ဩဂုတ်
အင်္ဂါနေ့၊ ဩဂုတ် ၁
အဖ၊ သူတို့ကို ခွင့်လွှတ်ပါ။—လု. ၂၃:၃၄။
မိမိရဲ့ လက်နဲ့ ခြေကို သံနဲ့ ရိုက်တဲ့ ရောမစစ်သားတွေကို ယေရှု ရည်ညွှန်းနေပုံရတယ်။ ယေရှုဟာ ကြုံရတဲ့ မတရားမှုတွေကြောင့် စိတ်နာကြည်းတာမျိုး မဖြစ်ခဲ့ဘူး။ (၁ ပေ. ၂:၂၃) ယေရှုလိုပဲ ကျွန်တော်တို့လည်း တခြားသူတွေကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ဖို့ လိုတယ်။ (ကော. ၃:၁၃) ဆွေမျိုးတွေ အပါအဝင် တချို့က ကျွန်တော်တို့ရဲ့ ယုံကြည်ချက်အကြောင်း၊ ဘဝလမ်းစဉ်အကြောင်း မသိလို့ ဆန့်ကျင်နေတာ ဖြစ်နိုင်တယ်။ ကျွန်တော်တို့အကြောင်း မဟုတ်မမှန် ပြောတာ၊ လူရှေ့သူရှေ့ အရှက်ခွဲတာ၊ စာပေတွေ ဖျက်ဆီးတာ၊ ကိုယ်ထိလက်ရောက် ဒုက္ခပေးမယ်လို့ ခြိမ်းခြောက်တာတောင် ရှိနိုင်တယ်။ စိတ်နာကြည်းနေမယ့်အစား အမှန်တရားကို သူတို့ တစ်နေ့ မြင်လာအောင် ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းပေးနိုင်တယ်။ (မ. ၅:၄၄၊ ၄၅) ခွင့်လွှတ်ဖို့ ခက်တဲ့အခါတွေ ရှိနိုင်တယ်။ အထူးသဖြင့် အကြီးအကျယ် မတရားခံရတဲ့အခါမျိုးမှာ ဖြစ်တယ်။ ဒါပေမဲ့ စိတ်နာကြည်းနေမယ်ဆိုရင် ကိုယ်ပဲ ထိခိုက်မယ်။ (ဆာ. ၃၇:၈) ဒါကြောင့် တခြားသူတွေကို ခွင့်လွှတ်တယ်ဆိုရင် ဖြစ်ခဲ့တာတွေကြောင့် စိတ်နာကြည်းနေမှာ မဟုတ်ဘူး။—ဧ. ၄:၃၁၊ ၃၂။ w21.04 ၈-၉ ¶၃-၄
ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၂
ဘုရားကို စိတ်ထိခိုက်အောင် လုပ်ခဲ့တာ အကြိမ်ကြိမ်ပဲ။—ဆာ. ၇၈:၄၀။
သင် ချစ်ရသူ တစ်ယောက်ယောက် အသင်းတော်ကနေ နှင်ထုတ်ခံထားရသလား။ တကယ့်ကို နာကျင်ခံစားရမှာပဲ။ ကောင်းကင်တမန် မိသားစုဝင်ထဲက တချို့ ယေဟောဝါကို စွန့်သွားတဲ့အခါ ဘုရား သိပ်ခံစားရမှာပဲ။ (ယု. ၆) ချစ်ရတဲ့ အစ္စရေးလူမျိုးတွေ အကြိမ်ကြိမ် ပုန်ကန်တဲ့အခါ ဘယ်လောက် ခံစားရမယ်ဆိုတာ စဉ်းစားကြည့်ပါ။ (ဆာ. ၇၈:၄၁) ကျွန်တော်တို့ ချစ်ရသူ တစ်ယောက်ယောက် ဘုရားကို စွန့်သွားတဲ့အခါမှာလည်း ဘုရား နာကျင်ခံစားရမှာ သေချာတယ်။ ကျွန်တော်တို့ရဲ့ ခံစားချက်ကို ဘုရား နားလည်တယ်။ လိုအပ်နေတဲ့ အားပေးထောက်မမှုကို ပေးပါလိမ့်မယ်။ ချစ်ရတဲ့ သားသမီးတစ်ယောက် ယေဟောဝါကို စွန့်သွားတဲ့အခါ မိဘတွေအနေနဲ့ ကောင်းကောင်း မသွန်သင်ပေးခဲ့မိလို့ သူတို့ အမှန်တရားထဲမှာ ဆက်မရှိတော့တာလို့ ခံစားမိနိုင်တယ်။ “ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ အဲဒီအကြောင်း အိပ်မက်တောင် မက်တယ်” လို့ ညီအစ်ကိုတစ်ယောက် ပြောတယ်။ အဲဒီလို အခြေနေမျိုး ကြုံခဲ့ရတဲ့ ညီအစ်မ တစ်ယောက်ကလည်း “ငါ ဘာအမှားတွေများ လုပ်ခဲ့မိပါလိမ့်။ ယေဟောဝါကို ချစ်လာအောင် ကောင်းကောင်း မသင်ပေးမိလို့ပဲနေမှာ” လို့ မကြာခဏ စဉ်းစားမိတယ်။ w21.09 ၂၆ ¶၁-၂၊ ၄
ကြာသပတေးနေ့၊ ဩဂုတ် ၃
ပညာမတတ်သူတွေ၊ သာမန်လူတွေ ဖြစ် [တယ်]။—တ. ၄:၁၃။
ယေဟောဝါရဲ့ လူမျိုးဟာ နာမည်ကြီး ဘာသာရေးကျောင်းတွေမှာ ပညာ မသင်ထားတဲ့အတွက် ကျမ်းစာအကြောင်း သွန်သင်ပေးနိုင်မှာ မဟုတ်ဘူးလို့ လူတချို့ ထင်ကြတယ်။ တကယ်ဆို အချက်အလက်အားလုံးကို သူတို့ အသေအချာ ဆန်းစစ်ဖို့ လိုတယ်။ ခရစ်ဝင်ကျမ်းရေးသူ လုကာ အဲဒီအတိုင်း လုပ်ခဲ့တယ်။ “အကြောင်းအရာ အားလုံးကို အစကနေ အတိအကျ ရှာဖွေ လေ့လာ” တယ်။ ယေရှုနဲ့ပတ်သက်ပြီး “အကြွင်းမဲ့မှန်ကန်” တဲ့အချက်တွေ သိစေချင်လို့ပဲ။ (လု. ၁:၁-၄) ရှေးခေတ် ဗေရိမြို့မှာ နေတဲ့ ဂျူးတွေလည်း လုကာလိုပဲ လုပ်ကြတယ်။ ယေရှုနဲ့ပတ်သက်တဲ့ သတင်းကောင်းကို ကြားတဲ့အခါ မှန်မမှန် သိဖို့ ဟီဘရူးကျမ်းစောင်တွေမှာ အသေအချာ လေ့လာဆန်းစစ်ကြတယ်။ (တ. ၁၇:၁၁) ဒီနေ့ခေတ် လူတွေလည်း အချက်အလက်အားလုံးကို ဆန်းစစ်ဖို့ လိုတယ်။ ဘုရားလူမျိုး ပြောတာကို ကျမ်းစာမှာ ပြောထားတာနဲ့ နှိုင်းယှဉ်ရမယ်။ ဘုရားလူမျိုးရဲ့ ခေတ်သစ်သမိုင်းကြောင်းကိုလည်း လေ့လာဖို့ လိုတယ်။ “နောက်ကြောင်း” ကို သေသေချာချာ ဆန်းစစ်မယ်ဆိုရင် တစ်ဖတ်သတ်အစွဲတွေ၊ ကောလာဟလတွေကြောင့် အမှန်ကို မမြင်တာမျိုး ဖြစ်တော့မှာ မဟုတ်ဘူး။ w21.05 ၃ ¶၇-၈
သောကြာနေ့၊ ဩဂုတ် ၄
တကယ်ချစ်မြတ်နိုးကြပါ။—၂ ကော. ၆:၁၃။
အသင်းတော်မှာ သင် ဧည့်ဝတ်ပြုနိုင်တဲ့သူ တစ်ယောက်ယောက်များ ရှိသလား။ ကျွန်တော်တို့ရဲ့ အချိန်ပေး ပေါင်းသင်းမှုကို ညီအစ်ကို/မတွေ အထူး လိုအပ်တဲ့ အချိန်တွေ ရှိနိုင်တယ်။ ပွဲတော်အားလပ်ရက်တွေမှာ ညီအစ်ကို/မတချို့ဟာ ယေဟောဝါသက်သေ မဟုတ်တဲ့ မိသားစုဝင်တွေနဲ့ အတူ ရှိနေဖို့ ခက်ကြတယ်။ တချို့ကျတော့လည်း ချစ်ရသူ သေဆုံးသွားတဲ့ နှစ်ပတ်လည်နေ့တွေမှာ သိပ်ဝမ်းနည်းနေတတ်တယ်။ အဲဒီလို ညီအစ်ကို/မတွေနဲ့ အချိန်ပေး ပေါင်းသင်းတာက သူတို့ “အကျိုးကို တကယ်လိုလား” ကြောင်း ပြရာ ရောက်တယ်။ (ဖိ. ၂:၂၀) အထီးကျန်တယ်လို့ ခံစားရတဲ့ အကြောင်းရင်း များစွာ ရှိနိုင်တယ်။ ဒါပေမဲ့ အဲဒါတွေကို ယေဟောဝါ ကောင်းကောင်းသိတယ်ဆိုတာ မမေ့ပါနဲ့။ လိုအပ်တာတွေကို ညီအစ်ကို/မတွေကတစ်ဆင့် ယေဟောဝါ ဖြည့်ဆည်းပေးလေ့ ရှိတယ်။ (မ. ၁၂:၄၈-၅၀) ကျွန်တော်တို့ဘက်ကလည်း ညီအစ်ကို/မတွေကို အတတ်နိုင်ဆုံး ကူညီထောက်မခြင်းအားဖြင့် ယေဟောဝါရဲ့ မေတ္တာပါ အစီအစဉ်ကို လေးမြတ်ကြောင်း ပြနိုင်တယ်။ ကျွန်တော်တို့ ဘယ်လိုပဲ ခံစားနေရပါစေ ဘေးမှာ ယေဟောဝါ အမြဲ ရှိနေတဲ့အတွက် ဘယ်တော့မှ တစ်ယောက်တည်း မဟုတ်ပါဘူး။ w21.06 ၁၃ ¶၁၈-၂၀
စနေနေ့၊ ဩဂုတ် ၅
လောကမှာရှိတဲ့ လူတွေရှေ့မှာ အမူအကျင့်ကောင်းတွေ ဆက်ပြီး ပြကြပါ။ ဒါမှ လူတွေက ခင်ဗျားတို့ကို လူဆိုးတွေလို့ စွပ်စွဲပြောဆိုတဲ့အခါ ခင်ဗျားတို့ရဲ့ ကောင်းမွန်တဲ့အကျင့်ကို မြင်ထားတဲ့အတွက် . . . ဘုရားကို ဂုဏ်တင်ချီးမွမ်းကြလိမ့်မယ်။—၁ ပေ. ၂:၁၂။
သတင်းတရားကို လူတချို့ နားမထောင်ပေမဲ့ ယေရှု အပြုသဘောထား ရှိရှိ ဆက်ဟောခဲ့တယ်။ ဘာကြောင့်လဲ။ လူတွေ အမှန်တရား သိဖို့ ဘယ်လောက် လိုမှန်း ယေရှု သိတယ်။ သတင်းတရားကို လက်ခံတုံ့ပြန်နိုင်ဖို့ လူများနိုင်သမျှ များများကို အခွင့်အရေး ပေးချင်တယ်။ အစပိုင်းမှာ နားမထောင်ပေမဲ့ နောက်ပိုင်း လက်ခံလာနိုင်တယ်ဆိုတာလည်း သိတယ်။ ယေရှုရဲ့ မိသားစုမှာပဲ ဘာဖြစ်ခဲ့တယ်ဆိုတာ စဉ်းစားကြည့်ပါ။ ယေရှုရဲ့ အမှုဆောင်လုပ်ငန်း သုံးနှစ်ခွဲ တစ်လျှောက်လုံး ညီတစ်ယောက်မှ တပည့် ဖြစ်မလာဘူး။ (ယော. ၇:၅) ဒါပေမဲ့ ယေရှု ထမြောက်ပြီးနောက်မှ ခရစ်ယာန် ဖြစ်လာကြတယ်။ (တ. ၁:၁၄) ကျမ်းစာအမှန်တရားကို နောက်ဆုံးမှာ ဘယ်သူ လက်ခံမယ်ဆိုတာ ကျွန်တော်တို့ မသိဘူး။ တချို့က အမှန်တရား လက်ခံဖို့ တခြားသူတွေထက် ပိုကြာနိုင်တယ်။ သတင်းတရားကို နားမထောင်သူတွေတောင် ကျွန်တော်တို့ရဲ့ အမူအကျင့်ကောင်းနဲ့ အပြုသဘောထားကို တွေ့ပြီး “ဘုရားကို ဂုဏ်တင်ချီးမွမ်း” လာနိုင်တယ်။ w21.05 ၁၈ ¶၁၇-၁၈
တနင်္ဂနွေနေ့၊ ဩဂုတ် ၆
သွားတဲ့အခါ “ကောင်းကင်နိုင်ငံ နီးနေပြီ” ဆိုပြီး ဟောပြောကြပါ။—မ. ၁၀:၇။
ယေရှု မြေကြီးပေါ် ရှိတုန်း နောက်လိုက်တွေကို တာဝန် နှစ်ခု ပေးတယ်။ နိုင်ငံတော် သတင်းကောင်း ဟောပြောဖို့ မှာတယ်။ ဘယ်လို ဟောရမယ်ဆိုတာ ကိုယ်တိုင် ပြခဲ့တယ်။ (လု. ၈:၁) သတင်းတရားကို လူတွေ လက်ခံတဲ့အခါ၊ လက်မခံတဲ့အခါ ဘာလုပ်ရမယ်ဆိုတာ တပည့်တွေကို အသင့်ပြင်ပေးတယ်။ (လု. ၉:၂-၅) “လူမျိုးအားလုံး” ကို သက်သေခံရမယ်ဆိုပြီး လုပ်ငန်း ကျယ်ပြန့်မှုအကြောင်းလည်း ကြိုဟောခဲ့တယ်။ (မ. ၂၄:၁၄။ တ. ၁:၈) အဲဒီအပြင် မိမိ မိန့်မှာထားသမျှကို လိုက်နာနိုင်အောင် သွန်သင်ပေးဖို့လည်း မိန့်မှာတယ်။ ဒီအရေးကြီးလုပ်ငန်းကို ကျွန်တော်တို့ခေတ်၊ “လောကစနစ် နိဂုံးပိုင်းအထိ” ဆက်လုပ်သွားရမယ်လို့ ပြောတယ်။ (မ. ၂၈:၁၈-၂၀) ယေဟောဝါအကြောင်း တခြားသူတွေ သိလာအောင် ကူညီပေးရာမှာ တပည့်အားလုံး ပါဝင်သင့်ကြောင်း ယောဟန်ကို ပေးတဲ့ စိတ်အာရုံမှာ ပြောတယ်။—ဗျာ. ၂၂:၁၇။ w21.07 ၃ ¶၃-၄
တနင်္လာနေ့၊ ဩဂုတ် ၇
အတ္တဆန်တာ၊ အချင်းချင်း ပြိုင်ဆိုင်တာ၊ မနာလိုမရှုဆိတ် ဖြစ်တာတွေကို ရှောင်ကြစို့။—ဂလ. ၅:၂၆။
ဒီနေ့ခေတ် လူများစွာမှာ အပြိုင်အဆိုင်စိတ်ဓာတ် ရှိကြတယ်။ စီးပွားရေးသမားတွေက ပြိုင်ဖက်တွေထက် ပိုအောင်မြင်ဖို့ ခေါင်းတုံးပေါ် ထိပ်ကွက်တတ်ကြတယ်။ အားကစားသမားတွေက အနိုင်ရဖို့ တခြားကစားသမား ဒဏ်ရာရအောင် တမင် လုပ်တတ်တယ်။ ကျောင်းသားတွေကလည်း အမှတ်ကောင်းကောင်း ရဖို့ စာမေးပွဲမှာ ခိုးချတတ်ကြတယ်။ ခရစ်ယာန်တွေကတော့ အဲဒီအကျင့်တွေ မှားမှန်း၊ “အပြစ်ရှိတဲ့အကျင့်တွေ” ဖြစ်မှန်း သိတယ်။ (ဂလ. ၅:၁၉-၂၁) ဒါပေမဲ့ အသင်းတော်မှာ မရည်ရွယ်ဘဲ အပြိုင်အဆိုင် စိတ်ဓာတ် ဝင်လာအောင် လုပ်မိနိုင်သလား။ ဒါဟာ အသင်းတော်ရဲ့ စည်းလုံးမှုကို ထိခိုက်စေနိုင်တဲ့အတွက် အရေးကြီးကိစ္စ ဖြစ်တယ်။ ကျွန်တော်တို့လည်း အပြိုင်အဆိုင်စိတ်ဓာတ် မရှိခဲ့ကြတဲ့ ရှေးသစ္စာရှိသူတွေရဲ့ ပုံသက်သေတွေကို သုံးသပ်သင့်ပါတယ်။ w21.07 ၁၄ ¶၁-၂
အင်္ဂါနေ့၊ ဩဂုတ် ၈
နိမ့်ကျသူကို စာနာမှုပြတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။ ဘေးဆိုးကြုံရချိန်မှာ ယေဟောဝါ ကယ်တင်လိမ့်မယ်။—ဆာ. ၄၁:၁။
ဒုက္ခရောက်သူတွေကို ကူညီပေးဖို့ ခိုင်မြဲတဲ့ မေတ္တာက လှုံ့ဆော်ပေးတယ်။ ကြင်နာမှု ရှိတဲ့ ညီအစ်ကို/မတွေဟာ စိတ်ဓာတ်ကျနေသူတွေကို စွန့်မသွားဘူး။ အတတ်နိုင်ဆုံး ဆက်ကူညီပေးကြတယ်။ ညီအစ်ကို/မတွေကို သူတို့ ချစ်ကြတယ်။ (ပညာ. ၁၂:၂၅။ ၂၄:၁၀) တမန်တော် ပေါလုလည်း “စိတ်ဓာတ်ကျနေသူတွေကို ကြင်ကြင်နာနာ ပြောဖို့၊ အားနည်းသူတွေကို ထောက်မပေးဖို့၊ လူတိုင်းကို စိတ်ရှည်ဖို့” အားပေးထားတယ်။ (၁ သက်. ၅:၁၄) စိတ်ဓာတ်ကျနေတဲ့ ညီအစ်ကို/မတွေကို ကူညီပေးနိုင်တဲ့ အထိရောက်ဆုံးနည်းကတော့ သူတို့ပြောတာကို နားထောင်ခြင်း၊ သူတို့ကို ချစ်ကြောင်း စိတ်ချစေခြင်းအားဖြင့်ပါပဲ။ မိမိရဲ့ အဖိုးတန် သိုးတွေကို ဂရုစိုက်ပေးတာ ဘုရား သတိမထားမိဘဲ မနေဘူး။ “နိမ့်ကျသူကို မျက်နှာသာပေးတဲ့သူဟာ ယေဟောဝါကို ချေးငှားပေးတဲ့သူပဲ။ သူ့လုပ်ရပ်အတွက် ဘုရား ပြန်ဆပ်ပေးလိမ့်မယ်” လို့ ပညာအလိမ္မာ ၁၉:၁၇ မှာ ပြောတယ်။ w21.11 ၁၀ ¶၁၁-၁၂
ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၉
ယေဟောဝါ ဘယ်လောက် ကောင်းမြတ်သလဲဆိုတာ မြည်းစမ်းပြီး ကိုယ်တိုင်ခံစားကြည့်ပါ။ ဘုရားကို ခိုလှုံသူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။—ဆာ. ၃၄:၇။
အနာဂတ်အတွက် အခုကတည်းက ဘယ်လို အသင့်ပြင်နိုင်သလဲ။ ကျွန်တော်တို့ ရှိတာနဲ့ ရောင့်ရဲဖို့ လိုတယ်။ ကိုယ်ပျော်ရွှင်ရတဲ့ အဓိက အကြောင်းရင်းက ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိထားလို့ပဲ ဖြစ်သင့်တယ်။ ဘုရားအကြောင်း ပိုသိလေ မာဂေါဂပြည်က ဂေါဂမင်း တိုက်ခိုက်ချိန်မှာ ဘုရား ကာကွယ်ပေးနိုင်တယ်ဆိုတာ ပိုယုံကြည်စိတ်ချလေ ဖြစ်ပါလိမ့်မယ်။ ယေဟောဝါကို အားကိုးနိုင်တယ်ဆိုတာ ဒါဝိဒ် သိကြောင်း ဒီနေ့ကျမ်းချက်ပါ စကားတွေက ဖော်ပြတယ်။ ယေဟောဝါကို ဒါဝိဒ် အကြိမ်ကြိမ် အားကိုးတယ်။ ဘုရားလည်း အမြဲ ကူညီပေးတယ်။ လူငယ်ဘဝတုန်းက ဖိလိတိ လူထွားကြီး ဂေါလျတ်ကို ထွက်တိုက်ချိန်မှာ “ဒီနေ့ပဲ ယေဟောဝါဘုရားက ခင်ဗျားကို ကျွန်တော့်လက်ထဲ အပ်မယ်” လို့ ပြောတယ်။ (၁ ရှ. ၁၇:၄၆) နောက်ပိုင်း၊ ဘုရင် ရှောလုဆီ အမှုထမ်းချိန် ဒါဝိဒ်ကို သတ်ဖို့ ရှောလု အကြိမ်ကြိမ် ကြိုးစားတယ်။ ဒါပေမဲ့ ‘ဒါဝိဒ်နဲ့အတူ ယေဟောဝါ ရှိတယ်။’ (၁ ရှ. ၁၈:၁၂) အဲဒီလို ယေဟောဝါရဲ့ အကူအညီကို အရင်က ရရှိဖူးလို့ အခုလည်း ကူညီပေးမယ်ဆိုတာ ဒါဝိဒ် စိတ်ချတယ်။ w22.01 ၆ ¶၁၄-၁၅
ကြာသပတေးနေ့၊ ဩဂုတ် ၁၀
ဘုရားသခင်ရဲ့သားတွေ လက်ခုပ်ဩဘာပေးကြတယ်။—ယောဘ ၃၈:၇။
ယေဟောဝါဟာ ဘာလုပ်လုပ် အချိန်ယူပြီး စိတ်ရှည်ရှည် လုပ်တယ်။ မိမိနာမတော်ကို ဂုဏ်တင်ဖို့၊ တခြားသူတွေ အကျိုးရဖို့ပါ။ ဥပမာ၊ လူတွေအတွက် ကမ္ဘာမြေကို ယေဟောဝါ အဆင့်ဆင့် ပြင်ဆင်ပုံကို သုံးသပ်ကြည့်ပါ။ ကမ္ဘာကို ယေဟောဝါ ဖန်ဆင်းတုန်းက “အတိုင်းအတာတွေ” သတ်မှတ်ပြီး “အောက်ခံခုံတွေ” နဲ့ “ထောင့်ချုပ်ကျောက်” ကို ချတယ်လို့ ကျမ်းစာ ဖော်ပြတယ်။ (ယောဘ ၃၈:၅၊ ၆) ပြီးနောက် ကိုယ်လုပ်ထားတာကို အချိန်ယူပြီး ပြန်ဆန်းစစ်တယ်။ (က. ၁:၁၀၊ ၁၂) ယေဟောဝါရဲ့ ဖန်ဆင်းခြင်းလက်ရာတွေ တဖြည်းဖြည်း ပုံပေါ်လာတဲ့အခါ ကောင်းကင်တမန်တွေ သိပ်စိတ်လှုပ်ရှားပြီး “လက်ခုပ်ဩဘာပေး” တယ်လို့ ကျမ်းစာ ပြောတယ်။ ဘာသိရသလဲ။ ယေဟောဝါရဲ့ ဖန်ဆင်းခြင်း လုပ်ငန်း ပြီးဖို့ နှစ်ထောင်နဲ့ချီ အချိန်ယူရပေမဲ့ ဖန်ဆင်းရာတွေကို ပြန်ကြည့်ပြီး “သိပ်ကောင်းတယ်” လို့ ပြောနိုင်ခဲ့တယ်။—က. ၁:၃၁။ w21.08 ၉ ¶၆-၇
သောကြာနေ့၊ ဩဂုတ် ၁၁
တော်လိုက်တာ။ မင်းဟာ သစ္စာရှိတဲ့ ကျွန်ကောင်းပဲ။—မ. ၂၅:၂၃။
ယေရှုရဲ့ ပုံဥပမာမှာ လူတစ်ယောက်ဟာ ခရီးဝေး သွားရမယ်။ မသွားခင် သူ့ကျွန်တွေကို လုပ်ငန်း လုပ်ဖို့ တဲလင့်တွေ ပေးတယ်။ သူတို့တစ်ယောက်စီရဲ့ အရည်အချင်းကို ကြည့်ပြီး ပထမ တစ်ယောက်ကို ငါးတဲလင့်၊ ဒုတိယ တစ်ယောက်ကို နှစ်တဲလင့်၊ တတိယ တစ်ယောက်ကို တစ်တဲလင့် ပေးတယ်။ ပထမကျွန်နှစ်ယောက်က အဲဒီငွေကို ပညာရှိရှိ အသုံးပြုတယ်။ တတိယကျွန်ကတော့ ရထားတဲ့ ငွေနဲ့ ဘာမှ မလုပ်ဘူး။ ဒါကြောင့် သခင်က သူ့ကို နှင်ထုတ်လိုက်တယ်။ ပထမကျွန်နဲ့ ဒုတိယကျွန်ဟာ ရတဲ့တာဝန်ကို အလေးအနက်ထားပြီး သခင့်အလုပ်ကို ကြိုးစားလုပ်တယ်။ ဒါကြောင့် နှစ်ဆ အမြတ်ရကြတယ်။ သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကျွမ်းကျင်မှုအတွက် ကြွယ်ဝစွာ ဆုချခံရတယ်။ သခင် ဝမ်းသာတဲ့အပြင် ထပ်ဆင့် တာဝန်တွေတောင် ပေးခဲ့တယ်။ w21.08 ၂၁ ¶၇။ ၂၂ ¶၉-၁၀
စနေနေ့၊ ဩဂုတ် ၁၂
ကောင်းကင်၊ မြေကြီး . . . ကို နောက်တစ်ကြိမ် ငါလှုပ်ခါဦးမယ်။—ဟဂ္ဂဲ ၂:၆။
ဒီနောက်ဆုံးကာလမှာ ယေဟောဝါရဲ့ စိတ်ရှည်မှုကို တွေ့ရတယ်။ ဘယ်သူ့ကိုမှ ဘုရား မပျက်စီးစေချင်ဘူး။ (၂ ပေ. ၃:၉) နောင်တရဖို့ အားလုံးကို အခွင့်အရေး ပေးထားတယ်။ ဒါပေမဲ့ ဘုရားရဲ့ စိတ်ရှည်မှုဟာ အတိုင်းအတာ ရှိတယ်။ ဒီအခွင့်အရေးကို ငြင်းပယ်သူတွေဟာ မောရှေခေတ်က ဖာရောမင်းလို ဖြစ်လိမ့်မယ်။ “အခု ငါက မင်းနဲ့ မင်းရဲ့လူတွေကို ဆိုးရွားတဲ့ကပ်ရောဂါနဲ့သာ ဒဏ်ခတ်လိုက်ရင် မင်းတို့အားလုံး မြေပေါ်ကနေ ပျောက်ကွယ်သွားလိမ့်မယ်။ ဒါပေမဲ့ ငါ့တန်ခိုးကိုပြဖို့၊ ငါ့နာမည်ကို မြေတစ်ပြင်လုံး သိစေဖို့ မင်းကို ငါအသက်ရှင်ခွင့်ပေးနေတာ” လို့ ဖာရောကို ယေဟောဝါ ပြောတယ်။ (ထွ. ၉:၁၅၊ ၁၆) ယေဟောဝါတစ်ပါးတည်းသာ ဘုရားစစ်ဘုရားမှန် ဖြစ်ကြောင်း လူမျိုးအားလုံး သိကြရလိမ့်မယ်။ (ယေဇ. ၃၈:၂၃) ဒီနေ့ကျမ်းချက်မှာ ပါတဲ့ လှုပ်ခါမှုဟာ ယေဟောဝါရဲ့ အုပ်ချုပ်ပိုင်ခွင့်ကို ဖာရောလို အသိအမှတ် မပြုသူတွေအတွက် ထာဝရ ဖျက်ဆီးခြင်းကို ဆိုလိုတယ်။ w21.09 ၁၈-၁၉ ¶၁၇-၁၈
တနင်္ဂနွေနေ့၊ ဩဂုတ် ၁၃
ဝမ်းမြောက်သူတွေနဲ့အတူ ဝမ်းမြောက်ပါ။ ငိုကြွေးသူတွေနဲ့အတူ ငိုကြွေးပါ။—ရော. ၁၂:၁၅။
ချစ်ရသူတစ်ဦး နှင်ထုတ်ခံလိုက်ရလို့ နာကျင် ခံစားနေရသလား။ ဒါမှမဟုတ် အသင်းတော်မှာရှိသူ တချို့ရဲ့ စကားကြောင့် ပိုနာကျင်ခံစားရတယ် ဆိုရင်ကော။ အားလုံးကတော့ အကောင်းချည်းပဲ တုံ့ပြန်ကြမှာ မဟုတ်ဘူး။ (ယာ. ၃:၂) ကျွန်တော်တို့ အားလုံး မစုံလင်တဲ့အတွက် တချို့က ဘာပြန်ပြောရမှန်း မသိကြသလို မရည်ရွယ်ဘဲ နာကျင်စေတဲ့ စကားတွေ ပြောမိနိုင်တယ်။ “မကျေနပ်စရာ ရှိနေရင်တောင် ဆက်ပြီး သည်းခံကြပါ၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြပါ” ဆိုတဲ့ တမန်တော် ပေါလုရဲ့ စကားကို သတိရပါ။ (ကော. ၃:၁၃) နှင်ထုတ်ခံရသူရဲ့ သစ္စာရှိ မိသားစုဝင်တွေကို ဆက်ထောက်မပေးပါ။ မေတ္တာနဲ့ အားပေးမှုကို အရင်ကထက် သူတို့ ပိုလိုအပ်တယ်။ (ဟီ. ၁၀:၂၄၊ ၂၅) တစ်ခါတလေ သူတို့ကိုလည်း အသင်းတော်က ဝိုင်းပယ်ထားတယ်လို့ ခံစားရတတ်တယ်။ အဲဒီလို မခံစားရပါစေနဲ့။ မိဘတွေ အမှန်တရားကို စွန့်သွားလို့ ကျန်ရစ်တဲ့ သားသမီးတွေဟာ အားပေးမှုနဲ့ ချီးမွမ်းမှု ပိုလိုအပ်တယ်။ w21.09 ၂၉ ¶၁၃-၁၄။ ၃၀ ¶၁၆
တနင်္လာနေ့၊ ဩဂုတ် ၁၄
ဉာဏ်ပညာရှိသူဟာ နားထောင်တဲ့အတွက် ပိုပြီး တတ်သိနားလည်လာတယ်။—ပညာ. ၁:၅။
လူကြီးနဲ့ လူငယ် စကားပြောတဲ့အခါ နှစ်ဦးနှစ်ဖက် အကျိုးရတယ်။ (ရော. ၁:၁၂) သစ္စာရှိ ကျေးကျွန်တွေကို ယေဟောဝါ ဂရုစိုက်စောင့်ရှောက်ကြောင်း လူငယ်တွေ ပိုယုံကြည်စိတ်ချလာမယ်။ အသက်ကြီးသူတွေလည်း ချစ်မြတ်နိုးခံရတယ်လို့ ခံစားရမယ်။ ယေဟောဝါရဲ့ ကောင်းချီးတွေ ဘယ်လို ရခဲ့တယ်ဆိုတာ ပြောပြရလို့ ပျော်ရွှင်ကြပါလိမ့်မယ်။ အသက်ရလာတာနဲ့အမျှ ရုပ်ပိုင်း အလှအပတွေ ပျောက်သွားပေမဲ့ သစ္စာရှိသူတွေကတော့ ယေဟောဝါအတွက် တစ်နှစ်ပြီးတစ်နှစ် ပိုလှလာတယ်။ (၁ သက်. ၁:၂၊ ၃) ဘာကြောင့်လဲ။ နှစ်တွေတစ်လျှောက် ဘုရားစွမ်းအားတော်ရဲ့ ပုံသွင်းလေ့ကျင့်မှုကို ခံယူခဲ့ကြလို့ပဲ။ အဖိုးတန် သက်ကြီး ညီအစ်ကို/မတွေအကြောင်း ပိုသိအောင် လုပ်မယ်၊ ဂုဏ်တင်မယ်၊ သူတို့ဆီက သင်ယူမယ်ဆိုရင် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာအဖြစ် ပိုရှုမြင်နိုင်လာပါလိမ့်မယ်။ အသက်ကြီးသူတွေနဲ့ လူငယ်တွေ အပြန်အလှန် တန်ဖိုးထားမယ်ဆိုရင် အသင်းတော် ခိုင်ခံ့လာမယ်။ w21.09 ၇ ¶၁၅-၁၈
အင်္ဂါနေ့၊ ဩဂုတ် ၁၅
ကိုယ်တိုင် ဝေဖန်အကဲဖြတ် မခံရဖို့ သူတစ်ပါးကို ဝေဖန်အကဲဖြတ်တာမျိုး မလုပ်ပါနဲ့တော့။ သူတစ်ပါးကို ဝေဖန်အကဲဖြတ်တဲ့အတိုင်း ကိုယ်တိုင် ပြန်ခံရလိမ့်မယ်။—မ. ၇:၁၊ ၂။
ကြမ်းတမ်းခက်ထန်တဲ့ သဘောထားကို ရှောင်ဖို့၊ ဘုရားသခင်လိုပဲ “ကရုဏာ ကြီးမား” ဖို့ ကျွန်တော်တို့ ကြိုးစားသင့်တယ်။ (ဧ. ၂:၄) ကရုဏာဟာ ခံစားချက်လောက်သာ မဟုတ်ဘူး။ “လုပ်ရပ်နဲ့ ပြတဲ့ စာနာမှု” ဖြစ်တယ်လို့ အဓိပ္ပာယ် ဖွင့်ကြတယ်။ ဒါကြောင့် မိသားစု၊ အသင်းတော်၊ ပတ်ဝန်းကျင်မှာ အကူအညီ လိုနေသူတွေကို ရှာပါ။ တကယ်တော့ ကရုဏာ ပြဖို့ အခွင့်အရေး များစွာ ရှိနေတယ်။ တစ်ယောက်ယောက် နှစ်သိမ့်မှု လိုနေသလား။ စားစရာလေး ပေးတာဖြစ်စေ၊ တခြား တစ်နည်းနည်းနဲ့ဖြစ်စေ လက်တွေ့ကျကျ ကူညီပေးနိုင်မလား။ အသင်းတော်ထဲ ပြန်ရောက်လာတဲ့ ခရစ်ယာန်တစ်ယောက်ကို နှစ်သိမ့်ပေးဖို့၊ အားရှိအောင် ပေါင်းသင်းပေးဖို့ လိုနေသလား။ တခြားသူတွေကို နှစ်သိမ့်မှု ဖြစ်စေတဲ့ သတင်းကောင်း ဝေမျှပေးနိုင်မလား။ (ယောဘ ၂၉:၁၂၊ ၁၃။ ရော. ၁၀:၁၄၊ ၁၅။ ယာ. ၁:၂၇) ကျွန်တော်တို့သာ မျက်စိရှင်ရှင် ထားမယ်ဆိုရင် ကရုဏာ ပြဖို့ အခွင့်အရေး များစွာ ရှိကြောင်း သိလာပါလိမ့်မယ်။ ကျွန်တော်တို့ ကရုဏာ ပြတဲ့အခါ “ကရုဏာ ကြီးမားလှတဲ့” ကောင်းကင်ဖခင် ဘုရားသခင် သိပ်ဝမ်းသာမှာ သေချာပါတယ်။ w21.10 ၁၃ ¶၂၀-၂၂
ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၁၆
ယေဟောဝါဟာ ငါ့သိုးထိန်းပါ။ လိုလေသေးမရှိ ငါပြည့်စုံနေတာ။—ဆာ. ၂၃:၁။
ဆာလံ ၂၃ မှာ ယေဟောဝါကို သိုးထိန်းအဖြစ် လက်ခံလို့ ရလာတဲ့ ကောင်းချီးတွေအကြောင်း ဒါဝိဒ် ပြောတယ်။ “ဖြောင့်မတ်ခြင်းလမ်းထဲ” ယေဟောဝါ ဦးဆောင်ခေါ်သွားတယ်။ အခြေအနေ ကောင်းနေချိန်မှာရော ဒုက္ခရောက်ချိန်တွေမှာပါ ဒါဝိဒ်ကို သစ္စာရှိရှိ ထောက်မပေးတယ်။ ယေဟောဝါရဲ့ “စိမ်းစိုတဲ့ စားကျက်တွေ” ထဲ နားနေချိန်မှာ ဘာဒုက္ခမှ မရှိကြောင်း ဒါဝိဒ် အသိအမှတ်ပြုတယ်။ “မှောင်မိုက်တဲ့ ချိုင့်ဝှမ်းထဲ လျှောက်ရ” သလို စိတ်ဓာတ်ကျချိန်တွေ၊ ရန်သူ ဝိုင်းနေချိန်တွေ ရှိပေမဲ့ သိုးထိန်းအဖြစ် ယေဟောဝါ အတူရှိနေလို့ ဒါဝိဒ် “ဘာအန္တရာယ်မှ မကြောက်ဘူး။” ဘယ်လိုသဘောနဲ့ ဒါဝိဒ်မှာ ‘ကောင်းမွန်ရာ တစ်ခုမှ မချို့တဲ့’ သလဲ။ ယေဟောဝါနဲ့ ရင်းနှီးနေဖို့ လိုအပ်တာ မှန်သမျှ ရရှိထားတယ် ဆိုတာပဲ။ ဒါဝိဒ်ရဲ့ ပျော်ရွှင်မှုဟာ ရုပ်ပစ္စည်းပေါ် မမူတည်ဘူး။ ယေဟောဝါ ပြင်ဆင်ပေးသမျှနဲ့ ကျေနပ်ရောင့်ရဲတယ်။ ဘုရားကောင်းချီးနဲ့ ကာကွယ်မှုကသာ ဒါဝိဒ်အတွက် အရေးကြီးဆုံး ဖြစ်တယ်။ ရုပ်ပစ္စည်းတွေနဲ့ပတ်သက်ပြီး သဘောထားမှန် ရှိဖို့ အလွန်အရေးကြီးကြောင်း ဒါဝိဒ်ရဲ့ စကားတွေကနေ သိနိုင်တယ်။ w22.01 ၃-၄ ¶၅-၇
ကြာသပတေးနေ့၊ ဩဂုတ် ၁၇
တစ်ယောက်စီက ကိုယ့်ရဲ့ အားထုတ်မှုနဲ့အညီ အကျိုးခံစားရလိမ့်မယ်။—၁ ကော. ၃:၈။
ယေဟောဝါရဲ့ အစောပိုင်း သက်သေတွေ ဟောပြောတာကို လူတွေ နားမထောင်ချင်ကြဘူး။ ဥပမာ၊ နောဧဟာ ဆယ်စုနှစ်များစွာ “ဖြောင့်မတ်ခြင်းတရား ဟောပြော” ခဲ့တယ်။ (၂ ပေ. ၂:၅) တခြားသူတွေ နားထောင်မယ်လို့ သူ မျှော်လင့်မှာပဲ။ ဒါပေမဲ့ အဲဒီလို ဖြစ်မယ်လို့ ယေဟောဝါ မပြောဘူး။ အဲဒီအစား နောဧကို သင်္ဘောဆောက်ခိုင်းချိန်မှာ “မင်းက သားမယား၊ ချွေးမတွေနဲ့အတူ သင်္ဘောထဲ ဝင်ပါ” လို့ ပြောတယ်။ (က. ၆:၁၈) အဲဒီအပြင် မိမိဟောတာကို လူအများစု နားထောင်မှာ မဟုတ်မှန်း ဘုရား ဆောက်ခိုင်းတဲ့ သင်္ဘော အရွယ်အစားကို ကြည့်ပြီး နောဧ ရိပ်မိမှာပဲ။ (က. ၆:၁၅) တကယ်လည်း နောဧ ဟောတာကို တစ်ယောက်မှ နားမထောင်ကြဘူး။ (က. ၇:၇) နောဧ မအောင်မြင်ဘူးလို့ ယေဟောဝါ ရှုမြင်သလား။ မမြင်ပါဘူး။ မိမိ မိန့်မှာတဲ့အတိုင်း သစ္စာရှိရှိ လုပ်ဆောင်ခဲ့လို့ အောင်မြင်တဲ့ ဟောပြောသူအဖြစ် နောဧကို ယေဟောဝါ ရှုမြင်တယ်။—က. ၆:၂၂။ w21.10 ၂၆-၂၇ ¶၁၀-၁၁
သောကြာနေ့၊ ဩဂုတ် ၁၈
ဒီကနေထွက်သွားတုန်းက ကျွန်မမှာ ပြည့်ပြည့်စုံစုံ ရှိခဲ့တယ်။ အခုတော့ ယေဟောဝါဘုရားက ကျွန်မကို လက်ဗလာနဲ့ ပြန်ပို့လိုက်ပြီ။—ရု. ၁:၂၁။
ဒီစကားတွေ ကြားတဲ့အခါ ရုသ ဘယ်လို ခံစားရမယ်ဆိုတာ စဉ်းစားကြည့်ပါ။ နောမိကို အတတ်နိုင်ဆုံး ကူညီပေးတယ်။ နောမိနဲ့အတူ ငိုကြွေးတယ်။ နှစ်သိမ့်ပေးတယ်။ ရက်ပေါင်းများစွာ အတူ လမ်းလျှောက်ခဲ့တယ်။ ဒါတောင် “ယေဟောဝါဘုရားက ကျွန်မကို လက်ဗလာနဲ့ ပြန်ပို့လိုက်ပြီ” လို့ နောမိ ပြောတယ်။ ဘေးမှာ ရပ်နေတဲ့ ရုသရဲ့ အကူအညီကို အသိအမှတ်တောင် မပြုဘူး။ ရုသ တော်တော် စိတ်ထိခိုက်မိမှာပဲ။ ဒါပေမဲ့ နောမိကို စွန့်မသွားဘူး။ (ရု. ၁:၃-၁၈) ဒီနေ့လည်း စိတ်ဓာတ်ကျနေတဲ့ ညီအစ်မကို အတတ်နိုင်ဆုံး ကူညီပေးနေတဲ့ကြား ကျွန်တော်တို့ စိတ်ထိခိုက်အောင် ပြောလာနိုင်တယ်။ ဒါပေမဲ့ လွယ်လွယ်နဲ့ စိတ်မဆိုးပါနဲ့။ အကူအညီ လိုနေတဲ့ ညီအစ်မကို စွန့်မသွားပါနဲ့။ သူ့ကို နှစ်သိမ့်ပေးနိုင်တဲ့ နည်းလမ်း ရှာတွေ့နိုင်အောင် ယေဟောဝါဆီ အကူအညီ တောင်းပါ။ (ပညာ. ၁၇:၁၇) အကူအညီ လိုနေတဲ့ ညီအစ်မဟာ အစပိုင်းမှာ အကူအညီကို ငြင်းနိုင်တယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံး ကူညီပေးဖို့ ခိုင်မြဲတဲ့ မေတ္တာက လှုံ့ဆော်ပေးပါလိမ့်မယ်။—ဂလ. ၆:၂။ w21.11 ၁၁ ¶၁၇-၁၉
စနေနေ့၊ ဩဂုတ် ၁၉
ပြုမူကျင့်ကြံလေသမျှမှာ သန့်ရှင်းကြပါ။—၁ ပေ. ၁:၁၅။
ကျမ်းစာမှာ “သန့်ရှင်းမှု” ဆိုတဲ့ စကားလုံးဟာ အခြေခံအားဖြင့် ကိုယ်ကျင့်တရားနဲ့ ဘာသာရေးပိုင်း သန့်ရှင်းမြင့်မြတ်တာကို ဆိုလိုတယ်။ ဘုရားအတွက် သီးသန့် ဖြစ်နေတာကိုလည်း ဆိုလိုတယ်။ တစ်နည်းပြောရရင် ကျွန်တော်တို့ ကိုယ်ကျင့်တရား သန့်ရှင်းမယ်၊ ယေဟောဝါ နှစ်သက်လက်ခံနိုင်တဲ့နည်းနဲ့ ဝတ်ပြုမယ်၊ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိမယ်ဆိုရင် သန့်ရှင်းတဲ့သူအဖြစ် ယူမှတ်ခံရပါလိမ့်မယ်။ ကျွန်တော်တို့ မစုံလင်ပေမဲ့ သန့်ရှင်းတဲ့ဘုရား ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရနိုင်တယ် ဆိုတဲ့အချက်က တကယ့်ကို အံ့သြမှင်တက်စရာပါပဲ။ ယေဟောဝါဟာ အပြည့်ဝဆုံးသဘောနဲ့ သန့်ရှင်းမြင့်မြတ်တယ်။ ယေဟောဝါရဲ့ ပလ္လင်နားမှာ အမှုဆောင်တဲ့ ကောင်းကင်တမန် သရပ်တွေရဲ့ စကားကနေ အဲဒီအချက်ကို သိနိုင်တယ်။ “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါဟာ သန့်ရှင်းတယ်၊ သန့်ရှင်းတယ်၊ သန့်ရှင်းတယ်” လို့ သရပ်တချို့ ကြွေးကြော်နေကြတယ်။ (ဟေရှာ. ၆:၃) သန့်ရှင်းတဲ့ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိဖို့ အဲဒီကောင်းကင်တမန်တွေ သန့်ရှင်းရမယ်။ w21.12 ၃ ¶၄-၅
တနင်္ဂနွေနေ့၊ ဩဂုတ် ၂၀
ဉာဏ်ပညာမဲ့သူတွေလို မဟုတ်ဘဲ ဉာဏ်ပညာရှိသူတွေလို ကျင့်ကြံပြုမူနေရဲ့လားဆိုတာ အထူးသတိပြုကြပါ။ . . . အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ။—ဧ. ၅:၁၅၊ ၁၆။
လူငယ်တွေဟာ ဘဝကို အကောင်းဆုံး ဖြစ်ချင်ကြတယ်။ ကျောင်းအကြံပေးတွေ၊ မယုံကြည်သူ မိသားစုတွေက ဝင်ငွေကောင်းတဲ့ အလုပ်ရအောင် အဆင့်မြင့်ပညာရေး လိုက်စားဖို့ အားပေးကြတယ်။ အဲဒီလမ်းကို ရွေးရင် အချိန်အများကြီး ကုန်မယ်။ တစ်ဖက်မှာ မိဘတွေ၊ အသင်းတော်မှာရှိတဲ့ မိတ်ဆွေတွေက ယေဟောဝါရဲ့ အမှုတော်မှာ အချိန်ကို အသုံးပြုဖို့ အားပေးကြတယ်။ ယေဟောဝါကို ချစ်တဲ့ လူငယ်တွေ အကောင်းဆုံး ဆုံးဖြတ်ချက် ချနိုင်ဖို့ ဘာက ကူညီပေးမလဲ။ ဧဖက် ၅:၁၅-၁၇ ကို ဖတ်ပြီး တွေးတောဆင်ခြင်တာက အကျိုးရှိပါလိမ့်မယ်။ အဲဒီကျမ်းချက်ကို ဖတ်ပြီး ‘“ယေဟောဝါရဲ့ အလိုတော်” က ဘာလဲ။ ဘယ်ဆုံးဖြတ်ချက်ကို ဘုရား နှစ်သက်မလဲ။ ဘယ်ဆုံးဖြတ်ချက်က အချိန်ကို အကောင်းဆုံး အသုံးပြုရာ ရောက်မလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးနိုင်တယ်။ စာတန်အုပ်ချုပ်နေတဲ့ ဒီလောကဟာ “ဆိုးယုတ်” ပြီး မကြာခင် အဆုံးရောက်တော့မယ်ဆိုတာ သတိရပါ။ w22.01 ၂၇ ¶၅
တနင်္လာနေ့၊ ဩဂုတ် ၂၁
ယေရှုကို သူတို့ ယုံကြည်သက်ဝင်မှု မရှိကြဘူး။—ယော. ၇:၅။
ယာကုပ်ဟာ ဘယ်အချိန်မှာ ယေရှုရဲ့ သစ္စာရှိနောက်လိုက် ဖြစ်လာသလဲ။ ယေရှု ထမြောက်ပြီးနောက် ‘ယာကုပ်ကို ကိုယ်ထင်ပြခဲ့တယ်။’ (၁ ကော. ၁၅:၇) အဲဒီတစ်ကြိမ် ယေရှုနဲ့ ဆုံတွေ့ပြီးနောက် ယာကုပ် တပည့် ဖြစ်လာတယ်။ သန့်ရှင်းသော စွမ်းအားတော် ရဖို့ ဂျေရုဆလင် အထက်ခန်းမှာ တမန်တော်တွေ စောင့်နေချိန် ယာကုပ်လည်း ရှိနေတယ်။ (တ. ၁:၁၃၊ ၁၄) နောက်ပိုင်း၊ ပထမရာစု အုပ်ချုပ်ရေးအဖွဲ့ဝင် ဖြစ်ခွင့် ရတယ်။ (တ. ၁၅:၆၊ ၁၃-၂၂။ ဂလ. ၂:၉) အေဒီ ၆၂ မတိုင်ခင် ဘိသိက်ခံ ခရစ်ယာန်တွေဆီ စာတစ်စောင် ရေးဖို့ စွမ်းအားတော်နဲ့ လမ်းညွှန်ခံရတယ်။ အဲဒီစာကနေ ဒီနေ့ခေတ် ကောင်းကင် မျှော်လင့်ချက် ရှိသူ၊ မြေကြီး မျှော်လင့်ချက် ရှိသူ အားလုံး အကျိုးရနိုင်တယ်။ (ယာ. ၁:၁) ပထမရာစု သမိုင်းပညာရှင် ဂျိုစီဖတ် အဆိုအရ ယာကုပ်ဟာ ဂျူးပုရောဟိတ်မင်း အန္နတ်ရဲ့ သား အာနနိ အမိန့်နဲ့ အသတ်ခံခဲ့ရတယ်။ မြေကြီးအသက်တာ ကုန်ဆုံးချိန်အထိ ယေဟောဝါအပေါ် ယာကုပ် သစ္စာရှိခဲ့တယ်။ w22.01 ၉ ¶၃၊ ၅
အင်္ဂါနေ့၊ ဩဂုတ် ၂၂
ကျွန်တော့်ဘုရား၊ ကျွန်တော့်ဘုရား၊ ကျွန်တော့်ကို ဘာလို့ စွန့်ပစ်တာလဲ။—မ. ၂၇:၄၆။
ဒီနေ့ နေ့စဉ်ကျမ်းချက်ကနေ ရတဲ့ သင်ခန်းစာ တစ်ခုကတော့ ယုံကြည်ခြင်း စမ်းသပ်မှု ဖြစ်စေတဲ့ အခက်အခဲတိုင်းကနေ ယေဟောဝါ ကာကွယ်ပေးမယ်လို့ မမျှော်လင့်သင့်ဘူး ဆိုတာပဲ။ အဆုံးစွန်အထိ စမ်းသပ်ခံရတဲ့ ယေရှုလိုပဲ ကျွန်တော်တို့လည်း လိုအပ်လာရင် သေတဲ့အထိ သစ္စာရှိဖို့ ပြင်ဆင်ထားရမယ်။ (မ. ၁၆:၂၄၊ ၂၅) ဒါပေမဲ့ မခံနိုင်လောက်တဲ့ စမ်းသပ်မှုကိုတော့ ဘုရား ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာ စိတ်ချပါ။ (၁ ကော. ၁၀:၁၃) သင်ခန်းစာ နောက်တစ်ခုကတော့ ယေရှုလိုပဲ ကျွန်တော်တို့လည်း မတရား နှိပ်စက်ခံရနိုင်တယ် ဆိုတာပဲ။ (၁ ပေ. ၂:၁၉၊ ၂၀) ကျွန်တော်တို့ဘက်က အမှား လုပ်မိလို့ ဆန့်ကျင်သူတွေ နှိပ်စက်တာ မဟုတ်ဘူး။ ဒီလောကနဲ့ မပတ်သက်လို့၊ အမှန်တရားကို သက်သေခံလို့ နှိပ်စက်ကြတာ။ (ယော. ၁၇:၁၄။ ၁ ပေ. ၄:၁၅၊ ၁၆) မိမိ နှိပ်စက်ခံရဖို့ ယေဟောဝါ ဘာကြောင့် ခွင့်ပြုမှန်း ယေရှု သိတယ်။ ဒါပေမဲ့ သစ္စာရှိ ကျေးကျွန်တချို့ကတော့ ငါ့ကျမှ ယေဟောဝါ ဘာလို့ ဒီလိုခွင့်ပြုတာလဲလို့ တွေးမိတဲ့အခါတွေ ရှိနိုင်တယ်။ (ဟဗ. ၁:၃) အဲဒီလို တွေးတာ ယုံကြည်ခြင်း မရှိလို့ မဟုတ်ဘဲ ဘုရားပဲ ပေးနိုင်တဲ့ နှစ်သိမ့်မှု လိုနေလို့ ဖြစ်မှန်း ကရုဏာကြီးတဲ့ ဘုရား နားလည်တယ်။—၂ ကော. ၁:၃၊ ၄။ w21.04 ၁၁ ¶၉-၁၀
ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၂၃
ကျွန်တော့်ရဲ့ ဆုတောင်းချက်ဟာ ရှေ့တော်မှာ ပြင်ဆင်ထားတဲ့ နံ့သာပေါင်းလို ဖြစ်ပါစေ။—ဆာ. ၁၄၁:၂။
ဘုရားရည်ရွယ်ချက်အတိုင်း ဖြစ်မယ်၊ ဘုရားကို ချစ်ပြီး ရိုသေလေးစားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဝတ်ပြုမှုကို ယေဟောဝါ လက်ခံပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ဝတ်ပြုမှုကို ဘုရား ရထိုက်မှန်း သိလို့ အကောင်းဆုံးနည်းနဲ့ ဝတ်ပြုချင်ကြတယ်။ ယေဟောဝါကို ဝတ်ပြုတဲ့ နည်းတစ်နည်းကတော့ ဆုတောင်းခြင်းပါပဲ။ ကျမ်းစာမှာ ဆုတောင်းချက်တွေကို အသေအချာ ပြင်ဆင်၊ ပူဇော်တဲ့ နံ့သာပေါင်းနဲ့ ခိုင်းနှိုင်းထားတယ်။ နံ့သာပေါင်းရဲ့ မွှေးရနံ့ကို ဘုရား နှစ်သက်တယ်။ အဲဒီလိုပဲ အလွန် ရိုးရှင်းတဲ့ စကားလုံးတွေနဲ့ပဲ ဆုတောင်းရင်တောင် လှိုက်လှဲတဲ့ ဆုတောင်းချက်တွေကို ဘုရား “နှစ်သက်” တယ်။ (ပညာ. ၁၅:၈။ တရား. ၃၃:၁၀) မိမိကို ချစ်ကြောင်း၊ ကျေးဇူးတင်ကြောင်း ကျွန်တော်တို့ ထုတ်ပြောတာက ဘုရားရဲ့ စိတ်ကို ပျော်ရွှင်စေတယ်။ ကျွန်တော်တို့ရဲ့ စိုးရိမ်ပူပန်မှု၊ မျှော်လင့်ချက်၊ ဖြစ်ချင်တဲ့ ဆန္ဒတွေကို ပြောပြစေချင်တယ်။ ဆုမတောင်းခင် ဘာတောင်းမယ်ဆိုတာ အသေအချာ စဉ်းစားသင့်တယ်။ ဒါမှ အကောင်းဆုံး “နံ့သာပေါင်း” ကို ပူဇော်နိုင်မှာ ဖြစ်တယ်။ w22.03 ၂၀ ¶၂။ ၂၁ ¶၇
ကြာသပတေးနေ့၊ ဩဂုတ် ၂၄
သခင်ယေရှုက တန်ခိုးကြီး ကောင်းကင်တမန်တွေနဲ့အတူ ကောင်းကင်ဘုံကနေ ပေါ်ထွန်းလာတဲ့အခါ ဆင်းရဲဒုက္ခ ခံစားနေရတဲ့ ခင်ဗျားတို့ကို ကျွန်တော်တို့နဲ့အတူ သက်သာရာ ရစေလိမ့်မယ်။—၂ သက်. ၁:၇။
အာမဂေဒုန်မှာ ဘယ်သူ ကရုဏာ ပြခံရမယ်၊ မခံရဘူးဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်ရမှာ မဟုတ်ဘူး။ (မ. ၂၅:၃၄၊ ၄၁၊ ၄၆) ယေဟောဝါရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်စိတ်ချမလား ဒါမှမဟုတ် တိုက်မိလဲသွားမလား။ အနာဂတ်မှာ ယေဟောဝါကို အပြည့်အဝ ယုံကြည်စိတ်ချဖို့ဆိုရင် အခုကတည်းက ယုံကြည်စိတ်ချမှု ခိုင်မာအောင် လုပ်ထားဖို့ လိုတာ ရှင်းနေပါတယ်။ ကမ္ဘာသစ်မှာ ကျွန်တော်တို့ ဘယ်လို ခံစားရမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ မှားယွင်းတဲ့ ဘာသာ မရှိတော့ဘူး။ ခေတ်တစ်လျှောက် လူတွေကို ဖိနှိပ်တဲ့ နိုင်ငံရေး၊ လောဘကြီးတဲ့ စီးပွားရေး မရှိတော့ဘူး။ ကျန်းမာရေး ပြဿနာ၊ အသက်အရွယ် ကြီးရင့်မှု၊ ချစ်ရသူ သေဆုံးတာတွေကို ကြုံရတော့မှာ မဟုတ်ဘူး။ စာတန်နဲ့ နတ်ဆိုးတွေ အနှစ်တစ်ထောင် ချုပ်နှောင်ခံရမယ်။ ပုန်ကန်မှုရဲ့ ဆိုးကျိုးတွေ ရှိတော့မှာ မဟုတ်ဘူး။ (ဗျာ. ၂၀:၂၊ ၃) ယေဟောဝါကို ယုံကြည်စိတ်ချခဲ့လို့ ကျွန်တော်တို့ သိပ်ကျေးဇူးတင်ကြပါလိမ့်မယ်။ w22.02 ၆-၇ ¶၁၆-၁၇
သောကြာနေ့၊ ဩဂုတ် ၂၅
ငြိမ်သက်မှု ရှိအောင် လုပ်ဆောင်သူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။—မ. ၅:၉။
ယေရှုဟာ ငြိမ်သက်မှု ရှိအောင် ကိုယ့်ဘက်က အစပြု လုပ်ဆောင်တယ်။ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့လည်း တခြားသူတွေကို အားပေးတယ်။ ကိုယ့်ဝတ်ပြုရေးကို ယေဟောဝါ လက်ခံဖို့ ညီအစ်ကိုနဲ့ သင့်မြတ်အောင် လုပ်ရမယ်လို့ သွန်သင်ပေးတယ်။ (မ. ၅:၂၃၊ ၂၄) ဘယ်သူ အကြီးမြတ်ဆုံးလဲဆိုပြီး တမန်တော်တွေ ငြင်းခုံတဲ့အခါ ဖြေရှင်းနိုင်ဖို့ အကြိမ်ကြိမ် ကူညီပေးတယ်။ (လု. ၉:၄၆-၄၈။ ၂၂:၂၄-၂၇) ငြိမ်သက်မှု ရှိအောင် လုပ်ဆောင်သူ ဖြစ်ဖို့ဆိုရင် ပြဿနာ မဖြစ်အောင် ရှောင်ရုံလောက်နဲ့ မပြီးဘူး။ သင့်မြတ်ဖို့ ကိုယ့်ဘက်က အစပြုလုပ်ဆောင်ရမယ်။ ပြဿနာတွေကို ဖြေရှင်းဖို့ ညီအစ်ကို/မတွေကို အားပေးရမယ်။ (ဖိ. ၄:၂၊ ၃။ ယာ. ၃:၁၇၊ ၁၈) ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးနိုင်တယ်– ‘တခြားသူတွေနဲ့ သင့်မြတ်ဖို့ ငါ ဘာတွေ စွန့်လွှတ်အနစ်နာခံသလဲ။ ညီအစ်ကို/မတစ်ယောက်ယောက် စိတ်ထိခိုက်အောင် လုပ်တဲ့အခါ အငြိုးထားသလား။ တခြားသူ လာဖြေရှင်းတဲ့အထိ စောင့်သလား ဒါမှမဟုတ် တစ်ဖက်လူကြောင့် ပြဿနာ ဖြစ်ရတာလို့ ယူဆရင်တောင် ကိုယ့်ဘက်က အစပြုပြီး သင့်မြတ်အောင် လုပ်ဆောင်သလား။’ w22.03 ၁၀ ¶၁၀-၁၁
စနေနေ့၊ ဩဂုတ် ၂၆
ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်။—တ. ၂၀:၃၅။
ယေဟောဝါရဲ့ လူမျိုးဟာ သားတော်ရဲ့ လမ်းညွှန်မှုအောက် အမှုတော်မှာ “စေတနာစိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပေးဆက်ကြလိမ့်မယ်” လို့ ရှေးကတည်းက ကျမ်းစာမှာ ကြိုဟောထားတယ်။ (ဆာ. ၁၁၀:၃) အဲဒီကြိုဟောချက် ဒီနေ့အချိန်မှာ ပြည့်စုံနေတယ်။ နှစ်တိုင်း ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ ဟောပြောခြင်းလုပ်ငန်းမှာ နာရီသန်းပေါင်းများစွာ အသုံးပြုကြတယ်။ ကိုယ့်စရိတ် ကိုယ်ခံပြီး စိတ်လိုကိုယ်လျောက် ပေးဆက်နေကြတာပါ။ ယုံကြည်သူချင်းတွေကိုလည်း ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ဘုရားရေးရာပိုင်း အချိန်ပေး ထောက်မကြတယ်။ တာဝန်ရှိ ညီအစ်ကိုတွေဟာ အစည်းအဝေးမှာ ရတဲ့ တာဝန်တွေကို ပြင်ဆင်ဖို့၊ ယုံကြည်သူချင်းတွေဆီ သိုးထိန်းလည်ပတ်မှု လုပ်ဖို့ နာရီပေါင်းများစွာ အသုံးပြုကြတယ်။ ဒါတွေအားလုံး လုပ်ဆောင်ရတဲ့ အကြောင်းရင်းက ဘာလဲ။ ယေဟောဝါနဲ့ လူလူချင်းကို ချစ်လို့ပါ။ (မ. ၂၂:၃၇-၃၉) ကိုယ့်အကျိုးထက် သူတစ်ပါး အကျိုး ဦးစားထားရာမှာ ယေရှု ပုံသက်သေကောင်း ချမှတ်ခဲ့တယ်။ ယေရှုရဲ့ ခြေရာကို လိုက်လျှောက်ဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ (ရော. ၁၅:၁-၃) အဲဒီလို လိုက်လျှောက်ရင် အကျိုးကျေးဇူး များစွာ ရပါလိမ့်မယ်။ w22.02 ၂၀ ¶၁-၂
တနင်္ဂနွေနေ့၊ ဩဂုတ် ၂၇
စာရင်းငှားကို လုပ်အားခ နေ့ချင်း ရှင်းပေးလိုက်ပါ။ နောက်နေ့မနက်အထိ မဆိုင်းထားနဲ့။—ဝတ်. ၁၉:၁၃။
စိုက်ပျိုးရေးကို အဓိကထားတဲ့ အစ္စရေးမှာ စာရင်းငှားတွေကို တစ်နေ့တာ ကုန်တဲ့အခါ လုပ်အားခ နေ့ချင်း ရှင်းပေးရတယ်။ အဲဒီလို မရှင်းပေးရင် အဲဒီနေ့အတွက် သူ့မိသားစု စားစရာ ခက်သွားနိုင်တယ်။ ‘သူက ဆင်းရဲပြီး အဲဒီလုပ်အားခနဲ့ အသက်ဆက်နေရတယ်’ လို့ ယေဟောဝါ ပြောတယ်။ (တရား. ၂၄:၁၄၊ ၁၅။ မ. ၂၀:၈) ဒီနေ့ခေတ်မှာ အလုပ်သမားတွေဟာ နေ့တိုင်း မဟုတ်ဘဲ တစ်လ တစ်ခါ ဒါမှမဟုတ် နှစ်ခါ လုပ်ခ ရတယ်။ ဒါပေမဲ့ ဝတ်ပြုရာ ၁၉:၁၃ မှာ ပါတဲ့ မူက သက်ဆိုင်နေတုန်းပဲ။ အလုပ်ရှင်တချို့ဟာ အလုပ်သမားတွေ ရထိုက်တာထက် အဆများစွာ ဈေးနှိမ်ပြီး လုပ်ခ ပေးကြတယ်။ ရွေးချယ်စရာ မရှိလို့ ဘယ်လောက် လုပ်ခနည်းနည်း လုပ်မှာပဲဆိုတာ အလုပ်ရှင်တွေ သိတယ်။ တကယ်တော့ အဲဒါဟာ ‘စာရင်းငှားရဲ့ လုပ်အားခကို ဆိုင်းထား’ တာပဲ။ စီးပွားရေး လုပ်နေတဲ့ ခရစ်ယာန်တွေဟာ အလုပ်သမားတွေအပေါ် ခေါင်းပုံ မဖြတ်ရဘူး။ w21.12 ၁၀ ¶၉-၁၀
တနင်္လာနေ့၊ ဩဂုတ် ၂၈
ရေဆာလိုက်တာ။—ယော. ၁၉:၂၈။
နှိပ်စက်ခံထားရတဲ့ ဒဏ်ကြောင့် ယေရှု သိပ်ရေဆာနေတာ ဖြစ်မယ်။ ရေငတ်ပြေအောင် ရေတိုက်မယ့်သူ လိုနေတယ်။ ကိုယ့်ခံစားချက်တွေကို ထုတ်ပြောတာဟာ အားနည်းတဲ့ လက္ခဏာပဲလို့ ယေရှု မယူဆဘူး။ ကျွန်တော်တို့လည်း အဲဒီလို မယူဆသင့်ဘူး။ တချို့က တခြားသူတွေဆီကနေ အကူအညီ မတောင်းချင်ကြဘူး။ ဒါပေမဲ့ လိုအပ်လာရင်တော့ တခြားသူတွေဆီ အကူအညီတောင်းဖို့ မတွန့်ဆုတ်သင့်ဘူး။ ဥပမာ၊ အသက်ကြီးသူ၊ မကျန်းမာသူ ဖြစ်မယ်ဆိုရင် ဈေး ဒါမှမဟုတ် ဆေးခန်း လိုက်ပို့ပေးဖို့ မိတ်ဆွေတစ်ယောက်ဆီ အကူအညီ တောင်းနိုင်တယ်။ စိတ်ဓာတ်ကျနေသူ ဖြစ်မယ်ဆိုရင် အကြီးအကဲ ဒါမှမဟုတ် ရင့်ကျက်တဲ့ မိတ်ဆွေဆီ အကူအညီ တောင်းနိုင်တယ်။ သူတို့က ကိုယ့်စကားကို နားထောင်ပေးပြီး စိတ်အားတက်စေတဲ့၊ ‘ကောင်းတဲ့ စကား’ တွေ ပြောပေးနိုင်တယ်။ (ပညာ. ၁၂:၂၅) ကျွန်တော်တို့ကို ညီအစ်ကို/မတွေ ချစ်ကြောင်း၊ “ဒုက္ခရောက်ချိန်” မှာ ကူညီပေးချင်ကြောင်း သတိရပါ။ (ပညာ. ၁၇:၁၇) ဒါပေမဲ့ ကိုယ့်စိတ်ထဲ ဘာရှိနေတယ်ဆိုတာ သူတို့ မသိဘူး။ ကိုယ့်ဘက်က အစပြုပြီး ဖွင့်မပြောမချင်း ကိုယ်အကူအညီ လိုနေမှန်း သူတို့ သိနိုင်မှာ မဟုတ်ဘူး။ w21.04 ၁၁-၁၂ ¶၁၁-၁၂
အင်္ဂါနေ့၊ ဩဂုတ် ၂၉
ဒုက္ခရောက်ချိန်မှာ စိတ်ဓာတ်ကျနေရင် အားလျော့သွားလိမ့်မယ်။—ပညာ. ၂၄:၁၀။
လူများစွာအတွက် အပြောင်းအလဲ လုပ်ရတာ မလွယ်ပါဘူး။ အထူးအချိန်ပြည့်လုပ်ငန်း တစ်မျိုးမျိုးမှာ နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့သူတချို့ တာဝန် အပြောင်းအလဲ ကြုံရကြတယ်။ တချို့က အသက်အရွယ်ကြောင့် ကိုယ်မြတ်နိုးတဲ့ အခွင့်ထူးကို စွန့်ကြရတယ်။ အဲဒီလို အပြောင်းအလဲ ကြုံရချိန်မှာ စိတ်ပျက်တာ သဘာဝပါပဲ။ အခြေအနေကို ယေဟောဝါ ရှုမြင်သလို ရှုမြင်မယ်ဆိုရင် နေရာသစ်မှာ နေသားကျဖို့ ပိုလွယ်မယ်။ ဒီနေ့ခေတ်မှာ ကြီးမားတဲ့ အလုပ်တွေ ပြီးမြောက်အောင် ယေဟောဝါ လုပ်ဆောင်နေတယ်။ ဘုရားရဲ့ လုပ်ဖော်ဆောင်ဖက် ဖြစ်ရတာ တကယ့် အခွင့်ထူးပါပဲ။ (၁ ကော. ၃:၉) ကျွန်တော်တို့အပေါ် ထားတဲ့ ယေဟောဝါရဲ့ မေတ္တာ မပြောင်းလဲပါဘူး။ အဖွဲ့အစည်းရဲ့ အပြောင်းအလဲက ကိုယ့်ကို တိုက်ရိုက် ထိခိုက်လာပြီဆိုရင် ဘာကြောင့်လဲဆိုတာ စဉ်းစားရင်းနဲ့ပဲ အချိန် မကုန်ပါနဲ့။ “အရင်ခေတ်” ကို တမ်းတနေမယ့်အစား ဒီအပြောင်းအလဲကနေ ရမယ့် ကောင်းကျိုးတွေကို မြင်လာအောင် ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ (ဒေ. ၇:၁၀) အပြုသဘောထားကို ထိန်းသိမ်းပါ။ ဒါဆိုရင် အခြေအနေ ပြောင်းလဲသွားရင်တောင် ဆက်ပျော်ရွှင်ပြီး သစ္စာရှိနေနိုင်ပါလိမ့်မယ်။ w22.03 ၁၇ ¶၁၁-၁၂
ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၃၀
ယေဟောဝါဟာ . . . လူထောင်ပေါင်းများစွာကို ခိုင်မြဲတဲ့ မေတ္တာပြတဲ့ ဘုရား[ပဲ]။—ထွ. ၃၄:၆၊ ၇။
ဘယ်သူတွေကို ယေဟောဝါ ခိုင်မြဲတဲ့ မေတ္တာ ပြသလဲ။ လူတိုင်းကို ပြတာတော့ မဟုတ်ဘူး။ မိမိနဲ့ အထူးဆက်ဆံရေး ရှိသူတွေကိုသာ ပြတာ ဖြစ်တယ်။ ယေဟောဝါဟာ မိတ်ဆွေတွေအပေါ် သစ္စာရှိတယ်။ သူတို့နဲ့ပတ်သက်ပြီး သိပ်ကောင်းတဲ့ ရည်ရွယ်ချက် ရှိတယ်။ ဘယ်တော့မှ မေတ္တာ ပျက်မှာ မဟုတ်ဘူး။ လူအားလုံးကို ယေဟောဝါ မေတ္တာ ပြတယ်။ “ဘုရားသခင်က လူ့လောကကို အလွန်ချစ်တယ်။ ဒါကြောင့် မိမိရဲ့သားကို ယုံကြည်သက်ဝင်သူတိုင်း ဖျက်ဆီးမခံရဘဲ ထာဝရအသက်ရနိုင်ဖို့ အဲဒီတစ်ဦးတည်းသော သားကိုတောင် ပေးအပ်ခဲ့တယ်” လို့ နိကောဒင်ဆိုတဲ့ အမျိုးသားကို ယေရှု ပြောတယ်။—ယော. ၃:၁၊ ၁၆။ မ. ၅:၄၄၊ ၄၅။ w21.11 ၂ ¶၃။ ၃ ¶၆-၇
ကြာသပတေးနေ့၊ ဩဂုတ် ၃၁
ခံနိုင်ရည်ရှိမယ်ဆိုရင် ခင်ဗျားတို့ အသက်ရလိမ့်မယ်။—လု. ၂၁:၁၉။
ဒီစနစ်မှာ ဘဝဟာ ခက်ခဲတယ်။ ဒါပေမဲ့ အနာဂတ်မှာ ပိုဆိုးတဲ့ အခြေအနေတွေ ကြုံလာရနိုင်တယ်။ (မ. ၂၄:၂၁) အဲဒီပြဿနာအားလုံး ပျောက်ကွယ်ပြီး ဘယ်တော့မှ ပြန်မဖြစ်တော့မယ့်အချိန်ကို ကျွန်တော်တို့ စောင့်မျှော်နေကြတယ်။ (ဟေရှာ. ၆၅:၁၆၊ ၁၇) ဒါကြောင့် ခံနိုင်ရည် တိုးပွားအောင် လုပ်နေရမယ်။ “ခံနိုင်ရည်ရှိမယ်ဆိုရင် ခင်ဗျားတို့ အသက်ရလိမ့်မယ်” လို့ ယေရှု ပြောတယ်။ (လု. ၂၁:၁၉) ကိုယ့်လိုပဲ အခက်အခဲ ကြုံနေရသူတွေ ဘယ်လို ကြံ့ကြံ့ခံ ရပ်တည်နေကြောင်း စဉ်းစားတာက ကျွန်တော်တို့ရဲ့ ခံနိုင်ရည်ကို တိုးပွားစေနိုင်တယ်။ ခံနိုင်ရည် တင်ပြရာမှာ အကောင်းဆုံး ပုံသက်သေကတော့ ယေဟောဝါဘုရား ဖြစ်တယ်။ ဒီလိုပြောလို့ အံ့ဩသွားသလား။ ဒီအချက်ကို စဉ်းစားကြည့်ပါ။ ဒီလောကဟာ မာရ်နတ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့အတွက် ပြဿနာတွေ ပြည့်နေတယ်။ ပြဿနာတွေကို ချက်ချင်း ဖြေရှင်းနိုင်တဲ့ တန်ခိုး ယေဟောဝါမှာ ရှိပေမဲ့ အချိန်ကို စောင့်နေတယ်။ (ရော. ၉:၂၂) အဲဒီအချိန် မရောက်မချင်း ဆက်ခံရပ်နေတယ်။ w21.07 ၈ ¶၂-၄