ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • es23 စာ. ၈၈-၉၇
  • စက်တင်ဘာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စက်တင်ဘာ
  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၃
  • ခေါင်းစ‎ဥ်ငယ်များ
  • သောကြာနေ့၊ စက်တင်ဘာ ၁
  • စနေနေ့၊ စက်တင်ဘာ ၂
  • တနင်္ဂနွေနေ့၊ စက်တင်ဘာ ၃
  • တနင်္လာနေ့၊ စက်တင်ဘာ ၄
  • အင်္ဂါနေ့၊ စက်တင်ဘာ ၅
  • ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၆
  • ကြာသပတေးနေ့၊ စက်တင်ဘာ ၇
  • သောကြာနေ့၊ စက်တင်ဘာ ၈
  • စနေနေ့၊ စက်တင်ဘာ ၉
  • တနင်္ဂနွေနေ့၊ စက်တင်ဘာ ၁၀
  • တနင်္လာနေ့၊ စက်တင်ဘာ ၁၁
  • အင်္ဂါနေ့၊ စက်တင်ဘာ ၁၂
  • ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၁၃
  • ကြာသပတေးနေ့၊ စက်တင်ဘာ ၁၄
  • သောကြာနေ့၊ စက်တင်ဘာ ၁၅
  • စနေနေ့၊ စက်တင်ဘာ ၁၆
  • တနင်္ဂနွေနေ့၊ စက်တင်ဘာ ၁၇
  • တနင်္လာနေ့၊ စက်တင်ဘာ ၁၈
  • အင်္ဂါနေ့၊ စက်တင်ဘာ ၁၉
  • ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၂၀
  • ကြာသပတေးနေ့၊ စက်တင်ဘာ ၂၁
  • သောကြာနေ့၊ စက်တင်ဘာ ၂၂
  • စနေနေ့၊ စက်တင်ဘာ ၂၃
  • တနင်္ဂနွေနေ့၊ စက်တင်ဘာ ၂၄
  • တနင်္လာနေ့၊ စက်တင်ဘာ ၂၅
  • အင်္ဂါနေ့၊ စက်တင်ဘာ ၂၆
  • ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၂၇
  • ကြာသပတေးနေ့၊ စက်တင်ဘာ ၂၈
  • သောကြာနေ့၊ စက်တင်ဘာ ၂၉
  • စနေနေ့၊ စက်တင်ဘာ ၃၀
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၃
es23 စာ. ၈၈-၉၇

စက်တင်ဘာ

သောကြာနေ့၊ စက်တင်ဘာ ၁

ဘုရားဆီက အံ့ဖွယ်အမှုတစ်ခုလောက် ပြပါလို့ တောင်းဆို[တယ်]။—မ. ၁၆:၁။

ယေရှုခေတ်မှာ လူတချို့က ယေရှုရဲ့ သွန်သင်ချက်တွေ ကြားရုံလောက်နဲ့ပဲ မကျေနပ်ကြဘူး။ ဒီ့ထက် ပိုလိုချင်ကြတယ်။ လူတွေ မြင်ချင်တဲ့ အံ့ဖွယ်အမှု မလုပ်ပြတဲ့အခါ ယေရှု ငြင်းပယ်ခံရတယ်။ (မ. ၁၆:၄) ကျမ်းစာမှာ ဘာပြောထားသလဲ။ မေရှိယနဲ့ပတ်သက်ပြီး ပရောဖက် ဟေရှာယက “သူ အော်ဟစ်မှာ၊ ကြွေးကြော်မှာ မဟုတ်ဘူး။ လမ်းမှာ သူ့အသံကို လူတွေ ကြားအောင် လုပ်မှာ မဟုတ်ဘူး” လို့ ရေးတယ်။ (ဟေရှာ. ၄၂:၁၊ ၂) ယေရှုဟာ လူတွေ အာရုံစိုက်တာ မခံရအောင် အမှုဆောင်လုပ်ငန်းကို သိုသိုသိပ်သိပ် လုပ်ဆောင်တယ်။ ကြီးကျယ်ခမ်းနားတဲ့ ဗိမာန်တွေ မဆောက်ဘူး။ တောက်ပြောင်တဲ့ ဘာသာရေး ဝတ်ရုံတွေ မဝတ်ဘူး။ ဘာသာရေး ဘွဲ့ထူးဂုဏ်ထူးတွေနဲ့ အခေါ်မခံဘူး။ ယေရှု ရုံးတင်စစ်ဆေးခံရချိန်မှာ အံ့ဖွယ်အမှု လုပ်ပြဖို့ ဟေရုဒ်မင်း တောင်းဆိုပေမဲ့ ယေရှု မလုပ်ဘူး။ (လု. ၂၃:၈-၁၁) ယေရှု အံ့ဖွယ်အမှုတချို့ လုပ်ခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ သတင်းကောင်း ဟောဖို့ပဲ အဓိက အာရုံစိုက်တယ်။ “ဒီအတွက်ပဲ ကျွန်တော်လာတာ” လို့ ပြောတယ်။—မာ. ၁:၃၈။ w21.05 ၄ ¶၉-၁၀

စနေနေ့၊ စက်တင်ဘာ ၂

ထာဝရအသက် ရနိုင်ဖို့ဆိုရင် တစ်ဆူတည်းသော စစ်မှန်တဲ့ဘုရားသခင် အဖကိုရော အဖ စေလွှတ်လိုက်တဲ့ ယေရှုခရစ်ကိုပါ သိကျွမ်းကြရမယ်။—ယော. ၁၇:၃။

“ထာဝရအသက်ရဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားတဲ့သူတွေ” ကို ကျွန်တော်တို့ ရှာဖွေနေတယ်။ (တ. ၁၃:၄၈) သူတို့ တပည့် ဖြစ်လာဖို့ဆိုရင် ကျမ်းစာထဲက အချက်တွေကို (၁) နားလည်ဖို့၊ (၂) လက်ခံဖို့၊ (၃) လက်တွေ့ကျင့်သုံးဖို့ ကူညီပေးရမယ်။ (ကော. ၂:၆၊ ၇။ ၁ သက်. ၂:၁၃) အသင်းတော်မှာရှိသူ အားလုံးက သင်သားတွေ အစည်းအဝေး လာတက်တဲ့အခါ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခြင်းအားဖြင့် မေတ္တာပြနိုင်တယ်။ (ယော. ၁၃:၃၅) ကျမ်းစာသင်ပေးသူကလည်း သင်သားမှာ “အခိုင်အမာ အမြစ်စွဲနေ” တဲ့ ယုံကြည်ချက်တွေ၊ ဓလေ့ထုံးစံတွေကို စွန့်နိုင်အောင် အချိန်နဲ့ ခွန်အား များစွာ စိုက်ထုတ်ပြီး ကူညီပေးရမယ်။ (၂ ကော. ၁၀:၄၊ ၅) နှစ်ခြင်းခံတဲ့အထိ တိုးတက်လာဖို့ လပေါင်းများစွာ ကြာနိုင်တယ်။ ဒါပေမဲ့ ကြိုးစားရကျိုး နပ်ပါတယ်။ w21.07 ၃ ¶၆

တနင်္ဂနွေနေ့၊ စက်တင်ဘာ ၃

အရာရာကို မှန်မမှန် အသေအချာ စစ်ဆေးပါ။ ပြီးတဲ့နောက် ကောင်းမွန်ရာကို စွဲကိုင်ထားပါ။—၁ သက်. ၅:၂၁။

ကျွန်တော်တို့ သွန်သင်နေတာတွေ အမှန်တရား ဖြစ်ကြောင်း၊ ဒီနေ့ခေတ် ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရေး ပုံစံကို ဘုရား နှစ်သက်လက်ခံကြောင်း တကယ် ယုံကြည်စိတ်ချသလား။ အမှန်တရားကို တမန်တော် ပေါလု အခိုင်အမာ ယုံကြည်စိတ်ချတယ်။ (၁ သက်. ၁:၅) အဲဒီယုံကြည်စိတ်ချမှုဟာ စိတ်ခံစားချက်သက်သက် မဟုတ်ဘူး။ ပေါလုဟာ ကျမ်းစာကို ထက်ထက်သန်သန် လေ့လာသူ ဖြစ်တယ်။ “ကျမ်းစောင်အားလုံးဟာ ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထား” ကြောင်း ယုံကြည်တယ်။ (၂ တိ. ၃:၁၆) ကျမ်းစာ လေ့လာတဲ့အခါ ပေါလု ဘာသိလာသလဲ။ ယေရှုဟာ ကတိထားရာ မေရှိယ ဖြစ်ကြောင်း မငြင်းနိုင်တဲ့ အထောက်အထားတွေ သိလာတယ်။ အဲဒီအထောက်အထားတွေကို ဂျူးဘာသာရေး ခေါင်းဆောင်တွေ ငြင်းပယ်ကြတယ်။ ဘုရားအကြောင်း အမှန်တရား သွန်သင်တယ်လို့ ပြောပေမဲ့ သူတို့ရဲ့ လုပ်ရပ်ကတော့ ဘုရားကို ငြင်းပယ်ကြတယ်။ (တိ. ၁:၁၆) ပေါလုကတော့ သူတို့လို မဟုတ်ဘူး။ ကျမ်းစာထဲက ကိုယ်ကြိုက်တဲ့ အပိုင်းတချို့ကိုပဲ လက်ခံမယ့်အစား “ဘုရားသခင်ရဲ့ ရည်ရွယ်ချက် မှန်သမျှ” ကို သွန်သင်၊ ကျင့်သုံးဖို့ အသင့်ရှိတယ်။—တ. ၂၀:၂၇။ w21.10 ၁၈ ¶၁-၂

တနင်္လာနေ့၊ စက်တင်ဘာ ၄

ကျွန်တော့်ကို စေလွှတ်တဲ့အရှင်သာ မဆွဲဆောင်ရင် ဘယ်သူမှ ကျွန်တော့်ဆီ မလာနိုင်ဘူး။—ယော. ၆:၄၄။

ကျွန်တော်တို့ဟာ စိုက်ပျိုးသူ၊ ရေလောင်းသူ ဖြစ်ပြီး အပင်ကို ကြီးထွားစေသူဟာ ဘုရားသခင် ဖြစ်ကြောင်း အသိအမှတ်ပြုရမယ်။ (၁ ကော. ၃:၆၊ ၇) လူအားလုံးရဲ့ အသက်ကို ယေဟောဝါ တန်ဖိုးထားတယ်။ ဒီစနစ် အဆုံးမတိုင်ခင် လူမျိုးအားလုံးထဲက လူတွေကို စုသိမ်းရာမှာ သားတော်နဲ့အတူ တွဲဖက်လုပ်ဆောင်ခွင့် ကျွန်တော်တို့ကို ပေးထားတယ်။ (ဟဂ္ဂဲ ၂:၇) ဟောပြောခြင်းလုပ်ငန်းကို ကယ်ဆယ်ရေးလုပ်ငန်းနဲ့ နှိုင်းယှဉ်နိုင်တယ်။ ကျွန်တော်တို့ဟာ သတ္တုတွင်းထဲမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့ သွားတဲ့သူတွေနဲ့ တူတယ်။ သတ္တုတွင်းလုပ်သား နည်းနည်းလောက်ကိုပဲ အသက်ရှင်လျက် တွေ့ရမှာ ဖြစ်နိုင်ပေမဲ့ ကယ်ဆယ်ရေး လုပ်သား အားလုံးရဲ့ လုပ်ဆောင်မှုဟာ သိပ်တန်ဖိုးရှိတယ်။ ဒီနေ့ခေတ်မှာ လုပ်ဆောင်နေတဲ့ အမှုဆောင်လုပ်ငန်းလည်း အလားတူပဲ။ စာတန့်စနစ်ထဲကနေ လူဘယ်နှယောက်ကို ကယ်တင်နိုင်မလဲဆိုတာ ကျွန်တော်တို့ မသိဘူး။ ဒါပေမဲ့ သူတို့ကို ကူညီဖို့ ကျွန်တော်တို့ထဲက ဘယ်သူ့ကိုမဆို ယေဟောဝါ သုံးနိုင်တယ်။ ဘိုလီးဗီးယားမှာ နေတဲ့ အန်ဒရီအာက “လူတစ်ယောက် အမှန်တရား သိလာပြီး နှစ်ခြင်းခံတယ်ဆိုတာ အုပ်စုလိုက် ပူးပေါင်းလုပ်ဆောင်မှုရဲ့ အကျိုးရလဒ် ဖြစ်မှန်း ကျွန်တော် သိတယ်” လို့ ပြောတယ်။ အမှုဆောင်လုပ်ငန်းမှာ အလားတူ အပြုသဘောထား ဆက်ထိန်းထားကြပါစို့။ ဒါဆိုရင် ကျွန်တော်တို့ကို ယေဟောဝါ ကောင်းချီးပေးမယ်။ အမှုဆောင်လုပ်ငန်းကနေ စစ်မှန်တဲ့ ပျော်ရွှင်မှု ခံစားရပါလိမ့်မယ်။ w21.05 ၁၉ ¶၁၉-၂၀

အင်္ဂါနေ့၊ စက်တင်ဘာ ၅

မာရ်နတ်ထောင်ထားတဲ့ ကျော့ကွင်းကနေ လွတ်ကောင်း လွတ်နိုင်လိမ့်မယ်။—၂ တိ. ၂:၂၆။

မုဆိုးမှာ ရည်ရွယ်ချက်တစ်ခုပဲ ရှိတယ်။ သားကောင်ကို ဖမ်းဖို့၊ သတ်ဖို့ပဲ။ ထောင်ချောက် အမျိုးမျိုး သုံးနိုင်တယ်။ ကျမ်းစာမှာတောင် အဲဒီအကြောင်း ပြောထားတယ်။ (ယောဘ ၁၈:၈-၁၀) မုဆိုးဟာ ထောင်ချောက်ဆင်နိုင်ဖို့ သားကောင်အကြောင်း သေသေချာချာ လေ့လာတယ်။ ဘယ်တွေ သွားတတ်သလဲ၊ ဘာကြိုက်တတ်သလဲ၊ ဘာနဲ့ ထောင်ဖမ်းရင် မိနိုင်မလဲ ဆိုတာမျိုးပေါ့။ စာတန်လည်း အဲဒီမုဆိုးလိုပဲ။ ကျွန်တော်တို့အကြောင်း သေသေချာချာ လေ့လာတယ်။ ကျွန်တော်တို့ ဘယ်တွေ သွားတတ်တယ်၊ ဘာတွေ စိတ်ဝင်စားတယ်ဆိုတာ သတိထားကြည့်တယ်။ ပြီးနောက် အလစ်မှာ ဖမ်းဖို့ ကျော့ကွင်း ထောင်တယ်။ ဒါပေမဲ့ စာတန့် ကျော့ကွင်းထဲ မိသွားရင်တောင် ဘယ်လို လွတ်မြောက်နိုင်ကြောင်း၊ စာတန့် ကျော့ကွင်းတွေကို ဘယ်လို ရှောင်နိုင်ကြောင်း ကျမ်းစာမှာ ပြောထားတယ်။ စာတန်ရဲ့ အထိရောက်ဆုံး ထောင်ချောက် နှစ်ခုကတော့ မာနနဲ့ လောဘ ဖြစ်တယ်။ အဲဒီထောင်ချောက်တွေ သုံးပြီး အောင်မြင်နေတာ နှစ်ပေါင်း ထောင်နဲ့ချီပြီ။ စာတန်ဟာ ထောင်ချောက် ဒါမှမဟုတ် ကျော့ကွင်း ထောင်ထားတဲ့ ငှက်ဖမ်းသမားလိုပဲ။ (ဆာ. ၉၁:၃) ဒါပေမဲ့ စာတန်ရဲ့ ထောင်ချောက်ထဲ ကျွန်တော်တို့ မိစရာ မလိုပါဘူး။ စာတန်ရဲ့ နည်းပရိယာယ်တွေကို ယေဟောဝါ ကြိုအသိပေးထားလို့ပဲ။—၂ ကော. ၂:၁၁။ w21.06 ၁၄ ¶၁-၂

ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၆

ဖြောင့်မတ်တဲ့လမ်းစဉ်မှာ ရှိနေမယ်ဆိုရင် ဖြူတဲ့ဆံပင်ဟာ အလှသရဖူပဲ။—ပညာ. ၁၆:၃၁။

သစ္စာရှိ အသက်ကြီးသူတွေဟာ အဖိုးတန် ရတနာတွေပဲ။ ကျမ်းစာမှာ အသက်ကြီးသူတွေရဲ့ ဆံပင်ဖြူကို သရဖူနဲ့ ခိုင်းနှိုင်းထားတယ်။ (ပညာ. ၂၀:၂၉) ဒါပေမဲ့ ဒီရတနာတွေကို သတိမထားမိတာမျိုး အလွယ်တကူ ဖြစ်သွားနိုင်တယ်။ အသက်ကြီးသူတွေရဲ့ တန်ဖိုးကို အသိအမှတ်ပြုတဲ့ လူငယ်တွေဟာ ရွှေငွေရတနာထက် ပိုတန်ဖိုးရှိတာကို ရပါလိမ့်မယ်။ သစ္စာရှိ အသက်ကြီးသူတွေဟာ ယေဟောဝါဘုရားအတွက် တန်ဖိုးရှိတယ်။ စိတ်နှလုံးကို ကြည့်တဲ့ ယေဟောဝါက သူတို့ရဲ့ အရည်အသွေးကောင်းတွေကို မြင်ပြီး တန်ဖိုးထားတယ်။ သစ္စာရှိရှိ အမှုဆောင်ခဲ့တဲ့ နှစ်တွေအတွင်း ရခဲ့တဲ့ အသိပညာတွေကို လူငယ်တွေဆီ လက်ဆင့်ကမ်းပေးတာ မြင်တဲ့အခါ ဘုရား သိပ်ဝမ်းသာတယ်။ (ယောဘ ၁၂:၁၂။ ပညာ. ၁:၁-၄) သူတို့ရဲ့ ခံနိုင်ရည်ကိုလည်း တန်ဖိုးထားတယ်။ (မာလ. ၃:၁၆) ဘဝမှာ ပြဿနာတွေ ရင်ဆိုင်ရပေမဲ့ ယုံကြည်ခြင်း မယိမ်းယိုင်ကြဘူး။ အမှန်တရား စသိချိန်ကထက် အနာဂတ် မျှော်လင့်ချက် ပိုခိုင်မာလာတယ်။ “ဇရာအိုအရွယ်မှာတောင်” နာမတော်ကို ဆက်ကြေညာနေလို့ သူတို့ကို ယေဟောဝါ ချစ်တယ်။—ဆာ. ၉၂:၁၂-၁၅။ w21.09 ၂ ¶၂-၃

ကြာသပတေးနေ့၊ စက်တင်ဘာ ၇

လူတိုင်း ကိုယ့်လုပ်ရပ်တွေကိုပဲ ဆန်းစစ်ပါ။ . . . ဒါဆိုရင် ကိုယ့်လုပ်ရပ်နဲ့ပတ်သက်ပြီး ပျော်ရွှင်ကျေနပ်ရလိမ့်မယ်။—ဂလ. ၆:၄။

ကိုယ့်စိတ်ရင်းကို မကြာမကြာ ဆန်းစစ်သင့်တယ်။ ‘တခြားသူတွေနဲ့ နှိုင်းယှဉ်မှပဲ ကိုယ့်ကိုယ်ကိုယ် ပိုတော်တယ်လို့ ခံစားရသလား။ ဘာလုပ်လုပ် အတော်ဆုံးလို့ အထင်ခံချင်စိတ်နဲ့ လုပ်တာလား။ ညီအစ်ကို/မ တစ်ယောက်ယောက်ထက် ပိုသာချင်တဲ့စိတ်နဲ့ လုပ်တာလား။ ဒါမှမဟုတ် ယေဟောဝါကို အကောင်းဆုံး ပေးဆက်ချင်စိတ်နဲ့ လုပ်တာလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ မနှိုင်းယှဉ်ဖို့ ကျမ်းစာ ပြောထားတယ်။ ဘာကြောင့်လဲ။ ညီအစ်ကို/မ တစ်ယောက်ယောက်ထက် ပိုသာတယ်လို့ ထင်နေရင် မာနတက်လာနိုင်ပြီး ပိုနိမ့်ကျတယ်လို့ ထင်နေရင်လည်း စိတ်ဓာတ်ကျလာနိုင်လို့ပဲ။ (ရော. ၁၂:၃) ကျွန်တော်တို့ ချောလှလို့၊ အပြောကောင်းလို့၊ ထင်ပေါ်ကျော်ကြားလို့ မဟုတ်ဘဲ မိမိကို ချစ်လို့၊ သားတော် စကားကို နားထောင်လို့ ယေဟောဝါ ဆွဲဆောင်ထားတယ်ဆိုတာ သတိရပါ။—ယော. ၆:၄၄။ ၁ ကော. ၁:၂၆-၃၁။ w21.07 ၁၄-၁၅ ¶၃-၄

သောကြာနေ့၊ စက်တင်ဘာ ၈

ခင်ဗျားတို့က စိတ်သဘောကို အသစ်ဖြစ်အောင် အမြဲ ပြုပြင်နေရမယ်။—ဧ. ၄:၂၃။

စိတ်သဘောထားကို ပြုပြင်ပြောင်းလဲဖို့ ဆုတောင်း၊ ကျမ်းစာဖတ်၊ တွေးတောဆင်ခြင်ပြီး လက်တွေ့ကျင့်ရမယ်။ ယေဟောဝါဆီ အကူအညီ တောင်းရမယ်။ ကိုယ့်ကိုယ်ကိုယ် တခြားသူနဲ့ နှိုင်းယှဉ်ချင်တဲ့ သဘောထားကို ကျော်လွှားနိုင်ဖို့ သန့်ရှင်းသော စွမ်းအားတော်က ကူညီပေးပါလိမ့်မယ်။ ဒါ့အပြင် မနာလိုစိတ်၊ မာနစိတ် ဝင်လာတဲ့အခါ ချက်ချင်း သိမြင်ပြီး ထုတ်ပစ်နိုင်အောင်လည်း ယေဟောဝါ ကူညီပေးပါလိမ့်မယ်။ (၂ ရာ. ၆:၂၉၊ ၃၀) ကျွန်တော်တို့ရဲ့ စိတ်နှလုံးကို ယေဟောဝါ သိတယ်။ ကိုယ်တိုင်ရဲ့ မစုံလင်မှုနဲ့ လောကစိတ်ဓာတ်ကို တွန်းလှန်နေရမှန်းလည်း သိတယ်။ ကျွန်တော်တို့ ဘယ်လောက် ခက်ခက်ခဲခဲ တွန်းလှန်နေရတယ်ဆိုတာ မြင်ပြီး ပိုချစ်လာတယ်။ ကျွန်တော်တို့အပေါ်ထားတဲ့ ခံစားချက်ကို ဖော်ပြဖို့ ကလေးအပေါ်ထားတဲ့ မိခင်မေတ္တာနဲ့ ယေဟောဝါ ဥပမာ ပေးတယ်။ (ဟေရှာ. ၄၉:၁၅) အမှုတော်မှာ အတတ်နိုင်ဆုံး ကြိုးစားပါဝင်နေတဲ့ ကျွန်တော်တို့ကိုလည်း ယေဟောဝါ အဲဒီလို နက်နက်ရှိုင်းရှိုင်း ချစ်တယ်ဆိုတာ သိရလို့ အားရှိစရာပါပဲ။ w21.07 ၂၄-၂၅ ¶၁၇-၁၉

စနေနေ့၊ စက်တင်ဘာ ၉

ဝမ်းမြောက်သူတွေနဲ့အတူ ဝမ်းမြောက်ပါ။—ရော. ၁၂:၁၅။

ယေဟောဝါရဲ့ အမှုတော်မှာ ရထားတဲ့ ဘယ်တာဝန်ကိုမဆို အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်မယ်ဆိုရင် ပျော်ရွှင်မှု တိုးများလာနိုင်ပါတယ်။ ဟောပြောခြင်း လုပ်ငန်းကို “အာရုံစိုက်” ပါ။ အသင်းတော် လုပ်ဆောင်မှုတွေမှာ အပြည့်အဝ ပါဝင်ပါ။ (တ. ၁၈:၅။ ဟီ. ၁၀:၂၄၊ ၂၅) အစည်းအဝေးတွေအတွက် ကောင်းကောင်း ပြင်ဆင်ပြီး အားပေးမှုဖြစ်စေတဲ့ မှတ်ချက်တွေ ပေးပါ။ ကြားရက်အစည်းအဝေးမှာ ရတဲ့ ဘယ်တာဝန်ကိုမဆို အလေးအနက် သဘောထားပါ။ အသင်းတော်မှာ တစ်ခုခု လုပ်ပေးဖို့ တောင်းဆိုခံရတဲ့အခါ အချိန် တိကျပါ။ ယုံကြည်စိတ်ချထိုက်သူ ဖြစ်ပါ။ ဘယ်တာဝန်ကိုမဆို ပေါ့ပေါ့တန်တန် သဘောမထားပါနဲ့။ ပိုကျွမ်းကျင်အောင် ကြိုးစားနေပါ။ (ပညာ. ၂၂:၂၉) ယေဟောဝါရဲ့ လုပ်ငန်းမှာ ဘယ်တာဝန်ပဲရရ ကြိုးစားအားထုတ်မယ်ဆိုရင် ပိုတိုးတက်လာမယ်။ ပျော်ရွှင်မှု တိုးများလာမယ်။ (ဂလ. ၆:၄) ကိုယ်ရချင်တဲ့ တာဝန်ကို တခြားသူတွေ ရတဲ့အခါမှာလည်း သူတို့အတွက် ဝမ်းသာပေးနိုင်မယ်။—ဂလ. ၅:၂၆။ w21.08 ၂၂ ¶၁၁

တနင်္ဂနွေနေ့၊ စက်တင်ဘာ ၁၀

အထက်ကလာတဲ့ ဉာဏ်ပညာကို ပိုင်ဆိုင်တဲ့သူဟာ ဦးဆုံးအနေနဲ့ စင်ကြယ်တယ်။ ပြီးတော့ သင့်သင့်မြတ်မြတ် နေတတ်တယ်။ အကျိုးသင့်အကြောင်းသင့် ရှိတယ်။ နာခံဖို့ အသင့်ရှိတယ်။ ကရုဏာတွေ၊ အကျင့်ကောင်းတွေနဲ့ ပြည့်စုံတယ်။ မျက်နှာမလိုက်တတ်ဘူး။ သူတော်ကောင်းအဖြစ် ဟန်မဆောင်ဘူး။—ယာ. ၃:၁၇။

မာန မကြီးပါနဲ့။ သွန်သင်ပေးလို့ ရသူ ဖြစ်ပါ။ လူတစ်ယောက်ရဲ့ နှလုံးကြွက်သားတွေဟာ ရောဂါကြောင့် ကောင်းကောင်း အလုပ်မလုပ်တော့သလို ကျွန်တော်တို့ရဲ့ ပုံဆောင်နှလုံးလည်း မာနကြောင့် ယေဟောဝါရဲ့ ညွှန်ကြားချက်တွေကို မနာခံတော့တာမျိုး ဖြစ်နိုင်တယ်။ ဖာရိရှဲတွေဟာ မာနကြီးလို့ ယေရှုမှာ ဘုရားစွမ်းအားတော် ရှိတယ်ဆိုတဲ့ ရှင်းလင်းတဲ့ အထောက်အထားကို လက်မခံကြဘူး။ (ယော. ၁၂:၃၇-၄၀) ဒါကြောင့် ထာဝရအသက် ဆုံးရှုံးခဲ့ရတယ်။ (မ. ၂၃:၁၃၊ ၃၃) ကျွန်တော်တို့လည်း ကိုယ့်စရိုက်၊ အတွေးအခေါ်၊ ဆုံးဖြတ်ချက်တွေအပေါ် ကျမ်းစာနဲ့ စွမ်းအားတော် ပုံသွင်းမှု၊ ဩဇာလွှမ်းမိုးမှုကို ဆက်ခံယူနေဖို့ သိပ်အရေးကြီးတယ်။ ယာကုပ်ဟာ နှိမ့်ချသူ ဖြစ်လို့ ယေဟောဝါရဲ့ သွန်သင်မှုကို လိုလိုလားလား ခံယူခဲ့တယ်။ နှိမ့်ချမှုကြောင့်ပဲ ထိရောက်တဲ့ သွန်သင်သူဖြစ်လာတယ်။ w22.01 ၁၀ ¶၇

တနင်္လာနေ့၊ စက်တင်ဘာ ၁၁

တောင်းမြဲတောင်းပါ။—မ. ၇:၇။

“ဇွဲမလျှော့တမ်း ဆုတောင်း” မယ်ဆိုရင် ကောင်းကင်ဖခင် နားထောင်ပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။ (ကော. ၄:၂) အဖြေရဖို့ ကြန့်ကြာနေပေမဲ့ “လိုအပ်ချိန်” အတိအကျမှာ ဖြေပေးမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ (ဟီ. ၄:၁၆) ဒါကြောင့် ကိုယ်ထင်သလို ချက်ချင်း ဖြစ်မလာတဲ့အခါ ယေဟောဝါကို ဘယ်တော့မှ မပြစ်မတင်သင့်ဘူး။ ဥပမာ၊ လူများစွာဟာ ဒီအစီအစဉ်စနစ် အဆုံးတိုင်မယ့် အချိန်ကို နှစ်ပေါင်းများစွာ စောင့်ခဲ့ကြတယ်။ အဲဒီအချိန်အတွက် ဆုတောင်းဖို့တောင် ယေရှု သင်ပေးတယ်။ (မ. ၆:၁၀) ဒါပေမဲ့ လူတွေ မျှော်လင့်ထားချိန်မှာ အဆုံး ရောက်မလာလို့ ယုံကြည်ခြင်း အားနည်းသွားရင် သိပ်မိုက်မဲရာ ရောက်ပါလိမ့်မယ်။ (ဟဗ. ၂:၃။ မ. ၂၄:၄၄) ယေဟောဝါကို ဆက်စောင့်ဆိုင်းပြီး ယုံကြည်ခြင်းနဲ့ ဆက်ဆုတောင်းတာ ပညာရှိတယ်။ အဆုံးရောက်မယ့် ‘နေ့နဲ့ အချိန်’ ကို ယေဟောဝါ သတ်မှတ်ပြီးပြီ ဖြစ်လို့ အချိန် အတိအကျမှာ ရောက်လာပါလိမ့်မယ်။ အဲဒီအချိန်ဟာ ကျွန်တော်တို့အားလုံးအတွက် အကောင်းဆုံး အချိန် ဖြစ်မှာ သေချာပါတယ်။—မ. ၂၄:၃၆။ ၂ ပေ. ၃:၁၅။ w21.08 ၁၀ ¶၁၀-၁၁

အင်္ဂါနေ့၊ စက်တင်ဘာ ၁၂

စိတ်နှိမ့်ချကြပါ၊ သူတစ်ပါးကို ကိုယ့်ထက်သာတယ်လို့ သဘောထားပါ။—ဖိ. ၂:၃။

အသက်အရွယ်ကြောင့် အရင်ကလောက် မလုပ်နိုင်တော့ဘူးဆိုတာ နှိမ့်ချတဲ့ အသက်ကြီးသူတွေ အသိအမှတ်ပြုကြတယ်။ ဥပမာ၊ တိုက်နယ်ကြီးကြပ်မှူးတွေဟာ အသက် ၇၀ ဆိုရင် တခြားတာဝန် ပြောင်းရတယ်။ အဲဒီလိုလုပ်ဖို့ ခက်နိုင်တယ်။ ညီအစ်ကိုတွေအတွက် အမှုဆောင်ရတဲ့ အခွင့်ထူးကို သူတို့ မြတ်နိုးကြတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းကို လူငယ်တွေ လုပ်ဖို့ လိုအပ်မှန်း နားလည်ပြီး ရှေးခေတ်အစ္စရေး လေဝိအမျိုးသားတွေရဲ့ သဘောထားမျိုး တင်ပြကြတယ်။ လေဝိအမျိုးသားတွေဟာ အသက် ၅၀ ဆိုရင် တဲတော်မှာ ဆက်အမှုမဆောင်ရတော့ဘူး။ အသက်ကြီးတဲ့ လေဝိအမျိုးသားတွေရဲ့ ပျော်ရွှင်မှုဟာ တာဝန်နဲ့ မဆိုင်ဘူး။ ကိုယ်နိုင်တဲ့ဘက်ကနေ အတတ်နိုင်ဆုံး ဆက်အမှုဆောင်ပြီး လူငယ်တွေကို ကူညီထောက်မပေးတယ်။ (တော. ၈:၂၅၊ ၂၆) ဒီနေ့ခေတ်မှာလည်း တိုက်နယ်ကြီးကြပ်မှူးတာဝန် ထမ်းဆောင်ခဲ့သူတွေဟာ အသင်းတော် များစွာအတွက် အမှုမဆောင်နိုင်တော့ပေမဲ့ မိမိတို့ အသင်းတော်အတွက်တော့ တကယ့်ကောင်းချီးပါပဲ။ w21.09 ၈-၉ ¶၃-၄

ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၁၃

အဖေ၊ ကျွန်တော်ဟာ ကောင်းကင်မှာ စံမြန်းတဲ့ ဘုရားသခင်ကိုရော အဖေ့ကိုပါ ပြစ်မှားပါပြီ။ အဖေ့သားလို့တောင် အခေါ်မခံထိုက်တော့ပါဘူး။—လု. ၁၅:၂၁။

ယေရှု ပြောတဲ့ သားမိုက် ပုံဥပမာကို လုကာ ၁၅:၁၁-၃၂ မှာ တွေ့နိုင်တယ်။ သားငယ်ဟာ အဖေကို ပုန်ကန်ပြီး အိမ်ကနေ ထွက်သွားတယ်။ “တိုင်းတစ်ပါး” ကို သွားပြီး အကျင့်ပျက် ပျော်ပါးတယ်။ ဒုက္ခရောက်လာတော့ ကိုယ်လုပ်ခဲ့တာကို သေသေချာချာ ပြန်တွေးမိတယ်။ အဖေ့အိမ်မှာတုန်းက ဘယ်လောက် ကောင်းကောင်း နေခဲ့ရမှန်း သိလာတယ်။ ‘အသိတရား ရလာတယ်’ လို့ ယေရှု ပြောတယ်။ အိမ်ပြန်ပြီး အဖေ ခွင့်လွှတ်အောင် ပြန်တောင်းပန်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကိုယ့်လုပ်ရပ် ဘယ်လောက် မှားကြောင်း သိဖို့ အရေးကြီးတာ မှန်ပေမဲ့ ဒီလောက်နဲ့ လုံလောက်ပြီလား။ လုပ်သင့်တာကို ချက်ချင်း လုပ်ဖို့ လိုတယ်။ လုပ်မိတာတွေအတွက် တကယ် နောင်တရကြောင်း သားမိုက် သက်သေပြတယ်။ ဒါဟာ စိတ်ထိမိစေတဲ့ ဇာတ်လမ်းလောက်ပဲ မဟုတ်ပါဘူး။ အပြစ်လုပ်မိသူ တကယ် နောင်တရ မရ ပိုင်းဖြတ်နိုင်ဖို့ အသင်းတော် အကြီးအကဲတွေကို ဒီပုံဥပမာက အကူအညီ ဖြစ်စေနိုင်တယ်။ w21.10 ၅ ¶၁၄-၁၅

ကြာသပတေးနေ့၊ စက်တင်ဘာ ၁၄

ကောင်းကင်၊ မြေကြီး . . . ကို . . . ငါလှုပ်ခါဦးမယ်။—ဟဂ္ဂဲ ၂:၆။

ဘယ်အရာကတော့ မလှုပ်ခါဘဲ မြဲမြဲတည်မလဲ။ “မလှုပ်ခါနိုင်တဲ့နိုင်ငံကို ကျွန်တော်တို့ ရမှာဖြစ်လို့ . . . ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတဲ့စိတ်နဲ့၊ ဘုရားနှစ်သက်တဲ့နည်းနဲ့ အမှုဆောင်ကြစို့” လို့ တမန်တော် ပေါလု ရေးတယ်။ (ဟီ. ၁၂:၂၈) ဒီနောက်ဆုံးလှုပ်ခါမှု ပြီးနောက် ဘုရားနိုင်ငံတော် တစ်ခုပဲ တည်ရှိမယ်။ နေရာကနေ မရွေ့ဘဲ မြဲမြဲတည်နေမယ်။ (ဆာ. ၁၁၀:၅၊ ၆။ ဒံ. ၂:၄၄) အချိန် မရှိတော့ဘူး။ လောက အားပေးနေတဲ့ ဘဝလမ်းစဉ်ကို ဆက်ထောက်ခံပြီး ဖျက်ဆီးခံမလား၊ ဒါမှမဟုတ် ဘုရားအလိုတော်နဲ့အညီ အသက်ရှင်ပြီး ထာဝရအသက် ရယူမလားဆိုတာ လူတွေ ရွေးချယ်ရတော့မယ်။ (ဟီ. ၁၂:၂၅) ဒီအရေးကြီးကိစ္စမှာ ဘယ်ဘက် ရပ်တည်မလဲဆိုတာ ဆုံးဖြတ်နိုင်အောင် ဟောပြောခြင်းလုပ်ငန်းအားဖြင့် လူတွေကို ကျွန်တော်တို့ ကူညီပေးနိုင်တယ်။ “လူမျိုးအားလုံးအတွက် သက်သေဖြစ်စေဖို့ နိုင်ငံတော် သတင်းကောင်းကို လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ ဟောပြောရလိမ့်မယ်။ ပြီးမှ အဆုံး ရောက်လာလိမ့်မယ်” ဆိုတဲ့ သခင် ယေရှုရဲ့ စကားကို အမြဲ အမှတ်ရကြပါစို့။—မ. ၂၄:၁၄။ w21.09 ၁၉ ¶၁၈-၂၀

သောကြာနေ့၊ စက်တင်ဘာ ၁၅

မင်းတို့ကို ငါ ဘယ်တော့မှ ပစ်ထားမှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး။—ဟီ. ၁၃:၅။

အကြီးအကဲတို့၊ နှင်ထုတ်ခံရသူရဲ့ ယုံကြည်သူ မိသားစုဝင်တွေကို နှစ်သိမ့်ပေးဖို့ သင်တို့မှာ အထူးတာဝန် ရှိတယ်။ (၁ သက်. ၅:၁၄) အစည်းအဝေး မစခင်နဲ့ ပြီးနောက်မှာ ကိုယ့်ဘက်ကစပြီး အားပေးစကား ပြောပါ။ သူတို့ အိမ်ကို သွားလည်ပြီး ဆုတောင်းပေးပါ။ အမှုဆောင်မှာ အတူပါဝင်ပါ။ တစ်ခါတလေ မိသားစု ဝတ်ပြုမှုမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါ။ အကြီးအကဲတွေဟာ ပူဆွေးသောကရောက်နေတဲ့ သိုးတွေကို သနားကြင်နာရမယ်။ မေတ္တာနဲ့ ဂရုစိုက်မှု ပြရမယ်။ (၁ သက်. ၂:၇၊ ၈) ယေဟောဝါက ‘ဘယ်သူ့ကိုမှ မပျက်စီးစေချင်ဘူး။ လူအားလုံးကို နောင်တရစေချင်တယ်။’ (၂ ပေ. ၃:၉) လူတစ်ယောက် ကြီးလေးတဲ့အပြစ် ကျူးလွန်ခဲ့ရင်တောင် သူ့အသက်ဟာ ယေဟောဝါအတွက် တန်ဖိုးရှိနေတုန်းပဲ။ အပြစ်သားတွေအတွက် ရွေးဖိုးအဖြစ် အချစ်ဆုံးသားကိုတောင် ယေဟောဝါ ပေးခဲ့တယ်။ ယေရှုရဲ့ ပုံဥပမာထဲက သားမိုက်လို အပြစ်သားတွေ မိမိဆီ ပြန်လှည့်လာမယ်လို့ မျှော်လင့်ရင်း ကရုဏာနဲ့ ကူညီပေးနေတယ်။—လု. ၁၅:၁၁-၃၂။ w21.09 ၃၀-၃၁ ¶၁၇-၁၉

စနေနေ့၊ စက်တင်ဘာ ၁၆

ခင်ဗျားတို့က သူတို့လုပ်အားရဲ့ အကျိုးကို ခံစားရတယ်။—ယော. ၄:၃၈။

ကျန်းမာရေး မကောင်းလို့ ဟောပြောခြင်းနဲ့ သွန်သင်ခြင်းမှာ အကန့်အသတ်နဲ့ပဲ ပါဝင်နိုင်တယ် ဆိုရင်ကော။ ကိုယ်လုပ်နိုင်သလောက်နဲ့ပဲ ပျော်ရွှင်နိုင်ပါတယ်။ ပစ္စည်းဥစ္စာတွေ၊ မိသားစုဝင်တွေကို အာမလက်လူတွေရဲ့ လက်ကနေ ပြန်ကယ်တင်ခဲ့တဲ့ ဘုရင်ဒါဝိဒ်နဲ့ သူ့လူတွေအကြောင်း သုံးသပ်ကြည့်ပါ။ လူအယောက် ၂၀၀ က မောပန်းလွန်းလို့ ဆက်မတိုက်နိုင်တော့ဘဲ ပစ္စည်းတွေကို စောင့်ကျန်ခဲ့တယ်။ တိုက်ပွဲ အနိုင်ရတဲ့အခါ ရလာတဲ့ ပစ္စည်းတွေကို အားလုံး ညီတူညီမျှ ခွဲယူဖို့ ဒါဝိဒ် အမိန့်ပေးတယ်။ (၁ ရှ. ၃၀:၂၁-၂၅) ကမ္ဘာချီ တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာလည်း အဲဒီလိုပဲ။ လူသစ်တစ်ယောက် အသက်လမ်းပေါ် စလျှောက်လာတဲ့အခါ အတတ်နိုင်ဆုံး ပါဝင်ကူညီပေးခဲ့သူ အားလုံး အတူတူ ပျော်ရွှင်နိုင်ပါတယ်။ ယေဟောဝါက ကျွန်တော်တို့ရဲ့ ဝီရိယနဲ့ စိတ်ရင်းကို သိပြီး ဆုချတယ်။ ရိတ်သိမ်းခြင်းလုပ်ငန်းမှာ ကိုယ်တတ်နိုင်သလောက် ပါဝင်ရင်း ဘယ်လို ဆက်ပျော်ရွှင်နိုင်ကြောင်းကိုလည်း သင်ပေးတယ်။ (ယော. ၁၄:၁၂) ကျွန်တော်တို့ လက်မလျှော့ဘူးဆိုရင် ဘုရားရဲ့ နှစ်သက်မှု ရမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ w21.10 ၂၈ ¶၁၅-၁၇

တနင်္ဂနွေနေ့၊ စက်တင်ဘာ ၁၇

လူငယ်တွေရဲ့ဂုဏ်ဟာ အစွမ်းခွန်အား။—ပညာ.  ၂၀:၂၉။

ကျွန်တော်တို့ အသက်ကြီးလာတာနဲ့အမျှ အရင်ကလောက် ယေဟောဝါအတွက် အသုံးမဝင်တော့မှာ စိုးရိမ်မိနိုင်တယ်။ အရင်ကလောက် ခွန်အား မရှိတော့တာ မှန်ပေမဲ့ ကိုယ်ရထားတဲ့ ဉာဏ်ပညာနဲ့ အတွေ့အကြုံတွေ သုံးပြီး ယေဟောဝါရဲ့ အဖွဲ့အစည်းမှာ လူငယ်တွေ ပိုအသုံးဝင်အောင်၊ တာဝန်သစ်တွေ ပိုလက်ခံလာအောင် ကူညီပေးနိုင်တယ်။ အသက်ကြီးသူတွေဟာ လူငယ်တွေကို ကူညီပေးနိုင်ဖို့ နှိမ့်ချရမယ်။ နှိမ့်ချသူဟာ တခြားသူကို ကိုယ့်ထက်သာတယ်လို့ သဘောထားတယ်။ (ဖိ. ၂:၃၊ ၄) အဲဒီလို သဘောထား ရှိတဲ့ အသက်ကြီးသူတွေဟာ တာဝန်တစ်ခုကို ကျမ်းစာနဲ့အညီ ထိထိရောက်ရောက် လုပ်နိုင်တဲ့နည်း တစ်နည်းထက်မက ရှိကြောင်း သိကြတယ်။ ဒါကြောင့် အရင်က လုပ်ခဲ့တဲ့ နည်းအတိုင်း လိုက်လုပ်ရမယ်လို့ တရားသေ မယူဆကြဘူး။ (ဒေ. ၇:၁၀) လူငယ်တွေကို ဝေမျှစရာ အတွေ့အကြုံ များစွာ ရှိပေမဲ့ “ဒီလောကရဲ့ ဇာတ်ကွက် ပြောင်းလဲနေ” ကြောင်း၊ အခြေအနေသစ်တွေနဲ့အညီ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နိုင်ကြောင်း သိနားလည်ကြတယ်။—၁ ကော. ၇:၃၁။ w21.09 ၈ ¶၁၊ ၃

တနင်္လာနေ့၊ စက်တင်ဘာ ၁၈

အို ယေဟောဝါ၊ ကိုယ်တော့်လို ဘုရားမျိုး ဘယ်မှာရှိသလဲ။ ကိုယ်တော့်လို သန့်ရှင်းမြင့်မြတ်တဲ့ဘုရားမျိုး ဘယ်မှာရှိသလဲ။—ထွ. ၁၅:၁၁။

ယေဟောဝါက ညစ်ညမ်းတဲ့အရာတွေ လုပ်ဖို့ ဝတ်ပြုသူတွေဆီကနေ ဘယ်တော့မှ မတောင်းဆိုဘူး။ အပြည့်ဝဆုံး သဘောနဲ့ သန့်ရှင်းမြင့်မြတ်သူ ဖြစ်တယ်။ ဒါကို ပုရောဟိတ်မင်း ခေါင်းပေါင်းပေါ်က ရွှေပြားပေါ် ရေးထွင်းထားတဲ့ စာသားတွေမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ “ယေဟောဝါဟာ သန့်ရှင်းမြင့်မြတ်တယ်” ဆိုပြီး ရေးထွင်းထားတယ်။ (ထွ. ၂၈:၃၆-၃၈) ရွှေပြားပေါ်က စာကို မြင်သူတိုင်း ယေဟောဝါဟာ အမှန်တကယ် သန့်ရှင်းကြောင်း သတိရကြမယ်။ ပုရောဟိတ်မင်း အနား မရောက်နိုင်လို့ ရွှေပြားကို မမြင်နိုင်တဲ့ အစ္စရေးတွေကော။ ယေဟောဝါ သန့်ရှင်းတယ် ဆိုတဲ့အချက်ကို သတိမရဘဲ နေမလား။ မနေပါဘူး။ ယောက်ျား၊ မိန်းမ၊ ကလေးတွေရှေ့ ပညတ်တရား ဖတ်ပြချိန်မှာ အစ္စရေးအားလုံး အဲဒီအချက်ကို ကြားရလို့ပဲ။ (တရား. ၃၁:၉-၁၂) သင်သာ အဲဒီမှာ ရှိနေမယ်ဆိုရင် “ငါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါပဲ။ ငါဟာ သန့်ရှင်းတဲ့အတွက် မင်းတို့လည်း . . . သန့်ရှင်းနေရမယ်။” “ငါယေဟောဝါဟာ သန့်ရှင်းတဲ့အတွက် မင်းတို့လည်း သန့်ရှင်းနေရမယ်” ဆိုတဲ့ စကားတွေကို ကြားရမှာပဲ။—ဝတ်. ၁၁:၄၄၊ ၄၅။ ၂၀:၇၊ ၂၆။ w21.12 ၃ ¶၆-၇

အင်္ဂါနေ့၊ စက်တင်ဘာ ၁၉

အစိုးရိမ်လွန်တာမျိုး မဖြစ်ကြနဲ့တော့။—လု. ၁၂:၂၉။

တချို့က စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်မိနိုင်တယ်။ ဆင်းရဲတဲ့ နိုင်ငံမှာ နေလို့၊ မိသားစုကို ထောက်ပံ့ဖို့ ငွေ လုံလုံလောက်လောက် မရှာနိုင်လို့ ဖြစ်နိုင်တယ်။ မိသားစုကို အဓိက ရှာဖွေကျွေးမွေးနေသူ သေဆုံးသွားလို့ ကျန်ရစ်သူ မိသားစုမှာ ငွေကြေး ခက်ခဲနေတာ ဖြစ်နိုင်တယ်။ ပြဿနာတွေအတွက် စိုးရိမ်ပူပန်နေမယ့်အစား ယေဟောဝါကို ယုံကြည်ကိုးစားဖို့ လိုတယ်။ ဘုရားရေးရာကို ဦးစားထားမယ်ဆိုရင် ရုပ်ပိုင်း လိုအပ်ရာတွေကို ဖြည့်ဆည်းပေးမယ်လို့ ဘုရား ကတိပေးထားတာ သတိရပါ။ (မ. ၆:၃၂၊ ၃၃) အဲဒီကတိအတိုင်းလည်း အမြဲ ဖြည့်ဆည်းပေးတယ်။ (တရား. ၈:၄၊ ၁၅၊ ၁၆။ ဆာ. ၃၇:၂၅) ငှက်တွေ၊ ပန်းတွေကိုတောင် ယေဟောဝါ ပစ်မထားဘူးဆိုရင် ကျွန်တော်တို့ စားဖို့၊ ဝတ်ဖို့ စိုးရိမ်ပူပန် မနေသင့်ဘူး။ (မ. ၆:၂၆-၃၀။ ဖိ. ၄:၆၊ ၇) မိဘတွေဟာ သားသမီးတွေကို ချစ်လို့ လိုအပ်ရာတွေ ထောက်ပံ့ပေးသလို ကောင်းကင်ဖခင်လည်း မိမိလူတွေကို ချစ်လို့ ရုပ်ပိုင်း လိုအပ်ရာတွေ ထောက်ပံ့ပေးတယ်။ w21.12 ၁၆-၁၇ ¶၄-၅။ ၁၈ ¶၈

ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၂၀

ယေဟောဝါက ယောသပ်နဲ့အတူ အမြဲ ရှိပြီး သူ့ကို ခိုင်မြဲတဲ့ မေတ္တာ ပြတယ်။—က. ၃၉:၂၁။

တစ်ယောက်ယောက်ကြောင့်ပဲဖြစ်ဖြစ်၊ ယုံကြည်သူချင်းတစ်ယောက်ကြောင့်ပဲဖြစ်ဖြစ် အကြီးအကျယ် ထိခိုက်နစ်နာဖူးသလား။ ယောသပ်ရဲ့ အဖြစ်ကို စဉ်းစားကြည့်ပါ။ ယောသပ်ဟာ အစ်ကိုတွေ မတရားဆက်ဆံတာ ခံရတယ်။ ယေဟောဝါကို အကောင်းဆုံး ဝတ်ပြုဖို့ပဲ အာရုံစိုက်တယ်။ ဒါကြောင့် သူ့ရဲ့ စိတ်ရှည်မှုနဲ့ ခံနိုင်ရည်အတွက် ယေဟောဝါ ကြွယ်ဝစွာ ဆုချတယ်။ အချိန်ကြာလာတာနဲ့အမျှ ခံစားခဲ့ရတဲ့ ထိခိုက်မှုတွေကို ခွင့်လွှတ်နိုင်လာပြီး ယေဟောဝါရဲ့ ကောင်းချီးတွေကို မြင်လာတယ်။ (က. ၄၅:၅) ယောသပ်လိုပဲ ကျွန်တော်တို့လည်း ယေဟောဝါနဲ့ ရင်းနှီးအောင် လုပ်ပြီး ကိစ္စရပ်တွေကို ဘုရားလက်ထဲ အပ်ထားမယ်ဆိုရင် နှစ်သိမ့်မှု ရနိုင်ပါတယ်။ (ဆာ. ၇:၁၇။ ၇၃:၂၈) မတရားမှုကြောင့်၊ တခြား အကြောင်းရင်းတွေကြောင့် စိတ်ထိခိုက်နေရင် “စိတ်ကြေကွဲနေသူတွေ” အနီးအပါးမှာ ယေဟောဝါ ရှိကြောင်း သတိရပါ။ (ဆာ. ၃၄:၁၈) သင် စိတ်ရှည်တဲ့အတွက်၊ ထမ်းထားရတဲ့ ဝန်ကို မိမိဆီ ပုံအပ်ထားတဲ့အတွက် သင့်ကို ဘုရား ချစ်မြစ်နိုးတယ်။ (ဆာ. ၅၅:၂၂) ယေဟောဝါဟာ မြေတစ်ပြင်လုံးရဲ့ တရားသူကြီး ဖြစ်တယ်။ သတိမထားမိတာ ဘာမှ မရှိဘူး။ (၁ ပေ. ၃:၁၂) ဒါကြောင့် ကိုယ်မဖြေရှင်းနိုင်တဲ့ အခက်အခဲတွေ ကြုံနေရရင် ဘုရားကို စိတ်ရှည်ရှည် စောင့်ဆိုင်းမလား။ w21.08 ၁၁ ¶၁၄။ ၁၂ ¶၁၆

ကြာသပတေးနေ့၊ စက်တင်ဘာ ၂၁

ယေဟောဝါရဲ့ အလိုတော်ကို သိနားလည်အောင် အမြဲ ကြိုးစားပါ။—ဧ. ၅:၁၇။

အသက်တာကို ယေဟောဝါ နှစ်သက်တဲ့နည်းနဲ့ အသုံးပြုတာ ပညာရှိရာ ရောက်ပါလိမ့်မယ်။ သင့်လျော်တဲ့ ဦးစားထားရာတွေ ချမှတ်ပါ။ အချိန်ကို အကောင်းဆုံး အသုံးပြုခြင်းထဲမှာ မမှားတဲ့ လုပ်ဆောင်မှု နှစ်ခုထဲက ပိုအရေးကြီးတာ တစ်ခုကို ရွေးချယ်တတ်ခြင်း ပါဝင်တယ်။ အဲဒီအချက်ကို မာရိနဲ့ မာသတို့အိမ် ယေရှု သွားလည်တဲ့ အဖြစ်အပျက်မှာ တွေ့နိုင်တယ်။ ယေရှု လာလည်တဲ့အတွက် မာသ သိပ်ဝမ်းသာပြီး အကောင်းဆုံး အစားအစာတွေ ပြင်ဆင်ပေးတယ်။ ဒါပေမဲ့ ညီမမာရိကတော့ ယေရှုအနားမှာ ထိုင်ပြီး သွန်သင်ပေးသမျှကို နားထောင်တယ်။ မာသရဲ့ လုပ်ရပ် မမှားပေမဲ့ မာရိကတော့ “အကောင်းဆုံးကို ရွေးလိုက်ပြီ” လို့ ယေရှု ပြောတယ်။ (လု. ၁၀:၃၈-၄၂) အဲဒီအချိန်မှာ ဘာတွေ ကျွေးမွေးခဲ့တယ်ဆိုတာ နောက်ပိုင်း မာရိ မေ့သွားမှာပဲ။ ဒါပေမဲ့ ယေရှုဆီက ကြားခဲ့တာတွေကိုတော့ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ မာရိဟာ ယေရှုအတွက် အချိန်ပေးခဲ့တာကို တန်ဖိုးထားသလို ကျွန်တော်တို့လည်း ယေဟောဝါအတွက် အချိန်ပေးရတာကို တန်ဖိုးထားကြတယ်။ w22.01 ၂၇ ¶၅-၆

သောကြာနေ့၊ စက်တင်ဘာ ၂၂

ငါ့စကားကြောင့် အာဟပ် ဘယ်လောက်တောင် နှိမ့်ချသွားသလဲဆိုတာ မင်းတွေ့တယ် မဟုတ်လား။—၁ ဘု. ၂၁:၂၉။

ယေဟောဝါရှေ့မှာ အာဟပ် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချလိုက်ပေမဲ့ နောက်ပိုင်းလုပ်ရပ်တွေက တကယ် နောင်တ မရကြောင်း ပြတယ်။ တိုင်းပြည်ကနေ ဗာလဝတ်ပြုရေးကို မဖယ်ရှားဘူး။ ယေဟောဝါရဲ့ ဝတ်ပြုရေးကို အားမပေးဘူး။ အာဟပ် သေဆုံးပြီးနောက် အာဟပ်ကို ဘယ်လို ရှုမြင်ကြောင်း ယေဟောဝါ ပြောတယ်။ ဘုရားရဲ့ ပရောဖက် ယေဟုက အာဟပ်ကို “ဆိုးညစ်သူ” လို့ ပြောတယ်။ (၂ ရာ. ၁၉:၁၊ ၂) စဉ်းစားကြည့်ပါ– အာဟပ်သာ စစ်မှန်တဲ့ နောင်တ ရတယ်ဆိုရင် ယေဟောဝါကို မုန်းတဲ့ ဆိုးညစ်သူလို့ ပရောဖက် ပြောပါ့မလား။ နောင်တရကြောင်း အာဟပ် အတိုင်းအတာ တစ်ခုအထိ ပြပေမဲ့ အပြည့်အဝ နောင်တ မရတာ ထင်ရှားတယ်။ အာဟပ်ရဲ့ ပုံနမူနာကနေ ဘာသင်ယူနိုင်သလဲ။ တစ်မျိုးလုံး ဘေးဆိုး ကြုံမယ့်အကြောင်း ဧလိယရဲ့ သတင်းစကားကို ကြားတဲ့အခါ အစပိုင်းမှာ အာဟပ် နှိမ့်ချတယ်။ အစကောင်းပါပဲ။ ဒါပေမဲ့ နောက်ပိုင်း လုပ်ရပ်တွေက စစ်မှန်တဲ့ နောင်တ မရကြောင်း ပြတယ်။ ဒါကြောင့် နောင်တဆိုတာ ဝမ်းနည်းကြောင်း ခဏတစ်ဖြုတ် ဖော်ပြရုံလောက်ပဲ မဟုတ်ဘူး။ w21.10 ၃ ¶၄-၅၊ ၇-၈

စနေနေ့၊ စက်တင်ဘာ ၂၃

နိုင်ငံတော် သတင်းကောင်းကို . . . ဟောပြောရလိမ့်မယ်။— မ. ၂၄:၁၄။

ဟေရှာယဟာ ပရောဖက် ဖြစ်တယ်။ ဇနီးကိုလည်း “ပရောဖက်မ” လို့ ခေါ်ထားတဲ့အတွက် ပရောဖက်တာဝန် ရပုံပေါ်တယ်။ (ဟေရှာ. ၈:၁-၄) နှစ်ယောက်စလုံး ယေဟောဝါရဲ့ ဝတ်ပြုရေးကိုပဲ အာရုံစိုက်ကြတယ်။ ဒီနေ့ခေတ် ဇနီးမောင်နှံတွေလည်း အမှုတော်မှာ အတတ်နိုင်ဆုံး ပါဝင်ခြင်းအားဖြင့် ယေဟောဝါကို ဘဝမှာ ဦးစားထားနိုင်တယ်။ ကျမ်းစာပရောဖက်ပြုချက်တွေအကြောင်း၊ ဘယ်လို အမြဲ ပြည့်စုံကြောင်း လေ့လာခြင်းအားဖြင့် ယေဟောဝါကို ပိုယုံကြည်ကိုးစားအောင် လုပ်နိုင်တယ်။ (တိ. ၁:၂) ကျမ်းစာပရောဖက်ပြုချက်တချို့ ပြည့်စုံမှုမှာ ကိုယ်တိုင် ဘယ်လို ပါဝင်နိုင်ကြောင်းလည်း စဉ်းစားကြည့်နိုင်တယ်။ ဥပမာ၊ အဆုံး မရောက်ခင် မြေတစ်ခွင်လုံးမှာ သတင်းကောင်း ဟောရမယ်ဆိုတဲ့ ယေရှုရဲ့ ပရောဖက်ပြုချက် ပြည့်စုံမှုမှာ ပါဝင်နိုင်တယ်။ အဲဒီကျမ်းစာပရောဖက်ပြုချက် ပြည့်စုံနေကြောင်း ပိုစိတ်ချလာတာနဲ့အမျှ ယေဟောဝါအတွက် အတတ်နိုင်ဆုံး အမှုဆောင်ချင်တဲ့ စိတ်ပိုင်းဖြတ်ချက် ပိုခိုင်မာလာပါလိမ့်မယ်။ w21.11 ၁၆ ¶၉-၁၀

တနင်္ဂနွေနေ့၊ စက်တင်ဘာ ၂၄

တပည့်ကိုလည်း “အခုချိန်ကစပြီး သူဟာ ခင်ဗျားရဲ့အမေ ဖြစ်သွားပြီ” လို့ မှာတယ်။—ယော. ၁၉:၂၇။

မုဆိုးမ ဖြစ်နေပုံရတဲ့ မိခင်အတွက် ယေရှု စိတ်ပူတယ်။ မိခင်မာရိကို ယေရှု ချစ်ပြီး စိတ်ပူတဲ့အတွက် မာရိရဲ့ ဘုရားရေးရာ လိုအပ်ချက်တွေကို ဂရုစိုက်ပေးဖို့ ယောဟန်လက်ထဲ အပ်ခဲ့တယ်။ အဲဒီနေ့ကစပြီး မာရိကို မိခင်တစ်ယောက်လို သဘောထားပြီး ယောဟန် စောင့်ရှောက်ပေးတယ်။ မိမိကို မွေးကတည်းက မေတ္တာနဲ့ ဂရုစိုက်စောင့်ရှောက်ပေးခဲ့တဲ့၊ အခု သေဆုံးခါနီးမှာလည်း အနားမှာ ရှိနေပေးတဲ့ ဒီအမျိုးသမီးကို သိပ်ချစ်ကြောင်း ယေရှု ပြလိုက်တာပါပဲ။ ယေရှုရဲ့ စကားတွေကနေ ဘာသင်ယူနိုင်သလဲ။ ကျွန်တော်တို့ကို မိသားစုဝင်တွေ ဆန့်ကျင်တာ၊ စွန့်ပစ်တာတောင် ရှိနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ အဖွဲ့အစည်းအပေါ် ဆက်သစ္စာရှိမယ်ဆိုရင် ယေရှု ကတိပေးခဲ့တဲ့အတိုင်း ကိုယ်စွန့်လွှတ်လိုက်ရတာထက် “အဆ ၁၀၀” ပြန်ရမယ်။ ညီအစ်ကို/မများစွာဟာ ကျွန်တော်တို့အတွက် သား၊ သမီး၊ မိခင်၊ ဖခင်လို ဖြစ်လာတဲ့အတွက် မိသားစု အရင်းအချာတွေထက် ပိုချစ်တာမျိုးတောင် ဖြစ်လာနိုင်တယ်။ (မာ. ၁၀:၂၉၊ ၃၀) ယုံကြည်ခြင်းကြောင့်၊ ယေဟောဝါနဲ့ အချင်းချင်းကို ချစ်တဲ့ မေတ္တာကြောင့် စည်းလုံးနေတဲ့ မိသားစုဝင် ဖြစ်ရတာ သင် ဘယ်လို ခံစားရသလဲ။—ကော. ၃:၁၄။ ၁ ပေ. ၂:၁၇။ w21.04 ၉-၁၁ ¶၇-၈

တနင်္လာနေ့၊ စက်တင်ဘာ ၂၅

ကောင်းမှုပြုဖို့၊ ကိုယ့်မှာရှိတာကို သူတစ်ပါးကို ဝေမျှဖို့ မမေ့ပါနဲ့။—ဟီ. ၁၃:၁၆။

ခိုင်မြဲတဲ့ မေတ္တာက မျှော်လင့်တာထက်မက လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးတယ်။ အရင်ကလိုပဲ ဒီနေ့လည်း ညီအစ်ကို/မများစွာဟာ လူချင်း မသိရင်တောင် အချင်းချင်း ခိုင်မြဲတဲ့ မေတ္တာ ပြနေကြတယ်။ ဥပမာ၊ သဘာဝဘေး ကျရောက်တဲ့အခါ ဘယ်လို ကူညီပေးနိုင်မလဲဆိုတာ သိချင်ကြတယ်။ အသင်းတော်မှာ တစ်ယောက်ယောက် အခက်အခဲ ကြုံနေရင် လက်တွေ့ကျကျ ချက်ချင်း ကူညီပေးကြတယ်။ ပထမရာစု မက်ဆီဒိုးနီးယားက ခရစ်ယာန်တွေလိုပဲ မျှော်လင့်ထားတာထက်မက ပိုလုပ်ဆောင်နေကြတယ်။ စွန့်လွှတ်အနစ်နာခံပြီး ကူညီနေကြတယ်။ နွမ်းပါးတဲ့ ညီအစ်ကို/မတွေအတွက် “တတ်နိုင်တာထက်ပိုပြီး ပေးလှူ” နေကြတယ်။ (၂ ကော. ၈:၃) ဒီနေ့ခေတ် အကြီးအကဲတွေလည်း တခြားသူတွေကို ကူညီပေးနေတဲ့ ညီအစ်ကို/မတွေကို ချီးမွမ်းကြတယ်။ အဲဒီလို လိုအပ်တဲ့အချိန်မှာ ပြောတဲ့ ချီးမွမ်းစကားတွေက ရှေ့ဆက်ဖို့ အားရှိစေတယ်။—ဟေရှာ. ၃၂:၁၊ ၂။ w21.11 ၁၁ ¶၁၄။ ၁၂ ¶၂၁

အင်္ဂါနေ့၊ စက်တင်ဘာ ၂၆

ဉာဏ်ပညာရှိသူပြောတဲ့ စကားတွေကို နားစွင့်ပြီး အသေအချာ နားထောင်ပါ။—ပညာ. ၂၂:၁၇။

ကျွန်တော်တို့အားလုံး မကြာခဏဆိုသလို အကြံဉာဏ် လိုတယ်။ တစ်ခါတလေ ကိုယ်လေးစားသူဆီမှာ အကြံဉာဏ် တောင်းကြတယ်။ တစ်ခါတလေမှာတော့ ညီအစ်ကိုတစ်ယောက်က ကိုယ့်အတွက် စိုးရိမ်လို့ “ခြေလှမ်းမှား” တော့မယ်ဆိုတာ ထောက်ပြတာမျိုး ရှိနိုင်တယ်။ (ဂလ. ၆:၁) တစ်ခါတလေကျပြန်တော့ ကြီးလေးတဲ့ အမှား လုပ်မိပြီးမှ ဆုံးမမှု ပုံစံမျိုးနဲ့ အကြံဉာဏ် ရနိုင်တယ်။ ဘယ်လို ပုံစံနဲ့ပဲ ဖြစ်ပါစေ အကြံဉာဏ်ကို နားထောင်သင့်တယ်။ ဒါဟာ ကိုယ့်အကျိုးအတွက်ပဲ ဖြစ်ပြီး အသက်ကယ်နိုင်တယ်။ (ပညာ. ၆:၂၃) ဒီနေ့ကျမ်းချက်က ‘ဉာဏ်ပညာရှိသူပြောတဲ့ စကားတွေကို အသေအချာ နားထောင်’ ဖို့ အားပေးတယ်။ ဘာမဆို အကုန်သိတဲ့သူဆိုတာ မရှိဘူး။ ကိုယ့်ထက် ပိုသိသူ၊ ပိုအတွေ့အကြုံရှိသူ ရှိစမြဲပဲ။ (ပညာ. ၁၂:၁၅) ဒါကြောင့် အကြံဉာဏ်ကို နားထောင်တာဟာ နှိမ့်ချမှု ရှိကြောင်း ပြရာရောက်တယ်။ ကိုယ့်ကန့်သတ်ချက်တွေကို သိကြောင်း၊ ပန်းတိုင်ရောက်ဖို့ အကူအညီလိုတယ်ဆိုတာ အသိအမှတ်ပြုကြောင်း ဖော်ပြရာရောက်တယ်။ ‘အကြံပေးသူ များရင် အောင်မြင်တတ်တယ်’ လို့ ပညာရှိ ဘုရင် ရှောလမုန် ရေးတယ်။—ပညာ. ၁၅:၂၂။ w22.02 ၈ ¶၁-၂

ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၂၇

ကိုယ့်အမှားကို ဖုံးကွယ်ထားတဲ့သူက အောင်မြင်မှာ မဟုတ်ဘူး။ အမှားကို ဝန်ခံပြီး စွန့်လွှတ်သူကတော့ ကရုဏာ ခံစားရလိမ့်မယ်။—ပညာ. ၂၈:၁၃။

စစ်မှန်တဲ့ နောင်တ ရသူဟာ လုပ်မိတဲ့ အပြစ်အတွက် ဝမ်းနည်းရုံလောက်သာ မဟုတ်ဘဲ စိတ်သဘောကို ပြောင်းလဲရမယ်။ အမှားကို စွန့်ပြီး ယေဟောဝါရဲ့ နည်းလမ်းအတိုင်း ပြန်နေထိုင်ဖို့ ကြိုးစားရမယ်။ (ယေဇ. ၃၃:၁၄-၁၆) အပြစ်လုပ်မိသူအတွက် အရေးကြီးဆုံးက ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းအောင် ပြုပြင်ဖို့ ဖြစ်သင့်တယ်။ မိတ်ဆွေရင်းတစ်ယောက် ကြီးလေးတဲ့ အပြစ် လုပ်ထားတာ သိနေတယ်ဆိုရင် ဘာလုပ်သင့်သလဲ။ အပြစ်ကို ဖုံးဖိပေးဖို့ ကြိုးစားမယ်ဆိုရင် ကိုယ့်မိတ်ဆွေပဲ ဒုက္ခရောက်မယ်။ အရာအားလုံးကို ယေဟောဝါ မြင်တဲ့အတွက် ဘယ်လောက် ဖုံးဖုံး အလကားပဲ။ (ပညာ. ၅:၂၁၊ ၂၂) အကြီးအကဲတွေ ကူညီပေးချင်ကြောင်း မိတ်ဆွေကို အသိပေးခြင်းအားဖြင့် ကူညီပေးနိုင်တယ်။ အကြီးအကဲတွေဆီ အပြစ် ဝန်ခံဖို့ သူ ငြင်းဆန်နေမယ်ဆိုရင် ကိုယ်တိုင် သွားပြောပြသင့်တယ်။ ဒါက မိတ်ဆွေကို တကယ် ကူညီပေးရာရောက်တယ်။ w21.10 ၇ ¶၁၉-၂၁

ကြာသပတေးနေ့၊ စက်တင်ဘာ ၂၈

ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ။—ဖိ. ၂:၄။

ကျွန်တော်တို့အားလုံး ယေရှုရဲ့ စွန့်လွှတ်အနစ်နာခံစိတ်ကို တုပနိုင်ပါတယ်။ ယေရှုဟာ “ကျွန်အဖြစ်ကို ခံယူ” တယ်လို့ ကျမ်းစာ ပြောတယ်။ (ဖိ. ၂:၇) တန်ဖိုးထားခံရတဲ့ ကျွန်ဟာ သခင့် မျက်နှာသာရဖို့ အခွင့်အရေး ရှာတယ်။ ယေဟောဝါနဲ့ ညီအစ်ကို/မတွေရဲ့ ကျွန်အနေနဲ့ ကျွန်တော်တို့လည်း သူတို့အတွက် ပိုအသုံးဝင်ချင်စိတ် ရှိမှာပဲ။ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘တခြားသူတွေကို ကူညီဖို့ ငါ ဘယ်လောက် လိုလိုလားလား ရှိသလဲ။ အစည်းအဝေးကြီး ကျင်းပမယ့်နေရာကို သန့်ရှင်းရေး လုပ်ဖို့ ဒါမှမဟုတ် နိုင်ငံတော်ခန်းမ ပြုပြင်ဖို့ စေတနာ့ဝန်ထမ်း လိုအပ်လာရင် ချက်ချင်း ကူညီပေးသလား။’ ကဏ္ဍတချို့မှာ တိုးတက်ဖို့ လိုနေတယ်လို့ ထင်ပေမဲ့ ပြုပြင်ပြောင်းလဲချင်စိတ် မရှိဘူး ဆိုပါစို့။ ဒါဆိုရင် ယေဟောဝါဆီ စိတ်ထက်သန်စွာ ဆုတောင်းပါ။ ကိုယ့်ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။ “လုပ်ဆောင်ချင်စိတ်သာမက လုပ်ဆောင်နိုင်စွမ်းကိုပါ” ပေးဖို့ ဆုတောင်းပါ။—ဖိ. ၂:၁၃။ w22.02 ၂၃ ¶၉-၁၁

သောကြာနေ့၊ စက်တင်ဘာ ၂၉

ခင်ဗျားတို့ကို လန်းဆန်းစေမယ်။—မ. ၁၁:၂၈။

ယေရှုဟာ ခက်ခဲတဲ့ အခြေအနေတွေမှာတောင် နူးညံ့သိမ်မွေ့ခြင်း၊ အကျိုးသင့်အကြောင်းသင့် ရှိခြင်းအားဖြင့် ကြင်နာမှု ပြတယ်။ (မ. ၁၁:၂၈-၃၀) ဥပမာ၊ သမီးကို ရောဂါကုသပေးဖို့ ဖိုနီးရှား အမျိုးသမီး တောင်းဆိုတဲ့အခါ အစပိုင်းမှာ မလိုက်လျောပေမဲ့ ကြီးမားတဲ့ ယုံကြည်ခြင်းကို မြင်ပြီး ကုသပေးလိုက်တယ်။ (မ. ၁၅:၂၂-၂၈) ယေရှုဟာ ကြင်နာပေမဲ့ လိုအပ်ချိန်မှာ မဆုံးမဘဲ မနေဘူး။ တစ်ခါတလေ ခိုင်မာပြတ်သားခြင်းအားဖြင့်လည်း ကြင်နာမှု ပြတယ်။ ဥပမာ၊ ယေဟောဝါရဲ့ အလိုအတိုင်း မလုပ်ဖို့ ပေတရု တားဆီးတဲ့အခါ တခြားတပည့်တွေရှေ့မှာ သူ့ကို ယေရှု ဆုံးမတယ်။ (မာ. ၈:၃၂၊ ၃၃) ဒီလိုလုပ်တာ ပေတရုကို အရှက်ခွဲဖို့ မဟုတ်ဘဲ လေ့ကျင့်ပေးဖို့၊ တခြားတပည့်တွေကိုလည်း ရောင့်မတက်လာအောင် သတိပေးဖို့ ဖြစ်တယ်။ ပေတရု စိတ်ကသိကအောက် ဖြစ်သွားမှာ ဖြစ်ပေမဲ့ ပဲ့ပြင်ဆုံးမမှုကနေ အကျိုးရခဲ့တယ်။ ကိုယ်ချစ်တဲ့သူတွေကို ကြင်နာမှု ပြဖို့ဆိုရင် တစ်ခါတလေ ပွင့်ပွင့်လင်းလင်း ပြောဖို့ လိုအပ်နိုင်တယ်။ အဲဒီလို ပြောတဲ့အခါ ကျမ်းစာမူတွေကို အခြေခံခြင်းအားဖြင့် ယေရှုကို တုပပါ။ w22.03 ၁၁ ¶၁၂-၁၃

စနေနေ့၊ စက်တင်ဘာ ၃၀

ဘုရားသခင်ကို အမြဲ ချီးမွမ်းကြစို့။ အဲဒီလို ချီးမွမ်းတာက ဘုရားသခင်ဆီ ပူဇော်သက္ကာ ဆက်သတာနဲ့ တူတယ်။ ကျွန်တော်တို့က ဘုရားသခင်ရဲ့ နာမည်ကို လူအများ သိအောင် နှုတ်နဲ့ ချီးမွမ်းကြတယ်။—ဟီ. ၁၃:၁၅။

ယေဟောဝါကို ချီးမွမ်းတာဟာ ဝတ်ပြုနေတာ ဖြစ်တယ်။ (ဆာ. ၃၄:၁) ဘုရားရဲ့ အံ့ဖွယ် အရည်အသွေးတွေ၊ လုပ်ဆောင်မှုတွေအကြောင်း တခြားသူတွေကို ပြောပြခြင်းအားဖြင့် ယေဟောဝါကို ကျွန်တော်တို့ ချီးမွမ်းကြတယ်။ ကျေးဇူးတင်စိတ် ရှိမှ ချီးမွမ်းနိုင်မယ်။ ယေဟောဝါ လုပ်ပေးတာတွေအကြောင်း၊ ဘုရားရဲ့ ကောင်းမြတ်မှုအကြောင်း အချိန်ယူ တွေးတောမယ်ဆိုရင် ချီးမွမ်းစရာ အကြောင်းများစွာ ရှိနေမှာ ဖြစ်တယ်။ အထူးသဖြင့် ဟောပြောခြင်းလုပ်ငန်းဟာ “ဘုရားသခင်ကို အမြဲ ချီးမွမ်း” ဖို့ အခွင့်ကောင်းပါပဲ။ “အဲဒီလိုချီးမွမ်းတာက ဘုရားသခင်ဆီ ပူဇော်သက္ကာ ဆက်သတာနဲ့ တူတယ်။” ယေဟောဝါဆီ ဆုမတောင်းခင် အသေအချာ စဉ်းစားသင့်သလို အမှုဆောင်လုပ်ငန်းမှာလည်း ကိုယ်နဲ့ ဆုံတွေ့သူတွေကို ဘာပြောမယ်ဆိုတာ အသေအချာ စဉ်းစားသင့်တယ်။ ‘ချီးမွမ်းခြင်း ပူဇော်သက္ကာ’ ကို အကောင်းဆုံး ပေးဆက်ချင်ကြလို့ စိတ်နှလုံးပါပါ ဟောပြောသင့်တယ်။ w22.03 ၂၁ ¶၈

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ