆောင်တယ်။ ဧဝကို အဲဒီလိုပဲ သွေးဆောင်ခဲ့တယ်။ ယေဟောဝါက အာဒံနဲ့ ဧဝကို အပင်တစ်ပင်ကလွဲလို့ “ဥယျာဉ်ထဲမှာ ရှိတဲ့ အပင်အားလုံးရဲ့ အသီးကို” စိတ်ကြိုက် စားခွင့်ပေးထားတယ်။ (က. ၂:၁၆) ဒါပေမဲ့ တားမြစ်ထားတဲ့ အပင်ရဲ့ အသီးကိုပဲ စားချင်လာအောင် စာတန် သွေးဆောင်တယ်။ ဧဝဟာ ကိုယ့်မှာ ရှိတာတွေအတွက် ကျေးဇူးမတင်ဘဲ ပိုလိုချင်ခဲ့တယ်။ ဒါကြောင့် အပြစ်လုပ်မိပြီး နောက်ဆုံးမှာ သေခဲ့ရတယ်။—က. ၃:၆၊ ၁၉။ w21.06 ၁၄-၁၅ ¶၂-၃။ ၁၇ ¶၉

အင်္ဂါနေ့၊ နိုဝင်ဘာ ၇

သားသမီးတွေ အများကြီး မွေးကြ။ ကမ္ဘာမြေကို ပြည့်စေပြီး အုပ်ထိန်းကြ။—က. ၁:၂၈။

အာဒံနဲ့ ဧဝဟာ သားသမီးတွေ မွေးပြီး ကမ္ဘာ့စံအိမ်ကို ထိန်းသိမ်းစောင့်ရှောက်ကြရမယ်။ ယေဟောဝါရဲ့ ရည်ရွယ်ချက်အတိုင်း နာခံမှု ရှိရှိ ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် အာဒံ၊ ဧဝနဲ့ သားစဉ်မြေးဆက်အားလုံး ဘုရားမိသားစုဝင် ထာဝစဉ် ဖြစ်နေကြပါမယ်။ အာဒံနဲ့ ဧဝဟာ ယေဟောဝါရဲ့ မိသားစုမှာ ဂုဏ်ရှိတဲ့ နေရာ ရခဲ့ကြတယ်။ ယေဟောဝါ ဖန်ဆင်းထားတဲ့ လူသားနဲ့ပတ်သက်ပြီး ဆာလံ ၈:၅ မှာ “ကိုယ်တော်က သူ့ကို ကောင်းကင်တမန်တွေထက် အနည်းငယ် နိမ့်ကျစေတယ်။ သူ့ကို ဘုန်းအသရေ၊ ခမ်းနားမြင့်မြတ်မှုနဲ့ ချီးမြှောက်တယ်” လို့ ဒါဝိဒ် ပြောတယ်။ လူသားတွေဟာ ကောင်းကင်တမန်တွေလောက် တန်ခိုး၊ ဉာဏ်ပညာ၊ စွမ်းရည်တွေ မရှိပါဘူး။ (ဆာ. ၁၀၃:၂၀) ဒါပေမဲ့ ကောင်းကင်တမန်တွေထက် “အနည်းငယ်” လောက်ပဲ “နိမ့်ကျ” တာပါ။ ဝမ်းနည်းစရာကတော့ အာဒံနဲ့ ဧဝဟာ မနာခံမှုကြောင့် ယေဟောဝါရဲ့ မိသားစုဝင် ဖြစ်ခွင့် ဆုံးရှုံးသွားတယ်။ အဲဒါက သားစဉ်မြေးဆက်တွေအတွက် ဆိုးကျိုးတွေ သက်ရောက်စေတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ ရည်ရွယ်ချက်ကတော့ မပြောင်းလဲပါဘူး။ နာခံမှု ရှိတဲ့ လူသားတွေကို မိမိသားသမီး ထာဝစဉ် ဖြစ်စေချင်တုန်းပဲ။ w21.08 ၂-၃ ¶၂-၄

ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၈

“ဒါတွေအားလုံးဟာ စစ်အင်အားကြောင့် မဟုတ်ဘူး။ တန်ခိုးအာဏာကြောင့်လည်း မဟုတ်ဘူး။ ငါ့စွမ်းအားတော်ကြောင့်သာ ဖြစ်လာလိမ့်မယ်။” ဒါဟာ . . . ယေဟောဝါ ပြောတဲ့ စကားပဲ။—ဇာ. ၄:၆။

ဒီနေ့ခေတ်မှာ ယေဟောဝါကို ဝတ်ပြုသူများစွာဟာ ဆန့်ကျင်မှု ကြုံနေရတယ်။ ဥပမာ၊ တချို့က ဟောပြောခြင်းလုပ်ငန်းကို ကန့်သတ်ထားတဲ့ တိုင်းပြည်မှာ နေထိုင်ကြလို့ အဖမ်းခံရနိုင်တယ်။ သက်သေခံခွင့် ရအောင် “ဘုရင်ခံတွေ၊ ဘုရင်တွေရှေ့ ပို့ဆောင်” ခံရနိုင်တယ်။ (မ. ၁၀:၁၇၊ ၁၈) သက်သေခံတချို့ကတော့ ဆန့်ကျင်မှု နောက်တစ်မျိုး ရင်ဆိုင်ရတယ်။ ယေဟောဝါကို လွတ်လပ်စွာ ဝတ်ပြုနိုင်ပေမဲ့ ဒါကို မကြိုက်တဲ့ မိသားစုဝင်တွေရဲ့ ဆန့်ကျင်မှု ကြုံရကြတယ်။ (မ. ၁၀:၃၂-၃၆) အများအားဖြင့်တော့ ဆန့်ကျင်သူတွေဟာ မိမိတို့ ဘယ်လောက်ပဲ ဆန့်ကျင်ပါစေ ယေဟောဝါကို ဆက်ဝတ်မပြုအောင် တားဆီးလို့ မရမှန်း သိသွားတဲ့အခါ ဆက်မဆန့်ကျင်ကြတော့ဘူး။ ကိုယ်ထိလက်ရောက် ဆန့်ကျင်ခဲ့သူတချို့ဆိုရင် နောက်ပိုင်းမှာ ဇွဲထက်သန်တဲ့ သက်သေခံ ဖြစ်လာတာတောင် ရှိတယ်။ ဒါကြောင့် ဆန့်ကျင်မှု ကြုံရတဲ့အခါ လက်မလျှော့ပါနဲ့။ သတ္တိရှိပါ။ သင့်ဘက်မှာ ယေဟောဝါနဲ့ သန့်ရှင်းသော စွမ်းအားတော် ရှိတဲ့အတွက် ကြောက်စရာ ဘာအကြောင်းမှ မရှိဘူး။ w22.03 ၁၆ ¶၈

ကြာသပတေးနေ့၊ နိုဝင်ဘာ ၉

ယေဟောဝါကို ချစ်မြတ်နိုးသူတို့၊ မကောင်းမှုကို မုန်းကြပါ။—ဆာ. ၉၇:၁၀။

“မောက်မာတဲ့မျက်လုံး၊ လိမ်တတ်တဲ့လျှာ၊ အပြစ်မဲ့သူကို သတ်တဲ့လက်” ကို ယေဟောဝါ မုန်းတယ်လို့ ကျမ်းစာမှာ ပြောတယ်။ (ပညာ. ၆:၁၆၊ ၁၇) “အကြမ်းဖက်သူတွေ၊ လှည့်စားတတ်သူတွေကို ယေဟောဝါ ရွံမုန်းတယ်။” (ဆာ. ၅:၆) အဲဒီလို သဘောထားနဲ့ လုပ်ရပ်တွေကို မုန်းလွန်းလို့ ကမ္ဘာကို အကြမ်းဖက်မှုနဲ့ ပြည့်စေတဲ့ နောဧခေတ်က လူဆိုးအားလုံးကို အဆုံးစီရင်ခဲ့တယ်။ (က. ၆:၁၃) ပရောဖက် မာလခိခေတ်မှာလည်း အပြစ်မဲ့တဲ့ အိမ်ထောင်ဖက်ကို သစ္စာဖောက်ပြီး ကွာရှင်းဖို့ ကြံစည်သူတွေကို ယေဟောဝါ မုန်းတယ်လို့ ပြောတယ်။ သူတို့ရဲ့ ဝတ်ပြုမှုကို ဘုရား လက်ခံမှာ မဟုတ်သလို သူတို့ရဲ့ လုပ်ရပ်အတွက်လည်း ပြစ်ဒဏ်စီရင်မှာ ဖြစ်တယ်။ (မာလ. ၂:၁၃-၁၆။ ဟီ. ၁၃:၄) ယေဟောဝါက ကျွန်တော်တို့ကို “ဆိုးညစ်တဲ့အရာကို ရွံမုန်း” စေချင်တယ်။ (ရော. ၁၂:၉) “ရွံမုန်း” ဆိုတဲ့ စကားလုံးဟာ ပြင်းထန်တဲ့ စိတ်ခံစားချက်၊ တစ်ခုခုကို မုန်းတီးတာ၊ ရွံရှာတာကို ဆိုလိုတယ်။ ဒါကြောင့် ဘုရား မကြိုက်တဲ့ အရာတစ်ခုခု လုပ်မယ်ဆိုတဲ့ အတွေးကတောင် ကျွန်တော်တို့အတွက် ရွံရှာဖွယ် ဖြစ်သင့်တယ်။ w22.03 ၄-၅ ¶၁၁-၁၂

သောကြာနေ့၊ နိုဝင်ဘာ ၁၀

ဘုရားကို မျှော်လင့်စောင့်စားနေသူတွေ ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်။—ဟေရှာ. ၃၀:၁၈။

မကြာခင် နိုင်ငံတော်အားဖြင့် ကျွန်တော်တို့ကို ကောင်းကင်ဖခင် ကြွယ်ဝစွာ ကောင်းချီးပေးပါတော့မယ်။ ဒါကြောင့် ယေဟောဝါကို မျှော်လင့်စောင့်စားနေသူတွေဟာ အခု လောလောဆယ်ရော လာမယ့် ကမ္ဘာသစ်မှာပါ ကောင်းချီးများစွာ ခံစားရပါလိမ့်မယ်။ ဘုရားလူမျိုး ကမ္ဘာသစ်ထဲ ရောက်တဲ့အခါ ဒီနေ့ ကြုံနေရတဲ့ စိုးရိမ်ပူပန်မှုတွေ၊ အခက်အခဲတွေ ထပ်ကြုံရတော့မှာ မဟုတ်ဘူး။ မတရားမှုတွေ၊ နာကျင်ခြင်းတွေ ရှိတော့မှာ မဟုတ်ဘူး။ (ဗျာ. ၂၁:၄) အစစအရာရာ အလျှံပယ် ရှိမှာ ဖြစ်လို့ လိုအပ်ရာတွေ ရဖို့ စိုးရိမ်တကြီး စောင့်နေစရာ မလိုတော့ဘူး။ (ဆာ. ၇၂:၁၆။ ဟေရှာ. ၅၄:၁၃) တကယ့် ကောင်းချီးပါပဲ။ ဒီအတောအတွင်း အကျင့်ဆိုးတွေ ဖြတ်ဖို့၊ အရည်အသွေးကောင်းတွေ မွေးမြူဖို့ ကျွန်တော်တို့ကို ကူညီပေးခြင်းအားဖြင့် ကမ္ဘာသစ် အသက်တာအတွက် ယေဟောဝါ အသင့်ပြင်ပေးနေတယ်။ ဒါကြောင့် စိတ်ဓာတ်မကျပါနဲ့။ လက်မလျှော့ပါနဲ့။ အကောင်းဆုံး အသက်တာ ရောက်လာပါတော့မယ်။ အဲဒီအချိန်ကို စောင့်မျှော်ရင်း ယေဟောဝါ အလုပ်ပြီးမြောက်အောင် လုပ်တဲ့အချိန်အထိ စိတ်ရှည်ရှည် ဆက်စောင့်ဆိုင်းကြပါစို့။ w21.08 ၁၃ ¶၁၇-၁၉

စနေနေ့၊ နိုဝင်ဘာ ၁၁

ကောင်းမှုပြုဖို့၊ ကိုယ့်မှာရှိတာကို သူတစ်ပါးကို ဝေမျှဖို့ မမေ့ပါနဲ့။ ဘာလို့လဲဆိုတော့ အဲဒီလိုပူဇော်သက္ကာတွေကို ဘုရားသခင် နှစ်သက်တယ်။—ဟီ. ၁၃:၁၆။

တမန်တော် ပေါလုရဲ့ စာကို ရပြီး မကြာခင်မှာပဲ ယုဒနယ်က ခရစ်ယာန်တွေဟာ ကိုယ့်အိမ်၊ အလုပ်အကိုင်၊ မယုံကြည်သူဆွေမျိုးတွေကို ထားရစ်ပြီး “တောင်ပေါ်ကို ပြေး” ခဲ့ကြရတယ်။ (မ. ၂၄:၁၆) အချင်းချင်း ကူညီဖို့ အလိုအပ်ဆုံး အချိန်ပဲ။ သူတို့သာ ဒီ့မတိုင်ခင်ကတည်းက ပေါလုရဲ့ အကြံဉာဏ်အတိုင်း ကိုယ့်မှာရှိတာကို အချင်းချင်း ဝေမျှကြတယ်ဆိုရင် အခု ဘဝသစ်မှာ နေသားကျဖို့ ပိုလွယ်ကူပါလိမ့်မယ်။ ညီအစ်ကို/မတွေဟာ သူတို့ လိုအပ်တာကို အမြဲ ထုတ်ပြောချင်မှ ပြောမယ်။ ဒါကြောင့် ချဉ်းကပ်ရလွယ်သူ ဖြစ်ပါ။ အသင်းတော်မှာ တခြားသူတွေကို ကူညီဖို့ အမြဲ အဆင်သင့်ရှိတဲ့ ညီအစ်ကို/မတွေကို သင် သိမှာပဲ။ သူတို့ကို ဒုက္ခပေးနေတယ်လို့ ကျွန်တော်တို့ ခံစားရအောင် တစ်ခါမှ မလုပ်ကြဘူး။ အကူအညီ လိုအပ်ချိန်တိုင်း သူတို့ကို အားကိုးနိုင်တယ်။ ကျွန်တော်တို့လည်း သူတို့လို ဖြစ်ချင်မှာပဲ။ w22.02 ၂၃-၂၄ ¶၁၃-၁၅

တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၁၂

သန့်ရှင်းသော စွမ်းအားတော်ကြောင့် ရလာတဲ့ စည်းလုံးမှု နှောင်ကြိုးကို ကြိုးစားထိန်းသိမ်းပါ။—ဧ. ၄:၃။

မကြာသေးခင် နှစ်တွေတုန်းက အသင်းတော်နဲ့ တိုက်နယ် အများစုကို ပြန်ဖွဲ့စည်းခဲ့တယ်။ ကြေညာသူတချို့ကို တခြားအသင်းတော်နဲ့ ပေါင်းဖို့ တောင်းဆိုတယ်။ မိတ်ဆွေတွေ၊ မိသားစုတွေကို ထားခဲ့ရမှာ ခက်နိုင်တယ်။ ဘယ်ကြေညာသူကို ဘယ်မှာ တာဝန်ချပါဆိုပြီး ဘုရားကိုယ်တိုင် အကြီးအကဲတွေကို လာပြောတာလား။ မဟုတ်ပါဘူး။ အဲဒီအချက်ကြောင့် လမ်းညွှန်ချက်ကို လိုက်နာဖို့ ခက်နေတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒီလို ဆုံးဖြတ်ချက်တွေ ချဖို့ အကြီးအကဲတွေကို ယေဟောဝါ ယုံကြည်စိတ်ချတယ်။ ကျွန်တော်တို့လည်း ယုံကြည်စိတ်ချဖို့ လိုတယ်။ အကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်ကို မကြိုက်ရင်တောင် ဘာကြောင့် ပူးပေါင်းလုပ်ဆောင်သင့်သလဲ။ ဘုရားလူမျိုးကြားမှာ ငြိမ်သက်စည်းလုံးမှု ဆက်ရှိနေစေဖို့ပဲ။ အကြီးအကဲအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကို အားလုံး နှိမ့်ချစွာ လက်အောက်ခံမှ အသင်းတော် တိုးတက်မယ်။ (ဟီ. ၁၃:၁၇) ပိုအရေးကြီးတာက ကျွန်တော်တို့ကို ဂရုစိုက်စောင့်ရှောက်ဖို့ ယေဟောဝါ ယုံကြည်စိတ်ချစွာ အပ်ထားသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်တာဟာ ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း ပြရာရောက်တယ်။—တ. ၂၀:၂၈။ w22.02 ၄-၅ ¶၉-၁၀

တနင်္လာနေ့၊ နိုဝင်ဘာ ၁၃

လူတွေရှေ့ ကျမ်းစာဖတ်တာ၊ အားပေးနှိုးဆော်တာ၊ သွန်သင်တာတွေကို အမြဲ ကြိုးစားလုပ်ဆောင်ပါ။—၁ တိ. ၄:၁၃။

သင်ဟာ နှစ်ခြင်းခံပြီးသား ညီအစ်ကိုတစ်ယောက် ဖြစ်မယ်ဆိုရင် စကားပြော စွမ်းရည်၊ သွန်သင်ခြင်း စွမ်းရည် တိုးတက်အောင် ကြိုးစားနိုင်တယ်။ ဘာကြောင့်လဲ။ ဖတ်ရှုခြင်း၊ စကားပြောခြင်း၊ သွန်သင်ခြင်းမှာ တိုးတက်ဖို့ “အာရုံနှစ်ထား” ရင် နားထောင်သူတွေကို များစွာ ကူညီပေးနိုင်တယ်။ (၁ တိ. ၄:၁၅) ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ စာစောင်မှာ ပါတဲ့ စကားပြော အရည်အသွေး တစ်ခုစီကို လေ့လာဖို့၊ ကျင့်သုံးဖို့ ပန်းတိုင်ထားပါ။ တစ်ကြိမ်မှာ အရည်အသွေး တစ်ခုကို လေ့လာပါ။ အိမ်မှာ သေသေချာချာ လေ့ကျင့်ထားပြီး ဟောပြောချက် တာဝန်ကျတဲ့အခါ ကျင့်သုံးပါ။ အရန်သွန်သင်ချက်ပေးသူ ဒါမှမဟုတ် “တရားစကားအကြောင်း ပြောဆိုခြင်း၊ သွန်သင်ခြင်းတွေမှာ ကြိုးစားလုပ်ဆောင်နေ” တဲ့ တခြားအကြီးအကဲတွေဆီ အကြံဉာဏ် တောင်းပါ။ (၁ တိ. ၅:၁၇) သွန်သင်နည်းစနစ်ကိုပဲ အာရုံမစိုက်ပါနဲ့။ နားထောင်သူတွေရဲ့ ယုံကြည်ခြင်း တိုးပွားအောင်၊ သိလာတာတွေကို လက်တွေ့ကျင့်သုံးနိုင်အောင် ဘယ်လို ကူညီပေးရမလဲဆိုတာကိုပါ အာရုံစိုက်ပါ။ အဲဒီလို လုပ်မယ်ဆိုရင် သင်ကော သူတို့ပါ ပျော်ရွှင်ရပါလိမ့်မယ်။ w21.08 ၂၄ ¶၁၇

အင်္ဂါနေ့၊ နိုဝင်ဘာ ၁၄

စိတ်နှိမ့်ချကြပါ၊ သူတစ်ပါးကို ကိုယ့်ထက်သာတယ်လို့ သဘောထားပါ။—ဖိ. ၂:၃။

တခြားသူတွေကို ကိုယ့်ထက်သာတယ်လို့ သဘောထားရင် ကိုယ့်ထက် ပင်ကိုစွမ်းရည်၊ အရည်အချင်း ပိုရှိသူနဲ့ လိုက်ပြိုင်မှာ မဟုတ်ဘူး။ အဲဒီအစား သူတို့အတွက် ဝမ်းသာပေးမယ်။ အထူးသဖြင့် သူတို့ရဲ့ အရည်အချင်းတွေကို ယေဟောဝါရဲ့ အမှုတော်မှာ အသုံးပြုနေတဲ့အခါမျိုးမှာ ဖြစ်တယ်။ ဒါဆိုရင် အသင်းတော်မှာ ငြိမ်သက်စည်းလုံးမှု တိုးပွားလာပါလိမ့်မယ်။ ကိုယ့်ကန့်သတ်ချက်တွေကို အသိအမှတ်ပြုခြင်း၊ တစ်နည်းအားဖြင့် ကျိုးနွံစိတ် ရှိခြင်းအားဖြင့် မနာလိုစိတ်ကို တားဆီးနိုင်တယ်။ ကျိုးနွံမယ်ဆိုရင် တခြားသူထက် ကိုယ် ပိုတော်၊ ပိုတတ်ကြောင်း ပြဖို့ ကြိုးစားမှာ မဟုတ်ဘူး။ အဲဒီအစား ကိုယ့်ထက် ပိုတော်သူတွေဆီကနေ သင်ယူပါလိမ့်မယ်။ ဥပမာ၊ အသင်းတော်မှာ ညီအစ်ကိုတစ်ယောက်က လူထုဟောပြောချက် ပေးတာ သိပ်တော်တယ် ဆိုပါစို့။ ဟောပြောချက် ဘယ်လို ပြင်ဆင်သလဲဆိုပြီး မေးနိုင်တယ်။ ညီအစ်မ တစ်ယောက်က အချက်အပြုတ် တော်တယ်ဆိုရင် သူ့ဆီကနေ အကြံဉာဏ် တောင်းနိုင်တယ်။ w21.07 ၁၆ ¶၈-၉

ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၁၅

[ယေဟောဝါဟာ] မတရားမှုကင်းတဲ့ ဘုရား [ဖြစ်တယ်]။—တရား. ၃၂:၄။

ဥပုသ်နေ့မှာ ထင်းခွေတဲ့ အစ္စရေး တစ်ယောက်ကို ယေဟောဝါ သေဒဏ်စီရင်တဲ့အကြောင်း တောလည်ရာကျမ်းမှာ ဖတ်ရတယ်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ရှမွေလ ဒုတိယစောင်မှာတော့ အိမ်ထောင်ရေး ဖောက်ပြန်ပြီး လူသတ်မှု ကျူးလွန်တဲ့ ဘုရင် ဒါဝိဒ်ကို ယေဟောဝါ ခွင့်လွှတ်ပေးတယ်လို့ ဖတ်ရတယ်။ (တော. ၁၅:၃၂၊ ၃၅။ ၂ ရှ. ၁၂:၉၊ ၁၃) ‘အိမ်ထောင်ရေး ဖောက်ပြန်ပြီး လူသတ်တဲ့ ဒါဝိဒ်ကိုကျတော့ ယေဟောဝါ ခွင့်လွှတ်ပြီး အပြစ်သေးသေးလေး လုပ်မိသူကိုတော့ သေဒဏ်စီရင်တာ ဘာကြောင့်လဲ’ လို့ ကျွန်တော်တို့ စဉ်းစားမိနိုင်တယ်။ ကျမ်းစာမှာ မှတ်တမ်းတစ်ခုရဲ့ အသေးစိတ်အချက်တွေကို အမြဲ ဖော်ပြတာ မဟုတ်ဘူး။ ဥပမာ၊ ဒါဝိဒ်ဟာ ကိုယ့်လုပ်ရပ်အတွက် စိတ်ရင်းမှန်နဲ့ နောင်တရကြောင်း ကျွန်တော်တို့ သိတယ်။ (ဆာ. ၅၁:၂-၄) ဒါပေမဲ့ ဥပုသ်ပညတ် ချိုးဖောက်သူကတော့ ဘယ်လို လူစားမျိုးလဲ။ လုပ်မိခဲ့တာအတွက် နောင်တရရဲ့လား။ အရင်ကလည်း ယေဟောဝါရဲ့ ပညတ်ကို မနာခံခဲ့သူလား။ သတိပေးချက်တွေကို ဂရုမစိုက်သူလား။ ငြင်းပယ်တာမျိုးတောင် ရှိသလား။ ကျမ်းစာမှာ မဖော်ပြထားဘူး။ ဒါပေမဲ့ ဘုရားအကြောင်း ကောင်းကောင်း သိထားတဲ့အတွက် “နည်းလမ်းမှန်သမျှ ဖြောင့်မတ်” ကြောင်း ကျွန်တော်တို့ စိတ်ချနိုင်ပါတယ်။—ဆာ. ၁၄၅:၁၇။ w22.02 ၂-၃ ¶၃-၄

ကြာသပတေးနေ့၊ နိုဝင်ဘာ ၁၆

ဉာဏ်ပညာကတော့ ကျိုးနွံသူတွေနဲ့အတူ ရှိနေတယ်။—ပညာ. ၁၁:၂။

ကျိုးနွံသူဟာ ကိုယ်လုပ်နိုင်တာထက် ပိုလုပ်ဖို့ စိတ်မကူးဘူး။ ဒါကြောင့် ပျော်ရွှင်ကျေနပ်တယ်။ ကျိုးနွံသူကို စက်ဘီးစီးသူနဲ့ နှိုင်းယှဉ်နိုင်တယ်။ သစ်လုံးတံတားကို ရောက်တဲ့အခါ စက်ဘီးပေါ်က ဆင်းပြီး တွန်းသွားရမယ်။ အရှိန်နှေးသွားပေမဲ့ ရှေ့ဆက် သွားနေမယ်။ အလားတူပဲ၊ ကျိုးနွံသူဟာ ယေဟောဝါရဲ့ လုပ်ငန်းမှာ ဘယ်အချိန် “အပြောင်းအလဲ လုပ်” ရမယ်ဆိုတာ သိတယ်။ ဒါမှ ယေဟောဝါနဲ့ တခြားသူတွေအတွက် ဆက်အမှုဆောင်နိုင်မှာ။ (ဖိ. ၄:၅) ဗာဇိလဲအကြောင်း စဉ်းစားကြည့်ပါ။ နန်းတော်ကို လိုက်လာဖို့ ဘုရင် ဒါဝိဒ် ကမ်းလှမ်းချိန်မှာ ဗာဇိလဲ အသက် ၈၀ ရှိပြီ။ ကျိုးနွံသူ ဖြစ်လို့ ကမ်းလှမ်းမှုကို ငြင်းလိုက်တယ်။ ကိုယ့်ကန့်သတ်ချက်တွေကို အသိအမှတ်ပြုပြီး မိမိအစား လူငယ် ခိမဟံကို ခေါ်သွားဖို့ ထောက်ခံပေးတယ်။ (၂ ရှ. ၁၉:၃၅-၃၇) ဗာဇိလဲလိုပဲ အသက်ကြီးသူတွေလည်း လူငယ်တွေကို လုပ်ငန်းတော် အခွင့်ထူးတွေအတွက် နေရာပေးကြတယ်။ w21.09 ၁၀ ¶၆-၇

သောကြာနေ့၊ နိုဝင်ဘာ ၁၇

သားဖြစ်သူ ကျွန်တော့်အကြောင်း အဖဘုရားကလွဲလို့ ဘယ်သူမှ မသိဘူး။ အဖဘုရားအကြောင်းလည်း သားဖြစ်သူ ကျွန်တော်နဲ့ ကျွန်တော် ဖော်ပြချင်သူတွေကလွဲလို့ ဘယ်သူမှ မသိဘူး။—လု. ၁၀:၂၂။

ယေဟောဝါကို မေတ္တာရှင် ဖခင်အဖြစ် ရှုမြင်ဖို့ ခက်နေသလား။ ကြီးပြင်းလာပုံ နောက်ခံ မကောင်းလို့ မေတ္တာရှိတဲ့ မိဘဆိုတဲ့ အချက်ကို လက်ခံဖို့ တချို့အတွက် ခက်နိုင်တယ်။ ကျွန်တော်တို့ရဲ့ ခံစားချက်တွေကို ယေဟောဝါ အပြည့်အဝ နားလည်ကြောင်း သိရတာ စိတ်ချမ်းသာစရာပဲ။ ကျွန်တော်တို့နဲ့ ဘုရား ရင်းနှီးချင်တယ်။ ဒါကြောင့် “ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်” လို့ ကျမ်းစာ တိုက်တွန်းတယ်။ (ယာ. ၄:၈) ကျွန်တော်တို့ကို ယေဟောဝါ ချစ်တယ်၊ အကောင်းဆုံး ဖခင် ဖြစ်ပေးမယ်လို့ ပြောတယ်။ ယေဟောဝါနဲ့ ရင်းနှီးအောင် ယေရှု ကူညီပေးနိုင်တယ်။ ယေဟောဝါအကြောင်း ကောင်းကောင်း သိပြီး ဘုရားအရည်အသွေးတွေကို အပြည့်ဝဆုံး တင်ပြတဲ့အတွက် “ကျွန်တော့်ကို မြင်တာဟာ အဖဘုရားကို မြင်တာပဲ” လို့ ယေရှု ပြောတယ်။ (ယော. ၁၄:၉) ဖခင်ကို လေးစားနာခံကြောင်း ဘယ်လို ပြရမယ်၊ ဖခင် မနှစ်သက်တာကို ဘယ်လို ရှောင်ရမယ်၊ ဖခင် မျက်နှာသာ ရအောင် ဘယ်လို လုပ်ရမယ်ဆိုတာ အစ်ကိုကြီးတစ်ယောက်လိုပဲ ယေရှု သင်ပေးတယ်။ ယေဟောဝါ ဘယ်လောက် ကြင်နာကြောင်း၊ မေတ္တာ ရှိကြောင်းလည်း နားလည်အောင် ကူညီပေးတယ်။ w21.09 ၂၁ ¶၄-၅

စနေနေ့၊ နိုဝင်ဘာ ၁၈

ခင်ဗျားတို့ဆီ ပေးအပ်ထားတဲ့ ဘုရားသခင့် သိုးတော်စုကို ထိန်းကျောင်းကြပါ။—၁ ပေ. ၅:၂။

ယေဟောဝါရဲ့ လူမျိုးဟာ စစ်မှန်တဲ့ ဘုရား တစ်ဆူတည်းကို စည်းလုံးစွာ ဝတ်ပြုနေကြတယ်။ အသင်းတော်ကို သန့်ရှင်းအောင် ထားဖို့ဆိုတဲ့ တာဝန်ကြီး အကြီးအကဲတွေကို ယေဟောဝါ အပ်နှင်းထားတယ်။ ခရစ်ယာန် တစ်ယောက် ကြီးလေးတဲ့ အပြစ် ကျူးလွန်မိရင် အသင်းတော်ထဲ သူ့ကို ဆက်ထားမထား အကြီးအကဲတွေ ဆုံးဖြတ်ဖို့ တောင်းဆိုထားတယ်။ အဲဒီလူ တကယ် နောင်တရမရဆိုတာကိုလည်း အကြီးအကဲတွေ သိအောင် လုပ်ရမယ်။ နောင်တရတယ်လို့ ပြောပေမဲ့ ကိုယ့်လုပ်ရပ်ကို တကယ် မုန်းရဲ့လား။ အပြစ် ထပ်မလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသလား။ မကောင်းတဲ့ အပေါင်းအသင်းတွေကြောင့် အပြစ် လုပ်မိတာဆိုရင် အဲဒီအပေါင်းအသင်းတွေနဲ့ အဆက်ဖြတ်ဖို့ လိုလိုလားလား ရှိသလား။ အကြီးအကဲတွေဟာ ကျမ်းစာကို အခြေခံပြီး အချက်အလက်တွေကို အသေအချာ ဆုတောင်းသုံးသပ်ကြတယ်။ လုပ်မိတဲ့ လုပ်ရပ်ကို အပြစ်ကျူးလွန်သူ ဘယ်လို သဘောထားသလဲဆိုတာလည်း ထည့်စဉ်းစားကြတယ်။ ပြီးနောက် အသင်းတော်ထဲမှာ သူ ဆက်ရှိသင့်၊ မရှိသင့် ဆုံးဖြတ်ကြတယ်။ တချို့ကိစ္စမှာတော့ သူ့ကို နှင်ထုတ်နိုင်တယ်။—၁ ကော. ၅:၁၁-၁၃။ w22.02 ၅ ¶၁၁-၁၂

တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၁၉

စရိုက်သစ်ကို ဝတ်ဆင်ကြပါ။—ကော. ၃:၁၀။

နှစ်ခြင်းခံပြီးတာ ရက်အနည်းငယ်ပဲ ရှိသေးတာဖြစ်ဖြစ်၊ နှစ်ပေါင်းများစွာ ကြာပြီပဲဖြစ်ဖြစ် ယေဟောဝါ နှစ်သက်တဲ့ စရိုက်တွေ ကျွန်တော်တို့ ရှိချင်ကြတယ်။ အဲဒီလို ဖြစ်နိုင်ဖို့ စဉ်းစားတွေးခေါ်ပုံကို ထိန်းချုပ်ဖို့ လိုတယ်။ ဘာကြောင့်လဲဆိုတော့ အတွေးအခေါ်က အကျင့်စရိုက်ကို လွှမ်းမိုးလို့ပဲ။ အပြစ်ရှိတဲ့ အလိုဆန္ဒအတိုင်း အမြဲ တွေးနေရင် မကောင်းတာတွေ ပြောမိ၊ လုပ်မိလိမ့်မယ်။ (ဧ. ၄:၁၇-၁၉) စိတ်ကို ကောင်းတဲ့ အတွေးတွေနဲ့ ဖြည့်ထားမယ်ဆိုရင်တော့ ဖခင်ယေဟောဝါ နှစ်သက်တဲ့ နည်းအတိုင်း ပြုမူပြောဆိုနိုင်ပါလိမ့်မယ်။ (ဂလ. ၅:၁၆) စိတ်ထဲ ဝင်လာတဲ့ မကောင်းတဲ့အတွေး အားလုံးကို ကျွန်တော်တို့ မဖျောက်ပစ်နိုင်ဘူး။ ဒါပေမဲ့ အဲဒီအတွေးတွေအတိုင်း လိုက်မလုပ်ဖို့တော့ ရွေးချယ်ဆုံးဖြတ်နိုင်တယ်။ ယေဟောဝါ မုန်းတဲ့ အပြောအဆို၊ လုပ်ရပ်တွေကို နှစ်ခြင်းမခံခင်ကတည်းက ရှောင်ဖို့ လိုတယ်။ စရိုက်ဟောင်းကို ချွတ်ပစ်ရာမှာ အဲဒါ အဓိကခြေလှမ်းပဲ။ ဒါပေမဲ့ ယေဟောဝါရဲ့ နှစ်သက်မှု အပြည့်အဝ ရဖို့ဆိုရင် စရိုက်သစ်ကို ဝတ်ဆင်ဖို့လည်း လိုတယ်။ w22.03 ၈ ¶၁-၂

တနင်္လာနေ့၊ နိုဝင်ဘာ ၂၀

ခင်ဗျားတို့ဟာ စင်ကြယ်သူတွေ ဖြစ်မှန်း အဲဒီလို နည်းအမျိုးမျိုးနဲ့ တင်ပြခဲ့ကြတယ်။—၂ ကော. ၇:၁၁။

အပြစ်လုပ်မိသူ တကယ် နောင်တရ မရ ပိုင်းဖြတ်တာဟာ အကြီးအကဲတွေအတွက် မလွယ်ဘူး။ ဘာကြောင့်လဲ။ အကြီးအကဲတွေဟာ တခြားသူတွေရဲ့ စိတ်နှလုံးထဲ ဘာရှိမှန်း မသိနိုင်ဘူး။ ဒါကြောင့် အပြင်ပန်း အထောက်အထားတွေကိုပဲ ကြည့်ပြီး ဆုံးဖြတ်ရတယ်။ အပြစ်လုပ်သူရဲ့ သဘောထား၊ ခံစားချက်၊ အကျင့် ပြောင်းလဲတယ်ဆိုတဲ့ သက်သေအထောက်အထားကို အကြီးအကဲတွေ မြင်ဖို့ လိုတယ်။ လိုအပ်တဲ့ အပြောင်းအလဲတွေ လုပ်ဖို့ အချိန် အတော်အတန် လိုနိုင်တယ်။ နှင်ထုတ်ခံရသူဟာ စစ်မှန်တဲ့ နောင်တ ရကြောင်း ပြဖို့ အစည်းအဝေးတွေ ပုံမှန် တက်ရမယ်။ အကြီးအကဲတွေရဲ့ အကြံဉာဏ်အတိုင်း ပုံမှန် ဆုတောင်း၊ လေ့လာရမယ်။ အမှားလုပ်မိစေနိုင်တဲ့ အခြေအနေတွေကို ရှောင်ရမယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းအောင် ကြိုးစားမယ်ဆိုရင် ဘုရား အပြည့်အဝ ခွင့်လွှတ်မယ်၊ အကြီးအကဲတွေ အသင်းတော်မှာ ပြန်လက်ခံမယ်ဆိုတာ စိတ်ချနိုင်တယ်။ w21.10 ၆ ¶၁၆-၁၈

အင်္ဂါနေ့၊ နိုဝင်ဘာ ၂၁

အထက်မိုးကောင်းကင်ပေါ်က၊ အောက်အရပ်မြေကြီးပေါ်က . . . အရာတစ်ခုခုနဲ့ ပုံသဏ္ဌာန်တူတာကိုဖြစ်စေ၊ ရုပ်တုကိုဖြစ်စေ မလုပ်နဲ့။ အဲဒါတွေကို ဦးမချနဲ့။—ထွ. ၂၀:၄၊ ၅။

ယေရှုဟာ ဘုရားကို နှစ်နှစ်ကာကာ ချစ်လို့ ကောင်းကင်မှာရော မြေကြီးပေါ် ရှိချိန်မှာပါ အကြွင်းမဲ့ ဆည်းကပ်ဝတ်ပြုတယ်။ (လု. ၄:၈) တပည့်တွေကိုလည်း အဲဒီလို ဝတ်ပြုဖို့ သွန်သင်တယ်။ ယေရှုရော သစ္စာရှိ တပည့်တွေပါ ဝတ်ပြုရေးမှာ ရုပ်တုတွေ အသုံးမပြုကြဘူး။ ဘုရားသခင်ဟာ နာမ်ဝိညာဉ်ပုဂ္ဂိုလ် ဖြစ်တဲ့အတွက် လူလုပ်တဲ့အရာ တစ်ခုမှ ယေဟောဝါ ဘုန်းတော်ရဲ့ ခြေဖျားတောင် မမီနိုင်ဘူး။ (ဟေရှာ. ၄၆:၅) သူတော်စင် ရုပ်တုတွေ လုပ်ပြီး သူတို့ဆီ ဆုတောင်းတာကော။ ပညတ်တော် ဆယ်ပါးထဲက ဒုတိယပညတ်မှာ ဒီနေ့ကျမ်းချက်ပါ စကားတွေကို ယေဟောဝါ မိန့်မှာတယ်။ ဘုရားနှစ်သက်မှု ရချင်သူတွေအတွက် အဲဒီစကားတွေက ရှင်းပါတယ်။ အစောပိုင်း ခရစ်ယာန်တွေ ဘုရားတစ်ပါးတည်းကိုပဲ အကြွင်းမဲ့ ဆည်းကပ်ဝတ်ပြုကြောင်း သမိုင်းပညာရှင်တွေ အသိအမှတ်ပြုတယ်။ ဒီနေ့ခေတ် ယေဟောဝါသက်သေတွေလည်း အစောပိုင်း ခရစ်ယာန်တွေ ချမှတ်ခဲ့တဲ့ ပုံစံကို လိုက်လျှောက်ကြတယ်။ w21.10 ၁၉-၂၀ ¶၅-၆

ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၂၂

အိမ်မိုးပေါ်မှာ ရှိနေသူဟာ အိမ်ထဲကပစ္စည်းတွေ ယူဖို့ မဆင်းလာနဲ့။—မ. ၂၄:၁၇။

ဂျေရုဆလင်မြို့ “စစ်တပ်ဝိုင်းရံ” ခံရမယ့်အချိန် ရောက်လာမယ်လို့ ယုဒပြည်မှာ နေတဲ့ ပထမရာစု ခရစ်ယာန်တွေကို ယေရှု သတိပေးတယ်။ (လု. ၂၁:၂၀-၂၄) အဲဒီအခါ “တောင်ပေါ်ကို ပြေး” ရမယ်။ ပြေးမှ ကယ်တင်ခံရမယ်။ ဒါပေမဲ့ တော်တော်တော့ စွန့်စားရမယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကင်းမျှော်စင် မှာ ဒီလိုရေးတယ်– “သူတို့သည် လယ်ယာအိုးအိမ်များကို စွန့်ခဲ့ကြပြီး သူတို့အိမ်ထဲရှိ ပစ္စည်းများကိုပင် မစုသိမ်းခဲ့ကြချေ။ ယေဟောဝါ၏ ကာကွယ်မှုနှင့် ထောက်မကူညီမှုကို ရမည်ဟု စိတ်ချကာ အရေးကြီးဟန်ရှိသည့် အရာမှန်သမျှထက် ကိုယ်တော့်ဝတ်ပြုရေးကို အဓိကထားခဲ့ကြသည်။” ကင်းမျှော်စင် မှာ ဒီလိုဆက်ပြောတယ်– “အနာဂတ်တွင် ရုပ်ပစ္စည်းများကို ကျွန်ုပ်တို့ ရှုမြင်ပုံနှင့်ပတ်သက်၍ စမ်းသပ်မှု ရှိနိုင်ပေသည်။ ၎င်းတို့သည် သင့်အတွက် အရေးအပါဆုံးအရာ ဖြစ်သလော။ သို့မဟုတ် ဘုရားသခင့်ဘက် ရပ်တည်ကြသူအားလုံး ကယ်တင်ခြင်းရဖို့ ပိုအရေးကြီးသလော။ မှန်ပါသည်၊ ကျွန်ုပ်တို့ ထွက်ပြေးနေကြစဉ် အခက်အခဲများနှင့် ဆင်းရဲမှုများ ကြုံတွေ့ကြရပေမည်။ . . . လိုအပ်သမျှကို လုပ်ဆောင်ကြရန် အသင့်ရှိနေရပါလိမ့်မည်။” w22.01 ၄ ¶၇-၈

ကြာသပတေးနေ့၊ နိုဝင်ဘာ ၂၃

အို ဘုရားသခင်၊ ခိုင်မြဲတဲ့ မေတ္တာတော်ဟာ အဖိုးထိုက်လှတယ်။—ဆာ. ၃၆:၇။

အီဂျစ်ပြည်ကနေ အစ္စရေးတွေ ထွက်လာပြီး မကြာခင်မှာ မိမိနာမည်နဲ့ အရည်အသွေးတွေအကြောင်း မောရှေကို ယေဟောဝါ ဖော်ပြတယ်။ ‘ယေဟောဝါဟာ ကရုဏာရှိပြီး သနားစာနာတတ်တဲ့ဘုရား၊ ယေဟောဝါဟာ အမျက်ထွက်နှေးပြီး ခိုင်မြဲတဲ့ မေတ္တာနဲ့ သစ္စာတရား ကြီးမားတဲ့ ဘုရား၊ လူထောင်ပေါင်းများစွာကို ခိုင်မြဲတဲ့ မေတ္တာပြတဲ့ ဘုရား၊ အမှားတွေ၊ ကျူးလွန်မှုတွေ၊ အပြစ်တွေကို ခွင့်လွှတ်တဲ့ ဘုရားပဲ’ လို့ ပြောတယ်။ (ထွ. ၃၄:၆၊ ၇) ဒီစကားတွေအားဖြင့် မိမိရဲ့ ခိုင်မြဲတဲ့ မေတ္တာနဲ့ပတ်သက်တဲ့ ထူးခြားချက် တစ်ခု မောရှေကို ယေဟောဝါ ဖော်ပြတယ်။ အဲဒါ ဘာလဲ။ ခိုင်မြဲတဲ့ မေတ္တာ ရှိရုံသာမက ‘ခိုင်မြဲတဲ့ မေတ္တာ ကြီးမား’ တယ်ဆိုပြီး မိမိအကြောင်း ယေဟောဝါ ဖော်ပြတယ်။ အဲဒီအသုံးအနှုန်း ကျမ်းစာမှာ ခြောက်ကြိမ် ပါတယ်။ (တော. ၁၄:၁၈။ နေ. ၉:၁၇။ ဆာ. ၈၆:၁၅။ ၁၀၃:၈။ ယောလ ၂:၁၃။ ယောန ၄:၂) သုံးနှုန်းတဲ့ အကြိမ်တိုင်း လူတွေကို မဟုတ်ဘဲ ယေဟောဝါကိုပဲ ဆိုလိုတယ်။ မိမိကိုယ်တိုင်နဲ့ပတ်သက်ပြီး ယေဟောဝါ အဲဒီလို ဖော်ပြတာ ထူးခြားတယ်။ ခိုင်မြဲတဲ့ မေတ္တာဟာ ဘုရားအတွက် သိပ်အရေးပါတာ ထင်ရှားတယ်။ w21.11 ၂-၃ ¶၃-၄

သောကြာနေ့၊ နိုဝင်ဘာ ၂၄

အသက်ရှင်ရေးအတွက် . . . မစိုးရိမ်ကြနဲ့တော့။—မ. ၆:၂၅။

တမန်တော် ပေတရုနဲ့ ဇနီးဆီကနေ အိမ်ထောင်သည်တွေ သင်ယူနိုင်တယ်။ ယေရှုနဲ့ ဦးဆုံးအကြိမ် တွေ့ပြီး ခြောက်လ၊ တစ်နှစ်လောက်မှာ တမန်တော် ပေတရု အရေးကြီး ဆုံးဖြတ်ချက်တစ်ခု ချခဲ့ရတယ်။ ပေတရုဟာ တံငါလုပ်ငန်းနဲ့ အသက်မွေးသူ ဖြစ်တယ်။ ဒါကြောင့် မိမိနောက်ကို အချိန်ပြည့် လိုက်ဖို့ ယေရှု ဖိတ်ခေါ်တဲ့အခါ မိသားစု အခြေအနေကို ထည့်စဉ်းစားခဲ့ရမှာပဲ။ (လု. ၅:၁-၁၁) ဟောပြောခြင်းလုပ်ငန်းမှာ ယေရှုနဲ့အတူ လိုက်ဖို့ ပေတရု ဆုံးဖြတ်တယ်။ ဒီဆုံးဖြတ်ချက်ကို ပေတရုရဲ့ ဇနီး ထောက်မပေးခဲ့မှာ သေချာတယ်။ ယေရှု ထမြောက်ပြီးနောက် ခရီးစဉ်တချို့မှာ ပေတရုနဲ့အတူ ဇနီး လိုက်သွားတယ်လို့ ကျမ်းစာ ဖော်ပြတယ်။ (၁ ကော. ၉:၅) ဇနီးရဲ့ ပုံသက်သေကောင်းကြောင့် ခရစ်ယာန် ခင်ပွန်းနဲ့ ဇနီးတွေအတွက် ပေတရု အကြံဉာဏ် ပေးတဲ့အခါ လွတ်လပ်စွာ ပြောဆိုနိုင်ခဲ့တယ်။ (၁ ပေ. ၃:၁-၇) ဘဝမှာ ဘုရားနိုင်ငံတော်ကို ဦးစားထားရင် ဘုရား ကူညီထောက်မပေးမယ်ဆိုတဲ့ ကတိကို ပေတရုနဲ့ ဇနီး ယုံကြည်ကိုးစားခဲ့တာ ထင်ရှားတယ်။—မ. ၆:၃၁-၃၄။ w21.11 ၁၈ ¶၁၄

စနေနေ့၊ နိုဝင်ဘာ ၂၅

ကျွန်တော့်ကို အတုယူကြပါ။—၁ ကော. ၁၁:၁။

တမန်တော် ပေါလုဟာ ညီအစ်ကို/မတွေကို ချစ်တယ်။ သူတို့အကျိုးအတွက် မမောနိုင် မပန်းနိုင် ကြိုးစားလုပ်ဆောင်တယ်။ (တ. ၂၀:၃၁) ဒါကြောင့် ယုံကြည်သူချင်းတွေကလည်း ပေါလုကို သိပ်ချစ်ကြတယ်။ တစ်ကြိမ်မှာ ဧဖက်မြို့က အကြီးအကဲတွေ တမန်တော် ပေါလုကို နောက်တစ်ခါ ပြန်တွေ့တော့မှာ မဟုတ်ဘူးလို့ သိတဲ့အခါ “ရှိုက်ကြီးတငင် ငိုကြွေးကြတယ်။” (တ. ၂၀:၃၇) အလုပ်ကြိုးစားတဲ့ အကြီးအကဲတွေလည်း ညီအစ်ကို/မတွေကို ချစ်ကြတယ်။ အတတ်နိုင်ဆုံး ကူညီပေးကြတယ်။ (ဖိ. ၂:၁၆၊ ၁၇) ဒါပေမဲ့ တစ်ခါတလေ အကြီးအကဲတွေလည်း အခက်အခဲတွေ ကြုံရတယ်။ အဲဒါတွေကို ကျော်လွှားဖို့ သူတို့ကို ဘာက ကူညီပေးနိုင်သလဲ။ အကြီးအကဲတွေဟာ ပေါလုရဲ့ ပုံသက်သေကို သုံးသပ်ကြည့်နိုင်တယ်။ သူဟာ သာမန်လူသားပဲ ဖြစ်တယ်။ မစုံလင်တဲ့အတွက် မှန်ရာ လုပ်ဖို့ ခက်တဲ့အချိန်တွေ ရှိတယ်။ (ရော. ၇:၁၈-၂၀) အခက်အခဲတွေလည်း အများကြီး ကြုံရတယ်။ ဒါပေမဲ့ ပျော်ရွှင်မှု မပျောက်သွားဘူး။ ပေါလုကို တုပမယ်ဆိုရင် အကြီးအကဲတွေလည်း ကြုံရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ပြီး အမှုတော်မှာ ဆက်ပျော်ရွှင်နေပါလိမ့်မယ်။ w22.03 ၂၆ ¶၁-၂

တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၂၆

ဥပုသ်နေ့တွေကို စောင့်ထိန်းပါ။ ငါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါပဲ။—ဝတ်. ၁၉:၃။

ဝတ်ပြုရာက ၁၉:၃ မှာ ဥပုသ်စောင့်ခြင်းအကြောင်း ပြောထားတယ်။ ဒီနေ့ခေတ် ခရစ်ယာန်တွေဟာ ပညတ်တရားအောက် မရှိတော့လို့ အပတ်စဉ် ဥပုသ် မစောင့်ကြဘူး။ ဒါပေမဲ့ အစ္စရေးတွေ ဥပုသ်စောင့်ပုံ၊ အကျိုးရပုံကနေ ကျွန်တော်တို့ များစွာ သင်ယူနိုင်တယ်။ ဥပုသ်နေ့မှာ ပုံမှန်အလုပ်တွေကနေ နားပြီး ဝတ်ပြုရေးကိစ္စတွေကို အာရုံစိုက်ကြရတယ်။ ဒါကြောင့် အဲဒီနေ့မှာ ယေရှုဟာ ဇာတိမြို့ တရားဇရပ်ကို သွားပြီး ကျမ်းစာ ဖတ်တယ်။ (ထွ. ၃၁:၁၂-၁၅။ လု. ၄:၁၆-၁၈) “ဥပုသ်နေ့တွေကို စောင့်ထိန်းပါ” ဆိုတဲ့ ဝတ်ပြုရာ ၁၉:၃ ပါ မိန့်မှာချက်က ဒီနေ့အချိန်မှာလည်း ဝတ်ပြုရေးကိစ္စတွေကို ပိုအာရုံစိုက်နိုင်အောင် နေ့စဉ် လုပ်ငန်းဆောင်တာတွေကနေ အချိန်ဝယ်ယူဖို့ လှုံ့ဆော်ပေးသင့်တယ်။ ဒီကဏ္ဍမှာ ပြုပြင်ပြောင်းလဲမှုတချို့ လုပ်ဖို့ လိုတယ်လို့ ခံစားရသလား။ ဝတ်ပြုရေးအတွက် ပုံမှန် အချိန်ဖယ်ထားမယ်ဆိုရင် ယေဟောဝါနဲ့ ပိုရင်းနှီးလာမယ်။ ယေဟောဝါနဲ့ ရင်းနှီးမှ ကျွန်တော်တို့ သန့်ရှင်းနိုင်မယ်။ w21.12 ၅ ¶၁၃

တနင်္လာနေ့၊ နိုဝင်ဘာ ၂၇

ကျွန်တော်လာတာ ဖြောင့်မတ်သူတွေအတွက် မဟုတ်ဘူး။ အပြစ်သားတွေ နောင်တရစေဖို့ လာတာ။—လု. ၅:၃၂။

ယေရှု မြေကြီးပေါ် ရှိတုန်းက လူတန်းစားပေါင်းစုံနဲ့ ပေါင်းသင်းတယ်။ သူဌေးသူကြွယ်တွေ၊ ဩဇာအာဏာ ရှိသူတွေနဲ့ အတူစားသောက်ပေမဲ့ အများအားဖြင့်တော့ ဆင်းရဲသားတွေ၊ ဖိနှိပ်ခံရသူတွေနဲ့ ပေါင်းသင်းတယ်။ “အပြစ်သားတွေ” လို့ ယူမှတ်ခံရသူတွေကို အထူးသဖြင့် ထောက်ထားစာနာတယ်။ ယေရှုရဲ့ လုပ်ရပ်ကြောင့် မာနကြီးသူတွေ ယေရှုကို ငြင်းပယ်ကြတယ်။ “မင်းတို့က အခွန်ခံတွေ၊ အပြစ်သားတွေနဲ့လည်း အတူစားတာပဲလား” ဆိုပြီး တပည့်တွေကို သူတို့ မေးတဲ့အခါ ဒီနေ့ နေ့စဉ်ကျမ်းချက်ပါ စကားအတိုင်း ယေရှု ပြန်ပြောတယ်။ (လု. ၅:၂၉-၃၁) လောကက လူအများစု မေရှိယကို လက်ခံမှာ မဟုတ်ကြောင်း ကြာမြင့်စွာကတည်းက ပရောဖက် ဟေရှာယ ကြိုဟောထားတယ်။ “သူ့ကို လူတွေ အထင်သေးကြတယ်၊ ကြဉ်ထားကြတယ်။ . . . ငါတို့ မမြင်အောင် သူ့မျက်နှာကို ဖုံးထားသလို ဖြစ်နေတယ်။ သူဟာ အထင်သေးခံရတယ်။ သူ့ကို ငါတို့ အရေးမလုပ်ခဲ့ကြဘူး” လို့ ပြောတယ်။ (ဟေရှာ. ၅၃:၃) မေရှိယကို လူတွေ “ကြဉ်ထား” မယ်လို့ ပရောဖက်ပြုချက်မှာ ကြိုဟောထားလို့ ယေရှုကို လူတွေ ငြင်းပယ်မယ်ဆိုပြီး တစ်ခေတ်တည်းသား ဂျူးတွေ မျှော်လင့်ထားသင့်တယ်။ w21.05 ၈-၉ ¶၃-၄

အင်္ဂါနေ့၊ နိုဝင်ဘာ ၂၈

ယေဟောဝါက သူ့ကို ထူမပေးလိမ့်မယ်။—ယာ. ၅:၁၅။

အစောပိုင်း ခရစ်ယာန်တချို့ ကျမ်းစာကို လက်တွေ့မကျင့်ကြဘူး။ (ယာ. ၁:၂၂) တချို့ကျတော့ ချမ်းသာသူတွေကို မျက်နှာလိုက်ကြတယ်။ (ယာ. ၂:၁-၃) တချို့က လျှာကို မထိန်းနိုင်ကြဘူး။ (ယာ. ၃:၈-၁၀) သူတို့ကို ယာကုပ် လက်မလျှော့ဘူး။ ကြင်ကြင်နာနာ၊ တဲ့တိုး အကြံဉာဏ် ပေးတယ်။ ပြုပြင်ပြောင်းလဲနိုင်အောင် အကြီးအကဲတွေဆီ အကူအညီတောင်းဖို့ အားပေးတယ်။ (ယာ. ၅:၁၃-၁၄) သင်ခန်းစာ– လက်တွေ့ကျပါ။ တခြားသူတွေအပေါ် အကောင်းမြင်စိတ် ဆက်ရှိနေပါ။ ကျမ်းစာ လေ့လာနေသူများစွာဟာ သိလာတာကို လက်တွေ့ကျင့်ဖို့ ခက်နေနိုင်တယ်။ (ယာ. ၄:၁-၄) အကျင့်ဆိုးတွေ ဖြတ်ဖို့၊ ခရစ်ယာန် အရည်အသွေးတွေ မွေးမြူဖို့ အချိန် လိုနိုင်တယ်။ သင်သားတွေ တိုးတက်ဖို့ လိုနေတဲ့အပိုင်းကို သတ္တိရှိရှိ ပြောပြရမယ်။ နှိမ့်ချသူတွေကို ယေဟောဝါ ဆွဲဆောင်ကြောင်း၊ ဘဝမှာ ပြုပြင်ပြောင်းလဲနိုင်အောင် ခွန်အားပေးမှာ ဖြစ်ကြောင်း ယုံကြည်စိတ်ချပြီး အကောင်းမြင်စိတ် ဆက်ရှိနေဖို့ လိုတယ်။—ယာ. ၄:၁၀။ w22.01 ၁၁ ¶၁၁-၁၂

ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၂၉

ဆင်းရဲသားရဲ့ အော်ဟစ်သံကို မကြားချင်လို့ နားပိတ်ထားသူက ကိုယ်တိုင်အော်ဟစ်တဲ့အခါ ဘယ်သူမှ တုံ့ပြန်မှာ မဟုတ်ဘူး။—ပညာ. ၂၁:၁၃။

ခရစ်ယာန်အားလုံး ယေဟောဝါရဲ့ ကရုဏာကို တုပဖို့ ကြိုးစားကြတယ်။ ဘာကြောင့်လဲ။ အကြောင်းရင်း တစ်ခုကတော့ တခြားသူတွေကို ကရုဏာ မပြသူရဲ့ ဆုတောင်းချက်ကို ယေဟောဝါ နားထောင်မှာ မဟုတ်လို့ပဲ။ ကိုယ့်ဆုတောင်းချက်ကို ယေဟောဝါ နားမထောင်တာမျိုး ကျွန်တော်တို့ တစ်ယောက်မှ မဖြစ်ချင်ကြဘူး။ ဒါကြောင့် အကြင်နာမဲ့တဲ့ သဘောထားမျိုး မဝင်အောင် ကြိုးစားကြတယ်။ စိတ်နာကျင်ကြေကွဲနေတဲ့ ခရစ်ယာန်တစ်ယောက် ပြောတာကို နားပိတ်ထားမယ့်အစား “ဆင်းရဲသားရဲ့ အော်ဟစ်သံကို” လိုလိုလားလား နားထောင်ပေးကြတယ်။ “ကရုဏာ မပြတဲ့သူကို ဘုရားသခင်ကလည်း ကရုဏာ မပြဘဲ တရားစီရင်လိမ့်မယ်” ဆိုတဲ့ ကျမ်းစာ အကြံဉာဏ်ကို နှလုံးသွင်းကြတယ်။ (ယာ. ၂:၁၃) ကိုယ်တိုင် ကရုဏာ ပြခံရဖို့ ဘယ်လောက် လိုအပ်ကြောင်း နှိမ့်ချစွာ သတိရမယ်ဆိုရင် တခြားသူတွေကို ကရုဏာ ပြဖို့ ပိုလွယ်လာပါလိမ့်မယ်။ အထူးသဖြင့် နောင်တယူတဲ့ အပြစ်ကျူးလွန်သူ အသင်းတော်ထဲ ပြန်လာတဲ့အခါ ကရုဏာ ပြဖို့ လိုတယ်။ သနားကြင်နာပြီး ကရုဏာ ပြခဲ့တဲ့ ကျမ်းစာပုံနမူနာတွေက ကရုဏာ ပြဖို့၊ ရက်စက်ကြမ်းတမ်းတဲ့ သဘောထားကို ရှောင်ဖို့ ကူညီပေးနိုင်တယ်။ w21.10 ၁၂ ¶၁၆-၁၇

ကြာသပတေးနေ့၊ နိုဝင်ဘာ ၃၀

ကျွန်တော် ဟိုနားမှာ သွားပြီး ဆုတောင်းလိုက်ဦးမယ်။ ဒီမှာ ထိုင်နေကြပါ။—မ. ၂၆:၃၆။

အမှုဆောင်လုပ်ငန်း ပြီးဆုံးခါနီး မြေကြီးအသက်တာ နောက်ဆုံးညမှာ တွေးတောဆင်ခြင်ဖို့၊ ဆုတောင်းဖို့ ဂေသရှေမန် ဥယျာဉ်ထဲက တိတ်ဆိတ်တဲ့နေရာကို ယေရှု သွားတယ်။ အဲဒီအချိန်မှာပဲ တပည့်တွေကို ဆုတောင်းခြင်းနဲ့ပတ်သက်တဲ့ အရေးကြီး သင်ခန်းစာ သွန်သင်ပေးတယ်။ ယေရှုနဲ့ တမန်တော်တွေ ဂေသရှေမန် ဥယျာဉ်ကို ရောက်တဲ့အချိန်ဟာ ညနက်နေပြီ။ ယေရှုက “သတိနဲ့ စောင့်နေကြပါ” လို့ ပြောပြီး ဆုတောင်းဖို့ ထွက်သွားတယ်။ (မ. ၂၆:၃၇-၃၉) ဆုတောင်းဖို့ ထွက်သွားချိန်မှာ တပည့်တွေ အိပ်ပျော်သွားတယ်။ သူတို့ အိပ်ပျော်နေတာကို တွေ့လို့ “သတိနဲ့ စောင့်ပြီး အမြဲ ဆုတောင်းနေကြပါ” လို့ ယေရှု ထပ်တိုက်တွန်းတယ်။ (မ. ၂၆:၄၀၊ ၄၁) တပည့်တွေ စိတ်ဖိစီးပြီး ပင်ပန်းနေမှန်း ယေရှု သိတယ်။ “ကိုယ်ခန္ဓာက အားနည်းတယ်” ဆိုတာ အသိအမှတ်ပြုတယ်။ ဒါပေမဲ့ ဆုတောင်းဖို့ နောက်ထပ် နှစ်ကြိမ် ပြန်သွားတယ်။ ပြန်လာတဲ့အခါတိုင်း တပည့်တွေ အိပ်ပျော်နေတယ်။—မ. ၂၆:၄၂-၄၅။ w22.01 ၂၈ ¶၁၀-၁၁

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ