ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • es24 စာ. ၁၁၈-၁၂၈
  • ဒီဇင်ဘာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဒီဇင်ဘာ
  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၄
  • ခေါင်းစ‎ဥ်ငယ်များ
  • တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၁
  • တနင်္လာနေ့၊ ဒီဇင်ဘာ ၂
  • အင်္ဂါနေ့၊ ဒီဇင်ဘာ ၃
  • ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၄
  • ကြာသပတေးနေ့၊ ဒီဇင်ဘာ ၅
  • သောကြာနေ့၊ ဒီဇင်ဘာ ၆
  • စနေနေ့၊ ဒီဇင်ဘာ ၇
  • တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၈
  • တနင်္လာနေ့၊ ဒီဇင်ဘာ ၉
  • အင်္ဂါနေ့၊ ဒီဇင်ဘာ ၁၀
  • ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၁၁
  • ကြာသပတေးနေ့၊ ဒီဇင်ဘာ ၁၂
  • သောကြာနေ့၊ ဒီဇင်ဘာ ၁၃
  • စနေနေ့၊ ဒီဇင်ဘာ ၁၄
  • တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၁၅
  • တနင်္လာနေ့၊ ဒီဇင်ဘာ ၁၆
  • အင်္ဂါနေ့၊ ဒီဇင်ဘာ ၁၇
  • ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၁၈
  • ကြာသပတေးနေ့၊ ဒီဇင်ဘာ ၁၉
  • သောကြာနေ့၊ ဒီဇင်ဘာ ၂၀
  • စနေနေ့၊ ဒီဇင်ဘာ ၂၁
  • တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၂၂
  • တနင်္လာနေ့၊ ဒီဇင်ဘာ ၂၃
  • အင်္ဂါနေ့၊ ဒီဇင်ဘာ ၂၄
  • ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၂၅
  • ကြာသပတေးနေ့၊ ဒီဇင်ဘာ ၂၆
  • သောကြာနေ့၊ ဒီဇင်ဘာ ၂၇
  • စနေနေ့၊ ဒီဇင်ဘာ ၂၈
  • တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၂၉
  • တနင်္လာနေ့၊ ဒီဇင်ဘာ ၃၀
  • အင်္ဂါနေ့၊ ဒီဇင်ဘာ ၃၁
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၄
es24 စာ. ၁၁၈-၁၂၈

ဒီဇင်ဘာ

တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၁

ကျွန်တော် နှစ်ခြင်းမခံရအောင် ဘာက တားဆီးနေလို့လဲ။—တ. ၈:၃၆။

အီသီယိုးပီးယား အရာရှိ နှစ်ခြင်းခံဖို့ တကယ် အဆင်သင့် ဖြစ်ပြီလား။ စဉ်းစားကြည့်ပါ။ အီသီယိုးပီးယား အရာရှိက “ဂျေရုဆလင်မြို့မှာ သွားဝတ်ပြု” တယ်။ (တ. ၈:၂၇) ဒါကြောင့် ဂျူးဘာသာ ပြောင်းဝင်လာသူ ဖြစ်ရမယ်။ ဟီဘရူး ကျမ်းစောင်တွေကနေ ယေဟောဝါဘုရားအကြောင်း သင်ယူခဲ့မှာ သေချာတယ်။ ဒါပေမဲ့ ထပ်လေ့လာသင်ယူချင်နေတုန်းပဲ။ လမ်းမှာ ဖိလိပ္ပုနဲ့ တွေ့တဲ့အချိန် ပရောဖက် ဟေရှာယကျမ်း ဖတ်နေတယ်။ (တ. ၈:၂၈) အီသီယိုးပီးယား အရာရှိဟာ ဆက်လေ့လာသင်ယူချင်တယ်။ ဂျေရုဆလင်မြို့ ဗိမာန်တော်မှာ ယေဟောဝါကို ဝတ်ပြုဖို့ အီသီယိုးပီးယားကနေ ခရီးဝေး နှင်ခဲ့တယ်။ ယေရှုဟာ မေရှိယ ဖြစ်တယ်ဆိုတဲ့ အချက် အပါအဝင် အရေးကြီး အမှန်တရားအသစ်တချို့ကို ဖိလိပ္ပုဆီကနေ သိလိုက်ရတယ်။ (တ. ၈:၃၄၊ ၃၅) ယေရှုခရစ်ရဲ့ နောက်လိုက်အဖြစ် နှစ်ခြင်းခံဖို့ ဆုံးဖြတ်လိုက်တယ်။ ယေဟောဝါနဲ့ သားတော်ကို ချစ်တဲ့ မေတ္တာ တိုးများနေပြီ။ အီသီယိုးပီးယား အရာရှိ အဆင်သင့်ဖြစ်ပြီဆိုတာ ဖိလိပ္ပု မြင်တဲ့အတွက် နှစ်ခြင်းပေးလိုက်တယ်။ w23.03 ၈-၉ ¶၃-၆

တနင်္လာနေ့၊ ဒီဇင်ဘာ ၂

စကားပြောဆိုတဲ့အခါ အမြဲ ယဉ်ကျေးသိမ်မွေ့ကြပါ။—ကော. ၄:၆။

အမှန်အတိုင်း မပြောရင် ယေဟောဝါရဲ့ နှစ်သက်မှု မရနိုင်ဘူး။ (ပညာ. ၆:၁၆၊ ၁၇) ဒီနေ့ခေတ် လူများစွာအတွက် လိမ်ပြောတာ ဘာမှ မဆန်းပေမဲ့ ကျွန်တော်တို့ကတော့ ယေဟောဝါရဲ့ အမြင်မျိုး ရှိရမယ်။ (ဆာ. ၁၅:၁၊ ၂) တမင်တကာ လိမ်ပြောတာ၊ ထင်ယောင်ထင်မှား ဖြစ်အောင် ပြောတာတွေကို ရှောင်ရမယ်။ အန္တရာယ်ရှိတဲ့ အတင်းအဖျင်း ပြောတာကိုလည်း ရှောင်ရမယ်။ (ပညာ. ၂၅:၂၃။ ၂ သက်. ၃:၁၁) စကားပြောနေရင်း အန္တရာယ်ရှိတဲ့ အတင်းအဖျင်းဘက် ရောက်သွားရင် လမ်းကြောင်း ပြောင်းလိုက်ပါ။ မကောင်းတဲ့ အပြောအဆို ပျံ့နှံ့နေတဲ့ လောကမှာ ကျွန်တော်တို့ အသက်ရှင်နေရတဲ့အတွက် ယေဟောဝါ နှစ်သက်တဲ့ အပြောအဆို ဖြစ်အောင် ကြိုးစားအားထုတ်ရမယ်။ အမှုဆောင်လုပ်ငန်းမှာ၊ အစည်းအဝေးတွေမှာ၊ နေ့စဉ် စကားပြောဆိုရာမှာ အပြုသဘောပါပါ ပြောဆိုဖို့ ကြိုးစားရင် ဘုရား ကောင်းချီးပေးပါလိမ့်မယ်။ ဘုရားတရားမဲ့တဲ့ အစီအစဉ်စနစ် အဆုံးတိုင်တဲ့အခါ ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းဖို့ ပိုလွယ်ကူလာပါလိမ့်မယ်။—ယု. ၁၅။ w22.04 ၉ ¶၁၈-၂၀

အင်္ဂါနေ့၊ ဒီဇင်ဘာ ၃

ဘုရားသခင်က အရင်ဦးဆုံး ချစ်ခဲ့လို့ ကျွန်တော်တို့လည်း ချစ်တတ်ကြတာပါ။—၁ ယော. ၄:၁၉။

ကျွန်တော်တို့ကို ယေဟောဝါနဲ့ ယေရှု ဘယ်လောက် ချစ်တယ်ဆိုတာ စဉ်းစားလိုက်တဲ့အခါ သူတို့ကို ပြန်ချစ်ဖို့ လှုံ့ဆော်ခံရတယ်။ (၁ ယော. ၄:၁၀) ကိုယ့်အတွက် ယေရှု အသေခံသွားတယ်ဆိုတာ သိရတဲ့အခါ ပိုတောင် ချစ်လာတယ်။ ဒါကို တမန်တော် ပေါလု အသိအမှတ်ပြုပြီး ကျေးဇူးတင်ကြောင်း ပြောတယ်။ “ကျွန်တော့်ကိုချစ်ပြီး ကျွန်တော့်အတွက် အသက်စွန့်ခဲ့တဲ့ ဘုရားသခင့်သားတော်” လို့ ဂလာတိမြို့က ခရစ်ယာန်တွေဆီ ရေးခဲ့တယ်။ (ဂလ. ၂:၂၀) မိမိနဲ့ မိတ်ဆွေ ဖြစ်ဖို့ သင့်ကို ယေဟောဝါ ဆွဲဆောင်နိုင်တာဟာ ရွေးဖိုးကြောင့်ပါ။ (ယော. ၆:၄၄) သင့်စိတ်ထဲက ကောင်းတာတစ်ခုခုကို ယေဟောဝါ တွေ့မှန်း၊ မိတ်ဆွေ ဖြစ်နိုင်ဖို့ အကြီးမားဆုံး တန်ဖိုး ပေးဆက်ခဲ့မှန်း သိရလို့ အားရှိတယ် မဟုတ်လား။ ယေဟောဝါနဲ့ ယေရှုကို ပိုချစ်လာတယ် မဟုတ်လား။ ‘အဲဒီမေတ္တာက ဘာလုပ်ဖို့ ငါ့ကို တွန်းအားပေးသလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ ယေဟောဝါနဲ့ ယေရှုကို ချစ်တဲ့မေတ္တာက တခြားသူတွေကို ချစ်ဖို့ လှုံ့ဆော်ပေးတယ်။—၂ ကော. ၅:၁၄၊ ၁၅။ ၆:၁၊ ၂။ w23.01 ၂၈ ¶၆-၇

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၄

လူတွေရဲ့ ဘာသာစကားကို စင်ကြယ်တဲ့ဘာသာစကား ဖြစ်အောင် ငါ ပြောင်းလဲပေးမယ်။—ဇေ. ၃:၉။

မိမိကို “စည်းလုံးစွာ ဝတ်ပြု” နေဖို့ ဆိုတဲ့ ယေဟောဝါရဲ့ ရည်ရွယ်ချက်မှာ ကျမ်းစာဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတယ်။ နှိမ့်ချတဲ့ စာဖတ်သူတွေပဲ နားလည်နိုင်မယ့်နည်းနဲ့ ကျမ်းစောင်တွေကို ယေဟောဝါ ရေးသားစေတယ်။ (လု. ၁၀:၂၁) နေရာတိုင်းမှာ ရှိတဲ့ လူတွေ ကျမ်းစာဖတ်ကြတယ်။ ဒါပေမဲ့ နှိမ့်ချသူတွေပဲ ကျမ်းစာကို နားလည်ပြီး လက်တွေ့ကျင့်ကြတယ်။ (၂ ကော. ၃:၁၅၊ ၁၆) ကျမ်းစာမှာ ပါတဲ့ ယေဟောဝါရဲ့ ဉာဏ်ပညာ ကျွန်တော်တို့ တွေ့နိုင်တယ်။ အုပ်စုလိုက်ကိုသာမက တစ်ဦးချင်းစီကို လမ်းညွှန်၊ နှစ်သိမ့်ပေးဖို့ ကျမ်းစာကို ယေဟောဝါ အသုံးပြုတယ်။ ကျမ်းစာ ဖတ်တဲ့အခါ ကိုယ့်ကို ယေဟောဝါ သတ်သတ်မှတ်မှတ် ဂရုစိုက်နေတယ်လို့ ကျွန်တော်တို့အားလုံး ခံစားကြရတယ်။ (ဟေရှာ. ၃၀:၂၁) ကျမ်းစာ ဖွင့်ဖတ်လိုက်တာနဲ့ ဒီအခန်းငယ်က ကိုယ့်အတွက် ရေးထားသလားလို့ မကြာမကြာ ခံစားရတယ် မဟုတ်လား။ တကယ်တော့ သန်းနဲ့ချီတဲ့ လူတွေ စိတ်ထိမိစေမယ့်နည်းနဲ့ ကျမ်းစာကို ရေးထားတာ။ ဒါပေမဲ့ သင့်လိုအပ်ချက်နဲ့ ကွက်တိကျမယ့် အချက်အလက်တွေ ကျမ်းစာမှာ ဘယ်လိုလုပ် ပါနေသလဲ။ ကျမ်းစာအာဘော်ရှင်ဟာ စကြဝဠာမှာ ဉာဏ်ပညာ အရှိဆုံး ပုဂ္ဂိုလ် ဖြစ်လို့ပါ။—၂ တိ. ၃:၁၆၊ ၁၇။ w23.02 ၄-၅ ¶၈-၁၀

ကြာသပတေးနေ့၊ ဒီဇင်ဘာ ၅

အဲဒီအရာတွေကို ဆင်ခြင်သုံးသပ်ပါ။ လူအားလုံးရှေ့ မင်းရဲ့ တိုးတက်မှုကို ထင်ရှားမြင်သာစေဖို့ အဲဒီအရာတွေမှာ အာရုံနှစ်ထားပါ။—၁ တိ. ၄:၁၅။

ခရစ်ယာန်စစ်တွေအနေနဲ့ ယေဟောဝါကို ကျွန်တော်တို့ ချစ်ကြတယ်။ ဘုရားအမှုတော်မှာ အကောင်းဆုံး ပေးဆက်ချင်ကြတယ်။ အဲဒီလို ပေးဆက်နိုင်ဖို့ ခရစ်ယာန် အရည်အသွေးတွေ မွေးမြူခြင်း၊ အသုံးဝင်တဲ့ အတတ်ပညာတွေ သင်ယူခြင်း၊ တခြားသူတွေရဲ့ အကျိုးဆောင်ဖို့ နည်းလမ်းရှာခြင်း စတဲ့ ဘုရားရေးရာ ပန်းတိုင်တွေ ချထားဖို့ လိုတယ်။ ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်ဖို့ ဘာကြောင့် လိုသလဲ။ အဓိကကတော့ မေတ္တာရှင် ကောင်းကင်ဖခင်ကို ပျော်ရွှင်စေချင်လို့ပဲ။ အမှုတော်မှာ ကျွန်တော်တို့ရဲ့ အစွမ်းအစ၊ အရည်အချင်းတွေကို အပြည့်အဝ အသုံးချနေတာ မြင်တဲ့အခါ ယေဟောဝါ ပျော်ရွှင်တယ်။ ဒါ့အပြင် ညီအစ်ကို/မတွေကို ပိုကူညီပေးချင်လို့ ဘုရားရေးရာဘက် တိုးတက်ဖို့ ကြိုးစားကြတယ်။ (၁ သက်. ၄:၉၊ ၁၀) အမှန်တရားမှာ ရှိတာ ဘယ်လောက်ပဲ ကြာနေပါစေ ဘုရားရေးရာဘက် တိုးတက်အောင် လုပ်နိုင်တယ်။ w22.04 ၂၂ ¶၁-၂

သောကြာနေ့၊ ဒီဇင်ဘာ ၆

သူ့အသားကို စားပြီး သူ့ကို အစအန မကျန်အောင် မီးရှို့ပစ်လိမ့်မယ်။—ဗျာ. ၁၇:၁၆။

မကြာခင် မှားယွင်းတဲ့ ကမ္ဘာ့ဘာသာရေး အင်ပါယာ မဟာဗာဗုလုန်ကို ကမ္ဘာ့တိုင်းနိုင်ငံတွေ တိုက်ခိုက်တော့မယ်။ ဒီတိုက်ခိုက်မှုဟာ ကြီးစွာသောဒုက္ခရဲ့ အစ ဖြစ်ပါလိမ့်မယ်။ အဲဒီအချိန်မှာ လူတွေ ယေဟောဝါဆီ ခြေဦးလှည့်လာကြမလား။ လှည့်လာမှာ မဟုတ်ဘူး။ ဗျာဒိတ် အခန်းကြီး ၆ အရ ခက်ခဲတဲ့ အဲဒီအချိန်မှာ ယေဟောဝါကို မကိုးကွယ်သူတွေဟာ တောင်နဲ့ တူတဲ့ လောက နိုင်ငံရေး၊ စီးပွားရေး အဖွဲ့အစည်းတွေဆီကနေ အကာအကွယ် ယူကြမယ်။ ဘုရားနိုင်ငံတော်ဘက် မရပ်တည်တဲ့အတွက် ဆန့်ကျင်သူတွေအဖြစ် သူတို့ကို ယေဟောဝါ သတ်မှတ်မယ်။ (လု. ၁၁:၂၃။ ဗျာ. ၆:၁၅-၁၇) ခက်ခဲတဲ့ အဲဒီဒုက္ခကာလအတွင်း ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန်တွေဟာ ထူးထူးခြားခြား ကွဲထွက်နေမယ်။ ကမ္ဘာပေါ်မှာ ယေဟောဝါဘုရားကို ဆက်ဝတ်ပြုနေတဲ့၊ “သားရဲ” ကို မထောက်ခံတဲ့ တစ်ခုတည်းသော အုပ်စု ဖြစ်နေပါလိမ့်မယ်။—ဗျာ. ၁၃:၁၄-၁၇။ w22.05 ၁၆-၁၇ ¶၈-၉

စနေနေ့၊ ဒီဇင်ဘာ ၇

သူက ကမ္ဘာပေါ်နေထိုင်သူတွေ၊ လူမျိုး၊ လူမျိုးနွယ်၊ ဘာသာစကားအမျိုးမျိုး ပြောတဲ့လူတွေ၊ လူစုတွေကို ထာဝရသတင်းကောင်း ကြေညာနေတယ်။—ဗျာ. ၁၄:၆။

ဘုရားလူမျိုးဟာ “နိုင်ငံတော် သတင်းကောင်း” ကိုပဲ ကြေညာတာ မဟုတ်ဘူး။ (မ. ၂၄:၁၄) ဗျာဒိတ် အခန်းကြီး ၈ ကနေ ၁၀ မှာ ဖော်ပြထားတဲ့ ကောင်းကင်တမန်တွေရဲ့ လုပ်ငန်းကိုလည်း ထောက်မနေကြတယ်။ အဲဒီကောင်းကင်တမန်တွေဟာ ဘုရားနိုင်ငံတော်ကို ငြင်းပယ်သူတွေအတွက် အဖြစ်ဆိုးတွေ ကြေညာနေတယ်။ ဒါကြောင့် ယေဟောဝါသက်သေတွေဟာ ဆိုးညစ်တဲ့ စာတန့်လောက အစိတ်အပိုင်း အသီးသီးအပေါ် ဘုရားရဲ့ တရားစီရင်ချက်ကို ဖော်ပြတဲ့ သတင်း ကြေညာနေကြတယ်။ အဲဒီတရားစီရင်ချက် သတင်းကို “မီးတွေ၊ မိုးသီးတွေ” နဲ့ ခိုင်းနှိုင်းထားတယ်။ (ဗျာ. ၈:၇၊ ၁၃) အဆုံး သိပ်နီးနေပြီဆိုတာ လူတွေ သိဖို့ လိုတယ်။ ဒါမှ ဘဝမှာ အပြောင်းအလဲကြီးတွေ လုပ်နိုင်မှာ ဖြစ်ပြီး ယေဟောဝါရဲ့ အမျက်တော်နေ့ကနေ လွတ်မြောက်နိုင်မှာ ဖြစ်တယ်။ (ဇေ. ၂:၂၊ ၃) ဒါပေမဲ့ အဲဒီသတင်းကို လူတွေ မကြိုက်ကြဘူး။ ဒါကြောင့် အဲဒီသတင်း ကြေညာနိုင်ဖို့ ရဲစွမ်းသတ္တိ လိုတယ်။ ကြီးစွာသောဒုက္ခအတွင်း နောက်ဆုံး တရားစီရင်ချက်သတင်းဟာ ဒီ့ထက်တောင် ပိုပြင်းထန်ဦးမယ်။—ဗျာ. ၁၆:၂၁။ w22.05 ၇ ¶၁၈-၁၉

တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၈

ယေဟောဝါဘုရားကို စိတ်စွမ်း ရှိသမျှ၊ ကိုယ်စွမ်း ရှိသမျှ၊ ဉာဏ်စွမ်း ရှိသမျှနဲ့ ချစ်ပါ။—မ. ၂၂:၃၇။

မိဘ ဖြစ်လာတော့မယ့် ခရစ်ယာန် မောင်နှံစုံအကြောင်း သုံးသပ်ကြည့်ပါ။ သားသမီး ပြုစုပျိုးထောင်ခြင်းအကြောင်း နှစ်တွေတစ်လျှောက် ဟောပြောချက် အများကြီး ကြားဖူးတယ်။ အခုတော့ အဲဒီကျမ်းစာမူတွေ သူတို့အတွက် အဓိပ္ပာယ် ပိုရှိလာပြီ။ ကိုယ်တိုင် သားသမီး ပြုစုပျိုးထောင်ရတော့မှာမို့လို့ပဲ။ တကယ့် တာဝန်ကြီးပါပဲ။ အခြေအနေ ပြောင်းသွားတဲ့အခါ ကောင်းကောင်း သိထားပြီးသား ကျမ်းစာမူတွေအပေါ် အမြင် ပြောင်းလဲသွားနိုင်တယ်။ ဒါကြောင့် ယေဟောဝါကို ဝတ်ပြုသူတွေဟာ အစ္စရေး ဘုရင်တွေ မိန့်မှာခံခဲ့ရသလို ကျမ်းစာကို “တစ်သက်လုံး” ဖတ်ရှုဆင်ခြင်ကြတာ ဖြစ်တယ်။ (တရား. ၁၇:၁၉) မိဘတွေဟာ သားသမီးတွေကို ယေဟောဝါအကြောင်း သင်ပေးခြင်းဆိုတဲ့ အခွင့်ထူးကြီး ရထားတယ်။ ဘုရားကို သူတို့ သိရုံသာ မဟုတ်ဘဲ ချစ်လာအောင် ကူညီပေးချင်ကြမှာပဲ။ w22.05 ၂၆ ¶၂-၃

တနင်္လာနေ့၊ ဒီဇင်ဘာ ၉

စရိုက်သစ်ကို ဝတ်ဆင်ကြပါ။—ကော. ၃:၁၀။

လုပ်မိတဲ့ အပြစ်အတွက် စိတ်မကောင်း ဖြစ်ရုံနဲ့ မလုံလောက်ဘူး။ ဘဝလမ်းစဉ်နဲ့ လုပ်ရပ်ကို ပြောင်းလဲဖို့ လိုအပ်တယ်။ ခွင့်လွှတ်မလွှတ် ဆုံးဖြတ်တဲ့အခါ ယေဟောဝါ ထည့်စဉ်းစားတဲ့ တစ်ချက်ကတော့ ပြောင်းလဲခြင်း ဆိုတာပဲ။ ပြောင်းလဲခြင်းဆိုတာ “ပြန်လှည့်” လာတာ၊ တစ်နည်းအားဖြင့် မကောင်းတဲ့ လမ်းစဉ်ကို စွန့်ပြီး ယေဟောဝါရဲ့ လမ်းစဉ်အတိုင်း လိုက်တာကို ဆိုလိုတယ်။ (ဟေရှာ. ၅၅:၇) ယေဟောဝါ စဉ်းစားသလို စဉ်းစားတတ်ဖို့ စိတ်သဘောကို ပြောင်းလဲရမယ်။ (ရော. ၁၂:၂။ ဧ. ၄:၂၃) မကောင်းတဲ့ အတွေးအခေါ်၊ လုပ်ရပ်တွေကို စွန့်ဖို့ စိတ်ပိုင်းဖြတ်ရမယ်။ (ကော. ၃:၇-၉) ဒါပေမဲ့ ကျွန်တော်တို့ကို ခွင့်လွှတ်ဖို့၊ အပြစ်တွေ သန့်စင်ပေးဖို့ ယေဟောဝါ ဆုံးဖြတ်ရတဲ့ အဓိက အကြောင်းရင်းကတော့ ခရစ်တော်ရဲ့ ပူဇော်သက္ကာကို ကျွန်တော်တို့ ယုံကြည်လို့ပါပဲ။ ဘဝလမ်းစဉ် ပြောင်းဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားနေတာကို ယေဟောဝါ မြင်တဲ့အခါ အဲဒီပူဇော်သက္ကာကို အခြေခံပြီး ခွင့်လွှတ်ပေးတယ်။—၁ ယော. ၁:၇။ w22.06 ၆ ¶၁၆-၁၇

အင်္ဂါနေ့၊ ဒီဇင်ဘာ ၁၀

ကြုံရတော့မယ့် ဆင်းရဲဒုက္ခတွေကို မကြောက်ပါနဲ့။—ဗျာ. ၂:၁၀။

သမိုင်းတစ်လျှောက် လူတွေဟာ အချင်းချင်း ထိခိုက်နစ်နာစေကြတယ်။ (ဒေ. ၈:၉) ဥပမာ၊ အခွင့်အာဏာ တလွဲသုံးကြတယ်။ ရာဇဝတ်သားတွေက အကြမ်းဖက်ကြတယ်။ ကျောင်းသားဆိုးတွေက အတန်းဖော်တွေကို အနိုင်ကျင့်၊ ခြိမ်းခြောက်ကြတယ်။ တချို့က အိမ်တွင်း အကြမ်းဖက်ကြတယ်။ ဒါကြောင့် လူလူချင်း ကြောက်တာ မဆန်းပါဘူး။ လူလူချင်း ကြောက်တဲ့ စိတ်ကို စာတန် ဘယ်လို အသုံးချသလဲ။ ကျွန်တော်တို့ ဘုရားပညတ် ချိုးဖောက်မိအောင်၊ မဟောပြောတော့အောင် လူကြောက်တဲ့ စိတ်ကို အသုံးချတယ်။ စာတန့် ဩဇာခံ အစိုးရတွေက ကျွန်တော်တို့ရဲ့ လုပ်ငန်းကို ပိတ်ပင်တယ်။ ကျွန်တော်တို့ကို နှိပ်စက်ညှဉ်းပန်းတယ်။ (လု. ၂၁:၁၂) လူများစွာက ယေဟောဝါသက်သေတွေအကြောင်း မဟုတ်မမှန် သတင်း ဖြန့်ကြတယ်။ အဲဒီသတင်းတွေကို ယုံတဲ့သူတွေက ကျွန်တော်တို့ကို လှောင်ပြောင်၊ တိုက်ခိုက်နိုင်တယ်။ (မ. ၁၀:၃၆) စာတန့်ပရိယာယ်တွေကို ကျွန်တော်တို့ အံ့ဩသလား။ မအံ့ဩပါဘူး။ ပထမရာစုတုန်းကလည်း အဲဒီပရိယာယ်တွေကို စာတန် သုံးခဲ့တာပဲ။—တ. ၅:၂၇၊ ၂၈၊ ၄၀။ w22.06 ၁၆ ¶၁၀-၁၁

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၁၁

လူများစွာကို ဖြောင့်မတ်တဲ့ လမ်းစဉ် လိုက်စေတဲ့သူတွေဟာ ကြယ်တွေလို အစဉ်ထာဝရ ထွန်းလင်းနေလိမ့်မယ်။—ဒံ. ၁၂:၃။

ဖြောင့်မတ်တဲ့ လမ်းစဉ် လိုက်မယ့် “လူများစွာ” ထဲမှာ ဘယ်သူတွေ ပါမလဲ။ ထမြောက်လာသူတွေ၊ အာမဂေဒုန်ကနေ လွတ်မြောက်လာသူတွေ၊ ကမ္ဘာသစ်မှာ မွေးလာမယ့် ကလေးတွေ ပါမယ်။ အနှစ် ၁၀၀၀ အကုန်မှာ ကမ္ဘာမြေပေါ် အသက်ရှင်သူတိုင်း စုံလင်နေကြမယ်။ စုံလင်တယ်ဆိုတာနဲ့ ထာဝရအသက် အလိုလို ရမှာ မဟုတ်ကြောင်း သတိရရမယ်။ အာဒံနဲ့ ဧဝအကြောင်း စဉ်းစားကြည့်ပါ။ စုံလင်ကြပေမဲ့ ထာဝရအသက် ရဖို့အတွက် ယေဟောဝါဘုရားကို နာခံကြောင်း ပြဖို့ လိုအပ်ခဲ့တယ်။ ဒါပေမဲ့ သူတို့ မနာခံခဲ့ကြဘူး။ (ရော. ၅:၁၂) အနှစ် ၁၀၀၀ အကုန်မှာ မြေကြီးပေါ်က လူအားလုံး စုံလင်နေကြမယ်ဆိုတော့ အားလုံး ယေဟောဝါရဲ့ အုပ်ချုပ်မှုကို ထာဝရ အကြွင်းမဲ့ ထောက်ခံကြမလား။ စုံလင်ပေမဲ့ သစ္စာမရှိခဲ့ကြတဲ့ အာဒံနဲ့ ဧဝလို ဖြစ်သွားမလား။ အဲဒီမေးခွန်းတွေကို ဖြေကြရမယ်။ w22.09 ၂၂-၂၃ ¶၁၂-၁၄

ကြာသပတေးနေ့၊ ဒီဇင်ဘာ ၁၂

လောကနိုင်ငံဟာ ဘုရားသခင်ရဲ့ နိုင်ငံနဲ့ ခရစ်တော်ရဲ့ နိုင်ငံ ဖြစ်ပြီ။—ဗျာ. ၁၁:၁၅။

ကမ္ဘာ့အခြေအနေတွေကို ကြည့်ပြီး အကောင်းမြင်သဘော ဆက်ရှိဖို့ ခက်နေသလား။ မိသားစုဝင်တွေ အရင်ကလောက် မချစ်ကြတော့ဘူး။ လူတွေ အတ္တ၊ ဒေါသ ပိုကြီးလာပြီး ပိုကြမ်းတမ်းလာကြတယ်။ အာဏာရှိသူတွေကို မယုံကြတော့ဘူး။ ဒါပေမဲ့ အဲဒီအခြေအနေတွေက ပိုကောင်းတာတွေ ဖြစ်လာမယ်ဆိုတဲ့ ယုံကြည်စိတ်ချမှု တိုးများစေနိုင်တယ်။ ဘာကြောင့်လဲ။ “နောက်ဆုံးကာလ” နဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်မှာ ကြိုဟောထားတဲ့အတိုင်း လူတွေ ပြုမူနေကြလို့ပဲ။ (၂ တိ. ၃:၁-၅) အဲဒီပရောဖက်ပြုချက် ပြည့်စုံနေတာကို စိတ်ရင်းမှန်သူများစွာ အသိအမှတ်ပြုကြတယ်။ အဲဒီလို ပြည့်စုံနေတာက ဘုရားနိုင်ငံတော်မှာ ခရစ်တော်ယေရှု ဘုရင် ဖြစ်ပြီဆိုတာ သက်သေထူတယ်။ ဒါပေမဲ့ အဲဒါဟာ နိုင်ငံတော်နဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက် တစ်ခုပဲ ရှိသေးတယ်။ ရုပ်ဆက်ကစားနည်းထဲက အပိုင်းအစတွေဟာ တစ်ခုနဲ့တစ်ခု ကွက်တိ အံဝင်သလို ဒီပရောဖက်ပြုချက်တွေလည်း တစ်ခုနဲ့တစ်ခု ကွက်တိ အံဝင်တယ်။ ယေဟောဝါရဲ့ အချိန်ဇယားထဲ ကျွန်တော်တို့ ရောက်နေတဲ့ နေရာ အတိအကျကို သိဖို့ ကူညီပေးတယ်။ w22.07 ၂ ¶၁-၂

သောကြာနေ့၊ ဒီဇင်ဘာ ၁၃

ဉာဏ်ပညာဟာ ဖြောင့်မတ်တယ်ဆိုတာကို လုပ်ရပ်တွေနဲ့ သက်သေပြလိမ့်မယ်။—မ. ၁၁:၁၉။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အသင်းတော် အစည်းအဝေးတွေ ဘယ်လို ကျင်းပရမယ်၊ ဟောပြောခြင်းလုပ်ငန်းမှာ ဘယ်လို ဆက်ပါဝင်ရမယ်ဆိုတဲ့ ရှင်းလင်းတဲ့ ညွှန်ကြားချက်တွေ ကျွန်တော်တို့ ရရှိတယ်။ ပတ်စဉ် အစည်းအဝေး၊ တိုက်နယ်အစည်းအဝေး၊ ခရိုင်အစည်းအဝေးတွေကို ဗီဒီယို ချိတ်ဆက်မှုနဲ့ ချက်ချင်း ကျင်းပကြတယ်။ စာရေးပြီး၊ ဖုန်းဆက်ပြီး စသက်သေခံကြတယ်။ ကျွန်တော်တို့ရဲ့ ကြိုးစားမှုကို ယေဟောဝါ ကောင်းချီးပေးတယ်။ ကြေညာသူနှုန်းသစ်တွေ ရတယ်လို့ ဌာနခွဲများစွာ သတင်းပို့ကြတယ်။ အဲဒီကာလအတွင်း အားရှိစရာ တွေ့ကြုံမှု အများကြီး ရရှိကြတယ်။ ကပ်ရောဂါနဲ့ပတ်သက်ပြီး အဖွဲ့အစည်း အကဲပိုလွန်းတယ်လို့ တချို့ ခံစားမိမယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရတဲ့ လမ်းညွှန်ချက်တွေ ပညာရှိကြောင်း ထင်ရှားတာ အကြိမ်ကြိမ်ပါပဲ။ လူမျိုးတော်ကို ယေရှု မေတ္တာနဲ့ ဦးဆောင်ပုံအကြောင်း စဉ်းစားလိုက်တိုင်း မနက်ဖြန် ဘာတွေပဲ ဖြစ်လာပါစေ ကျွန်တော်တို့နဲ့အတူ ယေဟောဝါဘုရားနဲ့ ချစ်သားတော် ရှိနေမယ်ဆိုတာ ပိုယုံကြည်စိတ်ချလာတယ်။—ဟီ. ၁၃:၅၊ ၆။ w22.07 ၁၃ ¶၁၅-၁၆

စနေနေ့၊ ဒီဇင်ဘာ ၁၄

အမြဲမပြတ် ဆုတောင်းနေကြပါ။ အရာရာအတွက် ကျေးဇူးတော်ကို ချီးမွမ်းကြပါ။ ခရစ်တော် ယေရှုရဲ့ နောက်လိုက်တွေ ဖြစ်တဲ့ ခင်ဗျားတို့ကို ဘုရားသခင် လုပ်စေချင်တာ အဲဒါပါပဲ။—၁ သက်. ၅:၁၇၊ ၁၈။

ဆုတောင်းတဲ့အခါ ယေဟောဝါကို ချီးမွမ်းတဲ့အပြင် အံ့ဖွယ် ပြင်ဆင်ပေးချက်တွေအတွက်လည်း ကျေးဇူးတင်ကြတယ်။ ဥပမာ၊ အရောင်အသွေး စုံလင်တဲ့ ပန်းတွေ၊ အရသာ စုံလင်တဲ့ အစားအသောက်တွေ၊ ရင်းနှီးတဲ့ မိတ်ဆွေတွေအတွက် ကျေးဇူးတင်နိုင်တယ်။ ကျွန်တော်တို့ ပျော်ရွှင်ဖို့ မေတ္တာရှင် အဖက အဲဒီအရာတွေနဲ့ တခြားအရာတွေ ပေးထားတယ်။ (ဆာ. ၁၀၄:၁၂-၁၅၊ ၂၄) ပိုအရေးကြီးတာက ယုံကြည်ခြင်း ခိုင်ခံ့စေတဲ့ အလျှံပယ် ပြင်ဆင်ပေးချက်တွေနဲ့ အံ့ချီးဖွယ် အနာဂတ် မျှော်လင့်ချက်အတွက် ယေဟောဝါကို ကျေးဇူးတင်ကြတယ်။ ယေဟောဝါ လုပ်ဆောင်ပေးသမျှအတွက် ကျေးဇူးတင်ဖို့ အလွယ်တကူ မေ့သွားနိုင်တယ်။ သတိရဖို့ ဘာက ကူညီပေးမလဲ။ ကိုယ် သတ်သတ်မှတ်မှတ် တောင်းဆိုတာတွေကို စာရင်းလုပ်ပါ။ ယေဟောဝါ ဘယ်လို အဖြေပေးသလဲဆိုတာ မကြာမကြာ ပြန်ဆန်းစစ်ပြီး အကူအညီအတွက် ကျေးဇူးတော် ချီးမွမ်းပါ။—ကော. ၃:၁၅။ w22.07 ၂၂ ¶၈-၉

တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၁၅

သူဟာ ယေဟောဝါရဲ့ ပညတ်မှာ ပျော်မွေ့ပြီး ပညတ်တော်ကို နေ့ညမပြတ် ဖတ်ရွတ်ဆင်ခြင်တယ်။—ဆာ. ၁:၂။

အမှန်တရားကို လေ့လာရုံနဲ့ မလုံလောက်ဘူး။ အကျိုးအပြည့်အဝ ရဖို့ အမှန်တရားနဲ့အညီ နေထိုင်ရမယ်။ သိလာတာတွေကို ဘဝမှာ လက်တွေ့ကျင့်ရမယ်။ ဒါမှ အမှန်တရားကြောင့် စစ်မှန်တဲ့ ပျော်ရွှင်မှု ရမှာ။ (ယာ. ၁:၂၅) အမှန်တရားနဲ့အညီ ဘယ်လို နေထိုင်နိုင်သလဲ။ တိုးတက်နေတဲ့ အပိုင်း၊ တိုးတက်ဖို့ လိုနေတဲ့ အပိုင်းတွေကို သိအောင် ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဖို့ လိုတယ်လို့ ညီအစ်ကိုတစ်ယောက် အကြံပေးတယ်။ “ကျွန်တော်တို့ ဒီလောက်ထိ တိုးတက်လာပြီ ဖြစ်လို့ ဒီလမ်းစဉ်အတိုင်းပဲ ဆက်ပြီး စနစ်တကျ ကျင့်ကြံနေကြစို့” လို့ တမန်တော် ပေါလု အားပေးတယ်။ (ဖိ. ၃:၁၆) “အမှန်တရားလမ်းစဉ်မှာ လျှောက်လှမ်းနေ” ဖို့ အတတ်နိုင်ဆုံး ကြိုးစားလို့ ရလာတဲ့ အကျိုးကျေးဇူးတွေကို စဉ်းစားကြည့်ပါ။ ကိုယ့်ဘဝ တိုးတက်ကောင်းမွန်လာရုံသာမက ယေဟောဝါနဲ့ ယုံကြည်သူချင်းတွေကိုပါ စိတ်ရွှင်လန်းစေတယ်။ (ပညာ. ၂၇:၁၁။ ၃ ယော. ၄) အမှန်တရားကို မြတ်နိုးဖို့၊ အမှန်တရားနဲ့အညီ နေထိုင်ဖို့ အကောင်းဆုံး အကြောင်းရင်းတွေပါပဲ။ w22.08 ၁၈-၁၉ ¶၁၆-၁၈

တနင်္လာနေ့၊ ဒီဇင်ဘာ ၁၆

ဘုရားသခင့် သိုးတော်စုကို ထိန်းကျောင်းကြပါ။—၁ ပေ. ၅:၂။

ယေဟောဝါနဲ့ ယေရှုကို ချစ်ကြောင်း အကြီးအကဲတွေ ဘယ်လို ပြနိုင်သလဲ။ အရေးကြီးတဲ့ တစ်နည်းကတော့ ယေရှုသိုးတွေရဲ့ လိုအပ်ရာတွေကို ဖြည့်ဆည်းပေးခြင်းပါပဲ။ (၁ ပေ. ၅:၁၊ ၂) အဲဒီအကြောင်း တမန်တော် ပေတရုကို ယေရှု ရှင်းရှင်းလင်းလင်း ပြောတယ်။ ယေရှုကို ပေတရု သုံးကြိမ် ငြင်းပြီးနောက် ချစ်ကြောင်း ပြချင်စိတ် ပြင်းပြနေမှာပဲ။ ယေရှု ထမြောက်ပြီးနောက် “ယောဟန်ရဲ့သား ရှိမုန်၊ ကျွန်တော့်ကို ချစ်သလား” လို့ ပေတရုကို မေးတယ်။ သခင့်ကို ချစ်ကြောင်း ပြဖို့ ပေတရု ဘာမဆို လုပ်ပေးချင်နေမှာပဲ။ “ကျွန်တော့် သိုးကလေးတွေကို ထိန်းပါ” လို့ ယေရှု ပြောတယ်။ (ယော. ၂၁:၁၅-၁၇) ကျန်ဘဝတစ်လျှောက်လုံး ယေရှုရဲ့ သိုးတွေကို ပေတရု ဂရုစိုက်စောင့်ရှောက်ပေးတယ်။ ဒီနည်းအားဖြင့် ယေရှုကို ချစ်ကြောင်း ပြခဲ့တယ်။ အကြီးအကဲတို့၊ ပေတရုကို ပြောတဲ့ ယေရှုရဲ့ စကားတွေ သင့်အတွက်လည်း အရေးပါကြောင်း ဘယ်လို ပြနိုင်သလဲ။ သိုးထိန်းလည်ပတ်မှု ပုံမှန် လုပ်ခြင်း၊ မလှုပ်မရှား ဖြစ်နေသူတွေ ယေဟောဝါဆီ ပြန်လာနိုင်အောင် အထူး ကြိုးစားကူညီပေးခြင်းအားဖြင့် ယေဟောဝါနဲ့ ယေရှုကို ဘယ်လောက် ချစ်ကြောင်း ပြနိုင်တယ်။—ယေဇ. ၃၄:၁၁၊ ၁၂။ w23.01 ၂၉ ¶၁၀-၁၁

အင်္ဂါနေ့၊ ဒီဇင်ဘာ ၁၇

ဘုရားသခင်ဟာ သစ္စာရှိတဲ့အတွက် ခင်ဗျားတို့ မခံနိုင်လောက်တဲ့ သွေးဆောင်ခြင်းကို ခွင့်ပြုမှာ မဟုတ်ဘူး။—၁ ကော. ၁၀:၁၃။

ကိုယ် ကြုံနေရတဲ့ အခက်အခဲကို တခြား ဘယ်သူမှ နားမလည်နိုင်ပါဘူးလို့ မထင်ပါနဲ့။ အဲဒီလို ထင်နေမယ်ဆိုရင် ကိုယ့်အခြေအနေ အဖတ်ဆယ်လို့ မရတော့ဘူး၊ မသင့်တော်တဲ့ ဆန္ဒတွေကို တွန်းလှန်ဖို့ ခွန်အား မရှိတော့ဘူးလို့ ယူဆမိနိုင်တယ်။ ကျမ်းစာမှာတော့ “သွေးဆောင်ခံရတဲ့အခါ ခံရပ်နိုင်ဖို့ လွတ်မြောက်ရာလမ်းကို ပြင်ဆင်ပေးလိမ့်မယ်” လို့ ပြောတယ်။ ဒါကြောင့် မသင့်တော်တဲ့ ဆန္ဒ သိပ်ပြင်းထန်လာရင်တောင် ယေဟောဝါအပေါ် ဆက်သစ္စာရှိနိုင်ပါတယ်။ အဲဒီဆန္ဒအတိုင်း လိုက်မလုပ်ဖို့ ယေဟောဝါရဲ့ အကူအညီနဲ့ တွန်းလှန်နိုင်ပါတယ်။ ဒီအချက်ကို အမြဲ သတိရပါ– မစုံလင်တဲ့ လူသားတစ်ယောက်အနေနဲ့ မသင့်တော်တဲ့ ဆန္ဒတွေ ပေါ်မလာအောင် မထိန်းချုပ်နိုင်ဘူး။ ဒါပေမဲ့ အဲဒီဆန္ဒတွေ ပေါ်လာတဲ့အခါ ပေါတိဖာရဲ့ မိန်းမဆီကနေ ချက်ချင်း ထွက်ပြေးခဲ့တဲ့ ယောသပ်လို ပြတ်ပြတ်သားသား ငြင်းပယ်နိုင်တယ်။ (က. ၃၉:၁၂) မသင့်တော်တဲ့ ဆန္ဒတွေအတိုင်း လိုက်မလုပ်ပါနဲ့။ w23.01 ၁၂-၁၃ ¶၁၆-၁၇

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၁၈

ဘုရားသခင်ဟာ မျက်နှာမလိုက်တတ်လို့ပဲ။—ရော. ၂:၁၁။

တရားမျှတမှုဟာ ယေဟောဝါရဲ့ အရည်အသွေးတစ်ခုပါ။ (တရား. ၃၂:၄) တရားမျှတခြင်းဟာ မျက်နှာမလိုက်ခြင်းနဲ့ အနီးကပ် ဆက်စပ်နေတယ်။ ယေဟောဝါဟာ မျက်နှာမလိုက်ဘူး။ (တ. ၁၀:၃၄၊ ၃၅) ကျမ်းစာ ရေးသားဖို့ အသုံးပြုတဲ့ ဘာသာစကားတွေကို ကြည့်ရင် ယေဟောဝါ မျက်နှာမလိုက်တာ ပေါ်လွင်တယ်။ အဆုံးပိုင်းကာလမှာ “စစ်မှန်တဲ့ အသိပညာ တိုးများလာ” မယ်၊ လူများစွာ နားလည်ကြလိမ့်မယ်လို့ ယေဟောဝါ ကတိပေးတယ်။ (ဒံ. ၁၂:၄) အဲဒီအသိပညာ တိုးများလာတဲ့ တစ်နည်းကတော့ ကျမ်းစာနဲ့ ကျမ်းစာ စာပေတွေကို ဘာသာပြန်၊ ထုတ်ဝေခြင်းအားဖြင့်ပါ။ ယေဟောဝါရဲ့ လူမျိုးဟာ ကျမ်းစာကို တစ်အုပ်လုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ဘာသာစကား ၂၄၀ ကျော်နဲ့ ဘာသာပြန်ဆိုထားကြတယ်။ အခကြေးငွေ ပေးစရာ မလိုဘဲ ဘယ်သူမဆို ရယူနိုင်တယ်။ ရလဒ်အနေနဲ့ အဆုံးမရောက်ခင် “နိုင်ငံတော် သတင်းကောင်း” ကို လူမျိုးများစွာ သင်ယူနိုင်ကြပြီ။ (မ. ၂၄:၁၄) တရားမျှတရှင် ဘုရားက လူအားလုံးကို သိပ်ချစ်လို့ ကျမ်းစာကတစ်ဆင့် မိမိအကြောင်း သင်ယူခွင့် ပေးချင်တယ်။ w23.02 ၅ ¶၁၁-၁၂

ကြာသပတေးနေ့၊ ဒီဇင်ဘာ ၁၉

ဒီလောကစနစ်ရဲ့ ပုံသွင်းမှုကို မခံပါနဲ့တော့။ . . . ခင်ဗျားတို့ရဲ့ စိတ်သဘောကို ပြုပြင်ပြောင်းလဲကြပါ။—ရော. ၁၂:၂။

ဖြောင့်မတ်မှုကို သင် မြတ်နိုးသလား။ မြတ်နိုးမှာ သေချာတယ်။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး မစုံလင်ကြလို့ သတိမထားရင် ဖြောင့်မတ်ခြင်းနဲ့ပတ်သက်တဲ့ လောကအမြင် အလွယ်တကူ လွှမ်းမိုးလာနိုင်တယ်။ (ဟေရှာ. ၅:၂၀) လူဖြောင့်လူမှန်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်တယ်လို့ သတ်မှတ်ပြီး ဘဝင်ခိုက်နေသူ၊ တခြားသူတွေကို ဝေဖန်တတ်သူလို့ လူများစွာ ထင်တတ်ကြတယ်။ ဒါပေမဲ့ အဲဒီအရည်အသွေးတွေကို ဘုရား လုံးဝ မကြိုက်ဘူး။ ဖြောင့်မတ်တယ်လို့ အထင်ခံရအောင် လုပ်ပြတတ်တဲ့ ဘာသာရေး ခေါင်းဆောင်တွေကို ယေရှု မြေကြီးပေါ် ရှိစဉ် ပြင်းပြင်းထန်ထန် အပြစ်တင်တယ်။ (ဒေ. ၇:၁၆။ လု. ၁၆:၁၅) ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်တယ်လို့ သတ်မှတ်တာ စစ်မှန်တဲ့ ဖြောင့်မတ်မှု မဟုတ်ဘူး။ ဖြောင့်မတ်မှုဟာ အရည်အသွေးကောင်းတစ်ခုပါ။ ယေဟောဝါဘုရားရဲ့ အမြင်မှာ မှန်ရာ လုပ်ဆောင်ခြင်းကို ဆိုလိုတယ်။ ကျမ်းစာမှာ “ဖြောင့်မတ်ခြင်း” ဆိုတဲ့ စကားလုံးဟာ ယေဟောဝါရဲ့ အမြင့်မားဆုံး စံနှုန်းတွေနဲ့အညီ နေထိုင်ခြင်းကို ဆိုလိုတယ်။ w22.08 ၂၇ ¶၃-၅

သောကြာနေ့၊ ဒီဇင်ဘာ ၂၀

ခင်ဗျားတို့ကို မိတ်ဆွေလို့ ခေါ်မယ်။—ယော. ၁၅:၁၅။

တပည့်တွေမှာ အားနည်းချက်တွေ ရှိပေမဲ့ သူတို့ကို ယေရှု ယုံကြည်စိတ်ချတယ်။ (ယော. ၁၅:၁၆) နိုင်ငံတော်မှာ နေရာကောင်း ရဖို့ ယေရှုဆီ ယာကုပ်နဲ့ ယောဟန် တောင်းဆိုချိန်မှာ ဘုရားအမှုဆောင်ရတဲ့ သူတို့ရဲ့ စိတ်ရင်းကို ယေရှု သံသယ မဝင်ဘူး။ တမန်တော်တွေအဖြစ်ကနေ မဖယ်ရှားလိုက်ဘူး။ (မာ. ၁၀:၃၅-၄၀) နောက်ပိုင်း၊ ယေရှု အဖမ်းခံရတဲ့ ညမှာ တပည့်အားလုံး ယေရှုကို ထားခဲ့ပြီး ထွက်ပြေးကြတယ်။ (မ. ၂၆:၅၆) ဒါပေမဲ့ သူတို့ကို အယုံအကြည် မပျက်ဘူး။ သူတို့ရဲ့ အားနည်းချက်တွေကို ကောင်းကောင်း သိတယ်။ “သက်ဆုံးတိုင်အောင် ချစ်ခဲ့တယ်။” (ယော. ၁၃:၁) ရှင်ပြန်ထမြောက်ပြီးနောက် သစ္စာရှိ တမန်တော် ၁၁ ယောက်ကို တာဝန်ကြီးတွေ ပေးတယ်။ တပည့်ဖြစ်စေခြင်း လုပ်ငန်းကို ဦးဆောင်ဖို့၊ အဖိုးတန်သိုးတွေကို စောင့်ရှောက်ပေးဖို့ပါ။ (မ. ၂၈:၁၉၊ ၂၀။ ယော. ၂၁:၁၅-၁၇) မစုံလင်တဲ့ ဒီအမျိုးသားတွေကို ယေရှု ယုံကြည်တာ မမှားပါဘူး။ သူတို့အားလုံး မြေကြီးအသက်တာ ကုန်ဆုံးချိန်အထိ သစ္စာရှိရှိ အမှုဆောင်ခဲ့ကြတယ်။ ယေရှုဟာ မစုံလင်သူ လူသားတွေကို ယုံကြည်စိတ်ချရာမှာ ပုံသက်သေကောင်း ချမှတ်ခဲ့တယ်။ w22.09 ၆ ¶၁၂

စနေနေ့၊ ဒီဇင်ဘာ ၂၁

ငါ့ဘက်မှာ ယေဟောဝါ ရှိတဲ့အတွက် ဘာကိုမှ မကြောက်ဘူး။—ဆာ. ၁၁၈:၆။

ယေဟောဝါ ကျွန်တော်တို့ကို ချစ်တယ်၊ ကျွန်တော်တို့ဘက်မှာ ရှိတယ်ဆိုတာ ယုံကြည်စိတ်ချမယ်ဆိုရင် စာတန် အသုံးချတဲ့ ကြောက်စိတ်တွေကို အနိုင်ယူနိုင်ပါတယ်။ ဥပမာ၊ ဆာလံ ၁၁၈ ကို ရေးသားသူဟာ စိတ်ဓာတ်ကျစရာ အခြေအနေတချို့ ကြုံခဲ့ရတယ်။ မင်းညီမင်းသားတွေ အပါအဝင် ရန်သူတွေ ဝိုင်းနေတယ်။ (အခန်းငယ် ၉၊ ၁၀) တစ်ခါတလေ သိပ်စိတ်ဖိစီးတယ်။ (အခန်းငယ် ၁၃) ယေဟောဝါရဲ့ ပြင်းထန်တဲ့ ဆုံးမမှုကိုလည်း ခံရတယ်။ (အခန်းငယ် ၁၈) ဒါတောင် “ဘာကိုမှ မကြောက်ဘူး” ဆိုပြီး စပ်ဆိုခဲ့တယ်။ မိမိကို ယေဟောဝါ ဆုံးမပေမဲ့ ချစ်မှန်း၊ ဘယ်လို အခြေအနေပဲ ကြုံရပါစေ ကူညီဖို့ အမြဲ အသင့်ရှိမှန်း ယုံကြည်စိတ်ချလို့ပဲ။ (ဆာ. ၁၁၈:၂၉) ကျွန်တော်တို့ကို ယေဟောဝါ ချစ်တယ်ဆိုတာ ယုံကြည်စိတ်ချနေရမယ်။ အဲဒီယုံကြည်စိတ်ချမှုက ကြောက်စိတ် သုံးမျိုးကို တိုက်ထုတ်ဖို့ ကူညီပေးပါလိမ့်မယ်။ (၁) မိသားစုကို မထောက်ပံ့နိုင်မှာ ကြောက်တဲ့ စိတ်၊ (၂) လူကို ကြောက်တဲ့ စိတ်၊ (၃) သေရမှာ ကြောက်တဲ့ စိတ်တို့ ဖြစ်တယ်။ w22.06 ၁၅ ¶၃-၄

တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၂၂

စမ်းသပ်မှုကို ကြံ့ကြံ့ခံရပ်သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။ သူဟာ ဘုရားသခင်ရဲ့ နှစ်သက်မှုကို ရရှိတဲ့အတွက် အသက်သရဖူ ရလိမ့်မယ်။—ယာ. ၁:၁၂။

ဝတ်ပြုရေးကို ဘဝမှာ အမြဲ ဦးစားထားရမယ်။ ယေဟောဝါဟာ ဖန်ဆင်းရှင် ဖြစ်လို့ ကျွန်တော်တို့ရဲ့ ဝတ်ပြုမှု ရထိုက်တယ်။ (ဗျာ. ၄:၁၁။ ၁၄:၆၊ ၇) ဒါကြောင့် ဘဝမှာ အရေးကြီးဆုံးက “စွမ်းအားတော် လမ်းပြမှုနဲ့အညီ၊ အမှန်တရားနဲ့အညီ” ဘုရား နှစ်သက်တဲ့နည်းအတိုင်း ကိုးကွယ်ဖို့ ဖြစ်သင့်တယ်။ (ယော. ၄:၂၃၊ ၂၄) ကျမ်းစာ အမှန်တရားနဲ့အညီ ဝတ်ပြုနိုင်ဖို့ စွမ်းအားတော် လမ်းပြမှုကို ခံယူရမယ်။ အဖွဲ့အစည်း လုပ်ငန်း ကန့်သတ်ခံရ၊ ပိတ်ပင်ခံရတဲ့ နေရာမှာ နေထိုင်ရင်တောင် ဝတ်ပြုရေးကို အဓိကထားရမယ်။ ယေဟောဝါသက်သေ ဖြစ်ရုံနဲ့ ညီအစ်ကို/မ ၁၀၀ ကျော် လောလောဆယ် ထောင်ချခံထားရတယ်။ ဒါတောင် ဆုတောင်းဖို့၊ လေ့လာဖို့၊ ဘုရားနဲ့ နိုင်ငံတော်အကြောင်း တခြားသူတွေကို ပြောပြဖို့ သူတို့ အတတ်နိုင်ဆုံး ပျော်ပျော်ရွှင်ရွှင် ကြိုးစားနေကြတယ်။ ကဲ့ရဲ့ခံရ၊ နှိပ်စက်ခံရချိန်မှာ ကျွန်တော်တို့နဲ့အတူ ယေဟောဝါ ရှိတယ်၊ ဆုချမယ်ဆိုတာ သိလို့ ပျော်ရွှင်ကြတယ်။—၁ ပေ. ၄:၁၄။ w22.10 ၉ ¶၁၃

တနင်္လာနေ့၊ ဒီဇင်ဘာ ၂၃

ဉာဏ်ပညာကလည်း ကာကွယ်ပေးတယ်။—ဒေ. ၇:၁၂။

ပညာအလိမ္မာကျမ်းမှာ အသက်တာကို တိုးတက်စေနိုင်တဲ့ လက်တွေ့ကျ အကြံဉာဏ်တွေ ယေဟောဝါ ပေးထားတယ်။ အကြံဉာဏ် နှစ်ခုကို သုံးသပ်ကြည့်ပါ။ ပထမ၊ ကိုယ့်မှာ ရှိတာနဲ့ ရောင့်ရဲပါ။ “စည်းစိမ်ဥစ္စာရဖို့ ရေကုန်ရေခန်း မကြိုးစားနဲ့။ . . . လင်းယုန်လို အတောင်တွေ ပေါက်ပြီး ကောင်းကင်ကို ပျံသွားလိမ့်မယ်” လို့ ပညာအလိမ္မာ ၂၃:၄၊ ၅ မှာ အကြံပေးတယ်။ ဒီနေ့ခေတ် သူဌေးကော ဆင်းရဲသားတွေပါ ပိုက်ဆံနောက် တကောက်ကောက် လိုက်နေလို့ ဂုဏ်သိက္ခာ၊ ဆက်ဆံရေး၊ ကျန်းမာရေးတွေ ထိခိုက်ကြရတယ်။ (ပညာ. ၂၈:၂၀။ ၁ တိ. ၆:၉၊ ၁၀) ဒုတိယ၊ စကားမပြောခင် စဉ်းစားပါ။ သတိမထားဘူးဆိုရင် ကိုယ့်စကားကြောင့် အကြီးအကျယ် ထိခိုက်မိစေနိုင်တယ်။ “မစဉ်းစားဘဲ ပြောတဲ့ စကားဟာ ဓားနဲ့ ထိုးသလိုပဲ။ ဉာဏ်ပညာရှိသူရဲ့ စကားကတော့ ဒဏ်ရာကိုတောင် ပျောက်ကင်းစေတယ်” လို့ ပညာအလိမ္မာ ၁၂:၁၈ မှာ ပြောတယ်။ တခြားသူတွေရဲ့ အပြစ်အနာအဆာအကြောင်း အတင်းအဖျင်း မပြောခြင်းက ဆက်ဆံရေး အဆင်ပြေအောင် ကူညီပေးတယ်။—ပညာ. ၂၀:၁၉။ w22.10 ၂၁ ¶၁၄။ ၂၂ ¶၁၆-၁၇

အင်္ဂါနေ့၊ ဒီဇင်ဘာ ၂၄

စာလိပ်ကို စားလိုက်ပါ။ စားပြီးရင် အစ္စရေးအမျိုးကို သွားပြောပါ။—ယေဇ. ၃:၁။

ယေဇကျေလဟာ ကြေညာရမယ့် သတင်းစကားကို အပြည့်အဝ နားလည်အောင် လုပ်ရမယ်။ ကိုယ့်အစိတ်အပိုင်း ဖြစ်သွားသလို အနက်ရှိုင်းဆုံး ခံစားချက်ထိ ရောက်ရမယ်။ စာလိပ်ကို စားလိုက်တော့ ထူးခြားတာ တစ်ခု ဖြစ်လာတယ်။ “ပျားရည်လို ချို” နေတယ်။ (ယေဇ. ၃:၃) ဘာကြောင့်လဲ။ ယေဟောဝါကို ကိုယ်စားပြုရမယ့် အခွင့်ထူးဟာ ယေဇကျေလအတွက် ချိုမြိန်တဲ့ အရသာလို နှစ်သက်ကြည်နူးစရာ ဖြစ်လို့ပါပဲ။ (ဆာ. ၁၉:၈-၁၁) ပရောဖက်အဖြစ် ယေဟောဝါ နှစ်သက်လက်ခံတာကို ယေဇကျေလ သိပ်ကျေးဇူးတင်တယ်။ နောက်ပိုင်း၊ “ငါပြောသမျှကို နားထောင်ပြီး နှလုံးသွင်းပါ” လို့ ယေဇကျေလကို ယေဟောဝါ ပြောတယ်။ (ယေဇ. ၃:၁၀) စာလိပ်မှာ ရေးထားတာတွေကို မှတ်ထားဖို့၊ အသေအချာ တွေးတောဖို့ ပြောတာပါ။ ဒီလို လုပ်လို့ ယေဇကျေလ အားရှိလာတယ်။ ကြေညာရမယ့် သတင်းစကား ရလာတယ်။ (ယေဇ. ၃:၁၁) ယေဇကျေလရဲ့ နှုတ်မှာရော စိတ်ထဲမှာပါ ဘုရားရဲ့ သတင်းစကား ရှိနေလို့ ဘုရားပေး တာဝန် ကျေပွန်အောင် ထမ်းဆောင်ဖို့ အသင့် ဖြစ်နေပြီ။ w22.11 ၆ ¶၁၂-၁၄

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၂၅

ယေဟောဝါဘုရားကို နာခံတာဟာ ပူဇော်သက္ကာထက် ပိုကောင်းတယ်။—၁ ရှ. ၁၅:၂၂။

အဖွဲ့အစည်း အပြောင်းအလဲတွေကို လက်ခံရခက်နေတဲ့အခါ ဘာလုပ်မလဲ။ အပြောင်းအလဲတွေကို အပြည့်အဝ ထောက်မပါ။ တောကန္တာရထဲ လှည့်လည်ချိန်အတွင်း ကောဟတ်အမျိုးသားတွေ တပ်စခန်း ပြောင်းရွှေ့တိုင်း လူအားလုံးရှေ့မှာ ပဋိညာဉ်သေတ္တာကို သယ်ကြရတယ်။ (တော. ၃:၂၉၊ ၃၁။ ၁၀:၃၃။ ယောရှု ၃:၂-၄) တကယ့်အခွင့်ထူးပါပဲ။ ဒါပေမဲ့ ကတိထားရာပြည်ထဲ အခြေချပြီးနောက်မှာတော့ အပြောင်းအလဲတွေ ဖြစ်လာတယ်။ ပဋိညာဉ်သေတ္တာကို ပြောင်းရွှေ့နေစရာ မလိုတော့ဘူး။ ဒါကြောင့် တခြားတာဝန်တွေ ရကြတယ်။ (၁ ရာ. ၆:၃၁-၃၃။ ၂၆:၁၊ ၂၄) ဒါကို ကောဟတ်အမျိုးသားတွေ ညည်းညူတယ်၊ ပိုထင်ပေါ်တဲ့ တာဝန် တစ်ခုခု တောင်းဆိုတယ်ဆိုတဲ့ မှတ်တမ်း မရှိဘူး။ ဘာသင်ခန်းစာ ရသလဲ။ အဖွဲ့အစည်းရဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ကိုယ့်တာဝန် ထိခိုက်လာတဲ့အခါမှာတောင် စိတ်နှလုံး အကြွင်းမဲ့ ထောက်မပါ။ ဘယ်တာဝန်ပဲရရ ဝမ်းမြောက်ဝမ်းသာ အမှုဆောင်ပါ။ ကိုယ့်တန်ဖိုးဟာ ကိုယ့်တာဝန်ပေါ် မမူတည်ကြောင်း သတိရပါ။ တာဝန်ထက် သင့်နာခံမှုကို ယေဟောဝါ ပိုတန်ဖိုးထားတာ။ w22.11 ၂၃ ¶၁၀-၁၁

ကြာသပတေးနေ့၊ ဒီဇင်ဘာ ၂၆

ငါ့ကို သံကြိုးနဲ့ ချည်နှောင်ထားပေမဲ့ သူက မရှက်မကြောက် [ဘူး]။—၂ တိ. ၁:၁၆။

တမန်တော် ပေါလုကို ဩနေသိဖော် မတွေ့တွေ့အောင် ရှာတယ်။ ရှာတွေ့တဲ့အခါ အသက်ကိုတောင် မငဲ့ဘဲ လက်တွေ့ကျကျ ကူညီထောက်မတယ်။ ဘာသင်ခန်းစာ ရသလဲ။ ညီအစ်ကိုတွေ နှိပ်စက်ခံရတဲ့အခါ လူကြောက်တဲ့စိတ်ကြောင့် ကျွန်တော်တို့ ကြောက်သွားတာမျိုး၊ ဆက်မကူညီတော့တာမျိုး မဖြစ်သင့်ဘူး။ အဲဒီအစား သူတို့ဘက်ကနေ ခုခံပြောဆိုပါ။ အတတ်နိုင်ဆုံး ကူညီပေးပါ။ (ပညာ. ၁၇:၁၇) ကျွန်တော်တို့ရဲ့ မေတ္တာနဲ့ ထောက်မမှုကို သူတို့ လိုအပ်တယ်။ ရုရှားနိုင်ငံက ထောင်ကျနေတဲ့ ယုံကြည်သူချင်းတွေကို ညီအစ်ကို/မတွေ ဘယ်လို ကူညီပေးကြောင်း စဉ်းစားကြည့်ပါ။ တချို့ ရုံးတင်စစ်ဆေးခံရတဲ့အခါ အားပေးဖို့ ညီအစ်ကို/မတွေ တရားရုံးကို လာကြတယ်။ ဘာသင်ခန်းစာ ရသလဲ။ တာဝန်ရှိ ညီအစ်ကိုတွေ နာမည်ဖျက်ခံရ၊ အဖမ်းခံရ၊ နှိပ်စက်ခံရတဲ့အခါ မကြောက်ပါနဲ့။ သူတို့အတွက် ဆုတောင်းပေးပါ။ သူတို့ရဲ့ မိသားစုဝင်တွေကို ဂရုစိုက်ပေးပါ။ လက်တွေ့ကျကျ ကူညီပေးပါ။—တ. ၁၂:၅။ ၂ ကော. ၁:၁၀၊ ၁၁။ w22.11 ၁၇ ¶၁၁-၁၂

သောကြာနေ့၊ ဒီဇင်ဘာ ၂၇

ကျွန်တော့်ကို တကယ် အားပေးထောက်မခဲ့သူတွေပါ။—ကော. ၄:၁၁။

ညီအစ်ကို/မတွေကို စိတ်ပိုင်း၊ ဘုရားရေးရာပိုင်း ကူညီပေးဖို့ အကြီးအကဲတွေမှာ တာဝန်ရှိတယ်။ (၁ ပေ. ၅:၂) သဘာဝဘေး ကြုံတဲ့အခါ ညီအစ်ကို/မတွေ ဘေးကင်းလုံခြုံကြောင်း၊ စားစရာ၊ ဝတ်စရာ၊ နေစရာ ရှိကြောင်း အရင် သေချာအောင် လုပ်သင့်တယ်။ ဒါပေမဲ့ လပေါင်းများစွာ ကြာတဲ့အထိ ဘုရားရေးရာပိုင်းနဲ့ စိတ်ပိုင်း အားပေးထောက်မမှု လိုအပ်နေနိုင်တယ်။ (ယော. ၂၁:၁၅) “ပြန်နလန်ထူနိုင်ဖို့ အချိန် လိုတယ်။ အခြေအနေတွေ နေသားကျလာနိုင်ပေမဲ့ သေဆုံးသွားတဲ့ ချစ်ရသူတွေ၊ အဖိုးတန် ပိုင်ဆိုင်ရာတွေ၊ ကြုံခဲ့ရတဲ့ ထိတ်လန့်စရာ အဖြစ်ဆိုးတွေရဲ့ ပုံရိပ်တွေ ဆက်ကျန်နေနိုင်တယ်။ တမြည့်မြည့် ပူဆွေးသောက ရောက်နေနိုင်တယ်။ ဒါက ယုံကြည်ခြင်း မရှိလို့ မဟုတ်ပါဘူး။ ဖြစ်လေ့ရှိတဲ့ သဘာဝပါပဲ” လို့ သဘာဝဘေး ကြုံရတဲ့ ညီအစ်ကို/မတွေနဲ့ တွေ့ခဲ့တဲ့ ဌာနခွဲ ကော်မတီဝင် ညီအစ်ကို ဟယ်ရယ်လ် ပြောတယ်။ “ငိုကြွေးသူတွေနဲ့အတူ ငိုကြွေးပါ” ဆိုတဲ့ ကျမ်းစာလမ်းညွှန်ချက်ကို အကြီးအကဲတွေ လက်တွေ့ကျင့်သုံးကြတယ်။—ရော. ၁၂:၁၅။ w22.12 ၂၂ ¶၁။ ၂၄-၂၅ ¶၁၀-၁၁

စနေနေ့၊ ဒီဇင်ဘာ ၂၈

စွမ်းအားတော်ရဲ့ လမ်းပြမှုအတိုင်း အမြဲ လျှောက်လှမ်းကြပါ။ ဒါဆိုရင် အပြစ်ရှိတဲ့ အလိုဆန္ဒနောက် လိုက်ကြတော့မှာ မဟုတ်ဘူး။—ဂလ. ၅:၁၆။

မှန်တာ လုပ်ဖို့ ဆက်တိုက်လှန်နေရမယ်။ ယေဟောဝါ သန့်ရှင်းသော စွမ်းအားတော် ရက်ရက်ရောရော သွန်းလောင်းပြီး ကူညီပေးမယ်။ ကျမ်းစာ လေ့လာတာက စွမ်းအားတော် လမ်းညွှန်မှု ခံယူနေတာပဲ။ အစည်းအဝေးတွေ တက်တဲ့အခါ စွမ်းအားတော် ရတယ်။ အစည်းအဝေးတွေမှာ ညီအစ်ကို/မတွေနဲ့ အချိန်ပေး ပေါင်းသင်းတဲ့အခါ သူတို့လည်း ကိုယ့်လိုပဲ မှန်တာ လုပ်ဖို့ ကြိုးစားတိုက်လှန်နေကြောင်း သိလာလို့ အားရှိရတယ်။ (ဟီ. ၁၀:၂၄၊ ၂၅။ ၁၃:၇) အားနည်းချက်တချို့ကို တိုက်လှန်နိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ ပြင်းပြင်းပြပြ ဆုတောင်းအသနားခံတဲ့အခါ သန့်ရှင်းသော စွမ်းအားတော်ကတစ်ဆင့် ခွန်အားပေးမယ်။ အဲဒီလုပ်ဆောင်မှုတွေက မကောင်းတဲ့ ဆန္ဒတွေ ပျောက်သွားအောင် မလုပ်ပေးနိုင်ပေမဲ့ အဲဒီအတိုင်း လိုက်မလုပ်မိအောင် ကူညီပေးပါလိမ့်မယ်။ ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်တွေ ရှိလာရုံနဲ့ မပြီးဘူး။ အဲဒီအကျင့်တွေကို ဆက်ထိန်းထားဖို့၊ ကောင်းတဲ့ ဆန္ဒကို ဆက်မွေးမြူနေဖို့ လိုတယ်။ w23.01 ၁၁ ¶၁၃-၁၄

တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၂၉

တစ်ခုခုရဲ့ ထိန်းချုပ်မှုကို ကျွန်တော် မခံဘူး။—၁ ကော. ၆:၁၂။

ကျမ်းစာဟာ ဆေးကျမ်း၊ အစားအသောက် လမ်းညွှန်စာအုပ် မဟုတ်ပေမဲ့ ဒီကဏ္ဍတွေနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ အမြင်ကို ဖော်ပြတယ်။ ဥပမာ၊ ခန္ဓာကိုယ်ကို ‘ထိခိုက်စေတဲ့ အရာတွေကနေ ကာကွယ်’ ဖို့ ဘုရား တိုက်တွန်းထားတယ်။ (ဒေ. ၁၁:၁၀) စားကြူးသောက်ကြူးတာ အသက်အန္တရာယ် ရှိလို့ ရှောင်ဖို့ ကျမ်းစာမှာ ပြောထားတယ်။ (ပညာ. ၂၃:၂၀) ဘာစားမယ်၊ ဘယ်လောက် စားမယ် ဆုံးဖြတ်ရာမှာ ချုပ်တည်းမှု ရှိဖို့ ယေဟောဝါ မျှော်လင့်တယ်။ (၁ ကော. ၆:၁၂။ ၉:၂၅) စဉ်းစားဆင်ခြင်နိုင်စွမ်း သုံးပြီး ဆုံးဖြတ်ခြင်းအားဖြင့် ဘုရားပေး အသက် ဆုလက်ဆောင်ကို တန်ဖိုးထားလေးမြတ်ကြောင်း ပြနိုင်တယ်။ (ဆာ. ၁၁၉:၉၉၊ ၁၀၀။ ပညာ. ၂:၁၁) ဥပမာ၊ အစားအသောက် ရွေးချယ်တဲ့အခါ သေသေချာချာ စဉ်းစားကြတယ်။ ကိုယ် ကြိုက်တဲ့ အစားအစာ ဖြစ်နေရင်တောင် ကျန်းမာရေး ထိခိုက်စေတယ်ဆိုရင် ရှောင်ကြတယ်။ ဒါ့အပြင် လုံလုံလောက်လောက် အိပ်စက်တာ၊ လေ့ကျင့်ခန်း မှန်မှန် လုပ်တာ၊ တစ်ကိုယ်ရည် သန့်ရှင်းမှု၊ အိမ်သန့်ရှင်းမှု ရှိတာကလည်း ကျန်းမာရေးအတွက် အထောက်အကူပြုတယ်။ w23.02 ၂၁ ¶၆-၇

တနင်္လာနေ့၊ ဒီဇင်ဘာ ၃၀

ခင်ဗျား ဘယ်လို ဖတ်ဖူးသလဲ။—လု. ၁၀:၂၆။

ကျမ်းစာ ဖတ်တဲ့အခါ ဘုရားရေးရာ ရတနာတွေ ဘယ်လို ရှာတွေ့နိုင်သလဲ။ “ကျမ်းစောင်အားလုံးဟာ” (၁) သွန်သင်တဲ့အခါ၊ (၂) အမှားတွေ ဖော်ထုတ်တဲ့အခါ၊ (၃) ပဲ့ပြင်တဲ့အခါ၊ (၄) ဆုံးမတဲ့အခါ “အကျိုးဖြစ်ထွန်းစေတယ်” လို့ ၂ တိမောသေ ၃:၁၆၊ ၁၇ မှာ ဖော်ပြထားတယ်။ ကိုယ် အကျွမ်းမဝင်တဲ့ ကျမ်းစောင်တွေကနေတောင် အဲဒီအကျိုးကျေးဇူး လေးခု ရနိုင်တယ်။ ကျမ်းပိုဒ်တစ်ပိုဒ် ဖတ်တဲ့အခါ ဒီလို စဉ်းစားပါ– ‘ဒီကျမ်းပိုဒ်က ယေဟောဝါအကြောင်း၊ ဘုရားရည်ရွယ်ချက်အကြောင်း၊ ကျမ်းစာမူတွေအကြောင်း ဘာသွန်သင်ပေးသလဲ။ မှားယွင်းတဲ့ အလိုဆန္ဒတွေ၊ သဘောထားတွေကို သိဖို့၊ ငြင်းပယ်နိုင်ဖို့၊ ဘုရားအပေါ် ဆက်သစ္စာရှိနိုင်ဖို့ ဘယ်လို ကူညီပေးသလဲ၊ ဘယ်လိုနည်းနဲ့ အမှားတွေ ဖော်ထုတ်ပေးသလဲ။ အမှုဆောင်မှာ ကြုံရတတ်တဲ့ ရှုမြင်ပုံအမှားတွေကို ပဲ့ပြင်ဖို့ ဘယ်လို ကူညီပေးသလဲ။ ယေဟောဝါ တွေးသလို တွေးတတ်လာအောင် ကိုယ့်ကို ဘယ်လို ဆုံးမပေးသလဲ။’ ဒီအကျိုးကျေးဇူး လေးခုကို မှတ်ထားပြီး ကျမ်းစာ ဖတ်မယ်ဆိုရင် ဘုရားရေးရာ ရတနာတွေ ရှာတွေ့ပါလိမ့်မယ်။ w23.02 ၁၁ ¶၁၁

အင်္ဂါနေ့၊ ဒီဇင်ဘာ ၃၁

သူ့နိုင်ငံဟာ ပျက်စီးမှာ မဟုတ်ဘူး။—ဒံ. ၇:၁၄။

ဒံယေလကျမ်းထဲက ပရောဖက်ပြုချက်မှာ ခုနစ်ကာလ ပြီးဆုံးတဲ့အခါ ယေရှု စတင်အုပ်ချုပ်မယ်လို့ ကြိုဟောထားတယ်။ အဲဒီအချိန်ကို ဘယ်လို သိနိုင်သလဲ။ (ဒံ. ၄:၁၀-၁၇) “ခုနစ်ကာလ” ဟာ နှစ်ပေါင်း ၂၅၂၀ ကို ပုံဆောင်တယ်။ အဲဒီကာလဟာ ဂျေရုဆလင်မြို့၊ ယေဟောဝါရဲ့ ပလ္လင်ပေါ် နန်းထိုင်တဲ့ နောက်ဆုံးဘုရင်ကို ဗာဗုလုန်တွေ နန်းချလိုက်တဲ့ ဘီစီ ၆၀၇ မှာ စတင်တယ်။ “အုပ်စိုးပိုင်ခွင့် ရှိသူ” ယေရှုကို ဘုရားနိုင်ငံတော် ဘုရင်အဖြစ် ယေဟောဝါ နန်းတင်တဲ့ ၁၉၁၄ မှာ ပြီးဆုံးတယ်။ (ယေဇ. ၂၁:၂၅-၂၇) အဲဒီပရောဖက်ပြုချက်က ကျွန်တော်တို့ကို ဘယ်လို အကျိုးပြုသလဲ။ “ခုနစ်ကာလ” အကြောင်း နားလည်တာက ကတိတွေကို ယေဟောဝါ အချိန်ကိုက် ပြည့်စုံစေတယ်ဆိုတာ ယုံကြည်စိတ်ချစေတယ်။ နိုင်ငံတော်ကို ဘုရား အချိန် အတိအကျမှာ တည်ထောင်ခဲ့သလို တခြားပရောဖက်ပြုချက်အားလုံးကိုလည်း မိမိအချိန်ဇယားအတိုင်း အတိအကျမှာ ပြည့်စုံစေပါလိမ့်မယ်။ ယေဟောဝါရဲ့ နေ့ “နောက်ကျမှာ မဟုတ်ဘူး။”—ဟီ. ၂:၃။ w22.07 ၃ ¶၃-၅

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ