အောက်တိုဘာ
တနင်္ဂနွေနေ့၊ အောက်တိုဘာ ၁
ကျွန်တော့်ကြောင့် တိုက်မိလဲစရာအကြောင်း မရှိတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့လိမ့်မယ်။—မ. ၁၁:၆၊ အောက်ခြေမှတ်ချက်။
ကျွန်တော်တို့ရဲ့ သွန်သင်ချက်တွေ၊ ယုံကြည်ချက်တွေဟာ ကျမ်းစာကို အခြေခံတယ်။ ဒါတောင် ဝတ်ပြုပုံ ရိုးရှင်းလွန်းလို့ လူများစွာ မကြိုက်ကြဘူး။ ကျွန်တော်တို့ ဟောပြောသွန်သင်တာတွေဟာ သူတို့ ကြားချင်တာနဲ့ တခြားစီ ဖြစ်နေတယ်။ ယုံကြည်ခြင်း မပျောက်ဆုံးအောင် ကျွန်တော်တို့ ဘယ်လို ကာကွယ်မလဲ။ “လူတစ်ယောက်က ကြားနာပြီးမှ ယုံကြည်လာတာ။ ခရစ်တော်နဲ့ဆိုင်တဲ့ တရားစကားကို ဟောပြောတဲ့သူ ရှိမှပဲ သူ ကြားနာရတာ” လို့ ရောမမြို့က ခရစ်ယာန်တွေကို တမန်တော် ပေါလု ပြောတယ်။ (ရော. ၁၀:၁၇) ကျမ်းစာနဲ့ မညီတဲ့ ဘာသာရေး ပွဲနေ့တွေဟာ ဘယ်လောက်ပဲ ပျော်စရာ ကောင်းပုံ ပေါက်နေပါစေ အဲဒါတွေ ကျင်းပခြင်းအားဖြင့် မဟုတ်ဘဲ ကျမ်းစာ လေ့လာခြင်းအားဖြင့်သာ ကျွန်တော်တို့ ယုံကြည်ခြင်း တည်ဆောက်ကြတယ်။ “ယုံကြည်ခြင်း မရှိရင် ဘုရားသခင်ရဲ့ စိတ်တော်နဲ့ မတွေ့နိုင်” တဲ့အတွက် တိကျမှန်ကန်တဲ့ အသိပညာပေါ် အခြေခံတဲ့၊ ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိအောင် တည်ဆောက်ကြတယ်။ (ဟီ. ၁၁:၁၊ ၆) ဒါကြောင့် အမှန်တရား တွေ့ပြီဆိုတဲ့ အထောက်အထားအဖြစ် ဘုရားဆီက ထူးခြားတဲ့ အံ့ဖွယ်အမှုတွေ မလိုပါဘူး။ ယုံကြည်ခြင်း ခိုင်မာစေတဲ့ ကျမ်းစာသွန်သင်ချက်တွေကို သေသေချာချာ ဆန်းစစ်ရုံနဲ့ သံသယမှန်သမျှ ကင်းရှင်းနိုင်ပြီး အမှန်တရား တွေ့ပြီဆိုတဲ့ ယုံကြည်စိတ်ချမှု ရှိလာနိုင်ပါတယ်။ w21.05 ၅ ¶၁၁-၁၂
တနင်္လာနေ့၊ အောက်တိုဘာ ၂
ကျွန်တော်ကြုံနေရတဲ့ အခြေအနေက သတင်းကောင်းပျံ့နှံ့ဖို့ အထောက်အကူ ဖြစ်စေတယ်။—ဖိ. ၁:၁၂။
တမန်တော် ပေါလု အခက်အခဲများစွာ ကြုံခဲ့ရတယ်။ အရိုက်ခံရ၊ ကျောက်ခဲနဲ့ ပေါက်ခံရ၊ ထောင်ချခံရချိန်တွေမှာ အထူးသဖြင့် ခွန်အား လိုအပ်ခဲ့တယ်။ (၂ ကော. ၁၁:၂၃-၂၅) တစ်ခါတလေ အပျက်သဘောထားတွေကို တိုက်လှန်ရတယ်လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံတယ်။ (ရော. ၇:၁၈၊ ၁၉၊ ၂၄) ဒါ့အပြင် ‘ကိုယ်ခန္ဓာမှာစူးတဲ့ ဆူး’ ဒဏ်ကိုလည်း ခံစားခဲ့ရတယ်။ အဲဒါကို ဖယ်ရှားပေးဖို့ ဘုရားဆီ အကြိမ်ကြိမ် အသနားခံခဲ့တယ်။ (၂ ကော. ၁၂:၇၊ ၈) အခက်အခဲ အမျိုးမျိုးကြား အမှုဆောင်လုပ်ငန်း ပြီးမြောက်နိုင်ဖို့ ပေါလုကို ယေဟောဝါ ခွန်အားပေးတယ်။ ပေါလု ဘာတွေ ပြီးမြောက်ခဲ့တယ်ဆိုတာ စဉ်းစားကြည့်ပါ။ ဥပမာ၊ ရောမမြို့မှာ အကျယ်ချုပ် ကျနေတုန်း ဂျူးခေါင်းဆောင်တွေကို ထက်ထက်သန်သန် ဟောပြောတယ်။ အဲဒီထဲမှာ အစိုးရ အရာရှိတွေလည်း ပါဝင်နိုင်တယ်။ (တ. ၂၈:၁၇။ ဖိ. ၄:၂၁၊ ၂၂) နန်းတော်စောင့်တပ်ထဲက အစောင့်များစွာနဲ့ မိမိဆီ လာလည်ပတ်သူအားလုံးကိုလည်း ဟောတယ်။ (တ. ၂၈:၃၀၊ ၃၁။ ဖိ. ၁:၁၃) တစ်ခေတ်တည်းသား ခရစ်ယာန်စစ်တွေအတွက် အကျိုးရှိမယ့် စာတွေကိုလည်း စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးခဲ့တယ်။ w21.05 ၂၁ ¶၄-၅
အင်္ဂါနေ့၊ အောက်တိုဘာ ၃
“ကျမ်းစာမှာ ရေးထားတာထက် မလွန်ရ” ဆိုတဲ့မူကို ခင်ဗျားတို့ သင်ယူနိုင်ဖို့ပဲ။ ဒါဆိုရင် မာနထောင်လွှားတာ . . . ရှိမှာ မဟုတ်ဘူး။—၁ ကော. ၄:၆။
ယုဒဘုရင် ဩဇိဟာ မာနစိတ်ကြောင့် ရောင့်တက်လာပြီး သတိပေးစကားကို နားမထောင်ဘူး။ တကယ်တော့ ဩဇိဟာ စွမ်းဆောင်ရည် ရှိသူ ဖြစ်တယ်။ တိုက်ပွဲ များစွာ အောင်နိုင်ခဲ့တယ်။ မြို့တွေ တည်ဆောက်တယ်။ စိုက်ပျိုးရေးမှာလည်း အောင်မြင်တယ်။ “ယေဟောဝါက သူ့ကို တိုးတက်အောင်မြင်စေတယ်။” (၂ ရာ. ၂၆:၃-၇၊ ၁၀) ‘ဒါပေမဲ့ ဩဇိဟာ အင်အားကြီးလာတာနဲ့အမျှ မောက်မာလာတယ်’ လို့ ကျမ်းစာ ပြောတယ်။ ဗိမာန်တော်မှာ နံ့သာပေါင်း ပူဇော်ဖို့ ပုရောဟိတ်တွေကိုပဲ ယေဟောဝါ မိန့်မှာထားတာ။ ဒါပေမဲ့ ဩဇိဟာ နံ့သာပေါင်း ပူဇော်ဖို့ ရောင့်တက်စွာ ဗိမာန်တော်ထဲ ဝင်သွားတယ်။ သူ့လုပ်ရပ်ကို ယေဟောဝါ မနှစ်သက်လို့ အနာကြီးရောဂါနဲ့ ဒဏ်ခတ်လိုက်တယ်။ (၂ ရာ. ၂၆:၁၆-၂၁) ဩဇိလိုပဲ ကျွန်တော်တို့လည်း မာန ထောင်ချောက်ထဲ ကျရောက်နိုင်သလား။ ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးလွန်းရင် ကျသွားနိုင်ပါတယ်။ ကိုယ့်မှာ ရှိထားတဲ့ အစွမ်းအစတွေ၊ အသင်းတော်မှာ ရထားတဲ့ အခွင့်ထူးတွေဟာ ယေဟောဝါဆီက ဖြစ်ကြောင်း သတိရကြပါစို့။ (၁ ကော. ၄:၇) ကျွန်တော်တို့ မာနကြီးမယ်ဆိုရင် ယေဟောဝါ သုံးမှာ မဟုတ်ဘူး။ w21.06 ၁၆ ¶၇-၈
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၄
နတ်ဆိုးတွေကို အနိုင်ရလို့ ဝမ်းမသာပါနဲ့။ ကောင်းကင်မှာ နာမည်စာရင်းဝင်လို့ ဝမ်းသာကြပါ။—လု. ၁၀:၂၀။
အမှုဆောင်လုပ်ငန်းမှာ တပည့်တွေ ရလဒ်ကောင်းတွေ အမြဲရမှာ မဟုတ်မှန်း ယေရှု သိတယ်။ တပည့်တွေ ဟောတာကို နားထောင်ခဲ့သူတွေထဲက ဘယ်နှယောက် ယုံကြည်သူ ဖြစ်လာတယ်ဆိုတာ ကျွန်တော်တို့ မသိဘူး။ ကိုယ့်ရဲ့ အောင်မြင်ပြီးမြောက်မှုတွေကြောင့်သာ မဟုတ်ဘဲ ကိုယ့်ကြိုးစားလုပ်ဆောင်မှုကို ယေဟောဝါ နှစ်သက်တယ်ဆိုတဲ့ အသိကြောင့် တပည့်တွေ ပျော်ရွှင်သင့်တယ်။ အမှုဆောင်လုပ်ငန်းမှာ ခံနိုင်ရည်ရှိမှ ထာဝရအသက် ရမယ်။ နိုင်ငံတော် အမှန်တရားအကြောင်း အတတ်နိုင်ဆုံး ဟောပြောသွန်သင်နေတာဟာ “စွမ်းအားတော် လမ်းပြတဲ့အတိုင်း မျိုးစေ့ကြဲ” နေတာ၊ ကိုယ့်အသက်တာမှာ သန့်ရှင်းသော စွမ်းအားတော် လမ်းပြမှုကို ခံယူနေတာ ဖြစ်တယ်။ တစ်ယောက်ယောက်ကို နှစ်ခြင်းခံတဲ့အထိ မကူညီပေးနိုင်ရင်တောင် ကျွန်တော်တို့သာ “လက်မလျှော့ဘူး” ဆိုရင် အချိန်တန်တဲ့အခါ ထာဝရအသက် ရမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။—ဂလ. ၆:၇-၉။ w21.10 ၂၆ ¶၈-၉
ကြာသပတေးနေ့၊ အောက်တိုဘာ ၅
လူအုပ်ကြီးကို မြင်တော့ သနားစိတ် ယိုဖိတ်လာပြီး သူတို့ကို အများကြီး သွန်သင်ပေးတယ်။—မာ. ၆:၃၄။
တစ်ကြိမ်မှာ ယေရှုနဲ့ တပည့်တွေဟာ ဟောပြောခြင်း လုပ်ငန်းမှာ ပါဝင်ပြီးနောက် သိပ်မောပန်းနေကြတယ်။ အနားယူဖို့ နေရာ ရှာနေတုန်း လူအုပ် တွေ့သွားတယ်။ ယေရှု မောပန်းနေပေမဲ့ သနားစိတ် ယိုဖိတ်လာပြီး “အများကြီး သွန်သင်ပေးတယ်။” အဲဒီလို သွန်သင်ပေးတာ လူအုပ်နေရာမှာ ဝင်ခံစားကြည့်လို့ပဲ။ သူတို့ ဘယ်လောက် ဒုက္ခရောက်နေမှန်း၊ မျှော်လင့်ချက် ဘယ်လောက် လိုအပ်နေမှန်း သိပြီး ကူညီပေးချင်တယ်။ ဒီနေ့ခေတ် လူတွေရဲ့ အခြေအနေလည်း အဲဒီလိုပဲ။ သူတို့ရဲ့ အပေါ်ယံကို ကြည့်ပြီး တလွဲမထင်လိုက်ပါနဲ့။ သူတို့ဟာ သိုးထိန်း မရှိဘဲ လမ်းပျောက်နေတဲ့ သိုးတွေလို ဖြစ်နေကြတယ်။ ဘုရားသခင်ကို မသိလို့ မျှော်လင့်ချက် မဲ့နေကြတယ်ဆိုပြီး တမန်တော် ပေါလု ပြောတယ်။ (ဧ. ၂:၁၂) လူတွေ ဘုရားကို သိဖို့ သိပ်လိုနေတယ်။ သူတို့ကို ချစ်မယ်၊ ထောက်ထားစာနာမယ်ဆိုရင် ကူညီပေးဖို့ လှုံ့ဆော်ခံရပါလိမ့်မယ်။ ကူညီပေးနိုင်တဲ့ အကောင်းဆုံးနည်းကတော့ ကျမ်းစာသင်အံမှု ကမ်းလှမ်းခြင်းပါပဲ။ w21.07 ၅ ¶၈
သောကြာနေ့၊ အောက်တိုဘာ ၆
အတ္တဆန်တာ၊ . . . မနာလိုမရှုဆိတ် ဖြစ်တာတွေကို ရှောင်ကြစို့။—ဂလ. ၅:၂၆။
အတ္တကြီးသူဟာ မာနကြီးတယ်။ တစ်ကိုယ်ကောင်းဆန်တယ်။ မနာလိုစိတ် ရှိသူဟာ တခြားသူမှာ ရှိတာကို လိုချင်ရုံသာမက ရှိထားတာတွေကိုလည်း ဆုံးရှုံးသွားစေချင်တယ်။ မနာလိုစိတ်ဟာ မုန်းတီးစိတ် တစ်မျိုးပါပဲ။ အတ္တစိတ်၊ မနာလိုစိတ်ဟာ လေယာဉ် လောင်စာဆီထဲမှာ ပါလာတဲ့ အမှိုက်စလေးတွေနဲ့ တူတယ်။ အစမှာတော့ လေယာဉ် ပျံတက်သွားနိုင်တယ်။ ဒါပေမဲ့ အမှိုက်စလေးတွေက ဆီလမ်းကြောင်းမှာ ပိတ်ဆို့လာတဲ့အတွက် လေယာဉ် ပျက်ကျနိုင်တယ်။ အဲဒီလိုပဲ လူတစ်ယောက်ဟာ ယေဟောဝါကို ဝတ်ပြုနေပေမဲ့ မာနစိတ်၊ မနာလိုစိတ် ဝင်လာရင် ထိခိုက်ပျက်စီးနိုင်တယ်။ (ပညာ. ၁၆:၁၈) ယေဟောဝါကို ဆက်ဝတ်မပြုတော့ဘဲ ကိုယ်တိုင်နဲ့ တခြားသူတွေကို ထိခိုက်နာကျင်စေမယ်။ “ငြင်းခုံရန်တွေ့ချင်တဲ့စိတ်၊ အတ္တစိတ်နဲ့ ဘာမှမလုပ်ကြပါနဲ့။ စိတ်နှိမ့်ချကြပါ၊ သူတစ်ပါးကို ကိုယ့်ထက်သာတယ်လို့ သဘောထားပါ” ဆိုပြီး ပြောခဲ့တဲ့ တမန်တော် ပေါလုရဲ့ စကားကို လိုက်နာမယ်ဆိုရင် အတ္တစိတ်ကို တိုက်လှန်နိုင်ပါတယ်။—ဖိ. ၂:၃။ w21.07 ၁၅-၁၆ ¶၆-၈
စနေနေ့၊ အောက်တိုဘာ ၇
ခင်ဗျားတို့ဆီ သတင်းကောင်း လာဟောတုန်းက ကျွန်တော်တို့ ဟောရုံဟောခဲ့တာမှ မဟုတ်တာ။ သန့်ရှင်းသော စွမ်းအားတော်ရဲ့ အကူအညီနဲ့၊ ခိုင်မာတဲ့ ယုံကြည်စိတ်ချမှုနဲ့ ဟောခဲ့[တာ]။—၁ သက်. ၁:၅။
စစ်မှန်တဲ့ ဘာသာဆိုရင် မေးခွန်းတိုင်း၊ ကျမ်းစာမှာ တိတိကျကျ မဖော်ပြထားတဲ့ မေးခွန်းတွေကိုတောင် ဖြေပေးနိုင်ရမယ်လို့ တချို့ ယူဆကြတယ်။ အဲဒါ လက်တွေ့ကျသလား။ တမန်တော် ပေါလုအကြောင်း စဉ်းစားကြည့်ပါ။ “အရာရာကို မှန်မမှန် အသေအချာ စစ်ဆေး” ဖို့ ယုံကြည်သူချင်းတွေကို ပေါလု အားပေးပေမဲ့ ကိုယ်တိုင် နားမလည်တာ များစွာရှိကြောင်းလည်း ဝန်ခံတယ်။ (၁ သက်. ၅:၂၁) “ကျွန်တော်တို့ရဲ့ အသိပညာဟာ အပြည့်အစုံ မဟုတ်ဘူး” လို့ ပြောတယ်။ “ကြေးမုံမှာ မြင်သလို မှုန်ဝါးဝါးပဲ မြင်ရတယ်” လို့လည်း ပြောတယ်။ (၁ ကော. ၁၃:၉၊ ၁၂) ပေါလုဟာ အရာအားလုံးကို နားလည်တာ မဟုတ်ဘူး။ ဒါပေမဲ့ အမှန်တရား ဖြစ်ကြောင်း ယုံကြည်စိတ်ချဖို့ လိုအပ်တဲ့ အခြေခံ အမှန်တရားတွေကိုတော့ သိထားတယ်။ ယုံကြည်စိတ်ချမှု ခိုင်မာအောင် လုပ်နိုင်တဲ့ တစ်နည်းကတော့ ယေရှု ချမှတ်ခဲ့တဲ့ ဝတ်ပြုမှု ပုံစံကို ဒီနေ့ခေတ် ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုမှု ပုံစံနဲ့ နှိုင်းယှဉ်ခြင်းအားဖြင့်ပါပဲ။ w21.10 ၁၈-၁၉ ¶၂-၄
တနင်္ဂနွေနေ့၊ အောက်တိုဘာ ၈
အသက် ၅၀ ကျော်ရင်တော့ . . . အနားယူရမယ်။—တော. ၈:၂၅။
အသက်ကြီးသူတို့၊ သင်တို့ဟာ အချိန်ပြည့် အမှုဆောင် ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ တခြားသူတွေကို များစွာ ကူညီပေးနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ ပြောင်းလဲသွားတဲ့ အခြေအနေသစ်မှာ နေသားကျအောင် ကြိုးစားပါ။ ပန်းတိုင်သစ်တွေ ချပါ။ မလုပ်နိုင်တာကို မဟုတ်ဘဲ လုပ်နိုင်တာကို အာရုံစိုက်ပါ။ ဘုရင် ဒါဝိဒ်ဟာ ယေဟောဝါအတွက် အိမ်တော် တည်ဆောက်ပေးချင်တယ်။ ဒါပေမဲ့ ဒီအခွင့်ထူးကို လူငယ် ရှောလမုန် ရမယ်လို့ ယေဟောဝါ အသိပေးချိန်မှာ ဆုံးဖြတ်ချက်ကို ဒါဝိဒ် လက်ခံပြီး လုပ်ငန်းကို စိတ်နှလုံး အကြွင်းမဲ့ ထောက်မပေးတယ်။ (၁ ရာ. ၁၇:၄။ ၂၂:၅) ရှောလမုန်ဟာ အသက် ‘ငယ်ပြီး အတွေ့အကြုံလည်း မရှိ’ တဲ့အတွက် ဒီတာဝန်ကို မိမိပဲ ပိုကောင်းကောင်း လုပ်နိုင်မယ်လို့ ဒါဝိဒ် မတွေးဘူး။ (၁ ရာ. ၂၉:၁) ဆောက်လုပ်ရေးလုပ်ငန်း အောင်မြင်ဖို့ဆိုတာ ယေဟောဝါရဲ့ ကောင်းချီးပေါ်ပဲ မူတည်မှန်း၊ ဦးဆောင်သူတွေရဲ့ အသက်အရွယ်၊ အတွေ့အကြုံပေါ် မမူတည်မှန်း ဒါဝိဒ် သိတယ်။ ဒါဝိဒ်လိုပဲ ဒီနေ့ခေတ် အသက်ကြီးသူတွေဟာ တာဝန် ပြောင်းလဲသွားတာတောင် အမှုတော်မှာ တက်တက်ကြွကြွ ဆက်ပါဝင်နေကြတယ်။ အရင်က ကိုယ်လုပ်ခဲ့တဲ့ တာဝန်တွေကို ထမ်းဆောင်နေတဲ့ လူငယ်တွေကို ယေဟောဝါ ကောင်းချီးပေးမယ်ဆိုတာ သိကြတယ်။ w21.09 ၉ ¶၄။ ၁၀ ¶၅၊ ၈
တနင်္လာနေ့၊ အောက်တိုဘာ ၉
စိတ်နူးညံ့သူတွေကို လမ်းမှန်ပေါ်ရောက်အောင် လမ်းညွှန်ပေးလိမ့်မယ်။ စိတ်နူးညံ့သူတွေကို မိမိရဲ့လမ်းစဉ်အကြောင်း သင်ကြားပေးလိမ့်မယ်။—ဆာ. ၂၅:၉။
ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်တာက ကျွန်တော်တို့ရဲ့ ဘဝကို အဓိပ္ပာယ် ပြည့်ဝစေတယ်။ အရေးကြီးတာက တခြားသူတွေရဲ့ စွမ်းရည်နဲ့ အခြေအနေပေါ် မဟုတ်ဘဲ ကိုယ့်စွမ်းရည်နဲ့ အခြေအနေပေါ် မူတည်ပြီး ပန်းတိုင် ချမှတ်ဖို့ ဖြစ်တယ်။ အဲဒီလိုမှ မဟုတ်ရင် စိတ်ဓာတ်ကျပြီး စိတ်ပျက်လာမယ်။ (လု. ၁၄:၂၈) ယေဟောဝါရဲ့ ကျေးကျွန် တစ်ယောက်အနေနဲ့ သင်ဟာ ဘုရားရဲ့ အဖိုးတန် မိသားစုဝင် ဖြစ်တယ်။ သင်နဲ့ တစ်ထပ်တည်း တူတဲ့ နောက်တစ်ယောက်ဆိုတာ မရှိဘူး။ တခြားသူတွေထက် ပိုတော်နေလို့ သင့်ကို ယေဟောဝါ ဆွဲဆောင်တာ မဟုတ်ဘူး။ သင့်ရဲ့ စိတ်နှလုံးကို ကြည့်ပြီး နှိမ့်ချသူ၊ သွန်သင်၊ ပုံသွင်းလို့ ရမယ့်သူအဖြစ် မြင်လို့ ဆွဲဆောင်တာ။ အမှုတော်မှာ သင် အတတ်နိုင်ဆုံး လုပ်ဆောင်တာတွေကို ဘုရား တန်ဖိုးထားတယ်ဆိုတာ စိတ်ချပါ။ သင့်ရဲ့ ခံနိုင်ရည်နဲ့ သစ္စာရှိမှုက သင်ဟာ “စိတ်ကောင်းနှလုံးကောင်း ရှိသူ” ဖြစ်ကြောင်း ဖော်ပြတယ်။ (လု. ၈:၁၅) ဒါကြောင့် ယေဟောဝါအတွက် အကောင်းဆုံးကို အမြဲ ဆက်ပေးနေပါ။ ဒါဆိုရင် ‘ကိုယ့်လုပ်ရပ်နဲ့ပတ်သက်ပြီး ပျော်ရွှင်ကျေနပ်ရပါလိမ့်မယ်။’—ဂလ. ၆:၄။ w21.07 ၂၄ ¶၁၅။ ၂၅ ¶၂၀
အင်္ဂါနေ့၊ အောက်တိုဘာ ၁၀
အပြစ်ကျူးလွန်သူကို မှားယွင်းတဲ့လမ်းစဉ်ကနေ ပြန်လှည့်လာစေသူဟာ သူ့ကို . . . ကယ်တင်လိုက်တာ ဖြစ်[တယ်]။—ယာ. ၅:၂၀။
တရားမျှတမှု ရဖို့ စောင့်နေချိန်မှာ စိတ်ရှည်ဖို့ လိုနိုင်တယ်။ ဥပမာ၊ အသင်းတော်မှာ တစ်ယောက်ယောက် ကြီးလေးတဲ့အပြစ် ကျူးလွန်ထားမှန်း အကြီးအကဲတွေ သိလာရင် ကိစ္စရပ်ကို ယေဟောဝါ ရှုမြင်သလို ရှုမြင်နိုင်အောင် “အထက်ကလာတဲ့ ဉာဏ်ပညာ” တောင်းခံကြတယ်။ (ယာ. ၃:၁၇) ဖြစ်နိုင်ရင် အပြစ်ပြုသူကို “မှားယွင်းတဲ့လမ်းစဉ်ကနေ ပြန်လှည့်လာစေ” ဖို့ပဲ။ (ယာ. ၅:၁၉၊ ၂၀) အသင်းတော်ကို အတတ်နိုင်ဆုံး ကာကွယ်ပေးကြတယ်။ ထိခိုက်သူတွေကိုလည်း အတတ်နိုင်ဆုံး နှစ်သိမ့်ပေးကြတယ်။ (၂ ကော. ၁:၃၊ ၄) ကြီးလေးတဲ့အပြစ် ကျူးလွန်ထားသူကို ကိုင်တွယ်တဲ့အခါ အချက်အလက်အားလုံး သိအောင် လုပ်ရမှာ ဖြစ်လို့ အချိန် လိုနိုင်တယ်။ ပြီးနောက် ကျမ်းစာအကြံဉာဏ်ကို အသေအချာ ဆုတောင်းသုံးသပ်ပြီး “တော်သင့်ရုံ” ဆုံးမတယ်။ (ယေ. ၃၀:၁၁) အလောတကြီး ဆုံးဖြတ်တာမျိုး မလုပ်ကြဘူး။ ကိစ္စရပ်တွေကို ယေဟောဝါရဲ့ နည်းလမ်းအတိုင်း ကိုင်တွယ်တဲ့အခါ အသင်းတော်တစ်ခုလုံး အကျိုးရတယ်။ w21.08 ၁၀-၁၁ ¶၁၂-၁၃
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၁၁
အမေသွားတဲ့ နေရာကို ကျွန်မ လိုက်မယ်။ . . . အမေ့ရဲ့ လူမျိုးဟာ ကျွန်မရဲ့ လူမျိုး။ အမေ့ရဲ့ ဘုရားသခင်ဟာ ကျွန်မရဲ့ ဘုရားသခင်ပါပဲ။—ရု. ၁:၁၆။
အစ္စရေးပြည်မှာ အငတ်ဘေး ဆိုက်လို့ နောမိ၊ ခင်ပွန်းနဲ့ သားနှစ်ယောက် မောဘပြည်ကို ပြောင်းသွားကြတယ်။ မောဘပြည်မှာ ခင်ပွန်း သေဆုံးသွားတယ်။ သားနှစ်ယောက် အိမ်ထောင်ကျတယ်။ နောက်ပိုင်း၊ သားနှစ်ယောက်စလုံး သေဆုံးသွားတယ်။ (ရု. ၁:၃-၅) အဲဒီအဖြစ်ဆိုးတွေကြောင့် နောမိ သိပ်စိတ်ဓာတ်ကျတယ်။ ယေဟောဝါ ဒဏ်ခတ်တယ်လို့တောင် ခံစားခဲ့ရတယ်။ ‘ယေဟောဝါဘုရားက အမေ့ကို ဒဏ်ခတ်တယ်၊’ ‘ကျွန်မဘဝမှာ ခါးသီးတဲ့ဒုက္ခတွေ ကြုံရအောင် အနန္တတန်ခိုးရှင် ခွင့်ပြုတယ်၊’ “ကျွန်မကို ယေဟောဝါဘုရား ဒဏ်ခတ်ပြီ။ အနန္တတန်ခိုးရှင်က ကျွန်မကို ဒုက္ခရောက်စေပြီ” လို့ ပြောတယ်။ (ရု. ၁:၁၃၊ ၂၀၊ ၂၁) “ဖိနှိပ်မှုက ဉာဏ်ပညာရှိသူကို ရူးစေနိုင်တယ်” ဆိုတာ ယေဟောဝါ နားလည်တယ်။ (ဒေ. ၇:၇) နောမိကို ခိုင်မြဲတဲ့ မေတ္တာ ပြဖို့ ရုသကို ဘုရား လှုံ့ဆော်ပေးတယ်။ စိတ်အား ပြန်တက်လာဖို့၊ ယေဟောဝါ ချစ်နေဆဲပဲဆိုတာ နားလည်ဖို့ နောမိကို ရုသ ကြင်ကြင်နာနာ ကူညီပေးတယ်။ w21.11 ၉ ¶၉။ ၁၀ ¶၁၀၊ ၁၃
ကြာသပတေးနေ့၊ အောက်တိုဘာ ၁၂
ဘုရားသခင်ဆီ တောင်းမြဲတောင်းပါ။—ယာ. ၁:၅။
ကိုယ့်လက်ရှိ တာဝန်ကိုပဲ အာရုံစိုက်ရမယ်ဆိုလို့ ယေဟောဝါရဲ့ လုပ်ငန်းမှာ တိုးချဲ့ပါဝင်စရာ မလိုတော့ဘူးလား။ မဟုတ်ပါဘူး။ အမှုဆောင်မှာ တိုးတက်ဖို့၊ ညီအစ်ကို/မတွေကို ကူညီပေးဖို့ စတဲ့ ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်သင့်တယ်။ ကိုယ့်ကိုယ်ကိုယ် အာရုံမစိုက်ဘဲ တခြားသူတွေကို ပညာရှိရှိ၊ ကျိုးနွံမှုရှိရှိ ကူညီပေးဖို့ အာရုံစိုက်မယ်ဆိုရင် အဲဒီပန်းတိုင်တွေကို ပြည့်မီနိုင်ပါတယ်။ (ပညာ. ၁၁:၂။ တ. ၂၀:၃၅) ဘယ်ပန်းတိုင်တွေ ချမှတ်နိုင်သလဲ။ လက်တွေ့ကျ ပန်းတိုင်တွေကို သိနိုင်ဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ (ပညာ. ၁၆:၃) အရန်ရှေ့ဆောင်၊ မှန်မှန်ရှေ့ဆောင် လုပ်ဖို့၊ ဗေသလ ဒါမှမဟုတ် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ပါဝင်ဖို့ ပန်းတိုင်တွေ ချမှတ်နိုင်မလား။ ဒါမှမဟုတ် ဘာသာစကားအသစ် သင်တာ၊ တခြားဒေသမှာ သတင်းကောင်း သွားဟောတာတွေ လုပ်နိုင်တယ်။ w21.08 ၂၃ ¶၁၄-၁၅
သောကြာနေ့၊ အောက်တိုဘာ ၁၃
[ယေဟောဝါရဲ့] ခိုင်မြဲတဲ့ မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။—ဆာ. ၁၃၆:၁။
ခိုင်မြဲတဲ့ မေတ္တာ ပြရတာကို ယေဟောဝါ နှစ်သက်တယ်။ (ဟော. ၆:၆) “သစ္စာစောင့်သိမှု၊” မူရင်းစကားအရ “ခိုင်မြဲတဲ့ မေတ္တာ” ကို “မြတ်နိုးဖို့” ပရောဖက် မိက္ခာကတစ်ဆင့် အားပေးတယ်။ (မိ. ၆:၈) ဒါပေမဲ့ ခိုင်မြဲတဲ့ မေတ္တာဆိုတာ ဘာကို ဆိုလိုကြောင်း အရင် သိဖို့ လိုတယ်။ ခိုင်မြဲတဲ့ မေတ္တာဆိုတာ ဘာလဲ။ ကမ္ဘာသစ် ဘာသာပြန်ကျမ်း မှာ “ခိုင်မြဲတဲ့ မေတ္တာ” ဆိုတဲ့ အသုံးအနှုန်း အကြိမ်ပေါင်း ၂၃၀ လောက် ပါတယ်။ ကျမ်းစာ “ခက်ဆစ်” အရ ခိုင်မြဲတဲ့ မေတ္တာဆိုတာ “ကတိသစ္စာ၊ သမာဓိ၊ သစ္စာစောင့်သိမှု၊ နက်ရှိုင်းတဲ့ သံယောဇဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ မေတ္တာကို ဆိုလိုတယ်။ လူတွေအပေါ်ထားတဲ့ ဘုရားသခင့်မေတ္တာနဲ့ ဆက်စပ်ပြီး သုံးနှုန်းလေ့ရှိတယ်၊ လူလူချင်းထားရှိတဲ့ မေတ္တာအတွက်လည်း သုံးနှုန်းလေ့ရှိတယ်။” ခိုင်မြဲတဲ့ မေတ္တာ ပြရာမှာ ယေဟောဝါဟာ အကောင်းဆုံး ပုံသက်သေပဲ။ ဘုရင် ဒါဝိဒ်က ‘ယေဟောဝါဘုရား၊ ခိုင်မြဲတဲ့ မေတ္တာတော်ဟာ ကောင်းကင်အထိ မြင့်မားလှတယ်။ အို ဘုရားသခင်၊ ခိုင်မြဲတဲ့ မေတ္တာတော်ဟာ အဖိုးထိုက်လှတယ်’ လို့ ပြောခဲ့တာ မဆန်းပါဘူး။ (ဆာ. ၃၆:၅၊ ၇) ဒါဝိဒ်လိုပဲ ဘုရားရဲ့ ခိုင်မြဲတဲ့ မေတ္တာကို ကျွန်တော်တို့ တကယ် ကျေးဇူးတင်လေးမြတ်သလား။ w21.11 ၂ ¶၁-၂။ ၃ ¶၄
စနေနေ့၊ အောက်တိုဘာ ၁၄
ဒီနည်းအတိုင်း ခင်ဗျားတို့ ဆုတောင်းရမယ်– “ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော်တို့ရဲ့ အဖ။”—မ. ၆:၉။
ယေဟောဝါရဲ့ မိသားစုမှာ ‘ဖန်ဆင်းရာအားလုံးထဲက သားဦး’ ဖြစ်တဲ့ ယေရှုနဲ့ ကောင်းကင်တမန်တွေ ပါဝင်တယ်။ (ကော. ၁:၁၅။ ဆာ. ၁၀၃:၂၀) ယေဟောဝါကို ဖခင်အဖြစ် သစ္စာရှိ လူသားတွေ သဘောထားနိုင်ကြောင်း ယေရှု မြေကြီးပေါ် ရှိတုန်း သွန်သင်ပေးတယ်။ တပည့်တွေနဲ့ စကားပြောချိန်မှာ ယေဟောဝါကို “ကျွန်တော့်အဖဖြစ်တဲ့ ခင်ဗျားတို့ရဲ့အဖ” လို့ ခေါ်ခဲ့တယ်။ (ယော. ၂၀:၁၇) ယေဟောဝါဆီ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံချိန်မှာ ကျွန်တော်တို့ဟာ မေတ္တာရှိတဲ့ ညီအစ်ကို/မ မိသားစုဝင် ဖြစ်လာတယ်။ (မာ. ၁၀:၂၉၊ ၃၀) ယေဟောဝါဟာ မေတ္တာရှင် ဖခင် ဖြစ်တယ်။ မာကျောခက်ထန်သူ မဟုတ်ဘဲ အချိန်မရွေး ချဉ်းကပ်နိုင်တဲ့ မိဘ၊ နွေးထွေးလှိုက်လှဲပြီး မေတ္တာရှိတဲ့ မိဘအဖြစ် ယေဟောဝါကို ယေရှု ရှုမြင်တယ်။ ကျွန်တော်တို့ကိုလည်း အဲဒီလိုပဲ ရှုမြင်စေချင်တယ်။ “ကျွန်တော်တို့ရဲ့ အဖ” လို့ ဆုတောင်းချက်ကို အစပြုထားတယ်။ “အနန္တတန်ခိုးရှင်၊” ‘ဖန်ဆင်းရှင်၊’ “ထာဝရဘုရင်” စတဲ့ ဘွဲ့ထူးတွေနဲ့ ယေဟောဝါကို ခေါ်ဖို့ ယေရှု သင်ပေးနိုင်တယ်။ (က. ၄၉:၂၅။ ဟေရှာ. ၄၀:၂၈။ ၁ တိ. ၁:၁၇) ဒါပေမဲ့ “အဖ” လို့ပဲ ရင်းရင်းနှီးနှီး ခေါ်ဖို့ သင်ပေးတယ်။ w21.09 ၂၀ ¶၁၊ ၃
တနင်္ဂနွေနေ့၊ အောက်တိုဘာ ၁၅
ယေဟောဝါဟာ စစ်မှန်တဲ့ဘုရားပဲဆိုတာ မနာရှေ သိသွားတယ်။—၂ ရာ. ၃၃:၁၃။
ဘုရင် မနာရှေဟာ ပရောဖက်တွေကတစ်ဆင့် ယေဟောဝါရဲ့ သတိပေးချက်တွေကို ခေါင်းမာမာ လျစ်လျူရှုတယ်။ နောက်ဆုံး၊ “ယေဟောဝါက အဆီးရီးယားဘုရင်ရဲ့ တပ်မှူးတွေ လွှတ်ပြီး တိုက်ခိုက်စေတယ်။ မနာရှေကို ချိတ်တွေနဲ့ ဖမ်း၊ ကြေးနီခြေကျဉ်းတွေ ခတ်ပြီး ဗာဗုလုန်မြို့ဆီ ခေါ်သွားကြတယ်။” ဗာဗုလုန်မှာ အကျဉ်းကျနေရင်း အရင်ကလုပ်မိတဲ့ အမှားတွေကို မနာရှေ သေသေချာချာ ပြန်တွေးခဲ့ပုံပဲ။ “ဘိုးဘေးတို့ရဲ့ ဘုရားသခင်ရှေ့မှာ အကြီးအကျယ် စိတ်နှိမ့်ချလိုက်တယ်။” အဲဒီအပြင် “ယေဟောဝါဘုရားရဲ့ မျက်နှာသာရဖို့ အသနားခံ” တယ်။ (၂ ရာ. ၃၃:၁၀-၁၂) မနာရှေရဲ့ ဆုတောင်းချက်တွေကို နားထောင်လိုက်ရုံနဲ့ စိတ်သဘော ပြောင်းလဲမှန်း ဘုရား မြင်တယ်။ အချိန်တန်တော့ မနာရှေ အသနားခံ ဆုတောင်းတာကို အဖြေပေးပြီး ထီးနန်း ပြန်ပေးတယ်။ ဒီအခွင့်အရေးကို မနာရှေ အပြည့်အဝ အသုံးချပြီး စစ်မှန်တဲ့ နောင်တ ရကြောင်း သက်သေပြတယ်။ w21.10 ၄ ¶၁၀-၁၁
တနင်္လာနေ့၊ အောက်တိုဘာ ၁၆
လူတစ်ယောက်ထက် နှစ်ယောက်က ပိုကောင်းတယ်။ နှစ်ယောက်ပေါင်းပြီး ကြိုးစားပမ်းစားလုပ်ရင် ကောင်းကျိုး ပိုရတတ်လို့ပဲ။—ဒေ. ၄:၉။
အာကုလနဲ့ ပြစ်ကိလဟာ နေသားကျပြီးသား ဝန်းကျင်ကိုစွန့်၊ အိမ်သစ် ရှာပြီး နေရာသစ်မှာ အလုပ်သစ် စရတော့မယ်။ ကောရိန္သုမြို့ကို ရောက်တော့ ဒေသခံအသင်းတော်နဲ့ ပူးပေါင်းတယ်။ ညီအစ်ကို/မတွေကို အားပေးဖို့ တမန်တော် ပေါလုနဲ့ ပူးပေါင်းလုပ်ဆောင်တယ်။ နောက်ပိုင်း၊ ဟောပြောသူ ပိုလိုအပ်တဲ့ တခြားမြို့တွေကို သူတို့ ပြောင်းရွှေ့သွားကြတယ်။ (တ. ၁၈:၁၈-၂၁။ ရော. ၁၆:၃-၅) တကယ့်ကို အဓိပ္ပာယ် ရှိပြီး ပျော်ရွှင်စရာ ဘဝပါပဲ။ ဒီနေ့ခေတ် ဇနီးမောင်နှံတွေလည်း ဘုရားနိုင်ငံတော်ကို ဦးစားထားခြင်းအားဖြင့် ပြစ်ကိလနဲ့ အာကုလကို တုပနိုင်တယ်။ ဘဝပန်းတိုင်တွေအကြောင်း ဆွေးနွေးရမယ့် အကောင်းဆုံးအချိန်ကတော့ ပိုးပန်းချိန်ပါပဲ။ ဘုရားရေးရာ ပန်းတိုင်တွေ အတူချမှတ်ပြီး လက်လှမ်းမီဖို့ အတူကြိုးစားမယ်ဆိုရင် ယေဟောဝါရဲ့ အကူအညီကို ခံစားရဖို့ အခွင့်အရေး ပိုရလာမယ်။—ဒေ. ၄:၁၂။ w21.11 ၁၇ ¶၁၁-၁၂
အင်္ဂါနေ့၊ အောက်တိုဘာ ၁၇
မိဘကို ရိုသေပါ။ . . . ငါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါပဲ။—ဝတ်. ၁၉:၃။
မိဘကို ရိုသေပါဆိုတဲ့ ဘုရား ညွှန်ကြားချက်ကို နာခံဖို့ အရေးကြီးတယ်။ “မင်းတို့ရဲ့ဘုရား ငါယေဟောဝါဟာ သန့်ရှင်းတဲ့အတွက် မင်းတို့လည်း သန့်ရှင်းရမယ်” ဆိုတဲ့စကား ပြောပြီးပြီးချင်း ဝတ်ပြုရာ ၁၉:၃ မှာ မိဘကို ရိုသေပါလို့ ပြောထားတာကို သတိပြုပါ။ (ဝတ်. ၁၉:၂) ယေဟောဝါရဲ့ မိန့်မှာချက်အတိုင်း ‘ငါ မိဘကို ရိုသေနေရဲ့လား’ လို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်နိုင်တယ်။ အရင်က ရိုရိုသေသေ မဆက်ဆံခဲ့ဘူးလို့ ခံစားရရင် အခုချိန်ဟာ ပြောင်းလဲရမယ့် အချိန်ပဲ။ အတိတ်ကို ပြောင်းလို့ မရပေမဲ့ အခုကစပြီး မိဘတွေကို အချိန် ပိုပေးဖို့၊ ပိုကူညီပေးဖို့ စိတ်ပိုင်းဖြတ်နိုင်တယ်။ သူတို့ရဲ့ ရုပ်ပိုင်း၊ ဘုရားရေးရာပိုင်း၊ စိတ်ပိုင်းကို ပိုထောက်မပေးနိုင်တယ်။ ဒီလိုလုပ်တာဟာ ဝတ်ပြုရာ ၁၉:၃ မှာ ပါတဲ့ အချက်ကို လိုက်နာရာရောက်တယ်။ w21.12 ၄-၅ ¶၁၀-၁၂
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၁၈
သူတစ်ပါးကို ဝေဖန်အကဲဖြတ်တာမျိုး မလုပ်ပါနဲ့တော့။—မ. ၇:၁။
ဘုရင် ဒါဝိဒ် ကြီးလေးတဲ့ အမှားတွေ ကျူးလွန်ခဲ့တယ်။ ဥပမာ၊ ဗာသရှေဘနဲ့ ဖောက်ပြန်ပြီး သူ့ယောက်ျားကိုတောင် သတ်ခဲ့တယ်။ (၂ ရှ. ၁၁:၂-၄၊ ၁၄၊ ၁၅၊ ၂၄) ဒါကြောင့် ကိုယ်တိုင်သာမက တခြားဇနီးမယားတွေ အပါအဝင် တစ်မိသားစုလုံး ဒုက္ခရောက်ရတယ်။ (၂ ရှ. ၁၂:၁၀၊ ၁၁) နောက်တစ်ကြိမ်မှာလည်း စစ်သည်အင်အားကို ရေတွက်ခဲ့တယ်။ ယေဟောဝါကို အပြည့်အဝ အားမကိုးတဲ့ လုပ်ရပ်ပဲ။ ရလဒ်အနေနဲ့ ကပ်ရောဂါကြောင့် အစ္စရေးလူမျိုး ၇၀၀၀၀ လောက် သေဆုံးခဲ့ရတယ်။ (၂ ရှ. ၂၄:၁-၄၊ ၁၀-၁၅) ဒါဝိဒ်ကို ဘုရားရဲ့ ကရုဏာ မခံစားထိုက်ဘူးလို့ မြင်မလား။ ယေဟောဝါကတော့ အဲဒီလို မမြင်ဘူး။ ဘဝတစ်လျှောက်လုံး ဒါဝိဒ် သစ္စာရှိခဲ့တာကို ခြုံငုံကြည့်ပြီး စစ်မှန်တဲ့ နောင်တကို အာရုံစိုက်တယ်။ ဒါကြောင့် ကြီးလေးတဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးတယ်။ မိမိကို ဒါဝိဒ် သိပ်ချစ်မှန်း၊ မှန်ရာကို လုပ်ချင်စိတ်ရှိမှန်း သိတယ်။ ကျွန်တော်တို့ရဲ့ ကောင်းကွက်ကို ဘုရား ကြည့်ပေးတဲ့အတွက် ကျေးဇူးတင်စရာပဲ မဟုတ်လား။—၁ ဘု. ၉:၄။ ၁ ရာ. ၂၉:၁၀၊ ၁၇။ w21.12 ၁၉ ¶၁၁-၁၃
ကြာသပတေးနေ့၊ အောက်တိုဘာ ၁၉
အဲဒီအချိန်မှာပဲ သူ မျက်စိ ပြန်မြင်လာတယ်။ ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းရင်း ယေရှုနောက်ကို လိုက်လာတယ်။—လု. ၁၈:၄၃။
ခန္ဓာပိုင်း ချို့ယွင်းချက် ရှိသူတွေကို ယေရှု ထောက်ထားစာနာတယ်။ “မျက်မမြင်တွေ ပြန်မြင်လာပြီ။ ခြေမသန်သူတွေ လမ်းလျှောက်နိုင်ပြီ။ အနာကြီးရောဂါသည်တွေ ပြန်ကောင်းလာပြီ။ နားမကြားသူတွေ ကြားရပြီ။ သေလွန်သူတွေ အသက်ပြန်ရှင်လာပြီ” လို့ နှစ်ခြင်းပေးသူ ယောဟန်ကို သတင်းပါးလိုက်တာ သတိရပါ။ ယေရှုလုပ်တဲ့ အံ့ဖွယ်အမှုတွေကို မြင်ပြီး “လူအားလုံးက ဘုရားသခင်ကို ချီးမွမ်းကြတယ်။” (လု. ၇:၂၀-၂၂) ခန္ဓာပိုင်း ချို့ယွင်းချက် ရှိသူတွေကို ထောက်ထားစာနာတဲ့ ယေရှုရဲ့ သဘောထားကို ခရစ်ယာန်တွေ တုပကြတယ်။ သူတို့အပေါ် ကြင်နာ၊ ထောက်ထားစာနာပြီး စိတ်ရှည်ကြတယ်။ အံ့ဖွယ်အမှုတွေ လုပ်ဖို့ ကျွန်တော်တို့ကို ယေဟောဝါ တန်ခိုး မပေးထားဘူး။ ဒါပေမဲ့ ပကတိဖြစ်စေ၊ ပုံဆောင်သဘောအရဖြစ်စေ မျက်စိ မမြင်သူတွေကို သတင်းကောင်း ဟောပြောခွင့် ရထားကြတယ်။ မကြာခင် ကမ္ဘာသစ်မှာ လူတိုင်း ပြည့်ဝစုံလင်လာပြီး ပုံဆောင်သဘောအရ မျက်စိ မမြင်သူတွေလည်း မျက်စိ ပြန်မြင်လာမယ်၊ တစ်နည်းအားဖြင့် ဘုရားနဲ့ ဆက်ဆံရေး ပြန်ကောင်းလာမယ်ဆိုတဲ့ သတင်းကောင်းပါပဲ။ (လု. ၄:၁၈) ဒီသတင်းကောင်းကြောင့် ဘုရားကို လူများစွာ ချီးမွမ်းနေကြတယ်။ w21.12 ၉ ¶၅
သောကြာနေ့၊ အောက်တိုဘာ ၂၀
ခင်ဗျားတို့က ယောဘရဲ့ ခံနိုင်ရည်အကြောင်း ကြားဖူးသလို သူ့ကို ယေဟောဝါ ကောင်းချီးပေးခဲ့တာကိုလည်း သိထားကြတာပဲ။—ယာ. ၅:၁၁။
ယာကုပ်ဟာ ကျမ်းစာကို အဓိက အခြေခံပြီး သွန်သင်တယ်။ ယောဘလို သစ္စာရှိသူတွေကို ယေဟောဝါ အမြဲ ဆုချတယ်ဆိုတာ နားလည်အောင် ကျမ်းစာသုံးပြီး သွန်သင်ပေးတယ်။ ရိုးရှင်းတဲ့ စကားလုံး၊ ရိုးရှင်းတဲ့ အတွေးအခေါ်တွေကို သုံးတယ်။ ဒီနည်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် မဟုတ်ဘဲ ယေဟောဝါကိုပဲ အာရုံစိုက်စေတယ်။ သင်ခန်းစာ– ကျမ်းစာကို အခြေခံပြီး ရိုးရိုးရှင်းရှင်း သွန်သင်ပါ။ ကျွန်တော်တို့ရဲ့ ပန်းတိုင်က ကိုယ်ဘယ်လောက် သိတယ်ဆိုတာ တခြားသူတွေကို ကြွားဖို့ မဟုတ်ဘဲ ယေဟောဝါ ဘယ်လောက် သိတယ်၊ သူတို့ကို ဘယ်လောက် ဂရုစိုက်တယ်ဆိုတာ သိစေဖို့ ဖြစ်သင့်တယ်။ (ရော. ၁၁:၃၃) ကျမ်းစာကို အခြေခံမှ အဲဒီပန်းတိုင် ရောက်နိုင်မယ်။ ဥပမာ၊ ကျမ်းစာသင်သားတွေကို သူတို့နေရာမှာ ကိုယ်သာဆိုရင် ဘာလုပ်မယ်လို့ ပြောမယ့်အစား ကျမ်းစာ ပုံနမူနာတွေကို ဆင်ခြင်နိုင်အောင်၊ ယေဟောဝါရဲ့ အတွေးအခေါ်နဲ့ ခံစားချက်တွေကို နားလည်အောင် ကူညီပေးသင့်တယ်။ ဒါဆိုရင် ကျမ်းစာသင်ပေးသူ စိတ်ကျေနပ်အောင် မဟုတ်ဘဲ ယေဟောဝါ စိတ်ကျေနပ်အောင် လုပ်ဖို့ သူတို့ လှုံ့ဆော်ခံရပါလိမ့်မယ်။ w22.01 ၁၁ ¶၉-၁၀
စနေနေ့၊ အောက်တိုဘာ ၂၁
လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ။—ဝတ်. ၁၉:၁၈။
အချင်းချင်း ထိခိုက်အောင် မလုပ်ရုံနဲ့ လုံလောက်ပြီလို့ ဘုရား မယူဆဘူး။ လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ဖို့ဆိုတာ ဘုရား မျက်နှာသာ ရချင်တဲ့ ခရစ်ယာန်တွေ လုပ်ဆောင်ရမယ့် အခြေခံ အရာဖြစ်တယ်။ ဝတ်ပြုရာ ၁၉:၁၈ မှာ ပါတဲ့ ပညတ် အလွန်အရေးကြီးကြောင်း ယေရှု အလေးပေးပြောတယ်။ “ပညတ်ကျမ်းမှာ ဘယ်ပညတ်ဟာ အရေးကြီးဆုံးလဲ” လို့ ဖာရိရှဲတစ်ယောက် မေးတဲ့အခါ ယေဟောဝါကို စိတ်စွမ်း၊ ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှနဲ့ ချစ်တာဟာ “ပထမဆုံး၊ အရေးကြီးဆုံး ပညတ်” ဖြစ်တယ်လို့ ယေရှု ဖြေတယ်။ ပြီးနောက် ဝတ်ပြုရာ ၁၉:၁၈ ကို ကိုးကားပြီး “‘လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ’ ဆိုတဲ့ ဒုတိယပညတ်ဟာ ပထမပညတ်နဲ့ ဆင်တူတယ်” လို့ ပြောတယ်။ (မ. ၂၂:၃၅-၄၀) လူလူချင်း ချစ်ကြောင်း ပြနိုင်တဲ့ နည်းများစွာ ရှိတယ်။ တစ်နည်းကတော့ ဝတ်ပြုရာ ၁၉:၁၈ ပါ အကြံဉာဏ်ကို လိုက်လျှောက်ခြင်းပါပဲ။ “အချင်းချင်း လက်စားမချေနဲ့၊ အငြိုးမထားနဲ့” လို့ ပြောထားတယ်။ w21.12 ၁၁ ¶၁၁-၁၃
တနင်္ဂနွေနေ့၊ အောက်တိုဘာ ၂၂
မုန်တိုင်း ထန်နေတာကို မြင်တော့ ကြောက်စိတ်ဝင်ပြီး နစ်တော့မလို ဖြစ်သွားတယ်။ “သခင်၊ ကယ်ပါဦး” လို့ အော်[တယ်]။—မ. ၁၄:၃၀။
ယေရှု လက်ဆန့်ပြီး တမန်တော် ပေတရုကို ကယ်လိုက်တယ်။ ယေရှုကို အာရုံစိုက်နေသရွေ့ မုန်တိုင်းထန်တဲ့ ရေပြင်ပေါ် ပေတရု လမ်းလျှောက်နိုင်ခဲ့တာ သတိပြုပါ။ ဒါပေမဲ့ မုန်တိုင်းကို အာရုံစိုက်မိတဲ့အခါမှာတော့ ကြောက်စိတ်၊ သံသယစိတ် ဝင်လာပြီး ရေနစ်သွားတယ်။ (မ. ၁၄:၂၄-၃၁) ပေတရုရဲ့ အဖြစ်ကနေ သင်ယူနိုင်ပါတယ်။ လှေထဲကနေ ဆင်းပြီး ရေပေါ် စလမ်းလျှောက်ချိန်မှာ စိုးရိမ်စိတ်ကြောင့် နစ်သွားမယ်လို့ ပေတရု ထင်မှာ မဟုတ်ဘူး။ သခင့်ဆီ ရောက်တဲ့အထိ ရေပေါ်မှာ ဆက်လျှောက်သွားချင်တာ။ ဒါပေမဲ့ ယေရှုကို ဆက်အာရုံမစိုက်တဲ့အတွက် အဲဒီလို မလျှောက်နိုင်ခဲ့ဘူး။ ပေတရုလိုပဲ ကျွန်တော်တို့လည်း စမ်းသပ်မှုတွေကို ခံရပ်နိုင်ဖို့ ယုံကြည်ခြင်း လိုတယ်။ ယေဟောဝါနဲ့ ကတိတော်တွေကို အာရုံမစိုက်တော့ဘူးဆိုရင် ယုံကြည်ခြင်း အားနည်းလာပြီး စိုးရိမ်ပူပန်မှုတွေထဲ နစ်မြုပ်သွားနိုင်တယ်။ မုန်တိုင်းနဲ့တူတဲ့ ဘယ်လို ပြဿနာမျိုးပဲ ကြုံရပါစေ ယေဟောဝါနဲ့ ဘုရားရဲ့ ကူညီနိုင်စွမ်းကို ဆက်အာရုံစိုက်နေရမယ်။ w21.12 ၁၇-၁၈ ¶၆-၇
တနင်္လာနေ့၊ အောက်တိုဘာ ၂၃
ခိုင်မြဲတဲ့မေတ္တာ ကြီးမားလှတဲ့အတွက် အိမ်တော်ကို ကျွန်တော် လာပါ့မယ်။—ဆာ. ၅:၇။
ဆုတောင်းခြင်း၊ ကျမ်းစာလေ့လာခြင်း၊ တွေးတောဆင်ခြင်ခြင်းဟာ ဝတ်ပြုရေးရဲ့ အစိတ်အပိုင်း ဖြစ်တယ်။ ဆုတောင်းတာဟာ ကျွန်တော်တို့ကို ချစ်တဲ့ ကောင်းကင်ဖခင်နဲ့ ဆက်သွယ်နေတာ ဖြစ်တယ်။ ကျမ်းစာလေ့လာတာဟာ ဉာဏ်ပညာအားလုံးရဲ့ ရင်းမြစ်ဖြစ်တဲ့ “ဘုရားနဲ့ပတ်သက်တဲ့ အသိပညာ” ကို ရယူနေတာ ဖြစ်တယ်။ (ပညာ. ၂:၁-၅) တွေးတောဆင်ခြင်တာဟာ ယေဟောဝါရဲ့ နှစ်သက်ဖွယ် အရည်အသွေးတွေ၊ ကျွန်တော်တို့ အပါအဝင် ဖန်ဆင်းရာအားလုံးအတွက် အံ့ဩဖွယ် ရည်ရွယ်ချက်တွေအကြောင်း လေးလေးနက်နက် စဉ်းစားတာ ဖြစ်တယ်။ သင့်ရဲ့အချိန်ကို အကောင်းဆုံး အသုံးပြုနိုင်တဲ့နည်းပါပဲ။ အဲဒီလို လုပ်နိုင်ဖို့ ဘာက ကူညီပေးမလဲ။ ဖြစ်နိုင်မယ်ဆိုရင် တိတ်ဆိတ်တဲ့ နေရာကို ရွေးပါ။ ယေရှုရဲ့ ပုံသက်သေကို စဉ်းစားကြည့်ပါ။ အမှုဆောင်လုပ်ငန်း မစခင် တောထဲမှာ ရက်ပေါင်း ၄၀ နေခဲ့တယ်။ (လု. ၄:၁၊ ၂) အဲဒီလို တိတ်ဆိတ်တဲ့နေရာမှာ ယေဟောဝါဆီ ဆုတောင်းပြီး မိမိနဲ့ပတ်သက်တဲ့ ဖခင်ရဲ့ အလိုတော်ကို တွေးတောဆင်ခြင်ခဲ့မှာပဲ။ အဲဒါက မကြာခင် ရင်ဆိုင်ရမယ့် စမ်းသပ်မှုတွေအတွက် ပြင်ဆင်ပေးခဲ့မှာ သေချာတယ်။ w22.01 ၂၇-၂၈ ¶၇-၈
အင်္ဂါနေ့၊ အောက်တိုဘာ ၂၄
အကြံပေးသူ များရင်တော့ အောင်မြင်တတ်တယ်။—ပညာ. ၁၅:၂၂။
ကိုယ်တိုးတက်ဖို့ လိုတဲ့ အပိုင်းကို အကြီးအကဲ ဒါမှမဟုတ် ရင့်ကျက်တဲ့ ညီအစ်ကိုတစ်ယောက် ထောက်ပြလာနိုင်တယ်။ ကိုယ့်ကို ချစ်လို့ ကျမ်းစာသုံးပြီး အကြံဉာဏ်ပေးတာ ဖြစ်တဲ့အတွက် သူ့အကြံဉာဏ်ကို ကျေးဇူးတင်လေးမြတ်ကြောင်း ပြသင့်တယ်။ တိုက်ရိုက် အကြံဉာဏ်ကို လက်ခံဖို့ ခက်နိုင်တယ်။ စိတ်တောင် ဆိုးမိနိုင်တယ်။ ဘာကြောင့်လဲ။ ကိုယ်မစုံလင်မှန်း အသိအမှတ်ပြုပေမဲ့ တစ်ယောက်ယောက်က ကိုယ့်အမှားကို ထောက်ပြပြီး အကြံဉာဏ်ပေးတဲ့အခါ လက်ခံရခက်နိုင်လို့ပဲ။ (ဒေ. ၇:၉) ဆင်ခြေပေးမိနိုင်တယ်။ အကြံပေးသူရဲ့ စိတ်ရင်းကို သံသယဝင်မိနိုင်တယ်။ အကြံပေးတဲ့ ပုံစံကို စိတ်ဆိုးမိနိုင်တယ်။ အကြံပေးသူကို အပြစ်ရှာပြီး ‘သူက ဘာမို့လို့လဲ။ ဘယ်လောက်များ ကောင်းနေလို့လဲ’ လို့ တွေးမိနိုင်တယ်။ သူပေးတဲ့ အကြံဉာဏ်ကို မကြိုက်ဘူးဆိုရင် ဂရုမစိုက်ဘဲ နေမိနိုင်တယ်။ ကိုယ့်အကြိုက်အတိုင်း အကြံပေးမယ့်သူဆီ အကူအညီ တောင်းမိနိုင်တယ်။ w22.02 ၈-၉ ¶၂-၄
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၂၅
တည်ငြိမ်စွာ ယုံကြည်ကိုးစားမယ်ဆိုရင် ခွန်အားကြီးလိမ့်မယ်။—ဟေရှာ. ၃၀:၁၅။
ကမ္ဘာသစ်မှာ ယေဟောဝါအပေါ် ထားတဲ့ ယုံကြည်စိတ်ချမှုကို စမ်းသပ်တဲ့ အခက်အခဲတွေ ကြုံရဦးမလား။ ဥပမာ၊ အစ္စရေးတွေ အီဂျစ်ကျွန်ဘဝကနေ ထွက်လာပြီး မကြာခင် ဘာဖြစ်တယ်ဆိုတာ စဉ်းစားကြည့်ပါ။ အီဂျစ်ပြည်မှာ စားခဲ့ရတဲ့ လတ်လတ်ဆတ်ဆတ် အစားအစာတွေကို တမ်းတလို့ တချို့ ပြစ်တင်ညည်းညူကြတယ်။ ယေဟောဝါ ချပေးတဲ့ မန္နမုန့်ကိုတော့ ရွံစရာလို့ သဘောထားကြတယ်။ (တော. ၁၁:၄-၆။ ၂၁:၅) ကြီးစွာသောဒုက္ခ ပြီးသွားတဲ့ နောက်ပိုင်း ကျွန်တော်တို့မှာ အလားတူ အတွေးတွေ ဝင်လာနိုင်မလား။ ကမ္ဘာမြေကို သန့်ရှင်းရေး လုပ်ဖို့၊ ပရဒိသု ဖြစ်အောင် လုပ်ဖို့ ဘယ်လောက် အလုပ်များမယ်ဆိုတာ ကျွန်တော်တို့ မသိဘူး။ တော်တော် အလုပ်များမှာ ဖြစ်နိုင်တယ်။ အစပိုင်းမှာ အဆင်မပြေတာတွေလည်း ရှိနိုင်တယ်။ အဲဒီအချိန်မှာ ယေဟောဝါ ပြင်ဆင်ပေးတာတွေကို ပြစ်တင်ညည်းညူမလား။ သေချာတာ တစ်ခုကတော့ အခုကတည်းက ယေဟောဝါ ပြင်ဆင်ပေးတာတွေကို တန်ဖိုးထားလေးမြတ်မယ်ဆိုရင် အဲဒီအချိန်မှာလည်း တန်ဖိုးထားလေးမြတ်ပါလိမ့်မယ်။ w22.02 ၇ ¶၁၈-၁၉
ကြာသပတေးနေ့၊ အောက်တိုဘာ ၂၆
ဂျူးလူမျိုးတစ်ယောက်ရဲ့ ဝတ်ရုံကို မြဲမြဲကိုင်ပြီး “ခင်ဗျားတို့နဲ့အတူ. . . ကျွန်တော်တို့လည်း လိုက်ချင်ပါတယ်” လို့ ပြောကြလိမ့်မယ်။—ဇာ. ၈:၂၃။
ဇာခရိ ၈:၂၃ ပါ ပရောဖက်ပြုချက်မှာ တွေ့ရတဲ့ “ဂျူးလူမျိုးတစ်ယောက်” နဲ့ “ခင်ဗျားတို့” ဆိုတာ ဘိသိက်ခံ အကြွင်းအကျန်ကို ရည်ညွှန်းတယ်။ (ရော. ၂:၂၈၊ ၂၉) “ဘာသာစကား အမျိုးမျိုးပြောတဲ့ လူမျိုးတွေထဲက လူဆယ်ယောက်” ဆိုတာ တခြားသိုးကို ကိုယ်စားပြုတယ်။ ဘိသိက်ခံတွေနဲ့အတူ စင်ကြယ်တဲ့ ဝတ်ပြုရေးမှာ ပါဝင်ခြင်းအားဖြင့် သူတို့ဝတ်ရုံကို “မြဲမြဲကိုင်” ထားကြတယ်။ တစ်နည်းအားဖြင့် သူတို့ကို သစ္စာရှိရှိ ထောက်မပေးကြတယ်။ အလားတူပဲ၊ ဘိသိက်ခံတွေနဲ့ တခြားသိုးတွေ စည်းစည်းလုံးလုံး လုပ်ဆောင်နိုင်အောင် ယေဟောဝါ ကူညီပေးခြင်းအားဖြင့် ယေဇကျေလ ၃၇:၁၅-၁၉၊ ၂၄၊ ၂၅ ပါ ကြိုဟောချက်ကို ပြည့်စုံစေတယ်။ ကြိုဟောချက်မှာ တုတ်နှစ်ချောင်းအကြောင်း ဖော်ပြတယ်။ ကောင်းကင်မျှော်လင့်ချက် ရှိသူတွေက “ယုဒရဲ့ တုတ်ချောင်း” နဲ့ တူတယ်။ ယုဒဟာ အစ္စရေးဘုရင်တွေ ဆင်းသက်လာတဲ့ အနွယ် ဖြစ်တယ်။ မြေကြီးမျှော်လင့်ချက် ရှိသူတွေက “ဧဖရိမ်ရဲ့ တုတ်ချောင်း” နဲ့ တူတယ်။ ယေဟောဝါက ဒီအုပ်စုနှစ်စုကို စည်းလုံးစေတဲ့အတွက် “တုတ်တစ်ချောင်းတည်း” ဖြစ်လာတယ်။ ဘုရင် ယေရှုခရစ်ရဲ့ လက်အောက်မှာ စည်းလုံးစွာ အမှုဆောင်ကြတာကို ဆိုလိုတယ်။—ယော. ၁၀:၁၆။ w22.01 ၂၂ ¶၉-၁၀
သောကြာနေ့၊ အောက်တိုဘာ ၂၇
ခင်ဗျားတို့ရဲ့ ဖြောင့်မတ်တဲ့ လုပ်ရပ်တွေကို လူမြင်ကောင်းအောင် လူရှေ့သူရှေ့မှာ မလုပ်ပြမိဖို့ သတိထားကြပါ။—မ. ၆:၁။
ဆင်းရဲသားတွေကို ပေးကမ်းစွန့်ကြဲပေမဲ့ လူသိရှင်ကြား ပေးကမ်းသူတွေအကြောင်း ယေရှု ပြောတယ်။ အဲဒီလို လူမြင်ကောင်းအောင် လုပ်တဲ့ ကောင်းမှုတွေကို ယေဟောဝါ မနှစ်သက်ဘူး။ (မ. ၆:၂-၄) မှန်ရာကို အတ္တစိတ် မပါဘဲ လုပ်မှသာ တကယ် ကောင်းမြတ်သူတွေ ဖြစ်နိုင်မယ်။ ဒါကြောင့် ‘မှန်ရာကို သိရုံသာမက အဲဒီအတိုင်း လုပ်သလား။ ဘယ်လို စိတ်ရင်းနဲ့ လုပ်တာလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ယေဟောဝါဘုရားဟာ အပြောသမား မဟုတ်ဘူး။ လက်တွေ့သမား ဖြစ်တယ်။ စွမ်းအားတော်ကို သုံးပြီး ကိစ္စရပ်တွေကို လက်တွေ့လုပ်ဆောင်တယ်။ ဒါကြောင့် ကျွန်တော်တို့လည်း စွမ်းအားတော် အရည်အသွေးတွေကို လက်တွေ့တင်ပြရမယ်။ ဥပမာ၊ ‘လုပ်ရပ် မပါတဲ့ ယုံကြည်ခြင်းက အသေပဲ’ လို့ တပည့်တော် ယာကုပ် ပြောတယ်။ (ယာ. ၂:၂၆) တခြား အရည်အသွေးတွေလည်း အဲဒီလိုပဲ။ စွမ်းအားတော် အရည်အသွေးတွေ တင်ပြတဲ့အခါတိုင်း ကျွန်တော်တို့အပေါ် ဘုရားစွမ်းအားတော် သက်ရောက်နေတယ်ဆိုတဲ့ အထောက်အထားပါပဲ။ w22.03 ၁၁ ¶၁၄-၁၆
စနေနေ့၊ အောက်တိုဘာ ၂၈
ခင်ဗျားတို့ကို ခေါ်ယူတဲ့အရှင်ဟာ သန့်ရှင်းတဲ့အတွက် ခင်ဗျားတို့လည်း ပြုမူကျင့်ကြံလေသမျှမှာ သန့်ရှင်းကြပါ။—၁ ပေ. ၁:၁၅။
ကျွန်တော်တို့ဟာ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ လုပ်ဆောင်မှုတွေ၊ တခြား ကောင်းတာတွေ အများကြီး လုပ်နေမှာပဲ။ ဒါပေမဲ့ ခရစ်ယာန်တွေ လုပ်ရမယ့် အရေးကြီးတာဝန် တစ်ခုကို တမန်တော် ပေတရု အလေးပေးဖော်ပြတယ်။ ပြုမူကျင့်ကြံသမျှမှာ သန့်ရှင်းဖို့ မပြောခင် “အားသွန်ခွန်စိုက် လုပ်ဆောင်ဖို့ စိတ်ကို အသင့်ပြင်ထားကြပါ” လို့ ပေတရု ပြောတယ်။ (၁ ပေ. ၁:၁၃) အဲဒီလုပ်ဆောင်မှုထဲမှာ ဘာပါဝင်သလဲ။ ခရစ်တော်ရဲ့ ဘိသိက်ခံညီတွေဟာ မိမိတို့ကို “ခေါ်ထုတ်တဲ့ အရှင်ရဲ့ ‘မွန်မြတ်တဲ့ ဂုဏ်ရည်တော်တွေကို နေရာအနှံ့ ဟောပြော’” ကြမယ်လို့ ပေတရု ပြောတယ်။ (၁ ပေ. ၂:၉) ဒီအရေးကြီးဆုံးလုပ်ငန်းမှာ ခရစ်ယာန်အားလုံး ပါဝင်ခွင့် ရထားကြတယ်။ တခြားသူတွေအတွက် လုပ်ပေးနိုင်သမျှမှာ အကောင်းဆုံး လုပ်ဆောင်မှုပါပဲ။ သန့်ရှင်းတဲ့ လူမျိုးအဖြစ် ဟောပြောခြင်းနဲ့ သွန်သင်ခြင်းမှာ ပုံမှန် ထက်သန်စွာ ပါဝင်ဖို့ ကျွန်တော်တို့ အခွင့်ထူး ရထားကြတယ်။ (မာ. ၁၃:၁၀) ဒါကို အတတ်နိုင်ဆုံး လုပ်ဆောင်တာက ဘုရားနဲ့ လူလူချင်းကို ချစ်ကြောင်း ဖော်ပြရာရောက်တယ်။ အဲဒီအပြင် ပြုမူကျင့်ကြံသမျှမှာ “သန့်ရှင်း” ချင်ကြောင်း ဖော်ပြရာလည်းရောက်ပါတယ်။ w21.12 ၁၃ ¶၁၈
တနင်္ဂနွေနေ့၊ အောက်တိုဘာ ၂၉
ခင်ဗျားတို့ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်တဲ့သူကို ကျွန်တော်လည်း ခွင့်လွှတ်တယ်။—၂ ကော. ၂:၁၀။
တမန်တော် ပေါလုဟာ ညီအစ်ကို/မတွေရဲ့ ကောင်းကွက်တွေကိုပဲ အမြဲ ကြည့်တယ်။ မကောင်းတဲ့လူနဲ့ မကောင်းတဲ့ လုပ်ရပ်ရဲ့ ကွာခြားချက်ကို သိတယ်။ ညီအစ်ကို/မတွေကို ချစ်ပြီး သူတို့ရဲ့ အရည်အသွေးကောင်းတွေကို အာရုံစိုက်တယ်။ မှန်ရာကို လုပ်ဖို့ သူတို့ အခက်တွေ့နေရင်တောင် စိတ်ရင်းကောင်း ရှိတယ်၊ အကူအညီပဲ လိုနေတာလို့ ရှုမြင်တယ်။ ဖိလိပ္ပိ အသင်းတော်က ညီအစ်မ နှစ်ယောက်ကို ပေါလု ဘယ်လို ကူညီပေးကြောင်း သုံးသပ်ကြည့်ပါ။ (ဖိ. ၄:၁-၃) ဧဝေါဒိနဲ့ သုန္တုတ်ဟာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့် အဆင်မပြေ ဖြစ်လာကြတယ်။ သူတို့ကို ပေါလု ကြမ်းကြမ်းတမ်းတမ်း ပြစ်တင်ဝေဖန်မယ့်အစား အရည်အချင်းကောင်းတွေကို အာရုံစိုက်တယ်။ နှစ်ပေါင်းများစွာ သစ္စာရှိရှိ အမှုဆောင်ခဲ့သူတွေ ဖြစ်မှန်း၊ သူတို့ကို ယေဟောဝါ ချစ်မှန်း ပေါလု သိတယ်။ ပေါလုမှာ အဲဒီလို အကောင်းမြင်စိတ် ရှိတဲ့အတွက် ပြန်သင့်မြတ်အောင် လုပ်ဖို့ သူတို့ကို တိုက်တွန်းတယ်။ ညီအစ်ကို/မတွေရဲ့ အရည်အချင်းကောင်းတွေကို ပေါလု အာရုံစိုက်တဲ့အတွက် ကိုယ်တိုင် ပျော်ရွှင်သလို သူတို့နဲ့ ဆက်ဆံရေးကောင်း ဆက်ရှိနေခဲ့တယ်။ w22.03 ၃၀ ¶၁၆-၁၈
တနင်္လာနေ့၊ အောက်တိုဘာ ၃၀
ယေဟောဝါဟာ စိတ်ကြေကွဲနေသူတွေရဲ့ အနီးအပါးမှာ ရှိတယ်။ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေကို ကယ်တင်တယ်။—ဆာ. ၃၄:၁၈။
ယေဟောဝါပေးတဲ့ ငြိမ်သက်ခြင်းက စိတ်နှလုံးနဲ့ အတွေးအခေါ်ကို တည်ငြိမ်စေတယ်။ ညီအစ်မ လုဇ်အကြောင်း စဉ်းစားကြည့်ပါ။ “အထီးကျန်စိတ်ကို တိုက်လှန်နေရတယ်။ အဲဒီလို ခံစားချက်ကြောင့် တစ်ခါတလေ ကျွန်မကို ယေဟောဝါ မချစ်ဘူးလို့ ထင်မိတယ်။ အဲဒီအခါမျိုးမှာ ယေဟောဝါကို ချက်ချင်း ပြောပြတယ်။ ဆုတောင်းတာက ခံစားချက်တွေကို ထိန်းချုပ်နိုင်ဖို့ ကူညီပေးတယ်” လို့ ပြောတယ်။ ဒီညီအစ်မရဲ့ အဖြစ်က ဖော်ပြတဲ့အတိုင်း ဆုတောင်းခြင်းအားဖြင့် စိတ်ငြိမ်သက်မှု ရနိုင်တယ်။ (ဖိ. ၄:၆၊ ၇) ချစ်ရသူတစ်ယောက် သေဆုံးသွားတဲ့အခါ ယေဟောဝါနဲ့ ယေရှု ကူညီပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချကြတယ်။ ယေဟောဝါဘုရားနဲ့ ယေရှုရဲ့ ထောက်ထားစာနာမှုက ဟောပြောသွန်သင်ရာမှာ ထောက်ထားစာနာမှု ရှိဖို့ လှုံ့ဆော်ပေးတယ်။ ယေဟောဝါနဲ့ သားတော်ဟာ ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို စာနာပေးကြောင်း၊ ခံရပ်နိုင်အောင် ကူညီပေးချင်ကြောင်း သိရလို့ နှစ်သိမ့်မှု ရကြတယ်။ “မျက်ရည်ရှိသမျှကို” ယေဟောဝါ “သုတ်ပေး” မယ့်နေ့ ရောက်တဲ့အထိ သိလာတာတွေကို ဆက်ကျင့်သုံးကြပါစို့။—ဗျာ. ၂၁:၄။ w22.01 ၁၅ ¶၇။ ၁၉ ¶၁၉-၂၀
အင်္ဂါနေ့၊ အောက်တိုဘာ ၃၁
ကျဉ်းတဲ့တံခါးကနေ ဝင်ကြပါ။ ပျက်စီးခြင်းကို ပို့ဆောင်တဲ့ တံခါးဟာ ကျယ်ဝန်းပြီး လမ်းကလည်း ပြန့်ပြူးတဲ့အတွက် ဝင်တဲ့သူတွေ များတယ်။—မ. ၇:၁၃။
“ပြန့်ပြူးတဲ့” လမ်းနဲ့ “ကြမ်းတဲ့” လမ်းအကြောင်း ယေရှု ပြောနေတာ ဖြစ်တယ်။ (မ. ၇:၁၄) တတိယလမ်းဆိုတာ မရှိဘူး။ ဘယ်လမ်းပေါ် လျှောက်မယ်ဆိုတာ ကိုယ်တိုင် ရွေးချယ်ရမယ်။ ကျွန်တော်တို့ရဲ့ ထာဝရအသက်နဲ့ ဆိုင်လို့ အရေးကြီးဆုံး ဆုံးဖြတ်ချက် ဖြစ်တယ်။ “ပြန့်ပြူးတဲ့” လမ်းဟာ သွားလာရလွယ်လို့ လူကြိုက်များတယ်။ လူအများနောက် လိုက်ပြီး အဲဒီလမ်းပေါ် လျှောက်ဖို့ အများစု ရွေးချယ်ကြတာ ဝမ်းနည်းစရာပါပဲ။ ဒီလမ်းပေါ် လျှောက်ဖို့ သွေးထိုးလှုံ့ဆော်သူဟာ စာတန်မာရ်နတ် ဖြစ်ကြောင်း၊ သေခြင်းမှာ လမ်းဆုံးမှာ ဖြစ်ကြောင်း သူတို့ မသိကြဘူး။ (၁ ကော. ၆:၉၊ ၁၀။ ၁ ယော. ၅:၁၉) “ပြန့်ပြူးတဲ့” လမ်းနဲ့ ဆန့်ကျင်ဘက်ကတော့ “ကြမ်းတဲ့” လမ်း ဖြစ်တယ်။ ဒီလမ်းပေါ် လျှောက်တဲ့သူ နည်းမယ်လို့ ယေရှု ပြောတယ်။ ဘာကြောင့်လဲ။ နောက်အခန်းငယ်မှာ ပရောဖက် အတုအယောင်တွေကို သတိထားဖို့ နောက်လိုက်တွေကို ယေရှု သတိပေးတာကို သတိပြုပါ။—မ. ၇:၁၅။ w21.12 ၂၂-၂၃ ¶၃-၅