ဇူလိုင်
စနေနေ့၊ ဇူလိုင် ၁
ဆုံးမမှုအားဖြင့် လေ့ကျင့်ခံရသူတွေဟာ နောက်ပိုင်းမှာ ဖြောင့်မတ်စွာ အသက်ရှင်တဲ့အတွက် ငြိမ်သက်ခြင်းကို ခံစားရလိမ့်မယ်။—ဟီ. ၁၂:၁၁။
နှင်ထုတ်ခြင်းဟာ ယေဟောဝါရဲ့ အစီအစဉ် ဖြစ်တယ်။ ဒီအစီအစဉ်က အမှားလုပ်သူ အပါအဝင် အားလုံးရဲ့ အကောင်းဆုံးအကျိုးအတွက် ဖြစ်တယ်။ အကြီးအကဲတွေရဲ့ ဆုံးမမှုနဲ့ပတ်သက်ပြီး မကောင်းပြောသူတချို့ဟာ အမှားကျူးလွန်သူရဲ့ အပြစ်တွေကိုတော့ ပြောလေ့မရှိဘူး။ ကျွန်တော်တို့ အချက်အလက်အားလုံး မသိဘူး။ ဒါကြောင့် တရားရေးကိုင်တွယ်တဲ့ အကြီးအကဲတွေဟာ ကျမ်းစာမူတွေကို လိုက်နာပြီး “ယေဟောဝါဘုရားအတွက်” တရားစီရင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြောင်း ကျွန်တော်တို့ ယုံကြည်စိတ်ချတာ ပညာရှိရာ ရောက်တယ်။ (၂ ရာ. ၁၉:၆) ကိုယ်ချစ်ရသူတစ်ဦးကို နှင်ထုတ်တဲ့ အကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံတာက သူ့ကို ယေဟောဝါဆီ ပြန်လာအောင် ကူညီပေးရာ ရောက်တယ်။ “သားနဲ့ အဆက်အသွယ် မလုပ်ရတာ တကယ်ခက်တယ်။ သူ့ကို နှင်ထုတ်တာ မှန်တယ်၊ သင်ခန်းစာတွေ အများကြီး ရလိုက်တယ်လို့ ယေဟောဝါဆီ ပြန်လှည့်လာပြီးနောက်မှ သား ပြောတယ်။ ယေဟောဝါရဲ့ ဆုံးမမှု အမြဲ မှန်တယ်ဆိုတာ ကျွန်မ နားလည်လာတယ်” လို့ အဲလီဇဘက် ပြောတယ်။ w21.09 ၂၈-၂၉ ¶၁၁-၁၂
တနင်္ဂနွေနေ့၊ ဇူလိုင် ၂
ဆင်းရဲတဲ့ မုဆိုးမတစ်ယောက် တန်ဖိုးသိပ်မရှိတဲ့ ဒင်္ဂါးငယ်နှစ်ပြား ထည့်လိုက်တာကိုလည်း မြင်တယ်။—လု. ၂၁:၂။
မုဆိုးမအကြောင်း စဉ်းစားကြည့်ပါ။ ယေဟောဝါကို ဒီ့ထက်မက ပေးချင်ပေမဲ့ ရှိထားတဲ့ အကောင်းဆုံးကို ပေးခဲ့တယ်။ မုဆိုးမရဲ့ အလှူငွေဟာ ဖခင်ယေဟောဝါအတွက် တန်ဖိုးရှိမှန်း ယေရှု သိတယ်။ အရေးကြီးတဲ့ သင်ခန်းစာကတော့ အမှုတော်မှာ ကျွန်တော်တို့ စိတ်နှလုံး အကြွင်းမဲ့ အတတ်နိုင်ဆုံး ပေးဆက်တာကို ယေဟောဝါ နှစ်သက်တယ် ဆိုတာပါပဲ။ (မ. ၂၂:၃၇။ ကော. ၃:၂၃) ကျွန်တော်တို့ အတတ်နိုင်ဆုံး လုပ်ဆောင်နေတာကို ကြည့်ပြီး ယေဟောဝါ သိပ်ပျော်တယ်။ ဒါက အမှုဆောင်လုပ်ငန်း၊ အစည်းအဝေး အပါအဝင် ဝတ်ပြုရေးအတွက် ကျွန်တော်တို့ သုံးတဲ့ အချိန်၊ ခွန်အားတွေနဲ့လည်း သက်ဆိုင်တယ်။ ဆင်းရဲတဲ့ မုဆိုးမ မှတ်တမ်းကနေ ရတဲ့ သင်ခန်းစာကို ဘယ်လို လက်တွေ့ကျင့်သုံးနိုင်သလဲ။ ကိုယ့်လုပ်ဆောင်မှုတွေကို ယေဟောဝါ နှစ်သက်ရဲ့လားလို့ စိုးရိမ်နေသူ တစ်ယောက်ယောက်ကို သိသလား။ ကျန်းမာရေး မကောင်းလို့၊ ခွန်အား သိပ်မရှိလို့ အရင်ကလောက် အမှုဆောင်မှာ မပါဝင်နိုင်တဲ့အတွက် အပြစ်ရှိတယ်၊ အသုံးမကျဘူးလို့ ခံစားနေရတဲ့ သက်ကြီး ညီအစ်မ တစ်ယောက်ယောက် ဖြစ်နိုင်တယ်။ w21.04 ၆-၇ ¶၁၇၊ ၁၉-၂၀
တနင်္လာနေ့၊ ဇူလိုင် ၃
စမ်းသပ်မှုကို ကြံ့ကြံ့ခံရပ်သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။ သူဟာ ဘုရားသခင်ရဲ့ နှစ်သက်မှုကို ရရှိတဲ့အတွက် အသက်သရဖူ ရလိမ့်မယ်။—ယာ. ၁:၁၂။
ဆိုးသွမ်းတဲ့ ဒီလောကကို အဆုံးတိုင်ဖို့ အကောင်းဆုံးအချိန်ကို ယေဟောဝါ သိတယ်။ ဘုရားရဲ့ စိတ်ရှည်မှုကြောင့် လူအုပ်ကြီး သန်းနဲ့ချီ တိုးပွားလာပြီး ဘုရားကို ဝတ်ပြုချီးမွမ်းနေကြတယ်။ ယေဟောဝါ ခံနိုင်ရည် ရှိနေလို့သာ သူတို့ မွေးဖွားလာဖို့၊ ဘုရားကို ချစ်လာဖို့၊ ဆက်ကပ်အပ်နှံဖို့ အချိန် အလုံအလောက် ရခဲ့တာ။ အဲဒီအတွက် သိပ်ကျေးဇူးတင်နေကြတယ်။ သန်းနဲ့ချီတဲ့ လူတွေ အဆုံးထိ ခံနိုင်ရည် တင်ပြကြလို့ ဆုချခံရချိန်မှာ ယေဟောဝါရဲ့ စိတ်ရှည်ခံရပ်မှု မှန်ကန်ကြောင်း ထင်ရှားလာပါလိမ့်မယ်။ စာတန်ကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်မှုတွေ၊ ဒုက္ခတွေကြား ယေဟောဝါဟာ “ပျော်ရွှင်တဲ့ ဘုရားသခင်” ဖြစ်နေဆဲပဲ။ (၁ တိ. ၁:၁၁) ကျွန်တော်တို့လည်း နာမတော်ကို ယေဟောဝါ သန့်ရှင်းမြင့်မြတ်စေမယ့်အချိန်၊ အချုပ်အခြာ အာဏာ သံသယ ကင်းရှင်းစေမယ့်အချိန်၊ လက်ရှိ ပြဿနာတွေနဲ့ ဆိုးသွမ်းမှုအားလုံး အဆုံးတိုင်မယ့်အချိန်ကို စိတ်ရှည်ရှည် စောင့်ရင်း ပျော်ရွှင်နိုင်ပါတယ်။ ဒါကြောင့် ကောင်းကင်ဖခင် ခံရပ်နေသလို ဆက်ခံရပ်သွားဖို့ စိတ်ပိုင်းဖြတ်ကြပါစို့။ w21.07 ၁၃ ¶၁၈-၁၉
အင်္ဂါနေ့၊ ဇူလိုင် ၄
နာဇရက်မြို့ကနေ ကောင်းတာတစ်ခုခု ထွက်နိုင်လို့လား။—ယော. ၁:၄၆။
ပထမရာစု တစ်ခေတ်တည်းသားများစွာ ယေရှုကို မယုံကြဘူး။ သူတို့အတွက် ယေရှုဟာ ဆင်းရဲသား လက်သမားရဲ့ သားတစ်ယောက်ထက်တော့ မပိုဘူး။ အဲဒီအပြင် ယေရှုဟာ သိပ်အရေးမပါဘူးလို့ ယူမှတ်ခံရတဲ့ နာဇရက်မြို့သား ဖြစ်တယ်။ ယေရှုရဲ့ တပည့် ဖြစ်လာတဲ့ နာသနေလတောင် “နာဇရက်မြို့ကနေ ကောင်းတာတစ်ခုခု ထွက်နိုင်လို့လား” လို့ ပြောတယ်။ မေရှိယဟာ နာဇရက်မြို့မှာ မဟုတ်ဘဲ ဘက်သလီဟင်မြို့မှာ မွေးမယ်ဆိုတဲ့ မိက္ခာ ၅:၂ မှာပါတဲ့ ပရောဖက်ပြုချက်ကို သိထားလို့ ဖြစ်နိုင်တယ်။ မေရှိယရဲ့ “မျိုးရိုးဇာတိအကြောင်း အသေးစိတ်ကို” ရန်သူတွေ အရေးလုပ်မှာ မဟုတ်ဘူးလို့ ပရောဖက် ဟေရှာယ ကြိုဟောတယ်။ (ဟေရှာ. ၅၃:၈) လူတွေသာ အချက်အလက်အားလုံး သိဖို့ ကြိုးစားမယ်ဆိုရင် ယေရှုဟာ ဘက်သလီဟင်မြို့မှာ မွေးဖွားခဲ့ကြောင်း၊ ဘုရင် ဒါဝိဒ်ရဲ့ မျိုးဆက် ဖြစ်ကြောင်း သိကြပါလိမ့်မယ်။ (လု. ၂:၄-၇) တကယ်တော့ ယေရှုရဲ့ မွေးရပ်ဟာ မိက္ခာ ၅:၂ မှာ ကြိုဟောထားတဲ့ နေရာနဲ့ ကိုက်ညီတယ်။ ဒါဆိုရင် ပြဿနာက ဘာလဲ။ လူတွေဟာ အချက်အလက်အားလုံး မသိဘဲ အလျင်စလို ကောက်ချက်ချလို့ ဖြစ်တယ်။ ဒါကြောင့် ယေရှုကို ငြင်းပယ်ခဲ့ကြတာ။ w21.05 ၂-၃ ¶၄-၆
ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၅
ဖြောင့်မတ်သူက ကျွန်တော့်ကို . . . ပဲ့ပြင်ပါစေ။ ဒါဟာ ခေါင်းပေါ် ဆီလောင်းသလိုပါပဲ။—ဆာ. ၁၄၁:၅။
အကြံဉာဏ်ကို လက်ခံလို့ ကောင်းချီးရတဲ့ ကျမ်းစာ ပုံနမူနာကောင်းတွေ ရှိတယ်။ ယောဘအကြောင်း စဉ်းစားကြည့်ပါ။ ဘုရားကို ကြောက်ရွံ့သူ ဖြစ်ပေမဲ့ ပြည့်ဝစုံလင်သူတော့ မဟုတ်ဘူး။ ပြင်းထန်တဲ့ ဖိစီးမှုတွေ ကြုံရချိန်မှာ အမြင်မှားခဲ့တာတွေ ရှိတယ်။ ဒါကြောင့် ဧလိဟုကော ယေဟောဝါပါ တဲ့တိုး အကြံပေးတယ်။ ယောဘ ဘယ်လို တုံ့ပြန်သလဲ။ “ဘာမှနားမလည်ဘဲ ကျွန်တော်ပြောမိပါပြီ။ . . . ပြောခဲ့တဲ့စကားတွေကို ပြန်ရုပ်သိမ်းပါတယ်။ မြေမှုန့်နဲ့ ပြာထဲမှာထိုင်ပြီး နောင်တရပါပြီ” လို့ ပြောတယ်။ (ယောဘ ၄၂:၃-၆၊ ၁၂-၁၇) ကိုယ့်ထက် အသက် အများကြီးငယ်တဲ့ ဧလိဟု အကြံပေးတာကို လက်ခံခြင်းအားဖြင့် ယောဘ နှိမ့်ချကြောင်း ပြတယ်။ (ယောဘ ၃၂:၆၊ ၇) ကိုယ့်ကို အကြံမပေးထိုက်ဘူးလို့ ထင်ရင်တောင်၊ အကြံပေးသူက ကိုယ့်ထက် အသက်ငယ်ရင်တောင် အကြံဉာဏ်ကို လိုက်နာကျင့်သုံးဖို့လည်း နှိမ့်ချမှုက ကူညီပေးပါလိမ့်မယ်။ စွမ်းအားတော် အရည်အသွေးတွေ မွေးမြူရာမှာ၊ အမှုဆောင်လုပ်ငန်း လုပ်ဆောင်ရာမှာ တိုးတက်ဖို့ မလိုတဲ့သူ ဘယ်သူ ရှိလို့လဲ။ w22.02 ၁၁ ¶၈။ ၁၂ ¶၁၂
ကြာသပတေးနေ့၊ ဇူလိုင် ၆
အချင်းချင်း ချစ်မယ်ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်တပည့်တွေပဲဆိုတာ လူတွေ သိလိမ့်မယ်။—ယော. ၁၃:၃၅။
အသင်းတော်ကို မေတ္တာရှိတဲ့၊ ငြိမ်းချမ်းတဲ့ ဝန်းကျင် ဖြစ်အောင် လုပ်ဖို့ ယောက်တိုင်းမှာ တာဝန်ရှိတယ်။ ဒါမှ အထီးကျန်တယ်လို့ ဘယ်သူမှ ခံစားရတော့မှာ မဟုတ်ဘူး။ ကိုယ့်အပြော၊ လုပ်ရပ်လေး တစ်ခုက တခြားသူတွေအတွက် အများကြီး အားပေးမှု ဖြစ်စေနိုင်တယ်။ မိသားစုထဲမှာ တစ်ယောက်တည်း သက်သေခံ ဖြစ်နေသူတွေကို အသင်းတော်ဝင် ဖြစ်တယ်လို့ ခံစားရအောင် ဘယ်လို ကူညီပေးနိုင်သလဲ။ ကိုယ့်ဘက်က စပြီး မိတ်ဖွဲ့ပါ။ လူသစ်တွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါ။ (ရော. ၁၅:၇) ဒါပေမဲ့ နှုတ်ဆက်ရုံနဲ့ မလုံလောက်ဘူး။ အချိန်ကြာလာတာနဲ့အမျှ ပိုရင်းနှီးအောင် လုပ်ရမယ်။ ဒါကြောင့် စိတ်ရင်းမှန်နဲ့ စိတ်ဝင်စားကြောင်း ပြပါ။ စိတ်အနှောင့်အယှက် ဖြစ်စရာ မေးခွန်းတွေ မမေးပါနဲ့။ သူတို့ ကြုံနေရတဲ့ ပြဿနာတွေကို နားလည်နိုင်အောင် ကြိုးစားပါ။ တချို့က ခံစားချက်တွေ ထုတ်ပြောဖို့ ခက်နိုင်တယ်။ ဒါကြောင့် အတင်း ဖိအား မပေးပါနဲ့။ အဲဒီအစား ပါးပါးနပ်နပ် မေးပြီး သူတို့ပြောတာကို စိတ်ရှည်ရှည် နားထောင်ပါ။ ဥပမာ၊ အမှန်တရား ဘယ်လို သိလာတာလဲ ဆိုတဲ့ မေးခွန်းမျိုးပေါ့။ w21.06 ၁၁ ¶၁၃-၁၄
သောကြာနေ့၊ ဇူလိုင် ၇
သူတို့က ကျွန်တော့်အသံကို နားထောင်တယ်။ ဒါကြောင့် သိုးတစ်အုပ်တည်း၊ သိုးထိန်းတစ်ယောက်တည်း ဖြစ်လိမ့်မယ်။—ယော. ၁၀:၁၆။
“သိုးထိန်းတစ်ယောက်တည်း” ရဲ့ လက်အောက်မှာ “သိုးတစ်အုပ်တည်း” အဖြစ် ယေဟောဝါကို စည်းလုံးစွာ အမှုဆောင်ရတဲ့ အခွင့်ထူးကို ကျွန်တော်တို့ တန်ဖိုးထားတယ်။ “စည်းလုံးမှုကနေ အကျိုးရရှိနေတဲ့အတွက် အဲဒါကို ထိန်းသိမ်းထားဖို့ တာဝန် ရှိတယ်” လို့ ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း စာအုပ်၊ စာမျက်နှာ ၁၆၅ မှာ ဆိုတယ်။ ဒါကြောင့် “ညီအစ်ကို ညီအစ်မတွေကို . . . ယေဟောဝါ မြင်သလို မြင်တတ်ဖို့ လေ့ကျင့်” ရမယ်။ ကျွန်တော်တို့အားလုံးဟာ ယေဟောဝါအတွက် တန်ဖိုးရှိတယ်။ ညီအစ်ကို/မတွေကို သင် အဲဒီလိုပဲ သဘောထားသလား။ သူတို့ကို ဂရုစိုက်၊ ကူညီဖို့ သင် လုပ်ဆောင်သမျှကို ယေဟောဝါ သိပြီး တန်ဖိုးထားတယ်။ (မ. ၁၀:၄၂) ညီအစ်ကို/မတွေကို ကျွန်တော်တို့ ချစ်တယ်။ ဒါကြောင့် “ညီအစ်ကိုအတွက် တိုက်မိလဲစရာ မဖြစ်စေဖို့၊ အတားအဆီး မဖြစ်စေဖို့ ဆုံးဖြတ်ထားပါ။” (ရော. ၁၄:၁၃) ညီအစ်ကို/မတွေကို ကိုယ့်ထက် သာတယ်လို့ ယူမှတ်ပါ။ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ပါ။ တခြားသူတွေကြောင့် တိုက်မိမလဲပါစေနဲ့။ အဲဒီအစား ‘ငြိမ်သက်ခြင်းရှိစေတဲ့အရာ၊ အားပေးမှုဖြစ်စေတဲ့အရာတွေကို လုပ်ဆောင်ဖို့ အစွမ်းကုန် ကြိုးစားကြပါစို့။’—ရော. ၁၄:၁၉။ w21.06 ၂၄ ¶၁၆-၁၇
စနေနေ့၊ ဇူလိုင် ၈
အပင်ကို ကြီးထွားစေ[တာ] ဘုရားသခင်[ပါ]။—၁ ကော. ၃:၇။
ကျမ်းစာနဲ့ အဖွဲ့အစည်းက လာတဲ့ အကြံဉာဏ်ကို ဂရုတစိုက် လေ့လာလိုက်လျှောက်မယ်ဆိုရင် ခရစ်တော်မှာ ရှိတဲ့ အရည်အသွေးတွေ တဖြည်းဖြည်း ရှိလာမယ်။ ဘုရားရေးရာ အသိပညာ တိုးများလာမယ်။ ကျွန်တော်တို့ ဟောတဲ့ သတင်းတရားဟာ စိတ်ရိုးဖြောင့်သူတွေရဲ့ စိတ်ထဲ တဖြည်းဖြည်း ကြီးထွားလာတဲ့ မျိုးစေ့လေးနဲ့ တူတယ်ဆိုပြီး ယေရှု ဥပမာပေးတယ်။ မျိုးကြဲသူဟာ “မျိုးစေ့တွေ ဘယ်လို အပင်ပေါက်ပြီး ကြီးထွားလာမှန်း မသိလိုက်ဘူး။ မြေကြီးက သူ့အလိုလို တဖြည်းဖြည်း အသီးသီးစေတယ်။ ဦးဆုံး၊ အညှောက်ပေါက်လာတယ်။ ပြီးတော့ အနှံထွက်လာတယ်။ နောက်ဆုံးမှာ အဆန် အောင်သွားတယ်” လို့ ယေရှု ပြောတယ်။ (မာ. ၄:၂၇၊ ၂၈) အပင်တစ်ပင် တဖြည်းဖြည်း ကြီးထွားလာသလို နိုင်ငံတော် သတင်းတရားကို လက်ခံသူလည်း ဘုရားရေးရာဘက် တဖြည်းဖြည်း တိုးတက်တယ်ဆိုတာ ယေရှု ရှင်းပြနေတာ။ ဥပမာ၊ ကျမ်းစာသင်သားတွေ ယေဟောဝါနဲ့ ရင်းနှီးလာတာနဲ့အမျှ တိုးတက်ပြောင်းလဲမှုတွေ သိသာလာတယ်။ (ဧ. ၄:၂၂-၂၄) ဒါပေမဲ့ မျိုးစေ့ကို ကြီးထွားစေသူဟာ ယေဟောဝါ ဖြစ်ကြောင်းကိုတော့ ကျွန်တော်တို့ အသိအမှတ်ပြုရမယ်။ w21.08 ၈-၉ ¶၄-၅
တနင်္ဂနွေနေ့၊ ဇူလိုင် ၉
မရနိုင်တဲ့အရာကို လိုချင်နေတာထက်စာရင် မြင်နေရတဲ့အရာကို ခံစားကျေနပ်နေတာ ပိုကောင်းတယ်။—ဒေ. ၆:၉။
“မြင်နေရတဲ့အရာကို” ခံစားကျေနပ်နေသူဟာ ကိုယ့်လက်ရှိ အခြေအနေလိုမျိုး ကိုယ့်မှာ ရှိထားတာကို တန်ဖိုးထားတယ်။ ဒါပေမဲ့ “မရနိုင်တဲ့အရာကို လိုချင်” နေသူကတော့ ဘယ်တော့မှ ကျေနပ်မှု ရမှာ မဟုတ်ဘူး။ သင်ခန်းစာက ပျော်ရွှင်မှု ရနိုင်ဖို့ ကိုယ့်မှာ ရှိထားတာ၊ ဖြစ်နိုင်ခြေ ရှိတာတွေကိုပဲ အာရုံစိုက်သင့်တယ်။ ကိုယ့်မှာ ရှိတာတွေနဲ့ တကယ် ပျော်ရွှင်ကျေနပ်နေဖို့ ဖြစ်နိုင်ပါ့မလား။ လူအများစုက မဖြစ်နိုင်ဘူးလို့ ထင်ကြတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေက အသစ်အဆန်းတွေကို ကြိုက်တတ်ကြလို့ပဲ။ ဒါပေမဲ့ ကိုယ့်မှာ ရှိထားတာနဲ့ တကယ် ပျော်ရွှင်ဖို့ ဖြစ်နိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ အဖြေသိနိုင်ဖို့ မဿဲ ၂၅:၁၄-၃၀ မှာပါတဲ့ ယေရှုရဲ့ တဲလင့် ပုံဥပမာကို စဉ်းစားပြီး ပျော်ရွှင်မှု ဘယ်ကနေ ရမလဲ၊ လောလောဆယ် ရှိထားတဲ့ အခြေအနေမှာ ပျော်ရွှင်မှု တိုးများအောင် ဘယ်လို လုပ်မလဲဆိုတာ အာရုံစိုက်ပါ။ w21.08 ၂၁ ¶၅-၆
တနင်္လာနေ့၊ ဇူလိုင် ၁၀
မြင့်တဲ့နေရာ၊ သန့်ရှင်းတဲ့နေရာမှာ ငါစံမြန်းပေမဲ့ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေ၊ စိတ်နှိမ့်ချသူတွေဆီမှာလည်း ငါနေတယ်။—ဟေရှာ. ၅၇:၁၅။
ယေဟောဝါက “စိတ်ထောင်းကိုယ်ကြေ” ဖြစ်နေသူတွေကို ဂရုစိုက်တယ်။ အဲဒီလို ညီအစ်ကို/မတွေကို အကြီးအကဲတွေသာမက ကျွန်တော်တို့ အားလုံး ကူညီပေးနိုင်တယ်။ ကူညီပေးနိုင်တဲ့ တစ်နည်းကတော့ စိတ်ရင်းမှန်နဲ့ ဂရုစိုက်ကြောင်း ပြခြင်းပါပဲ။ ယေဟောဝါက သူတို့ကို ဘယ်လောက် ချစ်ကြောင်း ကျွန်တော်တို့ကတစ်ဆင့် သိစေချင်တယ်။ (ပညာ. ၁၉:၁၇) ကိုယ်တိုင် နှိမ့်ချကျိုးနွံခြင်းအားဖြင့်လည်း ညီအစ်ကို/မတွေကို ကူညီပေးနိုင်တယ်။ တခြားသူတွေရဲ့ စိတ်ထဲ မနာလိုစိတ် ဝင်လာအောင် ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်တာမျိုး ကျွန်တော်တို့ မလုပ်ကြဘူး။ အဲဒီအစား ကိုယ့်စွမ်းရည်၊ အသိပညာတွေကို တခြားသူတွေကို အားပေးရာမှာ အသုံးပြုကြတယ်။ (၁ ပေ. ၄:၁၀၊ ၁၁) တခြားသူတွေကို ဘယ်လို ဆက်ဆံသင့်ကြောင်း တပည့်တွေကို ယေရှု ဆက်ဆံပုံကနေ သင်ယူနိုင်တယ်။ ယေရှုဟာ အကြီးမြတ်ဆုံး လူသားဖြစ်ပေမဲ့ “နူးညံ့သိမ်မွေ့ပြီး စိတ်နှိမ့်ချတယ်။” (မ. ၁၁:၂၈-၃၀) ရိုးရှင်းတဲ့ စကား၊ နားလည်လွယ်တဲ့ ဥပမာတွေ သုံးပြီး သွန်သင်ပေးတယ်။—လု. ၁၀:၂၁။ w21.07 ၂၃ ¶၁၁-၁၂
အင်္ဂါနေ့၊ ဇူလိုင် ၁၁
အသက်ကြီးသူတွေကို မေးကြည့်၊ ရှင်းပြလိမ့်မယ်။—တရား. ၃၂:၇။
ကိုယ့်ဘက်က အစပြုပြီး အသက်ကြီးသူတွေနဲ့ စကားပြောပါ။ အသက်ကြီးသူတွေဟာ မျက်စိမှုန်တာ၊ သွက်သွက်လက်လက် မသွားလာနိုင်တာ၊ စကား ကောင်းကောင်း မပြောနိုင်တော့တာ ဖြစ်ကောင်း ဖြစ်မယ်။ ဒါပေမဲ့ စိတ်ကတော့ နုပျိုနေတုန်းပဲ။ ယေဟောဝါရှေ့ “နာမည်ကောင်း” ရထားကြတယ်။ (ဒေ. ၇:၁) သူတို့ကို ယေဟောဝါ ဘာကြောင့် တန်ဖိုးထားကြောင်း သတိရပါ။ ဆက်ပြီး ဂုဏ်တင်ပါ။ ဧလိရှဲလို ဖြစ်ပါ။ အတူရှိခွင့်ရတဲ့ နောက်ဆုံးနေ့အထိ ဧလိယအနားမှာ နေမယ်လို့ သူ အတင်းတောင်းဆိုခဲ့တယ်။ “သခင့်ကို ခွဲမသွားနိုင်ပါဘူး” ဆိုပြီး သုံးကြိမ်တောင် ပြောခဲ့တယ်။ (၂ ဘု. ၂:၂၊ ၄၊ ၆) အသက်ကြီးသူတွေအကြောင်း လေးလေးစားစား မေးခြင်းအားဖြင့် စိတ်ရင်းမှန်နဲ့ စိတ်ဝင်စားကြောင်း ပြပါ။ (ပညာ. ၁:၅။ ၂၀:၅။ ၁ တိ. ၅:၁၊ ၂) “လူငယ်ဘဝတုန်းက ဒါ အမှန်တရားပဲလို့ ယုံကြည်စိတ်ချသွားတာ ဘာကြောင့်လဲ၊” “ဘယ်လို အတွေ့အကြုံတွေကြောင့် ယေဟောဝါနဲ့ ပိုရင်းနှီးလာသလဲ၊” “ယေဟောဝါရဲ့ အမှုတော်မှာ ဆက်ပျော်နေဖို့ ဘာက ကူညီပေးသလဲ” စတဲ့ မေးခွန်းတွေ မေးနိုင်တယ်။ (၁ တိ. ၆:၆-၈) သူတို့ အတွေ့အကြုံတွေ ပြောပြတဲ့အခါ အသေအချာ နားထောင်ပါ။ w21.09 ၅ ¶၁၄။ ၇ ¶၁၅
ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၁၂
ဘုရားသခင်ဟာ ခင်ဗျားတို့ကို အစွမ်းခွန်အား ဖြည့်ပေးရတာကို နှစ်သက်တဲ့အရှင်၊ လုပ်ဆောင်ချင်စိတ်သာမက လုပ်ဆောင်နိုင်စွမ်းကိုပါ ပေးသနားတဲ့အရှင်ပဲ။—ဖိ. ၂:၁၃။
ဟောပြောဖို့၊ တပည့်ဖြစ်စေဖို့ဆိုတဲ့ မိန့်မှာချက်ကို နာခံဖို့ အတတ်နိုင်ဆုံး ကြိုးစားတာက ဘုရားကို ချစ်ကြောင်း ဖော်ပြရာ ရောက်တယ်။ (၁ ယော. ၅:၃) ယေဟောဝါကို ချစ်တဲ့ မေတ္တာကြောင့် သင် တစ်အိမ်တက်ဆင်း ဟောပြောနေပြီ။ အဲဒီလို ဟောဖို့ လွယ်သလား။ လွယ်မှာ မဟုတ်ဘူး။ ဦးဆုံးအကြိမ် စဟောတုန်းက ကြောက်နေမှာ သေချာတယ်။ ဒါပေမဲ့ ယေရှု လုပ်စေချင်တဲ့ အလုပ်မှန်း သိလို့ နာခံခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ ပိုလွယ်လာတယ်။ အခု ကျမ်းစာသင်အံမှု ကျင်းပတာကော။ တွေးလိုက်ရုံနဲ့တင် ကြောက်မိသလား။ ကြောက်မိနိုင်တယ်။ ဒါပေမဲ့ ကြောက်စိတ်ကို ကျော်လွှားနိုင်အောင် ကူညီပေးဖို့၊ ကျမ်းစာသင်အံမှု ကမ်းလှမ်းရဲတဲ့ သတ္တိ ပေးဖို့ ယေဟောဝါဆီ ဆုတောင်းမယ်ဆိုရင် သင့်ကို ကူညီပေးပါလိမ့်မယ်။ w21.07 ၃ ¶၇
ကြာသပတေးနေ့၊ ဇူလိုင် ၁၃
ညာလက်ပေါ်မှာဖြစ်စေ၊ နဖူးပေါ်မှာဖြစ်စေ အတင်းအကျပ် အမှတ်တံဆိပ် ရိုက်နှိပ်ခိုင်းတယ်။—ဗျာ. ၁၃:၁၆။
ရှေးခေတ်က ကျွန်တွေကို ဘယ်သူ ပိုင်ဆိုင်ကြောင်း သိအောင် အမှတ်အသား ထိုးလေ့ရှိတယ်။ ဒီနေ့ခေတ်မှာလည်း လူအားလုံးမှာ ပုံဆောင် အမှတ်တံဆိပ် ရှိဖို့၊ တစ်နည်းအားဖြင့် ဘယ်နိုင်ငံရေးအဖွဲ့ဝင် ဖြစ်တယ်၊ ဘယ်သူ့ကို ထောက်ခံတယ်ဆိုတာ အတွေးနဲ့ရော လုပ်ရပ်နဲ့ပါ ပြဖို့ လူတွေ မျှော်လင့်ကြမယ်။ ပုံဆောင် အမှတ်တံဆိပ် ရိုက်နှိပ်တာကို ကျွန်တော်တို့ လက်ခံပြီး နိုင်ငံရေးအစိုးရတွေကို ထောက်ခံကြမလား။ အမှတ်တံဆိပ် မရိုက်နှိပ်သူတွေဟာ အခက်အခဲတွေ၊ အန္တရာယ်တွေ ကြုံရမယ်။ “အမှတ်တံဆိပ် ရိုက်နှိပ်ထားသူကလွဲလို့ တခြားလူတွေ ရောင်းဝယ်ခွင့် မရဘူး” လို့ ဗျာဒိတ်ကျမ်းမှာ ဆက်ပြောတယ်။ (ဗျာ. ၁၃:၁၇) ဒါပေမဲ့ အမှတ်တံဆိပ် ရိုက်နှိပ်ထားသူတွေကို ဘုရား ဘာလုပ်မယ်ဆိုတာ ဘုရားလူမျိုး သိတယ်။ (ဗျာ. ၁၄:၉၊ ၁၀) ဒါကြောင့် အဲဒီအမှတ်တံဆိပ် ရိုက်နှိပ်ခံမယ့်အစား “ယေဟောဝါဘုရား ပိုင်ဆိုင်တဲ့သူ” ဆိုတဲ့ အမှတ်တံဆိပ်ကိုပဲ လက်မှာ ရေးထိုးကြပါလိမ့်မယ်။ (ဟေရှာ. ၄၄:၅) အခုအချိန်ဟာ ယေဟောဝါအပေါ် ထားတဲ့ ကျွန်တော်တို့ရဲ့ သစ္စာစောင့်သိမှု ခိုင်မာနေရမယ့်အချိန် ဖြစ်တယ်။ ဒါဆိုရင် မိမိပိုင်ဆိုင်ရာ ဖြစ်ကြောင်း ယေဟောဝါ ဝမ်းမြောက်စွာ ကြေညာပါလိမ့်မယ်။ w21.09 ၁၈ ¶၁၅-၁၆
သောကြာနေ့၊ ဇူလိုင် ၁၄
သံကို သံချင်း ထက်စေသလို လူက မိတ်ဆွေကို ထက်မြက်စေတယ်။—ပညာ. ၂၇:၁၇။
အမှုဆောင်လုပ်ငန်းမှာ အောင်မြင်နိုင်ဖို့ တခြားသူတွေရဲ့ အကူအညီကို လက်ခံပါ။ တမန်တော် ပေါလုဟာ မိမိရဲ့ ဟောပြောသွန်သင်နည်းတွေ တိမောသေကို ပြောပြတယ်။ တခြားသူတွေကိုလည်း အဲဒီနည်းတွေ ဝေမျှဖို့ အားပေးတယ်။ (၁ ကော. ၄:၁၇) တိမောသေလိုပဲ ကျွန်တော်တို့လည်း အသင်းတော်မှာ ရှိတဲ့ အတွေ့အကြုံ ရှိသူတွေဆီကနေ အကျိုးရနိုင်ပါတယ်။ အကူအညီ ရဖို့ ယေဟောဝါဆီ ဆုတောင်းသင့်တယ်။ အမှုဆောင်လုပ်ငန်းမှာ ပါဝင်တဲ့အခါတိုင်း ယေဟောဝါရဲ့ လမ်းညွှန်မှု ရဖို့ ဆုတောင်းပါ။ သန့်ရှင်းသော စွမ်းအားတော် အကူအညီသာ မပါရင် ကျွန်တော်တို့ ဘာမှ ပြီးမြောက်နိုင်မှာ မဟုတ်ဘူး။ (ဆာ. ၁၂၇:၁။ လု. ၁၁:၁၃) ယေဟောဝါဆီ ဆုတောင်းတဲ့အခါ တိတိကျကျ တောင်းပါ။ ဥပမာ၊ တလိုတလား ရှိသူ၊ နားထောင်လိုသူနဲ့ တွေ့နိုင်အောင် ကူညီပေးဖို့ ဆုတောင်းပါ။ ကိုယ်ပိုင်လေ့လာမှုအတွက်လည်း အချိန်ဖယ်ထားသင့်တယ်။ ‘ဘုရားသခင်ရဲ့ ကောင်းမြတ်တဲ့၊ လက်ခံဖွယ်ဖြစ်တဲ့၊ ပြီးပြည့်စုံလင်တဲ့ အလိုတော်ကို ကောင်းကောင်း သိပါ’ လို့ ကျမ်းစာ ပြောတယ်။ (ရော. ၁၂:၂) ဘုရားနဲ့ပတ်သက်တဲ့ အမှန်တရားအကြောင်း ကောင်းကောင်း သိထားမယ်ဆိုရင် အမှုဆောင်လုပ်ငန်းမှာ ယုံကြည်စိတ်ချမှု ပိုရှိလာမယ်။ w21.05 ၁၈ ¶၁၄-၁၆
စနေနေ့၊ ဇူလိုင် ၁၅
သခင့်အတွက် ခင်ဗျားတို့ ကြိုးစားအားထုတ်နေတာတွေ အချည်းနှီး မဖြစ်မှန်း သိထား[ပါ]။—၁ ကော. ၁၅:၅၈။
ကိုယ့်ကျမ်းစာသင်သားအတွက် ဆုတောင်းပေးပြီး ကြိုးစားသင်ပေးပေမဲ့ မတိုးတက်လို့ သင်အံမှုကို ရပ်လိုက်ဖို့ လိုလာရင်ကော။ ဒါမှမဟုတ် နှစ်ခြင်းခံတဲ့အထိ ဘယ်သူ့ကိုမှ မကူညီပေးဖူးဘူး ဆိုရင်ကော။ အပြစ်ရှိတယ်၊ ကိုယ့်အမှုဆောင်လုပ်ငန်းကို ယေဟောဝါ ကောင်းချီးမပေးဘူးလို့ ယူဆသင့်သလား။ ကျွန်တော်တို့ရဲ့ အောင်မြင်မှုကို ယေဟောဝါ ဘယ်လို တိုင်းတာသလဲဆိုတာ သတိပြုပါ။ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ခံနိုင်ရည်ကို ယေဟောဝါ ကြည့်တယ်။ လူတွေ ဘယ်လိုပဲ တုံ့ပြန်ပါစေ ကျွန်တော်တို့ရဲ့ လုပ်ငန်းကို ဝီရိယရှိရှိ၊ မေတ္တာပါပါ လုပ်ဆောင်နေတယ်ဆိုရင် အောင်မြင်တယ်လို့ ယေဟောဝါ ရှုမြင်တယ်။ “ခင်ဗျားတို့က သန့်ရှင်းသူတွေကို အလုပ်အကျွေးပြုခဲ့တယ်၊ အခုလည်း အလုပ်အကျွေးပြုနေတယ်။ ဘုရားသခင်ဟာ ဖြောင့်မတ်တဲ့ဘုရားဖြစ်လို့ ခင်ဗျားတို့ရဲ့ လုပ်ရပ်ကို၊ နာမတော်အတွက်ပြတဲ့ မေတ္တာကို ဘယ်တော့မှ မမေ့ပါဘူး” လို့ တမန်တော် ပေါလု ရေးတယ်။ (ဟီ. ၆:၁၀) ရလဒ်ကောင်းတွေ မရရင်တောင် ကျွန်တော်တို့ရဲ့ မေတ္တာနဲ့ ကြိုးစားမှုကို ယေဟောဝါ မမေ့ဘူး။ ဒါကြောင့် ဒီနေ့ကျမ်းချက်ပါ ပေါလု ပြောခဲ့တဲ့စကားကို အမှတ်ရသင့်တယ်။ w21.10 ၂၅ ¶၄-၆
တနင်္ဂနွေနေ့၊ ဇူလိုင် ၁၆
ကျွန်တော့်ကို အဖဘုရားပေးတဲ့သူတွေပဲ ကျွန်တော့်ဆီ လာလိမ့်မယ်။ လာတဲ့သူကိုလည်း ကျွန်တော် ဘယ်တော့မှ မမောင်းထုတ်ဘူး။—ယော. ၆:၃၇။
တပည့်တွေနဲ့ ဆက်ဆံပုံမှာ ယေရှုရဲ့ မေတ္တာနဲ့ ကြင်နာမှု ပေါ်လွင်တယ်။ တပည့်တွေရဲ့ စွမ်းရည်နဲ့ အခြေအနေတွေ မတူမှန်း၊ တာဝန်တွေကို တစ်ပုံစံတည်း ထမ်းဆောင်နိုင်မှာ မဟုတ်မှန်း၊ အမှုဆောင်လုပ်ငန်းမှာလည်း တစ်ပုံစံတည်း ပြီးမြောက်နိုင်မှာ မဟုတ်မှန်း ယေရှု သိတယ်။ ဒါပေမဲ့ သူတို့ အတတ်နိုင်ဆုံး လုပ်တာကို တန်ဖိုးထားတယ်။ ယေရှုရဲ့ အဲဒီသဘောထားကို တဲလင့် ပုံဥပမာမှာ တွေ့နိုင်တယ်။ သခင်က “ကျွန်တစ်ယောက်စီရဲ့ အရည်အချင်း” အလိုက် တာဝန်ပေးတယ်။ အလုပ်ကြိုးစားတဲ့ ကျွန်နှစ်ယောက်မှာ တစ်ယောက်က ပိုအမြတ်ရပေမဲ့ နှစ်ယောက်စလုံးကို ‘တော်လိုက်တာ။ သစ္စာရှိတဲ့ ကျွန်ကောင်းပဲ’ လို့ သခင် ချီးမွမ်းတယ်။ (မ. ၂၅:၁၄-၂၃) ကျွန်တော်တို့ကိုလည်း ယေရှု မေတ္တာရှိရှိ၊ ကြင်ကြင်နာနာ ဆက်ဆံတယ်။ စွမ်းရည်နဲ့ အခြေအနေတွေ မတူမှန်း သိပြီး ကျွန်တော်တို့ အတတ်နိုင်ဆုံး လုပ်နေတာကို နှစ်သက်တယ်။ ကျွန်တော်တို့လည်း ယေရှုလိုပဲ တခြားသူတွေကို ဆက်ဆံသင့်တယ်။ w21.07 ၂၃ ¶၁၂-၁၄
တနင်္လာနေ့၊ ဇူလိုင် ၁၇
[မင်းကြီး]ကို ထိခိုက်အောင် မလုပ်သင့်ဘူး။—၁ ရှ. ၂၄:၁၀။
ဘုရင် ဒါဝိဒ် အမြဲတော့ ကရုဏာ ပြတာ မဟုတ်ဘူး။ တစ်ကြိမ်မှာ စရိုက်ကြမ်းတဲ့ နာဗလ မလေးမစား ပြောပြီး ဒါဝိဒ်နဲ့ လူတွေကို အစားအစာ မပေးဘူး။ အဲဒီအခါ ဒါဝိဒ် ဒေါသထွက်ပြီး နာဗလနဲ့ အိမ်သား ယောက်ျားအားလုံးကို သတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ နာဗလရဲ့ ကြင်နာတတ်တဲ့ ဇနီး အဘိဂဲလ ချက်ချင်း ဝင်ကူလို့ လူမသတ်မိအောင် ဒါဝိဒ် ရှောင်နိုင်ခဲ့တယ်။ (၁ ရှ. ၂၅:၉-၂၂၊ ၃၂-၃၅) ဒါဝိဒ် ဒေါသထွက်တဲ့အခါ နာဗလနဲ့ အိမ်သား ယောက်ျားအားလုံးကို သတ်ဖို့ ဆုံးဖြတ်တယ်။ နောက်တစ်ကြိမ်မှာလည်း နာသန်ရဲ့ ပုံဥပမာထဲက လူ သေဒဏ်ခံထိုက်တယ်လို့ ပြောတယ်။ ပုံမှန်အားဖြင့် စိတ်နူးညံ့သူတစ်ယောက်ဟာ သိုးလုယူသူကို ဘာကြောင့် ဒီလောက် ပြင်းပြင်းထန်ထန် စီရင်ရတာလဲလို့ ကျွန်တော်တို့ တွေးမိနိုင်တယ်။ အဲဒီတုန်းက ဒါဝိဒ်ရဲ့ အခြေအနေကို စဉ်းစားကြည့်ပါ။ ကိုယ်တိုင် အပြစ်လုပ်ထားလို့ သိစိတ် ညစ်ညူးနေတယ်။ ကြမ်းတမ်းတဲ့၊ ပြစ်တင်စီရင်လိုတဲ့ သဘောထားဟာ ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိတဲ့ လက္ခဏာ မဟုတ်ဘူး။ တကယ်တော့ ဆန့်ကျင်ဘက်ပဲ။ w21.10 ၁၂ ¶၁၇-၁၈။ ၁၃ ¶၂၀
အင်္ဂါနေ့၊ ဇူလိုင် ၁၈
ငါဟာ သန့်ရှင်းတဲ့အတွက် မင်းတို့လည်း သန့်ရှင်းရမယ်။—၁ ပေ. ၁:၁၆။
သန့်ရှင်းခြင်းနဲ့ပတ်သက်ရင် အကောင်းဆုံး စံနမူနာရှင်ဖြစ်တဲ့ ယေဟောဝါကို တုပနိုင်ကြောင်း ဒီနေ့ကျမ်းချက်ပါ စကားတွေကနေ သိရတယ်။ ကျွန်တော်တို့ ပြုမူကျင့်ကြံပုံ သန့်ရှင်းရမယ်။ ဒါဟာ မစုံလင်တဲ့လူသားတွေအတွက် မဖြစ်နိုင်ဘူးလို့ ထင်ရတယ်။ တမန်တော် ပေတရုကိုယ်တိုင် အမှား အများကြီး လုပ်ခဲ့တယ်။ ဒါပေမဲ့ သူ့ပုံသက်သေက ကျွန်တော်တို့ သန့်ရှင်းနိုင်ကြောင်း ဖော်ပြတယ်။ သန့်ရှင်းသူလို့ ပြောလိုက်ရင် လူအများစုက ဘာသာရေး ဝတ်စုံ ဝတ်ထားသူ၊ မျက်နှာထား ခပ်တည်တည်နဲ့ အပြုံးအရယ် မရှိသူကို မြင်တတ်ကြတယ်။ ဒါပေမဲ့ သန့်ရှင်းသူဆိုတာ အဲဒီလို မဟုတ်ဘူး။ သန့်ရှင်းတဲ့ဘုရား ယေဟောဝါကို “ပျော်ရွှင်တဲ့ဘုရား” လို့ ဖော်ပြထားတယ်။ (၁ တိ. ၁:၁၁) ဘုရားကို ဝတ်ပြုသူတွေကိုလည်း “ပျော်ရွှင်ချမ်းမြေ့” သူတွေလို့ ပြောထားတယ်။ (ဆာ. ၁၄၄:၁၅) ဘာသာရေး ဝတ်စုံတွေ ဝတ်ပြီး ဖြောင့်မတ်တဲ့ လုပ်ရပ်တွေကို လူမြင်ကောင်းအောင် လူရှေ့သူရှေ့ လုပ်ပြသူတွေကို ယေရှု ပြစ်တင်ရှုတ်ချတယ်။ (မ. ၆:၁။ မာ. ၁၂:၃၈) ခရစ်ယာန်စစ်တွေကတော့ ကျမ်းစာသွန်သင်ချက်တွေကို သိထားလို့ သန့်ရှင်းခြင်းက ဘာကို ဆိုလိုကြောင်း နားလည်ကြတယ်။ သန့်ရှင်းပြီး မေတ္တာရှိတဲ့ ဘုရားသခင်ဟာ ကျွန်တော်တို့ မလိုက်လျှောက်နိုင်တဲ့ ပညတ်ကို ဘယ်တော့မှ ပေးမှာ မဟုတ်ဘူးဆိုတာ ယုံကြည်စိတ်ချကြတယ်။ w21.12 ၂ ¶၁၊ ၃
ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၁၉
ယေဟောဝါ ဘုရားကို စိတ်စွမ်း ရှိသမျှ . . . နဲ့ ချစ်ပါ။—မာ. ၁၂:၃၀။
ဘုရား ပေးထားတဲ့ အရာအားလုံးထဲမှာ ဘုရားကို ဝတ်ပြုခွင့်ကတော့ အကြီးမားဆုံး လက်ဆောင်ပဲ။ “ပညတ်ချက်တွေ လိုက်နာ” ခြင်းအားဖြင့် ဘုရားကို ချစ်ကြောင်း ကျွန်တော်တို့ ပြကြတယ်။ (၁ ယော. ၅:၃) တခြားသူတွေကို တပည့် ဖြစ်လာအောင် သွန်သင်ပြီး နှစ်ခြင်းပေးပါဆိုတဲ့ ယေရှုရဲ့ ပညတ်ကို ယေဟောဝါ လိုက်နာစေချင်တယ်။ (မ. ၂၈:၁၉) အချင်းချင်း ချစ်ဖို့လည်း ယေရှု မိန့်မှာထားတယ်။ (ယော. ၁၃:၃၅) နာခံမှု ရှိသူတွေကို ကမ္ဘာချီ မိသားစုဝင် ဖြစ်ခွင့် ယေဟောဝါ ပေးမယ်။ (ဆာ. ၁၅:၁၊ ၂) တခြားသူတွေကို မေတ္တာပြပါ။ မေတ္တာဟာ ယေဟောဝါရဲ့ အဓိက အရည်အသွေး ဖြစ်တယ်။ (၁ ယော. ၄:၈) ယေဟောဝါအကြောင်း မသိခင်ကတည်းက ကျွန်တော်တို့ကို ဘုရား မေတ္တာပြခဲ့တယ်။ (၁ ယော. ၄:၉၊ ၁၀) တခြားသူတွေကို မေတ္တာပြတာဟာ ဘုရားကို တုပရာရောက်တယ်။ (ဧ. ၅:၁) သူတို့ကို မေတ္တာပြနိုင်တဲ့ အကောင်းဆုံးနည်းကတော့ အချိန်ရှိနေတုန်း ယေဟောဝါအကြောင်း သိလာအောင် ကူညီပေးခြင်းပဲ။ (မ. ၉:၃၆-၃၈) ဒီနည်းအားဖြင့် ဘုရားမိသားစုဝင် ဖြစ်လာအောင် သူတို့ကို ကူညီပေးနိုင်တယ်။ w21.08 ၆ ¶၁၃-၁၄
ကြာသပတေးနေ့၊ ဇူလိုင် ၂၀
[ဒီ့]ထက် ပိုမွန်မြတ်တဲ့ မေတ္တာဆိုတာ မရှိဘူး။—ယော. ၁၅:၁၃။
ယေရှုဟာ ယေဟောဝါဘုရားကို အလွန်ချစ်တယ်။ အဲဒီမေတ္တာက ဘုရားအတွက်ကော၊ ကျွန်တော်တို့အတွက်ပါ စွန့်လွှတ်အနစ်နာခံဖို့ လှုံ့ဆော်ပေးတယ်။ (ယော. ၁၄:၃၁) မြေကြီးပေါ် အသက်ရှင်နေထိုင်ပုံအားဖြင့် လူတွေကို ဘယ်လောက်ချစ်ကြောင်း ယေရှု ပြတယ်။ လူတချို့ ဆန့်ကျင်တာတောင် မေတ္တာ၊ ထောက်ထားစာနာမှု နေ့တိုင်း တင်ပြတယ်။ လူတွေကို ချစ်ကြောင်း ယေရှုပြတဲ့ အဓိက နည်းကတော့ ဘုရားနိုင်ငံတော်အကြောင်း သွန်သင်ပေးခြင်းအားဖြင့်ပါပဲ။ (လု. ၄:၄၃၊ ၄၄) အပြစ်သားတွေ လက်ထဲ ဝေဒနာ ပြင်းထန်စွာ ခံစားပြီး သေဆုံးဖို့ လိုလိုလားလား ရှိခြင်းအားဖြင့်လည်း ဘုရားနဲ့ လူတွေအပေါ် ကိုယ်ကျိုးစွန့်မေတ္တာ ရှိကြောင်း ပြတယ်။ ဒီနည်းအားဖြင့် ကျွန်တော်တို့အားလုံး ထာဝရအသက် ရဖို့ လမ်းဖွင့်ပေးတယ်။ ကောင်းကင်ဖခင်ကို ချစ်လို့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ဘုရားဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံခဲ့ကြတယ်။ ဒါကြောင့် ယေရှုလိုပဲ ယေဟောဝါကို ချစ်ကြောင်း လူတွေကို ဆက်ဆံပုံအားဖြင့် သက်သေပြသင့်တယ်။ “မြင်နေရတဲ့ ညီအစ်ကိုကို မချစ်ရင် မမြင်ရတဲ့ ဘုရားသခင်ကို မချစ်နိုင်ဘူး” လို့ တမန်တော် ယောဟန် ပြောတယ်။—၁ ယော. ၄:၂၀။ w22.03 ၁၀ ¶၈-၉
သောကြာနေ့၊ ဇူလိုင် ၂၁
ဉာဏ်ပညာမဲ့သူတွေလို မဟုတ်ဘဲ ဉာဏ်ပညာရှိသူတွေလို ကျင့်ကြံပြုမူနေရဲ့လားဆိုတာ အထူးသတိပြုကြပါ။ . . . အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ။—ဧ. ၅:၁၅၊ ၁၆။
ယေဟောဝါအတွက် အချိန်ပေးရတာကို နှစ်သက်ပေမဲ့ အခက်အခဲတွေတော့ ရှိတယ်။ အလုပ်များလို့ ဘုရားရေးရာအတွက် အချိန်ပေးဖို့ အခက်တွေ့နိုင်တယ်။ အလုပ်၊ မိသားစုတာဝန်နဲ့ တခြားလုပ်ရမယ့်အရာတွေကြောင့် ဆုတောင်းဖို့၊ ကျမ်းစာလေ့လာဖို့၊ တွေးတောဆင်ခြင်ဖို့ အချိန်မရှိဘူးလို့ ခံစားမိနိုင်တယ်။ ကျွန်တော်တို့ရဲ့ အချိန်ကို လုယူတဲ့ နောက်ထပ် အန္တရာယ်ရှိသေးတယ်။ တချို့ လုပ်ဆောင်မှုတွေက မမှားပေမဲ့ သတိမထားဘူးဆိုရင် အချိန်ကုန်သွားပြီး ဘုရားအတွက် အချိန်မပေးနိုင်တော့တာမျိုး ဖြစ်သွားတတ်တယ်။ ဥပမာ၊ ကျွန်တော်တို့ အနားယူ အပန်းဖြေဖို့ လိုအပ်တယ်။ ဒါပေမဲ့ အကျိုးရှိတဲ့ အပန်းဖြေမှု ဖြစ်ရင်တောင် ဘုရားရေးရာအတွက် ပေးရမယ့်အချိန်တွေ ကုန်သွားနိုင်တယ်။ ဒါကြောင့် အပန်းဖြေခြင်းကို သူ့နေရာနဲ့သူ ထားရမယ်။—ပညာ. ၂၅:၂၇။ ၁ တိ. ၄:၈။ w22.01 ၂၆ ¶၂-၃
စနေနေ့၊ ဇူလိုင် ၂၂
လာအခြေချတဲ့ တိုင်းတစ်ပါးသားကို ကိုယ့်ပြည်သားလိုပဲ ယူမှတ်ရမယ်။ သူ့ကို ကိုယ်နဲ့ထပ်တူ ချစ်ရမယ်။—ဝတ်. ၁၉:၃၄။
လူလူချင်း ချစ်ပါဆိုတဲ့ ပညတ်ဟာ ကိုယ်နဲ့ လူမျိုးတူသူတွေကိုပဲ ဆိုလိုတာ မဟုတ်ဘူး။ အစ္စရေးတွေဟာ တိုင်းတစ်ပါးသားတွေကိုလည်း ချစ်ရမယ်။ ဝတ်ပြုရာ ၁၉:၃၃၊ ၃၄ မှာ အဲဒီလိုပဲ ရှင်းရှင်းလင်းလင်း ပြောထားတယ်။ တိုင်းတစ်ပါးသားကို “ကိုယ့်ပြည်သားလိုပဲ” ဆက်ဆံရမယ်။ ကိုယ်နဲ့ ထပ်တူ “ချစ်ရမယ်။” ဥပမာ၊ တိုင်းတစ်ပါးသားတွေကိုရော ဆင်းရဲသားတွေကိုပါ ကိုယ့်လယ်မှာ ကောက်သင်းကောက်ခွင့် ပေးရမယ်။ (ဝတ်. ၁၉:၉၊ ၁၀) တိုင်းတစ်ပါးသားတွေကို ချစ်တာနဲ့ပတ်သက်တဲ့ မူဟာ ဒီနေ့ခေတ် ခရစ်ယာန်တွေနဲ့လည်း သက်ဆိုင်တယ်။ (လု. ၁၀:၃၀-၃၇) ဘယ်လိုနည်းနဲ့လဲ။ ကမ္ဘာတစ်ဝန်းမှာ ပြောင်းရွှေ့နေထိုင်သူ သန်းပေါင်းများစွာ ရှိလာတယ်။ သင့်အနီးဝန်းကျင်ကို ပြောင်းရွှေ့လာသူတချို့တောင် ရှိနိုင်တယ်။ အဲဒီလို ပြောင်းရွှေ့လာတဲ့ အမျိုးသား၊ အမျိုးသမီး၊ ကလေးတွေကို သိက္ခာရှိရှိ၊လေးလေးစားစား ဆက်ဆံဖို့ အရေးကြီးတယ်။ w21.12 ၁၂ ¶၁၆
တနင်္ဂနွေနေ့၊ ဇူလိုင် ၂၃
ယေဟောဝါကို ရှာတဲ့သူတွေကတော့ ကောင်းမွန်ရာ တစ်ခုမှ ချို့တဲ့မှာ မဟုတ်ဘူး။—ဆာ. ၃၄:၁၀။
အခုကတည်းက ယေဟောဝါကို ကျွန်တော်တို့ အားကိုးလေ အနာဂတ်မှာ ကူညီပေးမယ်ဆိုတာ ပိုစိတ်ချလေ ဖြစ်ပါလိမ့်မယ်။ အစည်းအဝေးကြီးအတွက် အလုပ်ရှင်ဆီ ခွင့်တောင်းဖို့၊ အစည်းအဝေး အားလုံး တက်နိုင်အောင်၊ အမှုဆောင်မှာ ပိုပါဝင်နိုင်အောင် အလုပ် အချိန်ဇယား ပြောင်းပေးပါလို့ တောင်းဆိုဖို့ ယေဟောဝါကို အားကိုးစိတ်နဲ့ ယုံကြည်ခြင်း ရှိဖို့ လိုတယ်။ ကိုယ်တောင်းဆိုတာကို အလုပ်ရှင် ငြင်းလိုက်လို့ အလုပ်ပြုတ်သွားတယ် ဆိုရင်ကော။ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်တော့မှ ပစ်ထားမှာ၊ စွန့်ခွာမှာ မဟုတ်ကြောင်း၊ အခြေခံ လိုအပ်ရာတွေကို အမြဲ ထောက်မပေးမှာ ဖြစ်ကြောင်း ယုံကြည်သလား။ (ဟီ. ၁၃:၅) အလိုအပ်ဆုံး အချိန်မှာ ယေဟောဝါ ကူညီပေးကြောင်း အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နေသူများစွာ ကိုယ်တွေ့ ကြုံခဲ့ကြပြီ။ ယေဟောဝါဘုရား သစ္စာရှိတယ်။ ကျွန်တော်တို့ဘက်မှာ ယေဟောဝါသာ ရှိနေရင် ရှေ့မှာ ဘာတွေပဲ ကြုံရပါစေ ကြောက်စရာအကြောင်း မရှိဘူး။ ဘဝမှာ နိုင်ငံတော်ကို ဦးစားထားနေသရွေ့ ဘုရား ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ဘူး။ w22.01 ၇ ¶၁၆-၁၇
တနင်္လာနေ့၊ ဇူလိုင် ၂၄
ခင်ဗျားတို့က လူတွေအတွက် မဟုတ်ဘဲ ယေဟောဝါဘုရားအတွက် တရားစီရင်နေတာ။—၂ ရာ. ၁၉:၆။
အကြီးအကဲတွေအပေါ် ကျွန်တော်တို့ရဲ့ ယုံကြည်စိတ်ချမှု ဘယ်လို စမ်းသပ်ခံရနိုင်သလဲ။ ကျွန်တော်တို့ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ တစ်ယောက် နှင်ထုတ်ခံရတဲ့အခါ အချက်အလက် အားလုံးကို အကြီးအကဲတွေ သုံးသပ်ရဲ့လား၊ ယေဟောဝါ စီရင်မယ့်နည်းအတိုင်း စီရင်တာ ဟုတ်ရဲ့လားလို့ စဉ်းစားမိနိုင်တယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်အပေါ် အမြင်မှန် ရှိဖို့ ဘာက ကူညီပေးနိုင်သလဲ။ နှင်ထုတ်ခြင်းဟာ ယေဟောဝါရဲ့ အစီအစဉ် ဖြစ်ကြောင်း၊ အသင်းတော်ကို အကျိုးပြုကြောင်း၊ အပြစ်ကျူးလွန်သူကိုလည်း အကျိုးပြုနိုင်ကြောင်း သတိရသင့်တယ်။ နောင်တမယူတဲ့ အပြစ်ကျူးလွန်သူကို အသင်းတော်မှာ ဆက်ရှိနေခွင့်ပြုရင် တခြားသူတွေအပေါ် မကောင်းတဲ့ ဩဇာ သက်ရောက်နိုင်တယ်။ (ဂလ. ၅:၉) အဲဒီအပြင် လုပ်မိတဲ့ အပြစ် ဘယ်လောက် ကြီးလေးကြောင်း သူ သိတော့မှာ မဟုတ်ဘူး။ ယေဟောဝါရဲ့ မျက်နှာသာ ပြန်ရဖို့ ကိုယ့်အတွေးအခေါ်နဲ့ လုပ်ရပ်ကို ပြင်စရာ မလိုဘူးလို့တောင် ထင်သွားနိုင်တယ်။ (ဒေ. ၈:၁၁) လူတစ်ယောက်ကို နှင်ထုတ်သင့် မသင့် ဆုံးဖြတ်ရတဲ့ တာဝန်ကို အကြီးအကဲတွေ အလေးအနက် သဘောထားကြောင်း ကျွန်တော်တို့ စိတ်ချနိုင်ပါတယ်။ w22.02 ၅-၆ ¶၁၃-၁၄
အင်္ဂါနေ့၊ ဇူလိုင် ၂၅
နင်းခြေခံရတဲ့ ကျူပင်ကို ချိုးမှာ မဟုတ်ဘူး။ ငြိမ်းခါနီး မီးစာကိုလည်း ငြိမ်းသတ်မှာ မဟုတ်ဘူး။—မ. ၁၂:၂၀။
ကျမ်းစာအခြေပြု အကြံဉာဏ်ကို တစ်ယောက်ယောက် အစပိုင်းမှာ လက်မခံတဲ့အခါ အထူးသဖြင့် စိတ်ရှည်မှု၊ ကြင်နာမှု လိုအပ်တယ်။ အကြံဉာဏ်ကို ချက်ချင်း လက်မခံတဲ့အခါ၊ မကျင့်သုံးတဲ့အခါ စိတ်မဆိုးမိဖို့ အကြီးအကဲတွေ သတိထားရမယ်။ ဒါကြောင့် အကြီးအကဲဟာ အကြံဉာဏ် လိုအပ်နေသူကို ကောင်းချီးပေးဖို့၊ အကြံပေးရတဲ့ အကြောင်းရင်းကို နားလည်ပြီး ကျင့်သုံးနိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ သီးသန့်ဆုတောင်းနိုင်တယ်။ အကြံပေးခံရတဲ့ ညီအစ်ကိုဘက်ကလည်း ရတဲ့ အကြံဉာဏ်ကို စဉ်းစားဖို့ အချိန်လိုနိုင်တယ်။ အကြီးအကဲသာ စိတ်ရှည်၊ ကြင်နာမယ်ဆိုရင် အကြံပေးတဲ့ ပုံစံကို ညီအစ်ကို အာရုံစိုက်မိမှာ မဟုတ်ဘဲ အကြံဉာဏ်ကိုပဲ အာရုံစိုက်နိုင်ပါလိမ့်မယ်။ အကြံဉာဏ်ဟာ ကျမ်းစာကို အမြဲ အခြေခံသင့်တယ်။ ကျွန်တော်တို့ရဲ့ အကြံဉာဏ်ဟာ ထိရောက်ရုံလောက်သာမက “စိတ်ကို” လည်း “ရွှင်လန်းစေ” သင့်တယ်။—ပညာ. ၂၇:၉။ w22.02 ၁၈ ¶၁၇။ ၁၉ ¶၁၉
ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၂၆
မျှော်လင့်နေတဲ့အရာက ကြန့်ကြာနေရင် စိတ်အားလျော့စေတယ်။—ပညာ. ၁၃:၁၂။
စမ်းသပ်မှုတစ်ခု၊ အားနည်းချက်တစ်ခုကို ရင်ဆိုင်နိုင်ဖို့ ခွန်အား တောင်းတဲ့အခါ အဖြေရဖို့ ထင်တာထက် ပိုကြာတယ်လို့ ခံစားရနိုင်တယ်။ ဆုတောင်းချက်တွေကို ယေဟောဝါ ဘာကြောင့် ချက်ချင်း အဖြေ မပေးတာလဲ။ စိတ်ရင်းမှန်နဲ့ တောင်းတဲ့ ဆုတောင်းချက်ကို ယုံကြည်ခြင်း ရှိတယ်ဆိုတဲ့ အထောက်အထားအဖြစ် ဘုရား ရှုမြင်တယ်။ (ဟီ. ၁၁:၆) ဆုတောင်းချက်နဲ့အညီ နေထိုင်ဖို့၊ အလိုတော် ဆောင်ဖို့ ဘယ်လောက် စိတ်ပိုင်းဖြတ်ထားကြောင်းလည်း ယေဟောဝါ သိချင်တယ်။ (၁ ယော. ၃:၂၂) ဒါကြောင့် အကျင့်ဆိုးတစ်ခု၊ အားနည်းချက်တစ်ခုကို ကျော်လွှားဖို့ ကြိုးစားတဲ့အခါတိုင်း စိတ်ရှည်ဖို့၊ ဆုတောင်းချက်နဲ့အညီ လုပ်ဆောင်ဖို့ လိုတယ်။ ဆုတောင်းချက်တချို့ ချက်ချင်း အဖြေ ရမှာ မဟုတ်ကြောင်း ယေရှု ပြောတယ်။ “တောင်းမြဲတောင်းပါ၊ ရလိမ့်မယ်။ ရှာမြဲရှာပါ၊ တွေ့လိမ့်မယ်။ ခေါက်မြဲခေါက်ပါ၊ တံခါးပွင့်လာလိမ့်မယ်။ တောင်းတဲ့သူတိုင်း ရလိမ့်မယ်။ ရှာတဲ့သူတိုင်း တွေ့လိမ့်မယ်။ ခေါက်တဲ့သူတိုင်းအတွက် တံခါးပွင့်လာလိမ့်မယ်” လို့ အားပေးတယ်။—မ. ၇:၇၊ ၈။ w21.08 ၈ ¶၁။ ၁၀ ¶၉-၁၀
ကြာသပတေးနေ့၊ ဇူလိုင် ၂၇
ပညတ်တော်ကို အလွန်နှစ်သက်ပါတယ်။ တစ်နေ့လုံး စဉ်းစားဆင်ခြင်ပါတယ်။—ဆာ. ၁၁၉:၉၇။
ဖန်ဆင်းရှင်အပေါ် ယုံကြည်ခြင်း ခိုင်မာနေအောင် ကျမ်းစာ ဆက်လေ့လာဖို့ လိုတယ်။ (ယောရှု ၁:၈) ပရောဖက်ပြုချက်တွေကို လေ့လာပါ။ ကျမ်းရေးသူတွေ မတူပေမဲ့ ရေးတဲ့ အကြောင်းအရာတွေ ကိုက်ညီမှု ရှိတယ်ဆိုတာလည်း မှတ်သားပါ။ ဒီနည်းအားဖြင့် မေတ္တာနဲ့ ဉာဏ်ပညာ ပြည့်ဝတဲ့ ဖန်ဆင်းရှင်က ကျွန်တော်တို့ကို ဖန်ဆင်းထားတယ်၊ ကျမ်းစာကို စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးသားစေတယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်မှု ခိုင်မာလာပါလိမ့်မယ်။ (၂ တိ. ၃:၁၄။ ၂ ပေ. ၁:၂၁) ကျမ်းစာအကြံဉာဏ်တွေ ဘယ်လောက် ပညာရှိကြောင်းလည်း လေ့လာပါ။ ဥပမာ၊ ငွေတပ်မက်ခြင်းဟာ အန္တရာယ် ရှိတယ်၊ “ဝေဒနာများစွာ” ရစေတယ်လို့ ကျမ်းစာမှာ ကြိုသတိပေးထားတယ်။ (၁ တိ. ၆:၉၊ ၁၀။ ပညာ. ၂၈:၂၀။ မ. ၆:၂၄) ငွေတပ်မက်ခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာ သတိပေးချက် သိပ်ပညာရှိပါတယ်။ အကျိုးပြုတဲ့ တခြားကျမ်းစာမူတွေကိုရော စဉ်းစားမိသလား။ ကျမ်းစာ အကြံဉာဏ်တွေကို ပိုတန်ဖိုးထားလေ မေတ္တာပြည့်ဝတဲ့ ဖန်ဆင်းရှင်ရဲ့ ဉာဏ်ပညာကို အမြဲ အားကိုးလေ ဖြစ်လာမယ်။ (ယာ. ၁:၅) ရလဒ်အနေနဲ့ ဘဝမှာ ပိုပျော်ရွှင်လာမယ်။—ဟေရှာ. ၄၈:၁၇၊ ၁၈။ w21.08 ၁၇-၁၈ ¶၁၂-၁၃
သောကြာနေ့၊ ဇူလိုင် ၂၈
ဘုရားသခင်ဟာ ဖြောင့်မတ်တဲ့ဘုရား ဖြစ်လို့ ခင်ဗျားတို့ရဲ့ လုပ်ရပ်ကို၊ နာမတော်အတွက်ပြတဲ့ မေတ္တာကို ဘယ်တော့မှ မမေ့ပါဘူး။—ဟီ. ၆:၁၀။
သင် အသက်ကြီးလာပြီဆိုရင် အရင်က လုပ်ခဲ့တာတွေကို ယေဟောဝါ သတိရတယ်ဆိုတာ စိတ်ချပါ။ သင်ဟာ ဟောပြောခြင်းလုပ်ငန်းကို ဇွဲရှိရှိ ထောက်မခဲ့တယ်။ အခက်အခဲတွေ၊ နာကျင်ကြေကွဲစရာတွေကို ခံရပ်ခဲ့တယ်။ ဖြောင့်မတ်တဲ့ ကျမ်းစာစံနှုန်းတွေအတိုင်း နေထိုင်တယ်။ တာဝန်ကြီးတွေ ထမ်းဆောင်ခဲ့တယ်။ တခြားသူတွေကို လေ့ကျင့်ပေးခဲ့တယ်။ ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့ အတတ်နိုင်ဆုံး အမီလိုက်တယ်။ အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နေသူတွေကို အားပေးထောက်မတယ်။ အဲဒီလို သစ္စာရှိမှုအတွက် ယေဟောဝါ သိပ်ချစ်မြတ်နိုးတယ်။ “သစ္စာစောင့်သိသူတွေကို ဘယ်တော့မှ မစွန့်ဘူး” လို့ ကတိပေးထားတယ်။ (ဆာ. ၃၇:၂၈) “မင်းတို့ ဆံပင်ဖြူလာချိန်အထိ ငါကျောပိုးထားဦးမှာပါ” လို့ အာမခံထားတယ်။ (ဟေရှာ. ၄၆:၄) ဒါကြောင့် အသက်ကြီးလာလို့ ဘုရားအဖွဲ့အစည်းမှာ အရေးမပါတော့ဘူးဆိုပြီး မယူဆလိုက်ပါနဲ့။ သင် သိပ်ကို အရေးပါနေဆဲပါ။ w21.09 ၃ ¶၄
စနေနေ့၊ ဇူလိုင် ၂၉
ယေဟောဝါက မိမိကို ကြောက်ရွံ့သူတွေကို ကရုဏာ ပြတယ်။—ဆာ. ၁၀၃:၁၃။
ယေဟောဝါ ဉာဏ်ပညာ ရှိလို့ ကရုဏာ ပြတယ်။ “အထက်ကလာတဲ့ ဉာဏ်ပညာ” ဟာ “ကရုဏာတွေ၊ အကျင့်ကောင်းတွေနဲ့ ပြည့်စုံတယ်” လို့ ကျမ်းစာမှာ ပြောထားတယ်။ (ယာ. ၃:၁၇) မေတ္တာရှိတဲ့ မိဘလိုပဲ ကရုဏာဟာ သားသမီးတွေကို အကျိုးပြုမှန်း ယေဟောဝါ သိတယ်။ (ဟေရှာ. ၄၉:၁၅) ကျွန်တော်တို့ မစုံလင်ပေမဲ့ ဘုရားကရုဏာကြောင့် မျှော်လင့်ချက် ရှိလာတယ်။ ယေဟောဝါဟာ ဉာဏ်ပညာ ရှိတဲ့အတွက် ကရုဏာ ပြသင့်တဲ့ အကြောင်းရင်း ရှိတိုင်း ကရုဏာ ပြတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ ကရုဏာဟာ မျှတမှု ရှိတယ်။ အမှားလုပ်တာကို ခွင့်ပြုတဲ့အထိတော့ ကရုဏာ မပြဘူး။ ဘုရားကျေးကျွန်တစ်ယောက် တမင်တကာ အပြစ်လမ်းစဉ် လိုက်နေတယ် ဆိုပါစို့။ ကျွန်တော်တို့ ဘာလုပ်သင့်သလဲ။ ‘သူနဲ့ မပေါင်းဖော်နဲ့’ လို့ အသင်းတော်ကို ပေါလု ပြောတယ်။ (၁ ကော. ၅:၁၁) နောင်တ မယူတဲ့ အပြစ်ကျူးလွန်သူတွေကို အသင်းတော်ကနေ နှင်ထုတ်တယ်။ သစ္စာရှိ ညီအစ်ကို/မတွေကို ကာကွယ်ဖို့၊ ယေဟောဝါရဲ့ စံနှုန်းတွေကို ထောက်ခံကြောင်း ပြဖို့ပါ။ w21.10 ၉-၁၀ ¶၇-၈
တနင်္ဂနွေနေ့၊ ဇူလိုင် ၃၀
စေတနာစိတ်နဲ့ လှူဒါန်းတဲ့သူကိုပဲ ဘုရားသခင် ချစ်မြတ်နိုးတယ်။—၂ ကော. ၉:၇။
နိုင်ငံတော်လုပ်ငန်းကို ထောက်ပံ့ဖို့ အလှူငွေ ထည့်ဝင်တာဟာ ယေဟောဝါကို ဝတ်ပြုနေတာ ဖြစ်တယ်။ အစ္စရေးတွေဟာ ယေဟောဝါရှေ့ကို လက်ဗလာနဲ့ မလာရဘူး။ (တရား. ၁၆:၁၆) ကိုယ်တတ်နိုင်သလောက် အလှူတွေ ယူလာကြရတယ်။ ဒီနည်းအားဖြင့် ဝတ်ပြုရေးအတွက် ယေဟောဝါ လုပ်ပေးတာအားလုံးကို ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြကြတယ်။ ကျွန်တော်တို့လည်း ယေဟောဝါကို ချစ်ကြောင်း၊ ဝတ်ပြုရေးအတွက် ဘုရား လုပ်ပေးတာတွေကို ကျေးဇူးတင်လေးမြတ်ကြောင်း ဘယ်လို ပြနိုင်သလဲ။ တစ်နည်းကတော့ ဒေသခံ အသင်းတော်နဲ့ ကမ္ဘာချီ လုပ်ငန်းအတွက် ကိုယ်တတ်နိုင်သလောက် ငွေကြေးထောက်ပံ့ခြင်းအားဖြင့်ပါပဲ။ “စေတနာစိတ်နဲ့ ပေးလှူတာကို ဘုရားသခင် နှစ်သက်တယ်။ မတတ်နိုင်တာကို မဟုတ်ဘဲ တတ်နိုင်တာကို ပေးလှူဖို့ ဘုရားသခင် မျှော်လင့်တယ်” လို့ တမန်တော် ပေါလု ပြောတယ်။ (၂ ကော. ၈:၄၊ ၁၂) ဘယ်လောက်ပဲ ဖြစ်ပါစေ စေတနာစိတ်နဲ့ ပေးလှူတာကို ယေဟောဝါ တန်ဖိုးထားတယ်။—မာ. ၁၂:၄၂-၄၄။ w22.03 ၂၄ ¶၁၃
တနင်္လာနေ့၊ ဇူလိုင် ၃၁
စိတ်ဓာတ်ကျနေသူတွေကို ကြင်ကြင်နာနာ ပြော[ပါ]၊ အားနည်းသူတွေကို ထောက်မပေး[ပါ]၊ လူတိုင်းကို စိတ်ရှည်[ပါ]။—၁ သက်. ၅:၁၄။
ယေဟောဝါရဲ့ လူမျိုး ကြုံနေရတဲ့ ပြဿနာအားလုံးကို အကြီးအကဲတွေ မဖယ်ရှားပေးနိုင်ဘူး။ ဒါပေမဲ့ သိုးတော်စုကို အားပေးဖို့၊ ကာကွယ်ပေးဖို့ အကြီးအကဲတွေဆီက ယေဟောဝါ မျှော်လင့်တယ်။ လိုအပ်သူတွေကို ကူညီပေးဖို့ အလုပ်များတဲ့ အကြီးအကဲတွေ ဘယ်လို အချိန်ရမလဲ။တမန်တော် ပေါလုရဲ့ ပုံသက်သေကို တုပပါ။ ပေါလုဟာ ညီအစ်ကိုတွေကို အခွင့်အရေးရှာ ချီးမွမ်း၊ အားပေးတယ်။ အကြီးအကဲတွေလည်း ယေဟောဝါရဲ့ လူမျိုးကို မေတ္တာနဲ့ ကြင်နာစွာ ဆက်ဆံခြင်းအားဖြင့် ပေါလုရဲ့ ပုံသက်သေကို တုပသင့်တယ်။ (၁ သက်. ၂:၇) ညီအစ်ကို/မတွေကို မိမိ ချစ်ကြောင်း၊ ယေဟောဝါလည်း ချစ်ကြောင်း ပေါလု စိတ်ချစေတယ်။ (၂ ကော. ၂:၄။ ဧ. ၂:၄၊ ၅) အသင်းတော်မှာ ရှိသူတွေကို မိတ်ဆွေတွေအဖြစ် အချိန်ပေး ပေါင်းသင်းတယ်။ ကိုယ့်ရဲ့ စိုးရိမ်မှုတွေ၊ အားနည်းချက်တွေကို ဖွင့်ပြောခြင်းအားဖြင့် သူတို့ကို ယုံကြည်စိတ်ချကြောင်း ပြတယ်။ (၂ ကော. ၇:၅။ ၁ တိ. ၁:၁၅) ကိုယ့်ပြဿနာတွေကိုပဲ အာရုံစိုက်မယ့်အစား ညီအစ်ကို/မတွေကို ကူညီပေးချင်တယ်။ w22.03 ၂၈ ¶၉-၁၀